Tuesday, January 24, 2012

ပြောချင်သူတွေ ပြောကြပါစေ

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။ လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊ ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။

ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။ ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။

ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက “လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။ ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။ ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။

သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။

အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။ ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” လို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။

အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ “အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား”ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။

READ MORE......

Sunday, January 22, 2012

ဒါလည်းပဲပြီးသွားမှာပဲ

“အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊ ဒါကြောင့် တပည့်တော်ကတော့ ဘာလေးပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို ဖြေလေ့ရှိတာကတော့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ဖြေဆေးပဲ ဘုရား”လို့ လျှောက်လေ့ရှိပါတယ်။ ဆရာကြီးပြောတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားလုံးလေးက ဆရာကြီး စာသင်တဲ့အခါတိုင်း သုံးနေကျဖြစ်သလို လက်တွေ့ဘ၀မှာလည်း တကယ်မှန်နေတာ ဆိုတော့ တစ်ခုခု ဖြစ်တိုင်းဖြစ်တိုင်း “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒါလည်းပဲ ပြီးသွားမှာပါပဲလို့ ပြောလေ့ရှိတဲ့ ဆရာကြီးလည်း စာတွေလိုက်သင်ပြရင်း ရုတ်တရက် အသက်ဆုံးသွားရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ သူဆုံးတော့ သူ့အသုဘကို လိုက်ပို့ရင်း သူပြောလေ့ပြောထရှိတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ”ဆိုတဲ့ စကားလေးကို သတိရကာ “အင်း… ဒီလိုနဲ့ပဲ ဆရာကြီးလည်း ဘ၀တစ်ခု ပြီးသွားတာပါပဲလား”လို့ သံဝေဂဉာဏ်နဲ့ သတိပြု ဆင်ခြင်ဖြစ်ခဲ့ပါသေးတယ်။ ဒါက ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတဲ့ စကားကို မကြာမကြာ ပြောလေ့ရှိတဲ့ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဆရာကြီးရဲ့ အဖြစ်အပျက်လေး တစ်ခုပါ။

အခုအချိန်မှာတော့ အသက်ကလည်း ရလာ၊ အတွေ့အကြုံလည်း တဖြည်းဖြည်း များများလာနေတာ ဖြစ်တဲ့အတွက် “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားရဲ့ မှန်ကန်မှုတွေက လက်တွေ့ဘ၀မှာ ဆက်ကာဆက်ကာ ပြပြလာတာကို သတိပြုလာမိပါတယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် အမြဲတစ်သမှတ်တည်း ရှိမနေဘဲ အချိန်တန်ရင် ပြောင်းလဲသွားတတ်တဲ့ သဘောရှိနေတဲ့အတွက် အကောင်းပဲ ကြုံကြုံ၊ အဆိုးပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို လုံအောင် အားပေးဖြေသိမ့်စရာ တစ်ခုခုအဖြစ် “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ သတိပြု ဆင်ခြင်တတ်တဲ့ အလေ့အကျင့်လေးကို လုပ်ဖြစ်နေမိပါတယ်။ အထူးသဖြင့် အဆိုးတွေနဲ့ ကြုံတဲ့အခါ “ငါသေတဲ့အထိတော့ ဒီအဆိုးတွေ ဒီအတိုင်း တစ်သက်လုံး ရှိသွားမှာ မဟုတ်ပါဘူး၊ အချိန်တန်ရင်တော့ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အဆိုးတွေကို အနိုင်ယူနိုင်အောင် အကောင်းတွေကို ဖိလုပ်ကာ ဖြေဆည်မိနေမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀ကို သတိပြု ကြည့်မိကြမယ်ဆိုရင် ဘာမှမမြဲဘူးဆိုတာ ကောင်းကောင်းသိနိုင်ကြပါတယ်။ ဘယ်လောက်ပဲ ကောင်းနေတဲ့ ဘ၀ပေး အခြေအနေတွေ ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ အဆိုးဆုံးကို ရောက်နေတဲ့ အခြေအနေတွေ ဖြစ်နေပါစေ အချိန်တန်တော့လည်း ပြီးသွားကြတာ ပါပဲ။ ဒါပေမယ့် အဲဒီပြီးသွားတဲ့ အချိန်မှာ ကိုယ်က အဆိုးနဲ့ ပြီးမလား၊ အကောင်းနဲ့ ပြီးမလား ဆိုတာကိုတော့ လိမ်မာပါးနပ်မှုနဲ့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကုသိုလ်နဲ့ပြီးမလား အကုသိုလ်နဲ့ ပြီးမလားဆိုတာကိုတော့ စိစစ်တတ်ဖို့ လိုပါတယ်။ ပြီးတော့ပြီးတာပဲ ဒါပေမယ့် မကောင်းတဲ့ အပြီးဆိုရင်တော့ မကောင်းတာတွေနဲ့ ထပ်ပြီးနီးနေဦးမှာပဲဆိုတာ သတိပြုမိဖို့ လိုပါတယ်။

ဒီနေရာမှာ “အချိန်တန်ရင်”ဆိုတဲ့ စကားလေးက အရမ်းကို တာသွားပါတယ်။ အရမ်းလည်း ကျယ်ပြန့်သလို အရမ်းလည်း အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုပေမယ့် အခုလုပ်၊ အခုဖြစ်၊ အခုပြီးသွားတာတော့ မဟုတ်ပါဘူး။ အချိန်တန်လာတဲ့ အခါမှပဲ ပြီးသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ကမ္မ၀ါဒ ရှုထောင့်က ပြောမယ်ဆိုရင်တော့ အကျိုးပေးချိန်တန်မှ အကျိုးသက်ရောက်တတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ မကောင်းတာတွေပဲ လုပ်နေတတ်ပေမယ့် ကောင်းတာတွေ ဖြစ်နေ၊ ကြီးပွားတာတွေ၊ အောင်မြင်တာတွေ ဖြစ်နေပြီး တစ်ချို့ကျတော့ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတဲ့အဖြစ်၊ မကောင်းတဲ့ အကျိုးပေးတွေနဲ့ ကြုံတွေ့နေရတတ်တာ ဖြစ်ပါတယ်။ ဒါဟာ ကောင်းမှုမကောင်းမှုရဲ့ အကျိုးသက်ရောက်မှုဟာ မရှိတာမဟုတ်ဘဲ အချိန်မကျသေးလို့ မဖြစ်သေးတာ၊ အကျိုးသက်ရောက်မှု မရှိသေးတာဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အချိန်ကျလာတဲ့ အခါဆိုရင်တော့ ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုအရာတွေနဲ့မှ တားဆီးမရနိုင်ဘဲ သူ့အလိုလို တစ်ခုပြီးတစ်ခု ဖြစ်ဖြစ်လာ၊ ပြီးရင် ပျက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို အချိန်တန်လို့ ဖြစ်ပျက်သွားတတ်တဲ့ သဘောကိုပဲ နောက်ဆုံးတော့ “ဒါလည်းပဲ ပြီးသွားတာပါပဲ”လို့ ကောက်ချက်ချ ဖြေသိမ့်ကြတော့တာ ဖြစ်ပါတယ်။

တစ်လောက ကျောင်းအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေ တစ်ယောက်နဲ့တွေ့လို့ ဟိုဟိုဒီဒီစကားပြောကြရင်း စကားစပ်လို့ ဘုန်းဘုန်းက “ဘ၀မှာ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရဘဲ တစ်ခါတစ်လေ သူဖြစ်ချင်သလို ဖြစ်သွားတတ်တဲ့အကြောင်း၊ ဒီလို ဖြစ်ဖို့အတွက်လည်း အချိန်တစ်ခုလိုကြောင်း အချိန်တန်မှ ဖြစ်တတ်တဲ့အကြောင်း…” စသဖြင့် ပြောပြတော့ အဲဒီမိတ်ဆွေဟာ သူ့အဖြစ်အပျက်တွေနဲ့ သွားတိုက်ဆိုင်နေလို့လား မသိဘူး အားရ၀မ်းသာနဲ့ အရမ်းမှန်တဲ့အကြောင်း အခုလို အားပေးစကားလေးတွေ ပြောပြတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။ ပြီးတော့ သူ့ရဲ့အတွေ့ အကြုံလေးတွေကိုလည်း ပြောပြပါတယ်။ “သူလည်းပဲ တစ်ခါတစ်လေ မျှော်လင့်ချက်ကြီးကြီး၊ ကြိုးစားမှုကောင်းကောင်းနဲ့ မအိပ်မနေ ကြိုးစားပေမယ့် ဖြစ်မလာတဲ့ အခါတွေ ရှိတတ်ကြောင်း၊ အဲဒီလို အခါမျိုးမှာ စိတ်အရမ်း ခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ဖြစ်ဖူးကြောင်း၊ ခုတော့ တဖြည်းဖြည်း နားလည်လာကာ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့ သဘောတွေ ရှိတယ်ဆိုတာ ခံစားမိကြောင်း အရှင်ဘုရား ပြောတာတွေဟာ အမှန်တွေပဲ ဖြစ်ကြောင်း” သူက ဆက်ပြောပါတယ်။

တကယ်တော့ ဒီဂျပန်မိတ်ဆွေဟာ ဘယ်ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုတော့ လေးစားမှုနဲ့ ရင်းနှီးနေပြီး ဘ၀မှာ ဒုက္ခတွေကြုံတိုင်း ရင်ဖွင့်လေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ အဲဒီလို အခါတိုင်းလည်း ဘုန်းဘုန်းက ဗုဒ္ဓအဆုံးအမ လေးတွေကို ပြောပြပြီး စိတ်ဖြေဆေးလေးတွေ ပေးနေမိပါတယ်။ အဲဒါပါပဲ။ ပြောရမယ်ဆိုရင် အတက်အကျ အနိမ့်အမြင့်တွေရဲ့ သဘောမှာ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်း ပြီးသွားတတ်တယ်ဆိုတာဟာ ဘာသာရှိ ဘာသာမဲ့နဲ့ မဆိုင်ဘဲ လောကမှာရှိတဲ့ လောကသားတိုင်း ကြုံရတတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ သဘာဝဓမ္မဟာ သူ့သဘောတရား အတိုင်းဖြစ်နေတာ ဖြစ်တဲ့အတွက် ယူတတ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေလည်း ရယူနိုင်နားလည်နိုင်သလို ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေလည်း နားလည်သဘောပေါက်နိုင်ပါတယ်။ အရာရာ ဘာမှတစ်သမှတ်တည်း မရှိတဲ့ သဘောဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ရော ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ အတွက်ပါ မလွဲမသွေ မှန်ကန်နေတဲ့ သဘောပဲ ဖြစ်တယ်ဆိုတာ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀လေးတွေနဲ့ ချိန်ထိုးပြီး သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို သိလာတဲ့အခါ အချိန်တန်ရင် ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတာ သတိပြုမိလာမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်စိတ်ကိုယ် ဖြေဆည်လာနိုင်မှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ဖြစ်တဲ့ ဓမ္မစက္က ပ၀တ္တနသုတ်ကို ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင်က ဖြစ်ခြင်းပျက်ခြင်း၊ တွယ်တာခြင်း ချုပ်ပျောက်ခြင်း သဘောတရားကို အများကြီး အလေးပေး ဟောကြားထားတာကို တွေ့နိုင်ပါတယ်။ ဗုဒ္ဓရဲ့ တရားတော်ကိုနာပြီး အရှင်ကောဏ္ဍည သန္တာန်မှာ ဉာဏ်အမြင် ဖြစ်ပေါ်လာတဲ့ အချက်က “ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “ဖြစ်ခြင်းသဘောရှိသည့် တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏” လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဖြစ်ပြီးရင် ပျက်၊ ပေါ်ပြီးရင် ပျောက်၊ တွယ်ပြီး ပျယ်တတ်တဲ့ သဘောကို ညွှန်းလိုတာ ဖြစ်ပါတယ်။ စာစကားနဲ့ပြောတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်ပြီး အကြောင်းချုပ်ရင် အကျိုးချုပ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာမှမမြဲဘဲ အချိန်တန်ရင် ပြီးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဆောင်စေပါတယ်။ ဒါကြောင့် ဒီလို မမြဲခြင်းသဘောတွေမှာ မမြဲဘူး၊ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားမှာပဲ ဆိုတဲ့ သဘောတရားလေးတွေကို အစစ်အမှန် နားလည်ပြီး အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လက်တွေ့ ကြုံလာတဲ့အခါ ဖြေဆည်နိုင်ကြမယ်ဆိုရင် ဘ၀မှာ နေထိုင်ရတာ သက်သောင့်သက်သာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီတော့ကား ဒီနေရာမှာ အဓိက သိစေချင်တာက လောကမှာ ဘယ်အရာမဆို အမြဲမရှိ အခိုက်အတန့် လောက်သာ ဖြစ်ပျက်တတ်တဲ့ သဘောဖြစ်ပြီး နောက်ဆုံးအချိန်တန်လာတဲ့ အခါမှာ အကောင်းပဲ ဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုနဲ့ပဲ အဆုံးသတ်သွား တတ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ ကောင်းတဲ့အရာတွေပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အရာတွေပဲ ဖြစ်ဖြစ် အချိန်တစ်ခုကို ဖြတ်သန်းပြီးတဲ့အခါ ပြောင်းလဲသွားတတ်တဲ့ သဘောရှိတယ်ဆိုတာ နားလည်စေလိုတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ပိုင်း အခိုက်အတန့်သာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပြီး အကောင်းတွေ လာတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာ၊ အဆိုးတွေ ကြုံတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာကို ကောင်းကောင်း သဘောပေါက်ကာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကြိုးစားကြစေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း ဘ၀မှာ အကောင်းအဆိုးဆိုတဲ့ အလှည့်အပြောင်းတွေနဲ့ မဖြစ်မနေ ကြုံတွေ့နေကြတာ ဖြစ်တဲ့အတွက် ဒီလို အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့တဲ့အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိစေဖို့ ဘာပဲကြုံကြုံ အခိုက်အတန့်လောက်သာ တည်တံ့တဲ့ သဘောရှိပြီး ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောဆိုတာ သတိပြုဆင်ခြင်ရင်း အကောင်းတွေနဲ့ပဲ ကြုံကြုံ၊ အဆိုးတွေနဲ့ပဲ တွေ့တွေ့ နောက်ဆုံးတော့ ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုတဲ့ ဖြေဆည်ရာအတွေးနဲ့ ဖြေနိုင်အောင် ကြိုးစားကာ ရိုးသားတဲ့စိတ်ထား၊ တည်ကြည်တဲ့တရား၊ မပြောင်းလဲတဲ့ ကိုယ်ကျင့်တရားများနဲ့ ကိုယ့်ကိုယ်ကိုသာ အကျိုးများအောင် လေ့ကျင့်ကြပါလို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတော့တယ်။

(လိုအပ်ချက်ကြောင့် ပြန်လည်တင်ပြပါသည်)

READ MORE......

Thursday, January 19, 2012

ပြောင်းလဲခြင်း များစွာဖြင့်

ဒီနေ့ (၁၉-၁-၂၀၁၂) မနက်ပဲ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံကို ပြန်ရောက် လာခဲ့ပါတယ်။ ကိုရီးယားနှစ်သစ်ကူး ပိတ်ရက်နဲ့ ရွှေမြန်မာတွေရဲ့ ကုသိုလ်ပွဲတွေ အတွက် ခဏလောက် အရောက်ပြန်လာခြင်းပါပဲ။ ခဏတစ်ဖြုတ် ရောက်တုန်းရောက်ခိုက် ကိုယ်တွေ့ကြုံခဲ့ရတဲ့ အပြောင်းအလဲလေးတွေ အကြောင်း သတင်းကောင်းပါချင်လို့ မရေးတာကြာပြီဖြစ်တဲ့ ဒီဓမ္မစာမျက်နှာကို အဖွင့်ပြလိုက်တာ ဖြစ်ပါတယ်။ ပြောင်းလဲခြင်းတွေနဲ့ အစပြုနေတဲ့ အမိမြန်မာပြည်ကြီးမှာ ဘုန်းဘုန်းတို့လည်း တစ်ထောင့်တနေရာကနေ တစ်နိုင်တစ်ပိုင် ပြောင်းလဲခြင်းတွေနဲ့ အများအတွက်၊ ပရဟိတအတွက် လျှပ်တစ်ပျက် အပြောင်းအလဲလေးတွေ လုပ်ဖြစ်ခဲ့တဲ့အကြောင်း၊ ဆက်ပြီးလုပ်ဖို့လည်း ရှိနေသေးတဲ့အကြောင်း ပြောပြချင်တာ ဖြစ်ပါတယ်။

၃၁-၁၁-၂၀၁၁ရက်နေ့မှာ ပြည်တော်ကို ပြန်ကြွသွားတဲ့ ဘုန်းဘုန်းအတွက် ပြည်တော်ကြီးမှာ နေတဲ့အခိုက် နိုင်ငံတော်သမ္မတကြီး အပါအဝင် ရွှေပြည်တော်အတွက် အရေးပါလွန်းလှတဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ခေါင်းဆောင်ကြီးများရဲ့ နိုင်ငံတော် တိုးတက်ရေးကိုရေးရှုပြီး ပြောင်းလဲခဲ့ကြတဲ့ အပြောင်းအလဲတွေကို အဆက်မပြတ် တွေ့မြင်သိရှိခဲ့ရပါတယ်။ ခေါင်းဆောင်ကြီးများ ပြောကြသလို မတူတာတွေကို ဘေးဖယ်ထားပြီး တူတာတွေကို ဆက်လုပ်သွားကြမယ်ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ အစပြုခဲ့ကြတဲ့ အပြောင်းအလဲတွေဟာ အားလုံးအတွက် အကောင်းတွေချည်းပဲလို့တောင် ဆိုရမလို ဖြစ်နေပါတယ်။ ပိုပြီးအကောင်းတကာ အကောင်းဆုံးဖြစ်အောင်ကတော့ ကိုယ်ကိုယ်တိုင်လည်း ပြောင်းနိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။ အပြောင်းအလဲတွေနဲ့ အစပြုနေတဲ့ နိုင်ငံတော်ကြီးမှာ ကိုယ်ကိုယ်တိုင် မပြောင်းလဲနိုင်သေးဘဲ အဆိုးအမြင်တွေ၊ မကောင်းအမြင်တွေ၊ ဘေးထိုင်ဘုပြောနေကြတဲ့ သူတွေရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်တွေကလည်း အထူးပြုပြင် ပြောင်းလဲကြဖို့ လိုအပ်နေတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တိုင်လည်း မြန်မာပြည်ကို အခေါက်ပေါင်းများစွာ ပြန်သွားလုပ်နေပေမယ့် ကိုယ့်ကိုယ်ကို ဒီတစ်ခေါက်လောက် အပြောင်းအလဲကောင်းတွေ လုပ်နိုင်ခဲ့တာ မရှိခဲ့ဘူးဆိုတာ သတိပြုမိခဲ့ပါတယ်။ ဒီတစ်ခေါက် မြန်မာပြည်ခရီးကတော့ ရောက်ပြီးကတည်းက မနားတမ်း ပြောင်းလဲခြင်းတွေ လုပ်ဖြစ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အနယ်နယ်အရပ်ရပ်ကို ကြွရောက်ပြီး နယ်လှည့်တရားပွဲတွေ လုပ်နိုင်ခဲ့တာ၊ လုပ်နေရဦးမှာတွေကတော့ ထင်ရှားတဲ့ အပြောင်းအလဲကောင်းပဲ ဖြစ်ပါတယ်။ မှတ်မှတ်ရရ ဓမ္မဒါန တရားပွဲတွေထဲမှာ ကိုရီးယားက ပြန်ရောက်ရောက်ချင်း နောက်တစ်နေ့ မန္တလေးကို ကြွရောက်ပြီး နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးရဲ့ ဗန်းမော်တိုက်ထဲမှာ ပြုလုပ်ခဲ့တဲ့ တရားပွဲနဲ့ မန္တလေး၊ ချမ်းအေးသာစံမြို့ တစ်ဝိုက်မှာ ပြုလုပ်ခဲ့တဲ့ တရားပွဲတွေမှာ ဓမ္မဒေသနာ ကုသိုလ်ပြုလုပ်ဖြစ်တာ၊ မွတ်စလင်လူမျိုးတွေ တစ်ဝက်ကျော်ကျော် လွှမ်းမိုးထားတဲ့ ဂုတ်တွင်းကိုကျော်လွန်ပြီး ကြွခဲ့ရတဲ့ ကျောက်မဲမြို့နယ်မှာရှိတဲ့ နောင်ပိန်တိုက်နယ်မြို့လေးမှာ လုပ်ခဲ့တဲ့ တရားပွဲမှာ တရားအလှူ ကုသိုလ်ပြုဖြစ်တာ၊ မုဒုံမြို့မှာ ရှိတဲ့ ရွှေဟင်္သာဈေးတရားပွဲနဲ့ မြစေတီတရားပွဲတွေမှာ ဓမ္မအလှူပေးလှူ ဖြစ်တာ၊ မော်လမြိုင်မြို့ရဲ့ အကြီးဆုံး တရားပွဲကြီးလို့ ဆိုရမယ့် ဓမ္မောဇ တရားပွဲမှာ နာမည်ကျော် ဓမ္မကထိက ဆရာတော်တွေနဲ့အတူ တစ်နိုင်တစ်ပိုင် တရားအလှူ ပြုနိုင်ခဲ့တာ၊ မွတ်စလင်ဘာသာဝင် ၆၅ရာခိုင်နှုန်းလောက် ဖြစ်နေပြီဖြစ်တဲ့ ကျိုက်မရောမြို့က နာရေးကူညီမှု အသင်းရဲ့ ဓမ္မသဘင်မှာ ကြွရောက်ချီးမြှောက်ခွင့်ရတာ၊ ပုသိမ်မော်တင်လမ်းကနေ ရခိုင်ရိုးမတစ်စိပ်တစ်ဒေသကို ဖြတ်သန်းပြီး ခက်ခက်ခဲခဲ ကြွခဲ့ရတဲ့ ဟိုင်းကြီးကျောက်ချောင်း တရားပွဲမှာ ဓမ္မအလှူ ပြုဖြစ်ခဲ့တာ စတာတွေကတော့ အကောင်းဆုံး အလှူနဲ့ ကိုယ့်ဘဝအတွက် အကောင်းဆုံး ပြောင်းလဲခြင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒီလို လုပ်နိုင်ခဲ့တာကလည်း နာမည်ကျော် နယ်လှည့်ဓမ္မကထိက တစ်ပါးဖြစ်တဲ့ နောင်တော်ကြီး ပရဟိတ အရှင်သုမင်္ဂလ (ဝေါဆရာတော်)ရဲ့ မြေတောင်မြှောက်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်ပါတယ်။ မြန်မာပြည်အရောက် နယ်စုံရောက်ပြီး တရားပွဲပေါင်း (၃၀)နီးပါးလောက်ကို မနားတမ်း ကြွရောက်ပြီး ဟောကြားချီးမြှင့်နိုင်အောင် ပွဲထုတ်ပေးခဲ့တဲ့ ဝေါဆရာတော်ရဲ့ ကျေးဇူးကတော့ ဘုန်းဘုန်းကို အလကား မနေဖြစ်အောင် ထောက်ကန်မှု ပြုနေတော့တာ ဖြစ်ပါတယ်။ နောင်တော်ကြီးအား ကျေးဇူးတင်စွာနဲ့ အခါခါ ဦးခိုက်နေမိပါတယ်။

နောက်ထပ် ဘုန်းဘုန်းကိုယ်တိုင် ပြောင်းလဲနိုင်ခဲ့တဲ့ အပြောင်းအလဲတစ်ခုကတော့ ဘုန်းဘုန်းရဲ့ ဇာတိရွာမှာ အများကောင်းမှုနဲ့ ပြုလုပ်ခဲ့တဲ့ မနာပဒါယီ စာကြည့်တိုက် အလှူတော်ပဲ ဖြစ်ပါတယ်။ ပညာရေးကို အလေးပေးချင်နေတာ ကြာပြီဖြစ်တဲ့ ဘုန်းဘုန်းအနေနဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ ပညာပဒေသာပင် ရံပုံငွေနဲ့ အခုလို စာကြည့်တိုက်ကြီးတစ်ခု လှူဒါန်းဖွင့်လှစ်ပေးနိုင်ခြင်းဟာ ဘဝမှာတော့ ဘယ်တော့မှ မမေ့နိုင်တဲ့ အပြောင်းအလဲကောင်းကြီး တစ်ခုပဲ ဖြစ်ပါတယ်။ စာကြည့်တိုက်ကြီးလို့ ဆိုရတာက ဒိုက်ဦးနယ်တစ်ဝိုက်မှာတော့ ဘုန်းဘုန်းတို့ ဒကာဒကာမတွေ လှူဒါန်းခဲ့တဲ့ မနာပဒါယီ စာကြည့်တိုက်ကြီးဟာ ကျယ်လည်းကျယ်၊ တန်ဘိုးလည်းကြီး၊ စာအုပ်စာပေလည်း အတော်အသင့် ပြည့်စုံခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစာကြည့်တိုက်ဖွင့်ပွဲကို အကြောင်းပြုပြီး ရွာမှာလုပ်ပေးခဲ့တဲ့ အကြိုတရားပွဲတွေ၊ သံဃပူဇာအလှူတော်တွေ၊ တစ်ရွာလုံးမှာရှိတဲ့ အသက် (၆၅)နှစ်အထက် အဖိုးအဖွားတွေကို ပူဇော်ခဲ့တဲ့ သက်ကြီးပူဇော်ပွဲတွေ စသဖြင့် လှူဒါန်းငွေ စုစုပေါင်း သိန်း (၈၀)နီးပါး စွန်လွှတ်လှူဒါန်းနိုင်ခဲ့ခြင်းဟာ ဘဝကို ကုသိုလ်နဲ့ ပြောင်းလဲနိုင်ခဲ့တဲ့ အပြောင်းအလဲကောင်းပဲ ဖြစ်ပါတယ်။ ဒီအလှူပွဲမှာ ကိုရီးယားရောက် စိတ္တသုခ ဒကာဒကာမများရဲ့ စာကြည့်တိုက် အဆောက်အအုံ အလှူဟာလည်း ထာဝရ မပျက်ဆီးနိုင်တော့မဲ့ ပညာဒါနအလှူကြီးရဲ့ အကောင်းပြောင်းတစ်ခုအဖြစ် နှလုံးသားမှာ မှတ်ကျောက်တင်နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းဦးဆောင်တဲ့ အပြောင်းအလဲ ကောင်းတွေထဲမှာ နိုင်ငံအတွက်ရော၊ လူမျိုးအတွက်ရော၊ ဘာသာအတွက်ပါ အကောင်းဆုံးနဲ့ ရေရှည်အကျိုးပြုနိုင်မယ့် မနာပဒါယီ ပရဟိတ ပညာဒါနကျောင်းကြီး တစ်ခု စတင်အကောင်အထည် ဖော်နိုင်ခဲ့မှုကတော့ အများအတွက်ကို ရှေ့တန်းတင်ထားတဲ့ အကောင်းတကာ အကောင်းဆုံး ပရဟိတနှလုံးရဲ့ အပြောင်းအလဲပဲ ဖြစ်ပါတယ်။ အမျိုးဘာသာ၊ သာသနာအတွက် ငယ်ငယ်ကတည်းက မက်ခဲ့ရတဲ့ ပညာဒါနအိမ်မက်အလှူ ကုသိုလ်ထူးအတွက် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ ကျောင်းတိုက်ဝင်းအတွင်းမှာရှိတဲ့ ဘုန်းဘုန်းပုဂ္ဂလိကပိုင်ဖြစ်တဲ့ သီရိဇေယျုံကျောင်းကို ဖျက်ပြီး မနာပဒါယီ ပရဟိတ ပညာဒါန ကျောင်းအဖြစ် စတင်ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အလျား (၇၅)ပေ၊ အနံ ပေ (၅၀) ကျယ်ဝန်းတဲ့ (၃)ထပ်ခွဲ ကျောင်းတော်ကြီးကို ဒီတစ်ခေါက် မြန်မာပြည်ရောက်တုန်း ဆောက်လုပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ထုကြီးအင်အားကြီးလှတဲ့အတွက် တစ်ထပ်လောင်းပြီးရုံပဲ ရှိသေးတယ် သိန်း (၄၂၀)ကျော် ကုန်ကျသွားခဲ့ပြီ ဖြစ်သလို မပြီးပြတ်သေးတဲ့ ဒီကျောင်းတော်ကြီးအတွက် ဘုန်းဘုန်းကိုယ်ကိုယ် ကျန်းမာအောင်ကြိုးစားရင်း အပြောင်းအလဲကောင်းတွေနဲ့ အားဖြည့်လောင်းနေရဦးမှာ ဖြစ်ပါတယ်။

ထားပါတော့။ ဘုန်းဘုန်းလည်း အပြောင်းအလဲအကြောင်းပြောရင်း ကိုယ့်အပြောင်းအလဲတွေကို ကြွားနေသလို ဖြစ်နေပြန်ပါပြီ။ အဓိကပြောချင်တာက နှစ်ပေါင်း မြောက်များစွာကတည်းက အပြောင်းအလဲတွေ ငတ်လာနေခဲ့ကြတဲ့ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံသားတွေအတွက် ပြောင်းလဲခြင်း ရောင်ခြည်လေးတွေ သန်းလာနေတဲ့အချိန်မှာ အများကလည်း တက်ညီလက်ညီနဲ့ ပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့အကြောင်းနဲ့ အဲဒီ ပြောင်းလဲမှုတွေမှာ အဓိကအကျဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကို ပြောင်းလဲနိုင်အောင်၊ တစ်ဦးတစ်ယောက်ချင်းရဲ့ ခေါက်ရိုးကျိုးနေတဲ့ စိတ်ဓာတ်ဆိုးတွေကို တဖြည်းဖြည်းနဲ့ ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ အထူးသဖြင့် ကိုယ့်ရဲ့ မကောင်းတဲ့ အလုပ်အကိုင် အကြံအစည် အပြောအဆိုတွေကို အကောင်းဆုံးတွေနဲ့ ပြောင်းသုံးနိုင်အောင် အားထုတ်ကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ကောင်းမှ သူကောင်းမှာဖြစ်သလို ကိုယ်ပြောင်းမှလည်း သူလည်းပြောင်းမှာ ဖြစ်တဲ့အတွက် သူများကို မပြောင်းခင် ကိုယ့်ကိုယ်ကို အရင်ပြောင်းပြင်ကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအလဲများစွာနဲ့ ပြောင်းလဲနေကြတဲ့ ခေတ်ကြီးမှာ မကောင်းအလွဲတွေကို အကောင်းအတွဲတွေနဲ့ ပြောင်းလဲနိုင်အောင်ကြိုးစားရင်း အဓိကပြောင်းလဲဖို့လိုအပ်တဲ့ ကိုယ့်ကိုယ်ကိုပြောင်းလဲခြင်းကိုသာ အမြန်ဆုံး ပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ပြောင်းလဲခြင်း ရောင်ခြည်တွေ သန်းလာနေတဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲနဲ့ ဘုန်းဘုန်းကိုယ်တိုင်းရဲ့ ပြောင်းလဲခြင်း တစ်စိပ်တဒေသအကြောင်းကို ရပ်နားထားတဲ့ ဓမ္မစာမျက်နှာအဖွင့်အဖြစ် တင်ပြလိုက်ရပါတယ်။

READ MORE......

Sunday, January 8, 2012

မနာပဒါယီ ပရဟိတ ပညာဒါနကျောင်း ဆောက်လုပ်နေမှု ပုံရိပ်အချို့

မြန်မာနိုင်ငံ ရန်ကုန်မြို့၊ အိမ်တော်ရာ၊ သီရိဇေယျုံကျောင်းနှင့် တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းတို့၏ ပဓာန နာယကဆရာတော် မနာပဒါယီ အရှင်ဝိစိတ္တ၏ ဦးဆောင်မှုဖြင့် ပုံဖော်လျက်ရှိသည့် မနာပဒါယီ ပရဟိတ ပညာဒါနကျောင်းကို ယခုအခါ ရန်ကုန်မြို့ရှိ အိမ်တော်ရာ သီရိဇေယျုံကျောင်းနေရာတွင် ပြန်လည်ဆောက်လုပ်ကာ စတင် အကောင်အထည် ဖော်လျက်ရှိပါသည်။ ဤကျောင်းတော်ကြီး ပြီးဆုံးသွားပါက လူငယ်များနှင့် ဘာသာစကား သင်ယူမှု၊ ပညာရေးလေ့လာမှုများတွင် စိတ်ဝင်စားသူများအတွက် အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်၊ ဂျာမဏီ၊ ရုရှား၊ စပိန် စသည့် ဘာသာစကားများကို ကျွမ်းကျင်သူများနှင့် native speakerများ ကိုယ်တိုင် အချိန်ပြည့် အခမဲ့ ပညာဒါနပြု သင်ကြားပေးသွားမည် ဖြစ်ပါသည်။ ဆရာတော်၏ ပညာဒါန ပရဟိတ စီမံကိန်း ပထမခြေလှမ်းအစ ပုံရိပ်အလှများကို အများတကာ ဝမ်းသာစေဖို့ တစ်ဆင့်ပြန်လည် မျှဝေပြလိုက်ရပါသည်။




manapadayi pannadana school - how to create a free slideshow

READ MORE......

Saturday, December 24, 2011

ကုသိုလ်ဘာကြောင့် လုပ်ရတယ်

ဘုန်းဘုန်းလည်း မြန်မာပြည် ပြန်ရောက်ပြီးကတည်းက တရားပွဲတွေ၊ ကျောင်းဆောက်နေတဲ့ အလုပ်တွေ၊ စာကြည့်တိုက် ဆောက်နေတာတွေကြောင့် အွန်လိုင်းပေါ်ကို မတက်ဖြစ်တာ အတော်ကြာသွားပါတယ်။ နဲနဲအားလို့ အွန်လိုင်းတက်ရင်လည်း ကွန်နက် မကောင်းတဲ့အတွက် မဝင်ဖြစ်တာပဲ များနေတတ်ပါတယ်။ ခုတော့ စိတ်ရှည်ရှည်နဲ့ပဲ စောင့်ပြီးဝင်ဖြစ်သွားပါတယ်။

မြန်မာပြည်ရောက်တုန်း ဟိုကြွဒီကြွ ကြွပြီး ဟောဖြစ်ခဲ့တဲ့ တရားတွေထဲမှာ ကုသိုလ်ဘာကြောင့် လုပ်ရတယ်ဆိုတဲ့ တရားတစ်ပုဒ်ကိုတော့ အထူးပြုပြီး ဟောဖြစ်ပါတယ်။
"ကုသိုလ်ဘာကြောင့် လုပ်ရတယ်
ဘဝလှဖို့ လုပ်ရတယ်။
ကုသိုလ်မပါ ဘဝမှာ
လွန်စွာ ဆင်းရဲရတတ်တယ်။
ကုသိုလ်ရှိမှ ချမ်းသာရ
လိုရာဆန္ဒပြည့်ဝမယ်"
ဆိုတဲ့ ကဗျာလေးကို အရင်းတည်ပြီး ဟောပေးဖြစ်ပါတယ်။

ဘာဖြစ်လို့ ဒါလေးကို ပြောရတာလဲဆိုတော့ မြတ်စွာဘုရားရှင်ရဲ့ ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ပြုပြင်ထားတဲ့ သင်္ခါရ တရားမှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိတဲ့အတွက် မမေ့မလျော့တဲ့ သတိနဲ့ နေထိုင်ကြဆိုတဲ့ အမှာစကားလေးကို မကြာမကြာ သတိပြုရင်း နာမ်ရုပ်နှစ်ပါးနဲ့ ပြုပြင်ထားတဲ့ သတ္တဝါတွေရဲ့ မမြဲခြင်းသဘောကိုပါ ဆင်ခြင်နေမိလို့ပဲ ဖြစ်ပါတယ်။

ဒီလို မမြဲခြင်း သဘောရှိနေတဲ့အတွက် ဘဝမှာ အချိန်မရွေး၊ အရွယ်မရွေး ပျက်ဆီးခြင်း သဘောတွေကလည်း ကိုယ်တွေ့ကြုံနေကြရတာ ဖြစ်ပါတယ်။ မြန်မာတွေ သတ်မှတ်ထားကြသလို ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဆိုတဲ့ ယေဘုယျ သတ်မှတ်ချက်တွေ ရှိနေကြပေမယ့် ပညာရှာရင်း ပျက်ဆီးသွားကြသူတွေ၊ ဥစ္စာရှာရင်း ပျက်ဆီးသွားကြသူတွေ၊ တရားရှာရင်း တရားမရဘဲ ပျက်ဆီးသွားကြသူတွေကလည်း နေ့စဉ်နဲ့အမျှ ရှိနေကြတာဆိုတော့ ဘုန်းဘုန်းက ဒါလေးကို ဖြည့်စွပ်ပြီး အရွယ်တိုင်းမှာ လိုအပ်တာ ကုသိုလ်တရားပါလို့ ထပ်ပြောနေဖြစ်တာ ဖြစ်ပါတယ်။

ကုသိုလ်မပါတဲ့ ဘဝဟာ မလှပနိုင်ဘဲ ဖြစ်တတ်တဲ့အတွက် ဘဝလှဖို့အတွက် အရွယ်တိုင်းမှာ ကုသိုလ်လေးတွေ တတ်နိုင်သမျှ တွဲထားကြဖို့ တိုက်တွန်းနေရခြင်း ဖြစ်ပါတယ်။ မြန်မာတွေ ပြောပြောနေတဲ့ အရွယ်သတ်မှတ်ချက်လေးတွေကို ဘုန်းဘုန်းက ဖြည့်စွပ်ပြီး

" - ပထမအရွယ်မှာ ပညာရှာ
ပညာရှာရင်း ကုသိုလ်ရှာ။
- ဒုတိယအရွယ်မှာ ဥစ္စာရှာ
ဥစ္စာရှာရင်း ကုသိုလ်ရှာ။
- တတိယအရွယ်မှာ တရားရှာ
တရားရှာရင်း တရားရှာ။"
ဆိုပြီး တိုက်တွန်း နေရခြင်း ဖြစ်ပါတယ်။

တတိယအရွယ်ကတော့ ရွေးချယ်စရာကို မရှိတော့တဲ့အတွက် တရားရှာရင်း တရားကိုပဲ ရအောင်ရှာရတော့မှာ ဖြစ်ပါတယ်။ တစ်ချို့ တရားရှာရင်း မတရား ရှာနေတာတွေ တွေ့တွေ့နေရတော့ ဒါတွေကိုလည်း တရားပဲ ရှာနိုင်အောင် ကြိုးစားကြဖို့ ပြောနေရခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဘဝဟာ အချိန်မရွေး ပျက်ဆီးနိုင်တာ ဖြစ်တဲ့အတွက် အကောင်းဆုံးအချိန်ဖြစ်တဲ့ လက်ရှိအခိုက်အတန့်လေးမှာ ဘဝလှဖို့ ကုသိုလ်ပြုကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ကုသိုလ် ဘာကြောင့် လုပ်ရတာလဲ ဆိုရင် ဘဝလှဖို့ လုပ်ရတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြီးတော့ ကုသိုလ်ဆိုတာ အကုသိုလ်လိုမဟုတ်ဘဲ လုပ်ပြီးယူမှသာ ရတတ်တဲ့အတွက် ကုသိုလ်ဘာကြောင့် လုပ်ရသလဲဆိုရင် လုပ်မှရလို့ လုပ်ရတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝလှချင်တဲ့ သူတွေအနေနဲ့ အရွယ်တိုင်းမှ အလှလေးတွေ ရှိစေဖို့ ကုသိုလ်ကိုသာ လုပ်ကြစို့လို့ ဆိုရခြင်း ဖြစ်ပါတယ်။

READ MORE......

Wednesday, November 9, 2011

မြန်မာပြည်တွင် ရှိနေသည်။

မြန်မာပြည်တွင် ရှိနေသည်။
ရေးစရာတွေ ရှိနေပမယ့် လုပ်စရာတွေ ပိနေတဲ့အတွက်
မရေးအား၊ မတွေးအားတဲ့အပြင် အင်တာနက်ကိုလည်း အလေးမထားနိုင်ဘဲ ဖြစ်နေသည်။
အလေးထားဖို့ တွန်းအားပို့ပေမယ့် မတွန်းနိုင်တဲ့ အင်တာနက် speedကြောင့် မကြည့်နိုင်ဘဲ မသိမသာပဲ ထားနေခဲ့ရသည်။

ခုတောင်မှ လူခြေတိတ်ချိန်မို့ မခို့တရို့နဲ့ ပို့နိုင်သလောက် ဟိုပို့ဒီပို့လုပ်ရင်း အင်တာနက် စာဖတ်ပရိတ် သတ်တွေကို အရိပ်အမြွက် နှုတ်ခွန်းဆက်လိုက်ရခြင်း ဖြစ်သည်။

ပြည်တော်ကထွက်ပြီး အပြန်ခရီးဆိုရင်တော့ အတိုးချထားတဲ့ အတွေးစတွေနဲ့ တွေ့ကြုံခဲ့သမျှ
အတွေ့အကြုံ အဝဝကို ရသမျှနဲ့ စာပန်းချီခြယ်သပြဖို့ အချက်အလက် မှန်သမျှ မှတ်လို့ရသလောက် မှတ်ကျောက်လုပ်နေပါကြောင်း...

READ MORE......

Thursday, October 27, 2011

လေတိုက်တိုင်းသာ ယိမ်းနေကြမယ်ဆိုရင်ဖြင့်

တစ်လောက နိုင်ငံခြားမှာနေထိုင် အလုပ်လုပ်နေတဲ့ အစ်မတစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဖုန်းကိုင်လိုက်တော့ သူ့အသံကို သဲသဲကွဲကွဲ မကြားရဘဲ ရှိုက်ကြီးတစ်ငင် ငိုနေတဲ့ အသံကိုပဲ ဆက်တိုက်ကြားနေခဲ့ပါတယ်။ သိပ်ခံစားနေရတဲ့ သဘောရှိတဲ့အတွက် ငိုသံလေးနည်းနည်း တိတ်သွားအောင် ဖုန်းကိုင်ပြီး စောင့်နားထောင်လိုက်ပါတယ်။ အားရပါးရ ငိုပြီးတော့မှ သူ့အသံက နည်းနည်း ပြန်ထွက်လာပါတယ်။ ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်တာလဲ၊ ဘာကြောင့် ဒီလောက်တောင် ခံစားနေရတာလဲ စသဖြင့် မေးခွန်းတွေ တစ်ခုခုပြီးတစ်ခု မေးကြည့်လိုက်တော့မှ အစ်မတော်ဟာ သူ့ကိုသူအားယူပြီး ရှိုက်သံသဲ့သဲ့နဲ့ သူ့အဖြစ်ကို ပြောပြရှာပါတယ်။ သူခံစားနေရတာတော့ ကြာပါပြီ။ ဘုန်းဘုန်းကို အပူပေးသလို ဖြစ်မှာဆိုးတာနဲ့ ဘာမှမပြောဘဲ နေခဲ့တာ ခုတော့ ဘယ်လိုမှကို မခံစားနိုင်တော့လို့ ဆက်လိုက်တာပါတဲ့လေ။

ဖြစ်ပုံက ထုံးစံအတိုင်း လုပ်ငန်းခွင်မှာပဲပေါ့။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မနာလိုကြရကာ သူ့ခမျာ တိုက်တာခိုက်တာ ခံနေရတဲ့ အဖြစ်ပါ။ ဆေးရုံမှာ အတူလုပ်ကြတဲ့ စီနီယာ နိုင်ငံခြားသူတစ်ယောက်က အစ်မတော်ရဲ့ ရာထူးတိုး စာမေးပွဲဖြေဖို့ ကိစ္စကို ဖြေလို့မရအောင် သူ့ကိုအမျိုးမျိုး အနှောက်အယှက် ပေးနေတယ်တဲ့လေ။ အနှောက်အယှက်ပေးတာကလည်း အစ်မတော် အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်မှာ စဝင်ဝင်ချင်းတုန်းက လူနာကို ဆေးမှားပေးခဲ့တဲ့ အမှားလေးကို ပြန်ဖော်ပြီး “အဲဒီတုန်းက ဒီလိုအဖြစ်တွေ ရှိခဲ့တဲ့အတွက် ရာထူးတိုးစာမေးပွဲဖြေဖို့ သူ့ကိုအခွင့် မပေးသင့်ကြောင်း” စသဖြင့် တာဝန်ရှိသူတွေကို ရှေ့တစ်မျိုး ကွယ်ရာတစ်ဖုံ နည်းအမျိုးမျိုးနဲ့ တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ အစ်မကသူ့အပေါ်ကို ကောင်းသလောက် သူကအစ်မအပေါ် အဲဒီလိုမျိုးတွေ လုပ်လာတာဆိုတော့ ရင်ထဲမှာ မခံချိမခံသာအောင် ဖြစ်ရတဲ့အကြောင်း ဘုန်းဘုန်းကို ရင်ဖွင့်ခဲ့ခြင်း ဖြစ်ပါတယ်။

အစ်မပြောသမျှ စကားတွေကို အေးအေးဆေးဆေး နားထောင်ပြီး ဘုန်းဘုန်းမှာ သူ့အတွက် ပြေရာပြေကြောင်း စကားတွေ ပြောပြပေးရပြန်ပါတယ်။ ပြောဆိုတော့လည်း တရားစကား၊ တရားအားတွေနဲ့ ဘဝအားကို ဖြစ်စေမယ့် စကားတွေကိုပဲ ပြောပေးရတာဖြစ်ပါတယ်။ ဘုန်းဘုန်းကတော့ ဘာသာတရား ရှုထောင့်ကပဲ သူ့ကို အနိုင်ယူဖို့ ပြောရပါတယ်။ “သူ့ကများများ တိုက်ခိုက်လေလေ ကိုယ့်က မေတ္တာများများ ထားနိုင်အောင် ကြိုးစားလေ၊ အနှောက်အယှက် အတိုက်အခိုက်တွေ များလေလေ ဘုရားတရားအလုပ်ကို များများဖိလုပ်နိုင်အောင် ကြိုးစားလေ” စသဖြင့် နေထိုင်လေ့ကျင့်ရမှာ ဖြစ်ကြောင်း အစ်မကို ပြောပြပေးဖြစ်ပါတယ်။ ဒီတော့ အစ်မထံက ထွက်လာတဲ့ စကားက “တပည့်တော် အခုတစ်လော ဘုရားတရား အလုပ်ကို ကြိုးစားပြီး လုပ်ပါတယ်၊ ဒါပေမယ့် လုပ်နေရဲ့နဲ့ အတိုက်အခိုက်တွေက ပိုတိုးလာတော့ ဘာသာတရားနဲ့ ကိုယ်လုပ်နေရတဲ့ ကံတရားအပေါ်မှာတောင် အယုံအကြည်တွေ နည်းလာသလို ဖြစ်ခဲ့ပါတယ်”တဲ့လေ။

အစ်မတော်ရဲ့ အဲဒီစကားကို ကြားလိုက်ရတော့ ဘုန်းဘုန်းရင်ထဲမှာ အတော်ထိတ်လန့်သွားပါတယ်။ အစ်မတစ်ယောက် သူများရဲ့အတိုက်အခိုက်ကြောင့် ဘာသာတရား၊ ကံတရားတွေ အပေါ်အထိ သဒ္ဓါတရားတွေ နည်းလာနေပါတော့လားလို့ စဉ်းစားပြီး ဘုန်းဘုန်းမှာ အစ်မကို အကြေအလည် ဖြောင့်ဖျရပါတယ်။ “အစ်မအနေနဲ့ သူများရဲ့ အတိုက်အခိုက်တွေမှာ တစ်ခါတောင်မဟုတ်ဘူး၊ နှစ်ခါတောင် ရှုံးနေပြီ ဖြစ်ကြောင်း၊ တိုက်ခိုက်မှုတွေကြုံတိုင်း ကိုယ်ကလိုက်ပြီးတုန်လှုပ် ခံစားနေမယ်ဆိုရင် တိုက်ခိုက်တဲ့သူရဲ့ ဗျူဟာဟာ အောင်မြင်နေတာဖြစ်ပြီး ကိုယ်ကသူ့ရဲ့ တိုက်ခိုက်မှုအောက်ကို ရောက်လာနေကာ အလိုလို ရှုံးလာနေတာ ဖြစ်ကြောင်း၊ ဒီထက်ပိုဆိုးတာက သူများရဲ့ တိုက်ခိုက်မှုနောက်ကို လိုက်ခံစားပြီး ကိုယ်လုပ်နေတဲ့ ကောင်းတဲ့အလုပ်တွေမှာပါ သံသယတွေပွားပြီး သဒ္ဓါတရားတွေ လျော့နည်းတဲ့ အဖြစ်ဟာ တစ်ဖက်သူရဲ့ တိုက်ခိုက်မှုအောက်မှာ ကိုယ်ကအလူးအလိမ့်နဲ့ နှစ်ကြော့ပြန်အောင်ကို ရှုံးနေတာဖြစ်ကြောင်း စသဖြင့် ထောက်ပြပြောဆိုပြီး “အခုအချိန်ကစပြီးတော့ စိတ်သစ်လူသစ်နဲ့ ကိုယ့်ကိုယ်ကိုယ် အရှုံးမပေးဘဲ ရတနာသုံးပါးနဲ့ ကိုယ်ကျင့်သီလကို အထူးလုံခြုံအောင် စောင့်ထိန်းကာ ဖြူစင်သန့်ရှင်းတဲ့ စိတ်နဲ့ကိုယ့်ကို တိုက်ခိုက်တဲ့ သူရဲ့မျက်နှာကို မြင်အောင်ကြည့်ပြီး ကိုယ်ရဲ့ရန်သူလို့ သဘောမထားဘဲ သတ္တဝါတွေထဲက သတ္တဝါတစ်ဦး အနေနဲ့ အကြိမ်ကြိမ်သာ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းကြည့်ဖို့၊ ပြီးတော့ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှုတွေကို ပြန်လည်ဆင်ခြင်ပြီး သစ္စာပြုကာ အတိုက်အခိုက်များက မြန်မြန်ကျော်လွှားနိုင်အောင် ကြိုးစားကြည့်ဖို့” သတိပေး တိုက်တွန်းဖြစ်ခဲ့ပါတယ်။

ဘုန်းဘုန်းပြောသမျှတွေကို နားထောင်ပြီး အစ်မတော်မှာ အတော်စိတ်သက်သာရာ ရသွားတယ်နဲ့တူပါတယ် အသံတွေ ကြည်လင်လာကာ နောက်ဆုံး နှုတ်ဆက်စကားဆိုပြီး ဖုန်းချသွားခဲ့ပါတယ်။ နောက် သုံးလေးရက်လောက်နေတော့ အစ်မဆီက ဖုန်းထပ်လာပါတယ်။ အခုသူ့ကို အထက်က ရထူးတိုး စာမေးပွဲဖြေဖို့ ခွင့်ပြုလိုက်ပြီတဲ့လေ။ ဒီတစ်ခေါက်ကြားရတဲ့ အစ်မတော်ရဲ့ အသံကတော့ ပြုံးရွှင်ကြည်လင်နေခဲ့ပါတယ်။ အစ်မဆီက ဖုန်းချသွားပြီးနောက်မှာတော့ ဘုန်းဘုန်းမှာ စာရေးဖို့ ကုန်ကြမ်းတစ်ခု ရခဲ့ပါတော့တယ်။

ဟိုတစ်လောက လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေတဲ့ ဒကာလေးတစ်ယောက်လည်း သူ့အပေါ် ပြောဆိုလာတဲ့ စကားတွေ၊ အတိုက်အခိုက်တွေကြောင့် ဒီလုပ်ငန်းအပေါ်မှာ မလုပ်တော့ဘဲ စိတ်ဓာတ်လေးတွေ လျော့နည်းလာတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရလို့ သူ့ကိုလည်း ဖြောင့်ဖျပေးခဲ့ရပါသေးတယ်။ ဟုတ်ပါတယ်။ အတိုက်အခိုက်ဆိုတာက အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ မဖြစ်မနေ ကြုံကိုကြုံနေရမှာ ဖြစ်ပါတယ်။ မလုပ်ရင် ဘာမှမဖြစ်ပေမယ့် လုပ်မိလို့ကတော့ လုပ်တဲ့အားနဲ့အမျှ တိုက်ခိုက်မှု အနှောက်အယှက်တွေကလည်း ရှိနေကြမှာ ဖြစ်ပါတယ်။ လုပ်တဲ့သူမပြောနဲ့ ဘာမှမလုပ်ဘဲ နေတဲ့သူတွေကိုတောင် ပြောချင်တဲ့သူတွေက ဘာမှမလုပ်လို့ ပြောချင်ကြသေးတာဆိုတော့ လုပ်နေတဲ့သူတွေ အတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။ နှောက်ယှက်တိုက်ခိုက်မှုတွေက ရှိကိုရှိနေကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးပဲ လာလာ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ လူ့လောကရဲ့ အတိုက်အခိုက်တွေဆိုတာ လေတွေပါပဲ။ လေဆိုတာ တိုက်တဲ့အရာ ဖြစ်တဲ့အတွက် လေဟာပြင်ထဲကို ထွက်လာရင် လေရဲ့တိုက်တာကိုတော့ ခံကိုခံရမှာ ဖြစ်ပါတယ်။ အဲဒီလို လေတိုက်တာခံရတဲ့ အခါမှာသာ ကိုယ်က ယိမ်းယိုင်ပြီး လဲမသွားအောင် ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လေတိုက်ခံရတဲ့ အရာတွေကိုကြည့်ရင် အမြင့်မှာရှိတဲ့ အရာတွေက ပိုပြီးတိုက်တာ ခံရတဲ့ သဘောရှိသလို လောကကြီးမှာလည်း လုပ်ငန်းဆောင်တာ နေရာဌာန အမြင့်ကို ရောက်နေတဲ့သူတွေမှာ ပိုပြီးအတိုက်အခိုက်တွေ ခံရတတ်တဲ့ သဘောရှိပါတယ်။ သစ်ပင်တွေမှာဆိုရင် ထိပ်ဆုံးမှာ ရှိနေတဲ့ သစ်ရွတ်သစ်ခက်တွေဟာ တဖျပ်ဖျပ်နဲ့ အသံထွက်အောင် ပိုပြီးအတိုက်အခိုက် ခံရတတ်သလို လုပ်ငန်းခွင်တွေမှာလည်း သူ့အဆင့်နဲ့သူ အမြင့်ရောက်လာတဲ့ သူတွေမှာ ပိုပြီးအသံထွက်အောင် တိုက်ခိုက်ခံရတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာမှမဟုတ်တဲ့ နေရာဌာနလေးတွေမှာတောင် အချင်းချင်း အတိုက်အခိုက် ခံနေရတတ်တာဆိုတော့ နည်းနည်းဟုတ်တဲ့နေရာ၊ နည်းနည်းမြင့်တဲ့နေရာ၊ ဒီထက်ပိုပြီး ဟုတ်တဲ့မြင့်တဲ့ နေရာတွေမှာဆိုရင် အထူးပြောစရာမရှိ တိုက်ခိုက်တာတွေက သေချာပေါက် ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား တိုက်ခိုက်တတ်တာဟာ လေတွေနဲ့ လူတွေရဲ့ အလုပ်ဖြစ်ပြီး တိုက်ခိုက်တာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာက အတိုက်အခိုက်ခံ သစ်ပင်တွေနဲ့ ကိုယ့်ကိုယ်တိုင်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေ ဘယ်လောက်ပဲပြင်းပြင်း အကိုင်းအခက်တွေ မကျိုးမပဲ့အောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကျော်လွှားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ သစ်ပင်တွေလိုပေါ့။ သစ်ပင်တွေမှာ အပင်ကြီးတွေဟာ လေပြင်လေးညှင်းလေးတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ပြင်းထန်တဲ့ လေမုန်းတိုင်းတွေ တိုက်ခတ်လာတဲ့ အခါမှာတော့ တင်းလွန်းအားကြီးရင်း နောက်တော့ အကိုင်အခက်တွေ ကျိုးပဲ့ကာ အမြစ်ပါ လန်သွားတာတွေကို သတိပြုမိရင် တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုင်းပင်လေးတွေကတော့ တိုက်လာတဲ့လေတွေအပေါ်မှာ အလိုက်သင့်လေးပဲ ယိမ်းထိုးပေးနေတဲ့အတွက် အကိုင်းအခက်ကျိုးတာတွေ မရှိဘဲ လေငြိမ်သွားတဲ့အခါ ပုံမှန်အတိုင်းပဲ ပြန်ထောင်နေတာတွေလည်း ရှိပါတယ်။

လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာလည်း ဒီလိုပဲ ရှိတတ်ပါတယ်။ တိုက်ခိုက်လာတဲ့ အတိုက်အခိုက်တွေကို ကိုယ်က ဉာဏ်နဲ့ယှဉ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နည်းနည်းတိုက်ခိုက်လာရင် နည်းနည်းလေးနဲ့ ခံနိုင်အောင် ကြိုးစားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင်တော့ ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို အကိုင်းအခက်တွေ မကျိုးမပဲ့အောင် တိမ်းရင်းရှောင်းရင်း ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ခံနိုင်ရည် ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေကို တန်ပြန်တိုက်ခိုက်တဲ့အခါ ကိုယ့်ရဲ့အားနဲ့ အတိုက်အခံအားအပေါ်လိုက်ပြီး တစ်ခါတလေ ကိုယ်ပဲကျိုးပဲ့ သွားတတ်တာတွေ ရှိတဲ့အတွက် တိုက်ခိုက်မှုတွေကို တန်ပြန်ပြီး တိုက်ခိုက်တာထက် တိုက်ခိုက်လာသမျှကို မယိမ်းမယိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားတာက ကိုယ့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူများကိုလည်း မတိုက်ခိုက်ဘဲ ကိုယ့်ထံရောက်လာတဲ့ အတိုက်အခိုက်တွေမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကိုယ့်ကိုယ်ကို ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်လေ့ကျင့်တာဟာ အတိုက်အခိုက် လောကဓံကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတိုက်အခိုက် လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်မှာလက်နက်တွေ အပြည့်ဖြည့်ထားဖို့ လိုပါတယ်။ လောကကြောင်းအရ ဖြည့်သင့်ဖြည့်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေ ဖြည့်ထားဖို့ လိုသလို ဓမ္မကြောင်းအရလည်း ကိုယ့်ကျင့်သီလတွေ၊ သမာဓိအကျင့်တွေ၊ ပညာအကျင့်တွေကိုလည်း အားဖြည့်ထားရမှာ ဖြစ်ပါတယ်။ သီလတရား၊ သဒ္ဓါတရား၊ ပညာတရား၊ ဝီရိယတရားလေးတွေနဲ့ ကိုယ့်ကိုယ်ကို အားဖြည့်ထားမယ်ဆိုရင် အမြဲမရှိတဲ့ တိုက်ခိုက်မှုတွေမှာ အလွဲမရှိဘဲ ယှဉ်ဆိုင်ကျော်လွှားနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်တတ်တဲ့ လေကပဲဖြစ်ဖြစ်၊ တိုက်ခိုက်တတ်တဲ့ လူတွေကပဲ ဖြစ်ဖြစ် တိုက်ခိုက်လာတဲ့အခါ လေတိုက်တိုင်း မယိမ်းဘဲ ခံနိုင်တဲ့ သစ်ပင်တွေ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းတတ်တဲ့ သစ်ပင်လေးတွေလို လူအမျိုးမျိုးနဲ့ တိုက်ခိုက်မှု အမျိုးမျိုးကို ခံရတတ်တဲ့ လူတွေအနေနဲ့လည်း တစ်ချို့တိုက်ခိုက်မှုတွေမှာ မယိမ်းယောင်အောင် ကြိုးစားပြီး တစ်ချို့တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းနိုင်အောင် ကြိုးစားကာ ကိုယ့်ကိုယ်ကို မကျိုးမပဲ့အောင်သာ အသိ၊ သတိ၊ သမာဓိ၊ ဝီရိယ စသည်များနဲ့ ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရင်း တိုက်ခိုက်မှု မှန်သမျှ မယိမ်းမယိုင် သတိခိုင်ခိုင် ထားကြဖို့ စေတနာထား မေတ္တာအားဖြင့် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။

READ MORE......

Tuesday, October 25, 2011

သေမှာ မကြောက်ကြသူများ

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။

ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။

- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ
ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။``
ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။

ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

READ MORE......

RECENT POSTS...

Grab this Widget