ကိုယ့်ကိုယ်ကို ရှာပါတဲ့…

ဘုန်းဘုန်းတို့ ဒီနေ့အချိန်နဲနဲရတာနဲ့ ဇိနတ္တပကာသနီကျမ်းကြီးကို ဟိုလှန်ဒီလှန် ဖတ်ကြည့်လိုက်မိပါတယ်။ အားလုံးသိထားပြီးတဲ့အတိုင်း ဇိနတ္ထပကာသနီကျမ်းဆိုတာ ကျီးသဲလေးထပ်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကျမ်းကြီးပါ။ မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီးနဲ့ ချိန်ထိုးပြောမယ်ဆိုရင်တော့ ဗုဒ္ဓ၀င်အကျဉ်းလို့ ပြောလို့ရပေမယ့် အတော်အတန်ပြည့်စုံတဲ့ ကျမ်းတစ်စောင်ပါ။

အဲဒီစာအုပ်ကို ဖတ်ကြည့်ရင်း တစ်နေရာမှာ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိတ်တို့ ဘုရားရှင်နဲ့ တွေ့ကြပုံအကြောင်း ရေးထားတာဖတ်လိုက်ရပါတယ်။ ဘဒ္ဒ၀ဂ္ဂီညီနောင်ဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ ကောသလမင်းကြီးရဲ့ မြောက်များလှတဲ့ မိဘုရားတွေကမွေးထားတဲ့ အဖေတူအမေကွဲ ညီနောင်တွေပါ။ ဖခင်ကဘုရင်ဖြစ်တဲ့အတွက် ဒီညီနောင်တွေဟာ ဖခင်အုပ်ချုပ်တဲ့ နိုင်ငံအတွင်းမှာ စိတ်ကြိုက်ပျော်ပါး၊ ကာမဂုဏ်ခံစားလို့ ရနေကြသူတွေပါ။ တစ်နေ့မှာ သူတို့တစ်တွေ ကိုယ့်ဆိုင်ရာဇနီးတွေနဲ့ ပျော်ပွဲစားထွက်ကြပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ်ပိုင်ဇနီးမရှိသေးတဲ့အတွက် အခကြေးငွေပေးပြီး အမျိုးသမီးတစ်ယောက်ကို ခေါ်သွားပါတယ်။ တောအုပ်တစ်နေရာရောက်တော့ မောမောပန်းပန်းနဲ့ အိပ်ပျော်နေတဲ့အချိန် ငွေပေးခေါ်လာတဲ့ အမျိုးသမီးဟာ သူတို့လက်ဝတ် ရတနာတွေယူပြီး ထွက်ပြေးသွားပါတယ်။ ညီနောင်တွေအိပ်ရာနိုးတော့ သိတဲ့အခါ အဲဒီအမျိုးသမီးကို လိုက်ရှာကြပါတယ်။ ရှာရင်းရှာရင်း တောအုပ်တစ်နေရာ ရောက်တော့ ဥရုဝေလတောမှ ကြွတော်မူပြီး ခေတ္တနားနေတော်မူတဲ့ မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး ညီနောင်တို့က ဘုရားရှင်ကို မေးတော်မူပါတယ်။

“အရှင်ဘုရား…အမျိုးသမီးတစ်ယောက်ကို မတွေ့မိဘူးလားဘုရား”။
ဒီတော့ ဘုရားရှင်က သူတို့ကို ထပ်မေးပါတယ်။
“ချစ်သားတို့…ဘာကို ရှာနေကြတာလဲ”။
“တပည့်တော်တို့ အမျိုးသမီးတစ်ယောက်ကို ရှာနေတာပါဘုရား..”
အဲဒီအခါ မြတ်စွာဘုရားက
“ချစ်သားတို့…အမျိုးသမီးကို ဘာလုပ်ဖို့ ရှာမှာလဲ…ကိုယ့်ကိုယ်ကို ရှာကြပါ”။ လို့ မိန့်တော်မူပါတယ်။

အချုပ်ပြောရရင် အဲဒီလို ညီနောင်တို့ဟာ ဘုရားရှင်နဲ့တွေ့ ဘုရားရှင်က သူတို့ကို ကိုယ့်ကိုယ်ကို ရှာဖို့ပြောရင်း တရားဟောလို့ သူတို့တွေ အကျွတ်တရားရ ရဟန်းဝတ်သွားကြကြောင်း ဖတ်လိုက်ရပါတယ်။

ဒီမှာ ဖတ်ရင်းဘုန်းဘုန်း စိတ်ထဲမှာ ဘုရားရှင်အပေါ် အရမ်းးကြည်ညိုပြီး ကျေနပ်သွားတဲ့ စကားလေးတစ်ခွန်းကို မှတ်မှတ်ရရ စိတ်ထဲမှာ စွဲကျန်သွားစေခဲ့ပါတယ်။ ဘုရားရှင်မိန့်တော်မူတဲ့စကားလေးက “ချစ်သားတို့ အမျိုးသမီး (တစ်ခြားသူ)ကို မရှာနဲ့။ ကိုယ့်ကိုယ်ကိုရှာ” ဆိုတဲ့ မိန့်တော်မူချက်လေးပါ။ သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ပြည့်ဝတဲ့စကားလေးပါ။ “ကိုယ့်ကိုယ်ကိုရှာပါ”တဲ့။ ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့အပါအ၀င် ပုထုဇင်ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို ရှာဖို့မေ့နေကြပါတယ်။ ကိုယ့်ကိုယ်ကို မရှာဘဲ သူတစ်ပါးကိုပဲ ရှာနေကြပါတယ်။ ကိုယ့်ကိုယ်ကို မြင်အောင်မကြည့်ဘဲ သူတစ်ပါးကို ကြည့်နေတတ်ကြပါတယ်။ သူတစ်ပါးကို ကြည့်ပြီဆိုကတည်းက ကောင်းတဲ့ရှုထောင့်က ကြည့်ဖို့ထက် အဆိုးကိုသာ ကြည့်ဖို့များသွားပါပြီ။ ကိုယ်ဘာဖြစ်တယ်။ ကိုယ်ဘာလုပ်တယ် ဆိုတာကို မကြည့်ဘဲ သူတစ်ပါးဘာဖြစ်တယ်။ သူတစ်ပါးဘာလုပ်တယ်ဆိုတာပဲ လိုက်ကြည့်နေတတ်ကြပါတယ်။ အဲဒီလို ကြည့်ရင်းသူတစ်ပါးရဲ့ လုပ်ရပ်တွေ၊ အမှားတွေ၊ အပြစ်တွေကိုတွေ့ပြီး သူ့အမှားက ကိုယ့်အမှားအဖြစ်၊ သူ့အပြစ်က ကိုယ့်အပြစ်အဖြစ် အကုသိုလ်တွေ တပွေ့တစ်ပိုက်နဲ့ ကိုယ့်ရဲ့စိတ်ထဲရောက်အောင် လုပ်တော့တာပါပဲ။ သူတစ်ပါးကိုကြည့်ရင်း သူတစ်ပါးရဲ့ အကုသိုလ်တွေကို ကိုယ့်ဆီရောက်အောင် လုပ်လိုက်ကြတော့တာပါပဲ။

တကယ်တော့ လူတိုင်းလူတိုင်း အထူးသဖြင့် ပုထုဇင်တိုင်း အားနည်းချက် ကိုယ်စီဆိုတာ ရှိတတ်ပါတယ်။ သူတပါးမှာ ရှိတဲ့အားနည်းချက်ကို ကိုယ်ကလိုက်ကြည့်ပြီး အပြစ်မြင်၊ မကောင်းတဲ့အတွေးတွေ ၀င်လိုက်တော့ ကိုယ်ရလိုက်တာက အပြစ်တွေ၊ အကုသိုလ်တွေဖြစ်သွားတာပေါ့။ ဒီအပြစ်တွေ အကုသိုလ်တွေ ကိုယ့်စိတ်ထဲ ရောက်လာတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်မအီမသာ၊ စိတ်မချမ်းမသာတွေဖြစ်ပြီး မကောင်းတဲ့ဆင့်ကဲ အတွေးတွေ၊ အကုသိုလ်တွေ တိုးလာတတ်ပြန်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ပါးကို ရှာလိုက်တဲ့အတွက်ကြောင့်ပါ။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ စကားတော်အတိုင်း ပြောရရင် “မမြင်အပ်ရာ ကိလေသာ သူ့ဟာသူငြိမ်း၏” ဆိုသလို အကုသိုလ်ဆိုတဲ့သဘော၊ ကိလေသာဆိုတဲ့ သဘောမျိုးက မမြင်ရင်၊ မကြည့်ရင် မဖြစ်ပါဘူး။ မြင်လို့ကြည့်လို့ရှာလို့ တွေ့တဲ့သဘောပါ။ ဘုရားရှင်ရဲ့ စကားတော်အတိုင်း ကိုယ့်ကိုယ်ကို ရှာကြည့်ကြဖို့ လိုပါတယ်။ တရားရှာ ကိုယ်မှာတွေ့ ဆိုသလို ကိုယ့်ကိုယ်ကို ပြန်ရှာပြန်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ မကောင်းတဲ့အတွေးတွေ၊ အကြံတွေ၊ အပြောအဆိုတွေ၊ အလုပ်အကိုင်တွေ ရှိနေရင် အဲဒီအကုသိုလ် ကိလေသာတွေကို မြင်အောင်ကြည့်ပြီး မဖြစ်အောင်၊ ဖြစ်နေရင် တိုးမလာအောင် အားထုတ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ တကယ်တော့ ကိုယ့်ကိုယ်ကို ရှာလိုက်တာပါ။ ဘုရားရှင်က “သူတစ်ပါးကို အနိုင်ရဖို့ထက် မိမိရဲ့အတွင်း ကိလေသာတွေကို အနိုင်ရဖို့လိုကြောင်း၊ အဲဒီလို အနိုင်ရမှုမျိုးသာ အမြတ်ဆုံး အနိုင်ရမှုဖြစ်ကြောင်း” ဟောတော်မူပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အနိုင်ရဖို့အတွက် ကိုယ့်ကိုယ်ကို ရှာကြည့်ဖို့လိုပါတယ်။ ရှာတဲ့အခါ သိပြီးတွေ့ပါလိမ့်မယ်။ အဲလို သိပြီးတွေ့တဲ့အခါ ကိုယ့်သန္တာန်မှာ မကောင်းတဲ့ကိလေသာတွေ ရှိနေရင် ဒါတွေကို မဖြစ်အောင်၊ မတိုးပွားကြိုးစားရပါမယ်။ ကောင်းတဲ့ကုသိုလ်တရားတွေ ရှိနေရင် ပိုပြီးတိုးပွားအောင် ကြိုးစားရပါမယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကို ရှာကြည့်ပြီး အနိုင်ယူလိုက်တာပါ။ ဒီလို လုပ်နိုင်အောင် မိမိတို့ရဲ့ စိတ်တွေကို တဖြည်းဖြည်း လေ့ကျင့်ပေးရပါတယ်။ တစ်ခါတည်း၊ တစ်ထိုင်တည်းကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သတိရတိုင်း၊ သတိရတိုင်း အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် စိတ်ကိုတဖြည်းဖြည်း ထိန်းလာနိုင်ပါလိမ့်မယ်။ ဖြစ်လာနိုင်တဲ့ အကုသိုလ်တွေကို မဖြစ်အောင် ထိန်းလာနိုင်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ရှာကြည့်နည်း တစ်မျိုးပါ။

ဒါကြောင့် ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိတ်တို့ကို ဘုရားရှင်မိန့်တော်မူသလို “သူတစ်ပါးကို မရှာဘဲ၊ ကိုယ့်ကိုယ်ကို ရှာကြည့်ကြ“ပါလို့ ဘုရားစကား အငှါးသုံးပြီး ဘုန်းဘုန်းတို့ ဓမ္မမိတ်ဆွေများကို တရားစကားလက်ဆောင် ပါးလိုက်ပါတယ်။

အားလုံးကိုယ့်ကိုယ်ကို မြင်အောင် ကြည့်နိုင်ကြပါစေ။

Read more »

သိင်္ဂါလသုတ်လာ ကျင့်ဝတ်များ...

သိင်္ဂါလာသုတ္တန်သည် သိင်္ဂါလသတိုးသားအား ဘုရားရှင်ဟောတော်မူသည့် သုတ္တန်ဖြစ်သည်။ သိင်္ဂါလသတိုးသားသည် ဖခင်ကြီးမသေခင်က မှာကြားသွားခဲ့သည့် အရပ်(၆)ပါးကို လုံခြုံအောင်စောင့်ထိန်းပါ ဆိုသော စကားကိုနားလည်မှုလွဲပြီး နေ့စဉ်မနက်တိုင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက် ဟူသော အရပ်တို့ကိုသာ မျက်နှာမူ၍ ရှိခိုးနေလေ့ရှိ၏။ တစ်နေ့ မြတ်စွာဘုရားရှင်နှင့် တွေ့ကာ ဘုရားရှင်က သင်၏အဖေမှာသွားတဲ့ အရပ် (၆)ပါးဟူသည် အဲဒီအရပ်တို့ကို ဆိုသည်မဟုတ်
၁။ မိဘနှင့်တူသော အရှေ့အရပ်၊
၂။ ဆရာသမားနှင့်တူသော တောင်အရပ်၊
၃။ သားမယားနှင့်တူသော အနောက်အရပ်၊
၎။ အဆွေခင်ပွန်းနှင့်တူသော မြောက်အရပ်၊
၅။ အစေအပါး၊ အလုပ်သမားနှင့်တူသော အောက်အရပ် နှင့်
၆။ ရဟန်းပုဏ္ဏားနှင့် တူသော အထက်အရပ်
တို့ကို ဆိုကြောင်း အဲဒီအရပ် (၆)ပါးတို့၌ ဖြည့်ကျင့်ရမည့် ၀တ္တရားများကို ဖြည့်ကျင့်ဖို့မှာသွားခြင်း ဖြစ်ကြောင်း မိန့်တော်မူပြီး ဆိုင်ရာဝတ္တရားတို့ကို အောက်ပါအတိုင်း ဟောကြားတော်မူသည်။

မိဘ၀တ္တရား (၅)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ အတတ်ပညာကို သင်စေခြင်း
၎။ လျှောက်ပတ်သော သူနှင့်ထိန်းများလက်ထပ်ပေးခြင်း
၅။ လျှောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းပေးခြင်း
ဆောင်ပုဒ်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျင် ၀တ်ငါးအင် ဖခင်မယ်တို့တာ။

သားသမီးဝတ္တရား (၅)ပါး
၁။ မိဘတို့ကိုပြန်၍ ပြုစုလုပ်ကျွေး မွေးမြူခြင်း
၂။ မိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးခြင်း
၃။ မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း
၎။ အမွေခံထိုက်အောင် ကျင့်ကြံလိုက်နာခြင်း
၅။ ကွဲကွာသေလွန်သော မိဘတို့၏အလို့ငှါ အလှူဒါနပြုလုပ်ပေးခြင်း
ဆောင်ပုဒ်။ ။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။

ဆရာ့ဝတ္တရား (၅)ပါး
၁။ ကောင်းစွာဆုံးမသင့်သော အရာကို ဆုံးမခြင်း
၂။ ကောင်းစွာသင်သင့်သော အရာကို သင်စေခြင်း
၃။ အလုံးစုံသော အတတ်ကို ပြောကြားသင်ကြားခြင်း
၎။ ကောင်းသောအဆွေခင်ပွန်းတို့ အထံ၌ အပ်နှံခြင်း
၅။ ခတ်သိမ်းသောအရာတို့၌ အစောင့်အရှောက်ကို ပြုခြင်း
ဆောင်။ ။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးတား၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

တပည့်ဝတ္တရား (၅)ပါး
၁။ နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း
၂။ ဆည်းကပ်ခစားခြင်း
၃။ စကားကို နာယူခြင်း
၎။ အရိုအသေလုပ်ကျွေးခြင်း
၅။ အတတ်ပညာကို ရိုသေစွာသင်ကြားလေ့ကျက်ခြင်း
ဆောင်။ ။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ဝတ္တရား (၅)ပါး
၁။ အမြတ်တနိုး ခေါ်ဆိုခြင်း
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်း
၃။ မိမိမယားတပါး အခြားမိန်းမတို့နှင့် မပျော်ပါးခြင်း
၎။ စားဖိုဆောင် အုပ်စိုးမှုကို လွဲအပ်ခြင်း
၅။ အ၀တ်တန်ဆာ ဆင်ပေးခြင်း
ဆောင်။ ။ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။

မယားဝတ္တရား (၅)ပါး
၁။ အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း
၂။ နှစ်ဘက်သော ဆွေမျိုးများအား ချီးမြှောက်ခြင်း
၃။ မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မပျော်ပါးခြင်း
၎။ ရှာဖွေစုစောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းမှကင်းခြင်း
ဆောင်။ ။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

အဆွေခင်ပွန်းဝတ္တရား (၅)ပါး
၁။ ပေကမ်းစွန်ကြဲခြင်း
၂။ ချစ်ဖွယ်သောစကားကိုဆိုခြင်း
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း
၎။ မိမိနှင့်ထပ်တူညီမျှ ဆက်ဆံခြင်း
၅။ မခွတ်မယွင်း ပြောဆိုပေးကမ်းခြင်း
ဆောင်။ ။ ပေးကမ်းချီးမြင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

အရှင်သခင်ဝတ္တရား (၅)ပါး
၁။ ခွန်းအားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်း
၂။ ထမင်းရိက္ခာပေးခြင်း
၃။ မကျမ်းမာသောအခါ ပြုစုစောင့်ရှောက်ပေးခြင်း
၎။ ထူးဆန်းသော အရာသာများကို ခွဲဝေပေးခြင်း
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း
ဆောင်။ ။ ၀စွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ ဟောရွတ်ပဉ္စဓာ။

အလုပ်သမားဝတ္တရား (၅)ပါး
၁။ အရှင်၏ရှေးဦးစွာ အိပ်ရာမှထခြင်း
၂။ အရှင်အိပ်သည်မှ နောက်၌လေ့ရှိခြင်း
၃။ ပေးသည်ကိုသာ ယူလေ့ရှိခြင်း
၎။ အမှုကိစ္စကို ကောင်းစွာပြုလုပ်ပေးခြင်း
၅။ အရှင်၏ဂုဏ်သတင်းကို ဆောင်ခြင်း
ဆောင်။ ။ အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်ကျွန်ကျင့်ရာ။

ရဟန်းဝတ္တရား (၆)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ခြင်း
၎။ မကြားဖူးသေးသော တရားစကားကို ဟောကြားခြင်း
၅။ ကြားဖူးပြီးသော တရားစကားကို ထပ်မံဟောကြားခြင်း
၆။ နတ်ပြည်ခရီးကို ပြောကြားခြင်း
ဆောင်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေချာ။

ဒါယကာဝတ္တရား (၅)ပါး
၁။ မေတ္တာနှင့် ယှဉ်သောကာယကံမှု ပြုခြင်း
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှု ပြုခြင်း
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှု ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်၍ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ဖိတ်ကြားခြင်း)
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်း
ဆောင်။ ။ မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ ကျင့်လေဒါယကာ။

Read more »

ကုသိုလ်ဖြစ်မဖြစ်…ရဟန်းလူထွက်…ပြီးတော့ သက်သတ်လွတ်…

Q.အရှင်ဘုရား…
(၁) ကျောင်းဆောက်လှူဒါန်းရန် ပုံမှန်ငွေကြေး စုဆောင်းလာသော်လည်း ဆောက်မလှူရသေးလျှင် ဆောက်လှူရန် အဆင်မပြေသေးလျှင် ကုသိုလ်ဖြစ်ပါသလားဘုရား။ ထိုငွေများကို ကျောင်းဆောက်ရန်နှင့် သံဃာတော်များအတွက် ပစ္စည်းလေးပါးအဖြစ် လှူဒါန်းပါသည်ဟု မြတ်စွာဘုရားထံ ရည်စူးလှူဒါန်းထားလျှင် ဒါနမြောက်ပါသလား။ မိမိတွင် သုံးစရာအကျပ်အတည်းကြုံသဖြင့် ထိုငွေထဲမှ (မကြာခင် ဒီထက်မ ပြန်အစားဖြည့်ပေးမည်ဖြစ်၍) မဆိုစလောက် ခဏယူသုံးမိလျှင် အပြစ်ရှိပါသလား။
(၂) နေထိုင်ရာအခန်းကို ဘုရားအမှူးရှိသော သံဃာအား ကျောင်းအဖြစ်လှူဒါန်းပါ၏ဟု စိတ်ကရည်စူးလှူဒါန်းပြီး နေရာခင်ကျင်း ပြင်ဆင်ပေးထားလျှင် ဒါနမြောက်ပါသလား။ တကယ်သီတင်းသုံးသည့် သံဃာ မရှိလို့ ဒါနမမြောက်ဘဲ နေပါသလား။
(၃) မိမိဆန္ဒမပါဘဲ မိဘဆွေမျိုးစသည်တို့ကြောင့် လူထွက်လိုက်ရသည့် သံဃာတပါးဟာ အရေးကြီးတဲ့ ၀ိနည်းတစ်ချို့ကို ဆက်ထိန်းနေမယ်၊ လူဝတ်ဝတ်ထားပြီး လူလိုအလုပ်လုပ်နေရပေမယ့် သူ့စိတ်ထဲမှာ ရဟန်းလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် သူကထုတ်မပြောဘဲ ကိုယ့်ကိုလူလို ဆက်ဆံနေပေမယ့် ဒီပုဂ္ဂိုလ်ကို လူလားရဟန်းလား ဘယ်လိုသတ်မှတ်ရပါမလဲ။ သူ့ကိုလှူရင် ဒါမှမဟုတ် စော်ကားရင် ရဟန်းတစ်ပါးကို လှူတာစော်ကားတာနဲ့ ကုသိုလ်အကုသိုလ် တူပါသလား။
(၄) နောက်ပြီး သက်သတ်လို့စားရင် ကြက်ဥဘဲဥက လေဥမို့လို့ စားလို့ရတယ်ဆိုတာ ဟုတ်ပါသလား…
(ဇွဲ)


A. (၁) ဗုဒ္ဓဘာသာစာပေမှာ ပုဗ္ဗစေတနာ (မလှူမီရှေ့အဖို့မှာဖြစ်သောစေတနာ)၊ မုဉ္စစေတနာ (လှူဆဲအခိုက်အတန့်မှာ ဖြစ်သောစေတနာ)၊ အပရစေတနာ (လှူပြီးနောက်ပိုင်းမှာ ဖြစ်သောစေတနာ) လို့ စေတနာ သုံးမျိုးရှိပါတယ်။ ဒီစေတနာသုံးမျိုးလုံးဟာ ဖြစ်တိုင်းဖြစ်တိုင်း ကုသိုလ်တရားကို တိုးပွားစေ၊ ကုသိုလ်စိတ်ကိုဖြစ်စေပါတယ်။ ဒါကြောင့် မလှူမီ အလှူနဲ့ပတ်သက်တဲ့ ဘယ်လိုနည်းလေးဖြင့် လှူလိုက်မယ်၊ ဘယ်လောက်အတိုင်းအတာအထိ လှူလိုက်မယ်စတဲ့ စိတ်လေးတွေ၊ ကြံစီမှုလေးတွေဟာ ပုဗ္ဗစေတနာလေးတွေပါ။ မလှူဖြစ်သေးပေမယ့် ကုသိုလ်စိတ်လေးတွေနဲ့ ကြံစီတွေးတောနေတဲ့အတွက် စိတ်စေတနာအလျှောက် ကုသိုလ်လေးတွေဖြစ်နေပါတယ်။ အခြားအကုသိုလ်စိတ်လေးတွေ မရှိဘဲ ကုသိုလ်စိတ်၊ ကုသိုလ်အတွေးလေးတွေနဲ့ ကြံစီတွေးတော၊ ဆောင်ရွက်နေတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် ကုသိုလ်ဖြစ်နေပါတယ်။ မေးခွန်းရှင်ရဲ့ အမေးထဲမှာကိုက အကောင်အထည်မပေါ်သေးပေမယ့် ကျောင်းဆောက်မယ်လှူမယ်၊ သံဃာတော်များ ပစ္စည်းလေးပါးအတွက် လှူဒါန်းမယ်စတဲ့ ကုသိုလ်ရည်ရွယ်ချက်တွေက ပါပြီးဖြစ်နေတဲ့အတွက် ဒီစိတ်လေးတွေနဲ့ ရှာဖွေ၊ ကြိုးစားလုပ်ကိုင်နေတာနဲ့တွင် ကုသိုလ်စိတ်တွေဖြစ်နေပါတယ်။ အရာအားလုံးမမြဲတဲ့အတွက် ပြီးတော့ ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရားကိုက မခိုင်မြဲသေးတဲ့အတွက် ဖြစ်ပေါ်တုန်းအခိုက်အတန့်ဟာ အကောင်းဆုံးလို့ သတ်မှတ်ရတဲ့သဘောပါ။ အကောင်အထည် မပေါ်လာသေးပေမယ့် ဒီလိုစေတနာ၊ ရည်ရွယ်ချက်လေးတွေရှိနေတာကိုက ကုသိုလ်ဖြစ်နေတာပါ။ ဒီလို ရည်ရွယ်ရှာဖွေရင်း အကြောင်းကိစ္စပေါ်ပေါက်လာတဲ့အခါ ပြန်လည်အသုံးပြုရတဲ့ သဘောလေးတွေရှိပါတယ်။ ဒီမှာလည်း မဖြစ်လို့၊ အရေးပေါ်မို့လို့ သုံးလိုက်ရပေမယ့် စေတနာရည်ရွယ်ချက်က တမင်လုပ်လိုတဲ့ ရည်ရွယ်ချက်မရှိသလို ပိုပြီးလှူလိုတဲ့ ရည်ရွယ်ချက်က ဦးစီးနေတဲ့အတွက် အပြစ်အားဖြင့် ကြီးလေးတဲ့အပြစ်တော့ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ မိမိရဲ့စေတနာရည်ရွယ်ချက်ပေါ် မူတည်နေပါတယ်။ မိမိကိုယ်ပိုင်ငွေကြေးများ ဖြစ်တဲ့အတွက် ပြီးတော့ သာသနာကို လွတ်လွတ်ကျွတ်ကျွတ် ရေစက်ချလှူဒါန်းထားတဲ့ သဘောမျိုးမရှိသေးတဲ့အတွက် အပြစ်လို့ပြောဖို့ခက်ပါတယ်။ အဲသာသနာကို လှူပြီးပြီ ရေစက်ချပြီးပြီဆိုရင်တော့ ကိုယ့်လက်ထဲမှာ ရှိပေမယ့် ကိုယ်ပိုင်မဟုတ်တော့ပါဘူး။ ကုလားကြီး လှူသလိုမဖြစ်ဖို့တော့ လိုပါတယ်။ နွားနို့ပို့တဲ့ကုလားကြီး သူ့နွားနို့အိုးမှောက်သွားတဲ့အခါမှ “မှောက်သွားတဲ့ နွားနို့အိုး ရွှေတိဂုံဘုရားကို လှူပါ၏”လို့ မဖြစ်ဖို့လိုပါတယ်။ ကောင်းတဲ့စေတနာမှန်ရင် အဖြစ်မဖြစ်ပါဘူး။ စေတနာသာ အဓိကပါ။

(၂) ဒီအတိုင်းပါပဲ သီတင်းသုံးမည့် သံဃာမရှိပေမယ့် ဘုရားအမှုးရှိတဲ့ သံဃာတော်များကျောင်းအဖြစ် သီတင်းသုံးနိုင်ရန် ရည်ရွယ်ပြင်ဆင်ထားတာဟာလည်း ကုသိုလ်စေတနာလေးတွေ ဖြစ်နေတာပါ။ သံဃာတော်များ မကြွလည်းပြင်ဆင်ထားတာ ကုသိုလ်လေးတွေဖြစ်နေပြီး၊ ကြွလာတဲ့အခါမှာ တိုက်ရိုက်လှူဒါန်း နိုင်တဲ့အတွက် မိမိအလှူဖြစ်ပါတယ်။ သံဃာမရှိလည်းဘဲ ဒီကုသိုလ်စေတနာ၊ ရည်ရွယ်ချက် ရှိနေတာကိုက ကုသိုလ်စိတ်ဖြစ်နေတာပါ။ အလှူလုပ်တယ်ဆိုတာ ကုသိုလ်ရအောင်လုပ်တာပါ။ ကုသိုလ်စိတ်ဖြစ်နေတာကိုက ကုသိုလ်ရနေတာပါ။ ဘုရားလက်ထက်ကလည်း ရှိပါတယ်။ လမ်းဆုံး၊ လမ်းခွမှာ ဇရပ်တွေဆောက်ပြီး အရပ်လေးမျက်နှာက သွားလာတဲ့ရဟန်းသံဃာတော်များ တည်းခိုနိုင်ဖို့ လှူဒါန်းထားတာတွေ။ ဒါတွေဟာ တည်းသူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလှူဖြစ်နေပြီးသားပါ။ ကုသိုလ်ရပြီးသားပါ။ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်မြတ်ကြီးကိုယ်တော်တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး မရှိတော့ပေမယ့် ဘုရားရှင်သက်တော် ထင်ရှားရှိတုန်းကအတိုင်း “အရှင်ဘုရား….ဒီအချိန်က မျက်နှာသစ်တော်ရေ သုံးဆောင်တော်မူရမည့် အချိန်ဘုရား၊ ဒီအချိန်က ဆွမ်းဘုဉ်းပေးမရယ့်အချိန်ပါဘုရား..” စသည်ဖြင့် သေချာပြင်ဆင်ပြီး ဆက်ကပ်လှူဒါန်းလေ့ရှိကြောင်း စာပေမှာ လာပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ် မျက်မှောက်ထင်ရှား မရှိပေမယ့် စေတနာကောင်းနဲ့ ဆောင်ရွက်လှူဒါန်းမယ်ဆိုရင် ကုသိုလ်ဖြစ်ပါတယ်။

(၃) လူထွက်လိုတဲ့ ရဟန်းတော်တစ်ပါးဟာ ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ၀ိနည်းတော်လာ သိက္ခာချရာမှာ လိုအပ်တဲ့အင်္ဂါတွေနဲ့ ပြည့်စုံမှ သိက္ခာချမှု အထမြောက်အောင်မြင်ပြီး လူအဖြစ်ကို ရောက်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ပြီး လူအ၀တ်အစားတွေနဲ့ တစ်ခြားပုဂ္ဂိုလ်တွေက ဘယ်လောက်ပဲ လူဖြစ်အောင်လုပ်ကြပေမယ့် ကာယကံရှင်ကိုယ်တိုင်က လူထွက်လိုတဲ့ စိတ်မရှိရင်၊ သိက္ခာကျမယ့် အင်္ဂါရပ်တွေ မပြည့်စုံရင် လူအ၀တ်ဝတ်ထားပေမယ့် ကာယကံရှင်ကိုယ်တိုင်က ရဟန်းလို့ ခံယူပြီး ရဟန်းသိက္ခာပုဒ်တွေ ကျင့်သုံးနေမယ်ဆိုရင် ရဟန်းပါပဲ။ ရဟန်းမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေလည်း ရဟန်းသိက္ခာပုဒ်တွေ စောင့်ထိန်းနေမယ်ဆိုရင် အပြစ်မရှိပါဘူး။ ကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် အသွင်ဆိုတာတော့ ရှိဖို့လိုပါတယ်။ သင်္ကန်း၊ သပိတ်စတာတွေဟာ မြတ်စွာဘုရားရှင်က ရဟန်းတော်များကို လူတွေနဲ့ မတူကွဲပြားအောင်၊ စားရေး၊ ၀တ်ရေးတွေနဲ့ ပတ်သက်တဲ့ဒုက္ခတွေ မခံစားရအောင် သီးခြားသတ်မှတ်ခွင့်ပြုထားတဲ့ အရာတွေပါ။ ဒီအသွင်မရှိဘူးဆိုရင် သာမန်လူများအနေနဲ့ လူဘောင်မှာနေပြီး လူတွေနဲ့ရောနှော လူတွေဝတ်စား ဆင်ယင်မှုတွေ လိုက်လုပ်နေတဲ့ပုဂ္ဂိုလ်ကို ရဟန်းလို့ သတ်မှတ်ဖို့ အလွန်ခဲရင်းပါတယ်။ ကာယကံရှင်ကိုယ်တိုင် လူတွေကြားမှာ နေနေရတဲ့အတွက် တစ်ချိန်ချိန်မှာ လူစိတ်ပေါက်ပြီး သူကိုယ်သူ ရဟန်းဆိုတဲ့ သတ်မှတ်ချက်များ ပျောက်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူကိုယ်တိုင်ရော တစ်ခြားသူတွေကပါ ရဟန်းလို့ မြင်ကြဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ သူဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကမပြစ်မှားမိဖို့ လိုပါတယ်။ လူအချင်းချင်းတောင် ပြစ်မှားတယ်ဆိုကတည်းက အကုသိုလ်ဖြစ်ပါတယ်။ အပြစ်ဖြစ်ပါတယ်။ အကောင်းဆုံးက ဘယ်သူ့ကိုမှ မပြစ်မှားမိဖို့၊ အပြစ်မလုပ်မိဖို့ အရေးကြီးပါတယ်။ လှူတာကတော့ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီးအကျိုးအကြီး၊ အသေးကွဲပြားမှာဖြစ်တဲ့အတွက် စေတနာမှန်ရင် လှူလို့ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ယုတ်စွအဆုံး တိရစ္ဆာန်ကိုပေးလှူ တာတောင် အကျိုးများတဲ့အတွက် လူပုဂ္ဂိုလ်ဆိုရင်တော့ အထူးပြောစရာမရှိအောင် အကျိုးရှိပါတယ်။

(၄) အခုခေတ် သိပ္ပံနည်းတွေအရ ကြက်ဥ၊ဘဲဥစတာတွေကို ဘယ်ပုံဘယ်နည်း ဖန်တီးကြတယ်ဆိုတာ မသိပေမယ့် တကယ့်ကြက်ဥ၊ ဘဲဥတွေဟာ မိခင်ဗိုက်ထဲကပဲ ဥပေးပေါက်ပေးရတာဖြစ်တဲ့အတွက် ကိုယ်စားလိုက်တဲ့ ကြက်ဥ၊ ဘဲဥဟာ အကောင်ဖြစ်မယ့် ကြက်ဥ၊ဘဲဥဆိုတာ သိဖို့မလွယ်ပါဘူး။ ဒါကြောင့် တကယ်သက်သတ်လို့ စားလိုတဲ့ပုဂ္ဂိုလ်တွေ ကြက်ဥ၊ဘဲဥစတာတွေ မစားတာကောင်းပါတယ်။ တကယ်တော့ ဒီမေးခွန်းကို မေးလို့သာဖြေရတယ် သက်သတ်လွတ်စားတာနဲ့ ပတ်သက်လို့ ဘုရားဟောလို့ ထေရ၀ါဒစာပေအရ လုပ်ရတာတို့ ဆိုရင်တော့ သက်သတ်လို့စားဖို့ ဘုရားမဟောသလို ထေရ၀ါဒစာပေတွေမှာလည်း မပါပါဘူး။ အစားအစာနဲ့ ပတ်သက်ပြီး တဏှာရာဂမရှိရင်၊ အလုပ်မပိုရင်၊ အကုသိုလ်မဖြစ်ရင် ပြီးတာပါပဲ။ သက်သတ်လွတ်စားတယ်ဆိုပြီး ပုံမှန်နေ့စဉ်စားတာတွေထက် ပိုပြီးကောင်းအောင် အရသာရှိအောင်၊ ရသတဏှာတွေဖြစ်အောင်၊ အလုပ်ပိုအောင် လုပ်ဆောင်ဖန်တီးမယ်ဆိုရင် ကုသိုလ်မဖြစ်ဘဲ၊ အကုသိုလ်သာ ပိုတိုးစေပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့သာ သက်သတ်လွတ် စားဖို့မစားဖို့ စဉ်းစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်…

Read more »

ဓူတင်...၊ သမာဓိ...၊ ဒါန...

Q.အရှင်ဘုရား…
(၁) ဓူတင် ၁၃ပါးဆိုတာ သိလိုပါတယ်ဘုရား။ ၈ပါးသီလမှာ မြင့်သောနေရာ မြတ်သောနေရာ ရှောင်ရမယ်ဆိုတာလဲ သေချာရှင်းပြပေးစေလိုပါတယ်။ ဆိုဖာပေါ်မှာ ထိုင်မိတာ၊ တည်းခိုခန်းထဲက အခင်းထူထူခင်းထားတဲ့ ကုတင်ပေါ်အိပ်ရတာ ဥပုသ်ကျိုးပါသလား။
(၂) တရားအားမထုတ်ဖူးသော အသက်ကြီး အဘိုးအဘွားများ အလေ့အကျင့်မရှိခဲ့၍ တရားမထိုင်နိုင်၊ သမာဓိပင် မရနိုင်ဖြစ်တတ်ပါတယ်။ ထိုအခါ ဘယ်လိုနည်းနှင့် သမာဓိထူထောင်ရမည်လဲ သိလိုပါသည်ဘုရား။
(၃) နောက်တစ်ခုမှာ အလှူဟူသည် လက်ခံယူမည့် အလှူခံပုဂ္ဂိုလ်ရှိမှ ဒါနမြောက်ပါသလား။ ပရိနိဗ္ဗာန် ၀င်စံပြီးသော မြတ်စွာဘုရားကို တပည့်တော်တို့ ဆွမ်းခဲဖွယ်တို့နှင့် လှူဒါန်းခြင်းသည် အကျိုးရှိမရှိ (အလှူခံပုဂ္ဂိုလ် သက်တော်ထင်ရှား မရှိတော့၍) ဒါနမြောက် မမြောက် သိလိုပါသည်။
(အေးချမ်း)


A. (၁) ဓူတင်အကျင့်ဆိုတာ ကိလေသာကို ပယ်ခွါကြောင်း ခေါင်းပါးရောင့်ရဲသော အကျင့်ကို ပြောတာပါ။ ဓူတင် အကျင့် ၁၃ပါး ရှိပါတယ်။ ဒီ ၁၃ပါးက…
၁။ ပံ့သုကူ ဓူတင် = ဒကာ၊ ဒကာမတို့ လှူဒါန်းသော သင်္ကန်းကို စွန့်ပြီး အများသူငါ စွန့်ပစ်ထားသော အ၀တ်အပိုင်းအစများကိုသာ ချုပ်စပ်ဝတ်ရုံ သုံးဆောင်သောအကျင့်၊
၂။ တိစီဝရိတ် ဓူတင် = မြောက်များစွာသော သင်္ကန်းကိုပယ်ပြီး နှစ်ထပ်သင်္ကန်း၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သင်္ကန်းသုံးထည်ကိုသာ သွားလေရာယူဆောင် ၀တ်ရုံသုံးဆောင်သော အကျင့်၊
၃။ ပဏ္ဍပါတ် ဓူတင် = လာဘ်ပိုလာဘ်လျှံကိုပယ်ပြီး ဆွမ်းခံ၍ရသော ဆွမ်းကိုသာ စားသောက်သုံးဆောင်သော အကျင်၊့
၎။ သ ပဒါန ဓူတင် = အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်ပြီး အိမ်စဉ်မကျော်မလှပ် ရပ်၍ရသော ဆွမ်းကိုသာ ခံယူသုံးဆောင်သောအကျင့်
၅။ ဧကသနိက် ဓူတင် = နေရာအထူးထူ၌ စားခြင်းကိုပယ်ပြီး တစ်နေရာ တစ်ထိုင်တည်း၌သာ စားခြင်းပြုသော အကျင့်
၆။ ပတ္တပိုဏ် ဓူတင် = နှစ်ခွက်မြောက်သော ဆွမ်း၊ ဆွမ်းဟင်းကို ပယ်ပြီး တစ်ခွက်တည်းကိုသာ ခံယူသုံးဆောင်သောအကျင့်
၇။ ခလုပစ္ဆာ ဓူတင် = အတိရိက်ဝိနည်းကံ ဆွမ်းကို ပယ်ပြီးဘုဉ်းပေးသည့် အကျင့်
၈။ အရညကင် ဓူတင် = မြို့ရွာကျောင်းကိုပယ်ပြီး တောရကျောင်း၌သာ နေသောအကျင့်
၉။ ရုက္ခမူ ဓူတင် = အမိုးအကာရှိသော ကျောင်းကိုပယ်ပြီး သစ်ပင်ရင်း၌သာ နေသောအကျင့်
၁၀။ အဗ္ဘောကာသိက ဓူတင် = အမိုးအကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပြီး လွင်တီးခေါင်၌သာ နေသောအကျင့်
၁၁။ သုသာန ဓူတင် = သုသာန်၌သာ နေသောအကျင့်
၁၂။ ယထာသန္တတိ ဓူတင် = နေရာကောင်း ကျောင်းကောင်းကို မရွေးခြယ်ဘဲ ဖြစ်စဉ်အတိုင်းသာ နေသောအကျင့်
၁၃။ နိသဇ် ဓူတင် = အိပ်ခြင်းကို ပယ်ပြီး ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုတ်ဖြင့်သာ နေသောအကျင့် တို့ဖြစ်ပါတယ်။

ရှစ်ပါးသီလရဲ့ ဥစ္စာသယန၊ မဟာသယနာ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုတာမှာ ဥစ္စာသယန (မြင့်သောနေရာ)ဟူသည် အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာကုတင် ကုလားထိုင်းကြီးများစသည်ကို ဆိုလိုပြီး၊ မဟာသယန (မြတ်သောနေရာ) ဟူသည် စည်းစိမ်ရှင်များ ခံစားလေ့ရှိတဲ့ လက်လေးသစ်မက အမွေးရှည်သော သားမွေးအခင်း၊ ခြင်္သေ့၊ သစ်၊ ကျားစသော အရုပ်များဖြင့် ခမ်းနားဆန်းကြယ်စွာ ပြုလုပ်ဖန်းတီးထားသော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်ထားသော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းများ သွတ်ထားသော မွေ့ရာဆိုဖာ စသည်တို့ကို ဆိုလိုပါတယ်။ ဒီဖော်ပြချက်များနဲ့ ကိုက်ညီနေတဲ့ နေရာမျိုးဖြစ်ပါက ဥပုသ်သီလကျိုးနိုင်ပါတယ်။ တကယ်တော့ နေ့စဉ်ဆောက်တည်ရတဲ့ ငါးပါးသီလမဟုတ်ဘဲ အပိုဆောက်တည်ရတဲ့ ၀ိကာလဘောဇန၊ နစ္စဂီတ၊ ဥစ္စာသယန မဟာသယန စတဲ့သိက္ခာပုဒ်များကို ကြည့်ပါက ကိလေသာတဏှာစိတ်များ မဖြစ်ပေါ်အောင် သီလတရားနဲ့ ထိန်းချုပ်ပေးထားတဲ့ အရာများဖြစ်တာကို တွေ့ရမှာပါ။ မြင့်သောနေရာ မြတ်သောနေရာတွေဟာ ဒီလိုကိလေသာ တဏှာမျိုးကို ဖြစ်စေနိုင်ပါက ရှောင်ကြဉ်ပြီးနေကြဖို့ပါ။ ဒီလိုနေရာတွေဟာ နေထိုင်သုံးဆောင်ခြင်းအားဖြင့် တဏှာ၊ လောဘ၊ ကိလေသာ၊ ကာမစိတ်တွေဖြစ်နိုင်တဲ့အတွက် ဒီအရာတွေ မဖြစ်ပေါ်ရအောင် ဒီသိက္ခာပုဒ်ဖြင့် တားမြစ်ပေးခြင်းဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တို့ရဲ့ သဒ္ဓါတရားဟာ မခိုင်မြဲတဲ့အတွက် ဥပုသ်သီလစောင့်သုံးချိန်မှာ မကျိုးပေါက်ရအောင် ဒီလိုနေရာမျိုးကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

(၂) မှန်ပါတယ်။ အသက်အရွယ်ကြီးလာရင် ဘာမှ မကောင်းတော့ပါဘူး။ အိုမင်းမစွမ်းဖြစ်တာပေါ့။ အိုရင် မင်းမစွမ်းတော့ဘူးလို့ ပြောတာပါ။ ငယ်ငယ်က အလေ့အကျင့်မရှိခဲ့လို့ အသက်ကြီးမှ တရားအားထုတ်တဲ့အခါ စိတ်ကရှိပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့ပါဘူး။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေက အားကြီးတဲ့အတွက် သမာဓိတည်ဖို့ဟာလည်း အလွန်မလွယ်တဲ့ ကိစ္စပါ။ မလွယ်တဲ့အတွက် မလုပ်ဘဲထားရင် ပိုးဆိုးပါလိမ့်မယ်။ သမာဓိထူထောင်ဖို့အတွက်ကတော့ ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်စေမယ့် ဣရိယာပုတ်လေးတွေကို ရွေးချယ်ပြီး ပေါ့ပေါ့ပါးပါး အမှတ်တရားလေးတွေနဲ့ စရပါမယ်။ စိတ်ကို နှာသီးဖျားမှာ ကပ်ထားပြီး ၀င်လေထွက်လေကို လိုက်ပြီးသိမှတ်တာမျိုးလေးတွေကို လေ့ကျင့်ပေးရပါမယ်။ အဲဒီလိုမှတ်ရင်း ပင်ပန်းလာမယ် နာကျင်လာမယ်ဆိုရင် အဆင်ပြေသလို ပြောင်းရွေ့နေထိုင်ပြီး ရသလောက် လေ့ကျင့်ထူထောင်ပေးဖို့ လိုပါတယ်။ ရသလောက်ပေါ့။ ဒါတောင် မရနိုင်ဘူးဆိုရင် အနုဿတိ တစ်ခုခုပွားပေးပါ။ မေတ္တာပို့တာတို့၊ ဘုရားဂုဏ်တော်ပွားများတာတို့ပေါ့။ ဒါတွေဟာလည်း သမာဓိလုပ်ငန်းလေး တွေပါ။ ဘာမှမလုပ်ဘဲ နေတာထက်စာရင် တဖြည်းဖြည်းလေ့ကျင့်ပေးတာက အကျိုးရှိလာတတ်ပါတယ်။ မရဘူးဆိုပြီး မလုပ်ဘဲ မနေဘဲ ရသလောက် အလေ့အကျင့် လုပ်ပေးဖို့လိုပါတယ်။ နောက်ဆုံးဘယ်လိုမှ မရတော့ဘူး ဆိုရင်တော့ ဘ၀ကူးကောင်းဖို့အတွက် သီလလုံခြုံအောင်တော့ စောင့်ထိန်းဖို့လိုပါတယ်။ အနည်းဆုံးငါးပါး သီလလောက်ပေါ့။ သီလလုံခြုံပြီး ဒါနပါမယ်ဆိုရင် နောက်ဘ၀မှာ ကောင်းတဲ့ဘုံဘ၀မှာ ဖြစ်နိုင်ပြီး အဲဒီအခါ ပြန်လည်ပြီး ဘာဝနာအလုပ်ကို လုပ်ဖို့အခွင့် ရနိုင်ပါလိမ့်မယ်။ ဒါလည်း အခုလက်ရှိဘ၀မှာ တတ်နိုင်သမျှ အထုံပါအောင် လေ့ကျင့်ထားမှပါ။ ဒါကြောင့် ဘာမှမလုပ်ဘဲ နေတာထက်စာရင် လုပ်နိုင်သမျှ၊ ရနိုင်သမျှ လုပ်ကြည့် လေ့ကျင့်ပေးဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

(၃) အလှူခံပုဂ္ဂိုလ်မရှိလည်းပဲ ကုသိုလ်ဖြစ်အောင် ဒါနလုပ်လို့ရပါတယ်။ အလှူလက်ခံသူမဟုတ်ဘဲ အလှူဒါန မြုတ်နှံရာဌာနများမှာ ကုသိုလ်ပြုလို့ရပါတယ်။ အရှင်းဆုံးဥပမာပြောရရင် လူတို့အရိုအသေပြုရာ၊ လူခပ်သိမ်းတို့ ပူဇော်ရာ စေတီပုထိုးများမှာ အလှူဒါနများ ပြုလုပ်လို့ရပါတယ်။ တကယ်တော့ လှူတဲ့ပုဂ္ဂိုလ်ရှိရင် အလှူခံက ရှိပြီးသားပါ။ ဒီလောကကြီးဟာ အလှူပေးတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ ဖန်တီးထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တ၀ါ အမျိုးမျိုးနဲ့ ဖန်တီးတည်ဆောက်ထားတာပါ။ လက်ခံမယ့်သူမရှိဘူးဆိုတာ မရှိပါဘူး။ လှူတဲ့ပုဂ္ဂိုလ်က ကိုယ်လှူချင်တဲ့ ပုဂ္ဂိုလ်၊ ကိုယ်ပေးလှူလိုတဲ့ အလှူခံ ပုဂ္ဂိုလ်မရှိရင်ဘဲ ရှိမှာပါ။ အလှူခံ ပုဂ္ဂိုလ်မရွေး လှူချင်တယ်ဆိုရင်တော့ အလှူခံပုဂ္ဂိုလ် အမျိုးမျိုးရှိပါတယ်။ စာပေအဖွင့်များအရ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ရှိပါတယ်။ အဲဒီအလှူခံပုဂ္ဂိုလ် ၁၄ယောက်က ၁။ တိရိစ္ဆာန် သတ္တ၀ါများ၊ ၂။ လူဒုဿိလခေါ် တံငါမုဆိုးစသော ဒုစရိုက်အမှုပြုလုပ်သူများ၊ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ၊ ၄။ ရသေ့ပရဗိုဇ်ခေါ် သာသနာပအခါ ဈန်အဘိညာဉ်ရပုဂ္ဂိုလ်များ၊ ၅-၈။ မဂ္ဂဋ္ဌာန်ခေါ် ဖိုလ်သို့မျက်မှောက်ပြုရန် မဂ်၌ကျင့်ဆဲပုဂ္ဂိုလ် ၄ယောက်၊ ၉-၁၂။ ဖလဋ္ဌာန်ခေါ် ဖိုလ်လေးပါး၌ တည်နေသောပုဂ္ဂိုလ် ၄ယောက်၊ ၁၃။ ပစ္စေကဗုဒ္ဓခေါ် ဘုရားမပွင့်မီကာလ၌ ပွင့်သောဘုရားငယ်၊ ၁၄။ မြတ်စွာဘုရားသခင် တို့ဖြစ်ပါတယ်။ ဒီအလှူခံ ပုဂ္ဂိုလ် ၁၄ယောက်မှာ မိမိတို့လှူလိုတဲ့ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးသာ ကွာခြားပါတယ်။ အလှူခံပုဂ္ဂိုလ် မရှိလို့ကုသိုလ် ဒါနမပြုလိုက်ရဘူးဆိုတာ မရှိနိုင်တော့ပါဘူး။ ဘုရားမပွင့်တဲ့ သာသနာပကာလမှာတောင် အလှူခံပုဂ္ဂိုလ်က ရှိနေတဲ့အတွက် ဒါနကုသိုလ်ကတော့ ပုဂ္ဂိုလ်မရွေးဘူးဆိုရင် ပြုလုပ်လို့ရပါတယ်။ ဒါနမြောက်အောင် လှူလို့ရပါတယ်။

မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှာ ဘုရားရှင်ကိုယ်စား အရိုအသေပြုဖို့ ကိုးကွယ်ဆည်းကပ်ဖို့ အလှူဒါနပြုဖို့ စေတီလေးမျိုး ခွင့်ပြုခဲ့ပါတယ်။ အဲဒီစေတီလေးမျိုးက ၁။ ဓာတုစေတီ= ဘုရားရဟန္တာတို့ရဲ့ ဓာတ်တော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း၊ ၂။ ဓမ္မစေတီ = ဘုရားရှင်ရဲ့တရာတော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း၊ ၃။ ပရိဘောဂစေတီ = ဘုရားရှင်ရဲ့ အသုံးအဆောင်များကို စေတီအဖြစ် ကိုးကွယ်ခြင်း၊ ၄။ ဥဒ္ဒိဿကစေတီ = ဘုရားရှင်ကိုရည်မှန်းပြီး ထုလုပ်ပူဇော်ထားသည့် ရုပ်ပွားဆင်းတုတော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း တို့ပါ။ ဒီလေးမျိုးကို ဘုရားရှင်ရဲ့ကိုယ်စား ဘုရားရှင်ရဲ့ ဂုဏ်တော်များကို အာရုံပြုကိုးကွယ်နိုင်ရင် ဘုရားရှင်ကို မျက်မှောက်ကိုးကွယ်ပူဇော်သည့်အလား အကျိုးများပါတယ်။ မျှော်လင့်ချက်မထားဘဲ စေတနာ သဒ္ဓါတရားအရင်းခံနဲ့ ကိုးကွယ်ပူဇော်မယ်ဆိုရင် သေချာပေါက် အကျိုးများပါလိမ့်မယ်။ ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်ကို ဆွမ်းခဲဖွယ်စသည် ဆက်ကပ်လှူဒါန်းမှာလည်း အလှူခံပုဂ္ဂိုလ်သက်တော် ထင်ရှားမရှိတော့ပေမယ့် ဂုဏ်တော်များကို အာရုံပြုပြီး လှူဒါန်းနိုင်မယ်ဆိုရင် ဒါနမြောက်ရုံတွင်မက အကျိုးတရားလည်း အထူးများပါတယ်။ ဒါပေမယ့် လှူဒါန်းတဲ့အခါ အပျော်အပျက် ဖြစ်ကတက်ဆန်း ၀တ်ကျေတန်းကျေ လှူဒါန်းမှုမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ တစ်ချို့ရှိပါတယ်။ ကိုယ်ကျတော့ အကောင်းစားတွေစားပြီး ဘုရားဆွမ်းတော်ကပ်တော့ ဆွမ်းလေးသုံးလေးဆွမ်းပေါ်မှာ ထန်းလျှက်၊ သကြားလေးတွေ ပုံပြီးကပ်တာမျိုးစတာတွေပေါ့။ ကိုယ်ကောင်းတာစားသလို ကိုယ်စားတဲ့ပုံစံမျိုးလေး ပြင်ဆင်ပြုလုပ် ဆက်ကပ်ခြင်းသာ ကိုယ်နဲ့တစ်သားတည်းထားပြီး ပူဇော်ရာရောက်ပါတယ်။ ရိုသေရာရောက်ပါတယ်။ ဘုရားရှင်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်လိုမျိုး ပြုလုပ်ပူဇော်သင့်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုသွားပေမယ့် ဘုရားရှင်သက်တော်ထင်ရှား ရှိတုန်းကအတိုင်းပဲ “အရှင်ဘုရား…ဒီအချိန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်ပါ ဘုရား၊ ဒီအချိန်က ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား” စသဖြင့် ဘုရားရှင်သက်တော်ထင်ရှား ရှိတုန်းကအတိုင်း ပြုလုပ်ပူဇော်တယ်ဆယ်တာ ကြည်ညိုဖွယ်သိရှိရပါတယ်။ ဒါကြောင့် မိမိတို့လည်း ဘုရားရှင်သက်တော်ထင်ရှား မရှိတော့ပေမယ့် ဘုရားရှင်ကိုယ်စား ရည်မှန်းကိုးကွယ်တဲ့ ရုပ်ပွားဆင်းတုတော်များကို သက်တော်ထင်ရှား ဘုရားရှင်အလား အလေးထားပူဇော် ဆည်းကပ်မယ်ဆိုရင် ဒါနမြောက်ရုံမျှမက ထူးခြားထင်ရှားတဲ့ ကုသိုလ်အကျိုးတရားများ ရကြမည်ဆိုတာ မလွဲဧကန်ဖြစ်ပါကြောင်း ဖြေကြားတင်ပြလိုက်ပါတယ်။

Read more »

မွေးခြင်းနဲ့ သေခြင်းဒဿန...

.ဘုန်းဘုန်းတို့ မကြာမကြာ တရားဟောတဲ့အခါပဲဖြစ်ဖြစ် စကားပြောတဲ့အခါပဲဖြစ်ဖြစ် ပြောဟောပေးလေ့ရှိတဲ့ ဒဿန စာသားလေးတစ်ခုရှိပါတယ်။ ရထားတာကြာပါပြီ။ ဘယ်သူဖော်ထုတ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အရမ်းကောင်းပြီး၊ အရမ်းအဓိပ္ပါယ် ရှိတဲ့အတွက် အမြဲပြောဆို အသုံးပြုနေမိပါတယ်။ အဲဒီဒဿနလေးက “မွေးသေဒဿန“လို့ ပြောလို့ရတဲ့စာသားလေးပါ။

“လူဟာ မွေးကတည်းက ငိုပြီးထွက်လာရတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ပြုံးကြပျော်ကြတယ်။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ငိုကြ၀မ်းနည်းကြတယ်။ အဲဒီအချိန်မှာ ကိုယ်ကဘယ်လိုသေမလဲ…ပြုံးပြီးသေမလား..။ တစ်ခါငိုပြီး သေမလား…” တဲ့။


သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ရှိတယ် စကားလေးပါ။ ဘုန်းဘုန်းတို့ အားလုံးဒီဒဿနလေးကို သေချာတွေးကြည့်ဖို့ လိုပါတယ်။ မှန်ပါတယ်။ လူတိုင်းလူတိုင်း မွေးမွေးချင်း မိခင်ဗိုက်ထဲက ငိုပြီးထွက်လာကြရပါတယ်။ မငိုရင်လည်း ငိုအောင်လုပ်ပေးရပါတယ်။ ဒါမှ အသက်ရှင်လှုပ်ရှားလာတာပါ။ အဲဒီအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေက “ဟာ…မွေးပြီဟေ့.. ယေက်ျားလေးဟဲ့.. မိန်းခလေးဟဲ့…ကိုယ်လက်အင်္ဂါအစုံပါတယ်ဟဲ့..”စသဖြင့် ၀မ်းသာပျော်ရွှင်ကြပါတယ်။ ဒါဟာ လူသားအားလုံးရဲ့ မွေးဖွားမှုအစပါ။ ဒါပေမယ့် သေတဲ့အခါတော့ အဲလိုမဟုတ်ပါဘူး။ မသေခင် အစမ်းသေကြည့်ကြပါ။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေက ၀မ်းနည်းကြ၊ ငိုကြပူဆွေးကြ၊ နှမြောတသဖြစ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်လိုသေမလဲ ကြိုတင်စဉ်းစားကြဖို့ပါ။ ပြုံးပြီး သေမလား…။ ငိုပြီးသေမလား…။ ငိုပြီး သေသွားမယ်ဆိုရင်တော့ အရှုံးနဲ့သေတာပါပဲ။ မွေးတုန်းကလည်း ငိုပြီးမွေးလာခဲ့ရတယ်။ သေတဲ့အခါမှာလည်း ငိုပြီးသေသွားရမယ်ဆိုရင် ရှုံးပြီပေါ့။ ဒီတော့ ဘုန်းဘုန်းတို့က မွေးတဲ့အခါတုန်းက ငိုပြီး မွေးခဲ့ရပေမယ့်။ သေတဲ့အခါမှာ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

မှန်ပါတယ်။ ပြုံးပြီးသေနိုင်ဖို့အတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ ကုသိုလ်တရားတွေနဲ့ ပျော်နိုင်အောင်ကြိုးစားရပါမယ်။ ကုသိုလ်ကောင်းမှုတွေကသာ လူတစ်ယောက်ကို ပြုံးပြီးသေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် သေခါနီးအခါမှာတော့ ကုသိုလ်တွေနဲ့ ပြည့်နေတဲ့သူနဲ့ အကုသိုလ်တွေပဲ လုပ်ခဲ့တဲ့သူ သိပ်ကိုကွာခြားပါတယ်။ ကုသိုလ်တရားရှိတဲ့သူက သေရမှာကို မကြောက်ပါဘူး။ ပြုံးပြီးသေနိုင်ပါတယ်။ အကုသိုလ်တွေနဲ့နေခဲ့တဲ့သူကတော့ သေခါနီးမှာ ဘယ်လိုမှ မပြုံးနိုင်တော့ပါဘူး။ သေပြီးနောက်ဘ၀မှာ အကျိုးပေးမယ့်နိမိတ်တွေ ထင်လာတဲ့အခါ ပိုပြီးဆိုးပါတယ်။ အဲဒီအချိန်ဆိုရင်တော့ သူ့အတွက် ငိုပြီးသေရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ ပြင်ဆင်ထားရမှာက မွေးလာတုန်းက ငိုပြီးမွေးလာပေမယ့် သေတဲ့အခါမှတော့ ပြုံးပြီးသေနိုင်ဖို့ အတွက် အခုကတည်းက ကောင်းတဲ့အလုပ်တွေ၊ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် လေ့ကျင့်ပြင်ဆင်ထာဖို့ပါ။ ဒါဆိုရင် မွေးလာတုန်းက ကိုယ့်ကငိုပြီးထွက်လာ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေက ပြုံးပျော်ကြပေမယ့် သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လောက်ပဲငိုငို ကိုယ်ကတန်ပြန်ပြုံးပြီး သေသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့် မွေးတုန်းက ငိုပြီးမွေးလာကြပေမယ့် သေတဲ့အခါ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြပါလို့…အားလုံးကို အသိပေးတိုက်တွန်းလိုက်ပါတယ်။ အားလုံး ပြုံးပြီးသေနိုင်ကြပါစေ…

Read more »


Recent Posts Widget | My blogger topic

RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

Recent Comments Widget

အမှတ်တရ ပုံရိပ်များ