အာရုံနောက်ကို စိတ်မလိုက်စေနဲ့…

စိတ်…စိတ်…စိတ်။ ဒီစိတ်က လူကို အတော်ဒုက္ခပေးတတ်ပါတယ်။ စကားလုံးလေး တစ်လုံးတည်းမို့ တော်သေးတယ် မဟုတ်ရင် ဘယ်လောက်များ ဒုက္ခပေးလိုက်မယ် မသိဘူး။ တစ်ခါတစ်လေ ဘာမှမဟုတ်ဘဲ၊ ဘယ်သူမှ မရှိဘဲ ကိုယ့်ဖာသာကိုယ် တစ်ယောက်တည်း ဒီစိတ်က ဒုက္ခပေးလို့ ခံနေရတာလည်း မနည်းတော့ဘူး။ အဲဒီစိတ်ကို ထိန်းကြည့်ပေမယ့် ပြောင်းလဲဖြစ်ပျက်မှုက အရမ်းမြန်တော့ ထိန်းမရဘူး ဖြစ်ဖြစ်နေတယ်။ မြန်တာမှ အခုဒီစာရေးနေ ချိန်မှာတောင် ဟိုပြေးဒီပြေး ဖြစ်နေတာ။ စိတ်ကမြန်လေ ကိုယ်ကလိုက်မမီလေ ဖြစ်နေတော့ သူသွားသမျှ ကိုယ်ပါလိုက်နေရင်း မမီတဲ့ကိုယ်ပဲ ဆင်းရဲဒုက္ခတွေ ကြုံနေရတော့တာပါပဲ။ ဒီစိတ်က ဘယ်လောက်မြန်လဲဆိုရင် အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ ဘာပဲလာလာ လာသမျှ အရာတွေနောက် ထပ်ကြပ်မကွာ လိုက်နိုင်တဲ့အထိကို မြန်တာပါ။ ခပ်ရှင်းရှင်းပြောရရင် ဘယ်လိုအာရုံမျိုးမဆို သူက အမှီလိုက်နိုင်တယ်လေ။ စိတ်က အဲဒီလို တွေ့သမျှ အာရုံတွေနောက်ကို လိုက်လိုက်နေလေ သူနဲ့အတူရှိနေတဲ့ ကိုယ့်မှာ ဒုက္ခတိုးလေလေပါပဲ။ ဒါကြောင့် ပညာရှိများက “အာရုံနောက်ကို စိတ်မလိုက်စေနဲ့”လို့ ပြောတာနေမှာပါ။

ဟုတ်တယ်။ လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်းဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်းဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ စိတ်ဆိုတာကလည်း အလိုပြည့်တာ မဟုတ်တော့ တွေ့သမျှ အဆင်းအမျိုးမျိုးကို လိုချင်နေတော့တာပါ။ အဲ စိတ်က သူမကြိုက်တဲ့ အဆင်းဆိုလို့ကတော့ မြင်လိုက်တာနဲ့ မျက်စိပျက်၊ မျက်နှာပျက်ပဲ။ အဲလောက်ဆိုတော်သေးတယ်။ အဲဒီအဆင်းကို အမှီပြုပြီး တစ်ခုခု ထလုပ်လိုက်ရင်တော့ ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဆိုးကျိုးတွေပဲ ဖြစ်စေတော့တယ်လေ။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်းဆိုတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်မှာပါ။ အဆင်းကို မြင်ရင် အဲဒီမြင်တဲ့အခိုက်မှာ အဆင်းလို့ပဲ ထားနိုင်အောင် စိတ်ကိုထိန်းဖို့နဲ့ မထိန်းလို့ကတော့ အဖြူ၊ အပြာ၊ အနီ၊ အ၀ါ စတဲ့ အဆင်းတွေနောက်လိုက်ပြီး ကြိုက်ရင် ကြိုက်သလို၊ မကြိုက်ရင်လည်း မကြိုက်သလို လုပ်တတ်ကြောင်း သတိပေးကြတာ ဖြစ်မှာပါ။ အဆင်းကို အဆင်းလို့မမြင်ဘဲ အဲဒီကာလာနောက်ကို စိတ်ကစွဲသွားရင် လှတယ်မလှဘူးဆိုတဲ့ အမည်ပညတ်တွေနဲ့ လောဘတွေဖြစ်လိုက်၊ ဒေါသတွေဖြစ်လိုက်နဲ့ တစ်လျှောက်လုံး ဒုက္ခပဲ ဖြစ်နေတတ်ကြောင်း ဆိုခြင်းဖြစ်မှာပါ။ ဘာပဲဖြစ်ဖြစ် မျက်စိနဲ့ မြင်ရသမျှ အဆင်းတွေကို မြင်တဲ့အခိုက်မှာပဲ အဆင်းလို့ သိအောင်ကြိုးစားပြီး အဲဒီအဆင်းအပေါ်မှာ မစွဲမိဖို့၊ စွဲမိပါက အကောင်းအဆိုးတွေ ဖြစ်လာပြီး အကြောင်းအကျိုး မသိဖြစ်တတ်တဲ့အတွက် အဖြစ်မြန်တဲ့ ဒီစိတ်ကို သတိနဲ့ထိန်းဖို့ တိုက်တွန်းကြတာ ဖြစ်မှာပါ။

ပြီးတော့ အသံနောက်ကိုလိုက်ပြီး ဒုက္ခဖြစ်စေတာလည်း ရှိသေးတယ်။ စိတ်ကအရမ်းမြန်တော့ အသံကြားလိုက်တာနဲ့ အဲဒီအသံနောက်ကို လိုက်သွားတော့တာပဲလေ။ အသံထက်မြန်တဲ့ ဒီစိတ်က အသံကို အသံလို့ သဘောမထားဘဲ အဲဒီအသံကို အမှီပြုပြီး စွဲလိုက်မိပြီ ဆိုလို့ကတော့ အသံကောင်းတယ်၊ အသံဆိုးတယ်၊ သာယာတယ်၊ အေးမြကြည်လင်တယ်၊ နားဝင်ချိုတယ်၊ မချိုဘူး စတဲ့ ပညတ်အခေါ်တွေနဲ့ ဆက်တိုက်ဆိုသလို ဒုက္ခဖြစ်စေပါတော့တယ်။ အသံကို ကြားနိုင်တာ နားကလို့ဆိုပေမယ့် ကြားတဲ့အသံကို အသံလို့ သဘောထားနိုင်အောင် ကြားတယ်ဆိုတဲ့ အခိုက်အတန့်မှာ ရပ်နိုင်အောင် စိတ်ကို ထိန်းပေးဖို့လိုပါတယ်။ မထိန်းနိုင်ရင်တော့ ထုံးစံအတိုင်း ဒီစိတ်က အသံကိုမှီပြီးတော့ အကောင်းအဆိုးတွေ ဖြစ်အောင် ပြောင်းလဲလိုက် တတ်ပါတယ်။ ကြားသမျှ အသံကို လိုက်ပြီး အမည်ပညတ်တွေ တပ်လို့ အစွဲအလန်း ပွဲကြမ်းစေတတ်ပါတယ်။ အသံတွေကို ကြားတဲ့အခိုက်မှာ ကြားတယ်လို့ မသိလိုက်တော့ ကြားသမျှအသံ၊ ပြောသမျှစကားလုံးတွေကို တစ်ခုပြီးတစ်ခု လိုက်ခံစားတတ်ပါတယ်။ အဲဒီလို စကားလုံးဆိုတဲ့ ပညတ်အဖြစ် ပြောင်းလာတဲ့ အသံတွေကို လိုက်ခံစားမိတဲ့အတွက် ဘယ်သူက ဘယ်လိုပြောတာ၊ ဘယ်တုန်းက ဘယ်လိုကြားတာ စတဲ့ ကောင်းမကောင်း ခံစားမှုတွေဖြစ်ပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်၊ အလိုမကျဖြစ်လိုက်တော့တာပါပဲ။ တစ်ခါတစ်လေ တိုက်ရိုက်ကြားရတာ မဟုတ်ဘဲ သူများပြောလို့ တစ်ဆင့်ပြန်ကြားတာတွေတောင် လိုက်ခံစားပြီး ဒုက္ခဖြစ်လိုက် ကြပါသေးတယ်။ နောက်ဆုံးတော့ အသံကို ကြားတဲ့အခိုက်မှာ မသိလိုက်နိုင်တဲ့အတွက် စကားလုံးအဖြစ် ပြောင်းလဲသွားတဲ့ ပညတ်တွေကို လိုက်ပြီးခံစားမိတဲ့ စိတ်ကြောင့် ဒုက္ခဖြစ်သွားတာက ကိုယ်ပါပဲ။ အသံဆိုတဲ့ အာရုံနောက်ကို စိတ်ကလိုက်သွားတဲ့အတွက် ဒီစိတ်ကောင်းရင် ကိုယ်ပါကောင်းပြီး ဒီစိတ်မကောင်းရင် ကိုယ်ပါမကောင်း ဖြစ်စေတော့တာပါပဲ။ ကောင်းရင်လည်းဒုက္ခ၊ မကောင်းရင်လည်း ဒုက္ခဖြစ်တဲ့အတွက် ကောင်းမကောင်းဆိုတဲ့ ပညတ်ကိုခွါပြီး အစွဲမြန်တဲ့စိတ်ကို မစွဲနိုင်အောင် ထိန်းပေးတာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

နောက်ဒီစိတ်က အနံ့တွေနောက်ကိုလည်း လိုက်တတ်ပါသေးတယ်။ နှာခေါင်းနဲ့ ထိတွေ့မှ ဖြစ်ပေါ်လာတဲ့ အနံ့တွေကို စိတ်ကလိုက်ပြီး ခံစားမိတဲ့အခါ နံသိစိတ်တွေ ဖြစ်စေပါတယ်။ ဒီအနံ့ကို ခံစားမိတဲ့အခါ အနံ့ပဲလို့ မသိနိုင်ရင် အနံ့ကိုအစွဲပြုပြီး အကောင်းအဆိုးတွေ ဖြစ်စေကာ ဒုက္ခတွေလည်း ဖြစ်စေတတ်ပါတယ်။ အနံ့ကောင်းတယ်၊ အနံ့ဆိုးတယ်တွေ ဖြစ်လာပြီး ကြိုက်မကြိုက်တွေ ဖြစ်ကုန်ပါတယ်။ အနံ့ကိုစွဲတဲ့ စိတ်ကကြိုက်ရင် အနံ့ကောင်းတယ် ဖြစ်ပြီး မကြိုက်ရင် အနံ့ဆိုးတယ် ဖြစ်ကုန်ပြန်ပါတယ်။ အနံ့ကို စွဲမိတဲ့အတွက် စွဲတဲ့သူရဲ့စိတ်ကိုလိုက်ပြီး သူကြိုက်တဲ့အနံ့ ကိုယ်မကြိုက်၊ ကိုယ်ကြိုက်တဲ့အနံ့ သူမကြိုက်ဖြစ်ကာ အကြိုက်ချင်းမတူလို့၊ တစ်ခါတစ်လေ အကြိုက်ချင်းတူလို့ ဒုက္ခဖြစ်ကြ ပြန်ပါသေးတယ်။ အနံ့ဆိုတာကလည်း စွဲလန်းကောင်းတဲ့ အရာမဟုတ်တဲ့အတွက် အခေါ်အဝေါ် ပညတ်တွေတပ်လိုက်ရင် အနံ့ကောင်း အနံ့ဆိုးတွေအဖြစ် ကောင်း၊ မကောင်း ပြောင်းကုန်ပါတော့တယ်။ မစင်နံ့ဟာ လူတွေအတွက် မကောင်းပေမယ့် ခွေးတွေအတွက် ကောင်းနေတတ်သလို အနံ့ကို အမှီပြုပြီး စွဲလန်းတတ်တဲ့ စိတ်ကြောင့် လူအမျိုးမျိုး စိတ်အမျိုးမျိုး ဖြစ်နေကြတာတွေမှာ အနံ့တစ်ခုဟာ ကိုယ့်အတွက် မကောင်းပေမယ့် သူများအတွက် ကောင်းရင်ကောင်းနေ တတ်ပါတယ်။ နောက်ဆုံးတော့ ကောင်းမကောင်းဟာ ဒီအနံ့ကို စွဲမိတဲ့ စိတ်ကြောင့်၊ အနံ့ကို နံတဲ့အခိုက်မှာ အနံ့လို့ မသိဘဲ မွှေးတယ်၊ မမွှေးဘူး၊ ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ အစွဲပညတ်တွေနောက် စိတ်က လိုက်သွားမိတဲ့အတွက်ကြောင့် ကိုယ်ပဲဒုက္ခဖြစ်စေတော့တာပါ။ ဒါကြောင့် အနံ့ကိုနံတဲ့အခါ နံတဲ့အခိုက်ကို သိအောင်ကြိုးစားပြီး အဲဒီအနံ့ဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အရသာမှာလည်း ဒီလိုပါပဲ။ ရသဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်မှ ဖြစ်မှာပါ။ လိုက်မိလို့ကတော့ မဆုံးနိုင်တဲ့ ဒုက္ခတွေပဲ ကြုံနေပါလိမ့်မယ်။ လျှာအလိုလိုက် လောမတိုက်နဲ့လို့ ဆိုသလို အရသာကို ခံစားတတ်တဲ့ လျှာကိုလောဘမဖြစ်အောင် အလိုမလိုက်ဖို့တော့ လိုပါလိမ့်မယ်။ လျှာအလိုလိုက်တယ်ဆိုတာ အမှန်တော့ စိတ်ကိုအလိုလိုက်တာပါပဲ။ စိတ်ကို မထိမ်းနိုင်တဲ့အတွက် အရသာနဲ့ လျှာနဲ့တွေ့တဲ့အခိုက် ကောင်းတယ်၊ မကောင်းဘူးဆိုတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေတာပါ။ အမှန်တော့ အရသာရှိတယ် မရှိဘူးဆိုတာ လျှာအလယ်မှာရှိတဲ့ ဇိဝှါပသာဒကို ဖြတ်တဲ့အချိန်လေးလောက်ပါပဲ။ ဒီအခိုက်လေးအတွက် သတ္တ၀ါတွေဟာ ရသအမျိုးမျိုးကို ဖန်တီးပြီး ဒုက္ခတွေနောက် လိုက်နေမိကြတာပါ။ ဘာပဲစားစား ဗိုက်ပြည့်သွားရင်တော့ အရသာ ရှိပါတယ်ဆိုတဲ့ အရာလည်း မစားချင်တော့ပါဘူး။ အရသာ မရှိတော့ပါဘူး။ အဓိကကတော့ အရသာဆိုတဲ့ အာရုံနောက်ကို စွဲလန်းတတ်တဲ့ စိတ်က လိုက်မသွားဖို့ပါပဲ။ ဒီအာရုံကို စိတ်က စွဲမိပြီဆိုရင်တော့ အကောင်းအဆိုးတွေ ပေါ်နေပြီး ကောင်းတယ်ထင်ရင်လည်း ကောင်းတဲ့အလျှောက် ဒုက္ခဖြစ်တတ်သလို ဆိုးရင်လည်း ဆိုးတဲ့အလျှောက် ဆင်းရဲရတတ်ပါတယ်။ ဒါကြောင့် အရသာဆိုတဲ့ အာရုံနောက်ကို စိတ်မလိုက်နိုင်အောင် ဘယ်လိုအရသာပဲ ဖြစ်ဖြစ် အရသာနောက်မှာ အကောင်းအဆိုး ပညတ်တွေ မကပ်ဘဲ ဒါဟာ ရသပဲလို့ ဖြစ်ခိုက်အမှန်ကို သိအောင်ကြိုးစားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

နောက်ထပ်စိတ်ကို စွဲဆောင်တတ်တဲ့ အာရုံတစ်ခုက အတွေ့အထိဆိုတဲ့ အာရုံပါပဲ။ ရုပ်ရုပ်ချင်း ထိတွေ့တဲ့ သဘောမှာ စိတ်အစွဲ ၀င်လိုက်ရင်တော့ နူးညံ့တဲ့အတွေ့၊ ကြမ်းတမ်းတဲ့အတွေ့၊ ပျော့ပြောင်းတဲ့အတွေ့၊ မာကျောတဲ့အတွေ့ စတဲ့ ပညတ်တွေဝင်လာပြီး အဲဒီပညတ်တွေနောက် စိတ်က လိုက်သွားမိတဲ့အတွက် အတွေ့ကောင်းရင်လည်း ကောင်းတဲ့အလျှောက် မကောင်းရင်လည်း မကောင်းတဲ့အလျှောက် ဒုက္ခဖြစ်စေပါတော့တယ်။ အတွေ့အထိဆိုတဲ့ အာရုံအပေါ် စိတ်အစွဲက ၀င်သွားမိတဲ့အတွက် တစ်စုံတစ်ယောက်နဲ့၊ တစ်စုံတစ်ခုနဲ့ ထိတွေ့နေရတာကိုက ခံစားမှု တစ်ခုဖြစ်နေတော့တာပါ။ ကိုယ်ကြိုက်တဲ့ အထိအတွေ့ဆိုရင် ဆက်တိုက်အမြဲ ခံစားချင်နေတတ်ပြီး မကြိုက်တဲ့ အတွေ့အထိ ဆိုလို့ကတော့ အလိုမကျမှု၊ မကျေနပ်မှု၊ ဒေါသထွက်မှုတွေနဲ့ စိတ်ဒုက္ခတွေပဲ ဖြစ်နေကုန်တော့တာပါ။ စိတ်ကလည်း အခက်သား စွဲမိပြီဆိုရင် လက်ကလေး ကိုင်ထားရတာကိုက အရသာ ရှိနေတယ်ဆိုတာပဲ။ အပေါ်ယံအရေပြား အထိအတွေ့လေးကိုပဲ အဟုတ်ထင်ကာ မလှုပ်ချင်အောင် ဖြစ်မိတယ်လို့လည်း ဆိုကြသေးတယ်လေ။ စိတ်အစွဲလေးက ဖုံးထားလေတော့ ချွေးတစ်လုံးလုံးထွက်ပြီး နံဆော်နေတဲ့ သူ့ခန္ဓာကိုယ် အနံ့ကိုလည်း မမြင်မိ၊ မခံစားမိတော့ဘဲ ပျော်နေမိတော့တယ်တဲ့။ ကိုယ်နဲ့ အဆင်မပြေ၊ ကိုယ်မနှစ်သက်တဲ့သူ ဆိုလို့ကတော့ လက်ချင်းယှက်ဖို့ နေနေသာ မျက်နှာမြင်ရတာကိုက အကုသိုလ်ဖြစ်နေတယ်တဲ့။ အတွေ့အထိအပေါ် စိတ်အစွဲ ၀င်မိရင် ဒီလိုပါပဲ။ အတွေ့အထိအပေါ် စိတ်ကစွဲမိလေတော့ အကောင်းအဆိုးတွေဖြစ်ပြီး အကြောင်းအကျိုးပါ မသိ၊ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ကုန်တော့တာပေါ့။ တရားခံကတော့ အာရုံအပေါ် စွဲလမ်းမိတဲ့ အတွက်ကြောင့်ပါပဲ။ ဒါကြောင့် ဒီအထိအတွေ့ဆိုတဲ့ အာရုံအပေါ်မှာလည်း စိတ်မလိုက်မိဖို့၊ စိတ်မှာအစွဲတွေ မဖြစ်ဖို့၊ တွေ့ထိတဲ့အခါမှာလည်း အကောင်းအဆိုး၊ အကြမ်းအနု စတဲ့ခံစားချက်များ မ၀င်ဘဲ အတွေ့ပါပဲလို့ အမှန်ကို သိအောင် သတိဆောင်ပြီး ထိန်းသိမ်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

အချုပ်ပြောရရင် အာရုံတွေနောက်ကို စိတ်မလိုက်မိကြဖို့ပါပဲ။ အဆင်းဆိုတဲ့အာရုံ၊ အသံဆိုတဲ့အာရုံ၊ အနံ့ဆိုတဲ့ အာရုံ၊ အရသာဆိုတဲ့ အာရုံ၊ အထိအတွေ့ဆိုတဲ့ အာရုံတွေအပေါ်မှာ စိတ်အစွဲမ၀င်မိဖို့နဲ့၊ စွဲမိပြီဆိုရင် အကောင်းအဆိုးတွေ ဖြစ်ပေါ်လာပြီး အမည်ပညတ်တွေ အပေါ်မှာ စိတ်ကလိုက်ပြီး ခံစားနေတတ်တဲ့ အတွက် ဒုက္ခတွေပဲ တိုးနေတယ်ဆိုတာ သတိပြုကြဖို့ ပြောလိုရင်းပါ။ ပြီးတော့ စိတ်စွဲတယ်ဆိုတာကလည်း ဒီအာရုံတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အဆင်းပဲ၊ အသံပဲ၊ အနံ့ပဲ၊ အရသာပဲ၊ အတွေ့အထိပဲလို့ အမှန်ကို မမြင်မိတဲ့အတွက် လှတယ် မလှဘူး၊ အသံကောင်းတယ် မကောင်းဘူး၊ အနံ့မွေးတယ် မမွေးဘူး၊ အရသာရှိတယ် မရှိဘူး၊ အတွေ့အထိ နူးညံ့တယ် မနူးညံ့ဘူးစတဲ့ အကောင်းအဆိုး အမည်နာမ ပညတ်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုပြီး ဒီလိုပညတ်တွေ ပေါ်လာတဲ့အတွက် ပညတ်နောက်ကို လိုက်နေမိတဲ့ ကိုယ်မှာလည်း ဒုက္ခအမျိုးမျိုးပဲ ဖြစ်နေတတ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အလွဲအမှားတွေနဲ့ အစွဲတရားတွေကင်းပြီး စိတ်မှာပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် ဖြစ်ချင်နေတဲ့သူများ အနေနဲ့ အစွဲတရားတွေ ဖြစ်ပေါ်စေတတ်တဲ့ အာရုံတွေနောက်ကို စိတ်မလိုက်နိုင်အောင် မမေ့မလျော့တဲ့ သတိတရားနဲ့ ဖြစ်တဲ့အခိုက်၊ ပေါ်တဲ့အခိုက်မှာ အရှိအတိုင်း၊ အမှန်အတိုင်း သိအောင်သာ ကြိုးစားကြဖို့ တိုက်တွန်းလိုက်ရပါကြောင်း

Read more »

သရဏဂုံနဲ့ တမလွန် အကောင်းအဆိုး…. ပြီးတော့ ဘာသာခြားနဲ့ ၀ိပဿနာ…

Q. ဘုန်းဘုန်း နေကောင်း ကျန်းမာပါလား ဘုရား..
တပည့်တော်ကို ဦးဇင်းတစ်ပါးက သိချင်တဲ့ အကြောင်းလေးတွေ မေးခိုင်းလို့ပါဘုရား..
၁။ ဗုဒ္ဓဘာသာ တစ်ယောက်က အခြေအနေ တစ်ခုကို မလွန်ဆန်နိုင်လို့ တခြားဘာသာဝင် တစ်ဦးအဖြစ် လက်ခံလိုက်ရတယ်၊ အဲဒီလူရဲ့ စိတ်က အဲဒီဘာသာကို မကြည်ညိုပေမယ့် အဲဒီဘာသာရဲ့ ထုံးတမ်းစဉ်လာကို တစ်သက်လုံး လုပ်ခဲ့ရတယ် (ဘယ်လို အလုပ်မျိုးလဲတော့ မမေးလိုက်မိဘူး ဘုရား) ဆိုရင် အဲလိုလူ တစ်ဦးမှာ အပြစ်ဖြစ်နိုင်သလား ဘုရား၊ သရဏဂုံကော ပျက်သွားမလား ဘုန်းဘုန်း၊ တကယ်လို့ သရဏဂုံ ပျက်သွားခဲ့ရင်တောင် အဲဒီလို ပျက်တဲ့အတွက် တမလွန်မှာ အပြစ်ဖြစ်နိုင် (မကောင်းကျိုး ပေးနိုင်) ပါသလား ဘုရား…။


၂။ နောက်မေးခွန်းတစ်ခုက ဒီလိုပါ ဘုရား..။ ဘာသာခြား တစ်ဦးအနေနဲ့ ၀ိပဿနာကို အားထုတ်ချင်နေတယ်၊ ၀ိပဿနာကို စိတ်လည်း ၀င်စားတယ်၊ ၀ိပဿနာဟာ ဘယ်လိုသဘောလဲ သူ သိချင်နေတယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာကိုတော့ မကိုးကွယ်ချင်ဘူး..၊ ၀ိပဿနာကိုသာ လိုက်စားချင်တာ..။ အဲလိုလူမျိုးအတွက် ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ်လို့ တရား ရနိုင်ပါသလား ဘုရား၊ ရတနာ သုံးပါးကို မကိုးကွယ်လို့မို့ အနှောင့်အယှက် ဖြစ်နိုင်ပါသလား ဘုန်းဘုန်း..။ တရားအားထုတ်တဲ့ နေရာမှာ များသောအားဖြင့် သရဏဂုံ မတည်ဘဲနဲ့ တရား မရနိုင်ဘူးဆိုတာ ကြားဖူးလို့ပါ… ဆိုပြီး တပည့်တော်ကို မေးလျောက်ခိုင်းပါတယ် ဘုရား..။
ဘုန်းဘုန်း အားတဲ့ အချိန် မေတ္တာရှေ့ထား ဖြေကြားပေးပါဦး ဘုန်းဘုန်း…
ရိုသေစွာ ရှိခိုးလျက်
ဖိုးသား

A. ဒကာဖိုးသားရေ…တစ်ဆင့်မေးတာဆိုတော့ ဖြေပေးတာကို တစ်ဆင့်ပြောပေးလိုက်ပါဦး..
၁။ အခြေအနေအရ လုပ်နေရတဲ့အတွက် အပြစ်ဖြစ်မဖြစ်ဆိုတာကတော့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ဗုဒ္ဓဘာသာသဘောအရ စိတ်ကအဓိက ဆိုပေမယ့် ကံသုံးမျိုးမှာ ကာယကံ၊ ၀စီကံတွေနဲ့ ကျူးလွန်မှုမှာလည်း အကျိုးသက်ရောက်မှု ရှိပါတယ်။ အခြားဘာသာရဲ့ ဓလေ့ထုံးစံများအတိုင်း လိုက်လုပ်နေမှုများမှာ လိုက်လုပ်သူရဲ့ လုပ်ဆောင်ချက်၊ ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုများဟာ ရတနာသုံးပါးကို စော်ကားလိုတဲ့ အမှုများ၊ စိတ်စေတနာများ၊ အကုသိုလ်အပြစ် ဖြစ်စရာ လုပ်ဆောင်ချက်များ မပါရင် အပြစ်မဖြစ်နိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်စေတနာပါရင်တော့ အပြစ်ဖြစ်နိုင်ပါတယ်။ ဒီလိုလိုက်လုပ်နေရတဲ့အတွက် သရဏဂုံပျက်၊ မပျက်ဆိုတဲ့နေရာမှာ သရဏဂုံပျက်ခြင်း အကြောင်းနှစ်မျိုးရှိပါတယ်။ သေဆုံးသွားတဲ့အခါ၊ ရတနာသုံးပါးထက် အခြားအရာများကို ပိုပြီးယုံကြည်အားကိုး ကိုးကွယ်ဆည်းကပ်တဲ့ အခါတွေဟာ သရဏဂုံပျက်ပါတယ်။ အသက်ရှင်ဆဲ အခိုက်မှာ ရတနာသုံးပါးကို နှလုံးသားထဲမှ အထူးယုံကြည် ကိုးကွယ်နေပေမယ့် အခြားအရာတွေအပေါ်မှာလည်း အခြေအနေအရ ပူဇော်ပသရတာတွေ ရှိပါတယ်။ ရတနာသုံးပါးထက်တော့ ယုံကြည်ကိုးကွယ်မှု မပိုဘူးဆိုရင် သရဏဂုံ မပျက်ပါဘူး။ အကယ်၍ ရတနာသုံးပါးကို စွန့်ပြီး တစ်ခြားအရာတွေကို ဘုရား၊ တရား၊ သံဃာထက် ပိုပြီးယုံကြည် အားကိုးသွားတဲ့အခါ သရဏဂုံပျက်ပါတယ်။ သရဏဂုံ ပျက်ပေမယ့် ဘုရား၊ တရား၊ သံဃာကို မစော်ကားဘူး၊ ရတနာသုံးပါးကို မကိုးကွယ်ပေမယ့် အကုသိုလ်ဖြစ်စေမယ့် အလုပ်တွေ မလုပ်ဘူးဆိုရင် အပါယ်မလားနိုင်ပါဘူး။ အလားတူ ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် မကောင်းတာတွေ မလုပ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့ နေသွားတဲ့ သူတွေဟာ သေပြီးနောက်မှာ သုဂတိဘ၀ကို လားနိုင်ပါတယ်။ ဒါကြောင့် သရဏဂုံပျက်ပေမယ့် ရတနာသုံးပါးကို မစော်ကားဘူး၊ အကုသိုလ်အပြစ်တွေ မလုပ်ဘူးဆိုရင် တမလွန်မှာ ကောင်းတဲ့သုဂတိကို ရောက်နိုင်ပါတယ်။

၂။ ၀ိပဿနာ တရားဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက် သီးသန့် ဟောကြားထားတဲ့ တရားမဟုတ်ပါဘူး။ ဘယ်သူမဆို အားထုတ်လို့ရတဲ့ တရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်မဟုတ်ဘူး၊ ရတနာသုံးပါးကို မယုံကြည်ဘူး၊ သရဏဂုံမတည်ဘူးဆိုလည်း ၀ိပဿနာ အလုပ်ကို ကောင်းစွာအားထုတ်လို့ ရပါတယ်။ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို မယုံကြည်မှု သရဏဂုံကို မလုံခြံမှုကြောင့် အကျိုးပေးမှုတော့ ကွာခြားပါတယ်။ သရဏဂုံနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်မှု သဒ္ဓါတရား မရှိရင်တော့ အရိယာမဂ်ကို ရဖို့မလွယ်လှပါဘူး။ သရဏဂုံမတည်ဘဲ ၀ိပဿနာ တရားအားထုတ်ရင်း အောက်အောက်ဉာဏ်တွေကို ရနိုင်ပေမယ့် သောတာပတ္တိမဂ်ဉာဏ်စတဲ့ အရိယာမဂ်ဉာဏ်တွေတော့ ရဖို့မလွယ်လှပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ တရားအားထုတ်ရင်းနဲ့ပဲ ၀ိပဿနာ ဉာဏ်အဆင့်ဆင့်အရ အားထုတ်သူကိုယ်တိုင် ရတနာသုံးပါးကို ယုံကြည်မှု သဒ္ဓါတရားတွေ တိုးပွားလာပြီး သရဏဂုံတည်လာတဲ့ အခါမှာတော့ အထက်မဂ်တရားတွေ ရနိုင်ပါတယ်။ ဉာဏ်စဉ်အဆင့်တွေ မြင့်လာတာနဲ့ အမျှစိတ်အစဉ်လည်း ပြောင်းလာပြီး သဒ္ဓါတရားတွေလည်း ခိုင်လာတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရတနာသုံးပါးကို မကြည်ညိုပါနဲ့ ပြောလည်း သူ့အလိုလို စိတ်ကကြည်ညိုလာ တတ်ပါတယ်။ အဲဒီလို တရားအားမထုတ်မီမှာ ဘာသာခြားတွေ ဖြစ်ပေမယ့် တရားအားထုတ်ရင်း ဗုဒ္ဓဘာသာအဖြစ် သရဂုံမြဲလာသူတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် ဆရာကြီး ဦးဂိုအင်ဂါ ပြနေတဲ့ တရားစခန်းမှာဆို ပိုပြီးတွေ့ရတတ်ပါတယ်။ ဆရာကြီးဟာ ဘာသာပေါင်းစုံက ဘယ်သူမဆိုလာပြီး တရားအားထုတ်နိုင်အောင် တရားသက်သက်ပြပေးတယ်၊ သရဏဂုံနဲ့ ငါးပါးသီလကို မခံယူပဲ လွတ်လွတ်လပ်လပ် အားထုတ်နိုင်တယ်ဆိုပြီး လူတိုင်းကို အားထုတ်စေတယ်၊ အားထုတ်ရင်းနဲ့ တရားအနှစ်သာရကို တွေ့ပြီးသူ့အလိုလို သရဏဂုံနဲ့ ငါးပါးသီလ လုံခြုံသွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဘယ်သူမဆို ဗုဒ္ဓဘာသာ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ၀ိပဿနာတရားကို အားထုတ်လို့ရပြီး တရားရမှု၊ မရမှုကတော့ အားထုတ်ရင်း စိတ်အစဉ် ပြောင်းလဲလာမှုနဲ့ သဒ္ဓါတရား အားကောင်းလာမှု၊ သရဏဂုံနဲ့ ကံငါးပါး လုံခြုံလာမှု အပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ သေချာတာကတော့ သရဏဂုံ မတည်ပေမယ့် ၀ိပဿနာ အလုပ်လုပ်နေရင် အရိယာမဂ်ကို မရနိုင်တာတောင် ဒီဘ၀ချမ်းသာမှုနဲ့ သုဂတိဘ၀ ရောက်စေမှုကတော့ အကျိုးဖြစ်စေပါတယ်။ တရားအားထုတ်ရင်း သဒ္ဓါတရားအားကောင်းလာကာ သရဏဂုံပါ ခိုင်မြဲလာ၊ တည်လာတယ်ဆိုရင်တော့ ဒီဘ၀မှာပဲ တရားရနိုင်ပါတယ်။

Read more »

နိုင်ငံခြား သာသနာပြု ဆိုရာဝယ်…

ဘုန်းဘုန်းတို့ မြန်မာပြည်ပြန်ကြွတဲ့အခါ မြန်မာပြည်မှာရှိတဲ့ သာသနာ့ညီအစ်ကို ရဟန်းတော်များက ပြည်ပသာသနာပြု အတွေ့ကြုံနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးကြပါတယ်။ တစ်ချို့က နိုင်ငံခြားမှာ နေရတဲ့အခက်အခဲ၊ တစ်ချို့က နိုင်ငံခြားသာသနာပြု ရဟန်းတော်များ ပြည့်စုံရမယ့် အရည်အချင်း၊ တစ်ချို့က ကြိုတင်ပြင်ဆင်ထားရမယ့် လိုအပ်ချက်များ စသည်စသည်ဖြင့် မေးခွန်းအစုံပါပဲ။ ဘုန်းဘုန်းအနေနဲ့ သာသနာ့ ညီအစ်ကိုများကို ပြန်လည်မေးမြန်း လျှောက်ထားမိတာကတော့ ``အရှင်ဘုရားတို့ နိုင်ငံခြားကြွပြီး… ဘယ်သူတွေကို သာသနာပြုမှာလဲ…၊ နိုင်ငံရပ်ခြားမှာ ရောက်နေကြတဲ့ ကိုယ့်မြန်မာလူမျိုးတွေကို သာသနာပြုမှာလား…၊ ဒါမှမဟုတ် အရှင်ဘုရားတို့ သာသနာပြုကြွမယ့် နိုင်ငံရဲ့ နိုင်ငံသားတွေကို သာသနာပြုမှာလား…`` ဆိုတဲ့ အမေးပါ။

ဘုန်းဘုန်းအမေးကြောင့် ညီနောင်များ တွေဝေသွားပါတယ်။ နိုင်ငံခြား သာသနာပြုဆိုမှတော့ သူ့နိုင်ငံသား၊ ကိုယ့်နိုင်ငံသား ခွဲခြားစရာလိုလို့လား၊ ဘယ်လိုကွာခြားလို့လဲ..၊ ဘယ်လိုစည်းမျဉ်းဥပဒေတွေ ရှိလို့လဲ စတဲ့ဒွိဟစိတ်တွေ ဖြစ်ကုန်ကြပါတယ်။ ဒီတော့မှ ဘုန်းဘုန်းက နိုင်ငံခြားမှာ တွေ့ရကြုံရတာလေးတွေကို ပြောပြလျှောက်ထား ပြလိုက်ပါတယ်။ ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအ၀င် များသောအားဖြင့် နိုင်ငံခြားသာသနာပြု ရဟန်းတော်များဟာ နိုင်ငံအသီးသီးမှာ ရှိတဲ့အဲဒီနိုင်ငံသားတွေထက် ကိုယ့်နိုင်ငံသား မြန်မာလူမျိုးများကိုသာ သာသနာပြုနေကြတာတွေပါ။ နိုင်ငံခြားသားများကို သာသနာပြုနေကြတဲ့ ရဟန်းတော်များလည်း ရှိပါတယ်။ အများအားဖြင့်တော့ မြန်မာလူမျိုးများ ပင့်ဆောင်ထောက်ပံ့ လှူဒါန်းမှုများဖြင့်သာ ရပ်တည်နေကြရပြီး ကိုယ့်မြန်မာလူမျိုးများကိုသာ ဟောပြောပြသ သာသနာပြုနေကြရတာပါ။ ဒီအတွက်ကြောင့် ပြည်ပသာသနာပြု ရဟန်းတော်များရဲ့ ရပ်တည်မှုဟာ ပိုပြီးအဆင်ပြေတာပါ။ မြန်မာလူမျိုးများ ရှိနေတဲ့အတွက်ကြောင့်လည်း သာသနာပြုရဟန်းတော်များမှာ သာသနာပြုလုပ်ငန်းများကို မပင်မပန်းကြိုးစား လုပ်နေနိုင်တာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်လူမျိုးများက ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာ၊ အလေ့အကျင့်နဲ့ လိုအပ်ချက်တွေကို သိနေကြလို့ပါ။ နိုင်ငံခြားသားများကတော့ သူတို့လိုတာလုပ်ပေး၊ ဟောပေးပြောပေးနိုင်မှသာ ချည်းကပ်လာတတ်ကြတာပါ။ ဒါကလည်း ဒါလုပ်ပေးလို့ ဒါရတဲ့ သဘောမျိုးပါ။

မြန်မာလူမျိုးများကို အဓိကထားရပ်တည်ပြီး သာသနာပြုနေကြရတာ ဖြစ်တဲ့အတွက် နိုင်ငံခြားသာသနာပြုလို့ ပြောတာထက် နိုင်ငံခြားမြန်မာ သာသနာပြုလို့ ပြောတာက လက်တွေ့သာသနာပြုနေရတဲ့ အခြေအနေနဲ့ လိုက်ဖက်ပါတယ်။ အဓိကကတော့ နိုင်ငံခြားရှိမြန်မာ လူမျိုးများကို ဟောပြောပြသ ပေးနေရတာ ဖြစ်လို့ပါ။ ဒီလိုဆိုရင် မြန်မာလူမျိုးများကို သာသနာပြုရတာ အဆင်ပြေရဲ့လား၊ အောင်မြင်မှုရရဲ့လား၊ မြန်မာလူမျိုးများ လိုချင်တဲ့ သာသနာပြု ရဟန်းတော်ရဲ့ အရည်အချင်းတွေက ဘာတွေလဲ စတဲ့မေးခွန်းတွေ မေးလာနိုင်ပါတယ်။ ဒီအတွက် အဖြေအမျိုးမျိုး ရှိလာကြမှာပါ။ တစ်ချို့ရဟန်းတော်များလည်း အဆင်ပြေနိုင်ပြီး တစ်ချို့တော့ ပြေမယ်မထင်ပါဘူး။ အောင်မြင်လား မအောင်မြင်ဘူးလား ဆိုရင်တော့ ဘာမှမလုပ်တာထက်၊ ဘာမှမရှိတာထက်စာရင် လုပ်နေ၊ ရှိနေတဲ့အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးဖြစ်ထွန်းပါတယ်လို့ ပြောရပါမယ်။ နောက်တစ်ချက်က မြန်မာလူမျိုးများပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားများပဲ ဖြစ်ဖြစ် သာသနာပြု ရဟန်းတော်ကို ကြည့်တာ၊တိုင်းတာတာက အဲဒီသာသနာပြု ရဟန်းတော်ရဲ့ အနေအထိုင်၊ အပြောအဆို၊ ဆက်ဆံမှုနဲ့ သူ့ရဲ့ အကျင့်သီလ၊ သမာဓိပညာ၊ ပြီးတော့ သာသနာပြု ရဟန်းတော်ရဲ့ အရည်အချင်းတွေပါ။

နောက် နိုင်ငံခြားသားများနဲ့ မတူတဲ့ မြန်မာလူမျိုးများရဲ့ အရိုးစွဲနေတဲ့ အကြည့်လို့ပဲ ပြောရမလားမသိဘူး။ သာသနာပြု ရဟန်းတော်ကို ကြည့်တဲ့အခါ ခုနပြောတဲ့ သီလ၊ သမာဓိ၊ ပညာအကျင့်သိက္ခာတွေ အပြင် အဲဒီရဟန်းတော်ရဲ့ နောက်ကဟာကိုလည်း ကြည့်ကြပါသေးတယ်။ တစ်ခြားမဟုတ်ပါးဘူး။ နောက်က ဘွဲ့ထူး၊ ရာထူးဂုဏ်တွေကို ပြောတာပါ။ ဘဒ္ဒန္တ ဘယ်သူဘယ်သူ နောက်က ဓမ္မာစရိယ၊ ဘီအေ၊ အမ်အေ၊ ဘီအက်စ်စီ၊ ပီအိပ်ခ်ျဒီ၊ ဘာပဏ္ဍိတ၊ ညာပဏ္ဍိတ စတာတွေပေါ့။ ဒါက မြန်မာလူမျိုးများရဲ့ အလေ့တစ်ခုပါ။ ဘာပဲလုပ်လုပ် နောက်ကတပ်ချင်တဲ့ အကျင့်တွေက မရှိရှိတာ ရှာတပ်တဲ့ အထိပါပဲ။ ဒီအကျင့်တွေကြောင့်လည်း သာသနာပြုရဟန်းတော်ကို ကြည့်တဲ့အခါ ဒီနောက်ကဟာတွေကိုလည်း ကြည့်ကြတော့တာပါ။ ဒါတွေကိုကြည့်ပြီး ဒီကိုယ်တော်က ဘယ်လိုညာလိုလို့ သတ်မှတ်ကြတာလေ။ နိုင်ငံခြားသားများကတော့ နောက်ကဂုဏ်ထူးတွေထက် သာသနာပြု ရဟန်းတော်ရဲ့ အရည်အချင်းကို ပိုပြီးကြည့်ကြပါတယ်။ အရည်အချင်းရှိရင် အသက်ကြီးတယ် ငယ်တယ်မသတ်မှတ်ဘဲ ချဉ်းကပ်တတ်ကြပါတယ်။ သူတို့လိုချင်တဲ့၊ သူတို့မေးချင်တဲ့ အရာတွေကို ရှင်းလင်းပြတ်သား ခိုင်မာစွာ ဖြေကြားပေးတတ်ရင် ချဉ်းကပ်တတ်ကြပါတယ်။ သေချာတာကတော့ အမေးအမြန်း ထူလှပါတယ်။ ပြီးတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်ပါတယ်။ ကြည်ညိုမှုထက် သူတို့အကျိုးအတွက် ဘာလုပ်ပေးမလဲဆိုတာ ပိုပြီး ဦးစားပေးပါတယ်။ တန်ရာတန်ရာ ပြန်တုံ့ပြန်ပါတယ်။ ဆိုလိုတာက တစ်နာရီ တရားဟောရင် တစ်နာရီစာလှူပြီး နှစ်နာရီဆို နှစ်နာရီစာပေါ့။ နောက်ပိုင်း တရားအပေါ် တကယ်သိသွားရင်တော့ စေတနာ သဒ္ဓါတရားအပြည့်နဲ့ ပုံအောတတ်ပါတယ်။ လှူတာမလှူတာက သူတို့အပိုင်းပါ။ ပြောချင်တာက နိုင်ငံခြားသားနဲ့ မြန်မာလူမျိုးများရဲ့ ကွာခြားချက်လေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသာသနာပြုဘ၀ဟာ ထင်သလောက်မလွယ်ပါဘူး။ အစစအရာရာ ဒဏ်ခံရပါတယ်။ မတူညီတဲ့ ရာသီဥတုဒဏ်၊ ယဉ်ကျေးမှုဒဏ်၊ အစားအသောက်ဒဏ် စတာတွေအပြင် ဘာသာစကား အခက်အခဲ၊ ပြီးတော့ မတူညီတဲ့ စရိုက်အမျိုးမျိုး ရှိတဲ့သူတွေနဲ့ ဆက်ဆံနေရမှုတွေလည်း အပါအ၀င်ပေါ့။ ဒါတွေကတော့ မြန်မာလူမျိုးများပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားများပဲ ဖြစ်ဖြစ် အတူတူပါပဲ။

ဘုန်းဘုန်းကိုယ်တွေ့အရ ပြောရရင် မြန်မာလူမျိုးကိုပဲ ဖြစ်ဖြစ်၊ နိုင်ငံခြားသားကိုပဲ ဖြစ်ဖြစ် သာသနာပြုတော့မယ် ဆိုရင် သာသနာပြု ရဟန်းတော်ဟာ ကိုယ့်ကိုယ်ကို အရင်ပြည့်စုံထားဖို့ လိုပါတယ်။ ရဟန်းတော်အတွက် အဓိကအပိုင်းက ကိုယ်ကျင့်သီလပေါ့။ နောက်ပရိယတ်၊ ပဋိပတ်အပိုင်း ကျွမ်းကျင်ပိုင်နိုင်မှု ပြီးတော့ မေတ္တာတရား၊ ခန္တီတရားနဲ့ ရှင်းလင်းစွာ ဟောပြောပြသနိုင်မှု။ ဒါတွေပြည့်စုံရင် မြန်မာလူမျိုးများအတွက် လုံလောက်ပါတယ်။ နောက် နိုင်ငံခြားသားများ အတွက်ရယ်လို့ မဟုတ်ပါဘူး။ နိုင်ငံခြားမှာ နေပြီဆိုရင်တော့ ဘာသာစကားက အဓိကကျပါတယ်။ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာရှိတဲ့ သူ့နိုင်ငံ၊ သူ့လူမျိုးတွေအတွက် ဆိုရင်တော့ သူတို့ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင်ရှိထားရင် အကောင်းဆုံးပါပဲ။ အတွေးအခေါ် အကြံအစီ အားကောင်းတဲ့ နိုင်ငံခြားသားများ အတွက်တော့ ဒီဘာသာစကား ကျွမ်းကျင်မှုအပြင် ၀ိပဿနာတရားကို ပိုင်ပိုင်နိုင်နိုင် အားထုတ်ပြီး ဟောပြောပြသနိုင်မှု၊ အဘိဓမ္မာ ဒေသနာတော်ကို ကောင်းကောင်းနားလည်ကာ တစ်ဆင့်ပြန်လည် ဟောပြောပို့ချနိုင်မှုတွေလည်း လိုအပ်ပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြားသား အများစုဟာ မြန်မာရဟန်းတော်လို့ သိလိုက်တာနဲ့ ပါဠိပိုင်နိုင်မှု၊ ၀ိပဿနာတရား ပြသနိုင်မှုနဲ့ အဘိဓမ္မာ ကျွမ်းကျင်နိုင်နင်းမှုကို ပိုပြီးအလေးထားကာ ချည်းကပ်လာကြပါတယ်။ မြန်မာရဟန်းတော်များထံက ပါဠိသင်ချင်၊ ၀ိပဿနာ အားထုတ်မှုကို လေ့လာချင်၊ အဘိဓမ္မာကို ဆည်းပူးချင်နေကြပါတယ်။ ဒါကြောင့် နိုင်ငံခြား သာသနာပြု ရဟန်းတော်များဟာ မြန်မာများအတွက်ရော နိုင်ငံခြားသားများအတွက်ပါ ထိထိရောက်ရောက် သာသနာပြုနိုင်ဖို့အတွက် မိမိကိုယ်တိုင် အကျင့်သီလ အနေအထိုင် ကောင်းမွန်ပြည့်စုံဖို့ လိုအပ်သလို အပိုအနေနဲ့ ဆိုင်ရာဘာသာစကား ရရှိမှု၊ ၀ိပဿနာတရား ပြသနိုင်မှုနဲ့ ပါဠိနဲ့အဘိဓမ္မာကို ဟောပြောပို့ချနိုင်မှုဆိုတဲ့ အရာသုံးမျိုးလည်း လိုအပ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းပြောလိုတာက နိုင်ငံခြား သာသနာပြုဆိုတဲ့ စကားလုံးအပေါ်မှာ အမျိုးမျိုး အထင်ကြီးတတ်တာ လေးတွေပါ။ နိုင်ငံခြားမှာ ရှိနေတဲ့အတွက် ပြည်တွင်းက ဒကာဒကာမတွေရော သာသနာ့ညီအစ်ကိုများကပါ အထင်ကြီး အားကျနေတတ်တာတွေပါ။ ပင်ပန်းမှု၊ အခက်အခဲရှိမှုတွေကိုတော့ သီးသန့်ပြောဆိုခြင်း မရှိတဲ့အတွက် သူတို့အနေနဲ့ မသိဘဲ ဖြစ်နေတတ်ကြပါတယ်။ ဒါကြောင့် အလျဉ်းသင့်လို့ နိုင်ငံခြားမှာ ရောက်နေတဲ့ သာသနာပြု ရဟန်းတော်များရဲ့ ဘ၀နဲ့ အခက်အခဲ၊ လိုအပ်ချက်တွေကို အတွေ့အကြုံအရ ပြန်လည်ပြောပြခြင်း ဖြစ်ပါတယ်။ ဒီအကြောင်းတွေကိုလည်း ပြည်တွင်းမှာ ရှိတဲ့သာသနာ့ ညီအစ်ကိုများကို ပြောဖြစ်ဖူးပါတယ်။ သေချာတာကတော့ နိုင်ငံခြားမှာ ရှိနေကြတဲ့ သာသနာပြု ရဟန်းတော်များဟာ နိုင်ငံခြားသာသနာပြု ဆိုတာထက် နိုင်ငံခြားရှိ မြန်မာများကို အဓိကထားပြီး သာသနာပြုနေ ကြတယ်ဆိုတာ သေချာပါတယ်။ နိုင်ငံအသီးသီးမှာရှိတဲ့ နိုင်ငံခြားသားများကို သာသနာပြုနေတဲ့ ရဟန်းတော်များ ရှိသော်လည်း အများအားဖြင့် ကိုယ့်နိုင်ငံသားများ အတွက်ပါပဲ။

မှန်ပါတယ်။ မြန်မာဘုန်းကြီးတွေဟာ မြန်မာတွေအတွက် ပိုပြီးဖြစ်သင့်ပါတယ်။ ကိုယ့်မြန်မာလူမျိုးများက ပိုပြီးလိုအပ်နေပါတယ်။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ ချို့တဲ့နေတဲ့ မြန်မာများအတွက် စိတ်ခွန်အားတွေ ပေးဖို့အထူးလိုအပ်ပါတယ်။ ဒါကြောင့်လည်း ဘုန်းဘုန်းအနေနဲ့ “မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာ ဖြစ်တဲ့အတွက် မြန်မာရှိရင် ဘုန်းကြီးကျောင်းရှိတယ်ဆိုတဲ့ ဂုဏ်ယူမှုနဲ့အတူ နိုင်ငံခြားသာသနာပြုဆိုတဲ့ အမည်ထက် နိုင်ငံခြား မြန်မာသာသနာပြု ဆိုတဲ့အမည်ကို အသုံးပြုပြီး မြန်မာနိုင်ငံသားများကို သာသနာပြုရင်း နိုင်ငံခြားသားများကိုပါ သာသနာပြုနိုင်အောင် ကြိုးစားခြင်းဟာ အကောင်းဆုံးပဲ”လို့ မြန်မာနိုင်ငံသားများရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ နေထိုင်သီတင်းသုံးနေရတဲ့ ကိုယ့်ကိုယ်ကို သတိပေးရင်း ….

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၂)…

မေတ္တာကမ္မဋ္ဌာန်း အဆက်...
အနောဓိသခေါ် ရည်ညွန်းပိုင်းခြားမှု မရှိတဲ့ ပုဂ္ဂိုလ် (၅)မျိုးက
၁။ သဗ္ဗေသတ္တာ - အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါများ
၂။ သဗ္ဗေပါဏာ - အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါများ
၃။ သဗ္ဗေဘူတာ - အလုံးစုံသော ကံကိလေသာကြောင့် ထင်ရှားဖြစ်ကုန်သော သတ္တ၀ါများ
၎။ သဗ္ဗေပုဂ္ဂလာ - အလုံးစုံသော ငရဲကျရောက်ခြင်း သဘောရှိကုန်သော သတ္တ၀ါများ
၅။ သဗ္ဗေအတ္တဘာဝ ပရိယာပန္နာ - အလုံးစုံသော ခန္ဓာကိုယ် အတ္တဘော၌ အကျုံးဝင်ကုန်သော သတ္တ၀ါများ
တို့ပဲ ဖြစ်ပါတယ်။

သြဓိသခေါ် ရည်ညွန်းပိုင်းခြားထားတဲ့ ပုဂ္ဂိုလ် (၇) မျိုးက
၁။ သဗ္ဗာ ဣတ္ထိယော - အလုံးစုံသော အမျိုးသမီးများ
၂။ သဗ္ဗေပုရိသာ - အလုံးစုံသော အမျိုးသားများ
၃။ သဗ္ဗေအရိယာ - အလုံးစုံသော အရိယာများ
၎။ သဗ္ဗေအနရိယာ - အလုံးစုံသော အရိယာမဟုတ်သည့် ပုထုဇဉ်များ
၅။ သဗ္ဗေဒေ၀ါ - အလုံးစုံသော နတ်များ
၆။ သဗ္ဗေမနုဿာ - အလုံးစုံသော လူများ
၇။ သဗ္ဗေ၀ိနိပါတိကာ - အလုံးစုံသော အပါယ်ဘုံသား သတ္တ၀ါများ
တို့ပဲ ဖြစ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်းကို ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ပုဂ္ဂိုလ်အစဉ်ကို မိမိမှစပြီး လေးမျိုးလုံး နိုင်နင်းအောင် မေတ္တာစိတ်ညီအောင် ပွာများပြီးနောက်မှာ ဒီပုဂ္ဂိုလ် (၁၂)မျိုးကိုလည်း အစဉ်အတိုင်း တစ်မျိုးတစ်မျိုးကို မေတ္တာပွားနည်း လေးချက်ဖြင့် ဈာန်ဆိုက်တဲ့အထိ ပွားများရပါတယ်။

ပွားများတဲ့အခါ အရင်ဆုံး မိမိအပါဝင် ပုဂ္ဂိုလ်လေးမျိုးကို မေတ္တာစိတ်ညီအောင် ပွားပြီးလို့ ပုဂ္ဂိုလ်အပိုင်းအခြား ကင်းသွားပြီးတဲ့နောက်မှာ ကိုယ်စွမ်းနိုင်သလောက် ကျောင်းဝင်းပရိဝုဏ် ဒါမှမဟုတ် အိမ်ဝင်းပရိဝုဏ် အတွင်းမှာရှိတဲ့ သတ္တ၀ါအားလုံးကို လှမ်းပြီးအာရုံယူရပါမယ်။ ကိုယ့်ရဲ့စိတ်အာရုံမှာ ခုနက ကိုယ်ပိုင်းခြားထားတဲ့ နယ်အကန့်အတွင်းမှာ ရှိတဲ့ သတ္တ၀ါအားလုံးကို (သတ္တ၀ါအားလုံးဆိုရာတွင် စိတ်အာရုံနဲ့ အာရုံပြုနိုင်သမျှ သတ္တ၀ါများကို ဆိုပါတယ်) ထင်ထင်ရှားရှား တွေ့မြင်နေစေရပါမယ်။ အဲဒီလို ထင်ထင်ရှားရှား ရှိလာတဲ့အခါမှာတော့ သြဓိသ၊ အနောဓိသ ပုဂ္ဂိုလ်များကို တစ်မျိုးစီ ပွားများရပါမယ်။ ဥပမာအားဖြင့် ”အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” လို့ မေတ္တာ တစ်ချက်ချင်းကို တတိယဈာန်ဆိုက်အောင် ပွားများရပါမယ်။ ပွားနည်းကတော့ အထက်က အတိုင်းပါပဲ။ ဘေးရန်ကင်းပါစေလို့ မေတ္တာတစ်ချက်ချင်းကို တည်ငြိမ်ပြီး ဈာန်ဆိုက်တဲ့အထိ ပွားများပေးရပါမယ်။ ပြီးတော့ စိတ်ဆင်းရဲခြင်း ကင်းပါစေဆိုတဲ့ နောက်တစ်ချက် စသဖြင့်ပေါ့။ ဒီနည်းအတိုင်း မေတ္တာလေးချက်လုံးကို အရှုခံပုဂ္ဂိုလ်များကို ရှင်းရှင်းလင်းလင်း အာရုံယူပြီး တစ်ချက်ချင်း အောင်မြင်အောင် ပွားများရပါမယ်။ နိုင်ပြီဆိုရင်တော့ အလုံးစုံသော ထွက်သက်ဝင်သက်ရှိကုန်သော သတ္တ၀ါများ စတဲ့ နောက်ပုဂ္ဂိုလ်တစ်မျိုးစီကို ဒီနည်းအတိုင်း ပွားများရပါမယ်။ ပုဂ္ဂိုလ် (၁၂)မျိုးမှာ နောက်ဆုံးပုဂ္ဂိုလ်အထိ ဒီနည်းအတိုင်း ပွားပေးရပါမယ်။

ဒီလိုနည်းနဲ့ ပုဂ္ဂိုလ် ၁၂မျိုးကို ကြိမ်ဖန်များစွာ ပိုင်ပိုင်နိုင်နိုင် ပွာများလာနိုင်ပြီးဆိုရင် သတ်မှတ်တဲ့ ပရိဝုဏ်ကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ကာ အဲဒီပရိဝုဏ်အတွင်းမှာ ရှိတဲ့သတ္တများကို အာရုံယူကာ ပွားများရပါမယ်။ ကျောင်း၊ အိမ်ပရိဝုဏ်ကနေ ရပ်ကွက်၊ ရွာ၊ မြို့၊ တိုင်း၊ ပြည်နယ်၊ နိုင်ငံ၊ တစ်ကမ္ဘာလုံး နောက် စကြ၀ဠာတစ်ခုလုံး၊ နောက်ဆုံး (၃၁)ဘုံလုံးမှာ ရှိတဲ့ သတ္တ၀ါများကို စွမ်းနိုင်သမျှ မြင်နိုင်သမျှ မြင်အောင် စိတ်နဲ့အာရုံပြု ပွားများပေးရပါမယ်။ ဒီနည်းအတိုင်း မေတ္တာဘာဝနာကို ဖြန့်ကြက်ပွားများ ရပါမယ်။ အဲဒီနောက်မှာတော့ အရပ်ဆယ်မျက်နှာနဲ့ ပုဂ္ဂိုလ်များကို ဖြန့်ကြက်ပွားများရပါမယ်။ အရပ်တစ်မျက်နှာကို ပုဂ္ဂိုလ် ၁၂မျိုး၊ ပုဂ္ဂိုလ်တစ်မျိုးမှာ မေတ္တာလေးချက်နဲ့ အကြိမ်ကြိမ် ပွားများပေးရပါမယ်။ ဥပမာ “အရှေ့အရပ်မျက်နှာ၌ ရှိသော အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေ” စသဖြင့်ပေါ့။ ဒီမှာလည်း ရှေ့ကအတိုင်း မေတ္တာတစ်ချက်ချင်း ဈာန်ဆိုက်အောင် အကြိမ်ကြိမ် ပွားများပေးရပါတယ်။ ဒီတစ်မျက်နှာမှာ ပုဂ္ဂိုလ်၁၂မျိုးကို ကုန်အောင် မေတ္တာတစ်ချက်ချင်း လေးချက်ပွားများလို့ ဘာဝနာကမ္မဋ္ဌာန်းဆိုက်ပြီဆိုရင် ”အနောက်အရပ်မျက်နှာ၌ရှိသော အလုံးစုံသော ခန္ဓားပါး၌ ငြိကပ်တွယ်တာခြင်း ရှိကုန်သော သတ္တ၀ါတို့သည် ဘေးရန်ကင်းကြပါစေ” စသဖြင့် နောက်တစ်မျက်နှာကို အာရုံပြု ပွားများရပါမယ်။ ဒီနည်းအတိုင်း တောင်အရပ်၊ မြောက်အရပ်၊ အရှေ့တောင်ထောင့်အရပ်၊ အနောက်တောင်ထောင့်အရပ်၊ အရှေ့မြောက်ထောင့်အရပ်၊ အနောက်မြောက်ထောင့် အရပ်၊ အောက်အရပ်၊ အထက်အရပ်တို့ကို အာရုံပြုကာ ရှေးနည်းအတိုင်း အကြိမ်ကြိမ်ပွားများ အားထုတ်ရပါမယ်။

အထက်ပါအတိုင်း မေတ္တာနဲ့ယှဉ်တဲ့စိတ်နဲ့ အနန္တစကြာဝဠာတစ်ခုလုံးကို ပြန်နှံ့ပွားများကာ သတ္တ၀ါအားလုံးကို မိမိနဲ့အတူပြု၍ သတ္တ၀ါအားလုံးအပေါ် ရန်မရှိတဲ့၊ ငြိုငြင်ခြင်းမရှိတဲ့ မေတ္တာနဲ့ ယှဉ်တဲ့စိတ်နဲ့ နေနိုင်ပြီဆိုရင်တော့ မေတ္တာကမ္မဋ္ဌာန်းကို အစအဆုံး ပိုင်ပိုင်နိုင်နိုင် ပွားများအားထုတ်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒီမေတ္တာကမ္မဋ္ဌာန်းဟာ သမထကမ္မဋ္ဌာန်း ဖြစ်တဲ့အတွက် ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်အထိ မျက်မှောက်မပြုနိုင်ပေမယ့် ပစ္စုပ္ပန်ဘ၀ချမ်းသာမှသည် ဗြဟ္မာဘုံအထိ ရောက်စေနိုင်တဲ့အတွက် ခုဘ၀လည်းချမ်းသာ၊ သံသရာမှာ သုဂတိဘ၀လည်း ရောက်စေနိုင်တဲ့အတွက် ပွားများသင့်တဲ့ ကမ္မဋ္ဌာန်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကမ္မဋ္ဌာန်းမှာ အဓိက အခြေခံဖြစ်တဲ့ မိမိ၊ မိမိချစ်ရတဲ့ပုဂ္ဂိုလ်၊ မချစ်မမုန်းပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်အစဉ်ကို ပိုင်ပိုင်နိုင်နိုင် မေတ္တာပွားနိုင်ပြီဆိုရင်တော့ ကျန်တဲ့မေတ္တာပွားနည်းတွေဟာ လွယ်ကူသွားပါပြီ။ ဒါကြောင့် အခြေခံ မေတ္တာကမ္မဋ္ဌာန်းကို ပိုင်နိုင်အောင် ကြိုးစားပွားများ အားထုတ်ရင်း စကြာဝဠာတစ်ခုလုံးကို မေတ္တာဓာတ်များနဲ့ လွှမ်းနိုင်စေဖို့ ဒီမေတ္တာကမ္မဋ္ဌာန်းပွားနည်းကို အကျဉ်းချုပ်၍ ရေးသားတင်ပြ လိုက်ရပါကြောင်း…

မှတ်ချက်။ ဒီမေတ္တာကမ္မဋ္ဌာန်း ပွားနည်းကို စီဘောက်စ်တွင် တောင်းဆိုထားတဲ့ moon(ksdh) ရဲ့ တောင်းဆိုချက်အရ ဖားအောင် ဆရာတော်ကြီးရဲ့ နိဗ္ဗာနဂါမိနီပဋိပဒါကျမ်းကို ကိုးကား၍ အကျဉ်းချုပ်ကာ ရေသားတင်ပြ လိုက်ပါတယ်။

Read more »

မေတ္တာကမ္မဋ္ဌာန်း ပွားများနည်း (၁)…

မေတ္တာကမ္မဋ္ဌာန်းကို ပွားများအားထုတ်မယ့် ပုဂ္ဂိုလ်ဟာ မပွားခင် သိထားရမှာက (၁) အရင်ဆုံး အစပြုပြီး မပွားများသင့်တဲ့ပုဂ္ဂိုလ်၊ (၂) သီးသန့် မပွားများသင့်တဲ့ ပုဂ္ဂိုလ်နဲ့ (၃) လုံးဝ မပွားများသင့်တဲ့ ပုဂ္ဂိုလ်တွေကို သိထားဖို့ လိုအပ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စပွားများတဲ့ ပုဂ္ဂိုလ်တွေဟာ
၁။ မချစ်မနှစ်သက်တဲ့ပုဂ္ဂိုလ်
၂။ အရမ်းချစ်ခင်နှစ်သက်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ်
ဖြစ်တဲ့ ဒီပုဂ္ဂိုလ်လေးယောက်ကို အရင်ဆုံးစပြီး မပွားများသင့်ပါဘူး။ မချစ်မနှစ်သက်တဲ့ ပုဂ္ဂိုလ်ကို ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်အရာမှာထားပြီး ပွားများတဲ့အခါ၊ အလွန်ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်ကို မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်အဖြစ် ပွားများတဲ့အခါ၊ အလယ်အလတ်ပုဂ္ဂိုလ်ကို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်၊ ချစ်ခင်နှစ်သက်တဲ့ ပုဂ္ဂိုလ်နေရာတွေမှား ထားပြီး ပွားများတဲ့အခါ ပင်ပန်းတတ်သလို၊ ရန်သူပုဂ္ဂိုလ်ကို အဖန်ဖန် ပွားများနေပါကလည်း ဒေါသဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် မေတ္တာကမ္မဋ္ဌာန်းကို စပြီး ပွားများတဲ့ပုဂ္ဂိုလ်ဟာ ဒီပုဂ္ဂိုလ်လေးယောက်ကစပြီး မပွားသင့်ဟု ဆိုခြင်းဖြစ်ပါတယ်။


နောက် လိင်မတူတဲ့ပုဂ္ဂိုလ်ကိုလည်း သီးသန့်မေတ္တာ မပွားသင့်ပါဘူး။ အမျိုးသားက အမျိုးသမီးကို သီးသန့်မေတ္တာပို့တာ၊ အမျိုးသမီးက အမျိုးသားကို သီးသန့်မေတ္တာပို့တာ အချိန်ကြာလာပါက ကာမရာဂဖြစ်တတ်တဲ့အတွက် လိင်မတူတဲ့ပုဂ္ဂိုလ်ကို သီးသန့်မပွားသင့်ပါဘူး။ ဒါပေမယ့် မေတ္တာဈာန်ကို ရရှိပြီးတဲ့ ပုဂ္ဂိုလ်ကတော့ သဗ္ဗာဣတ္ထိယော- အမျိုးသမီးများအားလုံ၊ သဗ္ဗေပုရိသာ- အမျိုးးသားအားလုံး စသည်ဖြင့် ပွားများနိုင်ပါတယ်။ ပြီးတော့ သေသွားတဲ့ပုဂ္ဂိုလ်ကို အာရုံပြု၍လည်း မေတ္တာ မပွားရပါဘူး။ သေတဲ့သူကို အာရုံပြု ပွားများခြင်းအားဖြင့် အကျိုးဖြစ်ထွန်းမှု မရှိတဲ့အပြင် မေတ္တာဈာန်လည်း မရနိုင်တဲ့အတွက် သေသူကို လုံးဝမေတ္တာမပွားရဟု ဆိုခြင်းဖြစ်ပါတယ်။ ဈာန်ဆိုလို့ ကောင်းကင်ပျံနိုင်တဲ့ ဈာန်မျိုးလို့ မတွေးမိပါစေနဲ့။ ဒီနေရာမှာ ပြောတဲ့ဈာန်ဆိုတာ ၀ိတက်၊ ၀ိစာရ၊ ပီတ၊ သုခစတဲ့ ဈာန်အင်္ဂါများနဲ့ ပြည့်စုံနေတာကို ပြောတာပါ။

ဖော်ပြပါ ပုဂ္ဂိုလ် (၆) ယောက်ဟာ ပွားနည်းမကျ အစဉ်မကျပါက မေတ္တာဘာဝနာကို ပျက်ဆီးစေတတ်၊ ဖျက်ဆီးတတ်တဲ့အတွက် ရှေ့လေးယောက်ကို အရင်ဆုံး စတင်မပွားများမိကြရန်၊ လိင်တူပုဂ္ဂိုလ်ကို သီးသန့် မပွားမိကြရန်နှင့် သေသူကို လုံးဝမေတ္တာမပွားကြရန် အထူးသတိပြုသင့်ပါတယ်။ ဒီအချက်တွေကို နားလည်သဘောပေါက်ပြီးပါက မေတ္တာပွားများရမယ့် အစဉ်အတိုင်း ပွားများရပါမယ်။ မေတ္တာပွားရမယ့် ပုဂ္ဂိုလ်အစဉ်ကတော့
၁။ မိမိကိုယ်
၂။ မိမိချစ်ခင်လေးစာ်းမြတ်နိုးအပ်တဲ့ပုဂ္ဂိုလ်
၃။ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်
၎။ ရန်သူပုဂ္ဂိုလ်
တို့ပဲ ဖြစ်ပါတယ်။ မေတ္တာကမ္မဋ္ဌာန်း စတင်ပွားများတဲ့ ပုဂ္ဂိုလ်ဟာ ဒီအစဉ်အတိုင်း မိမိကိုယ်ကို မိမိအရင်စတင်ပြီး မေတ္တာပွားများရပါမယ်။ ဘာဖြစ်လို့ မိမိကိုယ်ကို အရင်ပွားများရန် လိုသလဲဆိုတော့ မိမိနဲ့နှိုင်းယှဉ်ပြီး မိမိရဲ့ စီးပွားချမ်းသာကို မိမိ လိုလားတောင့်တသလို အခြားသော သတ္တ၀ါတို့ရဲ့ ချမ်းသာရေးကို လိုလားတောင့်တကာ မညှင်းဆဲစေလိုတဲ့ အတွက် ကိုယ့်ကိုယ်ကို အရင်ဆုံး အချိန်အနည်းငယ်ယူ၍ မေတ္တာပွားများရပါတယ်။ “ငါသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိ၏ခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ”လို့ ကိုယ့်ကိုယ်ကို အာရုံပြုကာ မေတ္တာပွားပေးရပါတယ်။ အချိန်အတော်ကြာ ကိုယ့်ကိုယ်ကို ပွားများပြီးနောက် ကိုယ်ကိုယ်တိုင် စိတ်ဓာတ်လေးတွေ နူးညံ့ပျော့ပျောင်းလာ၊ ကိုယ်ချင်းစာတရားများ စွမ်းအားကြီးမားလာတဲ့အခါ တစ်ခြားသတ္တ၀ါများကို ပြောင်းပြီး မေတ္တာပွားရပါတယ်။

ဒီလိုပွားတဲ့အခါ အထက်ဖော်ပြပါ အစဉ်အတိုင်း ကိုယ်ကိုယ်တိုင် ချစ်ခင်လေစား မြတ်နိုးရတဲ့ လိင်တူပုဂ္ဂိုလ် တစ်ဦးဦးကို လှမ်းပြီးအာရုံပြုကာ အဲဒီပုဂ္ဂိုလ်ရဲ့ ထိုင်နေတဲ့ပုံ၊ ရပ်နေတဲ့ပုံ စတဲ့ ကိုယ်အနှစ်သက်ဆုံး စိတ်အချမ်းသာဆုံးပုံကို ရွေးချယ်ကာ စိတ်နဲ့လှမ်းပြီး အာရုံယူရပါမယ်။ ကိုယ်နဲ့လေးတောင်ခန့် ငါးတောင်ခန့်မှာ တည်ရှိနေအောင် အာရုံယူကြည့်ပါ။ အဲဒီပုဂ္ဂိုလ်ကို စိတ်အာရုံထဲမှာ ရှင်းရှင်းလင်းလင်း အာရုံယူနိုင်တဲ့အခါမှာ “ဤသူသည် ဘေးရန်ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွတ်ဆောင်နိုင်ပါစေ” ဟု ဒီလေးချက်လုံးကို သုံးလေးငါးခေါက်လောက် ပွားကြည့်ပေးပါ။ အဲဒီနောက်မှ ဒီလေးမျိုးထဲက တစ်မျိုးစီကို ဈာန်ဆိုက်တဲ့အထိ ပွားများပေးရပါမယ်။ တစ်မျိုးစီပွားတယ်ဆိုရာမှာ သဘောကတော့ “ဤသူသည် စိတ်ဆင်းရဲခြင်း ကင်းပါစေ”ဟု မေတ္တာပွားတဲ့အခါ သူ့ရဲ့စိတ်ဆင်းရဲခြင်းကင်းပြီး ပြုံးရွှင်နေတဲ့ပုံကို အာရုံယူကာ စိတ်ပါလက်ပါ “ဤသူသည် စိတ်ဆင်းရဲခြင်း ကင်းပါစေ… စိတ်ဆင်းရဲခြင်း ကင်းပါစေ…” ဟု အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။ သူ၏ပုံမှာ ဘာဝနာစိတ်ဟာ အလွန်ငြိမ်သက်စွာ ကပ်ပြီးတည်လာပါက ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်ဆိုက်အောင် ပွားများပေးရပါမယ်။ ဈာန်ဆိုက်အောင် ပွားတယ်ဆိုတာ ပွားရင်းနဲ့ ဈာန်အင်္ဂါတွေဖြစ်တဲ့ ၀ိတက် (နိမိတ်အာရုံအပေါ် စိတ်ကိုရှေးရှုတင်ခြင်း သဘော)၊ ၀ိစာရ (နိမိတ်အာရုံကို ထပ်ကာထပ်ကာ သုံးသပ်ဆင်ခြင်ခြင်းသဘော)၊ ပီတိ (နိမိတ်အာရုံကို နှစ်သက်ခြင်း ပီတိသဘော)၊ သုခ (အာရုံရဲ့ အရသာကို ချမ်းချမ်းသာသာ ခံစားခြင်းသဘော)၊ ဧကဂ္ဂတာ (အာရုံတစ်ခုတည်းအပေါ်မှာ စိတ်ကျရောက်တည်ငြိမ်နေခြင်း သဘော) လို့ ခေါ်တဲ့ သဘောလက္ခဏာများ ထင်ရှားလာတာကို ပြောတာပါ။ ဒီသဘောလက္ခဏာတွေကို ဆင်ခြင်သိရှိပြီး သဘောလက္ခဏာများအလိုက် ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်ဟု အဆင့်ဆင့် ဆိုက်ရောက်တဲ့အထိ ပွားများမှုကို ဆိုပါတယ်။ အဲဒီလို တစ်ချက်တည်းကို တတိယဈာန်ဆိုက်တဲ့အထိ ပွားများပြီးပါက ကျန်တဲ့အချက်တွေကိုလည်း အစဉ်အတိုင်း တတိယဈာန်ဆိုက်တဲ့ အထိပွားပေးရပါမယ်။ အဲဒီလို ပွားတဲ့အခါမှာ “ဘေးရန်ကင်းပါစေလို့ ပွားတဲ့အခါ ဘေးရန်ကင်းနေတဲ့ပုံ၊ စိတ်ဆင်းရခြင်း ကင်းပါစေလို့ ပွားတဲ့အခါ စိတ်ဆင်းရဲခြင်း ကင်းနေတဲ့ပုံ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေလို့ ပွားတဲ့အခါ ကိုယ်ဆင်းရဲခြင်း ကင်းနေတဲ့ပုံ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ရွက်ဆောင်နိုင်ပါစေလို့ ပွားတဲ့အခါ ချမ်းသာစွာ ခန္ဓာဝန်ကို ရွက်ဆောင်နေတဲ့ပုံများ ပေါ်နေအောင် အာရုံပြု ပွားများပေးရပါတယ်။

ဒီနည်းအတိုင်း ချစ်ခင်လေးစား မြတ်နိုးရတဲ့ လိင်တူပုဂ္ဂိုလ် (၁၀)ယောက်လောက်ကို တစ်ယောက်ပြီးတစ်ယောက် အရှိန်ယူကာ ပွားများကြည့်ပေးပါ။ ဒီလို ချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်တွေ အပေါ် မေတ္တာပွားမှု အောင်မြင်လာတဲ့အခါ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်ကို အထက်ပါနည်းအတိုင်း အလားတူ ပွားများပေးရပါတယ်။ (၁၀) ယောက်လောက်အထိပေါ့။ အဲဒီနောက်မှာတော့ ရန်သူပုဂ္ဂိုလ်ကို အထက်ပါနည်းအတိုင်း အစဉ်လိုက် တတိယဈာန်ဆိုက်အောင် ပွားများရပါတယ်။ ဒီအရှုခံ၊ အာရုံခံ ပုဂ္ဂိုလ်များဟာ အားလုံး လိင်တူပုဂ္ဂိုလ်များပဲ ဖြစ်ရပါမယ်။ ဒီလို ပုဂ္ဂိုလ်အစဉ်လိုက်ကို မေတ္တာကမ္မဋ္ဌာန်း နိုင်အောင် ပွားများနိုင်လျှင် မိမိ၊ မိမိကချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်၊ မချစ်မမုန်း အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်ဆိုတဲ့ ပုဂ္ဂိုလ်လေးဦးအပေါ် ထားတဲ့မေတ္တာဟာ တစ်သီးတစ်ခြားစီ မဖြစ်တော့ပါဘူး။ ဒီပုဂ္ဂိုလ်လေးဦးအပေါ် မေတ္တာစိတ်ကို ညီမျှအောင် ပြုကျင့်နိုင်တဲ့အထိ မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းရပါတယ်။ ဒီနေရာမှာ မိမိကိုယ်ကို အာရုံပြုပွားများတာဟာ ဈာန်သို့မရောက်နိုင်ပေမယ့် ပုဂ္ဂိုလ်လေးမျိုး မေတ္တာတစ်သားတည်း တစ်ညီတည်းဖြစ်အောင် သီးသန့်ထည့် ပွားများခြင်းဖြစ်ပြီး ပုဂ္ဂိုလ်အပိုင်းအခြားကို ပယ်ဖျက်နိုင်အောင် ပွားများခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ မေတ္တာကမ္မဋ္ဌာန်း ပွားမျာတဲ့ပုဂ္ဂိုလ်ဟာ မိမိကိုယ်၊ ချစ်ခင်မြတ်နိုးတဲ့ပုဂ္ဂိုလ်၊ အလယ်အလတ်ပုဂ္ဂိုလ်၊ ရန်သူပုဂ္ဂိုလ်လို့ခေါ်တဲ့ ပုဂ္ဂိုလ်အစဉ်ကို မိမိကိုယ်ကစပြီး အရှိန်ရအောင် အချိန်ယူပွားများ၊ အဲဒီနောက် ချစ်ခင်ရတဲ့ပုဂ္ဂိုလ်၊ အဲဒီနောက် အလယ်အလတ်ပုဂ္ဂိုလ်၊ နောက်ဆုံး ရန်သူပုဂ္ဂိုလ်ဆိုတဲ့ အစဉ်အတိုင်း တစ်ဦးချင်းအာရုံယူကာ ပွားများမှုကို အကြိမ်ကြိမ် ပြုလုပ်ရပါမယ်။ သမာဓိအားကောင်းပြီး ဈာန်အင်္ဂါများ ထင်ရှားလာကာ တတိယဈာန် ဆိုက်တဲ့အထိ တစ်ချက်ချင်း၊ တစ်ဦးချင်း ပွားများပေးရပါမယ်။ အဲဒီလို ပွားများဖန်များတဲ့အတွက် သမာဓိဈာန် ထင်ရှားဖြစ်လာ၊ တစ်သမှတ်တည်း တည်လာပါက မေတ္တာစိတ်ဟာလည်း ဒီပုဂ္ဂိုလ်လေးမျိုးအပေါ် ကွဲပြားခြားနားမှု မရှိတော့ဘဲ တစ်ပြေးညီတည်း ဖြစ်လာပါတော့တယ်။ ဒီနည်းအတိုင်း ညီမျှသော မေတ္တာစိတ်၊ ညီမျှသော မေတ္တာဈာန်ကို ရအောင် ပွားများနိုင်ခဲ့ပါက သီမာသမ္ဘေဒခေါ် ပုဂ္ဂိုလ်အပိုင်း အခြားကို ဖြိုခွဲဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်အစွဲမရှိ မေတ္တာစိတ် တစ်ခုတည်းသာ ဖြစ်နေပါလိမ့်မယ်။ ဒီအစဉ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို စပြီးပွားများတဲ့ ပုဂ္ဂိုလ်များ အကြိမ်ကြိမ် ပွားများရမယ့် မေတ္တာ ကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။

ဒီအဆင့်ကို အောင်အောင်မြင်မြင် ပိုင်ပိုင်နိုင်နိုင် ပွားများနိုင်ပြီးတဲ့နောက်မှာတော့ အနောဓိသ ဖရဏမေတ္တာခေါ် ရည်ညွန်းပိုင်းခြားခြင်း မရှိဘဲ ပြန့်နှံ့စေတဲ့ မေတ္တာ၊ သြဓိသ ဖရဏမေတ္တာခေါ် ရည်ညွန်းပိုင်းခြား ပြန့်နှံ့စေတဲ့ မေတ္တာနဲ့ ဒိသာဖရဏ မေတ္တာခေါ် အရပ်ဆယ်မျက်နှာတို့၌ ပြန့်နှံ့စေတဲ့ မေတ္တာတို့ကို ပွားများရပါမယ်။ ဒီမေတ္တာတွေကို မပွားများခင် အနောဓိသ(၅)မျိုး၊ သြဓိသ(၇)မျိုးဖြစ်တဲ့ ပုဂ္ဂိုလ် (၁၂)မျိုးကို သိထားဖို့ လိုပါတယ်။

အပိုင်း (၂) တွင် ဆက်လက်ဖော်ပြပါမည်....

Read more »

လူ့စိတ်၊ လူ့သဘော…

လူ၏အကြိုက်၊ ဆယ်ခါလိုက်လည်း
မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ
ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏။


ငယ်ငယ်ကတည်းက ရထားသည့် ဆုံးမစကားလေး ဖြစ်ပါ၏။ မိမိက အစဉ်ကောင်းခဲ့သော်လည်း အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျောမိသည့်အခါ၊ ထိုမလိုက်လျောခဲ့မှုကြောင့် ယခင်ကောင်းခဲ့သည် များကိုပါမေ့ပြီး အပြစ်ပြောခံ အကဲ့ရဲ့ခံရသည်များနှင့် ကြုံရသည့်အခါ အထက်ပါ ဆုံးမစကားလေးကို ရွတ်ကာ မိမိကိုယ်ကိုမိမိ ပြန်လည်ဆုံးမနေဖြစ်၏။ ထို့အတူ မိမိနှင့် နီးစပ်ရာများကိုလည်း ထိုဆုံးမစကားလေးကို ရွတ်ဆိုကာ “လူ့ရဲ့စိတ်၊ လူ့ရဲ့သဘောဟာ ဒီလိုပဲရှိတတ်တယ်၊ ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ သူ့အလိုအတိုင်း တစ်ခါလောက် မလိုက်လျောလိုက်ရင် အကုန်အဆိုးဖြစ်ကုန်တာပဲ“ဟု ဆုံးမပေးနေမိ၏။


မှန်၏။ လောကတွင် အပေါင်းသင်းရ အခက်ဆုံး သတ္တ၀ါကား လူဟူသော သတ္တ၀ါပင်ဖြစ်၏။ လူသည် အသိပညာ ရှိသည်နှင့်အမျှ ကောက်ကျစ်စဉ်းလဲမှုလည်း အားကြီး၏။ လူသည် အတ္တကြီးသည်နှင့်အမျှ တစ်ကိုယ်ကောင်း ဆန်သူလည်း ဖြစ်၏။ လူသည် သူတပါးကို ချီးမွန်းပေးရန် ၀န်လေးသော်လည်း ကဲ့ရဲ့ဖို့ရန်ကား အလွန်အားကောင်း၏။ လူသည် သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးသည့် မုဒိတာတရား ခေါင်းပါးသော်လည်း မနာလိုသည့် ဣဿာတရားကား အလွန်အားကြီးလှ၏။ လူသည် သူတစ်ပါးအပေါ် အကောင်းမြင်ပေးရန် ခက်သော်လည်း အဆိုးမြင်ရန်ကား မြန်လွန်းလှ၏။ လူသည် သူတစ်ပါး၏ အပြစ်ကိုပြောရန် အလွန်မြင်တတ်သော်လည်း မိမိ၏ အပြစ်ကို ၀န်ခံရန်ကား အလွန်ခက်ခဲတတ်၏။ လူ၏ ပါးစပ်သည် အကောင်းပြောရန် ခက်သော်လည်း အဆိုးပြောရန်ကား လွယ်လွန်းလှ၏။ ထို့ကြောင့် လူသည် လောကတွင် အဆင့်အမြင့်ဆုံး သတ္တ၀ါဖြစ်သော်လည်း လူစိတ်ပျောက်သည့်အခါတွင်ကား အယုတ်မာဆုံး၊ အနိမ့်ကျဆုံးသတ္တ၀ါဟု ဆိုကြခြင်းဖြစ်၏။

လူ့လောကတွင် နေကြသည့်သူများ ဖြစ်သဖြင့် လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် လူများနှင့် ကြုံတွေ့ နေကြရမည်သာ ဖြစ်၏။ ထိုအမျိုးမျိုးသော လူများအတွင်း၌ မိမိအတွက်သာကြည့်ပြီး အခြားသူများအတွက် မစဉ်းစားသည့် သူများရှိ၏။ မိမိအလိုရှိသည်ကိုသာ ရအောင်ယူတတ်ပြီး တစ်ဖက်သူအပေါ် စဉ်းစားပေးခြင်း မရှိသောသူများ ရှိ၏။ ထိုသို့သဘောရှိသော သူများနှင့် ပေါင်းသင်းဆက်ဆံရသည့် သူများသည်လည်း အလွန်အခက် ကြုံရတတ်၏။ မကင်းရာ မကင်းကြောင်းဖြစ်သဖြင့် ကြိုးစားပေါင်းသင်း နေရသော်လည်း စိတ်ပါလက်ပါ မရှိလှပေ။ ထို့ကြောင့် တစ်ခါတစ်ရံ မိမိအကြောင်းနှင့်မိမိ ထိုသူတို့ အလိုရှိသည်များကို မလိုက်လျောမိတတ်ဘဲ ရှိတတ်၏။ ထိုအခါ အမြဲရယူနေကျဖြစ်သည့် အရာကို မရသည့်အခါ ယခင်ယခင်များက လိုက်လျောခဲ့မှုများကို မေ့ပျောက်ကာ တစ်ခါတစ်ရံ မလိုက်လျောမိသဖြင့် ရန်သူသဖွယ် ဆက်ဆံခြင်းကို ခံရတတ်သည်များလည်း ရှိ၏။ ထိုသို့ အကြိမ်ကြိမ်လိုက်လျောခဲ့စဉ်က မည်သည့်ပြဿနာမျှ မဖြစ်ဘဲ တစ်ခါမလိုက်လျောမိသဖြင့် ရန်သူသဖွယ် ဆက်ဆံခံရ၊ အထင်သေးခဲ့ရသည့် သူများရှိသဖြင့် ပညာရှိများက “လူ့အလိုနတ်မလိုက်နိုင်”ဟု ဆိုကြခြင်းဖြစ်၏။ လူ၏အကြိုက်ကို မည်မျှပင်လိုက်နေသော်လည်း အလိုပြည့်သည်ဟူ၍ မရှိတတ်ကြောင်း သတိပေးတော်မူခြင်း ဖြစ်၏။ မိမိက မည်မျှပင် အကြိုက်လိုက်ပေးသော်လည်း တစ်ခါတစ်ရံ မိမိအကြောင်းနှင့်မိမိ မလိုက်လျောနိုင်သည့်အခါ ရန်သူသဖွယ် ဆက်ဆံခံရတတ်သဖြင့် အများအကြိုက် လိုက်တတ်သည့်သူများ သတိထားသင့်ကြောင်း ဆုံးမတော်မူခြင်း ဖြစ်၏။

မှန်၏။ လူ၏အကြိုက်ဟူသည် တစ်ဦးနှင့်တစ်ဦး မတူညီကြသဖြင့် တွေ့သမျှလူများ၏ အကြိုက်ကိုလိုက်ပြီး နေထိုင်ဆက်ဆံ နေရလျှင် ဆုံးနိုင်မည် မဟုတ်တော့ပေ။ ထိုသို့ အကြိုက်ကိုလိုက်ပြီး နေပေးသော်လည်း လူဟူသည် အမြဲပြောင်းလဲနေတတ်သဖြင့် မနေ့ကပုံစံမျိုးနှင့် ယနေ့ပုံစံမျိုး မတူလျှင်ပင် တစ်မျိုးမြင်တတ်သည့် သဘောရှိ၏။ မိမိက ပုံမှန်ဆက်ဆံ နေထိုင်ပေးနေသော်လည်း တစ်ဘက်သူမှာ အလိုမကျ ဖြစ်နေတတ်သည်လည်း ရှိ၏။ သေချာသည်မှာ လူသည် မလိုတစ်မျိုး လိုတစ်မျိုး ဖြစ်နေသည့် သတ္တ၀ါသာ ဖြစ်၏။ သဘောကျကျေနပ်နေလျှင် ဘာပဲလုပ်လုပ် အကောင်းမြင်နေတတ်ပြီး၊ အလိုမရှိတော့လျှင်ကား အသေးအဖွဲ့ကအစ အပြစ်မြင်ကာ ပုံကြီးချဲ့တတ်၏။ မိမိနှင့် အဆင်ပြေနေသည့် အချိန်တွင် အမျိုးမျိုး ချီးမွန်းထောမနာပြုပြီး အဆင်မပြေသည့် အချိန်တွင်ကား ငယ်ကျိုးငယ်နာမှအစ ဖော်ထုတ်ကာ သွားပုတ်လေလွင့် ပြောလေ့ရှိတတ်၏။ ထို့ကြောင့် လောကတွင် ဆက်ဆံပေါင်းသင်း၍ အခက်ဆုံး သတ္တ၀ါကား လူဟုဆိုကြခြင်းဖြစ်၏။

စာရေးသူနှင့် သိသည့် ဒကာလေးတစ်ဦးရှိ၏။ ထိုဒကာလေးလည်း အလားတူ အဖြစ်မျိုးနှင့် ကြုံရသဖြင့် စာရေးသူထံ ရင်ဖွင့်ပြောဆိုဖူး၏။ ယခင်က သူနှင့်အတူ ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော သူတစ်ယောက်က တစ်စုံတစ်ခုသော အကြောင်းကြောင့် အခန့်မသင့်ဖြစ်ကာ မခေါ်မပြော ရှိနေချိန် သူ့ကွယ်ရာတွင် သူ့မကောင်းကြောင်းများကို လျှောက်ပြောလေ့ရှိကြောင်း၊ မဟုတ်မမှန် တစ်ဘက်သတ် အပုတ်ချပြောနေသဖြင့် ရင်းနှီးကျွမ်းဝင်သူများကြားတွင် သူသာမကောင်းဖြစ်ရကြောင်း၊ သို့ဖြစ်၍ ဒကာလေးက သူလည်းပြန်လည်တုံ့ပြန်ပြီး ပြောဆိုလိုက်လျှင် ကောင်းမည်ဖြစ်ကြောင်း စာရေးသူကို ဖွင့်ဟတိုင်ပင်ဖူး၏။ စာရေးသူက မလုပ်ရန်သာ ပြန်ပြောလိုက်၏။ “ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် ကိုယ်လည်းသူနှင့် မထူးသည့် ပုံစံမျိုး ဖြစ်သွားတတ်ကြောင်း၊ အချိန်တန်လျှင် သူ့အလိုလို ပြီးသွားမည်ဖြစ်ကြောင်း၊ တုံ့ပြန်ခြင်းအားဖြင့် သံသရာ ရှည်ရုံသာရှိကြောင်း၊ သူဘာပြောပြော သူပြောသမျှ စကားများကို လိုက်ပြီးမခံစားမိဖို့လိုကြောင်း၊ အချိန်တန်လျှင် သူသည်ဤကဲ့သို့သော လူစားမျိုးဖြစ်သည်ကို အပြောခံရသည့်သူများ ကိုယ်တိုင်သိရှိလာသည့်အခါ သွားပုတ်လေလွင့် ပြောတတ်သည့်သူ့ကို အများက ရှောင်ဖယ်သွားမည်ဖြစ်ပြီး ကိုယ့်အပေါ်လည်း အမြင်ကြည်လင်သွားကြမည် ဖြစ်ကြောင်း၊ အဓိကကတော့ ယခုအချိန်တွင် ထိုသို့သော သွားပုတ်လေလွင့် အပုတ်ချပြောဆိုမှုများကို ခေါင်းထဲတွင် ထည့်မထားဘဲ၊ သူနှင့် ထိပ်တိုင်မတွေ့အောင် နေလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း” စသည်ဖြင့် အကြံပြုဖြစ်လိုက်၏။

စင်စစ် ထိုသို့သော အခြေအနေများသည် လူ့လောကတွင် အများအပြားရှိ၏။။ မိမိတစ်ဦးတည်းမဟုတ်။ မိမိကဲ့သို့ပင် အလားတူ အဖြစ်အပျက်မျိုး ကြုံတွေ့သူများ အများအပြားရှိ၏။ မိမိနှင့် အဆင်ပြေနေချိန်တွင် အစစအရာရာ အကောင်းချည်းဖြစ်ခဲ့သော်လည်း အဆင်မပြေသည့် အချိန်တွင်ကား အဆိုးချည်းသာ ဖြစ်နေတတ်၏။ ဤသည်မှာ လူ၏သဘောပင်ဖြစ်၏။ ထို့သို့ အဆင်ပြေချိန် အကောင်းပြောပြီး မတည့်သည့်အချိန် အဆိုးပြောခံရခြင်းသည် လောကဓံတရားပင်ဖြစ်၏။ ချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းသည် လူတိုင်းတွေ့ကြုံရမည့် သဘော ဖြစ်၏။ လောကတွင် အတုမရှိ အလုံးစုံ ပြည့်စုံတော်မူသည့် ဘုရားရှင်ပင်လျှင် ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရသေး၏။ မိမိတို့အတွက်ကား အထူးအဆန်း မဟုတ်လှပေ။ သေချာသည်မှာ ထိုချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းများသည် အမြဲတစ်သမှတ်တည်း ဖြစ်မနေခြင်းဟူသည့် အချက်ပင်ဖြစ်၏။ မည်သူမျှ ချီးမွမ်းခံရခြင်း တစ်ခုတည်း ရှိနေသည် မဟုတ်သကဲ့သို့ ကဲ့ရဲ့ခံရခြင်း တစ်ခုတည်းလည်း မဟုတ်ပေ။ ယနေ့ချီးမွမ်းခံရသော်လည်း မနက်ဖြန်တွင် အကဲ့ရဲ့ခံရသည်နှင့် ကြုံတွေ့ရတတ်၏။ ယနေ့ အကောင်းအပြောခံ နေရသော်လည်း မနက်ဖြန်တွင်ကား မကောင်းအပြောခံရတတ်၏။ လောကဓံသဘောကား အတက်အကျ၊ အနိမ့်အမြင့် အမြဲရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ဘုရားရှင်က အတုလအား “ချစ်သား အတုလ… ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှ ဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ပြောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည် မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်း ခံရသူမည်သည် ရှေးကလည်း မရှိခဲ့ဘူး။ နောင်လည်း ရှိမည်မဟုတ်။ ယခုလည်း မရှိ။” ဟု မိန့်တော်မူခြင်း ဖြစ်၏။ မြတ်ဗုဒ္ဓပင်လျှင် အကဲ့ရဲ့ခံရသဖြင့် လောက၏ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း သဘောသည် မည်သူမျှ မလွတ်သည်ကို ဘုရားရှင်၏ ဤမိန့်တော်မူချက်က သက်သေပြနေ၏။ ဆိုလိုသည်မှာ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းသည် လောကသားတိုင်း ကြုံတွေ့နေရသဖြင့် လူသားတို့သည် မိမိတို့အပေါ် မကောင်းအပြောခံ၊ အပုတ်ချခံရသည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိစေရန် ကြိုးစားကြဖို့ ဆိုလိုပါ၏။

အကယ်၍ ထိုသို့ အကဲ့ရဲ့ခံရမည်ကို ကြောက်သဖြင့် လူ့အကြိုက် လိုက်နေမည်ဆိုပါက အလိုပြည့်နိုင်ကြမည် မဟုတ်ဘဲ အကြိုက်လိုက်နေရသည့် မိမိသည်သာ ဒုက္ခများနှင့် ကြုံတွေနေတတ်ပေ၏။ မိမိလုပ်ရပ်ကြောင့် မိမိသည်သာ အပြစ်ဖြစ်စေသည်နှင့် ကြုံတွေ့ရတတ်၏။ အချို့သူများသည် အကြောင်းအကျိုး မခွဲခြားတတ်သဖြင့် သူ့အတွက် လုပ်ပေးသည်ကိုပင် အဆိုးမြင်ကာ အပြစ်ပြောလေ့ရှိသဖြင့် မိမိသည်သာ လုပ်ပေးသင့်၊ မလုပ်ပေးသင့်၊ အကြိုက်လိုက်သင့်၊ မလိုက်သင့် စဉ်းစားသင့်ပေ၏။ ခဏတာ တွေ့ကြုံလာသည့်အခိုက်တွင် အားလုံးနှင့် အဆင်ပြေစေရန်အတွက် လူအများ၏ အကြိုက်ကို လိုက်ပြီးနေကြလျှင် မိမိအကျိုးများသာ ဆုတ်ယုတ်နေတတ်၏။ လူ့အကြိုက်လိုက်ပြီး သူလုပ်သည့် အလုပ်ကို မိမိပါလိုက်လုပ်နေပါက သူမကောင်းလျှင် မိမိပါမကောင်းဖြစ်တတ်၏။ ထို့ကြောင့် လူ့စိတ်၊ လူ့သဘောသည် မည်မျှပင် အကြိုက်လိုက်ပေးသော်လည်း ကျေနပ်သည်ဟူ၍ မရှိတတ်သဖြင့် အတိုင်းအတာ တစ်ခုအနေဖြင့်သာ လိုက်လျောသင့်ကြပေ၏။ မိမိက အမြဲအကြိုက်လိုက်နေရာမှ တစ်ကြိမ်တစ်ခါ မလိုက်မိသည့်အခါတွင် ရန်သူကဲ့သို့ ပြုမူဆက်ဆံတတ်သဖြင့် လူ့အကြိုက်လိုက်သူများသည် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုးများဖြင့် ရင်း၍ကား မလိုက်သင့်လှပေ။

အချုပ်အားဖြင့် လူစိတ်၊ လူ့သဘောသည် နားလည်လက်ခံရန် ခက်ခဲသည့်အပြင် ကျေနပ်နှစ်သက်အောင် လိုက်လုပ်ပေးရန်လည်း ခက်ခဲတတ်သဖြင့် မိမိတို့အနေဖြင့် လိုသည်ထက်ပို၍ အစမလုပ်ကြရန်နှင့် အစလုပ်၍ လိုက်လျောမိပါက အကြောင်းမညီညွတ်သဖြင့် တစ်ခါမလိုက်လျော မိသည့်အခါ ရန်သူသဖွယ် မှတ်ယူတတ်သည်ကို သတိပြုရန် လိုအပ်ပေ၏။ လူ့အကြိုက်ကိုလိုက်ကာ မိမိတို့၏ အကျင့်သီလများကို ပျက်ဆီးသည်အထိ မလုပ်ကြရန် လိုအပ်ပေ၏။ အရက်သမားအကြိုက်ကို လိုက်ကာ မိမိပါ အရက်သောက်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ ဖဲသမားအကြိုက်လိုက်ကာ မိမိပါ ဖဲရိုက်တတ်သည့် အကျင့်ဖြစ်သည်အထိ မလိုက်လျောသင့်ပေ။ စင်စစ် လူသည်အကြိုက်လိုက်နေလျှင် ကောင်းနေသော်လည်း အကြိုက်မလိုက်သည့်အခါ မကောင်းမြင်တတ်၊ အပြစ်မြင်တတ်သဖြင့် လူ့သဘောကို ကောင်းစွာနားလည်ပြီး မိမိအကျိုးနှင့်ယှဉ်ကာ မလိုက်သင့်သည့်အခါတွင် မလိုက်ကြရန် နားလည်ထားသင့်၏။ ထိုသို့ အကြိုက်မလိုက်သဖြင့် တစ်ဘက်သူက မည်သို့သော တုံ့ပြန်မှုမျိုးဖြင့် ပြန်လည်တုံ့ပြန်ပါစေ “ဒါဟာ… လူ့စိတ်၊ လူ့သဘောပါပဲ..”ဟု နှလုံးသွင်းဆင်ခြင်၍ မိမိကိုယ်တိုင်သာ အပြစ်မဖြစ်အောင်၊ သက်သောင့်သက်သာ ဖြစ်အောင် နေနိုင်ရန် ကြိုးစားသင့်ပေ၏။ ဤသို့သော နေနည်းသည်သာ လူတို့၏ စိတ်သဘောကို ရှောင်လွဲ၍ နေခြင်းဖြစ်သဖြင့် မဆုံးနိုင်သည့် လူ့သဘောကို အဆုံးလိုက်မနေကြဘဲ ဖြစ်သမျှ အခြေအနေအပေါ်တွင်သာ အပြစ်မဖြစ်အောင် နေကြည့်ကြပါဟု တိုက်တွန်းလိုက်ရပေ၏။

Read more »

အကောင်းဆုံး ပြန်လည်တုံ့ပြန်ခြင်း…

မကြာသေးမီက ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ကမ္ဘာ့ ဘာသာရေး ခေါင်းဆောင်များက တစ်ညီတစ်ညွတ်တည်း အတည်ပြုမဲပေး သတ်မှတ်ပြီးနောက်မှာ ဗုဒ္ဓဘာသာကို ကမ္ဘာတစ်ဝန်း စိတ်ဝင်စားမှုများ ပိုမိုတိုးပွားလာခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အမှန်သစ္စာတရားကို ရှာဖွေကျင့်ကြံ လိုက်နာသူများလည်း များပြားလာခဲ့ပါတယ်။ စစ်မှန်တဲ့ သစ္စာတရားဆိုတာ ကမ္ဘာပျက်သော်လည်း မပျက်ဘဲ တည်ရှိနေပြီး အချိန်မရွေး ပြန်လည်ထွန်းကားလေ့ ရှိတယ်ဆိုတာ ဗုဒ္ဓဘာသာက အထင်အရှားပြခဲ့ပါတယ်။ ဒါကြောင့်လည်း အသိဉာဏ်ရှိသူများ၊ အမှန်သစ္စာကို လိုလားသူများ၊ အမှားအမှန်ကို ခွဲခြားတတ်သူများက ဗုဒ္ဓဘာသာရဲ့ အမှန်သစ္စာကို ကိုယ်တိုင်လိုက်နာ ကျင့်ကြံပြီး တစ်ဆင့်ပြန်လည် ဖြန့်ဝေလာကြခြင်း ဖြစ်ပါတယ်။ သို့သော် အဲဒီလို သစ္စာတရားများ ပြန့်ပွားထွန်းကားနေချိန်မှာပဲ မိုက်လုံးကြီးသူများ၊ အမှားအမှန်ကို မခွဲခြားတတ်သူများ၊ အသိဉာဏ် မရှိသူများရဲ့ မနာလို မရှုစိမ့်ဖြစ်မှုများ၊ တိုက်ခိုက်ရှုတ်ချမှုများကလည်း တဖြည်းဖြည်း များပြားလာတာကို တွေ့ရပါတယ်။ အမြင့်ရောက်လေ လေများများအတိုက်ခံရလေ ဆိုသလို စစ်မှန်တဲ့ သစ္စာတရားများ ပိုမိုထွန်းကားလေလေ ထိုအမှန်တရားကို လက်မခံ အမှားကို ဇွတ်မှိတ်ကာ အမှန်လုပ်သူများရဲ့ တိုက်ခိုက်မှုများလည်း များများလေလေ ဖြစ်ပါတယ်။

ခုတလော အင်တာနက် လွတ်လပ်မှုကို အသုံးချကာ ဗုဒ္ဓဘာသာကို ပြောင်ပြောင်တင်းတင်း ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆို တိုက်ခိုက်လာတဲ့ ပုဂ္ဂိုလ်အချို့ ရှိလာတာကို တွေ့နေရပါတယ်။ အဲဒီသူတွေဟာ ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ ဟောကြားချက် မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ယုတ်မာရိုင်းစိုင်းတဲ့ အသုံးအနှုန်းများဖြင့် ကိုယ်ပိုင်ဘလော့ဂ်များ ဖန်တီးရေးသားကာ သူတို့ရဲ့ ဘလော့ဂ်လိပ်စာကို ဗုဒ္ဓဘာသာ အင်တာနက် စာမျက်နှာများရဲ့ စီဘောက်စ်များ၊ အီးမေးလ်မျာမှ တစ်ဆင့် ဖြန့်ဝေတိုက်ခိုက်နေတာကို တွေ့နေရပါတယ်။ ဒါကို ဘာသာတရားအပေါ် စော်ကားလာတဲ့အတွက် မခံမရပ်နိုင် ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်များက အဲဒီဘလောဂ်ကိုသွားပြီး ပြန်လည်တိုက်ခိုက်ခြင်း၊ ရဟန်းတော်များရဲ့ အင်တာနက်စာမျက်နှာများတွင် ၀င်ရောက်ရေးသားကာ အကူအညီများ တောင်းခြင်း၊ အီးမေးလ်များဖြင့် တစ်ဆင့်ပြန်လည် ဖြန့်ဝေကာ သူတို့ကို အရေးယူပေးဖို့ မေတ္တာရပ်ခံခြင်းများ ပြုလုပ်နေတာတွေလည်း တွေ့နေရပါတယ်။

ဗုဒ္ဓဘာသာဝင်များရဲ့ ဘာသာတရားအပေါ် ချစ်ခင်မြတ်နိုးမှု၊ အမှန်တရားကို အလေးထားမှု၊ သစ္စာတရားများ အမှန်တည်ရေးကို လိုလားမှုများဟာ လေးစားစရာကောင်းလှပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ပြန်လည်တုံ့ပြန်ခြင်းအားဖြင့် မီးလောင်ရာ လေပင့်ဖြစ်တာတွေလည်း ရှိတတ်ပါတယ်။ သူတို့ကို အရေးတယူ ပြန်လည်တုံ့ပြန်နေတဲ့ အတွက် အဲဒီသူများဟာ လူအများရဲ့ စိတ်ဝင်စားမှုကို ပိုမိုရရှိလာပြီး သူတို့ရဲ့ ဘလောဂ်ကို ၀င်ရောက်ဖတ်ရှု လေ့လာသူများလည်း ပိုမိုများပြားလာတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ သူတို့အပေါ် ပြန်လည်တုံ့ပြန်မှု များကြောင့် တစ်ဆင့်တစ်ဆင့် သူတို့ရဲ့ စာမျက်နှာကို ကြေငြာပေးရာ ရောက်သလို ဖြစ်လာတတ်ပါတယ်။ ကျော်ကြားမှုဟာ ကောင်းတဲ့ကျော်ကြားမှု ရှိသလို မကောင်းတဲ့ ကျော်ကြားမှုလည်း ရှိတတ်တဲ့အတွက် သူတို့ကတော့ ဘယ်လိုနည်းနဲ့ ကျော်ကြားကျော်ကြား သူတို့ရဲ့ တိုက်ခိုက်မှု အောင်မြင်ဖို့ အရေးကြီးတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆက်လက်လုပ်ဆောင်နေကြမှာ ဖြစ်ပါတယ်။

ဒီတော့ကား ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဘာသာတရားအပေါ် တိုက်ခိုက်လာမှုများအား သည်းခံမှုကို အသုံးပြုပြီး လစ်လျူရှုခြင်း ဥပေက္ခာတရားနဲ့သာ ပြန်လည်တုံ့ပြန်ကြဖို့ လိုပါတယ်။ အချိန်တန်ရင် သူ့အလိုလို ပြီးသွားပါလိမ့်မယ်လို့ သဘောထားပြီး တိုက်ခိုက်လာမှုများကို ဘယ်လိုမှ ပြန်လည်တုံ့ပြန်မှု မပြုကြဖို့ တိုက်တွန်းလိုပါတယ်။ အမှန်သစ္စာတရားဟာ တစ်စုံတစ်ယောက်ရဲ့ တိုက်ခိုက်မှုကြောင့် ဘယ်တော့မှ မကျရှုံးတတ်ပါဘူး။ ဗုဒ္ဓဘာသာ ဘာသာရေး စာမျက်နှာ ပိုင်ရှင်များ အနေဖြင့်လည်း မိမိတို့ စီဘောက်စ်များမှာ ၀င်ရောက်လာတဲ့ ဒီလိုတိုက်ခိုက်ရေးသားမှုများ၊ စီဘောက်စ်မှာ ထားသွားတဲ့ လိပ်စာများကို သူတို့ဘလော့ဂ်ကို သွားရောက်စရာ မလိုဘဲ ကိုယ့်စီဘောက်စ်မှာ ရှိနေတာတွေကိုပဲ ချက်ချင်းဖျက်ပစ်ဖို့၊ အီးမေးလ်များမှာ ၀င်ရောက်လာရင်လည်း ချက်ချင်းဖျက်ပစ်ဖို့၊ သူတို့ရဲ့ တိုက်ခိုက်မှုကို မခံမရပ်နိုင်ဖြစ်ပြီး ဒီလိုဘလော့ဂ်မျိုး ရှိတယ်ဆိုတာ သိရအောင် ကိုယ့်အချင်းချင်းကိုတောင် တစ်ဆင့်ပြန်လည် ဖော်ဝါ့ထ်လုပ်တာမျိုး မလုပ်ကြဖို့၊ ဘာပဲဖြစ်ဖြစ် ဒီလိုတိုက်ခိုက်လာတဲ့ ဘလော့ဂ် ဒါမှမဟုတ် စာလို့သိရင် သိသိချင်း ဖတ်တောင်မဖတ်ဘဲ ဖျက်ပစ်ကြဖို့ အထူးလိုအပ်ပါတယ်။ အဓိကကတော့ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် တိုက်ခိုက်လာတဲ့အခါ တိုက်ခိုက်လာတဲ့အပေါ်ကို ဘာမှပြန်လည် တုံ့ပြန်မှုမပြုဘဲ မသိချင်ယောင်ဆောင်ကာသာ လစ်လျူရှုလိုက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူမှ သူ့ကို အရေးတယူ မရှိဘူးဆိုတာသိရင် နောက်ဆုံးသူ့ဖာသာသူ ကျဆုံးသွားပါလိမ့်မယ်။ မကျလို့ ဆက်လက်တိုက်ခိုက်နေတော့လည်း သူ့ဟာသူ တိုက်ခိုက်နေပါစေပေါ့။ ကိုယ့်အနေနဲ့ ဘာမှမဖြစ်အောင်၊ ဘာမှ မခံစားရအောင် နေလိုက်ရုံပါပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်နေရုံပါပဲ။ ကိုယ့်မှာရှိတဲ့ အမှန်သစ္စာတရားကိုသာ ကိုယ်ကိုယ်တိုင် လိုက်နာကျင့်သုံးကာ ကိုယ့်ရဲ့သဒ္ဓါတရားကို ခိုင်မြဲအောင် လုပ်နေရုံပါပဲ။

တကယ်တော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ ကိုယ်ကိုယ်တိုင် ဘာသာတရားရဲ့ အဆုံးအမကို ပြင်းပြင်းထန်ထန် လိုက်နာကျင့်သုံးမှု မပြုနိုင်သေးပေမယ့် ဘာသာတရားရဲ့ တန်ဘိုးအစစ်အမှန်ကိုတော့ ရင်ထဲနှလုံးသားထဲကကို လက်ခံထားပြီး ဖြစ်တဲ့အတွက် ဘယ်သူတွေ ဘယ်လိုပဲ ဗုဒ္ဓဘာသာ မကောင်းကြောင်း ပြောဆိုပုတ်ခတ်ရေးသား နေပါစေ ဗုဒ္ဓဘာသာအပေါ် ယုံကြည်ထားတဲ့ ယုံကြည်မှု သဒ္ဓါတရားကတော့ လျော့မသွားပါဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် မိမိတို့ ဗုဒ္ဓဘာသာများ အနေဖြင့် ဘာသာတရားအပေါ် ဝေဖန်တိုက်ခိုက်လာမှုများကို ဘယ်လိုနည်းနဲ့မှ ပြန်လည်တိုက်ခိုက်မှုများ မပြုလုပ်ကြဘဲ ကိုယ့်ဘာသာတရား အဆုံးအမကိုသာ ကိုယ့်သန္တာန်မှာ တည်အောင်၊ ကိုယ့်ပတ်ဝန်းကျင်မှာ တည်အောင်သာ ကြိုးစားကြဖို့၊ ဝေဖန်တိုက်ခိုက်လာမှုများကို သည်းခံခြင်းလက်နက်ကို အသုံးပြုကာ လစ်လျူရှုနိုင်အောင် ကြိုးစားခြင်းဖြင့်သာ အကောင်းဆုံး ပြန်လည်တုံ့ပြန်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ အမှန်သစ္စာတရားကား တိုက်ခိုက်လေလေ ပိုပြီးတောက်ပြောင်လေလေ ဖြစ်နေပါတော့ကြောင်း…

Read more »

သူကြီးဘုရား ရွာသားကောင်းမှု (သို့) ဘုရားဒကာ သူကြီးနဲ့ ရွာ…


ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၇-၁-၂၀၁၀)နေ့က ၁လပိုင်း ၁၅ရက်နေ့မှာ ပြည့်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ ၃၅နှစ်ပြည့် မွေးနေ့အလှူပွဲကို ကျင်း ပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာတော်အလှူပွဲ ဖြစ် တဲ့အတွက် အားလုံး စည်စည် ကားကား သိုက်သိုက် မြိုက်မြိုက် မြိုင်မြိုင်ဆိုင်ဆိုင် ရှိခဲ့ ပါတယ်။ ပင့်သံဃာများ၊ သီလရှင် ဆရာလေးများနဲ့ မြန်မာ၊ ကိုရီးယား ဧည့်ပရိတ်သတ်များ စုစုပေါင်း ၁၅၀ကျော်ကျော် လာရောက်ပူဇော်ပြီး တရားဓမ္မနာယူကာ ပျော်ပျော်ပါးပါး စားရင်း စကားပြောရင်းဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ် ခဲ့ကြပါတယ်။ ဒီအလှူပွဲဟာ ဆရာတော်ရဲ့ မွေးနေ့အလှူပွဲလို့ အမည်တပ်ခဲ့ပေမယ့် ကိုရီးယားရောက် မြန်မာဒကာ၊ ဒကာမများနဲ့ ကိုရီးယား ဒကာဒကာမ အချို့ရဲ့ အလှူပွဲပဲ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့က နေ့လယ်စာအတွက် ဆွမ်းလှူတာက ယုံရှင်းစက်မှုဇုံမှာ လာရောက်အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပြီး အချိုလက်ဘက်ရည်အတွက် ဂျိလျန်းစက်ရုံက ရွှေညီအစ်ကိုများက လှူဒါန်းတာဖြစ်ပါတယ်။ ပြီးတော့ ပင့်သံဃာများနဲ့ ဆရာလေးများအတွက် ခရီးစရိတ်အပါအ၀င် န၀ကမ္မအလှူများကို လှူဒါန်းတာက ဘုန်းဘုန်းရဲ့ ဓမ္မပူဇာတွေထဲက လှူတာဆိုပေမယ့် ဘုန်းဘုန်းရဲ့ ဓမ္မပူဇာဆိုတာကလည်း မြန်မာများ၊ ကိုရီးယားများကို တရားဓမ္မ ဟောပြောပေးတဲ့အတွက် ဒကာဒကာမများရဲ့ ပူဇော်လှူဒါန်းမှုကြောင့် ဖြစ်ပေါ်လာတာဆိုတော့ ဒကာဒကာမများရဲ့ အလှူပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေ့ စုပေါင်းအလှူရေစက်ချ တရားနာတဲ့အခါမှာတော့ ဘုန်းဘုန်းက ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဆိုပေမယ့် အများက စုပေါင်းကျင်းပပေးတဲ့ အလှူပွဲဖြစ်လို့ “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ အမည်လေးနဲ့ တရားတစ်ပုဒ် ဟောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ သေချာပြန်တွေးကြည့်ရင် အဲဒီနေ့က အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းမွေးနေ့အလှူလို့ ဆိုနိုင်ပေမယ့် လှူဒါန်းကြတာကတော့ ဒကာဒကာမတွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့အလှူပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ ဓမ္မပူဇာ န၀ကမ္မတွေဟာ ဘုန်းဘုန်းရဲ့ အလှူပဲပေါ့ဘုရားလို့ ပြောလို့ရပေမယ့် တကယ်တော့ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်ဆိုတာ ဘာမှ မရှိခဲ့ပါဘူး။ ဘုန်းကြီးပဲ ကိုယ်ပိုင်ဥစ္စာ ဘာရှိမှာလဲပေါ့။ ဒီလို ဓမ္မလမ်းကြောင်းက ပြောမယ်ဆိုရင်တော့ ဒကာဒကာမတွေရဲ့ ကိုယ်ပိုင်ဥစ္စာဆိုတာလည်း မရှိပြန်ပါဘူး။ အားလုံး ကိုယ်ပိုင်တာ တစ်ခုမှ ရှိတာမှ မဟုတ်ပဲ။ ကိုယ်ပိုင်လို့ပြောနေတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီးတောင် ကိုယ်ပိုင်မဖြစ်ဘဲ သူ့အလိုလို ဖြစ်ပျက်နေတာ ကျန်တာတွေကတော့ အထူးပြောစရာ မရှိတော့ဘူးလေ။ ကိုယ်ပိုင်ဥစ္စာ၊ ကိုယ်ပိုင်အရာလို့ ဆိုကြပေမယ့် သေရင်အကုန် ထားခဲ့ရမယ့် အရာတွေဆိုတော့ ကိုယ်ပိုင်ထားတာက အမှန်တော့ ဘာမှမရှိကြပါဘူး။ ဒါပေမယ့် အဲဒီရှာဖွေထားတဲ့ အရာတွေ၊ ကိုယ်ပိုင်ဥစ္စာလို့ ပြောတဲ့အရာတွေကို တကယ့်ကိုယ်ပိုင်ဆိုင်တဲ့ အရာတွေဖြစ်အောင် လုပ်ပြီးရယူသွားနိုင်တာတော့ ရှိတာပေါ့။ ကောင်းတဲ့အလုပ်များကို လုပ်ရင်း ကောင်းတဲ့သူတွေ ဖြစ်လာအောင်ကြိုးစားပြီး သူတော်ကောင်းဆိုတဲ့ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်အဖြစ် ရောက်အောင်ကျင့်ကြံ နေထိုင်နိုင်မယ်ဆိုရင် သူတော်ကောင်းတွေ ပိုင်ဆိုင်ထားနိုင်တဲ့ ဥစ္စာတွေလည်း ရရှိပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီနေ့က ဘုန်းဘုန်းအနေနဲ့ သူတော်ကောင်း ဥစ္စာခုနှစ်ပါးအကြောင်း တရားတစ်ပုဒ် ဟောထုတ်ဖြစ်ခဲ့တယ်ဆိုပါတော့။

မှန်ပါတယ်။ ကိုယ်ရှာဖွေ စုဆောင်းထားတာတွေဟာ သေရင်အကုန်ထားခဲ့ရမှာ ဖြစ်တဲ့အတွက် အဲဒီ ခဏတာ ပိုင်ဆိုင်ထားတဲ့ အရာတွေကို ကောင်းတဲ့အလုပ်တွေလုပ်ရင်း ကုသိုလ်ကောင်းမှုများမှာ ရင်းနှီးပေးခြင်းဖြင့် ကိုယ်ပိုင်ဥစ္စာများအဖြစ် ထာဝရပိုင်ဆိုင်ထားနိုင်ပြီး ဘ၀သံသရာမှသည် နိဗ္ဗာန်အထိ ယူဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှုများ ပြုလုပ်နေတယ်ဆိုတာလည်း ခဏတာ ပိုင်ဆိုင်နေရတဲ့ ဒီအပြင် ရုပ်ပိုင်းဆိုင်ရာတွေကို အမြဲကိုယ်ပိုင် ဥစ္စာအဖြစ် ပြောင်းပြီးယူနိုင်အောင် ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတွေ ပိုင်ဆိုင်ရမယ့် သူတော်ကောင်းဥစ္စာ ခုနှစ်ပါးကို ရယူနေသူတွေပဲ ဖြစ်ပါတယ်။ သူတော်ကောင်း ဥစ္စာခုနှစ်ပါးဆိုတာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေပါပဲ။

သဒ္ဓါဆိုတာ ရတာနာသုံးပါးနဲ့ ကုသိုလ်ကံ အကုသိုလ်ကံတို့ရဲ့ အကျိုးအပြစ်ကို ယုံကြည်မှုဖြစ်ပြီး သီလဆိုတာ လူပုဂ္ဂိုလ်များအတွက် အလိုလို လုံခြုံနေရမယ့် နိစ္စသီလခေါ် ငါးပါးသီလ၊ ဥပုသ်နေ့တွေမှာ အထူးစောင့်ထိန်းတဲ့ ဥပေါသထသီလခေါ် ရှစ်ပါးသီလ၊ န၀င်္ဂသီလခေါ် ကိုးပါးသီလ စတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စောင့်ထိန်းမှုတွေပဲ ဖြစ်ပါတယ်။ သုတဆိုတာကတော့ လောကီလောကုတ္တရာ အထွေထွေ ဗဟုသုတ အသိဉာဏ် (General knowledge) ကို ဆိုလိုပြီး စာဂဆိုတာက ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ စာဂဆိုတာ ဒါနလုပ်တာကို ပြောတာပါပဲ။ ငါးခုမြောက် သူတော်ကောင်း ဥစ္စာဖြစ်တဲ့ ပညာက အထွေထွေ ဗဟုသုတ ဉာဏ်ပညာများကို ဆိုတာမဟုတ်ဘဲ ၀ိပဿနာ ဉာဏ်ပညာကို ပြောပါတယ်။ ဆိုလိုတာက တရားအားထုတ်ခြင်းဖြင့် သိနိုင်တဲ့ ခန္ဓာကိုယ်တွေ့ ဉာဏ်ပညာ (Insight knowledge) လို့ ဆိုလိုတာပါ။ ဟိရီက မကောင်းမှု အကုသိုလ်ပြုရမှာ ရှက်ခြင်းလို့ အဓိပ္ပါယ်ရပြီး သြတ္တပ္ပက မကောင်းမှု အကုသိုလ် လုပ်ရမှာ ကြောက်တာကို ပြောတာပါ။ ဒီ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားခုနှစ်ပါးကို ပိုင်ဆိုင်ထားတဲ့သူကိုသာ သူတော်ကောင်းလို့ ဆိုနိုင်ပြီး ဒီဥစ္စာခုနှစ်ပါးဟာလည်း သူတော်ကောင်းများအတွက် ဘယ်တော့မှ မပျောက်ပျက် မပျက်ဆီးနိုင်တော့တဲ့ ထာဝရ ဥစ္စာများဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု ပြုလုပ်နေတဲ့ သူတွေဟာ သူတော်ကောင်းတို့ သွားရာလမ်းကို လျှောက်လှမ်းနေသူများ ဖြစ်ပြီး ကုသိုလ်ကောင်းမှု လုပ်နေခြင်းဟာလည်း ထာဝရ မပျက်ဆီးနိုင်တဲ့ သူတော်ကောင်းဥစ္စာများကို ရယူနေခြင်းဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ ကုသိုလ်ကောင်းမှု လုပ်နေတာဟာ ထာဝရ မပျက်ဆီးနိုင်မယ့် ဥစ္စာရိက္ခာတွေကို ထုတ်နေခြင်း ဖြစ်ပါတယ်။ ကုသိုလ်ပွဲဆင်နွဲနေချိန်ဟာ ဒီဥစ္စာတွေ အကုန်ရနေချိန်ဖြစ်ပါတယ်။ ဥပမာအားဖြင့် အလှူပွဲတစ်ခု လုပ်တယ်ဆိုကြပါစို့..။ ဒီအလှူပွဲ လုပ်ဖြစ်ဖို့ဆိုတာ အရင်ဆုံး သဒ္ဓါတရား ရှိမှဖြစ်ပါတယ်။ သဒ္ဓါတရား မရှိဘဲ ဘယ်လိုမှ မလုပ်နိုင်ပါဘူး။ ဒါဟာ သဒ္ဓါဆိုတဲ့ သူတော်ကောင်း ဥစ္စာကို ရရှိနေမှုပါပဲ။ အလှူပွဲမှာ ဘုရားအစရှိတဲ့ သံဃာတော်များ၊ ဧည့်ပရိတ်သတ်များကို ကျွေးမွေးဧည့်ခံခြင်းဆိုတဲ့ ဒါနလုပ်နေတဲ့အတွက် စာဂဆိုတဲ့ ဥစ္စာကို ရနေတာဖြစ်ပါတယ်။ ကျွေးမွေးဧည့်ခံပြီးနောက်မှာ တရားနာ ရေစက်ချ အမှုကို ပြုတဲ့အခါမှာလည်း သီလဆောက်တည်မှု ပြုတာ၊ ဆရာတော်များ ဟောကြားတဲ့ အသိဉာဏ် ဗဟုသုတတွေ ရနေတာ၊ မေတ္တာဘာဝနာနဲ့ လွတ်မြောက်မှုတရားများကို နာကြားရင်း ကိုယ့်သန္တာန်မှာ ၀ိပဿနာ ဉာဏ်ပညာတွေ ဖြစ်နေတာ၊ ဒီလို အလှူဒါန လုပ်နေတဲ့အချိန်မှာ မကောင်းမှု အကုသိုလ်ကို မလုပ်ဖြစ်ပဲ ကုသိုလ်ကောင်းမှုတွေပဲ လုပ်ဖြစ်နေတဲ့အတွက် ဟိရီဆိုတဲ့ သူတော်ကောင်းဥစ္စာ၊ သြတ္တပ္ပဆိုတဲ့ သူတော်ဥစ္စာတွေနဲ့ ပြည့်စုံနေတာတွေဟာ တစ်ပြိုင်တည်း ဖြစ်နေပါတော့တယ်။ ဒါကြောင့် ကုသိုလ်ကောင်းမှု တစ်ခုခုကို လုပ်နေခြင်းဟာ အမြဲမပျက် ပျက်ဆီးခြင်းသဘော ရှိနေတဲ့ ခဏတာ ပိုင်ဆိုင်မှုများကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲယူနေတာဖြစ်ပြီး ကုသိုလ်လုပ်နေဆဲ အခိုက်မှာ ဒီသူတော်ကောင်း ဥစ္စာခုနှစ်ပါးဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ တရားတွေကို တစ်ပြိုင်တည်း ရနေတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ပြီးတော့ ဒီလို အခိုက်အတန့် ပြည့်စုံမှုမှ အမြဲထာဝရ ပြည့်စုံမှုများအဖြစ် တည်တံ့နေနိုင်ဖို့အတွက် ကုသိုလ်ကောင်းမှုများဖြင့်သာ နေထိုင်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုရာမှာ ဘယ်သူက သူကြီးပဲ ဖြစ်ဖြစ်၊ ဘယ်သူက ရွာသားပဲ ဖြစ်ဖြစ် အဓိက မကျပါဘူး။ ဘုရားကသာ အဓိကကျပါတယ်။ ဘုရားကို အမှီပြုပြီး ပေါ်ပေါက်လာတဲ့ ကုသိုလ်ကောင်းမှုကသာ အဓိကကျပါတယ်။ သူကြီးဆိုတဲ့အမည် ရွာသားဆိုတဲ့ အမည်တွေထက် ဘုရားကို အကြောင်းပြုပြီး ကောင်းမှုပြုဖြစ်ခြင်းက အဓိကကျပါတယ်။ သေချာတာကတော့ ကောင်းမှုပြုနေချိန်ဟာ ခဏတာ ကိုယ်ပိုင်ဆိုင်ထားတဲ့ ကိုယ်ပိုင်မဟုတ်တဲ့ အရာတွေကို သူတော်ကောင်းဆိုတဲ့ အမည်နာမ ပြောင်းလဲကာ ထာဝရပိုင်ဆိုင်နိုင်တဲ့ သူတော်ကောင်း ဥစ္စာများအဖြစ် ယူဆောင်နေခြင်းပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဘုန်းဘုန်းရဲ့ မွေးနေ့အလှူဟာ အမည်အားဖြင့် ဘုန်းဘုန်းရဲ့ အလှူလို့ ဆိုနိုင်ပြီး လှူဒါန်းမှုကတော့ အများရဲ့ စုပေါင်းလှူဒါန်းမှုပဲ ဖြစ်တဲ့အတွက် “သူကြီးဘုရား ရွာသားကောင်းမှု”ဆိုတဲ့ သဘောမျိုး ဖြစ်ခဲ့ပေမယ့် ကုသိုလ်ကောင်းမှုတစ်ခုကို စုပေါင်းညီညာစွာ လုပ်ဖြစ်ခဲ့တယ်ဆိုတာ၊ ဘုန်းဘုန်းရဲ့ မွေးနေ့ဆိုတဲ့ အမည်နာမကို အကြောင်းပြု၍ ကောင်းမှုကိုသိုလ် ပြုခွင့်ရလိုက်တဲ့အတွက် ထာဝရမပိုင်ဆိုင်တဲ့ အရာတွေကို ထာဝရပိုင်ဆိုင်နိုင်တဲ့ ဥစ္စာများအဖြစ် ပြောင်းလဲရယူ နိုင်ခဲ့တယ်ဆိုတာ၊ ကုသိုလ်ကောင်းမှု ပြုနေတဲ့အချိန်မှာ ကုသိုလ်ပွဲ ပြုလုပ်ပါဝင် နွဲဆင်ခဲ့တဲ့ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပဆိုတဲ့ သူတော်ကောင်း ဥစ္စာများ ပိုင်ဆိုင်ခွင့် ရခဲ့တယ်ဆိုတာ သေချာတွေးကြည့်ရင် ပြေးကြည့်စရာ မလိုပဲ ၀မ်းမြောက်ဖွယ်ရာ သာဓုခေါ်နိုင်စရာ ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့က အလှူကို ဘုန်းဘုန်းကတော့ “သူကြီးဘုရား ရွာသားကောင်းမှု”လို့ ဆိုတာထက် သူကြီးရော ရွာသားများပါ ပေါင်းစုပြီး ကောင်းမှုပြုကြတဲ့ ပွဲပုံစုံမျိုး ဖြစ်ခဲ့တဲ့အတွက် “ဘုရားဒကာ သူကြီးနဲ့ရွာ”လိုပဲ ၀မ်းမြောက်ဝမ်းသာ ဆိုလိုက်ချင်ပါတော့တယ်။

Read more »

ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ရာတွင် အသံမထွက်ဘဲ ရွတ်ကောင်း၊ မရွတ်ကောင်း…

Q.အရှင်ဘုရား…
ပဋ္ဌာန်းဒေသနာတော်နှင့် မေတ္တာသုတ်ရွတ်ဖတ် ပူဇော်ရာတွင် အသံမထွက်ပဲ ရွတ်ကောင်းပါလားဘုရား…
moon(ksdh)

A. ဒီနေရာမှာ ရွတ်ဖတ်ပူဇော်သူရဲ့ စိတ်ရည်ရွယ်ချက်နဲ့ ရွတ်ဖတ်မှုကို လိုက်ပြီးပြောဖို့ လိုပါတယ်။ အကယ်၍ ကိုယ်က တစ်စုံတစ်ယောက်အတွက် ဘေးဥပါဒ် အန္တရာယ်အပေါင်းမှ ကာကွယ်ပေးလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ ကိုယ့်ကိုယ်ကို “အလကားနေတာထက်စာရင် စိတ်မှာဗုဒ္ဓဓမ္မများကို အာရုံပြု ရွတ်ဆိုနေတာက ပိုကောင်းပါတယ်”ဆိုတဲ့ ကုသိုလ်ရလိုတဲ့ အတွေးနဲ့ စိတ်ကနေ အာရုံပြု ရွတ်ဆိုနေတယ်ဆိုရင် အသံမထွက်ဘဲ ရွတ်ဆိုကောင်းပါတယ်။ ကုသိုလ်ရပါတယ်။ မနောကံ ကုသိုလ်ဖြစ်ပါတယ်။


အဲဒီလိုမှ မဟုတ်ဘဲ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ပြီး ရွတ်ဆိုပေးတာဆိုရင်တော့ အသံထွက်ပြီး ရွတ်ဆိုပေးရပါတယ်။ အဲဒီလို ရွတ်တဲ့အခါမှာလည်း ဒီပရိတ်ပဋ္ဌာန်းရဲ့ အစွမ်းများ ပိုပြီးအာနိသင် ရှိစေဖို့ ပရိတ်ပဋ္ဌာန်း ရွတ်သူနဲ့ ပရိတ်ပဋ္ဌာန်းနာသူတို့ ပြည့်စုံရမယ့် အချက်တွေ ပြည့်စုံအောင် ရွတ်ဖတ်နာယူမှ ပိုပြီးအကျိုး အာနိသင် ဖြစ်စေပါတယ်။ ဗုဒ္ဓဓမ္မဆိုတဲ့ အတွေးယုံကြည်မှုနဲ့ ရွတ်နေတဲ့အတွက် ကုသိုလ်ကတော့ ဖြစ်နေပြီးသားပါ။ ဒါပေမယ့် အကျိုးအာနိသင် ထက်စေဖို့အတွက်တော့ ရွတ်သူနာသူ နှစ်ဦးနှစ်ဖက် အင်္ဂါရပ်တွေ ပြည့်စုံမှ ပိုပြီးအစွမ်းထက်စေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပရိတ်ပဋ္ဌာန်း ရွတ်သူနဲ့ နာသူတို့ပြည့်စုံရမယ့် အင်္ဂါရပ်များကို သိထားဖို့လိုပါတယ်။ ဒါတွေကို လိုက်နာပြီး ရွတ်ဖတ်နာယူကြရင် ပိုပြီးကောင်းပါတယ်။ ဒီအင်္ဂါရပ်များကတော့…
၁။ ပုဒ် ပါဌ် အက္ခရာကို မှန်မှန်ကန်ကန် ရွတ်ဆိုနိုင်ခြင်း၊
၂။ ပရိတ်၊ ပဋ္ဌာန်းရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းစွာနားလည်ခြင်း
၃။ ပရိတ်ပဋ္ဌာန်း နာကြားသူများအပေါ်တွင် မေတ္တာ၊ ကရုဏာထားခြင်း ဟူသော ပရိတ်ပဋ္ဌာန်းရွတ်သူ ပြည့်စုံရမယ့် အင်္ဂါ (၃)ပါးနဲ့
၁။ အမေသတ်ခြင်း၊ အဖေသတ်ခြင်း စတဲ့ ပဉ္စာနန္တရိယကံငါးပါးကို ကျူးလွန်ထားမှု မရှိခြင်း
၂။ မိစ္ဆာဒိဋ္ဌိအယူ ရှိသူမဖြစ်ခြင်း
၃။ ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံခြင်း ဟူသော ပရိတ်ပဋ္ဌာန်းနာသူ ပြည့်စုံရမယ့် အင်္ဂါ (၃)ပါးတို့ဖြစ်ပါတယ်။

ဒါက တစ်ခြားသူအတွက် ရည်ရွယ်ရွတ်ပေးတဲ့အခါ အကျိုးအာနိသင် ကောင်းစေဖို့အတွက် ပြောတာပါ။ ကိုယ့်ဖာသာကိုယ် ကုသိုလ်ရစေဖို့ အတွက်ကတော့ အသံမထွက်ဘဲ စိတ်မှာအာရုံပြုပြီး ရွတ်ဆိုနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ အသံထွက်ပြီး မရွတ်နိုင်တဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဥပမာ ခရီးသွားတဲ့အခါ၊ ကား၊ ရထား စသည်စီးတဲ့အခါမျိုးပေါ့။ ဒီလို အခါမျိုးမှာ အသံမထွက်ဘဲ စိတ်ကအာရုံပြု ရွတ်ပွားနေရင်လည်း ကုသိုလ်ဖြစ်နေ၊ ကုသိုလ်ရနေပါတယ်။ အနက်အဓိပ္ပါယ် ဆိုလိုရင်းအထိ အာရုံပြု ရွတ်ဆိုနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်။ တစ်ခါတစ်ရံ အခြေအနေပေးတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဘေးအန္တရာယ် ကင်းစေလိုတဲ့အခါ ကိုယ့်ရဲ့ပရိတ်ပဋ္ဌာန်း ရွတ်ပွားမှုကို အခြားအခြားသော သူတော်ကောင်းများ နာစေလိုတဲ့အခါ၊ ကိုယ့်စောင့်နတ်စတဲ့ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များလည်း နာယူစေချင်တဲ့အခါ၊ ကာယကံ၊ ၀စီကံ၊ မနောကံကုသိုလ် သုံးမျိုးလုံး ပါစေချင်တဲ့အခါ စတဲ့ အခ်ါမျိုးမှာတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ပရိတ်ပဋ္ဌာန်းရွတ်သူများ ပြည့်စုံရမယ့် အင်္ဂါရပ်တွေနဲ့ ပြည့်စုံအောင် ကြိုးစားပြီး အသံထွက် ရွတ်ဆိုပေးတာ ပိုကောင်းပါတယ်။ မမြင်နိုင်တဲ့ ပုဂ္ဂိုလ်များ၊ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များဟာ သူတော်ကောင်းတရားကို နာယူဖို့ စောင့်မျှော်နေတတ်တဲ့အတွက် မရွတ်ခင် ထိုနတ်ဒေ၀ါအပေါင်းကို ပင့်ဖိတ်ပြီး သူတို့ကြားစေနိုင်ဖို့ အသံထွက် ရွတ်ဆိုပေးနိုင်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောလိုတာက ကိုယ့်ဖာသာကိုယ် အခြားဘာရည်ရွယ်ချက်မှ မရှိ ကိုယ့်ကိုယ်ကို ကုသိုလ်ရနေစေဖို့သက်သက် ရွတ်ဆိုတာဆိုရင် အသံမထွက်ဘဲ ရွတ်ဆိုနိုင်ပြီး တစ်စုံတစ်ယောက် အတွက် ရည်ရွယ်ရွတ်ဆိုပေးတာ ဆိုရင်တော့ အချက်အလက် အင်္ဂါရပ်များနဲ့ ပြည့်စုံအောင် အသံထွက် ရွတ်ဆိုပါလို့ ဆိုလိုတာပါ။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အသံထွက်သည်ဖြစ်စေ၊ မထွက်သည်ဖြစ်စေ စေတနာရည်ရွယ်ချက် ကောင်းကောင်းနဲ့ ရွတ်ဆိုပူဇော်နေမယ်ဆိုရင် ကုသိုလ်စိတ်ဖြစ်ပြီး ကုသိုလ်ကတော့ ရနေတယ်ဆိုတာပါပဲ။

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း…

ဒီပို့စ်လေးဟာ ၀ိပဿနာတရားကို အတော်အသင့် အားထုတ်းဖူးသူများ၊ အတိုင်းအတာ တစ်ခုအထိ အတွေ့အကြုံရှိထားသူများ၊ ၀ိပဿနာ ဉာဏ်အဆင့်အတန်း အထိုက်အလျှောက် မြင့်ထားသူများအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်ဘဲ ၀ိပဿနာအလုပ် တစ်ခါမှ မလုပ်ဖူးသူများ၊ စမ်းပြီးတရား အားထုတ်ချင်ပေမယ့် ဘယ်လိုအားထုတ်ရမယ်ဆိုတဲ့ အခြေခံ အားထုတ်နည်းကိုပင် မသိသူများ စသူတို့အတွက် ရည်ရွယ်ပြီး ရေးသားတင်ပြခြင်း ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အနေဖြင့် သေသေချာချာ အချိန်ယူပြီး နားလည် သဘောပေါက်အောင် အကြိမ်ကြိမ် ဖတ်ရှုကာ လက်တွေ့အားထုတ်ကြည့်စေ ချင်ပါတယ်။ ဒီနေရာမှာ ၀ိပဿနာ တရားအားထုတ်နည်းကို မပြောခင် ၀ိပဿနာဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို အရင်ပြောလိုပါတယ်။

ဝိပဿနာဆိုတာ ၀ိဝိဓေန ပဿနာ ၀ိပဿနာလို့ စာပေမှာဆိုတဲ့အတိုင်း ၀ိဝိဓေန- အထူးထူးအပြားပြားအားဖြင့် ပဿနာ- မြင်ခြင်း၊ ကြည့်ခြင်း၊ ပိပဿနာ- အထူးထူးအပြားပြား မြင်ခြင်းကြည့်ခြင်းလို့ စာလိုနားလည်ထား နိုင်ပါတယ်။ အထူးထူး အပြားပြား မြင်တယ်ဆိုတာ ဘာပဲဖြစ်ဖြစ် မြင်ခြင်းသိခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှအရာကို သိနေခြင်း၊ ဉာဏ်မျက်စိဖြင့် မြင်သလို မြင်နေခြင်းလို့ ဆိုလိုပါတယ်။ ပိုပြီးရှင်းအောင် ပြောရရင် ဖြစ်သမျှအရာတွေ အပေါ်မှာ သတိကပ်နေခြင်းပါပဲ။ အဲဒါကို သတိပဋ္ဌာန- သတိ၏ မြဲစွာတည်ခြင်း၊ သတိရှိနေခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် အချို့က တရားအားထုတ်တာကို ၀ိပဿနာ သတိပဋ္ဌာန်ပွားများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သတိပဋ္ဌာနသုတ်လာ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်ခြင်းကိုပဲ ၀ိပဿနာ တရားအားထုတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် သတိပဋ္ဌာန်လို့ပဲဆိုဆို၊ ၀ိပဿနာလို့ပဲဆိုဆို၊ သတိပဋ္ဌာန် ၀ိပဿနာလို့ပဲ ပြောပြော အဓိပ္ပါယ်ကတော့ စိတ်နဲ့ရုပ်မှာ ဖြစ်ပေါ်တတ်တဲ့ အာရုံတွေကို မလွတ်တမ်း သတိကပ်နေခြင်း၊ ဘာပဲဖြစ်ဖြစ် သတိရှိနေခြင်းပါပဲ။ ဒါကြောင့် ဒီနေရာမှာ တင်ပြပေးမယ့် အခြေခံဝိပဿနာ တရားအားထုတ်နည်းဟာလည်း မဟာသတိပဋ္ဌာန သုတ်လာ ဘုရားရှင်ဟောကြားတော်မူတဲ့ နည်းကိုပဲ အခြေခံပြီး နားလည်လွယ်အောင် တစ်ဆင့်ပြန်လည် တင်ပြပေးမှာ ဖြစ်ပါတယ်။

မဟာသတိပဋ္ဌာနသုတ်ကို ကြည့်ရင် ၀ိပဿနာတရား ဘာကြောင့် အားထုတ်ဖို့လိုကြောင်း အကြောင်းပြချက်မှစပြီး အားထုတ်တဲ့အခါ နေရာရွေးချယ်ထိုင်ပုံနည်းကအစ ဖော်ပြပေးထားတာကို တွေ့ရပါတယ်။ လောကသားတို့၏ စိုးရိမ်သောက ပူဆွေးမှုများမှစ၍ ကိလေသာကုန်ခမ်းပြီး ငြိမ်းချမ်းရာ နိဗ္ဗာန်ကို သွားရန်မှာ တစ်ခြားနည်းမရှိဘဲ ဒီသတိပဋ္ဌာန်နည်းပဲ ရှိတယ်ဆိုတာကို မဟာသတိပဋ္ဌာန သုတ်မှာအတိအလင်း ဖော်ပြထာိးပါတယ်။ ဗုဒ္ဓက “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်စေရန်၊ စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန်၊ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန်၊ အရိယာမဂ်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်းသော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့်ခရီးလမ်းကား ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားတို့၌ ရုပ်၊ ဝေဒနာ၊ စိတ်၊ သဘောတရားဟူ၍ သတိသမ္ပဇဉ်ဖြင့် မလွတ်အောင် အကြိမ်ကြိမ် ရှုမှတ်၍နေခြင်း ဟူသော ဤသတိပဋ္ဌာန်လေးပါး အကျင့်တရားတို့ပင်တည်း…”လို့ ဟောကြားတော်မူပါတယ်။ ဆိုလိုတာက စိုးရိမ်သောက ပူဆွေးမှုအားလုံး ချုပ်ငြိမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက် စိတ်၊ ဝေဒနာ၊ ရုပ်နှင့် ဓမ္မခေါ် သဘောတရားတွေမှာ ဉာဏ်ပညာဖြင့် မလွတ်တမ်း သတိရှိရှိ မှတ်သိနေဖို့လိုကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်သောက ပူဆွေးမှုများ ကုန်ဆုံးကာ ကိလေသာငြိမ်းရာ နိဗ္ဗာန်ကို သွားဖို့အတွက် တစ်ခုတည်းသော လမ်းဖြစ်သည့် ဒီသတိပဋ္ဌာန် ၀ိပဿနာ အလုပ်ကို အားထုတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ၀ိပဿနာတရား စတင်အားထုတ်တဲ့ ယောဂီဟာ “တောသို့သွားရောက်၍ဖြစ်စေ၊ သစ်ပင်ရင်းသို့ သွားရောက်၍ ဖြစ်စေ၊ ဆိတ်ငြိမ်ရာသို့ သွားရောက်၍ ဖြစ်စေ တင်ပလ္လင်ခွေပြီးလျှင် ကိုယ်ကိုဖြောင့်မတ်စွာထား၍ သတိကို ရှေးရှုဖြစ်စေလျှက် ထိုင်ရမည်ဖြစ်ကြောင်း” ဒီသုတ်တော်မှာ ပြထားပါတယ်။ ဒါကြောင့် စတင်အားထုတ်မယ့် ပုဂ္ဂိုလ်ဟာ တောတောင်သစ်ပင် စသည်များ ရှိတဲ့နေရာကို မသွားနိုင်တာတောင်မှ တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုခုမှာနေပြီး အမျိုးသားဆိုရင် သက်သောင့်သက်သာ တင်ပလ္လင်ခွေထိုင်၊ အမျိုးသမီးဆိုရင်လည်း သင့်လျှော်သလို သက်သောင့်သက်သာ ထိုင်၊ ခါးနဲ့ခေါင်းကို ဖြောင့်မတ်စွာထားပြီး မျက်လွှာချကာ လက်အနေအထားကတော့ ဘယ်ဘက်လက်ပေါ် ညာဘက်လက် ထပ်ပြီးထားလိုကထား၊ ဒူးနှစ်ဘက်ပေါ်မှာ တစ်ဘက်စီထားလိုကထားပြီး ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ အဲဒီလို ပြင်ဆင်ပြီး ကာယာနုပဿနာလို့ခေါ်တဲ့ အာနာပါန ထွက်လေ၊ ၀င်လေကစပြီး သတိကပ်ကာ ရှုမှတ်ရပါမယ်။

ဗုဒ္ဓက “ရဟန်းသည် (ယောဂီသည်) သတိရှိလျက်သာလျင် ထွက်သက်လေကို ရှိုက်၏၊ သတိရှိလျက်သာလျှင် ၀င်သက်လေကို ရှူ၏၊ ရှည်ရှည်ရှိုက်ရှူလျှင်လည်း ရှည်ရှည်ရှိုက်ရှူသည်ဟု သိ၏၊ တိုတိုရှိုက်ရှူလျှင်လည်း တိုတိုရှိုက်ရှူသည်ဟု သိ၏၊ ထွက်လေ၀င်လေ၏ အစ အလယ် အဆုံး အလုံးစုံသော ရုပ်အပေါင်းကို ထင်ရှားသိလျက် ရှိုက်ရှူမည်ဟု သိလျှက်ကျင့်၏…” စသဖြင့် အခြေခံ အာနာပါန မှတ်နည်းကို ပြတော်မူပါတယ်။ ဒါကြောင့် ၀ိပဿနာ တရားအားထုတ်မယ့် ယောဂီဟာ နေရာထိုင်ခင်းနှင့် ခန္ဓာကိုယ်ကို အဆင်ပြေသလို ပြင်ဆင်ပြီး စိတ်မှာတစ်ခြား ဘာအာရုံမှ မရှိစေဘဲ (အားလုံးကို မေ့နိုင်အောင် ကြိုးစား) ကိုယ့်ရဲ့စိတ်ကို အခြေခံ အမှတ်အာရုံဖြစ်တဲ့ နှာသိးဖျားကို အာရုံပြုထားရပါမယ်။ အဲဒီလိုစိတ်နဲ့ နှားသီးဖျားကို အာရုံပြု မြင်အောင်ကြည့်ပြီး ထွက်လေ၀င်လေကစ မှတ်ရပါမယ်။ နှာခေါင်းအပေါက်လေးကနေ တိုးပြီး အပေါ်နှုတ်ခမ်းစပ်လေးကို ထိထွက်လာတဲ့ ထွက်လေ၊ ထွက်လေဆုံးပြီး ပြန်ပြီးတိုးဝင်လာတဲ့ ၀င်လေကို အလိုက်သင့်လိုက်ပြီး မှတ်သိပေးနေရပါမယ်။

ဒီလို မှတ်တဲ့အခါမှာ အရှိအတိုင်းလေးပဲ မှတ်သိပေးနေရပါမယ်။ အသက်ကို လုပ်မရူရပါဘူး။ သူ့ပုံမှန် ရှူရှိုက်နေကျ အတိုင်းပဲ လိုက်သိနေရုံပါပဲ။ အဲဒီလို လိုက်သိမှတ်တဲ့အခါမှာ အမှတ်အာရုံကို ထွက်သွားတဲ့လေ၊ ၀င်လာတဲ့လေလေး ဆုံးသွားအောင် နှာသီးဖျားနဲ့ အထက်နှုတ်ခမ်းကြားကနေပြီး အလိုက်သင့်စောင့်ကြည့် သိမှတ်ပေးရပါမယ်။ တစ်နေရာတည်းကပဲ စောင့်ကြည့်မှတ်ပေးရမယ်လို့ ဆိုလိုပါတယ်။ ထွက်လာ၊ ၀င်လာတဲ့လေရဲ့နောက်ကို လိုက်ပြီး ရင်ခေါင်းမှတစ်ဆင့် ၀မ်းဗိုက်အထိ လိုက်နေစရာ မလိုပါဘူး။ နှာသီးဖျားလေးကပဲ စောင့်ပြီး ထွက်လေ၀င်လေ ဆုံးအောင်တိုးထိလာတဲ့ လေလေးကို အလိုက်သင့်လိုက်မှတ် ပေးရပါမယ်။ ထွက်လေ၀င်လေကို အစအဆုံး အလိုက်သင့် လိုက်သိနေရမယ်ဆိုတာ အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျား နေရာလေးကပဲ စောင့်ကြည့်ပြီး တိုးထွက်လာတဲ့ ထွက်လေဆုံးသွားတဲ့အထိ၊ ထွက်လေဆုံးတာနဲ့ တစ်ပြိုင်နက် ၀င်လာတဲ့လေကိုလည်း အဲဒီနေရာကနေ တိုးဝင်လာတဲ့ လေလေးဆုံးသွားတဲ့အထိ စိတ်ကနေ သိမှတ်ပေးနေရပါတယ်။ အဲဒီလို ထွက်လေအစအဆုံး၊ ၀င်လေအစအဆုံးကို တစ်နေရာတည်းကနေ စောင့်ကြည့်သိရှိပေးနေတာကိုပဲ အစအလယ်အဆုံး ရှုမှတ်တယ်လို့ ဆိုပါတယ်။ အစကနေ ဆုံးသွားတဲ့အထိ မလွတ်တမ်းမှတ်နေရင် အလယ်မှာလည်း မလွတ်တော့ပါဘူး။ ဒါကိုပဲ မလွတ်တမ်း မှတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းအတိုင်း မလွတ်အောင် ကြိုးစားပြီး အကြိမ်ကြိမ် မှတ်သိပေးရပါတယ်။ ရှုမှတ်တယ်ဆိုတာ တိုးထွက်တိုးဝင်လာတဲ့ လေကို မလွတ်အောင် သတိကပ်ပြီး လိုက်သိပေးနေတာကို ဆိုလိုတာဖြစ်တဲ့အတွက် အကြိမ်ကြိမ် မှတ်သိပေးနေရပါတယ်။

ခုမှ စမှတ်တဲ့ ယောဂီတွေအတွက် မှတ်ခါစမှာ အခက်အခဲ ဖြစ်တတ်ပါတယ်။ သမာဓိ မရှိသေးတဲ့အတွက် စိတ်မှာ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံ ၀င်တတ်ပါတယ်။ ဒီထွက်လေ၀င်လေကိုပဲ ကောင်းကောင်းမှတ် မရတာတွေလည်း ရှိတတ်ပါတယ်။ ထွက်လေ၀င်လေ မထင်ရှားတာကို ပြောတာပါ။ အဲဒီလို အခါမျိုးမှာ ကိုယ်အသက်ရှုနေတယ်ဆိုတဲ့ အသိလေးတော့ ရှိတတ်ပါတယ်။ အဲဒီအသိအတိုင်း သိမှတ်နေရင်လည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ မှတ်နေရင်းနဲ့ စိတ်ကအပြင်ရောက်ပြီး အတွေးစိတ်ကူးတွေနောက် ပါသွားတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သတိရတိုင်း ပြန်ပြီးနှာသီးဖျား အမှတ်အာရုံကို ပြန်ယူပြန်မှတ်ပေးရပါတယ်။ ဒီလို စိတ်ထွက်လိုက် သတိရတဲ့အခါ ပြန်မှတ်လိုက် ထပ်ခါထပ်ခါ အကြိမ်ကြိမ်လုပ်ပေးရင် တဖြည်းဖြည်း သမာဓိ ရလာပါလိမ့်မယ်။ စမှတ်ကာစ သမာဓိ အားနည်းနေသေးတဲ့ အချိန်မှာ စိတ်ဓာတ်မကျ ဇွဲမလျှော့ဘဲ ကြိုးစားမှု ၀ီရီယကို ပိုပြီးအားဆိုက် ပေးရပါတယ်။ ဒါမှ သမာဓိ အားကောင်းလာမှာပါ။

ခုလို အာနာပါနကို အခြေခံပြီး အားထုတ်နေတာဟာ ကာယာနုပဿနာရှုနေတာ ဆိုပေမယ့် တကယ့်ဝိပဿနာပိုင်းကို သွားဖို့အတွက် သမာဓိ တည်ထောင်နေတာလို့ ပြောနိုင်ပါတယ်။ အာနာပါနကို ပင်တိုင်အမှတ်အာရုံ အဖြစ်ထားပြီး ၀ိပဿနာပိုင်းကို ကူးရင်ပိုပြီး အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် စမှတ်တဲ့ ယောဂီအနေဖြင့် ဒီထွက်လေ၀င်လေကို မလွတ်တမ်း အစအဆုံး မှတ်တဲ့အလုပ် တစ်ခုတည်းကိုပဲ အချိန်ပေးပြီး မှတ်စေချင်ပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ တခြားအာရုံတွေနောက်ကို လိုက်မမှတ်သေးပဲ အာနာပါန တစ်ခုတည်းကိုပဲ မှတ်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမာဓိ မတည်သေးခင် ၀ိပဿနာပိုင်းကို ကူးတဲ့အခါမှာ မှတ်ရတာ ခက်တတ်လို့ပါ။ အာနပါနကိုပဲ တစ်နာရီမှာ တစ်နာရီနီးပါးလောက် မလွတ်တမ်း မှတ်နိုင်ပြီဆိုမှ ခန္ဓာကိုယ်မှ ပေါ်လာတတ်တဲ့ ထုံတာ၊ ကျင်တာ၊ နာတာ၊ ကိုက်တာ၊ ယားတာ စတဲ့ ဝေဒနာတွေကို ပြောင်းပြီး ပေါ်ရာပေါ်ရာကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး မှတ်သိပေးရပါတယ်။ အဲဒီလို မှတ်တဲ့အခါမှာ ဝေဒနာရဲ့ သဘောကို စိတ်ကလေးနဲ့ မြင်အောင်ကြည့်ပြီး မှတ်သိပေးရပါတယ်။ ဝေဒနာရဲ့ သဘောဆိုတာက ကျင်ရင်ကျင်နေတဲ့ ခံစားမှု၊ ယားရင်ယားနေတဲ့ ခံစားမှု၊ ပူရင်ပူးနေတဲ့ ခံစားမှု စတာကို ပြောတာပါ။

တစ်ခါတစ်ရံ ဝေဒနာက နှစ်ခုသုံးခု ပေါ်နေတတ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး၊ မှတ်လို့အကောင်းဆုံးဖြစ်တဲ့ ခံစားမှု ဝေဒနာတစ်ခုကိုပဲ ရွေးချယ်မှတ်ပေးရပါတယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ ဝေဒနာက ပိုပြီးပြင်းထားလာတာလည်း ရှိတတ်သလို လျှော့သွားတာလည်း ရှိတတ်ပါတယ်။ ပိုးယားလာတာ၊ ပိုပူလာတာ၊ ပိုကျင်လာတာ စတာတွေပေါ့။ များသောအားဖြင့် ပိုပြင်းလာတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေါ်သမျှဝေဒနာကို သီးခံပြီး ဒီဝေဒနာကို ကျော်သွားအောင် မှတ်ကြည့်စေချင်ပါတယ်။ ဆိုလိုတာက ဝေဒနာကပဲ ပိုပိုပြင်းနိုင်မလား ကိုယ်ကပဲ အမှတ်မလွတ်အောင် သီးခံပြီး မှတ်နိုင်မလားဆိုတဲ့ သဘောပါ။ တတ်နိုင်သမျှ သီးခံပြီးမှတ်လို့မှ ဝေဒနာက မလျှော့ဘဲ ပိုပြီး တိုးတိုးလာနေတယ် ဘယ်လိုမှ မခံနိုင်တော့ဘူးဆိုရင်တော့ ဒီဝေဒနာကို လစ်လျူရှုပြီး အာနာပါနကို ပြန်မှတ်ကြည့်ပါ။ ဒါလည်းမရ ပိုပြီးပြင်းလာတယ်၊ မှတ်ရင်းနဲ့ မခံမရပ်နိုင်ဖြစ်လာပြီး မပျောက်ရကောင်းလားဆိုတဲ့ ဒေါသအတွေးတွေပါ ဖြစ်လာတယ်ဆိုရင်တော့ ထိုင်ထားတဲ့ ဣရိယပုတ်လေးကို သတိလေးနဲ့ ပြင်ပြီးထိုင်မှတ်ကြည့်ပါ။ ဣရိယာပုတ် ပြောင်းသွားရင် ဝေဒနာလည်း ပြောင်းသွားတတ်ပါတယ်။ ဒါက နောက်ဆုံး ဝေဒနာကို ဘယ်လိုမှ သီးခံလို့ မရတော့မှ ပြောင်းကြည့်ဖို့ပါ။ ဒီနည်းအတိုင်း ပေါ်ရာပေါ်ရာကို လိုက်လိုက်မှတ်ပေးတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

နောက်သမာဓိ အားကောင်းလာတဲ့ အခါမှာ ကိုယ့်ရဲ့စိတ်အစဉ်ကိုပါ သိလာတတ်ပါတယ်။ စိတ်မှာအတွေးတွေ ၀င်တော့မယ် ၀င်နေတယ် ဆိုတာကို သိတာနဲ့ တစ်ပြိုင်နက် အဲဒီစိတ်ကို သတိနဲ့ သိအောင်မှတ်ပေးရပါတယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခါတည်း ချုပ်ကိုင်ထားလို့ မရတဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က သိလိုက်တာနဲ့ ရှေ့စိတ်ပျောက်ပြီး နောက်သိစိတ်က ပေါ်လာတာပါပဲ။ အဲဒီလို တစ်စိတ်ပြီး တစ်စိတ်မှတ်မှတ် သိပေးရင်ကိုပဲ စိတ္တာနုပဿနာ ဖြစ်နေတာပါ။ ဆိုကြပါစို့..။ စိတ်မှာ အလိုမကျဖြစ်တဲ့အခါ အဲဒီအလိုမကျတာကို သိလိုက်တာနဲ့ ဒီအလိုမကျတဲ့ စိတ်မဖြစ်တော့ဘဲ သိစိတ်က ဖြစ်ပေါ်လာပါတယ်။ ဒီသိစိတ်ဟာလည်း နောက်နောက်စိတ်တွေက ထပ်ထပ်ပြီး ပေါ်ပေါ်လာတဲ့အခါ အသစ်အသစ် ဖြစ်နေတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ပေါ်လာသမျှ စိတ်အစဉ်ကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိပေးနေနိုင်ရင် ဒီစိတ်ဟာ ရှေ့ဆက်မဖြစ်တော့ ပါဘူး။ အဲဒီလို ပေါ်သမျှကို လိုက်သိပေးနေတာကိုပဲ ၀ိပဿနာ ရှုတယ်လို့ ခေါ်ပါတယ်။

အထက်မှာ ပြောခဲ့တဲ့နည်းအတိုင်း အာနာပါနမှ စပြီး ရှုမှတ်ကာ သမာဓိထူထောင်လို့ ၀ိပဿနာပိုင်းကူးပြီး စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အရာမှန်သမျှကို လိုက်ပြီးသိမှတ်ပေးနေရုံနဲ့ပဲ ဗုဒ္ဓပြောတဲ့ သတိပဋ္ဌာန်နည်းအတိုင်း အားထုတ်နေပြီးသား ဖြစ်နေပါတယ်။ တစ်ထိုင်တည်းမှာပဲ ပေါ်ရာပေါ်ရာကို လိုက်လိုက်ပြီး မှတ်သိနေတဲ့အတွက် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ သဘောတရားကို မှတ်သိတဲ့ ဓမ္မာနုပဿနာကို ရှုမှတ်ပြီးသား ဖြစ်နေပါတယ်။ ဒါက အမည်နာမအနေနဲ့သာ ပြောခြင်းဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ပေါ်ရာပေါ်ရာကို လိုက်မှတ်နေရုံပါပဲ။

တကယ်တော့ အားတဲ့အခါတိုင်း ဒီအမှတ်လေးနဲ့ နေတတ်တဲ့ အကျင့်လေးလုပ်ပေးရင် ကောင်းပါတယ်။ တိတ်ဆိတ်ငြိမ်သက်ရာမှာ ထိုင်ပြီး မှတ်ရမယ်လို့ အထက်မှာ ဆိုထားပေမယ့် လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုတ်လေးမျိုးလုံးကို ဘယ်လိုနေရာ ဘယ်လိုအချိန်၊ ဘယ်လိုအခြေ အနေမျိုးဖြစ်ဖြစ် မှတ်သိနိုင်ပါတယ်။ ဒါကြောင့် ရိပ်သာသွားပြီး တရားအားမထုတ်နိုင်ပေမယ့် ကိုယ့်နေရာလေးမှာ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ စိတ်မှာ သတိလေးကပ်ပြီး သိမှတ်ပေးနေရင်လည်း တရားမှတ်တာပါပဲ။ အိပ်ရာပေါ် လှဲနေတဲ့အချိန်မှာလည်း တစ်ခြားအရာတွေ လျှောက်တွေးနေတာထက်စာရင် နှာသီးဖျားမှာ စိတ်လေးကပ်ပြီး အာနာပါနမှတ်နေရင်လည်း ကုသိုလ်ဖြစ်ပြီး သမာဓိတည်နေကာ အမှတ်သတိနဲ့ နေနေတာဖြစ်ပါတယ်။ တစ်နေရာရာကို ကားစီး၊ ရထားစီး သွားရင်လည်း အာနာပါနလေးနဲ့၊ အမှတ်သတိလေးနဲ့ မှတ်သွားနိုင်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာလည်း အလုပ်မှာ အာရုံဆိုက်ပြီး လှုပ်ရှားနေတဲ့ ကိုယ်အမူအရာတွေကို သတိကပ်ပြီး လိုက်သိပေးနေတာလည်း အလုပ်ခွင်မှာ တရားမှတ်တာလို့ ပြောနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ တရားမှတ်မှုကို လျောင်း၊ထိုင်၊ရပ်၊သွား ဣရိယာပုတ်လေးပါးလုံးမှာ အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်မှတ်နိုင်တယ် ဆိုတာပါပဲ။

အာနာပါနကို အခြေခံထားတဲ့ အခြေခံ ၀ိပဿနာ ရှုနည်းကို တစ်နေ့တစ်နေ့ အချိန်လေး နဲနဲစီပေးပြီး ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့ပုံစံမျိုးနဲ့ မှတ်ပြီးလေ့ကျင့်နိုင်ဖို့ ဒီအခြေခံ ၀ိပဿနာရှုနည်းကို တင်ပြပေးလိုက်ပါတယ်။ ဘုရားရှင်ရဲ့ ဒီမဟာသတိပဋ္ဌာနသုတ် တစ်ခုလုံးရဲ့ အချုပ်စကားက ”ယထာဘူတံ ပဇာနာတိ” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဟုတ်တိုင်းမှန်စွာ သိပါဆိုတဲ့ အဓိပ္ပါယ်ပါ။ ဟုတ်တိုင်းမှန်စွာ သိတယ်ဆိုတာက ခုနပြောခဲ့သလို ပေါ်သမျှ ဖြစ်သမျှ အာရုံတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ သိအောင်လုပ်ပါလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ပေါ်သမျှကို ပေါ်ခိုက်ဖြစ်ခိုက်မှာ လိုက်လိုက်ပြီး သိမှတ်ပေးနေတာဟာ ၀ိပဿနာ အားထုတ်ထာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ လျောင်း၊ ထိုင်၊ ရပ်၊ သွား ဣရိယာပုတ်များမှာ ဘယ်လိုပုံစံမျိုးပဲ ဖြစ်ဖြစ် သတိကပ်ကာ လိုက်သိ၊ လိုက်မှတ်ကြည့်ပါဟု တိုက်တွန်းလိုက်ပါတယ်။

Read more »

သေဖို့ တစ်နှစ်နီးခဲ့လေပြီ…

ဒီနေ့ ၁လပိုင်း ၁၅ရက် ဘုန်းဘုန်းမွေးနေ့ပါ။ ဘာလိုလိုနဲ့ ဘုန်းဘုန်းတောင် အသက် ၃၅နှစ်ပြည့်ခဲ့ပါပြီ။ သေဖို့ တစ်နှစ်နီးခဲ့လေပြီပေါ့။ ခုခေတ် ယေဘုယျသက်တမ်းအရ ပြောရရင် သက်တမ်းတစ်ဝက် ကျိုးခဲ့ပါပြီ။ ဒါတောင် သက်တမ်းအရမို့လို့ တစ်ဝက်လို့ ပြောရတာပါ။ မမြင်နိုင်တဲ့ သေခြင်းတရားအရ ပြောရရင် မကြာခင် သက်တမ်းကုန်ရင်လည်း ကုန်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သေဖို့ပိုပြီး နီးသွားတယ်ဆိုတာပါပဲ။ ရှေ့ဆက် ဘယ်လောက် အသက်ရှည်ဦးမယ်ဆိုတာ ပြောလို့မရပေမယ့် ဖြတ်သန်းခဲ့ရတဲ့ နှစ်အရေအတွက်ကတော့ ၃၅နှစ်ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ ကျန်ခဲ့တဲ့ အတိတ်ကာလ ၃၅နှစ်ကို ပြန်ကြည့်လိုက်ရင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီးလမ်းဟာ ကြမ်းတမ်းခဲ့ပါတယ်။ အကောင်းအဆိုး ဒွန်တွဲပြီး ဖြတ်သန်းခဲ့တယ်ဆိုပေမယ့် အဆိုးတွေပဲ များခဲ့ပါတယ်။ ချမ်းသာဆင်းရဲ ဒွန်တွဲခဲ့ပေမယ့် ဆင်းရဲတွေပဲ များခဲ့ပါတယ်။ အောင်မြင်မှု ရှုံးနိမ့်မှုတွေကတော့ မျှခဲ့တယ်ပေါ့။ ဒါကလည်း ကိုယ့်ပမာဏအရ ကိုယ်ပြောတာပါ။

အတိတ်ကာလ နောက်ကြောင်းပြန်ကောက်ကြည့်ရင် တစ်ချို့အရာလေးတွေကို ခပ်ရေးရေးလေး ပြန်မြင်မိနေပါသေးတယ်။ ငယ်ငယ်ကလေးဘ၀ မထင်မရှား ကျေးရွာလေးမှာ မွေးခဲ့တာ၊ ကိုယ်မွေးပြီးတော့မှ ကိုယ့်မိသားစု ဘ၀ဟာ ချမ်းသာနေရာမှ ဆင်းရဲသွားခဲ့တာ၊ ငယ်ငယ်က အနာရောဂါများလို့ ၀ဲထူလို့ နာမည်ပြောင် အခေါ်ခံခဲ့ရတာလေးတွေ ခပ်ရေးရေးလေး သတိရနေပါသေးတယ်။ ပြီးတော့ ငယ်ငယ် ကိုရင်ဘ၀က ဆရာဘုန်းကြီးရဲ့ နွားရိုက်တဲ့ ကြိမ်လုံးတစ်လုံးကုန်အောင် အရိုက်ခံရဖူးတာ၊ အကြောတွေအားနည်းပြီး အောက်ပိုင်းသေမလို ဖြစ်ခဲ့ဖူးတာ၊ ရန်ကုန်ကို ရောက်ပြီးမှ ရန်ကုန်မှာမပျော်လို့ ရွာကိုပြန်ထွက်ပြေးရင်း တိုးကြောင်ကလေးဘူတာမှာ ရုံပိုင်ကြီးက သနားလို့ ရုံခန်းထဲမှာ အိပ်စေခဲ့တာ၊ နောက်ဆုံး မထူးပါဘူးဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ အဆိပ်သောက်ဖူးတာ တွေကိုလည်း အတိတ်ရဲ့ ထူးခြားဖြစ်စဉ်များအဖြစ် အမှတ်ရနေမိပါတယ်။

ဟုတ်ပါတယ်။ ငယ်ငယ်ကလေးဘ၀က အဆိပ်သောက်သေဖို့ တကယ်လုပ်ခဲ့ဖူးပါတယ်။ ဒီတုန်းက အသက် ၁၃နှစ်လောက် ဖြစ်မယ်ထင်ပါတယ်။ ဆရာဘုန်းကြီးက မနက်ဖြန် နောက်ကစာတွေ အကုန်အလွတ်ပြန်ပြရမယ် မရရင် ရိုက်မယ်ဆိုတဲ့ အမိန့်ရပြီး နဂိုကမှ ဘုန်းကြီးကို ကြောက်နေတာ ခုလို ရာဇသံပေးတော့ တော်တော်လေးကို စိတ်ညစ်ပြီး အဲဒီညက ကိုယ့်ကိုယ်ကို သတ်သေဖို့ အဆိပ်သောက်ဖြစ်ခဲ့ပါတယ်။ ခုပြန်တွေးရင် ရယ်စရာဖြစ်ပါတယ်။ ဒီတုန်းကတော့ တကယ်သေချင်လို့ လုပ်ခဲ့တာပါ။ သောက်ခဲ့တဲ့အဆိပ်က ကျောင်းမှာ အရက်ဆေးစွဲလို့ အပြောင်းအလဲ အနေနဲ့ ကိုရင်ကြီးခဏ လာဝတ်တဲ့ ဒုလ္လဘ ကိုရင်ကြီးတွေ သောက်တဲ့ ဖင်ဆီဒိုင်း ဆေးရည်ပုလင်း ဖြစ်နေပါတယ်။ အဲဒီကိုရင်ကြီးက ဘာမှမသိတဲ့ ကလေးဘ၀က ဘုန်းဘုန်းကို “ကိုရင်လေး ဒီပုလင်းကို မသောက်နဲ့နော်…၊ ဒါဟာသောက်ရင် သေတတ်တဲ့ အဆိပ်ရည်တွေ“လို့ ပြောတာကို သတိရပြီး ကိုယ်ကိုယ်တိုင်က သေချင်နေတော့ သူပြောတဲ့ အဆိပ်ဆိုတာ သွားယူပြီး ညအိပ်ခါနီး သောက်ခဲ့တာပါ။ အဆိပ်ဆိုတဲ့ ကလေးအတွေးနဲ့ သောက်ခဲ့ပေမယ့် အဆိပ်မဟုတ်ဘဲ ဖင်ဆီဒိုင်းအရည် ဖြစ်နေတော့ မသေဘဲ ခုအချိန်အထိ ရှိနေခဲ့တာပါ။ အဲဒီပုလင်းသာ တကယ်အဆိပ်ဆိုရင်တော့ ဘ၀မှာ တကယ်သေခဲ့မှာ အမှန်ပါပဲ။ ဒီတုန်းက အမှန်တကယ် သေချင်ခဲ့တာကိုး။ ဘ၀မှာ အဲဒီလောက်ကို ဖြစ်ခဲ့ဖူးတာတွေပါ။

နောက် အရွယ်ကလေး တဖြည်းဖြည်းရလာတော့ စာသင်တိုက်ထွက် စာသင်းရင်း ကြုံတွေ့ခဲ့ရတဲ့ ဆင်းရဲဒုက္ခ၊ စာမေးပွဲဖြေဖို့ ဖောင်တင်စရာ ပိုက်ဆံမရှိလို့ ဒုက္ခရောက်ခဲ့ရတဲ့ အဖြစ်၊ ပထမလတ်တန်းမှာ ၂နှစ်ဆက်တိုက် စာမေးပွဲကျလို့ စိတ်ဓာတ်ကျခဲ့ရတဲ့ အဖြစ်တွေဟာလည်း မမေ့နိုင်စရာလေးတွေပါပဲ။ ပိုပြီးမမေ့နိုင်စရာက ကိုရင်ဝတ်နဲ့ ဓမ္မာစရိယတန်း ဆိုတော့ မာန်တက်ကာ စာမကျက်ဘဲ ဟိုလိုလို ဒီလိုလို နေရင်း ဆွမ်းခံအိမ်ဘေးက ကောင်မလေးအပေါ် စွဲလန်းမိလို့ လူထွက်ဖို့အထိ အရူးထခဲ့တဲ့ အဖြစ်ပါပဲ။ ကိုရင်ဆိုပေမယ့် ဆယ်ကျော်သက်အရွယ်ဆိုတော့ ဒီလိုအရူးစိတ်တွေလည်း ဖြစ်တတ်တာပဲလေလို့ ဖြေလို့ရပေမယ့် အကယ်၍သာ လူထွက်ဖြစ်ခဲ့မယ်ဆိုရင် ဘ၀မှာ ပိုဆိုးတဲ့ဒုက္ခတွေနဲ့ ကြုံတွေ့ရမှာ သေချာပါတယ်။ နောက်တော့လည်း မထွက်ဖြစ်ခဲ့ပါဘူး။

ဒီလို ဘ၀မှာ အမှတ်တရတွေ၊ ဆင်းရဲဒုက္ခတွေ ရှိခဲ့သလို ကျေနပ်စရာလေးတွေလည်း ရှိခဲ့ပါတယ်။ ဘ၀ရဲ့ အပျော်ဆုံးနေ့ တစ်နေ့အဖြစ် ပြောပါဆိုရင် သာသနာ့တက္ကသိုလ် ၀င်ခွင့်စာမေးပွဲ အောင်တဲ့နေ့လို့ပဲ ပြောရပါလိမ့်မယ်။ အပါးလေးရာလောက် ၀င်ခွင့်ဖြေတဲ့အထဲက ၈၀ပဲရွေးပြီး ဒီရွေးချယ်တဲ့အထဲမှာ ကိုရင်ဝိစိတ္တဆိုတဲ့ အမည်နဲ့ ၀င်ခွင့်အောင်ခဲ့တာကို သတိရရင်း ကြိုးစားမှုရဲ့ ရလာဘ်အဖြစ် ကျေနပ်ပျော်ရွှင်ခဲ့ ရပါတယ်။ သာသနာ့တက္ကသိုလ်ကြီးများရဲ့ အဓိပတိ တိပိဋက မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ ကျေးဇူးနဲ့ တက္ကသိုလ် တက်ရောက်ခွင့်ရခဲ့တဲ့ အချိန်ကစပြီး ဘ၀မှာ မျက်စိပွင့် နားပွင့်ဖြစ်ခဲ့ရပါတယ်။ လောကီလောကုတ္တရာ ပညာရပ်များကို ပညာရှင် ဆရာပေါင်းစုံထံမှာ ဆည်းပူးခွင့် ရခဲ့တဲ့အတွက် ဘ၀ရဲ့ လမ်းမှန်ကို ရောက်ခဲ့ရပါတယ်။ ကိုယ့်ဘ၀အတွက်နဲ့ သာသနာအတွက် ဘာလုပ်သင့်တယ်ဆိုတာ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘ၀အာမခံချက် ရှိမယ့်ပညာရပ်များကို ကြိုးစားသင်ယူရင်း တက္ကသိုလ်က ပေးတဲ့ဘွဲ့ကို ရယူကာ ဘွဲ့လွန်ဆက်တက်ခွင့်ရခဲ့ပြီး သာသနာ့တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဌာန နည်းပြအဖြစ်ပါ တာဝန်ပေးခံရခဲ့ပါတယ်။ ပြီးတော့ အဆောင်မှူးတာဝန်၊ ပြီးတော့ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းရဲ့ အင်္ဂလိပ်စာ နည်းပြတာဝန်တွေရောပေါ့။

အောင်မြင်မှုရလာရင် နှောက်ယှက်ဖျက်ဆီးမှုကလည်း ရှိလာတတ်တယ်ဆိုတာ ကိုယ်တွေ့ကြုံရပြန်ပါတယ်။ အင်္ဂလိပ်စာလေး မတောက်တစ်ခေါက် တတ်တော့ လူတွေကြားမှာ၊ အထူးသဖြင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကြားမှာ ဘာလိုလိုညာလို အထင်ကြီးပြီး အင်္ဂလိပ်စာ သင်ခိုင်းလို့ သင်ပေးရပါသေးတယ်။ ဒီတုန်းက ကျောင်းသားတွေထဲ ခရစ်ယာန်ကျောင်းသူ တစ်ယောက်က ဘုန်းဘုန်းကို ပရိုပို့စ်လုပ်တယ်လေ။ ဘုန်းကြီးနဲ့ မအပ်တဲ့ လာဘ်လို့ပဲ ပြောရမှာပေါ့။ သူက ဘယ်လောက်တောင်ပြောလည်း ဆိုရင် သူ့ကိုလူထွက်ယူရင် သူ့မိသားစု အားလုံး ဗုဒ္ဓဘာသာ အဖြစ်ပြောင်းမယ်တဲ့..။ ခေသူတော့မဟုတ်ဘူးနော်..။ ဒါပေမယ့် အဲဒီတုန်းက ရွေးချယ်မှု မှန်ခဲ့ပါတယ်။ ကလေးမလေးကို ပြောဖြစ်လိုက်တာက “နင်တို့ မိသားစု ငါးယောက် ဗုဒ္ဓဘာသာ ပြောင်းတာမပြောင်းတာ နောက်ထား လောလောဆယ်တော့ ငါ့ဘ၀နိမ့်ကျသွားတယ်၊ ငါ့တရားပွဲတစ်ပွဲမှာ အနည်းဆုံး တရားနာသူ အယောက်ငါးဆယ်ကျော် ရှိတယ်၊ ဒီလို အများနဲ့ နင်တို့မိသားစု ငါးယောက် ငါမလဲနိုင်ဘူး၊ နောက်ဒီလိုမလုပ်ပါနဲ့..“လို့ ပြောဖြစ်လိုက်ပါတယ်။ မဟုတ်ရင် ဒီအချိန် ဘုန်းဘုန်းဦးဝိစိတ္တဆိုတာ ရှိမှာမဟုတ်တော့ပါဘူး။ ဒီလို အနောက်အယှက်တွေ ရှိခဲ့သလို မုဆိုးမနဲ့ စွပ်စွဲတာတို့၊ တစ်ခုလပ်နဲ့ သမုတ်တာတို့လည်း ခံခဲ့ရပါသေးတယ်။ ဒါကြောင့်နေမှာ ဘုန်းဘုန်းရဲ့ မိဘတွေဆို ခုချိန်ထိ သူ့သားရဟန်း မိန်းမအနှောက်အယှက်ကြောင့် လူထွက်သွားမှာကို စိုးရိမ်နေတုန်း၊ စိတ်မချဖြစ်နေတုန်းပါ။ မာတုဂါမဆိုတာက သိပ်နီးနေရင်လည်း မကောင်းသလို၊ သိပ်ဝေးနေပြန်ရင်လည်း မကောင်းပါဘူး။ မနီးမဝေးပဲ ကောင်းပါတယ်။

နောက် ဘုန်းဘုန်းဘ၀ရဲ့ အမှတ်တရ တစ်ခုထပ်ပြောပါဆိုရင် ကိုရီးယားကို ရောက်လာခဲ့တာလည်း ထည့်ပြောရပါမယ်။ ၂၀၀၃ခုနှစ်မှာ အစိုးရပညာသင်ဆုနဲ့ ကိုရီးယားဗုဒ္ဓဘာသာ တက္ကသိုလ်မှာ ငါးနှစ်ပညာသင်၊ ခုတော့ ကျောင်းပြီးလို့ ကိုရီးယားနိုင်ငံမှာ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းဦးဆောင် တည်ထောင်ပေးရင်း မြန်မာတွေအတွက်ရော ကိုရီးယားတွေ အတွက်ပါ တတ်နိုင်သလောက် သာသနာပြု နေတယ်ပေါ့။ တစ်ဘက်ကလည်း မြန်မာပြည်မှာရှိတဲ့ ကျောင်းမှာလူငယ် ပရဟိတလုပ်ငန်းလေးတွေ လုပ်ရင်း ဒကာဒကာမတွေကို တရားဓမ္မ ဟောပြောပြသကာ စာချခြင်း စာရေးခြင်း အလုပ်တွေပါ လုပ်ဖြစ်နေပါတယ်။

ထားပါတော့။ အခုပြောခဲ့တာတွေက ၃၅နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ရဲ့ နောက်ကြောင်းအချို့နဲ့ လက်ရှိအခြေအနေလေးတွေပါ။ ပြီးတော့ သာသနာတော်မှာ ရဟန်းတစ်ပါး သာသနာစိတ်ရှိဖို့နဲ့ ရဟန်းဘ၀မြဲဖို့ဆိုတာ မလွယ်လှတဲ့အကြောင်း၊ အခက်အခဲ အနှောက်အယှက်မျိုးစုံကို ရင်ယှဉ်ကြုံတွေ့ရ တတ်ကြောင်း ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ချိန်ထိုးပြောပြခြင်း ဖြစ်ပါတယ်။ ခုချိန်မှာတော့ စိတ်ထဲမှာ အများအတွက် ဘာလုပ်ပေးရမလဲ…၊ မျိုးဆက်သစ်လူငယ်တွေအတွက် ဘာမျှပေးရမလဲ..၊ သာသနာတော်ကို ဘယ်လိုစောင့်ရှောက်မလဲ… စတဲ့ပရဟိတ အတွေးများပဲ ဦးစီးနေပါတယ်။ ခရီးသွားဟန်လွဲ ဘ၀အတက်အကျ အနိမ့်အမြင့် အနှောက်အယှက်လေးတွေ ရှိပေမယ့် တွေ့ကြုံလာခဲ့တဲ့ အတွေ့အကြုံတွေအရ ခံနိုင်ရည် ရှိနေပါပြီ။ ရှောင်နိုင်တိမ်းနိုင်နေပါပြီ။ ယောင်တစ်လုံး အဆုံးခံ ရင်းစားပြန် အာဂယောက်ျားဆိုသလို လူ့ဘ၀ကထွက်ပြီး ရဟန်းဘ၀ရောက်နေချိန်မှာ အရင်းမရှုံးအောင် တတ်နိုင်သမျှ အတ္တဟိတ၊ ပရဟိတ လုပ်ငန်းတွေ ကြိုးစားလုပ်မယ်လို့လည်း စိတ်ကူးထားတယ်လေ။ လုပ်လည်း လုပ်နေဖြစ်ပါပြီ။ အရှိန်အဟုန်နဲ့ ကြီးကြီးမားမား မလုပ်နိုင်သေးပေမယ့် ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာလေးနဲ့တော့ အကောင်အထည် ဖော်ဖြစ်နေပါပြီ။ အထူးသဖြင့် လူငယ်တွေရဲ့ ပညာရေး စနစ်ကို ဦးစားပေးတဲ့ ပညာဒါန လုပ်ငန်းလေးတွေကို ပိုပြီးလုပ်နိုင်အောင် ကြိုးစားနေပါတယ်။ မကြာမီ အကောင်အထည် ပေါ်လာမယ်လို့ ထင်ပါတယ်။

တကယ်တော့ ဒီလိုအခြေအနေ ရောက်လာအောင် ဖြတ်သန်းခဲ့ရတဲ့ ၃၅နှစ်ဟာ သိပ်ကိုရှည်ကြာခဲ့ပါတယ်။ လူတစ်ယောက် ဘ၀မှာ အောင်မြင်ချိန် အလုပ်လုပ်ပေးချိန်ဟာ ဘယ်လောက်မှ မကြာလိုက်ပေမယ့် အဲဒီလို ဖြစ်လာအောင်၊ လုပ်နိုင်အောင် ရင်းခဲ့ရတဲ့ ကာလတွေက အလွန်ကြာလှပါတယ်။ ပါရမီ အားကောင်းတဲ့ ပုဂ္ဂိုလ်များအတွက် အောင်မြင်ကျော်ကြားမှုနဲ့ အတ္တ ပရလုပ်ငန်းများမှာ စွမ်းဆောင်နိုင်မှုတွေဟာ အချိန်အတိုအတွင်း ဖြစ်လာနိုင်ပေမယ့် ပါရမီအားနည်းလှတဲ့ ဘုန်းဘုန်းတို့လို သာမန်ပုဂ္ဂိုလ်တွေ အတွက်တော့ ရင်းနှီးရတာ၊ ပြုစုပျိုးထောင်ရတာ အချိန်အတော်ကြာပါတယ်။ တစ်ချို့ဆိုရင် ဘ၀ရဲ့ သုံးပုံနှစ်ပုံလောက်က ကိုယ့်ကိုယ်ကို ပြုစုရင်းနဲ့ အချိန်ကုန်နေပြီး တကယ်အလုပ် လုပ်နိုင်ချိန်ကျတော့ အသက်အရွယ်က အကျပိုင်းရောက်ကာ ထင်သလောက် မလုပ်နိုင်တာတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းအနေနဲ့ ဘ၀သက်တမ်း တစ်ဝက်လောက်မှာ ခုလို ကိုယ်တတ်နိုင်သမျှ အတ္တဟိတ၊ ပရဟိတ အလုပ်လေးတွေ လုပ်ပေးနိုင်တာ၊ လုပ်ပေးခွင့်ရတာတွေ အပေါ်မှာ ကျေနပ်နိုင်ပါတယ်။ ကိုယ့်အမြင့်ကို မကြည့်ဘဲ ကိုယ့်အောက်မှာ ကိုယ့်လောက်မှ အဆင်မပြေသူတွေ၊ ကိုယ့်လောက်မှ မသိသူတွေ ရှိနေသေးပါလားဆိုတာတွေကို ကြည့်ပြီး ကိုယ်လုပ်ပေးနိုင်တာတွေ လုပ်ပေးနေခွင့် ရနေတဲ့အတွက် ဘာမှမလုပ်တာထက်စာရင် တော်သေးတယ်လို့ ဖြေဆည်မိပါတယ်။

ပြောရင်းပြောရင်းနဲ့ စကားက အပြင်ရောက်ကုန်ပါပြီ။ ဘုန်းဘုန်းအဓိက ပြောချင်တာက အခု အသက် ၃၅နှစ်ပြည့်ပြီဆိုတာ ကိုယ့်ကိုယ်ကို သတိပေးရင်းနဲ့ ကိုယ်အပါအ၀င် တခြားဘယ်သူမဆို မွေးနေ့တစ်ခါ ရောက်ရင် သေဖို့တစ်နှစ်နီးလာပြီဆိုတာ သံဝေဂယူနိုင်ဖို့ ပြောချင်တာပါ။ တစ်နှစ်ပြည့်မှ မဟုတ်ပါဘူး အချိန်နဲ့ အမျှ သေဖို့သွားနေကြတယ်ဆိုတာ မမေ့စေချင်တာပါ။ မွေးလာခြင်းရဲ့အဆုံးဟာ သေဆုံးခြင်းပဲ ဆိုတာနဲ့ အဲဒီသေဆုံးမှုဟာလည်း မွေးတဲ့နေ့ကစပြီး အချိန်မရွေး လာနိုင်တာ ဖြစ်တဲ့အတွက် သေခြင်းတရားကို အမြဲဆင်ခြင်ကာ မမေ့မလျော့ နေကြဖို့ပါ။ အသက်ရှည်မှု မရှည်မှုဟာ အဓိကမကျဘဲ အသက်ရှင်ခိုက်မှာ ကိုယ့်အတွက်ကော အများအတွက်ပါ ဘယ်လောက်လုပ်နိုင် ခဲ့တယ်ဆိုတာက အဓိကကျပါတယ်။ ကိုယ့်အခြေအနေ ကိုယ့်အရည်အချင်းနဲ့ ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးမိပါစေနဲ့။ ကိုယ့်လောက်မှ မဖြစ်၊ မရှိတဲ့သူတွေလည်း အများကြီးရှိနေတယ်ဆိုတာ တွေးပြီး သူတို့တွေအတွက် ကိုယ်တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတဲ့စိတ်နဲ့ လုပ်ပေးနေနိုင်မယ်ဆိုရင်ကိုပဲ အသက်ရှင်နေတဲ့အခိုက်ဟာ သူ့အတိုင်းအတာနဲ့သူ တန်ဘိုးရှိနေပါပြီ။ ဒါကြောင့် သေဖို့သွားရင်း ရှင်နေတဲ့အခိုက်မှာ ကိုယ့်အတွက် ကိုယ်ဖြည့်ပြီး အများအတွက်လည်း တတ်နိုင်သမျှ လုပ်ပေးကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ ဒီစကားတွေဟာ အသက်၃၅နှစ်ပြည့်လာတဲ့ ဘုန်းဘုန်းကိုယ်ကို ဘုန်းဘုန်းသတိပေးတဲ့ စကားများဖြစ်ပြီး လူတစ်ယောက်ရဲ့ ဘ၀အတက်အကျ ခံယူချက်၊ ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး သတိသံဝေဂ ယူလိုတဲ့သူတွေ ယူနိုင်အောင်သာ ဘ၀တစ်ဆစ်ချိုးလေးများကို နောက်ကြောင်းကောက်ပြလိုက်ရခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဘုန်းဘုန်းကိုယ်တိုင် သေဖို့တစ်နှစ် နီးခဲ့ပြီဆိုတာပါပဲ…

Read more »

ရုန်းမထွက်နိုင်သေးသမျှ…

မြတ်ဗုဒ္ဓ၏ တရားဦးဒေသနာတော်ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကိုဖတ်ရင်း သမုဒယသစ္စာအဖွင့်ကို အထူးသတိထားပြီး ဖတ်ဖြစ်၏။ ဒုက္ခအားလုံးသည် ဤသမုဒယကြောင့် ဖြစ်သဖြင့် သမုဒယသည် အကြောင်းတရား ဖြစ်ပြီး ဒုက္ခသည် အကျိုးတရား ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်မိ၏။ ဗုဒ္ဓက သမုဒယဟူသည် တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဂုဏ်တို့တွင် တပ်မက်တွယ်တာ ကပ်ငြိတတ်သည့် ကာမတဏှာ၊ အရာရာမြဲသည်၊ ရှိသည်စသည်ဖြင့် ဖြစ်သမျှဘ၀ကို တပ်မက်တတ်သည့် ဘ၀တဏှာနှင့် အရာအားလုံးသည် သေလျှင်ပြတ်ပြီဖြစ်သဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ်အကုသိုလ်ဟူသည် မရှိဟု စွဲလမ်းယူဆ တပ်မက်တတ်သည့် ၀ိဘ၀တဏှာဟူ၍ သုံးမျိုးရှိကြောင်း ဓမ္မစကြာ ဒေသနာတွင် ရှင်းလင်းဟောကြားတော် မူထား၏။ တဏှာအဖွင့်ကိုဖတ်ရင်း သတ္တ၀ါတို့သည် ဤတဏှာများကြောင့် ဒုက္ခကိုယ်စီ ဖြစ်နေကြသည်ကို ဆက်လက်တွေးနေမိ၏။ အထူးသဖြင့် ဖြစ်သမျှ ဘ၀အပေါ် တပ်မက်တွယ်တာကာ ထိုထို ဘ၀များတွင် ကျင်လည်နေရမှုကို ဒုက္ခဟု မမြင်၊ ထိုဘ၀အပေါ် တပ်မက်တွယ်တာမှုမှ ရုန်းထွက်ရန် မကြိုးစားဘဲ တွယ်ပြီးရင်းတွယ်ရင်း ဖြစ်နေကြသည့် အဖြစ်ကို တွေးနေမိရင်း ဘာကြောင့် ရုန်းမထွက်နိုင်ကြသနည်းဟု မေးခွန်းထုတ်နေမိ၏။

အဖြေကား တွယ်တာမှု သမုဒယ တဏှာကြောင့်ဟုသာ ထွက်ပေါ်ခဲ့၏။ မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်တို့သည် ဘ၀ကို တပ်မက်တတ်သည့် တဏှာ၏ ချည်နှောင်မှုကြောင့် ရရှိလာသည့် ဘ၀အခြေအနေ ဖြစ်တည်မှု အနေအထားများမှ ရုန်းထွက်ရန် ခက်ခဲတတ်ကြခြင်း ဖြစ်၏။ ရရှိလာသည့် ဘ၀တွင်သာ ပျော်ပိုက်နေတတ်ကြ၏။ မည်မျှပင် ဆင်းရဲဒုက္ခများဖြင့် ကြုံတွေ့နေရသော်လည်း ထိုဒုက္ခတွင်းထဲမှ ရုန်းထွက်ရန် အားထုတ်မှု မပြုကြပေ။ ရရစာစား သွားသွားလာလာဖြင့်သာ ဖြစ်ရာဘ၀ ဖြစ်သည့်အနေအထားတွင် ဖြစ်သလိုသာ နေလိုက်တတ်ကြတော့၏။ သမုဒယတဏှာ၏ နှောင်ဖွဲ့မှုကြောင့် ခဏတာဖြစ်တည်မှုလေး အပေါ်မှာပင် သာယာနေတတ်ကြ၏။ ထို့ကြောင့်လည်း ဘုန်းကြီးလည်း ဘုန်းကြီးဘ၀၊ သီလရှင်လည်း သီလရှင်ဘ၀၊ လူလည်းလူဘ၀၊ ထို့ထက် ဆိုရလျှင် အလုပ်သမားလည်း အလုပ်သမားဘ၀၊ အခိုင်းအစေလည်း အခိုင်းအစေဘ၀၊ ကျွန်လည်း ကျွန်ဘ၀၊ သူတောင်စားလည်း သူတောင်စားဘ၀၊ ယုတ်စွအဆုံး ခွေး၊ ၀က်၊ နွား၊ ကြက် စသည့် တိရိစ္ဆာန်များသည်လည်း အသီးသီးသော ဘ၀လေးတွေမှာ ပျော်နေတတ်ကြခြင်း ဖြစ်၏။ ဤသည်မှာ ဘ၀ကို တပ်မက်တတ်သည့် ဘ၀နိကန္တိက လောဘကြောင့် တစ်နည်းအားဖြင့် ဆိုရသော် ဘ၀တဏှာကြောင့်ပင် ဖြစ်ပါ၏။

လောဘအမျိုးမျိုး ရှိသည့်အနက် ဘ၀ကို တပ်မက်တတ်သည့် လောဘသည်လည်း သတ္တ၀ါများအား ဒုက္ခအပေါင်းတွင် ကျင်လည်နေရအောင် လောင်မြိုက်စေ၏။ သို့သော် ပုထုဇင်သတ္တ၀ါများကား လောင်မြိုက်သည်ဟု မထင်။ ချို့မြိန်သည်ဟု ထင်နေတတ်၏။ စင်စစ် ထိုလောဘတဏှာကြောင့်ပင် သတ္တ၀ါတို့သည် ရရှိလာသည့် ဘ၀တွင် မည်မျှပင် ဒုက္ခများ ရှိနေပါသော်လည်း ထိုဘ၀လေးတွင် ပျော်နေကြ၏။ အခိုက်အတန့်ကာလ အဆင်ပြေမှုများတွင် ကျေနပ်နေကြ၏။ သတ္တ၀ါတို့၏ နေ့စဉ်ဖြတ်သန်းမှုများတွင် ဒုက္ခများ မည်မျှပင် ရှိနေကြသော်လည်း ဖြစ်ရာဘ၀ အခြေအနေလေးများတွင် ပျော်မွေ့နေကြ၏။ ဟိုမှသည်မှ သွားလာဖြစ်ပျက်နေသော်လည်း ဖြစ်သမျှဘ၀ ရောက်သမျှ နေရာများတွင် ပျော်မွေ့နေတတ်ကြ၏။ လူသည်လည်း လူ့အဆင့်အတန်း အနေအထားအရ လူ့ဘ၀အသီးသီးတွင် တဏှာ၏ နှောင်ဖွဲ့မှုမှ ရုန်းမထွက်နိုင်ဘဲ ရရှိနေသည့် ဘ၀တွင် ကျေနပ်နေကြသကဲ့သို့ တိရစ္ဆာန်များသည်လည်း ဖြစ်ရာဘ၀တွင် ပျော်နေတတ်ကြ၏။ ထို့ကြောင့်လည်း သူတောင်းစားလည်း ထိုနေ့အတွက် အကောင်းစားများ တောင်းစား၍ ရသည့်အခါ ပျော်ရွှင်နေမိတတ်ကြသကဲ့သို့ အမှိုက်ကောက်သမားသည်လည်း အမှိုက်များများ ကောက်၍ရသည့်အခါ ပျော်နေမိတတ်ကြ၏။ ထို့အတူ အခြားအခြားသော လူ့အသိုင်းအ၀ိုင်းများလည်း မိမိတို့ ဖြစ်တည်နေသည့် ဘ၀တွင် အသီးသီး ပျော်ရွင်နေမိကြ၏။ ကြက်၊ ၀က် စသည့် တိရိစ္ဆာန်များလည်း အလားတူပင်။ အသက်ခံရမည့် အရေးတွေးမမြင်နိုင်သေးဘဲ ကျွေးသမျှလေးတွေ အပေါ်မှာ သာယာနေတတ်သည့် သဘောရှိ၏။ အစာများများစားရ၍ အသားတိုးလာသည့်အခါ ရောင်းစား၊ သတ်စားခံရမည်ကို မမြင်မိဘဲ အခိုက်အတန့် ကောင်းကောင်းစားရသည့် အပေါ်မှာသာ အငမ်းမရ စားနေမိတော့၏။ ဤသည်မှာ ဘ၀တဏှာ၏ သဘောပင် ဖြစ်၏။ ထိုတဏှာကြောင့်ပင် ဖြစ်သမျှဘ၀၊ ဖြစ်သမျှအခြေအနေတွင် အငမ်းမရ တွယ်တာနေတတ်ကြ၏။ မိမိဖြစ်ချင်သကဲ့သို့ ဖြစ်ခွင့်မရှိဘဲ သူဖြစ်ချင်သလို ဖြစ်နေသည့် သဘောကို ဒုက္ခဟု မမြင်ဘဲ သုခဟု မြင်နေသဖြင့် ဖြစ်သမျှအခြေအနေတွင် ပျော်မွေ့နေတတ်ခြင်း ဖြစ်၏။ တဒင်္ဂသာယာမှုအပေါ် ထာဝရဟုထင်ကာ ဒုက္ခဖြစ်ကြောင်း တဏှာမှ ရုန်းထွက်နိုင်အောင် မကြိုးစားကြဘဲ တဏှာ၏ သားကောင်အဖြစ်ကိုသာ လိုလားနေကြသဖြင့် ဒုက္ခပင်လယ်ဝေမှုသည် အဆုံးမသတ်နိုင်ဘဲ ဖြစ်နေကြတော့၏။

ဘ၀တဏှာကြောင့် ဖြစ်သမျှ ဘ၀တွင် သာယာပျော်ရွှင် နေတတ်သည့် သဘောကို ဖော်ညွှန်းပြထားသည့် ၀တ္ထုလေးတစ်ပုဒ် ဖတ်ဖူး၏။ ရှေးအခါက ကာသိတိုင်း ပါဋလိမြို့ကို စိုးစံအုပ်ချုပ်သည့် အဿက အမည်ရှိ ရှင်ဘုရင်းကြီးတွင် ဥပရိ အမည်ရှိ မိဖုရားတစ်ပါး ရှိ၏။ ထိုမိဖုရားသည် ရုပ်ရည်အဆင်း အလွန်လှပပြီး ရှင်ဘုရင်၏ အသည်းစွဲ ဖြစ်သည်နှင့်အမျှ မာနလည်း အလွန်ကြီးသည်ဟု ဆို၏။ ထို့ကြောင့်လည်း အလှမာန်တက်က မည်သူ့ကိုမျှ တလေးတစား အရေးတယူ မရှိလှပေ။ မာန်မာန အားကြီးပြီး ထိုအလှအပေါ်တွင်သာ ယစ်မူးနေသဖြင့် ကုသိုလ်ကောင်းမှုလည်း ပြုလုပ်ခြင်း မရှိပေ။ နောက်ဆုံးတွင် ဥပရိ မိဖုရားကြီးသည် ရုတ်တရက် သေဆုံးသွားခဲ့လေ၏။ ကုသိုလ်ကောင်းမှုမရှိ မာန်မာနဖြင့်သာ အချိန်ကုန်ခဲ့သဖြင့် သေသည့်အခါ နွားချေပိုးအဖြစ် ပြန်လည်ဖြစ်ခဲ့တော့၏။ မာန၏ ကြောက်စရာ အကျိုးပေးပင် ဖြစ်ပါ၏။ မာနကြီးလျှင် အမျိုးဇာတ်ယုတ်ညံ့တတ်သည်ဟု ဆိုသည့်အတိုင်း အယုတ်ညံ့ဆုံး အမျိုးဇာတ်အဖြစ် တိရစ္ဆာန်ဘ၀တွင် မေးဖွားခဲ့ရ၏။ အဿကဘုရင်ကြီးသည် မိဖုရားအပေါ် အလွန်သံယောဇဉ် ကြီးသူဖြစ်သည့်အလျှောက် မိဖုရားကြီး ဆုံးပြီးနောက်ပိုင်းတွင်လည်း ထိုသံယောဇဉ်စိတ်ဖြင့် မအိပ်နိုင်မစားနိုင် တမိုင်မိုင်သာ ဖြစ်နေတော့၏။ မင်းကြီး၏ အခြေအနေကို ကြည့်ပြီး မှူးမတ်များမှာ ရှင်ဘုရင် စိတ်သက်သာရေး ဆွေးနွေးတိုင်ပင်ရင်း နောက်ဆုံးတွင် ဟိမ၀န္တာအတွင်း တရားဓမ္မ အားထုတ်ကာ ဈာန်အဘိညဉ်တန်ခိုးနှင့် ပြည့်စုံသည့် ဘုရားလောင်း ရသေ့ကို သတိရပြီး ဘုရင်ကြီးအနေဖြင့် မိဖုရားအပေါ် သိပ်စွဲလန်းနေလျှင် မိဖုရားကြီး မည်သည့်ဘ၀တွင် ဖြစ်နေသည်ကို မေးမြန်းလျှောက်ထားရန် အကြံပြု၍ ဘုရားလောင်း ရသေ့ထံ ခေါ်ဆောင်သွားလေ၏။

ဘုရားလောင်း ရသေ့ထံ ရောက်သည့်အခါ အဿက ဘုရင်ကြီးက “အရှင်ရသေ့ အနေဖြင့် ကျွန်ုပ်၏ မိဖုရားကြီး ဘယ်ဘ၀မှာ ဖြစ်နေတယ်ဆိုတာ ပြောပေးပါ“ဟု လျှောက်ထားရာ ဘုရားလောင်းရသေ့က “မိဖုရားကြီး ဖြစ်နေသည့်ဘ၀ကို ဘုရင်ကြီးကိုယ်တိုင် တိုက်ရိုက်စကား ပြောစေပါမည်“ဟု ဆိုကာ နွားချေးပိုးဖြစ်နေသည့် မိဖုရားကြီးကို အဘိညဉ်တန်ခိုးဖြင့် ထင်ရှားစေကာ စကားပြောစေ၏။ ထိုအချိန်တွင် မိဖုရားကြီးတစ်ဖြစ်လဲ နွားချေးပိုးမမှာ ဘ၀တူ နွားချေးပိုးနှင့် အတူပျော်မွေ့နေ၏။ နွားချေးပိုးဖြစ်နေသည့် မိဖုရားကိုကြည့်ကာ အဿက ဘုရင်ကြီးမှာ မယုံနိုင်စရာ ဖြစ်နေသော်လည်း ပိုးမနှင့်တိုက်ရိုက် စကားပြောကြည့်သည့်အခါ မိမိ၏ မိဖုရားကြီး ဖြစ်နေသည်ကို လက်ခံသွား၏။ ဘုရင်ကြီးသည် အသက်နှင့်ထပ်တူ ချစ်လှသည့် မိဖုရားကြီးအနေဖြင့် လူ့ဘ၀တုန်းက လိုပင် သူ့အပေါ် ချစ်မချစ် သိလိုလှပေ၏။ ထို့ကြောင့် နွားချေးပိုးမအား “အသင်သည် လူ့ဘ၀က ဘ၀ကျင်ဖော်ဖြစ်ခဲ့သည့် ငါလိုရှင်ဘုရင်နှင့် အခု နွားချေးပိုးမဘ၀တွင် အတူနေထိုင်သည့် နွားချေးပိုးအထီး နှစ်ဦးအနက် ဘယ်သူကို ပိုချစ်သလဲ”ဟု မေးလေ၏။ ထိုအခါ နွားချေးပိုးမက “အရှင်မင်းကြီး လူ့ဘ၀ကလည်း လူ့ဘ၀အလျှောက် အရှင်မင်းကြီးအပေါ် သံယောဇဉ်ရှိပါတယ်၊ အခု နွားချေးပိုးဘ၀မှာတော့ အရှင်မင်းကြီးထက် ဒီနွားချေးပိုး အထီးကို ပိုပြီးချစ်ပါတယ်၊ အရှင်မင်းကြီး လူ့ဘ၀မှာ လူ့အသုံးအဆောင်များဖြင့် စည်းစိမ်အပြည့် ရှိနေသလို နွားချေးပုံထဲမှာ ဖြစ်နေတဲ့ နွားချေးပိုးမ အဖြစ်ဟာလည်း အစစအရာရာ ပြည့်စုံပါတယ်၊ ဒီနွားချေးပိုးဘ၀မှာပဲ ပျော်ပါတယ်…” စသည်ဖြင့် အဖြေပေးလိုက်လေ၏။ အဿကဘုရင်ကြီးမှာ သူ့က ချစ်သလောက် မိဖုရားကြီးဟာ သူ့အပေါ် မချစ်ပါလားဟု တွေးကာစိတ်မကောင်း ဖြစ်ခဲ့ရသေး၏။ ဘုရင်ကြီး၏ အခြေအနေကို ကြည့်ကာ ဘုရားလောင်း ရသေ့က ဖြေတရားဟောခဲ့၏။

“အရှင်မင်းကြီး… ဘာမှ စိတ်မကောင်း မဖြစ်ပါနဲ့၊ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်၊ သတ္တ၀ါတိုင်းမှာ ရှိနေကြတဲ့ တဏှာရဲ့ သဘောပဲ ဖြစ်ပါတယ်၊ တဏှာဟာ သတ္တ၀ါတွေကို ဖြစ်လေရာဘ၀မှာ ရုန်းမထွက်နိုင်အောင် ချည်နှောင် တွယ်ပတ်ထားတဲ့ သဘောရှိတဲ့အတွက် သတ္တ၀ါတိုင်းဟာ ဖြစ်ရာဘ၀၊ ရရာဘ၀မှာ ဖြစ်သမျှ ရသမျှနဲ့ ကျေနပ်နေကြခြင်း ဖြစ်ပါတယ်၊ ဒီလို ဖြစ်နေသမျှ ဘယ်ဘ၀ရောက်ရောက် တဏှာရဲ့ ချုပ်နှောင်မှုဖြင့် ဖြစ်သမျှနေရာမှာ တွေ့သမျှ အရာတွေနဲ့ တွယ်နှောင်ရစ်ပတ်နေကြဦးမှာ ဖြစ်ပါတယ်၊ ဒီတဏှာ ရှိနေသမျှ ဒုက္ခကိုယ်စီ ရှိနေကြဦးမှာ ဖြစ်ပါတယ်၊ ဒီတဏှာရဲ့ ချည်နှောင်မှုမှ ရုန်းထွက်နိုင်မှသာ ဒုက္ခအပေါင်းမှ ကင်းငြိမ်းမှာ ဖြစ်တဲ့အတွက် ဘုရင်းကြီးအနေနဲ့ ငါ့ကောင်းသလောက် သူမကောင်းဘူး ငါချစ်သလောက် သူမချစ်ဘူးဆိုတဲ့ သမုဒယ တဏှာဦးစီးထားတဲ့ အတွေးများ၊ ရစ်ပတ်ထားတဲ့ လောဘတဏှာ သံယောဇဉ်များမှ ရုန်းထွက်နိုင်အောင်သာ ကြိုးစားပြီး တဏှာကင်းရာ နိဗ္ဗာန်သို့ သွားနိုင်အောင်သာ အမြန်ဆုံး အားထုတ်သင့်ပါတယ်…” စသည်ဖြင့် ဘုရားလောင်း ရသေ့မှ အဿက ဘုရင်ကြီးအား တရားစကား ဟောကြားတော်လိုက်၏။ ထိုအခါမှသာ ဘုရင်ကြီးလည်း စိတ်သက်သာရာ ရသွားပြီး နန်းတော်သို့ ပြန်လည်ကြွသွားလေတော့၏။

အထက်ပါ ၀တ္ထုဇာတ်ကြောင်းကို ကြည့်ပါက တဏှာ၏ သဘောကို ကောင်းစွာနာလည်နိုင်မည် ဖြစ်၏။ သတ္တ၀ါတို့သည် ဖြစ်လေရာ ဘ၀မှာ ပျော်နေတတ်သည်ကို ထင်ထင်ရှားရှား သိနိုင်မည်ဖြစ်၏။ မိမိတို့ လက်တွေ့ဘ၀တွင်လည်း ထိုသဘောများကို ကြုံတွေ့ဖူးကြမည် ဖြစ်၏။ ဖြစ်သမျှနေရာ ရသမျှအရာ တွေ့သမျှ သူတွေအပေါ် သံယောဇဉ်ဖြစ်ကာ ပျော်မွေ့နေတတ်ကြသဖြင့် ဒုက္ခကို ဒုက္ခဟု မမြင်ဖြစ်နေကြသည်ကို နားလည်နိုင်မည်ဖြစ်၏။ တစ်ခါတစ်ရံ အချို့သူများသည် မိမိက သံယောဇဉ်ထား အလေးထားသော်လည်း မိမိကွယ်ရာတွင် အခြားသူတစ်ဦးနှင့် ပျော်မွေ့နေတတ်၊ မိမိအပေါ် မေ့နေတတ်သည်ကို ကြုံဖူးကြမည်ဖြစ်၏။ ထို့အတူ မိမိကိုယ်တိုင်လည်းပဲ အခြားတစ်နေရာ အခြားသူတစ်ဦးဦး အခြားအရာ တစ်ခုခုအပေါ်တွင် သာယာနေပြီး ထိုအခြေအနေများအပေါ်တွင် ကျေနပ်နေတတ်သည်လည်း ရှိတတ်၏။ မိမိအနေဖြင့် ဖြစ်လေရာ ဘ၀တွင် သာယာနေတတ်သော်လည်း မိမိက တွယ်တာမိသည့် သူ၊ တွယ်တာမိသည့် အရာကိုကား အခြားသူများနှင့် ပျော်ရွှင်နေမှုကို မလိုလားတတ်ပေ။ မိမိကိုသာ သံယောဇဉ်ဖြစ်စေချင်၏။ တွယ်တာစေချင်၏။ သို့သော် ဖြစ်မလာခဲ့ပေ။ ထိုသို့လိုလားသော်လည်း မဖြစ်သည့်အခါ အလိုမကျဖြစ်ခြင်း၊ စိတ်လိုက်မာန်ပါပြုခြင်း၊ ဒေါသထွက်ခြင်း၊ ယူကြုံးမရဖြစ်ခြင်း၊ သောကဖြစ်ခြင်း၊ နောင်တဖြစ်ခြင်းများဖြင့် ဘ၀ကို ဒုက္ခတွေဖြင့်သာ ပြည့်စေလေတော့၏။ ထိုဒုက္ခအားလုံး၏ အရင်းခံကား သံယောဇဉ် အနှောင်အဖွဲ့နှင့် တဏှာ၏ ချည်နှောင်မှုကြောင့်ပင် ဖြစ်၏။ သို့သော် သတ္တ၀ါတို့သည် ထိုသဘောကို သဘောပေါက်ကာ ထိုတဏှာ၏ လွတ်ရာသို့ ရုန်းထွက်ရန် မကြိုးစားကြဘဲ တဏှာ၏ ချည်နှောင်မှု အတိုင်းသာ လိုက်နေမိကြတော့၏။ စင်စစ် ထိုဒုက္ခ အားလုံး၏ တရားခံကား ဖြစ်သမျှကို တွယ်တာစေတတ်၊ ကပ်ငြိစေတတ်၊ သံယောဇဉ်ဖြစ်စေတတ်သည့် ဘ၀နိကန္တိက လောဘတဏှာကြောင့်ပင် ဖြစ်၏။

တွယ်တာမှု တဏှာသည် သတ္တ၀ါတို့အား ဒုက္ခကိုသာ တိုးစေသဖြင့် ထိုတဏှာကို ပယ်သတ်ရပေမည်။ တဏှာ၏ ချည်နှောင်မှုမှ ရုန်းထွက်ရပေမည်။ ထိုတွယ်တာမှုကို အရိယာမဂ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ တဏှာ၏ နှောင်ဖွဲ့မှုမှ ရုန်းထွက်ရန် မဖြစ်နိုင်သေးပေ။ ထို့ကြောင့် သတ္တ၀ါတို့သည် ဘ၀တဏှာတည်းဟူသော အနှောင်အဖွဲ့ သံယောဇဉ်ကို ပယ်သတ်၍ တဏှာ၏ ချည်နှောင်မှုမှ ရုန်းထွက်နိုင်ရန် တစ်ခုတည်းသော လမ်းစဉ်ဖြစ်သည့် တဏှာကင်းရာသို့သွားရာ မဂ္ဂင်ရှစ်ပါးလမ်းကို လျှောက်လှမ်းရန် လိုအပ်ပေ၏။ ထိုလမ်းကို လျှောက်လှမ်းနိုင်ရန် သတိကို အခြေပြုထားသည့် ဉာဏ်နှင့်ယှဉ်သည့် သတိပဋ္ဌာန် ၀ိပဿနာကျင့်စဉ်ကို အချိန်ရှိခိုက် လုံ့လဆိုက်ကာ အားထုတ်ရန် လိုအပ်လှပေ၏။ ဤသို့မှ မလုပ်နိုင်လျှင် တဏှာ၏ ချယ်လှယ်မှုမှ ရုန်းထွက်နိုင်ရန် မဖြစ်နိုင်သေးပေ။

ထို့ကြောင့် ဒုက္ခပေါင်းစုံနှင့် တွေ့ကြုံခံစားနေရသည့် သတ္တ၀ါအပေါင်းတို့သည် တွယ်တာမှု သမုဒယ တဏှာ၏ ချည်နှောင်မှုကြောင့် ဖြစ်ပေါ်နေရသည့် ထိုဒုက္ခအပေါင်းမှ ကင်းဝေးနိုင်စေရန်အတွက် လက်ရှိမိမိတို့ ရရှိကျင်လည်နေရသည့် ဘ၀အသီးသီးတွင်သာ ပျော်မွေ့မနေကြဘဲ ထိုထိုဘ၀ အသီးသီးမှ တဏှာကင်းရာလမ်းသို့ အမြန်ဆုံး လျှောက်လှမ်းနိုင်ရန် အချိန်ရှိခိုက် ရုန်းထွက်လိုက်ကြရန်နှင့် တွယ်တာမှု သံယောဇဉ်မှန်သမျှသည် မည်သည့်အခါမျှ သတ္တ၀ါတို့ကို အေးမြမှုကို ပေးနိုင်သည့်အရာ မဟုတ်ကြောင်း ကောင်းစွာသဘောပေါက်ပြီး ထိုသံယောဇဉ်များကို အမြန်ဆုံး ဖြတ်နိုင်ရန်သာ ကြိုးစားသင့်ပါကြောင်း အသိပေးစကား ပြောကြားလိုက်ရပါပေ၏။

Read more »

ပျက်စီးချိန်တန်သော်…

“ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်ဆီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)

လောကသားတိုင်း ရှောင်လွဲမရ မဖြစ်မနေ ကြုံတွေ့ရမည့် တရားတစ်ခုကား အတက်အကျ၊ အနိမ့်အမြင့် ဟူသော လောကဓမ္မခေါ် လောကဓံတရားပင် ဖြစ်၏။ မည်သည့်အရာမျှ အမြဲမရှိဟူသော လောကနိယာမ အတိုင်းပင် လောကရှိ အရာအားလုံးသည် တစ်တသမှတ်တည်း အမြဲတည်တံ့နေသည်ဟူ၍ မရှိပေ။ အဆိုးရှိသကဲ့သို့ အကောင်းလည်း ရှိ၏။ အနိုင်ရှိသကဲ့သို့ အရှုံးလည်းရှိ၏။ ချမ်းသာရှိသကဲ့သို့ ဆင်းရဲလည်းရှိ၏။ အတက်ရှိသကဲ့သို့ အကျလည်းရှိ၏။ အဖြစ်ရှိသကဲ့သို့ အပျက်လည်းရှိ၏။ ဤကား မည်သူမဆို ကြုံတွေ့ရမည့် သဘောတရားများ ဖြစ်၏။ မိမိတို့လက်ရှိ ရရှိထားသည့် ဘ၀အခြေအနေတွင် မြင့်နေရာမှ နိမ့်သွားသည်များ ရှိနိုင်၏။ ရှိနေရာမှ မရှိသည်နှင့်လည်း ကြုံတွေ့နိုင်၏။ ကောင်းနေရာမှ အဆိုးဘက်သို့လည်း ရောက်သွားနိုင်၏။ အဆိုးဘက်သို့ ဦးတည်လာနေလျှင် မိမိကိုယ်တိုင် သတိပြုဆင်ခြင်ပြီး ရောက်ရှိလာမည့် အဆိုးများ အလွန်ဆိုးဆိုးဝါးဝါးကြီး ဖြစ်မသွားစေရန် ကြိုးစားအားထုတ်ရ၏။ ထိုသို့ အဆိုးဘက်၊ အပျက်ဘက် ဦးတည်လာသည့် အကျပိုင်းများ ရောက်လာသည့်အခါ ကြိုတင်ပြင်ဆင်မှုမရှိ ခံနိုင်ရည် မရှိဘဲ သတိလက်လွတ် နေမိပါက မိမိကိုယ်တိုင် အမှားလမ်းကို အမှန်ထင်ကာ ဇွတ်အတွင်း လျှောက်လှမ်းမိတတ်၏။ ထိုအခါ ပျက်ဆီးရန်လမ်းစလည်း တဖြည်းဖြည်းတိုးလာကာ အဆိုးဆုံးသော ပျက်စီးမှုဘက်သို့ ဦးတည်လာပြီး အပြောအဆို အလုပ်အကိုင် အကြံအစည်များသည်လည်း အမှားမှားအယွင်းယွင်း ဖြစ်လာတတ်၏။ နောက်ဆုံးတွင်ကား ဘုရားပင်လျှင် ကယ်မရသည့်သူများအဖြစ် ရောက်ရှိပျက်စီး သွားတတ်၏။


မှန်၏။ လောကတွင် ထိုသို့ သတိမမူမိသဖြင့် မြင့်ရာမှ နိမ့်ရာသို့ ဆိုးဆိုးဝါးဝါး ကျရောက်သွားသူများကို တွေ့ဖူးကြမည်ဖြစ်၏။ အကောင်းဆုံးများ ကြုံနေရာမှ အဆိုးဆုံးသို့ ရောက်ရှိပျက်စီးသွားသူများကို ကြုံဖူးကြမည် ဖြစ်၏။ မိမိကိုယ်တိုင် ကိုယ်တွေ့ကြုံဖူးကြသူများ ရှိသကဲ့သို့ မိမိနှင့်သက်ဆိုင်သည့် မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်သွားသည်ကိုလည်း ကြုံဖူးကြမည်ဖြစ်၏။ သေချာသည်မှာ လောကဓံဒီလှိုင်း ရိုက်ပုတ်သည့်အချိန် သတိလက်လွတ်ဖြစ်ခဲ့သဖြင့် အမှန်အမှား မခွဲခြားနိုင်ဘဲ အမှားလမ်းကို ဇွတ်အတင်း တိုးဝင်မိသဖြင့် အထိနာခဲ့ကြခြင်းဖြစ်၏။ အကယ်၍ သတိလက်လွတ် မဖြစ်ဘဲ “ဒါဟာလောကဓံ တရားပဲ၊ အချိန်တန်ရင် ပြီးသွားမှာပဲ“ဟူသော အသိဖြင့် မည်မျှပင် ကံနိမ့်နေပါစေ မိမိလုပ်ရမည့် ကောင်းသည့်အလုပ်များကိုသာ အဆက်မပြတ် ကြိုးစားအားထုတ်နိုင်ပါက ကျသော်လည်း အကျနာမည် မဟုတ်ပေ။ ပျက်သော်လည်း အပျက်ဆိုးမည် မဟုတ်ပေ။ ထို့ကြောင့် ပညာရှင်များက “ဘာပဲဖြစ်ဖြစ် သတိလက်မလွတ်စေနှင့်”ဟု ဆိုကြခြင်းဖြစ်၏။

သို့သော် မောဟအမိုက် ဖုံးလွှမ်းနေသည့် သတ္တ၀ါများကား ထိုသဘောကို သတိမပြုမိဘဲ ရှိနေတတ်၏။ အမှန်ကို မမြင်နိုင်သည့် မသိမှု အ၀ိဇ္ဇာ အားကြီးလှသဖြင့် အမှားလမ်းကိုသာ ဇွတ်အတင်း တိုးဝင်နေမိတတ်၏။ ပျက်စီးရန် အချိန်ကျလာလျှင်ကား သတ္တ၀ါတို့သည် ထိုသို့ဖြစ်တတ်၏။ လူဖြစ်စေ၊ ရဟန်းဖြစ်စေ ပျက်စီးချိန်တန်လာလျှင် မည်သူကပင် သတိပေးပြောဆို တားမြစ် ဆုံးမပါသော်လည်း နားမ၀င်ဘဲ မိမိလုပ်သမျှ အပြုအမူ အနေအထိုင် အပြောအဆိုများကိုသာ အမှန်ထင်နေတတ်၏။ ထို့ကြောင့်လည်း နောက်ဆုံးတွင် မြင့်ရာမှ နိမ့်ရာသို့ ကျရောက်ပျက်ဆီးသွားပြီး ဒုက္ခများဖြင့်သာ ကျင်လည်နေသူများ အဖြစ်သို့ ရောက်ရှိသွားလေတော့၏။ မန်လည်ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် ထိုသူများသည် “အဆိုအသွား အမှားမှားဖြင့် ဘုရားသော်မှ ဟောမရသည့် သူများအဖြစ်” ရောက်ရှိသွားတော့၏။

စာရေးသူတွင် နှစ်ပေါင်းအတော်ကြာကြာ အတူစား အတူလာ စိတ်တူသဘောတူ ပေါင်းသင်းနေထိုင်ခဲ့ကြသည့် သူငယ်ချင်း နှစ်ပါးရှိခဲ့ဖူး၏။ တစ်ပါးက စာရေးသူထက် ၂-နှစ်ကြီးပြီး တစ်ပါးက ၂-နှစ်ငယ်၏။ အကြီးသည် အင်္ဂါသားဖြစ်ပြီး အငယ်သည် ကြာသာပတေးသား ဖြစ်ကာ စာရေးသူက ဗုဒ္ဓဟူးသား ဖြစ်၏။ တက္ကသိုလ်မှာ လာရောက်ဆုံတွေ့ကြသည့် စာရေးသူတို့ သုံးဦးသည် အတွဲညီလှ၏။ စိတ်တူကိုယ်တူဖြင့် မရှိအတူ ရှိအတူ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီခဲ့ကြ၏။ ထို့ကြောင့်လည်း စာရေးသူတို့ သူငယ်ချင်းသုံးဦးကို ကြည့်ကာ အများက အားကျခဲ့ကြ၏။ စာရေးသူတို့ကို အတုယူကာ စံထားကြ၏။ “ကလျာဏ မိတ္တဆိုတာ အဲဒီလို ဖြစ်နေရမှာ”ဟု စာရေးသူတို့ကိုကြည့်ကာ သာဓကပြုကြ၏။ စာရေးသူတို့ သုံးဦးသည် အများအမြင် ကပ်လောက်အောင်ပင် အတွဲညီခဲ့ကြ၏။ သို့သော် ယခုမူ အကြီးအငယ် ထိုသူငယ်ချင်း နှစ်ဦးကား ပျက်စီးသွားခဲ့လေပြီ။ အကြီးဖြစ်သူသည် အရှင်ပျက်ပျက်သွားခဲ့ပြီး အငယ်ဖြစ်သူသည်ကား အသေပျက် ပျက်သွားခဲ့၏။ အကြီးကား အသက် ၃၁နှစ်လောက်တွင် မြင့်မြတ်သည့် ရဟန်းဘ၀မှ နိမ့်ကျသည့် လူအဖြစ်ပြောင်းလဲကာ လူထွက်သွားသဖြင့် မြင့်မြတ်သည့် ရဟန်းဘ၀ ပျက်စီးသွားခဲ့ပြီး အငယ်ကား အသက် ၃၁နှစ်အရွယ် ၁၂ပိုင်း ၂၀၀၈ခုနှစ်က အသည်းကင်ဆာဖြင့် ပျံလွန်တော်မူသွားသဖြင့် ရဟန်းဘ၀ပင်မဟုတ် လူ့ဘ၀ပါ ပျက်စီးသွားခဲ့၏။ အကြီးသူငယ်ချင်း ရဟန်းမှာ အငယ်ထက် အရင်စောပြီး လူထွက်သွားကာ ရဟန်းဘ၀ ပျက်စီးခဲ့၏။

လူထွက်သွားသည့် အကြီးသူငယ်ချင်းသည် အခြားကြောင့် မဟုတ်၊ မာတုဂါမကြောင့် ဖြစ်၏။ သူလူမထွက်ခင်က စာရေးသူတို့နှစ်ပါး လူမထွက်ဖို့ သူ့ကို အမျိုးမျိုး တာမြစ်ခဲ့ကြ၏။ အမျိုးမျိုး နာအောင်ပြောခဲ့ကြ၏။ စာရေးသူဆိုလျှင် အမုန်းခံပြီး အမျိုးမျိုးခိုင်းနှိုင်းပြောဆို တားမြစ်ခဲ့၏။ မည်သို့မျှ မရခဲ့ပေ။ မဘက်လိုက်တော့ မိုက်ဘက်ပါဆိုသကဲ့သို့ မာတုဂါမ၏ အစွမ်းက မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း အစွမ်းထက် ပိုအားကောင်းခဲ့၏။ မောဟအမှောင် အားကြီးလာလျှင် အမေပြောလည်းမရ၊ အဖေပြောလည်းမရ၊ နောက်ဆုံး ဘုရားပြောသော်လည်း ရမည်မဟုတ်ပေ။ သူဆိုလျှင် အမေတစ်ခု သားတစ်ခုဘ၀မှ ရဟန်းဖြစ်လာသူ ဖြစ်၏။ မိခင်ကြီးမှာ ကုန်စိမ်းရောင်းပြီး သားရဟန်း လိုလေသေးမရှိရလေအောင် ပစ္စည်းလေးပါး ထောက်ပံ့မှုကို ပြုပေးနေသူဖြစ်၏။ ထိုမိခင်ကြီးလည်း သူမမြင်တော့ပေ။ နောက်ဆုံး အားလုံးက လက်လျှော့လိုက်ရတော့၏။ ထိုအခါမှ “လောကမှာ ပျက်ဆီးချိန်တန်လျှင် ဘုရားရှင်သော်မှလည်း မတားမြစ်နိုင်” ဆိုသည်ကို ကောင်းစွာ သဘောပေါက်ခဲ့၏။ ထိုသူငယ်ချင်းကား အမှားကို အမှန်ထင်ပြီး စာရေးသူတို့ မည်မျှပင် ပြောဆိုသော်လည်း နားမ၀င်ဘဲ နောက်ဆုံးတွင် စာရေးသူတို့ကိုပင် ရှောင်သွားတော့၏။ ရဟန်းဘ၀ ပျက်စီးသွားသည့် သူငယ်ချင်းအဖြစ်ကို ကောက်ချက်ချကြည့်ပါက အခြားကြောင့်မဟုတ် မာတုဂါမကြောင့်ပင် ဖြစ်၏။ မှန်၏။ “ပစ္စည်းမာတု ဤနှစ်ခု ဘိက္ခု သေမင်း ဓားနှစ်စင်း“ ဟု ဆိုသည့်အတိုင်း ရဟန်းတော်များ၏ အန္တရာယ်မှာ ပစ္စည်းလာဘ်လာဘနှင့် မာတုဂါမပင် ဖြစ်၏။ ထိုသူငယ်ချင်းကား မာတုဂါမ ဖျက်စီးသဖြင့် ရဟန်းဘ၀မှ လူ့ဘ၀သို့ ပြောင်းလဲပျက်စီးခဲ့၏။ မြင့်ရာမှ နိမ့်ရာသို့ ကျရောက်သွားခဲ့၏။ မာတုဂါမ ဖျက်၍ပျက်သည်ဟု ဆိုက တစ်ဘက်သတ် ကျနေပေမည်။ စင်စစ် လက်ခုပ်ဟူသည် နှစ်ဖက်တီးမှ မည်သည်ဟု ဆိုသကဲ့သို့ပင် ရဟန်းလည်းမှား လူလည်းမှားသောကြောင့်သာ ဖြစ်၏။ လူလည်း သတိမရှိ အသိမ၀င် ဖြစ်ခဲ့သကဲ့သို့ ရဟန်းလည်း မိမိရဟန်းဟူသည့် အသွင်ကို မေ့ခဲ့သောကြောင့်သာ ဖြစ်ပါ၏။ ယခုမူ ထိုသူငယ်ချင်းကား ကလေးနှစ်ယောက်နှင့် ဒုက္ခပင်လယ်ဝေနေခဲ့သည်ဟု ကြားရသဖြင့် စိတ်မကောင်း ဖြစ်ခဲ့ရ၏။ စာရေးသူမှာ သူငယ်ချင်းနှစ်ပါး ရှိသော်လည်း နှစ်ပါးလုံး အရှင်ပျက်နှင့် အသေပျက် ပျက်သွားကြသဖြင့် အလွန်ထိတ်လန့် ခဲ့ရပြီး မိမိအလှည့်တွင်ကား လောကဓံသဘောအရ အပျက်များ ရောက်လာတတ်သော်လည်း အပျက်မနာရန်၊ အကျမနာရန်သာ သတိပြု ဆင်ခြင်နေနေရပေ၏။

ဤနေရာတွင် စာရေးသူ ဆိုလိုသည်မှာ ပျက်စီးချိန်တန်လျှင် မည်သူမျှ တားမရနိုင်ဟူသည့် အချက်ပင်ဖြစ်၏။ ထိုသဘောကို ထင်ရှားစေလို၍သာ မိမိ၏ လက်တွေ့ဘ၀ အတွေ့အကြုံများဖြင့် သာဓကပြခြင်းသာ ဖြစ်၏။ လူထွက်သွားသည့် သူငယ်ချင်းနှင့် ပျံလွန်တော်မူသွားသည့် သူငယ်ချင်းတို့အား အသုံးချခြင်း မဟုတ်သည်ကို သိစေလို၏။ စင်စစ် ထိုနှစ်ပါးလုံးသည် အချိန်တန်သဖြင့်သာ ပျက်စီးသွားကြခြင်း ဖြစ်၏။ ကံစွမ်းကုန်သွား၍သာ ဘ၀ပြောင်း သွားကြခြင်းဖြစ်၏။ ပျံတော်မူသွားသည့် အရှင်သည် သက်တမ်းမကုန်သေးသော်လည်း ကံစွမ်းကုန်သွားသဖြင့် ပျက်စီးသွားခြင်းဖြစ်ပြီး လူထွက်သွားသည့် အရှင်သည်ကား ရဟန်းဘ၀ဖြင့် နေရမည့် ကံစွမ်းကုန်သွားသဖြင့် ရဟန်းဘ၀ ပျက်စီးသွားခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ နှစ်ပါးလုံးသည် ပျက်စီးချိန်တန်သဖြင့် ပျက်စီးသွားခြင်း ဖြစ်သည်ဟုသာ မိမိကိုယ်ကို မိမိဖြေဆည်နေမိသည်ကား အမှန်ပင်ဖြစ်ပါ၏။

စာရေးသူကဲ့သို့ပင် အခြားသူများလည်း ထိုသို့ အလားတူ အဖြစ်အပျက်လေးများ ကြုံဖူးကြမည် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ ဖြစ်၏။ မည်သည့်အရာမဆို အကြောင်းတရားကင်း၍ အကျိုးတရားဖြစ်ရိုးထုံစံ မရှိပေ။ ပျက်စီးချိန်တန်၍ ပျက်စီးသည်ဟု ဆိုသော်လည်း ပျက်စီးခြင်းအကြောင်း တရားကြောင့်သာ ပျက်စီးသွားကြခြင်းဖြစ်၏။ ဘယ်သူမပြု မိမိမှုဟု ဆိုသည့်အတိုင်း မိမိ၏ အပြုအမူ အပြောအဆို အလုပ်အကိုင်များကြောင့်သာ ပျက်စီးကြခြင်းဖြစ်၏။ ယခုဘ၀ ပျကစဆီးရာ ပျက်စီးကြောင်း မည်သည့်အရာမျှ မလုပ်ဖူးသော်လည်း အတိတ်ဘ၀ တစ်ခုခုက ပြုလုပ်ခဲ့သည့် မိမိ၏လုပ်ရပ်များက ရှိနေသဖြင့် ထိုအကြောင်းတရားကြောင့် အကျိုးတရားအဖြစ် ယခုဘ၀တွင် ပျက်စီးနိုင်၏။ သို့သော် ကံဟူသည် အတိတ်ကံ ပစ္စုပ္ပန်ကံဟူ၍ ရှိသဖြင့် အတိတ်ကံ အကျိုးပေး ရှိနေသော်လည်း ပစ္စုပ္ပန်ကံ အားကောင်းနေလျှင် အတိတ်ကံ အကျိုးပေး အားနည်းတတ်ပြီး ပစ္စုပ္ပန်ကံ အားနည်းနေလျှင် အတိတ်ကံ အကျိုးပေး အားကောင်းတတ်၏။ ထို့ကြောင့် အချို့ အတိတ်အကုသိုလ်ကံ အကျိုးပေးသော်လည်း ပစ္စုပ္ပန်ကောင်းကံ အာကြီးသဖြင့် သေရမည့်အဖြစ်မှ ထိခိုက်ဒဏ်ရာ ရသည့်အဖြစ်လောက်သာ ခံရတတ်သည်လည်း ရှိ၏။ ထို့ကြောင့် ပစ္စုပ္ပန်တွင် ကောင်းကံများ များများဖြည့်ဆည်းထားပြီး မမေ့မလျော့ သတိရှိထားလျှင် ပျက်စီးချိန်တန်၍ ပျက်စီးတတ်သော်လည်း အဆိုးဆုံးအဖြစ်သို့ မရောက်နိုင်သည်ကို သဘောပေါက်ဆင်ခြင်ထားရန် လိုအပ်လှပေသည်။

အချုပ်အားဖြင့် ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စသည်တို့သည် လောကဓံတရားများ ဖြစ်သကဲ့သို့ အကြောင်းအကျိုး ဆက်စပ်နေသည့် တရားများလည်း ဖြစ်သဖြင့် အချိန်တန်လျှင် မလွဲမသွေ ကြုံတွေ့ရမည်ဟူသည်ကို နားလည်သဘောပေါက်ထားရန် လိုအပ်ပေ၏။ အပျက်မှသာမဟုတ် အဖြစ်လည်းပဲ အချိန်ကာလကျလာလျှင် ဖြစ်လာတတ်၊ ရောက်လာတတ်သည်ကို သိရှိကာ အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဟူသည့် ခံယူချက်ဖြင့် အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်ရန်သာ ကြိုးစားကြရန် ဖြစ်ပါ၏။ ဤသို့ အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေး၏ အဓိက သော့ချက်ဖြစ်ပေ၏။ ထို့ကြောင့် ပျက်စီးချိန်တန်၍ ပျက်စီးနိုင်သော်လည်း ပျက်စီးမှုနှင့် ကြုံတွေ့သည့်အခါ မမေ့မလျော့ မပေါ့မဆသည့် သတိတရားဖြင့် ရဲရဲရင်ဆိုင် ကျော်လွားနိုင်လျှင် အထိနာ အကျနာ သက်သာနိုင်သဖြင့် ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်မှားဘဲ ကြိုးစားကျင့်ကြံ နေထိုင်ရန်သာ အကြံပြုလိုက်ပါသည်။ အားလုံး အမှတ်သတိ မပြတ်ရှိကြပါစေ…

Read more »


Recent Posts Widget | My blogger topic

RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

Recent Comments Widget

အမှတ်တရ ပုံရိပ်များ