Facebookက အမေးတစ်ပုဒ် (၂)

ဘုန်းဘုန်းရဲ့ facebook (http://www.facebook.com/ashinvicitta)မှာ တင်ထားတဲ့ “ကိုယ့်ကိုယ်ကို ပြန်သတ်ခြင်း” ဆိုတဲ့ ပို့စ်အောက်မှာ မေးထားတဲ့ အမေးလေးတစ်ပုဒ်ပါ။ စိတ်ဝင်စားစရာကောင်းပြီး သိသင့်တယ်ထင်လို့ ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။

မေး။ ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ ပတ်သက်ပြီး တပည့်တော် သိချင်တာလေး တစ်ခုကို မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။ အဲဒါ မမေးခင် လူ (သတ္တဝါ) ဟာ မိမိကိုယ်မိမိ အချစ်ဆုံးလို့ တပည့်တော် ကြားနာဖူးပါတယ် ဘုရား။ အဲဒါ မြတ်စွာဘုရားဟောတာ ဟုတ်မဟုတ် သိချင်ပါတယ်။ အကယ်၍ မြတ်စွာဘုရားက အဲလို ဟောခဲ့တယ်ဆိုရင် ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်တဲ့လူဟာ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကို သတ်သေရတာလဲ ဆိုတာသိချင်ပါတယ် အရှင်ဘုရား။ ပြီးတော့ မိမိကိုယ်မိမိ အချစ်ဆုံးပါဆိုတဲ့လူဟာ ဘာဖြစ်လို့ တစ်ခြားတစ်ယောက်အတွက် အသက်ပေးပြီး အသေခံ ကြပါသလဲ။ ဥပမာ တိုက်ပွဲတစ်ခုခုမှာ ကိုယ်အရမ်းလေးစား ချစ်ခင်ရတဲ့ ဗိုလ်ကြီးအတွက် အသက်ပေးပြီး အသေခံ ကာကွယ်တဲ့ရဲဘော်တို့၊ သားလေး ကားတိုက်ခံရမှာကို သားကိုတွန်းပြီး အစားဝင် ကားအတိုက်ခံပြီး သားအစား အသေဝင်ခံလိုက်တဲ့မိခင်တို့ အဲဒီအကြောင်းလေး တပည့်တော် သိချင်ပါတယ် အရှင်ဘုရား ဖြေကြားပေးတော်မူပါ။
သက်နိုင်

ဖြေ။ အတ္တသမံ ပေမံ နတ္ထိ - မိမိထက် ပိုပြီး၊ ဘယ်သူ့ကိုမှ၊ မချစ်နိုင်၊ မိမိကိုယ်ကို မိမိအချစ်ဆုံး ဆိုတဲ့ဘုရား စကားတော်ရှိပါတယ်။ ဒီစကားက ပုထုဇဉ်သတ္တဝါများ ဖြစ်တတ်တဲ့ သဘောကို ပြောထားတာ ဖြစ်ပါတယ်။ ပုထုဇဉ်သတ္တဝါတွေဟာ တဏှာမာနဒိဋ္ဌိ တရားများရဲ့ လွှမ်းမိုးမှုကြောင့် ကိုယ့်ကိုယ်ကိုသာ အမြဲရှေးတန်းတင်ကာ ကိုယ့်ကိုယ်ကို ဦးစားပေးမှုတွေ ရှိတတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ထင်နေတတ်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတဏှာမာနစတဲ့ တရားတွေကြောင့် မိမိရဲ့ရုပ်နာမ်တွေမှာ တဏှာနဲ့စွဲလမ်းချစ်ခင် တွယ်တာနေပြီး အဲဒီလို မိမိကိုယ်ကို ချစ်ခင်မှုကြောင့်ပဲ မိမိနဲ့ပတ်သက်ရာ၊ မိမိချစ်ခင်မြတ်နိုး လေးစားရာတွေမှာလည်း ချစ်ခင်တွယ်တာနေမိတော့တာ ဖြစ်ပါတယ်။ သတ္တဝါအများ ချစ်လေ့ရှိတာက ငါဆိုတဲ့အတ္တကို ချစ်နေကြတာ ဖြစ်ပါတယ်။ ဘုရားဖြစ်စေချင်တဲ့ အချစ်က အတ္တကုန်ရာ၊ တဏှာကုန်ရာကို ချစ်စေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က မိမိကိုယ်ကို တကယ်ချစ်တယ်လို့ဆိုရင် ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ရာ၏လို့ မိန့်တော်မူထားတာ ဖြစ်ပါတယ်။ ဒီစကားတော်က ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ကိုယ်ကို မကောင်းမှု ဒုစရိုက်တွေက ရှောင်ကြဉ်ပြီး အကျင့်သီလကို ကောင်းစွာစောင့်ထိန်းကာ ကိလေသာကုန်ရာကို သုတ်သင်ကြဖို့ တိုက်တွန်းတော်မူထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် လောကသားတွေကတော့ တဏှာပေမစတဲ့ စွဲလမ်းမှုတွေနဲ့ ကိုယ့်ကိုယ်ကို အချစ်ဆုံးဖြစ်အောင် လုပ်နေကြတဲ့ သဘောရှိပါတယ်။ ရုပ်နာမ်ခန္ဓာကြီးကို အချစ်ဆုံးဖြစ်အောင် လုပ်နေကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့စိတ်မှာ၊ ငါ့ခန္ဓာမှာ သောကတွေ ဒုက္ခတွေ ဖြစ်လာခဲ့ရင် မခံမရပ်နိုင်ဖြစ်ပြီး မထူးပါဘူးကွာဆိုကာ နောက်ဆုံးကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အထိ ဖြစ်ကြခြင်း ဖြစ်ပါတယ်။ ဒါဟာ ဒီခန္ဓာကြီးနဲ့ ဒီစိတ်ခံစားမှုကို ချစ်လွန်းလို့ ဖြစ်တာပါ။ သာမန်တွေးရင် ကိုယ့်ကိုယ်ကို ချစ်တဲ့သူက ဘာလို့ ကိုယ့်ကိုယ်ကို သတ်သေမှာလဲလို့ တွေးစရာရှိပါတယ်။ ဒီလိုချစ်လို့လည်း ဒီရုပ်နာမ်မှာ ဒီထက်ပိုပြီး ဖြစ်ပေါ်လာမယ့် ဒုက္ခတွေ မခံစားစေလို၊ မဖြစ်ပေါ်စေလိုလို့ ငါဆိုတဲ့တဏှာအစွဲ၊ ဒီရုပ်ဒီခန္ဓာပြတ်ရင် ပြီးတာပဲဆိုတဲ့ ဒိဋ္ဌိအစွဲစတာတွေကြောင့် ကိုယ့်ကိုယ်သတ်သေကြခြင်း ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေသွားသူ အတော်များများကို ကြည့်ရင်စိတ်ချမ်းသာလို့၊ ပျော်လို့၊ အယူအဆမှန်လို့ သတ်သေသွားကြတယ်ဆိုတာ မရှိပါဘူး။ ဒုက္ခများလို့၊ အယူမှားလို့ ဖြစ်တာတွေပဲ များနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ တကယ်ချစ်လို့မဟုတ်ပါဘူး။ မချစ်လို့ လုပ်ကြတာပါ။ တကယ်ချစ်ရင် ဒီဒုက္ခတွေဖြစ်စေတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိစတဲ့ တရားတွေကိုပဲ သတ်နိုင်အောင်ကြိုးစားကြမှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကို တဏှာနဲ့ စွဲလမ်းမှုတင် မလုံလောက်ဘဲ ကိုယ်ချစ်ရတဲ့သူ၊ ကိုယ်လေးစားရတဲ့သူ စတာတွေအထိ ဆက်စပ်ကာ စွဲလန်းတတ်တာတွေလည်း ရှိပါတယ်။

ဒါကြောင့် ဒီလိုငါစွဲလေးတွေကြောင့် ငါ့သားလေး တစ်ခုခုဖြစ်မှာကို စိုးရိမ်တာ၊ ငါ့ဆရာ တစ်ခုခုဖြစ်မှာကို စိုးရိမ်တာတွေဖြစ်ပြီး သူတို့တွေဘာမှ မဖြစ်အောင် ကာကွယ်လိုကြတာ ဖြစ်ပါတယ်။ ငါလေးတွေက ဦးစီးထားကြလို့ပဲဖြစ်ပါတယ်။ ကပ်ပြီးပြောကြေးဆိုရင် အဲဒီသူတွေ သူများသားသမီး အတွက်ဆို ကိုယ့်ကိုယ်ကို အသေခံမလား၊ သူများက လေးစားကြည်ညိုရတဲ့ သူများဆရာသမားအတွက်ဆို ဒီလို လုပ်နိုင်မလားဆိုတော့ ငါ့သားသမီးမှ မဟုတ်တာ၊ ငါ့ဆရာမှ မဟုတ်တာ စတာတွေ ဖြစ်ပေါ်လာတော့တာ ဖြစ်ပါတယ်။ ဒါဟာ ငါဆိုတဲ့ အတ္တကိုချစ်နေတဲ့ လွဲနေတဲ့ အချစ်လွဲကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ခုနပြောသလို အကျင့်သီလကို ကောင်းအောင်လုပ်ပြီး ကိလေသာ တဏှာကုန်ရာကိုပဲ ကြိုးစားကြမှာ ဖြစ်ပါတယ်။

Read more »

ကြားသိနေရ ရှတတ…

ဘာရယ်မဟုတ်ပါဘူး။ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ တွေ့ရမြင်ရ၊ ကြားရ၊ သိရတတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်ရတဲ့၊ စိတ်ထဲရင်ထဲမှာ ရှတတဖြစ်ရတဲ့ အကြောင်းလေးတွေ နည်းနည်း ပြောကြည့်မလားလို့ပါ။ ဒီလိုပြောလို့ လူ့ကိစ္စဝင်ရှုတ်တယ်ဆိုပြီး အပြစ်တင်ချင်သူတွေလည်း တင်ကြပါစေ၊ အပြစ်မြင်သူတွေလည်း မြင်ကြပါစေ၊ အပြစ်မြင်ပြီး ပြုပြင်သူတွေလည်း ပြင်ကြပါစေ၊ မပြုပြင်လို့ ဟိုထင်ဒီထင် ထင်မယ်ဆိုလည်း ထင်ကြပါစေပေါ့။ ဘုန်းဘုန်းကတော့ ကောင်းစေချင်တဲ့ စေတနာ အရင်းခံနဲ့ ဘုန်းဘုန်းတစ်သီး ပုဂ္ဂလ အနေနဲ့ တင်ပြသင့်တာလေးတွေ၊ အသိပေးသင့်တာလေးတွေတော့ အသိပေးရဦးမှာ ဖြစ်ပါတယ်။ အကောင်းမြင်လို့ ပြောင်းပြင်သွားသူ တစ်ယောက်နှစ်ယောက် စသည် ရှိသွားတယ်ဆိုရင်တော့ ဘယ်သူတွေဘာပြောပြော ဘုန်းဘုန်းအနေနဲ့ စာတွေရေးပေးနေရကျိုး၊ တစ်လုံးတစ်ပါဒ အသိမျှပေးရကျိုး နပ်ပြီလို့ ခံယူမိပါတယ်။ ဘယ်သူမှ ပြင်သူမရှိဘူးဆိုတော့လည်း ဖတ်မိသူတွေ ဗဟုသုတလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။

ပြောချင်တာက အမိနိုင်ငံတော်ကနေ ထွက်လာပြီးမှ သူများနိုင်ငံမှာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ ပြဿနာတွေပါ။ အဲဒီပြဿနာတွေကလည်း အလုပ်ထဲမှာ ဖြစ်တဲ့ပြဿနာ၊ အလုပ်ရှင်က ဖိနှိပ်လို့ ဖြစ်ရတဲ့ ပြဿနာတွေဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒီလိုကိစ္စမျိုး ဆိုရင်တော့ ဒါဟာ လူသားချင်း စာနာထောက်ထားမှု အပြင် လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးတွေအရ ပြောသင့်ပြောထိုက်၊ တိုင်သင့်တိုင်ထိုက်တာတွေ ဖြစ်လို့ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။ ပြဿနာက လုပ်ငန်းခွင် အပြင်မှာ ဖြစ်ကြတဲ့ ပြဿနာတွေပါ။ ဒီပြဿနာတွေကလည်း ဘယ်သူမှလုပ်လို့ ဖြစ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်လုပ်လို့ ဖြစ်ခဲ့ကြရတဲ့ ပြဿနာတွေပဲ ဖြစ်နေပြန်ပါတယ်။ အဲဒါကိုပဲ ဟိုဟာမကောင်းလို့၊ ဒါမကောင်းလို့၊ ဟိုလူကြောင့်၊ ဒီလူကြောင့် စသဖြင့် ဆိုလာပြန်တော့ ဘယ်သူ့ကိုဘယ်လိုသွားပြီး ဘာလုပ်ပေးရမှန်းကို မသိရတာတွေလည်း ရှိနေတတ်တဲ့ အဖြစ်ပါ။ ဆိုကြပါစို့။ အရက်ဆိုင်သွားပြီး အရက်အမူးလွန်ကာ ရန်ဖြစ်ပြီး အရိုက်ခံရတဲ့ ပြဿနာတွေ၊ ကာရာအိုကေခန်းသွားပြီး အပြန်လမ်းမှာ မူးယဇ်အော်ဟစ်နေတဲ့အတွက် သူများက တိုင်လို့ရဲစခန်းကို ရောက်ရတဲ့ ပြဿနာတွေ၊ လမ်းပေါ်မှာမူးပြီး လူမိုက်တွေက ရိုက်လို့အသားအနာခံကာ ပြန်လာရတဲ့ ပြဿနာတွေ၊ နိုက်ကလပ်မှာသွားပြီး ကခုန်သောက်စားကြပြီး ရန်ဖြစ်ရာက တစ်ယောက်နဲ့တစ်ယောက် ရိုက်ကြလို့ ကွဲကြပြဲကြ ရုံးရောက်ဂတ်ရောက်ကြရတဲ့ ပြဿနာတွေ စတာတွေဟာ ဘယ်သူကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချကြတာထက် အဓိကတရားခံကတော့ ကိုယ်ကအဲဒီလို နေရာမျိုးကို ရောက်သွားမိခဲ့ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တစ်ချို့လည်း ပြောတတ်ကြပါတယ်။ လူငယ်သဘာဝ အလုပ်ပင်ပန်းတော့ စိတ်ဖြေတတ်တဲ့ သဘောလေးတွေ ရှိတတ်တာပေါ့တဲ့။ ဒါလည်း မှန်ပါတယ်။ ဒါပေမယ့် ပြဿနာ မဖြစ်စေတဲ့ စိတ်ဖြေနည်းလေးတွေနဲ့ ဖြေမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သူများနိုင်ငံမှာလာပြီး ပြဿနာ ဖြစ်ရင်တော့ သူ့နိုင်ငံ သူ့စည်းကမ်းအတိုင်း အရေးယူခံရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါတောင်မှ ဒီနိုင်ငံမှာ အများကြီးတော်သေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ တော်တယ်ဆိုပေမယ့် လွန်လာရင်တော့ အခြေအနေအရ ဥပဒေဆိုတာ ပြောင်းလာတတ်ပါတယ်။ အခုဆိုရင် ရန်ဖြစ်တဲ့သူတွေမှာ တစ်ချို့က ရန်ဖြစ်အောင် တမင်လုပ်ကာ အထိုးခံပြီး အလျော်တောင်းတာတွေ ရှိတဲ့အတွက် အခုနောက်ပိုင်း ကိုရီးယား အစိုးရက ရန်ဖြစ်ရင် ဘယ်လိုပဲ ဖြစ်ဖြစ် နှစ်ဘက်လုံး အလျော်ပေးရမယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါဟာ ရန်ဖြစ်သူ အမျိုးမျိုးကြောင့် ဥပဒေကလည်း ပြောင်းလာပေးရတာတွေ သဘောပဲ ဖြစ်ပါတယ်။

တစ်လောကတောင် ကိုရီးယား သတင်းဌာနတစ်ခုက လွှင့်သွားတာ တွေ့လိုက်ရပါသေးတယ်။ နိုင်ငံခြားသားတွေ အချင်းချင်း အုပ်စုဖွဲ့ပြီး ညညဆို မူးပြီးသောင်းကျန်းကာ ရန်ဖြစ်နေတတ်တဲ့အတွက် အဲဒီရပ်ကွက်မှာရှိတဲ့ အိမ်ရှင်နိုင်ငံသားတွေဆို ညမှောင်ရင် အပြင်တောင် မထွက်ရဲသလို ဖြစ်ရကြောင်း ကိုယ့်နိုင်ငံမှာလာပြီး သောင်းကျန်းကြတဲ့ ဒီလိုနိုင်ငံခြားသား အချို့ကြောင့် ကိုယ့်နိုင်ငံသားတွေတောင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှု မလုပ်ရဲတာတွေ ဖြစ်လာတဲ့အပေါ်မှာ ကိုရီးယားအစိုးရက နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး ထိန်းချုပ်မှုတွေ လုပ်လာဖို့ ဖြစ်လာနိုင်စရာရှိကြောင်း စသဖြင့် ထုတ်လွှင့်သွားတာကို ကြည့်လိုက်ရပါတယ်။ ဥပဒေအတည်ပြုပြီး တစ်မျိုးပြီးတစ်မျိုး ပေါ်လာမယ်ဆိုရင် အနေကြပ်လာမှာက နိုင်ငံခြားသားတွေပဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ပိုဆိုးတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သေးဘဲ တရားမဝင် အလုပ်သမားအဖြစ် နေနေရတဲ့ မြန်မာအလုပ်သမားတွေအတွက် သွားရေးလာရေး အနေကြပ်လာနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

သိတဲ့အတိုင်း သူများနိုင်ငံမှာ တရားဝင် အဖြစ်နဲ့ နေရတာနဲ့ တရားမဝင် နေနေရတာ လွတ်လပ်မှု အနေနဲ့ အများကြီးကို ကွာခြားပါတယ်။ တရားမဝင်အဖြစ် နေနေရတဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ ကျီးလန့်စာ စားနေရတဲ့ ဘဝမျိုးပါ။ ဘယ်အချိန်မှာမိလို့ ဘယ်တော့ ပြန်ရမယ်ဆိုတာ ဘယ်လိုမှ မှန်းဆလို့ မရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာမှ တစ်ချို့က ကိုယ်အို (အိုဗာစတေး) နေရတဲ့ ဘဝကို မေ့ထားပြီး စိတ်လွတ်ကိုယ်လွတ် သောက်စားပျော်ပါးနေကြတာတွေ ရှိနေပြန်ပါတယ်။ မမိသေးရင်တော့ ကောင်းတာပေါ့။ မိသွားမယ်ဆိုရင် အကျိုးယုတ်တာက ကိုယ်ပဲဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အိုဗာစတေးတွေရဲ့ ဘဝဟာ အဲဒီလောက်ကို စိတ်ကျဉ်းကြပ်ရတာ ဖြစ်ပါတယ်။ တစ်ခါတခါကျတော့လည်း ထိန်းထိန်းသိမ်းသိမ်း နေရမယ့် ကိုယ့်ဘဝကိုမေ့ပြီး အစွန်းလွတ် လုပ်တတ်ကြတဲ့ ကိုရွှေအိုတွေရဲ့ လုပ်ရပ်တွေက ပြဿနာကို ဖိတ်ခေါ်နေတဲ့ သဘောလို ဖြစ်နေပြန်ပါတယ်။ သတိပေးတဲ့သူတွေက ပေးနေပေမယ့် သူတို့ကိုယ်တိုင်က မဆင်ခြင်တော့လည်း ဘာတတ်နိုင်မှာလဲပေါ့။ အိုဗာစတေးနဲ့ နေနေရတာ အမြဲစိုးရိမ်နေရတဲ့အတွက် မလိုအပ်ဘဲ အိုသွားတဲ့ ကောင်လေးတစ်ယောက်ကိုကြည့်ပြီး ဒကာတစ်ယောက်က ဒီလိုတရားဝင်ဘဝမျိုး ငွေပေးပြီး ဝယ်လို့ရရင် ဝယ်လိုက်ချင်သေးတယ်လို့တောင် ပြောဖူးပါတယ်။ ဒါပေမယ့် အပြောခံရသူကတော့ သူမဟုတ်သလိုပါပဲ။

တစ်ချို့လည်း (၆)နှစ်နေလို့ရတဲ့ တရားဝင် အလုပ်သမားဘဝကို တစ်လနှစ်လ၊ ခြောက်လတစ်နှစ်၊ နှစ်နှစ်လောက်နဲ့ တရားမဝင် ဖြစ်သွားကြတာတွေလည်း ရှိပါတယ်။ တစ်ချို့က အခြေအနေရ မအိုမဖြစ်လို့ အိုလိုက်ရတာတွေ ရှိတတ်ပေမယ့် တစ်ချို့ကတော့ တရားမဝင်ဖြစ်အောင် ကိုယ့်ဖာသာကိုယ် လုပ်ယူသလို ဖြစ်လို့ကို အိုသွားတာတွေလည်း ရှိပါတယ်။ အသိဒကာလေး တစ်ယောက်နှစ်ယောက်ဆိုရင် စက်ရုံတွေ တစ်ရုံပြီး တစ်ရုံပြောင်းလွန်းလို့ကို အိုသွားကြရတဲ့ အဖြစ်တွေ ရှိပါတယ်။ အမှန်ဆိုရင် တရားဝင်အနေနဲ့ အီးနိုင်းအလုပ်သမား တစ်ယောက်ဟာ စက်ရုံသုံးရုံအထိ ပြောင်းခွင့်ရှိပါတယ်။ သုံးရုံထက်ကျော်ရင်တော့ တရားမဝင်တော့ပါဘူး။ အဲဒီလို ဥပဒေရှိတာကို သိရဲ့နဲ့ တစ်ချို့က ဘယ်ရုံက ဘာဖြစ်လို့၊ ဘယ်သူတွေက ဘယ်လိုဆက်ဆံလို့၊ ဘယ်သူနဲ့ ဘာဖြစ်လို့၊ ဘယ်အလုပ်က ဘယ်လိုဖြစ်လို့ စသဖြင့် အကြောင်းမျိုးစုံပြပြီးတော့ကို ပြောင်းကြတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်၊ ကိုယ့်ကုမ္ပဏီ၊ ကိုယ့်စက်ရုံမှ မဟုတ်တာပဲ။ တစ်ခုမဟုတ် တစ်ခုကတော့ အဆင်မပြေတာ ရှိနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီနိုင်ငံမှာ ဒီအလုပ်လုပ်ဖို့ ခေါ်ကတည်းကိုက သူ့နိုင်ငံသားတွေ မလုပ်နိုင်တဲ့ အလုပ်မှာ ခိုင်းဖို့ခေါ်တာဖြစ်တော့ သူဋ္ဌေးသားလိုတော့ ဘယ်နေလို့ ရနိုင်မှာလည်းပေါ့။ ကိုယ့်နိုင်ငံ၊ ကိုယ့်အိမ်မှာ ဘယ်လိုပဲ ခြေမွှေးမီးမလောင်၊ လက်မွှေးမီးမလောင်တဲ့ ဘဝနဲ့ နေခဲ့ရနေခဲ့ရ သူများနိုင်ငံမှာတော့ ပူတာအေးတာ၊ ထိတာရှတာတွေကတော့ ရှိကိုရှိနေမှာဖြစ်ပါတယ်။ ဒါကတော့ အတတ်နိုင်ဆုံး သည်းခံရမယ့် ကိစ္စဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ သိပ်ပြီးလူမဆန် ဖြစ်လာတယ်၊ ကျန်းမာရေးကို ထိခိုက်လာတယ်၊ အသက်အန္တရာယ်အထိ ရှိလာနိုင်တယ် ဆိုရင်တော့ ပြောင်းသင့်ရင်ပြောင်း၊ တိုင်သင့်ရင် တိုင်ရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ အတတ်နိုင်ဆုံး သည်းခံတာ ကောင်းပါတယ်။

ပြောလက်စနဲ့ ပြောရပါဦးမယ်။ တစ်လောက ဒကာလေးတစ်ယောက် ကျောင်းမှာတည်းချင်လို့ဆိုပြီး ရောက်လာပါတယ်။ သူလည်းအပြောင်းအရွေ့ အတော်နာမည်ကြီးတယ်ဆိုတာပါပဲ။ နောက်ဆုံးတော့ အလုပ်ပြောင်းပြီး ကျောင်းရောက်လာခဲ့ပါတယ်။ သူငယ်ချင်းတွေ ရှိပေမယ့် မကောင်းကျောင်းပို့တာတော့ မဟုတ်ကြပါဘူး။ ကျောင်းရောက်သွားရင် ကောင်းများကောင်းသွားလေမလားဆိုတဲ့ သဘောမျိုး ဖြစ်ကြမှာပါ။ ကျောင်းဆိုတာကတော့ လျှောက်လာရင် လက်ခံပေးရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းနေရင် ကျောင်းစည်းကမ်းနဲ့ အညီတော့ နေပေးရမှာဖြစ်ပါတယ်။ သူ့ကိုပြောတော့ “တင်ပါ ကျောင်းစည်းကမ်းအတိုင်း နေပါမယ်ဘုရား”လို့ လျှောက်ပါတယ်။ ပြီးတော့ သူနေချင်သလို နေနေတာနဲ့ ကျောင်းကနေ အလုပ်အမြန်ရှာဖို့ ပြောရင်း တခြားကို သွားခိုင်းရပါတယ်။ ဘာရယ်မဟုတ်ပါဘူး။ စည်းကမ်းအတိုင်းကတော့ ရှိရမှာပေါ့။ ကျောင်းစရောက်တဲ့နေ့က သူ့ကြည့်ရတာ တစ်ရုံပြီး တစ်ရုံပြောင်းနေတာသိတော့ ဘုန်းဘုန်းက အခုမင်းဘယ်ကနေ ပြောင်းလာတာလဲဆိုတော့ ဟိုဂယောင်ဂျူးဘက်က ပြောင်းလာတာပါဘုရားတဲ့။ အဲဒီမှာ အလုပ် အဆင်မပြေဘူးလားဆိုတော့ အလုပ်က ကောင်းပါတယ်ဘုရား၊ တပည့်တော်က ဒယ်ဂူးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ ဝေးပြီး တောထဲမှာ ရောက်နေတော့ အဆင်မပြေတာနဲ့ ပြောင်းလာတာပါ၊ အဝေးကြီးမှာ တပည့်တော် တစ်ယောက်ထဲ ဖြစ်နေလို့ပါဘုရားတဲ့လေ။ “ဖြစ်မှဖြစ်ရလေကွာ၊ ဟိုး အဝေးကြီးမှာ ရှိနေတဲ့ မြန်မာပြည်ကတောင် ဒီအထိရောက်လာပြီးမှ ဒါလေးကို ဝေးတယ်ဆိုတော့ မင်းဟာက ဘယ်လိုလုပ်မလဲ”လို့ သူ့ကို ကရုဏာသက်တဲ့ သဘောနဲ့တောင် ဘုန်းဘုန်းက ပြောလိုက်မိပါသေးတယ်။ သူကတော့ မထူးပါဘူး။ အများအပြောအရ ဘယ်သူကသူ့ကို ဘယ်လောက်ပဲ ပြောပြော သူကတော့ ဘာမှမဖြစ်၊ ဘာမှမခံစားရတဲ့သူလိုပါပဲ ဘုရားတဲ့။ ဘုန်းဘုန်းမှာ အင်းလို့သက်ပြင်းချရုံကလွဲပြီး ဘာမှကို ပြောစရာ မရှိတော့တာ ဖြစ်ပါတယ်။ အဲဒီလို ကလေးတွေကလည်း ကြာလေများလေများ ဖြစ်နေသလားလို့တောင် ထင်မိပါတယ်ဘုရားလို့ တိုက်တိုက်ဆိုင်ဆိုင် ဒကာတစ်ယောက်က လျှောက်သွားပါသေးတယ်။

ရှိပါစေတော့။ ပြောမယ်ဆိုရင် ပြောစရာတွေက အများကြီးပါပဲ။ ဘုန်းဘုန်းအနေနဲ့ အခုလိုပြောနေတာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကြောင်းကို စာတစ်တန်ပေတစ်တန်နဲ့ အပြစ်ပြပြီး ဂုဏ်သိက္ခာချနေတာ မဟုတ်ပါဘူး။ ကောင်းတဲ့သူတွေ အများကြီးထဲက တစ်ချို့တစ်ချို့ကိုသာ ကိုယ့်ဘဝလေးတွေကို သတိရပြီး ကြိုးစားစေချင်တဲ့ သဘောနဲ့ ပြောတာဖြစ်ပါတယ်။ မုန်းလို့၊ မတည့်လို့၊ ကြည့်မရလို့ အပြစ်တွေ ဖော်ပေးနေတာ မဟုတ်ပါဘူး။ ဘုန်းဘုန်းတို့လို သူတွေကမှ အမှားလေးတွေကို ထောက်မပြရင် ဘယ်သူက ထောက်ပြပြီး ပြုပြင်ပေးမှာလဲလို့ တွေးမိပြီး ကောင်းစေချင်တဲ့ စေတနာ၊ ပြုပြင်စေချင်တဲ့ စေတနာ၊ အသုံးနဲ့အဖြုန်း၊ အမှားနဲ့အမှန်၊ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာတွေကို ရွေးချယ်ကာ သူများနိုင်ငံမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နေနေရတဲ့ ဘဝကနေ ရုန်းထွက်ကာ အကျိုးရလာဘ်ကောင်း တစ်ခုခု ရစေချင်တဲ့ စေတနာ၊ ကရုဏာ၊ ပြီးတော့ စစ်မှန်တဲ့ မေတ္တာ သက်သက်နဲ့ မီးမောင်းထိုးပြလိုခြင်းကြောင့်ပဲ ပြောပေးရတာ ဖြစ်ပါတယ်။ ဒီအပေါ်မှာတော့ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါကြောင့် တွေ့ရမြင်ရ ကြားရတာလေးတွေ အများကြီး ရှိနေပေမယ့် ကိုယ့်လူမျိုးတွေနဲ့ ပတ်သက်တဲ့ စိတ်မကောင်းစရာလေးတွေ ကြားရတိုင်း ရင်ထဲစိတ်ထဲမှာ အားမလို အားမရ ရှတတဖြစ်ရတဲ့ ဘုန်းဘုန်းတစ်ပါးအနေနဲ့ ဒီလိုရှတတ ဖြစ်စရာလေးတွေကို အသိပေးတင်ပြရင်း ရှတတဖြစ်ရတဲ့ စိတ်အစဉ်ကို ကောင်းသတင်းလေးတွေနဲ့ လှတတဖြစ်အောင် အလှဆင်နိုင်ကြဖို့ ကိုရီးယားရောက် ရွှေမြန်မာအချို့ကို အသိပေးရင်း ကိုယ့်ဘဝကို ကိုယ်အကောင်းဆုံး ဖြစ်အောင်သာ ကြိုးစားကြဖို့ တိုက်တွန်းစကားပါး လိုက်ရပါတယ်။

မြန်မာလူမျိုးများရဲ့ ရှတတသတင်းတွေကနေ လှတတ သတင်းများအဖြစ် စောင့်မျှော်နားထောင်ရင်း….

Read more »

သေသူရည်မှန်း ကုသိုလ်စွမ်း …

စာရေးသူအား ကိုရီးယား ဒကာမကြီးတစ်ယောက်က မြန်မာဗုဒ္ဓဘာသာများ၏ သေသွားသူကို ရည်စူးပြီး ပြုလုပ်သည့် ဓလေ့ထုံးစံနှင့် ပတ်သက်၍ မေးလျှောက်ဖူး၏။ ကိုရီးယားနိုင်ငံတွင် လူတစ်ယောက်သေပြီးနောက် ထိုသူ၏ အသုဘကိစ္စများပြီးလျှင် နှစ်စဉ်တစ်နှစ်တစ်ခါလောက်သာ သေသူအတွက် နေရာပေးထားသည့် မြေပုံတွင် သွားရောက်ကာ စားသောက်ဖွယ်ရာများ၊ သေသူကြိုက်တတ်သည့် အရာများဖြင့် ကန်တော့လျက် ပြောချင်ရာများ ပြောပြီး အချိန်တန် အိမ်ပြန်လာကြသည့် ဓလေ့ရှိကြောင်း ပြောဆိုရင်း မြန်မာဗုဒ္ဓဘာသာများ အနေဖြင့် သေသူအတွက် မည်သို့မည်ပုံ ပြုလုပ်ဆောင်ရွက်သည်ကို သိရှိလိုကြောင်း လျှောက်ထားဖူး၏။ စာရေးသူက “သေသူနှင့်ပတ်သက်၍ မြန်မာဗုဒ္ဓဘာသာများ အနေဖြင့် ထိုသူအား ရည်စူးကာ ကုသိုလ်လုပ် အမျှအတမ်း ပေးဝေမှုမှတပါး အခြားအထွေအထူး ပြုလုပ်ပေးသည်မှာ မရှိကြောင်း၊ ဤသို့သေသူကို ရည်စူး၍ ကုသိုလ်လုပ် အမျှအတမ်း ပေးဝေပေးခြင်းသည်လည်း ဗုဒ္ဓဘုရား အလိုအတိုင်းသာ ဖြစ်ကြောင်း” စသည်ဖြင့် ရှင်းလင်းပြောဆိုကာ ထိုအကြောင်းအရာနှင့် ပတ်သက်၍ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောကြားတော်မူ ထားသည့် တရားတော်တစ်ပုဒ်ကိုလည်း တစ်ဆင့်ပြန်လည်ကာ ဟောကြားပေးဖြစ်ခဲ့ပါ၏။

ထိုသုတ်တော်၏ အမည်မှာ ဇာဏုေဿာဏီ သုတ်ဖြစ်၏။ အခါတစ်ပါး သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားရှင် အထံတော်သို့ ဇာဏုေဿာဏိ အမည်ရှိသော ပုဏ္ဏားကြီးနှင့် နောက်ပါးများ ရောက်ရှိလာပြီး ဘုရားရှင်အား သိလိုသည်များ မေးလျှောက်လေ၏။ ပုဏ္ဏားမေး၍ ဘုရားရှင် ဖြေတော်မူချက်များကား စိတ်ဝင်စားဖွယ်ကောင်းပြီး မှတ်သားသင့်သည့် အချက်အလက်များ ဖြစ်ပါပေ၏။

ဇာဏုေဿာဏိ ပုဏ္ဏား
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား တပည့်တော်တို့ ပုဏ္ဏားများဟာ တမလွန်ဘဝ သေလွန်ပြောင်းသွားသူကို ရည်စူးပြီး သဒ္ဓါစေတနာ အပြည့်နဲ့ ရတနာသုံးပါးကို လှူဒါန်းပူဇော်ကာ ကုသိုလ်အဖို့ကို အမျှပေးဝေလေ့ ရှိပါတယ်ဘုရား၊ အဲဒီလို ပြုလုပ်ပေးခြင်းဟာ သေသူတွေ အနေနဲ့ ရနိုင်ပါသလား ဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး ရနိုင်တဲ့အရပ်မှာ ဖြစ်တဲ့သူတွေဆိုရင် ရနိုင်ပြီး၊ မရနိုင်တဲ့အရပ်မှာ ဖြစ်တဲ့သူတွေကတော့ မရနိုင်ပါဘူး”

ဇာဏုေဿာဏိ ပုဏ္ဏား
“အရှင်ဘုရား ဘယ်လိုအရပ်မှာ ဖြစ်တဲ့သူတွေဟာ ရနိုင်ပြီး ဘယ်လိုအရပ်မှာ ဖြစ်တဲ့သူတွေဟာ မရနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး တချို့တချို့သော သူတွေဟာ ပါဏာတိပါတ စတဲ့ မကောင်းမှု ဒုစရိုက်အကျင့်ကို ပြုကျင့်လေ့ရှိတဲ့အတွက် သေဆုံးတဲ့အခါ ငရဲဘုံ၊ တိရစ္ဆာန်ဘုံတွေမှာ ဖြစ်လေ့ရှိပါတယ်။ အဲဒီဘုံဘဝတွေကို ရောက်သွားတဲ့ သူတွေအတွက် ကုသိုလ်ကောင်းမှုအဖို့ကို အမျှပေးဝေလို့ မရနိုင်ပါဘူး၊ တစ်ချို့ကတော့ အဲဒီလို မကောင်းမှု အကုသိုလ်ဒုစရိုက်တွေမှ ရှောင်ကြဉ်ပြီး နေလေ့ရှိတဲ့အတွက် သေဆုံးတဲ့အခါမှာ လူ့ပြည်နတ်ပြည်တွေမှာ ပြန်လည်ဖြစ်ကြရပါတယ်၊ အဲဒီလို လူ့ဘုံနတ်ဘုံစတဲ့ ကောင်းတဲ့သုဂတိ ဘုံဘဝကို ရောက်သွားတဲ့ သူတွေအတွက်လည်း ကုသိုလ်ကောင်းမှု အဖို့ကို အမျှပေးဝေလို့ မရနိုင်ပြန်ပါဘူး၊ ဒါပေမယ့် တစ်ချို့ကတော့ မကောင်းမှု အကုသိုလ် ဒုစရိုက်အမှုတွေကြောင့် သေတဲ့အခါ ပြိတ္တာဘုံမှာ ဖြစ်ကြတဲ့သူတွေ ရှိပါတယ်၊ အဲဒီလို ပြိတ္တာဘုံမှာ ဖြစ်ကြရတဲ့ သူတွေအတွက်တော့ ကုသိုလ်ကောင်းမှု အဖို့ကို ရေစက်သွန်ချ အမျှပေးဝေခြင်းဖြင့် ရရှိနိုင်ပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“အရှင်ဘုရား ဒီလိုဆိုရင် တပည့်တော်တို့ရဲ့ အဆွေအမျိုး မိတ်ဆွေအပေါင်းအသင်းတွေဟာ ပြိတ္တာဘုံမှာ မဖြစ်ကြဘူးဆိုရင် အဲဒီ ကုသိုလ်အဖို့ကို ဘယ်သူတွေက ရနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး ဒီဘဝက ဆွေမျိုးပေါက်ဖော်တွေ ပြိတ္တာဘုံမှာ မဖြစ်ဘူးဆိုရင်လည်း ရှေးရှေးအတိတ်အတိတ် ဘဝတွေက တော်စပ်ခဲ့တဲ့ ပြိတ္တာဘုံမှာ ရှိနေတဲ့သူတွေ ရနိုင်ပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“အရှင်ဘုရား ရှေးရှေးဘဝတွေက တော်စပ်ခဲ့ဖူးတဲ့ ဆွေမျိုးဉာတိ စတာတွေ အဲဒီပြိတ္တာဘုံမှာ မရှိဘူးဆိုရင် ဒီကုသိုလ်အဖို့ကို ဘယ်သူတွေက ရနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး အနမတဂ္ဂ သံသရာမှစပြီး အတိုင်းအရှည်မရှိ ကြာမြင့်လှတဲ့ ကာလအတွင်းမှာ ဘဝအဆက်အဆက် ကမ္ဘာအဆက်ဆက် သံသရာကျင်လည် ကြရသူတွေအနေနဲ့ ပြိတ္တာဘုံဘဝမှာ ဆွေမျိုးဉာတိ တော်စပ်ဖူးတဲ့သူ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး၊ ဘယ်လိုပဲ ဖြစ်ဖြစ် သံသရာခရီးဟာ ရှည်ကြာလှတဲ့အတွက် တစ်ချိန်ချိန်က တော်စပ်ခဲ့ကြတဲ့ အမျိုးဆိုတာ ပြိတ္တာဘုံဘဝမှာ ရှိကိုရှိတာ ဖြစ်ပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“အရှင်ဘုရား တကယ်လို့ တပည့်တော်တို့ ပြုတဲ့ကုသိုလ် အဖို့ကို ပြိတ္တာတွေ မရဘူးဆိုရင် အဲဒီကုသိုလ်အဖို့ကို ဘယ်သူတွေက ရရှိခံစားနိုင်ပါသလဲဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး တစ်စုံတစ်ယောက်ဟာ လှူဒါန်းပူဇော်ခြင်း ကုသိုလ်ကောင်းမှုကို ပြုတယ်ဆိုပါစို့၊ အဲဒီပုဂ္ဂိုလ် သေပြီးနောက် လူ့ပြည်နတ်ပြည်သို့ ရောက်တဲ့အခါမှာ ဒီကုသိုလ်အကျိုးကို ခံစားရပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“အရှင်ဘုရား ဒီလိုဆိုရင် လူ့ပြည်နတ်ပြည်သို့ ရောက်မှ၊ လူ့ဘဝ၊ နတ်ဘဝကို ရမှပဲ ဒီကုသိုလ်အကျိုးကို ရရှိခံစားနိုင်တဲ့ သဘောလားဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး လောကမှာ တစ်ချို့တစ်ချို့ ပုဂ္ဂိုလ်တွေဟာ ပါဏာတိပါတစတဲ့ မကောင်းမှု ဒုစရိုက်တွေကိုလည်း လုပ်လေ့ရှိတတ်တယ်၊ တစ်ခါတလေလည်း ဆွမ်းသင်္ကန်း ကျောင်း၊ ပန်းနံ့သာ၊ အဖျော်ဆီးမီး၊ ထီးတံခွန် စတဲ့ လှူဒါန်းပူဇော်တာတွေကိုလည် လုပ်လေ့ရှိတတ်ပါတယ်၊ အဲဒီလိုသူတွေဟာ သေပြီးနောက် ဆင်နွားမြင်းခွေး စတဲ့ တိရစ္ဆာန်မျိုးမှာ ပြန်လည်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီတိရစ္ဆာန်ဘဝမှာ အစာအဟာရ၊ အဖျော်အဝတ်၊ ပန်းနံ့သာ၊ အိပ်ရာနေရာ စတဲ့ နေရာအဆောင်အဦးနဲ့ ချမ်းသာသုခတွေကို ရရှိခံစားနေရတတ်ပါတယ်။ တိရစ္ဆာန် ဘဝရောက်ပေမယ့် ဆင်ချင်းမတူ၊ မြင်းချင်းမတူ၊ နွားချင်းမတူ၊ ခွေးချင်းမတူ စတဲ့ ထူးခြားတဲ့ ကုသိုလ်အကျိုးကို ခံစားရတတ်ပါတယ်။ ကုသိုလ်အရှိန်ကြောင့် တိရစ္ဆာန်ဘဝမှာတောင် ဒီလိုအကျိုးထူး တရားတွေ ရရှိခံစားရတတ်တယ်ဆိုရင် လူ့ပြည်နတ်ပြည်မှာ လူအဖြစ် နတ်အဖြစ် ပြန်လည်ဖြစ်လာတဲ့ အခါဆိုရင် အထူးပြောစရာ မရှိအောင် ကုသိုလ်အကျိုးကို ရရှိခံစားရမှာ အမှန်ပဲ ဖြစ်ပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အံသြဖွယ် ကောင်းလှပါတယ်ဘုရား၊ ကုသိုလ်ကောင်းမှုဆိုတာ လူ့ပြည်နတ်ပြည်သို့ ရောက်မှသာ အကျိုးကို ပေးတတ်တာ မဟုတ်ဘဲ အရပ်ဌာနမဟုတ်တဲ့ တိရစ္ဆာန်ဘုံမှာ ဖြစ်တာတောင်မှ အကျိုးကို ပေးတတ်တယ်ဆိုတာ သိရှိရလို့ ဝမ်းလည်းဝမ်းသာ အံ့လည်းအံ့သြမိပါတယ်၊ ဒါကြောင့် အလှူပေးခြင်း၊ ကောင်းမှုကုသိုလ်ပြုခြင်း အလုပ်တွေဟာ လုပ်ကိုလုပ်သင့်တဲ့ အရာတွေဆိုတာ ကောင်းကောင်းနားလည် သဘောက်ပေါက်မိပါတော့တယ် ဘုရား”

မြတ်စွာဘုရား
“ပုဏ္ဏားကြီး ဒါဟာ အမှန်ပဲ ဖြစ်ပါတယ်၊ အလှူပေးခြင်း၊ ကုသိုလ်ကောင်းမှု ပြုခြင်းဆိုတာ သတ္တဝါတွေ အနေနဲ့ ပြုကိုပြုသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်”

ဇာဏုေဿာဏိ ပုဏ္ဏား
“ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အရှင်ဘုရားရဲ့ ဟောကြားတော်မူချက်တွေဟာ တပည့်တော်အတွက် အမတန်ကို အကျိုးကြီးမားလှပါတယ်ဘုရား၊ မှောက်ထားတဲ့အိုးကို လှန်ပြလိုက်သလို တပည့်တော်ရဲ့ စိတ်အစဉ်ကို ရှင်းရှင်းလင်းလင်း ထိုးထွင်းပြီး သိစေတော်မူခဲ့ပါတယ်ဘုရား၊ ဒါကြောင့် မြတ်စွာဘုရား အနေနဲ့ တပည့်တော်ကို အသက်ထက်ဆုံး ရတနာသုံးပါးကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်တတ်တဲ့ ဥပါသကာအဖြစ် မှတ်ယူတော်မူပါဘုရား” (အင်္ဂုတ္တိုရ်ပါဠိတော်၊ ဇာဏုေဿာဏိသုတ်)

ဤကား ဇာဏုေဿာဏိသုတ်တွင် မှတ်တမ်းတင်ထားသည့် သေသူကိုရည်စူးပြီး ကုသိုလ်ပြုမှုနှင့် စပ်လျဉ်း၍ မေးဖြေထားသည့် ဇာဏုေဿာဏိ ပုဏ္ဏားကြီးနှင့် မြတ်စွာဘုရားရှင်တို့၏ လျှောက်ထားဖြေကြားချက်များပင် ဖြစ်ပါ၏။ ဤသုတ်တော်လာ ဓမ္မဒေသနာတော်အရ သေသူကို ရည်စူးကာ ကုသိုလ်လုပ်၍ အမျှပေးဝေကြသည့် မြန်မာဗုဒ္ဓဘာသာများ၏ အစဉ်အလာ လုပ်ထုံးလုပ်နည်းများသည် ဗုဒ္ဓအလိုတော်ကျ ပြုလုပ်ကြသည့် အလုပ်များဖြစ်ပြီး အမှန်ပင် သေသူအတွက် အစွမ်းထက်စေသည့် ရည်စူးကုသိုလ်များ ဖြစ်ကြောင်း သဘောပေါက် နားလည်နိုင်ကြမည် ဖြစ်၏။ ကုသိုလ်ကောင်းမှု အစွမ်းသည် အခါအခွင့်သင့်သည့်အခါ တိရစ္ဆာန်ဘဝ ရောက်သည့်တိုင်အောင်ပင် ကောင်းမြတ်သည့် အကျိုးကို ဖြစ်စေတတ်သဖြင့် မဖြစ်မနေ ပြုလုပ်သင့်ကြောင်း မှတ်သားနာယူနိုင်ကြမည် ဖြစ်၏။ ကုသိုလ်လုပ်၍ အမျှဝေခြင်းအားဖြင့် သေသူလည်း အကျိုးဖြစ်စေသကဲ့သို့ ရှင်သူကိုလည်း အကျိုးဖြစ်စေသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။

ထို့ကြောင့် သေသူရှင်သူ ထိုထိုသူတို့၏ ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးစေရန် ရည်စိတ်သန်သူများ အနေဖြင့် သေသူအတွက် ရည်စူး၍ ကုသိုလ်ကောင်းမှုများကို ပြုလုပ်သင့်ကြသကဲ့သို့ ရှင်နေသည့် မိမိတို့အတွက်လည်း ကုသိုလ်ကောင်းမှုများကို ကြိုးစားအားထုတ် ပြုလုပ်ကြရမည် ဖြစ်ပါကြောင်း အသိပေးစကားပါးရင်း မသေခင်ယခု အစွမ်းစုသည့် အနေဖြင့် ကုသိုလ်အစုကို အားပြုကာ ပြုလုပ်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၂)...

မောင်ရင်လောင်းနဲ့ နတ်ပြခြင်း
ဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက် တောလည်းတောအလျောက် ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့ ညစ်နေကြတော့တာ ဖြစ်ပါတယ်။ ဘယ်ကဘယ်လို စလိုက်တယ်မသိတဲ့ ဒီရှင်လောင်း နတ်ပြတဲ့ ကိစ္စဟာ အတော့်ကိုအရိုးစွဲနေပြီး ကန်တော့ပွဲကိုစီနဲ့ မပြမဖြစ်ဘဲ တန်းတန်းစွဲကာ အလွဲကြီး လွဲနေကြတော့တာ ဖြစ်ပါတယ်။ ဘာကြောင့်ပြရတာလဲလို့မေးရင် မသေချာတဲ့ အဖြေတွေနဲ့ နတ်ကိုင်မှာဆိုးလို့ပါလို့လည်း ပြောတတ်ကြပါသေးတယ်။ ဘယ်နတ်က ဘယ်ဟာကို ကိုင်မှာလဲလို့ မေးတော့ အရှင်ဘုရားကလည်း ရှာရှာဖွေဖွေ မေးနေပြန်ပါပြီဆိုပြီး မသိမသာ ရှောင်ထွက်သွားတာတွေလည်း ခဏခဏကြုံနေရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရှင်ပြုရဟန်းခံတွေကို ကြည့်မယ်ဆိုရင် ရဟန်းလောင်း ကိုရင်လောင်းတွေကို ရှင်ဘုရင်လို၊ အိမ်ရှေ့မင်းသားလေးတွေလို ပြင်ဆင်ပြီး မြင်းတွေဆင်းတွေ၊ မြို့တွေမှာဆို ကားတွေနဲ့ လှည့်လည်တဲ့ အစဉ်အလာတွေဟာ ဘုရားအလောင်း တောထွက်တဲ့ ပုံစံကို အတုယူပြီး လိုက်လုပ်တာဖြစ်တဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါသေးတယ်။ ဒါလည်းပဲ မလိုအပ်လှတဲ့ အပိုအလုပ်ပဲ ဖြစ်ပါတယ်။ ရှင်ပြုရဟန်းခံတဲ့ အဓိကရည်ရွယ်ချက်က ရှင်ရဟန်းအဖြစ်ကို အမှန်အကန် ရရှိဖို့အဓိက ရည်ရွယ်ချက်ပါ။ ကျန်တာတွေက ပကာသနနဲ့ ချဲ့ထွင်မှုတွေပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလိုပွဲတွေမှာ ဘာမဆိုင်ညာမဆိုင် ကန်တော့ပွဲကိုင်ပြီး ရဟန်းလောင်း၊ ကိုရင်လောင်းတွေကို နတ်စဉ်ရှေ့သွားပြီး ပြတာကတော့ တကယ့်ကို သဘာဝမကျတဲ့ လွဲချော်မှုပဲ ဖြစ်ပါတယ်။ နတ်ကိုင်မှာဆိုလိုး နတ်ကိုမကိုင်အောင် သွားပြရအောင်လည်း မကောင်းတာ လုပ်တာမှမဟုတ်ဘဲ ကောင်းတာလုပ်တဲ့အပေါ်မှာ ဘာများကြောက်စရာ လိုသေးလို့လဲပေါ့။ ဒါမှနတ်ကိုင်တယ်ဆိုရင် ဒီနတ်ဟာ နတ်အစစ်မဟုတ်တဲ့ နတ်ဆိုးနတ်ညစ်ပဲ ဖြစ်မှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာ မဟုတ်တာလုပ်တဲ့သူမှ အရာရာကို ကြောက်နေရပြီး ဟိုအားကိုးဒီအားကိုးလုပ်ရတာပါ။ ကောင်းတာလုပ်တဲ့ သူတွေအတွက် ဒါတွေက မလိုပါဘူး။ ကောင်းမှုက စောင့်ရှောက်ပြီးသားပဲ ဖြစ်ပါတယ်။ နတ်ပြလို့ နတ်ကစောင့်ရှောက်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်တောင်မှ သူများကို အမှီပြုပြီး ဟိုအပင်မှီနေရ၊ ဒီအပင်မှာမှီနေရ စသဖြင့် နေနေရတာ ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလည်းပေါ့။

တကယ်တော့ ကိစ္စတစ်ခုဟာ အကြောင်းမရှိဘဲ ဘာအကျိုးမှ ဖြစ်လာစရာ မရှိပါဘူး။ နတ်ကိုင်မှာ တကယ်ကြောက်ရင် ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ဖို့ပဲ လိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါတယ်။ နယ်က ရှင်ပြုပွဲတစ်ခုမှာ အဲဒီလို မောင်းရင်လောင်းလှည့်ပြီး နတ်ကိုင်မှာဆိုးလို့ နတ်ကိုသွားပြကာ ဘုန်းကြီးကျောင်း ရောက်ခါနီး ရှင်းလောင်းဖွက်ကြတုန်း အဖွက်ခံရတဲ့ မောင်ရင်လောင်းလေး တစ်ယောက် သေသွားခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ပုံက နတ်ပြပြီးအပြန်မှာ ခပ်ငယ်ငယ် မောင်ရင်လောင်းကို ထမ်းလာတဲ့ လူငယ်တစ်ချို့က အဲဒီရှင်လောင်းကို ထမ်းပြီး အိမ်တစ်အိမ်ရဲ့ ရာဝင်အိုးကြီးထဲမှာ ထည့်ကာ အပေါ်က အလေးအပန်တွေနဲ့ပိတ်ပြီး အလှူရှင်တွေဆီ မုန့်ဖိုးတောင်းဖို့ သွားရာက အပြန်မှာ စင်းအိုးကြီးကို ဖွင့်ကြည့်တော့ ကလေးက အသက်မွန်းပြီး သေနေတာကို တွေ့ရတော့တာ ဖြစ်ပါတယ်။ အဲဒီမှာ မိဘတွေရော အလှူရှင်တွေပါ ယူကြုံးမရ ဖြစ်ကြတဲ့ အဖြစ်အပျက်တစ်ခု လက်တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကလေးသေရတာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရခြင်း ဖြစ်ပေမယ့် ကပ်ပြီးပြောကြေးဆိုရင် နတ်တွေကိုစောင့်ရှောက်ဖို့ နတ်ပြပြီးမှ ဒီကိစ္စ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ကဘာလို့ မစောင့်ရှောက်တာလဲပေါ့။ မကိုင်အောင်၊ မနှောက်ယှက်အောင် သူ့ကို ပြထားပေးရဲ့သားနဲ့ ဘာလို့ မကာကွယ်တာလဲပေါ့။ မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။

ပြောချင်တာကာ ရှင်လောင်းနတ်ပြတဲ့ ကိစ္စက ရဟန်းခံ ရှင်ပြုပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားလက်ထက် သားတော်ရာဟုလာကို ကိုရင်ဝတ်ပေးတုန်းက၊ ရှင်သာရိပုတ္တရာရဲ့ ညီတော် ရှင်ရေဝတလေးကို ကိုရင်ဝတ်ပေးတုန်းက ဘာမှရှင်လောင်းလှည့်တာ၊ နတ်ပြတာတွေ မရှိခဲ့ပါဘူး။ ကျောင်းတော်ကို ခေါ်သွားပြီး ဆံချသင်္ကန်းတောင်းစေပြီး ဥပဇ္ဈာယ်ယူစေကာ ရှင်သာမဏေ သီလတွေကိုပေးလို့ ရှင်အဖြစ် ချီးမြှောက်ခဲ့တာတွေပဲ ရှိခဲ့ပါတယ်။ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှင်ဖြစ်ဖို့၊ ကုသိုလ်ရဖို့စတာတွေက အဓိကပဲ ဖြစ်ပါတယ်။ ကျန်တာတွေက အပိုတွေပဲ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ခေတ် ဗုဒ္ဓဘာသာ မြန်မာတွေက ပုံကြီးချဲ့ပြီး ရှင်ပြုအလှူလုပ်မှာကိုပဲ ဟိုဆရာ၊ ဒီဆရာဆီသွားပြီး ဟိုရက်ဒီရက် ရွေးရတာနဲ့၊ ဟိုပြဒီပြ လုပ်ရတာနဲ့ မလိုအပ်တာတွေမှာ ငွေကုန်လူပန်းနေကြတာ ဖြစ်ပါတယ်။ အဓိက တရားနာရမယ့်အချိန်ကျတော့ ပင်ပန်းပြီး တရားမနာနိုင်ဘဲ တရားပွဲမှာ ငိုက်ကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်လွဲဆံပင်ကောင်းပြီး မလိုအပ်တာတွေမှာ ချဲ့ထွင်ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ရဟန်းလောင်း၊ ရှင်လောင်းတွေကို နတ်ပြတဲ့ ကိစ္စဟာလည်း မလိုအပ်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ အလွဲတစ်ခုလို ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးတွေကို ရှောင်ကြဉ်ပြီး ရဟန်းခံရခြင်း၊ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လောက်ပဲ အနှစ်သာရရှိရှိ လုပ်နိုင်အောင် ကြိုးစားရင်း မလိုအပ်တဲ့ ကန်တော့ပွဲထိုးတာတို့၊ နတ်ပြတာတို့ စတာတွေကို မလုပ်မိအောင် သတိပြုဆင်ခြင်ကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလိုအလွဲတွေကို ဆင်ခြင်ပြီး နောက်နောင် မိမိတို့ရဲ့ သားသမီးတွေကို သာသနာ့ဘောင်ကို သွပ်သွင်းတဲ့အခါမှာ ရှင်သာမဏေဖြစ်ဖို့၊ ရဟန်းဖြစ်ဖို့ အဓိကနဲ့ အဲဒီရှင်သာမဏေဘဝ၊ ရဟန်းဘဝမှာ အမှန်တကယ် ကုသိုလ်ရစေဖို့ စတာတွေကိုသာ ရှေးရှုဆောင်ရွက်ကြဖို့ မလိုအပ်တဲ့အရာတွေမှာ မရောင်ရာဆီမလူးကြဖို့ စေတနာစကား မေတ္တာအားနဲ့ ထပ်မံပြီး အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

မေးလ်ထဲက အမေးများ (၄)

မင်္ဂလာပါ အရှင်ဘုရား
တပည့်တော်အနေနဲ့ အရှင်ဘုရားရဲ့ ရေးသားလမ်းညွှန်ချက်တွေကို ဖတ်ရှုမိပြီး နှစ်သက် သဘောကျမိပါတယ်ဘုရား။ အရှင်ဘုရား ရေးသားထားသမျှထဲမှာ မေးလ်ထဲက အမေးအဖြေများဆိုတာလည်း ပါဝင်တာတွေ့ရလို့ တပည့်တော်လဲ သိချင်တာကို မေးလိုက်ရပါတယ်ဘုရား။ နယ်ဝေးရောက်နေသူ တစ်ဦးဖြစ်နေတာမို့ ဖုန်းဆက်ပြီး ရိုသေစွာ လျှောက်ထားမေးမြန်းနိုင်ခြင်း မရှိတာကို ခွင့်လွှတ်နားလည်ပေးဖို့ လျှောက်ထားအပ်ပါတယ်ဘုရား။ တပည့်တော်မေးချင်တာက
"ဘုရားရှင်ရဲ့ ကြင်ယာဖော်ဟာ ဘုရားလောင်းရဲ့ ပါရမီဖြည့်ဆည်းနေဆဲ ဘ၀အဆက်ဆက်မှာရော ကြင်ယာဖော် တွေအဖြစ် ကူညီပံ့ပိုး ပေးခဲ့ကြပါသလား ဘုရား။ ဘ၀အဆက်ဆက် ကြင်ဖက်အဖြစ် ဆုပန်လို့ (သို့မဟုတ်) လိုက်နာကျင့်ကြံ အားထုတ်လို့ရော ဖြစ်နိုင်ပါသလား ဘုရား။ ဘယ်လိုနည်းလမ်းတွေနဲ့ သံသရာတစ်လျှောက် ဘ၀အဆက်ဆက် ကြင်ယာဖက်တွေ ဖြစ်နိုင်ကြပါသလဲ ဘုရား"

ရိုသေလေးစားစွာဖြင့် ရှိခိုးဦးခိုက်လျှက်
တပည့်တော်
ကိုသန့် (ခေတ္တ - မော်စကို)

ဖြေ။ မင်္ဂလာပါ။ ဒကာ ကိုသန့်။ အမေးရှိလာလို့ အဖြေညှိတဲ့ သဘောနဲ့ ဖြေကြည့်ပေးပါမယ်။ အခု ဘုန်းဘုန်းတို့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်မှာ ဂေါတမဘုရားအလောင်း သိဒ္ဓတ္တမင်းသားရဲ့ ကြင်ယာတော် ယသောဓရာ အမျိုးကောင်းသမီးဟာ ဘုရားအလောင်း ပါရမီဖြည့်စဉ်ကာလ တစ်လျှောက်လုံးမှာ ကြင်ယာတော်အဖြစ် အတူဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကြင်ဖက်အဖြစ်လို့ ဆိုတာထက် ပါရမီဖြည့်ဖက်အဖြစ် အခုနောက်ဆုံး ဘဝအထိ အတူတူ ရှိခဲ့ကြတာလို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုရားရှင်နဲ့ ယသောဓရာတို့ရဲ့ ပါရမီဖြည့်ဖက်အဖြစ် စတင်ခဲ့တဲ့ အချိန်ဟာ လွန်ခဲ့တဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလောက် ကတည်းက စခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဂေါတမဖြစ်စွာဘုရား ဖြစ်တော်မူလာမယ့် သုမေဓာ ရှင်ရသေ့ဟာ ဒီပင်္ကရာ မြတ်စွာဘုရား ကြွတော်မူလာမယ့် လမ်းခရီးမှာ ကိုယ်ကိုတံတားခင်းပြီး ဒီပင်္ကရာ ဘုရားရှင်နဲ့ နောက်ပါသံဃာတော်များ နင်းလျောက်သွားဖို့ အလှူလုပ်ရင်း ဒီပင်္ကရာ မြတ်စွာဘုရား အထံတော်မှောက်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခဲ့ပေမယ့် သတ္တဝါ ဝေနေယျတွေကို ကယ်လိုတဲ့ စိတ်ဓာတ်နဲ့ ဘုရားဆုပန်ဖို့ ဆုံးဖြတ်ပြီး ပါရမီတော်တွေကို ဖြည့်ကျင့်ဖို့ အစပြုခဲ့တာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ဒီပင်္ကရာ မြတ်စွာဘုရားကို ဖူးမြော်ကြည်ညို ကြိုဆိုဖို့ ရောက်လာကြတဲ့ ရမ္မာဝတီ မြို့သူမြို့သားတွေနဲ့ အတူ သုမိတ္တာလို့ခေါ်တဲ့ ပုဏ္ဏေးမ အမျိုးသမီးငယ် တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးငယ်ဟာ ဘုရားလောင်း သုမေဓာ ရှင်ရသေ့ရဲ့ ဘုရားဆုပန်တဲ့ အဖြစ်ကို ကြည့်ပြီး ထိုရှင်ရသေ့နဲ့အတူ ပါရမီဖြည့်ဖက်အဖြစ် နိဗ္ဗာန်ကို ကူးမြောက်နိုင်ဖို့ ဒီပင်္ကရာ ဘုရားရှင်ထံမှာ ဆုပန်ပြီး ဗျာဒိတ်ခံယူခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီတုန်းက ဒီပင်္ကရာ မြတ်စွာဘုရားရှင်က ဒီဘဒ္ဒကမ္ဘာမှာ သုမေဓာ ရှင်ရသေ့ဟာ ဂေါမမြတ်စွာအနေဖြင့် ဘုရားဖြစ်တော်မူမည့်အကြောင်း၊ သုမိတ္တာ အမျိုးကောင်းသမီးဟာ ယသောဓရာ အနေနဲ့ ပါရမီဖြည့်ဖက်အဖြစ် နိဗ္ဗာန်ကို ဝင်စံမည့်အကြောင်း ဗျာဒိတ်စကားကို မိန့်ကြားတော်မူခဲ့ပါတယ်။ ဆုကြီးပန်တဲ့ ပါရမီရှင်တွေ အနေနဲ့ ဘုရားတစ်ဆူဆူထံမှာ ဗျာဒိတ်စကား ခံယူပြီးပြီဆိုရင် အဲဒီဆုပန်မှုဟာ မပြောင်းလဲ မပျက်ဆီးတော့ပဲ ဘဝအဆက်ဆက် ဒါနစတဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ကာ နောက်ဆုံးပန်းတိုင်အထိ အရောက်လှမ်းနိုင်ခဲ့ကြတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ယခုဘုရားရှင်ရဲ့ သာသနာတော်မှာ မြတ်စွာဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက် ယသောဓရာဟာ ဘုရားရှင်နဲ့အတူ ဘဝဆက်တိုင်း အတူတူ ပါရမီဖြည့်ဖက်အဖြစ် ရှိနေခဲ့တာလို့ ဆိုရတာဖြစ်ပါတယ်။

ဆိုတော့ကား လူတစ်ယောက်ဟာ တစ်ဘဝပြီး တစ်ဘဝအတူတကွ ရှိနိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ စဉ်းစားစရာ ရှိပါတယ်။ ဖြစ်နိုင်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်က အင်္ဂုတ္တိုရ်ပါဠိတော်၊ ပုညာဘိသန္ဓ၀ဂ်၊ ပဌမ သမဇီဝိသုတ်မှာ “သတ္တဝါများ အနေနဲ့ ဒီဘဝမှစပြီး ဘဝသံသရာ ခရီးအတူနီးကာ လျှောက်လှမ်းလိုပါလျှင် တစ်ဦးနဲ့တစ်ဦး တူမျှတဲ့ သဒ္ဓါ၊ တူမျှတဲ့ သီလ၊ တူမျှတဲ့ ပေးကမ်းစွန့်ကြဲ လှူဒါန်းမှု စာဂ၊ တူမျှတဲ့ အသိဉာဏ်ပညာ ရှိကြရမည် ဖြစ်ကြောင်း၊ အဲဒီလို သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တူညီကြပါက နောင်ဘဝသံသရာတွင် အတူဖြစ်နိုင်ကြောင်း” စသဖြင့် မိန့်တော်မူထားတာ တွေ့ရပါတယ်။

ဒီအဖွင့်တွေအရ ဘုရားရှင်ရဲ့ ပါရမီဖြည့်ဖက် ယသောဓရာ အနေဖြင့်လည်း ဘုရားရှင်နဲ့အတူ တူညီတဲ့စိတ်ထား၊ တူညီတဲ့ သဒ္ဓါတရားစတာတွေနဲ့ သဒ္ဓါသီလစာဂပညာ တရားများ လက်ကိုင်ထားကာ ဒါန၊သီလစတဲ့ ပါရမီတော်တွေကို ဖြည့်ကျင့်ခဲ့ကြတဲ့အတွက် ပါရမီဖြည့်ကျင့်ရာ ကာလတစ်လျှောက်လုံး အတူတူ ဖြစ်ခဲ့ကြတယ်ဆိုတာ သိမှတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုပဲ ဘဝအဆက်ဆက် ကြင်ဖက်အဖြစ် သံသရာအဆုံးတိုင် လျှောက်လှမ်းလိုသူများဟာလည်း တစ်ဦးနဲ့တစ်ဦး ဒီလိုတူမျှရမယ့် တရားများနဲ့ ညီမျှအောင် ကြိုးစားနိုင်လျှင် ဖြစ်နိုင်ပါတယ်ဆိုတာ အမေးကြည့်၍ အဖြေညှိပေးလိုက်ရပါတယ်။

Read more »

လစဉ်ဟောကြား မြတ်တရား (၅)

မျှော်လင့်ချက်ထား မိဘများ
ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းရဲ့ တစ်လတစ်ကြိမ် တရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ထုံးစံအတိုင်း ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အခြေအနေရ မူလသတ်မှတ်ထားတဲ့ရက်ထက် တစ်ပတ်စောပြီး ၁၉-၆-၂၀၁၁၊ တနင်္ဂနွေနေ့မှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ကွယ်လွန်သွားတဲ့ ဖခင်ကြီး ဦးတင်ဝင်းကို ရည်စူးပြီး သားဖြစ်သူ ကိုဇော်ဇော်အောင်တင်ဝင်းက ဘုရားအမှူးရှိတဲ့ သံဃာတော်နဲ့ ဧည့်ပရိတ်သတ်အပေါင်းကို ကျောင်းအကျိုးဆောင်အဖွဲ့များနဲ့ သူငယ်ချင်းများ ဝိုင်းဝန်းချက်ပြုတ်ပေးတဲ့ အထူးစပါယ်ရှယ် မြန်မာထမင်းဟင်းများနဲ့ လှူဒါန်းကျွေးမွေး ဧည့်ခံပေးဖြစ်ခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ရာသီဥတုကလည်း ပူတဲ့အချိန်ကို တဖြည်းဖြည်း ပြောင်းလာနေတာဆိုတော့ အပူထဲက ရောက်လာတဲ့ ဧည့်သည်တွေကို ကျောင်းရိပ်ကန်ရိပ် ဓမ္မရိပ်နဲ့ အေးမြစေခဲ့သလို အရသာရှိရှိ ချက်ပြုတ်ထားတဲ့ အစားအစာတွေကလည်း စားသုံးသူတွေကို တစ်ပွဲပြီးတစ်ပွဲ နွဲစေခဲ့ပါတယ်။ ဒါနရဲ့ပီတိ၊ ဓမ္မရဲ့ ပီတိတွေနဲ့ အလှူရှင်များနဲ့ စိတ္တသုခ အဖွဲ့သားများဟာ မိမိတို့နားရမယ့် တနင်္ဂနွေနေ့ကို ကုသိုလ်တွေနဲ့ အဆုံးသတ်စေခဲ့ကြပါတယ်။ ဒီပွဲဟာ တစ်လတစ်ကြိမ် တရားပွဲဆိုပေမယ့် ဖခင်ကြီးကို ရည်စူးပြီး လှူဒါန်းတဲ့ ဒါနရှင်များကလည်း ပါနေတဲ့အတွက် အားလုံးမှတ်သားစေနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ကာ “မျှော်လင့်ချက်ထား မိဘများ”ဆိုတဲ့ ခေါင်းစဉ်နဲ့ လစဉ်ဟောကြား မြတ်တရားအဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဒီတရားခေါင်းစဉ်လေးကို ပေးရတာက တရားနာပရိတ်သတ်တွေထဲမှာ မိဘဖြစ်ပြီးသူတွေ၊ ဖြစ်ခဲ့သူတွေပါနေသလို ဖြစ်မယ့်သူတွေ ပါနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မိဘနဲ့သားသမီးကြားမှာ ရှိသင့်တဲ့ ဝတ္တရားလေးတွေ ဖြည့်ပေးစေချင်တဲ့ အရာလေးတွေကို သတိပြု ဆင်ခြင်နိုင်ဖို့နဲ့ ဖြည့်နိုင်သလောက် ဖြည့်ပေးကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက ဘာပဲပြောပြော၊ ဘယ်လိုပုံစံပဲ ဖြစ်နေဖြစ်နေ မိဘဟာ မိဘပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် မိဘတွေကြားမှာ မဆိုစလောက်လေးတွေက မိဘဝတ္တရားတွေ ပျက်ကွက်မှု ရှိနိုင်ပေမယ့် ကိုယ့်ကိုလူ့လောကကို ရောက်စေခဲ့တာ တစ်ခုတည်းနဲ့ကိုပဲ မိဘတွေရဲ့ ကျေးဇူးတရားက ဆပ်မကုန်နိုင်အောင် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မိဘတွေရဲ့ ကျေးဇူးကို အကုန်ကျေအောင် မဆပ်နိုင်ပေမယ့် မိဘတွေ မျှော်လင့်တတ်တဲ့ မျှော်လင့်ချင်လေးတွေတော့ တတ်နိုင်သမျှ ပြုစုဖြည့်ဆည်းပေးကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးတာ၊ ကျေးဇူးသိတတ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့လည်း ညီညွတ်နေတာဖြစ်ပါတယ်။ မင်္ဂလသုတ်တော်မှာ မြတ်စွာဘုရားရှင်က “မာတာပိတု ဥပဋ္ဌာနံ ပုတ္တဒါရဿ သင်္ဂဟော” စသဖြင့် ဟောကြားတော်မူထားတာ ရှိပါတယ်။ မိဘတို့ကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာဖြစ်ပြီး သားမယားကို ထောက်ပံ့ပေးခြင်းဟာလည်း မင်္ဂလာဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ဆိုတော့ကာ မိဘအပေါ် တာဝန်ကျေတဲ့သူ၊ သားမယားအပေါ် တာဝန်ကျေတဲ့သူဟာ မင်္ဂလာရှိတဲ့သူပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ ဒီနေရာမှာ ပြောလိုတဲ့ မျှော်လင့်ချက်ထား မိဘများဆိုတာ မိဘတွေ မျှော်လင့်တတ်ကြတဲ့ မျှော်လင့်ချက်လေးများအကြောင်း ပြောချင်တာဖြစ်ပါတယ်။ မိဘဆိုတဲ့ သဘောက သားသမီးတွေအပေါ်မှာ မိမိတို့အတွက် အရမ်းကြီးမျှော်လင့်တဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ဘယ်မိဘမဆို သားသမီးတွေအနေနဲ့ ဒို့အပေါ်မှာ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒီလိုလေး ဖြည့်ပေးရင် ကောင်းမှာပဲ စတဲ့တောင့်တမှု သဘောသက်သက် လေးလောက်ပဲ ဖြစ်ပါတယ်။ ဒီတောင့်တချက်လေးတွေ၊ မျှော်လင့်ချက်လေးတွေ မဖြည့်ပေးလို့၊ မလုပ်ပေးလို့ သားသမီးတွေအပေါ်မှာ မေတ္တာပျက်တာ၊ စေတနာ ပျက်တာဆိုတာ မိဘတွေမှာ မရှိပါဘူး။ မျှော်လင့်တယ်၊ တောင့်တတယ်ဆိုတာကတော့ စိတ်ရှိတဲ့သူတိုင်း၊ ရင်ထဲမှာ ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်တတ်တဲ့ သဘောမျိုးလေးကို ဗုဒ္ဓစာပေတွေမှာ မိဘတို့ရဲ့ မျှော်လင့်ချက်များ အနေနဲ့ ဖွင့်ဆိုရှင်းပြခြင်းပဲ ဖြစ်ပါတယ်။ စာပေအဖွင့်တွေအရ မိဘများရဲ့ သားသမီးတွေ အပေါ်မှာ မျှော်လင့်တောင့်တတတ်တဲ့ မျှော်လင့်ချက် (၅)မျိုး ရှိပါတယ်။ အဲဒီငါးမျိုးက

၁။ ငါတို့ရဲ့ သားသမီးတွေဟာ ငါ့တို့အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ တစ်ခါပြန်ပြီး ပြုစုလုပ်ကျွေးကြလိမ့်မယ်
၂။ ငါတို့ရဲ့ အမှုကိစ္စတွေကို ပြုလုပ်ပေးကြလိမ့်မယ်
၃။ ငါတို့ရဲ့ အမွေကို ဆက်ခံကြလိမ့်မယ်
၎။ ငါတို့ရဲ့ အမျိုးအနွယ်ကို စောင့်ထိန်းကြလိမ့်မယ်
၅။ ငါတို့သေပြီးနောက်မှာ ငါ့တို့အတွက် ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေပေးကြလိမ့်မယ်
ဆိုတာတွေပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီတောင့်တချက် (၅)မျိုးဟာ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လို့ ဆိုပေမယ့် သားသမီးတွေဘက်က ကြည့်ရင် သားသမီးဝတ္တရား (၅)မျိုးပဲ ဖြစ်ပါတယ်။ အားလုံးရဖူးပြီးသားဖြစ်တဲ့ သားသမီး ဝတ္တရားငါးပါး ဆောင်ပုဒ်လေးကို ပြန်ဆိုကြည့်မယ်ဆိုရင် “ကျွေးမွေးမပြတ်၊ ဆောင်ရွတ်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ဝတ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့သာ” ဆိုတဲ့ သားသမီးဝတ္တရား ငါးချက်ကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သားသမီးဝတ္တရား ငါးပါးကို ပြည့်စုံအောင် ပြုလုပ်ဖြည့်ဆည်းပေးတဲ့သူ၊ သားသမီး ဝတ္တရားနဲ့အညီ နေထိုင်နေတဲ့သူဆိုရင် မိဘတွေရဲ့ မျှော်လင့်ချက်ကိုလည်း ဖြည့်ပေးနေတဲ့သူဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ မိဘတွေတောင့်တတဲ့ မျှော်လင့်တောင့်တချက်ကို ဖြည့်ပေးနေသူဆိုရင် သားသမီးဝတ္တရား ကျေပွန်နေပြီး မိဘကျေးဇူးကို ဆပ်နေသူတွေဆိုလည်း မမှားနိုင်ပါဘူး။ ဒါကြောင့် မိဘကျေးဇူးကို ဆပ်ချင်သူတွေ၊ မိဘတွေရဲ့ တောင့်တချက်ကို ဖြည့်ချင်သူတွေဟာ အထွေအထူး ဟိုဟိုဒီဒီ စဉ်စားစရာမလိုဘဲ သားသမီးဝတ္တရား ငါးပါးကိုသာ ကျေပွန်အောင် ကြိုးစားနေရုံနဲ့ လောကဝတ်တွေကို ကျေပွန်စေကာ ကျေးဇူးတရား ဆပ်နေသူများအဖြစ် ဂုဏ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက သားသမီးဝတ္တရာငါးပါး၊ တစ်နည်းအားဖြင့် မိဘတို့မျှော်လင့်ချက် ငါးပါးထဲက မိဘတွေရဲ့ အမွေဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းဖို့ဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အမွေဆိုတဲ့နေရာမှာ ကောင်းမွေတွေကို ဆက်ခံဖို့နဲ့ အမျိုးအနွယ်ကို စောင့်ထိန်းတယ်ဆိုရာမှာ အိမ်ထောင်သားမွေးပြီး သားသမီးတွေ အများကြီးနဲ့ လူသားမျိုးဆက် တိုးပွားစေဖို့ထက် သူတော်ကောင်းစိတ်ဓာတ်၊ ကောင်းမြတ်တဲ့ စိတ်ဓာတ်ရှိတဲ့ သူတော်သူမြတ် အမျိုးဇာတ်တွေဖြစ်အောင် စောင့်ထိန်းဖို့ကို ဆိုလိုတယ်ဆိုတဲ့ အချက်ကို သတိပြုကြဖို့ လိုပါတယ်။ မိဘတွေ အစဉ်အဆက် လှူဒါန်းခဲ့တဲ့ ကောင်းမှုအမွေတွေ၊ မိဘတွေ အစဉ်အဆက် ထိန်းခဲ့တဲ့ ကိုယ်ကျင့် သိက္ခာကောင်းတဲ့ အမျိုးဇာတ်တွေကို ဆက်ခံထိန်းသိမ်း စောင့်ရှောက်မှုမျိုး တွေကိုသာ မွေခံထိုက်စေ၊ စောင့်လေမျိုးနွယ်လို့ ဆိုလိုတာ ဖြစ်တဲ့အတွက် ဒီအချက်တွေကို အထူးသတိပြု ဆက်ခံထိန်းသိမ်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ ဒီမျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးတွေရဲ့ ဝတ္တရာငါးမျိုးထဲမှာ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ သေဆုံးသွားတဲ့ မိဘတွေကို ရည်စူးပြီးကုသိုလ်ကောင်းမှုလုပ် အမျှအတမ်း ပေးဝေပေးတဲ့ အချက်ဟာ ဒီနေရာ သားသမီးတွေ အနေနဲ့ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် စွမ်းနိုင်သမျှ မကြာခဏလည်း လုပ်ပေးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သေပြီးနောက် ဘဝအသစ်ကို ရောက်သွားတဲ့ သူတွေအတွက် တကယ်လို့များ အစွဲတစ်ခုခုကြောင့် မကောင်းတဲ့ ပြိတ္တာဘုံမျိုးကို ရောက်ရှိသွားမယ်ဆိုရင် ဒီဘုံဘဝကလွတ်အောင်၊ မလွတ်တောင်မှ အဲဒီဘုံဘဝမှာ ချမ်းချမ်းသာသာဖြစ်အောင် အကောင်းဆုံး မျှော်လင့်နိုင်တာက မသေသေးဘဲ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်ကောင်းမှုလုပ်ပြီး အမျှအတမ်းပေးဝေးပေးတဲ့ အခွင့်အရေး တစ်ခုပဲ သူတို့မှာ ရှိနေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လို ကွယ်လွန်သူ ဖခင်ကြီးကို ရည်စူးပြီးကုသိုလ်လုပ် အမျှအတမ်းပေးဝေ ပေးတဲ့အလုပ်မျိုးဟာ သားသမီးတွေအတွက် မိဘကျေးဇူးကို နောက်ဆုံးအဓိကအကျဆုံး အချက်အဖြစ် ဆပ်တာလို့ ပြောရခြင်း ဖြစ်ပါတယ်။

စကားစပ်လို့ မိဘကျေးဇူးဆပ်တာနဲ့ ပတ်သက်ပြီး မိဘတွေရဲ့ မျှော်လင့်ချက်ငါးမျိုး၊ တစ်နည်းအားဖြင့် သားသမီးဝတ္တရား ငါးမျိုးကို ကျေပွန်အောင်ကြိုးစား နေထိုင်နေတဲ့သူတွေဟာ မိဘကျေးဇူးကို ဆပ်နေတာလို့ ဆိုပေမယ့် အလွန်ကျေးဇူးများတဲ့ မိဘတွေရဲ့ ကျေးဇူးကို အပြည့်အဝ ဆပ်ပေးတာလို့တော့ ပြောလို့မရသေးပါဘူး။ အမြတ်ဆုံး ကျေးဇူးဆပ်တာလို့လည်း မဆိုနိုင်သေးပါဘူး။ မိဘကျေးဇူးအကျေ ဆပ်ဖို့ကတော့ ဘုရားရှင်ဟောထားတဲ့ အနှစ်သာရ ဓမ္မနဲ့ကျေအောင် ဆပ်မှပဲ အကျေဆပ်နိုင်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က “သားသမီး ဖြစ်သောသူသည် အသက်တစ်ရာတန်း၌ဖြစ်၍ အသက်တစ်ရာပတ်လုံး ပခုံးတစ်ဖက်ဖြင့် အမိကိုဆောင်ကာ ပခုံးတစ်ဖက်ဖြင့် အဖကိုဆောင်၍ ပြုစုလုပ်ကျွေးခြင်း၊ အမိအဖတို့အား အနံ့အသက်ကင်းအောင် အမွေးအကြိုင်လိမ်းပေးခြင်း၊ အညောင်းအညာပြေအောင် နှိပ်နယ်ပေးခြင်း၊ ရေပူရေအေးဖြင့် ရေချိုးပေးခြင်း၊ ခြေဆုပ်လက်နယ်ပြုပေးခြင်း ယုတ်စွအဆုံး ကျင်ကြီးကျင်ငယ်ကိုပင် မိမိ၏ ပခုံးထက်၌ စွန့်ကုန်စေခြင်း၊ များစွာသော ရတနာရှိသော မဟာပထ၀ီမြေကြီးကို အုပ်ချုပ်စိုးပိုင်သော မင်းစည်းစိမ်း၌ မိဘတို့ကို ခံစားတည်နေစေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ပါသော်လည်း မိဘတို့အား ကျေးဇူးပြုခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်းသည် မဖြစ်နိုင်သေးကြောင်း၊ စင်စစ် သဒ္ဓါတရား မရှိသော အမိအဖတို့ကို သဒ္ဓါတရားနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း သီလမရှိသော အမိအဖတို့ကို သီလနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ၀န်တိုခြင်း မစ္ဆရိယ ရှိကုန်သော အမိအဖတို့ကို စွန့်ကြဲပေးကမ်းခြင်းနှင့် ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း၊ ပညာမဲ့သော အမိအဖတို့ကို ပညာနှင့်ပြည့်စုံခြင်းငှါ ဆောက်တည်စေခြင်း၊ သက်ဝင်စေခြင်း၊ တည်စေခြင်း စသည့် ကျေးဇူးဆပ်နည်းတို့ဖြင့် ကျေးဇူးဆပ်ခြင်းသည်သာ မိဘတို့အား ကျေးဇူးဆပ်ခြင်း၊ ကျေးဇူးတုံ့ပြန်ခြင်း ဖြစ်ကြောင်း” (အင်္ဂုတ္တရနိကာယ်၊ ဒုကနိပါတ်၊ သမစိတ္တ၀ဂ်၊ ) မိန့်တော်မူပါတယ်။ ဒါက ဘုရားပေးတော်မူတဲ့ မိဘကျေးဇူး အကျေဆပ်နည်းပဲ ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဒီဟောကြားချက်ကို မှီငြမ်းပြီး မန်လည်ဆရာတော်ကြီးက မဃဒေဝလင်္ကာသစ်ကျမ်းမှာ “မိကိုလက်ျာ၊ ဖမှာလက်ဝဲ၊ အမြဲထမ်းလျက်၊ ပခုံးထက်တွင်၊ သို့ပင်နိစ္စ၊ လုပ်ကျွေးကြလည်း၊ ရှေးကပြုဖူး၊ မွေးကျေးဇူးကို၊ အထူးမြဲခိုင်၊ မဆပ်နိုင်တည်း။ မဖြူနှလုံး၊ မသုံးသီလ၊ ဒါနမပွား၊ မသွားကျောင်းကန်၊ ဟုတ်လှမှန်သား၊ မိဘအားကို၊ လှူဒါနနှင့် သီလဥပုသ်၊ ကိုယ်နှုတ်နှလုံး၊ စောင့်သုံးစေမှ၊ ဟောဖော်ပြ၍၊ ဓမ္မဖြင့်သာ၊ ဆပ်နိုင်ရာ၏”လို့ အခုလို သီးကုံးဆပ်ဆိုထားတာကို ဗဟုသုတဖြစ်ဖွယ် မှတ်သားရပါတယ်။

ဆိုတော့ကား ဒီလိုတရားနဲ့ အကျေမဆပ်နိုင်တဲ့အတွက် ကျန်တဲ့ကျေးဇူးဆပ်နည်းတွေဟာ မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး။ အထက်မှာ ဖော်ပြခဲ့သလို မိဘတွေရဲ့ မျှော်လင့်တောင့်တချက်လေးတွေကို ဖြည့်ဆည်းရင်း သားသမီးဝတ္တရားကို ကျေပွန်အောင် ဆောင်ရွက်ပေးနေတဲ့ သားသမီးတွေဟာ လောကကြောင်းအရ၊ လောကဝတ်အရ မိဘကျေးဇူးကို ဆပ်နေတာပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် မိဘတွေကို အရိယာ အဆင့်လောက်အထိ ရောက်အောင် ကျေးဇူးဆပ်နိုင်ရင်တော့ အကောင်းဆုံး၊ အကျေဆုံး ကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပေမယ့် အဲဒီလောက်အထိ မလုပ်နိုင်သေးရင်လည်း အခုလို သားသမီးဝတ္တရားကို ကျေပွန်အောင် ထမ်းဆောင်ပေးနိုင်တယ် ဆိုရင်ကိုပဲ ဒါဟာ အလွန်ပြည့်စုံတဲ့ အထူးကျေးဇူးဆပ်နည်းလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒီမှာအဓိက ပြောချင်တာက မိဘတွေရဲ့ မျှော်လင့်ချက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ဘာလုပ်ပေးပါ၊ ဘယ်လိုဆောင်ရွတ်ပေးပါ စသဖြင့် အတင်းအဓမ္မ လိုချင်တောင့်တမှုနဲ့ နှုတ်ကထုတ်ဖော်ပြီး သားသမီးတွေကို ဖိအားပေးတဲ့ မျှော်လင့်ချက်တွေ မရှိပေမယ့် သူတို့ရဲ့ စိတ်ဆန္ဒနဲ့ ရင်ထဲမှာတော့ ဒီလိုလေးဆိုရင် ကောင်းမှာပဲ၊ ဒါလေးလုပ်ပေးရင် ကောင်းမှာပဲ စတဲ့ မျှော်လင့်ချက်မဟုတ်တဲ့ မျှော်လင့်ချက်လေးတွေ ရှိတတ်ရာမှာ အထက်မှာပြောခဲ့တဲ့ မျှော်လင့်တောင့်တချက် ငါးမျိုးလည်းပဲ ရှိနိုင်တဲ့အတွက် ဒီလို ကျေးဇူးများတဲ့ မိဘတွေရဲ့ မျှော်လင့်တောင့်တချက်များကို သားသမီးများ ပြုကျင့်ရမယ့် သားသမီးဝတ္တရား ငါးပါးကို ကျေပွန်အောင် ဆောင်ရွက်ပေးရင်း ဖြည့်ဆည်းပေးကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဗုဒ္ဓအလိုကျ တရားနဲ့ကျေအောင် ဆပ်နိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရပေမယ့် အဲဒီလိုမလုပ်နိုင်သေးရင်လည်း ဒီလိုလောကဝတ်ကို ကျေပွန်စေခြင်းနဲ့လည်း မိဘကျေးဇူးကို အထိုက်အလျောက် ဆပ်နေနိုင်တာ ဖြစ်တဲ့အတွက် လက်ရှိဘဝမှာပဲ သားသမီးဝတ္တရားကို ကျေပွန်အောင်ကြိုးစားကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လစဉ်ဟောကြား ပေးလာခဲ့တဲ့ တရားပွဲများမှာ ဒီနေ့လုပ်တဲ့ တရားပွဲရဲ့ အနှစ်ချုပ်အနေနဲ့ မိဘနဲ့သားသမီးကြား အပြန်အလှန် ကျေးဇူးတရားများ ရှိကြရာမှာ မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ဆိုတဲ့အတိုင်း အလွန်ကြီးမားလှတဲ့ မိဘကျေးဇူးကို အကျေမဆပ်နိုင်ပေမယ့် မိဘတွေရဲ့ မျှော်လင့်တောင့်တချက်တွေကို သားသမီးဝတ်ကို ကျေပွန်အောင် ထမ်းဆောင်ပေးခြင်းဖြင့် အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွတ်ပြီး စွမ်းနိုင်သမျှ ဆပ်ပေးကြဖို့ တိုက်တွန်းရင်း ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ထုတ်နှုတ် ဟောကြားလိုက်ရပါတယ်။

အားလုံး မျှော်လင့်ချက်ကိုယ်စီ ပြည့်မှီနိုင်ကြပါစေ…

Read more »

မစ္ဆရိယအကြောင်း တစ်စေ့တစ်စောင်း…

မစ္ဆရိယဟူသည် မိမိနှင့် ပတ်သက်သည်များကို မပေးလို၊ မလှူလို၊ မသိစေလို၊ မကြားစေလို၊ မပါစေလို၊ မပေါင်းစေလို၊ မဖြစ်စေလို၊ မရစေလို စတဲ့ ဝန်တိုခြင်း သဘောမျိုးဖြစ်၏။ မိမိရရှိထားသည့် အခြေအနေ၊ အရာဝတ္ထု၊ အခြံအရံ စသည်များအား သူတပါးတို့ ရရှိသွားမည်ကို မလိုလားခြင်း သဘောမျိုး ဖြစ်၏။ ထိုမစ္ဆရိယသည် သူတပါး ကြီးပွားချမ်းသာမည်ကို မနာလိုခြင်း ဣဿာနှင့် ဆန့်ကျင်ကာ မိမိ၏ ပိုင်ဆိုင်မှုများအပေါ်တွင် ဝန်တိုခြင်းမျိုး ဖြစ်၏။ ဣဿာသည် မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယသည် ဝန်တိုခြင်းဖြစ်၏။ တစ်ခါတရံ ထိုမနာလိုခြင်းနှင့် ဝန်တိုခြင်းသဘော နှစ်မျိုးလုံးသည် ပုထုဇဉ်ပုဂ္ဂိုလ်များ၏ သန္တာန်တွင် အတွဲလိုက် ဖြစ်ပေါ်တတ်သည်များလည်း ရှိတတ်၏။ တစ်ခါတရံ တစ်ခုချင်း ရှိနေသည်များလည်း ရှိတတ်၏။ တစ်ခုချင်း ရှိနေသည်ကပင် ကြောက်စရာကောင်းနေပြီး ထိုတရားနှစ်ပါး တစ်ပြိုင်တည်း ရှိနေမည်ဆိုလျှင်ကား အထူးပြောဖွယ်မရှိ အလွန်ပင် ကြောက်ဖွယ်ကောင်းနေပေ၏။ အထူးသဖြင့် မစ္ဆရိယ သဘောသည် အလွန်ကျယ်ပြန့်ပြီး အလွန်လည်း အသိခက်သဖြင့် ထိုမစ္ဆရိယတရား မိမိသန္တာန်တွင် မထားမိစေရန် အထူးပြုရမည် ဖြစ်ပါ၏။

မစ္ဆရိယအမျိုးမျိုး ရှိသည့်အနက် အလွန်ထင်ရှားသည့် မစ္ဆရိယတရား (၅)ပါးကို ဗုဒ္ဓစာပေများတွင် ဖွင့်ဆိုရှင်းပြထား၏။ အင်္ဂုတ္တိုရ်ပါဠိတော်တွင် ထိုမစ္ဆရိယငါးမျိုးကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင် ဟောပြထားသည်ကို တွေ့ရ၏။ ထိုဒေသနာတော်အရ မစ္ဆရိယတို့သည်
၁။ နေရာအရိပ်အာဝါသ၌ ဝန်တိုခြင်း အာဝါသမစ္ဆရိယ
၂။ အမျိုး၌ဝန်တိုခြင်း ကုလမစ္တ္ဆရိယ
၃။ လာဘ်လာဘ၌ ဝန်တိုင်ခြင်း လာဘမစ္ဆရိယ
၎။ အဆင်းသဏ္ဌာန် ဂုဏ်ကျေးဇူး၌ ဝန်တိုခြင်း ဝဏ္ဏမစ္ဆရိယ
၅။ တရားတော်၌ ဝန်တိုခြင်း ဓမ္မမစ္ဆရိယ
ဟူသော တရားငါးပါးတို့ပင် ဖြစ်ကြောင်း လေ့လာသိရှိရ၏။

ထိုငါးပါးကို အနည်းငယ်ချဲ့ပြောရလျှင် အာဝါသ မစ္ဆရိယဟူသည် အရိပ်အာဝါသ၌ ဝန်တိုခြင်းမျိုးဖြစ်၏။ လူပုဂ္ဂိုလ်များ အနေဖြင့် မိမိတို့၏ နေရာ၊ အိမ်ရာ၊ အရပ်ဌာနတို့ကို သူတပါးတို့နှင့် မဆက်ဆံစေလိုသည်ဖြစ်၍ နေစေခြင်းငှါ အလိုမရှိခြင်းသည် အာဝါသ မစ္ဆရိယ၏ သဘောမျိုးဖြစ်ပြီး ရဟန်းတော်များ အနေဖြင့်လည်း ပစ္စည်းလေးပါးဖြင့် မပင်မပန်းချမ်းသာစွာ နေရသည့် အာရာမ်၊ ကျောင်းပရိဝုဏ်၊ တိုက်ခန်း၊ ညည့်နေရာ၊ နေ့နေရာစသည့် မိမိတို့၏ အရပ်ဒေသသို့ အခြားသော အသက်သိက္ခာဂုဏ်ဝါကြီးသည့် ရဟန်းသံဃာတော်များ မလာစေခြင်း၊ လာသော်လည်း အမြန်ပြန်စေခြင်း စသည့်သဘောများသည် အာဝါသ မစ္ဆရိယ၏ သဘောများ ဖြစ်၏။ အလွယ်ပြောပါက ရဟန်းဖြစ်စေ၊ လူဖြစ်စေ မိမိတို့၏ အရိပ်အာဝါသ၊ အိပ်ရာနေရာ အိမ်ကျောင်းတို့ကို သူတပါးတို့နှင့် မဆက်ဆံစေလိုသည်၏ အဖြစ်၊ မနေစေချင်သည်၏ အဖြစ်များသည် အာဝါသ မစ္ဆရိယမည်၏။ သို့သော် အန္တရာယ်ကိုပြုတတ်၊ ဆန့်ကျင်ဘက်ကိုပြုတတ်၊ အကုသိုလ်ကို ဖြစ်စေတတ်၊ အကျင့်သိက္ခာကို ပျက်ပြားစေတတ်သည့် ပုဂ္ဂိုလ်များနှင့် မိမိတို့၏ အရိပ်အာဝါသ စသည်တို့ မဆက်ဆံစေလိုခြင်း သဘောမျိုးသည်ကား အာဝါသမစ္ဆရိယ မဖြစ်ပေ။

ကုလမစ္ဆရိယဟူသည် အမျိုး၌ ဝန်တိုခြင်းမျိုး ဖြစ်၏။ လူပုဂ္ဂိုလ်များသည် မိမိတို့၏ အလုပ်အကျွေး၊ အခြွေအရံ၊ သားမယား ဆွေမျိုးပေါက်ဖော်များနှင့် သူတပါးတို့အား မဆက်ဆံစေလိုခြင်း၊ ရဟန်းတို့သည် မိမိတို့၏ အလုပ်အကျွေး ဒါယကာဒါယိကာမ၊ ပစ္စည်းလေးပါး အလှူရှင်များ အသိမိဆွေများအား အခြားသော ရဟန်းတော်များ၊ လူပုဂ္ဂိုလ်များနှင့်နှင့် မဆက်ဆံစေလိုခြင်း စသည်တို့သည် ကုလမစ္ဆရိယမည်၏။ သို့သော် လူများအနေဖြင့် အကုသိုလ် ဒုစရိုက်ကို ပြုကျင့်တတ်သော၊ အချင်းချင်း မညီမညွတ် မချမ်းသာခြင်းကို ဖြစ်စေတတ်သော သူတို့နှင့် မဆက်ဆံစေခြင်းသည် လည်းကောင်း၊ ရဟန်းများအနေဖြင့် အလဇ္ဇီ ဒုဿီလပုဂ္ဂိုလ်၊ ဒါယကာတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်သည့် ပုဂ္ဂိုလ်တို့နှင့် မိမိတို့၏ ဒကာဒကာမများအား မဆက်ဆံစေလိုခြင်းသည်လည်းကောင်း ကုလမစ္ဆရိယ မဖြစ်ပေ။

လာဘမစ္ဆရိယဟူသည် ရရှိပိုင်ဆိုင်ထားသည့် လာဘ်လာဘ၌ ဝန်တိုခြင်းမျိုး ဖြစ်၏။ လူပုဂ္ဂိုလ်များ အနေဖြင့် လယ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း အစရှိသော တစ်စုံတစ်ခုသော အကြောင်းကြောင့် ရအပ်သော စပါးဆန်ရေ ရွှေငွေဥစ္စာ လယ်ယာကိုင်းကျွန်း နွားကျွဲဆင်မြင်း အစရှိသည့် ရရှိပိုင်ဆိုင်ထားသည့် အဝေးအနီး ဥစ္စာဘဏ္ဍာ အသုံးအဆောင်များကို သူတပါးတို့ ရစေခြင်းငှါ အလိုမရှိခြင်း၊ ရဟန်းများ အနေဖြင့် ဆွမ်းသင်္ကန်းကျောင်းဆေး ဟူသော ပစ္စည်းလေးပါးကို အခြားသော သီလရှိသော ရဟန်းသည် ရအပ်သည်ရှိသော မရပါစေနှင့် ကြံစည်စည်အောက်မေ့ခြင်း၊ ဝန်တိုခြင်းတို့သည် လာဘမစ္ဆရိယ မည်၏။ သို့သော် လူများအနေဖြင့် ထိုစည်းစိမ်ဥစ္စာ လာဘလာဘများကို ရသဖြင့် သူတပါးတို့အား ဥစ္စာအားဖြင့် နှိပ်စက်လတ္တံ့သောသူ၊ အရာမဟုတ်သည်၌ ဖျက်ဆီးလတ္တံ့သောသူ၊ ဒုစရိုက်တရား ပွားများလတ္တံ့သောသူ၊ ရသဖြင့် အကျိုးမဲ့ကို ဖြစ်စေသောသူတို့အား ရစေခြင်းငှါ အလိုမရှိခြင်းသည် လည်းကောင်း၊ ရဟန်းတော်များ အနေဖြင့် “အကြင်ရဟန်းသည် ဒါယကာတို့ ယုံကြည်၍ လှူအသော ပစ္စည်းကို ဖျက်ဆီးတတ်၏၊ မသုံးဆောင်ကောင်းသော အရာ၌ သုံးဆောင်ခြင်း၊ မကောင်းသော သုံးဆောင်ခြင်း အစရှိသော အစွမ်းအားဖြင့် ဖျက်ဆီးတတ်၏၊ ဆွေးမြေ့ပုပ်သိုးသည့်တိုင်အောင် သူတပါးအား ပေးကမ်းလိုခြင်း မရှိသည်ကို မြင်၍ ထိုရဟန်းရမည့်အစား အခြားသူရသွားလျင် ပိုကောင်းမည်” စသည်ဖြင့် ကြံစည်အောက်မေ့ ဝန်တိုခြင်းများသည် လည်းကောင်း လာဘမစ္ဆရိယ မဖြစ်ပေ။

ဝဏ္ဏမစ္ဆရိယဟူသည် ဂုဏ်အဆင်းသဏ္ဌာန်၌ ဝန်တိုခြင်းမျိုး ဖြစ်၏။ ကိုယ်အဆင်း သဏ္ဌာန်သည်လည်းကောင်း၊ သီလကျင့်ဝတ်၊ ဓုတင်ကျင့်ဝတ် သမထ၊ ဝိပဿနာ ဘာဝနာဟူသော ဂုဏ်သည်လည်းကောင်း ဝဏ္ဏမည်၏။ ထိုနှစ်ပါးတွင် ကိုယ်အဆင်း၌ ဝန်တိုသောသူသည် “မည်သူက မည်မျှ ကြည်ညိုဖွယ်ရှိ၏၊ အဆင်းနှင့် မည့်သို့မည်ပုံ ပြည့်စုံ၏” စသည်ဖြင့် ဆိုလာသော အသံများကို နားထောင်ခြင်းငှါ အလိုမရှိခြင်း၊ ဂုဏ်ဟူသော ကျေးဇူး၌ ဝန်တိုလေ့ရှိသူသည် သီလ၊ ဓုတင်စသည့် အကျင့်အားကောင်းသည့် တစ်စုံတစ်ယောက်သော သူ၏ ကျေးဇူးကို ချီးမွမ်းစေခြင်းငှါ အလိုမရှိခြင်း၊ နားထောင်ခြင်းငှါ အလိုမရှိခြင်း စသည့် အဆင်းဂုဏ်တို့နှင့် ပတ်သက်သည့် ဝန်တိုခြင်းမျိုးသည် ဝဏ္ဏမစ္ဆရိယမည်၏။ သို့သော် မကောင်းသော သူတို့၏၊ မကောင်းသော အဆင်းဂုဏ်တို့ကို ကောင်းသောသူများ ကြားစေခြင်းအားဖြင့် တစ်စုံတစ်ခုသော အကျိုးကိုမျှ မဖြစ်စေသဖြင့် မပြောဆိုခြင်း၊ နားမထောင်စေခြင်း သဘောမျိုးသည်ကား ဝဏ္ဏမစ္ဆရိယ မဖြစ်ပေ။

ဓမ္မမစ္ဆရိယဟူသည် တရားတော်၌ ဝန်တိုခြင်းမျိုး ဖြစ်၏။ ဤ၌ ဓမ္မဟူသည် ပရိယတ္တိဓမ္မ၊ ပဋိဝေဓ ဓမ္မနှစ်မျိုးကို ဆိုခြင်းဖြစ်သော်လည်း သောတာပန် စသည့် အရိယာများအနေဖြင့်ကား ရရှိထားသည့် ပဋိဝေဓ ဓမ္မအပေါ်တွင် ဝန်တိုခြင်း မရှိသဖြင့် ပဋိဝေဓဓမ္မနှင့်စပ်၍ အထူးပြောစရာ မရှိလှပေ။ အဖြစ်များသည်မှာ ပရိယတ္တိဓမ္မနှင့် စပ်လျဉ်း၍သာ ဓမ္မမစ္ဆရိယအဖြစ် များလေ့ရှိ၏။ တစ်စုံတစ်ယောက်သည် လျှို့ဝှက်ခက်ခဲသော အကျင့်ကျမ်းဂန်၌လည်းကောင်း၊ စကားအစဉ်၌လည်းကောင်း သူတပါးတို့ ကြားသိစေခြင်းခြင်းငှါ အလိုမရှိ၊ ထိုဓမ္မ၌ ကျွမ်းကျင်သော ပုဂ္ဂိုလ်သူမြတ်ထံ သွား၍ မေးမြန်းစုံစမ်းခြင်းငှါ အခွင့်မပေး၊ သိစေခြင်းငှါလည်း အလိုမရှိ၊ ထိုသို့သော သဘောမျိုးသည် ဓမ္မစ္ဆရိယ၏ သဘောမျိုးဖြစ်၏။ သို့သော် အကြင်ပုဂ္ဂိုလ်သည် ဓမ္မကို သိခြင်းဖြင့် အန္တရာယ်ရှိ၏ဟု လည်းကောင်း၊ တရားတော်၏ သိမ့်မွေ့နူးညံ့မှု တန်ဘိုးနှင့် သင်ယူစေခြင်းဖြင့် ထိုသူအား အကျိုးမရှိဟု လည်းကောင်း ဤသို့ ပုဂ္ဂိုလ်ဓမ္မကို စုံစမ်း၍ အကျိုးမရှိသဖြင့် မသိစေခြင်း၊ မသင်ယူလိုစေခြင်း၊ မတွေ့စေလိုခြင်း စသည်တို့သည်ကား ဓမ္မမစ္ဆရိယ မဖြစ်ပေ။

အထက်ပါ မစ္ဆေရငါးပါးတို့တွင် အာဝါသမစ္ဆရိယကြောင့် ဘီးလူးသည်လည်းကောင်း၊ ပြိတ္တာသည် လည်းကောင်းဖြစ်တတ်၍ ထိုအိမ်ကျောင်းများတွင် ဖြစ်သည့်အမှိုက်များကို ဦးခေါင်းဖြင့်ရွတ်၍ ထိုမှဤမှ ကျင်လည်ရတတ်၏။ ကုလမစ္ဆရိယကြောင့် တပါးကုန်သောသူတို့၏ ဒါနအနုမောဒနာ အစရှိသည်တို့ ပြုသည်တို့ကို မြင်ကုန်၍ ငါ၏အမျိုးသည် ပျက်ခဲ့ပြီတကားဟု ကြံသောသူအား သွေးအန်သည်အထိ ဖြစ်တတ်ကာ အူအပိုင်းပိုင်း ပြတ်သည်အထိ ဖြစ်တတ်၏။ လာဘမစ္ဆရိယကြောင့် လူပုဂ္ဂိုလ်များ အနေဖြင့် သူတပါးတို့၏ ဥစ္စာကို အနိုင်အထက် နှိပ်စက်၍ သုံးဆောင်သည်ဖြစ်၍ လည်းကောင်း၊ ရဟန်းများ အနေဖြင့် ဂိုဏ်းသံဃာ၏ ဥစ္စာဖြစ်သော လာဘ်၌ ဝန်တိုသည်ဖြစ်၍ ပုဂ္ဂလိကဥစ္စာကဲ့သို့ သုံးဆောင်သည်ဖြစ်၍ လည်းကောင်း ပြိတ္တာသည်လည်းကောင်း၊ စပါးကြီးမြေမျိုးသည်လည်းကောင်း ဖြစ်တတ်၏။ ဝဏ္ဏမစ္ဆရိယကြောင့် အဆင်းပျက်ခြင်း၊ အဆင်းမလှခြင်းမျိုး ဖြစ်တတ်ပြီး၊ ဓမ္မမစ္ဆရိယကြောင့်ကား အခြင်းဆွံ့ခြင်း အရိအရည် ယိုခြင်းစသည်များ ဖြစ်တတ်၏။ တစ်နည်းအားဖြင့် အာဝါသမစ္ဆရိယကြောင့် သေသည့်အခါ ကြေးအိမ်သံအိမ်ဟူသော ငရဲ၌ခံရတတ်ခြင်း၊ ကုလမစ္ဆရိယကြောင့် ယခုဘဝတွင်ပင် လာဘ်လာဘ နည်းပါးတတ်ခြင်း၊ လာဘမစ္ဆရိယကြောင့် သေပြီးနောက် ဘင်ပုပ်ငရဲ၌ ဖြစ်ရတတ်ခြင်း၊ ဝဏ္ဏမစ္ဆရိယကြောင့် ဖြစ်လေရာဘဝတိုင်း ဂုဏ်အဆင်းဟူသည် မရှိဘဲ ဖြစ်တတ်ခြင်း၊ ဓမ္မမစ္ဆရိယကြောင့် ပြာပူငရဲ၌ ဖြစ်တတ်ခြင်း စသည့် အကျိုးအပြစ်များကိုလည်း ခံစားရတတ်ပေ၏။

သို့ဆိုလျှင် ဤသို့ကြောက်ဖွယ်ဖြစ်သည့် မစ္ဆရိယတရားများ ပျောက်ပျက်စေရန် မည်သို့သော် အကျင့်ကို ကျင့်ကြံသင့်သနည်းဟု မေးလာသည်ရှိသော် ဘုရားရှင်၏ တရားစကားကိုသာ ညွန်ပြရမည်သာ ဖြစ်ပေ၏။ ဘုရားရှင်က “ပဉ္စန္နံ ဘိက္ခဝေ မစ္ဆရိယာနံ ပဟာနာယ စတ္တာရော သတိပဋ္ဌာနာ ဘာဝေတဗ္ဗာ -ချစ်သားတို့ ဝန်တိုခြင်း မစ္ဆရိယတရား ငါးပါးကို ပယ်သတ်ရန်အတွက် သတိပဋ္ဌာန်တရား လေးပါးကို ပွားများအားထုတ်ရာ၏” ဟု အင်္ဂုတ္တိုရ်ပါဠိတော်တွင် ဟောကြားတော်မူထား၏။ ထို့ကြောင့် ကြောက်မက်ဖွယ်ကောင်းသည့် မစ္ဆရိယတရားများ မိမိသန္တာန် လျော့နည်းပျောက်ကွယ် စေလိုသူများ အနေဖြင့် သတိကို အထူးပြုပွားများခြင်း ဝိပဿနာအလုပ်ကို ကြိုးစားပွားများ အားထုတ်ကြရန် လိုအပ်လှပေ၏။

ဤကား မစ္ဆရိယတရားနှင့် ပတ်သက်၍ စာပေကျမ်းဂန်လာ ဖွင့်ဆိုချက်အကြောင်း တစ်စေ့တစ်စောင်းပင် ဖြစ်ပါ၏။ ဝန်တိုခြင်း မစ္ဆရိယတရားသည် သတ္တဝါများ အထံတွင် အဖြစ်မြန်သကဲ့သို့ အဖြစ်လည်းများပြီး ကုသိုလ်ကောင်းမှုဖြစ်ရန် အနှောက်အယှက်ပြုတတ်သည့် အတွင်းရန်သူ တစ်မျိုးလည်း ဖြစ်သဖြင့် ထိုမစ္ဆရိယ တရားများကို သိရှိမှတ်သားကာ မိမိသန္တာန်တွင် အဖြစ်နည်းရန် ကြိုးစားအားထုတ်သင့်ကြပေ၏။ တဖြည်းဖြည်းချင်း လျော့ချကာ နောက်ဆုံးအကြွင်းမဲ့ ကုန်ဆုံးသည်အထိ အားထုတ်နိုင်ရန် ဝိပဿနာ အလုပ်ကိုလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ကြရန် အထူးလိုအပ်လှပေ၏။

ထို့ကြောင့် ဝန်တိုချင်း မစ္ဆရိယတရားများဖြင့် နေ့စဉ်မပြတ် နှိက်စက်ခြင်းကို ခံနေရတတ်သည့် ပုထုဇဉ်များ အနေဖြင့် မိမိတို့သန္တာန်တွင် ထိုတရားများ အတတ်နိုင်ဆုံး လျော့နည်းစေရန် သတိတရား လက်ကိုင်ထားကာ သမာဓိ၊ ဝိရိယတရားများဖြင့် ထိုရန်သူများ၏ နှိပ်စက်မှုများမှ ရှောင်ရှားနိုင်ရန် ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း မစ္ဆရိယအကြောင်း တစ်စေ့တစ်စောင်း တင်ပြအပ်ပါသည်။


ကျမ်းကိုး = ဂမ္ဘီရတ္တဒေသနာ (သီးလုံးဆရာတော်)

Read more »

မေးလ်ထဲက အမေးများ (၃)

အရှင်ဘုရား,
တရားတော်နဲ့ ပတ်သက်ရင် မေးမြန်းကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ အရှင်ဘုရား။
အခုတစ်ခေါက်လည်း တပည့်တော် မသိတာလေးတွေကို မေးလျှောက်ချင်လို့ပါ အရှင်ဘုရား။

(၁) သင်္ခါရ လောကမှာ ဘာတွေပါလဲ ဆိုတာကို သိချင်ပါတယ် အရှင်ဘုရား။
ဖြေ။ သင်္ခါရလောကဆိုတာ (၃၁)ဘုံနဲ့တကွ သက်ရှိသက်မဲ့ အားလုံးသော သတ္တလောက၊ သြကာသလောက တွေကို ဖြစ်မှုပျက်မှု၊ အိုနာသေမှု စသည် အမျိုးမျိုး အဖုံဖုံးတို့ဖြင့် စီမံဖန်တီး ပြောင်းလဲပြုပြင် ပေးတဲ့သဘောမျိုး၊ တစ်နည်းအားဖြင့် လောကီစိတ်၊ စေတသိက်၊ ရုပ်တရားများ၊ တစ်နည်းအားဖြင့် နာမ်ရုပ်အစုများကို သင်္ခါရလောကလို့ ခေါ်တာဖြစ်ပါတယ်။ အလွယ်ပြောရရင် ရုပ်တရား၊ နာမ်တရားအားလုံးဟာ သင်္ခါရလောကပဲ ဖြစ်ပါတယ်။

(၂) သြကာသ လောကကို “သက်မဲ့လောက” လို့ အတိုချုပ် ပြောရင် ရနိုင်မလားဘုရား။
ဖြေ။ သက်မဲ့လောကလို့ ပြောလိုကလည်း ပြောနိုင်ပါတယ်။ စာပေအဖွင့်တွေကတော့ သတ္တဝါဟူသမျှ၊ မှီတင်းနေထိုင်ရာ ဌာနဖြစ်တဲ့ (၃၁)ဘုံ (ရေ၊ မြေ၊ တော၊ တောင်၊ ကောင်းကင်စတာတွေ) ကို သြကာသလောကလို့ ဆိုလိုတာ ဖြစ်ပါတယ်။ စာပေအရ သက်ရှိသတ္တဝါအပေါင်းကို သတ္တလောကလို့ ခေါ်ပြီး အဲဒီသတ္တဝါတွေရဲ့ တည်နေရာဘုံဌာနကိုဖြစ်စေ၊ ဘုံမရှိတဲ့ နေရာဌာကို (တစ်ချို့သတ္တဝါတွေဟာ သီးသန့်ဘုံဌာနမရှိ) ဖြစ်စေ သြကာသလောကလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါကြောင့် သက်မဲ့လောကလို့ ဆိုတာထက် သက်ရှိသတ္တဝါတွေ မှီတင်းနေထိုင်ကြတဲ့ တည်နေရာဘုံဌာနကို သြကာသလောကလို့ ဆိုတာက ပိုသင့်ပါတယ်။ (ခန္ဓဝဂ္ဂသံယုတ် ပါဠိတော်၊ ၁၁၃၊ အဋ္ဌကထာ၊ ၂၉၃)

(၃) မြတ်စွာဘုရားက ရှားတောရောက်တဲ့အခါ ရှားရွက်တစ်ရွက်ကိုကိုင်ပြီး အရှင်အာနန္ဒာကို မိန့်တော်မူတာလေးကိုလည်း သိချင်ပါတယ် အရှင်ဘုရား။ ဘယ်အကြောင်းအရာနဲ့ ဆက်စပ်ပြီး ဟောဖြစ်သွားတာလဲ ဆိုတာကိုလည်း သိချင်ပါတယ် အရှင်ဘုရား။ ဒီ(၃) မေးခွန်းမှာ အမှားတွေ( ရှားတော ဟုတ်မဟုတ်၊ အရှင်အာနန္ဒာကို ဟောတာဟုတ်မဟုတ်) ပါသွားရင်လည်း ခွင့်လွှတ်ပြီး ပြုပြင်ပေးပါဘုရား။ တပည့်တော် မှတ်မိသလောက်လေးကို မှန်းဆပြီး ရေးလိုက်ရလို့ပါ အရှင်ဘုရား။
ရိုသေလေးစားစွာဖြင့်
တပည့် ဆက်နောင်

ဖြေ။ လက်လှမ်းမီသလောက် ပိဋကတ်စာပေတွေအရ မြတ်စွာဘုရားရှင် ရှားတောကို ကြွတော်မူတဲ့အကြောင်းနဲ့ ပတ်သက်ပြီး ရှားတောမှာ တစ်ပါးတည်း ဓုတင်ဆောက်တည်နေတဲ့ အရညက ဓုတင်အရာမှာ ဧတဒဂ် ရတော်မူတဲ့ အရှင်ရေဝတမထေရ်ကို အကြောင်းပြုပြီး ကြွတော်မူကြောင်း သိရပါတယ်။ အဲဒီရှားတောကို ကြွတော်မူတဲ့အချိန်မှာ မြတ်စွာဘုရားရှင်နဲ့အတူ၊ အရှင်သာရိပုတ္တရာ၊ အရှင်အာနန္ဒာ၊ အရှင်သီဝလိ စတဲ့ မထေရ်မြတ်ကြီးအတော်များများနဲ့ နောက်ပါးရဟန်းတော်များလည်း အတူတကွ ကြွတော်မူပါတယ်။ ရှားတောကြွရာလမ်း တစ်နေရာရောက်တော့ ကောက်ကွေးနေတဲ့လမ်း တစ်သွယ်ရင်၊ ဖြောင့်ဖြူးပေမယ့် ဝေးပြီးအန္တရာယ်ရှိတဲ့အပြင် ဆွမ်းကွမ်းကိစ္စလည်း အခက်အခဲဖြစ်နိုင်တဲ့ လမ်းတစ်သွယ်ရယ်ဆိုပြီး လမ်းနှစ်သွယ်ကို တွေ့တော်မူကြပါတယ်။ အဲဒီအခါမှာ အရှင်အာနန္ဒာ မထေရ်က မြတ်စွာဘုရားကို “အရှင်ဘုရား လမ်းနှစ်သွယ်မှာ ဘယ်လမ်းကို ကြွတော်မူပါမလဲ ဘုရား”လို့ လျှောက်ထားတော့ မြတ်စွာဘုရားရှင်က “အာနန္ဒာ နောက်ပါသံဃာတော်တွေထဲမှာ အရှင်သီဝလိ မထေရ်ပါသလား”လို့ မေးတဲ့အခါ အရှင်အာနန္ဒမထေရ်က ပါတော်မူကြောင်း ပြန်လျှောက်ပါတယ်။ ဒီတော့ ဘုရားရှင်က “ရှင်သီဝလိမထေရ်ပါရင် လမ်းဖြောင့်ကိုပဲ ကြွကြစို့”လို့ မိန့်တော်မူကာ ကြွတော်မူကြောင်း ဖတ်မှတ်ရပါတယ်။ ဒီလို မိန့်တော်မူတာကလည်း ရှင်သီဝလိ မထေရ်ရဲ့ ဘုန်းကံကြီးမား၊ လာဘ်လာဘ ပေါများမှုကို သိတော်မူတဲ့ အတွက်ကြောင့် ဖြစ်ကြောင်း ဓမ္မပဒအဋ္ဌကထာမှာ ဖွင့်ပြပါတယ်။

ဘုန်းဘုန်းသိတဲ့ စာပေအဖွင့်တွေအရ အရှင်ရေဝတ မထေရ်ကို ချီးမြှောက်တော်မူလိုတဲ့အတွက် ရှားတောကို ကြွတော်မူရခြင်း အကြောင်းနဲ့ လမ်းခရီးမှာ အရှင်အာနန္ဒာနဲ့ ဘုရားရှင်တို့ရဲ့ အမေးအဖြေအကြောင်းကတော့ ဒီလောက်ပဲ သိမှတ်မိပါတယ်။ ဒကာတော် မေးတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး ပိဋကတ်လမ်းညွှန်မှာ အထပ်ထပ် ရှာကြည့်ပေမယ့် မေးခွန်းကသုတ်တော် အတိအကျ မရှိတာရယ်၊ အကြောင်းအရာက ဟိုလိုလိုဒီလိုလို ရောနေတာရယ်ကြောင့် တိတိကျကျ မတွေ့မိဘူး ဖြစ်နေပါတယ်။ ဘုန်းဘုန်းရဲ့ စာပေ မနှံ့စပ်မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ ဓမ္မပဒ၊ အရဟန္တဝဂ်၊ ရေဝတမထေရ် ဝတ္ထုပါ အဋ္ဌကထာ အဖွင့်ကို ဖတ်မှတ်မိပြီး ပြန်လည်ဖြေကြားလိုက်ပါတယ်။ အကြောင်းသင့်တဲ့အခါ စာပေရေးရာမှာ ပိုမိုနှံ့စပ်ပြည့်စုံတော်မူတဲ့ ဆရာတော် သံဃာတော်များ အထံတော်မှာ ထပ်မံပြီး မေးလျောက်ကြည့်ဖို့ ဆန္ဒပြု တိုက်တွန်းပါတယ်။

Read more »

ပရဟိတစိတ်ထား၊ ထိုသူများသို့...

သဒ္ဓါအပြည့်၊ သီလငွေ့ဖြင့်
ဆန္ဒလည်းထား၊ ဝီရိယအားဖြင့်
ခန္တီနှလုံး၊ အစဉ်သုံး၍
မေတ္တာနှလုံး၊ ကျင့်ကာသုံးသည့်
အမှန်ကန်ဆုံး၊ ဤကျင့်ထုံးကား
အများတကာ၊ ကောင်းစေရာဖို့
စွမ်းဆောင်စေသူ၊ များထိုသူတို့
အမှန်မလွဲ၊ သတိစွဲကာ
လိုက်နာကျင့်ရာ၊ နည်းမှန်ပါ၍
ပရစိတ်ထား၊ အို..လူသားတို့
ကြိုးစားအမှန် ကျင့်ကြံလေလော့။ ။
(မနာပ ဒါယီ ဆရာတော်)

ဘုန်းဘုန်းထံကို ဖုန်းဆက်လာသူတွေထဲမှာ နိုင်ငံခြားရောက် ဘုန်းဘုန်းရဲ့ စာဖတ်ပရိတ်သတ်တွေလည်း မကြာခဏ ရှိလာနေပါတယ်။ ဖုန်းဆက်လာတယ် ဆိုတာကလည်း သူတို့သိချင်တဲ့ အကြောင်းအရာများကို မေးမြန်းလျှောက်ထား၊ အကြံဉာဏ်များ တောင်းခံလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အများအကျိုး၊ အထူးသဖြင့် သံဃာ့အကျိုးကို ကြိုးစားလုပ်ဆောင်နေတဲ့ ပြည်ပရောက်ဒကာ တစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူက သူတို့လို အများအကျိုးဆောင်များအတွက် အမှားမဖြစ်အောင် လုပ်ဆောင်နိုင်မယ့်၊ အင်အားဖြစ်စေနိုင်မယ့်၊ လိုအပ်မယ်ထင်တဲ့ အဆုံးအမ လိုအပ်ချက်လေးများကို မိန့်ကြားပေးပါ ဘုရားဆိုပြီး လျှောက်ထားလာပါတယ်။ ဒါကြောင့် သူတို့လို ပရဟိတ စိတ်ထားရှိသူများ၊ အများအကျိုး၊ အမျိုးဘာသာ၊ သာသနာအကျိုး ဆောင်ရွတ်နေသူများကို ရည်ညွှန်းပြီး “ပရဟိတစိတ်ထား ထိုသူများသို့”ဆိုတဲ့ ဒီကဗျာလေးကို စပ်ဆိုဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ လျှောက်ထားလာသူ ဒကာလေးကိုတော့ ဖုန်းနဲ့ပဲ ဒီလိုအရာတွေနဲ့ ပြည့်စုံအောင် ကြိုးစားဖို့ တိုက်တွန်းစကား ပြောကြားပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အများအကျိုးကို လုပ်နေတဲ့သူတွေ၊ လုပ်ဖို့ကြိုးစားနေသူတွေအတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ အောင်မြင်မှုရဖို့၊ ကိုယ့်အလုပ်တွေမှာ မှန်ကန်စေဖို့၊ အင်အားတွေဖြစ်စေဖို့ ပရဟိတ စိတ်ထားသူများဟာ
၁။ ယုံကြည်မှု သဒ္ဓါတရား
၂။ ပြည့်စုံတဲ့ ကိုယ်ကျင့်တရား
၃။ ကောင်းမွန်တဲ့ ဆန္ဒတရား
၎။ ကြိုးစားအားထုတ်လိုတဲ့ ဝိရိယတရား
၅။ သည်းခံနိုင်တဲ့ ခန္တီတရား
၆။ အကျိုးလိုလားတဲ့ မေတ္တာတရား
များနဲ့ ပြည့်စုံဖို့ လိုပါတယ်။

အများအကျိုးဆောင်လိုတဲ့ ပရဟိတ သမားများအတွက် ကိုယ်လုပ်တဲ့ အလုပ်အပေါ်မှာ ယုံကြည်မှု ရှိဖို့လိုပါတယ်။ ယုံကြည်မှုဆိုတဲ့ နေရာမှာ ကိုယ်လုပ်တဲ့ ကောင်းမကောင်း အလုပ်တွေရဲ့ အကောင်းအဆိုး အကျိုးအပြစ်တွေအပေါ်မှာ ယုံယုံကြည်ကြည် ရှိနေကြဖို့ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကံကံရဲ့ အကျိုးအပေါ် ယုံကြည်မှုပါပဲ။ ဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်မှာ ယုံကြည်မှု မရှိဘဲ လုပ်နေရင် လုပ်သမျှ အလုပ်တွေဟာ အဓိပ္ပါယ်မဲ့ ဖြစ်တတ်တဲ့အတွက် ဒီလိုမဖြစ်အောင် မှန်ကန်တဲ့ယုံကြည်မှု ရှိဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ယုံကြည်မှု ရှိနေရုံနဲ့ မပြီးသေးပါဘူး။ အများအကျိုးဆောင်တွေ အနေနဲ့ ကိုယ့်ကိုယ်ကိုနဲ့ သူတပါးတွေရဲ့ ကြည်ညိုလေးစားမှုကို ရရှိစေဖို့ ကိုယ့်ရဲ့ကိုယ်ကျင့်သီလကလည်း ကောင်းနေဖို့လိုပါတယ်။ လုပ်တော့အများအလုပ် ကိုယ်ကိုယ်တိုင် ကျင့်သုံးနေတာက ကိုယ်ကျင့်တရား ဖောက်ပြန်နေတဲ့ အမှားအလုပ်ဆိုရင် အများတကာမပြောနဲ့ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ကြည်ညိုမှု ရှိလာမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုပြန်ပြီး သတိထားကြည့်လို့မှ ကြည်ညိုစရာ၊ ဂုဏ်ယူစရာ၊ သစ္စာပြုစရာ အကျင့်သီလ မရှိဘူးဆိုရင် သူများတွေကို စည်းရုံးဟောပြော လှုံ့ဆော်ပေးဖို့ဆိုတာ ဘယ်လိုမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ မကောင်းတတ်လို့ လှူပေး၊ ထောက်ပံ့ပေးလိုက်ရပေမယ့် စေတနာကတော့ ပါမှာမဟုတ်ပါဘူး။ ဒါကြောင့် ပရဟိတ သမားများအနေနဲ့ ပရဟိတ ဆောင်ရွတ်တဲ့အခါမှာ အတ္တဟိတ အနေနဲ့ ကိုယ့်ရဲ့အကျင့်သီလကိုလည်း ပြည့်စုံအောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုရတာ ဖြစ်ပါတယ်။

ကိုယ်ကျင့်သီလကောင်းလေးတွေ ထားပြီးတဲ့အခါမှာ ကိုယ့်ရဲ့ပရဟိတ အလုပ်များအတွက် ကောင်းမြတ်တဲ့ လိုအင်ဆန္ဒလေးတွေလည်း ရှိဖို့လိုပါတယ်။ ဘယ်မှာဘယ်လို ထောက်ပံ့လိုက်မယ်၊ ဘယ်မှာဘယ်လို လှူလိုက်မယ်၊ ဘယ်နေရာလေးမှာ ဘယ်လိုဖြည့်ပေးလိုက်မယ်၊ ဘယ်လောက်အတိုင်း အတာမျိုးဖြစ်အောင် ကြိုးစားလိုက်မယ် စတာတွေဟာ ကောင်းမြတ်တဲ့ ဆန္ဒတွေဖြစ်ပါတယ်။ ဒီလိုဖြစ်ချင် လုပ်ချင်တာလေးတွေဟာ လောဘမဟုတ်ပါဘူး။ ကုသိုလ်ရစေတဲ့ ကောင်းတဲ့ဆန္ဒတွေသာ ဖြစ်ပါတယ်။ အများအကျိုးဆောင်တွေ အတွက် ဒီလိုဆန္ဒကောင်းများက သိပ်ကိုလိုအပ်ပါတယ်။ ဒီလိုဆန္ဒလေးတွေ ရှိနေမှလည်း လုပ်ချင်ကိုင်ချင်တဲ့ စိတ်တွေတိုးပွားလာမှာ ဖြစ်ပါတယ်။ ဆန္ဒရှိမှလည်း ကြိုးစားအားထုတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပရဟိတဆောင်ရွတ်လိုသူတွေ အနေနဲ့ ဆန္ဒကောင်းတွေလည်း ရှိထားဖို့လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ခုနပြောသလို ဆန္ဒဟာ ကြိုးစားအားထုတ်မှု ဝိရီယကို ထောက်ပံ့ပေးနိုင်တဲ့အတွက် ဆန္ဒရှိနေတဲ့သူတွေဟာ ကြိုးစားမှုတွေလည်း ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဆန္ဒတော့ရှိတယ်။ ကြိုးစားအားထုတ်မှု လက်တွေ့ပိုင်း မရှိဘူးဆိုရင်လည်း ကိုယ့်ရဲ့အလုပ်တွေဟာ အကောင်အထည် ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် ပရဟိတ သမားများဟာ ပါးစပ်နဲ့ စိတ်နဲ့အများအကျိုးကို ဆောင်ရွတ်နေလို့ မပြီးဘဲ လက်တွေ့ကြိုးစား အားထုတ်တတ်တဲ့ ဝိရိယလည်း လိုအပ်တယ်လို့ ဆိုရတာ ဖြစ်ပါတယ်။ ဆန္ဒကထောက်ပံ့ပေးပြီး ဝိရိယက လက်တွေ့ အကောင်အထည်ဖော်ပေးမှာ ဖြစ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဆန္ဒအားနဲ့ ဝိရိယအားတွေ အထူးရှိနေဖို့ လိုတာအမှန်ပဲ ဖြစ်ပါတယ်။

နောက် အများအကျိုး ရွတ်သယ်ပိုးသူတွေအတွက် အထူးလိုအပ်တဲ့ တရားတစ်ခုက ခန္တီတရားပဲ ဖြစ်ပါတယ်။ သည်းခံမှုတရား သိပ်ကိုလိုအပ်ပါတယ်။ ဘာမှမလုပ်တဲ့သူတွေအတွက် ဘယ်လိုတုန့်ပြန်မှုမျိုးမှ မလာတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင် အပြောအဆို အတိုက်အခိုက်တွေက အမျိုးမျိုး ရောက်လာတော့တာ ဖြစ်ပါတယ်။ ပြောလာပြီဆိုရင်လည်း အကောင်းတွေတော့ မဟုတ်ပါဘူး။ ဆီလိုအပေါက်ရှာပြီး မကောင်းတာတွေပဲ ပြောလာကြမှာဖြစ်ပါတယ်။ ဒီလိုပတ်ဝန်ကျင်းရဲ့ အပြောအဆို၊ အတိုက်အခိုက်၊ အကဲ့အရဲ့တွေကို ခံနိုင်ဖို့ သည်းခံမှုတရား လိုအပ်ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်နဲ့ ကိုယ့်စေတနာ ကောင်းဖို့ကိုသာ အဓိကထားပြီး ကြုံလာသမျှ လောကဓံတွေအပေါ်မှာ သည်းခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ အဲဒီလို ခန္တီတရား မရှိလို့ ကိုယ်ကပြန်ပြီး တုန့်ပြန်ဖြစ်ကြမယ်ဆိုရင် ကိုယ့်ရဲ့အလုပ်တွေမှာ အနှောက်အယှက်ဖြစ်ပြီး အောင်မြင်မှု မရဘဲ ဖြစ်တတ်ပါတယ်။ ကိုယ့်အတွက်လုပ်တာ မဟုတ်တဲ့အတွက် ဘယ်သူတွေက ဘာပဲပြောပြော ဒီအပေါ်မှာ လိုက်မခံစားမိဖို့ လိုပါတယ်။ မကောင်းတဲ့အရာတွေကို နှလုံးသားထဲမှာ သိမ်းမထားဘဲ အမြန်ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ တိုက်ခိုက်လာတဲ့ အပေါ်မှာလည်း မတုန်မလှုပ်တဲ့ ခန္တီတရားနဲ့ ကြိုးစားကာကွယ်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ့်ရဲ့ပရဟိတ လုပ်ငန်းလေးတွေဟာလည်း အထိုက်အလျောက် အောင်မြင်မှု ရလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ အားလုံးအတွက် သည်းခံခြင်းတရားဟာ အမှန်ပဲ လိုအပ်နေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ချက်က မေတ္တာတရားပါ။ မေတ္တာတရားဟာလည်း ပရဟိတသမားများအတွက် မရှိမဖြစ် လိုအပ်တဲ့အရာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားခြင်း သဘောဖြစ်တဲ့အတွက် အများအကျိုးအတွက် အလုပ်လုပ်နေကြသူတွေမှာ ဒီလိုမေတ္တာတရားဟာ အတိုင်းအတာ တစ်ခုအထိ လိုအပ်ပါတယ်။ အထူးသဖြင့် တွေ့ကြုံလာရမယ့် လောကဓံတွေကို သည်းခံမှုနဲ့ ရင်ဆိုင်ပြီး အကျိုးလိုလားတဲ့ မေတ္တာစိတ်နဲ့ ပြန်လည်တုံပြန်နိုင်မယ်ဆိုရင် ကိုယ့်အပေါ် မကောင်းကြံတဲ့သူတောင် အကောင်းဘက် ပြောင်းလာနိုင်မှာ ဖြစ်ပါတယ်။ အလုပ်လုပ်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုလည်း မေတ္တာပွားသလို၊ သူများတွေကိုလည်း ပွားပေးဖို့လိုပါတယ်။ ကိုယ့်ရဲ့ကိုယ့်စောင့်နတ် အပါအဝင် ကိုယ့်ပတ်ဝန်းကျင် ကိုယ်သွားမယ့်နေရာ၊ ကိုယ့်လုပ်ရမယ့်ဒေသ ပတ်ဝန်းကျင် စတဲ့ ဘယ်လိုနေရာတွေမှာ မဆို ဒီမေတ္တာလေးပါ ပွားပေးနိုင်မယ်ဆိုရင် အများအတွက် အလုပ်လုပ်တဲ့အခါမှာ ထင်တာထက်ကို တိုးတက်အောင်မြင်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အများအကျိုး ရွတ်သယ်ပိုးကြမယ့် သူတွေအနေနဲ့ မိမိတို့ရဲ့ လုပ်ငန်းတွေမှာ အောင်မြင်မှုရဖို့၊ ပင်ပန်းရကျိုးနပ်ဖို့နဲ့ ဖြစ်ချင်တာတွေ ဖြစ်လာစေဖို့ ကိုယ့်သန္တာန်မှာ ရှိသင့်တဲ့ တရားတွေဖြစ်တဲ့ သဒ္ဓါ၊ သီလ၊ ဆန္ဒ၊ ဝိရိယ၊ ခန္တီ၊ မေတ္တာ တရားများနဲ့ ပြည့်စုံအောင်ကြိုးစားပြီး ကောင်းမြတ်တဲ့စိတ်ထားနဲ့ ရိုးသားစွာ အားထုတ်ကြမယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာ အသေအချာပဲ ဖြစ်တဲ့အတွက် ဒီတရားများ လက်ကိုင်ထားပြီး ပရဟိတစိတ်ထားနဲ့ အများအကျိုး ရွတ်သယ်ပိုးကြဖို့ အကြံပြု တင်ပြကာ တိုက်တွန်းလိုက်ရပါတယ်။

Read more »

ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်း

“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏၊
မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်ရာ၏။
မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်ရာ၏၊
မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်ရာ၏”
(ဂေါတမမြတ်စွာဘုရား)

လောက၌ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်များ ရှိနေတတ်၏။ ကောင်းခြင်းမကောင်းခြင်း၊ မှန်ခြင်းမှားခြင်း၊ ကြိုက်ခြင်းမကြိုက်ခြင်း၊ ချစ်ခြင်းမုန်းခြင်း၊ ရှိခြင်းမရှိခြင်း၊ သိခြင်းမသိခြင်း၊ ကျင့်ခြင်းမကျင့်ခြင်း စသည်ဖြင့် အကောင်းအဆိုး ဆန့်ကျင်ဘက်များသည် အမြဲမပြတ် ဒွန်တွဲလျက်ရှိ၏။ ထိုသို့ မည်မျှပင် အကောင်းအဆိုး ဒွန်တွဲ၍ နေသည်ဖြစ်ပါစေ ကောင်းခြင်းနှင့် မကောင်းခြင်း၊ အမှန်နှင့်အမှား စသည် ယှဉ်လာလျှင်ကား အကောင်းနှင့် အမှန်စသည်များကသာ အောင်နိုင်မြဲဖြစ်၏။ ဆန့်ကျင့်ဘက်မှန်သမျှတွင် အမှန်တရား၊ ကုသိုလ်တရားနှင့်ယှဉ်သည့် ဆန့်ကျင်ဘက်များသည်သာ အနိုင်ရမြဲ ဖြစ်၏။

လူအတော်များများက ဆန့်ကျင်လျှင် ပြဿနာ ဖြစ်ဖွယ်သာ ရှိသည်ဟု ထင်နေတတ်ကြ၏။ စင်စစ်ထိုအထင်သည် နေရာတိုင်းတွင် မမှန်နိုင်သည်မှာ သေချာလှ၏။ အထူးသဖြင့် မကောင်းသည့်အရာကို ကောင်းသည့်အရာများဖြင့် ဆန့်ကျင်ထားလျှင်ကား ပြဿနာ မဖြစ်သည့်အပြင် ပြဿနာပင် ငြိမ်းစေနိုင်ပေ၏။ ရှင်တော်မြတ်ဘုရား ဟောတော်မူသကဲ့သို့ ဒေါသဖြင့် ရင်ဆိုင်လာသူကို မေတ္တာဖြင့် တန်ပြန်မှုသဘောမျိုး၊ မပေးလိုမလှူလိုဘဲ ကပ်စေးနဲနေသူကို ပေးကမ်းလှူဒါန်းပေးခြင်းဖြင့် စိတ်အစဉ် ပြောင်းလဲစေမှုမျိုး၊ မကောင်းသည့် အလုပ်များလုပ်နေသူကို ကောင်းသည့်အလုပ်များ လုပ်စေခြင်းဖြင့် ကောင်းကျိုး သက်ရောက်စေမှုမျိုး၊ မုသားလိမ်ညာ ပြောသူများကို အမှန်သစ္စာစကားကို ပြောဆိုခြင်းဖြင့် မမှန်စကားမှ ရှောင်ရှားစေမှုမျိုး စသည်များသည် ဆန့်ကျင်ဘက်များဖြင့် အကောင်းဘက်သို့ပြောင်းစေကာ ပြဿနာကို ငြိမ်းစေခြင်းမျိုးပင် ဖြစ်ပါ၏။

သို့သော် လူအတော်များများသည် လက်တွေ့ဘဝတွင် ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူရမည့်အစား တူညီမှုများဖြင့်သာ အနိုင်ယူရန် ကြိုးစားလေ့ရှိတတ်၏။ “သူဒေါသဖြစ်လျှင် ကိုယ်လည်းဒေါသဖြစ်မည်၊ သူစိတ်ဆိုးလျှင် ကိုယ်လည်းစိတ်ဆိုးမည်၊ သူမပေးလျှင် ကိုယ်လည်းမပေး၊ သူဒီလိုဆက်ဆံလျှင် ကိုယ်လည်း ဒီလိုဆက်ဆံမည်၊ သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်၊ သူကျောလျှင် ကိုယ်လည်းကျောမည်၊ သူမာနထားလျှင် ကိုယ်လည်းမာနထားမည်” စသည်ဖြင့် မကောင်းလျှင် မကောင်းသည့်အတိုင်း ပြုမူဆက်ဆံ နေလေ့ရှိကြ၏။ ထို့ကြောင့်လည်း ပြဿနာသည် မပြေငြိမ်းဘဲ ရန်ကိုသာ တိုးပွားစေနေကြခြင်း ဖြစ်၏။ “ဂျင်းစိမ်းနဲ့ မိတ်သလင် သူကျင်မှ ကိုယ်ကျင်မယ်”ဟူသော အယူအဆမျိုးသည် သူနှင့်အတူ ကိုယ်လည်းထပ်တူပဲဟူသည့် သဘောမျိုးကို သက်ရောက်စေသဖြင့် သူအမှားလုပ်လျှင်၊ ကိုယ်လည်း အမှားလုပ်မည် ဖြစ်ပြီး သူမကောင်းလျှင် ကိုယ်လည်းမကောင်းနိုင်သည့် သဘောမျိုးကို ဆောင်နေပေ၏။ ထိုသို့သာ သူနှင့်အတူ ပြိုင်နေမည်ဖြစ်ပါက သူလည်းမလျော့ ကိုယ်လည်းမလျော့ဘဲ ကြာလေးဆိုးလေ အဖြစ်သို့သာ ရောက်သွားနိုင်ပေ၏။

စင်စစ် နေရသည့် အခိုက်အတန့်သည် ကြာလှသည့် သဘောမျိုး မဟုတ်သဖြင့် လူအချင်းချင်း သူပြိုင်ကိုယ်ပြိုင် အတူပြိုင်ခြင်းဖြင့် ကောင်းမြတ်သည့် အကျိုးသက်ရောက်မှုသည် မည်သို့မျှ ဖြစ်လာနိုင်မည် မဟုတ်လှပေ။ သူက မီးယူလာလျှင် ကိုယ်ကရေးပေးမှသာ မီးငြိမ်းစေနိုင်မည့် သဘောရှိ၏။ သူကဒေါသထားလျှင် ကိုယ်ကမေတ္တာပွားနိုင်မှ သူ့ဒေါသလည်း ပြေပျောက်ပြီး ကိုယ့်အတွက်လည်း အကုသိုလ်အဖြစ် သက်သာမည်သာ ဖြစ်၏။ သူကမပေးလျှင် ကိုယ်ကပေးကြည့်မှ သူလည်းပေးလာမည် ဖြစ်ပြီး သူကမှားနေလျှင် ကိုယ်က မှန်ပြမှသာ သူလည်းအမှန် ရောက်လာနိုင်မည် ဖြစ်၏။ သူမကောင်းလျှင် ကိုယ်ကကောင်းပေးရမည် ဖြစ်ပြီး သူဆိုးလျှင် ကိုယ်ကရိုးပေးမှသာ သူလည်းတစ်မျိုး အေးလာမည် ဖြစ်၏။ ဤသည်မှာ ဗုဒ္ဓအလိုရှိသည့် ဆန့်ကျင်ဘက်ဖြင့် ငြိမ်းအေးခြင်းသဘော၊ ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူခြင်းသဘောမျိုး ဖြစ်၏။

မှန်၏။ ရှင်တော်ဘုရား အလိုရှိတော်မူသည်မှာ “ကောဓဟူသော အမျက်သမားကို ဆန့်ကျင်ဘက် မေတ္တာဖြင့် အမျက်ပြေစေခြင်း၊ အကုသလဟူသော မကောင်းသူများကို ဆန့်ကျင်ဘက် ကုသလခေါ် ကုသိုလ်ဖြင့် ကောင်းစေခြင်း၊ မစ္ဆရိယဟူသော မပေးလို မလှူလို ဝန်တိုခြင်းသဘောကို ဆန့်ကျင်ဘက် ဒါနခေါ် ပေးကမ်းလှူဒါန်းပေးခြင်းဖြင့် အလှူတတ်စေခြင်း၊ မုသာဝါဒခေါ် မမှန်စကား အပြောများကို ဆန့်ကျင်ဘက် သစ္စာဟူသော အမှန်များဖြင့် မမှန်ဖျောက်ကာ အမှန်ရောက်စေခြင်း” စသည်များဖြင့် အနိုင်ယူစေလိုခြင်းမျိုး ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော အကောင်းနှင့်အဆိုး၊ အမှန်နှင့်အမှား၊ မေတ္တာနှင့်ဒေါသ စသည်များဖြင့် ရင်ဆိုင်ယှဉ်ပြိုင်လာလျှင် မည်သည့်အချိန်တွင်မဆို အကောင်း၊ အမှန်၊ မေတ္တာစသည်များကသာ လက်တွေ့အားဖြင့်လည်း နှစ်ဦးနှစ်ဘက် အပြစ်မဲ့စေကာ ဆင်းရဲပယ်ဖျောက် ချမ်းသာရောက်စေသောကြောင့် ဖြစ်ပါပေ၏။

ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါက ဥတ္တရာနှင့် သီရိမာဟူသော အမျိုးသမီး နှစ်ဦးရှိခဲ့ဖူး၏။ ထိုအမျိုးသမီး နှစ်ဦးသည်လည်း အစပထမက တစ်ဦးနှင့်တစ်ဦး ဆန့်ကျင်ဘက်များဖြင့် ရင်ဆိုင်ခဲ့ကြဖူး၏။ ဥတ္တရာသည် မေတ္တာတရား လက်ကိုင်ထားသည့် မေတ္တာရှင်ဖြစ်ပြီး သီရိမာသည်ကား ဒေါသတရား ဦးစီးထားသည့် အမျိုးသမီး ဖြစ်ခဲ့ဖူး၏။ ဥတ္တရာသည် ရတနာသုံးပါးကို အလေးထားသူဖြစ်ပြီး သီရိမာသည်ကား ခန္ဓာကိုယ်ဖြင့် အသက် မွေးရသည့် ပြည့်တန်ဆာတစ်ဦး ဖြစ်ခဲ့ဖူး၏။ တစ်ချိန်တွင် ရတနာသုံးပါးကို အထူးသက်ဝင်ယုံကြည်သည့် ဥတ္တရာသည် ဘာသာတရား အလုပ်များ ကြိုးစားအားထုတ်နိုင်ရန် မိမိကိုယ်စား လင်ယောက်ျားအား ပြုစုပေးရန် သီရိမာအား အငှါးထားလိုက်၏။ စည်းစိမ်အပြည့်ဖြင့် ချမ်းသာကိုရရှိခဲ့သည့် သီရိမာသည် စည်းစိမ်ဥစ္စာများတွင် မက်မောကာ ဥတ္တရာ၏ နေရာမှလည်း ဖယ်မပေးလိုလှသဖြင့် ဥတ္တရာအား အပြစ်ရှာကာ အမျိုးမျိုး အကောက်ကြံခဲ့လေ၏။ ယုတ်စွာအဆုံး ဥတ္တရာအား အသက်ဆုံးသည်အထိပင် အကောက်ကြံခဲ့၏။ သီရိမာသည် ဥတ္တရာအား ကြိုက်ကြိုက်ဆူသော ရေနွေးပူဖြင့်ပင် လောင်းချသည်အထိ လုပ်ကြံခဲ့ဖူး၏။

သို့သော် ဥတ္တရာသည်ကား သီရိမာက မိမိအပေါ် မည်မျှပင် အကောက်ကြံကာ လုပ်ကြံသော်လည်း စေတနာမပျက်ဘဲ မေတ္တာဖြင့်သာ တုန့်ပြန်ခဲ့၏။ ထို့ကြောင့်လည်း သီရိမာလုပ်ကြံကာ လောင်းချလိုက်သည့် ရေနွေးပူသည်ပင် ဥတ္တရာကိုယ်ပေါ်တွင် ရေးမြသည့် ရေအေးသဖွယ် ဖြစ်ခဲ့ပေ၏။ နောက်ဆုံးတွင် သီရိမာသည် နည်းအမျိုးမျိုးဖြင့် အကောက်ကြံကာ လုပ်ကြံသော်လည်း ဥတ္တရာ၏ မေတ္တာဓာတ်ကြောင့် အရာရာတွင် အရှုံးထင်ကာ နောင်တတရားဖြင့် အကျွတ်တရားပင် ရရှိသွားခဲ့လေတော့၏။ ဤသည်မှာ ဒေါသဖြင့် ရင်ဆိုင်လာသည်ကို ဒေါသဖြင့် ပြန်လည်တုန့်ပြန်ခြင်း မရှိဘဲ ဆန့်ကျင်ဘက် မေတ္တာဖြင့် အနိုင်ယူခဲ့သဖြင့် လက်တွေ့တွင် နှစ်ဦးနှစ်ဘက် အကျိုးသက်ကာ ငြိမ်းချမ်းသည့်အဖြစ်သို့ ရောက်ရှိသွားခဲ့သည့် ဆန့်ကျင်ဘက်နှစ်ဦး၏ ဘဝဇာတ်လမ်း တစ်စိပ်တစ်ဒေသပင် ဖြစ်ပါ၏။

ထိုအမျိုးသမီးနှစ်ဦး၏ အဖြစ်အပျက်ကို အကြောင်းပြုကာ မြတ်စွာဘုရားရှင်ကလည်း
“အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်ရာ၏၊
မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်ရာ၏။
မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်ရာ၏၊
မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်ရာ၏” (ဓမ္မပဒ၊ ကောဓဝဂ်၊ ဥတ္တရာဥပါသိကာမ ဝတ္ထု) ဟူသော အထက်ပါ ဓမ္မဒေသနာတော်ကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

အထက်ပါ အဖြစ်အပျက် ဇာတ်လမ်းလေးကို ကြည့်ပါက ဆန့်ကျင်ဘက်ဖြင့် အနိုင်ရလိုက်ခြင်း၏ ထင်ရှားသည့် သာဓကတစ်ခုအဖြစ် ကောင်းစွာသိရှိနိုင်မည် ဖြစ်ပါ၏။ အထူးသဖြင့် မကောင်းသည့်အရာ၊ မမှန်သည့်အရာ စသည်များကို ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာ၊ မှန်သည့်အရာ စသည်များက နောက်ဆုံးတွင် အနိုင်ရခြင်း၏ လက်တွေ့ဆန်သည့် သဘောကို ထင်ရှားစေသည့် ဖြစ်ရပ်မှန် တစ်ခုပင် ဖြစ်ပါ၏။ ဤနည်းအတူ မိမိတို့၏ လက်တွေ့ဘဝတွင်လည်း ဒေါသကို မေတ္တာဖြင့် အနိုင်ယူနိုင်မှုများ၊ ဝန်တိုမှုကို ပေးကမ်းမှုဖြင့် အနိုင်ယူမှုများ၊ မမှန်ပြောသူများကို အမှန်တရားဖြင့် အနိုင်ယူမှုများ စသည်ဖြင့် တွေ့ကြုံဖူးကြမည်သာ ဖြစ်၏။ ဒေါသဖြင့်ရင်ဆိုင်လာသူကို မေတ္တာဖြင့် ဆီးကြိုနိုင်လျှင် မီးကိုရေနှင့် ညှိမ်းလိုက်သကဲ့သို့ မိမိလည်းငြိမ်း၊ သူတပါးလည်း ငြိမ်းစေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ ထို့ကြောင့် လောကဓမ္မတာ သဘောတရားများအရ မကောင်းသည့်အရာများကို ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာများဖြင့် အချိန်မရွေး အနိုင်ယူနိုင်မည် ဖြစ်သဖြင့် မိမိလည်းအကျိုးရှိ သူတပါးလည်း အကျိုးရှိစေမည့် ဆန်ကျင်ဘက်ဖြင့် အနိုင်ယူတတ်သည့် အလေ့အကျင့်ကို များများပြုလုပ်ကြရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ အရာရာတိုင်းတွင် ဆန့်ကျင်ဘက်ဟူသည် ရှိတတ်သည့်အလျောက် ထိုဆန့်ကျင်ဘက်များဖြင့် အကောင်းဆုံးကို ပြုလုပ်ဖန်တီးနိုင်မှုများလည်း ရှိတတ်ရာတွင် မကောင်းသည့်အရာ၊ မမှန်သည့်အရာ၊ မပေးလိုသည့်အရာ၊ ပေါက်ကွဲစေမည့်အရာ စသည်များကိုလည်း ဆန့်ကျင်ဘက်ဖြစ်သည့် ကောင်းသည့်အရာ၊ မှန်သည့်အရာ၊ ပေးကမ်းလှူဒါန်းလိုသည့်အရာ၊ ငြိမ်းအေးစေသည်အရာ စသည်များဖြင့် အနိုင်ယူနိုင်၊ မိမိသူတပါး နှစ်ဦးသားတို့အား အကောင်းဆုံး ပြုလုပ်ဖန်တီးမှုများလည်း ရှိနေသည်မှာ အမှန်ပင်ဖြစ်သဖြင့် ဒေါသဖြင့်လာသူကို မေတ္တာဖြင့် တုံ့ပြန်နိုင်အောင်၊ မကောင်းသည့်သူကို ကောင်းသည်များဖြင့် ပြောင်းလာနိုင်အောင်၊ ဝန်တိုမှုများသူကို ပေးကမ်းမှုများဖြင့် သဒ္ဓါတရားများလာအောင်၊ မုသာပြောသူကို အမှန်ပြောခြင်းဖြင့် သစ္စာတရား ထွန်းကားလာအောင် ဆန့်ကျင်ဘက်များဖြင့် မိမိသူတပါးတို့အား အနိုင်ယူနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ဆန့်ကျင်လျှင် မကြိုက်ကြသည့် လောကကြီးတွင် ဆန့်ကျင်သူများသည် ဒုက္ခရောက်ရ၊ ဆင်းရဲရသည်ဟု ဆိုသော်လည်း မကောင်းသည့်အရာများကို ကောင်းသည့်အရာများဖြင့် ဆန့်ကျင်ခြင်း၊ အမှားကို အမှန်ဖြင့် ဆန့်ကျင်ခြင်း၊ ဒေါသကို မေတ္တာဖြင့် ဆန့်ကျင်ခြင်းစသည့် ဆန့်ကျင်မှုများသည်ကား ဆန့်ကျင်နိုင်သည်နှင့်အမျှ မိမိအတွက်လည်းချမ်းသာ၊ အများအတွက်လည်း ချမ်းသာစေပြီး ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးကိုလည်း ဖြစ်စေနိုင်မည်ဖြစ်သဖြင့် ဗုဒ္ဓဘုရား အလိုတော်အတိုင်း အမျက်ထွက်သူကို အမျက်မထွက်ခြင်းဖြင့် အောင်နိုင်အောင်၊ မကောင်းသောသူကို ကောင်းသောအမှုဖြင့် အောင်နိုင်အောင်၊ မပေးမလှူဝန်တိုသူကို ပေးလှူခြင်းဖြင့် အောင်နိုင်အောင်၊ မုသားပြောသူကို အမှန်သစ္စာဖြင့် အောင်နိုင်အောင် ကြိုးစားရင်း ဆန့်ကျင်ဘက်ဖြင့် အနိုင်ယူနိုင်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

မေးလ်ထဲက အမေးများ (၂)

တပည့်တော်၏ မေးခွန်းကိုဖြေကြားပေးသောကြောင့် ကျေးဇူးအထူးတင်ပါသည် ဘုရား။
အရှင်ဘုရား တပည့်တော်မ မေးခွန်းအနည်းငယ်ထပ်မံ၍ မေးလိုပါသည်ဘုရား။ ဖြေကြားပေးပါရန် လျှောက်ထားပါသည်။

၁။ တရားထိုင်ရာတွင် မည်သည့်အတွက်ကြောင့် ထိုင်ခုံတွင်ထိုင်၍ မရပါသနည်း။ ထိုင်ခုံတွင်ထိုင်ခြင်းဖြင့် ကြာကြာထိုင်နိုင်သည် မဟုတ်ပါလားဘုရား။

ဖြေ။ တရားထိုင်တဲ့အခါ ထိုင်ခုံတွင်ထိုင်ပြီး တရားမမှတ်ရဘူးဆိုတာ မရှိပါဘူး။ မှတ်လို့ရပါတယ်။ ခန္ဓာကိုယ်ရဲ့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ်လေးပါးလုံးမှာ သင့်လျော်သလို မှတ်နိုင်ပါတယ်။ ဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ တိတ်ဆိတ်ရာအရပ်မှာ တင်ပလ္လင်ခွေထိုင်ပြီး ခါးကိုဖြောင့်မတ်စွာထားက မှတ်ရမယ်လို့ တိုက်ရိုက်ဆိုထားပေမယ့် နောက်ပိုင်း ကာယာနုပဿနာ သတိပဋ္ဌာန် အဖွင့်တွေမှာ ခန္ဓာကိုယ်ရဲ့ ဘယ်လို အနေအထားမျိုးမှာ မဆို အရှိအတိုင်း သတိကပ်ကာ ရှုမှတ်ရမယ်လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် အခြေအနေအရ ထိုင်ခုံပေါ်မှာ ထိုင်ပြီးမှတ်လို့ အဆင်ပြေရင် အဆင်ပြေတဲ့အတိုင်း မှတ်နိုင်ပါတယ်။ ဒီအတွက် ပညတ်သတ်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် တစ်ချို့ရိပ်သာတွေမှာတော့ အဲဒီလို ထိုင်ခုံပေါ်မှာ သက်သောင့်သက်သာ ထိုင်မှတ်တဲ့အခါ ထိနမိဒ္ဓ (တွေဝေငိုက်မျည်း)တာတွေ အလွယ်တကူ ဖြစ်တတ်တဲ့ အတွက်ရယ်၊ တစ်ခြားတခြား အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေရဲ့ အထက်မှာဖြစ်နေကာ ဂရုဂါရဝ မဖြစ်တာတွေရယ် စတာတွေကြောင့် ထိုင်ခုံမှာထိုင်ပြီး တရားမမှတ်ကြဖို့ ပြောကောင်းပြောနိုင်တာ ဖြစ်ပါတယ်။ ဘုရားဟောလို့၊ ဒါမှမဟုတ် ထိုင်ခုံမှာ ထိုင်မှတ်လို့ တရားမရနိုင်တဲ့ အတွက်ကြောင့်တော့ မဟုတ်ပါဘူး။ သေချာတာကတော့ ဘယ်လိုပဲဖြစ်ဖြစ် ခန္ဓာကိုယ်ရဲ့ ဘယ်လိုအနေအထားမျိုးမှာမဆို တရားမှတ်နိုင်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

၂။ တပည့်တော်မ လူတယောက်ကို ဆေးဖိုးအမြောက်အများ လှူခဲ့ပါသည်။ ထိုလူမှာ ရောဂါမသက်သာပါ။ တပည့်တော်မက ငါ့ပိုက်ဆံတွေ အလကားဖြစ်သွားတယ်လို့ ထင်ခဲ့ပါသည်။ ထို့နောက် ထိုလူရောဂါ သက်သာသွားပါသည်။ တပည့်တော်မ ကုန်ရကျိုးနပ်ပါလားဆိုပြီး ၀မ်းသာသွားပြန်ပါသည်။ ပထမ နှမြောသွားခဲ့သည်။ ထိုအတွက်ကြောင့် တပည့်တော်ကုသိုလ် မရတော့ဘူးလားဘုရား။

ဖြေ။ ပုထုဇဉ်တွေရဲ့ စိတ်အစဉ်ဟာ အမြဲတမ်း ပြောင်းလဲနေပြီး သဒ္ဓါတရားဟာလည်း မတည်မမြဲ ဖြစ်တတ်တာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒကာမအခုဖြစ်တဲ့ စိတ်အစဉ်ဟာ လှူပြီးနောက်မှာ ဖြစ်တဲ့ နောက်ပိုင်းစေတနာ ကွက်သွားမှုသာ ဖြစ်ပြီး မလှူခင်မှာဖြစ်တဲ့ ပုဗ္ဗစေတနာရယ်၊ လှူစဲအခိုက်မှာ ဖြစ်တဲ့ မုဉ္စစေတနာရယ်က အလွန်အားကောင်းပြီး ဖြစ်တဲ့အပြင် လှူပြီးနောက်မှာ အကျိုးရလာဘ်ကို မြင်ရပြီး တစ်ခါပြန်ကာ အရပစေတနာ အားကောင်းလာတာ ဖြစ်တဲ့အတွက် နောက်ပိုင်းမှာဖြစ်ခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဖူးလို့ ဆိုရမှာဖြစ်ပါတယ်။ ကုသိုလ်ကတော့ လှူပြီးကတည်းက ဖြစ်ခဲ့တဲ့ စေတနာမှာကိုက ရရှိခဲ့ပြီး ဖြစ်ပါတယ်။ နောက်ပိုင်းစေတနာ အနည်းငယ် ပျက်ကွက်ခဲ့တဲ့အတွက် အလှူအကျိုးပေး အနည်းငယ် အားနည်းနိုင်ပေမယ့် ရှေ့မှာဖြစ်ခဲ့ လှူခဲ့တဲ့ စေတနာတွေ အားကြီးခဲ့တာတွေရယ်၊ လှူလိုက်ပြီးနောက် အကျိုးရလာဘ်ကောင်းတာကို တွေ့ရတဲ့အတွက် တစ်ခါပြန်ပြီး နောက်ပိုင်းစေတနာ အားကောင်းခဲ့တာတွေရယ်ကြောင့် အားနည်းခဲ့တဲ့ စိတ်ကွက်မှုဟာ မပြောပလောက်ဘဲ ကောင်းတဲ့စေတနာတွေက အားကြီးတဲ့အတွက် ကုသိုလ်တရားကတော့ ရရှိပြီးဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အလှူလှူတဲ့အခါမှာ စေတနာသုံးတန် ပြတ်သားဖို့ အရေးကြီးတယ်လို့ ဆိုပေမယ့် ရှေ့ပိုင်းမှာ ဖြစ်တဲ့စေတနာတွေက ကုသိုလ်ကောင်းမှု လုပ်ဖို့အတွက် အဓိကကျတဲ့ အထောက်အပံ့တွေ ဖြစ်တဲ့အတွက် ဒီရှေ့ပိုင်းစေတနာတွေကို အဓိက အားကောင်းအောင် ကြိုးစားပြီး နောက်ပိုင်းစေတနာကိုလည်း မကွက်အောင် နောက်နောင် သတိထားပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။ နောက်ပိုင်းစေတနာကလည်း သတိရတိုင်း သတိရတိုင်း ကုသိုလ်တရားကို ပိုမိုတိုးပွားစေတဲ့အတွက် ဒီစေတနာ မပျက်အောင် လှူကတည်းက စိတ်ပြတ်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါတယ်။

thin thin

Read more »

ကောင်းမှုအစု ကြိုးစားပြုလော့

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပ ဒါယီ ဆရာတော်)

သေခြင်းတရားသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်သည်ဟူသည့် နိယာမကို မကြာသေးမီက စာရေးသူပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ကြသည့် နာရေးများက သက်သေပြခဲ့ကြ၏။ ပြည်ပနိုင်ငံတွင် အလုပ်လာလုပ်နေသည့် စာရေးသူဝန်းကျင်ရှိ ဒကာလေးနှစ်ယောက်မှာ တစ်ပတ်သာခြားပြီး သေဆုံးသွားခဲ့ကြ၏။ တစ်ယောက်မှာ အသက် (၃၃)နှစ်သာ ရှိသေးပြီး တစ်ယောက်မှာ (၂၉)နှစ်သာ ရှိသေး၏။ နေ့စဉ်နေ့စဉ် သေနေကြသည့် နာရေးများသည် မည်သူမဆို တွေ့ကြုံဖူးကြမည်၊ တွေ့ကြုံနေကြရမည် ဖြစ်သဖြင့် အထူးအဆန်း မဟုတ်သော်လည်း ရုတ်တရက် မထင်မှတ်သည်များ ဖြစ်ပေါ်လာသည့် အခါတွင်ကား တုန်လှုပ်မိတတ်ကြ၏။ အထူးသဖြင့် ထင်မထားသည့်သူများ၊ အကောင်းပတိဖြစ်နေသူများ သေသွားသည့်ဟု ဆိုလာသည့်အခါ ပို၍ပင် အံ့သြမိတတ်ကြ၏။

သေရမည်ကို သိနေကြသော်လည်း မသေသူများကဲ့သို့ ဖြစ်နေကြသည့် သတ္တဝါများ၏ ထုံးစံအတိုင်း သေခြင်းတရားသည် မိမိအလှည့်သို့ ရောက်မလာသေးလျှင် အကြောက်တရားလည်း ရောက်မလာဘဲ ဖြစ်နေတတ်ကြ၏။ မိမိမဖြစ်သေးသည့်အခါ ဖြစ်သွားကြသူများကိုကြည့်ပြီး သံဝေဂမရသည့်အပြင် အပျော်အပျက်ဖြင့် တစ်ဦးနှင့်တစ်ဦး နောက်ကြပြောင်ကြသည်အထိပင် ဖြစ်တတ်ကြပေ၏။ သေသူကိုကြည့်၍ မိမိအလှည့် ရောက်လာမည့်အရေးတွေးကာ ကြောက်ရမည့်အစား ဘယ်ဘဝရောက်နေသည်ကို မသိနိုင်သည့် သေသူကိုသာတွေး၍ ကြောက်နေတတ်ကြပေ၏။ အချိန်မရွေး ရောက်လာတတ်သည့် သေခြင်းတရားကို ကြောက်ရမည့်အစား မမြင်ရသည့် တစ္ဆေသရဲ ပြိတ္တာများကိုသာ ကြောက်နေတတ်ကြပေ၏။

စင်စစ် အမှန်တကယ်ကြောက်ရမည့် အရာကား ထိုတစ္ဆေသရဲ ပြိတ္တာများ မဟုတ်ကြပေ။ မိမိအလှည့်သို့ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေးစသည်ဖြင့် ရောက်လာတတ်သည့် သေခြင်းတရားပင် ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသေခြင်းတရားသည် ဘုရားရဟန္တာများမှလွဲ၍ မည်သူမျှကြိုတင်၍ မသိနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောက၌ သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သို့သော ရောဂါဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အရပ်ဒေသ၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်အချိန်၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဘဝ၌ ဖြစ်ကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
တို့ပင် ဖြစ်၏။

မှန်၏။ လောကကြီးတစ်ခုလုံးကို ကြည့်လျှင် နေ့စဉ်နှင့်အမျှ လူတွေသေနေကြ၏။ ထိုသေကြသည့် သူများတွင်လည်း အရွယ်ပေါင်းစုံလင်လှ၏။ အချို့က ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရ၏။ အချို့က အလယ်အလတ် အရွယ်တွင် သေကြရ၏။ အချို့က အကြီးပိုင်းတွင် သေကြရ၏။ သေသူအမျိုးမျိုးရှိသကဲ့သို့ အရွယ်အစားလည်း စုံလင်လှ၏။ ထိုသူများသည် မိမိတို့သေချင်သည့် အရွယ်တွင် သေကြရခြင်းမဟုတ်ဘဲ အချိန်မရွေး ရောက်လာသည့် သေခြင်းတရားကြောင့်သာ အရွယ်မရွေး သေကြရခြင်း ဖြစ်၏။ သေချာသည်မှာ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရားကြောင့်ပင် ဖြစ်၏။

သေသူများကို ကြည့်ပြန်လျှင်လည်း ရောဂါအမျိုးမျိုးနဲ့ သေကြရသည်ကို တွေ့ရတတ်၏။ ရုပ်ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ ရောဂါအစုကို ပိုင်ဆိုင်ထားသည်သာ ဖြစ်သဖြင့် သေကြသည့်အခါတွင်လည်း ထိုရောဂါတစ်ခုခုဖြင့်ပင် သေကြရမည်သာ ဖြစ်ပါ၏။ သို့သော် မည်သို့သော ရောဂါဖြင့် သေရမည်ကိုကား ကြိုတင်၍ မသိနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ အသေအချာ တွေးကြည့်လျှင် ရောဂါဟူသည် အခြားမဟုတ် ဤရုပ်ခန္ဓာစုကြီးကပင် ရောဂါစုကြီး ဖြစ်နေခြင်းပင် ဖြစ်၏။ ထိုသို့သော ရောဂါစုကြီးကို ပိုင်ဆိုင်ထားသမျှ သတ္တဝါများသည် မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေကြရမည်ကို မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ စင်စစ် ရုပ်ဖောက်ပြန်ခြင်းကပင် ရောဂါရနေခြင်း ဖြစ်သဖြင့် မည်သည့်ရောဂါဟုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည်ကား အသေအချာပင် ဖြစ်ပါ၏။

ထို့အတူ မည့်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ အချို့မှာ တောမှာမွေးပြီး မြို့မှာသေကြရသူများ ရှိသကဲ့သို့ အချို့လည်း မြို့မှာမွေးပြီး တောမှာ သွားသေကြရသူများလည်း ရှိနေတတ်၏။ အချို့လည်း မွေးဖွားရာနိုင်ငံတွင် မသေကြရဘဲ တိုင်းတပါးတွင် သေကြရသကဲ့သို့ အချို့ဆိုလျှင် ကားပေါ်၊ ရထားပေါ်၊ သင်္ဘောပေါ်၊ လေယာဉ်ပေါ် စသည်ဖြင့် ခရီးသွားရင်းပင် ရောက်ရာဒေသ တစ်ခုခု၌ သေကြရသည်များလည်း ရှိတတ်ပေ၏။ သေခြင်းတရားသည် တိကျသည့် နေရာဒေသကိုလည်း သတ်မှတ်ထားနိုင်ခြင်း မရှိလှဘဲ နေရာဒေသမရွေး ပေါ်ပေါက်လာတတ်သည့် သဘောရှိနေ၏။ ထို့ကြောင့် သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည့် အချက်လည်း တစ်ခုအပါအဝင် ဖြစ်၏။ သေခြင်းတရားသည် အချိန်ကိုက် ချိန်းချက်ထားခြင်း မရှိဘဲ အချိန်မရွေး ရောက်လာတတ်သည့် သဘောရှိ၏။ မည်သည့်အချိန်တွင် သေကြရမည်ကို မသိနိုင်သဖြင့် မနက်ပိုင်းဖြစ်စေ၊ နေ့လယ်ပိုင်းဖြစ်စေ၊ ညပိုင်းဖြစ်စေ၊ အရုဏ်ပိုင်းဖြစ်စေ အချိန်ပြည့် သတိရှိနေရန် လိုအပ်လှ၏။ အချို့ဆိုလျှင် မနက်အိပ်ရာထ မျက်နှာသစ်၊ ရေချိုးခန်းဝင်နေစဉ် ရုတ်တရက် အသက်ပျောက်သွားသူများ ရှိသကဲ့သို့ အချို့လည်း နေ့လယ်ပိုင်း ပူလွန်းသဖြင့် ရေချိုးမိရာမှ အပူရှပ်ကာ သေကြသူများလည်း ရှိနေတတ်၏။ အချို့ကား ညနေစောင်း၊ အချို့လည်း ညပိုင်း၊ အချို့လည်း အိပ်ပျော်နေစဉ် စသဖြင့် အချိန်အမျိုးမျိုးတွင် ပုံစံတစ်မျိုးမျိုးဖြင့် သေနေကြရ၏။ စာရေးသူပတ်ဝန်းကျင်ရှိ ဒကာလေး တစ်ယောက်ဆိုလျှင် ညပိုင်းအလုပ်လုပ်ပြီးနောက် အိပ်ရာထဲဝင်ကာ အိပ်ပျော်နေစဉ်မှာပင် သေသွားခဲ့ရ၏။ မည်သူမျှ မထင်မှတ်ထားသဖြင့် ထိုဒကာလေး၏ သေခြင်းတရားအပေါ် အလွန်အံ့ကြမိကာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ခဲ့၏။ စင်စစ် မယုံကြည်စရာ မရှိလှပေ။ ဤသည်ပင်လျှင် သေခြင်းတရား၏ အချိန်မရွေးဖြစ်ပေါ်တတ်သည့် သဘောဖြစ်နေပြီး မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သဘောပင် ဖြစ်ပါ၏။

အရေးကြီးဆုံး အချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ကြရမည်သာ ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ သောတာပန်စသည့် အရိယာများနှင့် နိဗ္ဗာန်ရသွားသည့် ဘုရား၊ ရဟန္တာများမှလွဲ၍ မည်သူမျှ သေပြီးနောက် မည်သည့်ဘုံဘဝသို့ ရောက်ကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့ဆိုလျှင် ထိုသို့ကြိုတင်၍ မသိနိုင်သည့် အရာများ ရှိနေသဖြင့် သတ္တဝါများအတွက် တိကျသေချာသည့် အချိန်သည် ယခုလက်ရှိ အသက်ရှင်နေသည့် အခိုက်အတန့်သည်သာလျှင် တိကျသည့် အချိန်ဟု ဆိုရမည်ဖြစ်ပါ၏။ ယခုလက်ရှိအချိန်သည်လည်း အကြာကြီးမဟုတ်ဘဲ ထိုသေခြင်းတရား မရောက်လာမီ အခိုက်အတန့်ကာလမျှသာ ဖြစ်ပါ၏။ မသေမီအချိန်ကလေးသည်သာ မိမိတို့အတွက် သေချာသည့် အချိန် ဖြစ်နေပါ၏။ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားသည် ရောက်လာနိုင်မည် ဖြစ်သဖြင့် မိမိတို့အတွက် တိကျသေချာသည့် အချိန်ဟူသည် အမှန်တကယ် မရှိလှပေ။ ရှိသည်ဟုဆိုလျှင်လည်း ယခုအသက်ရှင်နေသည့် အခိုက်အတန့်သာ ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် ကိုယ်ပိုင်အချိန်၊ တိကျသည့် အချိန်ဟူသည် သီးသန့်မရှိလှသည့် သတ္တဝါများအနေဖြင့် ယခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားများကို အမြန်ဆုံး ကြိုးစားအားထုတ်ကြရန်သာ ဖြစ်ပါ၏။ ကောင်းသည့်အလုပ်ဟူသည် နေ့ရွေ့ညရွေ့ ရွေ့နေရမည့် အရာမဟုတ်သကဲ့သို့ သေခြင်းတရားသည်လည်း ရွေ့ဆိုင်းရပ်တန့်ထား၍ ရသည့်အရာ မဟုတ်သဖြင့် ယခုလက်ရှိအချိန်မှာပင် ကောင်းမှုအစုကို ကြိုးစားပြုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ လောကရှိသတ္တဝါများ အနေဖြင့် သေခြင်းတရားနှင့် ပတ်သက်၍ မည်သည့်အရွယ်၊ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မည်သို့သော ရောဂါမျိုးဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့်အပြင် သေပြီးနောက် မည်သည့်ဘုံဘဝတွင် ရောက်ကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ပါသဖြင့် ထိုသေခြင်းတရား ရောက်မလာမီ လက်ရှိအချိန်သည်သာ တိကျသေချာသည့် အချိန်အခိုက်အတန့် ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တိကျသည့်အချိန်တွင် ကုသိုလ်ကောင်းမှုများကိုသာ ကြိုးစားပြီး ပြုလုပ်ထား ကြရန်လိုကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ယခုလက်ရှိ အခိုက်အတန့်သည်သာ ကိုယ်ပိုင်အချိန်ဟု ဆိုနိုင်သဖြင့် လက်ရှိအချိန်တွင် ကုသိုလ်တရားများကို ရသမျှ ပြုလုပ်ထားကြရမည်သာ ဖြစ်ပါကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝသံသရာခရီး သွားကြဦးမည့် သံသရာ ခရီးသွားများအနေဖြင့် သံသရာ ခရီးသွားစဉ် ဖြစ်ရာဘဝများ၌ ကောင်းသည့်ရိက္ခာထုတ်များကို ထုတ်ပိုးပြင်ဆင်ကာ သွားနိုင်ကြစေရန်နှင့် ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရား ရောက်မလာမီ အချိန်အခိုက်အတန့်လေးသည်သာ မိမိတို့၏ ကိုယ်ပိုင်အချိန်လေး ကြိုးစားပြုလုပ်ရင်း မတိကျသည့် အခြေအနေမှ တိကျသည့် အခြေအနေအဖြစ်သို့ အရောက်လှမ်းနိုင်မည့် အရိယာအဖြစ်သို့ ရောက်ရှိအောင် ဝိပဿနာအလုပ်ကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

Read more »

ပြိတ္တာအကြောင်း တစ်စေ့တစ်စောင်း…

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ
တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး
ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

Read more »

မေးလ်ထဲက အမေးများ (၁)...

အရှင်ဘုရား … တပည့်တော်ကို မေးခွန်းလေး နည်းနည်းလောက် မေးလျှောက်ခွင့်ပြုပါ အရှင်ဘုရား။
(၁) လောကကြီးက သတ္တဝါတွေရဲ့ ဘဝဖြစ်စဉ်တွေကို သတ်မှတ်ပြီးသားပဲ။ ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊ ဘယ်ဘဝရောက်ရင် ဘယ်လိုဖြစ်မယ် စသည်ဖြင့် လောကကြီးက သတ်မှတ်ထားပြီးသားဆိုတဲ့ မိစ္ဆာဒိဋ္ဌိ အမြင်တစ်မျိုးကို တပည့်တော် ဖတ်ဖူးပါတယ်။ အကယ်၍ ခေတ်လူငယ် တစ်ယောက်ယောက်က, (ဒီလိုသတ်မှတ်ထားလို့ပဲ မြတ်စွာဘုရားအပါအဝင် တန်ခိုးအဘိညာဏ်ရတဲ့ သံဃာတော် ပုဂ္ဂိုလ်မြတ်များက ဘယ်ဘဝရောက်ရင် ဘာဖြစ်မယ်၊ ဘယ်နှစ်ဘဝရောက်ရင် ဘယ်လိုဖြစ်မယ် စသည်ဖြင့် ဟောနိုင်တာ မဟုတ်ဘူးလား) လို့ မေးလာရင် တပည့်တော် ကောင်းကောင်း မဖြေရှင်းတတ်ဘူး ဘုရား။ ကိုယ်တိုင်တော့ ရှင်းပါတယ်။ သူများကို ရှင်းပြဖို့တော့ ဘယ်လိုရှင်းပြရမှန်း သိပ်မသိလို့ပါ အရှင်ဘုရား။

ဖြေ။ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး လောကဆိုတဲ့ စကားကို တိတိကျကျ သိရဖို့လိုပါတယ်။ လောကကြီးက သတ်မှတ်တယ်ဆိုတာမှာ လောကဆိုတာ ဘာကိုပြောတာလဲ၊ အခုလူတွေ နေထိုင်ကြတဲ့ ကမ္ဘာလောကကြီးကို ပြောတာလား၊ သက်ရှိသတ္တဝါတွေကို ပြောတာလား၊ ပြုပြင်ထားတဲ့ အရာတွေကို ပြောတာလား၊ ဒါမှမဟုတ် တန်ခိုးရှင် တစ်ဦးဦးကို ပြောတာလား၊ ဒါမှမဟုတ် တစ်ခါတလေ ဗုဒ္ဓဘာသာကပြောတဲ့ ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ နာမ်ရုပ်အစုဖြစ်တဲ့ လောကကြီးကို ပြောတာလား စသဖြင့် သိရှိထားဖို့ လိုပါတယ်။ လောကဆိုတာ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် သတ္တဝါ တစ်ဦးတစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကိုတော့ အဲဒီသတ္တဝါ ကိုယ်တိုင်ကလွဲလို့ ဘယ်လိုလောကကြီးကမှ သတ်မှတ်ပေးနိုင်မှာ မဟုတ်ပါဘူး။

တကယ်လို့များ ဒီနေရာမှာ လောကဆိုတာ ဗုဒ္ဓဘာသာက ဖွင့်ဆိုပြတဲ့ ခန္ဓာအစုဆိုတဲ့ လောကကြီးကို ပြောတာဆိုရင် သတ္တဝါတစ်ဦးဦးရဲ့ ဘဝဖြစ်စဉ်ကို လောကကြီးက သတ်မှတ်ပေးတာ မဟုတ်ဘဲ လောကကို သတ္တဝါတွေရဲ့ အလုပ်တွေက သတ်မှတ်ပေးတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ ဘဝသံသရာ တစ်လျှောက်ကို ကြည့်ရင် မသိမှုအဝိဇ္ဇာ၊ တပ်မက်တွယ်တာမှု သမုဒယတဏှာတွေကြောင့် သံသရာရှည်တဲ့ အလုပ်တွေကို လုပ်နေမိကြပြီး အဲဒီအလုပ်တွေကြောင့်ပဲ အလုပ်တွေရဲ့ အကျိုးရလာဘ် အနေနဲ့ ဘဝအမျိုးမျိုးနဲ့ သံသရာမှာ ကျင်လည်ကြရခြင်း ဖြစ်ပါတယ်။ ဒီအလုပ်တွေရဲ့ တန်ပြန်သက်ရောက်မှု အနေနဲ့ ဘဝတစ်မျိုးမျိုးမှာ အကန့်အသတ် တစ်မျိုးမျိုးနဲ့ တစ်ဘဝပြီးတစ်ဘဝ ဆက်ကာဆက်ကာ ဖြစ်နေကြရခြင်းပဲ ဖြစ်ပါတယ်။ ဘယ်ဘဝရောက်ရင် ဘယ်လိုဖြစ်မယ်၊ ဘာဖြစ်မယ် စတာတွေဟာလည်း တခြားသူ သတ်မှတ်ပေးတာ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် လုပ်နေတဲ့ အလုပ်တွေက အကျိုးသက်ရောက်မှု ဖြစ်ပေးခြင်း ဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးဦးရဲ့ ဘဝဖန်တီး သတ်မှတ်ချက်ဟာ အဲဒီသတ္တဝါတွေရဲ့ လုပ်ရပ်တွေ့ကြောင့်ပဲ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။

ဒီလိုပါပဲ ဘုရားရဟန္တာ စတဲ့ တန်းခိုးရှင်များရဲ့ ဘဝဖြစ်စဉ်ဟာလည်း ထိုအရှင်မြတ်များရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပေါ်လာခြင်း ဖြစ်ပါတယ်။ ဘုရားရဟန္တာစတဲ့ သူတော်သူမြတ်များဟာ သတ်မှတ်ချက်တွေကို ကန့်သတ်ပြီး မသိတာကို သိအောင်လုပ်ခဲ့၊ တပ်မက်တွယ်တာတာတွေကို ပြတ်အောင်လုပ်ခဲ့တဲ့အတွက် အဲဒီအလုပ်တွေရဲ့ အကျိုးဆက်အနေနဲ့ မိမိတို့ရဲ့ ဘဝဖြစ်စဉ်ကို သတ်မှတ်လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ သူတော်သူမြတ်တွေဟာ ကောင်းတဲ့ ဒါန၊ သီလစတဲ့ ပါရမီတော်တွေကို လုပ်ခဲ့၊ သမထ၊ ဝိပဿနာစတဲ့ ကျင့်စဉ်တွေကို ကျင့်ကြံခဲ့ကြတဲ့အတွက် အဲဒီအလုပ်တွေရဲ့ အကျိုးဆက်အနေဖြင့် ဉာဏ်အဆင့်ဆင့် တိုးတက်ကာ အရာအားလုံးကို သိနိုင်တဲ့ဉာဏ်၊ ဘဝဖြစ်စဉ်ကို သိနိုင်တဲ့ဉာဏ်၊ အတိတ်အနာဂတ်စတဲ့ ကာလတွေကို သိနိုင်တဲ့ဉာဏ်တွေကို ရရှိတော်မူခဲ့ကြခြင်း ဖြစ်ပါတယ်။ ဒီဉာဏ်တော်တွေဟာလည်း ဘယ်လောကကြီးကမှ သတ်မှတ်ပေးတာ မဟုတ်ဘဲ သူတော်သူမြတ်တို့ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်ခဲ့ကြတဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက သတ္တဝါ တစ်ဦးဦးရဲ့ ဘဝကို ဘယ်လိုလောကကြီးကမှ သတ်မှတ်ပေးတာမဟုတ်ဘဲ တစ်ဦးချင်းရဲ့ ခန္ဓာငါးပါးနဲ့ ဖွဲ့စည်းထားတဲ့ လောကဆိုရင်တော့ ဒီလောကကို သတ္တဝါတစ်ဦးဦးရဲ့ အလုပ်တွေကပဲ သတ်မှတ်ပေးတာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အဝိဇ္ဇာ၊ တဏှာတွေအရင်းခံတဲ့ လုပ်ဆောင်ချက်တွေကြောင့် သတ္တဝါတွေရဲ့ ဘဝဟာတွေဟာ အမျိုးမျိုးဖြစ်နေကြပြီး အဲဒီအဝိဇ္ဇာ၊ တဏှာစတာတွေကို ပယ်ခွါနိုင်ကြတဲ့ အလုပ်တွေကြောင့်လည်း သတ္တဝါတွေရဲ့ ဘဝဟာ အကန့်အသတ်တွေနဲ့ အဆုံးသတ်ကုန်ကြတာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ သတ္တဝါတွေရဲ့ ဘဝဖြစ်စဉ်ကို ထိုသတ္တဝါတွေရဲ့ အလုပ်တွေကပဲ သတ်မှတ်ပေးတာဖြစ်ကြောင်း ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး အထိုက်အလျောက် နားလည်နိုင်မယ်လို့ ထင်ပါတယ်။

(၂) မြင့်မိုရ်တောင်နဲ့ သူ့ကို ဝန်းရံထားတဲ့ ကျွန်းကြီးလေးကျွန်း စတဲ့အကြောင်းအရာတွေဟာ ပိဋကတ် သုံးပုံထဲမှာ ပါမပါလေးလည်း သိချင်ပါတယ် အရှင်ဘုရား။
ဖြေ။ မြင့်မိုရ်တောင်နဲ့ ပတ်သက်ပြီး ဟောကြားထားတဲ့ ပါဠိတော်မူရင်းတွေကို ပိဋကတ်တော်မှာ သိပ်မတွေ့ရပါဘူး။ ထူးထူးခြားခြား ထင်ထင်ရှားရှား အနေနဲ့ကတော့ အပါဒါနပါဠိတော် သာရိပုတ္တထေရအပါဒါန်မှာ မြတ်စွာဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်ကို မြင့်မိုရ်တောင်နဲ့ ဥပမာပေးပြီး ဖော်ပြထားတဲ့ စကားရပ်ကို တွေ့ရပါတယ်။ အဲဒီစကားရပ်ကို အနည်းငယ် ထုတ်ပြရရင် “မြင့်မိုရ်တောင်မင်းကို ယူဇနာရှစ်သောင်း လေးထောင်တိုင်တိုင် သမုဒ္ဒရာ၌ သက်ဝင်၍ ထိုမျှလောက် ရေပေါ်၌ပေါ်နေ၏ဟု ဆိုအပ်၏၊ အမြင့်အားဖြင့်လည်းကောင်း၊ အလျားအားဖြင့်လည်းကောင်း၊ အနံအားဖြင့်လည်းကောင်း၊ ထိုမျှလောက် ရှစ်သောင်းလေးထောင် နှင်နှင်ရှိသော စကြာဝဠာ ကုဋေတစ်သိန်း၌ရှိသော မြင့်မိုရ်တောင်အားလုံးကို သိမ်မွေ့သေးဖွဲ ထုခွဲသဖြင့် အမှုန့်ပြုလျက် အမှတ်၌ ထားအပ်သည်ရှိသော် မြူ၏ကုန်ခြင်းသို့ ရောက်ရာ၏၊ အရှင်ဘုရား၏ သဗ္ဗညုတဉာဏ်တော်ကို နှိုင်းယှဉ်ခြင်းငှါ မတတ်ကောင်းသည်သာတည်း။” လို့ ဆိုတဲ့ ဒီစကားရပ်ကို တွေ့ရပါတယ်။

အဋ္ဌကထာတွေမှာတော့ မြင့်မိုရ်တောင်နဲ့ ပတ်သက်တဲ့ ဖွင့်ဆိုချက်တွေ အများကြီးရှိပါတယ်။ တိတိကျကျပြောရရင် သုတ္တနိပါတ် အဋ္ဌကထာ၊ ဒုအုပ်၊ နှာ ၁၆၄၊ ဝိသုဒ္ဓိမဂ် အဋ္ဌကထာ၊ ပအုပ်၊ နှာ ၂၀၀၊ အပါဒါန အဋ္ဌကထာ၊ ပအုပ်၊ နှာ ၂၅၁၊ အဘိဓမ္မအဋ္ဌကထာ၊ ပအုပ်၊ နှာ ၃၃၆၊ တအုပ်၊ နှာ ၃၂၀၊ စူဠနိဒ္ဒေသ အဋ္ဌကထာ၊ ၃၈၊ ဝိနည်းအဋ္ဌကထာ၊ ပအုပ်၊ နှာ၉၁ စသဖြင့် အဋ္ဌကထာ အတော်များများမှာ ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။

မြင့်မိုရ်တောင်နဲ့ ပတ်သက်ပြီး ဒီနေ့ခေတ်မှာ အမျိုးမျိုးပြောနေကြပေမယ့် တကယ်တော့ ဒါဟာ လွတ်မြောက်မှုနဲ့ ယှဉ်ရင်ဘာမှ အရေးကြီးတဲ့ အချက်တော့ မဟုတ်လောက်ပါဘူး။ သိပ္ပံနည်းနဲ့ မကိုက်ညီလို့ လက်မခံနိုင်ဘူးဆိုရင်လည်း လက်မခံနိုင်သူတွေရဲ့ သဘောပါပဲ။ သေချာတာကတော့ သဗ္ဗညုတဉာဏ်တော်နဲ့ ဟောတော်မူထားတဲ့ ဘုရားရှင်ရဲ့ တရားတော်တွေ၊ ဟောကြားချက်တွေကို သိပ္ပံပညာနဲ့ အပြည့်အဝ စမ်းသပ်လို့ မရနိုင်ဘူးဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ပါတယ်။

(၃) မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါးထဲမှာပါတဲ့ ဝိဇ္ဇာစရဏဂုဏ်တော်ထဲက ဝိဇ္ဇာဂုဏ်ရယ်၊ လောကဝိဒူ ဂုဏ်တော်ရယ် ဒီဂုဏ်တော် နှစ်ပါးကို သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ အစိတ်အပိုင်းတွေအဖြစ် သဗ္ဗညုတ ဉာဏ်တော်ရဲ့အောက်မှာ ထည့်သွင်းကြည်ညိုလို့ ဖြစ်မဖြစ် သိချင်ပါတယ်ဘုရား။ ဒီဂုဏ်တော် နှစ်ပါးကို သဗ္ဗညုတဉာဏ်တော်ကြီးရဲ့ အစိတ်အပိုင်းတွေအဖြစ် သတ်မှတ်လို့ ရမရလဲ သိချင်ပါတယ်ဘုရား။

ဖြေ။ ဂုဏ်တော်ဆိုတာ ဘုရားရှင်ရဲ့ ထူးခြားမှုကို ထင်ရှားပြလိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဉာဏ်တော်ဆိုတာက ဘုရားရှင် ရရှိပိုင်ဆိုင်ထားတဲ့ အရာတော်ဖြစ်ပါတယ်။ ဂုဏ်တော်ပဲပြောပြော ဉာဏ်တော်ပဲဆိုဆို ဒါဟာ ဘုရားမှတပါး ကျန်တဲ့ဘယ်လိုပုဂ္ဂိုလ်တွေမှ မရှိနိုင်တဲ့ အရာတွေဖြစ်ပါတယ်။ မေးလာလို့ ပြောရမယ်ဆိုရင် သဗ္ဗညုတဉာဏ်တော်ဟာ အရာအားလုံးကို အကုန်အစင်သိရှိနိုင်တဲ့ ဉာဏ်တော်ဖြစ်တဲ့အတွက် ဝိဇ္ဇာနဲ့လည်းပြည့်စုံ၊ လောကဝိဒူနဲ့လည်း ပြည့်စုံပြီးသား ဖြစ်နေပါတယ်။ ဘုရားရှင်ရဲ့ ထူးခြားမှုတွေကို ဂုဏ်တော်အနေနဲ့ ထုတ်ပြတဲ့အပိုင်းမှာပဲ ဒီလိုသီးသန့်အမည် ပေးကာပူဇော်ကြခြင်း ဖြစ်တဲ့အတွက် ကွဲပြားသလို ရှိပေမယ့် အမှန်တော့ မကွဲမပြား တစ်သားတည်းပဲ ဖြစ်ပါတယ်။ အစိပ်အပိုင်းလို့ ပြောရင်သီးသန့်လို ဖြစ်နေပြီး၊ ဒီဂုဏ်တော်တွေဟာ သဗ္ဗညုတဉာဏ်တော်လောက် အစွမ်းမကြီးဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။

တကယ်တော့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီးတဲ့ ဘုရားရှင်တွေမှာ ဝိဇ္ဇာစရဏဂုဏ်တော်၊ လောကဝိဒူဂုဏ်တော်အပါအဝင် အရဟံ စတဲ့ဂုဏ်တော်တွေနဲ့ အလိုလို ပြည့်စုံပြီးသား ဖြစ်နေတော့တာ ဖြစ်ပါတယ်။ သဗ္ဗညုတဉာဏ်တော်ဟာ အလွန်ကျယ်ဝန်းလှတဲ့အတွက် နှိုင်းဆလို့ မရနိုင်ပါဘူး။ အကောင်းဆုံးနဲ့ အသေအချာဆုံးကတော့ ဘုရားရှင်ဟာ သဗ္ဗညုတဉာဏ်တော်ကြီးနဲ့ အရဟံ အစရှိတဲ့ ဂုဏ်တော်တွေနဲ့ ပြည့်စုံတော်မူတဲ့ အနှိုင်းမဲ့ အရှင်ဖြစ်တယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ မကြံစည်ကောင်း မကြံစည်အပ်တဲ့အရာတွေထဲမှာ ဘုရားရှင်တို့ရဲ့ ဉာဏ်တော်တန်ခိုးတော် အရာတွေကိုလည်း မကြံစည်အပ်ကြောင်း ဆိုတဲ့အတွက် သာမန်လူသားတွေအနေနဲ့ ဂုဏ်တော်အဖွင့်တွေကိုသာ အာရုံပြုပူဇော်တာပဲကောင်းပြီး မကြံစည်နိုင်တဲ့ အရာတွေအပေါ်မှာ မကြံစည်တာပဲ ကောင်းပါတယ်။ ဘုရားရှင်ရဲ့ ဉာဏ်တော်၊ ဂုဏ်တော်တွေ အကြောင်းကို ဒီလောက်လေးလောက်ပဲ သိထားပြီး အာရုံပြုကာ ပွားများနိုင်မယ်ဆိုရင်ကိုပဲ ကုသိုလ်တရားတွေ တိုးပွားနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းအတွက် ဒီလောက်ပဲ ဖြေပေးလိုပါတယ်။

(၄) သာသနာတော်ကို လူအများ သက်ဝင်ယုံကြည်လာအောင် နတ်တွေ၊ ဗြဟ္မာတွေက ဘာလို့ ကိုယ်ထင် ရှားပြပြီး မဆုံးမကြတာလဲ အရှင်ဘုရား။ ဒီလောကကြီးမှာ နတ်တွေ၊ ဗြဟ္မာတွေ အမှန်တကယ်ရှိ ကြောင်းလူတွေသိပြီး သတိ သံဝေဂရအောင် ဘာဖြစ်လို့ ကိုယ်ထင်ရှား မပြကြတာလဲ သိချင်ပါတယ် အရှင်ဘုရား။
အမှားပါရင် ခွင့်လွှတ်ပေးပါ အရှင်ဘုရား။

ဖြေ။ နတ်ဗြဟ္မာတွေဆိုတာ အမှန်တကယ်ရှိပါတယ်။ ကိုယ်ထင်ရှားပြတာတွေလည်း ရှိနိုင်ပါတယ်။ ကိုယ်က မြင်နိုင်တဲ့ အစွမ်းမရှိလို့ ဖြစ်မှာပါ။ များသောအားဖြင့် နတ်ဗြဟ္မာတွေ စောင့်ရှောက်လေ့ရှိတာက ကုသိုလ်ကောင်းမှု အားကောင်းတဲ့သူတွေ၊ ကုသိုလ်အားကြီးတဲ့ သူတွေကို ပိုပြီးစောင့်ရှောက်လေ့ရှိပါတယ်။ ဒီအချက်ကတော့ ကောင်းမှုအားကြီးပြီး မမြင်နိုင်တဲ့ နတ်တွေရဲ့ ကူညီစောင့်ရှောက်မှုကို ခံယူဖူးတဲ့သူတွေက ပိုသိကြပါတယ်။ အကုသိုလ်သမားတွေ အတွက်တော့ သူတို့အာရုံထဲမှာ ရှိဟန်မတူပါဘူး။ ပြီးတော့ နတ်ဗြဟ္မာတွေဟာ လူသားတွေကို ဆုံးမတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ ကောင်းမှုကုသိုလ် ရှိရင်သာ ကူညီစောင့်ရှောက်ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ လူသားတွေဟာ ကိုယ့်ကိုယ်ကိုပဲ ကိုယ်ဆုံးမရမှာ ဖြစ်ပါတယ်။ နောက် သာသနာဆိုတာလည်း နတ်ဗြဟ္မာတွေ ထိန်းသိမ်းစောင့်ရှောက်တာထက် သာသနာ့ဝန်ထမ်းတွေနဲ့ လူပုဂ္ဂိုလ်တွေကပဲ ထိန်းသိမ်းစောင့်ရှောက်ရတာ ဖြစ်ပါတယ်။ ဆုတ်ကပ်ကာလ ရောက်လာတဲ့ ဒီနေ့ခေတ်မှာ သတ္တဝါတွေရဲ့ ကုသိုလ်တရားတွေကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာနေတဲ့ အတွက် နတ်ဗြဟ္မာတွေရဲ့ စောင့်ရှောက်မှုတွေကလည်း တဖြည်းဖြည်း နည်းလာကြခြင်း ဖြစ်နိုင်ပါတယ်။ သာသနာတော်နဲ့ ပတ်သက်ပြီး အရမ်းကို ဆိုးဆိုးဝါးဝါး ဖြစ်လာတဲ့အခါဆိုရင်တော့ နတ်ဗြဟ္မာတွေက လာရောက်ပြီး ကူညီကောင်း ကူညီကြပါလိမ့်။

(ယောဆရာတော်ဘုရားကြီးက ဆရာတော်အရှင်ဆန္ဒာဓိကကို မိန့်တော်မူတာလေး တစ်ခုကိုလည်း တပည့်တော်ကို ရေးလျှောက်ခွင့် ပြုပါအရှင်ဘုရား။ “ဦးဇင်းလေး ဆွဲအားတွေကို သတိထားပါ၊ အတွင်းဆွဲအား အပြင်ဆွဲအားတွေနောက် ပါမသွားအောင် ဂရုစိုက်ပါ”ဆိုတဲ့ မိန့်ကြားချက်လေးပါဘုရား။ အရှင်ဘုရားရဲ့ ဘေးမှာလည်း ဆွဲအားတွေ အရမ်းများနေလောက်တယ်လို့ တပည့်တော် ထင်မိလို့ပါ အရှင်ဘုရား။)

ဖြေ။ ဆွဲအားတွေကတော့ တကယ်များပါတယ်။ များပေမယ့် ဆွဲအားနောက်ကို စွဲအားရောက်ပြီး လွဲမှား မသွားအောင်တော့ သတိတရားနဲ့ အမြဲထိန်းသိမ်းပြီးပဲ နေနေရတော့တာ ဖြစ်ပါတယ်။ အာရုံတွေနောက်ကို စိတ်မလိုက်ဖြစ်အောင်ပဲ ကြိုးစားနေရတော့တာ ဖြစ်ပါတယ်။ ပရဟိတစိတ်ထားလေးတွေ၊ မေတ္တာ၊ ကရုဏာတရားလေးတွေနဲ့ပဲ ဆွဲအားတွေကို စွဲမသွားအောင် ကြိုးစားရပါတယ်။ ဆွဲအားတွေနောက် အစွဲတွေ မရောက်အောင် အလုပ်များများလုပ်ပြီးပဲ ဖျောက်နေရတာဖြစ်ပါတယ်။ ခုချိန်ထိတော့ ဆွဲအားတွေနောက် ဆိုးဆိုးဝါးဝါး ရောက်မသွားသေးဘူးလို့ ထင်ပါတယ်။ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အရှင်ဘုရား အပေါ်မှာ ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့်ပြစ်မှားမိသည်များ ပါခဲ့ရင် တပည့်တော် ရှိခိုးကန်တော့ တောင်းပန်အပ်ပါတယ် အရှင်ဘုရား။

ရိုသေလေးစားစွာဖြင့်
တပည့် ဆက်နောင်

Read more »


Recent Posts Widget | My blogger topic

RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

Recent Comments Widget

အမှတ်တရ ပုံရိပ်များ