Showing posts with label ဓမ္မရသစာစုများ. Show all posts
Showing posts with label ဓမ္မရသစာစုများ. Show all posts

ပြောချင်သူတွေ ပြောကြပါစေ

“လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ၊ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ၊ ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ”ဆိုတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာပို့ စာသားလေးတွေကို နာယူမှတ်သားရတဲ့အခါ တစ်ခါတလေ လှည့်ပတ်ဖို့ ချောင်းနေကြ၊ အထင်သေးဖို့ ကြိုးစားနေကြ၊ ဆင်းရဲအောင် လုပ်နေကြတဲ့ သူတွေကို သတိရမိတတ်ပါတယ်။ လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်မှုတွေ၊ လှည့်ပတ်မှုတွေ၊ အပြစ်တင်မှုတွေနဲ့ ဘာလုပ်ရင်လည်း လုပ်ပြန်ပြီ၊ ဘာမလုပ်ရင်လည်း မလုပ်လို့ ဆိုပြီး ပြောချင်ဆိုချင်ကြတာတွေက အများသား မဟုတ်လား။ တစ်ခါတလေ တစ်ယောက်နဲ့တစ်ယောက် လုပ်နေကျအလုပ်ကို မလုပ်ရင် မလုပ်လို့ဆိုပြီး ပြောတတ်ကြသလို မလုပ်ဖူးတဲ့ အလုပ်ကို လုပ်ပြန်ရင်လည်း အထူးအဆန်း အနေနဲ့ ပြောတတ်ကြပြန်ပါတယ်။ အထူးသဖြင့် လူတစ်ယောက် ကောင်းတဲ့အလုပ်လေးတွေ လုပ်ဖို့စပြီဆိုရင် အဲဒီလို အရွဲ့အစောင်း စကားလေးတွေနဲ့ ခနဲ့တဲ့တဲ့ လုပ်တတ်ကြတာတွေ အတော်များပါတယ်။



ဒီနေ့ခေတ် လူငယ်တွေကြားမှာ အဲဒီလိုလေးတွေ ပိုတွေ့ရသလားလို့တောင် ခံစားမိပါတယ်။ မကောင်းတဲ့ အလုပ်တွေ၊ မဟုတ်တဲ့ အလုပ်တွေ လုပ်တော့မယ်ဆိုရင်တော့ “လာထားကြာသလား”လို့ ဆိုပြီး အားပေးအားမြောက် ပြုတတ်ကြပေမယ့် ကောင်းတဲ့အလုပ်လေးတွေ တစ်ခုခုလောက် စကြမယ်ဆိုရင်တော့ ဘာဖြစ်လို့ညာဖြစ်လို့နဲ့ အကြောင်းပြချက်ကိုယ်စီ ပေးတတ်ကြတော့တာ ဖြစ်ပါတယ်။ ကိုယ်မလုပ်နိုင်လို့ ကိုယ့်ဖာသာကိုယ် ရှောင်ထွက်သွားတာ ဘာမှပြောစရာ မရှိပေမယ့် သူများလုပ်ရင်လည်း ဘာဖြစ်သလေး၊ ညာဖြစ်သလေးနဲ့ အထေ့အငေါ့လေးတွေ ပေးတတ်သေးတာဆိုတော့ ကောင်းတာလုပ်ချင်တဲ့ သူတွေတောင်မှ ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေပြန်ပါတယ်။ ခေတ်ကိုယ်က မကောင်းဘူးလို့ပြောရင် ခေတ်ကို အပြစ်တင်ရာကျနေပါမယ်။ ဒီခေတ်မှာ ဖြစ်လာကြတဲ့သူ အချို့လို့ပဲ ပြောတာကောင်းပါတယ်။
တစ်လောကတောင် ဒကာလေးတစ်ယောက်က လျှောက်ဖူးသေးတယ်။ သူ့ဘဝမှာ အခုမှ ဘာသာတရားရဲ့ အနှစ်သာရလေးတွေကို သိရှိလာရလို့ ငြိမ်းချမ်းမှု ရောင်ခြည်လေးတွေ သန်းလာပြီး ဘာသာတရား အလုပ်လေးတွေအပေါ်မှာ အာရုံလေးတွေစိုက်ရင်း အရင်တုန်းက လုပ်ဖူးတဲ့ အလုပ်လေးတွေကို မလုပ်ဘဲ ရှောင်ကြဉ်ပြီး ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေး နေနေပြန်တော့လည်း တစ်ချို့က သူ့ကို ပုံမှန်မဟုတ်တော့ သလိုလို၊ ခပ်ကြောင်ကြောင် ဖြစ်သွားသလိုလို ယိသဲ့သဲ့ ပြောလာကြတယ်တဲ့လေ။ ပြောတဲ့သူတွေကလည်း ဘယ်သူတွေလည်းဆိုတော့ သူနဲ့အတူသွား၊ အတူလာ၊ အတူပျော် စသဖြင့် နေခဲ့ကြတဲ့ အရင်းအချာ သူငယ်ချင်းတွေပါပဲတဲ့။
ဒါကတော့ ပြောမှာပဲ။ သူတို့က ပိုပြောကြမှာပေါ့။ ကိုယ်ကအစက သူတို့နဲ့အတူ သူတို့လုပ်သလို နေထိုင် လုပ်ကိုင်ခဲ့ကြတာကိုး။ ဒါပေမယ့် ပြောတဲ့သူတွေရော၊ အပြောခံတဲ့သူတွေရော သတိပြုရမှာက “လူဟာ ဘယ်တော့မှ တစ်သမှတ်တည်း ရှိမနေဘူး၊ ရှိနေဖို့လည်း မသင့်ဘူး”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အလုပ်တွေနဲ့ပဲ အနေများနေတဲ့ သူတွေအနေနဲ့ အဲဒီအလုပ်တွေမှာပဲ ကျင်လည်နေဖို့ မသင့်ပါဘူး။ ဒီအလုပ်တွေကနေ အချိန်မနှောင်းခင် ရုန်းထွက်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့အလုပ်ဆိုတာ ပုထုဇဉ်တွေအတွက် အတော်ကို ဆန့်ကျင်တဲ့အရာတွေ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေမှာ လုပ်ဖြစ်ဖို့ သိပ်လွယ်သလောက် ကောင်းတဲ့အလုပ်တွေမှာကျတော့ တမင်ကို လုပ်ပြီးယူမှ ရတတ်တာ ဖြစ်ပါတယ်။ ဒီလို တမင်လုပ်ပြီး ယူမှရတဲ့အတွက်ကြောင့်လည်း မကောင်းတာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်လေးတွေ လုပ်လာနိုင်တဲ့ သူတွေကိုတွေ့ရင် ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်မလုပ်နိုင်သေးတဲ့ အလုပ်လေးတွေ သူတို့လုပ်နေနိုင်ပါလားဆိုတာ မချီးမွန်းနိုင်တာတောင်မှ မကဲ့ရဲ့မိဖို့ လိုပါတယ်။ မကောင်းတာတွေ လုပ်နေကျသူတစ်ယောက် အဲဒီအလုပ်လေးတွေ မလုပ်ဖြစ်ဘဲ နေတာကိုတွေ့ရင် သူ့ဟာသူ တစ်နေ့ပဲနေနေ၊ တစ်မနက်ပဲနေနေ ကိုယ်က မထိတထိ မယိမိဖို့ပဲ လိုပါတယ်။ ပြောမယ်ဆိုရင် သူ့အတွက်ကတော့ အဲဒီအချိန်၊ အဲဒီအခိုက်လေးကတော့ တစ်ခုခု အကျိုးရှိနေမှာ အမှန်ပါပဲ။
သေချာတွေးကြည့်ရင် မဟုတ်တာတွေ လုပ်နေရာက ကောင်းတဲ့အလုပ်တွေ လုပ်ဖြစ်လာအောင် ရုန်းထွက်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ရုန်းထွက်ကြည့်ပါဆိုရင် စိတ်ပဲရှိပြီး လက်တွေ့ဘဝမှာ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတာတွေက အများကြီးပဲ မဟုတ်လား။ အဲဒီလို ကိုယ်မရုန်းထွက်နိုင်သေးတဲ့ အလုပ်ကို တစ်ယောက်ယောက်က လုပ်နေတယ်ဆိုတာ အမှန်တော့ ကဲ့ရဲ့ဖို့၊ ယိသဲ့သဲ့လုပ်ဖို့ အသာထား ရိုးသားမယ်ဆိုရင် အကျိုးများအောင် အားတောင်ပေးရမှာ ဖြစ်ပါတယ်။ ခုတော့ အဲဒီလို အားပေးဖို့နေနေသာ ကောင်းတာလုပ်တာကိုပဲ အပြစ်ပြောဖို့ ချောင်းနေကြတဲ့ သူတွေက ရှိနေကြလေတော့ ကောင်းတာလုပ်တာတောင်မှ ခိုးလုပ်နေရသလို ဖြစ်နေပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ကောင်းတဲ့အလုပ်လေးတွေ လုပ်နေတဲ့သူတွေ အနေနဲ့ကတော့ ဘယ်သူဘာပြောပြော ကိုယ့်အလုပ်ကို ကိုယ်ကောင်းအောင် လုပ်နေဖို့ပဲ အရေးကြီးပါတယ်။
အရင်းစစ်တော့ သူများကို ကဲ့ရဲ့တတ်သူပဲ ဖြစ်ဖြစ်၊ သူများကဲ့ရဲ့တာကို ခံရသူပဲ ဖြစ်ဖြစ် အားလုံးဟာ ဘယ်သူ့ဘယ်သူ အပေါ်မှာမှ အကြာကြီး မကဲ့ရဲ့နိုင်ကြသလို အကြာကြီး ကဲ့ရဲ့တာကို ခံရမှာမဟုတ်ဘူး ဆိုတာပါပဲ။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ကဲ့ရဲ့တတ်တဲ့ အကျင့်တွေကို ရှောင်ဖို့နဲ့ ကိုယ့်ကို ကဲ့ရဲ့လာတဲ့အခါမှာလည်း ကိုယ့်စိတ်ကို မယိမ်းယိုင်သွားအောင် ခံနိုင်ရည်ရှိဖို့ပါပဲ။ ကဲ့ရဲ့ချင်တဲ့သူတွေကတော့ ကောင်းတာလုပ်လည်း ကဲ့ရဲ့မှာဖြစ်သလို မကောင်းတာလုပ်လည်း ကဲ့ရဲ့ကြမှာပဲ ဖြစ်ပါတယ်။ အဲဒီလို ဘာပဲလုပ်လုပ် ကဲ့ရဲ့ကြမှာ ဖြစ်တဲ့အတွက် ကဲ့ရဲ့တာခံရတာချင်း အတူတူ ကိုယ့်ဘဝကို ကောင်းစေမယ့် ကောင်းတဲ့ အလုပ်တွေကိုလုပ်ပြီး ကဲ့ရဲ့ခံရတာဟာ အဆိုးထဲက အကောင်းပါပဲ။ ကိုယ်လုပ်တဲ့အလုပ်တွေ ကောင်းနေမယ်ဆိုရင် မကောင်းပြောလာတာတွေပဲ ဖြစ်ဖြစ်၊ စောင်းပြောလာတွေတွေပဲ ဖြစ်ဖြစ် အားလုံးဟာ နောက်ဆုံးတော့ မြောင်းထဲရောက်သွားကြတာပါပဲ။
ဒီနေရာမှာ မြတ်စွာဘုရားရှင်က အတုလဆိုတဲ့ ဒကာတစ်ယောက်ကို မိန့်တော်မူတဲ့ စကားလေးက အတော်အတုယူစရာ ကောင်းပါတယ်။ ဘုရားရှင်က “အို…အတုလ ကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်လာပေတည်း။ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်။ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏။ များစွာပြောဟော သူကိုလည်း ကဲ့ရဲ့ကုန်၏။ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏။ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ” လို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော် အတိုင်းပါပဲ။ ကဲ့ရဲ့တာကတော့ အခုမှ ရှိလာတာ မဟုတ်ပါဘူး။ ဘုရားရှင်လို အလုံးစုံ ပြည့်စုံတော်မူတဲ့ မဟာလူသားတွေကိုတောင် ကဲ့ရဲ့ကြသေးတာဆိုတော့ ကိုယ်ကဲ့ရဲ့ခံရတယ်ဆိုတာ ဘာဟုတ်လို့လည်းပေါ့။ ဒီလိုပဲ ဖြေရမှာပဲလေ။
အရေးအကြီးဆုံးကတော့ ကိုယ့်စိတ်မှာ စကားလုံးတွေနဲ့ လေးမနေဖို့ပါပဲ။ စကားလုံးဆိုတာက သိတဲ့အတိုင်းပဲ လိုက်ပြီးခံစားနေမယ်ဆိုရင် ပြောလိုက်တဲ့သူက ဘာမှမဟုတ်ပေမယ့် ခံရတဲ့သူကတော့ ပိတ်သလေးနဲ့ ဘေးပစ်လိုက်သလို အတော်ကို အထိနာသွားတတ်တဲ့ သဘောရှိပါတယ်။ အထိနာတယ်ဆိုတာ တကယ်တော့ မသိတာတွေ ပါသွားလို့ပါပဲ။ ကြားတဲ့စကားလုံးကို ကြားတယ်လို့ မသိလိုက်တော့ ဘာကြားတယ်၊ ညာကြားတယ်၊ ဘာစကား၊ ညာစကား စတာတွေဖြစ်လာပြီး အဲဒီမသိမှုရဲ့ ဆွဲရာနောက်ကို ပါသွားတဲ့ အခါကျတော့ ဘယ်လိုခံစားရတာ၊ ညာလိုခံစားရတာနဲ့ နောက်ဆုံးကိုယ်ပဲ အထိနာသွားတဲ့ အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကြားရင်လည်း ကြားတဲ့အခိုက်မှာ သိအောင်ကြိုးစားပြီး လိုက်ပြီးခံစားတဲ့ အဆင့်အထိ ရောက်မသွားကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။
ရှိပါစေတော့။ ပြောချင်တာက လူတွေရဲ့ ဟိုပြောဒီပြော ပြောတတ်တဲ့ အကျင့်လေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြောတတ်တဲ့ လူတွေကြားထဲမှာ ရှိနေသမျှ အပြောခံရတယ် ဆိုတာလည်း ရှိနေကြမှာ ဖြစ်တဲ့အတွက် ပြောသမျှစကား၊ ကြားသမျှ အသံတွေမှာ လိုက်မခံစားဘဲ ကိုယ်ကိုယ်တိုင်သာ သူတပါးအပေါ်မှာ အမနာပ မပြောမိအောင် ကြိုးစားရင်း ကိုယ့်အပေါ် ပြောလာသံတွေကိုလည်း တရားသဘောနဲ့ တွန်းလှန်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် သူတပါးအပေါ် အပြစ်မြင်တတ်တဲ့ အမြင်၊ အပြစ်ဖြစ်စေတဲ့ စကား၊ အပြစ်ဖြစ်သွားမယ့် အလုပ်တွေ မမြင်မပြောမလုပ်မိအောင် ကိုယ့်ကိုယ်ကို ပြုပြင်ရင်း ကိုယ့်အပေါ် ရောက်လာမယ့် ပြောသံဆိုသံ ကဲ့ရဲ့သံတွေကိုလည်း ကိုယ့်စိတ်မှာ အပြစ်ဖြစ်မသွားအောင် ရှောင်ရှားတတ်ဖို့ပဲ အားထုတ်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် “ဘယ်သူ့ကတော့ ကိုယ့်ကို ဘယ်လိုပြောသွားတယ်၊ ဘယ်လိုဆက်ဆံတယ်” စတဲ့ အတွေးတွေနဲ့ စိတ်အစဉ်မှာ လေးလံနေပြီး အစာမကြာတာတွေကို ရင်မှာပိုက်လို့ တမိုင်မိုင် တတွေတွေ ဖြစ်နေကြတဲ့ သူတွေအနေနဲ့ “အပြစ်ပြောတယ်၊ ကဲ့ရဲ့တယ်ဆိုတာတွေဟာ အခုမှ ရှိလာတာ မဟုတ်တဲ့အပြင် ကိုယ်တစ်ယောက်တည်းပဲ ကြုံနေရတဲ့ အရာတွေ မဟုတ်ဘဲ ကိုယ့်ထက်အစစ အရာရာ ပြည့်စုံကြတဲ့ သူတွေတောင်မှ ရှောင်လို့မရ ကြုံတွေ့ရတဲ့ လောကဓံတရားတွေပါလား” လို့ ကိုယ့်ကိုယ်ကို သတိပြုဆင်ခြင်ပြီး ကြားသမျှ အသံတွေ အပေါ်မှာ ဘာသံတွေ၊ ဘယ်သူအသံတွေ စသဖြင့် အမည်ပညတ်တွေတပ်ပြီး စိတ်ထဲမှာထားကာ လိုက်ခံစားမနေဘဲ “နောက်ဆုံးတော့ အားလုံးဟာ ဘာမှတစ်သမှတ်တည်း မရှိပါလား”ဆိုတဲ့ အမြင်အသိနဲ့သာ ဆင်ခြင်ကြည့်နိုင်အောင် ကြိုးစားရင်း ပြောချင်သူတွေ ပြောကြပါစေ ကိုယ်မပြောမိအောင်ပဲ သတိတရား လက်ကိုင်ထားလို့ မမေ့မလျော့ နေထိုင်နိုင်အောင် လေ့ကျင့်ကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာထား မေတ္တာအားဖြင့် အသိတရား ပွားလိုက်ရပါတယ်။





မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ကိုယ့်ကိုယ်ကို စောင့်ရှောက်ခြင်း (သို့) ကိုယ်စောင့်တရား

အစောင့်အရှောက်ဆိုတာ အပြင်အစောင့်အရှောက် အတွင်းအစောင့်အရှောက်ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပြင်ပိုင်း အစောင့်အရှောက်ကတော့ မြင်နိုင်လောက်တဲ့ အပြင်အန္တရာယ်ကိုပဲ အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ အတွင်းပိုင်း တစ်နည်းအားဖြင့် ကိုယ့်စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်ဖို့ကိုတော့ အသိတရား၊ သတိတရားနဲ့ပဲ စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ 

တစ်ချို့က အစောင့်အရှောက်ထူထပ်စွာ ချထားပြီး မမြဲတဲ့ ရုပ်တရားနဲ့ မပိုင်ဆိုင်တဲ့ ဥစ္စာတရားတွေကို စောင့်ရှောက်ဖို့ ကြိုးစားကြပါတယ်။ ကိုယ့်ကိုစောင့်ရှောက်ဖို့ ဆိုပြီးတော့လည်း အစောင့်ဘော်ဒီဂတ် (Body guard) တွေတောင် ထားလိုက်ပါသေးတယ်။ ဘယ်လောက်ပဲထားထား သွားဖို့အချိန်တန်ရင်တော့ သွားကြရတာပဲ ဖြစ်ပါတယ်။ ရုပ်တရားဆိုတာ ချုပ်ထားလည်းပဲ သွားချိန်တန်သွား၊ ထားချိန်တန်ထား၊ ပျက်ချိန်တန် ပျက်နေမှာပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓရှင်တော်မြတ်ကတော့ မမြဲခြင်းသဘောရှိနေတဲ့ ရုပ်တရားကို စောင့်ရှောက်ဖို့ထက် ကိုယ့်ကိုယ်ကို စောင့်ရှောက်ဖို့ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းကို စောင့်ရှောက်ဖို့ လမ်းညွန်တော်မူပြီး တကယ်စောင့်သင့်တဲ့ ကိုယ့်စောင့်တရား လေးပါးကို ဟောတော်မူပါတယ်။ ဗုဒ္ဓညွန်ပြတဲ့ ကိုယ်စောင့်တရားလေးပါးကတော့

၁။ ဗုဒ္ဓါနုဿတိ
(ဘုရားဂုဏ်ကို ပွားများခြင်း)
၂။ မေတ္တာဘာဝနာ
(မတ္တာတရား ပို့သပွားများခြင်း)
၃။ အသုဘဘာဝနာ
(အပုတ်ကောင်အပေါ် ရှုဆင်ခြင်ခြင်း)
၎။ မရဏာနုဿတိ
(သခြင်းတရားကို ဆင်ခြင်ခြင်း)
ဆိုတဲ့ တရားလေးပါးပဲ ဖြစ်ပါတယ်။

ဒီတရားလေးပါးကို ကျင့်ကြံပွားများ အားထုတ်ထားနိုင်တဲ့သူဟာ တကယ့်ကိုပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ရုပ်တရားအပေါ် မပျက်ဆီးအောင် စောင့်ရှောက်ခြင်းမျိုးမဟုတ်ဘဲ ရရှိထားတဲ့ ကိုယ့်ရဲ့ဘဝလေးကို စောင့်ရှောက်ခြင်းသဘော ဖြစ်တဲ့အတွက် ဒီတရားလေးပါးသာ နေ့စဉ်ပွားများ အားထုတ်နိုင်ရင် အဲဒီသူဟာ အမှန်ပဲ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်တဲ့သူ တစ်နည်းအားဖြင့် ကိုယ့်စောင့်တရားများနဲ့ အညီငြိမ်းချမ်းစွာ နေထိုင်နိုင်တဲ့သူလို့ ပြောရမှာ ဖြစ်ပါတယ်။

ကိုယ့်စောင့်တရားလေးပါးနဲ့ ပတ်သက်ပြီး နည်းနည်းချဲ့ပြောရရင် ဗုဒ္ဓါနုဿတိလို့ ခေါ်တဲ့ ဘုရားဂုဏ်တော်ကို ပွားများတဲ့ အကျင့်ဟာ အားများတဲ့ ဘုရားရှင်ရဲ့ အားတွေကို ကိုယ့်သန္တာန်မှာ ပွားယူခြင်း ဖြစ်တဲ့အတွက် ဘုရားကိုးကွယ် တန်ခိုးကြွယ် အပါယ်မကျ နိဗ္ဗာန်ရလို့ ဆိုတဲ့အတိုင်း ဘုန်းတန်ခိုးကြီးမားပြီး ကိုယ်ခံစွမ်းအားတွေ တိုးပွားစေနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘုရားရှင်ရဲ့ ဂုဏ်တော်တွေကို နေ့စဉ်မပြတ် ပွားများအားထုတ်တတ်တဲ့သူဟာ အဲဒီဂုဏ်တော်တွေရဲ့ ကျေးဇူးကြောင့် အန္တရာယ်ကင်းပြီး ကိုယ့်သန္တာန်မှာလည်း တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ တန်ခိုးတော်တွေနဲ့ ထုံလွှမ်းထားတဲ့အတွက် အပြင်အန္တရာယ်တွေကလည်း အကာအကွယ်ပြုထားပြီး ဖြစ်ပါတယ်။ အဓိကကတော့ ဘုရားရှင်ရဲ့ဂုဏ်တော်တွေကို ပွားများအားထုတ်နေတဲ့သူဟာ ဘုရားရှင်အနားမှာ ရှိသလိုဖြစ်ပြီး ဘုရားရှင်တို့မည်သည် မကောင်းမှုအကုသိုလ်ကို ဆိတ်ကွယ်ရာ အရပ်မှာတောင် ပြုတော်မမူတဲ့အတိုင်း ကိုယ်လည်းပဲ အကုသိုလ်ကို မပြုဖြစ်တော့ပါဘူး။ အကုသိုလ်မပြုဖြစ်တာဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး စောင့်ရှောင်တာပါပဲ။ပြီးတော့ တန်ခိုးကြီးတဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်များကို ကျင့်ပွားနေတဲ့သူဟာလည်း ဘုန်းကံကြီးမားတဲ့သူ ဖြစ်တဲ့အတွက် ဘုန်းကံကြီးတဲ့သူကို ကျရှုံးသွားအောင်၊ အန္တရာယ်ဖြစ်အောင် ဘယ်သူမှ လုပ်လို့မရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ချင်တဲ့ သူတွေဟာ ဗုဒ္ဓါနုဿတိ ဘာဝနာကို ပွားများကျင့်ကြံသင့်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ 

နောက်တစ်ချက် ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်လိုသူတွေ အနေနဲ့ မေတ္တာဘာဝနာကို ပွားများပြီးလည်း စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်နေရာမှာပဲ ရောက်ရောက် ဘယ်သူအပေါ်မှာပဲ ဖြစ်ဖြစ် အကျိုးလိုလားတဲ့ မေတ္တာလေးကို အခြေခံပြီး ကျင့်ကြံပွားများ နေထိုင်ကြမယ်ဆိုရင် အဲဒီမေတ္တာဘာဝနာက ကိုယ့်ကိုစောင့်ရှောက်ထားပြီးသား ဖြစ်ပါတယ်။ မေတ္တာခြုံမှ လုံတယ်လို့ ဆိုကြတဲ့အတိုင်း မေတ္တာတံတိုင်း ကာရံထားတဲ့သူဟာ အန္တရာယ်ကင်းပြီး အေးငြိမ်းမှုကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ မေတ္တာရဲ့ သဘောက သူ့အတွက်ပွားများရဲ့ ကိုယ့်အတွက်လည်း အငြိမ်းဓာတ်၊ အအေးဓာတ်ကို ခံစားနိုင်တာ ဖြစ်တဲ့အတွက် ငြိမ်းနေတဲ့သူ၊ အေးနေတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နေသူပဲ ဖြစ်ပါတယ်။ 

နောက်ထပ် ကိုယ့်ကိုယ်ကို စောင့်ရှောက်ရမယ့် လမ်းစဉ်တစ်ခုက အသုဘဘာဝနာ ပွားများခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို အပုတ်ကောင် အသုဘလို့ မထင်ဘဲ သုဘလို့ ထင်နေကြတဲ့သူတွေမှာ အဲဒီအထင်မှားကြောင့်ပဲ အတ္တမာန အစွဲတွေဝင်ပြီး အလွဲတွေ အသွင်သွင် လုပ်မိနေတတ်တဲ့အတွက် အဲဒီအလွဲတွေက ကိုယ့်ကို ဒုက္ခအဖြစ် ရောက်ရှိစေတာလည်း ရှိနေတတ်ကြပါတယ်။ အသုဘကို သုဘလို့ ထင်နေတတ်တဲ့သူမှာ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ဖို့ထက် ကိုယ့်အယူကို ဖြောင့်အောင်လုပ်ဖို့တောင် အတော်ကြိုးစားကြရမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒီလို အလွဲအမြင်နဲ့ တစ်လွဲထင်နေကြတဲ့ သူတွေဟာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် အတ္တတွေပါယ်ပြီး အမြင်မှန်နဲ့ စောင့်ရှောက်နိုင်ဖို့အတွက် အသုဘဘာဝနာကိုလည်း ပွားများပြီး စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ 

ဘုရားပေးတဲ့ ကိုယ်စောင့်နည်းတွေထဲမှာ မရဏာနုဿတိလို့ ခေါ်တဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့နည်းဟာလည်း လက်တွေ့ကျင့်သုံးသင့်တဲ နည်းပဲ ဖြစ်ပါတယ်။ ပုထုဇဉ်အတော်များများဟာ သေရမှာကို သိကြပေမယ့် သေခြင်းတရားကို မေ့နေကြတဲ့ သူတွေအဖြစ် ဘဝကို ဖြတ်သန်းနေကြတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ သေခြင်းတရားကို အလေမထားဘဲ မေ့နေကြတဲ့သူတွေဟာ တဒင်္ဂအရှိတရားကိုလည်း ထာဝရအတည်တရား ထင်ကာ မာနတွေဝင်ပြီး အကျင့်တရားတွေပါ ပျောက်ပျက်နေကြတော့တာ ဖြစ်ပါတယ်။ နေ့စဉ် သေခြင်းတရားကို ဆင်ခြင်နိုင်တဲ့သူတွေကတော့ သေရမယ်ဆိုတာ သိနေတဲ့အတွက် သတိမလွတ်ဘဲ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်ကြတော့တာ ဖြစ်ပါတယ်။ သေခြင်းတရားကို ဆင်ခြင်နှလုံးသွင်းထားတဲ့အတွက် ဘဝမှာ အဆိုးဆုံး ဒုက္ခလို့ ပြောရမယ့် သေခြင်းတရားအထိ ကြုံလာခဲ့ရင်လည်း မတုန်မလှုပ် ရင်ဆိုင်ပြီး အသိသတိ ထပ်တူညှိနိုင်ကြမှာ ဖြစ်ပါတယ်။ အသိသတိကပ်ထားတဲ့သူဟာ ကိုယ့်ကိုယ်ကို ကောင်းစွာစောင့်ရှောက်နိုင်တဲ့သူပဲ ဖြစ်ပါတယ်။ 

ဆိုလိုတာက စောင့်ရှောက်မှုအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ကြတဲ့ အပိုင်းမှာ ဗုဒ္ဓအလိုကျ စောင့်ရှောက်နည်းဖြစ်တဲ့ ကိုယ့်စောင့်တရားလေးပါးနဲ့ စောင့်ရှောက်ခြင်းကသာ အကောင်းဆုံး ကိုယ့်စောင့်တရားပဲ ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်ဘဝထဲမှာ ဗုဒ္ဓဂုဏ်ကို ခုံလှုံရင်း၊ မေတ္တာလည်းထား၊ အသုဘလည်း ပွား၊ သေခြင်းတရားလည်း ဆင်ခြင်ကာ အကောင်းဆုံး ဖြစ်အောင် စောင့်ရှောက်ကြရမှာ ဖြစ်ကြောင်း၊ ဗုဒ္ဓဂုဏ်အစွမ်းကြောင့် တန်ခိုးတွေ ထုံလွှမ်းရောက်စေ၊ မေတ္တာအစွမ်းနဲ့ အေးချမ်းကြစေပြီး အပုတ်ကောင်ကို ဆင်ခြင်းလျက် အတ္တဝါဒဖျောက်ကာ သေခြင်းတရား နှလုံးသွင်းထားလို့ မာနလေးတွေ လျော့ချနိုင်အောင် ကြိုးစားရင်း ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။ 

ဒါကြောင့် ဘဝမှာ နေရတဲ့အခိုက် ကိုယ့်ကိုယ်ကို အကောင်းဆုံး စောင့်ရှောက်မှုနဲ့ စောင့်ရှောက်နိုင်ကြဖို့ ဗုဒ္ဓပေးတဲ့ ကိုယ့်စောင့်တရားလေးပါးကို ပွားများအားထုတ်ရင်း ဂုဏ်တော်မြဲစေ၊ မေတ္တာတွဲစေ၊ သုဘလွဲစေ၊ သေခြင်းမြဲနေ ဆိုတဲ့ အချက်လေးတွေကို အခက်မဝေးအောင် ဆင်ခြင်စဉ်းစား အစောင့်ထားကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ရုန်းထွက်နိုင်မှ



ပုထုဇဉ်များအတွက် အနှောင်အဖွဲ့များသည် အလွန်များပြားလှ၏။ သံယောဇဉ် အနှောင်အဖွဲ့၊ ကိလေသာ အနှောင်အဖွဲ့၊ အကုသိုလ် အနှောင်အဖွဲ့ စသည်ဖြင့် အနှောင်အဖွဲ့ အမျိုးမျိုးကြားတွင် တဝဲလည်လည် ဖြစ်နေကြ၏။ တစ်ခါတရံ ရုန်းထွက်မည်ဟု စိတ်ကူးရှိသော်လည်း မထွက်နိုင်သည်ကသာ များနေတတ်၏။ အချို့အလုပ်များသည် မကောင်းမှန်း သိနေသဖြင့် ရုန်းထွက်ရန် ကြိုးစားချင်သော်လည်း ပုထုဇဉ်များ၏ စိတ်အစဉ်မှာ မခိုင်မြဲသေးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် တွယ်မြဲတွယ်နေကြပေတော့၏။ 

ရုန်းထွက်သည်ဆိုရာမှာ မကောင်းမှု လုပ်ချင်နေသည့်စိတ်ကို မလုပ်ဖြစ်အောင်၊ လုပ်နေကျဖြစ်သည့် မကောင်းမှု အကုသိုလ်ကို ဆက်မလုပ်ဘဲ ရပ်တန့်နိုင်အောင်၊ လုပ်ခဲ့ပြီး ဖြစ်သည့်မကောင်းမှု အကုသိုလ်များတွင် နောင်တများဖြင့် ပူဆွေးမှုဖြစ်ကာ အကုသိုလ်များ ထပ်မတိုးပွားအောင် ရုန်းထွက်ခြင်းမျိုး၊ ကောင်းမှုကုသိုလ်ကို မလုပ်ချင်သော်လည်း လုပ်ဖြစ်အောင်၊ မလုပ်ဖူးသေးသည့် ကောင်းမှုအမျိုးမျိုးကို လုပ်ဖြစ်အောင်၊ လုပ်ခဲ့ပြီးသော ကောင်းမှုအစုစုကို ပြန်လည်ဆင်ခြင်ခြင်းဖြင့် ကုသိုလ်အကျိုး ထပ်တိုးရအောင် မိမိကိုယ်ကို ဆုံးမပြုပြင် နေထိုင်ခြင်းမျိုးကို ဆိုလိုခြင်းဖြစ်၏။ 

အမှန်စင်စစ် ထိုအမျိုးမျိုးသော အနှောင်အဖွဲ့များမှ ရုန်းမထွက်နိုင်သေးသမျှ ပုထုဇဉ်သည် ပုထုဇဉ်မျှသာ ဖြစ်နေပြီး တစ်ခါတရံ အန္ဓပုထုဇဉ်ဟုခေါ်သည့် အကန်းပုထုဇဉ်အဖြစ်မျိုးမှာပင် ပြန်လည်သွားသူများ ဖြစ်နေတတ်၏။ ထိုအနှောင်အဖွဲ့များမှ ရုန်းထွက်နိုင်မှသာ ပုထုဇဉ်သည် ကလျာဏပုထုဇဉ်၊ ထိုမှ အရိယာ သူတော်စင်အဖြစ် ရောက်ရှိနိုင်ကြမည် ဖြစ်၏။ အရိယာ အဖြစ်ကို အသာထား အန္ဓပုထုဇဉ်ဘဝမှသည် ကလျာဏပုထုဇဉ် ဘဝမျိုး ဖြစ်ရန်ပင် အတော်ကြိုးစားရမည့် သဘောရှိ၏။ 

မည်သို့ဆိုစေ အနှောင်အဖွဲ့မှာ တွယ်ငြိပြီး သံသရာတွင် လည်နေကြမှုများမှ ရုန်းထွက်နိုင်ရန် မိမိကိုယ်ကို သတိပြုဆင်၍ အသိပညာ တရားများဖြင့် ကြိုးစားကြရန်သာ ဖြစ်ပါ၏။ လွှတ်ထားလျှင် ဇွတ်သွားတတ်သည့် စိတ်ကို သတိတရားဖြင့် ထိန်းကျောင်းပြုပြင်ကာ အကုသိုလ်အမှုများမှ ရုန်းထွက်၍ ကုသိုလ်အလုပ်ဖြင့် အစားထိုးနိုင်ရန် ကြိုးစားကြရမည်သာ ဖြစ်ပါ၏။ သို့မှသာ လွတ်မြောက်မှုကို ရယူနိုင်ကြမည် ဖြစ်ပါ၏။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဗုဒ္ဓအလိုကျ နေထိုင်ခြင်း


ယော ဓမ္မံ ပဿတိ၊ သော မံ ပဿတိ။
တရားကို မြင်သောသူသည်၊ ဘုရားကို မြင်၏။

ဤစကားသည် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်မှ ဝက္ကလိမထေရ်အား မိန့်တော်မူသော စကားတော် ဖြစ်၏။ ဝက္ကလိမထေရ်သည် ဘုရားရှင်အပေါ် ချစ်ကြည်ညိုသည့် ပုဂ္ဂိုလ်ရေး သံယောဇဉ်ဖြင့် သာသနာ့ဘောင်သို့ ဝင်ရောက်လာသူဖြစ်ပြီး ရဟန်းဖြစ်ပြီးနောက်တွင်လည်း ရဟန်းတရားကို အားမထတ်ဘဲ ဘုရားရှင်အားသာ အနီးကပ်ကြည်ရှု ဖူးမြော်နေသူဖြစ်၏။ အချိန်တန်သည့်အခါ မြတ်စွာဘုရားရှင်က ဝက္ကလိမထေရ်ကို မိမိအနားမှ နှင်ထုတ်လိုက်၏။ ဘုရားရှင်က မိမိအား လက်မခံသဖြင့် ဝက္ကလိမထေရ် စိတ်ဓာတ်ကျကာ မိမိကိုယ်ကို သတ်သေရန် တောင်ပေါ်သို့ တက်သွားပြီး ခုန်ချမည် အပြုတွင် မြတ်ဗုဒ္ဓမှ တန်ခိုးတော်ဖြင့် တရားဟောကာ တရားရအောင် ပြုလုပ်ပေးခဲ့၏။ ချစ်သား ဝက္ကလိ အပုတ်ကောင်ဖြစ်သော ငါဘုရား၏ ခန္ဓာကိုယ်အပေါ် တွယ်တာနေခြင်းဖြင့် သင့်အားအကျိုးတစ်စုံတရာမရှိ၊ စင်စစ်အားဖြင့် ငါဘုရားကို မြင်လိုပါက ငါဘုရားဟောသည့် တရားတော်ကို မြင်အောင်ကြည့်ပြီး ငါဘုရားတရားတော်အတိုင်း ကျင့်သုံးမှသာ ငါဘုရားကို မြင်နိုင်ပေ၏။ စသည်ဖြင့် မိန့်တော်မူခဲခြင်း ဖြစ်၏။

မှန်၏။ တရားကိုမြင်မှ ဘုရားကို မြင်၏ဟူသော မြတ်စွာဘုရား၏ စကားတော်သည် ဗုဒ္ဓဘာသာဝင်များအဖို့ အထူးသတိပြုရမည့် အချက်ပင်ဖြစ်၏။ ဘုရားရှင်ကို ကိုးကွယ်ရာအဖြစ် ဆည်းကပ်ပါ၏ဟု သရဏဂုံကိုယ် ခံယူးထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် စကားအနေဖြင့်သာ ဆည်းကပ်မှုမျိုး မဟုတ်ဘဲ လက်တွေ့မှာလည်း ဘုရားရှင်မြတ် ဟောတော်မူအပ်သည့် အဆုံးအမတိုင်း လိုက်နာကျင့်သုံးနိုင်မှသာ စစ်မှန်သည့် ဗုဒ္ဓဘာသာအဖြစ် မှတ်ကျောက်တင်နိုင်မည် ဖြစ်၏။ ဗုဒ္ဓဘုရား ဟောညွန်ထားသည့်အတိုင်း နေထိုင်နိုင်မှသာ ဗုဒ္ဓအလိုကျ နေထိုင်မှုမျိုး ဖြစ်နိုင်ပေ၏။ 

ဗုဒ္ဓဘုရား ဟောတော်မူသည့် အတိုင်းဟု ဆိုရာတွင်လည်း ဘုရားရှင်တိုင်း ညွန်ကြားတော်မူသည့် စကားတော်မှာ သုံးခွန်းသာ ရှိ၏။ () အလုံးစုံသော အကုသိုလ်ကို မပြုရန် (သဗ္ဗ ပါပဿ အကရဏံ)()  ကောင်းမှုမှန်သမျှ စွမ်းနိုင်သမျှ ဖြည့်ဆည်းကြရန် (ကုသလဿ ဥပသမ္ပဒံ)နှင့် () မိမိစိတ်ကို ဖြူစင်စွာထားရန် (သစိတ္တ ပရိယောဒါပနံ)ဟူသည့် အချက်သုံးချက်သည် ဘုရားရှင်အားလုံး မိန့်မှာသုံးသည့် အဓိက အချက်များပင် ဖြစ်၏။ အခြေအနေ အချိန်အခါအရ ဟောတော်မူထားသည့် ဓမ္မက္ခန္ဓာ တရားတော်များ မြောက်များစွာရှိသော်လည်း ထိုတရားတော်များ ဟောညွန်ကြားရခြင်း၏ ဦးတည်ချက်မှာ မကောင်းမှု မလုပ်ရန်၊ ကောင်းမှုလုပ်ရန်နှင့် စိတ်ဖြူစေရန်တို့ပင် ဖြစ်၏။ 

ပိုပြီးလေးနက်စွာ ကောက်ချက်ချပါက 
၁။ ရှောင်ကြဉ်ရမည့် အချက်
၂။ ကျင့်သုံးရမည့် အချက်နှင့်
၃။ သုတ်သင်ရမည့် အချက်ဟူသော အချက်သုံးချက်ကို တွေ့ရမည် ဖြစ်၏။ 
ဗုဒ္ဓဘာသာဝင်တိုင်း ရှေးဦးစွာ ပြုလုပ်သင့်သည့် အချက်သည် မကောင်းမှုကို မလုပ်ဖြစ်ရေးပင် ဖြစ်ပြီး ဒုတိယအချက်မှာ ကောင်းကျိုးရရှိစေရန် ကောင်းမှုကို စုဆောင်းမှုဖြစ်ကာ တတိယအချက်မှာ လွတ်မြောက်ရာ လမ်းစဉ်သို့ သွားနိုင်ရန်အတွက် ပညာတရား ရရှိမှုကို ဖြစ်စေမည့် စိတ်နှလုံးကို ဖြူစင်စွာ တည်ဆောက်နိုင်မှုပင် ဖြစ်၏။ ဤအချက် ()ချက်ကို လိုက်နာကျင့်သုံးနိုင်ပါက ဗုဒ္ဓအလိုကျ ဘဝကို နေထိုင်နိုင်ကြသူများအဖြစ် အသိအမှတ် ပြုနိုင်ကြမည် ဖြစ်၏။ 

ဤ၌ မကောင်းမှုမှန် မှန်သမျှ မလုပ်ကြရန် တိုက်တွန်းရာတွင် အထူးသဖြင့် ဒုစရိုက်အမှုများအား မလုပ်မိစေရန် ပိုပြီးအလေးပြုကြရမည် ဖြစ်၏။ ဒုစရိုက်အမှု အကုသိုလ် မကောင်းမှုများသည် ပြုလုပ်ပါက အပြစ်နှင့်တကွဖြစ်ပြီး မကောင်းကျိုးကို ဧကန်မုချ ခံစားရမည် ဖြစ်သဖြင့် ကောင်းကျိုးဖြစ်ရေးထက် မကောင်းကျိုးမရရေးကို ရှေးဦးစွာ အလေးပေးစေခြင်းဖြစ်၏။ ဒုစရိုက်အမှုများဟူသည်မှာလည်း ကာယကံ၊ ဝစီကံ၊ မနောကံများဖြင့် ပြုလုပ်ဖြစ်သည့် အလုပ်များပင်ဖြစ်ပြီး 
ကာယကံမှု အကုသိုလ် အစုများအဖြစ် 
၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း
၃။ သူတပါး သားမယားအပေါ် ဖောက်ပြန်ကျူးလွန်ခြင်း အမှုများကို ညွန်းဆိုတော်မူ၏။ 
ဝစီကံမှု အကုသိုလ်အစုများအဖြစ်
၁။ လိမ်ညာပြောဆိုခြင်း
၂။ ချောပစ်ကုန်းတိုက်ခြင်း
၃။ ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း
၎။ အကျိုးမရှိ၊ အချည်းနှီး ပြိန်ဖျင်းသော စကားကို ပြောဆိုခြင်း အမှုများကို ညွန်းဆိုတော်မူ၏။
မနောကံမှု အကုသိုလ်အစုများ အဖြစ်ကား
၁။ သူတပါး၏ ပိုင်ဆိုင်မှုများအပေါ် မိမိပိုင် ဖြစ်လိုရေး အလိုဆိုးဖြင့် ကြံစည်ခြင်း
၂။ သူတပါး သေကြေပျက်စီးစေရန် အလိုဆိုးဖြင့် ပြစ်မှားခြင်း
၃။ အယူမှားကို လက်ခံကျင့်သုံးမိခြင်း အမှုများကို ညွှန်းဆိုတော်မူ၏။ 
ဤဆယ်ပါးသည် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေဖြင့် မပြုလုပ်မိရန် ရှောင်ကြဉ်သင့်သည့် မကောင်းမှု အကုသိုလ် ဒုစရိုက်တရားများပင် ဖြစ်၏။

ထိုအကုသိုလ် အမှုများကို ရှောင်ကြဉ်ခြင်းသည် အကုသိုလ် အကျိုးမရရန် ရှောင်ကြဉ်မှုမျိုးဖြစ်ပြီး ကုသိုလ်အကျိုးတရား ရရှိရန်အတွက်ကား ကောင်းမှုကုသိုလ်များကို ရသမျှ ဆည်းပူးကြရမည် ဖြစ်၏။ အလုပ်တစ်ခုသည် အပြစ်မရှိခြင်း၊ ကောင်းသည့်အကျိုးကို ပေးခြင်းသဘော ရှိနေလျှင် ထိုအလုပ်ကို ကုသိုလ်အလုပ်ဟု ဆိုထားသည်ဖြစ်ရာ မိမိလုပ်သည့် အလုပ်များသည် မိမိအတွက်၊ အများအတွက် အပြစ်မရှိ၊ ကောင်းကျိုးဖြစ်မည့် အလုပ်များဖြစ်ရန် လိုအပ်လှပေ၏။ ယေဘုယျအားဖြင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ကုသိုလ်အလုပ် ဆယ်မျိုးကို လုပ်နိုင်ကြောင်း သိရှိထားနိုင်မည် ဖြစ်၏။ ထိုဆယ်မျိုးကို စည်းပွားချမ်းသာ၏ တည်ရာပြုထိုက်သည့် ကုသိုလ်ဆယ်မျိုး၊ စာပေအခေါ်အားဖြင့် ပုညကြိယာ ဝတ္ထုဆယ်မျိုးဟု ခေါ်၏။ ယင်းဆယ်မျိုးမှာ
၁။ ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း (ဒါန)
၂။ ငါးပါး၊ ရှစ်ပါးစသည့် အကျင့်သီလများကို စောင့်ထိန်းခြင်း (သီလ)
၃။ သမထ၊ ဝိပဿနာ ဘာဝနာ တရားများ ပွားများအားထုတ်ခြင်း (ဘာဝနာ)
၎။ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများအား အရိုအသေပေးခြင်း (အပစာယန)
၅။ ကုသိုလ်ကိစ္စများတွင် ပါဝင်ဆောင်ရွတ်ပေးခြင်း (ဝေယျာဝစ္စ)
၆။ မိမိ၏ ကုသိုလ်အဖို့ကို အမျှအတမ်းပေးဝေခြင်း (ပတ္တိဒါန)
၇။ သူတပါး၏ ကုသိုလ်အဖို့ကို ဝမ်းမြောက်နုမော် သာဓုခေါ်ခြင်း (ပတ္တာနုမောဒန)
၈။ တရားစကား နာယူမှတ်သားခြင်း (ဓမ္မဿဝန)
၉။ တရားဓမ္မ ပြန်လည်မျှဝေပြသ ဟောပြောခြင်း (ဓမ္မဒေသနာ)
၁၀။ အယူဝါဒ ဖြောင့်မတ်မှန်ကန်ခြင်း (ဒိဋ္ဌိဇုကမ္မ) တို့ပင် ဖြစ်၏။
ဤကုသိုလ်များမှ တစ်မျိုးမျိုးကို အရယူနိုင်ခြင်းသည် ကောင်းမှုကုသိုလ်ကို ဆောင်ခြင်းပင် ဖြစ်၏။ ကုသိုလ်ဟူသည် ကျင့်သုံးပြီးမှသာ ရယူရမည့် အရာဖြစ်သဖြင့် ဗုဒ္ဓအလိုကျ နေထိုင်သူတစ်ယောက်သည် ကောင်းမှုကုသိုလ်များကို ရသမျှ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမည်သာ ဖြစ်၏။ 

အရေးကြီးဆုံး အချက်ဖြစ်သည့် မိမိစိတ်ကို စင်ကြယ်အောင် ထားခြင်း၊ သုတ်သင်ခြင်းကိုလည်း ဗုဒ္ဓဝါဒီများ အနေဖြင့် ဗုဒ္ဓဟောညွန်သည့်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် ဗုဒ္ဓအလိုကျ နေထိုင်ပြရန် လိုအပ်လှ၏။ စိတ်ဖြူစင်ရန်အတွက်ကား မိမိစိတ်တွင် သတိကပ်နေရန်ပင် ဖြစ်၏။ သတိရှိနေသည့် စိတ်သည် သန့်ရှင်းစင်ကြယ်နေသည့် စိတ်ပင်ဖြစ်သဖြင့် သတိတရား လက်ကိုင်ထားရန် အထူးလိုအပ်လှပေ၏။ သတိရှိရန်အတွက်ကား သမထအကျင့်၊ ဝိပဿနာအကျင့် တစ်ခုခုကို ကျင့်သုံးကြရန် လိုအပ်ပေ၏။ သီလကို အခြေခံသည့် စိတ်သည် သမာဓိဖြစ်ရန် လွယ်ကူနေပြီး သမာဓိရှိလျှင် ပညာဖြစ်ရန်လည်း လွယ်ကူလှကာ ပညာဖြင့်  နေလျှင် စိတ်အစဉ်သည် အသိယှဉ်နေမည် ဖြစ်၏။ အသိရှိနေလျှင် စိတ်အစဉ်သည် ဖြူစင်သန့်ရှင်းနေမည်သာ ဖြစ်၏။ 

စင်စစ်အားဖြင့် သတိရှိနေသူသည် အကုသိုလ်ကို ရှောင်နေနိုင်ပြီး ကုသိုလ်ကိုလည်း ဆောင်နေနိုင်သည့်အပြင် မိမိစိတ်ကိုလည်း ဖြူစင်အောင် စောင့်ထိန်းနိုင်သူဖြစ်သဖြင့် သတိတရားမှာ သတ္တဝါအားလုံးအတွက် အပိုမရှိ၊ အချိန်ပြည့်လိုနေ့သည့် တရားပင် ဖြစ်၏။ ထို့ကြောင့် မိမိစိတ်ကို ဖြူစင်စေလိုသူများသည် အပ္ပမာဒတရား လက်ကိုင်ထားရန် လိုကြောင်းဆိုခြင်း ဖြစ်၏။

အချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင် အဖြစ်ကို ခံယူထားသည့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓအလိုကျ နေထိုင်ကျင့်သုံးကြရာတွင် ဘုရားရှင်များ ဟောတော်မူသည့်အတိုင်း ရှေးဦးစွာ မကောင်းမှု အကုသိုလ်များကို မလုပ်မိရန် ရှောင်ကြဉ်ပြီး ထိုမှနောက်၌ ကုသိုလ်တရားများကို ရနိုင်သမျှ ကြိုးစားဆည်းပူးကာ အရေးကြီးဆုံး အချက်ဖြစ်သည့် မိမိစိတ်ကို ဖြူစင်အောင် ထားနိုင်ရေး အလေးပေးကာ လိုက်နာကျင့်သုံးရမည်သာ ဖြစ်ပါကြောင်း၊ ထိုသို့ ကျင့်သုံးရာတွင် ဒုစရိုက်ကိုရှောင်ပြီး ဒါန၊ သီလ၊ ဘာဝနာ စသည့် ကုသိုလ်တရားများကို စွမ်းနိုင်သမျှ ရယူကာ သတိတရား မပျက်ပွားနိုင်စေရန် သမထအကျင့်၊ ဝိပဿနာ အကျင့်များကို အမှတ်သတိ မပြတ်ရှိကာ ကျင့်ကြံကြိုးကုတ် အားထုတ်ကြရမည်သာ ဖြစ်ပါကြောင်း အသိပေးလိုရင်း ဖြစ်၏။ 

ထို့ကြောင့် ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဝါဒီများသည် အမည်ခံ ဗုဒ္ဓဘာသာမှ အနှစ်သာရရှိသည့် ဗုဒ္ဓဘာသာများ ဖြစ်စေရန် ဗုဒ္ဓညွန်ပြသည့်အတိုင်း လိုက်နာကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကို ရခဲသည့် လူ့ဘဝကို ရရှိထားသည့် တန်ဘိုးရှိသည့်သူအဖြစ် အဆင့်မြင့်ကြရမည်သာ ဖြစ်ပါပေ၏။ 

အပ္ပမာဒေန သမ္ပာဒေထ

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ရတာမလို လိုတာမရ ဤလောက


“ယမ္ပိစ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ= အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခ“ လို့ ဘုရားရှင်က ဟောတော်မူပါတယ်။ မှန်ပါတယ်။ လိုနေတာကိုက ဒုက္ခဖြစ်နေတာပါလိုတဲ့အတွက် ရချင်တယ်။ ရချင်တဲ့အတွက် ရအောင်လုပ်တယ်။ ရလာပြန်တော့လည်း အဲဒီအပေါ်မှာ ငြီးငွေ့လာပြန်တယ်။ ပြီးတော့ နောက်တစ်ခု ထပ်လိုချင်ပြန်ပါတယ်။ မရေးသေးတာကိုရချင်၊ ရတော့လည်း တစ်ခြားဟာ လိုချင်၊ တစ်ခြားဟာလိုချင်လာတဲ့ အတွက် လက်ရှိရထားတာကို မလိုချင်ပြန်တော့ပါဘူး။ ဒီတော့ ဘာဖြစ်လာလဲဆိုတော့ ရချင်တာက တစ်မျိုး၊ ရနေတာက တစ်မျိုး ဖြစ်နေပြန်ပါတယ်။ တစ်ခါတစ်လေတော့ ကိုယ်ရတာကို မကျေနပ်နိုင်၊ အလိုမပြည့်နိုင်ဖြစ်ရုံမက သူများရတာကိုပါ လိုချင်လာပြန်ပါတယ်။ သူများကလည်း သူ့ရှိတဲ့အရာကို မလိုချင်ပဲ ကိုယ့်ကိုကြည့်ပြီး ကိုယ်ဆီကအရာကို လိုချင်နေကြပြန်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို အားကျပြီး ကိုယ့်ရှိတဲ့အရာကို အလိုမကျ သူ့ဆီကအရာကို တောင့်တကြပြန်ပါတယ်။ ရချင်တာကတစ်မျိုး ရနေတာက တစ်မျိုးဖြစ်နေကြပါတယ်။ ဒါကြောင့်လည်း “ ရတာမလို လိုတာမရတဲ့ လောကကြီးပါလား“ လို့ ဆိုကြခြင်းဖြစ်ပါတယ်။ 

တကယ်တော့ အာသဝေါကုန်ခမ်းပြီး ရဟန္တာအဖြစ်ကို မရသေးသမျှ ဘယ်သူမှ အလိုပြည့်ကြမှာ မဟုတ်ပါဘူး။ ခုတစ်မျိုးတော်ကြာတစ်မျိုး ဖြစ်နေတဲ့ စိတ်ကြောင့်လည်း ခုလိုချင်ပေမယ့် နောင်မလိုချင် ဖြစ်တတ်သလို အခုရနေတာကိုလည်း မရချင်ဖြစ်လာ၊ စိတ်ကုန်လာ ဖြစ်တတ်ပါတယ်။ ကိုယ်ရထားတာကို အလိုမပြည့်နိုင်ပဲ သူများရနေတာကို လိုချင်တတ်ကြပြန်ပါတယ်။ ကိုယ့်ဘ၀ကို မကျေနပ်နိုင်ဘဲ သူများဘ၀ကို အားကျနေတတ်ပြန်ပါတယ်။ တစ်ခါတစ်လေ တွေ့ရတတ်ပါတယ်။ လူတွေက ဘုန်းကြီးတွေဘ၀ကို အားကျလို့ သာသနာ့ဘောင်ဝင်ဖို့ ကြိုးစားကြပေမယ့် ဘုန်းကြီးအချို့ကျပြန်တော့ လူ့ဘ၀အားကျကာ လူထွက်ဖြစ်တတ်ကြ တာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့လည်း နာမည်ကြီးနေတဲ့သူတွေကို ကြည့်ပြီးသူတို့ဘ၀လေးကို အားကျလို့ သူတို့လိုဖြစ်အောင် ကြိုးစားကြပေမယ့် နာမည်ကြီးနေတဲ့ သူတွေကလည်း သူတို့ဘ၀ရဲ့ ဒုက္ခနဲ့ လွတ်လပ်မှု မရှိတာတွေကြောင့် ဘာမှမဖြစ်ဘဲ ရိုးရိုးအေးအေးလေးပဲ ဖြစ်နေတဲ့ သာမန်လူတွေရဲ့ ဘ၀ကို အားကျပြန်ပါတယ်။ တစ်ချို့ကျပြန်တော့လည်း ကိုယ်နေရတဲ့ လက်ရှိဘ၀အခြေအနေနဲ့ လက်ရှိနေရတဲ့ တိုင်းပြည်နိုင်ငံကြောင့် တိုးတက်ပြီး ကြီးကျယ်ခမ်းနားတဲ့ နိုင်ငံကြီးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြသလို တိုးတက်ပြီး နိုင်ငံမှာရှိနေတဲ့ သူတွေကျပြန်တော့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ့ပေမယ့် အေးချမ်းပြီး စိတ်ချမ်းသာမယ်ထင်တဲ့ နိုင်ငံလေးတွေကို ပြောင်းရွေ့နေထိုင်ဖို့ ကြိုးစားကြပြန်ပါတယ်။ ဒါတွေအားလုံးဟာ ကိုယ်ရဲ့လက်ရှိ အခြေအနေတွေပေါ်မှာ အလိုမကျဖြစ်ပြီး တစ်ခြားအရာတွေပေါ်မှာ တောင့်တလိုချင်မှုတွေ၊ ရတာကိုမလိုချင်ဘဲ လိုတာကို ရချင်တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ စာစကားနဲ့ ပြောရရင်ရှိတာလေးနဲ့ မရောင့်ရဲနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့လည်း နာမည်ကြီးပုဂ္ဂိုလ်တွေနဲ့ ဆက်ဆံပြောဆိုဖူးပါတယ်။ တစ်ခါတစ်လေ သူတို့တွေရဲ့ ညဉ်းသံလေးတွေ ကြားရပါတယ်။ တစ်ချို့ ဆရာတော်ကြီးများက ဆိုဆုံးမဖူးပါတယ်။ “အရှင်ဘုရားတို့… ဘုန်းမကြီးကြစေနဲ့၊ နာမည်မကြီးကြစေနဲ့၊ တပည့်တော်တို့လည်း ငယ်တုန်းက ဒီစိတ်လေးတွေနဲ့ ကြိုးစားအားထုတ်ခဲ့ကြလို့ ခုဒီဘ၀ကို ရောက်လာခဲ့တယ်၊ ရောက်လာတော့လည်း ဒီလိုနေရတဲ့ဘ၀ကို ငြီးငွေ့လာတယ်၊ ဒကာဒကာမတွေနဲ့ ပြောဆိုဆက်ဆံရမှာကို စိတ်ကုန်လာတယ်..၊ တစ်ခါတစ်လေ ဘာမှမဖြစ်တဲ့ ဘ၀၊ ရိုးရှင်းတဲ့ဘ၀လေးကိုပဲ ပြန်လိုချင်နေမိတယ်၊ စိတ်ကလည်း ခက်သား ရတာကိုတော့ မလိုချင်ဘူး မရတာကျတော့ လိုချင်ပြန်တယ်၊ ဒါကြောင့် အရှင်ဘုရားတို့လည်း သိပ်ပြီးမလိုချင်ကြနဲ့၊ ရှိတဲ့အတိုင်းအတာလေး အပေါ်မှာပဲ ကျေနပ်နိုင်အောင် ကြိုးစားကြ…“ စသဖြင့် သြ၀ါဒ ပေးတာလေးတွေကို မှတ်သားရဖူးပါတယ်။

ဘုန်းကြီးလေ ဒုက္ခရောက်လေဆိုတဲ့ ဒီစကား သိပ်မှန်ပါတယ်။ တစ်လောက မင်းကွန်းဆရာတော်ကြီးရဲ့ ထေရုပ္ပတ္တိလေးကို ဖတ်မိတော့ ဆရာတော်ရဲ့ ကဗျာလေးတွေထဲမှာ တိပိဋကဖြစ်ပြီးနောက် နာမည်ကြီးပြီး ပူဇော်မှုတွေများ၊ ဒကာဒကာမတွေများ လာတဲ့အခါ သိပ်ပင်ပန်းရတဲ့ အကြောင်း ညဉ်းထားတာလေး ဖတ်ရတော့ “သြော်… ဆရာတော်တို့ ဒုက္ခကလည်း မသေးပါလား“လို့ အပင်ပန်းခံ၊ ဒုက္ခခံပြီး အမျိုးဘာသာ၊ သာသနာအတွက် ကြိုးစားဆောက်ရွက်တော် မူခဲ့တဲ့အပေါ် ကြည်ညိုလေးစားမိရင်း တစ်ဘက်ကလည်း ဒီလိုဒုက္ခတွေကြောင့် ပင်ပန်းရတဲ့အကြောင်း ညဉ်းထားတဲ့ ညဉ်းချင်းလေးဖတ်ရတော့ ဆရာတော်ကြီးကို သနားမိပြီး စိတ်မကောင်းဖြစ်ရပြန်ပါတယ်။ စိတ်မကောင်းဖြစ်ဆိုလည်း ဖြစ်ချင်စရာပါ။ ဆရာတော်ရဲ့ ညဉ်းချင်းလေးက သိပ်ပြီးရသမြောက်နေတာကိုး။ ဆရာတော်ကြီးက…
“တိပိဋကဓရ ဖြစ်ရတဲ့အာနိသင်၊
ဒီကိုယ်တော် ဖတ်ဖတ်မောပေါ့ကွယ့် ပြောမပြချင်။
ကိုယ့်ကျောင်းနှင့်ကိုယ့်ရပ်တွင် နေချင်လျှက် မနေရ။
အပူအအေး ယှက်ထွေးကာ ဒဏ်ခံလို့ စုန်အဆန် မြန်းရတဲ့ခရီးမှာကွယ့် ကြီးတဲ့ဒုက္ခ။
မငြင်းသာတဲ့ မဆန်သာ နိုင်ငံတော်သာသနာရေးပေမို့ကွယ် ပြေးမလွတ်ပါ၊
သူတကာချမ်းသာလို့ ထင်မြင်ကြ
သို့ကတဲ့... စိတ်ထဲမှာ သံဝေယူလို့ ကံမွေဟူ ဤအဖြစ်ကိုကွယ် နှစ်လို့ခံရ။ (ညည်းချင်းသဖြန်) လို့ စပ်ဆိုတော်မူခဲ့တဲ့ ဒီညဉ်းချင်းလေးဟာ သတ္တ၀ါတွေရဲ့ အလိုမပြည့်မှုတွေ၊ ဖြစ်နေတာနဲ့ ဖြစ်ချင်တာတွေဟာ ထင်သလို မရဘူးဆိုတာတွေကို အသိပေးနေ၊ သံဝေဂပေးနေသလို ဖြစ်ပါတယ်။

မှန်ပါတယ်။ ပုဂ္ဂိုလ်တစ်ယောက်ဟာ သိပ်ပြီးနာမည်ကြီးလာ ဘုန်းကြီးလာပြီဆိုရင် ဒုက္ခပါကြီးလာပါတော့တယ်။ ဒါကိုမသိတဲ့အခါ ဒီဒဏ်ကို မခံဖူးသူတွေက အားကျမိကြမှာ၊ အဲဒီပုဂ္ဂိုလ်အတိုင်း ဖြစ်ချင်မိကြမှာ ဓမ္မတာပါ။ ကိုယ့်မှာမရှိတဲ့အရာ၊ ကိုယ်မကြုံဖူးတဲ့အရာ၊ ကိုယ်ဖြစ်ချင်ပေမယ့် မဖြစ်တဲ့အရာတွေ သူများမှာဖြစ်နေတာကို ကြည့်ပြီး ဘယ်သူတွေက ဒုက္ခလို့ ဘယ်လောက်ပဲပြောပြော ကိုယ်ကဖြစ်ချင်နေ၊ ရချင်နေတဲ့အတွက် ဒီဒုက္ခဆိုတဲ့အရာကိုပဲ လိုလိုချင်ချင်ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကြားဖူးတာလေး တစ်ခုရှိပါတယ်။ ရယ်စရလို့ ဆိုပေမယ့် ကြည့်သူရဲ့ အမြင်ပေါ်လိုက်ပြီး ခြားနားကြောင်းကို ဒီအကြောင်းလေးက သက်သေပြနေပါတယ်။ ရှေးတုန်းက ဆရာတော်ကြီးတစ်ပါးဟာ ကပ္ပိယသာဂိဆိုတဲ့ ကလေးနဲ့ အတူနေပါတယ်။ သာဂိလေးဟာ ဆရာတော့်အနားမှာ အမြဲနေပေးရပါတယ်။ ဆရာတော်လိုတာကို လုပ်ပေးရပါတယ်။ ဆရာတော်ဆွမ်းစားရင်လည်း အမြဲအနားမှာ ရှိပေးရပါတယ်။ အမြဲအနားမှာ နေနေတော့ ဆရာတော်ကြီးရဲ့ နေထိုင်ပြောဆို ကျင့်ကြံတာတွေကိုလည်း သိခွင့်ရနေပါတယ်။ ဆရာတော်ကြီးဟာ လက္ခဏာရေးသုံးပါးကို အမြဲဆင်ခြင်နေတဲ့ ဆရာတော်ဖြစ်တော့ ဘာပဲလုပ်လုပ် ဘာပဲစားစား အနိစ္စ၊ ဒုက္ခ၊ အနတ္တစသည် ဆင်ခြင်လေ့ရှိပါတယ်။ တစ်နေ့တော့ ဆရာတော်ကြီးဟာ ဆွမ်းစားချိန် ဆင်ခြင်နေကျအတိုင်း ဟင်းဆယ်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ အသားတုံးကို ဘုဉ်းပေးတဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ကြက်သားတုံးကို ဆယ်ထည့်တဲ့အခါလည်း ဒုက္ခဒုက္ခ..၊ ၀က်သားတုံးထည့်လည်း ဒုက္ခဒုက္ခ..စသည်ဖြင့် နှုတ်မှထွက်ပြီး ဆင်ခြင်ပါတယ်။ ဒါကို အနားမှာ ယက်ခပ်ပေးနေတဲ့ သာဂိက ကြက်သားတုံး ၀က်သားတုံးတွေကို ကြည့်ကာ အားမလိုအားမရဖြစ်ပြီး “အင်း… ဒါမျိုးဒုက္ခကတော့ သာဂိတို့လည်း ခံစားချင်ပါရဲ့“လို့ နှုတ်က ရေရွတ်မိပါတယ်တဲ့။ ဒီအကြောင်းလေးဟာ ဟာသရသဖြစ်စရာ ဆိုပေမယ့် ဆရာတော်ကြီးရဲ့ ခံယူချက်နဲ့ သာဂိရဲ့ အမြင်မတူ ဖြစ်စဉ်လေးပါ။ ဆရာတော်ကြီးဟာ ဒီလိုရသမျိုး နေ့စဉ်ဘုဉ်းပေးနေရတဲ့အတွက် ငြီးငွေ့ပြီး ဒုက္ခလို့ထင်ကာ ဆင်ခြင်နေပေမယ့် သာဂိအတွက်ကတော့ သုခဖြစ်နေတော့တာပါ။ ဒါကြောင့် သတ္တ၀ါတွေဟာ ကိုယ့်အနေအထားကို အလိုမကျဖြစ်ပြီး သူများကိုအားကျမှု ဖြစ်တတ်ကြခြင်းပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အခြေအနေအရ ရှိတဲ့အတိုင်းအတာလေးကို ရောင့်ရဲနိုင်အောင် ကြိုးစားခြင်းဟာ နေရတဲ့ခိုက်မှာ သက်သောင့်သက်သာ ဖြစ်စေပါတယ်။

ဒီနေရာမှာ သဘောကျစရာကောင်းတဲ့ စကားလေးတစ်ခုရှိပါတယ်။ “ရှိတာလေးနဲ့ ရောင့်ရဲပါ“တဲ့။ ဒီစကားလေးက သိပ်တန်ဘိုးရှိပါတယ်။ ဗုဒ္ဓစာပေမှာတော့ “တုဋ္ဌီ သုခါ ယာ ဣတရေန= ရသမျှ၊ ရှိသမျှနဲ့ ကျေနပ်နှစ်သိမ့်နိုင်ခြင်းဟာ ချမ်းသာ၏“ လို့ ဖော်ပြထားပါတယ်။ သိကြတဲ့အတိုင်းပဲ ရတာလေးအပေါ်မှာ မရောင့်ရဲနိုင် မကျေနပ်နိုင်ကြတော့ တစ်ချို့က ပိုပြီးရအောင် ကြိုးစားကြပါတယ်။ ပိုပြီးလိုချင် ပိုပြီးရချင်တော့ တရားတာရော မတရားတာရော မသိတော့ဘဲ ရဖို့တစ်ခုတည်းကြည့်ပြီး လုပ်မိကြရာက ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဒုက္ခဖြစ်ကြရပါတယ်။ ရချင်တဲ့ လိုချင်တဲ့ လောဘဆိုတာ အကန့်လေးနဲ့ တားပေးရပါတယ်။ အဲဒါကို တုဋ္ဌီ (ရောင့်ရဲတင်းတိမ်နိုင်ခြင်း)လို့ ခေါ်ပါတယ်။ အကန့်မထားရင် ရပြီးရင်းရချင်၊ လိုပြီးရင်လိုချင် ဖြစ်လာတတ်ပါတယ်။ ရပြန်တော့လည်း ကျေနပ်နှစ်သိမ့်မှု မဖြစ်နိုင်ဘဲ နောက်တစ်ခုကို ရဖို့အားထုတ်လာတတ်ပါတယ်။ ဒီလိုနဲ့ မဆုံးနိုင်တော့ဘဲ နောက်ဆုံးတော့ အလိုမကျမှုတွေနဲ့သာ လည်နေကြပါတော့တယ်။

သတ္တ၀ါတွေဟာ ရနေတာကို မကျေနပ်နိုင်၊ မတင်းတိမ်နိုင်ဖြစ်တတ်ပြီး မရသေးတာကို လိုချင်တတ်တာ သဘာဝဖြစ်ပေမယ့် ရှိသမျှအတိုင်းအတာ၊ ရသမျှအတိုင်းအတာ၊ ကံပေးသမျှ အတိုင်းအတာလေးနဲ့တော့ ရောင့်ရဲ့နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဒီလိုမှ မရောင့်ရဲ့နိုင်ရင် ရချင်မှု၊ လိုချင်မှု၊ ရသမျှကို အလိုမကျနိုင်မှု၊ ရပြီးတော့လည်း ထပ်ရချင်မှု၊ သူ့ရှိတာကို အားကျမှု စတာတွေကြောင့် ဒီဟာတွေနောက်ကို လိုက်ရင်းလိုက်ရင်း မဆုံးနိုင်အောင်ပင် ဖြစ်နေတတ်ပါတယ်။ သေချာတာကတော့ ကိုယ်ကဘယ်လိုပဲ လိုချင်ရချင်နေပေမယ့် လောကကြီးဟာ သူ့သဘောအတိုင်းသာ ဖြစ်နေတော့ လိုချင်တာကို ရချင်မှလည်း ရနိုင်မှာ၊ ရတဲ့ဟာလည်း ကိုယ်လိုချင်တဲ့ဟာ ဖြစ်ချင်မှဖြစ်မှာဆိုတာပါပဲ။ ဒါကြောင့် ရတာမလို လိုတာမရတဲ့ လောကကြီးမှာ ရချင်မှုနောက်တွေပဲ လိုက်မနေကြပဲ ရသမျှ ရှိသမျှအပေါ်မှာသာ ရောင့်ရဲနိုင်အောင်၊ ကျေနပ်နိုင်အောင် ကြိုးစားသင့်ကြပါကြောင်း..။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဒါနမြောက်အောင် ပေးပါ

ဒါနဆိုတာ ပေးကမ်းခြင်းကို ပြောတာဖြစ်ပါတယ်။ သဒ္ဓါတရား အားနည်းလို့ မပေးလိုမကမ်းလိုတဲ့ လူတွေရှိတတ်ပေမယ့် အတော်များများက ရှိရင်ပေးတတ်ကြတဲ့ သူတွေများပါတယ်။ သူများတွေကို ပေးဖို့သဘောမကျတဲ့ သူတွေဖြစ်စေဦးတော့ ကိုယ့်မိဘ၊ မိသားစု၊ ဆွေမျိုးစတဲ့သူတွေ အပေါ်မှာတော့ လိုအပ်ရင် လိုအပ်သလို၊ ရှိရင်ရှိသလို ပေးတတ်ပါတယ်။ အဲဒီလို ပေးတဲ့အခါ သဒ္ဓါတရားကောင်းလို့ စေတနာပြတ်ပြီး ပေးလိုက်ကြတဲ့ အပေါ်မှာ အထွေအထူး ပြောစရာမရှိပေမယ့် မဖြစ်မနေ ပေးနေရတဲ့အပေါ်၊ ဝတ္တရားအရ ပေးနေရတဲ့အပေါ်၊ င့ါမိဘ၊ ငါ့မိသားစုဆိုတဲ့ အသိတွေကြောင့် ပေးနေရတဲ့ အပေါ်တွေမှာ ပြောစရာလေးတွေက ရှိလာပါတယ်။ ပေးချင်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ တာဝန်ဝတ္တရား အရပေးတာပဲ ဖြစ်ဖြစ်၊ သဒ္ဓါပေါက်လို့ ပေးတာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ ပေးပေး ပေးတယ်ဆိုတာ ဒါနကုသိုလ်ပါပဲ။ ဒါပေမယ့် အဲဒီပေးတဲ့အပေါ်မှာ ပေးတဲ့သူရဲ့ စေတနာကိုလိုက်ပြီး ဒါနမြောက်၊ မမြောက်တော့ ကွာခြားပါတယ်။ စေတနာကောင်းနဲ့ပေးရင် ကုသိုလ်ရပေမယ့် ပေးတဲ့အပေါ်မှာ တဏှာနဲ့ မပေးမိကြဖို့တော့ အထူးသတိပြု ဆင်ခြင်ကြဖို့ လိုပါတယ်။ တဏှာမကပ်တဲ့ ဒါနသက်သက်ပေးခြင်းမျိုးနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ဒါနမြောက်အောင် လေ့ကျင့်သင့်ပါတယ်။

လူဆိုတာက ငါစွဲလေးတွေ မကင်းသေးတော့ ပေးတာချင်းအတူတူ ငါနဲ့ပတ်သက်တဲ့ သူတွေကိုပဲ ပေးချင်တတ်ကြတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါ့အဖေအတွက်၊ ငါ့အမေအတွက်၊ ငါ့မိသားစုအတွက်၊ ငါ့ဆွေမျိုးအတွက် စသဖြင့် ငါလေးတွေ ဦးစီးပြီး ပေးတတ်ကြခြင်း ဖြစ်ပါတယ်။ အဲဒီလို ပေးတာလည်း ဒါနရဲ့ပေးကမ်းခြင်း သဘောပဲ ဖြစ်ပေမယ့် ပေးတဲ့အပေါ်မှာ ငါဆိုတဲ့ တဏှာက ဦးစီးထားတာဆိုတော့ ဒါနမြောက်မှုထက် တဏှာရဲ့ ချယ်လှယ်မှုနောက်ကို ရောက်သွားတတ်တဲ့ သဘောက ပိုများတတ်ပါတယ်။ ဒါကြောင့်လည်း တစ်ခါတလေ ငါဒီလောက်ပေးနေတာတောင် ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတဲ့ စိတ်ကွက်မှုတွေ၊ ငါပေးထားတာတွေကို ဘာလုပ်ပြစ်တယ်၊ ညာလုပ်ပြစ်တယ် ဆိုတာတွေ ဖြစ်လာပြီး ပေးတာကို အကြောင်းပြုလို့ စိတ်မကောင်းဖြစ်ရတာနဲ့၊ စိတ်အခန့်မသင့် ဖြစ်ရတာနဲ့၊ မပေးတာပဲ ကောင်းပါတယ်ဆိုတဲ့ စိတ်စေတနာ ပျက်မှုတွေ ဖြစ်ရတာနဲ့ စသဖြင့် စိတ်အမျိုးမျိုး ဖြစ်ကြရခြင်း ဖြစ်ပါတယ်။ ပေးပေမယ့် စေတနာမပြတ်တာရယ်၊ ငါဆိုတဲ့ တဏှာလေးတွေက ကပ်နေတာတွေရယ်ကြောင့် ပေးခြင်းရဲ့ နောက်မှာ အပြစ်လေးတွေ ရောက်သွားတတ်တာလေးတွေ ရှိတတ်ကြခြင်း ဖြစ်ပါတယ်။

တကယ်တော့ မိဘ၊ ဆရာသမား၊ မိသားစု၊ ဆွေမျိုးစတာတွေဟာ ကိုယ်တတ်နိုင်ရင် ပေးချင်လို့ပဲဖြစ်ဖြစ် ဝတ္တရားအရပဲ ဖြစ်ဖြစ် ပေးတာတော့ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပေးတဲ့အခါမှာတော့ ငါစွဲလေးတွေကိုဖြုတ်ပြီး ပြတ်သားတဲ့ စေတနာသက်သက်နဲ့ တဏှာမကပ်ဘဲ ပေးနိုင်အောင် ကြိုးစားမယ်ဆိုရင် ကုန်သွားတာချင်း အတူတူ ဒါနအားက အများကြီး တာသွားတာကို သတိပြုမိဖို့ လိုပါတယ်။ အပေးတတ်ရင် သားသမီးဝတ္တရားကို ဖြည့်နေရင်း၊ မိဘဝတ္တရားကို ဖြည့်ဆည်းပေးရင်းနဲ့ကိုပဲ ဒါနမြောက်နေတယ်ဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ အဖေတို့အမေတို့ကို ပေးတာ၊ မိသားစုကိုကျွေးတာ၊ ဆွေမျိုးတွေကို ထောက်ပံ့တာ စတာတွေဟာ အပေးတတ်ရင် ဒါနလုပ်နေကြတာပဲ ဖြစ်ပါတယ်။ ငါစွဲလေးတွေကပ်ထားတဲ့ တဏှာလေးတွေကို ခွါပြီး မျှော်လင့်ချက်ကင်းတဲ့ ပြတ်သားတဲ့ စေတနာလေးတွေနဲ့ တတ်နိုင်သလောက် ပေးနိုင်ကြမယ်ဆိုရင် သားသမီးဝတ္တရားကို ဖြည့်ရင်း၊ မိဘဝတ္တရားအရ စောင့်ရှောက်ပေးရင်းနဲ့ကိုပဲ အထွေအထူး အလှူပွဲကြီး မလုပ်ရဘဲ ဒါနမြောက်နေကြတာ ဖြစ်ပါတယ်။ ဆိုတော့ကား မိဘမိသားစု စတာတွေကို ထောက်ပံ့ပေးကမ်း နေတာတွေဟာ ကုသိုလ်မရဘူးလားဆိုတော့ ရပါတယ်။ ရပေမယ့် ငါလေးတွေ၊ မျှော်လင့်ချက်လေးတွေ၊ စေတနာ မပြတ်တာလေးတွေက ပါနေတတ်ကြတော့ ပေးပေမယ့် ဒါနရဲ့အားတွေ၊ ဒါနမြောက်မှုတွေ၊ ဒါနရဲ့ ထောက်ပံ့မှုသဘောလေးတွေ တစ်ခါတလေ ပျောက်နေတတ်တဲ့ အဖြစ်လေးတွေကို သတိပြုမိစေချင်တာ ဖြစ်ပါတယ်။

ဆိုလိုတာက ပေးတယ်ဆိုတာ ဘယ်သူ့ကိုပဲ ပေးပေး စေတနာပြတ်ပြီး တဏှာမကပ်ရင် ဒါနတွေ မြောက်နေတာ ဖြစ်တဲ့အတွက် ဝတ္တရားအရ ပေးရတာပဲ ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကြောင့် ပေးရတာပဲ ဖြစ်ဖြစ်၊ မလွန်ဆန်နိုင်လို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ပိုလျှံနေလို့ ပေးရတာပဲ ဖြစ်ဖြစ်၊ ကျေးဇူးဆပ်တဲ့ အနေနဲ့ ပေးကြတာပဲ ဖြစ်ဖြစ် ဘယ်လိုပဲ ပေးပေး ပေးလို့ကုန်သွားတာချင်း အတူတူငါမိုလို့ ပေးနိုင်တာ၊ ငါ့မိဘ၊ ငါ့မိသားစု၊ ငါ့ဆွေးမျိုးစတာတွေ ဖြစ်လို့ ငါပေးတာ၊ ငါပေးတဲ့အရာတွေကို ငါဖြစ်စေချင်သလို ဖြစ်ကိုဖြစ်ရမှာစတဲ့ ပေးကမ်းမှုနောက်မှာ ဖြစ်ပေါ်တတ်တဲ့ တဏှာလေးတွေ၊ စေတနာမပြတ်မှုလေးတွေ၊ မျှော်လင့်ချက်ထားတာလေးတွေကို ခွာပြီး ပြတ်သားတဲ့ သဒ္ဓါတရားနဲ့ စေတနာအပြည့်ထားကာ ဒါနမြောက်အောင် ပေးကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီလိုငါတွေကိုခွာပြီး တဏှာမပါဘူးဆိုရင် မိဘကိုပေးနေတာ၊ မိသားစုကို ကျွေးနေတာ၊ ဆွေးမျိုးတွေကို ထောက်ပံ့နေတာ စတာတွေဟာ နည်းတာများတာ ပဓာနမကျဘဲ ဒါနလေးတွေ မြောက်နေကြတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးတာချင်းအတူတူ အပေးမတတ်ရင် တဏှာကပ်တတ်ပြီး အပေးတတ်ရင် ဒါနအမြတ်တွေ ဖြစ်တတ်တဲ့အတွက် ဘယ်လိုအကြောင်းကြောင့်ပဲ ပေးပေး၊ ဘယ်သူ့ကိုပဲ ပေးပေး ပေးတဲ့အခါမှာ ငါလေးတွေ၊ တဏှာလေးတွေကို ခွာပြီး အားကြီးတဲ့ သဒ္ဓါ၊ ပြတ်သားတဲ့ စေတနာ၊ မျှော်လင့်ချက်ကင်းတဲ့ ဘာဝနာတွေနဲ့ ပေးနိုင်အောင် ကြိုးစားရင်း ပေးလိုက်ရတဲ့အလျောက် ဒါနမြောက်အောင်သာ ပေးကြဖို့ အသိပေးတိုက်တွန်း လိုက်ရပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဝေဒနာနှင့် အပြိုင်


ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောမှန်သမျှ အားလုံးဝေဒနာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ခံစားခြင်းသဘောဟာ ဖြစ်ပေါ်ရာ အာရုံကို အမှီပြုပြီး စိတ်မှာသိမှတ် ခံစားတဲ့ သဘောဖြစ်တဲ့အတွက် အကောင်းဆိုလည်း ခံစားမှာဖြစ်ပြီး အဆိုးဆိုလည်း ခံစားမှာဖြစ်ကာ မဆိုးမကောင်းဆိုလည်း ခံစားမှာ ဖြစ်ပါတယ်။ ဒီလိုသိရှိခံစားတာကိုပဲ စာလိုပြောတော့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ပုထုဇဉ်အတော်များများက ဝေဒနာလို့ ပြောလိုက်တာနဲ့ မကောင်းတဲ့ ခံစားမှုလို့ပဲ နားလည်သဘောပေါက် လက်ခံထားတတ်ကြပါတယ်။ ဘယ်သူတော့ ဘာဝေဒနာ ခံစားနေရလို့၊ ဘယ်သူတော့ ဘယ်သူကြောင့် ဘယ်လိုဝေဒနာတွေ ဖြစ်နေလို့၊ ဘယ်သူတော့ ဘာကြောင့် ဘယ်လိုဝေဒနာမျိုးကို ပြင်းပြင်းထန်ထန် ခံစားနေရလို့ စသဖြင့် ရောဂါတစ်ခုခုကြောင့် ခံစားရတဲ့ ခံစားမှု သဘောကိုပဲ ဝေဒနာလို့ ပြောဆို သုံးနှုန်းတတ်ကြပါတယ်။ ချမ်းသာတဲ့ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှု၊ ဝမ်းမြောက်တဲ့ ခံစားမှုစတဲ့ ကောင်းတဲ့ ခံစားမှုများကိုတော့ ဝေဒနာလို့ ပြောဆိုခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း ဝေဒနာရဲ့ သဘောအမှန်ကို မသိကြဘဲ အခိုက်အတန့် ချမ်းသာနေတဲ့ ခံစားမှုတွေ နောက်ကိုလိုက်ကာ ဆင်းရဲတဲ့ ခံစားမှုတွေ ရောက်လာမှပဲ ဝေဒနာဖြစ်ပြီလို့ သတ်မှတ်ရင်း ကြောက်လန့်တုန်လှုပ် သွားတတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာရဲ့ သဘာဝကို မသိတဲ့အတွက် မကောင်းတဲ့ ခံစားမှုကို လက်မခံနိုင်ဘဲ ကောင်းတဲ့ခံစားမှုတွေမှာသာ အပြိုင်လိုက်ကာ ခံစားနေကြတော့တာ ဖြစ်ပါတယ်။ တဒင်္ဂခံစားမှုမျိုးဖြစ်တဲ့ ချမ်းသာတဲ့ခံစားမှုကို လိုလားတောင့်တရင်း မကောင်းတဲ့ ဝေဒနာတွေနဲ့အပြိုင် ရုန်းမထွက်နိုင် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ရုပ်နာမ်နှစ်ပါးရှိနေသမျှ သတ္တဝါအားလုံးဟာ ခံစားနေကြရမှာ ဖြစ်ပါတယ်။ ကောင်းတာတွေလည်း ခံစားရမှာ ဖြစ်သလို မကောင်းတာတွေလည်း ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာရှိတဲ့ သဘောမှာ ခံစားခြင်း ဝေဒနာရဲ့ အဖြစ်မှန်ကို မသိကြတော့ သူ့ကျတော့ ကောင်းတာတွေကို တွေ့ကြုံခံစားရတယ်၊ ငါ့ကျတော့ မကောင်းတာတွေပဲ တွေ့ကြုံခံစားရတယ်၊ င့ါကျမှ ဒီလိုဝေဒနာဖြစ်တယ်၊ သူ့ကျတော့ ဒီလိုဝေဒနာ မဖြစ်ဘူး စသဖြင့် တွေးထင်ကာ ကိုယ်ဖြစ်တဲ့ မကောင်းတဲ့ ခံစားမှုများကိုပဲ ဝေဒနာလို့ ထင်နေတတ်ကြတာတွေ ရှိပါတယ်။ ရုပ်နဲ့စိတ်ကို အမှီပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဝေဒနာရဲ့ သဘောအမှန်ကို မသိတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် အလွယ်တကူ ခံစားတတ်ကြပါတယ်။ ထစ်ခနဲဆို ခံစားလိုက်၊ ထစ်ခနဲဆို ခံစားလိုက် ဖြစ်နေကြတဲ့ အတွက်ကြောင့်လည်း ဝေဒနာကို ဝေဒနာလို့ မမြင်နိုင်ဘဲ အကောင်းအဆိုး ခံစားမှုတွေနဲ့ ကောင်းရင်ကျေနပ်လိုက်၊ မကောင်းရင် မကျေနပ်လိုက် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မကောင်းတဲ့ ခံစားမှု ဝေဒနာတွေ ခံစားလာရတဲ့အခါမှာ စိတ်မှာမထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ကြောက်လန့် တုန်လှုပ်ကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ဝေဒနာလို့ ခေါ်တဲ့ ခံစားခြင်းရဲ့ သဘောသဘာဝကို မသိလို့ပဲ ဖြစ်ပါတယ်။ ခံစားခြင်းရဲ့ သဘောအမှန်ကို သိလာကြမယ်ဆိုရင် ဘယ်လိုဝေဒနာမျိုးပဲလာလာ ကြောက်လန့်တုန်လှုပ်မှာ မဟုတ်သလို ဒီခံစားမှုတွေကိုလည်း လိုချင်တောင့်တကြမှာ မဟုတ်ပါဘူး။ အဲဒီအခါမျိုးမှာ ဒီအကောင်းအဆိုး ခံစားမှု ဝေဒနာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ ဝေဒနာတွေ မလိုချင်တော့ဘူး၊ ဝေဒနာတွေကနေ ရုန်းထွက်ချင်ကြတယ်ဆိုရင် အကောင်းအဆိုး စတဲ့ ဝေဒနာတွေကနေ ခွာနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဝေဒနာကို ခွာနိုင်ဖို့အတွက် ဒီအကောင်းအဆိုး စတဲ့ ခံစားမှုတွေမှာ တပ်မက်နေတဲ့ သံယောဇဉ်တွေကို ခွါနိုင်ဖို့လိုပါတယ်။ ဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဒီသံယောဇဉ်တွေကို ခွါနိုင်ဖို့အတွက်လည်း ဝေဒနာရဲ့ သဘောအမှန်ကိုသိပြီး ဝေဒနာရဲ့ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို သတိတရားနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်မှတ်နိုင်အောင် ကြိုးစားလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ဒီလိုခံစားမှု ဝေဒနာတွေရဲ့ သဘောအမှန်ကို သိအောင်ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာကို ဝေဒနာလို့ အမှန်အတိုင်း မြင်နိုင်အောင် စိတ်အစဉ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ဝေဒနာရဲ့ သဘောကလည်း သတိဝိရီယ တရားတွေနဲ့ ကျော်လွှားနိုင်မှ အမှန်ကို သိလာနိုင်မှာ ဖြစ်ပြီး ဒီဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ သံယောဇဉ်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ အလေ့အကျင့်နည်းပြီး သတိဝိရီယနည်းတဲ့ သူတွေဆိုရင် ဝေဒနာရဲ့ သဘောအမှန်ကို သိဖို့မပြောနဲ့ ဒီခံစားခြင်း ဝေဒနာရဲ့ ချယ်လှယ်မှုနောက်တောင် သိသိချည်းနဲ့ လိုက်နေမိတတ်ပါတယ်။ တစ်ခါတလေ တရားအားထုတ်တဲ့ ယောဂီတွေမှာတောင် ဒီခံစားမှု ဝေဒနာတွေကြောင့် တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေလည်း အများကြီးရှိတတ်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ တစ်ချို့ယောဂီတွေ အနေနဲ့ ခံစားရတဲ့ နာကျင်ကိုက်ခဲ ပူအေးစတဲ့ မကောင်းတဲ့ ဝေဒနာတွေကို သည်းမခံနိုင်၊ အဲဒီဝေဒနာတွေကို ကျော်လွှားနိုင်အောင် မမှတ်နိုင်တဲ့အခါကျတော့ ဒီဝေဒနာတွေမှာပဲ အချိန်တွေကြာနေကာ တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေ ရှိတတ်သလို တချို့ကျပြန်တော့ တရားအားထုတ်ရင်း သမာဓိနိမိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးခြင်း၊ ပေါ့ပါးခြင်း၊ သာယာခြင်း၊ နူးညံ့ခြင်းစတဲ့ကောင်းတဲ့ ဝေဒနာတွေအပေါ်မှာ သာယာနှစ်သက်နေပြီး မှတ်ပစ်ရမယ့် ဝေဒနာကို မမှတ်နိုင်တဲ့အတွက် တရားက ရှေ့မတက်တာတွေလည်း ရှိတတ်ပါတယ်။

ဒါဟာ မကောင်းတဲ့ ခံစားမှုတွေ အပေါ်မှာ သတိ၊ သမာဓိ၊ ဝိရိယ ခန္တီ တရားတွေနဲ့ အနိုင်မယူနိုင်တဲ့ အတွက်ကြောင့် ဖြစ်သလို ကောင်းတဲ့ခံစားခြင်းတွေ အပေါ်မှာလည်း သတိတရား၊ ဝိရီယတရားတွေနဲ့ မဖြတ်တောက်နိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခံစားခြင်းဆိုတဲ့ ဝေဒနာဟာ သည်းခံခြင်းတရား၊ သတိ၊ ဝိရီယ၊ သမာဓိတရားတွေနဲ့ မဖြတ်တောက်နိုင်သေးသမျှ ဒီဝေဒနာရဲ့ ချယ်လှယ်မှုကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီခံစားခြင်း ဆိုတဲ့ဝေဒနာရဲ့ သဘောအမှန်ကို သိအောင်ကြိုးစားပြီး သတိဝိရီယ စတဲ့တရားတွေနဲ့ အပြိုင်အနိုင်ယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တရားအားထုတ်နေတဲ့ ယောဂီတွေမှာ ဒီလိုအကောင်းအဆိုး ခံစားချက် ဝေဒနာတွေကြောင့် တရားမတက်နိုင်ဖြစ်ကာ ဝေဒနာကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေကြသလို သာမန်နေ့စဉ် ဘဝမှာ စာဝတ်နေရေး ကျန်းမာရေးအတွက် လှုပ်ရှားကျင်လည် နေရသူတွေမှာလည်း ဒီလိုခံစားမှုတွေကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာတွေလည်း အများကြီး ရှိတတ်ပါတယ်။ ရုပ်နာမ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ တွေ့ကြုံရတတ်တဲ့ ဝေဒနာတွေက ရုပ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာနဲ့ စိတ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာရယ်လို့ နှစ်မျိုးရှိနေတတ်ကြရာမှာ ရုပ်ဖောက်ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ ခံစားချက် ဝေဒနာက အများအားဖြင့် မကောင်းတဲ့ ဝေဒနာတွေ ဖြစ်နေတတ်ပြီး စိတ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝေဒနာကတော့ သတ္တဝါတစ်ဦးချင်းရဲ့ စိတ်ခံစားမှုကိုလိုက်ပြီး အကောင်းအဆိုး ခံစားမှု ကွဲပြားတတ်ပါတယ်။ ဘယ်လိုပဲ ကွဲပြားကွဲပြား အရင်းစစ်တော့ အားလုံးဟာ ဝေဒနာတွေပဲ ဖြစ်ပါတယ်။ ဒီရုပ်နာမ်ဝေဒနာတွေဟာ ပုထုဇဉ်တွေ အပေါ်တွယ်တာမှုတွေနဲ့ ချည်နှောင်ထားပြီး ရုန်းမထွက်နိုင်အောင်လည်း အားပေးထိန်းချုပ် ထားတတ်ပါတယ်။

တချို့ဆို ဒီဝေဒနာတွေကြောင့် ဘဝကို အရှုံးပေးတဲ့အထိ ဖြစ်သွားတတ်သလို တစ်ချို့ဆိုလည်း သတိလက်လွတ်ဖြစ်ကာ အရူးတစ်ယောက်လို ဖြစ်သွားကြတာတွေလည်း ရှိတတ်ပါတယ်။ အတော်များများကတော့ ရုပ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကြောင့် ကောင်းလိုက်ဆိုးလိုက်နဲ့ ဘဝမှာ ငြိမ်သက်တယ်ဆိုတာ တစ်ခါမှ မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ အလွယ်တကူ ခံစားတတ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုရယ်၊ ဝေဒနာရဲ့ သဘောအမှန်ကို မသိမှုတွေရယ်ကြောင့်လည်း သတ္တဝါတွေဟာ ဝေဒနာရဲ့ ချယ်လှယ်မှုနောက် တကောက်ကောက် လိုက်နေမိကာ ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ရုန်းမထွက်နိုင်သေးသမျှ ခံစားမှုတွေနောက်လိုက်ရင်း သတ္တဝါတိုင်းဟာ ဒုက္ခကိုယ်စီ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေ ရှိနေတတ်ကြတဲ့ အတွက်ကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက ဝေဒနာကနေ ခွါနိုင်အောင် ကြိုးစားဖို့ တိုက်တွန်ကြခြင်း ဖြစ်ပါတယ်။ ဝေဒနာကနေ ခွာနိုင်အောင် ဝေဒနာရဲ့ သဘောသဘာဝကို သိအောင်ကြိုးစားပြီး ခံစားခြင်းကို ခံစားခြင်းလို့ပဲ အရှိအတိုင်းမြင်ကာ အကောင်းအဆိုး မခွဲခြားဘဲ ခန္တီတရား၊ သတိဝိရီယ တရားများနဲ့ ကျော်လွှားနိုင်အောင် အားထုတ်ကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒါမှပဲ ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ခံစားခြင်းလို့ဆိုတဲ့ ဝေဒနာဟာ သတ္တဝါတွေကို အကောင်းအဆိုး မကောင်းမဆိုး အမျိုးမျိုးနဲ့ အလွယ်တကူ ခံစားစေကာ ဒုက္ခကိုယ်စီ ဖြစ်နေစေတတ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲလာလာ ဒါဟာ ဝေဒနာရဲ့ သဘောပဲလို့ အမှန်အတိုင်း သိရှိကာ ခံစားခြင်းအပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ တွယ်တာမှု သံယောဇဉ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကိုပဲ ဆိုတာဖြစ်တဲ့အတွက် ဘယ်လိုဝေဒနာပဲဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးမှာ အပြိုင်ခံစားတတ်တဲ့ သဘောတွေကလည်း သူသူကိုယ်ကိုယ် အတူတူ ရှိနေတတ်ကြပြီး ခံစားခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဒုက္ခတွေကလည်း ရုန်းမထွက်နိုင်သမျှ ရှိနေကြမှာ ဖြစ်တဲ့အတွက် ဒီဒုက္ခတွေကနေ လွတ်ငြိမ်းလိုကြသူများ အနေနဲ့ အလွယ်တကူ ဖြစ်ပေါ်တတ်တဲ့ ခံစားမှု ဝေဒနာတွေမှာ ဘယ်သူ့ကြောင်၊ ဘာကြောင့်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် ဖြစ်ပေါ်သမျှ ခံစားမှုသဘောကို အရှိအတိုင်း သိအောင်ကြိုးစားပြီး ဒီခံစားမှုအပေါ်မှာ ကပ်ငြိနေတတ်တဲ့ သံယောဇဉ်ကို သတိ၊ သမာဓိ၊ ဝိရီယ၊ ပညာ၊ ခန္တီစတဲ့ တရားတွေနဲ့သာ ကျင့်ကြံအားထုတ်ရင်း ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်အောင် တစတစလေ့ကျင့်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး… ဝေဒနာကို ခွါနိုင်ကြပါစေ…။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်ခြင်း


ယုံကြည်မှုဟူသော စကားကို ဘာသာတရားတိုင်းက အထူးအလေးပေး ပြောဆိုကြ၏။ ယနေ့ခေတ်တွင် ထင်ရှားနေသည့် ဘာသာကြီးလေးခုတွင် ဟိန္ဒူဘာသာကလည်း ဗြဟ္မာကြီးကို ယုံကြည်ရန် ပြောထား၏။ ဗုဒ္ဓဘာသာကလည်း ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ရန် ညွန်ကြားထား၏။ ခရစ်ယန်ဘာသာကလည်း ယေရှုခရစ်တော်နှင့် တမန်တော်ကို ယုံကြည်ကြရန် အလေးအနက် တိုက်တွန်းထား၏။ အစ္စလာမ်ဘာသာကလည်း အလ္လာအရှင်မြတ်နှင့် တမန်တော်ကို ယုံကြည်ကိုးကွယ်ရန် အထူးတင်းကျပ်စွာ ဟောပြောထား၏။ ဘာသာတရား အားလုံးက ယုံကြည်မှုနှင့် ပတ်သက်၍ အရေးကြီးကြောင်း လမ်းညွှန်ထားပေ၏။ ကိုးကွယ်ရာတွင် ယုံကြည်မှုကို အခြေခံ၍ လိုက်နာကျင့်သုံးနိုင်မှ မိမိတို့၏ ဘဝသည်လည်း မှန်ကန်ကောင်းမြတ်သည့် ဘဝတစ်ခု ဖြစ်နိုင်ကြောင်း သင်ကြားပြသကြ၏။

သို့သော် ယုံကြည်မှုကို သင်ကြားမှု အပိုင်းတွင် အခြားအခြား ဘာသာများက သင်ကြားမှု အပိုင်းနှင့် ဗုဒ္ဓဘာသာ၏ သင်ကြားမှုအပိုင်း အဓိပ္ပါယ်ဖွင့်ဆိုချက် ကွဲပြားနေသည်ကို တွေ့ရမည် ဖြစ်၏။ ဗုဒ္ဓဘာသာတွင် ယုံကြည်မှုကို သဒ္ဓါဟုဆိုပြီး ထိုသဒ္ဓါဟူသည့် ယုံကြည်မှုသည် ရတနာသုံးပါးနှင့် ကံကံ၏ အကျိုးကို ယုံကြည်မှုမျိုး ဖြစ်ပြီး ထိုယုံကြည်မှုကို တည်ဆောက်မှုသည် မိမိ၏ ရွေးချယ်မှုဖြင့်သာ တည်ဆောက်ရခြင်း ဖြစ်၏။ ရတနာသုံးပါးကို ယုံကြည်ခြင်းဟူသည်မှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးများက “ငါဘုရားကိုယုံ၊ ငါဘုရားဟောသည့် တရားကိုယုံ၊ ငါဘုရား၏ တပည့်သား သံဃာတော်များကို ယုံ”ဟူသည့် ငါစွဲများဖြင့် ယုံကြည်စေမှုမျိုး မဟုတ်ဘဲ ဘုရား၊ တရား၊ သံဃာများ၏ ဂုဏ်တော်များကိုသာ ယုံကြည်စေခြင်းမျိုး ဖြစ်၏။ ကိုးကွယ်ယုံကြည်ရာတွင် ကိုးကွယ်ယုံကြည်ထိုက်သည့် ဂုဏ်အင်္ဂါများ ရှိမှသာ မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေပြီး ထိုသက်ရောက်မှုကို ရတနာသုံးပါး၏ ဂုဏ်တော်များအား ဆည်းကပ်ပူဇော်ခြင်းဖြင့် ရရှိနိုင်သဖြင့် ရတနာသုံးပါး၏ ဂုဏ်တော်များကို ယုံကြည်စေခြင်း ဖြစ်ကာ ရုပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်ဒြပ်များကို ယုံကြည်စေခြင်း မဟုတ်ပေ။ “ကံကံ၏ အကျိုးကို ယုံကြည်ခြင်း”သည်လည်း တစ်စုံတစ်ဦး၊ တစ်စုံတစ်ခုနှင့် သက်ဆိုင်ခြင်း မရှိဘဲ မိမိ၏ စေတနာပါသည့် လုပ်ဆောင်ချက်များနှင့်သာ သက်ဆိုင်နေသဖြင့် ဘဝတစ်ခု တည်ဆောက်မှုတွင် အခရာကျသည့် အချက်အဖြစ် ယုံကြည်စေခြင်း ဖြစ်၏။ 

အချို့ဘာသာများတွင် မည်သည့်အကြောင်း အရာပင်ဖြစ်စေ ဟိန္ဒူကလည်း ဗြဟ္မာကြီးကို အပြည့်အဝယုံကြည်ရန်၊ ခရစ်ယန်ကလည်း ထာဝရ ဘုရားသခင်ကို အခိုင်အမာ ယုံကြည်ရန်နှင့် အစ္စလာမ်ကလည်း အလ္လာမ် အရှင်မြတ်ကို ဘာပဲဖြစ်ဖြစ် အလုံးစုံ ယုံကြည်ရန် တိုက်တွန်းကြ၏။ ထိုသို့ တိုက်တွန်းခြင်းမှာလည်း ထိုအရှင်မြတ်များသည် မိမိတို့၏ သက်ရှိသက်မဲ့ အရာအားလုံး ဘဝတစ်ခုလုံးကို ဖန်ဆင်းပေးထားသည့် ဖန်ဆင်းရှင်များ ဖြစ်နေခြင်းကြောင့်ပင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်မည် ဖြစ်၏။

ဗုဒ္ဓဘာသာတွင်ကား ယုံကြည်မှုသည် အရေးကြီးသည့် အချက်ဖြစ်သော်လည်း ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ယုံကြည်ရမည့် ယုံကြည်မှုမျိုး မဟုတ်ဘဲ မိမိ၏ ဝေဘန်ပိုင်းခြား စိစစ်လက်ခံမှုဖြင့်သာ ယုံကြည်ရမည်ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်၏ လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ရရှိလာသည့် အတွေ့အကြုံ အသိဉာဏ်ဖြင့်သာ မှားလျင်ပယ်ပြီး မှန်လျင်လက်ခံကာ ယုံကြည်ရမည်ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓက လမ်းညွှန်ပြသတော်မူခြင်း ဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားမှ ဘုရားဖြစ်လာသည့် မဟာလူသား တစ်ပါးသာဖြစ်သဖြင့် လူသားများ လက်တွေ့ကျင့်သုံးပြီး အမှန်တကယ် ရရှိနိုင်သည့် အကျိုးသက်ရောက်မှုကိုသာ ယုတ္တိကျကျ သင်ပြတော်မူ၏။ ကိုယ်တော်မြတ်ကိုယ်တိုင်ပင် မျက်စိမှိတ်ယုံကြည်သည့် မျက်ကန်းယုံကြည်မှုမျိုးကို အားမပေးဘဲ အရာအားလုံးကို တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်က ဖန်ဆင်းပေးသည်ဟူသည့် အယူအဆကိုလည်း မှန်ကန်ကြောင်း ထောက်ခံတော်မမူပေ။

အကယ်၍ မဖြစ်မနေ ဖန်ဆင်းရှင်ဟူသည့် စကားလုံးဖြင့် သုံးနှုန်းပြောဆိုရမည် ဆိုလျင်ကား ဗုဒ္ဓအလိုတော်အရ မိမိသည်သာ မိမိ၏ ဖန်ဆင်းရှင်ဖြစ်ပြီး မိမိ၏ လုပ်ဆောင်ချက်များသည်သာ မိမိဘဝကို ဖန်ဆင်းပေးသည့် ဖန်ဆင်းရှင်အဖြစ် ညွန်ပြရမည်သာ ဖြစ်၏။ မိမိ၏ ကံ ဉာဏ် ဝီရိယ သုံးမျိုးသည်သာ မိမိဘဝ၏ အကောင်းအဆိုးကို ပုံဖော်ပေးမည့် ဖန်ဆင်းရှင် (creator) အဖြစ် စိစစ်လက်ခံကြရမည်သာ ဖြစ်၏။ အနှိုင်းမဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည်ပင် သတ္တဝါတစ်ဦးဦး၏ ဘဝကို ပုံဖော်ဖန်တီးပေးလေ့ မရှိဘဲ ဤသည်က ကောင်းသည့်အရာ၊ ဤသည်က မကောင်းသည့်အရာ၊ မကောင်းသည်ကိုရှောင်ပြီး ကောင်းသည်ကို ဆောင်ရန် ဟုသာ လမ်းညွှန်ပေးလေ့ရှိ။ ဗုဒ္ဓသည် ဖန်ဆင်းရှင်မဟုတ်ဘဲ၊ လမ်းညွှန်သူ သက်သက်သာ ဖြစ်သည်။

ထိုသို့ အကောင်းအဆိုးကို ညွှန်ပြလေ့ရှိသည့် မြတ်စွာဘုရားရှင်သည် ယုံကြည်မှုနှင့် ပတ်သက်၍လည်း ဘာပဲဖြစ်ဖြစ် ယုံကြည်လေ့ရှိသည့် မျက်ကန်းယုံကြည်မှုကို အားမပေးဘဲ မိမိယုံကြည် ကိုးကွယ်ရာတစ်ခုသည် မှန်လား၊ မှားလား၊ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်သလား ဟူသည့်အချက်ကို မိမိကိုယ်တိုင်သာလျှင် အသိဉာဏ်နှင့် ယှဉ်ကာ ယုံကြည်ကိုးကွယ်ရန် တိုက်တွန်းတော်မူလေ့ရှိ၏။ သဒ္ဓါဟူသည့် ယုံကြည်မှုကို ပညာဟူသည့် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်ပညာဖြင့် တွဲဖက်ကာ ကျင့်သုံးရန် မိန့်တော်မူလေ့ရှိ၏။ ယုံကြည်မှုအားကောင်းပြီး ဉာဏ်မပါလျင် အလွဲများကို ကိုးကွယ်မိတတ်ပြီး ယုံကြည်မှု မပါသည့် ဉာဏ်ပညာသက်သက် ဖြစ်နေပြန်လျင်လည်း ကောက်ကျစ်စဉ်းလဲ သွားတတ်သဖြင့် သဒ္ဓါနှင့်ပညာ အညီအမျှပါအောင် ကြိုးစားရန် ဟောပြတော်မူ၏။ ထိုအချက်ကို အခိုင်အမာ တည်ဆောက်နိုင်ရန်အတွက် အရေးကြီးသည့် အရာမှာ မမေ့မလျော့ခြင်းဟူသည့် သတိပင်ဖြစ်ကြောင်း ဗုဒ္ဓရှင်တော်မြတ်က အထပ်ထပ် မိန့်မှာတော်မူခဲ့၏။ 

မည်သူမဆို မိမိတို့၏ ဘဝကို တည်ဆောက်ရာတွင် ယုံကြည်မှုကို အခြေခံထားကာ တည်ဆောက်ရမည် ဖြစ်သော်လည်း ထိုအခြေခံ ဆောက်တည်မှု အားလုံး၏ အချုပ်မှာ သတိသာဖြစ်သဖြင့် သတိတရားသာ လက်ကိုင်ထားလျင် မှန်ကန်သည့် ယုံကြည်မှု၊ မှန်ကန်သည့် ရွေးချယ်မှုနှင့် မှန်ကန်သည့် လုပ်ဆောင်မှုများ ဖြစ်နေကြမည်ဖြစ်ပြီး ထိုမှန်ကန်မှုများကပင် မိမိတို့၏ ဘဝကို မှန်ကန်သည့် ဘဝများအဖြစ် ပုံဖော်ပေးသွားခြင်း ဖြစ်၏။ သတိရှိနေသူသည် အမှားကို မလုပ်မိစေဘဲ အမှန်ကိုသာ လုပ်မိနေသဖြင့် မှန်ကန်သည့် အကျိုးသက်ရောက်မှုကို ဖြစ်နေစေပြီး ထိုအကျိုးသက်ရောက်မှုသည် မှန်ကန်သည့် ဘဝအဆက်ဆက်ကို ဖြစ်ပေါ်စေကာ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်အထိပင် ရောက်စေနိုင်ကြမည်သာ ဖြစ်၏။

ဆိုလိုသည်မှာ ဘဝတွင် မည်သည့်ကိစ္စမဆို ယုံကြည်မှုသည် အဓိကကျသဖြင့် ကိုးကွယ်မှုအပိုင်းတွင်လည်း ယုံကြည်မှုကို အခြေခံကာ မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်အောင် တည်ဆောက်ကြရာတွင် အရာရာကို ယုံကြည်လက်ခံသည့် မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ စူးစမ်းဆင်ခြင်၊ ခွဲခြမ်းဝေဘန်တတ်သည့် ဉာဏ်ပညာနှင့် ပေါင်းစပ်ထားသည့် ယုံကြည်မှုမျိုးဖြင့် တည်ဆောက်ကြရမည် ဖြစ်ပြီးထိုသို့မှန်ကန်သည့် တည်ဆောက်မှုမျိုး ဖြစ်စေရန်မှာလည်း သဒ္ဓါနှင့်ပညာကို အလွန်အကျွံ မဖြစ်အောင် သတိတရား လက်ကိုင်ထားကာ ထိန်းညှိကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်၏။ သတိရှိနေလျင် သဒ္ဓါလည်းမှန်၊ ပညာမှန်ပြီး ကိုးကွယ်ရာအမှန်ကိုပါ တည်ဆောက်နိုင်မည်ဖြစ်သဖြင့် သတိပညာပါသည့် ယုံကြည်မှုမျိုးဖြင့် ဘဝကို တည်ဆောက်ရမည်ဖြစ်ကြောင်း သတိပြုရမည် ဖြစ်၏။ 

ထို့ကြောင့် ယုံကြည်မှုဖြင့် ဘဝကို တည်ဆောက်လိုကြသော သူများသည် မှန်ကန်သည့် ယုံကြည်မှုဖြင့် မှန်ကန်သည့် ဆည်းကပ်ကိုးကွယ်မှု ဖြစ်စေရန် မိမိတို့၏ ယုံကြည်မှုကို သတိပညာတရားများဖြင့် ထိန်းညှိကာ အစွန်းမရောက်သည့် ယုံကြည်မှုမျိုးဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာ ရှုထောင့်မှ ဖွင့်ဆိုပြသည့် သဒ္ဓါအကြောင်း တစ်စေ့တစောင်းကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေလိုက်ရပါသည်။

အားလုံး မှန်ကန်သည့် ယုံကြည်မှုဖြင့် ဘဝမှန်ကို တည်ဆောက်နိုင်ကြပါစေ။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ


“လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲ”
ဓမ္မကထိက ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ တရားခေါင်းစဉ်လေးတစ်ခုပါ။ ဒီခေါင်းစဉ်လေးကို ကြိုက်လွန်းလို့ ကိုယ့်ဘဝနဲ့ချိန်ထိုးထားတဲ့ အတွေးလေးတွေကို စာတစ်ပုဒ်အဖြစ် ရေးထုတ်ဖြစ်တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မကြာခင် အသက် (၃ဂ)နှစ်ပြည့်ကာ (၄၀)နားကို တဖြည်းဖြည်းကပ်လာတဲ့ ဘဝရဲ့ ဖြတ်သန်းမှုတွေကို စဉ်းစားရင် လေးဆယ်ကျော်လာရင် ဘဝကို ဘယ်လိုဖြတ်သန်းမလဲ၊ ဘဝကို ဘယ်လိုချစ်ကြည့်မလဲ၊ သက်တမ်းတစ်ဝက်ကျိုးလာနေတဲ့ ဘဝဖြတ်သန်းမှုမှာ ကျန်တဲ့အချိန်တွေကို ဘယ်လိုနေထိုင်ကြည့်မလဲ စတဲ့ မေးခွန်းတွေလည်း အတွေးတွေနဲ့ မေးထုတ်ဖြစ်ခဲ့ပါတယ်။ 

တကယ်တော့ ပုထုဇဉ် သတ္တဝါ မှန်သမျှ အတ္တကတော့ ရှိနေကြတာ ဖြစ်ပါတယ်။ အဲဒီအတ္တကို အခြေခံထားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲဦးစားပေးနေလေ့ ရှိတတ်ပါတယ်။ အချစ်ဆိုရင်လည်း ကိုယ်လိုချင်သလို ချစ်ပစ်လိုက်ကြသလို ကိုယ့်ကိုလည်း ချစ်စေချင်တတ်ကြပါတယ်။ ကိုယ်ချစ်ခဲ့ရတဲ့ အချစ်တွေအကြောင်း ပြန်တွေးကြည့်ရင် ငယ်ငယ်ကလေးဘဝတုန်းကလည်း အမေကိုချစ်လိုက်ရတာ၊ အဖေကိုချစ်လိုက်ရတာ၊ အဖိုးအဖွားတွေကို ချစ်လိုက်ရတာနဲ့ ချစ်လို့ကို မဆုံးနိုင်သလို အရွယ်လေး ရောက်လာပြန်တော့လည်း ကိုယ်နှစ်သက်တဲ့ သူတွေကို အရူးအမူးချစ်လိုက်ကြပြန်ပါတယ်။ အသက်အရွယ်တွေ ရလာပြန်တော့လည်း အချစ်တွေက မကုန်သေးဘဲ ဟိုမြေးကိုချစ်လိုက်ရ၊ ဒီမြေးကိုချစ်လိုက်ရ၊ ဟိုဟာစိတ်မချလို့ ပူလိုက်ရ၊ ဒီဟာစိတ်မချလို့ စိုးရိမ်လိုက်ရနဲ့ အချစ်တွေဟာ အဆုံးကို မသတ်နိုင်တော့အောင်ပဲ ဖြစ်ပါတယ်။ ကလေးငယ်ဘဝမှာလည်း ကလေးဘဝ၊ ကလေးအတွေးနဲ့ ကိုယ့်ကိုဦးစားပေးတဲ့အချစ်၊ ဆယ်ကျော်သက်အရွယ်မှာလည်း ကိုယ့်ဆန္ဒကို ဦးစားပေးတဲ့အချစ်၊ လေးဆယ်ကျော်လို့ အရွယ်လွန်ဘဝကို ရောက်လာတဲ့အခါမှာလည်း ကိုယ့်အတ္တကို ဦးစားပေးတဲ့ အရွယ်လွန် အချစ်တွေနဲ့ ချစ်ပြီးရင်းချစ်နေကြရတဲ့ ဘဝဖြတ်သန်းမှုမှာ ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေနဲ့ ချစ်ခဲ့ကြဖူးလားဆိုတော့ ပြောရတာ အတော်ခက်လှပါတယ်။ 

အချစ်တွေနဲ့ မကင်းနိုင်သေးတဲ့ အနေအထားမှာ ဘဝကို အသက်အရွယ်အလိုက် အချစ်တွေနဲ့ ဖြတ်သန်းခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ ဘဝနောက်ပိုင်းအချိန်တွေမှာ ချစ်တဲ့အချစ်တွေကိုတော့ ပုံစံတစ်မျိုးနဲ့ ပြောင်းချစ်နိုင်အောင် ကြိုးစားသင့်လှပါတယ်။ အရွယ်တိုင်းမှာ ကိုယ့်ကိုယ်ကို ဦးစားပေးတဲ့ အတ္တတွေနဲ့ ပုံစံအမျိုးမျိုး ချစ်ခဲ့ကြပေမယ့် လေးဆယ်ကျော်လာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေ ပြောင်းသင့်လှပါတယ်။ ကိုယ်ကချစ်လိုက်ရတာ၊ ကိုယ့်ကိုအချစ်ခံရတာတွေဟာ ကိုယ့်အကျိုးကို လိုလားတဲ့ချစ်ခြင်းတွေလို့ ထင်ရပေမယ့် တကယ်တမ်းကြတော့ အဲဒီအချစ်တွေဟာ ကိုယ့်အတ္တကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို တကယ်ချစ်တဲ့ အချစ်တွေလို့ ပြောလို့မရပါဘူး။ ကိုယ့်ကိုနစ်မွန်းစေမယ့် အချစ်တွေပဲ ဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ချစ်ခဲ့ကြတဲ့ အချစ်တွေဟာ တွယ်တာမှု သမုဒယ တဏှာကို ဦးစားပေးပြီး ချစ်ခဲ့ကြတဲ့ အချစ်တွေ ဖြစ်တဲ့အတွက် အချစ်ကြီးလေး ဘဝသံသရာမှာ အပြစ်ကြီးလေပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ကိုယ့်ကိုယ်ကို တကယ်ချစ်ရင် ကိုယ့်ဘဝသံသရာအရေး ဦးစားပေးတဲ့ အချစ်တွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘဝသံသရာ နစ်မွန်းစေမယ့် အချစ်တွေကို ရှောင်ရှားပြီး ဘဝသံသရာ လွတ်မြောက်ရာကို ရွေးချယ်ပြီး နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ တဒင်္ဂ ခံစားချက်ကို ဦးစားပေးပြီး သံသရာနဲ့ချီတဲ့ ပေးဆပ်မှုမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။  တွယ်တာမှု သံယောဇဉ်ကို ဦးစားပေးတဲ့ အချစ်တွေကနေ ရုန်းထွက်ဖြစ်ပြီး အကျင့်တရားကို ဦးစားပေးတဲ့ လေ့ကျင့်နေထိုင်မှုမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။ ကိုယ့်ကျင့်တရားမကောင်း၊ အပြစ်မကင်းတဲ့ ပုံစံမျိုးနဲ့ ဘဝကို ပုံဖော်နေတဲ့ အနေအထားကနေ ကိုယ်ကျင့်တရား ကောင်းအောင်ထိန်းသိမ်း စောင့်ရှောက်ပြီး အပြစ်ကင်းတဲ့ အလုပ်တွေမှာ အားထုတ်နေတဲ့ ပုံစံမျိုးနဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် အားထုတ်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက လုပ်နေကျဖြစ်တဲ့ မကောင်းတဲ့ အလုပ်တွေကနေ ရှောင်ရှားပြီး မလုပ်ဖူးသေးတဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာ အလုပ်တွေမှာ လုပ်လာနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒီလို နေထိုင်မှုမျိုးကသာ ကိုယ့်ကိုယ်ကို တကယ်ချစ်ရာ ရောက်မှာဖြစ်ပါတယ်။ 

မြတ်စွာဘုရားရှင်က “မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတွင် တစ်ပါးပါးသော အရွယ်၌ (လုံ့လပြုကာ) သုတ်သင်ရာ၏”လို့ ဟောကြားဆုံးမရင်း ကိုယ့်ကိုယ်ကို ချစ်ရင် ကိုယ့်ကိုယ်ကို ပြင်ဆင်ကြဖို့၊ ကိုယ့်ကိုယ်ကို အရွယ်အလိုက် အပြစ်ကင်းအောင် နေထိုင်ကြဖို့ မိန့်တော်မူပါတယ်။ ဘုရားစကားတော်အတိုင်း ဆိုရင်တော့ လေးဆယ်ကျော်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် တကယ်ချစ်တဲ့သူဟာ ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားတွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူများကိုချစ်ဖို့ထက် ကိုယ့်ကိုယ်ကို အရွယ်တိုင်းမှာ သန့်ရှင်းအောင် ကြိုးစားရင် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်တဲ့ သေခြင်းတရားကို ခဏထားပြီး လက်ရှိသက်တမ်းအရ ပြောကြမယ်ဆိုရင် လေးဆယ်ကျော်ဆိုတာ ဘဝရဲ့ သက်တမ်းတစ်ဝက် ကျော်လာနေတော့တာ ဖြစ်ပါတယ်။ ဒီလို အသက်အရွယ်အထိ ကိုယ့်ကိုယ်ကို မချစ်နိုင်သေးဘဲ သူများကိုချည်း ချစ်နေလို့ကတော့ ကိုယ်သေရင် အဲဒီအချစ်တွေက ကောင်းရာကို တွန်းပို့ပေးမှာ မဟုတ်ပါဘူး။ လေးဆယ်ကျော်အချစ်နဲ့ ကိုယ့်ကိုယ်ကို ချစ်နိုင်ဖို့ဆိုတာ ကိုယ်အသက်အရွယ်အရ ပြုပြင်နေထိုင်၊ ဆင်ခြင်လိုက်နာ၊ ကျင့်သုံးရမယ့် အရာတွေအပေါ်မှာ ကြိုးစားနေထိုင် ကျင့်သုံးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်အရွယ် ရလာတာနဲ့အမျှ ကိုယ့်ကိုယ်ကို ချစ်လာနိုင်တဲ့ သူတစ်ယောက်ဖြစ်အောင် ကိုယ်ကျင့်တရားလေးတွေ ကောင်းအောင်ထိန်းသိမ်းပြီး စွမ်းနိုင်သမျှ ဒါနလုပ်တာ၊ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ အားထုတ်တာတွေကို လုပ်ကြရမှာ ဖြစ်ပါတယ်။ ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်တွေနဲ့ ကိုယ့်ကိုယ်ကို မေ့ပြီး သူများတွေအပေါ်မှာ အချစ်တွေနဲ့ သမုဒယပိုနေတာတွေကို လျော့ချပြီး ကိုယ့်ရဲ့သံသရာ အရေးကိုတွေးကာ ကောင်းတဲ့အလုပ်တွေမှာ အချိန်ပေးခြင်းဟာ ကိုယ့်ကိုယ်ကို ချစ်တာပဲ ဖြစ်တဲ့အတွက် ဒီလိုအချစ်မျိုးနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

တစ်ခါတလေ တစ်ချို့တချို့ သူတွေနဲ့ ဆုံဖူးပါတယ်။ သူတို့အရွယ်တွေကြည့်တော့လည်း ငယ်တော့တဲ့ အရွယ်တွေ မဟုတ်ဘူး။ လုပ်နေတဲ့အလုပ်တွေက မဟုတ်တာတွေပဲ များနေပြီး ဟိုသံယောဇဉ်၊ ဒီသံယောဇဉ်၊ ဟိုအချစ်ဒီအချစ်တွေနဲ့ လုံးချာလိုက်နေတဲ့ အဖြစ်ပါ။ ကိုယ့်အသက်အရွယ်အရ ကိုယ့်ကိုယ်ကို ဆင်ခြင်ဖို့ စိတ်ကူးမရှိသေးဘဲ ဘယ်လိုပျော်လိုက်မယ်၊ ဘယ်လိုစားလိုက်မယ်၊ ဘယ်လိုသောက်လိုက်မယ်၊ ဘယ်လိုကဲလိုက်မယ် စသဖြင့် အပျော်အပါးတွေမှာပဲ လိုက်စားလို့ ကောင်းနေကြတဲ့ အဖြစ်တွေပါ။ ဒီလို အရွယ်လေးရလာလို့မှ ကိုယ့်ကိုကိုယ် သတိဝင်ကာ မပြုပြင်ဘဲ နေကြမယ်ဆိုရင် ဘယ်အချိန်ကျမှ ပြုပြင်ကြ၊ ဆင်ခြင်ကြမလဲဆိုတာ စဉ်းစားစရာပဲဖြစ်ပြီး အချိန်နှောင်းမှ သံဝေဂရလို့ ပြုပြင်မယ်ဆိုတဲ့အခါ နောက်ကျသွားတတ်တာကိုလည်း သတိပြု ဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။ 

အသက်အရွယ်ဆိုတာ သေချာပေါက် ပြောလို့မရသလို ဘယ်အရွယ်မှာ ဘယ်လိုနေလိုက်ကြမယ်ဆိုတာလည်း ကွတ်တိတွက်လို့ မရတဲ့ သဘောတွေ ရှိနေတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် ကြီးရင့်လာတဲ့ ကိုယ်အဖြစ်ကို သတိပြုဆင်ခြင် ပြုပြင်နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖြည်းဖြည်း အသက်အရွယ်ရလာကြတဲ့ အပိုင်းမှာ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူဘာပြောပြော ပြင်စရာဆိုတာကတော့ ကိုယ်ကိုယ်တိုင်ပဲ ပြင်ကြရမှာ ဖြစ်တဲ့အတွက် အချိန်မရလို့ ငယ်ဘဝက မပြင်မိကြရင်လည်း လေးဆယ်နားကပ်လာ၊ လေးဆယ်ကျော်လာတဲ့ အခါမှာတော့ သတိတရနဲ့ကို ပြင်ကြရမှာ ဖြစ်ပါတယ်။ အရင်တုန်းက ကိုယ့်ကိုယ်ကို ချစ်ဖို့ထက် သူများကို ချစ်ဖို့ပဲ ကြိုးစားနေရကနေ လေးဆယ်ကျော် အရွယ်ချည်းကပ်လာတဲ့ အခါမှာတော့ သူများကိုချစ်ဖို့ထက် ကိုယ်ကိုယ့်ကို ကုသိုလ်တရားတွေနဲ့ ချစ်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် တဖြည်းဖြည်း အကျပိုင်းကို ချည်းကပ်လာတဲ့ ကိုယ့်အသက်အရွယ်အရ သူများကို ချစ်ဖို့ထက် ကိုယ့်ကိုယ်ကို ချစ်နိုင်ကြဖို့ ကြိုးစားကြရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကို်ယ်ကို တကယ်ချစ်ရာရောက်အောင် ကိုယ့်ရဲ့လက်ရှိ သူများတွေအပေါ်မှာ၊ အခြားခြား သံယောဇဉ် ဖြစ်စရာအပေါ်မှာ တွယ်တာမှုများ၊ အချစ်တွေ ပွားနေကြရာကနေ ရုန်းထွက်ပြီး ကိုယ်မလုပ်ဖူးသေးတဲ့ ကုသိုလ်အလုပ်တွေ၊ မထိန်းဖူးသေးတဲ့ သီလတွေ၊ မလှူဖူးတဲ့ အလှူတွေ၊ မကျင့်ဘူးတဲ့ သမထ၊ ဝိပဿနာ အကျင့်တွေကို ကျင့်ကြံကြိုးကုတ်အားထုတ်ပြီး အရွယ်လွန်အချစ်ကနေ သံသရာလွန်မြောက်ရာ အဖြစ်များအထိ ကိုယ်ကိုယ်ကို ချစ်ကြည့်ကြရမှာ ဖြစ်ပါကြောင်း လေးဆယ်ကျော်အချစ် ဘယ်လိုချစ်မလဲဆိုတဲ့အပေါ် အရွေးတော်အောင် အသိစကား ပါးလိုက်ရပါတယ်။ 

Read more »

ဧည့်သည်


“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”

ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။ (မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ