Showing posts with label လွဲနေတာလေးများ. Show all posts
Showing posts with label လွဲနေတာလေးများ. Show all posts

နဲနဲလေးတော့ လွဲနေတယ် (၃၀)

ဗုဒ္ဓဘာသာနဲ့ ဝိညာဉ်ပြဿနာ

ဒကာတစ်ယောက်က မေးလျှောက်လာပါတယ်။ 
အရှင်ဘုရား လူတစ်ယောက် သေပြီးရင်နောက်ဘ၀တစ်ခုကို ချက်ချင်းကူးပြောင်းတယ်လို့ သိရပါတယ်။ ၀ိညာဉ်ဆိုတာ မရှိဘူးလို့ဆိုတယ်။ တပည့်တော်နားမလည်တာက နာရေးတွေမှာတွေ့ရတဲ့ လိပ်ပြာခေါ်တယ်ဆိုတာပါပဲ။ အသုဘချတဲ့နေ့မှာ သေသူရဲ့လိပ်ပြာကို အိမ်ကိုခေါ်လာရတဲ့ အလေ့တစ်ခု ကိုလုပ်ကြတယ်။ လိပ်ပြာခေါ်လာတဲ့သူက စကားမပြောရဘူး နောက်လှည့် မကြည့်ရဘူးလို့ပြောပါတယ်။ ဘာကြောင့် အဲ့လိုလုပ်ရတာလည်းဆိုတာရယ်၊ လိပ်ပြာ တကယ်ခေါ်လို့ရသလားဆိုတာ တပည့်တော်သိချင်ပါ တယ်ဘုရား။ ဒီဘက်ဘ၀သေတာနဲ့ နောက်ဘ၀တစ်ခုကို ချက်ချင်းပြောင်းတယ်ဆိုတော့ သေသူရဲ့ဝိညာဉ်ကို ဘယ်လိုခေါ်လို့ရလည်းဆိုတာကို တပည့်တော် ရှင်းရှင်းလင်းလင်း သိချင်ပါတယ်ဘုရား။ တပည့်တော်က ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ ခုလိုမေးတာ တရားတော်တွေကို မယုံလို့မဟုတ်ပါဘူး။ တပည့်တော် မသိသေးတာ သိချင်တာ၊ အမြင်မှားနေတာကို အမှန်ရချင်တာပါဘုရား။ ဆိုပြီး သူကလျှောက်ပါတယ်။ 
ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တော်တော်များများ ဒီအယူအဆနဲ့ ပတ်သက်ပြီး အယူလွဲ၊ အမှတ်လွဲ၊ နားလည်မှုလွဲနေတာတွေ ရှိပါတယ်။ လူတစ်ယောက် သေသွားရင် ဝိညာဉ်ကနောက်ဘဝကို ကူးသွားတယ်ဆိုတာလည်း ယုံကြည်နေကြတဲ့ သဘောရှိပါတယ်။ သေတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာ အလိုအရတော့ ရုပ်ဇီဝိတလို့ခေါ်တဲ့ ရုပ်သက်နဲ့ နာမ်ဇီဝိတလို့ ခေါ်တဲ့ နာမ်သက်ချုပ်သွားတာကို သေတာလို့ ပြောတာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးတစ်ယောက် သေသွားတယ်ဆိုတာ အဲဒီလို နာမ်ရုပ်ချုပ်သွားတာကို ဆိုတာဖြစ်တဲ့အတွက် တစ်ချို့တစ်ချို့ ထင်နေသလို ရုပ်သာသေပြီး ဝိညာဉ်က မသေဘဲ တခြားဘဝ ကူးပြောင်းသွားတယ်ဆိုတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ အယူအဆမှာ ဝိညာဉ်ဆိုတာလည်း မရှိပါဘူး။ သတ္တဝါ တစ်ဦးတစ်ယောက် အဲဒီနာမ်သက်၊ ရုပ်သက်ချုပ်သွားတာနဲ့ တစ်ပြိုက်တည်း ဘဝတစ်ခုကို ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ ဝိညာဉ်လိပ်ပြာ မရှိရင်ဘာက ကူးသွားတာလဲလို့ မေးစရာရှိပါတယ်။ ကံစွမ်းတွေက ဘဝသစ်ကို ပုံဖော်ပြီး ကူးပြောင်းသွားတာ ဖြစ်ပါတယ်။ မသေခင် ပြုလုပ်ထားတဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အစွမ်းတွေနဲ့ ကောင်းကံတွေ လုပ်တဲ့သူတွေဟာ ကောင်းတဲ့သုဂတိ ဘုံတွေမှာ ပြန်ဖြစ်တာဖြစ်ပြီး မကောင်းကံတွေ လုပ်တဲ့သူတွေဟာ မကောင်းတဲ့ ဒုဂ္ဂတိဘုံတွေမှာ ချက်ချင်းဖြစ်ကြရတာ ဖြစ်ပါတယ်။ ဒီလို ကံစွမ်းတွေနဲ့ ဘဝအသစ်ကို ဖြစ်တဲ့သူတွေအနေနဲ့ ဘဝတစ်ခု ချုပ်သွားတာနဲ့ နောက်ထပ်ဘဝတစ်ခုမှာ ချက်ချင်းသွားဖြစ်တာ ဖြစ်ပါတယ်။ ကြားမှာ ဟိုမှာနေတာ၊ ဒီမှာနေတာ၊ ဘယ်နှစ်ရက်နေမှ ထွက်သွားတာ၊ ဘယ်နှစ်ရက်နေမှ ကျွတ်သွားတာ စတာတွေ မရှိပါဘူး။
တစ်ခါတလေ တစ်ချို့သတ္တဝါတွေဟာ သေပြီးနောက်မှာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဝန်းကျင်နားမှာ တစ်ခုခု ပုံရိပ်ပြတာတို့၊ အသံပြုတာတို့ စသဖြင့် လုပ်ပြတတ်တာတွေ ရှိပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပေးဝေပြီးမှာ ပျောက်သွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီသဘောတွေဟာလည်း ဘဝကူးရေးအတွက် ကြားခံအနေနဲ့ ဝိညာဉ်လိပ်ပြာ ပုံစံမျိုးမဟုတ်ပါဘူး။ ဒါဟာ သေပြီးပြီးချင်း ဘဝအသစ်တစ်ခုမှာ ဖြစ်သွားတာပဲ ဖြစ်ပါတယ်။ သေခါနီးမှာ အစွဲတစ်ခုခုကြောင့် သေသွားတဲ့ သတ္တဝါတွေဟာ ပေတဆိုတဲ့ တစ္ဆေ၊ သရဲ၊ ပြိတ္တာ၊ နာနာဘာဝလို ဘဝမျိုးမှာ သွားဖြစ်တာပဲ ဖြစ်ပါတယ်။ လိပ်ပြာကောင်လေး၊ ဝိညာဉ်ကောင်လေး အနေနဲ့ လှည့်လည်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ နောက်တော့ အဲဒီ ပြိတ္တာဘဝကနေ ကျန်ခဲ့တဲ့သူတွေရဲ့ ကုသိုလ်အဖို့ကို အမျှရပြီး နောက်ထပ်ဘဝ အသစ်ကို ရောက်သွားတဲ့အခါမှာ ဒီလိုတစ္ဆေသရဲ ပြိတ္တာဘဝက လွတ်သွားခြင်း သဘောမျိုးဖြစ်ပါတယ်။ ဒီလို တစ်ဘဝကနေ တစ်ဘဝကို ကူးပြောင်းသွားတာဟာ ကံစွမ်းတွေပဲ ဖြစ်ပြီး ဝိညာဉ်က ကူးသွားတာ မဟုတ်ပါဘူး။
ဆိုတော့ကား မေးခွန်းရှင်ပြောသလို နားရေးတွေမှာ လိပ်ပြာခေါ်တာ၊ အိုးခွဲတာ စတာတွေဟာ အရိုးစွဲနေတဲ့ ရှေးရိုးအယူအဆတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လည်း လိပ်ပြာဆိုတာ မရှိသလို၊ မရှိတဲ့ လိပ်ပြာဆိုတာလည်း ခေါ်လို့ရတာ မဟုတ်ပါဘူး။ တကယ်လို့ တိုက်တိုက်ဆိုင်ဆိုင် အဲဒီလို လုပ်ခဲ့လို့ အိမ်မှာ ထူးခြားမှုဖြစ်တာ၊ အသံပြုတာ၊ အနံ့နံတာ၊ ခြောက်တာ စတာတွေ ဖြစ်ခဲ့ရင် ဒါဟာ လိပ်ပြာက သုဿာန်က ပါလာတာမဟုတ်ဘဲ ပေတဆိုတဲ့ ပြိတ္တာဘဝက ရောက်သွားတဲ့ သေသူရဲ့ ပုံရိပ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ သေသူနဲ့ ပတ်သက်ပြီး အဲဒီလို အရိုးစွဲနေတဲ့ ရေးရိုးစွဲအယူအဆတွေ အများကြီး ရှိနေတတ်ပါတယ်။ ဥပမာ သေသွားတဲ့ ရုပ်ကောင်ကို သရဏဂုံတင်တာတို့၊ သေသူကို မီးမသဂြိုဟ်ခင် သူကြိုက်တတ်တဲ့ အစားအသောက်တွေ ပြင်ဆင်ပြီး ကျွေးတာတို့၊ သေသူအတွက် ဘာပစ္စည်း၊ ညာပစ္စည်း ထည့်ပေးတာတို့ စသဖြင့် အများကြီးပါပဲ။ ဒါတွေဟာ တကယ်တော့ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ပါဘူး။ တစ်ချို့လည်း ဘာမှမသိတော့ ဒီလို လုပ်ပေးရတယ်ထင်ပြီး နောက်မျိုးဆက်တွေက ဆက်လုပ်နေကြခြင်းပဲ ဖြစ်ပါတယ်။ အကျိုးသက်ရောက်မှု ရှိလို့တော့ မဟုတ်ပါဘူး။
သေသူအတွက် အကောင်းဆုံးနဲ့ အကျိုးသက်ရောက်မှု အရှိဆုံး အလုပ်က အဲဒီ ပုဂ္ဂိုလ်ကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် အမျှပေးဝေခြင်းပဲ ဖြစ်ပါတယ်။ ဒါတောင်မှ သုံးရက်နေမှ သရဏဂုံတင်ပြီး ကုသိုလ်လုပ် အမျှဝေတာတို့ ရက်လည်မှ ကုသိုလ်လုပ် အမျှဝေတာတို့ စတဲ့ အယူအဆတွေရှိသေးပါတယ်။ ဒီအတွက် ရက်သတ်မှတ်ချက် မရှိပါဘူး အချိန်မရွေး သေသူအတွက် ကုသိုလ်လုပ် အမျှပေးဝေနိုင်တာ ဖြစ်ပါတယ်။ ရတာမရတာက သေသူရဲ့ ဘဝအသစ်နဲ့၊ သာဓုခေါ်နိုင်မှု၊ မခေါ်နိုင်မှုနဲ့ပဲ ဆိုင်ပါတယ်။
ဒါကြောင့် သေသူနဲ့ ပတ်သက်ပြီး လွဲနေကြတဲ့ အလွဲတွေထဲမှာ မေးခွန်းရှင်မေးသလို လိပ်ပြာခေါ်တာတို့၊ ဝိညာဉ်ခေါ်တာတို့ စတဲ့ အယူအဆ အလွဲတွေလည်း ရှိတတ်တဲ့အတွက် ဒါတွေဟာ ဘုရားဟောတဲ့ အယူအဆ၊ ဗုဒ္ဓဘာသာရဲ့ အယူအဆ မဟုတ်ဘဲ လွဲမှားနေတဲ့ ရှေးရိုးစွဲ အယူအဆများပဲ ဖြစ်ပါကြောင်း အမေးကြည့်ပြီး အဖြေညှိကာ လွဲနေတဲ့အလွဲတစ်ခုအဖြစ် တင်ပြအပ်တယ်။။
မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၉)


အိမ်ထောင်ပြုခြင်းနှင့် နေ့နံရွေးခြင်း
----------------------
သီတင်းဝါလ ကျွတ်ကြတော့မယ်ဆိုတော့ ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ ဘုရားဟော မဟုတ်တဲ့ ရှေးရိုးစွဲ အစဉ်အလာတွေကို ထိန်းသိမ်းရင်း ဝါကျွတ်ရင် အိမ်ထောင်ပြုကြဖို့ စီစဉ်ထားကြတဲ့ သူတွေဟာ သူ့ထက်ငါ ရက်ကောင်းရက်မြတ်ရွေး၊ နေ့နံရွေး၊ အိမ်ထောင်ဖက်ရွေး စသဖြင့် ပြုလုပ်နေကြတော့တာ ဖြစ်ပါတယ်။ အခါတော်ပေးတွေ၊ လောကဓာတ်ဆရာတွေအတွက် ဟောရေးပြောရေးတွေ အလုပ်ဖြစ်နေကြတော့တာပါပဲ။ မြန်မာဗုဒ္ဓဘာသာအများ အိမ်ထောင်ပြုကြတော့မယ်ဆိုရင် လူကြီးတွေကအစ ဘုရားဟောတာတွေကို အသာထား၊ သားသမီးများရဲ့ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက်နဲ့ နေ့နံတွေကို အလေးပေးပြီး ရွေးနေကြတာတွေ ရှိပါတယ်။ ဘယ်နေ့ မင်္ဂလာမဆောင်ကောင်းဘူး၊ ဘယ်နေ့နံသားသမီးဆို အိမ်ထောင်ဖက်အဖြစ် မရွေးကောင်းဘူး စသဖြင့် အယူအစွဲတွေနဲ့ အိမ်ထောင်ပြုရေးမှာ အဓိကနဲ့ သာမညကို မကွဲပြားဘဲ မလိုအပ်တာတွေမှာ အလေးထားနေကြတော့တာ ဖြစ်ပါတယ်။ 

တစ်လောကတောင် Facebook စာဖတ်ပရိတ်သတ် တစ်ဦးဖြစ်တဲ့ မဖြူဖြူက ဒီအကြောင်းလေးကို မေးလျှောက်ထားပါသေးတယ်။ မဖြူက ဆရာတော်ဘုရားတပည့်တော် မက်စေ့ခ်ျဘောက်စ်ကနေ သိချင်တာလေးရှိလို့ မေးပါရစေဘုရား။ တပည့်တော်ကို လိုင်းပေါ်ကနေ ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။ တပည့်တော် အယူမသည်းပါဘူး။ ကံကံ၏အကျိုးကို ယုံကြည်ပါတယ်။ ဒါပေမယ့် တစ်ချို့အယူသည်းသူတွေ သိစေချင်လို့ပါဘုရား။ တစ်ချို့ကပြောတယ်။ အိမ်ထောင်ပြုတဲ့အခါ မသင့်မြတ်တဲ့ နေ့တွေဆိုတာ ရှိပါသလား။ ဥပမာ သောကြာက ဘယ်နေ့သားမှ အဆင်ပြေတာတို့ စသည်ဖြင့်ပေါ့။ ပြီးတော့ သားဦးသားနှောင်း မယူကောင်းတို့ပါဘုရား။ အဲဒီလို နေ့တွေက ကိုယ်နဲ့သက်ဆိုင်ပါသလားဘုရား။ တပည့်တော်ကို ပြန်လည်ဖြေကြားပေးပါလို့ တောင်းဆိုပါရစေ။" (Phyu Phyu) ဆိုပြီး မေးထားပါတယ်။

ဟုတ်ပါတယ်။ မဖြူပြောသလိုပဲ သိပ္ပံပညာ ထွန်းကားတဲ့ ဒီနေ့လိုခေတ်ကြီးမှာလည်း ဘုရားအဆုံးအမတွေနဲ့ လွဲချော်နေတဲ့ ရှေးရိုးစွဲအယူသည်း ဗုဒ္ဓဘာသာဝင်တွေ အများကြီး ရှိနေတုန်းပါပဲ။ လွဲနေတာကတော့ လွဲနေကြဦးမှာပဲ ဖြစ်ပါတယ်။ အိမ်ထောင်ပြုတာနဲ့ ပတ်သက်ပြီး နေ့နံရွေးတာ၊ အိမ်ထောင်ဖက်၊ အိမ်ထောင်ပျက် ရွေးတာတွေဟာ တကယ်တော့ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။ ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ၊ အိမ်ထောင်ရာ၊ ဦးဝေ၊ စံကူး၊ ရေဗူး၊ တောသူ၊ ပြည်ရန်သူ စတဲ့ အယူအဆတွေနဲ့ အိမ်ထောင်ဖက်တွေကို ရွေးချယ်ကြတာလည်း လောကီဆရာတွေရဲ့ လမ်းညွန်နဲ့ အဲဒီအပေါ် ယုံကြည်ကြသူတွေရဲ့ သတ်မှတ်ချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနဲ့ စနေအိမ်ထောင်ပြုရင် ရူးတောင်ထမင်း မငတ်ဘူးဆိုပေမယ့် ငတ်တဲ့သူတွေလည်း အများကြီး ရှိနေတာပါ။ လောကီအယူအဆတွေဟာ တစ်ခါတလေ တိုက်ဆိုင်မှု အနေနဲ့ မှန်ကောင်းမှန်ပေမယ့် ဒါဟာ သူတို့တွက်ချက်ပေးလိုက်လို့ ဆိုတာထက် အဲဒီအိမ်ထောင်သည်တွေရဲ့ တစ်ဦးချင်း ထိန်းသိမ်းစောင့်ရှောက်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ 

အိမ်ထောင်ရေး အဆင်ပြေမှု၊ မပြေမှုဆိုတာ နေ့နံတွေ၊ အိမ်ထောင်ဖက်တွေ ရွေးချယ်နေဖို့ထက် အကျင့်ကောင်းတဲ့ အိမ်ထောင်ဖက်၊ သစ္စာရှိတဲ့ အိမ်ထောင်ဖက်၊ နားလည်မှုပေးနိုင်မယ့် အိမ်ထောင်ဖက်တွေ ဖြစ်ဖို့က အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ နေ့နံကောင်းလို့ ဘယ်လောက်ပဲ ယူထားပါစေ အကျင့်မကောင်းရင် အဲဒီအိမ်ထောင်ရေးဟာ အဆင်ပြေစရာ အကြောင်းမရှိလှပါဘူး။ မြတ်ဗုဒ္ဓအလိုအရ နက္ခတ်ကောင်း၊ မင်္ဂလာကောင်း၊ အတိတ်ကောင်း၊ နိမိတ်ကောင်း စတာတွေဟာ အကောင်းလုပ်သူတွေအတွက် အမြဲကောင်းနေမှာပြီး မကောင်းလုပ်ရင်တော့ နက္ခတ်ဆိုး၊ မင်္ဂလာဆိုး၊ အတိတ်နိမိတ်ဆိုးတွေ ဖြစ်နေမှာဖြစ်ကြောင်း သတိရှိရှိ အသိနဲ့ညှိပြီး နားလည်သဘောပေါက်ကြရမှာ ဖြစ်ပါတယ်။ 

ဒီလိုပါပဲ။ သားသမီးတွေနဲ့ ပတ်သက်ပြီးတော့ သားဦးစနေ မီးလိုမွှေ၊ သားဦးသားနှောင်း မယူကောင်း စတဲ့ အယူအဆတွေဟာလည်း တိုက်ဆိုင်မှုနဲ့ သတ်မှတ်ကြတဲ့ လောကသတ်မှတ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်း ဖြစ်ရမယ်ဆိုတဲ့ ပုံသေသတ်မှတ်ချက် မရှိပါဘူး။ ဗုဒ္ဓဘာသာမှာလည်း ဒီလိုညွန်ပြချက်တွေ မရှိပါဘူး။ သားသမီးနဲ့ ပတ်သက်ပြီး အဆိုးအကောင်းဆိုတာ ကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား ဆက်စပ်မှုတွေ အပေါ်မှာလည်း တည်မှီနေတာ ဖြစ်ပါတယ်။ တော်ပြီး ပြည့်စုံတဲ့ ကလေးဟာ မကောင်းတဲ့မိဘ၊ ဆင်းရဲ့ချို့တဲ့တဲ့ မိဘတွေမှာ မွေးဖွားရတာ၊ ပြီးပြည့်စုံတဲ့ မိဘတွေမှာ  ဆိုးသွမ်းတဲ့ သားသမီး၊ ဒုက္ခိတ သားသမီးတွေ ရှိနေကြတာ စတာတွေဟာ ဒီကလေးရဲ့ကံနဲ့ မိဘတွေရဲ့ ကံတရား အကြောင်းအကျိုး သက်ရောက်မှုပဲ ဖြစ်ပါတယ်။ သားဦးကောင်းပြီး သားနှောင်းတော်နေတဲ့ ကလေးတွေလည်း လောကကြီးမှာ အများကြီး ရှိနေကြတာ ဖြစ်ပါတယ်။ တော်ရုံတန်ရုံ မတော်တဲ့ သားဦးသားနှောင်းတွေတောင်မှ မိဘ၊ ဆရားသမားတွေရဲ့ အသင်အပြနဲ့ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် ကောင်းသွားကြတာလည်း ရှိနေကြတာဆိုတော့ လောကီအယူအဆတွေထက် ကောင်းမကောင်းကို ဖန်တီးနိုင်တဲ့ လူတွေကပဲ အဓိကကျနေတာ ဖြစ်ပါတယ်။ ယတြာကောင်းလို့သာ အားလုံးကောင်းကြမယ်ဆိုရင် လောကကြီးမှာ မကောင်းတဲ့အရာဆိုတာ ရှိမှာတောင် မဟုတ်တော့ပါဘူး။ လောကကောင်းဖို့ဆိုတာ ခန္ဓာဆိုတဲ့ လောကတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါ တစ်ဦးချင်းရဲ့ ကောင်းတဲ့အလုပ်တွေ အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။  

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ အိမ်ထောက်ဖက်ရွေးတာ၊ နေ့နံရွေးတာအပြင် သားသမီး ရွေးတာတွေမှာလည်း လောကီအယူအဆကိုလိုက်ပြီး အလွဲတွေ လုပ်မိနေတတ်တဲ့အတွက် ဒီအလွဲတွေကနေ ရှောင်ကြဉ်ပြီး သတ္တဝါအားလုံး ကိုယ်ကိုယ်တိုင်ကစပြီး ကောင်းအောင်ပြုပြင် နေထိုင်ရင်း လောကကြီးကောင်းအောင် နေထိုင်ခြင်းကသာ တကယ့်စစ်မှန်တဲ့ အကောင်းရွေးခြင်း၊ အကောင်းနေခြင်းပဲ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့အလွဲတစ်ခုကို အမှန်ပြုနိုင်အောင် အသိတစ်ခု အမျှပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၈)


 ဗုဒ္ဓဘာသာနဲ့ စုံမပြဿနာ
 တစ်လောက အွန်လိုင်းစာမျက်နှာ တစ်ခုပေါ်မှာ တက်လာတဲ့ ဘုရားစင်နဲ့ ဘုရားပုံလေးကိုကြည့်ပြီး အောက်မှာရေးထားတဲ့ မှတ်ချက်လေးတစ်ခုကို သတိပြုမိလိုက်ပါတယ်။ စာဖတ်သူ တစ်ဦးက ပုံတင်သူကို ဘုရားစင်မှာ ဘုရားပန်းအိုးက နှစ်အိုးတည်းပါလားလို့ မှတ်ချက်ပြုထားတာကို ပုံပိုင်ရှင်က နှစ်အိုးမဟုတ်ပါဘူး၊ သုံးအိုးပါ မမြင်ရလို့ပါဆိုပြီး ပြန်ပြောထားကြပါတယ်။ ဒီမှတ်ချက်လေးတွေကိုကြည့်ပြီး တချို့တချို့ ဗုဒ္ဓဘာသာဝင်တွေမှာ ဒီလို စုံမအယူအဆလေးတွေ ရှိနေတာကို သတိပြုမိပြန်ပါတယ်။ တစ်ခါတုန်းကလည်း ရဟန်းဒကာမတစ်ဦးက ကျောင်းကဘုရားခန်းမှာ ဘုရားပန်းအိုးကြီးတွေလှူမလို့ အဲဒါနှစ်အိုးပဲ ရှိနေတဲ့အတွက် အဆင်ပြေရဲ့လားဘုရားလို့ လျှောက်ထားဖူးပါတယ်။ လှူကောင်းပါတယ်လို့ပြောရင်း စိတ်ထဲမှာလည်း နှစ်အိုးတည်းဆိုရင် မလှူကောင်းဘူး၊ ကုသိုလ်မရဘူး၊ အပြစ်ဖြစ်မယ်၊ ဘာဖြစ်မယ်၊ ညာဖြစ်မယ်လို့များ ထင်နေသလား မသိပါဘူးလို့ ကိုယ့်ဖာသာကိုယ် စဉ်းစားနေမိခဲ့ပါသေးတယ်။ 

စကားစပ်လို့ ဘုန်းဘုန်းတို့ ရောက်နေတဲ့နိုင်ငံရဲ့ မြန်မာသံရုံးက အဖြစ်အပျက်လေးတစ်ခုကို သွားသတိရမိပါသေးတယ်။ သံရုံးကနေပြီး ဆရာတော်တစ်ပါးထံကို သံဃာသုံးပါး ဆွမ်းစားပင့်ပါတယ်။ အဲဒီတုန်းက သံဃာတော်တွေလည်း မအားတော့ သုံးပါးမကြွနိုင်ဘဲ နှစ်ပါးပဲ ကြွနိုင်မယ့်အကြောင်း ပြန်ပြောတော့ နှစ်ပါးတည်းဆိုရင်တော့ မထူးပါဘူးဘုရား ဆရာတော် တစ်ပါးတည်းပဲ ကြွပါဘုရားလို့ အဲဒီဆရာတော်ကို ပင့်လိုက်တဲ့အကြောင်း ဆရာတော်က ဘုန်းဘုန်းကို ပြန်ပြောပြပါတယ်။ သံရုံးမှာရှိတဲ့ ပညာတတ်ဆိုသူတွေက ဘုန်းကြီးပင့်တာတောင် သုံးပါးဖြစ်စေ၊ ငါးပါးဖြစ်စေပင့်ချင်တဲ့ သဘောရှိပြီး နှစ်ပါးလေးပါးစတဲ့ စုံအရေအတွက်တွေကို မကြိုက်တဲ့ သဘောရှိပါတယ်။ နောက်ဆုံးတော့ နှစ်ပါးပဲ ကြွနိုင်မယ်ဆိုရင်တော့ တစ်ပါးပဲ ကြွပါဘုရားဆိုပြီး ပင့်ကြသတဲ့လေ။ စုံမကြိုက်ဘဲ မမှကြိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဘယ်လို အဓိပ္ဗါယ်ကြောင့် ဆိုတာ မသိပေမယ့် သေချာတာကတော့ သူတို့စိတ်ထဲမှာ နှစ်ပါးလေးပါး စတဲ့ စုံအရေအတွက်တွေကို သိပ်သဘောမကျတဲ့ အနေအထားပဲ ဖြစ်ပါတယ်။ 

အဲဒီလို စုံမသတ်မှတ်မှုဟာ သိပ်အရေးပါတယ်ဆိုရင် ဗုဒ္ဓတရားတော်များမှာ စုံအရေအတွက်တွေနဲ့ ဟောထားတဲ့ အင်္ဂါရပ်တွေ၊ အချက်အလတ်တွေ အများကြီးပါပဲ။ ဥပမာ သစ္စာ (၄)ပါး၊ မဂ္ဂင် (၈)ပါး၊ ပဋိစ္စသမုပ္ဗါဒ် အင်္ဂါ (၁၂)ပါး၊ ပဋ္ဌာန်း (၂၄) ပစ္စည်းတရားများ စတာတွေဟာ စုံအရေအတွက်တွေပဲ ဖြစ်ပါတယ်။ စုံအရေအတွက်ဆိုရင် မလုပ်ကောင်းဘူး၊ မလှူကောင်းဘူး၊ မကျင့်ကောင်းဘူးဆိုရင် ဒီတရားတော်တွေလည်း ကျင့်ဖို့မလိုတဲ့ သဘောကို ဆောင်သွားနိုင်ပါတယ်။ မအရေအတွက်တွေမှ ကောင်းတယ်ဆိုတဲ့သူတွေ ကပ်ပြောရရင် သရဏဂုံး သုံးပါးနဲ့ ငါးပါးသီလကိုကျတော့ ဘာဖြစ်လို့ လုံအောင်မထိန်းနိုင်ကြသလဲဆိုတာလည်း ထောက်ပြစရာ ဖြစ်နေပြန်ပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ အဓိကကတော့ အရေအတွက်ထက် စေတနာ ရည်ရွယ်ချက်က ပိုပြီးအခရာကျတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ 

တကယ်တော့ ဒီစုံမ အယူအဆဟာ ဗုဒ္ဓတရားတော်တွေနဲ့ ဘာမှသက်ဆိုင်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ဒီလို စုံမအယူအဆလေးတွေဟာ ဗုဒ္ဓဘာသာတွေ ကြားမှာ ဘာမှမဖြစ်လောက်ပေမယ့် မသိမသာ များနေတာကို သတိပြုမိပါတယ်။ ကုသိုလ်ကောင်းမှု လုပ်တဲ့အပိုင်းမှာ သဒ္ဓါတရားနဲ့ စေတနာကို အလေးမထားဘဲ အသွင်အပြင်ပိုင်းကို ဦးစားပေးပြီး ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်လောက်မှ၊ ဘယ်ရက်မှ စတဲ့ သတ်မှတ်ချက်တွေမှာ ပိုပြီးအလေးထားနေကြတာတွေဟာ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ လွဲနေသလို ဖြစ်နေပြန်ပါတယ်။ စုံအရေအတွက်ဆိုရင် ဘာဖြစ်တတ်တယ်၊ မအရေအတွက်ဆိုရင် ဘယ်လိုဖြစ်မယ် စတဲ့ အစဉ်အလာ ယုံကြည်ချက်တွေဟာ ဗုဒ္ဓဘုရား ဟောကြားချက်တွေနဲ့တော့ လွဲနေတော့တာ ဖြစ်ပါတယ်။ ပညတ်သတ်မှတ်ချက်တွေ မကင်းလှတဲ့ လောကကြီးမှာ ပညတ်ကို ပယ်ဖို့မဖြစ်နိုင်ပေမယ့် ကောင်းမှုကုသိုလ် လုပ်တဲ့အပိုင်းမှာတော့ ပညတ်အရေအတွက် သတ်မှတ်ချက်တွေထက် စေတနာသဒ္ဓါတရားက အဓိကဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ လောကီဗေဒင်လက္ခဏာ ဆရာတွေကြောင့် ဒီလို စုံမသတ်မှတ်ချက်တွေ ဖြစ်ရတယ်ဆိုရင်လည်း လောကီရေးနဲ့ ကုသိုလ်ရေးမှာ တွဲသွားနေတာတော့ မကောင်းလှပါဘူး။ 

ဆိုလိုတာက အလှူဒါန ပြုတဲ့အပိုင်း၊ ကုသိုလ်လုပ်တဲ့ အပိုင်းတွေမှာ ဘယ်နှစ်ပါးမှ၊ ဘယ်နှစ်မျိုးမှ၊ ဘယ်နှစ်ခုမှ စတဲ့ သတ်မှတ်ချက်တွေကို ဦးစားပေးပြီး လုပ်နေကြတာတွေဟာ ဘုရားအလိုအကျ စေတနာ၊ သဒ္ဓါတရားကို အဓိကထားတဲ့ အယူအဆနဲ့ လွဲနေကြတဲ့အတွက် ဒီလိုစုံမ အယူအဆလေးတွေကို အလေးမထားဘဲ ကိုယ်လုပ်တဲ့ ကောင်းမှုအလုပ်အပေါ်မှာ အရေအတွက်ထက် စေတနာ သဒ္ဓါတရားကိုသာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဘယ်နှစ်မျိုး၊ ဘယ်နှစ်ပါး စသဖြင့် လှူနိုင်တာထက် လှူတဲ့အခိုက်မှာ စေတနာသုံးတန် ပြဌာန်းပြီး ကုသိုလ်အကျိုးကို အပြည့်အဝ ရအောင် လှူနိုင်ကြဖို့ လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သတ်မှတ်ချက်တွေကို ဦးစားပေးပြီး အနှစ်သာရထက် အသွင်အပြင်ပိုင်းကို အလေးထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အလှူဒါန ပြုကြတဲ့အခါ စေတနာ သဒ္ဓါတရားထက် သုံးပါးငါးပါး စတဲ့ မအရေအတွက်မှာ အလေးထားနေကြတာတွေဟာ ကုသိုလ်ရေးထက်၊ လောကီရေးတွေကို ဦးစားပေးနေသလို ဖြစ်တဲ့အတွက် ဒီအယူအဆတွေဟာ ဘုရားအလိုအကျ အယူအဆတွေ မဟုတ်ဘဲ ကုသိုလ်ရေးမှာ အဓိကနဲ့ သာမညလွဲသလို ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ရင်း အရေအတွက် သတ်မှတ်ချက်ထက် စေတနာသဒ္ဓါတရား အားကောင်းပြည့်ဝအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါကြောင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် မီးမောင်းထိုး တင်ပြလိုက်ရပါတယ်။ 

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၇)


အဓိဋ္ဌာန်နဲ့ စိတ်အကြံ
တစ်ခါတလေ တစ်ချို့ ဒကာဒကာမတွေဆီက “အရှင်ဘုရား တပည့်တော် အခု ကိုးနဝင်း အဓိဋ္ဌာန် ဝင်နေပါတယ်ဘုရား၊ တပည့်တော် သက်သတ်လွတ်စားပြီး ကိုးရက်အဓိဋ္ဌာန် ဝင်နေပါတယ်ဘုရား၊ တပည့်တော် ဘယ်ဘုရားမှာ ဘယ်လိုသွားပြီး ဘာအဓိဋ္ဌာန်ဝင်နေပါတယ်ဘုရား” စတဲ့ အသံတွေ မကြာခဏ ကြားဖြစ်ခဲ့ရပါတယ်။ အဓိဋ္ဌာန်ဝင်နေတဲ့ သူတွေကို တွေ့လို့ သူတို့အဓိဋ္ဌာန် ဝင်ရတဲ့အကြောင်း မေးကြည့်တဲ့အခါ၊ “ကံနိမ့်နေလို့ ကံကောင်းလာအောင်၊ ဘာလေးဖြစ်ချင်လို့ အဲဒါလေးဖြစ်လာအောင်၊ ဘာလေးရချင်လို့ အဲဒါလေးရလာအောင်၊ ဘယ်သူ့အတွက် အဆင်ပြေစေဖို့ အဲဒါလေး အဆင်ပြေလာအောင်၊ ဘယ်ဆရာက ဘယ်လိုခိုင်းလို့ အဲဒီအတိုင်း ဖြစ်လာအောင်” စတဲ့ အကြောင်းပြလေးတွေနဲ့ ဖြေလာကြတာကို တွေ့ရတတ်ပါတယ်။ သူတို့ အဓိဋ္ဌာန် ဝင်ကြတဲ့ ရည်ရွယ်ချက်တွေကတော့ ရှင်းပါတယ်။ ဘာဖြစ်ချင်လို့၊ ဘာရချင်လို့၊ ဘယ်သူ့အတွက်၊ ဘယ်ဝါအတွက် စတာတွေကြောင့်ပဲ များနေကြပါတယ်။ ဘုရားကိုကြည်ညိုလို့၊ သတ္တဝါတွေကို မေတ္တာထားလို့၊ ဒီတိုင်းဆိုရင် ကုသိုလ်ကောင်းမှုက မလုပ်ဖြစ်တဲ့အတွက် သတ်မှတ်ချက် တစ်ခုနဲ့ ကုသိုလ်လေးတွေ လုပ်ဖြစ်အောင်လို့ စတဲ့ စိတ်စေတနာနဲ့ အဓိဋ္ဌာန်ဝင်ကြတာ မဟုတ်ဘူးဆိုတာ ထင်ရှားလှပါတယ်။ အဓိဋ္ဌာန်နဲ့ စိတ်အကြံကတော့ တစ်ခြားစီပဲ ဖြစ်နေတာကို တွေ့နေရပါတယ်။ ဒါလည်း ဗုဒ္ဓဘာသာတွေအတွက် လွဲနေတဲ့ အလွဲလေးပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

တစ်ခါတုန်းကလည်း ဒကာမတစ်ယောက်က လျှောက်ဖူးပါတယ်။ “ဘုန်းဘုန်းဘုရား တပည့်တော် ဘဝမှာ ဒုက္ခတွေ၊ အခက်အခဲတွေ ရှိနေတဲ့အတွက် သူငယ်ချင်းတစ်ယောက်နဲ့ ဟိုစပ်စပ် ဒီစပ်စပ် စကားပြောဖြစ်ရင်း သူက အဲလိုဆိုရင် အဲဒီအခက်အခဲတွေ အဆင်ပြေသွားအောင် ကိုးနဝင်း အဓိဋ္ဌာန်ဝင်ကြည့်ပါလား ဆိုပြီး အဓိဋ္ဌာန်ဝင်နည်းကို တပည့်တော်ကို ပြောပြပါတယ်ဘုရား၊ တပည့်တော်လည်း ကိုယ့်အခက်အခဲတွေ အဆင်ပြေမယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် သူပြောတဲ့အတိုင်း တစ်ရက်မှ မပျက်ဘဲ လုပ်ကြည့်ပါတယ်ဘုရား၊ ဒါပေမယ့် အဓိဋ္ဌာန်သာပြည့်သွားတယ် အခက်အခဲကတော့ ပြေမသွားပါဘူး၊ သူ့ကျတော့ အဆင်ပြေပြီး တပည့်တော်ကျတော့ အဆင်မပြေတာ ဘာဖြစ်လို့လဲဘုရား၊ သူ့အဓိဋ္ဌာန်ကျတော့ အောင်မြင်ပြီး တပည့်တော် အဓိဋ္ဌာန်ကျတော့ မအောင်မြင်ဘူးဘုရား၊ အဲဒါ ဘာကွာလို့လည်း ဘုရား” လို့ အဲဒီ ဒကာမက လျှောက်လာပါတယ်။ “အဲဒါ အဓိဋ္ဌာန်က မစွမ်းတာမဟုတ်ဘူး၊ စိတ်အကြံက မစွမ်းတာ၊ ရည်ရွယ်ချက်ကိုက ဘုရားတရားကြည်ညိုလို့ မဟုတ်ဘဲ ဒုက္ခရောက်မှ ဘုရားကု ကုတဲ့သဘော ဖြစ်နေတာဆိုတော့ ဘယ်လိုလာပြီး အစွမ်းထက်မှာလဲ၊ ဘုရားတရားကို အသုံးချသလို ဖြစ်နေတဲ့အတွက် ကံတရားရဲ့ အကျိုးသက်ရောက်မှုကလည်း စေတနာအတိုင်း ဖြစ်သွားတဲ့ သဘောပဲဖြစ်တယ်” စသဖြင့် ဘုန်းဘုန်းလည်း တည့်တည့်ပဲ ပြောဖြစ်လိုက်ပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ဒီလိုဘာသာတရားကို အသုံးချတဲ့ ဗုဒ္ဓဘာသာတွေ အများကြီး ရှိနေတတ်ပါတယ်။ ရည်ရွယ်ချက်နဲ့ စေတနာက လွဲနေတဲ့အတွက် ဒါဟာ ကံတရားရဲ့ အကျိုးသက်ရောက်မှု လွဲနေတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းက အဓိဋ္ဌာန်ဝင်တာ မကောင်းဘူးလို့ အပြစ်ပြောချင်တာ မဟုတ်ပါဘူး။ အဓိဋ္ဌာန်ဝင်တာ အလွန်ကောင်းတဲ့ အလေ့အကျင့်ပဲ ဖြစ်ပါတယ်။ ပြောချင်တာက အဓိဋ္ဌာန်ကို အသုံးချချင်တဲ့ စိတ်အကြံနဲ့ လုပ်ဆောင်နေတဲ့ လုပ်ရပ်လေးတွေရဲ့ လွဲနေတဲ့ အချက်လေးတွေပါ။ ဘုရားအလောင်း သူတော်ကောင်းကြီးတွေလည်း အဓိဋ္ဌာန် ပါရမီကို ဖြည့်ကျင့်တော်မူကြတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားလောင်း သူတော်ကောင်းတွေရဲ့ အဓိဋ္ဌာန်ပါရမီက ကုသိုလ်တရားတွေကို စွဲမြဲအောင်မြင်ပြီး အဆုံးတိုင်အောင် ပြုလုပ်လိုတဲ့ စိတ်စေတနာ ရည်ရွယ်ချက်နဲ့ ဒီပါရမီကို ဖြည့်ကျင့်ကြတာ ဖြစ်ပါတယ်။ သာမာန် ပုထုဇဉ်တွေ အနေနဲ့ကတော့ ဘုရားလောင်း သူတော်ကောင်းကြီးများလို ပါရမီမြောက် အဓိဋ္ဌာန်ကို မကျင့်နိုင်တာတောင်မှ အဓိဋ္ဌာန် ဝင်တဲ့စိတ်စေတနာလေးကတော့ မှန်ကန်ကြဖို့ လိုပါတယ်။

အဓိဋ္ဌာန်ဝင်တယ်ဆိုတာ ပုံမှန်အားဖြင့် မလုပ်ဖြစ်တတ်တဲ့ ကုသိုလ်အလုပ်တွေကို မဖြစ်မနေ လုပ်ဖြစ်အောင် သတ်မှတ်ချက်တစ်ခု အနေနဲ့ ဝင်ကြခြင်း ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ ကျင်လည်နေကြတဲ့ ဘဝတွေမှာ အကုသိုလ်တွေနဲ့ပဲ များနေတဲ့အတွက် တစ်နေ့မှာ၊ ဒါမှမဟုတ် တစ်လမှာ၊ တစ်နှစ်မှာ ဘယ်လိုအချိန်၊ ဘယ်လိုကာလတွေမှာတော့ ဒီကုသိုလ်ကောင်းမှုကို လုပ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်စေတနာနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်ရှောင်ပြီး ကုသိုလ်ဆောင်နိုင်အောင် အထောက်အပံ့ သဘောနဲ့ သတ်မှတ် အဓိဋ္ဌာန် ဝင်ကြခြင်း ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့၊ ဘာရချင်လို့ စတဲ့ ရချင်လိုချင်မှုကို ရှေ့တန်းတင်ပြီး အဲဒီ စိတ်စေတနာနဲ့ အဓိဋ္ဌာန် ဝင်တာဆိုရင်တော့ ဒါဟာ မှန်ကန်တဲ့ စေတနာ မဟုတ်ဘဲ ဘုရားတရားကို အသုံးချသလိုမျိုး ဖြစ်စေတတ်ပါတယ်။ စေတနာ မမှန်ရင် အကျိုးပေးလည်း မမှန်ဘဲ ဖြစ်တတ်တဲ့အတွက် အဓိဋ္ဌာန်ဝင်တာ ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် စိတ်အကြံ မှန်ဖို့လည်း သတိပြုကြရမှာ ဖြစ်ပါတယ်။

မျှော်လင့်ချက် မမှာဘဲ ကိုယ့်ကိုယ်ကို ကုသိုလ်တရားတွေ လုပ်ဖြစ်အောင် သတ်မှတ်ချက် အနေနဲ့ အဓိဋ္ဌာန်ဝင်တဲ့ စိတ်စေတနာမျိုးနဲ့ ကုသိုလ်ကောင်းမှုကို ပုံမှန်လုပ်ဖြစ်နေတယ်ဆိုရင်တော့ ကံတရားရဲ့ အကျိုးသက်ရောက်မှုဟာ ကိုယ်ကမမျှော်လင့်လည်း ကံကသူ့အလုပ် သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ကိုယ့်အတွက်ကတော့ စိတ်စေတနာ မှန်မှန်နဲ့ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့ပဲ အရေးကြီးပါတယ်။ တိပိဋက ယောဆရာတော်ရဲ့  စကားနဲ့ ပြောရရင် “အကုသိုလ် အလုပ်ကို ကိုယ်ကလုပ်မိရင် အဲဒီတာဝန်ကို ကိုယ်ကိုယ်တိုင်ပဲ ယူရမှာ ဖြစ်ပေမယ့် ကုသိုလ်အလုပ်ကို ကိုယ်ကလုပ်ဖြစ်ရင်တော့ ကုသိုလ်က ကိုယ့်ကိုတာဝန်ယူသွားမယ်” ဆိုတဲ့ အချက်ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့  ကံတရားက ကိုယ့်ကို သတ်မှတ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာက တစ်ချို့ ဗုဒ္ဓဘာသာဝင်တွေဟာ အဓိဋ္ဌာန်၊ အဓိဋ္ဌာန်ဆိုပြီး ဟိုအော်ဒီအော်အော်ကာ ဟိုလုပ်ဒီလုပ် လုပ်နေကြပေမယ့် အဓိဋ္ဌာန်နဲ့ စိတ်အကြံက တခြားစီဖြစ်နေတဲ့အတွက် လုပ်ပေမယ့် အကျိုးသက်ရောက်မှု နည်းနေပြီး စေတနာ သဒ္ဓါတရားဟာ ဘုရားတရားအပေါ်မှာ တစ်လွဲတွေ ဖြစ်နေတတ်တဲ့အတွက် ဒီလိုအသုံးချ အဓိဋ္ဌာန်ပုံစံမျိုး မဖြစ်အောင် ကိုယ့်စိတ်စေတနာကို မှန်ကန်အောင် ကြိုးစားပြင်ဆင်သင့်ကြောင်း၊ ပုထုဇဉ်တွေ အနေနဲ့ ဘာဖြစ်ချင်လို့ ဘာရချင်ဆိုတဲ့ စေတနာရည်ရွယ်ချက်နဲ့ အဓိဋ္ဌာန်ဝင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ကုသိုလ်ကောင်းမှုတွေကို ပုံမှန်ဆိုရင် မလုပ်ဖြစ်တာ များနေတဲ့အတွက် သီးသန့်အချိန်ယူကာ ပြုလုပ်လိုတဲ့ စိတ်စေတနာကို အခြေခံပြီး သတ်မှတ်ချက်အနေနဲ့ ပြုလုပ်တဲ့ အဓိဋ္ဌာန်မျိုးပဲ ဖြစ်သင့်ကြောင်း၊ အဲဒီလို စိတ်စေတနာ မှန်မှန်နဲ့ ပြုလုပ်တဲ့ အဓိဋ္ဌာန်မျိုးဆိုရင်တော့ အမြဲတမ်း အဓိဋ္ဌာန်ဝင်နိုင်အောင် ကြိုးစားပြီး ဒီအကျိုးရလာဘ်ဟာလည်း ကံတရားက သူ့အလုပ်သူ လုပ်သွားမှာ ဖြစ်တဲ့အတွက် ကိုယ့်အနေနဲ့ကတော့ ဘုရားတရားသံဃာနဲ့ ကံကံရဲ့အကျိုးကို သက်ဝင်ယုံကြည်တဲ့ စိတ်စေတနာနဲ့သာ အဓိဋ္ဌာန်ဝင်သင့်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတဲ့ အလွဲတွေထဲမှာ အဓိဋ္ဌာန်ကို လွဲမှားတဲ့ စိတ်စေတနာနဲ့ အသုံးချ အဓိဋ္ဌာန်အဖြစ်လုပ်နေတာ၊ ဘုရားတရားတွေကို ဒုက္ခရောက်မှသာ အသုံးချတတ်တဲ့ လွဲမှားတဲ့ ယုံကြည်မှု အဖြစ် လုပ်ဆောင်နေကြတဲ့ လုပ်ရပ်တွေဟာ ပြင်ဆင်သင့်တဲ့ အလွဲလေးတွေအဖြစ် ရှိနေတတ်တဲ့အတွက် ဒီလိုအလွဲလေးတွေကို သတိပြုဆင်ခြင်ကာ မှန်ကန်တဲ့အမြင်နဲ့ အမှန်လမ်းကို လျှောက်လှမ်းနိုင်ကြစေဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အဓိဋ္ဌာန်နဲ့ စိတ်အကြံအကြောင်း တစေ့တစောင်း တင်ပြလိုက်ရပါတယ်။ 

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၆)


လူပုဂ္ဂိုလ်များနဲ့ ပဋ္ဌာန်းဒေသနာတော်
တစ်လောက တရားပွဲတစ်ခုမှာ တရားပွဲပြီးတော့ ဒကာလေးတစ်ယောက်က အမေးတစ်ခု မေးလျှောက်လာပါတယ်။ သူက “အရှင်ဘုရား တပည့်တော် သိတဲ့သူ တစ်ချို့က တပည့်တော် ပဋ္ဌာန်းရွတ်တာနဲ့ ပတ်သက်ပြီး လူတွေအနေနဲ့ ကိုယ့်အိမ်တွေဆိုင်တွေမှာ ပဋ္ဌာန်းမရွတ်ကောင်းကြောင်း၊ ပဋ္ဌာန်းရွတ်ရင် အစောင့်နတ်တွေက မနေနိုင်ကြဘဲ ဖြစ်တဲ့အပြင် ကိုယ့်ကိုလည်း သူတို့က မစောင့်ရှောက်နိုင်ကြောင်း၊ ပဋ္ဌာန်းက အရမ်းမြင့်တဲ့အတွက် ပဋ္ဌာန်းဒေသနာတော်ကြောင့် နိမ့်ကျတဲ့သတ္တဝါတွေမှာ ဒုက္ခဖြစ်တတ်ကြောင်း ပြောဆိုကြပါတယ်ဘုရား၊ တပည့်တော်ကတော့ အဲဒီအယူအဆအပေါ်မှာ ယုံကြည်မှုမရှိတဲ့အတွက် ရွတ်မြဲအတိုင်း ရွတ်ပါတယ်၊ ဒါပေမယ့် တစ်ချို့မသိတဲ့သူတွေက ဟုတ်များဟုတ်လေမလားဆိုတဲ့ သံသယတွေ ဝင်သွားတတ်ကြပါတယ်ဘုရား၊ အဲဒါ သူတို့ပြောသလို ပဋ္ဌာန်းဒေသနာတော်ဟာ တကယ်ပဲ အိမ်တွေဆိုင်တွေမှာ မရွတ်သင့်ဘူးလားဘုရား၊ ရွတ်ရင် တကယ်ပဲ နတ်တွေက မနေနိုင်ဖြစ်ကြပါသလားဘုရား” စသဖြင့် လျှောက်ထားလာပါတယ်။ “အဲဒီအယူအဆဟာ မဟုတ်ပါဘူး၊ ဘာမှလည်း အခြေအမြစ် မရှိတဲ့အပြင် ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်ရင် ဒါဟာ အတော့်ကိုလွဲနေတဲ့ ကိစ္စပဲ”လို့ သူ့အမေးကို အဖြေပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် စာတစ်ပုဒ် ရေးထုတ်ဖြစ်ခဲ့ပါတယ်။

ဟုတ်တယ်။ ဒီပဋ္ဌာန်းဒေသနာ ရွတ်ဖတ်တာနဲ့ ပတ်သက်ပြီး တစ်ချို့လူတွေမှာ အဲလို အယူအဆတွေ ရှိနေတာကို ဘုန်းဘုန်းကိုယ်တိုင်လည်း ကြုံဖူး၊ ဟောဖူးပါတယ်။ သူတို့က ပဋ္ဌာန်းဒေသနာတော်ဟာ အလွန်မြင့်မြတ်တဲ့အတွက် ရဟန်းသံဃာတော်များ၊ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်များနဲ့ပဲ သက်ဆိုင်တယ်၊ အပ်စပ်တယ်လို့ ထင်မြင်နေပြီး သာမာန်လူတွေအတွက် ပဋ္ဌာန်းဒေသနာတော်ဟာ အရမ်းမြင့်ပြီး မတန်မရာ ဆိုရင် အန္တရာယ်တောင် ဖြစ်စေနိုင်တယ်လို့ ထင်မြင်ယူဆနေတဲ့ သဘောရှိပါတယ်။ ပဋ္ဌာန်းဒေသနာတော်ကြောင့် အန္တရာယ် မကင်းတဲ့အပြင် နတ်တွေတောင် မနေနိုင်တဲ့အတွက် အခန့်မသင့်ရင် ကိုယ့်ကိုခိုက်တောင် ခိုက်စေနိုင်တယ်လို့ ထင်နေတတ်တဲ့ သဘောရှိပါတယ်။

မှားလေစွလို့တောင် ပြောရမလို ဖြစ်နေပါပြီ။ သူတို့ထင်လိုက်မှပဲ ဘုရားရှင်ရဲ့ ဓမ္မဒေသနာတော်ဟာ သတ္တဝါတွေ အတွက် ထိခိုက်စေတဲ့အဆင့်တောင် ဖြစ်ကုန်တော့တာပဲ ဖြစ်ပါတယ်။ သူတို့ထင်လိုက်မှပဲ သတ္တဝါတွေ အကျိုးအတွက် မနေမနား ဟောကြားတော်မူခဲ့တဲ့ ဗုဒ္ဓရဲ့ ဒေသနာတော်တွေဟာ အကျိုးမပြုတဲ့သဘော သက်ရောက်သွားသလို ဖြစ်နေပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တော်တိုင် ဒီပဋ္ဌာန်း ဒေသနာတော်ကို ဆင်ခြင်တော်မူတဲ့ အခါမှာ ကိုယ်တော်မြတ်ရဲ့ ခန္ဓာကိုယ်မှာ ရောင်ခြည်တော်တွေ ကွန့်မြူးလာတာ၊ ဝါတော် (၇)ဝါမြောက်မှာ တာဝတိံသာ နတ်ပြည်ကို ကြွရောက်တော်မူပြီး နတ်ပြည်လောကသားတွေ နာကြားနိုင်ဖို့ ဟောကြားတော်မူခဲ့တာတွေဟာ အခုလို ဘာမှမသိတဲ့သူတွေရဲ့ အထင်အမြင် အယူအဆတွေကြောင့် နတ်တွေပဲ မနေနိုင်သလိုလို၊ လူကိုပဲ ထိခိုက်စေသလို လွဲကုန်တော့တာ ဖြစ်ပါတယ်။

အမှန်တော့ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့အပြင် ရွတ်သူကိုရော၊ နာသူတွေကိုပါ အကောင်းဆုံး အကျိုးတရားတွေကို ဖြစ်စေတာ အသေအချာပဲ ဖြစ်ပါတယ်။ ပဋ္ဌာန်းဒေသနာတော်ဟာ ရွတ်ဖတ်သူတွေကို လက်တွေ့ဘဝမှာ ရုပ်အဆင်းအင်္ဂါ ကြည်လင်စေလာသလို၊ နတ်ကောင်းနတ်မြတ်တွေရဲ့ ချစ်ခင်မှု၊ စောင့်ရှောက်မှု၊ အများတကာရဲ့  မြတ်နိုးမှုတွေကို ဖြစ်စေတတ်တဲ့အပြင် ပဋ္ဌာန်းကြောင့် နတ်တွေ မနေနိုင် ဖြစ်ရတယ်ဆိုရင်လည်း အဲဒီ နတ်တွေဟာ မကောင်းတဲ့၊ ကိုယ့်ကို ဒုက္ခပေးမယ့် နတ်တွေပဲ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတော်ကောင်းတရားကို သူတော်ကောင်းနတ်တွေကပဲ ချစ်မြတ်နိုးတတ်တာ ဖြစ်တဲ့အတွက် နတ်သူတော်တွေချစ်ခင်ပြီး မကောင်းတဲ့ နတ်တွေ လွင့်စင်စေတာဟာ ပဋ္ဌာန်းဒေသနာတော်ရဲ့ အစွမ်းအာနိသင်ပဲ ဖြစ်ပါတယ်။ ဒီလို ပဋ္ဌာန်းရွတ်လို့ မကောင်းတဲ့ နတ်တွေပျောက်သွားတာဟာ လက်တွေ့ကျတဲ့ သဘောပဲ ဖြစ်တဲ့အတွက် ပဋ္ဌာန်းကြောင့် ဘာဖြစ်တယ်၊ ဘာပျောက်တယ်၊ ဘာထိခိုက်တယ်ဆိုတာ မလိုချင်သူတွေ၊ မကောင်းတဲ့ နတ်တွေရှိနေတာကိုပဲ အလိုရှိနေသူတွေဆိုရင်တော့ ပဋ္ဌာန်းဒေသနာတော်ကို မရွတ်ချင်လည်း နေလို့ရတာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ ဘဝတည်ဆောက်မှုဟာ ယုံကြည်မှု သဒ္ဓါတရားကို ပညာနဲ့ယှဉ်ပြီး တည်ဆောက်ကြရတာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့လုပ်ဆောင်မှုတွေကို ကိုယ်ကိုယ်တိုင်ပဲ ဖြစ်သင့်သလား၊ မဖြစ်သင့်ဘူးလား စဉ်းစားဆင်ခြင်ကြရမှာ ဖြစ်ပါတယ်။

ပြီးတော့ မြတ်စွာဘုရားရှင်ရဲ့  ပဋ္ဌာန်းဒေသနာတော်ဟာ ဘယ်သူ့အတွက်ပဲ ရည်ရွယ်ပြီးဟောထားတာ၊ ဘယ်သူမှပဲ ရွတ်ဆိုပူဇော်နိုင်တာဆိုတဲ့ သတ်မှတ်ချက်နဲ့ ဟောကြားထားတာ မဟုတ်ပါဘူး။ ဝေနေယျအများအတွက်၊ ကျွတ်ထိုက်တဲ့သူတွေအတွက် ဟောကြားထားတာ ဖြစ်တဲ့အတွက် ဘယ်သူပဲရွတ်ရွတ်၊ ဘယ်သူပဲနာနာ၊ ဘယ်လိုနေရာမှာပဲရွတ်ရွတ်၊ ဘယ်လိုအချိန်မျိုးပဲ ရွတ်ရွတ် အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်ပါတယ်။ အဓိကတော့ ရွတ်ဖတ်သူရဲ့ စိတ်စေတနာနဲ့ နားကြားသူရဲ့ သဒ္ဓါတရား အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။ ဘယ်သူမဆို စစ်မှန်တဲ့သဒ္ဓါတရားနဲ့ ရွတ်ဆိုနိုင်မယ်ဆိုရင် ရွတ်နိုင်တာနဲ့အမျှ အကျိုးတရားကောင်းတွေ ရရှိနေမှာ ဖြစ်ပါတယ်။ ဘာဖြစ်ချင်လို့ ဘာရချင်လို့ စတဲ့ မျှော်လင့်ချက်နဲ့ ရွတ်ဆိုတဲ့ ပုံစံမျိုးမဟုတ်ဘဲ ဘုရားရှင်ကို ပူဇော်တဲ့အနေနဲ့ တရားတော်ကို ပူဇော်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကို အကုသိုလ်အဖြစ် နည်းစေဖို့နဲ့ ကုသိုလ်တရား တိုးပွားစေဖို့ စတဲ့ သဒ္ဓါတရား အခြေခံထားပြီး ရွတ်ဆိုနိုင်မယ်ဆိုရင် ကံတရားဟာ သူ့အလုပ်သူလုပ်သွားမှာပဲ ဖြစ်ပါတယ်။ အကျိုးပေးမှာက ကံရဲ့အလုပ်ဖြစ်ပြီး လက်တွေ့ကျင့်ကြံ အားထုတ်ရမှာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက် ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လူတွေအနေနဲ့ ကိုယ့်နေရာ၊ ကိုယ့်ဝန်းကျင်မှာ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုပူဇော်တဲ့အခါမှာ မရွတ်ကောင်းဘူး၊ ဘာဖြစ်တတ်တယ်၊ ညာဖြစ်တတ်တဲ့ဆိုတဲ့ အယူအဆတွေဟာ ဘုရားဟောထားတဲ့ အယူအဆတွေ မဟုတ်သလို လက်တွေ့မှာလည်းပဲ အဓိပ္ဗါယ်မရှိတဲ့ လွဲမှားနေတဲ့ အယူအဆတွေ ဖြစ်တဲ့အတွက် ဒီလို အယူအဆတွေကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး သံသယဖြစ်နေသူတွေ အနေနဲ့  ဘာသံသယမှ မရှိဘဲ ကိုယ့်ယုံကြည်မှု သဒ္ဓါတရားနဲ့အညီ ကိုယ်ရွတ်ဆိုပူဇော်နေကျ အတိုင်းပဲ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုကို ပြုလုပ်ဖို့နဲ့ ရွတ်ဖတ်တဲ့အခါမှာလည်း စေတနာ၊ သဒ္ဓါတရားကို အခြေခံကာ ဝေနေယျအများ ကျန်းမာစေကြောင်း မေတ္တာလောင်းပြီး  ရွတ်ပူဇော်သမျှ ကုသိုလ်အဖို့ကိုပါ အမျှအတမ်း ပေဝေးကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ပဋ္ဌာန်းရွတ်ခြင်းအားဖြင့် ဘယ်သူ့ကိုမှလည်း ထိခိုက်မှု မဖြစ်နိုင်သလို ကိုယ့်သန္တာန်မှာလည်း ကုသိုလ်တရား တိုးစေနိုင်တာ ဖြစ်တဲ့အတွက် ဘယ်သူတွေဘာပြောပြော ကိုယ့်စေတနာအတိုင်းသာ ရွတ်မြဲရွတ်ကြဖို့ အသိပေး တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်မှုနဲ့ ပတ်သက်ပြီး ဟိုစကားဒီစကားကြောင့် သို့လောသို့လော သံသယပွားနေသူများ အနေနဲ့ ဘာမှသံသယ ပွားနေစရာမလိုဘဲ ကိုယ်လိုသလို ရွတ်ဆိုပူဇော်နိုင်တာ ဖြစ်တဲ့အတွက် ကိုယ့်အတိုင်းအတာနဲ့ကိုယ် သဒ္ဓါ၊ စေတနာအပြည့်နဲ့ ကြိုးစားရွတ်ဆိုကြဖို့နဲ့ ဒီပဋ္ဌာန်းကို အိမ်မှာလူပုဂ္ဂိုလ်တွေ အနေနဲ့ မရွတ်ကောင်းဘူးလို့ ထင်နေကြသူတွေ အနေနဲ့လည်း ဒီအယူအဆဟာ ဘုရားဟော မဟုတ်သလို အဓိပ္ဗါယ်မရှိတဲ့ အယူအဆပဲ ဖြစ်တဲ့အတွက် ဒီလိုအယူအဆလွဲကို အမြန်ဆုံး ပြင်ဆင်လိုက်ကြဖို့ အသိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၅)

 ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲ

မြန်မာပြည်အနှံ့ နယ်လှည့်တရားပွဲတွေ ကြွတဲ့အခါ တစ်ချို့ဒေသက တရားပွဲ ဦးဆောင်ဒကာဒကာမတွေက သူတို့ကြုံတွေ့ဖူးတဲ့ ဒကာဒကာမ တစ်ချို့အကြောင်းကို လျှောက်ထားကြပါတယ်။ သူတို့က “အရှင်ဘုရား တပည့်တော်တို့အရပ်မှာ တစ်ချို့က တပည့်တော်တို့ တရားပွဲသွားဖိတ်တဲ့အခါ တို့က ဘယ်ဆရာတော် တရားမှ နာလို့ရတာ၊ ဘယ်ဆရာတော်တရားဆို နာလို့မရဘူး၊ ဝိပဿနာ တရားမှ နာလို့ရတယ်၊ သုတ္တန်တရားဆို ပေါ့လွန်းလို့ နာလို့ကို မရဘူးဆိုပြီး တရားနာဖို့ကို ငြင်းပယ်တတ်ကြပါတယ်ဘုရား၊ တရားဆိုတာ ဘယ်တရားမှ နာကောင်းတယ်၊ ဘယ်တရားတော့ မနာကောင်းဘူးဆိုတာ ရှိလို့လားဘုရား၊ ဘုရားတရားတွေကို စာပေနဲ့အညီ ဟောတော်မူနေတဲ့ ဆရာတော်တွေဆိုရင် ဘယ်ဆရာတော်မှ၊ ဘယ်ပုဂ္ဂိုလ်မှ ဆိုတာတွေ ရှိလို့လားဘုရား” စသဖြင့် မေးလျှောက်တတ်ကြပါတယ်။ သူတို့အမေးကို ဘုန်းဘုန်းက “ဟုတ်ပါ့၊ အဲဒီလို ပုဂ္ဂိုလ်စွဲနဲ့ ဒါမှဒါဆိုတဲ့ အကျင့်လွဲတွေကြောင့် တစ်ချို့ပုဂ္ဂိုလ်တွေဟာ ဘာတရားမှ မရဘဲ လောကနဲ့ပါ အန်ဝင်ဂွင်ကျ မဖြစ်ဘဲ ကိုးလို့ကန့်လန့် ဖြစ်ကုန်ကြတာပေါ့” စသဖြင့် နိဒါန်းချီပြီး တရားစကား ပြောဖြစ်ခဲ့ပါသေးတယ်။ ဒီလို အသံတွေကြောင့်လည်း လွဲနေတတ်တဲ့ အလွဲလေးတွေအပေါ် မီးမောင်းထိုးပြစရာ ဖြစ်လာရတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ မြန်မာပြည် နေရာဒေသ အတော်များများမှာ အဲဒီလို အစွဲအားကြီးတဲ့သူတွေ၊ အလွဲအားကြီးတဲ့ သူတွေကို မကြာခဏ ကြုံဖူးတတ်ပါတယ်။ တစ်ချို့ဆိုရင် တရားတော်တွေကို တော်တော်လေးလည်း နားထားကြသလို၊ တော်တော်လေးလည်း အားထုတ်ထားတဲ့သူတွေ ပါနေတာကို တွေ့ရတတ်ပါတယ်။ ခက်တာက ဒီလောက်တရားလည်းနာ တရားလည်း အားထုတ်ထားတာတောင်မှ အစွဲမပြုတ်ဘဲ အလွဲလုပ်နေတယ်ဆိုတော့ သေချာတယ် ဒါဟာ တစ်ခုခုတော့ လွဲနေလို့ပဲ ဖြစ်ပါလိမ့်မယ်။ တရားအလုပ်ဆိုတာက စစ်မှန်တဲ့ နည်းစနစ်နဲ့ စနစ်တကျ ကြိုးစားအားထုတ်မယ်ဆိုရင် မှန်ကန်တဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အသေအချာ ဖြစ်ပေမယ့် အဲလိုဖြစ်မလာဘဲ ဘယ်ပုဂ္ဂိုလ်ဟောမှ၊ ဘယ်လိုတရားမျိုးမှ ဆိုတာတွေ ဖြစ်လာတာဆိုရင်တော့ မဟုတ်မှလွဲရော သဒ္ဓါနဲ့ ပညာချိန်ခွင်လျာ မညီမညွတ်ဖြစ်နေတဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။

တစ်ခါတလေ ပုထုဇဉ်တွေမှာ ဖြစ်တတ်တာက အဲဒီ ယုံကြည်မှု သဒ္ဓါတရားကို ဆင်ခြင်သုံးသပ်မှု ပညာတရားနဲ့ မတွဲမိတဲ့အတွက် အလွဲဖြစ်ကုန်တာမျိုးတွေပဲ ဖြစ်ပါတယ်။ အစကတော့ ကြည်ညိုမှု သက်သက်ပါပဲ။ နောက်တော့ အဲဒီသဒ္ဓါတရားက ပညာအားနည်းလာပြီး သဒ္ဓါကနေ တဏှာအဖြစ်ကို ရောက်ကုန်ကာ ဘယ်ပုဂ္ဂိုလ်မှ၊ ဘယ်လိုတရားမျိုးမှ၊ ဘယ်နည်းစနစ်မှ ဆိုတာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ သတ္တဝါတွေရဲ့ သဘောကလည်း စွဲမိပြီဆိုရင် အသက်အသေခံပြီး စွဲမိတတ်တာဆိုတော့ ရုန်းမထွက်နိုင်အောင်ကို ဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမြင်တာမျိုး၊ သူဝေနေယျနဲ့သူမှ ကျွတ်တမ်းဝင်တတ်တဲ့ သဘောမျိုး ရှိတတ်ပေမယ့် ပုဂ္ဂိုလ်ကို သိပ်ခင်သွားတဲ့အခါ တရားလည်းမမြင် ကျွတ်တမ်းလည်း မဝင်ဘဲ အလွဲဖြစ်ကုန်တဲ့ သဘောမျိုးပါ ရှိလာတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုးကွယ်မှုအပိုင်းမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့တွဲပြီး ညီမျှအောင် ကြိုးစားမှ အလွဲတွေနည်းစေကြောင်း ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ ဘုရားဟောတရားတော်တွေ မှန်သမျှ ကောင်းစွာဟောကြားထားတဲ့ သွာက္ခတာ ဂုဏ်တော်တွေနဲ့ ပြည့်စုံနေတာတွေပဲ ဖြစ်တဲ့အတွက် ဘယ်တရားတော်ကတော့ ပေါ့တယ်၊ ဘယ်တရားတော်ကတော့ အနှစ်ရှိတယ်စတဲ့ သဘောမျိုးတွေ မရှိပါဘူး။ သေသေချာချာ သဒ္ဓါတရားနဲ့ နားကြားမယ်ဆိုရင် တရားတိုင်းမှာ အနှစ်သာရဆိုတာ ပါပြီးသားပဲ ဖြစ်ပါတယ်။ ဒီတရားတော်တွေကို ဘုရားဟောက သွေဖယ်ပြီးမဟောဘဲ အရှိအတိုင်း ပြန်ဟောတဲ့ တရားဟော ဆရာတော်တွေဆိုရင်လည်း ဘယ်ဆရာတော်ဟောမှ၊ ဘယ်ပုဂ္ဂိုလ်ဟောမှ ဆိုတာတွေ မရှိဘဲ တရားတော်အပေါ်မှာ နားတော်လေးစိုက်ပြီး နားကြားလိုက်မယ်ဆိုရင် တစ်လုံးတစ်ပါဒ အသိတစ်ခုခုကတော့ ရသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကိုယ်စွဲထားတဲ့ ပုဂ္ဂိုလ်၊ ကိုယ်စွဲထားတဲ့ တရား၊ ကိုယ်စွဲထားနဲ့ နည်းတွေကို ရှေ့တန်းတင်ထားမယ်ဆိုရင်တော့ အဲဒီအစွဲတွေရဲ့နောက်မှာ အလွဲတွေက ရောက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အဓိကကတော့ နှလုံးသွင်းမှန်ကန်ဖို့က အဓိကပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တရားအလုပ်ကို သဒ္ဓါတရားအပြည့်၊ စေတနာတရားဖြည့်ပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့သာ လုပ်ထားကြမယ်ဆိုရင် ပုဂ္ဂိုလ်စွဲ၊ တရားစွဲ၊ နည်းစွဲဆိုတာမျိုး ရှိကိုရှိလာနိုင်စရာ အကြောင်းမရှိပါဘူး။ တရားအလုပ်ဟာ စနစ်သာ မှန်မယ်ဆိုရင် များများလုပ်ထားလေ၊ များများ သဒ္ဓါတရားတိုးလေ ဖြစ်ပြီး ဘုရား၊ တရား၊ သံဃာနဲ့ ကံကံရဲ့ အကျိုးတရားတွေ အပေါ်မှာရှိနေတဲ့ သံသယတွေ၊ အစွဲတွေဟာလည်း ပိုပိုပြီး နည်းလာတတ်တာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ဝိနည်းတရားတွေနာလည်း သူ့အတွက်ကတော့ သဒ္ဓါတိုးပြီး ကုသိုလ်ဖြစ်နေမှာ ဖြစ်သလို၊ သုတ္တန်တရားနဲ့ အဘိဓမ္မာတရားတွေနာလည်း ပီတိတရားနဲ့ ကုသိုလ်တရားတွေ တိုးတိုးနေမှာပဲ ဖြစ်ပါတယ်။ ဘယ်ဆရာတော်၊ ဘယ်ပုဂ္ဂိုလ်ဆိုတာတွေ မရှိတော့ဘဲ တရားရဲ့ အနှစ်ကိုပဲ ရအောင် နာယူသွားနေမှာပဲ ဖြစ်ပါတယ်။ တရားတော်ရဲ့ လက်တွေ့အကျိုးတွေမှာ တကယ်သာ နာယူကျင့်ကြံထားမယ်ဆိုရင် ဘုရားဆိုတဲ့အသံ၊ တရားဆိုတဲ့အသံ၊ သံဃာဆိုတဲ့ အသံလေးတွေကို ကြားလိုက်ရတာနဲ့တင် သူ့အတွက်ကတော့ သဒ္ဓါတရားတိုးပြီး ကုသိုလ်တွေ ရနေတော့တာပဲ ဖြစ်ပါတယ်။ အဲလို မဟုတ်ဘဲ ပုဂ္ဂိုလ်နဲ့ သံဃာမကွဲဘဲ ပုဂ္ဂိုလ်ကိုစွဲတာတွေ၊ အကျင့်မှန်နဲ့ စနစ်မှန်ကို မသိဘဲ တစ်ယူသန်တွေ တွဲနေတာတွေ ရှိလာမယ်ဆိုရင်တော့ ပုဂ္ဂိုလ်လည်းစွဲ၊ အကျင့်လည်း လွဲလာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဘယ်ဆရာတော်ဟောတာ မဟုတ်ရင်၊ ဘယ်လိုတရားမျိုးမှ မဟုတ်ရင် မနာဘူး၊ ဘယ်နည်း မဟုတ်ရင်၊ ဘယ်စနစ် မဟုတ်ရင် အားမထုတ်ဘူးလို့ ဆိုလာတတ်သူတွေဟာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေကို မစွန့်လွတ်နိုင်ဘဲ ယုံကြည်မှုနောက်မှာ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်တွေမရောက်ကြလို့ပဲလို့ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ တရားတော်ရဲ့ အနှစ်သာရကို မမြင်ဘဲ ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်အပေါ်မှာ တဏှာရောက်သွားကြလို့ပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သဒ္ဓါနဲ့ ပညာကို ညီမျှစေမယ့် သတိတရား မရှိကြလို့ပဲလို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ပုဂ္ဂိုလ်စွဲနဲ့ အကျင့်လွဲတွေအပေါ်မှာ ရုန်းမထွက်နိုင်ဘဲ စွဲပြီးရင်းစွဲနေကြတဲ့၊ တရားနာ၊ တရားအားထုတ်ပြီး သဒ္ဓါတရားမတိုးဘဲ ဖြစ်နေကြတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလွဲဟာလည်း သံသရာနဲ့ချီပြီး ကြောက်စရာကောင်းတဲ့ အလွဲမျိုး ဖြစ်နေတတ်တဲ့အတွက် အဲဒီလို အလွဲမျိုးမဖြစ်ရအောင် တရားနာတဲ့အခါ အနှစ်သာရကို ရအောင်နာ၊ တရားအားထုတ်တဲ့အခါ စစ်မှန်ပြီး အကျိုးသက်ရောက်မှုရှိတဲ့ အကျင့်ကို ရောက်အောင်အားထုတ်ပြီး ပုဂ္ဂိုလ်ရဲ့ အသွင်အပြင်နဲ့ တီထွင်တဲ့ ကျင့်စဉ်တွေမှာ ဒါမှဒါဆိုတဲ့ အစွဲမျိုးမဖြစ်အောင်သာ ကိုယ့်ကိုယ်ကို သတိပြုဆင်ကာ ယုံကြည်မှု သဒ္ဓါတရားကို အကြောင်းအကျိုး ဆင်ခြင်တတ်တဲ့ ပညာတရားနဲ့ပေါင်းစပ်လို့ ကောက်မြတ်တဲ့ ညီမျှခြင်းတွေနဲ့ ညီမျှအောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၄)

ဝါတွင်းကာလနဲ့ အိမ်ပြောင်းအိမ်ရွေ့
ဒကာတစ်ယောက်က “အရှင်ဘုရား ဝါဆိုချိန်နီးလာပြီဆိုတော့ မြန်မာလူမျိုးများရဲ့ ဝါတွင်းကာလမှ အိမ်မပြောင်းရ၊ အိမ်မရွေ့ရစတဲ့ အယူအဆတွေကြောင့် ဝါမဆိုခင်ကတည်း ဒီကိစ္စအတွက် အပြီးလုပ်နေကြတာကို တွေ့ရပါတယ်၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘုရားဟောထားတာ ရှိသလား၊ ဒီအယူအဆတွေကို လိုက်ပြီးလုပ်သင့်သလား၊ မလုပ်သင့်ဘူးလား စသဖြင့် ဆောင်ရန်ရှောင်ရန်တွေကို သိလိုပါတယ်ဘုရား” စသဖြင့် မေးလျှောက်ဖူးလို့ ပြန်ပြီးဖြေပေးဖူးပါတယ်။ ဟုတ်ပါတယ်။ အဲဒီဒကာမေးလျှောက်သလိုပဲ မြန်မာနိုင်ငံမှာ ဝါတွင်းကာလနဲ့ ပတ်သက်တဲ့ အရိုးစွဲနေတဲ့ အမှားတွေ အများကြီးရှိပါတယ်။ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ အယူအဆ အမှားတွေဟာ ကြာတော့ဘုရားပဲ ဟောသလိုလို၊ ကျမ်းဂန်တွေမှာပဲ ပါသလိုလို ဖြစ်ကုန်တာတွေ အများကြီးပါပဲ။ ဒီအများကြီးတွေထဲက မေးခွန်းရှင်မေးထားသလို၊ ဝါတွင်းကာလ အိမ်မပြောင်းရ၊ အိမ်မရွေ့ရ၊ အိမ်မဆောက်ရ စတာတွေလည်းရှိသလို ဝါတွင်းကာလ အိမ်ထောင်မပြုရ ဆိုတာတွေတောင် ပါနေပါသေးတယ်။ ဒီအယူအဆတွေဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ပြောင်းရင်၊ အိမ်ရွှေ့ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ လောကဓာတ်ဆရာတွေရဲ့ ဟောပြောမှုတွေကြောင့် အခုနောက်ပိုင်းမှာ လူအတော်များများက ရက်ကောင်းရက်မြတ်ရွေးတာတို့၊ ဝါမဆိုခင်၊ ဒါမှမဟုတ် ဝါကျွတ်ပြီးမှ လုပ်တာတို့ စတာတွေ ဖြစ်လာကြတာ ဖြစ်နိုင်ပါတယ်။ ရှေးတုန်းကတော့ ရာသီဥတု အနေအထားအရ ဝါတွင်းဆိုတာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင် ပိုပြီးဒုက္ခများနိုင်တဲ့အတွက် ချောက်ချောက်သွေ့သွေ့ဖြစ်တဲ့ မိုးမကျခင်ကာလ ဒါမှမဟုတ် မိုးရာသီပြီးမှ လုပ်ကြတဲ့ အစဉ်အလာတွေ ရှိကြပါတယ်။ ဒါက ရာသီဥတု အခြေအနေကြောင့် ဖြစ်ပါတယ်။ ခုနောက်ပိုင်းတော့ ဗေဒင်ဆရာ၊ ယတြာဆရာ၊ နက္ခတ္တဆရာ စတဲ့လောကဓာတ် ဆရာတွေရဲ့ အာဘော်တွေ၊ ဒီလောကဓာတ် ဆရာတွေရဲ့ အယူအဆကို ယုံကြည်သူတွေကြောင့် ဝါတွင်းကာလ အိမ်မပြောင်းကောင်းတာတို့၊ အိမ်မရွှေ့ကောင်းတာတို့၊ အိမ်မဆောက်ကောင်းတာတို့၊ အိမ်ထောင် မပြုကောင်းတာတို့ စတာတွေ ဖြစ်လာတာ ဖြစ်နိုင်ပါတယ်။ ဒီလိုခေတ်စားလာတာတွေဟာ ဘုရားဟောမှာပါလို့ လုပ်ကြတာတော့ မဟုတ်ကြပါဘူး။

ဗုဒ္ဓစာပေတွေမှာတော့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်ပြီး ဘယ်အချိန်မှာ မလုပ်ကောင်းဘူး၊ ဘယ်အချိန်မှာ လုပ်ရမယ် စသဖြင့် ဟောထားတာ မရှိပါဘူး။ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး။ ဒီလို နည်းတွေကိုလည်း ဘုရားမြတ်စွာက အားမပေးပါဘူး။ အဲ နက္ခတ်၊ မင်္ဂလာ စတဲ့အယူအဆတွေ သိပ်ပြင်းပြနေတယ်ဆိုရင်တော့ ကောင်းတဲ့အကျင့်ကို များများကျင့်ကြဖို့ပဲ မိန့်တော်မူပါတယ်။ ဒီစကားတော်ကို ပရိတ်ကြီး၊ ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က အထင်းအရှား ဖြစ်စေပါတယ်။ အဲဒီသုတ်တော်မှာ ဘုရားရှင်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်၊ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အိပ်ရာထခြင်း ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါ ဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော ပူဇော်ခြင်း ဖြစ်ပါတယ်” လို့ ဟောကြားတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

နောက် အိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော် မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ၊ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ်။ ဒီသုတ်တော်မှာ ဘုရားရှင်က “ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏၊ ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေရာ၏၊ ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏၊ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏၊ ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသောသူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာ တွေ့မြင်ရလေ၏” လို့ ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။ ဒီစကားတော်အရ အိမ်အသစ်တက်တဲ့အခါ၊ နေရာအသစ် ပြောင်းတဲ့အခါမှာ အိမ်တက်အလှူစတာတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ ဒီလိုအလုပ်မျိုးကတော့ ဘုရားရှင်ရဲ့ တရားတော်နဲ့လည်း ညီညွတ်လှတဲ့အတွက် ကောင်းတဲ့အစဉ်အလာလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘယ်အချိန်၊ ဘယ်ကာလမှာ ဘာမလုပ်ကောင်းဘူး ဆိုတာတွေကတော့ ဘုရားဟောနဲ့ မညီသလို၊ ကိုယ့်ရဲ့ ကံတရားတွေကို မယုံကြည်ကြလို့ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်လို့သာ အခါကာလတွေ ပြောကြကြေးဆိုရင် ဝါးတွင်းဝါပတွေ ရွေးစရာမလိုပါဘူး။ မကောင်းတာလုပ်တဲ့ သူတွေအတွက် အချိန်တိုင်းဟာ မကောင်းတာတွေ ဖြစ်နေမှာဖြစ်ပြီး ကောင်းတာလုပ်တဲ့သူတွေအတွက် အချိန်တိုင်းဟာ အကောင်းတွေပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။ ဘယ်အချိန်အိမ်ပြောင်းပြောင်း ကိုယ်ကမကောင်းဘူးဆိုရင် မကောင်းတာတွေကို တွေ့ကြုံလာရမှာ ဖြစ်ပြီး ကိုယ်ကကောင်းနေမယ်ဆိုရင် ဝါတွင်းမှမဟုတ်ပါဘူး ဘယ်အချိန်ပဲ ဖြစ်ဖြစ် ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဘုရားဟောအရ လုပ်ကြတာမဟုတ်ဘဲ၊ ရှေးရိုးစွဲအယူအဆတွေကြောင့်နဲ့ ခေတ်စားလာတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆတွေကြောင့် မလိုအပ်ဘဲ အယူသည်းလာကြတာ ဖြစ်ကြောင်း၊ ဘုရားဟောအနေနဲ့ကတော့ တကယ်လို့ နက္ခတ်၊ မင်္ဂလာတွေ ရွေးကြကြေးဆိုရင် ကောင်းတဲ့အကျင့်တွေ လုပ်နေခြင်းဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ စတာတွေ ဖြစ်နေကြမှာ ဖြစ်ပြီး မကောင်းတဲ့ အလုပ်တွေ လုပ်နေတဲ့အချိန်ဟာ မကောင်းတဲ့ အတိတ်နိမိတ်တွေ ဖြစ်နေကြမှာ ဖြစ်ကြောင်း မှတ်သားကြရမှာ ဖြစ်ပြီး ဒီလို ဘယ်အချိန်၊ ဘယ်ကာလစတာတွေ ရွေးကြဖို့ထက် ဘယ်လိုမကောင်းမှုကို ဘယ်လိုရှောင်ကြဉ်ကြည့်ကြမယ်၊ ဘယ်လိုကောင်းမှုမျိုးကို ဘယ်လိုရှာပြီး လုပ်ကြမယ် စသဖြင့် ရွေးချယ်ခြင်းကသာ ဗုဒ္ဓအလိုတော်ကျ ဖြစ်ကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများနဲ့ ဗေဒင်နက္ခတ် စတဲ့ လောကဓာတ်ဆရာတွေရဲ့ အယူအဆများသာ ဖြစ်ပြီး ဘုရားဟော အယူအဆ မဟုတ်တဲ့အပြင် ဘုရားဟောနဲ့လည်း မညီတဲ့အလုပ်များ ဖြစ်တဲ့အတွက် ဒီလိုအယူအဆတွေမှာ အာရုံမထားကြဘဲ တကယ်အလေးထားရမှာက မိမိတို့ရဲ့ လုပ်ရပ်များကိုသာ အလေးထားရမှာဖြစ်ကာ ကောင်းတဲ့အလုပ်၊ ကောင်းတဲ့အကျင့်များ လုပ်နေကြတဲ့ အချိန်တိုင်းဟာ ကောင်းတဲ့ ရက်ကောင်းရက်မြတ် အချိန်ကောင်းများပဲ ဖြစ်ပြီး မကောင်းတဲ့ အလုပ်များကို လုပ်နေတဲ့ အချိန်တွေဟာ မကောင်းတဲ့ နက္ခတ်၊ အမင်္ဂလာ အချိန်တွေသာ ဖြစ်တဲ့အတွက် ဝါတွင်းကာလ ဘာမလုပ်ရ၊ ညာမလုပ်ရ စတဲ့ အခြေအမြစ်မရှိတဲ့ အယူအဆတွေ လိုက်နေကြမယ့်အစား ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး ဖြစ်အောင် နေကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အမေးကြည့်၍ အဖြေညှိပေးရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အလွဲပြ၍ အမှန်မျှလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၃)...

ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာ ငါးကမ္ဘာ
ဗုဒ္ဓဘာသာ မြန်မာအများရဲ့ လွဲနေတတ်တဲ့ အလွဲတွေအကြောင်း စာတွေရေးပေးနေတာသိတော့ ဒကာတစ်ယောက်က “အရှင်ဘုရား တပည့်တော်တို့ မြန်မာတွေမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာမှာ အဲဒီလိုပဲ သတ်သေပြီး သေရတယ်ဆိုတာ ဟုတ်ပါသလားဘုရား၊ ဟုတ်တယ်ဆိုရင် တပည့်တော် ဖတ်ဖူးတဲ့ စာအုပ်ထဲမှာ ရဟန်းတစ်ပါးဟာ ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့လှီးပြီး သတ်သေသွားပေမယ့် အဲဒီအခိုက်မှာ ရဟန္တာ ဖြစ်သွားတယ်လို့လည်း ဖတ်ဖူးပါတယ်၊ ရဟန္တာဖြစ်သွားရင် နောင်ဘဝ မရှိတော့ဘူး မဟုတ်လားဘုရား၊ ဒါဆိုရင် ဒီအဖန်ငါးရာ ငါးကမ္ဘာခံရတဲ့ကိစ္စ တပည့်တော် ဘယ်လိုနားလည်ရမလဲ ဘုရား”လို့ မေးဖူးပါတယ်။ ဟုတ်ပါတယ်။ ဒီဒကာပြောမှပဲ ဘုန်းဘုန်းအတွေးထဲမှာ ဒီအဖန်ငါးရာငါးကမ္ဘာ ကိစ္စနဲ့ ပတ်သက်ပြီး လွဲနေတဲ့ မြန်မာတွေရဲ့ အလွဲကို တင်ပြပေးဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကိုယ့်ကိုယ်ကို သတ်သေခြင်းနဲ့ အဖန်ငါးရာငါးကမ္ဘာအကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အခုလို တင်ပြဖြစ်တာ ဖြစ်ပါတယ်။

တကယ်တော့ အဲဒီလို ကိုယ့်ကိုယ်ကို သတ်သေရင် နောင်ဘဝတွေမှာလည်း ဘဝပေါင်းငါးရာ တိုင်အောင် အခုလိုပဲ သတ်ပြီးသေရတယ်ဆိုတဲ့ အယူအဆဟာ အတော်ကိုလွဲနေတဲ့ အယူအဆ ဖြစ်ပါတယ်။ ဘုရားဟောမဟုတ်သလို ကျမ်းဂန်မှာပါတဲ့ အချက်လည်း မဟုတ်ပါဘူး။ ပိဋကတ်တော်မှာလာတဲ့ ဇာတ်တော်တစ်ခုတော့ ရှိပါတယ်။ အဲဒီဇာတ်တော်က ဧကနိပါတ် ၊ မတကဘတ္တဇာတ် ဖြစ်ပါတယ်။ ဒီဇာတ်တော်မှာ ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်းကို သတ်ဖို့ရေချိုးပေးချိန်မှာ အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ ရယ်လည်းရယ်ပြီး ငိုလည်းငိုတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊ ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က “ကျွန်ုပ်လည်း အတိတ်ဘတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ ဒီဘဝအထိ ဘဝပေါင်း (၄၉၉)ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်း၊ ဒီလိုဝဋ်ကျွေးကို နောက်တစ်ဘပဲ ခံပြီးရင် ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့၊ ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်ပါတယ်။ ဒီတော့မှ ဆရာကြီးဟာ ကြောက်လန့်ပြီး ဆိတ်ကိုမသတ်တော့ဘဲ လွှတ်လိုက်ပါတယ်။ ဒါပေမယ့် အကုသိုလ်ဝဋ်ကျွေးရှိတဲ့ ဆိတ်ဟာတစ်နေရာမှာ မိုးကြိုးထိလွင့်လာတဲ့ ကျောက်ချက်ထိပြီး လည်ပင်းပြတ်ကာ သေသွားခဲ့ရပါတယ်။ ဝဋ်ကျွေးပါလာတော့ တစ်ဦးမသတ်လည်း တစ်ခုခုနဲ့ သေသွားရတဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ အကြောင်းအရာကိုကြည့်ရင် ဆိတ်ဟာအတိတ်ဘဝ လူဖြစ်စဉ်က ဆိတ်တစ်ကောင်ကို သတ်ခဲ့မိတဲ့ ဝဋ်ကျွေးကြောင့် ဘဝပေါင်းငါးရာတိုင်အောင် အသတ်ခံပြီး သေခဲ့ရတဲ့အဖြစ်ကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကို သတ်သေလို့ အဖန်ငါးရာ၊ ဘဝငါးရာ ခံရတာ မဟုတ်ဘဲ သူများကို သတ်မိတဲ့ အကုသိုလ် ဝဋ်ကျွေးကြောင့် ဘဝပေါင်းများစွာ အသတ်ခံရတဲ့ ဇာတ်တော်လာ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ဒီဇာတ်တော်လာ အကြောင်းကို နားစွန်နားဖျား ကြားမိရာက ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ ခံရတယ်ဆိုပြီး မြန်မာများ အမှတ်လွဲနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာအထိ အဲဒီလို ထပ်တူသတ်သေရမယ်ဆိုတဲ့ အယူအဆဟာ လွဲနေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒီလိုပြောတော့ ကိုယ့်ကိုယ်ကို သတ်သေတာ အဖန်းငါးရာ ငါးကမ္ဘာ ခံရတာမဟုတ်ဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း မလုပ်မိကြဖို့ လိုပါတယ်။ လူအတော်များများက မဟုတ်တာဆို သိပ်ပြီးအတုယူတတ်တာ ဆိုတော့ သူများသတ်သေတာတွေကြည့်ပြီး ကိုယ့်ကိုယ်သတ်သေမိမှာစိုးလို့ ပြောရတာပါ။ သေချာစဉ်းစားရမှာက အဲဒီလို စိတ်ညစ်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ရဲ့ သေခါနီး စိတ်အစဉ်ဟာ ဘယ်လိုမှ ကောင်းတဲ့စိတ်အတွေး မဖြစ်နိုင်တဲ့အတွက် ဒီစိတ်နဲ့ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်ဆိုရင် ကောင်းတဲ့ဘုံဘဝမှာ ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ သေခါနီးမှာဖြစ်တဲ့ စိတ်အစဉ်ဟာ နောက်ဘဝမှာ အရင်အကျိုးပေးတာ ဖြစ်တဲ့အတွက် သေခါနီးစိတ်အစဉ်ဟာ အထူးသတိပြုရမယ့် အချက်ဖြစ်ပါတယ်။

ဒီတော့ကား သတ်သေမှုနဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတာနဲ့ သူတပါးကို သတ်လိုက်တာမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့အတွက် ဘဝငါးရာ အဖန်ငါးရာ အဲဒီလိုပဲ သတ်ပြီးသေရတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စကားပြစ်ကြောင်းနဲ့၊ သူတပါးကို ကိုယ်ကသတ်တာဆိုရင်တော့ သတ်တဲ့စိတ်စေတနာအတိုင်း ဒီအကုသိုလ်ဝဋ်ကျွေးကို ပြန်လည် ပေးဆပ်ရတတ်ပြီး အကုသိုလ်အပြစ် သိပ်ကြီးရင် ဘဝပေါင်း ငါးရာအထိတောင် ခံရတတ်ကြောင်း သတိပြုကြရမှာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို သတ်သေမှုအပိုင်းမှာလည်း ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ခန္ဓာကိုယ်ကို ငြီးငွေ့လို့ သတ်လိုက်တဲ့ အပိုင်းမှာ အပြစ်မရှိပေမယ့် ဒေါသအလျောက် သတ်မိရင်တော့ အပြစ်ဖြစ်တတ်ပါတယ်။ အပြစ်ဖြစ်တတ်တယ်ဆိုတာ ခုနပြောသလို သေခါနီး စိတ်အစဉ်ဟာ မကောင်းနိုင်တဲ့အတွက် သေပြီးနောက် အပါယ်ဘုံဘဝတွေအထိ ရောက်စေနိုင်တာဖြစ်လို့ အပြစ်ဖြစ်တတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓလက်ထက်က ဝဂ္ဂလိ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ ခန္ဓာကိုယ်ကိုငြီးငွေ့ပြီး ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်တဲ့အတွက် ကိုယ့်လည်ပင်းကိုကိုယ် ဓားနဲ့ဖြတ်ပြီး သတ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီမထေရ်ဟာ ဒီအခိုက်မှာ ဝေဒနာကို ရှုလိုက်တဲ့အတွက် ရဟန္တာဖြစ်သွားတယ်လို့ ခန္ဓဝဂ္ဂသံယုတ် ပါဠိတော် (၄၉)မှာ ဖော်ပြပါရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ခန္ဓာကိုယ်ရဲ့ အပြစ်ကိုမြင်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ဒီလိုသတ်သေလိုက်တဲ့အတွက် အဖန်ငါးရာ ငါးကမ္ဘာ ခံစရာမရှိတော့ဘူးဆိုတာ သတိပြုနိုင်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက မြန်မာအများ အမှတ်မှားနေကြတဲ့ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာ အဲဒီလိုပဲ သေရတယ်ဆိုတဲ့ အယူအဆဟာ လွဲနေတဲ့ အယူအဆဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို သတ်တဲ့ကံမဟုတ်ဘဲ သူများကို သတ်ခဲ့တဲ့ ပါဏာတိပါတ ကံမျိုးကသာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကံ အကြီးအသေးကိုလိုက်ပြီး တစ်ခါတစ်လေ ဘဝပေါင်းငါးရာအထိ ပြန်လည် အသတ်ခံရတတ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို သတ်သေတဲ့အပိုင်းမှာ ပါဏာတိပါတကံ မမြောက်တဲ့အတွက် ပါဏာတိပါတကံကို ကျူးလွန်တဲ့အပြစ်အတိုင်း ပြန်ခံရတာတွေ မရှိပေမယ့် လောကဓံကို မခံနိုင်လို့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ သူတစ်ယောက်ဟာ အသေမကောင်းတဲ့အတွက် ဘဝကူးလည်း မကောင်းနိုင်တာဖြစ်လို့ ဒီလိုနည်းနဲ့ ကိုယ့်ကိုယ်သတ်သေတာလည်း လွဲနေတဲ့အလွဲတစ်ခု ဖြစ်ကြောင်း သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေကြတဲ့ အလွဲတွေထဲမှာ ကိုယ့်ကိုယ်ကို သတ်သေရင် အဖန်ငါးရာ ငါးကမ္ဘာအဲဒီလိုပဲ သတ်သေရတတ်တယ်ဆိုတဲ့ မြန်မာတွေရဲ့ အခြေအမြစ်မရှိတဲ့ အလွဲဟာလည်း နည်းနည်းလေးမဟုတ် အများကြီးကို လွဲနေတဲ့ အလွဲတစ်ခုသာ ဖြစ်တဲ့အတွက် ဒီလိုအလွဲမျိုးကို အစဉ်အဆက် အရိုးစွဲနေအောင် မလွဲမိကြဖို့နဲ့ တကယ်သတ်ချင်ရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ ကိလေသာတွေကိုသာ အပြီးသတ်နိုင်အောင် ကြိုးစားကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိဝင်ကာ ပြုပြင်နိုင်ဖို့ စေတနာထား မေတ္တာအားဖြင့် အသိစကား ပါးလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၂)...

မောင်ရင်လောင်းနဲ့ နတ်ပြခြင်း
ဘုန်းဘုန်းတို့ မြန်မာပြည်မှာ နွေရာသီ ကျောင်းပိတ်ရက် ရောက်လာပြီဆိုရင် မြို့လည်းမြို့အလျောက် တောလည်းတောအလျောက် ရှင်လောင်းလှည့်ပွဲတွေနဲ့ စည်ကားနေလေ့ရှိပါတယ်။ ကားနဲ့တစ်မျိုး၊ ဆင်တွေမြင်းတွေနဲ့တစ်ဖုံ၊ လှည်းနဲ့တစ်လှည့်၊ လူနဲ့တစ်ထမ်း စီတန်းကာ လှည့်လည်လေ့ရှိကြတဲ့ ရှင်လောင်းလှည့်ပွဲမှာ ဘုရားကျောင်းကန်အနားသွားပြီး ဘုရားကိုပတ်လို့ နတ်စဉ်ရှာကာ မောင်ရင်လောင်းကို နတ်ပြကြတဲ့ အလုပ်ကလည်း အဟုတ်ကိုဖြစ်ပြီး အရှုတ်တွေနဲ့ ညစ်နေကြတော့တာ ဖြစ်ပါတယ်။ ဘယ်ကဘယ်လို စလိုက်တယ်မသိတဲ့ ဒီရှင်လောင်း နတ်ပြတဲ့ ကိစ္စဟာ အတော့်ကိုအရိုးစွဲနေပြီး ကန်တော့ပွဲကိုစီနဲ့ မပြမဖြစ်ဘဲ တန်းတန်းစွဲကာ အလွဲကြီး လွဲနေကြတော့တာ ဖြစ်ပါတယ်။ ဘာကြောင့်ပြရတာလဲလို့မေးရင် မသေချာတဲ့ အဖြေတွေနဲ့ နတ်ကိုင်မှာဆိုးလို့ပါလို့လည်း ပြောတတ်ကြပါသေးတယ်။ ဘယ်နတ်က ဘယ်ဟာကို ကိုင်မှာလဲလို့ မေးတော့ အရှင်ဘုရားကလည်း ရှာရှာဖွေဖွေ မေးနေပြန်ပါပြီဆိုပြီး မသိမသာ ရှောင်ထွက်သွားတာတွေလည်း ခဏခဏကြုံနေရတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လွဲနေတာကတော့ အမှန်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရှင်ပြုရဟန်းခံတွေကို ကြည့်မယ်ဆိုရင် ရဟန်းလောင်း ကိုရင်လောင်းတွေကို ရှင်ဘုရင်လို၊ အိမ်ရှေ့မင်းသားလေးတွေလို ပြင်ဆင်ပြီး မြင်းတွေဆင်းတွေ၊ မြို့တွေမှာဆို ကားတွေနဲ့ လှည့်လည်တဲ့ အစဉ်အလာတွေဟာ ဘုရားအလောင်း တောထွက်တဲ့ ပုံစံကို အတုယူပြီး လိုက်လုပ်တာဖြစ်တဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါသေးတယ်။ ဒါလည်းပဲ မလိုအပ်လှတဲ့ အပိုအလုပ်ပဲ ဖြစ်ပါတယ်။ ရှင်ပြုရဟန်းခံတဲ့ အဓိကရည်ရွယ်ချက်က ရှင်ရဟန်းအဖြစ်ကို အမှန်အကန် ရရှိဖို့အဓိက ရည်ရွယ်ချက်ပါ။ ကျန်တာတွေက ပကာသနနဲ့ ချဲ့ထွင်မှုတွေပဲ ဖြစ်ပါတယ်။ ခက်တာက အဲဒီလိုပွဲတွေမှာ ဘာမဆိုင်ညာမဆိုင် ကန်တော့ပွဲကိုင်ပြီး ရဟန်းလောင်း၊ ကိုရင်လောင်းတွေကို နတ်စဉ်ရှေ့သွားပြီး ပြတာကတော့ တကယ့်ကို သဘာဝမကျတဲ့ လွဲချော်မှုပဲ ဖြစ်ပါတယ်။ နတ်ကိုင်မှာဆိုလိုး နတ်ကိုမကိုင်အောင် သွားပြရအောင်လည်း မကောင်းတာ လုပ်တာမှမဟုတ်ဘဲ ကောင်းတာလုပ်တဲ့အပေါ်မှာ ဘာများကြောက်စရာ လိုသေးလို့လဲပေါ့။ ဒါမှနတ်ကိုင်တယ်ဆိုရင် ဒီနတ်ဟာ နတ်အစစ်မဟုတ်တဲ့ နတ်ဆိုးနတ်ညစ်ပဲ ဖြစ်မှာပါ။ တကယ်တော့ ကြောက်တယ်ဆိုတာ မဟုတ်တာလုပ်တဲ့သူမှ အရာရာကို ကြောက်နေရပြီး ဟိုအားကိုးဒီအားကိုးလုပ်ရတာပါ။ ကောင်းတာလုပ်တဲ့ သူတွေအတွက် ဒါတွေက မလိုပါဘူး။ ကောင်းမှုက စောင့်ရှောက်ပြီးသားပဲ ဖြစ်ပါတယ်။ နတ်ပြလို့ နတ်ကစောင့်ရှောက်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်တောင်မှ သူများကို အမှီပြုပြီး ဟိုအပင်မှီနေရ၊ ဒီအပင်မှာမှီနေရ စသဖြင့် နေနေရတာ ဘယ်လိုလုပ် စောင့်ရှောက်နိုင်မှာလည်းပေါ့။

တကယ်တော့ ကိစ္စတစ်ခုဟာ အကြောင်းမရှိဘဲ ဘာအကျိုးမှ ဖြစ်လာစရာ မရှိပါဘူး။ နတ်ကိုင်မှာ တကယ်ကြောက်ရင် ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်ဖို့ပဲ လိုပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ နယ်ဘက်က အဖြစ်အပျက်လေးတစ်ခုကို သတိရမိပါတယ်။ နယ်က ရှင်ပြုပွဲတစ်ခုမှာ အဲဒီလို မောင်းရင်လောင်းလှည့်ပြီး နတ်ကိုင်မှာဆိုးလို့ နတ်ကိုသွားပြကာ ဘုန်းကြီးကျောင်း ရောက်ခါနီး ရှင်းလောင်းဖွက်ကြတုန်း အဖွက်ခံရတဲ့ မောင်ရင်လောင်းလေး တစ်ယောက် သေသွားခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရဖူးပါတယ်။ ဖြစ်ပုံက နတ်ပြပြီးအပြန်မှာ ခပ်ငယ်ငယ် မောင်ရင်လောင်းကို ထမ်းလာတဲ့ လူငယ်တစ်ချို့က အဲဒီရှင်လောင်းကို ထမ်းပြီး အိမ်တစ်အိမ်ရဲ့ ရာဝင်အိုးကြီးထဲမှာ ထည့်ကာ အပေါ်က အလေးအပန်တွေနဲ့ပိတ်ပြီး အလှူရှင်တွေဆီ မုန့်ဖိုးတောင်းဖို့ သွားရာက အပြန်မှာ စင်းအိုးကြီးကို ဖွင့်ကြည့်တော့ ကလေးက အသက်မွန်းပြီး သေနေတာကို တွေ့ရတော့တာ ဖြစ်ပါတယ်။ အဲဒီမှာ မိဘတွေရော အလှူရှင်တွေပါ ယူကြုံးမရ ဖြစ်ကြတဲ့ အဖြစ်အပျက်တစ်ခု လက်တွေ့ကြုံခဲ့ရတာ ဖြစ်ပါတယ်။ ဒီကလေးသေရတာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့ရခြင်း ဖြစ်ပေမယ့် ကပ်ပြီးပြောကြေးဆိုရင် နတ်တွေကိုစောင့်ရှောက်ဖို့ နတ်ပြပြီးမှ ဒီကိစ္စ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ကဘာလို့ မစောင့်ရှောက်တာလဲပေါ့။ မကိုင်အောင်၊ မနှောက်ယှက်အောင် သူ့ကို ပြထားပေးရဲ့သားနဲ့ ဘာလို့ မကာကွယ်တာလဲပေါ့။ မေးမယ်ဆိုရင် မေးစရာတွေ အများကြီးပါပဲ။

ပြောချင်တာကာ ရှင်လောင်းနတ်ပြတဲ့ ကိစ္စက ရဟန်းခံ ရှင်ပြုပွဲနဲ့ ဘာမှမသက်ဆိုင်တဲ့ ကိစ္စဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားလက်ထက် သားတော်ရာဟုလာကို ကိုရင်ဝတ်ပေးတုန်းက၊ ရှင်သာရိပုတ္တရာရဲ့ ညီတော် ရှင်ရေဝတလေးကို ကိုရင်ဝတ်ပေးတုန်းက ဘာမှရှင်လောင်းလှည့်တာ၊ နတ်ပြတာတွေ မရှိခဲ့ပါဘူး။ ကျောင်းတော်ကို ခေါ်သွားပြီး ဆံချသင်္ကန်းတောင်းစေပြီး ဥပဇ္ဈာယ်ယူစေကာ ရှင်သာမဏေ သီလတွေကိုပေးလို့ ရှင်အဖြစ် ချီးမြှောက်ခဲ့တာတွေပဲ ရှိခဲ့ပါတယ်။ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှင်ဖြစ်ဖို့၊ ကုသိုလ်ရဖို့စတာတွေက အဓိကပဲ ဖြစ်ပါတယ်။ ကျန်တာတွေက အပိုတွေပဲ ဖြစ်ပါတယ်။ ဒါကို ဒီနေ့ခေတ် ဗုဒ္ဓဘာသာ မြန်မာတွေက ပုံကြီးချဲ့ပြီး ရှင်ပြုအလှူလုပ်မှာကိုပဲ ဟိုဆရာ၊ ဒီဆရာဆီသွားပြီး ဟိုရက်ဒီရက် ရွေးရတာနဲ့၊ ဟိုပြဒီပြ လုပ်ရတာနဲ့ မလိုအပ်တာတွေမှာ ငွေကုန်လူပန်းနေကြတာ ဖြစ်ပါတယ်။ အဓိက တရားနာရမယ့်အချိန်ကျတော့ ပင်ပန်းပြီး တရားမနာနိုင်ဘဲ တရားပွဲမှာ ငိုက်ကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒါဟာ တစ်လွဲဆံပင်ကောင်းပြီး မလိုအပ်တာတွေမှာ ချဲ့ထွင်ကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ရဟန်းလောင်း၊ ရှင်လောင်းတွေကို နတ်ပြတဲ့ ကိစ္စဟာလည်း မလိုအပ်တဲ့၊ အဓိပ္ပါယ်မရှိတဲ့ အလွဲတစ်ခုလို ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးတွေကို ရှောင်ကြဉ်ပြီး ရဟန်းခံရခြင်း၊ ရှင်ပြုရခြင်းရဲ့ အဓိက ရည်ရွယ်ချက်လောက်ပဲ အနှစ်သာရရှိရှိ လုပ်နိုင်အောင် ကြိုးစားရင်း မလိုအပ်တဲ့ ကန်တော့ပွဲထိုးတာတို့၊ နတ်ပြတာတို့ စတာတွေကို မလုပ်မိအောင် သတိပြုဆင်ခြင်ကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါတယ်။ ဒီလိုအလွဲတွေကို ဆင်ခြင်ပြီး နောက်နောင် မိမိတို့ရဲ့ သားသမီးတွေကို သာသနာ့ဘောင်ကို သွပ်သွင်းတဲ့အခါမှာ ရှင်သာမဏေဖြစ်ဖို့၊ ရဟန်းဖြစ်ဖို့ အဓိကနဲ့ အဲဒီရှင်သာမဏေဘဝ၊ ရဟန်းဘဝမှာ အမှန်တကယ် ကုသိုလ်ရစေဖို့ စတာတွေကိုသာ ရှေးရှုဆောင်ရွက်ကြဖို့ မလိုအပ်တဲ့အရာတွေမှာ မရောင်ရာဆီမလူးကြဖို့ စေတနာစကား မေတ္တာအားနဲ့ ထပ်မံပြီး အသိပေးတိုက်တွန်း လိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာ
မြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်” စသဖြင့် ပြောဆိုကာ လှည့်လည် ရောင်းချနေတဲ့ အသံတွေကို ကြားရတတ်သလို တစ်ခါတစ်ခါလည်း ဒကာဒကာမအချို့နဲ့ စကားပြောရင်း “ဘယ်ဆရာတော်ကြီးကတော့ ဘယ်လိုထွက်ရပ်ပေါက်သွားတာ၊ သူတို့ကိုးကွယ်တဲ့ ဘယ်ဘုန်းကြီးကတော့ အရှင်ထွက်ထွက်သွားတာ၊ ဘယ်ဆရာတော်ကြီးကတော့ ပျံတော်မူသွားတာ ကြာပေမယ့် ခန္ဓာကိုယ်ကြီးက မပုတ်မသိုးဘဲ ခုချိန်ထိ ခေါင်းရိတ်ပေးနေရတာ၊ လက်သည်းခြေသည်းတွေ ညှပ်ပေးနေရတာ” စသဖြင့် ပြောဆို လျှောက်ထားသံကိုလည်း နားထောင်ဖြစ်ခဲ့ဖူးပါတယ်။ ကြုံရင်ကြုံသလို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးဖြစ်ပေမယ့် မြန်မာဗုဒ္ဓဘာသာအများရဲ့ အရိုးစွဲနေတဲ့ အသေထွက်၊ အရှင်ထွက်လို့ခေါ်တဲ့ ထွက်ရပ်ပေါက်ကိစ္စနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။ ဆိုးတာက လွဲနေတာကို လွဲနေမှန်းမသိတာကိုက နည်းနည်းလေးကို လွဲနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို အသေပဲထွက်ထွက်၊ အရှင်ပဲထွက်ထွက် ဒါဟာ အသက်ထွက်တာပဲ ဖြစ်ပါတယ်။ အသက်ထွက်တယ်ဆိုတာ သေတာကို ပြောတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအလိုအရ သတ္တဝါ တစ်ဦးတစ်ယောက် သေတယ်ဆိုတာ နာမ်သက်ရုပ်သက် နှစ်ခုလုံးချုပ်သွားတာကိုပဲ ဆိုတာဖြစ်ပါတယ်။ နာမ်ရုပ် နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါမှန်သမျှ ဘဝတစ်ခု နိဂုံးချုပ်သွားတယ်ဆိုရင် ဒါဟာနာမ်သက်ရုပ်သက် နှစ်ခုလုံး ချုပ်သွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှ လူပဲဖြစ်ဖြစ်၊ ရဟန်းသံဃာပဲ ဖြစ်ဖြစ်၊ ဘုရားပစ္စေကပဲ ဖြစ်ဖြစ် သေဆုံးသွားကြတဲ့အခါ အကုန်လုံး နာမ်သက်ရုပ်သက် သေသွားကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို သေသွားကြတဲ့ သတ္တဝါမှန်သမျှ အရှင်ထွက်သွားတယ်၊ အသေထွက်သွားတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ သေပြီးမှ ဘယ်လိုလာပြတယ်၊ ဘယ်မှာရှိနေတယ် စတာတွေ ဖြစ်လာတယ်ဆိုရင် ဒါဟာ သေပြီးနောက်ဘဝ ရောက်သွားပြီးမှ ထင်ရှားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်သာသေပြီး နာမ်ကမသေဘဲ တစ်ခြားဘဝကို ကူးပြောင်းသွားတာလို့ ယူဆခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ အလိုနဲ့ မကိုက်ညီဘဲ ဝိညာဉ်ကို လက်ခံတဲ့သဘော၊ အတ္တကို လက်ခံတဲ့သဘော ဖြစ်သွားတတ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အတ္တဝိညာဉ်ဆိုတာ မရှိဘဲ နာမ်နဲ့ရုပ်ပဲ ရှိတယ်ဆိုတဲ့ အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘဝကူးသွားတယ်ဆိုတာ ဘာကကူးတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအမေးအတွက်တော့ မသေခင် လုပ်ခဲ့တဲ့ ကံအစွမ်းတွေက ကူးတာလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက အသေထွက် အရှင်ထွက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားရှင်များ၊ ရဟန္တာ မထေရ်ကြီးများ စတဲ့ သီလသမာဓိ ပညာ အားကောင်းတဲ့ သူတော်ကောင်းများ အားလုံးဟာ ပျံလွန်တော်မူသွား၊ ပရိနိဗ္ဗာန် ပြုတော်မူသွားတဲ့အခါ အများထင်နေသလို အရှင်ထွက် ထွက်သွားကြတာ မဟုတ်သလို အသေထွက်လည်း ထွက်သွားကြတာ မဟုတ်ဘဲ နာမ်သက်ရုပ်သက် သေသွားကြတာပဲ ဖြစ်ပါတယ်။ ဒီလို နာမ်ရုပ်နှစ်ခုလုံး သေသွားကြတာ ဖြစ်တဲ့အတွက် မသေခင် ပျောက်သွားတယ်၊ ပျံတော်မူသွားပေမယ့် ရုပ်ကမသေဘဲ ဒီအတိုင်းပဲ ရှိနေတယ် စတာတွေလည်း မရှိတော့ပါဘူး။ ဒါဆိုရင် တစ်ချို့ဆရာတော်ကြီးများရဲ့ ရုပ်အလောင်းတွေက ဘာကြောင့် ဆံတော်တွေ ရှည်လာရတာလဲ၊ မပုတ်မသိုးဘဲ ရှိနေရတာလဲ၊ ခြေသည်းလက်သည်းတွေ ဘာကြောင့် ထွက်လာရတာလဲ စသဖြင့် မေးစရာ ရှိပါတယ်။ ဒီလိုသဘောတွေကို လက်တွေ့မြင်လို့လားလို့ မေးရင်အတော်များများက တဆင့်စကားနဲ့ ဆင့်ပွားကြတဲ့ သဘောရှိပါတယ်။ တကယ်လို့ လက်တွေ့မြင်တွေ့တာ ဆိုရင်လည်း ဒါဟာ အကယ်၍ ရဟန္တာ မထေရ်ကြီးများ အနေဖြင့် မသေခင် အဓိဋ္ဌာန် တစ်ခုခု ပြုတော်မူသွားတဲ့အခါ၊ တစ်စုံတစ်ယောက်ကို ချီးမြှောက်လိုတဲ့ အခါမျိုးမှာ အဲဒီ ရဟန္တာများရဲ့ အဓိဋ္ဌာန်ချက်အတိုင်း ကျန်ရစ်ခဲ့တဲ့ ရုပ်အကောင်ဟာ တည်တံ့နေတတ်တာမျိုး ရှိတတ်တဲ့အတွက် ဒီလို အဓိဋ္ဌာန်မျိုးကြောင့်လို့ပဲ ယေဘုယျ မှတ်ယူထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း အတော်ကို ဖြစ်ခဲတဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

နောက် အသေထွက်၊ အရှင်ထွက်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အချို့ ရှိပါတယ်။ တစ်ချို့က ဗုဒ္ဓစာပေကို နားလည်မှုလွဲပြီး အသုံးပြုတဲ့ အတွက်ကြောင့် ဒီလိုအသေထွက် အရှင်ထွက် အယူအဆမျိုး ဖြစ်လာတာလို့လည်း ယူဆနိုင်ကြပါတယ်။ ဗုဒ္ဓစာပေမှာ နိဗ္ဗာန်အမျိုးအစား နှစ်မျိုးရှိကြောင်း ပြဆိုထားပါတယ်။ အဲဒီနှစ်မျိုးက သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းရှိတဲ့ နိဗ္ဗာန်ဖြစ်ပြီး အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းမရှိတော့တဲ့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဒါက ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်များနဲ့ ပတ်သက်တဲ့ နိဗ္ဗာန်တွေပဲ ဖြစ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားပေမယ့် ပရိနိဗ္ဗာန်မပြုသေးတဲ့ အချိန်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရရှိခံစားနေတာ ဖြစ်ပြီး ရဟန္တာဘဝနဲ့ ပရိနိဗ္ဗာန်ပြုသွားပြီဆိုရင် ဒါဟာ ခန္ဓာကိုယ်အကြွင်းအကျန် မရှိတော့တဲ့ အနုပါဒေသသနိဗ္ဗာန်ကို ရရှိသွားတော့တာ ဖြစ်ပါတယ်။

ဆိုလိုတာက သက်ရှိထင်ရှား ရဟန္တာများဟာ ပရိနိဗ္ဗာန်မပြုသေးတဲ့အတွက် ခန္ဓာကိုယ် ရှိနေသေးပေမယ့် ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ဒီရုပ်ခန္ဓာလည်း ချုပ်ပျောက်သွားတော့တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်လည်း အကြွင်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီလို ရဟန္တာပုဂ္ဂိုလ်များရဲ့ ခန္ဓာအကြွင်းရှိ၊ မရှိတဲ့ နိဗ္ဗာန်သဘောတွေကြောင့် အသက်ရှိနေသေးပေမယ့် ကိလေသာတွေက ထွက်ပြီးဖြစ်နေတဲ့အတွက် ရှင်နေပေမယ့် ထွက်ပြီးတဲ့သဘော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်လည်း အကြွင်းမရှိ သေသွားတာ ဖြစ်လို့ ကိလေသာလည်းသေ၊ ခန္ဓာလည်းသေသွားတဲ့ အသေထွက်သွားတဲ့ သဘောမျိုးတွေကြောင့် အသေထွက် အရှင်ထွက်တွေလို့ ဆိုတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို အဓိပ္ပါယ်မျိုးဆိုရင်တော့ ရဟန္တာနဲ့ အသေထွက် အရှင်ထွက် ပြဿနာက အထွေအထူး ပြောစရာ မရှိနိုင်ပါဘူး။ အဲလိုမှမဟုတ်ဘဲ မသေခင် ထွက်သွားကြတယ်ဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ လွဲနေတော့တာ ဖြစ်ပါတယ်။

အချုပ်ပြောချင်တာက ဘုရားရှင်အပါအဝင် ဧတဒဂ်ရ ရဟန္တာများအားလုံးဟာ အသေထွက်သွားတယ်၊ အရှင်ထွက်သွားတယ်ဆိုတာ မရှိဘဲ အားလုံးပရိနိဗ္ဗာန်ပြုတော် မူသွားတဲ့အခါ နာမ်ရုပ်အားလုံး ချုပ်သွားကြတာတွေပဲ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ထင်နေကြသလို ဘယ်ပုဂ္ဂိုလ်ကတော့ အရှင်ထွက်သွားတယ်၊ ဘယ်သူကတော့ အသေထွက်သွားတယ်စတဲ့ ထွက်ရပ်ပေါက် အယူအစတွေဟာ စာပေအဖွင့်တွေအရ လွဲနေကြတာတွေ ဖြစ်ကြောင်း၊ ဘယ်သူမဆို နိဗ္ဗာန် မရသေးသမျှ သေပြီးနောက်မှာ ဘဝအသစ်မှာ ဖြစ်ကြရမှာဖြစ်ပြီး အဲဒီဘဝအသစ်ကနေ ဘဝဟောင်းရဲ့ အကြောင်းတွေကို ထင်ရှားပြရင်လည်း ဒါဟာ အရှင်ထွက်သွားလို့ မဟုတ်ဘဲ ဘဝအသစ်ကနေ ထင်ရှားပြခြင်းသာ ဖြစ်ကြောင်း၊ နိဗ္ဗာန်ရသွားပြီဆိုရင်တော့ ဘဝအဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ဘဝအသစ်ဆိုတာလည်း မရှိတော့သလို လာပြီးထင်ရှားပြတယ်ဆိုတာလည်း မရှိတော့ကြောင်း သဘောပေါက် သိစေချင်တာ ဖြစ်ပါတယ်။ အဲဒီလို နာလည်းပြီး နားလည်မှုလွဲနေကြတဲ့ အသေထွက် အရှင်ထွက် အလွဲတွေကိုလည်း မလွဲရအောင် သတိဆောင်ပြီး ဉာဏ်နဲ့ယှဉ်ကာ စဉ်းစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့အလွဲ တစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ