Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts
Showing posts with label သမထ၊ ၀ိပဿနာဆိုင်ရာများ. Show all posts

တရားဘာကြောင့် ထိုင်ရတယ်


အွန်လိုင်းက စာဖတ်ပရိတ်သတ် ဒကာမတစ်ဦးက ဘုန်းဘုန်းကို တောင်းဆိုထားတာလေး တစ်ခုရှိပါတယ်။ “အရှင်ဘုရား အချိန်ပေးနိုင်တဲ့အခါ တရားထိုင်ခြင်းရဲ့ အနက် အဓိပ္ဗါယ်ကို ရှင်းပြပေးစေချင်ပါတယ်။ တပည့်တော်မ စိတ်ထဲမှာ အမြဲနားလည်မှတ်သားထားတာက အသေတတ်အောင် သည်းညည်းခံစိတ်ကို ထားနိုင်အောင် လေ့ကျင့်ယူတယ် ဆိုတဲ့သဘောဆိုပြီးတော့ နားလည်မိပါတယ်။ လွဲနေတယ်လို့ ထင်မိပါတယ်။ ကျေးဇူးတင်ပါတယ် အရှင်ဘုရား” တဲ့။ ဒါက အဲဒီဒကာမရဲ့ တောင်းဆိုချက် မူရင်းပဲ ဖြစ်ပါတယ်။ မေးသင့် သိသင့်တဲ့ အမေးလေးပဲ ဖြစ်ပါတယ်။ 

တရားထိုင်တာနဲ့ ပတ်သက်ပြီး အဲဒီဝေါဟာရလေးကိုပဲ အလွယ်နားလည်အောင် ပြောရရင် ကိုယ့်သန္တာန်မှာ သတိကပ်ပြီး တရားတာတွေနဲ့ အထိုင်ချတာကို တရားထိုင်တာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ တရားဘာကြောင့် အားထုတ်တာလဲဆိုရင် မတရားတဲ့ အားတွေများနေတဲ့အတွက် တရားတဲ့အားတွေ ထုတ်တာကို တရားအားထုတ်တာလို့ ဝေါဟာပညတ် အနေနဲ့ အဓိပ္ဗါယ်ဖွင့်ဆိုပြီး ပြောဆိုနိုင်တာ ဖြစ်ပါတယ်။ တိကျခိုင်မာတဲ့ ဘုရားရှင်ရဲ့ စကားကို ကိုးကားပြီး ပြောရရင် မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ရဟန်းတို့ ဤခရီးလမ်းသည် သတ္တ၀ါတို့၏ စိတ်စင်ကြယ်ရန် စိုးရိမ်ပူပန်ခြင်း ငိုကြွေးခြင်းတို့ကို လွန်မြောက်ရန် ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းတို့ကို ချုပ်ငြိမ်းရန် အရိယမဂ်ကို ရရန် နိဗ္ဗာန်ကို မျက်မှောက်ပြုရန် တစ်ကြောင်းတည်း သော ခရီးလမ်းဖြစ်ပေ၏။ ယင်းသည့် ခရီးလမ်းကား ဤသတိပဋ္ဌာန်လေးပါးတို့ပင်တည်း” လို့ အတိအကျ မိန့်တော်မူထားတဲ့ စကားကို ထုတ်နှုတ်ပြရမှာ ဖြစ်ပါတယ်။ 

ဘုရားရှင်ရဲ့ စကားတော်မှာ တရားအားထုတ်ရခြင်း၊ တရားထိုင်ရခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အကျိုးသက်ရောက်မှုကို အခိုင်အမာ ရှင်းပြထားတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ တရားထိုင်တယ်၊ တရားအားထုတ်တယ်ဆိုတာ သတိပဋ္ဌာန်အလုပ်ကို ပွားများအားထုတ်တာပဲ ဖြစ်ပါတယ်။ သတိပဋ္ဌာန် အကျင့်ဟာ စိတ်စင်ကြယ်ဖို့၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတွေ လွန်မြောက်ဖို့၊ ကိုယ်စိတ်ဆင်းရဲခြင်းတွေ ချုပ်ငြိမ်းဖို့နဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အရိယာမဂ်ကို ရပြီး နိဗ္ဗာန်ကို ဝင်ရောက်ဖို့ စတာတွေအတွက် တရားထိုင်ကြရတာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် သတိပဋ္ဌာန်အလုပ် တရားအားထုတ်တဲ့ သူဟာ ဒီအကျိုးတရားတွေကို လက်တွေ့ခံစားနိုင်ခြင်းဆိုတဲ့ အကျိုးသက်ရောက်မှုကို ရယူနိုင်စွမ်းရှိကြောင်း ပြောရမှာ ဖြစ်ပါတယ်။ 

ဘုရားရှင်ရဲ့ မိန့်တော်မူချက်ကိုကြည့်ရင် သတိပဋ္ဌာန်အလုပ်ကို အားထုတ်တဲ့သူဟာ ဒီဘဝမှာလည်း ချမ်းသာနိုင်သလို နောင်သံသရာမှာလည်း ချမ်းသာနိုင်ကာ နောက်ဆုံး မဂ်ဖိုလ်နိဗ္ဗာန်ချမ်းသာအထိ ရရှိခံစားနိုင်တယ်ဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရားအလုပ် အားထုတ်တဲ့အတွက် အားထုတ်တဲ့ သူတွေမှာ စိတ်စင်ကြယ်ခြင်းဆိုတဲ့ အကျိုးတရားကို လက်တွေ့သိရှိခံစားစေနိုင်တာ ဖြစ်ပါတယ်။ သတိပဋ္ဌာန်အလုပ်ဟာ သတိကိုအထူးပြုပြီး ရှုမှတ်ရတဲ့ အလုပ်ဖြစ်တဲ့အတွက် သတိရှိလေ အပြစ်ကင်းလေ၊ သတိကောင်းလေ စိတ်စင်ကြယ်လေဖြစ်ကာ အဲဒီကမှတဆင့် ဉာဏ်အမြင်တွေ မြင့်တဲ့အထိ တိုးတက်ကာ စိတ်ကိုညစ်နွမ်းပူလောင်စေတဲ့ ကိလေသာတွေကို တဖြည်းဖြည်းပယ်ခွါလာစေတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ အဆင့်မြင့် ဉာဏ်တွေဖြစ်တဲ့ အရိယမဂ်ဉာဏ်တွေအထိ တက်လှမ်းနိုင်တဲ့အခါမှာတော့ ကိလေသာအားလုံးကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြု သွားစေတော့တာ ဖြစ်ပါတယ်။ ဒါဟာ တရားအားထုတ်ခြင်း အထူးသဖြင့် သတိပဋ္ဌာန် ဝိပဿနာအလုပ်ကို အားထုတ်ခြင်းကြောင့် ရရှိလာနိုင်တဲ့ လက်တွေ့အကျိုးတရားနဲ့ အဆုံးစွန်သော အကျိုးသက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာနသုတ်မှာ “တရားအားထုတ်တဲ့ သူတွေအနေနဲ့ သတိကိုအထူးပြုပြီး ရုပ်တရားရဲ့ လှုပ်ရှားမှုတွေမှာ၊ ခံစားမှု မှန်သမျှတွေမှာ၊ စိတ်ရဲ့ဖြစ်ပေါ်မှု မှန်သမျှတွေမှာ၊ သဘာဝဓာတ် သဘောတရား မှန်သမျှတွေမှာ သိရှိမှတ်သားဖို့လိုကြောင်း၊ အဲဒီလို သတိကပ်ထားပါက ကိလေသာ အညစ်အကြေးများ ကင်းစင်ပြီး စိတ်ကြည်လင်ကာ ဉာဏ်အမြင်တွေ တိုးတက်လာမှာ ဖြစ်ကြောင်း” စသဖြင့် ဟောတော်မူထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအချက်လေးချက်၊ နည်းလေးသွယ်ကို သတိကပ်ပြီး ရှုမှတ်နိုင်ပါက ရုပ်နာမ်တွေရဲ့ မမြဲခြင်းသဘော၊ အစိုးမရခြင်းသဘော၊ ဆင်းရဲခြင်းသဘောတွေကို အမှန်အတိုင်း သိရှိကာ ရုပ်ကိုအစွဲပြုပြီး ဖြစ်ပေါ်လာနိုင်မယ့် ဆင်းရဲခြင်းများ၊ စိတ်ကိုအစွဲပြုပြီး ဖြစ်ပေါ်လာနိုင့်မယ့် ဆင်းရဲခြင်းများကို ရင်ဆိုင်ကျော်လွှားလာနိုင်ပြီး ဒုက္ခရဲ့ သဘောသဘာဝကို ဉာဏ်အမြင်နဲ့ ပိုင်းခြားကာ သိရှိလက်ခံလာနိုင်မှာ ဖြစ်ပါတယ်။ သဘာဝ အမှန်တရားကို သဘာဝအတိုင် သိရှိလာတဲ့အခါ ရုပ်နာမ်တွေရဲ့ ဖောက်ပြန်မှုတွေမှာလည်း မတုန်မလှုပ် ခံနိုင်ရည် ရှိလာတော့တာ ဖြစ်ပါတယ်။ ဒီသဘောတရားတွေကို သတိမလွတ်ဘဲ ခံနိုင်ရည် ရှိလာပြီဆိုရင် အစွဲတရားကို အကြောင်းပြုပြီး ဖြစ်ပေါ်လာမယ့် အကျိုးသက်ရောက်မှုတွေကိုလည်း အကောင်းဆုံးဖြစ်အောင် တည်ဆောက်သွားနိုင်တော့တာ ဖြစ်ပါတယ်။ ဒါဟာ သတိကို အထူးပြုပြီး ရှုမှတ်ရတဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းရဲ့  သက်ရောက်မှု အနှစ်သာရပဲ ဖြစ်ပါတယ်။ 

တကယ်တော့ သတ္တဝါတွေ ကိုယ်စိတ်ဒုက္ခဖြစ်ရတယ်၊ သံသရာလည်ရတယ်၊ ဘဝသစ်တစ်ဖန်ဖြစ်ရတယ် ဆိုတာဟာ သတိမရှိကြလို့ပဲ ဖြစ်ပါတယ်။ သတိမရှိတဲ့ အတွက် အမှန်ကို မသိဖြစ်ကာ အစွဲတရားနောက် တကောက်ကောက်လိုက်ရင်း အဲဒီအစွဲကြောင့် အကျိုးဆက်တွေ ဆက်ဆက်ဖြစ်ကာ ဆင်းရဲကြရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သတိကို အထူးပြုပြီး ရှုမှတ်ရတဲ့ ဒီတရားအားထုတ်မှု၊ တရားထိုင်မှုကို နည်းပေးလမ်းပြ ဟောညွန်ပြသရခြင်း ဖြစ်ပါတယ်။ အဲဒီလို ဘုရားဟောတဲ့အတိုင်း နည်းမှန်လမ်းမှန်နဲ့ လိုက်နာကျင့်ကြံသူများအတွက်လည်း တိကျခိုင်မာတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေနိုင်ကြောင်း အာမခံချက် ပေးတော်မူထားပါတယ်။ မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာနသုတ်ရဲ့ နောက်ဆုံးအချုပ်မှာ “မည်သူမဆို ဒီသတိပဋ္ဌာန်လေးပါး အကျင့်တရားကို ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်လျင် ခုနှစ်နှစ်အတွင်းဖြစ်စေ၊ ခြောက်နှစ်၊ ငါးနှစ်၊ လေးနှစ်၊ တစ်နှစ်စသည်ဖြစ်စေ၊ ခုနှစ်လ၊ ခြောက်လ၊ ငါးလ၊ လေးလ၊ နှစ်လ၊ တစ်လ စသည်ဖြစ်စေ၊ နောက်ဆုံး ခုနှစ်ရက်အတွင်းပင် ဖြစ်စေ မျက်မှောက်ဘ၀၌ပင်အရဟတ္တဖိုလ် ဖြစ်စေ၊ ဥပါဒါန် အကြွင်းရှိသေးလျှင် အနာဂါမိဖိုလ်ကို ဖြစ်စေ ဤနှစ်ပါးတွင် တပါးပါးသော ဖိုလ်ကို ရရှိနိုင်ကြောင်း” အတိအလင်း ဟောကြားတော်မူထားပါတယ်။ ဒါကြောင့် သတိပဋ္ဌာန် တရားအားထုတ်မှုဟာ ပစ္စုပ္ဗန် ဘဝမှသည် သံသရာအစဉ်အဆက်၊ အဲဒီကမှ နိဗ္ဗာန်အထိ မျက်မှောက်ပြုစေခြင်း အနှစ်သာရကို ဖြစ်စေကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းဆိုတာ သတိကိုအထူးပြုပြီး ဝိပဿနာ အလုပ်ကို အားထုတ်ခြင်းဖြစ်တဲ့အတွက် ဒီအလုပ်ဟာ နည်းမှန်လမ်းမှန်နဲ့ ကျင့်ကြံအားထုတ်နိုင်တဲ့ သူတွေအတွက် မျက်မှောက်ဘဝမှာပဲ စိတ်စင်ကြယ်ခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်းတို့ ချုပ်ငြိမ်းနိုင်းခြင်းအပြင် အဆုံးစွန်ဖြစ်တဲ့ နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ခြင်းဆိုတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတဲ့အတွက် ဒါဟာ တရားဘာကြောင့် ထိုင်ရတယ်၊ တရားဘာကြောင့် အားထုတ်ရတယ်ဆိုတာရဲ့ အနှစ်သာရပဲ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ 

ဒါကြောင့် တရားဘာကြောင့် ထိုင်ရတယ်၊ တရားဘာကြောင့် အားထုတ်ရတယ်ဆိုတဲ့ သဘောသဘာဝ အနှစ်သာရ အမှန်ကို မသိသူတွေအနေနဲ့ မဟာသတိပဋ္ဌာသုတ်မှာ ဘုရားရှင် မိန့်တော်မူတဲ့အတိုင်း တရားအားထုတ်တယ်ဆိုတာ သတိကို အထူးပြုပြီး ရုပ်နာမ်တွေရဲ့ သဘောသဘာဝကို အမှန်အတိုင်း သိရှိရှုမှတ်ရင်း ဒုက္ခအစု ပူလောင်မှုကို ဖြစ်စေတဲ့ ကိလေသာမှန်သမျှကို ပယ်ခွါကာ ပစ္စုပ္ဗန် သံသရာမှသည် နိဗ္ဗာန်အထိ ချမ်းသာမှုကို ဖြစ်စေဖို့၊ သန္တိသုခ ငြိမ်းအေးမှုကို ရစေဖို့၊ တဏှာကို အကြောင်းပြုပြီး ဘဝအသစ်ကို ဖြစ်စေမှုတွေကို ရပ်တန့်စေဖို့၊ ကိုယ်စိတ်ဆင်းရဲမှုတွေကို ချုပ်စေဖို့ စတာတွေကြောင့် အားထုတ်ရတာ ဖြစ်ကြောင်း သဘောပေါက် သိမြင်ကာ ယခုမျက်မှောက်ဘဝမှာပဲ တရားတစ်ခုခုကို ရရှိအောင် အနှစ်သာရရှိတဲ့ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်း အလုပ်ကို ပြုလုပ်သင့်ပါကြောင်း အသိပေးစကား ပြောကြားရင်း တရားဘာကြောင့် ထိုင်ရတယ်ဆိုတဲ့အကြောင်း တစောင်းတစောင်း တင်ပြလိုက်ရပါတယ်။ 

Read more »

စရိုက်နဲ့ ကမ္မဋ္ဌာန်း


အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး ပါလာတဲ့ သူတွေကတော့ စိတ်စေတနာ ဆိုးတတ်ပါတယ်။ ဒီလိုမကောင်းတဲ့ ၀ါသနာအထုံ စရိုက်တွေအားကောင်းတဲ့ သူတွေအတွက် စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အထုံဝါသနာက အားကြီးနေလို့ပါ။

လောကမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိကြတယ်လို့ ဆိုကြပေမယ့် ဗုဒ္ဓစာပေနဲ့ ခွဲခြားကြည့်လိုက်ရင် စရိုက် (၆)မျိုးပဲ ရှိပါတယ်။ လူတိုင်းလူတိုင်း မတူညီတဲ့ စရိုက်တစ်မျိုးစီ ဒါမှမဟုတ် နှစ်မျိုး၊ သုံးမျိုးစသည် ရှိတတ်ပါတယ်။ ကိုယ်ဘာစရိုက်အားကြီးတယ် ဆိုတာကိုတော့ ဒီစရိုက်ခြောက်ပါးနဲ့ ညှိကြည့်နိုင်ပါတယ်။ စရိုက်ခြောက်ပါးမှာ ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူဟာ သွားလာနေထိုင်၊ လုပ်ကိုင်စားသောက်ပုံချင်း တူညီတတ်ပြီး ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိ(ပညာ)စရိုက်ရှိသူဟာလည်း အနေအထိုင် အပြောအဆို အစားအသောက် တူညီတတ်ကာမောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက် ရှိသူမှာလည်း အလုပ်အကိုင် အပြောအဆို အစားအသောက်မှအစ တူညီနေတတ်တာကို တွေ့ရတတ်ပါတယ်။

ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ယဉ်ကျေးတတ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ် လုပ်ကိုင်တတ်၊ အနံ့အသက်ကောင်းကောင်း အစားအသောက် ကောင်းကောင်းနဲ့ နူးညံ့သိမ်မွေ့မှုများကို နှစ်သက်တတ်ပါတယ်။ ထူးခြားမှုက ရာဂစရိုက်ရှိသူဟာ ကာမဂုဏ်အာရုံများကို မခွဲနိုင်မခွါရက်အောင် စွဲမက်တတ်၊ ပရိယာယ်မာယာများတတ်၊ စဉ်းလဲကောက်ကျစ်တတ်၊ လောဘမာန အားကြီးတတ်ပြီး သဒ္ဓါစရိုက် အားကြီးသူကတော့ ပရိယာယ်မာယာနှင့် လောဘမာနများ အလွန်မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပျော်မွေ့တတ်၊ ဘုရားကျောင်းကန်များတွင် ၀တ်တွားဆည်းကပ်တတ်၊ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု အားကောင်းတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သဒ္ဓါစရိုက်အားကြီးပြီး ပညာအားနည်းတဲ့အတွက် အလွဲကိုးကွယ်မိတာတွေလည်း ရှိတတ်ပါတယ်။


ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိခေါ် ပညာစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းတတ်၊ သပ်သပ်ရပ်ရပ် နေထိုင်လုပ်ကိုင်မှု မရှိဘဲ ဖြစ်သလို ဖရိုဖရဲ လုပ်တတ်ကိုင်တတ်၊ အချဉ်အငန် အစပ်အခါး စတဲ့ စူးစူးရှရှ အရသာတွေမှာ နှစ်သက်တတ်၊ မကောင်းတဲ့အဆင်းအသံ စတာတွေနဲ့ တွေ့ကြုံတဲ့အခါ သည်းခံအောင်အည်း ချုပ်တည်းခြင်းမရှိဘဲ ချက်ချင်းဆဲဆို ငေါက်ငမ်းကာ စိတ်ကြမ်းစိတ်တို လွယ်တတ်ပါတယ်။ ကွဲပြားတာကဒေါသစရိုက်ရှိသူဟာ ရန်ငြိုးဖွဲ့ခြင်း အာဃာတ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တူဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားများ ဖြစ်ပွားလေ့ရှိတတ်ပြီး ဗုဒ္ဓိစရိုက်ရှိသူကတော့ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း စတဲ့တရားများမရှိဘဲ ဆိုဆုံးမလွယ်တတ်၊ စားသောက်ဖွယ်မှန်သမျှမှာ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်၊ နောင်သံသရာအတွက် သတိပညာဖြင့် ကောင်းစွာမြော်မြင်ကာ ပါရမီကုသိုလ်များကို ကြိုးစားပြုလုပ်တတ်ပါတယ်။

မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက်ရှိသူ နှစ်ဦးလုံးရဲ့ သဘောလက္ခဏာဟာလည်း တူညီနေတတ်ပါတယ်။ အသွားအလာ၊ အပြောအဆို အနေအထိုင်က အစပေါ့။ ဒါပေမယ့် ထူးခြားချက်က မောဟစရိုက်ရှိသူဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိတတ်၊ ကိစ္စအထွေထွေ ပွေလိမ်ရှုတ်ထွေးတတ်၊ အစားအသောက်မှာလည်း တစ်သမှတ်တည်းမရှိ ဟိုလိုလို ဒီလိုလို နှစ်သက်တတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်မှု မရှိတတ်ဘဲ သူများချီးမွန်းရင် လိုက်ချီးမွန်းတတ်ကာ သူများကဲ့ရဲ့ရင်လည်း လိုက်ကဲ့ရဲ့တတ်၊ သတိပညာကင်းပြီး ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့် အချိန်ကုန်တတ်ပြီး ၀ိတက်စရိုက် ရှိသူကတော့ ဟိုဟိုဒီဒီ ကိစ္စများများမှာ အကျိုးမပြီး အချည်းနှီးဖြစ်နေတတ်၊ စကားပေါကာ ကိစ္စမချောဘဲ မျောနေတတ်၊ ကောင်းတဲ့လုပ်ငန်းများမှာ အစွမ်းအစမရှိဘဲ ပျင်းရိနေတတ်၊ ကိုယ်လိုပေါ့ပေါ့တန်တန် လူများနဲ့ပျော်မွေ့ကာ ထွေရာလေးပါး အကြံများပြီး လူအားလူပိုသာ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ သတ္တ၀ါများ ရှိတတ်တဲ့ အကျင့်စရိုက်ရဲ့ သဘောတရားအချို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စရိုက်တစ်ခုခုကတော့ အားကောင်းနေတတ်ပါတယ်။ ကောင်းတဲ့စရိုက်အားကောင်းနေတာ ရှိတတ်သလို မကောင်းတဲ့စရိုက် အားကောင်းနေတာလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း ဒီစရိုက်ကို ဆက်လက်တိုးပွားအောင် ကြိုးစားဖို့ လိုအပ်သလို မကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း တတ်နိုင်သမျှ ပြုပြင်နိုင်အောင် ကြိုးစားရပါမယ်။ မကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ဟာ ကိလေသာများရဲ့ အားအစွမ်းဖြစ်နေတတ်ပြီး ကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ကတော့ ကောင်းတဲ့အလို သမ္မာဆန္ဒဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့စရိုက်ကို မှန်ကန်တဲ့ နည်းနဲ့အသုံးချနိုင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်သလို မကောင်းတဲ့ စရိုက်ကိုလည်း တတ်နိုင်သမျှ ပြုပြင်နိုင်လျှင် နောင်သံသရာအတွက် ဒီစရိုက်များ လိုက်မလာနိုင်တော့ပါဘူး။ မပြုပြင်ရင်တော့ ကောင်းတဲ့စရိုက်လည်း မကောင်းတဲ့ဘက် ပါသွားတတ်ပြီး မကောင်းတဲ့စရိုက်ကတော့ အပါယ်အထိလားကာ ဘ၀အဆက်ဆက် နိမ့်ကျမှု သက်သက်ကိုပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုစရိုက်မျိုး ရှိတယ်၊ ဘယ်လိုစရိုက် အားကောင်းတယ်ဆိုတာကို ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ကြည့်ကြဖို့ လိုပါတယ်။ 

ဗုဒ္ဓအဘိဓမ္မာမှာတော့ စရိုက်တွေကို ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ထိန်းသိမ်းတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ ဒီစရိုက်ခြောက်ပါးနဲ့ တွဲစပ်ပွားများရမယ့် ကမ္မဋ္ဌာန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီဖော်ပြချက်က..
၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။

၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။

၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ဒီဖော်ပြချက်ကတော့ ဗုဒ္ဓအဘိဓမ္မာမှာ ပါရှိတဲ့ စရိုက်နဲ့ကမ္မဋ္ဌာန်း တွဲစပ်ပွားများသင့်တာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီစရိုက်ခြောက်ပါးနဲ့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ စရိုက်တွေကို ချိန်ထိုးပြီး ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပွားများသင့်ပါတယ်။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စရိုက်ရှိရင်လည်း ဒီစရိုက်ကို ပိုပြီးတိုးတက် ဖွံ့ဖြိုးလာအောင်၊ မကောင်းတဲ့စရိုက်ရှိရင် ဒီမကောင်းတဲ့စရိုက်ကို နောက်သံသရာအထိ မပါစေရန် အချိန်မီ ပြုပြုနိုင်အောင် လိုအပ်သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများသင့်ပါတယ်။ ၀ိပဿနာအလုပ်ဟာ ကိလေသာကုန်ခမ်း နိဗ္ဗာန်ရရေးအတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပေမယ့် ဒီဘ၀မှာလိုအပ်တဲ့ ချမ်းသာနဲ့ နိဗ္ဗာန်မရခင် ကျင်လည်ရမယ့် ဘ၀ချမ်းသာအတွက် တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်မယ့်ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးဖို့ လိုပါတယ်။ အရိယာမဂ်နဲ့ ကိလေသာများနဲ့ စရိုက်များကို အကြွင်းမဲ့မပယ်သတ်နိုင် သေးပေမယ့် အခိုက်အတန့် အချိန်အတော်ကြာကြာ ခွာထားနိုင်အောင် ကမ္မဋ္ဌာန်းကို ပွားများပေးဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ စရိုက်များကို ကောင်းအောင် ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ပြီး ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစီများကို နူးညံ့သိမ်မွေ့လာအောင် ကြိုးစားသင့်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ သိစေချင်တာက လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိတတ်တဲ့ လောကကြီးမှာ ကိုယ်လည်း စရိုက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူထဲမှာ ပါနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့စရိုက်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ပဲဖြစ်ဖြစ် ဘယ်လိုစရိုက်မျိုးကို မဆို ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရင်း ကောင်းတဲ့စရိုက်ကိုလည်း ပိုပြီးတိုးပွားအောင်၊ မကောင်းတဲ့စရိုက်ဆိုရင်လည်း ပိုပြီးဆိုးမလာအောင် ပြုပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ပြုပြင်လိုက်မယ်ဆိုရင် အထုံပါနေတဲ့ စရိုက်လည်း အထိုက်အလျောက် ပြောင်းလဲလာနိုင်တဲ့အတွက် လက်တွေ့ပွားများကာ လေ့ကျင့်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို အချိန်ယူပြီး ပွားများပြုပြင် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်အမူအရာ စတာတွေဟာ ပြောင်းလဲနူးညံ့လာမယ်ဆိုတာ သေချာပါကြောင်း…

မှတ်ချက်။ အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ၊ အခြေပြုသင်္ဂြီုဟ်နှင့် ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်တို့ကို ကိုးကားပြီး ရေးသားတင်ပြပါသည်။

Read more »

စင်္ကြံလျောက်၍ တရားမှတ်ခြင်း…

စင်္ကြံလျောက်ပြီး တရားမှတ်တယ်ဆိုတာ အလွယ်ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူအတော်များများဟာ လမ်းလျောက်တဲ့အခါတိုင်း ခြေလှမ်းတွေ လှမ်းကြပါတယ်။ ဒါပေမယ့် မသိဘဲ လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒီလို မသိဘဲ လှမ်းတဲ့ခြေလှမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်ဖို့ စကြံင်္လျောက်ပြီး တရားမှတ်ခိုင်းတာ ဖြစ်ပါတယ်။ စင်္ကြံလျောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ အာနာပါနကို ဆင်ခြင်ခြင်းအပိုင်း၊ ဣရိယပုတ်ကို ဆင်ခြင်ခြင်းအပိုင်းတို့လိုမျိုး သီးသန့်ပြထားတာ မဟာသတိပဋ္ဌာန သုတ်တော်မှာတော့ မရှိပါဘူး။ ဒါပေမယ့် ဣရိယာပုတ်ကို ဆင်ခြင်ခြင်း အပိုင်းထဲမှာကိုပဲ သွားရင်လည်း သွားတယ်လို့ သိရမှာဖြစ်ကြောင်း၊ ရုပ်အပေါင်းရဲ့ အမူအရာ လှုပ်ရှားမှုတွေကို အရှိအတိုင်း သိရမှာဖြစ်ကြောင်း၊ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်းမှာလည်း သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာ၊ နိုးရာ ဆိတ်ဆိတ်နေရာ စသည်တို့ကို သိနေရမှာဖြစ်ကြောင်း စသဖြင့် ဟောထားပေးတာတွေ ရှိပါတယ်။ ဒီလို ဟောကြားချက်တွေကို ကိုးကားကာ စင်္ကြံလျှောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ ယောဂီများ အလွယ်နားလည်အောင် ဆရာတော်ကြီးများက နည်းပေးလမ်းညွှန်ကြခြင်း ဖြစ်ပါတယ်။

စင်္ကြံလျှောက် တရားမှတ်နည်းနဲ့ ပတ်သက်လို့ ဘုရားနည်းကို ကိုးကားပြီး ပညာရှိ ဆရာအစဉ်အဆက်ရဲ့ နည်းတွေကို တစ်ဆင့်ပြန်လည် တင်ပြရမယ်ဆိုရင် စကြံင်္လျှောက်ပြီး တရားမှတ်လိုတဲ့ ယောဂီဟာ အရင်ဆုံး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာမှာရှိတဲ့ မတိုလွန်းမရှည်လွန်းတဲ့ လျှောက်လမ်းတစ်ခုကို ရွှေးချယ်ဖို့လိုပါတယ်။ ရာသီဥတု သိပ်မအေးရင်တော့ ခြေအိပ်ကို မဝတ်ဘဲ လျှောက်ကြည့်စေချင်ပါတယ်။ ဒါမှ ခြေဖဝါးရဲ့ ခံစားမှု အတွေ့ကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ လျှောက်မယ့်လမ်းရဲ့ အစပိုင်းမှာ မတ်တပ်ရပ်ပြီး ရှေ့လေးထောင်ခန့်လောက်ပဲ ကြည့်တဲ့အနေအထားနဲ့ မျက်လွှာကိုချကာ လက်နှစ်ဘက်ကိုတော့ လက်ဖဝါးနှစ်ခုကို မသိမသာ ထပ်ထားရင်း ခန္ဓာကိုယ်ရဲ့ ရှေ့မှာပဲချထားချထား၊ နောက်မှာပဲ လက်နောက်ပစ်ပြီး ထားလိုက ထားနိုင်ပါတယ်။

အဲဒီလို ပြင်ဆင်ပြီးတာနဲ့ စိတ်ကိုခန္ဓာကိုယ်မှာ စုစည်းထားရမှာ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ဖို့ စတင်ပြီး ခြေစုံရပ်နေတဲ့ အခိုက်မှာလည်း ရပ်နေတဲ့ အနေအထား တစ်ခုလုံးကို စိတ်ကမြင်အောင်ကြည့်ပြီး ရပ်တယ်၊ ရပ်တယ်လို့ အရင်ဆုံး သိမှတ်ရပါမယ်။ ပြီးတာနဲ့ ခြေလှမ်းတွေ လှမ်းတာကို သိမှတ်ရပါမယ်။ မမှတ်ခင် လှမ်းချင်တဲ့စိတ်ကို လှမ်းချင်တယ် လှမ်းချင်တယ်လို့ မှတ်ရပါမယ်။ အဲဒီလို မှတ်ပြီးတာနဲ့ စလှမ်းတဲ့ ခြေလှမ်းကစပြီး ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်လို့ လှမ်းတဲ့အမူအရာကို စိတ်ကတစ်ထပ်တည်း သိအောင်မှတ်ပေးရပါမယ်။ ဒါမှမဟုတ် ကြွတယ်လှမ်းတယ်၊ ကြွတယ်ချတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုလည်း မှတ်နိုင်ပါတယ်။ အစပိုင်းမှာတော့ ဒီဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုပဲ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်အောင် မှတ်ပေးရပါမယ်။ လှမ်းတဲ့အခါ အရမ်းမြန်အောင် မလှမ်းဖို့ လိုပါတယ်။ မနှေးမမြန်လေးပေါ့။ လူမမာတစ်ယောက် လှမ်းတဲ့ပုံစံလေးဆို အတော်ပါပဲ။ အဲဒီလို အမှတ်နဲ့လှမ်းရင်း လျှောက်လမ်းဆုံးတဲ့အခါမှာ ခြေနှစ်ဖက်စုံရပ်ပြီး ရပ်တယ်ရပ်တယ်လို့ ရပ်နေတဲ့ အနေအထားကို စိတ်နဲ့မြင်အောင်ကြည့်ကာ ခဏမှတ်ကြည့်ရပါမယ်။ ပြီးရင် ခန္ဓာကိုယ်လှည်တဲ့ အခါမှာလည်း မလှည့်ခင် လှည့်ချင်တဲ့စိတ်ကို လှည့်ချင်တယ် လှည့်ချင်တယ်လို့ အရင်မှတ်ပြီး လှည့်နေတဲ့အခါမှာလည်း လှည့်တယ်လှည့်တယ်လို့ မှတ်ပေးရပါမယ်။ နောက် အဲဒီမှာ ချက်ချင်းမလှမ်းသေးဘဲ ခဏစုံရပ်ကာ ရပ်တယ်ရပ်တယ်လို့ မှတ်သိပေးရပါမယ်။ အဲဒီလို ခဏမှတ်ပြီး လှမ်းဖို့လုပ်တဲ့အခါမှာလည်း ခုနပြောသလို လှမ်းချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှမ်းတဲ့ခြေလှမ်းက စတင်ကာ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျအောင် မှတ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းအတိုင်း ဘယ်လှမ်းတယ် ညာလှမ်းတယ်ဆိုတဲ့ အမှတ်နှစ်ချက်ကိုပဲ ဖြည်းဖြည်းနဲ့မှန်မှန် အမှတ်နိုင်အောင် မှတ်နိုင်ပြီဆိုရင်တော့ အမှတ်ကို စိပ်စိပ်မှတ်တဲ့အနေနဲ့ ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုပြီး သုံးချက်မှတ်နိုင်ပါတယ်။ အဲဒီအခါမှာလည်း စတင်တဲ့ ခြေထောက်ကစပြီး လှမ်းဖို့ခြေဖဝါးကြွတဲ့အခါ ကြွတယ်၊ ကြွပြီးလှမ်းတဲ့အခါ လှမ်းတယ်၊ လှမ်းပြီးချတဲ့အခါ ချတယ်လို့ သုံးချက်မှတ်ကြည့်နိုင်ပါတယ်။ ပုံမှန်လမ်းတဲ့ ဘယ်ညာခြေလှမ်းကိုပဲ အသေးစိပ်အနေနဲ့ ခြေတစ်ဖက်ချင်းမှာ လှမ်းတဲ့ခြေလှမ်းတိုင်းကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုတဲ့ သုံးချက်မှတ်နည်းနဲ့ မှတ်ကာ စင်္ကြံလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသုံးချက်မှတ်နည်းကတော့ အမှတ်စိပ်သွားတာ ဖြစ်တဲ့အတွက် ခြေလှမ်းတွေလည်း အလိုလို နှေးသွားမှာ ဖြစ်ပါတယ်။ နှေးရင်လည်း နှေးပါစေ အဓိကကတော့ အလှမ်းနဲ့အမှတ် မပြတ်ဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့မှတ်နည်းကတော့ ရှေ့နှစ်ချက်မှတ်နည်းအတိုင်း ရပ်နေတဲ့အခိုက်လည်း ရပ်တယ်၊ လှည့်တဲ့အခါလည်း လှည့်ချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှည့်နေရင်းလည်း လှည့်တယ်စသဖြင့် မှတ်ပြီး လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကာ မှတ်ပေးရုံပါပဲ။

အဲဒီလို စင်္ကြံလျှောက် တရားမှတ်တဲ့အခါ ယောဂီတွေ အဖြစ်များတာကတော့ လှမ်းတဲ့ခြေလှမ်းနဲ့ အမှတ်လွဲနေကြတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေ လှမ်းတာက ဘယ်ခြေ မှတ်လိုက်တာက ညာလှမ်းတယ်ဆိုတဲ့ အမှတ်မျိုး၊ လှမ်းပြီးမှ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် စသဖြင့် မှတ်လိုက်မိတာမျိုး၊ လှမ်းရင်းနဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားတာမျိုး စသဖြင့် ဖြတ်တတ်ပါတယ်။ ဒါမျိုးကတော့ အမှတ်မနိုင်သေး၊ သမာဓိမခိုင်သေးခင် ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ သေချာသတိ၊ ဝီရိယထား လေ့ကျင့်ပေးမယ်ဆိုရင် အမှတ်မှန်ပြီး သမာဓိတည်လာမှာ ဖြစ်ပါတယ်။ တစ်ခါတလေ တစ်ချို့က လှမ်းတဲ့ခြေလှမ်းရဲ့ လှုပ်ရှားမှုသဘောကို တကယ်မသိမှတ်မိဘဲ စိတ်ထဲကပဲ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုပြီး ရေရွတ်နေတတ်တာ ရှိတတ်ပါတယ်။ အမှန်တော့ ရေတွက်နေဖို့မဟုတ်ဘဲ လှမ်းနေတဲ့အမူအရာ သဘောကို အရှိအတိုင်း သိနေဖို့က အဓိကဖြစ်ပါတယ်။ counting မဟုတ်ဘဲ realizing ဖြစ်ဖို့လိုပါတယ်။

နောက်စင်္ကြံလျှောက်ရင်း ခုနပြောခဲ့တဲ့ ခြေအိပ်မစွပ်ထားတဲ့ ခြေဖဝါးပြင်တွေဟာ ကြမ်းပြင်နဲ့ ထိတွေ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောလေးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာလည်း အဲဒီခံစားမှုသဘောကို အရှိအတိုင်း သိမှတ်ပေးရမှာဖြစ်ပါတယ်။ ခြေဖဝါးကြွတဲ့အခါ ကြွတဲ့အမူအရာရယ်၊ ကြွလိုက်တဲ့အတွက် ဖြစ်သွားတဲ့ ခံစားမှုရယ်ကို အရှိအတိုင်း သိမှတ်ပေးရမှာ ဖြစ်ပါတယ်။ လှမ်းတဲ့အခါ၊ ချတဲ့အခါ၊ ဘယ်လှမ်းတဲ့အခါ၊ ညာလှမ်းတဲ့အခါ စတာတွေမှာလည်း ခြေဖဝါးပြင်ရဲ့ ခံစားမှုသဘော၊ ခြေထောက်ရဲ့ လှုပ်ရှားမှုသဘောကို သူဖြစ်နေတဲ့ အတိုင်းလေးပဲ ပေါ့ပေါ့ပါးပါး မှတ်သိပေးရမှာ ဖြစ်ပါတယ်။ စမှတ်ခါစမှာတော့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှုတွေရယ်၊ ခြေဖဝါးရဲ့ ခံစားမှုတွေရယ်ကို ကွဲကွဲပြားပြား မှတ်လို့ရမှာမဟုတ်ပါဘူး။ နောက်တော့ ကောင်းကောင်းမှတ်သိလာပါလိမ့်မယ်။ အစပိုင်းမှာတော့ လှမ်းနေတဲ့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှု သဘောကိုပဲ သိအောင်၊ နိုင်အောင် မှတ်ကြည့်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျလာတဲ့ အခါမှာ ထုံးစံအတိုင်း သမာဓိ ကောင်းကောင်းတည်လာမှာ ဖြစ်ပါတယ်။ သမာဓိတည်လာတာနဲ့အမျှ သမာဓိနိမိတ်တွေလည်း ပေါ်လာတော့မှာ ဖြစ်ပါတယ်။ တစ်ခါတလေ ခြေလှမ်းလှမ်းရင်း ခြေဖဝါးနဲ့ ကြမ်းပြင်မထိတာမျိုး၊ ချလိုက်တဲ့ ခြေဖဝါးဟာ အမြင့်ကြီးက ချနေရတဲ့ သဘောမျိုး၊ ခြေလှမ်းတွေဟာ ပေါ့ပါးနေတာမျိုး၊ တစ်ခါတလေ ကျောက်ခဲဆွဲထားသလို လေးလံနေတဲ့ သဘောမျိုး၊ ကြမ်းပြင်နဲ့ထိတဲ့ ခြေဖဝါးပြင်ဟာ နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်းစတဲ့ ခံစားမှုမျိုး၊ ကြမ်းပြင်မှာလျောက်နေပေမယ့် ကောင်ကင်မှာရောက်နေတဲ့ ခံစားမှုမျိုး စသဖြင့် သမာဓိနိမိတ် အမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို နိမိတ်တွေ ဖြစ်လာတဲ့အခါမှာလည်း အရှိအတိုင်းပဲ သတိထားပြီး ဝိရိယနဲ့ အမှတ်မလွတ်အောင် မှတ်ကြည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှတ်ရင်း နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်ကာ မှတ်သိတဲ့စိတ်နဲ့ လှမ်းနေတဲ့ ရုပ် သူအလုပ် သူလုပ်နေတာကို သိမြင်လာမှာ ဖြစ်ပါတယ်။ ဒါကတော့ သမာဓိအားကောင်းပြီး အမှတ်နိုင်သွားတဲ့အခါ အလိုလို ဉာဏ်ကသိလာမယ့် သဘောပဲ ဖြစ်ပါတယ်။

ဒီမှာ အဓိက သိထားဖို့က စင်္ကြံအမှတ်ကို စမှတ်တဲ့ ယောဂီများအနေနဲ့ ခြေထောက်များရဲ့ လှုပ်ရှားမှုနဲ့ မှတ်သိရတဲ့ စိတ်အမှတ် တစ်ထပ်တည်းဖြစ်အောင် ကြိုးစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ပြီး တရားမှတ်နည်းဟာ ထိုင်ပြီးတရားမှတ်နည်းကို အထောက်အကူဖြစ်စေတဲ့ တရားမှတ်နည်း ဖြစ်သလို ထိုင်မှတ်ရာက ဖြစ်ပေါ်လာတဲ့ သမာဓိကို မပျောက်ပျက်သွားအောင် သမာဓိတစ်ဆက်တည်းဖြစ်ဖို့ မှတ်ရတဲ့ မှတ်နည်းလည်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဣရိယာပုတ်လေးမျိုးမှာ လမ်းလျောက်ပြီးတော့လည်း တရားမှတ်နိုင်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီစင်္ကြံလျောက်ပြီး တရားမှတ်နည်းဟာလည်း လုပ်ဖို့ခက်ပေမယ့် အလွန်လွယ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွယ်တယ်လို့ ပြောရတာလဲဆိုရင် သူ့နည်းကိုကာ ခြေလှမ်းတွေကို သိပြီးလှမ်းပေးဖို့ပဲ ဆိုတော့ ဒီထက်လွယ်တာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ခက်တာက အဲဒီလို လွယ်တဲ့နည်းကို လွှတ်မသွားအောင်လုပ်ဖို့က ခက်နေတာ ဖြစ်ပါတယ်။ ခက်တယ်ဆိုလို့ မလုပ်ဘဲ နေပြန်ရင်လည်း တရားအလုပ်မှာ သိပ်မဟုတ်တတ်တဲ့ သဘောရှိတဲ့အတွက် လုပ်တာတော့ လုပ်ရမှာ ဖြစ်ပါတယ်။ နည်းသိရင် လိုက်လုပ်ဖို့က သတိ၊ ဝီရိယထားလိုက်ရင် ဖြစ်နိုင်တဲ့အတွက် သတိထားပြီး ကြိုးစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောချင်တာက စင်္ကြံလျောက်ပြီး တရားမှတ်တဲ့အခါ ခြေလှမ်းတိုင်းကို သိပြီးလှမ်းရမှာ ဖြစ်တဲ့အတွက် လှမ်းနေတဲ့ ခြေလှမ်းတွေမှာ အလှမ်းနဲ့အမှတ် မပြတ်စေဖို့ ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ်၊ ညာလှမ်းရင်လည်း ညာလှမ်းတယ်၊ ကြွရင်လည်းကြွတယ်၊ လှမ်းရင်လည်း လှမ်းတယ်၊ ချရင်လည်းချတယ်၊ လမ်းလျောက်ရင်း ရပ်နေတဲ့အခါမှာလည်း ရပ်တယ်၊ လှည့်တဲ့အခါမှာလည်း လှည့်တယ်၊ လှမ်းချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှမ်းချင်စိတ်ဖြစ်တယ်၊ လှည့်ချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှည့်ချင်စိတ်ဖြစ်တယ်၊ ခြေဖဝါးပြင်မှာ တစ်ခုခု ခံစားမှု ဖြစ်တယ်ဆိုရင်လည်း ခံစားမှုဖြစ်တယ် စသဖြင့် အရှိကို အရှိအတိုင်း၊ လှုပ်ရှားမှုကို လှုပ်ရှားမှုအတိုင်း၊ ခံစားမှုကို ခံစားမှုအတိုင်း၊ စိတ်ဖြစ်မှုကို စိတ်ဖြစ်မှုအတိုင်း သတိထားပြီး ကြိုးစားမှတ်ကြည့်ကြဖို့နဲ့ သမာဓိနည်းလို့ မှတ်မရဖြစ်တဲ့အခါမှာလည်း စိတ်မလျော့ဘဲ ဝိရိယနဲ့ ကြိုးစားကြည့်ကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလည်း လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ သိရင်ပြောပြပါလား’လို့ မေးဖူးပါတယ်ဘုရား..၊ အဲဒါ သူ့အမေးကို တပည့်တော်လည်း ကောင်းကောင်း နားမလည်သလို အတိအကျလည်း ဖြေမပေးနိုင်လို့ အရှင်ဘုရားကို အကူအညီ တောင်းတာပါဘုရား၊ အချိန်ရရင် စာတစ်ပုဒ်လောက်ရေးပြီး အင်တာနက်မှာ တင်ပေးပါဘုရား…” လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း “ကောင်းပါပြီ.. ဒကာမ၊ အချိန်ရရင် ရေးပြီးတင်ပေးပါမယ်”လို့ ပြောပြီး မရေးဖြစ်ပဲ နေခဲ့တာ ခုမှပဲ “ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး”ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ ရေးတင်ဖြစ်ပါတယ်။

တခြားဘာသာတွေမှာ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဗုဒ္ဓဘာသာမှာ ရှိနေတာတွေကတော့ သူမေးသလို အမျိုးမျိုးအဖုံဖုံ ရှိနေတာ မဟုတ်ပါဘူး။ အမည်နာမတွေကြောင့် အမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ ဒါတွေက ကုသိုလ်ဖြစ်ရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေးဆိုတဲ့ ကျင့်ကြံပွားများ အားထုတ်ခြင်းမှာပဲ သွားပြီးအကျုံးဝင်ပါတယ်။ စာလိုပြောရင်တော့ သမထကျင့်စဉ် သို့မဟုတ် ၀ိပဿနာကျင့်စဉ် တစ်ခုခုထဲမှာ အကျုံးဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီနည်းတွေဟာ စိတ်ကို တခြားအပြင်ကိလေသာ အာရုံတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်စေ၊ စိတ်အစဉ် ငြိမ်းချမ်းစေ၊ ကုသိုလ်ဖြစ်စေ၊ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ် ကာကွယ် နိုင်စေတတ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်ကြတာ ဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပေမယ့် အချုပ်ကတော့ သမထကျင့်စဉ်နဲ့ ၀ိပဿနာ ကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။

ဒီနည်းစနစ်နှစ်ခုထဲက သမထကျင့်စဉ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပွားများပေးတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ဘုရားရှိခိုးတာ၊ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ စတာတွေဟာ ဒီသမထကျင့်စဉ်ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အသေးစိပ်ပြောရရင် ဘုရားဂုဏ်တော်ပွားတာဟာ ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ပြီး ပရိတ်ပဋ္ဌာန်း ဓမ္မစကြာစတဲ့ ဘုရားတရားတော်တွေကို ရွတ်ဖတ်ပူဇော်တာ ဓမ္မာနုဿတိ ဘာဝနာဖြစ်ကာ မေတ္တာပွားတာ စတာတွေကတော့ မေတ္တဘာဝနာ စသဖြင့် ဖြစ်ပါတယ်။ ဒီလို ဗုဒ္ဓနုဿတိ စတာတွေဟာ သမထကျင့်စဉ်ထဲမှာ အကျုံးဝင်ပြီး ပွားများအားထုတ်၊ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အခိုက်မှာ စိတ်တည်ကြည်မှု၊ ကုသိုလ်ရစေမှု၊ စိတ်ငြိမ်းချမ်းမှု၊ သဒ္ဓါတရားတိုးပွားမှု၊ ပီတိတရား တိုးပွားမှု စတဲ့ အကျိုးထူးတရားတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီကျင့်စဉ်များဟာ အာရုံတစ်ခုတည်းမှာကိုပဲ ထပ်ကာထပ်ကာ လေကျင့်ပေးတဲ့ သမာဓိကျင့်စဉ် ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်၊ ရွတ်ပွားသရဇ္ဈာယ်တဲ့ အခိုက်အတန့်မှာတော့ ကိုယ့်သန္တာန်မှာ လောဘဒေါသစတဲ့ ကိလေသာတရားများ၊ အပူမီးများ ကင်းငြိမ်းနေနိုင်ပါတယ်။ ဆက်တိုက်လုပ်နိုင်ရင် ဆက်တိုက်ငြိမ်းနေမှာ ဖြစ်ပေမယ့် အကြွင်းမဲ့ ပယ်သတ်တဲ့ ကျင့်စဉ်မဟုတ်တဲ့အတွက် မကျင့်ဘဲ နေတဲ့အခိုက်မှာ တခြားကိလေသာ အာရုံတွေနဲ့ တွေ့တဲ့အခါမှာ ဒီကိလေသာတွေဟာ ပြန်ပေါ်လာတတ်ပါတယ်။

ဒီလို သဘောတွေ ရှိနေတဲ့အတွက် တစ်ချို့က ညစဉ်ညတိုင်း ဘုရားရှိခိုး၊ ပရိတ်ပဋ္ဌာန်းတွေရွတ်၊ မေတ္တာတွေ ပို့နေပေမယ့် အမူအရာတွေ၊ အပြောအဆိုတွေ၊ အနေအထိုင်တွေက ပြောင်းလဲမသွားဘဲ ရှိနေတတ်ပါတယ်။ အဲဒီလို သူတွေကိုကြည့်ပြီး တစ်ချို့က “သူ့လောက်ဘုရား တရားလုပ်တာ သူပဲ ရှိတယ်၊ လောဘ၊ ဒေါသ၊ မောဟကြီးလိုက်တာလဲ မပြောပါနဲ့…”လို့ ပြောလေ့ရှိတတ်ပါတယ်။ ကိလေသာတွေကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးလို့ကတော့ ဘုရားရှိခိုး၊ ဂုဏ်တော်ပွားနေ၊ ပရိတ်ပဋ္ဌာန်းရွတ်တာတွေ လုပ်နေပေမယ့်လည်း ကိလေသာတွေက ပြန်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောဆိုကဲ့ရဲ့ တတ်တဲ့သူတွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် သူ့လောက်မလုပ်နိုင်တာတွေနဲ့ ချိန်ထိုးပြီးတော့ ဘုရားတရားလုပ်ပြီး အမူအရာ မပြောင်းတဲ့သူတွေ ရှိရင်လည်း နားလည်ပေးဖို့ လိုပါတယ်။

ဒီလိုဆိုတော့ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ စတဲ့ သမထအလုပ်တွေဟာ ထူးထူးခြားခြား အကျိုးတရား မရှိဘူးလို့တော့ မသတ်မှတ်ဖို့ လိုပါတယ်။ သမထကျင့်စဉ်တွေဟာ ကိလေသာ အပူမီးတွေကို အပြီးပိုင် အကြွင်းမဲ့ မပယ်သတ်နိုင်ပေမယ့် စိတ်အစဉ်ငြိမ်းချမ်းမှု၊ ကိလေသာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ခွာထားနိုင်မှု၊ ဈာန်အဘိညာဉ် ရမှု၊ ကုသိုလ်ဖြစ်ကာ ကောင်းတဲ့သုဂတိဘ၀တွေမှာ ဖြစ်စေမှုတွေအထိ အကျိုးထူးတရားကို ဖြစ်စေတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဟာ နိဗ္ဗာန်အထိ တိုက်ရိုက်မျက်မှောက် ပြုနိုင်ဖို့ ခက်ပေမယ့် ဒီအကျင့်တွေနဲ့ပဲ သေတဲ့အထိ နေသွားနိုင်မယ်ဆိုရင် ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်ဖြစ်စေတယ် ဆိုတာလည်း သံသယဖြစ်စရာ မရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လက်တွေ့လုပ် လက်တွေ့ထူးခြားမှုကို ဖြစ်စေတဲ့အတွက် ၀ိပဿနာ ကျင့်စဉ်ထက် သမထကျင့်စဉ်ကို ပိုပြီးသဘောကျ နှစ်သက်တတ်တာတွေ ရှိပါတယ်။ သမထကျင့်စဉ်ရဲ့ ထူးခြားမှုက ဘယ်သူမဆို နည်းစနစ်မှန်ကန်စွာ အားထုတ်နိုင်မယ်ရင်ဆိုရင် သမာဓိ တည်ကြည်လာတာနဲ့အမျှ နိမိတ်လက္ခဏာတွေ ပေါ်လာပြီး စိတ်အစဉ် ပေါ့ပါးမှု၊ ငြိမ်းချမ်းမှု စတဲ့ ထူးခြားမှုတွေကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ သို့သော် သမထကျင့်စဉ်ဟာ လက်တွေ့ဘ၀ ပစ္စုပ္ပန်ငြိမ်းချမ်းမှု၊ ချမ်းသာမှုကို ဖြစ်စေပေမယ့် တကယ့်ကိလေသာ ကုန်ခမ်းပြီး အစစ်အမှန် ငြိမ်းချမ်းရာဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက်တော့ ၀ိပဿနာ ကျင့်စဉ်ကို ကျင့်ကြံပွားများ အားထုတ်နိုင်မှပဲ ရနိုင်ဖြစ်နိုင်ပါတယ်။

ဝိပဿနာ ကျင့်စဉ်ဟာ သတ္တ၀ါတွေကို ဒုက္ခပေးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများကို အကြွင်းအကျန်မရှိ ပယ်သတ်နိုင်တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး သတိကို အထူးပြု လေ့ကျင့်ပေးတဲ့ ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ၀ိပဿနာရဲ့ သဘောက ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို သတိကပ်ကာ ဉာဏ်နဲ့ရှုမှတ်ပေးရတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ ဖြစ်သမျှကို ပေါ်စဲပေါ်ခိုက် ဖြစ်စဲဖြစ်ခိုက်မှာ ပေါ်တဲ့အတိုင်း ဖြစ်တဲ့အတိုင်း မလွတ်တမ်း လိုက်ပြီးသိမှတ် ပေးနေပါက ရုပ်နာမ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း သဘောတွေကို ခန္ဓာကိုယ်တွေ့ဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း သိမြင်လာကာ ကိုယ့်ရဲ့အတွင်း သန္တာန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာမီးတွေကို တဖြည်းဖြည်း ငြိမ်းလာအောင် ငြှိမ်းသတ်လာစေပါတယ်။

အမှတ်သတိကို မလွတ်စေဘဲ စိတ်မှာဖြစ်တတ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရာဂစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် စသဖြင့် ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ပေါ်လာရင် ပေါ်လာတဲ့အတိုင်း လိုက်လိုက်ပြီးသိမှတ်ပေးတာ၊ ခန္ဓာကိုယ်ကို အမှီပြုပြီး ဖြစ်တတ်တဲ့ ပူတာ၊ အေးတာ၊ နာကျင့်ကိုက်ခဲတာ၊ ငြိမ်းချမ်းတာ၊ မငြိမ်းချမ်းတာ စတဲ့ ခံစားချက် ဝေဒနာများကို ခံစားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ခန္ဓာကိုယ်ရဲ့ သွား၊ လာလှုပ်ရှားမှု မှန်သမျှကိုလည်း သွားလာလှုပ်ရှားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ရုပ်ရဲ့သဘောတရား၊ နာမ်ရဲ့သဘောတရား၊ ဓာတ်ရဲ့သဘောတရား၊ အမှန်သစ္စာရဲ့ သဘောတရား စသဖြင့် သဘာဝဓမ္မဖြစ်တဲ့ သဘောတရားတွေကိုလည်း အရှိအတိုင်း၊ သဘာဝဓမ္မအတိုင်း သိမှတ်ပေးတာ စတာတွေဟာ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ်နိုင်အောင် လေ့ကျင့်အားထုတ်ပေးတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် သတိပဋ္ဌာန် ၀ိပဿနာနည်းမှာ အကျုံးဝင်ပြီး ဒီနည်းစနစ်ကို မပြတ်အားထုတ်နိုင်ပါက ဉာဏ်စဉ်အဆင့်ဆင့် မြင့်တက်ကာ နောက်ဆုံး ကိလေသာတရားများကို အပြီးပိုင် ပယ်သတ်လို့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုစေတဲ့အထိ တိုက်ရိုက်ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဝိပဿနာကျင့်စဉ်ဟာ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်ဖို့ ခက်ခဲပေမယ့် ကြိုးစားပမ်းစား မလျော့တဲ့ ၀ီရိယနဲ့ အားထုတ်ကြမယ်ဆိုရင်တော့ ဒီဘ၀မှာပဲ သိသိသာသာ ကိလေသာတွေကို ပါးလာအောင် ခွာနိုင်ပြီး ကိုယ်နှုတ်စိတ် အမူအရာတွေဟာ ထူးခြားစွာ နူးညံ့လာစေမှာ ဖြစ်ပါတယ်။ ပါရမီအရှိန်နဲ့ သတိပညာဝီရိယ အားတွေပေါင်းစပ်ကာ အားထုတ်နိုင်မယ်ဆိုရင်တော့ ဉာဏ်စဉ်များအဆင့်ဆင့် တက်ကာ ကိလေသာတွေကိုလည်း တစ်ခုပြီးတစ်ခု အကြွင်းမရှိ ပယ်သတ်စေနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ် အဆင့်ထိ ရရှိနိုင်ပြီဆိုရင်တော့ ကိလေသာအားလုံးကို အပြီးပိုင် ပယ်သတ်နိုင်ပြီး ဒီဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါက ၀ိပဿနာ ကျင့်စဉ်ရဲ့ လက်တွေ့ကျတဲ့ အကျိုးနဲ့ ကျင့်စဉ်သဘောတရားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာတွေအတွက် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာ စသဖြင့် အမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဒါတွေအားလုံးဟာ ကုသိုလ်ရဖို့၊ စိတ်တည်ငြိမ်ဖို့နဲ့ ကိလေသာကို ခွာနိုင်ဖို့အတွက် ပွားများအားထုတ်ရတဲ့ နည်းစနစ်ဖြစ်ပြီး သမထအကျင့်နဲ့ ၀ိပဿနာအကျင့် တစ်မျိုးမျိုးမှာပဲ သွားပြီး အကျုံးဝင်နေကြောင်း ဆိုလိုတာဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရဖို့၊ စိတ်ငြိမ်းချမ်းဖို့နဲ့ ကိလေသာ ပယ်ခွာဖို့ကိုသာ ရည်ရွယ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။

စိတ်အစဉ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် ကိလေသာတရားများ တိုးပွားမှု၊ ကိလေသာတရားတွေရဲ့ လောင်မြိုက်မှုကို ခံစေ၊ ဖြစ်စေတဲ့အတွက် ဒီကိလေသာရန်က ကာကွယ်ဖို့အတွက် စရိုက်အမျိုးမျိုး၊ အကျင့်အမျိုးမျိုး ရှိနေတဲ့ လူတွေအနေနဲ့ ကိုယ့်အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ့် အကျင့်တစ်ခုခုကို ကျင့်နိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက “စိတ်ကိုဒီလိုလည်း ထိန်းနိုင်တယ်၊ ဒီလိုလည်း လေ့ကျင့်နိုင်တယ်၊ ဒီလိုလည်း အားထုတ်နိုင်တယ်၊ ဒီလိုအားထုတ်ရင် ဒီလောက်အကျိုးတရား ဖြစ်စေပြီး၊ ဒီလိုအားထုတ်နိုင်ရင်တော့ ဒီလောက်အကျိုးထူးကို ဖြစ်စေတယ်” ဆိုတာကို ဟောကြားပြသတော် မူခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဗုဒ္ဓဘာသာမှာ အမည်နာမတွေကြောင့် ဘယ်လိုနည်းတွေနဲ့ ဘယ်လိုအကျင့်တွေ ဘယ်ဘောက်ပဲ ရှိနေတယ်လို့ ဆိုပေမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရရေး၊ စိတ်ငြိမ်းချမ်းရေး၊ ကိလေသာ ပယ်ခွာရေးကိုပဲ ရည်ရွယ်တာ ဖြစ်တာကြောင့် သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် ကိုယ်လုပ်နိုင်တဲ့ နည်းကိုသာ ယုံကြည်မှု သဒ္ဓါတရား၊ ကြိုးစားအားထုတ်မှု ၀ိရိယတရား လက်ကိုင်ထားပြီး လုပ်နိုင်မယ်ဆိုရင် ကုသိုလ်လည်းရ၊ စိတ်လည်းငြိမ်းချမ်းပြီး နောက်ဆုံး ၀ိပဿနာကျင့်စဉ်အားနဲ့ ကိလေသာတရားကို အပြီးပိုင် ပယ်သတ်နိုင်တဲ့အထိ အကျိုးထူးကို ဖြစ်စေမှာဖြစ်တဲ့အတွက် ဘုရားရှိခိုးတာပဲ ဖြစ်ဖြစ်၊ မေတ္တာပို့တာပဲ ဖြစ်ဖြစ်၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာ ရွတ်တာပဲ ဖြစ်ဖြစ်၊ ဂုဏ်တော်ပွားတာပဲ ဖြစ်ဖြစ်၊ ပုတီးစိပ်တာပဲ ဖြစ်ဖြစ်၊ တရားမှတ်တာပဲ ဖြစ်ဖြစ် စသဖြင့် ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်၊ လုပ်နိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း၊ လုပ်နိုင်ရင်တော့ လုပ်နိုင်သလောက်ာ အကျိုးထူးကို ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတော့တယ်။

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၄)…

တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို ပြန်ပြီး မေးခွန်းထုတ်ဖြစ်ပါတယ်။ “ဒကာလေးတို့က ဘာကိုဘယ်လို ရှုမှတ်တာလဲ…”လို့။ ပြီးတော့ သူတို့အမေးနဲ့ ဆက်စပ်ရာကို ရှင်းပြဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တရားအားထုတ်တဲ့အခါ ဘာကိုဘယ်လို ရှုမှတ်တယ်ဆိုတဲ့ ဒီအချက်က အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓဟောတော်မူထားတဲ့ မဟာသတိပဋ္ဌာန သုတ်မှာ တရားအားထုတ်နည်း လေးမျိုးပြထားပြီးသားပါ။ ရုပ်တရားတွေကို ရှုမှတ်နည်း၊ ဝေဒနာကို ရှုမှတ်နည်း၊ စိတ်ကိုရှုမှတ်နည်းနဲ့ သဘောတရားကို ရှုမှတ်နည်းဆိုတဲ့ ဒီနည်းလေးမျိုးလုံးဟာ တရားအားထုတ်တဲ့ ယောဂီတိုင်း တွေ့ရှိမှတ်သားနိုင်မှာ ဖြစ်သလို တစ်နည်းနဲ့ တစ်နည်းကလည်း ဆက်စပ်ကာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက အားထုတ်နေတဲ့ အခိုက်မှာ ကိုယ်က ဘာကိုသိပြီး ဘာကိုရှုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ တရားထိုင်တုန်းကလည်း ကမ္မဋ္ဌာနာ စရိယ ဆရာတော်ထံမှာ တရားလျှောက်တော့ မယ်ဆိုရင် “တပည့်တော် ဘယ်လိုပုံစံနဲ့ ဘာကိုမှတ်တုန်းက ဘယ်လိုဖြစ်ပါတယ်ဘုရား…” လို့ အရင်ဆုံး ကိုယ်အားထုတ်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အရာနဲ့ မှတ်လိုက်တဲ့ ပုံစံလေးတွေကို လျှောက်ပြရပါတယ်။ ဒီတော့မှ ဆရာသမားက “ဒါဆိုရင် ဒီလိုလေးမှတ်လိုက်၊ ဒီလိုပြင်လိုက်၊ ဒီအတိုင်း ဆက်မှတ်လိုက်” စသဖြင့် လမ်းညွှန်ပြသ ပေးတာဖြစ်ပါတယ်။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ် ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ စိတ်မှာတစ်ခုခု တွေးထင်ကြံစည်တာမျိုး၊ ရုပ်မှာ နာကျင်ထုံထိုင်း စတဲ့ ခံစားချက် တစ်ခုခု ဖြစ်ပေါ်တာမျိုး စတဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် သူ့ပေါ်လာတဲ့ အတိုင်းပဲ လိုက်သိမှတ်ပေးဖို့ပါ။ အရှိအတိုင်းလို့ ဆိုတဲ့အတွက် ကိုယ်ကအာရုံကိုလိုက်ပြီး စိတ်ကူးနေတာမျိုး၊ အာရုံတွေကို ဟိုမှတ်ဒီမှတ် ဟိုပြောင်းဒီပြောင်း လိုက်ပြီး ကစားနေတာမျိုး မဖြစ်ရပါဘူး။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဒီနေရာမှာ အရေးကြီးတာက မှတ်လိုက်တဲ့အာရုံနဲ့ မှတ်လိုက်ပုံလေးက အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာ ပေါ်ရာပေါ်ရာကို ပေါ်စဲပေါ်ခိုက်မှာ လိုက်မှတ်တာ ဖြစ်တဲ့အတွက် တစ်ခုတည်း တစ်သမှတ်တည်း စွဲကိုင်ပြီး မှတ်လို့မရပါဘူး။ ၀ိပဿနာဆိုတဲ့ သဘောကိုက ပေါ်ရာပေါ်ရာကို ရှုမှတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ပေါ်ရာပေါ်ရာလို့ ဆိုတဲ့အတွက် မပေါ်သေးတာကို တွေးကြံပြီး စိတ်ကူးနဲ့ စောင့်မှတ်တာမျိုး မဟုတ်သလို ပေါ်ပြီးပျောက်သွားတဲ့ အရာတွေကိုလည်း ပြန်စဉ်းစားပြီး မှတ်ရတဲ့ သဘောမဟုတ်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် ဖြစ်တဲ့ အဲဒီဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကိုပဲ သတိနဲ့ လိုက်လိုက်သိမှတ် ပေးနေတာကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှုမှတ်တဲ့အခိုက်မှာ ပေါ်လာတဲ့ အာရုံက ခံစားခြင်း ဝေဒနာဖြစ်တယ်ဆိုရင် အဲဒီဝေဒနာကို လိုက်မှတ်ရမှာ ဖြစ်သလို ရှုမှတ်နေတဲ့အခိုက်မှာ စိတ်မှာအတွေး အကြံစတာတွေနဲ့ ဟိုစိတ်ဒီစိတ် စတဲ့ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်ပေါ်တဲ့အခါ အဲဒီဖြစ်တဲ့ စိတ်အစဉ်ကို လိုက်ပြီး သိမှတ်နေရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ထွက်လေ၀င်လေ လေးကိုပဲ သတိနဲ့ မပြတ်မှတ်နေမိတာမျိုး၊ အာရုံတစ်ခုခုရဲ့ ဖြစ်တတ်တဲ့ သဘောတရား၊ ဖြစ်နေတဲ့ လက္ခဏာလေးတွေကို လိုက်လိုက်သိနေတာမျိုး စတာတွေဟာ ဆိုင်ရာအာရုံတွေရဲ့ အခိုက်အတန့်လေးတွေကို သတိနဲ့လိုက်ပြီး ရှုမှတ်နေတာ ဖြစ်ပါတယ်။ ဒီလိုရှုမှတ်နေတာဟာ မှန်ကန်တဲ့ ၀ိပဿနာ ရှုနည်းများ ဖြစ်နေပြီး အရှုခံအာရုံနဲ့ ရှုမှတ်ပုံကို တစ်ခုပြီးတစ်ခု သတိမလွတ်ဘဲ အားထုတ်နေတဲ့ သတိပဋ္ဌာန် ကျင့်စဉ်နည်းပဲ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်အားသန်ရာ တစ်ခုခုကို အထူးပြုပြီး စွဲမှတ်နေတာမျိုးတော့ ရှိတတ်ပါတယ်။ အဲလိုလည်း မှတ်နိုင်ပါတယ်။ ဒါကလည်း တစ်ခြားအာရုံတွေ မပေါ်လို့မဟုတ်ဘဲ ယောဂီပုဂ္ဂိုလ် ကိုယ်တိုင်က ကိုယ်အားသန်ရာ အမှတ်အာရုံ တစ်ခုတည်းကိုပဲ အဓိကထား အထူးမှတ်နေပြီး တစ်ခြားအာရုံတွေကို လျစ်လျူရှုထားလို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ တရားအားထုတ်တဲ့အခါ အာရုံတွေက တစ်မျိုးတည်း မဟုတ်ဘဲ ထွက်သက်ဝင်သက်ကို မှတ်နေရင်းနဲ့ ဟိုကျင်ဒီကျင် ဖြစ်တာ၊ ဟိုနေရာယား၊ ဒီနေရာယား ဖြစ်တာ၊ ဟိုအတွေး ဒီအတွေးတွေ ဖြစ်တာ စတာလေးတွေကိုလည်း သိနေတာလေးတွေ ရှိနေတတ်သလို စိတ်ကိုအထူးပြု မှတ်နေရင်းနဲ့လည်း ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေ၊ ခံစားမှုတွေ စတာတွေကိုလည်း သိနေတတ်တာလေးတွေ ရှိတတ်ပါတယ်။ ဟိုဟိုဒီဒီ အခိုက်အတန့် ဖြစ်တတ်တဲ့ အာရုံလေးတွေ ရှိနေပေမယ့် အဲဒိအာရုံလေးတွေထက် ကိုယ်စွဲကိုင်ပြီး မှတ်နေတဲ့ အာရုံ၊ ကိုယ်ကိုယ်တိုင် သဘောကျနေတဲ့ အာရုံကို အထူးအလေးပေး မှတ်နေတဲ့အတွက် တစ်ခြားအာရုံတွေမှာ သတိမပြုမိ၊ မမှတ်မိလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဒီအာရုံကို မှတ်နေရင်း ဟိုအာရုံကို မှတ်လို့ရသလား ဆိုတာထက် အာရုံတစ်ခုခုကို ထင်ထင်ရှားရှား သိမှတ်နေဖို့က အရေးကြီးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံတစ်ခုခုကို အမိအရ မှတ်နိုင်ဖို့ အဓိကကျပါတယ်။ အဲဒီလို တစ်ခုခုကို မှတ်နေတဲ့ အခိုက်ကိုပဲ ဘယ်အာရုံကို ဘယ်လိုမှတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြောချင်တာက တရားအားထုတ်တဲ့ အခါ ဒီလိုထင်ထင်ရှားရှား မှတ်သိနေတဲ့အခိုက်မှာ ကိုယ်မှတ်လိုက်တဲ့ အာရုံဟာ စိတ်မှာဖြစ်နေတဲ့ အာရုံတစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် အဲဒါ စိတ္တာနုပဿနာ ဖြစ်နေပြီး ကိုယ်မှတ်တဲ့အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ဝေဒနာတစ်ခုခုကို မှတ်လိုက်မိတယ်ဆိုရင် အဲဒါ ဝေဒနာနုပဿနာ ဖြစ်တာပါပဲ။ ဒီလိုပဲ ကိုယ်မှတ်လိုက်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ရုပ်တရား တစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် ဒါဟာ ကာယာနုပဿနာ ဖြစ်နေပြီး မှတ်သိတဲ့အခိုက် မှတ်လိုက်တဲ့အာရုံဟာ သဘောတရား တစ်ခုခု ဖြစ်နေမယ်ဆိုရင် အဲဒါ ဓမ္မာနုပဿနာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမှတ်တဲ့အခိုက်မှာ အရေးကြီးတဲ့ အချက်ဟာ ဘယ်လိုဘယ်နည်း ဆိုတာထက် ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ယထာ ယထာ ၀ါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာနံ ပဇာနာတိ- ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏။ ” လို့ မိန့်တော်မူထားချက် ရှိပါတယ်။ မြတ်ဗုဒ္ဓအလို ဒီမှာ ပြောလိုတာက ရုပ်တရားဟာ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေပါစေ အဲဒီရှိနေတဲ့ အတိုင်းလေးပဲ လိုက်သိပေးနေပါလို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်က ရုပ်တရားလို့ ဆိုပေမယ့် တစ်ခြား စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှကို ဖြစ်စဲဖြစ်ခိုက်မှာပဲ အရှိအတိုင်း သိနေဖို့အထိ နားလည်သဘော ပေါက်ထားနိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲလို့ ဆိုတာဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဟိုလိုလို ဒီလိုလို ဖြစ်မနေဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ သမာဓိ မတည်တဲ့အတွက် စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေတတ်တာတွေ ရှိတတ်ပါတယ်။ စိတ်ကိုမှတ်လိုက်သလိုလို၊ ရုပ်ကို မှတ်လိုက်သလိုလို၊ ဝေဒနာကို မှတ်လိုက်သလိုလို စသဖြင့် ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့သဘောမှာ သမာဓိ အားနည်းလို့ ဖြစ်တတ်တာလည်း ရှိတဲ့အတွက် ကိုယ်အားသန်တဲ့ ထင်ရှားတဲ့ အာရုံတစ်ခုခုကို အမိအရယူပြီး အဲဒီအာရုံမှာပဲ မလွတ်တမ်း မှတ်သိနိုင်အောင် ကြိုးစားဖို့တော့ လိုပါတယ်။

တစ်ချို့ စိတ်ကို အထူးပြုပြီး မှတ်မှမှတ်လို့ ရတဲ့ ယောဂီတွေ ရှိသလို တစ်ချို့ကျတော့ ဝေဒနာကို မှတ်နေမှ သမာဓိဖြစ်ကာ အမှတ်အာရုံ ကောင်းတဲ့ ယောဂီတွေလည်း ရှိတတ်ပါတယ်။ ဒါက သူတို့သူတို့ရဲ့ စိတ်အားသန်ရာကြောင့် ဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ကိုအထူးပြုမှတ်မှ ၀ိပဿနာ မှတ်နည်းအစစ်ဖြစ်တယ်၊ ရုပ်ကိုအထူးပြုမှတ်မှ နည်းမှန်ဖြစ်တယ်၊ ဝေဒနာကို မှတ်နိုင်မှ တရားတက်မှာဖြစ်တယ် စတဲ့ အစွဲအလန်းတွေ၊ နားလည်မှုတွေဟာ မမှန်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လိုပဲမှတ်မှတ် မှတ်တဲ့အခိုက်မှာ မှတ်တဲ့အာရုံကို အရှိအတိုင်း ထင်ထင်ရှားရှား သိမှတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အာရုံတစ်ခုခုကို မှတ်သိနေဖို့ပဲ လိုပါတယ်။ အဲဒီလို စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံ တစ်ခုခုကို အရှိအတိုင်း မှတ်သိနိုင်နေရင် ဒါဟာ ဗုဒ္ဓအလိုတော်ကျ ၀ိပဿနာ အားထုတ်နည်း အမှန် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီတွေအနေနဲ့ အဓိက နားလည်သဘော ပေါက်ထားရမှာက ဘယ်နည်းကို အားထုတ်တယ် ဆိုတာထက် အားထုတ်တဲ့ အခိုက်မှာ ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ် ဆိုတာက အဓိကကျတာ ဖြစ်ပြီး ဟိုနည်းဒီနည်းဆိုတာ အားထုတ်စဲအခိုက်မှာ မှတ်လိုက်တဲ့ အမှတ်အာရုံနဲ့ မှတ်လိုက်ပုံကိုလိုက်ကာ ခွဲခြားသတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ်ရဲ့ အဓိကအလုပ်က စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ အာရုံကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်ကို သူ့အရှိအတိုင်းပဲ လိုက်သိပေးနေတဲ့ အလုပ်ပဲဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနည်းအတိုင်းသာ ဟိုဟိုဒီဒီ အတွေးမများပဲ ပေါ်သမျှ အာရုံကို အလေးထားပြီး မှတ်ကြည့်ကြဖို့ အသိပေးလိုပါတယ်။ ရှေ့မှာပြောခဲ့တဲ့ စကားအတိုင်း ပြန်ပြောရရင် ဘယ်နည်းကို အဓိကထားပြီး အဲဒီနည်းအတိုင်း မဖြစ်မနေ လိုက်ပြီးရှာဖွေ မှတ်ရှုနေဖို့ထက် ဘယ်အာရုံကို ဘယ်လိုမှတ်တယ်ဆိုတာက အဓိကကျတဲ့အတွက် ဖြစ်စဲဖြစ်ခိုက် အာရုံတစ်ခုခုကိုသာ အမိအရ မှတ်သိနိုင်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဝိပဿနာ ရှုနည်း၊ မူသေစည်း…

“၀ိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်” ဆိုတဲ့ ဒီဆောင်ပုဒ်လေးက မဟာစည်ဆရာတော် ကြီးရဲ့ အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း ဆောင်ပုဒ်လင်္ကာတွေထဲမှာ ပါတဲ့ နောက်ဆုံး အပိုဒ်လေး ဖြစ်ပါတယ်။ မဟာစည် ရိပ်သာကြီးမှာ တရားဝင်တုန်းက နေ့စဉ်တရားနာပြီးတိုင်း ယောဂီအားလုံးနဲ့အတူ လိုက်ပြီး ရွတ်ဆိုနေရတာဆိုတော့ နှုတ်တက်အာဂုံရနေခဲ့တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေလည်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက တရားစပြီး အားထုတ်ကာစ ယောဂီတွေအတွက် ၀ိပဿနာ ဉာဏ်ဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်လိုအရာမျိုးတွေမှာ ရှုမှတ်ပွားများရတယ်၊ ဘာကြောင့်ရှုမှတ်ရတယ် စတာတွေကို အလွယ်နားလည်သွားအောင် ဆောင်ပုဒ်လင်္ကာလေးတွေ သီးကုံးပြီး ရွတ်ဆိုမှတ်သား လေ့ကျင့်စေပါတယ်။ ဒါကြောင့် ၀ိပဿနာ အားထုတ်မှုမှာ တစ်စုံတစ်ခု အထောက်အကူ ဖြစ်စေဖို့ ဆရာတော်ကြီးရဲ့ ၀ိပဿနာ ရှုနည်း မူသေစည်းလေးတွေကို ကိုးကားပြီး ပို့စ်တစ်ပုဒ်အနေနဲ့ ရေးသားတင်ပြ ရခြင်းဖြစ်ပါတယ်။

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဒီလင်္ကာလေးတွေအရ ၀ိပဿနာဉာဏ်၊ ၀ိပဿနာဉာဏ်လို့ ပြောပြောနေကြရမှာ ၀ိပဿနာဉာဏ်ဆိုတာ ဘယ်လိုဉာဏ်ကို ပြောတာလဲ၊ ဒီဉာဏ်ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲလို့ မသိနားမလည်လို့ မေးလာသူတွေကို ၀ိပဿနာဉာဏ်ဆိုတာ တစ်ခြားမဟုတ်၊ ခန္ဓာငါးပါးအပေါ် အမှန်အတိုင်း ရှုမှတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ်ကို ဆိုတာဖြစ်ကြောင်း၊ ဒီဝိပဿနာဉာဏ် ဖြစ်ပေါ်ဖို့အတွက် ခန္ဓာငါးပါးကိုပဲ အရှိအတိုင်း အမှန်အတိုင်း ရှုမှတ်ရမှာဖြစ်ကြောင်း တိုတိုနဲ့ လိုရင်းထိအောင် ဖွဲ့ဆိုပေးထားပါတယ်။ မှန်ပါတယ်။ ၀ိပဿနာရှုတယ်ဆိုတာ တစ်ခြားအရာတွေကို ရှုတာမဟုတ်ပါဘူး။ ယောဂီပုဂ္ဂိုလ်အားလုံး ပိုင်ဆိုင်ထားတဲ့ ခန္ဓာမှာပဲ ရှုတာဖြစ်ပါတယ်။ ခန္ဓာဆိုတာ အစုအဖွဲ့ကို ပြောတာပါ။ ဒီခန္ဓာကို အသေးစိပ်ခွဲလိုက်ရင် ရှုပက္ခန္ဓာ (ရုပ်အစု)၊ ဝေဒနာက္ခန္ဓာ (ခံစားမှုအစု)၊ သညက္ခန္ဓာ (မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုပြင်မှုအစု)နဲ့၊ ၀ိညာဏက္ခန္ဓာ (အထူးသိမှတ်မှုအစု) ဆိုပြီး ငါးမျိုးကွဲပြားပါတယ်။ ဒီငါးပါးကိုပဲ ခန္ဓာငါးပါးလို့ ဆိုတာဖြစ်ပါတယ်။ ဒီခန္ဓာငါးပါးမှာ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာက တစ်ပါးဖြစ်ပြီး ကျန်တာတွေကတော့ နာမ်ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာငါးပါးဆိုတာ အလွယ်ပြောရရင် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီနာမ်ရုပ်နှစ်ပါးမှာပဲ အရှိအတိုင်း အားထုတ်နေမယ်ဆိုရင် ၀ိပဿနာဉာဏ်တွေ ဖြစ်နေမှာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ခန္ဓာငါးပါးလို့ခေါ်တဲ့ နာမ်ရုပ်နှစ်ပါးကို ဘယ်အတွက်၊ ဘယ်လိုဟာတွေကို ရှုရမှာလဲဆိုတော့ ခန္ဓာငါးပါးဆိုတာ စွဲလန်းတတ်တဲ့အတွက် အဲဒီအပေါ်မှာ မစွဲမိအောင် ဒီနာမ်ရုပ်နှစ်ပါးရဲ့ ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်ကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမှတ်ရမယ်လို့ ဆိုပါတယ်။ ခန္ဓာငါးပါးဟာ သတ္တ၀ါတွေအတွက် စွဲလန်းစရာ ဖြစ်လို့ သူ့ကို ဥပါဒါနက္ခန္ဓာလို့လည်း ခေါ်ပါတယ်။ ဥပါဒါန်ဆိုတာ စွဲလန်းမှုကို ပြောတာဖြစ်ပါတယ်။ ဒီစွဲလမ်းမှုကို အမှန်အတိုင်း မသိတဲ့အခါကျတော့ သတ္တ၀ါတွေဟာ ရုပ်ကိုလည်းစွဲမိနေ၊ စိတ်ကိုလည်း စွဲမိနေတော့တာ ဖြစ်ပါတယ်။ ဒီလို စွဲလန်းနေမိကြတာဟာ မသိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဖြစ်ခိုက်ဖြစ်စဲကို မသိတဲ့အတွက် လှတယ်မလှဘူး၊ ကောင်းတယ်မကောင်းဘူးစတဲ့ အစွဲတွေ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိကြမယ်ဆိုရင် အဲဒီလို အစွဲမရှိတော့ပါဘူး။

ဆိုကြပါစို့။ ခံစားမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဒါဟာ ဝေဒနာပဲလို့ မသိလိုက်ရင် ကောင်းတယ်မကောင်းဘူး ဆိုတဲ့ အစွဲတွေဖြစ်လာပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်တာတွေ ဖြစ်ကုန်တတ်ပါတယ်။ စိတ်မှာ ရာဂစိတ်ဖြစ်တဲ့အခါမှာလည်း အဲဒီရာဂစိတ်ဖြစ်တဲ့ အခိုက်ကို မသိလိုက်ရင် ဒီစိတ်ရဲ့ စွဲရာကိုပါသွားပြီး ဟိုတွေးဟိုကြံ ဟိုဟာဖြစ်ဒါဖြစ်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အကယ်၍ ဒါဟာ ဝေဒနာပဲ၊ ဒါဟာ ရာဂစိတ်ပဲလို့ အဲဒီအခိုက်မှာ သိလိုက်နိုင်မယ်ဆိုရင်တော့ စွဲလန်းမှုမရှိတော့ဘဲ သူက ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဒီလို အစွဲတွေမရှိဖို့ ခန္ဓာငါးပါးကို အရှိအတိုင်း အမှန်အတိုင်း ရှုရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။

တကယ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်မှာ မသိလိုက်ရင်တော့ အစွဲတွေ ၀င်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာရုပ်ပဲ၊ ဒါဟာ နာမ်ပဲလို့ အမှန်အတိုင်း မသိတဲ့အခါမှာ ငါငါဥစ္စာစသဖြင့် ထင်နေတတ်ပြီး မမြဲတဲ့သဘောတွေမှာ မြဲတယ်လို့ ထင်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီရုပ်နာမ်အစုကို ဖြစ်ခိုက်မှာ မရှုလိုက်မိလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ရုပ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ၊ ဖြစ်သမျှ အရာတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိနိုင်ရင် ငါငါ့ဟာလို့ ထင်စရာမရှိတော့တဲ့အပြင် ဒီအပေါ်မှာလည်း မစွဲမိတော့ပါဘူး။ ဒါကြောင့် ရုပ်နာမ်အစုဟာ ဖြစ်ခိုက်ပေါ်ခိုက်မှာ မရှုမိရင် ငါငါဥစ္စာလို့ ထင်စေတတ်တဲ့ အစွဲတရားတွေ ဖြစ်တတ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
အဲဒီလို ရုပ်နာမ်အစုတွေကို ဖြစ်တိုင်းဖြစ်တိုင်း၊ ပေါ်တိုင်းပေါ်တိုင်းမှာ သတိနဲ့ မလွတ်တမ်း ကပ်ပြီးသိမှတ်နိုင်မယ်ဆိုရင် ဒီတရားတွေအပေါ်မှာ စွဲလန်းမှုတွေ တဖြည်းဖြည်း ကင်းပျောက်လာပါတယ်။ ရုပ်တရားရဲ့ လှုပ်ရှားမှုတွေ၊ စိတ်ရဲ့တွေးတော ကြံစည်မှုတွေကို အရှိအတိုင်း သွားရင်သွားတယ်၊ ထိုင်ရင်ထိုင်တယ်၊ ရပ်ရင်ရပ်တယ်၊ အိပ်ရင်အိပ်တယ်၊ ကိုင်ရင်ကိုင်တယ် စသဖြင့် လှုပ်ရှားမှု မှန်သမျှကို လိုက်လိုက်ပြီးသိနေ၊ တွေးရင်တွေးတယ်၊ ကြံရင်ကြံတယ်၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်၊ အလိုမကျဖြစ်ရင် အလိုမကျဖြစ်တယ် စသဖြင့် စိတ်နဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု မှန်သမျှကို မပြတ်သတိနဲ့ လိုက်ပြီးသိနေမယ်ဆိုရင် ဒီရုပ်တရား နာမ်တရားတွေအပေါ်မှာ စွဲလန်းမှုတွေ ကင်းလာတတ်ပြီး အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ထင်လာကာ ဉာဏ်အမြင် ရှင်းလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခိုက်ရှုလိုက်နိုင်လို့ အစွဲတွေ ကင်းပျောက်လာတယ်ဆိုရင် မဂ်ဉာဏ်တွေအထိ ထင်လာပြီး နိဗ္ဗာန်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ၀ိပဿနာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ အစွဲတရားတွေကင်းဖို့ ရုပ်နာမ်အစုကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အရှိအတိုင်း သတိကပ်ပြီး သိမှတ်ပေးနေမယ်ဆိုရင် ဒါဟာ ၀ိပဿနာဉာဏ် ဖြစ်ဖို့အကောင်းဆုံး တရားရှုမှတ်နည်းပဲ ဖြစ်ပါတယ်။

ဒါက မဟာစည်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်း အခြေခံ နည်းစနစ်ဖြစ်တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေ အပေါ်မှာ နားလည်လွယ်အောင် ပြန်လည်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ဒီလင်္ကာလေးတွေအရ ၀ိပဿနာရှုတယ်ဆိုတာ သိပ်တော့ခက်လှတာ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ်က မခက်ဘူးလို့ ဆိုလိုချင်တာပါ။ လက်တွေ့အားထုတ်မှုမှာတော့ အလေ့အကျင့်နည်းနေရင် ခက်ပါတယ်။ ဘာဖြစ်လို့ ခက်တာလဲဆိုတော့ ထိမ်းဖို့အခက်ဆုံးဖြစ်တဲ့ စိတ်ကို ထိန်းနေရတာဖြစ်လို့ ခက်တယ်လို့ ဆိုတာဖြစ်ပါတယ်။ သမာဓိလည်းနည်း၊ ၀ိရိယလည်း မရှိဆိုရင်တော့ သတိဖြစ်ဖို့ ခက်တဲ့အပြင် သတိမရှိရင်လည်း ရုပ်နာမ်တွေရဲ့ ဖြစ်စဲဖြစ်ခိုက်ကို သိဖို့မလွယ်လှတဲ့အတွက် အချုပ်ကတော့ သတိရှိဖို့ပဲ ဖြစ်ပါတယ်။ သတိတရားနဲ့သာ စိတ်မှာပဲ ဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်ပြီးသိမှတ်နေမယ်ဆိုရင်တော့ နည်းစနစ်လည်းမခက်သလို ရှုမှတ်ဖို့လည်း မခက်ပါဘူး။

ဒါကြောင့် ဘယ်လောက်ပဲ လွယ်လွယ် လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို ၀ိပဿနာရှုနည်း မူသေစည်းလေးတွေဟာ လွယ်ပေမယ့် လက်တွေ့အားထုတ်မှု မရှိရင်လည်း အကျိုးသက်ရောက်မှု မရှိနိုင်တဲ့အတွက် မူသေနည်းလေးတွေကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အကောင်အထည် ဖို့ကြည့်ကြဖို့ တိုက်တွန်းရင် မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများကို ပိုပြီး မှတ်မိသွားအောင် အောက်ပါအတိုင်း တစ်ခေါက်လောက် ရွတ်ဆိုကြည်ကြပါစို့…

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

Read more »

ဓုတင်အကြောင်း သိကောင်းစရာ…

ဓုတင်ဆိုတာ ဓုတင်္ဂဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ကိလေသာကို ဖျက်စီးကြောင်း ခေါင်းပါးသော အကျင့်လို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ သူတော်ကောင်းများ အတွက် အလိုနည်းစေခြင်း၊ ရောင့်ရဲလွယ်စေခြင်း၊ ကိလေသာခေါင်းပါးစေခြင်း၊ ကြိုးစားအားထုတ်မှု ၀ီရိယရှိစေခြင်း၊ သီလစင်ကြယ်စေခြင်း စတဲ့ အကျိုးတရားများကို မျှော်ကိုးကာ ဗုဒ္ဓရှင်တော်မြတ်က ဒီဓုတင်အကျင့်ကို ခွင့်ပြုတော်မူခဲ့ပါတယ်။ ဓုတင်အကျင့်လို့ ဆိုတဲ့အတွက် ရဟန်းတော်များအတွက် သီးသန့်ခွင့်ပြုခဲ့တယ်လို့ ထင်စရာ ရှိပါတယ်။ အဲဒီလို မဟုတ်ပါဘူး။ ရဟန်း၊ သာမဏေ၊ လူပုဂ္ဂိုလ်အားလုံးကို ရည်ရွယ်ပြီး ကိုယ့်အနေနဲ့ သင့်လျော်မယ့်၊ ကျင့်လို့ရမယ့် ဓုတင်အကျင့်ကို ကျင့်နိုင်ဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အားလုံးအတွက် မြတ်ဗုဒ္ဓက ဓုတင်အကျင့် (၁၃)မျိုးကို ခွင့်ပြုတော်မူခဲ့ပါတယ်။

ဒီဓုတင် (၁၃)ပါးက ၁။ ပံသုကူလိကင်္ဂ ဓုတင် ၂။ တေစီဝရိကင်္ဂ ဓုတင် ၃။ ပိဏ္ဍပါတိကင်္ဂ ဓုတင် ၄။ သပဒါန စာရိကင်္ဂ ဓုတင် ၅။ ဧကာသနိကင်္ဂ ဓုတင် ၆။ ပတ္တပိဏ္ဍိကင်္ဂ ဓုတင် ၇။ ခလုပစ္ဆာဘတ္တကင်္ဂ ဓုတင် ၈။ အာရညိကင်္ဂ ဓုတင် ၉။ ရုက္ခမူလိကင်္ဂ ဓုတင် ၁၀။ အမ္ဘောကာသိကင်္ဂ ဓုတင် ၁၁။ သောသာနိကင်္ဂ ဓုတင် ၁၂။ ယထာသန္တတိကင်္ဂ ဓုတင် ၁၃။ နေသဇ္ဇိကင်္ဂ ဓုတင် တို့ပဲ ဖြစ်ပါတယ်။

၁။ ပံသုကူလိကင်္ဂ ဓုတင်ဆိုတာ မြန်မာလို အလွယ်ပြောရရင်တော့ ဒကာ၊ ဒကာမတို့ လှူဒါန်းသော သင်္ကန်းကို ပယ်ပြီး အများသူငါ စွန့်ပစ်ထားသော အ၀တ်အပိုင်းအစများကိုသာ ချုပ်စပ်ဝတ်ရုံ သုံးဆောင်သောအကျင့်လို့ ပြောနိုင်ပါတယ်။ ပံသုကူသင်္ကန်းကို ဆောင်လေ့ရှိတဲ့သူရဲ့ အကြောင်း၊ စေတနာကို ပံသုကူလိကင်္ဂလို့ ဆိုပါတယ်။ ပံသုဆိုတာ မြေမှုန့်ကို ဆိုပြီး ပံသုကူလိကဆိုတာ မြေမှုန့်ပေါ်မှာ လွှမ်းမိုးကျရောက်နေခြင်းလို့ ဆိုပါတယ်။ ဆိုလိုတာက လမ်းခရီးသုဿာန် အမှိုက်ပုံစတဲ့ မြေပေါ်မှာ လွှတ်ပစ်ထားတဲ့ အ၀တ်အထည်ကို ပံသုကူလလို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီလို အ၀တ်သင်္ကန်းကို ဆောင်ယူလေ့ရှိတဲ့သူကို ပံသုကူလိကလို့ ခေါ်ပါတယ်။

၂။ တေစိဝရိကင်္ဂ ဓုတင်ဆိုတာ မြောက်များစွာသော သင်္ကန်းကိုပယ်ပြီး နှစ်ထပ်သင်္ကန်း၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သင်္ကန်းသုံးထည်ကိုသာ သွားလေရာယူဆောင် ၀တ်ရုံသုံးဆောင်သော အကျင့်ကို ဆိုပါတယ်။ ဒုကုဋ်၊ ကိုယ်ဝတ်၊ သင်းပိုင်ဆိုတဲ့ သင်္ကန်းသုံးထည်ကိုသာ ဆောင်လေ့ရှိတဲ့အတွက် အဲဒီပုဂ္ဂိုလ်ကို တေစီဝရိကလို့ခေါ်ပြီး ဒီဓုတင်ကို ဆောက်တည်ကြောင်းဖြစ်တဲ့ စေတနာကို တေစီဝရိကင်္ဂလို့ ဆိုခြင်းဖြစ်ပါတယ်။

၃။ ပိဏ္ဍပါတိကင်္ဂ ဓုတင်ဆိုတာက့ လာဘ်ပိုလာဘ်လျှံကိုပယ်ပြီး ဆွမ်းခံ၍ရသော ဆွမ်းကိုသာ စားသောက်သုံးဆောင်သော အကျင့်ကို ဆိုပါတယ်။ သူတစ်ပါးတို့ လောင်းလှူသော ဆွမ်းအာမိသများ သပိတ်ထဲကို ရောက်လာခြင်းကို ပိဏ္ဍပါတလို့ဆိုပြီး ထိုသို့သော ဆွမ်းကိုသာ ရှာမှီးလေ့ရှိတဲ့သူကို ပိဏ္ဍပါတိကလို့ ဆိုပါတယ်။ ဒီဓုတင်အကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ပိဏ္ဍပါတိကင်္ဂလို့ ဆိုခြင်းဖြစ်ပါတယ်။

၎။ သပဒါနစာရိကင်္ဂ ဓုတင်ဆိုတာ အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်ပြီး အိမ်စဉ်မကျော်မလှပ် ရပ်၍ရသော ဆွမ်းကိုသာ ခံယူသုံးဆောင်သောအကျင့်ကို ဆိုပါတယ်။ အိမ်စဉ်ပြတ်ခြင်းကို ဒါနလို့ဆိုပြီး အိမ်စဉ်မပြတ်ခြင်းကို သပဒါနလို့ ဆိုပါတယ်။ အိမ်စဉ်မပြတ် လှည့်လည်တဲ့ ပုဂ္ဂိုလ်ကို သပဒါနစာရိကလို့ ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း ဖြစ်တဲ့ စေတနာကိုတော့ သပဒါနစာရိကင်္ဂလို့ ဆိုပါတယ်။

၅။ ဧကာသနိကင်္ဂ ဓုတယ်ဆိုတာ နေရာအမျိုးမျိုး၌ စားခြင်းကိုပယ်ပြီး တစ်နေရာ တစ်ထိုင်တည်း၌သာ စားခြင်းပြုသော အကျင့်ကို ဆိုပါတယ်။ တစ်နေရာတည်း၌ သုံးဆောင်စားသောက်ခြင်းကို ဧကာသနဟုဆိုပြီး ထိုသို့ တစ်နေရာတည်းမှာ စားသောက်သုံးဆောင်လေ့ရှိသူကို ဧကာသနိကလို့ ဆိုပါတယ်။ ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ဧကာသနိကင်္ဂလို့ ဆိုပါတယ်။

၆။ ပတ္တပိဏ္ဍိကင်္ဂ ဓုတင်ဆိုတာ နှစ်ခွက်မြောက်သော ဆွမ်း၊ ဆွမ်းဟင်းကို ပယ်ပြီး တစ်ခွက်တည်းကိုသာ ခံယူသုံးဆောင်သောအကျင့်ကို ဆိုပါတယ်။ နှစ်ခုမြောက်ခွက်ကို ပယ်ပြီး တစ်ခုသော သပိတ်၊ ခွက်ထဲမှာရှိတဲ့ ဆွမ်းကို ပတ္တပိဏ္ဍလို့ ဆိုပါတယ်။ ဒီအကျင့်ကို ကျင့်တဲ့သူကို ပတ္တပိဏ္ဍိကလို့ ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကိုတော့ ပတ္တပိဏ္ဍိကင်္ဂလို့ ဆိုပါတယ်။

၇။ ခလုပစ္ဆာဘတ္တိကင်္ဂ ဓုတင်ဆိုတာ အတိရိက်ဝိနည်းကံ ဆွမ်းကို ပယ်ပြီးဘုဉ်းပေးတဲ့ အကျင့်ကို ဆိုပါတယ်။ ခလုဆိုတာ တာမြစ်ခြင်း အနက်ကို ဟောတဲ့ ပုဒ်ဖြစ်ပါတယ်။ ဆွမ်းစားနေစဉ် ကပ်လှူလာတဲ့ ဘောဇဉ်ကို တားမြစ်မိတဲ့ ရဟန်းမှာ ပ၀ါရိတ်သင့်ပါတယ်။ နောက်ရောက်လာတဲ့ ဘောဇဉ်ကို ပစ္ဆာဘတ္တိလို့ ခေါ်ပါတယ်။ ဒီပစ္ဆာဘတ္တိဘောဇဉ်ကို ၀ိနည်းကံပြုပြီး သုံးဆောင်နိုင်သော်လည်း မသုံးဆောင်ဘဲ ပယ်လေ့ရှိတဲ့ပုဂ္ဂိုလ်ကို ခလုပစ္ဆာဘတ္တိကလို့ ဆိုပါတယ်။ ဒါကြောင့် ပ၀ါရိတ်သင့်ပြီးသော ရဟန်းဟာ အတိရိတ်ဝိနည်းကံပြုပြီး စားကောင်းသော ဘောဇဉ်ကို မစားဘဲ ပယ်လေ့ရှိတဲ့အတွက်ကြောင့် ခလုပစ္ဆာဘတ္တိကမည်ကြောင်း၊ ဒီဓုတင်အကျင့်ကို ဆောက်တည်ကြောင်း စေတနာသည် ခလုပစ္ဆာဘတ္တိကင်္ဂမည်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

၈။ အာရညိကင်္ဂ ဓုတင်ဆိုတာ မြို့ရွာကျောင်းကိုပယ်ပြီး တောရကျောင်း၌သာ နေသောအကျင့်ကို ဆိုပါတယ်။ တော၌နေလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို အာရညိကလို့ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို အာရညိကင်္ဂလို့ ခေါ်ပါတယ်။

၉။ ရုက္ခမူလိကင်္ဂ ဓုတင်ဆိုတာ အမိုးအကာရှိသော ကျောင်းကိုပယ်ပြီး သစ်ပင်ရင်း၌သာ နေသောအကျင့်ကို ဆိုပါတယ်။ သစ်ပင်ရင်း၌ နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ရုက္ခမူလိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကိုတော့ ရုက္ခမူလိကင်္ဂလို့ ဆိုပါတယ်။

၁၀။ အဗ္ဘောကာသိကင်္ဂ ဓုတင်ဆိုတာ အမိုးအကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပြီး လွင်တီးခေါင်၌သာ နေသောအကျင့်ကို ဆိုပါတယ်။ လွင်တီးခေါင်၌ နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို အဗ္ဘောကာသိကလို့ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို အဗ္ဘောကာသိကင်္ဂလို့ ဆိုပါတယ်။

၁၁။ သောသာနိကင်္ဂ ဓုတင်ဆိုတာ သုသာန်၌သာ နေသောအကျင့်ကို ဆိုပါတယ်။ သုဿာန်၌ နေ့လေ့ရှိတဲ့ပုဂ္ဂိုလ်ကို သောသာနိကလို့ဆိုပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို သောသာနိကင်္ဂလို့ ဆိုပါတယ်။

၁၂။ ယထာသန္တတိကင်္ဂ ဓုတင်ဆိုတာ နေရာကောင်း ကျောင်းကောင်းကို မရွေးခြယ်ဘဲ ဖြစ်စဉ်အတိုင်းသာ နေသောအကျင့်ကို ဆိုပါတယ်။ ကျောင်းနေရာ ညွန်ပြတဲ့ ပုဂ္ဂိုလ်က ဒီနေရာဟာ သင့်နေရာပဲလို့ လက်ဦးညွန်ပြတဲ့ ကျောင်းအိပ်ရာ နေရာကို ယထာသန္တတလို့ဆိုပါတယ်။ တစ်ခြား နေရာကောင်း ကျောင်းကောင်းတွေကို မရွေးချယ်ဘဲ ညွန်ပြတဲ့ပုဂ္ဂိုလ် ထားတဲ့အတိုင်း နေလေ့ရှိတဲ့ပုဂ္ဂိုလ်ကို ယထာသန္တိတိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို ယထာသန္တတိကင်္ဂလို့ ဆိုပါတယ်။

၁၃။ နေသဇ္ဇိကင်္ဂ ဓုတင်ဆိုတာ အိပ်ခြင်းကို ပယ်ပြီး ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုတ်ဖြင့်သာ နေသောအကျင့်ကို ဆိုပါတယ်။ အိပ်ရာခေါင်းအုံးပေါ်မှာ ခေါင်းချပြီး လျောင်းစက်အိပ်ခြင်းကိုပယ်ကာ ထိုင်နေခြင်း အလေ့ရှိတဲ့ ပုဂ္ဂိုလ်ကို နေသဇ္ဇိကလို့ ခေါ်ပြီး ဒီအကျင့်ကို ဆောက်တည်ကြောင်း စေတနာကို နေသဇ္ဇိကင်္ဂလို့ ခေါ်ပါတယ်။

ဒီဓုတင်အကျင့် (၁၃)ပါးမှာ ဘိက္ခု (ရဟန်းယောကျာ်း)များ အတွက်ကတော့ အားလုံးကျင့်သုံးနိုင်တဲ့ ဓုတင်များ ဖြစ်ပါတယ်။ အကယ်၍ လွင်တီးခေါင် အရပ်မှာ အာရညိကင်္ဂ ဓုတင်အား လျောက်ပတ်တဲ့ သုသာန်ဖြစ်ပါက တစ်နေရာတည်းနဲ့ ဓုတင် ဆယ့်သုံးမျိုးလုံးအထိ ဆောက်တည်နိုင်တယ်လို့ ဆိုပါတယ်။ ဘိက္ခုနိမ (ရဟန်းမိန်းမ)များအတွက်ကတော့ ဓုတင်ဆယ့်သုံးပါးမှာ အာရညိကင်္ဂဓုတင်၊ ခလုပစ္ဆာဘတ္တိကင်္ဂဓုတင်၊ အဗ္ဘောကာသိကင်္ဂဓုတင်၊ ရုက္ခမူလိကင်္ဂဓုတင်၊ သောသနိကင်္ဂဓုတင်ဆိုတဲ့ ဓုတင်ငါးပါးမှတပါး ကျန်ဓုတင် (၈)ပါးကို ဆောက်တည်နိုင်ပါတယ်။ သာမဏေ (ကိုရင်)များကတော့ တေစီဝရိကင်္ဂဓုတင်မှ တပါး ကျန် (၁၂)ပါးကို ဆောက်တည်နိုင်ပါတယ်။ သာမဏေရီ (ကိုရင်မ)နဲ့ သိက္ခမာန်များကတော့ ဘိက္ခုနီမများ ကျင့်နိုင်တဲ့ ဓုတင် (၈)ပါးထဲမှာ တေစီဝရိကင်္ဂ ဓုတင်ကို ထပ်ပယ်ပြီး ကျန် (၇)ပါးကို ဆောက်တည်နိုင်ပါတယ်။ ဥပါသကာ (လူဒါယကာ)၊ ဥပါသိကာမ (လူဒါယိကာမ)တို့ကတော့ ပတ္တပိဏ္ဍိကင်္ဂဓုတင်နဲ့ ဧကာသနိကင်္ဂဓုတင် နှစ်ပါးကိုပဲ ဆောက်တည်ကျင့်သုံးနိုင်ပါတယ်။

တရားအားထုတ်တဲ့ ယောဂီများအနေနဲ့ အထက်မဂ်ဉာဏ်ကို ရဖို့အတွက် သီလစင်ကြယ်ဖို့ လိုပါတယ်။ ဒီသီလစင်ကြယ်ဖို့ ဆိုတာ အလိုနည်းခြင်း၊ ရောင့်ရဲခြင်းစတာတွေ ရှိမှလည်း သီလအကျင့် ဖြူစင်စေပါတယ်။ ဒီလို အလိုနည်းခြင်း၊ ရောင့်ရဲခြင်း ရှိဖို့အတွက် အလိုနည်းနိုင်၊ ရောင်ရဲ့နိုင်၊ ကိလေသာ ခေါင်းပါးနိုင်တဲ့ အကျင့်တွေဖြစ်တဲ့ ဓုတင်အကျင့်ကို ကျင့်ဖို့လိုတယ်၊ ကျင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မြတ်စွာဘုရားရှင်က ကျင့်နိုင်တဲ့သူတွေ၊ ကျင့်လိုတဲ့သူတွေ ကျင့်နိုင်အောင် ဒီဓုတင်အကျင့် ဆယ့်သုံးပါးကို ခွင့်ပြုတော် မူခဲ့ခြင်းဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကိလေသာကို ပါးအောင်၊ နည်းအောင် လုပ်တဲ့နည်းတွေထဲမှာ ဒီဓုတင်အကျင့်နဲ့လည်း ကိလေသာနည်းအောင် ပြုလုပ်နိုင်တာ ဖြစ်တဲ့အတွက် ဓုတင်အကျင့်နဲ့ ကိလေသာကို ပယ်ခွာလိုသူများ၊ ဓုတင်အကျင့်ကို စိတ်ဝင်စားသူများ ဗဟုသုတဖြစ်စေရန်နဲ့ လက်တွေ့လိုက်နာ ကျင့်သုံးလိုကလည်း ကျင့်သုံးနိုင်စေရန် ရည်ရွယ်ပြီး ဓုတင်အကြောင်းကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ အကျယ်လေ့လာပြီး လက်တွေ့ကျင့်ကြံလိုသူများ အနေဖြင့် ၀ိသုဒ္ဓိဂဂ် အဋ္ဌကထာ၊ ပထမအုပ်၊ ဓုတင်္ဂ နိဒ္ဒေသပိုင်းတွင် လေ့လာနိုင်ပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်း…

“ဘုန်းဘုန်းက… တရားထိုင်တာလား ပုတီးစိပ်တာလားဘုရား…၊ ပုတီးစိပ်တဲ့အခါ ဘယ်နည်းနဲ့စိပ်လဲ ဘုရား…၊ ပုတီးစိပ်တာဟာ ဘာကျင့်စဉ်ပါလဲ ဘုရား…” စတဲ့ အမေးများနဲ့အတူ အရှင်ဘုရားစိပ်တဲ့ ပုတီးစိပ်နည်းရှိရင် ချီးမြင့်ပေးပါလို့ လျှောက်ထားလာတဲ့ သူတွေရှိတဲ့အတွက် ဒီဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ မေးထားတဲ့ မေးခွန်းတွေထဲမှာ အရှင်ဘုရား ပုတီးစိပ်လား၊ တရားထိုင်လားဆိုတဲ့ မေးခွန်းကို ပုတီးလည်းစိပ်၊ တရားလည်း ထိုင်တယ်လို့ပဲ ဖြေပေးဖြစ်ပါတယ်။ နှစ်ခုလုံးက လုပ်သင့်တဲ့ အလုပ်ဖြစ်နေသလို ဘုန်းဘုန်းကိုယ်တိုင်လည်း လုပ်ဖြစ်နေလို့ပါ။ ပြီးတော့ ကျင့်စဉ်တစ်ခု အနေနဲ့ပြောရင် ပုတီးစိပ်တာဟာ သမထကျင့်စဉ် တစ်ခုဖြစ်ပါတယ်။ ပုတီးသမိုင်းအကြောင်း ရေးထားတဲ့ စာအုပ်များလည်း ရှိတဲ့အတွက် ဗဟုသုတ ရလိုက ပြန်လည်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ သေချာတာကတော့ ပုတီးစိပ်ခြင်းဟာ သမထနည်းတစ်ခု ဖြစ်တဲ့အတွက် ကုသိုလ်ရစေတဲ့ ဘာဝနာ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဘုန်းဘုန်းစိပ်တဲ့ ပုတီးစိပ်နည်းကတော့ ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းပါ။ ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာဂုဏ်တော် (၉)ပါးကို အစဉ်အတိုင်း ပဋ္ဌာန်း (၂၄)ပစ္စည်းနဲ့ ကွန်ချာသဘော အာရုံပြုပြီး စိပ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရတာနာသုံးပါးရဲ့ ဂုဏ်တော်များကို ပေါင်းလိုက်ရင် (၂၄) ဖြစ်သလို၊ ပဋ္ဌာန်းပစ္စည်းကလည်း (၂၄)ဖြစ်တဲ့အတွက် ဂုဏ်တော်တစ်ခုကို ပဋ္ဌာန်းပစ္စည်းတစ်ခုနဲ့ တွဲစပ်ပြီး ဂုဏ်တော်ကိုလွှမ်း ပဋ္ဌာန်းကျမ်းနဲ့ ပူဇော်ကာ အာရုံပြုပြီး ဒီဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းကို ရွတ်ဆိုပွားများခြင်း ဖြစ်ပါတယ်။ ရတာနာသုံးပါးရဲ့ ဂုဏ်တော်များနဲ့ ပဋ္ဌာန်းပစ္စည်းဟာ အဓိပ္ပါယ်အားဖြင့် ဆက်စပ်မှု မရှိပေမယ့် ဂုဏ်တော်ဆိုတဲ့ အသိနဲ့ တစ်ကန့်စီကို တစ်ပြိုင်တည်း ရွတ်ဆိုပူဇော်ခြင်း ဖြစ်ပါတယ်။ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တော်များဟာ ပွားများလျှင် ပွားများသလောက် ပွားများသူများကို တန်ခိုး၊ ပညာ၊ ဥစ္စာများ တိုးပွားစေတတ်သလို ပဋ္ဌာန်းတော်၏ တန်ခိုးတော်ဟာလည်း ဉာဏ်ပညာကြီးခြင်း အန္တရာယ်ကင်းခြင်း စတဲ့ အစွမ်းအာနိသင်များလည်း ဖြစ်စေပါတယ်။

ဒါကြောင့် ဒီနှစ်ခုလုံးကို အာရုံပြု ပွားများနိုင်တဲ့ သူများအတွက်လည်း တန်ခိုးပညာဥစ္စာများအပြင် ဉာဏ်ပညာများလည်း တိုးတက်နိုင်စေပါတယ်။ အဓိကကတော့ ယုံကြည်မှုသဒ္ဓါတရားနဲ့ နေ့စဉ်ပွားများတဲ့ စရဏတရားက အဓိကကျပါတယ်။ အကျိုးပေးတာ မပေးတာ ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ရအောင် လုပ်ရမှာက ကိုယ့်အလုပ်လို့ သဘောထားကာ ကုသိုလ်တရား တိုးပွားအောင်သာ ဂုဏ်တော်ကိုမှန်းပြီး ပူဇော်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ နေ့စဉ်ပုံမှန် နိစ္စ၀တ်တစ်ခုအဖြစ် သဘောထားကာ ပုတီးစိပ်လိုက စိပ်နိုင်ပြီး ပုတီးမပါပဲလည်း နေ့စဉ် မနက်တစ်ခေါက် ညတစ်ခေါက်လောက် ပုံမှန်ရွတ်နေနိုင်ရင်လည်း သမထကျင့်စဉ်တစ်ခု အနေနဲ့ အကျိုးကြီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တစ်နေ့ ဒီလိုနေ့စဉ် ကုသိုလ်လေးတစ်ခုတော့ ရအောင်ယူမယ်လို့ စိတ်ကူးရှိတဲ့ သူတွေအတွက် အောက်ပါ ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းကို ဓမ္မလက်ဆောင်အဖြစ် ဖြန့်ဝေလိုက်ရပါတယ်။

ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိတ်နည်း…
၁။ ဣတိပိ သော ဘဂ၀ါ အရဟံ၊ ဟေတုပစ္စယော။
၂။ ဣတိပိ သော ဘဂ၀ါ သမ္မာသမ္ဗုဒ္ဓေါ၊ အာရမ္မဏပစ္စယော။
၃။ ဣတိပိ သော ဘဂ၀ါ ၀ိဇ္ဇာစရဏသမ္ပန္နော၊ အဓိပတိပစ္စယော။
၎။ ဣတိပိ သော ဘဂ၀ါ သုဂတော၊ အနန္တရပစ္စယော။
၅။ ဣတိပိ သော ဘဂ၀ါ လောက၀ိဒူ၊ သမနန္တရပစ္စယော။
၆။ ဣတိပိ သော ဘဂ၀ါ အနုတ္တရောပုရိသဓမ္မသာရထိ၊ သဟဇာတပစ္စယော။
၇။ ဣတိပိ သော ဘဂ၀ါ သတ္ထာဒေ၀မနုဿာနံ၊ အညမညပစ္စယော။
၈။ ဣတိပိ သော ဘဂ၀ါ ဗုဒ္ဓေါ၊ နိဿယပစ္စယော။
၉။ ဣတိပိ သော ဘဂ၀ါ ဘဂ၀ါ၊ ဥပနိဿယပစ္စယော။
၁၀။ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ ပုရေဇာတပစ္စယော။
၁၁။ သန္ဒိဋ္ဌိကော ဘဂ၀တာ ဓမ္မော၊ ပစ္ဆာဇာတပစ္စယော။
၁၂။ အကာလိကော ဘဂ၀တာ ဓမ္မော၊ အာသေ၀နပစ္စယော။
၁၃။ ဧဟိပဿိကော ဘဂ၀တာ ဓမ္မော၊ ကမ္မပစ္စယော။
၁၄။ သြပနေယျိကော ဘဂ၀တာ ဓမ္မော၊ ၀ိပါကပစ္စယော။
၁၅။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဘဂ၀တာ ဓမ္မော၊ အာဟာရပစ္စယော။
၁၆။ သုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ ဣနြ္ဒိယပစ္စယော။
၁၇။ ဥဇုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ ဈာနပစ္စယော။
၁၈။ ဉာယပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ မဂ္ဂပစ္စယော။
၁၉။ သာမိစိပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ သမ္ပယုတ္တပစ္စယော။
၂၀။ အာဟုနေယျော ဘဂ၀တော သာဝကသံဃော၊ ၀ိပ္ပယုတ္တပစ္စယော။
၂၁။ ပါဟုနေယျော ဘဂ၀တော သာဝကသံဃော၊ အတ္ထိပစ္စယော။
၂၂။ ဒက္ခိဏေယျော ဘဂ၀တော သာဝကသံဃော၊ နတ္ထိပစ္စယော။
၂၃။ အဉ္ဖလီကရဏီယော ဘဂ၀တော သာဝကသံဃော၊ ၀ိဂတပစ္စယော။
၂၄။ အနုတ္တရံ ပုညခေတ္တံ လောကဿ ဘဂ၀တော သာဝကသံဃော၊ အ၀ိဂတပစ္စယော။

မှတ်ချက်။ ပုတီးစိပ်တဲ့အခါ ဂုဏ်တော်စဉ် တစ်ခုပြီးလျှင် ပုတီးတစ်လုံးချနိုင်သလို၊ ၂၄ခုလုံးပြီးမှ ပုတီးတစ်လုံးချလိုက ချနိုင်ပါတယ်။ ရွတ်ဆိုတဲ့အခါမှာတော့ ဒီအတိုင်း အစဉ်အတိုင်း ရွတ်ဆိုပူဇော်သွားရုံပဲ ဖြစ်ပါတယ်။ အဓိကကတော့ ယုံကြည်မှုသဒ္ဓါတရားနဲ့ နေ့စဉ်ပုံမှန် ရွတ်ဆိုနိုင်ဖို့ပဲ လိုပါတယ်။ ကိုယ်တတ်နိုင်သမျှ အဓိဋ္ဌာန်ဝင်ပြီး စမ်းကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ ရွတ်ဆိုပွားများတဲ့အခါ ဂုဏ်တော်များကို ပိုပြီး အာရုံပြုနိုင်ရန် အတွက်လည်း မြန်မာပြန်အဓိပ္ပါယ်ကိုပါ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပြန် အဓိပ္ပါယ်
၁။ ဘုရားရှင်သည် မြတ်သောအလှူကို ခံယူတော်မူထိုက်ခြင်း၊ ပူဇော်အထူးကို ခံယူထိုက်ခြင်း၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူခြင်းဟူသော အရဟံဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဟေတုပစ္စယော - ဟိတ် (၆)ပါး ဖြစ်၍ ပစ္စယုပ္ပန် တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။
၂။ ဘုရားရှင်သည် အလုံးစုံသော တရားတော်တို့ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူခြင်းဟူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာရမ္မဏပစ္စယော - အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၃။ ဘုရားရှင်သည် အသိဉာဏ်ပညာဟူသော ၀ိဇ္ဇာ၊ စရဏဟူသော အကျင့်တရားတိုနှင့် ကောင်းစွာပြည့်စုံတော်မူခြင်း ဟူသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အဓိပတိ ပစ္စယော - အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၎။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်အတွက် ကောင်းစွာကြွသွားတော်မူခဲ့ခြင်း၊ ကောင်းသောစကားကိုသာ ဆိုတော်မူခြင်းဟူသော သုဂတဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အနန္တရပစ္စယော - အခြားမရှိ တစ်ဆက်တည်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၅။ ဘုရားရှင်သည် သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟူသော လောကအားလုံးကို ကောင်းစွာသိရှိတော်မူခြင်းဟူသော လောက၀ိဒူဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သမနန္တရပစ္စယော - ကောင်းစွာ အခြားမရှိ တစ်ဆက်တည်းဖြစ်၍ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၆။ ဘုရားရှင်သည် ဆုံးမထိုက်သည့် သတ္တ၀ါ မှန်သမျှကို ယဉ်ကျေးအောင် ကောင်းစွာဆုံးမတော် မူတတ်ခြင်းဟူသော အနုတ္တရောပုရိသ ဓမ္မသာရထိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သဟဇာတပစ္စယော- အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၇။ ဘုရားရှင်သည် နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူခြင်းဟူသော သတ္ထာဒေ၀မနုဿာန ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အညမည ပစ္စယော - အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား။
၈။ ဘုရားရှင်သည် သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ကောင်းစွာသိရှိတော်မူပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူခြင်းဟူသော ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ နိဿယပစ္စယော - မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၉။ ဘုရားရှင်သည် ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဘဂ၀ါဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဥပနိဿယပစ္စယော - အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၀။ ဘုရားရှင်၏ တရားတော်သည် ကောင်းစွာ ဟောကြားတော်မူခြင်းဟူသော သွာက္ခာတဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ပုရေဇာတ ပစ္စယော - ရှေ့ ၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
၁၁။ ဘုရားရှင်၏ တရားတော်သည် ကိုယ်တိုင်ဒိဋ္ဌ မျက်မြင်သိမြင်နိုင်ခြင်းဟူသော သန္ဒိဋ္ဌိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၂။ ဘုရားရှင်၏ တရားတော်သည် အခါမလင့် အကျိုးကို ပေစွမ်းနိုင်ခြင်းဟူသော အကာလိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာသေဝနပစ္စယော - အဖန်တလဲလဲ မှီဝဲ ထုံအပ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၃။ ဘုရားရှင်၏ တရားတော်သည် ဖိတ်ခေါ်ထိုက်၊ မှတ်ကျောက်တင်ထိုက်ခြင်းဟူသော ဧဟိပဿိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ကမ္မပစ္စယော - စီရင်ခြင်း သံဝိဓာန ကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာန ကိစ္စဖြစ်၍ ကျေးဇူး ပြုတတ်သော တရား။
၁၄။ ဘုရားရှင်၏ တရားတော်သည် ကပ်၍ဆောင်ထားထိုက်ခြင်းဟူသော သြပနေယျိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိပါကပစ္စယော - အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၅။ ဘုရားရှင်၏ တရားတော်သည် ပညာရှိတို့သည် အသီးသီး သိအပ်မြင်အပ် ခံစားအပ်ခြင်းဟူသော ပစ္စတ္တံ ဝေဒိတဗ္ဗ ၀ိညူဟိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာဟာရပစ္စယော - ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၆။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ကောင်းစွာကျင့်ကြံတော်မူခြင်းဟူသော သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဣန္ဒြိယပစ္စယော - အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၇။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်စွာကျင့်ခြင်းဟူသော ဥဇုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဈာနပစ္စယော - ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
၁၈။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ ကျင့်ခြင်းဟူသော ဉာယပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ မဂ္ဂပစ္စယော - ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၉။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ရိုသေမှုနှင့်လျော်စွာ ကျင့်ခြင်းဟူသော သာမိစိပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သမ္ပယုတ္တပစ္စယော - ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၀။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် အဝေးမှယူဆောင်၍ လှူဒါန်းခြင်းကိုလည်း ခံယူတော်မူထိုက်ခြင်း ဟူသော အာဟုနေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိပယုတ္တပစ္စယော - မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၁။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် ဧည့်သည်အလို့ငှါ စီမံထားသော်လည်း လှူဒါန်းခြင်းကို ခံယူတော်မူထိုက်ခြင်းဟူသော ပါဟုနေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အတ္ထိပစ္စယော - ပစ္စုပ္ပန်၌ ထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၂၂။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် မြတ်သောအလှူကို ခံယူတော်မူထိုက်ခြင်းဟူသော ဒက္ခဏေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ နတ္ထိပစ္စယော - မရှိသည်ဖြစ်၍် ကျေးဇူးပြုတတ်သောတရား။
၂၃။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံယူတော်မူထိုက်ခြင်း ဟူသော အဉ္ဇလီကရဏီယ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိဂတပစ္စယော - ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၄။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် ကောင်းမှုမျိုးစေ့တို့၏ ကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူခြင်းဟူသော အနုတ္တရံ ပုညခေတ္တံ လောကဿ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အဝိဂတပစ္စယော - မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၃)…

အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်ပါတယ်။ အဲဒီလို သိနေရင်ကိုပဲ ဒါမှတ်နေတယ်လို ပြောနိုင်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လေအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလည်း တွေ့လာပါလိမ့်မယ်။ ၀င်လေထွက်လေဟာ နူးညံ့လာတာ၊ အေးပူလာတာ၊ အသက်ရှုတဲ့လေဟာ ထင်ရှားပြီး ထုတ်ချောင်းတစ်ခုသဖွယ် အရာဝတ္ထု တစ်ခုသဖွယ် အတန်းလိုက်ဝင်လာ ထွက်လာတာ စသဖြင့် ယောဂီတစ်ဦးချင်းရဲ့ သမာဓိအပေါ်လိုက်ပြီး နိမိတ်အမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက အာနာပါန အမှတ်ကို ကောင်းကောင်းနိုင်ပြီး အထိုက်အလျောက် သမာဓိနိမိတ် တည်လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ။

စမှတ်ကာစ ယောဂီတွေမှာ သူတို့မေးသလိုပဲ စိတ်ကတော့ တည်မှာမဟုတ်သေးပါဘူး။ တစ်ခါတစ်လေ မှတ်မယ်မှ မကြံရသေးဘူး အတွေးတွေက ၀င်လာပါတော့တယ်။ ပုံမှန်နေရင် တစ်ခါမှ မတွေးဖြစ်တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး ဖြစ်တဲ့ အဖြစ်အပျက်တွေက အစ ပေါ်လာတတ်၊ သတိရလာတတ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း စိတ်ကူးတွေ ယဉ်နေတတ်ပါတယ်။ ပိုဆိုးတာက တစ်ခုခုများ လုပ်ဖို့ရည်ရွယ်ထားရင် အဲဒီအလုပ်အပေါ်မှာ အမျိုးမျိုး စိတ်ကူးတွေ လိုက်ယဉ်နေတတ်တာပါ။ သမာဓိမရှိသေးတဲ့ စိတ်အစဉ်ကို သတိမကပ်မိဘဲ ဖြစ်ခိုက်ကို မသိဖြစ်ကာ စိတ်ရဲ့ဆွဲရာနောက်ကို လိုက်သွားတတ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ အချိန်တော်တော် ကြာကြာလေးအထိ မသိလိုက်ဘဲ စိတ်ကူးအတွေးများနောက်ကို လိုက်နေမိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း မှတ်မရကောင်းလာလို့ အားမပျက်ပါနဲ။ အတွေးစိတ်ကူးတွေကို မသိလိုက်ပေမယ့် သတိပြန်ဝင်လို့ သိလိုက်တဲ့အခါမှာတော့ ချက်ချင်း အမှတ်အာရုံဖြစ်တဲ့ ၀င်လေထွက်လေကို ပြန်မှတ်ဖြစ်အောင် အစကပဲဖြစ်ဖြစ် ပြန်ကြိုးစားရပါမယ်။ ရသလောက်ပေါ့။ လွတ်သွားလိုက် ပြန်မှတ်လိုက်၊ လွတ်သွားလိုက် ပြန်မှတ်လိုက် စသဖြင့် လေ့ကျင့်ပေးရင် မှတ်လို့ ရလာပါလိမ့်မယ်။ မှတ်မရပါဘူးဆိုပြီး လွတ်ထားတာထက် စာရင် ရသလောက် ကြိုးစားမှတ်ပေးရင် အမှတ်ကောင်းလာပါလိမ့်မယ်။ သမာဓိ မတည်သေးချိန်မှာတော့ လွတ်လိုက်မှတ်လိုက် လုပ်ပေးတဲ့ ကြိုးစားအားထုတ်မှု ၀ီရိယကို ပိုထုတ်ပေးရပါတယ်။ တမင်လုပ်ပြီး တွေးနေတာ မဖြစ်စေဘဲ မသိလို့ တွေးနေမိတဲ့အပေါ်မှာ သိတဲ့အချိန် ပြန်လေ့ကျင့်နိုင်အောင် ကြိုးစားပေးရပါတယ်။ ဒီလိုဆိုရင် သမာဓိတွေ ပိုပိုကောင်းလာပါလိမ့်မယ်။ အဓိကကတော့ လွတ်လွတ်သွားတဲ့ စိတ်ကို သတိရတိုင်း ပြန်ပြန်ထိမ်းပြီး လေ့ကျင့်ပေးနိုင်ဖို့ပါပဲ။

တစ်ချို့ကတော့ တရားစမှတ်ပြီး မကြာခင်မှာပဲ အိပ်ငိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘ၀င်စိတ်ကြောင့် ဖြစ်ပါတယ်။ ဘ၀င်စိတ်က အမှတ်တစ်မှတ်နဲ့ တစ်မှတ်ကြား လွတ်လွတ်သွားစေအောင်လည်း ဖြစ်စေတတ်ပါတယ်။ လောဘဒေါသစတဲ့ စိတ်များမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ သူတစ်ယောက် ဖြစ်သလို စိတ်မျိုးကို ဘ၀င်စိတ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ အိပ်ငိုက်မှုဟာ ဘ၀င်စိတ်များလို့ ဖြစ်ပါတယ်။ ဒါကလည်း သတိအားမကောင်းလို့ ဖြစ်တဲ့သဘောပါပဲ။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ် အရမ်းပင်ပန်းလို့၊ အိပ်ချင်စိတ်၊ ငိုက်မြည်းစိတ်တွေ ဖြစ်တတ်ပေမယ့် ဘ၀စိတ်များတဲ့အခါ ခန္ဓာကိုယ် မပင်ပန်းလည်း အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း သတိကို အတတ်နိုင်ဆုံး ထိမ်းပြီး မငိုက်အောင်၊ မလွတ်အောင် မှယ်မယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မှတ်ကြည့်ရင် ငိုက်တဲ့သဘောတွေ လျော့လျော့လာတတ်ပါတယ်။ သတိထားပြီး ကြိုးစားမှတ်ကြည့်ရင် အိပ်ငိုက်တာတွေ ပျောက်လာပြီး အမှတ်အာရုံမှာ ပျော်လာတတ်ပါတယ်။ အမှတ်အာရုံ အားကောင်းလာရင် ငိုက်ချင်စိတ်ဟာ အလိုလို ပါးလာတတ်ပါတယ်။ ဒါကြောင့် မသိလို့ အိပ်ငိုက်တဲ့အခါမှာ သတိဝင်လာတိုင်း ပြန်ပြန်မှတ်ပေးရင်း လေ့ကျင့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် တရားအားထုတ်တဲ့အခါ ပေါ်လာတတ်တဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဝေဒနာကို မှတ်ပုံလေးလည်း သိထားဖို့ လိုပါတယ်။ တစ်ချို့ ယောဂီတွေဟာ စမှတ်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်မှာပဲ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ယားလာတာတို့၊ ဟိုနေရာက ရွစိရွစိ၊ ဒီနေရာက ရွစိရွစိ ဖြစ်တာတို့၊ ခြေထောက်ကျင်လာတာတို့၊ တင်ပါးပူလာတာတို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ ရုပ်တရားရဲ့ ဖောက်ပြန်တတ်တဲ့ သဘောပါ။ တရားအားမထုတ်ဘဲ နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို တစ်ခြားအာရုံတွေက ဖုံးလွှမ်းထားတော့ ကောင်းကောင်း မသိဘဲ ဖြစ်နေပေမယ့် တရားမှတ်တဲ့အခါ စိတ်က ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို အလွယ်တကူ သိလာတဲ့ သဘောပါပဲ။ ယောဂီဟာ အာနပါနကို မှတ်နေရင်း ကိုယ်မှာ ဝေဒနာ တစ်ခုခု ပေါ်လာတဲ့အခါ ပေါ်လာတဲ့ ဝေဒနာကို ပြောင်းပြီး မှတ်ကြည့်နိုင်ပါတယ်။ ယားတဲ့နေရာ၊ ရွစိရွစိ ဖြစ်တဲ့နေရာ၊ ပူအေးတဲ့နေရာ စသဖြင့် ဘယ်လိုနေရာမျိုးမှာ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် ဖြစ်တဲ့နေရာကို စိတ်နဲ့မြင်အောင် ကြည့်ပြီး သူဖြစ်နေတဲ့ သဘောအတိုင်း သတိနဲ့ လိုက်သိပေးရပါတယ်။ ဝေဒနာက ပေါ်တော့ပေါ်တယ် သိပ်မထင်ရှားလို့ မှတ်ဖို့ခက်နေတယ်ဆိုရင်လည်း ဝေဒနာကို မမှတ်သေးဘဲ ၀င်လေထွက်လေမှာပဲ မှတ်နေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဝေဒနာက ခန္ဓာကိုယ်မှာ ဟိုမှာပေါ်လိုက် ဒီမှာပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုပဲ သူ့သဘောအတိုင်း လိုက်သိမှတ်ပေးနိုင်ပါတယ်။ ဝေဒနာဟာ ပိုပိုပြင်းလာတဲ့အခါလည်း ရှိတတ်သလို လျော့ပြီးပျောက်သွားတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဘယ်လိုသဘောမျိုးပဲ ရှိရှိ အရှိအတိုင်း သူဖြစ်နေတဲ့ အတိုင်းလိုက်မှတ်ပေး နေရုံပါပဲ။

တစ်ချို့လည်း ဝေဒနာကို မှတ်ရတာ အားရတာရှိသလို တစ်ချို့ကျတော့ ဝေဒနာကို ကျော်အောင်မမှတ် နိုင်တာတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်နိုင်ရင် ကောင်းပါတယ်။ ဝေဒနာရဲ့ ပြင်းထန်တဲ့ ခံစားမှုကို အလွယ်တကူ လက်မလျော့ဘဲ အပြိုင်မှတ်နိုင်လိုက်ရင်တော့ နောက်ပိုင်းမှာ ဘာဝေဒနာပဲလာလာ သီးခံနိုင်၊ မှတ်နိုင်လာပါလိမ့်မယ်။ နောက်ဆို ဝေဒနာကို မှတ်ရတာ ပိုပြီး အမှတ်ကောင်းသလို ဖြစ်လာတဲ့အထိ သဘောကျသွားတတ်ပါတယ်။ တရားမှတ်ရင်း ပေါ်လာတတ်တဲ့ ဝေဒနာကို အလွယ်တကူ လက်လျော့ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းတာပြင်တာတွေ လုပ်လိုက်ရင် သမာဓိ တည်ဖို့ခဲရင်းတတ်ပြီး တည်ပြီးသား သမာဓိလည်း ပျက်တတ်တဲ့အတွက် ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်စေချင်ပါတယ်။ ဝေဒနာကို ခွာနိုင်တဲ့အထိ မှတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တစ်ချို့ယောဂီတွေ မေးဖူးပါတယ်။ ဝေဒနာခွာတယ်ဆိုတာ ဘယ်လိုလဲလို့။ ဝေဒနာခွါတဲ့အထိ မှတ်တယ်ဆိုတာ ခနပြောသလို ဝေဒနာကို အရှုံးမပေးဘဲ ပေါ်သမျှဝေဒနာကို ပေါ်လာတဲ့အတိုင်း ခံနိုင်ရည်အောင်၊ နောက်ဆုံး ဝေဒနာရဲ့ နာကျင်ကိုက်ခဲမှုတွေကို နာမှုကျင်မှုကိုက်မှု သဘောသက်သက်လောက် အဖြစ် သိရှိကာ အလိုက်သင့် လိုက်မှတ်နေနိုင်အောင် အသိသတိ ရှိနေမှုကို ဆိုနိုင်ပါတယ်။ ဒါကလည်း အလေ့အကျင့်များပြီး သီးခံမှု ၀ီရိယ အားကောင်းလာရင် မှတ်နိုင်မှု သတိအားနည်းနေပေမယ့် ဝေဒနာအပေါ်မှာ ခဏခဏ ပြောင်းတာပြင်တာတွေ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ် ဣရိယာပုတ်ကို မပြင်ဘဲ မှတ်နိုင်အောင် ဝေဒနာကို သီးခံကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ၀ိပဿနာ အလုပ်ကို စတင်လေ့ကျင့်ပြီး အားထုတ်ကြည့်ကြတဲ့ ယောဂီများအနေနဲ့ သမာဓိ အားနည်းချိန်၊ အမှတ်သတိ မခိုင်သေးချိန်မှာတော့ ယောဂီတို့ အခုတွေ့ကြုံကြသလို စိတ်ပျံ့လွင့်တာ၊ အတွေးစိတ်ကူးတွေများတာ၊ အိပ်ငိုက်တာ၊ ဝေဒနာကို သီးမခံနိုင်တာ၊ အမှတ်အာရုံ မထင်ရှားတာ စတာစတာတွေ ဖြစ်တတ်ပေမယ့် စိတ်မပျက်၊ အားမလျော့ဘဲ ရသလောက်၊ မှတ်နိုင်သလောက်၊ တစ်မှတ်ပဲ ရရ သတိရတိုင်းပြန်မှတ်၊ သတိရတိုင်း ပြန်မှတ်တဲ့ အကျင့်လေးများနဲ့ သမာဓိ တည်အောင် ၀ိရီယနဲ့ သီးခံမှု ခန္တီတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ကျေနပ်စရာကောင်းတာက သမာဓိတည်တာ မတည်တာ၊ မှတ်လို့ရတာ၊ မရတာ အသာထား မှတ်ကြည့်နေတယ် ဆိုတာကိုက ကျေနပ်စရာဖြစ်နေ၊ ကုသိုလ်ဖြစ်နေတာပါပဲ။ ဒီလိုနည်းနဲ့ပဲ မရတာကနေ ရအောင်၊ မတည်တာကနေ တည်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အချိန်မရပေမယ့် ရသမျှလေးနဲ့ နဲနဲနဲနဲ စစပေးရင် နောက်ပိုင်း အားကောင်းလာပြီး မှတ်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေကို တရားအားထုတ်ခြင်းဖြင့် ပါးပါးလာအောင် ရနိုင်သမျှ ကြိုးစားမှတ်ကြည့်ကြပါလို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Read more »

စရိုက်နှင့် ကမ္မဋ္ဌာန်း…

အများဖြစ်နေကျ ပုံစံများ၊ အရာများထက် ပိုမိုလွန်ကဲပြီး အဖြစ်များတတ်တဲ့ သဘောကို စရိုက်လို့ ခေါ်ပါတယ်။ ပါဠိစရိတဆိုတဲ့ စကားလုံးကို စရိုက်လို့ မြန်မာမှု ပြုထားခြင်း ဖြစ်ပါတယ်။ ဒီစရိုက်ကိုပဲ အထုံဝါသနာလို့ ဆိုပါတယ်။ လူတွေမှာ စိတ်ကောင်းစိတ်ဆိုး အမျိုးမျိုး ဖြစ်နေတာဟာ ဒီဘ၀နဲ့ပဲ သက်ဆိုင်နေတာ မဟုတ်ဘဲ ရှေးရှေးဘ၀က အထုံဝါသနာနဲ့လည်း သက်ဆိုင်ပါတယ်။ ရှေးရှေးအတိတ်ဘ၀များက အထုံဝါသနာကောင်း ပါလာတဲ့သူတွေဟာ စိတ်ကောင်းစေတနာကောင်း ရှိတတ်ပြီး အထုံဝါသနာဆိုး ပါလာတဲ့ သူတွေကတော့ စိတ်စေတနာ ဆိုးတတ်ပါတယ်။ ဒီလိုမကောင်းတဲ့ ၀ါသနာအထုံ စရိုက်တွေအားကောင်းတဲ့ သူတွေအတွက် စိတ်ကောင်းရှိအောင် ပြုပြင်ဖို့ ခက်ခဲတတ်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အထုံဝါသနာက အားကြီးနေလို့ပါ။

လောကမှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိကြတယ်လို့ ဆိုကြပေမယ့် ဗုဒ္ဓစာပေနဲ့ ခွဲခြားကြည့်လိုက်ရင် စရိုက် (၆)မျိုးပဲ ရှိပါတယ်။ လူတိုင်းလူတိုင်း မတူညီတဲ့ စရိုက်တစ်မျိုးစီ ဒါမှမဟုတ် နှစ်မျိုး၊ သုံးမျိုးစသည် ရှိတတ်ပါတယ်။ ကိုယ်ဘာစရိုက်အားကြီးတယ် ဆိုတာကိုတော့ ဒီစရိုက်ခြောက်ပါးနဲ့ ညှိကြည့်နိုင်ပါတယ်။ စရိုက်ခြောက်ပါးမှာ ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူဟာ သွားလာနေထိုင်၊ လုပ်ကိုင်စားသောက်ပုံချင်း တူညီတတ်ပြီး ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိ(ပညာ) စရိုက်ရှိသူဟာလည်း အနေအထိုင် အပြောအဆို အစားအသောက် တူညီတတ်ကာ မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက် ရှိသူမှာလည်း အလုပ်အကိုင် အပြောအဆို အစားအသောက်မှအစ တူညီနေတတ်တာကို တွေ့ရတတ်ပါတယ်။

ရာဂစရိုက်ရှိသူနဲ့ သဒ္ဓါစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ယဉ်ကျေးတတ်၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် နေတတ်ထိုင်တတ် လုပ်ကိုင်တတ်၊ အနံ့အသက်ကောင်းကောင်း အစားအသောက် ကောင်းကောင်းနဲ့ နူးညံ့သိမ်မွေ့မှုများကို နှစ်သက်တတ်ပါတယ်။ ထူးခြားမှုက ရာဂစရိုက်ရှိသူဟာ ကာမဂုဏ်အာရုံများကို မခွဲနိုင်မခွါရက်အောင် စွဲမက်တတ်၊ ပရိယာယ်မာယာများတတ်၊ စဉ်းလဲကောက်ကျစ်တတ်၊ လောဘမာန အားကြီးတတ်ပြီး သဒ္ဓါစရိုက် အားကြီးသူကတော့ ပရိယာယ်မာယာနှင့် လောဘမာနများ အလွန်မကြီးမားဘဲ စွန့်ကြဲပေးကမ်း လှူဒါန်းမှုမှာ ပျော်မွေ့တတ်၊ ဘုရားကျောင်းကန်များတွင် ၀တ်တွားဆည်းကပ်တတ်၊ ရတနာသုံးပါးအပေါ်မှာ ယုံကြည်မှု အားကောင်းတတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ သဒ္ဓါစရိုက်အားကြီးပြီး ပညာအားနည်းတဲ့အတွက် အလွဲကိုးကွယ်မိတာတွေလည်း ရှိတတ်ပါတယ်။

ဒေါသစရိုက်ရှိသူနဲ့ ဗုဒ္ဓိခေါ် ပညာစရိုက်ရှိသူ နှစ်ဦးလုံးဟာ အသွားအလာ အနေအထိုင် အပြောအဆို ရုန့်ရင်းကြမ်းတမ်းတတ်၊ သပ်သပ်ရပ်ရပ် နေထိုင်လုပ်ကိုင်မှု မရှိဘဲ ဖြစ်သလို ဖရိုဖရဲ လုပ်တတ်ကိုင်တတ်၊ အချဉ်အငန် အစပ်အခါး စတဲ့ စူးစူးရှရှ အရသာတွေမှာ နှစ်သက်တတ်၊ မကောင်းတဲ့အဆင်းအသံ စတာတွေနဲ့ တွေ့ကြုံတဲ့အခါ သည်းခံအောင်အည်း ချုပ်တည်းခြင်းမရှိဘဲ ချက်ချင်းဆဲဆို ငေါက်ငမ်းကာ စိတ်ကြမ်းစိတ်တို လွယ်တတ်ပါတယ်။ ကွဲပြားတာက ဒေါသစရိုက်ရှိသူဟာ ရန်ငြိုးဖွဲ့ခြင်း အာဃာတ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ သူတစ်ပါးဂုဏ်ကို ဖျက်ဆီးလိုခြင်း မက္ခ၊ ဂုဏ်တူဂုဏ်ပြိုင်ပြုခြင်း ပဠာသ၊ အဆုံးအမခက်ခြင်း ဒုဗ္ဗစတရားများ ဖြစ်ပွားလေ့ရှိတတ်ပြီး ဗုဒ္ဓိစရိုက်ရှိသူကတော့ ရန်ငြိုးဖွဲ့ခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း စတဲ့တရားများမရှိဘဲ ဆိုဆုံးမလွယ်တတ်၊ စားသောက်ဖွယ်မှန်သမျှမှာ နှိုင်းနှိုင်းချိန်ချိန် ပြုတတ်၊ နောင်သံသရာအတွက် သတိပညာဖြင့် ကောင်းစွာမြော်မြင်ကာ ပါရမီကုသိုလ်များကို ကြိုးစားပြုလုပ်တတ်ပါတယ်။

မောဟစရိုက်ရှိသူနဲ့ ၀ိတက်စရိုက်ရှိသူ နှစ်ဦးလုံးရဲ့ သဘောလက္ခဏာဟာလည်း တူညီနေတတ်ပါတယ်။ အသွားအလာ၊ အပြောအဆို အနေအထိုင်က အစပေါ့။ ဒါပေမယ့် ထူးခြားချက်က မောဟစရိုက်ရှိသူဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ ရှိတတ်၊ ကိစ္စအထွေထွေ ပွေလိမ်ရှုတ်ထွေးတတ်၊ အစားအသောက်မှာလည်း တစ်သမှတ်တည်းမရှိ ဟိုလိုလို ဒီလိုလို နှစ်သက်တတ်၊ အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားသိမြင်မှု မရှိတတ်ဘဲ သူများချီးမွန်းရင် လိုက်ချီးမွန်းတတ်ကာ သူများကဲ့ရဲ့ရင်လည်း လိုက်ကဲ့ရဲ့တတ်၊ သတိပညာကင်းပြီး ထိုင်းမှိုင်းခြင်း ထိနမိဒ္ဓ၊ ပျံ့လွင့်ခြင်း ဥဒ္ဓစ္စတို့နှင့် အချိန်ကုန်တတ်ပြီး ၀ိတက်စရိုက် ရှိသူကတော့ ဟိုဟိုဒီဒီ ကိစ္စများများမှာ အကျိုးမပြီး အချည်းနှီးဖြစ်နေတတ်၊ စကားပေါကာ ကိစ္စမချောဘဲ မျောနေတတ်၊ ကောင်းတဲ့လုပ်ငန်းများမှာ အစွမ်းအစမရှိဘဲ ပျင်းရိနေတတ်၊ ကိုယ်လိုပေါ့ပေါ့တန်တန် လူများနဲ့ပျော်မွေ့ကာ ထွေရာလေးပါး အကြံများပြီး လူအားလူပိုသာ ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ သတ္တ၀ါများ ရှိတတ်တဲ့ အကျင့်စရိုက်ရဲ့ သဘောတရားအချို့ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း စရိုက်တစ်ခုခုကတော့ အားကောင်းနေတတ်ပါတယ်။ ကောင်းတဲ့စရိုက်အားကောင်းနေတာ ရှိတတ်သလို မကောင်းတဲ့စရိုက် အားကောင်းနေတာလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း ဒီစရိုက်ကို ဆက်လက်တိုးပွားအောင် ကြိုးစားဖို့ လိုအပ်သလို မကောင်းတဲ့စရိုက် အားကောင်းနေရင်လည်း တတ်နိုင်သမျှ ပြုပြင်နိုင်အောင် ကြိုးစားရပါမယ်။ မကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ဟာ ကိလေသာများရဲ့ အားအစွမ်းဖြစ်နေတတ်ပြီး ကောင်းတဲ့အရာတွေမှာ ပျော်မွေ့တတ်တဲ့ ၀ါသနာစရိုက်ကတော့ ကောင်းတဲ့အလို သမ္မာဆန္ဒဖြစ်နေတတ်ပါတယ်။ ကောင်းတဲ့စရိုက်ကို မှန်ကန်တဲ့ နည်းနဲ့အသုံးချနိုင်ရင် နိဗ္ဗာန်အထိ ရောက်နိုင်သလို မကောင်းတဲ့ စရိုက်ကိုလည်း တတ်နိုင်သမျှ ပြုပြင်နိုင်လျှင် နောင်သံသရာအတွက် ဒီစရိုက်များ လိုက်မလာနိုင်တော့ပါဘူး။ မပြုပြင်ရင်တော့ ကောင်းတဲ့စရိုက်လည်း မကောင်းတဲ့ဘက် ပါသွားတတ်ပြီး မကောင်းတဲ့စရိုက်ကတော့ အပါယ်အထိလားကာ ဘ၀အဆက်ဆက် နိမ့်ကျမှု သက်သက်ကိုပဲ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ကိုယ့်မှာ ဘယ်လိုစရိုက်မျိုး ရှိတယ်၊ ဘယ်လိုစရိုက် အားကောင်းတယ်ဆိုတာကို ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ကြည့်ကြဖို့ လိုပါတယ်။ ဗုဒ္ဓအဘိဓမ္မာမှာတော့ စရိုက်တွေကို ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ထိန်းသိမ်းတာဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပြီးတော့ ဒီစရိုက်ခြောက်ပါးနဲ့ တွဲစပ်ပွားများရမယ့် ကမ္မဋ္ဌာန်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။ အဲဒီဖော်ပြချက်က..

၁။ ရာဂစရိုက်အားကြီးသူဟာ စက်ဆုတ်ဖွယ် အကောင်ပုတ်လို့ ရှုရတဲ့ အသုဘ ကမ္မဋ္ဌာန်း ၁၀ပါးနဲ့ ဆံပင်အမွေး ခြေသည်းလက်သည်း စတဲ့ ၃၂ကောဋ္ဌာသကို ရှုဆင်ခြင်ရတဲ့ ကာယဂတာသတိ ကမ္မဋ္ဌာန်းကို ပွားများခြင်းဖြင့် ရာဂစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းဆယ့်တစ်ပါးထဲက သင့်လျော်ရာ တစ်ပါးပါးကို ပွားများပါးများလာရင် ရာဂမီးကို ငြိမ်းအေးစေနိုင်ပါတယ်။

၂။ ဒေါသစရိုက် အားကြီးသူဟာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ကမ္မဋ္ဌာန်းများနဲ့ နီလကသိုဏ်း (အညိုရောင်အဆင်း)၊ ပီတကသိုဏ်း (ရွှေရောင်အဆင်း)၊ လောဟိတကသိုဏ်း (အနီရောင်အဆင်း)၊ သြဒါတကသိုဏ်း (အဖြူရောင်အဆင်း) ဆိုတဲ့ ကမ္မဋ္ဌာန်း ၈ပါးကို ပွားများခြင်းဖြင့် ဒေါသစရိုက်ကို ပြုပြင်နိုင်ပါတယ်။ ဒီကမ္မဋ္ဌာန်းများဟာ သန့်ရှင်းကြည်လင်တဲ့အတွက် အာရုံပြုပွားများသူများကို စိတ်ရွှန်လန်းပြီး နူးညံ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ဒေါသစရိုက်အားကြီးတဲ့သူဟာ ဒီကမ္မဋ္ဌာန်း ဂပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၃/၄။ မောဟစရိုက်နဲ့ ၀ိတက်စရိုက်ရှိသူများဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများပြီး ကိုယ့်ကိုယ်ကို ပြုပြင်ပေးနိုင်ပါတယ်။ မောဟစရိုက်ရှိသူဟာ သံသယနဲ့ ပျံ့လွင့်ခြင်းတို့ အဖြစ်များတဲ့အတွက် အလွယ်တကူ စိတ်ပျံ့လွင့် တုန်လှုပ်တတ်ပြီး ၀ိတက်စရိုက်ရှိသူဟာလည်း စိတ်ကူးအကြံအစည် များတဲ့အတွက် စိတ်ပျံ့လွင့်လွယ်တတ်ပါတယ်။ အာနာပါနဿတိ ကမ္မဋ္ဌာန်းဟာ ထွက်သက်ဝင်သက်တို့ကို အချက်ကျကျ လိုက်၍ ရှုမှတ်ပေးရတဲ့အတွက် တုန်လှုပ်ပျံ့လွင့်တဲ့စိတ်ကို ချုပ်ထိန်းပေးထားနိုင်ပါတယ်။ ဒါကြောင့် ဒီမောဟစရိုက်နဲ့ ၀ိတက်စရိုက် ရှိသူဟာ အာနာပါနကမ္မဋ္ဌာန်းကို အထူးပြု ပွားများသင့်ပါတယ်။

၅။ သဒ္ဓါစရိုက်ရှိသူဟာ ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ သီလာနုဿတိ၊ စာဂါနုဿတိ၊ ဒေ၀တာနုဿတိ ဆိုတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးကို ပွားများပေးရပါတယ်။ ပင်ကိုက ကောင်းနေတဲ့ သဒ္ဓါတရားဟာ ဘုရားတရားသံဃာ စတဲ့အာရုံများနဲ့ ကြုံတွေ့ရပါက ပို၍ဖွင့်ဖြိုး တိုးတက်လာပြီး အကျိုးတရား တိုးပွားစေပါတယ်။ ဒါကြောင့် ကောင်းပြီးသားစရိုက်ကို ပိုကောင်းလာအောင် ဒီသဒ္ဓါစရိုက် ရှိတဲ့သူဟာ ဗုဒ္ဓါနုဿတိစတဲ့ ကမ္မဋ္ဌာန်း ခြောက်ပါးထဲက တစ်ပါးပါးကို ပွားများသင့်ပါတယ်။

၆။ ပညာစရိုက်ရှိသူဟာ သိမ်မွေ့နက်နဲတဲ့ သေခြင်းတရားကို ဆင်ခြင်တဲ့ မရဏာနုဿတိကမ္မဋ္ဌာန်း၊ နိဗ္ဗာန်ကို ဆင်ခြင်တဲ့ ဥပသမာနုဿတိ ကမ္မဋ္ဌာန်း၊ အစာအဟာရမှာ စက်ဆုတ်ဖွယ်လို့ ထင်မြင်အောင် ပွားများတဲ့ အာဟာရေ ပဋိကူလသညာ ကမ္မဋ္ဌာန်းနဲ့ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောလို့ခေါ်တဲ့ ဓာတ်ကြီးလေးပါးကို ပိုင်းခြားဆင်ခြင်တဲ့ စတုဓာတု၀၀တ္ထာန ကမ္မဋ္ဌာန်းကို ပွားများပေးရပါတယ်။ ပင်ကိုက စဉ်းစားချင့်ချိန်တတ်တဲ့ ပညာဟာ သိမ်မွေ့နက်နဲတဲ့ အာရုံနဲ့ ကြုံတွေ့တဲ့အခါ ပိုပြီးနက်နက်နဲနဲ စဉ်းစားဆင်ခြင်တဲ့အတွက် ဉာဏ်ပညာတိုးပွား ထက်မြက်လာတတ်ပါတယ်။ ဒါကြောင့် ပညာစရိုက်အားကြီးတဲ့သူဟာ မရဏာနုဿတိ စတဲ့ ကမ္မဋ္ဌာန်းများကို ပွားများပြီး ဉာဏ်အဆင့်တိုးပွားအောင် ကြိုးစားသင့်ပါတယ်။

ဒီဖော်ပြချက်ကတော့ ဗုဒ္ဓအဘိဓမ္မာမှာ ပါရှိတဲ့ စရိုက်နဲ့ကမ္မဋ္ဌာန်း တွဲစပ်ပွားများသင့်တာတွေပဲ ဖြစ်ပါတယ်။ စာဖတ်သူများအနေနဲ့ ဒီစရိုက်ခြောက်ပါးနဲ့ ကိုယ့်သန္တာန်မှာ ရှိနေတဲ့ စရိုက်တွေကို ချိန်ထိုးပြီး ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းကို ပွားများသင့်ပါတယ်။ ကိုယ့်သန္တာန်မှာ ကောင်းတဲ့စရိုက်ရှိရင်လည်း ဒီစရိုက်ကို ပိုပြီးတိုးတက် ဖွံ့ဖြိုးလာအောင်၊ မကောင်းတဲ့စရိုက်ရှိရင် ဒီမကောင်းတဲ့စရိုက်ကို နောက်သံသရာအထိ မပါစေရန် အချိန်မီ ပြုပြုနိုင်အောင် လိုအပ်သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများသင့်ပါတယ်။ ၀ိပဿနာအလုပ်ဟာ ကိလေသာကုန်ခမ်း နိဗ္ဗာန်ရရေးအတွက် အဓိကကျတဲ့ အလုပ်ဖြစ်ပေမယ့် ဒီဘ၀မှာလိုအပ်တဲ့ ချမ်းသာနဲ့ နိဗ္ဗာန်မရခင် ကျင်လည်ရမယ့် ဘ၀ချမ်းသာအတွက် တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်မယ့်ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးဖို့ လိုပါတယ်။ အရိယာမဂ်နဲ့ ကိလေသာများနဲ့ စရိုက်များကို အကြွင်းမဲ့မပယ်သတ်နိုင် သေးပေမယ့် အခိုက်အတန့် အချိန်အတော်ကြာကြာ ခွာထားနိုင်အောင် ကမ္မဋ္ဌာန်းကို ပွားများပေးဖို့လည်း လိုအပ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ စရိုက်များကို ကောင်းအောင် ကမ္မဋ္ဌာန်းနဲ့ ပြုပြင်ပြီး ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစီများကို နူးညံ့သိမ်မွေ့လာအောင် ကြိုးစားသင့်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ သိစေချင်တာက လူအမျိုးမျိုး စရိုက်အမျိုးမျိုး ရှိတတ်တဲ့ လောကကြီးမှာ ကိုယ်လည်း စရိုက်တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူထဲမှာ ပါနေတာ ဖြစ်တဲ့အတွက် ကောင်းတဲ့စရိုက်ပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့ စရိုက်ပဲဖြစ်ဖြစ် ဘယ်လိုစရိုက်မျိုးကို မဆို ကိုယ်နဲ့သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားများရင်း ကောင်းတဲ့စရိုက်ကိုလည်း ပိုပြီးတိုးပွားအောင်၊ မကောင်းတဲ့စရိုက်ဆိုရင်လည်း ပိုပြီးဆိုးမလာအောင် ပြုပြင်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ ပြုပြင်လိုက်မယ်ဆိုရင် အထုံပါနေတဲ့ စရိုက်လည်း အထိုက်အလျောက် ပြောင်းလဲလာနိုင်တဲ့အတွက် လက်တွေ့ပွားများကာ လေ့ကျင့်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို အချိန်ယူပြီး ပွားများပြုပြင် ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ကိုယ်အမူအရာ စတာတွေဟာ ပြောင်းလဲနူးညံ့လာမယ်ဆိုတာ သေချာပါကြောင်း…

မှတ်ချက်။ အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ၊ အခြေပြုသင်္ဂြီုဟ်နှင့် ဒေါက်တာမင်းတင်မွန်၏ ဗုဒ္ဓအဘိဓမ္မာ အနှစ်ချုပ်တို့ကို ကိုးကားပြီး ရေးသားတင်ပြပါသည်။

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၂)…

အခြေခံ ၀ိပဿနာ အလုပ်ကို အားထုတ်လို သူများအတွက် နေ့စဉ်လှုပ်ရှားနေရင်း လှုပ်ရှားမှုများမှ တရားရအောင် အားထုတ်နည်းလေးကို တင်ပြပေးခဲ့ပါတယ်။ တစ်ချို့ကတော့ အချိန်ယူပြီး တစ်နေ့တစ်ကြိမ်လောက် ဖြစ်ဖြစ် ကိုယ့်နေရာလေးမှာကိုယ် ထိုင်ပြီး တရားအားထုတ်လေ့ ရှိကြပါတယ်။ အဲလို ထိုင်ပြီး အားထုတ်တာကိုပဲ ပိုပြီးအားရသူတွေလည်း ရှိပါတယ်။ သူတို့အနေနဲ့ နာရီဝက် တစ်နာရီစသဖြင့် အချိန်ယူကာ ကြိုးစားမှတ်လေ့ရှိပါတယ်။ တရားအားထုတ်တဲ့အခါ သမာဓိကို တစ်ဆက်တည်းကျအောင် အားထုတ်နိုင်မှ ကောင်းပေမယ့် အချိန်မရတဲ့အတွက် ရတဲ့အချိန်ကိုယူပြီး ကြိုးစားအားထုတ်တဲ့ အပေါ် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ ဒီလိုသူတွေအတွက် နည်းမှန်လမ်းမှန် ဖြစ်စေဖို့၊ အားထုတ်ချိန်မှာ ဖြစ်တတ်တာလေးတွေကို သိထားဖို့ နောက်ဆက်တွဲ အနေနဲ့ ထပ်ပြီး တင်ပြပေးဖြစ်ပါတယ်။

ထိုင်ပြီး တရားမှတ်တဲ့ ယောဂီများအတွက် အဖြစ်များတာတွေက စိတ်မတည်ငြိမ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်တာ၊ အတွေးပေါင်းစုံ၊ စိတ်ကူးပေါင်းစုံဖြစ်တာ၊ အိပ်ငိုက်တတ်တာ၊ ဟိုနာဒီနာ ဟိုယားဒီယားဖြစ်တာ စတာတွေပါ။ အာနာပါနကို အခြေခံပြီး စမှတ်ပေမယ့် သမာဓိ မရှိဘဲဖြစ်နေတော့ စမှတ်ကာစမှာပဲ စိတ်က လွတ်လွတ်နေတတ်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေလေးကို တစ်ချက်နှစ်ချက်လောက်ပဲ မှတ်ရသေးတယ် စိတ်ကအပြင်ရောက်နေပါတယ်။ အပြင်အတွေးတွေ၊ စိတ်ကူးတွေနောက်ကို ပါပါသွားတတ်ပါတယ်။ ပိုဆိုးတာက ရှေ့မှာလုပ်ရမယ့်၊ လုပ်ဖို့ရည်ရွယ်ထားတဲ့ အလုပ်တွေ၊ အစီအစဉ်တွေရှိနေရင် တရားထိုင်ပြီဆိုတာနဲ့ အဲဒါတွေက အရင်ပေါ်လာတော့တာပါ။ တရားထိုင်ရင်း အဲဒီအစီအစဉ်တွေ၊ အလုပ်တွေကို စိတ်ကူးပြီး လိုက်လုပ်နေဖြစ်တာပါ။ ဒါဟာ တရားထိုင်တဲ့အထိ ဒီလုပ်စရာတွေ၊ အစီအစဉ်တွေကို ယူလာလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားစထိုင်တော့မယ်ဆိုရင် မထိုင်ခင် အတိတ်ကဟာတွေရော နောင်လာမယ့် အစီအစဉ်တွေပါ အားလုံးကို တရားထိုင်တဲ့အခိုက်မှာ မေ့နိုင်အောင် ကြိုးစားခိုင်းတာ ဖြစ်ပါတယ်။ တစ်ချို့ ရိပ်သာကြီးတွေမှာဆို တရားစခန်းဝင်နေတဲ့ ယောဂီတွေကို အဲဒီကာလမှာ စာအုပ်တောင် ဖတ်မခိုင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် စာအုပ်ဖတ်ထားတဲ့အခါ တရားထိုင်ပြီဆို အဲဒီ စာအုပ်ထဲက အကြောင်းအရာတွေပဲ ခေါင်းထဲမှာရောက်လာပြီး စိတ်ကူးတွေ၊ အတွေးတွေ ဖြစ်ဖြစ်နေတတ်လို့ပါ။ အကောင်းဆုံးက တရားစထိုင်ပြီဆိုကတည်းက ကိုယ့်စိတ်ကို အဓိဋ္ဌာန်လေးနဲ့ ဒီထိုင်တဲ့ အခိုက်လေးမှာတော့ အတတ်နိုင်ဆုံး မလွတ်အောင်မှတ်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြီးခဲ့တာတွေနဲ့ မရောက်လာသေးတာတွေကို အားလုံးလစ်လျူရှုပြီး လက်ရှိအခိုက်အတန့်ကိုပဲ သတိကပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။

ဝိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ပြီး ရှုမှတ်တာလို့ ဆိုပေမယ့် စပြီးတရားအားထုတ်တဲ့ ယောဂီများအတွက်တော့ ပေါ်တိုင်းပေါ်တိုင်း လိုက်ပြီး ရှုမှတ်နိုင်ဖို့ မလွယ်လှပါဘူး။ သတိမနိုင်သေးလို့ သမာဓိ မခိုင်သေးတဲ့အခါ ပေါ်သမျှ၊ ဖြစ်သမျှ အာရုံတွေကို တိုက်ရိုက်လိုက်ပြီး သိနိုင်မှတ်နိုင်ဖို့ ခက်ခဲလှပါတယ်။ ဒီလို အချိန်မှာ ယောဂီများအနေနဲ့ သမာဓိနဲ့ ၀ီရိယကို ညီမျှအောင် သတိနဲ့ ကြိုးစားထိန်းပေးရပါတယ်။ သမာဓိ အားနည်းလို့ စိတ်မတည်ငြိမ်သေးရင် ၀ီရိယကို အားစိုက်ပေးရပါတယ်။ စိတ်လွတ်တာနဲ့ ပြန်ဖမ်းပြန်မှတ်၊ အတွေးတွေ၊ စိတ်ကူးတွေ ၀င်နေတယ်ဆိုတာကို သိတာနဲ့ အမှတ်အာရုံကို ပြန်ယူပြန်မှတ်တဲ့ လုံ့လပြုမှု အကျင့်ကို ထပ်ခါထပ်ခါ အကြိမ်ကြိမ် ပြုလုပ်ပေးရပါတယ်။ သမာဓိအားနည်းချိန်မှာ ၀ီရိယ အားကောင်းနေဖို့ လိုပါတယ်။ တစ်ခါတစ်လေကျတော့ တရားရလိုတဲ့ စိတ်ကအားကြီးပြီး မရရအောင် ကြိုးကြိုးစားစား အချိန်ပြည့် လုံ့လပြုပေမယ့် တည်ငြိမ်မှု မရှိတဲ့အတွက် တရားမှတ်ဖို့ ခက်နေတတ်ပြန်ပါတယ်။ သမာဓိမရှိဘဲ ၀ိရိယ အားကောင်းနေပြန်ရင်လည်း စိတ်အစဉ်ဟာ ပြန့်ကျဲနေတတ်ပါတယ်။ တည်ငြိမ်မှု မရှိတဲ့ ၀ီရိယဟာ စိတ်အစဉ်ကို ကစဉ်ကလျား၊ ယောက်ယက်ခပ်စေပါတယ်။ ဒါကြောင့် တရားအားထုတ်တဲ့အခါ သမာဓိမရှိသေးတဲ့အချိန် ၀ီရိယကိုအားပြုကာ သမာဓိရဖို့် ကြိုးစားရင်း သမာဓိနဲ့ဝီရိယကို ညီမျှအောင် သတိနဲ့ထိန်းပြီး အားထုတ်ကြည့်ကြဖို့ လိုပါတယ်။

တကယ်တော့ မဟာသတိပဋ္ဌာနသုတ်မှာ သတိပဋ္ဌာန် အားထုတ်နည်းလေးမျိုး ပြထားပေမယ့် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှအရာတွေကိုသာ သတိနဲ့ကပ်ပြီး လိုက်သိလိုက်မှတ်ပေးနိုင်ရင် ဒီနည်းတွေနဲ့ အမည်တပ်စရာတောင် လိုမယ်မထင်ပါဘူး။ စိတ်အစဉ်မှာ သတိကပ်ပြီး ထွက်သက်ဝင်သက်ကို ပင်တိုင်ထားလို့ ထင်ရှားရာကို ပြောင်းမှတ်ပေးနေရုံပါပဲ။ စာပေအတိုင်း အမည်တွေ လိုက်တပ်နေစရာ မလိုပါဘူး။ နည်းမှန်လမ်းမှန်သာ မှတ်နေမယ်ဆိုရင် မှတ်နေရင်းနဲ့ သူ့အလိုလို သတိပဋ္ဌာန် ကျင့်စဉ်တွေဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက မှတ်နေဖို့ပါပဲ။ တရားအားထုတ်တဲ့ ယောဂီတွေမှာ ထွက်သက်ဝင်သက်လို့ခေါ်တဲ့ အာနာပါနကို အခြေခံထား မှတ်နေတဲ့အခါ ကာယာနုပဿနာ၊ နောက်ပေါ်ရာပေါ်ရာကို ပြောင်းပြောင်းမှတ်တဲ့အခါ ဝေဒနာပေါ်လို့ ခံစားမှုကိုမှတ်ရင် ဝေဒနာနုပဿနာ၊ စိတ်ကူးအကြံအစီ စတာတွေကို လိုက်မှတ်ရင် စိတ္တာနုပဿနာတွေ ဖြစ်နေပါတယ်။ နောက်ပိုင်း သမာဓိအားကောင်းလာချိန်၊ ဉာဏ်အစဉ် မြင့်လာချိန်မှာတော့ သဘောတရားကိုမှတ်တဲ့ ဓမ္မာနုပဿနာ ဖြစ်လာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သတိတရား လက်ကိုင်ထားပြီး ပေါ်သမျှကိုသာ မလွတ်အောင် လိုက်သိလိုက်မှတ်နေရင် ပြီးတာပါပဲ။

ဒီနေရာမှာ အဓိကပင်တိုင်ထား မှတ်ပေးရမှာကတော့ အာနာပါနပဲ ဖြစ်ပါတယ်။ စိတ်နဲ့ ခန္ဓာကိုယ်မှာ တစ်ခြားအာရုံတွေ မပေါ်သေးရင် ထွက်သက်ဝင်သက်ကိုပဲ အလေးထား မှတ်နေရုံပါပဲ။ ဒီလိုမှတ်နေရင်း ခန္ဓာကိုယ် တစ်နေရာရာမှာ ယားယံတာ၊ ပူတာအေးတာ၊ နာတာကျင်တာ၊ ကိုက်တာခဲတာ စတာတွေ ပေါ်လာရင် အာနပါန မှတ်နေတဲ့ အမှတ်အာရုံကို အဲဒီဝေဒနာမှာ ပြောင်းပြီး မှတ်ပေးဖို့လိုပါတယ်။ ဝေဒနာလို့ ဆိုတဲ့အတွက် ခံစားမှုမှန်သမျှကို လိုက်ပြီး မှတ်ရပါမယ်။ တရားမှတ်နေတုန်း ကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အဲဒီဝေဒနာကို မှတ်ပေးသိပေးနေရမှာ ဖြစ်သလို မကောင်းတဲ့ခံစားမှု ဝေဒနာပေါ်ရင်လည်း အလိုက်သင့် လိုက်သိလိုက်မှတ်ပေးနေရပါတယ်။ ဒါကို မဟာသတိပဋ္ဌာန သုတ်မှာ မြတ်ဗုဒ္ဓက “ရဟန်းတို့… ရဟန်း(ယောဂီ)သည် သုခဝေဒနာ (ချမ်းသာသောခံစားမှု)ကို ခံစားလျင်လည်း သုခဝေဒနာကို ခံစားသည်ဟု သိ၏။ ဒုက္ခဝေဒနာ (ဆင်းရဲသော ခံစားမှု)ကို ခံစားလျင်လည်း ဒုက္ခဝေဒနာကို ခံစားသည်ဟု သိ၏။ အဒုက္ခမသုခဝေဒနာ (ချမ်းသာမဟုတ် ဆင်းရဲမဟုတ်သော ခံစားမှု)ကို ခံစားလျင်လည်း အဒုက္ခမသုခ ဝေဒနာကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ကာမဂုဏ်နှင့်စပ်သော ချမ်းသာသော ဝေဒနာကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်မစပ်သော ချမ်းသာသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲသော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟု သိ၏။ ကာမဂုဏ်နှင့်စပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း ယင်းကို ခံစားသည်ဟုသိ၏။ ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို ခံစားလျင်လည်း “ကာမဂုဏ်နှင့်မစပ်သော ဆင်းရဲမဟုတ် ချမ်းသာမဟုတ်သော ဝေဒနာကို“ ခံစားသည်ဟု သိ၏။”လို့ ဝေဒနာနုပဿနာ ရှုပွားပုံကို မိန့်တော်မူပါတယ်။

အထက်ပါ ဒေသနာအဖွင့်အတိုင်း ယောဂီပုဂ္ဂိုလ်များဟာ အလွယ်တကူ နားလည်ပြီး မှတ်နိုင်ပါတယ်။ တရားအားထုတ်ချိန်မှာ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ပေါ်လာတတ်တဲ့ ဘယ်လိုဝေဒနာမျိုးကိုမဆို သတိကပ်ပြီး ရှုမှတ်ပေးရပါမယ်။ ဝေဒနာဆိုတာ ခံစားခြင်းဖြစ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် မှတ်သိပေးရပါမယ်။ ထွက်သက်ဝင်သက်ကို မှတ်နေရင်း ခန္ဓာကိုယ်တစ်နေရာရာမှာ ယားယံလာတဲ့အခါ အဲဒီယားယံတဲ့ ဝေဒနာကို စိတ်နဲ့အာရုံပြုပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်ကို အလိုက်သင့် လိုက်သိနေနိုင်အောင် ကြိုးစားမှတ်ပေးရပါတယ်။ ယားနေတဲ့ ခံစားမှုဟာ ပိုပြီးယားလာရင်လည်း ယားလာနိုင်သလို၊ လျော့သွားရင်လည်း လျော့သွားတတ်ပါတယ်။ တိုးတိုးလျော့လျော့ သူဖြစ်နေတဲ့အတိုင်းပဲ လိုက်သိနေနိုင်အောင် ကြိုးစားရပါမယ်။ သီးခံနိုင်သလောက် သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ ဝေဒနာကို မှတ်တဲ့အခါမှာ အလွယ်တကူတော့ လက်မလျော့ဖို့ လိုပါတယ်။ အထူးသဖြင့် မကောင်းတဲ့ ဝေဒနာမျိုးဟာ ပိုပိုပြီး ပြင်းထန်လာတယ်လို့ ထင်တတ်ပါတယ်။ အဲဒါကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်ပစ်ပေးရပါမယ်။ အဲလိုမှတ်တဲ့အခါ ပျောက်သွားပြီး တစ်ခြားခံစားမှု ဝေဒနာ မှတ်စရာမရှိသေးရင် ထွက်သက်ဝင်သက်ကို ပြန်မှတ်ပေးပါ။ ဝေဒနာက မပျောက်ဘဲ ပိုပိုပြင်းထန်လာတယ်၊ ဘယ်လိုမှ သီးမခံနိုင်တော့ဘူး ဆိုရင်တော့ ဒေါသအဖြစ်ခံပြီး မမှတ်တော့ဘဲ သူ့ကိုလစ်လျူရှုကာ ထွက်သက်ဝင်သက်ကို ပြန်မှတ်ကြည့်ပါ။ အဲလိုမှ မရဘူးဆိုရင်တော့ အမှတ်သတိနဲ့ ခန္ဓာကိုယ် အနေအထား ပြုပြင်ပြီး ထွက်သက်ဝင်သက်ကို ပြန်မှတ်နိုင်ပါတယ်။ ထွက်သက်ဝင်သက် မှတ်မှုကတော့ ပင်တိုင်အမှတ်တစ်ခု ဖြစ်တဲ့အတွက် တစ်ခြားမှတ်စရာ အာရုံမရှိရင် သူ့ကိုပဲ ပြန်ပြန် မှတ်ပေးရပါတယ်။ ခန္ဓာကိုယ်မှာ ပေါ်သမျှ ဝေဒနာကို မှတ်မှုဟာ ဝေဒနာနုပဿနာ ဖြစ်တဲ့အတွက် သမာဓိအားကောင်းလို့ ထင်လာတဲ့ ချမ်းသာတဲ့ ခံစားမှု၊ ပေါ့ပါးတဲ့ ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှုတွေကိုလည်း ခံစားတဲ့အတိုင်း လိုက်မှတ်ပေးရပါမယ်။ ခံစားလို့ ကောင်းတယ်ဆိုပြီး အဲဒီခံစားမှုမှာပဲ သာယာနေမယ်ဆိုရင် တရားဟာ ရှေ့ဆက်မတက်နိုင်၊ ဉာဏ်စဉ်အဆင့် မတက်နိုင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကောင်းကောင်းဆိုးဆိုး ဘယ်လိုခံစားမှုမျိုးမဆို သတိကပ်ကာ လိုက်မှတ်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါက အာနာပါနကို ရှုမှတ်လို့ အချိန်အတော်ကြာရင် ပေါ်လာတတ်တဲ့ ခံစားမှု ဝေဒနာနဲ့ ပတ်သက်လို့ ရှုမှတ်ရမယ့် ရှုမှတ်ပုံကို ပြောပြတာ ဖြစ်ပါတယ်။

နောက် တရားအားထုတ်စ ယောဂီများမှာ ဖြစ်တတ်တဲ့ အထိန်းရအခက်ဆုံး တစ်ခုက စိတ်အမျိုးမျိုး ဖြစ်ပျက်နေမှုပဲ ဖြစ်ပါတယ်။ သမာဓိ ကောင်းကောင်းမတည်သေးတဲ့ အချိန်မှာ စိတ်မှာ အာရုံအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ကောင်းတဲ့အတွေး စိတ်ကူးတွေ ပေါ်တတ်သလို မကောင်းတဲ့ အတွေးစိတ်ကူးတွေလည်း ဖြစ်တတ်ပါတယ်။ ကာမရာစိတ်တွေ ဖြစ်တတ်သလို ဒေါသစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို မသိဘဲ အာရုံနောက်ကို လိုက်သွားမိရင် တရားအားထုတ်နေရင်းနဲ့ပဲ ကိလေသာတွေ ဖြစ်နေတတ်ပါတယ်။ သတိမပါရင် ရာဂစိတ်အတွေးတွေ ဖြစ်နေတတ်ပါတယ်။ အဲဒီလို တရားအားထုတ်ရင်း ကာမရာဂစိတ်ဖြစ်တာကို မသိဘဲ အာရုံအစွဲနောက် လိုက်မိသွားလို့ နောက်ဆုံး သုတ်လွတ်တဲ့အထိ ဖြစ်ဖူးတဲ့အကြောင်း အသိယောဂီလေး တစ်ယောက်က လျှောက်ဖူးပါတယ်။ ဒါဟာ စိတ်မှာ ဖြစ်တဲ့ ရာဂစိတ်အတွေး စိတ်ကူးကို သတိမကပ်ဖြစ်ကာ မသိလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ သဘောပါ။ ဒါကြောင့် ဘာစိတ်ဖြစ်ဖြစ် သိအောင်ကြိုးစားဖို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်ဗုဒ္ဓက စိတ္တာနုပဿနာနဲ့ ပတ်သက်လို့ “ရဟန်းတို့… ရဟန်းသည် ရာဂနှင့်တကွသော စိတ်ကိုလည်း ရာဂနှင့်တကွဖြစ်သော စိတ်ဟု သိ၏။ ရာဂကင်းသော စိတ်ကိုလည်း ရာဂကင်းသော စိတ်ဟု သိ၏။ ဒေါသနှင့်တကွသော စိတ်ကိုလည်း ဒေါသနှင့် တကွဖြစ်သော စိတ်ဟု သိ၏။ ဒေါသကင်းသောစိတ်ကိုလည်း ဒေါသကင်းသောစိတ်ဟု သိ၏။ ထို့အတူ မောဟနှင့်တကွသော စိတ်၊ မောဟကင်းသောစိတ်၊ ကျုံ့သော(သံခိတ္တ)စိတ်၊ ပျံ့သော(၀ိက္ခိတ္တ)စိတ်၊ မဟဂ္ဂုတ် (ရူပအရူပ)စိတ်၊ အမဟဂ္ဂုတ် (ကာမာဝစရ)စိတ်၊ သဥတ္တရစိတ်၊ အနုတ္တရစိတ်၊ သမာဟိတ (တည်ကြည်သော)စိတ်၊ အသမာဟိတ (မတည်ကြည်သော)စိတ်၊ ၀ိမုတ္တ (လွတ်မြောက်သော)စိတ်၊ အ၀ိမုတ္တ (မလွတ်မြောက်သော)စိတ် တို့ကိုလည်း ယင်း၏ ဖြစ်ပေါ်နေသည့် သဘောအတိုင်း သိ၏။”လို့ စိတ်နဲ့ပတ်သက်တဲ့ မှတ်ရမယ့်နည်းကို ဟောပြပေးတော်မူပါတယ်။

ဒီဟောကြားချက်အရ တရားအားထုတ်နေချိန် စိတ်မှာ ဘယ်လိုအတွေးစိတ်မျိုး၊ စိတ်ကူးစိတ်မျိုးပဲ ပေါ်လာပါစေ သိအောင်ကြိုးစား မှတ်ပေးရပါတယ်။ အဲဒီစိတ်အစဉ်ကို ဖြစ်တာနဲ့ သိလိုက်ရင် ရှေ့ဆက်မဖြစ်တော့ပါဘူး။ မသိလို့ အဲဒီစိတ်ရဲ့ စွဲရာနောက်ကို ပါသွားရခြင်းဖြစ်ပါတယ်။ ဆိုကြပါစို့ တရားအားထုတ်ရင်း သတိလွတ်ပြီး ရာဂစိတ်ဖြစ်တဲ့အခါ အဲဒီရာဂစိတ်ဖြစ်တာကို သိလိုက်တဲ့အခါ ဒီရာဂစိတ်က ပျောက်ပြီး သိစိတ်က အစားထိုးသွားပါတယ်။ အဲဒီသိစိတ်ကိုလည်း နောက်စိတ်တစ်ခုခုက သိလိုက်ရင် ရှေ့စိတ်က ပျောက်သွားပါတယ်။ စိတ်ဆိုတာဟာ တစ်သမှတ်တည်း ထိန်းထားလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် ရှေ့စိတ်ကို နောက်စိတ်က လိုက်သိပေးနေတာကိုပဲ သတိရှိနေတာ၊ စိတ်ကိုသိနေတာလို့ ဆိုခြင်းဖြစ်ပါတယ်။ စိတ်တစ်ခုနဲ့တစ်ခုဟာ ဖြစ်ပျက်မှု မြန်လွန်းလှတဲ့အတွက် ဒီဖြစ်ပျက်နေမှုကိုပဲ သိနေနိုင်အောင် ကြိုးစားပေးရပါတယ်။ သမာဓိ အားကောင်းလာရင် တရားအားထုတ်ရင်း စိတ်မှာ ဖြစ်ပေါ်လာမယ့် အတွေးစိတ်ကူးတွေကို ကြိုတင်သိလာတတ်ပါတယ်။ အပြင်ထွက်တော့မယ်ဆိုတာ သိလိုက်တာနဲ့ အဲဒီစိတ်ကို ထိန်းလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မတိုးဖြစ်တော့ပါဘူး။ ဒါဟာ စိတ်အစဉ်ရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်မှာ ဘယ်လိုအတွေး စိတ်ကူးမျိုးပဲဖြစ်ဖြစ်၊ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်တာနက်တစ်ပြိုက်နက် သိအောင် ရှုမှတ်ပေးရကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒီလို စိတ်မှာဖြစ်သမျှ ကောင်းတဲ့စိတ်ရော မကောင်းတဲ့စိတ်တွေကိုပါ ဖြစ်ခိုက်ပေါ်ခိုက်မှာ အလိုက်သင့် လိုက်သိပေးနေတာကိုပဲ စိတ္တာနုပဿနာလို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတာကတော့ ကာယာနုပဿနာ၊ ဝေဒနာနုပဿနာစသဖြင့် အသီးအသီး သတ်မှတ်ထားတဲ့ အားထုတ်မှုတွေဟာ အာနာပါနကို အခြေခံထား မှတ်နေရင်း စိတ်နဲ့ခန္ဓာကိုယ်မှာ ပေါ်သမျှအာရုံတွေကို လိုက်သိလိုက်မှတ်ပေးရုံနဲ့တင် အလိုလို ဘုရားအလိုကျ အားထုတ်ပြီးသား ဖြစ်နေတယ်ဆိုတဲ့ အချက်ပါပဲ။ အာနာပါနကို အလိုက်သင့် လိုက်မှတ်ပေးနေတဲ့ အချိန်မှာ ကာယာနုပဿနာ ဖြစ်နေပြီး၊ ခန္ဓာကိုယ်မှာ ပေါ်လာတဲ့ ကောင်းဆိုးနှစ်ပါး ဝေဒနာများကို အရှိအတိုင်း ခံစားခိုက်မှာ အလိုက်သင့် လိုက်သိမှတ်ပေးနေချိန်မှာ ဝေဒနာနုပဿနာ ဖြစ်နေကာ စိတ်မှာဖြစ်ပေါ်တတ်တဲ့ အတွေးစိတ်ကူး အကြံအစီစတာတွေကို ရှေ့စိတ်နောက်စိတ် မလွတ်အောင် မှတ်သိပေးနေချိန်မှာ စိတ္တာနုပဿနာဖြစ်နေတာ ဖြစ်ပါတယ်။ ဒါဟာ ဖြစ်ခိုက်ပေါ်ခိုက် ဖြစ်စဲပေါ်စဲမှာ သိအောင်လုပ်လိုက်တဲ့ အချက်တစ်ခုတည်းရဲ့ အားထုတ်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီများဟာ ဘာနည်းဘယ်နည်း စတဲ့အမည် နာမတွေနောက် လိုက်မနေကြဘဲ သမာဓိ၊ ၀ိရီယကို မျှတညီညွတ်အောင် သတိတရား လက်ကိုင်ထားကာ ထွက်သက်ဝင်သက်ကို အခြေခံ အမှတ်အဖြစ် ပိုင်နိုင်အောင် မှတ်ယူရင်း ခန္ဓာကိုယ်နဲ့ စိတ်မှာ ပေါ်လာသမျှ အာရုံများကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်မှာ သိအောင်သာ ကြိုးစားမှတ်နေကြဖို့ပဲ လိုပါကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ