Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

“ခံစားမှုကို ဘေးဖယ်၊ လုပ်သင့်လုပ်ထိုက်တာကို ရွေးချယ်”


ညီငယ်တစ်ယောက် ဆုံးသွားသည်။ ကံကုန်၍ ဆုံးသွားခြင်း မဟုတ်။ သူ့လုပ်ရပ် မကောင်း၍ ဆုံးသွားခြင်း ဖြစ်၏။ အရက်ကို အလွန်အကျွံသောက်ရာက အသည်းကျွမ်းပြီး ဘဝတစ်ခု ပြောင်းသွားခြင်းဖြစ်၏။ သူဆုံးတော့ မယ်တော်ကြီနဲ့ ခမည်းတော်ကြီးက မိဘဖြစ်တဲ့အတွက် သားဆိုးသမီးဆိုး ဖြစ်ပေမယ့်လည်း မခံစားနိုင်တဲ့ သဘောရှိ၏။   မိဘနှစ်ပါးကို အားပေးစကား ပြောရ၏။ သဘာဝကျကျ ဓမ္မပြရ၏။ မိဘများဘက်က တာဝန်ကျေခဲ့ပြီး ဖြစ်သည့်အတွက် ဒီအပေါ်မှာ အများကြီး မခံစားဖို့ ပြောရ၏။

တစ်ခါတရံ ဘဝမှာ အချို့ ကိစ္စများသည် ခံစားနေရုံ၊ စွဲလန်းနေရုံနဲ့ အကောင်းဘက်ကို ဦးတည်မသွားနိုင်ပေ။ မိဘနှင့် သားသမီးပင် ဖြစ်လင့်ကစား စွဲလန်းမှုတရားသည် အစွဲလွန်လျင် အစွန်းရောက်သွားသည့် သဘောရှိ၏။ သွားခဲ့သူက  ထားခဲ့သော်လည်း ကျန်ခဲ့တဲ့သူက အမှန်ဘက်ကို မတည့်နိုင်ရင် အစွဲကနေ အလွဲဖြစ်သွားနိုင်၏။ အချို့  ကိစ္စများသည် လိုအပ်ရင် သဗ္ဗေသတ္တာ ကမ္မဿကာ - သူ့ကံနဲ့ သူသာပဲပေါ့ ဟူသည့် ခံယူချက်ဖြင့် ဥပေက္ခာပြုနိုင်အောင် ကြိုးစားရ၏။ 

တစ်စုံတယောက်၊ တစ်စုံတခုနဲ့ ပတ်သက်၍ နှစ်ဦးနှစ်ဖက် အကျိုးမဆက်လျင် အပြစ်လည်းမဖြစ်၊ အချစ်လည်းမဖြစ်စေသည့် အလယ်အလတ် ဥပေက္ခာစိတ်ဖြင့် သက်သောင့်သက်သာ ဖြစ်အောင်ကြိုးစားကြရမည်သာ ဖြစ်၏။ 

သားသမီးဖြစ်နေသဖြင့် အစွဲလန်းကြီး စွဲလန်းနေငြားလည်း ထိုအစွဲကြောင့် မကောင်းကျိုးကိုသာ သက်ရောက်စေလျင် သားသမီးပင်ဖြစ်လင့်ကစား ဥပေက္ခာတရား ထားသင့်လျင်လည်း ထားကြရမည်သာ ဖြစ်၏။ မထားနိုင်၍ ခံစားနေမည်ဆိုပါက ထိုသားသမီးက မိမိတို့အား ကောင်းကျိုးချမ်းသာဖြစ်အောင် လုပ်ပေးနိုင်ဖို့ မလွယ်လှပေ။ သူ့အစွဲကြောင့် ကိုယ်ပါလွဲခဲ့ရင် သူလည်းမကောင်း၊ ကိုယ်လည်းမကောင်းသာ ဖြစ်သွားမည်သာ ဖြစ်၏။ 

ထို့ကြောင့် လိုအပ်လျင် သားသမီးပင် ဖြစ်နေပါစေ သဗ္ဗေ သတ္တာ ကမ္မဿကာ သဘော၊ ဥပေက္ခာမနောဖြင့် ခံစားမှုကိုဘေးဖယ် လုပ်သင့်လုပ်ထိုက်သည်ကိုသာ ရွေးချယ်ကြရမည်သာ ဖြစ်ပါ၏။ 

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လေတိုက်တိုင်းသာ ယိမ်းနေကြမယ်ဆိုရင်ဖြင့်


“သစ်ပင်တွေမှာ အမြင့်ဆုံးမှာရှိနေတဲ့ အကိုင်းအခက်အလက်တွေဟာ အောက်ခြေမှာရှိနေတဲ့ အကိုင်းအခက်တွေထက် ပိုပြီး လေအတိုက်ခံရတတ်ပါတယ်။ ဒီလိုပဲ လောကမှာ အမြင့်ရောက်တဲ့သူ၊ အလုပ်များများ လုပ်နေတဲ့သူဟာ ပိုပြီးအတိုက်အခိုက် ခံရတတ်ပါတယ်။” 

လူ့လောက အတိုက်အခိုက်တွေနဲ့ ပတ်သက်ပြီး တစ်လောက လူမှုရေး လုပ်ငန်းလေးတွေ လုပ်နေတဲ့ ဒကာလေးတစ်ယောက် သူ့အပေါ် ပြောဆိုလာတဲ့ စကားတွေ၊ အတိုက်အခိုက်တွေကြောင့် ဒီလုပ်ငန်းအပေါ်မှာ မလုပ်တော့ဘဲ စိတ်ဓာတ်လေးတွေ လျော့နည်းလာတဲ့အဖြစ်နဲ့ ကြုံတွေ့ခဲ့ရလို့ သူ့ကို ဖြောင့်ဖျရင်း အားပေးခဲ့ရပါသေးတယ်။ ဟုတ်ပါတယ်။ အတိုက်အခိုက်ဆိုတာက အလုပ်လုပ်နေတဲ့ သူတွေအတွက်တော့ မဖြစ်မနေ ကြုံကိုကြုံနေရမှာ ဖြစ်ပါတယ်။ မလုပ်ရင် ဘာမှမဖြစ်ပေမယ့် လုပ်မိလို့ကတော့ လုပ်တဲ့အားနဲ့အမျှ တိုက်ခိုက်မှု အနှောက်အယှက်တွေကလည်း ရှိနေကြမှာ ဖြစ်ပါတယ်။ လုပ်တဲ့သူမပြောနဲ့ ဘာမှမလုပ်ဘဲ နေတဲ့သူတွေကိုတောင် ပြောချင်တဲ့သူတွေက ဘာမှမလုပ်လို့ ပြောချင်ကြသေးတာဆိုတော့ လုပ်နေတဲ့သူတွေ အတွက်တော့ အထူးပြောစရာကို မလိုတော့ပါဘူး။ နှောက်ယှက်တိုက်ခိုက်မှုတွေက ရှိကိုရှိနေကြမှာ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လိုတိုက်ခိုက်မှုမျိုးပဲ လာလာ မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကိုယ့်ဘက်က ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါတယ်။

တကယ်တော့ လူ့လောကရဲ့ အတိုက်အခိုက်တွေဆိုတာ လေတွေပါပဲ။ လေဆိုတာ တိုက်တဲ့အရာ ဖြစ်တဲ့အတွက် လေဟာပြင်ထဲကို ထွက်လာရင် လေရဲ့တိုက်တာကိုတော့ ခံကိုခံရမှာ ဖြစ်ပါတယ်။ အဲဒီလို လေတိုက်တာခံရတဲ့ အခါမှာသာ ကိုယ်က ယိမ်းယိုင်ပြီး လဲမသွားအောင် ထိန်းနိုင်ဖို့ပဲ ဖြစ်ပါတယ်။ လေတိုက်ခံရတဲ့ အရာတွေကိုကြည့်ရင် အမြင့်မှာရှိတဲ့ အရာတွေက ပိုပြီးတိုက်တာ ခံရတဲ့ သဘောရှိသလို လောကကြီးမှာလည်း လုပ်ငန်းဆောင်တာ နေရာဌာန အမြင့်ကို ရောက်နေတဲ့သူတွေမှာ ပိုပြီးအတိုက်အခိုက်တွေ ခံရတတ်တဲ့ သဘောရှိပါတယ်။ သစ်ပင်တွေမှာဆိုရင် ထိပ်ဆုံးမှာ ရှိနေတဲ့ သစ်ရွတ်သစ်ခက်တွေဟာ တဖျပ်ဖျပ်နဲ့ အသံထွက်အောင် ပိုပြီးအတိုက်အခိုက် ခံရတတ်သလို လုပ်ငန်းခွင်တွေမှာလည်း သူ့အဆင့်နဲ့သူ အမြင့်ရောက်လာတဲ့ သူတွေမှာ ပိုပြီးအသံထွက်အောင် တိုက်ခိုက်ခံရတတ်ပါတယ်။ ဒါဟာ သဘာဝပါပဲ။ ဘာမှမဟုတ်တဲ့ နေရာဌာနလေးတွေမှာတောင် အချင်းချင်း အတိုက်အခိုက် ခံနေရတတ်တာဆိုတော့ နည်းနည်းဟုတ်တဲ့နေရာ၊ နည်းနည်းမြင့်တဲ့နေရာ၊ ဒီထက်ပိုပြီး ဟုတ်တဲ့မြင့်တဲ့ နေရာတွေမှာဆိုရင် အထူးပြောစရာမရှိ တိုက်ခိုက်တာတွေက သေချာပေါက် ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုတော့ကား တိုက်ခိုက်တတ်တာဟာ လေတွေနဲ့ လူတွေရဲ့ အလုပ်ဖြစ်ပြီး တိုက်ခိုက်တာကို ခံနိုင်ရည်ရှိအောင် ကြိုးစားရမှာက အတိုက်အခိုက်ခံ သစ်ပင်တွေနဲ့ ကိုယ့်ကိုယ်တိုင်ရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေ ဘယ်လောက်ပဲပြင်းပြင်း အကိုင်းအခက်တွေ မကျိုးမပဲ့အောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်မှုတွေကို ဉာဏ်နဲ့ယှဉ်ပြီး ကျော်လွှားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ သစ်ပင်တွေလိုပေါ့။ သစ်ပင်တွေမှာ အပင်ကြီးတွေဟာ လေပြင်လေးညှင်းလေးတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ပြင်းထန်တဲ့ လေမုန်းတိုင်းတွေ တိုက်ခတ်လာတဲ့ အခါမှာတော့ တင်းလွန်းအားကြီးရင်း နောက်တော့ အကိုင်အခက်တွေ ကျိုးပဲ့ကာ အမြစ်ပါ လန်သွားတာတွေကို သတိပြုမိရင် တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ကိုင်းပင်လေးတွေကတော့ တိုက်လာတဲ့လေတွေအပေါ်မှာ အလိုက်သင့်လေးပဲ ယိမ်းထိုးပေးနေတဲ့အတွက် အကိုင်းအခက်ကျိုးတာတွေ မရှိဘဲ လေငြိမ်သွားတဲ့အခါ ပုံမှန်အတိုင်းပဲ ပြန်ထောင်နေတာတွေလည်း ရှိပါတယ်။

လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာလည်း ဒီလိုပဲ ရှိတတ်ပါတယ်။ တိုက်ခိုက်လာတဲ့ အတိုက်အခိုက်တွေကို ကိုယ်က ဉာဏ်နဲ့ယှဉ်ပြီး ခံနိုင်ရည်ရှိအောင် ကြိုးစားကြည့်ကြရမှာ ဖြစ်ပါတယ်။ နည်းနည်းတိုက်ခိုက်လာရင် နည်းနည်းလေးနဲ့ ခံနိုင်အောင် ကြိုးစားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လာရင်တော့ ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ကိုယ်ကို အကိုင်းအခက်တွေ မကျိုးမပဲ့အောင် တိမ်းရင်းရှောင်းရင်း ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ခံနိုင်ရည် ရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိုက်အခိုက်တွေကို တန်ပြန်တိုက်ခိုက်တဲ့အခါ ကိုယ့်ရဲ့အားနဲ့ အတိုက်အခံအားအပေါ်လိုက်ပြီး တစ်ခါတလေ ကိုယ်ပဲကျိုးပဲ့ သွားတတ်တာတွေ ရှိတဲ့အတွက် တိုက်ခိုက်မှုတွေကို တန်ပြန်ပြီး တိုက်ခိုက်တာထက် တိုက်ခိုက်လာသမျှကို မယိမ်းမယိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားတာက ကိုယ့်အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူများကိုလည်း မတိုက်ခိုက်ဘဲ ကိုယ့်ထံရောက်လာတဲ့ အတိုက်အခိုက်တွေမှာလည်း ရင်ဆိုင်ကျော်လွှားနိုင်အောင် ကိုယ့်ကိုယ်ကို ဉာဏ်နဲ့ယှဉ်ပြီး နေထိုင်လေ့ကျင့်တာဟာ အတိုက်အခိုက် လောကဓံကို ရင်ဆိုင်ဖို့အတွက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။

အတိုက်အခိုက် လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ကိုယ့်မှာလက်နက်တွေ အပြည့်ဖြည့်ထားဖို့ လိုပါတယ်။ လောကကြောင်းအရ ဖြည့်သင့်ဖြည့်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာတွေ ဖြည့်ထားဖို့ လိုသလို ဓမ္မကြောင်းအရလည်း ကိုယ့်ကျင့်သီလတွေ၊ သမာဓိအကျင့်တွေ၊ ပညာအကျင့်တွေကိုလည်း အားဖြည့်ထားရမှာ ဖြစ်ပါတယ်။ သီလတရား၊ သဒ္ဓါတရား၊ ပညာတရား၊ ဝီရိယတရားလေးတွေနဲ့ ကိုယ့်ကိုယ်ကို အားဖြည့်ထားမယ်ဆိုရင် အမြဲမရှိတဲ့ တိုက်ခိုက်မှုတွေမှာ အလွဲမရှိဘဲ ယှဉ်ဆိုင်ကျော်လွှားနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိုက်တတ်တဲ့ လေကပဲဖြစ်ဖြစ်၊ တိုက်ခိုက်တတ်တဲ့ လူတွေကပဲ ဖြစ်ဖြစ် တိုက်ခိုက်လာတဲ့အခါ လေတိုက်တိုင်း မယိမ်းဘဲ ခံနိုင်တဲ့ သစ်ပင်တွေ၊ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းတတ်တဲ့ သစ်ပင်လေးတွေလို လူအမျိုးမျိုးနဲ့ တိုက်ခိုက်မှု အမျိုးမျိုးကို ခံရတတ်တဲ့ လူတွေအနေနဲ့လည်း တစ်ချို့တိုက်ခိုက်မှုတွေမှာ မယိမ်းယောင်အောင် ကြိုးစားပြီး တစ်ချို့တိုက်ခိုက်မှုတွေမှာလည်း အလိုက်သင့် ရှောင်တိမ်းနိုင်အောင် ကြိုးစားကာ ကိုယ့်ကိုယ်ကို မကျိုးမပဲ့အောင်သာ အသိ၊ သတိ၊ သမာဓိ၊ ဝီရိယ စသည်များနဲ့ ခံနိုင်ရည်ရှိအောင် ရင်ဆိုင်ကျော်လွှားကြရမှာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ရင်း တိုက်ခိုက်မှု မှန်သမျှ မယိမ်းမယိုင် သတိခိုင်ခိုင် ထားကြဖို့ စေတနာထား မေတ္တာအားဖြင့် သိသမျှနဲ့ အသိမျှလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပဝါရဏာကပေးတဲ့ မက်စေ့ခ်ျ (Message)


ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ (၁၉-၁၀-၂၀၁၃)ရက်နေ့က ဘုန်းဘုန်းတို့ ကိုရီးယားရောက် ထေရဝါဒ မြန်မာရဟန်းတော်များ စုပေါင်းပြီး သံဃာ့ပဝါရဏပွဲကို ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ တစ်နိုင်ငံတည်းမှာ ရှိနေပမယ့် မတူညီတဲ့ အရပ်ဒေသတွေမှာ ဖြစ်နေကြတဲ့အတွက် ရဟန်းတော် အချင်းချင်းလည်း မတွေ့ဆုံဖြစ်ခဲ့ကြပါဘူး။ ဘာပဲဖြစ်ဖြစ် တစ်နှစ်မှာအနည်းဆုံး တစ်ခါလောက်တော့ ပဝါရဏာပွဲမှာ မဖြစ်မနေ တွေ့ဆုံပြီး ဘာသာရေး၊ သာသနာရေး၊ လူမှုရေးတွေ အတွက်လည်း ညှိနှိုင်းအဖြေရှာကြဖို့ ကတိကဝတ်ပြု ဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် ဒီနှစ်သီတင်းကျွတ် လပြည့်နေမှာလည်း မအားတဲ့ကြားက ပဝါရဏပွဲကို သံဃာအများ တက်ရောက်ပြီး ပဝါရဏ ပြုဖြစ်ခဲ့ကြပါတယ်။ ပဝါရဏပြုပြီးတော့ ဘုန်းဘုန်းတို့ထေရဝါဒ ရဟန်းတော်များ လစဉ်စုဆောင်းလာခဲ့ကြတဲ့ ပညာပဒေသာပင် ထောက်ပံ့ပေးရေး အစီအစဉ်ကိုလည်း ဝိုင်းဝန်းဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ 

ထားပါတော့။ ဒီနေရာမှာ အဓိကပြောချင်တာက ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပဝရဏာပွဲမှာလည်း ဒကာတစ်ယောက်က ပဝါရဏနဲ့ ပတ်သက်တဲ့ အကြောင်းကို မေးမြန်းခဲ့လို့ အကြီးဆုံးမထေရ်တစ်ပါးက ဖြေကြားပေးဖြစ်ခဲ့ပါသေးတယ်။ ပဝါရဏာဟာ ဘုရားရှင်ရဲ့ ပညတ်ချက်နဲ့အညီ ပြုလုပ်ရတဲ့ ဝိနည်းတော်ဆိုင်ရာ လိုက်နာစောင့်ထိန်းမှု တစ်ခုဖြစ်တဲ့အတွက် ဘုရားတပည့်သား သံဃာတော်များအတွက် အရေးကြီးတဲ့ တွေ့ဆုံပွဲတစ်ခုပဲ ဖြစ်ပါတယ်။ ပဝါရဏက ချမှတ်ပေးလိုက်တဲ့ မှတ်ချက်ကလည်း မျက်မှောက်ခေတ်မှာ ရဟန်းသံဃာများအတွက်သာ မဟုတ်ဘဲ လူပုဂ္ဂိုလ်များအတွက်ပါ လိုက်နာကျင့်သုံး နေထိုင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းကလည်း အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊ ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့ ၀တ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊ တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင် ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက် တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။ အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ ကုန်ဆုံးခဲ့ကြပါတယ်။

ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့ သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊ နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊ ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။

ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက် ''အရှင်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘုန်းဘုန်းအနေနဲ့ ပဝါရဏာနဲ့ ပတ်သက်တဲ့ မက်စေ့ခ်ျတစ်ခုကို စာဖတ်ပရိတ်သတ်တွေကို ပေးလိုတာ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ် တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့ စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့ လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။

ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊ သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ် ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့် တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….

Read more »

ရုပ်ပြောင်းသော်လည်း စိတ်ကောင်းပျော်စေ


မကြာသေးခင်က ကိုရီးယား တရားပွဲတစ်ခုမှာ အမြဲတမ်းတရားနာ ပရိတ်သတ် ဒကာမကြီးတစ်ယောက်က တရားပွဲပြီးတော့ တရားလျှောက်ရင်း သူ့စိတ်ထဲမှာ ရှိတာတွေပါ မထောက်မညှာ လျှောက်ကာသွားပါတယ်။ ဒကာမကြီးက အရှင်ဘုရားရယ် မြန်မာပြည်မှာ ()လလောက်သွားပြီး ဝါတွင်းမှ ကိုရီးယားကို ပြန်ကြွလာတဲ့ အရှင်ဘုရားရဲ့ ပုံကိုကြည့်ပြီး တပည့်တော် အရမ်းအံ့သြသွားတယ်။ ဒီ ()လလောက်မှာ ဘာတွေများလုပ်ခဲ့လို့ ဒီလောက်အိုဇာသွားရတာလဲဘုရား။ အရင်တုန်းက တပည့်တော် သိတဲ့အရှင်ဘုရားရဲ့ မျက်နှာကို အခုပုံကြည့်ပြီး ဘယ်လိုမှကို ပုံဖော်လို့ မရဘူးဘုရားတဲ့။ ပြီးတော့ ဒကာမကြီးက ဆက်လျှောက်ပါတယ်။ ဒါပေမယ့်ဘုရား အရင်တုန်းက အရှင်ဘုရားနဲ့ အခုအရှင်ဘုရား ထူးခြားချက်ကတော့ အရှင်ဘုရား အရမ်းတည်ငြိမ်ရင့်ကျက်ပြီး ဟောတဲ့တရားတော်နဲ့ လက်တွေ့ပုံရိပ်ကို တစ်ထပ်တည်း ပုံဖော်သွားနေတာ၊ လက်တွေ့ဘဝနဲ့ တစ်ထပ်တည်းကျအောင် ဟောတဲ့အတိုင်း ကျင့်သုံးနေတဲ့ သဘောကို တပည့်တော် သိရှိခံစားရပြီး အဲဒီ အားတွေဟာ တပည့်တော်တို့ တရားနာ ပရိတ်သတ်တွေအပေါ်မှာ လက်တွေ့သက်ရောက်မှု ရှိနေတာကိုတော့ ဝမ်းမြောက်ဝမ်းသာ သိရှိခံစားရပါတယ်ဘုရားဆိုပြီး လျှောက်ပြန်ပါတယ်။

ဒကာမကြီး ပြန်သွားတော့ ဘုန်းဘုန်းမှာ အတွေးလေးတွေ ကျန်သွားစေပါတယ်။ တော်ပါသေးရဲ့ မကောင်းတာတွေ လျှောက်ပြီး ကောင်းတာလေးနဲ့ အုပ်သွားလို့ဆိုတဲ့ အတွေးလေးနဲ့ တစ်ကိုယ်တည်း ပြုံးနေမိပါတယ်။ တကယ်တော့ အဲဒီ ဒကာမကြီး လျှောက်ထားတဲ့အတိုင်း အမှန်ပါပဲ။ ဘုန်းဘုန်းကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို သတိထားမိပါတယ်။ ငါအိုတာ သိပ်မြန်ပါလားလို့။ အအိပ်အစားမမှန် အလုပ်တွေကို မရပ်မနား ဆက်တိုက်လုပ်ဖြစ်တာကြောင့်လည်း ပါပေမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဇရာရဲ့ သဘောဟာ အသွင်အပြင်တွေမှာပဲ မဟုတ်ဘဲ လက်တွေ့လှုပ်ရှားမှုတွေမှာပါ သိသိသာသာ ပြလာနေတော့တာပါ။ ဘဝရဲ့သက်တမ်း တစ်ဝက်ကျော်ကို ချည်းကပ်လာတဲ့ ရုပ်အသွင်ဟာ ထင်သလို လုပ်ရှားလို့ မရတာတွေ ဖြစ်ဖြစ်လာတတ်နေပါပြီ။ အရိုးအဆစ်တွေက ဟိုကနာ၊ ဒီကနာတဲ့ သဘောတွေ ပြလာနေပြီး တစ်ခါတရံလည်း အလေးအပင် တစ်ခုခုကို ရုတ်တရက် မလိုက်တာလေးနဲ့ကို ခါးမှာအထိနာတဲ့ သဘောတွေ ဖြစ်နေပြန်တာပါ။ ငယ်တုန်းက ဘာမှမဖြစ်ဘူးလို့ ထင်ရတဲ့ ဒဏ်တွေဟာ ခုမှ ပြန်ပေါ်လာနေတာတွေဟာလည်း ဇရာလို့ခေါ်တဲ့ အိုခြင်းရဲ့ နိမိတ်လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အိုခြင်းနိမိတ်တွေ ပြလာနေတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်တတ်တဲ့ အကျင့်တွေပါ ရလာနိုင်အောင် ဘုန်းဘုန်းတို့ ကြိုးစားကြရမှာပါ။ ရုပ်အိုတာ မဆန်းပါဘူး။ စိတ်အလိုတွေ မရမ်းဖို့ပဲ ကြိုးစားကြရမှာပါ။ ရုပ်အသွင်တွေကျလာပေမယ့် စိတ်အသွင်တွေ မကျဖို့ လေ့ကျင့်ကြရမှာပါ။ အပြင်နိမိတ်ကို အတွင်းစိတ်နဲ့ ဆင်ခြင်ပြီး အသိတရားတွေဝင်ကာ အမြန်ပြင်နိုင်အောင် အားထုတ်ကြရမှာပါ။ တဖြည်းဖြည်း အိုပြီးပြိုလာနေတဲ့ ရုပ်တရား အပေါ်မှာ ဒီထက်ပိုပြီး အိုမသွားခင် ရသင့်ရထိုက်တာကို ရအောင်ယူ၊ လုပ်သင့်လုပ်ထိုက်တာကို ကြိုးစားလုပ်ပြီး ပါသင့်ပါထိုက်တဲ့ တရားတွေ ပါအောင် ကျင့်သုံးကြရတော့မှာပါ။ ရုပ်ကပြောင်းလာပြီ စိတ်ဓာတ်က မကောင်းသေးဘူး၊ လူကကြီးလာပြီ ကုသိုလ်အားတွေ မကြီးသေးဘူး၊ လူကအရွယ်လွန်လာပြီ စိတ်ခွန်အားတွေ မစွံသေးဘူးဆိုရင်တော့ အိုပြီးမကောင်းတဲ့ သူတွေလို ဖြစ်နေကြတော့မှာပါ။ 

ဆိုတော့ကား အဲဒီလို ဇရာထောင်းသော်လည်း ငါမကောင်းပျော်တုန်း မဖြစ်ရအောင် တဖြည်းဖြည်းနဲ့ အသိပေးလာတဲ့ အိုခြင်းရဲ့ နောက်မှာ အသိတရားတွေ ရောက်ပြီး ဒီထက်ပိုပြီး မအိုခင်၊ ရုတ်တရက် ပြောင်းလဲတတ်တဲ့ မမြဲခြင်း သဘောတွေ မရောက်လာခင် အခုလက်ရှိအချိန်ကို အထူးသတိပြု ဆင်ခြင်ပြီး အသွင်ပြောင်းသော်လည်း အသင်မကောင်းပျော်နေတုန်း မဖြစ်ရအောင် အိုခြင်းတရားက ပေးလာတဲ့ သတိပေးနိမိတ်ကို အချိန်မီ အသိစိတ်ဝင်ကာ ကိုယ့်ကိုယ်ကို ကောင်းတာတွေနဲ့ ပျော်နိုင်အောင် ကြိုးစားနေထိုင် ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း ကိုယ်ကိုယ်ကို ဆင်ခြင်ရင်း အများသူငါ အသိဝင်စေဖို့ ဓမ္မအသိ အမျှညှိလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ပြဿနာအပေါ် ဆင်ခြင်ခြင်း


ပြဿနာဆိုတာ စသူရှိလို့ ဖြစ်ရတာပါ။ ဖြစ်အောင်လည်း စစနေကြပါတယ်။ အလွန်က သူတို့က အလွန်၊ အဆိုးက ကိုယ်တွေဖြစ်ဖြစ်သွားပါတယ်။ သူတို့လွန်တာကို အများက မမြင်ဘူး၊ ကိုယ်တွေဆိုးတာကိုပဲ အမှားလို့ မြင်သွားကြတယ်။ ဒီတော့ ကိုယ်တွေက ဒါကို သတိပြုဆင်ခြင်ရမယ်။ သူစတိုင်း ကိုယ်မထအောင်၊ သူလှုပ်တိုင်း ကိုယ်မလုပ်အောင်၊ သူလွန်တိုင်း ကိုယ်မမွှန်အောင် တခြားနည်းနဲ့ တုန့်ပြန်ရမယ်။ စသူကို အရယူပြီး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူနိုင်အောင် လုပ်ယူရမယ်။ မီးရှိုတာ၊ ဖျက်ဆီးတာ၊ ကိုယ်ထိလက်ရောက် တုန့်ပြန်တာ နည်းစနစ်မမှန်ဘူး။ မမှန်တဲ့ စနစ်နဲ့သွားရင် အကောင်းဖြစ်ဖို့မလွယ်ဘူး။ အဆိုးပဲ ဖြစ်တာများတယ်။ စနစ်မမှန်ရင် အကျိုးမများပဲ အချိန်ကုန်ပြီး အပျက်အဆီးသာ များနေတတ်တယ်။

 ပြဿနာစသူဆိုတာ အချိန်တိုင်း၊ နေရာတိုင်းမှာ ရှိနေလိမ့်မယ်။ ပြဿနာကို အပြီးတိုင်အကုန်ချေမှုန်းဖို့ မလွယ်ဘူး။ တခါတလေ ပြဿနာနဲ့ လက်တွဲပြီးတော့ကို နေသွားရမယ့် အနေအထား ရှိတယ်။ လွတ်လပ်တဲ့ နိုင်ငံ၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဆိုရင် အားလုံးဟာ ဥပဒေဘောင်အတွင်းကပဲ ဥပဒေနဲ့အညီ နေထိုင်သွားရပါမယ်။ ကိုယ်တွေလည်း ဒီမိုကရေစီ နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ သူတွေရှိနေတော့ အဲဒီမှာရှိနေကြတဲ့ ကိုယ့်အမျိုးတွေလည်း ဆိုင်ရာနိုင်ငံရဲ့ ဥပဒေအတိုင်းပဲ နေနေကြတာဖြစ်ပြီး သူ့နိုင်ငံ ဥပဒေနဲ့ ညီအောင်နေတဲ့ ကိုယ်တွေအတွက် အဲဒီနိုင်ငံက အခွင့်အရေး ပေးထားတာပဲ။ ကိုယ့်နိုင်ငံလည်း နောင်ဒီမိုမကရေစီစနစ် ပီပြင်လာရင် ဒီလိုပဲ ခွင့်ပြုကြရမှာပါ။ အဓိကကတော့ ဥပဒေကအဓိကနဲ့ ဥပဒေအတိုင်း လိုက်နာကျင့်သုံးမှုက အဓိကပါပဲ။

 ဒီတော့ အမြစ်ပြတ် ချေမှုန်းဖို့ထက် ဒီပြဿနာတွေ ထပ်မတက်အောင် ကြိုးစားဖို့ပဲ လိုတယ်။ ပြဿနာတွေနဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ပြီး ကင်းနိုင်သမျှ ကင်းအောင်ကြိုးစားရမယ်။ အမုန်းတရားနဲ့ ကင်းဖို့မဟုတ်ဘူး မချစ်မမုန်းတဲ့ ဥပေက္ခတရားနဲ့ပါ။ ပြီးရင် ဒီပြဿနာဆိုတာ ကြုံလာတဲ့အခါ ကိုယ်က ခံနိုင်ရည် အားကောင်းနေအောင် ကိုယ့်ခြံကိုယ်လုံအောင် ကာကွယ်ကြရမယ်။ ကိုယ်တွေအင်းအားကောင်ေးနအောင်၊ ကိုယ်တွေ သဒ္ဓါခိုင်နေအောင်၊ ပြဿနာဆိုတာတွေနဲ့ ပတ်သက်လာရင် ကိုယ်တွေက မတုန်မလှုပ် ကိုယ့်ကိုယ်ကို ကာကွယ်ထားနိုင်အောင် ကိုယ့်မျိုးဆက်ကို အကျိုးထွက်အောင် ပြုစုပျိုးထောင်ကြရမယ်။ ကိုယ်တွေက အပြင်ဥပဒေနဲ့လည်း ခိုင်အောင်လုပ်ထားမယ်၊ အတွင်းဥပဒေဖြစ်တဲ့ ကိုယ့်မျိုးဆက်ရဲ့ စိတ်ဓာတ်တွေ၊ သဒ္ဓါတွေ၊ အသိတရားတွေကိုလည်း ခိုင်အောင် လုပ်ထားမယ်ဆိုရင် ပြဿနာ ဘယ်လောက်ပဲ ရှာရှာ၊ ပြဿနာ ဘက်လောက်ပဲတက်တက် ကိုယ်တွေက မတုန်မလှုပ် ခရီးဆက်နိုင်ကြမှာပါပဲ။

ဒါကြောင့် ပြဿနာ စသူရှိလို့ ပြဿနာတက်တယ်ဆိုပေမယ့် ရလာဘ်က ကိုယ်ပဲအဆိုး၊ ကိုယ်ပဲအလွန်၊ ကိုယ်ပဲအဖမ်းခံရ၊ ကိုယ်ပဲ အရှုံးရလိုက်တယ်ဆိုရင် ဒီစနစ်မမှန်လို့ ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ပြီး စစ်မှန်တဲ့ ကာကွယ်မှု ဖြစ်အောင် ပြဿနာစသူကို အမုန်းတရားနဲ့ မတုန်ပြန်ဘဲ သူစပေမယ့် အဲဒီထောင်ချောက်ထဲ ကိုယ်မရောက်အောင် ဥပဒေ ဘောင်အတွင်းကသာ ဖြေရှင်းကြဖို့ပဲ ဖြစ်ပါကြောင်း မကြာမကြာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေအပေါ် တစေ့တစောင်း ဆင်ခြင်ရင်း အသိတစ်ခု အမျှပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

လူငယ်များနဲ့ ဘာသာတရား


ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ် လူငယ်များအကြောင်း အတွေးပေါင်းစုံ ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား ဆက်စပ်မှုရဲ့ မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။ ဘုရားလက်ထက်က အသက် (၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊ အဲဒီ သောတာပန်စတဲ့ အရိယာ ဘ၀နဲ့ပဲ အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့ အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့ အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့ ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ် ချိန်ထိုးကြည့်မိပြန်ပါတယ်။ လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ ကြားနေမိပါတယ်။

မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ တိုးတက်ထိုးကား လာနေသလို ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့ သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများက သတ္တ၀ါတွေရဲ့ သန္တာန်မှာ သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ စတဲ့ ကိလေသာတရားများ တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။ ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့ ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက် ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရား အဆုံးအမများနဲ့ ဝေးသွားစေမှုကို ဖြစ်စေပါတယ်။

ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရားနဲ့ ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့ ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။ လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ် အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့ ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။ သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံမှု ၀ီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့ လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။ သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊ အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့် ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

လူငယ်များနဲ့ အနေများတော့ လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။ အများအားဖြင့် အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ လူငယ်များဟာ အနှစ်သာရများထက် အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။ အသောက်အစား အပျော်အပါးများနဲ့ ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ ယုတ်လျော့လာမှုများက ဘာသာတရား အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့ အပြင် ထားလိုက်ပါကွာ၊ ရပါတယ်ကွာဆိုတဲ့ စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ် စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး လုပ်တာကိုပဲ တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေတာ ဖြစ်ပါတယ်။

တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။ ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။

နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့ လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ ဖြစ်လာတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က ဘာသာတရား လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ၀ါဒအတိုင်း လိုက်လုပ်မိရာက ၀ါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု မရှိတဲ့အပြင် ဘာသာရေးလုပ်ရင်း အပြောကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျတော့ ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ ဖြစ်သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့် ၀ိပဿနာတရား အားထုတ်တော့မယ်ဆိုရင် ဆရာကောင်း သမားကောင်းကို အရင်ဆုံး ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာတွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။ အသောက်အစား အပျော်အပါး ၀ါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ မလုပ်နိုင်ဘဲ တစ်ယောက်တည်း အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့ ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ ဖြစ်လာတော့ အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။

တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့ သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။ ဘာသာတရား အဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊ လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့ သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊ ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက် ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင် တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်လာကာ ဘာသာတရားအတိုင်း နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့ လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။

ကိလေသာအာရုံများမှာ လိုက်စားမှု အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ် မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့ သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ ထိခိုက်လာတာတော့ မဟုတ်ပါဘူး။ အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က သောတာပန်စတဲ့ အရိယာဘ၀နဲ့ လူမှုရေးရော သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ ဖြစ်သွားကြတဲ့ သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။ အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊ အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။

အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆိုရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့ ဂုဏ်တော်ထဲမှာကိုက ဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြင်း၊ ဝေဖန်ခံနိုင်ခြင်း၊ လုပ်နိုင်ရင်လုပ်နိုင်တဲ့အလျောက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ၀ိသေသဂုဏ်များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ၀ိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက် သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။ ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့ အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ တွေ့ရတတ်ပါတယ်။ ဒါဟာ ငယ်ပေမယ့် ဘာသာတရား အဆုံးအမတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။ အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး ဘာသာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘာအားနည်းတယ်၊ ညာအားနည်းတယ်ဆိုတဲ့ ယူဆချက်တွေဟာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့ အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။ ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။

ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား အထင်မှား အမြင်မှားနေတာတွေဟာ ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊ တိုးပွားလာတဲ့ ကိလေသာတရားများ၊ လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့ ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အဆင့်အတန်းဆိုတာ


တစ်လောက ကျောင်းမှာလူစုံတော့ ဟိုပြောဒီပြော ပြောကြရင်း နိုင်ငံခြားကို ရောက်နေတဲ့သူချင်း အတူတူ အဆင့်အတန်းခွဲပြီး ဆက်ဆံတဲ့အကြောင်း ပြောဖြစ်ကြပါတယ်။ နိုင်ငံခြားရောက်နေတဲ့ အစိုးရဝန်ထမ်းတွေကလည်း ငါအစိုးရဝန်ထမ်းဆိုတဲ့ မာနနဲ့ ကျန်တဲ့သူတွေကို မတူသလို ဆက်ဆံတတ်ကြောင်း၊ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကလည်း အလုပ်လုပ်နေကြတဲ့ အလုပ်သမားတွေကို သူတို့လောက် အဆင့်မရှိသလို၊ ပညာမတတ်သလို အထင်သေးတတ်ကြောင်း၊ အလုပ်သမားတွေ ရှုထောင့်ကကျတော့လည်း သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြားမှာ အလုပ်လာလုပ်နေရပေမယ့် သူတို့အဆင့်အတန်းဟာ ကျောင်းသားတွေ ဝန်ထမ်းတွေလောက် မနိမ့်ကျကြောင်း အားလုံးဟာ ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်မာနနဲ့ကိုယ်ရှိကြကြောင်း ဘယ်သူ့ကိုမှ ခွဲခြားပြီး ဆက်ဆံစရာ အကြောင်း မရှိကြောင်း စသဖြင့် ပြောဖြစ်ကြပါတယ်။

တကယ်တော့ ဘယ်သူတွေ ဘယ်လိုပဲ အဆင့်အတန်းတွေ သက်မှတ်ကြပါစေ သူတို့တွေရဲ့ သတ်မှတ်ချက်တွေဟာ ရာထူးတွေ၊ ဂုဏ်တွေ၊ လောကီပညာတွေ၊ ငွေတွေလောက်ပဲ ဦးစားပေးသတ်မှတ်ကြတာပါ။ အဲဒီ ရာထူးဌာနန္တရာ၊ ဂုဏ်ပဝါတွေဆိုတာ အမှန်တော့ အဆင့်မြင့်တဲ့ အဆင့်အတန်းတွေမဟုတ်ပါဘူး။ တဒင်္ဂအရှိကို အဟုတ်ထင်ပြီး မာနဝင်နေကြတဲ့ သဘောပဲဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် အဆင့်အတန်းဆိုတာ အကျင့်သိက္ခာနဲ့ အသိပညာ မြင့်မားမှုကို ဆိုတာပါ။ ရာထူးဌာနန္တရာ၊ ဂုဏ်ပါဝါတွေ ရှိနေပေမယ့် အကျင့်မကောင်းဘူး၊ အသိမရှိဘူးဆိုရင် အဲဒီသူဟာ အဆင့်မရှိတဲ့ သူပါပဲ။ အကျင့်ကောင်းတယ်၊ အသိရှိတယ်ဆိုရင် အဲဒီသူဟာ ရာထူးဌာန္တရာ၊ ဂုဏ်ပါဝါတွေ မရှိပေမယ့် အဆင့်မြင့်နေတဲ့သူပါပဲ။ ဂုဏ်အဆင့်အတန်းတွေထဲမှာ သီလဂုဏ်၊ ပညာဂုဏ်တွေဟာ အဆင့်အမြင့်ဆုံး အဆင့်အတန်းတွေပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဘာမှအကြာကြီး မဟုတ်တဲ့ လောကကြီးမှာ တဒင်္ဂ အရှိတရားတွေအပေါ်မှာ မာနဝင်ပြီး အဆင့်အတန်း ခွဲခြားဖို့ထက် အကျင့်သိက္ခာနဲ့ အသိပညာ ကောင်းအောင်သာ ကြိုးစားပြီး ကိုယ့်ကိုကိုယ် အဆင့်မြင့်အောင် နေထိုင်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၂)



ဒီဘဝမှာ အဲဒီလို နားလည်မှုတွေနဲ့ အကောင်းဆုံး ဆုံနိုင်ခွင့်ကို တည်ဆောက်ပြီးပြီဆိုရင် နောင်ဘဝအဆက်ဆက် ဆုံနိုင်ခွင့်အတွက်ကတော့ မြတ်စွာဗုဒ္ဓဟောညွန်ပြတဲ့ လမ်းစဉ်ဟာ အကောင်းဆုံးနဲ့ လက်တွေ့ကျင့်သုံးဖို့ အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတိုင်းမှာ အတူဆုံနိုင်မယ့် ဆုံနိုင်ခွင့်အတွက် နှစ်ဦးနှစ်ဘက်လုံးက 
၁။ သမသဒ္ဓါ 
တူညီတဲ့ ယုံကြည်ချက်
၂။ သမသီလ
တူညီတဲ့ အကျင့်သိက္ခာ
၃။ သမစာဂ
တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုနဲ့
၎။ သမပညာ
တူညီတဲ့ အသိဉာဏ်ပညာ ဆိုတဲ့ အချက်လေးချက်နဲ့ ပြည့်စုံမှုရှိကြရမှာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ ဒီလမ်းညွန်ချက်ကို မြတ်ဗုဒ္ဓက နကုလာမာတာ၊ နကုလပီတာ ဆိုတဲ့ ပုဏ္ဏားအိုကြီး နှစ်ဦးနဲ့ တွေ့ဆုံချိန်မှာ မိန့်တော်မူခဲ့တာ ဖြစ်ပါတယ်။ 

အခါတစ်ပါး ရှင်တော်မြတ်ဘုရားဟာ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့ ဘေသကဠတောမှာ သီတင်းသုံးနေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးဟာ နံနက်စောစော သင်္ကန်းကို ပြင်ဝတ်၊ သပိတ်ကို ယူတော်မူပြီး နကုလပိတာသူကြွယ်အိမ်ကို ကြွတော်မူကာ ခင်းထားတဲ့နေရာမှာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ နကုလပိတာသူကြွယ်နဲ့ နကုလမာတာ သူကြွယ်မတို့ဟာ မြတ်စွာဘုရားရှင်ကို ရှိခိုးပြီး သင့်တော်တဲ့နေရာမှာ ထိုင်နေရင်း နကုလပိတသူကြွယ်က 

“အရှင်ဘုရား တပည့်တော်ဟာ ငယ်စဉ်ကတည်းက ငယ်ရွယ်နုပျိုသူ နကုလမာတာကို ထိမ်းမြားလက်ထပ် ယူဆောင်ခဲ့ချိန်ကစလို့ စိတ်နဲ့တောင်မှ နကုလမာတာကို ကျော်လွန်ပြီး တခြားတစ်ယောက်ယောက် အပေါ်မှာ ပြစ်မှားဖူးခဲ့ခြင်း မရှိသလို ကိုယ်နဲ့ကတော့ အထူးပြောစရာ မရှိအောင် စောင့်ထိန်းကျင့်ကြံခဲ့ပါတယ်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားကြသလို နောင်ဘဝဘဝတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားပြီး အဲဒီဆုံနိုင်ခွင့်ကို ဘဝဆက်တိုင်း ရရှိလိုပါတယ်ဘုရား” လို့ မြတ်စွာဘုရားကို လျှောက်ပါတယ်။ 

အဲဒီအချိန်မှာ အနီးမှာ ရှိနေတဲ့ နကုလမာတာ သူကြွယ်မကလည်း
“အရှင်ဘုရား နကုလပိတာ သူကြွယ်ဟာ ငယ်စဉ်ကတည်းက တပည့်တော်မကို ထိမ်းမြားလက်ထပ် ယူဆောင်ချိန်ကစလို့ တပည့်တော်မ အနေနဲ့လည်း နကုလပိတာကို ကျော်လွန်ပြီး တခြားတစ်ယောက်ယောက် အပေါ်မှာ ပြစ်မှားဖူးခဲ့ခြင်း မရှိသလို ကိုယ်နဲ့ကတော့ အထူးပြောစရာ မရှိအောင် စောင့်ထိန်းကျင့်ကြံခဲ့ပါတယ်ဘုရား၊ တပည့်တော်တို့ဟာ ဒီဘဝမှာလည်းပဲ တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားကြသလို နောင်ဘဝဘဝတွေမှာလည်း တစ်ဦးနဲ့တစ်ဦး ချစ်ခင်မြတ်နိုး ရှုမြင်ခြင်းကို လိုလားပြီး အဲဒီဆုံနိုင်ခွင့်ကို ဘဝဆက်တိုင်း ရရှိလိုပါတယ်ဘုရား” လို့ မြတ်စွာဘုရားကို အားကျမခံ ထပ်မံလျှောက်ထားပါတယ်။

ဒီတော့ မြတ်စွာဘုရားက “ဒကာ၊ ဒကာမတို့ လင်မယားနှစ်ဦးလုံးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရန် အကယ်၍ အလိုရှိကုန်အံ့၊ နှစ်ဦးလုံးတို့သည် တူမျှသော သဒ္ဓါတရား ရှိကုန်ရာ၏၊ တူမျှသော သီလရှိကုန်ရာ၏၊ တူမျှသော စွန့်ကြဲမှု 'စာဂ' ရှိကုန်ရာ၏၊ တူမျှသော ပညာ ရှိကုန်ရာ၏၊ ယင်းသို့ဖြစ်သော် ထိုလင်မယားနှစ်ဦးတို့သည် ယခုဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်၏၊ နောင်တမလွန် ဘဝ၌လည်း အချင်းချင်း ရှုမြင်ကြရကုန်လတ္တံ့”လို့ တရားစကား မိန့်ကြားတော်မူလိုက်ပါတယ်။

“- လင်မယားနှစ်ဦးလုံးတို့ပင် သဒ္ဓါတရားနှင့်လည်း ပြည့်စုံကုန်၏၊ အလှူခံတို့၏ စကားအဓိပ္ပါယ်ကိုလည်း သိကုန်၏၊ ကိုယ် နှုတ် နှလုံးကို စောင့်စည်းကြကုန်၏၊ ထို လင်မယားနှစ်ဦးလုံးတို့သည် အချင်းချင်း ချစ်ဖွယ်သော စကားကို ပြောဆိုကြကုန်လျက်တရားသဖြင့် အသက်မွေးကြကုန်၏။
- တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့အား အကျိုးစီးပွါးတို့သည် များပြားကုန်၏၊ ချမ်းသာစွာ နေရခြင်းသည်လည်း ဖြစ်၏၊ ရန်သူတို့ နှလုံးမသာဖွယ် ဖြစ်ကုန်၏။ တူမျှသော သီလရှိကုန်သော လင်မယား နှစ်ဦးလုံးတို့သည် ဤလူ့ဘဝ၌တရားကို ကျင့်ကြကုန်၍ နတ်ပြည် လောက၌ အလုံးစုံသော ကာမဂုဏ်အာရုံတို့ကို လိုတိုင်းရကုန်လျက် နှစ်နှစ်သက်သက် မွေ့လျော်ရကုန် သတည်း။” (ပဌမ သမဇီဝီသုတ်၊ ပညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်) 

ဒီအကြောင်းအရာကတော့ ဘဝဆက်တိုင်း ဆုံနိုင်ခွင့် ပိုင်ဆိုင်လိုကြတဲ့ ပါရမီဖက်များအတွက် မြတ်ဗုဒ္ဓရဲ့ လမ်းညွန်ချက်ပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဒီဆုံနိုင်ခွင့် လမ်းညွန်လေးချက်ကိုကြည့်ရင် ဘဝတိုင်း ဆုံချင်ကြတဲ့ သူတွေအတွက် လိုက်နာကျင့်သုံးသင့်တဲ အချက်တွေဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဘုရားရှင်က ဘယ်သူမဆို ဘဝတိုင်းမှာ ဆုံချင်ကြရင် ယုံကြည်ချက်တူအောင်၊ အကျင့်သိက္ခာတူအောင်၊ စွန့်လွှတ်မှုတူအောင်၊ အသိပညာတူအောင် ကြိုးစားရမယ်လို့ လမ်းညွန်ပေးထားချက်ဟာ လက်တွေ့ပိုင်းမှာ အတော်ယုတ္တိကျတဲ့ အချက်ပဲဖြစ်ပါတယ်။ ဆုံနိုင်ခွင့်ဆိုတာဟာ တစ်ဦးတည်းနဲ့ လုပ်ယူလို့ ရတဲ့အရာ မဟုတ်တဲ့အတွက် နှစ်ဦးနှစ်ဖက် ဆုံနိုင်ဖို့ နှစ်ဦးစလုံး တူညီမှုတွေ ရယူနိုင်မှ ဖြစ်တယ်ဆိုတာ သဘာဝကျတဲ့ ကြောင်းကျိုးဆက်စပ်မှု သဘောပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းကို မင်္ဂလာဆွမ်းကျွေးတစ်ခုမှာ ဘုန်းဘုန်းဟောပေးဖူးပါတယ်။ အဲဒီတုန်းကတော့ ကဗျာလေး တစ်ပုဒ်ပါစပ်ပြီး ရှင်းလင်းဟောပြောပေးဖြစ်ခဲ့ပါတယ်။ အဲဒီကဗျာလေးကို ဒီနေရာမှာ အလျဉ်းသင့်တုန်း ပြန်လည်မျှဝေလိုက်ပါတယ်။

ယုံကြည်ချက်တူ
အကျင့်တူ၍
အလှူလည်းမျှ
အသိမျှမူ
တူမျှအပြား
ဤလေးပါးက
အမျှတူသူ
များထိုသူကို
အခုလည်းဆုံ
နောင်လည်းဆုံ၍
သံသရာတစ်လျှောက်
အတူလျှောက်ရန်
အထောက်အမှန်
အကြောင်းဖန်၏။ ။ 

ဒီကဗျာထဲက အတိုင်းပါပဲ။ ဘယ်သူမဆို ဘဝမှာ တစ်ဦးနဲ့တစ်ဦး သံယောဇဉ် မပြတ်နိုင်သေးဘဲ ဘဝတိုင်းမှာ အတူဆုံကြဖို့နဲ့ တစ်ဦးရဲ့ လိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းပေး၊ ကောင်းတဲ့အလုပ်လေးတွေမှာ တစ်ဦးနဲ့တစ်ဦး ပါရမီလေးတွေ ဖြည့်ပေးနိုင်ဖို့အတွက် ယုံကြည်ချက်လည်းတူ၊ အကျင့်သီလလည်းတူ၊ ပေးကမ်း လှူဒါန်းတာလည်းတူ၊ အသိပညာလည်း တူကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း သံသရာခရီးမှာ အတူဆုံနိုင်ကြမှာ ဖြစ်ပါတယ်။ 

ဆက်ရန် ….

Read more »

သတိပြုဆင်ခြင်ပါ



အကောင်းအဆိုး ဆိုတာ
အကြောင်းအကျိုးဆုံရင် ကြုံလာကြတာပဲ။
အကောင်းတွေဆုံလို့လည်း မကောင်းတွေ ကုန်ပြီလို့ မတွေးနဲ့။
မကောင်းတွေဆုံလို့လည်း အကောင်းတွေ မကြုံတော့ဘူးလို့ မတွက်နဲ့။
ကုန်ချိန်တန်ကုန်၊ ဆုံချိန်တန်ဆုံ၊ ကြုံချင်တန် ကြုံနေကြမှာပဲ။
ကြုံဆုံလာတဲ့ အခါမှာသာ ခံနိုင်ရည်ရှိအောင် ကြိုးစားကြဖို့ပါ။
ကောင်းလို့လည်း စိတ်ဓာတ်တွေ မပြောင်းမိစေနဲ့။
မကောင်းလို့လဲ မကောင်းတာတွေမှာ မပေါင်းမိစေနဲ့။
အကောင်းရောက်တဲ့အခါ သတိမပျောက်စေနဲ့။
မကောင်းရောက်တဲ့အခါ အကောင်းမပျောက်စေနဲ့။
ကောင်းရင်သတိထား အဆိုးလာတတ်တယ်။
ဆိုးရင်ကုသိုလ်ပွား အကျိုးများလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် အရေးကြီးဆုံးက သတိမပျောက်ဖို့နဲ့ ကုသိုလ်မပျက်ဖို့ပဲဆိုတာ
မမေ့ပါနဲ့။

မေတ္တာဖြင့် 
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက် (၁)



“ပါရမီဖြည့်ဖက်
အသာတကြည်ထွေးဖက်
သံသရာခရီးတစ်လျှောက်
ဆုံနိုင်ခွင့်ဖောက်ရင်း
နိဗ္ဗာန်ရွှေပြည်အရောက်
အတူလျှောက်ကြစို့”

“ဆုံနိုင်ခွင့် (သို့) ပါရမီဖြည့်ဖက်”ဆိုတဲ့ ဒီခေါင်းစဉ်လေးက ခေတ်ဆန်နေပြီး သီချင်းခေါင်းစဉ်လိုလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ခေတ်လူငယ်တစ်ယောက်က မေးလာတဲ့ အမေးလေးအပေါ်မူတည်ပြီး မှတ်မိလွယ်အောင် ဒီလိုအမည်လေး ပေးလိုက်တာပါ။ ကြာပါပြီ ဒကာလေးတစ်ယောက် မေးထားဖူးတဲ့ မေးခွန်းလေးတစ်ခုပါ။ သူက “အရှင်ဘုရား နားနဲ့မနာ ဖဝါးနဲ့ နာပါဘုရား။ တပည့်တော်မှာ ချစ်သူရှိပါတယ်၊ တပည့်တော်လည်း သူ့ကိုအရမ်းချစ်သလို၊ သူကလည်း တပည့်တော်ကို သိပ်ချစ်ပါတယ်ဘုရား၊ ရိုးသားစွာ ဝန်ခံရရင် တပည့်တော်တို့နှစ်ယောက် ဒီဘဝမှာ နိဗ္ဗာန်အထိ ရောက်ဖို့ဆန္ဒမရှိသေးပါဘူး၊ ဒါပေမယ့် သံသရာခရီးမှာတော့ ဘဝတိုင်းအတူဆုံပြီး တစ်ယောက်အပေါ်တစ်ယောက် နားလည်မှုနဲ့ ပါရမီတွေ ရသလောက်ဖြည့်ချင်ပါသေးတယ်၊ အဲဒါ တပည့်တော်တို့နှစ်ယောက် ဘဝတိုင်းမှာ အတူဆုံနိုင်ဖို့အတွက် ဘယ်လိုကျင့်သုံး နေထိုင်ပြီး ဘယ်လိုကုသိုလ်မျိုးတွေ လုပ်သင့်တယ်ဆိုတာ လမ်းညွှန်ပေးတော်မူပါဘုရား” လို့ မေးလျှောက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူ့အမေးအတိုင်း ဒီဘဝအတွက်ရော နောင်သံသရာ အတွက်ပါ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ ဆုံနိုင်ခွင့် ရစေမယ့် အကြောင်းလေးတွေကို ဟောပြောပေးဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီလို အလားတူ မေးခွန်းမျိုးလေးတစ်ခု မေးထားတာရှိလို့ ဒီစာစုလေးရေးပြီး အဖြေပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ 

ဒီမေးခွန်းနဲ့ပတ်သက်ပြီး အဖြေပေးဖို့ အဖြေရေးရင်း ဂေါတမ မြတ်စွာဘုရား အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝက ဒီပင်္ကရာ မြတ်စွာဘုရားထံမှာ ဗျာဒိတ်တော် ခံယူနေတဲ့အချိန် ရှင်ရသေ့ဘေးမှာ ရှင်ရသေ့နဲ့အတူ ဘဝဆက်တိုင်း ပါရမီဖြည့်ဖက်အဖြစ် အတူဆုံပြီး နောက်ဆုံးမှာ နိဗ္ဗာန်ကို အတူဝင်ပါရစေဆိုကာ ဆုပန်ခဲ့တဲ့ ယသော်ဓရာ အလောင်းတော် သုမိတ္တအမည်ရတဲ့ ပုဏ္ဏားပျိုမလေးရဲ့ ပုံရိပ်ကို သတိပြုမိဖြစ်ခဲ့ပါသေးတယ်။ စင်္ကာပူမှာ ရောက်နေတဲ့ ဒကာမလေး တစ်ယောက်ကလည်း သူ့ဘဝမှာ အဲဒီသုမေဓာ ရှင်ရသေ့ဘေးက ကြားပန်းလေးတွေကိုင်ပြီး ပါရမီဖြည့်ဖက်အဖြစ် ရွေးချယ်ခဲ့တဲ့ သုမိတ္တာလို အမျိုးသမီးလေးကို အားကျကြောင်း အဲဒီလိုပဲ ပါရမီ ဖြည့်ဖက်ကောင်းတွေ ဖြစ်ချင်ကြောင်း လျှောက်ထားဖူးပါတယ်။ 

မှန်ပါတယ်။ ဘုရားလောင်း သုမေဓာ ရှင်ရသေ့ဘဝကနေ ပါရမီဖြည့်လာခဲ့တဲ့ သုမိတ္တာ ပုဏ္ဏေးမလေးဟာ ဂေါတမ မြတ်စွာဘုရား နောက်ဆုံးဘုရား ဖြစ်တော်မူမယ့် သိဒ္ဓတ္တမင်းသားဘဝမှာလည်း ယသော်ဓရာအမည်နဲ့ ဘဝတိုင်းအတူဆုံကာ ပါရမီဖြည့်ဖက်ကောင်းအဖြစ် နိဗ္ဗာန်ကို ဝင်စံသွားနိုင်ခဲ့ပါတယ်။ ဘဝတိုင်းဆုံနိုင်ဖို့အတွက် ပါရမီကောင်းတွေဖြည့်ဆည်းပြီး ကောင်းမှုမျိုးစေ့လေးများကို အတူတူစိုက်ပျိုးရင်း အဲဒီမျိုးစေ့ရဲ့ အသီးအပွင့်အဖြစ် ဆုံနိုင်ခွင့်တစ်ခုကို ရယူခဲ့ကြတဲ့ သူတော်ကောင်းကြီးများရဲ့ သမိုင်းကြောင်းလေးတွေကို အားကျကာ တစ်ချို့က အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့် ဆက်လိုကြတာ ဖြစ်ပါတယ်။ သူတို့အတွက်ကတော့ ဒီဘဝမှာ ကိလေသာကုန်ခမ်း နိဗ္ဗာန်စံမြန်းရေးထက် သံသရာခရီအတွက် အတူခရီးဆက်ပြီး ဆုံနိုင်ခွင့်နဲ့ အတူလက်တွဲကြဖို့က ပိုအရေးကြီးကောင်း ကြီးနေမှာ ဖြစ်ပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ပဲ ဖြစ်ပါတယ်။ သံသရာရှည်ပေမယ့် သံယောဇဉ်ကြိုးကို မဖြတ်ချင်သေးတဲ့ သူတို့အတွက်ကတော့ ဒီလိုဆုံနိုင်ခွင့်မျိုးကို တောင့်တတာဟာ အပြစ်ပြောစရာ မဟုတ်ပါဘူး။ အနာဂတ်ဘဝဟာ ဘာမှမသေချာပေမယ့် သေချာအောင် လုပ်ဆောင်ပြီး ဆုံနိုင်ခွင့်အတွက် တွဲလက်ဆက်ဖို့ဆိုတာဟာ အကြောင်းအကျိုး ညီညွတ်ရင် ဖြစ်နိုင်ပါတယ်။ 

တကယ်တော့ ဆုံနိုင်ခွင့် ရစေဖို့ ပါရမီဖြည့်ကြတယ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပဲ ဖြစ်ပါတယ်။ ဒီကုသိုလ် အစွမ်းတွေ ကိုယ့်သန္တာန်မှာ ပြည့်လာအောင်၊ အဲဒီ ကုသိုလ်အစွမ်းတွေနဲ့ ကိုယ့်အကျိုး၊ သူ့အကျိုးကို ဆောင်နိုင်အောင် အားထုတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီလို ကုသိုလ်အလုပ်တွေ အားထုတ်တဲ့အခါ တစ်ဦးတည်း လုပ်ကြသလို စိတ်တူကိုယ်တူ ဝါသနာ တူတဲ့သူတွေနဲ့ အတူလုပ်ကြတာလည်း ရှိပါတယ်။ တစ်ဦးတည်းလုပ်ပြီး ဒီအစွမ်းတွေနဲ့ သံသရာမှသည် နိဗ္ဗာန်အထိ ခရီးဆက်ကြသူတွေ ရှိသလို နှစ်ဦးသုံးဦးမှသည် အစုအဖွဲ့လိုက် အတူတကွ ပြုလုပ်ကြရင်း ဘဝတိုင်း ကောင်းစားရေးအတွက် အားဖြည့်ကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါန၊ သီလ၊ ဘာဝနာ စတဲ့ ကုသိုလ်ကောင်းမှုလေးတွေ လုပ်ကာ ပါရမီဖြည့်ကြသူတွေ အနေနဲ့ တစ်ဦးတစ်ယောက်တည်းလည်း သံသရာ ခရီးကို လျှောက်နိုင်ကြသလို နှစ်ဦးသဘောတူလည်း သံသရာ ခရီးတစ်လျှောက် ဆုံနိုင်ခွင့်ဖောက်ရင်း နိဗ္ဗာန်အထိ လျှောက်နိုင်ကြတာ ဖြစ်တဲ့အတွက် ဘဝတိုင်း အတူဆုံချင်တဲ့ သူတွေအနေနဲ့ ကုသိုလ်ကောင်းမှုတွေကို အတူဆည်းပူးပြီး ပါရမီဖြည့်ဖက်များအဖြစ် ရွေးချယ် လျှောက်လှမ်းနိုင်ကြတာ ဖြစ်ပါတယ်။

အဲဒီလို ပါရမီဖြည့်ဖက်အဖြစ် ဆုံနိုင်ခွင့်တည်ဆောက်တဲ့ အခါမှာ အတိတ်ဘဝရဲ့ အကျိုးပေးတွေကို အကြောင်းခံ၊ ဒီဘဝမှာ တစ်ဦးအကျိုးကို တစ်ဦးကဆောင်ရင်း နှစ်ဦးနှစ်ဖက် ညီညွတ်မှုကို တည်ဆောက်ပြီး စေတနာကောင်းနဲ့ အကျင့်ကောင်းကို အခြေခံကာ အဖြေမှန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ ခရီးဆက်ကြဖို့ပဲ ဖြစ်ပါတယ်။ နောင်သံသရာမှာ ဆုံနိုင်ခွင့်ရဖို့အတွက် လက်ရှိပစ္စုပ္ပန် ဘဝမှာလည်း လက်ချင်းဆက်နိုင်ဖို့ဟာ အရေးကြီးလှတာ ဖြစ်ပါတယ်။ ဒီဘဝမှာ အချစ်တွေနဲ့ မြဲနေနိုင်မှ နောင်သံသရာအထိလည်း အတူတွဲနေနိုင်ကြမှာ ဖြစ်ပါတယ်။ ဘဝတိုင်းဆုံချင်ပေမယ့် လက်ရှိဘဝမှာ ကတုံကယင်နဲ့ဆိုရင် ဆုံနိုင်ခွင့်ဟာ ဝေးလွင့်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

ဗုဒ္ဓစာပေ အဖွင့်တွေမှာတော့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးစွာ နေထိုင်နိုင်တဲ့ အကြောင်း(၂)ချက် ရှိကြောင်းဖွင့်ဆိုပြပါတယ်။ 
“ပုဗ္ဗေဝ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေနဝါ။
ဧဝံ တံ ဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။ (ဝိ၊ ဋ္ဌ၊ ၁၊ ပ၊ ၃၅။)
  • - ရှေးဘဝ များစွာက အတူတကွ နေထိုင် စားသောက်ခဲ့ဖူးသောကြောင့်လည်းကောင်း၊
  • - ယခုဘဝ၌ အကျိုးကို ဆောင်ရွက်ပေးသောကြောင့်လည်းကောင်း 
ဤအကြောင်းတစ်မျိုးမျိုးကြောင့် သတ္တဝါတို့သည် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြသည်”တဲ့။ ဒါက စာပေအဖွင့်တွေမှာ လာတဲ့ သတ္တဝါတွေ လက်ရှိဘဝမှာ တစ်ဦးနဲ့ တစ်ဦး ချစ်ခင်ခြင်းရဲ့ အကြောင်း တစ်စိပ်တစ်ဒေသပဲ ဖြစ်ပါတယ်။ 

ဒီအကြောင်းတရားအပြင် ဘဝတိုင်းဆုံနိုင်ဖို့အတွက် လက်ရှိဘဝလေးမှာ အဖုအထစ်တွေမရှိ အတူညှိနိုင်ဖို့ကလည်း လိုအပ်လှတာ ဖြစ်ပါတယ်။ အဲဒီအတွက် အတူလက်တွဲဖော်တွေကြားမှာ နားလည်မှု ရှိနေဖို့ လိုပါတယ်။ ”Love is understanding- အချစ်ဆိုတာ နားလည်ခြင်းပဲ”လို့ ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရှိနေကြရင် ချစ်စကိုရှည်စေပြီး မုန်းစကို တိုနေစေမှာ ဖြစ်ပါတယ်။ နားလည်မှု ရှိနေမှ သံသယတွေ ပျောက်နေမှာဖြစ်ပြီး သံသယတွေ မရှိမှလည်း တစ်ယောက်နဲ့တစ်ယောက် အဖုအထစ်မရှိ လက်တွဲနိုင်မှာ ဖြစ်တဲ့အတွက် အရေးကြီးဆုံက နားလည်မှု ရှိကြဖို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ နားလည်မှုလွဲလာပြီဆိုရင် သံသယတွေ တိုးလာတတ်ပြီး အဲဒီသံသယတွေကပဲ မကျေနပ်ချက်တွေ၊ အလိုမကျမှုတွေ၊ အစာမကြေတာတွေ စသဖြင့် ဖြစ်ပေါ်လာကာ နောက်ဆုံပေါက်ကွဲတဲ့ အဆင့်အထိ ရောက်သွားကြတော့တာ ဖြစ်ပါတယ်။ အဲဒီအဆင့် ရောက်သွားပြီဆိုရင်တော့ ဘဝလက်တွဲဖော် အဖြစ်ဟာ အတော်ကို ပြန်လည်တည်ဆောက်ယူမှ ရနိုင်ကြတာ ဖြစ်ပါတယ်။ အရင်းစစ်တော့ နားလည်မှုလွဲရာကနေ စခဲ့ကြတဲ့ အချစ်ပြယ်မှုဟာ နောင်ဘဝမပြောနဲ့ ဒီဘဝမှာကိုပဲ မဆုံချင်ကြတဲ့အထိ သက်ရောက်သွားနိုင်တာ ဖြစ်ပါတယ်။ နောင်ဘဝဆက်တိုင်း ဆုံနိုင်ခွင့်ဟာ လက်ရှိဘဝရဲ့ ဆုံမှတ်အပေါ်မှာ အဓိက မူတည်နေတယ်ဆိုတာ သတိပြုကြရမှာ ဖြစ်ပါတယ်။ ဘဝတိုင်း ဆုံနိုင်ဖို့အတွက် လက်ရှိဘဝမှာပဲ တစ်ဦးနဲ့တစ်ဦး နာလည်မှုကို အခြေခံတဲ့ တွဲလက်ညီတဲ့ ဆုံနိုင်ခွင့်ကို အရင်ဆုံး ကြိုးစားတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။

Read more »

အားငယ်သူအတွက် ဆေးတစ်ခွက်


သိပ်တော်ပြီး သိပ်အရည်အချင်းရှိတဲ့ ဒကာတစ်ယောက်။ အတိတ်ကံဝဋ်ကြွေးကြောင့် သူ့ဘဝလေး ဒုက္ခိတ ဘဝရောက်ခဲ့ရတယ်။ အားမပျက်ဖို့၊ အားမလျော့ဖို့၊ ဘဝကို အရှုံ့းမပေးဖို့ အလျဉ်းသင့်သလို သတိပေးနေရတယ်။ 

သူဘက်ကကြည့်တော့လည်း ဒီဝဋ်ကြွေးကြီးနဲ့အသက်ရှင်နေရတာကို မနှစ်မြို့လှပေဘူးပေါ့။ ဘာတတ်နိုင်မှာလည်း ဘုရားရဟန္တာတွေတောင်မှပဲ ဝဋ်ကြွေးတော်ကို တန်ခိုးတော်နဲ့ မတှန်းလှန်ခဲ့ဘူး။ ပေးဆပ်ဖို့လိုရင်တော့ ပေးဆပ်ကြရမှာပဲပေါ့။

တစ်ခု သတိပြုရမှာက စိတ်ဆိုတာက တစ်ယောက်တည်း ရှိနေတဲ့အခါ၊ ဖိအားတွေ များနေတဲ့အခါ၊ သိပ်ပင်ပန်း ဆင်းရဲလာတဲ့အခါ ထွက်ပေါက်တွေကို ရှာကြံတွေးနေတတ်ပါတယ်။ ရှာကြံတွေးတဲ့အခါမှာလည်း ကောင်းတဲ့အတွေးတွေက အဖြစ်နည်းတတ်ပြီး မကောင်းတဲ့အတွေးတွေပဲ အဖြစ်များနေတတ်တယ်။ ဆိုးလိုက်တဲ့ ငါ့ဘဝ သေတာပဲ ကောင်းတယ်ဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ စဉ်းစားတတ်ပါတယ်။ တရားအသိ၊ တရားနဲ့ မညှိမိရင် အဲဒီအတွေးကို လက်တွေ့အကောင်အထည် ဖော်တဲ့အထိ ဖြစ်သွားတတ်ပါတယ်။ 

တကယ်လို့များ သေပြီးတာပဲဆိုတဲ့ အတွေးမျိုးနဲ့သာ ကိုယ့်ကိုယ်ကို အဆုံးစီရင်တဲ့အထိ လုပ်ဖြစ်ခဲ့ရင် အဲဒီလုပ်ရပ်ကြောင့် ကောင်းတဲ့ဘဝမှာ ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီဘဝဒီခန္ဓာ ပြတ်ရင်ပြီးတာပဲ ဆိုတဲ့ ယုံကြည်မှုဟာ အယူလွဲမှားတဲ့ ဥစ္ဆေဒဒိဋ္ဌိ အယူအဆပဲ ဖြစ်ပါတယ်။ အဲဒီအယူအဆဟာ သတ္တဝါတွေကို အပါယ်လားစေတတ်တဲ့ သဘောရှိပါတယ်။ 

အမှန်တော့ ဝဋ်ကြွေးတွေနဲ့ ပေးဆပ်နေရတဲ့ သူတွေရဲ့ ဘဝမှာ စိတ်ဓာတ်ခွန်အားတွေ ဖြစ်စေဖို့ ကိုယ့်စိတ်ကို ပြုပြင်ဖို့နဲ့ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုတွေကို ရယူဖို့ အထူးလိုအပ်လှတာ ဖြစ်ပါတယ်။ နာကျင်နေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ခံစားချက်ကို တရားအသိ၊ ပညာအသိ၊ အပ္ပမာဒ သတိတရားတွေနဲ့ ရှုပွားနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ စိတ်ထွက်ပေါက်ကို စာဖတ်၊ စာရေး၊ တရားနာ၊ တရားမှတ်၊ မေတ္တာပွား၊ ဂုဏ်တော်ပွားတဲ့ အလုပ်တွေနဲ့ ကိုယ့်စိတ်ကို စိတ်ရိုင်းတွေ မဝင်နိုင်အောင် ကြိုးစားကြည့်ဖို့ လိုပါတယ်။

တိုးတက်ပွင့်လင်းလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အင်တာနက်ကနေ တရားနာ၊ တရားစာဖတ်၊ အထွေထွေ ဗဟုသုတတွေ ရှာကြံဖတ်ပြီး ကိုယ့်စိတ်ကိုယ် ဖြေလို့လည်း ရနိုင်တဲ့ အနေအထားမျိုး ရှိပါတယ်။ ကိုယ်ကိုယ်တိုင်က ရွေးချယ်တတ်ဖို့တော့ လိုပါတယ်။ ဒီနေ့ခေတ်စားနေတဲ့ ဖေ့စ်ဘုက်လို လူမှုကွန်ယက်မျိုးကို အသုံးပြုပြီးလည်း ကိုယ့်စိတ်ထွက်ပေါက်ကို ရှာလို့ရနိုင်တတ်ပါတယ်။ ဒါပေမယ့် ဖေ့စ်ဘုက်ခ်မှာက ကောင်းကျိုးပြုတာတွေ ရှိသလို မကောင်းတာတွေကလည်း အများကြီး ရှိနေတတ်ပါတယ်။ တင်သမျှစာတွေ၊ တက်သမျှပို့စ်တွေကို လိုက်ဖတ်လိုက်ခံစားပြီး နေမယ်ဆိုရင်တော့ တစ်ချို့ပို့စ်တွေက စိတ်ဓာတ်ခွန်အား ဖြစ်ဖို့ထက် စိတ်ရိုင်းတွေသာ ဝင်သွားစေတတ်တာက ပိုများတတ်ပါတယ်။ 

အင်တာနက် စာမျက်နှာအချို့ဟာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုတွေ၊ အပြစ်တင်မှုတွေကို အကာအကွယ်မရှိ လုပ်နေကြတာ ဖြစ်တဲ့အတွက် အဲဒီလို စာမျက်နှာတွေကများ ကိုယ်လေးစားရတဲ့ သူ၊ ကိုယ်မြတ်နိုးရတဲ့သူ၊ ကိုယ်ကြည်ညိုရတဲ့ သူတစ်ဦးဦးကို အပြစ်ပြော ဝေဘန်ပုတ်ခတ်လာတဲ့အခါ ကိုယ့်စိတ်ထဲမှာ မခံမရပ်နိုင်ဖြစ်ပြီး ပြန်လည်တုန့်ပြန်မိရာက ကိုယ်ပါအဲဒီ ရောဂါတွေ ကူးစက်ခံရကာ စိတ်ထဲမှာ အဲဒီအတွေးတွေနဲ့ လေးလံနေစေတဲ့အပြင် ဒီဒဏ်တွေကလည်း ဒုက္ခိတဘဝနဲ့ အကြွေးတွေကို ပေးဆပ်နေရတဲ့ ကိုယ့်ဘဝအတွက် အားမဖြစ်ဘဲ အပြစ်ဖြစ်စေတတ်တာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ 

အဓိကကတော့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ စိတ်သဘောထားအပေါ် မူတည်နေတာပဲ ဖြစ်ပါတယ်။ လောကမှာ အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ဘယ်လိုအရာမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်အခြေအနေနဲ့ ချိန်ထိုးပြီး ကိုယ့်အတွက်ကောင်းမယ့်ဟာကိုသာ ယူပြီး ကိုယ့်အတွက် အကျိုးမရှိမယ့် အရာတွေဆို မယူမိဖို့၊ မခံစားမိဖို့ လိုပါတယ်။ ခံစားရင် အမှန်တရားလည်း မမှန်များတတ်ပြီး ကိုယ်သာ အခံများတတ်တယ်ဆိုတာ သတိပြုဖို့လိုပါတယ်။ 

ပြောချင်တာက သိပ်တော်တဲ့ ကိုယ့်ဒကာနဲ့ ကိုယ့်ဒကာလို အားငယ်နေတဲ့သူတွေ အနေနဲ့ ဘဝရဲ့ ဝဋ်ကြွေးတွေကို ပေးဆပ်နေရတဲ့ အချိန်မှာ ကိုယ့်ကိုယ်ကို စိတ်ဓာတ်ရော၊ ပံ့ပိုးမှုတွေမှာပါ အားရှိနေအောင် ကြိုးစားဖို့လိုကြောင်း။ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ ဖြစ်စေဖို့ အားဖြစ်စေမယ့် တရားတွေ၊ စာတွေနဲ့ ပံ့ပိုးဖို့လိုသလို၊ အားမဖြစ်စေမယ့်၊ စိတ်ကို အနှောက်အယှက် ဖြစ်စေမယ့်၊ စိတ်မှာ ဘဝင်မကျမှုတွေ တိုးစေမယ့် စာတွေ၊ အပြုအမူ အပြောအဆို စတာတွေကို လိုက်ခံစားပြီး ကိုယ့်စိတ်ကို ပင်ပန်းအောင် မလုပ်ဖို့နဲ့ ပေးဆပ်နေရတဲ့ ကိုယ့်ဘဝကို ဆိုးလှချည်လားဆိုတဲ့ အတွေးတွေနဲ့ အားငယ်စိတ်ပျက်မှုတွေ မဖြစ်စေဘဲ ကံကြွေးပါလို့ ပေးဆပ်နေရတယ်လို့ သဘောထားပြီး အပြစ်တွေ ထပ်မတိုးအောင်သာ သတိတရားနဲ့ ကြိုးစားနေထိုင်ဖို့လိုကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အားနည်းနေတဲ့ ကိုယ့်ဘဝမှာ အားတွေဖြစ်စေဖို့ စိတ်ဓာတ်ခွန်အား ဖြစ်စေမယ့် ဓမ္မအသိ၊ ဘဝအသိများနဲ့ ညှိကာ ကိုယ့်ကိုယ်ကို သတိနဲ့သာ ဆင်ခြင်ပြီး နေထိုင်ကြဖို့ တိုက်တွန်းရင်း အားငယ်သူများအတွက် အားဆေးတစ်ခွက်အဖြစ် အသိတစ်ခု အမျှပြုလိုက်ပါတယ်။

မေတ္တာဖြင့်

မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

မကျေနပ်ချက်ကို လျော့ချကြည့်ခြင်း


လူအတော်များများက တစ်ယောက်နဲ့တစ်ယောက် တည့်နေတုန်းကတော့ ဘာအပြစ်မှ မမြင်ကြဘူး။ မတည့်လို့ကတော့ ဘယ်လောက်ကောင်းကောင်း အကောင်းကို မမြင်ကြတော့တာပါ။ အရင်တုန်းက ဘယ်လောက်ပဲ ကောင်းခဲ့ကောင်းခဲ့ တစ်ချက်လောက်များ မကောင်းဖြစ်ခဲ့ရင် အဲဒီ ကောင်းတဲ့အချက်တွေဟာ အလိုလိုကို ပျောက်ကုန်ကြတော့တာပါ။ 

အမှန်တော့ အဲဒီလို မဖြစ်သင့်ပါဘူး။ လူတိုင်းမှားတတ်တဲ့ သဘောလေးကို နားလည်ပြီး သူ့နေရာက ဖြည့်ပြီးတွေးကြည့် စေချင်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် သူများက ကိုယ့်ကိုမုန်းသွားမှာ အထင်လွဲသွားမှာ ကြောက်ကြတာပါပဲ။ ဒီအမုန်းကြီးကိုတော့ သီးသန့်လုပ်ယူကြတာ မဟုတ်ပါဘူး။ ကိုယ်နဲ့အယူအဆ မတူကြလို့သာ မကြိုက်တာတွေ၊ မကျေနပ်တာတွေ၊ အမုန်းတရားတွေ ဖြစ်သွားတဲ့ သဘောပါပဲ။ 

တစ်ချို့ကိစ္စတွေမှာ “ဒါဟာ သူ့ပုံစံပဲ၊ သူ့အကျင့်ပဲ၊ သူက ဒီလိုပြောဆိုပြုမူတတ်တယ်၊ သူတမင်လုပ်တာ မဟုတ်ပါဘူး” စသဖြင့် ဖြေတွေးပြီး ခွင့်လွတ်နားလည်ပေးနိုင်ရင် သူ့အပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိုယ့်ရဲ့အလိုမကျမှုဟာ ပြေလျော့သွားနိုင်တာ ဖြစ်ပါတယ်။ အဲဒါလေး ပြေသွားတာနဲ့ အရင်ဆုံး သက်သောင့်သက်သာ ဖြစ်သွားတာလည်း ကိုယ်ကိုယ်တိုင်ပါပဲ။ တစ်ခါတလေ ကိုယ်ကသူများအပေါ် မကျေနပ်သလို သူတို့ကလည်း ကိုယ့်အပေါ် အဲဒီလို တုန်ပြန်မှုတွေလည်း ရှိနေတတ်တယ်ဆိုတာ သတိပြုပြီး အချင်းချင်း နားလည်ခွင့်လွှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ 

ဘာမှအကြာကြီး မဟုတ်ဘူးဆိုတဲ့ နိယာမလေးကို ဆင်ခြင်ကြည့်ပြီး နေရတဲ့အခိုက်လေးမှာ မကျေနပ်ချက် အာဃာတတွေနဲ့ နေမယ့်အစား နားလည်မှုလေးတွေ၊ ခွင့်လွှတ်သည်းခံမှုလေးတွေနဲ့ နေထိုင်ကြမယ်ဆိုရင် အချင်းချင်း မကျေနပ်ချက်တွေကို လျော့ချနိုင်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ 

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အသွင်မတူ အိမ်သူမဖြစ်


“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့် တိုက်ရိုက်မဆိုင်ပေမယ့် ဆိုင်သလောက်လေး ဝင်ပြောကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စေတနာကောင်းနဲ့ အသိပေးခြင်းဆိုလည်း မမှားပါဘူး။ ပြောချင်တာက ဘယ်နိုင်ငံ ဘယ်လူမျိုး အကြောင်းမှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို ပြောချင်တာပါ။ အထူးသဖြင့် ပြည်ပရောက် ဘုန်းဘုန်းတို့ မြန်မာများအကြောင်း တစ်စေ့တစ်စောင်း ပြောချင်တာ ဖြစ်ပါတယ်။

အခုတစ်လော ပြည်ပရောက် မြန်မာအချို့ရဲ့ အိမ်ထောင်ရေး ပြဿနာလေးတွေကို မကြာမကြာ ကြားလာရပါတယ်။ တစ်ဆင့်စကားနဲ့ပဲ ဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြောတာတွေကြောင့်ပဲ ဖြစ်ဖြစ် ကြားနေရတာတွေက စိတ်မသက်သာစရာတွေပါပဲ။ အိမ်ထောင်ရေး ပြဿနာဆိုတော့ တရားဝင် အိမ်ထောင်ကျပြီးသူတွေ အများစုပဲပေါ့။ “တစ်ချို့လည်း ပြည်ပမှာ အလုပ်လာလုပ်နေရင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အိမ်သူသက်ထားက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ ကုန်းရုန်းပြီး ကြိုးစားပန်းစား ရှာဖွေစုဆောင်း ပို့ပေးပေမယ့် ပြည်တွင်းမှာရှိတဲ့ မယ်တော်က ပို့သမျှတွေကို အမျိုးမျိုးသုံးစွဲကာ အပျိုလုပ်နေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပို့သမျှငွေကြေးတွေကို အိမ်သူသက်ထားက တစ်နေရာမှာ တစ်ခြားတစ်ယောက် နာမည်နဲ့ ဘာဝယ်ညာဝယ်လုပ်ပြီး ပြည်ပက ကိုရွှေချောဆီ ဘာလုပ်ထားလို့ ဘယ်လောက်ပို့ပေးပါဦး စသဖြင့် တောင်းဆိုလာလို့ စုံစမ်းကြည့်တဲ့အခါ မယ်တော်က တခြားတစ်ယောက်နဲ့ နောက်မီးလင်းနေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ နှစ်တွေကြာလာတော့ ပြည်တွင်းပြန်ပြီး မိသားစုနဲ့ နေဖို့အိမ်အပြန်မှာ ပြည်တွင်းမှာရှိတဲ့ အိမ်သူသက်ထားက ရပ်ကွက်ထဲက ငနဲတစ်ယောက်နဲ့ ဘာလိုလိုဖြစ်ပြီး လိုက်ပြေးလို့ ဟိုရောက်မှ ဒုက္ခဖြစ်ရတဲ့ ပြဿနာ” စသဖြင့် ကြားရတဲ့ သတင်းတွေက နားဝမှာခါးလှတဲ့အပြင် သူတို့အပူတွေကြောင့် နားထောင်ပေးရတဲ့ ဘုန်းဘုန်းမှာတောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရပါတယ်။

တစ်လောကတောင် ဒကာတစ်ယောက် ကျောင်းကိုရောက်လာပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ လက်တွေ့ဇာတ်လမ်းလေးတွေကို ပြောပြသွားတာကို နားထောင်လိုက်ရပါသေးတယ်။ သူ့က “ပြောရရင် အရှင်ဘုရား… ပြည်ပမှာ အတော်ကြာနေတဲ့ သူအချို့ကျပြန်တော့ အိမ်ကိုလည်း ပြန်ပြီးအဆက် အသွယ်မလုပ်ဘဲ ပျော်သလို နေလိုက်ကြတာတွေ ရှိတယ်ဘုရား၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ရှင်မ အနေနဲ့ ယောက်ျားလုပ်သူထံက စာမလာ သတင်းမကြား၊ ပိုက်ဆံလည်းမပို့ဘဲ အဆက်ဖြတ်ထားတဲ့အတွက် ကလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်ရတာတွေ ရှိနေပြန်တော့ မထူးပါဘူးဆိုပြီး မထူဇာတ် ခင်းသွားတဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်၊ အရင်းစစ်တော့ ဟိုဘက်ကလည်း ဟိုဘက်အလွန်တွေ ရှိတတ်ပေမယ့် အပြင်ရောက်နေတဲ့ ဒီဘက်လူတွေရဲ့ အလွန်တွေလည်း ရှိတတ်ပါတယ်၊ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို ဒီဘက်က ဒီလိုတွေရှိနေတဲ့အတွက် ဟိုဘက်ကလည်း လူ့သဘာဝအရ နေချင်သလို နေပစ်တာတွေလည်း ရှိနိုင်တဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်ပါတယ်ဘုရား…” စသဖြင့် သူ့အတွေ့အကြုံနဲ့ သူ့အမြင်လေးကို ပြောပြသွားပါတယ်။

အဲဒီဒကာ ပြောပြသွားတာလေးတွေကို သေချာပြန်တွေးကြည့်တော့ ဟုတ်သင့်သလောက်လည်း ဟုတ်နေပြန်ပါတယ်။ အသွင်မတူရင် အိမ်သူမဖြစ်ဘူး ဆိုတဲ့သဘောမှာ အိမ်သူဖြစ်ပြီးမှ အသွင်မတူအောင် အိမ်ထောင်ရှင်ဘက်က စည်းဖောက်တာတွေ ရှိလာကြမယ်ဆိုရင်တော့ အိမ်သူဘက်ကလည်း စည်းဖောက်တာတွေ ရှိကောင်း ရှိနိုင်တတ်ပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခု တည်မြဲဖို့၊ ဖောက်လွဲဖောက်ပြန် မရှိဖို့မှာ အဓိက အကျဆုံးက တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အကျင့်သိက္ခာပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကောင်းရှိကြတဲ့ အိမ်ထောင်ဖက်များ ဖြစ်နေကြမယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာပဲ ရောက်ရောက် နှစ်ဦးနှစ်ဖက် စည်းမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကျတော့ အကျင့်သိက္ခာကို တစ်ဘဝတစ်နပ်စာနဲ့ မလဲနိုင်တဲ့သူတွေအဖြစ် ကြိုးစားတတ်တဲ့အတွက် ဘယ်သူက ဘယ်လိုပဲ ဖောက်ပြန်ဖောက်ပြန် ကိုယ်မဖောက်ပြန်အောင် နေထိုင်တတ်တာလည်း ရှိပါတယ်။ အိမ်ထောင်ရှင် ယောက်ျားဘက်က အဝေးရောက်နေလို့ အဆက်အသွယ်တွေ ပြတ်နေ၊ ဘာသတင်း ညာသတင်း ကြားနေပေမယ့် အိမ်သူသက်ထားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိဘဲ ထိန်းသိမ်းနေထိုင်တတ်တာတွေ ရှိသလို အဝေးရောက် လင်ယောက်ျားကလည်း အဝေးရောက်နေတဲ့အခိုက် ဇနီးမယားရဲ့ ဘာသတင်းညာသတင်းတွေ ကြားနေရပေမယ့် ကိုယ့်ဘက်က မဖောက်ပြန်မိအောင် ကြိုးစားတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းစီရဲ့ အကျင့်သိက္ခာအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း သက်ဆိုင်သွားပါတယ်။

တစ်ချို့လည်း ကိုယ်ကိုယ်တိုင်က ပြည်ပမှာ နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်နေပြီး ပြည်တွင်းမှာရှိတဲ့ သူကိုတော့ တာဝန်မကျေဘဲ လျစ်လျူရှုထားတာတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်းအဆက်အသွယ် ပြန်လုပ်တဲ့အခါ ပြည်တွင်းမှာရှိတဲ့ အိမ်ထောင်ရှင်မဘက်က ဘာအသံ ညာအသံ ကြားလာတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာတွေ လုပ်လာသူတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်သလိုပျော်ပါးနေပြီး ဟိုဘက်ကလူနဲ့ ပတ်သက်တဲ့ အသံတွေ ကြားလာတဲ့အပေါ်မှာကျတော့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့သဘောဟာ သေချာတွေးကြည့်တော့ အသွင်မတူအောင် ကိုယ်ကိုယ်တိုင်က အရင်စလုပ်ဖြစ်ခဲ့တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က တန်ပြန်သက်ရောက်မှုရဲ့ သဘောတစ်ခုအဖြစ် မီးမောင်းထိုးပြနေသလို ဖြစ်နေပြန်ပါတယ်။

နောက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမရှိ မြှောက်ပင့်ပေးတာတွေကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိတတ်သလို ပတ်ဝန်းကျင်ရဲ့ ကူညီထိန်းသိမ်းမှု အထောက်အကူကောင်းတွေကြောင့် အနေဝေးနေပေမယ့် တော်ရုံတန်ရုံ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ မဖြစ်ဘဲ တည်မြဲနေတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး နှစ်ဘက်မိဘတွေနဲ့ ခွဲနေတဲ့အချိန်မှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျန်ခဲ့တဲ့သူဟာ နှစ်ဘက်အသိုင်း အဝိုင်းနဲ့ကင်းနေပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အထိမ်းအကွပ် မရှိဘဲ ကာလအတော်ကြာအောင် နေကြရတာတွေလည်း ရှိတတ်ပါတယ်။ လူ့သဘာဝအရ လွတ်လပ်လာရင် စိတ်ကဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့အလုပ်တွေ လုပ်လာတတ်ပါတယ်။ ပြီးတော့ တစ်ဘက်ကလည်း ရှာသမျှ ငွေကြေးတွေကို အထိန်းအကွပ်မရှိ ပို့ပေးနေတဲ့အခါမှာ ပိုက်ဆံကြောင့် မကောင်းတဲ့ဘက်မှာ ပျော်ပါးမှု များလာတာတွေအထိ ဖြစ်လာတတ်ပါတယ်။ လွတ်လပ်မှုရယ်၊ ပိုက်ဆံရယ်၊ အနေဝေးမှုတွေရယ်က လူ့စိတ်ကို ဖောက်ပြန်စေပြီး နောက်ဆုံးအိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အဝေးရောက်နေကြတဲ့ သီးသန့်အိမ်ထောင်ခွဲများမှာ ကြုံရတတ်တဲ့ ပြဿနာအချို့ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ပြဿနာမှန်သမျှ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောတွေပဲများပါတယ်။ ပြဿနာကို ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု သဘောမှာ ပြဿနာ ပြေလည်ကြောင်း အကြောင်းကိုရှာပြီး နှစ်ဦးနှစ်ဘက် ကြိုးစားနေထိုင်ကြမယ်ဆိုရင် ဒီအိမ်ထောင်ရေး ပြဿနာဟာလည်း အထိုက်အလျောက် ပြေလည်သွားနိုင်စရာ အကြောင်းရှိပါတယ်။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားက အဓိကဖြစ်နေပြီး အိမ်ထောင်ရှင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကလည်း တစ်ဘက်တလမ်း အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းသာ နှစ်ဦးစလုံး လက်ကိုင်သုံးနိုင်မယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားကောင်းတွေ ဖြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အဝေးရောက် ရွှေမြန်မာများနဲ့ ပြည်တွင်းနေ အိမ်ရှင်မများကြား အဖြစ်များလာတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အတွင်းရော၊ အပြင်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုလာပြီဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် အဓိကကြည့်ရမှာက နှစ်ဦးစလုံးရဲ့ ကိုယ်ကျင့်တရားပိုင်းကို အဓိကကြည့်ဖို့ လိုအပ်လာပြီး အသွင်တူတဲ့ အိမ်သူတွေဖြစ်ဖို့အတွက် အပြင်ရောက်နေသူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို အတွင်းမှာကျန်ခဲ့သူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်တဲ့အတွက် ကိုယ်ကောင်းရင်သူလည်း ကောင်းမှာဖြစ်ပြီး ကိုယ်ဆိုးရင် သူလည်းဆိုးလာတတ်တဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်လည်းကောင်း သူလည်းကောင်းအောင် နေကြဖို့ လိုအပ်ပါတယ်။ ကိုယ်လည်းကောင်းအောင်နေ သူ့ကိုယ့်လည်း ကောင်းအောင်နေအောင် ပြုပြင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်လှပါတယ်။ ကိုယ်ကောင်းရင်ပြီးတာပဲ သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ထားတဲ့အခါ လွတ်သွားတာတွေလည်း ရှိတတ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့သူရော၊ ပြည်ပမှာရောက်နေတဲ့သူကပါ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနဲ့ မတူတာကို တူအောင်ညှိပြီး နေနိုင်ကြမယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားတွေ ဖြစ်လာမှာဖြစ်ကာ အသွင်တူလာရင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေလည်း တဖြည်းဖြည်း နည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အသွင်တူပါတယ်ဆိုကာ ယူလာကြပြီးမှ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ အသွင်မတူ ဖြစ်လာကြတဲ့ ပြဿနာများမှာ အသွင်မတူအောင် လုပ်လာကြတဲ့ အိမ်ထောင်သည်များရဲ့ နှစ်ဦးနှစ်ဖက် အကျင့်သိက္ခာ လျော့နည်းလာခြင်းများက အဓိက အကြောင်းတစ်ရပ်လို ဖြစ်လာတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အဖြစ်နည်းလာအောင် တစ်ဦးချင်းစီက ကိုယ့်အကျင့်သိက္ခာကို ကိုယ်လုံအောင်ထိန်းကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ပျက်ရင် သူလည်းပျက်လာတတ်တဲ့ သဘောရှိတဲ့အတွက် ဘယ်မှာပဲနေနေ ကိုယ်ကိုယ်တိုင်က မပျက်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်းနဲ့ အဝေးရောက်နေသူတွေရော အတွင်းမှာ ရှိနေသူတွေပါ အလွယ်တကူ ဖောက်ပြန်မှုများ မဖြစ်ကြစေဖို့ ပတ်ဝန်းကျင်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီကိုယူကာ ကိုယ်ကိုယ်တိုင်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ထိန်းသိမ်းပေးမှုကောင်းတွေလည်း လိုအပ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းမှုလည်း ပြုကြရမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စတစ အဖြစ်များလာကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုများဟာ အသွင်မတူတာတွေက စပြီး ဖြစ်လာကြတာ ဖြစ်တဲ့အတွက် အိမ်သူအိမ်သားအားလုံး အသွင်မတူတာတွေ မဖြစ်အောင် နှစ်ဦးနှစ်ဘက် အကျင့်မပျက်ကြဖို့ ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း အကျင့်ကောင်းများနဲ့ ပေါင်းစပ်ထားတဲ့ အသွင်တူတဲ့ အိမ်ထောင်ဘက်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုကာ လူ့အလုပ်ကို ဝင်ရှုတ်မိတဲ့ ပို့စ်တစ်ခုအနေနဲ့ အသိပေး တင်ပြလိုက်ရပါတယ်။

မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)

Read more »

အကောင်းကြားက အဟောင်းများ ပေးဆပ်နိုင်သမျှ ပေးဆပ်သွား


ဒကာလေးတစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ သူ့ဘဝလေးကလည်း ကျန်တဲ့သူတွေအတွက် သတိပြုဆင်ခြင်စရာပါ။ ဒီဒကာလေးက အရက်လည်းမသောက်၊ ဆေးလိပ်လည်းမသောက်၊ ကွမ်းမစား၊ မဟုတ်တာဆို ဘာမှမလုပ်တဲ့အပြင် မိဘအပေါ် သိပ်သိတတ်တဲ့သူပါ။ အလုပ်အားပြီဆိုရင် ကျောင်းကိုရောက်လာတဲ့သူပါ။ ဒါပေမယ့် သူ့ဘဝမှာ ရောက်တဲ့နေရာတိုင်း သိပ်အဆင်ပြေကြီး မဟုတ်လှပါဘူး။ တစ်ခုမဟုတ် တစ်ခုကတော့ အခက်အခဲကို ရှိနေတတ်တာ ဖြစ်ပါတယ်။ အကောင်းတွေလုပ်တာလည်း ကျန်တဲ့သူတွေနဲ့ယှဉ်ရင် အတော်လုပ်တဲ့ ကလေးတစ်ယောက်ပါ။ သူဒီလောက်ကောင်းတာတွေ လုပ်နေပေမယ့် သူ့ရဲ့အကျိုးသက်ရောက်မှုကတော့ အဆင်မပြေတာ၊ အခက်အခဲ ဖြစ်နေတာပဲ များတတ်ပါတယ်။ တစ်ခါတလေ သူ့အကြောင်းတွေ သိနေရတော့ သူ့ကို အားပေးစကား ပြောဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘဝအနေအထားကို တအားကြီး စိတ်ပျက်လက်ပျက် မဖြစ်ဖို့နဲ့ စိတ်ဓာတ်မကျဖို့ပါ။ 

တစ်ချို့ကိစ္စတွေမှာ ကံအကြွေးတွေ ပါလာရင် ပြန်ပြီးပေးဆပ်ရပါတယ်။ ကံရဲ့သဘောက ဒီဘဝရဲ့ ကံကြီးပဲ သက်ရောက်မှု ရှိနေတာမဟုတ်ဘဲ အတိတ်အတိတ်ရဲ့ ကံအကျိုးပေး သက်ရောက်မှုတွေကလည်း ရှိနေပြန်တော့ ဒီဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အတိတ်ကံလက်ကျန်တွေရဲ့ အကျိုးပေးချိန်တွေကြုံနေရင် ကောင်းတာလုပ်နေရင်းနဲ့ကိုပဲ အဆင်မပြေတာတွေ ကြုံတတ်ပါတယ်။ အတိတ်ဘဝတွေမှာ တစ်ချို့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေမှာ အကုသိုလ်လေးတွေ ကပ်ပါလာတဲ့အခါ အဲဒီကံရဲ့ သက်ရောက်မှုလေးတွေ အဖြစ် အကောင်းလေးတွေ လုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲလေးတွေဟာ မကောင်းတဲ့ကံရဲ့ ကြားညှပ်မှုအနေနဲ့ ပါနေတတ်တာ ဖြစ်ပါတယ်။ တစ်ခုသတိပြုရမှာက တစ်ချို့အတိတ်ကံရဲ့ မကောင်းကံကြွေးက အားကြီးနေပေမယ့် ဒီဘဝရဲ့ ကောင်းကံတွေက တန်ပြန်သက်ရောက်မှုတွေနဲ့ အားပြုပေးထားတဲ့အတွက် သေရမယ့်ကံမျိုးက ထိခိုက်ဒဏ်ရာ ရတဲ့အဆင့်လောက်ပဲ ဖြစ်သွားတတ်တာတွေလည်း ရှိတတ်တာ ဖြစ်ပါတယ်။  အဓိကကတော့ အကောင်းတွေလုပ်နေပေမယ့် အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ရှိနေတတ်တဲ့ ကိုယ့်ကိုကိုယ် သတိပြုဆင်ခြင်ပြီး ပေးဆပ်ဖို့ပါလာတဲ့ ကံတွေကို ပေးဆပ်နေတယ်လို့ သဘောထားကာ စိတ်ဓာတ်မကျအောင်၊ အပြစ်အဖြစ်သက်သာအောင် နေတတ်ဖို့ပဲ ဖြစ်ပါတယ်။ 

ဘဝမှာ အကောင်းတွေ လုပ်နေပေမယ့် အကောင်းကြားမှာ မကောင်းများနေတာဟာ အဟောင်းများရဲ့ သက်ရောက်မှုဆိုတာ အားလုံးက သတိပြုကြရမှာ ဖြစ်ပါတယ်။ အဟောင်းများကြောင့် မကောင်းကြားရောက်နေကြရင်လည်း စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကိုယ့်ကိုကိုယ် အကြွေးဆပ်နေရတယ်လို့ သဘောထားပြီး လက်ရှိအနေအထားမှာ အမှားတွေထပ်မများအောင်ပဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကုသိုလ်တွေကြားမှာ အကုသိုလ်တွေ ရမသွားအောင်ပဲ ကိုယ့်ရဲ့ကံတွေကို သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ကြရမှာ ဖြစ်ပါတယ်။ တကယ်တော့ အဆင်မပြေမှုများ၊ အခက်အခဲများဆိုတာက လူတိုင်းကြုံနေကြတဲ့ လောကဓံရဲ့ အပြောင်းအလဲပဲ ဖြစ်တဲ့အတွက် လောကဓံပြောင်းတိုင်း ကိုယ့်စိတ်က လိုက်ပြောင်းလိုက်ခံစားနေမယ်ဆိုရင် ဒီအပြောင်းအလဲတွေနဲ့ပဲ ဘဝတစ်ခုဟာ အဆုံးသတ်သွားစရာ ဖြစ်နေပါလိမ့်မယ်။ 

ဒါကြောင့် ပေးဆပ်ဖို့ရှိနေတဲ့ အကျိုးဆက်တွေအပေါ်မှာ စိတ်ပျက်အားငယ်မဖြစ်စေဘဲ အကောင်းတွေကိုသာ ကြိုးစားလုပ်ရင်း ဖြစ်ပေါ်လာတဲ့ အဟောင်းတွေကို ကုသိုလ်စွမ်းအား အကျင့်တရားများနဲ့သာ ရင်ဆိုင်ကျော်လွှားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ 

Read more »

အဋ္ဌာနကောပဒေါသ (သို့) မလိုအပ်ဘဲ ဒေါသထွက်ခြင်း


စာပေမှာလာတဲ့ အဋ္ဌာနကောပဒေါသ အကြောင်းကိုဖတ်ရင်း ကိုယ့်ကိုယ်ကို ပြန်ဆင်ကြည်မိပါတယ်။ အဋ္ဌာနကောပဒေါသဆိုတာ တိုက်ရိုက်ကတော့ အရာမဟုတ်တဲ့အရာတွေမှာ ဒေါသထွက်တာကို ပြောတာပါ။ အလွယ်ပြောရရင်တော့ မလိုအပ်ဘဲ ဒေါသထွက်ခြင်းပါပဲ။ နေပူရင်လည်း နေပူလို့၊ မိုးရွာရင်လည်း မိုးရွာလို့၊ လေတိုက်ရင်လည်း တိုက်လို့၊ အေးရင်လည်း အေးလို့ စသဖြင့် အလိုလိုနေရင်း သဘာဝ ဓမ္မတွေအပေါ်မှာ၊ မခိုင်လုံတဲ့ အာရုံတွေအပေါ်မှာ အလိုမကျဖြစ်တာ၊ စိတ်ဆိုးစိတ်တိုတာ စတဲ့ သဘောတွေကို စာလိုတော့ အဋ္ဌာနကောပဒေါသလို့ ပြောတာဖြစ်ပါတယ်။ 

ဟုတ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် လူအတော်များများဟာ တစ်ခါတလေ ဘာမဟုတ်တဲ့ အရာလေးတွေမှာလည်း အလိုမကျဖြစ်လိုက်၊ မကျေမနပ်ဖြစ်လိုက်၊ စိတ်ဆိုးစိတ်တိုဖြစ်လိုက်၊ စိတ်ကောက်လိုက် စတာတွေ ဖြစ်လေ့ရှိတတ်ကြပါတယ်။ သွေးဆူနေလို့ ကိုယ့်စိတ်ကို မသိလိုက်ပေမယ့် သွေးအေးသွားလို့ စဉ်းစားကြည့်လိုက်တဲ့အခါ “ဘာကြောင့် မကျေမနပ်ဖြစ်တယ်၊ စိတ်ဆိုးစိတ်တိုတယ်၊ စိတ်ကောက်တယ်”ဆိုတဲ့ အကြောင်းပြချက်က ရည်ရည်ရာရာ ရှာမရဘဲ ဖြစ်နေတတ်ပါတယ်။ ပိုးဆိုးတာက ဘယ်သူမှကိုယ့်ကို ဘာမှမလုပ်ရဘဲနဲ့ကို ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ် အလိုမကျဖြစ်နေတာ၊ စိတ်တိုင်းမကျ ဖြစ်နေတာပါပဲ။ နောက်တော့ ကိုယ့်အလိုမပြည့်ရာက မိုးကိုအပြစ်တင်လိုက်၊ နေကိုအပြစ်တင်လိုက်၊ လေကိုအပြစ်တင်လိုက် စတာတွေ ဖြစ်ကုန်ကြတော့တာပါပဲ။ တစ်ခါတလေ ဘာမှမဆိုင်တဲ့သူအပေါ်မှာ ကိုယ့်အလိုမကျတာတွေက ဒေါသအဖြစ် ရောက်သွားတတ်တာတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ့်ဒေါသကြောင့် ဘာမှမသိဘဲ အိပ်နေတဲ့ ခွေးတွေ၊ကြောင်တွေတောင်မှ ခြေထောက်နဲ့ အကန်ခံလိုက်ရတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ 

စိတ်ရဲ့ဆန်းကြယ်မှုက တစ်ခါတလေ ကိုယ့်အလိုမပြည့်တာက တခြားအာရုံတွေနောက် ရောက်သွားပြီး အဲဒီအာရုံအပေါ်မှာ ပေါက်ကွဲသွားတဲ့ သဘောတွေလည်း ရှိတတ်ပါတယ်။ တခါတလေ ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ့်အလိုမကျ ဖြစ်မှုတွေက တပည့်တွေအပေါ်ရောက်သွားပြီး တပည့်တွေရဲ့ ပုံမှန်အလေ့အကျင့်တွေအပေါ်မှာကိုပဲ အပြစ်တွေမြင်ပြီး ဒေါသအလျောက် ဆူမိတာ၊ ဒေါသအလျောက် ဆုံးမမိတာတွေ ဖြစ်ကုန်တော့တာပါ။ တစ်ချို့မိဘတွေလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ဒေါသနဲ့ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်ရာက အဲဒီ အလိုမကျမှုဟာ သားသမီးတွေ၊ တူတွေတူမတွေအပေါ်မှာ ကျရောက်စေတော့တာ ဖြစ်ပါတယ်။ မိတ်ဆွေ အပေါင်းအသင်းတွေကြားမှာလည်း အလားတူပါပဲ။ တစ်ခါတလေ ကိုယ့်အိမ်မှာအဆင်မပြေတာတွေက ဘာမှမဟုတ်ဘဲ သူငယ်ချင်းတွေအပေါ်မှာ သွားပြီးပေါက်ကွဲနေတတ်တဲ့ အဖြစ်တွေပါ။ အရင်းစစ်တော့ ဒါတွေဟာ အဋ္ဌာနကောပဒေါသရဲ့ သဘောတွေပဲ ဖြစ်ပါတယ်။ ဘာမှမဆိုင်တာတွေ အပေါ်မှာ လိုက်ပြီးစိတ်ဆိုးစိတ်တို အလိုမကျ မကျေမနပ် ဖြစ်ခြင်းပဲ ဖြစ်ပါတယ်။ 

အမှန်တော့ ပုထုဇဉ် သဘာဝ ဒေါသကတော့ ရှိနေကြတာ ဖြစ်ပေမယ့် တစ်ချို့ဒေါသတွေဟာ အကြောင်းပြ မခိုင်လုံဘဲ ထွက်နေတဲ့ သဘောတွေ အများကြီးရှိနေတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ထွက်သင့်တဲ့ ဒေါသကို ထွက်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါသဆိုတာကတော့ ထိန်းနိုင်ရင် အကောင်းဆုံးပဲ ဖြစ်ပေမယ့် မထိန်းနိုင်လို့ ဒေါသတွေ ဖြစ်ကြမယ်ဆိုရင်လည်း အကြောင်းခိုင်လုံမှ ထွက်တာက ဖြေမယ်ဆိုရင် ရှာကြံပြီး ဖြေလို့ရသေးတာပေါ့။ ဘာမှမဟုတ်ဘဲ ထစ်ခနဲဆို စိတ်ဆိုးလိုက်၊ ထစ်ခနဲဆို စိတ်တိုလိုက်၊ ထစ်ခနဲဆို အလိုမကျဖြစ်လိုက်၊ ဟိုဟာလည်းအလိုမကျ၊ ဒါလည်းအလိုမကျ၊ ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ်၊ ဟိုလူလုပ်လည်း အဆင်မပြေ၊ ဒီလူလုပ်လည်း အဆင်မပြေ အလိုလိုနေရင်း မကျေမနပ် ဖြစ်နေတာတွေကတော့ ဒါဟာ အဋ္ဌာနကောပဒေါသပဲ ဖြစ်ပါတယ်။ 

တစ်ဖက်ကလည်း ဒီလိုဒေါသမျိုးတွေ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ကိုယ့်အလိုအတိုင်း မဖြစ်တာတွေက စတာတွေပါပဲ။ စိတ်ဖိစီးမှုတွေ၊ အလိုမကျမှုတွေ၊ တရားမရှိမှုတွေ၊ သတိမကပ်တာတွေက မလိုအပ်ဘဲ ထွက်ပေါ်တတ်တဲ့ ဒေါသတွေအဖြစ် ပုံပေါ်လာကြခြင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ သတိမကပ်မိကြလို့ပါပဲ။ သတိမရှိတော့ စိတ်ကိုမသိတော့ဘဲ အဲဒီမသိမှုက ကာယကံမြောက်၊ ဝစီကံမြောက်၊ မနောကံမြောက် ကျူးလွန်တဲ့အထိ ရောက်သွားစေတော့တာ ဖြစ်ပါတယ်။ သတိပျောက်တော့ အသိပါပျောက်ပြီး မသိတာတွေ ရောက်လာရာက မရှိရင်လည်း ဒေါသဖြစ်၊ မကြည်ရင်လည်း ဒေါသဖြစ်၊ မကောင်းရင်လည်း ဒေါသဖြစ်၊ မပြောင်းရင်လည်း ဒေါသဖြစ်၊ မလိုရင်လည်း ဒေါသဖြစ်၊ လိုတာမရရင်လည်း ဒေါသဖြစ် စသဖြင့် ကာလ၊ ဒေါသ၊ ပုဂ္ဂလနဲ့ သဘာဝတွေပါမကျန် အားလုံးအပေါ်မှာ အဋ္ဌာနကောပဒေါသတွေ ဖြစ်နေကြတော့တာပဲ ဖြစ်ပါတယ်။ 

ဆိုတော့ကား ပုထုဇဉ်သဘာဝ ဒေါသထွက်တာတော့ ရှိကြတာ ဖြစ်ပေမယ့် အဲဒီဒေါသတွေကို ဘာပဲဖြစ်ဖြစ် ထွက်နေတတ်တဲ့ ဒေါသမျိုးမဖြစ်ရအောင် ကိုယ့်ကိုယ်ကို သတိလေးကပ်ပြီး ဆင်ခြင်တတ်၊ ကိုယ့်စိတ်ကို သတိလေးနဲ့ ထိန်းတတ်တဲ့ အကျင့်တွေရှိဖို့ လေ့ကျင့်ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီလို လေ့ကျင့်ရာမှာလည်း တရားအသိတွေ ရှိလာအောင်၊ ကုသိုလ်တရားတွေမှာ ပျော်မွေ့လာအောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိလာအောင် ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ကြည့်ရမှာ ဖြစ်ပါတယ်။ စိတ်ကိုဆင်ခြင်မှုအပိုင်းမှာ တရားတော်အပေါ် အခြေခံပြီး ဆင်ခြင်မှုဟာ အပြစ်ကင်းပြီး မှန်ကန်တဲ့ ဆင်ခြင်မှုပဲ ဖြစ်တဲ့အတွက် ဖိအားတွေများ၊ အသိတရားတွေပါးပြီး မတရားအားတွေ များလာတဲ့အခါတွေမှာ တခြားအရာတွေကို အားပြုတာထက် တရားတော်ကိုအားပြုပြီး တရားနဲ့ဆင်ခြင်နိုင်အောင် လေ့ကျင့်ကြည့်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကောင်းတဲ့အလုပ်ဆိုတာ လုပ်ချင်လည်းမလုပ် မလုပ်ချင်လည်း လုပ်ရမှာ ဖြစ်တဲ့အတွက် တရားတော်နဲ့ပတ်သက်ပြီးလည်း မနာချင်လည်းနာ၊ မကြိုက်လည်းနာ၊ မကျင့်ချင်လည်းကျင့်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုကိုယ် တရားအသိတွေ တိုးလာအောင် လုပ်ရမှာ ဖြစ်ပါတယ်။ တရားအသိတွေ များလာလို့ရှိရင် ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်မှာ ယုံကြည်မှု သဒ္ဓါတရားတွေ တိုးလာပြီး သတိတရားတွေလည်း များလာမှာဖြစ်ပါတယ်။ သတိများရင် အသိများလာမှာဖြစ်ပြီး အသိများရင် အမှားလည်းနည်းလာမှာဖြစ်ကာ အမှားနည်းလာခြင်းဟာ မလိုအပ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အလိုမကျမှု ဒေါသတွေအထိ အမှန်ညှိသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ သတိရှိနေခြင်းရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒေါသဆိုရင် ဘယ်လိုဒေါသမျိုးမှ ကောင်းကျိုးပြုတာ မရှိပေမယ့် အကြောင်းအကျိုး သဘောနဲ့ ဖြစ်ပေါ်လာတဲ့ ဒေါသမျိုးဆိုရင် အဆိုးထဲက အကောင်းအနေနဲ့ အကြောင်းပြလို့ မဆိုးလှတာ ဖြစ်တဲ့အတွက် ဘာမှမဟုတ်တဲ့ အရာတွေမှာ ဖြစ်ပေါ်တတ်တဲ့ အဋ္ဌာနကောပ ဒေါသလို ဒေါသမျိုး မဖြစ်အောင်တော့ ကိုယ့်ကိုကိုယ် ဓမ္မကို အခြေခံတဲ့ သတိတရားမျိုး၊ အသိတရားမျိုးနဲ့ ဆင်ခြင်ရင်း တရားဆိုရင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ နာယူမှတ်သား သင်ယူလေ့ကျင့်နိုင်အောင် ကြိုးစားကြပြီး အဲဒီတရားအသိနဲ့ပဲ ဘဝမှာ မလိုအပ်တဲ့ အရာတွေမှာ ဖြေဆည်ရာရနိုင်အောင် လေ့ကျင့်နေထိုင်ကျင့်သုံးကြရမှာ ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အသိပေးတိုက်တွန်းလိုက်ရပါတယ်။ 

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ