ဗုဒ္ဓဘာသာမဟုတ်သည့်သူများ မြင့်မြတ်သည့်ဘုံသို့ ရောက်နိုင်၊ မရောက်နိုင်…

Q. အရှင်ဘုရား ဗုဒ္ဓဘာသာဝင်မဟုတ်သည့် အခြားသော ကိုးကွယ်သည့် လူးများအနေဖြင့် နိဗ္ဗာန် မဟုတ်တောင် မြင့်မြတ်သောဘုံသို့ ရောက်ရှိနိုင်ပါသလား အရှင်ဘုရား..
(ဒကာလေး)


A. ရောက်နိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကိုပေးခြင်း၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ အကျိုးပေးခြင်း ဆိုတဲ့ ကမ္မနိယာမ- ကံရဲ့သဘောမှာ ဗုဒ္ဓဘာသာဝင် ဖြစ်လို့ ကောင်းတဲ့ ဘုံရောက်တယ်၊ ဗုဒ္ဓဘာသာဝင် မဟုတ်လို့ မကောင်းတဲ့ ဘုံရောက်ရတယ်ဆိုတဲ့ ခွဲခြားပြီး အကျိုးပေးမှု မရှိပါဘူး။ ဘယ်သူမဆို ကောင်းတာလုပ်ရင် ကောင်းတဲ့တန်ပြန်သက်ရောက်မှု မကောင်းတာလုပ်ရင် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုကို ခံရမှာဖြစ်ပါတယ်။ ကိုယ်အမှုအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာဆိုတဲ့ ကံသုံးပါးကို ကောင်းအောင်စောင့်ထိန်းမယ်ဆိုရင် ဘာသာဝင်မခွဲခြားဘဲ ထပ်တူထပ်မျှ အကျိုးခံစားရမှာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင် မဟုတ်ပေမယ့် ကိုယ့်ကျင့်တရားလုံခြုံ နေမယ်၊ ကံသုံးပါးကို ကောင်းအောင်လုပ်နေမယ်ဆိုရင် ဒကာလေးပြောသလို မြင့်မြတ်တဲ့ ဘုံဘ၀ကို ရောက်နိုင်ပါတယ်။ အဓိကကတော့ ကိုယ်လုပ်တဲ့ ကံကိုယ်ပြန်ခံရမှာ ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

Read more »

သူ့အလိုလိုက်၍ ကိုယ့်အလိုပြည့်အောင် လုပ်နည်း(၁၃)မျိုး

၁။ အဆွေခင်ပွန်းကို နှလုံးဖြောင့်မတ်သဖြင့်လည်းကောင်း
၂။ ရန်သူကို ဥပါယ်တံမျဉ်ဖြင့်လည်းကောင်း
၃။ အလိုရမ္မက်ကြီးသူကို ဥစ္စာပေးခြင်းဖြင့်လည်းကောင်း
၎။ အစိုးရသူကို သူ့အမှုကိစ္စကို ဆောင်ရွက်ပေးခြင်းဖြင့်လည်းကောင်း
၅။ ရသေ့ရဟန်းတို့ကို ရိုသေလေစား ပူဇော်ခြင်းအားဖြင့်လည်းကောင်း
၆။ သတို့သမီးကို ချင်းခြင်းအားဖြင့်လည်းကောင်း
၇။ လက်အောက်ငယ်သားတို့ကို မျှတချီးမြောက်ခြင်းအားဖြင့်လည်းကောင်း
၈။ ဒေါသအမျက်ကြီးသူကို ချီမွမ်းခြင်းအားဖြင့်လည်းကောင်း
၉။ ဆရာကို ရှိခိုးရိုသေခြင်းအားဖြင့်လည်းကောင်း
၁၀။ သူမိုက်ကို လိုက်လျောသောစကားဖြင့်လည်းကောင်း
၁၁။ ပညာရှိကို အတတ်ပညာပေးခြင်းလည်းကောင်း
၁၂။ အစားကြူးသူကို အရသာပေးခြင်းအားဖြင့်လည်းကောင်း
၁၃။ အလုံးစုံပြည့်စုံသူကို အကျင့်သီလဖြင့်လည်းကောင်း လိုက်လျောအနိုင်ယူ အောင်နိုင်ရာ၏။
(စာဏကျနီတိ)



Read more »

ကံသုံးပါးလုံသည်ဆိုရာဝယ်...

ကံဟူသည် ပါဠိကမ္မဟူသော စကားလုံးကို မြန်မာမှုပြုထားခြင်းဖြစ်၏။ အလုပ်ဟု တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုနိုင်၏။ ယင်းကံသည် အကျဉ်းအားဖြင့် နှစ်မျိုးရှိ၏။ ကုသလကမ္မ ကောင်းသည့်အလုပ်နှင့် အကုသလကမ္မ မကောင်းသည့်အလုပ်ဟူ၍ ဖြစ်၏။ မည်သူမဆို နေ့စဉ်အလုပ်တစ်ခုခုကို လုပ်နေကြမည်သာဖြစ်၏။ ယင်းအလုပ်သည့် ကောင်းသည့်အလုပ် သို့မဟုတ် မကောင်းသည့်အလုပ် တစ်ခုခုပင်ဖြစ်၏။ ပုထုဇင်ပုဂ္ဂိုလ်မှန်သမျှ ဤနှစ်မျိုးမှ တစ်မျိုးမျိုးလုပ်နေကြမည်မှာ ဧကန်မုချပင်ဖြစ်၏။ အာသဝေါ ကုန်ခမ်းရဟန္တာ ပုဂ္ဂိုလ်များဖြစ်မှသာ ဤအလုပ်နှစ်မျိုးမှ ကင်းလွတ်မည်ဖြစ်၏။ သို့ဆိုလျှင် ဤအလုပ်နှစ်မျိုးမှ တစ်ခုခုကို လုပ်နေသမျှ ယင်းအလုပ်၏ တန်ပြန်အကျိုးပေးမှုလည်း ဆက်ဆက်ဖြစ်ပေါ်နေမည်သာ ဖြစ်၏။ ဗုဒ္ဓဘာသာတို့၏ ကမ္မနိယာမသဘောအရ ကံကံ၏အကျိုးဟူသည် ရှိ၏။ ကောင်းမှုပြုသူသည် ကောင်းကျိုးကို ခံစားရမည်ဖြစ်ပြီး မကောင်းမှုပြုသူသည် မကောင်းကျိုးကို ခံစားရမည်သာ ဖြစ်၏။ ထို့ကြောင့် အလုပ်လုပ်သည့်အခါ မိမိလုပ်သည့်ကံ၏ အကျိုးပေးမှုသည် မိမိထံသို့ ပြန်လာမည်သာဖြစ်သည့်အတွက် မိမိကိုယ်တိုင် ရွေးချယ်ပြီး ပြုလုပ်သင့်ပေ၏။ မိမိသည် ကောင်းသည့်အလုပ်ကို လုပ်မည်လား၊ မကောင်းသည့် အလုပ်ကို လုပ်မည်လား ဆိုသည်မှာ မိမိ၏ ရွေးချယ်မှုအပေါ်တွင်သာ ပဓာနဖြစ်ပြီး ယင်းရွေးချယ်မှု၏ တန်ပြန်သက်ရောက်မှုကိုလည်း မိမိသာလျှင် ခံရမည်သာဖြစ်၏။

ကံသည် အကျဉ်းအားဖြင့် ကောင်းကံနှင့် မကောင်းကံဟု နှစ်မျိုးရှိသည်ကို သိကြပြီးဖြစ်၏။ တစ်ဆင့်တက်၍ သိထားရန်လိုသည်မှာ ယင်းကောင်းကံ မကောင်းကံများတွင်လည်း နောက်ထပ်တစ်ဖန် သုံးမျိုးစီကွဲပြားနေမှုပင် ဖြစ်၏။ ကိုယ်ဖြင့်လုပ်ရသည့် ကောင်းသည့်ကာယကံ၊ နှုတ်ဖြင့်ပြောဆိုရသည့် ကောင်းသည့်ဝစီကံ၊ စိတ်ဖြင့် ကြံစည်တွေးတောရသည့် ကောင်းသည့်မနေကံဟူသည့် ကံသုံးမျိုးကို ကောင်းကံသုံးမျိုးဟု ဆိုလိုပြီး ကိုယ်ဖြင့် ပြုလုပ်ရသည့် မကောင်းသည့်ကာယကံ၊ နှုတ်ဖြင့်ပြောဆိုရသည့် မကောင်းသည့်ဝစီကံ၊ စိတ်ဖြင့် ကြံစည်တွေးတောရသည့် မကောင်းသည့်မနောကံဟူသည့် ကံသုံးမျိုးကို မကောင်းကံသုံးမျိုးဟု ဆိုလို၏။ အလွယ်နားလည်အောင် ပြောရလျှင် ကံသုံးပါးဟူသည် ကာယကံ၊ ၀စီကံ၊ မနောကံတို့ပင်ဖြစ်၏။ ယင်းကံသုံးပါးကိုပင် ပြုလုပ်သူ၏အလုပ်ကို လိုက်ပြီး ကောင်းကံသုံးပါး၊ မကောင်းကံသုံးပါးဟု ထပ်ခွဲရခြင်းဖြစ်၏။

စင်စစ် ကံသုံးပါးလုံသည်ဆိုသည်မှာ မကောင်းသည့် အကုသိုလ်ကံသုံးမျိုးကို မကျူးလွန်မိအောင်၊ လုံခြံအောင်စောင့်ထိန်းခြင်းကို ဆိုလို၏။ သို့ဆိုလျှင် ယင်းမကောင်းသည့် ကံသုံးမျိုးတွင် မကောင်းသည့်ကာယကံ၊ မကောင်းသည့်ဝစီကံ၊ မကောင်းသည့် မနောကံဟူသည် မည်သို့သောအရာများကို ဆိုကြောင်း သိထားရန်လိုအပ်ပေ၏။ ထို့ကြောင့် ယင်းတို့ကိုလည်း အကျဉ်းအားဖြင့် အောက်ပါအတိုင်း ဖော်ပြလိုက်ပေသည်။

မကောင်းသည့် ကာယကံသုံးမျိုး
၁။ ပါဏာတိပါတ = သူ့အသက်ကိုသတ်ခြင်း
၂။ အဒိန္နဒါန = သူ့ဥစ္စာကို ခိုးယူခြင်း
၃။ ကာမေသုမိစ္ဆာစာရ = သူ့သားမယားကို ဖောက်ပြန်လွန်ကျူးခြင်း

မကောင်းသည့် ၀စီကံလေးမျိုး
၁။ မုသာဝါဒ = လိမ်ညာပြောဆိုခြင်း
၂။ ပိသုဏ၀ါစာ = ချောပစ်ကုန်းတိုက်ခြင်း
၃။ ဖရုသ၀ါစာ = ကြမ်းတမ်းငေါက်ငမ်းဆဲရေးခြင်း
၎။ သမ္ဖပ္ပလာပ = အပေါ့အဖျင်းအနှစ်ကင်းသည့် သိမ်ဖျင်းသောစကားကို ပြောဆိုခြင်း

မကောင်းသည့် မနောကံသုံးမျိုး
၁။ အဘိဇ္ဈာ = သူ၏ဥစ္စာကို ငါ့ဥစ္စာဖြစ်လျှင် ကောင်းလေစွဟု စိတ်ကကြံစီအောက်မေ့ခြင်း
၂။ ဗျာပါဒ = သူတစ်ပါးကို ငြိုးထားရန်မက် နှိပ်စက်ရအောင် စိတ်ကကြံစီအောက်မေ့ခြင်း
၃။ မိစ္ဆာဒိဋ္ဌိ = ဘုရားဟောမှန် ကျမ်းဓမ္မခန်ကို ပယ်လှန်စိတ်ထား အယူမှားခြင်း
ဤ ဆယ်ပါးကို ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဟူသော အပါယ်လေးပါးသို့ လားရောက်စေတတ်သောကြောင့် မကောင်းသည့် ဒုစရိုက်တရားဆယ်ပါးဟုလည်း ဆို၏်။ ထို့အတူ ကောင်းသည့်ကံများတွင်လည်း မကောင်းသည့် ကာယကံသုံးပါး၊ မကောင်းသည့်ဝစီကံလေးပါး၊ မကောင်းသည့် မနောကံသုံးပါးနှင့် ဆန့်ကျင်ဘက်အားဖြင့် အသီးသီးရှိလေ၏်။ တိတိကျကျ တင်ပြရလျှင် အောက်ပါအတိုင်း မှတ်သားနိုင်ပေ၏။

ကောင်းသည့် ကာယကံသုံးမျိုး
၁။ ပါဏာတိပါတ၀ိရတိ = သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
၂။ အဒိန္နာဒါန၀ိရတိ = သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ခြင်း
၃။ ကာမေသုမိစ္ဆာစာရ၀ိရတိ = သူ့သားအိမ်ယာကို လွန်ကျူးခြင်းမှ ရှောင်ကြဉ်ခြင်း

ကောင်းသည့် မနောကံလေးမျိုး
၁။ မုသာဝါဒ၀ိရတိ = လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
၂။ ပိသုဏ၀ါစာဝိရတိ = ချောပစ်ကုန်းတိုက်ခြင်းမှ ရှောင်ကြဉ်ခြင်း
၃။ ဖရုသ၀ါစာဝိရတိ = ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
၎။ သမ္ဖပ္ပလာပ၀ိရတိ = အနှစ်မရှိသိမ်ဖျင်းသော စကားကိုပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း

ကောင်းသည့် မနောကံသုံးမျိုး
၁။ အနဘိဇ္ဈာ = အဘိဇ္ဈာမဖြစ်အောင် စောင့်စည်းခြင်း
၂။ အဗျာပါဒ = ဗျာပါဒမဖြစ်အောင် စောင့်စည်းခြင်း
၃။ သမ္မာဒိဋ္ဌိ = အယူဝါဒမှန်ကန်ခြင်း
ဤဆယ်ပါးကို အပါယ်လေးပါးမှ ကင်းလွတ်ကာ ကောင်းသည့်သုဂတိဘ၀သို့ ရောက်စေတတ်သောကြောင့် သုစရိုက်တရားဆယ်ပါးဟု ဆိုသည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်း ကံသုံးပါးလုံသည်ဆိုသည်မှာ မကောင်းသည့်အကုသိုလ်ကံများကို မကျူးလွန်မိအောင် စောင့်ထိန်းခြင်းကို ဆို၏။ စင်စစ် မကောင်းသည့် အကုသိုလ်ကံများကို လုံခြုံအောင် ထိန်းသိမ်းလိုက်ခြင်းသည် ကောင်းသည့်ကံများကို ပြုလုပ်လိုက်ခြင်းပင်ဖြစ်၏။ မကောင်းသည့် ဒုစရိုက်ကံများကို လုံခြုံအောင်ထိန်းလိုက်ခြင်းသည် ကောင်းသည့်သုစရိုက်ကံများကို ပြုလုပ်လိုက်ခြင်းပင်ဖြစ်၏။ သို့ဖြစ်၍ ယခုဘ၀တွင် နိဗ္ဗာန်ရောက်အောင် မလုပ်နိုင်သေးသူများသည် အောက်ထစ်ဆုံးအားဖြင့် ကံသုံးပါးကို လုံခြုံအောင် စောင့်ထိန်းသင့်ပေ၏။ အကုသိုလ်ဒုစရိုက်များကို ရှောင်ကြဉ်ပြီး သုဂတိဘုံဘ၀တွင် ဖြစ်ပေါ်စေနိုင်သည့် သုစရိုက်အမှုများကို ပြုလုပ်သင့်ပေ၏။ သို့မှသာ ဘုရားသာသနာနှင့် ကြုံတွေရကျိုး၊ လူ့ဘ၀ရရကျိုးနပ်မည် ဖြစ်ပေ၏။ နောက်ဆုံးအနေဖြင့် တိုက်တွန်းလိုသည်မှာ ကံသုံးပါးလုံအောင် ကြိုးစားကြပါဟူ၍ ဖြစ်၏။

Read more »

သီလရှင်ကို ယောက်ျားများက ရှိခိုးကောင်း၊ မကောင်း… သီလရှင်ကို တပည့်တော်ဟု သုံးသင့်၊ မသုံးသင့်…

Q.အရှင်ဘုရား…
သီလရှင်ကို တပည့်တော်တို့ ယောက်ျားများက ရှိခိုးကောင်းပါသလားဘုရား…။ သီလရှင်နှင့် စကားပြောတဲ့အခါ တပည့်တော်လို့ သုံးသင့်သလား၊ ကျွန်တော်စသည်ဖြင့် သုံးသင့်သလား သိချင်ပါသည်ဘုရား…ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…
(မောင်စိုး)


A. သီလရှင်ကို ယောက်ျားများ ရှိခိုးကောင်းပါတယ်။ ရှိခိုးခြင်းဖြင့် အပြစ်မဖြစ်သလို ကုသိုလ်ဖြစ်စေပါတယ်။ ရှိခိုးတယ်ဆိုတာ နှိမ့်ချတဲ့သဘော၊ အရိုအသေပြုတဲ့ သဘောရဲ့ သင်္ကေတ တစ်ခုပါ။ သီလရှင်မှ မဟုတ်ဘဲ ကိုယ့်ထက် အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူများကို အရိုအသေပေးတာ၊ နိမ့်ချတာလည်း ကုသိုလ်ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာရဲ့ ရှိခိုးကိုးကွယ်မှုကို အနည်းငယ်ပြောလိုပါတယ်။ ဗုဒ္ဓဘာသာဟာ ပုဂ္ဂိုလ်ကို ကိုးကွယ်တာမဟုတ်ပါဘူး၊ ဂုဏ်ကိုကိုးကွယ်တာပါ။ ပုဂ္ဂိုလ်မှာ ရှိတဲ့သီလ၊ သမာဓိ၊ ပညာစတဲ့ ဂုဏ်တွေကို အာရုံပြု ရှိခိုးကိုးကွယ်တာပါ။ ဒါကြောင့်လည်း သာသနာ့ဘောင် ရောက်လာတဲ့ သားသမီးတွေကို မိဘတွေက ရှိခိုးရတာပါ။ လူတွေနေ့စဉ် စောင့်ထိန်းရတဲ့ သီလတွေထက် ကိုရင်၊ ရဟန်း၊ သီလရှင်များ စောင့်ထိန်းရတဲ့ သီလတွေက ပိုများပါတယ်။ အဲဒီသီလစတဲ့ ဂုဏ်တွေကြောင့် လူပုဂ္ဂိုလ်တွေက မိမိထက် ဂုဏ်အားဖြင့် သာလွန်တဲ့ ရဟန်း၊ သာမဏေ၊ သီလရှင်တွေကို ရှိခိုးကြခြင်းဖြစ်ပါတယ်။ သီလရှင်၊ အမျိုးသမီး ဆိုတဲ့ပုဂ္ဂိုလ်ကို မကြည့်ဖို့တော့ လိုပါတယ်။ မျက်မှောက်ခေတ် မြန်မာပြည်မှာ ရှိတဲ့သီလရှင်တွေဟာ အနည်းဆုံးရှစ်ပါး သီလကို စောင့်ထိန်းကြတဲ့အပြင် မြတ်စွာဘုရား တရားတော်တွေကို သင်အံလေ့ကျက် ပို့ချဟောပြောပေးနေတဲ့ သူများဖြစ်တဲ့အတွက် သူတို့ကိုလည်း တစ်နည်းအားဖြင့် ဓမ္မစေတီထိုက်တဲ့ သူများဟု ဆိုနိုင်ပါတယ်။ ဒါကြောင့် သာမန်နေ့စဉ် ငါးပါးသီလတောင် လုံခြုံအောင် စောင့်ထိန်းဖို့ ခက်တဲ့လူပုဂ္ဂိုလ်တွေ ထက်စာရင် သီလ၊ သမာဓိ၊ ပညာ ဂုဏ်တွေမြင့်တဲ့ သီလရှင်ကို ရှိခိုးထိုက်ပါတယ်။ ပုဂ္ဂိုလ်ကို မကြည့်ပါနဲ့၊ ဂုဏ်ကို အာရုံပြုပါ။ အမျိုးသမီးဆိုတဲ့ အစွဲလည်းမထားပါနဲ့။ အဲလို အစွဲထားရင် ကိုယ့်အဒေါ်တွေ၊ အမတွေလည်း အမျိုးသမီးတွေပဲ သူတို့ကိုတောင် သီတင်းကျွတ်၊ နှစ်ကူးစသည်မှာ ကန်တော့ကြသေးတာပဲ။ သီလရှင်ဆိုပိုတောင် ကန်တော့ကောင်းပါသေးတယ်။ ကန်တော့ခြင်းဖြင့် အပြစ်မဖြစ်ပါ။ ကုသိုလ်တောင် ဖြစ်ပါသေးတယ်။

သီလရှင်ကိုလည်း စကားပြောတဲ့အခါမှာ တပည့်တော်လို့ သုံးသင့်ပါတယ်။ တကယ်တော့ စကားအပြောအဆို ဆိုတာတွေက ပညတ်ချက်တွေပါ။ သူနိုင်ငံ သူ့ယဉ်ကျေးမှုအရ သတ်မှတ်ထားတဲ့ ဓလေ့ထုံးစံများ ဖြစ်နေတဲ့အတွက် ယဉ်ကျေးမှုအရ သီးခြားသတ်မှတ်ချက်လေးတွေ ရှိနေတဲ့အပြောအဆိုလေးတွေ လိုက်ပြီး သုံးသင့်ပါတယ်။ ဒါလည်းပဲ အပြစ်မဖြစ်ပါဘူး။ မြတ်စွာဘုရားရှင်တောင် ဘုရားဖြစ်ပြီး တရားဟောတဲ့အခါ အရိုးစွဲနေပြီးဖြစ်တဲ့ အိန္ဒိယရဲ့ ဗြဟ္မဏ ဓလေ့ထုံးစံများကို လိုက်ပြီးသုံးနှုန်း တရားဟောတာတွေ ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ဓလေ့ထုံးစံ သတ်မှတ်ချက်များဖြစ်တဲ့ လူပုဂ္ဂိုလ်များနဲ့ သာသနာ့ဝန်ထမ်းများရဲ့ အသုံးအနှုန်းလေးတွေကို လိုက်ပြီးသုံးသင့်ပါတယ်။ တစ်ဘက်ကလည်း ဒီလို သုံးနှုန်းခြင်းအားဖြင့် ကိုယ့်ကိုယ်ကိုနှိမ့်ချရာ ရောက်သလို ကိုယ့်ထက်ဂုဏ်မြင့်တဲ့သူကို အရိုအသေပြုရာလည်း ရောက်ပါတယ်။ ဒါကြောင့် သီလရှင်ကိုလည်း တပည့်တော်ဆိုတဲ့ အသုံးအနှုန်းမျိုးဖြင့် သုံးနှုန်းပြောဆိုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

Read more »

သံသရာ မရှည်ပါစေနှင့်

`သံသရာလည်သည်`ဟူသော စကားကို အားလုံးကြားဖူးကြပြီး ဖြစ်၏။ တစ်ဘ၀မှ တစ်ဘ၀သို့ ကူးပြောင်းကျင်လည်မှုကို ဆိုလို၏။ အချို့ကလည်း မိမိလုပ်သည့် လုပ်ရပ်၊ အထူးသဖြင့် မကောင်းတဲ့လုပ်ရပ်၏ အကျိုးကို ပြန်လည်ခံစားရသည့်အချိန်တွင် `သံသရာပြန်လည်တာ` ဟူသောစကားကို သုံးစွဲလေ့ရှိကြ၏။ မှန်ပါ၏။ သံသရာလည်မှုသည် မိမိတို့လုပ်သည့် ကံ၏ပြန်လည် အကျိုးပေးမှု၏ ရလာဘ်တစ်ခုပင် ဖြစ်၏။ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်ခံစားရခြင်းကို သံသရာလည်သည်ဟုဆိုသကဲ့သို့ ကောင်းသည့်ကုသိုလ်၏ အကျိုးပေးမှုကို ရရှိခံစားရခြင်းကိုလည်း သံသရာလည်သည်ဟု ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် ကောင်းကံ၊ မကောင်းကံတို့၏ အကျိုးပေးမှု ရှိနေသမျှ သံသရာလည်မှုက ရှိနေဦးမည်ဖြစ်သောကြောင့် ဖြစ်၏။ စင်စစ် သံသရာလည်မှု အဆုံးသတ်စေဖို့ ဆိုသည်မှာ မိမိတို့ရဲ့ ကံ(ကမ္မ)များကို ဖြတ်မှပင် ဖြစ်၏။ ကံစွမ်းတွေရှိနေသမျှ အကျိုးပေးမှုများလည်း ရှိနေမည်ဖြစ်ပြီး အကျိုးပေးမှုများ ရှိနေလျင် သံသရာလည်မှုလည်း ရှိနေဦးမည်သာ ဖြစ်သည်။

ကံဟူသည် အလုပ်ကို ဆိုသဖြင့် ကံကိုဖြတ်ရမည်ဆိုက ဘာမှမလုပ်ဘဲ နေရမည်လားဟု တွေးစရာရှိ၏။ ထိုသို့မဟုတ် လုပ်ရပေမည်။ လုပ်သည့်အခါတွင်သာ ကံ၏အကျိုးပေးမှုများ မရှည်ရအောင်၊ တစ်နည်းပြောရလျင် သံသရာရှည်ကြာစေမည့် လုပ်နည်းမျိုး မဖြစ်အောင် ကြိုးစားလုပ်တတ်ဖို့ လိုပေသည်။ ကောင်းတာလုပ်လျင် ကောင်းသည့်အကျိုး၊ မကောင်းတာလုပ်လျင် မကောင်းသည့်အကျိုးကို ပေးမည်မှာ ကံ၏သဘော လက္ခဏာဖြစ်သဖြင့် ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ မိမိတို့လုပ်သည့် ကောင်း၊ မကောင်းအလုပ်ကိုလိုက်၍ ကံ၏ အကျိုးပေးမှုကား ရှိနေပေမည်။ သို့သော် လုပ်သည့်သူ၏ လုပ်ရပ်၊ စေတနာရည်ရွယ်ချက်ကို လိုက်ပြီးကံအကျိုးပေးမှုသည်လည်း ခြားနားတတ်ပေ၏။ သံသရာရှည်အောင်လုပ်က သံသရာကိုရှည်စေပြီး သံသရာကို တိုအောင်လုပ်ပါက သံသရာတိုစေမှာ ဖြစ်၏။

စင်စစ် ဗုဒ္ဓဘာသာတို့၏ ရည်ရွယ်ချက်မှာ သံသရာမှ လွတ်မြောက်ရေးဖြစ်၏။ သံသရာမှ လွတ်မြောက်ရန်အတွက်ကား ကံအကျိုးပေးမှုများမှ လွတ်မြောက်မှပင် ဖြစ်၏။ ကံအကျိုးပေးမှုမှ လွတ်မြောက်အောင်၊ ကံအကျိုးပေးမှု မရှည်ရအောင် မိမိတို့လုပ်သည့် အလုပ်များတွင် လိုချင်တပ်မက်မှုများ ကပ်မနေဖို့အထူးလိုအပ်၏။ ကံသည်ကံ၏အလုပ်ကို လုပ်နေမှာဖြစ်ပြီး မိမိတို့က ထိုကံအပေါ် တဏှာဖြင့်မလွှမ်းမိုးမိဖို့ အရေးကြီးသည်။ ဥပမာအားဖြင့် ဒါနကုသိုလ်တစ်ခုခု ပြုလုပ်သည်ဆိုကြပါစို့။ ဒါနပြုလုပ်တဲ့ အဓိကရည်ရွယ်ချက်မှာ လောဘစတဲ့ ကိလေသာတွေ နည်းစေဖို့ဖြစ်၏။ သို့သော် ယင်းရည်ရွယ်ချက်ပျောက်ကာ ဒါနပြုသည့်ကံအပေါ်မှာ တဏှာလွှမ်းမိုးပြီး `ဤကုသိုလ်ကြောင့် နောင်ဘ၀တွင် ဘယ်လိုဖြစ်ရပါလို၏၊ ဘာဖြစ်ရပါလို၏`စသည်တို့ရောက်လာသည့်အတွက် အကျိုးပေးမည့်ကံသည်လည်း ပြုလုပ်သည့်သူ၏ တဏှာအပေါ်လိုက်ပြီး အကျိုးပေးပေတော့၏။ ထိုအကျိုးပေးမှုကြောင့်ပင် ဘ၀သစ်တစ်ဖန် ပြန်ဖြစ်၊ တစ်ဖန်မွေးဖွား၊ တစ်ဖန်အို၊ တစ်ဖန်နာ၊ တစ်ဖန်သေရပြန်၏။ မသေခင် ကံတွေကို မဖြတ်နိုင်ပြန်သဖြင့် ထိုကံများ၏ အကျိုးပေးမှုပြန်ခံကြရင်း နောက်တစ်ခါ သံသရာထပ်လည်ရပြန်၏။ ထိုသို့ဖြင့် သတ္တ၀ါတို့၏ သံသရာလည်မှုသည် အဆုံးမရှိဖြစ်နေပေတော့၏။ ထို့ကြောင့် သံသရာလည်မှုများ ရပ်တန့်ဖို့ မိမိတို့လုပ်နေသည့် ကံများကို အကျိုးပေးမှုအဆုံးသတ်အောင် လုပ်ဖို့တိုက်တွန်းလိုရင်းဖြစ်၏။

စင်စစ်ကံ၏ အကျိုးပေးမှုများ အဆုံးသတ်ရန်မှာ ကိလေသာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှသာ ဖြစ်နိုင်၏။ ရဟန္တာဖြစ်မှသာ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်နိုင်မည် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ်များမှာ နောက်ထပ်တစ်ဖန် သံသရာလည်စရာ အကြောင်းမရှိတော့သဖြင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်သော်လည်း ယင်းကံတို့၏ အကျိုးပေးမှုကား မရှိတော့ပေ။ မိမိတို့အဖို့မှာကား ရဟန္တာမဖြစ်နိုင်သေးသဖြင့် ကံ၏အကျိုးပေးမှုများ ဆက်လက်ရှိနေဦးမည်သာ ဖြစ်၏။ သို့သော် ယင်းကံများကို တဖြည်းဖြည်းဖြတ်နိုင်အောင် ကြိုးစားရပေမည်။ ယင်းသို့ကြိုးစားရာ၌ ရှေးဦးစွာ မကောင်းသည့် ကံများမလုပ်မိအောင် ကြိုးစားရ၏။ ကောင်းသည့်အလုပ်များကို လုပ်မှသာ ကောင်းသည့်အကျိုးများ ခံစားရမည်ဖြစ်ပြီး ကောင်းသည့်ဘ၀များမှာ ပြန်လည်မွေးဖွားကာ တစ်ဆင့်တစ်ဆင့် ရင့်ကျက်အောင်ကြိုးစားလျက် ကံစွမ်းများကို ဖြတ်နိုင်အောင် လုပ်ရပေမည်။ မိုးကုတ်ဆရာတော် ဘုရားကြီး၏ စကားအတိုင်း ပြောရလျင် ကံကိုဉာဏ်နှင့်ဖြတ်နိုင်အောင် ကြိုးစားရပေမည်။

မှန်၏။ ကံကိုဉာဏ်နှင့် ဖြတ်ရမည်ဆိုသည်မှာ ၀ိပဿနာဉာဏ်ကို ဆိုလို၏။ ယခုဘ၀မှာပင် ၀ိပဿနာတရား အားထုတ်ပြီး အရိယာပုဂ္ဂိုလ်ဖြစ်အောင် ကြိုးစားနိုင်ပါက ကံကိုဖြတ်စရာ မလိုတော့ပေ။ သံသရာလည်မှာ၊ သံသရာရှည်မှာ ပူစရာမလိုတော့ပေ။ ထိုသို့ မဖြစ်နိုင်သေးပါက ကံကိုအထူး သတိပြုရပေမည်။ မိမိတို့လုပ်သည့် အလုပ်များကို အထူးဆင်ခြင်ရပေမည်။ သံသရာကို ပိုရှည်စေနိုင်သည့် အလုပ်များ မဖြစ်ဖို့အထူး လိုအပ်ပေသည်။ ရှေးဦးစွာအထူးသတိပြု ဆင်ခြင်ရမည်မှာ မကောင်းသည့် ကံများမလုပ်မိဖို့ အရေးကြီးလှ၏။ မကောင်းသည့် အကုသိုလ် ဒုစရိုက်များလုပ်မိပါက ပို၍ပို၍ သံသရာရှည်စေမည်မှာ ဧကန်မုချပင် ဖြစ်၏။ ကောင်သည့်ကံများသည် သံသရာကျင်လည်မှု ရှိနေသေးသည်ဟု ဆိုသော်လည်း ကောင်းသည့်ဘုံဘ၀များတွင်သာ အကျိုးပေးမှု ရှိနေသဖြင့် အချိန်မရွေး ကံတရားများကို ဖြတ်လိုက်နိုင်၏။ မကောင်းသည့်ကံများကို ပြုလုပ်မိပါက မကောင်းသည့် ဘုံဘ၀များတွင်သာ ကျင်လည်နေကြရပြီး ကောင်းမှုကုသိုလ်များနှင့် ဝေးသထက်ဝေးနေပေလိမ့်မည်။ သို့ဖြစ်လျင် သံသရာရှည်သထက် ရှည်နေကြရပေ ဦးမည်သာ ဖြစ်၏။

ထို့ကြောင့် ရခဲလှသည့် လူ့ဘ၀ကို ရသည့်အခိုက်တွင် အခွင့်အရေး ရှိနေခိုက် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်ဖြစ်အောင် ကြိုးစားဖို့ လိုအပ်လှပေ၏။ သံသရာ မရှည်အောင် ကံတရားများကို ဖြတ်နိုင်ဖို့ အထူးအရေးကြီးလှ၏။ ကံတရားများကို ဖြတ်ဖို့ဆိုသည်မှာ ရှေးဦးစွာမကောင်းသည့် ကံများမလုပ်မိရန် ကြိုးစားသင့်လှ၏။ ထိုမှတစ်ဆင့် ကောင်းသည့်အလုပ်များကို များများလုပ်နိုင်အောင် လေ့ကျင့်ဖို့ အားထုတ်သင့်၏။ ကောင်းသည့်ကံများကို လုပ်ရာတွင်လည်း သံသရာကို ပို၍ရှည်စေနိုင်သည့် လိုချင်တောင်တမှု တဏှာများမကပ်ငြိဘဲ နိဗ္ဗာန်ကိုသာ အထောက်အပံ့ဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်တတ်ဖို့ လိုအပ်၏။ ထိုမှတစ်ဆင့် ၀ိပဿနာဉာဏ်ဖြင့် ကံ၏အကျိုးပေးမှုများကို ဖြတ်နိုင်အောင် လုံလပြုသင့်၏။ အပြောလွယ်သလောက် အလုပ်ခက်သော်လည်း တဖြည်းဖြည်းလေ့ကျင့် ပေးပါက အတိုင်းအတာ တစ်ခုအထိ တိုးတက်လာနိုင်သဖြင့် သံသရာ ရှည်စေမည့် အလုပ်များကို မလုပ်မိအောင် အားထုတ်ကြဖို့ ကံတရားများကို အပြီးတိုင် မဖြတ်နိုင်သေးသော်လည်း နောက်တစ်ဖန် ကျင်လည်ရမည့် ဘ၀အတွက် မကောင်းသည့်အလုပ်များကို တတ်နိုင်သမျှ ရှောင်ရှားပြီး ကောင်းသည့်အလုပ်လေးများဖြင့် ရရှိလာသည့် လူ့ဘ၀ကို အကျိုးရှိအောင် ကြိုးစားကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။
အားလုံးသံသရာ ၀ဋ်မှလွတ်မြောက်ကြပါစေ…

Read more »

ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ…

Q.အရှင်ဘုရား…
ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
(အေးအေး)


A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ၀တ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…
၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း
၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း
၎။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း
၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း
၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း
၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း
၈။ ဓမ္မဿဝန = တရားနာယူခြင်း
၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်း
တို့ဖြစ်ပါတယ်။
ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

Read more »

ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..

အရှင်ဇ၀န (မေတ္တာရှင်)ရဲ့ “ဒါနဘာကြောင့်ပြုရတယ်”ဆိုတဲ့ တရားတော်ကိုနာပြီး ဘုန်းဘုန်းစိတ်ထဲမှာ အများစုက မိရိုးဖလာ ဗုဒ္ဓဘာသာများဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့ မြန်မာဗုဒ္ဓဘာသာများအတွက် ဘုရားရှင်အလိုကျ ကုသိုလ်ကောင်းမှု ပြုနည်းလေးကို ရေးသားတင်ပြရရင် ကောင်းမှာပဲဆိုတဲ့အတွေး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့မြန်မာလူမျိုးများဟာ ကုသိုလ်ပြုရတာကို အလွန်နှစ်သက်ကြတဲ့လူမျိုးပါ။ အထူးသဖြင့် အလှူဒါနပြုရတာကို ပိုပြီးနှစ်ခြိုက် သဘောကြတတ်တဲ့လူမျိုးပါ။ ရှိရင် လှူမယ်ဆိုတဲ့အတွေးက မြန်မာလူမျိုးအများစုမှာ ကိန်းနေကြပါတယ်။ ဒီစိတ်နဲ့ပဲ ကြိုးစားရှာဖွေ လှူဒါန်းကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် “လှူတော့လှူ၏ သို့သော် လွဲနေ၏”လို့ ဆိုရမလို ကုသိုလ်ကောင်းမှု ပြုနေတဲ့ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်လေးတွေ မှားနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓဟောတော်မူချက်လေးတွေနဲ့ အနည်းငယ်ကွာခြား နေတာ၊ ထေရ၀ါဒဗုဒ္ဓဘာသာ စံလေးတွေနဲ့ မကိုက်ညီတာလေးတွေကို တွေ့နေရပါတယ်။ တကယ်တော့ ကုသိုလ်ကောင်းမှု ပြုတယ်ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်နည်း ပြောရရင် ကိလေသာကုန်ပြီး မွေးသေဘ၀နိဂုံးချုပ်ဖို့ပါ။ ဒါကြောင့်ပဲ ဗုဒ္ဓဘာသာများဟာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကို ပြုနေကြခြင်းဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ကုသိုလ်ပြုတာဟာ ကိလေသာတွေ တဖြည်းဖြည်းနည်းသွား၊ ကုန်သွားအောင်ပြုနေကြတာပါ။ ဒါနကုသိုလ်ပြုတာဟာ လောဘစတဲ့ ကိလေသာနည်းအောင်၊ ကုန်အောင်ပြုတာပါ။ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာဟာ ဒေါသစတဲ့ ကိလေသာတွေ နည်းအောင်၊ ကုန်အောင်ပြုတာပါ။ ဘာဝနာကုသိုလ်ပြုတာ၊ ဘာဝနာပွားများတာဟာ မောဟစတဲ့ ကိလေသာတွေ နည်းအောင်၊ ကုန်အောင်ပြုတာပါ။ အကယ်၍ တစ်စုံတစ်ယောက်က “မောင်ရင်တို့ဗုဒ္ဓဘာသာတွေ ကုသိုလ်ပြုတာ ဘာရည်ရွယ်ချက်နဲ့ ပြုတာလဲ၊ ဘာကြောင့်ပြုတာလဲ”လို့ မေးလာခဲ့ရင် ကိလေသာတွေနည်းအောင်၊ ကုန်အောင်ပြုနေတာ၊ ဒီကိလေသာတွေကို ပယ်ခွါပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် ပြုနေတာလို့ ဖြေတတ်ရပါ မယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီရည်ရွယ်ချက်နဲ့ ကုသိုလ်ပြုတတ်ရပါမယ်။

ဒါပေမယ့် ယနေ့ခေတ် ကုသိုလ်ပြုနေကြတဲ့ ဗုဒ္ဓဘာသာ အများစုဟာ ဒီရည်ရွယ်ချက်တွေပျောက်ပြီး လောဘ၊ ဒေါသ၊ မောဟလေးတွေ ဦးစီးပြီးလုပ်နေကြတာကို တွေ့နေရပါတယ်။ ဗုဒ္ဓအလိုကျ ကုသိုလ်ပြုနည်းလေးတွေနဲ့ လွဲနေတာတွေကို တွေ့ရပါတယ်။ လောဘစတဲ့ ကိလေသာတွေနည်းအောင် ဒါနပြုရမယ့်အစား ဒါနပြုရင်း လောဘတွေ တိုးတိုးနေတာကို တွေ့ရပါတယ်။ အချို့က လှူတာက နည်းနည်း လိုချင်တဲ့ဆုတွေက များနေတာကို တွေ့ရပါတယ်။ ရွှေတိဂုံဘုရားပေါ်သွားရင် ပိုတွေ့နိုင်ပါတယ်။ လှူတာက ရေလေးတစ်ခွက် တောင်းလိုက်တာက ရှေ့မှာ ရှိနေတဲ့ ဗုဒ္ဓရုပ်ပွားတော်မှ အားမနာ။ “ဒီကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေကို ခံစားရပြီး ဖြစ်လေရာဘ၀တိုင်းမှာ မရှိဟူသော စကား၊ မလှဟူသောစကား၊ မ၀ဟူသောစကား ဘယ်သောအခါမှ မကြားပါရစေနဲ့ဘုရား” စတဲ့ဆုတောင်းနဲ့ လှူနေကြတာ တွေ့ဖူးမှာပါ။ ဒါဟာ လောဘနည်းအောင်ပြုတာလို့ ဘယ်လိုမှ ပြောလို့မရတော့ပါဘူး။ တစ်ချို့လည်း ထင်ပေါ်လိုလို့၊ ကြွားချင်လို့၊ ခုဘ၀ နောက်ဘ၀ချမ်းသာချင်လို့ ဒါနပြုတာလည်း ရှိပါသေးတယ်။ ဆိုင်းဘုတ်ကြီးတွေ အကြီးကြီးတွေရေးပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာဆိုတဲ့ ဂုဏ်တွေလိုချင်လို့ ဒါနပြုနေကြသူတွေလည်း အများကြီးပါ။ တကယ်တော့ ဘယ်လောက်လှူတယ်၊ ဘယ်လိုလှူတယ်၊ ဘယ်မှာလှူတယ် ဆိုတာတွေထက် ဒါနပြုလို့ ကိုယ့်သန္တာန်မှာ လောဘ ဘယ်လောက်နည်းသွားတယ်၊ အလိုရမ္မက် ဘယ်လောက်လျော့လာတယ် ဆိုတာကမှ စစ်မှန်တဲ့ ဒါနပြုနည်းပါ။ ဘုရားအလိုကျ ပေးလှူနည်းပါ။

တစ်ချို့က ပြောကြသေးတယ်။ ဒါနကုသိုလ်ဟာ သံသရာရှည်ပါတယ်တဲ့။ တကယ်တော့ ဒါနကသံသရာ ရှည်တာမဟုတ်ပါဘူး။ ဒါနပြုပြီး လိုချင်တောင့်တတဲ့ လောဘတဏှာကသာ သံသရာရှည်စေတာပါ။ သိတဲ့အတိုင်း ဒါနပြုတယ်၊ ပေးကမ်းတယ်ဆိုတာဟာ ကိုယ့်မှာရှိတဲ့အရာကို စွန့်လွှတ်လိုက်တာပါ။ လိုချင်မှုကို ပယ်ခွာလိုက်တာပါ။ လိုချင်တာဟာ လောဘပဲလေ။ ဒီလောဘကို ဒါနပြုပြီး ပယ်သက်ပေးတာပါ။ ဒါကြောင့် ဒါနပြုခြင်းဖြင့် ကိုယ့်သန္တာန်မှာ လောဘတွေ တဖြည်းဖြည်းနည်းနည်း သွားစေရမှာပါ။ ဒီလောဘတွေ တဖြည်းဖြည်းနည်းဖို့အတွက် ဒါနပြုတဲ့အခါမှာ ထားရမယ့်ရည်ရွယ်ချက်၊ စေတနာဟာ အရေးကြီးပါတယ်။ ထင်ပေါ်ကျော်ကြား ကြွားဝါဖို့၊ အခုဘ၀ နောက်ဘ၀ချမ်းသာဖို့ဆိုတဲ့ လိုချင်တပ်မက်မှု လောဘဦးစီးပြီး မပြုမိဖို့လိုပါတယ်။ ဒါနပြုခြင်းဖြင့် ကိုယ့်သန္တာန်မှာ ရှိတဲ့ လောဘစတဲ့ကိလေသာတွေ တဖြည်းဖြည်းပါးလားအောင် လေ့ကျင့်ဖို့လိုပါတယ်။ ဒါနကုသိုလ်ကို နိဗ္ဗာန်အထိ အထောက်အပံ့ဖြစ်အောင် လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ဒါနကုသိုလ်ဘာကြောင့် လုပ်တာလဲလို့ မေးလာခဲ့သော် “လောဘစတဲ့ ကိလေသာတွေကို ပယ်သတ်ဖို့အတွက် လုပ်တာပါ” လို့ ဖြေတတ်ဖို့၊ ပြောတဲ့အတိုင်းလည်း လုပ်ဖို့လိုပါတယ်။

ဒီလိုပါပဲ။ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာဟာ ဒေါသစတဲ့ကိလေသာတွေ နည်းအောင်၊ ပါးအောင်ပြုလုပ်တာပါ။ မှန်ပါတယ်။ သီလဆောက်တည်တယ်ဆိုတာ ကာယကံ၊ ၀စီကံတွေကို ထိန်းချုပ်တာပါ။ ငါးပါးသီလမှာပဲ ပြန်ကြည့်ပါ။ ပါဏာတိပါတာ ဝေရမဏိ- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်ပါ၏ ဆိုတာဟာ လက်တွေ့ကျူးလွန်မယ့် ကာယကံကို ထိန်းချုပ်တာပါ။ ဒီအတိုင်းပဲ။ မုသာဝါဒါ ဝေရမဏိ- လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏ဆိုတာ ၀စီကံကို ထိန်းတာပါ။ ကိုယ်နှုတ်ကို ထိန်းလိုက်တာဟာ ဖြစ်ပေါ်လာမယ့် ဒေါသစတဲ့ ကိလေသာတွေ မဖြစ်အောင် လုပ်တာပါ။ မကောင်းတဲ့ ကိုယ်နှုတ်အမူအရာတွေ နည်းအောင်ပါးအောင်လုပ်တာဟာ သီလဆောက်တည်ခြင်းရဲ့ ရည်ရွယ်ချက်ပါ။ အဲလိုမဟုတ်ဘဲ သီလဆောက်တည်ပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်နေမယ်ဆိုရင် ဗုဒ္ဓအလိုနဲ့ မညီတော့ပါဘူး။ ဘုရားအလိုကျ သီလဆောက်တည်တာ မဟုတ်ပါဘူး။ ဘယ်နှစ်ပါး သီလပဲ ဆောက်တည်ဆောက်တည် ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းနိုင်ခြင်းက အဓိကကျပါတယ်။ ဖြစ်ပေါ်လာမယ့် ဒေါသစတဲ့ ကိလေသာတွေကို မဖြစ်အောင် ထိန်းနိုင်ခြင်းက အဓိကကျပါတယ်။ ဒါနမှသာ ဘုရားရှင်အလိုကျ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာ ဖြစ်မှာပါ။ တစ်ချို့ရှိပါတယ်။ ပြောတော့ ရိပ်သာသွား၊ တရားထိုင်၊ သီလဆောက်တည်တယ်တဲ့ ပြန်လာတော့လည်း မသွားခင်ကအတိုင်းပဲ။ ထစ်ခနဲဆို စိတ်တို၊ စိတ်ဆိုးဖြစ်တုန်းပဲ။ ဒီလို မဖြစ်သင့်ပါဘူး။ မလုပ်ခင်ကထက် လုပ်ပြီးပြန်လာတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်အမူအရာ။ နှုတ်အမူအရာ စတာတွေကို တဖြည်းဖြည်းပြောင်းလဲလာစေရပါမယ်။ ဒါမှသာ ဘုရားအလိုကျ ဖြစ်မှာပါ။ ကိုယ်ကဒီလို ပြောင်းလာတဲ့အခါ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကိုကြည့်ပြီး အလိုလို ပြောင်းလဲလာတတ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ပြောင်းလဲလိုက်ဖို့ပါ။

နောက်ဆုံးတစ်ခုက ဘာဝနာကုသိုလ်ပါ။ ဘုရားရှင်အလိုကျ ဘာဝနာကုသိုလ်ပြုတာဟာ မောဟစတဲ့ ကိလေသာတွေကို ပယ်ခွာဖို့၊ နည်းဖို့ပြုလုပ်တာပါ။ မောဟက တွေဝေခြင်း၊ မသိခြင်း၊ ပညာမဲ့ခြင်းစတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ ဘာဝနာပွားများခြင်းဖြင့် ၀ိပဿနာပညာတွေ တိုးပွားလာပြီး မသိမိုက်မဲမှုတွေ၊ အမှားတွေ နည်းသွားစေရပါမယ်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားတတ်တဲ့ ဉာဏ်တွေရရှိစေရပါမယ်။ အစွဲတွေ လျော့လာစေရပါမယ်။ တစ်ချို့လွဲနေပါတယ်။ ဘာဝနာအားထုတ်မယ်၊ တရားထိုင်မယ်ဆိုပြီး ရိပ်သာသွား တရားထိုင်ကြပါတယ်။ တရားထိုင်ပြီးမှ အစွဲတွေက ပိုများလာတာကို တွေ့ရပါတယ်။ အဆိုးဆုံးက ဆရာစွဲ၊ ရိပ်သာစွဲ၊ တရားစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ဖြစ်လာတာပါ။ ဒီနည်းမှမှန်တယ်။ ဟိုနည်းမမှန်ဘူးဆိုတာတွေ များလာတာပါ။ အဆိုးဆုံးက တရားအားထုတ်တဲ့ ယောဂီအချင်းချင်း ရိပ်သာပြိုင်၊ ဆရာပြိုင်၊ နည်းစနစ်တွေပြိုင်ပြီး မခေါ်မပြောနိုင်တွေ ဖြစ်ကြတာပါ။ အမှန်က အဲလိုမဖြစ်သင့်ပါဘူး။ တရားအားထုတ်ခြင်းဖြင့် အသိတရားလေးတွေ တိုးပွားလာပြီး အမှားအမှန် ခွဲခြားလာတတ်ရမှာပါ။ အစွဲတရားလေးတွေ လျော့လာရမှာပါ။ မောဟစတဲ့ ကိလေသာတွေ နည်းသထက်နည်းလာရမှာပါ။ ဒီလိုဖြစ်လာအောင် တရားဘ၀နာ အားထုတ်ခြင်းကသာ ဘုရားအလိုကျ ဘာဝနာကုသိုလ်ပြုတာပါ။

ဒါကြောင့် အချုပ်အားဖြင့် ဘုရားရှင်အလိုကျ ကုသိုလ်ပြုတယ်ဆိုတာဟာ ကိလေသာတွေကို နည်းသထက်နည်းအောင်၊ ပါးသထက်ပါးအောင် ပြုလုပ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုအောင် လုပ်တာဖြစ်တဲ့အတွက် ဒါနကုသိုလ်ပြုခြင်းဖြင့် လောဘစတဲ့ ကိလေသာတွေ နည်းအောင်၊ သီလဆောက်တည်ခြင်းဖြင့် ဒေါသစတဲ့ ကိလေသာတွေ လျော့လာအောင်၊ ဘာဝနာပွားများခြင်းဖြင့် မောဟစတဲ့ ကိလေသာတွေ တဖြည်းဖြည်း ပယ်ခွာနိုင်အောင်သာ ကြိုးစားဖို့လိုပြီး ကုသိုလ်လုပ်တဲ့အခါ လောဘ၊ ဒေါသ၊ မောဟကိလေသာတွေ ဦးစီးပြီးမလုပ်မိကြဖို့ အထူးလိုအပ်အကြောင်း သတိပေးစကားပြောကြားရင်း “ဗုဒ္ဓအလိုကျ ကုသိုလ်ပြုနိုင်ကြပါစေ”လို့ ဆန္ဒပြုလိုက်ပါတယ်။

Read more »

သေခြင်းတရားသည် အသက်အရွယ်မရွေးပါ…

ဘုန်းဘုန်းတို့ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ ကြာဆို မြန်မာပြည်က ပြန်ကြွလာ ကတည်းကလို့ ဆိုရပါမယ်။ မြန်မာပြည်က ပြန်ရောက်ကတည်းက တကယ့်ကိုပဲ မအားမလပ်ဖြစ်သွားရပါတယ်။ လူကပြန်ရောက်လာပေမယ့် မပြီးပြတ်သေးတဲ့အလုပ်တွေက တစ်ခါတည်းပါလာခဲ့ပါတယ်။ အဲဒီအလုပ်တွေထဲက တစ်ခုကတော့ ဘုန်းဘုန်းရဲ့ သူငယ်ချင်းဆိုလည်းဟုတ်၊ သာသနာ့ညီအစ်ကို ဆိုလည်းဟုတ်တဲ့ အရှင်တစ်ပါးရဲ့ ကျန်းမာရေးကိစ္စပါ။ ဒီအရှင်ဟာ ဘုန်းဘုန်းနဲ့ သာသနာ့တက္ကသိုလ်မှာတည်းက စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့တဲ့အရှင်ပါ။ နာဂစ်ကြောင့် ရွာတစ်ခုလုံး ပျက်ဆီးသွားတဲ့အပြင် ဆရားသမားလည်း ပြန်တော်မူသွား၊ မိဘတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားလို့ သီရိလင်္ကာသွားပြီး ပညာသင်နေတာက ပညာရေးကို ဘေးဖယ်ထားပြီး ဇာတိရွာဖြစ်တဲ့ ငပုတောမြို့နယ်က အုပ်တွင်းရွားလေးမှာ သွားပြီးရွာအကျိုးအတွက် နာဂစ်ကယ်ဆယ်ရေးတွေ ပြန်လုပ်နေတဲ့အရှင်ပါ။ ဘုန်းဘုန်းပြန်ကြွသွားတော့လည်း ဘုန်းဘုန်းနဲ့အတူ အချိန်ပြည့်လိုက်ပြီး နာဂစ်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အရှင်ပါ။ နောက်ပိုင်းမှာ ဘုန်းဘုန်းနဲ့အတူ လူငယ်တွေအတွက် ပညာဒါနကျောင်းဖွင့်ပြီး ပညာဒါနပြုကာ ပရဟိတလုပ်ငန်းတွေ လက်တွဲလုပ်ကြဖို့ အကြံအစီရည်ရွယ်ချက်တွေ ထားကြတဲ့အရှင်ပါ။ အခု အဲဒီအရှင် မရှိတော့ပါဘူး။ သူရည်ရွယ်ထားတဲ့ အရာတွေ၊ လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်တွေကို စွန့်ပြီးလောကကြီးက အပြီးအပိုင်ထွက်သွားပါပြီ။ လွန်ခဲ့တဲ့ 3-10-2008ရက်နေ့ ညနေ ၄နာရီ ၂၅မိနစ်အချိန်လောက်မှာ ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းကြီးမှာ ပျံလွန်တော်မူသွားခဲ့ပါပြီ။ သူ့အသက်ဟာ ခုမှ၃၁နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘဲ ဘ၀နိဂုံးချုပ်သွားရပေမယ့် ဘုန်းဘုန်းအတွက်ကတော့ လက်ရုံးတစ်ဘက် ပြုတ်သွားသလိုပါပဲ။

သူ့ရောဂါအကြောင်း အနည်းငယ်ပြောပြလိုပါတယ်။ သူဖြစ်တဲ့ရောဂါက အသည်းကင်ဆာပါ။ လွန်ခဲ့တဲ့တစ်နှစ် လောက်ကတည်းက အသည်းရောင် အသားဝါဘီပိုးရှိနေတာကိုလည်း သိရပါတယ်။ ဘုန်းဘုန်းရောက်သွားတော့ ဘုန်းဘုန်းနဲ့အတူ နာဂစ်ကယ်ဆယ်ရေးအတွက် အချိန်ပြည့်လိုက်ပါ ဆောင်ရွက်နိုင်ပါတယ်။ ဘုန်းဘုန်းခဏပြန်ကြွလာတယ်ဆိုတော့ မြန်မာပြည်က ဒကာဒကာမတွေကလည်း နေ့စဉ်ဆွမ်းများပင့်ကပ်ကြပါတယ်။ အဲဒီအခါအတိုင်း သူလည်းလိုက်ပါရပါတယ်။ ဒီတုန်းက သိပ်မသိသာသေး ပေမယ့် တစ်ခါတစ်ခါ ဗိုက်ထဲက တင်းတင်းနေတယ်၊ ရင်ခေါင်းတောင့်နေတယ်ဆိုတာကို ပြောပြဖူးပါတယ်။ ဒါနဲ့ ရွေဂုံတိုင်အထူးကု ဆေးခန်းကြီးမှာ အထူးကုဆရာဝန်နဲ့ ပြသကြည့်ပါတယ်။ ဆရာလည်းစစ်ဆေးပြီး ဆေးပေးပါတယ်။ အနားယူလိုက်ရင် ကောင်းသွားပါမယ်လို့လည်း ပြောလိုက်ပါတယ်။ ဆေးတွေသောက်ပြီး တစ်ပတ်လောက်မှာ အတော်လေးသက်သာသွားတယ်လို့ သူပြောပါတယ်။ ဒီလိုနဲ့နေရင်း တစ်နေ့မှာ ဘုန်းဘုန်းနဲ့အတူ ပဲခူးကနေပြီး၊ ဝေါအထိ သွားလိုက်ပါတယ်။ အဲဒီကအပြန် လမ်းကလည်း အရမ်းဆိုးတော့ ဗိုက်ကပြန်ပြီး အောင့်တာ၊ တင်းတာတွေဖြစ်လာပါတယ်။ ဒါနဆရာဝန်သွားပြန်ပြတော့ ဆရာဝန်က ဆေးရုံတက်ပြီး အနားယူမှဖြစ်မယ်ဆိုလို့ သူ့ညွန်ကြားချက်အတိုင်း အာရှတော်ဝင်အထူးကုဆေးခန်းမှာ တက်ပြီးအနားယူဆေးကုပါတယ်။

ဆေးရုံမှာကလည်း သိတဲ့အတိုင်း စရိတ်ကအရမ်းကြီးပါတယ်။ အခန်းခကိုပဲ တစ်နေ့တစ်သောင်းရှစ်ထောင် ပေးရပါတယ်။ မြန်မာပြည်အနေနဲ့ တစ်သောင်းရှစ်ထောင်ဆိုတာ ရှာဖို့အတော်ခက်ပါတယ်။ ဒါပေမယ့် သူကံကောင်းပါတယ်။ ဟိုကလှူဒီကလှူနဲ့ ဆေးခန်းကုန်ချစရိတ်အတွက် သိပ်မပူရပါဘူး။ ဆေးရုံမှာ တစ်ပက်ကျော်ကျော်လောက် နေပြီးကုသပေးနေပေမယ့် အသည်းရောင်တာရယ်၊ ရင်ခေါင်းတောင့်တင်းနေတာရယ်၊ အသည်းဝါနေတာရယ်က ဘယ်လိုမှ ထူးခြားမလာပါဘူး။ ဒါန ဘုန်းဘုန်းလည်း ရောဂါအခြေအနေက ဒီလောက်ဆိုထူးခြားရမယ် ဘာဖြစ်လို့လည်းဆိုတာ သိချင်လို့သူ့ဆရာဝန်နဲ့ သီးသန့်သွားဆွေးနွေးတော့ အသည်းမှာ အကျိတ်တွေ့ရတဲ့အကြောင်း၊ ပြီးတော့ အသည်းထဲမှာ ရှိနေတဲ့အ၀ါရည်တွေဟာလည်း ပုံမှန်ရှိရမှာက ၂၂လောက်ပဲ ရှိရမှာ၊ ၅၀၀ကျော်လောက် ဖြစ်နေကြောင်း၊ ဒီ၅၀၀ကျော်ဟာ အသည်းရောင်အသားဝါ ဘီကြောင့်ဖြစ်နေတာလား ကင်ဆာကြောင့်ဖြစ်နေ တာလည်းဆိုတာ အတိအကျပြောဖို့ ခက်နေကြောင်း၊ ဒါကြောင့် ထင်သလောက်ထူးခြား မလာတာဖြစ်ကြောင်း စသဖြင့် ရှင်းပြပါတယ်။ ဘုန်းဘုန်းလည်း သိသိချင်းအရမ်းကို စိုးရိမ်သွားပါတယ်။ စိတ်ထဲမှာလည်း ကင်ဆာမဖြစ်ပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်းနေမိပါတယ်။ ဒီလိုစိတ်တစ်ထင့်ထင့်နဲ့ပဲ ဘုန်းဘုန်းမြန်မာပြည်က ပြန်လာခဲ့တယ်လို့ အတိုချုံးပြောကြတာပေါ့။

ဒီပြန်ရောက်ပေမယ့်လည်း သူ့ဆီကိုရော သူ့ဆရာဝန်ဆီကိုပါ နေ့တိုင်းနီးပါးဖုန်းဆက်နေရပါတယ်။ နောက်ဆုံး ဆရာဝန်က တတ်နိုင်ရင် စင်္ကာပူသွားပြီး ကုစေချင်တယ်လို့ ပြောလာပါတယ်။ ဒီလိုကြားတော့ ဘုန်းဘုန်းစိတ်ထဲမှာ သူ့အတွက်အရမ်းကို စိုးရိမ်သွားပါတယ်။ နိုင်ငံခြားသွားပြီး ကုရလောက်တဲ့အထိ ဖြစ်လာတာရယ်၊ ငွေရေးကြေရေး အခြေအနေတွေကြောင့်ရယ်ပါ။ ဒါပေမယ့် မသွားလိုက်ရမဖြစ်ရလေအောင် အားလုံးဝိုင်းပြီး ကြိုးစားလိုက်တော့ သူ့ဘုန်းကံပဲပြောရမလား မသိဘူး။ ငွေကြေးအလုံအလောက် ရသွားပါတယ်။ ဒါနဲ့ စင်္ကာပူအထိ သွားတယ်ဆိုပါဆို့။ စင်္ကာပူရောက်တော့လည်း သူ့ကို ကုပေးတဲ့ဆရာဝန်နဲ့ ဘုန်းဘုန်း ဖုန်းအဆက်အသွယ်လုပ် စကားပြောကြည့်လိုက်တော့ သူ့ရောဂါဟာ အသည်းကင်ဆာ ဆိုတာသိလိုက်ရပြီး ပိုက်ဆံရှိပေမယ့် ကုလို့မရတော့တဲ့အခြေအနေဖြစ်လို့ သတိမလစ်ခင်၊ ဒီထက်ပိုပြီးမဆိုးခင် မြန်မာပြည်ပြန်ပင့်သွားတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီး နှစ်ပတ်လောက်အကြာမှာပဲ သူပျံလွန်တော်မူသွားပါတယ်။ ဒါက သူ့ရောဂါနဲ့ ပတ်သက်တဲ့အခြေအနေလေးပါ။

သူရောဂါဟာ ကုလို့မရတော့ဘူးလို့ သိလိုက်တဲ့အတွက် အားလုံးကသူ့ကို တရားအသိနဲ့နေဖို့ ဝေဒနာအပေါ်မှာ သည်းခံပြီး ၀ိပဿနာရှုမှတ်ဖို့ အားပေးကြ၊ တိုက်တွန်းကြပါတယ်။ ဘုန်းဘုန်းလည်း သူ့ကိုတိုက်တွန်းပါတယ်။ ဒီတော့ သူပြန်ပြောတဲ့ စကားလေးက “အရှင်ဘုရားရယ်… တကယ်တမ်းဝေဒနာ ပြင်းလာတော့ ဘယ်လိုမှ မှတ်လို့မရဘူးဘုရား…”တဲ့။ ဘုန်းဘုန်းစိတ်ထဲမှာ အတော့်ကို ထိခိုက်သွားမိပါတယ်။ တစ်ဘက်ကလည်း သတိသံဝေဂဖြစ်သွားမိပါတယ်။ “ဒီတရားအလုပ်ဆိုတာဟာလည်း ပါရမီအထုံရှိပြီး အလေ့အကျင့်များနေမှ ရှုမှတ်လို့ဖြစ်တာပါလား…။ ရောဂါဖြစ်လာမှ၊ သေခါနီးအခါမှ ရုတ်တရက်ထလုပ်လို့ မလွယ်တဲ့အလုပ်ပါလား..”စသဖြင့် လား…ပေါင်းများစွာလည်း ၀င်လာမိပါတယ်။ အားလုံးလည်း ဒီအသိလေးတွေ ၀င်စေချင်ပါတယ်။ လုပ်နိုင်တုန်းအချိန်လေးမှာ ကြိုးစားပြီး လုပ်ထားကြစေချင်ပါတယ်။

ထားပါတော့ အခုတော့ ဒီအရှင် မရှိတော့ပါဘူး။ လာမယ့် 9ရက်နေ့ဆို သူ့ရက်လည်ပါ။ သူဟာ အသက် ၃၁နှစ်မှာပဲ ကံစွမ်းကုန်လို့ သေသွားရပြီလို့ပဲ ဖြေကြရတော့မှာပေါ့။ “ကံစွမ်းကုန်လို့ သေတယ်”တဲ့ ဒီစကားလေးဟာ ဗုဒ္ဓအဘိဓမ္မာမှာ လာတဲ့စကားလေးပါ။ အဘိဓမ္မာမှာ သေခြင်းလေးမျိုး ရှိကြောင်းဖော်ပြပါတယ်။
၁။ အာယုက္ခယ = သက်တမ်းကုန်လို့သေခြင်း၊
၂။ ကမ္မက္ခယ = ကံစွမ်းကုန်လို့သေခြင်း၊
၃။ ဥဘယက္ခယ = အသက်၊ ကံနှစ်မျိုးကုန်လို့သေခြင်း
၎။ ဥပေစ္ဆေဒက မရဏ = ရုတ်တရက်အက်စိဒင့်ဖြစ်လို့သေခြင်း ဆိုတဲ့ သေခြင်းလေးမျိုးမှာ ဘုန်းဘုန်းရဲ့ သူငယ်ချင်း အရှင်ကတော့ ကံစွမ်းကုန်လို့ သေသွားတာလို့ဆိုရပါမယ်။ ဒီလိုပဲတွေးပြီး စိတ်ကိုဖြေရပါတယ်။

မှန်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ သေခြင်းတရားဆိုတာ မွေးကတည်းက ပါလာပြီးသားပါ။ မွေးတယ်ဆိုတာ သေဖို့ဖြစ်လာတာပါ။ ဒီသေခြင်းတရားဟာ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ ပုဂ္ဂိုလ်မရွေး ရောက်လာတတ်တဲ့သဘောပါ။ ဘယ်အရွယ်မှာ သေရမယ်ဆိုတာ အတိအကျပြောလို့ မရသလို သတ်မှတ်လို့လည်း မရပါဘူး။ သေချာတာ တစ်ခုက သေရမယ်ဆိုတာပါပဲ။ ဒီတော့ သေရမယ်ဆိုတာဟာ သေချာသိနေပြီဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့တတွေ မသေခံ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုပါပြီ။ ဘုန်းဘုန်းတို့ကို တရားပြသွားတဲ့ ဒီအရှင်ရဲ့စကားလို “ဝေဒနာပြင်းလာတော့ တရားမှတ်ဖို့လည်း မလွယ်ဘူး” ဆိုတာလေးကို အမြဲနှလုံးသွင်းပြီး ဝေဒနာမပြင်းခင် တရားမှတ်ထားဖို့ လိုနေပါပြီ။ အသေကောင်းဖို့အတွက် အနေကောင်းဖို့လိုပါပြီ။ အနေကောင်းဖို့အတွက်လည်း အလုပ်ကောင်းဖို့လိုပါပြီ။ အလုပ်ကောင်းဖို့ဆိုတာ အကောင်းလုပ်ဖို့ပါ။ အကောင်းလုပ်၊ အကောင်းပြော၊ အကောင်းကြံမယ်ဆိုရင် သေခါနီးအခါမှာ ဝေဒနာတွေ ဘယ်လောက်ပဲပြင်းပြင်း အသေကောင်းနိုင်ပါပြီ။

ဒါကြောင့် ဘုန်းဘုန်းအပါအ၀င် ဓမ္မမိတ်ဆွေများအနေနဲ့ သတိသံဝေဂ ယူထားရမှာက သေခြင်းတရားဟာ အသက်အရွယ်မရွေးဘူးဆိုတာပါ။ ဒီအသိနဲ့အတူ တခြားအရာတွေ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပေမယ့် သေရမယ်ဆိုတာကတော့ သေချာနေပြီဆိုတာ မမေ့ကြဖို့နဲ့ အသေကောင်းအောင် အနေကောင်းဖြစ်ဖို့ အလုပ်ကောင်းအောင်ကြိုးစားဖို့ အရေးကြီးနေပြီ ဖြစ်ကြောင်းအသိပေးစကား ပါးလိုက်ရပါတယ်….

(ဘ၀နတ်ထံပျံလွန်တော် မူသွားတဲ့အရှင်မြတ်အား သတိတရဖြင့် ကောင်းမှုအစုစုအတွက် အမျှပေးဝေပါသည်။ ဖြစ်ရာဘ၀ ဘုံဌာနမှ သာဓုခေါ်နိုင်ပါစေ… သာဓု…သာဓု…သာဓု)

Read more »

ကိုယ့်ကိုယ်ကို ရှာပါတဲ့…

ဘုန်းဘုန်းတို့ ဒီနေ့အချိန်နဲနဲရတာနဲ့ ဇိနတ္တပကာသနီကျမ်းကြီးကို ဟိုလှန်ဒီလှန် ဖတ်ကြည့်လိုက်မိပါတယ်။ အားလုံးသိထားပြီးတဲ့အတိုင်း ဇိနတ္ထပကာသနီကျမ်းဆိုတာ ကျီးသဲလေးထပ်ဆရာတော်ကြီး ရေးသားတော်မူတဲ့ ဘုရားရှင်ရဲ့ ဖြစ်တော်စဉ်ကျမ်းကြီးပါ။ မင်းကွန်းဆရာတော်ဘုရားကြီးရေးတဲ့ မဟာဗုဒ္ဓ၀င်ကျမ်းကြီးနဲ့ ချိန်ထိုးပြောမယ်ဆိုရင်တော့ ဗုဒ္ဓ၀င်အကျဉ်းလို့ ပြောလို့ရပေမယ့် အတော်အတန်ပြည့်စုံတဲ့ ကျမ်းတစ်စောင်ပါ။

အဲဒီစာအုပ်ကို ဖတ်ကြည့်ရင်း တစ်နေရာမှာ ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိတ်တို့ ဘုရားရှင်နဲ့ တွေ့ကြပုံအကြောင်း ရေးထားတာဖတ်လိုက်ရပါတယ်။ ဘဒ္ဒ၀ဂ္ဂီညီနောင်ဆိုတာ တခြားသူတွေ မဟုတ်ပါဘူး။ ကောသလမင်းကြီးရဲ့ မြောက်များလှတဲ့ မိဘုရားတွေကမွေးထားတဲ့ အဖေတူအမေကွဲ ညီနောင်တွေပါ။ ဖခင်ကဘုရင်ဖြစ်တဲ့အတွက် ဒီညီနောင်တွေဟာ ဖခင်အုပ်ချုပ်တဲ့ နိုင်ငံအတွင်းမှာ စိတ်ကြိုက်ပျော်ပါး၊ ကာမဂုဏ်ခံစားလို့ ရနေကြသူတွေပါ။ တစ်နေ့မှာ သူတို့တစ်တွေ ကိုယ့်ဆိုင်ရာဇနီးတွေနဲ့ ပျော်ပွဲစားထွက်ကြပါတယ်။ သူတို့ထဲက တစ်ယောက်ကတော့ ကိုယ်ပိုင်ဇနီးမရှိသေးတဲ့အတွက် အခကြေးငွေပေးပြီး အမျိုးသမီးတစ်ယောက်ကို ခေါ်သွားပါတယ်။ တောအုပ်တစ်နေရာရောက်တော့ မောမောပန်းပန်းနဲ့ အိပ်ပျော်နေတဲ့အချိန် ငွေပေးခေါ်လာတဲ့ အမျိုးသမီးဟာ သူတို့လက်ဝတ် ရတနာတွေယူပြီး ထွက်ပြေးသွားပါတယ်။ ညီနောင်တွေအိပ်ရာနိုးတော့ သိတဲ့အခါ အဲဒီအမျိုးသမီးကို လိုက်ရှာကြပါတယ်။ ရှာရင်းရှာရင်း တောအုပ်တစ်နေရာ ရောက်တော့ ဥရုဝေလတောမှ ကြွတော်မူပြီး ခေတ္တနားနေတော်မူတဲ့ မြတ်စွာဘုရားရှင်နဲ့တွေ့ပြီး ညီနောင်တို့က ဘုရားရှင်ကို မေးတော်မူပါတယ်။

“အရှင်ဘုရား…အမျိုးသမီးတစ်ယောက်ကို မတွေ့မိဘူးလားဘုရား”။
ဒီတော့ ဘုရားရှင်က သူတို့ကို ထပ်မေးပါတယ်။
“ချစ်သားတို့…ဘာကို ရှာနေကြတာလဲ”။
“တပည့်တော်တို့ အမျိုးသမီးတစ်ယောက်ကို ရှာနေတာပါဘုရား..”
အဲဒီအခါ မြတ်စွာဘုရားက
“ချစ်သားတို့…အမျိုးသမီးကို ဘာလုပ်ဖို့ ရှာမှာလဲ…ကိုယ့်ကိုယ်ကို ရှာကြပါ”။ လို့ မိန့်တော်မူပါတယ်။

အချုပ်ပြောရရင် အဲဒီလို ညီနောင်တို့ဟာ ဘုရားရှင်နဲ့တွေ့ ဘုရားရှင်က သူတို့ကို ကိုယ့်ကိုယ်ကို ရှာဖို့ပြောရင်း တရားဟောလို့ သူတို့တွေ အကျွတ်တရားရ ရဟန်းဝတ်သွားကြကြောင်း ဖတ်လိုက်ရပါတယ်။

ဒီမှာ ဖတ်ရင်းဘုန်းဘုန်း စိတ်ထဲမှာ ဘုရားရှင်အပေါ် အရမ်းးကြည်ညိုပြီး ကျေနပ်သွားတဲ့ စကားလေးတစ်ခွန်းကို မှတ်မှတ်ရရ စိတ်ထဲမှာ စွဲကျန်သွားစေခဲ့ပါတယ်။ ဘုရားရှင်မိန့်တော်မူတဲ့စကားလေးက “ချစ်သားတို့ အမျိုးသမီး (တစ်ခြားသူ)ကို မရှာနဲ့။ ကိုယ့်ကိုယ်ကိုရှာ” ဆိုတဲ့ မိန့်တော်မူချက်လေးပါ။ သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ပြည့်ဝတဲ့စကားလေးပါ။ “ကိုယ့်ကိုယ်ကိုရှာပါ”တဲ့။ ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့အပါအ၀င် ပုထုဇင်ပုဂ္ဂိုလ်တွေဟာ ကိုယ့်ကိုယ်ကို ရှာဖို့မေ့နေကြပါတယ်။ ကိုယ့်ကိုယ်ကို မရှာဘဲ သူတစ်ပါးကိုပဲ ရှာနေကြပါတယ်။ ကိုယ့်ကိုယ်ကို မြင်အောင်မကြည့်ဘဲ သူတစ်ပါးကို ကြည့်နေတတ်ကြပါတယ်။ သူတစ်ပါးကို ကြည့်ပြီဆိုကတည်းက ကောင်းတဲ့ရှုထောင့်က ကြည့်ဖို့ထက် အဆိုးကိုသာ ကြည့်ဖို့များသွားပါပြီ။ ကိုယ်ဘာဖြစ်တယ်။ ကိုယ်ဘာလုပ်တယ် ဆိုတာကို မကြည့်ဘဲ သူတစ်ပါးဘာဖြစ်တယ်။ သူတစ်ပါးဘာလုပ်တယ်ဆိုတာပဲ လိုက်ကြည့်နေတတ်ကြပါတယ်။ အဲဒီလို ကြည့်ရင်းသူတစ်ပါးရဲ့ လုပ်ရပ်တွေ၊ အမှားတွေ၊ အပြစ်တွေကိုတွေ့ပြီး သူ့အမှားက ကိုယ့်အမှားအဖြစ်၊ သူ့အပြစ်က ကိုယ့်အပြစ်အဖြစ် အကုသိုလ်တွေ တပွေ့တစ်ပိုက်နဲ့ ကိုယ့်ရဲ့စိတ်ထဲရောက်အောင် လုပ်တော့တာပါပဲ။ သူတစ်ပါးကိုကြည့်ရင်း သူတစ်ပါးရဲ့ အကုသိုလ်တွေကို ကိုယ့်ဆီရောက်အောင် လုပ်လိုက်ကြတော့တာပါပဲ။

တကယ်တော့ လူတိုင်းလူတိုင်း အထူးသဖြင့် ပုထုဇင်တိုင်း အားနည်းချက် ကိုယ်စီဆိုတာ ရှိတတ်ပါတယ်။ သူတပါးမှာ ရှိတဲ့အားနည်းချက်ကို ကိုယ်ကလိုက်ကြည့်ပြီး အပြစ်မြင်၊ မကောင်းတဲ့အတွေးတွေ ၀င်လိုက်တော့ ကိုယ်ရလိုက်တာက အပြစ်တွေ၊ အကုသိုလ်တွေဖြစ်သွားတာပေါ့။ ဒီအပြစ်တွေ အကုသိုလ်တွေ ကိုယ့်စိတ်ထဲ ရောက်လာတော့ ကိုယ်ကိုယ်တိုင်လည်း စိတ်မအီမသာ၊ စိတ်မချမ်းမသာတွေဖြစ်ပြီး မကောင်းတဲ့ဆင့်ကဲ အတွေးတွေ၊ အကုသိုလ်တွေ တိုးလာတတ်ပြန်ပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သူတစ်ပါးကို ရှာလိုက်တဲ့အတွက်ကြောင့်ပါ။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ စကားတော်အတိုင်း ပြောရရင် “မမြင်အပ်ရာ ကိလေသာ သူ့ဟာသူငြိမ်း၏” ဆိုသလို အကုသိုလ်ဆိုတဲ့သဘော၊ ကိလေသာဆိုတဲ့ သဘောမျိုးက မမြင်ရင်၊ မကြည့်ရင် မဖြစ်ပါဘူး။ မြင်လို့ကြည့်လို့ရှာလို့ တွေ့တဲ့သဘောပါ။ ဘုရားရှင်ရဲ့ စကားတော်အတိုင်း ကိုယ့်ကိုယ်ကို ရှာကြည့်ကြဖို့ လိုပါတယ်။ တရားရှာ ကိုယ်မှာတွေ့ ဆိုသလို ကိုယ့်ကိုယ်ကို ပြန်ရှာပြန်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ မကောင်းတဲ့အတွေးတွေ၊ အကြံတွေ၊ အပြောအဆိုတွေ၊ အလုပ်အကိုင်တွေ ရှိနေရင် အဲဒီအကုသိုလ် ကိလေသာတွေကို မြင်အောင်ကြည့်ပြီး မဖြစ်အောင်၊ ဖြစ်နေရင် တိုးမလာအောင် အားထုတ်ဖို့ လိုပါတယ်။ ဒီလိုလုပ်တာဟာ တကယ်တော့ ကိုယ့်ကိုယ်ကို ရှာလိုက်တာပါ။ ဘုရားရှင်က “သူတစ်ပါးကို အနိုင်ရဖို့ထက် မိမိရဲ့အတွင်း ကိလေသာတွေကို အနိုင်ရဖို့လိုကြောင်း၊ အဲဒီလို အနိုင်ရမှုမျိုးသာ အမြတ်ဆုံး အနိုင်ရမှုဖြစ်ကြောင်း” ဟောတော်မူပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို အနိုင်ရဖို့အတွက် ကိုယ့်ကိုယ်ကို ရှာကြည့်ဖို့လိုပါတယ်။ ရှာတဲ့အခါ သိပြီးတွေ့ပါလိမ့်မယ်။ အဲလို သိပြီးတွေ့တဲ့အခါ ကိုယ့်သန္တာန်မှာ မကောင်းတဲ့ကိလေသာတွေ ရှိနေရင် ဒါတွေကို မဖြစ်အောင်၊ မတိုးပွားကြိုးစားရပါမယ်။ ကောင်းတဲ့ကုသိုလ်တရားတွေ ရှိနေရင် ပိုပြီးတိုးပွားအောင် ကြိုးစားရပါမယ်။ ဒီလိုလုပ်တာဟာ ကိုယ့်ကိုယ်ကို ရှာကြည့်ပြီး အနိုင်ယူလိုက်တာပါ။ ဒီလို လုပ်နိုင်အောင် မိမိတို့ရဲ့ စိတ်တွေကို တဖြည်းဖြည်း လေ့ကျင့်ပေးရပါတယ်။ တစ်ခါတည်း၊ တစ်ထိုင်တည်းကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သတိရတိုင်း၊ သတိရတိုင်း အလေ့အကျင့်လုပ်ပေးမယ်ဆိုရင် စိတ်ကိုတဖြည်းဖြည်း ထိန်းလာနိုင်ပါလိမ့်မယ်။ ဖြစ်လာနိုင်တဲ့ အကုသိုလ်တွေကို မဖြစ်အောင် ထိန်းလာနိုင်ပါလိမ့်မယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ရှာကြည့်နည်း တစ်မျိုးပါ။

ဒါကြောင့် ဘဒ္ဒ၀ဂ္ဂီညီနောင် သုံးကျိတ်တို့ကို ဘုရားရှင်မိန့်တော်မူသလို “သူတစ်ပါးကို မရှာဘဲ၊ ကိုယ့်ကိုယ်ကို ရှာကြည့်ကြ“ပါလို့ ဘုရားစကား အငှါးသုံးပြီး ဘုန်းဘုန်းတို့ ဓမ္မမိတ်ဆွေများကို တရားစကားလက်ဆောင် ပါးလိုက်ပါတယ်။

အားလုံးကိုယ့်ကိုယ်ကို မြင်အောင် ကြည့်နိုင်ကြပါစေ။

Read more »

သိင်္ဂါလသုတ်လာ ကျင့်ဝတ်များ...

သိင်္ဂါလာသုတ္တန်သည် သိင်္ဂါလသတိုးသားအား ဘုရားရှင်ဟောတော်မူသည့် သုတ္တန်ဖြစ်သည်။ သိင်္ဂါလသတိုးသားသည် ဖခင်ကြီးမသေခင်က မှာကြားသွားခဲ့သည့် အရပ်(၆)ပါးကို လုံခြုံအောင်စောင့်ထိန်းပါ ဆိုသော စကားကိုနားလည်မှုလွဲပြီး နေ့စဉ်မနက်တိုင်း အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အထက်၊ အောက် ဟူသော အရပ်တို့ကိုသာ မျက်နှာမူ၍ ရှိခိုးနေလေ့ရှိ၏။ တစ်နေ့ မြတ်စွာဘုရားရှင်နှင့် တွေ့ကာ ဘုရားရှင်က သင်၏အဖေမှာသွားတဲ့ အရပ် (၆)ပါးဟူသည် အဲဒီအရပ်တို့ကို ဆိုသည်မဟုတ်
၁။ မိဘနှင့်တူသော အရှေ့အရပ်၊
၂။ ဆရာသမားနှင့်တူသော တောင်အရပ်၊
၃။ သားမယားနှင့်တူသော အနောက်အရပ်၊
၎။ အဆွေခင်ပွန်းနှင့်တူသော မြောက်အရပ်၊
၅။ အစေအပါး၊ အလုပ်သမားနှင့်တူသော အောက်အရပ် နှင့်
၆။ ရဟန်းပုဏ္ဏားနှင့် တူသော အထက်အရပ်
တို့ကို ဆိုကြောင်း အဲဒီအရပ် (၆)ပါးတို့၌ ဖြည့်ကျင့်ရမည့် ၀တ္တရားများကို ဖြည့်ကျင့်ဖို့မှာသွားခြင်း ဖြစ်ကြောင်း မိန့်တော်မူပြီး ဆိုင်ရာဝတ္တရားတို့ကို အောက်ပါအတိုင်း ဟောကြားတော်မူသည်။

မိဘ၀တ္တရား (၅)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ အတတ်ပညာကို သင်စေခြင်း
၎။ လျှောက်ပတ်သော သူနှင့်ထိန်းများလက်ထပ်ပေးခြင်း
၅။ လျှောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းပေးခြင်း
ဆောင်ပုဒ်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျင် ၀တ်ငါးအင် ဖခင်မယ်တို့တာ။

သားသမီးဝတ္တရား (၅)ပါး
၁။ မိဘတို့ကိုပြန်၍ ပြုစုလုပ်ကျွေး မွေးမြူခြင်း
၂။ မိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးခြင်း
၃။ မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း
၎။ အမွေခံထိုက်အောင် ကျင့်ကြံလိုက်နာခြင်း
၅။ ကွဲကွာသေလွန်သော မိဘတို့၏အလို့ငှါ အလှူဒါနပြုလုပ်ပေးခြင်း
ဆောင်ပုဒ်။ ။ ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ် ၀တ်ငါးသွယ် ကျင့်ဖွယ်သားတို့သာ။

ဆရာ့ဝတ္တရား (၅)ပါး
၁။ ကောင်းစွာဆုံးမသင့်သော အရာကို ဆုံးမခြင်း
၂။ ကောင်းစွာသင်သင့်သော အရာကို သင်စေခြင်း
၃။ အလုံးစုံသော အတတ်ကို ပြောကြားသင်ကြားခြင်း
၎။ ကောင်းသောအဆွေခင်ပွန်းတို့ အထံ၌ အပ်နှံခြင်း
၅။ ခတ်သိမ်းသောအရာတို့၌ အစောင့်အရှောက်ကို ပြုခြင်း
ဆောင်။ ။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးတား၊ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

တပည့်ဝတ္တရား (၅)ပါး
၁။ နေရာမှထ၍ ခရီးဦးကြိုဆိုခြင်း
၂။ ဆည်းကပ်ခစားခြင်း
၃။ စကားကို နာယူခြင်း
၎။ အရိုအသေလုပ်ကျွေးခြင်း
၅။ အတတ်ပညာကို ရိုသေစွာသင်ကြားလေ့ကျက်ခြင်း
ဆောင်။ ။ ညီညာထကြွ၊ ဆုံးမနာယူ၊ လာမူကြိုဆီး၊ ထံနှီးလုပ်ကျွေး၊ သင်ထွေးအံရွတ်၊ တပည့်ဝတ်၊ မချွတ်ငါးခုသာ။

လင့်ဝတ္တရား (၅)ပါး
၁။ အမြတ်တနိုး ခေါ်ဆိုခြင်း
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်း
၃။ မိမိမယားတပါး အခြားမိန်းမတို့နှင့် မပျော်ပါးခြင်း
၎။ စားဖိုဆောင် အုပ်စိုးမှုကို လွဲအပ်ခြင်း
၅။ အ၀တ်တန်ဆာ ဆင်ပေးခြင်း
ဆောင်။ ။ မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ။

မယားဝတ္တရား (၅)ပါး
၁။ အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း
၂။ နှစ်ဘက်သော ဆွေမျိုးများအား ချီးမြှောက်ခြင်း
၃။ မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မပျော်ပါးခြင်း
၎။ ရှာဖွေစုစောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းမှကင်းခြင်း
ဆောင်။ ။ အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ။

အဆွေခင်ပွန်းဝတ္တရား (၅)ပါး
၁။ ပေကမ်းစွန်ကြဲခြင်း
၂။ ချစ်ဖွယ်သောစကားကိုဆိုခြင်း
၃။ အကျိုးစီးပွားကို ကျင့်ဆောင်ခြင်း
၎။ မိမိနှင့်ထပ်တူညီမျှ ဆက်ဆံခြင်း
၅။ မခွတ်မယွင်း ပြောဆိုပေးကမ်းခြင်း
ဆောင်။ ။ ပေးကမ်းချီးမြင့်၊ ကိုယ်နှင့်ယှဉ်ထား၊ စီးပွားဆောင်ရွက်၊ နှုတ်မြွက်ချိုသာ၊ သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ။

အရှင်သခင်ဝတ္တရား (၅)ပါး
၁။ ခွန်းအားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်း
၂။ ထမင်းရိက္ခာပေးခြင်း
၃။ မကျမ်းမာသောအခါ ပြုစုစောင့်ရှောက်ပေးခြင်း
၎။ ထူးဆန်းသော အရာသာများကို ခွဲဝေပေးခြင်း
၅။ အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း
ဆောင်။ ။ ၀စွာကျွေးမွေး၊ ပြုရေးစီရင်၊ နာလျှင်ကုစေ၊ ငှဝေရသာ၊ အခါကိုလွှတ်၊ အရှင်ဝတ်၊ ဟောရွတ်ပဉ္စဓာ။

အလုပ်သမားဝတ္တရား (၅)ပါး
၁။ အရှင်၏ရှေးဦးစွာ အိပ်ရာမှထခြင်း
၂။ အရှင်အိပ်သည်မှ နောက်၌လေ့ရှိခြင်း
၃။ ပေးသည်ကိုသာ ယူလေ့ရှိခြင်း
၎။ အမှုကိစ္စကို ကောင်းစွာပြုလုပ်ပေးခြင်း
၅။ အရှင်၏ဂုဏ်သတင်းကို ဆောင်ခြင်း
ဆောင်။ ။ အိပ်သော်နောက်ကျ၊ ထသော်ကားရှေး၊ ပေးမှယူအပ်၊ စေ့စပ်ဆောင်ရွက်၊ ကျေးဇူးမြွက်၊ ငါးချက်ကျွန်ကျင့်ရာ။

ရဟန်းဝတ္တရား (၆)ပါး
၁။ မကောင်းမှုမှတားမြစ်ခြင်း
၂။ ကောင်းမှု၌ သက်ဝင်စေခြင်း
၃။ ကောင်းသောစိတ်ဖြင့် စောင့်ရှောက်ခြင်း
၎။ မကြားဖူးသေးသော တရားစကားကို ဟောကြားခြင်း
၅။ ကြားဖူးပြီးသော တရားစကားကို ထပ်မံဟောကြားခြင်း
၆။ နတ်ပြည်ခရီးကို ပြောကြားခြင်း
ဆောင်။ ။ မကောင်းမြစ်တာ၊ ကောင်းရာညွှန်လစ်၊ အသစ်ဟောကြူး၊ နာဖူးထပ်မံ၊ နတ်ထံတင်ရာ၊ မေတ္တာလည်းပြု ရဟန်းမှု ခြောက်ခုလွန်သေချာ။

ဒါယကာဝတ္တရား (၅)ပါး
၁။ မေတ္တာနှင့် ယှဉ်သောကာယကံမှု ပြုခြင်း
၂။ မေတ္တာနှင့်ယှဉ်သော ၀စီကံမှု ပြုခြင်း
၃။ မေတ္တာနှင့်ယှဉ်သော မနောကံမှု ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်၍ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ဖိတ်ကြားခြင်း)
၅။ ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်း
ဆောင်။ ။ မေတ္တာစိတ်သက်၊ ဆောင်ရွက်ချစ်ခင်၊ ခင်မင်နှုတ်ချို၊ လိုလျှင်ဖိတ်ထား၊ တတ်အားလှူစေ၊ ၀တ်ငါးထွေ ကျင့်လေဒါယကာ။

Read more »

ကုသိုလ်ဖြစ်မဖြစ်…ရဟန်းလူထွက်…ပြီးတော့ သက်သတ်လွတ်…

Q.အရှင်ဘုရား…
(၁) ကျောင်းဆောက်လှူဒါန်းရန် ပုံမှန်ငွေကြေး စုဆောင်းလာသော်လည်း ဆောက်မလှူရသေးလျှင် ဆောက်လှူရန် အဆင်မပြေသေးလျှင် ကုသိုလ်ဖြစ်ပါသလားဘုရား။ ထိုငွေများကို ကျောင်းဆောက်ရန်နှင့် သံဃာတော်များအတွက် ပစ္စည်းလေးပါးအဖြစ် လှူဒါန်းပါသည်ဟု မြတ်စွာဘုရားထံ ရည်စူးလှူဒါန်းထားလျှင် ဒါနမြောက်ပါသလား။ မိမိတွင် သုံးစရာအကျပ်အတည်းကြုံသဖြင့် ထိုငွေထဲမှ (မကြာခင် ဒီထက်မ ပြန်အစားဖြည့်ပေးမည်ဖြစ်၍) မဆိုစလောက် ခဏယူသုံးမိလျှင် အပြစ်ရှိပါသလား။
(၂) နေထိုင်ရာအခန်းကို ဘုရားအမှူးရှိသော သံဃာအား ကျောင်းအဖြစ်လှူဒါန်းပါ၏ဟု စိတ်ကရည်စူးလှူဒါန်းပြီး နေရာခင်ကျင်း ပြင်ဆင်ပေးထားလျှင် ဒါနမြောက်ပါသလား။ တကယ်သီတင်းသုံးသည့် သံဃာ မရှိလို့ ဒါနမမြောက်ဘဲ နေပါသလား။
(၃) မိမိဆန္ဒမပါဘဲ မိဘဆွေမျိုးစသည်တို့ကြောင့် လူထွက်လိုက်ရသည့် သံဃာတပါးဟာ အရေးကြီးတဲ့ ၀ိနည်းတစ်ချို့ကို ဆက်ထိန်းနေမယ်၊ လူဝတ်ဝတ်ထားပြီး လူလိုအလုပ်လုပ်နေရပေမယ့် သူ့စိတ်ထဲမှာ ရဟန်းလိုပဲ ဆက်ဖြစ်နေမယ်ဆိုရင် သူကထုတ်မပြောဘဲ ကိုယ့်ကိုလူလို ဆက်ဆံနေပေမယ့် ဒီပုဂ္ဂိုလ်ကို လူလားရဟန်းလား ဘယ်လိုသတ်မှတ်ရပါမလဲ။ သူ့ကိုလှူရင် ဒါမှမဟုတ် စော်ကားရင် ရဟန်းတစ်ပါးကို လှူတာစော်ကားတာနဲ့ ကုသိုလ်အကုသိုလ် တူပါသလား။
(၄) နောက်ပြီး သက်သတ်လို့စားရင် ကြက်ဥဘဲဥက လေဥမို့လို့ စားလို့ရတယ်ဆိုတာ ဟုတ်ပါသလား…
(ဇွဲ)


A. (၁) ဗုဒ္ဓဘာသာစာပေမှာ ပုဗ္ဗစေတနာ (မလှူမီရှေ့အဖို့မှာဖြစ်သောစေတနာ)၊ မုဉ္စစေတနာ (လှူဆဲအခိုက်အတန့်မှာ ဖြစ်သောစေတနာ)၊ အပရစေတနာ (လှူပြီးနောက်ပိုင်းမှာ ဖြစ်သောစေတနာ) လို့ စေတနာ သုံးမျိုးရှိပါတယ်။ ဒီစေတနာသုံးမျိုးလုံးဟာ ဖြစ်တိုင်းဖြစ်တိုင်း ကုသိုလ်တရားကို တိုးပွားစေ၊ ကုသိုလ်စိတ်ကိုဖြစ်စေပါတယ်။ ဒါကြောင့် မလှူမီ အလှူနဲ့ပတ်သက်တဲ့ ဘယ်လိုနည်းလေးဖြင့် လှူလိုက်မယ်၊ ဘယ်လောက်အတိုင်းအတာအထိ လှူလိုက်မယ်စတဲ့ စိတ်လေးတွေ၊ ကြံစီမှုလေးတွေဟာ ပုဗ္ဗစေတနာလေးတွေပါ။ မလှူဖြစ်သေးပေမယ့် ကုသိုလ်စိတ်လေးတွေနဲ့ ကြံစီတွေးတောနေတဲ့အတွက် စိတ်စေတနာအလျှောက် ကုသိုလ်လေးတွေဖြစ်နေပါတယ်။ အခြားအကုသိုလ်စိတ်လေးတွေ မရှိဘဲ ကုသိုလ်စိတ်၊ ကုသိုလ်အတွေးလေးတွေနဲ့ ကြံစီတွေးတော၊ ဆောင်ရွက်နေတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် သေချာပေါက် ကုသိုလ်ဖြစ်နေပါတယ်။ မေးခွန်းရှင်ရဲ့ အမေးထဲမှာကိုက အကောင်အထည်မပေါ်သေးပေမယ့် ကျောင်းဆောက်မယ်လှူမယ်၊ သံဃာတော်များ ပစ္စည်းလေးပါးအတွက် လှူဒါန်းမယ်စတဲ့ ကုသိုလ်ရည်ရွယ်ချက်တွေက ပါပြီးဖြစ်နေတဲ့အတွက် ဒီစိတ်လေးတွေနဲ့ ရှာဖွေ၊ ကြိုးစားလုပ်ကိုင်နေတာနဲ့တွင် ကုသိုလ်စိတ်တွေဖြစ်နေပါတယ်။ အရာအားလုံးမမြဲတဲ့အတွက် ပြီးတော့ ပုထုဇဉ်တို့ရဲ့ သဒ္ဓါတရားကိုက မခိုင်မြဲသေးတဲ့အတွက် ဖြစ်ပေါ်တုန်းအခိုက်အတန့်ဟာ အကောင်းဆုံးလို့ သတ်မှတ်ရတဲ့သဘောပါ။ အကောင်အထည် မပေါ်လာသေးပေမယ့် ဒီလိုစေတနာ၊ ရည်ရွယ်ချက်လေးတွေရှိနေတာကိုက ကုသိုလ်ဖြစ်နေတာပါ။ ဒီလို ရည်ရွယ်ရှာဖွေရင်း အကြောင်းကိစ္စပေါ်ပေါက်လာတဲ့အခါ ပြန်လည်အသုံးပြုရတဲ့ သဘောလေးတွေရှိပါတယ်။ ဒီမှာလည်း မဖြစ်လို့၊ အရေးပေါ်မို့လို့ သုံးလိုက်ရပေမယ့် စေတနာရည်ရွယ်ချက်က တမင်လုပ်လိုတဲ့ ရည်ရွယ်ချက်မရှိသလို ပိုပြီးလှူလိုတဲ့ ရည်ရွယ်ချက်က ဦးစီးနေတဲ့အတွက် အပြစ်အားဖြင့် ကြီးလေးတဲ့အပြစ်တော့ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ မိမိရဲ့စေတနာရည်ရွယ်ချက်ပေါ် မူတည်နေပါတယ်။ မိမိကိုယ်ပိုင်ငွေကြေးများ ဖြစ်တဲ့အတွက် ပြီးတော့ သာသနာကို လွတ်လွတ်ကျွတ်ကျွတ် ရေစက်ချလှူဒါန်းထားတဲ့ သဘောမျိုးမရှိသေးတဲ့အတွက် အပြစ်လို့ပြောဖို့ခက်ပါတယ်။ အဲသာသနာကို လှူပြီးပြီ ရေစက်ချပြီးပြီဆိုရင်တော့ ကိုယ့်လက်ထဲမှာ ရှိပေမယ့် ကိုယ်ပိုင်မဟုတ်တော့ပါဘူး။ ကုလားကြီး လှူသလိုမဖြစ်ဖို့တော့ လိုပါတယ်။ နွားနို့ပို့တဲ့ကုလားကြီး သူ့နွားနို့အိုးမှောက်သွားတဲ့အခါမှ “မှောက်သွားတဲ့ နွားနို့အိုး ရွှေတိဂုံဘုရားကို လှူပါ၏”လို့ မဖြစ်ဖို့လိုပါတယ်။ ကောင်းတဲ့စေတနာမှန်ရင် အဖြစ်မဖြစ်ပါဘူး။ စေတနာသာ အဓိကပါ။

(၂) ဒီအတိုင်းပါပဲ သီတင်းသုံးမည့် သံဃာမရှိပေမယ့် ဘုရားအမှုးရှိတဲ့ သံဃာတော်များကျောင်းအဖြစ် သီတင်းသုံးနိုင်ရန် ရည်ရွယ်ပြင်ဆင်ထားတာဟာလည်း ကုသိုလ်စေတနာလေးတွေ ဖြစ်နေတာပါ။ သံဃာတော်များ မကြွလည်းပြင်ဆင်ထားတာ ကုသိုလ်လေးတွေဖြစ်နေပြီး၊ ကြွလာတဲ့အခါမှာ တိုက်ရိုက်လှူဒါန်း နိုင်တဲ့အတွက် မိမိအလှူဖြစ်ပါတယ်။ သံဃာမရှိလည်းဘဲ ဒီကုသိုလ်စေတနာ၊ ရည်ရွယ်ချက် ရှိနေတာကိုက ကုသိုလ်စိတ်ဖြစ်နေတာပါ။ အလှူလုပ်တယ်ဆိုတာ ကုသိုလ်ရအောင်လုပ်တာပါ။ ကုသိုလ်စိတ်ဖြစ်နေတာကိုက ကုသိုလ်ရနေတာပါ။ ဘုရားလက်ထက်ကလည်း ရှိပါတယ်။ လမ်းဆုံး၊ လမ်းခွမှာ ဇရပ်တွေဆောက်ပြီး အရပ်လေးမျက်နှာက သွားလာတဲ့ရဟန်းသံဃာတော်များ တည်းခိုနိုင်ဖို့ လှူဒါန်းထားတာတွေ။ ဒါတွေဟာ တည်းသူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အလှူဖြစ်နေပြီးသားပါ။ ကုသိုလ်ရပြီးသားပါ။ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်မြတ်ကြီးကိုယ်တော်တိုင် မြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီး မရှိတော့ပေမယ့် ဘုရားရှင်သက်တော် ထင်ရှားရှိတုန်းကအတိုင်း “အရှင်ဘုရား….ဒီအချိန်က မျက်နှာသစ်တော်ရေ သုံးဆောင်တော်မူရမည့် အချိန်ဘုရား၊ ဒီအချိန်က ဆွမ်းဘုဉ်းပေးမရယ့်အချိန်ပါဘုရား..” စသည်ဖြင့် သေချာပြင်ဆင်ပြီး ဆက်ကပ်လှူဒါန်းလေ့ရှိကြောင်း စာပေမှာ လာပါတယ်။ ဒါကြောင့် အလှူခံပုဂ္ဂိုလ် မျက်မှောက်ထင်ရှား မရှိပေမယ့် စေတနာကောင်းနဲ့ ဆောင်ရွက်လှူဒါန်းမယ်ဆိုရင် ကုသိုလ်ဖြစ်ပါတယ်။

(၃) လူထွက်လိုတဲ့ ရဟန်းတော်တစ်ပါးဟာ ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ၀ိနည်းတော်လာ သိက္ခာချရာမှာ လိုအပ်တဲ့အင်္ဂါတွေနဲ့ ပြည့်စုံမှ သိက္ခာချမှု အထမြောက်အောင်မြင်ပြီး လူအဖြစ်ကို ရောက်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ အတင်းအဓမ္မ သင်္ကန်းဆွဲချွတ်ပြီး လူအ၀တ်အစားတွေနဲ့ တစ်ခြားပုဂ္ဂိုလ်တွေက ဘယ်လောက်ပဲ လူဖြစ်အောင်လုပ်ကြပေမယ့် ကာယကံရှင်ကိုယ်တိုင်က လူထွက်လိုတဲ့ စိတ်မရှိရင်၊ သိက္ခာကျမယ့် အင်္ဂါရပ်တွေ မပြည့်စုံရင် လူအ၀တ်ဝတ်ထားပေမယ့် ကာယကံရှင်ကိုယ်တိုင်က ရဟန်းလို့ ခံယူပြီး ရဟန်းသိက္ခာပုဒ်တွေ ကျင့်သုံးနေမယ်ဆိုရင် ရဟန်းပါပဲ။ ရဟန်းမဟုတ်တဲ့ လူပုဂ္ဂိုလ်တွေလည်း ရဟန်းသိက္ခာပုဒ်တွေ စောင့်ထိန်းနေမယ်ဆိုရင် အပြစ်မရှိပါဘူး။ ကုသိုလ်ဖြစ်ပါတယ်။ ဒါပေမယ့် အသွင်ဆိုတာတော့ ရှိဖို့လိုပါတယ်။ သင်္ကန်း၊ သပိတ်စတာတွေဟာ မြတ်စွာဘုရားရှင်က ရဟန်းတော်များကို လူတွေနဲ့ မတူကွဲပြားအောင်၊ စားရေး၊ ၀တ်ရေးတွေနဲ့ ပတ်သက်တဲ့ဒုက္ခတွေ မခံစားရအောင် သီးခြားသတ်မှတ်ခွင့်ပြုထားတဲ့ အရာတွေပါ။ ဒီအသွင်မရှိဘူးဆိုရင် သာမန်လူများအနေနဲ့ လူဘောင်မှာနေပြီး လူတွေနဲ့ရောနှော လူတွေဝတ်စား ဆင်ယင်မှုတွေ လိုက်လုပ်နေတဲ့ပုဂ္ဂိုလ်ကို ရဟန်းလို့ သတ်မှတ်ဖို့ အလွန်ခဲရင်းပါတယ်။ ကာယကံရှင်ကိုယ်တိုင် လူတွေကြားမှာ နေနေရတဲ့အတွက် တစ်ချိန်ချိန်မှာ လူစိတ်ပေါက်ပြီး သူကိုယ်သူ ရဟန်းဆိုတဲ့ သတ်မှတ်ချက်များ ပျောက်တတ်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ သူကိုယ်တိုင်ရော တစ်ခြားသူတွေကပါ ရဟန်းလို့ မြင်ကြဖို့ မလွယ်ပါဘူး။ အကောင်းဆုံးကတော့ သူဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ကမပြစ်မှားမိဖို့ လိုပါတယ်။ လူအချင်းချင်းတောင် ပြစ်မှားတယ်ဆိုကတည်းက အကုသိုလ်ဖြစ်ပါတယ်။ အပြစ်ဖြစ်ပါတယ်။ အကောင်းဆုံးက ဘယ်သူ့ကိုမှ မပြစ်မှားမိဖို့၊ အပြစ်မလုပ်မိဖို့ အရေးကြီးပါတယ်။ လှူတာကတော့ အလှူခံပုဂ္ဂိုလ်ကို လိုက်ပြီးအကျိုးအကြီး၊ အသေးကွဲပြားမှာဖြစ်တဲ့အတွက် စေတနာမှန်ရင် လှူလို့ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ယုတ်စွအဆုံး တိရစ္ဆာန်ကိုပေးလှူ တာတောင် အကျိုးများတဲ့အတွက် လူပုဂ္ဂိုလ်ဆိုရင်တော့ အထူးပြောစရာမရှိအောင် အကျိုးရှိပါတယ်။

(၄) အခုခေတ် သိပ္ပံနည်းတွေအရ ကြက်ဥ၊ဘဲဥစတာတွေကို ဘယ်ပုံဘယ်နည်း ဖန်တီးကြတယ်ဆိုတာ မသိပေမယ့် တကယ့်ကြက်ဥ၊ ဘဲဥတွေဟာ မိခင်ဗိုက်ထဲကပဲ ဥပေးပေါက်ပေးရတာဖြစ်တဲ့အတွက် ကိုယ်စားလိုက်တဲ့ ကြက်ဥ၊ ဘဲဥဟာ အကောင်ဖြစ်မယ့် ကြက်ဥ၊ဘဲဥဆိုတာ သိဖို့မလွယ်ပါဘူး။ ဒါကြောင့် တကယ်သက်သတ်လို့ စားလိုတဲ့ပုဂ္ဂိုလ်တွေ ကြက်ဥ၊ဘဲဥစတာတွေ မစားတာကောင်းပါတယ်။ တကယ်တော့ ဒီမေးခွန်းကို မေးလို့သာဖြေရတယ် သက်သတ်လွတ်စားတာနဲ့ ပတ်သက်လို့ ဘုရားဟောလို့ ထေရ၀ါဒစာပေအရ လုပ်ရတာတို့ ဆိုရင်တော့ သက်သတ်လို့စားဖို့ ဘုရားမဟောသလို ထေရ၀ါဒစာပေတွေမှာလည်း မပါပါဘူး။ အစားအစာနဲ့ ပတ်သက်ပြီး တဏှာရာဂမရှိရင်၊ အလုပ်မပိုရင်၊ အကုသိုလ်မဖြစ်ရင် ပြီးတာပါပဲ။ သက်သတ်လွတ်စားတယ်ဆိုပြီး ပုံမှန်နေ့စဉ်စားတာတွေထက် ပိုပြီးကောင်းအောင် အရသာရှိအောင်၊ ရသတဏှာတွေဖြစ်အောင်၊ အလုပ်ပိုအောင် လုပ်ဆောင်ဖန်တီးမယ်ဆိုရင် ကုသိုလ်မဖြစ်ဘဲ၊ အကုသိုလ်သာ ပိုတိုးစေပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့သာ သက်သတ်လွတ် စားဖို့မစားဖို့ စဉ်းစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်…

Read more »

ဓူတင်...၊ သမာဓိ...၊ ဒါန...

Q.အရှင်ဘုရား…
(၁) ဓူတင် ၁၃ပါးဆိုတာ သိလိုပါတယ်ဘုရား။ ၈ပါးသီလမှာ မြင့်သောနေရာ မြတ်သောနေရာ ရှောင်ရမယ်ဆိုတာလဲ သေချာရှင်းပြပေးစေလိုပါတယ်။ ဆိုဖာပေါ်မှာ ထိုင်မိတာ၊ တည်းခိုခန်းထဲက အခင်းထူထူခင်းထားတဲ့ ကုတင်ပေါ်အိပ်ရတာ ဥပုသ်ကျိုးပါသလား။
(၂) တရားအားမထုတ်ဖူးသော အသက်ကြီး အဘိုးအဘွားများ အလေ့အကျင့်မရှိခဲ့၍ တရားမထိုင်နိုင်၊ သမာဓိပင် မရနိုင်ဖြစ်တတ်ပါတယ်။ ထိုအခါ ဘယ်လိုနည်းနှင့် သမာဓိထူထောင်ရမည်လဲ သိလိုပါသည်ဘုရား။
(၃) နောက်တစ်ခုမှာ အလှူဟူသည် လက်ခံယူမည့် အလှူခံပုဂ္ဂိုလ်ရှိမှ ဒါနမြောက်ပါသလား။ ပရိနိဗ္ဗာန် ၀င်စံပြီးသော မြတ်စွာဘုရားကို တပည့်တော်တို့ ဆွမ်းခဲဖွယ်တို့နှင့် လှူဒါန်းခြင်းသည် အကျိုးရှိမရှိ (အလှူခံပုဂ္ဂိုလ် သက်တော်ထင်ရှား မရှိတော့၍) ဒါနမြောက် မမြောက် သိလိုပါသည်။
(အေးချမ်း)


A. (၁) ဓူတင်အကျင့်ဆိုတာ ကိလေသာကို ပယ်ခွါကြောင်း ခေါင်းပါးရောင့်ရဲသော အကျင့်ကို ပြောတာပါ။ ဓူတင် အကျင့် ၁၃ပါး ရှိပါတယ်။ ဒီ ၁၃ပါးက…
၁။ ပံ့သုကူ ဓူတင် = ဒကာ၊ ဒကာမတို့ လှူဒါန်းသော သင်္ကန်းကို စွန့်ပြီး အများသူငါ စွန့်ပစ်ထားသော အ၀တ်အပိုင်းအစများကိုသာ ချုပ်စပ်ဝတ်ရုံ သုံးဆောင်သောအကျင့်၊
၂။ တိစီဝရိတ် ဓူတင် = မြောက်များစွာသော သင်္ကန်းကိုပယ်ပြီး နှစ်ထပ်သင်္ကန်း၊ ကိုယ်ရုံ၊ သင်းပိုင်ဟူသော သင်္ကန်းသုံးထည်ကိုသာ သွားလေရာယူဆောင် ၀တ်ရုံသုံးဆောင်သော အကျင့်၊
၃။ ပဏ္ဍပါတ် ဓူတင် = လာဘ်ပိုလာဘ်လျှံကိုပယ်ပြီး ဆွမ်းခံ၍ရသော ဆွမ်းကိုသာ စားသောက်သုံးဆောင်သော အကျင်၊့
၎။ သ ပဒါန ဓူတင် = အိမ်စဉ်ကျော်၍ ခံယူခြင်းကို ပယ်ပြီး အိမ်စဉ်မကျော်မလှပ် ရပ်၍ရသော ဆွမ်းကိုသာ ခံယူသုံးဆောင်သောအကျင့်
၅။ ဧကသနိက် ဓူတင် = နေရာအထူးထူ၌ စားခြင်းကိုပယ်ပြီး တစ်နေရာ တစ်ထိုင်တည်း၌သာ စားခြင်းပြုသော အကျင့်
၆။ ပတ္တပိုဏ် ဓူတင် = နှစ်ခွက်မြောက်သော ဆွမ်း၊ ဆွမ်းဟင်းကို ပယ်ပြီး တစ်ခွက်တည်းကိုသာ ခံယူသုံးဆောင်သောအကျင့်
၇။ ခလုပစ္ဆာ ဓူတင် = အတိရိက်ဝိနည်းကံ ဆွမ်းကို ပယ်ပြီးဘုဉ်းပေးသည့် အကျင့်
၈။ အရညကင် ဓူတင် = မြို့ရွာကျောင်းကိုပယ်ပြီး တောရကျောင်း၌သာ နေသောအကျင့်
၉။ ရုက္ခမူ ဓူတင် = အမိုးအကာရှိသော ကျောင်းကိုပယ်ပြီး သစ်ပင်ရင်း၌သာ နေသောအကျင့်
၁၀။ အဗ္ဘောကာသိက ဓူတင် = အမိုးအကာရှိသောကျောင်းနှင့် သစ်ပင်တို့ကိုပယ်ပြီး လွင်တီးခေါင်၌သာ နေသောအကျင့်
၁၁။ သုသာန ဓူတင် = သုသာန်၌သာ နေသောအကျင့်
၁၂။ ယထာသန္တတိ ဓူတင် = နေရာကောင်း ကျောင်းကောင်းကို မရွေးခြယ်ဘဲ ဖြစ်စဉ်အတိုင်းသာ နေသောအကျင့်
၁၃။ နိသဇ် ဓူတင် = အိပ်ခြင်းကို ပယ်ပြီး ထခြင်း၊ ထိုင်ခြင်း၊ စင်္ကြံသွားခြင်းဟူသော ဣရိယာပုတ်ဖြင့်သာ နေသောအကျင့် တို့ဖြစ်ပါတယ်။

ရှစ်ပါးသီလရဲ့ ဥစ္စာသယန၊ မဟာသယနာ မြင့်သောနေရာ မြတ်သောနေရာတို့၌ နေထိုင်သုံးဆောင်ခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုတာမှာ ဥစ္စာသယန (မြင့်သောနေရာ)ဟူသည် အခြေတစ်ထောင့်ထွာထက်ရှည်သော အိပ်ရာကုတင် ကုလားထိုင်းကြီးများစသည်ကို ဆိုလိုပြီး၊ မဟာသယန (မြတ်သောနေရာ) ဟူသည် စည်းစိမ်ရှင်များ ခံစားလေ့ရှိတဲ့ လက်လေးသစ်မက အမွေးရှည်သော သားမွေးအခင်း၊ ခြင်္သေ့၊ သစ်၊ ကျားစသော အရုပ်များဖြင့် ခမ်းနားဆန်းကြယ်စွာ ပြုလုပ်ဖန်းတီးထားသော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်ထားသော ပိုးအခင်း၊ လဲ၊ ၀ါဂွမ်းများ သွတ်ထားသော မွေ့ရာဆိုဖာ စသည်တို့ကို ဆိုလိုပါတယ်။ ဒီဖော်ပြချက်များနဲ့ ကိုက်ညီနေတဲ့ နေရာမျိုးဖြစ်ပါက ဥပုသ်သီလကျိုးနိုင်ပါတယ်။ တကယ်တော့ နေ့စဉ်ဆောက်တည်ရတဲ့ ငါးပါးသီလမဟုတ်ဘဲ အပိုဆောက်တည်ရတဲ့ ၀ိကာလဘောဇန၊ နစ္စဂီတ၊ ဥစ္စာသယန မဟာသယန စတဲ့သိက္ခာပုဒ်များကို ကြည့်ပါက ကိလေသာတဏှာစိတ်များ မဖြစ်ပေါ်အောင် သီလတရားနဲ့ ထိန်းချုပ်ပေးထားတဲ့ အရာများဖြစ်တာကို တွေ့ရမှာပါ။ မြင့်သောနေရာ မြတ်သောနေရာတွေဟာ ဒီလိုကိလေသာ တဏှာမျိုးကို ဖြစ်စေနိုင်ပါက ရှောင်ကြဉ်ပြီးနေကြဖို့ပါ။ ဒီလိုနေရာတွေဟာ နေထိုင်သုံးဆောင်ခြင်းအားဖြင့် တဏှာ၊ လောဘ၊ ကိလေသာ၊ ကာမစိတ်တွေဖြစ်နိုင်တဲ့အတွက် ဒီအရာတွေ မဖြစ်ပေါ်ရအောင် ဒီသိက္ခာပုဒ်ဖြင့် တားမြစ်ပေးခြင်းဖြစ်ပါတယ်။ ပုထုဇဉ်ပုဂ္ဂိုလ်တို့ရဲ့ သဒ္ဓါတရားဟာ မခိုင်မြဲတဲ့အတွက် ဥပုသ်သီလစောင့်သုံးချိန်မှာ မကျိုးပေါက်ရအောင် ဒီလိုနေရာမျိုးကို အတတ်နိုင်ဆုံးရှောင်သင့်ပါတယ်။

(၂) မှန်ပါတယ်။ အသက်အရွယ်ကြီးလာရင် ဘာမှ မကောင်းတော့ပါဘူး။ အိုမင်းမစွမ်းဖြစ်တာပေါ့။ အိုရင် မင်းမစွမ်းတော့ဘူးလို့ ပြောတာပါ။ ငယ်ငယ်က အလေ့အကျင့်မရှိခဲ့လို့ အသက်ကြီးမှ တရားအားထုတ်တဲ့အခါ စိတ်ကရှိပေမယ့် ခန္ဓာကိုယ်က မလိုက်နိုင်တော့ပါဘူး။ နာကျင်ကိုက်ခဲတဲ့ ဝေဒနာတွေက အားကြီးတဲ့အတွက် သမာဓိတည်ဖို့ဟာလည်း အလွန်မလွယ်တဲ့ ကိစ္စပါ။ မလွယ်တဲ့အတွက် မလုပ်ဘဲထားရင် ပိုးဆိုးပါလိမ့်မယ်။ သမာဓိထူထောင်ဖို့အတွက်ကတော့ ခန္ဓာကိုယ် သက်တောင့်သက်သာ ဖြစ်စေမယ့် ဣရိယာပုတ်လေးတွေကို ရွေးချယ်ပြီး ပေါ့ပေါ့ပါးပါး အမှတ်တရားလေးတွေနဲ့ စရပါမယ်။ စိတ်ကို နှာသီးဖျားမှာ ကပ်ထားပြီး ၀င်လေထွက်လေကို လိုက်ပြီးသိမှတ်တာမျိုးလေးတွေကို လေ့ကျင့်ပေးရပါမယ်။ အဲဒီလိုမှတ်ရင်း ပင်ပန်းလာမယ် နာကျင်လာမယ်ဆိုရင် အဆင်ပြေသလို ပြောင်းရွေ့နေထိုင်ပြီး ရသလောက် လေ့ကျင့်ထူထောင်ပေးဖို့ လိုပါတယ်။ ရသလောက်ပေါ့။ ဒါတောင် မရနိုင်ဘူးဆိုရင် အနုဿတိ တစ်ခုခုပွားပေးပါ။ မေတ္တာပို့တာတို့၊ ဘုရားဂုဏ်တော်ပွားများတာတို့ပေါ့။ ဒါတွေဟာလည်း သမာဓိလုပ်ငန်းလေး တွေပါ။ ဘာမှမလုပ်ဘဲ နေတာထက်စာရင် တဖြည်းဖြည်းလေ့ကျင့်ပေးတာက အကျိုးရှိလာတတ်ပါတယ်။ မရဘူးဆိုပြီး မလုပ်ဘဲ မနေဘဲ ရသလောက် အလေ့အကျင့် လုပ်ပေးဖို့လိုပါတယ်။ နောက်ဆုံးဘယ်လိုမှ မရတော့ဘူး ဆိုရင်တော့ ဘ၀ကူးကောင်းဖို့အတွက် သီလလုံခြုံအောင်တော့ စောင့်ထိန်းဖို့လိုပါတယ်။ အနည်းဆုံးငါးပါး သီလလောက်ပေါ့။ သီလလုံခြုံပြီး ဒါနပါမယ်ဆိုရင် နောက်ဘ၀မှာ ကောင်းတဲ့ဘုံဘ၀မှာ ဖြစ်နိုင်ပြီး အဲဒီအခါ ပြန်လည်ပြီး ဘာဝနာအလုပ်ကို လုပ်ဖို့အခွင့် ရနိုင်ပါလိမ့်မယ်။ ဒါလည်း အခုလက်ရှိဘ၀မှာ တတ်နိုင်သမျှ အထုံပါအောင် လေ့ကျင့်ထားမှပါ။ ဒါကြောင့် ဘာမှမလုပ်ဘဲ နေတာထက်စာရင် လုပ်နိုင်သမျှ၊ ရနိုင်သမျှ လုပ်ကြည့် လေ့ကျင့်ပေးဖို့လိုကြောင်း တိုက်တွန်းလိုက်ပါတယ်။

(၃) အလှူခံပုဂ္ဂိုလ်မရှိလည်းပဲ ကုသိုလ်ဖြစ်အောင် ဒါနလုပ်လို့ရပါတယ်။ အလှူလက်ခံသူမဟုတ်ဘဲ အလှူဒါန မြုတ်နှံရာဌာနများမှာ ကုသိုလ်ပြုလို့ရပါတယ်။ အရှင်းဆုံးဥပမာပြောရရင် လူတို့အရိုအသေပြုရာ၊ လူခပ်သိမ်းတို့ ပူဇော်ရာ စေတီပုထိုးများမှာ အလှူဒါနများ ပြုလုပ်လို့ရပါတယ်။ တကယ်တော့ လှူတဲ့ပုဂ္ဂိုလ်ရှိရင် အလှူခံက ရှိပြီးသားပါ။ ဒီလောကကြီးဟာ အလှူပေးတဲ့ပုဂ္ဂိုလ်တွေနဲ့ပဲ ဖန်တီးထားတာ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်သတ္တ၀ါ အမျိုးမျိုးနဲ့ ဖန်တီးတည်ဆောက်ထားတာပါ။ လက်ခံမယ့်သူမရှိဘူးဆိုတာ မရှိပါဘူး။ လှူတဲ့ပုဂ္ဂိုလ်က ကိုယ်လှူချင်တဲ့ ပုဂ္ဂိုလ်၊ ကိုယ်ပေးလှူလိုတဲ့ အလှူခံ ပုဂ္ဂိုလ်မရှိရင်ဘဲ ရှိမှာပါ။ အလှူခံ ပုဂ္ဂိုလ်မရွေး လှူချင်တယ်ဆိုရင်တော့ အလှူခံပုဂ္ဂိုလ် အမျိုးမျိုးရှိပါတယ်။ စာပေအဖွင့်များအရ အလှူခံပုဂ္ဂိုလ် (၁၄) ယောက်ရှိပါတယ်။ အဲဒီအလှူခံပုဂ္ဂိုလ် ၁၄ယောက်က ၁။ တိရိစ္ဆာန် သတ္တ၀ါများ၊ ၂။ လူဒုဿိလခေါ် တံငါမုဆိုးစသော ဒုစရိုက်အမှုပြုလုပ်သူများ၊ ၃။ လူသီလ၀န္တခေါ် သာသနာပအခါမျိုး၌ ငါးပါးသီလမြဲသူများ၊ ၄။ ရသေ့ပရဗိုဇ်ခေါ် သာသနာပအခါ ဈန်အဘိညာဉ်ရပုဂ္ဂိုလ်များ၊ ၅-၈။ မဂ္ဂဋ္ဌာန်ခေါ် ဖိုလ်သို့မျက်မှောက်ပြုရန် မဂ်၌ကျင့်ဆဲပုဂ္ဂိုလ် ၄ယောက်၊ ၉-၁၂။ ဖလဋ္ဌာန်ခေါ် ဖိုလ်လေးပါး၌ တည်နေသောပုဂ္ဂိုလ် ၄ယောက်၊ ၁၃။ ပစ္စေကဗုဒ္ဓခေါ် ဘုရားမပွင့်မီကာလ၌ ပွင့်သောဘုရားငယ်၊ ၁၄။ မြတ်စွာဘုရားသခင် တို့ဖြစ်ပါတယ်။ ဒီအလှူခံ ပုဂ္ဂိုလ် ၁၄ယောက်မှာ မိမိတို့လှူလိုတဲ့ အလှူခံပုဂ္ဂိုလ်ကိုလိုက်ပြီး အကျိုးအကြီးအသေးသာ ကွာခြားပါတယ်။ အလှူခံပုဂ္ဂိုလ် မရှိလို့ကုသိုလ် ဒါနမပြုလိုက်ရဘူးဆိုတာ မရှိနိုင်တော့ပါဘူး။ ဘုရားမပွင့်တဲ့ သာသနာပကာလမှာတောင် အလှူခံပုဂ္ဂိုလ်က ရှိနေတဲ့အတွက် ဒါနကုသိုလ်ကတော့ ပုဂ္ဂိုလ်မရွေးဘူးဆိုရင် ပြုလုပ်လို့ရပါတယ်။ ဒါနမြောက်အောင် လှူလို့ရပါတယ်။

မြတ်စွာဘုရားဟာ ပရိနိဗ္ဗာန်စံတော်မူပြီးနောက်မှာ ဘုရားရှင်ကိုယ်စား အရိုအသေပြုဖို့ ကိုးကွယ်ဆည်းကပ်ဖို့ အလှူဒါနပြုဖို့ စေတီလေးမျိုး ခွင့်ပြုခဲ့ပါတယ်။ အဲဒီစေတီလေးမျိုးက ၁။ ဓာတုစေတီ= ဘုရားရဟန္တာတို့ရဲ့ ဓာတ်တော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း၊ ၂။ ဓမ္မစေတီ = ဘုရားရှင်ရဲ့တရာတော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း၊ ၃။ ပရိဘောဂစေတီ = ဘုရားရှင်ရဲ့ အသုံးအဆောင်များကို စေတီအဖြစ် ကိုးကွယ်ခြင်း၊ ၄။ ဥဒ္ဒိဿကစေတီ = ဘုရားရှင်ကိုရည်မှန်းပြီး ထုလုပ်ပူဇော်ထားသည့် ရုပ်ပွားဆင်းတုတော်များကို စေတီအဖြစ်ကိုးကွယ်ခြင်း တို့ပါ။ ဒီလေးမျိုးကို ဘုရားရှင်ရဲ့ကိုယ်စား ဘုရားရှင်ရဲ့ ဂုဏ်တော်များကို အာရုံပြုကိုးကွယ်နိုင်ရင် ဘုရားရှင်ကို မျက်မှောက်ကိုးကွယ်ပူဇော်သည့်အလား အကျိုးများပါတယ်။ မျှော်လင့်ချက်မထားဘဲ စေတနာ သဒ္ဓါတရားအရင်းခံနဲ့ ကိုးကွယ်ပူဇော်မယ်ဆိုရင် သေချာပေါက် အကျိုးများပါလိမ့်မယ်။ ပရိနိဗ္ဗာန်ပြုပြီး ဘုရားရှင်ကို ဆွမ်းခဲဖွယ်စသည် ဆက်ကပ်လှူဒါန်းမှာလည်း အလှူခံပုဂ္ဂိုလ်သက်တော် ထင်ရှားမရှိတော့ပေမယ့် ဂုဏ်တော်များကို အာရုံပြုပြီး လှူဒါန်းနိုင်မယ်ဆိုရင် ဒါနမြောက်ရုံတွင်မက အကျိုးတရားလည်း အထူးများပါတယ်။ ဒါပေမယ့် လှူဒါန်းတဲ့အခါ အပျော်အပျက် ဖြစ်ကတက်ဆန်း ၀တ်ကျေတန်းကျေ လှူဒါန်းမှုမျိုး မဖြစ်ဖို့တော့ လိုပါတယ်။ တစ်ချို့ရှိပါတယ်။ ကိုယ်ကျတော့ အကောင်းစားတွေစားပြီး ဘုရားဆွမ်းတော်ကပ်တော့ ဆွမ်းလေးသုံးလေးဆွမ်းပေါ်မှာ ထန်းလျှက်၊ သကြားလေးတွေ ပုံပြီးကပ်တာမျိုးစတာတွေပေါ့။ ကိုယ်ကောင်းတာစားသလို ကိုယ်စားတဲ့ပုံစံမျိုးလေး ပြင်ဆင်ပြုလုပ် ဆက်ကပ်ခြင်းသာ ကိုယ်နဲ့တစ်သားတည်းထားပြီး ပူဇော်ရာရောက်ပါတယ်။ ရိုသေရာရောက်ပါတယ်။ ဘုရားရှင်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်လိုမျိုး ပြုလုပ်ပူဇော်သင့်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုသွားပေမယ့် ဘုရားရှင်သက်တော်ထင်ရှား ရှိတုန်းကအတိုင်းပဲ “အရှင်ဘုရား…ဒီအချိန်က မျက်နှာသစ်ရေ သုံးဆောင်ရမယ့်အချိန်ပါ ဘုရား၊ ဒီအချိန်က ဆွမ်းဘုဉ်းပေးရမယ့် အချိန်ပါဘုရား” စသဖြင့် ဘုရားရှင်သက်တော်ထင်ရှား ရှိတုန်းကအတိုင်း ပြုလုပ်ပူဇော်တယ်ဆယ်တာ ကြည်ညိုဖွယ်သိရှိရပါတယ်။ ဒါကြောင့် မိမိတို့လည်း ဘုရားရှင်သက်တော်ထင်ရှား မရှိတော့ပေမယ့် ဘုရားရှင်ကိုယ်စား ရည်မှန်းကိုးကွယ်တဲ့ ရုပ်ပွားဆင်းတုတော်များကို သက်တော်ထင်ရှား ဘုရားရှင်အလား အလေးထားပူဇော် ဆည်းကပ်မယ်ဆိုရင် ဒါနမြောက်ရုံမျှမက ထူးခြားထင်ရှားတဲ့ ကုသိုလ်အကျိုးတရားများ ရကြမည်ဆိုတာ မလွဲဧကန်ဖြစ်ပါကြောင်း ဖြေကြားတင်ပြလိုက်ပါတယ်။

Read more »

မွေးခြင်းနဲ့ သေခြင်းဒဿန...

.ဘုန်းဘုန်းတို့ မကြာမကြာ တရားဟောတဲ့အခါပဲဖြစ်ဖြစ် စကားပြောတဲ့အခါပဲဖြစ်ဖြစ် ပြောဟောပေးလေ့ရှိတဲ့ ဒဿန စာသားလေးတစ်ခုရှိပါတယ်။ ရထားတာကြာပါပြီ။ ဘယ်သူဖော်ထုတ်ခဲ့တယ်ဆိုတာ အတိအကျမသိပေမယ့် အရမ်းကောင်းပြီး၊ အရမ်းအဓိပ္ပါယ် ရှိတဲ့အတွက် အမြဲပြောဆို အသုံးပြုနေမိပါတယ်။ အဲဒီဒဿနလေးက “မွေးသေဒဿန“လို့ ပြောလို့ရတဲ့စာသားလေးပါ။

“လူဟာ မွေးကတည်းက ငိုပြီးထွက်လာရတယ်။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက ပြုံးကြပျော်ကြတယ်။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူတွေက ငိုကြ၀မ်းနည်းကြတယ်။ အဲဒီအချိန်မှာ ကိုယ်ကဘယ်လိုသေမလဲ…ပြုံးပြီးသေမလား..။ တစ်ခါငိုပြီး သေမလား…” တဲ့။


သိပ်ကောင်းပြီး သိပ်အဓိပ္ပါယ်ရှိတယ် စကားလေးပါ။ ဘုန်းဘုန်းတို့ အားလုံးဒီဒဿနလေးကို သေချာတွေးကြည့်ဖို့ လိုပါတယ်။ မှန်ပါတယ်။ လူတိုင်းလူတိုင်း မွေးမွေးချင်း မိခင်ဗိုက်ထဲက ငိုပြီးထွက်လာကြရပါတယ်။ မငိုရင်လည်း ငိုအောင်လုပ်ပေးရပါတယ်။ ဒါမှ အသက်ရှင်လှုပ်ရှားလာတာပါ။ အဲဒီအချိန်မှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့သူတွေက “ဟာ…မွေးပြီဟေ့.. ယေက်ျားလေးဟဲ့.. မိန်းခလေးဟဲ့…ကိုယ်လက်အင်္ဂါအစုံပါတယ်ဟဲ့..”စသဖြင့် ၀မ်းသာပျော်ရွှင်ကြပါတယ်။ ဒါဟာ လူသားအားလုံးရဲ့ မွေးဖွားမှုအစပါ။ ဒါပေမယ့် သေတဲ့အခါတော့ အဲလိုမဟုတ်ပါဘူး။ မသေခင် အစမ်းသေကြည့်ကြပါ။ သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ်နဲ့ပတ်သက်တဲ့ သူတွေက ၀မ်းနည်းကြ၊ ငိုကြပူဆွေးကြ၊ နှမြောတသဖြစ်ကြပါတယ်။ အဲဒီအခါမှာ ကိုယ်ကဘယ်လိုသေမလဲ ကြိုတင်စဉ်းစားကြဖို့ပါ။ ပြုံးပြီး သေမလား…။ ငိုပြီးသေမလား…။ ငိုပြီး သေသွားမယ်ဆိုရင်တော့ အရှုံးနဲ့သေတာပါပဲ။ မွေးတုန်းကလည်း ငိုပြီးမွေးလာခဲ့ရတယ်။ သေတဲ့အခါမှာလည်း ငိုပြီးသေသွားရမယ်ဆိုရင် ရှုံးပြီပေါ့။ ဒီတော့ ဘုန်းဘုန်းတို့က မွေးတဲ့အခါတုန်းက ငိုပြီး မွေးခဲ့ရပေမယ့်။ သေတဲ့အခါမှာ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

မှန်ပါတယ်။ ပြုံးပြီးသေနိုင်ဖို့အတွက် အခုလက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင်၊ ကုသိုလ်တရားတွေနဲ့ ပျော်နိုင်အောင်ကြိုးစားရပါမယ်။ ကုသိုလ်ကောင်းမှုတွေကသာ လူတစ်ယောက်ကို ပြုံးပြီးသေနိုင်အောင် လုပ်ပေးနိုင်စွမ်းရှိပါတယ်။ ကျန်တဲ့အချိန်တွေမှာ သိပ်မသိသာပေမယ့် သေခါနီးအခါမှာတော့ ကုသိုလ်တွေနဲ့ ပြည့်နေတဲ့သူနဲ့ အကုသိုလ်တွေပဲ လုပ်ခဲ့တဲ့သူ သိပ်ကိုကွာခြားပါတယ်။ ကုသိုလ်တရားရှိတဲ့သူက သေရမှာကို မကြောက်ပါဘူး။ ပြုံးပြီးသေနိုင်ပါတယ်။ အကုသိုလ်တွေနဲ့နေခဲ့တဲ့သူကတော့ သေခါနီးမှာ ဘယ်လိုမှ မပြုံးနိုင်တော့ပါဘူး။ သေပြီးနောက်ဘ၀မှာ အကျိုးပေးမယ့်နိမိတ်တွေ ထင်လာတဲ့အခါ ပိုပြီးဆိုးပါတယ်။ အဲဒီအချိန်ဆိုရင်တော့ သူ့အတွက် ငိုပြီးသေရုံမှတစ်ပါး ဘာမှမရှိတော့ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့ ပြင်ဆင်ထားရမှာက မွေးလာတုန်းက ငိုပြီးမွေးလာပေမယ့် သေတဲ့အခါမှတော့ ပြုံးပြီးသေနိုင်ဖို့ အတွက် အခုကတည်းက ကောင်းတဲ့အလုပ်တွေ၊ ကုသိုလ်တရားတွေ၊ ကောင်းတဲ့အကြံ၊ ကောင်းတဲ့အပြော၊ ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် လေ့ကျင့်ပြင်ဆင်ထာဖို့ပါ။ ဒါဆိုရင် မွေးလာတုန်းက ကိုယ့်ကငိုပြီးထွက်လာ၊ ကိုယ့်ပတ်ဝန်းကျင်ကသူတွေက ပြုံးပျော်ကြပေမယ့် သေတဲ့အခါမှာ ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ဘယ်လောက်ပဲငိုငို ကိုယ်ကတန်ပြန်ပြုံးပြီး သေသွားနိုင်မှာ သေချာပါတယ်။ ဒါကြောင့် မွေးတုန်းက ငိုပြီးမွေးလာကြပေမယ့် သေတဲ့အခါ ပြုံးပြီးသေနိုင်အောင် ကြိုးစားကြပါလို့…အားလုံးကို အသိပေးတိုက်တွန်းလိုက်ပါတယ်။ အားလုံး ပြုံးပြီးသေနိုင်ကြပါစေ…

Read more »

မွေးစားမိဘအားလုပ်ကျွေးကောင်း၊မကောင်း၊ သံချဆေးတိုက်ခြင်းစသည်တို့သည် ပါဏာတိပါတဖြစ်၊ မဖြစ်...

Q. အရှင်ဘုရား..
(၁) ကျေးဇူးကြီးသော မွေးစားမိဘကို မိဘရင်းနှင့်ထပ်တူ လုပ်ကျွေးခြင်းကို မြတ်စွာဘုရား လက်ခံပါသလားဘုရား။ ရဟန်းခံလျှင် ဆွမ်းနှင့် လူဖွယ်ဝတ္ထုကို မွေးစားမိဘကို ပေးခွင့်ရှိပါသလား။
(၂) ကလေးများကို သံချဆေးတိုက်ခြင်း၊ ၀ဲပေါက်နေသူ၏အနာကို ၀ဲပိုသေဆေးလိမ်းပေးခြင်းများသည် ပါဏာတိပါတ သင့်ပါသလား ဘုန်းဘုန်း။ သီလရှိသော အမျိုးသမီးတစ်ဦးသည် မသမာသူဖျက်ဆီး၍ သန္ဓေရခဲ့လျှင် ထိုသန္ဓေကို ဖျက်ဆီးသူ အသက်သတ်ရာရောက်ပါသလား။ ကိုယ်ဝန်နုစဉ်မှာ သွေးတုံးသွေးခဲ အမှတ်ထားပြီး သီလရှိသူတစ်ယောက် အရှက်မရအောင် သွေးခဲအသားတစ်ကို ဖယ်ရှားပေးသည့်အနေဖြင့် ဆေးပေးလျှင် ကုသိုလ်နှင့် အကုသိုလ် ဘယ်ဟာဖြစ်ပါသလဲဘုရား။
(စည်သူ)

A. (၁) ကျေးဇူးကြီးတဲ့ မွေးစားမိဘကို မိဘရင်းနှင့်ထပ်တူ ပြုစုလုပ်ကျွေးခြင်းကို မြတ်စွာဘုရား လက်ခံပါတယ်။ သံသရာတစ်လျှောက် ကျင်လည်ခဲ့ကြရတဲ့ ဘ၀ပေါင်းမြောက်များစွာမှာ တစ်ဘ၀မဟုတ် တစ်ဘ၀တစ်ခုခုတော့ တော်စပ်ခဲ့ကြပါတယ်။ မတော်စပ်ဖူးတဲ့အမျိုးဆိုတာ မရှိနိုင်တဲ့အတွက် အသက်အရွယ်ကြီးတဲ့ ဘယ်လိုပုဂ္ဂိုလ်ကို မဆို မိဘရင်းနှင့်မခြား ထပ်တူလုပ်ကျွေးခြင်းအားဖြင့် အကျိုးမယုတ်သလို ဘုရားရှင်တို့ ချီးမွန်းတဲ့အလုပ်လည်း ဖြစ်ပါတယ်။ သို့သော် သာသနာ့ဝန်ထမ်း ရဟန်းတော်ဘ၀ကို ရောက်လာခဲ့ရင်တော့ လောကကြောင်းထက်၊ ဓမ္မကြောင်း (၀ိနည်းကြောင်း) ကို ပိုပြီး အလေးထားရပါတယ်။ ၀ိနည်းတော်နဲ့ဆန့်ကျင်တဲ့ ပြုစုလုပ်ကျွေးမှုများကို မွေးစားမိဘမပြောနဲ့ မိဘအရင်းကိုတောင် မလုပ်ရပါဘူး။ လောကကြောင်းအရ ကောင်းတဲ့အလုပ် သင့်လျှော်တဲ့အလုပ် ဖြစ်ပေမယ့် ၀ိနည်းကြောင်းအရ အာပတ်သင့်နိုင်တဲ့၊ အပြစ်ဖြစ်နိုင်တဲ့ အလုပ်မျိုးကို ရှောင်ကြဉ်ရပါတယ်။ ဒါကြောင့် ရဟန်းဘ၀ရောက်လာတဲ့အခါ မွေးစားမိများကို ပြုစုစောင့်ရှောက်လိုပါက ၀ိနည်းတော်နှင့် မသက်ဆိုင်တဲ့ ပြုစုလုပ်ကျွေးမှုမျိုးဖြင့်သာ ပြုစုစောင့်ရှောက်ဖို့ သင့်ပါတယ်။

(၂) ပါဏာတိပါတ (သတ်မှု) ကံမြောက်နိုင်တဲ့အင်္ဂါ (၅)ပါး ရှိပါတယ်။ ၁။ ပါဏ = သက်ရှိသတ္တ၀ါဖြစ်ခြင်း
၂။ ပါဏသညိတ = သက်ရှိသတ္တ၀ါဟု မှတ်သိခြင်း၊ ၃။ ဃာတစိတ္တ = သတ်လိုတဲ့စိတ်ရှိခြင်း၊ ၄။ ဥပက္ကမ = လုံ့လပြုခြင်း၊ ၅။ မရဏ = ထိုလုံ့လကြောင့် သေခြင်း တို့ဖြစ်ပါတယ်။ ကလေးများကို သံချဆေးတိုက်ကျွေးခြင်း၊ ၀ဲပေါက်နေသူ၏အနာကို ၀ဲပိုသေဆေးလိမ်းပေးခြင်း၊ သီလရှိသော အမျိုးသမီးတစ်ဦး၏ သန္ဓေကို ဖျက်ဆီးပေးခြင်း စတဲ့လုပ်ရပ်တွေဟာ ဒီအင်္ဂါရပ်တွေနဲ့ပြည့်စုံမယ်ဆိုရင် ပါဏာတိပါတကံမြောက်ပါတယ်။ ဒါပေမယ့် တစ်ချို့ကံတွေဟာ လုပ်ဆောင်တဲ့သူရဲ့စေတနာ ရည်ရွယ်ချက်ကို လိုက်ပြီး အပြစ်အကြီးအသေး ကွာခြားပါတယ်။ ကောင်းတဲ့လုပ်ရပ်၊ ကောင်းတဲ့အကျိုးက အင်အားကြီးနေရင် မကောင်းတဲ့အကျိုးဟာ အင်အားနည်းပြီး တန်ပြန်အကျိုးပေးမှု မရှိနိုင်တဲ့ အဟောသိကံ ဖြစ်သွားတတ်ပါတယ်။ ဥပမာပြောရရင် ဘုရားစင်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ပိုးမျှင်ပိုးအိမ်လေးတွေကို ဖယ်ရှားဖျက်ဆီးပြစ်ရတဲ့အခါမျိုး ရှိပါတယ်။ အဲဒီလိုအလုပ်မျိုးမှာ ဘုရားစင်ကို သန့်ရှင်းစင်ကြယ်လိုတဲ့ စေတနာရည်ရွယ်ချက်က ဦးစီးနေပြီး ပိုးမျှင်များကို တမင်သက်သက်ဖျက်ဆီးလိုတဲ့ စေတနာရည်ရွယ်ချက်မရှိတဲ့အတွက် ပိုးမျှင်ပိုးအိမ်များကို ဖျက်ဆီးမိတဲ့အကုသိုလ် အလုပ်မျိုးဟာ အကျိုးပေးမသန်တဲ့ အဟောသိကံဖြစ်သွားတတ်ပါတယ်။ တစ်ချို့အလုပ်များကြတော့ ကုသိုလ်လည်းဖြစ် အကုသိုလ်လည်း ဖြစ်တဲ့အလုပ်မျိုး ရှိတတ်ပါတယ်။့  အဲလိုအလုပ်မျိုးမှာ ကုသိုလ်အကျိုးဟာ သီးခြားအကျိုးပေးပြီး၊ အကုသိုလ်အကျိုးကလည်း သီးခြားအကျိုးပေးပါတယ်။ ယနေ့ခေတ်အခြေအနေကို ကြည့်ရင်သိနိုင်ပါတယ်။ တစ်ချို့အရမ်းချမ်းသာပေမယ့် မွေးကတည်းက သေတဲ့အထိ ရောဂါပေါင်းစုံနဲ့ ဖြစ်နေတဲ့သူတွေရှိပါတယ်။ သူတို့တွေဟာ ကုသိုလ်အကျိုးကြောင့် ချမ်းသာပေမယ့် အကုသိုလ်အကျိုးကြောင့် ရောဂါထူပြောနေတာဖြစ်ပါတယ်။ ဒါကြောင့် ကုသိုလ်နဲ့အကုသိုလ်ဟာ ဘယ်လိုပဲဖြစ်ဖြစ် သူ့အလုပ်သူလုပ်နေတာလို့ သဘောပေါက်ထားရပါမယ်။ ဒီသဘောအတိုင်းပဲ သီလရှိသူတစ်ယောက် အရှက်မရအောင် ကိုယ်ဝန်ကို ဖယ်ရှားပေးသည့်အနေဖြင့် ဆေးပေးလျှင် ကုသိုလ်နှင့် အကုသိုလ် ဘယ်ဟာဖြစ်ပါသလဲလို့ မေးရင် ကုသိုလ်၊ အကုသိုလ်နှစ်ခုလုံးဖြစ်တယ်လို့ ဖြေရပါမယ်။ ပြုလုပ်ပေးတဲ့ ပုဂ္ဂိုလ်ရဲ့ စေတနာရည်ရွယ်ချက်ကိုလိုက်ပြီး ကုသိုလ်၊ အကုသိုလ်အပြစ်အကြီးအသေး ကွဲပြားပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ၀ိနည်းကြောင်းအရအပြောရရင် ရဟန်းတော်များဟာ ကိုယ်ဝန်ပျက်အောင် ကိုယ်ဝန်ကျဆေးပေးလို့ ကိုယ်ဝန်ပျက်သွားရင် ဒီရဟန်း ပါဏာတိပါတကျူးလွန်ရာရောက်ပြီး ပါရာဇိကကျပါတယ်။ သို့သော်လည်း ကိုယ်ဝန်နုစဉ်ဘာမှ အကောင်အထည်မပေါ်သေးတဲ့၊ အသက်ရှိတယ်လို့မမှတ်နိုင်သေးတဲ့ သွေးခဲလို့ယူဆရတဲ့ ကိုယ်ဝန်ဖြစ်စ အရာများမှာတော့ ပါဏာတိပါတမြောက်နိုင်တဲ့ အင်္ဂါမဖြစ်သေးရင်တော့ အသက်သတ်တယ်လို့ ပြောဖို့ခက်ပါတယ်။ ဒီသဘောမျိုးမှာ ပြုလုပ်ပေးတဲ့ပုဂ္ဂိုလ်ရဲ့ စေတနာရည်ရွယ်ချက်က ပိုပြီးအဓိကကျပါတယ်။ အချုပ်ပြောရရင် ကံမြောက်တဲ့အထိ ကျူးလွန်မှုမှာ ပြည့်စုံရမယ့်အင်္ဂါရပ်များ ပြည့်စုံမှ အကျိုးပေးမှုရှိတဲ့အတွက် ပြုလုပ်တဲ့သူရဲ့ စေတနာရည်ရွယ်ချက်၊ အပြုခံပုဂ္ဂိုလ်ရဲ့ သတ်မှတ်ချက်အင်္ဂါရပ်များကို လိုက်ပြီးကုသိုလ်၊ အကုသိုလ်၊ အပြစ်အကြီးအသေး ကွာခြားပါကြောင်း…

Read more »

ပါရမီနဲ့ ဝေယျာဝစ္စ...

Q. အရှင်ဘုရား…ဦးတင်ပါတယ်ဘုရား။ ဘုရားဖြစ်ရန် ဖြည့်ကျင့်တော်မူရသည့် ပါရမီတော်တို့ကို သိရှိကြည်ညိုလိုပါသည်။ အဓိပ္ပါယ်နှင့်တကွ ဖြေကြားပေးတော်မူပါဘုရား။ မဟာယာန ဗုဒ္ဓဘာသာမှာရော ပါရမီနှင့်ပတ်သက်လို့ ဖော်ပြချက်များ ရှိပါသလား။ ထေရ၀ါဒဗုဒ္ဓဘာသာလာ ပါရမီများနှင့် မဟာယာနဗုဒ္ဓဘာသာလား ပါရမီများ တူညီမှု၊ သို့မဟုတ် ကွဲပြားမှု ရှိပါသလားဘုရား။ နောက်တစ်ခု မေးခွင့်ပြုပါဘုရား။ ဝေယျာဝစ္စကုသိုလ်ဟာ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်တရားများတွင် တစ်ခုဖြစ်ကြောင်း မှတ်သားဖူးပါသည်။ တစ်ခြားပြုသင့်ပြုထိုက်တဲ့ ကုသိုလ်များကိုလည်း ရှင်းပြပေးပါဦးဘုရား။ ကျေးဇူးတင်ပါတယ်ဘုရား။
(ဇော်ဇော်)


A. ၁။ ပါရမီဆိုတဲ့စကားဟာ ပါဠိစကားဖြစ်ပြီး အထွတ်အမြတ်၊ မြတ်သောသူ၏အဖြစ်၊ မြတ်သောသူ၏ ဥစ္စာ၊ နတ်ပြည်နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။ ဖြည့်ကျင့်တဲ့ ရည်ရွယ်ချက်အပေါ်လိုက်ပြီး ဖြည့်ကျင့်ရတဲ့ ကာလဟာ ကွဲပြားခြားနားပါတယ်။ ဘုရားဖြစ်လိုသူများအတွက်ဆို လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလတိုင်အောင် ပါရမီတော်များကို ဖြည့်ကျင့်ရပါတယ်။ ဒီလိုပဲ အဂ္ဂသာဝကဖြစ်လိုသူတွေ၊ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်လိုသူတွေ စသူစသူတို့အတွက်လည်း မိမိတို့ဖြစ်လိုသည့် ရည်ရွယ်ချက်အပေါ်မူတည်ကာ ဒီပါရမီတွေကို သူ့ကာလအပိုင်းအခြားလိုက်ပြီး ဖြည့်ကျင့်ကြရပါတယ်။

ထေရ၀ါဒဗုဒ္ဓစာပေများအရ ထေရ၀ါဒဗုဒ္ဓဘာသာမှာ ပါရမီဆယ်ပါးရှိကြောင်း မှတ်သားနိုင်ပါတယ်။ အဲဒီပါရမီ ဆယ်ပါးကတော့…
၁။ ဒါနပါရမီ = လှူဒါန်းပေးကမ်း စွန့်ကြဲခြင်း
၂။ သီလပါရမီ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါး စသည့် သီလကိုဆောက်တည် ထိန်းသိမ်းခြင်း
၃။ နိက္ခမပါရမီ = အိမ်ရာခွါရှောင် ရသေ့ရဟန်းဘောင်သို့ ကပ်ရောက်ခြင်း
၎။ ပညာပါရမီ = ပညာကို ဆည်းပူးရှာဖွေ တိုးပွားစေခြင်း
၅။ ၀ီရိယပါရမီ = မတွန့်မဆုတ် အားထုတ်သော ဇွဲလုံ့လဖြင့် ရဲရဲရင့်ရင့် ကြိုးစားခြင်း
၆။ ခန္တီပါရမီ = အမျက်မထွက် သီးခံခြင်း
၇။ သစ္စာပါရမီ = မှန်ကန်ဖြောင့်မှန်စွာ ပြောဆိုလုပ်ကိုင်ခြင်း
၈။ မေတ္တာပါရမီ = ကမ္ဘာလောကသားများကို မိမိနှင့်တစ်သားတည်း ချစ်ခြင်း
၉။ အဓိဋ္ဌာနပါရမီ = အပြစ်ကင်းသောအရာ၌ စိတ်ဖြင့်ဆုံးဖြတ်ခြင်း၊ ဆုံးဖြတ်သည့်အတိုင်း လုပ်ကိုင်ခြင်း
၁၀။ ဥပေက္ခာပါရမီ = သူစိမ်းသူကျက် ငဲ့ကွက်မရွေး၊ ချမ်းသာဆင်းရဲမတွေး အလယ်ကြားရှု၍ နေခြင်း
တို့ ဖြစ်ပါတယ်။ (မူလပဏ္ဏာသပါဠိ၊ သီလက္ခန္ဓအဋ္ဌကထာ)

ဒီပါရမီဆယ်ပါးကို အလွယ်မှတ်မိနိုင်စေဖို့ ဆောင်ပုဒ်လေးလုပ်ထားပါတယ်။ ကျက်မှတ်လိုကကျက်မှတ်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။
ဆောင်ဒါ၊ သီ၊ နိက်၊ ခံ၊ ၀ီရယံ၊ သစ္စံ၊ ဓိဋ္ဌာန်ပြု၊ ပညာ၊ မေတ္တာ၊ ဥပေက္ခာ၊ ပေါင်းကာဤဆယ်ခု၊ နတ်ရွာနိဗ္ဗာန်၊ ရောက်ဖို့ရန်၊ ကျင့်ကြံပါရမီစု။

မဟာယာနဗုဒ္ဓဘာသာမှာလည်း ပါရမီတော်များ ရှိပါတယ်။ ဒါပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာလို ဆယ်ပါးတော့ မဟုတ်ပါဘူး။ ခြောက်ပါးပဲ ရှိပါတယ်။ နောက်ပိုင်းတွင် ဆယ်ပါးဟု ဖော်ပြသော မဟာယာနကျမ်းများရှိပေမယ့် ထေရ၀ါဒဗုဒ္ဓဘာသာလာ ပါရမီဆယ်ပါးနှင့် ကွဲပြားပါတယ်။ မဟာယာနဗုဒ္ဓဘာသာအများကတော့ ပါရမီခြောက်ပါးကိုသာ ပြောဆိုသုံးစွဲဟောပြောကြပါတယ်။ မဟာယာနဗုဒ္ဓဘာသာလာ အဲဒီ ပါရမီခြောက်ပါးကတော့…
၁။ ဒါနပါရမီ = လှူဒါန်းပေးကမ်းခြင်း
၂။ သီလပါရမီ = သီလဆောက်တည် ထိန်းသိမ်းခြင်း
၃။ ခန္တီပါရမီ = အမျက်မထွက်သီးခံခြင်း
၎။ ၀ီရိယပါရမီ = လုံလ၀ီရိယဖြင့် ကြိုးစားအားထုတ်ခြင်း
၅။ ဈာနပါရမီ = ကသိုဏ်းစသည့်အာရုံကို ရှုကျင့်ခြင်း
၆။ ပညာပါရမီ = ပညာကိုဆည်းပူးရှာဖွေ တိုးပွားစေခြင်း
တို့ဖြစ်ပါတယ်။

၂။ ဝေယျာဝေစ္စကိုသိုလ်ဟာ ပုညကြိယာဝတ္ထုဆယ်ပါးထဲမှာ ပါဝင်တဲ့ကုသိုလ်တစ်မျိုးဖြစ်ကြောင်း စာပေကဆိုပါတယ်။ ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်လို့ ပုညကြိယာဝတ္ထုရဲ့ အဓိပ္ပါယ်ကို အလွယ်နားလည်မှတ်သားနိုင်ပါတယ်။ ပုညကြိယာဝတ္ထုဆယ်ပါးရှိပါတယ်။ အဲဒီဆယ်ပါးကတော့…
၁။ ဒါန = ပေးကမ်းလှူဒါန်းမှု
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်မှု
၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်မှု
၎။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုမှု
၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးမှု
၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေမှု
၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယူမှု
၈။ ဓမ္မဿဝန = တရားနာယူမှု
၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောမှု
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုမှု
တို့ဖြစ်ပါတယ်။

တကယ်တော့ ဒီတရားဆယ်ပါးဟာ တစ်ခုမဟုတ်တစ်ခု မိမိတို့နေ့စဉ်လုပ်နေကြ အရာတွေပါ။ သတိမမူမိကြဘဲ ဖြစ်နေကြလို့ပါ။ ဒီအဖြေကို ဖတ်ပြီးငါတို့ဟာ နေ့စဉ်ပုညကြိယာဝတ္တုတစ်ခုခုကို လုပ်နေတာပါလားလို့ သတိလေးကပ်ကာ ဆယ်ပါးလုံးပြည့်စုံနိုင်အောင် ကြိုးစားကြဖို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။

Read more »

မုသာဝါဒနဲ့ ၇ပါးသီလ...

Q. ဘုန်းဘုန်းဘုရား..
၁။ အပြစ်မဲ့သူကို ကာကွယ်လို၍ လိမ်ညာပြောလျှင် အပြစ်ဖြစ်ပါသလား။ လိမ်ညာရမည့်နေရာမှာ ပရိယာယ်သုံး၍ မုသားမဖြစ်အောင် ပြောလို့ရသည်ဟု မှတ်သားဖူးပါသည်။ ရှင်းပြပါဘုန်းဘုန်း။
၂။ အလုပ်ချိန်နဲ့ တခြား အခက်အခဲတွေကြောင့် ၈ ပါးသီလကို ညနေစာမစားတာ တမျိုးချန်ပြီး ကျန်တာတွေ စောင့်လို့ ရပါသလား။ ၇ပါးပဲ စောင့်တာ ကောင်းမကောင်း၊ လုံးဝ မစောင့်တာနဲ့ ထူးမထူး ရှင်းပြပါ။
(သောန)


A. ၁။ ဘုန်းဘုန်းတို့ဗုဒ္ဓဘာသာရဲ့ ကမ္မ၀ါဒသဘောအရ ကံကံရဲ့အကျိုးပေးမှုဆိုတာ ရှိပါတယ်။ နည်းနည်းချဲ့ပြောရရင် ကံဆိုတာ အလုပ်ကိုပြောတာပါ။ ကိုယ်နဲ့လုပ်ရတဲ့ ကာယကံ၊ နှုတ်နဲ့ပြောဆိုရတဲ့ ၀စီကံ၊ စိတ်နဲ့ကံစည်တွေးတောတဲ့ မနောကံဆိုတဲ့ ဒီသုံးမျိုးကို အလုပ်လို့ဆိုတာပါ။ စာပေသဘောအရ ကံဆိုတဲ့အလုပ်ကို တိုက်ရိုက်နားလည်အောင်ပြောရရင် စေတနာပါပဲ။ စေတနာကမ္မံ ဘိက္ခဝေ ၀ဒါမိ (ချစ်သားတို့ စေတနာကို ကံဟု ငါဘုရားဟောတော်မူ၏) ဆိုတဲ့ ဘုရားရှင်ရဲ့ တရားတော်အတိုင်းပဲ စေတနာကို ကံလို့ နားလည်သဘောပေါက်ပြီး စေတနာကောင်းရင် ကံကောင်းမယ် စေတနာဆိုရင် ကံဆိုးမယ်ဆိုတာ သိထားဖို့လိုပါတယ်။ အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ စေတနာ ပါမှု မပါမှုကို လိုက်ပြီး တန်ပြန်သက်ရောက် အကျိုးပေးမှု၊ မပေးမှုဆိုတာ ဖြစ်ပေါ်လာတာပါ။ တစ်ခါတစ်ရံ လုပ်သာလုပ်လိုက်ရပေမယ့် စေတနာ မပါတဲ့အတွက် တန်ပြန်သက်ရောက် အကျိုးပေးမှု မရှိတာကို တွေ့ရတတ်ပါတယ်။ ဒီနေရာမှာ သဘောပေါက်ထားရမှာက စေတနာဟာ ကောင်းတဲ့စေတနာနဲ့ မကောင်းတဲ့စေတနာလို့ နှစ်မျိုးနှစ်စားရှိပြီး လုပ်တဲ့အခါမှာ စေတနာကောင်းပါရင် အကျိုးပေးကောင်းပြီး စေတနာဆိုးပါသွားရင်တော့ အကျိုးပေးဆိုးမယ်ဆိုတာပါ။ လုပ်သာလုပ်လိုက်ရပေမယ့် ဘာစေတနာမှ မပါတဲ့အတွက် ဘာအကျိုးပေးမှုမှ မရှိတာတွေလည်း အများကြီးရှိပါတယ်။ ဒီတော့ ဒီနေရာမှာ ပြောချင်တာက စေတနာသာ အဓိကကျတယ်ဆိုတာပါ။

မေးခွန်းရှင်ရဲ့ အမေးအတိုင်းပြောရရင် အပြစ်မဲ့သူကို ကာကွယ်လိုလို့ လိမ်ညာပြောဆိုမှုဟာ မုသာဝါဒသိက္ခာပုဒ်ကို ကျူးလွန်ရာရောက်ပေမယ့် စေတနာရည်ရွယ်ချက်က သိက္ခာပုဒ်ကို ကျူးလွန်လိုတဲ့သဘော မဟုတ်ဘဲ သူတပါးကို ကူညီလိုတဲ့ စေတနာဖြစ်တဲ့အတွက် တန်ပြန်သက်ရောက်မှု မရှိဘူးလို့ပြောရပါမယ်။ ကံမြောက်တဲ့ကျူးလွန်မှု မဖြစ်တဲ့အတွက် ပြန်လည်အကျိုးပေးမှု မရှိနိုင်ပါဘူး။ မုသာဝါဒသိက္ခာပုဒ်ကို ကျူးလွန်ရာရောက်တယ်ဆိုတာက မုသာဝါဒါ ဝေရာမဏိ ရဲ့ သဘောက ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် လိမ်ညာပြောဆိုမှုမှ ရှောင်ကြဉ်တာကို ဆိုလိုတဲ့သဘောဖြစ်တဲ့အတွက် ဒီသီလကတော့ ပျက်ဆီးပါတယ်။ သီလညစ်နွမ်းတယ်လို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တမင်သက်သက်ကျူးလွန်လိုတဲ့ စေတနာရည်ရွယ်ချက်မပါတဲ့အတွက် သီလသိက္ခာပုဒ် ပျက်ဆီးခြင်းကြောင့် ပြန်လည်အကျိုးပေးမှုကံမမြောက်ပါဘူး။ အဓိကကတော့ စေတနာပေါ့။

လိမ်ညာရမည့်နေရာမှာ ပရိယာယ်သုံးပြီး မုသားမဖြစ်အောင် ပြောတဲ့အခါမှာလည်း စေတနာရဲ့ ပါဝင်ပတ်သက်မှုကိုတော့ မမေ့ဖို့လိုပါတယ်။ မုသာဝါဒကို မကျူးလွန်မိအောင်ဆိုတဲ့ စေတနာက အဓိကဦးတည် နေတယ်ဆိုရင်တော့ ပရိယာယ်သုံးပြီး ရှောင်လွဲလို့ရပေမယ့် တစ်ခြားစေတနာနဲ့ ပရိယာယ်သုံးပြီး လိမ်ညာမယ်ဆိုရင်တော့ မုသာဝါဒဖြစ်ပါတယ်။ ဆိုလိုတာက တိုက်ရိုက်လိမ်ညာတာမဟုတ်ပေမယ့် သွယ်ဝိုက်တဲ့လိမ်ညာမှုမျိုး မဖြစ်အောင် စေတနာကောင်းနဲ့ ပရိယာယ်သုံးတတ်ဖို့ပါ။ မာယာပရိယာယ်မဖြစ်ဖို့ သတိပြုရပါမယ်။ လှည့်ပတ်တဲ့ပရိယာယ်ဆိုရင်တော့ စေတနာရည်ရွယ်ချက် ကွာခြားပါတယ်။ ဒီလိုဆိုရင် မုသာဝါဒနဲ့ ဆက်စပ်နေတတ်ပါတယ်။ အထူးသတိပြုပါ။

၂။ ရှစ်ပါးသီလကို စာပေအခေါ်အရ ဥပေါသထသီလလို့ခေါ်ပါတယ်။ ဥပေါသထသီလဆိုတာ ဥပုသ်နေ့တွေမှာ အထူးစောင့်ထိန်းတဲ့သီလလို့ အဓိပ္ပါယ်ရပါတယ်။ ငါးပါးသီလကတော့ နေ့စဉ်စောင့်ထိန်းရမယ့် သီလဖြစ်ပါတယ်။ ဥပေါသထသီလဖြစ်တဲ့အတွက်ကြောင့် ဥပုသ်နေ့မှာပဲ စောင့်ရမှာလား တစ်ခြားနေ့တွေမှာလည်း စောင့်လို့မရဘူးလားလို့ မေးစရာရှိပါတယ်။ စောင့်လို့ရပါတယ်။ စောင့်ခြင်းကြောင့်အပြစ်မဖြစ်ပါဘူး။ အကျိုးမယုတ်ပါဘူး။ ရှစ်ပါးသီလမှမဟုတ်ပါဘူး။ စောင့်ထိန်းနိုင်မယ်ဆိုရင် ကိုရင်တွေစောင့်တဲ့ ဆယ်ပါးသီလလည်း လူပုဂ္ဂိုလ်များ စောင့်လို့ရပါတယ်။ ကိုယ့်အသိနဲ့ကိုယ် စောင့်ထိန်းနိုင်သမျှ စောင့်ထိန်းလို့ ရပါတယ်။ ငါးပါးသီလကတော့ နေ့စဉ်စောင့်ထိန်းရမှာဖြစ်တဲ့အတွက် သေချာပေါက် စောင့်ထိန်းရမှာဖြစ်ပြီး တစ်ခြားသီလတွေကိုတော့ စောင့်နိုင်သမျှ အသိစိတ်လေးနဲ့ထိန်းပြီး စောင့်နိုင်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဘုရားရှေ့မှာ၊ သံဃာတော်တွေရဲ့အထံတော်မှာ အာမဘန္တေခံ၊ ရှစ်ပါးသီလကို လုံခြုံအောင်စောင့်ထိန်းပါမယ်လို့ ကတိတွေပြုပြီးမှ မလုံခြုံဘူးဆိုရင်တော့ မကောင်းပါဘူး။ အထူးသိထားရမှာက သီလဟာ တစ်ပါးကျူးလွန်တာနဲ့ ကျန်တဲ့သီလတွေပါ ပျက်ဆီးသွားတဲ့ အရာမျိုးမဟုတ်ဘူး ဆိုတာပါ။ အခြေအနေအကြောင်းကြောင်းကြောင့် ပျက်ဆီးသွားတဲ့သီလတွေ ရှိပေမယ့် ကျန်တဲ့သီလတွေ လုံခြုံနေမယ်ဆိုရင် လုံခြုံနေတဲ့သီလအကျိုးကတော့ ရှိနေပါတယ်။ မေးခွန်းရှင်ရဲ့ အမေးထဲကလို လုံးဝမစောင့်တာနဲ့စာလျှင် စောင့်နိုင်သမျှ စောင့်တာက ပိုကောင်းပါတယ်လို့ ဖြေကြားလိုက်ပါတယ်။

Read more »

အမျိုးကိုစောင့်ရှောက်ကြပါ...

“ဘုန်းဘုန်းကို အွန်လိုင်းပေါ်မှာ မတွေ့တာကြာပြီဘုရား။ ဘာဖြစ်လို့လဲဘုရား…” ဆိုတဲ့ သတင်းစကားကို ဘုန်းဘုန်းရဲ့ ဓမ္မမိတ်ဆွေ စာဖတ်ပရိတ်သတ် တစ်ယောက်က မကြာသေးခင်က လှမ်းမေးပါတယ်။ သူ့အမေးကို အဆင်ပြေသလိုပဲ ဖြေပေးလိုက်ဖြစ်ပါတယ်။

တကယ်တော့ ဘုန်းဘုန်း အွန်လိုင်းပေါ်က ပျောက်သွားတာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာပါ။ မေးထားတဲ့ အမေးတွေလည်း ဖြေပေးဖို့ အကြွေးတွေတင်နေပါတယ်။ အနှေးနဲ့ အမြန်ပြန်ဖြေပေးမှာပါ။ အခုလောလောဆယ်တော့ မဖြစ်နိုင်ပါဘူး။ လောလောဆယ် မဖြစ်နိုင်တာက နာဂစ် နှိက်စက်လိုက်လို့ ဒုက္ခတွေဖြစ်သွားတဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများအတွက် တတ်နိုင်တဲ့ဘက်က ကူညီဆောင်ရွက်မှုလေးတွေ လုပ်နေလို့ပါ။ ဒီအတွက် “နားလည်ပေးပါ ပရိတ်သတ်ကြီးရယ်” ဆိုတာလိုပဲ ဘုန်းဘုန်းကို နားလည်ပေးကြပါလို့…။

အားလုံးသိကြတဲ့အတိုင်းပဲ နာဂစ်တို့လုပ်ချလိုက်ပုံက ရေနစ်သူ ၀ါးကူထိုးသလို ဖြစ်နေတယ်။ အနေစုပ်ပေမယ့် ရွှေထုတ်တဲ့ မြပ၀ါဆိုတဲ့ဂုဏ်၊ ရိုးသားပြီးအပြစ်ကင်းစင်တယ်ဆိုတဲ့ဂုဏ်၊ ရှိတာလေးနဲ့ ရောင့်ရဲတတ်တဲ့ဂုဏ်၊ သူတစ်ပါးအပေါ် အရမ်းကြင်နာပြီး အားနာတတ်တဲ့ဂုဏ်၊ ဧည့်ဝတ်ကျေပွန်တဲ့ဂုဏ် စတဲ့စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံတဲ့ ဘုန်းဘုန်းတို့မြန်မာပြည်သူလူထုကိုမှ ရက်ရက်စက်စက် တိုက်ဖျက်ချေမုန်း ဖျက်ဆီးပစ်လိုက်တာကတော့ ဘယ်လိုမှ ဖြေလို့မရတဲ့ နာကျဉ်းဝမ်းနည်းမှုကြီးပါ။ “ရက်စက်လိုက်တာ နာဂစ်ကြီးရယ်” လို့ပဲ ဟစ်ကြွေးလိုက်ချင်ပါတယ်။ တကယ်ပါ။

ဒါပေမယ့် အဲလို မဟစ်ကြွေးဖြစ်ပါဘူး။ တွေးမိတိုင်းတွေမိတိုင်း နှလုံးသားမှာ နာကျင်ခဲ့ရတဲ့ နာဂစ်ရဲ့ ရက်စက်မှုရဲ့ နောက်ဆက်တွဲတွေ ကြားသိကြည့်ရှုပြီး ဘုန်းဘုန်းတို့ကိုယ့်ကိုယ်ကို သတိပေးကာ လိုအပ်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုပဲ ချလိုက်ပါတယ်။ “ဒီအချိန်ဟာ ပူဆွေးဝမ်းနည်းနေရမယ့်အချိန်မဟုတ်။ ဖြစ်ပြီးခဲ့တာတွေကိုဘေးဖယ်၊်လက်ရှိလုပ်ရမယ့် အရာတွေကို တတ်နိုင်သမျှလုပ်ပေးရမယ်”ဆိုတဲ့ အသိနဲ့ဆုံးဖြတ်ချက်ပါ။ ဒါကြောင့်လည်း နာဂစ်ကယ်ဆယ်ထောက်ပံ့ရေးကို လုပ်ဖြစ်နေတာပါ။

လူ့လောကမှာကတော့ ကိုယ့်မိသားစု၊ ကိုယ့်အမျိုးစတာတွေက ရှိနေတဲ့အတွက် မိသားစုအရေး၊ အမျိုးအရေးတွေပိုပြီး ဦးစားပေးရတဲ့အပိုင်းလေးတွေ ရှိနေကြပေမယ့် ဘုန်းဘုန်းတို့ သာသနာ့ဝန်ထမ်းတွေ အတွက်ကတော့ အခုဒုက္ခရောက်သူတွေဟာ ဘုန်းဘုန်းတို့ရဲ့အမျိုးတွေပါ။ ဗုဒ္ဓဘာသာနိုင်ငံတွင်းမှာ ရှိတဲ့ဒကာ၊ ဒကာမတွေဟာ ဘုန်းဘုန်းတို့ရဲ့ မိသားစုတွေပါ။ ဒကာ၊ ဒကာမတွေငတ်နေတာဟာ ဘုန်းဘုန်းတို့ငတ်နေတာနဲ့ အတူတူပါပဲ။ သူတို့ဒုက္ခရောက်နေတာဟာ ဘုန်းဘုန်းတို့ဒုက္ခရောက်နေတာနဲ့ ထပ်တူပါပဲ။ ဒီခံစားမှုကြောင့်ပဲ အမျိုးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ဉာတတ္ထစရိယကို ဘုန်းဘုန်းတို့အားလုံး တတ်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်ဖို့ ကြိုးစားဖြစ်ကြတာပါ။ ပြည်တွင်းမှာရှိတဲ့ ဘုန်းဘုန်းတွေရော ပြည်ပမှာရောက်နေတဲ့ ဘုန်းဘုန်းတွေရော ပြီးတော့ ဒကာဒကာမတွေရော ဒီအသိတွေနဲ့ကြိုးစား ဆောင်ရွက်နေကြတာ အားလုံးတွေ့မိကြမှာပါ။

ဒါပေမယ့် စိတ်မကောင်းစရာလေးတွေလည်း ကြားသိတွေ့မြင်နေရပြန်ပါတယ်။ အဲဒါကတော့ ရွှေမြန်မာအချို့ရဲ့ သဘောထားလေးတွေကြောင့်ပါ။ ကိုယ့်မိသားစု၊ ကိုယ့်အမျိုးတွေမပါဘူးဆိုပြီး ၀ိုင်းဝန်းစောင့် ရှောက်မှုနည်းနေတာလေးတွေပါ။ မလှူကြ၊ မစောင့်ရှောက်ကြလို့ မဟုတ်ပါဘူး။ လူနိုင်စောင့်ရှောင်နိုင်တဲ့ အတိုင်းအတာထက် ပိုပြီးနည်းနေကြလို့ပါ။ ဘုန်းကြီးတစ်ပါးအနေနဲ့ ပြောရတာမသင့်တော်ပေမယ့် ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေအတွက် ဘုန်းဘုန်းပြောကြည့်တာပါ။ လူ့လောကရဲ့ အခြေအနေအခက်အခဲကို နားမလည်လို့ မဟုတ်ပါဘူး။ အချင်းချင်းခြင်း ၀ိုင်းဝန်းစောင့်ရှောက်မှုတွေကို အားမလိုအားမရဖြစ်မိလို့ပါ။ အခုအချိန်မှာ တစ်ကျပ်တစ်ပြားဟာ ပြည်ပမှာ ရှိနေတဲ့သူတွေအတွက် ဘာမှအသုံးမတည့်ပေမယ့် ဘုန်းဘုန်းတို့ဒုက္ခသည်တွေအတွက် တစ်ကျပ်တစ်ပြားဟာ အရမ်းကိုတန်ဘိုးရှိနေတဲ့အချိန်ပါ။ ဘုန်းဘုန်းတို့ရွှေမြန်မာများရဲ့ စားသောက်ပျော်ပါးမှု လေးတွေကို လျှော့ပြီးအဲဒီအတွက် အသုံးပြုကုန်ကျမှုကို နာဂစ်ဒုက္ခသည်တွေအတွက် လှူဖြစ်မယ်ဆိုရင် ဘယ်လောက်အကျိုးရှိလိုက်မလဲလို့လည်း တွေးမိပါတယ်။ ရိုးသားစွာပြောရရင် အဲဒီလိုဖြစ်စေချင်ပါတယ်။ နှမ်းတစ်စေ့နဲ့ဆီမဖြစ်ပေမယ့် နှမ်းစေ့အများပေါင်းလိုက်ရင် ဆီဖြစ်နိုင်ပါတယ်။ တို့ရဲ့တစ်ပြားတစ်ချပ်ဟာ ဘာမှလုပ်လို့မရပါဘူးလို့ မတွေးလိုက်ပါနဲ့ တစ်ပြားတစ်ပြားပေါင်းလိုက်ရင် သိန်းလည်းဖြစ်နိုင်၊ သန်းလည်းဖြစ်နိုင်ပါတယ်။ တကယ်တော့ ဒီအချိန်ဟာ ဘုန်းဘုန်းတို့ရွှေတွေဟာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေရမယ့်အချိန်ပါ။ ဒုက္ခသည်သူတို့တွေဟာ တစ်ခြားသူတွေမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့မြန်မာလူမျိုးတွေပါ။ ဘုန်းဘုန်းတို့အမျိုးတွေပါ။ ဒီတော့ အမျိုးတွေဒုက္ခရောက်နေတာကို ဒီအတိုင်းကြည့်နေဖို့ မသင့်ပါဘူး၊ ကိုယ်စားမယ့်ထဲက နည်းနည်းလောက်ဖြစ်ဖြစ်ဖဲ့ပေးကြဖို့ သင့်ပါတယ်။ အထူးလည်းမေတ္တာရပ်ခံ တိုက်တွန်းပါတယ်။

ဒါကြောင့် အားလုံးကိုယ်စား ဘုန်းဘုန်းအနေနဲ့ ထပ်မံတိုက်တွန်းလိုတာက “အမျိုးကိုစောင့်ရှောက်ကြပါ”လို့…

Read more »

နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်ဆုတောင်း


''သဗ္ဗေ သင်္ခါရာ အနိစ္စာ= အရာအားလုံး အမြဲမရှိ၊ ပြောင်းလဲလျက်ရှိ၏” ဟူသော ဘုရားစကားတော် အတိုင်းပင် အရာရာတိုင်း တစ်နေ့နှင့်တစ်နေ့၊ တစ်ရက်နှင့်တစ်ရက်၊ တစ်လနှင့်တစ်လ၊ တစ်နှစ်နှင့်တစ်နှစ် မတူ အသစ်အသစ်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိ၏။ ယခုလည်း မြန်မာတို့၏ ပြာက္ခဒိန် သတ်မှတ်ချက်အရ ၁၃၆၉ခုနှစ်မှ ၁၃၇၀ပြည့်နှစ်သို့ ပြောင်းလဲလာခဲ့ပေပြီ။ ကျန်ခဲ့သည့် နှစ်၊ လ၊ ရက်တို့ကို ပြန်လည် သတိပြုကြည့်ကြမည်ဆိုက လူတိုင်းလူတိုင်း အကောင်းအဆိုးများဒွန်တွဲကာ ဖြတ်သန်းခဲ့ကြ၏။ မည်သူမဆို အကောင်းချည်းနဲ့ သာ ဖြတ်သန်းခဲ့ကြရသည် မဟုတ်သလို အဆိုးချည်းနဲ့လည်း ဖြတ်သန်းခဲ့ကြရသည် မဟုတ်ကြပေ။ အကောင်းအဆိုးတွဲကာ ဖြတ်သန်းခဲ့ကြခြင်းဖြစ်၏။

အတိတ်ဆိုသည်မှာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့အတိတ်ကို တမ်းတစွဲလန်းမနေတော့ဘဲ လာမည့်အနာဂတ်မှာ မည်သို့မည်ပုံ ဖြတ်သန်းကြမည်ဆိုသည့် အတွေးများဖြင့် ယခုလက်ရှိ ပစ္စုပ္ပန်အချိန်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးကြရမည်သာ ဖြစ်ပါ၏။ သို့သော် အတိတ်မှာဖြစ်ခဲ့ ဖြစ်သန်းခဲ့တာတွေနဲ့ ပတ်သက်လို့ အထူးသတိပြုကြရမည်မှာ အတိတ်က မကောင်းသည့်အဖြစ်အပျက် လုပ်ရပ်တွေကိုသာ လုံးဝမေ့ပြစ်စေချင်တာပါ။ ကောင်းသည့်အလုပ်တွေကိုတော့ အမြဲသတိရအောင် အဖန်ဖန်ပွားများနေစေချင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မကောင်းသည့် အကုသိုလ်အပြစ်ဆိုသည်မှာ သတိရတိုင်း သတိရတိုင်း နောင်တပူပန်မှု၊ စိတ်ဆင်းရဲ့မှု၊ သောကဖြစ်စေမှုကိုသာ တိုးပွားစေသောကြောင့်ဖြစ်ပြီး ကောင်းသည့်ကုသိုလ်ကတော့ သတိရတိုင်း သတိရတိုင်း စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်ဝမ်းမြောက်မှု၊ ပီတိဖြစ်မှု စသည်စသည် တိုးပွားစေသောကြောင့် ဖြစ်ပါ၏။

သို့ဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် ယနေ့ နှစ်ဆန်းကာလမှစပြီး အားလုံးအားလုံးသော ဓမ္မမိတ်ဆွေသူတော်စင်များအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားလိုသည်မှာ ကျန်ခဲ့သည့်အတိတ်က မကောင်းသည့်အရာမှန်သမျှ လုံးဝမေ့ပျောက်နိုင်အောင်ကြိုးစားကြစေရန်၊ ကောင်းသည့်အရာများကို အစဉ်သတိရလျက် ယခုပစ္စုပ္ပန်အချိန်မှစ၍် နောင်လာမည့်ကာလများတိုင်အောင် ဆထက်ဆထက် တိုးပွားအောင်ကြိုးစားနိုင်ကြစေရန် သတိပြုဆင်ခြင်လျက် လုံလကြိုးကုတ်အားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပြီး ၁၃၇၀ပြည့်နှစ်၏ နှစ်ဆန်းတစ်ရက်မှစ၍ နောင်အနာဂတ်ကာလများတိုင်အောင် မလိုလားမတောင့်တအပ်သည့် အရာများမတွေ့ကြုံကြရဘဲ ကောင်းသည့်နှစ်သက်ဖွယ်အာရုံများဖြင့်သာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ရပါသည်။

စိတ္တသုခ၊ ပြည့်စုံကြ၊ ဒုက္ခထွေထွေ၊ ကင်းပါစေ…

မေတ္တဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ

Read more »

သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း...

Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)


A.ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက် အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ ရဲရဲတင်းတင်း ပြုလုပ်မိတတ်ပါတယ်။ အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။ ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့် ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။ အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့် အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။

ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်လွန်ကျူးသူတွေဟာ လောကကြောင်းအရ ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့ စောဒက တက်စရာရှိပါတယ်။ မှန်ပါတယ်။ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့ အဂါရ၀စိတ်များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။ ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။ သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။ ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊ ၀ိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့ အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ်ပေးတဲ့အခါလည်း ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။ အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန်သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။ (မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)

ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့ အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့ ကျူးလွန်လိုက်ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။ လောကကြောင်းအရ သတ်မှတ်ချက်များမှာတော့ သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

Read more »

ဘုရားရှင်တို့၏ ဓမ္မတာ (၃၀)...

Q. ဘုန်းဘုန်းဘုရား…
ပြီးခဲ့တဲ့ ကိုဝင်းလတ်ရဲ့ အမေးကိုဖြေကြားရာတွင် ဘုရားရှင်တို့၏ ဓမ္မတာ(၃၀)ထဲက ဓမ္မတာနှစ်ခုကို ဖော်ပြထားတာ ဖတ်ရှုမှတ်သားရပါတယ်ဘုရား။ ဓမ္မတာ(၃၀)ကို အပြည့်အစုံ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ရိုသေစွာရှိခိုး ကန်တော့လျှက်…
(မဥမ္မာ-ခေတ္တစင်္ကာပူ)


A. မဟာပဒါနသုတ်နှင့် ဗုဒ္ဓ၀င်အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း နားလွယ်လည်အောင် ဖော်ပြရရင်…
(၁) ဘုရားရှင်တို့သည် နောက်ဆုံးဘုရားဖြစ်မည့် ဘ၀တွင် မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရခြင်း (ပဋိသန္ဓေတည်နေမှုဟာ အမျိုးမျိုးရှိတဲ့အတွက်ကြောင့်ပါ)
(၂) မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြုနေတော်မူခြင်း
(၃) မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်သာ ဖွားမြင်ရခြင်း
(၄) တောအရပ်၌သာ ဖွားမြင်ရခြင်း
(၅) ဖွားမြင်ပြီးပြီးချင်း မြောက်ဖက်သို့ ခုနှစ်ဖ၀ါးလှမ်းပြီး ခြင်္သေ့သံဖြင့် ကြုံးဝါးတော်မူခြင်း
(၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်လေးပါးကို မြင်ပြီးနောက် သားတစ်ယောက်မွေးပြီးပြီးချင်း တောထွက်တော်မူခြင်း
(၇) အရဟတ္တဓဇခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရစရိယအကျင့်ကို ၇-ရက်အနည်းဆုံး ကျင့်ရခြင်း
(၈) ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူရခြင်း
(၉) မြက်ခင်းပလ္လင်တော်ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း
(၁၀) ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကိုစီဖြန်းလျက် ပရိကံပြုတော်မူခြင်း
(၁၁) မာရ်စစ်သည်တို့ကို အောင်တော်မူခြင်း
(၁၂) ၀ိဇ္ဇာသုံးပါး၊ စရဏစသည့် ကျေးဇူးဂုဏ်အထူးတို့ကို ရတော်မူခြင်း
(၁၃) ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ဖိုလ်ချမ်းသာကို ခံစားလျက် ၄၉-ရက် သီးတင်းသုံးနေတော်မူခြင်း
(၁၄) တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း
(၁၅) ဣသိပတန မိဂဒါဝုန်တော၌သာ တရားဦး ဓမ္မစကြာဒေသနာကို ဟောတော်မူခြင်း
(၁၆) တပို့တွဲလပြည့်နေ့၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက်ပြတော်မူခြင်း
(၁၇) ဇေတ၀န်ကျောင်းတော်၌သာ နိဗဒ္ဓ၀ါသ်(အမြဲနေခြင်း) ပြုတော်မူခြင်း
(၁၈) သာဝတ္ထိပြည်မြို့တံခါး၌ တံခိုးပြာဋိဟာ ပြတော်မူခြင်း
(၁၉) တာဝတိံသာနတ်ပြည်၌သာ အဘိဓမ္မာဒေသနာကို ဟောတော်မူခြင်း
(၂၀) သင်္ကဿနဂိုရ်ပြည်မြို့တံခါး၌သာ တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူခြင်း
(၂၁) ဖလသမာပတ်ကို အမြဲမပြတ်ဝင်စားတော်မူခြင်း
(၂၂) နံနက်အခါ ညဥ့်အခါတို့၌ ကျွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါတို့ကို ကြည့်တော်မူခြင်း
(၂၃) အကြောင်းဝတ္ထုပေါ်ပေါက်လာလျှင် ၀ိနည်းဥပဒေကို ပညတ်တော်မူခြင်း
(၂၄) အကြောင်းအတ္ထုပ္ပါတ်တိုက်ဆိုင်ပေါ်ပေါက်လာသော် အတိတ်ဇာတ်တော်တရားကို ဟောတော်မူခြင်း
(၂၅) ဆွေတော်မျိုးတော်တို့ အစည်းအဝေးတွင် ဗုဒ္ဓ၀င်တရားကို ဟောတော်မူခြင်း
(၂၆) အာဂန္တုရဟန်းတို့နှင့် ပဋိသန္ထာရ(နှုတ်ဆက်စကား၊ လောက၀တ်) ပြုတော်မူခြင်း
(၂၇) ဒါယကာတို့ပင့်၌ ၀ါဆိုဝါကပ်ပြုတော်မူပါက ၀ါကျွတ်လျင် ဒါယကာတို့ကို အသိပေးပြီးမှ ကြွသွားတော်မူခြင်း
(၂၈) အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း
(၂၉) ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း
(၃၀) ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို့ကို ၀င်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူခြင်း တို့ ဖြစ်ပါတယ်။ ဖတ်ရှုကြည်ညိုသဒ္ဓါတရားများ တိုးပွားပါစေ…

Read more »

တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...

Q. အရှင်ဘုရား…
ဦးတင်ပါသည်ဘုရား…။ တပည့်တော် ဒုတိယအမေး မေးလျှောက်လိုပါသည်။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။ (၁) မြတ်စွဘုရား၏ ဓမ္မစကြာ တရားသည် တရားဦးဟောကြားသော တရားတော်ဖြစ်ကြောင်း တရားတော်အချို့မှာ နာကြားရပါသည်။ ထိုအခါ လူပုဂ္ဂိုလ်ထဲမှ ပဉ္စ၀ဂ္ဂီငါးဦး တရားဦးနာရသဖြင့် တစ်ယောက်တစ်ရက်စီ သောတာပန်ဖြစ် ကျွတ်တမ်းဝင်ကုန်ကြောင်း စသြုဖင့် နာကြားရပါသည်ဘုရား။ ပဉ္စ၀ဂ္ဂီငါးဦး မတိုင်မီ တရားဟောရန် လောကကို ကြည့်တော်မူရာ ယခင်က ဆရာဖြစ်ခဲ့ဘူးသော ပုဏ္ဏာနှစ်ဦးဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့သဖြင့် အလုပ်အကျွေးငါးယောက်ကို ဟောကြောင်း၊ ဆိတ်ကျောင်းသားများ၊ ဟုံဟုံကပုဏ္ဏာတို့ဟာ တရားတော်များကို ဘုရားအနားမှာ ရှိခဲ့ပေမယ့် မနာကြားခဲ့ရကြောင်း စသည်ဖြင့် နာကြားခဲ့ရပါသည်ဘုရား။ သို့သော် ဥက္ကလာပမှ ကုန်သည်ညီနောင်သည် ယခင်က မိခင်ဟောင်းဖြစ်ခဲ့ဘူးသော နတ်သမီး၏ သတင်းပေးမှုကြောင့် ဥရုဝေလတော လင်းလွန်းပင်ရင်းမှာ ဘုရားဖြစ်ပြီး ရက်(၅၀)အရမှာ ပျားမုန့်ဆွမ်းကို အလှူခံပြီး ထိုညီနောင်ကို တရားဟောရာ ပထမဆုံးတရားနာရတဲ့အတွက် ဧတဒဂ်ဘွဲ့များပင် ရကြောင်းနာကြားရပါသည်။
သို့ဖြစ်ပါ၍ အဘယ်တရားသည် တရားဦးဖြစ်ပါသနည်းဘုရား။

(၂) မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် တစ်ဝါအရမှာပင် ဟောကြားခဲ့သည့် တရားတော်တိုင်းကို နာကြားရသည့် ပုဂ္ဂိုလ်များတိုင်းပင် သောတာပန်ဖြစ် ကျွတ်တမ်းဝင် ရဟန္တာဖြစ်ကုန်ကြကြောင်း၊ သို့သော် အဆိုပါ ကုန်သည်များသည် ဘာကြောင့် ကျွတ်တမ်းမ၀င်ကြသည်ကို သိလိုပါသည်။ အနည်းဆုံး သောတာပန် အဆင့်ဖြစ်ပါသလားဘုရား။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။
(ကိုဝင်းလတ်)


A. မေးခွန်းများကို မဖြေခင် ၀ိနည်းပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ပထမက္ခန္ဓကလာ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်ပိုင်း ဖြစ်စဉ်အကျဉ်းကို ရှေးဦးစွာဖော်ပြလိုပါတယ်။ ပါဠိတော်လာအတိုင်း တိုက်ရိုက်တစ်လုံးချင်း ဘာသာပြန်ဖော်ပြပါက အလွန်ရှည်လျား ရှုတ်ထွေးနိုင်သဖြင့် လိုရင်းသာ အလွယ်နားလည်နိုင်ရန် ဖော်ပြလိုက်ပါတယ်။

၁။ မြတ်စွာဘုရားဟာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် ဥရုဝေလတော၊ နေရဉ္ဇရာမြစ်ကမ်းဘေးရှိ မဟာဗောဓိပင်ရင်းမှာ တင်ပလ္လင်ခွေထိုင်တော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်နှလုံးသွင်း ဆင်ခြင်ကာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီခုနှစ်ရက်ကို ပလ္လင်္ကသတ္တာဟလို့ ခေါ်ပါတယ်။

၂။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင် (ဆိတ်ကျောင်းသားတို့ နားခိုရာညောင်ပင်) သို့ ကြွတော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ဟုံဟုံကအမည်ရတဲ့ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်နှင့် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုကာ ပုဏ္ဏာကြီးက “အရှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါသနည်း၊ ဗြာဟ္မာအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က “အကြင်ရဟန္တာသည် မကောင်းမှုမှ အပပြုပြီးဖြစ်၏။ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်။ ကိလေသာတည်းဟူသော ဖန်ရည်မရှိ။ ဘာဝနာစီးဖြန်းအားထုတ်သော စိတ်ရှိ၏။ မဂ်ဉာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ထိုရဟန္တာသည် ဟုတ်မှန်သော သဘောဖြင့် ဗြာဟ္မာဟူသော စကားကို ပြောဆိုထိုက်၏။ ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံတစ်ခုသော အာရုံတပ်မက်မှုစသည် ဖြစ်ပွားခြင်းတို့ မရှိကုန်“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ (ဥဒါန်း ကျူးရင့်ခြင်းသာ ဖြစ်ပါတယ်။ တရားဟောခြင်းမဟုတ်ပါ)။ ဒီ သတ္တာဟကို အဇပါလသတ္တာဟလို့ ခေါ်ပါတယ်။

၃။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ မြတ်စွာဘုရားရှင်ဟာ ကျည်းပင်ရင်းသို့ ကြွတော်မူပြီး အဲဒီကျည်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ခုနှစ်ရက်ပတ်လုံး လေကြီးမိုးကြီး တိုက်ခတ်ရွာသွန်းတဲ့အတွက် မုဉ္စလိန္ဒနဂါးမင်းဟာ ဗိမာန်ကထွက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ကိုခုနှစ်ပတ်ရစ်ပတ်ပြီး ဦးထိပ်မှာပါးပြင်းမိုးကာ လေမိုးဒဏ်ကို ကာကွယ်ပေးပါတယ်။ ခုနှစ်ရက်လွန်လို့ လေမိုးဒဏ်ကင်းတဲ့အခါ နဂါးမင်းဟာ ရစ်ပတ်ထားတဲ့အခွေတို့ကို ဖြေပြီး နဂါးအသွင်ဖျောက်ကာ လုလင်အသွင်ဖြင့် မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ရှေ့တော်မှောက်မှာ ရပ်တည်နေပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က “မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား (နိဗ္ဗာန်ဟူသော) ၀ိဝေကသည် ချမ်းသာ၏။ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တ၀ါအပေါင်းတို့အား မညှင်းဆဲခြင်းသည်လည်းကောင်း ချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှုရာဂကင်းသည်၏အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ်အမြတ်ဆုံးသော ချမ်းသာဖြစ်၏“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ ဒီ သတ္တာဟကို မုဉ္စလိန္ဒသတ္တာဟလို့ ခေါ်ပါတယ်။

၎။ အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ ကျဉ်းပင်ရင်းမှ လင်းလွန်းပင်ရှိရာအရပ်သို့ ကြွတော်မူပြီး လင်းလွန်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ဟာ ဥက္ကလာပဇနပုဒ်မှ ဘုရားရှင်ရှိရာအရပ်ကို ခရီးရှည်ထွက်ပါတယ်။ ဒီညီနောင်တို့ရဲ့ ဆွေမျိုးသားချင်းဖြစ်တဲ့ ဘုမ္မစိုးနတ်ဟာ ညီနောင်တို့ကို ဘုရားရှင်းပွင့်တော်မူပြီး အခုလင်းလွန်းပင်ရင်းမှာ သီတင်းသုံးနေတော်မူကြောင်း၊ သွားရောက်ပြီး မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပါက အမြဲထာဝရ စီးပွားချမ်းသာဖြစ်ထွန်း နိုင်ကြောင်းပြောဆိုညွန်ပြပါတယ်။ ညီနောင်နှစ်ယေက်တို့ဟာ ထိုနတ်ညွန်ကြားတဲ့အတိုင်း လင်းလွန်းပင်ရှိရာအရပ်သို့သွားပြီး မြတ်စွာဘုရားရှင်ကို မုန့်ကြွက်ကျစ်နဲ့ ပျားမုန့်ဆွမ်းကို ဆက်ကပ်ပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်အား “ဘုရားရှင်တို့မည်သည် လက်ဖြင့်(သပိတ်မရှိဘဲ) အလှူမခံယူကြကုန်၊ အဘယ်သို့အလှူခံရအံ့နည်း”ဟု အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို အရပ်လေးမျက်နှာမှ နတ်မင်းကြီးလေးယောက်တို့ သိရှိပြီး ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဘုရားရှင်က အဲဒီသပိတ်လေးလုံးကို တစ်လုံးတည်းပြုလုပ်ပြီး ကုန်သည်ညီနောင်တို့ လှူဒါန်းမှုကို ခံယူဘုဉ်းပေးတော်မူပါတယ်။ အဲဒီလို ဘုဉ်းပေးပြီးနောက်မှာ ညီနောင်နှစ်ယောက်ဟာ ဘုရားရှင်ရဲ့ ခြေတော်အစုံကို ဦးခိုက်ရှိခိုးလျှက် “အရှင်ဘုရား…တပည့်တော်တို့သည် ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ)။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)။ မြတ်စွာဘုရားရှင်သည် တပည့်တော်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါဘုရား” ဟု လျှောက်ပါတယ်။ ဒီကုန်သည် ညီနောင်နှစ်ယောက်တို့ဟာ လောကမှာ ပထမဆုံး ဒွေဝါစိကသရဏဂုံတည်တဲ့ ဥပါသကာတွေဖြစ်ကြပါတယ်။ (သံဃာရတနာ မပေါ်သေးတဲ့အတွက် ဘုရား၊ တရားနှစ်ပါးကိုသာ ကိုးကွယ်ဆည်းကပ်ခွင့် ရခဲ့ကြပါတယ်)။ ဒီသတ္တာဟကို ရာဇာယတန သတ္တာဟလို့ ခေါ်ပါတယ်။

၅။ ဒီနောက် မြတ်စွာဘုရားဟာ လင်းလွန်းပင်ရင်းမှ ခုနှစ်ရက်လွန်ပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ ကြွရောက်တော်မူပြီး သီတင်းသုံးနေတော်မူပါတယ်။ ဒီနောက် ဆိတ်ကွယ်ရာအရပ်မှာ တစ်ပါးတည်း နေတော်မူပြီး ဘုရားရှင်ရရှိတော်မူပြီးဖြစ်တဲ့ တရားတော်ရဲ့ ခက်ခဲနက်နဲမှု၊ သိမ်မွေ့နူးညံ့မှု ပညာရှိသူတော်ကောင်းတို့သာ ရရှိခံစားထိုက်တဲ့ မြင့်မြတ်တဲ့တရားဖြစ်မှုစတာတွေကို ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတွေ ဖုံးလွှမ်းနေတဲ့ သတ္တ၀ါတွေနဲ့ မထိုက်တန်ကြောင်းစတဲ့ နှလုံးသွင်းမှုများဖြင့် တရားမဟောဖို့ စိတ်အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို ဗြာဟ္မာ့ပြည်မှ သဟမ္ပတိဗြာဟ္မာမင်းကြီး သိရှိတော်မူပြီး မြတ်စွာဘုရားရှင်ရှိရာသို့ လာရောက်၍ သတ္တ၀ါများမှာ အမျိုးမျိုးရှိတဲ့အတွက် တရားတော်ကို သိနိုင်တဲ့၊ ကျွတ်ထိုက်တဲ့သတ္တ၀ါအများအပြားရှိကြောင်း စသဖြင့် အမျိုးမျိုးသော ဥပမာများပေးပြီး တရားဟောဖို့အကြိမ်ကြိမ် တိုက်တွန်းလျှောက်ထားတော်မူပါတယ်။ တိုတိုပြောရရင် နောက်ဆုံးမြတ်စွာဘုရားရှင်ဟာ တရားဟောဖို့လက်ခံလိုက်ပါတယ်။

၆။ ဒီလို တရားဟောဖို့ လက်ခံပြီးနောက် ဘယ်သူ့ကို အရင်တရားဟောရမလဲ ကြည့်ရှုတဲ့အခါ တရားရှာစဉ်က ဆရာတွေဖြစ်ခဲ့ဖူးတဲ့ အာဠာရကာလာမ နဲ့ ဥဒကရာမပုတ္တတို့ကို အရင်ဟောဖို့အကြံဖြစ်ပေမယ့် နှစ်ဦးလုံး ကွယ်လွန်သွားပြီဖြစ်လို့ နောက်ဆုံး တရားအားထုတ်စဉ်အလုပ်အကျွေးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ပထမဦးဆုံး တရားဦးဟောဖို့ အကြံဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီတို့ရှိရာ ဗာရဏသီပြည် ဣသိပတန မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းခရီးမှာ ဥပကအာဇီဝကနဲ့တွေ့ပြီး ဥပကကမြတ်စွာဘုရားရှင်ရဲ့ တည်ကြည်သန့်ရှင်းမှု ဣနြေ္ဒရင့်ကျက်မှုစတာတွေကို သိရှိပြီး ဘယ်သူကို ရည်ညွန်းပြီးရဟန်းပြုသနည်း၊ သင့်ဆရာသည် ဘယ်သူနည်း၊ ဘယ်တရားကို နှစ်သက်သနည်းစသဖြည့် လျှောက်ထားတဲ့အခါ ဘုရားရှင်က ကိုယ်ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး သစ္စာလေးပါးနှင့်သဗ္ဗညုတဉာဏ်တော်တို့ကို ရရှိခဲ့တဲ့အတွက် ဆရာမရှိကြောင်း လောက၌အတုမရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုတ်မာသော အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်တဲ့အတွက် ဇိနမည်ကြောင်း စသည်ဖြင့် မိန့်ကြားတော်မူပါတယ်။ ဥပကက ဘာမှမပြောဘဲ သင်ပြောတဲ့အတိုင်း ဟုတ်ပေရာ၏ဟု ဦးခေါင်းကို ညိတ်ကာလမ်းဖယ်သွားပါတယ်။ ဒီနောက်မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီတို့ရှိရာ အရပ်ကိုရောက်ရှိပါတယ်။ ပဉ္စ၀ဂ္ဂီတို့ဟာ ဘုရားရှင်ကြွတော်မူလာတာကို အဝေးကပင်မြင်နေရတဲ့အတွက် ခရီးဦးမကြိုဆို နေရာထိုင်ခင်းမပေးဘဲနေကြဖို့ ကတိပြုထားကြပေမယ့် ဘုရားရှင်အနီးရောက်လာတဲ့အခါ ကတိတွေအလိုလိုဖျက်ကာ ခရီးဦးကြိုဆိုခြင်း၊ နေရာခင်းပေးခြင်း စတာတွေကို ပြုကြပါတယ်။ တိုတိုပြောရရင် အဲဒီမှာ ဘုရားရှင်ဟာ ပထမဦးဆုံး တရားဦး ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူပြီး ပဉ္စ၀ဂ္ဂီငါးဥိးတို့ကို အသီသီး တစ်ရက်စီတစ်ရက်စီ သောတပန်တည်ကာ ရဟန္တာအဖြစ်ကို ရောက်စေတော်မူပါတယ်။
(ကျမ်းကိုး = ၀ိနယပိဋက၊ မဟာဝဂ္ဂပါဠိ၊ ပထမက္ခန္ဓက)

လိုရင်းကို အကျဉ်းပဲဖော်ပြဖို့ စိတ်ကူးရှိပေမယ့် သိသင့်တယ်ထင်တာနဲ့ ပါဠိတော်မှာ ပါတဲ့အတိုင်း တစ်ပိုဒ်ချင်း အလျဉ်းသင့်သလို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပါဠိတော်လာ ဘုရားရှင်ရဲ့ ဒီဖြစ်စဉ်ကို ကြည့်ရင် ဒကာတော်ရဲ့ မေးခွန်းများရဲ့ အဖြေကို နားလည်သဘောပေါက်မှာပါ။ နံပါတ် (၁) အမေးအတွက် ဖြေကြားရရင် ဘုရားရှင်တို့ရဲ့ ဓမ္မတာ (ကျမ်းကိုး = မဟာပဒါသုတ်၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ) သုံးဆယ်တွင်ပါဝင်တဲ့ -တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း (ကုန်သည်ညီနောင်နှစ်ဦးသည် ဗြာဟ္မာကြီး မတောင်းပန်ခင် ဘုရားရှင်နှင့်တွေ့)၊ ဣသိပတနမိဂဒါဝုန်တော၌သာ တရားဦးဒေသနာတော်ကို ဟောတော်မူခြင်းဟူသော ဓမ္မတာသဘောများအရ လည်းကောင်း၊ ပါဠိတော်လာ ဖြစ်စဉ်ဖော်ပြချက်များအရလည်းကောင်း ဓမ္မစကြာဒေသနာသည်သာ တရားဦးဒေသနာဖြစ်ပါတယ်။ နောက်တစ်ချက်က တပုဿဘလ္လိက ကုန်သည်ညီနောင်တို့ဟာ ပဉ္စ၀ဂ္ဂီငါးဦးအရင် ဘုရားရှင်နဲ့တွေ့တာ မှန်ပေမယ့် ဘုရားရှင်ကို ဥပါသကာအဖြစ်သာ လက်ခံဖို့လျှောက်ပြီး တရားဟောဖို့ မလျှောက်ပါဘူး။ (ရာဇာယတနသတ္တာဟလာ စကားရပ်ကို သေချာစွာ ဖတ်ကြည့်ပါရန်)။ ဘုရားရှင်ဟာ သူတို့ကို တရားလည်း မဟောပါဘူး။ ဘုရားရှင်ကို ဖူးတွေ့ကြည်ညိုပြီး ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ သူတို့ကိုယ်တိုင် ဥပါသကာအဖြစ်ခံယူကာ ဘုရားရှင်ကိုလည်း ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားကြခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဘုရားရှင်က ဧတဒဂ်ရာထူးများ ပေးတဲ့အခါ ကုန်သည်ညီနောင် နှစ်ယောက်ကို ပထဦးစုံး ဒွေဝါစီကသရဏဂုံတည်သူများအဖြစ် ဧတဒဂ်ပေးပါတယ်။ စာပေတွေမှာလည်း ဒီကုန်သည်ညီနောင်ကို တရားဟောကြောင်း ဖော်ပြချက်များ မပါရှိပါ၊ တွေ့လည်းမတွေ့ရပါ။ မဟာယာနကျမ်းစာများမှာဆိုရင် တပုဿဘလ္လိကအကြောင်း ဖော်ပြချက်တောင်မရှိကြောင်း သိရပါတယ်။ ထေရ၀ါဒကျမ်းများမှာတော့ အထက်ပါဖော်ပြချက်အတိုင်းပါရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောလိုတာက ဓမ္မစကြာဒေသနာသည်သာ ဘုရားရှင်ရဲ့ တရားဦးဒေသနာဖြစ်ကြောင်း ဖြေကြားလိုရင်းဖြစ်ပါတယ်။
နံပါတ် (၂) မေးခွန်းရဲ့ အဖြေဟာလည်း ပထမအဖြေဖတ်ပြီးရင် သဘောပေါက်မှာပါ။ ဘုရားရှင်ရဲ့ တရားတော်ကို ကိုယ်တိုင်နာယူလိုက်ရတဲ့ ပုဂ္ဂိုလ်များအနက် ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အခြားအခြားသော ပုဂ္ဂိုလ်များဟာ အသီသီးတရား ရသွားသူများဖြစ်ကြပါတယ်။ ဒီကုန်သည်ညီနောင်ကတော့ ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ကြရပေမယ့် တရားဟောဖို့ မလျှောက်ကြပါဘူး။ ဒွေဝါစိကသရဏဂုံခံယူပြီး ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့သာ လျှောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သရဏဂုံတည်ရုံအဆင့်သာ ရောက်ရှိသွားကြသူများဖြစ်ပြီး ဘုရားရှင်ရဲ့တရားကို နာခွင့်မရလိုက်သူများဖြစ်ပါတယ်။ ဒါဖြင့် ဓမ္မံ သရဏံ ဂစ္ဆာမိ ဟု ဘာကြောင့်ဆောက်တည်ကြတာလဲလို့ စောဒကတက်စရာ ရှိပါတယ်။ တကယ်တော့ ဘုရားရှင်ပွင့်ပြီဆိုတာနဲ့ ဓမ္မရတနာလည်း ပါပြီးဖြစ်ပါတယ်။ ဘုရားရှင်က မဟောလို့ မနာရပေမယ့် တရားတော်ဟာ ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒွေဝါစိက သရဏဂုံဆောက်တည်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဘုရားရှင်ကိုယ်တော်တိုင်လည်း အရဟတ္တဖိုလ်ချမ်းသာကို ခံစားစဉ်ဖြစ်တဲ့အပြင် တရားဟောဖို့လည်း စိတ်ကူးရှိဟန် မတူပါဘူး။ တရားမဟောဖို့တောင် အကြံဖြစ်ခဲ့ပါသေးတယ် (သဟမ္ပတိဗြာဟ္မာမင်း တောင်းပန်လျှောက်ထားသည့် အပိုင်းကိုကြည့်ပါ)။ ဒါကြောင့် ကုန်သည်ညီနောင်တို့ဟာ တရားနာခွင့်မရလိုက်တဲ့အတွက် တရားလည်းမရလိုက်ကြပါဘူး။ တရားမရတဲ့အတွက် သောတာပန်ဖြစ်တယ်လို့လည်း ပြောလို့မရပါဘူး။ သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး စာပေကျမ်းဂန်တွေမှာလည်း ပထမဆုံး ဒွေဝါစိကသရဏဂုံတည်သူများ၊ ပထမဆုံးသရဏဂုံတည်သူဟူသော ဧတဒဂ်ရသူများ အဖြစ်သာ ဖော်ပြပါတယ်။ အထွေအထူးတရားရကြောင်း ဖော်ပြတာမတွေ့ရပါ။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ