နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက်ဆုတောင်း


''သဗ္ဗေ သင်္ခါရာ အနိစ္စာ= အရာအားလုံး အမြဲမရှိ၊ ပြောင်းလဲလျက်ရှိ၏” ဟူသော ဘုရားစကားတော် အတိုင်းပင် အရာရာတိုင်း တစ်နေ့နှင့်တစ်နေ့၊ တစ်ရက်နှင့်တစ်ရက်၊ တစ်လနှင့်တစ်လ၊ တစ်နှစ်နှင့်တစ်နှစ် မတူ အသစ်အသစ်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိ၏။ ယခုလည်း မြန်မာတို့၏ ပြာက္ခဒိန် သတ်မှတ်ချက်အရ ၁၃၆၉ခုနှစ်မှ ၁၃၇၀ပြည့်နှစ်သို့ ပြောင်းလဲလာခဲ့ပေပြီ။ ကျန်ခဲ့သည့် နှစ်၊ လ၊ ရက်တို့ကို ပြန်လည် သတိပြုကြည့်ကြမည်ဆိုက လူတိုင်းလူတိုင်း အကောင်းအဆိုးများဒွန်တွဲကာ ဖြတ်သန်းခဲ့ကြ၏။ မည်သူမဆို အကောင်းချည်းနဲ့ သာ ဖြတ်သန်းခဲ့ကြရသည် မဟုတ်သလို အဆိုးချည်းနဲ့လည်း ဖြတ်သန်းခဲ့ကြရသည် မဟုတ်ကြပေ။ အကောင်းအဆိုးတွဲကာ ဖြတ်သန်းခဲ့ကြခြင်းဖြစ်၏။

အတိတ်ဆိုသည်မှာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် ကျန်ခဲ့တဲ့အတိတ်ကို တမ်းတစွဲလန်းမနေတော့ဘဲ လာမည့်အနာဂတ်မှာ မည်သို့မည်ပုံ ဖြတ်သန်းကြမည်ဆိုသည့် အတွေးများဖြင့် ယခုလက်ရှိ ပစ္စုပ္ပန်အချိန်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးကြရမည်သာ ဖြစ်ပါ၏။ သို့သော် အတိတ်မှာဖြစ်ခဲ့ ဖြစ်သန်းခဲ့တာတွေနဲ့ ပတ်သက်လို့ အထူးသတိပြုကြရမည်မှာ အတိတ်က မကောင်းသည့်အဖြစ်အပျက် လုပ်ရပ်တွေကိုသာ လုံးဝမေ့ပြစ်စေချင်တာပါ။ ကောင်းသည့်အလုပ်တွေကိုတော့ အမြဲသတိရအောင် အဖန်ဖန်ပွားများနေစေချင်ပါ၏။ အဘယ့်ကြောင့်ဆိုသော် မကောင်းသည့် အကုသိုလ်အပြစ်ဆိုသည်မှာ သတိရတိုင်း သတိရတိုင်း နောင်တပူပန်မှု၊ စိတ်ဆင်းရဲ့မှု၊ သောကဖြစ်စေမှုကိုသာ တိုးပွားစေသောကြောင့်ဖြစ်ပြီး ကောင်းသည့်ကုသိုလ်ကတော့ သတိရတိုင်း သတိရတိုင်း စိတ်ချမ်းသာမှု၊ စိတ်ပျော်ရွှင်ဝမ်းမြောက်မှု၊ ပီတိဖြစ်မှု စသည်စသည် တိုးပွားစေသောကြောင့် ဖြစ်ပါ၏။

သို့ဖြစ်၍ နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ကူးပြောင်းသည့် ယနေ့ နှစ်ဆန်းကာလမှစပြီး အားလုံးအားလုံးသော ဓမ္မမိတ်ဆွေသူတော်စင်များအတွက် နှစ်သစ်နှုတ်ခွန်းဆက်စကားနှင့် ဆုတောင်းစကားပြောကြားလိုသည်မှာ ကျန်ခဲ့သည့်အတိတ်က မကောင်းသည့်အရာမှန်သမျှ လုံးဝမေ့ပျောက်နိုင်အောင်ကြိုးစားကြစေရန်၊ ကောင်းသည့်အရာများကို အစဉ်သတိရလျက် ယခုပစ္စုပ္ပန်အချိန်မှစ၍် နောင်လာမည့်ကာလများတိုင်အောင် ဆထက်ဆထက် တိုးပွားအောင်ကြိုးစားနိုင်ကြစေရန် သတိပြုဆင်ခြင်လျက် လုံလကြိုးကုတ်အားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပြီး ၁၃၇၀ပြည့်နှစ်၏ နှစ်ဆန်းတစ်ရက်မှစ၍ နောင်အနာဂတ်ကာလများတိုင်အောင် မလိုလားမတောင့်တအပ်သည့် အရာများမတွေ့ကြုံကြရဘဲ ကောင်းသည့်နှစ်သက်ဖွယ်အာရုံများဖြင့်သာ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုမွန်းကောင်းတောင်းလိုက်ရပါသည်။

စိတ္တသုခ၊ ပြည့်စုံကြ၊ ဒုက္ခထွေထွေ၊ ကင်းပါစေ…

မေတ္တဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ

Read more »

သိလျက် အပြစ်ကျူးလွန်သူနှင့် မသိ၍ အပြစ်ကျူးလွန်သူ မည်သူက ပိုအပြစ်ကြီးသနည်း...

Q. အရှင်ဘုရား…
မကောင်းမှုအကုသိုလ် တစ်ခုခုကို ကျူးလွန်ရာတွင် အပြစ်ရှိမှန်းသိလျှက် ကျူးလွန်သူနှင့် အပြစ်ရှိမှန်းမသိ၍ ကျူးလွန်သူ မည်သူက ပိုပြီးအပြစ်ကြီးပါသနည်း။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ဦးတင်ပါတယ်ဘုရား။
(မျိုးအောင်)


A.ကမ္မနိယာမ သဘောအရ အပြစ်ရှိပါလျက် အပြစ်မရှိဘူးလို့ ထင်မြင်ခြင်း(အပြစ်ကို အပြစ်လို့ မသိခြင်း)ဟာ မှားယွင်းတဲ့အမြင်၊ မှားယွင်းတဲ့အယူဖြစ်လို့ မိစ္ဆာဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီလို မိစ္ဆာဒိဋ္ဌိအယူရှိပြီး အပြစ်မရှိဘူးလို့ ယူဆကာ အပြစ်ကို အပြစ်မမြင်တဲ့ ပုဂ္ဂိုလ်ဟာ မကောင်းမှုကို ပြုလုပ်တဲ့အခါ ကြောက်ရွံ့ခြင်းမရှိ ရဲရဲတင်းတင်း ပြုလုပ်မိတတ်ပါတယ်။ အဲလို မကြောက်မရွံ့ပြုလုပ်တဲ့အတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးကြီးလေးတတ်ပါတယ်။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို ရွှေလို့ထင်ပြီး ကိုင်တဲ့သူဟာ ပိုပြီးပြင်းထန်နာကျင်စွာ ပူလောင်ခံရသလို အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်သူအတွက် အကုသိုလ်ရဲ့ အကျိုးပေးမှုဟာလည်း ပိုပြီးပြင်းထန်တတ်တဲ့သဘောပါ။ ဒီလိုပါပဲ အပြစ်ကို အပြစ်လို့ သိပြီး ကျူးလွန်တဲ့သူဟာ မလွဲမရှောင်သာလို့ လုပ်ရပေမယ့် အပြစ်လို့သိနေတဲ့အတွက် ကြောက်ရွံ့တွန့်ဆုတ်ပြီး လုပ်ရတဲ့သဘောရှိပါတယ်။ ဒီလို အသိရှိနေတဲ့အတွက်လည်း ကျူးလွန်ရပေမယ့် ထိမ်းထိမ်းသိမ်းသိမ်း ကျူးလွန်လေ့ရှိပါတယ်။ အဲဒါကြောင့် တန်ပြန်သက်ရောက်တဲ့ အကုသိုလ်အကျိုးဟာလည်း ပြင်းပြင်းထန်ထန် ကြီး မလာတတ်ပါဘူး။ ဥပမာပြောရရင် မီးရဲရဲတောက်နေတဲ့ သံတုံးသံခဲတွေကို မီးရဲရဲတောက်နေတာကို သိတဲ့အတွက် မလွဲသာလို့ ကိုင်ရပေမယ့် အပူသက်သာအောင်ကိုင်တဲ့ သဘောမျိုးပါ။

ဒီလိုဆိုရင် ရာဇသတ်ဥပဒေကိုလည်းကောင်း ဘုရားပညတ်တော်ကိုလည်းကောင်း သိလျက်လွန်ကျူးသူတွေဟာ လောကကြောင်းအရ ဘာကြောင့် ကြီးလေးတဲ့အပြစ်ကို ခံရတာလဲလို့ စောဒက တက်စရာရှိပါတယ်။ မှန်ပါတယ်။ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဥပဒေစတာတွေကို သိလျက်ကျူးလွန်တဲ့သူဟာ ဒီဥပဒေပညတ်ချက်များကို ကျူးလွန်တဲ့အပြစ်အပြင် ဥပဒေပညတ်စတာတွေကို မလေးစားတဲ့ အဂါရ၀စိတ်များပါ ရှိနေတဲ့အတွက် လောကကြောင်းအရ သိလျက်နဲ့ကျူးလွန်တာဟာ ပိုပြီးကြီးလေးတဲ့ အပြစ်ဖြစ်တာပါ။ ဒါ့အပြင် ဒီဥပဒေ ပညတ်များကို မသိနားမလည်ခြင်းဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိ မဟုတ်ပါ။ သတိမမူမိလို့ မောဟဖုံးလွှမ်းမှုသာဖြစ်ပါတယ်။ ဒါကြောင့် လောကသတ်မှတ်ချက် ဥပဒေများ၊ ၀ိနည်းပညတ်ချက်များကို မသိလို့ ကျူးလွန်ခြင်းဟာ ဥပဒေပညတ်တဲ့ပုဂ္ဂိုလ်များကို မလေးစားတဲ့ အဂါရ၀စိတ် မရှိတဲ့အတွက် အပြစ်ပေးတဲ့အခါလည်း ညှာညှာတာတာပေးခြင်း ဖြစ်ပါတယ်။ အပြစ်ခံရတဲ့အခါမှာလည်း သိလျက်ကျူးလွန်သူထက် ပိုပြီးလျော့လျော့ပေါ့ပေါ့ပဲ ခံရခြင်းဖြစ်ပါတယ်။ (မဟာဂန္ဓရုံဆရာတော်ရဲ့ သဂြိုဟ်ဘာသာဋီကာကို ကိုးကားပါသည်။)

ဒါကြောင့် အချုပ်ပြောရရင် အကုသိုလ်အပြစ်ကို အပြစ်လို့ မမြင်တာဟာ မှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိဖြစ်တဲ့အတွက် အပြစ်ကို အပြစ်လို့မသိဘဲ ကျူးလွန်တာနဲ့ အပြစ်ကိုအပြစ်လို့ သိပေမယ့် မလွဲမရှောင်သာလို့ ကျူးလွန်လိုက်ရတာ နှစ်မျိုးမှာ အပြစ်ကို မသိဘူးဘဲ ကျူးလွန်တာက ပိုပြီးကြီးလေးပါတယ်။ လောကကြောင်းအရ သတ်မှတ်ချက်များမှာတော့ သိလျက်ကျူးလွန်တာက ပိုပြီးအပြစ်ကြီးပါတယ်။

Read more »

ဘုရားရှင်တို့၏ ဓမ္မတာ (၃၀)...

Q. ဘုန်းဘုန်းဘုရား…
ပြီးခဲ့တဲ့ ကိုဝင်းလတ်ရဲ့ အမေးကိုဖြေကြားရာတွင် ဘုရားရှင်တို့၏ ဓမ္မတာ(၃၀)ထဲက ဓမ္မတာနှစ်ခုကို ဖော်ပြထားတာ ဖတ်ရှုမှတ်သားရပါတယ်ဘုရား။ ဓမ္မတာ(၃၀)ကို အပြည့်အစုံ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား။ ရိုသေစွာရှိခိုး ကန်တော့လျှက်…
(မဥမ္မာ-ခေတ္တစင်္ကာပူ)


A. မဟာပဒါနသုတ်နှင့် ဗုဒ္ဓ၀င်အဋ္ဌကထာတို့မှာ လာရှိတဲ့အတိုင်း နားလွယ်လည်အောင် ဖော်ပြရရင်…
(၁) ဘုရားရှင်တို့သည် နောက်ဆုံးဘုရားဖြစ်မည့် ဘ၀တွင် မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရခြင်း (ပဋိသန္ဓေတည်နေမှုဟာ အမျိုးမျိုးရှိတဲ့အတွက်ကြောင့်ပါ)
(၂) မယ်တော်ဝမ်း၌ တင်ပလ္လင်ခွေလျက် ရှေ့သို့မျက်နှာပြုနေတော်မူခြင်း
(၃) မယ်တော်သည် အလောင်းတော်မြတ်ကို ရပ်လျက်သာ ဖွားမြင်ရခြင်း
(၄) တောအရပ်၌သာ ဖွားမြင်ရခြင်း
(၅) ဖွားမြင်ပြီးပြီးချင်း မြောက်ဖက်သို့ ခုနှစ်ဖ၀ါးလှမ်းပြီး ခြင်္သေ့သံဖြင့် ကြုံးဝါးတော်မူခြင်း
(၆) သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသော နိမိတ်လေးပါးကို မြင်ပြီးနောက် သားတစ်ယောက်မွေးပြီးပြီးချင်း တောထွက်တော်မူခြင်း
(၇) အရဟတ္တဓဇခေါ် ကြာသင်္ကန်းတော်ဖြင့် ရဟန်းအသွင်ကိုယူပြီးမှ ဒုက္ကရစရိယအကျင့်ကို ၇-ရက်အနည်းဆုံး ကျင့်ရခြင်း
(၈) ဘုရားဖြစ်မည့်နေ့၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူရခြင်း
(၉) မြက်ခင်းပလ္လင်တော်ပေါ်၌သာ သဗ္ဗညုအဖြစ်သို့ ရောက်တော်မူခြင်း
(၁၀) ဗောဓိပလ္လင်ပေါ်၌ အာနာပါနကမ္မဋ္ဌာန်းကိုစီဖြန်းလျက် ပရိကံပြုတော်မူခြင်း
(၁၁) မာရ်စစ်သည်တို့ကို အောင်တော်မူခြင်း
(၁၂) ၀ိဇ္ဇာသုံးပါး၊ စရဏစသည့် ကျေးဇူးဂုဏ်အထူးတို့ကို ရတော်မူခြင်း
(၁၃) ဗောဓိပင်၏အနီးအနား သတ္တဌာနများ၌သာ ဖိုလ်ချမ်းသာကို ခံစားလျက် ၄၉-ရက် သီးတင်းသုံးနေတော်မူခြင်း
(၁၄) တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း
(၁၅) ဣသိပတန မိဂဒါဝုန်တော၌သာ တရားဦး ဓမ္မစကြာဒေသနာကို ဟောတော်မူခြင်း
(၁၆) တပို့တွဲလပြည့်နေ့၌သာ အင်္ဂါလေးပါးရှိသော အစည်းအဝေးကြီး၌ ပါတိမောက်ပြတော်မူခြင်း
(၁၇) ဇေတ၀န်ကျောင်းတော်၌သာ နိဗဒ္ဓ၀ါသ်(အမြဲနေခြင်း) ပြုတော်မူခြင်း
(၁၈) သာဝတ္ထိပြည်မြို့တံခါး၌ တံခိုးပြာဋိဟာ ပြတော်မူခြင်း
(၁၉) တာဝတိံသာနတ်ပြည်၌သာ အဘိဓမ္မာဒေသနာကို ဟောတော်မူခြင်း
(၂၀) သင်္ကဿနဂိုရ်ပြည်မြို့တံခါး၌သာ တာဝတိံသာ နတ်ပြည်မှ ဆင်းသက်တော်မူခြင်း
(၂၁) ဖလသမာပတ်ကို အမြဲမပြတ်ဝင်စားတော်မူခြင်း
(၂၂) နံနက်အခါ ညဥ့်အခါတို့၌ ကျွတ်ထိုက်သည့် ဝေနေယျသတ္တ၀ါတို့ကို ကြည့်တော်မူခြင်း
(၂၃) အကြောင်းဝတ္ထုပေါ်ပေါက်လာလျှင် ၀ိနည်းဥပဒေကို ပညတ်တော်မူခြင်း
(၂၄) အကြောင်းအတ္ထုပ္ပါတ်တိုက်ဆိုင်ပေါ်ပေါက်လာသော် အတိတ်ဇာတ်တော်တရားကို ဟောတော်မူခြင်း
(၂၅) ဆွေတော်မျိုးတော်တို့ အစည်းအဝေးတွင် ဗုဒ္ဓ၀င်တရားကို ဟောတော်မူခြင်း
(၂၆) အာဂန္တုရဟန်းတို့နှင့် ပဋိသန္ထာရ(နှုတ်ဆက်စကား၊ လောက၀တ်) ပြုတော်မူခြင်း
(၂၇) ဒါယကာတို့ပင့်၌ ၀ါဆိုဝါကပ်ပြုတော်မူပါက ၀ါကျွတ်လျင် ဒါယကာတို့ကို အသိပေးပြီးမှ ကြွသွားတော်မူခြင်း
(၂၈) အခါငါးပါးတို့၌ ဗုဒ္ဓကိစ္စငါးပါးကို ပြုတော်မူခြင်း
(၂၉) ပရိနိဗ္ဗာန်ပြုမည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း
(၃၀) ကုဋေနှစ်သန်းလေးသိန်းသော သမာပတ်တို့ကို ၀င်စားတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုတော်မူခြင်း တို့ ဖြစ်ပါတယ်။ ဖတ်ရှုကြည်ညိုသဒ္ဓါတရားများ တိုးပွားပါစေ…

Read more »

တပုဿ၊ ဘလ္လိကာနှင့် တရားဦးဒေသနာ...

Q. အရှင်ဘုရား…
ဦးတင်ပါသည်ဘုရား…။ တပည့်တော် ဒုတိယအမေး မေးလျှောက်လိုပါသည်။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။ (၁) မြတ်စွဘုရား၏ ဓမ္မစကြာ တရားသည် တရားဦးဟောကြားသော တရားတော်ဖြစ်ကြောင်း တရားတော်အချို့မှာ နာကြားရပါသည်။ ထိုအခါ လူပုဂ္ဂိုလ်ထဲမှ ပဉ္စ၀ဂ္ဂီငါးဦး တရားဦးနာရသဖြင့် တစ်ယောက်တစ်ရက်စီ သောတာပန်ဖြစ် ကျွတ်တမ်းဝင်ကုန်ကြောင်း စသြုဖင့် နာကြားရပါသည်ဘုရား။ ပဉ္စ၀ဂ္ဂီငါးဦး မတိုင်မီ တရားဟောရန် လောကကို ကြည့်တော်မူရာ ယခင်က ဆရာဖြစ်ခဲ့ဘူးသော ပုဏ္ဏာနှစ်ဦးဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ခဲ့သဖြင့် အလုပ်အကျွေးငါးယောက်ကို ဟောကြောင်း၊ ဆိတ်ကျောင်းသားများ၊ ဟုံဟုံကပုဏ္ဏာတို့ဟာ တရားတော်များကို ဘုရားအနားမှာ ရှိခဲ့ပေမယ့် မနာကြားခဲ့ရကြောင်း စသည်ဖြင့် နာကြားခဲ့ရပါသည်ဘုရား။ သို့သော် ဥက္ကလာပမှ ကုန်သည်ညီနောင်သည် ယခင်က မိခင်ဟောင်းဖြစ်ခဲ့ဘူးသော နတ်သမီး၏ သတင်းပေးမှုကြောင့် ဥရုဝေလတော လင်းလွန်းပင်ရင်းမှာ ဘုရားဖြစ်ပြီး ရက်(၅၀)အရမှာ ပျားမုန့်ဆွမ်းကို အလှူခံပြီး ထိုညီနောင်ကို တရားဟောရာ ပထမဆုံးတရားနာရတဲ့အတွက် ဧတဒဂ်ဘွဲ့များပင် ရကြောင်းနာကြားရပါသည်။
သို့ဖြစ်ပါ၍ အဘယ်တရားသည် တရားဦးဖြစ်ပါသနည်းဘုရား။

(၂) မြတ်စွာဘုရားသည် ဘုရားဖြစ်ပြီးနောက် တစ်ဝါအရမှာပင် ဟောကြားခဲ့သည့် တရားတော်တိုင်းကို နာကြားရသည့် ပုဂ္ဂိုလ်များတိုင်းပင် သောတာပန်ဖြစ် ကျွတ်တမ်းဝင် ရဟန္တာဖြစ်ကုန်ကြကြောင်း၊ သို့သော် အဆိုပါ ကုန်သည်များသည် ဘာကြောင့် ကျွတ်တမ်းမ၀င်ကြသည်ကို သိလိုပါသည်။ အနည်းဆုံး သောတာပန် အဆင့်ဖြစ်ပါသလားဘုရား။ သနားသဖြင့် ဖြေကြားတော်မူပါဘုရား။
(ကိုဝင်းလတ်)


A. မေးခွန်းများကို မဖြေခင် ၀ိနည်းပိဋက၊ မဟာဝဂ္ဂပါဠိတော်၊ ပထမက္ခန္ဓကလာ မြတ်စွာဘုရား ဘုရားဖြစ်တော်မူပြီးနောက်ပိုင်း ဖြစ်စဉ်အကျဉ်းကို ရှေးဦးစွာဖော်ပြလိုပါတယ်။ ပါဠိတော်လာအတိုင်း တိုက်ရိုက်တစ်လုံးချင်း ဘာသာပြန်ဖော်ပြပါက အလွန်ရှည်လျား ရှုတ်ထွေးနိုင်သဖြင့် လိုရင်းသာ အလွယ်နားလည်နိုင်ရန် ဖော်ပြလိုက်ပါတယ်။

၁။ မြတ်စွာဘုရားဟာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူပြီးနောက် ဥရုဝေလတော၊ နေရဉ္ဇရာမြစ်ကမ်းဘေးရှိ မဟာဗောဓိပင်ရင်းမှာ တင်ပလ္လင်ခွေထိုင်တော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားလျက် ပဋိစ္စသမုပ္ပါဒ်ကို အပြန်အလှန်နှလုံးသွင်း ဆင်ခြင်ကာ သီတင်းသုံးနေတော်မူပါတယ်။ အဲဒီခုနှစ်ရက်ကို ပလ္လင်္ကသတ္တာဟလို့ ခေါ်ပါတယ်။

၂။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ ဗောဓိပင်ရင်းမှ အဇပါလညောင်ပင် (ဆိတ်ကျောင်းသားတို့ နားခိုရာညောင်ပင်) သို့ ကြွတော်မူပြီး ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ဟုံဟုံကအမည်ရတဲ့ ပုဏ္ဏားကြီးရောက်လာပြီး ဘုရားရှင်နှင့် ၀မ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုကာ ပုဏ္ဏာကြီးက “အရှင်ဘုရား အဘယ်မျှသော အတိုင်းအရှည်ဖြင့် ဗြာဟ္မဏမည်ပါသနည်း၊ ဗြာဟ္မာအဖြစ်ကို ပြုတတ်သောတရားတို့ကား အဘယ်တို့ပါနည်း”ဟု လျှောက်တဲ့အခါ မြတ်စွာဘုရားရှင်က “အကြင်ရဟန္တာသည် မကောင်းမှုမှ အပပြုပြီးဖြစ်၏။ တဟုံဟုံ မာန်မူခြင်းကို မပြုတတ်။ ကိလေသာတည်းဟူသော ဖန်ရည်မရှိ။ ဘာဝနာစီးဖြန်းအားထုတ်သော စိတ်ရှိ၏။ မဂ်ဉာဏ်တို့၏အဆုံး အရဟတ္တဖိုလ်သို့ ရောက်၏။ မြတ်သောအကျင့်ကို ကျင့်သုံး၏။ ထိုရဟန္တာသည် ဟုတ်မှန်သော သဘောဖြင့် ဗြာဟ္မာဟူသော စကားကို ပြောဆိုထိုက်၏။ ယင်းရဟန္တာပုဂ္ဂိုလ်အား လောကအားလုံးဝယ် တစ်စုံတစ်ခုသော အာရုံတပ်မက်မှုစသည် ဖြစ်ပွားခြင်းတို့ မရှိကုန်“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ (ဥဒါန်း ကျူးရင့်ခြင်းသာ ဖြစ်ပါတယ်။ တရားဟောခြင်းမဟုတ်ပါ)။ ဒီ သတ္တာဟကို အဇပါလသတ္တာဟလို့ ခေါ်ပါတယ်။

၃။ အဲဒီက ခုနှစ်ရက်လွန်ပြီးနောက်မှာ မြတ်စွာဘုရားရှင်ဟာ ကျည်းပင်ရင်းသို့ ကြွတော်မူပြီး အဲဒီကျည်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးသီတင်းသုံးနေတော်မူပါတယ်။ အဲဒီအချိန်မှာ ခုနှစ်ရက်ပတ်လုံး လေကြီးမိုးကြီး တိုက်ခတ်ရွာသွန်းတဲ့အတွက် မုဉ္စလိန္ဒနဂါးမင်းဟာ ဗိမာန်ကထွက်လာပြီး မြတ်စွာဘုရားရှင်ရဲ့ကိုယ်တော်ကိုခုနှစ်ပတ်ရစ်ပတ်ပြီး ဦးထိပ်မှာပါးပြင်းမိုးကာ လေမိုးဒဏ်ကို ကာကွယ်ပေးပါတယ်။ ခုနှစ်ရက်လွန်လို့ လေမိုးဒဏ်ကင်းတဲ့အခါ နဂါးမင်းဟာ ရစ်ပတ်ထားတဲ့အခွေတို့ကို ဖြေပြီး နဂါးအသွင်ဖျောက်ကာ လုလင်အသွင်ဖြင့် မြတ်စွာဘုရားရှင်ကို ရှိခိုးကာ ရှေ့တော်မှောက်မှာ ရပ်တည်နေပါတယ်။ အဲဒီအချိန်မှာ မြတ်စွာဘုရားရှင်က “မဂ်ဉာဏ်လေးပါးတည်းဟူသော ရောင့်ရဲခြင်းရှိသည်ဖြစ်၍ ထင်ရှားသိပြီးသော တရားရှိသည့် ခပ်သိမ်းသော တရားတို့ကို မြင်သော ရဟန္တာပုဂ္ဂိုလ်အား (နိဗ္ဗာန်ဟူသော) ၀ိဝေကသည် ချမ်းသာ၏။ လောက၌ အမျက်မထွက်ခြင်းသည်လည်းကောင်း၊ သတ္တ၀ါအပေါင်းတို့အား မညှင်းဆဲခြင်းသည်လည်းကောင်း ချမ်းသာ၏။ လောက၌ ကာမဂုဏ်တို့ကို လွန်မြောက်ခြင်းဟုဆိုအပ်သော စွဲမက်မှုရာဂကင်းသည်၏အဖြစ်သည် ချမ်းသာ၏။ ငါဟူသော မာနကို ဆုံးမနိုင်ခြင်းသည် စင်စစ်အမြတ်ဆုံးသော ချမ်းသာဖြစ်၏“ဟု ဥဒါန်းကျူးရင့်တော်မူပါတယ်။ ဒီ သတ္တာဟကို မုဉ္စလိန္ဒသတ္တာဟလို့ ခေါ်ပါတယ်။

၎။ အဲဒီနောက် မြတ်စွာဘုရားရှင်ဟာ ကျဉ်းပင်ရင်းမှ လင်းလွန်းပင်ရှိရာအရပ်သို့ ကြွတော်မူပြီး လင်းလွန်းပင်ရင်းမှာ ခုနှစ်ရက်ပတ်လုံး အရဟတ္တဖိုလ်ချမ်းသာကို ခံစားပြီးနေတော်မူပါတယ်။ အဲဒီအချိန်မှာ တပုဿ၊ ဘလ္လိကကုန်သည် ညီနောင်တို့ဟာ ဥက္ကလာပဇနပုဒ်မှ ဘုရားရှင်ရှိရာအရပ်ကို ခရီးရှည်ထွက်ပါတယ်။ ဒီညီနောင်တို့ရဲ့ ဆွေမျိုးသားချင်းဖြစ်တဲ့ ဘုမ္မစိုးနတ်ဟာ ညီနောင်တို့ကို ဘုရားရှင်းပွင့်တော်မူပြီး အခုလင်းလွန်းပင်ရင်းမှာ သီတင်းသုံးနေတော်မူကြောင်း၊ သွားရောက်ပြီး မုန့်ကြွက်ကျစ်နှင့် ပျားမုန့်ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းပါက အမြဲထာဝရ စီးပွားချမ်းသာဖြစ်ထွန်း နိုင်ကြောင်းပြောဆိုညွန်ပြပါတယ်။ ညီနောင်နှစ်ယေက်တို့ဟာ ထိုနတ်ညွန်ကြားတဲ့အတိုင်း လင်းလွန်းပင်ရှိရာအရပ်သို့သွားပြီး မြတ်စွာဘုရားရှင်ကို မုန့်ကြွက်ကျစ်နဲ့ ပျားမုန့်ဆွမ်းကို ဆက်ကပ်ပါတယ်။ အဲဒီအချိန်မှာ ဘုရားရှင်အား “ဘုရားရှင်တို့မည်သည် လက်ဖြင့်(သပိတ်မရှိဘဲ) အလှူမခံယူကြကုန်၊ အဘယ်သို့အလှူခံရအံ့နည်း”ဟု အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို အရပ်လေးမျက်နှာမှ နတ်မင်းကြီးလေးယောက်တို့ သိရှိပြီး ကျောက်ညိုဖြင့်ပြီးကုန်သော သပိတ်လေးလုံးတို့ကို ဆက်ကပ်လှူဒါန်းပါတယ်။ ဘုရားရှင်က အဲဒီသပိတ်လေးလုံးကို တစ်လုံးတည်းပြုလုပ်ပြီး ကုန်သည်ညီနောင်တို့ လှူဒါန်းမှုကို ခံယူဘုဉ်းပေးတော်မူပါတယ်။ အဲဒီလို ဘုဉ်းပေးပြီးနောက်မှာ ညီနောင်နှစ်ယောက်ဟာ ဘုရားရှင်ရဲ့ ခြေတော်အစုံကို ဦးခိုက်ရှိခိုးလျှက် “အရှင်ဘုရား…တပည့်တော်တို့သည် ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ)။ တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ (ဓမ္မံ သရဏံ ဂစ္ဆာမိ)။ မြတ်စွာဘုရားရှင်သည် တပည့်တော်တို့ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာတို့ဟူ၍ မှတ်တော်မူပါဘုရား” ဟု လျှောက်ပါတယ်။ ဒီကုန်သည် ညီနောင်နှစ်ယောက်တို့ဟာ လောကမှာ ပထမဆုံး ဒွေဝါစိကသရဏဂုံတည်တဲ့ ဥပါသကာတွေဖြစ်ကြပါတယ်။ (သံဃာရတနာ မပေါ်သေးတဲ့အတွက် ဘုရား၊ တရားနှစ်ပါးကိုသာ ကိုးကွယ်ဆည်းကပ်ခွင့် ရခဲ့ကြပါတယ်)။ ဒီသတ္တာဟကို ရာဇာယတန သတ္တာဟလို့ ခေါ်ပါတယ်။

၅။ ဒီနောက် မြတ်စွာဘုရားဟာ လင်းလွန်းပင်ရင်းမှ ခုနှစ်ရက်လွန်ပြီးနောက် ဆိတ်ကျောင်းညောင်ပင်သို့ ကြွရောက်တော်မူပြီး သီတင်းသုံးနေတော်မူပါတယ်။ ဒီနောက် ဆိတ်ကွယ်ရာအရပ်မှာ တစ်ပါးတည်း နေတော်မူပြီး ဘုရားရှင်ရရှိတော်မူပြီးဖြစ်တဲ့ တရားတော်ရဲ့ ခက်ခဲနက်နဲမှု၊ သိမ်မွေ့နူးညံ့မှု ပညာရှိသူတော်ကောင်းတို့သာ ရရှိခံစားထိုက်တဲ့ မြင့်မြတ်တဲ့တရားဖြစ်မှုစတာတွေကို ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟစတဲ့ကိလေသာတွေ ဖုံးလွှမ်းနေတဲ့ သတ္တ၀ါတွေနဲ့ မထိုက်တန်ကြောင်းစတဲ့ နှလုံးသွင်းမှုများဖြင့် တရားမဟောဖို့ စိတ်အကြံဖြစ်တော်မူပါတယ်။ ဒီအကြံကို ဗြာဟ္မာ့ပြည်မှ သဟမ္ပတိဗြာဟ္မာမင်းကြီး သိရှိတော်မူပြီး မြတ်စွာဘုရားရှင်ရှိရာသို့ လာရောက်၍ သတ္တ၀ါများမှာ အမျိုးမျိုးရှိတဲ့အတွက် တရားတော်ကို သိနိုင်တဲ့၊ ကျွတ်ထိုက်တဲ့သတ္တ၀ါအများအပြားရှိကြောင်း စသဖြင့် အမျိုးမျိုးသော ဥပမာများပေးပြီး တရားဟောဖို့အကြိမ်ကြိမ် တိုက်တွန်းလျှောက်ထားတော်မူပါတယ်။ တိုတိုပြောရရင် နောက်ဆုံးမြတ်စွာဘုရားရှင်ဟာ တရားဟောဖို့လက်ခံလိုက်ပါတယ်။

၆။ ဒီလို တရားဟောဖို့ လက်ခံပြီးနောက် ဘယ်သူ့ကို အရင်တရားဟောရမလဲ ကြည့်ရှုတဲ့အခါ တရားရှာစဉ်က ဆရာတွေဖြစ်ခဲ့ဖူးတဲ့ အာဠာရကာလာမ နဲ့ ဥဒကရာမပုတ္တတို့ကို အရင်ဟောဖို့အကြံဖြစ်ပေမယ့် နှစ်ဦးလုံး ကွယ်လွန်သွားပြီဖြစ်လို့ နောက်ဆုံး တရားအားထုတ်စဉ်အလုပ်အကျွေးတွေဖြစ်တဲ့ ပဉ္စ၀ဂ္ဂီငါးဦးတို့ကို ပထမဦးဆုံး တရားဦးဟောဖို့ အကြံဖြစ်တော်မူပြီး ပဉ္စ၀ဂ္ဂီတို့ရှိရာ ဗာရဏသီပြည် ဣသိပတန မိဂဒါဝုန်တောကို ကြွတော်မူပါတယ်။ လမ်းခရီးမှာ ဥပကအာဇီဝကနဲ့တွေ့ပြီး ဥပကကမြတ်စွာဘုရားရှင်ရဲ့ တည်ကြည်သန့်ရှင်းမှု ဣနြေ္ဒရင့်ကျက်မှုစတာတွေကို သိရှိပြီး ဘယ်သူကို ရည်ညွန်းပြီးရဟန်းပြုသနည်း၊ သင့်ဆရာသည် ဘယ်သူနည်း၊ ဘယ်တရားကို နှစ်သက်သနည်းစသဖြည့် လျှောက်ထားတဲ့အခါ ဘုရားရှင်က ကိုယ်ကိုယ်တိုင်ကျင့်ကြံ အားထုတ်ပြီး သစ္စာလေးပါးနှင့်သဗ္ဗညုတဉာဏ်တော်တို့ကို ရရှိခဲ့တဲ့အတွက် ဆရာမရှိကြောင်း လောက၌အတုမရှိသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ယုတ်မာသော အကုသိုလ်တရားတို့ကို အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်တဲ့အတွက် ဇိနမည်ကြောင်း စသည်ဖြင့် မိန့်ကြားတော်မူပါတယ်။ ဥပကက ဘာမှမပြောဘဲ သင်ပြောတဲ့အတိုင်း ဟုတ်ပေရာ၏ဟု ဦးခေါင်းကို ညိတ်ကာလမ်းဖယ်သွားပါတယ်။ ဒီနောက်မြတ်စွာဘုရားရှင်ဟာ ပဉ္စ၀ဂ္ဂီတို့ရှိရာ အရပ်ကိုရောက်ရှိပါတယ်။ ပဉ္စ၀ဂ္ဂီတို့ဟာ ဘုရားရှင်ကြွတော်မူလာတာကို အဝေးကပင်မြင်နေရတဲ့အတွက် ခရီးဦးမကြိုဆို နေရာထိုင်ခင်းမပေးဘဲနေကြဖို့ ကတိပြုထားကြပေမယ့် ဘုရားရှင်အနီးရောက်လာတဲ့အခါ ကတိတွေအလိုလိုဖျက်ကာ ခရီးဦးကြိုဆိုခြင်း၊ နေရာခင်းပေးခြင်း စတာတွေကို ပြုကြပါတယ်။ တိုတိုပြောရရင် အဲဒီမှာ ဘုရားရှင်ဟာ ပထမဦးဆုံး တရားဦး ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူပြီး ပဉ္စ၀ဂ္ဂီငါးဥိးတို့ကို အသီသီး တစ်ရက်စီတစ်ရက်စီ သောတပန်တည်ကာ ရဟန္တာအဖြစ်ကို ရောက်စေတော်မူပါတယ်။
(ကျမ်းကိုး = ၀ိနယပိဋက၊ မဟာဝဂ္ဂပါဠိ၊ ပထမက္ခန္ဓက)

လိုရင်းကို အကျဉ်းပဲဖော်ပြဖို့ စိတ်ကူးရှိပေမယ့် သိသင့်တယ်ထင်တာနဲ့ ပါဠိတော်မှာ ပါတဲ့အတိုင်း တစ်ပိုဒ်ချင်း အလျဉ်းသင့်သလို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။ ပါဠိတော်လာ ဘုရားရှင်ရဲ့ ဒီဖြစ်စဉ်ကို ကြည့်ရင် ဒကာတော်ရဲ့ မေးခွန်းများရဲ့ အဖြေကို နားလည်သဘောပေါက်မှာပါ။ နံပါတ် (၁) အမေးအတွက် ဖြေကြားရရင် ဘုရားရှင်တို့ရဲ့ ဓမ္မတာ (ကျမ်းကိုး = မဟာပဒါသုတ်၊ ဗုဒ္ဓ၀ံသအဋ္ဌကထာ) သုံးဆယ်တွင်ပါဝင်တဲ့ -တရားဟောတော်မူရန် ဗြာဟ္မာမင်းက တောင်းပန်ရခြင်း (ကုန်သည်ညီနောင်နှစ်ဦးသည် ဗြာဟ္မာကြီး မတောင်းပန်ခင် ဘုရားရှင်နှင့်တွေ့)၊ ဣသိပတနမိဂဒါဝုန်တော၌သာ တရားဦးဒေသနာတော်ကို ဟောတော်မူခြင်းဟူသော ဓမ္မတာသဘောများအရ လည်းကောင်း၊ ပါဠိတော်လာ ဖြစ်စဉ်ဖော်ပြချက်များအရလည်းကောင်း ဓမ္မစကြာဒေသနာသည်သာ တရားဦးဒေသနာဖြစ်ပါတယ်။ နောက်တစ်ချက်က တပုဿဘလ္လိက ကုန်သည်ညီနောင်တို့ဟာ ပဉ္စ၀ဂ္ဂီငါးဦးအရင် ဘုရားရှင်နဲ့တွေ့တာ မှန်ပေမယ့် ဘုရားရှင်ကို ဥပါသကာအဖြစ်သာ လက်ခံဖို့လျှောက်ပြီး တရားဟောဖို့ မလျှောက်ပါဘူး။ (ရာဇာယတနသတ္တာဟလာ စကားရပ်ကို သေချာစွာ ဖတ်ကြည့်ပါရန်)။ ဘုရားရှင်ဟာ သူတို့ကို တရားလည်း မဟောပါဘူး။ ဘုရားရှင်ကို ဖူးတွေ့ကြည်ညိုပြီး ဘယ်သူတိုက်တွန်းမှုမှ မပါဘဲ သူတို့ကိုယ်တိုင် ဥပါသကာအဖြစ်ခံယူကာ ဘုရားရှင်ကိုလည်း ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားကြခြင်းဖြစ်ပါတယ်။ နောက်ပိုင်း ဘုရားရှင်က ဧတဒဂ်ရာထူးများ ပေးတဲ့အခါ ကုန်သည်ညီနောင် နှစ်ယောက်ကို ပထဦးစုံး ဒွေဝါစီကသရဏဂုံတည်သူများအဖြစ် ဧတဒဂ်ပေးပါတယ်။ စာပေတွေမှာလည်း ဒီကုန်သည်ညီနောင်ကို တရားဟောကြောင်း ဖော်ပြချက်များ မပါရှိပါ၊ တွေ့လည်းမတွေ့ရပါ။ မဟာယာနကျမ်းစာများမှာဆိုရင် တပုဿဘလ္လိကအကြောင်း ဖော်ပြချက်တောင်မရှိကြောင်း သိရပါတယ်။ ထေရ၀ါဒကျမ်းများမှာတော့ အထက်ပါဖော်ပြချက်အတိုင်းပါရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ပြောလိုတာက ဓမ္မစကြာဒေသနာသည်သာ ဘုရားရှင်ရဲ့ တရားဦးဒေသနာဖြစ်ကြောင်း ဖြေကြားလိုရင်းဖြစ်ပါတယ်။
နံပါတ် (၂) မေးခွန်းရဲ့ အဖြေဟာလည်း ပထမအဖြေဖတ်ပြီးရင် သဘောပေါက်မှာပါ။ ဘုရားရှင်ရဲ့ တရားတော်ကို ကိုယ်တိုင်နာယူလိုက်ရတဲ့ ပုဂ္ဂိုလ်များအနက် ပဉ္စ၀ဂ္ဂီငါးဦး အပါအ၀င် အခြားအခြားသော ပုဂ္ဂိုလ်များဟာ အသီသီးတရား ရသွားသူများဖြစ်ကြပါတယ်။ ဒီကုန်သည်ညီနောင်ကတော့ ဘုရားရှင်ကို ကိုယ်တိုင်ဖူးတွေ့ကြရပေမယ့် တရားဟောဖို့ မလျှောက်ကြပါဘူး။ ဒွေဝါစိကသရဏဂုံခံယူပြီး ဥပါသကာအဖြစ် အသိအမှတ်ပြုဖို့သာ လျှောက်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ သရဏဂုံတည်ရုံအဆင့်သာ ရောက်ရှိသွားကြသူများဖြစ်ပြီး ဘုရားရှင်ရဲ့တရားကို နာခွင့်မရလိုက်သူများဖြစ်ပါတယ်။ ဒါဖြင့် ဓမ္မံ သရဏံ ဂစ္ဆာမိ ဟု ဘာကြောင့်ဆောက်တည်ကြတာလဲလို့ စောဒကတက်စရာ ရှိပါတယ်။ တကယ်တော့ ဘုရားရှင်ပွင့်ပြီဆိုတာနဲ့ ဓမ္မရတနာလည်း ပါပြီးဖြစ်ပါတယ်။ ဘုရားရှင်က မဟောလို့ မနာရပေမယ့် တရားတော်ဟာ ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ဒွေဝါစိက သရဏဂုံဆောက်တည်ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဘုရားရှင်ကိုယ်တော်တိုင်လည်း အရဟတ္တဖိုလ်ချမ်းသာကို ခံစားစဉ်ဖြစ်တဲ့အပြင် တရားဟောဖို့လည်း စိတ်ကူးရှိဟန် မတူပါဘူး။ တရားမဟောဖို့တောင် အကြံဖြစ်ခဲ့ပါသေးတယ် (သဟမ္ပတိဗြာဟ္မာမင်း တောင်းပန်လျှောက်ထားသည့် အပိုင်းကိုကြည့်ပါ)။ ဒါကြောင့် ကုန်သည်ညီနောင်တို့ဟာ တရားနာခွင့်မရလိုက်တဲ့အတွက် တရားလည်းမရလိုက်ကြပါဘူး။ တရားမရတဲ့အတွက် သောတာပန်ဖြစ်တယ်လို့လည်း ပြောလို့မရပါဘူး။ သူတို့နှစ်ဦးနဲ့ပတ်သက်ပြီး စာပေကျမ်းဂန်တွေမှာလည်း ပထမဆုံး ဒွေဝါစိကသရဏဂုံတည်သူများ၊ ပထမဆုံးသရဏဂုံတည်သူဟူသော ဧတဒဂ်ရသူများ အဖြစ်သာ ဖော်ပြပါတယ်။ အထွေအထူးတရားရကြောင်း ဖော်ပြတာမတွေ့ရပါ။

Read more »

ဗုဒ္ဓလက်ထက် ဧတဒဂ်ရ ဘိက္ခု၊ ဘိက္ခုနီ၊ ဥပသကာ၊ ဥပါသိကာမများ...

ဘုရားရှင်လက်ထက် ထူးချွန်သည့် ဧတဒဂ် (ဧတဒဂ္ဂ=ဤသူသည် မြတ်၏ဟု ဘုရားရှင်မိန့်တော်မူသော ပုဂ္ဂိုလ်) ဘွဲ့ရ ထူးချွန်သည့် ဘိက္ခု(ရဟန်းယောက်ျား)၊ ဘိက္ခုနီ(ရဟန်းမိန်းမ)၊ ဥပသကာ(အမျိုးသား)၊ ဥပါသိကာမ(အမျိုးသမီး)တို့၏ ဘွဲ့အမည်နဲ့ ရရှိတော်မူသည့် ဧတဒဂ်ဘွဲ့တော်တို့ကို ကြည်ညိုနိုင်ရန်၊ ကုသိုလ်ပွားနိုင်ရန်၊ ဗဟုသုတအဖြစ် တင်ပြလိုက်ပါသည်။ ဖတ်ရှုကြည်ညိုပြီး ကုသိုလ်စိတ်များ တိုးပွားနိုင်ကြပါစေ…

ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ဘိက္ခု (ရဟန်းယောက်ျား) ၄၁ပါး
၁။ အဂ္ဂရတ္တညူဘွဲ့တံဆိပ်ရသူ အရှင်ကောဏ္ဍည
၂။ ပညာအရာ၌ ထူးချွန်မှု အဂ္ဂမဟာပညာ ဘွဲ့တံဆိပ်ရသူ အရှင်သာရိပုတ္တရာ
၃။ တန်ခိုးအရ၌ အဂ္ဂဣဒ္ဓိမန္တ ဘွဲ့တံဆိပ်ရသူ အရှင်မဟာမောဂ္ဂလာန်
၎။ ဓူတင်ဆောင် အဂ္ဂဓုတင်္ဂဓရ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကဿပ
၅။ ဒိဗ္ဗစက္ခုဉာဏ်ဘွဲ့တံဆိပ်ရသူ အရှင်အနုရုဒ္ဓါ
၆။ အမျိုးမြတ် အဂ္ဂဥစ္စကုလိက ဘွဲ့တံဆိပ်ရသူ အရှင်ဘဒ္ဒိယ (ဤအရှင်သည် ဘ၀မခြားဘဲ ဘ၀ပေါင်း ငါးရာတိုင်တိုင်ဆက်၌ မင်းဖြစ်ဖူးသောကြောင့် အမျိုးမြတ်ဘွဲ့တံဆိပ်ရသည် ဟူ၏။)
၇။ အသံကောင်း အဂ္ဂမဉ္ဖူသရ ဘွဲ့တံဆိပ်ရသူ အရှင်လကုဏ္ဍကဘဒ္ဒိယ
၈။ ခြင်္သေ့သံဖြင့်ကြုံးဝါးသည့် အဂ္ဂသီဟနာဒိက ဘွဲ့တံဆိပ်ရသူ အရှင်ပိဏ္ဍောလဘာရဒွါဇ (ဤအရှင်သည် အရဟတ္တဖိုလ်ရသည့်နေ့မှာပင် မဂ်ဖိုလ်၌သံသယရှိသောသူသည် ငါ့ကိုမေးကြဟု မကြောက်မရွံ့ ခြင်္သေ့သံဆို၍ ဘုရားရှင်ရှေ့တော်၌လည်း အရှင်ဘုရားသာသနာတော်၌ ပြုဖွယ်ကိစ္စသည် အကျွန်ုပ်အား အပြီးတိုင်ရောက်ပါပြီ ဟု ခြင်္သေ့သံကို ဆိုလေသည်။ ထို့ကြောင့် ဤဧတဒဂ်ဘွဲ့ရသည်ဟူ၏။)
၉။ တရားဟောကောင်း အဂ္ဂဓမ္မကထိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ပုဏ္ဏ
၁၀။ အကျဉ်းအကျယ်ကိုဖွဲ့တတ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကစ္စည်း
၁၁။ စိတ်နှလုံးဖြင့်ပြီးသော ကိုယ်ကိုဖန်ဆင်းရာ၌ အဂ္ဂစေတာဝိ၀ဋ္ဋ ဘွဲ့တံဆိပ်ရသူ အရှင်စူဠပန်
၁၂။ အဂ္ဂသညာဝိ၀ဋ္ဋကုသလ အရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာပန်
၁၃။ ကိလေသာကင်း၍နေသောအရာ၊ မြတ်သောအလှူခံပုဂ္ဂိုလ်အရာ၌ ဘွဲ့တံဆိပ်နှစ်ထပ်ရသူ အရှင်သုဘူတိ
၁၄။ အရညကင်တောရ ဘွဲ့တံဆိပ်ရသူ ရှားတောနေ အရှင်ရေ၀တ
၁၅။ ဈာန်ဝင်စားသောအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကင်္ခါရေ၀တ
၁၆။ လုံ့လ၀ီရိယအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ကောဋိဝိသောဏ
၁၇။ သာယာနာပျော်ဖွယ်ရှိအောင် ရွတ်ဖတ်တတ်သောအရာ၌ အဂ္ဂကလျာဏ ၀ါက္ကရ ဘွဲ့တံဆိပ်ရသူ အရှင်ကုဋိကဏ္ဏသောဏ
၁၈။ လာလ်လာဘပေါများသောအရာ၌ အဂ္ဂလာဘီ ဘွဲ့တံဆိပ်တော်ရ အရှင်သီဝလိ
၁၉။ သဒ္ဓါအားကြီးသောအရာ၌ အဂ္ဂသဒ္ဓါဓိမုတ္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝက္ကလိ
၂၀။ သိက္ခာသုံးပါးကို လိုလားလိုက်နာရာ၌ အဂ္ဂသိက္ခာကာမ ဘွဲ့တံဆိပ်တော်ရ သားတော် အရှင်ရာဟုလာ
၂၁။ အဂ္ဂသဒ္ဓါပဗ္ဗဇ္ဖိတအရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်ရဋ္ဌပါလ
၂၂။ စာရေးတံခေါ် မဲလိပ်ချအလှူကို အမြဲနံပါတ်တစ်ရသူအဖြစ် အဂ္ဂ ပဌမသလာက ဂဏှန္တ ဘွဲ့တံဆိပ်တော်ရ အရှင်ကောဏ္ဍဒါန
၂၃။ ကဗျာဂါထာ သီးကုံးဖွဲ့ဆိုရာ၌ လျင်မြန်ခြင်း အဂ္ဂပဋိဘာဝန၀န္တ ဘွဲ့တံဆိပ်တော်ရ အရှင်ဝင်္ဂီသ
၂၄။ ထက်ဝန်းကျင်ကြည်ညိုဖွယ်ကို ဆောင်ရာ၌ အဂ္ဂသမန္တပါသာဒိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဥပသေန
၂၅။ ကျောင်းအိပ်ယာနေရာ ခင်းတတ်ရာ၌ အဂ္ဂသေနာသန ပညာပက ဘွဲ့တံဆိပ်ရသူ အရှင်ဒဗ္ဗ
၂၆။ နတ်တို့ချစ်မြတ်နိုးအပ်သည့်အရာ၌ အဂ္ဂဒေ၀ါနံ ၀ိယမနာပ ဘွဲ့တံဆိပ်တော်ရ အရှင်ပိလိန္ဒ၀စ္ဆ
၂၇။ တရားကို လျင်စွာသိသောအရာ၌ အဂ္ဂခိပ္ပဘိည ဘွဲ့တံဆိပ်ရသူ အရှင်ဒါရုစိ
၂၈။ ဆန်းဆန်းကြယ်ကြယ် စကားကိုပြောဆိုတတ်ရာ၌ အဂ္ဂစိတ္တ ကထိက ဘွဲ့တံဆိပ်ရသူ အရှင်ကုမာရကဿပ
၂၉။ အဂ္ဂပဋိသမ္ဘိဒါပတ္တဉာဏ်ရာ၌ ဘွဲ့တံဆိပ်ရသူ အရှင်မဟာကောဋ္ဌိတ
၃၀။ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ပေါင်းဘွဲ့တံဆိပ်ငါးခုရသူ အရှင်အာနန္ဒာ
၃၁။ အခြံအရံများခြင်းအရာ၌ အဂ္ဂမဟာပရိသ ဘွဲ့တံဆိပ်ရသူ အရှင်ဥရုဝေဠကဿပ
၃၂။ အမျိုးကို ကြည်ညိုအောင်ပြုလုပ်တတ်ရာ၌ အဂ္ဂကုလပသာဒက ဘွဲ့တံဆိပ်ရသူ အရှင်ကာဠုဒါယီ
၃၃။ အနာရောဂါကင်းရာ၌ အဂ္ဂအပ္ပါဗျာဓိက ဘွဲ့တံဆိပ်တော်ရသူ အရှင်ဗာကုလ
၃၄။ ပုဗ္ဗေနိဝါသဉာဏ်၌ အဂ္ဂပုဗ္ဗေနိဝါသ အနုဿရန္တ ဘွဲ့တံဆိပ်ရသူ အရှင်သောဘိတ
၃၅။ ၀ိနည်းဓိုရ်ရာထူး၌ အဂ္ဂ၀ိနယဓရ ဘွဲ့တံဆိပ်ရသူ အရှင်ဥပါလိ
၃၆။ ဘိက္ခုနီမတို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုနောဝါဒက ဘွဲ့တံဆိပ်ရသူ အရှင်နန္ဒက
၃၇။ ဣနြေ္ဒကောင်းရာ၌ အဂ္ဂဣနြ္ဒိယဂုတ္တဒွါရ ဘွဲ့တံဆိပ်ရသူ ညီတော်မင်းနန်ခေါ် အရှင်နန္ဒ
၃၈။ ရဟန်းတော်တို့ကို ဆုံးမရာ၌ အကောင်းဆုံး အဂ္ဂဘိက္ခုသြ၀ါဒက ဘွဲ့တံဆိပ်ရသူ အရှင်မဟာကပ္ပိန္န
၃၉။ တေဇောကသိုဏ်းရာထူး၌ အဂ္ဂတေဇောဓာတု ကုသလ ဘွဲ့တံဆိပ်ရသူ အရှင်သာဂတ
၄၀။ ဒေသနာတော် အသစ်အသစ် တင်ရာ၌ အဂ္ဂပဋိဘာနေယျက ဘွဲ့တံဆိပ်ရသူ အရှင်ရာဓ
၄၁။ ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ အဂ္ဂလုခစီဝရဓရ ဘွဲ့တံဆိပ်ရသူ အရှင်မောဃရာဇ

ဧတဒဂ်ဘွဲ့တံဆိပ်တော်ရ ဘက္ခုနီ (ရဟန်းမိန်းမ) ၁၃ ပါး
၁။ အဂ္ဂရတ္တညူ ဘွဲ့တံဆိပ်တော်ရ မိထွေးတော် မဟာပဇာပတိဂေါတမီ
၂။ အဂ္ဂမဟာပညာ ဘွဲ့တံဆိပ်တော်ရ ခေမာထေရီ
၃။ တန်းခိုးအရာ၌ ဧတဒဂ်ရ ဥပ္ပလ၀ဏ်ထေရီ
၎။ ၀ိနည်းဓိုရ်အရာ၌ အဂ္ဂ၀ိနယဓာရီ ဘွဲ့တံဆိပ်တော်ရ ပဋာစာရီထေရီ
၅။ တရားဟောရာကောင်းရာ၌ အဂ္ဂဓမ္မကထိက ဘွဲ့တံဆိပ်တော်ရ ဓမ္မဒိန္နထေရီ
၆။ ဈာန်ဝင်စားသောအရာ၌ အဂ္ဂဈာယိက ဘွဲ့တံဆိပ်တော်ရ နန္ဒာထေရီ
၇။ လုံလ၀ီရယကောင်းသောအရာ၌ အဂ္ဂ၀ီရိယ ဘွဲ့တံဆိပ်တော်ရ သောဏာထေရီ
၈။ ဒိဗ္ဗစက္ခုဉာဏ်အရာ၌ ဘွဲ့တံဆိပ်တော်ရ ဗကုလာ(သကုလာ)ထေရီ
၉။ လျင်မြန်သော အဘိညာဉ်အရာ၌ အဂ္ဂခိပ္ပဘိည ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒါကုဏ္ဍလကေသာထေရီ
၁၀။ ပုဗ္ဗေနိဝါသဉာဏ်အရာ၌ ဘွဲ့တံဆိပ်တော်ရ ဘဒ္ဒါကပိလာနီထေရီ
၁၁။ ဉာဏ်အမြင်ကြီးရာ၌ ဘွဲ့တံဆိပ်တော်ရ ရဟုလာမယ်တော် ဘဒ္ဒကဉ္စနာယသော်ဓရာထေရီ
၁၂။ ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ ဘွဲ့တံဆိပ်တော်ရ ကိသာဂေါတမီထေရီ
၁၃။ သဒ္ဓါတရားကောင်းရာ၌ သဒ္ဓါဓိမုတ္တ ဘွဲ့တံဆိပ်တော်ရ သိင်္ဂါလမာတာထေရီ

ဧတဒဂ် ဘွဲ့တံဆိပ်ရ ဥပါသကာ (အမျိုးသား) ၁၀ ယောက်
၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ တဖုဿဘလ္လိကာ ကုန်သည်ညီနောင်
၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ အနာထပိဏ်သူဌေးကြီး
၃။ တရားဟောကောင်းဘွဲ့တံဆိပ်ရသူ စိတ္တသူကြွယ်
၎။ သင်္ဂဟ၀တ္ထုလေးပါးဖြင့် ထောက်ပံ့၍ ပရိတ်သတ်အား မိမိထံသို့ရောက်အောင် ဆွဲဆောင်ရာ၌ ဘွဲ့တံဆိပ်ရ ဟတ္ထာဠာဝက
၅။ အခါမပြတ် အကောင်းအမြတ်တို့ကို ပေးလှူတတ်ရာ၌ ဘွဲ့တံဆိပ်ရ မဟာနံသာကီဝင်မင်း
၆။ နှစ်သက်ဖွယ်အရာကို ပေးလှူတတ်ရာ၌ ဘွဲ့တံဆိပ်ရ ဝေသာလီမြို့နေ ဥဂ္ဂသူကြွယ်
၇။ သံဃာ့အလုပ်အကျွေးကောင်းအရာ၌ ဘွဲ့တံဆိပ်ရ ဟတ္ထိဂါမရွာနေ ဥဂ္ဂသူကြွယ်
၈။ မတုန်မလှုပ်ကြည့်ညိုရာ၌ ဘွဲ့တံဆိပ်ရ သူရပန် (သူရဗန္ဓ-သူရဗန်)
၉။ သီလ၊ သမာဓိ၊ ပညာစသော ဂုဏ်ကျေးဇူး အထူးရှိသောပုဂ္ဂိုလ်ကို ဂုဏ်ကျေးဇူးအလျောက် ကြည်ညိုမြတ်နိုးတတ်သော ပုဂ္ဂလပသန္န ဘွဲ့တံဆိပ်ရ ဆရာဇီဝက
၁၀။ ဘုရားနှင့်အကျွမ်းဝင်ရာ၌ ဘွဲ့တံဆိပ်ရ နကုလပိတာ (သူသည် ဘုရားရှင်၏ အဘအဖြစ် ဘ၀ပေါင်းငါးရာ၊ ဘကြီးအဖြစ် ဘ၀ငါးရာ၊ ဘထွေးအဖြစ် ဘ၀ငါးရာ၊ ၀ရီးအဖြစ် ဘ၀ငါးရာ ဆက်ဖြစ်ဖူးသောကြောင့် ဘုရားရှင်အား ချစ်သားချစ်သားဟု ခေါ်လေ့ရှိ၏။ ထို့ကြောင့်လည်း ၀ိဿာသက ဘွဲ့တံရသည်ဟူ၏။)

ဧတဒဂ်ဘွဲ့တံဆိပ်ရ လူမိန်းမ ၁၀ယောက်
၁။ ရှေးဦးစွာ သရဏဂုံတည်ရာ၌ ဘွဲ့တံဆိပ်ရသူ သေနိယသူဌေးသမီး သုဇာတာ
၂။ အလှူဒါနအများဆုံးအရာ၌ ဘွဲ့တံဆိပ်ရသူ ပုဗ္ဗာရုံကျောင်းအကြီး ၀ိသာခါ
၃။ အကြားအမြင်ဗဟုသုတအရာ၌ ဘွဲ့တံဆိပ်ရသူ ခုဇ္ဇုတ္တရာ (သူမသည် သာမာဝတီအမှူးပြုသော မောင်းမငါးရာတို့အား ကျမ်းဂန်များ သင်ကြားပို့ချပေးရပြီး ထိုကျမ်းသည် သုတ္တန္တပိဋက၌ ဣတိဝုတ္တကဟူသော အမည်ဖြင့် သီးခြားရှိသည်။)
၎။ မေတ္တာဖြင့်နေသောအရာ၌ ဘွဲ့တံဆိပ်ရသူ သာမာဝတီ
၅။ ဈာန်ဝင်စားရာ၌ ဘွဲ့တံဆိပ်ရသူ နန္ဒမာတာ ဥတ္တရာ
၆။ အကောင်းအမြတ်ပေးလှူရာ၌ ဘွဲ့တံဆိပ်ရသူ ကောလိယမင်းသမီး သုပ္ပ၀ါသာ
၇။ သူနာကိုအကောင်းဆုံးပြုစုလုပ်ကျွေးရာ၌ ဘွဲ့တံဆိပ်ရသူ သုပ္ပိယာ
၈။ မတုန်မလှုပ်ကြည့်ညိုရာ၌ ဘွဲ့တံဆိပ်ရသူ ကောတိယာနီ
၉။ ဘုရားရှင်နှင့် အကျွမ်းဝင်ခြင်းအရာ၌ ဘွဲ့တံဆိပ်ရသူ နကုလမာတာ (နကုလပိတာနှင့်တူ)
၁၀။ တစ်ဆင့်ကြားကာမျှဖြင့် ဘုရားကို ကြည်ညိုသောအရာ၌ ဘွဲ့တံဆိပ်ရသူ ကာလီ
(အင်္ဂုတ္တရပါဠိတော်၊ ပထမအုပ်၊ စာမျက်နှာ ၂၃)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ