ဆင်းရဲပြီး ဒုက္ခရောက်နေသူများ ဘယ်လိုကုသိုလ်မျိုး ပြုသင့်ပါသလဲ…

Q.အရှင်ဘုရား…
ဆင်းရဲနွမ်းပါးပြီး ဆေးဖိုးဝါးခ မတတ်နိုင်သူများ၊ ကျန်းမာရေးမကောင်းလို့ အလုပ်မလုပ်နိုင် စားဝတ်နေရေးပါ ဒုက္ခရောက်ရသူများ ဘယ်လို ကုသိုလ်မျိုး ပြုသင့်ပါသလဲဘုရား။
(အေးအေး)


A.အဲဒီလိုအခြေအနေမျိုးမှာ လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်ဖို့လိုပါတယ်။ ဗုဒ္ဓစာပေမှာ ပုညကြိယ၀တ္တုဆယ်မျိုး (ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်တဲ့ကုသိုလ်ဆယ်မျိုး) ရှိကြောင်းဖော်ပြထားပါတယ်။ အဲဒီဆယ်မျိုးကတော့…
၁။ ဒါန = ပေးကမ်းလှူဒါန်းခြင်း
၂။ သီလ = ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလဆောက်တည်ခြင်း
၃။ ဘာဝနာ = တရားဓမ္မကျင့်ကြံအားထုတ်ခြင်း
၎။ အပစာယာန = အသက်သိက္ခာ ဂုဏ်ဝါကြီးသူအား အရိုအသေပြုခြင်း
၅။ ဝေယျာဝစ္စ = သူများကုသိုလ်ကောင်းမှု၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း
၆။ ပတ္တိဒါန = မိမိရသော၊ မိမိလုပ်သော ကုသိုလ်ကောင်းမှုကို အမျှပေးဝေခြင်း
၇။ ပတ္တာနုမောဒနာ = မိမိသို့ရောက်လာသော ကုသိုလ်အဖို့ တစ်နည်းအားဖြင့် သူများပြုသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ယူခြင်း
၈။ ဓမ္မဿဝန = တရားနာယူခြင်း
၉။ ဓမ္မဒေသနာ = လာဘ်လာဘကို မငဲ့ဘဲ တရားဟောပြောခြင်း
၁၀။ ဒိဋ္ဌိဇုကမ္မ = အယူဝါဒကို ဖြောင့်မတ်မှန်ကန်စွာ ပြုခြင်း
တို့ဖြစ်ပါတယ်။
ဒီဆယ်မျိုးထဲက မိမိတို့လုပ်နိုင်တဲ့ကုသိုလ်မျိုးကို လုပ်နေပါကလည်း ကုသိုလ်ဖြစ်နေပြီး ဘာမှမလုပ်တာထက်စာရင် အများကြီးအကျိုးကြီးပါတယ်။ ကုသိုလ်ဆိုတာ လုပ်တတ်ရင် ယူတတ်ရင် ရပါတယ်။ လှူစရာမရှိလို့ ကုသိုလ်မရဘူးဆိုတာ မရှိပါဘူး။ ဒါနလုပ်မှသာ ကုသိုလ်ဖြစ်တာမဟုတ်ပါဘူး။ ဒီမှာ ဖော်ပြထားတဲ့ ဆယ်မျိုးထဲမှာ လုပ်လို့ရတဲ့ကုသိုလ်တွေ အများကြီးပါ။ မိမိတို့လုပ်နိုင်တဲ့ လုပ်လို့ရတဲ့ ကုသိုလ်မျိုး ကြိုးစားပြီး လုပ်နေမယ်ဆိုရင် အဆိုးထဲကအကောင်းဆိုသလို ကုသိုလ်တရား တိုးပွားနေမှာပါ။

Read more »

ဗုဒ္ဓအလိုကျ ကုသိုလ်ပြုကြစို့..

အရှင်ဇ၀န (မေတ္တာရှင်)ရဲ့ “ဒါနဘာကြောင့်ပြုရတယ်”ဆိုတဲ့ တရားတော်ကိုနာပြီး ဘုန်းဘုန်းစိတ်ထဲမှာ အများစုက မိရိုးဖလာ ဗုဒ္ဓဘာသာများဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့ မြန်မာဗုဒ္ဓဘာသာများအတွက် ဘုရားရှင်အလိုကျ ကုသိုလ်ကောင်းမှု ပြုနည်းလေးကို ရေးသားတင်ပြရရင် ကောင်းမှာပဲဆိုတဲ့အတွေး ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့မြန်မာလူမျိုးများဟာ ကုသိုလ်ပြုရတာကို အလွန်နှစ်သက်ကြတဲ့လူမျိုးပါ။ အထူးသဖြင့် အလှူဒါနပြုရတာကို ပိုပြီးနှစ်ခြိုက် သဘောကြတတ်တဲ့လူမျိုးပါ။ ရှိရင် လှူမယ်ဆိုတဲ့အတွေးက မြန်မာလူမျိုးအများစုမှာ ကိန်းနေကြပါတယ်။ ဒီစိတ်နဲ့ပဲ ကြိုးစားရှာဖွေ လှူဒါန်းကြတာကို တွေ့ရပါတယ်။

ဒါပေမယ့် “လှူတော့လှူ၏ သို့သော် လွဲနေ၏”လို့ ဆိုရမလို ကုသိုလ်ကောင်းမှု ပြုနေတဲ့ရည်ရွယ်ချက်၊ လုပ်ဆောင်ချက်လေးတွေ မှားနေတာကို တွေ့ရပါတယ်။ ဗုဒ္ဓဟောတော်မူချက်လေးတွေနဲ့ အနည်းငယ်ကွာခြား နေတာ၊ ထေရ၀ါဒဗုဒ္ဓဘာသာ စံလေးတွေနဲ့ မကိုက်ညီတာလေးတွေကို တွေ့နေရပါတယ်။ တကယ်တော့ ကုသိုလ်ကောင်းမှု ပြုတယ်ဆိုတာ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ တစ်နည်း ပြောရရင် ကိလေသာကုန်ပြီး မွေးသေဘ၀နိဂုံးချုပ်ဖို့ပါ။ ဒါကြောင့်ပဲ ဗုဒ္ဓဘာသာများဟာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကို ပြုနေကြခြင်းဖြစ်ပါတယ်။ အရှင်းဆုံးပြောရရင် ကုသိုလ်ပြုတာဟာ ကိလေသာတွေ တဖြည်းဖြည်းနည်းသွား၊ ကုန်သွားအောင်ပြုနေကြတာပါ။ ဒါနကုသိုလ်ပြုတာဟာ လောဘစတဲ့ ကိလေသာနည်းအောင်၊ ကုန်အောင်ပြုတာပါ။ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာဟာ ဒေါသစတဲ့ ကိလေသာတွေ နည်းအောင်၊ ကုန်အောင်ပြုတာပါ။ ဘာဝနာကုသိုလ်ပြုတာ၊ ဘာဝနာပွားများတာဟာ မောဟစတဲ့ ကိလေသာတွေ နည်းအောင်၊ ကုန်အောင်ပြုတာပါ။ အကယ်၍ တစ်စုံတစ်ယောက်က “မောင်ရင်တို့ဗုဒ္ဓဘာသာတွေ ကုသိုလ်ပြုတာ ဘာရည်ရွယ်ချက်နဲ့ ပြုတာလဲ၊ ဘာကြောင့်ပြုတာလဲ”လို့ မေးလာခဲ့ရင် ကိလေသာတွေနည်းအောင်၊ ကုန်အောင်ပြုနေတာ၊ ဒီကိလေသာတွေကို ပယ်ခွါပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် ပြုနေတာလို့ ဖြေတတ်ရပါ မယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီရည်ရွယ်ချက်နဲ့ ကုသိုလ်ပြုတတ်ရပါမယ်။

ဒါပေမယ့် ယနေ့ခေတ် ကုသိုလ်ပြုနေကြတဲ့ ဗုဒ္ဓဘာသာ အများစုဟာ ဒီရည်ရွယ်ချက်တွေပျောက်ပြီး လောဘ၊ ဒေါသ၊ မောဟလေးတွေ ဦးစီးပြီးလုပ်နေကြတာကို တွေ့နေရပါတယ်။ ဗုဒ္ဓအလိုကျ ကုသိုလ်ပြုနည်းလေးတွေနဲ့ လွဲနေတာတွေကို တွေ့ရပါတယ်။ လောဘစတဲ့ ကိလေသာတွေနည်းအောင် ဒါနပြုရမယ့်အစား ဒါနပြုရင်း လောဘတွေ တိုးတိုးနေတာကို တွေ့ရပါတယ်။ အချို့က လှူတာက နည်းနည်း လိုချင်တဲ့ဆုတွေက များနေတာကို တွေ့ရပါတယ်။ ရွှေတိဂုံဘုရားပေါ်သွားရင် ပိုတွေ့နိုင်ပါတယ်။ လှူတာက ရေလေးတစ်ခွက် တောင်းလိုက်တာက ရှေ့မှာ ရှိနေတဲ့ ဗုဒ္ဓရုပ်ပွားတော်မှ အားမနာ။ “ဒီကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ်၊ နတ်စည်းစိမ်တွေကို ခံစားရပြီး ဖြစ်လေရာဘ၀တိုင်းမှာ မရှိဟူသော စကား၊ မလှဟူသောစကား၊ မ၀ဟူသောစကား ဘယ်သောအခါမှ မကြားပါရစေနဲ့ဘုရား” စတဲ့ဆုတောင်းနဲ့ လှူနေကြတာ တွေ့ဖူးမှာပါ။ ဒါဟာ လောဘနည်းအောင်ပြုတာလို့ ဘယ်လိုမှ ပြောလို့မရတော့ပါဘူး။ တစ်ချို့လည်း ထင်ပေါ်လိုလို့၊ ကြွားချင်လို့၊ ခုဘ၀ နောက်ဘ၀ချမ်းသာချင်လို့ ဒါနပြုတာလည်း ရှိပါသေးတယ်။ ဆိုင်းဘုတ်ကြီးတွေ အကြီးကြီးတွေရေးပြီး ဘုရားဒကာ၊ ကျောင်းဒကာ၊ ရဟန်းဒကာဆိုတဲ့ ဂုဏ်တွေလိုချင်လို့ ဒါနပြုနေကြသူတွေလည်း အများကြီးပါ။ တကယ်တော့ ဘယ်လောက်လှူတယ်၊ ဘယ်လိုလှူတယ်၊ ဘယ်မှာလှူတယ် ဆိုတာတွေထက် ဒါနပြုလို့ ကိုယ့်သန္တာန်မှာ လောဘ ဘယ်လောက်နည်းသွားတယ်၊ အလိုရမ္မက် ဘယ်လောက်လျော့လာတယ် ဆိုတာကမှ စစ်မှန်တဲ့ ဒါနပြုနည်းပါ။ ဘုရားအလိုကျ ပေးလှူနည်းပါ။

တစ်ချို့က ပြောကြသေးတယ်။ ဒါနကုသိုလ်ဟာ သံသရာရှည်ပါတယ်တဲ့။ တကယ်တော့ ဒါနကသံသရာ ရှည်တာမဟုတ်ပါဘူး။ ဒါနပြုပြီး လိုချင်တောင့်တတဲ့ လောဘတဏှာကသာ သံသရာရှည်စေတာပါ။ သိတဲ့အတိုင်း ဒါနပြုတယ်၊ ပေးကမ်းတယ်ဆိုတာဟာ ကိုယ့်မှာရှိတဲ့အရာကို စွန့်လွှတ်လိုက်တာပါ။ လိုချင်မှုကို ပယ်ခွာလိုက်တာပါ။ လိုချင်တာဟာ လောဘပဲလေ။ ဒီလောဘကို ဒါနပြုပြီး ပယ်သက်ပေးတာပါ။ ဒါကြောင့် ဒါနပြုခြင်းဖြင့် ကိုယ့်သန္တာန်မှာ လောဘတွေ တဖြည်းဖြည်းနည်းနည်း သွားစေရမှာပါ။ ဒီလောဘတွေ တဖြည်းဖြည်းနည်းဖို့အတွက် ဒါနပြုတဲ့အခါမှာ ထားရမယ့်ရည်ရွယ်ချက်၊ စေတနာဟာ အရေးကြီးပါတယ်။ ထင်ပေါ်ကျော်ကြား ကြွားဝါဖို့၊ အခုဘ၀ နောက်ဘ၀ချမ်းသာဖို့ဆိုတဲ့ လိုချင်တပ်မက်မှု လောဘဦးစီးပြီး မပြုမိဖို့လိုပါတယ်။ ဒါနပြုခြင်းဖြင့် ကိုယ့်သန္တာန်မှာ ရှိတဲ့ လောဘစတဲ့ကိလေသာတွေ တဖြည်းဖြည်းပါးလားအောင် လေ့ကျင့်ဖို့လိုပါတယ်။ ဒါနကုသိုလ်ကို နိဗ္ဗာန်အထိ အထောက်အပံ့ဖြစ်အောင် လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ဒါနကုသိုလ်ဘာကြောင့် လုပ်တာလဲလို့ မေးလာခဲ့သော် “လောဘစတဲ့ ကိလေသာတွေကို ပယ်သတ်ဖို့အတွက် လုပ်တာပါ” လို့ ဖြေတတ်ဖို့၊ ပြောတဲ့အတိုင်းလည်း လုပ်ဖို့လိုပါတယ်။

ဒီလိုပါပဲ။ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာဟာ ဒေါသစတဲ့ကိလေသာတွေ နည်းအောင်၊ ပါးအောင်ပြုလုပ်တာပါ။ မှန်ပါတယ်။ သီလဆောက်တည်တယ်ဆိုတာ ကာယကံ၊ ၀စီကံတွေကို ထိန်းချုပ်တာပါ။ ငါးပါးသီလမှာပဲ ပြန်ကြည့်ပါ။ ပါဏာတိပါတာ ဝေရမဏိ- သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြည်ပါ၏ ဆိုတာဟာ လက်တွေ့ကျူးလွန်မယ့် ကာယကံကို ထိန်းချုပ်တာပါ။ ဒီအတိုင်းပဲ။ မုသာဝါဒါ ဝေရမဏိ- လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြည်ပါ၏ဆိုတာ ၀စီကံကို ထိန်းတာပါ။ ကိုယ်နှုတ်ကို ထိန်းလိုက်တာဟာ ဖြစ်ပေါ်လာမယ့် ဒေါသစတဲ့ ကိလေသာတွေ မဖြစ်အောင် လုပ်တာပါ။ မကောင်းတဲ့ ကိုယ်နှုတ်အမူအရာတွေ နည်းအောင်ပါးအောင်လုပ်တာဟာ သီလဆောက်တည်ခြင်းရဲ့ ရည်ရွယ်ချက်ပါ။ အဲလိုမဟုတ်ဘဲ သီလဆောက်တည်ပြီး ပြောချင်ရာပြော၊ လုပ်ချင်ရာ လုပ်နေမယ်ဆိုရင် ဗုဒ္ဓအလိုနဲ့ မညီတော့ပါဘူး။ ဘုရားအလိုကျ သီလဆောက်တည်တာ မဟုတ်ပါဘူး။ ဘယ်နှစ်ပါး သီလပဲ ဆောက်တည်ဆောက်တည် ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းနိုင်ခြင်းက အဓိကကျပါတယ်။ ဖြစ်ပေါ်လာမယ့် ဒေါသစတဲ့ ကိလေသာတွေကို မဖြစ်အောင် ထိန်းနိုင်ခြင်းက အဓိကကျပါတယ်။ ဒါနမှသာ ဘုရားရှင်အလိုကျ သီလကုသိုလ်ပြုတာ၊ သီလဆောက်တည်တာ ဖြစ်မှာပါ။ တစ်ချို့ရှိပါတယ်။ ပြောတော့ ရိပ်သာသွား၊ တရားထိုင်၊ သီလဆောက်တည်တယ်တဲ့ ပြန်လာတော့လည်း မသွားခင်ကအတိုင်းပဲ။ ထစ်ခနဲဆို စိတ်တို၊ စိတ်ဆိုးဖြစ်တုန်းပဲ။ ဒီလို မဖြစ်သင့်ပါဘူး။ မလုပ်ခင်ကထက် လုပ်ပြီးပြန်လာတဲ့အခါမှာ ကိုယ့်ရဲ့ကိုယ်အမူအရာ။ နှုတ်အမူအရာ စတာတွေကို တဖြည်းဖြည်းပြောင်းလဲလာစေရပါမယ်။ ဒါမှသာ ဘုရားအလိုကျ ဖြစ်မှာပါ။ ကိုယ်ကဒီလို ပြောင်းလာတဲ့အခါ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်းကျင်လည်း ကိုယ့်ကိုကြည့်ပြီး အလိုလို ပြောင်းလဲလာတတ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အရင်ပြောင်းလဲလိုက်ဖို့ပါ။

နောက်ဆုံးတစ်ခုက ဘာဝနာကုသိုလ်ပါ။ ဘုရားရှင်အလိုကျ ဘာဝနာကုသိုလ်ပြုတာဟာ မောဟစတဲ့ ကိလေသာတွေကို ပယ်ခွာဖို့၊ နည်းဖို့ပြုလုပ်တာပါ။ မောဟက တွေဝေခြင်း၊ မသိခြင်း၊ ပညာမဲ့ခြင်းစတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်ပါတယ်။ ဘာဝနာပွားများခြင်းဖြင့် ၀ိပဿနာပညာတွေ တိုးပွားလာပြီး မသိမိုက်မဲမှုတွေ၊ အမှားတွေ နည်းသွားစေရပါမယ်။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားတတ်တဲ့ ဉာဏ်တွေရရှိစေရပါမယ်။ အစွဲတွေ လျော့လာစေရပါမယ်။ တစ်ချို့လွဲနေပါတယ်။ ဘာဝနာအားထုတ်မယ်၊ တရားထိုင်မယ်ဆိုပြီး ရိပ်သာသွား တရားထိုင်ကြပါတယ်။ တရားထိုင်ပြီးမှ အစွဲတွေက ပိုများလာတာကို တွေ့ရပါတယ်။ အဆိုးဆုံးက ဆရာစွဲ၊ ရိပ်သာစွဲ၊ တရားစွဲ၊ ပုဂ္ဂိုလ်စွဲတွေ ဖြစ်လာတာပါ။ ဒီနည်းမှမှန်တယ်။ ဟိုနည်းမမှန်ဘူးဆိုတာတွေ များလာတာပါ။ အဆိုးဆုံးက တရားအားထုတ်တဲ့ ယောဂီအချင်းချင်း ရိပ်သာပြိုင်၊ ဆရာပြိုင်၊ နည်းစနစ်တွေပြိုင်ပြီး မခေါ်မပြောနိုင်တွေ ဖြစ်ကြတာပါ။ အမှန်က အဲလိုမဖြစ်သင့်ပါဘူး။ တရားအားထုတ်ခြင်းဖြင့် အသိတရားလေးတွေ တိုးပွားလာပြီး အမှားအမှန် ခွဲခြားလာတတ်ရမှာပါ။ အစွဲတရားလေးတွေ လျော့လာရမှာပါ။ မောဟစတဲ့ ကိလေသာတွေ နည်းသထက်နည်းလာရမှာပါ။ ဒီလိုဖြစ်လာအောင် တရားဘ၀နာ အားထုတ်ခြင်းကသာ ဘုရားအလိုကျ ဘာဝနာကုသိုလ်ပြုတာပါ။

ဒါကြောင့် အချုပ်အားဖြင့် ဘုရားရှင်အလိုကျ ကုသိုလ်ပြုတယ်ဆိုတာဟာ ကိလေသာတွေကို နည်းသထက်နည်းအောင်၊ ပါးသထက်ပါးအောင် ပြုလုပ်ပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုအောင် လုပ်တာဖြစ်တဲ့အတွက် ဒါနကုသိုလ်ပြုခြင်းဖြင့် လောဘစတဲ့ ကိလေသာတွေ နည်းအောင်၊ သီလဆောက်တည်ခြင်းဖြင့် ဒေါသစတဲ့ ကိလေသာတွေ လျော့လာအောင်၊ ဘာဝနာပွားများခြင်းဖြင့် မောဟစတဲ့ ကိလေသာတွေ တဖြည်းဖြည်း ပယ်ခွာနိုင်အောင်သာ ကြိုးစားဖို့လိုပြီး ကုသိုလ်လုပ်တဲ့အခါ လောဘ၊ ဒေါသ၊ မောဟကိလေသာတွေ ဦးစီးပြီးမလုပ်မိကြဖို့ အထူးလိုအပ်အကြောင်း သတိပေးစကားပြောကြားရင်း “ဗုဒ္ဓအလိုကျ ကုသိုလ်ပြုနိုင်ကြပါစေ”လို့ ဆန္ဒပြုလိုက်ပါတယ်။

Read more »

သေခြင်းတရားသည် အသက်အရွယ်မရွေးပါ…

ဘုန်းဘုန်းတို့ ဘလော့ဂ်မှာ ပို့စ်အသစ်မတင်ဖြစ်တာ အတော်ကြာသွားပါပြီ။ ကြာဆို မြန်မာပြည်က ပြန်ကြွလာ ကတည်းကလို့ ဆိုရပါမယ်။ မြန်မာပြည်က ပြန်ရောက်ကတည်းက တကယ့်ကိုပဲ မအားမလပ်ဖြစ်သွားရပါတယ်။ လူကပြန်ရောက်လာပေမယ့် မပြီးပြတ်သေးတဲ့အလုပ်တွေက တစ်ခါတည်းပါလာခဲ့ပါတယ်။ အဲဒီအလုပ်တွေထဲက တစ်ခုကတော့ ဘုန်းဘုန်းရဲ့ သူငယ်ချင်းဆိုလည်းဟုတ်၊ သာသနာ့ညီအစ်ကို ဆိုလည်းဟုတ်တဲ့ အရှင်တစ်ပါးရဲ့ ကျန်းမာရေးကိစ္စပါ။ ဒီအရှင်ဟာ ဘုန်းဘုန်းနဲ့ သာသနာ့တက္ကသိုလ်မှာတည်းက စိတ်တူကိုယ်တူ ပေါင်းသင်းခဲ့တဲ့အရှင်ပါ။ နာဂစ်ကြောင့် ရွာတစ်ခုလုံး ပျက်ဆီးသွားတဲ့အပြင် ဆရားသမားလည်း ပြန်တော်မူသွား၊ မိဘတွေလည်း အိုးမဲ့အိမ်မဲ့ ဖြစ်သွားလို့ သီရိလင်္ကာသွားပြီး ပညာသင်နေတာက ပညာရေးကို ဘေးဖယ်ထားပြီး ဇာတိရွာဖြစ်တဲ့ ငပုတောမြို့နယ်က အုပ်တွင်းရွားလေးမှာ သွားပြီးရွာအကျိုးအတွက် နာဂစ်ကယ်ဆယ်ရေးတွေ ပြန်လုပ်နေတဲ့အရှင်ပါ။ ဘုန်းဘုန်းပြန်ကြွသွားတော့လည်း ဘုန်းဘုန်းနဲ့အတူ အချိန်ပြည့်လိုက်ပြီး နာဂစ်ဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးခဲ့တဲ့ အရှင်ပါ။ နောက်ပိုင်းမှာ ဘုန်းဘုန်းနဲ့အတူ လူငယ်တွေအတွက် ပညာဒါနကျောင်းဖွင့်ပြီး ပညာဒါနပြုကာ ပရဟိတလုပ်ငန်းတွေ လက်တွဲလုပ်ကြဖို့ အကြံအစီရည်ရွယ်ချက်တွေ ထားကြတဲ့အရှင်ပါ။ အခု အဲဒီအရှင် မရှိတော့ပါဘူး။ သူရည်ရွယ်ထားတဲ့ အရာတွေ၊ လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်တွေကို စွန့်ပြီးလောကကြီးက အပြီးအပိုင်ထွက်သွားပါပြီ။ လွန်ခဲ့တဲ့ 3-10-2008ရက်နေ့ ညနေ ၄နာရီ ၂၅မိနစ်အချိန်လောက်မှာ ရန်ကုန်အာရှတော်ဝင် အထူးကုဆေးခန်းကြီးမှာ ပျံလွန်တော်မူသွားခဲ့ပါပြီ။ သူ့အသက်ဟာ ခုမှ၃၁နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သဘာဝတရားကို မလွန်ဆန်နိုင်ဘဲ ဘ၀နိဂုံးချုပ်သွားရပေမယ့် ဘုန်းဘုန်းအတွက်ကတော့ လက်ရုံးတစ်ဘက် ပြုတ်သွားသလိုပါပဲ။

သူ့ရောဂါအကြောင်း အနည်းငယ်ပြောပြလိုပါတယ်။ သူဖြစ်တဲ့ရောဂါက အသည်းကင်ဆာပါ။ လွန်ခဲ့တဲ့တစ်နှစ် လောက်ကတည်းက အသည်းရောင် အသားဝါဘီပိုးရှိနေတာကိုလည်း သိရပါတယ်။ ဘုန်းဘုန်းရောက်သွားတော့ ဘုန်းဘုန်းနဲ့အတူ နာဂစ်ကယ်ဆယ်ရေးအတွက် အချိန်ပြည့်လိုက်ပါ ဆောင်ရွက်နိုင်ပါတယ်။ ဘုန်းဘုန်းခဏပြန်ကြွလာတယ်ဆိုတော့ မြန်မာပြည်က ဒကာဒကာမတွေကလည်း နေ့စဉ်ဆွမ်းများပင့်ကပ်ကြပါတယ်။ အဲဒီအခါအတိုင်း သူလည်းလိုက်ပါရပါတယ်။ ဒီတုန်းက သိပ်မသိသာသေး ပေမယ့် တစ်ခါတစ်ခါ ဗိုက်ထဲက တင်းတင်းနေတယ်၊ ရင်ခေါင်းတောင့်နေတယ်ဆိုတာကို ပြောပြဖူးပါတယ်။ ဒါနဲ့ ရွေဂုံတိုင်အထူးကု ဆေးခန်းကြီးမှာ အထူးကုဆရာဝန်နဲ့ ပြသကြည့်ပါတယ်။ ဆရာလည်းစစ်ဆေးပြီး ဆေးပေးပါတယ်။ အနားယူလိုက်ရင် ကောင်းသွားပါမယ်လို့လည်း ပြောလိုက်ပါတယ်။ ဆေးတွေသောက်ပြီး တစ်ပတ်လောက်မှာ အတော်လေးသက်သာသွားတယ်လို့ သူပြောပါတယ်။ ဒီလိုနဲ့နေရင်း တစ်နေ့မှာ ဘုန်းဘုန်းနဲ့အတူ ပဲခူးကနေပြီး၊ ဝေါအထိ သွားလိုက်ပါတယ်။ အဲဒီကအပြန် လမ်းကလည်း အရမ်းဆိုးတော့ ဗိုက်ကပြန်ပြီး အောင့်တာ၊ တင်းတာတွေဖြစ်လာပါတယ်။ ဒါနဆရာဝန်သွားပြန်ပြတော့ ဆရာဝန်က ဆေးရုံတက်ပြီး အနားယူမှဖြစ်မယ်ဆိုလို့ သူ့ညွန်ကြားချက်အတိုင်း အာရှတော်ဝင်အထူးကုဆေးခန်းမှာ တက်ပြီးအနားယူဆေးကုပါတယ်။

ဆေးရုံမှာကလည်း သိတဲ့အတိုင်း စရိတ်ကအရမ်းကြီးပါတယ်။ အခန်းခကိုပဲ တစ်နေ့တစ်သောင်းရှစ်ထောင် ပေးရပါတယ်။ မြန်မာပြည်အနေနဲ့ တစ်သောင်းရှစ်ထောင်ဆိုတာ ရှာဖို့အတော်ခက်ပါတယ်။ ဒါပေမယ့် သူကံကောင်းပါတယ်။ ဟိုကလှူဒီကလှူနဲ့ ဆေးခန်းကုန်ချစရိတ်အတွက် သိပ်မပူရပါဘူး။ ဆေးရုံမှာ တစ်ပက်ကျော်ကျော်လောက် နေပြီးကုသပေးနေပေမယ့် အသည်းရောင်တာရယ်၊ ရင်ခေါင်းတောင့်တင်းနေတာရယ်၊ အသည်းဝါနေတာရယ်က ဘယ်လိုမှ ထူးခြားမလာပါဘူး။ ဒါန ဘုန်းဘုန်းလည်း ရောဂါအခြေအနေက ဒီလောက်ဆိုထူးခြားရမယ် ဘာဖြစ်လို့လည်းဆိုတာ သိချင်လို့သူ့ဆရာဝန်နဲ့ သီးသန့်သွားဆွေးနွေးတော့ အသည်းမှာ အကျိတ်တွေ့ရတဲ့အကြောင်း၊ ပြီးတော့ အသည်းထဲမှာ ရှိနေတဲ့အ၀ါရည်တွေဟာလည်း ပုံမှန်ရှိရမှာက ၂၂လောက်ပဲ ရှိရမှာ၊ ၅၀၀ကျော်လောက် ဖြစ်နေကြောင်း၊ ဒီ၅၀၀ကျော်ဟာ အသည်းရောင်အသားဝါ ဘီကြောင့်ဖြစ်နေတာလား ကင်ဆာကြောင့်ဖြစ်နေ တာလည်းဆိုတာ အတိအကျပြောဖို့ ခက်နေကြောင်း၊ ဒါကြောင့် ထင်သလောက်ထူးခြား မလာတာဖြစ်ကြောင်း စသဖြင့် ရှင်းပြပါတယ်။ ဘုန်းဘုန်းလည်း သိသိချင်းအရမ်းကို စိုးရိမ်သွားပါတယ်။ စိတ်ထဲမှာလည်း ကင်ဆာမဖြစ်ပါစေနဲ့လို့ ကျိတ်ပြီးဆုတောင်းနေမိပါတယ်။ ဒီလိုစိတ်တစ်ထင့်ထင့်နဲ့ပဲ ဘုန်းဘုန်းမြန်မာပြည်က ပြန်လာခဲ့တယ်လို့ အတိုချုံးပြောကြတာပေါ့။

ဒီပြန်ရောက်ပေမယ့်လည်း သူ့ဆီကိုရော သူ့ဆရာဝန်ဆီကိုပါ နေ့တိုင်းနီးပါးဖုန်းဆက်နေရပါတယ်။ နောက်ဆုံး ဆရာဝန်က တတ်နိုင်ရင် စင်္ကာပူသွားပြီး ကုစေချင်တယ်လို့ ပြောလာပါတယ်။ ဒီလိုကြားတော့ ဘုန်းဘုန်းစိတ်ထဲမှာ သူ့အတွက်အရမ်းကို စိုးရိမ်သွားပါတယ်။ နိုင်ငံခြားသွားပြီး ကုရလောက်တဲ့အထိ ဖြစ်လာတာရယ်၊ ငွေရေးကြေရေး အခြေအနေတွေကြောင့်ရယ်ပါ။ ဒါပေမယ့် မသွားလိုက်ရမဖြစ်ရလေအောင် အားလုံးဝိုင်းပြီး ကြိုးစားလိုက်တော့ သူ့ဘုန်းကံပဲပြောရမလား မသိဘူး။ ငွေကြေးအလုံအလောက် ရသွားပါတယ်။ ဒါနဲ့ စင်္ကာပူအထိ သွားတယ်ဆိုပါဆို့။ စင်္ကာပူရောက်တော့လည်း သူ့ကို ကုပေးတဲ့ဆရာဝန်နဲ့ ဘုန်းဘုန်း ဖုန်းအဆက်အသွယ်လုပ် စကားပြောကြည့်လိုက်တော့ သူ့ရောဂါဟာ အသည်းကင်ဆာ ဆိုတာသိလိုက်ရပြီး ပိုက်ဆံရှိပေမယ့် ကုလို့မရတော့တဲ့အခြေအနေဖြစ်လို့ သတိမလစ်ခင်၊ ဒီထက်ပိုပြီးမဆိုးခင် မြန်မာပြည်ပြန်ပင့်သွားတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုပါတယ်။ မြန်မာပြည် ပြန်ရောက်ပြီး နှစ်ပတ်လောက်အကြာမှာပဲ သူပျံလွန်တော်မူသွားပါတယ်။ ဒါက သူ့ရောဂါနဲ့ ပတ်သက်တဲ့အခြေအနေလေးပါ။

သူရောဂါဟာ ကုလို့မရတော့ဘူးလို့ သိလိုက်တဲ့အတွက် အားလုံးကသူ့ကို တရားအသိနဲ့နေဖို့ ဝေဒနာအပေါ်မှာ သည်းခံပြီး ၀ိပဿနာရှုမှတ်ဖို့ အားပေးကြ၊ တိုက်တွန်းကြပါတယ်။ ဘုန်းဘုန်းလည်း သူ့ကိုတိုက်တွန်းပါတယ်။ ဒီတော့ သူပြန်ပြောတဲ့ စကားလေးက “အရှင်ဘုရားရယ်… တကယ်တမ်းဝေဒနာ ပြင်းလာတော့ ဘယ်လိုမှ မှတ်လို့မရဘူးဘုရား…”တဲ့။ ဘုန်းဘုန်းစိတ်ထဲမှာ အတော့်ကို ထိခိုက်သွားမိပါတယ်။ တစ်ဘက်ကလည်း သတိသံဝေဂဖြစ်သွားမိပါတယ်။ “ဒီတရားအလုပ်ဆိုတာဟာလည်း ပါရမီအထုံရှိပြီး အလေ့အကျင့်များနေမှ ရှုမှတ်လို့ဖြစ်တာပါလား…။ ရောဂါဖြစ်လာမှ၊ သေခါနီးအခါမှ ရုတ်တရက်ထလုပ်လို့ မလွယ်တဲ့အလုပ်ပါလား..”စသဖြင့် လား…ပေါင်းများစွာလည်း ၀င်လာမိပါတယ်။ အားလုံးလည်း ဒီအသိလေးတွေ ၀င်စေချင်ပါတယ်။ လုပ်နိုင်တုန်းအချိန်လေးမှာ ကြိုးစားပြီး လုပ်ထားကြစေချင်ပါတယ်။

ထားပါတော့ အခုတော့ ဒီအရှင် မရှိတော့ပါဘူး။ လာမယ့် 9ရက်နေ့ဆို သူ့ရက်လည်ပါ။ သူဟာ အသက် ၃၁နှစ်မှာပဲ ကံစွမ်းကုန်လို့ သေသွားရပြီလို့ပဲ ဖြေကြရတော့မှာပေါ့။ “ကံစွမ်းကုန်လို့ သေတယ်”တဲ့ ဒီစကားလေးဟာ ဗုဒ္ဓအဘိဓမ္မာမှာ လာတဲ့စကားလေးပါ။ အဘိဓမ္မာမှာ သေခြင်းလေးမျိုး ရှိကြောင်းဖော်ပြပါတယ်။
၁။ အာယုက္ခယ = သက်တမ်းကုန်လို့သေခြင်း၊
၂။ ကမ္မက္ခယ = ကံစွမ်းကုန်လို့သေခြင်း၊
၃။ ဥဘယက္ခယ = အသက်၊ ကံနှစ်မျိုးကုန်လို့သေခြင်း
၎။ ဥပေစ္ဆေဒက မရဏ = ရုတ်တရက်အက်စိဒင့်ဖြစ်လို့သေခြင်း ဆိုတဲ့ သေခြင်းလေးမျိုးမှာ ဘုန်းဘုန်းရဲ့ သူငယ်ချင်း အရှင်ကတော့ ကံစွမ်းကုန်လို့ သေသွားတာလို့ဆိုရပါမယ်။ ဒီလိုပဲတွေးပြီး စိတ်ကိုဖြေရပါတယ်။

မှန်ပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ သေခြင်းတရားဆိုတာ မွေးကတည်းက ပါလာပြီးသားပါ။ မွေးတယ်ဆိုတာ သေဖို့ဖြစ်လာတာပါ။ ဒီသေခြင်းတရားဟာ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ နေရာဒေသမရွေး၊ ပုဂ္ဂိုလ်မရွေး ရောက်လာတတ်တဲ့သဘောပါ။ ဘယ်အရွယ်မှာ သေရမယ်ဆိုတာ အတိအကျပြောလို့ မရသလို သတ်မှတ်လို့လည်း မရပါဘူး။ သေချာတာ တစ်ခုက သေရမယ်ဆိုတာပါပဲ။ ဒီတော့ သေရမယ်ဆိုတာဟာ သေချာသိနေပြီဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့တတွေ မသေခံ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့လိုပါပြီ။ ဘုန်းဘုန်းတို့ကို တရားပြသွားတဲ့ ဒီအရှင်ရဲ့စကားလို “ဝေဒနာပြင်းလာတော့ တရားမှတ်ဖို့လည်း မလွယ်ဘူး” ဆိုတာလေးကို အမြဲနှလုံးသွင်းပြီး ဝေဒနာမပြင်းခင် တရားမှတ်ထားဖို့ လိုနေပါပြီ။ အသေကောင်းဖို့အတွက် အနေကောင်းဖို့လိုပါပြီ။ အနေကောင်းဖို့အတွက်လည်း အလုပ်ကောင်းဖို့လိုပါပြီ။ အလုပ်ကောင်းဖို့ဆိုတာ အကောင်းလုပ်ဖို့ပါ။ အကောင်းလုပ်၊ အကောင်းပြော၊ အကောင်းကြံမယ်ဆိုရင် သေခါနီးအခါမှာ ဝေဒနာတွေ ဘယ်လောက်ပဲပြင်းပြင်း အသေကောင်းနိုင်ပါပြီ။

ဒါကြောင့် ဘုန်းဘုန်းအပါအ၀င် ဓမ္မမိတ်ဆွေများအနေနဲ့ သတိသံဝေဂ ယူထားရမှာက သေခြင်းတရားဟာ အသက်အရွယ်မရွေးဘူးဆိုတာပါ။ ဒီအသိနဲ့အတူ တခြားအရာတွေ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်ပေမယ့် သေရမယ်ဆိုတာကတော့ သေချာနေပြီဆိုတာ မမေ့ကြဖို့နဲ့ အသေကောင်းအောင် အနေကောင်းဖြစ်ဖို့ အလုပ်ကောင်းအောင်ကြိုးစားဖို့ အရေးကြီးနေပြီ ဖြစ်ကြောင်းအသိပေးစကား ပါးလိုက်ရပါတယ်….

(ဘ၀နတ်ထံပျံလွန်တော် မူသွားတဲ့အရှင်မြတ်အား သတိတရဖြင့် ကောင်းမှုအစုစုအတွက် အမျှပေးဝေပါသည်။ ဖြစ်ရာဘ၀ ဘုံဌာနမှ သာဓုခေါ်နိုင်ပါစေ… သာဓု…သာဓု…သာဓု)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ