အရဟံဂုဏ်တော်အား ကြည်ညိုကြည့်ခြင်း…

မြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးတို့တွင် အရဟံ ဂုဏ်တော်ကို ပထမဆုံးဂုဏ်တော်အဖြစ် ပိဋကတ်စာပေများ၌ တွေ့ရမည်ဖြစ်၏။ ဘုရားရှင်၏ဂုဏ်တော်များ အကြောင်းပြောကြလျှင်လည်း အရဟံစသော ဂုဏ်တော်ကိုးပါးဟူ၍ ပြောလေ့ရှိကြ၏။ ထို့အပြင် အရဟံဂုဏ်တော်နှင့် ပတ်သက်၍လည်း အဋ္ဌကထာများတွင် အမျိုးမျိုးဖွင့်ဆို ချီးကျူးတော်မူကြ၏။ ထင်ရှားသည့် ဖွင့်ဆိုချက်များမှာ

မြတ်စွာဘုရားသည်…
၁။ အလုံးစုံသော ကိလေသာအပေါင်းမှ ကင်းစင်တော်မူခြင်း
၂။ သံသရာစက်လည်ပတ်မှု အကန့်တို့ကို ဖျက်ဆီးတော်မူပြီးဖြစ်ခြင်း
၃။ လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း
၎။ အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးဖြစ်ခြင်း
၅။ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်ခြင်း စသော အကြောင်းတို့ကြောင့် အရဟံဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏ ဟူသည့် ဖွင့်ဆိုချက်များ ဖြစ်၏။


ထိုဂုဏ်တော်အဖွင့်များတွင် စာရေးသူနှင့် စာဖတ်သူတို့ အထူးသဖြင့် ကြည်ညိုကြည့်သင့်သည့် အချက်မှာ နံပါတ် (၅) အဖွင့်ဖြစ်သည့် ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူခြင်း ဟူသော အချက်ပင်ဖြစ်၏။ ထိုဖွင့်ဆိုချက်ကို မိမိတို့၏ ကိုယ်တွေ့အခြေအနေနှင့် ချိန်ထိုးကြည့်လျှင် ပိုပြီးကြည်ညိုတတ်ပေမည်။ မိမိတို့ တစ်ယောက်တည်း တိတ်ဆိတ်ပြီး မမြင်ကွယ်ရာမှာ ရှိနေသည့်အခိုက် ဖြစ်တတ်သည့် စိတ်အစဉ် အခြေအနေများနှင့် ယှဉ်ကြည့်လျှင် ပိုပြီးထင်ရှား၏။ မှန်ပါသည်။ မည်သူမဆို ပုထုဇင်မှန်သမျှ စိတ်အစဉ် မတည်ငြိမ်ကြသဖြင့် မကောင်းသည့် အကုသိုလ်များနှင့် မပြတ်ယှဉ်တွဲ နေတတ်ကြ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တို့ကို အမှီပြု၍ မကောင်းသည့် ကာယကံမှုများ၊ ၀စီကံမှုများ၊ မနောကံမှုများ ဖြစ်ပေါ်တတ်ကြ၏။ အထူးသဖြင့် မမြင်ကွယ်ရာတွင် ရှိသည့်အခိုက်၌ ပိုပြီးဖြစ်တတ်ကြ၏။ တစ်ခါတစ်ရံ အခန်းထဲတွင် တစ်ယောက်တည်း ရှိသည့်အခါ အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်သည်ကို သတိပြုမိကြမည်ဖြစ်၏။ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် စိတ်ကိုသတိဖြင့် မကပ်ဘဲ နေမိပါက တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ဖြစ်စေ၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ဖြစ်စေ မကောင်းသည့် စိတ်အတွေးများ ဖြစ်ပေါ်တတ်ကြ၏။ ယင်းမကောင်းသည့် စိတ်အတွေးတွင် မရပ်မိကြဘဲ လက်တွေ့ကာယကံမြောက် ပြုသည်အထိ အာရုံနောက်ကို စိတ်လိုက်ကာ ကျူးလွန်မိတတ်ကြ၏။

စိတ်ဟူသည်ကလည်း အခက်သားပင်။ အပြောင်းအလဲ အဖြစ်အပျက် မြန်ဆန်လှသည့်အတွက် တဒင်္ဂအခိုက်မှာပင် အကုသိုလ်မျိုးစုံကို ကျူးလွန်မိတတ်၏။ အပြုခံအာရုံနှင့် ပြုတတ်သည့်သဘော တို့ကြောင့် ဖြစ်ပေါ်လာတတ်သည့် စိတ်အမျိုးမျိုးသည် အကြောင်းအကျိုး ဆက်စပ်နေ၏။ ဥပမာအားဖြင့် ရူပါရုံနှင့် စက္ခုပသာဒတို့ ပေါင်းစုံမိသည့်အခါ စက္ခုဝိညာဏ်ဟူသော မြင်သိစိတ်ဖြစ်သကဲ့ ဖြစ်၏။ တစ်ယောက်တည်း ရှိနေသော်လည်း အာရုံတစ်ခုခုကို အမှီပြု၍ မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်တတ်၏။ တစ်ယောက်တည်း မမြင်ကွယ်ရာ အရပ်မှာဖြစ်နေခြင်းကပင် မကောင်းသည့် အကုသိုလ်များ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးသကဲ့သို့ ဖြစ်နေတတ်၏။ ``ငါတစ်ယောက်တည်း ရှိတာပဲ… ဘယ်သူ့မှ မသိလောက်ပါဘူးလေ… `` စသည့် စိတ်အကြံဖြင့် မကောင်းမှုကို ကျူးလွန်မိတတ်၏။ ထိုသို့ တစ်ယောက်တည်း ရှိနေသည့်အခိုက်တွင် တရားနာခြင်း၊ တရားအားထုတ်ခြင်းစသည့် ကောင်းသည့်စိတ်၊ ကောင်းသည့်လုပ်ရပ်များထက် ``ဘယ်သူမှ မရှိတုန်း ... ဘာလေးတော့ လုပ်လိုက်ဦးမှ… ဘာလေးတော့ ကြည့်လိုက်ဦးမှ…`` စသည့် မကောင်းသည့် စိတ်အကြံ၊ လုပ်ရပ်များက ပို၍အဖြစ်များတတ်၏။ အဘယ့်ကြောင့်ဆိုသော် စိတ်၏ သဘောကပင် ` မကောင်းမှုမှာ မွေ့လျော်တတ်ခြင်း (ပါပသ္မိံ ရမတိ မနော)` သဘော ရှိသည်၏ အဖြစ်ကြောင့်ဖြစ်၏။

အမှန်စင်စစ် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်၌ ရှိနေသဖြင့် မည်သူမျှ မသိလောက်ပါဘူးဟူသော အတွေးဖြင့် မည်သည့်အလုပ်ကို မည်မျှပြုလုပ်သည်ဖြစ်စေ အခြားသူများ မသိနိုင်သော်လည်း မိမိကိုယ်ကို မိမိကား သိနိုင်၏။ မိမိကိုယ်ကို မိမိလိမ်လည် လှည့်စား၍မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာမှာ မည်မျှပင် ရှောင်တိမ်းပြီး နေပါစေ မိမိစိတ်ကိုကား ရှောင်တိမ်း၍ မရနိုင်ပေ။ တိတ်ဆိတ်ကွယ်ရာတွင် ကောင်းသည့်အလုပ်များဖြင့် နေနိုင်ပါက အတိုင်းထက်အလွန် ကောင်းသော်လည်း မကောင်းသည့် အတွေးအကြံများဖြင့် မကောင်းမှုများကို ပြုလုပ်မည်ဆိုပါက မည်မျှပင် မမြင်ကွယ်ရာ၌ပင် ဖြစ်ပါစေ ဖုံးကွယ်၍ မရနိုင်ပေ။ ပတ်ဝန်းကျင်ကို ဖုံးကွယ်၍ ရနိုင်သော်လည်း မိမိကိုယ်ကို ဖုံးကွယ်လိမ်ညာ၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် မိမိ၏လုပ်ရပ်ကို မိမိသာလျှင် အသိဆုံးဖြစ်သောကြောင့်ပင် ဖြစ်၏။ ထို့ကြောင့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဟု ဆိုကြခြင်းဖြစ်၏။ ဆိတ်ကွယ်ရာ မရှိသကဲ့သို့ စိတ်ကွယ်ရာလည်း မရှိပေ။ မည်သူမျှ မသိလောက်သည့် ဆိတ်ကွယ်ရာ အရပ်ပင် ဖြစ်သော်လည်း မိမိ၏ စိတ်ကွယ်ရာအရပ်ကား မရှိနိုင်ဟူသော သဘောကို ဆိုလို၏။ မြတ်စွာဘုရားသည် ထိုသဘောကို လွန်မြောက်ပြီးသည့် အတုမရှိ အနှိုင်းမဲ့ဖြစ်၏။

မှန်ပါသည်။ မြတ်စွာဘုရားရှင်သည်ကား အလုံးစုံသော ကိလေသာမှန်သမျှကို အကြွင်းအကျန်မရှိ ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် မည်မျှပင် ဆိတ်ကွယ်ရာ အရပ်ဖြစ်သော်လည်း မကောင်းမှု အကုသိုလ်ကို မပြုတော့ပေ။ မိမိတို့ ပုထုဇင်များသည် ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတို့ မပြတ်ဖြစ်နေတတ်သောကြောင့် ပုထုဇင် မည်၏`` ဟူသည့် အဖွင့်အတိုင်းပင် ကိလေသာများဖြင့် အမြဲမပြတ် ဆက်ဆံနေတတ်ကြ၏။ အာရုံအမျိုးမျိုးကို အမှီပြု၍ မကေင်းမှုများ မပြတ်ဖြစ်ပေါ် နေတတ်၏။ အများနှင့်နေသည့် အခါဖြစ်စေ၊ တစ်ယောက်တည်း နေသည့်အခါဖြစ်စေ မကောင်းသည့် အကုသိုလ်များ ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``မမြင်အပ်ရာ ကိလေသာ သူဟာသူငြိမ်း၏`` ဟူသော မဟာစည်ဆရာတော်ကြီး၏ ဆုံးမမှုအတိုင်း အပြင်မထွက်၊ ပြင်ပရှိ အာရုံများနှင့် မတွေ့သည့်အတွက် အကုသိုလ် ကိလေသာများ မဖြစ်နိုင်သော်လည်း မည်မျှပင် တစ်ယောက်တည်း ဆိတ်ကွယ်ရာ အရပ်တွင် ရှိနေပါစေ မိမိ၏စိတ်ကိုမိမိ ကောင်းသည့်အာရုံများနှင့် ရှိနေအောင် အားမထုတ်ပါက မကောင်းမှုများ ပို၍ဖြစ်ပေါ်လာတတ်၏။ စင်စစ် အများနှင့်နေသည်ဖြစ်စေ တစ်ယောက်တည်း ရှိနေသည်ဖြစ်စေ မိမိ၏စိတ်မှာ မကောင်းသည့် ကိလေသာများ မဖြစ်ရန် အရေးကြီး၏။ အထူးသဖြင့် ဆိတ်ကွယ်ရာ အရပ်တွင် တစ်ယောက်တည်း ရှိနေသည့်အခါ မကောင်းသည့် အတွေးအမြင် အကြံအစည်၊ အပြောအဆို၊ အလုပ်အကိုင်များ မဖြစ်ရန် လိုအပ်၏။ ထိုကြောင့် ထိုသို့ ဆိတ်ကွယ်ရာမှာ တစ်ယောက်တည်း ရှိနေသည့်အခါ မြတ်စွာဘုရားရှင်၏ အရဟံ ဂုဏ်တော်ကို အာရုံပြုလျှက် ``ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူပါတကား`` ဟု မြတ်ဗုဒ္ဓထံ စိတ်ညွှတ်၍ မကောင်းသည့် စိတ်မဖြစ်အောင် ကြိုးစားသင့်၏။ မမြင်ကွယ်ရာမှာ တစ်စုံတစ်ခု မကောင်းမှုအကုသိုလ် ဖြစ်ရန်အကြောင်း ပေါ်လာသည့်အခါ မြတ်စွာဘုရားရှင်၏ ဤအရဟံ ဂုဏ်တော်အဖွင့်ကို အာရုံပြု၍ မပြုဖြစ်အောင် အလေ့အကျင့် လုပ်ပေးသင့်၏။ စိတ်ဟူသည် တဖြည်းဖြည်း လေကျင့်ပေးရသည့် သဘောရှိသည့်အတွက် အသေးအဖွဲလေးဟူ၍ အထင်မသေးဘဲ တတ်နိုင်သမျှ လေ့ကျင့်ပေးရန် လိုအပ်၏။ အရဟံဂုဏ်တော်ကို စံပြု၍ မိမိတို့ သန္တာန်မှာ ဖြစ်ပေါ်လာမည့် မကောင်းစိတ်များကို တဖြည်းဖြည်း ဖယ်ရှားနိုင်အောင် ကြိုးစားသင့်၏။

သို့ဖြစ်၍ ဘုရားရှင်ကို ကြည်ညိုသည့်ပုဂ္ဂိုလ်များ သိထားရမည့်အချက်မှာ နှလုံးသားဝယ် ဘုရားတည်နိုင်အောင် ကြိုးစားသင့်သည့် အချက်ပင်ဖြစ်၏။ နှလုံးသားဝယ် ဘုရားတည်သည်ဆိုရာတွင် ဘုရားရှင်၏ အဆုံးအမအတိုင်း နေထိုင်ခြင်းကို ဆိုလို၏။ ဘုရားရှင်သည် ကိုးကွယ်သူများအတွက် နည်းပြလမ်းညွှန်ပေးသည့် အနှိုင်းမယ့် အရှင်ဖြစ်၏။ ဘုရားရှင်ကို အမှန်တကယ် ကြည်ညိုသည်ဆိုပါက ဘုရားရှင်ထုံး နှလုံးမူသင့်၏။ ဘုရားရှင်သည် ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှုအကုသိုလ်ကို မပြုတတ်သည်ကို အတုယူကာ မိမိတို့သည်လည်း ဆိတ်ကွယ်ရာ အရပ်တွင် မကောင်းမှု အကုသိုလ်ကို မပြုမိအောင် ကြိုးစားအားထုတ်သင့်၏။ ဤကဲ့သို့ နေပြခြင်းသည် ဘုရားရှင်ကို ပူဇော်ရာရောက်၏။ ဘုရားရှင်၏ အဆုံးအမကို နှလုံးသားဝယ် အမှန်တကယ် တည်ပြရာရောက်၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ဗုဒ္ဓဘာသာဝင် သူတော်စင်များသည် နှလုံးသားဝယ် ဘုရားတည်ရာရောက်အောင် ``ဆိတ်ကွယ်ရာ အရပ်မှာပင် မကောင်းမှု အကုသိုလ်ကို ပြုတော်မမူ တတ်သည်ဖြစ်၍ အရဟံ`` ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူသည့် ဘုရားရှင်၏ ဂုဏ်ကို အာရုံပြု ကြည်ညိုပြီး မိမိတို့လည်း ဆိတ်ကွယ်ရာအရပ်တွင် ရှိသည့်အခါ မကောင်းမှု အကုသိုလ်ကို မပြုဖြစ်အောင် ကြိုးစားကာ ဘုရားရှင်အား ပူဇော်ကြပါစို့ ဟူ၍….

Read more »

နီးပါလျက်နဲ့ မဝေးစေလို…

``တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခု၏ တန်ဘိုးကို ဝေးနေသည့်အခါ၊ မရှိသည့်အခါမှ ပိုပြီးသိရ၏`` ဟု ပြောလေ့ရှိကြ၏။ မှန်ပါသည်။ တန်ဘိုးသိမှ တန်ဘိုးရှိ၏ဟု ဆိုသည့်အတိုင်းပင် တန်ဘိုးဟူသည် ထိုတန်ဘိုးကို မသိနားမလည်ပါက အနီးကပ်နေသော်လည်း အလေးမထားမိ၊ ဂရုမပြုမိပဲ ရှိတတ်ကာ ဝေးနေသကဲ့သို့ ဖြစ်တတ်၏။ ဝေးနေသော်လည်း တန်ဘိုးကိုသိသဖြင့် နီးအောင်လုပ်ကာ အလေးဂရုပြုကြသဖြင့် နီးနေသကဲ့သို့ ဖြစ်တတ်၏။ ဤနေရာတွင် ပြောလိုသည့် တန်ဘိုးဟူသည် ဘ၀တန်ဘိုး၊ စစ်မှန်သည့်အမှန်တရား၏ တန်ဘိုး၊ ကိုးကွယ်ခံထိုက်၊ အားကိုးထိုက်သည့် ရတနာတို့၏ တန်ဘိုးကို ဆိုလို၏။ ထိုတန်ဘိုးများသည် မိမိတို့အနီးတွင် ရှိနေသော်လည်း အလေးမထားမိ၊ တန်ဘိုးမထားမိ၊ ရယူရကောင်းမှန်း မသိမှု စသည်စသည့် မသိမှုများကြောင့် နီးကားနီး၏ သို့သော်ဝေးနေ၏ဟု ဆိုရခြင်းဖြစ်၏။

ထိုသဘောသည် အခြားအရာများထက် မျက်မှောက်ခေတ် မြန်မာဗုဒ္ဓဘာသာ အများအတွက် ပို၍မှန်နေသည်ဟုပင် ဆိုရမလို ဖြစ်နေ၏။ ခေတ်ကာလ ပြောင်းလဲမှုအနေ အထားအရ မြန်မာဗုဒ္ဓဘာသာ အများစုတို့သည် အနှစ်သာရ တန်ဘိုးများနှင့် နီးလျက်နဲ့ဝေးနေသကဲ့သို့ ဖြစ်နေကြ၏။ အူမတောင့်မှ သီလစောင့်၏ဟူသော စကားအတိုင်းလိုက်ကာ အူမတောင့်အောင် ကြိုးစားရင်း အချိန်ကုန်ကောင်းနေကြ၏။ ရုပ်ပိုင်းဆိုင်ရာနောက်ကို လိုက်ရင်း အနှစ်သာရများနှင့် ဝေးဝေးလာကြ၏။ အူမတောင့်အောင် ကြိုးစားပြီးရင် သီလစောင့်မယ်ဟူသော ရည်ရွယ်ချက်များဖြင့် ကြိုးစားနေကြသည်ဆိုက မည်သည့်အချိန်တွင် အူမတောင့်ကြမည်နည်း။ ထိုသို့ကြိုးစားရင်းဖြင့် သီလစောင့်ချိန် မရောက်တော့ဘဲ ဘ၀ပြောင်းသွားကြသည် မှာလည်း မရေမတွက်နိုင်အောင် ရှိနေကြ၏။ အရာအားလုံးသည် အမြဲတမ်းမတည်မြဲ ပြောင်းလဲနေသည်ကို သတိပြုပြီး ယခုလို နီးနေသည့်အခိုက်တွင် တန်ဘိုးကိုသိကာ အရယူရမည့်အချိန်တွင် ရုပ်ပိုင်ဆိုင်ရာနောက်ကို လိုက်နေကြသဖြင့် အနှစ်သာရ တန်ဘိုးများနှင့် ဝေးနေကြခြင်းဖြစ်၏။ သို့ဆိုလျှင် မည်သည့်အချိန်တွင် အလိုပြည့်မည်နည်း၊ မည်သည့်အချိန်တွင် အနှစ်သာရ တန်ဘိုးတွေဘက်ကို လှည့်ကြမည်နည်းဟု မိမိတို့ကိုယ်ကို ပြန်လည်မေးစိစစ်ရန် လိုအပ်လာပေ၏။ မဆုံးနိုင်သည့် လောဘအလိုကို လိုက်နေမည်ဆိုပါက အနှစ်သာရများနှင့် နီးနေသော်လည်း တဖြေးဖြေးဝေးနေကြမည်မှာ အမှန်ပင်ဖြစ်၏။

အမှန်စင်စစ် စာရေးသူတို့ မြန်မာနိုင်ငံသည် ကျန်သည့်အရာများတွင် ဂုဏ်ယူနိုင်စရာ မရှိသော်လည်း ဘာသာတရားနှင့် ပတ်သက်လာလျှင် ကမ္ဘာမှာ မြန်မာဟု လက်မထောင်နိုင်၏။ အထူးသဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ထေရ၀ါဒနိုင်ငံချင်းတူသည့် သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီယား၊ လာအိုနိုင်ငံတို့ထက် အစစအရာရာ ပြည့်စုံသည့်အပြင် ကမ္ဘာတွင်လည်း ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြတ်ဗုဒ္ဓ၏ တရားတော်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွပ်ခြင်းမပြု တစ်သမတ်တည်း ထိန်းသိမ်းစောင့်ရှောက် ထားသည့်နိုင်ငံအဖြစ်၊ မြတ်ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကအတိုင်း လိုက်နာကျင့်သုံး နေထိုင်သည့်နိုင်ငံအဖြစ်၊ မြန်မာနိုင်ငံသည်သာ ဗုဒ္ဓနိုင်ငံတော်အဖြစ် တင်စားရလောက်အောင် ဗုဒ္ဓဘာသာနှင့် ပတ်သက်လာလျှင် ထင်ရှားသည့် နိုင်ငံဖြစ်၏။ မြန်မာနိုင်ငံသို့ သွားရောက်ကာ ပြန်လာကြသည့် နိုင်ငံခြားသားများကဆိုလျှင် မြန်မာနိုင်ငံသည်သာ အမှန်တကယ် ချမ်းသာသည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်သားတို့သည် ရုပ်ပိုင်းဆိုင်ရာ ချို့တဲ့ဆင်းရဲကြသော်လည်း စိတ်ပိုင်းဆိုင်ရာတွင် အခြားနိုင်ငံများထက်သာကြောင်း စသည်ဖြင့် ဂုဏ်ယူစွာ ပြောဆိုလေ့ရှိတတ်ကြ၏။ ထို့ကြောင့်လည်း ၎င်းတို့ကိုယ်တိုင် မြန်မာနိုင်ငံသို့ သွားရောက်ကာ အပင်ပန်းအဆင်းရဲခံပြီး တရားဓမ္မများ ကျင့်ကြံအားထုတ်ကြ၏။ ဓမ္မအနှစ်သာရများကို တွေ့ရှိကာ ရဟန်းဘ၀ကို ခံယူသည်အထိ ၎င်းတို့ဘ၀ကို ပြောင်းလဲလိုက်ကြ၏။ အချို့မဟာယာနရဟန်းတော်များ ဆိုလျှင်လည်း မိမိတို့မဟာယာန ရဟန်းအဖြစ်ကို စွန့်လွတ်ကာ ထေရ၀ါဒ ရဟန်းအဖြစ်ခံယူ၍ ၀ိနည်းသိက္ခာ အကျင့်တရားများကို စောင့်ထိမ်းကုန်ကြ၏။ ထို့အပြင် မိမိတို့ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်ရောက်သည့်အခါတွင်လည်း မိမိတို့ရရှိခဲ့သည့် အနှစ်သာရတန်ဘိုးများကို တစ်ဆင့် ပြန်လည် ဖြန့်ဝေပေးနေကြသည်ကို တွေ့ရ၏။ ထိုသူတို့၏ လက်တွေ့ဆောင်ရွက်ချက်များကို ကြည့်ပါက ဝေးနေသော်လည်း နီးနေကြသူများဖြစ်နေကြသည်ကို တွေ့ရမည်ဖြစ်၏။ တန်ဘိုးကိုသိသဖြင့် တန်ဘိုးရှိသူများ ဖြစ်နေကြ၏။

တစ်ဘက်ကပြန်ကြည့်လျှင် စာရေးသူတို့ မြန်မာဗုဒ္ဓဘာသာများသည် ထိုသူတို့ထင်သကဲ့သို့ လက်တွေ့ဘ၀မှာ အမှန်တကယ်ချမ်းသာသူများ ဖြစ်ကြ၏လားဟု မိမိကိုယ်ကို မိမိစစ်တမ်းထုတ်ရန် လိုအပ်လာ၏။ နိုင်ငံခြားသားများ ကောက်ချက်ချသကဲ့သို့ မိမိတို့နိုင်ငံသည် အနှစ်သာရရှိ၊ တန်ဘိုးရှိသည့် ဗုဒ္ဓနိုင်ငံဖြစ်နေသော်လည်း မိမိတို့ကိုယ်တိုင် ထိုအနှစ်သာရများကို ရရှိနေကြပြီလားဟု ပြန်လည်သုံးသပ်ရန် လိုအပ်လာ၏။ စင်စစ် လက်တွေ့မျက်မှောက် ဘ၀တွင် ထိုသို့မဟုတ်ကြပေ။ မြန်မာဗုဒ္ဓဘာသာဝင် အများစုသည် အမည်ခံဗုဒ္ဓဘာသာဝင် အများစုသာ ဖြစ်နေကြသည်ကို တွေ့ရ၏။ ဗုဒ္ဓဘာသာဟု အမည်ခံထားသော်လည်း မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များသာ တဖြည်းဖြည်းများလာကြ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓအကြောင်းမသိ၊ ဗုဒ္ဓ၏အဆုံးအမကို နားမလည်၊ ဗုဒ္ဓ၏ ညွှန်ကြားချက်ကို မလိုက်နာသည်များက များနေ၏။ ထိုသို့ မသိမှုများနေသည်ကို တတ်သိနားလည်သည့် ရဟန်းသံဃာ၊ လူပုဂ္ဂိုလ်များထံ မေးမြန်းရန်လည်း အားမထုတ်ကြဘဲ ဖြစ်နေကြ၏။ သိတတ်နားလည်မှု ပညာအားနည်းလာ ကြသဖြင့် ကိုယ်ကျင့်သီလ စောင့်ထိမ်းမှုများလည်း ချို့တဲ့လာကြ၏။ တစ်ဘက်ကပြန်ကြည့်လျှင် တိုင်းပြည်မပြည့်စုံမှုကြောင့် လူတွေကိုယ်ကျင့်သီလ ပျက်ဆီးကြသည်ဟု ဆိုနိုင်သော်လည်း ကိုယ်ကျင့်သီလဟူသည် ကိုယ်ကိုယ်တိုင်ကျင့်ရသည့် သီလဖြစ်သဖြင့် မည်သူတရား ပျက်ပျက်ကိုယ်မပျက်အောင် နေမည်ဆိုသည့် ခံယူချက်ထားမည်ဆိုက အထိုက်အလျောက် ထိမ်းနိုင်ကြမည်ဖြစ်၏။ တိုင်းပြည်မွဲသည့်အတွက် ကိုယ်ကျင့်သီလပျက်ကြသည်ဟု ဆိုလျှင် ချမ်းသာသည့် နိုင်ငံများတွင်လည်း ကိုယ်ကျင့်သီလ ပျက်နေကြသည်ပဲ မဟုတ်လားဟု စောဒကတက်နိုင်၏။ မည်သို့ဆိုစေ ကိုယ်ကိုယ်တိုင် ကျင့်နိုင်ပါက ပျက်စရာအကြောင်း နည်းနိုင်၏။ တစ်ဘ၀ တစ်နပ်စား မလုပ်မိရန်သာ အရေးကြီး၏။

စင်စစ် အခြေခံအားဖြင့် ကြည့်ပါက ဘာသာတရားအပေါ် မသိမှုများလာခြင်းသည် အကြောင်းပေါင်း စုံသွား၍သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ယခင်က မခံစားဖူးသေးသည့် အသစ်အဆန်း ရုပ်ဝတ္ထုများနောက်ကို လိုက်နေကြသည်က တစ်ကြောင်း၊ မိဘဆရာသမားများ၏ သွန်သွင်သင်ဆုံးမမှုကို ခံယူရန်လိုအပ်သော်လည်း မိဘများမှာ စားဝတ်နေရေးအတွက် ကြိုးစားရှာဖွေနေရသဖြင့် အချိန်မပေးနိုင်သည်က တစ်ကြောင်း၊ မညှာတမ်းပြောရလျှင် ယနေ့ခေတ် မိဘများကိုယ်တိုင် ဘာသာတရား အနှစ်သာရများနှင့် မသိဝေးကွာလာနေသည်က တစ်ကြောင်း၊ လူငယ်များကိုယ်တိုင်ကပင် ယုံကြည်မှုသဒ္ဓါတရား နည်းလာကြသဖြင့် ဘာသာတရားရဲ့ အားနည်းချက်များကို ကြည့်ကာ ဘာသာတရား မရှိလည်းဖြစ်သည် ဟူသည့် အတွေးများဝင်လာသည်က တစ်ကြောင်း စသည့်စသည့် အကြောင်းများကြောင့် ဖြစ်သည်ဟု ဆိုနိုင်၏။

သို့သော် ဖြေသာစရာ ကောင်းသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာလူငယ်များသည် အခြားနိုင်ငံများတွင် ကြုံတွေ့ကြရသည့် လောကဓံအမျိုးမျိုးကြောင့် စိတ်ဓာတ်အမျိုးမျိုကျလာရာက ငြိမ်းချမ်းမှုကိုရှာရင်း ဘာသာတရား၏ အနှစ်သာရများကို တွေ့ရသဖြင့် ဘာသာတရားအပေါ် တဖြည်းဖြည်းပြန်လည် စိတ်ဝင်တစား လေ့လာ အားထုတ်လာကြည့်သည့်အပြင် မိမိတို့သိသမျှကို တစ်ဆင့်ပြန်၍ မျှဝေပေးလာကြသည်ကို တွေ့ရသည့် အချက်ပင်ဖြစ်၏။ ခလုပ်ထိမှ အမိတကြသည်ဟုပဲ ပြောပြော၊ ဝေးမှတန်ဘိုး သိသည်ဟုပဲ ဆိုဆို ဤကဲ့သို့ ဘာသာတရား အပေါ်စိတ်ဝင်တစား ရှိလာကြသည်ကပင် ဖြေသာစရာ တစ်ခုဖြစ်လာမိ၏။ မဖြေနိုင်သည်က ပြည်တွင်းရှိ နီးပြီးဝေးနေကြသူများနှင့် ပြည်ပရောက်နေသော်လည်း အပျော်အပါး၊ အသောက်အစား၊ အလောင်းအစားများနှင့် အချိန်ကုန်နေကြသူများ အတွက်ဖြစ်၏။ ထိုသူများအတွက် ရင်လေးလာမိ၏။ မည်သည့်အချိန်တွင် အနှစ်သာရများ နောက်ကိုလိုက်ကြမည်နည်းဟု မေးခွန်းထုတ်လာမိ၏။ ငယ်ပါသေးသည် နောက်မှလေ့လာ ကျင့်ကြံအားထုတ်ကြတာပေါ့ဟု ဆိုပါက အဲဒီအချိန်မရောက်မီ သေသွားပါက မည်ကဲ့သို့ဖြေကြမည်နည်းဟု တွေးကာ ကရုဏာသက်လာမိ၏။ နောင်တရသည့်အချိန်သည် နောက်ကျသွားသည့် အချိန်မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိ၏။ အားလုံးသိကြသည့်အတိုင်း သေခြင်းတရားဟူသည် အချိန်၊ အရွယ်သတ်မှတ်ချက်မရှိ အမြဲလာနေတတ်သောကြောင့် ဖြစ်၏။ မသေမီ မိမိဘ၀အတွက် ဘာလုပ်ပြီးပြီလဲဟု မေးကြည့်ရန် လိုအပ်၏။ မလုပ်ရသေးလျှင် အချိန်မရှိတော့သဖြင့် ယခုထလုပ်ရန် လိုအပ်နေပြီဖြစ်၏။

အခြားသူများ၊ အခြားနိုင်ငံသားများနှင့် စာလျှင် မိမိတို့မြန်မာ နိုင်ငံသားများမှာ စစ်မှန်သည့် အနှစ်သာရများ အဆင်သင့်ရှိ၏။ အနီးလေးမှာ ရှိ၏။ သို့ဖြစ်လျှက် မည်သည့်အတွက်ကြောင့် ဝေးအောင်လုပ်နေကြသနည်းဟု မိမိကိုယ်ကို မေးခွန်းထုတ်ရန် လိုအပ်လာ၏။ အဝေးမှာ ရှိသူများက စစ်မှန်သည့်အနှစ်သာရ အတွက် မိုင်ပေါင်းမြောက်များစွာ ဝေးကွာသည့်အရပ်မှလာ၍ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းခံကာ လာရောက်လေ့လာနေကြပါလျက် အနီးလေးမှာရှိသည့် မိမိတို့က မည်သည့်အတွက် ဝေးနေကြသနည်းဟု မိမိကိုယ်ကို စိစစ်ရန် လိုအပ်လာ၏။ အခြားဘာသာဝင်များနှင့် တွေ့ဆုံစကား ပြောကြသည့်အခါ မိမိတို့က မိမိတို့ကိုးကွယ်သည့်ဘာသာ အကြောင်းဘာမှ မသိမပြောတတ်သည့်အခါ မိမိတို့ဘာတွေ လိုအပ်နေသည်ကို ဆင်ခြင်ရန် လိုအပ်လာ၏။ အတိုဆုံးနှင့် အလွယ်ဆုံး ပြောရလျှင် နီးလျက်နဲ့ ဝေးနေကြသောကြောင့်သာ ဖြစ်၏ဟု ဆိုနိုင်၏။

သို့ဖြစ်၍ အချုပ်အားဖြင့် သတိပြုရန်မှာ မိမိတို့သည် အနှစ်သာရများကို ပိုင်ဆိုင်ထားသည့် သူများဖြစ်သည်ကို မမေ့ကြရန်နှင့် ယင်းအနှစ်သာရ အဆုံးအမများကို သိအောင်လေ့လာ ကြိုးစားပြီး အနီးလေးမှာ ရှိသည့် အနှစ်သာရ သစ္စာတရားများကို ဝေးမသွားရန်၊ နီးလျက်နဲ့ မဝေးကြစေရန် အချိန်ရှိသည့် အခိုက် ကြိုးစားလိုက်ကြရန် လိုအပ်နေပြီ ဟူသည့် အချက်ပင် ဖြစ်ပါကြောင်း သတိပေးတိုက်တွန်း လိုက်ရပေသည်။

Read more »

သမာဓိပြန်ထူထောင်ရန်နှင့် ကုသိုလ်ပြုရာတွင် ပေါ်လာတတ်တဲ့ အနှောက်အယှက်များကို ကျော်လွှားနိုင်ရန် ဘယ်လိုလုပ်သင့်ပါသလဲ

Q. ဘုန်းဘုန်း..
တပည့်တော် အရင်က တရားထိုင်နိုင်ခဲ့ပြီး ခုစိတ်ပြန့်လွင့်တာတွေ များပြီး တရားကြာကြာ မထိုင်နိုင် ဖြစ်နေပါတယ်။ တရားထိုင်မယ် ကြံလိုက်တိုင်းလည်း အနာရောဂါတစ်ခုခု လူမှာပေါ်ပေါက်ခြင်း၊ ဘ၀မှာ အဆင်မပြေမှု တစ်ခုခုကို ဖြေရှင်းနေရခြင်း စတဲ့အဖျက်အမှောင့် အကြောင်းတွေ ပေါ်ပေါက်လာတတ်ပါတယ်။ ၁။ သမာဓိပြန်ထူထောင်နိုင်အောင်၊ ၂။ ကုသိုလ်ရေးလုပ်ရင် ပေါ်လာတတ်တဲ့ အနှောင့်အယှက် ကံကြမ္မာများကို ကျော်နိုင်အောင် ဘာလုပ်ရမလဲဘုရား..။ တပည့်တော် သူတစ်ပါးတို့အား အချုပ်အနှောင်ကျအောင် မတရားပြုခဲ့မိရာ ခံရသူတို့မှာ အနှောင်အကျဉ်းထဲမှာ စိတ်ဖိစီးမှုကြောင့် ဆောက်တည်ရာမရ ပျံ့လွင့်ထိုင်းမှိုင်း ငေးငိုင်ခြင်း၊ အချို့ရူးသွပ်သည်အထိဖြစ်ခြင်းများ ဖြစ်ခဲ့ရပါသည်။ နောက်ပိုင်း သတိသံဝေဂရပြီး ကုသိုလ်ကောင်းမှုများ ပြုသော်လည်း တရားထိုင်ရာမှာ သမာဓိထူထောင်ရ ခက်ခဲခြင်း၊ ရပြီးလျှင်လည်း ပြန်ပျက်လွယ်ခြင်းများ ကြုံရပါသည်။ အတိတ်ကို ပြန်ကုက္ကုစ္စ ဖြစ်မနေဘဲ အားထုတ်သော်လည်း မရပါ။ အတွင်းစိတ်ကို နိုင်လျှင်သော်မှ အပြင်အနှောင့်အယှက် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာတတ်ပါသည်။ တူသော အကျိုးပြန်ပေးတာ ဆိုသော်လည်း သမာဓိအား မထူထောင်နိုင်၍ တရားဘာဝနာအလုပ်ကို တိုးမလုပ်နိုင်ခြင်းကြောင့် မိမိသူတစ်ပါး မည်သူမျှ အကျိုးမရှိပါ။ ထို့ကြောင့် ဒီအခက်အခဲကို မည်သို့ကျော်လွှားရမည်လဲ သိလိုပါသည်။
(ခွန်ထူး)


A. မှန်ပါတယ်။ သမာဓိမတည်တာဟာ စိတ်မငြိမ်ဘဲ ပြန့်လွင့်နေလို့ ဖြစ်တာပါ။ စထိုင်ကတည်းက အတွေးပေါင်းစုံ ၀င်လာတတ်ပြီး တစ်မိနစ် နှစ်မိနစ်ပင်မကြာဘဲ စိတ်ကူးအကြံအစီများ ၀င်လာလေ့ ရှိတတ်ပါတယ်။ စိတ်ကိုမလွတ်အောင်ကြိုးစားပြီး မှတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့ပေမယ့် တစ်ခါတစ်ရံ ကိုယ်လည်းမသိဘဲ စိတ်ကအတွေးနောက် ပါသွားတတ်တာတွေလည်း ရှိပါတယ်။ ဒါတွေဟာ သမာဓိအားနည်းပြီး သမာဓိမတည်တဲ့အတွက်ကြောင့် ဖြစ်တာပါ။ အဲလိုအခါမျိုးမှာ ဘာလိုအပ်လဲဆိုရင် စိတ်ကိုတစ်ခြားအရာများ မ၀င်အောင်ကြိုးစားပြီး အားထုတ်ပေးတဲ့လုံလ တစ်နည်းအားဖြင့်ပြောရင် ၀ီရိယလိုပါတယ်။ သမာဓိနည်းလို့ ထွက်ထွက်သွားတဲ့စိတ်ကို ပြန်ပြန်ပြီးသတိကပ်ကာ မထွက်အောင်ထိန်းပေးတဲ့ အားထုတ်မှု ၀ီရိယလိုပါတယ်။ သမာဓိလည်း မရှိဘူး၊ စိတ်ကိုမထွက်အောင် ကြိုးစားမယ်ဆိုတဲ့ ၀ီရိယလည်း မရှိဘူးဆိုရင် ပေါ်လာတဲ့အတွေးအမြင် စိတ်ကူးစိတ်သန်းတွေနောက် ပိုပြီးမျောသွားကာ တစ်နာရီထိုင် တစ်နာရီလုံး သမာဓိတည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သမာဓိနည်းပြီး ပြန်လွင့်တတ်တဲ့စိတ်ကို ``ငါ့စိတ် အပြင်ရောက်နေပါလား၊ ငါ အတွေးတွေ လွန်နေပါလား`` လို့ သိတာနဲ့ တစ်ပြိုင်နက် ပြန်ပြန်ပြီး အမှတ်အာရုံကို ပြန်ယူကာ ကြိုးစားပေးရပါတယ်။ တရားထိုင်ခါစပဲ ရှိသေး စိတ်လွင့်ပြီဆိုတာ သိတာနဲ့တစ်ခါတည်း ပြန်ပြီးအမှတ်ကို ကြိုးစားမှတ်၊ သတိရတိုင်း ပြန်ပြန်ပြီး ၀ီရိယစိုက်မှတ်၊ ``ငါ အတတ်နိုင်ဆုံး မထွက်အောင် မှတ်မယ်`` ဆိုတဲ့ ခံယူချက်နဲ့ စမှတ်ကတည်းက သတိကပ်ကာ အမှတ်ကို အစမှ အဆုံးအထိလိုက်ပြီး သိအောင်ကြိုးစားပေးရပါတယ်။ ကြိုးစားမှတ်ပါရက်နဲ့ တစ်ခါတစ်ရံ မသိစိတ်က ခေါ်ဆောင်ရာ ပါသွားပြီး အမှတ်အာရုံက လွတ်သွားတာလည်း ရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာလည်း ပြန်သတိရတာနဲ့ တစ်ခါပြန်ပြီး အမှတ်အာရုံကို အစမှအဆုံးအထိ မှတ်လို့ရအောင် ကြိုးစားပါ။ ဒီလိုနဲ့ စိတ်ထွက်တိုင်း ပြန်ပြန်ကြိုးစားမယ်ဆိုရင် ဒီစိတ်ဟာ တဖြည်းဖြည်း အထွက်နည်းလာ၊ အတွေးအမြင် စိတ်ကူးတွေ တဖြည်းဖြည်းနည်းလာကာ သမာဓိတည်လာပါလိမ့်မယ်။ မှတ်လို့မရဘူးဆိုပြီး စိတ်ကိုလွတ်ပေးထာရင်း ပိုပြီးသမာဓိတည်ဖို့ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် မှတ်နေတုန်းမှာပဲ ပြန်ပြန်ပြီး မှတ်နိုင်အောင် ကြိုးစားပေးတဲ့ ၀ီရိယကို သတိနဲ့ကပ်ပေးပါက တဖြည်းဖြည်း သမာဓိတည်လာပါလိမ့်မ်မယ်။ ဒီလိုပဲ ကြိုးစားတည်ထောင်ပေးကြည့်ပါ။ ဆိုလိုတာက သမာဓိနည်းတာဟာ ၀ီရိယနည်းတဲ့အတွက်ကြောင့် ဖြစ်လို့ ၀ီရိယစိုက်ပေးရန်လိုပြီး ဒီဝိရိယစိုက်နိုင်ဖို့အတွက်လည်း သတိရှိမှဖြစ်တဲ့အတွက် သတိနဲ့ယှဉ်တဲ့ ၀ီရိယကို ပိုပြီးအားပြုပေးကြည့်ပါလို့ အကြံပြုလိုပါတယ်။

နောက် ကုသိုလ်ရေးလုပ်ရင် ပေါ်လာတတ်တဲ့ အနှောက်အယှက်များ ဆိုတာထက် အကောင်းရှိတဲ့အတွက် အဆိုးရှိလာတာလို့ ပြန်ကြည့်ကြတာပေါ့။ လောကသဘောအရ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတတ်တဲ့ သဘောပါ။ အကောင်းလုပ်ရင် အဆိုးပေါ်တတ်မှာဖြစ်ပြီး အဆိုးလုပ်နေပေမယ့်လည်း အကောင်းပေါ်လာတတ် တာလည်းရှိပါတယ် (အကောင်းလုပ်တိုင်း၊ အဆိုးပေါ်ပြီး အဆုံးလုပ်တိုင်း အကောင်းပေါ်သည်ကို ဆိုသည်မဟုတ်ပါ၊ တစ်ခါတစ်ရံ ဖြစ်တတ်သည်ကို ဆိုလိုခြင်းဖြစ်ပါတယ်)။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တာတွေကို မေ့ထားပြီး ယခုလက်ရှိ အချိန်ကိုသာ ကောင်းအောင်လုပ်ဖို့ လိုတာပါ။ ဒကာပြောသလို စိတ္တကုက္ကုစ္စကလည်း အရေးကြီးပါတယ်။ တစ်ခါတစ်ရံ စိတ်အစွဲကြောင့် ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုသလို ဖြစ်တတ်ပါတယ်။ ကံဆိုတာ တူသောအကျိုးကို ပေးတတ်တယ်ဆိုပေမယ့် အကျိုးမပေးဘဲ ပျောက်သွားတတ်တဲ့ အဟောသိကံဆိုတာလည်း ရှိတတ်ပါတယ်။ ဒါကြောင့် အတိတ်က မကောင်းတာတွေကို မေ့ပျောက်ပြစ်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ကုသိုလ်လုပ်မယ်ကြံတိုင်း တစ်စုံတစ်ခု အနှောက်အယှက် ပေါ်လာတတ်တယ် ဆိုတဲ့စိတ်အစွဲ မထားဘဲ အချိန်မရွေး ကုသိုလ်ဖြစ်အောင် ကြိုးစားကြည့်ပါ။ ကုသိုလ်ဆိုတာက အချိန်၊ ကာလ၊ နေရာ၊ အရွယ်သတ်မှတ် ချက်မရှိ လုပ်ပေးရမယ့် လုပ်လို့ရတဲ့ တရားပါ။

အဲလိုလုပ်တဲ့အခါမှာ စိတ်အစွဲလေးတွေကင်းအောင် ကိုယ့်ကိုယ်ကို ယုံကြည်မှုရနေအောင် အရင်ဆုံးကိုယ်ကျင့် သီလကိုတော့ လုံခြုံအောင် စောင့်ထိန်းပေးဖို့ လိုပါတယ်။ သီလမလုံခြုံတဲ့ အတွက်ကြောင့်လည်း ယုံကြည်မှုတွေလျော့ကာ ဒါလုပ်ရင် ဒီလိုအနှောက်အယှတ်များ ၀င်လာမလားဆိုတဲ့ စိတ်အတွေးတွေ ပေါ်တတ်တဲ့သဘောလည်း ရှိပါတယ်။ ဒါကြောင့် ဒါနကုသိုလ်ပြုတာပဲ ဖြစ်ဖြစ်၊ တရားထိုင်တာပဲဖြစ်ဖြစ် အပြင်အနှောက်အယှက်များ မ၀င်ရအောင် ရှေးဦးစွာ သီလကိုလုံခြုံအောင် စောင့်ထိန်းပေးပါ။ အထူးသဖြင့် တရားထိုင်တဲ့အခါမှာ မထိုင်ခင် သီလအရင်ယူ သီလကိုလုံခြုံအောင်လုပ်၊ ပြီးရင် မေတ္တာပွားပေးပါ။ ကိုယ်စောင့်နတ်အပါအ၀င် လောကပါလတ်နတ်များနှင့် တကွအားလုံးသော သုံးဆယ့်တစ်ဘုံသားတို့အား မေတ္တာပို့ပြီး ပြုပြုသမျှကုသိုလ်တို့အား အမျှပေးဝေပေးပါ။ နောက်ဆုံးအနေနဲ့ တရားမထိုင်ခင် မိမိခန္ဓာကိုယ်ကို မြတ်စွာဘုရားရှင်အား တရားထိုင်နေစဉ် ကာလအတွင်း ဘုရားရှင်အား လှူဒါန်းပြီး ဘုရားရှင်ရဲ့ တန်ခိုးတော်ကြောင့် မည်သည့်အနှောင့်အယှက်မှ မ၀င်ပါစေသားဟု သစ္စာပြုတိုင်တည်ကာ ကြိုးစားပြီး အားထုတ်ကြည်ပါ။ တစ်ဖြည်းဖြည်း အားထုတ်လို့ ရလာပါလိမ့်မယ်။ စိတ်ဓာတ်မကျဖို့၊ မကောင်းတဲ့စိတ်အစွဲတွေ မရှိဖို့တော့ အထူးသတိပြုရပါမယ်။ အတိတ်ကိုလည်း မတွေးဘဲ အနာဂတ်ကိုလည်း မမျှော်ဘဲ လက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် သီလလုံခြုံစွာဖြင့် ကြိုးစားကြည့်ပါဟု အကြံပြုလိုက်ပါတယ်။

Read more »

စေတနာသုံးတန် ပြည့်စုံဖို့ဆိုရာဝယ်…

ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်အများ ကြားဖူးပြီးသားဖြစ်တဲ့အပြင် တရားပွဲများ၊ အလှူခံမဏ္ဍပ်များ စတဲ့ဘာသာရေး ဆိုင်ရာနေရာဌာန အမျိုးမျိုးမှာ သုံးစွဲနေကြတဲ့ စေတနာသုံးတန် ဆိုတဲ့ဒီစကားအသုံးလေး အတွက် ဗဟုသုတအဖြစ် ပို့စ်လေးတစ်ခု ရေးကြည့်လိုက်တာပါ။ စေတနာသုံးတန်လို့ခေါ်တဲ့ အဲဒီ စေတနာ သုံးမျိုးက
၁။ ပုဗ္ဗစေတနာ = မလှူမီ ကြိုတင်ဖြစ်တဲ့ စေတနာ
၂။ မုဉ္စစေတနာ = လှူဆဲအခိုက်မှာ ဖြစ်နေတဲ့ စေတနာ နဲ့
၃။ အပရစေတနာ = လှူပြီးနောက်ပိုင်းမှာ ဖြစ်တဲ့စေတနာ တို့ပဲ ဖြစ်ပါတယ်။


ဒီသုံးမျိုးမှာ ဗုဒ္ဓဘာသာဝင်အများ အဖြစ်များကာ ဖြစ်ဖို့လည်းလွယ်တဲ့စေတနာတွေက ပုဗ္ဗစေတနာနဲ့၊ မုဉ္စစေတနာတွေဖြစ်ပြီး အပရစေတနာက ဖြစ်ဖို့အတော်ခက်ခဲပါတယ်။ ဆိုကြပါစို့… အလှူဒါန တစ်ခုခုကို ပြုကြတော့မယ်ဆိုရင် အလှူရှင်တွေရဲ့ စိတ်ထဲမှာ ဘယ်မှာလှူလိုက်မယ်၊ ဘယ်လိုလှူလိုက်မယ်၊ ဘယ်လောက်လှူလိုက်မယ် ဆိုတဲ့ စိတ်ကူးအကြံလေးတွေ ဖြစ်နေတာ၊ ကြိုတင်ပြီး လှူဖို့အတွက် ပြင်ဆင်စုဆောင်းနေတာ စတာတွေဟာ ကိုယ်လှူမယ့်အလှူအတွက် မလှူမီဖြစ်ပေါ်နေတဲ့ ပုဗ္ဗစေတနာပါ။ အဲဒီလို ကြိုတင်ပြီးဖြစ်ပေါ်နေတဲ့ စေတနာလေးတွေဟာ ကုသိုလ်စိတ်ကို ဖြစ်စေပြီး ကုသိုလ်တရားကို တိုးပွားစေပါတယ်။ ထို့အတူ လှူဆဲအခိုက်အတန့်မှာ စေတနာအပြည့်နဲ့ ကြိုးကြိုးစားစား ဆက်ကပ်လှူဒါန်း၊ ကျွေးမွေးဧည့်နေတာဟာ မမောနိုင်မပန်းနိုင်ပါပဲ။ အဲဒီအခိုက်အတံ့မှာ ကျွေးချင်မွေးချင် အဆင်ပြေပြေ ဧည့်ခံချင်စိတ်ကလွဲပြီး ကျန်တဲ့ဘာစိတ်မှ မရှိတဲ့အတွက် လှူဆဲအခိုက်အတန့်မှာ ဖြစ်တဲ့စေတနာကလည်း အထူးပြောစရာ မလိုအောင် ပြည့်စုံနေတတ်ကြပါတယ်။ အဲ… ပြဿနာက လှူပြီးအခိုက်အတန့်မှာ ဖြစ်ရမယ့် အပရစေတနာပါ။ ကိုယ်လှူထားတဲ့ အလှူကို သတိတရဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်၊ ပီတိဖြစ်ကာ မကြာခဏ ဆင်ခြင်ပြီး ကောင်းလိုက်တာ အားရလိုက်တာ စတဲ့အတွေးလေးတွေနဲ့ နေနိုင်မှ အပရစေတနာလေး အားကောင်းပြီး ကုသိုလ်တရား တိုးပွားမှာပါ။ ဒါပေမယ့် များသောအားဖြင့် ဒီစေတနာလေးတွေ ချို့တဲ့ နေကြတာကို တွေ့နေရပါတယ်။ လှူပြီးနောက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ရမယ့်အစား နောင်တတွေသာ ကျန်နေကြတာကို တွေ့ရ၊ မြင်ရ၊ သိနေရပါတယ်။ အချို့ဆို အလှူကြီး အဆင်ပြေစေဖို့ မလိုအပ်တဲ့ ချဲ့ထွင်မှုတွေ ချေးငှါးမှုတွေ ဂုဏ်ပကာသနတွေကြောင့် အလှူပွဲကြီးပြီး သူချဲ့ထွင်ခဲ့တဲ့ အလှူပွဲအတွက် အဆင်မပြေမှုတွေ၊ ချေငှါးထားတဲ့ အရာတွေ ပြန်ဆပ်ရမယ့်အရေးတွေတွေးပြီး ရင်လေးနေတာတွေ စတဲစတဲ့ အတွေးတွေကြောင့် လှူဒါန်းမှုအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်ကာ အပရစေတနာလေးတွေ ကောင်းရမယ့်အစား မှားသွားပြီးဆိုတဲ့ နောင်တတရားတွေသာ ရလိုက်ကြတာကို တွေ့ကြရမှာပါ။ မလှူခင် စေတနာ၊ လှူဆဲအခိုက်ဖြစ်တဲ့ စေတနာတွေ ပြည့်စုံပေမယ့် လှူပြီးနောက်မှ ဖြစ်ရမယ့် စေတနာက မပြည့်စုံတဲ့အတွက် စေတနာသုံးတန်က မပြဌာန်းနိုင်၊ မပြည့်စုံနိုင်ကြတော့တာပါ။

စေတနာသုံးတန် ပြည့်စုံပြဌာန်းမှု မရှိပါက ကုသိုလ်ရဲ့ အကျိုးကို ရရှိခံစားတဲ့အခါ အပြည့်အ၀ မခံစားရ တတ်ပါဘူး။ ကုသိုလ်တရားဟာ ပြုလုပ်တဲ့သူရဲ့ စေတနာကိုလိုက်ပြီး အကျိုးတရားကို ဖြစ်စေပါတယ်။ စေတနာသုံးတန်ပြည့်စုံပြီး လှူဒါန်းမှုပြုတဲ့ပုဂ္ဂိုလ်တွေ အတွက်အကျိုးတရား ရရှိတဲ့အခါမှာလည်း ပြည့်ပြည့်၀၀ ရရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ စေတနာသုံးတန်မှာ တစ်ခုခု ချို့တဲ့ပါက အကျိုးတရားဖြစ်တော့ ဖြစ်ပါတယ်။ ရတော့ရပါတယ်။ အပြည့်အ၀ မရဘဲရှိတတ်ပါတယ်။ အထူးသဖြင့် စေတနာသုံးတန်မှာ များသောအားဖြင့် နောက်ဆုံးအပရစေတနာ ချို့တဲ့တာများတဲ့အတွက် အကျိုးပေးတဲ့အခါမှာလည်း အပရစေတနာရဲ့ အကျိုးခံစားမှုက လျော့နေတတ်ပါတယ်။ ထင်ရှားတဲ့ သာဓကပြရမယ်ဆိုရင် ယနေ့ခေတ်မှာ ချမ်းသာပြီး အကောင်းမစားနိုင်ကြတဲ့သူတွေ၊ ကားရှိပြီး လိုင်းကားတိုးစီးနေရတဲ့သူတွေ၊ ခေတ်ပေါ်အကောင်းစား အ၀တ်စားတွေကို ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ ၀ယ်မ၀တ်ချင်သူတွေ အကောင်းစားတွေ သုံးရင်ဝတ်ရင် ကိုယ်မှာတစ်ခုခုဖြစ်တာတို့ ယားတာယံတာတို့ စတာတွေဖြစ်ကြတာကို တွေ့ဖူးကြုံဖူးကြမှာ။ အဲဒီသူတွေဟာ ကုသိုလ်ဒါနပြုတဲ့အခါမှာ နောက်ပိုင်းမှာဖြစ်ရမယ့် အပရစေတနာ ချို့တဲ့ကြတဲ့အတွက် မြင်သာမြင်မကြင်ရတဲ့ အဖြစ်မျိုးနဲ့ ကြုံရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ကုသိုလ်ပြုတဲ့အခါ စေတနာသုံးတန် အလုံးစုံပြည့်စုံအောင် ကြိုးစားကြဖို့လိုပါတယ်။

ပြောခဲ့ပြီးဖြစ်တဲ့အတိုင်း ဒီစေတနာ သုံးမျိုးမှာ ပုဗ္ဗစေတနာနဲ့ မုဉ္စစေတနာတွေဟာ ဖြစ်ဖို့ပြည့်စုံဖို့ လွယ်တဲ့အတွက် အထူးပြောစရာမရှိပေမယ့် အပရစေတနာနဲ့ ပြည့်စုံဖို့အတွက် အလေ့အကျင့် လုပ်ပေးကြဖို့ လိုပါတယ်။ အပရစေတနာ ကောင်းဖို့အတွက် ကုသိုလ်မပြုခင်၊ မလှူခင်ကတည်းက သေချာစီစစ် ရွေးချယ်ပြီး ပေးလှူတတ်ဖို့လိုပါတယ်။ နောက်ပိုင်းစေတနာ ပျက်ကွက်မှုများကိုကြည့်ပါက အခြားအကြောင်းအရာများ ရှိပင်ရှိငြားသော်လည်း အလှူခံပုဂ္ဂိုလ်ကြောင့် ပျက်ဆီးတတ်ကြတာတွေ ရှိပါတယ်။ အလှူခံပုဂ္ဂိုလ်ပိုင်းကို သေချာရွေးချယ်ပြီး မလှူပါက ကိုယ့်အလှူကို ခံယူတဲ့အလှူခံ ပုဂ္ဂိုလ်ရဲ့ အမူအရာ၊ အပြောအဆို၊ အနေအထိုင်၊ အကျင်သီလတွေကို ကြည့်ပြီးသဒ္ဓါတရား ပျက်တတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်လှူထားတဲ့ အရာလေးတွေကို ကြည့်ပြီးပီတိပွားချင်ကြ၊ ၀မ်းမြောက်ချင်ကြတာ ဓမ္မတာပါ။ အဲဒီလို ပီတိပွားနိုင်ဖို့အတွက် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနစတာတွေကို ရွေးချယ်လှူတန်းတတ်ဖို့ လိုပါတယ်။ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော သင်္ကန်းပတ်ထားရင်ပြီးရော ဆိုတဲ့အတွေးနဲ့ လှူလိုက်တဲ့အတွက် အဲဒီအလှူခံပုဂ္ဂိုလ်က ကိုယ်လှူတဲ့ပစ္စည်းဝတ္ထု တစ်လွဲအသုံးချသွားတဲ့အခါ ပုထုဇင်များဖြစ်တဲ့ ကိုယ့်အဖို့မှာ ဒီအရာတွေတွေ့ပြီး သဒ္ဓါတရား တိုးဖို့မလွယ်ပါဘူး။ နာမည်ကြီးလို့ လှူတာမျိုး၊ ပေါ်ပင်လိုက်ပြီး လှူတာမျိုးတို့ အလှူခံပုဂ္ဂိုလ်ဆိုပြီးရော လှူတာမျိုးတို့ မလုပ်ကြဘဲ ကိုယ့်အလှူကို လက်တွေ့ထိရောက်စွာ အလှူခံပြီး အမှန်တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်၊ နေရာဌာန စတာတွေကို ရှာဖွေလှူတမ်းတတ်ဖို့ လိုပါတယ်။ အမှန်တကယ် လိုအပ်နေတဲ့နေရာတွေမှာ လှူလိုက်တဲ့အတွက် ကိုယ့်အလှူပစ္စည်းကို လက်တွေ့အသုံးပြုနေတာကို ကြည့်ပြီးကိုယ့်မှာ ပီတိဖြစ်ရသလို နောက်ထပ်လှူချင်တဲ့ သဒ္ဓါတရားတွေလည်း တိုးလာတတ်ပါတယ်။ ဥပမာအားဖြင့် မီးမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ မီးစက်လှူတာမျိုးတို့ ဆွမ်းကွမ်းမလုံလောက်တဲ့ စာသင်တိုက်မျိုးမှာ ဆွမ်းပဒေသာပင် စိုက်ထူလိုက်တာမျိုးတို့ဟာ အမှန်တကယ်လိုအပ်နေတဲ့ နေရာမျိုးတွေမှာ လှူလိုက်တဲ့အတွက် အလှူခံအတွက်လည်း အကျိုးရှိ အလှူပေးပုဂ္ဂိုလ်အတွက်လည်း ပီတိသဒ္ဓါပွားနိုင်တဲ့ အလှူမျိုးဖြစ်ပါတယ်။ အဲလိုအလှူမျိုးကြောင့် နောက်ပိုင်းစေတနာပျက်စရာ အကြောင်းမရှိပါဘူး။ ပိုလို့သာ တိုးစေမှာပါ။ ဒီလိုအလှူမျိုးဟာ စေတနာသုံးတန် ပြည့်စုံနိုင်တဲ့အလှူမျိုးပါ။

ဒါကြောင့် စေတနာသုံးတန် ပြဌာန်းပြီး ပြည့်စုံစွာလှူလိုတဲ့ သူများအတွက် ကိုယ့်အလှူကို လှူမိတာ မှားလေစွ ဆိုတဲ့နောင်တမျိုး မဖြစ်ရအောင် ယုံကြည့်မှု သဒ္ဓါတရားကို စူးစမ်းဆင်ခြင်တတ်တဲ့ ဉာဏ်နဲ့တွဲကာ သဒ္ဓါပညာ ညီညွတ်စွာဖြင့် အလှူခံပုဂ္ဂိုလ်၊ နေရာဌာနများ သေချကျနစွာ စိစစ်ရွေးချယ်တတ်ဖို့ လိုကြောင်း သတိပေးစကား ပါးလိုက်ပါတယ်။ အားလုံး စေတနာသုံးတန် ပြည့်စုံနိုင်ကြပါစေ…

Read more »

အရဟံဂုဏ်တော်၏့ အဓိပ္ပါယ်ဖွင့်ဆိုချက် ငါးမျိုး ...

Q. ဆရာတော်ဘုရား…
အရဟံဂုဏ်တော်ကို အဓိပ္ပါယ် ငါးမျိုးဖွင့်လို့ ရသည်ဟု သိရပါသည်ဘုရား… တပည့်တော်ကို ရှင်းပြပေးစေချင်ပါသည် ဘုရား…
(လင်း)


A. အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက် ငါးမျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ အရဟံ = မြတ်စွာဘုရားရှင်သည် အလုံးစုံသော ကိလေသာတို့မှ ကင်းစင်တော်မူသည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
၂။ အရဟံ = မြတ်စွာဘုရားရှင်သည် သံသရာစက်လည်ပတ်မှု အကန့်အထောက်တို့ကို ဖျက်ဆီးတော်မူပြီးသည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
၃။ အရဟံ = မြတ်စွာဘုရားရှင်သည် လူ၊ နတ်၊ ဗြာဟ္မာ သတ္တ၀ါအားလုံးတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်သည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
၎။ အရဟံ = မြတ်စွာဘုရားရှင်သည် အလုံးစုံသော ကိလေသာတို့ကို အကြွင်းအကျန်မရှိ အကုန်အစင် ပယ်သတ်တော်မူပြီးသည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။
၅။ အရဟံ = မြတ်စွာဘုရားရှင်သည် ဆိတ်ကွယ်ရာအရပ်၌ပင်လျှင် မကောင်းမှုအကုသိုလ်ကို ပြုတော်မမူတတ်သည်၏ အဖြစ်ကြောင့် အရဟံ ဟူသော ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။

(သော ဘဂ၀ါ ဣတိပိ အရဟံ = သောဘဂ၀ါ - ထိုမြတ်စွာဘုရားသည်၊ ဣတိပိ ဣမိနာစ ကာရဏေန- အလုံးစုံသော ကိလေသာတို့မှ ကင်းစင်တော်မူခြင်းဟူသော ဤအကြောင်းကြောင့်လည်း အရဟံ- အရဟ ဟူသော ဂုဏ်တော်ကြီးနှင့် ပြည့်စုံတော်မူပါပေ၏။ (ကျန်အဖွင့်များလည်း နည်းမှီ၍ အနက်ပေးနိုင်ပါသည်။))

မှတ်ချက်။ ။ နံပါတ် (၄) အရဟံကို အရ ဟံ ဟု ရွတ်ဆိုပါ။ အရ+ ဟတ ဟူသော ပါဠိအဖွင့်အရ အရ= အလုံးစုံသော ကိလေသာကို ဟတ= ပယ်သတ်ခြင်းဟု အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့်အဓိပ္ပါယ်ကို သေချာနားလည်အောင် အရ ဟံဟု ရွတ်ဆိုသင့်ပါတယ်။ နံပါတ် (၅) အရဟံကိုလည်း အ ရဟံ ဟု ရွတ်ဆိုပါ။ အ= မပြုခြင်း၊ မရှိခြင်း၊ ရဟ= ဆိတ်ကွယ်ရာ ဟူသော အဖွင့်ကိုယူ၍ အ ရဟံဟု ရွတ်သင့်ပါတယ်။

Read more »

မိခင်ကြီးအမြင်မှန် ရစေရန် အထောက်အပံ့ဖြတ်ထားမှုကို ပြုသင့် မပြုသင့်…

Q. ဆရာတော်ဘုရား…ဘုရားတပည့်တော်ရဲ့ မိခင်ဟာ သံဃာတော်များကိုေ-ာက်ဘုန်းကြီးတွေ လို့ သုံးနှုန်းခြင်း၊ ဆွမ်းလောင်းလျှင် မကြည်ဖြူခြင်း၊ တရားထိုင်လျှင် သရော်ကဲ့ရဲ့ခြင်းတွေ လုပ်တတ်ပါသည်။ အခြားဆရာသမား လူကြီးသူမ ဆွေမျိုးများကိုလည်း မထောက်ပံ့၊ တပည့်တော် ထောက်ပံ့လျှင်လည်း ငြူစူတာနဲ့ အရင်က အမိကို လုပ်ကျွေးခဲ့ရာက အထောက်အပံ့များ ဖြတ်လိုက်ပါသည်။ တပည့်တော် လုပ်ရတဲ့ အကြံမှာ ဘုရားသံဃာတို့နှင့် ပတ်သက်ပြီး ရင့်သီးစွာ ပြောနေတာတွေလဲ ရပ်စေလို၊ သံဃာ ဆရာသမား လူကြီးသူမ ကျေးဇူးရှင်များ လာဘ်လာဘ ရတာ (အလှူခံ၊ အကန်တော့ခံရတာ)ကို ဆောင့်အောင့်တားဆီးရင် ကိုယ့်ဖို့ တိုးမလာဘဲ ကိုယ့်လာဘ်ပါ ပိတ်နိုင်ကြောင်းလဲ သိစေလို၊ မကောင်းကဲ့ရဲ့ စကား ပြောနေတာတွေကို အားမပေးလိုတာ စတာတွေကြောင့် ဖြစ်ပါသည်။ ဒါပေမယ့် တပည့်တော်ဟာ အမိအဖကို ကျေးဇူးဆပ်ရမယ်ဆိုတဲ့ ဘုရားစကားကို မလိုက်နာမိမှာလည်း စိုးပါတယ်။ အမိ အမြင်မှန် မရမချင်း ဒီလို လုပ်ထားမယ်ဆိုတဲ့အကြံကို ဆက်လုပ်သင့်မသင့် သိချင်ပါတယ်ဘုရား။ တပည့်တော်က အမိကို ပြန်ထောက်ပံ့ရင် ဒီငွေကို သုံးစွဲရင်း ရတနာသုံးပါးအပေါ် စော်ကားမော်ကားပြောလိုက်၊ ဘုရားစင် ခြေထိုးအိပ်လိုက် အရင်လို လုပ်နေရင် ငရဲပေးသလိုလဲ မဖြစ်ချင်ပါဘူး။ ဆွဲဆောင်စည်းရုံးလို့ရမယ့်နည်းရှိရင် သိချင်ပါတယ်ဘုရား။
(အောင်ရဲဖြူ)

A. အင်း… ကြားသိရတာ အလွန်စိတ်မကောင်းစရာပဲ။ ဒီခေတ်ကြီးမှာ အဲဒါမျိုးတွေ အတော်လေးကြုံနေကြ ရတယ်။ သားသမီးတွေက လိမ္မာပြီး ဘာသာရေး ကိုင်းရှိုင်းကြပေမယ့် မိဘတွေက သံဝေဂမရ အတ္တမာနတွေနဲ့ အချိန်ကုန်နေကြတာတွေ အလွန်များနေတာတွေကို တွေ့နေရပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ်မိဘဟာ မိဘဖြစ်နေပြန်တာကြောင့် သားသမီးများဘက်က ကြည့်ရင်ဆူးပေါ်ဖက်ကျလည်း ဆူနာ၊ ဖက်ပေါ်ဆူးကျလဲ ဖက်နာသလိုဖြစ်နေပြန်ရော။ သေချာတွေးကြည့်ပြန်တော့ မိဘဟာ ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတရားက ရှိနေပြန်ပါတယ်။ ကျန်တဲ့ဟာတွေ အသာထားဦး ကိုးလလွယ်ပြီး ဗိုက်ထဲမှာထား၊ လူ့ဘ၀ရောက်အောင် မွေးထုတ်ပေးလိုက်တာကိုက ဆပ်မကုန်နိုင်တဲ့ ကျေးဇူးတွေပါ။ တစ်ဘက်က ပြန်ကြည့်ပြန်တော့လည်း တစ်မိသားစုတည်းဖြစ်နေ၊ မိဘနဲ့သားသမီးတွေ ဖြစ်နေကြပေမယ့် သေတဲ့အခါမှာတော့ သူ့ကံနဲ့သူသွားကြရမှာတွေပါ။ အမေဖြစ်ရင် အမေခံ။ သားသမီးဖြစ်ရင် သားသမီးခံကြရမှာပါ။ အစားဝင်ပြီး ခံပေးလို့ မရသလို ကံတရားရဲ့ အကျိုးပေးဟာလည်း မျက်နှာမလိုက်တတ်ပါဘူး။ ဒါကြောင့် အခုလက်ရှိအချိန်တွေမှာ ကိုယ့်ရဲ့လုပ်ရပ်တွေကို အထူးဆင်ခြင်ပြီး အကုသိုလ်အပြစ်မဖြစ်အောင် သတိထားလုပ်ကြရမှာပါ။ အတိတ်ဘ၀ရဲ့ ကံအကျိုးပေးကြောင့် ဒီဘ၀မှာ လာတွေ့ကြတာ ဖြစ်တဲ့အတွက် တွေ့ရတဲ့ ဒီဘ၀အခိုက် အတန့်လေးမှာ အပြစ်မဖြစ်အောင် အကုသိုလ်မဖြစ်အောင် နေနိုင်ပါမှ နောင်ဘ၀အတွက် ကောင်းမှာပါ။
မေးခွန်းရှင်ရဲ့ မိခင်ကြီးအခြေအနေဟာ အပြောအဆိုအနေအထိုင် မတတ်ရင် ကိုယ့်အတွက်ပါ အကုသိုလ်အပြစ်တွေ ဖြစ်နေရမယ့်အခြေအနေပါ။ မိခင်ကြီးဟာ မွေးလာတဲ့ စရိုက်ကိုက ကြမ်းတမ်းတဲ့စရိုက်ရှိပြီး သဒ္ဓါတရား နည်းပါးမယ့်အနေ အထားရှိပါတယ်။ လူ့ဘ၀ကို ရလာပေမယ့် ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးအပေါ် ကြည်ညိုမှု အားနည်းတာ၊ ဘုရားနှင့်သံဃာတွေအပေါ် အမြင်မကြည်တာ၊ တရားသံစတာတွေကို မကြားချင်တာ စတာစတာတွေဟာ အကုသိုလ်ရဲ့ အကျိုးဆက်တွေပါ။ ဒါပေမယ့် ပါလာတဲ့စရိုက်က မကောင်းပေမယ့် ပတ်ဝန်းကျင်ကောင်းရင် ငါးဆယ်ရာခိုင်နှုန်းလောက် ပြောင်းလာနိုင်သလို၊ မွေးလာတဲ့စရိုက်က ကောင်းပေမယ့် ပတ်ဝန်းကျင်က မကောင်းရင်လည်း ငါးဆယ်ရာခိုင်နှုန်းလောက် ပျက်ဆီးသွားတတ်ပါတယ်။ မိခင်ကြီးက မွေးလာတဲ့ဓာတ်ခံ သဒ္ဓါတရားအားနည်းပေမယ့် သားသမီး၊ ဆွေမျိုးမိတ်ဆွေများက လိမ္မာပါးနပ်စွာ ပြုပြင်ယူမယ်ဆိုရင် အနည်းငယ်တော့ ပြောင်းလာလိမ့်မယ်လို့ ထင်ရပါတယ်။ ဆိုတော့က သူ့ကိုပြုပြင်တဲ့အခါမှာ သူ့ကိုမပြင်ခင် ကိုယ်ကိုယ့်ကို အရင်ပြင်ဖို့ လိုပါတယ်။ မိခင်ကြီး လက်ခံလာနိုင်တဲ့အထိ ကိုယ့်ရဲ့အပြောအဆို၊ အပြုအမူ အနေအထိုင်တွေက ကောင်းဖို့လိုပါတယ်။ ကိုယ့်ရဲ့ပုံစံဟာ ဘာသာရေးမလိုက်စားခင်က အခြေအနေနဲ့ ဘာသာရေးလိုက်စားပြီး ပြောင်းလာတဲ့ ကောင်းကွက်လေးတွေကို မိခင်ကြီး သတိထားမိလာအောင် ထူးခြားမှုရှိလာရပါမယ်။ တစ်ခါတစ်ရံမှာ တတွတ်တွတ်ပြောနေတာနဲ့ ဘာမှမပြောဘဲ အနေအထိုင်နဲ့ လက်တွေ့ပြတာတွေက လူ့ရဲ့စိတ်ကို ပြောင်းလဲစေပါတယ်။ ဒေါသအားကြီးတဲ့ ပုဂ္ဂိုလ်ကို မေတ္တာဓာတ်နဲ့ အနိုင်ယူနိုင်တာတွေ ရှိပါတယ်။ မိခင်ကြီးဟာ ဘာသာတရားနဲ့ ပတ်သက်ပြီး ဘယ်လိုမှအကောင်းမမြင်ရင် သူ့ရှေ့မှာ ကိုယ်ဘာလုပ်လုပ် သူ့အတွက် အပြစ်တွေပဲ ဖြစ်နေတတ်သလို သူ့ကိုအကြောင်းပြုပြီး ကိုယ့်မှာလည်း အပြစ်တွေ ရတတ်ပါတယ်။ တစ်ခါတစ်လေ မမြင်အပ်ရာ ကိလေသာ သူ့ဟာသူငြိမ်း၏ ဆိုသလို သူလည်းအကုသိုလ် မဖြစ်အောင် ကိုယ်လည်းလုပ်ရတဲ့ ကုသိုလ်လုပ်ငန်းတွေ စိတ်အေးလက်အေး လုပ်ခွင့်ရအောင် လွတ်ရာကျွတ်ရာမှာ ကြိုးစားအားထုတ်သင့်ပါတယ်။ ကိုယ်က မိခင်ကြီးကို ဘာသာတရား အနှစ်သာရတွေ ရစေလိုတဲ့အတွက် အမျိုးမျိုးဖန်တီး လုပ်ဆောင်ပေးပေမယ့် သူ့ဘက်က အပြစ်ပဲမြင်နေတယ် ဆိုရင် အဲဒီလှုပ်ရှားမှုကို အသွင်ပြောင်းကြည့်ပါ။ ဘာမှမပြောဘဲ နေကြည့်ပါ။ ကိုယ့်ရဲ့အနေအထိုင် အပြောအဆိုလေးတွေကို ပြောင်းလဲကြည့်ပါ။ ဒါဆို သူသတိထားမိလာတတ်ပါတယ်။ ဘယ်လိုပဲကြိုးစား ကြိုးစားထူးခြား မလာတော့ဘူးဆိုရင်တော့ သဗ္ဗေသတ္တ ကမ္မဿကာ လုပ်ပြီး ဥပေက္ခာပြုရမယ့် အနေအထား ရှိပါတယ်။ သူ့ကိုပြင်ရင်း ကိုယ်ပါအပြစ်ရနေမယ် ဆိုရင်တော့ ကိုယ့်လမ်းကိုယ်ရွေးဖို့ လိုအပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကံအကျိုးပေးဟာ ကိုယ်ဖြစ်ကိုယ်ခံရမှာ ဖြစ်တဲ့အတွက်ပါ။

ဒါပေမယ့် မိခင်ကြီးအပေါ်မှာတော့ မကောင်းတဲ့စိတ် မထားဖို့နဲ့၊ မဆော်ကားမိဖို့ အရေးကြီးပါတယ်။ ကိုယ့်ပြုပြင်နိုင်သလောက် ပြုပြင်ပေးပေမယ့် မရတော့ဘူးဆိုရင်တော့ ကိုယ်လုပ်ပေးရမယ့် လောက၀တ်တွေကိုတော့ လုပ်ပေးရပါမယ်။ လုပ်ပေးနိုင်သမျှပေါ့။ ဘာသာတရားအပေါ်မှာ ဘယ်လိုမှအကောင်း မမြင်တဲ့အတွက် ဘာသာရေးနဲ့ ပတ်သက်တဲ့ လူရေးတန်းရေး စတာတွေအတွက် ထောက်ပံ့မှု မပြုလိုက မပြုဘဲ နေနိုင်ပေမယ့် သူ့ဘ၀စားရေး နေရေးစတဲ့ လောက၀တ်တွေကိုတော့ ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာနဲ့ စေတနာ၊ မေတ္တာထားပြီး ထောက်ပံ့ပေးသင့်ပါတယ်။ သူ့ကို နောင်တရစေလိုတဲ့ စေတနာနဲ့ လုပ်ပေမယ့် စေတနာက ဝေဒနာဖြစ်ခဲ့ရင် ကိုယ့်အတွက် မိခင်ဆိုတဲ့ ကျေးဇူး၊ မိခင်ကို စိတ်ဆင်းရဲစေမှုဆိုတဲ့ အပြစ်တွေက ထပ်ဆင့်လာတတ်ပါတယ်။ ကိုယ့်ဘက်က အမျိုးမျိုး ကြိုးစားပြီး လုပ်ပေမယ့် ထူးခြားမလာဘူးဆိုရင် သူ့အပေါ်မှာ ကိုယ်လုပ်ပေးနိုင်မယ့် အရာလေးတွေ လုပ်ပေးပြီး ကိုယ့်ကိုယ်ကိုပဲ အပြစ်မဖြစ်အောင် နေကြည့်ဖို့ပါ။ အဲလိုကိုယ်ဘက်က ပြုပြင်ကြည့်မယ် ကိုယ့်ရဲ့အပြုအအမူ အနေအထိုင်တွေဟာ ငြိမ်းချမ်းလာမယ် တည်ငြိမ်လာမယ် အရင်နဲ့မတူဘဲ ထူးခြားလာမယ်ဆိုရင် မိခင်ကြီးလည်း သတိပြုမိလာပြီး တစ်စုံတစ်ရာ ပြောင်းလဲမှု ဖြစ်လာနိုင်ပါတယ်။ တစ်ခါတစ်ရံ လူတစ်ယောက် ပြောင်းလဲလာဖို့အတွက် အချိန်အခါလည်း လိုအပ်ပါတယ်။ အချိန်တန်ရင် မိခင်ကြီးလည်း ပြောင်းလဲလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ဘယ်လိုမှ မရဘူးဆိုရင်တော့ ဥပေက္ခာပြုပြီး ကိုယ့်ကိုယ်ကိုသာ ကောင်းအောင်ကြိုးစား ရပါလိမ့်မယ်လို့ အကြံပြုလိုက်ပါတယ်ကွယ်…

Read more »

သူလိုလူ...

သူငယ်ချင်း...
မင်းသူ့ကိုကြည့်
သူကိုယ်တိုင်က
တစ်ခါမျှမလှူ
သူများလှူလျှင်
ဘယ်သူလှူလှူ
အလှူရှိရာ မလာမနေ
...ခုတော့
သူမှာ...
သာဓုခေါ်ပြ ပီပြင်လှလည်း
အမျှဝေပြ မပီသသည်
အ,ထစ် အ,ထစ်နဲ့ သူငယ်ချင်း....
(တက္ကသိုလ်မင်းမော်)

My friend...
Look at him
He himself never gives in charity
But....He always comes
When the others, whoever gives in charity
My friend...
Now..
Look at himHe can clearly say "well done"
But not clearly say "take sharing"

Read more »

ကျောင်းဒကာဖြစ်နိုင်မည့် အခွင့်အရေး...

လူတိုင်းကျောင်းဒကာ ဖြစ်နိုင်ရေးဟူသော ရည်ရွယ်ချက်ဖြင့် ဤကျောင်းအလှူတော်ကို အကောင်အထည် ဖော်လိုက်ပါသည်။ အများကြီး မလှူနိုင်သော်လည်း တတ်နိုင်သမျှ လှူဒါန်းရုံဖြင့် ကျောင်းအလှူကုသိုလ် ဖြစ်နိုင်ပါသည်။ ယခုဤကျောင်းတော်ကြီးသည် ဆရာတော် ဘဒ္ဒန္တ၀ိစိတ္တ (မြန်မာ-ကိုရီးယား သာသနာပြုဆရာတော်) မှ ဦးဆောင်ကာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ဒဂုံမြို့ နယ်၊ အိမ်တော်ရာကျောင်းတိုက်၊ သီရိဇေယျုံကျောင်းတွင် တည်ဆောက်မည့် ကျောင်းတော်ကြီးဖြစ်ပါသည်။

ဤကျောင်းတော်ကြီးသည် လူကြီးသူမ များအတွက် တရားဘာဝနာ နာကြားအားထုတ်ရာ ဌာနကြီးတစ်ခုဖြစ်လာမည် ဖြစ်သည့်အပြင် လူငယ်လူရွယ်များအတွက် လောကီပညာရပ်များ၊ အတန်းပညာရပ်များ၊ ဘာသာစကားများ၊ ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုများ စသည်စသည်တို့ကို အခမဲ့ပညာဒါန ပြုပေးမည့် စင်တာတစ်ခုလည်း ဖြစ်လာမည် ဖြစ်ပါသည်။

ထို့ကြောင့် ကျောင်းဆောင်တစ်ဆောင်လုံးကို ဆောက်လုပ်လှူဒါန်းနိုင်ခြင်း မရှိသော်လည်း တတ်နိုင်သမျှ လှူဒါန်း၍ ကျောင်းဒကာများအဖြစ် ခံယူလိုသူများအနေဖြင့် ယခုဤကျောင်းတော်ကြီး ဆောက်လုပ်ရာတွင် ယင်းအခွင့်အရေးကို အရယူကာ မိမိတို့တတ်နိုင်သမျှ လှူဒါန်းရုံဖြင့် ကျောင်းဒကများအဖြစ် ခံယူနိုင်ပြီ ဖြစ်ပါကြောင်း ၀မ်းမြောက်စကား ပါးအပ်ပါသည်။ ကုသိုလ်ပါဝင် လှူဒါန်းလိုသူများသည် အောက်ဖော်ပြပါ ဆရာတော်၏ ဖုန်းနှင့် အီးမေးတို့ကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း ...

Moblie: (82) 010-6872-3856

Read more »

သံဃာတော်များနှင့် မအပ်စပ်သည် ရွှေငွေကို လှူဒါန်းခြင်းသည် သံဃာတော်များ ၀ိနည်းကံကျိုးအောင် လုပ်ရာရောက်ပါသလား…

Q..ဘုန်းဘုန်း….
သံဃာများအား ငွေကြေးလှူခြင်းကို မြတ်စွာဘုရား မကြိုက်ဟု သိရတဲ့အတွက် တပည့်တော် ယခင်က သံဃာတော်များအား ပစ္စည်းလေးပါးနှင့် လိုအပ်သည့် အသုံးအဆောင်များသာ အဓိကလှူခဲ့ပါသည်။ ရံခါမှ လှူတတ်ပါသည်။ ယခုမူ ဒီခေတ်မှာ လက်ထဲငွေကြေး အဆင်သင့်မရှိလျှင် နာဖျာရေးကအစ အလွန်မျက်နှာငယ်ရကြောင်း ရွှေဝါရောင်တော်လှန်ရေးပြီးစလို အန္တရာယ်ပေါ်လာသည့်အခါ ရှောင်တိမ်းရန် လမ်းစရိတ် မရှိပါက ဒုက္ခရောက်နိုင်ကြောင်း၊ ဆေးဖိုးဝါးခနှင့် လမ်းစရိတ်ကအစ လက်ထဲဝတ္ထုငွေ လိုအပ်တတ်ခြင်း၊ ကပ္ပိယထံ အပ်နှံပြီး လိုမှယူရန်မှာလည်း လက်တွေ့အစဉ်မပြေ ရှိခြင်းကို သိလာရသဖြင့် ငွေကြေး လှူမိလာပါသည်။ တပည့်တော်သည့် သံဃာများ ၀ိနည်းကံကျိုးအောင် လုပ်နေမိသလား။ ဘုရားမကြိုက်သော အပြစ်ကို ကြူးလွန်မိသလားဟု တွေးစရာဖြစ်လာပါသည်။ ဖြေရှင်းပေးတော်မူပါဘုရား..
(ရဲကြီး)


A. မှန်ပါတယ်။ သံဃာတော်များဟာ ၀ိနည်းတော်လာ ရူပိယသိက္ခာပုဒ်အရ ရွှေငွေကိုအလှူခံခြင်း၊ အလှူခံစေခြင်းကို မပြုရပါဘူး။ ပြုမိပါက နိဿဂ္ဂိယပါစိတ် (ကုသိုလ်အဖို့မှ လျောကျခြင်း၊ အလှူခံရမှုကို သံဃာအလယ်တွင် စွန့်ပစ်ရခြင်း) အာပတ်သင့်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ်ကာလတွင် ဒကာတော်ပြောသလို ၀တ္ထုငွေကြေးဟာ သံဃာတော်များအတွက် မဖြစ်မနေ ကိုင်ဆောင်လာရတဲ့ အနေအထားရှိပြီး ငွေကြေးအခက်အခဲ ဖြစ်ပါက အလွန်ဒုက္ခ ရောက်ရတဲ့အနေအထား ရှိပါတယ်။

ဒီနေရာမှာ အလှူခံ ပုဂ္ဂိုလ်ရဲ့အခန်းကဏ္ဍနှင့် အလှူပေးပုဂ္ဂိုလ်ရဲ့ အပိုင်းကိုအနည်းငယ် ပြောလိုပါတယ်။ ဗုဒ္ဓဘာသာ သဘောအရ အပြစ်တစ်ခုခုကို ကျူးလွန်ကြတဲ့နေရာမှာ ကျူးလွန်တဲ့သူရဲ့ စေတနာ ရည်ရွယ်ချက်ကိုလိုက်ပြီး တန်ပြန်အကျိုးပေးရှိ မရှိ၊ ကြီးမကြီးကို သတ်မှတ်ဆုံးဖြတ်ရပါတယ်။ တစ်ခါတစ်ရံ အမှားတစ်ခုခုကို လုပ်မိပေမယ့် စေတနာ ရည်ရွယ်ချက်မပါတဲ့အတွက် အကျိုးပေးမှုမရှိတာတွေ ရှိပါတယ်။ ရဟန်းတော်များအတွက် ဘုရားပညတ်တော်မူထားတဲ့ ၀ိနည်းသိက္ခာပုဒ်တွေဆိုတာ ဘယ်လိုမှဖောက်ဖျက် ကျူးလွန်ပြောင်းလဲလို့ မရတဲ့ အာဏာဒေသနာတွေပါ။ အဲဒီ သိက္ခာပုဒ်တွေထဲမှာလည်း ကျူးလွန်တဲ့ အပြစ်အကြီး အသေးကိုလိုက်ပြီး အပြစ်ဖြေလို့ ရတာရှိသလို ဖြေလို့မရတာတွေလည်း ရှိပါတယ်။ ရွှေငွေအလှူခံခြင်းဆိုတဲ့ သိက္ခာပုဒ်ဟာ ရဟန်းဘ၀မှ လျောကျလောက်တဲ့ သိက္ခာပုဒ်မဟုတ်တဲ့အတွက် ကုစားလို့ ရတဲ့အာပတ်မျိုးပါ။ မကျူးလွန်မိတာ အကောင်းဆုံးဖြစ်ပေမယ့် မျက်မှောက်ကာလမှာ ငယ်ရွယ်တဲ့ ရဟန်းတော်များ၊ စာသင်သား ရဟန်းတော်များ၊ ဒကာဒကာမ ကပ္ပိယ မပြည့်စုံတဲ့ ရဟန်းတော်များအတွက် ၀တ္ထုကြေးငွေဟာ မဖြစ်မနေ ကိုင်ဆောင်ရမယ့် အနေအထား ဖြစ်လာပါတယ်။ ရွှေငွေကို ကိုင်ဆောင်အလှူခံလိုတဲ့ စေတနာရည်ရွယ်ချက် မရှိသော်လည်း ခေတ်ကာလ အနေအထားအရ လုပ်ရတဲ့ အခြေအနေဖြစ်နေပါတယ်။ အဲလိုမှ မလုပ်ရင်လည်း ရဟန်းဘ၀က ထွက်ပြီးလူ့ဘ၀နှင့် နေမှသာ အစဉ်ပြေမှု ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးသာ ငယ်ရွယ်တဲ့ ရဟန်းတော်အားလုံး လူထွက်သွားကြမယ်ဆိုရင် သာသနာတော်ကြီးမှာ တဖြည်းဖြည်း သာသနာ့ဝန်ထမ်းတွေ အားနည်းကာ သာသနာအရှည် တည်တံ့ရေးမှာ ထိခိုက်သွားနိုင်ပါတယ်။ ငယ်ရွယ်တဲ့အချိန် မပြည့်စုံတဲ့အချိန်တွေမှာ ၀ိနည်းသိက္ခာပုဒ် အချို့ကို မကျူးလွန်ချင်သော်လည်း ကျူးလွန်နေကြရပေမယ့် အရွယ်ရလာတဲ့အခါ ပြည့်စုံလာတဲ့အခါ သူ့အလိုလို ထိန်းသိမ်းသွားတတ်ကြပါတယ်။ မင်းကွန်းဆရာတော်ကြီး အမိန့်ရှိဖူးသလိုပေါ့။ ဆရာတော်ကြီးက အရမ်းတန်ခိုးကြီး ပြည့်စုံလာတဲ့အခါ ``အခုနေ တို့ကို တီဗွီလာကြည့်၊ ရုပ်ရှင်လာကြည့်ပါလို့ ပြောရင်မကြည့်တော့ပါဘူး၊ ကျောင်းသားငယ်များ ပျော်မှ၊ ကိုရင်ငယ်တွေဖြစ်မှာ၊ ကိုရင်ငယ်တွေပျော်မှ ဦးဇင်းငယ်တွေဖြစ်မှာ ဦးဇင်းငယ်တွေ ပျော်မှ ဘုန်းကြီးငယ်တွေဖြစ်မှာ ဘုန်းကြီးငယ်တွေပျော်မှ ဆရာတော်ကြီးတွေဖြစ်မှာ၊ သာသနာဆိုတာ ဒီလိုပဲ မွေးယူရတယ်`` လို့ မိန့်တော်မူဖူးပါတယ်။ ဒီအတိုင်းပါပဲ ယနေ့ခေတ်မှာ ခေတ်ကာလအနေ အထားအရ ၀ိနည်းသိက္ခာပုဒ်အချို့ကို မကျူးလွန်လိုသော်လည်း ကျူးလွန်ရတဲ့အခြေအနေ ဖြစ်နေတဲ့အတွက် နောင်တစ်ချိန် ပြည့်စုံလာ ၀ိနည်းတော်နှင့်အညီ နေနိုင်လာမည့် အချိန်ကျပါက သူ့အလိုလို ထိန်းသွားတတ်ကြပါတယ်။ စေတနာရည်ရွယ်ချက်ရှိရှိ ကျူးလွန်လိုခြင်းမဟုတ်ဘဲ ကြီးကျယ်တဲ့အကျိုးတွေအတွက် သေးငယ်တာလေးတွေ ပေးဆပ်နေရတဲ့ အနေအထားဖြစ်ပါတယ်ဆိုတာ ရဟန်းတော်များအပိုင်းမှ ခံစားပေးလိုပါတယ်။

ရွှေငွေလှူဒါန်းတဲ့ ဒကာ၊ဒကာမပိုင်းက ပြန်ကြည့်ရင်လည်း ဘုရားမကြိုက်တဲ့ ရဟန်းတော်များနှင့် မအပ်စပ်တဲ့ အလှူဝတ္ထုဖြစ်ပေမယ့် စေတနာ ရည်ရွယ်ချက်က ၀ိနည်းတော်များကို ဖောက်ဖျက်ကျူးလွန် စေလိုသော စေတနာရည်ရွယ်ချက် မရှိဘူးဆိုတာ လှူဒါန်းတဲ့သူတိုင်း သိကြပါတယ်။ ရဟန်းတော်ရဲ့ အခက်အခဲ အခြေအနေကို လိုက်ပြီးလုပ်ပေး၊ လှူဒါန်းပေးခြင်းသာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ အမှန်စင်စစ် ငွေးကြေးဝတ္ထုကို အပ်စပ်တဲ့ပစ္စည်းဝတ္ထုနဲ့ လဲလှယ်လှူးဒါန်းရမှာ ဖြစ်ပေမယ့် ငွေကြေးသည်သာလျှင် လောလောဆယ်ဖြစ်ပေါ်နေတဲ့ အခက်အခဲကို ဖြေရှင်းနိုင်တဲ့အတွက် မအပ်သော်လည်း သာသနာ့ဝန်ထမ်းအဖြစ် အရှည်ရပ်တည်နိုင်ရေး၊ ထိုရဟန်းတော် တစ်ချိန်ချိန်မှာ အာပတ်များကို ကုစားပြီး သီလသမာဓိ ပညာပြည့်စုံစွာဖြင့် သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရေးစတဲ့ ရည်ရှည်အကျိုးများကို ကြည့်ပြီးလှူဒါန်းကြတယ်ဆိုတာ သိသာထင်ရှားပါတယ်။ မအပ်စပ်တဲ့ အလှူပစ္စည်းဖြစ်တဲ့အတွက် လှူဖွယ်ပစ္စည်းရဲ့ သန့်ရှင်းစင်ကြယ်မှု မရှိခြင်းကြောင့် အကျိုးပေးအပြည့်အစုံ မရနိုင်ပေမယ့် လှူဒါန်းတဲ့ ဒါနကုသိုလ်တော့ ဖြစ်ပါတယ်။ ပြီးတော့ ရဟန်းတော်များ ၀ိနည်းသိက္ခာပုဒ်ကို မကျင့်ကြံနိုင်အောင် ဖျက်ဆီးလို၊ ၀တ္ထုကြေးငွေကို လှူဒါန်းပြီး ၀ိနည်းသိက္ခာပုဒ်များ မကျင့်နိုင်အောင် တမင်သက်သက် ဖန်တီးလုပ်ဆောင်လိုတဲ့ စေတနာ ရည်ရွယ်ချက်မပါတဲ့အတွက် ဘုရားရှင်အလိုတော်အတိုင်း တစ်ထပ်တည်းမဖြစ်ပေမယ့် ရဟန်းတော်များ ၀ိနည်းသိက္ခာပုဒ်များ ကျူးလွန်အောင်လုပ်နေတာ မဟုတ်ကြောင်း၊ အပါယ်လားစေနိုင်တဲ့ အလှူမဟုတ်တဲ့အတွက် ၀တ္ထုငွေလှူဒါန်းပြီး အပြစ်တွေယူနေခြင်း မဟုတ်ကြောင်း ဖြေကြားပေးလိုပါတယ်။ စင်ကြယ်တဲ့ လှူဖွယ်ပစ္စည်းမဟုတ်တဲ့အတွက် အကျိုးမကြီးသော်လည်း ထိုက်သင့်တဲ့ အကျိုးရနိုင်တယ်ဆိုတာ သိစေလိုပါတယ်။ အပ်စပ်တဲ့နည်းနဲ့ ပိုပြီးတိတိကျကျ အာရုံပြုလိုရင်တော့ ယာနဒါန-ယာဉ်အလှူတော်၊ ဝေယျဝစ္စဒါန- အထွေထွေဝေယျဝစ္စ အလှူတော်စသည်ဖြင့် ရည်မှန်းပြီး န၀ကမ္မကို လှူဒါန်းလိုကလည်း လှူဒါန်းနိုင်ပါတယ်။ အသုံးပြုတဲ့အပိုင်းမှာတော့ ရဟန်းတော်များအနေဖြင့် သင့်လျော်အပ်စပ်သလို ဖန်တီးအသုံးပြုကြပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ .

Read more »

ကိုးကွယ်ခြင်းနှင့် ပူဇော်ပသခြင်း

ကိုးကွယ်ခြင်းဟူသော စကားရပ်တွင် အားကိုးအားထားပြုထိုက်ခြင်း၊ အကာအကွယ်ဖြစ်စေခြင်း စသောအဓိပ္ပါယ်များ ပါဝင်ပြီး ပူဇော်ပသခြင်းဟူသော စကားရပ်တွင် ချီးမြောက်ထောက်ပံ့ပေးရခြင်း၊ တင်မြောက်ကျွေးမွေးပေးရခြင်း စသောအဓိပ္ပါယ်များ ပါဝင်လျှက်ရှိ၏။ ကိုးကွယ်ခြင်းကိုခံရသည့် အရာများသည် ကိုးကွယ်သူများကို အားကိုးအားထားဖြစ်အောင် ပြုလုပ်ပေးနိုင်ခြင်း ပစ္စုပ္ပန်သံသရာတွင် ကျရောက်မည့် ဘေးအန္တရာယ်အပေါင်းမှ ကာကွယ်ပေးနိုင်ခြင်းတို့ကြောင့် ထိုအရာများကို ကိုးကွယ်ခံထိုက်သည့်အရာများဟု ဆိုနိုင်ပြီး ပူဇော်ပသခြင်းကို ခံရသည့်အရာများသည် ပူဇော်ပသသူများကို အမှီပြုကာ အပူဇော် အပသများကိုသာ ခံယူလျှက် ပူဇော်ပသသူများအား တစ်စုံတစ်ရာ ကာကွယ်မှုမပြုနိုင်သောကြောင့် ထိုအရာများကို ပူဇော်ပသမှု သက်သက်ကိုသာပေးရသည့် အရာများဟု ဆိုနိုင်၏။

သို့ဆိုလျှင် ယင်းကိုးကွယ်ခံထိုက်သည့် အရာများသည် အဘယ်အရာများနည်း၊ ပူဇော်ပသခြင်း သက်သက်ကိုသာ ပေးရသည့်အရာများသည် အဘယ်အရာများနည်း သိရှိရန်လိုအပ်၏။ အဘယ့်ကြောင့်ဆိုသော် ထိုအရာများကို ကွဲကွဲပြားပြား မသိပါက အလွဲအမှားများဖြစ်ကာ ပူဇော်ပသရမည့် အရာများကို အစစ်အမှန်ထင်မှတ်ပြီး ကိုးကွယ်မိတတ်၊ ကိုးကွယ်ရမည့်အရများကို ပူဇော်ပသသည့် အဆင့်လောက်ထင်မှတ်ပြီး ပူဇော်ပသမိတတ်သောကြောင့် ဖြစ်၏။ ယင်းတို့ကို မတင်ပြမီ ကိုးကွယ်မှုစတင်သည့် သမိုင်းကြောင်းကို ရှေးဦးစွာတင်ပြလို၏။

လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်း ယဉ်ကျေးလာပြီး အစုအဖွဲ့နှင့် နေတတ်လာသူများ ဖြစ်သည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရားများဖြင့် ဖွဲ့စည်းထားသော သဏ္ဌာန်တစ်ခုသာ ဖြစ်ကြောင်း ထင်ရှားလှ၏။ လူ့လောကကြီးတွင် ကြောက်စရာများ အများအပြားရှိသကဲ့သို့ ရယူချင်စရာများလည်း ပေါများလှ၏။ ဒီရေတက်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်တိုင်းတိုက်ခြင်း၊ ငလျင်လှုပ်ခြင်းစသော သြကာသလောက၏ အန္တရာယ်များ၊ မြွေ၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး စသော သတ္တလောက၏ ရန်ပြုမှုများနှင့်၊ နာဖျားမကျန်းမမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်မှုများကို လူသားတို့သည် အလူးအလဲ ခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘ၀ဒုက္ခ အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှုကြောင့် လူသားတို့သည် ကြောက်တတ်လာကြ၏။ ထိုဘေးဆိုးဒုက္ခတို့မှ ကင်းငြိမ်းမှုကို လိုလားတောင့်တကြ၏။ ကိုးကွယ်မှုကို ရှာဖွေလာကြ၏။ ထိုသို့ ရှာဖွေရင်းနီးစပ်ရာကို ကိုးကွယ်ရာအဖြစ် ကိုးကွယ်လာကြတော့၏။ လူသားတို့၏ ကိုးကွယ်မှု ဖြစ်ပေါ်လာခြင်းအကြောင်း အဦးအစ ကိုးကွယ်လာသည့် အရာတို့ကို မြတ်ဗုဒ္ဓက

`ဘေးရန် အန္တရာယ်အမျိုးမျိုးကို စိုးရွံ့ကြောက်လန့် နေကြကုန်သော လူတို့သည် တောင်တို့ကိုလည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အာရာမ်တို့ကိုလည်းကောင်း၊ အထင်ကရသစ်ပင် စသောကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ်ကြကုန်၏။ (ဓမ္မပဒ၊ ဂါထာ၊ ၁၈၈)` ဟု ဟောကြားတော်မူခဲ့၏။

မှန်၏။ ရှေးအခါက ပယ်လယ်သမုဒ္ဒရာတို့၌ အသက်မွေးမှု ပြုကြသူတို့သည် သမုဒ္ဒရာစောင့် နတ်များကို ကိုးစားကြသည့်နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူတို့သည်လည်း တောတောင်ဥယျာဉ် စသည်တို့ကို ပူဇော်ကြ၏။ ထို့အပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ်စသည်တို့ကို ပူဇော်ပသကြ၏။ သားဆုပန်ရန် တောစိုးသစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့ကို တင်မြှောက်ကြ၏။ ထိုသို့ဖြင့် မိုးနတ်၊ လေနတ်၊ သစ်ပင်စောင့်နတ်စသည်ဖြင့် ကိုးကွယ်ရာအမျိုး ပေါ်ထွန်းကာ လူသားတို့၏ အခါအားလျှော်စွာ ပူဇော်ပသမှုပြုရာများလည်း ဖြစ်လာခဲ့၏။

သို့သော် ဗုဒ္ဓမြတ်စွာ ပွင့်တော်မူလာသည့်အခါ၌ကား ထိုကိုးကွယ်မှုများသည် အလွဲများဖြစ်ကြောင်း ထုတ်ဖော် ဟောကြားတော်မူလိုက်၏။ မကိုးကွယ်သင့်သည့်အရာနှင့် ကိုးကိုသင့်သည့်အရာများကို အတိအလင်း ခွဲခြားဖော်ပြတော်မူလိုက်၏။ မြတ်စွာဘုရားရှင်က ``ဤတောတောင် အရာမ် သစ်ပင်စသော ကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်းမဟုတ်၊ မြတ်သော ကိုးကွယ်ခြင်းမဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင် (ဓမ္မပဒ၊ ဂါထာ၊ ၁၈၉)`` ဟူ၍လည်းကောင်း ``အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် ဒုက္ခသစ္စာ၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် သမုဒယသစ္စာ၊ ဆင်းရဲမှလွတ်မြောက်ရာအမှန် နိရောဓသစ္စာ၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန်သို့ရောက်ကြောင်းအမှန် မဂ္ဂသစ္စာဟူသော အရိယသစ္စာလေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာမြင်နိုင်၏ (ဓမ္မပဒ၊ ဂါထာ၊ ၁၉၀၊ ၁၉၁)`` ဟူ၍လည်းကောင်း အကျယ်တ၀င့် ဟောကြားတော်မူလိုက်၏။

မြတ်စွာဘုရားရှင်က ကိုးကွယ်မှုအမှားနှင့် ကိုးကွယ်မှုအမှန်ကို ခွဲခြားပြသတော်မူပြီး အမှားကိုးကွယ်မိပါက ဒုက္ခခပ်သိမ်း ကင်းငြိမ်းနိုင်မည်မဟုတ်ဘဲ သံသရာတွင် ရှည်ကြာစွာ ကျင်လည်နေရတတ်ကြောင်း ကိုးကွယ်မှုမှန်ကန်ပါက ဒုက္ခခပ်သိမ်းငြိမ်းအေးကာ နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စိစစ်ဟောကြားတော်မူ၏။

ဖော်ပြပါ ဘုရားရှင်၏ ဟောကြားချက်များကို ကြည့်ပါက ကိုးကွယ်သင့်သည့်အရာနှင့် မကိုးကွယ်သင့်ဘဲ ပူဇော်ပသရုံသာ ပြုရမည့်အရာများကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ သစ်ပင်တောတောင် စသည်တို့နှင့် အမျိုးမျိုးသော နတ်တို့သည် မကိုးကွယ်သင့်သည့်အရာများဖြစ်၏။ သို့သော် အစဉ်အလာ ယုံကြည်မှုများအရ ပူဇော်ပသလိုက ပူဇော်ပသနိုင်၏။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာမြတ်သုံးပါးသည်သာ ဗုဒ္ဓဘာသာဝင်များအတွက် စစ်မှန်သည့်ကိုးကွယ်မှုဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဤရတနာမြတ်သုံးပါးသည် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ် သောကြောင့် သရဏဟူ၍လည်း ခေါ်ဆိုထိုက်သောကြောင့် ဖြစ်၏။ စင်စစ် သရဏဂမနဟူသော ပါဠိတော်ကပင် ကိုးကွယ်ဆည်းကပ်ခြင်းဟူသော အဓိပ္ပါယ်ကိုဆောင်နေ၏။ သရဏဂုံတည်သူများသည် ဘေးဒုက္ခအပေါင်းမှ လွတ်ငြိမ်းခြင်းဟူသော အကျိုးရလာဒ်ကို လက်တွေ့ခံစားနိုင်ခြင်းကို ဖြစ်စေသည့်အတွက် ရတနာမြတ်သုံးပါးသည် ကိုးကွယ်ခံထိုက်၏။

ဗုဒ္ဓဘာသာဝင်တို့ ရတနာသုံးပါးကို ကိုးကွယ်ကြသည့် ရည်ရွယ်ချက်များတွင် မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ မြတ်ဗုဒ္ဓသည် သတ္တ၀ါတို့ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်ယုတ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံကင်းစေ၍ ဂုဏ်ကျေးဇူးအပေါင်းတို့နှင့် ပြည့်စုံစေခြင်းတို့ကြောင့်ပင် ဖြစ်၏။ ဓမ္မရတနာတည်းဟူသော ဘုရားရှင်၏ တရားတော်ကို ကိုးကွယ်ခြင်းမှာ တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ကို ဘ၀သံသရာခရီးခဲမှ ထုတ်ဆောင်ကယ်တင်ခြင်း၊ တရားကျင့်သည့်အခိုက်နှင့် ကျင့်ပြီးနောက်ကာလတို့၌လည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းမှုကို ပေးစေခြင်းဖြင့် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်းကြောင့် ဖြစ်၏။ သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မျှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန် ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တ၀ါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီး နိုင်ခြင်းကြောင့် ဖြစ်၏။ မှန်၏။ ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သော သူကို သရဏဂုံတည်သူဟု ခေါ်၏။ ထိုသူသည် ကောင်းမြတ်သော ဘ၀သို့ရောက်ရမည် ဖြစ်သည့်အပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံပေါများခြင်း စသော အကျိုးများကိုလည်း ရရှိကာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေပေသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များအတွက် ရတနာသုံးပါးသည်သာ ကိုးကွယ်သင့်သည့် အရာများဖြစ်ကြောင်းဆိုခြင်း ဖြစ်၏။

သို့သော် မျက်မှောက်ခေတ် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်မှုများကို ကြည့်ပါက အလွဲကိုးကွယ်နေကြသည်ကို စိတ်မကောင်းဖွယ်တွေ့ရှိရ၏။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာဝင်များသည် ကိုးကွယ်ခြင်းနှင့် ပူဇော်ပသခြင်းကို လွဲမှားစွာလုပ်ဆောင်နေကြ၏။ မကိုးကွယ်သင့်သည့်အရာများကို တစ်ဘ၀ တစ်နပ်စားကြည့်ကာ ကိုးကွယ်နေကြသည်ကို တွေ့ရ၏။ ဘုရားကအောက် မျောက်ကအထက်ဆိုသကဲ့သို့ အိမ်တွင်ကြည့်ပါက ဘုရားစင်ထက် နတ်စင်က ပိုပြီးတောက်ပြောင် ဝေဆာလှပနေကြ၏။ ပိုဆိုးသည်က အမျိုးမျိုးသော နတ်တွေကို ကိုးကွယ်သည်နှင့် မကျေနပ်နိုင်ကြဘဲ ဘိုးတော်၊ မယ်တော်၊ အသေထွက်၊ အရှင်ထွက်စသည်တို့ကိုပင် အပြိုင်ကိုးကွယ်သည်အထိ ဖြစ်လာကြ၏။ စီးပွားရေး၊ အောင်မြင်မည်၊ ကျန်းမာရေး ကောင်းမည်ဆိုပါက ဘာမဆိုလုပ်ရဲသည်အထိ အသိဉာဏ်များ ကင်းမဲ့လာကြ၏။ အဆိုးဆုံးမှာ ဗေဒင်ဆရာများအပေါ် အယုံကြည်လွန် အားကိုးလာသည်က အဆိုးဆုံးဖြစ်၏။ အိမ်မှာ အစစအရာရာ အဆင်မပြေဖြစ်နေခြင်းမှာ ဘုရားစင်တွင်ကိုးကွယ် ပူဇော်ထားသည့် ဘုရားဆင်းတုတော်က ခိုက်တာဟုဆိုကာ ဘုရားဆင်တုတော်ကို စွန့်ပစ်ခိုင်းသည့်အတွက် ညောင်ပင်ခြေရင်းတွင် သွားစွန့်သည်အထိ အသိဉာဏ်ကင်းကုန်ကြ၏။ အခိုက်အတန့်ကာလလေးကို ကြည့်ကာ သံသရာနစ်မွန်းမည့် အလုပ်တွေကို လုပ်သည်အထိ မိုက်မဲလာကြ၏။ လောကမှာ ရှိနေသမျှကာလတွင် အဆင်ပြေမှု မပြေမှုဆိုသည်မှာ ရှောင်လွဲ၍မရသည့် သဘောကို သဘောမပေါက်ဘဲ အဆင်ပြေမည်ဆိုက ဘုရား၊တရား၊သံဃာလည်း နားမလည် မိဘဆရာလည်း နားမလည် ဗေဒင်ဆရာစသည်တို့က ခိုင်းလျင်ဘာမဆို လုပ်ရဲသည်အထိ ဆင်ခြင်တုံတရား ကင်းမဲ့လာကြ၏။ မိမိကိုယ်ကို မိမိသရဏဂုံ ပျက်နေသည်ကိုမသိ အလွဲတွေ လိုက်လုပ်နေကြတော့၏။ ဤသည်မှာ ယုံကြည်မှုလွန်ကဲပြီး ပညာကင်းမဲ့လာသည့်အပြင် မကိုးကွယ်သင့်သည်ကို ကိုးကွယ်နေကြသောကြောင့် ဖြစ်၏။ စာလိုပြောပါက သဒ္ဓါလွန်ကဲ ပညားနည်းနေကြခြင်းဖြစ်၏။

စင်စစ် မိမိတို့ကိုးကွယ်နေမှုများကို သေချာဆင်ခြင်ကြည့်ပါက ကိုးကွယ်ရမည့်အရာများလား၊ ပူဇော်ပသရမည့် အရာများလားဆိုသည်ကို ရှင်းလင်းစွာ သဘောပေါက်နိုင်၏။ ပစ္စုပ္ပန်၊ သံသရာအတွက် အားကိုးအားထား မပြုနိုင်သည့်အရာများသည် မကိုးကွယ်သင့်သည့်အရာများဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုး ဖြစ်စေမည့်အရာများမှာ ကိုးကွယ်ဆည်းကပ်ရမည့် အရာများဖြစ်၏။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးကို ကြည့်ပါက ကိုးကွယ်သည့်သူများကို ပစ္စုပ္ပန်ဘ၀တွင်သာ ချမ်းသာမှုကို ဖြစ်စေသည်မဟုတ်ဘဲ အပါယ်ဘေးစသော ဘေးဒုက္ခတို့မှ ကင်းဝေးစေကာ သုဂတိဘ၀၊ ထိုမှ နိဗ္ဗာန်အထိ သံသရာကောင်းကျိုးကို ဖြစ်စေသည်ကို တွေ့ရမည်ဖြစ်၏။ ထိုအကျိုးဆက်များကြောင့်ပင် ရတနာသုံးပါးသည် ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာများဖြစ်၏။ ရတနာမြတ်သုံးပါးမှလွဲ၍ ကျန်သည့်အတွင်းအပြင် နတ်များ၊ ဘိုးတော်၊ နတ်ကတော်၊ ဓာတ်ရိုက်ဓာတ်ဆင် ဗေဒင်ယတြာပေးသူများမှာ ကိုးကွယ်ရန်မထိုက်ကြပေ။ ပူဇော်ပသလိုက ပူဇော်ပသမှုသာ ပြုထိုက်ပေသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းတို့ကို ကြည့်ပါက သူများကို ပစ္စုပ္ပန်၊ သံသရာကောင်းကျိုးဖြစ်အောင် ပြုလုပ်ပေးနိုင်ရန်ဝေးစွ ၎င်းတို့ကိုယ်တိုင်ပင် တစ်စုံတစ်ခုကို အမှီပြုနေကြရသောကြောင့် ဖြစ်၏။ တောတောင်စောင့်နတ်များသည် သစ်ပင်တောတောင်များကို အမှီပြုပြီး နေကြရရုံမျှမက စားသောက်ရေးအတွက်လည်း လူတို့၏ပူဇော်ပသမှုများဖြင့် ရပ်တည်နေကြရ၏။ ထိုသူများသည် အဘယ်မှာလျှင် ကိုးကွယ်သည့်သူများအား ပစ္စုပ္ပန်၊ သံသရာကောင်းကျိုးဖြစ်အောင် ပြုလုပ်ပေးနိုင်မည်နည်း။ ထိုသူများလုပ်ပေးနိုင်သည်ကား မိမိတို့ကို ပူဇော်ပသသူများအား ဆိုးဆိုးဝါးဝါး ဒုက္ခရောက်မသွားအောင်သာ တစ်နည်းတစ်ဖုံ စောင့်ရှောက်နိုင်ရုံမျှသာ ရှိမည်။ သံသရာအတွက်ဆိုလျှင်ကား ၎င်းတို့ကိုယ်တိုင်ပင်လျှင် ဘယ်ဘ၀ဘယ်ဘုံဌာနကို ရောက်မည်ကို မသိရှိကြပေ။ ထို့ကြောင့် ရတနာသုံးပါးမှလွဲ၍ ကျန်အရာများကား ကိုးကွယ်ထိုက်သည့်အရာများ မဟုတ်ဘဲ မကင်းရာမကင်းကြောင်း ပူဇော်ပသမှုသာ ပြုလုပ်ပေးရမည့်အရာများ ဖြစ်ကြောင်းဆိုခြင်း ဖြစ်၏။ ထို့ကြောင့် ကိုးကွယ်ရာအစစ်ကို လိုလားကြသူများသည် မိမိတို့ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ကာ ယုံကြည်မှုမလွန်ကဲကြဘဲ သဒ္ဓါပညာမျှတစွာ ရွေးချယ်ကိုးကွယ်သင့်လှပေ၏။ အဘယ့်ကြောင့်ဆိုသော် မိမိတို့ ကိုးကွယ်ဆည်းကပ်မှု မှားပါးက ပစ္စုပ္ပန်သံသရာ ဘေးဒုက္ခကို မိမိတို့သာလျှင် ခံကြရမည်ဖြစ်သောကြောင့် ဖြစ်၏။ ထို့အပြင် ``ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏`` ဟူသော စကားကဲ့သို့ပင် မိမိတို့က ဆရာအမှားကို ကိုးကွယ်ဆည်းကပ်မိပါက အပါယ်ဘေးအထိ ကျရောက်နိုင်သည်ကိုလည်း သတိပြုသင့်လှပေ၏။

အချုပ်အားဖြင့် ဆိုရသော် ကိုးကွယ်ခြင်းနှင့် ပူဇော်ပသခြင်းတွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကိုးကွယ်ခြင်းမမှားကြရန် အထူးလိုအပ်လှပြီး ပူဇော်ပသရမည့် အရာများကို လွဲမှားစွာကိုးကွယ်မိပါက သံသရာနှင့်ချီကာ နစ်မွန်းသွားနိုင်သောကြောင့် သဒ္ဓါနှင့် ပညာညီညွတ်စွာဖြင့် ကိုးကွယ်ရာအစစ်အမှန်ဖြစ်သည့် ရတနာမြတ်သုံးပါးကိုသာ ယုံကြည်လေးနက်စွာ ကိုးကွယ်သင့်ပါကြောင်း အသိပေးစကား ပါးအပ်ပါသည်။ အားလုံးမှန်ကန်သည့် ကိုးကွယ်မှုကို ရွေးချယ်ကိုးကွယ် ဆည်းကပ်နိုင်ကြပေစေ…

Read more »

အရာရာနောက်ကျမှုတွေ မဖြစ်ရအောင် ...

Q.ဘုန်းဘုန်း…
တပည့်တော်ဟာ အမြဲသူများနောက်က ကျန်ရစ်တတ်ပြီး လုပ်ရင်လဲ သူများထက် အလွန်နောက်ကျမှ ပြီးတတ်ပါတယ်ဘုရား။ ပြုပြင်သော်လည်း မအောင်မြင်ပါ။ မိတ်ဆွေကောင်းများနှင့်လည်း အတွေ့နောက်ကျတတ်ပါတယ်။ ကူညီမည့် မိတ်ဆွေကောင်းကို လိုအပ်နေသည့်အချိန်မှာ စောစီးစွာ မတွေ့ခဲ့ရဘဲ နောက်မှတွေ့တာမျိုး ကြံရလေ့ရှိပါတယ်။ ရောဂါကုစဉ်မှာ တတ်ကျွမ်းသည့် သမားတော်နှင့် မတွေ့ရလို့ ရောဂါရင့်ပြီး နာတာရှည်မှ နောက်ကျသိခဲ့ရတာလည်း ရှိပါတယ်။ ပညာတစ်ခုကို သင်ခွင့်ရချိန်မှာတုန်းက ငွေကြေးမရှိခဲ့ဘဲ ငွေကြေးအတန်သင့် ရလာချိန်မှာတော့ အဲဒီပညာသင်ဖို့ အခြေအနေ မပေးတော့လို့ နောက်ကျသွားရတာလဲ အမြဲကြုံရပါတယ်။ တရားဓမ္မအရာမှာတောင် တရားနာခွင့် တရားအားထုတ်ခွင့်ကို ဆရာရှိချိန်က မရခဲ့ဘဲ အစစနောက်ကျမှ ရခဲ့ရပါတယ်။

တပည့်တော် လူမှန်းသိကတည်းက ကြုံတွေ့နေရတဲ့ အစစနောက်ကျခြင်း ၀ဋ်ကြွေးမှ လွတ်မြောက်အောင် ဘာလုပ်ရမလဲ လမ်းညွှန်ပေးပါဘုရား။ မြတ်စွာဘုရားရှင် လက်ထက်က နူနာရောဂါစွဲနေတဲ့ မင်းသမီးတစ်ပါးကို အရှင်အနုရုဒ္ဓါ သံဃာတော်က ရောဂါပျောက်စေသည့် ကောင်းမှုများ ပြုစေသဖြင့် ရောဂါပျောက်ကင်းရတာ ဖတ်ဖူးပါတယ်ဘုရား။
တပည့်တော် သံဃာတော်များကို တစ်နေ့အပါး ၂၀၊ ၃၀၊ ၄၀ စသည်ဖြင့် အခွင့်ရတိုင်း ဆွမ်းလှူဒါန်း ဆက်ကပ်ခြင်းကို ၀တ်တစ်ခုအဖြစ် ပြုခဲ့ပါတယ်။ တပည့်တော် အလွန်ဆင်းရဲစဉ်ကတောင် တစ်နေ့၁၅ပါး၊ အပါး၂၀ ၀န်းကျင် ကြိုးစားပြီး ဆွမ်းလောင်းခဲ့ပါတယ်။ စာသင်သာား သံဃာတော်နဲ့ သာမဏေများအတွက် လိုအပ်တဲ့စာအုပ်၊ စာရေးကိရိယာ အသုံးအဆောင်များလည်း ပညာဒါနပြုခဲ့ပါတယ်။ အခုနောက်ဆုံး ဆင်းရဲချို့တဲ့သော သံဃာတော်များအား ကျောင်းဆောက်လုပ်လှူဒါန်းပြီး ဂိလာန သာမဏေများအားလည်း ဆေးဝါးကုသပေးခဲ့ပါတယ်။ လျှက်စစ်မီး မရှိဘဲညမှောင်ထဲမှာ ဖယောင်းတိုင်နှင့် သီတင်းသုံးနေရသော ကျောင်းတစ်ကျောင်းမှာလည်း မီးတပ်ဆင် လှူဒါန်းပေးခဲ့ပါတယ်။ ၀ဋ်ကြွေးမှ လွတ်မြောက်လိုသော်လည်း ဒါတွေလုပ်စဉ်က ရတာနာသုံးပါးကို ကြည့်ညိုစိတ် သက်သက်ဖြင့်သာ လုပ်ခဲ့ပြီး မကောင်းမှုကံမှ လွတ်မြောက်ရေးကို အဓိကမရည်ရွယ်ခဲ့မိပေ။

တပည့်တော် ခံစားနေရတဲ့ အစစနောက်ကျခြင်းဘေးမှ လွတ်မြောက်အောင် မကယ်နိုင်သေးပါ။ ဘယ်လိုကောင်းမှုများ ပြုရမလဲ အမိန့်ရှိပေးပါဘုရား
(သော်လတ်)


A. ၀ဋ်မှာအမြဲ ငရဲမှာ အပဟူသော မြန်မာစကားပုံ တစ်ခုရှိပါတယ်။ ပဉ္စနန္တရိယကံကျူးလွန်ထားမှု မရှိသေးပါက ငရဲသွားစေနိုင်သည်များကို ကုသိုလ်များလုပ်ပေးခြင်းဖြင့် မကျရောက်အောင် လုပ်ပေးနိုင်သော်လည်း ပြန်လည်ပေးဆပ်ရမည့် ၀ဋ်ကြွေးများရှိနေသူများမှာ ၀ဋ်မှလွတ်အောင် မလုပ်နိုင်ပါ။ ဘုရား၊ ရဟန္တာကြီးများသော်မှလည်း ၀ဋ်ကြွေးကို ပေးဆပ်ကြရသေးသဖြင့် အတိတ်ဘ၀တစ်ခုခုက မိမိပြုလုပ်ခဲ့သည့် အကုသိုလ်ဝဋ်ကြွေးများရှိပါက ကျေအောင်ပြန်ဆပ် ပေးရတတ်ပါတယ်။ အတိတ်ဘ၀က ကိုယ်ဘာလုပ်ခဲ့သည်ကို မသိနိုင်သော်လည်း ယခုဘ၀မှာ ရရှိနေသည့် အကျိုးဆက်များကို ကြည့်ပါက ခန့်မှန်းနိုင်ပါတယ်။ အရာရာနောက်ကျ နေတတ်မှုဟာ အတိတ်ဘ၀တစ်ခုခုက သူများလုပ်သည့် ကောင်းမှုများကို နောက်နှေးအောင်နောက်ယှက်မှု ရှိခဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်သလို၊ မိမိကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်း လုပ်ပြီးနောက်မှာဖြစ်ရတဲ့ အပရစေတနာ ချို့တဲ့တဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကုသိုလ်ကောင်းမှုပြုတဲ့အခါ ပြုလုပ်တဲ့သူများ ရှိထားရမယ့် မလှူမီရှေ့အဖို့တွင်ရှိရမည့် ပုဗ္ဗစေတနာ၊ လှူဆဲအခိုက်မှာ ရှိရမည့် မုဉ္စစေတနာ၊ လူပြီးနောက်မှာ ၀မ်းမြောက်ဝမ်းသာဖြစ်ရမည့် အပရစေတနာဆိုတဲ့ စေတနာသုံးမျိုးထဲမှာ နောက်ဆုံးစေတနာ ချို့တဲ့ပြီး အလှူအပေါ်မှာ နောင်တရမှုများ ရှိခဲ့လျှင်လည်း နောက်စေတနာချို့တဲ့တဲ့အတွက် အဲဒီစေတနာရဲ့ အကျိုးဆက်အဖြစ် ယခုဘ၀မှာ ပြန်ခံနေရတာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အတိတ်ဆိုတာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် နောင်တတစ်ဖန် ပူပန်မနေတော့ဘဲ ယခုဘ၀မှာသာ ကံပေးသမျှကို ရဲရဲရင်ဆိုင်လက်ခံပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားကာ ကောင်းမှုတွေလုပ်ဖို့ သင့်ပါတယ်။ အထူးသဖြင့် သီလကိုလုံအောင် စောင့်ထိမ်းပြီး စေတနာကောင်းထားကာ ရတနာသုံးပါးနှင့် ကံကံ၏အကျိုးအပေါ် သံသယကင်းရှင်း သဒ္ဓါတရားသွင်းကာ ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ အတိတ်က၀ဋ်ကြွေးများ မကုန်သေးသမျှ ပြန်လည်ပေးဆပ်ရမယ့် အနေအထား ရှိပါတယ်။ ဘုရားလက်ထက်က နူနာရောဂါပျောက်ပြီး အခုဘ၀မှာ ချက်ခြင်းအကျိုးကို ခံစားရတဲ့ မျက်မှောက် အကျိုးပေးမှုဆိုသည်မှာ အကြောင်းအင်္ဂါရပ်တွေနှင့် ပြည့်စုံမှသာ ရရှိနိုင်ပါတယ်။ အကျဉ်းပြောရရင် အလှူပေးပုဂ္ဂိုလ်ရဲ့ စေတနာ သဒ္ဓါလွန်ကဲမှု၊ ငါးပါးသီလလုံခြုံမှု၊ အလှူပစ္စည်းဝတ္ထုရဲ့ ဖြူစင်သန့်ရှင်းပြီး သမာအာဇီဝ ကျစွာရရှိမှု၊ အလှူခံပုဂ္ဂိုလ်သည် ရဟန္တာဖြစ်မှု၊ ဒီရဟန္တာသည်လည်း နိရောဓသမာပတ်မှ ထသည့်အခိုက်နှင့် ကြုံကြိုက်မှုဆိုတဲ့ အင်္ဂါရပ်တွေနှင့် ပြည့်စုံမှသာ ယခုဘ၀မှာ အခုလုပ် အခုအကျိုးပေးခြင်းဆိုတာ ဖြစ်မှာပါ။ အခုမျက်မှောက်ခေတ်မှာ ရဟန္တာအရှင်မြတ်များ မဆိတ်သုဉ်းသော်လည်း ဖော်ပြပါအင်္ဂါရပ်များနှင့် ပြည့်စုံရန်မှာ အလွန်ခက်ခဲလှပါတယ်။

ဒါပေမယ့် အဲဒါတွေကိုထားပြီး ခုနပြောခဲ့သလို အရာရာနောက်ကျနေမှုဆိုတဲ့ မကောင်းတဲ့အကျိုးဆက်တွေက ဒီဘ၀မှာ ကျေသည်ဖြစ်စေ၊ မကျေသည်ဖြစ်စေ မိမိလုပ်ရမှာက သီလလုံခြုံအောင်စောင့်ထိမ်းပြီး တတ်နိုင်သမျှ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ ကောင်းအောင်ကြိုးစားဖို့ပါ။ လုပ်ရမှာက မိမိအလုပ်ဖြစ်ပြီး အကျိုးပေးရမှာက ကံရဲ့အလုပ်ဖြစ်တဲ့အတွက် ကံရဲ့အလုပ်အပေါ် မျှော်လင့်ချက်တွေမထားဘဲ မိမိလုပ်ရမည့် ကောင်းတဲ့အလုပ်တွေသာ ကြိုးစားပြီး လုပ်သင့်ပါတယ်။ ကုသိုလ်ကောင်းမှုဆိုသည်မှာ အချိန်မရွေးလုပ်ရမှာဖြစ်တဲ့အတွက် စောသည်နောက်ကျသည် မထားဘဲ သိတဲ့အချိန် ရသမျှကြိုးစားလုပ်သင့်ပါတယ်။ လုပ်တဲ့အခိုက်မှာလည်း ၀ဋ်မှကင်းရာ နိဗ္ဗာန်တစ်ခုတည်းကိုသာ အာရုံပြုပြီး လုပ်သင့်ပါတယ်။

တကယ်တော့ ၀ဋ်မှအမှန်တကယ် လွတ်ဖို့ဆိုတာ မိမိလုပ်တဲ့ကံတွေကို ဖြတ်မှလွတ်မှာပါ။ ကောင်းတဲ့ကံ မကောင်းတဲ့ကံတွေလုပ်နေသမျှ ကောင်းကျိုး၊မကောင်းကျိုးတွေက လာနေဦးမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် အဲဒါတွေဘာမှ မလုပ်ဘဲနေရမှာလားဆိုတော့ အဲလိုမဟုတ်ပါဘူး။ လုပ်ရပါမယ်။ လုပ်တဲ့အခါမှာသာ ၀ဋ်မှကင်းပြတ်အောင် တွယ်တာမှု မထားဘဲ နိဗ္ဗာန်ကို မျက်မှောက်ပြုအောင် လုပ်ဖို့လိုတာပါ။ အကောင်းဆုံးကတော့ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တွေကို ရသလောက်ကြိုးစား လုပ်သင့်ပါတယ်။ အထူးသဖြင့် ၀ိပဿနာအလုပ်ကို ပိုပြီးကြိုးစား လုပ်သင့်ပါတယ်။ ခုနပြောခဲ့တဲ့ ကံတွေ၊ ၀ဋ်တွေကို ဖြတ်ဖို့ဆိုတာဟာ ၀ိပဿနာဉာဏ်နှင့် ဖြတ်မှသာ ဖြစ်နိုင်ပါတယ်။ ဒါနတွေကို ကြိုးစားလုပ်ပေမယ့်၊ သီလမလုံရင် ဒီဘ၀မှာ အပါယ်ဘေးက မလွတ်နိုင်သေးပါဘူး။ သီလမလုံရင် ဘာဝနာအားထုတ်လည်း အထက်ကိုရောက်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် အခြေခံဖြစ်တဲ့ သီလကို အရင်ဆုံးလုံခြုံအောင် စောင့်ထိမ်းသင့်ပါတယ်။ သီလလုံခြုံအောင် စောင့်ထိမ်းပြီး အလုံးစုံဖြစ်တဲ့ ၀ဋ်တွေမှ လွတ်အောင် ၀ိပဿနာ တရားကို ကြိုးကြိုးစားစား အားထုတ်သင့်ပါတယ်။ အရာရာမှာ နောက်ကျမှုမဖြစ်ရအောင် အချိန်ရှိတုန်း၊ အရွယ်ရှိတုန်း၊ အခွင့်သာတုန်း၊ လုပ်နိုင်နေတုန်း ၀ိပဿနာတရားကိုသာ သီလလုံခြုံအောင် ထိမ်းပြီးပြင်းပြင်း ထန်ထန်ကြိုးကြိုးစားစား အားထုတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ ၀ိပဿနာတရား အားထုတ်ရင်းဖြင့်လည်း ဉာဏ်တွေတက်ကာ အရာရာနောက်ကျမှုတွေမှ ကင်းလွတ်လာနိုင်သလို အရာရာ နောက်ကျနေပါလားဆိုပြီး စိတ်ခံစားမှုတွေ ဖြစ်နေမှုကိုလည်း ခံလာနိုင်ပါလိမ့်မယ်။ အားထုတ်ရင်းနဲ့လည်း သိလာပါလိမ့်မယ်။ ဒါကြောင့် ထပ်ပြီးတိုက်တွန်းလိုတာက နောက်မကျအောင် အမြန်ဆုံးတရား အားထုတ်ကြည့်ပါဟူ၍….

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ