အကုသိုလ်မဖြစ်အောင် ကြိုးစားကြစို့…

ဆရာတော်ကြီးတစ်ပါးက မိန့်ကြားဖူးပါတယ်။ “ပုထုဇင်တွေဟာ တစ်နေ့တစ်နေ့ အိပ်ပျော်နေချိန်ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကုသိုလ် သို့မဟုတ် အကုသိုလ်စိတ် တစ်ခုခုနဲ့နေကြတာ”တဲ့။ ဟုတ်ပါတယ်။ စိတ်ဆိုတာဟာ တစ်ပြိုင်တည်း နှစ်စိတ်ဖြစ်လေ့မရှိပါဘူး။ အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ်မဖြစ်နိုင်သလို ကုသိုလ်စိတ်ဖြစ်နေရင်လည်း အကုသိုလ်စိတ် မဖြစ်နိုင်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်ကတော့ ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်တဲ့ဘ၀င်စိတ်ပါ။ ဆိုတော့ကား.. အိပ်ရာကနိုးတဲ့အချိန်ကနေ ညအိပ်ရာဝင်တဲ့အချိန်အထိ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ရင် ကုသိုလ်ဖြစ်တဲ့အချိန်က များသလား၊ အကုသိုလ်ဖြစ်တဲ့အချိန်က များသလား သိနိုင်ပါတယ်။ ကုသိုလ်စိတ် မဖြစ်တဲ့အချိန်ဟာ အကုသိုလ်စိတ်တွေ ဖြစ်နေနိုင်တဲ့အတွက် အကုသိုလ်စိတ်မဖြစ်အောင် ကြိုးစားနေထိုင်သွားကြဖို့ လိုပါတယ်။

တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်မဖြစ်အောင် နေတတ်ဖို့အရေးကြီးပါတယ်။ အကုသိုလ်မဖြစ်အောင် နေထိုင်ဖို့အတွက်က အကုသိုလ်မဖြစ်အောင်မြင်တတ် တွေးတတ်ဖို့လိုပါတယ်။ အကုသိုလ်မဖြစ်အောင် မြင်တတ်ဖို့က အကောင်းမြင်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်မှ အကောင်းတွေး တတ်မှာပါ။ အကောင်းတွေးတတ်တာဟာ အကုသိုလ်မဖြစ်အောင် တွေးလိုက်တာပါ။ လောကမှာ ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေကို ကြည့်ကြည့်လိုက်ပါ။ အလုံးစုံပြည့်စုံတဲ့ ပုဂ္ဂိုလ်ရယ်လို့ တစ်ယောက်မှ မရှိပါဘူး။ အဲလို မပြည့်စုံတဲ့ သူတွေဖြစ်နေတဲ့အတွက် သူတို့ရဲ့အားနည်းချက်တွေ ချို့ယွင်းချက်တွေကိုကြည့်ရင် အပြစ်တွေကိုပဲ တွေ့ရမှာပါ။ အပြစ်တွေကိုကြည့်မိတာနဲ့ နောက်ဆက်တွဲအဖြစ် အကုသိုလ်ဖြစ် စရာတွေပဲ တွေ့လာရမှာပါ။ အဲဒီအခါ အကုသိုလ်စိတ်တွေလည်း မခေါ်ဘဲဝင်လာတော့တာပါပဲ။ ဒါကြောင့် ဘယ်သူ့ကိုပဲကြည့်ကြည့် အကုသိုလ်မဖြစ်အောင် ကြည့်တတ်ဖို့လိုပါတယ်။ တစ်နည်းပြောရရင် အကောင်းဘက်က မြင်တတ်၊ ကြည့်တတ်ဖို့လိုပါတယ်။ အကောင်းမြင်တတ်ဖို့ဆိုတာက ဘယ်သူ့ကိုပဲတွေ့တွေ့ ကောင်းတာလေးတွေကို ရှာဖွေစဉ်းစား မြင်တတ်ကြည့်တတ်ဖို့ အရေးကြီးပါတယ်။ ပြီးတော့ အဲဒီအပေါ်မှာ လိုက်နာကျင့်ကြံ တတ်ရပါမယ်။

ဘုန်းဘုန်းတို့ ဖတ်ရှုလေ့လာဖူးတဲ့ စာပေတွေအရ အကုသိုလ်မဖြစ်အောင် ဆက်ဆံနည်းလေးတွေ၊ တွေးနည်းလေးတွေ ရှိပါတယ်။ အဲဒီနည်းလေးတွေကို ကြည့်ပြီး အကုသိုလ်မဖြစ်အောင် လေ့ကျင့်ကြည့်ပါ။ ဒီသဘောတွေအရ…
* လူပုဂ္ဂိုလ်တွေထဲမှာ အချို့ပုဂ္ဂိုလ်တွေဟာ နှုတ်ထွက်စကား ကြမ်းတမ်းပေမယ့် စိတ်ထားအရမ်းကောင်းတာကို တွေ့ရတတ်ပါတယ်။ အဲလိုသူမျိုးကို သူတို့ရဲ့ အပြောအဆိုကြမ်းတမ်းမှုကို မကြည့်ဘဲ “အော်…သူဟာ အပြောအဆိုကြမ်းတမ်းပေမယ့် စိတ်ထားလေးတော့ ကောင်းရှာသားပဲ”လို့ အကောင်းဘက်ကတွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
* အချို့ကျတော့ အပြောအဆိုအရမ်းကောင်းပြီး အရမ်းနူးညံ့သိမ်မွေ့တတ်ကြပေမယ့် စိတ်ထားယုတ်ညံ့ပါတယ်။ အဲဒီလိုသူမျိုးကျတော့လည်း “သူဟာ စိတ်ဓာတ်မကောင်းပေမယ့် အပြောအဆိုတော့ ညင်သာနူးညံ့ပါလား”လို့ တွေးပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
*အချို့ကျတော့ အပြောအဆိုလည်း မကောင်း၊ စိတ်ထားလည်း ယုတ်ညံ့တတ်ကြပေမယ့် တစ်ခါတစ်ရံ အနည်းငယ်ကောင်းတာလေးတွေ ရှိတတ်ပါတယ်။ အဲလိုသူမျိုးကိုလည်း သူ့ရဲ့ ကောင်းကွက်အနည်းငယ်လေး ကိုပဲ ရှာကြံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။
* အချို့ကျတော့ အပြောအဆိုလည်းမကောင်း၊ စိတ်ထားလည်း မကောင်း၊ တစ်ခါတစ်ရံလည်း ကောင်းကွက်ဆို ဘာမှကို ရှာမရတာတွေ ရှိပါတယ်။ အဲလိုလူမျိုးကျတော့ ဘာမှမဖြစ်အောင် ဥပေက္ခာသာ ပြုနိုင်အောင် ကြိုးစားရပါမယ်။ ဥပေက္ခာပြုတာဟာ ကုသိုလ်လည်းမဖြစ်၊ အကုသိုလ်လည်း မဖြစ်အောင် ကြိုးစားတာပါ။

ဒါကြောင့်…တစ်နေ့တစ်နေ့ ကုန်ဆုံးရတဲ့အချိန်လေးတွေမှာ အကုသိုလ်စိတ်တွေ မများရအောင် အကောင်းမြင်တတ်အောင်၊ အကောင်းတွေးတတ်အောင် လေ့ကျင့်ပြီး ကုသိုလ်စိတ်ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။

Read more »

ကောင်းတာလုပ်ပါရက်နဲ့ ဆိုးကျိုးတွေနဲ့ကြုံနေရပြီး… မကောင်းတာလုပ်တဲ့သူတွေမှာ ဘာကြောင့် ကောင်းကျိုးတွေ ဖြစ်နေရပါသလဲ…

Q.အရှင်ဘုရား…
တပည့်တော်မ သိတတ်စအရွယ်ကစပြီး မကောင်းမှုအကုသိုလ်တွေကို အတတ်နိုင်ဆုံးရှောင်ပြီး ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ပါတယ်။ သီလကိုလည်း အတတ်နိုင်ဆုံး လုံအောင်ထိမ်းပါတယ်။ ဒါနကတော့ ရှိရင်ရှိသလို လုပ်ပါတယ်။ ဆရာသမား မိဘတွေကိုလည်း အတတ်နိုင်ဆုံး ပြုစုလုပ်ကျွေးပါတယ်။ ဒါပေမယ့် တပည့်တော်မမှာ အဆိုးတွေပဲ ကြုံတွေ့နေရပါတယ်။ အဆင်မပြေမှုတွေနဲ့ပဲ ကြုံတွေနေရပါတယ်။ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် အရမ်းကို အဆင်ပြေနေတာတွေ့ရပါတယ်။ တပည့်တော် ကံတရားအပေါ် မယုံကြည်တာ မဟုတ်ပါဘုရား… ဒါပေမယ့် တစ်ချို့ဘာသာခြား သူငယ်ချင်းတွေက ဗုဒ္ဓဘာသာမှာ ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ် မကောင်းတာလုပ်ရင် မကောင်းကျိုးရတယ်လို့ပြောတယ်၊ နင့်ကျတော့ ဘယ်လိုဖြစ်တာလဲလို့ ပြောကြပါတယ်။ တပည့်တော်မ သူတို့ကို ဘာပြန်ပြောရမှန်း မသိပါဘူး။ ဒီကိစ္စကို ဘုန်းဘုန်းအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ..
(အေးအေးကြိုင်)


A. အင်း… ဒီပြဿနာကို ဘုန်းဘုန်းတို့လည်း မကြာမကြာ ဖြေပေးဖူးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကံတရားအပေါ် သံသယမဖြစ်ပါနဲ့။ ကံကတော့ သူ့အလုပ် သူလုပ်နေပြီးသားပါ။ ဒီနေရာမှာ သိထားရမှာက ကံအကြောင်းပါ။ အဘိဓမ္မာ အလိုအရ ကံလေးမျိုးရှိပါတယ်။ အဲဒီလေးမျိုးက
၁။ ဒိဋ္ဌဓမ္မဝေဒနိယကံ = မျက်မှောက်ဘ၀၌ အကျိုးပေးသောကံ
၂။ ဥပပဇ္ဇဝေဒနိယကံ = အခြားမဲ့ဒုတိယဘ၀၌ အကျိုးပေးသောကံ
၃။ အပရာပရိယဝေဒနိယကံ = မျက်မှောက်ဘ၀နှင့် ဒုတိယဘ၀တို့မှတစ်ပါး တတိယဘ၀မှစ၍ အနာဂတ် နိဗ္ဗာန်ရသည့် ဘ၀တိုင်အောင် အကျိုးပေးသောကံ
၎။ အဟောသိကံ = ဆိုင်ရာကာလအားလျော်စွာ အကျိုးပေးခွင့် မရကြသဖြင့် ပျက်သုဉ်းသွားကြသောကံ
တို့ဖြစ်ပါတယ်။
ဒီအဘိဓမ္မာအဖွင့်အရ ကံအမျိုးမျိုးရှိပြီး အကျိုးပေးချိန်လည်း အမျိုးမျိုးကွဲပြားကြပါတယ်။ အခုဘ၀လုပ်နေတဲ့ ကံများဟာ အခုဘ၀အကျိုးပေးမှုကို ချက်ခြင်းရချင်မှ ရမှာဖြစ်သလို အခုလက်ရှိရရှိခံစားနေတဲ့ အကျိုးဆက်ဟာလည်း အတိတ်ဘ၀ တစ်ခုခုကပြုခဲ့တဲ့ ကံများရဲ့ အကျိုးပေးများလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကံတွေကိုလုပ်တဲ့အခါမှာ ဖြစ်ပေါ်တဲ့ စေတနာဇောတွေရဲ့ ခြားနားမှုကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ တစ်ချို့အခုဘ၀မှာ ကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးတွေချည်း ဖြစ်နေတတ်သလို မကောင်းတာလုပ်နေပေမယ့် ကောင်းကျိုးတွေချည်း ဖြစ်နေတတ်တာပါ။ ဒါဟာ အတိတ်ကံတွေရဲ့ အကျိုးပေးမှုတွေကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ဒီဘ၀မှာ လုပ်နေတဲ့ ကံတွေကိုလိုက်ပြီး အတိတ်ကံအကျိုးပေးမှု အားနည်းတတ်တာ၊ အားကြီးတတ်တာတွေလည်း ရှိတတ်ပါတယ်။ ဥပမာအားဖြင့် အတိတ်ကံအကျိုးပေးအရ သေရမယ့်ကံဖြစ်နေပေမယ့် လက်ရှိမှာလုပ်နေတဲ့ ကောင်းတဲ့ကံတွေက အားကြီးနေတဲ့အခါ သေရမယ့်အခြေအနေမှ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်တတ်တာ၊ အတိတ်က ကောင်းတဲ့ကံတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန်မှာ လုပ်နေတဲ့ကံတွေက မကောင်းတာတွေ များနေတဲ့အတွက် အကျိုးပေးခွင့် မသာတာတွေ ရှိပါတယ်။ သေချာတာကတော့ အတိတ်ကံနှင့် ပစ္စုပ္ပန်ကံဆက်စပ်မှု ရှိနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးက အတိတ်ကံဟာ ကောင်းသည်ပဲဖြစ်ဖြစ် ဆိုးသည်ပဲဖြစ်ဖြစ် ပစ္စုပ္ပန်မှာ အကောင်းတွေ လုပ်နေဖို့ အရေးကြီးပါတယ်။ အဲလို အကောင်းတွေ လုပ်ထားမယ်ဆိုရင် အတိတ်ကံရဲ့ မကောင်းကျိုးတွေ အကျိုးပေးရင်တောင် ခံရတာ သက်သာပြီး ကောင်းတဲ့ကံတွေ အကျိုးပေးရင်တော့ အပြည့်အ၀ အကျိုးပေးခွင့် ရမှာ အမှန်ပါပဲ။

ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် အကျိုးပေးရမှာ ကံရဲ့အလုပ်ဖြစ်ပြီး ကောင်းတာတွေလုပ်ရမှာက ကိုယ့်ရဲ့အလုပ်ပါ။ အခုလုပ်အခု အကျိုးမရတဲ့အတွက် ကံတွေအပေါ်မှာ သံသယမဖြစ်ဖို့တော့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အကျိုးပေးချိန်ရှိနေလို့ပါ။ ရှင်းအောင် ပြောရရင် အချိန်မတန်သေးလို့ပါလို့ပဲ ပြောရပါမယ်။ အချိန်တန်ရင် သူ့တရား သူစီရင် သွားမှာပါ။ ဒီနေရာမှာ ပိုပြီးသေချာသွားအောင် မြတ်စွာဘုရားရှင်ရဲ့ ဟောတော်မူချက်လေးကို တင်ပြလိုပါတယ်။ ဘုရားရှင်က ဓမ္မပဒ၊ အနာထပိဏ္ဍိကသေဋ္ဌိဝတ္ထုမှာ အောက်ပါအတိုင်း ဟောတော်မူထားတာ ရှိပါတယ်။

ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။
ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြ၊ အထ ဘဒြာနိ ပဿတိ။
- မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကိုတွေ့မြင်နိုင်သေး၏။ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကို ခံစားရ၏။
- ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသော အာရုံကို တွေ့မြင်နိုင်သေး၏။ ကောင်းမှု အကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကို တွေ့မြင်ရလေတော့၏။

ဆိုတော့..ဘုရားရှင်ရဲ့ တရားတော်အတိုင်း ကိုယ်လုပ်ရမယ့် ကောင်းတဲ့အလုပ်တွေကို ဆက်လက်ပြီး ကြိုးးစားလုပ်နေဖို့ လိုပါတယ်။ တို့ ကောင်းတာလုပ်ရဲ့သားနဲ့ ဘာမှဖြစ်မလာဘူးလို့ တွေးပြီးစိတ်ဓာတ်မကျပါနဲ့။ မထူးပါဘူးဆိုပြီးလည်း မထူးဇာတ် မခင်းလိုက်ကြပါနဲ့။ အချိန်ကိုစောင့်ပါလို့ တိုက်တွန်းလိုပါတယ်။ အချိန်တန် ရင် အားလုံး သူ့တရားသူစီရင်သွားမှာပါ။

Read more »

တောင့်တ၍ မရပါ…

တစ်နေ့ သံဝေဂကဗျာလေး တစ်ပုဒ်ကိုဖတ်နေစဉ် စာရေးသူအတွေးထဲ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံလေးကို သွားသတိယလိုက်မိ၏။ မဃဒေ၀မင်းကြီးသည် ခေါင်းပေါ်မှာ ဆံပင်ဖြူလေးတစ်ပင် တွေ့ရှိရသည်ကို အကြီးအကျယ် သံဝေဂဖြစ်ကာ မင်းစည်းစိမ်ကိုစွန့်ပြီး တောထွက်တော်မူသည်အထိ ဖြစ်သွားခဲ့၏။ သံဝေဂ အမှန်တစ်ကယ်ဖြစ်ပြီ၊ အမှန်ရပြီဆိုလျှင် အလွန်တုန်လှုပ်ပြီး လွတ်မြောက်မှုကို ရှာဖွေသွားတတ်ကြသည်ကို မဃဒေ၀မင်းကြီးက သက်သေပြသကဲ့သို့ ဖြစ်၏။ မဃဒေ၀မင်းကြီး၏ သံဝေဂဖြစ်ပုံ အတွေးလေးကို ကျေးဇူးတော်ရှင် မန်လည်ဆရာတော်ကြီးမှ ကဗျာလင်္ကာလေးဖြင့် ဖော်ကျူးတားသည်ကိုလည်း သံဝေဂဖြစ်ဖွယ် ဖတ်လိုက်ရ၏။ ဆရာတော်ကြီးက ``မဟာဘူတ၊ ဤကာယအား၊ နေ့ညမယွင်း၊ ရေဆာသွင်း၍၊ မပျင်းလုပ်ကျွေး၊ ပြုစုမွေးလည်း၊ ကျေးဇူးမထင်၊ အကတညု၊ မြွေလေးခုသို့၊ ကိုက်မှုမဆဲ၊ ခဲမှုမငြိမ်း၊ ကိုယ်လုံးရှိန်းအောင်၊ ရှောင်တိမ်းမသာ၊ စစ်ကြီးလာသို့၊ ဇရာမြွေဆိပ်၊ တရိပ်ရိပ်ဖြင့်၊ ဦးထိပ်ထက်စီး၊ ရောက်လာပြီးပြီ`` စသည်ဖြင့် အိုခြင်းတရား၏ ကြောက်စရာ ကောင်းပုံလေးကို ဥပမာပေး၍ သီးကုံးတော်မူထား၏။

မှန်၏။ ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး (မဟာဘုတ်လေးပါး) ဖြင့် ဖွဲ့စည်းထားသည့် ဤခန္ဓာကိုယ်ကြီးသည် မနက်၊ နေ့၊ ည ပုံမှန်စားနေ၊ သောက်နေ ပြုပြင်နေသော်လည်း တစ်နေ့ထက်တစ်နေ့ ပိုပြီးနုပျိုလာသည်ဟူ၍ မရှိဘဲ တဖြည်းဖြည်း အိုအိုသွားသည်သာ ရှိ၏။ မည်သူကဖြင့် တစ်နေ့တစ်ခြား ပိုပိုလှလာသည်၊ နုလာသည်ဟူ၍မရှိပေ။ လူအများ ပြောဆိုနေကြသည့် ``တစ်သားမွေး တစ်သွေးလှ`` ဟူသော စကားသည် စင်စစ် မြှောက်ပြောနေကြခြင်းသာ ဖြစ်၏။ မည်သည့်ပုဂ္ဂိုလ်မျှ တစ်နေ့ထက်တစ်နေ့ ပိုပိုနုပျိုလာသည်ဟု မရှိနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် မွေးဖွားလာသည် ဆိုကတည်းကပင် အိုခြင်း၊ နာခြင်း၊ သေခြင်းသဘောက တစ်ပါတည်း ပါလာကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ``လောကတွင် သတ္တ၀ါများ တောင့်တ၍ မရသည့် အရာငါးမျိုး`` ရှိကြောင်း ဟောကြားတော် မူခဲ့ခြင်းဖြစ်၏။ ဘုရားရှင်ဟောတော်မူခဲ့သည့် ယင်းတရားငါးမျိုးမှာ
၁။ ဇရာဟူသော အိုခြင်းတရား
၂။ ဗျာဓိဟူသော နာခြင်းတရား
၃။ မရဏဟူသော သေခြင်းတရား
၎။ ခယဓမ္မဟူသော ကုန်ခမ်းခြင်းတရား
၅။ နဿဓမ္မဟူသော ပျက်ဆီးခြင်း တရား
တို့ပင် ဖြစ်၏။

မှန်၏။ မည်သည့်သတ္တ၀ါမဆို ပဋိသန္ဓေယူ မွေးဖွားလာပြီဆိုသည်နှင့် တစ်ပြိုင်နက် အိုခြင်းတရားသည် နောက်မှပါလာပြီးဖြစ်၏။ ယင်းအိုခြင်းတရားကို ကောင်းမှုကုသိုလ်ပြု၍ မအိုပါရစေနှင့်ဟု ဆုတောင်းနေ၍ မရပေ။ အချိန်တန်လျင် အိုလာကြရမည်သာ ဖြစ်၏။ ``ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့`` ဟု မန်လည်ဆရာတော်ကြီး စပ်ဆိုတော်မူသကဲ့သို့ ရရှိလာသည့် ခန္ဓာကိုယ်ကြီးသည်လည်း မည်မျှပင် ပြုပြင်ပြုပြင် တစ်ဖန်ပြန်ပြီး မနုပျိုနိုင်ပေ။ တိုး၍သာ အိုလာကြမည်သာ ဖြစ်၏။ ဤသဘောတရားကို မသိနားမလည်ကြသဖြင့် သတ္တ၀ါတို့သည် ရုပ်တရားအပေါ် အမှီပြုပြီး အလှမာန်တက်နေကြ၏။ စင်စစ်လှသည်ဆိုသည်မှာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်၏။ ဤသည်မှာလည်း သတ္တ၀ါတို့၏ အ၀ိဇ္ဇာဖုံးသည့် မျက်စိဖြင့် ကြည့်၍သာ လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။ အလှမာန်နှင့် ပတ်သက်ပြီး နောက်ဆုံး မာနခ၀ါချသွားသည့် အကြောင်းလေးကို စာရေးသူ သတိယမိပါ၏။ ရှေးအခါက အလွန်ချောမောလှပသည့် မင်းသမီးတစ်ယောက်ရှိ၏။ သူမ၏ အလှသတင်းကြောင့် အတိုင်းတိုင်း အပြည်ပြည်ရှိ မင်းသားတို့သည် သူမနှင့်လက်ထပ်နိုင်ရန် ကြိုးစားကြ၏။ အမျိုးမျိုးသော လက်ဆောင်ပဏ္ဏာများဖြင့် နီးစပ်အောင် ချဉ်းကပ်ကြ၏။ သို့သော် မင်းသမီးသည် လက်ခံခြင်းမရှိ၊ ငြင်းဆိုမြဲ ငြင်းဆိုနေ၏။ ထိုမင်းသားများတွင် ထူးခြားသည့် မင်းသားတစ်ယောက် ပါလာ၏။ မင်းသားသည် ပထမအကြိမ် လာစဉ် ရွှေခွက်ထဲတွင် လက်ဝတ်ရတနာ အပြည့်ဖြင့် လက်ဆောင်ပဏ္ဏာ ဆက်သ၏။ မင်းသမီးကား လက်မခံပေ။ ဒုတိယအကြိမ်တွင် လက်ဝတ်ရတနာအပြည့်ပါသည့် ငွေခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးကား ငြင်းဆိုမြဲ ငြင်းဆို၏။ တတိယအကြိမ်တွင်ကား လက်ဆောင်ပဏ္ဏာ အနည်းငယ်သာပါသည့် ကြေးခွက်ဖြင့် ချဉ်းကပ်၏။ မင်းသမီးသည် ငြင်းဆိုမြဲ ငြင်းဆိုသော်လည်း ထိုမင်းသား၏ လုပ်ရပ်ကို သတိထားမိလာသည့်အပြင် ဒေါသပါထွက်လာ၏။ သို့ဖြင့် မင်းသမီးက `` ရှင်ဟာ ကျွန်မအချစ်ကို ရဖို့ကြိုးစားနေတဲ့ လူမဟုတ်လား၊ ဒီလိုကြိုးစားနေတဲ့သူဟာ တစ်ခေါက်နဲ့တစ်ခေါက် ကျွန်မစိတ်တိုင်းကျအောင် ပိုပိုပြီး ကြိုးစားရမယ့်အစား ခုတော့ ရှင့်ဟာက တစ်ခေါက်နဲ့ တစ်ခေါက် ပိုပိုပြီး တန်ဘိုးတွေ နည်းနည်းလာပါလား.. ဘာလဲ ဒါ ကျွန်မကို သက်သက်လာပြီး အရှက်ခွဲဆော်ကား နေတာလား`` စသည်ဖြင့် ရန်တွေ့၏။ ထိုအခါ မင်းသားက `` အရှင်မင်းသမီး ကျွန်ုပ်မင်းသမီးကို ဆော်ကားတာလည်း မဟုတ်၊ အရှက်ခွဲတာလည်း မဟုတ်ပါဘူး၊ အမှန်တရားကိုပဲ လုပ်ခြင်းဖြစ်ပါတယ်၊ တစ်ကယ်တော့ မင်းသမီးဟာ တစ်ခေါက်နဲ့တစ်ခေါက် ပိုပိုပြီး လှလှလာတာ မဟုတ်ပါဘူး၊ ပိုပိုပြီးပဲ အိုလာတာပါ၊ ဒါကြောင့် ကျွန်တော်မျိုးဟာ မင်းသမီးရဲ့ အလှနဲ့တန်တဲ့ လက်ဆောင်ပဏ္ဏာတွေပဲ ယူယူလာတာပါ`` စသည်ဖြင့် ပြောဆိုရှင်းပြသဖြင့် မင်းသမီး အလှမာန်ကျသွားကြောင်း မှတ်သားဖူး၏။ ဤနေရာတွင် ပြောလိုသည်မှာ ဇရာဟူသည့် အိုခြင်းတရား အကြောင်းပင် ဖြစ်၏။ ခန္ဓာကိုယ်ရလာသည့် သတ္တ၀ါမှန်သမျှ ကြာလေအိုလေ ကြာလေအိုလေသာ ဖြစ်၏။ မအိုပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ ဤသဘောတရားကို သိမြင်ပြီး ရုပ်တရားအပေါ် အမှီပြု၍ မာန်မာန မတက်ရန်သာ ကြိုးစားကြရမည် ဖြစ်၏။

ဗျာဓိဟူသည့် အနာရောဂါသည်လည်း ထို့အတူပင်ဖြစ်၏။ မနာပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ရုပ်တရားကို ပိုင်ဆိုင်နေသမျှ နာနေကြရမည်သာ ဖြစ်၏။ ရုပ်တရားရှိနေသမျှ အချိန်မရွေး၊ အရွယ်မရွေး နာနေကြရမည်သာ ဖြစ်၏။ အနာရောဂါ ဆွဲကပ်နေကြမည်သာ ဖြစ်၏။ မည်သည့်အရွယ်မှ နာကြရမည်ဟု သတ်မှတ်ချက်မရှိပေ။ အချို့ဆိုလျှင် မွေးလာကတည်းကပင် အနာရောဂါ ဆွဲကပ်ပြီးမွေးလာကြရ၏။ စင်စစ် အနာဂေါဟူသည် တစ်ခြားမဟုတ်ပေ။ ဤရုပ်တရားကြီးကပင်လျှင် အနာရောဂါ အစုကြီးဖြစ်နေ၏။ မြတ်စွာဘုရားရှင်အား ရဟန်းတစ်ပါးက လျှောက်၏။ ``ရောဂေါ ရောဂေါတိ ဘန္တေ ကတမော ရောဂါ = ရောဂါ ရောဂါလို့ ပြောပြောနေကြ ပါတယ် အရှင်ဘုရား… ရောဂါဆိုတာ ဘယ်လိုဟာပါလဲ ဘုရား… `` ဟုမေးလျှောက်၏။ ထိုအခါ ဘုရားရှင်ကား ``ရူပံ ၀ုစ္စတိ ဘိက္ခဝေ ရောဂါတိ = ချစ်သားတို့ ရောဂါဆိုတာ တစ်ခြားမဟုတ် ဒီရုပ်တရားကြီးပဲ`` ဟု ဖြေကြားတော်မူ၏။ မှန်၏။ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ စသည်ဖြင့် မည်မျှပင် အမည်နာမ တပ်တပ် စင်စစ်ဤရုပ်တရား ရှိနေ၍သာ ရောဂါအမျိုးမျိုး၊ အနာအမျိုး ဆွဲကပ်နေကြခြင်း ဖြစ်၏။ ထို့ကြောင့် မြတ်စွာဘုရားရှင်က ရောဂါအမည်မတပ်ဘဲ ``ဤရုပ်တရားကိုပင် ရောဂါ``ဟု ဆိုကြောင်း မိန့်တော်မူခြင်းဖြစ်၏။ ``ရုပ္ပတီတိ ရူပံ = ဖောက်ပြန်တတ်သည့် သဘောကို ရုပ်`` ဟု စာပေကဖွင့်ပြ၏။ ရုပ်တရားရှိသဖြင့် ဖောက်ပြန်ပျက်ဆီးမှုလည်း ရှိနေ၏။ ဖောက်ပြန်ပျက်ဆီးမှုသည်ပင် ဗျာဓိဟူသည့် အနာရောဂါ ဖြစ်နေခြင်းဖြစ်၏။ ရုပ်တရားရှိသဖြင့် အနာရောဂါဖြစ်ခြင်းသည် မဆန်းပေ။ စိတ်ရောဂါမဖြစ်ရန်သာ အဓိကဖြစ်၏။ စိတ်ရောဂါဖြစ်လျှင်ကား စိတ်ဖြင့်ပြန်လည် ကုစားခြင်းမှတစ်ပါး အခြားဆေးမရှိပေ။ ထို့ကြောင့် ရုပ်တရားရှိသဖြင့် ဗျာဓိဟူသည့် အနာရောဂါရှိလာရသောကြောင့် မနာပါရစေနှင့်ဟု တောင့်တမနေကြဘဲ စိတ်ရောဂါမဖြစ်ရန်သာ သတိတရားဖြင့် ထိန်းသိမ်းသွားကြဖို့ လိုအပ်လှ၏။
တတိယ တောင့်တ၍ မရသည့် တရားကား မရဏဟူသည့် သေခြင်းတရားပင် ဖြစ်၏။ ဤတရားကိုလည်း မသေပါရစေနှင့်ဟု မည်သို့မျှ တောင့်တ၍ မရပေ။ အသက်ရှင်နေမှု၏ နောက်တွင် သေခြင်းတရားက ရှိနေပြီးဖြစ်၏။ အတိတ်ကလည်း အဖန်ဖန် သေခဲ့ကြရပြီးဖြစ်၏။ ယခုလည်း မည်သည့်အချိန်၊ မည်သည့်အရွယ်၊ မည်သည့်နေရာတွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေရမည်ဆိုသည်ကား မုချဧကန် မလွဲပေ။ နိဗ္ဗာန်မရမချင်း သေနေကြရဦးမည်သာ ဖြစ်၏။ မြတ်စွာဘုရားရှင် လက်ထက်က ကိသာဂေါတမီဟူသော အမျိုးသမီး တစ်ယောက်ရှိ၏။ ထိုအမျိုးသမီးတွင် အလွန်ချစ်လှစွာသော သားလေးတစ်ယောက်လည်း ရှိ၏။ တစ်နေ့တွင် ထိုသားလေးသည် ရုတ်တရက်သေဆုံးသွား၏။ ကိသာဂေါတမီသည် အလွန်ချစ်လှစွာသည့် သားလေးသေဆုံးသွား သဖြင့် ယူကျုံးမရ၊ ဖြေဆည်ရာမရဖြစ်ကာ အရူးတစ်ပိုင်းဖြစ်လျက် သားသေကိုပိုက်၍ အသက်ပြန်ရှင်အောင် လုပ်ပေးရန် အရပ်ထဲလှည့်လည် နေလေ၏။ သို့သော် မည်သူမျှ မကူညီနိုင်ကြပေ။ နောက်ဆုံး ဘုရားရှင်ထံ ရောက်ပြီး သားသေကို အသက်ပြန်ရှင်အောင် ဆေးကုပေးရန် တောင်းဆိုလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က ``ချစ်သမီး… ကောင်းပြီ၊ သင့်သားကို အသက်ပြန်ရှင်အောင် ငါကုပေးမယ်၊ ဒါပေမယ့် ဒီအရပ်မှာ ရှိတဲ့ လူမသေဖူးတဲ့ အိမ်ကနေပြီး မုံညင်းစေ့ကို ချစ်သမီး ငါ့ဆီရှာယူလာခဲ့`` ဟု အရှာခိုင်း၏။ ကိသာဂေါတမီလည်း သားသေကို အသက်ပြန်သွင်းလိုသော ဆန္ဒဖြင့် လူမသေဖူးသည့် အိမ်ကို တစ်အိမ်တက်ဆင်း လိုက်ရှာသော်လည်း တစ်အိမ်မျှ ရှာမတွေ့ဘဲ နောက်ဆုံးဘုရားရှင်ထံပြန်ရောက်၊ ဘုရားရှင်တရားတော်ကို နာယူပြီး သာသနာ့ဘောင်သို့ အပြီးဝင်ရောက်သွားခဲ့၏။ ကိသာဂေါတမီ၏ ဤအဖြစ်အပျက်သည် အမှန်ပင်ဖြစ်၏။ ကိသာဂေါတမီအား ဘုရားရှင် မိန့်တော်မူသည့် တရားစကားလေးသည် မှတ်သားဖွယ်ကောင်းလှ၏။ ``ချစ်သမီး သားသေတာဟာ ချစ်သမီးတစ်ယောက်ထဲမှာပဲ ရှိတာမဟုတ်ပါဘူး… ချစ်သမီးလိုသူတွေ ဒီလောကမှာ အများကြီးပါပဲ`` ဟူ၍ဖြစ်၏။ ထို့ကြောင့် အားလုံးတစ်နေ့ သေကြရမည် ဖြစ်သဖြင့် မသေပါရစေနှင့်ဟု တောင့်တမနေကြဘဲ မသေမီ ကြိုတင်ပြီး လုပ်ရမည့်၊ ပြင်ဆင်ရမည့် အရာများကိုသာ အချိန်မီ ကြိုတင်ပြုလုပ် အားထုတ်ကြရမည်သာ ဖြစ်ပါ၏။

ခယဓမ္မဟူသည့် ကုန်ခမ်းခြင်းတရားကိုလည်း မကုန်ခမ်းပါရစေနှင့်ဟု တောင့်တ၍ မရပေ။ ဤနေရာ၌ ကုန်ခမ်းခြင်းဟူသည် စည်းစိမ်ဥစ္စာတို့၏ ကုန်ခမ်းခြင်းကို ဆိုလို၏။ စည်းစိမ်းဥစ္စာမှန်သမျှသည် အချိန်တန်လျှင် ကုန်ခမ်းသွားကြရမည်သာ ဖြစ်၏။ အချို့ဆိုလျှင် အချိန်မတန်မီပင် ကုန်ခမ်းသွားကြသည့်ဟု ထင်မှတ်တတ်ကြ၏။ စင်စစ် ဤကုန်ခမ်းခြင်းသဘောသည်လည်း အချိန်အတိအကျမရှိ၊ အချိန်မရွေးကုန်ခမ်း ပျောက်ပျက်သွားကြမည်သာ ဖြစ်၏။ ထို့ကြောင့် မကုန်မခမ်းမီ ရသမျှ ယူသွားနိုင်အောင် ကြိုးစားကြရမည် ဖြစ်၏။ ရသမျှ ယူသွားရန်မှာ မိမိနှင့်တစ်ပါတည်း ယူသွားရန်ကား မဖြစ်နိုင်ပေ။ ကောင်းမှုကုသိုလ်ပြုပြီး ထိုကုသိုလ်၏ အကျိုးကိုသာလျှင် ယူသွား၍ ရနိုင်ပေ၏။ ထို့ကြောင့် အချိန်မရွေး ကုန်ခမ်းသွားနိုင်သည့် သဘောကိုလည်း သတိပြုဆင်ခြင်းကာ မကုန်ခမ်းပါရစေနှင့်ဟု တောင့်တမနေဘဲ မကုန်ခမ်းမီ ရသမျှယူသွားနိုင်ရန်သာ ကြိုးစားအားထုတ် သင့်လှပေ၏။

ထို့အတူ နဿဓမ္မဟူသည့် ပျက်ဆီးခြင်းသဘောကိုလည်း မပျက်ဆီးပါရစေနှင့်ဟု တောင့်တ၍ မရနိုင်ပေ။ ပျက်ဆီးချိန်တန်လျှင် ပျက်ဆီးသွားကြရမည်သာ ဖြစ်၏။ ``သဗ္ဗေသင်္ခါရာ အနိစ္စာ= အရာအားလုံးသည် အမြဲမရှိ`` ဟူသော ဘုရားရှင်၏ စကားတော်အတိုင်းပင် မည်သည့်အရာမျှ အမြဲတည်ရှိသည်ဟု မရှိနိုင်ပေ။ ပြုပြင်စီရင်ထားသည့် သင်္ခါရတရား မှန်သမျှ ပျက်ဆီးခြင်းသာ အဆုံးရှိပေသည်။ ထိုသဘောတရားသည် ယနေ့ခေတ်တွင် ပို၍ထင်ရှားနေ၏။ သိပ္ပံပညာများ မည်မျှပင်တိုးတက်ပါစေ၊ မည်မျှပင် အစွမ်းထက်ပါစေ ထာဝရတည်တံ့ပြီး မပျက်ဆီးနိုင်မည့် အရာများကို တီထွင်၍ မရနိုင်ကြသေးပေ။ နောင်လည်း ရမည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ပြုပြင်စီရင်ထားသည့် သင်္ခါရတရားများ ဖြစ်နေသောကြောင့် ဖြစ်၏။ ပြုပြင်ထားမှု၏ အဆုံးသည် ပျက်ဆီးခြင်းသာလျှင် ဖြစ်နေသောကြောင့်ဖြစ်၏။ ထိုကြောင့်လည်း ကွန်ပျူတာများ၊ အင်တာနက်များ၊ ထူးဆန်းသည့် လျှက်စစ်ပစ္စည်း အမျိုးမျိုးတို့ကို မည်မျှအဆန်းတကျယ် ခိုင်ခိုင်ခံ့ခံ့ တီထွင်ထားပင် ထားငြားသော်လည်း သေချာသည့်အချက်ကား ထိုပစ္စည်းများသည် နောက်ဆုံးပစ္စည်းသွားကြရခြင်း အချက်ပင်ဖြစ်ပါ၏။ ထို့ကြောင့် တည်မြဲခြင်းတစ်စုံတစ်ခုမျှ မရှိသည့် ဤလောကကြီးတွင် မပျက်ဆီးသည့် အရာဟူသည် မရှိပါသဖြင့် အကောင်းများနှင့် ကြုံတွေ့နေကြသော်လည်း တစ်ချိန်ချိန်မှာ ပျက်ဆီးသွားမည့်အရေး ကြိုတင်မျှော်တွေးလျက် မာနခ၀ါချကာ သံဝေဂဉာဏ်ပွားပြီး သတိရှိရှိနေသင့်လှပေ၏။

အချုပ်အားဖြင့် ဗုဒ္ဓဟောကြားတော်မူထားသည့် ဤတောင့်တ၍ မရသည့် အရာငါးမျိုးကို သဘောပေါက်သိမြင်ပြီး သံဝေဂဉာဏ် အမှန်ပွားနိုင်မည်ဆိုပါက သတ္တ၀ါများ၏ သန္တာန်တွင် မာနဟုဆိုသော ခက်ထန်ထောင်လွှားမှုများ တဖြည်းဖြည်း အားနည်းသွားနိုင်မည်ဟူသည့် အချက်ပင်ဖြစ်၏။ စင်စစ် ဤလောကကြီးတွင် အသက်ရှင်နေထိုင်ရသည့် ဘ၀သည် အလွန်တိုတောင်းလှ၏။ ဤကဲ့သို့ တိုတောင်းလှသည့် ဘ၀တွင် လူတို့သည် တစ်ဦးအပေါ် တစ်ဦး ဒေါသ၊ မာနများဖြင့် ဆက်ဆံနေကြသည်များကို ကြည့်ကာ အိုနာသေ စသည့် တရားများကို မေ့နေကြပါလားဟု သံဝေဂဖြစ်မိ၏။ အမှန်အားဖြင့် ထိုတရားများသည့် တောင့်တ၍မရသည့် တရားများ ဖြစ်သကဲ့သို့ မေ့ထား၍ ရကောင်းသော တရားများလည်း မဟုတ်ပေ။ အမြဲဆင်ခြင် နှလုံးသွင်းထားရမည့် တရားများဖြစ်ပေသည်။ တောင့်တ၍ မရသည့်အရာကို တောင့်တနေပါက လူပင်ပန်း စိတ်ပင်ပန်း ဖြစ်တတ်၏။ စိုးရိမ်ပူဆွေးမှုများ တိုးပွားတတ်၏။ ထို့ကြောင့် မရသည့်အရာကို တောင့်တနေမည့်အစား ထိုတရားများ မည်သည့်အခါမျှ ပြန်လည်မဖြစ်နိုင်တော့မည့် အရာများကိုသာ ရှာဖွေလုပ်ဆောင်ရန် လိုအပ်၏။ ထိုတရားများ ထာဝရ မဖြစ်ပေါ်နိုင်ရန်မှာကား နိဗ္ဗာန်ရမှသာ ဖြစ်နိုင်ပေ၏။ နိဗ္ဗာန်ရရန်အတွက်ကား မမေ့မလျော့သော သတိတရား ရှိမှပင်ဖြစ်ပေမည်။ သတိမရှိ မေ့လျော့နေပါက နိဗ္ဗာန်နှင့် ပို၍ပို၍ ဝေးနေဦးမည်သာ ဖြစ်၏။ ဆရာတော်ကြီး တစ်ပါးက အမိန့်ရှိဖူး၏။ ဆရာတော်ကြီးက ``မသွားဘဲ နီးနေ့သည့်အရာကား သုဿာန် ဖြစ်ပြီး သွားပါလျက်နှင့် ဝေးဝေးနေသည့် အရာကား နိဗ္ဗာန်ဖြစ်၏`` ဟု မိန့်တော်မူဖူး၏။ ထို့ကြောင့် စာရေးသူအပါအ၀င် အားလုံးသော ပုဂ္ဂိုလ်သတ္တ၀ါ အပေါင်းတို့သည် တောင့်တ၍ မရသည့်အရာများကို တောင့်တနေကြမည့်အစား မေ့ထား၍မရသည့် ထိုတရားများကို အမြဲဆင်ခြင် နှလုံးသွင်းကာ သုဿာန်နှင့် မနီးခင် အပြီးခရီးနှင်ပြီး နိဗ္ဗာန်နှင့် နီးသထက်နီးစေရန် အမြန်ကြိုးစားသင့်လှပါကြောင်း…

Read more »

ဆွဲစားခံနေရသူများ…

ဆွဲစားခြင်းဆိုတဲ့ မြန်မာစကားလုံးကို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုအသုံးပြုကြပါတယ်။ အဲဒီထဲက အဓိပ္ပါယ်တစ်မျိုးက မတရားရယူခြင်း၊ အနိုင်ယူခြင်းဆိုတဲ့ အဓိပ္ပါယ်ပါ။ အဲလိုအလုပ်ခံရသူကိုလည်း မတရားရယူခံရသူ၊ အနိုင်ယူခံရသူလို့ ပြောနိုင်ပါတယ်။ အခုခေတ်စကားနဲ့ အလွယ်ပြောမယ်ဆိုရင်တော့ ဆွဲစားခံရသူပေါ့။ အခုလက်တွေ့ ခံနေရသူတွေအတွက် ဆိုရင်တော့ ဆွဲစားခံနေရသူတွေပေါ့… ။ ဒါဆိုရင် အဲလို ဆွဲစားခံရသူတွေဟာ ဘယ်သူတွေဖြစ်မလဲ…။ ဘယ်လိုဆွဲစားခံရတာလဲ…။ ဘာတွေကို ဆွဲစားခံနေရတာလဲ…။ ပြောမယ်ဆိုရင်တော့ အများကြီးပါ။ ဒီတော့ကား … အခုလက်ရှိ ဆွဲစားခံနေရတာ တွေကိုပဲ ပြောကြတာပေါ့..။

လက်တွေ့ ဆွဲစားခံနေရတဲ့သူတွေကို ပြောမယ်ဆိုရင်တော့ ဘုန်းဘုန်းအပါအ၀င် အမိမြန်မာနိုင်ငံက ထွက်လာပြီး အကြောင်းအမျိုးမျိုးနဲ့ ပြည်ပနိုင်ငံမှာ ရောက်နေကြတဲ့ ဘုန်းဘုန်းတို့ ရွှေမြန်မာများကိုပဲ ပြောရမှာပါပဲ။ ``ဘုန်းဘုန်းကတော့ လာပြန်ပြီ ကိုယ့်မြန်မာအကြောင်း`` လို့လည်း မတွေးလိုက်ကြပါနဲ့ဦး။ ဘုန်းဘုန်းတို့မှာ ဉာတတ္ထစရိယ (အမျိုးကိုစောင့်ရှောက်ခြင်း) ဆိုတာ ရှိတဲ့အတွက် ကိုယ့်အမျိုးအကြောင်း၊ ကိုယ့်လူမျိုးအကြောင်းပဲ ပြောစရာရှိပါတယ်။ စောင့်ရှောက်တယ်ဆိုတာ အမှားမဖြစ်အောင်၊ ဆိုးကျိုးမဖြစ်အောင်၊ မှားနေတာတောင်မှ ပြန်ပြီးသတိဝင်လာအောင် တတ်နိုင်တဲ့ဘက်က အကူအညီပေးတာကို ဆိုတာပါ။ ဒါကြောင့် ဘုန်းဘုန်းလည်း ကိုယ့်မြန်မာအကြောင်းပြောပြီး တစ်ဘက်တစ်လမ်းက အပြုသဘောနဲ့ စောင့်ရှောက်ခြင်းပါ။ အင်း… စကားက အပြင်တောင် ရောက်သွားပြီ။ ပြောချင်တာက ဆွဲစားခံနေရတာတွေကိုပါ။ ပြည်ပမှာရောက်နေတဲ့ ဘုန်းဘုန်းတို့ မြန်မာတွေဟာ အကြောင်းအမျိုးမျိုးနဲ့ ဆွဲစားခံနေရတယ်ဆိုတာ ဆွဲစားခံနေရတဲ့ ရွှေမြန်မာတိုင်း သိကြပါတယ်။ ကျန်တဲ့ နိုင်ငံတွေမှာ ဘယ်လိုဘယ်နည်း ဆွဲစားခံနေရတယ်ဆိုတာ မသိပေမယ့် ဘုန်းဘုန်းအခုနေပြီး သာသနာပြုနေတဲ့ နိုင်ငံမှာရှိတဲ့ ဘုန်းဘုန်းတို့ ရွှေမြန်မာတွေကတော့
၁။ အချိန်တွေဆွဲစားခံနေရပါတယ်…
၂။ လူကိုဆွဲစားခံနေရပါတယ်….
၃။ ကိုယ့်ကျင့်တရားကို ဆွဲစားခံနေရပါတယ်…. ။

ရှုတ်သွားပြီလား…။ ပြောပြပါမယ်။ ဟုတ်ပါတယ်။ ဘုန်းဘုန်းတို့ အခုနေတဲ့ နိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမားများအတွက် ကမ္ဘာ့အလုပ်သမားအဖွဲ့က သတ်မှတ်ထားတဲ့ တိကျတဲ့ အချိန်သတ်မှတ်ချက် မရှိပါဘူး။ သူတို့အလုပ်ရှင်တွေ အဆင်ပြေသလို သူတို့စိတ်တိုင်းကျ ခိုင်းနေကြတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေ စောပြီးဆင်းပေးရတာ ရှိသလို၊ နောက်ကျမှ သိမ်းပေးရတာလည်း ရှိပါတယ်။ ဒကာလေးတစ်ယောက်က ပြောဖူးပါတယ်။ သူတို့အလုပ်ရှင်က တစ်ခါတစ်လေ အလုပ်ကျလို့ဆိုပြီး မနက်အစော ၇ နာရီလောက် အိပ်နေတာတောင် လာနိုးပြီးခိုင်းတယ်တဲ့။ တိကျတဲ့ အချိန်သတ်မှတ်ချက် မရှိသလို တစ်ခါတစ်လေ ညဘက်ချည်းပဲ ဆင်းရတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆို အလုပ်အော်ဒါ ရလို့ဆိုပြီး နေ့ပိုင်းလုပ်တဲ့အချိန်က စပြီးဆက်တိုက် ညပိုင်းအထိ ၂၄နာရီလုံး မနားတမ်း လုပ်ပေးရတာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ အချိန်ပိုဆင်းရလို့ ပိုက်ဆံရတာတော့ ကောင်းပါတယ်။ ကျန်းမာရေးနဲ့ ကြည့်ပြန်တော့လည်း မကောင်းပါဘူး။ သူတို့အလုပ်ရှင်တွေက အချိန်ကို လိုသလို ဆွဲစားရုံတွင် မဟုတ်ပါဘူး။ တစ်လကုန်လို့ လခရှင်းတဲ့အခါကျတော့ အချိန်တွေကို လျော့တွက်ပြီး ရှင်းတာတွေပါ လုပ်လာကြပါတယ်။ တစ်ခါတစ်လေ နားရမယ့် တနင်္ဂနွေတစ်ရက်တောင် မနားရဘဲ အလုပ်လုပ်ပေးရတာတွေလည်း ရှိပါတယ်။ ဒီနိုင်ငံမှာကတော့ နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ဆိုတာ အလုပ်ရှင်အပေါ်မှာ မူတည်နေပါတယ်။ အလုပ်ရှင်ခိုင်းတဲ့အချိန်ပဲ လိုက်လုပ်နေရတဲ့အတွက် ကိုယ့်အတွက် ပုံသေတွက်လို့ မရတာက များပါတယ်။ ကိုယ်လုပ်ချင်တဲ့အလုပ်တွေ အချိန်ဇယားဆွဲပြီး ဘယ်လိုမှ လုပ်လို့မရပါဘူး။ ဒါဟာ ဘာကြောင့်လည်းဆိုတော့ အလုပ်ရှင်တွေရဲ့ အချိန်ဆွဲစားတာကို ခံနေရလို့ပါ။ ဒါကြောင့် ဘုန်းဘုန်းတို့ နိုင်ငံခြားမှာ ရောက်နေတဲ့မြန်မာတွေဟာ အချိန်ဆွဲစားခံနေရသူတွေပါလို့ ဆိုရခြင်းပါ။

နောက်တစ်ခုက လူကို ဆွဲစားခံနေရခြင်းပါ။ လူကို ဆွဲစားတယ်ဆိုလို့ သူတို့နိုင်ငံသားတွေဟာ လူသားစားတဲ့ သူတွေလားလို့ မေးစရာ ရှိပါတယ်။ လူသားစားတာထက် ဆိုးပါတယ်။ လူကိုသတ်ပြီး တစ်ခါတည်း စားပစ်လိုက်ရင် ဖြေလို့ရပါသေးတယ်။ ခုဟာက ကိုယ်လက်အင်္ဂါလေးတွေပဲ ဖြတ်ပြီးဆွဲစားခံ နေရလို့ပါ။ တစ်ချို့ကလေးတွေဆို မြန်မာပြည်က လာတုန်းက အကောင်း ဒီရောက်ပြီး တစ်ပတ်နှစ်ပတ်အတွင်းမှာပဲ စက်ထဲလက်ညက်လို့ လက်သန်းဖြတ်ရတာနဲ့၊ လက်ညှိုးဖြတ်ရတာနဲ့၊ တစ်ချို့ဆို လက်ချောင်းလေးတွေ အကုန်ပါသွားတဲ့အထိ ဖြစ်တာတွေ ရှိပါတယ်။ တစ်ချို့လည်း အလေးအပင် မ ရင်း ခြေထောက်ပေါ် ဟိုဟာပြုတ်ကျလို့၊ ဒါပြုတ်ကျလို့ ခြေချောင်းလေးတွေ ဖြတ်လိုက်ရတာတွေလည်း ရှိပါတယ်။ ဒါက လုပ်ငန်းမကျွမ်းကျင်လို့ ဖြစ်တာလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိစ္စတွေက လုပ်ငန်းမကျွင်းကျင်လို့ ဖြစ်တာထက် စက်ရုံအကြီးအကဲ အချို့ရဲ့ မဆင်မခြင် ခိုင်းစေတာတွေကြောင့် ဖြစ်တာလည်း ပါပါတယ်။ ပြီးတော့ ပြောဆိုဆက်ဆံတဲ့ အခါမှာလည်း လူသားချင်း ကိုယ်ချင်းမစာတဲ့ သဘောမျိုးတွေနဲ့ ဆက်ဆံလာကြလို့ ခိုက်ရန်ဖြစ်ပွားရာက ပြဿနာတွေတက်၊ ရုံးရောက်ဂတ်ရောက်ပြီး စက်ရုံကထုတ်ပစ်လိုက်တဲ့အထိ ဖြစ်တာတွေလည်း ရှိပါတယ်။ ဒါဟာ လူကိုဘ၀အခြေအနေမဲ့အောင် လုပ်လိုက်သလိုဖြစ်ပါတယ်။ နောက်တစ်ချက်က အဆမတန် နေ့မအား၊ ညမနားခိုင်းတဲ့အတွက် လူတွေဟာ ပုံမှန်စိတ်မဟုတ်တော့ဘဲ ကြောင်တောင်တောင်လေးတွေ ဖြစ်လာတာကိုလည်း တွေ့ရပါတယ်။ တစ်ချို့ဆို စိတ်ရောဂါဖြစ်လို့ မြန်မာပြည် ပြန်ပို့လိုက်ရတဲ့အထိ ဖြစ်သွားတာတွေ ရှိပါတယ်။ ပြောမယ်ဆိုရင် အများကြီးပါ။ သူ့နိုင်ငံမှာလာပြီး အလုပ်လုပ်နေရတဲ့အတွက် ငွေနောက်ကိုလိုက်ရင်း ရလာတဲ့ဆိုးကျိုးကတော့ လူတွေကို ကိုယ်လက်အင်္ဂါချို့အောင် စိတ်ကယောင်ချောက်ခြားဖြစ်အောင် ဆွဲစားခံနေရခြင်းပါ။

နောက် အရေးကြီးဆုံး ဆွဲစားခံနေရတာက ကိုယ်ကျင့်သိက္ခာတွေပါ။ ကိုယ်ကျင့်သီလဆိုတာ ကိုယ်ကိုယ်တိုင် ထိမ်းရင်ဖြစ်တာပဲ သူတို့နဲ့ဘာဆိုင်လို့လည်းလို့ ပြောစရာရှိပါတယ်။ တိုက်ရိုက်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုလို့ပဲ ပြောရမလား၊ ဓလေ့ထုံးစံလို့ပဲ ပြောရမလား အရက်ကိုတခမ်းတနား သောက်လေ့ရှိတဲ့အကျင့် ရှိပါတယ်။ ဒီလို အကျင့်ရှိတဲ့သူတွေဆီမှာနေ၊ သူတို့နဲ့အတူ အလုပ်လုပ်နေရတဲ့အခါ ဆိုတော့ အလိုက်အထိုက် အဆင်ပြေအောင် လိုက်ပြီးနေရတာတွေလည်း ရှိပါတယ်။ လိုက်မလုပ်ရင် လိုက်မသောက်ရင် လုပ်ငန်းခွင်မှာ တစ်ခုခုဖြစ်လာတာတွေလည်း ရှိပါတယ်။ လူဆိုတာကလည်း သိတဲ့အတိုင်း ပုထုဇင်တွေဖြစ်တဲ့အတွက် စိတ်ကမခိုင်သေးတော့ ဒါလေးက ဘာမှမဖြစ်လောက်ပါဘူး ဆိုတဲ့အတွေးနဲ့ နည်းနည်းလောက် စသောက်မိရာက နောက်အရက်စွဲသွားတဲ့ အထိဖြစ်ကုန်ပါတယ်။ အရက်သောက်တတ်လာရင် ကျန်တဲ့အကုသိုလ်တွေကိုပါ လုပ်ဖို့ဝန်မလေးတော့ပါဘူး။ ဒီလိုနဲ့ ကိုယ်ကျင့်သိက္ခာတွေက တဖြည်းဖြည်းပျက်ပြား လာကုန်ကြတာပါ။ သေချာပြန်တွေးကြည့်လိုက်တော့ ကိုယ့်နိုင်ငံမှာရှိရင် နေရတဲ့ပတ်ဝန်းကျင်နဲ့ ထိန်းသိမ်းပေးမယ့် သူတွေနဲ့ဆိုတော့ တော်ရုံတန်ရုံမဟုတ်တာတွေ မလုပ်ဖြစ်ပါဘူး။ သူများနိုင်ငံရောက်လာတဲ့အခါ အနီးကပ်ထိန်းပေးမယ့် သူကလည်းမရှိ၊ လွတ်လပ်မှုကလည်းရလာ၊ ငွေလေးတွေကလည်း လိုသလိုရှိလာ၊ လူပင်ပန်းစိတ်ပင်ပန်းမှု တွေကလည်းများ ဆိုတော့ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး မဟုတ်တာတွေ လိုက်လုပ်ရာက ကိုယ်ကျင့်သိက္ခာတွေပါ ပျက်ကုန်ကြတော့တာပါ။ ဒီကြားထဲ သူနိုင်ငံရဲ့ ဓလေ့ထုံးစံတွေနဲ့ သွားတိုးတဲ့အခါကျတော့ နဂိုးကတည်းက မရှိတဲ့ ကိုယ်ကျင့်သိက္ခာတွေဟာ တက်တက်စင်ကုန်ပါလေရော။ အလွယ်ပြောရရင် ကိုယ်ကျင့်သိက္ခာတွေပါ ဆွဲစားခံနေရပါလေရောပေါ့…။ အရာရာမှာ ကိုယ့်ကိုယ်ကိုသာ ပဓာနလို့ ဆိုပေမယ့် ပတိရူပဒေသ၀ါသ (သင့်လျော်လျောက်ပတ်တဲ့ နေရာဒေသ) ဖြစ်ဖို့၊ ကလျာဏမိတ္တ (မိတ်ကောင်းဆွေကောင်း အပေါင်းအသင်းကောင်း) ရှိဖို့တွေကလည်း လူတစ်ယောက် တိုးတက်ဖို့၊ ကိုယ့်ကျင့်တရာကောင်းဖို့ အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။ ဒါကြောင့် ဒီလို အချက်တွေ အားနည်းတဲ့ နိုင်ငံမျိုးမှာ နေကြတဲ့သူတွေ အတွက်လည်း တိုက်ရိုက်မဟုတ်တာတောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ်ကျင့်သိက္ခာတွေကို ဆွဲစားခံနေရမှာ သေချာပါတယ်။

ဒါကြောင့် အထက်မှာပြောခဲ့သလို အမိနိုင်ငံကထွက်ပြီး သူများတိုင်းပြည်မှာ နေကြရတဲ့သူတွေဟာ ဒီလိုမျိုးဆွဲစားမှုတွေကို ခံနေရသူတွေပါလို့ ဆိုရခြင်းပါ။ ကိုယ်လိုရာကို ဆွဲပြီးပြောတာပါလို့ ပြောမယ်ဆိုလည်း ခံရမှာပါ။ သေချာတာကတော့ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ ဘုန်းဘုန်းတို့ မြန်မာများ ရောက်ရာနိုင်ငံများမှာ ဆွဲစားခံနေရတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အနည်းနဲ့အများ၊ အကြီးနဲ့အသေးပဲ ကွဲပြားကြမှာပါ။ တကယ်တော့ ဒီအခြေအနေတွေကို ပြည်တွင်းမှာ ရှိတဲ့သူတွေက သိမှာမဟုတ်ကြပါဘူး။ သူတို့ကတော့ အချိန်တန် ပို့တဲ့လုပ်ခလေးရရင် ပြီးနေမှာပါ။ ဘုန်းဘုန်းတို့ကတော့ အနီးကပ်ထဲထဲဝင်ဝင် နေနေရတဲ့အတွက် အကုန်သိနေရလို့ အကယ်၍များ အမိမြန်မာပြည်မှာ ကျန်နေတဲ့သူများ ဒီအခြေအနေလေးတွေ သိသွားရင် ပြည်ပကသူတွေ ရှာဖွေပို့ထားတဲ့ ငွေကြေးလေးတွေကို ကိုယ်ချင်းစာစိတ်နဲ့ ပိုပြီးစုမိဆောင်းမိဖြစ်အောင် ဆင်ခြင်းတတ်ဖို့၊ ပြည်ပမှာ အလုပ်ထွက်ပြီး လုပ်နေကြသူတွေ အနေနဲ့လည်း ကိုယ့်ဘ၀ရဲ့ ဆွဲစားခံနေရတဲ့ အခြေအနေမှန်လေးတွေကို သိရှိပြီး ဒီလိုဆွဲစားခံနေရတာတွေက အမြန်ဆုံးရုန်းထွက်နိုင်အောင် အသုံးနဲ့အဖြုံး ဆင်ခြင်စုဆောင်းနိုင်ကြစေဖို့ စတဲ့စတဲ့ စေတနာမှန်လေးတွေနဲ့ ဒီစာစုလေးကို ရေးသားတင်ပြလိုက်ရခြင်းပါ။ အားလုံး ဆွဲစားခံနေရသူများ အဖြစ်မှ အမြန်ဆုံး ရုန်းထွက်နိုင်ကြပါစေ…

Read more »

လုပ်ချလိုက်ပြန်ပါပြီ…

ဘုန်းဘုန်းအနေနဲ့ ကျန်းမာရေး သိပ်မကောင်းလို့ ပို့စ်ရေးတာလေးတွေ နားမလို့ကြံကာ ရှိသေးတယ် အမြင်မတော်တာတွေက ပေါ်လာပြန်တော့ သွေးမအေးခင် နည်းနည်းတော့ လုပ်လိုက်ဦးမယ်ဟဲ့ ဆိုပြီးဒီပို့စ်လေးကို ရေးလိုက်ရပြန်ပါတယ်။ တစ်ခြားမဟုတ်ပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ ဘုန်းကြီးပင့်စာလေးပါ။ ကဲ… ပင့်စာလေးကို အရင်ဖတ်ကြည့်ကြပါဦး။

ကျောင်းထိုင် ဘုန်းတော်ကြီး အလိုရှိသည်။ (မူရင်းဖတ်ရန်)
ဖင်လန် နိုင်ငံ၊ နယ်သာလန် နိုင်ငံနှင့် ဒိန်းမတ် နိုင်ငံ တွင် ရောက်ရှိနေသော ဗမာလူမျိုးအချို့၏ သားသမီးများအား ၃၈ ဖြာ မင်္ဂလာ တရားတော်များ၊ ယဉ်ကျေးမှု့အလေ့အထများ၊ ဗမာစာပေ သင်ကြားပေးရန် နှင့် အခါကြီး ရက်ကြီးများတွင် ဥပုသ်သီလ ပေးရန်အတွက်တို့ ဖြစ်သည်။ လျှောက်ထားသော ရဟန်းသံဃာတော်သည်
အကျင့်စာရိတ္တ ဝိနည်းသိက္ခာနှင့် အညီ ကျင့်ကြံသည့် ရဟန်းဖြစ်ရမည့်အပြင် မြန်မာနိုင်ငံတွင် လက်ရှိမတရားအုပ်ချုပ် ဖိနှိပ်နေသော စစ်အစိုးရမှ ပေးအပ်ထားသည့် ဘွဲ့ သို့မဟုတ် ဂုဏ်ထူးဆောင် ဆု တခုခုကို လက်ခံထားသော ရဟန်းမျိုးမဖြစ်ရပါ။
ထို့အပြင် လိင်တူဆက်ဆံခြင်း၊ မာတုဂါမ နှင့် ဖောက်ပြားလော်လီသော စရိုက်မျိုးရှိသည့် အလဇ္ဇီသံဃာများ မျိုးမဟုတ်ရပါ။ ဖန်လန်နိုင်ငံအတွင်းနှင့် နယ်သာလန်နိုင်ငံ များ အတွင်းတွင် ပြည်တွင်း ခရီးသွားလာနိုင်သည့် ကျန်းမာရေးမျိုး ရှိရပါမည်။
လစာအား စကင်ဒီနေဗီးယန်းနိုင်ငံများတွင် သာသနာရေး ဆောင်ရွက်နေသော ပုဂ္ဂိုလ်များ၏ လစာကဲ့သို့ ပေးပါမည်။ ထို့အပြင် တစ်နှစ်တွင် ခွင့် (၄) ပါတ် ရရှိပါမည်။ စိတ်ဝင်စား လျှောက်ထား လိုပါက အောက်ဖော်ပြ ဖုန်းနံပါတ်များသို့ ဆက်သွယ် လျှောက်ထား နိုင်ပါသည်။
ဖင်လန်နိုင်ငံ
ကိုသန့်ဇင်ထွန်း (+၃၅၈ ၅ဝ၅၇၂၁၆၃ဝ)
ကိုကျော်ကျော်ဌေး (+၃၅၈ ၄ဝ၉၆၁၂ဝ၉ဝ)
ကိုရွှေလှ (+၃၅၈ ၄ဝ၄၁၁၆ဝ၆၇)
ကိုငြိမ်းချမ်းအောင် (+၃၅၈ ၄၄ဝ၈၈၈ဝ၁၆)
နယ်သာလန်နိုင်ငံ
ကိုထွန်းထွန်းဦး ( +၃၁ ၂၅၁၂၇၃ဝ၈၈)
ကိုထွန်းအောင် (+၃၁ ၂ဝ၃၄ ၅၅၅၉၄)
ဒိန်းမတ်နိုင်ငံ
ကိုတေဇသူရ (+ ၄၅ ၅၃၁၅၆၄၃၉)
ကိုအောင်စိုး (+ ၄၅ ၉၆၃၅ဝဝ၉၈)
ကိုချိုငြိမ်း (+ ၄၅ ၃၁၅ဝ၉၂၅၂)

ဖတ်ပြီးသွားပြီလား…။ ဘယ်လိုမြင်လဲ…။ တို့ရွှေမြန်မာတွေက အဲလိုခေါင်းကောင်းကြတာပါ။ ဘုန်းကြီးပင့်စာက ကုမ္ပဏီအလုပ် လျှောက်လွှာကျနေတာပဲ။ ခေတ်ကာလ အခြေအနေအရ အားနည်းချက်ကိုစီ ရှိကြတာမှန်ပါတယ်။ ဒီထဲမှာ ကိုးကွယ်ခံပုဂ္ဂိုလ်တွေရဲ့ အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီလိုလူသိရှင်ကြား သတ်မှတ်ချက်တွေနဲ့ ဘုန်းကြီးပင့်တာကတော့ မကောင်းပါဘူး။ ဒါတွေကိုကြည့်ပြီး စစ်မှန်တဲ့ ဘုန်းကြီးတွေဟာ အဲလိုနေရာ၊ အဲလို ဒကာမျိုးကို ရှောင်သွားတတ်ပါတယ်။ ဒီလိုကိစ္စမျိုးဆိုတာ အင်တာနက်က၊ အွန်လိုင်းကနေ လျှောက်ထားရ၊ ပင့်ရမယ့် ကိစ္စမျိုး မဟုတ်ပါဘူး။ ပြည်တွင်းမှာ ရှိတဲ့ ဆိုင်ရာဆိုင်ရာ သံဃာတော်များ၊ မထေရ်ကြီးများ၊ ဆရာသမားများနဲ့ တိုင်ပင်ကာ ကိုယ်လိုချင်တဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို သာသနာပြုစေလွှတ်ပေးဖို့ တောင်းပန်လျှောက်ထား ရမှာပါ။ ဒါမှလည်း ကိုယ်လိုချင်တဲ့ အချက်နဲ့ ပြည့်စုံတဲ့ ရဟန်းတော်ကို ရနိုင်မှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ရဟန်းတော်အချင်းချင်းသာ ရဟန်းကိစ္စ၊ ရဟန်းသိက္ခာကို သိကြလို့ပါ။ အခုလို ပင့်လိုက်တဲ့အခါမှ ပိုပြီးအလဇ္ဇီ ရဟန်းတော်တွေ အကြိုက်ဖြစ်သွားတတ်ပါတယ်။ မက်လုံးပေးပြီး ပင့်ထားတာတွေက ရှိနေတာကိုး။

တကယ်တော့ အခု ဘုန်းကြီးကိုးကွယ်ချင်ကြ ပင့်ချင်ကြတဲ့ ဒကာလေးများ မသိလို့ပါ။ ဘုန်းဘုန်းတို့ သာသနာမှာ ဘုရားအလုပ်ကိုလုပ်ရင် ဘုရားက ကျွေးထားပြီးသားပါ။ အမှန်တကယ် သာသနာပြုချင်စိတ်ရှိပြီး သာသနာတော်ကို တကယ်ချစ်တဲ့ ရဟန်းတော်များအတွက် ပင့်စာထဲကလို သတ်မှတ်ချက်တွေ မလိုပါဘူး။ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်းတော်တွေဟာ သူများလှူတာတွေကို များများစားရလေ များများကျင့်ရလေဖြစ်တဲ့ အတွက် ဒကာ၊ ဒကာမ လှူသည်ဖြစ်စေ၊ မလှူသည်ဖြစ်စေ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါ။ အမှန်တော့ ဒီလိုပင့်တယ်ဆိုကတည်းက ကိုးကွယ်သူတွေဟာ ပုဂ္ဂိုလ်ကို ကိုးကွယ်နေသလို ဖြစ်နေပါတယ်။ ဘုရားသာသနာမှာ ပုဂ္ဂိုလ်ကို ကိုးကွယ်မှုထက် အဲဒီကိုးကွယ်ခံ ပုဂ္ဂိုလ်မှာ ရှိတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့ ဂုဏ်ကို ကိုးကွယ်တာပါ။ အဲလို ဂုဏ်ရှိတဲ့ ကိုးကွယ်ခံပုဂ္ဂိုလ်ဆိုရင် ခုနသတ်မှတ်ထားတဲ့ အချက်တွေ မလိုတော့ပါဘူး။ ကိုးကွယ်ချင်တဲ့ ပုဂ္ဂိုလ်တွေ မသတ်မှတ်လည်းပဲ ကိုးကွယ်ခံဘက်က ပြည့်စုံအောင် နေပြီးသားပါ။

နိုင်ငံခြားမှာဖြစ်တဲ့အတွက် အခက်အခဲ အမျိုးမျိုး ရှိတယ်ဆိုတာ သိပါတယ်။ သာသနာပြု ရဟန်းကောင်းတွေ ရဖို့ဆိုတာလည်း အခက်အခဲတစ်ခု ဖြစ်တယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမယ့် ဒီအခက်အခဲတွေ မဖြစ်အောင် ဆောင်ရွက်တဲ့အခါ သေသေချာချာ စဉ်းစားဆောင်ရွက်တတ် ရပါတယ်။ အခုလို လုပ်ရပ်တွေဟာ စစ်မှန်တဲ့ ရဟန်းတော်တွေရဲ့ ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်ရာ ရောက်သလို ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ဘာသာခြားများရဲ့ ကဲ့ရဲ့ခံ၊ အထင်သေး အမြင်သေးခံရတာတွေ ဖြစ်တတ်ပါတယ်။ ``မင်းတို့ ဗုဒ္ဓဘာသာဟာ ဒီလိုပဲလား `` လို့ ဘာသာတရားအထိ အစော်ကားခံရတတ်ပါတယ်။ သူသူကိုယ်ကိုယ် ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားကို အပြစ်ပြောတာ မခံချင်ကြပါဘူး။ တို့သာသနာမှာ အစစ်အမှန် အကိုးကွယ်ခံပုဂ္ဂိုလ်တွေ အများကြီး ရှိပါသေးတယ်။

ဒါကြောင့် တို့ဗုဒ္ဓဘာသာ ရွှေမြန်မာများ အတွက် အထူးသတိပေးချင်တာက ဘာပဲလုပ်လုပ် ပြီးပြီးရောဆိုတဲ့ သဘောမလုပ်ကြဖို့နဲ့ စဉ်းစဉ်းစားစား လုပ်ကြဖို့ပါ။ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ဂုဏ်သိက္ခာကျအောင် မလုပ်ကြဖို့ပါ။ ဆရားကောင်း သမားကောင်း၊ မိတ်ကောင်းဆွေကောင်းများနဲ့ တိုင်ပင်ပြီး လုပ်ကြဖို့ပါ။ ဒီအကြောင်းကိုပြောရတာက ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ရပါတယ်။ နောက်ဆိုရင် အမှားကို ဉာဏ်နဲ့ရှုပြီး အမှန်ကို လိုက်တုတတ်ဖို့ အကြံပြုလိုခြင်း ဖြစ်ပါတယ်။

Read more »

မြန်မာဆိုတာ…

မြန်မာဆိုတဲ့ စကားလုံးဟာ တိုင်းပြည်၊ လူမျိုးကို ကိုယ်စားပြု သုံးစွဲတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒီစကားလုံးနောက်က နိုင်ငံနဲ့တွဲပြီး မြန်မာနိုင်ငံလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်တိုင်းများကို ကိုယ်စားပြုပြီး လူမျိုးနဲ့တွဲကာ မြန်မာလူမျိုးလို့ သုံးပါက မြန်မာနိုင်ငံတွင်းမှာ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကို ကိုယ်စားပြုပါတယ်။ ဒါကြောင့် တိုင်းတပါး သွားတဲ့အခါမှာ နေရာဒေသနဲ့ လူမျိုးတွေ ဘယ်လောက်ပဲကွဲကွဲ နိုင်ငံခြားသားများနဲ့ ပြောဆိုသုံးနှုံးကြတဲ့အခါမှာ မြန်မာဟုသာ သုံးစွဲကြခြင်းဖြစ်ပါတယ်။ ဖြည့်စရာ စာရွက်စာတမ်းများတွင်လည်း နိုင်ငံနေရာတွင် မြန်မာနိုင်ငံ၊ လူမျိုးနေရာတွင် မြန်မာလူမျိုး ဟုသာဖြည့်ကြပြီး ကရင်၊ ဗမာစသည် မဖြည့်ကြပေ။ ဒါဟာလည်း မြန်မာနိုင်ငံရဲ့ ထူးခြားတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ မြန်မာနဲ့ပတ်သက်လို့ ပြောကြမယ်ဆိုရင် ထူးခြားချက်တွေ၊ ဂုဏ်ယူစရာတွေ၊ မြန်မာဖြစ်ရတဲ့ အတွက် ဘာနဲ့မှ မလဲနိုင်တာတွေ၊ တန်ဘိုးမဖြတ်နိုင်တာတွေ စတာစတာတွေက အများကြီးရှိပါတယ်။ ဘုန်းဘုန်းတို့နဲ့ သိတဲ့နိုင်ငံခြားသားများ မြန်မာပြည်သွားပြီး ပြန်လာကြတဲ့အခါ မြန်မာပြည်အကြောင်း၊ မြန်မာလူမျိုးများအကြောင်း၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများအကြောင်း ချီးကျူးစကားများ လာလာပြောကြပါတယ်။ အဲဒီအခါတိုင်းလည်း ဂုဏ်ယူဝမ်းသာ ကျေနပ်မှု ဖြစ်ရပါတယ်။ အထူးသဖြင့် လာရောက်ကြတဲ့ ဧည်သည်တွေအပေါ်မှာ ဧည့်ဝတ်ကျေတတ်တဲ့ အကျင့်ဟာ ကမ္ဘာမှာ မြန်မာကလွဲပြီး တစ်ခြားမရှိပါဘူး။ ကိုယ်မရှိရင်နေ ဧည့်သည်တွေ အဆင်ပြေရင် ပြီးတာပဲ ဆိုတဲ့ စိတ်ခံယူချက်ဟာ မြန်မာတွေမှာပဲ ရှိပါတယ်။ အားနာတတ်တာလည်း မြန်မာကလွဲပြီး မရှိပါဘူး။ အရှက်အကြောက်ရှိတာ၊ ကြင်နာသနားတတ်တာ၊ ကူညီချင်တတ်တာ၊ ကြီးတဲ့သူတွေအပေါ် ရိုသေလေးစားတတ်တာ၊ မိဘဆရာသမားတွေအပေါ် ၀တ္တရားကျေပွန်တာ၊ မတွန့်မဆုတ်ပေးကမ်း လှူဒါန်းတတ်တာ စတာစတာတွေဟာ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ အချက်တွေပါ။ တကယ်တော့ ဒီကောင်းမြတ်တဲ့ အစဉ်အလာယဉ်ကျေးမှုတွေဟာ ဘာသာတရား အဆုံးအမတွေရဲ့ သက်ရောက်မှုကြောင့်လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ဒါကြောင့်လည်း မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတာဟု ဆိုကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် ခေတ်ကာလ အခြေအနေ ပြောင်းလဲလာတာက တစ်ကြောင်း ဘာသာတရား အဆုံးအမများကို မသိနားမလည်မှု၊ လိုက်နာကျင့်သုံးမှုများ အားနည်းလာတာက တစ်ကြောင်း လူတွေရဲ့ သန္တာန်မှာ လောဘ၊ ဒေါသ၊ အတ္တ၊ မာန စတဲ့တရားများ တိုးပွားလာတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် မြန်မာတို့ရဲ့ ဂုဏ်ယူစရာ၊ ချစ်စရာ၊ အတုယူအားကျ စရာများဟာ တဖြည်းဖြည်း ယုတ်လျော့လာခဲ့တာကို တွေ့ရပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ မြန်မာတို့ရဲ့ လုပ်ရပ်တွေဟာ ကဲ့ရဲ့စရာ၊ အရှက်ရစရာတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ အတ္တစိတ်တွေများပြီး ကိုယ့်အတွက် စဉ်းစားတာတွေ၊ ကိုယ်အဆင်ပြေရင် ပြီးတာပါပဲ ဘယ်သူဘာဖြစ်ဖြစ် ငါနဲ့မဆိုင်ဘူးဆိုတဲ့ အတွေးတွေနဲ့ ပြောဆိုလုပ်ကိုင် လာတာတွေ အခုနောက်ပိုင်း ပိုပြီးဆိုးလာတာကို တွေ့ရပါတယ်။

ဟုတ်ပါတယ်။ ခုနပြောခဲ့သလို မြန်မာများဟာ သူများအပေါ် သနားကြင်နာတတ်တဲ့ ကရုဏာတရား များသလောက် သူများကြီးပွားတိုးတက်တဲ့ အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတတ်တဲ့ မုဒိတာ တရားအလွန် ခေါင်းပါးလာတာကို တွေ့ရပါတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ လုပ်ရပ်တွေ များလာကြပါတယ်။ ကိုယ့်လူမျိုး အချင်းချင်း ကိုယ်ချင်းစာစိတ်၊ ကူညီရိုင်းပင်းစိတ်တွေ မဲ့လာကြပါတယ်။ နှမချင်းကိုယ်ချင်းစာစိတ် ပျောက်လာပါတယ်။ ဒါကြောင့်လည်း အချင်းချင်း မညီမညွတ်တာတွေ ပိုများလာခြင်း ဖြစ်ပါတယ်။ အဆိုးဆုံးက အဲဒီ မညီညွတ်မှုပါ။ မြန်မာတွေ မညီညွှတ်ကြတဲ့အတွက် ဒီမညီညွတ်မှုကို နင်းပြီး အခြားသူများရဲ့ အနိုင်ယူမှု၊ တိုက်ခိုက်မှုတွေကို ခံရတာလည်း ဒုနဲ့ဒေးဖြစ်နေပါပြီ။ အထူးသဖြင့် ဒီမညီညွတ်မှုဟာ တစ်ခြားတိုင်းရင်းသား များထက် ဗမာများမှာ ပိုပြီးတွေ့ရတတ်ပါတယ်။ ဒီမညီညွတ်မှုတွေဟာ လူ့အဖွဲ့အစည်းမှာရော ဘာသာရေး အဖွဲ့အစည်းတွေမှာပါ ကျော်မကောင်း ကြားမကောင်းအောင် ဖြစ်လာပါတယ်။ တော်ကြာ ဘယ်သူနဲ့ ဘယ်သူက မတည့်လို့ ဘယ်သူတော့ ဘယ်လိုဖြစ်သွားလေရဲ့ ဆိုတဲ့ သတင်းတွေကတော့ မကြားချင်အဆုံးပါပဲ။ ပိုပြီး ရှက်စရာကောင်းတာက ဘာသာရေး လုပ်နေတဲ့သူအချင်းချင်း တိုက်ခိုက်ပြောဆို ပုတ်ခတ် ကွဲပြဲကြတာတွေပါ။ တကယ်တော့ ဘာသာရေးလုပ်တယ်ဆိုတာ အတ္တ၊ မာနတွေနည်းပါးအောင်၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရားတွေ တိုးပွားအောင် လုပ်နေခြင်းပါ။ ခုတော့ အဲလိုမဟုတ်ပါဘူး။ ဘာသာရေးလုပ်ရင်း အစွဲတွေတိုးလာပြီး ငါ့တို့ဆရာပြောတာမှ အမှန်၊ ငါတို့နည်းမှ အမှန် ဖြစ်ကာ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ပြောဆို ပြိုင်ဆိုင်ကြရင်း ကတောက်ကဆဖြစ်၊ ကွဲပြဲကုန်ကြပါတယ်။ နောက်ဆုံး ကိုးကွယ်တဲ့ဆရာတွေအထိ ကူးစက်သွားပြီး ဆရာအချင်းချင်းပါ အဆင်မပြေတဲ့အထိ ဖြစ်လာကြပါတယ်။ ဒီလို ကိစ္စတွေဟာ ပြောမယုံ ကြုံမှသိဆိုသလို လက်တွေ့ကြုံဖူးသူတွေ သိကြပါတယ်။ ဒီလို မညီညွတ်မှုတွေရဲ့ အရင်းခံကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးမှု အတ္တမာနတွေကို ရှေ့တန်းတင်ကြတဲ့အပြင် သူတစ်ပါးအပေါ် ၀မ်းမြောက်မှုပေးရတဲ့ မုဒိတာတရား ခေါင်းပါးမှုတွေကြောင့် ဖြစ်ပါတယ်။

ဒီအကျင့်ဆိုးတွေဟာ ပြည်တွင်းမှာတင်မဟုတ်ဘဲ ပြည်ပနိုင်ငံတွေအထိ ကူးစက်လာပါတယ်။ ပြည်တွင်းမှာက ကျယ်ပြန့်ပြီး သူသူကိုယ်ကိုယ် ဖြစ်နေတဲ့အတွက် သိပ်မသိသာပေမယ့် ပြည်ပနိုင်ငံတွေမှာက အနည်းစုသာ ဖြစ်နေတဲ့အတွက် ပိုပြီးသိသာပါတယ်။ ဘယ်သူကတော့ ဘာဖြစ်တယ်၊ ဘယ်လိုကိစ္စပေါ်တယ်၊ ဘာပြဿနာ တက်တယ်ဆိုတဲ့ သတင်းတွေဟာ မကြားချင်အဆုံး ကြားနေရပါတယ်။ ကြားရတိုင်းလည်း ကောင်းတဲ့သတင်းတွေ မဟုတ်ဘဲ မကောင်းတဲ့ သတင်းတွေချည်း ဖြစ်နေလေတော့ အချို့ဆို မြန်မာလို့ ပြောရမှာတောင် ရှက်တယ်ဆိုတာတွေ ဖြစ်လာပါတယ်။ ဒါတွေဟာ အမှန်ပါပဲ။ ဘုန်းဘုန်းလည်း ကိုယ်တိုင်နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အတွက် အကြောင်းစုံကို သိနေရပါတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် စက်ရုံတစ်ရုံမှာ ရွှေဘယ်နှစ်ယောက်ရှိလဲ မေးကြည့် သုံးယောက်ရှိရင် ထမင်းအိုးသုံးအိုး၊ လေးယောက်ရှိရင် ထမင်းအိုးလေးအိုး ဆိုတာကွက်တိ ပြောလို့ရအောင် ရွှေမြန်မာတွေက ဆိုးပြကြတာပါ။ တကယ်ဆို ခဏတာလာပြီး အလုပ်လုပ် ငွေရှာကြတဲ့အခိုက် ကိုယ့်အချင်းချင်း ညီညီညွတ်ညွတ်ရှိပြီး တစ်ယောက်နဲ့ တစ်ယောက်ရိုင်းပင်း ကူညီကြရင် ဘယ်လောက်များ ကောင်းလိုက်မလဲ… ညီညွတ်မှုရဲ့ အားနဲ့ စည်းစည်းလုံးလုံး နေနိုင်ကြရင် ဘယ်လောက်စိတ်ချမ်းသာ ကြမလဲ… လို့တွေးမိပါတယ်။

ဘုန်းဘုန်းရဲ့ အမတစ်ယောက်က သူအလုပ်လုပ်နေတဲ့ နိုင်ငံမှာ အဲဒီနိုင်ငံသား၊ အခြားနိုင်ငံခြားသားများထက် ကိုယ့်မြန်မာအချင်းချင်း ပိုကြောက်ရတယ်လို့ ပြောဖူးပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်နေကြ တာတွေဟာလည်း မနည်းဘူးလို့ သူ့ကိုယ်တွေ့လေးတွေ ပြောပြဖူးပါတယ်။ တကယ်ပါ။ မြန်မာတွေ မညီညွတ်ကြတာကတော့ ကမ္ဘာကျော်ပါပဲ။ မြန်မာ၊ အထူးသဖြင့် ဗမာဟာ တစ်ယောက်တည်းနေရင် ကောင်းတယ်၊ နှစ်ယောက်ထက်ပိုလာရင် မတည့်ကြတဲ့အတွက် မကောင်းဘူးလို့ ပြောစမှတ်ဖြစ်အောင်ကို စံတင်လောက်ပါတယ်။ စက်ရုံတွေမှာဆိုရင် သိတဲ့အတိုင်း အရင်ရောက်တဲ့သူ ရှိသလို နောက်မှရောက်လာတဲ့ သူတွေလည်း ရှိပါတယ်။ တရားမ၀င်နေတဲ့ သူတွေရှိသလို တရားဝင်နေတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီသူတွေဟာ တစ်ရုံတည်း အတူနေကြပေမယ့် ကိုယ့်မာနလေးတွေနဲ့ ကိုယ်ပါ။ တရားမ၀င်ဖြစ်နေပေမယ့် လုပ်သက်ကြာပြီး အလုပ်ခွင်မှာ နေရာလေး ရနေတဲ့သူကလည်း သူ့မာနနဲ့သူ အသစ်ရောက်လာတဲ့ သူတွေအပေါ်မှာ တင်စီးဆက်ဆံတာတို့ သူကျွမ်းကျင်ရာလေးတွေနဲ့ အနိုင်ယူပြတာတို့ လုပ်တတ်သလို အသစ်ရောက်လာတဲ့ သူတွေကလည်း တို့ကတရားဝင်နေတာ ဘယ်သူ့ကို ဂရုစိုက်ရမှာလည်းဆိုတဲ့ မာနလေးတွေနဲ့ ကြီးသည်ငယ်သည် မစဉ်းစားဘဲ အတင်စီးမခံ အကြောမခံ နောက်ဆုံး စကားလုံးတောင် အမှားမခံ ကြတဲ့အခါကျတော့ တစ်ရုံတည်းမှာ ရှိနေပေမယ့် အဆင်မပြေကြတော့ပါဘူး။ မတည့်ကြတော့ပါဘူး။ ဒါဘာကြောင့်လည်း ဆိုတော့ ကိုယ်စီကိုယ်စီ ရှိကြတဲ့ မာနလေးတွေရယ် တစ်ဦးနဲ့တစ်ဦး ဖြည့်ပြီးတွေးပေး၊ နားလည်ပေးဖို့ အားနည်းတာလေး တွေရယ်ကြောင့်ပါ။ တကယ်တော့ မတည့်ဘူး၊ ကြည့်မရတော့ဘူးဆိုရင် တစ်ဘက်လူ ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။ အကောင်းမမြင်တဲ့အတွက် မကောင်းမြင်ကြတဲ့ အခါ မပေါင်းချင်တော့တဲ့အထိ ဖြစ်ကုန်ကြတာပါ။ ဒီလိုဆိုရင် မချစ်မနှစ်သက်သူနဲ့ အတူနေရတာလည်း ဒုက္ခပဲဆိုတဲ့ ဘုရားစကားလို ဒုက္ခတွေသာ တိုးပွားလာနေတော့တာပေါ့။ ဒါတွေဟာ အရင်းစစ်တော့ မာနတွေများပြီး မုဒိတာတွေ အားနည်းကာ နားလည်မှုတွေ လျော့လာတာကြောင့် ဖြစ်ပါတယ်။

တို့မြန်မာအကြောင်း ပြောမယ်ဆိုရင်တော့ မကုန်ပါဘူး။ ပြောရင်းနဲ့ သတိရလို့ ပြောရဦးမယ်။ မကြာသေးပါဘူး။ သူများနိုင်ငံ သတင်းစာထဲအထိ မြန်မာသတင်းတစ်ခု ပါလာခဲ့ပါတယ်။ သတင်းစာထဲပါလို့ ကောင်းသတင်းလို့ မထင်ပါနဲ့။ ထုံးစံအတိုင်း မကောင်းသတင်းပဲပေါ့။ မြန်မာမိန်းကလေး တစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် အကြောင်းပါ။ မိန်းကလေးက ယောက်ျားလေးကို မုဒိန်းမုနဲ့ တရားစွဲတယ်ဆိုတဲ့ သတင်းပါ။ ဘယ်လိုကနေ ဘယ်လိုဖြစ်ကြတယ်ဆိုတာ မသိပေမယ့် သတင်းကတော့ အမျိုးမျိုး ထွက်လာပါတယ်။ တစ်ချို့ကလည်း နှစ်ဦးသဘောတူရာက မတည့်လို့ ဖြစ်လာတဲ့ ဇာတ်လမ်းလို့လည်း ပြောကြတယ်။ တစ်ချို့ကလည်း ဘယ်သူလွန်တယ်၊ ဘယ်သူလွန်တယ်ပေါ့။ ဘာပဲဖြစ်ဖြစ် သူများနိုင်ငံမှာလာပြီး ဒီလိုကိစ္စမျိုးအထိ ဟိုးလေးတစ်ကျော်ဖြစ်တာတော့ တကယ့်ကို မကောင်းပါဘူး။ ကိုယ်တွင်မဟုတ်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအထိ သိက္ခာကျရမယ့် အဖြစ်မျိုးပါ။ ဒါတွေဟာ တို့မြန်မာတွေ တစ်ဦးနဲ့တစ်ဦး ကိုယ်စီိအသိလေးတွေနဲ့ ကိုယ့်ကြောင့် ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံဂုဏ်သိက္ခာ မကျအောင် ထိန်းရမယ့် ကိစ္စတွေပါ။ ပြောရင်တော့ မပြီးတော့ပါဘူး။ နောက်ဆုံးတော့ ဘာကြောင့် ဒီလောက် အသိတွေ နည်းကုန်ကြတာလဲ… ဘာကြောင့် အတ္တမာနတွေ များကုန်ကြတာလဲ… တစ်ချိန်ချိန်မှာ သေကြရမယ့် သူချင်းအတူတူ ဘာကြောင့်ကိုယ်ချင်းစာတရား မထားနိုင်ကြ တာလဲ…. စတဲ့ အမေးပေါင်းစုံနဲ့သာ အချိန်ကုန်ခဲ့ပေါင်းလည်း မနည်းတော့ပါဘူး။

ထားပါတော့။ ဘုန်းဘုန်းလည်း ပြောရင်းပြောရင်း လေရှည်သွားပြန်ပါပြီ။ ပြောချင်တာက မြန်မာဆိုတာ ဒီလိုမဟုတ်ဘူး၊ ဒီလိုဆိုတာ ပြောချင်တာပါ။ မြန်မာတွေဟာ မင်းတို့ထင်သလို မညီညွတ်တဲ့သူတွေ မဟုတ်ဘူး၊ အကြင်နာကင်းမဲ့သူတွေ မဟုတ်ဘူး၊ မုဒိတာတရား မထားနိုင်တဲ့သူတွေ မဟုတ်ဘူး၊ အသိခေါင်းပါးတဲ့သူတွေ မဟုတ်ဘူး… မြန်မာဆိုတာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာတရား အဆုံးအမရှိသူတွေ၊ အချင်းချင်း ကိုယ်ချင်းစာတရားရှိသူတွေ၊ ဒုက္ခရောက်သူကို ကူညီတတ်တဲ့သူတွေ၊ ကြီးသူကို ရိုသေ၊ ငယ်သူကိုသနား၊ ရွယ်သူကို လေးစားတတ်တဲ့ သူတွေ၊ ညီညွတ်ရေးကို ဦးစားပေးတဲ့သူတွေ၊ နားလည်မှုအပြည့် ရှိတဲ့သူတွေ… စသည်စသည်ဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ပြောပြလိုက်ချင်တာပါ။ ဒါပေမယ့် ခုတော့… မြန်မာဆိုတာ…

မှတ်ချက်။ ။ မြန်မာအားလုံးကို ဆိုခြင်းမဟုတ်သလို၊ အဆိုးတွေကိုချည်း ရေးသားပြောဆိုနေခြင်း မဟုတ်ပါ။ အကောင်းကတော့ ကောင်းပြီးသားဖြစ်တဲ့အတွက် ဒီအတိုင်းထားလိုက်လို့ ရပေမယ့် အဆိုးလေးတွေကို ပြောပြခြင်းဖြင့် သတိဝင်ကာ ဆင်ခြင်သွားစေလိုသော ရည်ရွယ်ချက်ဖြင့်သာ ထုတ်ဖော်ရေးသားခြင်း ဖြစ်ပါတယ်။ အပြစ်တွေကို ဖော်နေခြင်းမဟုတ်ကြောင်း နားလည်နိုင်ပါစေ…

Read more »

သီလများမှာ နေလွဲညစားမစားဖို့ ဘာကြောင့်သတ်မှတ်ရပါသလဲ…. ပြီးတော့ ပိဋကသုံးပုံသည် ဘုရားဟောတရားတော် မှန်သမျှကို မှတ်တမ်းတင်နိုင်ခြင်း ရှိ၊ မရှိ…

Q. မင်္ဂလာပါဘုန်းဘုန်း…
၈ပါး၊ ၉ပါး၊ ၁၀ပါး သီလတော်မြတ်တွေမှာ ၀ိကာလဘောဇန သိက္ခာပုဒ်ပြဌာန်း သတ်မှတ်ရခြင်းရဲ့ ရည်ရွယ်ချက်လေး သိချင်ပါတယ် ဘုန်းဘုန်း.. တဏှာနည်းအောင် လုပ်တာလားမသိဘူး…။ နောက်တစ်ခု ဖိုးသားသိချင်တာက ပိဋကသုံးပုံသည် ဘုရားဟော မှန်သမျှကို မှတ်တမ်းတင်နိုင်ခြင်း ရှိပါသလား (သို့) ဘုရားရှင် ဟောကြားခဲ့သမျှသည် ပိဋကသုံးပုံတင်ပဲလား… အဲဒါလေး သိချင်ပါတယ် ဘုန်းဘုန်း..
ရိုသေစွာဖြင့်
ဖိုးသား


A. (၁) မှန်ပါတယ်။ နေလွဲညစာမစားဖို့ ရှောင်စေခြင်းရဲ့ အဓိက ရည်ရွယ်ချက်မှာ ကိစ္စနည်းပြီး တရားအာရုံပြုရန် အချိန်ရစေဖို့နဲ့၊ ကာမဂုဏ်အာရုံများမှာ စိတ်ညွှတ်မှုနည်းစေဖို့ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား လက်ထက်ကစပြီး ဒီနေ့ခေတ်အထိ လူတွေဟာ များသောအားဖြင့် မနက်စာနဲ့ နေ့လယ်စာတွေကို အဆင်ပြေသလို နည်းနည်းပါးပါးလောက်သာ စီမံဖန်တီးစားသောက်ကြပြီး အလုပ်သိမ်းချိန် ညစာကျမှသာ ဖွယ်ဖွယ်ရာရာ ပြည့်ပြည့်စုံစုံ စီမံဖန်တီး စားသောက်ကြတဲ့အလေ့ ရှိပါတယ်။ ဒါကြောင့်လည်း ပိုပြီးကြီးကျယ်အောင် လုပ်လေလေ ပိုပြီးကိစ္စများလေလေ ဖြစ်ကြခြင်းဖြစ်ပါတယ်။ ဥပုသ်စောင့်တဲ့သူ တရားအားထုတ်တဲ့သူများဟာ ညစာစားဖို့အတွက်ကို သီးသန့်အချိန်ပေး ဆောင်ရွက်နေရင် အလုပ်များပြီး တရားအာရုံပြုဖို့ အချိန်နည်းပါး သွားတတ်ပါတယ်။ ဒီအတွက်ကြောင့် ၀ိကာလဘောဇန သိက္ခာပုဒ်ကို စောင့်ထိန်းစေခြင်း ဖြစ်ပါတယ်။ နောက်တစ်ချက်က အစားအစာ ကောင်းကောင်းစားသုံးမှုဟာ ကာမရာဂစိတ်ကို ပိုပြီးအားပေစေ၊ ပိုပြီးထကြွစေ တာလည်း ရှိပါတယ်။ တရားအားထုတ်တဲ့သူဟာ လူမမာလို ကျင့်ရတယ်ဆိုတဲ့ စကားလို အားအင်ပြည့်ဖြိုးနေပါက ကာမရာဂ ကိလေသာစိတ်များလည်း ပိုပြီးနှိုးထစေတတ်ပါတယ်။ ညစာမစားခြင်းအားဖြင့် တစ်ထောင့်တစ်နေရာအားဖြင့် ကာမရာဂထကြွမှုကို အားနည်စေပါတယ်။ ဒီသဘော ကြောင့် ၀ိကာလဘောဇနသိက္ခာပုဒ်ကို ဥပေါသထ သီလတွေထဲမှာ ထည့်သွင်းထားခြင်းပါ။ ဒါကြောင့် ဒီဝိကာလ ဘောဇနသီလကို စောင့်ထိန်းခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်ဟာ ခုနပြောခဲ့သလို ကိစ္စနည်းပြီး တရားအာရုံပြုဖို့ အချိန်များများရစေရန်နဲ့ ကာမဂုဏ်အာရုံများမှာ စိတ်ညွှတ်မှုနည်းပါစေရန် ဆိုတဲ့ရည်ရွယ်ချက်များကြောင့်ဟု ဆိုခြင်းဖြစ်ပါတယ်။

(၂) ပိဋကသုံးပုံဟာ ဘုရားဟော မှန်သမျှကို မှတ်တမ်းတင်နိုင်တဲ့အပြင် ပိဋကသုံးပုံတွင် မပါဝင်တဲ့ ဘုရားတရားတော်ဆိုတာ မရှိနိုင်ပါဘူး။ အကယ်၍ ရှိခဲ့မယ်ဆိုရင်လည်း ဘုရားရှင်ဟောတော်မူချက် မဟုတ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး လေးလမြောက်မှာ ကျင်းပခဲ့တဲ့ ပထမဆုံး သင်္ဂါယနာတင်ပွဲဟာ အလွန်ပြည့်စုံတဲ့ သင်္ဂါယနာတင်ပွဲ ဖြစ်လို့ပါပဲ။ သံ= စုပေါင်းပြီး၊ ဂါယနာ= ရွတ်ဆိုခြင်း (သုတ်သင်တည်းဖြတ်ခြင်း)ကို သင်္ဂါယနာတင် တယ်လို့ဆိုတာပါ။ ဒီသင်္ဂါယနာတင်ပွဲကို အရှင်မဟာကဿပ မထေရ်ကြီးမှ ဦးဆောင်တော်မှု၍ ရဟန္တာမထေရ်ပေါင်း မြောက်များစွာထဲက ပဋိသမ္ဘိဒါပတ္တ ဆဠဘိည ရဟန္တာမထေရ်ငါးရာကို အထူးရွေးချယ်ကာ ဘုရားရှင် ၄၅၀ါပတ်လုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်များကို စုပေါင်းသုတ်သင် တည်းဖြတ်တော်မူပါတယ်။ ပြီးတော့ ဘုရားဟောဓမ္မများကို ရှိရင်းအတိုင်း ဆက်လက်တည်တံ့ဖို့ တာဝန်များခွဲဝေ သတ်မှတ်ပြီး ရဟန္တာမထေရ်ကြီးများဟာ ကိုယ့်တာဝန် ကိုယ်ယူကာ ထိန်းသိမ်းစောင့်ရှောက်ခဲ့ပါတယ်။ ဒါကြောင့်လည်း ယနေ့ကာလမှာ ပိဋကသုံးပုံရယ်လို့ ထင်ရှားဖြစ်ပေါ်လာခဲ့ ရခြင်းဖြစ်ပါတယ်။ ဒီပထသင်္ဂါယနာ တင်ပွဲဟာ သင်္ဂါယနာ ၆ကြိမ်ထဲမှာ အကြီးကျယ်ဆုံး အပြည့်စုံဆုံး သင်္ဂါယနာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဘုရားဟော ဓမ္မတွေကို ရှိရင်းစွဲအတိုင်း ဘာမှပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နှုတ်ပယ်ခြင်းမရှိ၊ အပိုအလိုမရှိအောင် တည်းဖြတ်သုတ်သင် မှတ်တမ်းတင်နိုင်ခဲ့လို့ပါ။ သင်္ဂါယနာတင်ကြတဲ့ မထေရ်များကို ကြည့်မယ်ဆိုရင် ပဋိသမ္ဘိဒါပတ္တ ဆဠဘိညရဟန္တာ မထေရ်များဖြစ်သလို ဘုရားရှင်ကို မှီလိုက်ကြပြီး အတူရှိနေခဲ့ကြတဲ့ မထေရ်များလည်း ဖြစ်ပါတယ်။ ပဋိသမ္ဘိဒါပတ္တ ဆဠာဘိညရဟန္တာဆိုတာ မြန်မာလို အလွယ်ပြောရရင် ခွဲခြမ်းစိပ်ဖြာတတ်တဲ့အပြင် စာတတ်ပြီး အဘိညာဉ် ခြောက်ပါးနဲ့ ပြည့်စုံတဲ့ ရဟန္တာကို ပြောတာပါ။

ပြီးတော့ ဒီသင်္ဂါယနာမှာ အမေး ဆရာတော်ဟာ သံဃာ့ဥသျှောင်ဖြစ်တဲ့ အရှင်မဟာကဿပ ရဟန္တာမထေရ် မြတ်ကြီးဖြစ်ပြီး ၀ိနည်းနဲ့ပက်သတ်တဲ့ အဖြေကို ၀ိနည်းအရာမှာ အထူးချွန်ဆုံး ဧတဒဂ်ရတဲ့ အရှင်ဥပါလိ မထေရ်က တာဝန်ယူကာ ဓမ္မနဲ့ ပတ်သက်တဲ့ အဖြေကိုတော့ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာမထေရ်က တာဝန်ယူဆောင်ရွတ်ခဲ့ပါတယ်။ အခြားမထေရ်များထက် အရှင်အာနန္ဒာမထေရ်ကို တာဝန်ပေးရခြင်းဟာ အရှင်အာနန္ဒာမထေရ်ဟာ ဆုငါးဆုပန်ဖြစ်ပြီး အဲဒီထဲက တစ်ခုက သူမပါဘဲ၊ သူမရှိဘဲ တစ်ခြားတစ်နေရာရာမှာ ဘုရားရှင်က တရားဟောခဲ့ပါက နောက်သူနဲ့ ဆုံတဲ့အခါ သူ့ကိုပြန်ဟောပေးရခြင်း ဆိုတဲ့ ဆုကြီးပါ။ ဒါကြောင့် ဘုရားရှင် ၄၅၀ါပတ်လုံး ဟောသမျှတရားတွေမှာ အရှင်အာနန္ဒာမထေရ် မနာလိုက်ရတဲ့ တရားဆိုတာ မရှိပါဘူး။ ဒီအတွက်ကြောင့် ဓမ္မနဲ့ပတ်သက်တဲ့ အဖြေကို အရှင်အာနန္ဒာကို တာဝန်ပေးခြင်း ဖြစ်ပါတယ်။ ဒီတော့ကား ဒီလောက် အမေးဆရာဘက်ကလည်း ပြည့်စုံ၊ အဖြေဆရာတွေဘက်ကလည်း ပြည့်စုံတဲ့ ပထမသင်္ဂါယနာက ပေါ်ထွက်ခဲ့တဲ့ မှတ်တမ်းဟာ ဘုရားဟောများ မပါလိုက်တာ၊ ကျန်ခဲ့တာ၊ ဘုရားမဟောတဲ့အရာများ ပိုသွားတယ်ဆိုတာ မရှိပါဘူး။ လုံးဝပြည့်စုံခဲ့ပါတယ်။ အဲဒီကနေ ယနေ့အထိ ရဟန္တာမထေရ်များ အဆင့်ဆင့်ဆောင်ခဲ့တဲ့ ဘုရားရှင်တရားဟာလည်း ပြောင်းလဲခြင်းမရှိ တစ်သမှတ်တည်းဆိုတာ သံသယကင်းစွာ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် ပိဋကသုံးပုံဆိုတဲ့ အခေါ်အဝေါ်ကိုတော့ အဲဒီအချိန်က မခေါ်မသုံးကြသေးပါဘူး။ ဒီတုန်းက ဓမ္မ၊ ၀ိနယကို သင်္ဂါယနာတင်တယ်လို့ပဲ ခေါ်ဆိုကြပါတယ်။ အသောကမင်းကြီးလက်ထက် တတိယသင်္ဂါယနာ တင်တဲ့အခါမှသာ ဘုရားဟောတရားတော်များကို အုပ်စုသုံးစုခွဲပြီး ၀ိနယ၊ သုတ္တန္တ၊ အဘိဓမ္မာလို့ ပိဋကတ်အမည် ပေးကာ ယနေ့အထိ အသုံးပြုနေကြခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း အချို့ဝေဖန်ရေး ဆရာများက အဘိဓမ္မာပိဋကဟာ ဘုရားဟောမဟုတ်ဘူးလို့ ဝေဖန်ကြခြင်းဖြစ်ပါတယ်။ တကယ်တော့ အဘိဓမ္မာဟာ ဘုရားဟော အစစ်အမှန်ပါ။ ဘုရားရှင် (၇) ၀ါအရ မယ်တော်အမိနတ်သားကို ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားနဲ့ ကျေးဇူးဆပ်ပြီး လူ့ပြည်မှာတစ်ခါ အရှင်သာရိပုတ္တရာကို ပြန်ဟောပေးခဲ့တာဟာ ထင်ရှားတဲ့ သာဓကပါပဲ။ ပထမသင်္ဂါယနာမှာ အဘိဓမ္မာလို့ တိုက်ရိုက်မသုံးကြပေမယ့် ဓမ္မထဲမှာ သုတ္တန်ရော၊ အဘိဓမ္မာပါ အကျုံးဝင်ပြီးဖြစ်ပါတယ်။

ဒါကြောင့် ယနေ့အသုံးပြုနေတဲ့ ပိဋကသုံးပုံဟာ ဘုရားဟောတရားတော်များကို အပြည့်အစုံ မှတ်တမ်းတင်ထားနိုင်တဲ့ အပြင် ဘုရားတိုက်ရိုက် မဟောသော်လည်း သာဝကများရဲ့ ဟောကြားချက်များကို ဘုရားရှင်က သာဓုခေါ်လက်ခံသောကြောင့် ဘုရားဟောအဖြစ် သတ်မှတ်ထားတဲ့ တရားတော်များအထိ မှတ်တမ်းတင်ထားနိုင်တဲ့ ပြည့်စုံကောင်းမွန်တဲ့ ပိဋကသုံးပုံဆိုတာ သံသယကင်းစွာ လက်ခံနိုင်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

သေမှာမကြောက်ကြသူများ ...

ဤလောက၌ ပုထုဇင် ပုဂ္ဂိုလ်သတ္တ၀ါ မှန်သမျှသည် သေရမည်ကို ကြောက်ကြ၏။ ထို့ကြောင့်လည်း သေရမည့်ဘေးနှင့် ကြုံကြသည့်အခါ လွတ်ရာလမ်းကို နည်းအမျိုးမျိုးဖြင့် ကြိုးစားရှာဖွေကြခြင်း ဖြစ်၏။ အသက်ရှင်အောင် နည်းအမျိုးမျိုးဖြင့် အားထုတ်ကြ၏။ သေဘေးနှင့် မကြုံရအောင် အသက်ရှင် ရပ်တည်နိုင်ရေး နည်းလမ်းကို ရှာဖွေကြ၏။ အစာမစားလျှင် သေရမည်ကို ကြောက်ကြသဖြင့် အစာစားကြ၏။ ရေမသောက်လျှင် သေမည်စိုးသဖြင့် ရေသောက်ကြ၏။ ရောဂါကြောင့် သေမည်ကို ကြောက်ကြသဖြင့် ရောဂါမဖြစ်အောင်၊ ဖြစ်လာလျှင်လည်း ပျောက်ကင်းသက်သာအောင် အားထုတ်ကြ၏။ မှန်၏။ ထို့အတွက်ကြောင့်လည်း စည်းစိမ်ဥစ္စာနှင့် ခြေလက်အင်္ဂါတစ်ခုခု ယှဉ်လာလျှင် စည်းစိမ်ဥစ္စာကို စွန့်၍ ခြေလက်အင်္ဂါကို ရွေးချယ်ကြခြင်းဖြစ်၏။ ခြေလက်အင်္ဂါတို့နှင့် အသက်ယှဉ်လာလျှင် ခြေလက်အင်္ဂါတို့ကို စွန့်၍ အသက်ကို ရွေးချယ်ကြခြင်းဖြစ်၏။ မသေဘူးဆိုလျှင် အသက်ကလွဲ၍ ကျန်သည့်အရာများကို စွန့်လွတ်ရန် ၀န်မလေးတတ်ကြပေ။ ဤသည်တို့မှာ သေရမည်ကို ကြောက်ကြသောကြောင့်ပင် ဖြစ်၏။ သာမန်သူများ မဆိုထားဘိ လောကတွင် ဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရသဖြင့် မခံစားနိုင်ဖြစ်ပြီး မိမိကိုယ်ကို သတ်သေရန် ကြိုးစားကြသည့် သူများပင်လျှင် လက်တွေ့သေကြရမည် ဆိုသောအခါ ကြောက်လန့်မှု ဖြစ်ကြသေး၏။

ကြားဖူးသည့် ပုံပြင်လေး တစ်ခုရှိ၏။ ရှေးတုန်းက ကျေးရွာတစ်ရွာတွင် အလွန်ဒုက္ခဆင်းရဲ ဖြစ်သဖြင့် မိမိကိုယ်ကို ဆွဲကြိုးချသေရန် ကြိုးစားသည့် သူတစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူသည် မိမိကိုယ်ကို သတ်သေရန် ကြိုးအရှည်တစ်ချောင်းကို ယူကာ ရွားထိပ်က သစ်ပင်ကြီးရှိရာ အရပ်သို့ သွား၏။ သစ်ပင်ရှိရာသို့ ရောက်သည့်အခါ ကြိုးတစ်စကို သစ်ပင်၏သစ်ကိုင်း တစ်ခုတွင် ချည်ပြီး ကျန်တစ်စကို မိမိ၏ လည်ပင်းတွင် ချည်ကာ သစ်ပင်ပေါ်မှ ခုန်ချလေ၏။ သို့သော် မည်သို့ပင် ကြိုးစားကြိုးစား ဘာမျှမဖြစ်ဘဲ အသက်ရှင်လျှက်သာရှိ၏။ စင်စစ် ထိုသို့ဖြစ်ခြင်းမှာ သူ၏ကြိုးမှာ သစ်ကိုင်းနှင့် မြေကြီးထက်နှစ်ဆလောက် ရှည်နေသောကြောင့် ဖြစ်၏။ ထို့ကြောင့်လည်း ခုန်ချတိုင်း ကြိုးစက မြေကြီးပေါ်တွင် ပုံလျက်သားဖြစ်ကာ မသေခြင်းဖြစ်၏။ ထိုအချင်းအရာကို မြင်းစီးပြီး တစ်နေရာသို့ ခရီးသွားသည့် သူတစ်ယောက်က တွေ့ကာ ``ဟေ့လူ… ဘာလုပ်နေတာလဲ`` ဟု မေး၏။ ထိုအခါ သစ်ပင်ပေါ်မှ သူက ``ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေမလို့ပါ။ ဒါပေမယ့် ဘယ်လိုဖြစ်မှန်း မသိ၊ သေလို့ကို မရဘူးဖြစ်နေတယ်``ဟု ပြန်ပြော၏။ ထိုအခါ ခရီးသွားက အခြေအနေကို ကြည့်ပြီး ``ဟာ… ခင်ဗျားနှယ်… အ ရန်ကော… ခင်ဗျားလုပ်တာက ဟုတ်မှမဟုတ်ဘဲ… လာဆင်းခဲ့ ကျွန်တော်ပြမယ် သေသေချချာကြည့်`` ဟု ဆိုကာ သေကြောင်းကြံမည့် သူဆီမှ ကြိုးကိုယူပြီး သူကိုယ်တိုင် သစ်ပင်ပေါ်တက်သွားကာ အောက်ကလူကို ``ဟေ့လူ… ဒီမှာ ကျုပ်ပြမယ် သေသေချချာကြည့်.. ခင်ဗျားဟာက ကြိုးရှည်နေလို့ ဖြစ်တာ၊ ကြိုးကို ဒီလိုတိုအောင် ဖြတ်၊ ပြီးရင် ဒီလို လည်ပင်မှာ ချည်ပြီး ဒီလိုခုန်ချရတယ်..`` ဟု ဆိုကာ သူ့လည်ပင်းကို ကြိုးကွင်းစွပ်ကာ သူကိုယ်တိုင် ခုန်ချပြလိုက်၏။ အပြကောင်းသည့် ခရီးသွားကား တစ်ခါတည်း မိမိကိုယ်ကို မိမိသတ်သေပြီး ဖြစ်သွားလေ၏။ ထိုအခြင်းအရာကို မြင်သည့်အခါ အမှန်တကယ် မိမိကိုယ်ကို သတ်သေရန် ကြိုးစားသည့် ရွာသားမှာ အလွန်အမတန် ကြောက်လန့်ပြီး ``ဟာ… သေတာဟာ ကြောက်စရာကြီးပါလား…`` ဟု ရေရွတ်ပြီး မသေရဲတော့ဘဲ ကြောက်အားလန့်အား ရွာထဲပြန်ဝင် ပြေးသွားလေ၏။ ဤပုံပြင်လေးသည် ဟာသဆန်ဆန် ပုံပြင်လေးဖြစ်သော်လည်း တစ်ဘက်က ကြည့်ပါက အမှန်တကယ် သေချင်ကြသည့် သူများပင်လျှင် လက်တွေ့သေရမည် ဆိုသောအခါ ကြောက်လန့်တတ်ကြကြောင်း သွယ်ဝိုက်ပြီး နားလည်သဘောပေါက်နိုင်၏။ ထို့ကြောင့် သေရမည်ကို မကြောက်သည့်သူ မရှိဟု ပြောဆိုကြခြင်း ဖြစ်၏။

သို့သော် သေမှာမကြောက်သူများသည် အမှန်ပင်ရှိ၏။ မည်သို့သော သူများသည် သေမှာမကြောက်ကြကြောင်း ဗုဒ္ဓစာပေတွင် ဘုရားရှင်ကိုယ်တော်တိုင် ဟောကြားတော်မူထားသည်များ ရှိ၏။ အင်္ဂုတ္တရနိကာယ်၊ စတုက္ကနိပါတ် ပါဠိတော် အဘယသုတ်တွင် သေမှာမကြောက်သည့် ပုဂ္ဂိုလ်လေးယောက် ရှိကြောင်း မြတ်ဗုဒ္ဓဟောတော်မူထား၏။ ဤတရားတော်သည် ဇာဏုေဿာဏီ အမည်ရှိသော ပုဏ္ဏားကြီး၏ မေးမြန်းလျှောက်ထားချက်ကို မြတ်စွာဘုရားရှင်မှ ဖြေကြားဟောထားခြင်းဖြစ်၏။ ဤအဘယသုတ်တွင် သေမှာကြောက်သည့်သူများ နှင့် သေမှာ မကြောက်သည့် သူများကို ဟောတော်မူထားသော်လည်း ဤနေရာတွင် သေမှာမကြောက်သူများကိုသာ တင်ပြလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေမှာမကြောက်သူများကို တင်ပြလိုက်ကာမျှဖြင့် အပြန်အားဖြင့် သေမှာကြောက်သည့် သူများကိုလည်း အလွယ်တကူ နားလည်နိုင်မည် ဖြစ်သောကြောင့်ပင် ဖြစ်၏။

မြတ်စွာဘုရားရှင်မှ ပုဏ္ဏားကြီးအား
``- ပုဏ္ဏား… ဤလောက၌ အချို့သောသူသည် ကာမဂုဏ်တို့၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကာမဂုဏ်တို့သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကာမဂုဏ်တို့ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် ကိုယ်၌ ရာဂကင်း၏။ ဆန္ဒကင်း၏။ ချစ်မြတ်နိုးခြင်းကင်း၏။ မွတ်သိပ်ခြင်းကင်း၏။ ပူပန်ခြင်းကင်း၏။ တဏှာကင်း၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ချစ်ခင်ဖွယ် ကိုယ်သည် ငါ့ကိုဧကန် စွန့်ကြလိမ့်မည်၊ ငါသည်လည်း ချစ်ခင်ဖွယ်ရာ ကိုယ်ကို စွန့်ရတော့မည်``ဟု (မိမိကိုယ်ကို) အကြံမဖြစ်။ မစိုးရိမ်။ မပင်ပန်း။ မငိုကြွေး။ ရင်ဘက်စည်တီး မမြည်တမ်း။ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် မကောင်းမှုကို မပြု။ ကြမ်းကြုတ်မှုကို မပြု။ ညစ်နွမ်းမှု အကုသိုလ်ကို မပြု။ ကောင်းမှုကို ပြုပြီးဖြစ်၏။ ကုသိုလ်ကို ပြုပြီးဖြစ်၏။ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးဖြစ်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် မကောင်းမှုကို မပြု၊ ကြမ်းကြုတ်မှုကို မပြု၊ ညစ်နွမ်းမှုကို မပြု၊ ကောင်းမှုကို ပြုပြီးပြီ၊ ကုသိုလ်ကို ပြုပြီးပြီ၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးပြီ၊ အချင်းတို့ စင်စစ် မကောင်းမှုကို မပြုသော၊ ကြမ်းကြုတ်မှုကို မပြုသော၊ ညစ်နွမ်းမှုကို မပြုသော၊ ကောင်းမှုကို ပြုပြီးသော၊ ကြောက်မက်ဖွယ်မှ တားမြစ်ရေးကို ပြုပြီးသော သူတို့၏ လားရာဂတိ ဟူသမျှသို့ ဘ၀နောင်ခါ ငါလားရတော့အံ့ တကား``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။
- ပုဏ္ဏား… နောက်တစ်မျိုးကား.. ဤလောက၌ အချို့သောသူသည် သူတော်ကောင်းတရား၌ မယုံမှား။ ဝေခွဲနိုင်၏။ ဆုံးဖြတ်နိုင်၏။ ထိုသူသို့ ပြင်းပြသော ရောဂါအနာ တစ်မျိုးမျိုး ကျရောက်သောအခါ ``ငါသည် စင်စစ် သူတော်ကောင်းတရား၌ မယုံမှား၊ ဝေခွဲနိုင်၏၊ ဆုံးဖြတ်နိုင်၏``ဟု (မိမိကိုယ်ကို) အကြံဖြစ်၏။ ထိုသူသည် မစိုးရိမ်၊ မပင်ပန်း၊ မငိုကြွေး၊ ရင်ဘက်စည်တီး မမြည်တမ်း၊ ပြင်းစွာတွေဝေခြင်းသို့ မရောက်။ ပုဏ္ဏား… သေခြင်းသဘောရှိသည် ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိတ်လန့်ခြင်းသို့ မရောက်သော သူဟူသည် ဤသူပင်တည်း။ ပုဏ္ဏား… သေခြင်းသဘောရှိသည်ဖြစ်လျက် သေခြင်းမှ မကြောက်သော၊ ထိန်လန့်ခြင်းသို့ မရောက်သော သူတို့သည် ဤလေးမျိုးတို့တည်း`` ဟု မိန့်တော်မူ၏။

အထက်ပါ ဟောကြားချက်တွင် မြတ်ဗုဒ္ဓမှ သေမှာ မကြောက်သည့် ပုဂ္ဂိုလ်လေးမျိုးကို ခွဲခြားဟောကြားတော် မူထားသည်ကို ဖတ်ရှုကြည်ညိုနိုင်ကြမည် ဖြစ်၏။ ထိုဟောကြားချက်ကို အနှစ်ချုပ် အလွယ်နားလည်အောင် ကောက်ချက်ချပြရလျှင် သေမှာ မကြောက်သူတို့ဟူသည်
၁။ ကာမဂုဏ်တို့၌ တပ်မက်မှုရာဂ၊ တွယ်တာမှုသံယောဇဉ်၊ ဆာလောင်မွတ်သိပ်ပူပန်ခြင်း ကင်းသောသူ
၂။ ခန္ဓာကိုယ်၌ တွယ်တာနှစ်သက် တပ်မက်မှုတဏှာ ကင်းသောသူ
၃။ မကောင်းမှု အကုသိုလ်ကို မပြု၊ ကောင်းမှုကုသိုလ်ကို ပြုပြီးသောသူ
၎။ သူတော်ကောင်းတရား၌ ယုံမှားသံသယ မရှိသောသူ ဟူသော ဤလေးမျိုးတို့ပင် ဖြစ်ပါ၏။

မှန်၏။ စင်စစ် လူ့ဘ၀တွင် နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့သာ လိုက်နေကြသူများ၊ ``ငါ၊ င့ါခန္ဓာ``ဟု စွဲလမ်းတပ်မက်မှု ရှိနေကြသူများ၊ ကုသိုလ်ကောင်းမှု မရှိ အကုသိုလ်များဖြင့်သာ အချိန်ကုန်နေကြသူများ၊ သူတော်ကောင်းတရားကို မသိနားမလည်သူများသည် သေခါနီးအခါကာလတွင် မိမိတို့ ဘ၀သံသရာအတွက် အားကိုးအားထားပြုစရာ တစ်စုံတစ်ခုမျှ မရှိသည့်အတွက် သေရမည်ဆိုသည့်အခါ ကြောက်ကြခြင်းဖြစ်၏။ အပြန်အားဖြင့် အသက်ရှင်နေသည့်အခိုက် ကာမဂုဏ်အာရုံများ နောက်သို့မလိုက်သူ၊ ငါ၊ ငါ့ခန္ဓာဟု တပ်မက်စွဲလမ်းမှု မရှိသူ၊ အကုသိုလ်ကိုပြုခြင်းမရှိ ကုသိုလ်များဖြင့်သာနေသူ၊ သူတော်ကောင်းတရားကို သိရှိနားလည် လိုက်နာကျင့်ကြံနေသူများ အတွက်ကား မိမိတို့သံသရာအတွက် ရိက္ခာအပြည့်ထုတ်ပြီး ဖြစ်သဖြင့် ယခုဘ၀သေရမည့် အရေးတွေးပြီး ကြောက်စရာမလိုကြခြင်း ဖြစ်၏။ အထူးသဖြင့် မဟုတ်သည့်အရာများ၊ မကောင်းသည့်အမှုများကို ပြုလုပ်ထားခြင်း မရှိကြသည့်အတွက် မိမိကိုယ်ကိုမိမိ ယုံကြည်မှုအပြည့် ရှိနေပြီး မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ မည်သို့သော အရာမျိုးကိုမှ ကြောက်လန့်တုန်လှုပ်မှု မရှိနိုင်တော့ပေ။

ထို့အပြင် သေခြင်းတရားနှင့် ပတ်သက်၍ ဓမ္မပဒ၊ အပ္ပမာဒ၀ဂ်၊ သာမာဝတီဝတ္ထုတွင် မြတ်ဗုဒ္ဓဟောတော်မူထားသည့် တရားတစ်ပုဒ်ကိုလည်း သတိရမိ၏။ မြတ်ဗုဒ္ဓက သာမာဝတီကို အကြောင်းပြု၍ အောက်ပါဂါထာ တစ်ပုဒ်ဖြင့် သတိပေးစကား ဟောကြားခဲ့၏။
``အပ္ပမာဒေါ အမတံ ပဒံ၊ ပမာနော မစ္စုနော ပဒံ၊
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။`` ဟူသော ဤတရားဂါထာ၏ ဆိုလိုရင်းမှာ ``မမေ့လျှော့ခြင်းသည် သေခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်ပြီး မေ့လျှော့ပေါ့ဆခြင်းသည် သေခြင်း၏ အကြောင်းဖြစ်၏။ မမေ့မလျှော့ နေကြသူများသည် သေခြင်းကင်းသူများနှင့် တူကုန်ပြီး မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေကြသူများသည် အသက်ရှင်နေသော်လည်း သေနေကြသူများနှင့် တူကြကုန်၏။`` ဟူ၍ဖြစ်၏။

ဓမ္မပဒလာ ထိုတရားစကားသည် မြတ်ဗုဒ္ဓနေ့စဉ် မိန့်တော်မူနေကြဖြစ်သည့် အပ္ပမာဒေန သမ္ပာဒေထ - မမေ့မလျော့ မပေါ့မဆသော သတိတရားနှင့် ပြည့်စုံအောင်နေကြ ဟူသော မိန့်မှာချက်ကို ထပ်ဆင့်အထူးပြု သတိပေးထားသကဲ့သို့ ဖြစ်၏။ မြတ်ဗုဒ္ဓ၏ ဤမိန့်မှာချက်ကို ဆက်စပ်ယူလိုက်လျင် အထက်တွင်ဖော်ပြခဲ့သည့် သေမှာမကြောက်သူများ ပြည့်စုံရမည့် အချက်များနှင့် ပြည့်စုံသူများအား မမေ့မလျော့ မပေါ့မဆ နေကြသူများအဖြစ် ညွှန်ပြနိုင်မည်ဖြစ်ပြီး သေမှာမကြောက်သူများဟူသည် သတိရှိကြသူများပင်တည်းဟု ကောက်ချက်ချနိုင်မည် ဖြစ်၏။

ထို့ကြောင့် လောကတွင် သေရမည်ကို လူတိုင်းကြောက်ကြသည် ဆိုသော်လည်း သေမှာမကြောက်သည့် သူများလည်း ရှိသည်ကို အထက်ဖော်ပြပါ မြတ်ဗုဒ္ဓ ဟောတော်မူချက်များက သက်သေပြုနေပြီး ဖြစ်သဖြင့် မိမိတို့ ယခုလက်ရှိဘ၀တွင် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန်၊ သေရမည့်အရေး တွေးကြောက်စရာ မလိုသည့် သေမှာမကြောက်သူများ ဖြစ်စေရန် အချိန်ရှိခိုက် သတိစိုက်၍ ကြိုးစားကြရန်သာ လိုအပ်ပေတော့၏။ ထိုသို့ ကြိုးစားကြရန်လည်း တိုက်တွန်းလိုပါ၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရေး ဧကန်မုချ လာနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

Read more »

လူပျို၊ လူလွတ်များ သာသနာ့ဘောင်မ၀င်ရင် ကုသိုလ်ရဖို့အတွက် အိမ်ထောင်ပြုသင့်သလား… ကုသိုလ်လည်းရ မိတ်ဆွေလည်းပေါဖို့ ဘယ်လိုလုပ်သင့်ပါသလဲ…

A. ဘုန်းဘုန်း
တပည့်တော် စီဘောက်ကနေ မေးရင် မသင့်တော်ဘူးထင်လို့ အီးမေးနဲ့ပဲ တိုက်ရိုက် မေးပါတယ်။
(၁) ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး သီလရှင် မဝတ်နိုင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါမှ ကုသိုလ်ရတယ်ဆိုတာ မှန်မမှန် သိချင်လို့ပါ။ ရေးသားတဲ့ ဦးဇင်းက သင်္ဂါလောဝါဒသုတ်ပါ ဘုရားရှင် အဆုံးအမ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အိမ်ထောင်မရှိသေးသူများ ရိုးရိုးငါးပါးသီလထဲက ကာမေသု နေရာမှာ အဗြဟ္မစရိယာ ဝေရာမဏိ ဆိုပြီး စောင့်ထိန်းရင် ဗြဟ္မစရိယ ငါးပါးသီလ ဖြစ်တဲ့အတွက် ပိုပြီး မွန်မြတ်တယ်ဆိုတဲ့ ဆရာတော်တစ်ပါးရဲ့ ရေးသားချက်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က တပည့်တော် ဖတ်ရှုရပြီး အဲဒီကတည်းက စောင့်ထိန်းလာခဲ့တာ ချချင်စိတ် မရှိတော့ပါ။ သန့်ပြန့်တဲ့ အဝတ် ဝတ်ရရင် အဝတ်ညစ် မဝတ်ချင်တော့သလိုမျိုး အကျင့်ဖြစ်သွားတဲ့ သီလတစ်ခုကို မပယ်စွန့်ချင်တော့ဘူး ဖြစ်သွားပါတယ်။ အခု လူပျိုကြီး အပျိုကြီးဝတ်ရယ်လို့ ဘုရားဟောထားတာ မရှိ၊ ဘုန်းကြီး သီလရှင် မဝတ်ချင်ရင် အိမ်ထောင်ပြု ဆိုတဲ့ အဆုံးအမကို ဖတ်ရတော့ တပည့်တော် ထိန်းသိမ်းလာတာနဲ့ ပြောင်းပြန် ဖြစ်နေပါတယ်။ အရှင်ဘုရားထံက အဆုံးအဖြတ်ကို လိုချင်ပါတယ်။


တပည့်တော်ကို သူငယ်ချင်းတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းပါတယ်။ ပြုဖို့ စကားစလာတာ၊ အောင်သွယ်လာတာ အားလုံးကို တပည့်တော် ငြင်းခဲ့ပါတယ်။ ရိပ်သာဝင် တရားအားထုတ်ပြီး ပြန်ထွက်လာတော့ ပိုပြီး ဒီကိစ္စကို ဘယ်လိုမှ စိတ်ဝင်စားလို့မရ ဖြစ်သွားပါတယ်။ တပည့်တော်အတွက်တော့ တရားထိုင်တာနဲ့ အဗြဟ္မစရိယ ဒီနှစ်ခုကို ဘယ်လိုမှ တွဲလုပ်လို့ ရမယ် မထင်ပါ။
သားသမီး မွေးတာ သာသနာပြုကုသိုလ် ဖြစ်တယ်လို့ ဖတ်ရပါတယ်။ တပည့်တော် တရားဓမ္မအရာမှာ အရင့်ကျက်ကြီး မဟုတ်သေးပါ။ သို့သော်လည်း တတ်နိုင်သလောက်လေး လျှောက်နေတဲ့လမ်း ဖြစ်လို့ အိမ်ထောင်ပြု၊ သားသမီးတွေ မွေးမယ်ဆို ဒီလမ်းကို ဆက်မလျှောက်နိုင် ဖြစ်မှာကြောင့် ပြုချင်စိတ်၊ သားသမီး ယူချင်စိတ် မရှိပါ။ ဒါဟာ သင်္ဂါလောဝါဒသုတ်နဲ့ ဆန့်ကျင်ပါသလားဘုရား။

တပည့်တော် တရားအလုပ်ကို အနှောင့်အယှက် မဖြစ်အောင် အခန်းသီးခြား ငှားနေရပါတယ်။ သူငယ်ချင်းနဲ့ တွဲနေရင် သူက သီချင်းနားထောင်ချင်၊ တီဗွီဖွင့်ချင်ရင် ကိုယ်က တရားထိုင်နေတော့ သူလဲ အားနာ၊ သူ သွားချင်တဲ့ အရက်ဆိုင်လို နေရာတွေ ကိုယ်က အဖော်မလိုက်ရင် ကြာတော့ အဖုအထစ်တွေ ဖြစ် မဖြစ်စေချင်လို့ တရားထိုင်တာ ဝိဝေကနဲ့ဆို ပိုလွတ်လပ် ဘာမှ အားမနာရလို့ပါ။ အပျော်အပါးမက်တဲ့ သူငယ်ချင်းတွေနဲ့တောင် အတူနေလို့ မရရင် အိမ်ထောင်သားမွေးမယ်ဆို မဖြစ်နိုင်ဘူးလို့လဲ မြင်ပါတယ်။ ဒါပေမယ့် ရေးသားတဲ့ ဆရာတော်ကလဲ တရားပြ ကမ္မဌာနာစရိယ ဖြစ်နေပါတယ်။
တပည့်တော် ဘဝနဲ့ လက်တွေ့ သက်ဆိုင်နေတဲ့ ကိစ္စြုဖစ်လို့ ဘုန်းဘုန်းထံမှ အမြင်ကို ရယူလိုပါတယ်။ ရှင်းပြပေးပါဘုန်းဘုန်း။

(၂) ရောမရောက်တိုင်း ရောမလို ကျင့်သင့် မကျင့်သင့် ဆောင်းပါးလဲ ဖတ်ရပါတယ်။ တပည့်တော် အရက်မသောက်၊ မကခုန်တတ်လို့ ကလပ်တွေ ဒစ်စကိုတွေ ဘားတွေ သူငယ်ချင်းတွေနဲ့ မသွားတော့ မိတ်ဆွေဖွဲ့စရာ သူများထက် နည်းပြီး တစ်ခါတစ်ရံ အထီးကျန် ဖြစ်ရပါတယ်။ အရက်မသောက်ရင် မရဘူး (ခင်မင်မှုကို အရက်ဝိုင်းမှာသာ ရှာရပြီး အရက်ဝိုင်းမှာသာ တစ်ချို့ အလုပ်စကားတွေ ပြောရလို့) ဆိုတဲ့ အကြံပေးစကားမျိုးလဲ ကြားရပါတယ်။ ကလပ်နဲ့ ဒစ္စကိုတွေ သွားရင် အရက်နဲ့ (မိန်းမ) အပျော်အပါးတွေ လုပ်ရတဲ့နေရာဆိုတော့ တတ်သမျှ မှတ်သမျှ စောင့်ထိန်းနေတဲ့ သီလကျိုးပဲ့သွားမှာ စိုးလို့ မလိုက်ရဲပါ။ သူငယ်ချင်းတွေ သွားတိုင်း မလိုက်ဘူး ငြင်းတော့ အခုတော့ မခေါ်တော့ပါဘူး။ မိတ်ဆွေအပေါင်းအသင်း နည်းပါးပြီး အထီးကျန် ဖြစ်လာမှာလဲ ကြောက်ပါတယ်။ ဘယ်လို လုပ်သင့်တယ် နည်းပေးစေလိုပါတယ်ဘုရား။ မိတ်ဆွေသူငယ်ချင်း တိုးပွားရရှိစေမယ့် တရား၊ နည်းလမ်းရှိရင် သိချင်ပါတယ်။

ရိုသေစွာဖြင့်
စိုင်းစိုင်း

Q. မေးခွန်းတွေကတော့ အတော်လေးကို အစွန်းလွတ်အောင် ဖြေပေးရမယ့် အနေအထားဖြစ်ပါတယ်။ မေးခွန်းရှင်များ အနေဖြင့် ဆရာတော်သံဃာတော်များ ဟောတဲ့တရားကိုပဲဖြစ်ဖြစ်၊ ရေးသားတဲ့ ဆောင်းပါးကိုပဲဖြစ်ဖြစ် နားယူဖတ်ရှုတဲ့အခါ အစအဆုံးနာယူဖတ်ရှုဖို့ လိုသလို ရှေ့နောက်ဆက်စပ် စဉ်းစားတတ်ကြဖို့လည်း လိုပါတယ်။ ဘုရားရှင်ရဲ့ တရားတော်တွေမှာလည်း အကြောင်းအရာ တစ်ခုတည်းကိုပဲ တစ်ခါတစ်ရံ နာယူတဲ့ဝေနေယျတို့ကို လိုက်ပြီးစကားလုံး ပရိယာယ်ပြောင်းလဲ ဟောကြားမှုတွေ ရှိတာကို ပိဋကတ်စာပေတွေမှာ တွေ့ရပါတယ်။ ထားပါတော့ ဒီနေရာမှာလည်း စကားလုံးများကို အတိအကျ တစ်ထစ်ချ စွဲယူမမှတ်သားစေလိုပါ။ မေးခွန်းရှင်ရဲ့ မေးလာတဲ့ မေးခွန်အရသာ နားလည်သလို ဖြေကြားပေးလိုက်ပါတယ်။ ဘယ်ဆရာတော် ဘယ်အရှင်ရဲ့ ဟောပြောရေးသားမှုကို ဆန့်ကျင်လို၍ မဟုတ်ကြောင်း ကြိုတင်ဝန်ခံပါရစေ။

(၁) ``ဗုဒ္ဓဘာသာဝင်တွေ ဘုန်းကြီး သီလရှင် မဝတ်နိုင်ရင် အိမ်ထောင်ပြုရမယ်၊ ဒါမှ ကုသိုလ်ရတယ်`` ဆိုတဲ့ အဓိပ္ပါယ်ကို ``လူဝတ်ကြောင်တွေ အိမ်ထောင်မပြုရင် မဖြစ်မနေ သာသနာ့ဘောင်ဝင်ရမယ်၊ မ၀င်ရင် လူ့ဘ၀နဲ့ ဘာကုသိုလ်မှမရဘူး၊ အလကားအချည်းနည်းပဲ၊ အိမ်ထောင်ပြုကိုပြုမှ ကုသိုလ်ရမယ်``ဆိုတဲ့ သဘောမျိုး မမှတ်ကြစေလိုပါ။ အိမ်ထောင်မပြုဘဲ လူဝတ်ကြောင်ဘ၀နဲ့ ကုသိုလ်ရအောင် နေလို့လုပ်လို့ ရပါတယ်။ လူ့ဘ၀မှာ နေတဲ့အခိုက်အတန့် အိမ်ထောင်ပြုခြင်း မပြုခြင်းက အဓိကမကျပါ။ အကုသိုလ်မဖြစ်အောင် နေခြင်း၊ မနေခြင်း၊ ကိုယ်ကျင့်သီလ ပြည့်စုံခြင်း၊ မပြည့်စုံခြင်း၊ လောကကြောင်းအရ ဖြည့်ကျင့်ရမယ့် ၀တ္တရားများ ကျေခြင်း၊ မကျေးခြင်း စတာတွေက အဓိကကျပါတယ်။ အိမ်ထောင်ပြုပြီး အပြစ်တွေ၊ အကုသိုလ်တွေ တစ်ပုံတစ်ပင်ကြီး ဖြစ်နေရင် ဘယ်လောက်ပဲ အိမ်ထောင်ပြုပြု ကုသိုလ်မရဘဲ အကုသိုလ်တွေသာ ရတတ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ အာသဝေါကုန်ပြီး နိဗ္ဗာန်ရရေးနဲ့ ကြည့်မယ်ဆိုရင် အိမ်ထောင်ပြုခြင်း မပြုခြင်းထက် သီလ၊ သမာဓိ၊ ပညာဝိပဿနာ ဘာဝနာ မည်မျှတိုးတက်မှုရှိတယ်၊ ကျင့်ကြံအားထုတ် နိုင်စွမ်းရှိတယ် ဆိုတာက ပိုပြီး အဓိကကျပါတယ်။

ပြီးတော့ ဘုရားရှင် ဟောတော်မူတဲ့ သိင်္ဂါလသုတ် (သိင်္ဂါလောဝါဒသုတ်) ကိုကြည့်မယ်ဆိုရင် လူဝတ်ကြောင် ဖြစ်တဲ့ သားသမီးများ၊ အိမ်ထောင်ရှင် လင်ယောက်ျား၊ ဇနီးမယားတို့ရဲ့ ကျင့်ဝတ်တွေကို အောက်ပါအတိုင်း ဟောထားတာကို တွေ့ရပါမယ်။
သားသမီးဝတ္တရား (၅)ပါး
၁။ မိဘတို့ကိုပြန်၍ ပြုစုလုပ်ကျွေး မွေးမြူခြင်း
၂။ မိဘတို့၏ အမှုကိစ္စကို ပြုလုပ်ပေးခြင်း
၃။ မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း
၎။ အမွေခံထိုက်အောင် ကျင့်ကြံလိုက်နာခြင်း
၅။ ကွဲကွာသေလွန်သော မိဘတို့၏အလို့ငှါ အလှူဒါနပြုလုပ်ပေးခြင်း
လင့်ဝတ္တရား (၅)ပါး
၁။ အမြတ်တနိုး ခေါ်ဆိုခြင်း
၂။ နှိမ့်ချ၍ မခေါ်ဆိုခြင်း
၃။ မိမိမယားတပါး အခြားမိန်းမတို့နှင့် မပျော်ပါးခြင်း
၎။ စားဖိုဆောင် အုပ်စိုးမှုကို လွဲအပ်ခြင်း
၅။ အ၀တ်တန်ဆာ ဆင်ပေးခြင်း
မယားဝတ္တရား (၅)ပါး
၁။ အမှုကြီးငယ်ကို ကောင်းစွာစီရင်ခြင်း
၂။ နှစ်ဘက်သော ဆွေမျိုးများအား ချီးမြှောက်ခြင်း
၃။ မိမိလင်မှတပါး အခြားယောက်ျားတို့နှင့် မပျော်ပါးခြင်း
၎။ ရှာဖွေစုစောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၅။ အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းမှကင်းခြင်း

ဒီဝတ္တရားတွေထဲမှာ ကြည့်ရင် မဖြစ်မနေ အိမ်ထောင်ပြုရခြင်း ဆိုတာ တိုက်ရိုက်ဟောထားတာ မရှိပါဘူး။ သားသမီးဝတ်ထဲမှာပါတဲ့ စောင့်လေမျိုးနွယ် ဆိုတဲ့ကျင့်ဝတ်ကို နားလည်မှု လွဲနေတာလို့ ဆိုရမလို ဖြစ်နေပါတယ်။ ဒီနေရာမှာ စောင့်လေမျိုးနွယ်ဆိုတာ အမျိုးအနွယ် မပျက်သုဉ်းအောင် အိမ်ထောင်ပြု သားသမီးတွေ အများကြီးမွေးပြီး ဆွေမျိုးအင်အားကို တောင့်တင်းအောင် လုပ်ခိုင်းတာထက် ပါဠိတော်မှာ တိုက်ရိုက်လာတဲ့ စကားက `` မိဘတို့၏ ဥစ္စာကို မပျောက်အောင် စောင့်ထိန်ခြင်း၊ အစဉ်အဆက်မှလာသော ကုသိုလ်ဝတ်ကိုပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေခြင်း`` ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒီအဓိပ္ပါယ်ကို ကြည့်ရင်ရှင်းပါတယ်။ အစဉ်အဆက် မိဘတို့ပြုလုပ်လာတဲ့ ကုသိုလ်ဝတ်တွေ၊ ကောင်းတဲ့လုပ်ရပ်တွေကို ကိုယ့်လက်ထက်၊ ကိုယ့်မျိုးဆက်လက်ထက်မှာ မပျောက်သွားအောင် ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ မိဘတို့ရဲ့ သီလ၊ သမာဓိ၊ ပညာလုံခြုံအောင် စောင့်ထိန်းသွားတဲ့ ပုံစံတွေအတိုင်း ကိုယ်လည်းသူတို့လို အကျင့်သီလကောင်းမွန်အောင် နေထိုင်ပြလိုက်ခြင်း စတာတွေကို ဆိုလိုတာပါ။

အိမ်ထောင်ပြုရင် ကုသိုလ်ရတယ်၊ သာသနာပြုရာ ရောက်တယ်ဆိုတဲ့ အချက်က ဘုရားရှင်လက်ထက်က ၀ိသာခါတို့ အနာထပိဏ်တို့လို လူပုဂ္ဂိုလ်များလို ဖြစ်စေချင်လို့ တင်စားတာမျိုးဆိုရင် ဖြစ်နိုင်တယ်လို့ တစ်ဘက်က တွေးလို့ရပါတယ်။ ၀ိသာခါတို့ကြတော့ သောတာပန်လည်း ဖြစ်နေ၊ စီးပွားရေးအရလည်း ပြည့်စုံနေပြီဆိုတော မြောက်များစွာသော သားသမီးမြေးမြစ်တွေနဲ့ ဘုရားကျောင်းကန် သွားနိုင်တဲ့အထိ မျိုးဆက်ကောင်းခဲ့ကြပါတယ်။ မွေးလာသမျှ သားသမီမြေးမြစ်တွေကိုလည်း သူလိုဖြစ်အောင် သွန်သင်ဆုံးမနိုင်ပါတယ်။ ဘုရားရှင်ရဲ့ အဆုံးအမတွေကို သူလိုတည်နိုင်အောင် မျိုးနွယ်ဆက်ကို ဆက်ခံစေပါတယ်။ အဲလိုမျိုး လုပ်နိုင်မယ်ဆိုရင်တော့ အိမ်ထောင်ပြု၊ သားသမီးမွေးတာဟာ သာသနာပြုရာ ရောက်ပါတယ်။ ဒီလိုမဟုတ်ဘဲ သာသနာကို ဖျက်မဲ့၊ မိဘကိုဆော်ကားမဲ့၊ အမျိုးကို ဖျက်မဲ့သားသမီး မွေးပေးလိုက်မယ်ဆိုရင် သာသနာပြုရာ မရောက်နိုင်ပါဘူး။

သိင်္ဂါလသုတ်ဆိုတာ သိင်္ဂါလသတိုးသားကို အကြောင်းပြုပြီး နောင်းလူများ လောကကျင့်ဝတ်များ ကျေအောင်ကျင့်ဆောင်နိုင်ဖို့နဲ့ ထိုမှတစ်ဆင့် သုဂတိဘ၀၊ သုဂတိဘ၀မှတစ်ဆင့် မဂ်ဖိုလ်နိဗ္ဗာန်အထိ တက်လှမ်းနိုင်စေလိုသော ရည်ရွယ်ချက်များ လောကကောင်းကျိုးကို ရှေးရှုဟောကြားထာတာလည်း ဖြစ်နိုင်ပါတယ်။ ဒီကျင့်ဝတ်တွေနဲ့ ညီညွှတ်ချင်လို့ အိမ်ထောင် မပြုချင်ဘဲ လောကီအလုပ်တွေ မလုပ်ချင်ဘဲ လုပ်ရတဲ့ပုံစံမျိုး မဖြစ်သင့်ပါဘူး။ အိမ်ထောင်မပြုဘဲ ကုသိုလ်ရအောင်၊ သာသနာပြုနိုင်အောင် မိမိရဲ့ကိုယ်ကျင့်သီလများကို လုံခြုံအောင်ထိန်း၊ ၀ိပဿနာတရားများ ရအောင်ကြိုးစားပြီး ကိုယ်သိထားတာတွေကို အခြားသူများ သိအောင်ပြန်လည် ဖြန့်ဝေဟောပြောကာ အခြားသူများကိုပါ သာသနာတည်စေမယ်ဆိုရင် သာသနာပြုရာ ရောက်ပါတယ်။ ဘုရားဟော ဇာတ်တော်တွေထဲမှာ ကြည့်မယ်ဆိုရင် အလောင်းတော်များဟာ အိမ်ထောင်မပြုဘဲ တောထွက်ကာ ရသေ့ရဟန်းပြုကြတဲ့ သာဓကများ၊ မိဘများ မရှိတဲ့နောက်မှာ မိဘရဲ့ ကျန်ခဲ့တဲ့ အမွေတွေကို လှူဒါန်းပြီး တောထွက်ကာ တစ်ကိုယ်တည်း တရားဓမ္မကျင့်ကြံ နေထိုင်သွားကြတဲ့ သာဓကတွေ ရှိပါတယ်။ ကျန်တဲ့အကြောင်းများကို မပြောဘဲ ဗုဒ္ဓဘာသာရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ကိလေသာကုန်ခမ်းပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရေးလမ်းစဉ်မှာ အိမ်ထောင်ပြုပြီး ကုသိုလ်ရစေတာထက် သီလသမာဓိပညာ ၀ိပဿနာဘာဝနာတရား အားထုတ်၍ ကိလေသာ အာသဝေါ ကုန်ခမ်းအောင်လုပ်တာက ပိုပြီးအရေးကြီးတာ ဖြစ်တဲ့အတွက် အိမ်ထောင်ရှင်ဖြစ်စေ၊ အိမ်ထောင်ရှင် မဟုတ်တဲ့သူတွေဖြစ်စေ အဓိကကတော့ လူ့ဘ၀ရတဲ့အခိုက်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် ကြိုးစားအားထုတ်လိုက်ခြင်းက ပိုပြီးကောင်းပါတယ်လို့ပဲ ဘုန်းဘုန်းရဲ့ ကိုယ်ပိုင်အမြင်ကို ပြောလိုပါတယ်။

(၂) မိတ်ဆွေအပေါင်းအသင်း ပေါခြင်း၊ မပေါခြင်းဟာ လောကဓံတွေပါ။ တစ်ခါတစ်ရံ မိတ်ဆွေအပေါင်းအသင်း မရှိ တစ်ယောက်တည်းဖြစ်နေခြင်းက တရားအားထုတ်တဲ့သူ၊ ဘာသာရေးလိုက်စားတဲ့ သူတွေအတွက် ပိုပြီးကောင်းတဲ့ အနေအထား ရှိပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ ကောင်းတဲ့ဘက်မှာ အကူအညီ ဖြစ်စေတာ၊ ကောင်းအောင်သွန်သင်ဆုံးမပေးတာ၊ ပစ္စုပ္ပန်သံသရာ ကောင်းအောင်လုပ်ပေးတာကို ဆိုလိုတာ ဖြစ်တဲ့အတွက် မကောင်းတဲ့ မိတ်ဆွေအပေါင်းအသင်း ပေါများတာထက် အဲလိုမကောင်းတဲ့ မိတ်ဆွေမျိုးမရှိ တစ်ယောက်တည်း ဖြစ်ခြင်းက ပိုကောင်းပါတယ်။ အဲလိုမှ မဟုတ် ကောင်းတာတွေလည်း လုပ်ချင်တယ် မိတ်ဆွေအပေါင်းအသင်းလည်း ရှိချင်တယ်ဆိုရင်တော့ ကိုယ်နဲ့စိတ်တူ၊ ကိုယ်တူ၊ အကျင့်စာရိတ္တတူ၊ ၀ါသနာတူတဲ့သူတွေကို ရှာဖွေပေါင်းသင်းပါဟု အကြံပြုပါရစေ။ မိတ်ဆွေအပေါင်းအသင်း ပေါစေဖို့အတွက်တော့ ကိုယ်ကျင့်သီလကို အပျက်မခံပါနဲ့လို့ တိုက်တွန်းလိုပါတယ်။

Read more »

ကြောက်လန့်ဖွယ်ရာ ချက်ရောဂါ…

ဘုန်းဘုန်းတို့ အခုခေတ်မှာ ရှေးတုန်းက မပေါ်ခဲ့သေးတဲ့ ရောဂါဆိုးတွေ တော်တော်လေး များပြားလာတာကို တွေ့ရပါတယ်။ အနာမျိုး ၉၆ပါးမှာ မပါတဲ့ ကြောက်စရာ ရောဂါတွေ ပေါ်လာတာကို တွေ့နေရပါတယ်။ အဲဒီထဲက ကြောက်လန့်စရာ ရောဂါတစ်ခုအဖြစ် လူတွေကို ဖမ်းစားဖျက်ဆီးနေတဲ့ ရောဂါတစ်ခုကတော့ အေ့ဒ်စ် ရောဂါဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ အခုတစ်လော အဲဒီအေ့ဒ်စ် ရောဂါအပြင် နောက်ထပ်ကြောက်စရာ ရောဂါတစ်ခု ပေါ်လာပြန်ပါတယ်။ အဲဒါက ချက်ရောဂါပါ။ ချက်ရောဂါဆိုလို ဟိုတွေးဒီတွေး မတွေးလိုက်ကြပါနဲ့။ ၀မ်းဗိုက်အလယ် ချက်မှာဖြစ်တဲ့ ရောဂါကို ပြောတာမဟုတ်ပါဘူး။ အွန်းလိုက်အင်တာနက်က တစ်ဆင့်ချက်ကြတဲ့ chatting ရောဂါပါ။ ဘုန်းဘုန်းတို့ ပရိတ်သတ်တွေကော အဲဒီရောဂါ စွဲနေကြပြီလား…။ ဘုန်းဘုန်းတော့ ဒီရောဂါမဖြစ်အောင် ဂျီတော့ခ်တောင် မလုပ်ဖြစ်ပါဘူး။ အစလုပ်မိရင် ရောဂါကူးစက်ခံရမှာ စိုးလို့ပါ…။

အားလုံးသိပြီးတဲ့ အတိုင်းပဲ ခေတ်ကာလက သိပ္ပံခေတ်ဆိုတော့ ကမ္ဘာကြီးဟာ ရွာလိုဖြစ်သွားပြီး ဘာမဆို မရနိုင်တာ၊ မရောက်နိုင်တာ မရှိလောက်အောင် တိုးတက်နေပါတယ်။ ဒီအထဲမှာ ချက်တင်းလုပ်ခြင်းဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းတို့ မြန်မာပြည်သားများနဲ့ မြန်မာပြည်အတွက် ကတော့ ပိုပြီးပေါ်ပြူလာဖြစ်နေသလို ခေတ်စားနေတဲ့ အလုပ်တစ်ခုဖြစ်နေပါတယ်။ လူငယ်များကြားမှာ ချက်တင်းမလုပ်တတ်ရင် မလုပ်ရင်ကိုဘဲ ခေတ်နောက်ကျနေသလို ဖြစ်လာပါတယ်။ တစ်ချို့လည်း မြန်မာမှသည် ကမ္ဘာသို့ ဆိုတဲ့ရည်ရွယ်ချက် ကြီးမားစွာဖြင့် ချက်တင်းလုပ်လာကြပါတယ်။ အင်တာနေရှင်နယ် အဖြစ် ကမ္ဘာအရပ်ရပ်မှာ ရှိတဲ့လူမျိုးပေါင်းစုံနဲ့ ချိတ်ဆက်ကာ ချက်တင်းလုပ်လာကြပါတယ်။ ဘုန်းဘုန်းအမြင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ တစ်ခြားလူမျိုးတွေနဲ့ ချက်တင်းလုပ်တာထက် အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာအရပ်ရပ်ကို ရောက်နေတဲ့ ကိုယ့်ရွှေမြန်မာအချင်းချင်းပဲ လုပ်တာများပါတယ်။

ချက်တင်းလုပ်တာ မကောင်းဘူးလား… ဘာဖြစ်လို့ ရောဂါလို့ ပြောတာလဲ…လို့ မေးစရာရှိပါတယ်။ ကောင်းပါတယ်။ ကောင်းတာတွေအများကြီးရှိပါတယ်။ ချက်တင်းလုပ်ရင်း မိတ်ဆွေအပေါင်းအသင်းတွေ တိုးပွားလာပါတယ်။ မသိရတာလေးတွေ သိလာရပါတယ်။ အွန်လိုင်း ချက်တင်းလုပ်ရင်း ဘာသာရေး၊ လူမှုရေး စတာတွေ ဆွေးနွေးခွင့်ရလို့ အသိပညာ ဗဟုသုတတွေ တိုးပွားလာပါတယ်။ ဒါတွေဟာ ချက်တင်းလုပ်လို့ ရလာတဲ့ ကောင်းကျိုးတွေပါ။ အဲဒီလို ရည်ရွယ်ချက်တွေနဲ့ ချက်တင်းလုပ်တဲ့သူတွေ အတွက်တော့ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်ပါတယ်။ ဒီလိုရည်ရွယ်ချက်တွေနဲ့ ချက်တင်းလုပ်နေတဲ့သူတွေကိုလည်း ဆက်လုပ်ဖို့ တိုက်တွန်းပါတယ်။ အလုပ်ပျက် အကိုင်ပျက်၊ အအိပ်ပျက်၊ အစားပျက် မဖြစ်ရင်ပေါ့…

ဒါပေမယ့် တစ်ချို့က အဲဒီလို မဟုတ်ပါဘူး။ ချက်တင်းလုပ်ရင်း လူရှာနေကြတာတွေပါ။ မြန်မာပြည်တွင်းမှာ ရှိနေတဲ့သူတွေရော ပြည်ပမှာရောက်နေတဲ့ သူတွေပါ အွန်လိုင်းကနေပြီး လူရှာနေကြတယ်ဆိုတာ သိတဲ့သူတွေ သိကြပါတယ်။ ကောင်းတဲ့ရည်ရွယ်ချက်တွေနဲ့ ရှာရင်တော့ ကောင်းတာပေါ့။ အဲလိုမှ မဟုတ်ဘဲ အပျော်သဘောနဲ့ မဟုတ်တာကို အဟုတ်လုပ်ပြီး လိမ်ညာပြောဆိုကာ အဖော်ရှာတဲ့ပုံစံမျိုး ဆိုရင်တော့ မကောင်းပါဘူး။ အထူးသဖြင့် ပြည်တွင်းမှာရှိတဲ့ မြန်မာအမျိုးသမီးငယ်လေးတွေ အထူးသတိထားရမယ့် အချက်ပါ။ သူတို့ကလည်း သူတို့ပါပဲ။ ပြည်တွင်းမှာ ရှိနေတာဖြစ်တဲ့အပြင် အသိပညာ ဗဟုသုတကလည်း နည်းဆိုတော့ အသံလွှင့်ဌာနတွေက လွှင့်တာလေးတွေကိုကြည့်ပြီး ပြည်ပနိုင်ငံတွေကို အရမ်းကို အထင်ကြီးနေတော့တာပါ။ အထူးသဖြင့် ဂျပန်၊ ကိုရီးယားက ဆိုပြီးရော… စုပြီးအွန်လိုင်း ချက်တင်းပေါ် တက်လာကြတော့တာပါပဲ။ တစ်ဘက်လူက ဟိုမှာဘာလုပ်ရတယ်၊ ဘယ်လိုအခြေအနေ ရှိတယ်၊ အိမ်ထောင်ရှိလား၊ လူလွတ်လား စတာတွေ ခေါင်းထဲသိပ်မထည့်ကြတော့ပါဘူး။ ဒီဘက်ကလူကလည်း အစတော့ အပျော်သဘောနဲ့ ဟိုပြောဒီပြော ပြောရင်း နောက်စိတ်ပါလာကာ မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ပြောဖြစ်ရာက မထူးဇာတ်ခင်းကာ ဆက်ပြီးလိမ်ညာ ပြောဆိုဖြစ်သွားကြပါတယ်။ ဆိုးတာက ကိုယ်တကယ် အိမ်ထောင်ရှိ၊ သားသမီးရှိပါလျက်နဲ့ လူပျိုလူလွတ်ပုံစံမျိုးနဲ့ တစ်ဘက်ပြည်တွင်းမှာ ရှိတဲ့သူ၊ ဒါမှမဟုတ် ပြည်ပမှာ ရောက်နေတဲ့သူတွေကို လှည့်စားပြောဆိုနေ ကြတာတွေပါ။ တကယ်တော့ ဒါတွေဟာ အစကတော့ အပျော်သဘောပါ။ နောက်တော့ အပျော်ကနေ အတည်ဖြစ်လာတဲ့အခါ ပြဿနာဖြစ်လာတတ်ပါတယ်။

ဘုန်းဘုန်းတို့နဲ့ သိတဲ့ဒကာလေးတစ်ယောက် ရှိပါတယ်။ သူ့အကြောင်းပြောရတာ မကောင်းပေမယ့် တစ်ခြားသူတွေ သင်ခန်းစာ ယူလို့ရအောင် ပြောပြလိုပါတယ်။ သူက အိမ်ထောင်ရှိပါတယ်။ သမီးလေး တစ်ယောက်လည်း ရှိပါတယ်။ ပြည်ပမှာရောက်နေတာ ကြာတော့ မိသားစုလွမ်းတာရော သမီးလေး သတိရတာရော စိတ်ဖိစီးတာတွေရော စတာစတာတွေ ပြေပျောက်ဖို့ သူဟာ အင်တာနက်အွန်းလိုင်းပေါ် ချက်တင်းဝင်လုပ်မိပါတယ်။ အဲလိုလုပ်ရင်း ပြည်ပမှာ ရောက်နေတဲ့ မြန်မာမိန်းကလေး တစ်ဦးနဲ့ အွန်လိုင်းချက်တင်းမှာ တွေ့ဖြစ်ကြပါတယ်။ အစတော့ ရိုးရိုးသားသား ပြောကြဆိုကြတာပါ။ နောက်တော့ ယောက်ျားလေးနဲ့ မိန်းကလေးဆိုတော့ တစ်ခြားစိတ်တွေဝင်လားပြီး ဟိုမေးဒီမေး မေးကြပါတယ်။ အဲဒီအခါ ကောင်လေးက အိမ်ထောင်ရှိ၊ ကလေးရှိရဲ့နဲ့ လူပျိုလူလွတ်ပါလို့ ပြောလိုက်တော့ ကလေးမလေးကလည်း ကြည်ကြည်ဖြူဖြူ ဆက်ပြီးချက်ဖြစ်ကြတာပေါ့။ တိုတိုပြောရရင် သူတို့နှစ်ဦး နောက်ဆုံးအွန်းလိုင်းကနေ ချစ်သူတွေ ဖြစ်သွားကြပါတယ်။ နောက်ဓာတ်ပုံတွေပို့ ၀ဘ်ကန်ကနေ့ တစိမ့်စိမ့်ကြည့်ပြီး ကြည်နူးကြတာပေါ့။ ရာဂမီးလောင်ပြီဆို သိကြတဲ့အတိုင်းပဲ။ အသံမကြားရ၊ ရုပ်မမြင်ရ မနေနိုင်အောင် ဖြစ်ကြပြီး အလုပ်ချိန်လည်း အွန်လိုင်းကတွင် မဟုတ်တော့ဘဲ ဖုန်းနဲ့ပါ မပြတ်ပြောဆို ဖြစ်ကြပါရော။ ဒီတော့ ကောင်လေးဘက်က ဖုန်းကဒ်တွေပါ ထပ်ပြီးအဆင်သင့် ဆောင်ထားရတဲ့ အထိမှိုင်းမိကုန်ကြပါတယ်။ ဆိုးတာက ပြည်တွင်းမှာရှိတဲ့ ဇနီးနဲ့ သမီးကို မေ့နေတာပါ။ ငွေလည်းပြန်မပို့နိုင်သလို အရင်တုန်းကလို အိမ်ကိုလည်း ခဏခဏ ဖုန်းမခေါ်တော့ပါဘူး။ ဟိုဘက်က ဇနီးကခေါ်ရင်တောင် စိတ်ဆိုးပြီး ဒီဘက်မှာ အလုပ်တွေမအား၊ အဆင်မပြေတာ မသိဘူးလားဆိုပြီး ဆူတောင်ဆူလိုက် ပါသေးသတဲ့..။ ပြည်တွင်းက ဇနီးကိုသာ အဲလိုဆူငေါက်တာ။ ဒီဘက်က အွန်းလိုင်းချစ်သူလေးနဲ့ ဆိုရင်တော့ ပြုံးလို့ပျော်လို့ နေ့မအား၊ ညမနား အကြည်စိုက်ကြတယ်ဆိုတာ တစ်ဆင့်ပြန်သိရပါတယ်။ နောက်တော့ သူတို့နှစ်ဦးဟာ တရားဝင်နေကြတဲ့သူတွေ ဆိုတော့ သူရှိတဲ့နိုင်ငံကို လာဖို့ပြောလို့ ကလေးမလေးက ရောက်လာ၊ အချိန်ကာလ တစ်ခုအထိ အတူနေဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းတွေ ပြည်တွင်းမှာ ရှိတဲ့သူတွေ သိကြတော့ ပြဿနာ အမျိုးမျိုးဖြစ်ကြ၊ နောက်ဆုံး ပြည်ပက ကလေးမလေးလည်း သိသွားပြီး မိန်းကလေးချင်း ကိုယ်ချင်းစာကာ သူ့ဘက်က နောက်ဆုတ်ပေးလိုက်လို့ ဒီပြဿနာ ပြေလည်သွားတယ်လို့ အတိုပြောကြပါစို့.. ကောင်လေးလည်း အမျိုးမျိုး စိတ်သောကဖြစ်ရာက နောက်ဆုံးနောင်တရကာ ဘာသာ တရားအဆုံးအမ နောက် လိုက်စားဖြစ်ရင်း ဘုန်းဘုန်းနဲ့ တွေတာပါ။ ခုတော့ ဘာသာရေးပဲ ကြိုးစားပြီး လုပ်နေပါပြီ။

ဒီအဖြစ်အပျက်လေးဟာ တကယ့်အဖြစ်အပျက်ပါ။ ဒီလို ထပ်တူ အဖြစ်အပျက်မျိုး မဟုတ်ပေမယ့် အလားတူ အဖြစ်အပျက်တွေလည်း အများကြီး ရှိပါသေးတယ်။ တစ်ချို့ အွန်လိုင်းမှာ အဆင်ပြေကြပေမယ့် အပြင်မှာ လက်တွေ့တကယ် ဆုံကြပြီး အနီးကပ်နေကြည့်မှ အတွင်းသိပြီး ခွာသွားကြတာတွေလည်း ရှိပါတယ်။ ထားပါတော့။ အထက်က ဒီအဖြစ်အပျက်လေးကို ကြည့်ပါက ချက်တင်းလုပ်ရာက ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးပါ။ အွန်လိုင်းပေါ်မှာဆိုတော့ သူ့အကြောင်း ကိုယ်အတိအကျ မသိသလို ကိုယ့်အကြောင်းလည်း သူအတိအကျ မသိတဲ့အတွက် မဟုတ်တာတွေ ပြောဆိုဖြစ်ကြ၊ လိမ်ညာဖြစ်ကြ၊ တစ်ဘက်နဲ့တစ်ဘက် မရှိတာတွေ အရှိလုပ် ပြောဖြစ်ကြရာက မမှားသင့်တဲ့အမှား၊ မကျူးလွန်သင့်တဲ အပြစ်တွေ ကျူးလွန်ဖြစ်ကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ လိမ်တာဟာ မကောင်းတဲ့ အကုသိုလ်ပါ။ မကောင်းမှုဟာ လုပ်ပါများရင် အဲဒီမကောင်းမှုကို မကောင်းမှုလို့ မထင်တော့ဘဲ ပေါ့ပေါ့ပါးပါး ကျူးလွန်မိတတ်ပါတယ်။ ကျူးလွန်မိတဲ့ အမှားဟာ ဖြေလို့ရတဲ့ အမှားဆို တော်သေးတယ် အဲလိုမှမဟုတ်ဘဲ သံသရာထိ ခံရမယ့် အမှားမျိုးဆိုရင်တော့ ခံလိုက်ရမယ့် အပြစ်တွေက မနည်းပါဘူး။ အွန်လိုင်းပေါ်မှာလောက်ပဲ ကျူးလွန်ကြတယ်ဆို တော်သေးတယ်။ ခုနကလို အပြင်မှာတွေ့ပြီး အတူနေကြတဲ့ အထိဖြစ်လာရင် အမတန် စိုးရိမ်စရာပါ။ အိမ်ထောင်ရှိရက်နဲ့ တစ်ခြားအမျိုး သမီးတစ်ယောက်နဲ့ ကျူးလွန်မိတာဟာ ဗုဒ္ဓဘာသာတွေအတွက် ကာမေသုမိစ္ဆာစာရ ကံကို ကျူးလွန်တာပါ။ ဒီကံဟာ ပစ္စုပ္ပန်၊ သံသရာမှာ ခံရမယ့် ကြောက်စရာ အကုသိုလ်ကံကြီး တစ်ခုပါ။ အစကတော့ အပျော်ဆိုပြီး လုပ်လိုက်တဲ့ အလုပ်လေးတစ်ခုဟာ ပေးဆပ်လိုက်ရတော့ သံသရာနဲ့ ချီသွားပါတယ်။ အကုသိုလ်ဟာ သိပ်ကြောက်စရာ ကောင်းပါတယ်။ ဒါကြောင့် အကုသိုလ်ဟာ အသေးအဖွဲလေးဆိုပြီး အထင်မသေးနဲ့လို့ ပြောတာပါ။

တကယ်တော့ အထက်မှာ ဖော်ပြခဲ့တဲ့ အဖြစ်အပျက်လေးရဲ့ အဓိကတရားခံက ချက်ကပါ။ ချက်ဆိုပေမယ့် ချက်က သူ့ဘာသာသူနေတာပါ။ ချက်ကိုလိုက်ပြီး ချက်တဲ့သူရဲ့ အမှားပါ။ အကြောင်းရှိလို့ အကျိုးရှိတာဖြစ်တဲ့ အတွက် အကြောင်းစုံသွားတော့ ဒီလိုအဖြစ်တွေ ပေါ်ပေါက်လာရတော့တာပေါ့။ ဘုန်းဘုန်းတို့ စာဖတ်သူများ သိတဲ့အတိုင်းပဲ ချင်းတင်းကလည်း စွဲတယ်ဆိုတာကိုး… ချက်တင်းက ဆွဲရာနောက်ကို ချက်တဲ့သူက ပါသွားလေတော့ မဖြစ်သင့်တဲ့ ပြဿနာတွေ ဖြစ်ကုန်ကြတာပါပဲ။ ဒါကြောင့် ချက်တဲ့သူတွေ အနေနဲ့၊ အထူးသဖြင့် အိမ်ထောင်ရှိသူတွေ အနေနဲ့ ဆင်ခြင်ရမှာက ချက်တတ်တဲ့အကျင့် ချက်ချင်တဲ့ရောဂါကို မစွဲကပ်ရအောင် ကြိုတင်သတိထားနေကြဖို့၊ ဒီရောဂါ စွဲကပ်လာပြီဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက များတတ်တယ်ဆိုတာ မမေ့ကြဖို့၊ များသောအားဖြင့် မဟုတ်တာတွေသာ လုပ်ဖြစ်စေတဲ့ ဒီချက်တင်းအလုပ်၊ ချက်တင်းရောဂါကြီးကို ရှောင်နိုင်အောင် ကြိုးစားကြဖို့၊ ဒီရောဂါ ကူးစက်ခံရပါက ပစ္စုပ္ပန် သံသရာ နစ်မွန်းစေတတ်တယ်ဆိုတာ သတိပြုနိုင်စေဖို့ ဘုန်းဘုန်း သိသမျှ၊ ကြားသမျှလေးတွေကို တစ်ဆင့်ပြန်လည် ဖောက်သည်ချလိုက်ရခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုးဆိုတာ နေရာတကာမှာ ရှိတဲ့အတွက် အကောင်းလုပ်နေသူတွေဟာ ကောင်းနေပြီးသားဖြစ်လို့ ဘာမှအထူးပြောစရာ မရှိပေမယ့် အဆိုးလုပ်နေသူများ သတိပြုဆင်ခြင်နိုင်စေဖို့ ဒီအကြောင်းလေးကို ရေးသားပေးရခြင်း ဖြစ်ပါတယ်။ နေရာတကာ အဆိုးဘက်က ကြည့်ပြောခြင်းမဟုတ်ပါ။ ဒီလိုဖြစ်တတ်တဲ့အတွက် ဒါမျိုးမဖြစ်အောင် ယူတတ်ဖို့အတွက် သာဓကပြခြင်းသာ ဖြစ်ပါတယ်။ အဓိကကတော့ ဘာပဲလုပ်လုပ် အစွန်းမရောက်ကြဖို့ပါ။ အားလုံး ဒီကြောက်စရာ ချက်ရောဂါစွဲကပ်မှုမှ ကင်းကြပါစေဟု ဆန္ဒပြုရင်း….

Read more »

ကောင်းကင်ဘုံ၊ နိဗ္ဗာန်နှင့် ငရဲ… ပြီးတော့ (၃၁) ဘုံ…

Q. အရှင်ဘုရား..
ခရစ်ယာန်ဘာသာဝင်များမှာ ကောင်းကင်ဘုံ (နိဗ္ဗာန်ဘုံ) နဲ့ ငရဲဘုံဆိုတာ ရှိကြောင်းမှတ်သားဖူးပါတယ်။ တပည့်တော်တို့ ဗုဒ္ဓဘာသာမှာရော သူတို့ပြောသလို နိဗ္ဗာန်ဘုံဆိုတာရှိပါသလား။ ဗုဒ္ဓဘာသာရဲ့ နိဗ္ဗာန်ဟာ သူတို့ပြောတဲ့ နိဗ္ဗာန်လိုမျိုးလား၊ ဗုဒ္ဓဘာသာမှာရှိတဲ့ ငရဲပြည်သည် ခရစ်ယာန်ဘာသာက ပြောတဲ့ငရဲဘုံနှင့် တူသလား သိချင်ပါတယ်ဘုရား…
(ကပ္ပိယဆန်းကြယ်)


A. (1) ဗုဒ္ဓဘာသာမှာလည်း ဘုံဆိုတာ ရှိပါတယ်။ ခရစ်ယာန်ဘာသာမှာလို ကောင်းကင်ဘုံနဲ့ ငရဲဘုံဆိုတဲ့ နှစ်မျိုးတည်းတောင် မဟုတ်ပါဘူး။ ကိုယ်လုပ်တဲ့ကုသိုလ်ကံ အကုသိုလ်ကံကြောင့် ရောက်နိုင်တဲ့ဘုံ အမျိုးအစားအလိုက် (၃၁) မျိုးတောင်ရှိပါတယ်။ သုံးဆယ့်တစ်ဘုံအထိ ရှိတယ်လို့ ဆိုလိုတာပါ။ သို့သော် ဗုဒ္ဓဘာသာမှာလာတဲ့ ဘုံတွေဟာ ခရစ်ယာန်ဘာသာမှာ ပြောတဲ့ကောင်းကင်ဘုံ (နိဗ္ဗာန်ဘုံ) တို့ ငရဲ့ဘုံတို့လို မဟုတ်သလို တူလည်းမတူပါဘူး။ ဗုဒ္ဓဘာသာ သဘောအရ နိဗ္ဗာန်ဆိုတာ ဘုံဌာနမဟုတ်သလို မျက်စိနဲ့မြင်လို့ ရတဲ့အရာလည်း မဟုတ်ပါဘူး။ ``နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ စသော အဘိဓမ္မာအဖွင့်အရ နိဗ္ဗာန်ဟာ လောကုတ္တရာ အရိယာမဂ်ဖြင့် မျက်မှောက်ပြုရမယ့် တရားဖြစ်ပြီး တဏှာကိလေသာတို့မှ ကင်းရာကို ဆိုပါတယ်။ အရိယာပုဂ္ဂိုလ်များ တိုက်ရိုက်ခံစားလို့ ရတဲ့သဘောဖြစ်ပြီး ငြိမ်းအေးခြင်းသဘော လက္ခဏာရှိပါတယ်။ နိဗ္ဗာန်ရဲ့ သဘောကို သာမန်ပုထုဇင်ပုဂ္ဂိုလ်များ အနေဖြင့် တိတိကျကျ ဖွင့်ဆိုပြောပြပေးဖို့ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အရိယာပုဂ္ဂိုလ်များသာ မျက်မှောက်ပြုခံစားလို့ ရပြီးတိကျစွာ ပြောဆိုနိုင်မှာဖြစ်လို့ပါ။ ဒါပေမယ့် သာမန်ပုဂ္ဂိုလ်များ အနေဖြင့် အကြမ်းဖျင်းအားဖြင့် ၀ါနသင်္ခါတာယ တဏှာယာ- တဏှာကင်းရာ၊ တဏှာကုန်ရာကို နိဗ္ဗာန်လို့ ဆိုတာကြောင့် တဏှာကင်းနေတဲ့ အခိုက်ဟာ တဒင်္ဂအားဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုနေတာလို့ နားလည်ထားလို့ ရပါတယ်။ အပြည့်အ၀ မျက်မှောက်ပြုဖို့ကတော့ အရိယာမဂ်နဲ့သာ မျက်မှောက်ပြုနိုင် ခံစားနိုင်ပါတယ်။ ဒါကြောင့် အလွယ်ပြောရရင် ဗုဒ္ဓဘာသာတို့ရဲ့ နိဗ္ဗာန်ဟာ ဘုံဌာနမဟုတ်သလို မျက်စိဖြင့်မြင်နိုင်တဲ့အရာလည်း မဟုတ်ဘဲ ကိလေသာတဏှာ ကင်းနေပါက မျက်မှောက်ဘ၀မှာပင် နိဗ္ဗာန်ရဲ့ အရသာကို ခံစားနိုင်တဲ့ အစွမ်းသတ္တိရှိကာ ငြိမ်းအေးခြင်း သဘောလက္ခဏာ ရှိတယ်ဆိုတာပါပဲ။

(2) ဗုဒ္ဓစာပေတွေအရ ငရဲဘုံဟာ အမှန်တကယ် ရှိပါတယ်။ ဘုံသီးခြားအဖြစ် တည်ရှိပြီး ကမ္ဘာမြေပြင်အောက် ယူဇနာ ၁၅၀၀၀ ဝေးကွာရာ အရပ်မှာတည်ရှိပါတယ်။ နိရယဟူသော ပါဠိစကားလုံးကို မြန်မာလို ငရဲဟု ခေါ်ခြင်းဖြစ်ပါတယ်။ (အယ- ချမ်းသာ၊ နိ- မရှိ) ချမ်းသာသုခ ရခွင့်မရှိခြင်းကို နိရဲ - ငရဲဟု ခေါ်ခြင်းဖြစ်ပါတယ်။ ငရဲဘုံမှာ ငရဲကြီး (ဂ) ထပ်ရှိပြီး တစ်ထပ်နှင့်တစ်ထပ် ယူဇနာ ၁၅၀၀၀ စီကွာဝေးကာ တည်ရှိတဲ့အပြင် တစ်ထပ်တစ်ထပ်မှာလည်း ငရဲငယ် ငါးမျိုးစီထပ်ပြီး ရှိတယ်လို့ ဖွင့်ပြပါတယ်။ အသေးစိပ်ကို အောက်မှာဖော်ပြမယ့် (၃၁)ဘုံတွင် ဖတ်ရှုမှတ်သားနိုင်ပါတယ်။

(3) (၃၁) ဘုံ
ဗုဒ္ဓဘာသာရဲ့ (၃၁) ဘုံကတော့ အကြမ်းအားဖြင့်..
ကာမ (၁၁) ဘုံ နဲ့
ဗြာဟ္မာဘုံ (၂၀) လို့ နားလည်ထားလို့ ရပါတယ်။ အဲဒီကထပ်ပြီး

ကာမ (၁၁)ဘုံမှာလည်း
ကာမသုဂတိ (၇) ဘုံ
ကာမဒုဂ္ဂတိ သို့မဟုတ် အပါယ် (၄) ဘုံလို့ ထပ်ခွဲနိုင်ပါတယ်။

ဗြာဟ္မာဘုံ (၂၀)ကတော့
ရူပဗြာဟ္မာဘုံ (၁၆) ဘုံနဲ့
အရူပဗြာဟ္မာဘုံက (၄) ဘုံပါ။ စုစုပေါင်း (၃၁) ဘုံပါ။

ကာမ (၁၁) ဘုံ
ကာမသုဂတိ (၇) ဘုံ၊ (လူ့ပြည်၊ နတ်ပြည် ၆ထပ်)
(ကောင်းသောလားရာ ဘုံကို သုဂတိဘုံလို့ ခေါ်ပါတယ်)
၁။ လူ့ပြည်
(ကမ္ဘာမြေပြင်တွင် တည်ရှိကာ ခန္ဓာတို့ရဲ ဖြစ်ခြင်းကိုပင် ဘုံဟုဆိုပါတယ်)
၂။ စတုမဟာရာဇ်နတ်ဘုံ
(နတ်မင်းကြီးလေးပါး ပျော်စံရာဘုံ)
၃။ တာဝတိံသာနတ်ဘုံ
(သိကြားမင်းစံရာဘုံ)
၎။ ယာမာနတ်ဘုံ
(ပူပန်ဆင်းရဲခြင်းကင်းသောဘုံ)
၅။ တုသိတာနတ်ဘုံ
(စည်းစိမ်ပြည့်စုံမှုကို နှစ်သက်သောဘုံ)
၆။ နိမ္မာနရတီနတ်ဘုံ
(ကိုယ်တိုင်ဖန်ဆင်း၍ ကိုယ်တိုင်ပျော်မွေ့ရသောဘုံ။ ပင်ကိုရှိပြီသော စည်းစိမ်ထက် အလွန်အကဲခံစားလိုတဲ့ အခါ ကိုယ်တိုင်ဖန်ဆင်းပြီး ခံစားခြင်းကို ဆိုပါတယ်။)
၇။ ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံ
(အစေအပါးနတ်များက မိမိအလိုကျ ဖန်ဆင်းပေးရသောဘုံ)
အပါယ်(၄)
(ကုသိုလ်ကောင်းမှုကင်းသော၊ ကုသိုလ်ကောင်းမှု များစွာပြုခွင့်မရသော ဘုံကို အပါယ်လေးဘုံလို့ ခေါ်ပါတယ်။)
၈။ ငရဲဘုံ
(ငရဲဘုံမှာလည်း ငရဲကြီး ရှစ်ထပ်ရှိပါတယ်။ အဲဒီငရဲကြီး ရှစ်ထပ်က
(၁) သဉ္ဖိုင်းငရဲ (အဖန်ဖန်ပြန်လည် ရှင်သန်ခြင်း)
(၂) ကာဠသုတ်ငရဲ (မျဉ်းကြိုးဖြင့်တိုင်း၍ အခုတ်ခံရခြင်း)
(၃) သင်္ဃတငရဲ (သံတောင်ကြီးဖြင့် အကြိတ်ခံရခြင်း)
(၄) ဇာလရောရုဝငရဲ (ဒွါရကြီးငယ်များတွင် မီးတောက်လောင်ခြင်း)
(၅) ဓူမရောရုဝငရဲ (ဒွါရကြီးငယ်များတွင် မီးခိုးမီးငွေ့များ တောက်လောင်ခြင်း)
(၆) တာပနငရဲ (သံတံကျင်ပေါ်တွင် မတုန်မလှုပ် ထိုင်၍အပူခံရခြင်း)
(၇) မဟာတာပနငရဲ (သံတောင်ပေါ်သို့ တက်စေ၍ သံတံကျင်ပေါ်သို့ ကျစေပြီး အလွန်အကဲ အပူခံရခြင်း)
(၈) အ၀ီစိငရဲ (ငရဲသားအခြားမရှိ၊ ငရဲမီးလျှံအခြားမရှိ၊ ငရဲဆင်းရဲအခြားမရှိ)
ဒါ့အပြင် ဒီငရဲကြီး ရှစ်ထပ်မှာလည်း တစ်ထပ်တစ်ထပ်မှာ ငရဲငယ် ငါးခုစီ ထပ်ခွဲပါတယ်။ အဲဒီငရဲငယ်တွေကတော့
၁) ဘင်ပုတ်ငရဲ၊ ၂) ပြာပူငရဲ၊ ၃) လက်ပံတောငရဲ၊ ၄) သန်လျက်တောငရဲ၊ ၅) ကြိမ်ပိုက်ချောင်းငရဲ တို့ဖြစ်ပါတယ်။)
၉။ တိရစ္ဆာန်ဘုံ
(လူနတ်တို့လို မတ်မတ်မသွားဘဲ အလျားလိုက် သွားတတ်သော သတ္တ၀ါများကို တိရစ္ဆာန်ဟု ခေါ်ပြီး ဘုံသီးခြားမရှိဘဲ တိရစ္ဆာန်တို့ စုဝေးနေထိုင်ရာ အရပ်ကိုပင် တိရစ္ဆာန်ဟုခေါ်ပါတယ်။)
၁၀။ ပြိတ္တာဘုံ
(အိမ်ကြို၊ အိမ်ကြား၌ သလိပ်၊ သချွဲ၊ ထမင်းလုံး ဟင်းပေါက်ကောက်၍ စားသောက်ရ၊ မြစ်ချောင်းကမ်းနား၌ သားငါးရှာ၍ စားရ၊ တောကြီးတောင်ကြီးများ၌ မီးလောင်နေပူ ဆူပူသတ်ဖြတ် ခံနေရသော တစ္ဆေ၊ မှင်စာ၊ ဘီလူး၊ သရဲ၊ သဘတ်၊ အစိမ်းစသော အမျိုးမျိုးသော သတ္တ၀ါတွေကို ပြိတ္တာဟုခေါ်ပါတယ်။ ဘုံသီးခြားမရှိဘဲ ပြိတ္တာတို့ စုဝေးရာအရပ်ကိုပင် ပြိတ္တာဘုံဟုခေါ်ပါတယ်။ )
၁၁။ အသုရကာယ်ဘုံ
(အသုရာဟာလည်း ပြိတ္တာအကြီးစားပင် ဖြစ်ပါတယ်။ သမုဒ္ဒရာ ဂင်္ဂါမြစ်ကမ်းစတဲ့ အရပ်တွေမှာ နေတတ်ပြီး အမြဲစာလောင်နေတတ်ပါတယ်။ ရေနားမှာ နေပေမယ့် ရေမသောက်နိုင်၊ ရေထဲဆင်းသွားရင်လည်း ရေပျောက်ပြီး သဲပူတွေပဲ တွေ့ရတတ်တယ်လို့ ဆိုပါတယ်။ အသုရာအပေါင်းရဲ့ နေရာကိုပဲ အသုရကာယ်ဘုံလို့ ဆိုပါတယ်။ ) ပေါင်း ဆယ့်တစ်ဘုံဖြစ်ပါတယ်။ ဒီဘုံ (၁၁)ဘုံကို ကာမ (၁၁) ဘုံဟု ခေါ်ပါတယ်။

ဗြာဟ္မာဘုံ (၂၀)
ရူပဗြာဟ္မာ (၁၆)ဘုံ
၁၂။ ဗြဟ္မပါရိသဇ္ဖာဘုံ
(မဟာဗြဟ္မာများရဲ့ လက်ပါးစေ ဗြဟ္မာငယ်များကို ဗြဟ္မပါရိသဇ္ဖဗြဟ္မာဟု ခေါ်ပြီး ထိုဗြဟ္မာတို့ရှိရာ ဘုံကိုပင် ဗြဟ္မပါရိသဇ္ဖဘုံဟု ခေါ်ပါတယ်။)
၁၃။ ဗြဟ္မပုရောဟိတဘုံ
(ဗြဟ္မာမင်းတို့၏ ပုရောဟိတ် အရာ၌တည်သော ဗြဟ္မာများကို ဗြဟ္မပုရောဟိတဟုခေါ်ပြီး ထိုဗြဟ္မာတို့ရဲ့ ဘုံကို ဗြဟ္မပုရောဟိတဘုံဟု ခေါ်ပါတယ်။)
၁၄။ မဟာဗြဟ္မာဘုံ
(ပါရိသဇ္ဇ၊ ပုရောဟိတဗြဟ္မာတို့ထက် မြင့်မြတ်သော ဗြဟ္မာမင်းကို မဟာဗြဟ္မာဟု ခေါ်ပြီး ထိုဗြဟ္မာတို့ရဲ့ ဘုံကို မဟာဗြဟ္မာဘုံဟု ခေါ်ပါတယ်။)
(ဒီ ၃ဘုံကို ပထမဈာန်သုံးဘုံဟု ခေါ်ပါတယ်။)
၁၅။ ပရိတ္တဘာဘုံ
(အပ္ပမာဏ နှင့် အာဘဿရဗြဟ္မာတို့လောက် ကိုယ်ရောင်ကိုယ်ဝါ မတောက်ဘဲ နည်းသောကိုယ်ရောင် ကိုယ်ဝါရှိသော ဗြဟ္မာကို ပရိတ္တဘာဗြဟ္မာဟု ခေါ်ပြီး ထိုဗြဟ္မာတို့ ရှိရာဘုံကို ပရိတ္တဘာဘုံဟု ခေါ်ပါတယ်။)
၁၆။ အပ္ပမာဏာဘုံ
(အတိုင်းအရှည် ပမာဏကို မပြနိုင်လောက်အောင်ပင် များမြောင်သော ကိုယ်ရောင်ကိုယ်ဝါ ရှိသောဗြဟ္မာကို အပ္ပမဏာ ဗြဟ္မာဟုခေါ်ပြီး ထိုဗြဟ္မာတို့ ရှိရာဘုံကို အပ္ပမဏာဘုံဟု ခေါ်ပါတယ်။)
၁၇။ အာဘဿရာဘုံ
(တိမ်တိုက်မှ လျှပ်စစ်တွေ ကွန့်မြူးနေသလို ခန္ဓာကိုယ်မှ ကိုယ်ရောင်ကိုယ်ဝါများလည်း တစ်လျှပ်လျှပ် ထွက်နေသော ဗြဟ္မာကို အာဘဿရာ ဗြဟ္မာဟုခေါ်ပြီး ထိုဗြဟ္မာတို့ ရှိရာဘုံကို အာဘဿရာဘုံဟု ခေါ်ပါတယ်။)
(ဒီ ၃ဘုံကို ဒုတိယဈာန် သုံးဘုံဟု ခေါ်ပါတယ်။)
၁၈။ ပရိတ္တသုဘာဘုံ
(အောက်ဘုံရှိ ဗြဟ္မာများထက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပသော်လည်း အထက်ဗြဟ္မာများလောက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပခြင်းမရှိတဲ့ ဗြဟ္မာတို့ရဲ့ ဘုံကို ပရိတ္တသုဘာဘုံဟု ခေါ်ပါတယ်။)
၁၉။ အပ္ပမာဏာသုဘာဘုံ
(အတိုင်းအရှည်မရှိ တင့်တယ်သော ကိုယ်ရောင်ကိုယ်ဝါ ရှိတဲ့ဗြဟ္မာတို့ရဲ့ ဘုံကို အပ္ပမာဏာဘုံဟု ခေါ်ပါတယ်။)
၂၀။ သုဘကိဏှာဘုံ
(အမျိုးမျိုး ရောပြွမ်းတင့်တယ်သော ကိုယ်ရောင်ကိုယ်ဝါ ရှိတဲ့ဗြဟ္မာတို့ရဲ့ ဘုံကို သုဘကိဏှာဘုံဟု ခေါ်ပါတယ်။)
(ဒီ ၃ဘုံကို တတိယဈာန် သုံးဘုံဟု ခေါ်ပါတယ်။)
၂၁။ ဝေဟပ္ဖိုလ်ဘုံ
(ပြန့်ပြောကြီးမားသော အကျိုးရှိတဲ့ ဗြဟ္မာတို့ရဲ့ဘုံကို ဝေဟပ္ဖိုလ်ဘုံဟု ခေါ်ပါတယ်။)
၂၂။ အသညသတ်ဘုံ
(စိတ်၊ စေတသိက်မရှိ ရုပ်ခန္ဓာကြီးသာ ရှိနေသော ဗြဟ္မာတို့ရဲ့ဘုံကို အသညသတ်ဘုံဟု ခေါ်ပါတယ်။)
၂၃။ အ၀ိဟာဘုံ
(မိမိဘုံဌာနကို ခေတ္တခဏသော်မှ မစွန့်ကြဘဲ ကမ္ဘာပေါင်းအတော်ကြာအောင် တည်နေကြတဲ့အတွက်ကြောင့် အ၀ိဟာဗြဟ္မာဟု ခေါ်ပြီး ထိုဗြဟ္မာတို့ရဲ့ ဘုံကိုလည်း အ၀ိဟာဘုံဟု ခေါ်ပါတယ်။)
၂၄။ အတပ္ပါဘုံ
(မည်သည့်အကြောင်းကြောင့်မျှ မပူပန်ရဘဲ အလွန်အေးမြသော ဗြဟ္မာတို့ရဲ့ဘုံကို အတပ္ပါဘုံဟု ခေါ်ပါတယ်။)
၂၅။ သုဒဿာဘုံ
(အလွန်လှပတင့်တယ်ကြသဖြင့် ချမ်းသာစွာ ရှုစားအပ်သော ဗြဟ္မာတို့ရဲ့ဘုံကို သုဒဿာဘုံဟု ခေါ်ပါတယ်။)
၂၆။ သုဒဿီဘုံ
(ပညာစက္ခုတို့ဖြင့် ကောင်းကောင်းမွန်မွန် ရှုစားတတ်သော ဗြဟ္မာတို့ရဲ့ဘုံကို သုဒဿီဘုံဟု ခေါ်ပါတယ်။)
၂၇။ အကနိဋ္ဌာဘုံ
(စည်းစိမ်ချမ်းသာ လွန်စွာကြီးသဖြင့် မည်သည့်ဘက်ကမဆို သေးငယ်သော သဘောမရှိကြဘဲ အထက်တန်းကျသော ဗြဟ္မာတို့ရဲ့ဘုံကို အကနိဋ္ဌာဘုံဟု ခေါ်ပါတယ်။)
(ဒီ ၇ဘုံကို စတုတ္ထဈာန် ခုနှစ်ဘုံဟု ခေါ်ပြီး အ၀ိဟာ၊ အတပ္ပါ၊ သုဒဿာ၊ သုဒဿီ၊ အကနိဋ္ဌာငါးဘုံကို သုဒ္ဓါဝါသငါးဘုံဟု ထပ်ပြီးခေါ်ဝေါ်ကာ ဒီငါးဘုံတွင် အရိယာများသာ ရှိပါတယ်။ ပေါင်း ရူပဗြဟ္မာဘုံ (၁၆)ဘုံ ဖြစ်ပါတယ်။)
အရူပဗြဟ္မာဘုံ (၄) ဘုံ
(အရူပဗြဟ္မာဘုံသည် ရုပ်တရားကို မလိုချင်တော့သဖြင့် နာမ်သက်သက်ရအောင် အားထုတ်ခဲ့သော ဗြဟ္မာတို့ရဲ့ ဘုံဖြစ်သဖြင့် ဘုံဟုဆိုသော်လည်း တကယ့်ဘုံဗိမာန် ရှိတော့သည့် မဟုတ်ပေ။)
၂၈။ အာကာသာနဉ္စာယတနဘုံ
(အကာသာနဉ္စာယတန ၀ိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ တည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်ကို အာကာသာနဉ္စာယတနဘုံဟု ခေါ်ပါတယ်။)
၂၉။ ၀ိညာနဉ္စာယတနဘုံ
(၀ိညာနဉ္စာယတန ၀ိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ တည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်ကို ၀ိညာနဉ္စာယတနဘုံဟု ခေါ်ပါတယ်။)
၃၀။ အာကိဉ္စညာယတနဘုံ
(အာကိဉ္စညာယတန ၀ိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ တည်နေလျက် အဆက်ဆက်ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်ကို အာကိဉ္စညာယတနဘုံဟု ခေါ်ပါတယ်။)
၃၁။ နေ၀သညာနာသညာယတနဘုံ
(နေ၀သညာနာသညာယတန ၀ိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေ တည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ ကောင်းကင်ပြင်ကို နေ၀သညာနာသညာယတနဘုံဟု ခေါ်ပါတယ်။)

(စုစုပေါင်း ဗြဟ္မာဘုံ (၂၀)ဖြစ်ပါတယ်။ ဒါကြောင့် ကာမ(၁၁)ဘုံနဲ့ ဗြဟ္မာဘုံ (၂၀) အားဖြင့် ဘုံ (၃၁) ဘုံဖြစ်ပါတယ်။) ဒီ (၃၁)ဘုံတွင် နိဗ္ဗာန်မပါဝင်ပေ။ ဒီ (၃၁)တွင် အပါယ်လေးဘုံနှင့် သုဒ္ဓါဝသ ငါးဘုံတို့မှ တစ်ပါး အခြားဘုံများသို့ သမထနည်းဖြင့် ရောက်ရှိနိုင်ပါတယ်။ နိဗ္ဗာန်အထိတော့ မရောက်နိုင်ပါ။ ၀ိပဿနာနည်းကတော့ အပါယ်လေးဘုံမှ တစ်းပါး လူဘုံမှစကာ နိဗ္ဗာန်အထိ ရောက်နိုင်ပါတယ်။
မှတ်ချက်။ ။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ သင်္ဂြိုဟ်ဘာသာဋီကာကို မှီငြမ်းဖြေကြားထားပါသည်။ အကျယ်ကြည့်လိုက ဆရာတော်၏ ဘာသာဋီကာကို ကြည့်ရှုကြစေလိုပါသည်။

Read more »

စိတ်ဖြေကြတာလား… မေ့နေကြတာလား…

ဘုန်းဘုန်းဒီပိုစ်လေးကို ရေးဖို့အကြိမ်ကြိမ် ကြိုးစားရပါတယ်။ ရေးသင့်သလား… မရေးသင့်ဘူးလား… ဆိုတာပါ။ ဒါပေမယ့် တစ်ခါတစ်လေ ကောင်းစေလိုတဲ့ စေတနာက အရင်းခံထားတဲ့အတွက် မကြိုက်ပေမယ့်လည်း တကယ်လို့ တစ်စုံတစ်ရာ အသိဝင်သွားလို့ ပြင်သွားရင်လည်း အမြတ်ပဲ အသိမ၀င်လို့ ဘုန်းကြီးက ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူအလုပ်ဝင်ရှုတ်တယ် ထင်ရင်လည်း ခံရုံပဲဆိုတဲ့အတွေးနဲ့ ရေးဖြစ်သွားတာပါ။ တစ်ခြားတော့ မဟုတ်ပါဘူး။ ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်း ဖြစ်ရပြန်ပါတယ်။ ဘုန်းဘုန်းတို့ ရွှေမြန်မာအချို့ အကြောင်းပါ။ အထူးသဖြင့် ပြည်ပမှာလာပြီး ငွေရှာနေကြတဲ့ ရွှေမြန်မာအချို့ အကြောင်းပါ။ ရွှေမြန်မာများ ပြည်ပရောက်ပြီး လာရင်းရည်ရွယ်ချက်တွေ ပျောက်ကာထင်ရာ စိုင်းနေကြတာလေးတွေပါ။ ရွှေမြန်မာ အားလုံးကို မဆိုလိုပါဘူး။ အချို့ကို ပြောတာပါ။

မှန်ပါတယ်။ ဘုန်းဘုန်းတို့လည်း ပြည်ပမှာရောက်နေတဲ့ ရဟန်းတစ်ပါးဖြစ်တဲ့အတွက် သူများနိုင်ငံမှာလာပြီး အလုပ်လာလုပ်နေကြတဲ့ ကိုယ့်ရွှေမြန်မာများလို နေ့ရောညပါ လူပင်ပန်းစိတ်ပင်ပန်း မလုပ်ရတာကလွဲလို့ ကျန်တဲ့ခံစားမှုတွေကတော့ ရွှေမြန်မာများနဲ့ထပ်တူပါပဲ။ သူတို့တွေ ကြားမှာနေရတော့ သူ့တိုတွေရဲ့ ဒုက္ခတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ ဒါကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုးကိုလည်း တစ်စမကျန် သိနေရပြန်ပါတယ်။ သိရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရသလို အားမလိုအားရလည်း ဖြစ်ရပြန်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပါပဲ။ သူများနိုင်ငံမှာလာပြီး အလုပ်လုပ် ငွေရှာတယ်ဆိုတာ လာချင်လို့လာကြတာ မဟုတ်ပါဘူး။ ကိုယ့်ဘ၀ရှေ့ရေးနဲ့ မိသားစု စားဝတ်နေရေး အခြေအနေ တစ်ခုခုကြောင့်သာ ကိုယ့်မိသားစုရဲ့ မေတ္တာနဲ့ ဝေးကွားပြီး သူများနိုင်ငံသားတွေရဲ့ အနှိမ်ခံ၊ အဆဲအဆို၊ အကြိမ်းအမောင်းခံပြီး လာနေကြရတာပါ။ အဲလိုမှ မဟုတ်ရင် အလကား အချိန်ကုန်ခံပြီး သူများနိုင်ငံမှာ လာပြီးကျွန်ခံကြမှာ မဟုတ်ဘူးလို့ ခံပြင်းစိတ်နဲ့ တွေးမိပါတယ်။ ဒါက ဘုန်းဘုန်းရဲ့ အရိုးခံအတွေးလေးပါ။ ဒါပေမယ့် တစ်ချို့ရွှေမြန်မာများဟာ အဲဒီလို အတွေမျိုး မရှိကြတာကို တွေ့နေရပါတယ်။ လာတဲ့ရည်ရွယ်ချက်တွေ ပျောက်ပြီး ကျွန်သက်ရှည်အောင်လုပ်နေ၊ သူများအဆူအဆဲ အကြိမ်းအမောင်းခံရတာတွေ ကြာကြာခံရအောင် လုပ်နေသလို ဖြစ်နေကြပြန်ပါတယ်။ အဲဒါက တစ်ခြားမဟုတ်ပါဘူး။ ကိုယ်နေ့ရောညပါ ကိုယ်စိတ်အပင်ပန်းခံ ကြိုးစား ရှာဖွေထားတာတွေကို တစ်လွဲအသုံးပြုပြီး သုံးတာလား၊ ဖြုံးတာလား မခွဲခြားဘဲ လုပ်ပစ်လိုက်တာတွေပါ။ အလုပ်လုပ်ရင်း အကြွေးဆပ်နေကြရတယ်ဆိုရင် ဘုန်းဘုန်းတို့ ပရိတ်သတ်များ အံ့သြမိကြပါလိမ့်မယ်။ အကြွေးဆိုတာ မြန်မာပြည်ကနေ နိုင်ငံခြား အလုပ်သွားလုပ်ဖို့ အတိုးနဲ့ ယူထားတဲ့ အကြွေးတွေ မဟုတ်ပါဘူး။ နိုင်ငံခြားရောက်မှ မဟုတ်တာတွေလုပ်လို့ အကြွေးတင်ပြီး ဆပ်ရတာတွေပါ။ ပြောလက်စနဲ့ မထူးတော့ပါဘူး။ မဟုတ်တာဆိုတာ တစ်ခြားမဟုတ်ပါဘူး။ လောင်းကစားလုပ်တာတွေပါ။ အလုံးတွေလောင်းတယ်။ ပြီးတော့ ကုလားနဲ့အကြည်စိုက်တယ်ပေါ့။ ရှင်းအောင်ပြောရရင် ဘောလုံးလောင်းတာ၊ နှစ်လုံးသုံးလုံးထိုးတာ၊ ဖဲကစားတာတွေပါ။

``အရှင်ဘုရားတို့က ဘုန်းကြီးဆိုတော့ လူ့လောကအကြောင်း ဘယ်သိမှာလဲ၊ တပည့်တော်တို့မှာ နေ့ညပင်ပင် ပန်းပန်းအလုပ်လုပ်နေရတာ စိတ်ဖြေစရာဆိုလို့ ဒါပဲရှိတာ၊ ကိုယ်ချင်းမစာ မပြောပါနဲ့``လို့ အပြစ်တင်ရင်လည်း ခံရမှာပါပဲ။ ဒါပေမယ့် ဒီလိုစိတ်ဖြေနည်းနဲ့တော့ မဖြေပါနဲ့လို့သာ မေတ္တာရပ်ခံ တိုက်တွန်းရမှာပါပဲ။ တစ်ပတ်လုံးမှာ တနင်္ဂနွေတစ်ရက်ပဲ အားလပ်ရက်ရကြတာ၊ တစ်ချို့ တနင်္ဂနွေတောင် မနားရတာတွေ ရှိကြတဲ့ကြားထဲမှာ အားလပ်ရက်လေးအတွက် နှစ်နှစ်ချိုက်ချိုက် အနားယူရမှာကို အနားမယူနိုင်ဘဲ စနေအလုပ်ထွက် အဲဒီညမှာပဲ စုပြီးဘောလုံးပွဲကြည့်၊ အရက်သောက်၊ ဘောလုံးပွဲလောင်း၊ ဖဲကစားပြီး အချိန်ကုန်သွားနေကြတာဟာ ဘုန်းဘုန်းတို့ ရွှေမြန်မာအချို့ရဲ့ စိတ်ဖြေတဲ့နည်းတွေလား၊ ဒီနည်းတွေဟာ တကယ်ရောစိတ်ဖြေရာ ရောက်ကြရဲ့လားလို့ အတွေးပေါင်းစုံနဲ့ အားမလိုအားမရ ဖြစ်ရပါတယ်။ ပြီးတော့ ဒီနည်းတွေနဲ့ စိတ်ဖြေတဲ့အခါ ရလာတဲ့အကျိုးရလာဘ်က အနိုင်နဲ့ အရှုံးပဲရှိတာပါ။ နိုင်တဲ့သူတွေလည်း နောက်ပြန်ရှုံးကြတာပါပဲ။ ဒီတော့ နိုင်တဲ့သူဟာလည်း ရလာတဲ့ အမြတ်က စေတနာထားပြီး ကြည်ကြည်ဖြူဖြူနဲ့ ရလာတာမဟုတ်သလို ရှုံးတဲ့သူကျတော့လည်း နှမျောမှုတွေ၊ စိတ်မကောင်းမှုတွေ၊ နောင်တတွေနဲ့ တသသကျန်ခဲ့ပြန်ပါတယ်။ ပိုဆိုးတာက အဲဒီအရှုံးတွေအတွက် ပြန်ရအောင် ကြိုးစားရင်း အကြွေးတွေပဲ တိုးလာတာတွေ ဖြစ်လာတော့ ရသမျှလခဟာ အိမ်လည်းပြန်မပို့နိုင်၊ ကိုယ့်အတွက်လည်း လိုချင်တာမ၀ယ်နိုင်ဘဲ အကြွေးတွေပဲ ဆပ်နေရပြန်ပါတယ်။ အဲဒါကြောင့်လည်း ရှာဖွေထားတာ ဘာမှအဖတ်မတင်တော့ဘဲ သူများဆီမှာ ကျွန်သက်က ပိုပြီးရှည်ရှည်နေကြတော့တာပါ။

အဲဒါရဲ့ နောက်ဆက်တွဲက ရှာသမျှကုန်ပြီး၊ အိမ်လည်းမပို့နိုင်၊ ကိုယ့်အတွက်လည်း ဘာမှမသုံးနိုင်၊ ပြီးတော့ အလုပ်ခွင်မှာလည်း သူဋ္ဌေးရဲ့အဆဲအဆို အကြိမ်းအမောင်းတွေ ခံလာရတော့ စိတ်ပိုညစ်၊ စိတ်ဓာတ်တွေပိုကျ ဖြစ်ကာ စိတ်ဖြေတဲ့အနေနဲ့ အရက်ပါသောက်လာပြန်ပါတယ်။ အရက်သောက်တော့ရော စိတ်တကယ်ဖြေရာ ရောက်သလားဆိုတော့ မူးတာပဲ အဖတ်တင်ပြန်ပါတယ်။ ပိုပြီးမူးအောင်သောက်တော့ နောက်နေ့အိပ်ရာထတဲ့ အခါမှာပါ ခေါင်းတွေလေးပြီး စိတ်မကြည်မလင်ဖြစ်ကာ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေကြပြန်ပါရော။ ဒါဟာ တကယ်စိတ်ဖြေတာလား… ဘုန်းဘုန်းတို့ ရွှေမြန်မာများ စဉ်းစားကြဖို့ပါ။

အမှန်တော့ ဒါတွေဟာ တကယ်စိတ်ဖြေနည်းတွေ မဟုတ်ပါဘူး။ ကျွန်သက်ရှည်အောင် လုပ်နေကြတာတွေပါ။ ဒီလိုပြောတော့ နည်းနည်းရိုင်းရာ ကျပါတယ်။ တကယ်တော့ ဘုန်းဘုန်းတို့ ရွှေမြန်မာများရဲ့ အဖြစ်ဟာ ရှေးတုန်းက ရှိခဲ့တဲ့ ငွေဝယ်ကျွန်လို ဖြစ်နေကြတာပါ။ အလုပ်ရှင်တွေက ငါတို့ပိုက်ဆံပေးခိုင်းတာပဲ ဆိုပြီး လူကိုလူလိုမဆက်ဆံ၊ ကိုယ်ချင်းစာ တရားမရှိ၊ သူ့အကျိုးပြီးရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ အခိုင်းခံနေကြတာ ကိုယ်တွေ့တွေပါ။ တစ်ခါတစ်လေ နေမကောင်းလို့ နားချင်တာတောင် နားခွင့်မရှိ၊ သူတို့စက်ပျက်လို့ အလုပ်မရှိတာကိုပါ အဲဒီနေ့ အလုပ်မလုပ်တဲ့အတွက် လခပေးတဲ့အခါ ဖြတ်ပေးခံရ၊ အချိန်ပိုလုပ်ပေးရပေမယ့် အချိန်ပိုခ မပေးဘဲ မသိချင်ယောင်ဆောင် ခံရတာတွေဟာ တွေးလိုက်ရင် အသည်းနာစရာတွေပါ။ လူကိုလူလိုမပြင်ဘဲ စက်ရုပ်တစ်ရုပ်လို နေ့မအား၊ ညမနား အခိုင်းခံရတာတွေဟာ အလုပ်ရှင်တွေရဲ့ ရက်စက်မှုတွေပါ။ အလုပ်ရှင်အားလုံးကို မဆိုလိုချင်ပေမယ့် များသောအားဖြင့် အဲဒီလိုအလုပ်ရှင် များပါတယ်။ ထားပါတော့။ ဒီလိုရက်စက်မှုတွေကို သိပါရက်နဲ့ အလုပ်ကိုကြိုးစားလုပ်၊ ရှာသမျှကို အဖတ်တင်အောင် ကြိုးစားပြီး ကိုယ့်နိုင်ငံပြန် စီးပွားရေးတစ်ခုခု လုပ်နိုင်အောင် အားမထုတ်ဘဲ ဒီအလုပ်ထဲမှာပဲ သံသရာလည်နေ ကြတာတွေဟာ ဘုန်းဘုန်းတို့အမြင်ကတော့ ကျွန်သက်ရှည်နေကြတာတွေပါ။ ဘုန်းဘုန်းအမြင်ဟာ မှားရင်လည်း မှားပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံသားများကို အဆင်ပြေပြေ ဖြစ်စေချင်တာ ဘုန်းဘုန်းရဲ့ စစ်မှန်တဲ့စေတနာပါ။

တကယ်တော့ ဘုန်းဘုန်းတို့ ရွှေမြန်မာများ နိုင်ငံခြားမသွားခင်က ရည်ရွယ်ချက်တွေကို ပြန်ပြီးသတိရဖို့၊ မမေ့ဖို့ လိုပါတယ်။ မသွားခင်က ``ဟိုရောက်ရင် ဘယ်လိုကြိုးစားလိုက်မယ်၊ အိမ်ကိုဘယ်လိုပြန်ပို့မယ်၊ ပိုက်ဆံကိုဘယ်လိုစုမယ်၊ ပြီးရင် ပြန်လာပြီး ဘာလုပ်ငန်းတွေ လုပ်မယ်``စတဲ့ အတွေးလေးတွေ ရည်ရွယ်ချက်လေးတွေကို မမေ့ကြစေချင်တာပါ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေအရ ကိုယ်လုပ်ချင်တဲ့ ပုံစံအတိုင်း လုပ်လို့မရပေမယ့် ရတဲ့နည်းလေးတွေနဲ့ ရှာကြံပြီး လုပ်လို့ရအောင် နိုင်ငံခြားမှာ ရှာသမျှ ငွေကြေးလေးတွေ အဖတ်တင်အောင် ကြိုးစားစုစောင်းသင့်ပါတယ်။ စုစောင်းပြီး ကိုယ်ကလည်း သူများကို ပြန်ခိုင်းနိုင်အောင် လုပ်သင့်ပါတယ်။ သူများအခိုင်းခံ ဘ၀ကလွတ်အောင် အားထုတ်သင့်ပါတယ်။ သူများကို ပြန်ခိုင်းဖို့အတွက်ကား ငွေကြေးပြည့်စုံမှု ရှိမှဖြစ်မှာပါ။ အဲဒီအတွက် အပင်ပန်းခံ ရှာဖွေထားတာတွေကို အသုံးနဲ့အဖြုံး ဆင်ခြင်ကြဖို့ တိုက်တွန်းလိုတာပါ။ သူများဆီမှာ ကျွန်လုပ်နေကြရတာတွေကို မမေ့ကြဖို့နဲ့ စိတ်ဖြေတဲ့နည်းတွေ မမှားကြဖို့ သတိပြုစေချင်တာပါ။ ဒါကြောင့် ဒီပို့စ်လေးကိုလည်း မေ့နေတာလား… စိတ်ဖြေတာလားဟု အမည်ပေးကာ ဘုန်းဘုန်းတို့ ရွှေမြန်မာများ ကိုယ့်ကိုယ်ကို ပြန်မေးပြီး မမေ့ကြဖို့နဲ့ စိတ်ဖြေတတ်ဖို့၊ ပြီးတော့ ပြုပြင်လိုက်မယ်ဆိုရင် နောက်မကျသေးပါဘူးဆိုတာ သိစေဖို့ သတိပေး တင်ပြရလိုက်ခြင်း ဖြစ်ပါကြောင်း…

Read more »

သာသနာကွယ်ဖို့ အကြောင်းတရား၊ သာသနာကွယ်မည့်သက်တမ်း နှင့် သာသနာ နှစ် (၅၀၀၀)…

Q. ဘုန်းဘုန်း…
(၁) ယနေ့ခေတ်တွင် ဘာသာရေးတွေ ကတောက်ကဆ ဖြစ်နေတာသည် သာသနာ ကွယ်ဖို့ အကြောင်းတရားတွေ များလား… (အဲလို ယူဆလိုက်ရင် မှန်လား ဘုန်းဘုန်း၊ ဖိုးသားတော့ ဒိဋ္ဌိ မလွတ်ဘူးလားလို့၊ ဒါပေမယ့် အထက်မှာ ဖိုးသား ပြောသလို အရိမေတ္တေယျ ဘုရားပွင့်ဖို့ သာသနာ ကွယ်ရမယ်၊ သာသနာသည် ပျောက်ပျက်သွားတာမျိုးမဟုတ်၊ ခေတ္တ ခဏ ငုပ်သွားခြင်းသာ ဖြစ်တယ်လို့ ဖိုးသား နာဖူးပါတယ်)
(၂) သာသနာ ကွယ်မယ့် သက်တမ်း ဖြစ်နိုင်ရင် သိချင်ပါတယ် ဘုန်းဘုန်း။ နောက်တစ်ခုက
(၃) သာသနာ နှစ် ၅၀၀၀ လို့ လူတော်တော်များများ ပြောနေကြပါတယ်..။ ဒါပေမယ့် ဖိုးသား သိထားတာက ဘုရားဟောခဲ့တာသည် နှစ် ၅၀၀၀ ဟု မဆိုလို၊ သာသနာသည် မိထွေးတော် ဂေါတမီတို့လို ဘိက္ခူနီမတွေ ၀င်ရောက်လာခြင်းကြောင့် သာသနာ သက်တမ်းသည် ဥပမာ နှစ် ၁၀၀ ရှည်လျှင် သာသနာတော်သို့ အမျိုးသမီးတွေ ၀င်ရောက်လာခဲ့ခြင်းကြောင့် တ၀က်လျော့ကာ နှစ် ၅၀ သာ ရှည်မယ်၊ သာသနာ သက်တမ်း နှစ် ၁၀၀၀၀ ရှည်မည် ဆိုလျှင်လည်း ယင်း ဘိက္ခူနီမတွေကြောင့် နှစ် ၅၀၀၀ သာ ရှည်မယ်၊ ဆိုလိုတာကတော့ သာသနာ သက်တမ်းသည် မူလရှိရမည်ထက် ၅၀ ရာခိုင်နှုန်း လျော့ကျသွားမယ် လို့ ဖိုးသား နာဖူးပါသည်..။ အဲဒါလေးပါ ဟုတ်မဟုတ် သိချင်ပါတယ် ဘုန်းဘုန်း…။
လေးစားရိုသေစွာ ရှိခိုးဦးခိုက်လျက်
ချစ်တပည့်
ဖိုးသား


A. (၁) ဘာသာရေးတွေ ကတောက်ကဆ ဖြစ်နေတာဟာ သာသနာကွယ်ဖို့ အကြောင်းဖြစ်တယ်လို့ တိုက်ရိုက် မဆိုနိုင်သော်လည်း အနည်းငယ်တော့ ပတ်သက်မှုရှိပါတယ်။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ဘက် ပြောဆိုဟောပြောမှုများ၊ ဗုဒ္ဓဘာသာကို သိက္ခာကျစေသည့် လုပ်ရပ်များ၊ ဘုရားဟောတရားများကို ပြုပြင်နှောက်ယှက်မှုများ စတာတွေဟာ အဓမ္မ၀ါဒတွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ ဘုရားပရိနိဗ္ဗာန်စံပြီးစမှာလည်း ဒီလိုအဓမ္မအမှုတွေ ရှိခဲ့တဲ့အတွက် သံဃာ့ဥသျှောင် မထေရ်ကြီးများက သုတ်သင်ရှင်းလင်း ခဲ့ကြရတာတွေလည်း ရှိပါတယ်။ အဲဒီခေတ်က အခြေအနေမျိုးလို မဟုတ်ပေမယ့် ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာကို ဆော်ကားတဲ့ အပြောအဆို လုပ်ရပ်တွေ တော်တော်များများ ရှိလာတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘား(Buddha bar) ပုံစံမျိုးဖွင့်ပြီး အရက်နှင့်လောင်းကစား လုပ်တဲ့ပုံစံမျိုး၊ ဘုရားရုပ်ကို အမျိုးသမီး အတွင်းခံများမှာ ရိုက်နှိပ်ပြီးရောင်းစားတာမျိုး စတာတွေ ရှိပါတယ်။ အဲဒါမျိုးတွေကို ဗုဒ္ဓဘာသ၀င်များ၊ ဗုဒ္ဓဘာသာ နိုင်ငံများက ၀ိုင်းဝန်းကန့်ကွက်မှု မပြုကြရင် လုပ်တဲ့သူတွေပိုပြီး အင်အားကောင်းလာကာ သဒ္ဓါတရား အားနည်းတဲ့သူများ အနေဖြင့် ဗုဒ္ဓဘာသာအပေါ် အထင်လွဲ၍ ဘာသာတရားကို စွန့်ပယ်သွားရင် ဗုဒ္ဓဘာသာဝင် အားနည်းနိုင်ပါတယ်။ ဘာသာဝင်အားနည်းရင် သာသနာပါ အားနည်းလာတတ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ဗုဒ္ဓသာသနာ့ရဲ့ ပြင်ပရန်ကို တတ်နိုင်သမျှ ၀ိုင်းဝန်းကာကွယ်ရန်လို အပ်ပါတယ်။ ၀ိုင်းဝန်းကာကွယ်တယ် ဆိုတဲ့နေရာမှာ ကိုယ့်သန္တာန်မှာ ဘုရားရှင်အဆုံးအမ တည်အောင်လုပ်ပြီး စစ်မှန်တဲ့ဓမ္မကို မသိသေးတဲ့သူများ၊ သဒ္ဓါတရား အားနည်းသူများ၊ ဘာသာတရားအပေါ် နားလည်မှုလွဲနေသူများအား ပြန်လည်ဟောပြောပေးခြင်းဖြင့် သူတို့ သဒ္ဓါတရား အားကောင်းလာအောင် ၀ိုင်းဝန်းလုပ်ဆောင်ပေးခြင်းကို ဆိုတာပါ။ အမှန်တော့ သာသနာတည်တယ်၊ သာသနာထွန်းကားတယ်ဆိုတာ ကျောင်ကန်ဘုရားများ ကြီးကျယ်စွာပေါ်ပေါက်လာခြင်း၊ ပွားများလာခြင်းကို ဆိုလိုတာမဟုတ်ပါ။ တစ်ဦးချင်းစီရဲ့ နှလုံးသားမှာ ဘုရားရှင်ရဲ့ အဆုံးအမများ တည်နေခြင်း၊ လိုက်နာကျင့်သုံးနေခြင်းကို သာသနာတည်တယ်လို့ ဆိုတာပါ။ အဲဒီအတွက် ကိုယ့်ပတ်ဝန်းကျင်မှာ တတ်နိုင်သမျှ သာသနာတည်အောင် လုပ်ပေးခြင်းဟာ သာသနာ့အန္တရာယ်ကို ကာကွယ်ရာ ရောက်သလို စစ်မှန်တဲ့အမှန်တရားကို သိသွားတဲ့သူတွေဟာလည်း တစ်ခြားအယူဝါဒတွေ အတိုက်အခိုက်တွေ ဘယ်လောက်ပဲရှိနေပါစေ မယိမ်းယိုင်တော့ပါဘူး။ ဒါကြောင့် အဲဒီအမှန်တရားတွေ နည်းနည်းလာတဲ့ ဒီခေတ်ကြီးမှာ ကိုယ်ကိုယ်တိုင် မသိမှုနည်းလာတဲ့အခါ အခြားအရာတွေ၊ တိုက်ခိုက်မှုတွေကို အလွယ်တကူ ခံယူပြောင်းလဲ သွားတတ်တဲ့အတွက် အတိုက်အခိုက်များရန်က ကာကွယ်နိုင်ရန် အစစ်အမှန်ဓမ္မကို ကိုယ်ကိုယ်တိုင်သိအောင် ကြိုးစားပြီး ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သိအောင်ဖြန့်ဝေပေးခြင်းဖြင့် သာသနာဆုတ်ယုတ်မှုမှ ကာကွယ်ပေးကြရန် လိုအပ်ပါတယ်။

(၂) သာသနာကွယ်မည့် သက်တမ်းကို အတိအကျ ဟောထားတာ မရှိပါဘူး။ သာသနာ ကြာရှည်စွာ တည်ခြင်း၊ မတည်ခြင်းဟာ သတိပဋ္ဌာန်လေးပါးကို အားထုတ်ခြင်း၊ မထုတ်ခြင်းအပေါ်မှာ တည်မှီကြောင်း မဟာဝဂ္ဂသံယုတ်၊ စိရဋ္ဌိတိသုတ်မှာ ဟောထားတာရှိပါတယ်။ ဒါ့အပြင် အင်္ဂုတ္ထိုရ်ပါဠိတော်မှာလည်း သာသနာကွယ်ကြောင်း တရားတွေကို ဟောထားတာ ရှိပါတယ်။ သာသနာကွယ်မှု မကွယ်မှုဟာ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များအပေါ် အများကြီးတည်ပါတယ်။ စာပေမှာ ဖော်ပြတဲ့ သာသနာ ကွယ်ကြောင်းတရားများမှာ သာသနာ့ဝန်ထမ်းများ ၁။ တရားမနာခြင်း၊ ၂။ စာပေမသင်ခြင်း၊ ၃။ နှုတ်တက်အာဂုံမဆောင်ခြင်း၊ ၄။ သိအောင်မမှတ်ခြင်း၊ ၅။ ပဋိပတ်မကျင့်ခြင်း တို့ဖြစ်ပါတယ်။ နောက်တစ်နည်းမှာ ၁။ စာပေသင်ကြားမှု လျှော့နည်းလာခြင်း၊ ၂။ တရားဓမ္မအကျယ်မဟောခြင်း၊ ၃။ စာပေအကျယ်မပို့ချခြင်း၊ ၄။ အကျယ်အကျက်မှတ်ခြင်း၊ ၅။ အကျယ်မကြံခြင်း တို့ဖြစ်ပါတယ်။ ထို့ပြင် နောက်တစ်နည်းမှာ ၁။ စာပေအက္ခရာများ လွဲချော်ပျက်ပြားမှုများအား လေ့ကျက်သင်ကြားခြင်း၊ ၂။ ဆုံးမမှုများကို မခံယူခြင်း၊ ၃။ စာပေပို့ချသူ သာသနာ့ဝန်ထမ်းများ ရှားပါးလာခြင်း၊ ၄။ လာဘ်လာဘပေါများအောင် ကြံဆောင်ခြင်း၊ ၅။ အချင်းချင်း ခိုက်ရန်ဖြစ်ကာ ကွဲပြားခြင်း တို့ဖြစ်ပါတယ်။ ဒီအကြောင်း တရားများ ယုတ်လျော့လာခြင်းကသာ အမှန်တကယ် သာသနာ ကွယ်ကြောင်းတရားများ ဖြစ်ပါတယ်။

(၃) မှန်ပါတယ်။ သာသနာ နှစ် (၅၀၀၀)သာ တည်မယ်ဆိုတဲ့ အပြောအဆိုများဟာ ပါဠိပိဋကတ်မှာ တိုက်ရိုက်လာတဲ့ ဟောကြားချက်တော့ မဟုတ်ပါဘူး။ အဋ္ဌကထာများမှာသာ သာသနာတော်နှစ်ပေါင်း (၅၀၀၀) ရှိကြောင်း ဖွင့်ပြထားချက်များ ရှိပါတယ်။ ဗဟုသုတအဖြစ် တင်ပြပါက ဒီဃနိကာယ်အလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ
၁။ ပဋိသမ္ဘိဒါပတ္တ ရဟန္တာခေတ်နှစ်ပေါင်း ၁၀၀၀
၂။ ဆဠာဘိညရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ တေ၀ိဇ္ဖကရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၅။ ပါတိမောက္ခသံဝရသီလခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ဖြစ်ပါတယ်။
ဒါ့အပြင် ၀ိနယပိဋကနှင့် အင်္ဂုတ္တရ အဋ္ဌကထာအလို သာသနာနှစ်ပေါင်း (၅၀၀၀) ခွဲခြားမှုများမှာ
၁။ ပဋိသမ္ဘိဒါပတ္တရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၂။ သုက္ခ၀ိပဿက ရဟန္တာခေတ် နှစ်ပေါင်း ၁၀၀၀
၃။ အနာဂါမ်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၎။ သကဒါဂါပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀
၅။ သောတာပန်ပုဂ္ဂိုလ်ခေတ် နှစ်ပေါင်း ၁၀၀၀ အားဖြင့် ၅၀၀၀ ဖြစ်ပါတယ်။
ဖော်ပြပါ ခွဲခြားသတ်မှတ်မှုများဟာ အဋ္ဌကထာလာ ခွဲခြားသတ်မှတ်မှုများသာ ဖြစ်ပါတယ်။ တကယ်တော့ သာသနာအရှည်တည်မှု မတည်မှုဟာ သာသနာတော်ကို ကျင့်သုံးလိုက်နာ ထမ်းဆောင်စောင့်ရှောက်သူတို့ အပေါ်မှာသာ တည်ရှိနေပါတယ်။ ကောင်းစွာထိန်းသိမ်းစောင့်ရှောင်ပါက ၅၀၀၀ မက တည်ရှိနိုင်ပြီး မထိန်းသိမ်း မစောင့်ရှောက်ပါက (၅၀၀၀) မပြည့်ခင်လည်း ကွယ်ပျေက်သွားနိုင်ပါတယ်။ ဒါကြောင့် သာသနာအရှည်တည်တံ့ဖို့ အားလုံးဝိုင်းဝန်း စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

မှတ်ချက်။ ။ ဒကာဖိုးသားမှ အရှင်ဘုရားတစ်ပါးနှင့် အွန်လိုင်းချက်တွင် ဆွေးနွေးထားမှုများကို တစ်ခါတည်းဖော်ပြလိုက် သော်လည် ဘုန်းဘုန်းအနေဖြင့် အားလုံးကို မဖော်ပြတော့ဘဲ မေးခွန်းငါးခုထဲက အဓိကကျတဲ့ မေးခွန်းသုံးမျိုးကိုသာ ဖြေကြားပေးလိုက်ပါတယ်။ ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Read more »

ရောမရောက်တိုင်း ရောမလိုကျင့်သင့်ပါသလော…

``When in Rome do as the Romans do.​ ရောမရောက်ရင် ရောမလိုကျင့်`` ဟူသော စကားပုံတစ်ခု ရှိ၏။ ဤစကားပုံသည် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေကြသူများအား မိမိတို့ရောက်ရှိနေသော နိုင်ငံအသီးသီး၏ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ စသည်တို့နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် သူ့နိုင်ငံရောက်လျှင် သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်ကြရန် သတိပေးတိုက်တွန်း လမ်းညွှန်ပေးသည့် စကားပုံဖြစ်၏။ မှန်၏။ တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသကဲ့သို့ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မတူညီသည့် ယဉ်ကျေးမှုဓလေ့ စရိုက်များရှိပြီး ထိုမတူညီမှုများကြောင့်ပင် အနေအထိုင်၊ အပြောအဆို၊ အလုပ်ကိုင်များတွင် တစ်နည်းနည်းဖြင့် ဒုက္ခတွေ့ကြသည်သာ ဖြစ်၏။ ထို့ကြောင့်လည်း ထိုဒုက္ခများကို အဆင်ပြေကျော်လွှားနိုင်စေမည့် နည်းလမ်းတစ်ခုအဖြစ် သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုအတိုင်း လိုက်နာနေထိုင်နည်းကို လက်ခံကျင့်သုံး လာကြခြင်းဖြစ်၏။ ရောမရောက်ရင် ရောမလိုကျင့်သင့်သည်ဟု ပြောဆိုတိုက်တွန်းလာကြခြင်း ဖြစ်၏။ သူ့နိုင်ငံ၊ သူ့စည်းကမ်း၊ သူ့ယဉ်ကျေးမှုများအတိုင်း လိုက်နာကျင့်သုံးပါက အမှန်တကယ်လည်း အဆင်ပြေလာသည်ကို သတိပြုမိကြမည် ဖြစ်၏။ သို့သော် ``နေရာတကာတိုင်းမှာ ရောမရောက်တိုင်း ရောမလို ကျင့်သင်သလား``ဟု မေးစရာဖြစ်လာ၏။ မတူညီသည့် ဘာသာတရား၊ ယဉ်ကျေးမှုများနှင့် ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းတွင် ဆိုင်ရာဆိုင်ရာ လက်ခံကျင့်သုံးရမည့် စည်းကမ်းဥပဒေများသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံတူညီမှု မရှိဖြစ်နေသောကြောင့် ထိုနိုင်ငံမှာနေသဖြင့် ထိုနိုင်ငံအတိုင်း လိုက်နာရန်အတွက် မိမိတို့တစ်သက်လုံး ထိန်းသိမ်းကျင့်သုံးလာသည့် အကျင့်တရားများ၊ ယုံကြည်မှုများ စသည်တို့ကို ပယ်စွန့်ပြီး ``ဘာပဲဖြစ်ဖြစ် လိုက်နာကျင့်သုံးသင့်သလား``ဟု စောဒကတက်စရာ ဖြစ်လာ၏။ အထူးသဖြင့် ထေရ၀ါဒဗုဒ္ဓဘာသာ အဆုံးအမ အကျင့်သီလတို့ကို လက်ခံလိုက်နာ ကျင့်သုံးနေကြသည့် မြန်မာဗုဒ္ဓဘာသာများအတွက် ပိုပြီးမေးခွန်းထုတ်စရာ ဖြစ်လာ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေရန် တစ်ခုတည်းကို ကြည့်ပြီးဘာပဲဖြစ်ဖြစ် လက်ခံလိုက်နာကျင့်သုံး ကြမည်လော…

စာဖတ်သူများ မည်သို့စဉ်းစားလက်ခံမည် ဆိုသည်ကို မသိသော်လည်း စာရေးသူ၏ တစ်သီးပုဂ္ဂလခံယူချက် အနေဖြင့်ကား မကျင့်သုံးသင့်ဟု ထင်မိ၏။ ရောမရောက်ရင် ရောမလိုကျင့်ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလိုမကျင့်သင့်ဘဲ ကျင့်နိုင်သည့်အရာ ကျင့်သင့်သည့် အရာများကိုသာ လက်ခံလိုက်နာ ကျင့်သုံးသင့်သည်ဟု ခံယူမိ၏။ သူ့နိုင်ငံမှာ နေသည့်အခိုက် အဆင်ပြေစေမှု တစ်ခုတည်းကို ကြည့်ပြီး မိမိ၏ ကိုယ်ကျင့်သီလများ ပေးဆပ်လိုက်ရသည်အထိ မတူညီမှုများကိုကား လက်ခံလိုက်နာ ကျင့်သုံးမှု မပြုသင့်ဟု ထင်မိ၏။ စာရေးသူ၏ ဤယူဆချက်သည် လွဲကောင်းလွဲနိုင်သော်လည်း ဤယူဆချက်သည် စာရေးသူ ယခုလက်ရှိနေထိုင်သည့် နိုင်ငံ၏ အစဉ်အလာ ယဉ်ကျေးမှုများကို လက်ခံကျင့်သုံးနေကြသည့် ရွှေမြန်မာများ၏ လက်တွေ့ဘ၀များကိုကြည့်ကာ ကောက်ချက်ချမိခြင်းဖြစ်၏။

စာရေးသူ ယခုလက်ရှိ နေထိုင်သာသနာပြုနေသည့် နိုင်ငံကို တိုက်ရိုက်အမည် မဖော်လိုသော်လည်း ဤနိုင်ငံသည် အရက်ကို အလွန်နှစ်နှစ်ကာကာ သောက်သုံးဧည့်ခံသည့် ဓလေ့ထုံးစံရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်၏။ မည်သည့်ပွဲမဆို အရက်မပါလျှင် မပြီးသည့်အနေအထားမျိုး ဖြစ်နေ၏။ အရက်မပါလျှင် အလုပ်မဖြစ်သကဲ့သို့ အရက်မသောက်လျှင်လည်း အပေါင်းအသင်းပင် မရှိနိုင်သည့် အနေအထား ရှိ၏။ ယောက်ျားလေး၊ မိန်ကလေး၊ လူကြီးလူငယ်၊ စသည်ခွဲခြားမှု မရှိဘဲ ၀ိုင်းထိုင်မိလျှင် အရက်နှင့်သာ အစပြုတတ်၏။ အရက်မသောက်တတ်သူသည် သူတို့နှင့်အံဝင်ခွင့်ကျ မရှိဘဲ တစ်ဖြေးဖြေး ဘေးရောက်သွားတတ်သည်အထိ အရက်ယဉ်ကျေးမှုက လွှမ်းမိုးနေ၏။ ထိုသို့သော အခြေအနေမျိုးတွင် မလာမဖြစ်လာပြီး အလုပ်လုပ်နေကြသည့် ရွှေမြန်မာများအတွက် သူ့နိုင်ငံသားများ၊ အထူးသဖြင့် အလုပ်ရှင်များနှင့် အဆင်ပြေစေရန်အတွက် သူတို့နှင့်အတူ လိုက်ပြီးသူ့ထုံးစံအတိုင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးအနေအထား ဖြစ်နေ၏။ တစ်ဘက်ကလည်း မိမိတို့ ကိုးကွယ်သည့် ဘာသာတရား အဆုံးအမ အကျင့်သီလများကို ချိုးဖောက်ရာ ရောက်နေ၏။ မည်သို့လက်ခံကြမည်နည်း။ မိမိတို့၏ ကိုယ်ကျင့်သီလကို အပျက်ခံပြီး တဒင်္ဂအခိုက်အတံ့ အဆင်ပြေစေရန်အတွက် သူ့ဓလေ့ထုံးစံကို လိုက်လုပ်ကြမည်လော… ရောမရောက်နေသည့်အတွက် ရောမလို လိုက်ကျင့်ကြမည်လော… စသည်ဖြင့် မေးခွန်းထုတ်စရာ ဖြစ်လာ၏။

ထိုအခက်အခဲသည် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင်သာမက စာရေးသူတို့ ဘာသာရေးပိုင်းအထိ ရိုက်ခတ်မှုဖြစ်လာ၏။ ဗုဒ္ဓဘာသာဟု ဆိုသော်လည်း ဗုဒ္ဓဘာသာတွင်လည်း မတူညီသည့် ဂိုဏ်းကွဲများရှိသည်ကို အားလုံးသိကြပြီးဖြစ်၏။ အထူးသဖြင့် ထေရ၀ါဒ၊ ဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာ ဟူသည့် ဂိုဏ်းကြီးများမှာ ပိုမိုထင်ရှား ကျော်ကြားလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်၏။ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုဟူသော ငါးနိုင်ငံကို ထေရ၀ါဒဗုဒ္ဓဘာသာ ကိုးကွယ်သည့် နိုင်ငံဟူ၍ သိကြပြီး တရုတ်၊ ဂျပန်၊ ကိုရီးယား၊ တိဗက်၊ မွန်ဂိုစသော နိုင်ငံများကို မဟာယာန ဗုဒ္ဓဘာသာကိုးကွယ်သည့် နိုင်ငံများဟု ယေဘုယျအားဖြင့် ဆိုနိုင်၏။ ထေရ၀ါဒဟူသည် ဘုရားဟောတရားတော်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်းမရှိ ပကတိအတိုင်း လက်ခံလိုက်နာ ကျင့်သုံးသည့် ဗုဒ္ဓဘာသာဟု ထေရ၀ါဒ နိုင်ငံများက လက်ခံယူဆသကဲ့သို့ မဟာယာန ဗုဒ္ဓဘာသာသည်လည်း မြတ်စွာဘုရားရှင်၏ တရားတော်များကို လူတိုင်းလွယ်ကူရှင်းလင်းစွာဖြင့် ပုဂ္ဂိုလ်မရွေး၊ အဆင့်အတန်းမရွေး နားလည်သဘောပေါက်စေရေး ဟူသော ရည်ရွယ်ချက်ဖြင့် အားလုံးနှင့်အဆင်ပြေစေရန် ခေတ်ကာလာအခြေအနေသို့ လိုက်၍ ဘုရားဟောဓမ္မများကို ပိုမိုကျယ်ပြန်စွာ ဖြန့်ဝေပေးနေသည့် ဘာသာဟု မဟာယာနနိုင်ငံများက ဆိုကြပေမည်။ သို့သော် မဟာယာနဗုဒ္ဓဘာသာ၏ မျက်မှောက်ခေတ်အခြေအနေများကို ကြည့်ပါက အားလုံးနှင့်အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာကျင့်သုံးရာမှ မြတ်ဗုဒ္ဓ၏ မူရင်းဒေသနာတော်များမှာ မူရင်းအတိုင်း မရှိတော့ဘဲ တိမ်မြုတ်ပျောက်ကွယ် လာသည်ကို တွေ့ရပေ၏။ နိုင်ငံတစ်ခု၏ အခြေအနေနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် လိုက်နာနေထိုင်ရာမှ ဘုရားဟောဓမ္မ အစစ်အမှန်များ တဖြည်းဖြည်း လွဲမှားလာသည်ကို တွေ့ရ၏။ ထို့ကြောင့်လည်း မျက်မှောက်ခေတ် မဟာယာန နိုင်ငံအချို့တွင် ရဟန်းတော်များအတွက် နေလွဲညစား စားမှုသည် အထူးအဆန်း မဟုတ်တော့သည့်အပြင် အရက်သောက်၍ရသည့်ဂိုဏ်း၊ အိမ်ထောင်ပြု၍ရသည့် ဂိုဏ်းများအထိ ဂိုဏ်းများကွဲပြားလာခြင်းကြခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ နေရာဒေသတစ်ခုတွင် အဆင်ပြေစေရန် လိုက်နာကျင့်သုံးရာမှ၊ တစ်နည်းအားဖြင့် ဆိုရသော် ရောမရောက်ရင် ရောမလိုကျင့်သုံးရာမှ မူရင်းအစစ်အမှန်များ တိမ်မြုတ်ပျောက်ကွယ်ရခြင်း ဖြစ်သည်ဟု ယူဆရမည့် အချက်တစ်ချက်ပင် ဖြစ်၏။

စာရေးသူတို့ ယခုလက်ရှိရောက်နေသည့် နိုင်ငံတွင် စာရေးသူတို့၏ ကိုယ်တွေ့အရ အံ့သြစရာများနှင့် ကြုံတွေ့ခဲ့ရ၏။ ရောက်ရောက်ချင်း မဟာယာန ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရပြီး ထိုင်ပဲရှိခိုးရမလို လက်အုပ်ပဲချီပြီး အရိုအသေမျှ ပြုပေးရမလို အနေအထားနှင့် ကြုံတွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုဘုန်းတော်ကြီးသည် ဆံပင်အရှည်လူပုံစံ ဖြစ်နေပြီး အနားတွင်လည်း ထိုဘုန်းတော်ကြီး၏ ဇနီးမိန်းမပါ ရှိနေသောကြောင့်ဖြစ်၏။ ထိုအခြေအနေတွင် စာရေးသူတို့ မည်သို့လုပ်သင့်သနည်း။ ထေရ၀ါဒရှုထောင့်မှ ကြည့်လျှင် အလွန်လက်ခံရန် ခက်ခဲသည့်အနေအထား ဖြစ်နေ၏။ ထို့ကြောင့် ထိုအခိုက်မှာ ရှိမခိုးတော့ဘဲ လက်အုပ်ချီ၍သာ အရိုအသေပြုမိ၏။ ထို့အပြင် မဟာယာန ဘုန်းတော်ကြီးများနှင့် လူကြီးအချို့က ၎င်းတို့နိုင်ငံသည် အလွန်အေးသဖြင့် မြန်မာရဟန်းတော်များ၏ သင်္ကန်းတော်သည် အအေးဒဏ်ကို ခံနိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် ၎င်းတို့ဝတ်သကဲ့သို့ မဟာယာနဘုန်းတော်ကြီး အ၀တ်အစားများကို ပြောင်းဝတ်သင့်ကြောင်း၊ အအေးဒဏ်ခံနိုင်ပြီး စာပေများပိုမိုလေ့လာနိုင်ရန် ညစာစားပြီး ၎င်းတို့နေသကဲ့သို့ သောက်စားနေသင့်ကြောင်း တစ်ယူသန်အစွဲမထားဘဲ ရောမရောက်ရင် ရောမလိုကျင့်သင့်ကြောင်း စသဖြင့် တိုက်တွန်းပြောဆိုကြ၏။ စာရေးသူတို့မှ ``ရောမရောက်ရင် ရောမလိုကျင့်သင့်သည် ဆိုသော်လည်း ကျင့်သင့်သည့်အရာ ကျင့်နိုင်သည့်အရာများကိုသာ ကျင့်နိုင်မည်ဖြစ်ကြောင်း ဘုရားဟော ဓမ္မများ၊ ၀ိနည်းသိက္ခာပုဒ်များနှင့် ဆန့်ကျင်သည့်အရာများကိုကား လိုက်နာပြီး မကျင့်နိုင်ကြောင်း`` ပြောဆိုလိုက်၏။ ထိုအတိုင်းပင် စာရေးသူတို့ကိုယ်တိုင် ရာသီဥတုဒဏ်ကို ခံနိုင်မည့်နည်းများဖြင့် ထေရ၀ါဒ ရဟန်းတော်အသွင်ကို မပျောက်စေဘဲ နေထိုင်လာခဲ့သည်မှာ ယခုဆိုလျှင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ နေပြလိုက်ခြင်းကပင် ထေရ၀ါဒ၏စံ ထေရ၀ါဒအသွင်ကို ပိုမိုပေါ်လွင်စေခဲ့၏။ တစ်ယူသန်အစွဲ ထားခြင်းမဟုတ်ဘဲ အမှားအမှန်ကို ခွဲခြားကာ နေပြလိုက်ခြင်း ဖြစ်၏။ ရောမရောက်တိုင်း ရောမလို မကျင့်ဘဲ ကျင့်သင့်သည့်အရာ၊ ကျင်နိုင်သည့်အရာများကိုသာ ကျင့်ပြလိုက်ခြင်းဖြစ်၏။

ထို့အတူပင် နိုင်ငံရပ်ခြား အသီးသီးတွင် ရောက်နေကြသည့် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များသည်လည်း စာရေးသူတို့ ကျင့်သုံးသကဲ့သို့ ကျင့်သုံးသင့်၏။ သူ့နိုင်ငံ သူ့ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအတိုင်း လိုက်နာကျင့်သုံး နေထိုင်သင့်သော်လည်း မိမိတို့ ကိုးကွယ်ယုံကြည်ထားသည့် ဘာသာတရား အဆုံးအမများနှင့် ဆန့်ကျင်သည့် ဓလေ့ထုံးစံများကိုကား မလိုက်နာ မကျင့်သုံးသင့်ပေ။ ၎င်းတို့အရက်ယဉ်ကျေးမှုကို လိုက်၍ မိမိတို့၏ ခါးဝတ်ပုဆိုးကဲ့သို့ လုံအောင်ထိမ်းရမည့် သုရာမေရယဟူသော ကိုယ်ကျင့်သိက္ခာပုဒ်ကို ပယ်စွန့်သည်အထိ မလိုက်သင့်ပေ။ တစ်ခါသာအမုန်းခံပြီး မိမိတို့ဘာသာတရား အဆုံးအမအရ မသောက်သင့်ကြောင်း၊ မသောက်နိုင်ကြောင်း ပြောဆိုငြင်းပယ်လိုက်လျှင် မိမိတို့ကို အတင်းအဓမ္မ ရိုက်နှက်ချုပ်နှောင်ပြီး ပြုလုပ်ကြလိမ့်မည်ဟု မထင်ပေ။ ခဏတာ အဆင်ပြေမှုကို ကြည့်ပြီး ပစ္စုပ္ပန် သံသရာ နစ်မွန်းစေမည့် လုပ်ရပ်များကို မလုပ်သင့်ပေ။ မိမိတို့ လုပ်နိုင်သည့်အရာ၊ လုပ်ပေးသင့်သည့် အရာများကိုသာ လိုက်နာလုပ်ဆောင်သင့်ပေသည်။ အခိုက်အတံ့ပင် ဖြစ်သော်လည်း မကောင်းမှုဟူသည် အစမလုပ်မိခြင်းက ပိုကောင်း၏။ အစလုပ်မိပါက အဆုံးမရှိဖြစ်တတ်ပြီး နောက်ပိုင်းမလုပ် မနေနိုင်အောင် ဖြစ်တတ်သည်ကို အထူးဆင်ခြင်သင့်လှ၏။ အရက်သောက်ခြင်းမှမဟုတ် အခြားမည်သည့် အကုသိုလ်မျိုးမဆို မလုပ်ဘဲ နေသည်က အကောင်းဆုံးဖြစ်၏။

ထို့ကြောင့် ဤနေရာမှာ စာရေးသူ တိုက်တွန်းလိုသည်မှာ `ရောမရောက်ရင် ရောမလိုကျင့်`ဟု ဆိုသော်လည်း ရောမရောက်တိုင်း ရောမလို မကျင့်သင့်ဘဲ ကျင့်သင့်သည့်အရာ ကျင်နိုင်သည့်အရာများကိုသာ လိုက်နာကျင့်သုံးကြရန်၊ မိမိတို့၏ ကိုယ်ကျင့်သီလ ပျက်စေမည့် အရာများကိုကား သံသရာနှင့်ရင်းပြီး မကျင့်သုံးကြရန် နှင့် တစ်ဘ၀၊ တစ်ခဏကို မကြည့်ဘဲ သံသရာကိုကြည့်ပြီး လိုက်နာကျင့်သုံးကြရန်.. စသည် စသည်တို့ ဖြစ်ပါကြောင်….

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ