ကုသိုလ်ဖြစ်ဖို့ လွယ်ပါတယ်…

ဘုန်းဘုန်းကို ဒကာမကြီးတစ်ယောက်က မေးဖူးပါတယ်။ ``အရှင်ဘုရား တပည့်တော်တို့မှာ အရမ်းဆင်းရဲတဲ့ အတွက် လှူဖို့မပြောနဲ့ တပည့်တော်တို့ စားဖို့တောင် အနိုင်နိုင်ကြိုးစား နေရပါတယ်။ ချမ်းသာတဲ့သူများ လှူနေတမ်းနေသလိုမျိုး မလှူနိုင်မတမ်းနိုင်တဲ့ တပည့်တော်တို့လို ဆင်းရဲသားများ ကုသိုလ်ရအောင် ဘယ်လိုလုပ်သင့်သလဲ… တပည့်တော်တို့ အခြေအနေမျိုးနဲ့ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေတဲ့ နည်းများရှိရင် အမိန့်ရှိပေးပါ ဘုရား..``လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း သူတို့လိုအခြေအနေဖြစ်နေတဲ့ မရှိဆင်းရဲသားများ ဘာမှမကုန်စေဘဲ ကုသိုလ်ရစေ၊ ကုသိုလ်ဖြစ်စေမယ့် နည်းလမ်းလေးများကို စာပေမှာလာတဲ့ အတိုင်းရှင်းလင်း ဟောကြားပေးလိုက်ရဖူးပါတယ်။

တကယ်တော့ ကုသိုလ်ဆိုတာ ပစ္စည်းဥစ္စာ ရှိမှ၊ လှူနိုင်တမ်းနိုင်မှ ရအောင်လုပ်နိုင်တာ၊ ဖြစ်အောင်လုပ်နိုင်တာ မဟုတ်ပါဘူး။ ဒါနမလုပ်နိုင်ပေမယ့် တစ်ခြားလုပ်နိုင်တဲ့ ကောင်းတဲ့အလုပ်လေးတွေ လုပ်ရင်းနဲ့လည်း ကုသိုလ်ဖြစ်အောင် လုပ်နိုင်ပါတယ်။ ဒါနမလုပ်လည်းပဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ ကုသိုလ်ဖြစ်ကြောင်း တရားတွေကို လုပ်နိုင်ပါက ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပါတယ်။ သိန်းနဲ့သန်းနဲ့ချီပြီး လှူနိုင်မှ မဟုတ်ပါဘူး။ ပစ္စည်းဥစ္စာကိုလှူဒါန်းပေးတဲ့ ဒါနကုသိုလ်မျိုး မလုပ်နိုင်ပေမယ့် တစ်ခြားကိုယ်တတ်နိုင်တဲ့ နည်းများဖြင့် ကုသိုလ်ဖြစ်အောင်၊ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်။ ဗုဒ္ဓစာပေမှာလည်း ကုသိုလ်ဖြစ်ကြောင်းတရား၊ တစ်နည်းအားဖြင့် ကောင်းသောအကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုး ဆယ်ပါးရှိကြောင်း ဖွင့်ပြပါတယ်။ အဲဒါကို စာပေက ပုညကြိယ၀တ္တုလို့ ဆိုပါတယ်။ (ပုည-ကောင်းမှုကုသိုလ်၊ ကြိယ- ပြုသင့်ပြုထိုက်သော၊ ၀တ္ထု- တည်ရာ) အဲဒီဆယ်မျိုးကတော့
၁။ ဒါန- ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း၊
၂။ သီလ- ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစသော သီလသိက္ခာပုဒ်များ စောင့်ထိန်းခြင်း၊
၃။ ဘာဝနာ- သမထ၊ ၀ိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းစီးဖြန်း အားထုတ်ခြင်း၊
၎။ အပစာယန- အသက်၊ သိက္ခာ၊ ဂုဏ်ကြီးသူတို့အား အရိုအသေပြုခြင်း၊
၅။ ဝေယျာဝစ္စ- သူများကုသိုလ်ကိစ္စ၌ ကူညီဆောင်ရွက်လုပ်ကိုင်ပေးခြင်း၊
၆။ ပတ္တိဒါန- မိမိရသော၊ မိမိပြုသော ကုသိုလ်အဖို့ကို အမျှပေးဝေခြင်း၊
၇။ ပတ္တနုမောဒနာ- မိမိသို့ရောက်လာသော ကုသိုလ်အဖို့ကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ခြင်း
၈။ ဓမ္မဿဝန- တရားနာခြင်း၊
၉။ ဓမ္မဒေသနာ- လာဘ်လာဘကို မငဲ့ဘဲ တရားဟောပေးခြင်း၊
၁၀။ ဒိဋ္ဌိဇုကမ္မ- အယူကို ဖြောင့်မတ်စွာပြုခြင်း တို့ပဲဖြစ်ပါတယ်။

ဒီပုညကြိယာဝတ္ထုဆယ်ပါးကို ကြည့်မယ်ဆိုရင် ကုသိုလ်ဖြစ်ဖို့၊ ကုသိုလ်ရဖို့ဆိုတာ မခက်ပါဘူး။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဘာမှ မရင်းနှီးရ၊ အားမစိုက်ရဘဲ ကုသိုလ်ဖြစ်စေနိုင်တဲ့ အရာတွေအများကြီး ရှိပါတယ်။ လူတိုင်းစိတ်ထားတတ်မယ်ဆိုရင် ဒီဆယ်ပါးထဲက တစ်ခုမဟုတ်၊ တစ်ခုဖြစ်နေပြီး နေ့စဉ်ကုသိုလ်တစ်ခုခု ရနေကြမယ်ဆိုတာ အထူးပြောဆိုရာ မလိုလောက်အောင်ပါပဲ။ ဒီဆယ်ပါးထဲမှာ ကိုယ်ကဆင်းရဲလို့၊ ငွေကြေးမပြည့်စုံလို့ အလှူဒါန မလုပ်နိုင်ပေမယ့် သူများလှူတဲ့အလှူကို သာဓုခေါ်ပေးရုံနဲ့ ကိုယ့်အတွက် ကုသိုလ်ဖြစ်သွား၊ ကောင်းကျိုးဖြစ်သွားအောင် လုပ်လို့ရပါတယ်။ သူများအလှူမှာ သွားရောက်ပြီး ၀ိုင်းဝန်းဝေယျာဝစ္စပြုပေးရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေပါတယ်။ ပြီးတော့ အလှူပွဲမှာ ဟောကြားတဲ့တရားတော်ကို နာယူနိုင်၊ နာယူပြီး ပြန်လာတဲ့အခါ ကိုယ်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း စသူတို့ကို တစ်ဆင့်ပြန်ဟောပြောပေး၊ ပြန်လည်အမျှဝေပေးရင်လည်း ကုသိုလ်ထပ်ဖြစ်စေပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးချဲ့ပြောနိုင်ပါတယ်။ သေချာတာက ကုသိုလ်ရဖို့ လွယ်တယ်ဆိုတာပါ။ နောက်ပြီး ဘာမှမရင်းလိုက်ရဘဲ အလွယ်ရတဲ့ ကုသိုလ်လေးတစ်ခု ဒီဆယ်မျိုးထဲမှာ ပါပါတယ်။ အဲဒါက အပစာယနဆိုတဲ့ မိမိထက် အသက်သိက္ခာဂုဏ်ကြီးသူတွေကို အရိုအသေပြုတဲ့ အချက်ပါ။ သွားရင်းလာရင်းနဲ့လည်း ရောက်လေရာအရပ်တွေမှာ သက်ကြီးရွယ်အိုများကို ကူညီပေးလိုက်ရုံ၊ ရိုရိုသေသေ လေးလေးစားစား ပြုပေးလိုက်ရုံနဲ့ ကိုယ့်အတွက် ကောင်းကျိုးဖြစ်သွားစေပါတယ်။ ဒီလိုလုပ်ပေးတာဟာ မင်္ဂလာတရားတော်နဲ့ ကြည့်ရင် သက်ကြီးရွယ်အိုများအား အရိုအသေပြုပေးတဲ့အတွက် ဂါရ၀မင်္ဂလာဖြစ်စေပြီး အရိုအသေပြုတာဟာ တစ်ဘက်ကပြန်ကြည့်ရင် ကိုယ့်ကိုယ်ကို နှိမ့်ချတာဖြစ်တဲ့အတွက် နိဝါတ မင်္ဂလာလည်း ဖြစ်ပါတယ်။ ကုသိုလ်ဖြစ်ဖို့၊ ကောင်းကျိုးဖြစ်ဖို့ဆိုတာ အဲဒီလောက် လွယ်တာပါ။

ဒီထက်တစ်ဆင့်တက်ပြီး ခိုင်မာတဲ့ ကောင်းကျိုးဖြစ်ဖို့ကတော့ ဒါနမလုပ်ဘဲရတဲ့ သီလဆောက်တည်ခြင်းနဲ့ ဘာဝနာပွားများခြင်းပါ။ သီလကုသိုလ်ကတော့ ငွေကြေးမလိုပါဘူး။ ဒါပေမယ့် ထိန်းရခက်ပါတယ်။ ကိုယ့်ကိုယ်ကို အရင်းစိုက်ရတဲ့ ကုသိုလ်ပါ။ ရင်းရတာနဲ့လည်း တန်အောင် ဒီသီလကုသိုလ်ကလည်း ထိန်းသိမ်းတဲ့သူတွေကို အကောင်းဆုံးအကျိုးတွေကို ဖြစ်စေပါတယ်။ အနီးစပ်ဆုံးကတော့ သီလလုံခြုံတဲ့သူဟာ သေပြီးနောက်ဘ၀မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးပါး မလားစေနိုင်တဲ့ အချက်ပါ။ ဒါကြောင့် မရှိလို့မလှူနိုင်ဖြစ်အောင် ဆင်းရဲနေပေမယ့် ချမ်းသာသူတွေထက် သာစေနိုင်တဲ့အချက်က ကိုယ်ကျင့်သီလကို လုံခြုံအောင်ထိန်းသိမ်းခြင်းပဲလို့ ဆိုတာပါ။ အနေစုက်ပေမယ့် ရွှေထုတ်တဲ့မြပ၀ါလို့ ဆိုရအောင် မရှိလို့ ဒါနမလုပ်နိုင်ပေမယ့် အကျင့်သိက္ခာကတော့ မြင့်မြတ်လုံခြုံအောင် ကြိုးစားသင့်ပါတယ်။ မရှိလို့ဒါန မလုပ်နိုင်တဲ့ကြားက ကိုယ်ကျင့်သီလပါ မလုံခြုံဘူးဆိုရင်တော့ ဒီလိုလူမျိုးအတွက် ကောင်းကျိုးရဖို့ဆိုတာ မလွယ်ပါဘူး။ ထို့အတူ ဘာဝနာကုသိုလ်ကလည်း လုပ်တတ်ယူတတ်ရင် လွယ်ပါတယ်။ နေ့စဉ် မေတ္တာပို့ပေးတာတို့၊ ဂုဏ်တော်ပွားတာတို့စတာတွဟာ ငွေကြေးမကုန်ဘဲ ကောင်းကျိုးရစေတဲ့ အရာတွေပါ။ ဒီထက်တစ်ဆင့်တက်ပြီးတော့ သွားရင်းလာရင်း၊ လုပ်ရင်းကိုင်ရင်းလည်း ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အကြံအစည်များကို သတိလေးလိုက်လိုက်ကပ်ပြီး မှတ်တတ်တဲ့ အလေ့အကျင့်လေးတွေ လုပ်ကြည့်ပါက ကုသိုလ်တရားဖြစ်ဖို့ အရမ်းလွယ်ပြီး ဘ၀မှာ နေရတာလည်း သက်သောင့်သက်သာ ဖြစ်စေပါတယ်။ ခန္ဓာရဲ့ ဒုက္ခကို သိသွားတဲ့ သူတစ်ယောက်ဟာ အပြင်လောကမှ ကြုံရတဲ့ ဒုက္ခဆိုတာ အသေးအဖွဲလေးဖြစ်သွားပြီး ခံနိုင်ရည်ရှိသွားပါတယ်။ ဒီလိုပဲ တဖြည်းဖြည်း သတိကပ်နေထိုင်သွားမယ်ဆိုရင် ဘာဝနာကုသိုလ်ဆိုတာ အကုန်အကျနည်းပြီး အလွယ်တကူဖြစ်စေမှာပါ။ ဒါပေမယ့် သူလည်းအပြောလွယ်သလောက် အလုပ်ခက်တဲ့သဘော ရှိပါတယ်။ တကယ်တော့ ကုသိုလ်ရဖို့ လွယ်တယ်ဆိုပေမယ့် ဒီကုသိုလ်ကို လိုချင်တဲ့ပုဂ္ဂိုလ်၊ လိုချင်တဲ့စိတ်ရှိမှ လွယ်တာပါ။ ဒီလိုစိတ်မရှိလို့ကတော့ ဘယ်လောက်ပဲလွယ်လွယ်၊ ကုသိုလ်ရစေတဲ့တရားများ ဘယ်လောက်ပဲများများ ကောင်းကျိုးရဖို့ မလွယ်ပါဘူး။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက ကုသိုလ်ဖြစ်ဖို့ လွယ်တယ်ဆိုတဲ့ အချက်ပါ။ ငွေကြေးမတတ်နိုင်လို့ ဒါနမလုပ်နိုင်ပေမယ့် ဒီဒါနကလွဲပြီး ကျင်တဲ့သီလကုသိုလ်၊ ဘာဝနာကုသိုလ်၊ လူကြီးသူမ အသက်သိက္ခာဂုဏ်ဝါ ကြီးသူတွေကို အရိုအသေပြုတဲ့ကုသိုလ်၊ ဝေယျာဝစ္စကုသိုလ်၊ အမျှပေး၊ အမျှဝေတဲ့ကုသိုလ်၊ တရားနာရတဲ့ကုသိုလ်၊ ကိုယ်သိတာကို ပြန်လည်မျှဝေတဲ့ကုသိုလ်၊ အယူဝါဒကို မှန်ကန်စေတဲ့ကုသိုလ်တွေကို ရအောင်လုပ်နိုင်ပါတယ်။ ဒီအချက်တွေကို အကြောင်းပြုပြီး ကုသိုလ်ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဘာမှမရင်းရဘဲ ကောင်းမှုတွေ၊ ကောင်းကျိုးတွေ ဖြစ်အောင်လုပ်နိုင်ပါတယ်။ ဒါလေးကတော့ အသေးအဖွဲလေးပဲဆိုပြီး အထင်မသေးလိုက်ပါနဲ့၊ သူများအလှူမှာသွားပြီး အောက်ခြေသိမ်း ဝေယျာဝစ္စတွေ လုပ်နေရတယ်ဆိုပြီး အတွေးမငယ်လိုက်ပါနဲ့၊ လမ်းသွားရင်း သက်ကြီးရွယ်အိုများကို အထုတ်သယ်ပေး၊ လမ်းဖြတ်ကူးပေးလိုက်တာလေးဟာ ဘာမှအကျိုးမရှိပါဘူးလို့ အတွေးမမှားလိုက်ပါနဲ့ ဒါတွေဟာ စိတ်ထားကောင်းကောင်းနဲ့ အရိုးခံလုပ်ပေးလိုက်တာဆိုရင် သိန်းသန်းချီပြီးလှူတဲ့ သူတွေထက် ကုသိုလ်ပိုဖြစ်စေ၊ ကောင်းကျိုးပိုဖြစ်စေပါတယ်။ ဒါကြောင့် ဒီကုသိုလ်လေးတွေဟာ ဘာမှမရင်းဘဲ ရလိုက်တဲ့ ကုသိုလ်လေးတွေပါ။ အသေးအဖွဲကုသိုလ်လေးဆိုပြီးလည်း အထင်မသေးလိုက်ပါနဲ့ အသေးလေးတွေ စုလိုက်တဲ့အခါ အကြီးကြီးဖြစ်ပြီး ပစ္စုပ္ပန် သံသရာကောင်းကျိုးတွေ ဖြစ်စေပါတယ်။ ဒါကြောင့် အကုသိုလ်ဖြစ်ဖို့လွယ်သလောက် ကုသိုလ်ဖြစ်ဖို့ဆိုတာလည်း လိုချင်တယ်၊ စိတ်ထားတတ်တယ်၊ လုပ်တတ်တယ်ဆိုရင် အလွယ်လွန်ပါတယ်လို့ ဆိုခြင်းပါ။ အထက်မှာ ဖော်ပြခဲ့တဲ့ ပုညကြိယ၀တ္ထုဆယ်ပါးထဲမှာ ကိုယ့်အတွက် အလွယ်ရနိုင်တဲ့ ကုသိုလ်တွေအများကြီး ရှိတဲ့အတွက် ကုသိုလ်ရဖို့အတွက် အဝေးကြီးသွားပြီး ရှာစရာမလိုဘဲ မိမိအနီးမှာရှိတယ်ဆိုတာ သဘောပေါက်ဆင်ခြင်၍ ကုသိုလ်ကောင်းမှုများကို အလွယ်တကူရအောင် ကြိုးစားကြဖို့ သတိပေးတင်ပြလိုက်ရပါတယ်။

Read more »

အနှစ်ရှိသော ကြီးရင့်ခြင်း…

ကြီးရင့်ခြင်းဟူသည် ငယ်ရာမှ ကြီးလာခြင်း၊ နုရာမှ ရင့်လာခြင်းစသည်ကို ဆိုလို၏။ ထိုကြီးရင့်ခြင်းသည် သတ္တ၀ါများ၌ ဖြစ်သကဲ့သို့ သစ်ပင်များ၌လည်း ဖြစ်ပေါ်လေ့ရှိ၏။ လူသားတို့အပါအ၀င် သတ္တ၀ါအပေါင်းတို့သည် ငယ်ရာမှ ကြီးလာလေ့ရှိကြပြီး သစ်ပင်ပန်းမာလ်တို့သည်လည်း ငယ်ရာမှကြီးလာ၊ နုရာမှ ရင့်လာလေ့ရှိကြ၏။ ထိုသို့ ကြီးရင့်ခြင်းများ အသီးသီး ရှိကြသော်လည်း ကြီးရင့်သွားပုံခြင်း မတူညီကြပေ။ အချို့အနှစ်ရှိသော ကြီးရင့်ခြင်းဖြင့် ကြီးရင့်နေကြသော်လည်း အချို့မှာ အနှစ်မရှိ အချည်းနှီး ကြီးရင့်ခြင်းများဖြင့် ကြီးရင့်နေကြသည်ကို တွေ့နိုင်၏။ သစ်ပင်များတွင် လဲပင်၊ ငှက်ပျောပင်စသည်များသည် အပင်ကြီးသာ ကြီးရင့်သွားသော်လည်း အထဲတွင် အနှစ်သာရမရှိ ပျော့ပွပွကြီး ဖြစ်နေလေ့ရှိပြီး ဆီးပင်၊ မန်ကျီးးပင်၊ မာလကာပင် စသည်များသည် ငယ်ပင်ငယ်သော်လည်း အနှစ်အပြည့်ဖြင့် မာမာကျစ်ကျစ် ဖြစ်နေသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့အတူ လူသတ္တ၀ါများတွင်လည်း အချို့ပုဂ္ဂိုလ် သတ္တ၀ါများသည် အသက်အရွယ်သာ ကြီးရင့်သွားကြသော်လည်း အနှစ်မရှိ တန်ဘိုးမဲ့စွာ ဘ၀ကိုကျင်လည်နေကြပြီး အချို့ပုဂ္ဂိုလ် သတ္တ၀ါများသည်ကား ငယ်ပင်ငယ်သော်လည်း အနှစ်အပြည့်ဖြင့် တန်ဘိုးရှိစွာ ဘ၀ကိုကျင်လည် ဖြတ်သန်း ကြိုးစားနေကြသည်ကို တွေ့ရ၏။ ထို့ကြောင့် ကြီးရင့်သွားသည်ခြင်း တူကြသော်လည်း အနှစ်ရှိသော ကြီးရင့်ခြင်းနှင့် အနှစ်မရှိသော ကြီးရင့်ခြင်းဟူ၍ နှစ်မျိုးကွဲပြားနေခြင်း ဖြစ်၏။

မှန်၏။ ထိုသဘောတရားသည် လူသားများတွင် ထင်ရှားစွာ တွေ့မြင်နေရ၏။ အချို့သူများသည် အသက် ၅၀ ကျော် ၆၀၀န်းကျင် ရှိနေကြသော်လည်း လုပ်နေကြသည့် လုပ်ရပ်များမှာ မိမိအတွက် အများအတွက် မည်သည့်ကောင်းကျိုးမျှ မဖြစ်နိုင်သည် လုပ်ရပ်များဖြစ်နေကြ၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်လည်း မည်သည့်နေရာတွင်မျှ အသုံးမတည့်ဖြစ်နေ၏။ ထိုသူ့တို့ထံမှ ရယူစရာ၊ အတုယူကျင့်သုံးဖွယ်ရာ တစ်စုံတစ်ခုမျှ မရှိဖြစ်နေ၏။ စင်စစ် အသက်ကြီးတိုင်း အနှစ်ရှိသည်မဟုတ်။ ပညာတတ်တိုင်း အနှစ်ရှိသည်မဟုတ်။ ရာထူးကြီးတိုင်း အနှစ်ရှိသည်မဟုတ်။ အနှစ်ရှိခြင်း၊ မရှိခြင်းကို အကျင့်သိက္ခာ ရှိခြင်းမရှိခြင်း၊ ကုသိုလ်တရားရှိခြင်း၊ မရှိခြင်းနှင့်သာ တိုင်းတာ၍ ရရှိ၏။ အချို့သူများသည် အသက်ပင် ငယ်ငြားသော်လည်း ကုသိုလ်ကောင်းမှု၌ ပျော်မွေ့၏။ အကျင့်သီလကို လုံခြုံအောင် စောင့်ထိမ်း၏။ မိဘဆရာသမားများအပေါ်တွင် တာဝန်ကျေ၏။ လူကြီးသူမများကို ရိုသေလေးစား၏။ ထိုသူတို့သည် မိမိသန္တာန်တွင် ကောင်းမှုတရားများဖြင့် ပြည့်စုံထုံလွှမ်းနေသဖြင့် အသက်ပင်ငယ်သော်လည်း အနှစ်အားဖြင့် ကြီးရင့်၏။ ငယ်ရာမှ တဖြည်းဖြည်းကြီးရင့် လာနေကြသော်လည်း ထိုသူတို့၏ ကြီးရင့်ခြင်းသည် အနှစ်ရှိသော ကြီးရင့်ခြင်းဖြစ်၏။ အချို့ကား ငယ်စဉ်သိတတ်စ အရွယ်မှစပြီး မကောင်းမှုများ၌ ပျော်မွေ့၏။ အပျော်အပါးလိုက်စား၏။ ကိုယ်ကျင့်သီလ ဖောက်ပြန်၏။ မိဘဆရာသမားများ အပေါ်တွင်လည်း သိတတ်မှုမရှိ၊ လူကြီးသူမများအပေါ်တွင်လည်း ရိုသေကိုင်းရှိုင်းမှုမရှိ။ ဤသို့ဖြင့် အသက်များ တစ်စတစ်စ ကြီးရင့်လာသော်လည်း နောင်တရမှုမရှိ၊ ငယ်စဉ်ကတည်းက ပျော်မွေ့ခဲ့သည့် မကောင်းမှုဒုစရိုက်များဖြင့်သာ ပျော်နေဆဲဖြစ်၏။ ထိုသူများသည် အသက်အရွယ်အရ ကြီးရင့်နေသော်လည်း အနှစ်သာရအားဖြင့် မွေးကင်းစသာသာမျှသာရှိ၏။ ထိုသူတို့၏ ကြီးရင့်ခြင်းသည် အနှစ်မရှိသော ကြီးရင့်ခြင်းသာ ဖြစ်၏။

လွန်ခဲ့သည့် သုံးလေးရက်ခန့်က ဖြစ်၏။ ည ၁၁နာရီခန့် စာရေးသူနေထိုင်ရာ ကျောင်းအတွင်းသို့ အရက် အလွန် အကျွံသောက်ထားသည့် အမူသမားတစ်ယောက် တံခါးဖွင့်ပြီး အတင်းဝင်ရောက်လာ၏။ မြန်မာလူမျိုးမဟုတ်။ စာရေးသူ နေထိုင်သီတင်းသုံးနေသည့် နိုင်ငံ၏နိုင်ငံသားဖြစ်၏။ အသက်အရွယ်အားဖြင့် ၅၀ကျော် ၆၀ခန့် ရှိမည်ထင်ရ၏။ အနံ့တစ်ထောင်းထောင်းထနေသော အရက်နံ့ကြောင့် စာရေးသူခေါင်းပင် ကိုက်လာ၏။ သို့သော် သီးခံပြီး အဘယ့်ကြောင့် ဤကဲ့သို့ အရက်အလွန်အကျွန်သောက်ပြီး ဘုန်းကြီးကျောင်းထဲ ၀င်လာရသနည်းဟု စာရေးသူက မေးသဖြင့် သူ့နိုင်ငံ စီးပွားရေများအကြောင်း၊ လူတွေကို မုန်းနေသည့်အကြောင်း၊ သူ့ကိုသူ သတ်သေချင်ကြောင်း စသည်ဖြင့် ပြောပါတော့၏။ စာရေးသူလည်း စိတ်ဖြေရာ တရားစကားများပြောဆိုပြီး ပြန်ခိုင်းလိုက်ရလေ၏။ ပြောချင်သည်မှာ ထိုအမူးသမားအကြောင်းမဟုတ်။ ထိုသူ၏ အသက်အရွယ်နှင့် ကျင်လည်နေရသည့်ဘ၀၊ ဖြစ်ပျက်နေသည့် အခြေအနေကို ပြောလိုရင်းဖြစ်၏။ အသက်အရွယ် ကြီးနေသော်လည်း သူ၏ ဘ၀သည် အနှစ်မရှိဖြစ်နေ၏။ မိမိအတွက်လည်း အကျိုးမရှိ၊ မိသားစုအတွက်လည်း အကျိုးမရှိ၊ တိုင်းပြည်လူမျိုးအတွက်လည်း အကျိုးမရှိဖြစ်နေသည့် အနေအထားတွင် ရှိ၏။ ပို၍ဆိုးသည်မှာ ကုသိုလ်အကုသိုလ်ကို မသိဘဲဖြစ်နေခြင်း ဖြစ်၏။ သို့ဖြစ်၍လည်း အကောင်းကို အဆိုးထင်၊ အဆိုးကို အကောင်းထင်ပြီး ထင်ရာလုပ်နေကြခြင်းဖြစ်၏။ လွဲမှားနေသည့် လမ်းကိုလျှောက်နေကြသဖြင့် လုပ်သမျှအမှားဖြစ်ကာ အောင်မြင်မှုမရဘဲ ဘ၀ကိုအရှုံးပေး၍ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းနေမိကြခြင်း ဖြစ်၏။

စင်စစ် အသက်အရွယ်ကြီး၍ အနှစ်ရှိသည် မဟုတ်။ အသက်ရှင်ဆဲအခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်၏။ အနှစ်သာရရှိစွာ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်၏။ စာလိုပြောပါက ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းကြာရှည်စွာ နေရခြင်းထက် ကိုယ်ကျင့်သိက္ခာပြည့်စုံစွာဖြင့် တစ်နေ့တစ်ရက် တစ်မနက်မျှ နေထိုင်သွားရခြင်းက ပို၍အနှစ်သာရရှိ၏။ ကုသိုလ်ကောင်းမှုများဖြင့် တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများဖြင့် နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင်နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်၏။ အဘယ့်ကြောင့်ဆိုသော် မွေးလာပြီးနောက် သေကြရမည်မှာ သတ္တ၀ါများ ရှောင်တိမ်း၍ မရသည့် အရာဖြစ်သဖြင့် အသက်တိုသည် အသက်ရှည်သည်တို့ထက် အသက်ရှင်ဆဲအခိုက်မှာ အနှစ်သာရပြည့်စုံစွာ နေထိုင်သွားနိုင်ခြင်းက အဓိကကျသောကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြသည့် မိမိတို့သည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ မိမိတို့သန္တာန်တွင်လည်း အနှစ်သာရများ တိုးပွားစေရန် ကြိုးစားနိုင်ကြရမည်ဖြစ်၏။ သေရမည့်အချိန်ကို တဖြည်းဖြည်းကူးသွားနေသည့် မိမိတို့၏ ကြီးရင့်ခြင်းသည် အနှစ်ရှိသော ကြီးရင့်ခြင်းများဖြစ်ရန် လိုအပ်လှ၏။

ခေတ်ကာလအခြေအနေအရ စားဝတ်နေရေး ကျန်းမာရေးများ အဆင်ပြေစေရန် ကြိုးစားနေကြရသည့် စာဖတ်သူများအနေဖြင့် အထူးသတိပြုဆင်ခြင်သင့်သည်မှာ ထိုစားဝတ်နေရေး စသည်များသည် ယခုဘ၀အဆင်ပြေစေရန်သာ အထောက်အကူဖြစ်စေနိုင်သည့် အရာများဖြစ်ပြီး ထိုအရာများ အလွန်များပြား ပြည့်စုံနေသော်လည်း နောင်ဘ၀သံသရာနှင့် ယှဉ်ကြည့်လျှင် အနှစ်မရှိ အချည်းနှီးများသာဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။ သေလျှင် အားလုံးထားခဲ့ရမည့် အရာများသာဖြစ်၏။ ဘ၀သံသရာအတွက် ကြည့်မည်ဆိုလျှင် ထိုလောကီအရာများသည် အနှစ်မရှိသော အရာများသာဖြစ်၏။ ထိုအရာများပြည့်စုံ၍လည်း အနှစ်သာရရှိလာမည် မဟုတ်ပေ။ ထို့အရာများနောက်သို့ အပတ်တစ်ကုတ် ကြိုးစားလိုက်နေသော်လည်း မိမိတို့၏ အသက်များသာ တဖြည်းဖြည်းကြီးရင့်လာစေပြီး အနှစ်သာရအားဖြင့်ကား တိုးပွားလာမည်မဟုတ်ပေ။ ကုသိုလ်ရေးမပါဘဲ ထိုလောကီအရာများတွင်သာ အချိန်ကုန်နေသော မိမိတို့သည်လည်း အနှစ်မရှိ အချည်းနှီးသာ အချိန်ကုန်နေသူများ ဖြစ်နေပေ၏။ သို့သော် ထိုလောကီအရာများမှ အနှစ်ထုတ်ယူတတ်လျှင်ကား အနှစ်ရှိသည့်အရာများ ဖြစ်လာနိုင်ပေ၏။ အနှစ်ရှိသည့် အသက်ရှင်နေမှုများ ဖြစ်လာနိုင်ပေ၏။ လောကီအရာများကို အသုံးချ၍ ကုသိုလ်ဖြစ်အောင် ပြုလုပ်နေထိုင်တတ်ခြင်းကိုပင် အနှစ်ထုတ်သည်ဟု ဆိုနိုင်၏။ လောကီနယ်အတွင်းမှာ ဖြစ်နေသည့်အတွက် လောကီကိစ္စများနှင့် မကင်းနိုင်သေးသော်လည်း လောကီအလုပ်များလုပ်ရင်း အနှစ်သာရရှိသည့်ဘ၀များ ဖြစ်စေရန် ကြိုးစားနိုင်၏။ မျက်မှောက်ဘ၀တွင် အရေးကြီးသည့် ကျန်းမာရေး၊ ပညာရေး၊ စီးပွားများ တိုးပွားအောင်ကြိုးစားနေစဉ် တစ်ဘက်မှလည်း သံသရာကြီးပွားကြောင်း ကုသိုလ်တရားများကိုလည်း တစ်ပြိုင်တည်း လုပ်နိုင်အောင် ကြိုးစားသင့်၏။ တစ်ပြိုင်တည်းဟူသည့် စကားကို အထူးသတိပြုသင့်၏။ အကယ်၍ ကုသိုလ်ရေးကတော့ အချိန်ရှိပါသေးတယ် နောင်အေးအေးဆေးဆေးမှလုပ်တာပေါ့ ဟုတွေးပြီး အခြားအရေးများတွင်သာ အာရုံထားလုပ်ဆောင်မိပါက မိမိတို့တွက်ထားသည့် နောင်အေးအေးဆေးဆေးဟူသော အချိန်သို့ မရောက်မီ တစ်စုံတစ်ခု ဖြစ်သွားခဲ့လျှင် အနှစ်မရှိသော ဘ၀ဖြင့်သာ သံသရာလည်သွားနိုင်၏။ အဘယ့်ကြောင့်ဆိုသော် သေခြင်းတရားဟူသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာဒေသမရွေး လာနိုင်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ဘ၀ကို အနှစ်သာရရှိရှိ ဖြစ်သန်းလိုသူများသည် ပစ္စုပ္ပန် သံသရာ အနှစ်သာရရှိစေရန် လောကီအရေးများသာမက သံသရာအရေးဖြစ်သည့် ကုသိုလ်ရေးကိုလည်း တစ်ပြိုင်းတည်း ကြိုးစားလုပ်ရန် လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။

အနှစ်ရှိသော ကြီးရင့်ခြင်းဟူသည် ထိုသို့သော ကြီးရင့်ခြင်းကို ဆိုလို၏။ လောကီကောင်းကျိုး သံသရာကောင်းကျိုးများဖြင့် အချိန်ကုန်ဆုံးမှု၊ အသက်အရွယ်ကြီးရင့်မှုကို ဆိုလို၏။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ကုသိုလ်ရေးများဖြင့် အချိန်ကုန်ဆုံးနေမှုကို ဆိုလို၏။ အသက်အရွယ် တစ်ရက် တစ်မနက် ကြီးလာသည်နှင့်အမျှ မိမိသန္တာန်တွင်လည်း လောကီအနှစ်သာရ၊ ကုသိုလ်အနှစ်သာရများ ပိုပိုတိုးပွား များပြားလာမှုကို ဆိုလို၏။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားသည့် အချိန်များကို မပြတ်ဆင်ခြင်တတ်ရန် လိုအပ်၏။ ညအိပ်ရာဝင်ချိန်တွင် မိမိကိုယ်ကိုပြန်ပြီး ကုန်ဆုံးသွားသည့် တစ်နေ့တာအချိန်ကို အနှစ်ရှိရှိ ကုန်ဆုံးသွားခဲ့ခြင်းလော၊ သို့တည်းမဟုတ် အနှစ်မရှိ အချည်းနှီး ကုန်ဆုံးသွားခဲ့ခြင်းလောဟု ပြန်လည်မေးခွန်းထုတ် ဆင်ခြင်ကြည့်သည့် အကျင့်ကို လုပ်ပေးသင့်၏။ အနှစ်မရှိ အချည်းနှီးကုန်ဆုံးသွားမှုများသာ များနေသည်ဟု သတိပြုမိသည့်အချိန် ချက်ချက်ပြင်နိုင်အောင် ကြိုးစားသင့်၏။ သတိရသည့်အချိန်တွင် ပြုပြင်နိုင်အောင် ကြိုးစားသင့်၏။ သို့မဟုတ်လျှင် လွန်မှ၊ ဘာမျှမလုပ်နိုင်သည့်အခါမှ ဆင်ခြင်မိတတ်ပြီး ထိုအချိန်ကား နောက်ကျသွားချိန်ဖြစ်တတ်၏။ ထို့ကြောင့် မိမိတို့ နောင်တရသည့်အချိန်သည် နှောင်းသွားသည့်အချိန် မဖြစ်စေရန် နေ့စဉ်နေ့စဉ် မိမိကိုယ်ကိုပြန်လည် ဆင်ခြင်သတိပြုကာ အနှစ်သာရများဖြင့် ကုန်ဆုံးကြီးရင့်နိုင်အောင် ကြိုးစားသင့်၏။

အချုပ်အားဖြင့်ဆိုရသော် အနှစ်ရှိသော ကြီးရင့်ခြင်းဟူသည် လောကီပညာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရများဖြင့် နေထိုင်တိုးပွား ကြီးပွားချမ်းသာခြင်းကို ဆိုသည်မဟုတ်၊ ကုသိုလ်တရားများဖြင့် ဘ၀ကို နေထိုင်ဖြတ်သန်းသွားလာနိုင်ခြင်းကို ဆို၏။ ကုသိုလ်တရားဟူသည် ပေးကမ်းလှူဒါန်းစွန့်ကြဲခြင်း ဒါနကုသိုလ်၊ ကိုယ်ကျင့်သီလလုံခြုံခြင်း သီလကုသိုလ်၊ တရားဘာဝနာ နာကြားအားထုတ်ခြင်း ဘ၀နာကုသိုလ်များကို ဆိုခြင်းဖြစ်၏။ လောကီနယ်ပယ်မှ မလွတ်မြောက်သေးသူများဖြစ်သဖြင့် လောကီကာမဂုဏ်အာရုံများ တိုးပွားများပြားအောင် ကြိုးစားရန်လိုအပ်သော်လည်း ထိုလောကီအာရုံများဖြင့်သာ အချိန်မကုန်စေဘဲ သံသရာကောင်းစေမည့် ကုသိုလ်အနှစ်သာရများကိုပါ တစ်ပြိုင်တည်းလုပ်ရန်လည်း လိုအပ်လှ၏။ ဘာမှမမြဲသည့် လောကကြီးတွင် လောကီအာရုံများနောက်သို့ လိုက်ရင်းအသက်အရွယ် ကြီးရင့်မှုမျိုး မဖြစ်စေရန် ကုသိုလ်အနှစ်သာရများလည်း ကြိုးစားအားထုတ်လျှက် အနှစ်ရှိသော ကြီးရင့်မှုမျိုးဖြစ်စေရန် လိုအပ်လှ၏။ ထိုသို့ လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးများကို ရရှိအောင်ကြိုးစားခြင်းဖြင့် အသက်အရွယ် ကြီးရင့်နေမှုမျိုးကိုသာ အနှစ်ရှိသော ကြီးရင့်မှုဟု ဆိုခြင်းဖြစ်ပါသဖြင့် မိမိကိုယ်ကို အကြိမ်ကြိမ်အခါခါ ဆင်ခြင်စဉ်းစား သတိထား၍ အနှစ်ရှိသော ကြီးရင့်ခြင်းမျိုးဖြင့် ဘ၀နိဂုံးအဆုံးသတ်နိုင်အောင် ကြိုးစားနိုင်ရန် လိုအပ်ပါကြောင်း…

Read more »

အမေ… ပြီးတော့ ကာမေသု…

Q. ဘုန်းဘုန်း ဦးဝိစိတ္တဘုရား
(၁) မိန်းကလေး တယောက်ကို သူ့မိခင်က ပြည့်တန်ဆာပွဲစားထံ ငွေလေးသိန်းခန့်နဲ့ ရောင်းချတာ တစ်ဖက်နိုင်ငံက မကောင်းတဲ့အိမ် ရောက်ပြီးမှ ကလေးမကို မြန်မာအချင်းချင်းကကယ်လို့ လွတ်မြောက်လာရပါတယ်။ ကလေးမက အမေက ဒီအဒေါ်ကြီးနဲ့ လိုက်သွားရမယ်လို့ အမေ ထည့်လိုက်လို့ လိုက်လာရပြီး ဘာမှ မသိကြောင်း၊ အိမ်က မထွက်ခင် ငွေလက်ခံယူနေတာ တွေ့လို့ မေးတော့လဲ သူ့ဆီက အမေ ရစရာရှိတဲ့ ပိုက်ဆံပါလို့ ပြောတယ်လို့ ပြောပါတယ်။ ဟိုအိမ်ရောက်တော့ ခိုင်းတာကို မလုပ်ဘူး ငြင်းနေရင်း စာနာတတ်သူများ (ဒီအလုပ်လုပ်နေရတဲ့ မိန်းကလေးတွေလား မသိ)က ကူညီလို့ ထွက်ပြေးနိုင်ခဲ့ပါတယ်။ သူတို့ထက် ဆင်းရဲတဲ့ မိဘတွေ အနားမှာ အများကြီး ရှိတာတောင် ဘယ်မိဘမှ ဒီလိုလုပ်တယ် မကြားမိတော့ သူ့အမေကို သူ စိတ်နာနေပါတယ်။ ခင်ပွန်းကြီး ၁၀ ပါး မပြစ်မှားနဲ့ ဆိုတဲ့ စကားကိုလဲ သူနဲ့ကျ ဘယ်လို ပြောရမလဲ မသိတော့ပါဘူး။ ကလေးမလေးကို တရားနည်းနဲ့ပြောဆို နားချနိုင်မယ့် စကားရှိရင် တပည့်တော်တို့ကို တစ်ဆင့် ချီးမြှင့်ပေးပါဘုရား။
(၂) နောက် ဒီမိန်းကလေးဟာ အဖမရှိပဲ ပိုင်ရှင် အုပ်ထိန်းသူ မိခင်က ကြည်ကြည်ဖြူဖြူ ရောင်းလိုက်တာဆိုတော့ သူ မလွတ်မြောက်ခင် သူ့ကို ငြင်းဆန်နေတဲ့ကြားက ကျူးလွန်ခဲ့တဲ့သူနဲ့ စီစဉ်ပေးသူများဟာ ကာမေသု မြောက်ပါသလားဘုရား။ ပိုင်ရှင်ရှိ ကာမဂုဏ်ကို မပြစ်မှားရဆိုတော့ ဒီမိန်းကလေးက မိခင်က သဘောတူပြီး ကာယကံရှင်က သဘောမတူတာ သိရလို့ပါ။
Kenneth


A. (၁) လောကကြီးမှာ ဒီလိုမိဘမျိုးလည်း ရှိတတ်ပါတယ်။ ခင်ပွန်းကြီးဆယ်ပါး မပြစ်မှားတာ ကောင်းပါတယ်။ ပြီးတာတွေလည်း ပြီးခဲ့ပြီပေါ့။ အမေကိုယ်တိုင်က ဒီလိုလုပ်တယ်ဆိုတော့ ပြောရတာတောင် ခပ်ခက်ခက်ဖြစ် ရပါတယ်။ ဘာပဲဖြစ်ဖြစ် အမေဟာ အမေဖြစ်တဲ့အတွက် ကိုယ့်ဘက်က မပြစ်မှားမိဖို့ အရေးကြီးပါတယ်။ ကိုးလလွယ်ကာ ပင်ပင်ပန်းပန်း မွေးထုတ်ပေးခဲ့တဲ့ ကျေးဇူးကလည်း မသေးဘူးလေ။ လူ့ဘ၀ကို ရလာတာဟာ အတိတ်က ကောင်းတဲ့ကံတွေကြောင့်ဖြစ်သလို ဒီလိုမကောင်းတဲ့ အမေမျိုးမှာ လာဖြစ်ရတာကတော့ မကောင်းတဲ့ကံရဲ့ အကျိုးဆက်တွေဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ခါ ကုသိုလ်ကျိုးနဲ့ အကုသိုလ်ကျိုးဟာ တွဲပြီးအကျိုးပေးတတ်တာ ရှိပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ အကျိုးဆက်တွေတောင် ဒီလိုဖြစ်နေသေးရင် ဒီဘ၀မှာ မိဘနဲ့ပတ်သက်ပြီး ပြစ်မှားဆော်ကားမိရင် နောင်ဘ၀အဆက်ဆက် ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အမေဟာ အမေပဲဖြစ်တဲ့အတွက် ကိုယ့်ဘက်က မစော်ကားမိအောင် နေတာကောင်းပါတယ်။ အမေကို စဉ်းစားတိုင်း ဒီစိတ်တွေဖြစ်မယ်ဆိုရင် မစဉ်းစားဘဲ နေနိုင်အောင်ကျိုးစား၊ တွေ့ရင်အကုသိုလ်ဖြစ်မယ်ဆိုရင် မတွေ့ဘဲ နေနိုင်အောင် ကျိုးစား၊ ပိုပြီးလေ့ကျင့်နိုင်မယ်ဆိုရင်တော့ အမေရဲ့ ကောင်းကွက်လေးတွေကို ရှာပြီးမြင်တတ်၊ တွေးတတ်ပေးနိုင်ရင် ကောင်းပါတယ်။ အဓိကကတော့ အမေဟာ မကောင်းပေမယ့် အမေဟာ အမေဖြစ်တဲ့အတွက် ကိုယ့်ဘက်က မပြစ်မှား မကျူးလွန်မိအောင် ကြိုးစားတာ အကောင်းဆုံးပါ။ အဲလိုမှမဟုတ်ရင် သံသရာစက်က ထပ်ပြီးရှည်နေ၊ အကုသိုလ်ရဲ့ အကျိုးတွေက ထပ်ပြီးလာနေဦးမှာဆိုတော့… ဒီစက်ကြီးမရှည်အောင် ဖြစ်နိုင်ရင် ဒီဘ၀မှာပဲ ပြတ်သွားအောင် အားလုံးကိုခ၀ါချ ဘ၀လွတ်မြောက်ရေးအတွက် ကြိုးစားလိုက်တာ အကောင်းဆုံးနည်းပါ။

(၂) ကာမေသုမိစ္ဆာစာရကံ ကျူးလွန်တဲ့နေရာမှာ အုပ်ထိန်းသူ ရှိနေရင် ကံမြောက်ပါတယ်။ အုပ်ထိန်းသူဆိုတဲ့နေရာမှာ အုပ်ထိန်းသူရှိသူ မိန်းမအမျိုးအစား ၂၀ ရှိကြောင်း ပါရာဇိကဏ် အဋ္ဌကထာမှာ ဖော်ပြပါတယ်။ အဲဒီ (၂၀) က ၁။ မာတုရက္ခိတ- အမိအုပ်ထိန်းသော မိန်းမ၊ ၂။ ပိတုရက္ခိတ- အဖအုပ်ထိန်းသော မိန်းမ၊ ၃။ မာတာပိတုရက္ခိတ- မိဘနှစ်ပါးအုပ်ထိန်းသော မိန်းမ ၄။ ဘာတုရက္ခိတ- မောင်ကြီးမောင်ငယ် အုပ်ထိန်းသော မိန်းမ၊ ၅။ ဘဂိနိရက္ခိတ- အစ်မကြီး အစ်မငယ် အုပ်ထိန်းသော မိန်းမ၊ ၆။ ဉာတိရက္ခိတ- ဆွေမျိုးအုပ်ထိန်းသော မိန်းမ၊ ၇။ ဂေါတ္တရက္ခိတ- အမျိုးနွယ်တူ အုပ်ထိန်းသော မိန်းမ၊ ၈။ ဓမ္မရက္ခိတ- အတူနေသီတင်းသုံးဖော် စောင့်ရှောက်အုပ်ထိန်းသော မိန်းမ၊
(အထက်ပါ ၈ယောက်သော အုပ်ထိန်းသူရှိ မိန်းမများအား အတင်းအဓမ္မ သွားလာကျူးလွန်ပါက ထိုမိန်းမများတွင် ကာမေသုကံမထိုက်ဘဲ သွားလာလွန်ကျူးသူ ယောက်ျားများတွင်သာ ကံထိုက်သည်ဟု ဆိုပါတယ်။)

၉။ သာရက္ခာ- ထိန်းမြားကြောင်းလမ်းပြီးသူ၊ လက်ထပ်ပြီးသူ အုပ်ထိန်းသော မိန်းမ၊ ၁၀။ သပရိဒဏ္ဍာ- မင်းတို့ကောက်ယူရန် သတ်မှတ်လျက် ဒဏ်ထားပြီး အုပ်ထိန်းသော မိန်းမ၊ ၁၁။ ဓနတ္ထီတာ- ဥစ္စာဖြင့်ဝယ်ယူလျက် မယားအဖြစ်ထားသော မိန်းမ၊ ၁၂။ ဆန္ဒ၀ါသိနီ- သဘောတူအလိုတူ၍ ညားနေသောမိန်းမ၊ ၁၃။ ဘောဂ၀ါသိနီ- စည်းစိမ်ပေး၍ ပေါင်းဖော်သော မိန်းမ၊ ၁၄။ ၀ဋ၀ါသိနီ- ပုဆိုးပေး၍ (ပုဆိုးတန်းတင်ပြု၍) နေသောမိန်းမ၊ ၁၅။ သြဒ၀တ္တကိနီဓရ- ခွက်လက်ဆုံချ၍ မိဘနှစ်ပါး ထိန်းမြားပေးသော မိန်းမ၊ ၁၆။ သြဘဋစုမ္ဗဋာ- ခေါင်းခုကိုချ၍ လင်မယားဖြစ်နေသော မိန်းမ၊ ၁၇။ ဒါသီစဘရိယာစ- ကျွန်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၈။ ကမ္မကာရီစ ဘရိယာစ- အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်သော မိန်းမ၊ ၁၉။ ဓဇာဟဋာ- စစ်မြေပြင်မှ ဆောင်ယူခဲ့သော မိန်းမ၊ ၂၀။ မုဟုတ္တိကာ- တစ်ခဏမျှ ပေါင်းဖော်ရန် ငှါးရမ်းထားသော ခေတ္တမယားဖြစ်သူ မိန်းမ
(အထက်ပါ ၁၂ယောက်သော မိန်းမတို့တွင် သွားလာကျူးလွန်ပါက ယောက်ျားရော မိန်းမပါ နှစ်ဦးလုံး ကာမေသု မိစ္ဆာစာရ ကံထိုက်သည်ဟု ဆိုပါတယ်။)

ဒါကြောင့် အထက်ပါ စာပေဖွင့်ဆိုချက်များအရ မေးခွန်းတွင်ရည်ရွယ်သည့် မိန်းကလေးမှာ အမေကိုယ်တိုင် သဘောတူပေမယ့် တစ်ခြားအုပ်ထိန်းသူ တစ်ဦးဦးရှိနေသည့်အတွက် ကာမေသုကံ မထိုက်ဟုဆိုနိုင်ပြီး မိန်းကလေးငြင်းဆန်နေတဲ့ကြားက အတင်းအဓမ္မ သွားလာကျူးလွန်သူများမှာ အုပ်ထိန်းသူရှိသော မိန်းမဖြစ်၍ သေချာပေါက် ကာမေသုကံမြောက်ပါတယ်။

Read more »

ဆိုဖာပေါ်မှာအိပ်ခြင်းသည် ဥပုသ်ကျိုး၊ မကျိုး…

Q. အရှင်ဘုရား
အရင်က တပည့်တော် ၈ ပါးသီလစောင့်ရင် ကြမ်းပေါ်မှာပဲ အိပ်ပါတယ်။ အခု လက်ရှိ နေတဲ့အိမ်မှာ အပျင်းထူပြီး အိပ်ခါနီး အိပ်ရာ မခင်းချင်တာနဲ့ အသင့်ရှိနေတဲ့ ဆိုဖာပေါ် တက်အိပ်ပါတယ်။ ဆိုဖာ ဝယ်တုန်းကလဲ ဥပုသ်စောင့်တဲ့အခါ ထိုင်လို့နေလို့ရအောင် သားရေဆိုဖာမဝယ်၊ မွှေးပွဆိုဖာ မဝယ်ပဲ ရိုးရိုးဆိုဖာထဲက အခင်း သိပ်မနူးညံ့ မပျော့ပျောင်းတာကို ရွေးဝယ်ပါတယ်။ ဒါပေမယ့် ဆိုဖာက ဆိုဖာပဲဆိုတော့ ကြမ်းပြင်ထက်တော့ နူးညံ့နေပါတယ်။ တပည့်တော် အိပ်ရတာ ဇိမ်ရှိလိုက်တာ ဆိုတာမျိုးလဲ မဖြစ်မိပါဘူး။ ရေရှည်မှာ ခါးနာမှာစိုးလို့ ရိုးရိုးခုံတို့ ကွပ်ပျစ်တို့လို အခင်းမာမာကို ပိုကြိုက်ပါတယ်။ အိမ်ခန်းမှာ အဲဒါတွေ မရှိလို့ အိပ်ခါနီး အခင်းတွေ ဘာတွေ ထခင်းစရာ မလိုတဲ့ ဆိုဖာပေါ် အလွယ်အိပ်တာပါ။ ဥပုသ်ကျိုးပါသလားဘုရား။
ဝင်းမောင်

A. ဒီနေရာမှာ ဥပုသ်ကျိုး မကျိုးသိချင်တဲ့ မေးခွန်းရှင်အမေးအရ ဥစ္စာသယန၊ မဟာသယန သီလသိက္ခာပုဒ်ကို ရည်ရွယ်တယ်လို့ ထင်ပါတယ်။ ဒီသိက္ခာပုဒ်မှာပါတဲ့ ဥစ္စာသယနအရ မြင့်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းကို ယူရပါမယ်။ မြင့်သောနေရာဆိုတာ အခြေတစ်တောင့်ထွာထက်ရှည်သော အိပ်ရာခုတင် ကုလားထိုင်ကြီးများကို ဆိုပါတယ်။ မြင့်သောနေရာဆိုလို့ လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်မှာ မနေကောင်းဆိုတဲ့ အမြင့်မျိုးမဟုတ်ပါ။ မဟာသယနအရကိုလည်း မြတ်သောနေရာ၌ အိပ်စက်၊ နေထိုင်ခြင်းကို ဆိုပါတယ်။ မြတ်သောနေရာဆိုတာ စည်းစိမ်အားလျော်စွာ ခံစား၊ စံစားလေ့ရှိကြတဲ့ စည်းစိမ်ရှင်ကြီးများ အိမ်မှာရှိတဲ့ လက်လေးသစ်အထက် ရှည်သောအမွေးရှိတဲ့ သားမွေးအခင်း၊ ခြင်္သေ့၊သစ် ကျားစတဲ့ အရုပ်များနဲ့ ခမ်းနာဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်ထားတဲ့ ပိုးအခင်း၊ လဲဝါဂွမ်းများသွတ်ထားတဲ့ မွေ့ရာမျိုးကို ဆိုပါတယ်။ ဒီလိုအခင်းမွေ့ရာမျိုးကို ယခုကာလ ဥပုသ်သည်များ အသုံးပြုနေခြင်းဟာ မသင့်တော်ကြောင်း၊ သို့သော် အုန်းဆံသွတ်မွေ့ရာ အ၀တ်အဆာပိုးချည် အဆာပါသော မွေ့ရာကိုကား သုံးကောင်းကြောင်း ဆရာတော် အရှင်ဇနကာဘိဝံသမှ ဖွင့်ဆိုပါတယ်။ အထက်ပါ နေရာမျိုး၊ အခင်းမျိုးကိုသာ မြတ်သောနေရာလို့ဆိုနိုင်ပြီး သင်ဖြူးချောချော၊ ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့ရဲ့ နေရာစသည်များကို ဒီသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုထိုက်ကြောင်းလည်း မိန့်တော်မူပါတယ်။ဒါကြောင့် ဒီအဖွင့်များကို သေချာနားလည် သဘောက်ပေါက်အောင် မှတ်သားပြီး ကိုယ်အသုံးပြုနေမှုများသည် သင့်မသင့် ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်ပါတယ်။

ဆရာတော် အရှင်ဇနကာဘိဝံသ ဖွင့်ဆိုမှာကြားချက်အရ ပြောရရင် ဥပုသ်စောင့်တဲ့အခါ ရိုးရိုးငါးပါးသီလထက် အပိုယူကာ ကာမေသုမိစ္ဆာစာရအစား အဗြဟ္မာစရိယကို ဆောက်တည်ပြီး ၀ိကာလဘောဇန၊ နစ္စဂီတ၊ ဥစ္စာသယန သိက္ခာပုဒ်များကို ဆောက်တည်ခြင်းဖြစ်ကြောင်း၊ ဒီလေးပါးလုံးကို ခြုံ၍စဉ်းစားလျှင် တဏှာကိလေသာ အကုသိုလ်စိတ်များ မဖြစ်အောင်ကြိုးစားခြင်း ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ခမ်းနားသော အိပ်ရာနေရာ၌ အိပ်စက်နေထိုင်ခြင်း၊ ဖြီးလိမ်းပန်ဆင်ခြင်း၊ ကပြသီဆိုတီးမှုတ်ခြင်း၊ ညစာထမင်းစားခြင်းတို့သည် ကိလေသာ တဏှာလောဘစိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုကိလေသာများကို တားမြစ်ပိတ်ဆို့နိုင်ရန်အတွက် ဒီအပိုသိက္ခာပုဒ်များကို စောင့်ထိမ်းစေခြင်းဖြစ်ကြေင်း နားလည်သဘောပေါက်နိုင်ပါတယ်။ အဓိကကတော့ တစ်စုံတစ်ခု တစ်စုံတစ်ရာကို အမှီပြုပြီး ကိလေသာတဏှာ မဖြစ်စေဖို့ပါ။ အကောင်းဆုံးကတော့ အထက်ပါ အဖွင့်များနဲ့လည်းညီစေ၊ မိမိကိုယ်ကိုညှင်းဆဲမှုလည်း မဖြစ်စေဘဲ ကိလေသာတဏှာ နည်းနိုင်သည့် အိပ်ရာနေရာများကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါကြောင်း… အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်လာ ဥစ္စာသယန၊ မဟာသယနသီလ အဖွင့်ကို ကိုးကားဖြေကြားပေးထားပါသည်။

Read more »

ရုပ်ဖောက်ပြန်ခြင်းကြောင့်လား… အောက်လမ်းပယောဂကြောင့်လား..

Q. ဘုန်းဘုန်း
တပည့်တော် စိုင်းစိုင်း ရိုသေစွာ လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော် မေးလိုသည်မှာ ထေရဝါဒနှင့် ဆိုင်မဆိုင် သာသနာရေး မေးခွန်း ဟုတ်မဟုတ် မပြောတတ်သဖြင့် သီးခြားစာနှင့် လျှောက်ထားမေးမြန်းပါသည်ဘုရား။ တပည့်တော်သည် ကျန်းကျန်းမာမာကြီး နေလာရာကနေ ... နေထိုင်မကောင်းသလိုလို၊ မိမိမှာ ရောဂါဝေဒနာ တစ်ခုခု ရှိနေ၍ အားနည်းပျော့ခွေသလို ခံစားလာရပါသည်။ အမြဲ မူးဝေ ပျော့ခွေနေခြင်း၊ အပင်ပန်း မခံနိုင်ခြင်းများကြောင့် အလုပ်နှင့် ဘဝရပ်တည်ရေးပါ ထိခိုက်လာပါသည်။ ဆရာဝန်နှင့် ပြတော့လည်း သွေးအားနည်းသလို၊ အာဟာရ ချို့တဲ့သလိုသာ အဖြေထွက်ပြီး ဤမျှ ဝေဒနာခံနေရအောင် ရောဂါကြီးကြီးမားမား မတွေ့ပါ။ တပည့်တော်မှာ ယခင်က အပင်ပန်း အကြမ်းတမ်း ခံနိုင်အောင် ကျန်းမာသန်စွမ်းပြီး လူငယ်ဘာဝ ပျော်ပျော်ပါးပါး နေခဲ့သူ ဖြစ်ပါသည်။ စာများလည်း မကျက်မှတ်နိုင်တော့ဘဲ ပညာရေးပါ ထိခိုက်လာပါသည်။ အမြဲတမ်း နုံးချိအားနည်းပြီး အိမ်ထဲက မထွက်ချင်၊ အိပ်ရာထဲက မထချင်အောင် ဖြစ်နေသဖြင့် မိတ်ဆွေများနှင့်ပါ လူမှုရေး လစ်ဟင်းပြီး ယခင်လို မဟုတ်တော့ဘဲ အပေါင်းအသင်း နည်းပါးလာပါသည်။


တပည့်တော် ယခင်က လူပြုစားခြင်းဆိုသည်ကို အယုံအကြည် မရှိပါ။ အောက်လမ်းနည်းများကိုလည်း အယုံအကြည် မရှိသူ ဖြစ်ပါသည်။ တပည့်တော်ဘဝမှာလည်း ပြန်စဉ်းစားမိသလောက် ဘယ်သူ့ကိုမှ ပျက်စီးအောင် မလုပ်ခဲ့ဖူးပါ။ မည်သူ့ကိုမှလည်း မပြိုင်ဆိုင်ပါ။ မိမိက မပြိုင်ဆိုင်သော်လည်း မိမိကို ပြိုင်ဆိုင်သူ၊ လိုသူ မလိုသူကတော့ သဘာဝအလျောက် ရှိပါသည်။ ငါ့ကို ရန်ပြုမည့်သူ မရှိ၊ မလိုသူ မရှိဟုတော့ သေချာပေါက် ပြောနိုင်သူ မဟုတ်ပါ။ ယခုမူ ဝေဒနာ ခံစားရခြင်း လမှ နှစ်ချီလာသောအခါ မပျောက်လျှင်လဲ သေသွားတာ ကောင်းမယ်ဆိုသည့်အထိ စိတ်ဓာတ်ကျလာပါသည်။ အကယ်၍ မိတ်ဆွေများ ပြောတတ်သလို မလိုသူ တစ်ဦးဦးက အောက်လမ်းနည်းဖြင့် တစ်စုံတစ်ခု လုပ်ခြင်း၊ ပျက်စီးအောင် ကြံခြင်း ဖြစ်ပါက လွန်မြောက်လိုပါသည်။ တစ်ဖက်လူကို ဘယ်သူဖြစ်ဖြစ် ပြန်ဒုက္ခပေးလိုစိတ်တော့ မရှိပါ။

ထို့ကြောင့် အောက်လမ်းနည်း ဖြစ်ခဲ့ပါက ဘယ်လို နှုတ်ရမည်ကို တပည့်တော် နားမလည် မကျွမ်းကျင်သဖြင့် ဘုန်းဘုန်းထံ မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါသည်။ တပည့်တော်မှာ စာမကျက်နိုင်၊ အလုပ်ကောင်းကောင်းမလုပ်နိုင်သဖြင့် ပညာရေးနှင့် အလုပ်အကိုင် ထိခိုက်နေခြင်း ဖြစ်ပါသည်။ မလိုသူလုပ်ရပ် ဖြစ်ပါက ပညာရေး၊ လူမှုရေးနှင့် အလုပ်အကိုင်ကို ပျက်စီးစေရန် ဦးတည် ထိုးနှက်ခြင်း ဖြစ်မည်ဟု ထင်ပါသည်။
တပည့်တော်မှာ ဖခင်ကို ရှာကျွေးနေရာ မွေးချင်းမောင်နှမများက ၄င်းတို့ လိုသမျှ ငွေကို မပေးဘဲ ဖခင်ကိုသာ ဦးစားပေး လုပ်ကျွေး ဝင်ငွေအပ်နှံနေသဖြင့် မကျေနပ်ခံရခြင်းတော့ ရှိပါသည်။ အလုပ်အကိုင်တွင်လည်း မနာလိုသူ၊ အလုပ်အဆင်ပြေကြောင်း ကြားရလျှင် မကျေနပ်ဘဲ အဆင်မပြေ ဒုက္ခရောက်ကြောင်းသာ ကြားလိုသူလည်း ရှိပါသည်။ ပညာရေးမှာလည်း မည်သူ့ကိုမှ မပြိုင်ဆိုင်သော်လည်း အလားတူ မကျေနပ်သူ ရှိပါသည်။ အချို့ ပြုစားခံရသူများ ဖြစ်တတ်သလို သူများထံမှ ငွေချေးပြီး ပြန်မဆပ်ခြင်းမျိုးတော့ မရှိပါ။ ငွေလည်း အလွန် ချေးခဲပါသည်။

ဦးဇင်းတစ်ပါးက အောက်လမ်းအတတ်ဆိုသည်မှာ ဖြစ်နိုင်ကြောင်း၊ ရဟန်းတော်များကိုပင် မလိုသူက လုပ်တတ်ကြောင်း၊ ဦးဇင်းကိုယ်တိုင်လည်း ခံရဖူးကြောင်း အမိန့်ရှိပါသည်။ ထိုဦးဇင်းမှာ အခြား သိနားလည်သည့် ဦးဇင်းတစ်ပါးက ကုပေးသဖြင့် ပျောက်ကင်းခဲ့ရကြောင်း အမိန့်ရှိပါသည်။ တပည့်တော်လည်း အလားတူ ပျောက်လိုပါသည်။ ရိုးရိုးလူကို မေးခြင်းထက် သီလသမာဓိ သာလွန်သော သံဃာတော်များကို မေးလျှောက်လျှင် ပိုကောင်းမည်ဟု ထင်သဖြင့် ဘုန်းဘုန်းထံ မေးလျှောက်ခြင်း ဖြစ်ပါသည်။ ဗုဒ္ဒနည်းနှင့် ဖြစ်စေ၊ လောကီနည်းနှင့် ဖြစ်စေ ပျောက်ကင်းအောင် မည်သို့ လုပ်ရမည်ကို ဂရုဏာရှေ့ထား အမိန့်ရှိပေးပါဘုရား။
ရိုသေစွာဖြင့်
စိုင်းစိုင်း

ဘုန်းဘုန်းဘုရား
တပည့်တော် အောက်လမ်းနည်း၊ လူပြုစားခြင်း စသည်များကို ယုံတမ်းစကား အဖြစ်သာ မှတ်ယူပြီး လုံးဝ အယုံအကြည် မရှိခဲ့သူ ဖြစ်ပါတယ်ဘုရား။ ယခု တပည့်တော်ဟာ ယခင်က ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ နေခဲ့ရာကနေ အမြဲ မူးဝေထိုင်းမှိုင်းလာပြီး အားကုန်ခန်းနွမ်းနယ်သလို ဖြစ်ကာ အိပ်ရာထဲပဲ အမြဲ လှဲနေလိုတာ၊ မကြာခဏ နေမကောင်း ဖြစ်လွယ်တာ၊ စာတွေ စူးစိုက်ကျက်မှတ်လို့မရ ဘာကိုမှ ယခင်လို ရည်မှန်းချက်ထား စူးစိုက်လုပ်ကိုင်လို့မရ ဖြစ်တာတွေ ကြုံတွေ့လာရပါတယ်။ ဒီလို ဖြစ်နေတာ ယခုဆို လပိုင်းမကတော့ဘဲ နှစ်ချီလာပါပြီဘုရား။ ခန္ဒာကိုယ်မှာ ရောဂါတစ်ခုခု ရှိနေလို့လားလို့ ဆရာဝန်နဲ့ ပြသတော့လဲ သွေးအားနည်းတာမျှသာ တွေ့ပါတယ်။ ယခင်က ဒီလောက်နဲ့ တပည့်တော် ဒီလို မူးဝေချိနဲ့မနေဖူးပါ။ အရင်က အပေါင်းအသင်းဆံ့ လူမှုရေး များပြားရာကနေ အခု ကိုယ်မှာ အမြဲ အားမရှိ မူးဝေချိနဲ့သလို ဖြစ်နေလို့ ယခင်လို အများနဲ့ မရောနှောဘဲ လူမမာတို့ဘာဝ မိမိအခန်းမှာသာ သက်သာသလို နေရတဲ့အတွက် မိတ်လည်း ပျက်လာပါတယ်။ တပည့်တော်မှာ ဒီလို ဖြစ်လာရတာကို အောက်လမ်း၊ ပယောဂ စတာတွေကို လက်မခံ၊ အယုံအကြည် မရှိပဲ ဒါ ရိုးရိုး ရောဂါဘယ တစ်ခုခုကြောင့်သာ ဖြစ်ရမယ် မှတ်ပြီး ဆေးစား ဆေးသောက်ပေမယ့် မရေမရာနဲ့ ပျောက်လဲ မပျောက်နိုင်ဘဲ ဆေးဝါး ဓာတ်စာဖိုးသာ ကုန်လာပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူးလို့ ငြင်းနေမယ့်အစား အကယ်၍ တကယ် ဖြစ်နေရင် ဘယ်လို လုပ်ရမလဲဆိုတာ သိလိုလာပါတယ်ဘုရား။

တပည့်တော် ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဖူးပါဘူးဘုရား။ ကိုယ့်အပေါ် မနှစ်လိုတဲ့ သူတွေကိုတောင် သူတို့ ပျက်စီးနစ်နာအောင် ဘာမှ မကြံစည်တတ်ပါ။ ပညာရေး အလုပ်အကိုင် စသည်တို့မှာ တပည့်တော်က မပြိုင်ဆိုင်သော်လည်း တပည့်တော်ကို ပြိုင်ဆိုင်သူ၊ အောင်မြင်လျှင် မလိုသူများတော့ လောကသဘာဝအလျောက် ရှိပါတယ်။ ဖခင်ကို ရှာဖွေကျွေးမွေးနေတော့ သူတို့ကိုသာ ပုံချစ်ပြီး အဓိက ရှာကျွေးပံ့ပိုးစေချင်တဲ့ မအေတူ မောင်နှမများက မကြည်ဖြူခြင်းလဲ ရှိပါတယ်။ တပည့်တော် မအောင်မြင် ဒုက္ခဆင်းရဲတွေရောက် ရုန်းကန်ရစဉ်က တချိန်က ရှာကျွေးခဲ့ဖူးတဲ့ မအေတူ မောင်နှမများက မျက်နှာလွှဲနေပြီး ဖခင်ကသာ စောင့်ရှောက်ခဲ့လို့ ပြန်ကောင်းစားချိန်မှာ မအေတူ မောင်နှမများကို လှည့်မကြည့်တော့ဘဲ ဖခင်ကိုသာ ဦးထိပ်ထား လုပ်ကျွေးခြင်း ဖြစ်ပါတယ်။

အမှောင့်ပယောဂ တစ်ခုခုကြောင့် ဖြစ်ခဲ့ရင် မလိုမုန်းထား ကြံစည်သူ ဘယ်သူ ဖြစ်မလဲ တပည့်တော် မသိပါ။ သူတို့ကို တပည့်တော် ဖြစ်သလို ဖြစ်စေလိုစိတ်လဲ မရှိပါ။ ဘာမှလဲ လက်တုံ့မပြန်လိုပါ။ ခံစားနေရတဲ့ အဆင်မပြေမှုများက လွတ်ချင်တာသာ ရှိပါတယ်။ တပည့်တော် အသက် ၂၀ ကျော်ကတည်းက ငါးပါးသီလကို ကြိုးစား ထိန်းသိမ်းစောင့်ရှောက်လာတာ ယခု အသက် ၃၀ ကျော်အထိ ဖြစ်ပါတယ်ဘုရား။ တတ်နိုင်သမျှ ကိုယ်စွမ်း ရှိသမျှတော့ မြဲအောင် ကြိုးစားပါတယ်။ ဥပုသ်လဲ အလျဉ်းသင့်သလို ဆောက်တည်လေ့ရှိပါတယ်။ ဒါနမှုအနေနဲ့တော့ သံဃာတော်များကို ဆွမ်း သင်္ကန်းဆေးဝါး အသုံးအဆောင်များ လှူဒါန်းခြင်း သံဃိကဒါနနဲ့ ဆင်းရဲသားများ လူအိုလူနာများကို လှူဒါန်းခြင်း ဒါနကို အမြဲ ပုံမှန်ပြုပါတယ်။ ဘာဝနာအနေနဲ့တော့ မေတ္တာ ဘာဝနာ တတ်နိုင်သမျှ ပွားပါတယ်။

တပည့်တော် ပျက်စီးအောင် တစ်ပါးသူ တစ်ဦးဦးက လုပ်ခြင်း တကယ်ဟုတ်နေရင် ဘယ်လို ပြေပျောက်အောင် လုပ်ရမလဲ သိလိုတဲ့အတွက် ဆရာတော်ဘုရားကို မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။ တပည့်တော်က ဒါတွေ မဖြစ်နိုင်ဘူး၊ မယုံဘူး နေလာရာကနေ အချိန်တွေ ကြာလာပြီး မပျောက်လို့ အားကိုးတကြီး လျှောက်ထားမေးမြန်းခြင်း ဖြစ်ပါတယ် ဘုရား။ လောကီဆရာများကို မေးမြန်းပြီး သိရမယ့် လောကီအစီအရင်များဟာ တစ်ဖက်သူ ဒဏ်ပြန်ထိစေမယ့် အမှု ဖြစ်နေပါက ဘုရားမကြိုက်မှာစိုးလို့ တပည့်တော် မလုပ်လိုပါ။ ဘုရားသားတော် သံဃာတော်ကို မေးမြန်းပြီး ဗုဒ္ဓဆေးနဲ့ ကုတာ အကောင်းဆုံး ထင်လို့ လျှောက်ထားရခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဗုဒ္ဓဝါဒမှာ ဒါတွေ မရှိဘူး၊ အယူမှားတွေ ဆိုရင်လဲ အားမနာတမ်း အမိန့်ရှိစေလိုပါတယ်ဘုရား။ တပည့်တော် နာခံပါ့မယ်။
ရိုသေစွာဖြင့်
မင်းမင်း


A. အီးမေးလ်မှ ရှေ့ဆင့်နောက်ဆင့် ရောက်လာတဲ့ မေးခွန်းရှင်နှစ်ဦးရဲ့ မေးခွန်းဟာ တစ်ဦးတည်းလို့ ဆိုရလောက်အောင် အကြောင်းအရာ အဖြစ်အပျက်များ တိုက်ဆိုင်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် နှစ်ဦးလုံးအတွက် တစ်ခါတည်း ဖြေပေးဖို့ ရည်ရွယ်လိုက်ပါတယ်။ အောက်လမ်းပယောဂများ အကြောင်းမပြောခင် ရုပ်တရားအကြောင်းကို အရင်ပြောလိုပါတယ်။ သိပြီးတဲ့အတိုင်းပဲ ခန္ဓာကိုယ်ကြီးကို ရလာပိုင်ဆိုင်လာတဲ့အတွက် ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းသဘောကတော့ အချိန်မရွေး၊ အသက်အရွယ်မရွေး၊ ကာလဒေသမရွေး လာနေမှာဖြစ်ပါတယ်။ အရင်တုန်းက ဘာမှမဖြစ်ဘဲ ခုမှဖြစ်ရကောင်းလားလို့ ဟိုတွေးဒီတွေး ဟိုထင်ဒီထင်လည်း မဖြစ်စေချင်ပါ။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက် ဆိုတာမျိုးလည်း မဖြစ်စေချင်ပါ။ တကယ်တော့ ရုပ်တရားဆိုတာ တစ်ခြားမဟုတ်ပါဘူး။ ရုပ္ပတီတိ ရူပံ- ဖောက်ပြန်တတ်တဲ့သဘောကြောင့် ရုပ်မည်တယ်လို့ ဆိုတဲ့အတွက်ကြောင့် ရုပ်ရဲ့သဘာဝ လက္ခဏာဟာ ဖောက်ပြန်ခြင်းသဘောရှိနေတာပါ။ ဒီလိုဖောက်ပြန်ခြင်း သဘောရှိတဲ့ ရုပ်တရားကို ပိုင်ဆိုင်ထားတဲ့သူမှန်သမျှ ရုပ်တရားရဲ့ ဖောက်ပြန်ပြောင်းလဲခြင်း သဘောကို ရင်ဆိုင်တွေ့ကြရမှာပါ။ ဘယ်သူမှ ရှောင်တိမ်းလို့ မရပါဘူး။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်နေမှာပါ။ အကြောင်းအမျိုးနဲ့ ဖောက်ပြန်နေမှာပါ။

အဘိဓမ္မာအလိုအရ ရုပ်တရားဖောက်ပြန်ခြင်းအကြောင်း လေးမျိုးရှိပါတယ်။ ၁၊ ကံကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၂၊ စိတ်ကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၃၊ ဥတုကြောင့်လည်း ဖောက်ပြန်ပါတယ်။ ၄၊ အာဟာရကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ဒီလေးမျိုးထဲမှာ ကံကြောင့် ရုပ်တရားဖောက်ပြန် ပြောင်းလဲမယ်ဆိုရင် အကုသိုလ်အကျိုးဆက်များရဲ့ တန်ပြန်အကျိုးပေးမှုဖြစ်တဲ့အတွက် ကုသဖို့ ခက်ခဲပါတယ်။ စိတ်ကြောင့် ဖောက်ပြန်ရင်တော့ စိတ်နဲ့ပဲ ပြန်လည်ကုစားရပါမယ်။ ဥတုနဲ့ အာဟာရကတော့ ရာသီဥတုကို ကာကွယ်နိုင်မယ့် အ၀တ်အထည်များ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များကို သင့်လျော်အောင် လုပ်ပေးခြင်းဖြင့် ကုလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့အခြေအနေကို ကိုဆင်ခြင်ပြီး ဒီလေးမျိုးနဲ့ ညှိကြည့်ပါ။ ဘာကြောင့် ဖောက်ပြန်တယ်ဆိုတာ အတိအကျ မပြောနိုင်တဲ့အတွက် ကုလို့ရတဲ့နည်းနဲ့ ကုသကြည့်နိုင်ပါတယ်။ ဘယ်လိုမှ မရနိုင်ရင်တော့ တရားရှာ ကိုယ်မှာတွေ့ဆိုသလို တရားနဲ့သာ ဖြေနိုင်အောင်၊ ရှာနိုင်အောင် ကြိုးစားစေချင်ပါတယ်။ သေချာတာကတော့ ရုပ်တရားကြီး ရထားလို့ ဒီလိုအဖြစ်တွေနဲ့ ကြုံတွေ့နေရတာပါ။

နောက်တစ်ချက်က အောက်လမ်းပယောဂ စတာတွေပါ။ လောကီနည်းအရ ဒါတွေက ရှိပါတယ်။ တစ္ဆေ၊ အစိမ်းသရဲ စတာတွေလည်း ရှိပါတယ်။ နတ်ဆိုးများ၊ တန်ခိုးရှိတဲ့ မိစ္ဆာနတ်များ၊ ဘီးလူးသရဲများ စတာတွေဟာ လူကိုအမျိုးမျိုး ဒုက္ခပေးလေ့ရှိကြောင်း စာပေတွေမှာ ဖော်ပြတာတွေ ရှိပါတယ်။ ဒီနတ်ဆိုးများရဲ့ ဖမ်းစား၊ နှောက်ယှက်ခြင်းများ ခံရတဲ့အတွက် ဒုက္ခရောက်ရတဲ့အကြောင်း၊ တစ်ခါတစ်ရံ ပရိတ်အရံအတားများ ရွတ်ဖတ်ခြင်းများဖြင့် ထိုရန်များမှ ကာကွယ်သင့်ကြောင်း ဟောကြားဖော်ပြထားတာတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနတ်ဆိုး အစိမ်းသရဲဆိုတာတွေ ရှိတယ်ဆိုတာ လက်ခံလို့ရပါတယ်။ ၀ိနည်း ပါရာဇိကဏ် အဋ္ဌကထာ၊ ပါဏာတိပါတ အဖွင့်မှာလည်း ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်းဟူသော ပယောဂတစ်ခုကို ဖွင့်ပြထားတာ ရှိပါတယ်။ ဒါတွေကို ကြည့်ပါက ဒီလောကီအစီအရင်များ ရှိတယ်ဆိုတာ မှန်းဆသိနိုင်ပါတယ်။ ဗုဒ္ဓကတော့ ဒီလောကီနည်းများဟာ ဘ၀လွတ်မြောက်ရာ အမှန်လမ်းစဉ်များ၊ အကျိုးရှိတဲ့နည်းပညာများ မဟုတ်တဲ့အတွက် အထူးတလည် မဟောပါဘူး။ အားမပေးပါဘူး။ ရဟန်းများဆိုရင် မလုပ်ဖို့ပင် တာမြစ်ပိတ်ပင်ပါတယ်။ လူပုဂ္ဂိုလ်များအနေဖြင့်လည်း ဒီလိုအတတ်ပညာမျိုးနဲ့ အသက်မွေးဝမ်းကြောင်း မပြုတာကောင်းပါတယ်။ အားလည်းအားမပေးပါဘူး။ ဒါပေမယ့် ဒီရောဂါများ ကိုယ်ကိုယ်တိုင် စွဲကပ်လာရင်တော့ ကိုယ့်ရဲ့ကိုယ်ကျင့်သီလလည်း မထိခိုက်ဘူး၊ သရဏဂုံလည်း မထိခိုက်ဘူး၊ သူများတွေလည်း အကျိုးမယုတ်ဘူး ဆိုရင်တော့ ကျွမ်းကျင်တဲ့ဆရာများနဲ့ ပြသကုသနိုင်ပါတယ်။ အကောင်းဆုံးနည်းကတော့ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင်လုပ်၊ မေတ္တာပို့အမျှဝေ၊ သစ္စာဆိုပြီး အကောင်းဆုံးဖြစ်အောင် နေထိုင်ခြင်းဟာ အကောင်းဆုံးပါ။ အမှန်တော့ ပြုစားခံရတယ်ဆိုရင်လည်း ကံနိမ့်နေတဲ့အတွက် ပြုစားခံရတာပါ။ ကောင်းတာတွေအမြဲလုပ်နေ၊ ကိုယ်ကျင့်သီလတွေ ထာဝရလုံနေပေမယ့် အဆိုးတွေနဲ့ ကြုံတွေ့နေရတာတွေလည်း ရှိတတ်ပါတယ်။ ကောင်းတာတွေလုပ်နေပေမယ့် အတိတ်ကံအကျိုးပေးချိန် ရောက်လာရင် ပြန်ပေးဆပ်ရတာ၊ ပြန်ခံရတာတွေလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် ဘာမဆို အတိတ်ကံကိုပဲ ပုံချလို့ မရပါဘူး။ ပစ္စုပ္ပန်မှာလည်း ကောင်းနေဖို့ ကောင်းအောင်လုပ်နေဖို့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်နေတဲ့ ကောင်းတဲ့အလုပ်တွေကိုတော့ ရပ်မပြစ်ဖို့ လိုပါတယ်။ စောင့်ထိန်းမြဲသီလကိုတော့ ဘာတွေပဲဖြစ်ဖြစ်၊ ဘယ်လိုပဲကြုံကြုံ မဆုတ်မနစ် ထိန်းနိုင်အောင် ကြိုးစားစေချင်ပါတယ်။ နောက်ဆုံး သေတာထက်ပိုပြီး ဖြစ်စရာအကြောင်း မရှိဘူးလို့ အဆုံးအထိတွေးပြီး အသိသတိယှဉ်ကာ ကြုံလာသမျှ ဒုက္ခများကို ရင်ဆိုင်နိုင်အောင် ကြိုးစားရင်း သီလ၊ သမာဓိ၊ ပညာကုသိုလ်တရားတွေသာ များများဖိလုပ်စေချင်ပါတယ်။ အချိန်တန်ရင်တော့ အားလုံးပြီးသွားမှာ၊ ကျော်လွှားသွားမှာပါလို့ပဲ အကြံပြုပါတယ်။
ဒါကြောင့် ရုပ်ဖောက်ပြန်တာပဲဖြစ်ဖြစ်၊ အောက်လမ်းပယောဂတွေကြောင့်ပဲ ဖြစ်ဖြစ် ဖောက်ပြန်တာတော့ ဖောက်ပြန်တာပဲ ဖြစ်တဲ့အတွက် အကယ်၍ အောက်လမ်းပယောဂဖြစ်လို့ သေချာတယ် ကုလိုတယ်ဆိုရင်လည်း အရင်ဆုံးမိမိကိုယ်ကို ကိုယ်ကျင့်သီလလုံခြုံအောင် ကြိုးစားပြီး ကိုယ်စောင့်နတ်များ အပါအ၀င် သုံးဆယ့်တစ်ဘုံ ရှိရှိသမျှ နတ်အပေါင်းတို့အား အမျှအတမ်းပေးဝေကာ ရတနာသုံးပါးနဲ့ ပတ်သက်တဲ့ သစ္စာဆို၍ သီလမကျိုး၊ သရဏဂုံမပျက်တဲ့ နည်းကိုရှာပြီး ကုကြည်ပါဟု တိုက်တွန်းလိုက်ပါတယ်။

Read more »

ပြီးပြန်လေပြီ တစ်နှစ်… နီးပြန်လေပြီ တစ်ဆစ်…

မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၀ပြည့်နှစ်မှ ၁၃၇၁ခုနှစ်သို့ ကူးပြောင်းခဲ့လေပြီ။ ၁၃၇၀ခုနှစ်ကား ကုန်ဆုံးသွားလေပြီ၊ ပြီးဆုံးသွားလေပြီ၊ ကျန်ခဲ့လေပြီပေါ့…။ စက္ကန့်တွေကို မိနစ်တွေကစား၊ မိနစ်တွေကို နာရီတွေကစား၊ နာရီတွေကို နေ့ရက်တွေကစား၊ နေ့ရက်တွေကို လတွေကစား၊ လတွေကို နှစ်တွေကစားနဲ့ တစ်ခုပြီးတစ်ခု စားသွားလိုက်တာ ခုတော့ တစ်နှစ်ကိုတစ်နှစ်က စားသွားခဲ့ပြန်ပြီလေ။ ၁၃၇၀ခုနှစ်ကို ၁၃၇၁ခုက အစားထိုးပြီး နေရာယူလိုက်တယ်ဆိုရင်လည်း မမှားဘူးပေါ့။ တစ်နည်းဆိုရရင် ၁၃၇၀ခုနှစ်ရဲ့ အခန်းကဏ္ဍဟာ ပြီးဆုံးသွားပါပြီ။ ဒါပေမယ့် အကောင်းတွေနဲ့ ပြီးဆုံးသွားသလား…၊ အဆိုးတွေနဲ့ ပြီးဆုံးသွားသလား ဆိုတာကတော့ အဲဒီနှစ်ကို ဖြတ်သန်းခဲ့ကြသူတွေပဲ အသိဆုံးဖြစ်ကြမှာပါ။ သေချာတာကတော့ အကောင်းအဆိုး နှစ်ခုလုံးနဲ့ ဖြတ်သန်းခဲ့ကြတယ်ဆိုတာပါပဲ။ တစ်ချို့လည်း ပြောကြမှာပေါ့ ``၁၃၇၀ခုနှစ်ဟာ တို့အတွက် ကံဆိုးမိုးမှောင်ကြတဲ့နှစ်``လို့…။ ဒါပေမယ့် တစ်ချို့ကတော့ ``၁၃၇၀ပြည့်နှစ်ဟာ တို့အတွက် ကံကောင်းခြင်းလက်ဆောင်ပဲ`` လို့ ပြောကြပေလိမ့်မယ်။ ဘယ်သူတွေ ဘာပဲပြောပြော အကောင်းအဆိုးဆိုတဲ့ လောကဓံ မုန်တိုင်းကြောင့် ဒီလိုတွေ ကွဲပြားကြတာပါ။ ၁၃၇၀ခုနှစ်ကြောင့် မဟုတ်ပါဘူး။ သူကတော့ သူ့ဖာသာသူ လည်ပတ်ကုန်ဆုံးနေခဲ့တာပါ။ သူနဲ့အတူ ကျန်လည်ခဲ့သူတွေရဲ့ အကောင်းအဆိုးတွေကြောင့် တစ်ချို့ကံကောင်းပြီး တစ်ချို့ကံဆိုးတယ်လို့ ပြောကြတာပါ။

ပြီးဆုံးသွားတဲ့ ၁၃၇၀ခုနှစ်ကို ပြန်ကြည့်ရင် ဘယ်သူမဆို အကောင်းအဆိုးတွေနဲ့ ကျင်လည်ခဲ့ကြမှာပါ။ အကောင်းချည်းနဲ့ပဲ ကျင်လည်ဖြတ်သန်းခဲ့ကြတာ မဟုတ်သလို အဆိုးတွေနဲ့ပဲ ကျင်လည်ဖြတ်သန်းခဲ့ကြတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် အကောင်းအဆိုး ကြုံတွေဖြတ်သန်းခဲ့ရတာ ရှိသလို ကိုယ်နဲ့ပတ်သက်သူတွေကြောင့်လည်း ကြုံတွေ့ဖြတ်သန်းခဲ့ရတာတွေလည်း ရှိမှာပါ။ အထူးသဖြင့် ကိုယ့်မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ၁၃၇၀ခုနှစ်ဟာ အကောင်းထက် အဆိုးတွေနဲ့ပဲ ကြုံတွေ့ဖြတ်သန်းခဲ့ရတယ်ဆိုရင် မမှားပါဘူး။ နိုင်ငံတစ်ဝှန်း လောင်လိုက်တဲ့မီးတွေ၊ ဆုံးရှုံလိုက်တဲ့ ပစ္စည်းတွေဟာ ကြောက်ခမန်းလိလိပါ။ အဆိုးတကာ အဆိုးဆုံးက လူအမြောက်အများ သေဆုံးပြီး အိုးမဲ့အိမ်မဲ့၊ စားရမဲ့ သောက်ရမယ့်၊ ဆွေကွဲမျိုးကွဲဖြစ်ခဲ့ရတဲ့ နာဂစ်မုန်တိုင်းရဲ့ ရက်စက်မှုကြီးပါ။ ဆိုးလိုက်တဲ့ လောကဓံကြီးပါ။ ဒီလောကဓံဟာ ကိုယ်နဲ့တိုက်ရိုက် ပတ်သက်တာတွေ ရှိသလို တစ်ဆင့်သွယ်ဝိုက်ပြီး ရိုက်ခက်တာတွေလည်း ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် ဒါဟာ ရှောင်လို့မရတဲ့ မလွဲမသွေ ကြုံတွေ့ရမယ့် လောကဓံတရားတွေပါ။ ဒါတွေဟာ ပြီးဆုံးသွားတဲ့ ၁၃၇၀ခုနှစ်ရဲ့ ထင်ရှားတဲ့ လောကဓံဆိုးတွေပဲ ဖြစ်ပါတယ်။ အကောင်းလောကဓံတွေကတော့ တစ်ဦးနဲ့တစ်ဦး မတူညီမှုတွေနဲ့ ကြုံတွေ့ခဲ့ကြမှာပါ။

ထားပါတော့။ ပြီးဆုံးသွားတဲ့ အတိတ်ကို ပြန်ပြောနေလို့လည်း ဘာမှလုပ်လို့မှ မရတော့တာ။ ရှိစေတော့ပေါ့။ ဒါပေမယ့် ကျန်ခဲ့တဲ့အတိတ်နဲ့ ပတ်သက်လို့ ဘယ်သူမဆို ယူစရာ သင်္ခန်းစာတွေတော့ ရှိခဲ့ကြမှာပါ။ အတိတ်ဆိုတာ ပြန်ပြီးပူဆွေးသောက ဖြစ်ရမဲ့အရာမဟုတ်ဘဲ အတိတ်ကဖြစ်ခဲ့တာတွေကို သင်္ခန်းစာယူပြီး နောင်မဖြစ်အောင် သတိပြုဆင်ခြင်ရမယ့် အရာပါ။ အတိတ်က မှားခဲ့တဲ့အမှားတွေကို ဆင်ခြင်ပြီး နောင်မမှားအောင် ကြိုးစားကြဖို့ပါ။ အမှားကတော့ လူတိုင်းရှိကြမှာပါ။ အမှားကြီးနဲ့ အမှားလေးပဲ ကွာခြားမှာပါ။ ပြီးတော့ ပစ္စုပ္ပန်မှာပဲ ဒုက္ခရောက်မယ့် အမှားရှိသလို သံသရာမှာပါ ဒုက္ခရောက်မယ့် အမှားမျိုးလည်း ရှိပါတယ်။ ပစ္စုပ္ပန် သံသရာဒုက္ခရောက်မယ့် အမှားမျိုးဆိုရင်တော့ အမှားကြီးဖြစ်သွားပြီပေါ့။ ဒီအမှားကို စာလိုပြောမယ်ဆိုရင် အကုသိုလ်လို့ ပြောနိုင်ပါတယ်။ ဒီအကုသိုလ်ကြောင့် အပါယ်လားပြီး သံသရာအထိနှစ်မွန်း သွားမယ်ဆိုရင်တော့ အရမ်းကြီးတဲ့ အမှားကြီးဖြစ်ပါတယ်။ ဒီလို အမှားကြီး မဖြစ်ဖို့ အတိတ်ကို သင်္ခန်းစာယူပြီး အချိန်ရှိတုန်း အနာဂတ်မှာ သတိပြုဆင်ခြင် ထိန်းသိမ်းကြရမှာပါ။

မှန်ပါတယ်။ ဒီလို သတိပြုဆင်ခြင်ရမယ့် အထဲမှာ အမြဲနှလုံးသွင်းထားရမှာက သေခြင်းတရားပါ။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာတယ်ဆိုတာ ဆင်ခြင်နေရမှာပါ။ တစ်နှစ်ကုန်သွားတာနဲ့ သေခြင်းတရားက တစ်ဆစ်နီးလာနေတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။ ဒါကြောင့်လည်း ပြီးသွားလေပြီ တစ်နှစ် တဘက်မှာတော့ သေဖို့နီးသွားလေပြီ တစ်ဆစ်လို့ ဆိုရခြင်းပါ။ တစ်ဆစ်ဆိုတာ လက်တစ်ဆစ်ပမာဏကို ပြောတာပါ။ လက်တစ်ဆစ်ဆိုတာ အလွန်တိုတောင်းပါတယ်။ ဒီအတိုင်းပါပဲ အသက်ရှင်ခြင်းဆိုတာလည်း အလွန်တိုတောင်းပါတယ်။ ဒီတော့ ဒီလိုတိုတောင်းလှတဲ့ အသက်ရှင်နေမှုမှာ ကိုယ့်အတွက် ဘာတွေပြင်ဆင်ပြီးပြီလဲဆိုတဲ့ မွေးခွန်းကို ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ပြန်မေးကြဖို့ လိုပါတယ်။ ပြီးဆုံးသွားတဲ့ နှစ်မှာလည်း သေဖို့အတွက် ဘာမှမပြင်ဆင်လိုက်နိုင်ဘူး၊ အသစ်ရောက်လာမယ့် အချိန်တွေအတွက်လည်း သေဖို့အတွက် ပြင်ဆိုဖို့ စိတ်ကူးမရှိဘူး ဆိုရင်တော့ ပစ္စုပ္ပန် သံသရာ ဒုက္ခရောက်မယ့် အမှားကြီးနဲ့ ကြုံတွေ့ရပါလိမ့်မယ်။ အဲဒီအခါမှ မှားလေစွလို့ နောင်တရမယ်ဆိုရင် ဖြေဆည်လို့မရတဲ့ နောင်တ၊ နောက်ကျသွားတဲ့ နောင်တကြီး ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် ဒီလို နောက်ကျတဲ့ နောင်တမျိုး မရှိရအောင် ပြီးခဲ့တာတွေ ခ၀ါချလို့ လာမယ့်အနာဂတ် အချိန်တွေမှာ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ကြဖို့ လိုပါတယ်။ ဒီလိုပြင်ဆင်ကြတဲ့အခါ သေဖို့အတွက်လည်း ထည့်ပြီးပြင်ဆင်ရပါမယ်။

ဗုဒ္ဓစာပေမှာ ``ပုညံ သုခံ ဇီဝိတသင်္ခယှမှိ- ကုသိုလ်ကောင်းမှု ရှိခြင်းဟာ သေခါနီးကာလမှာ ချမ်းသာ၏``လို့ ဆိုထားပါတယ်။ သေဖို့ပြင်ဆင်တယ်ဆိုတာ သေခါနီးကာလမှာ တစ်ခြားစိတ်တွေ မ၀င်အောင် တစ်ခြားအစွဲတွေ မ၀င်အောင် ပြင်ဆင်ကြဖို့ပါ။ သေခါနီးမှာ ချမ်းသာမှုကို ဖြစ်စေတာက ကုသိုလ်ကောင်းမှုပါ။ ဒါဆိုရင် သေခါနီးမှ ကုသိုလ်ပြုရင် ပြီးတာပဲလို့တော့ ကပ်သီးကပ်သပ် မတွေးမိပါစေနဲ့.. သေခြင်းတရားဆိုတာ ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ သတ်မှတ်ထားတာ မရှိတဲ့အတွက် အချိန်မရွေး အားကိုးလိုရအောင် ကုသိုလ်ကောင်းမှုကို အချိန်မရွေး လုပ်ထားကြဖို့ လိုပါတယ်။ ခုကတည်းက ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားမှ သေခါနီးမှာ အလေ့အကျင့် ရှိနေမှာပါ။ ကုသိုလ်ကောင်းမှုကို ဆင်ခြင်လို့ ရမှာပါ။ အသက်ရှင်တုန်းမှာ လုပ်ချင်ရာလုပ်နေပြီး သေခါနီးမှ တရားခွေဖွင့် တရားနာခိုင်းလို့ကတော့ သေမယ့်သူနားထဲ မ၀င်တော့ပါဘူး။ အကောင်းဆုံးက မသေခင် အခုကတည်း အချိန်ရှိခိုက် ကုသိုလ်ကောင်းမှုတွေ စိုက်ကြဖို့ပါ။ ကြိုးစားပြီး လုပ်ကြဖို့ပါ။ ပြီးဆုံးသွားတဲ့ နှစ်မှာ ကုသိုလ်ကောင်းမှုနဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ တိတိကျကျ လုပ်ခဲ့တာ မရှိဘူးဆိုရင် အဲဒီအတိတ်က နှစ်လိုမဖြစ်ရအောင် အခုလာမယ့် နှစ်မှာ ကုသိုလ်ကောင်းမှုကို ရနိုင်သမျှ ကြိုးစားလုပ်ဆောင်ကြဖို့ပါ။

ဗုဒ္ဓဘာသာအလိုအရ ကိုယ်လုပ်တဲ့ ကောင်းမှု၊ မကောင်းမှုတွေကသာ ကိုယ့်ဘ၀ကို အကောင်း၊ အဆိုးဖန်တီးပေးသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားကြဖို့လိုပါတယ်။ အသက်ရှင်နေရတဲ့ အခိုက်ဟာ အလွန်တိုတောင်းလှတဲ့ အတွက် တိုးတောင်းလှတဲ့ အချိန်အတွင်းမှာ ကိုယ့်ကိုယ်ကို အကုသိုလ်အလုပ်တွေနဲ့ အချိန်မကုန်မိကြစေဖို့ အရေးကြီးပါတယ်။ ပြောသမျှအမှား၊ လုပ်သမျှအမှား၊ ကြံသမျှအမှားတွေ မဖြစ်ကြဖို့ သတိပြုဆင်ခြင်ကြစေ လိုပါတယ်။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာပြီဆိုတာ မမေ့ကြဖို့ လိုပါတယ်။ သေခြင်းတရားဟာ တစ်ဆစ်နီးလာပြီဆိုတာ သံဝေဂဉာဏ်ပွားဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်တွေဟာ ကိုယ်ပဲပြန်ခံရမယ်ဆိုတာ အထူးသတိရှိနေဖို့လိုပါတယ်။

ဒါကြောင့် ပြီးဆုံးသွားပြီဖြစ်တဲ့ အတိတ်ကို ပြန်လည်တောင့်တ မနေကြတော့ဘဲ အတိတ်ကို သင်္ခန်းစားယူပြီး လာမယ့်အနာဂတ် အချိန်တွေမှာ အကောင်းဆုံးဖြစ်စေဖို့ အခုလက်ရှိအချိန်ကို အကောင်းဆုံး ပြင်ဆင်ကြစေလိုပါတယ်။ တစ်နှစ်ပြီးသွားပေမယ့် တစ်နှစ်နီးလာပြီဆိုတာ ဆင်ခြင်ရင်း သေဖို့တစ်ဆစ်ပဲ ကျန်တော့တယ်ဆိုတာ မမေ့ကြဖို့ ``အပ္ပမာဒေန သမ္ပာဒေထ- မမေ့မလျော့ မပေါ့မဆသော သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့``ဟူသော ရှင်တော်ဘုရား မိန်မှာစကားးဖြင့် သတိပေးတိုက်တွန်း လိုက်ရပါကြောင်း…

Read more »

နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း…

မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…

နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း… ဆုမွန်ကောင်းများ ချွေလိုက်ပါတယ်။
အချိန်တွေဟာ သိပ်မြန်လွန်းတဲ့အတွက် တစ်နှစ်ကုန်သွားပြန်ပါပြီ။ ခဏလေးလို့ ထင်ရတယ်နော်… ကုန်သွားတဲ့ တစ်နှစ်မှာ ပြန်ပြီးစဉ်းစားကြည့်ရင် ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အလိုမပြည့်တာတွေ စတဲ့ အကောင်းအဆိုး လောကဓံတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းပါပဲ…။ ပြီးတော့ အဲဒီကျော်ဖြတ်ခဲ့ရ တာတွေထဲမှာ ကုသိုလ်တွေများသလား… အကုသိုလ်တွေများသလား…လို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရင်… အင်း… အများအားဖြင့် အကုသိုလ်တွေက များနေကြမှာပါ။ ထားပါတော့.. အတိတ်ဆိုတာ ကျန်ခဲ့ပြီလေ။ ဒီတော့ တို့တစ်တွေ အခုနှစ်သစ်ကစပြီး အနာဂတ် အချိန်တွေအတွက် ဘယ်လိုကုန်ကြမယ်၊ ဖြတ်သန်းကြမယ်ဆိုတာကိုပဲ စဉ်းစားကြတာပေါ့။ သိတဲ့အတိုင်း ဘ၀က ဘာမှကြိုတွက်လို့ မရ၊ ကြိုမြင်လို့လည်း မရတဲ့ အခြေအနေ ဖြစ်နေတာကိုး။ ဒါကြောင့် အနာဂတ်အတွက် စိတ်သစ်လူသစ်နဲ့ အစီအစဉ်အသစ်တွေ ချတဲ့အခါ မျှမျှတတ စီစဉ်တတ်ဖို့ လိုတာပါ။ မျှမျှတတဆိုတာ အစီအစဉ် ချတဲ့အခါ ဒီဘ၀အတွက်ရော နောင်သံသရာအတွက်ပါ ထည့်ပြီးချရမယ်ဆိုတာကို ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘ၀တိုးတက်ရေးတွေ လုပ်နေတုန်း ရုတ်တရက် တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် နောင်သံသရာအတွက် ပြင်ဆင်ထားမှုတွေလည်း အဆင်သင့်ရှိနေအောင်လို့ပါ။ သိတဲ့အတိုင်း အားလုံးဟာ မမြဲဘူးလေ… ဘာမှပုံသေတွက်လို့မှ မရတာ..။ ဒါကြောင့် ပစ္စုပ္ပန်ရော သံသရာပါ ကောင်းစေမယ့် မျှမျှတတ ရှိမယ့်အစီအစဉ်တွေ ချမှတ်ကြဖို့ တိုက်တွန်းလိုတာပါ။

နှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ဘ၀အောင်မြင်ရေး တိုးတက်ရေးတွေ ချမှတ်တဲ့အခါ… ပညာရေးအစီအစဉ်၊ စီးပွားရေး အစီအစဉ်၊ ကျန်းမာရေး အစီအစဉ်၊ ကုသိုလ်ရေး အစီအစဉ်ဆိုတဲ့ ဦးတည်ချက်လေးရပ် တစ်ခါတည်း ပါနိုင်၊ လုပ်နိုင်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့ လိုပါတယ်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ ဒီလေးခုလုံး ရနိုင်အောင် ကြိုးစားရပါမယ်။ လေးခုလုံး မရနိုင်တာတောင်မှ အနည်းဆုံး ကုသိုလ်လေးတော့ ရမှဖြစ်မှာ။ ကုသိုလ်ရဖို့အတွက်က ဘာမှ မခက်ပါဘူး။ အိပ်ရာက နိုးတာနဲ့ သရဏဂုံလေး ရွတ်တတ်တဲ့ အကျင့်လေး လုပ်လိုက်ရုံပါ။ ဒါဆို အဲဒီနေ့အတွက် အမြတ်ထွက်သွားတာပေါ့..။ ဒီလိုပဲ တစ်ခြား ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးတွေလည်း ရအောင်ယူနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။ ဒီလေးချက်ညီမယ်ဆိုရင် ယခုဘ၀ရော နောင်သံသရာမှာပါ ကြီးပွားချမ်းသာမှာ မလွဲပါဘူး…။

ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ် အစီအစဉ်အသစ်တွေနဲ့ ယခုဘ၀ရော နောင်ဘ၀မှာပါ ချမ်းသာရအောင် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာဆိုတဲ့ အချက်လေးချက်ကို မျှမျှတတ လုပ်နိုင်အောင် ကြိုးစားဖို့ အထူးတိုက်တွန်းရင်း နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပါးလိုက်ရပါတယ်။
အားလုံး ယခုနှစ်သစ်မှ စပြီး နောင်ဘ၀သံသရာအထိ ကိုယ်ကျန်းမှာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေ..

မေတ္တာဖြင့်…
ဘုန်းဘုန်းဦးဝိစိတ္တ

Read more »

လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် မည်သို့ကျော်လွှားရမည်နည်း…

Q. ဘုန်းဘုန်း
တပည့်တော် လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံနေရပါသည်။ တပည့်တော် မပြောသည့် စကားများကို ပြောသည်ဟု ဇာတ်လမ်းဆင်ခံရခြင်း၊ တပည့်တော် ဘာမှ မနာလို မရှိခဲ့၊ မကောင်း မပြောခဲ့ဖူးသူများအပေါ် မနာလို ဖြစ်သည်၊ မကောင်းပြောသည်ဟု ကြားလူများက လိမ်ညာသတင်း လွှင့်ခံရခြင်းများ ကြုံရပါသည်။
တပည့်တော် ငါးပါးသီလကို ခါးဝတ်ပုဆိုးသဖွယ် ကြိုးစားစောင့်ထိန်းလာသည်မှာ ၁၄ နှစ် ကျော်လာပြီ ဖြစ်ပါသည်။ ထိုသေးသိမ်သော စကားမျိုးများလည်း မပြောရရိုး အမှန် ဖြစ်ပါသည်။ ထိုသို့ အစွပ်စွဲ ခံရသဖြင့် စိတ်မကောင်းဖြစ်ခြင်း၊ တစ်ပါးသူတို့က မိမိကို ထိုစကားမျိုး ပြောတတ်သည့် သေးသိမ်သူအဖြစ် အထင်မှားခံရမှာ စိုးရှက်ခြင်းများ ဖြစ်မိပါသည်။ ထိုသို့ လိမ်ညာစွပ်စွဲ သတင်းလွှင့်ခံရခြင်းများကို ကြုံတွေ့ရလျှင် တပည့်တော်ထက် သီလသမာဓိပညာ သာလွန်သူများ မည်သို့ နှလုံးသွင်းသည်ကို သိလိုပါသည်။ ထိုသို့ လောကဓံများနှင့် ကြုံတွေ့ရလျှင် ဘာလုပ်ရမည်လဲကို နည်းနာ ချီးမြှင့်ပေးပါဘုရား။
(နိုင်နိုင်)


A. မှန်ပါတယ်။ စွပ်စွဲခံရခြင်း၊ အထင်မှားခံရခြင်း၊ အပြစ်ပြောခံရခြင်း၊ အကဲ့ရဲ့ခံရခြင်း၊ ချီးမွန်းခံရခြင်း စတာတွေဟာ လောကဓံတရားတွေပါ။ လောကဓံဆိုတာ လောကမှာရှိတဲ့သူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် သဘောတွေပါ။ သာမန်လူများမပြောနဲ့ ဘုရား၊ ရဟန္တာတို့တောင်မှ ဒီလိုစွပ်စွဲခံရခြင်းမှ မလွတ်ကင်းနိုင်ကြဘူးဆိုတာ ဘုရားရှင်းအကြောင်း၊ ရဟန္တာများအကြောင်း ဖော်ပြထားတဲ့ ပိဋကတ်စာပေတွေမှာ အများကြည့်တွေ့ရမှာပါ။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်ပဲ တိတ္တိတို့ရဲ့ အမျိုးမျိုး စွပ်စွဲခံရ၊ ဆန့်ကျင်ဘက် ပုဂ္ဂိုလ်များရဲ့ အဆဲအဆို အကြိမ်းအမောင်းတွေကို ခံခဲ့ရပါတယ်။ ဒီလို မဟုတ်မတရား အပြောခံရ၊ စွပ်စွဲခံရတာတွေဟာ လောကဓံတရားတွေပဲလို့ ပြောလို့ရသလို အကုသိုလ်ရဲ့ အကျိုးဆက် တစ်နည်းအားဖြင့် ၀ဋ်တွေလို့လည်း ပြောလို့ရပါတယ်။ အကုသိုလ်အကျိုးဆက် ၀ဋ်တွေဆိုရင်တော့ ပြန်လည်ပေးစပ်ခြင်းဖြင့် ကျေအောင်စပ်ရပါတယ်။ ဒီလိုမှမဟုတ် သာမန်ကြုံရတဲ့ လောကဓံသဘောမျိုးပဲ ဆိုရင်တော့ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားခြင်းဖြင့် ကျော်လွှားနိုင်ရပါမယ်။ အဓိကကတော့ အကုသိုလ် အကျိုးဆက်တွေပဲ ဖြစ်ဖြစ်၊ လောကဓံတရားတွေပဲ ဖြစ်ဖြစ် ဘယ်သူတွေ ဘာပဲပြောပြော ကိုယ်ဘက်က မှန်နေ၊ ကောင်းနေဖို့ပါပဲ။ မှန်နေ၊ ကောင်းနေဖို့ဆိုတာက ကိုယ်ကျင့်တရားတွေ လုံနေဖို့၊ မဟုတ်တဲ့အကုသိုလ်တွေကို မလုပ်မိနေဖို့ပါ။ ကောင်းတာတွေ လုပ်နေသူတွေဟာ သူများအထင်သေးမှာ ကဲ့ရဲ့စွပ်စွဲခံရမှာ မကြောက်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်ကဘာမှ မဟုတ်တာလုပ်ထားတာ မရှိလို့ပါ။ ဒီလိုသူများအထင်သေး၊ ကဲ့ရဲ့စွပ်စွဲမှာ ကြောက်နေတတ်တာ ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေလို့ပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတာဟာ ကိုယ့်ရဲ့ကိုယ်ကျင့်သီလတွေ အားနည်းနေသေးလို့ပါ။ ဒါကြောင့် ယုံကြည်မှုများအားကောင်းအောင် ကိုယ့်ကျင့်သီလ ကုသိုလ်တရားများ များနေဖို့အရေးကြီးပါတယ်။ မဟုတ်တာတွေ၊ မကောင်းတာတွေ မလုပ်မိဖို့အရေးကြီးပါတယ်။

တကယ်တော့ လူတိုင်းလူတိုင်း မွေးလာကတည်း သေတဲ့အထိ ဒီလိုအကောင်း လောကဓံချည်းနဲ့ပဲ နေသွားရတာ မဟုတ်သလို အဆိုးလောကဓံချည်းနဲပဲ နေသွားရတာမဟုတ်ပါဘူး။ အချိန်တန်ရင် သူ့အလိုလို ပြီးသွားပါလိမ့်မယ်။ အခိုက်အတန့်လေးသာ ဖြစ်ပါတယ်။ အဲ… အဲဒီအခိုက်အတန့် ကာလကို ကိုယ်က ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံကြောင့် ပျက်ဆီးကြတယ် ဆိုတာလဲ ဒီကြုံလာတဲ့ အခိုက်အတန့်လေးကို မခံနိုင်လို့ ဖြစ်ကြတာပါ။ မင်္ဂလသုတ်မှာ လာသလိုပေါ့.. ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ… စသဖြင့် လောကဓံနဲ့ ကြုံတဲ့ပုဂ္ဂိုလ်ရဲ့ စိတ်ဟာ မတုန်လှုပ်ဘူး၊ စိုးရိမ်မှုကင်းတယ်၊ အညစ်အကြေးကင်းတယ်၊ ငြိမ်းချမ်းတယ်ဆိုရင် မင်္ဂလာပါတဲ့.. ဒါကြောင့် ဘယ်လိုလောကဓံနဲ့ ကြုံကြုံ မတုန်မလှုပ် ခံနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

လောကဓမ္မသုတ်အလိုအရ ပြောမယ်ဆိုရင် အရိယာပုဂ္ဂိုလ်များ ကျင့်သလို ကျင့်နိုင်ရင် ဒီလောကဓံကို ကောင်းကောင်း ခံနိုင်သွားပါလိမ့်မယ်။ အရိယာပုဂ္ဂိုလ်များဟာ လောကဓံတရားများနဲ့ ကြုံတွေ့တဲ့အခါ လက္ခဏာရေး သုံးပါးနဲ့ ရင်ဆိုင်ကျော်လွှား ကြတယ်လို့ ဆိုပါတယ်။ သိတဲ့အတိုင်းပဲ လက္ခာဏာရေး သုံးပါးဆိုတာ မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ ကိုယ့်အလိုသို့မလိုက် သူ့အလိုလိုဖြစ်နေတဲ့ အစိုးမရခြင်း အနတ္တသဘောကို ပြောတာပါ။ ပုထုဇင်များ ဖြစ်တဲ့အတွက် အရိယပုဂ္ဂိုလ်တို့လို လောကဓံတရား အပေါ် လက္ခဏာရေးသုံးပါးနဲ့ မရှုပွားနိုင်ပေမယ့် အရာအားလုံးဟာ မမြဲခြင်းသဘော ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ဖြေနိုင်ရင် အတော်အသင့် ခံနိုင်ရည် ရှိလာပါလိမ့်မယ်။ ပြီးတော့ သတိထားရမှာက အာရုံနောက်ကို စိတ်မလိုက်မိဖို့ပါ။ အာရုံနောက်ကို စိတ်လိုက်တယ်ဆိုတာ အရှင်းဆုံးပြောရရင် စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားဖို့ပါ။ စကားလုံးဆိုတာကတော့ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ကိုယ်နဲ့အဆင်ပြေ သင့်မြတ်နေရင် အကောင်းပြောကြမှာဖြစ်ပြီး အဆင်မပြေရင်တော့ အပြစ်ပြော၊ ကဲ့ရဲ့အစွပ်စွဲခံရမှာပါ။ ဒါကြောင့် ဘယ်သူတွေဘာပဲ ပြောပြော အဲဒီပြောတဲ့ စကားလုံးတွေနောက်ကို ကိုယ့်ရဲ့စိတ်က လိုက်ပြီးတွေးတော ခံစားမနေဖို့ပါ။ လစ်လျူရှုနိုင်အောင် ကြိုးစားဖို့ပါ။ ဒါလည်းပဲ ပြီးသွားမှာပဲဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကိုသာ သံသရာကောင်းစေဖို့ အကောင်းတွေနဲ့ ပြည့်အောင်ကြိုးစားနေဖို့ပါ။ စွပ်စွဲပြောဆိုကဲ့ရဲ့သူတွေ ဘယ်လိုပဲ ပြောနေကြပါစေ နောက်ဆုံးသံသရာခရီးသွားတဲ့အခါ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ စေတနာကံတွေကသာ ကိုယ်နဲ့တစ်ပါတည်း ပါသွားမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် ဘာမှမမြဲတဲ့ လောကကြီးမှာ အခိုက်အတန့်ဖြစ်တဲ့ အချိန်လေးလောက်ပဲ ဖြစ်ပေါ်တတ်တဲ့ စွပ်စွဲခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ အထင်သေးခံရခြင်းတွေကို လိုက်ပြီးခံစားမဘဲ အားလုံးကို ဥပေက္ခာပြု လစ်လျူရှုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပေးနိုင်တဲ့ ကိုယ့်ရဲ့ကိုယ်ကျင့်တရား၊ ကုသိုလ်တရားတွေကိုသာ များသထက်များ၊ ပြည့်သထက်ပြည့်အောင် ကြိုးစားဖို့လိုပါတယ်။ သေချာတာက ဘာမှမမြဲဘူးဆိုတာပါပဲ…

Read more »

တံခါးများလုံပါစေ…

လူတို့နေထိုင်ရာ အဆောက်အဦကို အိမ်ဟုခေါ်ဆိုပြီး ထိုအိမ်တွင် တပ်ဆင်ထားသည့် အဖွင့်အပိတ်လုပ်၍ ရသည့်အပေါက်များကို တံခါးဟု ဆို၏။ အိမ်နေသူများ၏ အလင်းအမှောင်၊ လုံခြုံမှု၊ မလုံခြုံမှု စသည်များကို အိမ်၏တံခါးများက တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးလျှက်ရှိ၏။ အိမ်တွင်းလိုအပ်နေသည့် အရောင်အလင်းများကို တံခါးများဖွင့်ပေးခြင်းဖြင့် ရယူနိုင်သကဲ့သို့ အိမ်အပြင်မှ ကျရောက်လာမည့် လေဒဏ်မိုးဒဏ်များကိုလည်း တံခါးများပိတ်ပေးခြင်းဖြင့် အထိုက်အလျောက် အကာအကွယ်ယူနိုင်၏။ အိမ်တွင်းနေသူများ၏ လုံခြုံရေးကိုလည်း တံခါးများ၏ လုံခြုံစိတ်ချရမှုဖြင့် အာမခံပေးနိုင်၏။ ထို့အတူ တံခါးများကြောင့်လည်း အိမ်နေသူများ၊ အိမ်ရှိပစ္စည်းဥစ္စာများ၏ အန္တရာယ်သည် ဖြစ်ပေါ်လာတတ်၏။ ထို့ကြောင့် တံခါးသည် အိမ်၏အဓိကကျသည့် အခန်းကဏ္ဍတွင် နေရာယူနေခြင်းဖြစ်၏။ တံခါးကောင်းလျှင်၊ တံခါးလုံလျှင် အိမ်၏လုံခြုံမှုလည်း ကောင်းနေပြီး တံခါးမကောင်းလျှင်၊ တံခါးမလုံလျှင် အိမ်၏လုံခြုံမှုလည်း စိုးရိမ်နေရတတ်၏။ ထို့ကြောင့် အိမ်၏လုံခြုံရေး၊ အိမ်နေသူများ၏ အန္တရာယ်ကင်းရေးအတွက် တံခါးများလုံရန်၊ တံခါးများကောင်းရန် လိုအပ်သည်ဟု ဆိုကြခြင်းဖြစ်၏။

ဗုဒ္ဓစာပေများတွင် ခန္ဓာကိုယ်ကို အိမ်နှင့်ဥပမာပေး၍ ဖွင့်ဆိုဟောပြော၊ ရေးသားကြသည်ကို များစွာတွေ့ရ၏။ အိမ်တွင် တံခါးများရှိသကဲ့သို့ အိမ်နှင့်တူသည့် ခန္ဓာကိုယ်တွင်လည်း တံခါးများရှိ၏။ ထိုတံခါး ကို ပါဠိလို ဒွါရဟု ဆို၏။ အိမ်တွင် တံခါးများသည် အကောင်းအဆိုးကို ဖန်တီးပေးတတ်သကဲ့သို့ ခန္ဓာကိုယ်တွင်လည်း ဒွါရများက အကောင်းအဆိုးကို ဖြစ်စေ၏။ အိမ်၏တံခါးများ လုံခြုံစိတ်ချရလျှင် အိမ်သည်လည်း အန္တရာယ်ကင်းနိုင်သကဲ့သို့ ခန္ဓာကိုယ်၏ ဒွါရခေါ် တံခါးများလုံခြုံ စိတ်ချရလျှင်လည်း အိမ်နှင့်တူသည့် ခန္ဓာကိုယ်သည်လည်း အန္တရာယ်ကင်းနိုင်၏။ ခန္ဓာကိုယ်၏ တံခါးများ မလုံခြုံလျှင်ကား ထိုတံခါးများမှတစ်ဆင့် အနှောက်အယှက်များ၊ အတိုက်အခိုက်များ ၀င်ရောက်လာတတ်ပြီး ခန္ဓာတည်းဟူသော အိမ်ကြီးကို နင်းခြေဖျက်ဆီး အပိုင်းဆီးသွားတတ်၏။ စင်စစ် ခန္ဓာအိမ်ဟူသည် အခြားမဟုတ် နာမ်၊ ရုပ်များဖြင့် တည်ဆောက်ထားသည့် အစုအဖွဲ့ကြီးပင်ဖြစ်၏။ ဤအစုအဖွဲ့ခန္ဓာအိမ်ကြီးတွင် တံခါးပေါက်များမှ ၀င်ရောက်လာနိုင်သည့် အမှိုက်များ၊ အညစ်အကြေးများကြောင့် ခန္ဓာအိမ်ကြီးသည် တဖြည်းဖြည်း ယိုယွင်းပျက်ဆီးနိုင်၏။ ထို့ကြောင့် ခန္ဓာအိမ်ကြီးတွင် ထိုအမိုက်များ၊ အညစ်အကြေးများ ကိန်းအောင်းခွင့်မရအောင် တံခါးများကို လုံခြုံစေရန်လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။ အမှိုက်များ၊ အညစ်အကြေးများဟူသည် အခြားမဟုတ်။ ကိလေသာအမိုက်များ၊ ကိလေသာ အညစ်အကြေးများပင် ဖြစ်၏။ ခန္ဓာကိုယ်၏ တံခါးများဟူသည်မှာလည်း အခြားမဟုတ် စက္ခုဒွါရစသော ဒွါရခြောက်ပါး တံခါးများပင်ဖြစ်၏။ အတိအကျ ဖော်ပြရလျှင်
၁။ စက္ခုဒွါရ = မျက်စိတံခါး
၂။ သောတဒွါရ = နားတံခါး
၃။ ဃာနဒွါရ = နှာခေါင်းတံခါး
၎။ ဇိဝှါဒွါရ = လျှာတံခါး
၅။ ကာယဒွါရ = ကိုယ်တံခါး
၆။ မနောဒွါရ = စိတ်တံခါး ဟူ၍ဖြစ်၏။

မှန်၏။ ဤတံခါးခြောက်ပေါက်ကို လုံခြုံအောင်ထိန်းရန် လိုအပ်၏။ ဤတံခါးများ မလုံလျှင် တံခါးများမှတစ်ဆင့် အပြင်အန္တရာယ်များဖြစ်သည့် ကိလေသာများ ၀င်ရောက်လာပြီး နာမ်ရုပ်အစုဖြစ်သည့် ခန္ဓာအိမ်ကြီးကို မီးဟုန်းဟုန်းတောက်သကဲ့သို့ လောင်မီးတိုက်သွားတတ်၏။ အရှိန်အဟုန်ပြင်းသည့် မီးလောင်ခံသည့် အိမ်တွင်မည်သည့် အရာမျှမကျန် အကုန်ပါသွားသကဲ့သို့ ကိလေသာမီး အလောင်ခံရသည့် ခန္ဓာအိပ်သည်လည်း ပစ္စုပ္ပန် သံသရာအကျိုးအတွက် ရယူစရာ တစ်စုံတစ်ရာမရှိဖြစ်တတ်၏။ ထို့ကြောင့် ပစ္စုပ္ပန် သံသရာကောင်းကျိုး ဖြစ်စေရန် ကိလေသာအပူမီးများ ၀င်ရောက်နိုင်သည့် တံခါးများကို လုံအောင်ထိန်းရန် လိုအပ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဆိုလျှင် ထိုတံခါးများကို မည်သို့လုံအောင် ထိန်းရမည်နည်း၊ မည်သည့်အရာဖြင့် ထိန်းရမည်နည်း စသည်ဖြင့် တံခါးများ လုံခြုံစေမည့်နည်းလမ်းသည်လည်း လိုအပ်လာ၏။ ထိုနည်းလမ်းအတိုင်းလည်း လိုက်နာကျင့်ကြံ အားထုတ်သင့်၏။

စင်စစ် တံခါးများ လုံအောင်ထိန်းရန်မှာ မခက်လှပေ။ ထိုတံခါးများ၏ သဘာဝ အမှန်တရားကိုသာ သိအောင်ကြိုးစားနိုင်လျှင် ထိုတံခါးများ၏ လုံခြုံမှုကို အလိုလို ထိန်းပြီးသား ဖြစ်စေ၏။ စက္ခုဒွါရဟူသော မျက်စိတံခါးတွင် စက္ခုဟူသော မျက်စိ၏ သဘောအမှန်မှာ မြင်ခြင်းသဘောသာရှိ၏။ ထိုမျက်စိ၏ မြင်နိုင်စွမ်းသည်လည်း အဆင်းကိုသာလျှင် မြင်နိုင်စွမ်းရှိ၏။ ထို့ကြောင့် မြင်ခြင်းသဘောရှိသည့် မျက်စိသည် အဆင်းကိုသာ မြင်နိုင်စွမ်းရှိသဖြင့် မြင်သည့်အခိုက်တွင် အဆင်းသာဖြစ်သည်ဟူ၍ မြင်သိစိတ်ကို သဘာဝအမှန်အားဖြင့် သိအောင်လုပ်နိုင်ပါက စက္ခုဒွါရဟူသော မျက်စိတံခါးကို လုံအောင်ထိန်းပြီးသား ဖြစ်၏။ ထိုသို့မြင်ဆဲအခိုက် မြင်သိစိတ်ကို သိနိုင်လျှင် ထိုမြင်ခြင်းကို အကြောင်းပြု၍ အခြားမည်သည့်စိတ်၊ မည်သည့်အကုသိုလ်မျှ ဖြစ်ပေါ်နိုင်ရန် အကြောင်းမရှိပေ။ ထိုသို့ သဘာဝအမှန်ကို မသိသဖြင့် မျက်စိဖြင့် ရူပါရုံဟူသော အဆင်းအာရုံကို ကြည့်ပြီး ဖြူသည်၊ ၀ါသည်၊ နီသည်၊ မည်းသည်၊ လှလိုက်သည့်အဆင်း၊ ကြည့်ကောင်းသည့်အဆင်း ကြည့်မကောင်းသည့်အရောင် စသည့် တပ်မက်မှုများလွှမ်းမိုးကာ မိမိကြိုက်သည့် အဆင်းဖြစ်လျှင် လောဘ၊ မကြိုက်သည့် အဆင်းဖြစ်လျှင် ဒေါသစသည့် ကိလေသာများ ၀င်ရောက်လာခြင်းဖြစ်၏။ ထိုသို့ ကိလေသာများ ၀င်ရောက်လာခြင်းသည် စက္ခုဟူသော မျက်စိတံခါး၏ မလုံခြုံမှုကြောင့် ဖြစ်၏။ ထိုမျက်စိတံခါး ပွင့်သွားခြင်းသည် စက္ခုဟူသော မျက်စိ၏ သဘာဝအမှန်ကို မသိခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ထိုမျက်စိတံခါးကို လုံခြုံစေရန် မျက်စိ၏ သဘောအမှန်ကို သိအောင်ကြိုးစားရမည်သာ ဖြစ်၏။ မြင်ဆဲအခိုက်တွင် မြင်သည်ဟု သိအောင်ကြိုးစားခြင်းသည် မျက်စိ၏သဘော အမှန်ကိုသိအောင် ကြိုးစားခြင်းဖြစ်ပြီး မျက်စိတံခါးကို လုံခြုံအောင် ထိန်းလိုက်ခြင်းပင်ဖြစ်၏။

ထို့အတူ သောတဒွါရဟူသော နားတံခါးကိုလည်း သောတဟူသော နား၏သဘာဝအမှန်ကို သိအောင်ကြိုးစားခြင်းဖြင့် လုံခြုံအောင် ထိန်းရမည်ဖြစ်၏။ သောတဟူသော နား၏ သဘောအမှန်မှာ ကြားခြင်းသာဖြစ်၏။ ကြားခြင်းမှတစ်ပါး အခြားအစွမ်းမရှိပေ။ ကြားသည်ဆိုရာ၌လည်း အသံကိုသာ ကြားနိုင်စွမ်းရှိ၏။ ထို့ကြောင့် ကြားခြင်းသဘောရှိသည့် နားသည် အသံကိုသာ ကြားနိုင်စွမ်းရှိသဖြင့် ကြားသည့်အခိုက်တွင် အသံသာဖြစ်သည်ဟူ၍ ကြားသိစိတ်ကို သဘာဝအမှန်အားဖြင့် သိအောင်လုပ်နိုင်ပါက သောတဒွါရဟူသော နားတံခါးကို လုံအောင်ထိန်းပြီးသား ဖြစ်၏။ ထိုသို့ကြားဆဲအခိုက် ကြားသိစိတ်ကို သိနိုင်လျှင် ထိုကြားခြင်းကို အကြောင်းပြု၍ အခြားမည်သည့်စိတ်၊ မည်သည့်အကုသိုလ်မျှ ဖြစ်ပေါ်နိုင်ရန် အကြောင်းမရှိပေ။ ထိုသို့ သဘာဝအမှန်ကို မသိသဖြင့် နားဖြင့် သဒ္ဒါရုံဟူသော အသံအာရုံကို အာရုံပြုပြီး ကောင်းသည့်အသံ၊ သာယာနာပျော်ဖွယ် ရှိသည့်အသံ၊ ဂီတသံ၊ ငှက်ဆိုးထိုးသံ၊ မိုးကြိုးပစ်သံ စသည့် တပ်မက်မှုများလွှမ်းမိုးကာ မိမိကြိုက်သည့် အသံဖြစ်လျှင် လောဘ၊ မကြိုက်သည့် အသံဖြစ်လျှင် ဒေါသစသည့် ကိလေသာများ ၀င်ရောက်လာခြင်းဖြစ်၏။ ထိုသို့ ကိလေသာများ ၀င်ရောက်လာခြင်းသည် သောတဟူသော နားတံခါး၏ မလုံခြုံမှုကြောင့် ဖြစ်၏။ ထိုနားတံခါး ပွင့်သွားခြင်းသည် သောတဟူသော နား၏ သဘာဝအမှန်ကို မသိခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ထိုနားတံခါးကို လုံခြုံစေရန် နား၏ သဘောအမှန်ကို သိအောင်ကြိုးစားရမည်သာ ဖြစ်၏။ ကြားဆဲအခိုက်တွင် ကြားသည်ဟု သိအောင်ကြိုးစားခြင်းဖြင့် သောတဒွါရကို အမှီပြု၍ ဖြစ်လာမည့် ကိလေသာများ မဖြစ်နိုင်တော့ပေ။ ဤနည်းသည်သာလျှင် သောတဒွါရဟူသော နားတံခါးကို လုံခြုံစေမည့် နည်းဖြစ်၏။

ဤအတူပင် အခြားသော ဃာနဒွါရဟူသော နှာခေါင်းတံခါး၊ ဇိဝှါဒွါရဟူသော လျှာတံခါး၊ ကာယဒွါရဟူသော ကိုယ်တံခါးတို့၏ သဘောအမှန်ကိုလည်း သိအောင်ကြိုးစား၍ ထိုတံခါးများကို လုံခြုံအောင်ထိန်းရမည် ဖြစ်၏။ ဃာနဟူသော နှာခေါင်း၏ သဘောအမှန်ဖြစ်သည့် နံခြင်းသည် အနံ့ကိုသာ နံခြင်းဖြစ်ကြောင်း နံဆဲအခိုက်ကို သိအောင်ကြိုးစားခြင်းဖြင့် အနံ့ကိုအမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် အနံ့ကောင်းသည်၊ အနံ့ဆိုးသည်၊ ဟိုအနံ့၊ ဒီအနံ့စသည့် တပ်မက်မှု ကိလေသာများ မဖြစ်ပေါ်အောင် ထိန်းလာနိုင်မည်ဖြစ်၏။ ထို့အတူ ဇိဝှါဟူသော လျှာ၏ သဘောအမှန်ဖြစ်သည့် ရသာရုံကို ခံစားခြင်းသည် အရသာကိုသာ ခံစားခြင်းဖြစ်ကြောင်း၊ အရသာကိုခံဆဲအခိုက်ကို သိအောင်ကြိုးစားခြင်းဖြင့် အရသာကို အမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် ချိုသည်၊ ချဉ်သည်၊ ငန်သည်၊ စပ်သည်၊ ကောင်းသည်၊ ဆိုးသည် စသည့် ကိလေသာများ မဖြစ်ပေါ်အောင် ထိန်းလာနိုင်မည်ဖြစ်၏။ အလားတူပင် ကာယဟူသော ကိုယ်၏ သဘောအမှန်ဖြစ်သည့် ထိတွေ့ခြင်းသည် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါးကိုသာ ထိတွေ့ခြင်းဖြစ်ကြောင်း တွေ့ထိဆဲအခိုက်ကို သိအောင်ကြိုးစားခြင်းဖြင့် အတွေ့အထိကို အမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် ပူခြင်း၊ အေးခြင်း၊ နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်း၊ မာခြင်း၊ ပျော့ခြင်းစသည့် တပ်မက်မှု ကိလေသာများ မဖြစ်ပေါ်အောင် ထိန်းလာနိုင်မည်ဖြစ်၏။ ထို့သို့ နှာခေါင်း၊ လျှာ၊ ကိုယ်တို့၏ အကြည်ဓာတ်တို့နှင့် အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံတို့ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာသည့် နံသိစိတ်၊ အရသာကိုသိစိတ်၊ အတွေ့အထိကိုသိစိတ်တို့၏ ဖြစ်ဆဲအခိုက်ကို သိအောင်ကြိုးစားခြင်းသည် ထိုတံခါးများကို လုံခြုံအောင် ထိန်းချုပ်ခြင်းဖြစ်သဖြင့် ထိုတံခါးများမှ ၀င်လာနိုင်သည့် ကိလေသာအညစ်အကြေးများကိုလည်း တားမြစ်ပြီးသား ဖြစ်နေ၏။ ဤနည်းသည်သာ တံခါးများကို လုံခြုံစေမည့် နည်းဖြစ်၏။

နောက်ဆုံးတစ်ခုဖြစ်သည့် မနောဒွါရဟူသော စိတ်တံခါးကိုလည်း မနောဟူသော စိတ်၏သဘောအမှန်ကို သိအောင်ကြိုးစားခြင်းဖြင့် လုံအောင်ထိန်ရမည်ဖြစ်၏။ မနောဟူသော စိတ်၏ သဘောအမှန်မှာ တွေးတောကြံစည်ခြင်းဖြစ်၏။ ထိုထက်ပိုပြီး အစွမ်းမရှိပေ။ တွေးတောကြံစည်သည် ဆိုရာ၌လည်း အထက်တွင် ဖော်ပြခဲ့သည့် စက္ခုစသည့် ဒွါရတို့တွင် မထင်နိုင်သည့် နူးညံ့သိမ်မွေ့သည့် အာရုံများကိုသာ တွေးတောကြံစည်ခြင်း ဖြစ်သဖြင့် ထိုတွေးတောကြံစည်ဆဲအခိုက်ကိုသာ သဘာဝအမှန်အားဖြင့် သိအောင်ကြိုးစားနိုင်ပါလျှင် မနောဒွါရဟူသော စိတ်တံခါးကို လုံခြုံအောင်ထိန်းနိုင်မည်ဖြစ်၏။ ထိုသို့ တွေးတောကြံစည်ဆဲ အခိုက်၌ တွေးတောကြံစည်စိတ်ကို သိအောင်ကြိုးစားနိုင်လျှင် မနောဒွါရကို အမှီပြု၍ အခြားမည်သည့် အကုသိုလ်စိတ်မျှ ဖြစ်ပေါ်နိုင်စေရန် အကြောင်းမရှိပေ။ ထိုသို့ သဘာဝအမှန်ကို မသိသဖြင့် စိတ်ဖြင့် တွေးတောကြံစည်မှုကို အကြောင်းပြု၍ ပြန့်လွင့်စိတ်၊ ကြံစည်စိတ်၊ ၀မ်းနည်းစိတ်၊ ၀မ်းသာစိတ်၊ ပျော်ရွှင်စိတ်၊ မပျော်ရွှင်စိတ် စသည့် စိတ်အမျိုးမျိုး ဖြစ်ပေါ်ကာ လောဘ၊ ဒေါသ၊ မောဟစသော ကိလေသာတရားများလည်း ၀င်ရောက်လာခြင်းဖြစ်၏။ ထိုသို့ ကိလေသာတရားများ ၀င်ရောက်လာခြင်းသည် မနောဒွါရဟူသော စိတ်တံခါး၏ မလုံခြုံမှုကြောင့်သာ ဖြစ်၏။ ထိုစိတ်တံခါး မလုံခြုံခြင်းသည် စိတ်၏သဘောအမှန်ကို မသိခြင်းကြောင့်သာ ဖြစ်၏။ ထို့ကြောင့် ထိုစိတ်တံခါးကို လုံခြုံစေရန် စိတ်၏သဘောအမှန်ကို သိအောင်ကြိုးစားရမည်သာ ဖြစ်၏။ ဤနည်းသည်သာလျှင် မနောဒွါရဟူသော စိတ်တံခါးကို လုံခြုံစေမည့် နည်းဖြစ်၏။

အချုပ်အားဖြင့် ဒွါရဟူသော တံခါးများကြောင့် ကောင်းဆိုးတရားများ ဖြစ်ပေါ်လာခြင်းဖြစ်သဖြင့် ထိုတံခါးများကို လုံခြုံအောင် ထိန်းခြင်းဖြင့် နာမ်ရုပ်အစုဖြစ်သည့် ခန္ဓာအိမ်ကြီးအား သန့်ရှင်းစင်ကြယ်စေရန် တံခါးများမှ မကောင်းသည့်အာရုံများ မ၀င်စေဖို့ လုံ့လပြုရမည်ဖြစ်၏။ တံခါးများမှ ကောင်းသည့်အာရုံများ၊ ကုသိုလ်တရားများ ၀င်လာနိုင်စေရန် မိမိတို့၏ခန္ဓာကိုယ်တံခါးများကို အမြဲဖွင့်ထားသင့်သော်လည်း ထိုတံခါးများမှ မကောင်းသည့် ကိလေသာအညစ်အကြေး အမိုက်သရိုက်များ မ၀င်လာစေရန်အတွက်လည်း လုံခြုံအောင်စောင့်ထိန်းရမည် ဖြစ်၏။ သတိတရား၊ ၀ိရိယတရားများဖြင့် ထိုတံခါးများကို အမြဲမပြတ် စောင့်ကြည့်ထားရ ပေမည်။ ထိုကိလေသာ အညစ်အကြေးများ တံခါးတစ်ခုခုမှ ၀င်လာလျှင်လည်း ၀င်လာဆဲအခိုက် ထပ်ကြပ်မကွာ သိအောင်ကြိုးစားလျှက် ရှေ့ဆက်မ၀င်နိုင်အောင် အားထုတ်ရပေမည်။ မည်သည့်တံခါးမှ မည်သည့်အရာများ ၀င်လာသည်ဖြစ်စေ ထိုအခိုက်ကို သိအောင်ကြိုးစားရပေမည်။ ထိုသို့ဝင်ဆဲအခိုက်၊ ဖြစ်ဆဲအခိုက်ကို သိနေမည်ဆိုလျှင် ရှေ့ဆက်၍ မတိုးနိုင်၊ မဖြစ်နိုင်ပေ။ ဤနည်းသည် စင်စစ်သဘာဝအမှန်ကို သိစေနိုင်သည့် နည်းဖြစ်၏။ သဘာဝအမှန်ကို သိစေသည်ဆိုရာတွင်လည်း ဖြစ်ဆဲအခိုက်၊ ပေါ်ဆဲအခိုက်ကို သိစေခြင်းပင်ဖြစ်၏။ ထို့ကြောင့် မိမိတို့၏ ရုပ်နာမ်အစုတွင် ကိလေသာအညစ်အကြေးများ ကင်းစင်သန့်ရှင်းစေရန် ထိုအညစ်အကြေးများ ၀င်ရောက်ရာဖြစ်သည့် တံခါးများကို လုံခြုံအောင် သတိတရားဖြင့် စောင့်ကြည့်ထိန်ချုပ်ကြရမည်သာ ဖြစ်ပါကြောင်း..

Read more »

အတွင်းရန်သူ…

မိမိကိုဒုက္ခပေးမည့်သူ၊ ရန်ရှာမည့်သူ၊ အန္တရာယ်ပြုမည့်သူကို ရန်သူဟု ခေါ်၏။ ထိုရန်သူသည် အတွင်းရန်သူနှင့် အပြင်ရန်သူဟု နှစ်မျိုးရှိ၏။ အပြင်ရန်သူသည် ရှောင်တိမ်းရန် လွယ်ကူသော်လည်း အတွင်းရန်သူသည် ရှောင်တိမ်းရန် ခက်ခဲလှ၏။ အတွင်းရန်သူသည် မည်သည့်နေရာတွင် မည်မျှလုံခြုံပါစေ ရှောင်ပုန်း၍ မရနိုင်ပေ။ အပြင်ရန်သူသည်ကား ထိုသူရှိသည့်နေရာမှ ရှောင်ရှားကွေကွင်း သွားနိုင်၏။ ထိုသူရှိသည့် အိမ်၊ ထိုသူရှိသည့် လမ်း၊ ထိုသူရှိသည့် ရပ်ကွက်၊ မြို့၊ ရွာ၊ တော၊ တောင် စသည်ဖြင့် မည်သည့်နေရာတွင်ရှိရှိ မတွေ့အောင် ရှောင်ရှားသွားနိုင်၏။ အတွင်းရန်သူသည်ကား မည်သို့မျှရှောင်ရှား ပုန်းအောင်း၍ မရနိုင်ပေ။ ထို့ကြောင့် အပြင်ရန်သူထက် အတွင်းရန်သူက ပိုကြောက်စရာ ကောင်းသည်ဟု ဆိုခြင်းဖြစ်၏။

သို့ဆိုလျှင် အတွင်းရန်သူသည် မည်သူများဖြစ်၍ မည်မျှကြောက်စရာ ကောင်းသနည်းဟု တွေးတောစရာ ရှိ၏။ ဖော်မပြနိုင်အောင် ကြောက်စရာကောင်းပြီး ဘ၀အဆက်ဆက် နစ်မွန်းသည်အထိ ဒုက္ခပေးနိုင်သည်ဟု ယေဘုယျအားဖြင့် မှတ်သားထားနိုင်၏။ ထိုအတွင်းရန်သူသည် အခြားမဟုတ် ဣဿာနှင့် မစ္ဆရိယတို့ပင် ဖြစ်၏။ ဣဿာသည် သူတစ်ပါးကြီးပွားသည်ကို မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဟူသည် မိမိသန္တာန်တွင် ရှိသည့်အရာများအပေါ် ၀န်တိုခြင်းဖြစ်၏။ ဤအတွင်းရန်သူ နှစ်မျိုးဖြစ်သည့် ဣဿာနှင့် မစ္ဆရိယအကြောင်းကို စာဖတ်သူအများ မှတ်သားနာယူ၊ ဖတ်မှတ်ဖူးကြမည်ဖြစ်သော်လည်း တင်ပြပုံအားဖြင့်ကား တူညီကြမည် မဟုတ်ပေ။ စာရေးသူအနေဖြင့်လည်း ဤနေရာတွင် ယင်းအတွင်းရန်သူအကြောင်း အကျယ်တ၀င့် ရှင်းလင်းတော့မည်မဟုတ်ဘဲ ဤအတွင်းရန်သူများကြောင့် ဘ၀တွင် မည်မျှဒုက္ခရောက်ရသည်၊ ပစ္စုပ္ပန် သံသရာမည်မျှ ဆင်းရဲနှင့် ငရဲခံခဲ့ရသည် ဆိုသည့်သာဓကကိုသာ အဓိကထား တင်ပြမည်ဖြစ်ပြီး ထိုသာဓက၀တ္ထုကို သံဝေဂယူကာ မိမိတို့အနေဖြင့် ထိုသို့မဖြစ်စေရန်သာ ကြိုးစားကြရန် တိုက်တွန်းလိုခြင်း ဖြစ်ပါသည်။ ဤနေရာတွင် တင်ပြလိုသည့် ၀တ္ထုသာဓကမှာ လောသကတိဿ ရဟန်းအကြောင်းနှင့် ထိုရဟန်းကို အကြောင်းပြု၍ ဟောကြားတော်မူထားသည့် လောသကဇာတ်တော်အကြောင်း ဖြစ်၏။ ဤ၀တ္ထုကိုဖတ်ပြီး သံဝေဂဉာဏ် ပွားနိုင်ကြပါစေ၊ မိမိတို့အနေဖြင့် ထိုရဟန်းကဲ့သို့ မဖြစ်စေရန် လိုက်နာကျင့်ကြံ နိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါ၏။ လောသကတိဿရဟန်း အကြောင်းကား အောက်ပါအတိုင်း ဖြစ်၏။

ကောသလတိုင်းအတွင်း အိမ်ခြေတစ်ထောင်ရှိသည့် တံငါရွာကြီးတစ်ရွာတွင် လောသကတိဿ ဖြစ်လာမည့်သူငယ် ပဋိသန္ဓေနေချိန်မှစ၍ တံငါသည်တို့သည် ငါးများဖမ်း၍မရ ဖြစ်ကုန်ကြ၏။ ထိုသူငယ် ကိုယ်ဝန်တည်ချိန်မှစ၍ ရွာကိုမီးလောင်ခံရသည်မှာလည်း ခုနှစ်ကြိမ်တိုင်ခဲ့ပြီ ဖြစ်၏။ ရွာလုံးကျွတ် မင်းဒဏ်သင့်သည်မှာလည်း ခုနှစ်ကြိမ်ရှိခဲ့ပြီ ဖြစ်၏။ ထိုအခါ ရွာသားများမှ ``ငါတို့ရွာသို့ သူယုတ်မာ ရောက်လာ၍ ဖြစ်ရမည်``ဟု တွေးတောကာ သူယုတ်မာကို ဖော်ထုတ်ရန် ရွာကိုနှစ်စု ခွဲလိုက်ကြ၏။ ထိုအခါ လောသကတိဿ ပါဝင်နေသည့် အဖွဲ့သည် ဆင်းရဲခေါင်းပါး ဒုက္ခများနေပြီး အခြားအစုမှာ စီးပွားရှာဖွေ ဖြစ်ထွန်းလာ၏။ သို့ဖြင့် ဆင်းရဲခေါင်းပါးသည့် အစုကို ထပ်မံခွဲလိုက်သည့် အခါတွင်လည်း လောသကတိဿ ပါဝင်နေသည့် အစုသည် ဒုက္ခရောက်မြဲသာ ဖြစ်နေ၍ အဆင့်ဆင့် ထပ်မံခွဲသွားသည့်အခါ နောက်ဆုံးတွင် လောသကတိဿလောင်းကို ကိုယ်ဝန်ဆောင်ထားသည့် မိခင်၏အိမ်သည် သူယုတ်မာဖြစ်ကြောင်း ရွာသူရွာသားများ သိလိုက်ရ၏။ ထိုကြောင့် ၎င်းတို့ကို ရွာမှနှင်ထုတ်လိုက်ကြ၏။ ဤသို့ဖြင့် လောသကတိဿကို မွေးဖွားပြီး ထိုကလေး သွားတတ်သည့်အရွယ်သို့ အရောက်တွင် မိခင်သည် သူငယ်အား ခွက်တစ်ခွက်ကိုပေးကာ စွန့်ပစ်ထွက်ခွါသွားလေ၏။ ထိုအချိန်မှစ၍ လောသကတိဿသည် ရောက်ရာအရပ်တွင် တောင်းရမ်းစားသောက်၍ တွေ့ရာနေရာတွင်သာ အိပ်ရလေ၏။

တစ်နေ့တွင် အရှင်သာရိပုတ္တရာ မထေရ်သည် လောသကတိဿလေးနှင့် လမ်းပေါ်တစ်နေရာတွင် တွေ့ဆုံပြီး သနားသဖြင့် ကျောင်းတော်သို့ခေါ်ဆောင်လျက် ရှင်သာမဏေပြုပေးလိုက်လေ၏။ ထို့နောက် အသက်အရွယ်ပြည့်သည့်အခါ ပဉ္စင်းတက်ပေးလိုက်၏။ ရဟန်းဘ၀သို့ ရောက်သောအခါတွင်လည်း အလွန်ဘုန်းကံ နည်းပါးလာဘ်လာဘ ရှားပါးမြဲဖြစ်နေ၏။ လောသကတိဿရဟန်း၏ သပိတ်ထဲသို့ ယာဂုတစ်ဇွန်းမျှ လောင်းလှူရုံဖြင့် အလှူရှင်များ၏ စိတ်ထဲတွင် သပိတ်နှုတ်ခမ်းဝအထိ ပြည့်လျှံသွားသည်ဟု ထင်မြင်ကြ၏။ ထို့ကြောင့် အလှူရှင်များသည် လောသကတိဿရဟန်းကို ဆက်မလောင်းကြဘဲ အခြားရဟန်းများကိုသာ လောင်းလှူကြ၏။ သို့ဖြင့် လောသကတိဿရဟန်းသည် အသက်ရှင်နေရုံမျှသာ စားသောက်ရပြီး အလွန်ဆင်းရဲ ပင်ပန်းစွာ အသက်ရှင်ရပ်တည်ခဲ့ရ၏။ နောက်ဆုံးတွင်ကား ပရိနိဗ္ဗာန်ပြုရမည့် ရက်သို့ရောက်လာခဲ့လေတော့၏။

ထိုနေ့တွင် အရှင်သာရိပုတ္တရာ မထေရ်သည် အရှင်လောသကတိဿကိုခေါ်၍ သာဝတ္ထိမြို့တွင်းသို့ ဆွမ်းခံဝင်၏။ လောသကတိဿရဟန်း ပါနေသဖြင့် ရှိခိုးမည့်သူမရှိ၊ ဆွမ်းလောင်းမည့်သူမရှိ ဖြစ်နေ၏။ သို့ဖြင့် ထိုရဟန်းအား ပြန်စေ၍ ဆွမ်းခံသည့်အခါမှသာ ဆွမ်းများရပြီး ထိုဆွမ်းကို လောသကတိဿထံ ပို့ခိုင်းရ၏။ သို့တိုင်အောင် ဆွမ်းပို့သွားသူများသည် အရှင်လောသကတိဿကို ရှာမတွေ့ဖြစ်နေကြ၏။ ထို့ကြောင့် ထိုဆွမ်းများကို မိမိတို့သာစားပြီး ပြန်လာခဲ့ကြ၏။ အရှင်သာရိပုတ္တရာ ပြန်ကြွလာသည့်အခါ လောသကတိဿရဟန်း ဆွမ်းမစားကြောင်း သိရသော်လည်း အချိန်ကား လွန်နေပြီဖြစ်၏။ သို့ဖြင့် အရှင်သာရိပုတ္တရာသည် ကောသလမင်းထံမှ စတုမဓုအလှူခံ၍ ထိုစတုမဓု ပျောက်ကွယ်မသွားရလေအောင် သပိတ်ကို မိမိလက်ဖြင့်ကိုင်ထားပြီး လောသကတိဿရဟန်းအားစားစေ၏။ ထိုစတုမဓုကို ဘုဉ်းပေးပြီး လောသကတိဿရဟန်း ပရိနိဗ္ဗာန်ပြုသွားခဲ့၏။

ထို့အခါ မြတ်စွာဘုရားရှင်သည် လောသကတိဿမထေရ်၏ ဘုန်းကံနည်းပါးမှု၊ လာဘ်လာဘခေါင်းပါးမှုများနှင့် ထိုသို့ ဘုန်း၊ လာဘ်နည်းသူဖြစ်သော်လည်း အရိယာတို့၏ တရားမြတ်ကို ရရှိခဲ့မှုများနှင့် အကြောင်းပြု စပ်လျဉ်း၍ အောက်ပါအတိုင်း လောသကတိဿ၏ အတိတ်ဇာတ်ကြောင်းကို ဆက်လက်ဟောကြားတော်မူ၏။

ကဿပ မြတ်စွာဘုရားရှင် လက်ထက် ရဟန်းတစ်ပါးသည် သူကြွယ်တစ်ဦးကို အမှီပြု၍ ကျောင်းတစ်ကျောင်းတွင် သီတင်းသုံး နေထိုင်တော်မူ၏။ တစ်နေ့တွင် ရဟန္တာတစ်ပါးသည် ထိုသူကြွယ်အိမ်သို့ ကြွတော်မူ၏။ သူကြွယ်လည်း ထိုရဟန္တာမထေရ်ကို အလွန်ကြည်ညိုသဖြင့် ဆွမ်းဆက်ကပ်လှူဒါန်းပြီး မိမိကိုးကွယ်သည့် ကျောင်းသို့ကြွရောက် သီတင်းသုံးရန် လျှောက်ထား၏။ ကျောင်းသို့ရောက်သည့်အခါ သူကြွယ်ကိုးကွယ်သည့် ကျောင်းထိုင်ဆရာတော်သည် အလာပ သလာပ စကားပြောနေစဉ် အာဂန္တုရဟန်းအား ယနေ့အတွက် ဆွမ်းကို မည်သည့်အရပ်မှ ဘုဉ်းပေးလာခဲ့ကြောင်း မေးစမ်းတော်မူသဖြင့် အာဂန္တုမထေရ်မှ အရှင်ဘုရားဒကာ သူကြွယ်လှူဒါန်းသည့် ဆွမ်းကိုစားခဲ့ကြောင်း ပြန်လျှောက်လိုက်၏။

ညနေချမ်းသို့ ရောက်သည့်အခါ သူကြွယ်သည် ကျောင်းသို့လာပြီး မနက်ဖြန်နံနက်တွင် မိမိအိမ်ဆွမ်းဘုဉ်းပေး ကြွကြရန် ပင့်လျှောက်၍ ပြန်သွားလေ၏။ ထိုအခါ ကျောင်းထိုင်ဆရာတော်သည် ``ဒီအာဂန္တုကိုယ်တော် ကျောင်းမှာ ကြာကြာနေပါက ကြာရင် သူကြွယ်ဟာ ငါ့ကိုတောင် အရေအတွက်ထဲ ထည့်တော့မည်မဟုတ်၊ ဒီကိုယ်တော် ကျောင်းမှာကြာကြာ မနေနိုင်အောင် တစ်ခုခုတော့ လုပ်မှဖြစ်မယ်``ဟု နှလုံးသွင်း ကြံစည်၏။ သို့ဖြင့် နောက်နေ့ ဆွမ်းစားကြွချိန် ရောက်သည့်အခါ ကျောင်းထိုင်ဆရာတော်သည် အာဂန္တုရဟန်း အိပ်ရာမှနိုးအောင် မနှိုးဘဲ မိမိတစ်ပါးတည်း ဆွမ်းစားကြွသွားလေ၏။ အိမ်ရောက်၍ သူကြွယ်ကမေးသည့်အခါ ``ဒကာတော်… ဘုန်းကြီးဟာ အာဂန္တုရဟန်းကို အမျိုးမျိုးနှိုးပါတယ်၊ သူနိုးဖိုဆိုပြီး ကျောင်းမှာရှိတဲ့ စည်ကြီးကိုလည်း ထိုးပါတယ်၊ တံခါးကိုလည်း အကြိမ်ကြိမ် ခေါက်ပါတယ်၊ ဒါပေမယ့် ဒကာ့ကိုယ်တော်က မနိုးဘူး``ဟု ပြန်လည်ပြောကြား၏။ ထိုအချိန်တွင် ကျောင်း၌ကျန်နေခဲ့သည့် အာဂန္တုမထေရ်သည် ဆွမ်းခံချိန်ရောက်သဖြင့် ဆွမ်းခံကြွရန် အခြားတစ်နေရာသို့ ဈာန်ဖြင့်ကြွသွားလေ၏။

သူကြွယ်သည် ကျောင်းထိုင်မထေရ်အား ထောပတ်၊ ပျား၊ သကာတို့ဖြင့် ပေါင်းးစပ်ထားသည့် ဃနာဆွမ်းကိုကပ်ပြီး အာဂန္တုရဟန်းအတွက်လည်း သပိတ်အပြည့် လောင်လှူပေးလိုက်၏။ ကျောင်းထိုင်ဆရာတော်သည် ``အာဂန္တုကိုယ်တော်ဟာ ဒီဃနာဆွမ်းကိုသာ ဘုဉ်းပေးရရင် ဆွဲထုတ်တာတောင် ကျောင်းကသွားမှာ မဟုတ်တော့ဘူး``ဟုတွေးပြီး မီးလောင်ပြင်တွင် သွန်ပစ်ထားခဲ့၏။ ကျောင်းထိုင်မထေရ် ကျောင်းသို့ ပြန်ရောက်သည့်အခါ အာဂန္တုရဟန်းကို မတွေ့ရတော့ချေ။ ထိုအခါမှသာ ``ဒီအာဂန္တု ရဟန်းဟာ ဧကန်မုချ ရဟန္တာဖြစ်ရမယ်၊ ဒါကြောင့် ငါ့အကြံအစည်ကိုသိပြီး တစ်ခြားထွက်သွားတာ ဖြစ်မယ်၊ ငါဟာ ၀မ်းတစ်ထွာကြောင့် မပြုသင့်တာကို ပြုမိခဲ့ပြီ``ဟု နောင်တရမဆုံး ဖြစ်နေတော့၏။ ထိုအကုသိုလ်ကြောင့်ပင် ကျောင်းထိုင်ဆရာတော်သည် ပျံလွန်တော်မူသည့်အခါ ငရဲ့သို့ လားရောက်ရလေတော့၏။

ငရဲတွင် နှစ်သိန်းပေါင်းများစွာ ခံခဲ့ရပြီးနောက် ငရဲမှလွတ်သောအခါတွင်လည်း ဘ၀ပေါင်းငါးရာစီ ဘီလူးနှင့် ခွေးဖြစ်ရပြန်၏။ ခွေးဘ၀မှ လွတ်မြောက်လာပြီးချိန်တွင် သူသည် မိတ္တ၀ိန္ဒကဟူသော အမည်ဖြင့် သူဆင်းရဲမျိုး၌ ဖြစ်လာခဲ့၏။ မိတ္တ၀ိန္ဒကကို မွေးလာသည့်အချိန်မှစ၍ သူ၏မိဘတို့သည် လွန်စွာပင် ဆင်းရဲဒုက္ခရောက်ကြရသဖြင့် သူ့အား အိမ်မှနှင်ထုတ်လိုက်ကြ၏။ သို့ဖြင့် မိတ္တ၀ိန္ဒကသည် ဗာရာဏသီပြည်သို့ ရောက်လာခဲ့၏။ ထိုအချိန်တွင် ဘုရားလောင်းသည် ဗာရာဏသီပြည်၏ ဒိသာပါမောက္ခ ဆရာကြီးအဖြစ် ထင်ရှားကျော်ကြားနေချိန် ဖြစ်၏။ မိတ္တ၀ိန္ဒကလည်း ဘုရားလောင်း ဆရာကြီးထံတွင် ပညာသင်ယူ၏။ ပညာပြီးဆုံးသည့်အခါ နယ်စွန်နယ်ဖျား ရွာငယ်လေးရှိ ဆင်းရဲသူအမျိုးသမီး တစ်ဦးနှင့် အိမ်ထောင်ကျကာ သားနှစ်ယောက်ထွန်းကားလေ၏။ ထိုရွာငယ်လေးမှာ မိတ္တ၀ိန္ဒကရောက်လာချိန်မှစပြီး မင်းဒဏ်ခုနှစ်ကြိမ်သင့်ကာ၊ မီးခုနှစ်ကြိမ် လောင်သည့်အပြင် တစ်ဘက်ဆည် ကန်ကြီးသည်လည်း ထူးခြားစွာ ခုနှစ်ကြိမ်တိုင်တိုင် ကြိုးပေါက်လေ၏။ ထိုအကြောင်းများကြောင့် မိတ္တ၀ိန္ဒကကို ရွာမှ နှင်ထုတ်လိုက်ကြ၏။

မိတ္တ၀ိန္ဒကသည် သားမယားတို့ကို ခေါ်၍ထွက်လာခဲ့စဉ် တောအုပ်တစ်ခုသို့ အရောက်တွင် သားနှင့်မယားကို ဘီလူးများ ဖမ်းယူစားသောက်ခြင်း ခံခဲ့ရ၏။ ထို့ကြောင့် တောအုပ်မှ တစ်ယောက်တည်း ထွက်ပြေးလာခဲ့ရာ ဂမ္ဘီရဟုခေါ်သည့် သင်္ဘောဆိပ်သို့ ရောက်လာခဲ့ပြီး ထိုမှ သင်္ဘောကြုံစီး၍ လိုက်လာခဲ့ရာ ခုနှစ်ရက်မြောက်နေ့တွင် သူစီးလာသည့် သင်္ဘောမှာ ရုတ်တရက် ရပ်သွားခဲ့၏။ ဤတွင် သင်္ဘောသားများသည် သင်္ဘောပေါ်တွင် လူယုတ်မာ ပါလာ၍ဖြစ်မည်၊ လူယုတ်မာကို မဲချ၍ ရှာဖွေကြဟုဆိုသဖြင့် မဲချရှာဖွေရာ မိတ္တ၀ိန္ဒသည် ခုနှစ်ကြိမ်တိုင်တိုင် မဲပေါက်လေ၏။ ထို့ကြောင့် သူအား ၀ါးစည်တစ်ခုကိုပေး၍ သမုဒ္ဒရာထဲတွင် ချထားခဲ့ကြရ၏။ ထိုအခါမှသာ သင်္ဘောမှာ ရွေ့လျားသွားလေတော့၏။

သမုဒ္ဒရာထဲတွင် တရွေ့ရွေ့မျောနေသော မိတ္တ၀ိန္ဒကသည် သမုဒ္ဒရာရေပြင်ပေါ်၌ ဖန်ဗိမာန်တွင် ပြိတ္တာနတ်သမီး လေးယောက်၊ ငွေဗိမာန်တွင် ပြိတ္တာနတ်သမီး ရှစ်ယောက်၊ ပတ္တမြားဗိမာန်တွင် ပြိတ္တာနတ်သမီး တစ်ဆယ့်ခြောက်ယောက်၊ ရွှေဗိမာန်တွင် သုံးဆယ့်နှစ်ယောက်သော နတ်မိမယ်တို့နှင့် ပျော်စံခဲ့ရ၏။ ဤသို့ ခံစားရခြင်းသည် ကဿပဘုရားရှင် လက်ထက် စောင့်ထိန်းခဲ့ဖူးသည့် သီလ၏ အကျိုးဆက်များပင် ဖြစ်လေသည်။ ပြိတ္တာနတ်သမီးများသည် သူအားဘယ်မှမသွားရန် တားသော်လည်း နောက်ဆုံးတွင် ထိုဗိမာန်များမှ ထွက်လာခဲ့ရာ ဘီးလူးများနေသော ကျွန်းတစ်ကျွန်းသို့ ရောက်လာခဲ့၏။ ထိုကျွန်းတွင် ဘီးလူးမတစ်ယောက်သည် ဆိတ်မအသွင်ဖြင့် ကျွန်းပေါ်တွင် သွားလာနေ၏။ မိတ္တ၀ိန္ဒကလည်း ဆိတ်သားစားလိုသဖြင့် ထိုဆိတ်မခြေထောက်ကို ဖမ်းကိုလိုက်ရာ ဆိတ်မသည် ဘီးလူမအသွင်ပေါ်ပြီး သူ့အားချီမြှောက်၍ လွှင့်ပစ်လိုက်ရာ ဗာရာဏသီမြို့ ကျုံးပြင်ဘက်ရှိ ဆူးခြုံပေါ်သို့ ကျရောက်ခဲ့လေ၏။ မိတ္တ၀ိန္ဒက သတိယ၍ ကြည့်လိုက်သည့်အခါ မိမိပတ်ဝန်းကျင်တွင် အစာစားနေသော မင်းကြီး၏ ဆိတ်မများကို မြင်ရသည့်အခါ ``ငါကို ဒီနေရာရောက်အောင် ဆိတ်မက ပစ်ချပေးလိုက်တာ၊ အခုဒီမှာ ရှိတဲ့ဆိတ်မခြေထောက်ကို ဖမ်းကိုင်ရင် သမုဒ္ဒရာထဲမှ ဗိမာန်ရှင်များထံ ပြန်ရောက်သွားနိုင်တယ်``ဟု တွေးပြီး ဆိတ်မ၏ ခြေထောက်ကို ဖမ်းကိုင်၏။ ထိုအခါ ဆိတ်မသည် လန့်အော်သဖြင့် ဆိတ်ကျောင်းသားများ ရောက်လာပြီး ဆိတ်သူခိုးအဖြစ် ဖမ်းဆီးခြင်းခံရကာ ရိုက်နှက်၍မင်းကြီးထံ ခေါ်ဆောင်သွားကြလေ၏။ ထို့သို့သွားစဉ် လမ်းတွင် ဘုရားလောင်းသည် တပည့်ငါးရာတိုနှင့်အတူ ရေချိုးရန်ထွက်လာရာ ဖမ်းဆီးခေါ်ဆောင်လာသည့် မိတ္တ၀ိန္ဒကကို တွေ့မြင်မှတ်မိပြီး မိမိတပည့်ဖြစ်ကြောင်း၊ အဘယ့်ကြောင့် ဖမ်းဆီးခေါ်ဆောင်ကြရကြောင်း အကျိုးအကြောင်းမေး၍ နောက်ဆုံးတွင် ဆရာကြီးသည် မိတ္တ၀ိန္ဒကအား မိမိထံထားခဲ့ရန် တောင်းဆိုလက်ခံလိုက်၏။

ဆရာကြီးသည် မိတ္တ၀ိန္ဒကအား နှစ်ရှည်လများ ပျောက်နေခဲ့ရခြင်း အကြောင်းကို မေးမြန်းသဖြင့် မိတ္တ၀ိန္ဒကမှ ဘ၀အမျိုးအမျိုး အဖုံဖုံ ဖြစ်ကြောင်းကုန်စင် ပြောပြလေ၏။ ထိုအခါ ဆရာကြီးက အကျိုးစီးပွားကို လိုလားသူတို့၏ ဆိုဆုံးမမှုကို မနာခံယူသူသည် ဤသို့ ဆင်းရဲဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ရမြဲဖြစ်ကြောင်း ဆုံးမတော်မူ၏။ မိတ္တ၀ိန္ဒကသည် ထိုဘ၀မှ ဘ၀အမျိုးမျိုးတွင် ကျင်လည်ခဲ့ပြီး နောက်ဆုံးဘ၀တွင် လောသကတိဿအဖြစ် ဂေါတမမြတ်စွာဘုရားရှင် သာသနာတွင် ရဟန်းဘ၀ဖြင့် နိဗ္ဗာန်ဝင်စံတော်မူလေသတည်း။

အထက်ပါ ၀တ္တုသာဓကမှာ အတွင်းရန်သူဖြစ်သည့် မနာလိုမှု ဣဿာ၊ ၀န်တိုမှု မစ္ဆရိယများကြောင့် ဘ၀တွင် ဆင်းရဲဒုက္ခပေါင်း မြောက်များစွာဖြင့် ကျင်လည်ခံစားခဲ့ရသည့် လောသကတိဿမထေရ်၏ ပစ္စုပ္ပန်အကြောင်းနှင့် အတိတ်အကြောင်းများပင် ဖြစ်၏။ ဤသာဓက၀တ္ထုကို ဖတ်ရှုပြီး မိမိတို့အနေဖြင့် အလွန်အမတန် ကြောက်စရာကောင်းသည့် အတွင်းရန်သူများကို နည်းသထက်နည်းရန် သတိတရားဖြင့် ဆင်ခြင်သမှု ပြုနိုင်ကြပါစေ၊ ထိုတရားများ မိမိသန္တာန်တွင် မကိန်းအောင်းစေရန် ကြိုးစားကျင့်ကြံ အားထုတ်နိုင်ကြပါစေဟု…

Read more »

စကား…

တစ်နေ့ ဘုန်းဘုန်းတစ်ပါးတည်း ဆရာဝန်ရက်ချိန်းပြည့်လို့ ဆေရုံးသွားပြတုန်းက ဆေးရုံမှာ ဆရာဝန်နဲ့တွေ့ဖို့ အကြာကြီး စောင့်လိုက်ရတဲ့ အဖြစ်နဲ့ကြုံခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ရောက်ပြီးသိပ်မကြာဘူး ဆရာဝန်ကြီးနဲ့ တွေ့ခွင့်ရတတ်ပါတယ်။ အဲဒီနေ့က ဆရာဝန်းကြီးမှာ လူနာမကြည့်အားနိုင်သေးဘဲ ပြဿနာ ဖြေရှင်းပေးနေရတဲ့အတွက် အကြာကြီး စောင့်နေရခဲ့ရတာပါ။ အဲလိုစောင့်နေရတာကို အားနာတဲ့အတွက် သူနာပြုဆရာမလေး တစ်ယောက်က တောင်းပန်ရှာပါတယ်။ သူနာပြု ဆရာမလေး တစ်ယောက်နဲ့ လူနာစောင့် မိန်ကလေးတစ်ယောက် ပြဿနာဖြစ်ပြီး ဆရာဝန်ကြီးဆီရောက်လာတဲ့ အတွက် ဆရာဝန်ကြီးက ဖြေရှင်းပေးနေရလို့ ခဏသီးခံပြီး စောင့်ပေးပါလို့ ရိုရိုသေသေ ပြောရှာပါတယ်။ သိတဲ့အတိုင်း ဘုန်းဘုန်းလည်း စပ်စပ်စုစု ဘယ်လိုဖြစ်ကြတာလဲလို့ မေးလိုက်မိပါတယ်။ ဒီတော့ သူနာပြုဆရာမလေးက ``တစ်ခြားမဟုတ်ဘူး အရှင်ဘုရားရေ… စကား… စကား… ပေါ့ဘုရား… စကားပြော မှားကြတာပေါ့ဘုရား..``လို့ တိုတိုပဲ ပြောပြီးထွက်သွားပါတယ်။ ဘုန်းဘုန်းလည်း သူနာပြုဆရာမလေး ပြောတာကို နားထောင်ပြီး ဆရာဝန်ကိုစောင့်ရင်း အတွေးနယ်ချဲ့မိပါတော့တယ်။

``အော်… စကား… စကား… တစ်ခါတစ်ရံ စ ရာကနေ ကား သွားတတ်ပါလား`` လို့ ကလေးကလား အတွေးပွားမိပါတယ်။ ဟုတ်တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ စတာနောက်တာလေးကစပြီး အကြီးအကျယ် ရန်ဖြစ်တဲ့အထိ ဖြစ်တတ်ကြပါတယ်။ သေချာပြန်တွေးကြည့်ရင် တစ်ဦးနဲ့ တစ်ဦးကြားမှာ စကားအပြော မတတ်ကြလို့၊ စကားအပြောမှားကြလို့ နားလည်မှုလွဲရာကနေ ပြဿနာတွေ ဖြစ်တတ်တာကို တွေ့ရမှာပါ။ ``အပြောမတတ်တော့ ဆဲသလို``ဆိုတဲ့ မြန်မာစကားပုံလိုပေါ့။ စကားအပြော မတတ်တဲ့အတွက် တစ်ဘက်လူမှာ ပိတ်သလေးနဲ့ ဘေးပြစ်သလို ခံရတဲ့အဖြစ်တွေ မနည်းပါဘူး။ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာပါ။ ဒါတွေဟာ စကားကြောင့် ဖြစ်ရတာတွေပါ။ ဒါကြောင့် စကားပြောတဲ့အခါမှာ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကားမျိုးထက် သိမ်မွေးနူးညံ့ပြီး ချိုသာတဲ့ စကားလေးတွေကို ရွေးပြီးပြောဆိုတတ်ဖို့ အရေးကြီးပါတယ်။ သူသူကိုယ်ကိုယ် ချိုသာနူးညံ့တဲ့ စကားကိုပဲ ကြားချင်ကြတာပါ။ တစ်ခြားသူမပြောနဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးတွေးကြည့် စဉ်းစားကြည့်ပါ။ ကိုယ့်ကိုအပြစ်ပြောတဲ့စကား အပုတ်ချတဲ့စကား ရိုင်းစိုင်းတဲ့စကားဆိုရင် မခံနိုင်ကြပါဘူး။ ဒီလိုပဲ ကိုယ်နဲ့ချိန်ထိုးပြီး ကိုယ်တိုင်မခံနိုင်တဲ့စကားမျိုးကို သူတစ်ပါးကိုလည်း မပြောမိအောင် ကြိုးစားသင့်ပါတယ်။ အမှန်တော့ ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ကြပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အားလုံးသိပြီးသား ကြားဖူးသားဖြစ်တဲ့ ဇာတ်တော်လေးအကြောင်း ပြောပြလိုပါတယ်။ ကြားဖူးထပ်မံပေါ့။ ဇာတ်တော်ရဲ့ အမည်က နန္ဒိဝိသာလ ဇာတ်တော်ပါ။

ရှေးတုန်းက တက္ကသိုလ်ပြည်မှာ ဂန္ဓာရမင်း ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ နွားမျိုးမှာ လာဖြစ်ပါတယ်။ တစ်နေ့ ဘုရားလောင်းနွားလားရဲ့ သခင်ဟာ ဘုရားလောင်းနွားကို ပုဏ္ဏားတစ်ယောက်ထံ လှူလိုက်ပါတယ်။ ပုဏ္ဏားဟာ ဘုရားလောင်းနွားကို နန္ဒိဝိသာလလို့ အမည်ပေးပြီး မြက်မကျွေးဘဲ ယာဂု၊ထမင်း စတာတွေကို ကျွေးတဲ့အတွက် ဘုရားလောင်းနွားဟာ အလွန်ခွန်အားကောင်းတဲ့ နွားလားဖြစ်လာပါတယ်။ ဒီလိုနဲ့ ဘုရားလောင်းနွားဟာ ပုဏ္ဏားကြီးကို မွေးကျေးဇူးဆပ်ချင်တဲ့အတွက် ``ပုဏ္ဏား သွားပါ။ ဒီမြို့မှာရှိတဲ့ ဂေါဝိတ္တကသေဋ္ဌေးကို ငါ့နွားဟာ လှည်းတစ်ရာကို ရုန်းနိုင်တယ်လို့ပြောပြီး အသပြာတစ်ထောင်ကြေး အလောင်းအစားလုပ်ပါ``ပါလို့ ပြောပြီး လောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အလောင်းအစား ဖြစ်တယ်လို့ ဆိုကြပါစို့..။ ပုဏ္ဏားဟာ လှည်းအစီးတစ်ရာကို သဲကျောက်အပြည့်တင်ပြီး လှည်းဦးမှာထိုင်ကာ ``ဟဲ့… ကောက်ကျစ်တဲ့နွား၊ ရိုင်းစိုင်းတဲ့နွား ရုန်းလိုက်စမ်း`` စတဲ့ ကြမ်းတမ်းတဲ့ စကားတွေနဲ့ လှည်းကိုမောင်းပါတယ်။ ဒီအခါ ဘုရားလောင်းနွားဟာ လုံးဝမရုန်းဘဲ စုံရပ်နေလို့ ပုဏ္ဏားကြီး လောင်းကြေးရှုံးသွားပါတယ်။ ပုဏ္ဏားကြီးဟာ ငွေတစ်ထောင်ရှုံးလို့ စိတ်မချမ်းမသာဖြစ်နေတုန်း ဘုရားလောင်းနွားလားက ပုဏ္ဏားကြီးကို ``ပုဏ္ဏား.. ငါဟာ ဒီအိမ်မှာနေလာခဲ့တာ ကြပါပြီ၊ ငါ့ကြောင့် ပျက်ဆီးဆုံးရှုံးသွားတဲ့ ပစ္စည်းဥစ္စာဆိုတာ၊ သင့်အကျိုး ပျက်ဆီးသွားတယ်ဆိုတာ မရှိဖူးပါဘဲနဲ့ ဘာကြောင့် ငါ့ကို ဒီလိုရိုင်းစိုင်း ကြမ်းတမ်းတဲ့စကားတွေနဲ့ ပြောခိုင်းရတာလဲ… သွားပါ… နောက်တစ်ခါ အသပြာနှစ်ထောင်ကြေး လောင်းကြေးထပ်ပါ။ ပြီးတော့ ငါ့ကို ကြမ်းတမ်းတဲ့ စကားတွေ မပြောမိအောင် သတိထားပါ`` ဟုပြောပြီး အလောင်းအစား ထပ်လုပ်ခိုင်းပါတယ်။ ဒီတစ်ခါတော့ ပုဏ္ဏားကြီးက ``လိမ္မာတဲ့ ချစ်သား… ရုန်းပြလိုက်စမ်းပါ… ကြိုးစားလိုက်စမ်းပါ..`` ဆိုတဲ့ နူးညံ့သိမ်မွေ့တဲ့ စကားတွေနဲ့ ခိုင်းတဲ့အတွက် ဘုရားလောင်းနွားလားဟာ အလွယ်တကူပဲ ရုန်းပြပြီး လောင်းကြေးကို အနိုင်ရစေခဲ့ပါတယ်။

ဒီဇာတ်တော်ဟာ မြတ်စွာဘုရားရဲ့ တကယ့်အဖြစ်မှန် အတိတ်ဇာတ်ကြောင်းလေးပါ။ ဒီဇာတ်တော်ကို ကြည့်မယ်ဆိုရင် ကြမ်းတမ်းရိုင်းစိုင်းတဲ့စကားကို လူမပြောနဲ့ တိရစ္ဆာန်တောင် မကြိုက်ဘူးဆိုတာ အလွယ်တကူ နားလည်သဘောပေါက်နိုင်ပါတယ်။ ဒီဥပမာကို သာဓကယူပြီး ကြမ်းတမ်းတဲ့စကားကို မပြောဆိုမိအောင် အထူးသတိပြု ဆင်ခြင်သင့်လှပါတယ်။

မှန်ပါတယ်။ တကယ်တော့ ပါးစပ်ဆိုတာ စားဖို့နဲ့ ပြောဖို့သဘာဝက ဖန်တီးပေးထားတာဖြစ်တဲ့ အတွက် ပါးစပ်ပါရင်တော့ ပြောကြမှာပါ။ အဲလိုပြောတဲ့အခါမှာသာ သတိပြုဆင်ခြင် ပြောဆိုကြဖို့ပါ။ ပါးစပ်ကထွက်တဲ့ စကားဟာ ရိုင်းစိုင်းတဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားမျိုးမဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီနှုတ်ကထွက်တဲ့ စကားကြောင့်ပဲ ဘ၀မှာ ပစ္စုပ္ပန်သံသရာ ကောင်းကျိုးဆိုးကျိုးတွေကို ဖြစ်စေလို့ပါ။ နှုတ်ကထွက်တဲ့စကားဟာ ကုသိုလ်ဖြစ်မယ့်စကားမျိုးဆို ကောင်းကျိုးဖြစ်စေပြီး အကုသိုလ်ဖြစ်မယ့် စကားမျိုးဆို မကောင်းကျိုးကို ဖြစ်စေတဲ့အတွက်ပါ။ စာလိုပြောရင် သုစရိုက်နဲ့ ဒုစရိုက်ပေါ့။ ဗုဒ္ဓစာပေများမှာ စကားနဲ့ပတ်သက်လို့ မုသာဝါဒဆိုတဲ့ မဟုတ်မမှန် လိမ်ညာပြောဆိုတဲ့ စကား၊ ပိသုဏ၀ါစာဆိုတဲ့ ချောပစ်ကုန်းတိုက်တဲ့ စကား၊ ဖရုသ၀ါစာဆိုတဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ စကား၊ သမ္ဖပ္ပလာပ၀စာဆိုတဲ့ အပေါ့အဖျင်း အနှစ်ကင်းပြီး အကျိုးမရှိတဲ့ စကားများ မပြောဆိုမိဖို့၊ ဒီစကားများကို ရှောင်ကြဉ်ပြီး သမ္မာဝါစာလို့ခေါ်တဲ့ မှန်ကန်တဲ့စကားမျိုး ပြောဆိုဖို့ လမ်းညွှန်ပြသပါတယ်။ သမ္မာဝါစာဆိုတာ ခုနပြောခဲ့တဲ့ စကားတွေရဲ့ ဆန်ကျင်ဘက်ဖြစ်တဲ့ မှန်ကန်တဲ့စကား၊ ချောပစ်ကုန်းတိုက်မှုမှ ရှောင်ကြဉ်တဲ့စကား၊ နူးညံ့သိမ့်မွေ့တဲ့စကား၊ အနှစ်ရှိတဲ့စကားတွေကို ပြောတာပါ။

ဟုတ်ပါတယ်။ စကားဆိုတာ ပြောတိုင်းမကောင်းသလို ပြောကောင်းတိုင်းလည်း မပြောရပါဘူး။ တစ်ခါတစ်ရံ ပြောကောင်းကောင်းနဲ့ ပြောနေပေမယ့် ကိုယ်ပြောတဲ့စကားတွေဟာ အနှစ်မရှိ အရေမရ အဖတ်မရ၊ သူလည်းအကျိုးမရှိ၊ ကိုယ်လည်းအကျိုးမရှိတဲ့ စကားမျိုးတွေသာ ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ တစ်ဘက်သားကို အပြစ်ပြောတဲ့စကားတွေ ဖြစ်နေတတ်ပြီး တစ်ခါတစ်လေ ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒီလို အကျိုးမရှိတဲ့ စကားတွေကြောင့်ပဲ တစ်ဦးနဲ့တစ်ဦး ပြဿနာတွေဖြစ်၊ အထင်မှားအမြင်မှားတွေဖြစ်ပြီး နောက်ဆုံးမခေါ်နိုင် မပြောနိုင်ဖြစ်ကုန်ကြတာပါ။ ဒါတွေဟာ အရင်းစစ်လိုက်တော့ စကားကြောင့်ဆိုတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း ရှေးရှေးပညာရှိများဟာ စကားကို လိုမှပြောပြီး မလိုရင်ဘာမှ မပြောဘဲ နေလေ့ရှိကြတာပါ။

မြန်မာ့ဗုဒ္ဓသာသနာ့ သမိုင်းမှာ ရေငုံဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်ကြီးတစ်ပါး ရှိခဲ့ပါတယ်။ ဆရာတော်ဟာ စာချချိန်၊ တရားဟောချိန်၊ ဆွမ်စားချိန်နဲ့ အိပ်ချိန်တွေကလွဲပြီး ကျန်တဲ့အချိန်တွေမှာ ပါးစပ်ထဲရေငုံပြီး နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရေငုံဆရာတော်လို့ အမည်တွင်ခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလိုရေငုံထားရတာလဲ ဆိုရင် ပါးစပ်က မလိုအပ်တဲ့စကား၊ အကျိုးမရှိတဲ့စကား၊ အကုသိုလ်ဖြစ်မယ့် စကားတွေ မပြောမိအောင်လို့လို့ ဆိုပါတယ်။ ကြည်ညိုစရာကောင်းလိုက်တဲ့ ရှေးပညာရှိများရဲ့ လုပ်ရပ်တွေဟာ နောင်းလူတွေအတွက် ပညာယူစရာတွေချည်းပါပဲ။ ထားပါတော့။ ပြောချင်တာက စကားနဲ့ ပတ်သက်လို့ပါ။ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိတဲ့ လူ့ဘောင်အဖွဲ့အစည်းကြားမှာ နေရတဲ့အတွက် ပညာရှိများ၊ ဆရာတော်ကြီးများလို ကိုယ်ကမနေနိုင်ပေမယ့် စကားဆိုတာ သတိထားပြောဆို လေ့ကျင့်မယ်ဆိုရင် အပြစ်ကင်းပြီး နူးညံ့သိမ်မွေ့လာတတ်ပါတယ်။ အဓိကကတော့ စကားပြောဆိုတဲ့အခါမှာ ကိုယ့်ကိုယ်ကိုနဲ့ ယှဉ်ပြီး ပြောဆိုကြည့်ကြဖို့ပါ။ ကိုယ်ကဒီလိုစကားမျိုး၊ ဒီလိုအပြောအဆိုမျိုး မကြိုက်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ပါဘူးဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့ ပြောဆိုကြည့်ရင် နှစ်ဦးနှစ်ဘက် အဆင်ပြေတတ်ပါတယ်။ ကိုယ့်ကို အပြစ်ပြောတဲ့စကား၊ ဆဲဆိုကြိမ်းမောင်းတဲ့စကား၊ အကျိုးမရှိတဲ့စကားကို ပြောလာရင် မကြိုက်တတ်သလို တစ်ခြားသူတွေလည်း ကြိုက်မှာမဟုတ်ဘူးဆိုတဲ့ ကိုယ်ချင်းစာတရားနဲ့ စကားအပြောအဆို ဆင်ခြင်မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး စကားနဲ့ပတ်သက်လို့ ပြဿနာဖြစ်ဖို့ အကြောင်းနည်းသွားတတ်ပါတယ်။ အပြောလွယ်သလောက် အလုပ်ခက်တတ်ပေမယ့် တဖြည်းဖြည်း လေ့ကျင့်မယ်ဆိုရင် အောင်မြင်လာတတ်ပါတယ်။

ဒါကြောင့် ``စကား… စကား… ပြောပါများ စကားထဲက ဇာတိပြ`` ဆိုသလို မဖြစ်ရအောင် စကားပြောဆိုတဲ့အခါ အထူးသတိပြု ဆင်ခြင်ကြဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ပါးစပ်ဆိုတာ အယုတ်တမာကိုလည်း ပြောတတ်၊ အဟုတ်မှန်တာကိုလည်း ပြောတတ်တဲ့အတွက် အယုတ်တမာစကား၊ မဟုတ်မမှန်စကားများ မပြောဖြစ်အောင် ကိုယ်ချင်စာစိတ်လေးများ လက်ကိုင်ထားပြီး နူးညံ့တဲ့စကား၊ အကျိုးရှိတဲ့စကား၊ မှန်ကန်တဲ့စကားတွေ ပြောဆိုတတ်အောင်၊ ပြောဆိုနိုင်အောင် တဖြည်းဖြည်းလေ့ကျင့် ယူနိုင်ကြဖို့ သတိပေးတိုက်တွန်း လိုက်ရပါတယ်။ အားလုံး… စကားပြောတတ်ကြပါစေ…

Read more »

ကြိုတင်၍ မသိနိုင်ပါသဖြင့်…

မှတ်မှတ်ရရ ထိုနေ့က စာရေးသူအပါအ၀င် စိတ္တသုခမြန်မာဘုန်းတော်ကြီးကျောင်း (ကိုရီးယား) အကျိုးဆောင် အဖွဲ့ဝင်များ ကျောင်းဖွင့်ပွဲအတွက် အစည်းအဝေး လုပ်သည့်နေ့ဖြစ်၏။ တိတိကျကျပြောရလျှင် ၁၄-၁၂-၂၀၀၈ ရက်နေ့ကဖြစ်၏။ သို့သော် ကျောင်းဖွင့်ပွဲပြုလုပ်မည့် ရက်ကိုအတိအကျ မသတ်မှတ်နိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် စာရေးသူ၏ ဥပစ္ဇျာယ်ဆရာတော်ကြီး ကျန်မာရေး အသဲအသန်ဖြစ်သဖြင့် မဖြစ်မနေ မြန်မာပြည်ပြန်ကြွရန် အကြောင်းပေါ်လာသောကြောင့်ဖြစ်၏။ ထို့ကြောင့် ``မြန်မာပြည်က ပြန်ကြွလာမှပဲ ကျောင်းဖွင့်ပွဲရက်ကို ပြန်ပြီးတိုင်ပင်ညှိနှိုင်းကြပါစို့`` ဟုသာ အစည်းအဝေးကို အဆုံးသတ်ခဲ့ကြရ၏။ သို့ဖြင့် စာရေးသူလည်း မြန်မာပြည်ပြန်ကြွရန် လိုအပ်သည့် ပြင်ဆင်မှုများလုပ်နေစဉ် ထိုနေ့ညနေစောင်းအချိန် ကျောင်းသို့ ဒကာတစ်ယောက် အပြေးအလွှားရောက်လာ၏။ မျက်နှာမှာလည်း ပူဆွေးသောကရိပ်များ လွှမ်းမိုးလျက်ရှိသည့်အပြင် မျက်ရည်များဖြင့် စိုရွှဲနေ၏။ စာရေးသူအား မြင်မြင်ချင်း ဦးချကန်တော့ကာ အက်ကွဲနေသည့် ငိုသံကြီးဖြင့် ``အရှင်ဘုရား… တပည့်တော်သမီး ဆုံးသွားပြီဘုရား..၊ ဘယ်လိုမှယုံနိုင်စရာ မရှိဘူး..၊ မနေ့ကပဲ တပည့်တော်နဲ့ စကားပြောတော့ အဖေဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူးလို့တောင် ပြောတယ် ခုတော့… `` ပြောဆိုနေသော်လည်း ရှေ့ဆက်အသံထွက်မလာခဲ့ပေ။ ရှိုက်ကြီးတငင်ဖြင့်သာ ငိုကြွေးနေလေတော့၏။ စာရေးသူလည်း အားပေးဖြေသိမ့်စကားပြောရင်း ယနေ့မနက်မှာပင် ထိုဒကာပြုလုပ်ခဲ့သည့် ကုသိုလ်များကို ပြန်လည်အမှတ်ရစေလျှက် ဆုံးသွားသည့် သမီးအား အမျှပေးဝေပေးခဲ့ရ၏။

ထိုဒကာပြန်သွားပြီးနောက်တွင် စာရေးသူမှာ အတွေးများဖြင့် လေးလံနေတော့၏။ မျှော်လင့်မထားသည်များနှင့်သာ မကြာမကြာ ကြားသိကြုံတွေ့နေရသဖြင့် ပုထုဇင်သဘာဝ စိတ်တုန်လှုပ်မှုဖြစ်ခဲ့၏။ ဖြစ်မည်ဆိုလည်း ဖြစ်စရာကောင်းလှ၏။ ကျေးဇူးရှင်ဆရာတော်ကြီးမှာလည်း နေ့လားညလား ဖြစ်နေသည့်အခြေအနေ၊ ယခုသမီးဆုံးသွားသည့် ဒကာ၏ပူဆွေးနေရသည့် ခံစားမှု၊ ထို့အပြင် လွန်ခဲ့သည် နှစ်လအလွန်က လောကကြီးကို စွန့်ခွာသွားသည့် စာရေးသူ၏ သာသနာ့ညီတော်လည်းဖြစ်၊ အလွန်အားကိုးရပြီး အရည်အချင်းလည်း ရှိသည့် အသက် ၃၁နှစ်သာ ရှိသေးသည့် သူငယ်ချင်းဖြစ်သူ၏ ဆုံးရှုံးမှု စသည့်အချက်များက စိတ်ကိုတုန်လှုပ် ချောက်ခြားစေခဲ့၏။ သက်တမ်းအရ ကြည့်မည်ဆိုလျှင် အရင်မွေးသူ အသက်ကြီးသူက အရင်သေကြေပျက်ဆီး ကြရမည်သာဖြစ်၏။ သို့သော် ယခုမူ စာရေးသူထက် ၂နှစ်ငယ်သည့် ညီတော် ရဟန်းတော်က အရင်ကံစွမ်း ကုန်သွားခဲ့သကဲ့သို့ အဖေ့အရင် သမီးက သေဆုံးသွားခဲ့သည့် ဒကာ၏အဖြစ်ကလည်း လက်တွေ့ဖြစ်နေ၏။ ညီတော်အတွက် ရည်စူးပြီး နောင်တော်ဖြစ်သူက ကုသိုလ်ပြု အမျှပေးဝေပေးနေရသကဲ့သို့ သမီးဖြစ်သူအား ရည်စူးပြီး အဖေဖြစ်သူက အမျှပေးဝေပေးနေရပြန်၏။ ကြီးစဉ်ငယ်လိုက် သွားရမည့်အခြေအနေများသည် ပြောင်းပြင်ဖြစ်နေခဲ့၏။ ကျန်းမာရေး အသည်းအသန်ဖြစ်နေသည့် ဆရာတော်၏ စကားကိုသာ ပြန်လည်ကြားယောင်နေခဲ့မိ၏။ ဆရာတော်က အသဲကင်ဆာ ခံစားနေရသည့် တပည့်ဖြစ်သူကို ကြည့်ပြီး ``ဒီကောင့်ကို ပိုပြီးဂရုစိုက်ကြပါ… င့ါရောဂါအခြေအနေထက် သူ့အခြေအနေက ပိုဆိုးတယ်… `` ဟု မိန့်တော်မူဖူး၏။ ဆရာတော်အမိန့်ရှိသကဲ့သို့ပင် စာရေးသူ၏ ညီတော်သူငယ်ချင်း၊ ဆရာတော်ကြီး၏ တပည့်အရင်းက ဆရာတော့်အရင် သေဆုံးသွားခဲ့ရှာပေပြီ။ ထို့အတူ အထက်မှာ တင်ပြခဲ့သည့် ဒကာ၏ အခြေအနေသည်လည်း ``အဖေ… သမီးအတွက်ဘာမှ မစိုးရိမ်နဲ့ သမီးဘာမှ မဖြစ်ဘူး..`` ဟု ပြောခဲသည့် သမီးက အဖေ့အရင် သေဆုံးသွားခဲ့ရှာပေပြီ။ အချိန်မရွေး လာနေသည့် သေခြင်းတရားကား အမှန်ပင် သံဝေဂဖြစ်စရာ၊ ကြောက်လန့်စရာပင်။

စင်စစ် ပုထုဇင်ဖြစ်၍သာ စာရေးသူအနေဖြင့် မည်သည့်အရာက အရင်ဖြစ်သင့်သည်၊ မည်သည့်ပုဂ္ဂိုလ်က အရင်သွားသင့်သည့် စသည့်အတွေးများ ဖြစ်နေသော်လည်း တရားသဘောအရ၊ သဘာဝဓမ္မအရ ကြည့်မည်ဆိုလျှင် မည်သည့်အရာမျှ တစ်သမှတ်တည်း တွက်ဆ၍မရပေ။ လောကကြီးသည် မိမိဖြစ်ချင်သည့်အတိုင်း ဖြစ်ခွင့်မရှိ၊ သူ့သဘာဝအတိုင်းသာ ဖြစ်နေခြင်းဖြစ်၏။ ဤသဘောအတိုင်းပင် သေခြင်းတရား ဟူသည်မှာလည်း အသက်အရွယ်အစဉ်အတိုင်း ဖြစ်ပေါ်လာတတ်သည့် သဘောမဟုတ်၊ အရွယ်မရွေး ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ သားသမီးထက်အရင် မိဘသည် လောကကြီးအတွင်းသို့ ရောက်လာသဖြင့် လောကကြီးမှ ပြန်လည်ထွက်ခွာသည့်အခါ မိဘကအရင် ထွက်ခွာရမည် ဖြစ်သော်လည်း မိဘအရင် သားသမီးက ထွက်ခွာသွားနေကြသည်မှာလည်း အားလုံးမျက်မြင်ကိုယ်တွေ့ဖြစ်၏။ ထို့အတူ ဆရာနှင့်တပည့်၊ အစ်ကိုနှင့်ညီ စသူတို့သည်လည်း မည်သူကအရင် သေကြရမည်၊ မည်သူကအရင် လောကကြိးက ထွက်ခွာသွားကြရမည်ဟူ၍ သတ်မှတ်ထားချက်မရှိ၊ ကြိုတင်၍လည်း မှန်းဆသိနိုင်ခွင့်လည်း မရှိပေ။ ထို့ကြောင့်လည်း ဗုဒ္ဓစာပေများတွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖော်ပြထားခြင်းဖြစ်၏။ သဂါထာဝဂ္ဂသံယုတ် အဋ္ဌကထာနှင့် ဇာတကအဋ္ဌကထာတို့တွင် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အောက်ပါအတိုင်း ဖော်ပြထား၏။ စာပေ၌ ဖော်ပြထားသည်မှာ

``ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေ တေ ဇီဝလောကသ္မိံ၊ အနိမိတ္တာ န နာယရေ``
ဟူ၍ဖြစ်၏။ ဤဂါထာတွင် ဖော်ပြသည့် လောက၌ သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးကို အများနားလည်စေရန် သရုပ်ထုပ်ပြရလျှင်…

၁။ မည်သည့်အရွယ်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သည့်ရောဂါဖြင့် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အချိန်တွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်နေရာတွင် သေကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည်ဟု ကြိုတင်၍ မသိနိုင်ခြင်း
တို့ပင်ဖြစ်၏။

မှန်၏။ ပုထုဇင်ပုဂ္ဂိုလ်သတ္တ၀ါတို့သည် သေကြရမည်ကို သေချာတိကျစွာ သိနိုင်ကြသော်လည်း မည်သည့် အသက်အရွယ်တွင် သေကြရမည်ဟူသည်ကိုကား ကြိုတင်၍ မသိနိုင်ကြပေ။ အချို့ဆိုလျှင် သက်တမ်းပြည့် နေသွားကြသော်လည်း အချို့မှာ ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားကြရ၏။ အချို့လည်း မွေးပြီးတစ်လ၊ နှစ်လအလွန်တွင် သေကြရပြီး အချို့ဆိုလျှင် မွေးမွေးချင်း သေသွားကြရ၏။ သေခြင်းတရားတွင် မည်သည့်အရွယ်၌ သေကြရမည်ဟု ကြိုတင်သတ်မှတ်ချက် မရှိ၊ အချိန်မရွေး သေနိုင်ကြ၏။ ထို့ကြောင့်လည်း မည်သို့မျှ မျှော်လင့်မထားသည့် အရာများ ဖြစ်နေကြခြင်းဖြစ်၏။ နေ့မြင်ညပျောက် ဖြစ်သွားခဲ့ကြ၏။ မနေ့တစ်နေ့ကပင် ထိုသူနှင့် မိမိတွေ့ကြုံစကားပြောခဲ့ကြသေး၊ ယခု သူကမရှိတော့ဟူသည် ခံစားမှုမျိုး ကြုံတွေ့ဖူးကြမည်ဖြစ်၏။ ထို့ကြောင့် မည်သည့်အရွယ်တွင် သေရမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း သေခြင်းတရားသည် အရွယ်မရွေးလာနိုင်သည် ဟူသည့် အချက်မှာ အတိအကျဖြစ်သဖြင့် သေခြင်းတရား မိမိထံရောက်မလာမီ ထိုသေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်၏ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ သတ္တ၀ါတို့ ကြိုတင်၍ မသိနိုင်သည့် အရာတစ်ခုမှာ မည်သည့်ရောဂါဖြင့် သေရမည်ဟူသည့် အချက်ပင်ဖြစ်၏။ မျက်မှောက်ခေတ်တွင် ရောဂါများသည် အမျိုးမျိုး ပေါ်ပေါက်လျက်ရှိ၏။ အထူးသဖြင့် ဖွင့်ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသဖြင့် ရောဂါဖြစ်ပွားမှု ပို၍များပြားသည်ကို တွေ့နိုင်၏။ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ ကင်ဆာရောဂါ၊ ခုခံအားကျဆင်းမှု ကူးဆက်ရောဂါ စသည်ဖြင့် ဖြစ်လျင်သေနိုင်သည့် ရောဂါများ ဆွဲကပ်မှုသည် တစ်ဆတစ်ဆ များများလာ၏။ ထိုရောဂါများသည် မိမိထံသို့လည်း အချိန်မရွေးလာနိုင်၏။ မိမိသည်လည်း ထိုရောဂါတစ်ခုခု ဆွဲကပ်ခံရပြီး အချိန်မရွေး သေနိုင်၏။ မည်သည့် ရောဂါဖြင့် သေမည်ကိုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေရမည်ကား အမှန်ပင်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ခန္ဓာကိုယ်ရှိနေခြင်းကပင် ရောဂါအစုကြီး ရှိနေသောကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် ရောဂါအစုကြီးဖြစ်သည့် ခန္ဓာကိုယ်ကြီးကို ပိုင်ဆိုင်ထားပြီးဖြစ်သည့် မိမိတို့အနေဖြင့် မည်သည့်ရောဂါဖြင့် သေမည်ကို ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည့် အချက်ကို အမြဲသတိပြု ဆင်ခြင်သင့်လှ၏။

ထို့အပြင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည်ကိုလည်း မည်သူမျှ ကြိုတင်၍ မသိနိုင်ကြပေ။ မနက်သေမည်လား၊ နေ့လယ်သေမည်လား၊ ညနေသေမည်လား၊ ညသေမည်လား စသည်ဖြင့် လားပေါင်းများစွာဖြင့်သာ သေရမည့်အချိန်ကို စောင့်နေကြရ၏။ သေခြင်းတရားကား အချိန်ကိုလည်း တိတိကျကျ သတ်မှတ်ထားခြင်း မရှိပေ။ အချို့လည်း အလုပ်လုပ်နေချိန် သေကြရ၏။ အချို့လည်း တရားထိုင်နေစဉ် သေကြရ၏။ အချို့လည်း အိပ်နေစဉ် သေကြရ၏။ အခြေအနေအမျိုးမျိုးတွင် တစ်မျိုးမျိုးဖြင့် သေနေကြရသော်လည်း တိကျသည့် အချိန်သတ်မှတ်ချက်ကိုကား ကြိုတင်မပြောပြနိုင်၊ ကြိုတင်မသိနိုင်ကြပေ။ သေချာသည်ကား အချိန်မရွေးသေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် မနက်၊ နေ့၊ ည အချိန်မရွေး ရောက်လာနိုင်သည့် သေခြင်းတရားကို ရင်ဆိုင်နိုင်ရန် ပြင်ဆင်ထားသင့်၏။

မည်သည့်နေရာတွင် သေကြရမည်ဆိုသည့် အချက်သည်လည်း သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုဖြစ်၏။ အချို့ဆိုလျှင် မွေးသည့်နေရာက တစ်နေရာ၊ သေသည့်အခါ တစ်နေရာဖြစ်သွားသည်ကို တွေ့ကြရမည်ဖြစ်၏။ တောမှာ မွေးပြီး မြို့မှာ လာသေကြရသူများ ရှိသကဲ့သို့ မြို့မှာမွေးပြီး တောသို့ အလည်သွားသည့် အခိုက် တောမှာသေကြရသူများလည်း ရှိ၏။ ခရီးသွားစဉ် ကားပေါ်၊ ရထားပေါ်၊ သဘောင်္ပေါ်၊ လေယာဉ်ပေါ် စသည့်နေရာ အမျိုးမျိုးတွင် ပုံစံအမျိုးမျိုးဖြင့် သေကြရသူများလည်း ရှိ၏။ နိုင်ငံအနေဖြင့် ပြောလျှင် မြန်မာနိုင်ငံတွင် မွေးပြီး ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ အာရှ၊ ဥရောပ၊ အမေရိက စသည့် နိုင်ငံခြား တိုင်းပြည်များမှာ သွားရောက်သေကြရသူများလည်း မရေတွက်နိုင်အောင် များပြားလှ၏။ ဤသည်မှာ သေခြင်းတရားသည် အချိန်မရွေးဖြစ်ပေါ်နေပြီး မည်သည့်နေရာတွင် သေကြရမည်ဆိုသည်ကို မသိနိုင်ကြသောကြောင့်ပင် ဖြစ်၏။ သေချာသည်ကား မည်သည့်နေရာတွင် ရှိရှိ သေကြရမည်၊ သေနိုင်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် သေခြင်းတရားမှ လွတ်အောင်ရှောင်တိမ်းနိုင်သည့် နေရာဟူသည် မရှိနိုင်သည့်အပြင် မည်သည့်နေရာတွင် သေမည်ကိုလည်း ကြိုတင်၍ မသိနိုင်သဖြင့် ရောက်သည့်နေရာတိုင်းတွင် သေခြင်းတရားကို မမေ့ကြရန် သတိပြုဆင်ခြင်ထားကြရန် လိုအပ်လှ၏။

အရေးကြီးဆုံးအချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ရမည်ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရိစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ ထို့ကြောင့် နောင်ဘ၀မည်သို့ ဖြစ်မည်ကို ကြိုတင်မသိနိုင်ကြသဖြင့် ယခုဘ၀တွင် မိမိတို့ လုပ်နေသည့်အလုပ်များကို အထူးဂရုစိုက်လုပ်သင့်လှ၏။

အချုပ်အားဖြင့် ပုထုဇင်မှန်သမျှ မည်သူမဆို မည့်သည့်အရွယ်၊ မည့်သည့်ရောဂါ၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် သေကြရမည်ဟူသည်ကို မသိနိုင်ကြသည့်အပြင် သေပြီးနောက် မည်သည့်ဘ၀တွင် ပြန်လည်ဖြစ်ကြရမည်ဟူသည်ကို ကြိုတင်၍ မသိနိုင်ကြသဖြင့် တိကျသေချာသည့် ယခုလက်ရှိအချိန်ကို တန်ဘိုးရှိရှိ အသုံးပြုရန် လိုအပ်လှ၏။ တန်ဘိုးရှိရှိ အသုံးပြုသင့်သည်ဟူသည်မှာ မကောင်းသည့်အလုပ်များ မလုပ်ကြရန်နှင့် ကောင်းမှုကုသိုလ်များကို ရသမျှ ပြုလုပ်စုဆောင်းကြရန်ကို ဆိုလို၏။ ထိုကြိုတင်၍ မသိနိုင်သည့် အရာများ ရောက်မလာမီ တိကျသေချာသည့် ယခုအချိန်တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်လှ၏။ ယခုအချိန်တွင်မှ ရသမျှ ကုသိုလ်အစုကို စုဆောင်းရှာဖွေ အားထုတ်မထားနိုင်လျင် အချိန်မရွေးရောက်လာနိုင်သည့် ထိုတရားများ ရောက်လာသည့်အခါ အလွန်နောက်ကျသွားနိုင်ပေ၏။ ထို့ကြောင့် မတိကျမရေရာသည့်၊ ကြိုတင်၍ မသိနိုင်သည့်အရာများ ရောက်လာသည့်အခါ ရဲရဲရင်ဆိုင်နိုင်ရန် တိကျသေချာသည့် ယခုအချိန်တွင် ကောင်းမှုအစုကို ကြိုးစားပြုကြပါဟု သတိပေးတိုက်တွန်းရင်း စာရေးသူ၏ ဆရာတော်ကြီး ဈာပနအခမ်းအနားတွင် စာရေးသူကိုယ်တိုင် နောက်ဆုံးသီကုံး ပူဇော်ကန်တော့ခဲ့သည့် ကြိုတင်၍ မသိနိုင်သည့်အရာများအကြောင်း သံဝေဂကဗျာလေးကို ပြန်လည်မျှဝေရင်း….

ကောင်းမှုအစု ကြိုးစားပြုလော့
ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။

Read more »

တရားအားထုတ်စဉ် ၀မ်းနည်းအားငယ် စိတ်များဖြစ်ပေါ်လာပါက ဘယ်လိုဆက်ရှုမှတ်သင့်ပါသလဲ..

Q. ဘုန်းဘုန်း
တပည့်တော်ဟာ အလုပ်တစ်ဖက်နဲ့ တရားအားထုတ်ခြင်းကို တတ်နိုင်သမျှ ပြုနေသူ ဖြစ်ပါတယ်။ ယခု တပည့်တော် တရားကို နေ့စဉ် ရှုမှတ်သောအခါ ရံခါ ဝမ်းနည်းအားငယ်စိတ်များ ဝင်လာပါတယ်။ လောကီ လုပ်ငန်းတာဝန်တွေကို နောက်မှာထားပြီး တရားသာ မှတ်နေချင်စိတ်လဲ ဖြစ်တတ်ပါတယ်။ ပြည်တွင်းမှာတုန်းက မဟာစည်ရိပ်သာမှာ တရားအားထုတ်ခဲ့စဉ်က တရားပြ ဆရာတော် အမိန့်ရှိဖူးတာက တရားကို ရက်ရှည် စွဲမြဲအားထုတ်ရင် ရိပ်သာက ထွက်သွားပြီးသော်လည်း ရိပ်သာကို ပြန်လာချင်စိတ်၊ တရား ဆက်အားထုတ်နေချင်စိတ်များ ဖြစ်တတ်တယ်လို့ အမိန့်ရှိပါတယ်။
တရားကြိုးစားအားထုတ်ခဲ့တဲ့ ယောဂီလူကြီးတစ်ယောက်ရဲ့ အတွေ့အကြုံအရလဲ သူဟာ တရားအားထုတ်ပြီး ရိပ်သာက ပြန်ထွက်လာစမှာ လူတောထဲ ပြန်ဝင်တော့ အရာရာကို စိတ်ကုန်ညည်းငွေ့သလို ဖြစ်လာတယ်။ မျက်စိထဲလဲ ဘာကြည့်ကြည့် အနိစ္စ စသည်သာ မြင်နေတယ်လို့ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦး တရားအတွေ့အကြုံ ထပ်တူ မတူနိုင်ပေမယ့် တပည့်တော် ဖြစ်သလို စိတ်ပျက်အားငယ်စိတ်၊ ဝမ်းနည်း အထီးကျန်စိတ်များကို ကြုံရသူများလဲ ရှိနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လို ဆက်ရှုမှတ်ရမလဲ သိလိုပါတယ်ဘုရား။
တပည့်တော် ရုပ်နာမ်တို့၏ မရပ်မနား ဖြစ်ပျက်နေခြင်း၊ ဖြစ်ခြင်းပျက်ခြင်းများ၊ မိမိ အစိုးမရ မထိန်းချုပ်နိုင်ခြင်းများကို နေ့စဉ် ရှုမှတ်ရင်း ထိတ်လန့်ခြင်း၊ စိတ်အားငယ်ခြင်းများ ဖြစ်လာတာလဲ ဖြစ်နိုင်ပါတယ်။ ဘုန်းဘုန်းနဲ့ တရားအတွေ့အကြုံ ရှိပြီးတဲ့ အခြား ဓမ္မမိတ်ဆွေများထံက အကြံဥာဏ်များ ရယူလိုပါတယ်။ ဘုန်းဘုန်းကရော ဒီစာကို ဖတ်ရှုရတဲ့ တရားအတွေ့အကြုံ ရှိသူများကရော အကြံဥာဏ်များး ချီးမြှင့်စေလိုပါတယ်။
(မနီ)

A. မှန်ပါတယ်။ တရားအားထုတ်တဲ့ ယောဂီတိုင်းမှာ မတူညီတဲ့ အတွေ့အကြုံအာရုံတွေ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း သမာဓိ နိမိတ်တွေကြောင့် ပေါ်လာတတ်တာ ရှိသလို တစ်ချို့လည်း စိတ်ကူးအကြံအစည်များကြောင့် ပေါ်လာတတ်တာ ရှိပါတယ်။ တစ်ချို့လည်း ၀ိပဿနာဉာဏ်များ တဖြည်းဖြည်း ရင့်ကျက်လာတဲ့အတွက် ဉာဏ်စဉ်များတက်ကာ ရုပ်နာမ်တို့ရဲ့ အပျက်ကိုချည်းမြင်တဲ့ ဘင်္ဂဉာဏ်၊ ရုပ်နာမ်သင်္ခါရတိုရဲ့ အပျက်ချည်းကိုသာ မြင်နေရတဲ့အတွက် ကြောက်စရာဘေးအဖြစ် မြင်တဲ့ဘယဉာဏ်၊ ရုပ်နာမ်သင်္ခါတို့အပေါ်မှာ အလွန်းငြီးငွေ့လာတဲ့ နိဗ္ဗိဒါ ဉာဏ် စတဲ့ဉာဏ်စဉ်များကြောင့်လည်း မတူညီတဲ့ ခံစားမှု အာရုံတွေ ဖြစ်ပေါ်လာတတ်တာ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ိပဿနာဆိုတာ ပေါ်ရာပေါ်ရာကို လိုက်ရှုမှတ်တာ ဖြစ်တဲ့အတွက် စိတ်မှာပဲ ပေါ်ပေါ် ခန္ဓာကိုယ်မှာပဲ ပေါ်ပေါ် ပေါ်သမျှအာရုံတွေကို သတိကပ်ပြီး လိုက်ရှုမှတ်ဖို့ လိုပါတယ်။

ဒီအတိုင်းပါပဲ။ တရားအားထုတ်တဲ့အခါ ဖြစ်ပေါ်နေတဲ့ ၀မ်းနည်းအားငယ်စိတ်ဆိုတာလည်း စိတ်မှာပေါ်လာတဲ့ ရှုမှတ်ပစ်ရမယ့် အာရုံပါ။ စိတ်မှာဘယ်လို အာရုံမျိုး၊ ခံစားမှုမျိုး၊ အကြံအစည်မျိုးပဲ ပေါ်ပေါ် အဲဒီစိတ်ကို စိတ်နဲ့လိုက်သိပြီး ရှုမှတ်ပစ်ရပါမယ်။ ၀မ်းနည်းအားငယ်စိတ်ဖြစ်ရင်လည်း အဲဒီစိတ်ကို သတိကပ်ပြီး တစ်ထပ်တည်း သိနေအောင် ကြိုးစားရှုမှတ်ဖို့ လိုပါတယ်။ ဒီစိတ်ဘာကြောင့်ပေါ်တယ်၊ ဘယ်လိုဖြစ်လိမ့်မယ်ဆိုတာ လိုက်ပြီးခံစားမှု မပြုဘဲ အဲဒီစိတ်ဖြစ်နေတဲ့ လက်ရှိအခြေအနေကိုပဲ လိုက်ပြီးသိအောင် ရှုမှတ်ရပါမယ်။ အဲလိုရှုမှတ်တဲ့အခါ ဒီစိတ်ပျောက်ပြီး နောက်စိတ်တစ်မျိုး ဖြစ်ပေါ်ရင်လည်း ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ထပ် စိတ်မှာပဲဖြစ်ဖြစ် ခန္ဓာကိုယ်မှာပဲဖြစ်ဖြစ် ရှုမှတ်စရာ အာရုံတစ်ခုခု ပေါ်လာတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ်လာသမျှကို လိုက်ပြီးသိရှိ ရှုမှတ်နေဖို့ပါ။ စိတ်ကူးတာ၊ ကြံစည်တာ၊ တွေးတောတာ၊ ၀မ်းနည်းတာ၊ ၀မ်းသာတာ၊ ဒေါသဖြစ်တာ၊ အလိုမကျတာ၊ ပူတာအေးတာ၊ ပေါ့တာလေးတာ၊ ကိုက်တာခဲတာ စတဲ့ ဘယ်လိုဟာမျိုးပဲ ပေါ်လာပေါ်လာ သတိတကပ်ပြီး လိုက်သိလိုက်မှတ်နေဖို့ပါ။ ဒီလိုပေါ်ရာပေါ်ရာကို လိုက်သိ၊ လိုက်မှတ်နေတာကိုပဲ ၀ိပဿနာရှုတယ်လို့ ခေါ်တာပါပဲ။ အဲဒီလိုရှုရင်း နောက်ပိုင်းသူ့ဟာသူ တဖြည်းဖြည်းဉာဏ်တွေတိုးတက် လာပါလိမ့်မယ်။ အဓိကကတော့ ဘာပဲဖြစ်ဖြစ် ရှုမှတ်ပစ်ဖို့ပါ။ နောက်တစ်ချက်က အဲဒီစိတ်ပျက်အားငယ်စိတ်များ အရမ်းများလို့ ဘယ်လိုမှ မရှုမှတ်နိုင်ဘူး ဖြစ်နေရင် အဲဒါကို လစ်လျူရှုပြီး တစ်ခြားမှတ်စရာ အာရုံတစ်ခုခုကို လိုက်မှတ်ကြည့်ပါ။ ဥပမာ ၀င်လေထွက်လေကို မှတ်တာမျိုး၊ ဖောင်းတာပိန်တာကို မှတ်တာမျိုးလိုပေါ့။ ပြီးတော့ ဒီစိတ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ မေတ္တာဘာဝနာပွားတာမျိုး၊ ဗုဒ္ဓါနုဿတိပွားတာမျိုး စတာတွေကိုလည်း ပြောင်းလုပ်ပြီး နောက်ဝိပဿနာပိုင်းကို ပြန်မှတ်ကြည့်ပေါ့။ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ စိတ်မပျက်၊ စိတ်ဓာတ်မကျဘဲ ကြိုးစားရှုမှတ်ကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။

Read more »

ဒီလိုဆက်ဆံကြည့်ပါ…

လောကမှာ လူတွေဟာ ပုံစံအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ အတွက်ကြောင့် ဆက်ဆံပေါင်းသင်းရတာ အတော်ခက်တယ်လို့ ပြောလေ့ရှိတတ်ကြပါတယ်။ မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ ဘာသာစကား၊ မတူညီတဲ့ ယဉ်ကျေးမှု၊ မတူညီတဲ့ စရိုက်စတဲ့ အချက်တွေကြောင့် ကိုယ်နဲ့အ်ံဝင်ခွင်ကျ မဖြစ်ဘဲရှိတတ်တယ်လို့ ပြောကြပါတယ်။ ကိုယ့်ကိုယ်ကိုရော အံဝင်ခွင်ကျဖြစ်ရဲ့လား… စိတ်တိုင်းကျ ဖြစ်ရဲ့လား… လို့ ပြန်မေးကြည်ရင်လည်း မဖြစ်ပြန်ပါဘူးတဲ့… အဲဒါဆို ဘယ်လိုလုပ်ကြမလဲပေါ့…။ ထားပါတော့။ တကယ်တော့ လောကမှာ လူတွေဘယ်လောက်ပဲ အမျိုးမျိုးကွဲပြား ခြားနားကြပါစေ သေသေချာချာ ခွဲခြားလိုက်ရင် သုံးမျိုးပဲရှိပါတယ်။

၁။ ကိုယ်နဲ့တန်းတူဖြစ်တဲ့သူ
၂။ ကိုယ့်ထက်သာတဲ့သူ
၃။ ကိုယ်အောက်နိမ့်တဲ့သူ ဒီသုံးမျိုးပါပဲ။

ဆိုတော့ အဲဒီသုံးမျိုးကို အဆင်ပြေအောင်၊ အကုသိုလ် မဖြစ်အောင် ဘယ်လို ဆက်ဆံကြည့်မလဲ... ဘယ်လိုဆက်ဆံ သင့်သလဲ….။ ဆရာတော်ကြီးတစ်ပါးကတော့ ဗြဟ္ဗာစိုရ်တရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ညွှန်ပြထားပါတယ်။ ပြီးတော့ အောက်ပါအတိုင်း ဆောင်ပုဒ်လေး လုပ်ပေးထားပါတယ်။ အဲဒီဆောင်ပုဒ်လေး ဖတ်ပြီးကြိုးစား ဆက်ဆံကြည့်ကြစို့..

၁။ တန်းတူတွေ့လျှင် မေတ္တာဝင်၊ မ၀င်နိုင်က ပြိုင်တတ်သည်။ ပြိုင်မည့်အစား မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
မှန်ပါတယ်။ ကိုယ်နဲ့ တန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်နဲ့ ဆက်ဆံပါတဲ့။ အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ တူညီတဲ့သူကို ကိုယ်နဲ့တန်းတူဖြစ်သူလို့ ဆိုလိုပါတယ်။ ဒီလိုတန်းတူဖြစ်တဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်လေးနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ နှစ်သက်ခြင်း၊ အကျိုးလိုလားခြင်းပါ။ တကယ်တော့ ချစ်ခြင်းမေတ္တာဆိုတာ တစ်နည်းအားဖြင့် နားလည်ခြင်းကို ပြောတာပါ။ နားလည်မှုရှိနေရင် ချစ်လို့ရနေတာပါပဲ။ နားလည်ပေးနေတာဟာ မေတ္တာရှိနေလို့ပါပဲ။ အဲလိုမေတ္တာစိတ်မရှိရင် တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင်လေးတွေ ဖြစ်လာတတ်ပါတယ်။ ပြိုင်လာပြီဆိုရင် ပုထုဇင်တွေ သဘာဝ မဟုတ်တာတွေ၊ မလုပ်သင့်တာတွေ လုပ်လာပြီး အများအားဖြင့် မကောင်းတဲ့ဘက်ကိုပဲ ဦးတည်သွားတတ်ကြပါတယ်။ အဲဒီအခါ တစ်ဦးနဲ့တစ်ဦး ဒေါသအာဃာတတွေပွားပြီး အမုန်းတွေသာ တိုးလာကာ နောက်ဆုံးဆက်ဆံရေး အဆင်မပြေ ဖြစ်လာတတ်ကြပါတယ်။ ဒါကြောင့် တန်းတူဖြစ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ မေတ္တာစိတ်ဖြင့် ဆက်ဆံကြပါလို့ ဆရာတော်ကြီးက ဆုံးမခြင်း ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် ဆက်ဆံရေးအတွက် အဆင်မပြေဖြစ်နိုင်တဲ့ ပြိုင်ဆိုင်မှုတွေ ၀င်လာတတ်တဲ့အတွက်ပါ။

၂။ ကိုယ့်ထက်သာလျှင် မုဒိတာဝင်၊ မ၀င်ဣဿာ ယိုင်တတ်သည်။
ယိုင်မည့်အစား မုဒိတာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်က အထူးသတိပြုရမယ့် အချက်ပါ။ ကိုယ့်ထက်သာတဲ့သူနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားလက်ကိုင်ထာပြီး ဆက်ဆံတတ်ဖို့လိုပါတယ်။ မုဒိတာဆိုတာ သူတစ်ပါးကြီးပွားတိုးတက် အောင်မြင်တဲ့အပေါ်မှာ ၀မ်းမြောက်ဝမ်းသာ ဖြစ်ပေးတာပါ။ ဒီလို ကိုယ့်ထက်သာတဲ့ သူတွေနဲ့ ဆက်ဆံတဲ့အခါ မုဒိတာ တရားမထားနိုင်ရင်တော့ သူတစ်ပါးကြီးပွား တိုးတက်တာကို မနာလိုဖြစ်တဲ့ ဣဿာက ဦးစီးသွားပြီး ကိုယ့်ကိုယ်ကိုလည်း အကျိုးမရှိ သူတစ်ပါးအတွက်လည်း အကျိုးမရှိတာတွေ လုပ်မိတတ်ပါတယ်။ ဒီဣဿာဆိုတဲ့ အကုသိုလ်တရားဟာ တော်တော်ကြောက်စရာ ကောင်းပါတယ်။ ဒီတရားကိုယ့်သန္တာန်မှာ ကိန်းလာပြီဆိုရင်တော့ ဘယ်သူဘာလုပ်လုပ် အကောင်းမမြင်တော့ဘဲ အဆိုးတွေသာ တွေးမြင်နေတတ်ပါတယ်။ ဒါဟာ သူနဲ့ဆန့်ကျင်ဘက် တရားဖြစ်တဲ့ မုဒိတာတရား ကိုယ့်သန္တာန်မှာ မကိန်းတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် သူ့ကံနဲ့သူ၊ သူ့ကြိုးစားမှုနဲ့သူ ဖြစ်လာတဲ့အပေါ်မှာ ငါဝမ်းမြောက်နိုင်အောင် ကြိုးစားမယ် ဆိုတဲ့အတွေးနဲ့ ကိုယ့်ထက်သာတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ မုဒိတာတရား လက်ကိုင်ထားပြီး ဆက်ဆံဖို့ ဆုံးမခြင်းပါ။ ဒီလိုမှ စိတ်မထားတတ်ရင် နှစ်ဦးဆက်ဆံရေးကြားမှာ ဣဿာဆိုတဲ့ အကုသိုလ်တရားက ၀င်ရောက်နှောက်ယှက်တတ်တဲ့ အတွက်ပါ။

၃။ ကိုယ့်အောက်ငယ်လျှင် ကရုဏာဝင်၊ မ၀င်နိုင်က နိုင်တတ်သည်။ နိုင်မည့်အစား ကရုဏာပွား၊ စိတ်ထားပြုပြင် ပြောင်းပါ့မည်။ (ပြောင်းရမည်)
ဒီအချက်ကတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများ အလွယ်တကူ ဆင်ခြင်လိုက်နာနိုင်တဲ့ အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများဟာ သူတစ်ပါးကြီးပွားတာကို ၀မ်းမြောက်ပေးရမယ့် မုဒိတာတရားသာ ဖြစ်ဖို့ခက်တာ သူတစ်ပါးအပေါ် သနားတတ်တဲ့ ကရုဏာတရားကတော့ အလွယ်တကူ ဖြစ်တတ်တဲ့အတွက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ထက် အသက်၊ သိက္ခာ၊ ဂုဏ်ဝါ၊ ရာထူးဌာနန္တရ စတာတွေ နိမ့်ကျတဲ့ သူတွေအပေါ်မှာ သနားကြင်နာတတ်တဲ့ ကရုဏာတရားနဲ့ ဆက်ဆံတတ်ဖို့လိုပါတယ်။ ဒါမှသာ ကိုယ့်အောက်နိမ့်တဲ့သူတွေ အပေါ်မှာ အနိုင်ယူတတ်တဲ့ လုပ်ရပ်တွေ မဖြစ်ပေါ်မှာပါ။ ချီးမြှောက်ထောက်ပံ့ စောင့်ရှောက်မှုတွေ ဖြစ်လာမှာပါ။ တကယ်တော့ ဒီလိုကိုယ့်အောက် ငယ်တဲ့သူတွေ နိမ့်ကျတဲ့သူတွေနဲ့ တွေ့ကြုံဆက်ဆံတဲ့အခါ ချီးမြှောက်ထောက်ပံ့မှုတွေ မရှိရင်နေပါစေ အနိုင်ယူမှုတွေ၊ နိုင်ထက်စီးနင်းလုပ်မှုတွေ မရှိဖို့အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ့်အောက်ငယ်တဲ့သူတွေနဲ့ ဆက်ဆံတဲ့အခါ အနိုင်ယူမှုတွေမရှိဘဲ ဆက်ဆံရေး ကောင်းမွန်အဆင်ပြေစေဖို့ ကရုဏာတရား လက်ကိုင်ထားပြီး ဆက်ဆံကြဖို့ ဆရာတော်ကြီးက ဆုံးမတော်မှုခြင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ ဘယ်သူတွေ ဘာတွေပဲကွဲကွဲ လူတန်းစားအားဖြင့် သုံးမျိုးပဲ ရှိတဲ့အတွက် ဒီလူတန်းစား သုံးမျိုးနဲ့ အဆင်ပြေ ဆက်ဆံနိုင်ဖို့အတွက် မေတ္တာ၊ ကရုဏာ၊ မုဒိတာစတဲ့ ဗြဟ္မာစိုရ်တရား လက်ကိုင်ထားကာ ဆက်ဆံကြည့်ကြပါလို့ တိုက်တွန်းရင်း တန်ဖိုးရှိတဲ့ ဒီဆက်ဆံနည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ