ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ…

ဘာရယ်မဟုတ်ပါဘူး။ အမြင်မတော်တာလေးတွေ တွေ့လာလို့ အမုန်းခံကြည့်မလားလို့ပါ။ ဘုန်းဘုန်းက စာပေါင်းစုံဖတ်တတ်တော့ ဟိုစာဆိုလည်း ဖတ်ဖြစ်၊ ဒီစာဆိုလည်း ဖတ်ဖြစ်၊ ဟိုပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဒီပို့စ်ဆိုလည်း ဖတ်ဖြစ်၊ ဟိုစီဘောက်စ်ဆိုလည်း စပ်စုဖြစ်၊ ဒီစီဘောက်စ်ဆိုလည်း စပ်စုဖြစ်နေမိပါတယ်။ အဲလို ဟိုဟိုဒီဒီ ရောက်တတ်ရာရာတွေ ဖတ်မိတော့ ဘာတွေတွေ့လာလဲဆိုတော့ ဟိုရေးဒီရေး၊ ဟိုလူမကောင်းကြောင်းပြော၊ ဒီလူ မကောင်းကြောင်း ပြောတာလေးတွေလည်း တွေ့နေမိပါတယ်။ ဒါတွေ တွေ့ရတော့ ဘုန်းဘုန်းရဲ့စိတ်မှာ ပြောစရာလေးတွေ ပေါ်လာပြန်ပါတယ်။ ကိုယ့်ဘာသာကိုယ်နေရင် ဖြစ်ရဲ့သားနဲ့ ဘုန်းဘုန်းကလည်း မနေတတ်တော့ နည်းနည်းတော့ ပြောကြည့်ဖြစ်ပါတယ်။ မနေတတ်လို့ ဆိုတာထက် တတ်နိုင်သမျှ ပြုပြင်ပေးကြည့်ချင်တာပါ။ မခံယူတတ်တဲ့သူတွေအတွက် ကဲ့ရဲ့စရာ ဝေဘန်စရာ အပြစ်ပြောစရာ ဖြစ်လာနိုင်ပေမယ့် ခံယူတတ်သူတွေအတွက် အနည်းငယ်မျှ ပြုပြင်သွားနိုင်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဒီပို့စ်လေးကို ရေးဖြစ်တာပါ။

သိကြတဲ့အတိုင်းပဲ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကျင့်က ဘယ်သူဘာတွေဖြစ်တယ်၊ ဘယ်လိုလုပ်တယ် ဆိုတာတွေကို ကြည့်ပြီးတုန့်ပြန်မှုတွေ လုပ်ကြ၊ ဝေဘန်ကြတာတွေပါ။ တုန့်ပြန်တာ ဝေဘန်တာ ကောင်းပါတယ်။ ဒါပေမယ့် ကောင်းတာတွေကိုတော့ မချီးမွန်းကြ၊ မတုန့်ပြန်ကြဘဲ အဆိုးတွေ၊ အမှားတွေကိုပဲလိုက်ပြီး ဝေဘန်ကြ၊ အပြစ်ပြောကြ၊ ကဲ့ရဲ့ကြတာတွေကြောင့် မကောင်းဖြစ်ကုန်ကြတာပါ။ ကိုယ်ကိုယ်တိုင်တော့ ဘာမှမလုပ်ဘဲ သူများလုပ်တာတွေကြတော့ မကောင်းတဲ့အမြင်နဲ့ ၀ိုင်းဝန်းပုတ်ခက်ကြတာတွေပါ။ ကိုယ့်အပြစ်တော့ ကိုယ်မမြင်ကြဘဲ သူများအပြစ်တွေသာလိုက်ပြီး ပုံကြီးချဲ့ ကဲ့ရဲ့နေကြတာတွေပါ။ သူများကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အပြစ်တွေယူနေကြ၊ အကုသိုလ်တွေ ဖြစ်နေကြတာတွေဟာ ကိုယ့်အတက် ကိုယ်ပြန်ဆူးနေသလို ဖြစ်နေပါတယ်။ သူများကိုကြည့်ရင်လည်း ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ၊ အတုယူစရာတွေ၊ လိုက်နာကျင့်သုံးစရာတွေ၊ ကိုယ့်အတွက် ပြုပြင်စရာတွေကိုကြည့်ပြီး ကိုယ့်အလှည့်ကျရင် ဒီလိုမဖြစ်အောင်နေမယ်၊ ပြောမယ်၊ ကြံမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြည့်ရမယ့်အစား သူများရဲ့လုပ်ရပ်တွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အကုသိုလ် အဖြစ်ခံနေကြတာတွေကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွားကျောင်းရသလို ဖြစ်နေကြပါတယ်။ ဘာမှမဟုတ်ဘဲ အကုသိုလ်တွေကို လိုက်ယူနေသလို ဖြစ်နေပါတယ်။ ကိုယ်ကိုယ်တိုင်ကရော ကောင်းသလားဆိုတော့ ``ဟင့်အင်း…``လို့ ဆိုရမလိုပါ။

အမှန်တော့ အဲလိုမဖြစ်သင့်ပါဘူး။ သူများကိုမကြည့်ခင် ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်သင့်ပါတယ်။ သူများကို မဝေဘန်ခင် ကိုယ့်ကိုယ်ကို အရင်ပြန်ဝေဘန်သင့်ပါတယ်။ သူများကို မပြောခင် ``သူ့နေရာမှာ ငါသာဆိုရင်`` ဆိုတဲ့ စိတ်လေးနဲ့ အစားဝင်ကြည့်သင့်ပါတယ်။ သူများမှားတာကို မြင်သည်ထားဦး ကိုယ်ကသူများအမှားကို လိုက်ကြည့်ပြီး ကိုယ့်ကိုယ်ကို အကုသိုလ်တွေ ဖြစ်အောင် မလုပ်သင့်ပါဘူး။ သူ့အမှားက ကိုယ့်အမှားဖြစ်အောင် မလုပ်သင့်ပါဘူး။ သူ့အကုသိုလ်က ကိုယ့်အကုသိုလ် မဖြစ်သင့်ပါဘူး။ ဖြစ်သင့်တာက သူမှားတာကိုကြည့်ပြီး ကိုယ်မမှားအောင်၊ သူဖြစ်သလို ကိုယ်မဖြစ်အောင်၊ သူ့ကိုကြည့်ပြီး ကိုယ့်မှာအကုသိုလ် မဖြစ်အောင် ကြိုးစားသင့်တာပါ။ တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။ ကိုယ့်မှာရှိတဲ့ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီး အကုသိုလ်တွေ ဖြစ်နေတာတောင် မတားမြစ်နိုင်သေးဘဲ သူတစ်ပါးကို အမှီပြုပြီး အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင် တစ်ကိုယ်လုံး အကုသိုလ်အစုကြီးသာ ဖြစ်နေကြပါလိမ့်မယ်။ ဒါကြောင့် ဘယ်သူဘာဖြစ်တယ်၊ ဘာပြောတယ်ဆိုတာတွေကို လိုက်ကြည့်ပြီး အကုသိုလ်ဖြစ်နေကြတာထက် ကိုယ်ဘာဖြစ်တယ်၊ ကိုယ်ဘာလုပ်တယ်၊ ကိုယ်ဘယ်လို နေထိုင်သင့်တယ် စတာတွေကို အရင်သတိပြု ဆင်ခြင်ကာ ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် ကြိုးစားသင့်ကြပါတယ်။

မှန်ပါတယ်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ ဘုန်းဘုန်းတို့ မြတ်စွာဘုရားရှင်ကလည်း သူများကို မကြည့်ဘဲ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ဖို့ ဟောတော်မူပါတယ်။ ဘုရားရှင်က

``န ပရေသံ ၀ိလောမာနိ၊ န ပရေသံ ကတာကတံ။
အတၱေနာ၀ အေ၀ေကၡယ်၊ ကတာနိ အကတာနိ စ။ (ဓမၼ၊ ၅၀)
သူတပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ကို မကြည့်ရှုရာ၊ သူတပါးတို့၏ ကောင်းမှု မကောင်းမှု ပြုမပြုကို မကြည့်ရှုရာ၊ မိမိ၏ ကောင်းမှု မကောင်းမှု ပြုမပြုကိုသာလျှင် ကြည့်ရှုရာ၏။`
` လို့ ဓမ္မပဒ၊ ပါဝေယျအာဇီဝက ၀တ္ထုမှာ ဟောထားတော်မူပါတယ်။

တကယ်တော့ သေချာတွေးကြည့်ရင် ကိုယ်အပါဝင် လောကကြီးမှာ ခြောက်ပြစ်ကင်း ပြည့်စုံတဲ့သူဆိုတာ မရှိကြပါဘူး။ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့ စကားနဲ့ ပြောရရင် ``သဗ္ဗညုတ ဉာဏ်ကိုမရသေးသမျှ သတ္တ၀ါတွေဟာ အအတွေချည်းပါပဲ`` တဲ့။ ဟုတ်တယ်။ အအတွေ၊ အကန်းတွေ ဖြစ်နေကြတဲ့အတွက် ရမ်းမြင်၊ ရမ်းပြောမိကြတာပါ။ အဲလို ရမ်းမိကြတဲ့အတွက်လည်း မကောင်းတာတွေ ဖြစ်ကုန်ကြပြီး အကုသိုလ်တွေ ရကုန်ကြပါတယ်။ ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ… ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

ကောင်းအောင်လုပ်ဖို့ဆိုတာ တစ်ခါတည်းတော့ မလွယ်ပါဘူး။ တဖြည်းဖြည်း လေ့ကျင့်ပေးမှ ရမှာပါ။ အဲလို လေ့ကျင့်တဲ့အခါ အရင်ဆုံး ကိုယ့်ကိုယ်ကို လေ့ကျင့်ကြည့်ရပါတယ်။ ကိုယ့်ကိုယ်ကို ပြန်စိစစ်ပြီး ကိုယ်ဘယ်လို စရိုက်တွေ၊ ဘယ်လိုအကျင့်တွေ ရှိတယ်ဆိုတာ အရင်မြင်အောင် ကြိုးစားရပါတယ်။ ကိုယ့်ကိုယ်ကို မြင်လာပြီဆိုရင် နောက်တစ်ဆင့်တက်ပြီး ပြင်လာနိုင်အောင် ကြိုးစားရပါမယ်။ ပြင်တယ်ဆိုတာက မကောင်းလို့သာ ပြင်ရတာပါ။ ကောင်းနေတဲ့အရာဟာ ပြင်စရာမလိုပါဘူး။ ဒီအတိုင်း ဆက်ကောင်းနိုင်အောင်ပဲ ကြိုးစားရပါတယ်။ ဒီတော့ ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့ ဒါမကောင်းဘူးဆိုတာ သိရင် အဲဒီမကောင်းတာကို နောက်ထပ်မဖြစ်အောင် လေ့ကျင့်ကြည့်ရပါမယ်။ ဒီအကျင့်ဟာ မကောင်းဘူး၊ ဒီလိုပြောတာမကောင်းဘူး၊ ဒီလိုတွေးတာ မကောင်းဘူးဆိုတာကို မြင်အောင်ကြည့်ပြီး နောက်တစ်ခါ ဒီလိုမဖြစ်အောင် သတိထား လေ့ကျင့်ကြည့်ရပါမယ်။ တစ်ခါမရရင် နောက်တစ်ခါပေါ့။ နောက်တစ်ခါ မရတော့လည်း နောက်တစ်ခါပေါ့။ အဲလို ထပ်ခါထပ်ခါ သတိထားပြုပြင် သွားမယ်ဆိုရင် မရဘူးဆိုတာ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကို မြင်အောင်ပြန်ကြည့်တတ်ဖို့ပါ။ ကိုယ်မကောင်းတာကို သိအောင်လုပ်ဖို့ပါ။ သိလာ၊ မြင်လာ ကြည့်တတ်လာရင် နောင်ပြင်လာတတ်လာပါလိမ့်မယ်။ တစ်ချို့က အဲလိုကို မမြင်တတ်ကြ၊ မကြည့်တတ်ကြတာပါ။ သူများအပြစ်ကိုသာ ဆီလိုအပေါက်ရှာပြီး ကြည့်တတ်မြင်တတ်ကြတာပါ။ ကိုယ့်အပြစ်ကြတော့ ဘယ်တော့မှကို မမြင်တတ်ကြပါဘူး။ မြင်တယ်ပဲထားဦး ၀န်ခံဖို့ တော်တော်ဝန်လေးတတ်ကြပါတယ်။ ငါဆိုတဲ့မာနက ခံနေလေတော့ မှားမှန်းသိရက်နဲ့ကို အဲဒီအမှားအတိုင်း ဇွတ်တင်းခံနေတတ်ကြပါတယ်။ အဲဒါက အဆိုးဆုံးပါ။ အမှားကို မပြုပြင်ကြဘဲ နေကြတာက ဘ၀ဆက်တိုင်း နစ်သထက်နစ်နေမယ့် အဖြစ်ပါ။

ဒါကြောင့် ကာမဂုဏ်အာရုံတွေ အပြည့်ဖြစ်နေတဲ့ လောကကြီးမှာ အမှားအမှန်နဲ့ ကုသိုလ်အကုသိုလ်ကို ခွဲခြားဖို့ခက်တဲ့ ပုထုဇင်များ ဖြစ်နေကြတဲ့အတွက် အပြစ်ဆိုတာဟာ ကိုယ့်ကိုယ်အကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကိုယ်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။ တကယ်အပြစ် ကင်းချင်ရင် အရင်ဆုံးကိုယ့်ကိုယ်ကို မြင်အောင်ကြည့်ပြီး ပြင်တတ်ရပါမယ်။ သူများဘာဖြစ်တယ် ဘာလုပ်တယ်ဆိုတာကို မကြည့်ဘဲ ကိုယ်ကောင်းတာလုပ် မလုပ်ကိုသာ အရင်ကြည့်တတ်ရပါတယ်။ အပြစ်များတဲ့ လောကကြီးမှာ အတတ်နိုင်ဆုံး အပြစ်မဖြစ်အောင် နေနိုင်မှ တော်ကာကျပါတယ်။ ဒါကြောင့် သူများရဲ့ အပြစ်တွေကို မကြည့်ကြဘဲ ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပြီး ကိုယ့်မှာအကုသိုလ် အဖြစ်နည်းအောင် ကြိုးစားကြဖို့ အထူးတိုက်တွန်းရင်း ``ကိုယ့်ကိုယ်ကိုသာ ပြန်ကြည့်ပါ``ဟု…

Read more »

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…

တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဟောင်း နိုမုဟျောင်းတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်ဆိုတဲ့ သတင်းကို အားလုံးကြားသိပြီး ဖြစ်ကြမှာပါ။ ဒီသမ္မတဟာ လာဘ်စားမှုများနဲ့ အမှုရင်ဆိုင်နေရချိန်မှာ အခုလို ကိုယ့်ကိုယ်ကို ကြိုတင်ကြံစည်ပြီး အဆုံးစီရင်သွားခြင်း ဖြစ်ပါတယ်။ ဘ၀ရဲ့ ဒုက္ခ၊ ကြုံလာရတဲ့ လောကဓံတွေနဲ့ ရင်ဆိုင်နေရတဲ့ သူတစ်ယောက်ရဲ့ ထွက်ပေါက်အဖြစ် ဒီဒုက္ခ၊ ဒီလောကဓံတွေက လွတ်မြောက်အောင် ``ဒီလောက်ဖြစ်လှတာ သေတာပဲကောင်းပါတယ်၊ ဒါမှ ဒီဒုက္ခတွေက ငြိမ်းမှာ``ဆိုတဲ့ အတွေးများနဲ့ နိုမုဟျောင်း သမ္မတတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးသတ်သွားခြင်းလား… ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုစီရင်လိုက်ရတာလဲ… စသဖြင့် တွေးစရာဖြစ်ခဲ့ပြန်ပါတယ်။ တကယ်လို့သာ ငါသေသွားရင် ပြီးတာပဲဆိုတဲ့ အတွေးနဲ့ ဘ၀ကို အဆုံးသတ်ခဲ့တာ ဆိုရင်တော့ သူထင်သလို ဘ၀က အဆုံးသတ်သွားပါ့မလား…။ ဒီလိုလုပ်ခြင်းဖြင့်ကော ဒီဒုက္ခတွေက တကယ်ငြိမ်းသွားမှာလား…။ ဘ၀သံသရာ ကျင်လည်ရတဲ့ သတ္တ၀ါတွေရဲ့ ဒုက္ခသံသရာဟာ ဒီလိုနည်းတွေနဲ့ ဖြတ်လို့ တကယ်ပြတ်ပါ့မလား.. ဆိုတာ စဉ်းစားစရာပါ။

သေချာပါတယ်။ ဒီလို ကိုယ့်ကိုယ်ကို သတ်သေလိုက်ရုံနဲ့တော့ သတ္တ၀ါတွေ ခံစားရတဲ့ ဒုက္ခတွေက ပြတ်သွားမှာ မဟုတ်သလို ငြိမ်းသွားမှာလည်း မဟုတ်ပါဘူး။ အမှန်တော့ ဘုန်းဘုန်းတို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင် ``ဒီဘ၀ပြီးရင် အားလုံးပြီးပြီ၊ သတ္တ၀ါအားလုံး ဒီဘ၀က သေသွားရင် နောက်ထပ်တစ်ဖန် ဘာမှမရှိတော့ဘဲ ဘ၀အဆုံးသတ်သွားပြီ၊ ကံကံရဲ့ အကျိုးဆိုတာတွေလည်း မရှိဘူး..`` စသဖြင့် အရာအားလုံး ဒီဘ၀ပြီးရင်ပြတ်ပြီလို့ အယူရှိတာဟာ ဥစ္ဆေဒဒိဋ္ဌိ ဖြစ်ပါတယ်။ ဒီဒိဋ္ဌိရှိနေရင် အယူအဆတွေဟာ လွဲမှားနေပြီး မှန်ကန်တဲ့ သမ္မာဒိဋ္ဌိ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီဘ၀နိဂုံး ချုပ်သွားရင် ပြီးရောဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေတာဟာ တကယ်မပြီးတဲ့အပြင် ပိုလို့တောင် ဒုက္ခတွေ တိုးလာနေပါတယ်။ ဘ၀သံသရာ ဒုက္ခပင်လယ်ကြီးမှာ ပိုလို့တောင် မျောနေပါလိမ့်မယ်။ ဥစ္ဆေဒဒိဋ္ဌလို့ ခေါ်တဲ့ အသိအမြင် မှားတွေရှိတဲ့အတွက် ဒုက္ခက မပြတ်ဘဲ ထပ်သာနေပါလိမ့်မယ်။

တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက်ကား ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ မှန်ပါတယ်။ ဒီ အ၀ိဇ္ဇာ၊ တဏှာဆိုတဲ့ အကြောင်းတရားများကြောင့် သတ္တ၀ါများ နာမ်ရုပ်အစုဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိနေကြပြီး ခန္ဓာရှိလာတဲ့အတွက် အိုရ၊ နာရ၊ သေရ၊ စိုးရိမ်ပူဆွေးရ၊ ၀မ်းနည်းကြေကွဲရတဲ့ ဒုက္ခတွေဖြစ်နေကြတာပါ။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

ဘုန်းဘုန်းတို့ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကား ရှိပါတယ်။ အဲဒီစကားတော်က အားလုံးသိပြီးသားဖြစ်တဲ့ ``အနေကဇာတိ သံသာရံ``အစရှိတဲ့ ဥဒါန်းစကားတော်ပါ။ ဒီဥဒါန်းစကားတော်ရဲ့ အဓိပ္ပါယ်က

``အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ…။`` (ဥဒါန၀တ္ထု)

ဒီစကားတော်ဟာ ဘုရားရှင် နှုတ်တော်မှ ထုတ်ဖော် ကျူးရင့်တော်မူခဲ့တဲ့ ဥဒါန်းစကားတော်ဖြစ်ပါတယ်။ ဘုရားရှင်ကိုယ်တော်တိုင်ပင် အမှန်သစ္စာကို ရှာဖွေဖို့ ပါရမီတော်တွေကို အကြိမ်ကြိမ်ဖြည့်ကျင့်စဉ် အခါမှာလည်း မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတို့ကြောင့် ဘ၀ပေါင်းများစွာ ဒုက္ခများနှင့် သံသရာကျင်လည်ခဲ့ရကြောင်း၊ ထိုဒုက္ခများကို ဖြစ်စေတတ်တဲ့ တဏှာရဲ့ ချယ်လှယ်မှုကြောင့် ခန္ဓာအိမ်ကို အကြိမ်ကြိမ်ဖွဲ့ခဲ့ရကြောင်း၊ သစ္စာလေးပါးကို သိမြင်တော်မူပြီး ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် အခါမှသာ တဏှာ၏ချယ်လှယ်မှုမှ လွတ်မြောက်ကာ ဒုက္ခအပေါင်းမှ ကင်းလွတ်တော်မူခဲ့ကြောင်း၊ တဏှာကို ပယ်သတ်နိုင်ခဲ့သဖြင့် နောက်ထပ်တစ်ဖန် ဘ၀ကျင်လည်မှု မရှိတော့သဖြင့် ဒုက္ခများလည်း ကင်းတော်မူခဲ့ပြီး ဖြစ်ကြောင်း ဥဒါန်းကျူးကာ ထုတ်ဖော်ပြသခဲ့ပါတယ်။

မှန်ပါတယ်။ ဒုက္ခအစုသာဖြစ်တဲ့ ခန္ဓာကိုယ်ကို ရရှိလာကြတဲ့ ပုထုဇင်များ အနေဖြင့် ဒုက္ခတွေ၊ စိုးရိမ်ပူဆွေး ငိုကြွေးရတာတွေ၊ ပူလောင်ခံစားရတာတွေမှ ကင်းဝေးဖို့ ရရှိလာတဲ့ ခန္ဓာကိုယ်ကို အဆုံးစီရင် သတ်သေလိုက်ခြင်းဖြင့် ဒီဒုက္ခတွေမှ ကင်းဝေးကြမှာ မဟုတ်ဘဲ ဒီဒုက္ခတွေရဲ့ အကြောင်းမူလဖြစ်တဲ့ တဏှာကို သတ်နိုင်မှသာ အမှန်တကယ် သောကကင်းဝေးနိုင်ကြမယ်ဆိုတာ သေချာနားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဘ၀ပေါင်းများစွာမှာ မသိမှု အ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် မရေတွက်နိုင်အောင် ဒုက္ခပင်လယ် ဝေခဲ့ရပြီးပါပြီ။ ဒီတရားတွေကြောင့်ပဲ ယခုဘ၀ ခန္ဓာအစုကို ရရှိလာခဲ့ရပြန်ပါပြီ။ ``ဒီဘ၀ကို ရလာလို့ ဒီလိုဒုက္ခတွေနဲ့ ကြုံရတာ``ဆိုပြီး ရုပ်နာမ်အစုသာဖြစ်တဲ့ ဒီခန္ဓာကိုသတ်လိုက်ပေမယ့် တဏှာကို မသတ်နိုင်သေးတော့ နောင်ဘ၀မှာလည်း ခန္ဓာက ပြန်ရနေကြဦးမှာပါ။ သစ်ပင်သတ်သလိုပေါ့။ သစ်ပင်ကို အမြစ်က မသတ်ဘဲ အကိုင်းအခက်တွေကို သတ်နေလို့ကတော့ ပိုလို့တောင် အညွှန့်တလူလူ ဖြစ်နေဦးမှာပါ။ အမှန်တကယ် သေစေချင်ရင်တော့ ရေသောက်မြစ်ကို သတ်မှသေမှာပါ။ ဒီလိုပါပဲ ဘ၀သံသရာ ဒုက္ခတွေငြိမ်းဖို့က တစ်ဘ၀ပဲ သေစေနိုင်တဲ့ ကိုယ့်ကိုယ်ကို သတ်သေတာထက် အမြစ်မကျန် အကြွင်းမဲ့သေစေနိုင်တဲ့ ရေသောက်မြစ်နဲ့တူတဲ့ တဏှာကို သတ်နိုင်မှ အမှန်ငြိမ်းမှာပါ။ ဒါကြောင့် အမှန်တကယ် သေချင်တယ်၊ ဒုက္ခအပေါင်းမှ အမှန်ငြိမ်းချင်တယ်၊ ဒီဘ၀ ဒီခန္ဓာ ဒီအခြေအနေကို တကယ်စိတ်ကုန်တယ် ဆိုရင် ရုပ်နာမ်အစုဖြစ်တဲ့ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားတာထက် ဒီဒုက္ခတွေ ဖြစ်စေတဲ့ တဏှာကို သတ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ တဏှာကို သတ်နိုင်မှ ဒုက္ခအပေါင်းလည်း ပြတ်မှာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို မသတ်ဘဲ သူ့ကိုသတ်ပြီး အပြတ်ရှင်းနိုင်ဖို့ ``သူ့ကိုသတ်မှ ပြတ်မှာပါ``လို့ သတိပေးစကား ပါးလိုက်ရပါတယ်။ သူဆိုတဲ့ တဏှာကို သတ်ဖို့အတွက်ကတော့…

Read more »

အကုသိုလ်ဖြစ်ကြောင်း၊ မဖြစ်ကြောင်းတရားများ..

``ပါပါသ္မိံ ရမ္မတိ မနော- စိတ်သည် မကောင်းမှုမှာ မွေ့လျော်၏``လို့ ဆိုတဲ့အတိုင်းပဲ သူသူကိုယ်ကိုယ် ပုထုဇင်မှန်သမျှ ကုသိုလ်ထက် အကုသိုလ်ဖြစ်ဖို့က ပိုများတတ်ပါတယ်။ အမှန်တော့ ကုသိုလ်ဖြစ်ဖို့လည်း လွယ်ပါတယ်။ ကုသိုလ်ဖြစ်အောင် နေဖို့လုပ်ဖို့သာ ခက်နေကြခြင်း ဖြစ်ပါတယ်။ သူနဲ့ဆန်ကျင်ဘက် အကုသိုလ်ကတော့ ဖြစ်ဖို့လည်း လွယ်သလို လုပ်ဖို့လည်း လွယ်ပါတယ်။ လုပ်မိရင်လည်း ဖြတ်ဖို့ခက်ပါတယ်။ ကြာတော့ အကုသိုလ်ကိုလုပ်ရင်း အကုသိုလ်ကို အကုသိုလ်လို့ မမြင်တတ်တော့ဘဲ သာမန်နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခုလို ဖြစ်သွားပြီး ပျော်ပျော်ပါးပါး လုပ်နေတတ်တော့တာပါ။ ဒါကြောင့် အကုသိုလ်ဟာ အသေးအဖွဲလေးကစပြီး အထင်မသေးသင့်၊ မလုပ်သင့်ပါဘူး။ တစ်နေ့တစ်နေ့ ကုသိုလ်မဖြစ်ချင် နေပါစေ အကုသိုလ်မဖြစ်အောင်တော့ အထူးသတိပြုရပါမယ်။ အကုသိုလ်မဖြစ်အောင် ထိန်းသိမ်းနေထိုင်ရပါမယ်။ စိတ်ဆိုတာကလည်း တစ်ခါတည်းတော့ ရအောင်ထိန်းလို့ မလွယ်ပါဘူး။ တစ်ဖြည်းဖြည်း လေ့ကျင့်ပြီး ထိန်းသိမ်းပေးမှ ရတာပါ။ အကုသိုလ်မဖြစ်အောင် နေဖို့အတွက်လည်း စိတ်ကိုထိန်းသိမ်း လေ့ကျင့်ပေးရပါတယ်။ ကိုယ့်သန္တာန်မှာ အကုသိုလ်ဖြစ်စေမယ့် အရာများ မဖြစ်ပေါ်အောင်၊ ကုသိုလ်ဖြစ်စေမယ့် တရားများ တိုးလာအောင် အားထုတ်ပေးရပါတယ်။ အကုသိုလ်ဖြစ်စေမယ့် အရာများကို ပယ်စွန့်ပြီး ကုသိုလ်ဖြစ်စေမယ့် တရားများ ခိုင်မြဲလာအောင် ကြိုးစားပေးရပါတယ်။ ဘုရားရှင်ကတော့ အကုသိုလ်ဖြစ်ကြောင်း တရားများ၊ အကုသိုလ်မဖြစ်စေမယ့် တရားများကို ဟောကြားပေးထားတာ ရှိပါတယ်။ အင်္ဂုတ္တရ ပါဠိတော် သမာပတ္တိသုတ်မှာ ဘုရားရှင် ဟောတော်မူထားတဲ့ အကုသိုလ်ဖြစ်ကြောင်း မဖြစ်ကြောင်း တရားများကို ဓမ္မမိတ်ဆွေများ သိရှိမှတ်သား၊ လိုက်နာကျင့်သုံးနိုင်ရန် တင်ပြလိုက်ပါတယ်။

ဘုရားရှင်က…
``ရဟန်းတို့ ယုံကြည့်မှု သဒ္ဓါသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ယုံကြည်မှုသဒ္ဓါ ပျောက်ကွယ်၍ မယုံကြည်မှု မြှေးယှက်တည်နေသော အခါ၌မူကား အကုသိုလ် ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ရှက်မှု ဟိရီသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ရှက်မှုဟိရီ ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မရှက်မှု အဟိရိက မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ (မကောင်းမှု အကုသိုလ်၌) ကြောက်လန့်မှု သြတ္တပ္ပသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ ကြောက်လန့်မှု သြတ္တပ္ပသည် ပျောက်ကွယ်၍ (မကောင်းမှု အကုသိုလ်၌) မကြောက်လန့်မှု အနောတ္တပ္ပ မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ အားထုတ်မှု ၀ီရိယသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ အားထုတ်မှု ၀ီရိယ ပျောက်ကွယ်၍ ပျင်းရိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။
ရဟန်းတို့ သိမှုပညာသည် ကုသိုလ်တရားတို့၌ တည်နေသမျှ ကာလပတ်လုံး အကုသိုလ်မဖြစ်ပေါ်နိုင်၊ ရဟန်းတို့ သိမှုပညာ ပျောက်ကွယ်၍ မသိမှု မြှေးယှက်တည်နေသော အခါ၌မှုကား အကုသိုလ်ဖြစ်ပေါ်လာ၏။``
ဟု မိန့်တော်မူပါတယ်။

ဒီဒေသနာတော်အရ ပြောရရင် အကုသိုလ်ဖြစ်ခြင်း၊ မဖြစ်ခြင်းအကြောင်း တရားများမှာ ကိုယ့်သန္တာန်မှာ သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ရှိခြင်း၊ မရှိခြင်းအပေါ်တွင် မူတည်နေသည်ကို သဘောပေါက်နိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဘုရားတရားသံဃာ ရတနာ မြတ်သုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရား ခိုင်မြဲစွာ ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ရှက်တတ်တဲ့ ဟိရီတရား ရှိနေသမျှ ကာလပတ်လုံး၊ မကောင်းမှု အကုသိုလ်ကို ပြုလုပ်ရမှာ ကြောက်တတ်တဲ့ သြတ္တပ္ပတရား ရှိနေသမျှ ကာလပတ်လုံး၊ အကုသိုလ်မဖြစ်အောင်နဲ့ ကုသိုလ်ဖြစ်အောင် ကြိုးစားအားထုတ်တဲ့ ၀ီရိယတရား ရှိနေသမျှ ကာလပတ်လုံး၊ အမှန်သစ္စာ တရားကို သိတတ်တဲ့ ပညာတရား ရှိနေသမျှ ကာလပတ်လုံး အကုသိုလ်တရားများ မဖြစ်ပေါ်နိုင်ကြောင်း နားလည်မှတ်သားနိုင်ပါတယ်။ ပြီးတော့ ဒီတရားတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ရတနာသုံးပါး ကံကံ၏အကျိုးကို မယုံကြည်မှု၊ မကောင်းမှု အကုသိုလ်များမှာ မရှက်မှု၊ မကြောက်မှု၊ ပျင်းရိမှု၊ မသိမှု တရားများ ကိုယ့်သန္တာန်မှာ ကိန်းနေ၊ ရှိနေမယ်ဆိုရင် အကုသိုလ်ကတော့ ဖြစ်နေရှိနေမယ် ဆိုတာလည်း သတိပြုနိုင်ပါတယ်။

ဒါကြောင့် စိတ်ဟာ မကောင်းမှုမှာ မွေ့လျော်လေ့ရှိတဲ့ အတွက် ဒီစိတ်ကို ထိန်းချုပ်နိုင်စေရန် ကြိုးစားတဲ့အခါမှာ ဗုဒ္ဓရှင်တော် ဟောတော်မူခဲ့တဲ့ အတိုင်း သဒ္ဓါ၊ ဟိရီ၊ သြတ္တပ္ပ၊ ၀ီရိယ၊ ပညာ တရားများ ကိုယ့်သန္တာန်မှာ ခိုင်မြဲလာအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ယုံကြည်မှုကို ခိုင်မြဲစွာ တည်ဆောက်ပြီး မကောင်းမှု အကုသိုလ်ရဲ့ အပြစ်တွေကို အမှန်ရှက်ကြောက်ကာ ဒီအကုသိုလ်တွေ မဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ကြိုးစားမှုနဲ့ အမှန်တရားကို မြင်တတ်တဲ့ ပညာကို လက်ကိုင်ထားကြမယ် ဆိုရင် ဖြစ်ဖို့လွယ်၊ လုပ်ဖိုလွယ်တဲ့ အကုသိုလ်ဟာ တစ်ဖြည်းဖြည်း အဖြစ်နည်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် ကုသိုလ်နဲ့ အကုသိုလ်မှာ ကုသိုလ်တရားဟာ များလေကောင်းလေဖြစ်ပြီး အကုသိုလ်တရားကား နည်းလေကောင်းလေ၊ မရှိလေကောင်းလေ ဖြစ်တဲ့အတွက် အကုသိုလ်ဖြစ်စေမယ့် တရားများကို ရှောင်ရှားပြီး ကုသိုလ်ဖြစ်ကြောင်း တရားများနဲ့ နေနိုင်အောင် အစဉ်သတိဆောင်ကာ ကြိုးစားလေ့ကျင့်နိုင်ကြဖို့ ဘုရားဟော တရားတစ်ပုဒ်ကို သာဓကထုတ် တင်ပြလိုက်ရပါတယ်။

Read more »

ဘယ်လိုနေလို့ ဘယ်လိုသေကြမလဲ…

ခုတစ်လော ဘုန်းဘုန်းတို့ မြန်မာများရဲ့ နာရေးသတင်းတွေ မကြာမကြာ ကြားသိနေရပါတယ်။ တစ်ယောက်ကလည်း ငါးထပ်တိုက်ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်တဲ့…။ ခုတစ်ယောက်ကျပြန်တော့လည်း လုပ်ငန်းခွင်မှာ ရုတ်တရက် ပြင်းထန်စွာ ထိခိုက်ပြီး ဆေးရုံမှာ သေသွားတာတဲ့…။ ကြည့်လိုက်တော့ အသက်တွေက ငယ်ငယ် အရွယ်ကောင်းလေးတွေဖြစ်ပြီး ရုပ်ရည်ကလည်း သန့်သန့်ပြန့်ပြန့်လေးတွေချည်းပဲ..။ ဒါပေမယ့် သူတို့တွေကတော့ ခုမရှိတော့ပါဘူး…။ ဘယ်ဘ၀ကိုရောက်လို့ ဘာတွေဖြစ်ကုန်ကြပြီလဲ ဆိုတာတော့ သူတို့ကိုယ်တိုင်ပဲ သိကြမှာပါ။ သေသွားသူတွေရဲ့ အခြေအနေတွေ ကြည့်လိုက်ရင် သက်သောင့်သက်သာ သေသွားတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ တိုင်းတစ်ပါးမှာလာပြီး ဘ၀အတွက် ကြိုးစားရုန်းကန်နေကြရင်း သေသွားကြတာဆိုတော့ ဘယ်မှာလာပြီး သက်သောင့်သက်သာ ရှိပါ့မလဲ…ပေါ့။ သေသူတွေက သေသွားကြပေမယ့် ကျန်တဲ့သူတွေမှာ ပြဿနာပါ။ ကိုယ့်တိုင်းပြည်မှာလို ဗုဒ္ဓဘာသာ အစဉ်အလာ ဓလေ့ထုံးစံများအရ သေသူတွေအတွက် လုပ်ပေးချင်ပေမယ့် လုပ်ပေးခွင့်မရ ဖြစ်ရပြန်ပါတယ်။ အလုပ်တွေမအားကြတာတွေရယ်… ပိတ်ရက်မဟုတ်တာတွေရယ်… စတာတွေက သေသွားသူတွေအတွက် နောက်ဆုံးခရီးမှာ အခက်တွေ့ကြရပြန်ပါတယ်။ တတ်နိုင်သမျှ နောက်ဆုံးခရီးကို စည်စည်ကားကား လုပ်ပေးလိုက်ကြချင်ပေမယ့် အားလုံးက စိတ်သွားတိုင်း ကိုယ်မပါတဲ့ အခြေအနေ ဖြစ်နေကြပြန်ပါတယ်။ သူ့ဆန်စား ရဲစေဆိုသလို သူများဆီမှာ ပိုက်ဆံယူ အလုပ်လာလုပ်နေကြတာ ဖြစ်တဲ့အတွက် သူတို့မျက်နှာ ကြည့်နေကြရတော့ ကိုယ့်လူမျိုးအချင်းချင်း ကူညီသင့်တာတောင်မှ မကူညီနိုင်တဲ့ဘ၀…။ တွေးကြည့်ရင် ရင်နာစရာတွေချည်းပါပဲ…။ ဒါကြောင့်ပဲ သူတို့ရဲ့ နောက်ဆုံးခရီးကို အဆင်ပြေသလို စီစဉ်လိုက်ရတာတွေ ဖြစ်ကုန်တာပါ။ နောက်ဆုံး အရင်းစစ်တော့ သူများတိုင်းပြည်မှာ ဖြစ်နေလို့လို့ ပြောလို့ရပေမယ့် တစ်ဘက်က ဖြေကြည့်ပြန်တော့လည်း ``လောကကြီးက ကိုယ်ဖြစ်ချင်သလို ဖြစ်မနေဘဲ သူဖြစ်ချင်သလို ဖြစ်နေတာပါလား`` ဆိုတဲ့ ကောက်ချက်အဖြေတစ်ခုတော့ ထွက်ခဲ့ကြတာပေါ့…။

ရှိစေတော့။ သေသူတွေကတော့ သေသွားခဲ့ကြပါပြီ။ မသေသေးဘဲ အသက်ရှင် ကျန်နေသေးတဲ့ ကိုယ့်အတွက်ကော ဘယ်လိုလုပ်ကြမလဲ…။ ဘယ်လိုနေကြမလဲ…။ ပြီးတော့ ကိုယ့်အလှည့်ကျရင်ကော ဘယ်လိုသေကြမလဲ…။ ရှေ့မှာသေသွားကြသူတွေကိုကြည့်ပြီး ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုတဲ့ အတွေးလေးနဲ့ တွေးကြည့်၊ သံဝေဂယူကြည့်မိရင်တော့ သိပ်ကောင်းမှာပါ။ ဒါပေမယ့် တစ်ရာတစ်ယောက် ဒီအတွေး မဖြစ်ခဲ့ကြပါဘူး။ ဖြစ်ခဲ့ရင်လည်း ခဏတဒင်္ဂပဲ ဖြစ်ကြပြီး နောက်တော့လည်း ကိုယ့်ကိုယ်ကို မသေကြတော့မယ့် သူတွေလို သောက်သောက်စားစား ဟိုလိုလိုဒီလိုလိုနဲ့ပဲ အချိန်ကုန်သွားကြတော့တာပါပဲ။ ရှေ့ကတရားပြသွားသူတွေ ရှိပေမယ့် ကျန်ခဲ့တဲ့သူတွေကတော့ ကိုယ့်ကိုယ်ကို မသေတော့မယ့် သူတွေလို ကိုယ်ကျင်လည် လုပ်ကိုင်နေရတဲ့ ဘ၀လေးမှာပဲ တပ်မက်တွယ်တာပြီး အချိန်တွေကို ကုန်ဆုံးနေကြတော့တာပါပဲ။ ပိုဆိုးတာက သေခြင်းတရားကို ဆင်ခြင်ဖို့ဝေးစွ အားလုံးသေကြရမယ့် သူတွေချင်းအတူတူ မာန၊ အာဃာတ၊ ဒေါသ၊ မနာလို၊ ၀န်တိုမှု တွေနဲ့သာ ဆက်ဆံနေကြလေတော့ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှု၊ စိတ်မချမ်းသာမှုတွေသာ တိုးနေကြကုန်တော့တာပါ။ အကယ်၍များ ဒီမကောင်းတဲ့ စိတ်တွေနဲ့သာ သေသွားကြမယ်ဆိုရင်…

တကယ်တော့ လောကကြီးမှာ နေဖို့ခက်သလောက် သေဖို့လည်း ခက်ကြပါတယ်။ ဒါကြောင့် နေဖို့ကြိုးစားကြသလို သေဖို့လည်းကြိုးစားသင့်ပါတယ်။ အနေချောင်ဖို့ ကြိုးစားကြသလို အသေချောင်ဖို့လည်း ကြိုးစားသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ အနေချောင်ဖို့ ကြိုးစားရင်း အသေမချောင်ဘဲ ဖြစ်နေကြတာတွေပဲ များနေတာကို တွေ့ရပါတယ်။ ဆရာတော်ကြီးတစ်ပါး အမိန့်ရှိဖူးတာ အမှတ်ရမိပါတယ်။ ``အနေချောင်ရင် အသေကြပ်မယ်၊ အနေကြပ်မှ အသေချောင်မယ်``တဲ့။

ဟုတ်ပါတယ်။ တစ်ချို့ နေရတဲ့အချိန်လေးမှာ ပေါ့ပေါ့ပါးပါး သွားသွားလာလာနေနေကြပြီး ဘာပဲလုပ်လုပ် အလွယ်လုပ်လိုက်တတ်ကြပါတယ်။ ပြီးပြီးရောသဘောမျိုးနဲ့ ဘာမှမတွေး၊ ဘာမှမကြောက်ဘဲ လုပ်လိုက်တတ်ကြပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းတဲ့အလုပ်လား၊ မကောင်းတဲ့အလုပ်လားဆိုတာ မတွေးဘဲ လုပ်တတ်ကြပါတယ်။ ဘ၀မှာ ဘာမှလေးလေးနက်နက်မရှိ ဖြစ်သလိုလေးပဲ နေတတ်ကြပါတယ်။ ပိုဆိုးတာက မကောင်းတဲ့အလုပ်တွေမှာ သာယာပျော်ပါးနေတတ်တာပါ။ ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ထိန်းသိမ်းပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရမယ့်အစား ကံသုံးပါးကို အလိုလိုက် စိတ်ကြိုက် နေလိုက်တတ်ကြပါတယ်။ လုပ်ချင်ရာ လုပ်ပစ်လိုက်တတ်ကြပါတယ်။ ဒီလိုနေတတ်တဲ့ သူတွေကိုကြည့်ရင် သူတို့ရဲ့ဘ၀လေးတွေဟာ ပေါ့ပါးလိုက်တာ၊ ချောင်လည်လိုက်တာ၊ သက်သောင့်သက်သာ ဖြစ်လိုက်တာလို့ တွေးမြင်နိုင်ပေမယ့် သူတို့ဟာ နေတဲ့အခိုက်မှာသာ ချောင်လည်ကြတာပါ။ သေတဲ့အခါမှာတော့ ကိုယ့်မှာဘ၀သံသရာ အားကိုးစရာဘာမှ မပါတဲ့အတွက် ကြပ်ကုန်ကြပါတယ်။ အနေချောင်ပေမယ့် သူတို့မှာ အသေကြပ်ကုန်ပါတယ်။

တစ်ချို့ကြတော့ အဲလိုမဟုတ်ပါဘူး။ နေတဲ့အခိုက်မှာ အတတ်နိုင်ဆုံး မကောင်းမှုတွေကို မလုပ်ဖြစ်အောင် ကြိုးစားကြပါတယ်။ ကိုယ်ကျင့်သီလကို လုခြုံအောင် ထိန်းကြပါတယ်။ စိတ်ကို အလိုမလိုက်ဘဲ ထိန်းချုပ်ကြပါတယ်။ မဖြစ်သေးတဲ့အကုသိုလ်တွေကို မဖြစ်အောင်၊ ဖြစ်ပြီးသား အကုသိုလ်တွေကို ပယ်နိုင်အောင်၊ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်ပေါ်အောင်၊ ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီးတိုးပွားအောင် ကြိုးစားကြပါတယ်။ ကာမဂုဏ်အာရုံတွေမှာ လိုက်စားပျော်ပါးမှုတွေကို လျော့ပြီး ကောင်းတာတွေနဲ့ ပျော်နိုင်အောင် ကြိုးစားကြပါတယ်။ ကိုယ့်ရဲ့ ကိုယ်၊ နှုတ်၊ စိတ်အမူအရာတွေကို ကောင်းအောင် ကြိုးစားကြပါတယ်။ ဒီလိုသူတွေကို ကြည့်ရင် အရာရာ ထိန်းချုပ်ပြီးနေရတဲ့အတွက် အနေကြပ်လိုက်တာ၊ ပင်ပန်းလိုက်တာလို့ မြင်နိုင်ပါတယ်။ တကယ်လည်းပင်ပန်းပါတယ်။ ဒါပေမယ့် သူတို့ဟာ တဒင်္ဂနေရတဲ့ အခိုက်မှာ အနေကြပ်ပေမယ့် သေတဲ့အခါမှာတော့ အသေချောင်သွားကြပါတယ်။ ဘ၀သံသရာ အားကိုးစရာတွေ ပါသွားတဲ့အတွက် သေတဲ့အခါ ဘာမှစိုးရိမ်ကြောက်လန့်စရာ မရှိ သက်သောင့်သက်သာ သေသွားနိုင်ကြပါတယ်။ သူတို့ရဲ့ဘ၀ဟာ အနေကြပ်ပေမယ့် အသေချောင်သွားပါတယ်။ ဒါကြောင့် ဆရာတော်ကြီးက အသေချောင်ချင်ရင် နေတဲ့အခိုက်မှာ အနေကြပ်ခံ၊ အပင်ပန်းခံပြီး ကိုယ့်ရဲ့ကိုယ်နှုတ်စိတ် အမူအရာတွေကို မမေ့မလျော့ ထိန်းချုပ်ပါလို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဒါကြောင့် နေရတဲ့အခိုက်ဟာ ခဏလေးဖြစ်တဲ့ ဒီဘ၀မှာ သေခြင်းတရားဟာလည်း အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ရောက်လာတတ်တဲ့အတွက် သေသွားတဲ့သူများကို ကြည့်ပြီး သတိပြုဆင်ခြင်ကြဖို့ လိုပါတယ်။ ဘယ်သူမှတော့ ဒီလိုနေရာမျိုး၊ ဒီလိုအခြေအနေမျိုး၊ ဒီလို အသက်အရွယ်မျိုးမှာ သေချင်ကြမှာ မဟုတ်ပါဘူး။ ရှောင်မရ ပုန်းမရလို့သာ သေမင်းခေါ်ရာနောက်ကို ပါသွားကြတာပါ။ ရှေ့မှာ တရားပြသွားတဲ့ သူတွေကလည်း သွားကြပါပြီ။ ကျန်ခဲ့တဲ့ ကိုယ့်အတွက်က သူတို့နဲ့စာရင် အခုမသေသေးတဲ့အတွက် အချိန်မီ သံဝေဂယူ ပြုပြင်သွားမယ်ဆိုရင် မီနိုင်ပါသေးတယ်။ သေမင်းရောက်လာမှ ရောက်လာပေရော အခုအချိန်ဟာ အကောင်းဆုံးအချိန်၊ အရေးကြီးဆုံးအချိန်လို့ တွေးပြီး ကိုယ့်ရဲ့ သေခြင်းတရားအတွက် ဆင်ခြင်သင့်ပါတယ်။ သေမင်းကို ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်သင့်ပါတယ်။ ဒီအတွက် သေမင်းမလာခင် နေရတဲ့အချိန်လေးမှာ အနေအထိုင်ကိုလည်း ရွေးချယ်သင့်ပါတယ်။ နေဖို့လည်း ပြင်ဆင်သင့်ပါတယ်။ ကိုယ်ရွေးချယ်မှုဟာ ကိုယ့်ထံပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် ခုကတည်းက သတိတရားနဲ့ ရွေးချယ်သင့်ပါတယ်။ ဘယ်လိုရွေးချယ်မလဲ…။ အနေချောင်မှုကို ရွေးချယ်မလား…။ အသေချောင်ဖို့ ရွေးချယ်မလား…။ အနေချောင်တာကို ရွေးချယ်ရင်တော့ သေတဲ့အခါ အသေကြပ်ပါလိမ့်မယ်။ အသေချောင်ဖို့ ရွေးချယ်ရင်တော့ နေတဲ့အခါ အနေချောင်မှာ မဟုတ်ပါဘူး။ ကိုယ်ံနှုတ်စိတ်တွေကို ထိန်းသိမ်းပြီး နေကြရပါတော့မယ်။ အရင်လို ပေါ့ပေါ့ပါးပါး ဖြစ်သလို နေလို့မရတော့ပါဘူး။ အကုသိုလ်တွေကို ရှောင်ပြီးကုသိုလ်တွေနဲ့ နေနိုင်အောင် ကြိုးစားရပါတော့မယ်။ လောကမှာ ထိန်းချုပ်ဖို့အခက်ဆုံးဟာ စိတ်ပဲဖြစ်တဲ့အတွက် ဒီလိုကံသုံးပါးကို လုံခြုံအောင်ကြိုးစားခြင်းဟာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အခက်ခဲဆုံး အလုပ်ပါ။ နေထိုင်ရတာ အကြပ်ဆုံး အလုပ်ပါ။ ဒါပေမယ့် ဒီလိုအနေကြပ်အောင် ကြိုးစားနေထိုင်ခြင်းရဲ့ အကျိုးကတော့ သေတဲ့အခါ အသေချောင်မယ်ဆိုတာပါပဲ။ အသေချောင်ရင်တော့ သံသရာဘ၀ကူးလည်း ကောင်းပြီပေါ့။ ဒါကြောင့် စာဖတ်သူအနေဖြင့် ဘာကိုရွေးချယ်မလဲ…။ အနေချောင်ပြီး အသေကြပ်တာကို ရွေးချယ်မလား…။ ဒါမှမဟုတ် အနေကြပ်ပြီး အသေချောင်တာကို ရွေးချယ်မလား…။ အချိန်မရှိတော့ပါသဖြင့် အမြန်ဆုံးရွေးချယ်လိုက်ကြပါ။ ပြီးရင်တော့….

Read more »

သစ္စာတရား၊ ဖြောင့်ဖြူးသောလမ်း နှင့် ကြောင်းကျိုးဆက်စပ်မှု…

သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အကြောင်း စာရေးသူနှင့်တွေ့သူ အတော်များများက မေးလေ့ရှိကြသည့်အပြင် ၎င်းတို့အနေဖြင့် စာအုပ်များ ရှာဖွေဖတ်ရှုသော်လည်း နားလည်ရန် ခက်ခဲလှပါကြောင်း၊ အချိန်ရ၍ အလျဉ်းသင့်လျှင် နားလည်လွယ်စေမည့် ဆောင်းပါးတစ်ပုဒ်အဖြစ် ရေးသားဖော်ပြပေးစေလိုကြောင်း လျှောက်ထားမှုများ ရှိလာသဖြင့် စာရေးသူလည်း မှတ်မိလွယ်စေမည့် ခေါင်းစဉ်တစ်ခုကို စဉ်းစားကာ ``သစ္စာတရား၊ ဖြောင့်ဖြူးသေားလမ်းနှင့် ကြောင်းကျိုးဆက်စပ်မှု`` ဟူသော ဤခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားဖြစ်ခဲ့ပါ၏။ သာမန်လူများအနေဖြင့် တိကျစွာသိရှိ နားလည်ရန် အလွန်ခက်ခဲသည့် ဤတရားများကို အနည်းငယ်မျှသော်လည်း သညာသိအားဖြင့် သိရှိသွားစေလိုသော ရည်ရွယ်ချက်ဖြင့် ရေးသားတင်ပြရန် ကြိုးစားခဲ့ခြင်းဖြစ်၏။ အရိယသစ္စာ၊ အရိယော အဋ္ဌင်္ဂီကောမဂ္ဂေါ၊ ပဋိစ္စသမုပ္ပါဒေါ စသည့် မူရင်းပါဠိစကားများကို ကြည့်ပါက အရိယာပုဂ္ဂိုလ်များ သိရှိတော်မူသည့် တရားတော်များအဖြစ် မှတ်ယူနိုင်သော်လည်း သာမန်ပုဂ္ဂိုလ်များ အနေဖြင့်လည်း ရှေးဦးစွာ သညာသိအဖြစ် နားလည်သဘောပေါက်စေလျက် ထိုမှတစ်ဆင့် ပညာသိဖြင့် သိနိုင်အောင် ကြိုးစားနိုင်သည့် တရားများဖြစ်ပါ၏။ သို့ဖြစ်၍လည်း တစ်လုံးတစ်ပါဒမျှဖြစ်စေ သညာသိဖြင့် သိသွားပါစေဟူသည် အရိုးခံ ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ဤစာစုကို ရေးသားဖော်ပြဖြစ်ခဲ့ပါ၏။

သစ္စာဟူသော စကားလုံးကို မှန်ကန်ခြင်းဟု ယေဘုယျအားဖြင့် နားလည်ထားနိုင်၏။ ယင်းသစ္စာသည်လည်း သမုတိသစ္စာနှင့် ပရမတ္တသစ္စာအားဖြင့် နှစ်မျိုးမှတ်ယူနိုင်၏။ သမုတိသစ္စာဟူသည် လောကလူသားတို့က ``မှန်သည်ဟု သမုတ်ထားသော အမှန်``ကို ဆိုလိုပြီး ပရမတ္တသစ္စာသည် ``မဖောက်မပြန် အမြဲမှန်ကန်သည့် အမှန်``ကို ဆိုလို၏။ သမုတိသစ္စာသည် ပညတ်သတ်မှတ်ထားသည်များ ဖြစ်သဖြင့် ပညတ်၏ သဘောမှာ အမြဲပြောင်းလဲခြင်း သဘောရှိသဖြင့် တိကျသည့် သစ္စာဟု မဆိုနိုင်ပေ။ သို့ဖြစ်၍လည်း စကားလုံးတစ်လုံး၊ အခေါ်အဝေါ် သတ်မှတ်ချက် တစ်ခုသည် အချို့ကာလ၊ အချို့ဒေသ၊ အချို့ပုဂ္ဂိုလ်များမှာ မှန်ကန်နေတတ်သော်လည်း အခြားတစ်နေရာ၊ အခြားပုဂ္ဂိုလ်၊ အခြားအချိန်များတွင် လွဲမှားနေတတ်သည်ကို တွေ့ရမည်ဖြစ်၏။ ပရမတ္ထသစ္စာသည်ကား မည်သည့်အချိန်၊ မည်သည့်ဒေသ၊ မည်သည့်ပုဂ္ဂိုလ်များတွင် မဆို မဖောက်မပြန် တစ်သမှတ်တည်း ထာဝရ မှန်ကန်နေသော သစ္စာဖြစ်၏။ သို့ဖြစ်၍လည်း မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုး၊ မည်သည့်အချိန်ဖြစ်စေ တစ်ပုံစံတည်း ထင်ရှားဖြစ်ပေါ်နေပြီး မပြောင်းမလဲ မှန်ကန်နေခြင်းဖြစ်၏။ ထိုပရမတ္တသစ္စာတရားကား ယခုဘုရားအစရှိသည့် အရိယသူတော်စင်များ မျက်မှောက်ပြု သိမြင်တော်မူသည့် အရိယသစ္စာခေါ် သစ္စာလေးပါး တရားမြတ်ပင်ဖြစ်ပါ၏။

ထိုအရိယသစ္စာသည် လေးပါးအပြားရှိ၏။ ထိုလေးပါးမှာ
၁။ ဒုက္ခသစ္စာ = ဆင်းရဲကြောင်း အမှန်တရား
၂။ သမုဒယသစ္စာ = ဆင်းရဲဖြစ်ကြောင်း အမှန်တရား
၃။ နိရောဓသစ္စာ = ဆင်းရဲချုပ်ကြောင်း အမှန်တရား နှင့်
၎။ မဂ္ဂသစ္စာ = ဆင်းရဲချုပ်ကြောင်းလမ်းစဉ် အမှန်တရား ဟူ၍ဖြစ်၏။
မဟာသတိပဋ္ဌာနသုတ်တွင် ဤသစ္စာလေးပါးနှင့် ပတ်သက်၍ ဖွင့်ဆိုရှင်းပြထား၏။ ဒုက္ခသစ္စာခေါ် ဆင်းရဲကြောင်း အမှန်တရားများမှာ ပဋိသန္ဓေနေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ စိုးရိမ်ပူပန်ရခြင်း၊ ငိုကြွေးရခြင်း၊ ကိုယ်ဆင်းရဲရခြင်း၊ စိတ်ဆင်းရဲရခြင်း၊ ပြင်းစွာပူပန်ရခြင်း၊ မချစ်မနှစ်သက်ဖွယ်တို့နှင့် တွေ့ဆုံပေါင်းသင်းရခြင်း၊ ချစ်ခင်နှစ်သက်ဖွယ်တို့နှင့် ကွဲကွာကွေကွင်းရခြင်း၊ အလိုရှိသည်ကို မရခြင်း၊ အကျဉ်းအားဖြင့် စွဲလမ်းကြောင်း အာရုံတရားစုဖြစ်သည့် ခန္ဓာငါးပါးတို့ပင် ဖြစ်ကြောင်း၊ သမုဒယသစ္စာခေါ် ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟူသည် တစ်ဖန် ဘ၀သစ်ကို ဖြစ်စေတတ်သည့် နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော၊ ထိုထိုဘ၀အာရုံ၌ အလွန်နှစ်သက်ခြင်းရှိသော တဏှာပင်ဖြစ်ပြီး ထိုတဏှာသည် ကာမဘုံ၌တပ်မက်ခြင်း ကာမတဏှာ၊ ရူပအရူပဘုံ၌ တပ်မက်ခြင်း ဘ၀တဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သည့် ၀ိဘ၀တဏှာတို့ပင် ဖြစ်ကြောင်း၊ နိရောဓသစ္စာခေါ် ဆင်းရဲချုပ်ကြောင်း အမှန်တရားဟူသည် တဏှာ၏ အကြွင်းမရှိချုပ်ရာ တဏှာကို စွန့်ရာ တဏှာမှ လွတ်မြောက်ရာ တဏှာဖြင့် မကပ်ငြိရာ နိဗ္ဗာန်ပင်ဖြစ်ကြောင်း၊ မဂ္ဂသစ္စာခေါ် ဆင်းရဲချုပ်ကြောင်း လမ်းစဉ်အမှန်တရားဟူသည် မဂ္ဂင်ရှစ်ပါး အကျင့်လမ်းစဉ်ဖြစ်သည့် မှန်ကန်သည့် အမြင်၊ မှန်ကန်သည့် အတွေး၊ မှန်ကန်သည့် စကား၊ မှန်ကန်သည့် အလုပ်၊ မှန်ကန်သည့် အသက်မွေးမှု၊ မှန်ကန်သည့် အားထုတ်မှု၊ မှန်ကန်သည့် သတိရှိမှု၊ မှန်ကန်သည့် သမာဓိရှိမှုတို့ပင် ဖြစ်ကြောင်း ဖွင့်ဆိုဟောပြတော်မူ၏။

ဤသစ္စာလေးပါး အဖွင့်တရားများကို ကြည့်ပါက အရိယသစ္စာတရား၏ မဖောက်မပြန်မှန်ကန်မှု ပရမတ္တသစ္စာကို ကောင်းစွာသဘောပေါက် နားလည်နိုင်၏။ ဤသစ္စာတရား၏ မဖောက်မပြန် မှန်ကန်မှုကို မှတ်ကြောက်တင် စစ်ဆေးကြည့်နိုင်၏။ ဆင်းရဲကြောင်း အမှန်တရားများကို ကြည့်ပါက ခန္ဓာကိုယ်ရှိထားသည့် မည်သည့်ပုဂ္ဂိုလ်မဆို ဖော်ပြပါ ဒုက္ခတရားများမှ ရှောင်လွဲ၍ မရအောင် မှန်ကန်မှု ရှိနေပြီး ထိုမှန်ကန်မှုသည့် နေရာမရွေး၊ အချိန်မရွေး၊ ပုဂ္ဂိုလ်မရွေး မှန်ကန်မှု ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ ခန္ဓာကိုယ်ရှိနေသည့် မည်သည့်ပုဂ္ဂိုလ် သတ္တ၀ါမဆို ဤဒုက္ခများ ရှိနေမည်ဖြစ်သဖြင့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ တရုတ်၊ ဂျပန်၊ အမေရိကန်၊ မြန်မာ၊ ကိုရီးယား၊ ဆင်၊ မြင်၊ ကျွဲ၊ နွား၊ ခွေးစသည့် ပုဂ္ဂိုလ်သတ္တ၀ါ သတ်မှတ်ခွဲခြားမှုမရှိ၊ အာရှ၊ ဥရောပ၊ အမေရိက၊ အာဖရိကစသည့် နေရာဒေသ ခွဲခြားမှုမရှိ၊ မနက် နေ့ ည စသည့် အချိန်ခွဲခြားမှု မရှိဘဲ ကာလ၊ ဒေသ၊ ပုဂ္ဂလသုံးမျိုးလုံးတွင် မှန်ကန်မှုရှိနေသည့် မဖောက်မပြန် မှန်ကန်သော ဆင်းရဲကြောင်း အမှန်တရားဖြစ်ကြောင်း သေချာစွာ သဘောကျလက်ခံနိုင်မည် ဖြစ်၏။ ဗုဒ္ဓဘာသာ အလိုအရ အကျိုးရှိလျင် အကြောင်းရှိစမြဲ ဖြစ်သဖြင့် ထိုဒုက္ခများရှိလျင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားလည်း ရှိ၏။ ထိုသဘောသည် အမှန်တရားဖြစ်ပြီး သမုဒယသစ္စာ ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟု ဆို၏။ ထိုဆင်းရဲများဖြစ်ခြင်းမှာ သမုဒယဟူသော တွယ်တာမှု သံယောဇဉ် တဏှာကြောင့်သာ ဖြစ်၏။ တဏှာရှိသဖြင့် ဒုက္ခရှိလာရခြင်းဖြစ်သဖြင့် တဏှာသည် အကြောင်းတရားဖြစ်ပြီး ဒုက္ခသည် အကျိုးတရားပင်ဖြစ်၏။ ထိုသဘောသည်လည်း ခန္ဓာရှိသည့်၊ တဏှာရှိသည့် ပုဂ္ဂိုလ်သတ္တ၀ါတိုင်း၊ အချိန်မရွေး၊ နေရာမရွေး မှန်ကန်မှုရှိနေမည်သာဖြစ်၏။ ထို့ကြောင့် သမုဒယသစ္စာကို မြတ်စွာဘုရားရှင်က ဆင်းရဲဖြစ်ကြောင်း အမှန်တရားဟူ၍ ဖော်ထုတ်ပြသ ဟောပြောပေးခဲ့ခြင်းဖြစ်၏။ ဤသို့ ဒုက္ခ၏ အရင်းမူလသည် တဏှာကြောင့်ဖြစ်သည်ဟုသိလျှင် ထိုတဏှာ၏ ကုန်ရာလည်း ရှိရမည်ဟု အလွယ်နားလည်နိုင်၏။ မှန်၏။ ထိုတဏှာ၏ ကုန်ရာချုပ်ရာကား နိရောဓသစ္စာဟူသော ဆင်းရဲချုပ်ကြောင်း အမှန်တရားပင်ဖြစ်၏။ ထိုနိရောဓသစ္စာကိုပင် နိဗ္ဗာန်ဟုလည်း ဆိုနိုင်၏။ စင်စစ် ဆင်းရဲချုပ်ရန်မှာ ဆင်းရဲဖြစ်ကြောင်း တဏှာချုပ်မှ ဆင်းရဲချုပ်မည်ဖြစ်သဖြင့် တဏှာချုပ်ရာကို ရှာကြရခြင်းဖြစ်ပြီး ထိုတရားသည် နိရောဓသစ္စာပင်ဖြစ်၏။ ဤအမှန်တရားသည်လည်း တဏှာချုပ်သည့် မည်သည့်ပုဂ္ဂိုလ်၊ မည့်သည့်ဒေသ၊ မည်သည့်ကာလမှာမဆို ဖောက်ပြန်ခြင်းမရှိ မှန်ကန်မှုရှိနေမည်သာဖြစ်၏။ ထိုကြောင့် ထိုနိရောဓသစ္စာကို ဆင်းရဲဖြစ်ကြောင်း တဏှာ၏ ချုပ်ရာ အမှန်တရားဟု ဆိုခြင်းဖြစ်၏။ ဆက်လက်၍ နားလည်နိုင်သည်မှာ တဏှာ၏ ချုပ်ရာအမှန်တရားကို သိသော်လည်း ထိုတရားကို ရရန်၊ ရောက်ရန်အတွက် နည်းလမ်းရှိရပေမည်။ မှန်ကန်ဖြောင့်ဖြူးသည့် လမ်းရှိရပေမည်။ ထို့အတွက်ကြောင့် မဂ္ဂသစ္စာဟူသော တဏှာဆင်းရဲ၏ ချုပ်ရာလမ်းစဉ် အမှန်တရားသည်လည်း မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားတစ်ခုအဖြစ် ဘုရားရှင်ထုတ်ဖော် ပြသတော်မူခဲ့ခြင်းဖြစ်၏။ စင်စစ် မှန်ကန်သည့် လမ်းဟူသည် မှန်ကန်သည့် အမြင်၊ မှန်ကန်သည့်အတွေး၊ မှန်ကန်သည့် အပြော၊ မှန်ကန်သည့် အလုပ်၊ မှန်ကန်သည့် အားထုတ်မှု၊ မှန်ကန်သည့် သတိ၊ မှန်ကန်သည့် သမာဓိဟူသော မဂ္ဂင်ရှစ်ပါး အကျင့်တရားများပင် ဖြစ်၏။ မည်သူမဆို ဤတရားရှစ်ပါး လက်ကိုင်ထားပြီး ကြိုးစားအားထုတ်နိုင်လျင် တဏှာ၏ ကုန်ရာချုပ်ရာ နိရောဓသစ္စာဟူသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်သာ ဖြစ်၏။ ဤအမှန်တရားလမ်းစဉ် သည်လည်း မည်သူမည်ဝါ၊ မည်သည့်အချိန်၊ မည်သည့်ဒေသဟူ၍ မျက်နှာလိုက်ခြင်းမရှိ ကြိုးစားအားထုတ်နိုင်သူ မှန်သမျှ လက်တွေ့ခံစားသိရှိနိုင်သည့် မဖောက်မပြန် မှန်ကန်သည့် သစ္စာတရားပင်ဖြစ်၏။

ဤသို့လျင် သစ္စာလေးပါး တရားတော်မြတ်သည် တစ်ခုခုနှင့်တစ်ခု အကြောင်းအကျိုး ဆက်စပ်မှုရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ တဏှာဟူသော အကြောင်းကြောင့် ဆင်းရဲဒုက္ခဖြစ်ရပြီး၊ ဆင်းရဲရှိလျင် ဆင်းရဲချုပ်ရာလည်း ရှိရမည်ဖြစ်သဖြင့် ဆင်းရဲဖြစ်ကြောင်း တဏှာချုပ်ရာ နိရောဓသစ္စာလည်း ရှိလာ၏။ ထိုနိရောဓသို့ မျက်မှောက်ပြုလိုက လမ်းဖြောင့်လမ်းမှန်လည်း ရှိရမည်ဖြစ်သဖြင့် လမ်းစဉ်အမှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး လမ်းစဉ်ကို ဖော်ထုတ်ပြသ ဟောပြတော်မူပြီး ထိုမဂ္ဂင်ရှစ်ပါးကိုပင် အစွန်းနှစ်ပါးလွတ်သည့် အလယ်အလတ်လမ်းစဉ်ဟု ရှင်းပြတော်မူခဲ့ခြင်း ဖြစ်၏။ သစ္စာလေးပါး မြတ်တရား၏ သဘောအနှစ်ချုပ်ကား လေးနက်ပြီး ယုတ္တိကျလှ၏။ တန်ဘိုးရှိလှပါ၏။ ပညာသိမဟုတ်သေးဘဲ သညာသိ သိရုံမျှနှင့်ပင် ပီတိဖြစ်ကာ ကျေနပ်နှစ်သက်မိလှပါ၏။

ဖြောင့်ဖြူးသောလမ်းဟု ခေါင်းစဉ်တွင် ဖော်ပြခဲ့သည့် မဂ္ဂသစ္စာခေါ် မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကိုလည်း မဟာသတိပဋ္ဌာနသုတ်တွင် တစ်ခုချင်း ဖွင့်ဆိုရှင်းပြ၍ ဘုရားရှင်ဖော်ထုတ်ပြသ ဟောကြားတော်မူခဲ့ပါ၏။ မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ - မှန်ကန်သည့် အသိအမြင်ဟူသည် သစ္စာလေးပါး၌ မှန်ကန်စွာ သိမြင်ခြင်း (ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ(နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်း) တို့ပင် ဖြစ်ကြောင်း၊ သမ္မာသင်္ကပ္ပ- မှန်ကန်သည့် အကြံအစည်အတွေးဟူသည် ကာမအာရုံမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီးခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာဝါစာ- မှန်ကန်သည့် ပြောဆိုခြင်းဟူသည် မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသော စကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြည်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာကမ္မန္တ- မှန်ကန်သည့် အလုပ်ဟူသည် သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အရှင်မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာအာဇီဝ- မှန်ကန်သည့် အသက်မွေးမှုဟူသည် မိမိသူတစ်ပါး နှစ်ဦးသား ထိခိုက်စေမည့် မှားယွင်းစွာ အသက်မွေးမှုကို ပယ်စွန့်၍ အပြစ်မရှိ မှန်ကန်သော အသက်မွေးမှုပင် ဖြစ်ကြောင်း၊ သမ္မာဝါယမ- မှန်ကန်သည့် အားထုတ်ခြင်း ၀ိရိယဟူသည် မဖြစ်သေးသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် အားထုတ်ခြင်း၊ ဖြစ်ပြီးသော အကုသိုလ်တရားတို့ကို ပယ်ရန်ကြိုးစားအားထုတ်ခြင်း၊ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်ပေါ်စေရန် ကြိုးစားအားထုတ်ခြင်း၊ ဖြစ်ပြီးသော ကုသိုလ်တရားတို့ကို တိုးပွားစေရန် ကြိုးစားအားထုတ်ခြင်းတို့ပင် ဖြစ်ကြောင်း၊ သမ္မာသတိ- မှန်ကန်သည့် အောက်မေ့သတိရှိခြင်းဟူသည် သတိပဋ္ဌာန်တရားလေးပါး (ရုပ်အပေါင်း၌ ရုပ်အပေါင်းကို သတိကပ်လျက် အကြိမ်ကြိမ်ရှုသည်ဖြစ်၍ နေခြင်း၊ ဝေဒနာတို့၌ ဝေဒနာတို့ကို သတိကပ်လျက် အကြိမ်ကြိမ် ရှုသည်ဖြစ်၍ နေခြင်း၊ စိတ်၌ စိတ်ကို သတိကပ်လျက် အကြိမ်ကြိမ်ရှုသည်ဖြစ်၍ နေခြင်း၊ သဘောတရားတို့၌ သဘောတရားတို့ကို သတိကပ်လျက် အကြိမ်ကြိမ် ရှုသည်ဖြစ်၍ နေခြင်း) တို့ပင် ဖြစ်ကြောင်း၊ သမ္မာသမာဓိ- မှန်ကန်သည့် တည်ကြည်ခြင်း သမာဓိဟူသည် ကာမဂုဏ်တရား၊ အကုသိုလ်တရားများကင်းလျက် ရှိသော ပထမဈန်၊ ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်တို့သို့ရောက်၍ တည်ကြည်ငြိမ်းချမ်းခြင်းတို့ပင် ဖြစ်ကြောင်း မဂ္ဂင်ရှစ်ပါးကို တစ်ခုချင်း အကျယ်တ၀င့် ရှင်းလင်းဟောကြားတော်မူ၏။

ဤမဂ္ဂင် ရှစ်ပါးတို့တွင် သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပတို့သည် သတိဉာဏ်ကပ်လျက် မှန်ကန်စွာ ကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ ပညာဟုဆိုပြီး၊ သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝတို့သည် ကာယကံ ၀စီကံတို့ကို လုံခြုံစေလျက် မှန်ကန်စွာ ကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ သီလဟုဆိုကာ၊ သမ္မာဝီရိယ၊ သမ္မာသတိ၊ သမ္မာသမာဓိတို့သည် လုံ့လအားထုတ်မှုဖြင့် တည်ကြည်လေးနက်စေလျက် မှန်ကန်စွာကျင့်သုံးသင့်သည့် မဂ္ဂင်များဖြစ်၍ သမာဓိဟုဆိုလေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓ၏ အလယ်အလတ် လမ်းစဉ်ဟုခေါ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို အချုပ်အားဖြင့် ပြောလိုက သီလ၊ သမာဓိ၊ ပညာဟူသော သိက္ခာသုံးရပ် အကျင့်မြတ်ပင်ဖြစ်ကြောင်း မှတ်သားနားလည်နိုင်ပါ၏။ ဤလမ်းစဉ်တရားရှစ်ပါးအတိုင်းသာ မဖောက်မပြန် မှန်ကန်စွာ ကျင့်သုံးနေထိုင် လေ့ကျင့်နိုင်ပါလျှင် ဗုဒ္ဓဘာသာတို့၏ အဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ကို ဧကန်မုချ လျင်မြန်စွာ မျက်မှောက်ပြုနိုင်မည် ဖြစ်ပါ၏။

ကြောင်းကျိုးဆက်စပ်မှုကို ပါဠိအခေါ်အားဖြင့် ပဋိစ္စသမုပ္ပါဒဟု ခေါ်၏။ အရာရာတိုင်းသည် အကြောင်းရှိ၍သာ အကျိုးဖြစ်ခြင်း ဖြစ်၏။ ဘ၀တွင်လည်း ထို့အတူပင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟုပိုင်းခြားကာ အတိတ်အကြောင်းကြောင့် ပစ္စုပ္ပန် အကျိုးထင်ရှားဖြစ်ပြီး ပစ္စုပ္ပန် အကြောင်းကြောင့် အနာဂတ် အကျိုးဖြစ်ပေါ်လာ၏။ ဤသဘောကား ပဋိစ္စသမုပ္ပါဒ် သဘောပင်ဖြစ်၏။ ထိုသဘောတရားကို ပဋိသမ္ဘိဒါမဂ္ဂသံယုတ်တွင် အထင်အရှား ဘုရားရှင်ဟောတော်မူထား၏။ ထိုဟောကြားချက်ကို ယူပြီးဖားအောက်ဆရာတော်က အောက်ပါအတိုင်း ထပ်ဆင့်ရှင်းပြထား၏။

``လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ - (က) တွေဝေမှု အသိမှားမှု မောဟသည် အ၀ိဇ္ဇာမည်၏။ (ခ) အားထုတ်မှု ကံကိုပြုစုပျိုးထောင်မှုတို့သည် သင်္ခါရ မည်ကုန်၏။ (ဂ) ဘ၀ကို လိုချင်တပ်မက်မှုသည် တဏှာမည်၏။ (ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။ (င) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀မည်၏။ လွန်လေပြီးသော အတိတ်ဘ၀၀ယ် ကမ္မဘ၀ကို ထူထောင်စဉ်၌ ဖြစ်ခဲ့သော ဤတရားငါးပါးတို့သည် ဤပစ္စုပ္ပန်ဘ၀၌ ပဋိသန္ဓေ၏ အကြောင်းတရားတို့ ဖြစ်ကြကုန်၏။ ဤပစ္စုပ္ပန် ဘ၀၌ - (က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ၀ိညာဏ်မည်၏။ (ခ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သောတရားသည် နာမ်ရုပ်မည်၏။ (ဂ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတနမည်၏။ (ဃ) တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ (င) ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ ဤပစ္စုပ္ပန် ၀ိပါက၀ဋ်၌ အကျုံးဝင်ကုန်သော ဤတရားငါးပါးတို့သည် ရှေးအတိတ်ဘ၀၌ ကမ္မဘ၀ကို ထူထောင်စဉ်ဝယ် ပြုစုပျိုးထောင်ခဲ့သော ကံကြောင့်ဖြစ်ကုန်သော အကျိုးတရားတို့တည်း။ ဤပစ္စုပ္ပန်ဘ၀၌ အာယတနတို့၏ ရင့်ကျက်ပြီးသည်၏ အဖြစ်ကြောင့် ဖြစ်ပေါ်လာကြကုန်သော- (က) တွေဝေမှု အသိမှားမှု မောဟသည် အ၀ိဇ္ဇာမည်၏။ (ခ) အားထုတ်မှု ကံကိုပြုစုပျိုးထောင်မှုတို့သည် သင်္ခါရ မည်ကုန်၏။ (ဂ) ဘ၀ကို လိုချင်တပ်မက်မှုသည် တဏှာမည်၏။ (ဃ) မြဲမြံစွာ စွဲယူခြင်းသည် ဥပါဒါန် မည်၏။ (င) စေ့ဆော်ကြောင့်ကြမှု စေတနာသည် ဘ၀မည်၏။ ဤပစ္စုပ္ပန်ကမ္မဘ၀၌ဖြစ်သော ဤအကြောင်းတရားငါးပါးတို့သည် နောင်အနာဂတ် ပဋိသန္ဓေ၏ အကြောင်းတရားဖြစ်ကုန်၏။ နောင်အနာဂတ်၌ (က) ဘ၀တစ်ခုနှင့် ဘ၀တစ်ခုကို ဆက်စပ်တတ်သော အခြင်းအရာအားဖြင့် ဖြစ်သော ပဋိသန္ဓေသည် ၀ိညာဏ်မည်၏။ (ခ) အမိဝမ်းသို့ သက်ဝင်ဘိသကဲ့သို့ ဖြစ်သောတရားသည် နာမ်ရုပ်မည်၏။ (ဂ) မဟာဘုတ်တို့၏ ကြည်သည်၏ အဖြစ်သည် အာယတနမည်၏။ (ဃ) တွေ့ထိခြင်းသဘောသည် ဖဿမည်၏။ (င) ခံစားခြင်းသဘောသည် ဝေဒနာမည်၏။ နောင်အနာဂတ် ဥပပတ္တိဘ၀၌ ဖြစ်သော ဤတရားငါးပါးတို့သည် ပစ္စုပ္ပန်ဘ၀၌ ပြုစုပျိုးထောင်အပ်သော ကံ၏အကြောင်းကြောင့် ဖြစ်ကုန်၏။``

အထက်ပါ ဖော်ပြချက်မှာ ဘ၀ကျင်လည်မှုနှင့် ပတ်သက်သည့် ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်၏။ အတိတ်ကပြုစုပျိုးထောင်ခဲ့သော အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဟူသော အတိတ်အကြောင်းတရား ငါးပါးကြောင့် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော ဤဘ၀ပစ္စုပ္ပန် အကျိုးတရားငါးပါး ထင်ရှားဖြစ်၏။ ဤဘ၀ပြုစုပျိုးထောင်လိုက်သော အ၀ိဇ္ဇာ၊ တဏှာ၊ ဥပါဒါန်၊ သင်္ခါရ၊ ကံဟူသော ပစ္စုပ္ပန် အကြောင်းတရား ငါးပါးကြောင့် နောင်အနာဂတ်ဝယ် ၀ိညာဏ်၊ နာမ်ရုပ်၊ သဠာယတန၊ ဖဿ၊ ဝေဒနာဟူသော အနာဂတ်အကျိုးတရားငါးပါး ထင်ရှားဖြစ်၏။ ဤသို့ အကြောင်းအကျိုး ဆက်စပ်မှုသဘောကိုပင် ပဋိစ္စသမုပ္ပါဒ်ဟု ဆိုခြင်းဖြစ်ပြီး စာဖတ်သူများအနေဖြင့် ဤအကျဉ်းသဘောမျှကိုပင် သညာသိဖြင့် နားလည်စေနိုင်ပေ၏။

ဤသို့ဖြင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါးနှင့် ပဋိစ္စသမုပ္ပါဒ်အကြောင်းကို သီးခြားစီအားဖြင့် တင်ပြခဲ့ပြီးဖြစ်ပါ၏။ စင်စစ် ဤတရားများသည် သီးခြားစီဟု ဆိုသော်လည်း စင်စစ် တစ်ခုတည်းသာဖြစ်၏။ သစ္စာလေးပါးကို သိလျှင်ကား အားလုံးကို သိသွားပြီးဖြစ်၏။ သစ္စာလေးပါးတွင် ဖော်ပြခဲ့သည် ဒုက္ခသစ္စာသည် တဏှာတည်းဟူသော သမုဒယသစ္စာကြောင့်ဖြစ်သဖြင့် သမုဒယသစ္စာသည် အကြောင်းတရားဖြစ်ပြီး ဒုက္ခသစ္စာသည် အကျိုးတရားပင် ဖြစ်၏။ ဤသည်ကား ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်ပင်ဖြစ်၏။ ဤပဋိစ္စသမုပ္ပါဒ်သဘောကို မှန်ကန်သည့် ဉာဏ်ဖြင့် ကောင်းစွာသိမြင် သဘောပေါက်သွားခြင်းကိုပင် သစ္စာတရားကို သိသွားခြင်းဟုဆိုနိုင်၏။ ထို့အပြင် ဤသို့ သစ္စာတရားကို သိသွားခြင်းသည် မဂ္ဂသစ္စာခေါ်သော မဂ္ဂင်ရှစ်ပါး အကျင့်တရားကို မှန်ကုန်စွာ လိုက်နာကျင့်ကြံခြင်းကြောင့်ဖြစ်ပြီး ထိုအကျင့်ကြောင့်ပင် တဏှာ၏ ချုပ်ရာနိရောဓသစ္စာဟုခေါ်သည် နိဗ္ဗာန်ကို မျက်မှောက်ပြုသွားခြင်းဖြစ်၏။ ထို့ကြောင့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်ဟူသော တရားတော်များသည် အမည်အားဖြင့် သီးခြားစီဟု ထင်ရသော်လည်း သစ္စာလေးပါးကို ထိုးထွင်းသိမြင်သွားကြသည့် အရိယာပုဂ္ဂိုလ်များ အတွက်ကား အလွန်ရှင်းလင်းလှသည့် မဖောက်မပြန် မှန်ကန်သည့် တရားများသာ ဖြစ်ကြပေ၏။

အချုပ်အားဖြင့် ဆိုရသော် သီးခြားစီဖြစ်သည်ဟု သာမန်ပုထုဇင်များ ထင်ထားသည့် သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ်တရားများသည် ဘုရားအစရှိသည့် အရိယာပုဂ္ဂိုလ်များ အတွက်ကား သစ္စာလေးပါးကို မျက်မှောက်ပြု သိတော်မူသည်နှင့် တစ်ပြိုင်နက် ရှုတ်ထွေးမှုမရှိ ရှင်းလင်းပြီး မဖောက်မပြန် မှန်ကန်သည့် တစ်ခုတည်းသော အမှန်တရားဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်ပေသည်။ သာမန်ပုဂ္ဂိုလ်များအနေဖြင့်ကား မှတ်၍သိနိုင်သည့် သညာသိဖြင့်သာ နားလည်နိုင်သဖြင့် အလုံးစုံနားလည် သဘောပေါက်မှု မဖြစ်နိုင်ပေ။ သို့သော် ထိုသညာသိကို အခြေပြုကာ သစ္စာလေးပါးကို မျက်မှောက်ပြုသိမြင်ပြီး အလုံးစုံသိနိုင်သည့် ပညာသိအဖြစ်သို့ ရောက်အောင်ကား ကြိုးစားနိုင်ကြပေ၏။ ထို့ကြောင့် အရိယာတို့သာ အကြွင်းမဲ့သိမြင်နိုင်သည့် သစ္စာတရားများကို သညာသိမှသည် ပညသိသို့ ရောက်အောင် ပုထုဇင်ဘ၀မှ အရိယဘ၀သို့ ရောက်စေနိုင်သည့် လမ်းစဉ်များကို ကြိုးစားပွားများ အားထုတ်သင့်ပါကြောင်း တိုက်တွန်းစကားပါးလျက်…

Read more »

ဂိလာနနဲ့ ၀ိကာလ… ပြီးတော့… ကြာကြာမနေ သေရတော့မယ်ဆိုရင်..

Q. ဘုန်းဘုန်း
(၁) တပည့်တော်ဟာ ကုသရ မလွယ်ကူတဲ့ နာတာရှည် ဝေဒနာ ခံစားနေရသူ ဖြစ်ပါတယ်။ ဒီရောဂါကြောင့် ကွယ်လွန်နိုင်ခြေလဲ ရှိပါတယ်။ တပည့်တော် ဥပုသ်ကို လရှည် စောင့်လာတာ မကျန်းမာလာတော့ ဆရာဝန်က ဥပုသ်ချဖို့ ပြောပါတယ်။ မချဘဲ တင်းခံနေတာ ပိုဆိုးလာလို့ ဝိကာလဘောဇနာ စည်းကမ်းချက်ကို ချခဲ့ရပါတယ်။
တပည့်တော် ဥပုသ်ကို အပြည့် စောင့်စည်းချင်ပါတယ်။ ဝိကာလ ဘောဇနာကို ချန်ပြီး ၇ ပါးပဲ စောင့်စည်းခြင်းဟာ မလုပ်သင့်ဘူး။ မလေးစားရာ ရောက်တယ်။ မစောင့်တာက ပိုကောင်းသေးတယ်လို့လဲ မှတ်သားရပါတယ်။ တပည့်တော် ရောဂါ အခြေအနေက လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ကြွယ်ဝတဲ့ အာဟာရကို ပုံမှန် ဦးစားပေး မှီဝဲနေဖို့ လိုပါတယ်။ ဂရုမစိုက်မိလို့ ရောဂါ ပိုဆိုးလာရင် မသေခင် စက်နဲ့ အသက်ရှင်နေရတဲ့ အခြေအနေ ရောက်သွားနိုင်တာမို့လို့ မပေါ့ရဲပါ။
ဒါကြောင့် တပည့်တော်ရဲ့ အခြေအနေအရ ဝိကာလဘောဇနာ သိက္ခာပုဒ်ကို ညနေ ၆ နာရီထိ နောက်ဆုတ်၍ဖြစ်စေ စောင့်ခွင့်ရှိပါသလား။ ဒါမှမဟုတ် နို့ကို ခြွင်းချက်အနေနဲ့ မှီဝဲခွင့် ရှိပါသလား သိလိုပါတယ်။ စတုမဓူက အအီအဆိမ့် များတဲ့အစာ ဖြစ်တဲ့အတွက် တပည့်တော်အနေနဲ့ မှီဝဲရန် မသင့်လို့ပါ။

(၂) လူတစ်ဦးဟာ ကြာကြာမနေ ကွယ်လွန်ရတော့မယ်ဆိုရင် ဘယ်လို ကုသိုလ်ကောင်းမှုများ ပြုသင့်သလဲ ဆိုတာလဲ သိလိုပါတယ်။
(လင်းမောင်)


A. (၁) ဥပုသ်သီလကို စောင့်တာကောင်းပါတယ်။ ဒါပေမယ့် ဥပုသ်သီလအကြောင်းတော့ နည်းနည်းပြောပြလိုပါတယ်။ ဥပုသ်သီလဆိုတာ ဥပေါသထသီလဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး ဥပုသ်သီလလို့ ဆိုတာပါ။ လပြည့်လကွယ် စတဲ့ဥပုသ်နေ့များမှာ အထူးစောင့်ထိန်းကြတဲ့ သီလဖြစ်တဲ့အတွက် ဥပုသ်သီလလို့ ခေါ်တာပါ။ သာမန်လူများအတွက်က မဖြစ်မနေစောင့်ထိန်းရမယ့် သီလဟာ ငါးပါးသီလဖြစ်ပြီး အထူးတလည် စောင့်ထိန်းလိုတဲ့အတွက် ဥပုသ်နေ့များမှာ စောင့်ထိန်းရတဲ့ ၈ပါး၊ ၉ပါး၊ ၁၀ပါး စတဲ့သီလများဟာ ဥပေါသထသီလများ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဥပုသ်သီလများကို ဥပုသ်နေ့မှ မဟုတ်ဘဲ ကျန်တဲ့အချိန်တွေမှာလည်း စောင့်ထိန်းလိုက စောင့်ထိန်းနိုင်ပါတယ်။ ငါးပါးသီလကတော့ ခါးဝတ်ပုဆိုးကဲ့သို့ အမြဲစောင့်ထိန်းရမယ့် သီလများဖြစ်ပါတယ်။ ဒါကြောင့် ငါးပါးသီလကလွဲပြီး ကျန်တဲ့သီလတွေကိုတော့ ဥပုသ်နေ့မှာ အထူးစောင့်ထိန်းမှုကိုပယ်ပြီး ကျန်တဲ့အချိန်တွေမှာ တတ်နိုင်သမျှ စောင့်ထိန်းနိုင်ပါတယ်။ ၆ပါး၊ ၇ပါးစသဖြင့် မိမိစောင့်ထိန်းနိုင်သမျှ စောင့်ထိန်းနိုင်ပါတယ်။ ကိုယ့်စိတ်ထဲမှာ အဋ္ဌိဓာန်ပြီး ဒီနေ့ဘယ်သီလတွေကိုတော့ လုံခြုံအောင် ထိန်းမယ်ဆိုတဲ့စိတ်နဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ပါတယ်။ တစ်ခုတော့ရှိတယ် ဘုရားရှေ့သွားပြီး အမျိုးမျိုးကတိတွေပေး သီလခံယူပြီးမှ လုံခြုံအောင် မထိန်းနိုင်ရင်တော့ မကောင်းပါဘူး။ ဘုရားရှေ့မှာ မယူလည်း ငါးပါးသီလို သီလမျိုးကတော့ အမြဲထိန်းရမှာဖြစ်ပြီး ကျန်တဲ့သီလတွေကတော့ စိတ်နိုင်သမျှ ထိန်းနိုင်တာကောင်းပါတယ်။ ဒါကြောင့် ဥပုသ်နေ့မဟုတ်ဘဲ ကျန်တဲ့နေ့တွေမှာ ဥပုသ်သီလတွေကို စောင့်ထိန်းတဲ့အခါ သေချာပေါက် ၈ပါး၊ ၉ပါးစသည်မှမဟုတ်ပါဘူး ကိုယ်အဆင်ပြေသလို ထိန်းနိုင်ပါတယ်။ ဥပုသ်နေ့မှာဆိုရင်တော့ ဒီဥပုသ်သီလကို ခံယူပြီးလုံခြုံအောင် စောင့်ထိန်းနိုင်တာ ကောင်းပါတယ်။ ဒါတောင်မှ ၀ိကာလဘောဇန သိက္ခာပုဒ်နဲ့ ပတ်သက်ပြီး ဘုရားရှင်က ရဟန်းတော်များ အလွန်နာမကျန်း ဖြစ်နေတဲ့အခါ အစားအစာများကို ဆေးအဖြစ် မှီဝဲနိုင်ကြောင်း ခွင့်ပြုထားပါတယ်။ အခုလည်း မေးခွန်းရှင်ဟာ တမင်ဒီသီလကို ဖောက်ဖျက်လိုတဲ့ သဘောမဟုတ်ဘဲ လိုအပ်လို့ ကျန်းမာရေးအရ စားသောက်ရတာ ဖြစ်တဲ့အတွက် စားနိုင်တယ်လို့ ယူဆလို့ ရပါတယ်။

တကယ်တော့ သိတဲ့အတိုင်း သီလစောင့်ထိန်းတယ်ဆိုတာ မကောင်းတဲ့ ကာယကံ၊ ၀စီကံတွေကို မကျူးလွန်မိအောင်နဲ့ ကိလေသာ အာရုံတွေနည်းအောင် အထိန်းအဖြစ် သတ်မှတ်ထားတာတွေ ဖြစ်ပါတယ်။ ငါးပါးသီလကလွဲပြီး ကျန်တဲ့ဝိကာလ၊ နစ္စဂီတ၊ ဥစ္စာသယာန စတဲ့ သီလများဟာ ကိလေသာ အာရုံများ ပိုပြီးမတိုးပွားအောင် အထူးစောင့်ထိန်းစေတာ ဖြစ်တဲ့အတွက် ၀ိကာလ ဘောဇနသိက္ခာပုဒ်ကိုလည်း ကျန်းမာရေးအရ လိုအပ်လို့ စားခြင်းသာဖြစ်ပြီး ကိလေသာတိုးပွားစေရန် စားခြင်းမဟုတ်တဲ့အတွက် ဒီသီလနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ အရမ်းခံစားမှု မဖြစ်ဖို့လိုပါတယ်။ စောင့်ထိန်းနိုင်တာ ကောင်းပေမယ့် လိုအပ်တဲ့ ကျန်းမာရေးအရ ဒီသီလကို မစောင့်လည်း ဖြစ်ပါတယ်။ စောင့်ထိန်းစဉ်မှာကိုပဲ လိုအပ်တဲ့အစားအစာတွေ မဖြစ်မနေ စားရမယ်ဆိုရင်လည်း ဂိလာနဖြစ်နေတဲ့အတွက် စားလိုက စားနိုင်ပြီး စားခြင်းဖြင့် ကြီးလေးတဲ့အပြစ်ကြီး မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ငါးပါးသီလကလွဲပြီး ကျန်တဲ့သီလတွေကို ကြိုက်တဲ့အချိန်မှာ ဘယ်နှစ်ပါးဖြစ်ဖြစ် စောင့်ထိန်းနိုင်ပါကြောင်းနဲ့ ဥပုသ်နေ့တွေမှာတော့ ဥပုသ်သီလအဖြစ် ၈ပါး၊ ၉ပါးစသည် အပြည့်စောင့်ထိန်းသင့်ကြောင်း၊ ကျန်းမာရေးအရ စောင့်ထိန်းနေတုန်းမှာလဲ လိုအပ်ရင် အစားအစာကို ဆေးအဖြစ် စားနိုင်ကြောင်း သိစေလိုပါတယ်။

(၂) လူတစ်ဦးဟာ ကြာကြာမနေ ကွယ်လွန်ရတော့မယ်ဆိုရင် သေဖို့အတွက် ပြင်ဆင်ရပါမယ်။ သေတာကတော့ မွေးလာတဲ့သူတိုင်း သေကြရမှာပါ။ ကျန်းမာရေး တစ်ခုခုကြောင့် တိကျတဲ့ သေရတော့မယ့် အချိန်ကို သိရပြီဆိုရင်တော့ ကျန်တဲ့အချိန်တွေမှာ ကိုယ့်အတွက် သံသရာကောင်းအောင် ကောင်းတာတွေနဲ့ နေနိုင်အောင် ကြိုးစားရပါတော့မယ်။ အသက်ရှင်ခွင့် ရှိတဲ့အချိန်မှာ အရင်ဆုံး ရှောင်ရမှာက အကုသိုလ်တွေ မဖြစ်အောင်၊ မလုပ်မိအောင် ရှောင်ရပါမယ်။ ပြီးရင် ကိုယ့်ကျင့်သီလကို လုံခြုံအောင်နဲ့၊ ကာယကံ၊ ၀စီကံ၊ မနောကံတွေကောင်းအောင် နေရပါတော့မယ်။ ကိုယ်အမူအရာနဲ့ ပတ်သက်ပြီး အကုသိုလ်မဖြစ်အောင်၊ နှုတ်နဲ့ပတ်သက်ပြီး အကုသိုလ်မဖြစ်အောင်၊ စိတ်နဲ့ပတ်သက်ပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားရပါမယ်။ ဒီဟာတွေ ကောင်းအောင်အတွက် ခုနပြောခဲ့သလို အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းသင့်ပါတယ်။ ပြီးရင် အချိန်ရသမျှ တရားတွေများများ နာသင့်ပါတယ်။ တရားနာတဲ့အခါမှာလည်း ခန္ဓာဉာဏ်ဆိုက်နိုင်တဲ့ သတိပဋ္ဌာန် တရားများ၊ ပဋိစ္စသမုပ္ပါဒ်တရားများကို များများနာပြီး လက်တွေ့အနေနဲ့ ခန္ဓာကိုယ်ကို ၀ိပဿနာဉာဏ်နဲ့ ကြည့်နိုင်အောင် ၀ိပဿနာရှုပွားသင့်ပါတယ်။ ပေါ်ရာပေါ်ရာ ဝေဒနာတွေကို သတိကပ်ပြီး ရှုမှတ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ စိတ်နဲ့ကိုယ်မှာ ပေါ်လာတဲ့အရာ မှန်သမျှကို လိုက်ပြီးသိမှတ်တတ်တဲ့ ၀ိပဿနာ တရားကို အချိန်ရှိသရွေ့ ကြိုးစားလုပ်သင့်ပါတယ်။ သေခါနီး သူအတွက်က ၀ိပဿနာ ရှုမှတ်ပြီး နေခြင်းကသာ အကောင်းဆုံး နေနည်းဖြစ်ပြီး သေခြင်းတရားကို ရင်ဆိုင်နိုင်ဖို့အတွက်လည်း ဒီတရားအားထုတ်နည်းသာ အမှန်ကန်ဆုံးနည်းဖြစ်ပါတယ်။ ဒါကြောင့် ကြာကြာမနေ သေရတော့မယ့် သူ့အတွက် သီလကို လုံခြုံအောင် စောင့်ထိန်းတဲ့ သီလကုသိုလ်နဲ့ အကုသိုလ်တွေမဖြစ်စေဘဲ ကံသုံးပါးကို အမှန်ကန်ဆုံး ထိန်းပေးနိုင်၊ သေခြင်းတရားကို မတုန်မလှုပ် ခံနိုင်စေမယ့် တရားအားထုတ်ခြင်း ဘာဝနာကုသိုလ်များကိုသာ အချိန်နဲ့အမျှ ပြုလုပ်နေထိုင်သင့်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

အမှားသံသရာ…

ပြီးခဲ့တဲ့ တနင်္လာနေ့က ဘုန်းဘုန်းအနေနဲ့ မြန်မာပြည်က ဆရာတော်တစ်ပါးကြွလို့ ဆရာတော်တရားပွဲလုပ်မယ့် နေရာကိုကြွပြီး ဘာသာပြန်လုပ်ပေးရပါတယ်။ ဘာသာပြန်ပေးရတာက တရားဟောတာရော၊ စကားပြောတာတွေရောပါ။ တရားပွဲပြီးတော့ စကားပြောတဲ့အချိန်မှာလည်း စကားပြန်လုပ်ပေးရပါတယ်။ စကားက ရိုးရိုးစကားမဟုတ်ပါဘူး။ ပြဿနာ စကားတွေပါ။ ပြဿနာက တစ်ခြားမဟုတ်ဘူး။ ဘုန်းကြီးကိုပင့်လာပြီး သူ့နေရာမှာ တရားစခန်းလုပ်မယ်၊ ကိုယ့်နေရာမှာ တရားစခန်းလုပ်မယ်ဆိုတဲ့ ပြဿနာပါ။ တရားစခန်းလုပ်တာ ဘာပြဿနာရှိလဲလို့ တွေးစရာရှိပါတယ်။ တရားစခန်းက ပြဿနာမဟုတ်ပါဘူး။ ဘုန်းကြီးကို အမှီပြုပြီး သူတို့အချင်းချင်း မာနပြိုင်ကြတာက ပြဿနာပါ။ ဘုန်းကြီးကို ပင့်ဖို့လုပ်တုန်းက သူတို့တွေ အတူတူ တိုင်ပင်ညှိနှိုင်းလုပ်ကြတာပါ။ ဒါပေမယ့် နောက်ပိုင်း တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလွဲပြီး အကြီးအကျယ် အညှိုးအတေး ဖြစ်ကြရာက သူမှားတယ်၊ ကိုယ်မှန်တယ် ဖြစ်ကုန်ကြတာပါ။ ဒီတော့ တာဝန်ခံပြီး ပင့်လာတဲ့ ပုဂ္ဂိုလ်ကလည်း သူစပွန်စာ ပေးထားတာ ဖြစ်တဲ့အတွက် သူ့ဆီကိုခွင့်ပန်ပြီး သူခွင့်ပြုမှ ပင့်လို့ရမယ်လို့ ဖြစ်ကုန်ကြသလို တစ်ဘက်ကသူတွေကလည်း ဆရာတော်က ခွင့်ပြုတဲ့အတွက် စပွန်စာပေးတဲ့သူ ခွင့်မပြုလည်း ဆရာတော်ကို ပင့်ပြီးလုပ်ကြမယ်ဆိုကာ လုပ်ကြပါတယ်။ ဆရာတော်အနေနဲ့ကလည်း တရားဟောဖို့ လာတာဖြစ်တဲ့အတွက် ဘယ်သူပင့်ပင့်ကြွမယ်ဆိုပြီး ပင့်တဲ့နေရာ ကြွပါတယ်။ အဲဒီမှာပဲ စပွန်စာပေး ပင့်ထားတဲ့သူက သူနဲ့ပြဿနာ ဖြစ်တဲ့သူတွေပင့်ရင် မကြွရဘူး ဖြစ်ပြန်ပါတယ်။ ဆရာတော်က သူတို့ဘာသာစကားလည်း မရတော့ ဘုန်းဘုန်းကို အကူအညီတောင်းပြီး ပြဿနာကို အတတ်နိုင်ဆုံး ပြေလည်သွားအောင် ညှိနှိုင်းပေးပါတယ်။ ဒါပေမယ့်လည်း မာနတွေ ခံနေကြတဲ့ သူတို့တွေဟာ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ဖြစ်နေကြတဲ့အတွက် ညှိမရဖြစ်ကာ နောက်ဆုံးစပွန်စာ ပေးတဲ့သူက ခွင့်မပြုတဲ့အတွက် တရားစခန်းပျက်သွားခဲ့ရပါတယ်။ စပွန်စာပေးတဲ့သူက သူ့နည်းသူ့ဟန်နဲ့ တစ်ခြားနေရာတွေမှာ လုပ်ဖို့စီစဉ်ပါတော့တယ်။ အမှားတစ်ခုနဲ့ နားလည်မှုလွဲမှုကို အခြေခံပြီး ဖြစ်ကြတဲ့ ပြဿနာဟာ မာနတွေကြောင့် မပြေလည်ဘဲ သူတို့တွေကြားမှာ ပိုလို့သာ အညှိုးအတေးတွေ ဖြစ်ကုန်ကြပါတယ်။ အမှားများနဲ့ မပြီးနိုင်တဲ့ ပြိုင်ဆိုင်မှုတွေသာ ဆက်ပြီးတိုးပွားကာ အမှားသံသရာသာ ရှည်ကုန်ကြပါတော့တယ်။

မှန်ပါတယ်။ လောကမှာ အမှားဆိုတာ ဘယ်သူမှ မကင်းကြပါဘူး။ ပုထုဇင်ပုဂ္ဂိုလ်များဖြစ်၍လည်း ပိုလို့တောင် အမှားရှိတတ်ကြပါတယ်။ ဒီလိုအမှားတွေကိုသာ လိုက်ပြီးတစ်ခုချင်း အပြစ်ပုံချနေကြမယ်ဆိုရင် အမှားဟာ အမှန်ဖြစ်လာမှာ မဟုတ်တော့ဘဲ အငြိုးအတေးတွေပဲများလာကာ အဆုံးမသတ်နိုင် ဖြစ်တတ်ကြပါတယ်။ မာနတွေပြိုင်ကာ အနိုင်ပြုလာတတ်ပါတယ်။ အမှားတစ်ခုကို အကြောင်းပြုပြီး မကောင်းမှုတွေ လုပ်ဖြစ်လာတတ်ကြပါတယ်။ ဒီလို မကောင်းမှုတွေအထိ လုပ်လာတတ်ပြီဆိုရင်တော့ ဒီဘ၀မှာတင်မဟုတ်ဘဲ နောင်သံသရာအထိ အကျိုးဆက်တွေ ဖြစ်ကုန်ပါတယ်။ နောင်ဘ၀အထိ ပါလာပြီဆိုရင်တော့ သံသရာက ရှည်လာလေပြီပေါ့။ ဒီဘ၀မှာတောင် ဒီလိုဒုက္ခတွေနဲ့ ကျင်လည်နေကြရတာ နောင်သံသရာအထိ ပါသွားပြီဆိုရင်တော့ ဘ၀အဆက်ဆက် ဒုက္ခတွေက ပြောမပြနိုင်အောင်ပါပဲ။ ရှည်လိုက်မယ့် သံသရာကလည်း ခံပေတော့လို့ပဲ ဆိုရတော့မလို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် အမှားမကင်းတဲ့ ပုထုဇင်လူသားတွေ ဖြစ်နေကြတဲ့အတွက် ဒီအမှားကို အကြောင်းပြုပြီး သံသရာ မရှည်ကြဖို့၊ သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး မာနတွေ မပြိုင်မိကြဖို့၊ အတတ်နိုင်ဆုံး ခွင့်လွှတ်ပြီး သီးခံခ၀ါချနိုင်ဖို့ သတိပြုသင့်ကြပါတယ်။ အဲလိုမှ မဟုတ်ရင်တော့ ဘ၀သံသရာတစ်လျှောက် အမှားများနောက်ကိုလိုက်ပြီး ခံလိုက်ရမယ့် ဒုက္ခတွေသာ တိုးပွားလာနေကြပါလိမ့်မယ်။

ဒီနေရာမှ အမှားတွေကို အကြောင်းပြု မာနပြိုင်ကြရာက ဘ၀သံသရာမှာ တစ်လှည်ဆီ ခံလိုက်ရတဲ့ ၀တ္ထုသာဓကလေးတစ်ခုကို ဗဟုသုတအဖြစ် တင်ပြလိုပါတယ်။ ဒီဝတ္ထုက ဓမ္မပဒမှာလာတဲ့ ကာဠယက္ခီနီဝတ္ထုပါ။ ဒီဝတ္ထုကို မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်အချိန်က သားသမီးမရနိုင်တဲ့ တစ်စုံတစ်ယောက်သော အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ပြိုင်ဘက် တစ်ဦးကို အကြောင်းပြုပြီး ဟောတော်မူပါတယ်။ ပြိုင်ဘက်ဖြစ်လာရတဲ့ အကြောင်းရင်းက ရှေးလွန်ခဲ့တဲ့ အတိတ်ဘ၀တစ်ခုက စခဲ့တာပါ။

တစ်ချိန်တုန်းက အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ရှိခဲ့ပါတယ်။ သူမဟာ အိမ်ထောင်သက် တော်တော်ကြာတဲ့အထိ သားသမီးမထွန်းကားတဲ့အတွက် သူ့မအမျိုးသားနဲ့ ယောက္ခမများရဲ့ ငြိုငြင်မှုကို ခံရမှာစိုးပြီး သူမသဘောကျတဲ့ အမျိုးသမီးငယ်တစ်ဦးကို ရှာဖွေပြီး သူ့ယောက်ျားနဲ့ ပေးစားလိုက်ပါတယ်။ အဲဒီတော့ အလွယ်နားလည်အောင် ပြောရရင် သူမဟာ မယားကြီးဖြစ်လာပြီး သူမပေးစားတဲ့ နောက်အမျိုးသမီးဟာ မယားငယ်ဖြစ်လာပါတယ်။ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ မယားငယ်မှာ ကိုယ်ဝန်ရှိလာပါတယ်။ ကိုယ်ဝန်ရတယ်ဆိုတာသိတော့ အမျိုးသားနဲ့ ယောက္ခမများဟာ မယားငယ်ကို ဂရုစိုက်ကြ၊ ဦးစားပေးကြတာပေါ့။ ဒါတွေကို မြင်နေရတော့ သူကိုယ်တိုင် ပေးစားခဲ့တဲ့ မယားငယ်ကိုကြည့်ပြီး မယားကြီးဟာ မနာလို မရှုစိမ့်တွေ ဖြစ်လာပါတော့တယ်။ ပြီးတော့ မယားငယ်ရဲ့ ကိုယ်ဝန်ပျက်ကျအောင်လည်း လုပ်ပါတော့တယ်။ တစ်ကြိမ်၊ နှစ်ကြိမ်ခံထားရတာ သိလာတေ့ တတိယအကြိမ် ကိုယ်ဝန်ရလာတဲ့အခါ မယားငယ်ဟာ မယားကြီးမသိအောင် ကိုယ်ဝန်ဆောင်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာ မယားကြီးက သိသွားပြီး အဲဒီကိုယ်ဝန်ကို ပျက်အောင်လုပ်ပြန်ပါတယ်။ ဒီလိုနဲ့ မယားငယ်ဟာ ကလေးမီးဖွားနေတုန်းမှာပဲ သေဆုံးသွားခဲ့ပါတယ်။ မသေခင်မှာ မယားငယ်ဟာ မယားကြီးအပေါ် အလွန်စိတ်နာပြီး အငြိုးအတေးတွေနဲ့ ပြန်လည်ဂလဲ့စားခြေဖို့ ဆုတောင်းကာ သေသွားခဲ့တဲ့အတွက် အဲဒီအိမ်မှာပဲ ကြောင်မကြီးအဖြစ် ပြန်ဖြစ်ပါတယ်။ မယားကြီးသေတော့လည်း အဲဒီအိမ်မှာပဲ ကြက်မအဖြစ် ပြန်ဖြစ်ပါတယ်။ ဒီတော့ ကြက်မကြီး ဥသမျှ ကြောင်မကြီးက စားပါတော့တယ်။ အဲဒီလိုနဲ့ ဘ၀ပေါင်းများစွာ အပြန်အလှန် အငြိုးအတေးတွေနဲ့ အပြိုင်တစ်လှည့်စီ ဖြစ်လိုက်ကြတာ ကြက်နဲ့ကြောင်၊ သမင်နဲ့ ကျားသစ် စတဲ့ဘ၀ပေါင်းများစွာမှာ ဖြစ်ခဲ့ကြပြီး နောက်ဆုံး ဘုန်းဘုန်းတို့မြတ်စွာဘုရားရှင် လက်ထက်မှာ တစ်ယောက်က သာဝတ္ထိမှာရှိတဲ့ အမျိုးကောင်းမိသားစုရဲ့ သမီးအဖြစ်နဲ့ တစ်ယောက်ကတော့ ကာဠီအမည်ရှိတဲ့ ဘီလူးမအဖြစ် ပြန်လည်ဖြစ်ကြပါတယ်။ ဒီဘ၀မှာလည်း အတိတ်ရဲ့ အငြိုးအတေး အမှားအာဂတတွေကြောင့် ဘီလူးမဟာ အမျိုးကောင်းသမီးရဲ့ ကလေးကို ဖမ်းယူစားသောက်ဖို့ အပူတပြင်း ကြိုးစားပါတော့တယ်။ ဒါကိုသိပြီး အမျိုးကောင်းသမီးဟာ သူ့မကလေးကို မြတ်စွာဘုရားရှင်ရဲ့ ခြေတော်ရင်းမှာထားပြီး ထွက်ပြေးပါတယ်။ ဘီလူးမလည်း ဘုရားရှင်ရှေ့မှာဖြစ်တဲ့အတွက် ကလေးကို စားလို့မရဖြစ်ပြီး ကျောင်းအပြင်ကပဲ စောင့်ကြည့်နေရပါတယ်။ နောက်ဆုံးမြတ်စွာဘုရားရှင်က သူတို့နှစ်ဦးကို ခေါ်ပြီး အတိတ်ဘ၀ရဲ့ အကြောင်းကိုပြန်လည် ဟောပြောကာ အောက်ပါတရား စကားကို ဟောတော်မူပါတယ်။

ဘုရားရှင်က ``ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်၊ ရန်တုံ့မမူခြင်းဖြင့်သာ ရန်ပြေငြိမ်းနိုင်ကုန်၏၊ ဤသဘောကား အစဉ်အလာဓမ္မတာ သဘောပင်တည်း။`` (ဓမ္မ၊ ၅၊ ကာဠယက္ခိနီဝတ္ထု) ဟုဟော်တော်မူပါတယ်။ တရားတော်ကိုနာပြီး သူတို့နှစ်ဦးဟာ တရားရကာ အမှားတစ်ခုကို အခြေခံခဲ့တဲ့ သံသရာအငြိုးလည်း ပြေငြိမ်းသွားခဲ့ပါတယ်။

ဒီဝတ္ထုသာဓကကိုကြည့်ရင် ဘုန်းဘုန်းတို့ပရိတ်သတ်များ သံသရာမှာ ကျင်လည်ရတဲ့ ဒုက္ခကို ကောင်းကောင်းသဘောပေါက်မိကြမှာပါ။ အမှားတစ်ခုက စခဲ့တဲ့ အငြိုးအာဂတဟာ သံသရာမှာ မပြီးနိုင်အောင်ကို ခံကြရတယ်ဆိုတာ ထင်းရှားလှပါတယ်။ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။ ဘုရားရှင် ဟောတော်မူသလို ရန်ကိုရန်ချင်း မတုံ့ပြန်ဘဲ သူတင်းရင် ကိုယ်လျှော့၊ ကိုယ်တင်းရင် သူလျှော့တဲ့ သဘောမျိုးနဲ့ ဆက်ဆံတတ်ကြမယ်ဆိုရင် ရန်လိုမှုငြိမ်းပြီး သံသရာဝဋ်လည်မှုလည်း ငြိမ်းစေပါတယ်၊ အမှားများရှင်းပြီး အမှန်များလင်းစေပါတယ်၊ အမုန်းမ၀င်ဘဲ အပြုံးတွေထင်စေပါတယ်။ ဒါကြောင့် အမှားမကင်းတဲ့ လောကကြီးမှာ မှားတတ်တဲ့သူတွေ ဖြစ်နေတဲ့ ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့် အမှားသံသရာ မရှည်ကြရအောင် သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ မာနကိုခ၀ါချပြီး ခွင့်လွှတ်သီးခံတတ်တဲ့ စိတ်လေးများဖြင့် တစ်ဦးအပေါ်တစ်ဦး မေတ္တာထား ဆက်ဆံကြဖို့၊ ဒီဘ၀သံသရာ ဒီမှာပဲပြီးအောင် ကြိုးစားလေ့ကျင့်နိုင်ကြဖို့ အသိပေးတင်ပြလိုက်ရပါတယ်…။

Read more »

နှလုံးသားမှာ ကမ္ဗည်းထိုးပါ…

မကြာသေးပါဘူး။ ဒကာတစ်ယောက်က သူ့မွေးနေ့အဖြစ် ဘုန်းဘုန်းကျောင်းမှာ ဆွမ်းလာပြီးချက်ပြုတ် လှူဒါန်းပါတယ်။ ဆွမ်းစားပြီးတော့ မွေးနေ့အထိမ်းအမှတ်အဖြစ် မြန်မာပြည်မှာ ဆောက်လုပ်မယ့် ကျောင်းအတွက် ကွယ်လွန်သွားပြီးဖြစ်တဲ့ မိဘတွေကို ရည်စူးပြီး ကျောင်းအလှူတော်ငွေ တစ်သိန်းကိုလည်း လှူဒါန်းကာ တရားနာရေစက်ချပါတယ်။ ပြီးတော့ ဘုန်းဘုန်းက ကျောင်းအလှူရှင်များ စာရင်းစာအုပ်မှာ ရေးမှတ်ဖို့ ``ဒကာ… ဘယ်လိုရေးပေးရမလဲ``လို့ ထုံးစံအတိုင်း မေးလိုက်ပါတယ်။ ဒီအခါမှာ ``မလိုတော့ပါဘူးဘုရား… တပည့်တော်ကလှူပြီး ရေစက်ချ အမျှဝေလိုက်ရရင် ပြီးတာပါပဲဘုရား… နာမည်က အဓိကမကျပါဘူး… အရှင်ဘုရား သိရင်ပြီးတာပါပဲဘုရာ.. တပည့်တော်က လှူကတည်းက ပြတ်ပြီးသားပါဘုရား…`` လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း မှတ်တမ်းအဖြစ် စာအုပ်ထဲမှာ ရေးမှတ်ထားရမှာ ဖြစ်တဲ့အတွက် သူ့နာမည်နဲ့ပဲ ရေးမှတ်လိုက်ရပါတယ်။ စိတ်ထဲမှာလည်း ဒီဒကာရဲ့ လှူဒါန်းတတ်ပုံလေး၊ စိတ်ထားတတ်ပုံလေးကို ချီးကျူးလိုက်မိပါတယ်။ သူများတွေ ကြီးကြီးကျယ်ကျယ် ကမ္ဗည်းစာတမ်းတွေထိုးပြီး အော်ကြီးဟစ်ကျယ် လှူဒါန်းနေတဲ့ အချိန်မှာ ဘယ်သူမှလည်းမသိ၊ ကြွားဝါမှုလည်းမရှိဘဲ ခုလိုတိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး သူ့အလှူကို သူ့စိတ်တိုင်းကျ လှူသွားလိုက်ပုံလေးဟာ ကျန်တဲ့သူတွေအတွက်လည်း အတုယူစရာ ကောင်းပါတယ်။ သူ့အလှူကို သူ့နှလုံးသားမှာပဲ ကမ္ဗည်းစားတမ်း ထိုးသွားခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက ကမ္ဗည်းစာတမ်း ရေးထိုးမှုနဲ့ ပတ်သက်လို့ပါ။ မနှစ်ကဖြစ်ပါလိမ့်မယ်။ ကထိန်တစ်ခုမှာ ဒကာတစ်ယောက်က အလှူရှင်စာရင်းမှာ သူကအရင်လှူပါရက်နဲ့ သူ့နာမည်က နောက်မှလှူတဲ့ သူတွေရဲ့ အောက်ကိုရောက်နေလို့ နာမည်စာရင်းရေးတဲ့သူတွေနဲ့ ပြဿနာ ဖြစ်ကြပါသေးတယ်။ တစ်ချို့လည်း သူ့နာမည်စာလုံးက သေးနေလို့ လာပြောသူတွေကလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ နောက်မှလာလှူပေမယ့် သူတို့လက်ရှိ ရရှိထားတဲ့ ရာထူးဌာနန္တရတွေအရ အပေါ်ဆုံးက ရေးပေးဖို့ ပြောလာတာတွေလည်း ရှိပါတယ်။ တစ်ချို့လည်း များများလှူရင် ထိပ်ဆုံးမှာ၊ စာလုံးကြီးကြီးနဲ့ ရေးပေးမှာလားဆိုပြီး မေးလာတာတွေလည်း ရှိပြန်ပါတယ်။ တစ်ချို့ကျတော့ သူတို့နဲ့ ပြိုင်ဘက်သူတွေကိုကြည့်ပြီး သူကဒီလောက်လှူရင် တပည့်တော်က ဒီလောက်လှူပါတယ်ဆိုပြီး လုပ်တာတွေက ရှိပါသေးတယ်။ ဘယ်လိုလုပ်ကြမလဲ… ပရိတ်သတ်ရေ…။

တကယ်တော့ ကမ္ဗည်းစာတမ်း ထိုးပေးတယ်ဆိုတာ ဒီကမ္ဗည်းကို ကြည့်ပြီးကျန်တဲ့ သူတွေလည်း ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်နိုင်ဖို့၊ လှူတဲ့သူအနေနဲ့လည်း သူလှူထားတဲ့ အလှူတော်ကိုကြည့်ပြီး မုဒိတာပွားကာ ကုသိုလ်တရားတိုးစေဖို့၊ နောင်တစ်ချိန် အလှူရှင်များအနေနဲ့ ကိုယ်လှူထားတဲ့ အလှူများကို ပြန်လည်အမှတ်ရကာ အပရစေတနာ ကောင်းစေဖို့ စတာတွေကြောင့်ပါ။ ခုတော့ အဲလိုမဟုတ်ဘဲ လှူတဲ့သူတွေဟာ ဂုဏ်တုဂုဏ်ပြိုင်ဖြစ်စေဖို့၊ နာမည်ကြီးစေဖို့၊ ကြွားဝါဖို့၊ သူ့လောက်မလှူနိုင်တဲ့ သူတွေကို နှိမ့်ချဖို့ လှူနေသလို ဖြစ်နေကြပါတယ်။ ဒီလို အလှူရှင်မျိုးတွေကြောင့်လည်း အလှူခံပုဂ္ဂိုလ်တွေ၊ ဘုန်းတော်ကြီးတွေဟာ လှူတဲ့ပမာဏကိုလိုက်ပြီး အလှူရှင်ကမ္ဗည်းတွေကို ကောင်းသထက်ကောင်းအောင် ထိုးပေးရတဲ့အထိ ဖြစ်လာရပါတယ်။ မထိုးပေးပြန်ရင်လည်း အလှူရှင်တွေက ဘာလိုလို ညာလိုလို တွေးလာကြပြန်ပါတယ်။ အဲဒါတော့ အမှန်ပါပဲ။ အကျင့်ပါနေလို့ပဲ ပြောရမလား မသိဘူး။ ဘုန်းဘုန်းတို့ မြန်မာလူမျိုး အချို့ဟာ အလှူဒါနလုပ်တဲ့အခါမှာ ထင်ပေါ်လိုမှု၊ မျက်နှာရလိုမှု၊ ဂုဏ်ရှိလိုမှု၊ ကြွားဝါလိုမှုတွေကို ဦးစားပေးနေသလို ဖြစ်နေပါတယ်။ ဒီအပေါ်မှာလည်း သာယာနေကြတာကို တွေ့ရပါတယ်။ အလှူရှင်မှန်းသိအောင် မဏ္ဍပ်တိုင် တက်ပြချင်သူကလည်း အများကြီးရှိလာပြန်ပါတယ်။ ကိုယ်လှူထားတဲ့အလှူကို တစ်ဘက်သူသိအောင် ပြောပြပြီး ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်စေလိုတဲ့ သဘောမျိုး မဟုတ်တော့ဘဲ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် စတာတွေကို ဂုဏ်ယူဝင့်ကြွားပြီး အရသာခံ ပြောနေသလို ဖြစ်နေပါတယ်။

အမှန်တော့ အဲလိုမဖြစ်သင့်ပါဘူး။ ကိုယ်လှူတာ ကိုယ့်နှလုံးသားထဲမှာ ထားပြီး ထပ်ကာထပ်ကာ ဆင်ခြင်ပွားများ ကုသိုလ်တရားတိုးအောင် ပိုပြီးလုပ်သင့်ပါတယ်။ ကြွားဝါလိုတဲ့ သဘောမရှိဘဲ ကိုယ့်အလှူကို တစ်ခြားသူများလည်း ရပါစေဆိုတဲ့ စေတနာအမှန်နဲ့ အမျှအတမ်းပေးဝေမှုမျိုး ဖြစ်အောင်လုပ်သင့်ပါတယ်။ ဒီနေရာမှာ ဖတ်ဖူးတဲ့ စာသားလေးတစ်ခုကို သွားသတိရမိပါတယ်။ အဲဒီစာလေးက ``ဘယ်ဘက်လက်က လှူတာကို ညာဘက်လက်က မသိပါစေနဲ့၊ ညာဘက်လက်က လှူတာကို ဘယ်ဘက်လက်က မသိပါစေ``နဲ့တဲ့။ ဗုဒ္ဓစာပေမှာလည်း ဒီလိုအဆုံးအမတွေ အများကြီးရှိပါတယ်။ သပ္ပုရိသသုတ်မှာ အတ္တာနဉ္စ ပရဉ္စ အနုပဟစ္စ ဒါနံ ဒေတိလို့ ဟောထားချက်တစ်ခု ရှိပါတယ်။ အဲဒီဟောထားချက်ရဲ့ အဓိပ္ပါယ်က လှူဒါန်းတဲ့အခါမှာ ``ကိုယ့်ကိုယ်ကိုလည်း မချီးမြောက်၊ သူတစ်ပါးကိုလည်း မနှိမ့်ချဘဲ ပေးလှူခြင်း`` ကို ဆိုပါတယ်။ ဆိုလိုတာက အလှူဒါနလုပ်တဲ့ပုဂ္ဂိုလ်ဟာ ဒီအလှူကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို ထင်ပေါ်လို၊ ကြွားဝါလို၊ ဂုဏ်ယူချီးမြှောက်လိုတဲ့ သဘောမျိုး မရှိရမယ့်အပြင် သူတစ်ပါးတွေကိုလည်း ``မင်းတို့က ငါ့လောက်တောင် မလှူနိုင်ပါလား၊ ဒါလေးတောင် မလှူနိုင်ဘူးလား၊ မင်းတို့လှူတာ သိပ်နည်းတာပဲ`` စတဲ့ နှိမ့်ချလိုတဲ့ သဘောမျိုး မရှိရပါဘူး။ ဒီသဘောတွေမပါဘဲ ရိုးစင်းစွာ လှူဒါန်းတဲ့ အလှူဒါနမျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။ ပြောချင်တာက ကိုယ်လှူတာ ကိုယ်သိတဲ့အတွက် ကိုယ့်နှလုံးသားမှာပဲ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားပြီး အလှူဒါနကို အကြောင်းပြုကာ မကြွားဝါမိကြဖို့ပါ။

အမှန်တော့ အလှူလုပ်တဲ့အခါမှာ ဒါနလုပ်ရခြင်းရဲ့ သဘောကို သေချာစွာ သဘောပေါက်ပြီး လုပ်သင့်ပါတယ်။ ဒါနဆိုတာ ပေးကမ်းစွန်ကြဲခြင်းကို ဆိုတာပါ။ ပေးကမ်းတာဟာ ကိုယ့်သန္တာန်မှာရှိတဲ့၊ ကိုယ်ပိုင်ဆိုင်တဲ့၊ ကိုမြတ်နိုးတဲ့၊ ကိုယ်လိုချင်တဲ့ အရာတွေကို စွန့်လွှတ်တဲ့ သဘောပါ။ စာလိုပြောမယ်ဆိုရင် လိုချင်တပ်မက်တတ်တဲ့ လောဘကို အနိုင်ယူနိုင်အောင်၊ လောဘတစ်ဖြည်းဖြည်း နည်းပါးအောင် လုပ်တာပါ။ ဒါကြောင့် ပေးကမ်းခြင်းဖြင့် ကိုယ့်သန္တာန်မှာ လောဘဘယ်လောက်နည်းသွားတယ်၊ ဘယ်လောက်လျော့လာတယ် ဆိုတာက အဓိကကျပါတယ်။ ဘယ်လောက်လှူနိုင်တယ်၊ ဘယ်လိုလှူနိုင်တယ် ဆိုတာက အဓိက မကျပါဘူး။ လောဘနည်းအောင် အလှူဒါနလုပ်တယ်ဆိုပါမှ အလှူဒါနကို အကြောင်းပြုပြီး ဘာဖြစ်ချင်လို့၊ ဘာဖြစ်ရပါလို၏ စတဲ့ လိုချင်မှုတွေ ပိုများလာတယ်၊ ငါက ဘယ်လိုလှူနိုင်တာဆိုတဲ့ မာနတွေ ပိုများလာတယ်ဆိုရင် ဒါနလုပ်တာထက် မလုပ်တာက ပိုကောင်းသလို ဖြစ်နေပါတယ်။
ဒါကြောင့် ပေးကမ်းလှူဒါန်းခြင်း ဒါနလုပ်တာဟာ နာမည်ကြီးကြီးနဲ့ ကမ္ဗည်းစာတမ်းထိုးဖို့၊ ကြွားဝါဖို့၊ လူအထင်ကြီးဖို့၊ ထင်ပေါ်ကြော်ကြားဖို့၊ သူတစ်ပါးကို နှိမ့်ချဖို့လုပ်တာမဟုတ်ဘဲ ကိုယ့်သန္တာန်မှာရှိတဲ့ လိုချင်တပ်မက်မှု၊ ၀န်တိုမှုတွေ နည်းစေပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုရာတွင် အထောက်အကူဖြစ်စေဖို့ စတာတွေ အတွက်လုပ်တာ ဖြစ်တဲ့အတွက် အလှူဒါနလုပ်သူများ အနေဖြင့် ကိုယ်လုပ်တာ ကိုယ်သာလျှင် အသိဆုံးဖြစ်ပါသောကြောင့် ဘယ်နေရာမှာ၊ ဘယ်လိုပုံစံမျိုး ကမ္ဗည်းစာတမ်းထိုးစေတာထက် ကိုယ့်နှလုံးသားထဲမှာသာ ကမ္ဗည်းထိုးနိုင်အောင် ကြိုးစားသင့်ပါကြောင်း…

Read more »

ကဆုန်လပြည့် ဗုဒ္ဓနေ့…


မင်္ဂလာပါ… ညီတို့ ညီမတို့ရေ…
ဒီနေ့ကတော့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာ မြန်မာ့ယဉ်ကျေးမှုအရ အစဉ်အလာ သတ်မှတ်ကျင်းပလာတဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ပဲ ဖြစ်ပါတယ်ကွယ်…။ ထေရ၀ါဒ မဟုတ်တဲ့ တစ်ခြားဗုဒ္ဓဘာသာ နိုင်ငံတွေမှာတော့ သူတို့နိုင်ငံ ပြက္ခဒိန်သတ်မှတ်တဲ့ နေ့ရက်အရ ဗုဒ္ဓဖွားမြင်တော် မူတဲ့နေ့အဖြစ် သတ်မှတ်ကျင်းပ ကြပါတယ်။ ကိုရီးယားနိုင်ငံမှာဆိုလည်း သူတို့နိုင်ငံ ပြက္ခဒိန် သတ်မှတ်ချက်နဲ့အညီ ဗုဒ္ဓဖွားမြင်တော်မူတဲ့နေ့ကို ဒီနှစ်မှာ မေလ ၂ရက်နေ့အဖြစ် တစ်နိုင်ငံလုံး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံမှာတော့ ကဆုန်လပြည့်နေ့မှာ ကျင်းပဖြစ်တယ်ပေါ့..။ ကဆုန်လပြည့်နေ့လို့ သတ်မှတ်ကျုင်းပတဲ့ အတွက် အင်္ဂလိပ်ပြက္ခဒိန်မှာ မေလ ၈ရက်နေ့ဖြစ်နေပါတယ်။ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်ကို အဓိကယူတာဖြစ်တဲ့အတွက် အင်္ဂလိပ်ရက်ကတော့ အတိအကျ ရှိမှာမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံရဲ့ ထူးခြားချက်ကတော့ ကဆုန်လပြည့်နေ့ကို တစ်ခြားဗုဒ္ဓဘာသာနိုင်ငံတွေလို ဗုဒ္ဓဖွားတော်မူတဲ့နေ့ တစ်ခုတည်း ခံယူကျင်းပတာ မဟုတ်ပါဘူး။ ဘုရားရှင်းဖွားတော်မူတဲ့နေ့၊ ဘုရားအဖြစ်ကို ရောက်ရှိတော်မူတဲ့နေ့ နဲ့ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့နေ့တွေဟာ ခုနှစ်သက္ကရာဇ်သာ ကွဲပြားပေမယ့် နေ့တွေကတော့ ကဆုန်လပြည့်နေ့တွေပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ပြီး ဖွား၊ ဖြစ်၊ စံ သုံးနေ့လုံးကို ရည်မှန်းကျင်းပကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ မြန်မာပြည်ရဲ့ ကဆုန်လပြည့်နေ့ဟာ ထူးခြားပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ ဗုဒ္ဓနေ့ဖြစ်တယ်ဆိုတာ ဂုဏ်ယူစေချင်တာပါ။

ဘာကြောင့် ထူးခြားပြီး အဓိပ္ပါယ်ပြည့်စုံတာလို့ ပြောရတာလဲဆိုရင် ညီတို့ညီမတို့ပဲ စဉ်းစားကြည့်လေ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဘ၀ဖြစ်စဉ်ကို ပြောကြမယ်ဆိုရင် အစ၊ အလယ်၊ အဆုံး သုံးမျိုးလုံးကိုပြောမှ အဓိပ္ပါယ်ပြည့်စုံနိုင်မှာ မဟုတ်လား… အဲဒီလိုပဲ ဘုန်းဘုန်းတို့ ဘုရားရှင်အကြောင်း (ဗုဒ္ဓနေ့လို့သတ်မှတ်) ပြောဆိုတဲ့အခါမှာလည်း ဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အစုံ ရည်ညွှန်းနိုင်မှ အဓိပ္ပါယ်ပြည့်ဝမှာပါ။ ဘုန်းဘုန်းတို့ မြန်မာတွေရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့သတ်မှတ်ချက်ကို ကြည့်မယ်ဆိုရင် ဒီသုံးမျိုးလုံးပါပြီးသား ဖြစ်နေတာကို တွေ့ရမှာပါ။ ဗုဒ္ဓရဲ့ ဘ၀အစဖြစ်တဲ့ ဖွားမြင်တော်မူတဲ့နေ့၊ ဘ၀အလယ်ဖြစ်တဲ့ ဘုရားဖြစ်တော်မူတဲ့နေ့၊ ဘ၀အဆုံးဖြစ်တဲ့ ပရိနိဗ္ဗာန်စံတော်မူတဲ့နေတွေဟာ ဒီကဆုန်လပြည့်နေ့ တစ်နေ့တည်းဖြစ်နေတာပါ။ ဒါကြောင့်လည်း ဘုန်းဘုန်းတို့ မြန်မာများက ဒီနေ့ကို ဗုဒ္ဓနေ့လို့ သတ်မှတ်ကြတာပေါ့။ အဲဒီလောက်ကို သိပ္ပံနည်းကျပြီး အဓိပ္ပါယ် ပြည့်စုံလွန်းလှပါတယ်။ မှန်ပါတယ်။ ဗုဒ္ဓဟာ မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာ ဖွားမြင်၊ မဟာသက္ကရာဇ် ၁၀၃ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့မှာ ဘုရားဖြစ်၊ မဟာသက္ကရာ် ၁၄၈ခု၊ ကဆုန်လပြည့်၊ အင်္ဂါနေ့မှာ ပရိနိဗ္ဗာန် ပြုတော်မူတယ်ဆိုတဲ့ ဘ၀အစ၊ အလယ်၊ အဆုံးဟာ ဒီကဆုန်လပြည့်နေ့မှာပဲ ဖြစ်တဲ့အတွက် ကဆုန်လပြည့်နေ့ဟာ ထူးခြားတဲ့ ဗုဒ္ဓနေ့ဆိုတာ ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ညီတို့ညီမတို့အတွက် မမေ့နိုင်စရာ၊ ဂုဏ်ယူစရာနေ့ထူး နေ့မြတ်ဖြစ်ပါတယ်။

ကောင်းပြီ… ဒီလိုဆိုရင် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းတာကရော ဘာအဓိပ္ပါယ်လည်းလို့ စဉ်းစားစရာဖြစ်လာပြန်ပါတယ်။ သိတဲ့အတိုင်းပဲ ဗောဓိညောင်ပင်ဟာ ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူတဲ့ သစ်ပင်ဖြစ်ပါတယ်။ ဒီသစ်ပင်အောက်မှာ သစ္စာလေးပါးတရားကို သိတော်မူပါတယ်။ ဒါကြောင့် ဒီညောင်ပင်ကိုလည်း ဗောဓိညောင်ပင်လို့ ခေါ်တာပါ။ တကယ်တော့ ညောင်ပင်မှ မဟုတ်ပါဘူး။ ဘုရားရှင်တို့ သစ္စာလေးပါးသိရာမှာ အမှီပြုရတဲ့ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်ကြခြင်း ဖြစ်တဲ့အတွက် အကယ်၍ သရက်ပင်အောက်မှာ သစ္စာဉာဏ်သိရင် အဲဒီသရက်ပင်ဟာ ဗောဓိပင်ပါ၊ အလားတူ ကုက္ကိုပင်၊ အင်ကြင်းပင်၊ ညောင်ပင်စတဲ့ ဘယ်သစ်ပင်ကိုမဆို ဘုရားရှင် သစ္စာဉာဏ်သိရာ သစ်ပင်တိုင်းကို ဗောဓိပင်လို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ ဂေါတမမြတ်စွာဘုရား သစ္စာလေးပါးကိုသိပြီး ဘုရားဖြစ်တော်မူတဲ့ ညောင်ပင်ကိုလည်း ဗောဓိပင်လို့ သတ်မှတ်ကြခြင်းပါ။ ညောင်ပင်မှန်းသိအောင် ဗောဓိညောင်ပင်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီတော့ ဘုရားရှင် သစ္စာဉာဏ်သိတဲ့ ဒီညောင်ပင်ဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ အသုံးအဆောင် တစ်ခုအဖြစ် သတ်မှတ်လို့ ရတဲ့အတွက် ညောင်ပင်ဟာ စေတီလေးမျိုးထဲမှာ ပရိဘောဂစေတီ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဘုရားရှင် မရှိတော့တဲ့နောက်ပိုင်း လူအများကိုးကွယ်ဖို့နဲ့ ကုသိုလ်ပြုရာဌာနအဖြစ် ခွင့်ပြုတဲ့ စေတီများထဲမှာ ပရိဘောဂစေတီလည်း ပါတဲ့အတွက် ဒီညောင်ပင်ကို ရေစင်သွန်းလောင်းပြီး ပူဇော်ခြင်းဟာ စေတီကို ပူဇော်ရာရောက်တဲ့အတွက် ကုသိုလ်ဖြစ်ပါတယ်။ တစ်ခြားအရာတွေနဲ့ မပူဇော်ပဲ ရေလောင်းပူဇော်ခြင်းက ဒီကဆုန်လဟာ အလွန်ပူပြင်းခြောက်သွေ့တဲ့ လဖြစ်တဲ့အတွက် စေတီတော်ကို ပူဇော်ရာတွင် လိုအပ်တဲ့အရာကို ပြုလုပ်ပူဇော်ခြင်းက ပိုပြီးအကျိုးများတယ်လို့ ယုံကြည်လက်ခံ ပူဇော်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဘုရားရှင် ဘုရားအဖြစ်ကို ရောက်တော်မူရာ ပရိဘောဂစေတီ ဖြစ်တဲ့ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ညီတို့ညီမတို့ အနေနဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့နဲ့ ပတ်သက်တဲ့ ထူးခြားချက်ကို အထိုက်အလျောက် နားလည်သဘောပေါက်မယ် ထင်ပါတယ်။ ဒီလို အနှစ်သာရတွေကို သိရှိပြီး ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်များဟာ ဘုရားရှင်နဲ့ ပတ်သက်တဲ့ နေ့ထူးနေ့မြတ်များကို လက်ခံထိန်းသိမ်းကျင့်းပ သင့်ကြပါတယ်။ ပြီးတော့ ဒီလို လက်ခံကျင်းပရုံနဲ့လည်း မပြီးသေးပါဘူး။ လိုက်နာကျင့်သုံးကြဖို့လည်း လိုပါတယ်။ ဗုဒ္ဓကို ကြည်ညိုရင် ဗုဒ္ဓဆုံးမတော် မူတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး နေထိုင်ပြရပါမယ်။ ဗုဒ္ဓကိုယ်တိုင်ကလည်း ``ငါဘုရားဟာ ကယ်တင်ရှင်မဟုတ်ပါဘူး၊ လမ်းပြပေးသူသာ ဖြစ်ပါတယ်``လို့ မိန့်တော်မူးထားတဲ့အပြင် ``ငါဘုရားကို တကယ်မြင်ချင်တဲ့ ပုဂ္ဂိုလ်ဟာ ငါဘုရားဟောတော်မူတဲ့ တရားကို မြင်မှသာ ငါ့ကိုမြင်နိုင်တယ်``လို့လည်း ဟောတော်မူထားပါတယ်။ ဒါကြောင့် ညောင်ပင်သွားပြီး ပရိဘောဂစေတီကို ရေစင်သွန်းလောင်း ပူဇော်နေရုံနဲ့ မပြီးသေးဘဲ တကယ့်အစစ်အမှန် ဘုရားကို ပူဇော်နိုင်ဖို့၊ မြင်နိုင်ဖို့အတွက် ဘုရားရှင်ရဲ့ တရားတော်ကို လိုက်နာကျင့်သုံးကြဖို့လည်း လိုပါကြောင်း ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ အထူးအမှာစကား ပါးလိုက်ရပါတယ်။
အားလုံး… တရားတော်ကို လိုက်နာကျင့်သုံးခြင်းဖြင့် ဘုရားရှင်ကို မြင်နိုင်ကြပါစေ…

မေတ္တာဖြင့်
ဘုန်းဘုန်းဦးဝိစိတ္တ..

Read more »

ဗောဓိပက္ခိယ…

Q. အရှင်ဘုရား…
ဗောဓိပက္ခိယရဲ့ အဓိပ္ပါယ်၊ ဗောဓိပက္ခိယတရားများရဲ့ အရေအတွက်နဲ့ မြန်မာလိုအဓိပ္ပါယ်များကို သိလိုပါတယ်။ တပည့်တော်တို့ နားလည်အောင် ရှင်းပြပေးစေလိုပါတယ်ဘုရား..
ရိုသေစွာဖြင့်
(ဒေါက်တာနီနီ)


A. ဗောဓိပက္ခယရဲ့ ပါဠိတိုက်ရိုက်အဓိပ္ပါယ်ကို ဗောဓိ၊ ပက္ခ၊ ဣယလို့ ပုဒ်ခွဲပြီး ဗောဓိ- သစ္စာလေးပါးကို သိတတ်သော မဂ်ဉာဏ်၊ ပက္ခ- အသင်းအပင်း၊ ဣယ-ဖြစ်ခြင်းလို့ အသီးသီး အဓိပ္ပါယ်ရကာ ဗောဓိဉာဏ်၏ အသင်းအပင်းဖြစ်သော တရားများလို့ နားလည်နိုင်ပါတယ်။ အလွယ်နားလည်အောင် ပြောရရင် ဗောဓိပက္ခိယဆိုတာ အရိယာမဂ်ဉာဏ်ကို ရရာရကြောင်းဖြစ်တဲ့ တရားများ၊ အရိယာမဂ်ဉာဏ်နှင့် အတူတကွ ဖြစ်တဲ့တရားများလို့ အဓိပ္ပါယ်ရပါတယ်။ အရေအတွက်အားဖြင့် ဗောဓိပက္ခိယတရား ၃၇ပါးရှိပါတယ်။ အဲဒါတွေက
သတိပဋ္ဌာန် ၄ ပါး၊ သမ္မပ္ပဓာန် ၄ ပါး၊ ဣဒ္ဓိပါဒ် ၄ ပါး၊ ဣနြေ္ဒ ၅ ပါး၊ ဗိုလ် ၅ ပါး၊ ဗောဇ္ဈင် ၇ ပါး၊ မဂ္ဂင် ၈ ပါး အားဖြင့် ပေါင်း (၃၇) ပါးတို့ပဲ ဖြစ်ပါတယ်။

သတိပဋ္ဌာန် (၄) ပါး
မိမိဆိုင်ရာအာရုံ၌ လွန်လွန်ကဲကဲ စွဲမြဲစွာတည်တဲ့ သတိအထူးကို သတိပဋ္ဌာန်လို့ ခေါ်ပါတယ်။ သတိပဋ္ဌာန်လေးပါးရှိပါတယ်။
၁။ ကာယနုပဿနာ သတိပဋ္ဌာန် = ခန္ဓာကိုယ်၌ (၀ါ) ဆံပင် မွေးညင်း စတဲ့ ၃၂ကောဋ္ဌာသ၌ အသုဘ အခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး၊
၂။ ဝေဒနာနုပဿနာ သတိပဋ္ဌာန် = ဝေဒနာတို့ကို ဒုက္ခအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၃။ စိတ္တာနုပဿနာ သတိပဋ္ဌာန် = စိတ်တို့ကို အနိစ္စအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး
၎။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် = သညာသင်္ခါရဖြစ်သော နီဝရဏစတဲ့ တရားဓမ္မများကို အနတ္တအခြင်းအရာအားဖြင့် ထင်လာအောင် အဖန်ဖန်ရှုမှတ်တဲ့ သတိအထူး

သမ္မပ္ပဓာန် (၄)ပါး
သမ္မပ္ပဓာန် ဆိုတာ ၀ီိရိယကို ပြောတာပါ။ အရိုးကြေကြေ၊ အရေခမ်းခမ်း မဆုတ်မနစ် နောက်မဆုတ်ဘဲ ကြိုးစားအားထုတ်တဲ့ ၀ီရိယစေတသိက်ကို ဆိုလိုပါတယ်။ ဒီသမ္မပ္ပဓာန်လည်း လေးပါးရှိပါတယ်။
၁။ ဖြစ်ပေါ်ပြီးတဲ့ အကုသိုလ်တရားများကို ပယ်ဖျောက်နိုင်အောင် အားထုတ်တဲ့ ၀ီရိယ
၂။ မဖြစ်ပေါ်သေးတဲ့ အကုသိုလ်တရားများကို မဖြစ်ပေါ်အောင် အားထုတ်တဲ့ ၀ီရိယ
၃။ မဖြစ်သေးတဲ့ ကုသိုလ်တရားများကို ဖြစ်အောင်အားထုတ်တဲ့ ၀ီရိယ
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တရားများကို ခိုင်ခန့်တိုးပွားအောင် အားထုတ်တဲ့ ၀ီရိယ

ဣဒ္ဓိပါဒ် (၄)ပါး
ပြီးစီးထမြောက်သော ဈာန်မဂ်ဖိုလ် အကျိုးတို့၏ အခြေခံ အကြောင်းတရား၊ တစ်နည်းအားဖြင့် ဈာန်မဂ်ဖိုလ်ရရှိရန် အခြေခံဖြစ်တဲ့ တရားများကို ဣဒ္ဓိပါဒ်လို့ ခေါ်ပါတယ်။ ဣဒ္ဓိပါဒ်လေးပါး ရှိပါတယ်။
၁။ ဆန္ဒိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ဆန္ဒ
၂။ ၀ီရိယိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ၀ီရိယ
၃။ စိတ္တိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ စိတ်
၎။ ၀ီမံသိဒ္ဓိပါဒ် = ကုသိုလ်စိတ်များမှာ ယှဉ်တဲ့ ပညာ

ဣနြေ္ဒ (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ အစိုးရခြင်းကို ဖြစ်စေသောကြောင့် ဣနြေ္ဒဟုခေါ်သည်။ ၎င်းတို့မှာ
၁။ သဒ္ဓိနြေ္ဒ = ယုံကြည်မှု သဒ္ဓါ(စေတသိက်)
၂။ ၀ီရိယိနြေ္ဒ = ကြိုးစားအာထုတ်မှု ၀ီရိယ(စေတသိက်)
၃။ သတိနြေ္ဒ = မမေ့မလျော့ သတိရှိမှု သတိ(စေတသိက်)
၎။ သမာဓိနြေ္ဒ = တည်ကြည်မှု သမာဓိ(စေတသိက်)
၅။ ပညိနြေ္ဒ = ပညာရှိမှု ပညာ(စေတသိက်)

ဗိုလ် (၅) ပါး
အရိယာမဂ်ကို ရစေခြင်း၌ ကြံ့ကြံ့ခံနိုင်ခြင်း (အားအင်) ကို ဖြစ်စေသောကြောင့် ဗလ-ဗိုလ်ဟုခေါ်သည်။ ၎င်းတို့သည် ဣနြေ္ဒငါးပါးအတိုင်း
၁။ သဒ္ဓါဗိုလ်
၂။ ၀ီရိယဗိုလ်
၃။ သတိဗိုလ်
၎။ သမာဓိဗိုလ်
၅။ ပညာဗိုလ် ဟုငါးပါးရှိပြီး အရကောက်လည်း အတူတူပဲ ဖြစ်ပါတယ်။

ဗောဇ္ဈင် (၇) ပါး
ဗောဓိဟူသော သစ္စာလေးပါးကို သိကြောင်းတရားအပေါင်း၏ အစိတ်အစိတ်ကို ဗောဓိအင်္ဂ= ဗောဇ္ဈင်္ဂ= ဗောဇ္ဈင်လို့ ခေါ်ပါတယ်။ ဒီဗောဇ္ဈင်လည်း ခုနှစ်ပါးရှိပါတယ်။
၁။ သတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အောက်မေ့မှုသတိ
၂။ ဓမ္မ၀ိဇယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ဆိုင်ရာတရားများကို စိစစ်တတ်တဲ့ ပညာ
၃။ ၀ီရိယသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ အားထုတ်မှု ၀ီရိယ
၎။ ပီတိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ နှစ်သက်ရွှင်လန်းမှု ပီတိ
၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ ငြိမ်းအေးမှု ပဿဒ္ဓိ
၆။ သမာဓိသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ တည်ကြည်မှု သမာဓိ
၇။ ဥပေက္ခာသမ္ဗောဇ္ဈင် = သစ္စာလေးပါးကို သိကြောင်းဖြစ်တဲ့ လျစ်လျူရှုမှု တတြမဇ္ဈတ္တတာ

မဂ္ဂင် (၈) ပါး
သစ္စာဉာဏ်ကို ရရာရကြောင်း မှန်ကန်တဲ့ လမ်းကြောင်းကို မဂ္ဂအင်္ဂ = မဂ္ဂင်္ဂ= မဂ္ဂင်လို့ ဆိုပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း မဂ္ဂင် ရှစ်ပါးရှိပါတယ်။
၁။ သမ္မာဒိဋ္ဌိမဂ္ဂင် = မှန်ကန်တဲ့အမြင် (ပညာ)
၂။ သမ္မာသင်္ကပ္ပမဂ္ဂင် = မှန်ကန်တဲ့ အတွေးအကြံ (၀ိတက်)
၃။ သမ္မာဝါစာမဂ္ဂင် = မှန်ကန်တဲ့စကား (သမ္မာဝါစာ)
၎။ သမ္မာကမ္မန္တမဂ္ဂင် = မှန်ကန်တဲ့ အလုပ် (သမ္မာကမ္မန္တ)
၅။ သမ္မာအာဇီဝမဂ္ဂင် = မှန်ကန်တဲ့ အသက်မွေးမှု (သမ္မာအာဇီဝ)
၆။ သမ္မာဝါယမမဂ္ဂင် = မှန်ကန်တဲ့ အားထုတ်မှု (၀ီရိယ)
၇။ သမ္မာသတိမဂ္ဂင် = မှန်ကန်တဲ့ အောက်မေ့မှု (သတိ)
၈။ သမာသမာဓိမဂ္ဂင် = မှန်ကန်တဲ့ တည်ကြည်မှု (သမာဓိ)

အထက်ပါ တရားအသီးသီးကို ပေါင်းလိုက်ပါက (၃၇)ပါးရှိပြီး ဗောဓိပက္ခိယတရား သုံးဆယ့်ခုနှစ်ပါးလို့ ခေါ်ပါတယ်။ သစ္စာလေးပါးဗောဓိတရားကို ရရာရကြောင်း တရားများလို့ နားလည်သဘောပေါက်နိုင်ပါတယ်။

Read more »

ဂုဏ၀န္တေ ပဿန္တိ ဇနာ…

``ဂုဏ၀န္တေ ပဿန္တိ ဇနာ`` ဒီစာကြောင်းလေးကို ဂုဏ်ရှိမှ လူမြင်၏လို့ တိုက်ရိုက်အဓိပ္ပါယ် ယူနိုင်ပါတယ်။ ခတ်ရိုင်းရိုင်းပြောရရင် အမြီးရှည်မှ လူရာဝင်တယ်၊ လူအထင်ကြီးတယ်လို့ အလွယ်နားလည်နိုင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ခေတ်ကာလ အနေအထားအရ လူတွေဟာ များသောအားဖြင့် တစ်ဦးနဲ့တစ်ဦး ကြည့်တဲ့အခါ၊ ဆက်ဆံတဲ့အခါ ဒီဂုဏ်တွေကို ကြည့်ပြီးဆက်ဆံ ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ယနေ့ခေတ်လူတွေ အထင်ကြီး သတ်မှတ်ကြတဲ့ ဂုဏ်တွေကတော့ ပညာဂုဏ်၊ ရာထူးဂုဏ်၊ ငွေဂုဏ်စတာတွေ ပါပဲ။ တကယ်တော့ ပညာဂုဏ်ဆိုတာထက် နောက်ကတပ်လို့ရတဲ့ ဘွဲ့ဒီဂရီတွေနဲ့ ရာထူးဂုဏ်လို့ပြောကြတဲ့ အပွင့်တွေ၊ အခက်တွေ၊ အရစ်တွေ စတာတွေကို ပိုပြီးမြင်ကြ၊ ကြည့်ကြ၊ ဆက်ဆံကြ၊ အရေးတယူပြုနေကြ တာတွေပါ။ ဒါကြောင့်လည်းပဲ လူတွေကြားမှာ အမျိုးမျိုးသော ဘွဲ့ထူးတွေ၊ ရာထူးတွေ၊ ဂုဏ်ထူးတွေ မရှိရှိတာ ရှာကြံတပ်နေကြရတာ ဖြစ်မှာပါ။ ဒီလို မရှိရှိတာ ရှာကြံတပ်ရာကနေပြီး နောက်ဆုံးတော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေဟာ အကြွားသန်တဲ့ လူမျိုးတွေ ဖြစ်လာပါတော့တယ်။ ငကြွားတွေ ဖြစ်လာပါတော့တယ်။

ကြွားတာကတော့ ကမ်းကုန်အောင်ပါပဲ။ ဘာလေးပဲလုပ်လုပ်၊ ဘာပွဲလေးပဲ လုပ်လုပ် စုံနေအောင်ကို တပ်ပါတော့တယ်။ မင်္ဂလာဆောင်မှာရော၊ မွေးနေ့ပွဲမှာရော၊ ပါတီပွဲတွေမှာရော တပ်လိုက်တဲ့အမြီးတွေ စိုင်းဘုတ်တောင် မဆန့်ဖြစ်ရပါတယ်။ တစ်ချို့ဆို နိုင်ငံခြားမှာသွားပြီး သူများခိုင်းတာ အောက်ခြေသိမ်းလုပ်နေရ တာကိုပဲ ဂုဏ်ယူဝင့်ကြွားစွာ ဘယ်နိုင်ငံ၊ ဘယ်မြို့၊ ဘယ်အလုပ်ရုံမှာ ဘာလိုလို ညာလိုလိုဖြစ်အောင် တပ်လိုက်ကြပါသေးတယ်။ ယုတ်စွအဆုံး သေတာတောင်မှ နာရေးကြောငြာတွေမှာ ရှိသမျှဟာတွေကို ရှာကြံပြီး အမြီးရှည်အောင် လုပ်ကြပါသေးတယ်။ သေတဲ့သူက သေသွားပေမယ့် ကျန်ခဲ့တဲ့သူတွေအတွက်က ကြွားပေးရဦးမှာကိုး။ ကြုံတုန်းဘုန်းဘုန်းတို့လည်း ကြွားလိုက်ရဦးမယ်။ ဘုန်းဘုန်းတို့က နိုင်ငံခြားမှာ နေတာဆိုတော့ နိုင်ငံခြားသားအသိများရဲ့ လိပ်စာကဒ်တွေ၊ မြန်မာပြည်မှာရှိတဲ့ သူတွေရဲ့ လိပ်စာကဒ်တွေ အစုံရှိပါတယ်။ ဒီလိပ်စာကဒ်တွေ ယှဉ်ကြည့်လိုက်တော့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ ကဒ်တွေက ပိုပြီးစာတွေများနေတာကို တွေ့ရပါတယ်။ ရှင်းအောင်ပြောရရင် နာမည်ရဲ့နောက်မှာ ဘွဲ့၊ ဒီဂရီ၊ ရာထူးဌာနန္တရတွေ အကုန်တပ်ထားတာကို ပြောတာပါ။ နိုင်ငံခြားသားများရဲ့ ကဒ်တွေမှာတော့ အမည်လောက်ပဲတပ်ပြီး လိုအပ်မှ လက်ရှိလုပ်နေတဲ့ နေရာ၊ ရာထူးလေးကို တပ်ကြတာတွေ့ရပါတယ်။ ထားပါတော့…။

အမှန်တော့ ဒီလိုနောက်က ဘွဲ့ထူးဂုဏ်ထူးတွေ တပ်ရတာကလည်း တပ်တဲ့သူတွေက တပ်ချင်လို့တပ်ကြတာ မဟုတ်ပါဘူး။ ခေတ်ကာလ အခြေအနေအရ တပ်ကြရတာပါ။ အထူးသဖြင့် အပေါ်ယံအပြင်ကိုပဲ ကြည့်တတ်တဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးများရဲ့ အကြည့်တွေကြောင့် တပ်ရတာပါ။ ယနေ့ခေတ် မြန်မာလူမျိုးများဟာ အရည်အချင်းထက် အရေအတွက်ကိုပိုပြီး ဦးစားပေးနေတာကြောင့်လည်း တစ်ချို့မတပ်ချင်ပေမယ့် အရေအတွက်လေးတွေ ပြနေရတဲ့ အနေအထားပါ။ ဒါမှလည်း အလုပ်လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ကြတာပါ။ ကိုယ်ကိုယ်တိုင်က အရည်အချင်းတွေ တဖြည်းဖြည်း နည်းလာကြတော့ သူများကို ကြည့်တဲ့အခါမှာလည်း အဲဒီသူရဲ့ ပင်ကိုယ်အရည်အချင်းထက် နောက်ဆုံးအလွယ်တကူ သိလို့ရတဲ့ နောက်က ဘွဲ့ဒီဂရီလေးတွေကိုပဲကြည့်ပြီး အင်း… ဒီလူကတော့ ဒီလိုတော့ ဖြစ်လိမ့်မယ်လို့ ယူဆကြတော့တာပါ။ ကိုယ်ကိုယ်တိုင်က မသိထားတဲ့အခါကျတော့ ဘွဲ့ထူး၊ ဂုဏ်ထူးရှိတဲ့သူ ပြောတာကိုပဲ အမှန်လို့ မှတ်ယူကြတော့တာပါ။

လူမပြောနဲ့ ဘုန်းကြီးတွေပြောတာကိုလည်း အဲဒီလို တွက်ကြပါတယ်။ ဓမ္မာစရိယ ဘီအေ၊ အမ်မ်အေ စတဲ့ဘွဲ့ရ ဘုန်းကြီးကလည်း ခန္ဓာငါးပါးရှိကြောင်း၊ သစ္စာလေးပါးရှိကြောင်း စတာတွေပြောသလို ဘာဘွဲ့မှ မရတဲ့ ဘုန်းကြီးလည်း တစ်ထပ်တည်းစာပေအတိုင်း ပြောပါတယ်။ အဲဒီအခါမှာ မှတ်သားနာယူ၊ နားထောင်တဲ့သူက ဘယ်လိုတွေးလိုက်လဲဆိုတော့ ``အင်း… ဒီဘုန်းဘုန်းပြောတာက ပိုပြီးမှန်နိုင်တယ်၊ တိကျနိုင်တယ်… ဘာဖြစ်လို့လည်းဆိုတော့ အဲဒီဘုန်းဘုန်းက ဓမ္မာစရိယရော လောကီဘွဲ့တွေရော ရထားတာလေ…``လို့ သူ့အမြင်နဲ့ သူသိသလောက်နဲ့၊ သူရှိတဲ့အရည်အချင်းလောက်နဲ့ တိုင်းတာ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ နှစ်ပါးလုံးတိတိကျကျ မှန်မှန်ကန်ကန် ပြောဆို ဟောပြောကြတာပါ။ ဒါပေမယ့် မြင်တဲ့သူက တရားထက် နောက်က ဂုဏ်ကိုသွားမြင်လိုက်တာပါ။ ဒီလို အခြေအနေမျိုးက မြန်မာပြည်မှာ အများကြီးပါ။ ဒါကြောင့်လည်း လူ့လောကမှာရော ဘုန်းကြီးလောကမှာပါ အရည်အချင်းထက် အရေအတွက်တွေ များအောင် လုပ်လာကြတော့တာပါ။ အဲလိုမှ မလုပ်ရင်လည်း အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေကြတော့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ဘုန်းဘုန်းတို့ လူမျိုးတွေကလည်း သိတဲ့အတိုင်းပဲ ဘုရားတောင်မှ ရွှေရှိမှ ကိုးကွယ်ချင်ကြတာလေ… ရွှေမရှိတဲ့ဘုရား လူမလာကြပါဘူး။ ဒါကြောင့် လူလာအောင် လူမြင်အောင်ဆိုပြီး နောက်က မရှိရှိတာ ရှာတပ်ကြရခြင်း ဖြစ်ပါတယ်။ တပ်သူရဲ့ အပြစ်မဟုတ်ပါဘူး… မြင်သူတွေက ဒီလိုမြင်လာကြတာကိုး…။ ဒါကြောင့် တစ်ချို့ အလုပ်ကြီးလုပ်တဲ့ ရဟန်းတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ပထမလူအထင်ကြီးအောင် လုပ်ပြကြရတာပါ။ လူအထင်ကြီးအောင်ဆိုတော့ လူတွေမြင်တတ်တဲ့ ရာထူး၊ ဘွဲ့ထူး၊ ဘာဂုဏ်၊ ညာဂုဏ်တွေ အရင်ပြပြီး ဆွဲဆောင်ကြရတာပါ။ ခုဆိုရင် နောက်က အမြီးတပ်သူတွေများလာတော့ သာမန်အမြီးလောက်နဲ့တောင် မရတော့ဘူး… ဒေါက်တာဆိုလား… ဘာဆိုလားတာတွေတောင် ရအောင်လုပ်ပြီး တပ်လာရပြန်ပါတယ်။ သာမန်ဘွဲ့လောက်ဆို သိပ်ပြီးအထင်ကြီးမှုက မရှိကြလေတော့ ဒေါက်တာဘွဲ့ရအောင် လုပ်လာရပြန်ပါတယ်။ ဒီဘွဲ့တောင်မှ ပြည်တွင်းဘွဲ့ဆို သိပ်အထင်မကြီးလို့ ပြည်ပဘွဲ့ကို ရအောင်လုပ်ရပြန်ပါတယ်။ ဒီလိုသာ လူအထင်ကြီးအောင် လိုက်လုပ်နေရမယ် ဆိုရင်တော့ ဆုံးမှာမဟုတ်တော့ပါဘူး။ လူတွေမြင့်ဖို့အတွက် ဂုဏ်တွေရှိအောင် လုပ်နေရမယ်ဆိုရင် ပြီးမှာမဟုတ်တော့ပါဘူး။

တကယ်တော့ ဘုန်းဘုန်းတို့ လူတွေဟာ အမြင်တွေလွဲနေကြတာပါ။ မှန်ပါတယ်။ ဘာသာတရား ရှုထောင့်ကကြည့်ရင်လည်း ဂုဏ်ကိုကြည့်ရပါမယ်။ မြင်တတ်ရပါမယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ပုဂ္ဂိုလ်ရဲ့ ဂုဏ်ကိုကြည့်ပြီး ကိုးကွယ်တတ်ရပါမယ်။ ဒါပေမယ့် ဒီကနေ့ လူတွေမြင်ကြတဲ့ ဘွဲ့ထူး၊ ရာထူးဂုဏ်၊ ငွေဂုဏ်ကြေးဂုဏ်၊ ကျော်ကြားမှုဂုဏ်တွေ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ရော၊ ကိုယ်အထင်ကြီးခံ၊ ကိုးကွယ်ခံမယ့်သူများ ပြည့်စုံရမယ့်၊ ရှိသင့်တဲ့ဂုဏ်တွေက ကိုယ်ကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တွေပါ။ ဒီဂုဏ်တွေကသာ တကယ့်စစ်မှန်တဲ့ ဂုဏ်တွေပါ။ ဒေါက်တာတွေ၊ လောကသတ်မှတ်ထားတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ဘယ်လောက်ပဲ ရရှိနေပါစေ ကိုယ်ကျင့်သီလမကောင်းဘူး၊ အကျင့်စရိုက်မကောင်းဘူးဆိုရင် ရထားတဲ့ ဘွဲ့ဒီဂရီတွေဆိုတာ အလကားပါ။ ဒီလို ကိုယ်ကျင့်သီလမကောင်းဘဲ တခြားဘွဲ့တွေနဲ့ အထက်ရောက်နေခဲ့မယ်ဆိုလည်း ခဏပါပဲ။ မမြဲပါဘူး။ ကိုယ်ကျင့်သီလမြဲမှ ကိုယ်လည်းမြဲမှာပါ။ ဒီလို သီလ၊ သမာဓိ၊ ပညာဂုဏ်တွေ ရှိနေမယ်၊ ပြည့်စုံနေမယ်ဆိုပါက တစ်ခြားအရာတွေဟာ တောင့်တစရာ မလိုဘဲ အလိုလိုရောက်လာမှာပါ။ အဓိကကတော့ ကိုယ့်ကိုယ်ကို အကျင့်သီလဂုဏ်ရှိအောင် အရင်ကြိုးစားဖို့ လိုပါတယ်။ ဒီဂုဏ်တွေသာ ရှိထားမယ်ဆိုရင် လူအထင်ကြီးအောင်၊ ထင်ပေါ်ကျော်ကြားအောင် တကူးတက လုပ်စရာကို မလိုဘဲ သူ့အလိုလို လှူဒါန်းပေးကမ်း၊ ပူဇော်ချီးမြှောက်မယ့်သူတွေ ရရှိ၊ ရောက်ရှိလာမှာပါ။

အမှန်တော့ ဂုဏ်ရှိမှ လူရာဝင်တဲ့၊ လူအထင်ကြီးတဲ့ လောကကြီးမှာ လူတွေအထင်ကြီးဖို့အတွက် ဘွဲ့ထူးရာထူး၊ ဂုဏ်ထူးတွေ ရအောင်၊ များအောင် ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ကိုယ်အထင်ကြီးနိုင်အောင်၊ ကိုယ့်ကိုယ်ကို ကိုယ်ကြည့်ညိုနိုင်အောင် အရင်လုပ်ဖို့လိုပါတယ်။ လောကလူသားတွေကတော့ ကိုယ့်ရဲ့နောက်က အမြီးကိုကြည့်ပြီး အထင်ကြီးတတ်ကြပေမယ့် ကိုယ့်ကိုယ်ကိုကတော့ ဒီဂုဏ်တွေထက် ကိုယ်ကိုယ်တိုင်ပဲ သိနိုင်တဲ့ ``ငါဘယ်လောက် အကျင့်သီလကောင်းတယ်`` ဆိုတဲ့ အချက်ကသာ အထင်ကြီးနိုင်၊ ကြည်ညိုနိုင်တာပါ။ ဒါကြောင့် ``လောကလူတွေ မြင်ဖို့မလိုပါဘူး၊ ကိုယ့်ကိုယ်ကို မြင်ဖို့လိုပါတယ်။ လောကလူတွေ အထင်ကြီးဖို့ မလိုပါဘူး ကိုယ့်ကိုယ်ကိုသာ အထင်ကြီးဖို့လိုပါတယ်။ လောကလူတွေ ကြည်ညိုအောင် ကြိုးစားဖို့ မလိုပါဘူး၊ ကိုယ့်ကိုယ်ကိုသာ ကြည်ညိုနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။`` လို့ ဆိုလိုက်ရခြင်း ဖြစ်ပါတယ်။ အာလုံး ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်ကြပါစေ…

Read more »

အရှင်အာနန္ဒာနှင့် စပ်လျဉ်း၍…

Q. ဘုန်းဘုန်းဘုရား…
အရှင်အာနန္ဒာဟာ ဗဟုသုတအရာ၊ သတိမမေ့သည့်အရာ၊ ပညာလျင်သည့်အရာ၊ လုံ့လရှိသည့်အရာ၊ အလုပ်အကျွေးကောင်းအရာ ဧတဒဂ်ငါးခု ရတယ်လို့ ဘုန်းဘုန်းပို့စ်မှာ ဖတ်ရပါတယ်။ (၁) ပညာအရာမှာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာနဲ့ လုံ့လဧတဒဂ်ရတဲ့ အရှင်သောဏတို့နဲ့ အရှင်အာနန္နာရတဲ့ ဧတဒဂ် ဘယ်လို ကွာပါသလဲဘုရား။ (၂) ဒီလောက် ဥာဏ်ကြီးတဲ့ အရှင်အာနန္ဒာဟာ မြတ်စွာဘုရားကို လုပ်ကျွေးချင်လို့ သောတာပန် ဘဝမှာပဲ ဆက်နေတာလား၊ အထက်မဂ်တွေရအောင် အားမထုတ်ဘဲ ရပ်ထားတာလား ရှင်းပြစေလိုပါတယ်ဘုရား။
မျိုးဝေ

A. မေးခွန်းများကို တိုက်ရိုက်မဖြေခင် အရှင်အာနန္ဒာမထေရ်ရဲ့ ကြည်ညိုဖွယ်ဂုဏ်လေးကို ပြောပြလိုပါတယ်။ အရှင်အာနန္ဒာမထေရ်ဟာ မြတ်စွာဘုရားရှင်ရဲ့ အလုပ်အကျွေးရဟန်းတော် ဖြစ်တဲ့အပြင် ဘုရားရှင်နဲ့ တစ်ပြိုင်တည်း ဖွားတော်မူတဲ့ ပါရမီရှင် ဖွားဖက်တော်လည်း ဖြစ်ပါတယ်။ အလုပ်အကျွေးဆိုပေမယ့် ဘုရားရှင် ဘုရားဖြစ်ဖြစ်ချင်း အလုပ်အကျွေးဖြစ်လာတာ မဟုတ်ပါဘူး။ ၀ါတော်နှစ်ဆယ်နောက်ပိုင်းမှ ပရိနိဗ္ဗာန်ပြုတော်မူတဲ့အထိ လုပ်ကျွေးတော်မူခဲ့တာပါ။ အရှင်အာနန္ဒာရဲ့ ထူးခြားကြည်ညိုဖွယ်ကောင်းတဲ့ အချက်က အလုပ်အကျွေးမဖြစ်ခင် မြတ်စွာဘုရားရှင်ကို အချက်လေးချက်စီ တောင်းဆိုပါတယ်။ အဲဒါတွေက လက်မခံဘဲ ပယ်တဲ့ဆုလေးဆုနဲ့ ယူတဲ့ဆုလေးဆုပဲ ဖြစ်ပါတယ်။ အရှင်အာနန္ဒာမထေရ် ပယ်တဲ့ဆုလေးဆုမှာ
၁။ မြတ်စွာဘုရားရှင် ရရှိတော်မူထားသည့် မွန်မြတ်သော ဆွမ်းကွမ်းပစ္စည်းများဖြင့် မိမိအား မချီးမြောက်ရန် (ထိုချီးမြောက်မှုကို လက်မခဲဘဲပယ်တော်မူခြင်း)
၂။ မွန်မြတ်သော သင်္ကန်းပစ္စည်းတို့ဖြင့် မချီးမြောက်ရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၃။ ဘုရားရှင် ကျိန်းတော်မူသော ဂန္ဓကုဋီတိုက်သို့ဝင်၍ မိမိကိုလည်း အိပ်ခွင့်မပြုရန် (ထိုအချက်ကို လက်မခံဘဲ ပယ်တော်မူခြင်း)
၎။ ဆွမ်းဖိတ်သော ဒါယကာတို့အိမ်သို့ မိမိအား အမြဲခေါ်၍ ကြွတော်မမူရန် (ထိုအချက်ကိုလည်း လက်ခမံဘဲ ပယ်တော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒာမထေရ် ပယ်တော်မူတဲ့ ဆုလေးဆုပါ။ အရှင်အာနန္ဒာပယ်တော်မူတဲ့ အချက်တွေကို ကြည့်ပါက အရှင်မြတ်ရဲ့ဂုဏ်တွေကို ပိုပြီးကြည်ညိုစရာ တွေ့ရပါတယ်။ သာမန်သူများဆိုရင် အခွင်အရေးကိုပင် တကူးတက တောင်းဆိုနေကြတာပါ။

နောက် ယူတဲ့ဆုက
၁။ အရှင်အာနန္ဒာက မိမိကိုယ်တိုင် ၀န်ခံပြီး ဖိတ်မာန်ထားတဲ့ ဆွမ်းကို မြတ်စွာဘုရားရှင်မှ ခံယူတော်မူပေးရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူရယူတော်မူခြင်း)
၂။ အနီးအဝေး အရပ်အသီးသီးမှ ဘုရားဖူးရန် ရောက်လာသူများ ဘုရားဖူးဖို့အတွက် အရှင်အာနန္ဒာကို ချည်းကပ်အကူတောင်းလို့ အရှင်အာနန္ဒာမှ လျှောက်ထားတဲ့အခါ ဘုရားရှင်က လက်ခံဖူးမြင်ခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၃။ အရှင်အာနန္ဒာအနေဖြင့် တစ်စုံတစ်ခုသော တရားမှာ ယုံမှားသံသယရှိလို့ ဘုရားရှင်ကို ဆည်းကပ်မေးလျှောက်သည့်အခါ ဘုရားရှင်မှ ဆည်းကပ်လျှောက်ထားခွင့်ပြုရန် (ဒီအချက်ကို ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
၎။ အရှင်အာနန္ဒာမပါဘဲ ဘုရားရှင်အနေဖြင့် တစ်ခြားတစ်နေရာရာသို့ ကြွရောက် တရားဟောတော်မူတဲ့အခါ မိမိအားတစ်ဖန် ပြန်ပြီးဟောကြားပေးရန် (ဒီအချက်ကိုလည်း ဘုရားရှင်ထံမှ သဘောတူ ရယူတော်မူခြင်း)
ဒီလေးချက်က အရှင်အာနန္ဒမထေရ် ယူတော်မူတဲ့ ဆုလေးပါးပါ။ အလုပ်အကျွေးမဖြစ်ခင် ပယ်တဲ့ဆု၊ ယူတဲ့ဆုတွေကို တောင်းဆိုပြီးဘုရားရှင်က ခွင့်ပြုတဲ့အချိန်မှ စ၍ တစ်စက်လေးမျှ ချို့ယွင်းချက်မရှိအောင် ပြုစုလုပ်ကျွေးတော်မူပါတယ်။ ဒီလို အဖက်ဖက်က ပြည့်စုံတော်မူတဲ့အတွက် မြတ်စွာဘုရားရှင်မှ အရှင်အာနန္ဒာ မထေရ်အား ထူးချွန်ဆု ဧတဒဂ် ငါးတန်နဲ့ သံဃာ့ပရိတ်သတ်အလယ်မှာ ချီးမြှောက်တော်မူပါတယ်။ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်ငါးမျိုးကို ပါဠိတော်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

``ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဗဟုဿုတာနံ ဘိက္ခူနံ၊ သတိမန္တာနံ ဘိက္ခူနံ၊ ဂတိမန္တာနံ ဘိက္ခူနံ၊ ဓိတိမန္တာနံ ဘိက္ခူနံ၊ ဥပဋ္ဌာပကာနံ ယဒိဒံ အာနန္ဒော`` ဒီစကားရပ်ကို တိုက်ရိုက်ပြန်ပြရရင်…
၁။ ရဟန်းတို့ အကြားအမြင် ဗဟုသုတများခြင်း ရှိကုန်သော ရဟန်းတို့တွင် အရှင်အာနန္ဒာသည် အသာဆုံး အမြတ်ဆုံးပေးတည်း။ (ဗဟုသုတအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၂။ သတိရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေးတည်း။ (သတိအရာတွင် ဧတဒဂ်ရတော်မူခြင်း)
၃။ သိစွမ်းနိုင်သည့် ပညာရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (ပညာအရာ ဧတဒဂ်ရတော်မူခြင်း)
၎။ လုံ့လရှိကုန်သော ရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (၀ိရယအရာ ဧတဒဂ် ရတော်မူခြင်း)
၅။ အလုပ်အကျွေးရဟန်းတို့တွင် အသာဆုံး၊ အမြတ်ဆုံးပေတည်း။ (အလုပ်အကျွေးအရာတွင် ဧတဒဂ် ရတော်မူခြင်း)။

(၁) ဒီငါးချက်ဟာ အရှင်အာနန္ဒာ ရတော်မူတဲ့ ဧတဒဂ်များဖြစ်ပါတယ်။ ဒီအချက်တွေထဲမှာ ပညာအရာ ဧတဒဂ်ရတော်မူတယ်ဆိုတာ အရှင်သာရိပုတ္တရာရရှိတော်မူတဲ့ ပညာဉာဏ်ကြီးမားမှုမှာ အသာဆုံးဆိုတဲ့ ဧတဒဂ်မျိုးမဟုတ်ပါဘူး။ အရှင်အာနန္ဒာရဲ့ ပညာအရာ ဧတဒဂ်က ဘုရားရှင်ဟောတော်မူတဲ့အတိုင်း အလုံးစုံသော ပုဒ်တို့ကို သိစွမ်းနိုင်တဲ့ ပညာကို ပြောတာပါ။ ဒီလိုပညာမျိုးမှာသာ အသာဆုံးလို့ ဆိုလိုတာပါ။ အရှင်သာရိပုတ္တရာရဲ့ ပညာဉာဏ်ကြီးမားမှုကတော့ အလုံးစုံသောအရာတွေမှာ ဉာဏ်ပညာကြီးမားမှုလို့ နားလည်နိုင်ပါတယ်။ ဒါကြောင့် အရှင်အာနန္ဒာရတဲ့ ပညာအရာ ဧတဒဂ်နှင့် အရှင်သာရိပုတ္တရာရဲ့ ဧတဒဂ်မတူပါဘူး။

နောက် အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်ကလည်း အရှင်သောဏရတဲ့ ဧတဒဂ်နဲ့ မတူပါဘူး။ အရှင်သောဏက ထက်သန်ပြင်းပြသော လုံ့လအရာမှာ ဧတဒဂ်ရတာဖြစ်ပြီး အရှင်အာနန္ဒာကတော့ ဘုရားရှင်၏ စကားတော်ကို သင်ခြင်း၊ ဆောင်ခြင်း၊ သရဇ္ဈာယ်ခြင်းနှင့် ဘုရားရှင်ကို ဆည်းကပ်လုပ်ကျွေးခြင်း ဆိုတဲ့ လုံ့လအရာတို့မှာ အသာဆုံးအမြတ်ဆုံးလို့ ဆိုပါတယ်။ ဒါကြောင့် အရှင်သောဏရဲ့ လုံ့လအရာ ဧတဒဂ်နဲ့ အရှင်အာနန္ဒာရဲ့ လုံ့လအရာ ဧတဒဂ်တို့ဟာလည်း တူသလိုလိုနဲ့ မတူပါဘူး။

(၂) မှန်ပါတယ်။ အရှင်အာနန္ဒာဟာ ဘုရားရှင်ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ချိန်မှ ရဟန္တာအဖြစ်ကို ရောက်တော်မူပါတယ်။ ပညာဉာဏ်ကြီးပါလျက်နဲ့ ဘာကြောင့် ဘုရားရှင် သက်တော်ထင်ရှား ရှိချိန်မှာ ရဟန္တာမဖြစ်တာလဲဆိုတဲ့ အချက်ကတော့ ပါဠိတော်စာပေမှာ တိုက်ရိုက်မလာဘဲ ရဟန္တာဖြစ်တဲ့ အချိန်တွင် ဣရိယာပုတ်လေးပါးမှလွတ်ပြီး ရဟန္တာ ဖြစ်တော်မူကြောင်းပဲ တိုက်ရိုက်တွေ့ရပါတယ်။ ဘုန်းဘုန်းအမြင်ကတော့ အချိန်မတန်သေးတဲ့ အတွက်ကြောင့်လို့ မြင်ပါတယ်။ နောက်တစ်ချက်က ဒကာပြောသလို ဘုရားရှင်ကို အားရပါးရနဲ့ အချိန်ပြည့်လုပ်ကျွေးလိုတဲ့အတွက် ဆက်ပြီး တရားအားမထုတ်ဘဲ ရပ်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အရှင်မြတ်ရဲ့ အလုပ်အကျွေးဖြစ်ပြီး အချိန်တွေကို ပြန်ကြည့်မယ်ဆိုရင် အလွန်အမတန် အလုပ်ရှုပ်တာကို တွေ့ရပါတယ်။ ဘုရားရှင်ထံကိုပဲ တစ်နေ့၁၈ကြိမ် အခစားရောက်တယ်လို့ဆိုပါတယ်။ ရောက်တိုင်းရောက်တိုင်းလည်း သူကိုယ်တိုင်မေးတဲ့ မေးခွန်းတွေရော တစ်ခြားသူများကတစ်ဆင့် မေးစေတဲ့မေးခွန်းတွေရော ပါပါသွားတယ်လို့ ဆိုပါတယ်။ ဒီလိုဘုရားရှင်အကျိုး အများအကျိုးတွေကို ပြင်းထန်စွာလုပ်နေရတဲ့ အတွက်တရားအားထုတ်မှုမှာ အချိန်နည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အချိန်မတန်သေးလို့ပဲ ဖြစ်ပါတယ်။ အချိန်တန်တော့လည်း ထူးခြားစွာ ရဟန္တာဖြစ်သွားတော်မူတာပါပဲ။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ