ဝါဆိုအကြောင်း သိကောင်းစရာ..

ဝါဆိုလကို ရောက်လာပြီဖြစ်တဲ့ အတွက် သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရမည့် အချိန်ဟာလည်း တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် သူတော်စင်များအတွက်လည်း ၀ါတွင်းကာလတွင် အစဉ်အလာလုပ်နေကျ ဘာသာရေးအလုပ်များကို ပြုလုပ်နိုင်ရန် အားခဲထားကြပြီး ၀ါတွင်းကာလတွင် မလုပ်သင့်ဟု ယူဆကာ ရှောင်ကြဉ်ရမည့် အလုပ်များကို ၀ါတွင်းမရောက်ခင် ခုကတည်း ကြိုတင်လုပ်ဆောင် နေကြတာတွေလည်း ရှိကြပါတယ်။ ဆရာရော ဒကာများအတွက်ပါ ၀ါတွင်းကာလသည် အရေးကြီးသည်ဟု စိတ်မှာနှလုံးသွင်းထား ကြပါတယ်။ သို့ဆိုလျှင် ဘာကြောင့် အရေးကြီးတာလဲ…။ ဒီကာလကို ဘာကြောင့် ၀ါတွင်းကာလဟု ဆိုတာလဲ…၊ ၀ါဆိုဝါကပ်တယ်ဆိုတာ ဘာကိုဆိုတာလဲ… စတဲ့ ၀ါဆိုဝါကပ်ခြင်းအပါအ၀င် ၀ါဆိုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေးများကို သိထားရန် လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် အစဉ်အလာအရ ပြောဆိုလုပ်ကိုင် နေကြပေမယ့် ဘာကြောင့်ဒီလို ပြောဆိုလုပ်ကိုင်ရတယ်ဆိုတာ မသိကြသေးတဲ့ သူများအတွက် ၀ါဆိုအကြောင်း သိကောင်းစရာလေးများကို အနည်းငယ်မျှ သိရှိနားလည်သွားစေဖို့ ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတယ်။

ဝါဆိုဝါကပ်ခြင်းဟူသည်…
ဝါဆိုဝါကပ်တယ်ဆိုတာ “၀ိနည်းတော်အရ သတ်မှတ်ထားတဲ့ မိုးရာသီကာလတွင် အခြားအရပ်ဒေသသို့ ညအိပ်ညနေ ကြွရောက်ခြင်းမရှိဘဲ မိမိတိုင်ဆိုင်ရာ ကျောင်းအရမ်အတွင်းမှာသာ နေထိုင်သီတင်းသုံးပါမည့် အကြောင်း ဘုရားရှင်နှင့် သီတင်းသုံး သံဃာတော်များရှေ့တွင် နှုတ်မှမြွက်ဆို ကတိပြုခြင်းနှင့် ထိုကတိပြုမြွက်ဆိုထားသည့် ကာလအတွင်း ကျောင်းတိုက်အရာမ်တွင်းမှာသာ ကပ်ရောက်နေထိုင်ခြင်း” ကို ဆိုပါတယ်။

ဝါဆိုခြင်းအစဉ်အလာ စတင်ခြင်း
ဒီဝါဆိုဝါကပ်ခြင်း အစဉ်အလာသတ်မှတ်ချက် ၀ိနည်းဥပဒေဟာ ဘုရားရှင်ဘုရားဖြစ်တော်မူမူချင်း သတ်မှတ်ထားတဲ့ ၀ိနည်းဥပဒေမဟုတ်ပါဘူး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ၀ိနည်းပညတ်တော်ဖြစ်ပါတယ်။ ဒီဥပဒေသတ်မှတ်ချက် ဖြစ်ပေါ်လာပုံမှာ ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ ဒီတုန်းက မြတ်စွာဘုရားအနေဖြင့် ရဟန်းတော်များ ၀ါဆိုဝါကပ်ပြုရမယ်ဆိုတဲ့ ၀ိနည်းဥပဒေ မရှိသေးတဲ့အတွက် ရဟန်းတော်များဟာ နွေးမိုးဆောင်း ဥတုသုံးပါးလုံးမှာ အချိန်မရွေး မိမိတို့သင့်ရာ နေရာများကို လှည့်လည်ကြွရောက်လေ့ ရှိကြပါတယ်။ အဲလိုကြွတဲ့အခါ မိုးတွင်းကာလမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်းများဟာ ရဟန်းတော်များ ဖြတ်လျှောက်သွားကြလို့ ပျက်ဆီးမှုတွေ ရှိလာပါတယ်။ ဘုရားလက်ထက်ကတော့ ဘယ်ကြွကြွ ခြေလျင်ပဲ ကြွကြရတာဖြစ်လို့ လယ်ကွင်းစိုက်ခင်းများကပဲ ရဟန်းတော်များ ဖြတ်သန်းသွားလာကြရပါတယ်။ နွေရာသီ ဆောင်းရာသီများမှာ ပြဿနာမရှိပေမယ့် မိုးရာသီမှာတော့ စိုက်ပျိုးမှုများ ရှိလာပြီး ရဟန်းများကြောင့် သီးနှံစပါးစိုက်ခင်းများ ပျက်ဆီးလာတဲ့အတွက် လူတွေဟာ ကဲ့ရဲ့လာကြပါတယ်။ ဒီအကြောင်းကို ဘုရားရှင်က သိရှိတော်မူပြီး မိုးရာသီကာလတွင် ၀ါဆိုဝါကပ်ခြင်းကို ပြုကြရမယ်၊ ၀ါမဆိုမကပ်ပါက ဒုက္ကဋ်အာပတ်သင့်စေဟု ၀ိနည်းဥပဒေ ပညတ်ခြင်းဖြစ်ပါတယ်။ အဲဒီအချိန်ကစပြီး ၀ါဆိုဝါကပ်ခြင်း အစဉ်အလာ ဥပဒေစတင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဝါဆိုကာလ သတ်မှတ်ခြင်းနှင့် ၀ါနှစ်မျိုး
ဝါဆိုရမယ်လို့ ဥပဒေ၀ိနည်းပညတ်ပြီးနောက် ဘုရားရှင်က ၀ါဆိုရမယ့် ကာလကိုလည်း အတိအကျ သတ်မှတ်ပေးပါတယ်။ ၀ါဆိုဝါကပ်ခြင်းကို ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ပြုလုပ်နိုင်ပြီး အဲဒီလို ၀ါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကို ပုရိမ(ရှေ့)၀ါဆိုခြင်းလို့ ဆိုပါတယ်။ အကြောင်းကိစ္စတစ်ခုခုကြောင့် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း မလုပ်နိုင်ကြတဲ့ ရဟန်းတော်များ အနေဖြင့် ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။ ဒီဝါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်ခြင်းကိုတော့ ပစ္ဆိမ(နောက်)၀ါဆိုခြင်းလို့ ဆိုပါတယ်။

ပုရိမ၀ါလို့ခေါ်တဲ့ ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များဟာ သီတင်းကျွတ်လပြည့်နေ့မှာ ၀ါထွက်ဝါကျွတ်ပြီး ပစ္ဆိမ၀ါလို့ခေါ်တဲ့ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့မှာ ၀ါဆိုဝါကပ်တဲ့ ရဟန်းတော်များကတော့ တန်ဆောင်မုန်းလပြည့်နေ့မှ ၀ါထွက်ဝါကျွတ်ပါတယ်။

ဝါပန်ခြင်းနှင့် ၀ါကျိုးခြင်း
ဝါဆိုဝါကပ်ထားတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ တစ်ခြားနေရာအရပ်ဒေသသို့ ညအိပ်ညနေ ကြွသွားလို့ မရပါဘူး။ နေ့လည်နေ့ခင်း နောက်နေ့ အာရုဏ်မတက်မီ ကျောင်းကိုပြန်ရောက်နိုင်ရင်တော့ ကြွလို့ရပါတယ်။ ဒါပေမယ့် အကြောင်းကိစ္စရှိလို့ မဖြစ်မနေ ကြွရောက်ရမယ့် ကိစ္စပေါ်ပေါက်လာပါက ၀ါပန်ပြီး ခုနှစ်ရက် ကြွလို့ရပါတယ်။ ခုနှစ်ရက်ထက်ပိုပြီး ကြွလို့မရပါဘူး။ ကျော်လွန်ပါက အာပတ်သင့်ပါတယ်။ ၀ါပန်တယ်ဆိုတာ ခုနှစ်ရက်အတွင်း မိမိဝါဆိုဝါကပ်ပြုထားသည့် ကျောင်းကိုပြန်လည်ကြွရောက် ပါမည့်အကြောင်း အဓိဋ္ဌာန်ပြုခြင်းကို ၀ါပန်တယ်လို့ ဆိုပါတယ်။ ၀ါဆိုဝါကပ်ပြုပြီး ၀ါမပန်ဘဲ ကြွသွားခဲ့မိသော် သို့မဟုတ် ခုနှစ်ရက်ထက် ကျော်လွန်သွားခဲ့သော် ၀ါကျိုးပါတယ်။

ဝါကျိုးခြင်းနှင့် ၀ါအရေအတွက် မရခြင်း
ဝါကျိုးတယ်ဆိုတာ ၀ိနည်းဥပဒေ မလိုက်နာမိ၍ ဥပဒေ ကျိုးပျက်သွားခြင်းဖြစ်ပြီး ဒုက္ကဋ်အာပတ်သင့်ခြင်းကို ဆိုပါတယ်။ တစ်ချို့က ၀ါကျိုးရင်ကိုပဲ ၀ါမရဘူး ဒီကျိုးတဲ့ ၀ါကို ၀ါအရေအတွက်ထဲ ထည့်ရေလို့မရဘူးလို့ ထင်တတ်ပါတယ်။ ရေတွက်လို့ရပါတယ်။ ၀ါကျိုးပျက်လို့ အာပတ်သင့်ခြင်း၊ ကထိန်ခံခွင့် မရခြင်းပဲ ရှိပါတယ်။ ၀ါအရေအတွက်လျော့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၀ါကျိုးပျက်တိုင်းလည်း အာပတ်မသင့်ပါဘူး။ အန္တရာယ်တစ်စုံတစ်ခု ကျရောက်ဖြစ်ပေါ်ခြင်း သံဃာကွဲခြင်းကြောင့် ၀ါဆိုဝါကပ်ပျက်ခြင်း ၀ါကျိုးခြင်း ဖြစ်တဲ့အခါ ဒီဝါပျက်ဝါကျိုးခြင်းကြောင့် အာပတ်မသင့်ပါဘူး။

ဝါဆိုသင်္ကန်း

ဝါဆိုသင်္ကန်းဆိုပြီး ကပ်လှူလေ့ရှိတဲ့ သင်္ကန်းကို စာပေကတော့ ၀ဿဝါသိကစီဝရလို့ ခေါ်ပါတယ်။ တိုက်ရိုက်မြန်မာပြန်ရင် မိုးရေခံသင်္ကန်းလို့ အဓိပ္ပါယ်ရပါတယ်။ ၀ိသာခါ ဒါယိကမကြီးရဲ့ တောင်းဆိုချက်ကြောင့် မြတ်စွာဘုရားရှင်က ဒီသင်္ကန်းလှူဒါန်းမှုကို ခွင့်ပြုတော်မူပါတယ်။ ဒီသင်္ကန်းလှူဒါန်းမှုမှာ တစ်ချို့က ၀ါမဆိုခင်ပဲ လှူဒါန်းလို့ ရတယ်လို့ ထင်ကြပါတယ်။ အဲလိုမဟုတ်ပါဘူး။ ၀ါမဆိုခင်ရော ၀ါဆိုနေတဲ့ ၀ါတွင်းအချိန်မှာရော ကြိုက်သလောက် ကြိုက်သလို လှူဒါန်းနိုင်ပါတယ်။ ကထိန်သင်္ကန်းနဲ့ မတူတဲ့အချက်က ကထိန်သင်္ကန်းကတော့ ကာလသတ်မှတ်ချက် ကျောင်းသတ်မှတ်ချက်စတာတွေ ရှိပါတယ်။ ၀ါဆိုသင်္ကန်းကတော့ အဲလိုသတ်မှတ်ချက်မရှိဘဲ ၀ါမဆိုခင်ရော ၀ါတွင်းမှာရော ကြိုက်သလို လှူနိုင်တဲ့အချက်ပါ။ များသောအားဖြင့် ၀ါမဆိုခင်မှာ လှူကြတာများပါတယ်။ အဲဒါမှ ၀ါတွင်းမှာ ဒီသင်္ကန်းကို ၀တ်ရုံပြီး မိုးစိုတဲ့သင်္ကန်းကို အလဲအလှယ် လုပ်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်ကအာရုံပြုပြီး အချိန်မရွေး လှူဒါန်းနိုင်ပါတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

Read more »

မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း…

လွန်ခဲ့တဲ့ တစ်လကျော်လောက်က ဖြစ်ပါလိမ့်မယ်။ ကျောင်းမှာ ဘုန်းကြီးဝေယျာဝစ္စ လုပ်ပေးမယ့်သူ မရှိဘူးဆိုလို့ ဝေယျာဝစ္စလုပ်ဖို့ ဒကာလေးတစ်ယောက် ကျောင်းကိုရောက်လာပါတယ်။ ကျောင်းရောက်တော့ ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးဦးချပြီး နောက်နေ့အတွက် ဘုန်းကြီးကပ်ရမယ့် ဆွမ်းဆွမ်းဟင်းများ ရှိမရှိ၊ ဘာတွေလိုမလို လိုက်ကြည့်ရင်း အလှည့်ကျလာပို့ထားတဲ့ ဆွမ်းဟင်းတွေထဲက မျှစ်သုပ်ခွက်ကိုကြည့်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုဖြစ်သွားပါတယ်။ သူ့စတိုင်လ်လေးကလည်း စိတ်ထဲမှာ တစ်ခုခုမရှင်းတာရှိရင်၊ ဒါမှမဟုတ် ဘ၀င်မကျတာရှိရင် တိုက်ရိုက်ပြောဆို မေးမြန်းတတ်တဲ့ စတိုင်လ်လေးဆိုတော့ ဟိုကြည့်ဒီကြည့်လုပ်ရင်း စာဖတ်နေတဲ့ ဘုန်းဘုန်းအနားကို ရောက်လာပြီး မေးပါတော့တယ်။ “အရှင်ဘုရား… သူများလာပို့ထားတဲ့ ဆွမ်းဟင်းကိုကြည့်ပြီး အထူးသဖြင့် အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကိုကြည့်ပြီး တပည့်တော်စိတ်ထဲမှာ ဒီလူတွေ ဒီလောက်မှ မသိကြဘူးလား…၊ ဘုန်းကြီးဆွမ်းဟင်းကို ဒီလိုပဲ ဖြစ်သလို လုပ်ပေးရလား… စတဲ့ အတွေးတွေဖြစ်မိပါတယ်။ အဲဒါ တပည့်တော် အပြစ်ဖြစ်ပါသလားဘုရား“ ဆိုပြီး မေးလျှောက်ပါတယ်။

“အင်း… ဖြစ်တယ်“လို့ပဲ ဘုန်းဘုန်းအဖြေပေးလိုက်ပါတယ်။ ပြီးတော့မှ “ဒကာလေး စိတ်စေတနာကို ဘုန်းဘုန်းနားလည်ပါတယ်၊ ဒကာလေးရဲ့ စေတနာကတော့ ဘုန်းဘုန်းကို အကောင်းဆုံးဖြစ်အောင် သေချာကျကျနန သပ်သပ်ရပ်ရပ် ပြင်ဆင်ချက်ပြုတ် ကပ်လှူစေချင်တဲ့ သဘောနဲ့ ဒီလိုတစ်ဘက်သူအပေါ် အပြစ်တင်တဲ့ အတွေးဖြစ်တာနေမှာပါ၊ ဒါပေမယ့် တစ်ဘက်ကို ပြန်တွေးကြည့်ရင် သူတို့ဟာ အလုပ်မအားတဲ့ကြားက အလုပ်ပြီးတာနဲ့ မနားတမ်းချက်ပြုတ်ပြီး ကျောင်းကိုလာပို့ ပေးရတဲ့အခြေအနေပါ၊ အလုပ်ကထွက် အေးအေးဆေးဆေး အနားယူရမယ့် အချိန်မှာ မနားဘဲ ဘုန်းဘုန်းဆွမ်းအတွက် အဆင်ပြေပါစေဆိုတဲ့စိတ်နဲ့ ကြိုးကြိုးစားစား အပတ်စဉ်ချက်ပြုတ် လာပို့နေတာပါ၊ သာမန်စိတ်နဲ့ဆိုရင် အမြဲဒီလို လုပ်နိုင်ဖို့ မလွယ်ပါဘူး၊ နောက်တစ်ချက်က သူတို့လာပို့တဲ့ ဟင်းလေးတွေမှာ ဒကာမများ ချက်ပြုတ်လှူဒါန်းသလိုမျိုး သပ်ရပ်သေသပ်မှု အရသာရှိမှု ရှိချင်မှရှိမယ် သူတို့အတွက် ချက်ထားတာတွေ သူတို့စားတာတွေထက်တော့ ပိုပြီးကောင်းအောင် ပိုပြီးပြည့်စုံအောင် လုပ်ပြီးလာပို့တာဆိုတာကတော့ လုံးဝကို သေချာပါတယ်၊ တကယ်တော့ ဒီကလေးတွေဟာ နိုင်ငံခြားတိုင်းပြည်မှာ ရောက်နေလို့ မဖြစ်မနေ ချက်ပြုတ်စားသောက်ရမယ့် အနေအထားမို့ စမ်းသပ်ချက်ပြုတ်ရင်း ဟင်းတစ်ခွက်ဖြစ်အောင် လုပ်တတ်တဲ့သူတွေပါ၊ အိမ်မှာဆိုသူတို့ဟာ ဘဲဥတောင် မပြုတတ်တဲ့သူတွေပါ၊ ဒီလို ကလေးတွေက ချက်ပြုတ်လှူဒါန်းတဲ့ဟင်း ဒီလောက်ကောင်းနေတာတောင် တော်လှပြီ၊ ဘုန်းဘုန်းကတော့ မအားတဲ့ကြားက ချက်ပြုတ်လာပို့တဲ့ သူတို့စေတနာလေးကို စဉ်းစားရင်းနဲ့တောင် သူတို့ရဲ့ဟင်းလေးတွေက အရသာရှိနေပါပြီ၊ တကယ်စားရမယ့် ဘုန်းဘုန်းကိုယ်တိုင်တောင် ဘာမှမပြော အပြစ်မတင်ပဲနဲ ဘေးကနေကြည့်တဲ့ ဒကာလေးအနေနဲ့ အပြစ်တင်မစောဖို့ သူတပါးရဲ့ လုပ်ရပ်လေးတွေကိုကြည့်ပြီး အကုသိုလ်မဖြစ်ဖို့ သူတို့လေးတွေရဲ့ နေရာကကြည့်ပြီး တွေးတတ်ဖို့ မြင်တဲ့ကြည့်တဲ့အခါမှာ အကုသိုလ်ဖြစ်စေမယ့် မကောင်းတဲ့အမြင်အကြည့်တွေ မဖြစ်စေဘဲ ကုသိုလ်ဖြစ်စေမယ့် ကောင်းတဲ့အမြင်အကြည့်လေးတွေနဲ့ ကြည့်တတ်အောင် ကြိုးစားဖို့လိုပါတယ်“ ဆိုပြီး သူ့စိတ်ထဲမှာ ဖြစ်နေတဲ့ အပြစ်တင်အတွေးလေးကို ပျောက်သွားအောင်၊ နောင်ဒီလိုမျိုး အကုသိုလ်အပြစ် ဖြစ်စေမယ့် အတွေးမျိုး မဖြစ်အောင် သေသေချာချာ ရှင်းလင်းပြောပြပေးလိုက်ပါတယ်။ ဒီတော့မှ ဒကာလေးဟာ ကောင်းကောင်းနားလည်သွားပြီး သူ့ရဲ့ ဒီအဖြစ်လေးကို စွဲစွဲမြဲမြဲ သဘောပေါက်သွားကာ နောက်ပိုင်းမှာ ဒီလိုမဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့ ခံယူချက်ပါရသွားပါတော့တယ်။ နောက်နေ့ အချောင်းလိုက်သုပ်ထားတဲ့ မျှစ်သုပ်ကို ဘုန်းကြီးကပ်ပြီး ကျန်တာအဲဒီဒကာလေး စားမိတော့ စားလို့အတော်ကောင်းကြောင်း ညကအပြစ်တင်စောမိတဲ့ သူ့ရဲ့စိတ်အတွေးအတွက် သင်္ခန်းစာရမိကြောင်း ထပ်လျှောက်ပါတယ်။

ဟုတ်ပါတယ်။ အကုသိုလ်အပြစ်ဆိုတာ အလွန်ဖြစ်ဖို့လွယ်ပါတယ်။ ဟိုတုန်းက ဘုန်းဘုန်းရေးခဲ့ဖူးသလိုပဲ အကုသိုလ်တွေဟာ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်တွေကို အမှီပြုပြီးတော့ အချိန်မရွေး ဖြစ်နေတတ်တာပါ။ ကိုယ်က ဒီအာရုံတွေကို သတိလေးနဲ့ ထိန်းနေနိုင်မှ အပြစ်အဖြစ် သက်သာတာပါ။ ဒီ ဒကာလေးရဲ့ အဖြစ်ကိုကြည့်ရင် မျှစ်သုပ်ကိုကြည့်ပြီး သူ့စိတ်ထဲမှာကို အမျိုးမျိုး အတွေးတွေ၊ အပြစ်တွေ ဖြစ်ခဲ့တာပါ။ ဆွမ်းဟင်းလာပို့ပြီး ပြန်သွားတဲ့ ဒကာလေးများကတော့ သူတို့ချက်ပြုတ် ထားတာလေးကို ကျောင်းသွားပို့လှူဒါန်းလိုက်တဲ့ စိတ်စေတနာလေးနဲ့ ပြန်သွားခဲ့ပြီးပါပြီ။ ကုသိုလ်စိတ်လေးတွေနဲ့ ကိုယ့်နေရာလေးမှာ အေးအေးဆေးဆေး နေနေပါပြီ။ အဲလို မဖြစ်တာက ကျောင်းမှာကျန်ခဲ့တဲ့ ဒကာလေးပါ။ အလကားနေရင်း သူများအလှူကို အမှီပြုပြီး အကုသိုလ်လေးတွေ ရလိုက်တာပါ။ ဒီအကုသိုလ်စိတ်ဖြစ်တဲ့ အတွက် အရင်ဆုံးရလိုက်တာ၊ ခံစားလိုက်ရတာက သူကိုယ်တိုင်ပါ။ ဒါပေမယ့် ဒီဒကာလေးရဲ့ ကောင်းတဲ့စိတ်လေးက သူစိတ်ထဲမှာ ဖြစ်တာကို ချက်ချင်းပြန်လျှောက်ပြီး မှားမှန်းသိတဲ့အတွေးကို အမှန်ရောက်အောင်၊ အကုသိုလ်ကနေ ကုသိုလ်ဖြစ်အောင် လုပ်နိုင်လိုက်တာပါ။ ဒါတွင်မကသေးပါဘူး။ သူဖြစ်သလို သူများတွေလည်း အပြစ်တင်မစောရအောင် ဒီအကြောင်းလေးကို ပြန်ပြီးတင်ပြပေးဖို့ လျှောက်ထားလာတဲ့ သူရဲ့စေတနာကတော့ အမတန်ချီးကျူးစရာပါ။ အပြစ်ကိုထောက်ပြ ပြောဆိုတာကို မကြိုက်တဲ့ လောကကြီးမှာ အပြစ်ကိုပြောပြစေပြီး သူများတွေကို အတုယူစေတာဟာ သိပ်ကောင်းတဲ့လုပ်ရပ်လေးပါ။

ဒီနေရာမှာ ဘုန်းဘုန်းတို့ ပရိတ်သတ်များ လေ့ကျင့်သင့်တာလေးက အပြစ်တင်မစောအောင် လေ့ကျင့်ကြဖို့ပါ။ သိတဲ့အတိုင်းပါပဲ။ လူတွေဟာ ကိုယ့်ကိုယ်ကိုသာ မမြင်တတ်ကြတာ။ သူများအပြစ်ကတော့ သိပ်မြင်တတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ အကျင့်ကလည်း မြန်သလားမမေးနဲ့။ ဘာမှမစဉ်းစား၊ မဆင်ခြင်၊ မစူးစမ်းတော့ဘဲ ကိုယ့်အတွေး ကိုယ့်အမြင် ကိုယ်လိုချင်တာနဲ့ အန်ဝင်ခွင်ကျ မဖြစ်တာနဲ့ ချက်ခြင်းကို အပြစ်ပြောဖြစ်ကြပါတယ်။ အပြစ်တင်စောတတ်ကြပါတယ်။ အပြစ်တင်တတ်တဲ့ ဒီအကျင့်ကတော့ ကိုယ့်အတွက်ရော အများအတွက်ပါ မကောင်းသလို အခုဘ၀ရော နောင်ဘ၀အတွက်ပါ မကောင်းပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် အကြောင်းအရာတစ်ခုကို သေချာစဉ်းစား စုံစမ်းခြင်းမရှိဘဲ အပြစ်တင်မစောကြဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ အပြစ်တင်တတ်တဲ့ အကျင့်ရှိတာ လူတစ်ယောက်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ အပြစ်တင်တတ်တယ်ဆိုကတည်းက အပြစ်ကြည့်တတ်လို့ အပြစ်တင်တတ်တာပါ။ အပြစ်ကြည့်တတ်ပြီဆိုရင်တော့ ကုသိုလ်စိတ်နဲ့ ကြည့်တာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ ဒါဆိုရင် အကုသိုလ်ပဲပေါ့။ ဟုတ်ပါတယ်။ အပြစ်ဆိုတာ လူတစ်ယောက်ရဲ့ အားနည်းချက် မကောင်းတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအပြစ်ကို ကြည့်တတ်တဲ့သူဆိုရင်လည်း မကောင်းတဲ့အချက်ကို မြင်တတ်တဲ့အတွက် မကောင်းတဲ့စိတ်ပဲ အရင်ဖြစ်မှာပါ။ မကောင်းတဲ့စိတ်ဖြစ်ရင် အကုသိုလ်စိတ်ဖြစ်ပြီး အယောနိသော မနသိကာရ ဆိုတဲ့ မကောင်းတဲ့ နှလုံးသွင်းစိတ်ထား ဖြစ်ပါတယ်။ အယောနိသောမနသိကာရ ဖြစ်နေတဲ့ သူတစ်ယောက်ဟာ ကုသိုလ်ဖြစ်ဖို့လည်း ခက်သွားတတ်ပါတယ်။ ဒါကြောင့် ဘာပဲကြည့်ကြည့် ဘာပဲတွေးတွေး အကုသိုလ်မဖြစ်အောင် ယောနိသောမနသိကာရ စိတ်လေးနဲ့ အကောင်းဘက်က ကြည့်တတ်အောင် ကြိုးစားသင့်ပါတယ်။ အဲဒီလို အကောင်းဘက်က ကြည့်တတ်ကြမယ်ဆိုရင် ဘာကိုပဲဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အမှီပြုပြီး အကုသိုလ်စိတ်ဖြစ်ဖို့ ခက်ခဲသွားတတ်ပါတယ်။

မှန်ပါတယ်။ အပြစ်တွေဖြစ်ဖို့များ အကုသိုလ်တွေဖြစ်ဖို့များ ကိလေသာအာရုံတွေများတဲ့ လောကကြီးမှာ သာမန်ပုထုဇင်တွေ ဖြစ်နေကြတဲ့ ဘုန်းဘုန်းတို့တတွေဟာ ကုသိုလ်မဖြစ်ချင်နေပါစေ အကုသိုလ်တွေမဖြစ်အောင် အကုသိုလ်တွေ အဖြစ်နည်းအောင် အတတ်နိုင်ဆုံး ကိုယ့်စိတ်လေးကို သတိတရားလေးနဲ့ ထိန်းပေးကြဖို့ လိုပါတယ်။ ဒီလို ထိန်းပေးတဲ့အခါမှာ အရင်ဆုံးရှိရမှာက ယောနိသောမနသိကာရဆိုတဲ့ အကုသိုလ်မဖြစ်အောင် တွေးတတ်တဲ့ စိတ်လေးရှိဖို့လိုပါတယ်။ ဒီစိတ်လေးသာ လူတိုင်းမှာ ရှိထားကြမယ်ဆိုရင် လောကကြီးမှာ တစ်ဦးနဲ့တစ်ဦး အပြစ်မြင်တတ်တဲ့ အကျင့်လေးတွေ၊ အပြစ်တင်စောတဲ့ စိတ်ဓာတ်လေးတွေ တဖြည်းဖြည်း နည်းသွားကြမှာ အမှန်ပါပဲ။

ဒါကြောင့် မျှစ်တစ်ချောင်းကို အကြောင်းပြုပြီး အပြစ်တင်စောတတ်တဲ့၊ အယောနိသော မနသိကာရကြောင့် အပြစ်တစ်ကြောင်း ဖြစ်သွားခဲ့ရတဲ့ ဘုန်းဘုန်းတို့ ဒကာလေးရဲ့ အဖြစ်လေးကို အတုယူပြီး ဘုန်းဘုန်းတို့ ပရိတ်သတ်များအနေဖြင့်လည်း နေရတဲ့အခိုက်လေးမှာ ကိုယ်သန္တာန်မှာ အကုသိုလ်အပြစ်တွေ အဖြစ်နည်းစေဖို့ ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အပြစ်တင်မစောကြဖို့၊ သူတပါးကို အမှီပြုပြီး ကိုယ့်သန္တာန်မှာ အကုသိုလ်တွေ မဖြစ်ဖို့ သတိပညာတရားလေးများဖြင့် ကိုယ့်ရဲ့ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းစောင့်ရှောက်ကြပါဟု ဒီ “မျှစ်တစ်ချောင်းနဲ့ အပြစ်တစ်ကြောင်း” ဆိုတဲ့ စာစုလေးနဲ့ ဓမ္မလက်ဆောင် ပါးလိုက်ရပါတယ်။
မှတ်ချက်။ ။ ဒီစာစုလေး ရေးဖြစ်အောင် လျှောက်ထားတင်ပြလာတဲ့ ဘုန်းဘုန်းရဲ့ ဝေယျာဝစ္စတွေလုပ်ပေးတဲ့ ဒကာလေးကို ကျေးဇူးတင်စွာဖြင့် ဤစာစုလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ… (၁)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

စကားလုံး…
စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားပါနဲ့။ စကားလုံးဆိုတာ ပညတ်တွေဖြစ်တဲ့ အတွက် ချစ်ရင် အကောင်းပြောကြမှာ ဖြစ်ပြီး၊ မုန်းရင်တော့ အဆိုးပြောကြမှာပါ။

တကယ်မြဲချင်ရင်…
ရားထူဌာနန္တရတွေ မြဲဖို့အတွက် ဗေဒင်၊ ဓာတ်ရိုက်ဓာတ်ဆင်တွေ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လိုပါတယ်။ ကိုယ့်ရဲ အကျင့်သီလမြဲဖို့ပဲ လိုပါတယ်။ ကိုယ်ကျင့်မြဲမှ ကိုယ်လည်းမြဲမှာပါ။

ကြည်ညိုတတ်ပါစေ…
ဘယ်ပုဂ္ဂိုလ်က ဘယ်လိုကြည်ညိုစရာကောင်းတယ် ဆိုတာထက် ကိုယ့်ကိုယ်ကို ကြည်ညိုစရာ ကောင်းနေဖို့ အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်မှ သူများရဲ့ ကြည်ညိုမှုကို ခံနိုင်ပါမယ်။ အဲလိုမှ မဟုတ်ရင် သူများရဲ့ ကြည်ညိုခံမှုဟာ ခဏပဲဖြစ်မှာပါ။

ကိုယ်ဖြစ်ကိုယ်ခံ…
ကိုယ်လုပ်သမျှ သူများတွေ မသိနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ သိနေပြီးသားပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို မညာမိဖို့ ကိုယ့်အလုပ်တွေကို ရိုးသားစွာ လုပ်ဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ်လုပ်တဲ့ အကောင်းအဆိုးကို ကိုယ်ပဲခံရမှာ ဖြစ်လို့ပါ။

ဒီလိုနေကြည့်ပါ…
အချစ်ရှိရင် အပြစ်ရှိတတ်သလို အမုန်းရှိရင်လည်း အရှုံးရှိတတ်ပါတယ်။ ဒါကြောင့် အပြစ်ကင်းဖို့နဲ့ အရှုံးမရှိဖို့အတွက် မချစ်မမုန်းဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။

အပြစ်မဖြစ်အောင်…
အပြစ်ဆိုတာဟာ ကိုယ့်ကိုအကြောင်းပြုပြီး ဖြစ်တတ်ကြသလို သူများကို အကြောင်းပြုပြီးလည်း ဖြစ်တတ်တယ်ဆိုတာ သတိပြုဆင်ခြင်သင့်ပါတယ်။ ကိုယ့်ကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ အပြစ်တွေကိုတောင် မဖြစ်အောင် မလုပ်နိုင်သေးပဲနဲ့ သူများအပြစ်တွေကိုကြည့်ပြီး ကိုယ်မှာ အကုသိုလ် အပြစ်တွေ ထပ်တိုးအောင် မလုပ်သင့်ပါဘူး။

အကုသိုလ်မဖြစ်အောင်…
တစ်နေ့တစ်နေ့ ကိုယ်တစ်ယောက်တည်းတောင် အကုသိုလ်တွေက မရေတွက်နိုင်အောင် ဖြစ်နေတာ သူများကိုကြည့်ပြီး၊ သူများကိုအမှီပြုပြီး အကုသိုလ်တွေထပ်ဖြစ်မယ်၊ အကုသိုလ်တွေ ထပ်တိုးနေမယ်ဆိုရင်တော့ နေရတဲ့ အခိုက်ဟာ အကုသိုလ်တွေနဲ့ချည်း ဖြစ်နေကြတော့မှာပါ။

ကိုယ်ကောင်းအောင်အရင်လုပ်…
ပုထုဇင်တွေဖြစ်နေသမျှ ရမ်းနေကြမှာပါ။ ရမ်းနေသမျှ အပြစ်အနာအဆာတွေလည်း ရှိနေကြမှာပါ။ ဒီတော့ကား ရမ်းနေကြတဲ့သူချင်း အတူတူ ဘာဖြစ်လို့ သူများရမ်းတာ၊ သူများအပြစ်အနာ အဆာဖြစ်တာ၊ သူများရဲ့ မလျော်တာ၊ သူများရဲ့ ကောင်း၊ မကောင်းတာတွေကို လိုက်ကြည့်နေကြမှာလဲ…။ ဘုရားရှင် မိန့်ကြားတော်မူသလို ကိုယ့်ရဲ့ ကောင်းမကောင်းတာတွေကိုသာ မြင်အောင်ကြည့်၊ ကိုယ်ကောင်းမှု မကောင်းမှု ပြုမပြုကိုသာကြည့်ပြီး ကိုယ်ကောင်းအောင် အရင်လုပ်သင့်ကြတာပေါ့။

အမှန်ကြည့်တတ်ပါစေ…
သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ စိတ်အတွေးဟာ ပြဿနာကို ပြေလည်စေတဲ့ သဘောမရှိဘဲ သံသရာကိုသာ ရှည်နေစေတဲ့ သဘောရှိပါတယ်။ ပုထုဇင် လူသားများဖြစ်၍ အလုံးစုံပြည့်စုံတဲ့ သူဆိုတာ မရှိနိုင်သလို အမှားမလုပ်မိတဲ့သူ၊ မမှားဖူးတဲ့သူဆိုတာလည်း မရှိနိုင်ပါဘူး။ ဒီလိုအမှားတွေ ရှိတတ်တဲ့သူအချင်းချင်း သူမှားတယ်၊ ကိုယ်မှန်တယ်ဆိုပြီး ငြင်းခုံကြ၊ ခိုက်ရန်ဖြစ်ကြ၊ အငြိုးအတေးထားကြမယ်ဆိုရင် ဒီသံသရာကြီးဟာ ဒီဘ၀မှာရော နောင်ဘ၀ဘ၀များအထိပါ ပါသွားကြတော့မှာပါ။ ဒါကြောင့် အကြောင်းရှိလို့ အကျိုးအနေနဲ့ ခေတ္တလာတွေ့ကြတဲ့ အခိုက်မှာ အမှားတွေကို မကြည့်ဘဲ အမှန်လေးတွေကိုသာ ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးသင့်ကြပါတယ်။

အပေါင်းအသင်း…

အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။

Read more »

ခင်ပွန်းကြီးဆယ်ပါးနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား…
ခင်ပွန်းကြီး ၁၀ ပါးမှာ ၁-ဘုရား၊ ၂-ပစ္စေကဗုဒ္ဓါ၊ ၃-ရဟန္တာ၊ ၄-အဂ္ဂသာဝက၊ ၅-အမိ၊ ၆-အဘ၊ ၇-အလေးအမြတ်ပြုအပ်သော ဆရာ၊ သမာဓိနှင့်ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ၊ ၈-လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ၊ ၉-ပစ္စည်းလေးပါး ဒါယကာ( ပေးကမ်းဖူးသူ )၊ ၁၀-တရားဟော ပုဂ္ဂိုလ် လို့ ဖတ်ရှုရပါတယ်ဘုရား။ ရဟန္တာနှင့် အဂ္ဂသာဝကများ ပါသော်လည်း သောတာပန်စသည့် ကျန်သံဃာများ မပါသည်ကို တွေ့ရပါသည်။ ၇ နှင့် ၈ မှာလဲ အလေးအမြတ် ပြုအပ်သော ဆရာနှင့် လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးသော ဆရာမှာ တစ်မျိုးတည်းဟု ထင်ပါသည်။ သမာဓိနှင့်ပြည့်စုံ ဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ- ဆိုသည်မှာလည်း ဘာကို ဆိုမှန်း နားမရှင်းပါ။ ၁၀- တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ ဖြစ်သဖြင့် နားမရှင်းပါ။ တပည့်တော်အား သနားသဖြင့် ရှင်းပြပေးတော်မူပါ ဘုန်းဘုန်း။
အောင်မြင့်


A. ခင်းပွန်းကြီးဆယ်ပါးနဲ့ ပတ်သက်ပြီး ခုတလော လူတွေကြားမှာ တော်တော်လေးပြောဆိုလာကြတာ တွေ့ရပါတယ်။ ကောင်းလည်းကောင်းပါတယ်။ ပိဋကတ်စာပေတွေမှာတော့ ခင်ပွန်းကြီးဆယ်ပါးဆိုတဲ့ အမည်နဲ့ ဒီဆယ်ပါးလုံးကို ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ တစ်စုတစ်စည်းတည်း ဟောထားဖွင့်ဆိုထားတာတွေ အများကြီး မတွေ့ရပါဘူး။ ဒီခင်ပွန်းကြီးဆယ်ပါးကို စာပေမှာကတော့ မိတ္တပူဇာ တရားဆယ်ပါးအနေဖြင့် ဖော်ပြပါတယ်။ တေမိယဇာတ်တော်မှာ တေမိမင်းသားက သူ့ကိုမြေမြှပ်သတ်ခါနီးအချိန်ကျမှ ရထားမှူးအား ဒီမိတ္တပူဇာတရားဆယ်ပါးကို ဟောတော်မူပါတယ်။ မိတ္တပူဇာရဲ့ အဓိပ္ပါယ်ကို ကျေးဇူးမမေ့အပ် မပြစ်မှားအပ်သော မိတ်ဆွေကောင်းကြီး ဆယ်ယောက်လို့ နားလည်နိုင်ပါတယ်။ ခုခေတ်မှာတော့ ဒီဆယ်ပါးကို ခင်ပွန်းကြီးဆယ်ပါး အနေဖြင့် ခေါ်ဝေါ်ပြောဆိုနေကြပါတယ်။ တစ်ခါတစ်ရံ ခင်ပွန်းကြီးဆယ်ပါး ဖော်ပြကြရမှာ စကားလုံးဝေါဟာရ အသုံးအနှုန်းလေးတွေကြောင့် အနည်းငယ်ကွဲပြားနေတာကို တွေ့ရပါတယ်။ ခင်ပွန်းကြီးဆယ်ပါးကို စာပေမှာလာတဲ့ အတိုင်းဒီနေရာမှာ ထပ်ပြီး ဖော်ပြရရင်

(၁) ဗုဒ္ဓ-= သဗ္ဗညုဘုရားသခင်
(၂) ပစ္စေကဗုဒ္ဓ= ဘုရားငယ်ခေါ် ပစ္စေကဗုဒ္ဓ
(၃) အရဟန္တ= အာသဝေါကုန်ပြီးသော ရဟန္တာ
(၄) အဂ္ဂသာဝက= မြတ်စွာဘုရား၏ လက်ယာတော်ရံ လက်ဝဲတော်ရံ သာဝကများ
(၅) မာတာ= မိခင်
(၆) ပိတာ-= ဖခင်
(၇) ၀ုဒ္ဓါဝစာယန= အသက်သိက္ခာ ဂုဏ်ဝါသီလ အာစာရ အမျိုးစသည်တို့၌ မိမိထက်ကြီးမြတ်၍ ရိုသေအပ်သူများ
(၈) အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးတတ်သော ဆရာမြတ်
(၉) ဟိတကရ= ထမင်းအဖျော် အိပ်ယာနေရာ အ၀တ်ပုဆိုးစသော အာမိသနှင့်တကွ တစ်စုံတစ်ခု ကျေးဇူးရှိဖူးသူမှန်သမျှ
(၁၀) ဓမ္မကထိက= ကောင်းကျိုးရရေးအတွက် တရားဟောပေးသူ တရားဟောဆရာ
ဆိုတဲ့ ဒီတရားဆယ်ပါးပဲဖြစ်ပါတယ်။ (တေမိယဇာတက၊ ပါ၊ ဒု၊ ၁၅၀)

ဖော်ပြပါ ဒီခင်ပွန်းကြီး ဆယ်ပါးလုံးကို ကြည့်ရင် ကိုယ့်အပေါ် အနည်းငယ်မျှ ကျေးဇူးပြုဖူးတဲ့သူ မှန်သမျှ မပါဘဲ ကျန်နေခဲ့တာ မရှိပါဘူး။ ခြုံကြည့်လိုက်ရင် အားလုံးပါဝင်နေပါတယ်။ နံပါတ်စဉ်တွေ ရှေ့နောက်မညီ ဖြစ်ချင်ဖြစ်နေပေမယ့် ကျေးဇူးပြုဖူးတဲ့ ပုဂ္ဂိုလ်များကို သင့်လျော်သလို ပြောဆိုကြမယ်ဆိုရင် ဒီဆယ်ပါးထဲမှာ တစ်နေရာရာမှာတော့ သွားပြီးအကြုံးဝင်နေပါတယ်။ အမည်နာမ အနေဖြင့်သာ အတိအကျ ဖော်ပြပါရှိခြင်း မရှိတာပဲ ရှိရင်ရှိတတ်ပါတယ်။ သောတာပန် သကာဒါဂါမ် အနာဂါမ်စသည်ဖြင့် တိကျတဲ့အမည်များဖြင့် ဖော်ပြထားခြင်း မရှိသော်လည်း ဒီပုဂ္ဂိုလ်များဟာ နံပါတ် (၇) ဖြစ်တဲ့ အသက်သိက္ခာဂုဏ်ဝါသီလ အကျင့် အမျိုးစသည် မြင့်မြတ်တဲ့ ရိုသေရမည့်သူများ စာရင်းမှာပါဝင်နေပြီး ဖြစ်ပါတယ်။ မေးခွန်းရှင်ရဲ့ အမေးမှာမေးထားတဲ့ သမာဓိနဲ့ ပြည့်စုံဂုဏ်ကြီးမြတ်၍ ရိုသေသင့်သူများ ဆိုတာဟာလည်း ကိုယ့်ထက်သီလသမာဓိ ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ သူများကိုပဲ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်ဖြစ်တဲ့ “တရားဟောပုဂ္ဂိုလ်ဆိုသည်မှာလည်း အဓမ္မဝါဒ ကြေညာသတ်မှတ်ခံရသော ဝါဒများကို ဟောပြောနေသူများမှာလည်း တရားဟော ပုဂ္ဂိုလ်များပဲ“လို့ ဆိုတဲ့ နားလည်မှုကတော့ အတွေးလွန်တဲ့ နားလည်မှုပါ။ စာပေမှာ တိုက်ရိုက်လာတဲ့ စကားနဲ့ ပြောရင် ဓမ္မကထိကလို့ ဆိုပါတယ်။ ဒီမှာပါတဲ့ ဓမ္မဆိုတဲ့ စကားကိုက ရှင်းနေပါတယ်။ တရားတဲ့။ တရားဆိုကတည်းက မတရားတာမဟုတ်ဘူးဆိုတာ ကန့်ပြီးသားပါ။ မတရားတာဆိုတာ အကုသိုလ်တရားတွေ မကောင်းတဲ့အပါယ်လားစေမယ့် တရားတွေ လွဲမှားနေတဲ့ မိစ္ဆာဒိဋ္ဌိဆန်တဲ့ အယူအဆတွေကို ဆိုခြင်းဖြစ်ပါတယ်။ တရားလို့ဆိုလိုက်တဲ့အတွက် ဒီမတရားတာတွေကို အလိုလိုကန့်လိုက်ပြီးဖြစ်ပါတယ်။ ဒီမတရားတာတွေကို ပယ်ရှားပြီး တရားတာတွေကို ဟောပြောပြသပေးတဲ့ ပုဂ္ဂိုလ်ဟာ ဓမ္မကထိက (တရားဟော ဆရာ)ပါပဲ။ ဒီလိုနားလည်လိုက်ရင် ရှင်းသွားပါပြီ။

အမှန်တော့ ဒီခင်ပွန်းကြီးဆယ်ပါးဆိုတာ လောကသားများအတွက် မပြစ်မှားသင့်တဲ့ မပြစ်မှားကောင်းတဲ့ ကျေးဇူးပြုသင့်တဲ့ ကျေးဇူးဆပ်သင့်တဲ့ ပုဂ္ဂိုလ်များဖြစ်ပါတယ်။ လောကသားတိုင်း ဒီဆယ်ပါးနဲ့ မကြုံဖူးတဲ့သူ မရှိတဲ့အတွက် ကြုံတဲ့အခါမှာ မပြစ်မှားမိအောင်၊ ပြစ်မှားမိရင်လည်း ပြန်လည်တောင်းပန်နိုင်အောင်၊ ကျေးဇူးတရားရှိသူများ ဖြစ်တဲ့အတွက် ထိုကျေးဇူးများကို ပြန်လည်ဆပ်တတ်အောင် ကြိုးစားသင့်ကြပါတယ်။

Read more »

တရားအားထုတ်နေသည့် ယောဂီများ သိလိုလှသည့် မေးခွန်းများနှင့် ပတ်သက်၍…

Q. ဆရာတော်ဘုရား
တပည့်တော်တို့သည် မိတ်ဆွေကောင်းများကို အကြောင်းပြု၍ တရားဓမ္မကို ကျင့်ကြံ အားထုတ်နေကြသူများ ဖြစ်ကြပါသည်။ တပည့်တော်တို့ သိလိုသည်များကို ရိုသေစွာ နှိမ့်ချစွာ လျှောက်ထားမေးမြန်းလိုပါသည်။

၁။ တရားအားထုတ်ရာတွင် မိမိ မရောက်သေးသော တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်သည်ဟု မှတ်သားရပါသည်။ တရားကျင့်ကြံအားထုတ်၍ တရားတန်ခိုးကြောင့် ကိလေသာတို့ ခေတ္တ ငုပ်လျိုးအားနည်းနေခြင်းနှင့် အရိယာမဂ်ကြောင့် သူ့အဆင့်နှင့်သူ ချုပ်ငြိမ်းရ-အားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းခြင်း၊ အားနည်းခြင်းကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။


A. ဖြေ။ ။ မှန်ပါတယ်။ တရားအားထုတ်နေတဲ့အချိန်မှာ အမျိုးမျိုးသော သမာဓိအစွမ်းများ၊ နိမိတ်များကြောင့် ကိုယ်မရောက်သေးတဲ့ တရားအဆင့်ကို ရောက်ပြီဟု ထင်တတ်ပါတယ်။ တရားအားထုတ်စဉ်မှာ ကိလေသာများ ခေတ္တငုတ်လျိုးအားနေခြင်းနဲ့ အရိယာမဂ်ကြောင့် သူအဆင့်နဲ့သူ ချုပ်ငြိမ်းအားနည်းရမည့် ကိလေသာများ ချုပ်ငြိမ်းအားနည်းနေခြင်းကို လက်တွေ့ဘ၀များ၊ လက်တွေ့အခြေအနေများနဲ့ စမ်းသတ်နိုင်ပါတယ်။ မဂ်နဲ့ ကိလေသာတွေ ငြိမ်းနေမှုမှာတော့ ကာမဂုဏ်အာရုံများနှင့် တွေ့တဲ့အခိုက်မှာလည်း တရားအားထုတ်စဉ်က အတိုင်းပဲ ပြန်လည်ပေါ်လာခြင်း ဖောက်ပြန်ပြောင်းလဲခြင်းမရှိ တစ်သမှတ်တည်း ဖြစ်နေတတ်ပါတယ်။ တရားတန်ခိုးကြောင့် ခေတ္တငုတ်လျိုးနေမှုမှာတော့ ကာမဂုဏ်အာရုံတွေနဲ့ တွေ့တဲ့အခါ စိတ်အစဉ်ဟာ သာမန်လူများလို၊ တရားအားမထုတ်ခင်က အခြေအနေလိုပဲ ကိလေသာများ ပြန်လည်ထကြွတတ်တာကို တွေ့ရပါလိမ့်မယ်။ တစ်ချို့ယောဂီများ တရားရိပ်သာမှာ အားထုတ်နေတုန်းကတော့ ကိလေသာများ မပေါ်တော့ဘူးလို့တောင် ထင်ရတဲ့အထိ စိတ်အဆင်တွေ ဖြစ်နေတတ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အိမ်ပြန်ရောက်သွားတဲ့ အခါမှာတော့ ဒုံရင်းဒုံရင်းအတိုင်း ဖြစ်နေပြန်ပါတယ်။ ဒါဟာ အရိယာမဂ်နဲ့ တကယ်မသတ်နိုင်သေးဘဲ တရားအားထုတ်မှုအားကောင်း နေတုန်းမှာသာ ခေတ္တငုတ်လျိုးနေတာကြောင့် ဖြစ်ပါတယ်။

၂။ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်နှင့်သူ တစ်ဦးသည် ကာမရာဂနှင့် ဒေါသ အားနည်းခြင်းကို မိမိသန္တာန်၌ ရေရှည် တွေ့နေရလျှင် တရားအားထုတ်နေ၍ တရားတန်ခိုးဖြင့် ကာမရာဂနှင့် ဒေါသတို့ အားနည်းနေခြင်းလော၊ သကဒါမိမဂ်ကြောင့် အားနည်းခြင်းလောကို မည်သို့ ခွဲခြားနိုင်ပါသလဲဘုရား။

ဖြေ။ ။ သကဒါဂါမိမဂ်ကြောင့် အားနည်းနေခြင်းကတော့ ကိလေသာအားလုံး လုံးဝနီးပါး ပယ်သတ်သွားသလို ဖြစ်နေတတ်ပါတယ်။ ရဟန္တာများလို အလုံးစုံးအကြွင်းမဲ့ မပယ်သတ်နိုင်သေးပေမယ့် ပေါ်လာခဲပါတယ်။ ပေါ်ရင်လည်း ခဏပဲ အဖြစ်သဘောလောက်ပေါ်ပြီး ကိလေသာများ မရှိသလောက် အားနည်းနေတတ်ပါတယ်။ ခဏခဏလည်း ပေါ်လေ့မရှိဘဲ အလွန်ကြာရှည်စွာနေမှသာ အကြောင်းတိုက်ဆိုင်တဲ့ အခိုက်ပေါ်လာတတ်ပြီး ချက်ချင်းပြန်လည် အားနည်းသွားတတ်ပါတယ်။

၃။ တရားအားထုတ်ရာတွင် လောကီအမှုကိစ္စများကို ငြီးငွေ့ခြင်း၊ တရားအားထုတ်ဖော်ချင်းနဲ့မှတစ်ပါး လူနှင့်ဝေးဝေး နေလိုခြင်း၊ ယခင်က ကြိုးစားခဲ့သော လောကီကြီးပွားရေးများကို စိတ်မဝင်စား မကြိုးစားလိုတော့ခြင်းများ ဖြစ်တတ်ပါသည်။ မည်သို့ ထိန်းညှိရပါသလဲဘုရား။

ဖြေ။ ။ တရားအစွမ်းများ အားကောင်းလာတဲ့အခါ လောကီကိစ္စများအပေါ် ငြီးငွေ့မှုများ ဖြစ်တတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်ပြီး သုံးသပ်ဆင်ခြင် ညှိနိုင်ရပါမယ်။ ကိုယ့်အခြေအနေဟာ လောကီမှ အပြီးခွာလို့ရမရ၊ မခွာနိုင်တောင် လောကီကိစ္စများနဲ့ ကင်းလို့ရမရ ကြည့်ရပါမယ်။ လောကီကိစ္စများနဲ့ မကင်းနိုင်သေးဘူးဆိုရင်တော့ တာဝန်ဝတ္တရား တစ်ခုအဖြစ်နဲ့ သမ္မာအာဇီဝကျတဲ့ အလုပ်များကို လုပ်ပြီး လောကီနယ်မှာ နေလို့ရပါတယ်။ ဘုရားလက်ထက်ကလည်း သောတာပန်ဖြစ်နေတဲ့ လူတွေ အိမ်ထောင်ပြုသားမွေးရင်းနဲ့ လောကီကောင်းကျိုးတွေ လုပ်နေတာတွေ ရှိပါတယ်။ အထင်ရှားဆုံးကတော့ ၀ိသာခါ ဒကာမကြီးပါ။ သောတာပန်ဘ၀နဲ့ သားသမီးမြေးမြစ်အစုံ မိသားစုဘ၀ စိုစိုပြေပြေ ရှိခဲ့ပါတယ်။ ဃဋိကာရ အိုးထိန်းသည်ဆိုရင်လည်း အနာဂါမ်ဘ၀နဲ့ကိုပဲ လောကရဲ့တာဝန်တွေကို ၀တ္တရားတစ်ခုအနေဖြင့် လုပ်ပြီးနေသွားခဲ့တဲ့ သာဓကတွေရှိပါတယ်။ လောကီအလုပ်တွေမှာ စိတ်မ၀င်စား မကြိုးစားချင်တော့ပေမယ့် လောကီနယ်နဲ့ မကင်းနိုင်သေးရင်တော့ မဖြစ်မနေ လုပ်ပေးရမယ့် လောက၀တ်များအဖြစ် သတ်မှတ်ကာ သမ္မာအာဇီဝကျတဲ့ အလုပ်များကိုလုပ်ရင်း တစ်ဘက်ကလည်း တရားအားထုတ်ပြီး နေနိုင်အောင် ကြိုးစားနိုင်ပါတယ်။

၎။ တရားအားထုတ်ရာတွင် ဖြစ်ပျက်ကို ရှုရင်း လက္ခဏာရေးများ ထင်ရှားလာသောအခါ အနိစ္စ ဒုက္ခ အနတ္တ သုံးပါးစလုံးကို ရှုခြင်းနှင့် မိမိသန်ရာ တစ်ပါးတည်းကိုသာ ရှုခြင်း ဘယ်အရာက ပိုခရီးရောက်ပါသလဲဘုရား။

ဖြေ။ ။ ဒါကတော့ ကိုယ်အားသန်တဲ့ လက္ခဏာကို အဓိကထားပြီး ရှုနိုင်ပါတယ်။ ဒါပေမယ့် ၀ိပဿနာဉာဏ် မရင့်သန်သေး၊ မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ကတော့ သုံးမျိုးလုံးကို အားထုတ်နိုင်ရင် ပိုကောင်းပါတယ်။ အဲလိုအားထုတ်နိုင်မှသာ လက္ခဏာရေး သုံးပါးက ပယ်သတ်ပေးနိုင်၊ ပယ်ခွာပေးနိုင်တဲ့ ပပဉ္စတရားတွေကို အသီးသီး ပယ်ခွာပေးနိုင်မှာပါ။ ဉာဏ်စဉ်မြင့်လာရင်၊ သန့်ရှင်းလာရင်တော့ တစ်ခုတည်းကို အားစိုက်ပြီးရှုရင်း မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်ပါတယ်။

၅။ အနိစ္စကို စီးဖြန်းရ စိတ်ထက်သန်ပြီး ရှုမှတ်သူ၊ ဒုက္ခကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ၊ အနတ္တကို စီးဖြန်းရသန်ပြီး ရှုမှတ်သုံးသပ်သူ သုံးဦးသည် တရားတက်ရာတွင် မည်သို့ ကွာခြားပါသလဲဘုရား။

ဖြေ။ ။ ဒါကလည်း ခုနပြောသလို ၀ိပဿနာဉာဏ် မသန့်ရှင်းသေး၊ မရင့်သန်သေးခင်တော့ သိပ်ပြီးထူးခြားမှု မရှိလှသေးပဲ တရားတက်ရာတွင်လည်း ကွာခြားမှု မရှိလှသေးပါဘူး။ ၀ိပဿနာဉာဏ် မသန့်ရှင်းသေးတဲ့ ယောဂီအနေနဲ့ သုံးမျိုးလုံးကို ရှုမှတ်နိုင်ရင်ပိုကောင်းပါတယ်။ ဒါမှ အနိစ္စလက္ခဏာဖြင့် မာနကို ပယ်ခွာစေနိုင်၊ ဒုက္ခလက္ခဏာဖြင့် တဏှာကို ပယ်ခွာနိုင်၊ အနတ္တလက္ခဏာဖြင့် ဒိဋ္ဌိကို ပယ်ခွာနိုင်စေမှာ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ် သန့်ရှင်းသွားရင်တော့ ကိုယ်အားသန်ရာကို ရှုရင်းကြိုးစားမှုနဲ့ ပါရမီအရှိန်အလိုက် တရားတက်မှု ကွားခြားတတ်ပါတယ်။

၆။ တရားအားထုတ်ရာတွင် ယခင်က အပြစ်ဟု မမြင်ခဲ့သည့် အနုစား ကိလေသာများကိုပါ အပြစ်မှန်း သိလာသောအခါ ကိလေသာအားလုံးကို စက်ဆုတ်ရွံရှာပြီး အမြန် ချုပ်ငြိမ်းလိုစိတ် ဖြစ်လာတတ်ပါသည်။ ကိလေသာနှင့် နေရသည့် ဘဝကို အလိုမရှိခြင်း ဖြစ်လာပါသည်။ ထိုအခါ တရားနာခြင်း၊ တရားအားထုတ်ခြင်းနှင့် လှူဒါန်းခြင်းမှတစ်ပါး လောကီကိစ္စများကို စိတ်မဝင်စားတော့ပါ။ ဤသည်မှာ မဇ္ဈိမပဋိပဒါမကျဘဲ အစွန်းရောက်သွားနိုင်ပါသလား သိလိုပါသည်။

ဖြေ။ ။ အစွန်းရောက်တယ်လို့ ပြောလို့မရပါ။ တရားသဘောကြောင့် ဖြစ်ပေါ်လာတဲ့ ဉာဏ်အဆင့်ဆင့်ကြောင့် ဖြစ်တတ်တဲ့ သဘောများဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလို မကင်းနိုင်သေးရင်တော့ လောကီကိစ္စများအပေါ် အစွန်းမရောက်အောင် စိတ်မ၀င်စားသော်လည်း တာဝန်ဝတ္တရားတစ်ခု အနေဖြင့် လုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်။

၇။ အချို့ယောဂီများသည် မိမိတို့ မြတ်နိုးသောတရားကို ပို၍ ဖြောင့်ဖြူးစွာ ကျင့်ကြံနိုင်ရန် သေခါနီးတွင် နောင်ဘဝ ရဟန်း ဖြစ်လိုကြောင်း ဆုပန်သွားပါသည်။ ထိုသူများဆုတောင်း ပြည့်နိုင်ပါသလားဘုရား။ ရဟန်းပြုလိုသော်လည်း မိဘဆွေမျိုး အသိုင်းအဝိုင်းက သဘောမတူသဖြင့် ရဟန်းဘဝ မရောက်သူများ မျက်မှောက်ခေတ်တွင် တွေ့နေရရာ ဆန္ဒရှိပြီး ပါရမီလည်း ပါလာပါလျက် အဘယ့်ကြောင့် ဆုတောင်းမပြည့်ကြသလဲ သိလိုပါသည်။

ဖြေ။ ။ ပြင်းပြတဲ့စိတ်ဆန္ဒနှင့် အမှန်တကယ်လိုလိုချင်ချင် ထပ်ခါထပ်ခါ ဆုတောင်းသွားပါက ရဟန်းဖြစ်လိုတဲ့ ဆုတောင်းပြည့်နိုင်ပါတယ်။ တစ်ချို့ဟာ ဒီဘ၀မှာ ရဟန်းပြုလိုတဲ့ ဆန္ဒရှိပြီး ပါရမီပါလာပေမယ့် အတိတ်ဘ၀က ထက်သန်ပြင်းပြတဲ့ စိတ်နဲ့ ရဟန်းဖြစ်ရပါလို၏ဆိုတဲ့ ဆုတောင်းမပါခဲ့ရင်လည်း ဒီဘ၀မှာ ဘယ်လိုပဲ ရဟန်းဝတ်ဖို့ ကြိုးစားကြိုးစား အကြောင်းတစ်ခုခုကြောင့် မအောင်မြင်ပဲ ပျက်တတ်ပါတယ်။

မှတ်ချက်။ ။ အထက်ပါ ဖော်ပြချက်များဟာ ဘုန်းဘုန်းတစ်ပါးတည်းရဲ့ စိတ်ဆန္ဒနဲ့ ဖြေကြားပေးခြင်းမဟုတ်ပါ။ တတ်သိနားလည်သော ဆရာတော်နှင့်တိုင်ပင် ဆွေးနွေးပြီး သင့်လျော်သလို ပြန်လည်ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ စိတ်ကျေနပ်မှု မရှိခဲ့ပါက ဘုန်းဘုန်းရဲ့ အားနည်းမှုသာဖြစ်ပါကြောင်း ၀န်ခံပါတယ်။

ရိုသေစွာ ရှိခိုးဦးခိုက်ပါသည်ဘုရား။
အရှင်ဘုရား ကျမ်းမာချမ်းသာစွာ သာသနာပြုနိုင်ပါစေဘုရား။
ဓမ္မခရီးသည်များ

Read more »

အပေါင်းအသင်း…

အတူတကွ သွားလာနေထိုင် စားသောက်လေ့ရှိတဲ့သူကို မိတ်ဆွေအပေါင်းအသင်းလို့ ခေါ်ပါတယ်။ ဒီအပေါင်းအသင်းဟာလည်း ကောင်းတဲ့အပေါင်းအသင်း မကောင်းတဲ့အပေါင်းအသင်းလို့ နှစ်မျိုးရှိပါတယ်။ စာလိုပြောရင်တော့ ကလျာဏမိတ္တ (ကောင်းတဲ့အဆွေခင်ပွန်း) နဲ့ ပါပမိတ္တ (မကောင်းတဲ့အဆွေခင်ပွန်း)တို့ပါပဲ။ လူတစ်ယောက်ရဲ့ ဘ၀အကောင်းအဆိုးဟာ သူပေါင်းတဲ့အပေါင်းအသင်းနဲ့လည်း ပတ်သက်မှု ရှိပါတယ်။ သူပေါင်းသင်းတဲ့ အပေါင်းအသင်းကို ကြည့်ပြီး သူဘယ်လိုသူဆိုတာလည်း အကဲခက်လို့ ရပါတယ်။ ခဏတစ်ဖြုတ်ပေါင်းသင်းတဲ့ အပေါင်းအသင်းမဟုတ်ရင် လူတစ်ဦးနဲ့တစ်ဦး ၀ါသနာစရိုက်တူမှပဲ ရေရှည်လက်တွဲ ပေါင်းသင်းလို့ရပါတယ်။ ကောင်းတဲ့အကျင့်စရိုက် အလေ့အကျင့် ရှိတဲ့သူနဲ့ပေါင်းရင် ကိုယ်လဲကောင်းတဲ့ အကျင့်စရိုက်လေးတွေ ကူးစက်လာတတ်ပြီး မကောင်းတဲ့ အကျင့်စရိုက်ရှိတဲ့သူနဲ့ ပေါင်းရင်တော့ မကောင်းတဲ့ အကျင့်လေးတွေ ကူးစက်ခံရမှာ သေချာပါတယ်။ ဒီနေရာမှာ စရိုက်နဲ့ ပတ်ဝန်းကျင်ဆိုတာကို သတိပြုရပါမယ်။ မွေးလာတဲ့စရိုက်တွေ ဘယ်လောက်ပဲကောင်းကောင်း ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က မကောင်းဘူးဆိုရင် မကောင်းတဲ့ စရိုက်လေးတွေ ကူးစက်ခံရပါတယ်။ ဒီလိုပဲ မွေးလာတဲ့စရိုက်က မကောင်းပေမယ့် ပေါင်းသင်းကျင်လည်တဲ့ ပတ်ဝန်းကျင်က ကောင်းနေရင်လည်း ကောင်းတဲ့အကျင့်လေးတွေ ရလာတတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ကောင်းကျိုးဆိုးကျိုးနဲ့ ဘ၀အတက်အကျတွေမှာ ပေါင်းသင်းတဲ့ အပေါင်းအသင်းဟာ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ တရားပွဲမစခင် ဘုန်းဘုန်းကို ပင့်တဲ့ဒကာလေးက အခန်းထဲမှာ သီတင်းသုံးဖို့ လျှောက်လို့ အခန်းထဲမှာ နေနေတဲ့အချိန် အပြင်မှာ သူငယ်ချင်းတွေဆုံတော့ ပြောကြဆိုကြတာလေးတွေကို အခန်းထဲမှာ ရှိနေတဲ့ ဘုန်းဘုန်းအနေနဲ့ ကြားမိနေပါတယ်။ သူတို့ကတော့ ဘုန်းကြီးအခန်းထဲမှာ ရှိနေတာကို သတိထားမိဟန် မတူပါဘူး။ ဒကာလေးတွေထဲက တစ်ယောက်က ကျန်တဲ့ ဒကာတစ်ယောက်နဲ့ စကားအပြန်အလှန် ငြင်းခုံပြောဆိုနေပါတယ်။ သူက “ကျွန်တော်ဒီနိုင်ငံကို ရောက်ခါစက ဘာမှမလုပ်တတ်ဘူး.. အရက်လည်း မသောက်တတ်ဘူး.. ဖဲလည်းမရိုက်တတ်ဘူး.. ဘောလုံးလည်း မလောင်းတတ်ဘူး.. ခင်ဗျားနဲ့တွေ့မှ၊ ခင်ဗျားနဲ့ ပေါင်းမိမှပဲ အခုဆို ဖဲလည်းရိုက်တတ်နေပြီ၊ အရက်လည်းသောက်တတ်နေပြီ၊ ဘောလုံးလည်း လောင်းတတ်နေပြီ“ ဆိုပြီး အမူးသမားလေသံနဲ့ အားရပါးရ ပြောဆိုနေတာကို ကြားလိုက်ရပါတယ်။ တစ်လောကလည်း အရက်အလွန်သောက်တဲ့ ဒကာလေးနဲ့တွေ့လို့ အရက်လျှော့သောက်ဖို့ အကြောင်းပြောဖြစ်တော့ သူက “တပည့်တော် ဖြတ်ဖို့ကြိုးစားနေပါတယ်၊ အမှန်တော့ တပည့်တော် ရောက်ခါစက အရက်မသောက်တတ်ပါဘူး… တပည့်တော်နဲ့အတူ အလုပ်လုပ်တဲ့ စီနီယာအစ်ကိုကြီးနဲ့ တွဲဖြစ်ရာက သူကြိုက်တဲ့အရက်ကို နည်းနည်းစလုပ်မိရင်းက ခုလိုအများကြီး သောက်မိသွားတာပါ၊ ခွင့်လွှတ်တော်မူပါ ဘုရား..“ လို့ တောင်းပန်ရှာပါတယ်။

နောက်တရားပွဲ တစ်ခုမှာဖြစ်ပါတယ်။ တရားပွဲပြီးတော့ အပေါ်ထပ်အခန်းမှာ ခဏအနားယူနေချိန် အခန်းထဲကို ဒကာလေး လေးယောက်လောက် စာရွက်လေးကိုယ်စီနဲ့ ၀င်လာပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ မေးခွန်းလေးတွေ မေးပါတယ်။ အရွယ်ငယ်ပြီး ရုပ်ရည်သန့်ပြန့်လှတဲ့ ဒီကလေးတွေကို ကြည့်ရတာ စိတ်ထဲမှာ အားရမိပါတယ်။ မိရိုးဖလာလွန် ဗုဒ္ဓဘာသာအဖြစ်မှ အနှစ်ရှိတဲ့ ဗုဒ္ဓဘာသာဝင်များအဖြစ် ပြောင်းလဲလာတဲ့ သူတို့လေးတွေကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒါနဲ့ ဘုန်းဘုန်းလည်း သူတို့လေးတွေဘာကြောင့် စိတ်တူကိုယ်တူနဲ့ ဒီအရွယ်လေးမှာ ဘာသာရေးတွေ လုပ်ဖြစ်တာလဲ…၊ တစ်ယောက်တည်းမဟုတ်ဘဲ ဘာကြောင့် စိတ်တူကိုယ်တူ လေးယောက်လုံး တစ်ပြိုင်တည်း တစ်စိတ်တည်း ဖြစ်သွားကြတာလဲ မေးတော့ သူတို့ထဲက တစ်ယေက်က “တပည့်တော်တို့လည်း အရင်က ဘာသာရေးနဲ့ ပတ်သက်ပြီး ဘာမှမသိပါဘူးဘုရား..၊ သူများနိုင်ငံမှာ အလုပ်လာလုပ်ရင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်လို့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်၊ ဟိုတရားနာ ဒီတရားနာလုပ်ရင်း နောက်ဆုံး မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်တွေကို နာလိုက်ရတော့ တပည့်တော်စိတ်ထဲမှာ အရမ်းကိုသဘောကျ ကျေနပ်သွားမိပြီး နောက်ပိုင်းဆရာတော်ကြီး တရားတွေ ဆက်တိုက်နာဖြစ်ပါတယ်။ တရားများများ နာမိလေလေ လောကရဲ့ ဆင်းရဲဒုက္ခတွေကို ခံနိုင်လာလေလေဖြစ်ကာ နောက်ပိုင်း တရားပါ အားထုတ်လာမိတော့ စိတ်ဟာပိုပြီး အေးချမ်းလာပါတယ်။ ဒါနဲ့ တပည့်တော်လည်း တပည့်တော်နဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို တပည့်တော် နာရတဲ့ တရားတွေ ပြန်ပြောပြကာ သူတို့ကိုလည်း တရားတွေ နားခိုင်းတော့ သူတို့လည်း တပည့်တော်လို ဘာသာရေးအပေါ် စိတ်ဝင်စားခဲ့ပါတယ်။ အခုဆို တပည့်တော်တို့ အချိန်အားတာနဲ့ တရားနာ၊ တရားထိုင်ပဲ လုပ်ဖြစ်ပါတယ်။ နောက်ပိုင်း သာသနာ့ဘောင် ၀င်ဖို့အထိတောင် စဉ်းစားထားပါတယ်ဘုရား..“ စသဖြင့် သူတို့ရဲ အကြောင်းကို ပြောပြလျှောက်ထားပါတယ်။

ဒီအကြောင်းလေးတွေကတော့ လက်တွေ့ဘ၀မှာ တွေ့ရတဲ့ ဘုန်းဘုန်းရဲ့ ကိုယ်တွေ့လေးတွေပါ။ ဘုန်းဘုန်းအနေနဲ့ ဒီအကြောင်းလေးတွေ ပြန်ပြောပြနေတာက အပေါင်းအသင်းကြောင့် ပြောင်းလဲသွားတဲ့ သူတွေရဲ့ ဘ၀လေးတွေကို လက်တွေ့နဲ့ ယှဉ်ပြီးထင်ရှားစေလိုတဲ့ အတွက်ကြောင့်ပါ။ အပေါင်းအသင်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးတယ် ဆိုတာ သိစေလိုတာပါ။ သံသရာမှာမပြောနဲ့ ဒီဘ၀ အခိုက်လေးမှာကိုပဲ အပေါင်းအသင်းကောင်းတော့ ကိုယ်လည်းကောင်းလာပြီး အပေါင်းအသင်းဆိုးတော့ ကိုယ်ပါဆိုးလာတာကို လက်တွေ့တွေ့နိုင်ပါတယ်။ တစ်ချို့ဆို အပေါင်းအသင်းမကောင်းတော့ ဘ၀မှာ မလုပ်ဖူးတဲ့ အကုသိုလ်အပြစ် မရှိသလောက်အောင် လိုက်လုပ်နေတာကို တွေ့ရပါတယ်။ တစ်ချို့ကြပြန်တော့ အပေါင်းအသင်းအများကြီး မရှိဘဲ ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက်နဲ့ ကိုယ့်ကျိုးလည်းလုပ် အများအကျိုးလည်း လုပ်နေတာကို တွေ့ရပါတယ်။

မှန်ပါတယ်။ အပေါင်းအသင်းဆိုတာ အများကြီးရှိဖို့ မလိုပါဘူး။ မကောင်းတဲ့အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အပေါင်းအသင်း တစ်ယောက်နှစ်ယောက်လောက် ရှိတာက ပိုပြီး ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေပါတယ်။ တစ်ချို့က ပြောတတ်ပါတယ်။ “ဒီနိုင်ငံမှာက မသောက်မစား နေရင်အပေါင်းအသင်း မရှိဘူး“တဲ့။ ဒါက သောက်တတ်စားတတ်သူတွေရဲ့ အကြောင်းပြလေးပါ။ မသောက်မစားဘဲ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရှိနေတဲ့အပြင် မသောက်မစား တည်တည်ကြည်ကြည် ရှိတဲ့အတွက် အများရဲ့ ရိုသေလေးစားမှုကို ရနေတဲ့သူတွေလည်း အများကြီးရှိပါတယ်။ သောက်တဲ့သူတွေက အများစုဖြစ်တဲ့အတွက် မသောက်မစားတဲ့သူတွေဟာ အပေါင်းအသင်းမရှိ နည်းနေရင်နည်းနေနိုင်ပေမယ့် သူတို့လို စိတ်တူကိုယ်တူရှိသူ အပေါင်းအသင်းတော့ ရှိတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်တွေ့ဘ၀မှာတော့ ဒီအနည်းစုဟာ အကျိုးတွေ အများကြီးဖြစ်ထွန်းနေတာကို တွေ့ရမှာပါ။ မသောက်မစား၊ အလောင်းအစား မလုပ်တဲ့အတွက် ရှာသမျှငွေကြေးလေးတွေကို စုမိစောင်းမိဖြစ်ကာ အိမ်မှာလည်း ချောင်ချောင်လည်လည်ရှိ၊ ကုသိုလ်ရေးအတွက်လည်း လှူချင်သလို လှူနိုင်တမ်းနိုင်နေတာကို တွေ့ရပါတယ်။ အသောက်အစား အလောင်းအစား လုပ်နေသူတွေကတော့ တစ်လနဲ့တစ်လ အလျဉ်မမီသလို အကြွေးတွေသာဝိုင်းနေပြီး အိမ်လည်မပို့ဖြစ်၊ ဘာမှလည်း လက်ဆုတ်လက်ကိုင်မရှိ ဖြစ်နေကြပါတယ်။ အဲလို ဒုက္ခလေးတွေ ဖြစ်လာတော့ ရှိတုန်းက ပေါင်းသင်းလာတဲ့ ကောင်းပါတယ်ဆိုတဲ့ အပေါင်းအသင်းဆိုတာတွေဟာ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ အပေါင်းအသင်းကောင်း မဟုတ်တဲ့အတွက် သာတဲ့အချိန်မှာပေါင်းပြီး နာတဲ့အချိန်ကျတော့ ဂျောင်းကုန်တော့တာပါ။ ဒါကြောင့် အပေါင်းအသင်းဟာ သာပေါင်းညာစား အပေါင်းအသင်းတွေ အများကြီးရှိတာထက် မရှိအတူ ရှိအတူ ဖြစ်တဲ့အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုကောင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ အားလုံးထက် အကောင်းဆုံး အပေါင်းအသင်းကတော့ မကောင်းတာတွေ မလုပ်ဖြစ်အောင် ကိုယ့်ကိုပြုပြင် တည့်မတ်ပေးပြီး ကိုယ်ဒုက္ခရောက်ချိန်မှာ တတ်နိုင်သမျှ ကူညီပေးတဲ့ အပေါင်းအသင်းပါပဲ။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ရဲ့ အပေါင်းအသင်းနဲ့ ပတ်သက်တဲ့ မိန့်တော်မူချက်လေးကို သတိရမိပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဘုရားရှင်က မင်္ဂလာတရားတော်များမှာ အစဆုံးမင်္ဂလာများအဖြစ် “အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နံ= လူမိုက်ကို မပေါင်းသင်းရန်နှင့် ပညာရှိသူတော်ကောင်းကိုသာ ပေါင်းသင်းရန်“ မိန့်တော်မူပါတယ်။ ဒါ့အပြင် လူမိုက်ကို မပေါင်းသင်းဖို့အတွက် ဓမ္မပဒမှာ ဟောကြားထားချက်လေးကလည်း မှတ်သားဖွယ်ဖြစ်ပါတယ်။ အဲဒီဟောကြားချက်လေးက “လူမိုက်၌ တရားကျင့်ရန် အဆွေခင်ပွန်းအဖြစ် မရှိရကား တရားကျင့်သူသည် မိမိထက်သာလွန်သူ မိမိနှင့်တူမျှသူကို မရနိုင်ပါမူ တစ်ယောက်တည်း ကျင့်ခြင်းကိုသာ မြဲမြံစွာ ပြုကျင့်ရာ၏“ တဲ့။ အပေါင်းအသင်းဟာ အဲလောက်ကို အရေးကြီးတာပါ။ အပေါင်းအသင်းဟာ အလွန်အရေးကြီးတဲ့အတွက် အပေါင်းအသင်းကောင်းကို ရွေးချယ်ပေါင်းသင်းဖို့ အကြိမ်ကြိမ် ဆုံးမတော်မူခြင်းဖြစ်ပါတယ်။ အပေါင်းအသင်းကောင်းကို ပေါင်းမိကြလို့ ပစ္စုပ္ပန် ကောင်းကျိုးမှ နိဗ္ဗာန်အထိ အကျိုးဖြစ်သွားကြသူများ ရှိသလို မကောင်းတဲ့အပေါင်းအသင်းကြောင့် အပါယ်ငရဲကျသွားသူများလည်း ရှိပါတယ်။ ဒီနေရာမှာ အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် မထေရ်နှစ်ပါးအကြောင်းနှင့် အရှင်ဒေ၀ဒတ်နှင့် အဇာတသတ်ဘုရင်တို့ အကြောင်းကတော့ အပေါင်းအသင်း အကောင်းအဆိုးရဲ့ စံပြုစရာတွေ ဖြစ်ပါတယ်။ မထေရ်နှစ်ပါးဟာ လူ့ဘ၀မှာတည်းက အပေါင်းအသင်း သူငယ်ချင်းကောင်းများ ဖြစ်တဲ့အတွက် တစ်ဦးတရားသိတဲ့အခါလည်း တစ်ဦးကို ပြန်လည်ခေါ်ဆောင် မျှဝေကာ နောက်ဆုံးဘုရားသာသနာမှာ အမြင့်မြတ်ဆုံး အဂ္ဂသာဝဘွဲ့ထူးများနဲ့အတူ နိဗ္ဗာန်အထိ မျက်မှောက်ပြုသွားကြတဲ့ အပေါင်းအသင်းကောင်းများရဲ့ ပြယုဂ်အဖြစ် စံတင်စရာဖြစ်ပါတယ်။ ဒါပေမယ့် အရှင်ဒေ၀ဒတ်လို မကောင်းတဲ့ဆရာ၊ မကောင်းတဲ့အပေါင်းအသင်းကို ပေါင်းမိတဲ့ အဇာတသတ်ဘုရင်ကတော့ အဖေကိုသတ်တဲ့ ပိတုဃာတကကံကို ကျူးလွန်မိတဲ့အတွက် ငရဲလားရတဲ့အထိ ဆိုးကျိုးကိုဖြစ်စေကာ မကောင်းတဲ့ အပေါင်းအသင်းကို ပေါင်းရခြင်းရဲ့ မကောင်းတဲ့ ပြယုဂ်အဖြစ် ထင်ကျန်စေခဲ့ပါတယ်။

အချုပ်အားဖြင့် အပေါင်းအသင်းဆိုတာ လူတွေအတွက် လိုအပ်လှတဲ့ အဖော်ဖြစ်တာကြောင့် အပေါင်းအသင်း ရှိဖို့လိုအပ်လှပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အပေါင်းအသင်းတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ အပေါင်းအသင်းပါ။ မကောင်းတဲ့ အပေါင်းအသင်း အများကြီး ရှိနေတာထက် ကောင်းတဲ့အပေါင်းအသင်း အနည်းငယ်ရှိနေတာက ဒီဘ၀ရော နောင်သံသရာပါ ကောင်းကျိုးဖြစ်စေတာပါ။ မကောင်းတဲ့အရာတွေမှာ အဖော်မွန်ဖြစ်စေတတ်တဲ့ အပေါင်းအသင်း အများကြီး ရှိတာထက် ကောင်းတဲ့အရာတွေမှာ ညွှန်ကြားပြသပေးတဲ့ အပေါင်းအသင်း နည်းနည်းလေးရှိတာက ပိုပြီးတန်ဘိုးရှိလှပါတယ်။ သောက်မှစားမှ ကျွေးနိုင်မွေးနိုင် ပေးနိုင်ကမ်းနိုင်မှ အဖော်ဖြစ်တဲ့ အပေါင်းအသင်းများ ပေါများနေတာထက် ဒုက္ခရောက်ချိန်မှာ နှုတ်၏စောင်မခြင်း ကိုယ်၏စောင်မခြင်း ပြုတတ်တဲ့ အပေါင်းအသင်း အနည်းငယ်က ပိုပြီးအားကိုးရပါတယ်။ သောက်မှစားမှ မဟုတ်တာလုပ်မှ အပေါင်းအသင်းတွေ ပေါများတာထက် အပေါင်းအသင်းမပေါပေမယ့် အကုသိုလ်မဖြစ်ဘဲ ရှိနေတာက ပိုပြီး အကျိုးများပါတယ်။ ဒါကြောင့် ဘ၀မှာ အပေါင်းအသင်းဟာ ပစ္စုပ္ပန်ရော သံသရာမှာပါ ကောင်းကျိုး ဆိုးကျိုးကို ပြုလုပ်ဖန်တီးပေးနိုင်တဲ့အတွက် ပစ္စုပ္ပန်သံသရာ နှစ်ဖြာကောင်းကျိုးကို ဖြစ်စေနိုင်တဲ့ အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းကြဖို့ ဒီစာစုလေးဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

မသူတော်ဘေး ကြုံရရင် ဘယ်လိုလုပ်ရမလဲ…

Q. ဘုန်းဘုန်း
တပည့်တော် ရောက်နေတဲ့ မြို့မှာ ကြီးစိုးနေတဲ့ မြန်မာသုံးလေးယောက်က ပညာပြလို့ တပည့်တော် စိတ်ဆင်းရဲနေရလို့ မသူတော်ဘေး ကြုံရရင် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်။
တပည့်တော် ပြဿနာ တစ်ခုခု ဖြစ်ရင် ကိုယ်မှားတာ ကိုယ်လွန်တာလဲ ရှိနိုင်တယ်ဆိုတာ သိပါတယ်။ တစ်ဖက်ကိုပဲ အပြစ်မပြောပါဘူး။ ဒါပေမယ်လို့ ဒီကို ရောက်စမှာ သူတို့က သူတို့ ကိုယ်ရေးကိစ္စတွေအတွက် ငွေတောင်းတာ၊ လူကို ဟိုဟာဒီဟာ ခိုင်းတာ၊ နိုင်ငံရေးလုပ်ဖို့ဆိုပြီး အလှူခံတာတွေကို ပထမ အမုန်းမခံချင်လို့ ပေးပေမယ့် အကြိမ်များလာတော့ ငွေလဲ မပေး၊ ခိုင်းလဲ လုပ်မပေးဘဲ နေမိပါတယ်။ ဗိုလ်ကျလာတယ် ထင်လို့ပါ။ သူတို့ဟာ ဒီမြို့မှာ လူတွင်ကျယ်တွေ ဖြစ်လာနိုင်ပြီး လုပ်မပေးရင် ပြဿနာရှာနိုင်တယ်ဆိုတာကို မသိပါဘူး။ သူများနိုင်ငံမှာ မြန်မာချင်း ဒီလို ဗိုလ်ကျလို့ ရမယ် မထင်လို့လဲ ပါပါတယ်။
အလုပ်တွေ လစ်လပ်ရင် တပည့်တော်ကို အသိမပေးဘဲ ဖုံးထားတာတို့၊ ကျန်တဲ့လူတွေက အလုပ်သွားလျှောက်လို့ရကြောင်း လာမပြောချင်အောင်လဲ တပည့်တော်ဟာ ဒီအလုပ်ကို လုပ်နိုင်မယ် မထင်ကြောင်း ခဏခဏ ချူချာကြောင်း သတင်းလွှင့်တာတို့ လုပ်ပါတယ်။ တပည့်တော် ရောက်စက နေထိုင်မကောင်းလို့ စိတ်ညစ်ရတာကို အနားမှာ မိသားစု မရှိတော့ သူတို့မြန်မာချင်းကိုပဲ ရင်ဖွင့်မိတာ ပါပါတယ်။ အခုတော့ နေထိုင်မကောင်းရင်တောင် အလုပ်မရအောင် သတင်းလွှင့်မှာ စိုးလို့ ဖုံးထားရပါတယ်။ ကျန်တဲ့ တိုင်းရင်းသားတွေနဲ့ ဗမာတွေက ဒီလို မလုပ်ဘဲ လူတွင်ကျယ် ဖြစ်နေတဲ့ သုံးလေးယောက်ထဲပါ။ ဒါပေမယ့် သူတို့က လူတွင်ကျယ်ဆိုတော့ တပည့်တော် စိတ်ညစ်နေရပါတယ်။
သူတို့က အမြှောက်အပင့်ကြိုက်၊ ငွေကြိုက်တော့ မြှောက်ပင့်ပေါင်းရင်၊ ငွေပေးရင် ပြေလည်နိုင်တယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မြှောက်တာပင့်တာကို ဘုရားမကြိုက်၊ သူတော်ကောင်းတွေလဲ မကြိုက်ဘူးလို့ သိထားတော့ မလုပ်ချင်ပါဘူး။ ငွေပေးရင်လဲ တကြိမ်နဲ့ မပြီးဘဲ အကြိမ်ကြိမ် ဖြစ်နေမှာရော၊ သူတို့ မြန်မာ့အရေး လုပ်တယ်ဆိုတဲ့ နိုင်ငံရေးကိစ္စတွေက သူတို့ ငွေကုန်မခံပဲ သူများတွေပိုက်ဆံပဲ လိုက်တောင်းနေတာ မြင်နေရတာကြောင့်ရော မပေးချင်ပါဘူး။ အလုပ်မရှိသေးလို့ ဝင်ငွေအဆင်မပြေတဲ့ လူတွေကိုတောင် အလုပ်မရှိကြောင်း၊ အသုံးမကျကြောင်း ကွယ်ရာမှာ အတင်းပြောလိုက်၊ ဆင်းရဲတယ်ဆိုပြီး သူတို့အတင်းပြောခဲ့တဲ့လူဆီ ပိုက်ဆံသွားကောက်လိုက် လုပ်နေတာလဲ သိလို့ပါ။
တပည့်တော် သူတို့အပါအဝင် ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး။ ဒါပေမယ့် သူတို့က လူတွင်ကျယ်တွေဆိုတော့ သူတို့ကို မလိုက်လျောရင် ဘာဒုက္ခမှ မပေးလဲ အဲဒီလူကို လူတောမတိုးအောင်၊ ဝင်မဆံ့အောင် ညစ်ထားတော့ စိတ်ညစ်ရပါတယ်။ သူများနိုင်ငံမှာ မြန်မာအသိုင်းအဝိုင်းလေးက ကျဉ်းတော့ ဒီအသိုင်းအဝိုင်း ကျဉ်းကျဉ်းလေးထဲမှာ ညစ်ထားရင် နေစရာမရှိ စိတ်ညစ်ရပါတယ်။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါဘုရား။
(ဝင်းဇော်)


A. အင်း… ဒီလိုပြဿနာတွေကတော့ မြန်မာတွေ ရှိတဲ့နေရာမှာ ရှိနေမှာပါပဲ။ ဘာသာတရား ရှုထောင့်ကပြောရရင် နိဗ္ဗာန်မရသေးသမျှတော့ ဒုက္ခတွေက ရှိနေမှာဖြစ်ပါတယ်။ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ဒုက္ခတွေဟာ ခန္ဓာကိုယ်နဲ့ ပတ်သက်တဲ့ ဒုက္ခနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တဲ့ အသေးအဖွဲ ဒုက္ခလေးတွေပါ။ ဗုဒ္ဓဟောတဲ့ ဒုက္ခသစ္စာ အဖွင့်မှာ မချစ်မနှစ်သက်သူတွေနဲ့ အတူနေထိုင်ရခြင်း၊ ချစ်ခင်နှစ်သက်သူတို့နဲ့ ကွေကွင်းရခြင်း၊ အလိုရှိတဲ့အရာကို မရခြင်းစတာတွေဟာ ဒုက္ခရဲ့ တစ်စိပ်တစ်ပိုင်းများဖြစ်ကြောင်း အကျဉ်းအားဖြင့် စွဲလန်းတတ်တဲ့ ဒီခန္ဓာငါးပါးဟာ ဒုက္ခပဲဖြစ်ကြောင်း ရှင်းပြပါတယ်။ ဒါကြောင့် ကျန်တဲ့ဒုက္ခတွေ မပြောနဲ့ ခန္ဓာကိုယ်ကြီး ရနေတာကိုက ဒုက္ခကြီး ရထားတာပါ။ လောကကြောင်းအရ ကြည့်ရင် ဒါလည်းပဲ လောကဓံပါပဲ။ အကောင်းအဆိုး အတက်အကျ အဆင်ပြေမှု မပြေမှု စတာတွေဟာ လောကသားတိုင်း ရှောင်လွဲမရဘဲ တွေ့ကြုံရမယ့် အရာတွေပါ။ သေချာတာကတော့ ဒီအရာတွေဟာ အမြဲဖြစ်မနေဘူး ဆိုတာပါ။ အချိန်တန်ရင်တော့ ကျော်လွှားသွား၊ ပြီးဆုံးသွားကြမှာတွေပါ။ အဲဒီအချိန်မရောက်ခင် အခိုက်အတန့်ကိုသာ ခံနိုင်အောင် ကြိုးစားနိုင်ဖို့ အရေးကြီးပါတယ်။ လောကဓံခံနိုင်တယ်ဆိုတာလည်း ဒီအခိုက်အတန့်လေးကို မတုန်မလှုပ်နေနိုင်ခြင်းကို ဆိုလိုတာပါ။

ဆိုလိုတာက အရာရာဟာ ကိုယ်ထင်သလို ကိုယ်လိုချင်သလို လုပ်လို့မရဘူးဆိုတာပါ။ တစ်ခါတစ်လေ ကိုယ်တစ်ယောက်တည်းတောင် အဆင်မပြေ ဖြစ်နေကြလေတော့…။ ထားပါတော့ မေးခွန်းရှင်ရဲ့ ဒုက္ခအတွက် အကောင်းဆုံး အကြံပြုချင်တာက ဒီပတ်ဝန်းကျင် ဒီလူတွေကြောင့် စိတ်ပင်ပန်းတယ်၊ အကုသိုလ်ဖြစ်တယ်ဆိုရင် မတွေ့မမြင်အောင် နေကြည့်စေချင်ပါတယ်။ ဒါပေမယ့် ဒီပတ်ဝန်းကျင် ဒီလူတွေနဲ့ မကင်းနိုင်သေးဘူး ဆိုရင်တော့ အတတ်နိုင်ဆုံး လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။ လိုက်လျောညီထွေ ဖြစ်အောင်ဆိုလို့ သူတို့အရက်သောက်လို့ လိုက်သောက်တာ၊ သူတို့ဖဲကစားလို့ လိုက်ကစားတာ စတာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ့်ဘက်က သူတို့နဲ့ ပတ်သက်ပြီး အပြစ်မဖြစ်အောင် သူတို့နဲ့ ဆက်ဆံရတဲ့အခါမှာလည်း အကုသိုလ်မဖြစ်အောင် အတတ်နိုင်ဆုံး သီးခံခွင့်လွှတ်တာ၊ မေတ္တာထား ဆက်ဆံပေးတာတွေကို ပြောတာပါ။ ပြီးတော့ အများနဲ့နေတဲ့အခါလည်း နေတတ်အောင်၊ ဘယ်သူမှမရှိ တစ်ယောက်တည်း နေတဲ့အခါလည်း နေတတ်အောင် ကြိုးစားခြင်းဟာ လောကဓံကို ခံနိုင်ခြင်းတစ်မျိုးပါပဲ။ ဒါကြောင့် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်အကုသိုလ်မဖြစ်အောင် ကြိုးစားလေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ အဓိကကတော့ သီးခံနိုင်အောင်ပေါ့။

အကုသိုလ်ဆိုတာ တစ်ခါတစ်လေ မမြင်ရတဲ့အခါ၊ မကြားရတဲ့အခါ မဖြစ်တတ်ပါဘူး။ မြင်ကြားတဲ့အခါမျိုးမှာ ဖြစ်တတ်တာတွေ ရှိပါတယ်။ ဒါကြောင့် ဒီသူတစ်ယောက်ကို မြင်တွေ့ရင်စိတ်မချမ်းသာဘူး၊ အကုသိုလ်ဖြစ်တယ်ဆိုရင် မမြင်မတွေ့အောင် ကြိုးစားနေကြည့်ပါ။ ရှောင်လို့မရ တွေ့မြင်ရရင်လည်း သီးခံပြီး အကောင်းမြင်တတ်အောင် ကြိုးစားကာ မေတ္တာထား ဆက်ဆံကြည့်ပါ။ အချိန်တန်လာရင် အားလုံးပြီးသွားမှာပါ။ ပြီးတော့ သူကကိုယ့်ကို ဘယ်လိုပြောတယ်၊ ဘာဖြစ်တယ် စတဲ့ အတွေးတွေနဲ့ စကားလုံးတွေနောက်ကို လိုက်ပြီး မခံစားမိပါစေနဲ့။ အဲလို အာရုံတွေနောက်ကို စိတ်ကလိုက်ပြီး ခံစားရင် ပြီးမှာမဟုတ်တော့တဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း ခံစားတိုင်းခံစားတိုင်း ပင်ပန်းမှုတွေပဲ တိုးနေပါလိမ့်မယ်။ တကယ်တော့ ဒါတွေဟာ ရှောင်လွဲမရတဲ့ အကောင်းအဆိုး လောကဓံများဖြစ်တဲ့အတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်မယ်ဆိုရင် ပြီးသွားမှာပါ။ တစ်သက်လုံးတော့ ဒီအတိုင်းဖြစ်မနေပါဘူး။ ဒီအခိုက်အတန့်လေးပဲ ဖြစ်တဲ့အတွက် ဒါလည်းပဲ လောကဓံပါလားလို့ စိတ်ကိုတင်းပြီး သီးခံကြည့်လိုက်ပါ။ ဒါကြောင့် အထူးပြောလိုတာက ခန္ဓာကိုယ်ရလာတဲ့ သူမှန်သမျှ ဒုက္ခအမျိုးမျိုးကတော့ ရှိနေကြမှာဖြစ်တဲ့အတွက် ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် သီးခံပြီး အကုသိုလ်မဖြစ်အောင် ကြိုးစားဖို့နဲ့ ဒီဒုက္ခတွေ မခံနိုင်လို့ စိတ်လိုက်မာန်ပါ လုပ်မိပါက ဒီထက်ဆိုးတဲ့ သံသရာဘ၀ဒုက္ခတွေကလည်း အဆင်သင့်ရှိနေတယ်ဆို မမေ့ဘဲ သံသရာပါစေနိုင်မယ့် အကုသိုလ်တွေကို မလုပ်ဘဲ ဒီဘ၀ဒီခန္ဓာကိုယ်ရဲ့ ဒုက္ခတွေကို သီးခံကာ ကျော်လွှားနိုင်အောင် ကြိုးစားကြည့်ပါဟုပဲ တိုက်တွန်းလိုက်ပါရစေ…

Read more »

သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့…

``သဒ္ဓါ ပညာ သမာ ၀ီရိ စောင်းနှယ်ညှိလော့`` ဤစာသားလေးကား မန်လည်ဆရာတော်ကြီး၏ မဃဒေ၀လင်္ကာသစ် စာအုပ်တွင် ပါရှိသည့် စာသားလေးဖြစ်၏။ ဗုဒ္ဓဓမ္မကို အခြေခံ စပ်ဆိုထားသည့် စာစုလေးလည်း ဖြစ်၏။ ဤစာစုအပြည့်အစုံမှာ ``သဒ္ဓါ ပညာ၊ သမာ ၀ီရိ၊ စောင်းနှယ်ညှိလော့၊ လောကီဓမ္မတာ၊ လူတို့မှာလျှင်၊ သဒ္ဓါမဆွန့်၊ ကွန့်၍ဖြိုးဝှန်၊ ဉာဏ်မလွန်နှင့်၊ သားမွန်လိမ္မာ၊ ဤအရာ၌၊ ပညာမဘက်၊ သဒ္ဓါထက်က၊ နက်၏ဆင်းရဲ၊ အမြဲမှန်စွာ၊ သဒ္ဓါနုံ့ဆွန့်၊ တွန့်၍ဉာဏ်ကွန်၊ ပညာလွန်သော်၊ ၀င်္ကံကောက်ကျစ်၊ ကျိုးမဖြစ်ဘူး၊ စင်စစ်ထိုပြီး၊ သမာဓိများ၊ ပျင်းရိပွား၏၊ အားထုတ်လွန်က၊ ပြန့်တတ်စွရှင်၊ ၀ီရိဆိုး၊ ညဉ့်ကိုနိုးမူ၊ သူခိုးဖြစ်တတ်၊ ဟူတုံလတ်၏၊ မပြတ်စိတ်က၊ သတိမလော့၊ ညီမျှသော်သာ၊ ကျိုးထင်ရာခဲ့`` (မဃဒေ၀လင်္ကာသစ်၊ ပိုဒ်၊ ၁၉၂၊ နှာ ၁၂၃) ဟူ၍ဖြစ်၏။

ဆရာတော်ကြီး၏ ဤလင်္ကာလေးကား ဘုရားဟောတရားကို ကဗျာလင်္ကာအဖြစ် ပြန်လည်တင်ပြထားခြင်း ဖြစ်၏။ လောကသားတို့၏ ပစ္စုပ္ပန် ကောင်းကျိုး၊ သံသရာကောင်းကျိုးကို ရည်ညွန်းဟောကြားထားသည့် မြတ်ဗုဒ္ဓ၏ ဤဓမ္မသည် မည်သည့်အရာမဆို အစွန်းမရောက်ကြရန် သတိပေးစကား ပြောကြားနေသကဲ့သို့ ဖြစ်၏။ တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ တစ်ခုတည်းကိုသာ စွဲကိုင်ပြီး မလုပ်မိကြရန်နှင့် မျှမျှတတဖြစ်စေရန်၊ တစ်ဘက်က အားကောင်းပြီး တစ်ဘက်မှာ အားနည်းနေမှု မဖြစ်စေဘဲ နှစ်ဘက်ညီမျှစေရန် ဆင်ခြင်လုပ်ကိုင်သင့်ကြောင်း ညွှန်ကြားမှုပေးထား၏။ ဤဓမ္မတွင် နှစ်ဘက်ညီနေရမည့် တရားနှစ်စုံရှိကြောင်း ဖော်ပြထား၏။ သဒ္ဓါ ပညာ ညီညွတ်မျှတစေမှုနှင့် သမာဓိ ၀ီရိယ ညီမျှနေမှုဟူသော နှစ်ဘက်ညီတရား နှစ်စုံကို ဟောကြားပေးထား၏။ ထိုတရားများကို ညီမျှစေရန် သတိတရားသည် အချုပ်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြသတော်မူ၏။

ဤသဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သတိ၊ သမာဓိဟူသော တရားငါးကို အဘိဓမ္မာတွင် ဣနြေ္ဒငါးပါးအဖြစ်ဖြင့်လည်းကောင်း၊ ဗလ (ဗိုလ်)ငါးပါး အဖြစ်ဖြင့်လည်းကောင်း ဖော်ပြကာ ဗောဓိပက္ခိယတရားများတွင် ထည့်သွင်းထား၏။ ဗောဓိဉာဏ်ကို ရရာရကြောင်း အထောက်အကူပြု တရားများအဖြစ် ဖွင့်ပြထား၏။ ဗောဓိဉာဏ်ဟူသည် သစ္စာလေးပါးကို သိကြောင်းတရားဖြစ်သဖြင့် ဤတရားများကို လက်ကိုင်ထားပြီး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ပါလျှင် လောကီအကျိုးများသာမက လောကုတ္တရာအကျိုးများအထိ ရရှိနိုင်စေမည်သာ ဖြစ်ပါ၏။ သို့သော် တစ်ခုခုလွန်ကဲသွားပါကလည်း အစွန်းရောက်ကာ လမ်းလွဲသွားတတ်ကြောင်း သတိပြုသင့်၏။ ထို့ကြောင့် ထိုတရားများကို ညီမျှစေရန် အားထုတ်ရမည်ဖြစ်၏။ မည်မျှအထိ ညီမျှရန်လိုသနည်းဆိုသော် စောင်းကြိုးကဲ့သို့ ညီရန်လို၏ဟုဆို၏။ စောင်းကြိုးမညီပါက စောင်းသံသည်လည်း ကောင်းမွန်စွာ ထွက်ပေါ်မလာနိုင်သကဲ့သို့ သဒ္ဓါနှင့် ပညာ၊ သမာဓိနှင့် ၀ီရယအတွဲများ မညီပါကလည်း ကောင်းကျိုးများ အပြည့်အ၀ အစစ်အမှန် မရှိနိုင်ဘဲ ရှိတတ်၏။ ထို့ကြောင့် စောင်းကြိုးကို ညီအောင်ညှိသကဲ့သို့ သဒ္ဓါပညာ၊ သမာဓိဝီရိယတို့ကိုလည်း ညီအောင်ညှိပေးရ၏။ ထိုတရားများညီမျှစေရန် သတိတရားဖြင့် ညှိပေးရ၏။ ထိမ်းပေးရ၏။ တည့်ပေးရ၏။ သတိဟူသည်ကား ပိုသည်မရှိ လိုသည်သာ ဖြစ်၍ သတိမရှိဘဲ မည်သည့်အရာမျှ မှန်ကန်တည့်မတ်နိုင်မည် မဟုတ်ပေ။

မှန်၏။ အတွဲညီမှ အကျိုးရ၏ဆိုသကဲ့သို့ သဒ္ဓါနှင့် ပညာအတွဲသည်လည်း ညီမျှရ၏။ ညီမျှမှသာ မှန်ကန်သည့် အကျိုးကိုဖြစ်စေမည် ဖြစ်၏။ ဤ၌ သဒ္ဓါသည် ယုံကြည်မှုဖြစ်ပြီး ရတနာသုံးပါးနှင့် ကံကံ၏အကျိုးကို ယုံကြည်မှုဖြစ်၏။ ပညာသည်ကား စူးစမ်းဆင်ခြင်ခြင်း ဖြစ်ပြီး အကြောင်းအကျိုး အကောင်းအဆိုးကို ခွဲခြားဝေဘန် စိစစ်ပေး၏။ ဤနှစ်ပါးတွင် တပါးပါးက အားကောင်းသွားလျှင် အစွန်းရောက်သွားတတ်၏။ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ဆင်ခြင်တတ်သည့် ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်၏။ ကိုးကွယ်သင့် မကိုးကွယ်သင့် မစဉ်းစားဘဲ သူများယောင်သည့်အတိုင်း လိုက်ယောင်မိတတ်၏။ မည်သူက မည်ကဲ့သို့ဖြစ်သည်၊ မည်ကဲ့သို့ စွမ်းသည်စသည်ဖြင့် ပြောလာလျှင် မှန်မမှန် မစဉ်းစားတော့ဘဲ အပြည့်အ၀ ယုံကြည်ကိုးကွယ်မိတတ်၏။ နောင်မှ ဖွတ်ထွက်မှ တောင်ပို့မှန်း သိကြရသည့် အဖြစ်များလည်း တွေ့ကြုံကြဖူးမည် ဖြစ်၏။ ပညာမပါဘဲ သဒ္ဓါချည်းအားကောင်းသွားလျှင် ထိုသို့ဖြစ်တတ်၏။

ယုံကြည်မှုဟူသည်ကလည်း အခက်သားပင်။ ယုံမိပြီဆိုလျှင် ဇွတ်မှိတ်ပြီး ယုံမိတတ်ကြ၏။ ပညာဉာဏ်အားနည်းပြီး အစွဲတရားကြီးသူများဖြစ်လျှင် ပို၍ပင် ယုံကြည်မှု အားကောင်းတတ်၏။ ထိုသူများသည် ယုံကြည်မိလျှင် အပြည့်အ၀ ယုံကြည်မိတတ်ကြသဖြင့် မျက်ကန်းယုံကြည်မှုဟုပင် ပြောရလောက်အောင် ဖြစ်တတ်၏။ မျက်မှောက်ခေတ်တွင် ထိုသို့ ပညာအားနည်းပြီး သဒ္ဓါအားကောင်းသူများကို အမြောက်အများ တွေ့နေရ၏။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေ၏။ အားကိုးရာအစစ်ကို ပယ်ပြီး ရေလိုက်လွဲနေကြသည်ကို တွေ့ရ၏။ ဘုရားကအောက် မျောက်ကအထက်ဆိုသကဲ့သို့ အိမ်တွင် ဘုရားစင်ထက် နတ်စင်က တောက်ပနေ၏။ ပန်းသစ်သီး အရက်တို့ဖြင့် ဝေဆာနေ၏။ ရတနာသုံးပါးထက် အတွင်းအပြင်နတ်များကို ပို၍ယုံကြည်မှု၊ အားကိုးမှုဖြစ်နေကြ၏။ သဒ္ဓါတရားသည် တစ်လွဲအားကောင်းနေကြ၏။ မိမိတို့လုပ်ရပ်သည် သဘာဝကျမကျ၊ ယုတ္တိရှိမရှိ၊ မှန်မမှန် မစဉ်းစားမိကြဘဲ ဇွတ်အတင်း ယုံကြည်နေမိကြတော့၏။ ပညာအားနည်းပြီး သဒ္ဓါအားကောင်းနေမှုက အလွဲတွေကို ကိုးကွယ်မိစေလေတော့၏။ အချို့ဆိုလျှင် ရတနာသုံးပါးထက် ဘိုးတော်၊ ဘွားတော်၊ မယ်တော်၊ အသေထွက်၊ အရှင်ထွက်၊ ဗေဒင်ယတြာ၊ ဓာတ်ရိုက်ဓာတ်ဆင် ဂိုဏ်းဆရာများအထိ ကိုးကွယ်အားကိုးရာများ အဖြစ် အားကိုးတကြီး ယုံကြည်လာနေကြ၏။ တစ်ဘ၀တစ်နှစ်စာ အဆင်ပြေစေရန် ဘုရားပစ်၊ တရားပစ်၊ သံဃာပစ်ပြီး သံသရာနှစ်စေမည့် အရာများနောက်ကို ပညာမပါသည့် ယုံကြည်မှုဖြင့် အားကိုးတကြီး လိုက်နေကြ၏။ ထိုသို့ အလွဲကိုးကွယ်မိကြသဖြင့်လည်း နောင်ဘ၀မဆိုထားဘိ ယခုဘ၀တွင်ပင် အမှားများ၊ ဒုက္ခများနှင့် ကြုံတွေ့နေကြသည်ကိုလည်း တွေ့နေရ၏။ နတ်ကတော်ရိုက်လို့၊ ဘိုးတော်ကိုင်လို့၊ ဗေဒင်ဆရာ မွှေလို့စသည်ဖြင့် ဒုက္ခရောက်ခဲ့ကြသူများလည်း အများအပြားပင်ဖြစ်၏။ ပညာအားနည်းပြီး ယုံကြည်မှုအားကောင်းကြသဖြင့် ဆရာအလွဲကို ကိုးကွယ်မိကြ၏။ ဆရာတစ်ပါး လွဲချော်သွားက တပည့်အများ အပါယ်လား၏ဟု ဆိုသကဲ့သို့ ဆရာအမှားကြောင့် သံသရာအထိ ဒုက္ခတွေဖြစ်ခဲ့ကြ၏။ ဤသည်မှာ သဒ္ဓါဟူသည့် ယုံကြည်မှုအားကောင်းပြီး ပညာအားနည်းသောကြောင့်ဖြစ်၏။

အချို့ကား ပညာအားကောင်းကြ၏။ ပညာအားကောင်းသဖြင့် အရာရာမှာ တွေးတောဆင်ခြင်နေသည်သာ များနေ၏။ ဝေဖန်ပြောဆိုမှုများနှင့်သာ အချိန်ကုန်နေ၏။ လက်တွေ့မလုပ်ဖြစ်ဘဲ ဒဿနဆန်ဆန် အတွေးများဖြင့်သာ ဟိုလိုလိုဒီလိုလို ဖြစ်နေတတ်ကြ၏။ တစ်ခါတစ်ရံ ``ကုသိုလ်ကောင်းမှုဆိုတာ လုပ်စရာမလိုပါဘူး၊ စိတ်ထဲရှိရင် ပြီးတာပဲ``ဟု ပြောတတ်ကြ၊ ဆင်ခြင်ပေးတတ်ကြ၏။ ပညာအားကောင်းသဖြင့် ကောက်ကျစ်စဉ်းလဲမှုများလည်း ဖြစ်စေကြ၏။ သဒ္ဓါအားနည်းပြီး ပညာအားကောင်းသဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်ကို ကြည့်ကြည့် ဝေဖန်အကြည့်၊ အဆိုးမြင် အကြည့်များကသာ ဦးဆောင်နေကာ မကောင်းသည့်ဘက်ကိုသာ ဦးတည်နေမိတတ်ကြ၏။ ထို့ကြောင့် သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျင်လည်း စဉ်းလဲကောက်ကျစ်တတ်၏ဟု ဆိုခြင်းဖြစ်၏။ နွားနို့ပို့သည့်ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်မိတတ်ကြ၏။ ကုလားကြီးသည် နွားနို့ပို့သွားစဉ် စက်ဘီးမှောက်ပြီး နွားနို့အိုးကြီးပါ မြေပြင်ပေါ်ကျမှောက်သွား၏။ ထိုအခါမှ နွားနို့ပို့ကုလားကြီးက ``မှောက်သွားသည့် နွားနို့အိုး ရွှေတိဂုံဘုရားအား လှူပါ၏``ဟု ဆိုကာ လှူလိုက်လေသတဲ့..။ စဉ်းစားကြည့်စေချင်၏။ ကုလား၏ နွားနို့အလှူသည် ကုသိုလ်ဖြစ်မဖြစ်။ တစ်ခါတစ်ရံ ယုံကြည်မှုအားနည်းပြီး စူးစမ်းဆင်ခြင်မှု အားကောင်းလျှင် ကုလားကြီး နွားနို့လှူသကဲ့သို့ ဖြစ်တတ်၏။ ဆိုလိုသည်မှာ သဒ္ဓါအားနည်းပြီး ပညာအားကောင်းလျှင်လည်း လမ်းလွဲပြီး အစွန်းရောက်တတ်ကြောင်း ဆိုလိုရင်းဖြစ်၏။

ထို့ကြောင့် လောကီကောင်းကျိုး၊ လောကုတ္တရာ ကောင်းကျိုးအမှန်ဖြစ်လိုလျှင် သဒ္ဓါနှင့်ပညာ ညီမျှရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ တစ်ခုခုအားကောင်းသွားလျှင် အစွန်းရောက်တတ်သဖြင့် နှစ်ဘက်ညီရန် လိုကြောင်း ဟောတော်မူခြင်းဖြစ်၏။ ထိုတရားနှစ်ခု ညီမျှရန်အတွက်ကား ကြားမှသတိတရားက ထိန်းပေးရ၏။ သဒ္ဓါအားကောင်းပြီး ပညာအားနည်းနေလျှင် ပညာအားကောင်းလာစေရန်၊ ပညာအားကောင်းပြီး သဒ္ဓါအားနည်းနေလျှင် သဒ္ဓါအားကောင်းလာစေရန် သတိတရားဖြင့်ချိန်ကာ ထိုတရားနှစ်ခု ညီမျှအောင် ပြုလုပ်ပေးရ၏။ ဤကား သဒ္ဓါပညာ နှစ်ပါးညီရာညီကြောင်း နှစ်ဘက်ညီတရား တစ်ခုဖြစ်၏။

ထို့အတူပင်။ သမာဓိနှင့် ၀ီရိယအတွဲလည်း ညီရန်လိုအပ်လှ၏။ သမာဓိဟူသည် တည်ကြည်ခြင်းဖြစ်ပြီး ၀ိရီယကား လုံ့လအားထုတ်မှုဖြစ်၏။ သမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇ၏ ဘက်တော်သားဖြစ်ခြင်းကြောင့် သမာဓိအားကောင်းပြီး ၀ီရိယ အားနည်းနေလျှင် စိတ်အစဉ်ကို ပျင်းရိခြင်း ကောသဇ္ဇတရားက လွှမ်းမိုးဖိစီးသွားတတ်၏။ ဤအတူ ၀ီရိယသည်လည်း စိတ်ပျံ့လွင်မှု ဥဒ္ဓစ္စ၏ အသင်းအပင်း ဘက်တော်သားဖြစ်သဖြင့် ၀ီရိယအားကောင်းပြီး သမာဓိအားနည်းနေလျှင် စိတ်အစဉ်ကို ပျံ့လွင့်မှု ဥဒ္ဓစ္စတရားက လွှမ်းမိုးဖိစီးတတ်၏။ ထို့ကြောင့် ``သမာဓိလွန်သော် ကောသဇ္ဇ၊ ၀ီရိယလွန်သော် ဥဒ္ဓစ္စ``ဟု ဆိုခြင်းဖြစ်၏။ သမာဓိကို ၀ီရိယနှင့် ယှဉ်တွဲပေးလိုက်သော် ယင်းသမာဓိသည် ပျင်းရိခြင်း ကောသဇ္ဇသို့ ကျရောက်ရန် အခွင့်မရနိုင်၊ ၀ီရိယကို သမာဓိနှင့် ယှဉ်စပ်ပေးလိုက်သော် ယင်းဝီရိယသည် စိတ်ပျံ့လွင့်ခြင်း ဥဒ္ဓစ္စုသို့ ကျရောက်ရန် အခွင့်မရနိုင်တော့ပေ။ ထိုသို့ သမာဓိ ၀ီရိယ ညီမျှနေပါက အစွန်းရောက်မှု မရှိတော့ဘဲ ကောင်းကျိုးကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုတရားများညီမျှရန်အတွက် သတိကပင် ထိန်းသိမ်းပေးရမည်ဖြစ်၏။

စင်စစ် ဤသဒ္ဓါ၊ ပညာ၊ သတိ၊ သမာဓိ၊ ၀ီရိယဟူသော ဣနြေ္ဒငါးပါးသည် ဘာဝနာတရားအားထုတ် နေသည့်သူများအတွက် မဖြစ်မနေ ညီညွတ်နေရမည့် တရားများဖြစ်၏။ တရားအားထုတ်စဉ်သာ မဟုတ် လောကီအလုပ်များတွင် အမှားနည်းပြီး အကျိုးဖြစ်ထွန်းကာ အစွန်းမရောက်စေရန် အတွက်လည်း ဤတရားများ၏ ညီညွတ်မှုက အထောက်အပံ့ပြုပေးနေ၏။ သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့် ၀ီရိယကို အတွဲညီစွာ မျှမျှတတ ကျင့်သုံးနိုင်လျှင် မိမိတို့ အလိုရှိသည့် လောကီလောကုတ် ကောင်းကျိုးများကိုသာ ဖြစ်စေနိုင်ပေ၏။ ထိုအတွဲများ ညီညွတ်မှု၏ အချုပ်ကား သတိတရားပင်ဖြစ်ပါ၏။ သတိသည်ကား သဒ္ဓါနှင့်ပညာ၊ သမာဓိနှင့်ဝီရိယ ညီမျှရေးအတွက် အခါခပ်သိမ်း အမြဲတမ်း အလိုရှိအပ်သော တရားဖြစ်၏။ သတိတရားသည် အခါခပ်သိမ်း နေရာတိုင်းတွင် အားကောင်းမှသာလျှင် သင့်မြတ်လှပေ၏။

အချုပ်အားဖြင့် လောကတွင် အစွန်းရောက်ပြီး တစ်ခုတည်းကိုသာ လွန်လွန်ကဲကဲဖြစ်နေပါက လမ်းလွဲနေမည်ဖြစ်သဖြင့် မည်သည့်အရာမျှ အစွမ်းမရောက်စေရန် သတိပြုကြရမည်ဖြစ်၏။ အထူးသဖြင့် လောကီကိစ္စများ၊ လောကုတ္တရာ အလုပ်များတွင် သဒ္ဓါဟူသည့် ယုံကြည်မှု၊ ပညာဟူသည့် စူးစမ်းဆင်ခြင်မှုကို ညီမျှစွာ ဆောင်ရွက်ကြရန်နှင့် ပျင်းရိခြင်း၏ ဘက်တော်သား တည်ကြည်မှုဟူသော သမာဓိနှင့် ပျံ့လွင်ခြင်း၏ ဘက်တော်သား ဥဒ္ဓစ္စဟူသော ၀ီရိယတို့ကို ညီမျှစွာ ဆောင်ရွက်ကြရန် အထူးလိုအပ်လှ၏။ အတွဲမညီဘဲ သဒ္ဓါဟူသည့် ယုံကြည့်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်ခြင်း ပညာအားနည်းပါက အလွဲကိုးကွယ်မိတတ်ပြီး ပညာအားကောင်းပြီး သဒ္ဓါအားနည်းပါက စဉ်းလဲကောက်ကျစ်တတ်၏။ ထို့အတူ တည်ကြည်မှု သမာဓိအားကောင်းပြီး ကြိုးစားအားထုတ်မှု ၀ီရိယ အားနည်းပါက ပျင်းရိတတ်ပြီး ၀ီရိယအားကောင်းပြီး သမာဓိ အားနည်းပါကလည်း ပျံ့လွင့်တတ်၏။ ထို့ကြောင့် ထိုအတွဲများညီမျှစေရန် ညှိပေးသည့် အရာကား သတိတရားသာဖြစ်သောကြောင့် ``စောင်းကြိုးပမာ ညီမျှရမည့် သဒ္ဓါ ပညာ သမာ ၀ီရိယ`` တရားများကို သတိတရားလက်ကိုင်းထားပြီး ညီမျှအောင် ကြိုးစားသင့်လှပေသည်သာ ဖြစ်ပါကြောင်….။

Read more »

တရားအားထုတ်ကြည့်ကြစို့…

တရားအားထုတ်တယ်ဆိုတာ ``တရားတဲ့အားတွေကို ထုတ်တာ``ပါ။ တရားတဲ့အားဆိုတာက လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ မတရားတဲ့အရာတွေရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အလောဘ၊ အဒေါသ၊ အမောဟစတာတွေပါပဲ။ အလွယ်ပြောရရင် မကောင်းတဲ့ အကုသိုလ် ကိလေသာဆိုတဲ့ မတရားတဲ့အားတွေ မဖြစ်နိုင်အောင်၊ မတိုးပွားအောင်၊ တဖြည်းဖြည်းနည်းလာအောင် သူ့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကောင်းတဲ့အားတွေနဲ့ အနိုင်ယူနိုင်အောင် ကြိုးစားအားထုတ်တာလို့ ပြောနိုင်ပါတယ်။ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်လာမယ့် မကောင်းတဲ့ ကိလေသာတရားတွေ မဖြစ်ပေါ်အောင် ကြိုးစားအားထုတ်တာကို တရားအားထုတ်တာလို့ သဘောပေါက်နိုင်ပါတယ်။ ``ပုထုကိလေသေ ဇနေတီတိ ပုထုဇ္ဇနော- ကိလေသာတွေ မပြတ်ဖြစ်နေတာကိုပဲ ပုထုဇင်``လို့ ဆိုတာဖြစ်တဲ့အတွက် ဒီလိုကိလေသာတွေ မဖြစ်စေဖို့၊ ပုထုဇင်ဘ၀မှ ကိလေသာကင်းရာ မြင့်မြတ်တဲ့ အရိယာအဖြစ် ရောက်စေဖို့အတွက် တရားအားထုတ်တာလို့လည်း မှတ်ယူနိုင်တယ်။

မှန်ပါတယ်။ ပုထုဇင်တွေ ဖြစ်နေတဲ့အတွက် ကိလေသာတွေဖြစ်နေခြင်း ဖြစ်ပါတယ်။ ကိလေသာတွေ ဖြစ်နေတာဟာ မတရားးတဲ့အားတွေ ဖြစ်နေတာပါ။ ဒီတော့ ဒီမတရားတဲ့အားတွေ ဘာကြောင့်ဖြစ်နေတာလဲဆိုရင် မသိကြလို့ ဖြစ်နေတာပါ။ သိရင်မဖြစ်ပါဘူး။ ဒါကြောင့်လည်း သိအောင်လုပ်စေချင်တာပါ။ သိအောင်လုပ်တာဟာ တကယ်တော့ တရားတဲ့အားတွေကို ထုတ်တာပါ။ တရားတဲ့အားတွေ ဖြစ်နေသမျှ မတရားတဲ့အားတွေ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိအောင်လုပ်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သိနေတာဟာ သတိရှိနေတာပါ။ သတိရှိနေသမျှ တရားတဲ့အားတွေဖြစ်နေတာပါ။ ဒီလိုသတိရှိနေတာကိုပဲ တစ်နည်းအားဖြင့် တရားအားထုတ်နေတာလို့ ဆိုခြင်းဖြစ်ပါတယ်။ စာလိုကတော့ အဲဒါကို ``သတိပဋ္ဌာန်``လို့ ပြောပါတယ်။

သတိပဋ္ဌာန်ဆိုတာ ``သတိမပြတ်ဖြစ်မှု၊ စွဲမြဲတဲ့ အမှတ်ရမှု``ကို ဆိုပါတယ်။ ဘာတွေကို အမှတ်ရရမှာလဲ၊ သိနေရမှာလဲ ဆိုရင် စိတ်နဲ့ ကိုယ်မှာ ထင်ရှားဖြစ်ပေါ်လာတဲ့ ကိုယ်အမူအရာ ရုပ်အပေါင်း၊ ခံစားမှု ဝေဒနာအပေါင်း၊ ကြံစည်စဉ်းစားမှုနှင့် သဘောတရားတွေကို ဖြစ်ခိုက်ဖြစ်ခိုက်မှာလိုက်ပြီး အမှတ်ရနေရမှာ သိနေရမှာကို ဆိုပါတယ်။ ဒီလိုသိနေရမယ့် အရာတွေကို ဗုဒ္ဓစာပေမှာတော့ ကာယာနုပဿနာ (ကိုယ်အမူအရာ ရုပ်အပေါင်း၌ အမှတ်သတိရှိမှု)၊ ဝေဒနာနုပဿနာ (ခံစားမှုဝေဒနာအပေါင်း၌ အမှတ်သတိရှိမှု၊ စိတ္တာနုပဿနာ (ကြံစည်စဉ်းစားမှုများ၌ အမှတ်သတိရှိမှု)နဲ့ ဓမ္မာနုပဿနာ (သဘောတရားတို့၌ အမှတ်သတိရှိမှု)လို့ သတိပဋ္ဌာန် အနေဖြင့် ဖော်ပြပါတယ်။

ဒီဖော်ပြချက်များအရ တရားအားထုတ်တယ်ဆိုတာ ထင်သလောက် မခက်ဘူးလို့ ပြောလို့ရပါတယ်။ ဆိုလိုတာက တရားအားထုတ်တဲ့ နည်းကမခက်တာကို ပြောတာပါ။ လက်တွေ့အားထုတ်ဖို့ကတော့ ကြိုးစားလေ့ကျင့်မှ ရမယ့်အနေအထား ဖြစ်ပါတယ်။ ဘာဖြစ်လို့ အားထုတ်နည်းက မခက်တာလဲဆိုရင် ``ဘာပဲဖြစ်ဖြစ်၊ စိတ်မှာပဲဖြစ်ဖြစ် ကိုယ်မှာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာတဲ့အရာ မှန်သမျှကို အလိုက်သင့် အရှိအတိုင်း လိုက်သိနေပေးတာကိုပဲ တရားအားထုတ်တာ``လို့ ဆိုထားတဲ့အတွက် ကျန်တာတွေ ဘာမှသိစရာ၊ စဉ်းစားစရာ၊ သင်အန်လေ့ကျက်စရာ မလိုဘဲ အရှိကို အရှိအတိုင်း သိနေရင်ပြီးလို့ မခက်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီလိုဖြစ်ခိုက်ဖြစ်ခိုက်တွေမှာ အရှိကို အရှိအတိုင်း လိုက်သိနေရမယ့် အကြောင်း ရှင်တော်မြတ်ဘုရားက မဟာသတိပဋ္ဌာနသုတ်မှာ အပြည့်အစုံ ရှင်းလင်းဟောကြား ပေးတော်မူပါတယ်။ မိတ်ဆက်အနေဖြင့် ပြောရရင် ကာယာနုပဿနာလို့ ခေါ်တဲ့ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်အကြိမ် ရှု၍နေခြင်းဆိုတဲ့ အဖွင့်မှာ အာနာပါနဆိုတဲ့ ၀င်လေ၊ ထွက်လေကို ရှုပုံလေးအဖြစ် ဘုရားရှင်က ``၀င်လေကို ရှည်ရှည်ရှုသွင်းရင်လည်း ရှည်ရှည်ရှုသွင်းတယ်၊ တိုတိုရှုသွင်းရင်လည်း တိုတိုရှုသွင်းတယ်၊ ထွက်လေကို ရှည်ရှည်ရှိုက်ထုတ်ရင်လည်း ရှည်ရှည်ရှိုက်ထုတ်တယ်၊ တိုတိုရှိုက်ထုတ်ရင်လည်း တိုတိုရှိုက်ထုတ်တယ်လို့ အလိုက်သင့် အရှိကို အရှိအတိုင်း အစအဆုံး လိုက်သိပေးရမယ်၊ ရုပ်တရားရဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို ဖြစ်နေတဲ့အနေအထားအတိုင်း လိုက်သိပေးရမယ်``လို့ အလွယ်ဆုံးနည်းနဲ့ ညွှန်ပြတော်မူပါတယ်။ ဝေဒနာနုပဿနာလို့ခေါ်တဲ့ ခံစားမှုအပေါင်း၌လည်း ခံစားမှုအပေါင်းကို အကြိမ်အကြိမ်ရှုရမယ် ဆိုတဲ့နေရာမှာ ``ကောင်းတဲ့ခံစားမှု ဖြစ်ရင် ကောင်းတဲ့ခံစားမှု၊ မကောင်းတဲ့ခံစားမှု ဖြစ်ရင် မကောင်းတဲ့ ခံစားမှု၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုဖြစ်ရင် ဒီခံစားမှုကို အရှိအတိုင်း သိရမယ်၊ ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် ခံစားတဲ့အခါ ခံစားတယ်``လို့ အလိုက်သင့် လိုက်ပြီးသိမှတ်နေရမယ်လို ဆိုပါတယ်။ စိတ္တာနုပဿနာလို့ ခေါ်တဲ့ စိတ်အပေါင်း၌ စိတ်အပေါင်းကို အကြိမ်ကြိမ် ရှုမှတ်နေရမယ် ဆိုတာလည်း `` ရာဂစိတ်ဖြစ်ရင် ရာဂစိတ်ဖြစ်တယ်၊ ရာဂကင်းတဲ့ စိတ်ဖြစ်ရင် ရာဂကင်းတဲ့စိတ်ဖြစ်တယ်၊ ဒေါသစိတ်ဖြစ်ရင် ဒေါသစိတ်ဖြစ်တယ်၊ ဒေါသကင်းတဲ့စိတ်ဖြစ်ရင် ဒေါသကင်းတဲ့ စိတ်ဖြစ်တယ်၊ မောဟစိတ်ဖြစ်ရင် မောဟစိတ်ဖြစ်တယ်၊ မောဟကင်းတဲ့ စိတ်ဖြစ်ရင် မောဟကင်းတဲ့ စိတ်ဖြစ်တယ်`` စသဖြင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖြစ်စဉ်ကို တစ်ချက်ခြင်း လိုက်သိနေရမှာကို ရည်ညွန်းပါတယ်။ ပြီးတော့ ဓမ္မာနုပဿနာလို့ ခေါ်တဲ့ သဘောတရားတို့၌ သဘောတရားကို အကြိမ်ကြိမ် ရှုမှတ်ရယ် ဆိုတာလည်း ``ကိုယ့်သန္တာန်မှာ ကာမစ္ဆန္ဒလို့ဆိုတဲ့ ကာမဂုဏ်ကို အလိုရှိခြင်းဖြစ်ရင်လည်း ငါ၏အတွင်းသန္တာန်မှာ ကာမစ္ဆန္ဒ ရှိတယ်၊ ဗျာပါဒလို့ဆိုတဲ့ သူတပါးကို ပျက်စီးစေလိုခြင်း သဘောရှိရင်လည်း ဗျာပါဒဖြစ်တယ်၊ ထိနမိဒ္ဓလို့ဆိုတဲ့ လေးလံထိုင်းမှိုင်းခြင်း ရှိရင်လည်း ထိနမိဒ္ဓရှိတယ် ဥဒ္ဓစ္စ ကုက္ကုစ္စလို့ဆိုတဲ့ ပျံ့လွင့်ခြင်း၊ နှလုံးမသာယာခြင်း ဖြစ်ရင်လည်း ဥဒ္ဓစ္စ ကုက္ကုစ္စ ရှိတယ်ဖြစ်တယ်`` စသဖြင့် ဘယ်လိုသဘောတရားမျိုးကို မဆို အရှိအတိုင်း လိုက်ပြီးသိရှိ ရှုမှတ်ပေးရမယ်လို့ ဟောတော်မူပါတယ်။

ဒါကြောင့် ဒီဟောကြားချက်အတိုင်း ကိုယ့်သန္တာန်မှာ တရားတဲ့အားတွေ ထုတ်နိုင်အောင် ဘာပဲဖြစ်ဖြစ်၊ ဘာပဲပေါ်ပေါ် ဖြစ်ခိုက်ပေါ်ခိုက်တွေမှာ လိုက်ပြီး သိမှတ်ပေးဖို့ လိုတယ်လို့ ဆိုခြင်းပါ။ ဒီနည်းဟာ ဘုရားပေးတဲ့ တကယ့်အလွယ်ဆုံး တရားအားထုတ်နည်း ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ပြင်းထန်တဲ့ သတ်မှတ်ချက်တွေနဲ့ လူတွေရဲ့ စိတ်ကို မချုပ်ထားပါဘူး။ ခက်ခဲတဲ့နည်းတွေနဲ့လည်း အခက်မတွေ့စေပါဘူး။ မဟာသတိပဋ္ဌာနသုတ်မှာ ဟောတော်မူတဲ့အတိုင်း ဘာမှပင်ပင်ပန်းပန်း သင်ယူနေစရာမလိုဘဲ စိတ်မှာ ခန္ဓာကိုယ်မှာ၊ ကိုယ့်မှာ သူ့မှာ ဖြစ်ပေါ်လာတဲ့ အရာမှန်သမျှကိုပဲ အရှိအတိုင်း၊ ဖြစ်တဲ့အတိုင်း လိုက်သိရှုမှတ်ပါဆိုတဲ့ တစ်ချက်ပဲ နည်းပေးပါတယ်။ ဒီအတိုင်း ဖြစ်စဲအခိုက်၊ ပေါ်စဲအခိုက်မှာ အလိုက်သင့်လိုက်ပြီး သိသိပေးနေတာဟာ တရားမှတ်တာပါ။ သိပ်ကိုလွယ်ပါတယ်။ ဒါကြောင့် တရားအားထုတ်တာဟာ မခက်ဘူးလို့ ပြောတာပါ။ မသိလို့ခက်တာဖြစ်ပြီး သိရင်လွယ်လွယ်လေး ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် သိအောင်ကြိုးစားပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုဖြစ်ခိုက်ဖြစ်ခိုက်မှာ လိုက်သိစေတဲ့နည်းကို လက်တွေ့လုပ်ဖူးတဲ့သူတွေ သိကြပါတယ်။ ပေါ်လာတဲ့အရာတစ်ခုကို ဖြစ်ခိုက်မှာ လိုက်ပြီးသိလိုက်တဲ့အချိန်မှာ အဲဒီအရာဟာ ရှေ့ဆက်မဖြစ်တော့ဘဲ ရပ်တန့်သွားတာ၊ ရပ်သွားတဲ့အတွက် ရှေ့ဆက်ဖြစ်မယ့် လောဘဖြစ်စရာ၊ ဒေါသဖြစ်စရာ စတာတွေဟာ ဆက်မဖြစ်တော့တာတွေ သိရှိခံစားရမှာပါ။ အဲဒီလို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်လိုက်သိပေးနေတာဟာ မတရားတာတွေ ဖြစ်ခွင့်မရှိအောင် တရားတာတွေရှိလာအောင် အားထုတ်နေခြင်းဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ဒါပါပဲ…။

ဒါပေမယ့် ဒီလို ဖြစ်ခိုက်ပေါ်ခိုက်တွေမှာ ထပ်ကြပ်မကွာ လိုက်သိနေနိုင်ဖို့အတွက်ကား တည်ကြည်မှု သမာဓိ ရှိမှဖြစ်ပါတယ်။ ဒါကြောင့် စပြီး တရားအားထုတ်တဲ့ ယောဂီဟာ အရင်ဆုံး သမာဓိ ရှိအောင် လုပ်သင့်ပါတယ်။ သမာဓိရှိဖို့အတွက် ဘုရားရှင်ပေးတဲ့ နည်းကိုအခြေခံပြီး သမာဓိ တည်အောင်လုပ်ကြည့်နိုင်ပါတယ်။ သမာဓိကမ္မဋ္ဌာန်းရဲ့ သဘောကိုက တစ်ခုတည်းသော အာရုံမှာ စူးစူးစိုက်စိုက် ရှုသိမှတ်တာကို ဆိုပါတယ်။ စအားထုတ်တဲ့ ယောဂီဟာ သမာဓိတည်ဖို့အတွက် တခြားအရာတွေကို ခေတ္တ လစ်လျူရှုထားပြီး နားသီးဖျားမှာ စိတ်ကိုထားကာ ၀င်လေထွက်လေကို လိုက်ပြီးစိတ်နဲ့ သိမှတ်နေရပါမယ်။ စိတ်ကို ပေါ့ပေါ့ပါးပါးထားပြီး ပုံမှန်အသက်ရှုနေကျလေးကိုပဲ အလိုက်သင့် လိုက်ပြီး သိနေအောင် ကြိုးစားရပါတယ်။ ၀င်သွားတဲ့လေရဲ့ နားသီးဖျား နှာခေါင်းပေါက်နဲ့ အပေါ်နှုတ်ခမ်းမှာ တိုးဝင်လာမှု သဘောလေးကို အဲဒီနေရာလေးက စောင့်ကြည့်သိမှတ် ပေးနေရပါမယ်။ ထွက်လေကိုလည်း အဲဒီနေရာကပဲ စောင့်ကြည့်ပြီး အစအဆုံး လိုက်သိနေရုံပါပဲ။ စမှတ်ခါစမှာ သမာဓိမရှိသေးတဲ့အတွက် အတွေးပေါင်းစုံ ပေါ်လာတတ်ပါတယ်။ ဒီအခါမှာ အဲဒီအတွေးတွေနောက်ကို မလိုက်နိုင်အောင် ၀င်လေထွက်လေမှာပဲ ပြန်ပြန်အာရုံပြု သိမှတ်နေအောင် ကြိုးစားရပါမယ်။ စိတ်မှာ အတွေးတွေနဲ့ ဖြစ်နေတာကို သိတိုင်းသိတိုင်း ၀င်လေထွက်လေမှာ ပြန်ပြန်ရှုမှတ်ကြည့်ပါ။ ဒီသဘောဟာ အစပိုင်းမှာ မကြာမကြာ ဖြစ်တတ်ပေမယ့် နောက်ဆုံးမှာ တဖြည်းဖြည်းရလာပါလိမ့်မယ်။ စိတ်ကိုတဖြည်းဖြည်း အမှတ်အာရုံဖြစ်တဲ့ ၀င်လေထွက်လေမှာပဲ တည်နေနိုင်အောင် ထိန်းလာနိုင်ပါလိမ့်မယ်။ ဒီနည်းအတိုင်း သမာဓိတည်လာပြီ နာရီဝက် မှတ်ချိန်မှာ နာရီဝက်လုံး၊ တစ်နာဆို တစ်နာရီလုံး စိတ်ကိုထိန်းလာနိုင်ပြီဆိုရင် အဲဒီကတစ်ဆင့် ခန္ဓာကိုယ်နဲ့ စိတ်မှာပေါ်လာတဲ့ အရာတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်သိနေအောင် ကြိုးစားရပါတယ်။ ဒါကိုပဲ ၀ိပဿနာ အားထုတ်တယ်၊ တရားအားထုတ်တယ်လို့ ပြောတာပါ။

ဒီတော့ကား တရားအားထုတ်တာဟာ မခက်ပါလားလို့ သဘောပေါက်လာပါလိမ့်မယ်။ နောက်တစ်ချက် သတိပြုရမှာက တရားအားထုတ်တာဟာ ရိပ်သာမှာသွားပြီး ဓမ္မာရုံထဲမှာ ထိုင်နိုင်မှ တရားအားထုတ်လို့ ရတာမဟုတ်ပါဘူး။ အိမ်မှာနေရင်း၊ လမ်းသွားနေရင်း၊ အလုပ်လုပ်နေရင်းလည်း အားထုတ်လို့ ရပါတယ်။ ဆိုကြပါစို့ မီးဖိုချောင်မှာ ဟင်းချက်နေတုန်းမှာလည်း လှုပ်ရှားနေတဲ့ အမူအရာတွေကို လိုက်သိနေ၊ ဖြစ်နေတဲ့ စိတ်အစဉ်တွေကို လိုက်သိနေ၊ အစဉ်ပြေတဲ့အချိန်မှာ နာသီးဖျားက ၀င်သက်ထွက်သက်လေးတွေကို လိုက်လိုက်ပြီး သိပေးနေနိုင်တာဟာ တရားအားထုတ်တာပါ။ ကားစီးရင်း၊ ရထားစီးရင်းလည်း စိတ်နဲ့ဝင်လေထွက်လေကို လိုက်သိနေတာဟာ တရားအားထုတ်တာပါ။ လုပ်ငန်းခွင်မှာလည်း အလုပ်မရှိတဲ့အချိန် လေးတွေမှာ နားသီးဖျားမှာ စိတ်ကိုထားပြီး ၀င်လေထွက်လေကို လိုက်သိနိုင်သလို အလုပ်ခွင်လုပ်ရှားမှုတွေကိုလည်း သတိကပ်ပြီး လိုက်သိအောင် ကြိုးစားကာ တရားအားထုတ်နိုင်ပါတယ်။ အိမ်ပြန်ရောက် အိပ်ရာဝင်တဲ့အခါမှာလည်း နားသီးဖျားမှာ စိတ်ကိုကပ်ပြီး ၀င်လေထွက်လေလေးကို လိုက်လိုက်သိအောင် ကြိုးစားပြီး လေ့ကျင့်ပေးတာဟာ တရားအားထုတ်တာပါ။ ဒီအတိုင်းပဲ လမ်းလျှောက်တဲ့အခါမှာလည်း လှမ်းတဲ့ခြေလှမ်းတိုင်းမှာ သိပြီးလှမ်းနိုင်အောင် ကြိုးစားရပါတယ်။

ယောဂီတစ်ယောက်ပြောဖူးတာကို သတိရမိပါတယ်။ လမ်းသွားရင် ဘယ်လှမ်းရင် ဘယ်လှမ်းတယ်လို့သိ ညာလှမ်းရင် ညာလှမ်းတယ်လို့ သိအောင်ကြိုးစားလို့ ပြောတော့ သူက ``စစ်ထဲမှာ အမြဲတမ်း ဘယ်ညာ လုပ်နေရာတာပဲ၊ ဒါကို အထူးအဆန်းလုပ်ပြီး တရားအားထုတ်တယ်လို့ ပြောတာလား``လို့ ဆိုပါတယ်။ ဒီတော့ သူ့ကို ပြန်မေးရပါတယ်။ အဲဒီ ဘယ်လှမ်းတယ် ညာလှမ်းတယ်လုပ်တုန်းက လှမ်းတိုင်းလှမ်းတိုင်း သိပြီး လှမ်းနေတာလာလို့ ဆိုတော့ မသိဘူး..တဲ့။ အေး.. အခုဟာက သိပြီးလှမ်းရမှာကို ပြောတာလို့ ပြောမှ သဘောကျကျေနပ်သွားပါတယ်။ ဆိုလိုတာက နေ့စဉ်လုပ်နေကျတွေ ဖြစ်ပေမယ့် မသိဘဲ ဖြစ်နေကြလို့ မတရားတွေ ဖြစ်နေတာဖြစ်တဲ့အတွက် တရားတာတွေဖြစ်အောင် ဘာပဲဖြစ်ဖြစ် သိခိုင်းတာပါ။ ထားပါတော့။ ဒီနည်းအတိုင်း ဘယ်လိုနေရာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ပေါ်သမျှ ဖြစ်သမျှကို ပေါ်စဲဖြစ်စဲ ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိပေးနေနိုင်ရင် စိတ်ကိုထိန်းလာနိုင်ပြီး သမာဓိအားတွေကောင်းလာကာ မတရားတဲ့အားတွေ မပေါ်လာနိုင်တော့ပါဘူး။ ဒါဟာ တရားတဲ့အရာတွေ ပေါ်လာအောင် အားထုတ်နိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းကို တရားအားထုတ်နည်းလို့ ခေါ်ခြင်းဖြစ်ပါတယ်။

အချုပ်အားဖြင့် တရားအားထုတ်တာဟာ မိမိသန္တာန်မှာ မတရားတဲ့ အရာတွေ မပေါ်လာအောင်၊ တရားတဲ့အရာတွေ တိုးပွားလာအောင် အားထုတ်ခြင်း ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အရှိအတိုင်း လိုက်သိနေနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မသိလို့ မတရားတဲ့အရာတွေ ဖြစ်နေ၊ ရှိနေတာ ဖြစ်တဲ့အတွက် သိအောင် ကြိုးစားစေခြင်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဖြစ်ခိုက်ပေါ်ခိုက်မှာ သိနေနိုင်ရင် ရှေ့ဆက်မဖြစ်တော့ပဲ ရပ်တန့်သွားကာ မတရားတာတွေ မတိုးတော့ပါဘူး။ မတရားတဲ့ ကိလေသာတွေ၊ အကုသိုလ်တွေ ထပ်ပြီးမဖြစ်နိုင်တော့ပါဘူး။ မတရားတာတွေ နည်းလာလျော့လာတာဟာ တရားတာတွေ များလာလို့ပါ။ ဒါကြောင့် စိတ်မှာပဲဖြစ်ဖြစ် ကိုယ်မှာပဲဖြစ်ဖြစ် ဖြစ်လာပေါ်လာတာတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အရှိအတိုင်း လိုက်သိနေခြင်းဟာ တရားတဲ့အားတွေ ဖြစ်လာအောင် ကြိုးစားခြင်းဖြစ်တဲ့အတွက် ကိုယ်စိတ်စွမ်းအား တိုးပွားလိုသူများအနေဖြင့် ဘယ်လိုနေရာ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တရားအားထုတ်နိုင်အောင် ကြိုးစားကြည့်သင့်ပါကြောင်း…

Read more »

အမျိုးသမီးများနှင့် ဗုဒ္ဓဘာသာ…

တရားပွဲအတော်များများမှာ တရားပွဲပြီးလို့ မေးခွန်းတွေ မေးပါလို့ ဆိုလိုက်တဲ့အခါ မေးတတ်တဲ့ မေးခွန်းတစ်ခုက ``တစ်ချို့ဗုဒ္ဓစာပေတွေကို ဖတ်ရတဲ့အခါ အမျိုးသမီးများနဲ့ ပတ်သက်ပြီး မကောင်းကြောင်း ဟောထားတာတွေ၊ တန်းတူအခွင့် အရေးမရှိတာတွေကို သိရတော့ စိတ်ထဲမှာ ခံစားရတယ်၊ ဘာကြောင့်လဲ..`` ဆိုတဲ့ မေးခွန်းလေးတစ်ခုပါ။ ဟိုတစ်လောကလည်း ကလေးမလေးတွေက ''ဘယ်နေရာရောက်ရောက် အမျိုးသမီးတွေဟာ အမြဲနိမ့်ကျပြီး ခွဲခြားခံရတယ်၊ မြန်မာပြည်မှာဆို ပိုလို့တောင်ဆိုးသေးတယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ နေရာတွေဆိုရင် အမျိုးသမီးများ မသွားရ၊ မတက်ရဆိုတဲ့ နေရာတွေ အများကြီးရှိတယ် စသဖြင့် ပြောပြီး အဲဒါဟာ ဘာကြောင့်လဲ…''တဲ့။

မှန်ပါတယ်။ ဒီလိုပြဿနာမျိုးက နေရာတိုင်း၊ နိုင်ငံတိုင်းမှာ ကြုံတွေ့ရမယ့် ပြဿနာပါ။ အမျိုးသမီးများ ဘက်ကကြည့်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်၊ နှိမ့်ချဆက်ဆံတယ်ဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဒီလိုဝင်မိတာလည်း အပြစ်လို့ ပြောလို့မရပါဘူး။ တစ်ချို့ကလည်း ဒါဟာ ဘာသာတရားကြောင့် ဘာသာတရားမှာ ဟောကြားထားတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကြောင့် ဒီလို ခွဲခြားခံရတာလို့ တွေးကြပါတယ်။ အထူးသဖြင့် ဗုဒ္ဓစာပေတွေမှာ ဖော်ပြတဲ့ အမျိုးသမီးများ မကောင်းကြောင်း ဇာတ်တော်နိပါတ်တော် စတာတွေကြောင့် အမျိုးသမီးများအပေါ် မကောင်းမြင်တဲ့သဘော၊ အမျိုးသမီးများကို ယုတ်နိမ့်တဲ့သဘောစသည်ဖြင့် မြင်နေကြတာ ဖြစ်ကြောင်း မခံမရပ်နိုင် ပြောဆိုလာကြပါတယ်။ လူလူချင်းအတူတူ ခွဲခြားဆက်ဆံခံရတဲ့ အတွက် စိတ်ထဲမှာ မခံချိမခံသာ ဖြစ်မိတယ်လို့လည်း တစ်ချို့က ရင်ဖွင့်လာကြပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာ ဗုဒ္ဓဘာသာနှင့် မသက်ဆိုင်ဘူးလို့ မြင်မိပါတယ်။ ယောက်ျား၊ မိန်းမဆိုတဲ့ သဘာဝနိယာမ သဘောက ခွဲခြားပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။ အမျိုးသားများအဖြစ်၊ အမျိုးသမီးများ အဖြစ် ကွဲပြားလာစေတဲ့ ကိုယ်အင်္ဂါ အစိပ်အပိုင်းများကြောင့်ပဲ နေရာတကာမှာ ရင်ဘောင်တန်းလို့ မရတဲ့ အနေအထားတွေ ဖြစ်နေတာပါ။ ဒီသဘာဝ နိယာမတွေကြောင့်ပဲ အမျိုးသမီးများမှာ အမျိုးသားများလို လွတ်လပ်မှုမရှိတာ၊ အမျိုးသားများထက် ပိုတဲ့ခန္ဓာဝန် ဒုက္ခတွေ ရှိလာတာ ဖြစ်ပါတယ်။ သေချာတာကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဒုက္ခတွေ ပိုများတယ်ဆိုတာ သေချာပါတယ်။ ထင်ရှားအောင် ပြရရင် ကိုယ်ဝန်ဆောင်ရတဲ့ ဒုက္ခ၊ လစဉ်ဓမ္မတာ ဆင်းရတဲ့ဒုက္ခ၊ သားသမီးမွေးဖွားရတဲ့ ဒုက္ခ စတာတွေဟာ အမျိုးသားများထက် ပိုတဲ့ အမျိုးသမီးများမှာသာ ရှိနေတဲ့ ဒုက္ခတွေပါ။ ဗုဒ္ဓဘာသာလာ ကမ္မနိယာမ သဘောတရားအရ ကြည့်ရင် အတိတ်ကပြုခဲ့တဲ့ ကမ္မသတ္တိ ကံစွမ်းတွေအရ ဒီလို ဒုက္ခပိုများတဲ့ လူသားအဖြစ် မွေးဖွားလာရခြင်း ဖြစ်ပါတယ်။ ဒုက္ခပိုများတာဟာ မကောင်းတဲ့ အကျိုးတွေ ပိုများလို့ပါ။ မကောင်းတဲ့ အကျိုးပိုများတာဟာ မကောင်းတဲ့ အကြောင်းတွေ ရှိခဲ့လို့ဖြစ်ပါတယ်။ အတိတ်အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေ၊ စွဲလမ်းတပ်မက်တတ်တဲ့ တဏှာတွေ၊ မသိမှု အ၀ိဇ္ဇာတွေကြောင့် ရရှိလာတဲ့ အကျိုးဆက်တွေလို့ ပြောနိုင်ပါတယ်။ အမရပူရ ဆရာတော်ကြီးကတော့ အမျိုးသမီး အဖြစ်မွေးဖွားလာရတာ အတိတ်ဘ၀ တစ်ခုခုက ကျူးလွန်ခဲ့တဲ့ ကာမေသုမိစ္ဆာစာရကံကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါက အတိတ်ကို ပြောပြတာပါ။ ဒီသဘောအရ ကြည့်ရင် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားမှုဟာ ကံအကျိုးပေး ကွာခြားမှုကြောင့်လို့လည်း ပြောလို့ရပါတယ်။ တစ်ချို့လည်း အမျိုးသမီးဘ၀ကိုပဲ တပ်မက်တတ်တဲ့ တဏှာကြောင့် အမျိုးသမီးအဖြစ် ပြန်မွေးနေကြတာတွေ ရှိပါတယ်။ ထားပါတော့။ ဒါက အမျိုးသမီးအဖြစ်ကို ရလာတတ်တဲ့ အကြောင်းလေးကို ပြောပြတာပါ။

ဒါပေမယ့် ဒီလို မိန်းမယောက်ျား အဖြစ်ကွဲပြားနေပေမယ့် တူညီတဲ့ တန်ဖိုးမဖြစ်နိုင်တဲ့ ကောင်းကျိုးကတော့ ရခဲတဲ့ လူ့ဘ၀ကို ရလာခြင်းဆိုတဲ့ အချက်ပါ။ ရခဲ့တဲ့ လူဆိုတဲ့ ဒုလ္လဘတရားမှာ အမျိုးသား၊ အမျိုးသမီးလို့ ခွဲခြားမှုမရှိပါဘူး။ ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင်လည်း အမျိုးသား၊ အမျိုးသမီး ခွဲခြားမှု မရှိသလို အမျိုးသမီးများကို နှိမ့်ချဆက်ဆံတဲ့သဘော၊ ခွဲခြားဆက်ဆံတဲ့ သဘော၊ ယုတ်ညံ့တဲ့ လူသားအဖြစ် ထုတ်ဖော်ဟောကြားတဲ့ သဘောများ မရှိခဲ့ပါဘူး။ အမျိုးသမီးများကိုလည်း လူသားများအဖြစ် လူ့တန်ဖိုး၊ လူ့သိက္ခာ၊ လူ့အသိဉာဏ်ရှိတဲ့ သူများအဖြစ် ချီးမြှောက်ပါတယ်။ တရားဟောတဲ့အခါမှာလည်း အမျိုးသားများဖြစ်လို့ ဟောတယ်။ အမျိုးသမီးများ ဖြစ်လို့ မဟောဘူး စတာတွေ မရှိပါဘူး။ အမျိုးသားများ သောတာပန် ဖြစ်နိုင်သလို အမျိုးသမီးများလည်း သောတာပန် ဖြစ်နိုင်ကြပါတယ်။ အမျိုးသားများ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်နိုင်သလို အမျိုးသမီးများလည်း ရဟန္တာ ဖြစ်နိုင်ပါတယ်။ အမျိုးသားများ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သလို အမျိုးသမီးများလည်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်။ နောက်ဆုံး အမျိုးသမီးများ သာသနာ့ဘောင်ဝင်လာရင် ပြဿနာ အမျိုးမျိုးရှိလာနိုင်တာ၊ အမျိုးသမီးရဟန်းမများရဲ့ သာသနာဟာ ကြာကြာမတည်နိုင်တာကို သိရှိပေမယ့် အမျိုးသမီးများကို အခွင့်အရေး ပေးလိုတဲ့အတွက် ဘိက္ခုနီသံဃာ့ အဖွဲ့အစည်းကို ခွင့်ပြုပြီး ဘိက္ခုသံဃာ အဖွဲ့အစည်းအတိုင်း သာသနာတော်မှာ အသိအမှတ်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်အနေနဲ့ တစ်နည်းအားဖြင့် ဗုဒ္ဓဘာသာအနေနဲ့ အမျိုးသမီးများအပေါ် နိမ့်ချခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ အခွင့်အရေး မပေးခြင်းများ မရှိခဲ့ပါဘူး။

ဟိုဟိုဒီဒီ ပြောစရာမလိုဘဲ ဗုဒ္ဓဘာသာရဲ့ အဓိက အရေးကြီးဆုံးဖြစ်တဲ့ လွတ်မြောက်ရေးဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့ နေရာမျိုးနဲ့ ချိန်ထိုးကြည့်ရင် သိနိုင်ပါတယ်။ အမျိုးသမီးများ ဖြစ်နေလို့ တရားမရဘူး ဆိုတာမရှိခဲ့ပါဘူး။ ဒီအချက်တစ်ချက်တည်းကို ကြည့်လိုက်ရင်ပဲ ဗုဒ္ဓဘာသာရဲ့ ဒီမိုကရေစီ ကျမှု၊ တန်းတူအခွင့် အရေးရှိမှု၊ တစ်ပြေးညီတည်း ဆက်ဆံမှုကို သိနိုင်ပါတယ်။ သဘာဝက ပေးလိုက်တဲ့ ခန္ဓာကိုယ် ဖွဲ့စည်းမှု အနေအထားအရ အမျိုးသမီးများကို အားနည်းတဲ့ သူများအဖြစ်သာ သဘောထားပါတယ်။ ယုတ်ညံ့တဲ့ သူများအဖြစ် မသတ်မှတ်ပါဘူး။ ဗုဒ္ဓကိုယ်တော်တိုင်လည်း အမျိုးသား အမျိုးသမီး ကွဲပြားတဲ့အတွက် အရိယာသူတော်စင် မဖြစ်ရဘူးလို့ မသတ်မှတ်ပါဘူး။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပါရမီအဟုန်ရှိပြီး အကျင့်သိက္ခာပြည့်စုံစွာနဲ့ ကြိုးစားအားထုတ်ပါက တရားရနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ အမျိုးသမီး ရဟန်းမများကိုလည်း အမျိုးသား ရဟန်းတော်များ နည်းတူ ဧတဒဂ် ရထူးများနဲ့ ချီးမြှင့်ပေးခဲ့ပါတယ်။

သို့သော် ဗုဒ္ဓဘာသာမှာ အဆင့်မြင့်မှု မမြင့်မှု ခွဲခြားမှုတော့ ရှိပါတယ်။ ဒါကလည်း ယောက်ျား မိန်းမဆိုတဲ့ သဘာဝနိယာမ ကွဲပြားမှု၊ ပညာတတ်မှု မတတ်မှု စတာတွေကို လိုက်ပြီး ခွဲခြားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကိုယ်ကျင့်သီလ မြင့်မှု၊ မမြင့်မှုကို ကြည့်ပြီး တစ်လင်တစ်မယားထဲမှာပဲ အမျိုးသမီးက အမျိုးသားထက် အကျင့်သိက္ခာမြင့်မြတ်ရင် အမျိုးသားထက်သာသူအဖြစ် ချီးကျူးတော်မူပါတယ်။ အမျိုးသားဖြစ်ပေမယ့် အကျင့်သိက္ခာ မကောင်းရင် ဘယ်မျက်နှာမှ မထောက်ဘဲ ကဲ့ရဲ့တော်မူပါတယ်။ ဘုရားရှင်ရဲ့ ကဲ့ရဲ့တော်မူတဲ့အခါ သုံးတဲ့စကားက ``မောဃပုရိသ- မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျား`` ဆိုတဲ့စကားပါ။ ပြီးတော့ တစ်အိမ်ထောင်တည်း ဖြစ်ပေမယ့် လင်ယောက်ျားက သီလလုံခြုံပြီး မယားက သီလမလုံခြုံရင် နတ်သားလင်နှင့် သေသူမယားတို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း၊ မယားက သီလလုံခြုံပြီး ယောက်ျားက သီလမလုံခြုံရင် နတ်သမီးမယားနှင့် သေသူလင်တို့ ပေါင်းသင်းခြင်းနှင့် တူကြောင်း စသည်ဖြင့် မိန်းမယောက်ျား မခွဲခြားဘဲ အကျင့်သီလကိုသာ အဓိကထားကာ အဆင့်အနိမ့်အမြင့် သတ်မှတ်ပေးပါတယ်။ ဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာဟာ လူတန်းစား ခွဲခြားတတ်တဲ့၊ အမျိုးသမီးများကို နှိမ်ချတတ်တဲ့ ဘာသာမဟုတ်ဘူး ဆိုတာ နားလည်သဘောပေါက် နိုင်ပါတယ်။

အချုပ်အားဖြင့် ပြောချင်တာက ကံအကျိုးပေးကြောင့် ယောက်ျားအဖြစ်၊ မိန်းမအဖြစ် မွေးဖွားလာခဲ့ရပြီး ရရှိလာတဲ့ အခွင့်အရေးများဟာလည်း အနည်းငယ်ကွဲပြားနေတာ၊ ဒုက္ခတွေ ပိုနေတာ၊ နည်းနေတာ ရှိတတ်ပေမယ့် စစ်မှန်တဲ့ သဘောသဘာဝ အနေဖြင့်ကတော့ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ နိဗ္ဗာန်မရသေးသမျှတော့ ခန္ဓာကိုယ်ရလာတဲ့သူ မှန်သမျှ ဒုက္ခတွေကတော့ ရှိနေကြမှာ ဖြစ်တယ်ဆိုတာပါ။ အမျိုးသားဘ၀ဟာ ဘုရားဖြစ်နိုင်၊ စကြာဝတေးမင်းတွေ ဖြစ်နိုင်တဲ့အတွက် မြင့်မြတ်တယ်လို့ ဆိုနိုင်ပေမယ့် ဒုက္ခအပေါင်းမှ ငြိမ်းရာနိဗ္ဗာန်ကို ၀င်ကြတဲ့အခါမှာတော့ အမျိုးသမီးများလည်း အမျိုးသားများ တန်းတူရနိုင်၊ ရောက်နိုင်တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်ပါတယ်။ ကံအကျိုးပေးအရ အမျိုးသမီးများ အဖြစ်ဘ၀ကို ရရှိလာမှုနှင့်အတူ အမျိုးသမီးများ၏ ဒုက္ခများလည်း ခံစားလာရမှုတွေ ရှိနေကြတဲ့အတွက် အမျိုးသမီးများကို အားနည်းသူများအဖြစ် မြင်နိုင်ကြပေမယ့် ယုတ်နိမ့်တဲ့သူများ၊ အဆင့်နိမ့်တဲ့သူများကတော့ မဟုတ်ကြဘူးဆိုတာပါ။ ဒါပေမယ့် အကျင့်သိက္ခာတွေ ပျက်ပြားနေမယ်၊ အကုသိုလ်တွေများနေမယ် ဆိုရင်တော့ ဒီလိုသူမျိုးကို နိမ့်ကျတဲ့သူများလို့ ပြောနိုင်ပါတယ်။ ဒီနိမ့်ကျမှုကတော့ အမျိုးသမီးဖြစ်ရလို့ မဟုတ်ပါဘူး။ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲ ဖြစ်ဖြစ် ကိုယ်ကျင့်ပျက်ရင်တော့ အကုန်နိမ့်ကျသူတွေ ဖြစ်နေမှာပါ။ အဲလိုမျိုးသူတွေ ဆိုရင်တော့ ဘယ်နေရာသွားသွား ခွဲခြားဆက်ဆံခံနေကြရမှာပါ။

ဒါကြောင့် ကံပေးမှုနဲ့ သဘာဝတရားအရ ရလာတဲ့ အမျိုးသမီးများဟာ အမျိုးသားများတန်းတူ အရာရာ ရင်ဘောင်မတန်းနိုင်ကြပေမယ့် အကျင့်သီလကောင်းပြီး ကိလေသာကုန်ရာ လမ်းစဉ်ကို လိုက်နာကျင့်သုံးနေမယ်ဆိုရင် နိဗ္ဗာန်ဆိုတဲ့ အခွင့်အရေး တံခါးက အမြဲဖွင့်လစ်ထားနေမှာ ဖြစ်တဲ့အတွက် ဟိုတွေးဒီတွေး ကလေးအတွေးတွေ မတွေးကြဘဲ အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားများထက်သာအောင်၊ အမျိုးသားများထက် အဆင့်မြင့်အောင် ကိုယ့်ရဲ့ သီလ၊သမာဓိ၊ပညာ သိက္ခာတရားများ မြင့်မားအောင်သာ ကြိုးစားသင့်ပါကြောင်း…

Read more »

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…

ကမ္မ (သို့မဟုတ်) ကိုယ်ကျင့်တရား ကြောင်းကျိုးနိယာမ…
(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားမှုအား အရှင်ကေလာသ (မြန်မာ)မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ကျွန်ုပ်တို့သည် လုံးဝညီမျှမှုမရှိသည့် ကမ္ဘာလောကနှင့် ရင်ဆိုင်နေကြရသည်။ ကျွန်ုပ်တို့သည် လူသားတို့၏ မညီမျှမှုများ ဘ၀ကံကြမ္မာ အထွေထွေနှင့် စကြာဝဠာအတွင်းရှိ သတ္တ၀ါ အဆင့်အတန်း အဖုံဖုံတို့ကို တွေ့မြင်နေကြရသည်။ စိတ်ထားကောင်းမွန်လျက် ကိုယ်ကျင့်တရား ရုပ်ပိုင်းအရည်အချင်းများနှင့် ပြည့်စုံကြွယ်ဝသည့် အခြေအနေတွင် မွေးဖွားလာသူများနှင့် မွဲတေဆင်းရဲပြီး ပျက်ဆီးယိုယွင်းသည့် အခြေအနေဖြင့် မွေးဖွားလာကြသူများကို တွေ့ကြရသည်။ စိတ်နှလုံးကောင်းပြီး မြင့်မြတ်သော်လည်း ၎င်း၏မျှော်လင့်ချက်ကို ဆန့်ကျင်လျက် ကံမကောင်းခြင်းနှင့် အမြဲတမ်း ဆုံတွေ့နေရသူရှိသည်။ ကောက်ကျစ်သောလောကသည် ထိုပုဂ္ဂိုလ်၏ ရည်ရွယ်ချက်များ လိုအင်ဆန္ဒများနှင့် ဆန့်ကျင်လျက် ဖြစ်စေသည်။ ထိုပုဂ္ဂိုလ်သည် မိမိ၏ ရိုးသားသော ဆောင်ရွက်ချက် ဘာသာတရား ကိုင်းရှိုင်းမှုတို့ ရှိလင့်ကစား ဆင်းရဲပြီး စိတ်ဆင်းရဲရသည်။ စရိုက်ဆိုးပြီး မိုက်မဲသော်လည်း ယင်းနှင့်ဆန့်ကျင်လျက် ကံကြမ္မာ၏ ချစ်မြတ်နိုးခြင်းခံရသည့် အခြားပုဂ္ဂိုလ်တစ်ယောက်လည်း ရှိပြန်သည်။ ထိုပုဂ္ဂိုလ်သည် ၎င်း၏ယုတ်နိမ့်ပြီး အကုသိုလ်ဖြင့် ဘ၀နေနည်းအစား ကောင်းခြင်းပုံစံမျိုးစုံနှင့် ကြုံဆုံရသည်။


အဘယ့်ကြောင့် တစ်ယောက်က နိမ့်ပြီး အခြားတစ်ယောက်မူ အထက်တန်းဖြစ်ရသနည်းဟု မွေးခွန်းထုတ်နိုင်သည်။ တစ်ယောက်မှု ချစ်မြတ်နိုးသူ မိခင်၏လက်တွင်းမှ ဆွဲယူခြင်းခံရပြီး၊ အခြားတစ်ယောက်မူ နှစ်အတန်ကြာ နေနိုင်လျက်၊ အခြားတစ်ယောက်မူ လူ့စည်းစိမ်ခံစားရင်း သေဆုံး သို့မဟုတ် အသက်ရှစ်ဆယ် တစ်ရာ ကြီးရင့်ချိန်၌ သေဆုံးကြသနည်း။ တစ်ယောက်မူ ဖျားနာမကျန်းမာဖြစ်ပြီး အခြားတစ်ယောက်မူ ခွန်အားဗလနှင့် ကျန်းမာသနည်း။ တစ်ယောက်က ချောမောလှပပြီး အခြားတစ်ယောက်မူ ရုပ်ဆိုးအကျည်းတန် အားလုံး၏ ရွံရှာခြင်း ခံရသနည်း။ တစ်ယောက်မူ စည်းစိမ်ရင်ခွင်မှာ ကြီးပြင်းရလျက် တစ်ယောက်မူ လုံးဝဆင်းရဲပြီး အမြဲဝမ်းနည်းဖွယ်နှင့် ကြုံရသည်။ တစ်ယောက်က သန်းကြွယ်သူဌေး တစ်ယောက်က လူမွဲဖြစ်ရသနည်း။ တစ်ယောက်မူ စိတ်ပိုင်းအရ အလွန်အဆင့်မြင်သူဖြစ်ပြီး တစ်ယောက်မူ ညံ့ဖျင်းသနည်း။ အချို့မှာ မွေးကတည်းက ဘာသာဗေဒ ပညာရှင် အနုပညာရှင် သင်္ချာပါရဂူ သို့မဟုတ် ဂီတပညာရှင် ဖြစ်ရသနည်း။ အချို့မှာ မွေးရာပါ မျက်မမြင်များ၊ နားမကြားသူများ ဖြစ်ကြသနည်း။ အချို့မှာ မွေးကတည်းက ကောင်းချီးပေးခံရပြီး အချို့မှာ အဘယ့်ကြောင့် ကျိန်စာမိကြရသနည်း။ တွေးခေါ်မြော်မြင်တတ်သူ အားလုံး၏စိတ်ကို ရှုတ်ထွေးစေသည့် ပြဿနာအချို့ ရှိကြသည်။ လောက၏ ယင်းမမျှတမှု အားလုံးနှင့် လူသားတို့၏ ဆိုခဲ့ပါ မညီမျှတမှု အထွေထွေကို မည်သို့စဉ်းစားမည်နည်း။ ယင်းတို့မှာ မျက်ကန်း အခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသလော။

ကမ္ဘာပေါ်တွင် မည်သည့်အရာမျှ မျက်ကန်းအခွင့်အရေး သို့မဟုတ် တိုက်ဆိုင်မှုကြောင့် ဖြစ်ရသော အရာဟူ၍ မရှိချေ။ မည်သည့်အရာမဆို တိုက်ဆိုင်မှုကြောင့် ဖြစ်ရသည်ဆိုမူ သင်ဖတ်နေသော စာအုပ်သည် ဤနေရာသို့ သူ့အလိုလို ရောက်လာသည်ဟု ဆိုခြင်းထက် ပို၍မှန်မည်မဟုတ်ချေ။ အတိအကျဆိုရသော် တစ်ခုမဟုတ် တစ်ခုသော အကြောင်းတရားအတွက် မဖြစ်ထိုက်တန်ဘဲ မည်သည့်အရာမှ လူသားတို့မှာ ဖြစ်ပေါ်သည်မဟုတ်ချေ။ ယင်းသည် တာဝန်မယူသူ ဖန်ဆင်းရှင်တစ်ယောက်၏ အမိန့်ဖြစ်သလော။

ဟပ်စလေ (Huxley)က ဤသို့ ရေးသည်။ ``အကယ်၍ ဤအံ့ဖွယ် စကြာဝဠာကို တစ်စုံတစ်ယောက် (ဖန်ဆင်းသူ)က တမင်သက်သက် ဖြစ်ပေါ်စေခဲ့သည်ဟု ယူဆလျှင် ယင်းစကားလုံးများကို ကျွန်ုပ်နားလည်သမျှဖြင့် ထိုပုဂ္ဂိုလ်သည် ကောက်ကျစ်စဉ်းလဲပြီး မမျှတခြင်းထက်ပို၍ သဘောကောင်းခြင်း၊ မျှတခြင်း လုံးဝမရှိသည်မှာ လုံးဝ ထင်ရှား၏။``

အိုင်စတိုင်း (Einstein)၏ အလိုမှာ ဤသို့ဖြစ်သည်။ ``အကယ်၍ ထိုသတ္တ၀ါ (ဖန်ဆင်းရှင်ထာဝရ)သည် အနန္တတန်ခိုး ရှိသည်ဆိုမူ လူသားတို့ အပြုအမူ အတွေးအကြံ ခံစားမှုနှင့် ရည်မှန်းချက်အားလုံး အပါအ၀င် ဖြစ်ရပ်အားလုံးလည်း ထိုပုဂ္ဂိုလ်၏ လက်ချက်ပင်ဖြစ်ရမည်။ ယင်းသို့သော အနန္တတန်ခိုးရှင် ပုဂ္ဂိုလ်၏ ရှေ့မှောက်က လူသားတို့အား ၎င်းတို့၏ အပြုအမူ အကြံအစည်များအတွက် တာဝန်ရှိသည်ဟု ယူဆရန် မည်သို့ဖြစ်နိုင်မည်နည်း။ ပြစ်ဒဏ်များ ဆုလာဘ်များပေးရာက ယင်းထာဝရသည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ မိမိကိုမိမိ စီရင်ဆုံးဖြတ်ချက်ကို ဖြတ်သန်းရေလမ့်မည်ဖြစ်။ ယင်းသည် ၎င်းဖန်တီးသည်ဟု ယူဆရသော ကောင်းခြင်း၊ ဖြောင့်မတ်ခြင်းများနှင့် မည်သို့ဆက်စပ် ပတ်သက်လိမ့်မည်နည်း။``

စပင်စာ လီဝစ်စ် (Spencer Lewis)က အောက်ပါအတိုင်းဆိုသည်။ ``ဘုရားသခင်ယုံကြည်သည့် ဘာသာရေး အခြေခံများအရ လူသားတစ်ယောက်သည် တမင်သက်သက် မိမိ၏ ဆန္ဒမရှိဘဲ ဖန်ဆင်းခံရပြီး ဖန်ဆင်းဆဲခဏက ထာဝရကောင်းချီးပေးခြင်းနှင့် ပြစ်ဒဏ်ခတ်ခြင်းကိုလည်း ခံရသည်။ သို့ဖြစ်၍ လူသည် ကိုယ်ခန္ဓတည်ဆောက်မှုဖြစ်စဉ် ပထမအဆင့်မှစ၍ နောက်ဆုံးသေသည့်ခဏတိုင်အောင် ၎င်း၏ပုဂ္ဂလိက ဆန္ဒများ၊ မျှော်လင့်ချက်များ ရည်ရွယ်ချက်များ၊ ရုန်းကန်လှုပ်ရှားမှုများ၊ သို့မဟုတ် ဆုတောင်းဝတ်ပြုမှုများကို မငဲ့ကွက်ဘဲ ကောင်းသူ၊ ဆိုးသွင်းသူ၊ ကံကောင်းသူ၊ ကံခေသူ၊ မြင့်မြတ်သူ၊ ယုတ်နိမ့်သူ ဖြစ်ရ၏။ ယင်းသို့ဖြစ်ခြင်းကား ဘာသာရေး (ယုံကြည်မှု)နှင့်ဆိုင်သော ဘုရားသခင်ယိုးမယ်စွဲဝါဒ ဖြစ်၏။``

ချားလ်စ် ဗရက်လောက် (Charles Bradlaugh) ကမူ ဤသို့ဆို၏။ ``မကောင်းမှုတည်ရှိခြင်းသည် ထာဝရဘုရား ယုံကြည်သူများအဖို့ ကြောက်စရာကောင်းသည့် ဆူးငြောင့်ခလုတ်ဖြစ်၏။ နာကျင်မှု၊ ၀မ်းနည်းပက်လက် ဖြစ်ရမှု၊ လူသတ်မှု၊ ဆင်းရဲမွဲတေမှုတို့က ထာဝရကောင်းခြင်း သဘောကို ထိပ်တိုက်တွေ့စေပြီး အလုံးစုံကောင်း၊ အလုံးစုံ ပညာရှိ၊ အန္တတန်ခိုးရှင် ထာဝရဘုရားအဖြစ် ကြေငြာချက်အပေါ် အဖြေမပေးနိုင်သော စွမ်းရည်ကို စိန်ခေါ်၏။``

ရှိုပင်ဟောင်ဝါ (Schopenhauer)၏ စကားဖြင့် ဆိုရမူ ဤသို့ဖြစ်သည်။ ``မိမိကိုယ်ကို ဘာမှမဟုတ်သည့်အရာမှ ဖြစ်ပေါ်လာသည်ဟု ယူဆသူ မည်သူမဆိုသည် ဘာမျှဖြစ်လာမည် မဟုတ်ဟူသည်ကိုလည်း စဉ်းစားသင့်၏။ အကြောင်းမူ ထာဝရဖြစ်သော အရာသည် ၎င်းမရှိမီကတည်းက လွန်သွားပြီးနောက် ယင်းမှတစ်ဆင့် ၎င်းအနေဖြင့် လုံးဝမရပ်မစဲ ဖြစ်ပေါ်မည်ဖြစ်သော ဒုတိယထာဝရ အရာတစ်ခု စတင်ခဲ့ပြန်လျက် ၎င်းအနေဖြင့် အလွန်စပ်ဆုပ်ဖွယ် တွေးခေါ်မှု တစ်ရပ်သို့ ကျရောက်သွား၏။ အကယ်၍ မွေးဖွားခြင်းသည် လုံးဝအစဖြစ်သည်ဆိုမူ ယင်းသို့ဖြစ်ပါက သေခြင်းသည် လုံးဝယင်း၏ အဆုံးဖြစ်ရမည်။ ဘာမျှမဟုတ်သည့် အရာဖြင့် လူကိုပြုလုပ်ခဲ့သည်ဟု ယူဆခြင်းသည် သေခြင်းတရားသည် ယင်း၏ လုံးဝအဆုံးဖြစ်သည်ဟု ယူဆခြင်းသို့ မဖြစ်မနေ ဦးတည်စေ၏။``

လူသားတို့၏ ဒုက္ခများနှင့် ထာဝရဘုရားကို မှတ်ချက်ပြုရာ၌ ပါမောက္ခ ဂျေ ဘီ အက်စ် ဟာလ်ဒန် (J.B.S. Haldane)က ဤသို့ရေးသည်။ ``လူသားတို့၏ စရိုက်လက္ခဏာ ကောင်းမွန်စေရန် ဒုက္ခကို အလိုရှိအပ်၏။ သို့မဟုတ် ထာဝရဘုရားသည် အနန္တစွမ်းအားရှိသူမဟုတ်။ ပထမအဆိုမှာ ဒုက္ခကို အနည်းငယ်မျှသာ ခံးစားကြပြီး ၎င်းတို့၏ မျိုးရိုးနှင့် ပညာရေးကံကောင်းကြသူ အချို့မှာ အလွန်ကောင်းမွန်သော သွင်ပြင်များ ရှိကြသည့် အချက်က မဟုတ်မှန်ကြောင်း ဖော်ပြပြီးဖြစ်၏။ ဒုတိယအဆိုအား ငြင်းဆိုရခြင်းမှာ အနန္တစကြာဝဠာနှင့် အလုံးစုံ ပယ်သတ်သမျှတွင် တန်ခိုးရှင်တစ်ယောက်၏ မှန်ကန်ကြောင်း အဆိုပြုချက်ဖြင့် ဖြည့်သွင်းရန် တစ်ုခုခုသော အသိပညာ စဉ်းစားဆင်ခြင်မှု ကွက်လပ်ရှိခြင်းဖြစ်၏။ ထို့ပြင် ဖန်ဆင်းရှင် တစ်ယောက်သည် ထင်မြင်ချက်ဖြင့် သူ သို့မဟုတ် ၎င်းအလိုရှိတိုင်း ဖန်ဆင်းနိုင်၏။``

ပညာရှိ ရပ်ဆယ်လ် (Lord Russell)က ဤသို့ ဖော်ပြသည်။ ``ကမ္ဘာလောကကို ကောင်းမြတ်ပြီး အလုံးစုံသိ တန်ခိုးရှင် ထာဝရဘုရားက ဖန်ဆင်းခဲ့ကြောင်း ကျွန်ုပ်တို့ကို ပြောကြ၏။ ကမ္ဘာလောကကို မဖန်ဆင်းမီက သူသည် ယင်းကမ္ဘာလောက၌ ပါဝင်မည့် နာကျင်မှုနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ကြိုတင်သိမြင်ခဲ့၏။ သို့ဖြစ်၍ ထိုထာဝရသည် ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူဖြစ်၏။ ကမ္ဘာပေါ်ရှိ နာကျင်ခံခက်မှုသည် (လူသားတို့ ကျူးလွန်သည့်) အပြစ်ကြောင့် ဖြစ်ရသည်ဟူသည်ကို ငြင်းခုံနေခြင်းမှာ အသုံးမကျချေ။ အကယ်၍ ထာဝရဘုရားသည် လူသားတို့ ကျူးလွန်မည်ဖြစ်သော အပြစ်များကို ကြိုသိခဲ့မူ လူသားတို့ကို ဖန်ဆင်းရန် ဆုံးဖြတ်သောအခါ ထိုပြစ်မှုအားလုံးကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ၎င်းကတာဝန်ရှိသည်မှာ ထင်ရှား၏။``

ပညာရှိ တင်နိုင်ဆန် (Lord Tennyson)က ၎င်းအသက်ကြီးပြီးမှ ရေးသော `မျှောင်လင့်ချက်ကုန်ဆုံးခြင်း (Despair) ` ကဗျာတွင် ဟေရှာယအနာဂတ္တိကျမ်း (၄၅း၇)၌ မှတ်တမ်းတင်ထားသည့်အတိုင်း ``ငါသည့် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏``ဟုဆိုသော ထာဝရဘုရားသခင်အား ဤသို့ရဲရင့်စွာ တိုက်ခိုက်ထားသည်။ ``မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန်ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီးဖြစ်သော အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊ အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော ကြို၍ဒဏ်ခတ်ခဲ့သော ထို့ထက် ၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာ ပြုလုပ်ခဲ့သော အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊ ကျွန်ုပ်တို့၏ ညည်းညူသံကို လုံးဝ ကြားသိတော် မမူသော သေဆုံးသူ ကြမ်းကြုတ်မိခင်အား ပို၍ကောင်းအောင် ပြုပေးပါ။``

``လူအားလုံးမှာ အပြစ်ကျူးလွန်သူများ ဖြစ်ကြပြီး အာဒမ်၏ မရှိမဖြစ် လိုအပ်သော ပြစ်မှုရှိသည်ဟူသော ဟောကြားချက်သည် မျှတမှု ကရုဏာ မေတ္တာနှင့် အကြွင်းမဲ့ ညီမျှမှု ဆိုသည်တို့အတွက် စိန်ခေါ်ချက် တစ်ရပ်ဖြစ်သည်``မှာ သေချာသည်။ အချို့သော ရှေးဟောင်းစာရေးသူများက ထာဝရဘုရားသည် ၎င်းကိုယ်ပိုင် ရုပ်သွင်ဖြင့် လူကိုဖန်ဆင်းခဲ့ကြောင်း ယုံကြည်ချက် ပြင်းပြစွာဆိုသည်။ အချို့ခေတ်သစ် တွေးခေါ်ရှင်များကမူ ယင်းနှင့် ဆန့်ကျင်လျက် လူက ထာဝရဘုရားကို ၎င်း၏စိတ်ကူးဖြင့် ဖန်ဆင်းခဲ့ကြောင်း ဆိုကြသည်။ လူ့ယဉ်ကျေးမှု တိုးတက်လာသည်နှင့်အမျှ လူသားတို့၏ ထာဝရဘုရား အယူအဆသည်လည်း ပို၍ပို၍ ရှင်းလင်းလာသည်။ သို့ဖြစ်ရကား ယင်းသိုပ သတ္တ၀ါတစ်ယောက်အား ဤစကြာဝဠာအတွင်းမှာ ဖြစ်စေ၊ အပြင်မှာဖြစစေ တည်ရှိကြောင်း ယုံကြည်ရန် မဖြစ်နိုင်တော့ချေ။

ဤပုဂ္ဂိုလ်သတ္တ၀ါမျိုးစုံသည် မျိုးရိုးစဉ်ဆက်နှင့် ပတ်ဝန်းကျင်ကြောင့် ဖြစ်နိုင်သလော။ သိပ္ပံပညာရှင်တို့ ဖော်ထုတ်ခဲ့သည့် ဤဓာတု ရုပ်ပိုင်းဖြစ်စဉ်အားလုံးမှာ တစ်စိတ်တစ်ဒေသအားဖြင့် နည်းလမ်းအဖြစ် အသုံးပြုနိုင်သော အရာများဖြစ်သော်လည်း ယင်းတို့သည် ပုဂ္ဂိုလ်အသီးသီး၌ တည်ရှိသော သိမ်မွေ့သည့် ခြားနားချက်များနှင့် ကျယ်ပြန့်သည့် မတူညီမှုများအတွက် လုံးဝဥဿုံ တာဝန်ယူ(ဖြေရှင်း) နိုင်မည်မဟုတ်ချေ။ ကိုယ်ခန္ဓာအားဖြင့် တူညီပြီး တူညီသည့် မျိုးဗီဇကို ရရှိကြလျက် တူညီသည့် ပြုစုစောင့်ရှောက်မှု အခွင့်အရေး ရရှိကြသော ထပ်တူညီအမြွာများသည် အဘယ့်ကြောင့် ဗီဇစိတ်ရင်း ကိုယ်ကျင့်တရားနှင့် အသိဉာဏ်အားဖြင့် လုံးဝကွဲပြား ခြားနားရသနည်း။

မျိုးဗီဇတစ်ခုတည်းဖြင့် ယင်းကွဲပြားခြားနားမှုမျိုးစုံကို မရှင်းပြနိုင်ချေ။ အတိအကျဆိုမူ မျိုးဗီဇအကြောင်း တရားသည် ယင်း(အမြွပူး)တို့၏ ခြားနားမှု အများစုကိုထက် ဆင်တူညီမှုများကိုသာ ပိုမိုယုတ္တိရှိစွာ ဆိုသည်။ မိဘများထံမှ ဆက်ခံရရှိသည့် အလွန့်အလွန် သေးငယ်လှသည့် တစ်လက်မ၏ သန်းပေါင်းသုံးဆယ်ပုံ တစ်ပုံမျှလောက်ရှိသော ဓာတုရုပ်ဝတ္ထု မျိုးစေ့သည် လူသား၏ ရုပ်ပိုင်းတည်ဆောက်မှုအတွက် အစိပ်အပိုင်း တစ်ခုကိုသာ ရှင်းပြနိုင်သည်။ ပိုမိုရှုတ်ထွေးပြီး သိမ်မွေ့နက်နဲသည့် စိတ်ပိုင်း၊ အသိဉာဏ်၊ ကိုယ်ကျင့်တရား ခြားနားမှုတို့နှင့် ပတ်သက်၍မူ ကျွန်ုပ်တို့အနေဖြင့် အသိပညာ ပွင့်လင်းရန် များစွာလိုသေးသည်။ မျိုးဗီဇသီအိုရီသည် ရှည်လျားသည့် မိကောင်းဖခင် မျိုးရိုးစဉ်ဆက်အတွင်း ရာဇ၀တ်သား မွေးဖွားလာခြင်း၊ မကောင်းသတင်း ကျော်စောသည့် မိသားစုက သူတော်စင် သို့မဟုတ် မြင့်မြတ်သူ မွေးဖွားလာခြင်း၊ အရွယ်နှင့်မလိုက်အောင် ထူးချွန်သည့် ကလေးများ၊ ထူးချွန်ထက်မြက်သူများနှင့် ဘာသာရေးဆိုင်ရာ ဆရာအရှင်များ မွေးဖွားလာခြင်းတို့အပေါ် နှစ်သက်ကျေနပ်လောက်အောင် အဖြေပေးနိုင်စွမ်း မရှိချေ။

ဗုဒ္ဓ၀ါဒအလိုအရ ယင်းသို့ဖြစ်ခြင်းသည် မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်၊ သဘာဝနှင့် ဖန်တီးဓမ္မတို့ကြောင့်သာမက ကျွန်ုပ်တို့၏ ပြုမူဆောင်ရွက်မှု နောက်တစ်မျိုးဆိုရမူ ကျွန်ုပ်တို့ ဆက်ခံရရှိသည့် အတိတ်က ဆောင်ရွက်ချက်များနှင့် ယခုပြုလုပ်ချက်များ၏ အကျိုးဆက်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် လုပ်ဆောင်မှုများနှင့် ပျော်ရွင်မှု စိတ်ဆင်းရဲမှုတို့အတွက် ကျွန်ုပ်တို့ကိုယ်တိုင်တွင် တာဝန်ရှိသည်။ ကျွန်ုပ်တို့၏ ငရဲကို ကျွန်ုပ်တို့ကိုယ်တိုင် တည်ဆောက်သည်။ ကျွန်ုပ်တို့၏ နတ်ပြည်ကို ကျွန်ုပ်တို့ကိုယ်တိုင် ဖန်ဆင်းသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ကံကြမ္မာ၏ ဗိသုကာများ ဖြစ်ကြသည်။ အချုပ်အားဖြင့် ကျွန်ုပ်တို့ကိုယ်တိုင်ပင် ကျွန်ုပ်တို့၏ ကံ(အပြုအမူ)များ ဖြစ်သည်။

အခါတစ်ပါး၌ သုဘအမည်ရှိ လုလင်ငယ်တစ်ယောက်သည် ဗုဒ္ဓထံချဉ်းကပ်ပြီး အဘယ်မည်သော အကြောင်းတရားကြောင့် လူသတ္တ၀ါများအတွက် အနိမ့်အမြင့် သဘောရှိသနည်းဟု မေးမြန်းခဲ့သည်။ ၎င်းက ဆက်လက်၍ ``အကြောင်းမှာ လူသားတို့အကြား အသက်ရှည်သူ၊ အသက်တိုသူ၊ အဆင့်အတန်းနိမ့်သူ၊ အဆင့်အတန်းမြင့်သူ၊ အသိဉာဏ် ကင်းမဲ့သူ အသိဉာဏ် ကြွယ်ဝသူများကို တွေ့ရသောကြောင့် ဖြစ်ပါသည်``ဟု လျှောက်ထားသည်။ ဗုဒ္ဓရှင်တော်မြတ်က အောက်ပါအတိုင်း အတိုချုပ်ဖြေကြားသည်။ ``သက်ရှိသတ္တ၀ါအားလုံးသည် ၎င်းပြုလုပ်သောကံကို ပိုင်ဆိုင်ကြ၏၊ ကံအမွေကို ခံကြရ၏၊ ကံသာလျှင် အကြောင်းတရားရှိ၏၊ ကံသာလျှင် ဆွေမျိုးဖြစ်၏၊ ကံသာလျှင် ကိုးကွယ်အားထားရာဖြစ်၏၊ ကံတရားသည် အနိမ့်အမြင့်အားဖြင့် သတ္တ၀ါအားလုံးကို ခွဲခြားပေး၏။`` ယင်းနောက် ဗုဒ္ဓရှင်တော်မြတ်က ကိုယ်ကျင့်တရား၊ ကြောင်းကျိုးနိယာမအရ ယင်းသို့သော ကွဲပြားခြားနားချက်များ၏ အကြောင်းတရားကို ရှင်းလင်းဟောကြားတော်မူသည်။

သို့ဖြစ်၍ ဗုဒ္ဓ၀ါဒ ရှုထောင့်အရ ကျွန်ုပ်တို့၏ မျက်မှောက် စိတ်အခြေအနေ၊ အသိပညာ၊ ကိုယ်ကျင့်တရားနှင့် စရိုက်လက္ခဏာ ခြားနားမှုများသည် အတိတ် ပစ္စုပ္ပန် နှစ်ရပ်လုံးနှင့်ဆိုင်သော ကျွန်ုပ်တို့ကိုယ်တိုင်၏ ပြုမူဆောင်ရွက်ချက်နှင့် စိတ်စေတနာများကြောင့် အဓိကဖြစ်ရသည်။ ကမ္မ(ကံ)ဟူသည် စာပေးနည်းအရ ပြုလုပ်မှုဟု အဓိပ္ပါယ်ရသည်။ သို့ရာတွင် ၎င်း၏တရားကိုယ်အရမှာ ကုသိုလ်၊ အကုသိုလ်စေတနာ ဖြစ်သည်။ ကမ္မ(ကံ)သည် ကောင်းဆိုးနှစ်မျိုးကို တည်ဆောက်သည်။ ကောင်းသောကံသည် ကောင်းသောအရာ ဖြစ်စေသည်။ မကောင်းသောကံသည် မကောင်းသောအရာကို ဖြစ်စေသည်။ ကျေနပ်နှစ်သက်မှုသည် ကျေနပ်နှစ်သက်မှုကို ဆွဲငင်သည်။ ဤသည်မှာ ကမ္မနိယာမဖြစ်သည်။ အချို့သော အနောက်တိုင်း စာရေးဆရာအချို့ ဆိုလိုချင်သကဲ့သို့ပင် ကမ္မဟူသည် ``ပြုလုပ်မှုသြဇာ လွှမ်းမိုးခြင်း``ဖြစ်သည်။

ကျွန်ုပ်တို့ စိုက်ပျိုးပြီးသည်ကို ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ ကျွန်ုပ်တို့ ကြဲချခဲ့သည်ကို တစ်ချိန်ချိန် တစ်နေရာရာတွင် ကျွန်ုပ်တို့ ရိပ်သိမ်းသည်။ နောက်တစ်မျိုးဆိုမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ် (ဖြစ်ခဲ့သည်)၏ အကျိုးဆက်ပြီးပြီး ကျွန်ုပ်တို့ ပစ္စုပ္ပန်(ဖြစ်ဆဲ)၏ အကျိုးဆက်ဖြစ်လိမ့်မည်။ အခြားတစ်မျိုးဆိုရမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတိတ်၏ အကျိုးဆက်လည်း လုံးလုံးလျားလျား မဟုတ်ဘဲ ကျွန်ုပ်တို့ ပစ္စုပ္ပန်၏ အကျိုးဆက်လည်း အကြွင်းမဲ့ ဖြစ်လိမ့်မည်မဟုတ်ချေ။ ဥပမာအားဖြင့် ယနေ့ ရာဇ၀တ်သမား တစ်ယောက်သည် မနက်ဖြန်တွင် သူတော်ကောင်း တစ်ယောက် ဖြစ်လာနိုင်သည်။ ယင်းသို့ ကွဲပြားခြားနားမှုကို ဗုဒ္ဓ၀ါဒက ကံကြောင့်ဟု ယူဆသော်လည်း အရာခပ်သိမ်းကို ကံကြောင့်ဟု ယူဆရန် မကြိုးစားချေ။

အကယ်၍ အရာခပ်သိမ်း ကံကြောင့်ဖြစ်သည်ဟု ယူဆခဲ့သော် ဆိုးသွမ်းရခြင်းမှာ ၎င်း၏ ကံကြောင့်ဖြစ်သဖြင့် ထိုလူဆိုးသည် ထာဝစဉ် လူဆိုးသာ ဖြစ်ရချိန်မည်။ ရောဂါကို ကုသဖို့ ဆရာဝန်နှင့် တိုင်ပင်ရန်ပင် မလိုတော့ချေ။ အကြောင်းမူ မိမိ၏ကံသည် ယင်းသို့သဘောရှိခဲ့သော် (ယင်းကံကပင်) ရောဂါကို ကုသမည်ဖြစ်သောကြောင့်တည်း။ ဗုဒ္ဓ၀ါဒအလိုအရ ရုပ်ပိုင်းနှင့် စိတ်ပိုင်းနယ်ပယ်တွင် တည်ရှိသော ဖြစ်စဉ်နိယာမတရား ငါးမျိုးရှိသည်။
၁။ ကမ္မနိယာမ - ပြုလုပ်မှုနှင့် ယင်း၏အကျိုးတရား ဖြစ်စဉ် (ဥပမာ- နှစ်သက်ဖွယ် မနှစ်သက်ဖွယ် အပြုအမူများသည် ကောင်းကျိုးနှင့် မကောင်းကျိုးကို ကိုယ်စားပြု၍ ဖြစ်ပေါ်စေသည်။)
၂။ ဥတုနိယာမ - ဥတုရာသီတို့၏ ဖြစ်စဉ် (ဥပမာ- လေတိုက်ခြင်း၊ မိုးရွာခြင်းတို့၏ ဥတုရာသီအလိုက် ဖြစ်ပေါ်ခြင်း သဘာဝ)
၃။ ဗီဇနိယာမ - မျိုးစေ့တို့၏ ဖြစ်စဉ် (သက်မဲ့ရုပ်ဖြစ်စဉ်)။ (ဥပမာ- ဆန်စေ့မှ ဆန်ကိုပေါက်ရောက်စေသည်။ ကြံပင်သည် ချိုသောအရသာကို ပေးသည်။ သိပ္ပံနည်းကျ ကလာပ်စည်း မျိုးဗီဇသီအိုရီနှင့် အမြွပူးနှစ်ယောက်၏ ရုပ်ပိုင်းတူညီမှုသည် ဤနိယာမအရ ဖြစ်နိုင်သည်။)
၎။ စိတ္တနိယာမ - စိတ်ဖြစ်စဉ် နိယာမ။ (ဥပမာ- စိတ်တို့၏ဖြစ်စဉ်၊ စိတ်စွမ်းအင်စသည်။)
၅။ ဓမ္မနိယာမ - ဓမ္မသဘာဝဖြစ်စဉ်၊ (ဥပမာ - နောက်ဆုံးဘ၀က ဗောဓိသတ္တတစ်ဆူ ပွင့်ပေါ်လာခြင်း ကဲ့သို့သော သဘာဝတရား၊ ကမ္ဘာ့ဆွဲငင်အားစသည်။) စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းသဘောတရားတိုင်းကို ၎င်းတို့ကိုယ်တိုင် နိယာမတစ်ခုဖြစ်သည့် အကုန်ခြုံငုံမိသော ဖော်ပြပါ ဖြစ်စဉ်ငါးမျိုးဖြင့် ရှင်းပြနိုင်သည်။

သို့ဖြစ်၍ ကံဟူသည် စကြာဝဠာအတွင်း တည်ရှိနေသည့် ဖော်ပြပါ သဘာဝနိယာမ ငါးမျိုးအနက် တစ်ခုသာဖြစ်သည်။ ကံဟူသည် သဘာဝဖြစ်စဉ် တစ်ခုမျှသာဖြစ်သည် ဆိုလိုက်သဖြင့် ယင်းသဘာဝဖြစ်စဉ်ကို ချမှတ်ပေးသူ ရှိရမည်ဟု မဆိုလိုချေ။ ကမ္ဘာဆွဲငင်အားကဲ့သို့သော သာမန် သဘာဝနိယာမများသည် ယင်းသဘာဝနိယာမကို ချမှတ်မည့်သူ မလိုချေ။ ယင်းနိယာမသည် လွတ်လပ်သည့် ပြင်ပအုပ်ချုပ်သူ အဖွဲ့၏ ၀င်ရောက်စွက်ဖက်မှု မရှိဘဲ မိမိ၏နယ်ပယ်အတွင်း ဆောင်ရွက်သည်။

ဥပမာဆိုသော် မီးသည်ပူရမည်ဟု မည်သူတစ်ဦးတစ်ယောက်မျှ စီမံသည်မဟုတ်ချေ။ ရေသည် မျက်နှာပြင်ပေါ်၌ ညီနေရမည်ဟု မည်သူတစ်ဦးတစ်ယောက်မှ အမိန့်ပေးသည် မဟုတ်ချေ။ ရေ၌ ဟိုက်ဒရိုဂျင်နှစ်ဆ အောက်ဆီဂျင်တစ်ဆ ပါရမည်ဖြစ်ပြီး အေးမြခြင်းသည် ၎င်းပိုင်ဆိုင်သော သတ္တိဖြစ်ရမည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အမိန့်ပေးသည် မဟုတ်ချေ။ ယင်းတို့မှာ သူ့အလိုလို ဖြစ်နေသော သဘာဝလက္ခဏာများ ဖြစ်ကြသည်။ ကံဟူသည် ကျွန်ုပ်တို့ မျှော်လင့်ချက်မဲ့စွာ လက်မြှောက်အရှုံးပေးရမည့် စိတ်ကူးယဉ် မသိမမြင်နိုင်သော စွမ်းအင်တစ်ခု၏ ခြယ်လှယ်ခြင်းခံရသော ယုံကြည်မှု သို့မဟုတ် ယင်းသို့ခြယ်လှယ်ခံရမှုကို မျက်စိမှိတ် လက်ခံမှုလည်း မဟုတ်ချေ။ ယင်းသည် တစ်စုံတစ်ယောက်၏ ကိုယ်တိုင် အပြုအမူအတွက် တန်ပြန်ဖြစ်ပေါ်မှု ဖြစ်သဖြင့် တစ်စုံတစ်ယောက်သည် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ကံအကြောင်းတရားကို ရှောင်လွဲရန် ဖြစ်နိုင်သည်။ မည်သည့်အတိုင်းအတာအထိ ရှောင်လွဲနိုင်သနည်းဟူသည်မှာ ထိုပုဂ္ဂိုလ်အပေါ်၌သာ တည်မှီသည်။

ကံအကြောင်းနှင့် ပတ်သက်သော ဆွေးနွေးမှုများအတွင်း ကောင်းချီးပေးခြင်းများနှင့် ပြစ်ဒဏ်ပေးခြင်းများဟူသော စကားစုများကို ထည့်သွင်းခွင့် မပြုသင့်ကြောင်း ဆိုရမည်ဖြစ်သည်။ ဗုဒ္ဓ၀ါဒအဖို့မူ ဖန်ဆင်းခံပုဂ္ဂိုလ်များအား စိုးမိုးပြီး ယင်းစိုးမိုးမှုကြောင့် ဆုလာဘ်နှင့် ဒဏ်ပေးတတ်သော အနန္တတန်ခိုးရှင် တည်ရှိမှုကို အသိအမှတ် မပြုချေ။ ယင်းနှင့်ဆန့်ကျင်လျက် ဗုဒ္ဓ၀ါဒီတို့သည် မိမိတို့ တွေ့ကြုံခံစားရသည့် စိတ်ဆင်းရဲမှုနှင့် ပျော်ရွှင်မှုတို့သည် မိမိတို့ ပြုလုပ်သော ကောင်းမှုနှင့် မကောင်းမှုတို့၏ သဘာဝရလာဒ် ဖြစ်ကြောင်း ယုံကြည်ကြသည်။ ကမ္မသဘာဝတွင် ဆက်လက်ဖြစ်ပေါ်သော တန်ပြန်ခံရသော အခြေခံရှိကြောင်း ဖော်ပြရမည်ဖြစ်သည်။

ကံတရား၌ ရှိနေသော သဘာဝကား သင့်တော်သော အကျိုးဆက်ကို ဖြစ်ပေါ်စေမည့် ဖြစ်နိုင်ခြေဖြစ်သည်။ အကြောင်းတရားသည် ယင်း၏ အကျိုးတရားကို ဖြစ်ပေါ်စေသည်။ အကျိုးတရား၌ ယင်း၏ အကြောင်းတရားကို ရှင်းပြသည်။ မျိုးစေ့က အသီးကိုဖြစ်ပေါ်စေသည်။ ယင်းအသီးက အစေ့နှင့်အသီးတို့ကြား အပြန်အလှန် ဆက်စပ်မှုကို ရှင်းပြသည်။ ထို့အတူပင် ကံနှင့် ယင်းတို့၏ အကျိုးသက်ရောက်မှုတို့ ဆက်စပ်ပတ်သက်မှုရှိသည်။ အကျိုးတရားသည် အကြောင်းတရား၌ ပွင့်လင်းနေပြီးဖြစ်သည်။ ကမ္မ၀ါဒကို ပြည့်စုံစွာ ယုံကြည်သူ ဗုဒ္ဓ၀ါဒီတစ်ယောက်အဖို့ ကယ်တင်ခံရရန် အခြားပုဂ္ဂိုလ်တစ်ယောက်ထံ ဆုတောင်းခြင်း မပြုဘဲ ယင်းကမ္မ၀ါဒသည် မိမိကိုယ်ကို အားကိုးရန် သင်ကြားသည့်အတွက် မိမိ၏စင်ကြယ်မှုအတွက် မိမိအပေါ်မှာသာ တည်မှီကြောင်း နှစ်နှစ်ကာကာ ယုံကြည်သည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်အား ဖြေသိမ့်မှု၊ မျှော်လင့်ချက်၊ မိမိကိုယ်ကို မှီခိုအားထားမှုနှင့် ကိုယ်ကျင့်သီလ ဖြည့်စွမ်းမှု သတ္တိတို့ကို ပေးသည်မှာ ကံကိုယုံကြည်သည့် တရားအဆုံးအမပင် ဖြစ်သည်။ မိမိ၏လုံ့လကို ပြည့်စုံစေ၍ ၎င်း၏စိတ်ဓာတ်ပြင်းပြမှုကို ထွန်းညှိပေးပြီး ၎င်းအား ထာဝစဉ် ကြင်နာစေ၊ သည်းခံစေ၊ ညှာတာထောက်ထားစေသည်မှာ ကံယုံကြည်ချက်ကြောင့် ဖြစ်သည်။ မကောင်းမှုမှ ရှောင်ရှားရန် ကောင်းမှုကိုပြုလုပ်ရန်နှင့် မည်သည့် ပြစ်ဒဏ်ခက်မှုကိုမှ ကြောက်ရွံ့ဖွယ် မည်သည့် ကောင်းချီးပေးခံရမှုကိုမှ မျှော်လင့်ဖွယ်မလိုဘဲ လူကောင်းတစ်ယောက်ဖြစ်ရန် မိမိအား တိုက်တွန်းပေးသည်မှာလည်း မြဲမြံသော ဤကံယုံကြည်မှုကြောင့် ဖြစ်သည်။ ဒုက္ခပြဿနာ သို့မဟုတ် အခြားဘာသာတရားများ၏ စီမံချမှတ်ပြီးသား ကြမ္မာဟုဆိုသော အရာ၏ လျှို့ဝှက်ချက်နှင့် အထူးသဖြင့် လူသားတို့၏ မညီမျှမှုတို့ကို ဖြေရှင်းနိုင်သည်မှာ ကမ္မ၀ါဒပင်ဖြစ်သည်။ ကမ္မနှင့် ဘ၀သံသရာကို နဂိုမှန်အဆိုအဖြစ် လက်ခံသည်။

Read more »

မြတ်ဗုဒ္ဓ…

မြတ်ဗုဒ္ဓ…
(အရှင်နာရဒမထေရ် (သီရိလင်္ကာ)၏ အင်္ဂလိပ်လို ရေးသားချက်ကို၊ အရှင်ကေလာသ (မြန်မာ) မှ မြန်မာဘာသာသို့ ပြန်ဆိုပူဇော်သည်။)
ဘီစီ ၆၂၃ခုနှစ် မေ(ကဆုန်လ)၏ လပြည့်နေ့တွင် ကမ္ဘာပေါ်၌ အကြီးမြတ်ဆုံးသော ဆရာအရှင်ဖြစ်ရန် ပါရမီပါလာသည့် သိဒ္ဓတ္ထအမည်ရှိ အိန္ဒိယမင်းသားတစ်ပါး နီပေါဒေသအတွင်း ဖွားမြင်တော်မူခဲ့သည်။ စည်းစိမ်ရင်ခွင်တွင် ကြီးပြင်းရလျက် မင်းသားတစ်ပါး တတ်မြောက်သင့်သော အတတ်ပညာကို ရရှိပြီးနောက် လူသားတစ်ယောက် အနေဖြင့် မင်းသားသိဒ္ဓတ္ထသည် အိမ်ထောင်ပြု၍ သားတစ်ယောက် ထွန်းကားခဲ့သည်။


မင်းသား၏ စဉ်းစားမြော်မြင်တတ်သော သဘာဝနှင့် အနှိုင်းမဲ့ ကရုဏာ တရားက မင်းသားဘ၀ရှိ မတည်မြဲသည့် ရုပ်ပိုင်းပျော်ရွှင်မှုကို ခံစားရန် မင်းသားအား ခွင့်မပြုခဲ့ပါချေ။ မင်းသားသိဒ္ဓတ္ထသည် ဘ၀ဒုက္ခကို နားမလည်သော်လည်း ဆင်းရဲနေကြသည့် လောကသားတို့အပေါ် နက်နက်ရှိုင်းရှိုင်း သနားကရုဏာ ဖြစ်ခဲ့သည်။ သာယာချမ်းမြေ့ပြီး ပြည့်စုံသောဘ၀တွင် မင်းသားသိဒ္ဓတ္ထသည် သောက၏ ကျယ်ပြောနက်ရှိုင်းပုံကို သဘောပေါက်ခဲ့သည့်။ ကရုဏာရှင် မင်းသားသိဒ္ဓတ္ထအဖို့ လောကီပျော်ရွှင်ဖွယ် အလုံးစုံနှင့်ပြည့်စုံသည့် စံနန်းဆောင်သည် နှစ်လိုဖွယ်နေရာ တစ်ခုမဟုတ်တော့ချေ။ ထွက်တော်မူ နန်းကခွာရန် အချိန်ရောက်ခဲ့လေပြီ။ အာရုံငါးပါးဆိုင်ရာ ပျော်ရွှင်မှုများ၏ အချည်းနှီးဖြစ်ပုံကို သိမြင်သွားခြင်းက သက်တော် ၂၉နှစ်မြောက်တွင် လောကီပျော်ရွှင်မှု အားလုံးကိုစွန့်ပြီး အ၀ါရောင် ရဟန်းဝတ်ရုံကို ၀တ်ဆင်လျက် သစ္စာတရားကို ရှာဖွေရင်း အသပြာမရှိ တစ်ကိုယ်တည်း လှည့်လည်ခဲ့သည်။

ယင်းဖြစ်ရပ်ကား မဖြစ်စဖူးထူးကဲသော ဥဒါန်းတွင်ရစ်သည့် မဟာဘိနိက္ခမန (ကြီးမြတ်သော တောထွက်ခြင်း) ဖြစ်သည်။ အကြောင်းမူ မင်းသားသိဒ္ဓတ္ထသည် အသက်အရွယ် အိုမင်းရင့်ရော်ချိန်တွင် မဟုတ်ဘဲ ငယ်ရွယ်စဉ်မှာပင် တောထွက်ခဲ့ခြင်း၊ ဆင်းရဲ့မွဲတေ၍ မဟုတ်ဘဲ ကြွယ်ဝကုံလုံ ပြည့်စုံစဉ်မှာပင် တောထွက်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။ တင်းကျပ်ပြီး အပြင်းအထန် ခြိုးခြံသည့် ရဟန်းကျင့်စဉ် (ဒုက္ကရစရိယ)ကို မကျင့်သုံးဘဲ ၀ိမုတ္တိ (လွတ်မြောက်မှု)ကို မရနိုင်ဟု ရှေးခေတ်က ယုံကြည်ယဆကြသောကြောင့် မင်းသားသိဒ္ဓတ္ထသည် ပြင်းထန်သည့် ကျင့်စဉ်ပုံစံအားလုံးကို အသည်းအသန် အားထုတ်ခဲ့သည်။ ``နိုးကြားပြီးရင်း နိုးကြားရင်း၊ ခြိုးခြံပြီးရင်း ခြိုးခြံရင်းတို့ဖြင့် ထပ်လောင်းလျက်`` မင်းသားသည် ခြောက်နှစ်တိုင်တိုင် မဟာပုရိသတို့၏ အားထုတ်မှုကို ပြုတော်မူသည်။

မင်းသား၏ ခန္ဓာကိုယ်သည် အရိုးစုနီးပါးသို့ လျော့ကျသွားသည်။ မိမိခန္ဓာကိုယ်ကို ညှဉ်းဆဲလေ မိမိ၏ပန်းတိုင်းသည် မိမိမှ ပိုမိုဝေးစွာ ကျန်ခဲ့လေဖြစ်သည်။ မင်းသား ပြင်းထန်စွာအားထုတ်ခဲ့သည့် နာကျင်ခံခက်ပြီး မအောင်မြင်သော ဒုက္ကရစရိယသည် လုံးဝအချည်းနှီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ မင်းသားသည် ယခုအခါ (ယင်း) ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် ခန္ဓာကိုယ်ကို အားနည်းစေပြီး စိတ်ဓာတ်ငြီးငွေ့ ဆုတ်ယုတ်မှုကို ဖြစ်ပေါ်စေသည့် အတ္တကိလမထ (မိမိကိုယ်ကိုညှဉ်းပန်းခြင်း)၏ လုံးဝအကျိုး မရှိပုံကို အကြွင်းမဲ့ သိမြင်သွားသည်။

အဖိုးမဖြတ်နိုင်သည့် ယင်းကိုယ်ပိုင်တွေ့ကြုံသိရှိမှု၏ လမ်းညွှန်ချက်ဖြင့် ဗုဒ္ဓလောင်းလျာမင်းသားသည် နောက်ဆုံး၌ ကာမသုခလ္လိကာနုယောဂ (ကာမဂုဏ်ချမ်းသာ ပျော်ရွှင်ခံစားမှု)နှင့် အတ္တကိလမထာနုယောဂ (ကိုယ်ခန္ဓာကို နှိပ်စက်ညှဉ်းပန်းမှု) ဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ရှားလျက် ဒုက္ကရစရိယ မဟုတ်သည့် ကျင့်စဉ်တစ်ရပ်ကို လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ ကာမသုခလ္လိကာနုယောဂသည် စိတ်ပိုင်းဘ၀ တိုးတက်မှုကို ဆုတ်ယုတ်စေပြီး အတ္တကိလမထာနုယောဂမူကား ဆင်ခြင်တုံတရားကို ဆုတ်ယုတ်စေသည်။ ဗုဒ္ဓလောင်းလျာ မင်းသားကိုယ်တိုင် တွေ့ရှိခဲ့သည့် နည်းလမ်းသစ်ကား မစ္ဇျိမပဋိပဒါ (အလယ်အလတ်လမ်းစဉ်) ဖြစ်ပြီး ယင်းသည် နောင်အခါတွင် ဗုဒ္ဓဓမ္မ၏ ၀ိသေသလက္ခဏာတစ်ရပ် ဖြစ်လာခဲ့သည်။

နှစ်လိုဖွယ် တစ်နံနက်တွင် ကမ္မဋ္ဌာန်းရှုမှတ်မှု၌ နက်ရှိုင်းစွာ အာရုံဝင်းစားခိုက် မည်သည့်တန်ခိုးစွမ်းအားရှင်၏ ကူညီခြင်း လမ်းညွှန်ခြင်းမျှမရှိဘဲ မိမိ၏လုံ့လ အားထုတ်မှုနှင့် အသိပညာကိုသာ အမှီသဟဲပြု၍ ကိလေသာ အလုံးစုံကို ပယ်ရှားပစ်ခြင်း၌ စိတ်ဓာတ်စင်ကြယ်လျက် သဘ၀အမှန်ကို အရှိအတိုင်း သိမြင်သွားပြီးနောက် သက်တော် ၃၅နှစ်အရွယ်၌ သဗ္ဗညုတဉာဏ်ကိုရ (ဗုဒ္ဓဖြစ်) တော်မူသည်။ ဗုဒ္ဓဘုရားအဖြစ်ဖြင့် မွေးဖွားလာခဲ့သည် မဟုတ်ဘဲ မိမိ၏ ကျင့်ကြံအားထုတ်မှုဖြင့် ဗုဒ္ဓဖြစ်လာသည်။ ရှင်တော်မြတ် ဟောကြားခဲ့သော ကျင့်စဉ်အားလုံး၏ ပြီးပြည့်စုံသည့် စံပြပုံစံအနေဖြင့် အနှိုင်းမဲ့ မဟာကရုဏာတော်အားလျော်သော သဗ္ဗညုတဉာဏ်တော်နှင့် ပြည့်စုံလျက် မြတ်ဗုဒ္ဓသည် မည်သည့် တစ်ကိုယ်ရည် ပုဂ္ဂလိက ရည်ရွယ်ချက်ကိုမျှ အဓိကမထားဘဲ မိမိ၏ အဖိုးတန်လှသည့် ကျန်ရှိသည့်ဘ၀ သက်တမ်းကို လောကအား ပြုစုစောင့်ရှောက်ရန် မြှုပ်နှံခဲ့သည်။

၄၅နှစ်ကြာ အလွန်အောင်မြင်သည့် ဘ၀သက်တမ်း ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် အခြားလူသား သတ္တ၀ါ အားလုံးကဲ့သို့ပင် ရှောင်လွဲမရသည့် မတည်မမြဲပြောင်းလဲမှု ကုန်ဆုံးပြီးနောက် မြတ်ဗုဒ္ဓသည် နောက်ဆုံး၌ မိမိ၏ တပည့်သာဝကများအား မိမိဟောကြားခဲ့သည့် ဓမ္မကို ဆရာအဖြစ် မှန်ယူရန် မိန့်ကြားလျက် သက်တော်၈၀ အရွယ်၌ ပရိနိဗ္ဗာန် စံလွန်တော်မူသည်။

ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်ဖြစ်သည်။ လူသားတစ်ယောက်အဖြစ် မွေးဖွားခဲ့ပြီး လူသားတစ်ယောက်ကဲ့သို့ နေထိုင်လျက် လူသားတစ်ယောက်ကဲ့သို့ပင် ဘ၀အဆုံးသတ်တော်မူသွားသည်။ လူသားတစ်ယောက် ဖြစ်သော်လည်း ဗုဒ္ဓသည် အံ့ဖွယ်မဟာလူသား (အစ္ဆရိယမနုဿ) ဖြစ်လျက် နတ်ဘုရားအနေဖြင့် (မိမိကိုယ်ကို) လုံးဝမိန့်ဆိုခြင်း မရှိခဲ့ပေ။ ဗုဒ္ဓရှင်တော်မြတ်သည် ဤအရေးပါသည့်အချက်ကို အလေးပေး မိန့်ကြားတော်မူခဲ့ပြီး ကိုယ်တော်မြတ်အနေဖြင့် ထာဝရတည်မြဲသူ နတ်ဗြဟ္မာဖြစ်သည့်ဟု မည်သူမျှ မှားယွင်းစွာ ထင်မြင်ယူဆသွားစေရန် တစ်စွန်းတစ်စမျှ ချန်မထားခဲ့ချေ။ ဗုဒ္ဓရှင်တော်မြတ် ကိစ္စနှင့်ပတ်သက်၍ နတ်ဘုရားကဲ့သို့ ကိုးကွယ်ပသခြင်းမျိုး မရှိသည်မှာ ကံကောင်းသည်။ သို့တစေ ``ဖန်ဆင်းရှင် ထာဝရဘုရားကို တစ်စက်မျှ မယုံသော်လည်း ဗုဒ္ဓရှင်တော်မြတ်ကဲ့သို့ အလုံးစုံသိ ဘုရားနှင့်တူသူ`` ဆရာမျိုး တစ်ဦးတစ်ယောက်မျှ မရှိကြောင်း မှတ်သင့်သည်။

ဗုဒ္ဓရှင်တော်မြတ်သည် အချို့ယူဆသကဲ့သို့ ဟိန္ဒူဘုရား ဗိသျှနုဝင်စားသူ မဟုတ်သကဲ့သို့ တစ်ကိုယ်ရေ လွတ်မြောက်မှုဖြင့် အခြားပုဂ္ဂိုလ်များအား မိမိစိတ်တိုင်းကျ ကယ်တင်ပေးသူလည်း မဟုတ်ချေ။ စင်ကြယ်မှုရော ညစ်ကျူမှုပါ မိမိတို့အပေါ်တွင်သာ တည်မှီသောကြောင့် မိမိတို့ လွတ်မြောက်မှုအတွက်လည်း မိမိတို့အပေါ်တွင်သာ တည်မှီကြောင်း တပည့်သာဝကများအား ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည်။ မိမိနှင့် မိမိသာဝကတို့၏ ဆက်နွယ်ပတ်သက်မှုကို ရှင်းလင်းစွာ ဖော်ပြပြီး ကိုယ့်ကိုယ်ကို အားကိုးမှုနှင့် တစ်ကိုယ်ရေ လုံ့လကြိုးကုတ်မှု၏ အရေးပါမှုကို အထူးပြု မြွက်ဟလျက် ``ဘိက္ခုတို့ … ကိုယ်တိုင်အားထုတ်ကြရမည်။ တထာဂတ (ဘုရားရှင်)တို့ကား လမ်းညွှန်သူများသာ ဖြစ်ကြ၏``ဟု ရှင်းလင်းစွာ ဖော်ပြတော်မူသည်။

ဗုဒ္ဓသည် လမ်းစဉ်ကို ညွှန်ပြလျက် ကျွန်ုပ်တို့၏ စင်ကြယ်မှုကို ရရှိရေးအတွက် လိုက်နာကျင့်သုံးရန် ယင်းလမ်းစဉ်ကို ကျွန်ုပ်တို့အဖို့ ထားခဲ့သည်။ ``ကယ်တင်ခံရခြင်းအတွက် အခြားပုဂ္ဂိုလ်များအား အားကိုးခြင်းမှာ ဖြစ်နိုင်ခြေမရှိသော်လည်း မိမိကိုယ်ကို အားကိုးခြင်းကား အကျိုးရှိသည်။`` သူတစ်ပါးအား အားကိုးခြင်းဟူသည် မိမိ၏လုံ့လ စွမ်းပကားကို အရှုံးပေးခြင်းဟု ဆိုလိုရာရောက်သည်။

မိမိကိုယ်ကို အားကိုးရန် တပည့်သာဝကများအား ရှင်းလင်းရာ၌ ဗုဒ္ဓရှင်တော်မြတ်က မဟာပရိနိဗ္ဗာနသုတ်တော်၌ ``သင်တို့သည် မိမိကိုယ်ကို ကျွန်းကဲ့သို့ပြု၍ နေထိုင်ကြလော့။ မိမိကိုယ်ကို အားကိုးရာပြု၍ နေထိုင်ကြလော့။ အခြားအရာများ၌ အားကိုးရာကို မရှာကြနှင့်``ဟု မိန့်တော်မူသည်။ ယင်းမြင့်မြတ်လှသည့် စကားတော်များကား ကိုယ့်ကိုယ်ကို မြှင့်တင်ပေးလျက်ရှိကြသည်။ မိမိ၏ ရည်ရွယ်ချက် အောင်မြင်ပြီးမြောက်ဖို့ မိမိကိုယ်တိုင် လုံ့လအားထုတ်ရန် မည်မျှအရေးပါကြောင်းနှင့် အပြစ်ကို ခွင့်လွှတ်သည်ဆိုသည့် ကယ်တင်ရှင်များထံမှ ထုတ်နှုတ်ရွေးချယ်ခံရမှုကို ရှာဖွေခြင်းနှင့် စိတ်ကူးယဉ် နတ်ဘုရားများအား တောင်းပန်ဝပ်လျှိုးမှု သို့မဟုတ် အကျိုးမတုံ့ပြန်သော တောင်းဆုချွေမှုနှင့် အဓိပ္ပါယ်မဲ့ ယဇ်ပူဇော်မှုများဖြင့် နောက်ဘ၀တစ်ခုက မသေချာ မရေရာသော ပျော်ရွှင်မှုကို တောင့်တခြင်းတို့မှာ မည်မျှပေါ့ပျက်ပြီး အချည်းနှီးဖြစ်ကြောင်း ယင်းစကားတော်များက ဖော်ပြသည်။

တစ်ဖန် ဗုဒ္ဓရှင်တော်မြတ်သည် ဗုဒ္ဓအဖြစ်ကို ငါသာပိုင် လက်ဝါးကြီးအုပ် မတောင်းဆိုချေ။ အမှန်စင်စစ် ဗုဒ္ဓအဖြစ်ဟူသည် မည်သည့်အထူးကောင်းချီးပေးခံရသူ၏ သီးခြားပိုင်ဆိုင်မှုမျှ မဟုတ်ချေ။ ဗုဒ္ဓရှင်တော်မြတ်သည် မည်သူမဆို မျှော်လင့်တောင့်တနိုင်သော ဖြစ်နိုင်ခြေရှိ ပါရမီတို့၏ အမြင့်ဆုံးအဆင့်သို့ ဆိုက်ရောက်ခဲ့ပြီး ဆရာစား (အာစရိယမုဋ္ဌိ) မချန်ဘဲ ယင်းနောက်ဆုံး အဆင့်သို့ ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းဖြောင့်လမ်းမှန်ကို ဖော်ထုတ်ခဲ့သည်။ ဗုဒ္ဓ၏ ဟောကြားချက်များအရ မည်သူမဆို လိုအပ်သည့် လုံ့လကြိုးကုတ်ကို ပြုလုပ်ခဲ့မူ ယင်းအမြင့်ဆုံး ပြည့်စုံမှုအဆင့်ကို မျှော်မှန်းနိုင်သည်။ ဗုဒ္ဓရှင်တော်မြတ်သည် လူသားတို့အား ကောက်ကျစ်သည့် အပြစ်ရှိသူများဟု ခေါ်ဝေါ်လျက် ပြစ်တင်ရှုတ်ချခြင်း မပြုဘဲ ယင်းသို့ပြုမည့်အစား လူသည် သန္ဓေပါအရ နှလုံးသားစင်ကြယ်ကြောင်း မိန့်ကြားလျက် လူသားတို့ကို နှစ်သိမ့် အားပေးတော်မူသည်။ ဗုဒ္ဓရှင်တော်မြတ်၏ အမြင်တွင် လောကသည် မကောက်ကျစ်၊ သို့တစေ အ၀ိဇ္ဇာ ဖုံးလွှမ်းမြှေးယှက်ခြင်း ခံကြရသည်။ မိမိတပည့်များအား စိတ်ပျက်စေခြင်းနှင့် မြင့်မြတ်သည့် အခြေအနေကို မိမိသာထိုက်တန်ကြောင်း ပြဆိုခြင်းတို့အစား လူတိုင်းတွင် ဗုဒ္ဓအဖြစ် အနုသယဓာတ် တည်ရှိနေသဖြင့် တပည့်သာဝကတို့အား မိမိကို အတုလိုက်၍ ကျင့်သုံးရန် အားပေးတိုက်တွန်းတော်မူသည်။ နောက်တစ်မျိုး ဆိုရမူ လူတိုင်းဗုဒ္ဓဘုရား ဖြစ်နိုင်သည်။

ဗုဒ္ဓဖြစ်ရန် စိတ်အားထက်သန်သူအား ဗောဓိသတ္တဟုခေါ်ပြီး စာပေနည်းဖြင့် အသိပညာ (ပွင့်လန်းမည့်) ပုဂ္ဂိုလ်ဟု အဓိပ္ပါယ်ရသည်။ ယင်းဘုရားလောင်းအယူအဆသည် ဤအတ္တဗဟိုပြုလောကအား ထာဝစဉ် အပ်နှင်းထားပြီးဖြစ်သည့် အလှပဆုံး အရည်မွန်ဆုံးသော ဘ၀ကျင့်စဉ် ဘ၀နေနည်း တစ်ရပ်ဖြစ်သည်။ အကြောင်းမူ (လောကအား) အလုပ်အကျွေးပြုလျက် စင်ကြယ်သည့် ဘ၀တစ်ခုထက် ပိုမိုမြင့်မြတ်သည့် မည်သည့်အရာ အဘယ်မှာရှိပါအံ့နည်း..။

ဗုဒ္ဓရှင်တော်မြတ်သည် လူသားတစ်ယောက်အနေဖြင့် ဗုဒ္ဓအဖြစ်ကို ရရှိခဲ့ပြီး ကိန်းဝပ်နေသည့် မမြင်နိုင်ကောင်းသော ဖြစ်နိုင်ခြေများနှင့် လူသား၏ ဖန်တီးနိုင်စွမ်းကို လောကသို့ ကြေငြာတော်မူခဲ့သည်။ လူသား၏ ကံကြမ္မာကို စိတ်တိုင်းကျ ချုပ်ကိုင်ထားသူ မမြင်တွေ့ရသည့် အနန္တတန်ခိုးရှင် တစ်ဆူတည်းသော ထာဝရဘုရားသခင်ကို လူသားတို့ အပေါ်မှာ ထားရှိပြီး လူသားအား အနန္တတန်ခိုးတစ်ရပ်ကို ကျိုးနွံစေမည့်အစား လူ့တန်ဖိုးကို မြှင့်တင်ပေးခဲ့သည်။ လူသည် မိမိ လွတ်မြောက်မှု (၀ိမုတ္တိ)နှင့် စင်ကြယ်မှု (၀ိသုဒ္ဓိ)တို့ကို ပြင်ပရှိ ဖန်ဆင်းရှင်ဘုရားသခင် သို့မဟုတ် ဟောပြောသူ ဓမ္မဆရာများကို အမှီအခိုမပြုဘဲ ကိုယ်ပိုင်ကျင့်ကြံ အားထုတ်မှုဖြင့် ရရှိနိုင်ကြောင်း ဟောကြားတော်မူသည်မှာ ဗုဒ္ဓရှင်တော်မြတ်သာ ဖြစ်ချေသည်။ အတ္တဗဟိုပြု လောကအား ကိုယ်ကျိုးစွန့် ဆောင်ရွက်မှုဟူသော မြင့်မြတ်သည့် အယူအဆကို ဟောကြားခဲ့သည်မှာ ရှင်တော်ဗုဒ္ဓပင်ဖြစ်သည်။ ဂုဏ်ကျက်သရေကို သိမ်ငယ်စေသည့် အမျိုးဇာတ်စနစ်ကို တော်လှန်ဆန့်ကျင်ပြီး လူသားချင်း တန်းတူညီမှုကို ဟောကြားလျက် ဘ၀ခရီးတစ်လျှောက် ၎င်းတို့ကိုယ်တိုင်အား တောက်ပြောင်စေရန် အားလုံးအတွက် တူညီသည့် အခွင့်အရေးများကို ပေးအပ်ခဲ့သည်မှာ မြတ်ဗုဒ္ဓပင် ဖြစ်သည်။

ဘ၀ကဏ္ဍသစ်ဖွင့်ပြီး ပြည့်စုံမှုကို လိုလားသူဖြစ်မည့် ဇာတ်နိမ့်ဇာတ်မြင့် သူတော်စင် လူသတ်သမားဟူသော ဘ၀အခြေအနေတိုင်းမှ လူအားလုံးတို့အတွက် အောင်မြင်မှုနှင့် ကြီးပွားချမ်းသာမှု တံခါးကို ဖွင့်ထားကြောင်း ဗုဒ္ဓရှင်တော်မြတ်က မြွက်ဟတော်မူသည်။ အမျိုးဇာတ် အသားရောင် သို့မဟုတ် ရာထူးတို့ကို ခွဲခြားခြင်းမပြုဘဲ ဗုဒ္ဓရှင်တော်မြတ်သည် ထိုက်တန်သူ အမျိုးသား အမျိုးသမီး နှစ်ရပ်လုံးအတွက် ဒီမိုကရေစီနည်းကျကျ ဖွဲ့စည်းထားသည့် သံဃာ့အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် မိမိ၏တပည့်များအား ဓမ္မ၏ကျေးကျွန်ဖြစ်ရန်ရော မိမိကိုယ်တိုင်၏ လက်အောက်ခံ ဖြစ်ရန်အတွက်ပါ တွန်းအားမပေးဘဲ လုံးဝအတွေးအမြင် လွတ်လပ်မှုကို ပေးအပ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်သည် ကိုယ်တော်မြတ်၏ အားပေးစကားများဖြင့် မိသားစုနှင့် ကွေကွင်းသူများအား သက်သာရာ ရစေတော်မူခဲ့သည်။ စွန့်ပစ်ခံ နာမကျန်းသူများအား ပြုစုစောင့်ရှောက်ခဲ့သည်။ လျစ်လျူရှုခံရသည့် ဆင်းရဲသားများအား ကူညီစောင့်ရှောက်ခဲ့သည်။ လမ်းပျောက်နေသူများအား ဂုဏ်တက်အောင် ဆောင်ရွက်ပေးပြီး ရာဇ၀တ်မှု ကျူးလွန်သူတို့၏ စာရိတ္တပျက်ပြားမှုဘ၀ကို စင်ကြယ်စေသည်။ အားငယ်သူများအား အားပေးပြီး ကွဲပြားနေသူများအား ညီညွတ်စေသည်။ မသိမိုက်မဲသူများအား အသိဉာဏ်ပွင့်လင်းစေသည်။ နက်နဲသည့်အရာကို ဖြေဆိုရှင်းလင်းပေးသည်။ အသိပညာ နည်းပါးသူများအား လမ်းညွန်ပေးသည်။ အောက်ခြေမှ ပုဂ္ဂိုလ်များအား မြင့်တင်ေးသည်။ မြင့်မြတ်သူများအား ပိုမိုကျက်သရေ ရှိစေသည်။ ဆင်းရဲချမ်းသာ သူတော်စင် လူမိုက်မဟူ ရှင်တော်မြတ်အား ထပ်တူညီမျှ ချစ်ခင်မြတ်နိုးကြသည်။ အာဏာထန်ပြင်းသူ၊ ဖြောင့်မတ်သူ ဘုရင်များ၊ ထင်ရှားမထင်ရှား မင်းညီမင်းသားများနှင့် အထက်တန်းလွှာများ၊ ရက်ရောသူ ကပ်စေးနှဲသူ သန်းကြွယ်သူဌေးများ၊ မာနထောင်လွှားသူ နိမ့်ချသူ ပညာရှင်များ၊ ခိုကိုးရာမဲ့ သူဆင်းရဲများ၊ အောက်တန်းကျသူ အမှိုက်ပုံတွင် ရှာဖွေစားသောက်ရသူများ၊ ကောက်ကျစ်သူ၊ လူသတ်သမာများ၊ အထင်သေးခံရသူ ပြည့်တန်ဆာများ၊ ယင်းသို့သော ပုဂ္ဂိုလ်အားလုံးသည် ဗုဒ္ဓရှင်တော်မြတ်၏ ပညာ၊ ကရုဏာ (ပြဋ္ဌာန်းသည့်) စကားလုံးများကြောင့် အကျိုးဖြစ်ထွန်းကြသည်။

ဗုဒ္ဓရှင်တော်မြတ်၏ မြင့်မြတ်သည့် စံနမူသည် သတ္တ၀ါအားလုံးအဖို့ အားတက်ဖွယ် အကြောင်းတစ်ရပ်ဖြစ်သည်။ ဗုဒ္ဓရှင်တော်မြတ်၏ တည်ငြိမ်အေးချမ်းသော သွင်ပြင်သည် ကြည်ညိုသူပုဂ္ဂိုလ်များ၏ အမြင်တွင် စိတ်သက်သာရာ ရစေသည့် ရုပ်ပုံတစ်ရပ်ဖြစ်ခဲ့သည်။ ဗုဒ္ဓရှင်တော်မြတ်၏ ငြိမ်းချမ်းရေးနှင့် သည်းခံရေး တရားတော်အား လူအားလုံးက ဖော်မပြနိုင်သော ပျော်ရွှင်မှုဖြင့် ကြိုဆိုခဲ့ကြပြီး ယင်းသည် ကြားနာခွင့် လိုက်နာကျင့်သုံးခွင့် ရှိခဲ့သူတိုင်းအား ထာဝရ အကျိုးဖြစ်ထွန်းစေခဲ့သည်။

ဗုဒ္ဓဓမ္မ ထိုးဖောက်ထွန်းတောက်ခဲ့သည့် နေရာတိုင်းတွင် ယင်းဓမ္မသည် အသီးသီးသော လူမျိုးများ၏ စရိုက်လက္ခဏာအပေါ် ခိုင်မြဲသည့် စွဲမက်ဖွယ် ထင်ဟပ်မှုတစ်ရပ်ကို ထားပစ်ခဲ့သည်။ ဗုဒ္ဓဘာသာနိုင်ငံ အားလုံး၏ ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ခြင်းမှာ အဓိကအားဖြင့် ဗုဒ္ဓ၏ အထက်တန်းကျသော အဆုံးအမများကြောင့် ဖြစ်ရသည်။ အမှန်သော် သီဟိုဠ်၊ မြန်မာ၊ ယိုးဒယား၊ ကမ္ဘောဒီးယား၊ ဗီယက်နာမ်၊ လော၊ နီပေါ၊ တိဗက်၊ တရုတ်၊ မွန်ဂိုလီးယား၊ ကိုရီးယား၊ ဂျပန်စသည်ကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံအားလုံးသည် ဗုဒ္ဓ၀ါဒတည်းဟူသော ပုခက်အတွင်းက ကြီးပြင်းခဲ့ကြသည်။ ဤမြင့်မြတ်သည့် ဆရာအရှင် ပရိနိဗ္ဗာန် စံလွန်ခဲ့သည်မှာ နှစ်ပေါင်း ၂၅၀၀ကျော်လွန်ခဲ့ပြီ ဖြစ်သော်လည်း ရှင်တော်မြတ်၏ အနှိုင်းမဲ့ နှစ်လိုဖွယ် လက္ခဏာသည် ရှင်တော်မြတ်အား သိလာသူ အားလုံးအပေါ် လွှမ်းမိုးမှုတစ်ရပ်ကို ဖြစ်စေခဲ့သည်။

ဗုဒ္ဓရှင်တော်မြတ်၏ သံမဏိစိတ်ဓတ်၊ နက်နဲသည့် ပညာ၊ အနန္တမေတ္တာ၊ မဟာကရုဏာ၊ ကိုယ်ကျိုးမဲ့ဆောင်ရွက်မှု၊ သမိုင်းတွင်ရစ်သည့် မဟာဘိနိက္ခမန (လောကီစည်းစိမ်ကို စွန့်လွတ်မှု)၊ အလုံးစုံစင်ကြယ်မှု၊ ဆွဲဆောင်သည့် ဥပဓိရုပ်၊ ဓမ္မပြန့်ပွားရန် ဆောင်ရွက်ခဲ့သည့် စံပြနည်းစနစ်နှင့် ရှင်တော်မြတ်၏ အဆုံးစွန် အောင်မြင်မှု ဤအလုံးစုံသော အချက်များသည် ကမ္ဘာ့လူဦးရေ ငါးပုံတစ်ပုံခန့်မျှအား ရှင်တော်မြတ်အား မိမိတို့၏ ဘာသာတရားဆိုင်ရာ ဆရာအရှင်အဖြစ် ၀မ်းသာစွာ လက်ခံရန် တွန်းအားပေးခဲ့ပြီး ဖြစ်သည်။

ဗုဒ္ဓရှင်တော်မြတ်အား တောက်ပြောင်သည့် ထောမနာပေးခြင်းပြုလျက် သီရိရာဓကရစ်ရှနာ (Sri Radhakarishna)က ဤသို့ဖော်ပြသည်။ ``ဗုဒ္ဓဂေါတမနှင့် စပ်လျှင် ကျွန်ုပ်တို့မှာ တွေးခေါ်မြော်မြင်မှုနှင့် လူသားမျိုးနွယ်နှင့်ဆိုင်သည့် ဘ၀အပေါ် သြဇာလွှမ်းမိုးသလောက် မည်သူမဆို (ယှဉ်လျှင်) ဒုတိယနေရာတွင် မရှိသူ၊ ၎င်း၏လွှမ်းမိုးမှုသည် အခြားမည်သူထက်မဆို ကျယ်ပြန့်နက်ရှိုင်းမှု ယုတ်လျော့ခြင်း မရှိဘဲ ဘာသာတရား အစဉ်အလာတစ်ရပ်ကို တည်ထောင်သူအဖြစ် အားလုံး၏ လေးစားရိုသေမှုကို ခံရသူ အရှေ့တိုင်းမှ ပညာရှိတစ်ဆူ ရရှိကြခြင်းဖြစ်၏။ ဗုဒ္ဓရှင်တော်မြတ်အား ကမ္ဘာအတွေးအခေါ် သမိုင်း၏ ပိုင်ဆိုင်ခြင်းကို ခံရသူ၊ ရည်မွန်သည့် လူသားအားလုံး၏ အများဆိုင် အမွေအနှစ်ဖြစ်ချေ၏။ အကြောင်းမူ အသိပညာဂုဏ်ရှိန်၊ ကိုယ်ကျင့်တရားရေးရာ ပြင်းပြမှုနှင့် စိတ်ပိုင်းဘ၀ ထိုးထွင်းသိမြင်မှုတို့ဖြင့် ဆုံးဖြတ်ခံရပါမူ ဗုဒ္ဓသည် သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်များအနက် တစ်ဆူဖြစ်ရသည်မှာ သံသယဖြစ်ဖွယ် မလိုသောကြောင့်တည်း။``

အိပ်ခ်ျ ဂျီ ၀ဲလ် (H.G. Wells) က ``သမိုင်းတွင် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်သုံးယောက် (Three greatest Men in History)``ကျမ်း၌ ဤသို့ရေးသည်။ ``ဗုဒ္ဓအား ရိုးသားသော ကိုင်းရှိုင်းသော တစ်ကိုယ်တည်းနေသော ဉာဏ်အလင်းအတွက် ကြိုးပမ်းနေသော လူသားတစ်ယောက်၊ ထင်ရှားသည့် လူသားဥပဓိရုပ် ရှိသူအဖြစ် ရှင်းလင်းစွာတွေ့ရပြီး စိတ်ကူးယဉ် နတ်ဒေ၀ါအဖြစ် မတွေ့ရချေ။ ဗုဒ္ဓသည် လူသားအားလုံးနှင့်ဆိုင်သော ကိုယ်ကျင့်တရားရေးရာ တရားဓမ္မကိုလည်း လူသားတို့အား ပေးအပ်ခဲ့၏။ ကျွန်ုပ်တို့၏ အကောင်းဆုံးသော ခေတ်သစ် အတွေးအမြင်များသည် ဗုဒ္ဓ၏ ဓမ္မနှင့် အနီးစပ်ဆုံး လိုက်လျောညီထွေရှိ၏။ ဗုဒ္ဓက ဆင်းရဲဒုက္ခအားလုံးနှင့် မကျေနပ်မှု အားလုံးသည် တစ်ကိုယ်ကောင်းဆန်မှုကြောင့် ဖြစ်ရကြောင်း ဟောကြားခဲ့၏။ လူသားတစ်ဦးသည် တည်ငြိမ်မှု ဖြစ်မလာနိုင်မီတွင် ၎င်း၏အာရုံတရားများအတွင်း သို့မဟုတ် ၎င်းကိုယ်တိုင်အတွင်း အသက်ရှင်ရမှုကို ရပ်စဲရမည်ဖြစ်၏။ ယင်းနောက်လူသားသည် ကြီးမြတ်သူအဖြစ်သို့ ရောက်ရှိ၏။ ဗုဒ္ဓသည် ခရစ်မပေါ်မီ နှစ်ပေါင်း ၅၀၀ခန့်ကပင် မတူခြားနားသည့် ဝေါဟာဖြင့် လူသားတို့အား ကိုယ်ကျိုးစွန့်မှုတရားကို ဟောကြားတိုက်တွန်းတော်မူခဲ့၏။ အခြားတစ်နည်း ဆိုရမူ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ လိုအပ်ချက်များနှင့် ပိုမိုနီးစပ်ခဲ့၏။ ဗုဒ္ဓသည် ကျွန်ုပ်တို့၏ တစ်ကိုယ်ရေ အရေးပါမှု အကျိုးဆောင်ရွက်မှုတွင် ခရစ်တော်ထက် ပိုမိုရှင်းလင်းပြီး ထာဝရတည်မြဲသူ ပုဂ္ဂိုလ်ဖြစ်သလောဟူသော အချက်နှင့် ပတ်သက်၍မူ (ခရစ်တော်ထက်) သံသယဖြစ်စရာ ပိုနည်း၏။ စိန့်ဟီလေရီ (St. Hilaire) က ``ဗုဒ္ဓရှင်တော်မြတ် ဟောကြားတော်မူသည့် ကိုယ်ကျင့်တရား အားလုံး၏ ပြီးပြည့်စုံသော ပုံစံဖြစ်သည့် ရှင်တော်မြတ်၏ဘ၀သည် ယင်းကိုယ်ကျင့်တရားအပေါ် စွန်းထင်မှု မရှိချေ။``ဟု မှတ်ချက်ပြုသည်။ ဖော့စ်ဗိုးလ် (Fausboll)က ``ဗုဒ္ဓရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုလေ ဖြစ်ပါ၏။``ဟု ဆိုသည်။ ရှင်တော်မြတ်၏ ကျိုးနွံသူ တပည့်တစ်ယောက်အနေဖြင့် ``ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ၊ ရှင်တော်မြတ်အပေါ် ကြည်ညိုရလေ ရှင်တော်မြတ်အကြောင်း ကျွန်ုပ်သိရလေ`` ဖြစ်ပါ၏ဟု ဆိုမည်ဖြစ်သည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ