သိအောင်လုပ်ပါ…

သိခြင်းနှင့် မသိခြင်းကို စာလိုပြောလျှင် ၀ိဇ္ဇာနှင့် အ၀ိဇ္ဇာဟု ပြောနိုင်၏။ အ၀ိဇ္ဇာကား မသိခြင်းဖြစ်ပြီး ၀ိဇ္ဇာကား သိခြင်းဖြစ်၏။ မသိမှုများလာလျှင် သိမှုကွယ်ပျောက်တတ်ပြီး သိလာလျှင်ကား မသိမှုကို ပယ်ဖျောက်ပေးတတ်၏။ ထိုသိမှုသည် ဖတ်မှတ်လေ့လာ နာကြားသဖြင့် သိရှိရသည့် အမှတ်သညာ အသိနှင့် လက်တွေ့လိုက်နာကျင့်ကြံ အားထုတ်သဖြင့် သိရှိလာသည့် ဉာဏ်နှင့်ယှဉ်သည့် အသိဟူ၍ နှစ်မျိုးရှိ၏။ ထိုအသိနှစ်မျိုးလုံး ရှိရန်လိုအပ်၏။ ယနေ့ခေတ် လူအများစုသည် ပညာသိဖြင့် သိရန်ဝေးစွ သညာသိဖြင့်ပင် သိသူအလွန်ရှားနေသည်ကို တွေ့ရ၏။ အထူးသဖြင့် ဗုဒ္ဓဘာသာ အများစုသည် ထိုသို့ဖြစ်နေကြ၏။ ဗုဒ္ဓဘာသာ အမည်ခံထားသော်လည်း မိမိတို့ကိုးကွယ်သည့် ဗုဒ္ဓဘာသာနှင့်စပ်၍ တစ်လုံးတစ်ပါဒမျှ မသိဖြစ်နေကြ၏။ ဗုဒ္ဓ၏ စစ်မှန်သည့် အဆုံးအမများနှင့် တွေ့ကြုံနေရသော်လည်း မသိမှုများက ဖုံးလွှမ်းထားသဖြင့် သိခွင့်သာပါလျှက် မသိကြဘဲ ဖြစ်နေကြ၏။ မသိ၍ သိအောင်လုပ်သည်လား ဆိုသော်လည်း မလုပ်ကြပေ။ စင်စစ် မသိပါက သိအောင်လုပ်သင့်၏။ ရှေးဦးစွာ သညာသိဖြင့် သိအောင်ကြိုးစားပြီး ပညာသိဖြင့် သိသည်အထိ အားထုတ်သင့်၏။ “မသိ၍ မလုပ်၊ မလုပ်သဖြင့် မသိ“ သို့ဆိုလျှင် မည့်သည့်အချိန်တွင် လုပ်၍ မည်သည့်အချိန်တွင် သိကြမည်နည်း။ ဤသို့သာ မလုပ်မသိ၊ မသိမလုပ် သံသရာတွင် ကျင်လည်နေမည်ဆိုပါက ပညာသိဖြင့် သိရန်မဆိုထားဘိ သညာသိဖြင့် သိရန်ပင် အလွန်ဝေးကွာ နေပေတော့မည်သာ ဖြစ်၏။

စာရေးသူသည် အသက်အရွယ်အရ ဖြတ်သန်းကျင်လည်ရသည့် ပတ်ဝန်းကျင် အနေအထားအရ လူအတော်များများနှင့် တွေ့ကြုံဆက်ဆံ ပြောဆိုဟောပြောဖူး၏။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်သုံးမျိုးလုံးနှင့် ဆုံမိဖူး၏။ မသိမှုကား သုံးမျိုးလုံး အတူတူပင် ဖြစ်ကြ၏။ တစ်ခါတစ်ရံ လူကြီးများကပင် မသိမှု ပိုကြသေး၏။ အရင်မွေး၍သာ အကြီးဖြစ်နေသော်လည်း အသိပညာ အနေဖြင့်ကား အငယ်ဖြစ်နေကြ၏။ မသိမှုများလာသည့် အခါ အမှားအမှန်ကိုလည်း မခွဲခြားတတ်ဘဲ ဖြစ်တတ်၏။ အမှားကို အမှန် အမှန်ကို အမှားထင်နေမိတတ်၏။ ထို့ထက် ပိုဆိုသည်ကား မသိမှု အလွန်အားကောင်းလာသည့် အခါ ကုသိုလ်မှန်း မသိ အကုသိုလ်မှန်း မသိဖြစ်လာတတ်ခြင်းပင် ဖြစ်၏။ ကုသိုလ်ကို အကုသိုလ်ထင်၊ အကုသိုလ်ကို ကုသိုလ်ထင်ကာ ရေလိုက်လွဲလာတတ်ခြင်းပင် ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးသည် ကုသိုလ် အကုသိုလ်ကို မသိဖြစ်နေလျှင် လူ့ဘ၀ကို ရနေသော်လည်း ထိုသူကို လူဟုပင် ဆိုရန်ခက်ခဲလှ၏။ စင်စစ် လူဟူသည် “ကုသလာကုသလံ မနသိ ဇာနာတီတိ မနုေဿာ= ကုသိုလ်အကုသိုလ်ကို သိတတ်သောကြောင့် လူမည်၏“ ဟု ဆိုသဖြင့် ကုသိုလ်အကုသိုလ်ကို ခွဲခြားသိရှိရန် လိုအပ်လှ၏။ အကြောင်းအကျိုး၊ အကောင်းအဆုံးကို နားလည်သဘောက်ပေါက်ရန် လိုအပ်လှ၏။ ထိုသို့ မဟုတ်လျှင် လူ့ဘ၀ကို ရနေသော်လည်း လူဟုဆိုရန် မလွယ်လှပေ။ ထို့ကြောင့်လည်း ဘုရားရှင်က “မနုဿဿ ဘာဝေါ ဒုလ္လဘော= လူ၏အဖြစ်သည် ရခဲလှ၏“ဟု ဆိုခြင်းဖြစ်၏။ ထိုသို့ လူ့ဘ၀ကို ရနေသော်လည်း လူမဖြစ်သည့်သူများ၊ လူဟုခေါ်ရန် မသင့်သူများသည် မသိမှုများကြောင့်သာ ထိုအခြေအနေသို့ ရောက်နေခြင်းဖြစ်၏။ မသိမှုသည် သတ္တ၀ါများကို မည်သည့်အခါမျှ ကောင်းကျိုးပေးမည် မဟုတ်ပေ။ သို့ဖြစ်၍လည်း သိအောင်လုပ်ရန် တိုက်တွန်းနေရခြင်းဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်က “ဘာပဲဖြစ်ဖြစ် အမှန်အတိုင်း သိအောင်လုပ်“ဟု ဟောတော်မူထား၏။ ထိုစကားကို ပါဠိလို “ပဇာနာတိ“ဟုဆို၏။ “ပဇာနာတိ= အထူးထူးအပြားပြားသိ၏“ဟု အဓိပ္ပါယ်ရ၏။ အထူးထူးအပြားပြား သိခြင်းဟူသည် မိမိ၏အတွင်း အပြင်နှင့် ပတ်သက်သည်များကို သိခြင်းဖြစ်၏။ ရှင်းအောင်ပြောရလျှင် စိတ်နှင့် ရုပ်တွင်ဖြစ်ပေါ်လာသည့် အရာမှန်သမျှကို သိခြင်းဖြစ်၏။ ထို့ထက်ပိုပြီး ရှင်းအောင်ပြောရလျှင် ခန္ဓာငါးပါးတွင် ဖြစ်ပေါ်လာသည့် အရာများကို သိခြင်းဖြစ်၏။ ခန္ဓာငါးတွင် ရုပ်ခန္ဓာသည် တစ်ပါးတည်းသာဖြစ်ပြီး နာမ်ခန္ဓာကား လေးပါးရှိ၏။ ထို့ကြောင့် ရုပ်ကိုသိအောင်လုပ်ဖို့ထက် နာမ်ခန္ဓာဟုခေါ်သည့် စိတ်ကို သိအောင်လုပ်ဖို့က ပိုခက်လှ၏။ ဘုရားရှင်သည် ထိုအသိခက်လှသည့် စိတ်ကို သိစေရန် မိမိကိုယ်ကို သတိကပ်ထားရန် လိုကြောင်း သတိတရားဖြင့် စောင့်ကြည့်ပြီး “မိမိသန္တာန်မှာ ရာဂစိတ်ဖြစ်လျှင်လည်း ရာဂစိတ်ဖြစ်သည်ဟု သိ၏၊ ရာဂကင်းသည့်စိတ်လျှင်လည်း ရာဂကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသစိတ်ဖြစ်လျှင်လည်း ဒေါသစိတ်ဖြစ်သည်ဟု သိ၏၊ ဒေါသကင်းသည့် စိတ်ဖြစ်လျှင်လည်း ဒေါသကင်းသည့် စိတ်ဖြစ်၏ဟု သိ၏၊ မောဟင်းစိတ်ဖြစ်လျှင်လည်း မောဟစိတ်ဖြစ်သည်ဟု သိ၏၊ မောဟကင်းသည့် စိတ်ဖြစ်လျှင်လည်း မောဟကင်းသည့် စိတ်ဖြစ်သည်ဟု သိ၏“ စသည်ဖြင့် ဖြစ်ပေါ်လာသည့် မည်သည့်စိတ်ကိုမဆို ဖြစ်ခိုက်ဖြစ်စဲမှာ သိရန်လိုကြောင်း ရှင်းပြတော်မူ၏။ အဘယ့်ကြောင့် ထိုသို့ မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိရန်လိုသည်ဟုဆိုရခြင်းမှာမူ ဖြစ်ခိုက်ကို သိမှသာလျှင် ထိုစိတ်သည် ရှေ့ဆက်မဖြစ်နိုင်ဘဲ ရပ်တန့်သွားမည်ဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ ထိုစိတ်၏ ဖြစ်စဲဖြစ်ခိုက်ကို မသိလျှင် အစွဲတရားဝင်လာတတ်ပြီး ထိုစိတ်၏ စေခိုင်းရာနောက်ပါသွားကာ ကိလေသာများ၊ အကုသိုလ်တရားများသာ တိုးပွားလာတတ်ပေ၏။ မည်သည့်စိတ်မဆို ချက်ချင်းသိလျှင် ချက်ချင်းရပ်တန့်နိုင်မည်ဖြစ်ပြီး ချက်ချင်းမသိဘဲ ဖြစ်နေပါလျှင် ထိုစိတ်၏ လွှမ်းမိုးသက်ရောက်မှုကို ခံရလျှက် လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်များ အဖြစ်ပြောင်းလဲ သွားတတ်၏။ ထိုအခါ မနောကံအပြစ်မှသည် နှုတ်ဖြင့်ကျူးလွန်မှု ၀စီကံအပြစ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအပြစ် အထိ ကျရောက်လာတတ်ပေ၏။ ဤသည်မှာ ဖြစ်ပေါ်လာသည့် စိတ်ကို ဖြစ်ခိုက်တွင် မသိမှုကြောင့်ဖြစ်၏။

မှန်၏။ မည်သူမဆို တစ်ခါတစ်ရံ မိမိတို့၏ စိတ်ကို သတိထားကြည့်မိသည့် အခါလေးများ ရှိတတ်၏။ ဖြစ်ပေါ်နေသည့် ကောင်းစိတ်၊ မကောင်းစိတ်ကို သတိထားမိသည့် အခါများလည်း ရှိတတ်၏။ ထိုသို့ သတိထားမိလိုက်သည့်အခါ ဖြစ်ပေါ်နေသည့် ထိုစိတ်သည် ရပ်တန့်သွားပြီး ရှေ့ဆက်မဖြစ်တော့ဘဲ နောက်စိတ်တစ်ခု ဖြစ်ပေါ်လာသည်ကို သတိပြုမိကြမည်ဖြစ်၏။ ဤသည်မှာ စိတ်၏သဘောပင် ဖြစ်၏။ စိတ်သည်တစ်ချိန်တည်းတွင် မည်သည့်အခါမျှ နှစ်စိတ်ဖြစ်ရိုးမရှိပေ။ အလွန်လျင်မြန်သောကြောင့်သာ နှစ်စိတ်သုံးစိတ်ဖြစ်သည့်ဟု ထင်မှတ်တတ်ကြ၏။ ရှေ့စိတ်ကို သိလိုက်သည့်နှင့် ထိုရှေ့စိတ်ပျောက်ပြီး နောက်သိသည့်စိတ် ဖြစ်ပေါ်လာ၏။ ထိုနည်းအတိုင်း သိလိုက်သိလိုက်တိုင်း စိတ်အသစ်အသစ် ဖြစ်ပေါ်နေခြင်းဖြစ်၏။ ထိုဖြစ်တိုင်းဖြစ်တိုင်း စိတ်ကိုသိအောင် ကြိုးစားရန်သာ လိုအပ်လှ၏။ ဥပမာအားဖြင့် တစ်စုံတစ်ခုကိုဖြစ်စေ တစ်စုံတစ်ယောက်ကိုဖြစ်စေ အကြောင်းပြုပြီး မိမိ၏စိတ်တွင် အလိုမကျဖြစ်သည့်စိတ်၊ မနာလိုဖြစ်သည့်စိတ် ဖြစ်ပေါ်လာသည့်အခါ ထိုစိတ်ဖြစ်သည်ကို ချက်ချင်းသိနိုင်အောင် သတိပြုသင့်၏။ ထိုစိတ်ဖြစ်ခိုက်တွင် “ငါ့မှာ ဒီစိတ်ဖြစ်နေပါလား“ဟု သိလိုက်သည်နှင့် တစ်ပြိုင်နက် ထိုစိတ်သည်ရှေ့ဆက် မဖြစ်တော့ဘဲ ရပ်တန့်သွားတော့၏။ ထို့ကြောင့် မည်သည့်စိတ်ဖြစ်ဖြစ် ဖြစ်ခိုက်ကို သိအောင်ကြိုးစားဟု ဆိုခြင်းဖြစ်၏။ အကယ်၍ ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်စဲဖြစ်ခိုက်ကို မသိပါက အစွဲတရားဝင်လာတတ်၏။ ဒေါသဖြစ်သည့်အခိုက် ထိုဒေါသစိတ်ကို မသိပါက အစွဲတရားဝင်လာပြီး ဒေါသအလျောက် ပြောဆိုမိတတ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မိတတ်၏။ ဤသည်မှာ ဖြစ်ခိုက်ကို မသိဘဲ စွဲသွားမိသောကြောင့်ဖြစ်၏။ ထို့အတူပင် တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုအပေါ် သဘောကျ ကျေနပ်နှစ်သက်မိသည့် စိတ်ဖြစ်ပေါ်လာသည့် အခါတွင်လည်း ထိုစိတ်၏ ဖြစ်ခိုက်ကို သိအောင်သတိပြုရမည် ဖြစ်၏။ မသိဘဲ လွှတ်ထားမိပါက အစွဲတရားဖြစ်ပေါ်လာပြီး တဏှာရာဂစိတ်၊ လိုချင်တပ်မက်မှု လောဘစိတ်စသည် ဖြစ်ပေါ်တတ်၏။ အကယ်၍ လိုချင်သည့်အတိုင်း ဖြစ်မလာပြန်လျှင် ဒေါသစိတ်က ထပ်ဆင့်ဝင်လာတတ်ပြန်၏။ ဤသဘောသည်လည်း ဖြစ်ပေါ်လာသည့် စိတ်၏ဖြစ်ခိုက်ကို မသိသောကြောင့်သာ ဖြစ်၏။ ထို့ကြောင့် မည်သည့်စိတ်ပဲ ဖြစ်ဖြစ် သိအောင်လုပ်ရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

မဟာစည် ဆရာတော်ကြီး မိန့်တော်မူသည့် တရားရှုမှတ်နည်း လင်္ကာလေးရှိ၏။ “ဖြစ်ခိုက်မရှု ရုပ်နာမ်စု စွဲမှုဝင်ရောက်သည်၊ ဖြစ်တိုင်းမှတ်ရှု ရုပ်နာမ်စု စွဲမှုကင်းပျောက်သည်“ ဟူ၍ဖြစ်၏။ ဆိုလိုသည်မှာ မိမိ၏ စိတ်တွင်ဖြစ်စေ၊ ရုပ်တွင်ဖြစ်စေ ဖြစ်သမျှ၊ ပေါ်သမျှကို ဖြစ်ခိုက်ပေါ်ခိုက်တွင် သိရန်လိုအပ်ပြီး မသိလိုက်ပါက အစွဲတရားဝင်တတ်ကြောင်း၊ ဖြစ်သမျှအခိုက်ကို သိလိုက်နိုင်ပါက အစွဲကင်းပျောက်မည်ဖြစ်ကြောင်း ဆိုလို၏။ အစွဲတရားသည်ကား အလွန်ကြောက်စရာကောင်းလှ၏။ စွဲလန်းမိလျှင် အမှန်ကို မမြင်ဖြစ်လာ၏။ မမြဲခြင်းသဘောကို မြဲသည်ဟု ထင်လာတတ်ပြီး မရှိကို အရှိဟု ထင်လာတတ်၏။ မပိုင်သည်ကို ပိုင်သည်ဟု ထင်လာတတ်ပြီး ငါမဟုတ်သည်ကို ငါဟုထင်လာတတ်၏။ ထို့ကြောင့်လည်း ငါ၊ ငါ့ဥစ္စာ၊ ငါ့ရာထူး၊ ငါ့ဂုဏ်ဝါစသည်ဖြင့် ငါစွဲများဖြင့် အချိန်ကုန်ကာ လောဘ၊ ဒေါသ၊ မောဟ၊ မာနစသည် ပြိုင်လာကြခြင်းဖြစ်၏။ သေချာသည်မှာ အကောင်းဖြစ်စေ အဆိုးဖြစ်စေ စွဲလန်းမိလျှင် မကောင်းဖြစ်တတ်ပြီး ဒုက္ခရောက်တတ်သည် ဟူသည့်အချက်ပင် ဖြစ်၏။ စင်စစ်။ ထိုအစွဲတရားဖြစ်ပေါ်ခြင်း၏ အကြောင်းကား မသိမှုကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုသည်လည်း ဖြစ်ခေါ်ပေါ်ခိုက်ကို မသိလိုက်မှုပင် ဖြစ်၏။ ဖြစ်ခိုက်ပေါ်ခိုက်ကို သိလိုက်ပါက ထိုအစွဲတရား ဖြစ်ပေါ်ရန် အကြောင်းမရှိတော့ပေ။ အစွဲတရားကင်းလျှင် ဒုက္ခကင်းမည်သာ ဖြစ်၏။ ဒုက္ခကင်းခြင်းသည် ချမ်းသာခြင်းပင်ဖြစ်၏။ ထို့ကြောင့် ဒုက္ခမရှိ ချမ်းသာသိဖို့ အစွဲမရှိကြရန် လိုကြောင်း ဆိုခြင်းဖြစ်၏။ အစွဲမရှိရန်အတွက်ကား သိမှပင်ဖြစ်၏။

အချုပ်အားဖြင့် ပြောလိုသည်မှာ ဘာပဲဖြစ်ဖြစ် သိအောင်လုပ်ရန် ပြောလိုရင်းဖြစ်၏။ ကာမဂုဏ် အာရုံများ တိုးတက်ဖြစ်ထွန်း များပြားလာသည့် ယနေ့ခေတ်တွင် ထိုကာမဂုဏ်အာရုံများ၏ ဖုံးလွှမ်းမှုကြောင့် သတ္တ၀ါတို့သည် လောဘ၊ ဒေါသ၊ မောဟ မာနစသည့် ကိလေသာများဖြင့်သာ အချိန်ကုန်နေကြပြီး သိသင့်သိထိုက်သည်များကို မသိနိုင်ဖြစ်နေကြရ၏။ မသိကြသဖြင့် ဒုက္ခများလည်း ဖြစ်နေကြရ၏။ ဒုက္ခဖြစ်ရခြင်းသည် စွဲလမ်းမိကြသဖြင့် ဖြစ်ရခြင်းဖြစ်၏။ ထိုစွဲလန်းမှု၏ အကြောင်းကား မသိမှု အ၀ိဇ္ဇာကြောင့်ပင် ဖြစ်ပါ၏။ ထိုမသိမှုကို အကြွင်းမဲ့ ပယ်သတ်နိုင်ရန်အတွက်ကား အစစအရာရာ သိအောင်ကြိုးစားမှသာ ဖြစ်ပေမည်။ သိရန်အတွက်ကား ရှေးဦးစွာ သညာသိဖြစ်ဖြင့် သိအောင်ကြိုးစားရမည်ဖြစ်ပြီး ထိုမှ ပညာသိဖြင့် သိအောင် ကြိုးစားရမည်သာ ဖြစ်ပါ၏။ ပညာသိဖြင့် သိရန်အတွက်ကား မြတ်စွာဘုရားရှင်၏ လမ်းညွှန်မှုအတိုင်း စိတ်မှာဖြစ်စေ၊ ရုပ်မှာဖြစ်စေ ဖြစ်ပေါ်လာသည့် အရာများကို သတိကပ်လျက် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲမှာပင် သိအောင်ကြိုးစားရမည်သာ ဖြစ်ပါ၏။ ထိုသို့ ဖြစ်ခိုက်ပေါ်ခိုက်တွင် အလိုက်သင့် လိုက်သိနေမည်ဆိုလျှင် ရုပ်နာမ်ကိုအမှီပြု၍ အစွဲတရားလည်း ဖြစ်ပေါ်လာမည် မဟုတ်တော့ပေ။ အစွဲမရှိလျှင် ဒုက္ခလည်း မရှိနိုင်ပေ။ ဒုက္ခမရှိလျှင် အခိုက်အတန့်အားဖြင့် ငြိမ်းနေမည်သာ ဖြစ်ပါ၏။ အကြွင်းမဲ့ ငြိမ်းရန်အတွက်ကား အကြွင်းမရှိ ပယ်သတ်နိုင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် မသိမှုများကြောင့် စွဲလမ်းမှုတွေဖြစ်နေရပြီး စွဲလမ်းမှုများကြောင့် ဒုက္ခဖြစ်နေကြရသည့် လောကကြီးတွင် ဒုက္ခဖြစ်ကြောင်း စွဲလန်းမှုကို ပယ်ဖျောက်နိုင်ရန် မည်သည့်အရာပဲဖြစ်ဖြစ် ဖြစ်ခိုက်ပေါ်ခိုက်၊ ဖြစ်စဲပေါ်စဲတွင် သိအောင်သာလုပ်ကြပါဟု တိုက်တွန်းလိုက်ရပါသတည်း။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ