သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်…

မြတ်စွာဘုရားရှင် မာဂဓတိုင်း ရာဇဂြိုဟ်ပြည်၏ အရှေ့အရပ်၊ အမ္ဗသဏ္ဍအမည်ရှိသော ပုဏ္ဏားရွာ၏ မြောက်အရပ် ဝေဒိယကတောင် ဣန္ဒသာလဂူ၌ သီတင်းသုံးနေတော်မူစဉ်က ဖြစ်ပါ၏။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတော်မူသော နတ်တို့၏အရှင် သိကြားမင်းသည် ဘုရားရှင် ထိုဣန္ဒသာလဂူတွင် သီတင်းသုံးနေထိုင်တော် မူသည့် သတင်းကို ကြားသိပြီး မိမိသန္တာန်၌ ဖြစ်ပေါ်လျက်ရှိသည့် သံသယများနှင့် ပတ်သက်၍ မေးမြန်းလျှောက်ထားလိုသည့် စိတ်ကူးဖြစ်ပေါ်ခဲ့၏။ ထိုအကြံကြောင့်ပင် သိကြားမင်းသည် အခြံအရံ ပရိတ်သတ်များနှင့်အတူ ဘုရားရှင်ရှိတော်မူရာ အရပ်သို့ ရောက်ရှိလာပြီး ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် မိမိသိလိုသည်များကို မေးလျှောက်လေ၏။

ထိုသို့ သိကြားမင်းမေးသဖြင့် ဘုရားရှင်ကိုယ်တိုင် ဖြေကြားဟောတော်မူပေးမှုကို သုတ္တန်အမည်တစ်ခုအဖြစ် မှတ်တမ်းတင်ထားပါ၏။ ထိုသုတ္တန်၏အမည်ကား “သက္ကပဥှ“သုတ်တော်ပင် ဖြစ်ပါ၏။ သက္ကဟူသည် သိကြားဟုအဓိပ္ပါယ်ရပြီး ပဥှသည်ကား အမေးပုစ္ဆာဟု အဓိပ္ပါယ်ရ၏။ ထို့ကြောင့် စာဖတ်သူများ အလွယ်နားလည်နိုင်စေရန် ဤနေရာ၌ “သိကြားမင်းမေး၍ ဘုရားရှင်ဖြေသည်“ဟူ၍ ခေါင်းစဉ်တစ်ခုတပ်ကာ သိကြားမင်းနှင့် ဘုရားရှင်တို့၏ အမေးအဖြေများကို မှတ်သားနာယူ ကြည်ညိုပြီး လိုက်နာကျင့်သုံးနိုင်ရန် အများနာလည်နိုင်မည့် စကားအသုံးများဖြင့် တစ်ဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါသည်။
ပရိတ်သတ်အခြံအရံများဖြင့် ဘုရားရှင်ထံ ရောက်လာသည့် သိကြားမင်းသည် ဘုရားရှင်ကို ဖူးမြှော်ပြီး မိမိသိလိုသည်များနှင့် စပ်လျဉ်း၍ ဘုရားရှင်ထံမှ ခွင့်ပြုချက်ကို ရယူကာ မေးခွန်းများ စတင်မေးလျှောက် လေတော့၏။

သိကြားမင်းအမေး…
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“

မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“

မြတ်စွာဘုရား…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်း…
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“

မြတ်စွာဘုရား…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ဟုတ်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှစ်သက်ခြင်း သောမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

ဒီလိုပဲ နှစ်လုံးမသာခြင်း ဒေါမနဿမှာလည်း မှီဝဲအပ်တဲ့ ဒေါမနဿ၊ မမှီဝဲအပ်တဲ့ ဒေါမနဿလို့ နှစ်မျိုးရှိပြီး ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီဒေါမနဿကို မမှီဝဲအပ်ဘဲ၊ ဒီဒေါမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီဒေါမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီနှလုံးမသာခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ နှလုံးမသာခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် နှလုံးမသာခြင်း ဒေါမနဿကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

လျစ်လျူရှုခြင်း ဥပေက္ခာမှာလည်း မှီဝဲအပ်၊ မမှီဝဲအပ်တဲ့ ဥပေက္ခာလို့ နှစ်မျိုးရှိပြီး မှီဝဲသဖြင့် အကုသိုလ်တရားတိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်ပါက အဲဒီဥပေက္ခာကို မမှီဝဲအပ်ဘဲ မှီဝဲသဖြင့် အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရားတိုးပွားပါက အဲဒီဥပေက္ခာကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီလျစ်လျူရှုခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ လျစ်လျူရှုခြင်းက ပိုပြီးမြတ်ပါတယ်။ (ဆိုလိုသည်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားစေမည့် ကြံစည်သုံးသပ်ခြင်းကင်းသည့် လျစ်လျူရှုခြင်း ဥပေက္ခာကိုသာ သိအောင်ကြိုးစားလိုက်နာ ကျင့်သုံးရမည်ဟု ဆိုလိုပါ၏။)

သိကြားမင်း…ဆိုခဲ့ပြီးတဲ့အတိုင်း သောမနဿ၊ ဒေါမနဿ၊ ဥပေက္ခာဟူသော ဝေဒနာကမ္မဋ္ဌာန်းကို လိုက်နာကျင့်ကြံ အားထုတ်နိုင်ပါက သံသရာချဲ့ထွင်တတ်တဲ့ တဏှာမာနဒိဋ္ဌိဆိုတဲ့ တရားများ ချုပ်ငြိမ်းစေမည်ဖြစ်ပြီး နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်စေပါတယ်“

အထက်ပါ ဖော်ပြချက်များကား သက္ကပဥှသုတ်တွင် ဟောတော်မူထားသည့် မြတ်စွာဘုရားရှင်နှင့် သိကြားမင်းတို့၏ အမေးအဖြေ ဆွေးနွေးခန်း တစ်စိတ်တစ်ပိုင်းဖြစ်ပါ၏။ ထိုအမေးအဖြေများကို ကြည်ညိုကြည့်ပါက သတ္တ၀ါတို့၏ သံသရာဒုက္ခ၊ ခန္ဓာဝန်ဒုက္ခများ၏ အခြေခံဖြစ်ပေါ်ကြောင်းများ၊ ထိုတရားများကြောင့် ဘ၀တွင် မည်မျှဒုက္ခများနှင့် ကြုံတွေ့နေရကြောင်းများကို သိရှိနိုင်မည်ဖြစ်ပြီး ထိုဒုက္ခများချုပ်ရာ အကျင့်ကိုလည်း မှတ်သားနာယူနိုင်မည် ဖြစ်ပါ၏။ သံသရာချဲ့ထွင်တတ်သည့် တဏှာမာနဒိဋ္ဌိဟူသော ပပဉ္စတရားများကြောင့် ကြံစည်ခြင်း ၀ိတက်ဖြစ်ပေါ်လာကြောင်း၊ ၀ိတက်ဖြစ်ခြင်းကြောင့် လိုချင်ခြင်း ဆန္ဒ ဖြစ်ပေါ်လာကြောင်း၊ ဆန္ဒဖြစ်ခြင်းကြောင့် ချစ်ခြင်းမုန်းခြင်း ဖြစ်ပေါ်လာကြောင်း၊ ချစ်ခြင်းမုန်းခြင်း ဖြစ်ခြင်းကြောင့် မနာလိုခြင်း ဣဿာ ၀န်တိုခြင်း မစ္ဆရိယ ဖြစ်ပေါ်လာကြောင်း ထိုဣဿာမစ္ဆရိယကြောင့်ပင် သတ္တ၀ါတို့သည် တစ်ဦးနှင့်တစ်ဦး ရန်ငြိုးဖွဲ့ခြင်း၊ ဒဏ်ထားခြင်း၊ ရန်ပြုခြင်း၊ စိတ်ဆင်းရဲစေခြင်း၊ အမျက်ထွက်စေခြင်းများ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်ကို ကောင်းစွာနားလည် သဘောပေါက်နိုင်၏။ အခြေခံကား တဏှာမာနဒိဋ္ဌိဟူသည့် သံသရာချဲ့ထွင်တတ်သည့် တရားများကြောင့်ပင် ဖြစ်သည်ကို ရှင်းလင်းစွာ နားလည်နိုင်ပေမည်ဖြစ်၏။ ထိုသံသရာ ချဲ့ထွင်တတ်သည့် တရားများ ချုပ်ငြိမ်းစေရန်အတွက်လည်း ဘုရားရှင်ပေးတော်မူသည့်နည်းမှာ ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်စေနည်းပင် ဖြစ်၏။ ထို့ကြောင့် ဒုက္ခအပေါင်းဖြစ်ပေါ်ခြင်း၏ အခြေခံ အကြောင်းဖြစ်သည့် တဏှာမာနဒိဋ္ဌိဟူသော သံသရာချဲ့တတ်သည့် တရားများကို ဝေဒနာကမ္မဋ္ဌာန်း ပွားများအားထုတ်ခြင်းဖြင့် အလျင်အမြန် ချုပ်ငြိမ်းစေရန် အချိန်ရှိခိုက် ကြိုးစားနိုင်ကြဖို့ သိကြားမေး၍ ဘုရားရှင်ဖြေထားသည့် နည်းကိုယူကာ တစ်ဆင့်ပြန်လည် မျှဝေပေးလိုက်ရပေတော့ သတည်း။ သာဓု… သာဓု… သာဓု…

9 မှတ်ချက်များ (...ရေးရန်):

  • ဒါယကာ says:
    Thursday, July 23, 2009

    ဘုန်းဘုန်း။ အနာကြီးရောဂါသည်ချင်း အတူတူ တချို့က ဆေးဝါးနဲ့ အချိန်မီ တွေ့ပြီး လူကောင်း ပြန်ဖြစ်ပြီး တချို့က ဆေးနောက်ကျလို့ ကိုယ်ပျက်စီးသွားရတာ ကံချင်း ဘာကွာသွားလို့လဲဘုရား။ တချို့ရောဂါသည်တွေက မိဘဆွေမျိုးတွေက မပစ်ပယ်ဘဲ စောင့်ရှောက်ပြီး တချို့က မိသားစုက နှင်ချတာ ခံရတာ ဘာကံကြောင့်ပါလဲဘုရား။ ရောဂါရတဲ့အချိန်မှာ တချို့က ဘယ်သူမှ ဆေးဖော်ကြောဖက် မလုပ် အထီးကျန်ဖြစ်ပြီး တချို့က ရောဂါပျောက်အောင် ဆရာဝန်ဆီ ခေါ်သွားပေးမယ့် မိတ်ဆွေကောင်းတွေတောင် အသစ်ပေါ်လာတာ ဘာကံကြောင့်ပါလဲဘုရား။
    အထီးကျန် ဖြစ်နေတဲ့ လူနာတစ်ယောက်ဟာ မေတ္တာတရား ပွားများရင် သူ့ကို ချစ်မယ့်ခင်မယ့် လူတွေ မိတ်ဆွေတွေ ရလာတတ်တယ်ဆိုတာ ဟုတ်ပါလားဘုရား။

  • ရဲမြင့် says:
    Saturday, July 25, 2009

    တပည့်တော် လောကဓံ ဒုက္ခတွေကြောင့် ဘုရားတရားကို အာရုံစိုက်မိတဲ့ အချိန်စကပြီး သီချင်းဂီတတွေ ရုပ်ရှင်တွေ စိတ်မဝင်စားတော့ဘဲ တရားဘက်ကို ဝါသနာပြောင်းသွားပါတယ်။ မိဘတွေ ချစ်ခင်သူတွေ သေကွဲရှင်ကွဲ ကွဲ၊ လောကဓံ အတက်အကျတွေ ကြုံရဆိုတော့ တရားပဲ အကောင်းဆုံး ဆေးဖြစ်ပြီး ကျန်တဲ့ အပျော်တွေက ဘိန်းလို ခဏပဲ စိတ်သက်သာစေတယ်ဆိုတာ သိလာလို့ ဖြစ်ပါသည်ဘုရား။ တပည့်တော် အနေအထိုင် ပြောင်းလဲတာကို မလိုသူ မိတ်ဆွေတစ်ယောက်က တပည့်တော်ဟာ ရူးသွပ်သွားပြီ၊ လူတွေနဲ့လဲ မရောတော့ဘူးဆိုပြီး သတင်းလွှင့်နေတော့ စိတ်ညစ်ရပါတယ်။ သူက သောက်သောက်စားစား နေသူ၊ အမြဲတမ်း အရက်ဝိုင်းဖွဲ့နေသူဆိုတော့ မိတ်ဆွေပေါပါတယ်။ တပည့်တော်က အလုပ်နဲ့အိမ်ပဲ အသွားအလာရှိပြိး သူ့လောက် မိတ်မများတော့ သူပြောတာ ပြန်ရှင်းပေးမယ့်သူ များများ မရှိပါ။ တရားဘက် စိတ်ရောက်လာတော့ သူစွပ်စွဲသလို အများနဲ့ သိပ်မရော၊ အပျော်အပါးတွေ အာရုံမစိုက်တာတော့ မှန်ပါတယ်။ ဓမ္မမိတ်ဆွေချင်းကို ပိုခင်မင်ပြီး အသိုင်းအဝိုင်း ပြောင်းသွားတာတာပါ။ တရားအားထုတ်နေတာကို ထုတ်မပြောတာက ပြောရင်လဲ သောက်သောက်စားစားသမားပီပီ တရားအားထုတ်တာကိုပဲ ကဲ့ရဲ့ဦးမယ် ထင်လို့ပါ။ ဒါတွေကို ဥပေက္ခာ ထားနိုင်ရမယ်ဆိုပေမယ့် အရူးလို့ သတင်းလွှင့်နေတာ ပြန်ကြားရတော့ စိတ်ဆင်းရဲမိပါတယ်။ တပည့်တော်ကို မမြင်ဖူးတဲ့ လူတွေကိုကအစ သူလိုက်ပြောနေလို့ပါ။ ဒီမိတ်ဆွေက သူလိုချင်တဲ့ ငွေနဲ့ အခွင့်အရေးတွေ တပည့်တော် မပေးနိုင်တော့ အလိုမကျဖြစ်၊ တပည့်တော်လဲ သည်းမခံနိုင်နဲ့ ရန်သူ ဖြစ်သွားသူပါ။ တပည့်တော် ဘယ်လို လုပ်ရမလဲ သိချင်ပါတယ်ဘုရား။

  • ပေတလူ says:
    Sunday, August 02, 2009

    ကံနည်းတဲ့လူဟာ ဘယ်လိုအလုပ်တွေ လုပ်ပြီး ကံကို မြှင့်ပေးရလဲဘုန်းဘုန်း။

    တပည့်တော်သူငယ်ချင်းဟာ ဦးနှောက်သွေးကြောပြတ်ပြီး ဥာဏ်ရည် အရင်လို မထက်မြက်တော့ဘဲ ဖြစ်သွားတယ်။ စိတ်လဲ မတက်ကြွတော့ဘူး။ ဥာဏ်ပြန်ကောင်းအောင် ဘယ်လို လုပ်ရင် ရလဲဘုန်းဘုန်း။

    တပည့်တော်တို့ ဦးဇင်းတစ်ပါးဟာ အရွယ်ရောက်မှ ရဟန်းဝတ်ပြီး လူစာရော ဘုန်းကြီးစာရော တတ်ပါတယ်။ အခု အဓမ္မဝါဒလို့ ပြောနေတဲ့ တရားမျိုးကို သဘောကျနေလို့။ ဘုရားဟောဆိုပြီး ဘုရားမဟောတာတွေ သူပြောချင်တာတွေ ပြောနေတယ်ဆိုပြီး ပြောစရာ ဖြစ်လာလိုပါ့။ ဘုန်းကြီးဝိနည်းတွေလဲ သူဂရုစိုက်ချင်တာမှ စိုက်မယ်၊ မစိုက်ချင်ရင် ပါရာဇိကလဲ ဂရုမစိုက်ဘူး ဖြစ်လာတော့ တပည့်တော်တို့ အသိုက်အဝန်း မိတ်ဆွေဆွေမျိုးများအနေနဲ့ လူဝတ်လဲဖို့ လျှောက်ရင် စီစဉ်ရင် အပြစ်ဖြစ်ပါသလားဘုရား။

  • Anonymous says:
    Monday, August 03, 2009

    ဝိသာခါ ကျောင်းအစ်မကြီးဟာ လင်နဲ့ ယောက္ခမ အိမ်မှာနေပြီး မိသားစုပစ္စည်းတွေကို ပေးလှူနေတာ ဘာလို့ ကျောင်းအစ်မကြီး ဝိသာခါက၊ ဝိသာခါက ဆွမ်းလုပ်ကျွေးတယ်နဲ့ ဇနီးတစ်ယောက်တည်းကိုပဲ သုံးကြတာပါလဲဘုရား။ လှူတာတွေက ဝိသာခါ တစ်ယောက်တည်း သူပိုင်ပစ္စည်းတွေကို လှူတာလားဘုရား။ ခင်ပွန်းသည်ကို ဘာလို့ သံဃာတွေက ထည့်မပြောကြတာလဲဘုရား။

  • မြစ်ဝသား says:
    Monday, August 03, 2009

    ဆရာတော်ဘုရား

    တပည့်တော်သည် လာဘ်လာဘ ပါးရှားပြီး ချို့တဲ့နွမ်းပါးသော ရဟန်းသာမဏေများနှင့် သီလရှင်များ၊ ဆင်းရဲသော ကျောင်းများကို နစ္စပတ်ဝတ်ထား၍ အမြဲ လှူပါသည်။ လူကို လှူလျှင်လည်း လူဆင်းရဲများ၊ ရောဂါဝေဒနာ, အိုမင်းမစွမ်းမှုတို့ကြောင့် အပယ်ခံ ဖြစ်နေသူများကို ဦးစားပေးလှူပါသည်။ စိတ်ထက်သန်ရာကို ဦးစားပေးလှူခြင်းသာ ဖြစ်ပြီး အကျိုးမက်သော လောဘနှင့် မလုပ်ရပါ။ သို့သော် မည်သည့်အကျိုး ရနိုင်မည်ကို ဝမ်းသာကြည်နူးလိုသောကြောင့် ရှင်းပြတော်မူပါဘုရား။

    တပည့်တော်သည် စာသင်ပြပေးသော ဆရာအလုပ်၊ သူတစ်ပါး လက်ရာကို သုတ်သင်တည်းဖြတ်ပေးရသော ကြီးကြပ်သူ အလုပ်များကို စေတနာကောင်းထား၍ ဥယျာဉ်မှူး စိတ်မျိုးဖြင့် လုပ်ခဲ့ပါသည်။ ထိုကောင်းမှုတို့မှ မည်သည့်အကျိုး ရနိုင်မည်ကိုလည်း ပြန်တွေးပြီး ကြည်နူးနိုင်ဖို့ ရှင်းပြပေးပါဘုရား။

    တပည့်တော်သည် ကိလေသာ ကုန်ခန်းအောင် အားထုတ်နေကြသော ရဟန်းတော်များကို ပါရမီဖြည့်သည့်အနေဖြင့် လှူဒါန်းလိုပါသည်။ သို့သော် တရားရိပ်သာများမှာ ဆွမ်းကွမ်းပြည့်စုံမှုကြောင့် ဆင်းရဲသော စာသင်တိုက်များ၊ ကျောင်းများကိုသာ လှူဒါန်းမိပါသည်။ တရားကျင့်ကြံအားထုတ်နေကြပြီး ဆွမ်းလည်း ဆင်းရဲသော ရဟန်းတော်နှင့် ယောဂီများအား လှူလိုသဖြင့် မည်သို့ ရှာဖွေလှူဒါန်းရမည်ကို အကြံပေးတော်မူပါဘုရား။

  • Anonymous says:
    Tuesday, August 04, 2009

    အရှင်သူမြတ်ဘုရား။ တပည့်တော်စာက အနှောက်အယှက်ဖြစ်ရင် ဖြုတ်တော်မူပါဘုရား။ တပည့်တော် ပြဿနာဖြစ် အငြင်းပွားနေရတဲ့ တရားတစ်မျိုးနဲ့ ပတ်သက်ပြီး ပရိသတ်များ လမ်းလွဲမှာ စိုးရိမ်လို့ တပည့်တော်အမြင်ကို ရေးခဲ့ပါရစေ။

    ဝင်လေထွက်လေ ရှုတာလဲ ရှုတ်ချ၊ ဖောင်းပိန် မှတ်တာလဲ ကဲ့ရဲ့၊ ဖြစ်ပျက်ရှုတာလဲ ပုတ်ခတ်နေတဲ့ တရားတစ်ခုကို ကြားသိလိုက်ရတော့ ဟောတဲ့အရှင် အကုသိုလ်ဖြစ်ပြီး မဂ်လမ်းဖိုလ်လမ်း ပိတ်မှာကို ပူမိပါတယ်။ ပိုစိတ်ပူရတာက တရားနာ ဒကာဒကာမများထဲက နုနယ်သေးသူများ အဟုတ်မှတ်ကုန်ကြမှာ စိုးပါတယ်။

    ဒီအရှင်က တဏှာကို မပယ်ဘဲ ဒိဌိကုန်ဖို့သာ အရေးကြီးတယ်၊ နိဗာန်ကို ပျော်ပျော်ပါးပါး မော်တော်ကားလေးနဲ့ သွားမယ် ဟောတော့ ဒကာဒကာမတွေ လမ်းလွဲမှာ စိတ်ပူပါတယ်။ ဒိဌိ ဝီစိကိစ္ဆာကုန်ရင် သောတာပန် ဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် သောတာပန်စစ်စစ်တွေ၊ သို့မဟုတ် သောတာပန်ဖြစ်အောင် သို့မဟုတ် သကဒါဂါမ်၊ အနာဂါမ် ရဟန္တာဖြစ်အောင် ရည်ရွယ်အားထုတ်နေကြသူတွေဟာ တဏှာမကုန်သေးသော်လည်း တဏှာကုန်အောင် အားထုတ်ခြင်းကို မရှုတ်ချပါဘူး။ အားပေးကြပါတယ်။ တဏှာပယ်ကြောင်း တရားတွေကို ကဲ့ရဲ့နေရင် ကဲ့ရဲ့သူဟာ ဒိဌိမပြုတ်ရုံတင် မဟုတ်ဘူး ပုထုဇဉ်မှ အန္ဒပုထုဇဉ်သာ ရှိပါလိမ့်ဦးမယ်။

    ဒိဌိကုန်တယ်ဆိုတာ ဘုရားတရားသံဃာကို အမှန်သိပြီး သက်ဝင်ကြည်ညိုတာပါ။ နိဗာန်ရဖို့ တဏှာကုန်ဖို့လိုတယ်၊ တဏှာပယ်ကြောင်း အရေးကြီးတယ်ဆိုတာကို လုံးဝ လက်မခံသူဟာ ဒိဌိ အားကြီးသူပါပဲ။ ဘယ်လိုလုပ် ဒိဌိကုန်နေပါ့မလဲ။ ပြောင်းပြန် ဖြစ်နေပါပြီ။

    တရားနာကြားရုံမျှနဲ့ သောတာပန် ဖြစ်သူတွေ ဘုရားရှင်လက်ထက်မှာကတည်းက ရှိခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် သူတို့ကို အားကျရင် သူတို့ပြုခဲ့သလို ဒါနသီလ ပါရမီတွေ ဖြည့်ဖို့သာ ရှိပါတယ်။ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ပါရမီ သူတို့လောက် ပါမပါ၊ သူတို့လောက် သဒ္ဒါတရား ပြင်းမပြင်း ကိုယ့်ကိုယ်ကိုယ် မသိဘဲနဲ့ ကိုယ်လဲ တရားအားမထုတ်ဘဲ တရားနာလိုက်ရုံနဲ့ သောတာပန် ဖြစ်မယ် ထင်နေရင် တရားမရဘဲ နစ်နာကုန်ပါလိမ့်မယ်။

    တရားကို တကယ်ကြိုးစားအားထုတ်သူ ယောဂီတွေတောင် ကံဥာဏ်ဝီရီယ မပြည့်သေးလို့ မဂ်ဖိုလ်ကို လိုချင်ပေမယ့် မရသေးဘဲ ပြင်းပြင်းထန်ထန် ကြိုးစားနေရတာတွေ ရှိပါတယ်။ တရားမထိုင် တရားအားမထုတ်ဘဲ ငါ့ဆရာတော်တရား နာလိုက်ရုံနဲ့ ဒိဌိပြုတ်ပြီး အပါယ်လမ်းပိတ်ပြီလို့ ကိုယ့်ကိုယ်ကို စိတ်ချနေလို့ မရပါဘူး။ တရားတော်ကို သေချာ မနာယူ မဖတ်ရှုဘဲ ကိုယ့်အကြိုက် တရားမျိုး ကြားလိုက်ရုံနဲ့ ဒိဌိပြတ်သွားပြီ၊ ငါ အပါယ်မကျနိုင်တော့ဘူးလို့ ယုံနေတော့ သီလလဲ လုံအောင်မထိန်း၊ ဘာဝနာလဲ မပွားတော့ဘဲ ကိုယ့်ကိုယ်ကို သံသရာအရေး စိတ်အေးနေကုန်မှ ခက်ပါလေရော။

    သီလစောင့်စရာ မလိုတော့ဘူး ငါက ဒိဌိကုန်နေပြီ၊ တရားထိုင်စရာလဲ မလိုဘူး ငါက ဒိဌိကုန်နေပြီဆိုတဲ့ အထူးအဆန်း သောတာပန်တုတွေ၊ စူဠသောတာပန်တုတွေ ပေါ်လာမှာ ကြောက်ရပါတယ်။

    ဝိသာခါ ကျောင်းအစ်မကြီးတို့၊ အနာထပိဏ် ကျောင်းဒကာကြီးတို့ဟာ သောတာပန် ဖြစ်ပြီးပေမယ့် တရားအားထုတ် ကျင့်ကြံနေသူ သံဃာတွေကို အလွန်ချီးမြှောက် အားပေးကြပါတယ်။ လေးစားရိုသေကြပါတယ်။ သူတို့က ဒိဌိကုန်နေုလိ့ဆိုပြီး သတိပဌာန် တရားတော်ကို သူတို့အတွက် မလိုတဲ့ အပိုပစ္စည်းအဖြစ် ကဲ့ရဲ့ခြင်းမရှိ၊ တရားအားထုတ် ရှုမှတ်သူ သံဃာများကို ပုတ်ခတ်ခြင်း မရှိကြပါဘူး။ ဒီအရှင်နဲ့ တပည့်များ ဒါကို အတုယူသင့်ပါတယ်။

    ကွယ်လွန်သူ စာရေးဆရာကြီး တစ်ဦးလဲ ဒီလိုပဲ ဒိဌိပယ်ပြီး ကာမစည်းစိမ်တွေ ခံစားလို့ အပါယ်မကျဘဲ သံသရာမှာ ချမ်းသာစွာ နေနိုင်ရေးကို စိတ်ကူးယဉ် ဖူးပါတယ်။ ကာမဂုဏ်တွေ ဘဝ ဖြစ်ရခြင်းတွေကို မြတ်နိုးအားကြီးတော့ ကာမတဏှာတွေ ဘဝတဏှာတွေကို မပါယ်ချင်၊ မကုန်ချင်။ အပါယ်ကျမှာလဲ စိုး။ ဒီတော့ ဒိဌိသာ ပယ်ပြီး ကျန်တဲ့ ကိလေသာတွေနဲ့ ချမ်းသာစွာ နေရေး တရားတွေကို ရေးမိ ဟောမိပါတော့တယ်။ အရက်လဲ မဖြတ်နိုင်တော့ သောတာပန် အရက်သောက်သေးတယ် ဆိုပြီး မဟုတ်တာ ရေးလို့ ပြဿနာတွေ အကြီးအကျယ် တက်ခဲ့ရဖူးပါတယ်။ သောတာပန်လဲ ဖြစ်ချင်၊ အရက်လဲကြိုက်ရာကနေ ရေးလိုက်မိတာပါ။

    အပါယ်ကျမှာ ကြောက်သူတွေဟာ အရိယာ ဖြစ်ချင်ပါတယ်။ ဖြစ်အောင် တကယ် ကျင့်ကြံအားထုတ်သူနဲ့ မဖြစ်ဘဲ ငါ ဒိဌိကုန်နေပြီ၊ အရိယာ ဖြစ်ပြီလို့ ကိုယ်စိတ်ချမ်းသာအောင် လိုရာဆွဲတွေး လှည့်စားနေသူသာ ကွာပါတယ်။ ဒိဌိဆိုတာ ကုန်ချင်စိတ်မရှိ၊ တရားကို တကယ် သိနားလည်လိုစိတ်မရှိဘဲနဲ့ ကုန်ပြီလို့ ကိုယ့်ဟာကိုယ် ကြွေးကြော်နေရုံနဲ့ မကုန်ပါဘူး။

  • Anonymous says:
    Tuesday, August 04, 2009

    နောက်တစ်ခုက တရားထိုင်ခြင်း၊ တရားရှုမှတ်ခြင်းတွေကို ကဲ့ရဲ့နေရင် အရိယာမဟုတ်တာ၊ ဒိဌိမကုန်တာ ပိုသေချာပါတယ်။ ကိုယ့်စိတ်ကြိုက် ထွင်ဟောထားတဲ့ တရားတွေ နာရုံနဲ့ ဒိဌိ မကုန်ပါဘူး။ ဒိဌိ ဝီစိကိစ္ဆာကုန်တဲ့ သောတာပန် ဖြစ်ချင်ရင် ဒါနသီလ ဘာဝနာတွေ တကယ် ကြိုးစားဖို့ လိုပါတယ်။ ဘာမှမလုပ်ဘဲ နိဗာန်ကို ....လှလှပပ ဖီးဖီးလိမ်းလိမ်းနဲ့ ပျော်ပျော်ပါးပါး မော်တော်ကားလေးနဲ့ သွား...လို့ မရပါဘူး။

    တဏှာကို ပယ်ခြင်းဟာ ဒိဌိကို ပယ်ခြင်းလဲ မည်ပါတယ်။ တဏှာကုန်အောင် ကြိုးစားနေတဲ့ ခရီးလမ်းမှာ ပထမအဆင့် ခရီးပေါက်သွားသူဟာ သောတာပန်ဖြစ်ပြီး ဒိဌိ ကုန်သွားတာပါ။ နောက်ဆုံးအဆင့်ဖြစ်တဲ့ အရဟတ္တဖိုလ်ကို ရပြီးချိန်မှာတော့ တဏှာအားလုံး ကုန်သွားပါတယ်။ ဒီတော့ တဏှာကို ပယ်အောင် အားထုတ်ခြင်းဟာ ရှုတ်ချစရာမဟုတ်၊ ဒီလမ်းမှာတင် ဒိဌိကို ပယ်ပြီးသားလဲ ဖြစ်ပါတယ်။

    သောတာပန်ဘဝဟာ ဒုက္ခတွေ အားလုံးငြိမ်းသလားဆိုရင် မငြိမ်းသေးပါဘူး။ ကိလေသာ ၁၀ ပါးမှာ ၂ ပါးသာ ပယ်လို့ ကျန် ၈ ပါးရဲ့ အနည်းနဲ့အများ နှိပ်စက်ခြင်းကို ခံနေရဆဲပါ။ မြတ်စွာဘုရား လက်ထက်တော်မှာကတည်းက အောက်မဂ်တွေ ရနေတာတောင် အားထုတ်မရပ်ဘဲ အထက်မဂ်တွေ ရအောင် ရဟန်းကိစ္စ ပြီးအောင် မရပ်မနား ကြိုးစားကြသူတွေ အများအပြားပါ။

    ကိလေသာဆိုတာ နည်းနည်းရှိ နည်းနည်း ဒုက္ခပေး၊ များများရှိ များများ ဒုက္ခပေးပါတယ်။ ကိလေသာ အကြွင်းမဲ့ကုန်အောင် ဆုတောင်းတာ၊ အားထုတ်တာ အကောင်းဆုံးပါ။ အရဟတ္တ မဂ်ဥာဏ်ဖိုလ်ဥာဏ်ကိုသာ ဆုပန်ကြပါ။ ဒိဌိတစ်မျိုးထဲ ပယ်ပြီး ကာမဂုဏ်စည်းစိမ်တွေ ခံစားလို့ နိဗာန်ကို ပျော်ပျော်ပါးပါး သွားမယ်ဆိုတာ စိတ်ကူးယဉ်လို့ ကောင်းချင် ကောင်းလိမ့်မယ်။ လက်တွေ့မှာ တကယ် အားမထုတ်တော့ ဝိသာခါ အနာထပိဏ်တို့လို မဖြစ်ဘဲ ဒိဌိတန်းလန်းနဲ့ သေရင် အလွန်နစ်နာပါတယ်။ ဝိသာခါ အနာထပိဏ် သူတော်ကောင်းများဟာ ပြင်းပြတဲ့သဒ္ဒါတရားနဲ့ မြတ်စွာဘုရားနဲ့ သံဃာတွေကို မနားမနေ ဝီရိယထားပြီး လုပ်ကျွေးခဲ့တာပါ။ မြတ်စွာဘုရား တရားကို မြတ်မြတ်နိုးနိုး နာခဲ့ ကျင့်ခဲ့တာပါ။ သူတို့ရဲ့ သဒ္ဒါတရားမျိုးကို မမီဘဲ သူတို့ဘဝကို စိတ်ကူးယဉ်ဖို့ဆိုတာ မလွယ်ပါဘူး။

  • ဓမ္မဇောတိယောဂီ says:
    Wednesday, August 05, 2009

    ဒီတရားတွေ တပည့်တော် ဖတ်ရပါသည်။ တရားအားထုတ်သူ ယောဂီတဦးအနေဖြင့် ဘုရားတပည့်တော့်အမြင်ကို ဥာဏ်မီသမျှ ဝင်ပြောချင်ပါသည်။ အလွဲအချော် ရှိရင်လည်း တည်းပေးစေချင်ပါသည်ဘုရား။

    ကျွန်တော်တို့ တရားတက်ဖို့ ကြုံရသည့် အခက်အခဲများတွင် ရာဂနှင့် ဒေါသ၊ မောဟ၊ မာန တို့သည် ထိပ်က ပါပါသည်။ ကျွန်တော်ဆိုလျှင် မင်္ဂလာတရားတော် ကျေးဇူးကြောင့် မာနလဲ ချိုးနှိမ်ရကောင်းမှန်း သိပါသည်။ စကတည်းက ဥပုသ်စောင့်ရ တရားနာရ တရားအားထုတ်ရတာ ဝါသနာ ပါသူမို့ မောဟလဲ သာမန်ထက် လွန်လွန်ကဲကဲ ထူမနေလောက်ဘူး ထင်ပါသည်။ သို့သော် ရာဂနှင့် ဒေါသသည် ကျွန်တော့်ကို တရားမတက်အောင် အဓိက ဒုက္ခပေးတတ်ပါသည်။

    ရာဂ- ဆိုသည်မှာ ကျွန်တော် ချစ်သူ သားမယား မရှိ၍ အညှီအဟောက်နှင့်စပ်သော ရာဂ မဟုတ်ပါ။ မိဘနှင့် အပေါင်းအသင်းကို စွဲလမ်းတပ်မက်ခြင်း ရာဂ၊ သူတို့အပေါ် အလိုမကျလျှင် နှလုံးပူပန် မကျေနပ်ဖြစ်ခြင်း ဒေါမနဿများ ဖြစ်ပါသည်။ ထိုအခါ ဥဒစ္စတွေ ဖြစ်ပြီး တရားမတက်တော့ပါ။ ဒါကြောင့် ကျွန်တော် အတွေ့အကြုံမှာတော့ တရားမတက်ခြင်း၏ အဆိုးဆုံးတရားခံသည် ရာဂ၊ ဒေါသ၊ ဥဒ္ဒစ္စ များ ဖြစ်ပါသည်။ ရတနာသုံးပါးအပေါ် ကြည်ညိုရိုသေစိတ် ပြင်းပြီးသားဆိုလျှင် ဒိဌိက ဒီလောက် မနှိပ်စက်နိုင်ပါ။ ရာဂ ဒေါသ များကသာ ပိုနှိပ်စက်နိုင်ပါသည်။

    ဥဒ္ဒစ္စမှာလည်း ဟိုအာရုံ ဒီအာရုံတွေကို တပ်မက်နေ၍ ဖြစ်ရတာ ဖြစ်လို့ တပ်မက်မှု ရာဂကို နှိမ်လျှင် ဥဒစ္စလည်း အတန်အသင့် အားနည်းသွားမည် ထင်ပါသည်။ မကျေနပ် စိတ်ဆိုးမှုတွေကြောင့် ဖြစ်ရသော ဥဒ္ဒစ္စ ဆိုလည်း ဒေါသကို ပယ်လျှင် အားနည်းသွားမည် ထင်ပါသည်။ ထို့ကြောင့် ကျွန်တော် ကိုယ်တွေ့လေးနှင့် ရိုးရိုးသားသား ပြောရလျှင် တဏှာကို ပယ်ဖို့က အရေးကြီးပါသည်။ တဏှာကို ဦးချိုးနိုင်သမျှ ချိုးလေ ကျန်သည့် ကိလေသာတွေ အားနည်းလာလေ ဖြစ်ပါသည်။ တဏှာ အရေးမကြီးကြောင်း၊ တဏှာပယ်စရာ မလိုကြောင်း လူတွေ အထင်မမှားစေချင်ပါဘူး။

    ကျွန်တော်တောင် အပေါင်းအသင်းမက်၊ ချစ်ခင်သူတွေကို မက်တဲ့တဏှာကြောင့် တရားမတက်နိုင်တာ ကိုယ်တွေ့ဆိုတော့ တဏှာပယ်ဖို့ အရေးမကြီးကြောင်း တရားတွေ မဟောစေချင်ပါဘူး။ တဏှာဟာ ဒုက္ခရဲ့ အကြောင်းရင်းလို့ ဓမ္မစကြာမှာ ဟောထားတာ အလွန်မှန်ပါသည်။ ကျွန်တော်တို့ထက် တဏှာကို နှိမ်နိုင်တဲ့ ယောဂီတွေ တရားပိုတက်ကြတာ လက်တွေ့ ဖြစ်ပါသည်။ လောကီရေးမှာလဲ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးပြီး စိတ်အလိုမလိုက် ကြိုးစားသူတွေ ပိုအောင်မြင်သည်မှာ တဏှာကို အလိုမလိုက်ကြလို့ ဖြစ်ပါသည်။ အရက်ကို တပ်မက်တဲ့ တဏှာကြောင့် ဦးနှောက်ပျက်၊ ဆေးလိပ်ကို တပ်မက်တဲ့ တဏှာကြောင့် ကင်ဆာဖြစ်၊ မိန်းမကို တပ်မက်တဲ့ တဏှာကြောင့် တရပ်တကျေး စီးပွားသွားမရှာဘဲ အိမ်မှာကပ်နေတော့ ထမင်းငတ်-ဆိုတာ တဏှာ ရှိတာချင်း အတူတူ အလိုလိုက်လွန်းသူနဲ့ အလိုမလိုက်သူ အကျိုးပေး ကွာသွားတာလို့ ထင်ပါသည်။

    ဒီတော့ တဏှာပယ်စရာမလို၊ တဏှာပယ်ဖို့ အဓိကမဟုတ် ဆိုတာတွေ မပြောကြစေချင်ပါ။ ကျွန်တော်လဲ တဏှာကြောင့် ဒုက္ခရောက်ရသူမို့ တဏှာဆိုတာ အပြစ်မဟုတ်ကြောင်း တရားနာမိသူတွေ ဒုက္ခရောက်မှာ စိုးပါသည်။ တဏှာ မကုန်သေးသော်လည်း မကောင်းမှန်းသိတာ မြတ်ပါသည်။ ကောင်းတယ်ထင်နေလျှင် ဒုက္ခပိုရောက်နိုင်ပါသည်။ တရားအားထုတ်ရင်လည်း တရားအတက် ခက်နိုင်ပါသည်။

  • Unknown says:
    Thursday, November 05, 2009

    အနှစ်သာရဟူသည်... ပစ္စည်းဥစ္စာရှိ၍ အနှစ်ရှိသည် မဟုတ်၊ ရာထူးမြင့်၍ အနှစ်ရှိသည်မဟုတ်၊ အသက်ကြီး၍ အနှစ်ရှိသည်မဟုတ် အသက်ရှင်ခိုက်တွင် ကိုယ်ကျင့်သီလကို လုံအောင်ထိန်းပြီး စွမ်းနိုင်သမျှ ဒါနမှုများ၊ သမထ၊ ဘာဝနာလုပ်ငန်းများကို လုပ်ပြီးနေခြင်းသည်သာ စစ်မှန်သည့် အနှစ်သာရ ဖြစ်ပါ၏။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ