ဆန်းစစ်ကြည့်ခြင်း…

ခွက်ထဲက ဆားဖြူဖြူ
ဟိုလူက လက်နဲ့ယူ
ဒီလူက လက်နဲ့ယူ
ဘယ်သူပဲ ယူယူ
ဘယ်သူ့လက်မှ ဒုက္ခမပေး
မင်းလက်ကျမှ ရွေးပြီး
ပူစပ်တဲ့ဝေဒနာ ပေးတယ်ဆိုတော့
မင်းလက်ကို မင်းပြန်ကြည့်
အနာတစ်ခုခုတော့ ရှိနေပြီ သူငယ်ချင်း…။

“ဆန်းစစ်ခြင်း“ လို့အမည်ပေးထားတဲ့ ဒီကဗျာလေးကို စာအုပ်အဟောင်းတွေ ဟိုဖတ်ဒီဖတ်ဖတ်ရင်း စာအုပ်တစ်အုပ်ထဲမှာ စာရွတ်အပိုင်းအစလေးတစ်ခုနဲ့ ရေးထားတာတွေ့လို့ ဖတ်လိုက်ရတာပါ။ ဘယ်သူစပ်ဆိုခဲ့တယ်ဆိုတဲ့ စာဆိုရှင် မပါပေမယ့် သိပ်ကောင်းပြီး အဓိပ္ပါယ် ပြည့်ဝလွန်းတဲ့အတွက် သဘောကျမိခဲ့ပါတယ်။ ဟုတ်ပါတယ်။ ဆားရဲ့ပင်ကို သဘာဝက ငန်တတ်ပါတယ်။ အငန်ဟာ အနာတစ်ခုခုနဲ့ ထိတွေရင် စပ်ခြင်းပူခြင်းကို ဖြစ်ပေါ်စေပါတယ်။ အနာမရှိဘဲ သာမန်ဆိုရင်တော့ ဘာခံစားမှုကိုမှ မဖြစ်စေပါဘူး။ ဒါကြောင့် ဆားကိုအသုံးပြုတဲ့သူချင်း၊ ဆားကို ကိုင်တဲ့သူချင်း အတူတူ ဘာအနာမှ မရှိတဲ့သူ ကိုင်တာနဲ့ အနာရှိတဲ့သူ ကိုင်တာမှာ ခံစားချက် ကွာတယ်လို့ ဆိုတာပါ။ သူများတွေ ကိုင်တဲ့အခါ ဘာမှမဖြစ်ဘဲ ကိုယ်ကိုင်မှပဲ ပူတယ်စပ်တယ် ဆိုရင်တော့ ကိုယ့်မှာ အနာတစ်ခုခု ရှိနေလို့ ဖြစ်တာပါ။ ကိုယ့်မှာ ဘာအနာမှ မရှိရင် ဖြစ်စရာ အကြောင်းမရှိပါဘူး။ ဒါဟာ ဓာတ်သဘောအရ မတည့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ညွှန်းပါတယ်။


ဒီလိုပါပဲ လူ့လောကမှာလည်း အနာရှိတဲ့သူနဲ့ အနာမရှိတဲ့သူတို့ကြား ခြားနားမှုတွေ အများကြီးရှိပါတယ်။ အနာမရှိတဲ့သူတွေဟာ ဘယ်လိုအရာမျိုးနဲ့တွေ့တွေ့ ဘယ်လိုသူမျိုးနဲ့တွေ့တွေ့ ဘာမှထူးထူးခြားခြား နာကျင်ခြင်း၊ ခံစားခြင်း မရှိကြပေမယ့် အနာရှိနေတဲ့သူများကတော့ အသေးအဖွဲလေးတွေနဲ့ တွေ့တာကိုပဲ အလွန်နာကျင်တတ်ကြပါတယ်။ အနာပေါ်တုတ်ကျသလို ပိုပြီးနာကျင်စေပါတယ်။ ဒီနေရာမှာ အနာက နှစ်မျိုးရှိပါတယ်။ ရုပ်မှာဖြစ်တဲ့ အနာရယ်၊ စိတ်မှာဖြစ်တဲ့ အနာရယ်ပါ။ ရုပ်မှာဖြစ်တဲ့အနာကတော့ တကယ်တမ်းပြောရရင် အနာလို့တောင် ပြောလို့မရပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရုပ်တရားကိုက အနာကြီးဖြစ်နေတာကိုး။ စိတ်မှာဖြစ်တဲ့ အနာကတော့ အလွန်ကြောက်စရာကောင်းပါတယ်။ ပိုပြီးနာကျင်လေ ပိုပြီးဒုက္ခရောက်လေပါပဲ။ ဒီအနာဖြစ်ပြီဆိုရင်တော့ ပျောက်အောင်ကုဖို့လည်း မလွယ်လှပါဘူး။ ဒါကြောင့် စိတ်အနာမဖြစ်အောင် အထူးကြိုးစားဖို့ လိုပါတယ်။ စိတ်မှာအနာဖြစ်ပြီဆိုရင်တော့ အရင်ဆုံးခံစားရတာက ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ကိုယ်ကို အမှီပြုပြီး ကိုယ့်စိတ်မှာ အနာဖြစ်ရင်လည်း ကိုယ်ပဲအရင်ခံရမှာဖြစ်ပြီး သူများကိုအမှီပြုပြီး ဖြစ်ရင်လည်း သူများထက်အရင် ကိုယ်ကိုယ်တိုင်ပဲ နာကျင်ရတာပါ။ သေချာပြန်တွေးကြည့်တော့ စိတ်မှာအနာဖြစ်ပြီဆိုရင် ကိုယ့်ကြောင့်ပဲဖြစ်ဖြစ် သူ့ကြောင့်ပဲဖြစ်ဖြစ် နာကျင်စွာ ခံစားလိုက်ရတာကတော့ ကိုယ်ပဲဖြစ်ပါတယ်။

တကယ်တော့ နာတယ်ဆိုတာဟာ မကောင်းတဲ့သဘောပါပဲ။ မကောင်းတာဟာ ကောင်းတာမဟုတ်တာပါ။ ကောင်းတာက ကုသိုလ်ဖြစ်ပြီး မကောင်းတာဆိုရင်တော့ အကုသိုလ်ပဲပေါ့။ ဒါဆိုရင် နာတယ်ဆိုတာဟာ အကုသိုလ်ပါ။ နာတာဟာ အကုသိုလ်ဖြစ်တဲ့အတွက် ဘယ်လိုကြောင့်ပဲ နာနာ နာတိုင်းနာတိုင်း အကုသိုလ်တွေချည်းပဲ ဖြစ်နေမှာပါ။ အပြစ်ချည်းပဲ ဖြစ်နေမှာပါ။ ဒီသဘောအရ စိတ်မှာအနာဖြစ်ရင် စိတ်မှာအပြစ်ဖြစ်တတ်ပြီး အကုသိုလ်ဖြစ်တတ်ပါတယ်။ အနာရှိတဲ့စိတ်ဟာ အကုသိုလ်ရှိတဲ့ စိတ်ဖြစ်ပါတယ်။ အပြစ်ရှိတဲ့ စိတ်ဖြစ်ပါတယ်။ အညစ်အကြေးရှိတဲ့ စိတ်ဖြစ်ပါတယ်။ မသန့်ရှင်းတဲ့ စိတ်ဖြစ်ပါတယ်။ အားနည်းချက်ရှိတဲ့ စိတ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ပင်ကိုယ်သဘောအားဖြင့် ဘာမှအညစ်အကြေးမရှိ ဖြူစင်တဲ့စိတ်ဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိစတဲ့ အညစ်အကြေးတွေကြောင့် အနာဖြစ်ပြီး မကောင်းတဲ့စိတ်၊ အပြစ်ရှိတဲ့စိတ် စတာတွေ ဖြစ်ကုန်တော့တာပါ။ ဒီအရာတွေရဲ့ လွှမ်းမိုးမှုကြောင့် စိတ်မှာအနာတွေ ဖြစ်ကုန်တာပါ။ ဒီလိုအနာတွေရှိတဲ့ စိတ်ကိုပိုင်ဆိုင်ထားတဲ့ သူဟာလည်း အနာတစ်ခုခု ရှိနေတဲ့အတွက် ဘာလေးနဲ့ပဲတွေ့တွေ့ သူများတွေထက် ပိုနာတတ်ပြီး သူများတွေထက် ဒုက္ခပိုဖြစ်တတ်ပါတယ်။

လောဘဆိုတဲ့ အနာရှိတဲ့ စိတ်နဲ့နေတဲ့အတွက် ဘာပဲလုပ်လုပ် လောဘကဦးစီးနေပြီး လောဘခိုင်းသမျှ လိုက်လုပ်နေမိတတ်ပါတယ်။ ဒီလို လိုက်လုပ်နေတဲ့အတွက်လည်း မဆုံးနိုင်ဖြစ်ပြီး နောက်ဆုံး ကိုယ့်သဘောအတိုင်း ဖြစ်မလာတဲ့အခါ ပိုပြီးနာကျင် ဒုက္ခဖြစ်တော့တာပါ။ ဒါဟာ လောဘဆိုတဲ့ အနာရှိတဲ့အတွက်ကြောင့် ဒီအနာမရှိတဲ့သူတွေမှာ ဘာမှမဖြစ်ပေမယ့် ကိုယ်အတွက်ကတော့ အနာရှိတဲ့ လက်နဲ့ဆားကို ကိုင်သလို ပူစပ်နာကျင်နေတော့တာပါ။ ဒီလိုပါပဲ ဒေါသဆိုတဲ့ အနာရှိရင်လည်း ဒီအနာကြောင့် ဘာလေးနဲ့ပဲ တွေ့တွေ့၊ ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုသာ ပြန်ပြီးနာကျင် နေစေပါတော့တယ်။ ဒေါသဆိုတဲ့ အနာကလေး ကိုယ့်ရဲ့စိတ်ထဲမှာ ရှိနေတဲ့အတွက် ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ဆိုးလိုက်၊ စိတ်ကောက်လိုက်၊ အလိုမကျဖြစ်လိုက်၊ ဒီစိတ်နဲ့ ပြောဆိုကြံစီလုပ်ကိုင် လိုက်မိလို့ အရင်ဆုံးနာကျင် ခံစားလိုက်ရတာက ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ကိုယ်ဒေါသဖြစ်လိုက်တဲ့အရာ၊ ကိုယ်ဒေါသဖြစ်လိုက်တဲ့ ပုဂ္ဂိုလ်ကတော့ ဘာမှမသိ၊ ဘာမှဖြစ်လိုက်မှာ မဟုတ်ပါဘူး။ ဒီလို သူများကဘာမှ မဖြစ်ဘဲ ကိုယ်ကသာ လိုက်ဖြစ်ခံစားနေမိတာဟာ ကိုယ့်သန္တာန်မှာ ဒေါသဆိုတဲ့ အနာက ရှိနေလို့ ဖြစ်တာပါ။ ဒါကြောင့် သူများတွေ ဘာမှမဖြစ်၊ မနာဘဲ ဖြစ်နေပေမယ့် ကိုယ့်မှာပဲ ဖြစ်နေတာဟာ ကိုယ့်မှာအနာတစ်ခုခု ရှိနေတဲ့အတွက်ကြောင့်လို့ ဆိုခြင်းဖြစ်ပါတယ်။

မှန်ပါတယ်။ အရာရာမှာ စိတ်ကအဓိက ဦးဆောင်နေတာဖြစ်တဲ့အတွက် စိတ်ကိုအထူးဂရုစိုက် ထိန်းသိမ်းပေးရပါတယ်။ စိတ်မှာအားအင်တွေ ပြည့်နေအောင် လေ့ကျင့်ပေးရပါတယ်။ စိတ်ကို ခွန်အားဖြစ်စေမယ့် အရာတွေနဲ့ ဖြည့်ပေးရပါတယ်။ အဲလိုမှ မဟုတ်ရင် စိတ်အားတွေ လျော့လာတတ်ပါတယ်။ စိတ်ခွန်အားတွေ လျော့လာရင် ရောဂါတွေလည်း အလွယ်တကူ ၀င်လာတတ်ပါတယ်။ ရောဂါဝင်လာပြီဆိုရင် အနာဖြစ်လာတတ်ပါတယ်။ အနာဖြစ်ပြီဆိုရင်တော့ အဲဒီအနာရဲ့ နှိပ်စက်မှုတွေနဲ့ တဖြည်းဖြည်း လုံးပါးပါးတော့တာပါပဲ။ အနာရောဂါ နှိပ်စက်ခြင်းကို ခံရတဲ့စိတ်ဟာလည်း ဘာနဲ့ပဲတွေ့တွေ့၊ ဘာနဲ့ပဲ ထိခိုက်ထိခိုက် ကိုယ့်ကိုပိုပြီး နာကျင်စေပါတော့တယ်။ ဒါကြောင့် စိတ်မှာအနာမဖြစ်စေနဲ့လို့ ပြောကြခြင်းဖြစ်ပါတယ်။ အနာဖြစ်တဲ့သူဟာ နာတတ်မြဲဖြစ်ပါတယ်။ သူများတွေမနာဘဲ ကိုယ်ပဲနာတယ်ဆိုရင်တော့ ကိုယ့်မှာအနာဖြစ်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီစိတ်မှာ အနာဖြစ်တာဟာ ဘာကြောင့်လည်းလို့ မေးစရာ ရှိပါတယ်။ စိတ်နာတာဟာ မသန့်ရှင်းလို့ အညစ်အကြေးတွေ ရှိနေလို့ဖြစ်တာပါ။ သန့်ရှင်းနေ၊ အညစ်အကြေး ကင်းနေတဲ့ စိတ်မှာအနာဆိုတာ မရှိပါဘူး။

မြတ်စွာဘုရားရှင်က အနာဖြစ်စေနိုင်တဲ့ စိတ်ရဲ့အညစ်အကြေးတွေကို ၀တ္ထသုတ်မှာ ဟောကြားပေးထားတာ ရှိပါတယ်။ ဘုရားရှင်က “ရဟန်းတို့ စိတ်ရဲ့အညစ်အကြေးများဟူသည် မိမိပစ္စည်း၌ လွန်စွာတပ်မက်ခြင်း အဘိဇ္ဈာ၊ သူတပါးပစ္စည်း၌ မတရားလိုချင်ခြင်း ၀ိသမလောဘ၊ သူတပါးအား ပျက်စီးစေလိုခြင်း ဗျာပါဒ၊ အမျက်ထွက်ခြင်း ကောဓ၊ ရန်ငြိုးဖွဲခြင်း ဥပနာဟ၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း မက္ခ၊ ဂုဏ်ပြိုင်ခြင်း ပဠာသ၊ မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်း မစ္ဆရိယ၊ လှည့်စားခြင်း မာယာ၊ စဉ်းလဲခြင်း သာဌေယျ၊ ခက်ထန်ခြင်း ထမ္ဘ၊ ထောင်လွှားခြင်း မာန၊ အလွန်ထောင်လွှားခြင်း အတိမာန၊ ယဇ်မူးခြင်း မဒ၊ မေ့လျော့ခြင်း ပမာဒ စသည်တို့ဖြစ်ကြောင်း“ မိန့်တော်မူပါတယ်။ ဒီတရားများထဲက တစ်ပါးပါးဖြစ်နေတဲ့ သူဟာ စိတ်အညစ်အကြေး ဖြစ်နေသူဖြစ်ပြီး စိတ်မှာအနာရောဂါ ရှိနေသူ၊ စိတ်နာနေသူ ဖြစ်နေပါတယ်။ ဒီလို နာတဲ့စိတ်ရှိနေသူဟာလည်း အပြစ်ရှိနေသူ၊ အကုသိုလ်ရှိနေသူ အကုသိုလ်နဲ့ နေနေသူသာ ဖြစ်နေပါလိမ့်မယ်။ စိတ်အနာဖြစ်တဲ့ အကုသိုလ်အပြစ် ရှိနေသူဟာ ဘာပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲတွေ့တွေ့ အနာရှိတဲ့ လက်နဲ့ဆားကို ကိုင်နေရသလို နာကျင်ပူစပ်နေမှာ အမှန်ပါပဲ။ ဒါဟာ ကိုယ့်မှာအနာ တစ်ခုခု ရှိနေလို့ ဖြစ်တာပါ။

ဒီသဘောအရ ဘယ်သူမဆို သူများထက်ပိုပြီး ထိခိုက်နာကျင်နေတဲ့အခါ သူများထက်ပိုပြီး ဒုက္ခတွေ ဖြစ်နေတဲ့အခါ သူများထက်ပိုပြီး စိတ်သောကတွေ ဖြစ်နေတဲ့အခါ သူများထက်ပိုပြီး အပြစ်တွေ ဖြစ်နေတဲ့အခါ ကိုယ့်ကိုယ်ကို ပြန်ပြီးသတိပြု ဆင်ခြင်ဖို့ လိုအပ်လှပါတယ်။ သူများတွေ ဘာမှမဖြစ်ဘဲ ကိုယ့်မှာသာ ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်မှာအားနည်းချက် ရှိနေပြီဆိုတာ သဘောပေါက်ထားရပါမယ်။ ကိုယ်လုပ်တဲ့ ကာယကံ၊ ကိုယ်ပြောတဲ့ ၀စီကံ၊ ကိုယ်ကြံစီ စဉ်းစားတဲ့ မနောကံတွေကို ပြန်လည်စိစစ်ဖို့ လိုလာပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်မှာဒီလို မကောင်းတဲ့ အကျိုးဆက်တွေ ဖြစ်နေတယ်ဆိုတာ မကောင်းတဲ့ အကြောင်းကြောင့် ဖြစ်တယ်ဆိုတာ သတိပြုဆင်ခြင်ပြီး ကောင်းတဲ့အကြောင်းတွေ ဖြစ်စေဖို့ ပြန်လည်ကြိုးစား အားထုတ်သင့်ပါတယ်။ အကြောင်းတွေ ကောင်းလာမယ်ဆိုရင်တော့ အကျိုးတွေလည်း ကောင်းလာမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ဖို့ လိုတဲ့အချက်က ကိုယ့်မှာအနာရှိ မရှိဆိုတဲ့အချက်ပါ။ သူများတွေ ဘာမှမဖြစ်ဘဲ ကိုယ့်မှာပဲလာပြီး ဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်မှာတစ်ခုခု လွဲနေလို့ဖြစ်တယ် ဆိုတာကို သတိပြု ဆင်ခြင်ဖို့လိုပါတယ်။ ကိုယ့်မှာစိတ်ခံစားမှုတွေ များနေတယ်၊ စိတ်သောကတွေ များနေတယ်၊ စိတ်ဒုက္ခတွေ များနေတယ်ဆိုရင် ဒီသဘောတွေ ဘာကြောင့် ဖြစ်တယ်ဆိုတာ စဉ်းစားဖို့လိုပါတယ်။ ပင်ကိုယ်အားဖြင့် ဖြူစင်နေတဲ့စိတ်မှာ စိတ်သောက စိတ်ဒုက္ခတွေ ဖြစ်စေတတ်တဲ့ အကြောင်းတွေ ရှိနေတဲ့အတွက် ဒီလိုနာကျင်မှုတွေ ဖြစ်ရတယ်ဆိုတာကို သဘောပေါက် သိမြင်ပြီး ဒီအနာတွေ သက်သာအောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ စိတ်မှာအနာဖြစ်တဲ့အခါ ဒီအနာကို သိအောင်လုပ်ပြီး စိတ်နဲ့ပဲ ပြေပျောက်အောင် ကြိုးစားဖို့လိုအပ်ပါတယ်။ ဒီလို ပြုပြင်ဆင်ခြင်ဖို့အတွက်ကား ကိုယ့်စိတ်မှာ ဘာဖြစ်တယ်ဆိုတာကို သိဖို့လိုပါတယ်။ စိတ်မှာဖြစ်တဲ့အရာကို ဖြစ်ခိုက်မှာ သိအောင်ကြိုးစားနိုင်ရင် ရှေ့ဆက်မဖြစ်တော့ဘဲ ဖြစ်ပေါ်လာမယ့် စိတ်အနာကို ကြိုတင်ကာကွယ် ကုသနိုင်ပါလိမ့်မယ်။ အဲလိုမှ မဟုတ်ရင်တော့ စိတ်မှာအနာဖြစ်စေနိုင်မယ့် စိတ်ညစ်နွမ်းကြောင်း တရားတွေက စိတ်ကိုအနိုင်ယူသွားပြီး ပိုမိုနာကျင်စေတတ်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ အနာရှိတဲ့လက်နဲ့ ဆားကို ကိုင်သလို စိတ်ဟာလည်း နာကျင်မှု ဝေဒနာတွေနဲ့ ပူစပ်ပူလောင် ဖြစ်နေပါလိမ့်မယ်။ အဓိကကတော့ ကိုယ့်ကိုယ်ကို အနာရှိ မရှိ အမြဲဆန်းစစ်ကြည့်နေပြီး စိတ်မှာနာကျင်စေမယ့် အနာမျိုး မဖြစ်အောင် သတိပြု ဆင်ခြင်ကာ ကိုယ့်ရဲ့အလုပ်တွေမှာ အပြစ်မဖြစ်စေဖို့သာ အထူးကြိုးစားသင့်လှပါတော့တယ်။

အားလုံး အနာမရှိတဲ့လက်နဲ့ ဆားကို ကိုင်နိုင်ကြပါစေ…

Read more »

မြန်မာပြည်မှ အပြန်…


“ဘုန်းဘုန်း… ပြန်ကြွမလာသေးဘူး လား ဘုရား…၊ ဘယ်တော့ပြန်ကြွ လာမလဲ ဘုရား…၊ ပြန်မကြွတော့ဘူးလား ဘုရား…” စတဲ့ အမေး များနဲ့ ဘုန်းဘုန်းရဲ့ မြန်မာပြည်မှ အပြန် ခရီးကို မျှော်လင့် နေကြတဲ့ ဘုန်းဘုန်းရဲ့ ဓမ္မမိတ်ဆွေ များအတွက် ဘုန်းဘုန်း ပြန်ကြွလာပါပြီဆိုတာ အသိပေးရင်း မြန်မာပြည်အတွေ့ အကြုံလေးတွေကို ပြန်လည်ဖောက်သည်ချဖို့ ဒီပို့စ်လေးကို ရေးသားတင်ပြ ပေးလိုက်တာပါ။ ဟုတ်ပါတယ်။ ဘုန်းဘုန်း မနေ့ (၂၇- ၁၁- ၂၀၀၉)ကပဲ မြန်မာပြည်ကနေ ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ၀ါဆိုရုံခဏဆိုပြီး ပြန်ကြွသွားလိုက်တာ လေးလကျော် ကြာသွားခဲ့ပါတယ်။ တိတိကျကျ ပြောရရင် ၂၁-၇-၀၉ ရက်နေ့က ကြွသွားပြီး ၂၇-၁၁-၀၉ရက်နေ့ကမှ ပြန်ပြီးကြွလာဖြစ်တော့တယ်။ လေးလဆိုတဲ့ကာလဟာ အရာရာကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာ အမှန်ပါပဲ။ ပြန်ကြွလာတော့ ဒီမှာရှိတဲ့ အခြေအနေလေးတွေဟာ အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ အခြေမလှတဲ့သူတွေ ရှိသလို အခြေမြင့်လာတဲ့ သူတွေလည်း ရှိလာပါတယ်။ အခြေမလှလို့ အဖမ်းခံပြီး ပြန်သွားရသူတွေ ရှိသလို အလုပ်နေရာပြောင်းလို့ ကောင်းသွားကြတဲ့ သူတွေလည်း ရှိပါတယ်။ ဒါဟာ ကိုရီးယားမှာ ရှိတဲ့ ပြောင်းလဲမှုအချို့ပါ။ ဒီလိုပဲ လေးလတာကာလ မြန်မာပြည်မှာ ၀ါဆိုပြီး အလုပ်တွေ မပြတ်လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းအတွက်လည်း လုပ်ပေးနိုင်တဲ့ အတိုင်းအတာအလျှောက် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း မပြတ်လှုပ်ရှားနေတဲ့ ဘုန်းဘုန်းအတွက် လေးလဆိုတာ ခဏလေးလိုပဲလို့ ပြောလိုက်တာပါ။

ဘုန်းဘုန်းမြန်မာပြည် ပြန်မကြွခင်တုန်းက ဒကာလေးတစ်ယောက်က ပြောဖူးတယ်။ “အရှင်ဘုရား… မြန်မာပြည်ပြန်ရောက်ရင် ဘာမှလုပ်စရာမရှိတော့ အချိန်တွေပိုပြီး ပျင်းနေမှာပဲနော်…“ တဲ့..။ ဘုန်းဘုန်းက ပြန်ပြောလိုက်ပါတယ်။ “အလုပ်လုပ်နေသူတွေအတွက် ဘယ်နေရာရောက်ရောက် အလုပ်တွေက ပေါနေပြီး ပျင်းချိန်တောင် ရမှာမဟုတ်ပါဘူး…“ လို့။ ဟုတ်တယ်။ ဘုန်းဘုန်းအတွက် ပျင်းချိန်မရခဲ့ပါဘူး။ မြန်မာပြည် ပြန်ကြွကတည်းက အနားယူဖို့၊ ဘာမှ မလုပ်ဖို့ သွားတာမှ မဟုတ်တာ။ အလုပ်လုပ်ဖို့သွားတာ ဆိုတော့ ရှိတဲ့အလုပ်လုပ်ပြီး ပြန်လာခဲ့တာပေါ့။ ဘုန်းဘုန်း မြန်မာပြည်မှာ ရှိတဲ့အချိန်အတွင်း တပည့်ရဟန်း သာမဏေတွေကို စာပေပို့ချပေးခဲ့ပါတယ်။ ၀ါတွင်းကလ ဖြစ်တဲ့အတွက် ဥပုသ်နေ့တိုင်း တစ်နေ့သုံးကြိမ် တရားဟောပေးခဲ့ပါတယ်။ ဥပုသ်နေ့တိုင်း မနက်ပိုင်း သီလပေးတရားဟော၊ နေ့လည်ကျတော့ လူကြီးသူမများအတွက် တရားဟောရင်း ၀ိပဿနာတရားပါ ပြသအားထုတ်စေပြီး ညပိုင်းမှာတော့ အယောက်၆၀ ၇၀လောက်ရှိတဲ့ ဆရာဝန်ဆရာမများနဲ့ သူနာပြုများကို ဓမ္မစကြာဒေသနာတော်ကြီးနဲ့ အဘိဓမ္မာဆိုင်ရာများကို ၂နာရီကျော်ကျော် အကျယ်ပို့ချပေးဖြစ်ပါတယ်။ နောက်ပြီး တနင်္ဂနွေနေ့တိုင်း ည ၇နာရီလောက်မှာ လူငယ်လေးများအတွက် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို ပို့ချပေးဖြစ်ခဲ့ပါတယ်။ ကြားကာလမှာလည်း အချိန်ရရင် ရသလို မှောဘီတိုက်ကြီး၊ ဒိုက်ဦး၊ ကွမ်းခြံကုန်း စတဲ့ မြို့များအထိ ကြွရောက်ပြီး တရားပွဲများ ဟောပြောပွဲများ ပြုလုပ်ပေးဖြစ်ခဲ့ပါတယ်။ ပိုပြီး ၀မ်းသာစရာ ကောင်းတာက အေအိုင်ဒီအက်စ် ရောဂါကြောင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်းနေတဲ့သူတွေကို စိတ်ဓာတ်မြင့်ပေး၊ တရားဟောပေးခွင့် ရခဲ့သလို၊ ဘုန်းဘုန်းရှိတုန်း သင်္ဘောမထွက်ခင် ရဟန်းဝတ်ပြီး တရားအားထုတ်ချင်တဲ့ သင်္ဘောသားတွေကိုလည်း တရားဟော၊ တရားပြ အလုပ်တွေ လုပ်ပေးနိုင်ခဲ့ပါတယ်။ ပြီးတော့ အယောက်၇၀လောက် ပါဝင်တဲ့ ဗုဒ္ဓဟူးဝတ်အသင်း ဆိုတဲ့ အမည်နဲ့ ဘာသာရေး ၀တ်အသင်း တစ်ခုကိုလည်း ဖွဲ့စည်းပေးနိုင်ခဲ့ပါတယ်။ ဒီအသင်းဟာ ဘုန်းဘုန်း ဦးဆောင်ပြီး ဖွဲ့ပေးတာဆိုတော့ အစစအရာရာ ဘုန်းဘုန်းပဲ အကုန်အကျခံ ဆောင်ရွက်ပေးဖြစ်ပါတယ်။ တူညီဝတ်စုံနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စားသောက်စာရိတ်ကအစ ဘုန်းဘုန်းပဲ တာဝန်ယူပေးပါတယ်။ ဘုန်းဘုန်းရသမျှ ဓမ္မပူဇာ န၀ကမ္မတွေကို ပရဟိတ အတွက်ပဲ အသုံးပြုဖြစ်ခဲ့ပါတယ်။ ပြီးတော့ ဘုန်းဘုန်းတို့ရွာ ပညာရေး ပဒေသာပင်ကိုလည်း မတည်ဆိုက်ထူပြီး တည်ထောင်ပေးဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းမြန်မာပြည် ရောက်ချိန်ကစပြီး ကိုရီးယားကို ပြန်ကြွလာချိန်အထိ ရသမျှ ဒါနလုပ်ဖြစ်တာ သိန်းနှစ်ဆယ်နီးပါးအထိ ဖြစ်ခဲ့ပါတယ်။ ၀မ်းသာစရာကို ပြောတာပါ။ ထားပါတော့။ ဒါက ဘုန်းဘုန်းမြန်မာပြည်မှာ ရှိစဉ်က လုပ်ပေးခဲ့တဲ့ အလုပ်လေးတွေကို အကျဉ်းသဘောလောက် တင်ပြပေးတာပါ။

ပြောချင်တာက အလုပ်လုပ်ကြဖို့ပါ။ ဘာပဲဖြစ်ဖြစ် အလုပ်လုပ်တယ်ဆိုရင်တော့ အခက်အခဲတွေ ရှိတတ်သလို အတိုက်အခိုက်တွေလည်း ရှိတတ်ပါတယ်။ အကောင်းပြောတာ ရှိတတ်သလို အဆိုးပြောတာတွေလည်း ရှိတတ်ပါတယ်။ အကူအညီ ပေးသူတွေ ရှိတတ်သလို ဂျောက်တွန်းသူတွေလည်း ရှိတတ်ပါတယ်။ ဒါတွေဟာ အလုပ်လုပ်သူတိုင်း တွေ့ကြုံရမယ့် လောကဓံတွေပါ။ ဒီဒဏ်တွေ မခံနိုင်ရင်တော့ ဘာမှမလုပ်ဖို့ပဲ ရှိပါတယ်။ ဘာမှ မလုပ်ရင် ဘာမှလည်း ဖြစ်မှာမဟုတ်ပါဘူး။ ဘာမှမလုပ်လို့ ဘာမှမဖြစ်တာထက်စာရင် တစ်ခုခုလုပ်ပြီး အချိန်ကို တန်ဘိုးရှိစေတာကောင်းတယ် ဆိုတဲ့အတွေးနဲ့ ဘုန်းဘုန်းအလုပ်တွေ လုပ်ဖြစ်ခဲ့တာပါ။ လုပ်နေဦးမှာပါ။
မှန်ပါတယ်။ ပြောရရင် ကိုယ့်ပေါင်ကိုယ်လှန် ထောင်းသလို ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာ ဘာမှမလုပ်ဘဲ အပိုဖြစ်နေသူတွေ အများကြီး ရှိနေပါတယ်။ လူတွေပဲလားဆိုတော့ ဘုန်းကြီးတွေလည်း ပါပါတယ်။ လူတွေကလည်း ဟိုလိုလို ဒီလိုလို ဟိုယောင်ယောင် ဒီယောင်ယောင် ရှိနေကြသလို ဘုန်းကြီးတွေကလည်း ဘာလိုလို ညာလိုလို ဖြစ်နေကြပါတယ်။ အလုပ်ကို လက်တွေ့မလုပ်ကြဘဲ ဟိုအပြစ်ပုံချ ဒီအပြစ်ပုံချ လုပ်နေတာက များနေကြတာကို တွေ့ရပါတယ်။ အမှန်တော့ အကြီးကြီး အများကြီး မလုပ်နိုင်တာ တောင်မှ ကိုယ့်တစ်နိုင်တစ်ပိုင် လုပ်နေမယ်ဆိုရင် အလုပ်တွေက အများကြီးပါ။ ကိုယ်တတ်နိုင်တဲ့ အားလေးနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် လိုနေတဲ့ နေရာတွေက အများကြီးပါ။ ကိုယ့်လောက်မှ အခြေမလှ၊ ကိုယ့်လောက်မှ အဆင်မပြေတဲ့ သူတွေက အများကြီးပါ။ အဲဒီသူတွေကို ကိုယ့်ရှိတာလေး၊ ကိုယ်တတ်နိုင်တာလေး လုပ်ပေးနေနိုင်ရင်ကိုပဲ အကျိုးရှိနေတာပါ။ အဲဒီလောက်ကို ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လုပ်ပေးနိုင်သူတွေက မလုပ်ပေးကြတာပါ။
ဒီအကြောင်းကို ဘုန်းဘုန်း ကွမ်းခြံကုန်း ဗုဒ္ဓကောလိပ် ဟောပြောပွဲမှာ ကျောင်းသားဦးဇင်း ကိုရင်တွေနဲ့ အပြင်က လာနားထောင်သူတွေကို ပြောဖြစ်ခဲ့ပါတယ်။ အဲဒီမှာဘုန်းဘုန်းက မြန်မာပြည်ရဲ့ လက်ရှိအခြေအနေတွေကို မီးမောင်းထိုးပြပေးပါတယ်။ မြန်မာပြည်ဟာ အဘက်ဘက်က အားနည်းနေပြီဆိုတာကို ပြောပြဖြစ်ပါတယ်။ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ လူမျိုးရေး စတဲ့အရေးတွေမှာ တစ်ဖြည်းဖြည်း ခြစားနေပြီဆိုတာ အသိပေးဖြစ်ပါတယ်။ ပြီးတော့ ဒါတွေ ပြန်အားကောင်းလာအောင် ဘုန်းကြီးတွေရော လူတွေပါ တတ်နိုင်သမျှ အလုပ်လုပ်ပေးကြဖို့၊ ဘာမှ မဖြစ်နိုင်ပါဘူးဆိုပြီး ဘာမှမလုပ်ပဲ မနေဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဝန်းကျင်မှာ ကိုယ်နိုင်သမျှ အရာလေးတွေနဲ့ နိုင်သမျှ ၀န်ကိုထမ်းပြီး လုပ်ကြည့်ကြဖို့၊ အလုပ်လုပ်နေသူကို အလုပ်ကပြန်ပြီး ကျေးဇူးပြုတတ်တဲ့အတွက် ဘာဖြစ်ဖို့ ဘာရဖို့ဆိုတဲ့ မျှော်လင့်ချက်မထားဘဲ ကိုယ်လုပ်ပေးနိုင်တာကို လုပ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့သာ တတ်နိုင်သမျှ လုပ်ပေးကြဖို့၊ အလုပ်လုပ်နေသူတွေကို အထူးသဖြင့် အများအကျိုးအတွက် တစ်ခုခုလုပ်ပေးနေတဲ့ ဘုန်းကြီးတွေကို လှူချင်တမ်းချင်နေတဲ့ သူတွေက အမြဲတမ်းရှိနေတာ ဖြစ်တဲ့အတွက် အရှင်ဘုရားတို့ အနေနဲ့ လာဘ်လာဘကို မမျှော်ကိုးဘဲ ကိုယ့်တနိုင်တပိုင်ပဲ ဖြစ်ဖြစ် မျိုးဆက်သစ် လူငယ်များအတွက် အလုပ်လုပ်ပေးကြဖို့ စတဲ့ အကြောင်းအရာတွေကို ဟောပြောဖြစ်၊ အကြံပြုဖြစ်၊ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်မှာက ခုနပြောသလို လှူဖို့နေရာကို လိုက်ရှာနေတဲ့ သူတွေရှိသလို အလှူကို စောင့်နေကြသူတွေလည်း ရှိပါတယ်။ ပြောရရင် လိုနေတဲ့သူတွေအများကြီး ရှိနေတယ်ဆိုတာပါပဲ။ လိုနေတာမှ စားရေးရော၊ ၀တ်ရေးရော၊ ပညာရေးရော၊ ဘာသာရေးရော အဖက်ဖက်ကကို လိုနေကြတာပါ။ ဒီအရေးတွေကို ဖြည့်ပေးမယ့်သူတွေကို မျှော်နေကြတာပါ။ ဒါတွေအားလုံးကို မဖြည့်ပေးနိုင်တာတောင်မှ ပညာရေးကို အားဖြည့်ပေးနိုင်သူတွေက ပညာရေးကို ၀ိုင်းပြီးအားဖြည့်၊ ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးနိုင်သူတွေက ဘာသာရေး ယဉ်ကျေးမှုကို အားဖြည့်ပေးကြဖို့ လိုနေတာပါ။ အမှန်ပြောရရင် ဒီနှစ်ဘုန်းဘုန်း ဇာတိမွေးရပ်ရွာကို မရောက်ဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုရင် သွားရင်စိတ်ညစ်ပြီး ပြန်လာရမှာဖြစ်လို့ပါ။ ဘုန်းဘုန်းတို့ရွာကလူတွေ အားလုံးနီးပါး လိုနေကြပါတယ်။ အစစအရာရာပေါ့။ အရင်နှစ်တွေနဲ့ကတောင် မတူဘဲ ဒီနှစ်မှာ ပိုပြီးဆိုးကုန်ကြပါတယ်။ သူတို့ကို အဆိုးဆုံး ဒုက္ခပေးနေတာက နှစ်လုံးထိုးမှုတွေပါ ဘာမှလုပ်စရာ မရှိတော့ ရှိသမျှ ရောင်းချပြီး အချောင်ရမယ်ထင်တဲ့ ဒီနှစ်လုံးနောက် လိုက်တော့ ပိုပြီးငတ်ပြတ်ကုန်ကြတော့တာပါ။ ဒါကြောင့် တစ်ရွာလုံးနီးပါး လိုနေတဲ့သူတွေကို ပြည့်အောင် မဖြည့်ပေးနိုင်မယ့်အတူတူ မသွားတော့ပါဘူးဆိုပြီး အများနဲ့သက်ဆိုင်ပြီး ရေရှည်အကျိုးရှိမယ့် ပညာရေးပဒေသာပင်ပဲ အဝေးက လှမ်းဆိုက်ပေးလိုက်ပါတယ်။ ထားပါတော့ ပြောချင်တာက လိုနေတဲ့သူတွေ များနေတဲ့ မြန်မာပြည်မှာ အလုပ်လုပ်ပြီး ဖြည့်ပေးမယ့်သူတွေ အများကြီး လိုအပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည် အတွေ့အကြုံအကြောင်း ပြောမယ်ဆိုရင် ကုန်နိုင်မယ် မထင်ပါဘူး။ အပြောင်းအလဲ တစ်ခုကို လိုချင်နေကြတဲ့ မြန်မာပြည်သူတွေဟာ ပြောင်းလဲပေးနိုင်မယ့် သူတွေကို မျှော်လင့်နေကြတယ် ဆိုတာ သေချာပါတယ်။ ဒီအထဲက ဦးဆောင်မှုကောင်းကောင်းနဲ့ လောကီလောကုတ္တရာ အကျိုးများကို ဖော်ဆောင်ပေးမယ့် သာသနာ့ဝန်ထမ်းများကို ပိုပြီးမျှော်လင့်ကြ၊ အားကိုးကြတယ်ဆိုတာ လက်တွေ့အလုပ် လုပ်ပေးခဲ့တဲ့ ဘုန်းဘုန်းကိုယ်တိုင် သိခဲ့ရပါတယ်။ ဒါကြောင့် ဘုန်းဘုန်းကတော့ မြန်မာပြည်မှာပဲ နေနေ နိုင်ငံခြားမှာပဲ နေနေ အများအကျိုးဖြစ်စေမယ့် အလုပ်လေးတွေကိုတော့ တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတာကို ဆုံးဖြတ်ထားပါတယ်။ လုပ်လည်းလုပ်ဖြစ်နေပါတယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်ပြီးဖြစ်တဲ့ နိုင်ငံမှတော့လည်း ခေတ်မီမီ အွန်လိုင်းသာသနာပြု လုပ်ငန်းများပါ တွဲလုပ်နေပြီး ခေတ်မမီသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံမှာလည်း စာရေးခြင်း၊ စာအုပ်ထုတ်ခြင်းလုပ်ငန်းများပါ တွဲလုပ်ဖြစ်နေပါတယ်။ ထုတ်ဝေသူတစ်ယောက်က ဘုန်းဘုန်းစာမူတွေကို ဖတ်ပြီး “ဒီဆရာတော်ကတော့ စာမရေးပါနဲ့ ဆိုတာတောင် စာရေးခြင်းအလုပ်ကို နားမှာမဟုတ်ဘူး” လို့ မှတ်ချက်ပြုသလို ဘုန်းဘုန်းလည်း ကျန်းမာရေး ကောင်းနေသ၍ အလုပ်လုပ်ပေးလို့ ရနေသ၍ အတ္တဟိတ၊ ပရဟိတ လုပ်ငန်းများကို မပြတ်လုပ်ဖြစ်နေမယ်ဆိုတာ မြန်မာပြည်မှ အပြန်ကတိခံရင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ