မဖြစ်ပါရစေနဲ့တော့…

ပုထုဇင်တွေဟာ အမြဲလိုချင်နေတတ်၊ ရချင်နေတတ်၊ ဖြစ်ချင်နေတတ်ပါတယ်။ ဒါကြောင့်လည်း ဘာလေးပဲလုပ်လုပ် လိုချင်ဖြစ်ချင်ရချင်တဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တကြပါတယ်။ ဒီစိတ်ကြောင့်ပဲ ဘာကုသိုလ်လေးပဲ လုပ်လုပ် ဖြစ်ပါရစေ၊ ရပါရစေ စသဖြင့် ဆုတောင်းလေ့ရှိကြပါတယ်။ ဖြစ်ချင်တာတွေက များတဲ့အတွက် ကုသိုလ်လေးကနဲနဲ တောင်းတာတွေက အများကြီး ဖြစ်နေကြပါတယ်။ ဘုရားရှေ့သွားပြီး လှူတာက ရေတစ်ခွက်၊ ပန်းတစ်စည်း တောင်းတဲ့ဆုတွေက “ဤကုသိုလ်ကောင်းမှုကြောင့် လူ့စည်းစိမ် နတ်စည်းစိမ်အပြည့်နဲ့ ဘာဖြစ်ရပါလို၏၊ ညာဖြစ်ရပါလို၏“ စတဲ့ ဆုတောင်းသံတွေကလည်း မကြားချင် အဆုံးဖြစ်နေပါတယ်။ ကုသိုလ်ကောင်းမှုလုပ်တဲ့သူ အတော်များများရဲ့ အသံတွေ နားထောင်လိုက်ရင် သူတို့ပြုတဲ့ ကုသိုလ်အပေါ် ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့ တောင်းနေကြတာကို ကြားနေရမှာပါ။ တောင်းတာတွေကို နားထောင်ကြည့်တဲ့အခါ များသောအားဖြင့် ဖြစ်ပါစေလို့ပဲ ဆုတောင်းနေတာကို တွေ့မြင်ကြားသိနေရပါတယ်။ မဖြစ်ပါရစေနဲ့လို့ ဆုတောင်းပြီး ကုသိုလ်လုပ်သူ အတော်ရှားလှပါတယ်။ အမှန်တော့ မဖြစ်မနေ တောင်းချင်တယ်ဆိုရင်လည်း ဖြစ်ပါရစေလို့ တောင့်တနေမယ့်အစား မဖြစ်ပါရစေနဲ့လို့ တောင်းတာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ အနှစ်သာရ ရှိပါတယ်။

မှန်ပါတယ်။ ဖြစ်ချင်လို့ ရချင်လို့ တောင့်တပြီး ကုသိုလ်လုပ်ကာ ဖြစ်ပါရစေ၊ ရပါရစေလို့ ဆုတောင်းတဲ့အတွက် မိမိတို့ လုပ်တဲ့ကံစွမ်းအလျောက် ဖြစ်လာရလာမှာပါ။ ဒါပေမယ့် ဒီလိုဖြစ်လာ ရလာတော့လည်း အလိုပြည့်လား ဆိုပြန်တော့ အလိုမပြည့် ပြန်ပါဘူး။ ဒါကြောင့် ထပ်လုပ်၊ ထပ်လိုချင်၊ ထပ်ပြီး ဖြစ်ပါရစေ ဆိုတာတွေ တောင့်တလာပြန်ပါတယ်။ ဒီလိုနဲ့ ဘ၀သံသရာ လွတ်မြောက်မှုက ဝေးဝေးနေကုန်ပါတော့တယ်။ အများစုကတော့ ဖြစ်ပါရစေဆိုတဲ့ စိတ်ဆန္ဒတွေနဲ့ တောင့်တပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ထူးထူးခြားခြား မဖြစ်ပါရစေနဲ့လို့ တောင့်တတဲ့ သူတစ်ယောက်အကြောင်း စာပေမှာ ဖတ်မှတ်လိုက်ရပါတယ်။ ဖတ်ပြီး ကြည်ညိုစိတ်ပါ ဖြစ်ခဲ့ရပါတယ်။ အဲဒီသူကတော့ အခြားသူမဟုတ်ပါဘူး။ ဘုန်းဘုန်းတို့ရဲ့ ဂေါတမဘုရားရှင်ပါပဲ။

ဘုရားရှင်ဟာ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ ကဏှဆိုတဲ့ ရသေ့တစ်ပါး ဖြစ်ခဲ့ပါတယ်။ ကဏှရသေ့ အဖြစ်နဲ့ ပါရမီတွေဖြည့်ကာ ကုသိုလ်ကောင်းမှုတွေ ကြိုးစားအားထုတ်ခဲ့ပါတယ်။ အသားအလွန် အမတန် မည်းလွန်းလှတဲ့အတွက် ကဏှလို့ အမည်တွင်ပါတယ်။ ကဏှရသေ့ဟာ အကျင့်တရားတွေ အပြင်းအထန် အားထုတ်တဲ့အတွက် သိကြားမင်းရဲ့ ကျောက်ဖြာက ပူလာပါတယ်။ ကျောက်ဖြာပူတော့ သိကြားမင်း မနေနိုင်တော့ပါဘူး။ သူ့ရာထူးကို ယူမယ့်သူ ပေါ်လာပြီဆိုတာ သတိပေးသလို ဖြစ်တဲ့အတွက် လူ့ပြည့်ကို ကြည့်လိုက်တော့ ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ ကြိုးစားအားထုတ်နေတဲ့ ကဏှရသေ့ကို တွေ့လိုက်ရပါတယ်။ ဒါကြောင့် သိကြားမင်းဟာ လူ့ပြည့်ဆင်းပြီး စုံးစမ်းပါတယ်။ ဒီရသေ့ ဘာလိုချင်လို့ ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ အပြင်းအထန် အားထုတ်နေရတယ်ဆိုတာကို သိကြားမင်း သိချင်နေပုံရပါတယ်။ ဒါကြောင့်လည်း လူ့ပြည်သွားပြီး စုံစမ်းမေးမြန်းခြင်း ဖြစ်ပါတယ်။ သိကြားမင်းဟာ ကဏှာရသေ့ရှေ့မှောက်ရောက်ပြီး သူသိချင်တာတွေ မေးမြန်းစုံးစမ်းပါတော့တယ်။

“အရှင်ရသေ့… ဘာကြောင့် ဒီလောက်တောင် ကုသိုလ်ကောင်းမှုတွေ ကျင့်ကြံအားထုတ်မှုတွေ အပြင်းအထန် လုပ်နေတာလဲ…၊ အရှင်ရသေ့ ဘာကိုလိုချင်လို့လဲ…၊ ဘာတွေဖြစ်ချင်ပြီး ဘာဆုတွေ လိုချင်လို့လဲ… ဘာဆုတွေများ တောင်းပါသလဲ…“ လို့ သိကြားမင်း စတင်မေးမြန်း စုံစမ်းပါတယ်။ ဒီတော့ ဘုရားလောင်း ကဏှရသေ့က…

“သိကြားမင်း… င့ါမှာဖြစ်ပါရစေလို့ တစ်ခြားဆုတောင်းတာ မရှိပါဘူး…၊ ဒါပေမယ့် မဖြစ်ပါရစေနဲ့လို့ ဆုတောင်းတာတော့ ရှိပါတယ်“လို့ ဘုရားလောင်း ရသေ့က ဖြေကြားပါတယ်။ ဒီအခါ သိကြားမင်းက…

“အရှင်ရသေ့… ဘယ်လိုမဖြစ်ပါရစေနဲ့“လို့ ဆုတောင်းပါသလဲ ဆိုတာကို ထပ်မေးလို့ ဘုရားလောင်းရသေ့က
“သိကြားမင်း… ငါတောင့်တတာက ဖြစ်လေရာ ဘ၀တိုင်း ဘ၀တိုင်းမှာ ဘယ်တော့မှ ကောဓဆိုတဲ့ အမျက်ထွက်မှု၊ ဒေါသဆိုတဲ့ စိတ်ဆိုးစိတ်တိုမှု၊ လောဘဆိုတဲ့ လိုချင်ရချင်မှု၊ သမုဒယလို့ခေါ်တဲ့ ကပ်ငြိတွယ်တာမှု တဏှာ မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တပါတယ်” လို့ အဖြေပေးလိုက်ရော သူများတွေ ဖြစ်ပါရစေလို့ ဆုတောင်းနေတဲ့အချိန်မှာ ဒီလိုမဖြစ်ပါရစေနဲ့လို့ ဆုတောင်းတဲ့ ကဏှရသေ့ရဲ့ ဆုတောင်းကို နားထောင်ပြီး သူ့နေရာအတွက် စိတ်ချသွားရတဲ့ သိကြားမင်း နတ်ပြည်ပြန်တက် သွားပါတော့တယ်။

ဒီနေရာမှာ ပြောချင်တာက ကဏှရသေ့ရဲ့ တောင့်တမှု၊ ဆုတောင်းမှု၊ ကြိုးစားကျင့်ကြံ အားထုတ်မှုတွေပါ။ ကဏှရသေ့က “ကောဓ မဖြစ်ပါရစေနဲ့၊ ဒေါသ မဖြစ်ပါရစေနဲ့၊ လောဘမဖြစ်ပါရစေနဲ့၊ ကပ်ငြိတွယ်တာမှု မဖြစ်ပါရစေနဲ့“တဲ့။ သိပ်ကောင်းတဲ့ တောင့်တချက်လေးတွေပါ။ ဟုတ်ပါတယ်။ ကောဓဆိုတာ အမျက်ကို ပြောတာပါ။ တစ်စုံတစ်ဦးအပေါ်မှာ တစ်စုံတစ်ခု အပေါ်မှာ အမြင်မကြည့်မှု၊ အခဲမကြေမှု၊ မျက်နေမှုတွေဟာ ကောဓပါပဲ။ ဒီလို ကောဓဆိုတဲ့ အမျက်လေးတွေ တဖြည်းဖြည်း များလာမယ်ဆိုရင်တော့ ပေါက်ကွဲမှုတွေ ဖြစ်ကုန်တတ်ပါတယ်။ အမျက်ကြီးလာရင် အခဲမကြေမှုတွေလည်း ဖြစ်လာတတ်ပါတယ်။ ဒီကောဓတွေ ဖြစ်နေသမျှ ဘ၀မှာ အဆင်မပြေမှုတွေ ကိုယ်စိတ်ပင်ပန်းမှုတွေ ဖြစ်နေတတ်ပါတယ်။ ဒါကိုသိလို့ ဘုရားလောင်း ရသေ့က ဖြစ်လေရာဘ၀တိုင်းမှာ ကောဓမဖြစ်ဖို့ တောင့်တခြင်းဖြစ်ပါတယ်။

ပြီးတော့ ကဏှရသေ့က “ဒေါသဘယ်တော့မှ မဖြစ်ပါရစေနဲ့“တဲ့။ မှန်ပါတယ်။ ဒေါသဟာ အလွန်ကြောက်စရာ ကောင်းတဲ့ အကုသိုလ်ပါ။ ဒေါသရှိနေရင် စိတ်ဆိုးစိတ်တိုမှုတွေ ခဏခဏ ဖြစ်နေတတ်ပါတယ်။ အဲဒီစိတ်ဆိုးစိတ်တိုမှုတွေ အားကောင်းလာရင် ပေါက်ကွဲတတ်ပြီး အဆင်အခြင်မဲ့ လုပ်တတ်ကြပါတယ်။ “ဒေါသော အတ္ထံ န ဇာနာတိ“ဆိုတဲ့ စကားအတိုင်း ဒေါသဖြစ်လာရင် အဆိုးအကောင်း၊ အကျိုးအကြောင်းကို မသိတော့ပါဘူး။ စိတ်လိုက်မာန်ပါ လုပ်ကုန်တော့တာပါပဲ။ အဲဒီအခါ ဒီဒေါသရဲ့ နောက်ဆက်တွဲက နောင်တတရားဖြစ်လာတတ်ပြီး နောင်တရဲ့ နောက်ကွယ်မှာတော့ သောကဆိုတဲ့ စိုးရိမ်မှု၊ ပရိဒေ၀ဆိုတဲ့ ငိုကြွေးမှု စတာတွေ ထပ်ပေါ်လာတော့တာပါပဲ။ ဒါကြောင့် ဘုရားလောင်းရသေ့က ဒီလိုအန္တရာယ်ကြီးတဲ့ ဒေါသ မဖြစ်ပါရစေနဲ့လို့ တောင့်တခြင်းဖြစ်ပါတယ်။

နောက်တစ်ခု “ဖြစ်လေရာ ဘ၀မှာ လောဘ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ ကဏှရသေ့ရဲ့ တောင့်တမှုဟာလည်း လောဘရဲ့ ဆိုးကြိုးကို မလိုချင်ဘူးဆိုတာ ထင်ရှားလှပါတယ်။ သိတဲ့အတိုင်း လောဘကလည်း ရလေလိုချင်လေဖြစ်နေတာပါ။ အလိုကို မပြည့်နိုင်ဖြစ်နေတော့တာပါ။ အရဟတ္တမဂ်ကို မရသေးသမျှ လောဘကို အကြွင်းမဲ့ ပယ်သတ်နိုင်မှာ မဟုတ်ပါဘူး။ အကြွင်းမဲ့ မပယ်နိုင်သေးဘူးဆိုပြီး လောဘနောက် လိုက်နေလို့ကလည်း မဖြစ်ပြန်ပါဘူး။ လိုချင်တပ်မက်တတ်တဲ့ လောဘဆိုတာဟာ ဆားငန်ရေ သောက်သလိုပဲ သောက်လေသောက်လေ ငတ်မပြေ ဖြစ်နေတာပါ။ ရပြီးရင်း ရချင်ဖြစ်နေတာပါ။ ဒီလို လိုချင်ရချင်နေတဲ့ အတွက်လည်း တရားသည်မတရားသည် မသိ၊ မှားသည်မှန်သည် မသိ လောဘရဲ့ ခိုင်းစေမှုနောက်ကို လိုက်လုပ်နေမိ ပြန်ပါတယ်။ လောဘရဲ့ သားကောင်တွေ ဖြစ်နေကြရပါတယ်။ အကြွင်းမဲ့ မပယ်နိုင်သေးပေမယ့် တစ်ဖြည်းဖြည်း အပိုင်းအကန့်လေးတွေ လုပ်ပေးနိုင်ပါမှ လောဘရဲ့ ကျွန်မဖြစ်မှာပါ။ ဒီလိုမှ မလုပ်ပေးရင် လိုချင်တပ်မက်တတ်တဲ့ လောဘဟာ အဆုံးသတ်နိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ကဏှရသေ့က လောဘမဖြစ်ချင်တာပါ။

ဘုရားလောင်းကဏှရသေ့ရဲ့ နောက်ထပ်တောင့်တချက် တစ်ခုက “ဖြစ်လေရာ ဘ၀တိုင်းမှာ ကပ်ငြိတွယ်တာမှု တဏှာ ဘယ်တော့မှ မဖြစ်ပါရစေနဲ့“ ဆိုတဲ့ အချက်ပါ။ ဒီတဏှာကတော့ သတ္တ၀ါတွေရဲ့ အဆိုးဆုံး ရန်သူပဲ ဖြစ်ပါတယ်။ ကပ်ငြိတွယ်တာမှု ဆိုတဲ့ တဏှာရဲ့ အဖွင့်အတိုင်းပဲ ဒီတဏှာဟာ ကပ်ငြိစေ၊ တွယ်တာစေပါတယ်။ အရာဝတ္တု တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် တွယ်တာမိပြီဆိုရင်တော့ နောက်ဆက်တွဲကတော့ ဒုက္ခတွေချည်းပါပဲ။ တွယ်တာမှု သံယောဇဉ်ကြောင့် ချစ်ခြင်းမုန်းခြင်းတွေအထိ ဖြစ်ပေါ်စေပြီး ဒီချစ်ခြင်းမုန်းခြင်းကြောင့်ပဲ မနာလိုမှု ၀န်တိုမှုတွေ ဖြစ်စေကုန်ပါတယ်။ မနာလိုမှုတွေ ၀န်တိုမှုတွေ ဖြစ်လာရင် ငြိမ်းချင်းမှုဆိုတာ မရှိတော့ပါဘူး။ ပူလောင်မှု၊ ပင်ပန်းမှုတွေပဲ ဖြစ်စေပါတယ်။ ဒါတွေဟာ တဏှာဆိုတဲ့ ကပ်ငြိတွယ်တာမှုကြောင့် ဖြစ်ရတာပါ။ ဒါကြောင့်လည်း ဒီတဏှာကို သံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားထဲမှာ ထည့်သွင်းပြီး တဏှာ မာန ဒိဋ္ဌိတို့ရဲ့ အပေါင်းအပါအဖြစ် ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပါတယ်။ တဏှာရဲ့ ဒီလိုဆိုးကြိုးတွေကို သိတော်မူတဲ့အတွက် ဘုရားလောင်းကဏှ ရသေ့ဟာ ဒီတဏှာ မဖြစ်ဖို့ တောင့်တခြင်း ဖြစ်ပါတယ်။

အများက ဖြစ်ပါရစေလို့ တောင့်တနေကြ၊ ဆုတောင်းနေကြတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တပြီး ကျင့်ကြံအားထုတ်တော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ ကဏှရသေ့ဘ၀ ဖြစ်စဉ်လေးဟာ အလွန်အတုယူ လိုက်နာစရာ ဖြစ်ပါတယ်။ ဖြစ်ပါရစေလို့ပဲ ဆုတောင်းဆုတောင်း မဖြစ်ပါရစေနဲ့လို့ပဲ တောင့်တတောင့်တ အမှန်တော့ နှစ်ခုလုံး တောင့်တတာတွေပါ။ ဒါပေမယ့် ဖြစ်ပါစေလို့ တောင့်တမှုကတော့ သံသရာရှည်မှုကို ဖြစ်စေတတ်ပြီး မဖြစ်ပါရစေနဲ့လို့ တောင့်တမှုကတော့ လွတ်မြောက်မှုကို ဦးတည်စေပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆုတောင်းနေ့ဖို့ထက် လက်တွေ့ကျင့်ကြံဖို့က အရေးကြီးပါတယ်။ ဒီလို ကျင့်ကြံတဲ့အခါမှာသာ ဦးတည်ချက် မှန်ဖို့လိုပါတယ်။ တစ်ချို့ ကုသိုလ်တွေ အမျိုးမျိုး လုပ်ကြပါတယ်။ ဒီလိုလုပ်နေကြပေမယ့် ဦးတည်ချက်ကတော့ လူ့စည်းစိမ် နတ်စည်းစိမ် စတာတွေကို ရစေဖို့ဖြစ်နေပါတယ်။ တစ်ချို့ကြတော့ ဒီစည်းစိမ်တွေကို မရည်ရွယ်ပါဘူး။ လောဘကင်းမှု၊ ဒေါသကင်းမှု၊ မောဟကင်းမှု၊ နိဗ္ဗာန်မျက်မှောက်ပြုမှုတွေကို ဦးတည်ပါတယ်။ ဒီဦးတည်ချက်နဲ့ပဲ ဖြစ်ပါရစေဆိုတာတွေနဲ့ ဆန့်ကျင်ပြီး မဖြစ်ပါရစေနဲ့ ဆိုတာကို ရည်ရွယ်ကြပါတယ်။ ဒီလို မဖြစ်ပါရစေနဲ့လို့ ရည်ရွယ်မှုကတော့ လွတ်မြောက်မှုအတွက် ဦးတည်ချက်ကောင်း ဖြစ်စေပါတယ်။

ဒါကြောင့် တောင့်တမှု၊ ဆုတောင်းမှုဟာ မတောင့်တတတ်၊ မဆုတောင်းတတ်ရင် တဏှာရဲ့ ချယ်လှယ်မှုကြောင့် ဘ၀သံသရာ ရှည်ကြာမှုကိုသာ ဖြစ်စေတတ်တဲ့အတွက် ဖြစ်ပါရစေလို့ ဆုတောင်းမှုဖြင့် ဒုက္ခတိုးမှုကို မဖြစ်စေကြဘဲ ဘုရားလောင်း ကဏှရသေ့ ရည်ရွယ်တောင့်တ ကျင့်ကြံသလို မဖြစ်ပါရစေနဲ့ ဆိုတဲ့ ရည်ရွယ်တောင့်တမှုဖြင့်သာ လွတ်မြောက်ရာအမှန်လမ်းကို အမြန်လှမ်းနိုင်ဖို့ ကြိုးစားသင့်လှပါကြောင်း…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ