မကြာမီ ပြန်လာမည်…

ခုတစ်လော မနာပဒါယီ အင်တာနက်စာမျက်နှာမှာ ပို့စ်အသစ်တွေ မတက်တာ နဲနဲကြာသွားလို့လား မသိဘူး။ စာဖတ်ပရိတ်သတ်တွေရဲ့ အသံလေးတွေ ကြားလာရပါတယ်။ စာမရေးတော့ဘူးလား…၊ ဘာဖြစ်လို့ ပို့စ်အသစ် မတင်ဖြစ်တာလဲ…၊ နေမကောင်းလို့လား…၊ ဒါမှမဟုတ် ဘယ်များကြွသွားလို့လဲ… စသဖြင့်ပေါ့။ ပို့စ်အသစ် မတင်ဖြစ်တာတော့ မှန်ပါတယ်။ ဒါကလည်း နေမကောင်းလို့ မဟုတ်သလို တစ်နေရာရာကို ရောက်နေလို့လည်း မဟုတ်ပါဘူး။ ၀ါကျွတ်ပြီးကတည်းက ဟိုအလုပ်ဒီအလုပ်တွေနဲ့ နဲနဲရှုပ်သွားတာရယ်၊ စာရေးဖို့ အချိန်မရဖြစ်တာရယ်၊ မြန်မာပြည် ခဏပြန်ကြွဖို့ ပြင်ဆင်နေတာတွေရယ်ကြောင့် စာမရေးဖြစ်ပဲ ဖြစ်နေတာပါ။ စာရေးတာကတော့ ရေးကိုရေးမှာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒီနေ့ခေတ်မှာ အင်တာနက်ကနေ စာရေးပြီး သာသနာပြုတဲ့ အလုပ်ဟာ တကယ့်ကိုပဲ ထိရောက်တဲ့ သာသနာပြု အလုပ်တစ်ခုလို ဖြစ်လာနေလို့ပဲ ဖြစ်ပါတယ်။ ခုတစ်လော အလုပ်နဲနဲများသွားလို့ စာမရေးဖြစ်ပေမယ့် မကြာခင် ပြည်တွင်းကပဲ ဖြစ်ဖြစ်၊ မြန်မာပြည်က ပြန်လာမှပဲ ဖြစ်ဖြစ် သိသင့်သိထိုက်တာလေးတွေတော့ ရေးဖြစ်အောင် ရေးတင်နေမှာ ဖြစ်ပါတယ်။ မကြာမီလာမည်ပေါ့…။

ဟုတ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ ကိုရီးယားမှာဝါဆို၊ ဒီမှာဝါကျွတ်၊ ဒီမှာကထိန်လုပ်ပြီး မြန်မာပြည်မှာ ရှိတဲ့ကျောင်းရဲ့ ကထိန်ကာလအမှီ ပြန်ကြွရမှာဖြစ်လို့ မဖြစ်မနေ မြန်မာပြည်ထဲကို ပြန်ဝင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာပြည်မှာ လုပ်ပေးရမယ့် စာရေးစာချ၊ စာအုပ်ထုတ်ဖို့ပြင်ဆင်၊ သင်တန်းပို့ချ၊ တရားဟော တရားပြ ပေးရမှာလေးတွေကလည်း ရှိနေပြန်သေးတော့ ပြည်တွင်းရဲ့ တာဝန်ကလည်း ပစ်ထားလို့ မရဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ ၁၁လပိုင်း၊ ၁၁ရက်နေ့ကို မြန်မာပြည် ပြန်ကြွဖို့ စီစဉ်ရတာ ဖြစ်ပါတယ်။

သိတဲ့အတိုင်း အလုပ်ကလည်း မလုပ်ရင်တော့ မရှိဘူး။ လုပ်မယ်ဆိုရင်တော့ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက် ရှိနေတော့တာ ဖြစ်ပါတယ်။ ရှိတဲ့အတိုင်းအတာ၊ ရှိသမျှ အားလေးတွေနဲ့ တတ်နိုင်သမျှ လုပ်ပေးကြမယ်ဆိုရင် သူ့အတိုင်းအတာနဲ့ သူတော့ အကျိုးတစ်ခုခုကို ဖြစ်နေစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုန်းကံကြီးတဲ့သူ၊ စွမ်းအားရှိတဲ့သူတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ကြသလို ဘုန်းကံနဲ့ပြီး စွမ်အားသေးတဲ့ သူတွေအနေနဲ့လည်း အားသေးပေမယ့် တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ ပရဟိတစိတ်ထား၊ သူတော်ကောင်းစိတ်ထား လေးတွေနဲ့ တစ်နိုင်တစ်ပိုင် လုပ်နေနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ့်အထက်ကို မကြည့်ဘဲ ကိုယ့်အောက်ကို ပြန်ကြည့်မယ်ဆိုရင် ကိုယ်လုပ်ပေးနိုင်တာတွေက အများကြီး ရှိနေတယ်ဆိုတာ အလွယ်တကူ တွေ့နိုင်မှာ ဖြစ်ပါတယ်။ အဓိကကတော့ ပရဟိတစိတ်လေးနဲ့ တတ်နိုင်သမျှ လုပ်ပေးမယ်ဆိုတဲ့ စိတ်ထားလေး ရှိနေဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့လည်း မြန်မာပြည် ခဏပြန်တဲ့ အခိုက်မှာ အများအတွက် တတ်နိုင်သမျှ တစ်နိုင်တစ်ပိုင် လုပ်နေမယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

တစ်ဘက်ကို အားဖြည့်ရင် တစ်ဘက်မှာ နဲနဲအားလျှော့ သွားတတ်တဲ့ သဘောရှိတဲ့အတွက် မြန်မာပြည်မှာ ရှိတုန်းတခြား ဟောရေးပြောရေးများနဲ့ သင်တန်းများမှာ အာရုံစိုက်နေရမှာ ဖြစ်လို့ အင်တာနက် စာမျက်နှာပေါ်မှာ စာတွေရေးတင်ပေးရမယ့် အပိုင်းမှာ အားနည်းသွားဖို့တော့ ရှိနိုင်ပါတယ်။ ပြီးတော့ မြန်မာပြည်ရဲ့ အင်တာနက် ဆက်သွယ်မှုကလည်း ခက်ခဲမယ့် သဘောရှိတဲ့အတွက် ထင်သလို စာရေးပြီး ပို့စ်မတင်ဖြစ်ဖို့ကလည်း များနေနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စာတွေရေးပြီး ဖိုင်ထဲမှာ သိမ်းထားကာ ကိုရီးယားကို ပြန်ကြွတဲ့အခါ အသစ်အသစ်တွေကို ဆက်တိုက် တင်ဖြစ်နေမယ်ဆိုတာတော့ အသေအချာ ပြောနိုင်မှာ ဖြစ်ပါတယ်။

တစ်ခု အခွင့်အရေးရှိသွားတာက ဘုန်းဘုန်းရဲ့အင်တာနက် စာမျက်နှာကို အမြဲမပြတ် ဖတ်ရှုတတ်တဲ့ မြန်မာပြည်မှာ ရှိတဲ့ စာဖတ်ပရိတ်သတ်တွေ အတွက်တော့ မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ပို့စ်အသစ် မဖတ်နိုင်ပေမယ့် သိချင်တာ၊ မေးလိုတာ စတာတွေ ရှိရင် ဘုန်းဘုန်းကို ဆက်သွယ်ပြီး အလွယ်တကူ တိုက်ရိုက်မေးလို့ ရနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်း မြန်မာပြည်မှာ ရှိတုန်း၊ ဘာသာရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ တခြားမိမိတို့ သိလိုတဲ့ အကြောင်းများပဲ ဖြစ်ဖြစ် မေးမြန်းလျှောက်ထား လိုကြရင်တော့ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာတိုက်ထဲမှာ ရှိတဲ့ သီရိဇေယျုံကျောင်းကို လာရောက်ကာ မေးမြန်းလျှောက်ထားနိုင်ကြမှာ ဖြစ်ပါတယ်။ ကျောင်းကိုလာတဲ့အခါ ဘုန်းဘုန်းကျောင်းမှာ ရှိမရှိ ဖုန်းနံပါတ် ၃၈၃-၇၉၆ကို အရင်ဆက်သွယ်ပြီးလာရင် ပိုအဆင်ပြေမှာ ဖြစ်ပါတယ်။

ဒါကြောင့် မနာပဒါယီ အင်တာနက် စာမျက်နှာ စာဖတ်ပရိတ်သတ်များအား အထူးအသိပေးလိုတာက အင်တာနက် စာမျက်နှာပေါ်မှာ ပို့စ်များအတင် ကျဲသွားခြင်းဟာ စာမရေးတော့လို့ ကျဲသွားတာ မဟုတ်ဘဲ၊ အလုပ်များပြီး မြန်မာပြည်ကို ပြန်ကြွသွားနေတဲ့ အတွက်ကြောင့် ဖြစ်ကြောင်း၊ မြန်မာပြည်မှာရှိတဲ့ သာသနာပြု အလုပ်များကြောင့် ဖြစ်ကြောင်းနဲ့ မြန်မာပြည်မှာ ရှိနေတဲ့အချိန် အသုံးပြုရမယ့် အင်တာနက် ဆက်သွယ်မှု အခက်အခဲများကြောင့် ဖြစ်ကြောင်း စသဖြင့် အသိပေးလိုတာ ဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်တည်း သိစေလိုတာက မြန်မာပြည်တွင်းမှာ ရှိနေတဲ့ စာဖတ်ပရိတ်သတ်များ အနေနဲ့ သိလိုတာ၊ လျှောက်လိုတာတွေကို ဘုန်းဘုန်းမြန်မာပြည်မှာ ရှိခိုက် တိုက်ရိုက်ဆက်သွယ် လျှောက်ထားနိုင်ကြောင်းနဲ့ အင်တာနက် စာဖတ်ပရိတ်သတ်များ အတွက်တော့ အခွင့်အရေးရတာနဲ့ စာတွေရေးပြီး အင်တာနက်ပေါ်မှာ ပြန်လည်တင်ပြမှာ ဖြစ်ပါကြောင်း…၊ မကြာမီ ပြန်လာမည် ဖြစ်ပါကြောင်း စသဖြင့် သိစေလိုတာ ဖြစ်ပါတယ်။

Read more »

ဒါလည်းပဲ ပြီးသွားမှာပါပဲ…

“အရာအားလုံးဟာ မမြဲခြင်းသဘော ရှိ၏” ဆိုတဲ့ ဘုရားစကား ကြားမိတဲ့အခါ တစ်ခါတစ်လေ စာသင်သား ဘ၀က အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက် ပြောလေ့ပြောထ ရှိတဲ့ အင်္ဂလိပ် စကားလေးကိုလည်း သွားသွားပြီး သတိရမိပါတယ်။ ဆရာကြီးက စာသင်တဲ့အခါတိုင်း “ This too will pass” ဆိုတဲ့ စကားလုံးလေးကို ရေးရေးပြီး သူ့အတွေ့အကြုံလေးတွေနဲ့ ချိန်ထိုးကာ ပြောပြလေ့ရှိပါတယ်။ ပြီးတော့ သူက “အရှင်ဘုရားတို့ သိတဲ့အတိုင်းပဲဘုရား… လောကမှာ ဘာမှမြဲတာမရှိဘူး၊ ဖြစ်ပြီးရင်ပျက်တတ်တဲ့ သဘောရှိပါတယ်၊ ဒါကြောင့် တပည့်တော်ကတော့ ဘာလေးပဲဖြစ်ဖြစ်၊ ဘာနဲ့ပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို ဖြေလေ့ရှိတာကတော့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ဖြေဆေးပဲ ဘုရား”လို့ လျှောက်လေ့ရှိပါတယ်။ ဆရာကြီးပြောတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားလုံးလေးက ဆရာကြီး စာသင်တဲ့အခါတိုင်း သုံးနေကျဖြစ်သလို လက်တွေ့ဘ၀မှာလည်း တကယ်မှန်နေတာ ဆိုတော့ တစ်ခုခု ဖြစ်တိုင်းဖြစ်တိုင်း “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်နေမိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင် ဒါလည်းပဲ ပြီးသွားမှာပါပဲလို့ ပြောလေ့ရှိတဲ့ ဆရာကြီးလည်း စာတွေလိုက်သင်ပြရင်း ရုတ်တရက် အသက်ဆုံးသွားရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ သူဆုံးတော့ သူ့အသုဘကို လိုက်ပို့ရင်း သူပြောလေ့ပြောထရှိတဲ့ “ဒါလည်းပဲ ပြီးသွားမှာပါပဲ”ဆိုတဲ့ စကားလေးကို သတိရကာ “အင်း… ဒီလိုနဲ့ပဲ ဆရာကြီးလည်း ဘ၀တစ်ခု ပြီးသွားတာပါပဲလား”လို့ သံဝေဂဉာဏ်နဲ့ သတိပြု ဆင်ခြင်ဖြစ်ခဲ့ပါသေးတယ်။ ဒါက ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတဲ့ စကားကို မကြာမကြာ ပြောလေ့ရှိတဲ့ လွန်ခဲ့တဲ့ (၇)နှစ်လောက်က ဆရာကြီးရဲ့ အဖြစ်အပျက်လေး တစ်ခုပါ။

အခုအချိန်မှာတော့ အသက်ကလည်း ရလာ၊ အတွေ့အကြုံလည်း တဖြည်းဖြည်း များများလာနေတာ ဖြစ်တဲ့အတွက် “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ စကားရဲ့ မှန်ကန်မှုတွေက လက်တွေ့ဘ၀မှာ ဆက်ကာဆက်ကာ ပြပြလာတာကို သတိပြုလာမိပါတယ်။ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ် အမြဲတစ်သမှတ်တည်း ရှိမနေဘဲ အချိန်တန်ရင် ပြောင်းလဲသွားတတ်တဲ့ သဘောရှိနေတဲ့အတွက် အကောင်းပဲ ကြုံကြုံ၊ အဆိုးပဲ ကြုံကြုံ ကိုယ့်ကိုယ်ကို လုံအောင် အားပေးဖြေသိမ့်စရာ တစ်ခုခုအဖြစ် “ဒါလည်းပဲ ပြီးသွားမှာပါပဲ”လို့ သတိပြု ဆင်ခြင်တတ်တဲ့ အလေ့အကျင့်လေးကို လုပ်ဖြစ်နေမိပါတယ်။ အထူးသဖြင့် အဆိုးတွေနဲ့ ကြုံတဲ့အခါ “ငါသေတဲ့အထိတော့ ဒီအဆိုးတွေ ဒီအတိုင်း တစ်သက်လုံး ရှိသွားမှာ မဟုတ်ပါဘူး၊ အချိန်တန်ရင်တော့ ပြီးသွားမှာပါပဲ”လို့ ကိုယ့်ကိုယ်ကို သတိပေးရင်း အဆိုးတွေကို အနိုင်ယူနိုင်အောင် အကောင်းတွေကို ဖိလုပ်ကာ ဖြေဆည်မိနေမိတာတော့ အမှန်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀ကို သတိပြု ကြည့်မိကြမယ်ဆိုရင် ဘာမှမမြဲဘူးဆိုတာ ကောင်းကောင်းသိနိုင်ကြပါတယ်။ ဘယ်လောက်ပဲ ကောင်းနေတဲ့ ဘ၀ပေး အခြေအနေတွေ ဖြစ်နေပါစေ၊ ဘယ်လောက်ပဲ အဆိုးဆုံးကို ရောက်နေတဲ့ အခြေအနေတွေ ဖြစ်နေပါစေ အချိန်တန်တော့လည်း ပြီးသွားကြတာ ပါပဲ။ ဒါပေမယ့် အဲဒီပြီးသွားတဲ့ အချိန်မှာ ကိုယ်က အဆိုးနဲ့ ပြီးမလား၊ အကောင်းနဲ့ ပြီးမလား ဆိုတာကိုတော့ လိမ်မာပါးနပ်မှုနဲ့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ကုသိုလ်နဲ့ပြီးမလား အကုသိုလ်နဲ့ ပြီးမလားဆိုတာကိုတော့ စိစစ်တတ်ဖို့ လိုပါတယ်။ ပြီးတော့ပြီးတာပဲ ဒါပေမယ့် မကောင်းတဲ့ အပြီးဆိုရင်တော့ မကောင်းတာတွေနဲ့ ထပ်ပြီးနီးနေဦးမှာပဲဆိုတာ သတိပြုမိဖို့ လိုပါတယ်။

ဒီနေရာမှာ “အချိန်တန်ရင်”ဆိုတဲ့ စကားလေးက အရမ်းကို တာသွားပါတယ်။ အရမ်းလည်း ကျယ်ပြန့်သလို အရမ်းလည်း အဓိပ္ပါယ်ပြည့်ဝပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုပေမယ့် အခုလုပ်၊ အခုဖြစ်၊ အခုပြီးသွားတာတော့ မဟုတ်ပါဘူး။ အချိန်တန်လာတဲ့ အခါမှပဲ ပြီးသွားမှာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ကမ္မ၀ါဒ ရှုထောင့်က ပြောမယ်ဆိုရင်တော့ အကျိုးပေးချိန်တန်မှ အကျိုးသက်ရောက်တတ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ မကောင်းတာတွေပဲ လုပ်နေတတ်ပေမယ့် ကောင်းတာတွေ ဖြစ်နေ၊ ကြီးပွားတာတွေ၊ အောင်မြင်တာတွေ ဖြစ်နေပြီး တစ်ချို့ကျတော့ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတဲ့အဖြစ်၊ မကောင်းတဲ့ အကျိုးပေးတွေနဲ့ ကြုံတွေ့နေရတတ်တာ ဖြစ်ပါတယ်။ ဒါဟာ ကောင်းမှုမကောင်းမှုရဲ့ အကျိုးသက်ရောက်မှုဟာ မရှိတာမဟုတ်ဘဲ အချိန်မကျသေးလို့ မဖြစ်သေးတာ၊ အကျိုးသက်ရောက်မှု မရှိသေးတာဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အချိန်ကျလာတဲ့ အခါဆိုရင်တော့ ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုအရာတွေနဲ့မှ တားဆီးမရနိုင်ဘဲ သူ့အလိုလို တစ်ခုပြီးတစ်ခု ဖြစ်ဖြစ်လာ၊ ပြီးရင် ပျက်ပျက်သွားတော့တာ ဖြစ်ပါတယ်။ အဲဒီလို အချိန်တန်လို့ ဖြစ်ပျက်သွားတတ်တဲ့ သဘောကိုပဲ နောက်ဆုံးတော့ “ဒါလည်းပဲ ပြီးသွားတာပါပဲ”လို့ ကောက်ချက်ချ ဖြေသိမ့်ကြတော့တာ ဖြစ်ပါတယ်။

တစ်လောက ကျောင်းအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေ တစ်ယောက်နဲ့တွေ့လို့ ဟိုဟိုဒီဒီစကားပြောကြရင်း စကားစပ်လို့ ဘုန်းဘုန်းက “ဘ၀မှာ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ်ချင်သလို ဖြစ်လို့မရဘဲ တစ်ခါတစ်လေ သူဖြစ်ချင်သလို ဖြစ်သွားတတ်တဲ့အကြောင်း၊ ဒီလို ဖြစ်ဖို့အတွက်လည်း အချိန်တစ်ခုလိုကြောင်း အချိန်တန်မှ ဖြစ်တတ်တဲ့အကြောင်း…” စသဖြင့် ပြောပြတော့ အဲဒီမိတ်ဆွေဟာ သူ့အဖြစ်အပျက်တွေနဲ့ သွားတိုက်ဆိုင်နေလို့လား မသိဘူး အားရ၀မ်းသာနဲ့ အရမ်းမှန်တဲ့အကြောင်း အခုလို အားပေးစကားလေးတွေ ပြောပြတဲ့အတွက် ကျေးဇူးတင်တဲ့အကြောင်း ပြောလာပါတယ်။ ပြီးတော့ သူ့ရဲ့အတွေ့ အကြုံလေးတွေကိုလည်း ပြောပြပါတယ်။ “သူလည်းပဲ တစ်ခါတစ်လေ မျှော်လင့်ချက်ကြီးကြီး၊ ကြိုးစားမှုကောင်းကောင်းနဲ့ မအိပ်မနေ ကြိုးစားပေမယ့် ဖြစ်မလာတဲ့ အခါတွေ ရှိတတ်ကြောင်း၊ အဲဒီလို အခါမျိုးမှာ စိတ်အရမ်း ခံစားရပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ဖြစ်ဖူးကြောင်း၊ ခုတော့ တဖြည်းဖြည်း နားလည်လာကာ တစ်ခါတစ်လေ ကိုယ်ဖြစ်ချင်သလို မဖြစ်တဲ့ သဘောတွေ ရှိတယ်ဆိုတာ ခံစားမိကြောင်း အရှင်ဘုရား ပြောတာတွေဟာ အမှန်တွေပဲ ဖြစ်ကြောင်း” သူက ဆက်ပြောပါတယ်။

တကယ်တော့ ဒီဂျပန်မိတ်ဆွေဟာ ဘယ်ဘာသာမှ မကိုးကွယ်တဲ့ ဘာသာမဲ့တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုတော့ လေးစားမှုနဲ့ ရင်းနှီးနေပြီး ဘ၀မှာ ဒုက္ခတွေကြုံတိုင်း ရင်ဖွင့်လေ့ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ အဲဒီလို အခါတိုင်းလည်း ဘုန်းဘုန်းက ဗုဒ္ဓအဆုံးအမ လေးတွေကို ပြောပြပြီး စိတ်ဖြေဆေးလေးတွေ ပေးနေမိပါတယ်။ အဲဒါပါပဲ။ ပြောရမယ်ဆိုရင် အတက်အကျ အနိမ့်အမြင့်တွေရဲ့ သဘောမှာ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင်း ပြီးသွားတတ်တယ်ဆိုတာဟာ ဘာသာရှိ ဘာသာမဲ့နဲ့ မဆိုင်ဘဲ လောကမှာရှိတဲ့ လောကသားတိုင်း ကြုံရတတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ သဘာဝဓမ္မဟာ သူ့သဘောတရား အတိုင်းဖြစ်နေတာ ဖြစ်တဲ့အတွက် ယူတတ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင်တွေလည်း ရယူနိုင်နားလည်နိုင်သလို ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေလည်း နားလည်သဘောပေါက်နိုင်ပါတယ်။ အရာရာ ဘာမှတစ်သမှတ်တည်း မရှိတဲ့ သဘောဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်ရော ဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ အတွက်ပါ မလွဲမသွေ မှန်ကန်နေတဲ့ သဘောပဲ ဖြစ်တယ်ဆိုတာ ဘယ်သူမဆို ကိုယ့်ရဲ့လက်တွေ့ဘ၀လေးတွေနဲ့ ချိန်ထိုးပြီး သိနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို သိလာတဲ့အခါ အချိန်တန်ရင် ဒါလည်းပဲ ပြီးသွားမှာပါပဲဆိုတာ သတိပြုမိလာမှာ ဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်စိတ်ကိုယ် ဖြေဆည်လာနိုင်မှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ တရားဦး ဒေသနာတော်ဖြစ်တဲ့ ဓမ္မစက္က ပ၀တ္တနသုတ်ကို ကြည့်မယ်ဆိုရင်လည်း ဗုဒ္ဓဘုရားရှင်က ဖြစ်ခြင်းပျက်ခြင်း၊ တွယ်တာခြင်း ချုပ်ပျောက်ခြင်း သဘောတရားကို အများကြီး အလေးပေး ဟောကြားထားတာကို တွေ့နိုင်ပါတယ်။ ဗုဒ္ဓရဲ့ တရားတော်ကိုနာပြီး အရှင်ကောဏ္ဍည သန္တာန်မှာ ဉာဏ်အမြင် ဖြစ်ပေါ်လာတဲ့ အချက်က “ယံကိဉ္စိ သမုဒယ ဓမ္မံ၊ သဗ္ဗံ တံ နိရောဓ ဓမ္မံ”ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “ဖြစ်ခြင်းသဘောရှိသည့် တရားအားလုံးသည် ချုပ်ခြင်းသဘောရှိ၏” လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ဖြစ်ပြီးရင် ပျက်၊ ပေါ်ပြီးရင် ပျောက်၊ တွယ်ပြီး ပျယ်တတ်တဲ့ သဘောကို ညွှန်းလိုတာ ဖြစ်ပါတယ်။ စာစကားနဲ့ပြောတော့ အကြောင်းဖြစ်ရင် အကျိုးဖြစ်ပြီး အကြောင်းချုပ်ရင် အကျိုးချုပ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါဟာ ဘာမှမမြဲဘဲ အချိန်တန်ရင် ပြီးသွားမယ်ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ဆောင်စေပါတယ်။ ဒါကြောင့် ဒီလို မမြဲခြင်းသဘောတွေမှာ မမြဲဘူး၊ ဘာပဲဖြစ်ဖြစ် အချိန်တန်ရင် ပြီးသွားမှာပဲ ဆိုတဲ့ သဘောတရားလေးတွေကို အစစ်အမှန် နားလည်ပြီး အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် လက်တွေ့ ကြုံလာတဲ့အခါ ဖြေဆည်နိုင်ကြမယ်ဆိုရင် ဘ၀မှာ နေထိုင်ရတာ သက်သောင့်သက်သာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီတော့ကား ဒီနေရာမှာ အဓိက သိစေချင်တာက လောကမှာ ဘယ်အရာမဆို အမြဲမရှိ အခိုက်အတန့် လောက်သာ ဖြစ်ပျက်တတ်တဲ့ သဘောဖြစ်ပြီး နောက်ဆုံးအချိန်တန်လာတဲ့ အခါမှာ အကောင်းပဲ ဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အပြောင်းအလဲ တစ်ခုနဲ့ပဲ အဆုံးသတ်သွား တတ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ ကောင်းတဲ့အရာတွေပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့အရာတွေပဲ ဖြစ်ဖြစ် အချိန်တစ်ခုကို ဖြတ်သန်းပြီးတဲ့အခါ ပြောင်းလဲသွားတတ်တဲ့ သဘောရှိတယ်ဆိုတာ နားလည်စေလိုတာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ပိုင်း အခိုက်အတန့်သာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားပြီး အကောင်းတွေ လာတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာ၊ အဆိုးတွေ ကြုံတဲ့အခါ ဒါလည်းပဲ ပြီးသွားမှာကို ကောင်းကောင်း သဘောပေါက်ကာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကြိုးစားကြစေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း ဘ၀မှာ အကောင်းအဆိုးဆိုတဲ့ အလှည့်အပြောင်းတွေနဲ့ မဖြစ်မနေ ကြုံတွေ့နေကြတာ ဖြစ်တဲ့အတွက် ဒီလို အလှည့်အပြောင်းတွေနဲ့ ကြုံတွေ့တဲ့အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိစေဖို့ ဘာပဲကြုံကြုံ အခိုက်အတန့်လောက်သာ တည်တံ့တဲ့ သဘောရှိပြီး ဖြစ်ပြီးရင် ပျက်တတ်တဲ့ သဘောဆိုတာ သတိပြုဆင်ခြင်ရင်း အကောင်းတွေနဲ့ပဲ ကြုံကြုံ၊ အဆိုးတွေနဲ့ပဲ တွေ့တွေ့ နောက်ဆုံးတော့ ဒါလည်းပဲ ပြီးသွားမှာပါပဲ ဆိုတဲ့ ဖြေဆည်ရာအတွေးနဲ့ ဖြေနိုင်အောင် ကြိုးစားကာ ရိုးသားတဲ့စိတ်ထား၊ တည်ကြည်တဲ့တရား၊ မပြောင်းလဲတဲ့ ကိုယ်ကျင့်တရားများနဲ့ ကိုယ့်ကိုယ်ကိုသာ အကျိုးများအောင် လေ့ကျင့်ကြပါလို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတော့တယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၀)…

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ရုပ်ဖောက်ပြန်တဲ့အခါ…
ဗုဒ္ဓစာပေမှာ ရုပ်တရား ဖောက်ပြန်မှုဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးမှာ တစ်ပါးပါးကြောင့် ဖောက်ပြန်တတ်တယ်လို့ ဆိုပါတယ်။ သတ္တ၀ါတစ်ဦးချင်း လုပ်ဆောင်ခဲ့တဲ့ အတိတ်ကံ ပစ္စုပ္ပန်ကံတွေကြောင့် ရုပ်တရား ဖောက်ပြန်တတ်သလို စိတ်ကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ပြီးတော့ ရာသီဥတုကြောင့်လည်း ဖောက်ပြန်တတ်သလို၊ အစားအစာတွေကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ အဓိကကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး စားကြမယ်ဆိုရင် ရုပ်ဖောက်ပြန်မှုကို သိသိသာ ကာကွယ်နိုင်ပါတယ်။ လူအတော်များများ ရောဂါရပြီး ရုပ်ဖောက်ပြန်ကြတာလည်း ဒီအစားအသောက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားမတော်တစ်လုပ် အသွားမတော် တစ်လှမ်းလို့ ဆိုကြသလို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုကြခြင်းလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ ဒီတရားလေးပါးကို ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ရုပ်နဲ့အဆင်ပြေမယ့် အရာတွေကို ရွေးချယ်လိုက်နာ ကျင့်သုံး နေထိုင်ကြမယ်ဆိုရင် ရုပ်တရား ဖောက်ပြန်မှုကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဖောက်ပြန်တဲ့အခါ…
စိတ်ဖောက်ပြန်မှုကတော့ သတ္တ၀ါ အသီးသီးမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဖောက်ပြန်မှုကိုလည်း သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တရားများကို ကြိုးစားအားထုတ်ပေးခြင်းဖြင့် ထိန်းသိမ်းပြုပြင် ပေးလို့ရပါတယ်။ တရားအားထုတ်တဲ့ အလုပ်ဟာ ကြိုးစားအားထုတ်နိုင်ရင် အားထုတ်နိုင်သလောက် စိတ်ဖောက်ပြန်မှုကို ပြုပြင်ထိန်းသိမ်း ပေးနိုင်ပြီး နောက်ဆုံး ဉာဏ်စဉ်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တ မဂ်ဉာဏ်အထိ ရောက်ရှိခဲ့ပြီ ဆိုရင်တော့ ဘယ်တော့မှ ဖောက်ပြန်ခြင်း မရှိတော့တဲ့ သန္တိသုခကို ရရှိကြမှာ ဖြစ်ပါတယ်။ အဲဒီလို အဆုံးပန်းတိုင်အထိ မရောက်နိုင်သေးပေမယ့် တရားအားထုတ်ခြင်းဖြင့် ဒီဘ၀မှာလည်း စိတ်ဖောက်ပြန်မှု သက်သာအောင် လုပ်နိုင်သလို သံသရာမှာလည်း ချမ်းသာသုခကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။

ရွှေသဘောနဲ့ ရွှေမနော…
စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများ အားထုတ်ကြဖို့ လိုပါတယ်။ တရားအားထုတ်နေတဲ့ ယောဂီဟာ စိတ်အညစ်အကြေးတွေကို တိုက်ဖျက်နေတဲ့သူ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း ဘယ်သူမဆို မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း စတဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးတာတို့ ရုပ်နာမ်မှာ ဖြစ်ပေါ်တတ်တဲ့ အရာတွေကို သတိကပ်ပြီး လိုက်မှတ်ပေးတဲ့ သတိပဋ္ဌာန် ၀ိပဿနာတရား အားထုတ်ပေးတာတို့ လုပ်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို သန့်ရှင်းအောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။ စိတ်ကို သမထ၊ ၀ိပဿနာ ဘာဝနာတွေနဲ့ ထုံလွှမ်းထားတဲ့ သူဟာ ကိလေသာ အညစ်အကြေးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် သန့်ရှင်းပြီး ခွန်အားပြည့်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေစိတ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ အညစ်အကြေး ကင်းတဲ့ ရွှေရဲ့ သဘောဟာ လိုသလို တန်ဆာဆင်နိုင်သလို အညစ်အကြေးကင်းတဲ့ မနောဟာလည်း ကိလေသာကို ပယ်ခွာပြီး လိုရာကို အရယူနိုင်တဲ့ သဘောရှိတဲ့အတွက် တရားဘာဝနာ တစ်ခုခုကို အားထုတ်ရင်း ရွှေမနောပိုင်ရှင်များ ဖြစ်အောင် ကြိုးစားကြဖို့ပဲ ရှိပါတော့တယ်။

ရက်ရာဇာ၊ ပြဿဒါး…
ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

အပြစ်မြင်၍ အပြစ်ပြင်ပါ…
သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။

အပြစ်ပြသူ ဆရာဟူလော့…
တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

အဆင်မပြေ ဖြစ်ကြရာဝယ်…
ဒီနေ့ခေတ် လူတော်တော်များများ တစ်ဦးနဲ့တစ်ဦး အဆင်မပြေမှုများနှင့် ငြင်းခုံခိုက်ရန်ဖြစ်မှုများ အဖြစ်များ ကြခြင်းဟာ မေတ္တာတရား ခေါင်းပါးကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး မေတ္တာမရှိကြတဲ့အခါ ချစ်တာလည်း မရှိကြဘဲ သစ္စာပါ မသိကြတဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အတူနေတဲ့ သူအချင်းချင်း အကျိုးလိုလားမှု မေတ္တာ ကင်းလာကြတဲ့အခါ အဆိုးကိုသာ ဖြစ်စေတတ်ကြပါတယ်။ တစ်ဦးတစ်ယောက်အပေါ်မှာ မေတ္တာမရှိ ဖြစ်လာတဲ့အခါ အဲဒီသူဘယ်လိုပဲ ကောင်းနေပါစေ အကောင်းမမြင်တတ်ဘဲ ဖြစ်တတ်ပါတယ်။ အကောင်းမမြင်ရင် မကောင်းထင်တတ်ပြီး အစောင်းအမြင်နဲ့ မပေါင်းချင်တဲ့အထိ ဖြစ်လာတတ်ပါတယ်။ ဒါဟာ မေတ္တာ တရားမရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာတရား မခေါင်းပါးကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ
နီးတကျက်ကျက် ဝေးတစ်သက်လို့ မြန်မာစကားပုံမှာ ဆိုထားပေမယ့် လူအတော်များများ တစ်ဦးနှင့်တစ်ဦးကြား အဆင်မပြေ ဖြစ်ကြရခြင်းဟာ တကယ်တော့ အနီးမှာ အတူတကွ ရှိနေကြတဲ့ အတွက်ကြောင့် မဟုတ်သလို အစဉ်ပြေနေကြခြင်းဟာလည်း အဝေးမှာ ရှိနေကြတဲ့ အတွက်ကြောင့် မဟုတ်ဘဲ တစ်ဦးချင်းမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစတဲ့ တရားများ အားကြီးလာမှုနဲ့ ငြိမ်းချမ်းမှုကို ဖြစ်စေတတ်တဲ့ မေတ္တာတရား ခေါင်းပါးလာမှုများကြောင့်ပဲ ဖြစ်ပါတယ်။ မေတ္တာတရား မရှိကြရင် လူအချင်းချင်း ပြိုင်ဆိုင်လာတတ်ပြီး ပြိုင်ဆိုင်လာရင် အနိုင်ရလိုမှုလည်း အားကြီးလာတတ်တဲ့အတွက် သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်ကာ ပြိုင်လာခြင်းကြောင့် မညီညွတ်မှုကို ပိုမိုဖြစ်စေတတ်ပါတယ်။ မေတ္တာတရား ထားနိုင်ကြမယ်ဆိုရင်တော့ အချင်းချင်း နှိပ်စက်ခြင်းကင်းကာ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဝေးအနီးဟာ အရေးမကြီးဘဲ မေတ္တာတရားသာ အရေးကြီးကြောင်း ဆိုခြင်းဖြစ်ပါတယ်။

အကောင်းမြင်တတ်ပါစေ...
အကောင်းမြင်တတ်ရင် အဲဒီအခိုက်အတန့်မှာ အကုသိုလ်အဖြစ် သက်သာမှာ အမှန်ပဲဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်တဲ့အတွက် ကိုယ်စိတ်မှာလည်း အရင်ဆုံး ကောင်းတဲ့စိတ်များ ဖြစ်ပေါ်နေတတ်ပါတယ်။ အဆိုးမြင်တတ်တဲ့ သူတစ်ယောက်ဟာ အရာရာကို အဆိုးဘက်ကပဲ ကြည့်လေ့ရှိတတ်တဲ့အတွက် သူ၏စိတ်မှာလည်း အဆိုးများ၊ မကောင်းတဲ့ အတွေးများပဲ လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပဲ အကုသိုလ် အပြစ်များ ဖြစ်နေတတ်တဲ့ သဘောရှိတတ်ပါတယ်။ အကောင်းဘက်က ရှုတတ်သူကတော့ အတွေးကောင်း၊ အမြင်ကောင်းများနဲ့ မြင်တတ်ကြည့်တတ်တဲ့အတွက် သူသန္တာန်တွင်မှာ ကောင်းတဲ့စိတ်ထားများ ဖြစ်နေတတ်ပါတယ်။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်တဲ့ သဘောမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် သူတပါးရဲ့ ကောင်းကွက်လေးတွေကို ရှာကြည့်တတ်တဲ့ အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိတဲ့ သူဟာ အမှန်ပဲ အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုမဟုတ် တစ်ခု ရှိနေတတ်တာ ဖြစ်တဲ့အတွက် အဲဒီကောင်းကွက်လေးတေကို ရှာပြီး ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

စွမ်းလို့ မ, ခြင်းဖြစ်...
မြန်မာစကားပုံမှာ “လူမင်းဘုန်းကြီးလျှင် နတ်မင်းမနေနိုင်” ဆိုတဲ့ စကားရှိသလို “လူမစွမ်း နတ်မ”ဆိုတဲ့ စကားလည်း ရှိပါတယ်။ တကယ်တော့ လူမစွမ်းနတ်မဆိုတဲ့ စကားဟာ လူမစွမ်းလို့မဟုတ်ပါဘူး။ နတ်ကတောင် မ,ပေးရတယ် ဆိုကတည်းက အစွမ်းတစ်ခုခု ရှိနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီအစွမ်းကတော့ တခြားအစွမ်းမဟုတ်ပါဘူး။ ပုညဆိုတဲ့ ကုသိုလ်အစွမ်းပဲ ဖြစ်ပါတယ်။ ကုသိုလ်အားကြီးရင် လူလည်းမနေနိုင်သလို နတ်လည်းမနေနိုင်ပါဘူး။ ကုသိုလ်ရှိတဲ့သူကို လူလည်းစောင့်ရှောက်သလို နတ်လည်းစောင့်ရှောက်ပါတယ်။ ဒီထက် တစ်ဆင့်တက်လို့ ပါရမီရှိတဲ့ ကုသိုလ်များသူ ဖြစ်မယ်ဆိုရင်တော့ ဘုရားရှင်များ ကိုယ်တောင်တိုင် ကြွရောက်ပြီး ချီးမြှောက်ပေးရပါတယ်။ ဒါဟာ သူကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ကုသိုလ်အစုများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နတ်မ,တယ်ဆိုတာ ကုသိုလ်အားကြီးတဲ့ သူများကိုပဲ မ,လေ့ရှိတဲ့အတွက် နတ်မ,စေချင်ရင် ကုသိုလ်ကောင်းမှု များများပြုကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

Read more »

Live Questions and Answers (12)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။
24 Oct 10, 06:34 AM
မြတ်ကို
ဘုရား တရား သံဃာ ရတနာမြတ်သုံးကို ရိုသေစွာ ရှိခိုးဦးချပါ၏။ သိလိုဒါများမေးခွင့်ပြုပါဘုရား။
(၁) မိမိကိုးကွယ်သော ဆရာဘုန်းကြီးသည် ကိုးကွယ်သင့်သော ဆရာကောင်း ဆရာမြတ် ဟုတ်မဟုတ်ကို မည်ကဲ့သို့သိနိုင်မည်နည်း။ သိအောင်မည်ကဲ့သို့ စံများဖြင့် ချင့်ချိန်ရမည်နည်း။

(၂) မိမိကျင့်ကြံပွားများ အားထုတ်နေသော တရားသည် တရားစစ် တရားမှန် ဟုတ်မဟုတ်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သိအောင် မည်ကဲ့သို့ ကြိုးစားရမည်နည်း။ ဖြေကြားပေးပါဘုရား။ ကျေးဇူးတင် ဦးချပါ၏ ဘုရား။

25 Oct 10, 07:08 AM
မနာပဒါယီ>>မြတ်ကို
(၁) မေးခွန်းတွေက ကျယ်ပြန့်တော့ တစ်သမှတ်တည်း တိတိကျကျ ဖြေပေးဖို့ ခက်ပါတယ်။ ယေဘုယျအားဖြင့်တော့ မိမိရဲ့ ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကောင်းကျိုးကို ညွန်ပြပေးနိုင်မှု၊ သီလ၊ သမာဓိ၊ ပညာ အကျင့်တရား အားကောင်းမှုတွေနဲ့ပဲ တိုင်းတာရမှာ ဖြစ်ပါတယ်။ သံဃာ့ဂုဏ်တော်ကိုးပါးကတော့ အကောင်းဆုံး တိုင်းတာရာပဲပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်လို သမ္မုသံဃာတွေ အတွက်တော့ ရှေ့လေးပါးဖြစ်တဲ့ ကောင်းစွာကျင့်ကြံခြင်းဂုဏ်၊ ဖြောင့်မတ်စွာကျင့်ကြံခြင်းဂုဏ်၊ မဂ်ဖိုလ်နိဗ္ဗာန် အလို့ငှါ ကျင့်ကြံခြင်းဂုဏ်၊ ရိုသေမှုနဲ့ လျော်အောင်ကျင့်ကြံခြင်း ဂုဏ်တွေနဲ့ ပြည့်စုံနေရင်ကိုပဲ ကိုးကွယ်ခံထိုက်နေပါပြီ။ အဓိကကတော့ သီလ၊ သမာဓိ၊ ပညာတရားများနဲ့ပဲ သိအောင်ကြိုးစားတာ အကောင်းဆုံး ဖြစ်ပါတယ်။
(၂) တရားဂုဏ်တော်ကိုးပါးမှာပါတဲ့ ဂုဏ်တော်တွေထဲက ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်ခြင်းဂုဏ်တော်၊ ကျင့်ကြံရင် ကျင့်ကြံနိုင်သလောက် အကျိုးတရား ဖြစ်နိုင်ခြင်း ဂုဏ်တော်တွေနဲ့ မိမိရဲ့ အကျင့်ကို တိုင်းတာနိုင်ပါတယ်။ မျက်ဗုဒ္ဓရဲ့ သင်ပြမှုတွေဟာ မှန်ကန်တဲ့ နည်းစနစ်နဲ့သာ ကျင့်ကြံနိုင်မယ်ဆိုရင် ဘယ်သူမဆို လက်တွေ့အကျိုးတရားကို ရနိုင်သလို၊ အားထုတ်ရင် အားထုတ်နိုင်သလောက် အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်အားထုတ်တဲ့ အကျင့်ဟာ အားထုတ်နေရင်းနဲ့ အကျိုးထူး ရမရင် ကိုယ်ကိုယ်တိုင် သိနိုင်တဲ့အတွက် တစ်စုံတစ်ခု အကျိုးသက်ရောက်မှု ရှိမရှိကို လက်တွေ့လုပ်ကြည့်ဖို့တော့ လိုပါတယ်။ ၀ိရိယထားပြီး လက်တွေ့အချိန်ယူကာ အားထုတ်ရဲ့သားနဲ့ ဘာအကျိုးထူးမှ ဖြစ်မလာဘူးဆိုရင်တော့ သင်ပြပေးတဲ့ ဆရာရဲ့နည်းနဲ့ အင်ဝင်ဂွင်ကျ မဖြစ်လို့လည်း ဖြစ်နိုင်သလို၊ နည်းစနစ် မှားနေတဲ့အတွက်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီလို အခါမျိုးမှာတော့ ဆရာကောင်းကိုရှာပြီး မှန်ကန်တဲ့ ညွန်ပြမှုနဲ့ ကြိုးစား အားထုတ်ကြည့်ဖို့ လိုပါတယ်။ သေချာတာက တရားစစ် တရားမှန်ဆိုတာ ဖိတ်ခေါ်ခံနိုင်၊ လက်တွေ့အကျိုးရနိုင်၊ ကိုယ်တိုင်သိနိုင်တယ်ဆိုတာပါပဲ၊။

27 Oct 10, 10:48 AM
မြင့်ဆွေ
ဆရာတော်အရှင်ဘုရား။ တပည့်တော် စာမလိုက်နိုင်တဲ့ သူငယ်တစ်ဦးကို ဓာတ်၁၈ ပါး စတဲ့ ပညာကမ္မဌာန်းကို စီးဖြန်းစေတော့ ဥာဏ်ရည် သိသိသာသာ ထက်မြက်လာတာ တွေ့ရပါတယ်။ သို့သော် အချိန်မှန် စာကျက်ခြင်းလို မိမိစိတ်ကို နိုင်နင်း ဆောက်တည်နိုင်မှု အပိုင်းမှာ သိပ်တိုးတက်တာ မတွေ့ပါ။ သမာဓိ အသားပေးကမ္မဌာန်းတစ်ခုကို အားထုတ်စေသင့်တယ်ထင်လို့ စိတ်အလိုလိုက် အာရုံများတတ်တဲ့ လူငယ်တွေကို ဘယ်ကမ္မဌာန်း အကြံပေးသင့်လဲ အမိန့်ရှိပါဘုရား။

27 Oct 10, 08:43 PM
မနာပဒါယီ>>မြင့်ဆွေ
ကောင်းပါတယ်။ ဗုဒ္ဓဓမ္မတွေကတော့ လက်တွေ့လုပ်နိုင်ရင် လက်တွေ့အကျိုး သက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်ပျံ့လွင့်မှုများသူ၊ အာရုံများတတ်သူတွေအတွက် အလွယ်ဆုံးနဲ့၊ အသင့်တော်ဆုံး ကမ္မဋ္ဌာန်းကတော့ အာနာပါနကမ္မဋ္ဌာန်းပဲ ဖြစ်ပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းဟာ အသက်ရှုနေသမျှ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေ၊ ဘယ်လိုပုံစံမျိုးမှာ ဖြစ်ဖြစ် ရှုမှတ်နိုင်တဲ့အတွက် ပရိကံမများဘဲ အလွယ်ပွားနိုင်ပါတယ်။ သမာဓိတည်ရေးကို အဓိက ဦးစားပေး ပွားလိုတာ ဖြစ်တဲ့အတွက် အာနာပါနကို ၀ိပဿနာ ရှုတဲ့ပုံစံမျိုး မဟုတ်ဘဲ သမာဓိ တည်ထောင်တဲ့ ပုံစံမျိုးနဲ့ ပွားနိုင်မယ်ဆိုရင် သမာဓိ အဖြစ်လွယ်ကာ စိတ်အစဉ် တည်ငြိမ်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ သမာဓိတည်ရေး အသားပေးပွားများတာ ဖြစ်တဲ့အတွက် ထွက်လေ၀င်လေကို ရှုမှတ်တဲ့အခါ နှာသီးဖျား၊ နှားခေါင်းပေါက်နဲ့ အထက်နှုတ်ခမ်းနားကပဲ စောင့်ကြည့်ပြီး တိုးထိကာ ၀င်လာတဲ့ လေကို ဆုံးသွားတဲ့အထိ အဲဒီနေရာလေးကပဲ စိတ်နဲ့ စောင့်ကြည့်သိမှတ်ပေး ရပါမယ်။ ၀င်လေဆုံးလို့ ထွက်လေလေး ပြန်ထွက်လာတဲ့အခါလည်း အဲဒီနှာသီးဖျားနဲ့ အထက်နှုတ်ခမ်းဖျားကပဲ စောင့်ကြည့်ပြီး တိုးထိထွက်လာတဲ့ လေလေး ဆုံးသွားတဲ့အထိ လိုက်ပြီးသိမှတ်ပေးရုံပါပဲ။ ၀င်လေထွက်လေရဲ့ နောက်ကို စိတ်က လိုက်မသွားဘဲ တစ်နေရာတည်းကပဲ စောင့်ကြည့်ပြီး မှတ်သိပေးတဲ့ သဘောကို အာနာပါန ကမ္မဋ္ဌာန်း ရှုမှတ်တယ်လို့ ဆိုနိုင်တာ ဖြစ်ပါတယ်။ ကမ္မဋ္ဌာန်းရဲ့ သဘောက အာရုံတစ်ခုတည်းကိုပဲ စူးစူးစိုက်စိုက် ရှုမှတ်တဲ့သဘောဖြစ်လို့ အာနာပါန ကမ္မဋ္ဌာန်းကို မှတ်နေရင်း တစ်ခြားအာရုံတွေ ပေါ်လာတတ်ပေမယ့် အဲဒီတစ်ခြားအာရုံတွေနောက် စိတ်ကမလိုက်ဘဲ ဒီအာနာပါနမှာပဲ ထပ်ခါထပ်ခါ ရှုမှတ်ပေးဖို့ လိုပါတယ်။ အဲဒီလို အာရုံတစ်ခုတည်းကို အကြိမ်ကြိမ်ရှုမှတ် ပေးနိုင်မယ်ဆိုရင်တော့ သမာဓိအဖြစ်လွယ်ပြီး စိတ်အစဉ် တည်ကြည်လာမှာ ဖြစ်ပါတယ်။ သမာဓိအားကောင်းလာရင် ပြန့်လွင့်တတ်တာတွေလည်း နည်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာနာပါနကမ္မဋ္ဌာန်းကိုပဲ မှတ်ကြည့်ဖို့အကြံပြုလိုက်ပါတယ်။

30 Oct 10, 03:50 PM
ပန်းသီး
တပည့်တော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ သမ္မာအာဇီဝ ကြိုးစားရုန်းကန်နေသူများ ဖြစ်ပါတယ်။ တပည့်တော်က ဖခင်ကို လုပ်ကျွေးနေပြီး သူငယ်ချင်းကလဲ သူ့မိသားစုကို လုပ်ကျွေးနေရပါတယ်။ အလုပ်ရှာရာမှာ တပည့်တော်ဟာ ခက်ခဲပင်ပန်းစွာ ရှာတာတောင် အလုပ်က တော်တော်နဲ့မရ၊ ရရင်လဲ လခ အမြဲနည်းပါတယ်။ သူငယ်ချင်းဟာ အလုပ်ကို သွားလျှောက်စရာ မလိုဘဲတောင် လူလိုနေချိန်နဲ့တိုး၊ အသိနဲ့တိုးပြီး လွယ်လွယ်ရ၊ ရသမျှအလုပ်ကလဲ လခကောင်းပါတယ်။ တပည့်တော်မှာ ဝင်ငွေနည်းလို့ ဖခင်ကို လစဉ် ကန်တော့နိုင်ဖို့ မဝတ်မစားမသုံးမစွဲ နေရလို့ လူအထင်သေးတောင် ခံရပါတယ်။ သူငယ်ချင်းဟာ ဒီလိုစိတ်မပင်ပန်းဘဲ သူ့မိသားစုကို သက်သောင့်သက်သာနဲ့ ငွေများများ ပို့ပေးနိုင်ပါတယ်။သူငယ်ချင်း ကံကောင်းတာကို သာဓုခေါ်ပါတယ်။ တပည့်တော်တို့ သူငယ်ချင်းနှစ်ဦး ဘာကုသိုလ်အကုသိုလ်တွေကြောင့် ဒီလို တစ်နေရာထဲ နေပြီး ကြိုးစားကြတာတောင် အလုပ်အကိုင်ကံကြမ္မာ ကွာရသလဲ သိချင်ပါတယ် အရှင်ဘုရား။ သူငယ်ချင်းကံအကျိုးပေးကို ကျေနပ်စွာ မုဒိတာစိတ်ပွားလျက် ကံကြမ္မာအကြောင်းကို သိလိုလို့ မေးမြန်းလျှောက်ထားခြင်း ဖြစ်ပါတယ်ဘုရား။

1 Nov 10, 03:11 AM
မနာပဒါယီ>>ပန်းသီး
ဒါဟာ ကံတရားရဲ့ မတူညီမှုများပါပဲ။ တူသောအကျိုးကို ပေးတယ်ဆိုတဲ့အတိုင်းပဲ ဒကာလေးရဲ့ သူငယ်ချင်းဟာ ဒီဘ၀မှာ ဘယ်လိုစိတ်စေတနာနဲ့ ဘယ်လိုကောင်းမှုတွေ လုပ်နေတယ်ဆိုတာ မသိနိုင်ပေမယ့် အတိတ်ဘ၀ တွေမှာသူလုပ်ခဲ့တဲ့ အလုပ်တွေကတော့ တကယ့်ကို စေတနာကောင်းနဲ့ လွပ်လွပ်ကျွတ်ကျွတ် လုပ်ခဲ့တဲ့ သဘောရှိပါတယ်။ ကောင်းတဲ့အလုပ်ဟာ လှူတာပဲ ဖြစ်ဖြစ်၊ သီလစောင့်တာပဲ ဖြစ်ဖြစ် တရားအားထုတ်တာပဲ ဖြစ်ဖြစ် စေတနာကောင်းကောင်းနဲ့ ပြတ်ပြတ်သားသား ဒါမှလည်း အကျိုးပေးကောင်းမှာ ဖြစ်ပါတယ်။ သူငယ်ချင်းဟာ ကူညီမဆမယ့်သူ ပေါတာ၊ အဆအရာရာ အဆင်ပြေတာ၊ လခကောင်းတာ စတာတွေဟာ အတိတ်က သူလည်းပဲ ဒီအကျိုးတွေနဲ့ ထပ်တူ တူမျှတဲ့ အလုပ်တွေ လုပ်ခဲ့လို့ ဖြစ်ပါတယ်။ သူလည်း သူများတွေကို စေတနာသန့်သန့် စိတ်ကောင်းနှလုံးကောင်းနဲ့ ကူညီခဲ့တာ၊ ပေးကမ်းလှူဒါန်းတဲ့ အခါမှာ စေတနာအပြည့်နဲ့ ရက်ရက်ရောရော ပေါပေါများများ လှူဒါန်းခဲ့တာ၊ သူတပါးတွေကို အစစအရာရာ အဆင်ပြေအောင် ကူညီခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်မှာတော့ သူနဲ့ဆန့်ကျင်ဘက် ဖြစ်ရတာက အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ဒါန၊ သီလ၊ စတဲ့ ကုသိုလ်တွေမှာ စေတနာမပြတ်တာ၊ မသန့်ရှင်းတာ၊ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်တာ၊ ကောင်းတဲ့အလုပ်တစ်ခုခုကို လုပ်တဲ့အခါ ကိုယ်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူတပါးလုပ်တာတွေကိုပဲ ဖြစ်ဖြစ် အဆင်မပြေအောင် အနှောက်အယှက်ပေးခဲ့တာ စသဖြင့် ရှိကောင်းရှိခဲ့ပါလိမ့်မယ်။ အဓိကကတော့ ကုသိုလ်အကုသိုလ် အလုပ်ဆိုတာ နဲတာများတာ၊ ကြီးတာသေးတာက အဓိကမဟုတ်ဘဲ လုပ်တဲ့အခါမှာ စေတနာသဒ္ဓါတရား ကောင်းတာမကောင်းတာ၊ ကိုယ်လုပ်တဲ့အလုပ်ဟာ သန့်ရှင်းမှု ရှိတာမရှိတာ၊ မျှော်လင့်ချက် ပါတာမပါတာ စတာတွေက အဓိကကျပါတယ်။ ဆိုတော့ကား ကျန်ခဲ့တာတွေတော့ ထားလိုက်ပေါ့။ အခုအချိန်၊ အခုဘ၀ကစပြီး ကောင်းတဲ့အလုပ်တွေမှာ စိတ်ကောင်းစေတနာ အပြည့်နဲ့ သဒ္ဓါကောင်းကောင်း သန့်ရှင်းမှုကောင်းကောင်းနဲ့ပဲ လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

Read more »

အဝေးအနီး အရေးမကြီးပါ။ အရေးကြီးသည်မှာ…

“နီးတကျက်ကျက် ဝေးတစ်သက်”ဟူသော မြန်မာစကားပုံ တစ်ခုရှိ၏။ လူတို့သည် နီးနေသည့်အခါတွင် အချင်းချင်း အဆင်မပြေဖြစ်ကာ မကြာခဏ ခိုက်ရန်ဖြစ်လျက် တကျက်ကျက်ဖြင့် မတည့်ဖြစ်ကြသော်လည်း ဝေးနေသည့်အခါတွင်ကား သံယောဇဉ်တရားဖြင့် အချင်းချင်း စောင့်ရှောက်ကာ အစဉ်ထာဝရ တစ်သက်သာ ချစ်တတ်ကြကြောင်း ဆိုလိုခြင်း ဖြစ်ပေ၏။ မှန်၏။ လူအတော်များများသည် အဝေးပေါင်းကောင်းလှ၏။ ခဏတာကြုံတွေ့ကြသည့် အခိုက်အတန့်တွင် အဆင်ပြေပြေ ရှိလှ၏။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်း သူမသိကြသဖြင့်လည်း ကြီးကြီးမားမား ပြဿနာ မရှိလှပေ။ အတူတကွ အနီးတွင် နေကြသည့်အခါတွင်ကား တစ်လပင် မပြည့်သေး အဆင်မပြေမှုများက စလာခဲ့၏။ အနေနီးသဖြင့် မတူညီသည့် အကျင့်စရိုက်များကို သိခွင့်ရလာ၏။ စရိုက်မတူသည့်အပြင် အလိုက်လည်းမတူ၊ အကြိုက်လည်း မတူကြသဖြင့်လည်း အခိုက်ပင်ဖြစ်သော်ငြား မကြိုက်လိုသည့် သဘောများက တစ်ဦးနှင့်တစ်ဦးကြား အထင်အရှား ဖြစ်လာခဲ့ကြ၏။ သို့ဖြင့် တကျက်ကျက်နှင့် မတည့်အတူ နေကြရသည့် အဖြစ်သို့ ရောက်သွားခဲ့ကြ၏။

သို့ဆိုလျှင် ဤသို့ အချင်းချင်း အဆင်မပြေ တကျက်ကျက် ဖြစ်ကြခြင်းသည် အနေနီးသဖြင့် ဖြစ်ကြခြင်းလော…၊ အနေဝေး သူများသည် အမှန်စင်စစ် တစ်သက်တာ ချစ်နိုင်ကြ၏လော စသဖြင့် တွေးစရာဖြစ်လာ၏။ တစ်ဦးနှင့်တစ်ဦး တစ်သက်တာ ချစ်နိုင်စေရန် ဝေးနေရမည်လော၊ သို့မဟုတ် ဝေးဝေးနေကာ တစ်သက်တာ ချစ်ကြည့်ကြမည်လော စသဖြင့်လည်း စဉ်းစားဖွယ် ဖြစ်ပါ၏။ အချို့က ဤသို့ဖြစ်ခြင်းသည် မည်သူမည်ဝါကြောင့် ဖြစ်သည်၊ မည်သည့်နေရာတွင် ရောက်နေ၍ဖြစ်သည် စသဖြင့် ဆိုတတ်၏။

အမှန်စင်စစ် ထိုသို့ဖြစ်ခြင်းသည် နေရာဒေသ အဝေးအနီးစသည်များကြောင့် မဟုတ်ပေ။ လူတစ်ဦးချင်းတွင် ရှိနေသည့် မကောင်းသည့် အရာများကြောင့်သာ ဖြစ်ပါ၏။ ယျေဘုယျအားဖြင့် လူသည် အတ္တကြီးသူ ဖြစ်၏။ အရာရာတွင် မိမိအတွက်သာ ကြည့်တတ်၏။ ထို့အတူ မာနလည်းကြီး၏။ အရာရာတွင် မိမိသာ အမှန်ဟု တစ်ယူသန်တတ်၏။ ထို့အပြင် ဣဿာ၊ မစ္ဆရိယလည်း အားကြီး၏။ မိမိထက်သာလျှင် မနာလိုဖြစ်ပြီး မိမိနှင့် ပတ်သက်သည်များတွင် ၀န်တိုတတ်၏။ ထိုသို့ အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယတရားများ အားကြီးသဖြင့် လူသည် အချင်းချင်း အပြိုင်အဆိုင် အနိုင်လိုကြ၏။ ပြိုင်လာပြီဆိုလျှင်ကား မှားသည်မှန်သည် မခွဲခြားဘဲ အလွဲသွားတတ်မြဲ ဖြစ်၏။ မိမိပြိုင်လျှင် တစ်ဘက်ကလည်း ပြိုင်လာမည် ဖြစ်သဖြင့် နှစ်ဘက်ပြိုင်ဖြစ်ကာ မရှက်နိုင်ဘဲ အနိုင်ကြဲတတ်ကြ၏။ ဤသို့ဖြင့် လူတို့သည် တစ်ဦးနှင့်တစ်ဦး ကြည့်မရသည့် အဖြစ်သို့ ရောက်ကြရ၏။

အရင်းစစ်လျှင် လူအချင်းချင်း အဆင်မပြေ ဖြစ်ကြခြင်းသည် အနေးနီး၍ မဟုတ်သကဲ့သို့ အနေဝေး၍လည်း မဟုတ်ပေ။ လူတိုင်းလူတိုင်း တစ်ဦးချင်းတွင် ရှိနေကြသည့် အတ္တ၊ မာန၊ ဣဿာ၊ မစ္ဆရိယ စသည့် တရားများကြောင့်သာ ဖြစ်ပေ၏။ အထူးသဖြင့် မေတ္တာတရား ခေါင်းပါး၍သာ ဖြစ်ပေ၏။ လူသည် အတ္တ၊ မာနစသည် အားကြီးလာလျှင် အပြိုင်အဆိုင် ပြုတတ်သော်လည်း မေတ္တာတရား ရှိနေသေးလျှင် ထင်သလောက် အဆိုးကြီး မဖြစ်တတ်ပေ။ မေတ္တာတရားပါ ခေါင်းပါးလာလျှင်ကား မေတ္တာမယှဉ်သည့် အတ္တမာန ဒေါသတရားများဖြင့်သာ လူသည် အဆုံးစွန် အဆိုးဆုံးအထိ ပေါက်ကွဲသွားတတ်၏။ မေတ္တာတရားမရှိလျှင် ပြိုင်ဆိုင်မှုကို တွန်းအားပေးတတ်သကဲ့သို့ မေတ္တာတရား ထားနိုင်ကြလျှင် ပြိုင်ဆိုင်မှုများ ကင်းပသွားတတ်၏။ အပြိုင်ကင်းလျှင် အဆင်မပြေမှု ကင်းနိုင်သကဲ့သို့ အဆင်မပြေမှု ကင်းနေလျှင် အတူတွဲကာ မြဲလာကြမည်သာ ဖြစ်ပါ၏။

မစိုးရိမ်ဆရာတော်ကြီး၏ မေတ္တာနှင့် စပ်လျဉ်းသည့် ဆုံးမစကားလေးကို သတိရမိ၏။ ဆရာတော်ကြီးက “တန်းတူတွေ့လျှင်၊ မေတ္တာဝင်၊ မ၀င်နိုင်က၊ ပြိုင်တတ်တယ်။ ပြိုင်မယ့်အစား၊ မေတ္တာပွား၊ စိတ်ထားပြုပြင် ပြောင်းပါမယ်”ဟု ဆုံးမပေးထား၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ အဖို့ မေတ္တာတရားသည် အထူးလိုအပ်၏။ မေတ္တာ၏ သဘောသည် ချစ်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ညွန်းဆိုသကဲ့သို့ မေတ္တာစစ် မေတ္တာမှန်သည် အကြားမရှိခြင်း၊ အခြားမရှိခြင်း လက္ခဏာကိုဆောင်၏။ မေတ္တာရှိနေလျှင် တစ်ဦးနှင့်တစ်ဦး အကျိုးစီးပွားကို ဆောင်နေကြမည်ဖြစ်ကာ မည်သူမည်ဝါ စသည် ခွဲခြားမှု မရှိသဖြင့် မည်သူနှင့်ဖြစ်စေ ငြင်းခုံခိုက်ရန်ဖြစ်ဖွယ်မရှိ အရာရာတွင် အဆင်ပြေပြေ ရှိနေကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်များ ရှိနေလျှင် အနီးနေသူများနှင့်လည်း အဆင်ပြေသကဲ့သို့ အဝေးနေသူများနှင့်လည်း အဆင်ပြေနေကြမည်သာ ဖြစ်ပါ၏။

မျက်မှောက်ခေတ် လူအတော်များများ တစ်ဦးနှင့်တစ်ဦး အဆင်မပြေမှုများနှင့် ငြင်းခုံခိုက်ရန်ဖြစ်မှုများ အဖြစ်များ ကြခြင်းသည် မေတ္တာတရား ခေါင်းပါးကြ၍သာ ဖြစ်၏။ တစ်ဦးနှင့်တစ်ဦး မေတ္တာမရှိကြသည့်အခါ ချစ်တာလည်း မရှိကြဘဲ သစ္စာပါ မသိကြသည်အထိ ဖြစ်ကုန်တတ်၏။ အတူနေ အနေနီးသူအချင်းချင်း အကျိုးလိုလားမှု မေတ္တာ ကင်းလာကြသည့်အခါ အဆိုးကိုသာ ဖြစ်စေတတ်ကြ၏။ တစ်ဦးတစ်ယောက်အပေါ်တွင် မေတ္တာမရှိ ဖြစ်လာလျှင်ကား ထိုသူမည်သို့ပင် ကောင်းနေပါစေ အကောင်းမမြင်တတ်ဘဲ ဖြစ်တတ်၏။ အကောင်းမမြင်လျှင် မကောင်းထင်တတ်ပြီး အစောင်းအမြင်ဖြင့် မပေါင်းချင်သည်အထိ ဖြစ်လာတတ်၏။ ထို့အတူ အနေဝေးသူများ အချင်းချင်းလည်း မေတ္တာကင်းခြင်း မဖြစ်ကြရန် လိုအပ်လှ၏။ မေတ္တာဖြင့် နေနေကြလျှင်၊ မေတ္တာပို့ကာ အကျိုးကို လိုးလားနေကြလျှင် ဝေးနေသော်လည်း နီးနေတတ်ကြ၏။ မေတ္တာသည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာလည်း မရှိလှပေ။ စစ်မှန်သည့် မေတ္တာစိတ်ဖြင့် မေတ္တာဓာတ်များ ထားနိုင်ကြမည် ဆိုပါက မေတ္တာဓာတ်ဖြင့် မထွန်းပေါက်နိုင်သည့် အရာ၊ မေတ္တာရောင်ဖြင့် ရောင်ပြန်မဟပ်နိုင်သည့် အရာ မရှိသည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အနေနီးသူများ ဖြစ်စေ၊ အနေဝေးသူများပင် ဖြစ်စေ မေတ္တာဓာတ်ဖြင့် ချစ်ခင်ခြင်းနှင့် အကျိုးလိုလားခြင်းကို တည်ဆောက်ကာ ချမ်းသာမှုကို ရယူကြရန် တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

မေတ္တာခြုံလျှင် လုံနိုင်သကဲ့သို့ မေတ္တာအားကြီးလျှင် ရန်သူပင်လျှင် မိတ်ဆွေဖြစ်ကာ နူးညံ့ပျော့ပြောင်းလာတတ်၏။ မေတ္တာစစ် မေတ္တာမှန်သည် ရန်သူမိတ်ဆွေ မခွဲခြားသဖြင့်လည်း စစ်မှန်သည့် စေတနာဖြင့် အသေချာ ပွားနိုင်လျှင် မိမိအပေါ် မလိုမုန်းထားသူကိုပင် အပြုံးအားဖြင့် အနိုင်ယူနိုင်၏။ မေတ္တာခြုံထားသူကို မည်သို့သောသူကပင် အနိုင်ရအောင် မတိုက်ခိုက်နိုင်၊ မလွှမ်းမိုးနိုင်ပေ။ မေတ္တာပန်းကုံး ဆင်မြန်းသုံးနိုင်လျှင် အနီးနေသူများနှင့်လည်း အဆင်ပြေနိုင်သကဲ့သို့ အဝေးရောက်နေသူများနှင့်လည်း အဆင်ပြေနိုင်၏။

စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း မေတ္တာဓာတ်ကို လက်တွေ့ပွားများ အားထုတ်ကြည့်မိသည့် အတွက်အဆင်ပြေသွား သူများအကြောင်း တစ်စေ့တစ်စောင်း ကြားသိရ၏။ ဒကာလေး အချို့သည် မြန်မာပြည်မှ ဘုမသိဘမသိဖြင့် သူများနိုင်ငံတွင် အလုပ်လုပ်ရန် ရောက်လာခဲ့၏။ ရောက်ရောက်ချင်းပင် စကားနားမလည်မှု၊ ယဉ်ကျေးမှု မတူညီမှု၊ အကျင့်စရိုက်မတူညီမှု စသည်များကြောင့် အခက်အခဲ အမျိုးမျိုး ကြုံကာဒုက္ခ ရောက်ရကြောင်း အထူးသဖြင့် မိမိထက်အလျှင် စောရောက်နေသည့် ရွှေခံမြန်မာကြောင့်လည်း စိတ်ဖိစီးမှုများ ကြုံရကြောင်း စသဖြင့် လျှောက်လာသဖြင့် စာရေးသူမှ မေတ္တာပွားများကြည့်ရန် အကြံပြုဖြစ်၏။ မေတ္တာပွားသည့်အခါ မိမိကိုယ်ကို အလျင်စပွားပြီး နောက်ကိုယ်စောင့်နတ်၊ အခန်းစောင့်နတ်၊ စက်ရုံအလုပ်ရုံစောင့်နတ် စသည်များကိုလည်း ပွားများကာ မိမိ၏ စက်ရုံသူဋ္ဌေး၊ လုပ်ဖော်ကိုင်ဖတ် စသူများကိုလည်း တစ်ဦးချင်း စိတ်ဖြင့်မြင်အောင်ကြည့်၍ အမှန်ပင် အကျိုးလိုလားသည့် သဘောဖြင့် ပွားများကြည့်ရန်၊ အထူးသဖြင့် မိမိနှင့် ကတောက်ကဆ ဖြစ်နေသည့် ကိုရွှေမြန်မာအားလည်း စစ်မှန်သည့် စေတနာမေတ္တာဖြင့် ဒေါသအာဃာတ မပါသည့်စိတ်ဖြင့် မေတ္တာပွားကြည့်ရန် အကြံပြုဖြစ်၏။ ထိုဒကာလေးများလည်း ယုံယုံကြည်ကြည်ဖြင့် စိတ်ပါလက်ပါ ပွားများကြည့်သည့်အခါ တစ်ပတ်အကြာမှာပင် ထူးထူးခြားခြား အကျိုးတရားများ ရရှိလာကာ အားလုံး၏ချစ်ခင်မှု၊ အရေးပေးမှုများအထိ ဖြစ်ခဲ့ကြောင်း ပြန်လည် လျှောက်ထားလာကြ၏။ ယခုအခါတွင်ကား အဆင်ပြေမှုများဖြင့် ချမ်းသာနေသည်ဟု ဆို၏။

ဒကာတစ်ယောက်ဆိုလျှင်လည်း နှစ်ပေါင်းမြောက်များစွာ ကွဲကွာနေသည့် အဝေးရောက် ပုဂ္ဂိုလ်တစ်ယောက် အကြောင်း သတင်းရလို၊ အဆက်အသွယ် ရလိုသဖြင့် မည်သို့မည်ပုံ ပြုလုပ်သင့်ကြောင်း အကြံတောင်း လျှောက်ထားလာသဖြင့် စာရေးသူမှ ထိုသူအား အာရုံပြကာ မေတ္တာသာ စူးစူးစိုက်စိုက် ပွားများလိုက်ရန် အကြံပြုဖြစ်ခဲ့၏။ ထိုဒကာလေးလည်း စေတနာအမှန်ဖြင့် အာရုံတွင် မြင်အောင်ကြည့်ကာ ပွားများခဲ့၏။ မေတ္တာပို့သမှုကို နေ့စဉ်လုပ်လာ၍ နှစ်ပတ်ခန့်ကြာသည့်အခါ ထူးထူးခြားခြား အဆက်အသွယ် ရလာကာ မေတ္တာ အပို့ခံရသူသည်လည်း တစ်ပတ်လုံးလုံး ထိုဒကာလေးကို သတိတရ ဖြစ်မိနေကြောင်း တစ်ဆင့်စကားဖြင့် ပြန်သိခဲ့ရ၏။ တိုက်ဆိုင်သည်ဖြစ်စေ၊ မတိုက်ဆိုင်သည် ဖြစ်စေ မေတ္တာအစွမ်း၏ ထူးခြားမှုကား အထင်အရှားပင် ဖြစ်ပါ၏။

အထက်ပါ ဒကာလေးများ၏ အဖြစ်များကို ပြန်လည်ကြားသိရသည့်အခါ မေတ္တာ၏ အခြားမရှိ၊ အကြားမရှိသည့် သဘောကို ကောင်းစွာခံစားမိခဲ့၏။ မေတ္တာသည် အနီးတွင်လည်း ထူးခြားမှုနှင့် အဆင်ပြေမှုကို ဖြစ်စေသကဲ့သို့ အဝေးတွင်လည်း အခြားမရှိ ကောင်းမြတ်သည့် သက်ရောက်မှုကို ဖြစ်စေခဲ့၏။ လူအချင်းချင်း မေတ္တာထားနိုင်လျှင် လှည့်ပတ်ခြင်းလည်းကင်း၊ အထင်သေးမှုလည်းကင်း၊ ဆင်းရဲမှုလည်း ကင်းနိုင်ကြမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် အချင်းချင်း အနိုင်ယူလိုမှု၊ နှိပ်စက်လိုမှု ဒေါသကို သက်သာစေနိုင်ကာ အေးငြိမ်းမှုကို ဖြစ်စေသဖြင့် မေတ္တာထားနိုင်သမျှ လောကဆက်ဆံရေးလည်း အဆင်ပြေ ကောင်းမွန်နေကြမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် လူအချင်းချင်း အပြိုင်းကင်းစေရန် မေတ္တာတရား လက်ကိုင်ထားကြပါဟု တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများ တစ်ဦးနှင့်တစ်ဦးကြား အဆင်မပြေ ဖြစ်ကြရခြင်းသည် အနီးတွင် အတူတကွ ရှိနေကြ၍ မဟုတ်သကဲ့သို့၊ အစဉ်ပြေနေကြခြင်းသည်လည်း အဝေးတွင် ရှိနေကြ၍ မဟုတ်ဘဲ တစ်ဦးချင်းတွင် ရှိနေကြသည့် လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဣဿာ၊ မစ္ဆရိယစည့် တရားများ အားကြီးလာမှုနှင့် ငြိမ်းချမ်းမှုကို ဖြစ်စေတတ်သည့် မေတ္တာတရား ခေါင်းပါးလာမှုများကြောင့်သာ ဖြစ်ကြောင်း ဆိုလိုပါ၏။ မေတ္တာတရား မရှိကြလျှင် လူအချင်းချင်း ပြိုင်ဆိုင်လာတတ်ပြီး ပြိုင်ဆိုင်လာလျှင် အနိုင်ရလိုမှုလည်း အားကြီးလာသဖြင့် သူ့ကိုယ်နှိပ် ကိုယ့်သူနှိပ်ကာ ပြိုင်လာခြင်းကြောင့် မညီညွတ်မှုကို ပိုမိုဖြစ်စေတတ်ကြောင်း၊ မေတ္တာတရား ထားနိုင်ကြလျှင်ကား အချင်းချင်း နှိပ်စက်ခြင်းကင်းကာ ငြိမ်းချမ်းခြင်းကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် လူတို့သည် နေရသည့်အခိုက်အတန့်တွင် တစ်ဦးနှင့်တစ်ဦး အဆင်ပြေပြေ ရှိကြစေရန် အနီးနေသူ ဖြစ်စေ၊ အဝေးရောက်သူ ဖြစ်စေ မည်သူမဆို နားလည်မှုနှင့် မေတ္တာစုကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် စိတ်ထားဖြင့် သူ့တပါးအပေါ် အထင်သေးမှု၊ ညှင်းစဲမှု၊ ဆင်းရဲစေလိုမှုများ မဖြစ်ကြစေဘဲ အကျိုးလိုလားသည့် စိတ်ဖြင့် အနီးတွင်ရှိသူတွင်ဖြစ်စေ အဝေးရောက်နေသူတွင် ဖြစ်စေ မေတ္တာတရား ထားနိုင်အောင်သာ ကြိုးစားကြရန်နှင့် လူအချင်းချင်း ခွဲခြားမှုနှင့် အဝေးအနီး အကြားမရှိမှုကို ဖြစ်စေသည့် မေတ္တာတရားကိုသာ လက်ကိုင်ထားနိုင်ရန် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း မင်းကွန်းဆရာတော်ဘုရားကြီး၏ မေတ္တာပို့ဆောင်ပုဒ်လေးဖြင့် နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ပါသည်။
-လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
-အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
-ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၅) ...

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…
ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ်ဆည်းကပ်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့တွေ့ခွင့်ရမယ် စသဖြင့် ရစရာ တစ်ခုခုရှိမှ ဆည်းကပ်လာတတ်တာ ရှိပါတယ်။ ဒါကြောင့် သာသနာတော်မှာလည်း ပရိယတ်၊ ပဋိပတ် အလုပ်ကိုပဲ လုပ်နေကြတဲ့ ရဟန်းသံဃာတော်များမှာ လာဘ်လာဘတွေ ဆုတ်ယုတ်လာပြီး ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ဆေးကုသပေး၊ နှစ်လုံးသုံးလုံးပေး စသဖြင့် လုပ်ပေးကြတဲ့ ဘုန်းကြီးတွေမှာ မလိုလောက်အောင်ကို ပေါများနေတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေများကြောင့် သဒ္ဓါတရား အားနည်းပြီး ပစ္စည်းလာဘ်လာဘကို ရယူလိုကြတဲ့ ရဟန်းတော်အချို့ဟာလည်း လာဘ်လာဘနောက်လိုက်ကာ လူတွေအကြိုက် လုပ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ သာသနာတော်အတွက်ရော ကိုးကွယ်ခံပုဂ္ဂိုလ်တွေနဲ့ ကိုးကွယ်သူတွေအတွက်ပါ လွဲလာနေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာပြည်မှာရှိတဲ့ လူအတော်များများဟာ ဘယ်မှာ ဘယ်ဘုန်းကြီး ဘယ်လိုပေးတယ်၊ ဘာလုပ်ပေးတယ်ဆိုရင် အုံးအုံးကြက်ကြက်နဲ့ မရောက်ရောက်အောင်ကို သွားတော့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကို ကြည်ညိုလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးက ဘာပေးတယ်၊ ညာပေးတယ်ဆိုလို့ သွားကြတာ ဖြစ်ပါတယ်။ သံဃာကို ကြည်ညိုမှုထက် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး အကျိုးကျေးဇူးများမှုတွေကို ကြည့်ပြီး ဆည်းကပ်ကြပါတယ်။ လှူဒါန်းတတ်ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေတဲ့အတွက်လည်း ပြည့်ပြီးသားအိုးတွေက လျှံတက်နေပြီး လိုနေတဲ့အိုးတွေက ဟောက်ပက်ကြီးကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာချင်းအတူတူ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်နေကြတဲ့ စာသင်တိုက်များ၊ ပရဟိတကျောင်းများမှာ ဆင်းဆင်းရဲရဲ ဖြစ်နေကြပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ နှစ်လုံးသုံးလုံးပေး၊ ဆေးကုပေး၊ ယတြာချေပေးတဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ အလျှံပယ်ပိုလျှံကာ ရွှေကျောင်းကြီးတွေ၊ ကားကြီးတွေနဲ့ စည်ပင်ဝပြောနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို မညီမျှမှုတွေ များလာရင်တော့ ကြာရင် အစစ်အမှန် သာသနာ့ဝန်ထမ်းတွေဟာ သာသနာ့ဘောင်မှာ ရပ်တည်ဖို့ ခက်ခဲလာကာ လူထွက်သွားကြပါက သာသနာမှာ အစစ်အမှန် သာသနာပြု ရဟန်းသံဃာတွေ အားနည်းလာတော့မှာ ဖြစ်ပါတယ်။

အသေအချာတွေးကြည့်ရင် မြတ်ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတာဟာ ဘုရားဟော တရားတော်တွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်တွေလား၊ ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ယတြာချေ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလားဆိုတာ အသိရှိတဲ့သူတွေ အနေနဲ့ ကောင်းကောင်းဆင်ခြင် စဉ်းစားတတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်လူတွေကတော့ ဆင်းရဲတာကတစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းပါးတာက တစ်ကြောင်း၊ အယုံလွယ်တတ်တဲ့ ယုံကြည်မှု အားကောင်းပြီး ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာ အားနည်းလာတာက တစ်ကြောင်း၊ ကြည်ညိုမှုထက် ရယူလိုမှုက များနေတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် အစစ်အမှန် သာသနာပြုတွေကို လျစ်လျူရှုကာ ဘုရားမကြိုက်တဲ့ လောကီအလုပ်တွေနဲ့ အသက်မွေးနေတဲ့ ရဟန်းတော်များထံမှာပဲ စုနေကြတော့တာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအလွဲနဲ့ ထောက်ပံ့မှုအလွဲတွေဟာ သာသနာတော်အတွက် မွဲစရာတွေ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။

အမှန်တော့ သာသနာတော်မှာ ဆရာဒကာဟာ တစ်ဦးနဲ့တစ်ဦး အမှီပြုနိုင်မှ သာသနာတော်ကြီး အရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒကာဒကာမများဘက်က ပစ္စယာနုဂ္ဂဟနဲ့ ချီးမြှောက်ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်နိုင်မှ ဒီသာသနာတော်ဟာ စည်ပင်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာနဲ့ ဒကာဟာလည်း ကိုယ့်တာဝန်ကိုယ်ကျေကာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လည်း လိုပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဘုရားအလိုရှိတော်မူတဲ့ စာပေသင်အံ ပို့ချခြင်း ပရိယတ်အလုပ်နဲ့၊ တရားဓမ္မ ဟောပြောသခြင်း ပဋိပတ်အလုပ် တစ်ခုခုကို လုပ်နေဖို့ လိုသလို ဒကာဒကာမများဘက်ကလည်း ဒီလို ပရိယတ်၊ ပဋိပတ်လုပ်နေတဲ့ အစစ်အမှန် သာသနာ့ဝန်ထမ်းတွေကို ရွေးချယ်ကိုးကွယ်တတ်ဖို့ လိုပါတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ သာသနာနဲ့ မလျော်တဲ့အလုပ်တွေကို လုပ်နေတဲ့ ရဟန်းတော်များကို ကိုယ့်ရဲ့ပစ္စုပ္ပန် လောကီစီးပွားရေး၊ ကြီးပွားရေး အဆင်ပြေမှုလေးတွေလောက်ပဲ ကြည့်ပြီး မကိုးကွယ်မဆည်းကပ်မိဖို့ လိုပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ဆရာသမားဟာ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာ အပြစ်မဖြစ်ရေး၊ သံသရာမှာ သုဂတိဘ၀ကို ရရှိရေး စသဖြင့် ညွန်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် တို့ကို ဗေဒင်ဟောပေးနေ၊ ယတြာချေပေးနေ၊ တို့အကျိုးကို လုပ်ပေးနေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့မကိုးကွယ် မဆည်းကပ်သင့်ပါဘူး။ ကိုးကွယ်မှုကို ကိုယ့်ရဲ့တစ်ဒင်္ဂ ချမ်းသာမှုလောက်နဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ဒါလုပ်ပေးလို့ ဒါလှူတယ်ဆိုတဲ့ ဈေးကွက်ဆန်ဆန် ကိုးကွယ်လှူဒါန်းမှုမျိုး မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက ကိုးကွယ်မှုကို စူးစမ်းဆင်ခြင်မှု ပညာ၊ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကာ ကိုးကွယ်သင့်ပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင် ဘာရမယ်၊ ဘာဖြစ်မယ်စတဲ့ မျှော်လင့်ချက် ရယူမှုနဲ့ မကိုးကွယ်သင့်ပါဘူး။ ဆိုလိုတာက စီးပွားရေး အဆင်ပြေမှု၊ ငွေကြေးချမ်းသာမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုများကို မမျှော်လင့်ကြဖို့ ဆိုလိုတာပါ။ ဒီဆရာကို ကိုးကွယ်တဲ့အတွက် အကုသိုလ်တွေ မဖြစ်ဘဲ ကုသိုလ်တွေ တိုးနေမယ်ဆိုရင်တော့ ဒါဟာ ကိုးကွယ်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက် ဒကာ၊ ဒကာမတွေ အနေနဲ့ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်၊ ဆရာဒကာ တာဝန်ကျေလိုတဲ့ စိတ်နဲ့ စစ်မှန်တဲ့ ဆရာကို ရွေးချယ်ကာ စစ်မှန်တဲ့ သာသနာဖြစ်အောင် တစ်ဘက်တစ်လမ်းကာ အားပေးထောက်ပံ့ ပေးဖို့လည်း လိုပါတယ်။ ဒီလို ဆရာဒကာ ညီညွတ်မှပဲ သာသနာတော်ဟာ အရှည်တည်တံ့ကာ သန့်ရှင်းပြန့်ပွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုတွေဟာလည်း တော်တော်များများ လွဲမှားလာနေတာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်ရဲ့ကိုးကွယ် ဆည်းကပ်မှုကို အပေးအယူတွေနဲ့ ပေါင်းစပ်ကာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုမျိုး မဖြစ်ကြစေဘဲ အစစ်အမှန် သာသနာနဲ့ အစစ်အမှန် ဆရာကို သဒ္ဓါပညာ ပေါင်းစပ်ကာ ရွေးချယ်စိစစ်ပြီး ကောင်းမြတ်တဲ့ အစစ်အမှန် ဒကာများဖြစ်အောင် ကြိုးစားကြဖို့၊ ရယူမှုနဲ့ ကိုးကွယ်မှုတွေကို လွဲမှားစွာ မလုပ်မိကြဖို့ လွဲတတ်တဲ့အလွဲတစ်ခု အဖြစ် ပြင်စေလိုတဲ့စိတ်နဲ့ စေတနာထားကာ အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်သင့်သလဲ

Q. အရှင်ဘုရား
ရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာကိုလည်း အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှု မှတ်သားဖြစ်ပါတယ်။ အမြဲတမ်း ပို့စ်အသစ်တွေတင်နိုင်ပြီး စိတ်ရှည်စွာ ဟောညွန်ပြပေးတဲ့အတွက် ဝင်ရောက်မှတ်သား သူတွေအတွက် ယူတတ်မယ်ဆိုရင် အလွန်အကျိုးရှိလှပါတယ် ဘုရား။ တပည့်တော် အကြိုက်ဆုံးကတော့ နဲနဲလေးတော့ လွဲနေတယ် ဆိုတဲ့ ပို့စ်များပဲဖြစ်ပါတယ်ဘုရား။

တပည့်တော်မေးမြန်းချင်တာနဲ့ အကြံပြုချင်တာလေးတွေရှိပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါ။ အရှင်ဘုရားရဲ့ စာမျက်နှာမှာ Facebook like button လေးကိုဖြစ်နိုင်မယ်ဆို ထည့်ပေးစေလိုပါတယ်ဘုရား။ တပည့်တော် ဖတ်လိုက်ရတဲ့ အကြောင်းရာတစ်ခုကို facebook မှာ အမြဲ share ဖြစ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ စာမျက်နှာမှာလည်း like button လေးရှိရင် ပိုကောင်းမယ် ထင်မိပါတယ်ဘုရား။

တပည့်တော် သိချင်တာလေးကတော့ တပည့်တော်တို့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး သရဏဂုံတည် နေတယ်ဆိုပေမဲ့ ယခုဘဝမှာ ပုထုဇဉ်အဖြစ်နဲ့သာ သေဆုံးခဲ့ရမယ်ဆိုရင် တပည့်တော်တို့ဟာ လောကီ သရဏဂုံသာ တည်နေတာဖြစ်လို့ နောင်ဘဝမှာ အပါယ်ဘုံဘဝသို့ မရောက်ပဲ လူ့ဘုံမှာ ပြန်သန္ဓေ တည်ခဲ့ရသည့်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မနဲ့ သွေဖယ်တဲ့ အယူဝါဒကို ယုံကြည်သက်ဝင်သူ ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်ဘုရား။ နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘဝတိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ကျင့်စဉ်တွေ ဆည်းပူးရမယ်ဆိုတာ လမ်းညွန်ပေးစေလိုပါတယ်ဘုရား…။

မေတ္တာဖြင့် အလင်းဓါတ်တွေ ထွန်းညှိပေးသောအရှင်ဘုရား
ယခုထက်ပိုမိုပြီး သာသနာပြုနိုင်ပါစေဘုရား
သူရိန်

A.
မင်္ဂလာပါ ဒကာ သူရိန်...
ဘုန်းဘုန်းရဲ့ စာတွေက စာဖတ်သူတွေအတွက် တစ်စုံတစ်ခု အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ဒကာရဲ့ အကြံပြုချက်ကို ကျေးဇူးတင်စွာလက်ခံပြီး အဆင်ပြေအောင် ဆောက်ရွက်လိုက်ပါမယ်။

မေးထားတဲ့ အမေးအတွက် ဖြေကြားပေးရမယ်ဆိုရင် သရဏဂုံကို တည်မြဲအောင် ကြိုးစားတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဟာ သဒ္ဓါတရား မခိုင်မြဲသေးတဲ့အတွက် သေပြီးနောက်ဘ၀မှာ ဘာဖြစ်မယ် ဘယ်လိုဘုံမှာ ဖြစ်ရမယ်ဆိုတာ အတိအကျ ပြောနိုင်မှာမဟုတ်ပါဘူး။ အဓိကကတော့ သေခါနီးစိတ်အစဉ်ဟာ သိပ်ကိုအရေးကြီးပါတယ်။ သေခါနီးမှာ ဟိုစွဲဒီစွဲ မစွဲမိဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိမြဲဖို့အတွက် မသေခင် လေ့ကျင့်ထားတဲ့ သမထအကျင့် ၀ိပဿနာ အကျင့်ကလည်း အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ၀ိပဿနာအကျင့်က ပိုပြီးအရေးကြီးပါတယ်။ သရဏဂုံကို မြဲမြံစွာဆောက်တည်ထားတာဟာ အလွန်ကောင်းပေမယ့် သေခါနီးကာလအထိ အဲဒီသရဏဂုံကို ဆောက်တည်ထားတဲ့ စိတ်နဲ့သေသွားနိုင်ပါ့မလားဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ သေသွားတဲ့အထိ သရဏဂုံတည်တဲ့ စိတ်နဲ့နေနိုင်အောင် ကြိုးစားနိုင်ရင်တော့ ဘာမှ အထွေအထူး ပြောစရာမရှိဘဲ ဒီသရဏဂုံကို လုံခြုံတဲ့ စိတ်အစဉ်ကြောင့် သေပြီးနောက်ဘ၀မှာ သုဂတိဘ၀မှာ ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံနေတဲ့ ကာလမှာ သရဏဂုံတည်တဲ့ စိတ်နဲ့သေပြီး လူ့ပြည်မှာ ဖြစ်မယ်ဆိုရင်တော့ အယူဝါဒ လွဲမှားစရာ မရှိနိုင်ပါဘူး။ သေချာပေါက် ရတာနသုံးပါးကို ကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့ ဘ၀မှာ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

သို့သော် အထူးသတိပြုရမှာက သေခါနီးကာလမှာ ကိုယ့်ရဲ့စိတ်အစဉ်ဟာ သရဏဂုံကို အာရုံပြုပြီး သေသွားနိုင်ပါမလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အကယ်၍ သေခါနီးမှာ ဝေဒနာ ပြင်းထန်လို့ပဲ ဖြစ်ဖြစ်၊ တခြားအာရုံတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် သရဏဂုံကို အာရုံမပြုနိုင်ဘဲ သတိလက်လွတ် ဖြစ်သွားမယ်ဆိုရင်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့မလွယ်နိုင်ပါဘူး။ အပါယ်ဘုံကို ရောက်သွားမယ်ဆိုရင်တော့ ဒကာပြောသလို စစ်မှန်တဲ့ တရားဓမ္မတွေနဲ့ သွေဖီသွားနိုင်စရာ ရှိပါတယ်။ သေခါနီးမှာ သရဏဂုံကို စွဲမြဲတဲ့ စိတ်အာရုံနဲ့ သေသွားရင်တော့ သုဂတိဘ၀နဲ့ သရဏဂုံတည်မှုရယ်၊ အယူဝါဒ မှန်ကန်မှုရယ်ကတော့ လွဲနိုင်စရာ မရှိပါဘူး။

အရေးကြီးဆုံးကတော့ သရဏဂုံတည်မြဲအောင် ကြိုးစားထားတာ ကောင်းပေမယ့် ၀ိပဿနာ တရားအားထုတ်ပြီး သေဖို့ပြင်ဆင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်မှုဟာ ပါရမီအလျောက် ဒီဘ၀မှာ တရားထူးရတဲ့သူ ရှိသလို၊ မရတဲ့သူလည်း ရှိနိုင်ပါတယ်။ တရားထူးမရပေမယ့် ၀ိပဿနာတရားကို စွဲစွဲမြဲမြဲအားထုတ်ထားသူ တစ်ယောက်ဟာ သတိကတော့ မြဲနေနိုင်ပါတယ်။ သတိမြဲနေမယ်ဆိုရင် သေခါနီးမှာလည်း အခြားအာရုံအစွဲတွေ မ၀င်နိုင်အောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ တရားအားထုတ်လေ့ရှိတဲ့ သူတစ်ယောက်ဟာ သေခါနီးမှာ ဝေဒနာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ဝေဒနာကို ရှုမှတ်တတ်တဲ့ အလေ့အကျင့် ရှိနေနိုင်တဲ့အတွက် ဝေဒနာပြင်းလေ၊ အမှတ်ပြင်းလေဖြစ်ကာ တစ်ခြား အာရုံတွေ မ၀င်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသတိရှိပြီး သေသွားတဲ့ သူတစ်ယောက်အတွက်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့နဲ့ အယူဝါဒ မှန်ကန်ဖို့ဆိုတာ သေချာသလောက်ရှိပါတယ်။

ဒါကြောင့် နိဗ္ဗာန်မရမီစပ်ကြား ဘ၀တိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမယ် ဆိုတာထက် ဒီဘ၀မှာပဲ သရဏဂုံတည်အောင် ကြိုးစားရင်း သတိမြဲစေတဲ့ ၀ိပဿနာတရား အားထုတ်မှုကို ကြိုးစားအားထုတ်ကာ သေခါနီးမှာ သတိခိုင်အောင်လုပ်ပြီး သုဂတိဘ၀ကို ရောက်စေနိုင်တဲ့ အထုံပါရမီကို ဖြည့်ကျင့်တာ ပိုကောင်းတယ်ဆိုတာ အကြံပြု ဖြေကြားလိုပါတယ်။

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ သိရင်ပြောပြပါလား’လို့ မေးဖူးပါတယ်ဘုရား..၊ အဲဒါ သူ့အမေးကို တပည့်တော်လည်း ကောင်းကောင်း နားမလည်သလို အတိအကျလည်း ဖြေမပေးနိုင်လို့ အရှင်ဘုရားကို အကူအညီ တောင်းတာပါဘုရား၊ အချိန်ရရင် စာတစ်ပုဒ်လောက်ရေးပြီး အင်တာနက်မှာ တင်ပေးပါဘုရား…” လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း “ကောင်းပါပြီ.. ဒကာမ၊ အချိန်ရရင် ရေးပြီးတင်ပေးပါမယ်”လို့ ပြောပြီး မရေးဖြစ်ပဲ နေခဲ့တာ ခုမှပဲ “ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး”ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ ရေးတင်ဖြစ်ပါတယ်။

တခြားဘာသာတွေမှာ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဗုဒ္ဓဘာသာမှာ ရှိနေတာတွေကတော့ သူမေးသလို အမျိုးမျိုးအဖုံဖုံ ရှိနေတာ မဟုတ်ပါဘူး။ အမည်နာမတွေကြောင့် အမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ ဒါတွေက ကုသိုလ်ဖြစ်ရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေးဆိုတဲ့ ကျင့်ကြံပွားများ အားထုတ်ခြင်းမှာပဲ သွားပြီးအကျုံးဝင်ပါတယ်။ စာလိုပြောရင်တော့ သမထကျင့်စဉ် သို့မဟုတ် ၀ိပဿနာကျင့်စဉ် တစ်ခုခုထဲမှာ အကျုံးဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီနည်းတွေဟာ စိတ်ကို တခြားအပြင်ကိလေသာ အာရုံတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်စေ၊ စိတ်အစဉ် ငြိမ်းချမ်းစေ၊ ကုသိုလ်ဖြစ်စေ၊ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ် ကာကွယ် နိုင်စေတတ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်ကြတာ ဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပေမယ့် အချုပ်ကတော့ သမထကျင့်စဉ်နဲ့ ၀ိပဿနာ ကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။

ဒီနည်းစနစ်နှစ်ခုထဲက သမထကျင့်စဉ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပွားများပေးတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ဘုရားရှိခိုးတာ၊ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ စတာတွေဟာ ဒီသမထကျင့်စဉ်ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အသေးစိပ်ပြောရရင် ဘုရားဂုဏ်တော်ပွားတာဟာ ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ပြီး ပရိတ်ပဋ္ဌာန်း ဓမ္မစကြာစတဲ့ ဘုရားတရားတော်တွေကို ရွတ်ဖတ်ပူဇော်တာ ဓမ္မာနုဿတိ ဘာဝနာဖြစ်ကာ မေတ္တာပွားတာ စတာတွေကတော့ မေတ္တဘာဝနာ စသဖြင့် ဖြစ်ပါတယ်။ ဒီလို ဗုဒ္ဓနုဿတိ စတာတွေဟာ သမထကျင့်စဉ်ထဲမှာ အကျုံးဝင်ပြီး ပွားများအားထုတ်၊ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အခိုက်မှာ စိတ်တည်ကြည်မှု၊ ကုသိုလ်ရစေမှု၊ စိတ်ငြိမ်းချမ်းမှု၊ သဒ္ဓါတရားတိုးပွားမှု၊ ပီတိတရား တိုးပွားမှု စတဲ့ အကျိုးထူးတရားတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီကျင့်စဉ်များဟာ အာရုံတစ်ခုတည်းမှာကိုပဲ ထပ်ကာထပ်ကာ လေကျင့်ပေးတဲ့ သမာဓိကျင့်စဉ် ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်၊ ရွတ်ပွားသရဇ္ဈာယ်တဲ့ အခိုက်အတန့်မှာတော့ ကိုယ့်သန္တာန်မှာ လောဘဒေါသစတဲ့ ကိလေသာတရားများ၊ အပူမီးများ ကင်းငြိမ်းနေနိုင်ပါတယ်။ ဆက်တိုက်လုပ်နိုင်ရင် ဆက်တိုက်ငြိမ်းနေမှာ ဖြစ်ပေမယ့် အကြွင်းမဲ့ ပယ်သတ်တဲ့ ကျင့်စဉ်မဟုတ်တဲ့အတွက် မကျင့်ဘဲ နေတဲ့အခိုက်မှာ တခြားကိလေသာ အာရုံတွေနဲ့ တွေ့တဲ့အခါမှာ ဒီကိလေသာတွေဟာ ပြန်ပေါ်လာတတ်ပါတယ်။

ဒီလို သဘောတွေ ရှိနေတဲ့အတွက် တစ်ချို့က ညစဉ်ညတိုင်း ဘုရားရှိခိုး၊ ပရိတ်ပဋ္ဌာန်းတွေရွတ်၊ မေတ္တာတွေ ပို့နေပေမယ့် အမူအရာတွေ၊ အပြောအဆိုတွေ၊ အနေအထိုင်တွေက ပြောင်းလဲမသွားဘဲ ရှိနေတတ်ပါတယ်။ အဲဒီလို သူတွေကိုကြည့်ပြီး တစ်ချို့က “သူ့လောက်ဘုရား တရားလုပ်တာ သူပဲ ရှိတယ်၊ လောဘ၊ ဒေါသ၊ မောဟကြီးလိုက်တာလဲ မပြောပါနဲ့…”လို့ ပြောလေ့ရှိတတ်ပါတယ်။ ကိလေသာတွေကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးလို့ကတော့ ဘုရားရှိခိုး၊ ဂုဏ်တော်ပွားနေ၊ ပရိတ်ပဋ္ဌာန်းရွတ်တာတွေ လုပ်နေပေမယ့်လည်း ကိလေသာတွေက ပြန်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောဆိုကဲ့ရဲ့ တတ်တဲ့သူတွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် သူ့လောက်မလုပ်နိုင်တာတွေနဲ့ ချိန်ထိုးပြီးတော့ ဘုရားတရားလုပ်ပြီး အမူအရာ မပြောင်းတဲ့သူတွေ ရှိရင်လည်း နားလည်ပေးဖို့ လိုပါတယ်။

ဒီလိုဆိုတော့ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ စတဲ့ သမထအလုပ်တွေဟာ ထူးထူးခြားခြား အကျိုးတရား မရှိဘူးလို့တော့ မသတ်မှတ်ဖို့ လိုပါတယ်။ သမထကျင့်စဉ်တွေဟာ ကိလေသာ အပူမီးတွေကို အပြီးပိုင် အကြွင်းမဲ့ မပယ်သတ်နိုင်ပေမယ့် စိတ်အစဉ်ငြိမ်းချမ်းမှု၊ ကိလေသာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ခွာထားနိုင်မှု၊ ဈာန်အဘိညာဉ် ရမှု၊ ကုသိုလ်ဖြစ်ကာ ကောင်းတဲ့သုဂတိဘ၀တွေမှာ ဖြစ်စေမှုတွေအထိ အကျိုးထူးတရားကို ဖြစ်စေတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဟာ နိဗ္ဗာန်အထိ တိုက်ရိုက်မျက်မှောက် ပြုနိုင်ဖို့ ခက်ပေမယ့် ဒီအကျင့်တွေနဲ့ပဲ သေတဲ့အထိ နေသွားနိုင်မယ်ဆိုရင် ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်ဖြစ်စေတယ် ဆိုတာလည်း သံသယဖြစ်စရာ မရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လက်တွေ့လုပ် လက်တွေ့ထူးခြားမှုကို ဖြစ်စေတဲ့အတွက် ၀ိပဿနာ ကျင့်စဉ်ထက် သမထကျင့်စဉ်ကို ပိုပြီးသဘောကျ နှစ်သက်တတ်တာတွေ ရှိပါတယ်။ သမထကျင့်စဉ်ရဲ့ ထူးခြားမှုက ဘယ်သူမဆို နည်းစနစ်မှန်ကန်စွာ အားထုတ်နိုင်မယ်ရင်ဆိုရင် သမာဓိ တည်ကြည်လာတာနဲ့အမျှ နိမိတ်လက္ခဏာတွေ ပေါ်လာပြီး စိတ်အစဉ် ပေါ့ပါးမှု၊ ငြိမ်းချမ်းမှု စတဲ့ ထူးခြားမှုတွေကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ သို့သော် သမထကျင့်စဉ်ဟာ လက်တွေ့ဘ၀ ပစ္စုပ္ပန်ငြိမ်းချမ်းမှု၊ ချမ်းသာမှုကို ဖြစ်စေပေမယ့် တကယ့်ကိလေသာ ကုန်ခမ်းပြီး အစစ်အမှန် ငြိမ်းချမ်းရာဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက်တော့ ၀ိပဿနာ ကျင့်စဉ်ကို ကျင့်ကြံပွားများ အားထုတ်နိုင်မှပဲ ရနိုင်ဖြစ်နိုင်ပါတယ်။

ဝိပဿနာ ကျင့်စဉ်ဟာ သတ္တ၀ါတွေကို ဒုက္ခပေးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများကို အကြွင်းအကျန်မရှိ ပယ်သတ်နိုင်တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး သတိကို အထူးပြု လေ့ကျင့်ပေးတဲ့ ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ၀ိပဿနာရဲ့ သဘောက ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို သတိကပ်ကာ ဉာဏ်နဲ့ရှုမှတ်ပေးရတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ ဖြစ်သမျှကို ပေါ်စဲပေါ်ခိုက် ဖြစ်စဲဖြစ်ခိုက်မှာ ပေါ်တဲ့အတိုင်း ဖြစ်တဲ့အတိုင်း မလွတ်တမ်း လိုက်ပြီးသိမှတ် ပေးနေပါက ရုပ်နာမ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း သဘောတွေကို ခန္ဓာကိုယ်တွေ့ဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း သိမြင်လာကာ ကိုယ့်ရဲ့အတွင်း သန္တာန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာမီးတွေကို တဖြည်းဖြည်း ငြိမ်းလာအောင် ငြှိမ်းသတ်လာစေပါတယ်။

အမှတ်သတိကို မလွတ်စေဘဲ စိတ်မှာဖြစ်တတ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရာဂစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် စသဖြင့် ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ပေါ်လာရင် ပေါ်လာတဲ့အတိုင်း လိုက်လိုက်ပြီးသိမှတ်ပေးတာ၊ ခန္ဓာကိုယ်ကို အမှီပြုပြီး ဖြစ်တတ်တဲ့ ပူတာ၊ အေးတာ၊ နာကျင့်ကိုက်ခဲတာ၊ ငြိမ်းချမ်းတာ၊ မငြိမ်းချမ်းတာ စတဲ့ ခံစားချက် ဝေဒနာများကို ခံစားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ခန္ဓာကိုယ်ရဲ့ သွား၊ လာလှုပ်ရှားမှု မှန်သမျှကိုလည်း သွားလာလှုပ်ရှားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ရုပ်ရဲ့သဘောတရား၊ နာမ်ရဲ့သဘောတရား၊ ဓာတ်ရဲ့သဘောတရား၊ အမှန်သစ္စာရဲ့ သဘောတရား စသဖြင့် သဘာဝဓမ္မဖြစ်တဲ့ သဘောတရားတွေကိုလည်း အရှိအတိုင်း၊ သဘာဝဓမ္မအတိုင်း သိမှတ်ပေးတာ စတာတွေဟာ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ်နိုင်အောင် လေ့ကျင့်အားထုတ်ပေးတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် သတိပဋ္ဌာန် ၀ိပဿနာနည်းမှာ အကျုံးဝင်ပြီး ဒီနည်းစနစ်ကို မပြတ်အားထုတ်နိုင်ပါက ဉာဏ်စဉ်အဆင့်ဆင့် မြင့်တက်ကာ နောက်ဆုံး ကိလေသာတရားများကို အပြီးပိုင် ပယ်သတ်လို့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုစေတဲ့အထိ တိုက်ရိုက်ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဝိပဿနာကျင့်စဉ်ဟာ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်ဖို့ ခက်ခဲပေမယ့် ကြိုးစားပမ်းစား မလျော့တဲ့ ၀ီရိယနဲ့ အားထုတ်ကြမယ်ဆိုရင်တော့ ဒီဘ၀မှာပဲ သိသိသာသာ ကိလေသာတွေကို ပါးလာအောင် ခွာနိုင်ပြီး ကိုယ်နှုတ်စိတ် အမူအရာတွေဟာ ထူးခြားစွာ နူးညံ့လာစေမှာ ဖြစ်ပါတယ်။ ပါရမီအရှိန်နဲ့ သတိပညာဝီရိယ အားတွေပေါင်းစပ်ကာ အားထုတ်နိုင်မယ်ဆိုရင်တော့ ဉာဏ်စဉ်များအဆင့်ဆင့် တက်ကာ ကိလေသာတွေကိုလည်း တစ်ခုပြီးတစ်ခု အကြွင်းမရှိ ပယ်သတ်စေနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ် အဆင့်ထိ ရရှိနိုင်ပြီဆိုရင်တော့ ကိလေသာအားလုံးကို အပြီးပိုင် ပယ်သတ်နိုင်ပြီး ဒီဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါက ၀ိပဿနာ ကျင့်စဉ်ရဲ့ လက်တွေ့ကျတဲ့ အကျိုးနဲ့ ကျင့်စဉ်သဘောတရားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာတွေအတွက် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာ စသဖြင့် အမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဒါတွေအားလုံးဟာ ကုသိုလ်ရဖို့၊ စိတ်တည်ငြိမ်ဖို့နဲ့ ကိလေသာကို ခွာနိုင်ဖို့အတွက် ပွားများအားထုတ်ရတဲ့ နည်းစနစ်ဖြစ်ပြီး သမထအကျင့်နဲ့ ၀ိပဿနာအကျင့် တစ်မျိုးမျိုးမှာပဲ သွားပြီး အကျုံးဝင်နေကြောင်း ဆိုလိုတာဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရဖို့၊ စိတ်ငြိမ်းချမ်းဖို့နဲ့ ကိလေသာ ပယ်ခွာဖို့ကိုသာ ရည်ရွယ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။

စိတ်အစဉ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် ကိလေသာတရားများ တိုးပွားမှု၊ ကိလေသာတရားတွေရဲ့ လောင်မြိုက်မှုကို ခံစေ၊ ဖြစ်စေတဲ့အတွက် ဒီကိလေသာရန်က ကာကွယ်ဖို့အတွက် စရိုက်အမျိုးမျိုး၊ အကျင့်အမျိုးမျိုး ရှိနေတဲ့ လူတွေအနေနဲ့ ကိုယ့်အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ့် အကျင့်တစ်ခုခုကို ကျင့်နိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက “စိတ်ကိုဒီလိုလည်း ထိန်းနိုင်တယ်၊ ဒီလိုလည်း လေ့ကျင့်နိုင်တယ်၊ ဒီလိုလည်း အားထုတ်နိုင်တယ်၊ ဒီလိုအားထုတ်ရင် ဒီလောက်အကျိုးတရား ဖြစ်စေပြီး၊ ဒီလိုအားထုတ်နိုင်ရင်တော့ ဒီလောက်အကျိုးထူးကို ဖြစ်စေတယ်” ဆိုတာကို ဟောကြားပြသတော် မူခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဗုဒ္ဓဘာသာမှာ အမည်နာမတွေကြောင့် ဘယ်လိုနည်းတွေနဲ့ ဘယ်လိုအကျင့်တွေ ဘယ်ဘောက်ပဲ ရှိနေတယ်လို့ ဆိုပေမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရရေး၊ စိတ်ငြိမ်းချမ်းရေး၊ ကိလေသာ ပယ်ခွာရေးကိုပဲ ရည်ရွယ်တာ ဖြစ်တာကြောင့် သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် ကိုယ်လုပ်နိုင်တဲ့ နည်းကိုသာ ယုံကြည်မှု သဒ္ဓါတရား၊ ကြိုးစားအားထုတ်မှု ၀ိရိယတရား လက်ကိုင်ထားပြီး လုပ်နိုင်မယ်ဆိုရင် ကုသိုလ်လည်းရ၊ စိတ်လည်းငြိမ်းချမ်းပြီး နောက်ဆုံး ၀ိပဿနာကျင့်စဉ်အားနဲ့ ကိလေသာတရားကို အပြီးပိုင် ပယ်သတ်နိုင်တဲ့အထိ အကျိုးထူးကို ဖြစ်စေမှာဖြစ်တဲ့အတွက် ဘုရားရှိခိုးတာပဲ ဖြစ်ဖြစ်၊ မေတ္တာပို့တာပဲ ဖြစ်ဖြစ်၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာ ရွတ်တာပဲ ဖြစ်ဖြစ်၊ ဂုဏ်တော်ပွားတာပဲ ဖြစ်ဖြစ်၊ ပုတီးစိပ်တာပဲ ဖြစ်ဖြစ်၊ တရားမှတ်တာပဲ ဖြစ်ဖြစ် စသဖြင့် ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်၊ လုပ်နိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း၊ လုပ်နိုင်ရင်တော့ လုပ်နိုင်သလောက်ာ အကျိုးထူးကို ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတော့တယ်။

Read more »

ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။

ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။

အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။

မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။

မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။

ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။

ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။

တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။

ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more »

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့…

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။

နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။

တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။

စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၄) ...

ကုသိုလ်နဲ့အရက်…
“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါတော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာနေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင် ရွာမှာဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့တွေကို ဆေးပေါ့လိပ်လေးတွေ၊ စီးကရက်လေးတွေကို ကမ်းပြီး ဖိတ်လိုက်ရင် အားလုံးတက်ညီလက်ညီ လာရောက်လုပ်အားပေးလေ့ ရှိပါတယ်။ ခုနောက်ပိုင်း ရွာကလူကြီးတွေ အပြောအရ ဘာပွဲလေးပဲ လုပ်လုပ် လူငယ်တွေ အကူအညီလိုလို့ ဖိတ်မယ်ဆိုရင် ဆေးလိပ်လောက်နဲ့ မရတော့ဘဲ အရက်ဝိုင်း၊ ထန်းရည်ဝိုင်းလေးတွေနဲ့ ဧည့်ခံပေးမှကို လာရောက်ပြီး ၀ိုင်းဝန်းလုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ရွာတွေအတော်များများမှာ ဒီလိုအရက်နဲ့ဖိတ်မှ လုပ်အားလာပေးတာတွေ ဖြစ်လာတော့ လူကြီးတွေ၊ အလူရှင်တွေ ကိုယ်တိုင်က အရက်ကို ပုန်းလိုက်တည်ပြီး အလှူပွဲတွေမှာ ဧည့်ခံပေးရတယ်ဆိုတာ ကြားသိရပြန်ပါတယ်။ လွဲနေတာကတော့ အတော့်ကို လွဲနေကြတော့တာ ဖြစ်ပါတယ်။ ကုသိုလ်လုပ်ပါတယ်ဆိုမှ အရက်ကလေး တမြမြနဲ့ဆိုတော့ ဘယ်မှာလာပြီး အပြစ်ကင်းတဲ့ ကုသိုလ်ဖြစ်နိုင်မှာလဲပေါ့။ ဒီကြားထဲ လူပျိုကာလာသားတွေက အရက်ကလေး ၀င်လာတော့ သွေးလေးတွေကြွလာပြီး အလှူပွဲ လုပ်အားပေးလာကြတဲ့ အပျိုလေးတွေ၊ အပျိုကြီးတွေကို စကြနောက်ကြတာ တွေတွေလည်း ရှိလာပြန်တယ်လို့ ဆိုပါတယ်။ အလှူရှင်တွေမှာ အလှူအတွက်ပူရ၊ အရက်သမားတွေအတွက် ပူရနဲ့ ကုသိုလ်ပွဲ၊ အလှူပွဲကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ကြည်လက်ကြည် မလုပ်နိုင်ဘူး ဖြစ်နေကြတဲ့အပြင် တစ်ခါတစ်လေ တစ်ချို့သူတွေရဲ့ လုပ်ရပ်တွေကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုသိုလ်နဲ့အရက်ကတော့ ပြည်တွင်းမှာတင် မဟုတ်၊ ပြည်ပမှာလည်း တွဲရက်ကို ပါနေတော့တာ ဖြစ်ပါတယ်။ လွတ်လပ်လှတဲ့ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ ကုသိုလ်ပွဲတွေမှာ အရက်ပါမှကို ကုသိုလ်ပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးနိုင်သလို ဖြစ်နေပါတယ်။ တစ်ချို့ အလှူပွဲ လုပ်တဲ့သူငယ်ချင်းတွေဟာ ချက်ရေးပြုတ်ရေးတွေမှာ တခြားချက်တတ် ပြုတ်တတ်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းတဲ့အခါ အရက်ကလေးနဲ့ တည်ခင်းဧည့်ခံ ပေးရတာတွေ ရှိကြသလို ကုသိုလ်ပွဲ အကြိုမှာလည်း အကြိုအနေနဲ့ အဝေးက လာကြတဲ့ သူငယ်ချင်းတွေကို အရက်နဲ့ ဧည့်ခံပေးရ၊ အလှူပွဲပြီးတော့လည်း အလှူအောင်ပွဲအဖြစ် အရက်လေးနဲ့ အောင်ပွဲခံနိုင်အောင် လုပ်ပေးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ကုသိုလ်လုပ်ဖို့ တိုင်ပင်ကြတာတောင် အရက်ဆိုင်မှာ အရက်နဲ့ တည်ခင်းဧည့်ခံပြီး တိုင်ပင်ကြတယ်တဲ့လေ။ တစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ အရက်မသောက်ရလို့ စာရေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ အခိုက်လေးမှာတောင် မသောက်ဘဲ မနေနိုင်လို့ ကျောင်းအပြင်မှာ ထမင်းစားခါနီး တစ်ကြိုက်လောက် သွားမော့ကြတာလေးတွေ ရှိတယ်တဲ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ အရက်က နေရာတကာမှာ လွှမ်းမိုးလာပြီး ကုသိုလ်ပွဲ၊ အလှူပွဲတွေအထိ စိုးမိုးလာနေတော့တာဆိုတော့ လုပ်မှာက ကုသိုလ်အလုပ် ပံ့ပိုးနေတာက အကုသိုလ် အရှုပ်နဲ့ ကုသိုလ်လုပ်ပေမယ့် လုပ်သလောက် အကျိုးမဖြစ်ဘဲ ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက်လို ဖြစ်နေပြန်ပါတယ်။

ဒီလို ကုသိုလ်နဲ့အရက်ကို လွဲလွဲနဲ့ တွဲနေကြပေမယ့် လွဲလို့လွဲမှန်း မသိဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအလွဲကို အချိန်မီပြင်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို မဖြစ်ရအောင် ကုသိုလ်ပွဲတွေ လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ စိတ်သန့်လူသန့် အလှူသန့်အောင် လုပ်သင့်ပါတယ်။ အရက်ကို ကြိုက်တတ်လို့ သောက်ကြတယ်ဆိုရင်လည်း ကုသိုလ်လုပ်တဲ့ အချိန်လောက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်လောက် အရက်မသောက်လို့တော့ မသေနိုင်လောက်ပါဘူး။ သေတော့ရော ဘာဖြစ်သေးလဲ ကုသိုလ်လုပ်ရင်း သေသွားမှာဆိုတော့ ကောင်းရာဘုံတောင် ရောက်နိုင်သေးတာပေါ့။ ဒါက ဘုန်းဘုန်းအတွေးနဲ့ စေတနာစကားပါ။

ရှိစေတော့။ ပြောချင်တာက လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက်ကို တွဲပြီးလုပ်နေကြတဲ့ အလွဲအကြောင်းကို ပြောချင်တာပါ။ ကုသိုလ်ပွဲလုပ်တာ အရက်နဲ့ ဧည့်ခံရတယ်၊ အရက်နဲ့ ကြိုဆိုရတယ် ဆိုတာတော့ အတော့်ကိုလွဲနေတဲ့ လုပ်ရပ်တစ်ခုဆိုတာ သိစေချင်တာပါ။ သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ တစ်ကန့်စီထားနိုင်ရင် ကုသိုလ်လုပ်တဲ့အခါမှာလည်း အကျိုးအပြည့်အ၀ ဖြစ်စေနိုင်တဲ့အတွက် ကုသိုလ်လုပ်တဲ့ အချိန်လေးတွေမှာတော့ အရက်ကိုရှောင်ကြည်ကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ပွဲတွေကို အကြီးအကျယ် လုပ်တတ်ကြပေမယ့် လုပ်သလောက် အကျိုးမရ ဖြစ်တတ်တဲ့ အကြောင်းတွေထဲမှာ ဒီလို ကုသိုလ်နဲ့ အကုသိုလ်ရောနေတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ်တဲ့ပွဲမှာ အရက်နဲ့တွဲနေတာဟာ လွဲနေတဲ့ အချက်ပဲ ဖြစ်တဲ့အတွက် ကုသိုလ်နဲ့အရက်ကို တစ်ကန့်စီထားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက် တွဲနေတဲ့အလွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေတဲ့အတွက် ဒီအလွဲကို သတိပြုပြီး ကုသိုလ်လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင်ဖြစ်ကာ အကျိုးတရား အပြည့်ရစေဖို့အတွက် ကုသိုလ်ပွဲလုပ်တိုင်း တွဲပါနေတတ်တဲ့ အရက်ကို အမြဲခွါနိုင်အောင် ကြိုးစားရင်း ကုသိုလ်နဲ့အရက် မတွဲဖက်မိကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။ အလွဲသိမှ မလွဲမိမှာဖြစ်လို့ သိသင့်တဲ့ အလွဲတစ်ခုအဖြစ် ကုသိုလ်နဲ့အရက်အကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

Read more »

ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message) (သို့) ပ၀ါရဏာ ပြုကြစို့…

၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ် လပြည့်နေ့ကိုရောက်ဖို့ အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာတာနဲ့အတူ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်များနဲ့ ၀ါတွင်းကာလ ကုသိုလ်တော် ယူနေကြတဲ့ ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေဟာလည်း ပိုပြီးအသက်ဝင်လာ နေပါတယ်။ သံဃာတော်များရဲ့ လှုပ်ရှားမှုတွေထဲမှာ ၀ါကျွတ်တဲ့နေ့မှာ ကျင်းပကြမယ့် ပ၀ါရဏာပွဲဟာလည်း ထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုအဖြစ် ပါဝင်နေသလို ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေထဲမှာ သီတင်းကျွတ်လပြည့်နေမှာ ပြုလုပ်လေ့ ရှိကြတဲ့ သံဃာ့ပူဇာပွဲနဲ့ မိဘဘိုးဘွားစတဲ့ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို ပူဇော်ကန်တော့ကြတဲ့ ပူဇာပွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ထူးထူးခြားခြား ဒီနှစ်သီတင်းကျွတ်မှာတော့ ဘုန်းဘုန်းတို့ ရောက်ရှိသာသနာပြုနေတဲ့ ကိုရီးယားနိုင်ငံမှာလည်း ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားနိုင်ငံ တစ်ဝှန်လုံးရှိ နေရာဒေသ အသီးသီးမှာ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ ထေရ၀ါဒ မြန်မာရဟန်းတော်များနဲ့ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ရဟန်းတော်များ တစ်နေရာတည်းမှာ စုပေါင်းပြီး ပြုလုပ်ကြမယ့် သံဃာ့ပ၀ါရဏာပွဲနဲ့ ဒီပွဲကို ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို ကိုရီးယားရောက် မြန်မာဗုဒ္ဓဘာသာ ဒကဒကာမများက အများပေါင်းစုပြီး ပူဇော်ကန်တော့ကာ ဆရာတော်များထံမှ ဆုံးမသြ၀ါဒ ခံယူကြမယ့် သံဃာ့ပူဇာပွဲကိုပါ တစ်ပေါင်းတည်း ကျင်းပပြုလုပ်ကြဖို့ တိုင်ပင်ညှိနှိုင်းရင်း ဒီပွဲလေးတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်သွားဖို့ တက်ညီလက်ညီနဲ့ လှုပ်ရှားနေတာကို ကြးသိရပါတယ်။

ဘုရားညွန်တဲ့ လမ်းစဉ်နဲ့ ဘုရားချမှတ်တဲ့ ဥပဒေကို လိုက်နာကျင့်သုံးခြင်းဟာ ဘုရားရှင်ကို အစစ်အမှန် ပူဇော်ရာ ရောက်သလို ဘုရားသာသနာတော်ကိုလည်း အရှည်တည်တံ့အောင် ထိန်းသိမ်းရာ ရောက်တယ်ဆိုတဲ့ အချက်ကို ဘုရားရှင်အပေါ် ကြည်ညိုလေးစားမှုနဲ့အတူ ဘုရားလမ်းစဉ်ကို လိုက်နာကျင့်သုံး နေကြတဲ့ မြန်မာနိုင်ငံ တစ်ဝှန်းလုံးနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိနေကြတဲ့ ဘုရားသားတော် ရဟန်းတော်များနဲ့ ဘုရားတပည့်သား ဒကာဒကာမများရဲ့ အပြစ်ကင်းပြီး ကုသိုလ်ရရေးကို ဦးတည်ပေးနေတဲ့ ယုံကြည်မှုနဲ့ သက်ဝင်လှုပ်ရှားမှုများက သက်သေပြုပေး နေပါတယ်။ ညီညွတ်ရေးနဲ့ အပြစ်ကင်းစင်ရေးကို ဦးစားပေးလေ့ရှိတဲ့ ဘုရားရှင်ရဲ့ သတ်မှတ်ချက်တွေထဲမှာ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော်များဟာ ၀ါကျွတ်တဲ့နေ့မှာ ပ၀ါရဏာ ပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း လက်တွေ့ကျပြီး အပြစ်ကင်းကာ ကုသိုလ်ရစေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းက အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊ ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့ ၀တ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊ တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင် ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက် တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။ အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ ကုန်ဆုံးခဲ့ကြပါတယ်။

ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့ သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊ နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊ ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။

ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက် ''အရှင်င်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။

ဒီမှာအဓိက ပြောလိုတာက ပ၀ါရဏာ အကြောင်းပဲ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ် တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့ စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့ လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။

ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊ သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ် ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့် တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….

Read more »

လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ရဟန်းလူထွက်…

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိနေတတ်သလို တစ်ခါတစ်လေလည်း ကိုယ့်ပစ္စည်းလေး တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးပြီးမှ နှမြောတသ ဖြစ်ကြရတာတွေလည်း ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်လည်း ဒီလိုပါပဲ။ နေ့စဉ်မြင်နေတွေ့နေကျ ဖြစ်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်နေရာရာရောက်ပြီး ကွဲကွာသွားကြတဲ့ အခါမှာတော့ မြင်ချင်တွေ့ချင် နေတတ်ပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေမှာကိုပဲ ဖြတ်မရအောင် စွဲလမ်းနေတတ်တာတွေ ရှိတတ်ပါတယ်။ တစ်ချို့လည်း ကြံဖန်ပြီး သံယောဇဉ် တွယ်နေတတ်ပါတယ်။ နေရာဒေသဆိုလည်း ငယ်ငယ်တည်းက နေ့ခဲ့တဲ့ နေရာလေးဖြစ်နေလို့၊ ပစ္စည်းဥစ္စာဆိုလည်း မိဘအမွေဖြစ်လို့၊ ဘယ်သူက ပေးထားတာဖြစ်လို့၊ ဘယ်လို ရှာထားရတာလေးဖြစ်လို့၊ လူပုဂ္ဂိုလ်ဆိုလည်း ဘယ်သူ့သားသမီး၊ ဘယ်သူနဲ့ ပတ်သက်နေသူ ဖြစ်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ကို တွယ်တာနေတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့လည်း သံယောဇဉ်တွယ်တာကို တခြားအရာလေးတွေနဲ့ ဖုံးကွယ်ပြီး ဒါတွေက ဒီအတိုင်းထားလို့ မရလို့၊ ဒီမှာက ဘယ်သူမရှိရင် မဖြစ်လို့၊ ဒီအလုပ်တွေက ဘယ်သူလုပ်မှ ဖြစ်မှာမို့ စသဖြင့် ပရိယာယ်တစ်မျိုး၊ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ဖြတ်ဖို့မကြိုးစားဘဲ အဲဒီသံယောဇဉ် တောထဲမှာပဲ တိုးနေတာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အကြောင်းမျိုးပဲပြပြ နောက်ဆုံး ကောက်ချက်ချလိုက်တော့ သံယောဇဉ်ကြောင့်ပဲဆိုတာ ထင်ရှားလှပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးနဲ့ စကားပြောဖြစ်တော့ ဘုန်းဘုန်းက “ဒကာကြီး… အသက်အရွယ်လည်း ရလာပြီ၊ ရိပ်သာသွားပြီး တရားလေးဘားလေး အားထုတ်ဦးမှနော်…”လို့ ပြောတော့ ဒကာကြီးက “ဟာ… အရှင်ဘုရားနယ်၊ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ၊ အိမ်မှာက အရှင်ဘုရားအမေနဲ့၊ ညီမတွေရယ်ပဲ ရှိတာ၊ ပြီးတော့ ဆိုင်ကလည်း ရှိသေးတယ်၊ တပည့်တော် မရှိလို့ မဖြစ်ပါဘူး၊ တရားတော့ အားထုတ်ချင်ပါတယ်၊ ခက်တာက ဒီမှာကလည်း လွှတ်ထားလို့ မရဘူး၊ နောက်တော့ အားထုတ်ထာပေါ့ ဘုရား…” ဆိုပြီး သူ့အကြောင်းပြချက်နဲ့ သူ၊ သူ့တွယ်တာမှု သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်တာကိုပဲ ဘယ်သူကြောင့်၊ ဘာကြောင့်လို့ ကာကွယ်ပြောဆို နေတော့တာ ဖြစ်ပါတယ်။ ဒါတောင် ပြောတဲ့သူ့သားက ဘုန်းကြီးဖြစ်နေလို့။ လူသာဆိုရင် “မင်းက အဖေလား…၊ ငါက အဖေလား…”လို့ ပြန်မေးမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိဘတွေမှာ မိဘဆိုတဲ့ မာနလေးတွေ ရှိနေပြန်တော့ သားသမီးတွေက ပြောလာရင် သိပ်လက်ခံချင်ကြတာ မဟုတ်ပါဘူး။ မှန်ပေမယ့် ငါဆိုတဲ့ မာနလေးတွေခံနေတော့ သိပ်လက်မခံချင်သလို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ထားပါတော့။ ပြောချင်တာက သံယောဇဉ်အကြောင်းပါ။ ပုထုဇဉ်တွေမှာက ဖြစ်ရာဘ၀၊ ရောက်ရာနေရာမှာ တွေ့ရာသူတွေနဲ့ ရှိရာပစ္စည်းတွေ အပေါ်မှာ ကြံဖန်ပြီး သံယောဇဉ်တွယ်တတ်တဲ့ သဘောတွေ ရှိနေတာဆိုတော့ ဒီသံယောဇဉ်တွေကို ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ သာမန်လူတွေ မပြောနဲ့ ပါရမီရှင်ဖြစ်တဲ့ ဘုရားရှင်တောင်မှ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့၊ ကွမ်းစားဝက်လောက်ရှိတဲ့ ပြောင်းစေ့လေးတွေ အပေါ်မှာ သံယောဇဉ်တွယ်မိလို့ ရသေ့ရဟန်းဘ၀ကို (၇)ကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရဖူးတယ်လို့ မိန့်တော်မူပါတယ်။ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ပြောင်းတစ်ဝက်ကြောင့် ရဟန်းလူထွက်ဘ၀ကို အကြိမ်ကြိမ် ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သာသနာပ ကာလဖြစ်တဲ့အတွက် ရဟန်းဆိုပေမယ့် ရသေ့ရဟန်းဘ၀ပေါ့။

လွန်ခဲ့ပြီးတဲ့ အတိတ်ဘ၀၊ ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေချိန်က ဖြစ်ပါတယ်။ ဒီတုန်းက ဘုရားလောင်းဟာ ကုဒါလပဏ္ဍိတဆိုတဲ့ အမည်နဲ့ သာသနာပ ရသေ့ရဟန်းအဖြစ်နဲ့ ဟိမ၀န္တာမှာနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတဟာ ရသေ့ရဟန်းဘ၀နဲ့ နေပေမယ့် ရာသီပြောင်းလို့ သီးနှံစိုက်ပျိုးချိန် ရောက်တဲ့အခါ လူ့ဘ၀မှာထားခဲ့တဲ့ အသွားတုံးး ပေါက်တူးတစ်လက်နဲ့ တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်) လောက်ရှိတဲ့ ပြောင်းမျိုးစေ့ကို သတိရ တွယ်တာနေပြီး ပြောင်းမျိုးကို မပြတ်စေဖို့ လူထွက်ကာ လယ်တစ်ကွက်မှာ ပြန်စိုက်ပျိုးပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပြောင်းကိုအမျိုးမျိုး ပေါင်းသင်ထိန်းသိမ်းလို့ အချိန်တန် ရိတ်သိမ်းချိန်ကျတဲ့အခါ တစ်ကွမ်းစားဝက်လောက် မျိုးစေ့ကို ချန်ထားပြီး ကျန်တာတွေကို စားသုံးပါတယ်။ စိုက်ပျိုးရိတ်သိမ်းမှု ပြီးတော့ အလုပ်မရှိဘဲ ဖြစ်နေတဲ့အခါ ကုဒါလပဏ္ဍိတဟာ လူ့ဘ၀မှာနေလို့ ဘာအကျိုးမှမရှိ ရသေ့ရဟန်း ၀တ်တာကောင်းပါတယ်လို့ အကြံဖြစ်ပြီး တစ်ခါ တောထွက်ကာ ရသေ့ရဟန်းဝတ်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ကွမ်းစားဝက်ရှိတဲ့ ပြောင်းမျိုးစေ့နဲ့ အသွားတုံး ပေါက်တူးတစ်လက်ကြောင့် ကုဒါလပဏ္ဍိတဟာ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းဝတ်လိုက် လူထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ခုနှစ်ကြိမ်မြောက်တဲ့ အခါမှာတော့ ကုဒါလပဏ္ဍိတမှာ အကြံတစ်ခု ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတက “ငါဟာ ဒီပေါက်တူးတုံး တစ်လက်၊ ပြောင်းစေ့တစ်ဝက်ကို အကြောင်းပြုပြီး ရသေ့ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ဖြစ်လာတာ ခြောက်ကြိမ်မြောက်လို့ ခုနှစ်ကြိမ်တောင် ရောက်လာခဲ့ပြီ၊ ဒီဘာမဟုတ်တဲ့ ပစ္စည်းဝတ္ထု အပေါ်မှာ တွယ်တာမိတဲ့ သံယောဇဉ်ကြောင့် တရားလည်း ကောင်းကောင်းအားမထုတ်ဖြစ်ဘဲ အချိန်တွေပဲ ကုန်လွန်စေခဲ့ရတယ်၊ ဒီပစ္စည်းတွေ မရှိမှပဲ အေးတော့မှာ ဖြစ်တယ်…”လို့ အကြံဖြစ်ပြီး အဲဒီပစ္စည်းတွေကို စွန့်ပစ်ဖို့ ဂင်္ဂါမြစ်ကမ်းနားသွားကာ စွန့်ပစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်တဲ့ နေရာကို မျက်စိနဲ့ မြင်တွေ့နေရတဲ့အတွက် ပစ္စည်းအပေါ် တွယ်တာတဲ့ သံယောဇဉ်ကြောင့် တစ်ခါပြန်ပြန်ပြီး ကောက်ယူနေခဲ့ပြန်ပါတယ်။ နောက်ဆုံး မဖြစ်တော့ဘူးလို့ စဉ်းစားပြီး ပြောင်းမျိုးကို ပုဆိုးပိုင်းနဲ့ထုတ်၊ ပေါက်တူးရိုးမှာချည်၊ မျက်စိကိုမှိတ်၊ ခေါင်းပေါ်မှာ သုံးကြိမ်လှည့်ယမ်းပြီး ဂင်္ဂါမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီလို စွန့်ပစ်လိုက်တော့မှပဲ ကျသွားတဲ့ နေရာကို မတွေ့တော့တာ ဖြစ်ပါတယ်။ ဒီတော့မှ ကုဒါလပဏ္ဍိတဟာ “အောင်ပြီ၊ အောင်ပြီ”လို့ သုံးကြိမ်တိုင်တိုင် အသံပြု ဟစ်ကြွေးလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အောင်ပြီဆိုတဲ့ အသံကို စစ်အောင်ရာက ပြန်လာတဲ့ ဗာရဏသီမင်းက ကြားပြီး ရသေ့ထံသွားကာ “အရှင်ရသေ့… အကျွန်ုပ်ဟာ ရန်သူကို စစ်တိုက်ပြီး အောင်မြင်လာခဲ့ပါပြီ၊ အရှင်ရသေ့က ဘာကိုအောင်တာလဲ..”လို့ မေးတဲ့အခါ ကုဒါလပဏ္ဍိတက “အရှင်မင်းကြီး.. အရှင်မင်းကြီး အောင်တော်မူခဲ့တာဟာ သူခိုးဓားပြစတဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို သူခိုးဓားပြ စသူတွေကို အောင်နိုင်ခြင်းဟာ အစစ်အမှန် အောင်နိုင်ခြင်း မဟုတ်ပါဘူး၊ အချိန်တန်ရင် သူတို့က အရှင်မင်းကြီးကို တစ်ခါပြန်ပြီး အောင်နိုင်ရင်လည်း အောင်နိုင်ပါသေးတယ်၊ အကျွန်ုပ်ရဲ့ အောင်နိုင်ခြင်းကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ လောဘဆိုတဲ့ ခိုးသူဓားပြ၊ တွယ်တာမှုဆိုတဲ့ သံယောဇဉ် ခိုးသူဓားပြကို အောင်နိုင်ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်ပြီအောင်ပြီလို့ ဟစ်ကြွေးခြင်း ဖြစ်ပါတယ်..” စသဖြင့် ပြောကြားကာ တရားစကား ဟောာကြားလိုက်ပါတယ်။ ဒီအခါမှာ ဗာရာဏသီမင်းလည်း သတိသံဝေဂရကာ ရသေ့ရဟန်းပြုသွားပါတယ်။ ဗာရဏသီမင်း ရသေ့ရဟန်းပြုသွားသံကို ကြားတဲ့အခါ ခုနှစ်ပြည်ထောင်မင်းတို့လည်း လိုက်ပြီးရသေ့ ရဟန်းပြု သွားကြပါတော့တယ်။ (ကုဒ္ဒါလဇာတက (သို့) ကုဒါလဇာတက) ဒါက ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားလောင်း ကုဒါလပဏ္ဍိတ ရသေ့ရဲ့ အတိတ်ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ ဘုရားလောင်း ကုဒါလပဏ္ဍိတရဲ့ အဖြစ်ကိုကြည့်ရင် တွယ်တာမှု သံယောဇဉ်ရဲ့ ဒုက္ခကြီးမားပုံကို ကောင်းကောင်းသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တန်ဘိုးရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ တန်ဘိုးမရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရည်အဆင်း ရှိတဲ့သူမှာပဲ ဖြစ်ဖြစ်၊ မရှိတဲ့သူမှာပဲ ဖြစ်ဖြစ် မြင်နေတွေ့နေ၊ ကြားသိနေရင် ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာ ပေါက်တူးတစ်လက်နဲ့ ပြောင်းစေ့ဝက်ကြောင့် ဒုက္ခဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဲ့အဖြစ်က သက်သေပြနေခဲ့ပါတယ်။ အဲဒီအတွင်း သံယောဇဉ်ကို အနိုင်မယူနိုင်ပါက အပြင်အရာတွေကို ဘယ်လောက်ပဲ အောင်နိုင်ပါစေ အစစ်အမှန် အောင်နိုင်မှု မဟုတ်ကြောင်းကို ဘုရားလောင်းရဲ့ တရားစကားက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ အတွင်းတွယ်တာမှု သံယောဇဉ်ကို ပယ်သတ် အနိုင်ယူခြင်းကသာ အကောင်းအဆုံး ချမ်းသာတစ်ခုဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တ၀ါတွေရဲ့ ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာတွေဟာ တွယ်တာမှု သံယောဇဉ်ကြောင့်သာဖြစ်ပြီး ဒီတွယ်တာမှုကို မဖြတ်နိုင်သေးသမျှ ပေါက်တူးတစ်လက်၊ ပြောင်းစေ့ဝက်ကို အကြောင်းပြုပြီး ဒုက္ခအကြိမ်ကြိမ် ဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဟန်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်တဲ့အတွက် ဒီလို ဒုက္ခမျိုးကနေ ရုန်းထွက်နိုင်အောင် ကိုယ့်ရဲ့သတိ ပညာ ၀ီရိယတရားများ လက်ကိုင်ထားကာ “ကိုယ်တွင်းမှာ ရှိနေတဲ့ လောဘဆိုတဲ့ သူခိုးဓားပြ၊ တွယ်တာမှု သံယောဇဉ်ဆိုတဲ့ သူခိုးဓားပြများကို အောင်နိုင်ခြင်းဟာ အကောင်းအဆုံး အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်တယ်…”ဆိုတဲ့ ကုဒါလပဏ္ဍိတရဲ့ တရားစကားအတိုင်း ကိုယ့်သန္တာန်မှာရှိတဲ့ တွယ်တာမှု သံယောဇဉ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖြတ်နိုင်အောင် ကြိုးစားကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ သံယောဇဉ်ဟာ ရှိရင်ရှိသလို၊ များရင်များသလို အဲဒီသူကို အနိုင်ယူ လောင်မြိုက်ကာ ဒုက္ခဖြစ်စေတဲ့အတွက် ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်အပေါ်မှ သံယောဇဉ်ထားတာ မကောင်းကြောင်း အသိပေးစကားပါးရင်း မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ စကားအတိုင်း “သံယောဇဉ် အမျှင်မတန်းစေဖို့ ရှင်ခန်းသာ ဖြတ်လိုက်ကြပါစို့…”လို့…။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ