မာနလေးတွေ လျှော့စေချင်…

“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို တွေ့ရတတ်ပါတယ်။ မာနကိုယ်စီ ရှိနေကြတဲ့အတွက် အမှန်နဲ့ဝေးနေပြီး ငြိမ်းချမ်းရေး မရနိုင်ပဲ ဖြစ်နေတတ်ပါတယ်။ အဓိကကတော့ တလွဲမာနလေးတွေကြောင့်ပါပဲ။ မာနရဲ့ သဘောကိုက တက်ကြွခြင်း၊ ထောင်လွှားခြင်း သဘောရှိတဲ့အတွက် ဒီမာနရှိနေတဲ့သူတွေမှာလည်း ဒီသဘောတွေ လွှမ်းမိုးခံထားရတာ သဘာဝပါပဲ။ ဒါကြောင့်လည်း ဗုဒ္ဓစာပေမှာ မာနကို ကိလေသာတစ်မျိုးအဖြစ် ဖော်ပြထားပြီး သတ္တ၀ါတွေကို ပူလောင်စေတတ်၊ လောင်ကျွမ်းစေတတ်တဲ့ တရားတစ်ခုအဖြစ် ညွန်ပြကာ ဒီမာနမဖြစ်အောင် စောင့်ထိန်းကြဖို့ ထုတ်ဖော်ဟောကြားခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကိလေသာ တရားတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့ ပုထုဇင်တွေရဲ့ သဘာဝအတိုင်း မာနဆိုတဲ့ ကိလေသာရဲ့ ဒဏ်ခက်မှုမှ မလွတ်ကြသေးတော့ သတ္တ၀ါတွေဟာ မရှိ ရှိတာလေးတွေ အပေါ် မာနတက်နေ တတ်ကြပါတယ်။ ရားထူးရှိတဲ့သူကလည်း ရာထူးကို အမှီပြုပြီး မာနတက်ကြသလို ပညာတတ်သူကလည်း ပညာမာန၊ ပိုက်ဆံရှိသူကလည်း ပိုက်ဆံမာန၊ ဂုဏ်ရှိသူကလည်း ဂုဏ်မာန၊ ရုပ်လှသူကလည်း အလှမာန၊ အသက်ကြီးသူကလည်း အကြီးမာန၊ အသက်ငယ်သူကလည်း အငယ်မာန စသဖြင့် မရှိ ရှိတာ ရှာကြံပြီး မာနလေးတွေ ထားတတ်ကြပါတယ်။ ကိုယ့်မှာရှိတဲ့ အရာလေးတွေဟာ ဘာမှအမြဲမဟုတ်ပါလား ဆိုတာကို မေ့နေပြီး ထာဝရ ပိုင်ဆိုင်ထားနေရသလို အလိုလို ကိုယ့်ကိုယ်ကို အထင်ကြီးနေတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီမာနကြောင့် အမှန်တရားနဲ့ ဝေးပြီး မှားမှန်းသိရဲ့နဲ့ အမှားအတိုင်း ဇွတ်မှိတ်နေမိတတ်ပါတယ်။ ဒီသဘောတွေဟာ လူကြီးတွေကြားမှာ ပိုပြီးဖြစ်လေ့ ဖြစ်ထရှိပါတယ်။ မိဘနဲ့ သားသမီးကြား၊ ဆရာနဲ့ တပည့်ကြား၊ ရာထူးကြီးသူနဲ့ ရားထူးငယ်သူကြား၊ ကိုးကွယ်ခံသူနဲ့ ကိုးကွယ်သူတွေကြားမှာ ဖြစ်လေ့ရှိတဲ့ အမှားအမှန် ပြဿနာများမှာ အဖေဆိုတဲ့ မာန၊ အမေဆိုတဲ့ မာန၊ ဆရာဆိုတဲ့ မာန၊ ရားထူးကြီးသူဆိုတဲ့ မာန၊ ဂုဏ်ကြီးသူဆိုတဲ့ မာန၊ ဘုန်းကြီးရဟန်းဆိုတဲ့ မာန စတဲ့စတဲ့ မာနတွေကြောင့် ကိုယ့်ဘက်က မှားနေပေမယ့်လည်း အမှားကိုဝန်မခံ ဇွတ်အတင်း ငြင်းဆန်တတ်တာတွေ ရှိတတ်ပါတယ်။ ဒီလိုနဲ့ တစ်ဦးနဲ့တစ်ဦး မာနတွေအပြိုင်ဖြစ်ကာ မလိုလားအပ်တဲ့ အငြိုးအတေးတွေ တိုးကုန်ကြတော့တာ ဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့ အဓိက တရားခံက မာနတွေ ကြားခံနေကြတာတွေပါ။ အသေးအဖွဲကိစ္စလေးကိုပဲ မာနက ကြားခံနေလေတော့ ပိုပြီးကြီးကုန်တတ်ပါတယ်။ ပါးစပ်ကလေးနဲ့ပဲ “အေးကွာ… မှားသွားတယ်၊ ခွင့်လွှတ်ကွာ…”လို့ ပြောလိုက်ရင် ပြီးသွားမယ့် ကိစ္စလေးတွေမှာ အသက်၊ သိက္ခာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ဆိုတဲ့ မာနတွေ ကြားဝင်မိလိုက်တော့ အသေးလေးက အကြီးကြီး ဖြစ်ကုန်တတ်ပါတယ်။ သေချာတာကတော့ ဒီပြဿနာများရဲ့ တရားခံက ပညတ်တွေအပေါ် စွဲမိသွားတဲ့ ငါဆိုတဲ့ မာနအစွဲကြောင့်ပဲ ဖြစ်ပါတယ်။

ဟုတ်တယ်။ ဒီလို ငါစွဲမာနတွေ စွဲမိပြီ၊ ငါတွေများလာပြီဆိုရင် ဒီမာနကြောင့် သတ္တ၀ါတွေဟာ မျက်မှောက်ဘ၀မှာလည်း အကျိုးတရားတွေ ဆုတ်ယုတ်တတ်သလို သံသရာအတွက်လည်း ဒုက္ခတွေ့တတ်ပါတယ်။ မာနအားကြီးလာရင် အရိုအသေ ပြုတတ်တဲ့ ဂါရ၀တရားတွေ ခေါင်းပါးလာတတ်ပါတယ်။ မာနကြီးလာရင် ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ နိဝါတ တရားတွေ ဆုတ်ယုတ်လာတတ်ပါတယ်။ ဂါရ၀၊ နိဝါတဆိုတာ မင်္ဂလာ တရားတော်တွေပါ။ မာနကြောင့် ဒီမင်္ဂလာတရားတွေ မရှိဖြစ်လာရင် ကိုယ့်သန္တာန်မှာ ကျက်သရေ မရှိဖြစ်လာတာနဲ့ အတူတူပါပဲ။ မင်္ဂလာမရှိဘူးဆိုရင် အမင်္ဂလာပဲပေါ့။ အမင်္ဂလာဆိုတာ အကုသိုလ်ပါပဲ။ ဒါဆိုရင် မင်္ဂလာမရှိတဲ့သူဟာ အကုသိုလ်ရှိနေတဲ့သူပဲပေါ့။ သေချာဆက်စပ် တွေးကြည့်လိုက်တော့ မာနတရား လက်ကိုင်ထားမိတဲ့ အတွက် ကိုယ်ကိုယ်တိုင် အကုသိုလ်ကောင်ကြီး ဖြစ်မှန်းမသိ ဖြစ်နေတော့တာပါ။ မာနဆိုတဲ့ ကိလေသာဟာ သူ့ကိုစွဲကိုင်ထားတဲ့ သူတွေကို မင်္ဂလာမရှိအောင်၊ အကုသိုလ်ကောင် ဖြစ်အောင်အထိ တွန်းပို့နိုင်တဲ့အတွက် မာနတရားဟာ မထားသင့်၊ မရှိသင့်တဲ့အရာ ဖြစ်ပါတယ်။ တကယ်တော့ ပညာတွေ ဘယ်လောက်တတ်တတ် မာနကြီးပါက အရိုအသေမဲ့တတ်ပါတယ်။ ရုပ်အဆင်းအင်္ဂါ ဘယ်လောက်ပဲလှလှ မာနကြီးပါက စက်ဆုတ်ရွံ့ရှာခံရ တတ်ပါတယ်၊ ရာထူးဌာနန္တရ ဘယ်လောက်ပဲကြီးကြီး ခက်ထန်မောက်မာပါက အမုန်းခံရတတ်ပါတယ်။ စာသင်စာပြ တရားဟော တရားပြ ဘယ်လောက်ပဲ ကောင်းကောင်း မာနကြီးပြီး ခက်ထန်မောက်မာပါက အကဲ့ရဲ့ခံကာ ရှောင်ပယ်ခံရတတ်ပါတယ်။ ဒါဟာ မာနရဲ့ ဆိုးကျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ဆိုးကျိုးတွေ မဖြစ်အောင် မာနလေးတွေ လျှော့ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါတစ်ရံ လက်တွေ့ဘ၀မှာလည်း မာနနဲ့ ပတ်သက်လို့ ကိုယ်တိုင်တွေ့ကြုံဖူးသူတွေ ရှိကြမှာပါ။ မာနလေးတွေ ခံနေတဲ့အတွက် မိတ်ဆွေအပေါင်းအသင်း အချင်းချင်း၊ လုပ်ဖော်ကိုင်ဖက် အချင်းချင်း အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ဘာမဟုတ်တဲ့ အကြောင်းအရာလေးတွေ အပေါ်မှာ အချင်းချင်း တွေ့ဆုံပြောဆိုကာ နားလည်မှုယူပြီး မှားသူကလည်း မှားတဲ့အကြောင်း ၀န်ခံပြောဆိုရမှာကို ငါဆိုတဲ့ မာနက ခံနေတဲ့အတွက် မပြောဖြစ်ဘဲ သူမှားတယ် ကိုယ်မှန်တယ်ဆိုတဲ့ အစွဲတွေနဲ့ အစာမကျေမှုတွေက ရင်ထဲမှာ ကိန်းနေကြတော့ အဆင်မပြေမှုတွေသာ ဆက်တိုက်ဖြစ်နေ ပါတော့တယ်။ အရင်းစစ်တော့ မာနကြောင့်ပါပဲ။ တစ်ဦးနဲ့တစ်ဦး မာနလေးတွေသာ နဲနဲစီ လျှော့လိုက်ကြမယ်ဆိုရင် လူ့အသိုင်းအ၀ိုင်း၊ လူ့ပတ်ဝန်းကျင်မှာလည်း အဆင်ပြေမှုတွေ ငြိမ်းချမ်းမှုတွေ တဖြည်းဖြည်း တိုးလာမှာ အမှန်ပါပဲ။ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘယ်သူက ဘယ်လိုပြောလို့ ဘယ်လိုဆိုလို့စတဲ့ အငြိုးအတေး အမျက်လေးတွေ မထားကြဘဲ နားလည်မှုလေးတွေပေးပြီး သူ့ဘက်ကိုယ့်ဘက် အစွဲမာနလေးတွေ လျှော့ကြည့်ကြမယ်ဆိုရင် ဘယ်သူနဲ့မဆို နေထိုင်ပေါင်းသင်းရတာ အဆင်ပြေသွားတတ်ပါတယ်။

အမှန်တော့ မာနဆိုတဲ့ ကိလေသာကို လောကုတ္တရာ အရိယာမဂ်နဲ့သာ အပြီးပယ်သတ်နိုင်ပါတယ်။ ရဟန္တာဖြစ်မှ မာနကင်းစင်ပါတယ်။ ဒါပေမယ့် ရဟန္တာမဖြစ်ခင် ပုထုဇင် ဘ၀မှာလည်း ကိုယ့်စိတ်ကလေးကို သတိနဲ့ထိမ်းပြီး မာနမကြီးနိုင်အောင်၊ မာနမထောင်နိုင်အောင်၊ မာန်မာန မတက်ကြွအောင်၊ ကိုယ့်ကိုယ်ကို စိတ်ကြီးမ၀င်အောင် သတိထားကာ ကြိုးစားလေ့ကျင့်မယ်ဆိုရင် မာနလေးတွေ တဖြည်းဖြည်း လျှော့လာတတ်ပါတယ်။ ပညာတတ်လေလေ၊ အထက်တန်းရောက်လေလေ၊ အသက်၊ဂုဏ်ကြီးလေလေ နှိမ့်ချတတ်တဲ့ အကျင့်လေးတွေနဲ့ နေနိုင်လေဖြစ်အောင် ကြိုးစားသင့်ပါတယ်။ စပါးနှံလိုပေါ့။ စပါးနှံဟာ အသီးအနှံ အောင်လေလေ အကိုင်းညွှတ်လေလေ ဖြစ်သလို အသက်သိက္ခာ ဂုဏ်ပညာ ကြီးလေလေ ကိုယ့်ကိုယ်ကို နှိမ့်ချလေဖြစ်အောင် သတိပြုသင့်လှပါတယ်။ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးဆိုရင် ကိုရင်လေးတွေနဲ့ စကားပြောတာတောင် မင်းနဲ့ငါနဲ့ မပြောဘဲ “ကိုရင်တို့… အရှင်ဘုရားတို့..“ စသဖြင့် ပြောတယ်လို့ ဆိုပါတယ်။ ပညာရှိဟာ အဲဒီလို ဖြစ်သင့်ပါတယ်။ ဆရာတော်ကြီးဟာ ပညာတတ်တာနဲ့အမျှ ကိုယ့်ကိုယ်ကို နှိမ့်ချမှုဟာလည်း အတုယူစရာ ကောင်းလှပါတယ်။ ကြည်ညိုစရာကောင်းလှပါတယ်။ ငါပညာတတ်ဆိုပြီး မာန်မာန မထားဘဲ ကိုရင်လေးကအစ တလေးတစား ဆက်ဆံတာဟာ ပညာရှိများရဲ့ ဂုဏ်တစ်ခုပါပဲ။ ပညာအရာ ဧတဒဂ်ဖြစ်တော်မူတဲ့အပြင် ဘုရားရှင်ရဲ့ အဂ္ဂသာဝကကြီးလည်းဖြစ်တဲ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးဆိုရင် သင်္ကန်းဝတ်တာ မညီလို့ပြောတဲ့ ကိုရင်လေးကိုပင် “တင်ပါဘုရား… ပြန်ပြင်ဝတ်လိုက်ပါမယ် ဘုရား..“လို့ တလေးတစား အလေးအထားကာ နှိမ့်ချဆက်ဆံတာလေးတွေ တွေ့ရပြန်တော့ ပညာရှိများရဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်တဲ့ အကျင့်လေးတွေအပေါ် ကြည်ညိုမိပါတယ်။ ဒီပညာရှိကြီးများလောက် ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ နိဝါတတရား မထားနိုင်တာတောင်မှ သတိတရား လက်ကိုင်ထားပြီး မာနလေးတွေ လျှော့တတ်တဲ့ အကျင့်လေးတွေ လေ့ကျင့်ကြည့်သင့်ပါတယ်။ နှိမ့်ချတယ်ဆိုတာ မာနကိုလျှော့တာဖြစ်တဲ့အတွက် မာနလျှော့လေလေ ကိုယ့်ကိုယ်ကို နှိမ့်ချပြီးဖြစ်လေလေ ဖြစ်ပါတယ်။ နှိမ်ချတတ်တဲ့ နိဝါတ တရားတွေများများ ရှိလေလေ ကိုယ့်သန္တာန်မှာ မင်္ဂလာတရားတွေ တိုးလေဖြစ်ပြီး မင်္ဂလာရှိရင် ကုသိုလ်လည်းရှိပြီ ဖြစ်ပါတယ်။ ဒီလို အကျိုးကျေးဇူးတွေ ရှိတဲ့အတွက် မာနလေးတွေ လျှော့ပါလို့ ဆိုခြင်းဖြစ်ပါတယ်။

မာနကြီးခြင်းနဲ့ နှိမ့်ချခြင်းတို့ဟာ ဆန့်ကျင်ဘက်တွေ ဖြစ်တာနဲ့အမျှ တန်ပြန်သက်ရောက်တဲ့ အကျိုးရလာဘ်ဟာလည်း အလွန်ကွာခြားလှပါတယ်။ မာနကြီးတဲ့သူဟာ ကိုယ်ကိုယ်ကို အထင်ကြီးမှုဘက် ဦးတည်နေပြီး သူတပါးအပေါ် အဂါရ၀ ဖြစ်စေတတ်ပါတယ်။ နှိမ့်ချတတ်သူကတော့ သူတပါးအပေါ် ဂါရ၀တရားထားမှုဘက် ဦးတည်နေပြီး ကိုယ့်ကိုယ်ကို နိဝါတ မင်္ဂလာရှိစေတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မာနတရားဟာ ပြိုင်ဆိုင်မှုကို ပြင်းထန်စေပြီး တည်ငြိမ်အေးချမ်းမှုကို ဆုတ်ယုတ်စေတယ်ဆိုတာ အမှန်ပါပဲ။ မာနတရား လက်ကိုင်ထားတဲ့အတွက် မျက်မှောက်ဘ၀မှာလည်း အထင်အမြင်အသေး ခံရတတ်သလို သံသရာမှာလည်း အမျိုးဇာတ်ယုတ်နိမ့်တတ်ပါတယ်။ ဒါကြောင့် အခုလည်းမကောင်း နောင်လည်းမကောင်းခြင်းကို ဖြစ်စေနိုင်တဲ့ မာနတရားကို သတိတရား လက်ကိုင်ထားကာ တဖြည်းဖြည်း လျှော့နိုင်အောင် ကြိုးစားပြီး မင်္ဂလာရှိတဲ့သူများ ဖြစ်စေဖို့ အစွဲမာန အမြဲခ၀ါချနိုင်ကြပါစေလို့ ဆန္ဒပြုရင်း…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ