လု…လူ…လူး…

“မနုဿ”ဟူသော ပါဠိစကားလုံးကို “လူ“ဟု မြန်မာပြန်ဆိုကြ၏။ လူသည် ရုပ်နာမ်နှစ်ပါးဖြင့် ဖွဲ့စည်းထားသည့် သတ္တ၀ါများတွင် ပါဝင်သည့် သတ္တ၀ါတစ်မျိုး ဖြစ်၏။ သို့သော် သာမန်သတ္တ၀ါကား မဟုတ်။ ဘုန်းကံကြီးမားသည့် သတ္တ၀ါ၊ တန်ဘိုးရှိသည့် သတ္တ၀ါ၊ အသိဉာဏ်ရှိသည့် သတ္တ၀ါ၊ အရာရာကို ရအောင်လုပ်နိုင်သည့် သတ္တ၀ါ ဖြစ်၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသော သတ္တ၀ါချင်းတူသော်လည်း လူဟူသော သတ္တ၀ါ၏ ဘ၀သည် အမြင့်မြတ်ဆုံးဘ၀၊ ရခဲသည့်ဘ၀၊ ကိုယ်ပိုင်အစွမ်းဖြင့် အစစအရာရာကို ရယူနိုင်သည့်ဘ၀၊ အမြင့်ဆုံးသို့ တတ်လှမ်းနိုင်သည့်ဘ၀ဟု ဆိုကြခြင်းဖြစ်၏။ ဗုဒ္ဓစာပေတွင် လူ့ဘ၀သည် ရခဲ့သည့် ဒုလ္လဘတစ်ခု ဖြစ်ကြောင်း၊ အကောင်းဆုံး သုဂတိဘ၀တစ်ခု ဖြစ်ကြောင်း၊ စကြာဝတေးမင်း အဖြစ်မှသည် အနှိုင်းမဲ့ သဗ္ဗညုတ ဘုရားအဖြစ်အထိ လူဘ၀ဖြင့် ရယူနိုင်ကြောင်း၊ ကံ ဉာဏ် ၀ီရိယ သုံးမျိုးလုံး ညီညွတ်စွာဖြင့် ကြိုးစားနိုင်ပါက လူသည် မဖြစ်နိုင်သည့်အရာ မရှိကြောင်း စသည်ဖြင့် ဖော်ပြထားချက်များ ရှိ၏။ ဆိုလိုသည်မှာ လူသည် သတ္တ၀ါများထဲတွင် အမြင့်မြတ်ဆုံးနှင့် စွမ်းအားအရှိဆုံး သတ္တ၀ါဖြစ်ပြီး လူ့ဘ၀သည်လည်း အဖိုးတန်ဆုံး ဘ၀တစ်ခု ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်၏။

မှန်၏။ လူ့ဘ၀ကို ရလာကြသည့် လူများသည့် ကံကောင်းသည့် သူများဖြစ်၏။ မိမိဘ၀ကို ကြိုးစားမှု၊ စူးစမ်းဆင်ခြင်မှုနှင့် လုပ်ဆောင်မှုတို့ကို အရင်းတည်၍ မိမိလိုသလို ဖန်တီးတည်ဆောက် နိုင်သဖြင့်လည်း လူ့ဘ၀သည် တန်ဘိုးရှိသည့် ဘ၀၊ မြင့်မြတ်သည့် ဘ၀ဟု ဆိုခြင်းဖြစ်၏။ လူနှင့် တိရိစ္ဆာန်တို့သည် သတ္တ၀ါဟူသော အခေါ်အဝေါ်ချင်းတူသော်လည်း အကျိုးပေးချင်း ကွာခြား၏။ ဘ၀တည်ဆောက်ပုံချင်း ကွာခြား၏။ လူနှင့် တိရိစ္ဆာန်တို့ကို မဆိုထားလင့်၊ လူလူချင်းပင်လျှင် အကျိုးပေးချင်း ကွာခြား၏။ ဘ၀ရရှိလာကြပုံချင်း ကွာခြား၏။ အတိတ်ကံ၏ အကျိုးပေးကြောင့် အချို့လူများသည် ချမ်းသာသည့် နိုင်ငံ၊ ချမ်းသာသည့် မိသားစု၊ ချမ်းသာသည့် မိဘညီအစ်ကို မောင်နှစ်မ ဆွေမျိုးမိတ်သင်္ဂဟ အသိုင်းအ၀ိုင်းတွင် လူလာဖြစ်ကြ၏။ သို့သော် လူနှင့်မတူသည့် လူ၊ အသိဉာဏ် မရှိသည့်လူ အဖြစ် မွေးဖွားလာခဲ့ရ၏။ အချို့ကား ဆင်းရဲသည့် နိုင်ငံ၊ မိသားစု၊ မိဘဆွေမျိုး ညီအစ်ကို မိတ်ဆွေအပေါင်းအသင်းများတွင် လူလာဖြစ်ကြ၏။ သို့သော် လူပီသသည့်လူ၊ အသိဉာဏ်ရှိသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့ကား ချမ်းသာသည့် နိုင်ငံ၊ မိသားစု အသိုင်းအ၀ိုင်းစသည်တို့နှင့် ပြည့်စုံသည့်အပြင် အသိပညာနှင့် ပြည့်စုံသည့် လူအဖြစ် မွေးဖွားခဲ့ကြ၏။ နှစ်ဘက်စုံသည့် လူအဖြစ် မွေးဖွားလာခဲ့၏။ အချို့သည်ကား နှစ်ဘက်လုံး ချို့သည့်လူအဖြစ် မွေးဖွားခဲ့ကြ၏။ ဤသည်မှာ လူချင်းတူသော်လည်း အကျိုးပေးချင်း ကွားခြားမှု၏ သက်သေပင်ဖြစ်၏။ တစ်နည်းဆိုရသော် အတိတ်ကံ ဖန်တီးပေးမှု၏ ရလာဘ်ပင်ဖြစ်၏။ အတိတ်အကျိုးသည် ထိုမျှလောက်သာ ဖြစ်၏။ အတိတ်ကံ၏ အကျိုးပေးမှုသည် လူတစ်ဦး မွေးဖွားလာသည့် ရုပ်လက္ခဏာအသွင်အပြင်၊ အသိုင်းအ၀ိုင်း၊ နေရာဒေသ ကောင်း မကောင်းမျှလောက်သာ ဖြစ်၏။ ထိုသူ၏ ဘ၀အဆင့်အတန်းမြင့်မှု၊ အသိပညာတိုးပွားမှု၊ ပစ္စုပ္ပန် သံသရာ ကြီးပွားမှုတို့အတွက်ကား ထိုသူ၏ ယခုဘ၀ လုပ်ဆောက်နေသည့် အလုပ်၊ အသိဉာဏ်ပညာနှင့် ကြိုးစားအားထုတ်မှု အပေါ်တွင် မူတည်သွားတော့၏။ ဆိုလိုသည်မှာ လူ့ဘ၀ကို ရရှိလာခြင်းသည် အတိတ်ကံ၏ အကျိုးပေးမှုနှင့် သက်ဆိုင်သွားပြီး ရရှိလာသည့် လူ့ဘ၀တွင် လူပီသစေရန်နှင့် ပစ္စုပ္ပန် သံသရာကောင်းစေရန်၊ ဘ၀တိုးတက်မှု ရစေရန်တို့အတွက်ကား ထိုသူ၏ လက်ရှိကံ ဉာဏ် ၀ီရိယ သုံးမျိုးအပေါ်တွင်သာ ပဓာနဖြစ်ကြောင်း ဆိုလို၏။ ရရှိလာသည့် လူ့ဘ၀ကို ဉာဏ်၊ ၀ီရိယတို့နှင့် ပေါင်းစပ်ပြီး စေတနာကောင်းဖြင့် အလုပ်လုပ်မှုသည်သာ လူပီသသည့် လူဖြစ်ရန် အဓိကကျကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

လူသည် ဘုန်းကံကြီးမားပြီး အရာရာကို ဖန်တီးနိုင်သည့် သူဖြစ်သော်လည်း ကံ ဉာဏ် ၀ီရိယတို့ကို အသုံးပြုပြီး ရရှိလာသည့် ဘ၀ကို တန်ဘိုးရှိအောင် အသုံးမပြုနိုင်လျှင် လူပီသသည့် လူဟု မဆိုနိုင်ပေ။ အချို့ လူ့ဘ၀ကို ရလာသော်လည်း ရရှိလာသည့် ဘ၀ကို ဖြစ်သလို နေပစ်လိုက်ကြ၏။ အရာရာကို ဖန်တီးနိုင်သည့် လူ့ဘ၀တွင် မိမိလိုချင်သည့် ပုံစံမဖန်တီးဘဲ တန်ဘိုးမဲ့သည့် လူအဖြစ် ဖြုန်းတီးပစ်လိုက်ကြ၏။ ကြိုးစားလျှင် ဖြစ်နိုင်သည့် ဘ၀ကို မကြိုးစားဘဲ ကံကိုသာ အပြစ်ပုံချလိုက်ကြ၏။ ကံ မကောင်းပါဘူးဟုဆိုကာ မိမိ၏ ပစ္စုပ္ပန် အစွမ်းကို မေ့ထားလိုက်ကြ၏။ ဉာဏ်နှင့် ၀ီရိယကိုပယ်ကာ အတိတ်ကံ မကောင်းလို့သာ ဒီလိုဘ၀မျိုး ဖြစ်နေရတာဟု ဘာမှမလုပ်ဘဲ မခိုင်လုံသည့် အကြောင်းပြများကိုသာ အဖော်ပြုနေကြတော့၏။ စင်စစ် လူအဖြစ် မွေးဖွားပေးလိုက်မှုသည်ပင် အတိတ်ကံ၏ အကျိုးပေးမှု ပြီးဆုံးသွား၏။ ပစ္စုပ္ပန် တိုးတက်ရန်အတွက်ကား ပစ္စုပ္ပန်မှာ လုပ်ရမည့် လူ၏ တာဝန်သာ ဖြစ်၏။ အမှန်အားဖြင့် ကံဟူသည်မှာ အလုပ်ကိုပင် ဆိုခြင်းဖြစ်၏။ အလုပ်ကောင်းလျှင် ကံကောင်းမည်ဖြစ်ပြီး အလုပ်ဆိုးလျှင်ကား ကံဆိုးမည်သာ ဖြစ်၏။ ထို့ကြောင့် ကံ၏အကျိုးပေးကောင်းကို လိုချင်လျှင် ဉာဏ်ဝီရိယနှင့်သာ ကြိုးစားရယူရန် လိုအပ်ပေ၏။ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်ဟု ဆိုသည့်အတိုင်း စေတနာကောင်းပါသည့် ဉာဏ်ဝီရိယနှင့် ကြိုးစားလျှင် ကံလည်းကောင်းလာမည်သာ ဖြစ်ပါ၏။ ထိုသဘောကို မေ့နေကြသဖြင့် အချို့လူများသည် လူဖြစ်လာသော်လည်း လူနှင့်မတူသည့်အပြင် ရရှိလာသည့် ဘ၀တွင်လည်း စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အစစအရာရာ လုနေကြရတော့၏။ ထို့ကြောင့် ထိုသူများကို လူဟုမခေါ်ကြဘဲ “လု”ဟုသာ ခေါ်ကြလေ၏။ ဘ၀မှာ “လု“နေရသည့် အရာများဖြင့်သာ အချိန်ကုန်နေကြရသောကြောင့် လူဖြစ်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် လုနေရသည့် လူဟုခေါ်ကြခြင်း ဖြစ်၏။

သို့ဆိုလျှင် ထိုသူများသည် ပစ္စုပ္ပန်ဘ၀မှာပင် ထိုသို့ဘ၀ကို လုနေကြရလျှင် သံသရာအတွက်ကား မည်သို့ဖန်တီးကြမည်နည်း။ ယခုဘ၀မှာပင် ဘ၀ကို ဖြစ်သလိုနေကာ အချည်းနှီးကုန်ဆုံး သွားသူများသည် သေပြီးနောက်ဘ၀များတွင်လည်း ဘ၀ကူး ကောင်းမည်မဟုတ်လှပေ။ အစစအရာရာ လုနေကြရသည့် ဘ၀တွင် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရမည်သာ ဖြစ်၏။ ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှု အလုပ်မပါသည့် သူများသည် စားဝတ်နေရေးများတွင်လည်း အဆင်ပြေမှုမရှိနိုင်သည့်အပြင် မည်သူနှင့်ယှဉ်ယှဉ် အမြဲနောက်ကျနေတတ်ကာ အရာအားလုံးအတွက် လု၍သာ နေကြရတတ်၏။ ထိုသို့ ဘုန်းကံကြီးမားသည့် လူ့ဘ၀တွင် လုနေကြရသည့် သူများသည် ကုသိုလ်ကောင်းမှုအတွက်လည်း လုနေကြရသဖြင့် နောင်ဘ၀သံသရာတွင်လည်း လူးနေရတတ်ပေ၏။ လူးသည်ဟူသည် ဘ၀တွင် မည်သည့်အရာမျှ အတည်တကျ မရှိဘဲ ဟိုရောက်ဒီရောက်၊ ဟိုဖြစ်ဒီဖြစ်၊ ဟိုကျဒီကျ ဘ၀များဖြင့် ဘ၀သံသရာ အောက်အောက်ဘုံများတွင်သာ လူးလွင့်နေတတ်သည်ကို ဆိုခြင်းဖြစ်၏။ ထို့ကြောင့် လူဖြစ်သော်လည်း ကံဉာဏ်ဝီရိယကို အရင်းတည်ကာ လူပီသအောင် မလုပ်နိုင်သဖြင့် စားဝတ်နေရေး ကုသိုလ်ရေးများတွင် လုနေကြရသည့် သူများသည် နောင်ဘ၀သံသရာတွင်လည်း အောက်အောက်ဘုံဘ၀များတွင်သာ လူးလွင့်နေတတ်သဖြင့် ထိုသူများကို လူပီသသည့် လူဟုမခေါ်နိုင်ဘဲ “လူး”ဟုသာ ခေါ်ကြခြင်း ဖြစ်၏။

စင်စစ်လူဟူသည် ကံဉာဏ်ဝီရိယကို အရင်းတည်ကာ အကြောင်းအကျိုး အကောင်းအဆိုးကို ပိုင်းခြားဝေဖန် စိစစ်နိုင်သူကိုသာ လူဟုခေါ်၏။ တစ်နည်းအားဖြင့် ကုသိုလ်အကုသိုလ်ကို သိသူကိုသာ လူဟု ခေါ်ဆိုနိုင်၏။ ကုသိုလ်အကုသိုလ် အကျိုးအကြောင်းကို သိရန်မှာလည်း အသိပညာ ရှိမှသာဖြစ်၏။ အသိဉာဏ်ပညာ မရှိလျှင် စူးစမ်းဆင်ခြင်နိုင်မှုလည်း မရှိနိုင်သည့်အပြင် အကောင်းအဆိုးကိုလည်း ခွဲခြားနိုင်စွမ်း မရှိနိုင်ပေ။ ထို့သို့ လူဖြစ်လာပြီး အသိဉာဏ်မရှိပါလျှင် လူသည်လည်း တိရစ္ဆာန်များအတိုင်းပင် ဖြစ်နေတတ်ပေသည်။ တိရစ္ဆာန်များသည်လည်း အိပ်ကြ၊ စားကြ၊ ကာမဂုဏ် မှီဝဲကြသည်များကို ပြုလုပ်ကြသကဲ့သို့ အသိဉာဏ်ပညာ မရှိသည့် လူများသည်လည်း ထိုသုံးမျိုးနှင့်သာ အချိန်ကုန်နေတတ်သဖြင့် လူဖြစ်နေသော်လည်း လူမပီသသည့်သူ၊ တစ်နည်းအားဖြင့် “လူ့တိရစ္ဆာန်” ဟု ခေါ်ဆိုကြ၏။ ဤသဘောကို လယ်တီဆရာတော်ဘုရားကြီးက “မေထုန်မှီ အိပ်စားလို့၊ ယောက်ျားနှင့် နွားမှာ၊ ပြည့်စုံကုံလုံရှိပါ၏။ သိပညာ တတ်တပါး၊ နွားထက်ပိုသာ၊ တတ်ပညာ ချို့ရှာချေက၊ လူမိုက်ခေါင် ထိုယောက်ျားကို၊ နွားဟုဆိုရ“ဟု စပ်ဆိုကာ သတိပေးတော်မူခဲ့၏။ မှန်၏။ မေထုန်မှီဝဲခြင်း၊ အိပ်ခြင်း၊ စားခြင်းများကို လူများလည်း လုပ်ကြသကဲ့သို့ တိရစ္ဆာန်များလည်း လုပ်ကြ၏။ လူသည်ကား အသိပညာရှိခြင်း တစ်ခုသာ တိရစ္ဆာန်နှင့် သာသည့် အချက်ဖြစ်၏။ ထိုသာသည့် အသိပညာပါ မရှိလျှင်ကား ထိုလူသည် အထည်ကိုယ်အားဖြင့် လူဟုဆိုနိုင်သော်လည်း လူမပီသသည့် လူ၊ တစ်နည်းအားဖြင့် အသိဉာဏ်မရှိသည့် သတ္တ၀ါ၊ တစ်နည်းအားဖြင့် လူ့တိရစ္ဆာန်ပင် ဖြစ်လေတော့၏။ ထို့ကြောင့် အကောင်းဆုံး၊ အမြတ်ဆုံးဖြစ်သည့် လူ့ဘ၀ကို ရရှိနေကြသည့် လူများသည် လူပီသသည့် လူများဖြစ်စေရန် ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားအားထုတ်မှုဖြင့် စေတနာကောင်းပါသည့် အလုပ်များကိုသာ လုပ်ဆောင်နေထိုင်ရန်လိုကြောင်း ဆိုခြင်းဖြစ်၏။ ဆိုလိုသည်မှာ ကံဉာဏ်ဝီရိယကို လက်ကိုင်ထားသည့် လူဖြစ်ရန် နေထိုင်မှသာ လူဟုဆိုကြောင်း ဆိုလိုရင်းဖြစ်ပါ၏။

အချုပ်အားဖြင့် လူ့ဘ၀သည် အရာရာကို ဖန်တီးနိုင်စွမ်းရှိသည့် ဘ၀၊ အမြင့်မြတ်ဆုံးသော ဘ၀၊ တန်ဘိုးအရှိဆုံးသော ဘ၀ဖြစ်သော်လည်း ထိုဘ၀ကို အချည်းနှီးသောဘ၀၊ ပစ္စုပ္ပန် သံသရာ အစစအရာရာတွင် လု့နေရသည့် ဘ၀၊ မကောင်းသည့် လုပ်ရပ်များကြောင့် မကောင်းသည့် ဘုံဘ၀များတွင်သာ လူးနေရသည့် ဘ၀များအဖြစ် ပြောင်းလဲပစ်နိုင်သည်မှာလည်း လူသာလျှင် ဖြစ်သဖြင့် လူသားများသည် လူပီသသည့် လူများဖြစ်စေရန်၊ လုနေရသည့် လူများမဖြစ်စေရန်နှင့် လူးနေရသည့် လူများမဖြစ်စေရန် အသိဉာဏ်ပညာပါသည့် ကြိုးစားအားထုတ်မှုကို လက်ကိုင်ထားကာ စေတနာကောင်းဖြင့် မိမိလိုချင်သည့်အရာကို ရအောင်ကြိုးစားရန်သာ ဖြစ်သည်ဟူသည့် အချက်ပင်ဖြစ်၏။ ထို့ကြောင့် ရရှိလာသည့် တန်ဘိုးရှိသည့် လူအဖြစ်ကို လုရင်း၊ လူးရင်းဖြင့် အချိန်မကုန်ကြစေဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကို သိရှိကာ လိုက်နာကျင့်သုံးပြီး စေတနာကောင်းပါရှိသည့် လုပ်ရပ်များဖြင့် လူပီသသည့် လူများဖြစ်အောင်သာ ကြိုးစားကြရန် ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် အသိပေးတိုက်တွန်း လိုက်ရပါသည်။ အားလုံး လူပီသသည့် လူများ ဖြစ်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ