ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီမည်…

လောကလူရွာ၊ ဘုံဓမ္မာတွင်
ကံသာအမိ၊ ဆိုရိုးရှိ၏။
ဝီရိယလျှင် ဉာဏ်နှင့်ယှဉ်မှ
စီစဉ်သမျှ မှုကိစ္စကို
မုချအောင်မြင် ဖြစ်လိမ့်ပင်ဟု
လောက(လူတို့)အထွဋ် ဘုရားရွတ်သည်
ဟောလစ်သေချာ မယွင်းတည်း။ ။

(သီးကုံးဆရာတော်)

သီးကုံးဆရာတော်ဘုရားကြီး၏ အထက်ပါ ဆုံးမစာ ကဗျာလေးက အရာရာ ကံကို ပုံချနေသူများ၊ မိမိအစွမ်းကို ဥပေက္ခာပြုကာ ကံကောင်းလို့ပါဟု ပြောနေကြသူများ၊ လက်တွေ့ကြိုးစားအားထုတ်မှု မရှိဘဲ ဆိုးလိုက်တဲ့ကံဟု ကံကို အပြစ်ဖို့သူများ စသည့်စသည့် ကံချည်းကိုသာ အစွန်းရောက်သည်အထိ ယုံကြည်မှု လွဲနေသူများအား သတိပေးဆုံးမနေပေ၏။ လောကတွင် ကံကောင်းရှိရန် အရေးကြီးသော်လည်း ကံတစ်ခုတည်းဖြင့် ကိစ္စတစ်ခုခုတွင် အောင်မြင်မှု အကျိုးတရား အပြည့်အ၀ မရနိုင်ကြောင်း၊ ဉာဏ်နှင့်ဝီရိယပါ ပေါင်းစပ်ပေးမှသာ အကောင်းအမြတ်များ ထင်ရှားဖြစ်ပေါ်လာတတ်ကြောင်း၊ ကံမကောင်းသော်လည်း ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယသာ အားကောင်းလျှင် ၀ီရိယအကျိုးကို အထိုက်အလျှောက် ခံစားနိုင်မည်ဖြစ်ကြောင်း၊ ဉာဏ်ဝီရိယ ရှိပါမှ ကံကကူညီနိုင်သည့်အကြောင်း အသိပေးနေပေ၏။

မကြာသေးမီက နိုင်ငံခြား ပညာသင်ဆုဖြင့် ကျောင်းလာတက်နေကြသည့် ကလေးမလေးများ စာရေးသူကျောင်းသို့ ရောက်လာပြီး ဟိုအကြောင်း ဒီအကြောင်း စကားပြောဖြစ်ကြ၏။ သူတို့အထဲမှ တစ်ယောက်သည် ကိုရီးယားနိုင်ငံ၏ အမြင့်ဆုံးတက္ကသိုလ်တစ်ခုသို့ တက်ရောက်ခွင့် ရသည့်အကြောင်း သူ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ၀မ်းသာဂုဏ်ယူမိကြောင်း စသဖြင့် ချီးကျူးဂုဏ်ပြု စကားများလည်း ပြောဖြစ်ကြ၏။ ထိုအခါ တစ်ယောက်က “သူ့ဘ၀လည်း ဒီလိုသူများနိုင်ငံမှာလာပြီး အစစအရာရာ လိုလေသေးမရှိ ပညာသင်ခွင့် ရခဲ့တဲ့အတွက် အလွန်ကံကောင်းကြောင်း၊ ကံကောင်း၍သာ အခုလိုအခွင့်အရေးမျိုးကို ရရှိတာဖြစ်ကြောင်း” စသဖြင့် ပြောပြပြန်၏။ ကလေးမလေး ပြောပြသည်များကို နားထောင်ပြီး စာရေးသူက “အင်း… ကံကောင်းလို့ ဒီလို အခွင့်အရေးများကို ရတာလို့ ဆိုပေမယ့် ကံတစ်ခုတည်းတော့ မဟုတ်ဘူးလေ၊ ဒကာမလေးအနေနဲ့ ကိုယ်ဒီလို အခွင့်အရေးရအောင် ဘယ်လောက်အထိ ကြိုးစားခဲ့ရတယ်ဆိုတာလည်း ကိုယ်ကိုယ်တိုင် အသိဆုံးပဲ မဟုတ်လား…၊ ကံကောင်းလို့ဆိုပေမယ့် ဒီကောင်းကံတွေဟာ ဘာမှမလုပ်ဘဲ အိပ်နေတဲ့ သူတွေအတွက် ရောက်မလာပါဘူး၊ ရောက်လာတယ်ထားဦး သူ့မှာ အရည်အချင်းမရှိရင် ဒီအခွင့်အရေးကို မရယူနိုင်ဘူးလေ၊ အဓိကကတော့ ကိုယ့်ရဲ့ကြိုးစားမှုကြောင့် ရှိလာတဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ အခွင့်အရေးကို ရတာပါပဲ၊ ဒါကိုပဲ ကံကောင်းလို့လို့ ပြောချင်ရင်တော့ ဉာဏ်နဲ့ယှဉ်တဲ့ ကြိုးစားအားထုတ်မှုကြောင့် ဒီအားထုတ်မှုနဲ့ ကိုက်ညီတဲ့ ကံအကျိုးပေးကို ရရှိခံစားရတာပါ၊ ဒါကြောင့် ကလေးတို့အနေနဲ့ ကိုယ့်အစွမ်းအစကို ကံကြောင့်ဆိုပြီး ကံကိုပဲ ပုံမချဖို့ အရေးကြီးပါတယ်…” စသည်ဖြင့် ပြောပြပေးဖြစ်၏။ ထို့အခါမှ ကလေးမလေးက “ဘုန်းဘုန်းပြောမှပဲ ကိုယ့်အစွမ်းကို ပြန်သတိရမိတော့တယ်ဘုရား..၊ တစ်ခါတစ်လေ တပည့်တော်တို့ အဖြစ်က ကိုယ့်အစွမ်းကိုယ်မေ့နေပြီး ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်ဆိုတာတွေပဲ ခေါင်းထဲရောက်နေမိပါတယ်၊ ကျေးဇူးတင်ပါတယ်ဘုရား…”ဟု ကျေနပ်သွားဟန်ဖြင့် ပြောလာတော့၏။

မှန်၏။ စာရေးသူတို့ မြန်မာအများစုသည် ကံကိုအလွန် ယုံကြည်ကြ၏။ တစ်ခါတစ်ရံ အစွန်းရောက်သည်အထိ ယုံကြည်မှု လွန်ကဲတတ်ကြ၏။ ကံကံ၏အကျိုးဟု ဆိုသော်လည်း ထိုသဘောကို တစ်လွဲနားလည် ယုံကြည်နေမှုများ ရှိနေကြ၏။ မိမိအစွမ်းကိုပစ်ကာ ကံစွမ်းပါဟု ဟစ်နေသူများလည်း ရှိတတ်၏။ အကောင်းအဆိုး အကျိုးအပြစ် တစ်ခုခုဖြစ်လာခဲ့လျှင် အကြောင်းအကျိုးကို မစိစစ်ဘဲ ကံကြောင့်ဟုသာ ဆိုပစ်တတ်ကြ၏။ စင်စစ် ကံဟူသည် အလုပ်ပင်ဖြစ်၏။ ပါဠိကမ္မဟူသော စကားလုံးကို မြန်မာလို ကံဟုပြောနေကြသော်လည်း မိမိတို့ အသီးသီးလုပ်သည့် အလုပ်ကိုပင် ကံဟုဆိုရမည်ဖြစ်၏။ ထိုအလုပ်၏ အကျိုးသက်ရောက်မှု အနေဖြင့်ကား မိမိတို့အလုပ်လုပ်သည့်အခါ ဖြစ်ပေါ်တတ်သည့် စေတနာသည် အဓိကသက်ရောက်မှု ရှိစေ၏။ ကံဟူသည် အလုပ်ဟုဆိုသော်လည်း စေတနာပါသည့် အလုပ်သည်သာ အကျိုးသက်ရောက်မှုကို အပြည့်ဖြစ်ပေါ်စေ၏။ စေတနာကောင်းပါသည့် အလုပ်သည် အကျိုးပေးကောင်းတတ်ပြီး စေတနာဆိုးပါသည့် အလုပ်သည်ကား အကျိုးပေးဆိုးတတ်၏။ ဤနေရာတွင် မိမိတို့လုပ်သည့် အလုပ်များ ကောင်းစေမှု၊ မကောင်းစေမှုအတွက်သည် စဉ်းစားဆင်ခြင် ဆုံးဖြတ်တတ်သည့် ဉာဏ်နှင့်သက်ဆိုင်သွားပေ၏။ ထို့ကြောင့် ကံ၊ ဉာဏ်၊ ၀ီရိယသုံးမျိုးသည် ဆက်စပ်မှု ရှိနေသည်ဟု ဆိုခြင်းဖြစ်၏။ ကံဟုခေါ်သည့် အလုပ်လုပ်သည့်အခါ ၀ီရိယစိုက်ရ၏။ ဉာဏ်နှင့်ယှဉ်ရ၏။ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယဖြင့် စေတနာကောင်းပါသည့် အလုပ်ဖြစ်နေလျှင် ကံအကျိုးပေးသည် အထူးပြောစရာ မရှိ၊ အလွန်ကောင်းနေမည် ဖြစ်၏။

ဗုဒ္ဓဘာသာ မြန်မာအများစု ပြောလေ့ရှိသည့် စကားတစ်ခွန်းမှာ ကံဆိုးနေသည်၊ ကံနိမ့်နေသည်ဟူသည့် စကားပင် ဖြစ်၏။ အများစု မေ့နေသည့်အချက်မှာလည်း မိမိကိုယ်ကို မိမိပြန်လည် သုံးသပ်ပေးမှု မရှိသည့်အချက်ပင် ဖြစ်၏။ ကံနိမ့်နေရခြင်းအကြောင်း၊ ကံဆိုးနေရခြင်းအကြောင်းနှင့် ဆက်စပ်သည့် မိမိတို့၏ လုပ်ရပ်ကို ပြန်လည်သတိပြုပေးမှု မရှိသည့်အချက်ပင် ဖြစ်၏။ မိမိဘာကြောင့် အဆိုးတွေချည်း ကြုံနေရသည်၊ ဘာကြောင့် လုပ်သမျှ အရာမထင် ဖြစ်နေရသည် ဟူသည့်အချက်အပေါ် မိမိ၏ လုပ်ရပ်များအား သုံးသပ်ဆင်ခြင် ပေးရမည်ကို မေ့လျော့ကာ တစ်ပါးသူ၏ အားကိုယူပြီး ကံမြင့်ရန် အားထုတ်တတ်ကြ၏။ ထို့ကြောင့်လည်း ဗေဒင်ဆရာ၊ ဂိုဏ်းဆရာ၊ နတ်ဆရာများ၏ အားဖြင့်ကံကောင်းအောင် ကြိုးစားနေကြခြင်း ဖြစ်၏။

ကံနိမ့်သည်၊ ကံဆိုးနေသည်ဟုဆိုကာ ဗေဒင်လက္ခဏာ ဆရာများထံသွား၍ ကံမြင့်ရန် ကြိုးစားကြသော်လည်း စင်စစ် ထိုဗေဒင်လက္ခဏာဆရာ စသူတို့သည်လည်း မိမိတို့၏ ကံများကောင်းလာစေရန်၊ မြင့်လာစေရန် လုပ်မပေးနိုင်ပေ။ ထိုသူများသည် မိမိတို့ကိုသာ ပြန်ပြီးလုပ်ခိုင်း တတ်ကြပေ၏။ ထိုသူတို့၏ စကားနှင့် ပြောမည်ဆိုလျှင် ယတြာချေခိုင်းခြင်း ဖြစ်၏။ ယတြာချေခိုင်းခြင်းသည် အလုပ်လုပ်ခိုင်းခြင်းသာ ဖြစ်၏။ အလုပ်လုပ်ခိုင်းသည့် အခါတွင်လည်း အလုပ်ဆိုးများ လုပ်ခိုင်းခြင်း မဟုတ်၊ အလုပ်ကောင်းများ လုပ်ခိုင်းခြင်းသာ ဖြစ်၏။ မည်သည့်ဆရာပင်ခိုင်းခိုင်း ယတြာချေလိုက်ပါဟု ဆိုသည့်အခါ ကြက်သတ်ခိုင်း၊ ၀က်သတ်ခိုင်း၊ နွားသတ်ခိုင်းသည့် ဆရာမရှိ။ မည့်သည့်နေရာတွင် မည်သူ့ကို “ဘာလုပ်ပေးလိုက်ပါ၊ ဘာလှူပေးလိုက်ပါ၊ ဘယ်ဘုရားစေတီ၊ ဘယ်ကျောင်းတွင် ဘယ်လိုလုပ်ပေးလိုက်ပါ” စသည်ဖြင့် ကုသိုလ်ရေး အလုပ်များသာ လုပ်ခိုင်းကြခြင်းဖြစ်၏။ ကုသိုလ်လုပ်စေခြင်းသည် အကောင်းလုပ်ခြင်း ဖြစ်သဖြင့် အလုပ်ကောင်းခြင်း ဖြစ်၏။ အလုပ်ကောင်းလျှင် အကျိုးပေးကောင်းမည်ဖြစ်ပြီး ကံကောင်းမည်သာ ဖြစ်ပေ၏။ ဤသည်မှာ မည်သူကမျှ လုပ်ပေး၍ ဖြစ်လာခြင်း မဟုတ်၊ မိမိကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်သာ ဖြစ်၏။ မိမိအစွမ်းဖြင့်သာ ဖြစ်လာခဲ့ခြင်း ဖြစ်၏။ မျက်မှောက်ခေတ် အထက်တန်းရောက်နေသူများ၊ အောင်မြင်နေသူများကို ကြည့်လျှင် တစ်စုံတစ်ယောက် တန်ခိုးရှင် တစ်ဦးဦးက ဖန်တီးပေးလိုက်၍ ထိုနေရာ၊ ထိုအဆင့်များသို့ ရောက်နေကြခြင်း မဟုတ်၊ မိမိတို့ ကိုယ်တိုင်ကြိုးစားခဲ့ခြင်းကြောင့်သာ ဖြစ်ပေ၏။ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယနှင့် အားဆိုက်ခဲ့သဖြင့် အကြောင်းကောင်း၍ အကျိုးကောင်းခြင်းသာ ဖြစ်၏။ ဉာဏ်ဝီရိယ ရှိခဲ့သဖြင့် ကံက ကူညီခဲ့ခြင်းသာ ဖြစ်၏။

ကြားဖူးသည့် ပုံပြင်လေးတစ်ခုကို အမှတ်ရမိ၏။ တစ်ခါက လူသုံးယောက် လှေတစ်စင်းဖြင့် ပင်လယ်ပြင် ခရီးထွက်ခဲ့၏။ တစ်နေရာအရောက် ပင်လယ်ပြင်တွင် အကြီးအကျယ် မုံတိုင်းဝင်လာခဲ့၏။ ထိုအခါ ကံအားကိုးသည့် သူက “ကံကောင်းရင် အသက်ဘေးက လွတ်မှာပဲ”ဟု ယုံကြည်ကာ ဆုတောင်းမှုကိုသာ ပြုလုပ်နေခဲ့၏။ ဉာဏ်အားကိုသည့် သူကလည်း ဉာဏ်နှင့်ယှဉ်ကာ လွတ်လမ်းကို ရှာဖွေနေ၏။ ၀ီရိယကို အားကိုးသည့် သူကား အခြေအနေကို ကြည့်ပြီး အလွတ်ရုန်းကာ အသက်ဘေးမှ လွတ်ရန် လက်တွေ့ ကြိုးစားလေ၏။ နောက်ဆုံး ထိုသုံးယောက်တွင် ဉာဏ်သမားနှင့် ၀ီရိယ သမားတို့သည် အသက်ဘေးမှ လွတ်လာခဲ့ပြီး ကံကောင်းရင် သေးဘေးမှ လွတ်မှာပဲဟုဆိုကာ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယကို အားမပြုခဲ့သည့် ကံသမားသည်ကား မုန်တိုင်းမိ၍ အသက်သေခဲ့လေ၏။ ဤကား ကြားဖူး၊ ဖတ်ဖူးခဲ့သည့် ပုံပြင်လေး၏ အနှစ်ချုပ်ဖြစ်၏။ ဤအကြောင်းအရာလေးသည် ပုံပြင်ဆန်ဆန် ရှိခဲ့သော်လည်း ကံဉာဏ်ဝီရိယ၏ အကျိုးသက်ရောက်မှုကို ပုံဖော်ပေးထား၏။ အရာရာတွင် ကံကို ပုံချတတ်သည့်သူများ သတိထားမိစေရန် ညွန်ပြနေပေ၏။ ကံအကျိုးပေးကောင်းရန် လိုအပ်သော်လည်း အချိန်အခါ၊ နေရာဒေသအလိုက် လက်တွေ့လုပ်ဆောင်ရမည့် အလုပ်များကို ဉာဏ်နှင့်ယှဉ်ကာ ၀ီရိယဆိုက်ထုတ်နိုင်လျှင် ထိုလက်တွေ့ ကျမှုသည်သာ ကံသမားများ အလိုအရ ဆိုရလျှင် ကံကောင်းစေမှုပင် ဖြစ်၏။

ဆိုလိုသည်မှာ ကံကံ၏ အကျိုးဟုဆိုသော်လည်း ကံတစ်ခုတည်းကိုသာ ပုံမချမိစေရန်နှင့် ဉာဏ်ဝီရိယပါ ပေါင်းစပ်ပေးကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ လက်တွေ့ကြိုးစားအားထုတ်မှု ၀ီရိယမပါဘဲ ဉာဏ်ချည်းသက်သက် ဖြစ်နေလျှင်လည်း ကိစ္စတစ်ခု ပြီးမြောက်အောင်မြင်ရန် မဖြစ်နိုင်သကဲ့သို့ ဉာဏ်မပါသည့် ၀ီရိယဆိုပြန်လျှင်လည်း ဗရမ်းဗတာဖြစ်ကာ ထိရောက်သည့် အကျိုးသက်ရောက်မှု မရှိနိုင်ပေ။ ထိုဉာဏ်နှင့် ၀ီရိယနှစ်မျိုးကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် စေတနာဖြင့် လုပ်နိုင်မှသာ အကျိုးသက်ရောက်မှု ကောင်းများ ဖြစ်လာနိုင်ပေ၏။ သေချာသည်မှာ ဤသက်ရောက်မှုသည် အလုပ်ကြောင့်ပင် ဖြစ်၏။ ဉာဏ်ဝီရိယ ယှဉ်သည့် စိတ်စေတနာကောင်းဖြင့် အလုပ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးသက်ရောက်မှုသာ ဖြစ်၏။ ဤအကျိုးသက်ရောက်မှုကိုပင် ကံအကျိုးပေးဟု ဆိုရမည်ဖြစ်၏။ စေတနာပါသည့် အလုပ်ကြောင့်ဟုသာ ဆိုရမည်ဖြစ်၏။ ထိုအလုပ်သည် တစ်နည်းအားဖြင့် ထိုကံသည် ပစ္စုပ္ပန်နှင့် အတိတ်ဟု ရှိသဖြင့် အတိတ်ကံများ၏ ပံ့ပိုးမှုများလည်း လိုအပ်သကဲ့သို့ ပစ္စုပ္ပန်ကံကောင်းများ၊ တစ်နည်းအားဖြင့် ပစ္စုပ္ပန် အလုပ်ကောင်းများလည်း လိုအပ်ပေ၏။ အဓိကကား အတိတ်သည် ရေရာမှု မရှိသဖြင့် အားကိုး၍မရပေ။ လက်ရှိပစ္စုပ္ပန်ကိုသာ အားထားရပေမည်။ လက်ရှိအချိန်တွင်သာ အလုပ်ကောင်းများ လုပ်ကြရပေမည်။ စဉ်းစားဆင်ခြင်သည့် ဉာဏ်၊ လက်တွေအားထုတ်မှု ၀ီရိယနှင့် စေတနာကောင်းပါသည့် လုပ်ဆောင်ချက်များဖြင့် ကြိုးစားအားထုတ်ကြမည် ဆိုလျှင် လက်ရှိအချိန်မှာပင် တစ်စုံတစ်ခု ကောင်းမြတ်သည့် အကျိုးသက်ရောက်မှုကို ဖြစ်စေမည်မှာ အသေအချာပင် ဖြစ်ပါ၏။

ထို့ကြောင့် ဤနေရာတွင် သီးကုံးဆရာတော်ကြီး မိန့်တော်မူသကဲ့သို့ပင် “ကံကောင်းလို့ပါ၊ ကံဆိုးလို့ပါ၊ ကံမြင့်နေလို့ပါ၊ ကံနိမ့်နေလို့ပါ”ဟု ပြောဆိုနေကြသူများ အနေဖြင့် သတိပြုသင့်သည်မှာ ကံဟူသည် အခြားမဟုတ်၊ ဉာဏ်နှင့်ယှဉ်သည့် ၀ီရိယကို အခြေတည်ကာ စေတနာကောင်းပါသည့် အလုပ်ပင် ဖြစ်ကြောင်း၊ ထိုစေတနာပါသည့် အလုပ်က ကောင်းနေလျှင် ကံကောင်းနေမည် ဖြစ်ပြီး စေတနာပါသည့် အလုပ်ဆိုးလျှင် ကံဆိုးနေမည်ဖြစ်ကြောင်း၊ ကံ၊ ဉာဏ်၊ ၀ီရိယသုံးမျိုးတွင် တစ်ခုတည်းကိုသာ ပုံချ၍ မဖြစ်နိုင်ဘဲ သုံးမျိုးလုံး မျှစေမှသာ အကျိုးသက်ရောက်မှု အားကောင်းစေမည် ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဉာဏ်ဝီရီယ ရှိမှသာ ကံကကူညီမည် ဖြစ်ပါကြောင်း အသိပေးတင်ပြလိုခြင်း ဖြစ်ပါ၏။ သို့ဖြစ်၍ မိမိတို့၏ ဘ၀ကို မိမိတို့ကိုယ်တိုင်သာ ဖန်တီးနိုင်ကြသည် ဖြစ်သဖြင့် ဘ၀ကောင်းများ ဖန်တီးနိုင်ရန် စေတနာကောင်းပါသည့် အလုပ်ကောင်းများကို ဉာဏ်ဝိရိယဖြင့် ပေါင်းစပ်ကာ ကောင်းမြတ်အောင် ကြိုးစားအားထုတ်ရန်သာ အထူးလိုအပ်ပါကြောင်း တစ်ဆင့်စကား ပါးလိုက်ရပေတော့၏။ အားလုံး… စေတနာကောင်းဖြင့် အလုပ်ကောင်းနိုင်ကြပါစေ…

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၃)…

အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်ပါတယ်။ အဲဒီလို သိနေရင်ကိုပဲ ဒါမှတ်နေတယ်လို ပြောနိုင်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လေအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလည်း တွေ့လာပါလိမ့်မယ်။ ၀င်လေထွက်လေဟာ နူးညံ့လာတာ၊ အေးပူလာတာ၊ အသက်ရှုတဲ့လေဟာ ထင်ရှားပြီး ထုတ်ချောင်းတစ်ခုသဖွယ် အရာဝတ္ထု တစ်ခုသဖွယ် အတန်းလိုက်ဝင်လာ ထွက်လာတာ စသဖြင့် ယောဂီတစ်ဦးချင်းရဲ့ သမာဓိအပေါ်လိုက်ပြီး နိမိတ်အမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက အာနာပါန အမှတ်ကို ကောင်းကောင်းနိုင်ပြီး အထိုက်အလျောက် သမာဓိနိမိတ် တည်လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ။

စမှတ်ကာစ ယောဂီတွေမှာ သူတို့မေးသလိုပဲ စိတ်ကတော့ တည်မှာမဟုတ်သေးပါဘူး။ တစ်ခါတစ်လေ မှတ်မယ်မှ မကြံရသေးဘူး အတွေးတွေက ၀င်လာပါတော့တယ်။ ပုံမှန်နေရင် တစ်ခါမှ မတွေးဖြစ်တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး ဖြစ်တဲ့ အဖြစ်အပျက်တွေက အစ ပေါ်လာတတ်၊ သတိရလာတတ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း စိတ်ကူးတွေ ယဉ်နေတတ်ပါတယ်။ ပိုဆိုးတာက တစ်ခုခုများ လုပ်ဖို့ရည်ရွယ်ထားရင် အဲဒီအလုပ်အပေါ်မှာ အမျိုးမျိုး စိတ်ကူးတွေ လိုက်ယဉ်နေတတ်တာပါ။ သမာဓိမရှိသေးတဲ့ စိတ်အစဉ်ကို သတိမကပ်မိဘဲ ဖြစ်ခိုက်ကို မသိဖြစ်ကာ စိတ်ရဲ့ဆွဲရာနောက်ကို လိုက်သွားတတ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ အချိန်တော်တော် ကြာကြာလေးအထိ မသိလိုက်ဘဲ စိတ်ကူးအတွေးများနောက်ကို လိုက်နေမိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း မှတ်မရကောင်းလာလို့ အားမပျက်ပါနဲ။ အတွေးစိတ်ကူးတွေကို မသိလိုက်ပေမယ့် သတိပြန်ဝင်လို့ သိလိုက်တဲ့အခါမှာတော့ ချက်ချင်း အမှတ်အာရုံဖြစ်တဲ့ ၀င်လေထွက်လေကို ပြန်မှတ်ဖြစ်အောင် အစကပဲဖြစ်ဖြစ် ပြန်ကြိုးစားရပါမယ်။ ရသလောက်ပေါ့။ လွတ်သွားလိုက် ပြန်မှတ်လိုက်၊ လွတ်သွားလိုက် ပြန်မှတ်လိုက် စသဖြင့် လေ့ကျင့်ပေးရင် မှတ်လို့ ရလာပါလိမ့်မယ်။ မှတ်မရပါဘူးဆိုပြီး လွတ်ထားတာထက် စာရင် ရသလောက် ကြိုးစားမှတ်ပေးရင် အမှတ်ကောင်းလာပါလိမ့်မယ်။ သမာဓိ မတည်သေးချိန်မှာတော့ လွတ်လိုက်မှတ်လိုက် လုပ်ပေးတဲ့ ကြိုးစားအားထုတ်မှု ၀ီရိယကို ပိုထုတ်ပေးရပါတယ်။ တမင်လုပ်ပြီး တွေးနေတာ မဖြစ်စေဘဲ မသိလို့ တွေးနေမိတဲ့အပေါ်မှာ သိတဲ့အချိန် ပြန်လေ့ကျင့်နိုင်အောင် ကြိုးစားပေးရပါတယ်။ ဒီလိုဆိုရင် သမာဓိတွေ ပိုပိုကောင်းလာပါလိမ့်မယ်။ အဓိကကတော့ လွတ်လွတ်သွားတဲ့ စိတ်ကို သတိရတိုင်း ပြန်ပြန်ထိမ်းပြီး လေ့ကျင့်ပေးနိုင်ဖို့ပါပဲ။

တစ်ချို့ကတော့ တရားစမှတ်ပြီး မကြာခင်မှာပဲ အိပ်ငိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘ၀င်စိတ်ကြောင့် ဖြစ်ပါတယ်။ ဘ၀င်စိတ်က အမှတ်တစ်မှတ်နဲ့ တစ်မှတ်ကြား လွတ်လွတ်သွားစေအောင်လည်း ဖြစ်စေတတ်ပါတယ်။ လောဘဒေါသစတဲ့ စိတ်များမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ သူတစ်ယောက် ဖြစ်သလို စိတ်မျိုးကို ဘ၀င်စိတ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ အိပ်ငိုက်မှုဟာ ဘ၀င်စိတ်များလို့ ဖြစ်ပါတယ်။ ဒါကလည်း သတိအားမကောင်းလို့ ဖြစ်တဲ့သဘောပါပဲ။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ် အရမ်းပင်ပန်းလို့၊ အိပ်ချင်စိတ်၊ ငိုက်မြည်းစိတ်တွေ ဖြစ်တတ်ပေမယ့် ဘ၀စိတ်များတဲ့အခါ ခန္ဓာကိုယ် မပင်ပန်းလည်း အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း သတိကို အတတ်နိုင်ဆုံး ထိမ်းပြီး မငိုက်အောင်၊ မလွတ်အောင် မှယ်မယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မှတ်ကြည့်ရင် ငိုက်တဲ့သဘောတွေ လျော့လျော့လာတတ်ပါတယ်။ သတိထားပြီး ကြိုးစားမှတ်ကြည့်ရင် အိပ်ငိုက်တာတွေ ပျောက်လာပြီး အမှတ်အာရုံမှာ ပျော်လာတတ်ပါတယ်။ အမှတ်အာရုံ အားကောင်းလာရင် ငိုက်ချင်စိတ်ဟာ အလိုလို ပါးလာတတ်ပါတယ်။ ဒါကြောင့် မသိလို့ အိပ်ငိုက်တဲ့အခါမှာ သတိဝင်လာတိုင်း ပြန်ပြန်မှတ်ပေးရင်း လေ့ကျင့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် တရားအားထုတ်တဲ့အခါ ပေါ်လာတတ်တဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဝေဒနာကို မှတ်ပုံလေးလည်း သိထားဖို့ လိုပါတယ်။ တစ်ချို့ ယောဂီတွေဟာ စမှတ်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်မှာပဲ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ယားလာတာတို့၊ ဟိုနေရာက ရွစိရွစိ၊ ဒီနေရာက ရွစိရွစိ ဖြစ်တာတို့၊ ခြေထောက်ကျင်လာတာတို့၊ တင်ပါးပူလာတာတို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ ရုပ်တရားရဲ့ ဖောက်ပြန်တတ်တဲ့ သဘောပါ။ တရားအားမထုတ်ဘဲ နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို တစ်ခြားအာရုံတွေက ဖုံးလွှမ်းထားတော့ ကောင်းကောင်း မသိဘဲ ဖြစ်နေပေမယ့် တရားမှတ်တဲ့အခါ စိတ်က ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို အလွယ်တကူ သိလာတဲ့ သဘောပါပဲ။ ယောဂီဟာ အာနပါနကို မှတ်နေရင်း ကိုယ်မှာ ဝေဒနာ တစ်ခုခု ပေါ်လာတဲ့အခါ ပေါ်လာတဲ့ ဝေဒနာကို ပြောင်းပြီး မှတ်ကြည့်နိုင်ပါတယ်။ ယားတဲ့နေရာ၊ ရွစိရွစိ ဖြစ်တဲ့နေရာ၊ ပူအေးတဲ့နေရာ စသဖြင့် ဘယ်လိုနေရာမျိုးမှာ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် ဖြစ်တဲ့နေရာကို စိတ်နဲ့မြင်အောင် ကြည့်ပြီး သူဖြစ်နေတဲ့ သဘောအတိုင်း သတိနဲ့ လိုက်သိပေးရပါတယ်။ ဝေဒနာက ပေါ်တော့ပေါ်တယ် သိပ်မထင်ရှားလို့ မှတ်ဖို့ခက်နေတယ်ဆိုရင်လည်း ဝေဒနာကို မမှတ်သေးဘဲ ၀င်လေထွက်လေမှာပဲ မှတ်နေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဝေဒနာက ခန္ဓာကိုယ်မှာ ဟိုမှာပေါ်လိုက် ဒီမှာပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုပဲ သူ့သဘောအတိုင်း လိုက်သိမှတ်ပေးနိုင်ပါတယ်။ ဝေဒနာဟာ ပိုပိုပြင်းလာတဲ့အခါလည်း ရှိတတ်သလို လျော့ပြီးပျောက်သွားတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဘယ်လိုသဘောမျိုးပဲ ရှိရှိ အရှိအတိုင်း သူဖြစ်နေတဲ့ အတိုင်းလိုက်မှတ်ပေး နေရုံပါပဲ။

တစ်ချို့လည်း ဝေဒနာကို မှတ်ရတာ အားရတာရှိသလို တစ်ချို့ကျတော့ ဝေဒနာကို ကျော်အောင်မမှတ် နိုင်တာတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်နိုင်ရင် ကောင်းပါတယ်။ ဝေဒနာရဲ့ ပြင်းထန်တဲ့ ခံစားမှုကို အလွယ်တကူ လက်မလျော့ဘဲ အပြိုင်မှတ်နိုင်လိုက်ရင်တော့ နောက်ပိုင်းမှာ ဘာဝေဒနာပဲလာလာ သီးခံနိုင်၊ မှတ်နိုင်လာပါလိမ့်မယ်။ နောက်ဆို ဝေဒနာကို မှတ်ရတာ ပိုပြီး အမှတ်ကောင်းသလို ဖြစ်လာတဲ့အထိ သဘောကျသွားတတ်ပါတယ်။ တရားမှတ်ရင်း ပေါ်လာတတ်တဲ့ ဝေဒနာကို အလွယ်တကူ လက်လျော့ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းတာပြင်တာတွေ လုပ်လိုက်ရင် သမာဓိ တည်ဖို့ခဲရင်းတတ်ပြီး တည်ပြီးသား သမာဓိလည်း ပျက်တတ်တဲ့အတွက် ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်စေချင်ပါတယ်။ ဝေဒနာကို ခွာနိုင်တဲ့အထိ မှတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တစ်ချို့ယောဂီတွေ မေးဖူးပါတယ်။ ဝေဒနာခွာတယ်ဆိုတာ ဘယ်လိုလဲလို့။ ဝေဒနာခွါတဲ့အထိ မှတ်တယ်ဆိုတာ ခနပြောသလို ဝေဒနာကို အရှုံးမပေးဘဲ ပေါ်သမျှဝေဒနာကို ပေါ်လာတဲ့အတိုင်း ခံနိုင်ရည်အောင်၊ နောက်ဆုံး ဝေဒနာရဲ့ နာကျင်ကိုက်ခဲမှုတွေကို နာမှုကျင်မှုကိုက်မှု သဘောသက်သက်လောက် အဖြစ် သိရှိကာ အလိုက်သင့် လိုက်မှတ်နေနိုင်အောင် အသိသတိ ရှိနေမှုကို ဆိုနိုင်ပါတယ်။ ဒါကလည်း အလေ့အကျင့်များပြီး သီးခံမှု ၀ီရိယ အားကောင်းလာရင် မှတ်နိုင်မှု သတိအားနည်းနေပေမယ့် ဝေဒနာအပေါ်မှာ ခဏခဏ ပြောင်းတာပြင်တာတွေ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ် ဣရိယာပုတ်ကို မပြင်ဘဲ မှတ်နိုင်အောင် ဝေဒနာကို သီးခံကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ၀ိပဿနာ အလုပ်ကို စတင်လေ့ကျင့်ပြီး အားထုတ်ကြည့်ကြတဲ့ ယောဂီများအနေနဲ့ သမာဓိ အားနည်းချိန်၊ အမှတ်သတိ မခိုင်သေးချိန်မှာတော့ ယောဂီတို့ အခုတွေ့ကြုံကြသလို စိတ်ပျံ့လွင့်တာ၊ အတွေးစိတ်ကူးတွေများတာ၊ အိပ်ငိုက်တာ၊ ဝေဒနာကို သီးမခံနိုင်တာ၊ အမှတ်အာရုံ မထင်ရှားတာ စတာစတာတွေ ဖြစ်တတ်ပေမယ့် စိတ်မပျက်၊ အားမလျော့ဘဲ ရသလောက်၊ မှတ်နိုင်သလောက်၊ တစ်မှတ်ပဲ ရရ သတိရတိုင်းပြန်မှတ်၊ သတိရတိုင်း ပြန်မှတ်တဲ့ အကျင့်လေးများနဲ့ သမာဓိ တည်အောင် ၀ိရီယနဲ့ သီးခံမှု ခန္တီတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ကျေနပ်စရာကောင်းတာက သမာဓိတည်တာ မတည်တာ၊ မှတ်လို့ရတာ၊ မရတာ အသာထား မှတ်ကြည့်နေတယ် ဆိုတာကိုက ကျေနပ်စရာဖြစ်နေ၊ ကုသိုလ်ဖြစ်နေတာပါပဲ။ ဒီလိုနည်းနဲ့ပဲ မရတာကနေ ရအောင်၊ မတည်တာကနေ တည်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အချိန်မရပေမယ့် ရသမျှလေးနဲ့ နဲနဲနဲနဲ စစပေးရင် နောက်ပိုင်း အားကောင်းလာပြီး မှတ်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေကို တရားအားထုတ်ခြင်းဖြင့် ပါးပါးလာအောင် ရနိုင်သမျှ ကြိုးစားမှတ်ကြည့်ကြပါလို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Read more »

အတုယူတတ်ပါစေ…

ဗုဒ္ဓဘာသာတွေအတွက် စိတ်ကောင်း စေတနာကောင်းနဲ့သာ ပြုလုပ်နေထိုင်တတ်မယ်ဆိုရင် ကုသိုလ်ရဖို့ မခဲရင်းလှပါဘူး။ ကိုယ်အမူအရာ ကောင်းလေးတွေ၊ အပြောအဆို ကောင်းလေးတွေ၊ အတွေးအကြံ ကောင်းလေးတွေဟာ နေ့စဉ်နေထိုင် လုပ်ကိုင်လှုပ်ရှားမှုတွေထဲက ကုသိုလ်ရစရာလေးတွေပါ။ ဒါပေမယ့် မယူတတ်ရင်၊ စိတ်ကောင်းစေတနာကောင်း မရှိရင်တော့ ဒီလှုပ်ရှားမှုတွေကပဲ အကုသိုလ် ဖြစ်စရာတွေပါ။ အနေအထိုင် မတတ်တဲ့အခါ အကုသိုလ်ဖြစ်တတ်သလို၊ အပြောအဆို မကောင်းရင်လည်း အကုသိုလ် ဖြစ်တတ်ပါတယ်။ အကြံအစည်များကတော့ မကောင်းတဲ့အကြံအစည်ဆို ကာယကံမြောက် မကျူးလွန်မိပေမယ့်မှာ အကုသိုလ် အညစ်အကြေးတွေနဲ့ စိတ်ကိုညစ်ထေး စေပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် မယူတတ်ရင် မအပ်ဖြစ်ပြီး ယူတတ်ရင်တော့ မြတ်ပါတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

အတုမြင်အတတ်သင်လို့ ဆိုကြသလို အတုယူတတ်ပါစေလို့လည်း မြန်မာစကားများမှာ ပြောဆိုသုံးနှုံးတတ်ကြ တာတွေရှိပါတယ်။ ဒီအသုံးမှာ ပြောတဲ့ အတုဆိုတဲ့စကားလေးအရ အမှန်တကယ် အတုယူတတ်ဖို့ လိုပါတယ်။ သူများကို အတုလိုက်ပြီး ကောင်းတဲ့အမူ အကျင့်လေးတွေကို ယူတတ်စေဖို့ပါ။ သူ့မှာရှိတဲ့ ကုသိုလ်ဖြစ်စေမယ့် အမူအကျင့်လေးတွေကို သူနဲ့အတူဖြစ်စေအောင် လိုက်နာယူတတ်စေဖို့ပါ။ မကောင်းတဲ့ အစစ်အမှန် မဟုတ်တဲ့ အတုတွေကို ယူဖို့မဟုတ်ပါဘူး။ အစစ်တွေကို ယူတတ်ဖို့ပါ။ ဒါပေမယ့် တစ်ချို့ကတော့ တကယ့်ကိုအတုမြင် အတတ်သင်ကြပါတယ်။ မဟုတ်တဲ့ မကောင်းတဲ့ အမူအရာ အပြောအဆို အနေအထိုင် အလုပ်အကိုင်တွေဆို အလွယ်တကူကိုပဲ အပိုင်အတတ် သင်ယူတတ်ကြပါတယ်။ ဘယ်လောက်ဆိုးလဲဆိုရင် ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့တိုက်ရိုက် ထိတွေတာတွေတောင် မဟုတ်တော့ဘဲ ရုပ်ရှင်ဗီဒီယို ဇာတ်ကားတွေ ကြည့်ပြီးကို ယူနေကြတော့တာပါ။ ယူရမယ့် ကောင်းတဲ့အချက်အလတ် အလေ့အထလေးတွေကိုတော့ မယူဖြစ်ကြဘဲ မယူရမယ့် အမူအရာ စရိုက်တွေမှာပဲ ရအောင်ယူတတ်ကြတာတွေပါ။

အခုတစ်လော မြန်မာအပါအ၀င် အရှေ့တောင် အာရှနိုင်ငံ အတော်များများမှာ ကိုရီးယား အနုပညာများ လွှမ်းမိုးလာတာ တွေ့ရပါတယ်။ ဂီတပိုင်းမှာရော ဒရာမာ ရုပ်ရှင်ပိုင်းမှာတွေပါ ကိုရီးယားက နေရာယူထားတာကို တွေ့နိုင်ပါတယ်။ တစ်ခြားနိုင်ငံများကို ဘယ်လောက်ထိ လွှမ်းမိုးထားလည်းတော့ မသိဘူး။ မြန်မာအတော်များများကိုတော့ ကိုရီးယားဇာတ်ကားတွေက ဖမ်းစားနေပါတော့တယ်။ ဖမ်းစားဆို သူတို့ရဲ့ နည်းပညာနဲ့ အနုပညာရပ်ကလည်း စွဲဆောင်မှုရှိသလို ရသမျိုးစုံကိုလည်း ပေးနိုင်နေတာကိုး။ တစ်ချို့ဆို ဇာတ်ကားတွေကြည့်ပြီး ငိုရတာလည်း မနည်းတော့ဘူးလို့တောင် ဆိုကြပါသေးတယ်။ ကိုရီးယားကားတွေကို ကြိုက်လွန်းလို့ ဇာတ်ကားထဲမှာ ပါတဲ့စရိုက်ပုံစံတွေကို လိုက်ပြီး လုပ်ရတာလည်း မမောနိုင် မပန်းနိုင်ပါပဲ။ လိုက်ပြီးတုကြတာလည်း တစ်နေ့တစ်မျိုး မရိုးနိုင်ကြပါဘူး။ အတုယူကြတာတွေလည်း ပေါလှပါတယ်။ အတုယူဆို တကယ့်ကိုပဲ အတုတွေ ယူနေကြတဲ့အထိ ဖြစ်နေကြတာတွေပါ။ အစစ်မယူဘဲ အတုတွေပဲ ယူနေကြတယ်လေ။

သိတဲ့အတိုင်းပဲ ကိုရီးယား ဇာတ်ကားတွေမှာက အရက်သောက်တဲ့အခန်းတွေနဲ့ ၀တ်စားဆင်ယင်ပုံတွေကို အမျိုးမျိုး ပါဝင်ပြသထားတာဆိုတော့ ဒါတွေကိုကြည့်ပြီး မြန်မာလူငယ်တွေဟာ အရက်သမားလေးတွေ ဖြစ်နေကြသလို မိန်းကလေးတွေဆိုလည်း ကိုယ့်နိုင်ငံ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ရာသီဥတုနဲ့ ကိုက်မကိုက် မကြည့်တော့ဘဲ ဇာတ်ကားထဲက ဇာတ်ကောင်တွေအတိုင်း လိုက်တုလိုက်ကြတာ တစ်လွဲတွေပဲ ဖြစ်ကုန်ပါတယ်။ ယူရမယ့် အစစ်တွေကို မယူဘဲ မယူရမယ့် အတုတွေပဲ လိုက်ယူနေတော့ ဘ၀မှာ ကုသိုလ်မဖြစ်ဘဲ အပြစ်တွေပဲ ဖြစ်နေတတ်ပါတယ်။ ခေတ်မီချင်တာရယ်၊ လှချင်တာတွေရယ်ကြောင့် ခေတ်မီတယ်လို့ထင်တဲ့ နေထိုင်ပြောဆို ၀တ်ဆင်စားသောက်မှုတွေကို လိုက်လုပ်ရင်း သောက်တတ်စားတတ်တဲ့ အတတ်ကောင်းတွေ တတ်ကုန်ပါတော့တယ်။ ခဏတာ အပျော်လေးအတွက် ကိုယ့်ကျင့်သီလတွေအထိ လစ်လျူရှုကုန်ပါတော့တယ်။ ဒါဟာ အစစ်မယူဘဲ အတုတွေ ယူမိကြလို့ပါ။

တကယ့်တော့ ကိုရီးယား ရုပ်ရှင်ဒရာမာတွေမှာ ယူစရာတွေ အများကြီးပါဝင်ပါတယ်။ အတုမဟုတ်ဘဲ ဘ၀တိုးတက်ရေး လမ်းညွှန်ချက် အစစ်တွေ၊ ပညာပေးတွေ အများကြီး ဖော်ပြပေးထားပါတယ်။ ယူတတ်မယ်ဆိုရင် သူတို့နိုင်ငံက လူငယ်တွေ ဘယ်လိုကြိုးစားကြတာ၊ ဘ၀တိုးတက်ရေးအတွက် ဘယ်လို ရုန်းကန်ကြတာတွေကအစ သူ့နိုင်ငံ၊ သူ့လူမျိုး၊ သူ့ဘာသာစကား၊ သူ့ယဉ်ကျေးမှုကို ဘယ်လိုအလေးထားတာ၊ လူကြီးသူမတွေကို ဘယ်လိုရိုသေးလေးစာတာ စသဖြင့် အများကြီး ရှိပါတယ်။ အထူးသဖြင့် သူ့ဘာသာစကားကို နေရာဒေသ အချိန်အခါအလိုက် အသုံးပြုကြတာဟာ လက်တွေ့မှာလည်း တော်တော်လေးစားစရာ ကောင်းပါတယ်။ ကိုရီးယားလူမျိုးများ ဘယ်နေရာ ဘယ်အချိန်တွေ့တွေ့ အန်ညောင်းဟာစေယိုဆိုတဲ့ နှုတ်ခွန်းဆက်စကားကို တစ်ဦးနဲ့တစ်ဦး တွေ့တဲ့နေရာ၊ တွေ့တဲ့အချိန်တိုင်းမှာ နှုတ်ဆက်တတ်ကြပါတယ်။ လူချင်းမတွေ့ဘဲ ဖုန်းနဲ့ပြောတာတောင် ဖုန်းအသံပြုပြီးရင် အန်ညောင်းဟာစေယိုလို့ နှုတ်ဆက်တတ်ကြပါတယ်။ မြန်မာလိုဆိုရင်တော့ မင်္ဂလာပါပေါ့။ ဒါပေမယ့် မြန်မာတွေကတော့ ဒီမင်္ဂလာပါဆိုတဲ့ နှုတ်ဆက်စကား ပြောဖို့နေနေသာ မေ့တောင်မေ့နေတယ်နဲ့ တူပါတယ်။ မပြောကြပါဘူး။ ပိုဆိုးတာက တစ်လွဲဆံပင်ကောင်းပြီး ကိုယ့်ဘာသာစကားနဲ့ မင်္ဂလာပါလို့ နှုတ်ဆက်ရမှာကို မသုံးတော့ဘဲ ကိုရီးယားရူးရူးပြီး သူတို့ကပါ ကိုရီးယားဘာသာစကားနဲ့ အန်ညောင်းဟာစေယို လုပ်ကုန်ပါတယ်။ ကိုယ့်ဘာသာစကား မရှိရင်တော့ ထားပေါ့။

ယူတတ်မယ်ဆိုရင် ဒီလိုအသေးအဖွဲ နှုတ်ဆက်စကားလေးတွေကအစ ယူဖို့ကောင်းပါတယ်။ မြန်မာတွေမှာလည်း မြန်မာလို နှုတ်ဆက်စကား မင်္ဂလာပါဆိုတာ ရှိပါတယ်။ ဒီစကားလေးတွေကို တွေ့တဲ့အချိန် တွေ့တဲ့သူတိုင်းကို စိတ်ကောင်း စေတနာကောင်းလေးတွေနဲ့ နှုတ်ဆက်တတ်ကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲပေါ့။ ပါးစပ်က မင်္ဂလာပါဆိုတဲ့ စကားလေးတွေ ထွတ်တတ်နေမယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး နှုတ်ဆက်နေတာနဲ့ကို ကုသိုလ်ဖြစ်နေတာပါ။ ခုတော့ ကိုယ့်စကားမေ့ပြီး သူများစကားတွေတော့ အားရပါးရပြောနေလိုက်ကြတာ။ မင်္ဂလာပါ ပြောရမှာကို ရှက်များနေကြသလား မသိပါဘူး။ တစ်ခါတုန်းက ဒကာတစ်ယောက် ကျောင်းကိုရောက်လာလို့ မြင်မြင်ချင်း ဘုန်းဘုန်းက “မင်္ဂလာပါဒကာ”လို့ နှုတ်ဆက်စကား ပြောလိုက်တာ ဒကာက “တင့်ပါဘုရား”တဲ့…။ သူ့ကို ခေါ်တယ်များ မှတ်နေသလား မသိပါဘူး။ မင်္ဂလာပါဘုရားလို့ ပြန်နှုတ်ဆက်ရမှာကို အသုံးမပြုကြတော့ ကိုယ့်စကားကိုယ် မေ့နေကုန်ကြတော့တာပါပဲ။ မယူရမယ့် အရာတွေတော့ ယူနေကြပြီး ယူရမယ့် ကုသိုလ်ဖြစ်စေမယ့် အရာတွေတော့ မယူကြဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာပဲ ဖြစ်ဖြစ်၊ သူတစ်ပါးမှာပဲ ဖြစ်ဖြစ် အတုယူစရာရှိရင် ယူတတ်ဖို့လိုကြောင်း၊ မကောင်းတဲ့ အကုသိုလ်ဖြစ်စေမယ့် အတုတွေကို ယူဖို့မဟုတ်ဘဲ ဘယ်နေရာက၊ ဘယ်သူ့ဆီကမဆို ကောင်းတဲ့ကုသိုလ် ဖြစ်စေမယ့် အရာတွေဆို လိုက်နာကျင့်သုံး ယူတတ်ဖို့လိုကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဘုရားရှင် ကာလာမရွာသားများကို မိန့်တော်မူသလိုပေါ့။ ဘုရားရှင်က “အလုပ်တစ်ခုဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိ၊ အကုသိုလ် အပြစ်လည်း ဖြစ်မယ်၊ ပညာရှိသူတော်ကောင်းတို့လည်း ကဲ့ရဲ့မယ်ဆိုရင် အဲဒါကို ကိုယ်ကိုယ်တိုင် သဘောပေါက်ပြီး မလုပ်ဘဲ စွန့်လွတ်ဖို့၊ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော၊ အများအတွက်ရော အကျိုးတစ်စုံတစ်ခု ဖြစ်စေမယ်၊ အပြစ်မရှိဘဲ ကုသိုလ်ဖြစ်စေမယ်၊ ပညာရှိသူတော်ကောင်းတို့လည်း ချီးမွမ်းမယ်ဆိုရင် အဲဒီအလုပ်ကို ကိုယ်ကိုယ်တိုင် ကောင်းကောင်းသဘောပေါက်ပြီး လိုက်နာကျင့်သုံးဖို့..” မိန့်တော်မူထားပါတယ်။ အဲဒီလိုပဲ သူတစ်ပါးထံကပဲ ဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းကျင်ကပဲ ဖြစ်ဖြစ်၊ ဘယ်နေရာ ဘယ်ပုဂ္ဂိုလ်ဆီကပဲ ဖြစ်ဖြစ် ကောင်းတဲ့ကုသိုလ်ဖြစ်စေမယ့် အရာတွေဆိုရင် ကိုယ်ကိုယ်တိုင် ဉာဏ်နဲ့ဆင်ခြင် စဉ်းစားပြီး အတုယူ လိုက်နာကျင့်သုံးသင့်ပါတယ်။ ဒီလို ယူတတ်တာကိုပဲ အတုယူတတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အတုယူတယ်ဆိုတာ တကယ့်ကို ယူသင့်တဲ့ ကောင်းတဲ့အရာတွေကို ယူတတ်ဖို့ လိုပါတယ်။ ကောင်းတဲ့အကျိုးရှိမယ့် အရာတွေဆိုရင် ကိုယ့်ထက်ကြီးတဲ့ သူတွေဆီကရော ငယ်တဲ့သူတွေဆီကပါ ယူတတ်ရပါမယ်။ ကောင်းတဲ့ကုသိုလ်ဖြစ်မယ့် အရာတွေဆိုရင် နေရာမတူတာ၊ လူမျိုးမတူတာ၊ ဘာသာမတူတာ စတာစတာတွေကို ဘေးဖယ်ပြီး တတ်နိုင်သမျှ ရအောင်ယူနိုင်ဖို့၊ ယူတတ်ဖို့ လိုပါတယ်။ အပြစ်မရှိဘဲ အကျိုးရှိစေမယ့် အရာဆိုရင် ဂီတကလည်း ယူရမှာဖြစ်သလို ရုပ်ရှင်ဒရာမာတွေကလည်း ယူရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတာတွေဆိုရင်တော့ ဘယ်လိုပုဂ္ဂိုလ်၊ ဘယ်လိုဒေသ၊ ဘယ်လိုအချိန်၊ ဘယ်လိုအရာမျိုးကမှ မယူကြဖို့၊ မတုကြဖို့၊ အတုမလိုက်ကြဖို့ လိုပါတယ်။ ဒီလို မကောင်းတဲ့ အတုတွေ လိုက်ယူမိပြီဆိုရင်တော့ ဒီဘ၀မှာရော နောင်သံသရာမှာပါ အတုတွေနဲ့ ဒွန်တွဲနေတတ်ပြီး သံသရာဝဲထဲက ထွက်နိုင်ဖို့ မလွယ်လှတဲ့အတွက် အတုယူကောင်းအောင် ကိုယ်ကိုယ်တိုင်ပဲ ကောင်းတာတွေကို မြင်နိုင်ကြည့်နိုင်ယူနိုင်ဖို့ ကြိုးစားသင့်ပါကြောင်း စေတနာစကားဖြင့် အသိပါးလိုက်ရပါတယ်…။ အားလုံးအတုယူတတ်ကြပါစေ…

Read more »

မတောင်းပါနဲ့…

“မလိုချင်ရင် ရတယ်..”ဆိုတဲ့ စကားကို လက်တွေ့ဘ၀ အတွေ့အကြုံအရပိုပြီး သဘောပေါက်မိပါတယ်။ ဒါကလည်း လိုချင်နေရင် မရဘဲ ဖြစ်နေတတ်တာကို ကြုံတွေ့ရလို့ပါ။ လိုချင်ရချင်လို့ တောင်းလေလေ အတောင်းခံရတဲ့ ပုဂ္ဂိုလ်က မပေးချင်လေလေ ဖြစ်ပြီး မတောင်းဘဲ နေလေလေ ပေးချင်တဲ့သူက များလေလေ ဖြစ်ပါတယ်။ တောင်းယူတာနဲ့ မတောင်းပဲ ရတာနှစ်မျိုးမှာ မတောင်းဘဲ ရတာက ပိုကောင်းပါတယ်။ တောင်းလို့ရတာဟာ ပေးသူက စေတနာရှိလို့ ပေးလိုက်တာ ဟုတ်ချင်မှဟုတ်မှာပါ။ မတောင်းဘဲ သူ့အလိုလို ရလာတာကတော့ ပေးသူကိုယ်တိုင်က လိုလိုလားလားရှိလို့ ပေးလာတာဖြစ်တဲ့အတွက် စေတနာအပြည့်နဲ့ ရလိုက်ခြင်းဖြစ်ပါတယ်။ လူ့ရဲ့သဘောက လိုရင်ပြောပါလို့ ပြောထားပေမယ့် တကယ်လိုလို့ ပြောတဲ့အခါ မပေးချင်တတ်ပါဘူး။ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် တောင်းပါများ၊ အလှူခံပါများရင် အမုန်းခံရတတ်ပြီး မပေးချင် မလှူချင် ဖြစ်တတ်ပါတယ်။ ဒါကြောင့် “မတောင်းပါနဲ့၊ အလှူမခံပါနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်တယ်။ သူသူကိုယ်ကိုယ် ကိုယ့်စိတ်ကပါပြီး ပေးလိုက်တာကို ပိုနှစ်သက်ကြပါတယ်။ တစ်ချို့ဆို ကိုယ့်လောက် အဆင်မပြေသူတွေ၊ ဒုက္ခရောက်သူတွေကို တွေ့တဲ့အခါ ကိုယ်မစားရရင် နေပါစေ ပေးဖြစ်တတ်ပါတယ်။ ကိုယ့်အတိုင်းအတာလေးနဲ့ နှိုင်းချိန်ပြီး ထောက်ပံ့ဖြစ်နေတတ်ပါတယ်။ ပုံမှန်ပေးနေ၊ ထောက်ပံ့နေကျ ဖြစ်တဲ့အတွက် အချိန်တန်ရင် ပေးနေဖြစ်ပါတယ်။ ဒီလိုပေးနေရတာကိုလည်း စေတနာအပြည့်နဲ့ ကျေနပ်နေမိပါတယ်။ ဒါကို အပေးခံရသူက ပေးမှန်းသိတော့ ဘာလိုတယ်၊ ညာလိုတယ်ဆိုပြီး တောင်းဆိုလာရင် “ငါဒီလောက်ပေးနေ၊ ထေက်ပံ့နေတာကိုပဲ…”ဆိုတဲ့ အတွေးနဲ့ စိတ်မှာကွက်လာ တတ်ပါတယ်။ ပေးနေရဲ့သားနဲ့ အလိုက်မသိ ထပ်တောင်းလာတော့ စေတနာကပျက်ပြီး မပေးချင် ဖြစ်လာပါတယ်။ ပုထုဇင်ရဲ့ စိတ်ဆိုတာ ဒီလိုပါပဲ။ ကိုယ့်ဆန္ဒနဲ့ ပေးလှူနေတုန်းကတော့ အကောင်းပါပဲ။ အဲဒီအပေါ် တစ်ဖက်လူက တောင်းလာရင်တော့ မကောင်းဖြစ်ကုန်ပါတယ်။ စိတ်ဆိုတာ အမြဲပြောင်းနေတာဖြစ်လို့ ပေးချင်စိတ်ရှိလို့ ပေးတာလေးကို ကြည်ကြည်ဖြူဖြူ လက်မခံဘဲ “ဒီလောက်စေတနာ ကောင်းတာ တောင်းကြည့်ရင်တော့ ရမှာပဲ…”ဆိုပြီး တောင်းမိပါက ပေးသူရဲ့ စေတနာ ပျက်ပြားလာပြီး တောင်းမိတဲ့အတွက် အမုန်းပဲ ရလာတတ်ပါတယ်။ ဒါကြောင့် မတောင်းပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒကာကြီးတစ်ယောက်က ပြောဖူးပါတယ်။ “တပည့်တော် အရင်ကတော့ ဒီဆရာတော်ကျောင်းကို ခဏခဏရောက်ပါတယ်။ ခုနောက်ပိုင်းတော့ မသွားဖြစ်တော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တပည့်တော် ကျောင်းကိုသွားတိုင်း ဆရာတော်က ဘာလိုတယ်၊ ဘာလှူပါ၊ ညာလှူပါဆိုပြီး အလှူခံခံ နေတဲ့အခါ ကြာတော့ တပည့်တော်လည်း စေတနာပျက်ပြီး မသွားချင်တော့ဘူး။ ဘုန်းကြီးရဟန်းပဲဘုရား ဒီလောက်များများ စားစားလည်း မလိုပါဘူး။ ပစ္စည်းလေးပါး လုံလောက်ရင် ပြီးတာပဲ မဟုတ်လားဘုရား…”ဆိုပြီး ဒကာကြီးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ဒီဒကာကြီးဟာ အရင်ကတော့ ဆရာတော်ကို ကြည်ညိုမှု အားကောင်းခဲ့ပါတယ်။ နောက် ဆရာတော်က အလှူခံပါများတော့ ပုထုဇင်သဘာဝ အကြည်ညို ပျက်လာတာ ဖြစ်ပါလိမ့်မယ်။ နောက်ဆုံးတော့ တောင်းမိလိုက်တဲ့ အတွက်ပါပဲ။

မှန်ပါတယ်။ လူလည်းတောင်းပါများရင် အမုန်းရတတ်သလို ရဟန်းသံဃာလည်း အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းပါဆိုလို့ တောင်းကြတယ်၊ အလှူခံပါဆိုလို့ အလှူခံကြတယ် ဆိုပေမယ့် အတောင်းခံရတဲ့သူ၊ အလှူပေးမယ့်သူက အဆင်ပြေတဲ့ အချိန်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလိုမှမဟုတ်ဘဲ ကိုယ်တောင်းတဲ့အချိန်၊ ကိုယ်အလှူခံတဲ့ အချိန်မှာ သူလည်း အဆင်မပြေတဲ့အချိန် ဖြစ်နေလို့ကတော့ တောင်းတဲ့သူကိုလည်း အတောင်းခံရတဲ့သူက မုန်းတတ်သလို တောင်းတာကို မရတဲ့အတွက် အတောင်းခံရတဲ့သူကို တောင်းသူကလည်း မုန်းတတ်ပါတယ်။ အရင်းစစ်တော့ တောင်းတဲ့အတွက်၊ အလှူခံတဲ့ အတွက်ကြောင့်ပါပဲ။

အမှန်တော့ အလှူခံတာပဲ ဖြစ်ဖြစ် တောင်းတာပဲဖြစ်ဖြစ် ကာလဒေသ အခြေအနေ အချိန်အခါ မသိဘဲ လုပ်မိရင်တော့ တောင်းပါများရင်၊ အလှူခံပါများရင် အမုန်းရတတ်ပါတယ်။ တောင်းခြင်း၊ အလှူခံခြင်းကြောင့် အမုန်းခံရတတ်တယ်လို့ ဆိုရမှာပေါ့။ သတ္တ၀ါတွေရဲ့ သဘောကိုက မလုပ်နဲ့ဆိုရင် လုပ်ချင်တတ်ကြသလို လုပ်ပါလို့ပြောရင် မလုပ်ချင် တတ်ကြတဲ့ သဘောကိုး။ ပေးပါ၊ လှူပါလို့ပြောရင် ပေးချင်လှူချင်တဲ့ စိတ်ရှိချင်မှ ရှိမှာပါ။ တစ်ခါတစ်ခါတော့လည်း သူ့အလိုလို သဒ္ဓါပေါက်ပြီး ပေးတာ၊ လှူဒါန်းလာတာလည်း ရှိပါတယ်။ အဲလိုသဒ္ဓါပေါက်လို့ ပေးမှု၊လှူဒါန်းမှုက ကိုယ်သတ်မှတ်ပြီး အလှူခံတာထက် များရင်လည်း များတတ်ပါတယ်။ ဒါကြောင့် တောင်းတဲ့အခါ၊ အလှူခံတဲ့အခါ အမုန်းမရအောင် အစွန်းမရောက်ဖို့ အခြေအနေ အရိပ်အကဲ သိဖို့လိုပါတယ်။

တောင်းပါများရင် အမုန်းရတတ်တယ်ဆိုတဲ့ စကားလေးနဲ့စပ်ပြီး ဗုဒ္ဓစာပေထဲက ဇာတ်တော်လေးတစ်ခုကို သတိရမိပါတယ်။ အဲဒီဇာတ်တော်လေးကို ဒီနေရာမှာ တိုက်ဆိုင်မှုရှိတဲ့အတွက် တင်ပြလိုက်ပါတယ်။ ဇာတ်တော်ရဲ့အမည်က မဏိကဏ္ဌဇာတ်တော်ပါ။

ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ်ချိန်က ဘုန်းဘုန်းတို့ ဘုရားလောင်းဟာ ချမ်းသာတဲ့ပုဏ္ဏားမျိုးမှာ မွေးဖွားပါတယ်။ ဘုရားလောင်းပုဏ္ဏားမှာ ညီငယ်တစ်ယောက်လည်း ရှိပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားတဲ့အခါ ညီအစ်ကိုနှစ်ယောက်လုံး ရသေ့များဝတ်ပြီး နောင်တော်ရသေ့က ဂင်္ဂါမြစ်အထက်ပိုင်း ကျောင်းသင်္ခမ်းမှာနေပြီး ညီတော်ရသေ့က ဂင်္ဂါမြစ်အောက်ပိုင်း ကျောင်းသင်္ခမ်းမှာ ကမ္မဋ္ဌာန်းအားထုတ်ပြီး နေကြပါတယ်။ တစ်နေ့မှာ မဏိကဏ္ဌဆိုတဲ့ နဂါးမင်းဟာ လူငယ်အသွင် ဖန်ဆင်းပြီး ဂင်္ဂါမြစ်ကမ်းနားတစ်လျှောက် လမ်းလျှောက်ထွက်ရင်း ညီတော်ရသေ့ရဲ့ ကျောင်းသင်္ခမ်းကိုရောက် စကားပြောဆိုကြကာ တစ်ဦးနဲ့တစ်ဦး ချစ်ခင်ရင်းနှီးမှု ရသွားပါတယ်။ နဂါးမင်းဟာ ပြန်ခါနီးဆိုရင် ရသေ့အပေါ် ချစ်ခင်ကျင်နာမှုကို ပြတဲ့သဘောနဲ့ လူငယ်အသွင်ဖျောက်ပြီး နဂါးအသွင်းဖြင့် ရသေ့တစ်ကိုယ်လုံးကို ရစ်ပတ်ပြီး ခေါင်းပေါ်မှာ ပါးပြင်းမိုးကာ ခဏနေပြီးမှ ပြန်သွားလေ့ရှိပါတယ်။ ဒီလိုပဲ နေ့စဉ်ဖြစ်နေတဲ့အခါ ညီတော်ရသေ့ဟာ ကြောက်စိတ်ဝင်ပြီး စားမ၀င်အိပ်မပျော် တရားလည်းအားထုတ်လို့မရဘဲ ပိန်ချုံးလာပါတယ်။ ဒီအကြောင်းကို နောင်တော်ရသေ့နဲ့တွေ့လို့ ပြောဆိုတဲ့အခါ နောင်တော်က နောင်အခါ နဂါးမင်းလာရင် နဂါးမင်း အမောက်မှာ ၀တ်ဆင်လာတဲ့ ပတ္တမြားကို တောင်းဖို့ အကြံပြုပါတယ်။ ညီတော်ရသေ့လည်း နောင်တော်အကြံပြုတဲ့အတိုင်း နဂါးမင်းလာတဲ့အခါ ပတ္တမြားကို တောင်းပါတယ်။ နဂါးမင်းဟာ သူတန်ဘိုးထား ကြည်ညိုမှုအပေါ်မှာ အခွင့်ရေးယူပြီး သူအမြတ်တနိုးထားတဲ့ ပတ္တမြားကိုမှ တောင်းလာပြီဆိုတော့ စိတ်မှာကွက်လာပါတယ်။ ရသေ့ဆီသွားတိုင်း ပတ္တမြားကိုပဲ တောင်းတောင်းနေလေတော့ ရသေ့ထံ မသွားချင်ဖြစ်လာပါတယ်။ ကြည်ညိုရာကနေ အခွင့်အရေးယူကာ တောင်းဆိုလာနေတော့ အကြည်ညိုပျက်လာပါတယ်။ နောက်ပိုင်း နဂါးမင်းဟာ တောင်းလွန်းတဲ့ အဲဒီရသေ့ထံ မသွားတော့ပါဘူး။ နဂါးလည်း စိတ်နဲ့သတ္တ၀ါဆိုတော့ တောင်းတာကို စိတ်ပျက်ပြီး မကျေမနပ် အမုန်းတွေပဲ ဖြစ်နေပါတော့တယ်။ နဂါးမင်း မလာတော့တဲ့အတွက် ညီတော်ရသေ့ကတော့ တရားကောင်းကောင်း အားထုတ်လို့ ရသွားပါတယ်။ ဒီနေရာမှာ ရသေ့အနေနဲ့ တရားအားထုတ်ချင်လို့ မလာအောင် တမင်တောင်းတာဖြစ်ပေမယ့် သာမန်လူတွေ အတွက်ကတော့ တောင်းပါများရင် လိုတာမရဘဲ အမုန်းပဲ ရတတ်စေပါတယ်။ ဒါက လက်တွေ့ဘ၀ ပစ္စည်းဝတ္ထုများ တောင်းတာမတောင်းတာနဲ့ ပတ်သက်လို့ ပြောပြတာပါ။ တောင်းပါများရင် အမုန်းရတတ်တာကို သိစေချင်တာပါ။

တကယ်တော့ တောင်းလို့ရတာထက် လုပ်လို့ရတာက ပိုကောင်းပါတယ်။ တောင်းပြီးယူတာထက် လုပ်ပြီးယူတာက ပိုတန်ဘိုးရှိပါတယ်။ တောင်းတယ်ဆိုတာ သူများကို အားကိုးတာဖြစ်ပြီး လုပ်ယူတယ်ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာ ဖြစ်ပါတယ်။ သူများအားကိုးတာဖြစ်တဲ့အတွက် သူများသဒါမှ ရမှာဖြစ်ပြီး လုပ်ယူတာကတော့ ကိုယ်အားရှိသလောက် ရပါတယ်။ ဘာသာတရား ရှုထောင့်က ပြောရင်တော့ ဆုတောင်းပြီး ယူတာနဲ့ ကျင့်ကြံပြီး ယူတဲ့ သဘောလို့ နားလည်နိုင်ပါတယ်။ ဆုတောင်းလို့ ရနိုင်ပေမယ့် အဆုံးစွန်ဖြစ်တဲ့ လွတ်မြောက်မှု၊ ငြိမ်းချမ်းမှုကိုတော့ မရနိုင်ပါဘူး။ ကျင့်ကြံမှုကတော့ အဆုံးစွန်ဖြစ်တဲ့ အကောင်းဆုံးအထိ ရနိုင်ပါတယ်။ ဒီသဘောအရ မတောင်းပါနဲ့၊ ကျင့်ကြံပါလို့ပြောတာ ဖြစ်ပါတယ်။ လောကီပိုင်းမှာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာပိုင်းမှာပဲ ဖြစ်ဖြစ် တောင်းပြီး ရတယ်ဆိုတာ မရှိပါဘူး။ ရခဲ့ရင်လည်း တန်ဘိုးအကြီးဆုံးတော့ မဖြစ်နိုင်ပါဘူး။ လုပ်ပြီး ရယူတာကပဲ အကောင်းဆုံးကို ရနိုင်ပါတယ်။ လောကီပိုင်းမှာလည်း ကိုယ့်ကိုယ်ကို အရည်အချင်းရှိအောင် ကြိုးစားလုပ်ကိုင်ထားရင် ဒီပညာရပ်က ကိုယ့်ကိုတောင်းစရာ မလိုအောင် ပေးချင်သူတွေက နောက်ကလိုက်နေကြမှာပါ။ လောကုတ္တရာပိုင်းမှာလည်း အကျင့်တရားသာ ကောင်းနေမယ်၊ သီလသမာဓိပညာသာ အားကောင်းနေမယ်ဆိုရင် အလှူခံစရာကို မလိုဘဲ လှူချင်တမ်းချင်သူတွေက မပြတ်ဖြစ်နေကြမှာပါ။ ဒါကြောင့် လိုချင်ရချင်မှုတွေကို တောင်းမယူကြဘဲ အလုပ်တစ်ခုခုကို ကြိုးစားအားထုတ် ကျင့်ကြံကြိုးကုတ်ကာ လုပ်ပြီးယူကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံး လိုချင်တာကို ကျင့်ကြံအားထုတ်ပြီး ရယူနိုင်ကြပါစေ…

Read more »

အပတ်စဉ် တရားပွဲများနှင့် တရားသင်တန်းများ..

ကိုရီးယားနိုင်ငံ၊ ဒေဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း၏ ပဓာန နာယကဆရာတော် ဘဒ္ဒန္တ၀ိစိတ္တမှ ကိုရီးယားနိုင်ငံရောက် မြန်မာများနှင့် ကိုရီးယားနိုင်ငံသားများအတွက် အပတ်စဉ် တရားပွဲများ၊ အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများနှင့် ဓမ္မသင်တန်းများကို အောက်ပါအတိုင်း ဟောကြားပြသ သင်ကြားပို့ချ ပေးမည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို ကြွရောက်နာယူ၊ လေ့လာသင်ယူနိုင်ပါကြောင်း အသိပေး ဖိတ်ကြားအပ်ပါသည်။

၁။ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း (မြန်မာများအတွက် တနင်္ဂနွေတရားပွဲ)
အချိန် = နေ့လယ် ၁နာရီမှ ၂နာရီအထိ
နေရာ = စိတ္တသုခ ဘုန်းတော်ကြီးကျောင်း

၂။ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း (ကိုရီးယားများအတွက် ဗုဒ္ဓဟူး ဓမ္မသင်တန်း)
အချိန် = ညနေ ၇ နာရီမှ ၈ နာရီ ခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၁-၄-၂၀၁၀ ရက်နေ့မှ စတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကိုရီးယားလို သင်ကြားပို့ချပေးမည်။

၃။ အပတ်စဉ် စနေနေ့တိုင်း (မြန်မာ၊ ကိုရီးယားများအတွက် စနေတရားပွဲနှင့် ၀ိပဿနာတရား အားထုတ်နည်း)
အချိန် = နေ့လယ်၂ နာရီမှ ၃ နာရီခွဲအထိ
နေရာ = ဘုန်းတော်ကြီးကျောင်း
မှတ်ချက်။ ၂၄-၄-၂၀၁၀ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေနေ့တိုင်း ကိုရီးယားလို ဟောကြားပြသပေးမည်။


Read more »

ဓမ္မဒူတ မဟုတ်… ဒေသန္တရဗဟုသုတမျှသာ…


၆-၃-၂၀၁၀ ရက်နေ့မှ ၂၃-၃-၂၀၁၀ ရက်နေ့အထိ ဘုန်းဘုန်းတို့ ပြည်ပခရီး ထွက်ဖြစ်ခဲ့ပါတယ်။ စင်္ကပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ တစ်ညတာ ထိုင်ဝမ်ခရီးစဉ်တွေပါပဲ။ နှစ်ပတ်ကျော်ကျော် သုံးပတ်နီးပါး ကြာသွားပါတယ်။ ဓမ္မဒူတခေါ် သာသနာပြုခရီး မဟုတ်ဘဲ၊ ဒေသန္တရ ဗဟုသုတခေါ် လေ့လာရေး ခရီးအဖြစ် ကြွရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ခရီးကြွရင်း ရောက်တဲ့အရပ်မှာ ရှိနေတဲ့ ဘုန်းဘုန်းတို့ရဲ့ ရဟန်းဒကာ၊ ရဟန်းအမများနဲ့ ကြည်ညိုရင်းစွဲ ရှိနေပြီးသား အသိဒကာဒကာမများကိုတော့ ဓမ္မစကား ဟောကြားပေးဖြစ်ခဲ့တာပေါ့။ ထိုင်ဝမ်မြို့ တိုင်ပေလေဆိပ်က ထွက်တယ်ဆိုတာနဲ့ မတူညီတဲ့ ရာသီဥတုနဲ့ စတင်ရင်ဆိုင်ရပါတယ်။ အရမ်းအေးတဲ့ နေရာကနေ ဆောင်းရာသီဆိုတာ မရှိဘဲ နွေနဲ့မိုးရာသီပဲ ရှိတဲ့ စင်္ကာပူနိုင်ငံဘက်ကို ထွက်လာတာဆိုတော့ အအေးထဲက အပူထဲရောက်သွားသလို ရာသီဥတု အပြောင်းအလဲဒဏ်ကို ခံရပါတော့တယ်။ ပုံမှန်ခံနေကျသူတွေ အတွက် သိပ်မသိသာပေမယ့် အအေးတောထဲက သူတွေအတွက်တော့ ချွေးတွေနဲ့ ရွှဲဆိုနေပါတော့တယ်။

စင်္ကာပူလေဆိပ်ကို ရောက်တယ်ဆိုရင်ပဲ လာကြိုနေတဲ့ ရဟန်းအမဇနီးမောင်နှံက အဆင်သင့်စောင့်နေပါတယ်။ ပြီးတော့ တည်းခိုမယ့် ဘုန်းကြီးကျောင်းကို ထွက်ခဲ့ပါတယ်။ ကျောင်းအသွားလမ်းမှာ မြင်သမျှ မြင်ကွင်းများကို ကြည့်ပြီး ၁၉၉၈ခုနှစ်က ရောက်ခဲ့တဲ့ စင်္ကာပူနဲ့ အခုတစ်ခါ ပြန်ရောက်လာတဲ့ စင်္ကာပူ နိုင်ငံရဲ့ ပြောင်းလဲနေမှု၊ ဟိုတုန်းက မြင်ခဲ့ရတဲ့ ခံစားချက်နဲ့ အခုမြင်နေရတဲ့ ခံစားချက် မတူညီလှတဲ့ ဘုန်းဘုန်းရဲ့ ခံစားမှုများက အမြဲပြောင်းလဲနေတဲ့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို ထင်ဟပ်စေပါတယ်။ အမှန်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှု ကွာခြားတဲ့ သဘောပါပဲ။ ဟိုတုန်းက နိုင်ငံခြားတိုင်းပြည်ကို မရောက်ဖူးခင်ကဆိုရင် တောမှာမွေးတဲ့ တောသားတစ်ယောက်အတွက် ရန်ကုန်မြို့ကြီးဟာ အစစအရာရာ အံ့သြစရာများ ဖြစ်ခဲ့သလို ရန်ကုန်ကအထွက် မြန်မာပြည်ထက် တိုးတက်တယ်လို့ ထင်ရတဲ့ နိုင်ငံတွေရောက်ပြန်တော့ တောသားမြို့ရောက်သလို ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက စင်္ကာပူမှာ အရင်ရောက်နေတဲ့ ရွှေမြန်မာတွေက ဘုန်းဘုန်းတို့ကို မြင်တော့ ရွာကဘုန်းကြီးတွေ ကြွာလာတယ်ဟေ့လို့ သူတို့အချင်းချင်း လှမ်းပြောကြတာ ဖြစ်မှာပါ။ ဒီတုန်းက ဟေ့… ဒို့ ရွာကလာတာမဟုတ်ဘူး၊ ရန်ကုန်ကလာတာလို့တောင် ပြန်ပြောဖြစ်လိုက်ပါသေးတယ်။ နောက်တော့မှ ဟိုစက်ပစ္စည်းမသုံးတတ်၊ ဒီခလုပ်မနှိပ်တတ် ဖြစ်ခဲ့ရတဲ့ ကိုယ့်အဖြစ်ကိုကြည့်ပြီး အင်း…ရွာကဘုန်းကြီးတွေလို့ သူတို့ပြောတာ ဟုတ်နေပါလားလို့ သဘောပေါက်ခဲ့ပါတယ်။ ဒီတစ်ခေါက်တော့ စင်္ကာပူထက် ရုပ်ပိုင်းဆိုင်ရာတွေ တိုးတက်တယ်လို့ ထင်ရတဲ့ ကိုရီးယားနိုင်ငံမှာ အနေကြာပြီး စင်္ကာပူကို ရောက်သွားတာဆိုတော့ တိုးတက်လှပါတယ်ဆိုတဲ့ စင်္ကာပူက ရန်ကုန်ပုံစံ ပြန်ဖြစ်သွားသလိုပါပဲ။ ဒါဟာ ပြောင်းလဲတတ်တဲ့ လူ့ခံစားချက်တွေပါပဲ။ ကိုရီးယားထက် တိုးတက်တဲ့ နိုင်ငံတွေ ရောက်ဖြစ်ရင်လည်း ဒီလိုခံစားချက်မျိုး ထပ်ဖြစ်နေဦးမှာပါပဲ။ အရင်းစစ်တော့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေနဲ့ ဘ၀အဆင့်မြင့်မှု မမြင့်မှုတွေကို သတ်မှတ်ကြတဲ့ ခေတ်ကာလ အခြေအနေကြီးကြောင့်ပဲ ဖြစ်ပါတယ်။

ပိုပြီး မထူးဆန်းတာက စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံလို ဖြစ်နေတော့တာပါပဲ။ ဘယ်နေရာရောက်ရောက် မြန်မာများနဲ့ ပြည့်နေတတ်သလို မြန်မာနိုင်ငံမှာ ရှိတာတွေ အကုန်ရှိနေတာတွေပါ။ မရှိတာတွေလည်း ရှိကုန်ပါတယ်။ လွတ်လပ်မှုနဲ့ ထိန်းချုပ်မှု မရှိတာကတော့ ပုထုဇင်တွေရဲ့ စိတ်အစဉ်ကို အထိမ်းအကွပ်မဲ့စေပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေကြားမှာ အတုမြင်အတတ်သင် ဆိုတာတွေ ဖြစ်ကုန်ပါတယ်။ ခေတ်မီတယ်လို့ ဆိုကြတဲ့ သူတို့အမြင်တွေက ဘာသာတရား ရှုထောင့်ကကြည့်ရင် အပြစ်ဖြစ်စရာတွေ ဖြစ်နေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေက ကိုယ်ကျင့်တရားပိုင်းအထိ အနိုင်ယူနေတာကို သတိပြုမိခဲ့ပါတယ်။ ပိုဆိုးတာက အဲဒီမှာ ရောက်နေတဲ့ မြန်မာအများစုရဲ့ မျက်နှာတွေမှာ လောကဓံလှိုင်း ရိုက်ခတ်မှုတွေရယ်၊ ရာသီဥတု ပူပြင်းမှုဒဏ်တွေရယ်၊ အလုပ်ပင်ပန်းမှု ဒဏ်တွေရယ်ကြောင့် ကြည်လင်အေးဆေးမှု မရှိတဲ့အချက်ပါပဲ။ အချိန်အတိုတွင်း အိုဆာလိုက်တာလို့ ခံစားမိခဲ့ပါတယ်။ သတ္တ၀ါတွေဟာ အမြဲတမ်း အိုနေကြတာဆိုပေမယ့် တိုးတောင်းလှတဲ့ အချိန်လေးမှာပဲ ပိုပြီးအိုဆာသွားတယ်လို့ ထင်ရလောက်အောင် သူတို့ဘ၀တွေမှာ ဒုက္ခပင်လယ်တွေ ဝေနေကြတာတွေပါ။ လုပ်ရတဲ့အလုပ်နဲ့ ရတဲ့လခတွေ သိရပြန်တော့ ဘုန်းဘုန်းတို့လို အလှူခံပုဂ္ဂိုလ်တွေ အနေနဲ့ သုံးတောင်မသုံးရက်၊ အလှူတောင် မခံရက်လောက်အောင် သနားမိပြန်ပါတယ်။ အဲဒီမှာရှိတုန်း တစ်နေ့ ဒကာမလေးတစ်ယောက်က ဟိုဟိုဒီဒီလိုက်ပို့ရင်း တိုလီမိုလီလေးတွေ ၀ယ်လိုက်တာ စင်္ကာပူဒေါ်လာ တစ်ရာကျော်လောက် ကုန်သွားပါတယ်။ နာရီပိုင်းအတွင်း သုံးလိုက်တဲ့ အသုံးစရိတ်ဟာ တစ်ချို့အလုပ် လာလုပ်သူတွေအတွက် တစ်ပတ်နှစ်ပတ်စာ လုပ်ခလောက်ဖြစ်နေပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း ပင်ပင်ပန်းပန်းရှာဖွေပြီး လှူဒါန်းတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာအများရဲ့ သဒ္ဓါတရားကို လေးစားရတဲ့အပြင် သူတို့ရဲ့အလှူအပေါ်မှာလည်း အလှူခံဖို့ ၀န်လေးမိပြန်ပါတယ်။ ဘုန်းဘုန်းကတော့ ရင်းနှီးတဲ့ ဒကာဒကာမတွေဆိုရင် လိုရင်ပြောမယ်ဆိုပြီး တစ်ခါတစ်လေ ငြင်းဆန်မိပါတယ်။ ဆိုလိုတာက ဘုန်းဘုန်းတို့လို အလှူပုဂ္ဂိုလ်တွေ အနေနဲ့ နိုင်ငံခြားမှာ ရှိနေတဲ့ အလုပ်သမား မြန်မာများရဲ့ အခက်အခဲနဲ့ သဒ္ဓါတရားကို ထောက်ဆပြီး သူတို့ချွေးနဲစာတွေကို အလှူခံတာနဲ့အမျှ အလှူအကျိုးကြီးအောင်လည်း ကိုယ့်ဘက်က အကျင့်တရားရော အတ္တပရ အလုပ်များပါ ကြိုးစားလုပ်ဆောင်ရင်း ဒကာဒကာမများအတွက် မေတ္တာဓာတ်များ များများပွားပေးဖို့ လိုတယ်ဆိုတဲ့ အချက်ပါပဲ။

ထားပါတော့။ စင်္ကာပူမှာ တစ်ပတ်လောက်နေပြီး မလေးရှားဘက်ကို ကူးဖြစ်ပါတယ်။ ကူးတဲ့အခါ ပုံမှန်ဘက်စ်ကားနဲ့ကူးရင် အစစ်အဆေး အလုပ်ရှုပ်မှာဖြစ်လို့ ဘုန်းဘုန်းရဲ့ ဒကာဒကာမတွေက ကွာလာလမ်ပူ Kuala Lumpur)အထိ ကားငှါးပေးကြပါတယ်။ ကေအယ်လ်(KL)ကို နေ့ဆွမ်းစားအမှီ ရောက်ခဲ့ပါတယ်။ မလေးရှားကျပြန်တော့လည်း မြန်မာနိုင်ငံအတိုင်းပါပဲ။ မြန်မာတွေ နေရာအနံ့မှာ ပုံစံအမျိုးမျိုး ဘ၀အမျိုးမျိုးနဲ့ လှုပ်ရှားနေကြ၊ ၀မ်းရေးအတွက် ကြိုးစားနေကြတာတွေလည်း တွေ့ခဲ့ရပြန်ပါတယ်။ ကေအယ်လ်မှာ သွားရောက်လေ့လာသင့်တဲ့ နေရာတွေ သွားရောက်ပြီး နောက်တစ်နေ့ ညနေပိုင်း ဘက်စ်ကားနဲ့ ပီနန်ဘက်ကို ကြွဖြစ်ခဲ့ပါတယ်။ ဘက်စ်ကားစီးချိန် လေးနာရီကျော် ငါးနာရီခန့်ကြာခဲ့ပါတယ်။ နောက်နေ့မှာတော့ ညီမတစ်ယောက်ရဲ့ အဆောင်မှာ မြန်မာများစုပေါင်းပြီး ဆွမ်းကပ်တရားနာ လုပ်ကြလို့ ကြွရောက်ချီးမြောက်ကာ တရားဓမ္မ ဟောကြားပေးဖြစ်ပါတယ်။ ပီနန်မှာတော့ ပီနန်ဆရာတော်ကြီးကျောင်းမှာ တည်းခိုဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာများအတွက်ရော မြန်မာရဟန်းတော်များအတွက် ပီနန်မှာ အားထားစရာ၊ ဂုဏ်ယူစရာ ဖြစ်နေပါတော့တယ်။ ဆရာတော်ကြီးက ပီနန်ကျောင်းကို သင်္ကန်းဝတ်ထားတဲ့ ဘုန်းကြီးဆို ဘယ်သူမဆို တည်းခိုခွင့်ရအောင် ညွန်ကြားထားလေတော့ အသိမရှိတဲ့ ဘုန်းကြီးတွေအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။ ဆရာတော်ကြီးရဲ့ သာသနာပြု လုပ်ဆောင်ချက်တွေဟာ ကမ္ဘာတစ်ဝန်းမှာ ဂုဏ်ယူစရာတွေများလှပါတယ်။ ကမ္ဘာမှာ မြန်မာဘုန်းတော်ကြီး ကျောင်းလို့ ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ညွန်ပြနိုင်ဖို့ဆိုတာ ပီနန်ဆရာတော်ကြီးရဲ့ ကျောင်းတိုက်တွေပဲ ရှိတယ်လို့ ထင်ပါတယ်။ ပီနန်မှာရှိတဲ့ မြန်မာကျောင်းဆိုရင်လည်း နိုင်ငံခြားသားများအတွက် လည်ပတ်စရာ တစ်ခုအဖြစ် ခရီးသွားလမ်းညွန်ထဲအထိ ပါဝင်နေပြီး နေ့စဉ်လာရောက် လေ့လာသူများနဲ့ အမြဲ စည်ပင်လို့ နေပါတယ်။ တစ်ဘက်ကလည်း ဆရာတော်ကြီး မရှိတော့ရင် ဆရာတော်ကြီး တည်ထောင်တော်မူခဲ့တဲ့ ကျောင်းတိုက်တွေကို တရုတ်တွေ လွှမ်းမိုးသွားမှာကို စိုးရိမ်မိပြန်ပါတယ်။ ရေရှည်အတွက် ဆရာတော်ကြီးကတော့ စီစဉ်ခဲ့မှာပါ။

အမှန်ပြောရရင် နိုင်ငံတကာမှာ မြန်မာဘုန်းကြီးကျောင်းများနဲ့ တစ်ခြားထေရ၀ါဒနိုင်ငံ ဘုန်းကြီးကျောင်းများ ယှဉ်လိုက်ရင် မြန်မာဘုန်းကြီးကျောင်းတွေဟာ ဟိုတစ်စု ဒီတစ်စုနဲ့ အခိုက်အတန့် ယာယီငှါရမ်းထားတာတွေပဲ များနေတတ်ပါတယ်။ တစ်ခြားနိုင်ငံ ဘုန်းကြီးကျောင်းတွေကတော့ အများကြီးမရှိသလို ရှိတဲ့ကျောင်းကလည်း ထည်ထည်ဝါ၀ါ ခန့်ခန့်ငြားငြား ရှိလှပါတယ်။ ပီနန်ဆရာတော်ကြီးက ဒီအချက်ကို သဘောပေါက်ပြီး ပီနန်၊ စင်္ကာပူ၊ အမေရိက စတဲ့နိုင်ငံတွေမှာ ရှိတဲ့ကျောင်းတွေကို ကျောင်းနဲ့တူအောင် ခန့်ငြားထည်ဝါမှုအပြည့်နဲ့ တည်ထောင်နိုင်တဲ့ ဂုဏ်ယူစရာပြယုဂ်အဖြစ် ထင်ရှားစေပါတယ်။ ကံကောင်းတယ်လို့ပဲ ပြောရပါမယ်။ ဘုန်းဘုန်းလည်း ပီနန်ဆရာတော်ကျောင်းမှာ တည်းခွင့်ရတုန်း ဆရာတော်ကြီးနဲ့ပါ စကားပြောခွင့် ရခဲ့ပါတယ်။ ဆရာတော်ကြီးက ဘုန်းဘုန်းတို့လို နိုင်ငံခြားရောက် သာသနာပြု ရဟန်းတော်တွေအတွက် တန်ဘိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံစကားတွေနဲ့ နည်းပေးလမ်းညွှန်မှု အပြည့်ပေးတော်မူပါတယ်။ ဆရာတော်ကြီးရဲ့ စကားတွေမှာ ဘုန်းဘုန်းတို့နဲ့ မတူတဲ့ တွေးခေါ်မျှော်မြင်မှုများနဲ့ အဖိုးတန် မှတ်သားစရာတွေ အများကြီး ပါပါတယ်။ စကားလုံးတိုင်းမှာ ယူစရာတွေ ထည့်ပြောသွားပါတယ်။ ဘုန်းဘုန်းရဲ့ ခရီးစဉ်မှာ တန်ဘိုးမဖြတ်နိုင်တာက ဆရာတော်ကြီးနဲ့ တွေ့ဆုံကာ စကားပြောခွင့် ရခဲ့တာပါပဲ။

ဆရာတော်ကြီးနဲ့ စကားပြောတော့ နိုင်ငံတကာမှာ မြန်မာများ မညီညွတ်ရတဲ့အကြောင်း၊ ဘုန်းကြီးကျောင်းများ ကွဲရတဲ့အကြောင်း၊ မြန်မာဘုန်းကြီးကျောင်းများ ခန့်ခန့်ငြားငြားမရှိ ဟိုတစ်စုဒီတစ်စု ဖြစ်ရတဲ့အကြောင်းများလည်း ပြောဖြစ်ခဲ့ပါတယ်။ ဆရာတော်ကြီးက မြန်မာတွေ ဘယ်နေရာရောက်ရောက် မညီမညွတ် ဖြစ်ကြတဲ့ အကြောင်းရင်းကို ဘုန်းဘုန်းကိုမေးတော့ ဘုန်းဘုန်းက မနာလို မရှုစိမ့်ဖြစ်တဲ့အတွက်ကြောင့် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ကွဲပြား ခိုက်ရန်များကြတာ ဖြစ်နိုင်ကြောင်း အရိုးခံ လျှောက်ထားဖြစ်ပါတယ်။ ဆရာတော်ကြီးကတော့ မြန်မာတွေ ဘာကြောင့် ဒီလို မညီမညွတ်ဖြစ်ရတာလဲဆိုရင် အဓိကကတော့ မွဲလို့ဖြစ်တာလို့ အမိန့်ရှိပါတယ်။ မွဲတဲ့အတွက် ကိုယ့်ထက်သာသွားမှာ မလိုလားဘဲ တိုက်ခိုက်နေကြတာ ဖြစ်ကြောင်း မိန့်တော်မူပါတယ်။ အများနဲ့ မတူတဲ့ ဆရာတော်ကြီးရဲ့ အမြင်ဟာ လက်တွေ့ဘ၀မှာ တကယ့်ကို ဖြစ်နေတာပါပဲ။ မွဲတဲ့အပြင် အသိဉာဏ်ပါ ခေါင်းပါးလာနေတော့ မြန်မာတွေဟာ စည်းလုံးမှုပါ ပျက်ပြားလာပြီး တစ်စတစ်စ ဆုတ်ယုတ်မှုတွေပဲ များများလာနေပါတော့တယ်။

မလေးရှားနိုင်ငံမှာ လေးငါးရက်လောက်နေပြီး ကမ္ဘောဒီယား နိုင်ငံဘက်ကို ခရီးဆက်ဖြစ်ပါတယ်။ ကေအယ်လ်ကနေ အန်ကောဝပ် (Angkor wat ) ကျောင်းတော်ကြီးရှိရာ ကမ္ဘောဒီယားနိုင်ငံ Siam Reap မြို့ကို တိုက်ရိုက်လေကြောင်းနဲ့ သွားရောက်ဖြစ်ခဲ့ပါတယ်။ ကမ္ဘောဒီယားရဲ့ မြို့တော်ဖြစ်တဲ့ ဖနွမ်းပင် (Phnom Penh) ထက် ဒီအန်ကောဝပ် ဘုရားကျောင်းရှိရာ Siam Reap မြို့ကို နိုင်ငံခြားသား ခရီးသွားများ အလာများကြပါတယ်။ ထိုင်းနိုင်ငံနဲ့နီးတဲ့အတွက် ထိုင်းဘက်က ကားနဲ့လာသူတွေ ရှိသလို Siam Reapကနေ ထိုင်းကို ကူးသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီဘုရားကျောင်းရှိရာ မြို့ကတော့ ကမ္ဘောဒီယားရဲ့ နိုင်ငံခြားငွေ ရှာဖွေပေးရာ အဓိကနေရာကြီး ဖြစ်နေပါတယ်။ တိုးရစ်ဇုန်ဆိုလည်း မမှားပါဘူး။ နေထိုင်သွားလာစရိတ် သက်သာတဲ့အပြင် စားစရိတ်ပါ မျှတတဲ့အတွက် နိုင်ငံခြားသား အများစု လာရောက်လေ့ရှိပါတယ်။ ပိုကောင်းတာက ဘယ်နိုင်ငံသားမဆို အလွယ်တကူ Arrival Visa ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ မြန်မာနိုင်ငံလို သွားရေးလာရေး ခက်ခဲတဲ့ နိုင်ငံသားများအတွက်လည်း အလွန်အဆင်ပြေလှပါတယ်။

အန်ကောဝပ် ဘုရားကျောင်းဟာ မူလက ဟိန္ဒူဘုရားကျောင်း ဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးအဖြစ် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၉၀ရာခိုင်နှုန်းခန့်ရှိတဲ့ ကမ္ဘောဒီယား အများစုက ဂုဏ်ယူလေ့ရှိကြပါတယ်။ ဒီကျောင်းတော်ကြီးကြောင့်လည်း ထိုင်းနိုင်ငံနဲ့ ကမ္ဘောဒီယား နယ်စပ်ပြဿနာများ မကြာခဏ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အန်ကောဝပ်ကျောင်းကြီးရဲ့ ရှေးကျတဲ့ အနုပညာ လက်ရာများကို ကြည့်ရင် ဟိန္ဒူနတ်ဘုရားတစ်ဆူ ဖြစ်တဲ့ ဗိသျှနူးရုပ်ပုံတွေကို နေရာအတော်များများမှာ တွေ့ရတတ်ပါတယ်။ Siam Reap မှာရှိတဲ့ အန်ကောဝပ် ဘုရားကျောင်း နယ်နိမိတ်ဝန်းကျင်မှာလည်း အလားတူ ရှေးဟောင်းဘုန်းကြီး ကျောင်းများလည်း ရှိနေတော့ လှည့်လည်လေ့လာဖို့ အချိန်အတော်ပေးမှကို ပြည့်စုံနှံ့စပ်နိုင်ပါတယ်။ ဘုန်းဘုန်းလည်း ၂ရက်လောက် အချိန်ပေး လေ့လာပြီး ကမ္ဘောဒီးယားရဲ့ မြို့တော် ဖနွမ်းပင်ကို ဘက်စ်ကားနဲ့ ထွက်လာခဲ့ပါတယ်။

အန်ကောဝပ်ကနေ ဖနွမ်းပင်ကို အဝေးပြေကားနဲ့ ၆နာရီလောက် စီးရပါတယ်။ ကားကတော့ မြန်မာပြည်မှာ စွဲနေတဲ့ ကားတွေလိုပါပဲ။ ကွာခြားတာက ကမ္ဘောဒီးယားဟာ မြန်မာလောက် မချမ်းသာပေမယ့် အဝေးပြေးလမ်းမကြီး အပါအ၀င် မြို့တွင်းလမ်းတွေတော့ ကောင်းအောင်လုပ်ထားပေးတာပဲ ဖြစ်ပါတယ်။ ဖနွမ်းပင်ရောက်တော့ နေ့လယ် ၂နာရီလောက် ရှိနေပါပြီ။ မြို့တော်ဖြစ်လို့ ရောက်အောင်သွားဖြစ်ခဲ့ပေမယ့် လည်ပတ်စရာ လေ့လာစရာ သိပ်မရှိပါဘူး။ အဆောက်အဦတွေရဲ့ တိုးတက်မှုကလည်း မြန်မာပြည်လောက် မဖြစ်ထွန်းသေးပါဘူး။ အဲဒီနေ့နားပြီး နောက်နေ့မနက်စောစောမှပဲ လည်သင့်တဲ့ နေရာတွေ သွားရောက်လေ့လာ ဖြစ်ပါတယ်။ ဘုရင့်နန်းတော်နဲ့ နန်းတော်တွင်းမှာ ရှိတဲ့ ငွေဘုရားတွေကို သွားရောက်ခဲ့ပြီး ခမာတွေဝင်လာကာ လူတွေကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ စာသင်ကျောင်းကို သွားရောက်ခဲ့ပါတယ်။ ဒီအထက်တန်းကျောင်းဟာ အဲဒီအချိန်တုန်းက အတိုင်းပဲထားပြီး ပြတိုက်အဖြစ် ပြသထားပါတယ်။ သတ်ဖြတ်ခံထားရတဲ့သူတွေရဲ့ ဓာတ်ပုံတွေနဲ့ အမျိုးမျိုး နှိပ်စက်ထားတဲ့ ပုံတွေကို ပြသထားတာ ကြည့်ရတဲ့သူတွေတောင် စိတ်မကောင်း ဖြစ်ရပါတယ်။ အဲဒီနေ့ နေ့လည်ပိုင်းမှာတော့ ခမာတွေရဲ့ လူသတ်ရာ killing Field ခေါ် လူသတ်ကွင်းကို သွားရောက်ဖြစ်ခဲ့ပါတယ်။ အသတ်ခံထားရတဲ့ သူတွေရဲ့ မူလဦးခေါင်းခွံတွေကို ပြတိုက်မှာထားပြီး ပြသပေးထားပါတယ်။ ခမာတွေရဲ့ ရက်စက်မှုကတော့ ကမ္ဘောဒီယားတွေ အတွက် တစ်သက်မမေ့စရာတွေပါပဲ။

ကမ္ဘောဒီယားမှာ သုံးညအိပ် လေးရက်လောက် နေထိုင်လေ့လာပြီး စင်္ကာပူမှာ ရှိတဲ့ ရဟန်းအမများရဲ့ ဆွမ်းကပ်တရားပွဲအမီ စင်္ကပူကို ပြန်ကြွခဲ့ရပါတယ်။ တနင်္ဂနွေနေ့ ဆွမ်းကပ်တရားဟောပြီး နောက်တနင်္လာနေ့မှာ ထိုင်ဝမ်ကတစ်ဆင့် ကိုရီးယားကို ပြန်ကြွလာဖြစ်ခဲ့ပါတယ်။ ထိုင်ဝမ်မြို့ထဲမှာရှိတဲ့ ဟိုတယ်မှာ တစ်ညတာအိပ်၊ ညပိုင်းလေ့လာ လည်ပတ်ပြီး နောက်နေ့ နေ့လယ်ဖလိုက်နဲ့ ကိုရီးယားနိုင်ငံ အင်ချွန်းလေဆိပ်ကိုရောက်၊ အဲဒီမှ ဘုန်းဘုန်းကျောင်းကို အဝေးပြေးကားကြီးနဲ့ လေးနာရီလောက်ထပ်စီးကာ ပြန်လာခဲ့ပါတယ်။ ကျောင်းရောက်တော့ ည ၉နာရီခွဲသွားပါပြီ။ ရေမိုးချိုး ဘုရားရှိခိုးပြီး ၆ရက်နေ့ကနေ စတင်ခဲ့တဲ့ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။

သေချာတာကတော့ ၁၈ရက်ကြာ ကြွရောက်ခဲ့တဲ့ စင်္ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ ထိုင်ဝမ်ခရီးစဉ်ဟာ သာသနာပြုကြွရောက်ခဲ့တဲ့ ဓမ္မဒူတ ခရီးမဟုတ်ခဲ့ဘဲ၊ နေရာဒေသအသစ်တွေကို ကြွရောက်လေ့လာ အတွေ့အကြုံရှာခဲ့တဲ့ ဒေသန္တရဗဟုသုတ ခရီးသက်သက်သာ ဖြစ်ခဲ့တယ်ဆိုတာပါပဲ။ အတွေ့အကြုံဆိုတာ ၀ယ်ယူရတယ်လို့ ဆိုသလို အချိန်တွေ၊ ငွေတွေနဲ့ ၀ယ်ယူလေ့လာခဲ့ရတဲ့ ဒီခရီး အတွေ့အကြုံကတော့ ဘုန်းဘုန်းတို့အတွက် အနာဂတ်မှာ ဆောင်စရာ ရှောင်စရာ အတုယူ လိုက်နာစရာတွေကို ပေးခဲ့တယ်ဆိုတာ သေချာနေပါတော့တယ်…

Read more »

အကောင်းဆုံးအချိန် (သို့) ယခုပင်လျှင်…

ရုပ်နာမ်ဓမ္မသင်္ခါရတို့
ကိုယ်ကဤပုံဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲသူတနဲဖြင့်
ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခုမျှော်ထောက်ရှု၍
ယခုပင်လျှင် မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…။
ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားလော့…။
(မင်းကွန်းဆရာတော်ကြီး ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသ)

ဒကာတစ်ဦး၏ အသုဘကို လိုက်ပါပို့ဆောင်ပေးရင်း ကားပေါ်တွင် ကမ်းပေးသည့် ယပ်တောင်ပေါ်မှ မင်းကွန်းဆရာတော် ဘုရားကြီး၏ အထက်ပါ ကဗျာလေးကို ဖတ်ဖြစ်လိုက်၏။ ရသမြောက်ပြီး သံဝေဂဉာဏ်အပြည့်ပါသည့် ဆရာတော်ကြီး၏ ကဗျာလေးက အခိုက်အတန့်အားဖြင့် သံဝေဂဉာဏ် ဖြစ်စေခဲ့သည့်အပြင် မိမိအလှည့်တွင် မည်သည်ပုံစံမျိုးဖြင့် မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်သူက လိုက်ပါပို့ဆောင်ပေးကြ မည်နည်းဟု အတွေးများဖြင့် မေးခွန်းထုတ်နေမိ၏။ ထို့မေးခွန်းနှင့်အတူ မိမိဘ၀သံသရာ အရေးအတွက်လည်း ဆရာတော်ကြီး အမိန့်ရှိသကဲ့သို့ အချိန်မီ ကြိုးစားရမည်ကို သတိပြုမိခဲ့၏။ အချိန်နှင့်အမျှ အိုလာ၊ နာလာပြီး သေရန်နီးလာနေသည့် အဖြစ်ကို စဉ်းစားရင်း ယခုထက်မအိုမီ၊ လက်ရှိထက်ပို၍ မနာမီ၊ သေခြင်းတရား ရောက်မလာမီ ကောင်းမှုကုသိုလ်များ ကြိုတင်ပြုရမည့် အချိန်သည် ယခုလက်ရှိအချိန်ပင် ဖြစ်ကြောင်း၊ ယခုအချိန်ထက် အကောင်းဆုံး အချိန်ဟူသည် မရှိနိုင်ကြောင်း ကောင်းစွာသဘောပေါက်နေမိ၏။

“မသာတစ်ခေါက် ကျောင်းဆယ်ခေါက်”ဟူသော စကားသည် သံဝေဂဉာဏ် အဖြစ်မြန်သည့် သဘောကို ဖော်ညွန်းပေးခြင်း ဖြစ်၏။ ဘုန်းကြီးကျောင်း ဆယ်ခါသွားသည့်ထက် အသုဘရှု တစ်ကြိမ်သွားလိုက်ခြင်းက ပိုပြီး သံဝေဂဉာဏ် ဖြစ်စေသည်ကို ရည်ညွန်းထား၏။ ယခုလည်း အသုဘအခမ်းအနားတစ်ခု လိုက်ပါပို့ဆောင်စဉ် မြင်ခဲ့ရသည့် မြင်ကွင်း၊ ဖတ်လိုက်ရသည့် သံဝေဂကဗျာ၊ ကြားလိုက်ရသည့် ငိုကြွေးသံများက စာရေးသူအပါအ၀င် အသုဘလိုက်ပို့သူ အတော်များများကို တဒင်္ဂမျှဖြစ်စေ သံဝေဂဉာဏ် ပေးနေပေ၏။ မည်သည့်အရာမျှ ကြိုတင်မှန်းဆ၍ မရနိုင်ကြောင်းကို သုဿာန်မြင်ကွင်းကြီးက မီးမောင်းထိုးပြသကဲ့သို့ ဖြစ်နေ၏။ သုဿာန်ကပေးသည့် သံဝေဂဉာဏ်၊ သို့မဟုတ် အသုဘက ပြောနေသည့် သတိပေးစကားသံများသည် လိုက်ပါပို့ဆောင်နေသူများအား ယူတတ်လျင် ရစရာ မရဏာ နုဿတိ ဘာဝနာ ဖြစ်စေ၏။ သို့သော် မယူတတ်လျင်ကား မည်မျှပင် ကြောက်လန့်စရာအဖြစ် ပြနေပါစေ မီးသဂြိုလ်စက်ထဲသို့ အလောင်းများကို ထည့်ပြီးသဂြိုလ်ပေးနေကြသူများ၊ အလောင်းကို လှပအောင်ပြင်ဆင်ပေးသည့် အလောင်းပြင်သမားများကဲသို့ သံဝေဂဉာဏ်ဖြစ်ရန် မလွယ်လှပေ။ မှန်၏။ ထိုသို့ သုဿာန်တွင် ဘ၀ရပ်တည်ရေးအတွက် အလုပ်လုပ်နေသူများသည် အသုဘ အလောင်းများကို နေ့စဉ်မြင်နေတွေ့နေ၊ ပြင်ဆင်ပေးနေရသဖြင့် ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု၊ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအဖြစ်သာ မြင်နေတတ်ပြီး သံဝေဂဉာဏ်လည်းမဖြစ် ကြောက်လန့်ဖွယ်လည်း မဖြစ်ကြပေ။ ရုပ်တရား၊ နာမ်တရားနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည် မိမိဖြစ်ချင်သကဲ့သို့ ဖြစ်မလာဘဲ သူဖြစ်ချင်သည့်အတိုင်းသာ ဖြစ်နေတတ်သည်ကို မေ့နေတတ်ပေ၏။ ထို့ကြောင့်လည်း ယူစရာ ရစရာ ရှိသော်လည်း မယူတတ်လျင် မရဘဲ ယူတတ်မှသာရကြောင်း ဆိုခြင်းဖြစ်ပေ၏။

စင်စစ် ထိုသင်္ခါရတရာများ၏ မမြဲပုံ၊ သူ့သဘောသူ ဆောင်နေပုံများသည် မြင်တတ်ယူတတ်လျှင် အသီးသီးသော မိမိတို့ပတ်ဝန်းကျင်တွင်ပင် ရှိနေပေ၏။ သံဝေဂဉာဏ်ယူတတ်ပါက မိမိနှင့် ပတ်သက်နေသူများကပင် အထင်အရှား ပြသနေပေ၏။ စာရေးသူ၏ ပတ်ဝန်းကျင်တွင်လည်း သတိထားမိခဲ့၏။ လွန်ခဲ့တဲ့ ၅လလောက်က ဖြစ်မည်ထင်၏။ တစ်နှစ်အရွယ် ကလေးတစ်ယောက် မွေးရာပါ သွေးကင်ဆာဖြင့် သေဆုံးသွားသဖြင့် သရဏဂုံလိုက်တင်ပေးပြီး တရားဟောခဲ့ရသေး၏။ အသိဒကာတစ်ယောက်ကလည်း သူ့သမီး အူအတက်ပေါက်ကာ ဆေးရုံမှာ ဆုံးသွားတဲ့အကြောင်း သောကပရိဒေ၀ အပြည့်ဖြင့် မျက်ရည်များကို မဆည်နိုင်ဖြစ်ကာ လျှောက်ထားသွား၏။ အားလုံးကြားပြီးသားဖြစ်သည့် သတင်းတစ်ပုဒ်က ဆရာဝန်ဆေးမှားထိုးလို့ နာမည်ကြီး အထူးကုဆေးခန်းတစ်ခုမှာ ကလေးမလေးတစ်ဦး အသက်ဆုံးသွားသည့် သတင်းပဲ ဖြစ်၏။ မနှစ်ကလည်း စာရေးသူ ရောက်နေသည့်နိုင်ငံတွင် အလုပ်လာလုပ်နေသည့် ဒကာလေးတစ်ယောက် အသက် ၂၆နှစ်မှာပင် စက်ညှပ်ပြီး သေးဆုံးသွားခဲ့သေး၏။ စာရေးသူနှင့် ပိုပြီးအနီးစပ်ဆုံး အဖြစ်တစ်ခုမှာ စာရေးသူနှင့်အတူ အတ္တပရ လက်တွဲညီခဲ့ကြသည့် ညီတော်ရဟန်းတစ်ပါးလည်း ၂၀၀၈ခုနှစ်က အသည်းကင်ဆာဖြင့် စာရေးသူအရင် ဘ၀သံသရာ ခရီးဆက်သွားခဲ့၏။ ယခု ဒီစာရေးနေချိန်မှာပင် အင်တာနက် သတင်းတစ်ပုဒ် ဖတ်ခဲ့ရသေး၏။ ထိုသတင်းကား လွန်ခဲ့တဲ့ ၅လလောက်ကမှ ကိုရီးယားသို့ အလုပ်လာလုပ်သည့် အသက် ၂၈နှစ်အရွယ်ရှိ မြန်မာဒကာလေးတစ်ဦး အိမ်ခေါင်မိုးအထပ်မှ ပြုတ်ကျသေဆုံးသွားကြောင်း သတင်း ဖြစ်၏။ ဤသည်မှာ စာရေးသူနှင့် လက်လှမ်းမီသမျှ အနီးဆုံး အဖြစ်အပျက်မျှသာ ဖြစ်၏။ ဤအဖြစ်အပျက်များသည် ရုပ်တရားနာမ်တရားများနှင့် ပြုပြင်ထားသည့် သင်္ခါရတရားများသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ဖောက်ပြန်ပျက်ဆီးတတ်သည်ကို ဖော်ကျူးနေသည့် အဖြစ်အပျက်များ ဖြစ်ပါ၏။ ဤသို့ဤသို့သော အဖြစ်အပျက်များသည် ကမ္ဘာတစ်ဝန်း နေ့စဉ်ဖြစ်ပျက်နေပေ၏။ သတိမမူမိကြ၍သာ မသိလိုက်ကြခြင်းဖြစ်၏။

ဤသို့ဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရများသည် သူ့သဘော သူဆောင်နေသည်ကို လက်တွေ့ဘ၀များက ထင်ရှားပြနေ၏။ အမှန်ကြည့်တတ်လျှင် သေဆုံးသူများတွင် မိမိတို့ထက် ငယ်ရွယ်သူများ အများအပြား ပါဝင်နေခြင်းကို ကောင်းစွာသိမြင်နိုင်၏။ အသက်အရွယ်အရဆိုလျှင် အရင်မွေးသူက အရင်သေရမည်ဖြစ်သော်လည်း သင်္ခါရ သဘောအရကား သေခြင်းတရားတွင် အသက်ကန့်သတ်ချက် မရှိကြောင်း ပြသနေပေ၏။ မိမိဖြစ်ချင်သည့်အတိုင်း မဖြစ်ဘဲ သူ့သဘောအတိုင်းသာ ဖြစ်နေကြောင်း သက်သေပြနေ၏။ မိမိတို့ ရည်ရွယ်သတ်မှတ် ထားသကဲသို့ ဖြစ်မလာဘဲ သူ့သဘောအတိုင်းသာ တစ်နည်းနည်းဖြင့် ဖောက်ပြန်ပျက်ဆီးလေ့ရှိကြောင်း ထုတ်ဖော်နေပေ၏။ သေချာသည်မှာ မည်သည့်အရာမျှ တစ်သမှတ်တည်း သတ်မှတ်၍ မရသည့်အချက်ပင် ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ ဘ၀ကို ပုံသေသတ်မှတ်၍ မရသည့် အချက်ပင် ဖြစ်၏။ နေ့မြင်ညပျောက်ဆိုသကဲ့သို့ ယခုမြင်နေသော်လည်း နောင်မြင်ချင်မှ မြင်နိုင်မည် ဖြစ်၏။ ယခုကောင်းနေသော်လည်း နောင်ကောင်းချင်မှ ကောင်းနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဆရာတော်ကြီးများက ယခုလက်ရှိအချိန်သည်သာ အကောင်းဆုံးအချိန်ဖြစ်သည်၊ လက်ရှိအချိန်ကို နိဗ္ဗာန်အထိ ရောက်အောင် အသုံးချကြဟု ဆုံးမတော်မူခြင်းဖြစ်၏။

မှန်၏။ ယခုလက်ရှိအချိန်သည် ဘုရားသာသနာနှင့်လည်း ကြုံနေချိန်၊ လူ့ဘ၀ကိုလည်း ရနေချိန်၊ သူတော်ကောင်း တရားများကိုလည်း နားကြားခွင့် ရနေချိန် ဖြစ်သဖြင့် အမှန်ပင် အကောင်းဆုံးအချိန် ဖြစ်နေပါ၏။ မနက်ဖြန်ဘာဖြစ်မည် ဆိုသည်ကိုပင် မပြောနိုင်သည့် အနေအထားတွင် ယခုလက်ရှိ ပိုင်ဆိုင်ထားသည့် အနီးဆုံး အချိန်သည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ယခုလက်ရှိအချိန်ကိုသာ မိမိတို့ဘ၀ သံသရာကောင်းရေး ကြိုးစားပေးရမည်ဖြစ်၏။ ကုသိုလ်ကောင်းမှုများကို ရသမျှ ယူရမည့် အချိန်ဖြစ်၏။ ငယ်ပါသေးသည် နောင်မှလုပ်ကြတာပေါ့ဟုဆိုကာ လက်ရှိသေချာနေသည့်အချိန်တွင် ကုသိုလ်တရားများ မလုပ်ထားပါက မိမိတို့ မျှော်လင့်ထားသည့် နောင်ဟူသည့်အချိန် မရောက်မီ တစ်ခုခု ဖြစ်သွားခဲ့ပါလျှင် နောင်မှတသည့် နောင်တများဖြင့် ဘ၀သံသရာလမ်းမှာ ၀မ်းသာဖွယ်မဖြစ်နိုင်သည်မှာ မလွဲဧကန်ဖြစ်ပါ၏။

“မရဏံ မေ ဓုဝံ၊ ဇီဝိတံ အဓုဝံ = သေခြင်းတရားသည်မြဲ၏၊ အသက်ရှင်ခြင်းသည် မမြဲ။”ဟူသည့်အတိုင်း မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်းပင်ဖြစ်၏။ အသက်ရှင်စဲအခိုက်တွင် မည်သည့်အရာမျှ တိကျသေချာစွာ မသိနိုင်၊ မပြောနိုင်ကြသော်လည်း သေရမည်ဟူသည်ကိုကား အသေအချာပြောနိုင်ပါ၏။ သို့သော် ထိုသေဆုံးမှုသည် မည်သည့်အချိန်တွင် ဖြစ်မည်၊ မည်သည့်နေရာတွင် ဖြစ်မည်၊ မည်သည့်အရွယ်တွင် ဖြစ်မည်၊ မည်သည့်ရောဂါနှင့် သေရမည်၊ သေပြီးနောက် မည်သည့်ဘုံဘ၀တွင် ပြန်လည်မွေးဖွားမည် ဆိုသည်ကိုကား ကြိုတင်၍ မသိနိုင်ပြန်ပါပေ။ မနက်ပိုင်းတွင် သေသူများရှိသကဲ့သို့၊ နေလယ်ပိုင်း၊ ညနေပိုင်း၊ ညပိုင်း စသည့် အချိန်အမျိုးမျိုးတွင်လည်း သေနိုင်၏။ သေရမည့်နေရာအတွက်လည်း မိမိက မည်သည့်နေရာတွင် ခေါင်းချမည်ဟု နေရာရွေးချယ်၍ မရ၊ ကားပေါ်တွင်လည်း ဖြစ်နိုင်၏။ ရထားပေါ်တွင်လည်း ဖြစ်နိုင်၏။ သင်္ဘောစသည်များတွင်လည်း ဖြစ်နိုင်၏။ သေရမည့် အသက်အရွယ်သည်လည်း မွေးပြီးပြီးချင်း ဖြစ်နိုင်သကဲ့သို့ မွေးပြီး (၇)ရက်၊ တစ်လ၊ ၆လ၊ တစ်နှစ်၊ ၅နှစ်၊ ၁၆နှစ်၊ ၃၀၊ ၅၀၊ ၈၀စသည်ဖြင့် အရွယ်မရွေးဖြစ်နိုင်၏။ သေရမည့် ရောဂါသည်လည်း နှလုံးရောဂါနှင့် သေနိုင်သကဲ့သို့ ဆီးချိုသွေးချို၊ ကင်ဆာစသည်ဖြင့် ၉၆ပါးရောဂါ တစ်မျိုးမျိုး သို့မဟုတ် နှစ်မျိုးသုံးမျိုးဖြင့်သေနိုင်၏။ စင်စစ် ရုပ်တရားသည်ပင်လျှင် ရောဂါကြီး ဖြစ်နေသဖြင့် ရောဂါကင်းပြီး သေသူဟူသည်ကား မရှိနိုင်ကြပေ။ သေပြီးနောက် ပြန်လည်မွေးဖွားရမည့် ဂတိမှာလည်း အရိယာအဖြစ်ကို မရောက်သေးသည့် ပုထုဇင်များအနေဖြင့် သေပြီးနောက် မိမိတို့ ပြုလုပ်ခဲ့သည့် ကုသိုလ် အကုသိုလ်များ၏ အကျိုးပေးသို့လိုက်ကာ ဒေ၀ဂတိဟုခေါ်သည့် နတ်ပြည်ဗြဟ္မာပြည်များတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။ မနုဿဂတိခေါ် လူ့ပြည်လောကတွင်လည်း ပြန်လည်မွေးဖွားနိုင်၊ တိရစ္ဆာနဂတိခေါ် တိရစ္ဆာန်အဖြစ်လည်း မွေးဖွားနိုင်၊ ပေတဂတိခေါ် ပြိတ္တာဘုံတွင်လည်း ပြန်ဖြစ်နိုင်၊ နိရိယဂတိခေါ် ငရဲတွင်လည်း ပြန်လည်မွေးဖွားနိုင်၏။ သေချာသည်မှာ အထက်ဖော်ပြပါအရာများသည် သေရမည်ဟူသည့် အချက်မှလွဲပြီး ပုထုဇင်သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အရာများဖြစ်၏။ ထို့ထက်ပိုသေချာသည်ကား ယခုလက်ရှိအချိန်ပင်ဖြစ်ပါ၏။ ထို့ကြောင့် မသေချာသည့် အရာများတွင် အချိန်ကုန်မနေကြဘဲ သေချာသည့် လက်ရှိအချိန်ကိုသာ ဘ၀သံသရာခရီးအတွက် ယခုပင်လျှင် ကြိုတင်၍ ကြိုးစားကြရန် တိုက်တွန်းကြခြင်းဖြစ်၏။

မည်သို့ဆိုစေ မည်သည့်အရာမျှ မမြဲသည့် ဤလောကကြီးတွင် လက်ရှိအချိန်သည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ရုပ်တရား၊ နာမ်တရား၊ သင်္ခါရတရားများသည် မိမိတို့ ဖြစ်ချင်သည့် ပုံစံများဖြင့် ဖြစ်နေခြင်းမဟုတ်ဘဲ သူဖြစ်ချင်သည့်အတိုင်း သူ့သဘော သူဆောင်ကာ တစ်နည်းနည်းဖြင့် ဖောက်လွဲဖောက်ပြန် ပျက်ဆီး၍သာ နေပေ၏။ ထိုသဘောကို ကောင်းစွာနားလည် သဘောပေါက်ပြီး လက်ရှိပိုင်ဆိုင်ထားသည့် အချိန်ကိုပင် အကောင်းဆုံးအချိန်အဖြစ် နိဗ္ဗာန်အထိရောက်အောင် အသုံးချရမည် ဖြစ်ပေ၏။ နိဗ္ဗာန်မရသေးသော်လည်း ကျင်လည်ရမည့် သံသရာတွင် အပါယ်မလားစေရန်၊ သုဂတိဘ၀တွင် ပြန်လည်မွေးဖွားစေရန် ကောင်းမှုများဖြင့် ပေါင်းစုထားရန်သာ ဖြစ်ပါ၏။ ယခုထက်ပို၍ မအိုမီ၊ ယခုထက်ပို၍ မနာမီ၊ သေခြင်းတရား မရောက်လာမီ ကောင်းမှုအစုကို ကြိုးစားပြုထားရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် သူတော်ကောင်းများ အနေဖြင့် တိပိဋကမင်းကွန်း ဆရာတော်ဘုရားကြီး၏ အဆုံးအမဖြစ်သည့် “ယခုပင်လျှင် မအိုခင်က၊ ယခုပင်လျှင် မနာခင်က၊ ယခုပင်လျှင် မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့…” ဟူသော သတိပေးတိုက်တွန်းချက်ကို နှလုံးသွင်း ဆင်ခြင်ကာ အကောင်းဆုံးအချိန်ဖြစ်သည့် ယခုအချိန်ကိုသာ တန်ဘိုးရှိအောင် အသုံးချကြပါဟု တိုက်တွန်းရင်း… ယခုပင်လျှင်…

Read more »

Live Questions and Answers (2)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

24 Feb 10, 04:50 AM
ဆင်ပေါက်
တပည့်တော် ပညာရည်ချွန်ဆုတွေ ရခဲ့တဲ့ ကျောင်းသားဘ၀ကနေ စာတွေမကျက်နိုင် အာရုံမစိုက်နိုင် ဖြစ်လာပြီး စာမေးပွဲတွေ ကျကျလာပါတယ်ဘုရား။ မူးယစ်ဆေးတွေလဲ မသုံးပါဘူး။ အရက်လဲ မသောက်ပါ။ ဆရာဝန်နဲ့ ဆွေးနွေးတော့ တပည့်တော် ဦးနှောက်ရှေ့ပိုင်းက ဓာတုပစည်းတွေ မညီးမျှလို့၊ အားနည်းလို့ ဖြစ်ရတယ်လို့ သိရပါတယ်။ တပည့်တော် ကုသိုလ်ကောင်းမှူတွေ မျိုးစုံပြုပြီး တရားထိုင်ခြင်း သစာဆိုခြင်းများနဲ့ ဘုရားကု ကုတာ သက်သာလာပြီး အံ့ဖွယ်ကောင်းအောင် ထူးခြားလာပါတယ်။ ဒါပေမယ့် အရှင်းပျောက်ချင်လို့ နည်းရှိရင် ပေးသနားပါဘုရား…
24 Feb 10, 05:33 PM
မနာပဒါယီ>>>ဆင်ပေါက်
တရားဂုဏ်တော် ၆ပါးမှာ သန္ဒိဋ္ဌိကဂုဏ်တော် ဆိုတာရှိပါတယ်။ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်တဲ့ ဂုဏ်တော်ပါ။ ယုံယုံကြည်ကြည် လေးလေးစားစားနဲ့လုပ်ရင် အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒါပေမယ့် ရုပ်တရားရဲ့ ဖောက်ပြန် ပျက်ဆီးမှုကို မပျက်ဆီးဖို့အတွက်ကတော့ ဒီခန္ဓာကြီး နောင်ထပ်တစ်ဖန် ပြန်မဖြစ်တော့မှပဲ ပြီးမှာပါ။ အာသဝေါ ကုန်ခမ်း ရဟန္တာဖြစ်မှပဲ အကြွင်းမဲ့ငြိမ်းနိုင်မှာပါ။ အနာရောဂါတစ်ခုဟာ ရုပ်တရားကို ပိုင်ဆိုင်ထားသမျှ အရှင်းပျောက်ဖို့ မလွယ်ပါဘူး။ ဒီတစ်ခုပျောက်သွားလည်း နောက်တစ်ခု ထပ်ပေါ်လာဦးမှာပါပဲ။ အထိုက်အလျောက် သက်သာမှုလောက်ကိုပဲ ဖြစ်စေနိုင်ပါတယ်။ လက်ရှိအသက်ရှင်စဲ အခိုက်မှာ အထိုက်အလျောက် သက်သာချင်ရင်တော့ ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရားလေးပါးကိုပဲ ညီညွတ်အောင် နေထိုင်စောင့်ရှောက်ရပါမယ်။ အတိတ်ကံရဲ့ အကျိုးပေးမှုက အားကြီးနေပြန်ရင်လည်း ခံရတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အခုလို အခြေအနေမျိုးမှာပဲ ကိုယ့်ကိုယ်ကို ဘာသာတရားအဆုံးအမများ၊ သမထ၊ ၀ိပဿနာ အလုပ်များနဲ့ တတ်နိုင်သမျှ နေနိုင်အောင် ကြိုးစားပြီး ရုပ်ရှိလို့ ဝေဒနာရှိတဲ့အပေါ်မှာ စိတ်ဝေဒနာမဖြစ်အောင်သာ ပေါ်လာသမျှ ဝေဒနာကို ၀ိပဿနာနဲ့ ကုစားကြည့်ပါလို့ အကြံပြုလိုပါတယ်။

26 Feb 10, 09:27 PM
ခွန်ထူး
စရိုက်နဲ့ သင့်လျော်တဲ့ ကမ္မဋ္ဌာန်း ပွားရာမှာ သတိပဌာန်တရား လေးပါးကိုကော ပွားလို့ ရပါသလား ဘုန်းဘုန်း။ နောက်တစ်ခုက အဖေမမာလို့ ဆေးကုဖို့ ပို့တဲ့ငွေတွေကို မသိနားမလည်တဲ့ မိခင်က ဆေးဖိုး ခွဲစိတ်ဖိုးအတွက် မသုံးဘဲ လက်ဝတ်လက်စား ၀ယ်စု ငွေကို သိမ်းထား လုပ်နေရင် ဖခင်အသက် ကယ်နိုင်အောင် အမေ့ဆီက ပြန်ခြိမ်းခြောက် လုယူရင် ငရဲကြီးပါသလား ဘုန်းဘုန်းဘုရား…
27 Feb 10, 01:26 AM
မနာပဒါယီ>>>ခွန်ထူး
သတိပဋ္ဌာန်ဝိပဿနာ တရားကို ပွားများနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ၀ိပဿနာအလုပ်က ကိလေသာတရားကို အပြီးပယ်သတ်နိုင်ပေမယ့် ကမ္မဋ္ဌာန်းကတော့ အားထုတ်စဲအခိုက်မှာပဲ ကိလေသာတွေကို ငြိမ်သက်အောင် လုပ်ပေးနိုင်ပါတယ်။ တစ်ချို့က ၀ိပဿနာ အားထုတ်နေပေမယ့် သတိကို ကောင်းကောင်းမနိုင်ကြသေးတော့ အတိတ်ရဲ့ ကြမ်းတမ်းတဲ့ စရိုက်တွေက ပေါ်ပေါ်နေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီလို သူတွေအနေနဲ့ ၀ိပဿနာ အားထုတ်ရင်း တစ်ဘက်ကလည်း ကိုယ့်စရိုက်နဲ့ သင့်လျော်မယ့် ကမ္မဋ္ဌာန်းတစ်ခုခုကို ပွားဖို့ပြောတာပါ။ နောက်တစ်ချက်က ကမ္မဋ္ဌာန်းကို နိုင်အောင်ပွားပြီး ၀ိပဿနာပိုင်းကို ကူးရင်လည်း ရပါတယ်။ ဖားအောက်ဆရာတော်ကြီးကတော့ ကမ္မဋ္ဌာန်းကို နိုင်အောင်ပွားစေပြီးမှ ၀ိပဿနာကို ကူးပြောင်းအားထုတ်စေတယ်လို့ ဆိုပါတယ်။
အင်း...နောက်မေးခွန်းကတော့ အဖေနဲ့အမေကြားမှာ ဖြစ်နေတော့ အပြစ်မဖြစ်အောင် သတိပြုရပါမယ်။ အဖေ့အတွက် ကောင်းစေချင်တဲ့ စေတနာဆိုပေမယ့် အမေကို ခြိမ်းခြောက်တဲ့အထိတော့ မလုပ်သင့်ပါဘူး။ ခြိမ်းခြောက်ပြီဆိုကတည်းက အမူအရာတွေက ကြမ်းတမ်းရပါတော့တယ်။ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေက စိတ်မှာမပါပေမယ့် ကာယကံဝစီကံတွေနဲ့ အပြစ်ဖြစ်စေနိုင်ပါတယ်။ အကောင်းဆုံးကတော့ အသင့်လျော်ဆုံးနည်းလမ်းရှာပြီး အမေ့ကို နားလည်အောင် ပြောဆိုရယူတာက အကောင်းဆုံးပါပဲ။ အဖေနဲ့အမေရဲ့ အခြေအနေက ဘယ်လိုရှိတယ်ဆိုတာ မသိနိုင်ပေမယ့် အဖေ့အတွက်လုပ်ပေးတာကို အမေနားလည်အောင် ပြောပြီးလုပ်စေချင်ပါတယ်။ ကိုယ့်ပစ္စည်းနဲ့ ကိုယ်အပြစ်မဖြစ်အောင် သတိပြုရပါမယ်။

1 Mar 10, 01:32 AM
Kyaw
တပည့်တော် စားချိန်သောက်ချိန် မမှန်လို့ ဥပုသ်စောင့်မရဘူး ဖြစ်နေတယ်။ ဥပုသ်စောင့်နိုင်အောင် ဘယ်လို စိတ်ကို အကျင့်လုပ်ရမလဲဘုရား…ပြီးတော့ တမင်ရည်ရွယ်သတ်တဲ့ အသားနဲ့ မြင်သားကြားသား မစားကောင်းဘူးဆိုရင် ဈေးထဲက အသားတွေက လူတွေစားဖို့ သတ်ဖြတ်ထားတာဆိုတော့ စားလိုရ ရပါသလားဘုရား…
1 Mar 10, 05:53 AM
မနာပဒါယီ>>>Kyaw
ဥပုသ်ကို နေ့တိုင်းစောင့်ချင်တာဆိုရင် အစားအသောက် အချိန်မမှန်တဲ့အတွက် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ နေ့တိုင်းမဟုတ်ဘဲ ဥပုသ်နေ့ တစ်ရက်လောက်ပဲဆိုရင်တော့ အတတ်နိုင်ဆုံး နေမွန်းမတည့်ခင် စားနိုင်အောင် ကြိုးစားပြီး စောင့်ကြည့်ပေါ့။ တကယ့်ကို စိတ်အားထက်သန်လို့ စောင့်ချင်တယ်ဆိုရင် အစားအသောက်အပေါ် သီးခံနိုင်ပါလိမ့်မယ်။ ထမင်းအသက် (၇)ရက်လို့ ဆိုတာကိုး။ တစ်နေ့ တစ်ထပ်တည်း ဘုဉ်းပေးတဲ့ ဆရာတော်ကြီးတွေတောင် ရှိတယ်ဆိုတော့ ဥပုသ်နေ့ တစ်ရက်ကို မနက်ပိုင်းမှာ ထမင်းစာချိန်လေးလောက်တော့ အချိန်ယူကာ စားသောက်ပြီး စောင့်ကြည့်လိုက်ပေါ့။ သီလစောင့်တဲ့အတွက် သီလက ပြန်စောင့်ရှောက်ပါတယ်။
အသားစားတာနဲ့ ပတ်သက်ပြီး မြင်သား၊ ကြားသားဆိုတာ ဈေးတွေမှာ ရောင်းနေတဲ့ အသားမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်အတွက် ရည်ရွယ်ပြီး သတ်နေတာကို မျက်စိနဲ့ တိုက်ရိုက်မြင်တဲ့အသား၊ ကိုယ့်အတွက် သတ်တာကို နားနဲ့တိုက်ရိုက် ကြားရတဲ့အသားမျိုးကို ဆိုလိုတာဖြစ်ပြီး ကိုယ့်စားမယ့်အသားမှာ ကိုယ့်ရဲ့ပယောဂ မကင်း၊ ကိုယ်နဲ့မြင်ခြင်းကြားခြင်း မကင်းတဲ့ အသားမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဈေးတွေမှာ အဆင်သင့်ရောင်းတဲ့ အသားမျိုးကတော့ ကိုယ်နဲ့တိုက်ရိုက်မပတ်သက်တဲ့အပြင် ကိုယ့်ပယောဂလည်း မပါတဲ့အတွက် စားကောင်းပါတယ်။ သတ်ရောင်းတဲ့သူအနေနဲ့သာ သူ့အကုသိုလ်အပြစ် သူခံရမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်က သွားပြီးသတ်ခိုင်းတာ ပြီးတော့ ကိုယ့်အတွက် ကိုယ့်မျက်စိရှေ့မှာ၊ ကိုယ်ကြားလောက်ရာ အရပ်မှာ သတ်တာမျိုးဆိုရင်တော့ ဒီလို အသားမျိုးကို မစားကောင်းပါဘူး။

2 Mar 10, 06:52 AM
me
အရှင်ဘုရား...အမဲသားစားတာဟာ အမိအဖအသားကိုစားတာနဲ့ အတူတူပဲဆိုပြီး လူတွေပြောတာ ကြားဖူးပါတယ်။ အဲဒါဟုတ်ပါသလားဘုရား?
2 Mar 10, 07:50 AM
မနာပဒါယီ>>>me
မဟုတ်ပါဘူး။ နွားတွေကို သနားလို့ နွားသားမစားရအောင်၊ တောင်ယာလုပ်ငန်းအများစုမှာ နွားတွေကိုပဲ အသုံးပြုနေရတဲ့အတွက် ကျေးဇူးရှင်ဖြစ်တဲ့ နွားတွေကို ခိုင်းလည်းခိုင်းတယ်၊ ပြီးတော့ အသားကိုလည်း စားတယ်ဆိုတာ အကြင်နာတရား ခေါင်းပါးလှတဲ့အတွက် လူတွေအနေနဲ့ အမဲသား မစားရအောင် အမျိုးမျိုး ဥပမာပေးပြီး ပြောကြတာ ဖြစ်နိုင်ပါတယ်။ လယ်တီဆရာတော်ကြီးကိုယ်တော်တိုင် နွားမေတ္တာစာရေးပြီး အမဲသား မစားကြဖို့ မြန်မာနိုင်ငံ အနံ့အပြား လှည့်လည်တရား ဟောခဲ့ပါသေးတယ်။ အမဲသားစားတာဟာ အမိအဖ အသားကို စားတာနဲ့ အတူတူပဲဆိုတာ ဒီလိုလူတွေအတွက် ကျေးဇူးများတဲ့ နွားသားကို မစားဖြစ်အောင် အကြောက်တရားနဲ့ ဥပမာပေး ပြောဆိုတာ ဖြစ်နိုင်ပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၄)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

သံသရာကြွေး မတင်ပါစေနဲ့…
အခုဘ၀မှာတောင် အတိတ်ဘ၀တွေက လုပ်ခဲ့တဲ့အကြွေးတွေကို ကျေအောင်မဆပ်နိုင်သေးဘဲ လက်ရှိလုပ်နေတဲ့ ကိုယ့်ရဲ့မကောင်းတဲ့ လုပ်ရပ်တွေကြောင့် နောက်ထပ် ပေးဆပ်ရမယ့် သံသရာနဲ့ချီတဲ့ အကြွေးတွေ ထပ်တိုးနေမယ်ဆိုရင်တော့ အကြွေးကင်းရာ နိဗ္ဗာန်နဲ့ကတော့ ဝေးပြီးရင်းဝေးရင်း ဖြစ်နေပါလိမ့်မယ်။ ကိုယ့်ရဲ့လုပ်ရပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်လိုက်မိရင် အကြွေးဖြစ်စေပါတယ်။ အကြွေးဆိုရင်တော့ ပေးဆပ်ရမှာပါ။ ထုံးစံအတိုင်း ပေးဆပ်တဲ့အခါ အရင်းရော အတိုးရော ပေးဆပ်ရသလို ဘာမှမဟုတ်ပါဘူးဆိုပြီး လုပ်လိုက်တဲ့ မကောင်းတဲ့ လုပ်ရပ်တစ်ခုဟာ သူ့ရဲ့တန်ပြန် အကျိုးပေးကို ခံရတဲ့အခါမှာ ပေးဆပ်ရတဲ့ အတိုးက ဖော်မပြနိုင်အောင် များပါတယ်။ တစ်ချို့အတိုးတွေဆို အောက်ကနေ ပြန်မတက်နိုင်လောက်အောင်၊ ဘုရားပွင့်သော်လည်း ဘုရားသာသနာနဲ့ ကြုံခွင့်မရအောင်၊ အကြွေးဆပ်ပြီးပြန်တော့လည်း ကောင်းတဲ့သုဂတိဘ၀မှာ ကောင်းကောင်းမွန်မွန် မဖြစ်သေးဘဲ အိုနာကျိုးကန်းအဖြစ် ပြန်ဖြစ်အောင်အထိ အပိုပေးဆပ်လိုက်ရတာတွေ ရှိပါတယ်။ အတိုးပေါ် အတိုးထပ်တဲ့ သဘောပါပဲ။ ဒါဟာ မကောင်းတဲ့ လုပ်ရပ်တစ်ခုကြောင့် ပေးဆပ်ရတဲ့ အကုသိုလ်အကြွေးရဲ့ သဘောပဲ ဖြစ်ပါတယ်။ စာလိုပြောတော့ ကံကံရဲ့အကျိုးပဲပေါ့။

အကြွေးဆပ်ရင်း အကြွေးမထပ်ပါစေနဲ့…
အကြွေးဆပ်နေရတဲ့ ကိုယ့်ဘ၀ကို မမေ့ကြပါနဲ့။ အတိတ်ဘ၀တစ်ခုခုက တင်ကျန်လာတဲ့ အကြွေးတွေကို ဒီဘ၀မှာ လာဆပ်ရင်း အကြွေးပေါ် အကြွေးမထပ်အောင်၊ အတိုးပေါ် အတိုးမထပ်အောင် ကြိုးစားကြဖို့လိုပါတယ်။ ဒီလိုကြိုးစားတဲ့အခါ တစ်ဘ၀တစ်နပ်စာကို ကြည့်ပြီး ဖြစ်သလို မလုပ်ကြပဲ သံသရာနဲ့ချီကာ ပေးဆပ်ရမယ့် အတိုးကြွေးကို တွေးလို့ ကြိုးစားလုပ်ကိုင်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်တဲ့လုပ်ရပ်များရဲ့ အကြွေးအတိုးဟာ ကြောက်စရာ ကောင်းလောက်အောင် ကြီးမားတယ်ဆိုတာ သဘောပေါက်ပြီး ဘာပဲလုပ်လုပ် ကောင်းတဲ့စိတ် စေတနာလေးတွေနဲ့ လုပ်ကြရပါမယ်။ သေချာတာကတော့ အကြွေးရှိရင် ဆပ်ရမယ်ဆိုတာပါပဲ။ အဓိကကတော့ “အကြွေးဆပ်ရင်း အကြွေးထပ်နေသူများ မဖြစ်စေကြဘဲ အကြွေးဆပ်ရင်း အကြွေးမထပ်အောင်သာ ကြိုးစားကြဖို့”ပါပဲ။

ရုပ်ကိုပဲပြင် စိတ်မပြင်လျှင်…
အပုတ်ကောင် ဖြစ်နေတဲ့ ဒီရုပ်ဟာ နေ့စဉ်ပြင်နေရပါတယ်။ နေ့စဉ်သန့်ရှင်းအောင် လုပ်နေရပါတယ်။ တစ်နေ့မပြင်ရင် တစ်နေ့အနံ့ထွက်နေတာ ဆိုတော့ နေ့တိုင်းနေ့တိုင်း မရိုးနိုင်အောင်ကို ပြင်နေရပါတယ်။ မပြင်ဘဲ ထားမယ်ဆိုရင်လည်း ခန္ဓာကိုယ်မှာ ရှိတဲ့ အပေါက်တွေက ထွက်လာသမျှ အရာဟာ ဘာတစ်ခုမှ ကောင်းတာမရှိတော့ ရွံရှာဖွယ်ပဲ ဖြစ်နေပါတော့တယ်။ ဒါကလည်း ဒီရုပ်တရားဟာ အကောင်ပုတ်ဆိုတာ သိနိုင်တဲ့ အသိဉာဏ်ရှိမှ ဖြစ်မှာပါ။ တစ်ချို့ မသိကြတော့ ဒီအပုတ်ကောင်ဖြစ်တဲ့ ရုပ်ကောင်ကိုပဲ အဟုတ်ထင်ကာ မာနတွေ ၀င်နေကြပါတယ်။ အပေါ်ယံအရေပြားကို ရွှေအလား ထင်မှတ်ပြီး အမျိုးမျိုးနဲ့ ချယ်သနေကြပါတယ်။ နောက်ဆုံးတော့ ပြင်မဆုံးဖြစ်နေတဲ့ ဒီရုပ်ဟာ သေရင်ထားခဲ့ရမယ့် အကောင်ပုတ်ဆိုတဲ့ အမည်ပညတ်တစ်ခုပဲ ဖြစ်နေပါတယ်။ ဒါကို မသိတော့ ဟန်ဆောင်မှုများနဲ့အတူ အခိုက်အတန့်သာဖြစ်တဲ့ ပြင်ထားတဲ့ရုပ်အပေါ် အစွဲတရားတွေနဲ့ အလွဲအမှား စိတ်ထားတွေအထိ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ရုပ်ကိုအမှီပြုပြီး စိတ်ပါဒုက္ခ ဖြစ်နေကြပါတယ်။ ရုပ်ကို သန့်ရှင်းအောင် လုပ်နေပေမယ့် စိတ်ကို မသန့်ရှင်းမိကြတော့ အကုသိုလ် အညစ်အကြေးတွေနဲ့ လောဘမျက်နှာ၊ ဒေါသမျက်နှာ၊ မောဟမျက်နှာ၊ မာနမျက်နှာ၊ ဣဿာ၊ မစ္ဆရိယ မျက်နှာတွေအဖြစ် ပြောင်းပြောင်းနေကုန် ပါတော့တယ်။ လှချင်လို့ မျက်နှာကို ခွဲစိပ်ပြုပြင် အလှဆင်ပေမယ့် ပိုပိုလှမလာဘဲ ကိလေသာလွှမ်းတဲ့ မျက်နှာတွေနဲ့ အိုအိုလို့သာ ပိုပြလာပါတော့တယ်။ ဒါကြောင့် လှချင်လို့ ပြင်ကြရင်လည်း ရုပ်ကိုလည်းပြင် စိတ်လည်းပြင်ကြပါလို့ ဆိုခြင်းဖြစ်ပါတယ်။ ရုပ်မလှပေမယ့် စိတ်လှနေရင် လူလည်းလှလို့ အခုဘ၀မှာရော သံသရာမှာပါ အလှတရားတွေ ပိုင်ဆိုင်နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

စိတ်အညစ်အကြေး စိတ်နဲ့ဆေး…
မြတ်ဗုဒ္ဓကတော့ စိတ်ကို အထူးသတိပြုဖို့ အမြဲမိန့်တော်မူပါတယ်။ စိတ်ကိုပြင်ဖို့ အမြဲတိုက်တွန်းတော် မူပါတယ်။ ရုပ်ကို သန့်ရှင်းအောင် ပြုပြင်ကြသလို စိတ်ကိုလည်း သန့်ရှင်းအောင် ပြုပြင်ကြဖို့ အထူးဟောတော်မူပါတယ်။ ရုပ်မှာ အညစ်အကြေးတွေ စွန်းထင်လာတဲ့အခါ သန့်ရှင်းအောင် ဆေးကြောပေးရသလို စိတ်မှာ အညစ်အကြေးတွေ ဖြစ်ရင်လည်း သန့်ရှင်းအောင် ဆေးကြောပေးကြဖို့ ညွန်ပြတော်မူပါတယ်။ “ရေကြောင့်ဖြစ်တဲ့ ရွှံ့ပေရင် ရေနဲ့ဆေးမှပဲ သန့်ရှင်းသွားတတ်သလို၊ စိတ်ကြောင့်ဖြစ်တဲ့ အညစ်အကြေးဟာလည်း စိတ်နဲ့ဆေးမှပဲ သန့်ရှင်းနိုင်ကြောင်း..” ဆုံးမတော်မူပါတယ်။ အရင်းစစ်တော့ စိတ်မညစ်စေဖို့ပါပဲ။ စိတ်မှာ အညစ်အကြေးတွေ မဖြစ်ဖို့ပါပဲ။ အကယ်၍ စိတ်မှာသာ အညစ်အကြေးဖြစ်ပြီး စိတ်ညစ်နွမ်းပြီဆိုပါက ရုပ်ကို ဘယ်လောက်ပဲ လှအောင်ပြင်နေပါစေ အကျိုးမပြီး အချည်းနှီးပဲ ဖြစ်နေတတ်ကြောင်း သတိပြုကြဖို့ လိုအပ်လှပါတယ်။

ရုပ်ကိုလည်းပြင် စိတ်လည်းပြင်…
နေ့စဉ်နေ့စဉ် ရုပ်ကိုပြင်နေကြသလို စိတ်ကိုလည်း တစ်နေ့ထက် တစ်နေ့ ကောင်းတဲ့စိတ်၊ ကိလေသာနည်းတဲ့စိတ်၊ ဒေါသနည်းတဲ့စိတ်၊ မာနနည်းတဲ့စိတ်၊ မနာလိုမှု၊ ၀န်တိုမှု နည်းတဲ့စိတ်လေးတွေ ဖြစ်အောင် မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ပြုပြင်ပေးကြည့်ကြဖို့၊ စိတ်ကြောင့် ဖြစ်ပေါ်လာတတ်တဲ့ အညစ်အကြေးများကို စိတ်နဲ့ပဲ သန့်ရှင်းအောင် ဆေးကြောပြုပြင်ပေးကြဖို့၊ ရုပ်ကိုပြင်ဖို့ အချိန်၊ လူ၊ ငွေ၊ ပစ္စည်းစတာတွေနဲ့ အားစိုက်ကြိုးစား ပြုပြင်ကြသလို စိတ်ကိုလည်း သီလ၊ သမာဓိ၊ ပညာသတိတရားများနဲ့ ကြိုးစားအားထုတ်ကာ ပြုပြင်ပေးကြဖို့ ဆုံးမဟောကြား ပေးကြခြင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်တတ်ကြဖို့ပဲ ဖြစ်ပါတယ်။

ခလုပ်မထိခင် အမိတပါ…
ခလုပ်ထိမှ အမိတလို့ ဆိုကြပေမယ့် ခလုပ်ထိအောင် စောင့်မနေကြဘဲ ခလုပ်မထိခင် ပြင်ဆင်ကြဖို့ လိုပါတယ်။ အမိတ,ချင်ရင် အမိက မ,နိုင်ချိန်မှာ တ,နိုင်အောင် ကြိုးစားကြဖို့ပါ။ ခလုပ်ဆိုတာ သွားရင်းလာရင်းနဲ့လည်း အသွားမတော်ရင် အချိန်မရွေး ထိနိုင်တဲ့အတွက် သွားရင်းသွားရင်း အမိမကယ်နိုင်တဲ့ အဝေးရောက်မှ ခလုပ်ထိလို့ အမိတ,မယ်ဆိုရင် အမိလည်း မမ,နိုင်ပါဘူး။ ကိုယ်ထူကိုယ်ထ ဆိုသလို ကိုယ်ထူပြီး ကိုယ်ထမှ ဖြစ်မှာပါ။ အဓိကကတော့ ထိမှတ,တာထက် မထိခင် ကြိုတင်ပြီး မထိအောင် သတိပြုဆင်ခြင်တာက ပိုကောင်းပါတယ်။

ကျင့်ယူပါ...
လောကီပိုင်းမှာပဲ ဖြစ်ဖြစ် လောကုတ္တပိုင်းမှာပဲ ဖြစ်ဖြစ် တောင့်တနေဖို့ထက် လက်တွေ့လုပ်ဆောင် ကျင့်ကြံနေဖို့က အရေးကြီးပါတယ်။ ရချင်တာကို တောင်းပြီးယူတာထက် လုပ်ပြီးယူတာက လက်တွေ့ကျကာ တန်ဘိုးရှိပါတယ်။ တောင်းတဲ့အခါ တောင်းတိုင်းမရနိုင်ပေမယ့် ကျင့်ကြံနိုင်ရင်တော့ ကျင့်ကြံတဲ့အတိုင်း ရနိုင်ပါတယ်။ သူများပေးမှကမ်းမ ရမယ့်အရာကို စောင့်မျှော်တောင့်တ မနေဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ပြီး ရတာက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ ဒါကြောင့် တောင်းတယ်ဆိုတာဟာ အတောင်းမတော်ရင် အမုန်းရတတ်တဲ့အပြင် ကုသိုလ်ရေးနဲ့ ပတ်သက်ပြီး ဆုတောင်းမတော်ရင် တဏှာရဲ့ ချယ်လှယ်မှုနဲ့ နိမ့်ကျတဲ့ ဘ၀ကို ရောက်စေနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် တောင်းမနေကြဘဲ ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်မှု၊ ကျင့်ကြံကျိုးကုတ်မှုတွေနဲ့ လက်တွေ့ရအောင် လုပ်ယူကျင့်ယူကြပါလို့ တိုက်တွန်းလိုပါတယ်။

မရှိတောင့်တ ရှိကြောင့်ကြ…
စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရ၊ ဂုဏ်ပကာသနတွေဟာ မရှိရင်လည်း တောင့်တတတ်သလို ရှိရင်လည်း ကြောင့်ကြနေရတတ်တဲ့ အတွက် စိတ်အလိုအတိုင်း လိုချင်တာနောက်ပဲ လိုက်မနေကြဖို့၊ ရရှိလာတဲ့ အရာများအပေါ်မှာလည်း စိုးရိမ်ကြောင့်ကြမှုများနှင့် အလွန်အကျွံဖြစ်ကာ တွေးတောပူပင်မှု မများကြဖို့၊ ဒုက္ခဆိုတာ မရှိလည်းဖြစ်၊ ရှိလည်းဖြစ်တဲ့အတွက် မရှိတဲ့အခါမှာလည်း မရှိတဲ့အတိုင်းအတာနဲ့ လိုချင်တောင့်တမှုကို ထိန်းချုပ်ပြီး ရှိတဲ့အခါလည်း ရှိတဲ့အပေါ်မှာ မာနမ၀င် သတိထင်ကာ စိုရိမ်ကြောင့်ကြမှု မများကြဖို့၊ မရှိတောင့်တ ရှိကြောင့်ကြတတ်တဲ့ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရ ဂုဏ်ပကာသနတွေ ရှိခြင်း မရှိခြင်းအပေါ်မှာ အကြောင်းပြု၍ ဖြစ်ပေါ်လေ့ရှိတဲ့ ဒုက္ခအပေါင်းကို သတိပညာနှင့် စဉ်းစားဆင်ခြင် အသိဝင်ကြဖို့ လိုပါတယ်။

အာရုံနောက်ကို စိတ်မလိုက်စေနဲ့...
လောကမှာ ဒုက္ခအပေးဆုံး အရာဟာ စိတ်ပဲလို့ ဆိုကြသလို ဒီစိတ်ကြောင့် ကိုယ်အပါအ၀င် သတ္တ၀ါတွေဟာ ဒုက္ခပင်လယ် ဝေနေကြတာပါ။ အဲဒါ သူများက ဒုက္ခပေးလို့ မဟုတ်ဘဲ ကိုယ့်စိတ်က ကိုယ့်ကိုပြန်ပြီး ဒုက္ခပေးလို့ ဖြစ်တာပါ။ လက်တွေ့ဘ၀မှာပဲ ကြည့်ကြည့်လေ စိတ်က ဒုက္ခပေးနေတော့ တွေ့သမျှ အဆင်း၊ အသံ၊ အနံ့စတဲ့ အာရုံတွေအပေါ်မှာ လိုက်ပြီးကိုယ်ပါ ဒုက္ခဖြစ်နေတာ။ သိတဲ့အတိုင်းပဲ စိတ်က သူကြိုက်တဲ့ အဆင်း၊ အသံ၊ အနံ့စတာတွေဆို ခဏခဏ လိုချင်နေပြီး သူမကြိုက်တဲ့ အဆင်း၊ အသံစတာဆို ထစ်ခနဲဆို စိတ်တိုလိုက်၊ စိတ်ကောက်လိုက်၊ စိတ်ညစ်လိုက် ဖြစ်နေပြန်ပါတယ်။ ပိုဆိုးတာက ဒီစိတ်က တစ်သမှတ်တည်း မရှိတာပါ။ လိုရင်တစ်မျိုး မလိုရင်တစ်မျိုး အမျိုးမျိုးဖြစ်နေတာပါ။ စိတ်ကကြိုက်လို့ လိုချင်နေတာကို ကိုယ်ကပါလိုက်ပြီး နေလို့ကတော့ ရှာပေတော့လို့ပဲ ပြောရမလိုဖြစ်နေတယ်။ ဆုံးကို မဆုံးနိုင်တော့ပါဘူး။ ဒါကြောင့် စိတ်က ကြိုက်ကြိုက် မကြိုက်ကြိုက် သူ့ကို အဲဒီအဆင်း၊ အသံစတဲ့ အာရုံနောက်ကို မလိုက်အောင် ထိန်းဖို့ပြောကြတာ ဖြစ်မှာပါ။

ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့်...
ဖြစ်ခြင်းပျက်ခြင်း၊ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း၊ ချမ်းသာခြင်း ဆင်းရဲခြင်း စတာတွေဟာ လောကဓံတရားများ ဖြစ်သလို အကြောင်းအကျိုး ဆက်စပ်နေတဲ့ တရားများလည်း ဖြစ်တဲ့အတွက် အချိန်တန်ရင် မလွဲမသွေ ကြုံတွေ့ရမယ် ဆိုတာကို နားလည်သဘောပေါက်ထားဖို့် လိုအပ်ပါတယ်။ အပျက်မှမဟုတ် အဖြစ်လည်း အချိန်ကာလကျလာရင် ဖြစ်လာတတ်၊ ရောက်လာတတ်တယ်ဆိုတာ သိရှိထားပြီး အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ဖြစ်သမျှကို “ဒါလည်းပဲ ပြီးသွားမှာပါပဲ” ဆိုတဲ့ ခံယူချက်နဲ့ အမှတ်သတိ မပြတ်ရှိကာ ရင်ဆိုင်နိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ဒီလို အကောင်းအဆိုး လောကဓံကို ခံနိုင်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်ပြီး ဘ၀အောင်မြင်တိုးတက်ရေးရဲ့ အဓိက သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးနိုင်ပေမယ့် ပျက်စီးမှုနှင့် ကြုံတွေ့တဲ့အခါ မမေ့မလျော့ မပေါ့မဆတဲ့ သတိတရားနဲ့ ရဲရဲရင်ဆိုင် ကျော်လွားနိုင်ရင် အထိနာ အကျနာ သက်သာနိုင်မှာဖြစ်လို့ ပညာတရား၊ သတိတရား မမှားရအောင် အကျင့်တရား မချွတ်မှားဘဲ ကြိုးစားကျင့်ကြံ နေထိုင်ဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၅)...

ရုပ်ပွားဆင်းတုတော်က ခိုက်တာလား… ဗေဒင်ဆရာက ရိုက်တာလား…
လွဲနေတာလေးတွေကို ပြောနေရင်း နောက်ထပ်အလွဲ တစ်ခုကို သွားသတိရမိပါတယ်။ ဘုန်ဘုန်းမြန်မာပြည်မှာ ရှိနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ တစ်နေ့ ဒကာမတစ်ယောက် စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ရုပ်ပွားဆင်းတုတော် တစ်ဆူယူလာပြီး ဘုန်းဘုန်းကျောင်းကို ရောက်လာပါတယ်။ ဒကာမက “အရှင်ဘုရား… ဒီဘုရားလေး အရှင်ဘုရားကျောင်းမှာ ထားချင်လို့ပါဘုရား..”တဲ့။ ဘုန်းဘုန်းက “ဒကာမ ဒီဆင်းတုတော် တော်တော်သပ္ပါယ်သားပဲ..၊ ဆိုင်က၀ယ်ယူပြီး ပူဇော်တာလား..၊ ဘာအတွက် လာလှူတာလဲ..” စသဖြင့် မေးလိုက်ပါတယ်။ ဒီတော့ ဒကာမက “ဆိုင်က၀ယ်လာတာ မဟုတ်ဘူးဘုရား…၊ တပည့်တော်မတို့ အိမ်မှာကိုးကွယ် ပူဇော်ထားတဲ့ ဆင်းတုတော်ပါ၊ အိမ်မှာ အစစ အရာရာ အဆင်မပြေ ဖြစ်နေလို့ ဗေဒင်ဆရာ သွားမေးကြည့်တော့ ဗေဒင်ဆရာက အိမ်မှာကိုးကွယ်ထားတဲ့ ဘုရားဆင်းတုတော်က ခိုက်တာ၊ အဲဒီဆင်းတုတော်ကို ဘုန်းကြီးကျောင်းဖြစ်ဖြစ်၊ ဘုရားစေတီမှာရှိတဲ့ ညောင်ပင်ရင်းမှာပဲ ဖြစ်ဖြစ် သွားလှူလိုက်ပါလို့ ပြောလို့ အဲဒါ အရှင်ဘုရားကျောင်းမှာ လာလှူတာပါဘုရား…”တဲ့။

ရင်ထဲမှာ တော်တော်ကို မကောင်းဖြစ်သွားတယ်။ ဒါလားဟဲ့ ဗုဒ္ဓဘာသာလို့လည်း စိတ်ထဲမှာ ရေရွတ်မိပါတယ်။ ဘုရားဆင်းတုတော်ကို ကျောင်းမှာလာလှူတာပါတဲ့။ ပြောလိုက်တဲ့စကားက လှူတယ်ပေါ့။ တကယ်တော့ ဗေဒင်ဆရာစကားအတိုင်း အိမ်မှာခိုက်လို့ ကျောင်းမှာလာစွန့်တာပါပဲ။ ဘုရားဆင်းတုတော်က ခိုက်တာဆိုပဲ။ ဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ဗေဒင်ဆရာက ရိုက်တာပါ။ ဗေဒင်ဆရာရိုက်တာကို ဆင်ခြင်တုံတရားမရှိ၊ အမှားအမှန် မခွဲခြားဘဲ လိုက်လုပ်နေကြတာပါ။ ဘုရားစင်မှာ လူတွေဘာပဲ ကပ်ကပ် အကောင်းအဆိုး၊ ဘာမှမပြော၊ ဘယ်လိုပဲနေနေ ဘာမှမလုပ်ပဲ အချိန်ပြည့် ထားတဲ့နေရာမှာ ရှိနေတဲ့ ဒီရုပ်ပွားဆင်းတုတော်ကပဲ ခိုက်တယ်လို့ စဉ်းစဉ်းစားစား လုပ်ကြပါဦး။ ကိုယ့်ကံနိမ့်နေ၊ ကိုယ့်လုပ်ရပ်ကြောင့် ကိုယ့်ဖာသာ မကောင်းတာတွေ ဖြစ်နေတာကိုပဲ ဘုရားကိုပုံချပြီး ဘုရားက ခိုက်တယ်ပဲ ရှိရသေးတယ်။

ယနေ့ခေတ် ဗုဒ္ဓဘာသာ အများဟာ မကောင်းတာတွေကြုံ ဒုက္ခတွေဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို ပြန်မကြည့်၊ ပြန်မစိစစ်တော့ဘဲ နီးစပ်ရာအားကိုးမှုကို ရှာတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများအားကိုပြီး ဟိုမေးဒီမေး လုပ်တတ်ကြပါတယ်။ နောက်ဆုံး အဲဒီလို လူမျိုးတွေကို စောင့်စားနေကြတဲ့ ဗေဒင်လက္ခဏာ နတ်ဂိုဏ်းဆရာတွေဆီ ရောက်ကုန်ပါလေရော။ ဗေဒင်ဆရာစတဲ့ သူတွေဆိုတာ သူတို့ဆီရောက်လာတယ် ဆိုရင် အပူတစ်ခုခုရှိလို့ ရောက်လာတယ်ဆိုတာ သိထားပြီးသားဆိုတော့ ရောက်တာနဲ့ တန်းပြီး အဆင်မပြေတာ တစ်ခုခု ရှိနေတယ်မဟုတ်လားဆိုတော့ ရောက်လာသူက ဟာ…သူသိနေပါလား..၊ ဘာမှ မပြောရသေဘူး သိပ်မှန်ပါလားနဲ့ သူပြောသမျှမှာ အကုန်ယုံ၊ အကုန်လိုက် လုပ်တော့တာပါပဲ။ အဲဒီ တစ်လွဲယုံကြည်မှု အားကောင်းခြင်းက ကိုယ့်အိမ်မှာ ကိုးကွယ်တဲ့ ဘုရားဆင်းတုတော်ကို စွန့်တဲ့အထိ ဖြစ်ကုန်ပါတော့တယ်။

တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အစဉ်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုတော့ သူများခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တော့တာပါ။ နောက်ဆုံးတော့ ဗေဒင်ဆရာကို အားကိုးမိလို့ ဗေဒင်ဆရာ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။

ဒါကြောင့် ခိုက်တယ်ဆိုတာ ရုပ်ပွားဆင်းတုတော်က ခိုက်တာမဟုတ်ပါဘူး။ ကိုယ့်လုပ်ရပ်တွေက ကိုယ့်ကို ပြန်ခိုက်စေတာ ဖြစ်တဲ့အတွက် အခိုက်အတန့် အဆိုးတွေနဲ့ ခိုက်တဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အကောင်းတွေပဲ ဖိလုပ်နေဖို့လိုပါတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်ကိုယ်ကို မပြုပြင်၊ အကောင်းတွေနဲ့ မပြင်ဆင်ဘဲ သူများအားကိုပြီး ဗေဒင်ဆရာမေးတဲ့အဆင့် ရောက်သွားမယ်ဆိုရင်တော့ ဘုရားဆင်းတုတော်တွေပါ စွန့်ခိုင်းတတ်ကာ အပါယ်အထိရောက်အောင် ထိုပုဂ္ဂိုလ်များက ရိုက်တတ်တဲ့အတွက် ဗေဒင်ဆရာရိုက်မှာကို သတိပြုဆင်ခြင်ကြဖို့ မှားတတ်တဲ့ အမှားတစ်ခု အဖြစ်သတိပေး တင်ပြလိုက်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ