အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၃)…

အခြေခံ ၀ိပဿနာတရား အားထုတ်နည်းများကိုဖတ်ပြီး တတ်နိုင်သမျှ အချိန်ယူကာ တရားအားထုတ်ကြည့်ကြတဲ့ ယောဂီအချို့ထံက သူတို့သူတို့ရဲ့ အတွေ့အကြုံလေးတွေကို မေးလျှောက်လာတာတွေ ရှိပါတယ်။ အများအားဖြင့်တော့ စိတ်မတည်မငြိမ် ဖြစ်တဲ့အကြောင်း၊ မှတ်ကာစမှာပဲ စိတ်ကအတွေးတွေ ၀င်လာတဲ့အကြောင်း၊ အပြင်ကိုထွက်သွားတတ်တဲ့ အကြောင်း စတာတွေပါပဲ။ တစ်ချို့ကတော့ ကောင်းကောင်းမမှတ်နိုင်တဲ့အပြင် ခဏခဏ အိပ်ငိုက်နေတတ်ကြောင်း၊ တရားထိုင်ဖို့ မျက်စိကို မှိတ်လိုက်တာနဲ့ အိပ်ချင်စိတ်က ၀င်လာကြောင်း ပြောလာပါတယ်။ တစ်ချို့ကလည်း သမာဓိ မတည်တဲ့အပြင် ခန္ဓာကိုယ်မှာ ဟိုယားဒီယား ဟိုနာဒီနာဖြစ်ဖြစ်နေပြီး ဘယ်လိုရှုမှတ်ရမှန်းမသိ အမှတ်အာရုံ ပျောက်နေကြောင်း စသဖြင့် ဆိုလာပါတယ်။

သူတို့သူတို့ရဲ့ အသံတွေ နားထောင်ကြည့်တော့ ၀ိပဿနာတရားကို စတင်အားထုတ်တဲ့ ယောဂီများ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာ အတွေ့အကြုံတွေပါပဲ။ အရင်တုန်းက စိတ်ကိုအလိုလိုက် သွားချင်ရာသွား ရောက်ချင်ရာရောက်၊ စိတ်ကူးယဉ်ရာယဉ် လွတ်ထားရာက အခုလို ထိန်းချုပ်လိုက်တော့ အထိန်းရ ခက်နေတာပေါ့။ ပင်ကိုယ်ကတည်းက ထိန်းရခက်တဲ့ စိတ်ကို ခုမှ ကောက်ခါငင်ကာ တရားမှတ်ပြီး ထိန်းကြည့်တော့ သမာဓိမရှိ၊ အလေ့အကျင့် မရှိဖြစ်ကာ ထိန်းရခက်နေခြင်း ဖြစ်ပါတယ်။ မှတ်ကာစမှာ စိတ်ကိုကောင်းကောင်း ထိန်းပြီး မှတ်ဖို့အသာထား အမှတ်အာရုံကို သိအောင်၊ ထင်ရှားအောင် မှတ်ဖို့တောင် မလွယ်လှပါဘူး။ တစ်ခါတစ်လေ ၀င်လေထွက်လေ မှတ်နေရင်း ထွက်လေပဲ ထင်ရှားပြီး၊ ၀င်လေက မထင်ရှားတာ ရှိတတ်သလို၊ တစ်ခါတစ်လေတော့လည်း ၀င်လေကထင်ရှားပြီး ထွက်လေက မထင်ရှားတာ ရှိပြန်ပါတယ်။ တစ်ခါတစ်လေ ထွက်လေ၀င်လေ နှစ်ခုလုံး မထင်ရှားတာ ရှိတတ်သလို တစ်ခါတစ်လေ နှာခေါင်းပေါက် တစ်ခုတည်းကပဲ အ၀င်အထွက်ဖြစ်နေသလို ရှိနေတာလည်း ဖြစ်တတ်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒါဟာ အမှတ်အာရုံမှာ မကျွမ်းကျင်၊ မပိုင်နိုင်သေးလို့ပဲ ဖြစ်ပါတယ်။ များများလေ့ကျင့်ပေးရင် နောက်တော့ တဖြည်းဖြည်း ထင်ရှားလာ သိလာပါလိမ့်မယ်။

အဓိကကတော့ ဖြစ်နေတဲ့အပေါ်မှာ သူ့သဘောအတိုင်း အလိုက်သင့် ကိုယ်သိသလို၊ ကိုယ်ခံစားရသလို လိုက်ပြီး သိမှတ်ပေးနေဖို့ပါပဲ။ ထွက်လေထင်ရှားပြီး ၀င်လေမထင်ရှားတဲ့ အခါမှာလည်း ထင်ရှားတဲ့ ထွက်လေကို ထင်ရှားတဲ့အတိုင်း သိမှတ်ပေးပြီး ၀င်လေမထင်ရှားပေမယ့် ၀င်လေရှူနေတာကိုတော့ သိနေတတ်ပါတယ်။ အဲဒီလို သိနေရင်ကိုပဲ ဒါမှတ်နေတယ်လို ပြောနိုင်ပါတယ်။ မထင်ရှားပေမယ့် လေရှုသွင်းတယ်၊ လေ၀င်လာတယ်ဆိုတဲ့ သဘောကို စိတ်ကတော့ သိနေတတ်ပါတယ်။ အဲဒီအတိုင်း သိနေရင် ရပါတယ်။ ဒီလိုပဲ ၀င်လေထင်ရှားပြီး ထွက်လေမထင်ရှားတဲ့ အခါမျိုး၊ ၀င်လေရော ထွက်လေပါ မထင်ရှားတဲ့ အခါမျိုး၊ နှာခေါင်းပေါက်တစ်ခုတည်းပဲ ထင်ရှားနေတဲ့အခါမျိုး စသဖြင့် ဘယ်လေအခြေအနေမျိုးပဲ ဖြစ်ဖြစ် မထင်ရှားပေမယ့် အသိရှိနေ၊ အသက်ရှူနေတဲ့ သဘောအသိကိုပဲ လိုက်ပြီးသိနေပေးရင် အဆင်ပြေပါတယ်။ နောက်တော့ လေ့ကျင့်ရင်းလေ့ကျင့်ရင်း တဖြည်းဖြည်း အမှတ်အာရုံထင်ရှား လာပါလိမ့်မယ်။ ထင်ရှားလာရုံတင် မဟုတ်ဘဲ သမာဓိကြောင့် ဖြစ်ပေါ်လာတဲ့ အာနာပါနရဲ့ နိမိတ်တွေလည်း တွေ့လာပါလိမ့်မယ်။ ၀င်လေထွက်လေဟာ နူးညံ့လာတာ၊ အေးပူလာတာ၊ အသက်ရှုတဲ့လေဟာ ထင်ရှားပြီး ထုတ်ချောင်းတစ်ခုသဖွယ် အရာဝတ္ထု တစ်ခုသဖွယ် အတန်းလိုက်ဝင်လာ ထွက်လာတာ စသဖြင့် ယောဂီတစ်ဦးချင်းရဲ့ သမာဓိအပေါ်လိုက်ပြီး နိမိတ်အမျိုးမျိုး ဖြစ်လာပါလိမ့်မယ်။ ဒါက အာနာပါန အမှတ်ကို ကောင်းကောင်းနိုင်ပြီး အထိုက်အလျောက် သမာဓိနိမိတ် တည်လာတဲ့အခါ ဖြစ်တတ်တဲ့ သဘောပါ။

စမှတ်ကာစ ယောဂီတွေမှာ သူတို့မေးသလိုပဲ စိတ်ကတော့ တည်မှာမဟုတ်သေးပါဘူး။ တစ်ခါတစ်လေ မှတ်မယ်မှ မကြံရသေးဘူး အတွေးတွေက ၀င်လာပါတော့တယ်။ ပုံမှန်နေရင် တစ်ခါမှ မတွေးဖြစ်တဲ့ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီး ဖြစ်တဲ့ အဖြစ်အပျက်တွေက အစ ပေါ်လာတတ်၊ သတိရလာတတ်ပါတယ်။ မရောက်သေးတဲ့ အနာဂတ်အတွက်လည်း စိတ်ကူးတွေ ယဉ်နေတတ်ပါတယ်။ ပိုဆိုးတာက တစ်ခုခုများ လုပ်ဖို့ရည်ရွယ်ထားရင် အဲဒီအလုပ်အပေါ်မှာ အမျိုးမျိုး စိတ်ကူးတွေ လိုက်ယဉ်နေတတ်တာပါ။ သမာဓိမရှိသေးတဲ့ စိတ်အစဉ်ကို သတိမကပ်မိဘဲ ဖြစ်ခိုက်ကို မသိဖြစ်ကာ စိတ်ရဲ့ဆွဲရာနောက်ကို လိုက်သွားတတ်ခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ အချိန်တော်တော် ကြာကြာလေးအထိ မသိလိုက်ဘဲ စိတ်ကူးအတွေးများနောက်ကို လိုက်နေမိတတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာလည်း မှတ်မရကောင်းလာလို့ အားမပျက်ပါနဲ။ အတွေးစိတ်ကူးတွေကို မသိလိုက်ပေမယ့် သတိပြန်ဝင်လို့ သိလိုက်တဲ့အခါမှာတော့ ချက်ချင်း အမှတ်အာရုံဖြစ်တဲ့ ၀င်လေထွက်လေကို ပြန်မှတ်ဖြစ်အောင် အစကပဲဖြစ်ဖြစ် ပြန်ကြိုးစားရပါမယ်။ ရသလောက်ပေါ့။ လွတ်သွားလိုက် ပြန်မှတ်လိုက်၊ လွတ်သွားလိုက် ပြန်မှတ်လိုက် စသဖြင့် လေ့ကျင့်ပေးရင် မှတ်လို့ ရလာပါလိမ့်မယ်။ မှတ်မရပါဘူးဆိုပြီး လွတ်ထားတာထက် စာရင် ရသလောက် ကြိုးစားမှတ်ပေးရင် အမှတ်ကောင်းလာပါလိမ့်မယ်။ သမာဓိ မတည်သေးချိန်မှာတော့ လွတ်လိုက်မှတ်လိုက် လုပ်ပေးတဲ့ ကြိုးစားအားထုတ်မှု ၀ီရိယကို ပိုထုတ်ပေးရပါတယ်။ တမင်လုပ်ပြီး တွေးနေတာ မဖြစ်စေဘဲ မသိလို့ တွေးနေမိတဲ့အပေါ်မှာ သိတဲ့အချိန် ပြန်လေ့ကျင့်နိုင်အောင် ကြိုးစားပေးရပါတယ်။ ဒီလိုဆိုရင် သမာဓိတွေ ပိုပိုကောင်းလာပါလိမ့်မယ်။ အဓိကကတော့ လွတ်လွတ်သွားတဲ့ စိတ်ကို သတိရတိုင်း ပြန်ပြန်ထိမ်းပြီး လေ့ကျင့်ပေးနိုင်ဖို့ပါပဲ။

တစ်ချို့ကတော့ တရားစမှတ်ပြီး မကြာခင်မှာပဲ အိပ်ငိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဘ၀င်စိတ်ကြောင့် ဖြစ်ပါတယ်။ ဘ၀င်စိတ်က အမှတ်တစ်မှတ်နဲ့ တစ်မှတ်ကြား လွတ်လွတ်သွားစေအောင်လည်း ဖြစ်စေတတ်ပါတယ်။ လောဘဒေါသစတဲ့ စိတ်များမဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့ သူတစ်ယောက် ဖြစ်သလို စိတ်မျိုးကို ဘ၀င်စိတ်လို့ ဆိုပါတယ်။ ဒီလို ခဏခဏ အိပ်ငိုက်မှုဟာ ဘ၀င်စိတ်များလို့ ဖြစ်ပါတယ်။ ဒါကလည်း သတိအားမကောင်းလို့ ဖြစ်တဲ့သဘောပါပဲ။ တစ်ခါတစ်လေမှာ ခန္ဓာကိုယ် အရမ်းပင်ပန်းလို့၊ အိပ်ချင်စိတ်၊ ငိုက်မြည်းစိတ်တွေ ဖြစ်တတ်ပေမယ့် ဘ၀စိတ်များတဲ့အခါ ခန္ဓာကိုယ် မပင်ပန်းလည်း အိပ်ငိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာလည်း သတိကို အတတ်နိုင်ဆုံး ထိမ်းပြီး မငိုက်အောင်၊ မလွတ်အောင် မှယ်မယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မှတ်ကြည့်ရင် ငိုက်တဲ့သဘောတွေ လျော့လျော့လာတတ်ပါတယ်။ သတိထားပြီး ကြိုးစားမှတ်ကြည့်ရင် အိပ်ငိုက်တာတွေ ပျောက်လာပြီး အမှတ်အာရုံမှာ ပျော်လာတတ်ပါတယ်။ အမှတ်အာရုံ အားကောင်းလာရင် ငိုက်ချင်စိတ်ဟာ အလိုလို ပါးလာတတ်ပါတယ်။ ဒါကြောင့် မသိလို့ အိပ်ငိုက်တဲ့အခါမှာ သတိဝင်လာတိုင်း ပြန်ပြန်မှတ်ပေးရင်း လေ့ကျင့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် တရားအားထုတ်တဲ့အခါ ပေါ်လာတတ်တဲ့ ဝေဒနာတွေနဲ့ ပတ်သက်ပြီး ဝေဒနာကို မှတ်ပုံလေးလည်း သိထားဖို့ လိုပါတယ်။ တစ်ချို့ ယောဂီတွေဟာ စမှတ်ပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက်မှာပဲ ခန္ဓာကိုယ်မှာ ဝေဒနာတွေ ပေါ်လာတတ်ပါတယ်။ ခန္ဓာကိုယ်တစ်နေရာရာမှာ ယားလာတာတို့၊ ဟိုနေရာက ရွစိရွစိ၊ ဒီနေရာက ရွစိရွစိ ဖြစ်တာတို့၊ ခြေထောက်ကျင်လာတာတို့၊ တင်ပါးပူလာတာတို့ စသဖြင့် ဖြစ်တတ်ပါတယ်။ အမှန်တော့ ဒါဟာ ရုပ်တရားရဲ့ ဖောက်ပြန်တတ်တဲ့ သဘောပါ။ တရားအားမထုတ်ဘဲ နေတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို တစ်ခြားအာရုံတွေက ဖုံးလွှမ်းထားတော့ ကောင်းကောင်း မသိဘဲ ဖြစ်နေပေမယ့် တရားမှတ်တဲ့အခါ စိတ်က ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုကို အလွယ်တကူ သိလာတဲ့ သဘောပါပဲ။ ယောဂီဟာ အာနပါနကို မှတ်နေရင်း ကိုယ်မှာ ဝေဒနာ တစ်ခုခု ပေါ်လာတဲ့အခါ ပေါ်လာတဲ့ ဝေဒနာကို ပြောင်းပြီး မှတ်ကြည့်နိုင်ပါတယ်။ ယားတဲ့နေရာ၊ ရွစိရွစိ ဖြစ်တဲ့နေရာ၊ ပူအေးတဲ့နေရာ စသဖြင့် ဘယ်လိုနေရာမျိုးမှာ ဘယ်လို ခံစားမှုမျိုးပဲ ဖြစ်ဖြစ် ဖြစ်တဲ့နေရာကို စိတ်နဲ့မြင်အောင် ကြည့်ပြီး သူဖြစ်နေတဲ့ သဘောအတိုင်း သတိနဲ့ လိုက်သိပေးရပါတယ်။ ဝေဒနာက ပေါ်တော့ပေါ်တယ် သိပ်မထင်ရှားလို့ မှတ်ဖို့ခက်နေတယ်ဆိုရင်လည်း ဝေဒနာကို မမှတ်သေးဘဲ ၀င်လေထွက်လေမှာပဲ မှတ်နေနိုင်ပါတယ်။ တစ်ခါတစ်လေတော့လည်း ဝေဒနာက ခန္ဓာကိုယ်မှာ ဟိုမှာပေါ်လိုက် ဒီမှာပေါ်လိုက် ဖြစ်တတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အထင်ရှားဆုံး ဝေဒနာတစ်ခုကိုပဲ သူ့သဘောအတိုင်း လိုက်သိမှတ်ပေးနိုင်ပါတယ်။ ဝေဒနာဟာ ပိုပိုပြင်းလာတဲ့အခါလည်း ရှိတတ်သလို လျော့ပြီးပျောက်သွားတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဘယ်လိုသဘောမျိုးပဲ ရှိရှိ အရှိအတိုင်း သူဖြစ်နေတဲ့ အတိုင်းလိုက်မှတ်ပေး နေရုံပါပဲ။

တစ်ချို့လည်း ဝေဒနာကို မှတ်ရတာ အားရတာရှိသလို တစ်ချို့ကျတော့ ဝေဒနာကို ကျော်အောင်မမှတ် နိုင်တာတွေလည်း ရှိပါတယ်။ ဖြစ်နိုင်ရင်တော့ ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်နိုင်ရင် ကောင်းပါတယ်။ ဝေဒနာရဲ့ ပြင်းထန်တဲ့ ခံစားမှုကို အလွယ်တကူ လက်မလျော့ဘဲ အပြိုင်မှတ်နိုင်လိုက်ရင်တော့ နောက်ပိုင်းမှာ ဘာဝေဒနာပဲလာလာ သီးခံနိုင်၊ မှတ်နိုင်လာပါလိမ့်မယ်။ နောက်ဆို ဝေဒနာကို မှတ်ရတာ ပိုပြီး အမှတ်ကောင်းသလို ဖြစ်လာတဲ့အထိ သဘောကျသွားတတ်ပါတယ်။ တရားမှတ်ရင်း ပေါ်လာတတ်တဲ့ ဝေဒနာကို အလွယ်တကူ လက်လျော့ပြီး ခန္ဓာကိုယ် အနေအထား ပြောင်းတာပြင်တာတွေ လုပ်လိုက်ရင် သမာဓိ တည်ဖို့ခဲရင်းတတ်ပြီး တည်ပြီးသား သမာဓိလည်း ပျက်တတ်တဲ့အတွက် ဝေဒနာကို အတတ်နိုင်ဆုံး သီးခံပြီး မှတ်စေချင်ပါတယ်။ ဝေဒနာကို ခွာနိုင်တဲ့အထိ မှတ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ တစ်ချို့ယောဂီတွေ မေးဖူးပါတယ်။ ဝေဒနာခွာတယ်ဆိုတာ ဘယ်လိုလဲလို့။ ဝေဒနာခွါတဲ့အထိ မှတ်တယ်ဆိုတာ ခနပြောသလို ဝေဒနာကို အရှုံးမပေးဘဲ ပေါ်သမျှဝေဒနာကို ပေါ်လာတဲ့အတိုင်း ခံနိုင်ရည်အောင်၊ နောက်ဆုံး ဝေဒနာရဲ့ နာကျင်ကိုက်ခဲမှုတွေကို နာမှုကျင်မှုကိုက်မှု သဘောသက်သက်လောက် အဖြစ် သိရှိကာ အလိုက်သင့် လိုက်မှတ်နေနိုင်အောင် အသိသတိ ရှိနေမှုကို ဆိုနိုင်ပါတယ်။ ဒါကလည်း အလေ့အကျင့်များပြီး သီးခံမှု ၀ီရိယ အားကောင်းလာရင် မှတ်နိုင်မှု သတိအားနည်းနေပေမယ့် ဝေဒနာအပေါ်မှာ ခဏခဏ ပြောင်းတာပြင်တာတွေ လျော့သွားတတ်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ခန္ဓာကိုယ် ဣရိယာပုတ်ကို မပြင်ဘဲ မှတ်နိုင်အောင် ဝေဒနာကို သီးခံကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ၀ိပဿနာ အလုပ်ကို စတင်လေ့ကျင့်ပြီး အားထုတ်ကြည့်ကြတဲ့ ယောဂီများအနေနဲ့ သမာဓိ အားနည်းချိန်၊ အမှတ်သတိ မခိုင်သေးချိန်မှာတော့ ယောဂီတို့ အခုတွေ့ကြုံကြသလို စိတ်ပျံ့လွင့်တာ၊ အတွေးစိတ်ကူးတွေများတာ၊ အိပ်ငိုက်တာ၊ ဝေဒနာကို သီးမခံနိုင်တာ၊ အမှတ်အာရုံ မထင်ရှားတာ စတာစတာတွေ ဖြစ်တတ်ပေမယ့် စိတ်မပျက်၊ အားမလျော့ဘဲ ရသလောက်၊ မှတ်နိုင်သလောက်၊ တစ်မှတ်ပဲ ရရ သတိရတိုင်းပြန်မှတ်၊ သတိရတိုင်း ပြန်မှတ်တဲ့ အကျင့်လေးများနဲ့ သမာဓိ တည်အောင် ၀ိရီယနဲ့ သီးခံမှု ခန္တီတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ကျေနပ်စရာကောင်းတာက သမာဓိတည်တာ မတည်တာ၊ မှတ်လို့ရတာ၊ မရတာ အသာထား မှတ်ကြည့်နေတယ် ဆိုတာကိုက ကျေနပ်စရာဖြစ်နေ၊ ကုသိုလ်ဖြစ်နေတာပါပဲ။ ဒီလိုနည်းနဲ့ပဲ မရတာကနေ ရအောင်၊ မတည်တာကနေ တည်အောင် ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ အချိန်မရပေမယ့် ရသမျှလေးနဲ့ နဲနဲနဲနဲ စစပေးရင် နောက်ပိုင်း အားကောင်းလာပြီး မှတ်ကောင်းလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်သန္တာန်မှာရှိတဲ့ မတရားတဲ့အားတွေကို တရားအားထုတ်ခြင်းဖြင့် ပါးပါးလာအောင် ရနိုင်သမျှ ကြိုးစားမှတ်ကြည့်ကြပါလို့ ထပ်မံတိုက်တွန်းလိုက်ပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ