အရေးကြီးသည်မှာ…

လောက၌ လူအမျိုးမျိုး ရှိကြရာတွင် အချို့သူများသည် ပညာအားကောင်းကြ၏။ အချို့သည် တွေးခေါ်မှု အားကောင်းကြ၏။ အချို့သည် ၀ီရိယအားကောင်းကြ၏။ အချို့ကား လက်တွေ့အားသန်ပြီး အချို့ကား ကြံစည်မှု အားသန်ကြ၏။ မည်သို့ပင် အားသာချက် ကိုယ်စီရှိငြားသော်လည်း တစ်ခုတည်းကိုသာ စွဲကိုင်ထားပါက လွဲယိုင်သွားတတ်၏။ ပညာအားကောင်းသော်လည်း ကျင့်ကြံအားထုတ်မှုပါမှသာ လက်တွေ့အကျိုး ရနိုင်သကဲ့သို့ အတွေးအခေါ် အကြံအစည် အားသန်သူသည်လည်း တွေးတောကြံစည်နေရုံမျှနှင့်မပြီး လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ကြည့်မှသာ ပြီးနိုင်၏။ အဓိကမကျသည့် အရာများတွင် တွေးတောကြံစည်ကာ ပညာဉာဏ် အားကောင်းနေသည်ထက် အဓိကကျသည့် အရာများတွင် လက်တွေ့လိုက်နာ ကျင့်သုံးခြင်းကသာ အလိုရှိရာ ပြီးမြောက်နိုင်၏။ အရေးကြီးသည်မှာ အကျိုးမပြီး အချည်းနှီးအရာများတွင် အချိန်ကုန် ပင်ပန်းနေကြသည်ထက် အဓိကကျပြီး လက်တွေ့အကျိုးကြီးနိုင်သည့် အရာများတွင် အချိန်ရှိခိုက် အားစိုက်လိုက်ကြသည်က ပိုပြီးအကျိုးစီးပွားကို ဖြစ်ထွန်းစေ၏။ ဘ၀သံသရာ ကောင်းကျိုးကို ဆောင်နိုင်ပေ၏။

ဗုဒ္ဓလက်ထက်က မာလုကျပုတ္တဟူသော မထေရ်တစ်ပါးသည် အတွေးအခေါ် အားကောင်းသည့် မထေရ်တစ်ပါး ဖြစ်၏။ မည်မျှအားကောင်းသည်ဆိုသော် ရဟန်းဘ၀တွင် အားထုတ်ရမည့် ရဟန်းတရားကို လက်တွေ့အားမထုတ်ဘဲ အရေးမကြီးသည့် အချည်းအနှီး အတွေးများဖြင့် အချိန်ကုန်နေသည်အထိ အားကောင်းခဲ့၏။ မိမိဉာဏ်ဖြင့် လိုက်မမီသည့် အရာများတွင် အတွေးနယ်ချဲ့ကာ တွေးတောအဖြေရှာနေတတ်၏။ တွေးတောကြံစည်နေခြင်းဖြင့် မည်သည့်အကျိုးမျှ မဖြစ်နိုင်သည့်အပြင် ဘ၀လွတ်မြောက်ရေး၊ ရဟန်းတရား အားထုတ်ရေးတွင် အရေးမကြီးသည့် အကြံအစီများဖြင့်သာ နေ့စဉ်အချိန်ကုန်နေတော့၏။

တစ်နေ့ ထိုမထေရ်သည် တစ်ပါးတည်းထိုင်ကာ “လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ဟူ၍ လည်းကောင်း၊ လောကသည် အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်သည်တစ်ခြား ကိုယ်သည်တစ်ခြား ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်ဖြစ်သည်ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ပြန်မဖြစ်ဟူ၍ လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်လည်းဖြစ်၏ မဖြစ်လည်းမဖြစ် ဟူ၍လည်းကောင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်ဟူ၍လည်းကောင်း စသည်ဖြင့် မြတ်စွာဘုရားသည် မဟောကြားဘဲ ထိမ်ချန်ထား၊ ပယ်ထားသည့် အယူများရှိ၏၊ ထိုအယူတို့ကို မြတ်စွာဘုရားသည် ငါ့အား ဟောကြားတော်မမူ၊ ထိုသို့ မဟောကြားဘဲ ချန်ထားသည်ကို ငါမနှစ်သက်၊ ငါသည် မြတ်စွာဘုရားထံ ချည်းကပ်၍ ဤအကြောင်းကို မေးလျှောက်အံ့၊ အကယ်၍ မြတ်စွာဘုရားသည် ဖြေကြားပေးခြင်း မရှိပါက ငါသည် ရဟန်းသိက္ခာကိုစွန့်ကာ လူထွက်တော့အံ့…” စသည်ဖြင့် တွေးတောကြံစည်နေ၏။ မာလုကျပုတ္တမထေရ်သည် မိမိအကြံအတိုင်းပင် မြတ်စွာဘုရား သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသည့် အချိန်ကိုစောင့်ကာ သွားရောက်၍ မေးလျှောက်လေတော့၏။ ဘုရားထံသွားကာ အကြပ်ကိုင်လေတော့၏။

ဘုရားထံမှောက် ရောက်သည့်အခါ မာလုကျပုတ္တမထေရ်သည် မိမိကြံစည်ထားသည့် အတွေးများ၏ အဖြေကို မေးလျှောက်လေတော့၏။ မြတ်စွာဘုရားသည် ထိုအဖြေများကို ဟောကြားတော်မမူဘဲ ချန်ထားသည်ဟုထင်ကာ အပြစ်တင်သည့် သဘောများဖြင့် လူထွက်မည်ဟုပင် အကြပ်ကိုင်လေ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “မာလုကျပုတ္တ… ငါသည် သင့်ကို မာလုကျပုတ္တ သင်လာခဲ့လော့..၊ ငါဘုရားအထံမှာ မြတ်သောအကျင့်ကို ကျင့်လော့၊ သင်သိချင်သည့် လောကသည်မြဲခြင်း၊ မမြဲခြင်း၊ သတ္တ၀ါသည် သေသည်မှနောက်၌ တစ်ဖန်ပြန်ဖြစ်ခြင်း၊ မဖြစ်ခြင်း စသည့်မေးခွန်းများကို သင့်ကို ငါဘုရား ဟောကြားပေးမည်ဟု ဆိုခဲ့ဖူးသလော..” ဟု မေးတော်မူလိုက်၏။
“အရှင်ဘုရား… မဆိုခဲ့ဖူးပါဘုရား…”

“သင်ကလည်း ငါဘုရားကို သင်အလိုရှိတဲ့ မေးခွန်းတွေ ဖြေပေးမှ ရဟန်းပြုမည်၊ မြတ်သောအကျင့်ကို ကျင့်မည်ဟု ဆိုခဲ့ဖူးသလော…”
“အရှင်ဘုရား မဆိုခဲ့ဖူးပါဘုရား..”

“မာလုကျပုတ္တ ဤသို့ဆိုလျှင် ငါကလည်း သင့်ကို တစ်စုံတစ်ခုမျှ မဆိုခဲ့၊ သင့်ကလည်း ငါ့ကို တစ်စုံတစ်ခုမျှ မဆိုခဲ့ပါပဲလျှက် အဘယ်သူ တောင်းပန်သည်ဖြစ်၍ အဘယ်သူ့ကို တုံ့ပြန်ပြောကြားရမည်နည်း..၊ စင်စစ် သင်သည် ရဟန်းဘ၀ရနေသော်လည်း အရေးကြီးသည့်အရာကို မလုပ်ဘဲ မလိုအပ်သည်များတွင် အချိန်ကုန်နေသဖြင့် မဂ်ဖိုလ်မပြီး အချည်းနှီးသာဖြစ်နေ၏…”ဟု နောက်ဆုံးတွင် ဘုရားရှင်က မာလုကျပုတ္တအား ပြစ်တင်ပြောဆို ဆုံးမကာ အရေးကြီးသည့်အရာနှင့် အရေးမကြီးသည့် အရာများကို ခွဲခြားပြသ ဟောကြားတော်မူခဲ့၏။

ဗုဒ္ဓက “မာလုကျပုတ္တ… အကယ်၍ တစ်စုံတစ်ယောက်သည် လောကသည် မြဲမမြဲ၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်မဖြစ် စသည့်အကြောင်းအရာများကို မြတ်စွာဘုရားသည် မဟောကြားပေးသမျှ မြတ်သောအကျင့်ကို ငါမကျင့်ဟု ဆိုလာငြားအံ့၊ ထိုသူသည် မြတ်သောအကျင့်ကို မကျင့်မီ သို့မဟုတ် မကျင့်ရဘဲနှင့်ပင် သေလွန်ရာ၏၊ အကြောင်းကား ထိုကဲ့သို့သော အချည်းနှီးကိစ္စများအား ငါဘုရားသည် ဟောကြားပေးမည် မဟုတ်သောကြောင့်ပင် ဖြစ်၏…” “မာလုကျပုတ္တ… ဥပမာအားဖြင့် ပြင်းထန်သည့် အဆိမ်လူးမြားဖြင့် အပစ်ခံရသူသည် ရှေးဦးစွာ အဆိပ်လူးမြားကို နှုတ်ကာအသတ် အရင်ကယ်ရမည် ဖြစ်သော်လည်း အဓိကကျသည့် အရာကိုမလုပ်ဘဲ ဤအဆိပ်လူးမြားကို မည်သူကပစ်လိုက်သည်၊ ဤမြားသည် မည်သည့်နေရာက လာသည်၊ မည်သည့်အကြောင်းကြောင့် အပစ်ခံရသည် စသည်ဖြင့် မြားပစ်သူကို လိုက်ရှာနေပါက ထိုသူကို မတွေ့မီပင် အသက်သေသွားရာ သကဲ့သို့ ထို့အတူ သင်သည်လည်း အဓိကအရေးကြီးသည့် ရဟန်းတရားကို အားမထုတ်သေးဘဲ လောကအကြောင်း သတ္တ၀ါအကြောင်း စကြာဝဠာအကြောင်း စသည်များကို ဘုရားမဟောသေးသမျှ မြတ်သောအကျင့်ကို မကျင့်ဟု တွေးတောနေပါက ထိုမြတ်သောအကျင့်ကို မကျင့်ရသေးမီပင် သေလွန်သွားနိုင်ရာ၏…”

“မာလုကျပုတ္တ… လောကသည် မြဲသည်ဖြစ်စေ၊ မမြဲသည်ဖြစ်စေ၊ သတ္တ၀ါသည် ဘ၀သစ်တွင် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထိုအတွေးများရဲ့ အဖြေကို တိကျစွာ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ တွေးခေါ်သူအတွက် တစ်စုံတစ်ခုမျှ ထူးခြားလာမည်မဟုတ်၊ ထိုအတွေးများ၊ အဖြေများ မှန်မှားဖြစ်နေငြားလည်း ပဋိသန္ဓေနေရမှုများ၊ အိုရမှုများ၊ သေရမှုများ၊ ပူဆွေးငိုကြွေးခြင်းများ၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းများ စသည်တို့သည် ရှိနေကြမည်သာ ဖြစ်၏၊ စင်စစ် လောကအကြောင်း သတ္တ၀ါအကြောင်းစသည် တွေးနေခြင်းထက် ရှေးဦးစွာ လုပ်သင့်သည်မှာ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း၊ စိုးရိမ်ပူဆွေးခြင်းစသည်တို့ကို ယခုမျက်မှောက်ဘ၀မှာပင် ဖျက်စီးနိုင်အောင် ကြိုးစားနိုင်ခြင်းကသာ ပိုပြီးအရေးကြီး၏၊ ထိုအရာများကို ဖျက်စီးပစ်နိုင်ရန်ကိုသာ ငါဘုရားပညတ်တော်မူ၏…”

“မာလုကျပုတ္တ… ငါဘုရား၏ သာသနာတော်တွင် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်းသာ မှတ်သားလော့၊ လောကသည် မြဲ၏ဟူ၍လည်းကောင်း၊ မမြဲဟူ၍လည်းကောင်း၊ အသက်သည်ပင် ကိုယ်ဟူ၍လည်းကောင်း၊ အသက်တစ်ခြား ကိုယ်တစ်ခြား စသည်ဖြင့်လည်းကောင်း၊ သတ္တ၀ါ သေသည်မှနောက်၌ ဖြစ်၏၊ မဖြစ်၊ ဖြစ်လည်းဖြစ်၏၊ ဖြစ်လည်းမဖြစ် စသည်ဖြင့်လည်းကောင်း လောကအကြောင်း သတ္တ၀ါအကြောင်း စသည်တို့ကို ငါဘုရား ဟောကြားတော်မမူ၊ အကြောင်းကား ဟောကြားခြင်းဖြင့် အကျိုးစီးပွားနှင့်မစပ်၊ မြတ်သောသာသနာတော်၏ အစအနမျှလည်း မဖြစ်၊ ၀ဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှါ၊ ရာဂကင်းခြင်းငှါ၊ ရာဂချုပ်ခြင်းငှါ၊ ကိလေသာ ငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါ စသည်ဖြင့် မဖြစ်သောကြောင့်တည်း..” “မာလုကျပုတ္တ… ဤကား ဆင်းရဲတည်း၊ ဤကား ဆင်းရဲဖြစ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာတည်း၊ ဤကား ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်း အကျင့်တည်း စသည်ဖြင့် ငါဘုရား ဟောကြားတော်မူ၏၊ အကြောင်းကား ထိုတရားသည် အကျိုးစီးပွားနှင့် စပ်ယှဉ်၏၊ သာသနာအတွက် အားအင်ဖြစ်၏၊ ၀ဋ်ဆင်းရဲ၌ ငြီးငွေ့ခြင်းငှါ၊ ကိလေသာရာဂ ကင်းငြိမ်းခြင်းငှါ၊ သစ္စာလေးပါးကို သိမြင်ခြင်းငှါစသည်ဖြင့် အကျိုးဖြစ်သောကြောင့်တည်း၊ ထို့ကြောင့် သင်သည် ငါဘုရား မဟောကြားသည်ကို မဟောကြားသည့်အတိုင်း၊ ဟောကြားသည်ကို ဟောကြားသည့်အတိုင်း မှတ်သားလိုက်နာ ကျင့်ကြံလေလော့...” စသည်ဖြင့် အကျယ်မိန့်တော်မူလိုက်၏။ နောက်ဆုံးတွင် မာလုကျပုတ္တမထေရ်သည် မြတ်စွာဘုရား၏ တရားတော်ကို နှစ်သက်ကျေနပ်စွာ လက်ခံသွားလေတော့၏။ (မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ စူဠမာလုကျသုတ်) ဤကား ဗုဒ္ဓလက်ထပ် အတွေးအခေါ်ပိုင်းတွင် အားသာကာ အရေးကြီးသည့် အပိုင်များတွင် မလုပ်ဖြစ်ဘဲ အချည်းနှီး အချိန်ကုန်နေခဲ့သည့် မာလုကျပုတ္တ မထေရ်အကြောင်း တစ်စေ့တစ်စောင်းသာ ဖြစ်၏။

မျက်မှောက်ခေတ်တွင်လည်း မာလုကျပုတ္တကဲ့သို့ အတွေးနယ်လွန်သူများရှိ၏။ အရေးကြီးသည်ကို အကောင်အထည်မဖော်ဘဲ မိမိအတွက်လည်း အကျိုးမပြီး အများအတွက်လည်း အထောက်အကူ မပြုသည့် အရာများဖြင့် အချိန်ကုန်နေသူများ ရှိ၏။ ထိုသူများသည် မြတ်ဗုဒ္ဓမိန့်တော်မူသကဲ့သို့ပင် အဆိပ်လူမြားကို အရင်မနှုတ်ဘဲ မြားပစ်သူကို လိုက်ရှာနေသူနှင့် တူနေပေ၏။ စင်စစ် မလိုအပ်သည်များ၊ မိမိဉာဏ်နှင့် လိုက်မမီသည်များတွင် အချိန်ကုန်နေမည့်အစား လက်တွေ့ကျသည့် ကျင့်ကြံအားထုတ်မှုများဖြင့် အကောင်အထည် ဖော်နိုင်ရန်သာ ကြိုးစားအားထုတ်သင့်လှ၏။ မြတ်ဗုဒ္ဓ၏ အချို့အရာများသည် သဗ္ဗညုတဉာဏ်ဖြင့် ဟောကြားထားသည့်အရာများ ဖြစ်သဖြင့် မိမိ၏ အသိဉာဏ်နှင့် လိုက်မမီနိုင်သည်များ ရှိတတ်၏။ ထိုသို့သော အရာများတွင် မရရအောင် တွေးတောကြံစည်နေကြလျှင် အချိန်သာကုန်ပြီး အကျိုးမပြီး ဖြစ်နေတတ်၏။ အရေးကြီးသည်မှာ မိမိလုပ်နိုင်သည့်၊ လုပ်သင့်သည့် အရာများကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ရန်သာ ဖြစ်၏။ လက်တွေ့ကျင့်ကြံမှုဖြင့်သာ သိရန်ကြိုးစားသင့်၏။ မြတ်ဗုဒ္ဓက ဝေဘန်စိစစ် လက်ခံရန် ဟောကြားထားသော်လည်း အကျိုးစီးပွားနှင့် မစပ်သည့် အရာများတွင် အချိန်ကုန်ခံကာ ဝေဘန်စိစစ်နေစေရန် ဟောတော်မူခြင်း မဟုတ်ပေ။ မိမိသူတစ်ပါး အကျိုးများစေပြီး ကိလေသာကုန်ရာ အကျင့်တရားများကိုသာ နည်းမှန်လမ်းမှန် စနစ်မှန်ဖြင့် ကျင့်ကြံပွားများနိုင်စေရန် ပညာနှင့်စိစစ်ကာ လက်တွေ့လိုက်နာစေလိုခြင်း ဖြစ်၏။ အသိတရားတွင်သာ ရပ်တန့်မနေဘဲ အကျင့်တရားပါ ကျင့်ကြံစေရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ အရေးမကြီးသည့်အရာများတွင် အချိန်မကုန်စေဘဲ အရေးကြီးသည်များကို လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်စေလိုခြင်း ဖြစ်၏။ အဓိကကျသည်မှာ အသိနောက်ကို အကျင့်လိုက်စေလိုရင်း ဖြစ်၏။

ထို့ကြောင့် မာလုကျပုတ္တကဲ့သို့ စကြာဝဠာကြီး ဘယ်ကစသည်၊ လူသားများ ဘယ်ကစသည်၊ ကံတရား၏ အတိုင်းအဆ မည်မျှရှိသည် စသည်ဖြင့် သိခြင်း၊ မသိခြင်းဖြင့် လွတ်မြောက်ရေး၌ အထောက်အကူ မဖြစ်သည့် အချည်းအနှီး အတွေးအခေါ်များတွင် အချိန်ပေးကာ တွေးနေကြသည်ထက် သံယောဇဉ်ကုန်ရာ၊ ကိလေသာကုန်ရာ၊ နောက်ထပ်တစ်ဖန်၊ မွေးခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းစသည် ကင်းရာဖြစ်သည့် လက်တွေ့အကောင်အထည်ဖော် ကျင့်ကြံရမည့် အရာများကို လိုက်နာကျင့်သုံး နေထိုင်ခြင်းကသာ အရေးကြီးသည့်အရာများ ဖြစ်သဖြင့် မြားပစ်သူကို လိုက်ရှာမနေကြဘဲ မြားကိုသာ အရင်ဆုံး နှုတ်နိုင်အောင် ကြိုးစားကြရင်း အချိန်ရှိခိုက်၊ လုပ်နိုင်သည့်အခိုက်တွင် မိမိ၏ ပစ္စုပ္ပန်အကျိုး၊ သံသရာအကျိုး ပွားတိုးစေမည့် လုပ်ရပ်များကိုသာ အသိနှင့်အကျင့် ထပ်တူဖြစ်ရန် ကြိုးစားသင့်ပါကြောင်း အသိပေးတင်ပြလိုက်ပါ၏။ အရေးကြီးသည်မှာ ကျင့်ကြံအားထုတ်မှုသာ အဓိက ဖြစ်ပါပေတော့၏။

Read more »

မိန်းမဘ၀မှ လွန်မြောက်ချင်ရင်…

Q. အရှင်ဘုရားကို မေးခွန်းတစ်ခုလောက် မေးချင်နေမိတာ ဘယ်မှာ မေးရမှန်းမသိလို့ ဒီcomment မှာပဲ မေးလိုက်ပါတယ်ဘုရား....။ တပည့်တော် သူငယ်ချင်း မိန်းခလေး တစ်ယောက်က နောက်ဘဝမှာ ယောကျာ်းလေး အရမ်းဖြစ်ချင်နေပါသည် ဘုရား၊ အဲဒါ ဒီဘဝမှာ ဘာကောင်းမှု ကုသိုလ်ကို အလေးပေး လုပ်ဆောင်ရမယ်ဆိုတာကို ကရုဏာရှေ့ထား ဖြေကြား ပေးတော်မူပါဘုရား.....။
ကိုဗညား(ခေတ္တ စင်ကာပူ)

A. ဒကာတော်ရေ… မေးချင်တဲ့ မေးခွန်းလေးတွေကို ဒီစာမျက်နှာရဲ့ ဆက်သွယ်ရန်မှာ ဖော်ပြထားတဲ့ အီးမေးလ်မှပဲ ဖြစ်ဖြစ်၊ ဒီစာမျက်နှာရဲ့ အောက်ဆုံးမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍမှာပဲ ဖြစ်ဖြစ် မေးမြန်းနိုင်ပါတယ်။ အချိန်ရရင် ရသလို ဖြေပေးသွားပါမယ်။ အခု ဒကာတော်မေးတဲ့ မေးခွန်းကို ဖြေကြားပေးရမယ်ဆိုရင် အင်္ဂုတ္တရပါဠိတော် သံယောဂသုတ်မှာ ဟောကြားထားတဲ့ တရားတော်ကိုပဲ ကိုးကား ဖြေကြားပေးပါမယ်။ ဒီသုတ်တော်မှာ မိန်းမအဖြစ်၊ ယောက်ျားအဖြစ်မှ လွန်မြောက်နိုင်တဲ့ အချက်တွေကို ဖော်ပြထားပါတယ်။ တကယ်လို့ အမျိုးသမီးတစ်ယောက်ဟာ ကိုယ့်ရဲ့မိန်းမ ဘ၀ကို မလိုချင်ဘူး ဒီဘ၀ကနေ လွန်မြောက်ချင်တယ်ဆိုရင် ကိုယ့်သန္တာန်မှာ ရှိနေတဲ့ မိန်းမဣနြေ္ဒ၊ မိန်းမအမူအရာ၊ မိန်းမအသွင်အပြင်၊ မိန်းမမာန၊ မိန်းမအလိုဆန္ဒ၊ မိန်းမအသံ၊ မိန်းမအ၀တ်တန်ဆာတွေ အပေါ်မှာ တပ်မက်တဲ့ တဏှာဆန္ဒနဲ့ နှလုံးမသွင်းဖို့ လိုသလို မိန်းမတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ ဖြစ်တတ်တဲ့ အဲဒီယောက်ျားရဲ့ ဣနြေ္ဒ၊ အမူအရာ၊ အသွင်အပြင်၊ မာန၊ အလိုဆန္ဒ၊ အသံ၊ အ၀တ်တန်ဆာ စတာတွေနဲ့ ပတ်သက်ပြီး တွယ်တာတပ်မက်မှု မရှိဖို့လိုပါတယ်။ အဲဒီအချက်တွေကို မဖြစ်အောင်ကြိုးစားပြီး ဘယ်လိုကုသိုလ်မျိုးပဲ ဖြစ်ဖြစ် ကုသိုလ်လုပ်တိုင်းလုပ်တိုင်း ယောက်ျားဘ၀ကို ရလိုတဲ့ ဆန္ဒဆုတောင်းနဲ့ လုပ်မယ်ဆိုရင် ကောင်းမှုကုသိုလ်ဟာ တောင်းတတဲ့အတိုင်း ဖြစ်ပေါ်စေမှာ ဖြစ်တဲ့အတွက် လိုချင်တဲ့ ယောက်ျားဘ၀ကို ရနိုင်ပါတယ်။ အဓိကကတော့ ရရှိထားတဲ့ မိန်းမဘ၀အပေါ်မှာ ကျေနပ်နှစ်သက် စွဲလန်းတပ်မက်မှု မဖြစ်ဖို့ရယ် ဒီလိုမိန်းမဘ၀ကို ကျေနပ်နေမှုနဲ့ ယောက်ျားတစ်ယောက်အပေါ်မှာ မိန်းမတစ်ယောက်က တပ်မက်စွဲလန်းတတ်တဲ့ စွဲလန်းနေမှုမျိုး မဖြစ်ဖို့ လိုပါတယ်။ ရရှိထားတဲ့ ဘ၀အပေါ်မှာ တပ်မက်နှစ်သက်နေရင် နောက်ထပ်တစ်ခါ ဒီဘ၀မှာပဲ ပြန်လည်ဖြစ်တတ်တဲ့ ဘ၀တဏှာက ရှိနေတဲ့အတွက် မိန်းမဘ၀ကို မလိုချင်ရင် မိန်းမနဲ့ပတ်သက်တာတွေအပေါ် မတပ်မက်ဖို့ပဲ ဖြစ်ပါတယ်။

ဒါက မေးသူရှိလို့ ဘုန်းဘုန်းအနေနဲ့ ဖြေပေးလိုက်ရတာ ဖြစ်ပါတယ်။ တကယ်တော့ သံသရာနဲ့ ယှဉ်ကြည့်ရင် ဘယ်လိုဘ၀မျိုးမှ မကောင်းပါဘူး။ ယောက်ျားဘ၀မှာလည်း ဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်သလို မိန်းမဘ၀မှာလည်း ဆင်းရဲဒုက္ခတွေနဲ့ ကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ဘ၀ကိုဖြတ်နိုင်မှ ဒီဘ၀တွေရဲ့ ဒုက္ခမှ လွတ်မြောက်နိုင်မှာ ဖြစ်ပြီး ဘ၀ကင်းရာ နိဗ္ဗာန်ကို ရောက်နိုင်မှာဖြစ်ပါတယ်။ ဘ၀ကို လိုချင်တပ်မက်နေသမျှ ရလာတဲ့ဘ၀မှာ ဒုက္ခပေါင်းစုံ၊ ကိလေသာအစုံနဲ့ တစ်ခါပြန်ပြီး ကျင်လည်ကြရဦးမှာ ဆိုတာ သတိပြုစေချင်ပါတယ်။ အကောင်းဆုံးကတော့ မိန်းမဘ၀ပဲ ဖြစ်ဖြစ်၊ ယောက်ျားဘ၀ပဲ ဖြစ်ဖြစ် လက်ရှိရထားတဲ့ ဘ၀မှာ နောက်ထပ်ပြန်ပြီး ဘ၀မဖြစ်ရေး ကြိုးစားလိုက်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ လက်ရှိရထားတဲ့ ဘ၀အရ မိန်းမဘ၀ဟာ အရာရာ အခက်အခဲတွေ ရှိနေတတ်ပေမယ့် နိဗ္ဗာန်ရရေး၊ ကိလေသာကုန်ရေးမှာတော့ မိန်းမဖြစ်လို့ ကိလေသာ မကုန်ရဘူး၊ နိဗ္ဗာန်မရနိုင်ဘူးဆိုတာ မရှိပါဘူး။ မိန်းမဘ၀မှာပဲ ကိလေသာကုန်အောင် ကြိုးစားအားထုတ်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ နောက်ထပ် ဘယ်လိုဘ၀မျိုးကိုမှ တောင့်တမနေတော့ဘဲ အခုဘ၀မှာပဲ လွတ်မြောက်ရာလမ်းကို ကြိုးစားရှာဖွေတာက အကောင်းဆုံးပဲလို့ အကြံပြုလိုပါတယ်။ အင်း… ဘာပဲဖြစ်ဖြစ် နောက်ဘ၀တွေမှာ ယောက်ျားဘ၀ကိုပဲ ရချင်နေတယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ အချက်တွေနဲ့အညီသာ ကြိုးစားကြည့်ပါလို့ ဖြေကြားပေးလိုက်ပါတယ်။

Read more »

Live Questions and Answers (3)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Apr 10, 01:50 PM
Reader:
နာနာဘာဝ ဝိနာဘာဝ ဆိုတာ ဘာကို ဆိုလိုပါသလဲဘုရား။ ဝေမာနိက ပြိတ္တာများကို ဆိုလိုတယ်လို့ ထင်ခဲ့တာ ပါဠိအဓိပ္ပာယ်က ဒီလို မထွက်ဘူးလို့ သိရလို့ အမှန်ကို သိလိုပါတယ်ဘုရား…

22 Apr 10, 03:00 PM
မနာပဒါယီ>>> Reader:
နာနာဘာဝ ၀ိနာဘာဝဆိုတာ သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ဆိုပါတယ်။ ပါဠိတစ်ပုဒ်ချင်းရဲ့ အဓိပ္ပါယ်က နာနာဘာဝဆိုတာ အသီးအသီးဖြစ်ခြင်း၊ ဇာတိအားဖြင့် အထူးထူးအပြားပြား ဖြစ်ခြင်း၊ အရပ်တစ်ပါး ဝေးကွားသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပြီး ၀ိနာဘာဝဆိုတာ ကင်း၍ဖြစ်ခြင်း၊ သေဆုံးသွားသဖြင့် ကွေကွင်းရခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် သေကွဲရှင်ကွဲ ကွဲကွာခြင်းကို ပါဠိလို နာနာဘာဝ ၀ိနာဘာဝလို့ ဆိုတာ ဖြစ်ပါတယ်။

23 Apr 10, 10:45 PM
ကိုမြင့်မောင်:
အရှင်ဘုရား.တပည့်တော်ရွာပြန်တုန်းက သီလရှင်တွေတင်လာတဲ့ကားကို တားစီးမိပါတယ်ဘုရား။ အထဲမှာ သီလရှင်တွေပြည့်နေလို့ အပေါ်တက်ခိုင်းလို့ တက်ထိုင်ပြီး လိုက်ခဲ့တယ်။ အဲဒီအတွက် အကုသိုလ် ဖြစ်ပါသလား ဘုရား...
23 Apr 10, 11:35 PM
မနာပဒါယီ>>> ကိုမြင့်မောင်
:
အကုသိုလ်ဖြစ်မဖြစ်ဆိုတာ ကိုယ့်ရဲ့စိတ်စေတနာ အပေါ်မှာ မူတည်ပါတယ်။ ခရီးသွားတာဖြစ်တဲ့အတွက် အခြေအနေအရ ဆရာလေးတွေစီးလာတဲ့ ကားအပေါ်တက်ထိုင်လိုက်ရတာ ဖြစ်ပေမယ့် စော်ကားလိုတဲ့ စေတနာ မရှိတဲ့အတွက် အကုသိုလ် မဖြစ်ပါဘူး။ အဓိကကတော့ ကိုယ့်ရဲ့ စိတ်စေတနာပါပဲ။ အပေါ်အောက်ဆိုတာတွေကတော့ တစ်ခါတစ်လေ ဘုန်းကြီးတွေလည်း ဖြစ်တတ်ပါတယ်။ လေးငါးထပ်ရှိတဲ့ တိုက်တွေကို ဆွမ်းခံကြွတဲ့အခါ ဆွမ်းစားကြွတဲ့ အခါတွေမှာ လူတွေက အပေါ်ထပ်မှာ ရှိနေတာတွေ၊ ကိုယ့်အထပ်နဲ့ကိုယ် ဘုရားစင်လေးတွေ လုပ်ထားတဲ့အတွက် အပေါ်ထပ်ကလူတွေက အောက်ထပ် ဘုရားစင်တွေပေါ်မှာ ရှိနေတာတွေ စသဖြင့် အများကြီးပါ။ နောက်ဆုံးကောက်ချက်ချဖို့က ကိုယ့်ရဲ့စိတ်စေတနာနဲ့ပဲ ကောက်ချက်ချ ဆုံးဖြတ်ရမှာပါ။ စေတနာ မပါတဲ့ လုပ်ရပ်ဟာ ကံမမြောက်ပါဘူး။ ကံမမြောက်ရင် အကျိုးပေးလည်း မရှိပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စစ်ပြီး စေတနာဆိုးနဲ့ ဟုတ်မဟုတ် သုံးသပ်ကာ စိတ်အစဉ်ကို သက်သာအောင် လေ့ကျင့်ပါလို့ အကြံပြုပါတယ်..

24 Apr 10, 10:15 AM
Jaram:
ဒုလ္လဘ ဝတ်ပေးလိုက်တဲ့ သားက သာသနာ့ဘောင်ထဲမှာ ဝိနည်းနဲ့မလျော်တာတွေ ပြုမူပျော်ပါးနေတယ် တိုင်ကြားခံရလို့ သားကို ဇွတ်လူဝတ်လဲစေရင် မိဘ အပြစ်ရှိပါသလားဘုရား။
24 Apr 10, 02:08 PM
မနာပဒါယီ>>> Jaram:
သာသနာတော်မှာ သာသနာ့တာဝန်ကို ကောင်းစွာထမ်းဆောင်နေတဲ့ ရဟန်းတော်တစ်ပါးပါးကို လူထွက်အောင် လုပ်ဆောင်ရင်တော့ အပြစ်ဖြစ်နိုင်ပေမယ့် ဒီလို ကိုယ့်သားတစ်ယောက်အပေါ်မှာ သူရဲ့ လုပ်ရပ်တွေအတွက် ပိုပြီးအပြစ်မကြီးစေဖို့၊ ပြီးတော့ သူ့ကို အမှီပြုပြီး သာသနာတော် မညှိုနွမ်းစေဖို့ စတဲ့ စေတနာ ရည်ရွယ်ချက်ကောင်းများနဲ့ လူထွက်စေတယ်ဆိုရင် အပြစ်မကြီးနိုင်ပါဘူး။ ဒါပေမယ့် သေချာစုံစမ်းပြီး ဆုံးဖြတ်လုပ်တတ်ဖို့လိုပါတယ်။ သာသနာ့ဘောင် ရောက်နေတဲ့အတွက် ဆရာဥပဇ္ဈာယ်ရဲ့ ညွှန်ကြားမှုလည်း ခံယူဖို့လိုပါတယ်။ သေးငယ်တဲ့၊ အာပတ်ဖြေရင် ပျောက်မယ့် ၀ိနည်းသိက္ခာပုဒ် သေးသေးလေးတွေနဲ့ မညီညွတ်တာကြောင့် အတင်းလူဝတ်လဲ စေတာမျိုးဆိုရင်တော့ နောင်တစ်ချိန် အကျင့်အားကောင်းသွားမှုတွေ ရှိတတ်တဲ့အတွက် သေချာတိုင်ပင် စဉ်းစားဖို့တော့လိုပါတယ်။ အဲလိုမှမဟုတ်ဘဲ ကိုယ့်သားဟာ တကယ့်ကိုပဲ သာသနာတော်မှာ ကြီးမားတဲ့ ၀ိနည်းသိက္ခာပုဒ်တွေ ကျူးလွန်ပြီးနေတာဆိုရင်တော့ သူ့သံသရာ ကောင်းစေရေးကို ရေးရှုတဲ့ စိတ်နဲ့လူထွက်စေတာမှာ အပြစ်မရှိနိုင်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်သားလေး ရဟန်းဝတ်နဲ့ မြင်နေရရင်ပြီးရော သူဘာလုပ်လုပ် နေပါစေလို့ လွှတ်ထားလိုက်ရင် သူ့အတွက်လည်း ပိုပြီးအပြစ်ကြီးသလို ရဟန်းဝတ်နဲ့ အပြစ်တွေလုပ်နေတာကို သိနေရတဲ့ ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူ့ဝတ်ကြောင်နဲ့ ကိုယ့်သားသမီးဆို ကိုယ်ကိုယ်တိုင် ရိုက်ပုတ်ဆုံးမလည်း လိုသလို ပြုပြင်ကြည့်နိုင်လို့ ရတဲ့အတွက် ဒီလို သူ့အတွက်လည်း အကျိုးမရှိ၊ မိဘတွေအတွက်လည်း အကျိုးမရှိ၊ သာသနာတော် အတွက်လည်း အကျိုးမရှိတဲ့ သားမျိုးဆို လူထွတ်စေတာ အကောင်းဆုံးပါပဲ။ ပိုပြီးကြီးလေးတဲ့ အပြစ်တွေ မဖြစ်စေဖို့ဆိုတဲ့ စေတနာနဲ့ ဇွတ်အတင်း လူထွက်စေတာဖြစ်လို့ ဒီအတွက် အပြစ်မဖြစ်ပါဘူးလို့ပဲ ဖြေကြားလိုပါတယ်။

Read more »

ပယ်ဖြတ်ပုံ မတူကြသူများ…

ဗုဒ္ဓပိဋကတ် စာပေတွေဖတ်ရင်း မဇ္ဈိမပဏ္ဏာသ ပါဠိတော်မှာပါတဲ့ ပေါတလိယသုတ်ကို အကြိမ်အကြိမ် ပြန်ဖတ်မိဖြစ်ပါတယ်။ ဒီသုတ်မှာပါတဲ့ ပေါတလိယသူကြွယ်နဲ့ ဘုရားရှင်တို့ အပြင်အလှန် မေးဖြေထားတာလေးတွေက ဖတ်မိသူတိုင်းကို အဓိကနဲ့ သာမည ခွဲခြားပြသနေသလို ဖြစ်စေပါတယ်။ အမြင်ခြင်း မတူတဲ့ သူနှစ်ယောက်ရဲ့ ယူဆချက်တွေမှာ ဗုဒ္ဓရဲ့ တင်ပြချက်က လွတ်မြောက်မှုကို အသားပေးထားတာ တွေ့ရပါတယ်။ အထူးသဖြင့် ပေါတလိယ သူကြွယ်ရဲ့ လူမှုကိစ္စပယ်ဖြတ်ထားပုံနဲ့ ဘုရားရှင်ဆိုလိုတဲ့ ပယ်ဖြတ်ပုံချင်း မတူညီတာက ဖတ်တဲ့သူကို အမှန်ရွေးချယ်ခိုင်းနေသလို ဖြစ်နေပါတယ်။ သေချာတာကတော့ သဗ္ဗညုတဉာဏ်ရှင်ရဲ့ အမြင်နဲ့ ပုထုဇင်တစ်ယောက်ရဲ့ အမြင်မှာ ပယ်ဖြတ်ပုံကအစ မတူညီကြဘဲ ကွဲပြားနေတယ်ဆိုတာ သေချာပါတယ်။

မြတ်စွာဘုရားရှင် အင်္ဂတိုင်း အာပဏ္ဏနိဂုံးမှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ တစ်နေ့ ဘုရားရှင် ဆွမ်းခံရာမှအပြန် တောအုပ်တစ်ခုအနီးမှာ ကိုယ်လက်သန့်စင်ပြီး အနားယူ နေတဲ့အချိန် ပေါတလိယဆိုတဲ့ သူကြွယ်တစ်ယောက် ဘုရားထံပါး ရောက်လာခဲ့ပါတယ်။ အနီးရောက်နေပေမယ့် မထိုင်ဘဲ တစ်နေရာမှာ ရပ်နေတဲ့ပေါတလိယကို ဘုရားရှင်ကပဲစပြီး “သူကြွယ်…ဒီမှာ နေရာအလွတ်ရှိတယ်၊ လာထိုင်ပါ…”လို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ပေါတလိယသူကြွယ်ဟာ လာမထိုင်တဲ့အပြင် ဘုရားရှင်သုံးလိုက်တဲ့ “သူကြွယ်”ဆိုတဲ့ အသုံးအနှုန်းအပေါ်မှာ မကျေမနပ် ဖြစ်သွားပါတယ်။ ဘာမှမပြောပေမယ့် ရင်ထဲမှာတော့ ခံပြင်းခဲ့ပါတယ်။ ဘုရားရှင်ကလည်း သူ့အခြေအနေကို သိသိနဲ့ပဲ နောက်ထပ် နှစ်ခါသုံးခါ ထပ်ခေါ်လိုက်ပါတယ်။ ဒီတော့ ပေါတလိယသူကြွယ်ဟာ သည်းမခံနိုင်တော့ဘဲ “အရှင်ဂေါတမ… ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အခေါ်ဝေါ်နဲ့ ခေါ်ဆိုဖို့ မသင့်ပါဘူး..”လို့ ပြောလိုက်ပါတယ်။

“သူကြွယ်… သင့်ရဲ့အမူအရာ အသွင်အပြင်က သူကြွယ်ပုံပေါက်နေလို့ သူကြွယ်လို့ ခေါ်တာပါ…”လို့ ဘုရားရှင်က မိန့်တဲ့အခါ “အရှင်ဂေါတမ ကျွန်ုပ်ဟာ လူမှုကိစ္စအားလုံးကို ပယ်ထားပြီးပါပြီ၊ လူ့အသုံးအနှုန်းအားလုံးကိုလည်း ဖြတ်ထားပြီးပါပြီ၊ ဒါကြောင့် ကျွန်ုပ်ကို သူကြွယ်ဆိုတဲ့ အသုံးနဲ့ ခေါ်လို့မသင့်ပါ…”လို့ ပေါတလိယက ဆိုပါတယ်။ “ဘယ်လိုဘယ်နည်းနဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းအားလုံးကို ဖြတ်တောက်လဲ…”လို့ ဘုရားရှင်က ထပ်မေးတော့ “အရှင်ဂေါတမ… ကျွန်ုပ်မှာရှိတဲ့ ပိုင်ဆိုင်သမျှ စည်းစိမ်မှန်သမျှကို သားသမီးတွေကို အမွေးပေးပြီး အဲဒါတွေနဲ့ ပတ်သက်လို့ ဘာမှဝင်ရောက် စွပ်ဖက်မှုမရှိဘဲ စားလောက် ၀တ်လောက်ရုံလောက်နဲ့ပဲ ကျွန်ုပ်နေပါတယ်၊ ဒီနည်းဟာ ကျွန်ုပ်ရဲ့ လူမှုကိစ္စတွေကိုပယ်ပြီး လူ့အသုံးအနှုန်းတွေကို ဖြတ်တောက်တဲ့နည်း ဖြစ်ပါတယ်…”လို့ သူကြွယ်က ပြန်လျှောက်ပါတယ်။

“ဒါဆိုရင်တော့ သင့်ရဲ့လူ့အသုံးအနှုန်း ဖြတ်ပုံက တစ်မျိုးဖြစ်နေတယ်၊ ငါဘုရား အဆုံးအမရဲ့ လူ့အသုံးအနှုန်းဖြတ်ပုံကတော့ သင်နဲ့မတူဘူး”လို့ ဆိုကာ ဘုရားရှင်က ဖြတ်သင့်တဲ့ လူ့အသုံးအနှုန်း ဆိုတာတွေကို ဆက်လက်မိန့်ကြား တော်မူပါတယ်။ ဘုရားရှင်က ပယ်ရမယ့်အချက် (၈)ချက်ကို မိန့်တော်မူပါတယ်။
(၁) အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမည်
(၂) ပေးသောဥစ္စာ ယူခြင်းကိုမှီ၍ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမည်
(၃) မှန်သောစကားကိုမှီ၍ မမှန်သောစကားကို ပယ်ရမည်
(၄) ကုန်းမတိုက်သော စကားကိုမှီ၍ ကုန်းတိုက်သော စကားကို ပယ်ရမည်
(၅) မတပ်မက် မလိုချင်မှုကိုမှီ၍ တပ်မက်လိုချင်မှုကို ပယ်ရမည်
(၆) မကဲ့ရဲ့ မချုပ်ချယ်ခြင်းကိုမှီ၍ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမည်
(၇) အမျက်မထွက်ခြင်း မပင်ပန်းခြင်းကိုမှီ၍ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမည်
(၈) လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမည်။

ဒီ (၈)ချက်က ဘုရားရှင် မိန့်တော်မူတဲ့ လူ့အသုံးအနှုန်း ပယ်ဖြတ်ခြင်းများ ဖြစ်ပါတယ်။ ပေါတလိယ သူကြွယ်ဟာ သူနဲ့မတူတဲ့ မြတ်စွာဘုရားရှင်ရဲ့ ပယ်ဖြတ်နည်းအပေါ် စိတ်ဝင်စားသွားပြီး အကျယ်ထပ်မိန့်ဖို့ လျှောက်ထားလိုက်ပါတယ်။ ဒီတော့မှ ဘုရားရှင်က

“သူကြွယ်… အသက်မသတ်ခြင်းကိုမှီ၍ အသက်သတ်ခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အသက်ကို သတ်လေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အသက်သတ်လေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီအသက်သတ်ခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ အသက်သတ်ခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီအသက်သတ်ခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ်၊ အသက်သတ်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ အသက်မသတ်ခြင်းမှ ရှောင်ကြဉ်တဲ့သူ အတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ အသက်မသတ်ပဲ နေခြင်းနဲ့ပဲ အသက်သတ်ခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

သူကြွယ်… ပေးသောဥစ္စာကိုမှီ၍ မပေးသော ဥစ္စာယူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် မပေးသော ဥစ္စာကို ခိုးယူလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ မပေးတဲ့ ဥစ္စာကို ခိုးယူလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီခိုးယူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ ခိုးယူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီခိုးယူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် ခိုးယူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ ခိုးယူခြင်းမှ ရှောင်ကြဉ်တဲ့သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ ပေးသောဥစ္စာကိုယူခြင်းနဲ့ပဲ မပေးသောဥစ္စာ ယူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း၊

ဒီအတိုင်းပဲ ကိုယ့်ကိုယ်ကို မမှန်တဲ့ စကားကို ဆိုခြင်းရဲ့ ဆိုးကျိုးတွေနဲ့ မှန်တဲ့စကားကို ဆိုခြင်းရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မှန်ကန်သောစကားကို ဆိုခြင်းနဲ့ မမှန်ကန်သော စကားကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကုန်းတိုက်တဲ့ စကားကို ဆိုခြင်းရဲ့ အပြစ်တွေနဲ့ မဆိုခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး ကုန်းတိုက်တဲ့ စကားကို မဆိုခြင်းနဲ့ပဲ ကုန်းတိုက်တဲ့စကား ဆိုခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးနဲ့ မတပ်မက် မလိုချင်မှုရဲ့ ကောင်းကျိုးကို ဆင်ခြင်ပြီး မတပ်မက် မလိုချင်မှုနဲ့ပဲ လိုချင်တပ်မက်မှုကို ပယ်ရမှာ ဖြစ်ကြောင်း၊ ကဲ့ရဲ့ချုပ်ချယ်ခြင်းရဲ့ အပြစ်တွေနဲ့ မကဲ့ရဲ့ မချုပ်ချယ်ခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး မကဲ့ရဲ့ မချုပ်ချယ်ခြင်းနဲ့ပဲ ကဲ့ရဲ့ချုပ်ချယ်ခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေနဲ့ အမျက်မထွက်ခြင်း မပင်ပန်းခြင်းရဲ့ အကျိုးတွေကို ဆင်ခြင်ပြီး အမျက်မထွက်ခြင်း မပင်ပန်းခြင်းနဲ့ပဲ အမျက်ထွက်ခြင်း ပင်ပန်းခြင်းကို ပယ်ရမှာ ဖြစ်ကြောင်း၊

နောက်ဆုံးအနေနဲ့ သူကြွယ် … လွန်စွာမာန်မမူခြင်းကိုမှီ၍ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်ဆိုတာက တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို ဒီလို နှလုံးသွင်းဆင်ခြင်ရပါမယ်။ ငါဟာ အနှောင်အဖွဲ့ သံယောဇဉ်ကြောင့် အလွန်မာန်မာန ကြီးလေ့ရှိနေမိပေမယ့် ဒီအနှောင်အဖွဲ့ သံယောဇဉ်ကို အကြွင်းမဲ့ ပယ်ဖြတ်ဖို့လည်း ကျင့်ကြံနေတယ်၊ တကယ်လို့ ငါဟာ အလွန်မာန်မာန ကြီူးလေ့ရှိသူ ဖြစ်နေမယ်ဆိုရင် ဒီမာန်မူခြင်းကပဲ ငါ့ကိုငါ ပြန်စွပ်စွဲမိပြီး ပညာရှိတွေရဲ့ ကဲ့ရဲ့မှုကိုလည်း ခံရမယ်၊ မာန်မူခြင်းကြောင့် သေပြီးနောက်မှာလည်း မကောင်းတဲ့ ဘုံဘ၀မှာ ပြန်ဖြစ်ရမယ်၊ ဒီမာန်မူခြင်းကပဲ အနှောင်အဖွဲ့ သံယောဇဉ်ဖြစ်နေပြီး လွတ်မြောက်မှုအတွက် ပိတ်ပင်တားဆီးထားတဲ့ နီဝရဏတရား ဖြစ်နေမယ် မာန်မူခြင်းကြောင့် ဖြစ်ပေါ်လာမယ့် အာသဝေါတရား၊ ပင်ပန်းခြင်း ပူပန်ခြင်းတရားတွေဟာ မာန်မူခြင်းမှ ရှောင်ကြဉ်တဲ့ သူအတွက် မဖြစ်ပေါ်နိုင် စသဖြင့် ဆင်ခြင်ကာ လွန်စွာမာန်မမူခြင်းနဲ့ပဲ လွန်စွာမာန်မူခြင်းကို ပယ်ရမယ်လို့ ဆိုကြောင်း..” မိန့်တော်မူလိုက်ပါတယ်။

ပြီးတော့ ဗုဒ္ဓက “သူကြွယ် ဒီတရားရှစ်ပါးကို ပယ်တာတောင်မှ အကြွင်းမဲ့ ပယ်သတ်တာ မဟုတ်သေးပါဘူး၊ တကယ်အကြွင်းမဲ့ ပတ်သတ်နိုင်ဖို့ကတော့ ကာမဂုဏ်ငါးပါးကို အမှန်အတိုင်း ပညာနဲ့မြင်အောင် ကြိုးစားပြီး ဒီကာမဂုဏ်တရားတွေကို စွဲလန်းတတ်စေတဲ့ ဆန္ဒရာဂကို အကြွင်းမဲ့ချုပ်စေတဲ့ ဥပေက္ခာတရားကို ပွားများနိုင်မှပဲ အပြီးပယ်ဖြတ်နိုင်မှာ ဖြစ်ပါတယ်..၊ ဒီးနည်းကပဲ အသုံးအနှုန်းမှန်သမျှ လုံးဝပြတ်စေ နိုင်ပါတယ်..”လို့ မိန့်တော်မူလိုက်ပါတယ်။ ဒီတော့မှ ပေါတလိယ သူကြွယ်ဟာ သူ့ရဲ့ပယ်ဖြတ်နည်းကို စွန့်ပြီး ဗုဒ္ဓနည်းနဲ့အတူ သရဏဂုံတည်ကာ ဥပါသကာအဖြစ် ခံယူသွားခဲ့ပါတော့တယ်။

ဒီသုတ်တော်မှာလာတဲ့ မတူညီတဲ့ ပယ်ဖြတ်မှုတွေထဲက သူကြွယ်ရဲ့ ပယ်ဖြတ်မှုဟာ စစ်မှန်တဲ့ ပယ်ဖြတ်မှု မဟုတ်ဘဲ လွတ်မြောက်မှုကို မဖြစ်စေနိုင်တဲ့အတွက် သူကြွယ်ကိုယ်တိုင်ပဲ ဘုရားရှင်ရဲ့ ပယ်ဖြတ်မှုကို အရယူသွားတာဟာ အတုယူလိုက်နာစရာ ဖြစ်စေခဲ့ပါတယ်။ ဘုရားရှင်ဆိုလိုတာက လောကီစည်းစိမ်ဥစ္စာတွေကို ပယ်ထားတာထက် အသက်သတ်ခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အသက်သတ်တာကိုပယ်တာ၊ သူများဥစ္စာကို ခိုးခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး သူများပစ္စည်းဥစ္စာ ခိုးယူတာကိုပယ်တာ၊ မုသားစကားရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး မမှန်တဲ့စကား ပြောဆိုတာကိုပယ်တာ၊ တပ်မက်လိုချင်မှုရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး တပ်မက်လိုချင်မှုကိုပယ်တာ၊ ကဲ့ရဲ့ချုပ်ချယ်မှုရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး ကဲ့ရဲ့ချုပ်ချယ်မှုကို ပယ်တာ၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းရဲ့ အပြစ်တွေကို ဆင်ခြင်ပြီး အမျက်ထွက်ခြင်း ပင်ပန်းခြင်းကိုပယ်တာ၊ မာနရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပြီး မာနထောင်လွှားတာကို ပယ်တာတွေကပဲ အစစ်အမှန် ပယ်ခြင်းများဖြစ်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် မတူညီတဲ့ ပယ်ဖြတ်မှုတွေနဲ့ ပယ်ဖြတ်ကြရာမှာ တစ်ခြားလောကီရေးရာတွေကို ပယ်ဖြတ်ကြတာထက် ဗုဒ္ဓမိန့်တော်မူတဲ့ ပယ်ဖြတ်ရမယ့် အရာရှစ်မျိုးကို ပယ်ဖြတ်တာကသာ လွတ်မြောက်မှုအတွက် လမ်းမှန်ဖြစ်တဲ့အတွက် အမှန်လမ်းကို လျှောက်လှမ်းလိုသူများ အနေဖြင့် ဗုဒ္ဓအလိုကျ ပယ်ဖြတ်နည်းများဖြစ်တဲ့ သူများအသတ်သက်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ သူများဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ မုသားစကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ သူများအကျိုး ပျက်စီးနိုင်တဲ့ ကုန်းတိုက်စကား ပြောဆိုခြင်းမှ ရှောင်နိုင်အောင်၊ မတရားလိုချင် တပ်မက်မှုမှ ရှောင်ကြဉ်နိုင်အောင်၊ သူတစ်ပါးကို ကဲ့ရဲ့ချုပ်ချယ်ခြင်းမှ ရှောင်ကြဉ်နိုင်အောင်၊ အမျက်ထွက်ခြင်း ပင်ပန်းခြင်းမှ ရှောင်နိုင်အောင်၊ လွန်စွာမာန်မာန ကြီးရင့်ခြင်းမှ ရှောင်နိုင်အောင်ပဲ ကြိုးစားလျှောက်လှမ်းကြရမှာ ဖြစ်ပါတော့ကြောင်း ပေါတလိယသုတ်ကို ကိုးကား၍ ရိုးသားစွာ တင်ပြလိုက်ရပါတယ်။

Read more »

ကံကောင်းလိုသော်…

“ဘုန်းဘုန်းဘုရား… အခုတလော တပည့်တော်ကံတွေ အရမ်းနိမ့်ပြီး အဆိုးတွေနဲ့ပဲ ကြုံနေရပါတယ်ဘုရား…၊ အဲဒါ ဘုန်းဘုန်း တပည့်တော်ကို ကံကောင်းလာအောင် မေတ္တာပို့ ဆုတောင်းပေးပါဦးဘုရား…” ဆိုတဲ့ အားကိုးသံတွေနဲ့ တောင်းပန်လျှောက်ထားကြတဲ့ ဒကာဒကာမများကို မကြာမကြာ ကြုံဖူးပါတယ်။ အဲဒီလိုအခါတိုင်းလည်း ဘုန်းဘုန်းက “ကောင်းပါပြီ မေတ္တာပို့တာ၊ ဆုတောင်းပေးတာတော့ ပုံမှန်လုပ်ပေးနေတာထက် အထူးပိုပြီး မေတ္တာပို့ပေးပါမယ်၊ ကံတွေကောင်းလာအောင်တော့ ဘုန်းဘုန်းလုပ်ပေးတာထက် ကိုယ့်ဖာသာကိုယ် လုပ်ရမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ်စစ်ပြီး ကိုယ့်ကံကို ကိုယ်မြှင့်နိုင်အောင်ပဲ ကြိုးစားကြည့်ပါ…”လို့ အကြံပေး တိုက်တွန်းဖြစ်ပါတယ်။ ကံကောင်းချင်ရင် ကံပြောင်းပြင်မှ ရမှာဖြစ်တဲ့အတွက် မကောင်းတာကို ကောင်းတာတွေနဲ့ ပြောင်းကာပြင်ကြဖို့ သတိပေးဖြစ်ပါတယ်။ ကံကောင်းလိုသော် မကောင်းမပျော်ဘဲ အကောင်းပျော်ကြဖို့ ဟောပြောဖြစ်ပါတယ်။

တကယ်တော့ လောကမှာ အကောင်းအဆိုးဆိုတာ တစ်ခြားသူက လုပ်ပေးလို့ ရတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာ ဖြစ်ပါတယ်။ ကိုယ်ကောင်းချင်ရင် ကိုယ်ကောင်းပြင်ဖို့ လိုအပ်သလို ကိုယ်မကောင်းချင်ရင်လည်း ကိုယ်မပြောင်းဘဲ နေလို့ရပါတယ်။ အကောင်းအဆိုး အနိမ့်အမြင့်ဆိုတာ အကြောင်းအကျိုးရဲ့ နိယာမတစ်ခု ဖြစ်တဲ့အတွက် အကျိုးကောင်းအောင် အကြောင်းကောင်းကြရမှာ ဖြစ်ပါတယ်။ အကျိုးဆိုတာ ကမ္မဖလဖြစ်ပြီး ကံရဲ့ရလာဘ်ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကောင်းရင် အကျိုးရလာဘ်ကောင်းမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ဆိုးရင် အကျိုးရလာဘ် ဆိုးမှာဖြစ်ပါတယ်။ အကျိုးဆိုးတာဟာ ကံနိမ့်တာဖြစ်ပြီး အကျိုးကောင်းတာဟာ ကံမြင့်တာ ဖြစ်တဲ့အတွက် ကံနိမ့်နေရင် အကြောင်းဖြစ်တဲ့ လုပ်ဆောင်ချက်ကောင်းနဲ့ပဲ မြှင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော ကံမြှင့်ရာ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေအလိုအရ လုပ်ဆောင်ချက်ကို ကောင်းတဲ့လုပ်ဆောင်ချက် မကောင်းတဲ့လုပ်ဆောင်ချက်လို့ နှစ်မျိုးခွဲခြားနိုင်ပြီး ဒီလုပ်ဆောင်ချက်တိုင်းမှာလည်း ကိုယ်နဲ့လုပ်တဲ့ လုပ်ဆောင်ချက်၊ နှုတ်နဲ့ပြောတဲ့ လုပ်ဆောင်ချက်နဲ့ စိတ်နဲ့ကြံစည်တဲ့ လုပ်ဆောင်ချက်ဆိုပြီး သုံးမျိုးသုံးစား ရှိနေပါတယ်။ လုပ်ဆောင်ချက်မကောင်းလို့ ကံနိမ့်နေ ကံဆိုးနေတဲ့ သူတွေဟာ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကို ပြန်ဆင်ခြင်ပြီး မကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ကောင်းတဲ့လုပ်ဆောင်ချက်တွေနဲ့ အစားထိုး ပြင်ဆင်ကာ ကံမြှင့်ကြည့်ကြဖို့ လိုပါတယ်။ မကောင်းတဲ့ လုပ်ဆောင်ချက်ကို ပြင်လိုက်တာနဲ့ ကောင်းတဲ့လုပ်ဆောင်ချက်ကို လုပ်ပြီးသား ဖြစ်နေပါတယ်။

မကောင်းတဲ့ လုပ်ဆောင်ချက်ကို စာပေက ဒုစရိတလို့ခေါ်ပြီး မြန်မာလို ဒုစရိုက်လို့ ပြောကြပါတယ်။ ဒီဒုစရိုက်ဟာ ကိုယ်နဲ့လုပ်တဲ့ ကာယဒုစရိုက် (ကာယကံ)၊ နှုတ်နဲ့ပြောဆိုတဲ့ ၀စီဒုစရိုက် (၀စီကံ)၊ စိတ်နဲ့ကြံစည်တဲ့ မနောဒုစရိုက် (မနောကံ)ရယ်လို့ သုံးမျိုးရှိပြီး ကာယဒုစရိုက် သုံးပါး၊ ၀စီဒုစရိုက် လေးပါး၊ မနောဒုစရိုက် သုံးပါးလို့ ထပ်ပြီးခွဲခြား ထားပါတယ်။ ကာယဒုစရိုက် သုံးပါးက သူ့အသက်သတ်ခြင်း (ပါဏာတိပါတ)၊ သူ့ဥစ္စာခိုးယူခြင်း (အဒိန္နဒါန)နဲ့ သူများသားမယားကို ဆော်ကားဖျက်စီးခြင်း (ကာမေသု မိစ္ဆာစာရ)တို့ ဖြစ်ပြီး၊ ၀စီဒုစရိုက် လေးပါးကတော့ လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)၊ သူတစ်ပါး အဆင်မပြေဖြစ်အောင် ချောပစ်ကုန်းတိုက်ခြင်း (ပိသုဏ၀ါစာ)၊ ကြမ်းတမ်းတဲ့စကားကို ပြောဆိုခြင်း (ဖရုသ၀ါစာ)နဲ့ အကျိုးမရှိ အနှစ်မဲ့တဲ့ စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)တို့ဖြစ်ကာ မနောဒုစရိုက် သုံးပါးကတော့ သူတစ်ပါး စီးစိမ်ဥစ္စာအပေါ်မှာ မတရား ရယူရန် ကြံစီခြင်း (အဘိဇ္ဈာ)၊ သူတစ်ပါး အသက်နဲ့ စည်းစိမ်ကို ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)နဲ့ ကံကံ၏ အကျိုးကိုပယ်ကာ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)တို့ပဲ ဖြစ်ပါတယ်။ ဒီဒုစရိုက်ဆယ်ပါးဟာ သတ္တ၀ါတွေကို မကောင်းတဲ့ လုပ်ဆောင်ချက်တွေနဲ့ မကောင်းတဲ့ အကျိုးတွေကို ဖြစ်စေတဲ့အတွက် ကံနိမ့်စေခြင်း အကြောင်းတရားတွေ ဖြစ်ပါတယ်။

ဒါကြောင့် ကံနိမ့်နေတဲ့ သူတွေဟာ ကံမြင့်စေဖို့၊ ကံကောင်းစေဖို့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေမှာ အခုပြောခဲ့တဲ့ အလုပ်တွေ ပါမပါ သေချာဆင်ခြင်ပြီး ပါနေရင် ဒီအလုပ်တွေကို ပြင်ဖို့လိုပါတယ်။ ဒီမကောင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြင်မှ ကောင်းတာတွေ ဖြစ်လာကာ ကံမြင့်လာမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ ဒီလုပ်ဆောင်ချက်တွေကို ပြင်လိုက်တာနဲ့ ကောင်းတဲ့ လုပ်ဆောင်ချက်တွေအဖြစ် ပြောင်းသွားမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ချက်ပြောင်းလို့ အလုပ်ကောင်းသွားရင် အကြောင်းကောင်းသွားတာ ဖြစ်တဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်း ကောင်းမှာဖြစ်ပါတယ်။ အကျိုးကောင်းလာတာဟာ ကံကောင်းလာတာပါပဲ။ ဒါဟာ တစ်ခြားသူလုပ်လို့ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင် ပြောင်းလိုက်တဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်ကောင်းကြောင့် ဖြစ်ပါတယ်။

အမှန်တော့ ဒီဒုစရိုက်ဆယ်ပါးဟာ ကိုယ်နှုတ်နှလုံး သုံးပါးလုံးနဲ့ ကျူးလွန်နိုင်တဲ့ မကောင်းတဲ့ကံတွေ ဖြစ်ပေမယ့် ဒီကံသုံးပါးကို မကျူးလွန်မိအောင် ထိန်းဖို့အတွက်ကတော့ သီလနဲ့ ဘာဝနာ အလုပ်ကိုပဲ လုပ်နေလိုက်ရင် ပြီးပါတယ်။ သီလဆောက်တည်ခြင်းဟာ ကာယကံနဲ့ ၀စီကံကို ထိန်းနေတာဖြစ်ပြီး ဘာဝနာ အားထုတ်ခြင်းကတော့ မနောကံကို ထိန်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေရင် ကာယဒုစရိုက် ၀စီဒုစရိုက်တွေကို လုံနေတာဖြစ်ပြီး ဘာဝနာပွားနေရင် မနောဒုစရိုက်ကို တားနေတာဖြစ်တဲ့အတွက် သီလနဲ့ဘာဝနာကို စောင့်ထိန်းလေ့ကျင့် အားထုတ်နေတဲ့ သူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကို မကျူးလွန်သူတွေ ဖြစ်သလို ကောင်းတဲ့သုစရိုက်နဲ့ နေသူတွေလည်း ဖြစ်ပါတယ်။ ကောင်းတဲ့လုပ်ဆောင်ချက်နဲ့ နေသူတွေဟာ ကံမြင့်နေသူတွေဖြစ်ပြီး ကံကောင်းနေသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်တဲ့သူဟာ ကိုယ်ကျင့်သီလကို လုံအောင်ထိန်းပြီး သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများနေဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ချို့က ဒါကို သဘောမပေါက်တော့ ကံနိမ့်နေတာကို ကိုယ့်ကိုယ်ကို မစစ်ဘဲ ကံပစ်ကာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဆိုပြီး သူများပုံချတတ်ကြတဲ့အပြင် ကိုယ်အလုပ်မကောင်းလို့ ကံဆိုးနေတာကို အကောင်းတွေနဲ့ မပြင်ဘဲ စိတ်ညစ်ညစ်နဲ့ အဆိုးတွေထပ်လုပ်ဖြစ်တော့ ကံကမြင့်မလာဘဲ နိမ့်ပဲနိမ့်နေ ဖြစ်ကုန်ပါတယ်။ ကံနိမ့်လေ အဆိုးတွေလုပ်မိလေ၊ အဆိုးလုပ်လေ အကောင်းဝေးလေဖြစ်ပြီး ဘ၀ဟာ နိမ့်ပြီးရင်း နိမ့်ရင်းပဲ ဖြစ်ကုန်ပါတော့တယ်။ ဒါဟာ ကံကောင်းချင်ပေမယ့် အကောင်းမပြင်ဘဲ မကောင်းမြင်ကာ မပြောင်းချင်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ မကောင်းတဲ့ လုပ်ဆောင်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။

စကားစပ်လို့ အသိနှစ်ယောက်ရဲ့ အဖြစ်လေးကို သတိရမိပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အတူနေ လုပ်ငန်းတူတွေ ဖြစ်ပေမယ့် အကျင့်စရိုက်ကတော့ ကွာခြားပါတယ်။ တစ်ယောက်က ဘာသာတရားကို အထူးသက်ဝင် ယုံကြည်ပေမယ့် တစ်ယောက်ကတော့ ၀တ်ကျေတန်းကျေလောက်ပါပဲ။ တစ်ချိန်မှာတော့ သူတို့နှစ်ယောက်လုံး အဆင်မပြေတာတွေနဲ့ ကြုံခဲ့ကြပါတယ်။ စီးပွားရေး အဆင်မပြေမှုတွေ၊ တစ်ခြားသူတွေရဲ့ တိုက်ခိုက်မှုတွေ၊ လုပ်သမျှ အရာမထင်မှုတွေနဲ့ အတူ အခြေအနေဟာ သာမန်လူတစ်ယောက်အတွက် ဘ၀ကို လက်မြှောက် အရှုံးပေးရလောက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံး ဒီအကြောင်းတွေ ဘုန်းဘုန်းကို အသိပေးပြီး ကံကောင်းအောင် မေတ္တာပို့ပေးဖို့ ပြောကြပါတယ်။ ထုံးစံအတိုင်း ဘုန်းဘုန်းကတော့ ကိုယ့်ကံကိုယ်မြှင့်ဖို့ပဲ ပြောဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ဘာသာတရားကို သက်ဝင်ယုံကြည်တဲ့သူက ဘုန်းဘုန်းပြောသလို အဆင်မပြေလေ သီလနဲ့ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်လေ ဖြစ်ပေမယ့် တစ်ယောက်ကတော့ စိတ်ဓာတ်ကျပြီး မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့အတူ မဟုတ်တာတွေပဲ လိုက်လုပ်ဖြစ်နေပါတယ်။ တစ်နေ့ သူတို့နှစ်ဦး ခရီးသွားရင်း ကားအက်စိဒင့်ဖြစ်တော့ မကောင်းတဲ့အလုပ်တွေနဲ့ အဆိုးတွေပဲ လုပ်ဖြစ်တဲ့သူက ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး အဆိုးတွေကြုံပေမယ့် အကောင်းတွေပဲ ဖိလုပ်ဖြစ်နေတဲ့ သူကတော့ ထိခိုက်ဒဏ်ရာ ရတာလောက်ပဲ ဖြစ်ခဲ့ပါတယ်။ အမှန်တော့ သူလည်း ပွဲချင်းပြီး သေနိုင်လောက်ပေမယ့် အကောင်းတွေနဲ့ ကံကိုမြှင်နေလေတော့ အဆိုးထဲက အကောင်းအနေနဲ့ အသက်မသေဘဲ ကံကောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ကံကောင်းအောင် ကိုယ်ကိုယ်တိုင် မြှင့်တင်ခဲ့တဲ့ သူတစ်ယောက်ရဲ့ လက်တွေ့ကျတဲ့ နိယာမတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဘ၀မှာ အဆိုးတွေနဲ့ ကြုံနေပေမယ့် စိတ်ဓာတ်မကျဘဲ ကံတွေတစ်ခါ ပြန်ကောင်းလာအောင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကံကို ကိုယ်မြှင့်ပြီး အကောင်းတွေနဲ့ ပြင်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် သေချာတာကတော့ ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက် ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက်တွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုးတွေကြုံလေလေ သီလကို အထူးလုံအောင် ထိန်းလေလေ၊ မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် သမထအလုပ် ၀ိပဿနာ အလုပ်တွေနဲ့ ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။

ဒါကြောင့် ကံမကောင်း အကြောင်းမလှလို့ မကောင်းတွေကျနေတဲ့ သူတွေအနေနဲ့ ကံတစ်ခါကောင်းလို့ အကြောင်းလှပြီး အကောင်းရရလေအောင် ကိုယ့်ကံကိုယ်စစ်ကာ ကောင်းတာတွေနဲ့ နှစ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကံနိမ့်နေလို့လိုဆိုကာ စိတ်ညစ်ညစ်နဲ့ အဆိပ်ဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေကို လျှောက်မလုပ်မိကြဘဲ အဆိုးများအတွက် အတိုးပွားပြီး အကျိုးများစေမယ့် ကောင်းတဲ့အလုပ်တွေကိုပဲ ကြိုးစားလုပ်နေကြဖို့ လိုပါတယ်။ ဘယ်အရာမဆို အချိန်ဆိုတာ ရှိတဲ့အတွက် အချိန်တန်ရင် အဆိုးတွေပျောက်ပြီး အကောင်းရောက်လာမှာကို သဘောပေါက် ဆင်ခြင်ကာ အခိုက်အတန့် ကံနိမ့်နေတဲ့ ကာလလေးမှာ မကောင်းတဲ့အလုပ်တွေနဲ့ စိတ်မညစ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့သာ ကိုယ့်ကံကိုယ်မြှင့်ကြဖို့ ကံကောင်းနည်းလက်ဆောင်အဖြစ် အသိပေးစကား ပါးလိုက်ရပါတယ်။ အားလုံး ကိုယ့်ကံကိုယ်စစ်ပြီး ကောင်းကံတွေ မြှင့်နိုင်ကြပါစေ..

Read more »

စွမ်းအားကိုယ်စီ…

လောကမှာ ကိုယ့်အစွမ်းအစကို အသုံးမချဘဲ သူများကို အမှီပြုပြီး သူများရဲ့ အားကိုးကိုပဲ ရှာနေတတ်ကြတဲ့ သူတွေရှိတတ်ကြသလို ကိုယ့်ကိုယ်ကို အထင်ကြီးလွန်ကာ ငါမပါ ဘာမှမပြီးလို့ ဆိုတတ်သူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့ကလည်း “သူမရှိလို့ မဖြစ်ဘူး၊ သူမရှိရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုတတ်တဲ့ သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း “ငါမရှိရင် မဖြစ်ဘူး၊ ငါမပါရင် ဘာမှလုပ်လို့ မရဘူး…” စသဖြင့် ဆိုလာသူတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ လူတိုင်းလူတိုင်း စွမ်းအားကိုယ်စီ ရှိနေပြီးသား ဖြစ်ပါတယ်။ ကိုယ့်မှာမရှိတဲ့ စွမ်းအားများ၊ အားသာချက်များဟာ သူ့မှာ ရှိနေတတ်သလို သူ့မှာမရှိတဲ့ အားသားချက်များ၊ အစွမ်းအစများဟာလည်း ကိုယ့်မှာ ရှိနေတတ်ပါတယ်။ ဒီလို ကိုယ်စီကိုယ်ငှ စွမ်းအားလေးတွေ ရှိနေကြတဲ့ အတွက်ကြောင့်ပဲ အားကိုးရပါတယ်ဆိုတဲ့ သူတွေမရှိတဲ့အခါ သူ့အထိုက်အလျောက် သူ့အစွမ်းအလျောက် ဖြစ်သွားကြတာတွေလည်း အများကြီးပါပဲ။ ငါမရှိရင် မဖြစ်၊ ငါမပါပြီး၊ သူမရှိမဖြစ်၊ သူမပါ မပြီးဆိုတဲ့ အတွေးနဲ့တစ်ဘက်သက် စွဲယူမထားဖို့တော့ လိုပါတယ်။ ငါမရှိလည်း သူ့ဟာနဲ့သူ ဖြစ်သွားတတ်သလို၊ သူမရှိရင် ငါ့ဟာနဲ့ငါတော့ ဖြစ်သွားတာပါပဲ။ အဓိကကတော့ ကိုယ့်ကိုယ်ကိုပဲ ဖြစ်ဖြစ် တစ်ဦးတစ်ယောက်ကိုပဲ ဖြစ်ဖြစ် မရှိရင်မဖြစ်ဘူးဆိုတဲ့ တစ်ယူသန်အစွဲ မထားမိကြဖို့ပါပဲ။ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို အားကိုးကြမယ်ဆိုရင် စွမ်းအားကိုယ်စီ ရှိနေကြတယ်ဆိုတာ မမေ့ကြဖို့ပါပဲ။

သာမန်လူများမပြောနဲ့ အလုံးစုံကို သိတော်မူတဲ့ အနန္တတံခိုးရှင် အနှိုင်းမဲ့ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ငါဘုရားကိုချည်းပဲ အားကိုးကာ ငါဘုရားကိုပဲ မျှော်လင့်မနေကြဖို့နဲ့ ကိုယ့်ကိုယ်ကို အားကိုးကြဖို့၊ ကိုယ့်တရားကိုယ် မှီခိုကြဖို့” မှာတမ်းချွေတော်မူ သွားတာကိုကြည့်ရင် စွမ်းအားကိုယ်စီရှိနေတဲ့ ကိုယ့်ကိုယ်ကို သတိပြုမိနိုင်ပါတယ်။ သူများချည်းပဲ အားကိုးနေလို့ မဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း အစွန်းမရောက်ဖို့ သဘောပေါက်နိုင်ပါတယ်။ စွမ်းအားကိုယ်စီ ရှိနေတယ်ဆိုကတည်းက ကိုယ့်အစွမ်းကိုယ် အားကိုးကာ ကိုယ့်ကိုယ်ကို ကြိုးစားဖို့လိုတယ်ဆိုတဲ့ သဘောပါပဲ။ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ ကိုယ့်ရဲ့အစွမ်းကို ထုတ်ဖော်ပြသဖို့ပဲ လိုပါတယ်။ ကြိုးစားမှုနဲ့ စွမ်းအားတွေကို ပြုစုလို့ ရတယ်ဆိုတာ သဘောပေါက်ဖို့ အရေးကြီးပါတယ်။ ဒီနေရာမှာ ကိုယ့်ကိုယ်ကို အားကိုးတာနဲ့ ကိုယ့်ကိုယ်ကို အထင်းကြီးတာ ကွဲပြားဖို့တော့ လိုပါတယ်။ “ငါလုပ်ရင် ဖြစ်နိုင်တယ်”ဆိုတာက ကိုယ့်ကိုယ်ကို အားကိုးတာဖြစ်ပြီး “ငါလုပ်မှပဲ ဖြစ်တယ်”ဆိုတာက ကိုယ့်ကိုယ်ကို အထင်ကြီးတာ ဖြစ်ပါတယ်။

“ကိုယ့်ကိုယ်ကို အားကိုးဖို့၊ ကိုယ့်တရားကို ကိုယ်မှီခိုဖို့”ဆိုတဲ့ ဒီစကားကို မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီး နောက်ဆုံးအချိန်လေးမှာ မိန့်တော်မူသွားပါတယ်။ ဒီတုန်းက မြတ်စွာဘုရားရှင်ဟာ ဝေဠုဝရွာမှာ ၀ါကပ်ပြီးချိန်က ဖြစ်ပါတယ်။ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ရောဂါဖြစ်ပြီး သေလုမျောပါး ခံစားခဲ့ရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နောက်ဆုံး ဘုရားရှင်ကိုယ်တော်တိုင်ပဲ ဒီရောဂါကို ဘာဝနာအလုပ် အားထုတ်တဲ့ ၀ီရိယအပြင် သမာပတ်အစွမ်းများနဲ့ သက်သာမှုကို ရယူတော်မူခဲ့ရပါတယ်။ ဘုရားရှင် ရောဂါက သက်သာလာပြီဆိုတော့မှပဲ အလုပ်အကျွေးဖြစ်တဲ့ အရှင်အာနန္ဒာ မထေရ်ဟာ သက်ပြင်းချနိုင်ခဲ့ပါတယ်။ ပြီးတော့ ဘုရားရှင်အနားကပ်ပြီး “မြတ်စွာဘုရား… ဘုရားရှင်အခုလို ကျန်းကျန်းမာမာ ရှိတော်မူမှပဲ တပည့်တော်မှာ စိတ်သက်သာရာ ရပါတော့တယ်ဘုရား…၊ အရှင်ဘုရား မကျန်းမမာ ဖြစ်နေတုန်းကဆို တပည့်တော်ကိုယ်တိုင် ခန္ဓာကိုယ်လေးလံ တောင့်တင်းနေပြီး အရပ်မျက်နှာတွေလည်း မသဲကွဲ၊ သတိပဋ္ဌာန်အလုပ်လည်း အားမထုတ်နိုင် ဖြစ်ခဲ့ရပါတယ်ဘုရား၊ နောက်ဆုံးတော့ မြတ်စွာဘုရားရှင်ဟာ ရဟန်းသံဃာတွေအတွက် မှာတမ်းချွေစရာ မှာထားချက်တွေ၊ မိန့်မှာချက်တွေကို မိန့်ကြားတော်မမူရသေးသမျှ ပရိနိဗ္ဗာန်စံဝင်တော်မူမှာ မဟုတ်ဘူးလို့ ကိုယ့်စိတ်ကိုယ်ဖြေလိုက်မှ သက်သာရာ နဲနဲရသွားပါတယ်ဘုရား…”လို့ လျှောက်ထားလိုက်ပါတယ်။

ဒီအခါမှာ ဘုရားရှင်က “အာနန္ဒာ… ရဟန်းသံဃာဟာ ငါဘုရားထံက ဘာကိုများ ထပ်ပြီးမျှော်လင့် နေကြသေးသလဲ…၊ ငါဘုရားဟာ အတွင်းအပြင်မထား၊ ဆရာစားမချန် တရားတော်များကို ဟောကြားပေးခဲ့ပြီးပြီ၊ တရားတော်နဲ့ ပတ်သက်တဲ့ လျှို့ဝှက်ထားတာဆိုတာ ငါ့မှာမရှိ…” ပြီးတော့ “အာနန္ဒာ… ရဟန်းသံဃာကို ငါကပဲ လွှမ်းမိုးထားရမယ်၊ ရဟန်းသံဃာဟာ ငါ့ကိုပဲ အားကိုးရာဖြစ်စေရမယ် ဆိုတဲ့အတွေး ရှိတဲ့ သူတွေကသာ ရဟန်းသံဃာနဲ့ပတ်သက်တဲ့ မိန့်မှာချက်ကို မှာကြားတတ်ကြတယ်၊ ငါဘုရားမှာ ဒီလိုလိုလားတောင့်တချက် မရှိတဲ့အတွက် တစ်စုံတစ်ရာ မိန့်မှာချက် မရှိတော့ဘူး.. ချစ်သား…”လို့ မိန့်ကြားတော်မူပါတယ်။

ပြီးတော့ ဘုရားရှင်က အရှင်အာနန္ဒာကို ထပ်ပြီးမိန့်တော်မူပါတယ်။ “အာနန္ဒာ… အခုအချိန်မှာ ငါဘုရားဟာ အိုမင်းရင့်ရော်လာနေပေပြီ၊ အသက်အရွယ် ကြီးရင့်နေပေပြီ၊ အသက်အရွယ် အဆုံးအပိုင်းဖြစ်တဲ့ ရှစ်ဆယ်အရွယ်ရောက်နေပေပြီ။ အာနန္ဒာ… လှည်းအိုဟာ ဖွဲ့စည်းတုတ်နှောင်မှုတွေနဲ့ တည်တံ့နေရသလို ငါဘုရားရဲ့ ခန္ဓာကိုယ်ဟာလည်း ဖွဲစည်းတုတ်နှောင်ခြင်းနဲ့တူတဲ့ ဖလသမာပတ်နဲ့ပဲ တည်တံ့နေရပေတယ်။ ဒါကြောင့် ငါဘုရားရဲ့ တပည့်သာဝကများ အနေနဲ့ ကိုယ်ကိုယ်ကိုပဲ မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေကြပေတော့၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေကြပေတော့..”။

“အာနန္ဒာ ဘယ်လိုပုံစံနဲ့ ကိုယ့်ကိုယ်ကို အားကိုးရာ၊ မှီခိုရာ၊ တရားတော်ကို အားကိုရာ မှီခိုရာအဖြစ် ရှိနေရမှာလည်း ဆိုရင်… တစ်စုံတစ်ယောက်ဟာ ကြိုးစားအားထုတ်မှု ၀ီရိယ၊ စူးစမ်းဆင်ခြင်မှု ဉာဏ်ပညာ၊ မမေ့မလျော့မှု သတိတရားနဲ့ ရုပ်ကို ရုပ်၊ ခံစားမှုဝေဒနာကို ဝေဒနာ၊ တွေးတောကြံစီမှု စိတ်ကို စိတ်၊ သဘောတရားကို သဘောတရားလို့ အရှိကို အရှိအတိုင်း အကြိမ်ကြိမ် ရှုတ်မှတ်ပြီး လောကမှာ ဖြစ်တတ်တဲ့ လိုချင်တပ်မက်ခြင်းနဲ့ နှလုံးမသာယာခြင်းကို ပယ်ဖျောက်ပြီး နေရပါမယ်၊ ဒီလို နေခြင်းမျိုးကိုပဲ ကိုယ့်ကိုယ်ကိုယ် မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေခြင်း၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေခြင်းပါပဲ..”။

“အာနန္ဒာ တစ်စုံတစ်ယောက်ဟာ အခုအချိန်မှာပဲ ဖြစ်ဖြစ်၊ ငါဘုရား ကွယ်လွန်တဲ့အခါမှာပဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် မှီခိုရာပြုပြီး၊ ကိုယ့်ကိုယ်ကိုယ်မှလွဲပြီး အားကိုရာ မရှိစေဘဲ ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာရှိကာ နေမယ်၊ တရားကိုပဲ မှီခိုရာပြုပြီး၊ တရားမှလွဲပြီး အာကိုးရာ မရှိစေဘဲ တရားကိုသာ ကိုးကွယ်ရာအဖြစ် ရှိနေမယ်ဆိုရင် အားလုံးဟာ အကျင့်သိက္ခာ လိုလားသူတွေထဲမှာ အမြတ်ဆုံးပုဂ္ဂိုလ်များအဖြစ် ရောက်ရှိနေကြမှာပါပဲ…” (မဟာပရိနိဗ္ဗာနသုတ်မှ ကောက်နှုတ်ချက်)

ဒါကတော့ ဘုရားရှင်ကိုယ်တော်တိုင် အရှင်အာနန္ဒာ မထေရ်ကို မိန့်တော်မူခဲ့တဲ့ နောက်ဆုံးမှာကြားချက်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓမိန့်တော်မူချက်မှာ အဓိကကတော့ ကိုယ့်ကိုယ်ကို အားကိုးဖို့နဲ့ တရားမမေ့ဖို့၊ တရားနဲ့အညီ နေထိုင်ကာ မမေ့မလျော့တဲ့ သတိရှိနေဖို့ပါပဲ။ ဘုရားရှင် မိန့်တော်မူချက်က လူတိုင်းဟာ စွမ်းအားကိုယ်စီ ရှိနေသူတွေ ဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်အပေါ် မှီမနေဘဲ ကိုယ့်အစွမ်းကိုယ်စီနဲ့ ကိုယ်ကိုယ်ကို ကောင်းအောင် ကြိုးစားကြဖို့ကို မီးမောင်းထိုးပြနေပါတယ်။ အားကိုးရှာတဲ့အခါ တစ်ခြားသူကို အားကိုးရှာတာထက် ကိုယ်ကိုယ်ကို အားကိုးတတ်ကြဖို့၊ အမှီတစ်ခုခုနဲ့ နေချင်ရင်လည်း တစ်ခြားအရာတွေ မှီခိုနေတာထက် တရားကိုပဲ မှီခိုအားထားကြဖို့ သတိပေးနေပါတယ်။

ဟုတ်တယ်။ တစ်ခါတစ်လေ လက်တွေ့ပိုင်းမှာ အားကိုးကြတဲ့ သူတစ်ယောက်ယောက် မရှိတဲ့အခါ မဖြစ်တော့ပါဘူးလို ထင်တတ်ကြပေမယ့် သူမရှိတဲ့အခါ သူ့အလိုလို ဖြစ်သွားတာလည်း အများကြီး တွေ့ရပါတယ်။ မရှိတော့လည်း ရှိတဲ့သူနဲ့ ဖြစ်အောင် လုပ်လိုက်ကြတော့ သူ့အတိုင်းအတာနဲ့သူတော့ ဖြစ်သွားတာပါပဲ။ ပါရမီနဲ့ စွမ်းအားတွေကြောင့် နဲနဲကွာခြားချက်တွေ ရှိတတ်ပေမယ့် မဖြစ်ဘူးဆိုတာတော့ မရှိပါဘူး။ သူ့ဟာနဲ့သူတော့ ဖြစ်သွားတာပါပဲ။ မလုပ်ဘဲ နေလို့ရလို့ နေနေကြပေမယ့် မဖြစ်မနေလုပ်ရမယ် ဆိုတော့လည်း ရသွားတာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာနဲ့သူ အစွမ်းကိုယ်စီက ရှိနေကြပြီးသား ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေ သူမရှိပေမယ့် ကိုယ့်အစွမ်းနဲ့ကိုယ်လုပ်ရင်း သူ့ထက်တောင် ပိုဖြစ်သွားတာလည်း ရှိပါတယ်။ လူတိုင်းမှာ မတူညီတဲ့ စွမ်းအားတွေနဲ့ မတူညီတဲ့ အထောက်အပံ့တွေ ရှိနေသမျှ မဖြစ်ဘူးဆိုတာ မရှိနိုင်ပါဘူး။ အဓိကကတော့ ကိုယ့်ကိုယ်ကိုပဲ ဖြစ်ဖြစ် သူများကိုပဲ ဖြစ်ဖြစ် မရှိရင် မဖြစ်ဘူးဆိုတဲ့ အထင်ကြီးမှု မဖြစ်ဖို့နဲ့ စွမ်းအားကိုယ်စီ ရှိနေတဲ့သူတွေချည်း ဖြစ်တဲ့အတွက် ကိုယ့်အစွမ်းနဲ့ကိုယ် ကြိုးစား အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လောကမှာ လူတိုင်းလူတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အစွမ်းအစများနဲ့ ကိုယ်တိုင်လှမ်းကြွနိုင်တာ ဖြစ်တဲ့အတွက် အစွမ်းအစဆိုတာ အစလုပ်လိုက်မှ စွမ်းလာတတ်တဲ့ သဘောရှိတယ်ဆိုတာ မမေ့ကြဘဲ သူများကို အားကိုးမှီခိုနေတာထက် ကိုယ်ပိုင်အစွမ်းအစ ကိုယ်စီရှိနေကြတဲ့ ကိုယ့်ကိုယ်ကိုပဲ အားကိုးမှီခိုကြဖို့၊ အမှီတစ်ခုခုနဲ့ ကိုယ်ပိုင်အစွမ်းကို အားပြုတဲ့အခါမှာလည်း တစ်ခြားအရာများထက် တရားကိုပဲ အားပြုကြဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘူးဆိုတာ သတိပြုမိကြဖို့ အထူးလိုအပ်လှပါတယ်။ ဘာပဲဖြစ်ဖြစ် စမိဖို့က အရေးကြီးပြီး စပြီးရင် စွမ်းလာမှာဖြစ်လို့ အစနဲ့အစွမ်းကို အစွမ်းအစဖြစ်ဖို့ ကိုယ့်အားကိုယ်ကိုးရင်း ကိုယ့်အစွမ်းကိုယ် ပြနိုင်အောင် ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။ အားလုံးစွမ်းအားကိုယ်စီနဲ့ တရားကိုယ်စီ ရှိနိုင်ကြပါစေ…

Read more »

အစားလုပ်ပေးလို့ ရ/မရ…

Q. ဘုန်းဘုန်းဘုရား…
တပည့်တော်ရဲ့ အခန်းဖော်တစ်ယောက်ကို တစ်ခါမှ ဘုရားရှိခိုးတာ မတွေ့လို့ ဘုရားရှိခိုးဖို့ ပြောတဲ့အခါ သူက “သူ့အနေနဲ့ အရမ်းပင်ပန်းလို့ မရှိခိုးနိုင်ကြောင်း၊ သူ့အတွက် အိမ်ကသူတွေက လုပ်ပေးကြောင်း” အကြောင်းပြ ပြောဆိုပါတယ်။ အဲဒါ သူပြောတဲ့အတိုင်း ကုသိုလ်ကောင်းမှုကို အစားလုပ်ပေးလို့ ရ၊ မရ သိချင်ပါတယ်ဘုရား။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား…။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ…
(သိလိုသူ)

A. သိလိုသူရေ… ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဟာ လက်တွေ့ကျင့်ကြံ အားထုတ်မှုကို အဓိကထားတဲ့ ဘာသာဖြစ်တဲ့အတွက် အစားထိုးလုပ်ပေး၊ အစားထိုးခံပေးလို့ မရပါဘူး။ ကိုယ်လုပ်မှကိုယ်ရ၊ ကိုယ်ကျင့်မှ ကိုယ်ရတဲ့ ဘာသာဖြစ်သလို၊ ကိုယ်ဖြစ်ရင်လည်း ကိုယ်ခံရတဲ့ ဘာသာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း အစားထိုးခံယူပေး၊ သတ္တ၀ါတွေရဲ့ အပြစ်ကို တန်ခိုးတော်နဲ့ ချေဖျက်ပေး၊ ကယ်တယ်မဆပေးတဲ့ ကယ်တင်ရှင်မဟုတ်ပါဘူး။ ဘုရားရှင်တော်တိုင် ဒါက ကုသိုလ်၊ ဒါက အကုသိုလ်၊ ဒါကိုရှောင်၊ ဒါကိုဆောင် စသဖြင့် နည်းလမ်းကိုသာ ညွန်ပေးနိုင်တဲ့ လမ်းညွန်ပဲ ဖြစ်ပါတယ်။ အားလုံးက ကိုယ်ကိုယ်တိုင် လုပ်ဆောင်ကျင့်ကြံမှပဲ ရနိုင်ပါတယ်။

ပိုပြီး ရှင်းအောင် ပြောရရင် ဗုဒ္ဓဘာသာရဲ့ ကုသိုလ်တရားများမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်လို့ သုံးမျိုးရှိတဲ့အထဲမှာ ဒါနကုသိုလ်လို ကုသိုလ်မျိုးကတော့ သူများကို ကိုယ်က လှူဖွယ်ဝတ္ထုပေးပြီး အစားလှူဒါန်းခိုင်းတာ၊ သူများလှူတာကို စိတ်စေတနာမှန်နဲ့ ၀မ်းမြောက်နုမော် သာဓုခေါ်တာ စတာတွေအတွက်တော့ အထိုက်အလျောက် ကုသိုလ်ဖြစ်စေ၊ ကုသိုလ်ရစေနိုင်ပေမယ့် ကိုယ်တိုင်ကျင့်ကြံရမယ့် သီလသိက္ခာပုဒ်မျိုး၊ နိဗ္ဗာန်အထိ ရောက်စေနိုင်၊ ကိလေသာ ငြိမ်းစေနိုင်တဲ့ ဘာဝနာကုသိုလ်မျိုးကတော့ သူများက အစားထိုး လုပ်ပေးလို့ မရပါဘူး။ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်ကြံနိုင်မှသာ ရနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် ကာယကံမြောက်၊ ၀စီကံမြောက်၊ မနောကံမြောက် လုပ်မှရမယ့် ကုသိုလ်မျိုးကို ကံမြောက်အောင် လက်တွေ့လုပ်ပေးနိုင်မှ အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း စတာတွေဟာ လက်တွေ့ ကံမြောက်အောင် လုပ်ကြရတာတွေ ဖြစ်လို့ လက်တွေ့လုပ်ဖို့ လိုပါတယ်။ ဒါကြောင့် အကျင့်တရားပိုင်းဆိုင်ရာ၊ ကျင့်ယူမှ ရနိုင်မယ့် ကုသိုလ်တရား ဆိုင်ရာများကတော့ အိမ်ကလူတွေက ဘယ်လောက်ပဲ လုပ်ပေးလုပ်ပေး သူတို့လုပ်တာ သူတို့အတွက်ပဲ ဖြစ်တဲ့အတွက် အဲဒီလို လက်တွေ့ကျင့်ကြံမှုများကို ကိုယ်လိုချင်ရင်၊ ကိုယ်ရချင်ရင်တော့ ကိုယ်ကိုယ်တိုင်ပဲ လက်တွေ့လိုက်နာ ကျင့်သုံးကြဖို့လိုကြောင်း အသိပေး ဖြေကြားပေးလိုက်ပါတယ်။

Read more »

အတုံ့အလှည့်…

တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်၊
အဆိုခံရသော သူတို့သည် သင့်ကို ပြန်လှန်ဆိုကုန်ရာ၏။
ချုပ်ချယ်သော စကားသည် ဆင်းရဲ၏ အကြောင်းတည်း၊
သူတစ်ပါးကို ဒဏ်ပြုက အတုံ့အလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။
(ဂေါတမဘုရားရှင်)

လိမ်ညာပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကိုဆိုခြင်း၊ အကျိုးမရှိ အချည်းနှီးသော စကားကိုဆိုခြင်းဟူသော နှုတ်ဖြင့်လွန်ကျူးတတ်သည့် ၀စီဒုစရိုက် လေးပါးတို့တွင် ဖရုသ၀ါစာခေါ် ကြမ်းတမ်းသော စကားကိုဆိုခြင်းသည်လည်း မကောင်းသည့် ဒုစရိုက်တစ်မျိုးပင် ဖြစ်၏။ နှုတ်မှထွက်ပေါ်တတ်သည့် ကြမ်းတမ်းသည့်စကားများသည် ပြောသည့်သူနှင့် အပြောခံရ သူများပင်မက ကြားရသူများအထိ နားမချမ်းသာဖွယ် ဖြစ်စေနိုင်သဖြင့် မိမိတို့၏ နှုတ်ကို စောင့်စည်းကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ထို့အပြင် မည်သည့်အလုပ်ပင် ဖြစ်ပါစေ တူသောအကျိုးကို ပေးတတ်သည့် သဘောရှိသဖြင့် မိမိက ကြမ်းတမ်းသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ကြမ်းတမ်းသော စကားကို ပြန်ဆိုတတ်သည်ကို သတိပြု ဆင်ခြင်ရန် လိုအပ်ပေ၏။ ထို့ကြောင့် သူတစ်ပါးထံမှ တုံ့ပြန်မှုကောင်းများ ပြန်ရောက်လာစေရန် မိမိကိုယ်တိုင် ရှေးဦးစွာ တုံ့ပြန်မှုကောင်းများ ပေးရမည်ဖြစ်ကြောင်း၊ မိမိက မကောင်းလျှင် သူတစ်ပါးကလည်း ကောင်းမည်မဟုတ်ကြောင်း၊ အတုံ့အလှည့်ဟူသည် ပြုလုပ်သူထံသို့ တစ်ဖန်ပြန်လာတတ်ကြောင်း ဗုဒ္ဓရှင်တော်မြတ် မိန့်မှာဟောကြားတော်မူခြင်း ဖြစ်၏။

ဗုဒ္ဓလက်ထက်တွင် ကောဏ္ဍဓာနအမည်ရှိသည့် မထေရ်တစ်ပါး ရှိခဲ့၏။ ထိုမထေရ် ရဟန်းဖြစ်သည့်နေ့မှစ၍ အမျိုးသမီးတစ်ဦး၏ အရိပ်သည် မထေရ်နှင့်အတူ ထပ်ကြပ်မကွာ ရှိနေလေ့ရှိ၏။ သို့သော် ထိုအမျိုးသမီးပုံရိပ်ကို မထေရ်မှတပါး အခြားသူများ အားလုံးတွေ့မြင်ကြရ၏။ မထေရ်ကား ဘာမျှမသိရှာပေ။ ဆွမ်းခံသွားလျှင်လည်း ဆွမ်းလောင်းသူများက ဤဆွမ်းသည် အရှင်ဘုရားတို့ အလို့ငှါ ဖြစ်ပါစေ…၊ အရှင်ဘုရားနှင့် အပေါင်းအဖော်မတို့ အလို့ငှါ ဖြစ်ပါစေဟုဆိုကာ လောင်းလှူလေ့ရှိကြ၏။ မထေရ်သည် ထိုအခြင်းအရာကို သဘောမပေါက်နိုင် ဖြစ်နေပေ၏။ ရဟန်းနှင့် မာတုဂါမ အတူရှိနေသကဲ့သို့ မထေရ်နှင့်ထပ်ကြပ်မကွာ ရှိနေသော အမျိုးသမီးအရိပ်ကြောင့် လူအများ၏ အထင်လွဲခြင်းကို ခံနေရ၏။ သတင်းသုံးဖော် ရဟန်းတော်များကလည်း ထို့အတူပင် ကောဏ္ဍဓာန မထေရ်သည် မာတုဂါမနှင့်အတူ သွားလာနေသည်ဟု ထင်မှတ်နေပြီး နောက်ဆုံးတွင် အခြားရဟန်းများသည် ကောသလမင်းထံသို့ သွားရောက်က ထိုမထေရ်ကို ဖမ်းဆီးအရေးယူပေးရန်အထိ ပြောဆိုကြလေ၏။ ကောသလမင်းလည်း ဖြစ်ကြောင်းကုန်စင်ကို နားထောင်ပြီး မထေရ်ရှိရာ ကျောင်းတော်သို့ မထေရ်ကိုဖမ်းရန် ထွက်လာခဲ့၏။ ကျောင်းရောက်သည့်အခါ မထေရ်နှင့်အတူ အမျိုးသမီးပုံရိပ်ကို တွေ့နေရ၏။ မထေရ်ကို မေးသည့်အခါ မသိကြောင်း၊ မဟုတ်ကြောင်း ပြောဆိုရာ နောက်ဆုံးတွင် ကောသလမင်းကိုယ်တိုင် မာတုဂါမအစစ်မဟုတ် အတုသာဖြစ်ကြောင်း သဘောပေါက်သွားကာ အရေးမယူဘဲ နန်းတော်မှာပင် ဆွမ်းခံကြွရန် ဖိတ်ကြား ပြန်သွားလေ၏။

စင်စစ် ထိုမထေရ်နှင့် အတူတကွဖြစ်ပေါ်နေသည့် မာတုဂါမပုံရိပ်သည် မထေရ်ကိုယ်တိုင် ပြုလုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးရလာဘ်ပင် ဖြစ်၏။ ကဿပမြတ်စွာဘုရား လက်ထပ်တော်အခါက ဖြစ်၏။ ယခုကောဏ္ဍဓာန မထေရ်သည် ထိုအချိန်က တာဝတိံသာ နတ်ပြည်ရှိ နတ်သားတစ်ယောက် ဖြစ်ခဲ့၏။ ထိုနတ်သားသည် ကဿပဘုရားရှင်၏ တပည့်သာဝက ရဟန်းနှစ်ပါး၏ ညီညွတ်နေမှု၊ တရားတော်များတွင် အတူတကွ ကျင့်သုံးနေထိုင်နေမှု၊ တစ်မိဝမ်းတွမ်းမှ သက်ဆင်းသည့်သူများကဲ့သို့ စိတ်တူကိုယ်တူ ရှိမှုများအပေါ်တွင် မနာလို မရှုစိမ့်ဖြစ်ကာ ထိုမထေရ်နှစ်ပါး ညီညွတ်မှု ပျက်ပြားစေရန် သွေးခွဲခဲ့လေ၏။ မထေရ်နှစ်ပါးအနက် တစ်ပါးသော ရဟန်း၏ နောက်ကွယ်တွင် အမျိုးသမီးတစ်ဦး၏ ပုံကိုဖန်တီးကာ မမြင်ကွယ်ရာတွင် မထေရ်နှင့် မာတုဂါမ အတူရှိပြီး မသင့်လျော်သည့် အနေအထိုင်မျိုး ဖြစ်စေရန် အားထုတ်၏။ ထိုအခြင်းအရာကို အခြားသော ရဟန်းတစ်ပါးက မြင်သော်လည်း ဖန်တီးလုပ်ကြံခံရသည့် မထေရ်ကိုယ်တိုင်ကား မမြင်ရပေ။ ထို့ကြောင့် မြင်ရသော ရဟန်းက အရှင်ဘုရားသည် အကျင့်သိက္ခာ ပျက်ပြားသွားပြီ ဖြစ်သဖြင့် အရှင်ဘုရားနှင့်အတူ ပေါင်းဖော်ခြင်းငှါ မဖြစ်နိုင်ကြောင်း၊ အခြားတစ်ပါးကလည်း မဟုတ်မှန်ကြောင်းစသဖြင့် ငြင်းခုံကြရာမှ မထေရ်နှစ်ပါး ကွဲပြားသွားလေတော့၏။ ထိုမထေရ်နှစ်ပါး ကွားပြားမှုကို ဖန်တီးခဲ့သည့် နတ်သားသည် မိမိလုပ်ခဲ့သည့် အကုသိုလ်အကျိုးကြောင့် အ၀ီစိငရဲတွင် ကျရောက်ခဲ့ပြီး ဘ၀များစွာ အကုသိုလ်အပြစ်ကို ခံရကာ နောက်ဆုံးတွင် ယခုဂေါတမမြတ်စွာဘုရားရှင် လက်ထပ် ကောဏ္ဍဓာနရဟန်းအဖြစ် သာသနာဘောင်သို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။ ရဟန်းဘ၀ရခဲ့သော်လည်း ကဿပဘုရားရှင် လက်ထက် နတ်သားဘ၀က လုပ်ခဲ့သည့် အကုသိုလ်၏ အကျိုးဆက်အဖြစ် ထိုမထေရ်၏ နောက်တွင် မာတုဂါမ ပုံရိပ်က အမြဲထပ်ကြပ်မကွာ ရှိနေခဲ့ကာ လူအများ၊ ရဟန်းအများ၏ အထင်လွဲမှုကို ခံနေခဲ့ရခြင်း ဖြစ်၏။

ယခု ကောဏ္ဍဓာန ဘ၀တွင် ထင်ဟပ်နေသည့် မာတုဂါမပုံရိပ်ကြောင့် ကောသလမင်းကိုယ်တိုင် ဖမ်းရန်အားထုတ်သော်လည်း အစစ်အမှန် မဟုတ်သဖြင့် မဖမ်းဘဲ နန်းတော်သို့ ဆွမ်းခံကြွရန် ဖိတ်ကြားခဲ့သည့်အပေါ် အခြားရဟန်းတော်များက နားမလည်နိုင်ဘဲ မထေရ်ကို တိုက်ရိုက်ပြောဆိုကာ ကျောင်းတော်မှ နှင်ထုတ်ရန် အားထုတ်ကြပြန်၏။ ထိုအခါတွင် ဘုရင်ကိုယ်တိုင် မဟုတ်မှန်ကြောင်း အသိအမှတ်ပြုထားသည့် ကောဏ္ဍဓာန မထေရ်က သူ့ကိုလာပြောသည့် အခြားရဟန်းတော်များကို ကြမ်းတမ်းသည့်စကားများဖြင့် ပြန်လည်တုံ့ပြန် ပြောဆိုလေတော့၏။ ထိုအကြောင်းကို ရဟန်းတော်များက မြတ်စွာဘုရားရှင်အား လျှောက်ကြားသည့် အခါတွင် မြတ်ဗုဒ္ဓက ကြမ်းကြုတ်သော စကားတို့ဖြင့် ပြန်လှန်တုံ့ပြန်တတ်သည့် ကောဏ္ဍဓာန ရဟန်းကို ပြစ်တင်ပြောဆိုကာ “ကောဏ္ဍဓာန… သင်၏ရှေးဘ၀က ပြုလုပ်ခဲ့သည့် ယုတ်မာသော အမှုကို အမှီပြု၍ သင်သည် ဤဖောက်ပြန်သော အခြင်းအရာသို့ ရောက်ရ၏၊ ယခုအခါ သင့်အားတစ်ဖန် ထိုသို့သဘောရှိသည့် ကြမ်းကြုတ်ယုတ်မာသည့် အပြောအဆို အပြုအမူမျိုး ပြုမူပြောဆိုခြင်းငှါမသင့်၊ ရဟန်းတို့နှင့်အတူတကွ ယုတ်မာကြမ်းတမ်းသော တစ်စုံတစ်ခုသော စကားကိုမျှ မဆိုလင့်၊ အဆိုခံရသောသူတို့သည် သင့်ကိုတစ်ဖန် ပြန်လှန်ဆိုကုန်ရာ၏။ သူတစ်ပါးကို ဒဏ်ပြုက အတုံအလှည့်တို့သည် သင့်ထံသို့ ပြန်ရောက်ကုန်ရာ၏။ အနားရေးပြတ်သော ကြေးခွက်သည် အသံမထွက်သကဲ့သို့ သင်သည်လည်း ထိုကြေးခွက်နှင့်တူစွာ အသံမရှိသည် ဖြစ်ဘိလော့၊ ဤသို့ပြုသည်ရှိသော် နိဗ္ဗာန်သို့ ရောက်သောသူမည်သည် ဖြစ်လတ္တံ့… (ဓမ္မပဒ၊ ဒဏ္ဍ၀ဂ်၊ ကောဏ္ဍဓာနထေရ၀တ္ထု)”ဟု အနုသန္ဓေစပ်ကာ တရားစကား မိန့်ကြားတော်မူလိုက်၏။ ဘုရားရှင် တရားစကားအဆုံးတွင် ကောဏ္ဍဓာန မထေရ်သည် ရဟန္တာဖြစ်ကာ အခြားသော တရားနာပရိတ်သတ်များသည် ထိုက်သင့်သည့် တရားများ ရသွားကြလေ၏။

ဤကား တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သော စကားကို မဆိုလင့်စသော ဘုရားစကားတော် ဟောကြားခဲ့ဖြစ်ခြင်း၏ အကြောင်းဝတ္ထုပင် ဖြစ်ပါ၏။ ကြမ်းကြုတ်သော စကားကို ဆိုခြင်းနှင့် မဟုတ်မမှန်သည့် လုပ်ရပ်များသည် အတုံ့အပြန်ကို ဖြစ်စေတတ်သည်ကို ထင်ရှားစေခဲ့၏။ မိမိက ပြုလုပ်လိုက်သည့် အကုသိုလ်အလုပ်လေးသည် အနည်းငယ်မျှသာ ဖြစ်သော်လည်း ခံရသည့်အခါတွင်ကား ဘ၀အဆက်ဆက်မှသည် နောက်ဆုံး ရဟန်းဘ၀အထိပင် ခံရတတ်သည်ကို သတိပြုသင့်လှ၏။ စင်စစ် ကြမ်းတမ်းသည့်စကားနှင့် မကောင်းသည့် လုပ်ရပ်များသည် သံသရာအထိ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ယခုဘ၀မှာပင်လျှင် တန်ပြန်တုံ့ပြန်မှုကို ခံရတတ်၏။ မိမိက တစ်စုံတစ်ယောက်အား အပြစ်မရှိဘဲ ကြမ်းတမ်းသောစကားကို ဆိုလိုက်လျှင် အဆိုခံရသူသည်လည်း တစ်ဖန်ပြန်ဆိုမည်ဆိုသည်မှာ အတုံ့အလှည့်ပင် ဖြစ်၏။ မှန်ကြည့်သကဲ့သို့ မိမိက မှန်ကြည့်ပြီး မဲ့ပြလျှင် မှန်တွင်ထင်ဟပ်လာမည့် ပုံရိပ်သည်လည်း မဲ့ပြမည်သာဖြစ်၏။ မိမိက ပြုံးပြလျှင် တစ်ဖန်ပြန်ပြုံးပြမည်သာ ဖြစ်၏။ ထို့အတူ မိမိက ချိုသာသည့် စကားကို ဆိုလျှင် အဆိုခံရသူသည်လည်း ချိုသာသည့် စကားဖြင့် ပြန်ဆိုပေးမည်သာ ဖြစ်၏။ ထို့အပြင် အခြားအခြားသော အပြုအမူ အနေအထိုင်များတွင်လည်း ထို့အတူသာဖြစ်၏။ သူတစ်ပါးကို ဒဏ်ပြုကာ ဒုက္ခဖြစ်စေလျှင် မိမိသို့လည်း ထိုဒဏ်ပြုမှုများ၊ ဒုက္ခတရားများသည် ပြန်လည် ရောက်လာမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက မည်သူ့အပေါ်မျှ ကြမ်းကြုတ်သော စကားများကို မဆိုရန်၊ ချုပ်ချယ်မှုကို မပြုရန်၊ မကောင်းသည့် သဘောများဖြင့် ဒုက္ခမပေးမိစေရန် မိန့်တော်မူခြင်း ဖြစ်၏။

မှန်၏။ ကြမ်းကြုတ်သော စကားဆိုလျှင် လူမပြောနှင့် တိရိစ္ဆာန်များပင်လျှင် မကြိုက်တတ်ပေ။ မေတ္တာဓာတ်ပါသည့် ချိုသာစွာ ပြောဆိုတတ်သည့် စကားများဆိုလျှင်ကား တိရိစ္ဆာန်များလည်း နာခံတတ်၏။ ချော့ပြောလျှင် လူမပြောနှင့် သတ္တ၀ါများသည်ပင် စကားနာခံတတ်၏။ ဆူပူကြိမ်းမောင်းပြီး လုပ်စေသည်ထက် အစ်ကိုဖြစ်စေ၊ အစ်မဖြစ်စေ၊ ညီဖြစ်စေ၊ ညီမဖြစ်စေ စသည့် ချိုသာသည့် အပြောအဆို အသုံးအနှုန်းများဖြင့် ပြောဆိုလုပ်ကိုင်စေသည်က အခိုင်းခံရသူများ၏ တုံ့ပြန်မှု ကောင်းများကို ရရှိနိုင်၏။ အရင်းစစ်လျှင် မိမိနှစ်သက်သည်ကို သူတစ်ပါးအား ရှေးဦးစွာပေးနိုင်မှသာ သူတစ်ပါးထံမှလည်း ပြန်လည်ရနိုင်သည့် သဘောပင်ဖြစ်၏။ မိမိကနူးညံ့မှ အခြားသူလည်း နူးညံ့မည်ဖြစ်ပြီး မိမိက ကြမ်းကြုတ်လျှင် အခြားသူလည်း ကြမ်းကြုတ်မည်သာ ဖြစ်၏။ ဤသည်မှာ သဘာဝကျသည့် အတုံ့အလည့် သဘောပင် ဖြစ်ပါ၏။

သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိ၏ဟု ဆိုသကဲ့သို့ စေတနာပါသည့် လုပ်ရပ်တိုင်းတွင်လည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဟူသည် ရှိနေပေ၏။ ထို့အတုံ့အလှည့်သည် ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ပြုလုပ်သူ၏ အပေါ်တွင်သာ တည်မှီလေ၏။ ပြုလုပ်သူက အကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် ကောင်းမည်ဖြစ်ပြီး ပြုလုပ်သူက မကောင်းပြုလုပ်လျှင် တန်ပြန်သက်ရောက်မှု၏ အတုံ့အလှည့်သည် မကောင်းဖြစ်မည်သာ ဖြစ်၏။ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့် ဖြစ်စေ ပြုလုပ်ပြောဆိုကြံစီမှုများသည် မိမိကိုယ်တိုင်၏ ရွေးချယ်မှုသာဖြစ်ပြီး ထိုအပြုအမူ အပြောအဆို အကြံအစီများ၏ တန်ပြန်သက်ရောက်မှုသည်လည်း ရွေးချယ်ပြုလုပ်ခဲ့သည့် မိမိထံသို့သာ ပြန်လာမည့် အတုံ့အလှည့်များပင် ဖြစ်၏။ အပြုအမူကောင်းလျှင် အတုံ့အလှည့်ကောင်းမည်ဖြစ်ပြီး အပြုအမူဆိုးလျှင် အတုံ့အလှည့် ဆိုးများသာ ဖြစ်၏။

အချုပ်အားဖြင့် မည်သူမဆို အကောင်းကိုသာ အလိုရှိတတ်ကြရာတွင် အကောင်းများဖြစ်စေရန် မိမိကိုယ်တိုင် ရှေးဦးစွာ ကောင်းပြရန် လိုအပ်ပေ၏။ မိမိက မကောင်းလျှင် သူတစ်ပါးလည်း မကောင်းမည်ဖြစ်သဖြင့် မိမိကိုယ်တိုင် မကောင်းမဖြစ်ရန် ကြိုးစားသင့်လှ၏။ အကောင်းအစစ်ဟူသည် မကောင်းမဖြစ်ရန် လိုအပ်သဖြင့် အကြောင်းအပြစ်ကို ကောင်းပြစ်ရန် လိုအပ်ပေ၏။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဖြစ်ပြီး အကျိုးကောင်းခြင်းသည် အတုံ့အလှည့်ကောင်းခြင်းဖြစ်၏။ အတုံ့အလှည့်ကောင်းခြင်းသည့် အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်၏။ ထိုအတုံ့အလှည့်များ၏ တုံ့ပြန်မှုများသည် မိမိ၏ အလုပ်များကြောင့်သာ ဖြစ်ပါ၏။ ထို့ကြောင့် မည်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေရန် အလုပ်လက်နက်ကောင်းဖြင့် အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက ရှေးဦးစွာ အကောင်းများဖြင့် ကောင်းပြရန် လိုအပ်ကြောင်း အထူးသတိပြုရမည် ဖြစ်ပါပေတော့၏။ အားလုံး… အတုံ့အလှည့်ကောင်းများဖြင့် တုံ့ပြန်နိုင်ကြပါစေ…

Read more »

အရေးကြီး၏…သို့သော် အရေးမကြီး…

“Money makes everything. ငွေဟာ အရာရာကို ဖန်တီးနိုင်တယ်” ဆိုတဲ့ စကားကို ကြားရတိုင်း ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်လေ့ရှိတတ်တဲ့ သူတွေကို သတိရမိပါတယ်။ ပြည်တွင်းမှာရော ပြည်ပမှာပါ ဘ၀အတွက် ရုန်းကန်လှုပ်ရှားနေကြတဲ့ လူအတော်များများဟာ ငွေအတွက် ဦးစားပေးနေကြရတဲ့ အနေအထား ရှိပါတယ်။ ခေတ်ကာလ အခြေအနေကလည်း ငွေမရှိရင် ဘာမှလုပ်လို့မရဘဲ ဖြစ်နေတာဆိုတော့ ဟိုနာသွားလည်းငွေ၊ ဒီနားသွားလည်းငွေ၊ ဟိုလူတွေ့လည်းငွေ၊ ဒီလူတွေ့လည်းငွေ၊ ဟိုဟာလုပ်ချင်လည်းငွေ၊ ဒါလုပ်ချင်လည်းငွေ စသဖြင့် ငွေကိုရှေ့တန်းတင်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။ ဒါပေမယ့် ငွေဟာအဲဒီလောက် အရေးပါနေပေမယ့် ဒီငွေကြောင့်ပဲ ဆင်းရဲပေါင်းစုံကြုံ၊ ပြဿနာပေါင်းစုံတက်၊ အချင်းချင်း ခိုက်ရန်ဒေါသဖြစ်နဲ့ နောက်ဆုံး အကျင့်သိက္ခာတရားတွေပါ ပျက်ကုန်တဲ့အထိ ဖြစ်ကြပြန်ပါတယ်။ ဒီအခါမှာ အရာရာကို ဖန်တီးနိုင်စွမ်းရှိတဲ့ ငွေဟာလည်း ဘာမှလုပ်မပေးနိုင်ပြန်ပါဘူး။ စိတ်ဒုက္ခပေါင်းစုံကို ကုစားပေးဖို့ ငွေကအစွမ်း မရှိပြန်ပါဘူး။ ငွေတွေဘယ်လောက်ပဲ ရှိနေပေမယ့် ရုပ်တရားကို အမှီပြုဖြစ်ပေါ်တတ်တဲ့ တစ်ချို့ရောဂါတွေကျပြန်တော့ ငွေကကုသပေးနိုင်စွမ်း မရှိပြန်ပါဘူး။ ဒါကြောင့် ငွေဟာ “အရေးကြီး၏… သို့သော် အရေးမကြီး”ဟု ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက တရားပွဲတစ်ခုကပင့်လို့ ကြွရောက်ပြီး ဆုံးမသြ၀ါဒ ပေးဖြစ်ပါတယ်။ အဲဒီတရားပွဲမှာ မြန်မာရဟန်းတော်များရော မြန်မာပြည်သွားရောက်ကာ ထေရ၀ါဒ ရဟန်းတော်အဖြစ် ပြောင်းလဲခံယူ ကျင့်သုံးနေကြတဲ့ နိုင်ငံခြားသား ရဟန်းတော်များပါ အချိန်အကန့်အသတ်နဲ့ ဆုံးမသြ၀ါဒစကား ပြောကြားပေးရမယ့် အစီအစဉ် တစ်ခုလည်း ပါဝင်ပါတယ်။ မြန်မာများ ဦးစီးပြီး လုပ်တဲ့ပွဲဖြစ်တဲ့အတွက် မြန်မာလိုပဲ သြ၀ါဒပေးပြီး နိုင်ငံခြားသား ရဟန်းတော်များရဲ့ ဟောကြားချက်ကိုတော့ ဘုန်းဘုန်းက ဘာသာပြန်ပေး ဖြစ်ပါတယ်။ အဲဒီပွဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း၁၇နှစ်လောက်တည်းက မြန်မာပြည်ကြွရောက်ပြီး ထေရ၀ါဒ အသွင်နဲ့ ၀ိပဿနာတရားတွေ အားထုတ်ကာ ခုတော့သူ့နိုင်ငံမှာ တရားပြန်ပြပေးနေတဲ့ ဆရာတော်တစ်ပါးရဲ့ ဆုံးမသြ၀ါဒ ပေးတာလေးကို သတိရမိ နေပါတယ်။

ဆရာတော်က တရားနာသူတွေကို “မြန်မာပြည်ကနေ ထွက်လာပြီး ခုလိုပင်ပင်ပန်းပန်း ဘ၀စားဝတ်နေရေးအတွက် ကြိုးစားနေတာတွေ တွေ့ရတော့ စိတ်မကောင်းပါဘူး၊ ဒီမှာလာပြီး အလုပ်လာလုပ်ကြတဲ့ ရည်ရွယ်ချက်က မိသားစု စားဝတ်နေရေးနဲ့ ကိုယ့်ဘ၀ ရှေ့ရေးတွေအတွက် ငွေလာရှာကြတာ ဖြစ်ပါတယ်၊ ငွေလာရှာကြတာ ဆိုတဲ့အတွက် ငွေတစ်ခုတည်းကို ရှေ့တန်းတင်ထား၊ ငွေတစ်ခုတည်းကိုပဲ ကိုးကွယ်ထား၊ ငွေရရင်ပြီးရောဆိုတဲ့ အတွေးတွေနဲ့ ငွေနောက်ကိုပဲ လိုက်နေတဲ့ အနေအထားမျိုးတွေပဲ ဖြစ်မနေဖို့တော့ သတိပြုကြဖို့ လိုပါတယ်၊ ဘုန်းကြီးတို့လည်း အရင်တုန်းကတော့ ငွေရှိရင် ဘာမဆို ပြီးတယ်ဆိုတဲ့ အတွေးနဲ့ ငွေကိုပဲ မရမက ရှာဖွေခဲ့ဖူးပါတယ်၊ နောက်ဆုံးတော့ ငွေကြောင့် အဆင်ပြေတာကနဲနဲရယ်၊ ဒီငွေကို အကြောင်းပြုပြီး ဖြစ်ရတဲ့ ဒုက္ခ၊ ခံစားရတဲ့ ဝေဒနာ၊ ဆုံးရှုံးရတဲ့ အကျင့်သိက္ခာ စတာတွေက ပိုများတော့ ဒီငွေတွေနဲ့ သံယောဇဉ်အားလုံးကို ဖြတ်ပြီး အခုလို ဒကာဒကာမတို့ နိုင်ငံကိုသွားပြီး အပြီးအပိုင် သာသနာ့ဘောင်ထဲကို ၀င်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဘုန်းကြီးပြောချင်တာက ငွေနောက်ချည်းပဲ လိုက်မနေကြဖို့ပါ၊ ငွေလည်းရှာ၊ ကုသိုလ်လည်းရှာ၊ ကိုယ်ကျင့်တရားကိုလည်း ထိန်းကြဖို့ပါ၊ အဲဒီလို နေနိုင်အောင်လည်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်…” စသဖြင့် သြ၀ါဒ ပေးတာလေးကို ဘာသာပြန်ပေးရင် နာဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ အဲဒီဆရာတော် အမိန့်ရှိသလိုပါပဲ။ အရာရာ ငွေကအရေးကြီးပေမယ့် ငွေနောက်ချည်းပဲ လိုက်နေလို့တော့ မဖြစ်ပြန်ပါဘူး။ ငွေရှိရင် ဘာမဆိုဖြစ်တယ်လို့ ဆိုနေကြသူတွေကိုယ်တိုင် ငွေရှိလာပြန်တော့ မဖြစ်တာတွေကို သဘောပေါက်ပြီး ဘ၀လွတ်မြောက်မှုကို ရှာတတ်ကြတာလည်း လက်တွေ့ တွေ့နေရပါတယ်။ ငွေမရှိလို့ မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့ ငွေရအောင် ကြိုးစားရင်း အပူမီး လောင်မြိုက်သူတွေလည်း ရှိပါတယ်။ နောက်ဆုံးတော့ ငွေရှိပေမယ့် ဘာမှမလုပ်နိုင်တဲ့ ဒုက္ခတွေကြုံလာတဲ့ အခါမှာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အဆင့်အထိ ဖြစ်သွားတဲ့ သူတွေလည်း ရှိနေကြပြန်ပါတယ်။ သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် ငွေကလုပ်မပေးနိုင်တာတွေလည်း အများကြီးရှိတယ် ဆိုတာပါပဲ။ ဒါကြောင့် တစ်ခါတစ်လေ ဘုန်းဘုန်းက Money makes everything ဆိုတဲ့စကားလေးကို Money makes almost everything လို့တောင် ပြောင်းပြီး ပြောဖြစ်ပါသေးတယ်။ ငွေကလုပ်ပေးနိုင်တာတွေ များပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ အားလုံးနီးပါးပါ။ ဒါက လောကကြောင်းအရ ပြောတာပါ။ ဘ၀လွတ်မြောက်ကြောင်းနဲ့ ပြောရရင် ငွေက မလိုအပ်ပြန်ပါဘူး။ လက်တွေ့လိုက်နာ ကျင့်သုံးမှုပဲ လိုအပ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာ ဖြစ်ဖို့ ငွေကအရေးကြီးပေမယ့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းဖို့အတွက်တော့ ငွေကလုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင်ရဲ့ ကျင့်ကြံအားထုတ်မှု၊ ကိုယ့်စိတ်ကိုယ် ငြိမ်းချမ်းအောင် နေနိုင်မှုကပဲ လုပ်ပေးနိုင်ပါတယ်။

ဘုန်းဘုန်းတို့လည်း ပြည်ပမှာ အနေကြာလာ၊ ပြည်ပမှာ ငွေလာရှာကြတဲ့ ဒကာဒကာမများနဲ့ ထိတွေ ဆက်ဆံလာတာတွေ များလာတော့ သူတို့ရဲ့ ဘ၀အခြေအနေကို ပိုပိုသိလာရပါတယ်။ တွေ့တဲ့နေရာ ရောက်တဲ့အရပ်တွေမှာ တွေ့ရတတ်တဲ့ ကိုယ့်လူမျိုးအားလုံးဟာ ငွေတစ်ခုတည်းကြောင့် သူများတိုင်းပြည်မှာ လာအလုပ်လုပ် ငွေရှာနေကြရပြီး ဒီတစ်ခု ရဖို့အတွက် စွန့်လွတ်ထားရတာတွေက အများကြီးပဲဆိုတာ မကြာမကြာ သတိပြုမိနေပါတယ်။ ဒါကြောင့်လည်း အလုပ်လာလုပ်နေတဲ့ ကလေးတွေနဲ့တွေ့တိုင်း ကိုယ့်ဘ၀ အခြေအနေနဲ့ ကိုယ်လာနေရတဲ့ အနေအထား၊ ကိုယ့်ရဲ့ရည်ရွယ်ချက် ပြီးတော့ စွန့်လွှတ်ထားခဲ့ရ တာတွေကို မမေ့ကြဖို့နဲ့ ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေရှာရင်း ဘ၀မနစ်မွန်းကြဖို့၊ ငွေလည်းရှာ၊ ၀တ္တရားလည်းဖြည့်၊ ကုသိုလ်လည်း ဆည်းပူး၊ အကျင့်တရားလည်း ထိန်းသိမ်းကြဖို့ စသဖြင့် သတိပေး ဆုံးမဖြစ်နေပါတယ်။ ငွေဟာ အရေးကြီးပေမယ့် ငွေနဲ့မလုပ်နိုင်တဲ့ အရာတွေကိုလည်း မမေ့ကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် ဘ၀နစ်မွန်းရတာတွေအထိ မလုပ်မိကြဖို့၊ ငွေဟာအရေးကြီးပေမယ့် ငွေကြောင့် အကျင့်သီလ ပျက်စီးတဲ့အထိ မဖြစ်ကြဖို့ စသဖြင့် အသိပေး လမ်းညွှန်ဖြစ်နေပါတယ်။

သေချာတာကတော့ ငွေဟာအရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ သေချာပါတယ်။ ငွေနောက်ကိုလိုက်ရင်း ဘ၀မှာ ဘာမှရမသွားတာတွေကို တွေ့ရပြန်တော့ ငွေကိုရှေ့တန်းတင်၊ ငွေမျက်နှာတစ်ခုတည်းကို အဟုတ်ထင်နေသူတွေအတွက် သတိပြုစရာ ဖြစ်နေပါတယ်။ တစ်နေ့ကပဲ ဒကာလေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက “တပည့်တော်က ဒီမှာ ကြာကြာနေမှာ မဟုတ်တော့ ရောက်တည်းက အလုပ်ပဲ ခေါင်းထဲမှာ ရှိနေတယ်ဘုရား၊ ငွေရရင် ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ လုပ်ရလုပ်ရ လုပ်မယ်ဆိုတဲ့ အတွေးပဲ ရှိနေခဲ့ပါတယ်၊ ဖြစ်ချင်တော့ တပည့်တော် အခုလုပ်နေတဲ့ အလုပ်က အော်ဒါတွေက အရမ်းကျပြီ့း အလုပ်က နေ့မနားညမနားကို လုပ်နေရတယ်၊ အစတော့ တပည့်တော် အကြိုက်ပေါ့ဘုရား၊ ဒါပေမယ့် ကြာလာတော့ နေ့ညမနားရဘဲ အလုပ်လုပ်ရ၊ ခန္ဓာကိုယ် အနားပေးမှုမရှိ၊ အစားအသောက် မမှန်ဖြစ်ပြီး တပည့်တော်ကိုယ်တိုင် စိတ်လွတ်ကိုယ်လွတ်တွေ ဖြစ်လာ၊ နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်လာလို့ မဖြစ်မနေ အနားယူပြီး ဆေးကုနေလိုက်ရတာ ဆင်းထားသမျှ အချိန်ပိုခနဲ့ ရထားသမျှ လုပ်ခကုန်ပါလေရောဘုရား၊ ပိုဆိုးတာက ကျန်းမာရေးက အရင်လို မကောင်းတော့ဘဲ ခဏခဏ ဖြစ်ဖြစ်နေတော့တာပဲ ဘုရား…” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလျှောက်ထားပါတယ်။

တကယ်ပါပဲ။ သူလိုဒကာလေးတွေ ဘုန်းဘုန်းတို့ အများကြီး တွေ့ဖူးပါတယ်။ ငွေရှာမှဖြစ်မယ်၊ ငွေစုမှ ဖြစ်မယ်ဆိုတဲ့ အတွေးတွေနဲ့ ငွေရရေး၊ အလုပ်ကောင်းရေးကို ရှေးတန်းတင်ထားတဲ့ ဒကာလေးတွေ အများကြီး ကြုံဖူးပါတယ်။ အဲဒီလို ကြုံတိုင်းလည်း ဘုန်းဘုန်းကတော့ “ငွေရှာဖို့လာတာ ဖြစ်တဲ့အတွက် ငွေရှာရမှာ ဖြစ်ပေမယ့် ငွေနောက်ပဲ လိုက်မနေကြဖို့၊ ငွေလည်းရှာ၊ ကျန်းမာရေးအတွက်လည်း သတိပြုကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်ကြဖို့၊ တစ်ဘ၀တစ်နပ်စာ မကြည့်ဘဲ သံသရာအတွက်လည်းကြည့်ဖို့၊ ပင်ပင်ပန်းပန်း ရှာထားတာတွေထဲက ဘ၀သံသရာအတွက် အနှစ်ထုတ်ကြဖို့…” စသဖြင့် မေတ္တာ၊ စေတနာ အပြည့်နဲ့ ဆုံးမသြ၀ါဒ ပေးဖြစ်နေပါတယ်။ ဒါကလည်း သူတို့လေးတွေရဲ့ လက်တွေ့ဘ၀အခြေအနေတွေကို သိနေလို့ပဲ ဖြစ်ပါတယ်။ အမှန်အတိုင်းပြောရရင် နိုင်ငံခြားမှာ လာပြီးအလုပ်လုပ်နေရတဲ့ သူတို့ရဲ့ အခြေအနေကို မြန်မာပြည်မှာရှိတဲ့ သူတို့မိဘတွေထက် ဘုန်းဘုန်းက ပိုသိပါတယ်။ မိဘတွေ စိတ်ဆင်းရဲမှာစိုးလို့ မပြောဘဲထားတဲ့ အရာတွေဟာ ဘုန်းကြီးကျောင်းရောက်မှ ဘုန်းဘုန်းရဲ့ တရားစကားတွေနဲ့ ဖြေဖို့အတွက် အကုန်ရင်ဖွင့်ကြတာဆိုတော့ ဘုန်းဘုန်းက သူတို့မိဘတွေထက် ပိုသိတာပေါ့။ ပိုသိလေ၊ ပိုသနားလေ၊ ပိုပြီးမေတ္တာပို့ရလေ၊ ပိုငဲ့ရလေပါပဲ။ တစ်ခါတစ်လေ မြန်မာပြည်ပြန်ဖို့ စဉ်းစားမိပေမယ့် သူတို့လေးတွေအပေါ် ထားတဲ့စေတနာက “ဘုန်းကြီးမရှိရင် မေတ္တာငတ်ပြီး အဆုံးအမမဲ့ကာ ကုသိုလ်တွေပါ လျော့သွားမှဖြင့်…”လို့တွေ့ပြီး မပြန်ဖြစ်သေးတာလည်း အမှန်ပါပဲ။ ပြန်တာတော့ ပြန်ရမှာပါ။ လူတွေလည်း စွန့်လွတ်ထားရတာတွေရှိသလို နိုင်ငံခြားရောက် ဘုန်းကြီးတွေလည်း စွန့်ထားရတာတွေ ရှိပါတယ်။ အထူးသဖြင့် ၀ိနည်းသိက္ခာပုဒ်ပိုင်းတွေပေါ့။

ထားပါတော့။ ဒီနေရာ ဘုန်းဘုန်းအဓိက ပြောချင်တာက ငွေဟာ အရေးကြီးတယ်လို့ ထင်ရပေမယ့် တကယ်မရေးမကြီးဘူး ဆိုတာ သိစေချင်တာပါ။ အရာရာမှာ ငွေလိုအပ်ပေမယ့် ငွေနောက်ပဲ လိုက်နေလို့ မဖြစ်ဘူးဆိုတာ သဘောပေါက်စေချင်တာပါ။ ငွေနောက်ကိုလိုက်ရင်း ဆုံးရှုံးတတ်တာတွေကို နားလည်စေချင်တာပါ။ ငွေကလုပ်မပေးနိုင်တဲ့ အရာတွေကို သတိပြုစေချင်တာပါ။ ငွေရှားရင်း ငွေပိုကုန်မယ့် အနေအထားတွေကို ရှောင်စေချင်တာပါ။ ငွေကိုရှေ့တန်းတင်ရင်း ငွေကြောင့် ပျက်စီးတတ်တဲ့ အကျင့်သီလတွေကို မပျက်စီးစေချင်တာပါ။ ငွေရှားရင်း ဘ၀အနှစ်သာရတွေကို ရအောင်ယူစေချင်တာပါ။ အဓိကကတော့ ငွေတစ်ခုတည်း ရှေ့တန်းတင် ငွေနောက်ချည်းပဲ လိုက်နေတတ်တဲ့ အစွန်းရောက်သူတွေ မဖြစ်ကြဘဲ ဘာပဲဖြစ်ဖြစ် အလယ်အလတ်ကျအောင် လုပ်ဆောင်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘ၀မှာ လိုအပ်တဲ့အရာတွေ ရှိသလို မလိုအပ်တဲ့ အရာတွေလည်း ရှိတတ်တဲ့အထဲမှာ ငွေဟာလည်း လိုအပ်တဲ့အရာထဲမှာ ပါပေမယ့် ငွေနောက်ပဲလိုက်ကာ ငွေကိုပဲ ဦးစားပေးနေတဲ့အထိ မဖြစ်ကြစေဖို့၊ ငွေဟာ အရေးကြီးပေမယ့် တကယ့်ဘ၀သံသရာ လွတ်မြောက်ရေးနဲ့ယှဉ်ရင် ငွေထက် လက်တွေ့လိုက်နာ ကျင့်ကြံမှုကသာ ပိုအရေးကြီးတဲ့အတွက် အများထင်သလို အရေးကြီးပေမယ့် အရေးမကြီးဘူးဆိုတာ မမေ့ကြဖို့၊ ဘာပဲဖြစ်ဖြစ် အစွန်းမရောက်စေဘဲ ဘုရားလမ်းစဉ်ဖြစ်တဲ့ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ “အရေးကြီး၏၊ သို့သော်.. အရေးမကြီး..”ဆိုတဲ့ စကားလေးနဲ့ အသိပေးတင်ပြ လိုက်ရခြင်း ဖြစ်ပါတယ်။ အားလုံး… တကယ်အရေးကြီးတဲ့ အရာနောက်ကို လိုက်နိုင်ကြပါစေ…

Read more »

စိတ်အားဖြည့် စကားစုလေးများ… (၅)

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

အသိအကျင့် ထပ်တူဖြစ်မှ
သညာသိနဲ့ ပညာသိ၊ တစ်နည်းအားဖြင့် စာအသိနဲ့ အကျင့်အသိ၊ သို့မဟုတ် လေ့လာသိနှင့် ကျင့်ကြံသိများဟာ နည်းမှန်လမ်းမှန်နဲ့ သိထားဖို့ လိုပါတယ်။ ပိဋကတ်စာပေနဲ့ လောကီပညာရပ်တွေကို ကောင်ကောင်းသိရှိနေရုံနဲ့ မလုံလောက်ဘဲ အဲဒီအသိနောက်ကို အကျင့်ပါလိုက်ဖို့် လိုအပ်ပါတယ်။ အကျင့်အားသန်လို့ အကျင့်ကို ကြိုးစားအားထုတ်တဲ့ အခါမှာ နည်းမှန်လမ်းမှန်နဲ့ အကျင့်မှန်ရန် လိုအပ်ပါတယ်။ တစ်ပိုင်းတစ်စ အကျင့်မျှလောက်နဲ့ မှန်တယ်လို့ ယူဆပြီး အဟုတ်မထင်ဖို့် သတိပြု ဆင်ခြင်ရပါမယ်။ အဲလိုမှ မဟုတ်ရင် စာသမားလည်း အကျင့်မပါက မာန်ထောင်မိတတ်သလို အကျင့်သမားလည်း စာအသိမရှိ၊ အကျင့်မမှန်ပါက အဆုံးမရောက်ဘဲ တလွဲမာန ၀င်တတ်ပါတယ်။ အဲဒီလို အသိရောအကျင်ပါ့ နဲနဲလေးလောက်နဲ့ ကိုယ့်ကိုယ်ကို အဟုတ်ထင်ကာ မာန၀င်မိပါက အမှန်မနီး အချည်းနှီးဖြင့် ဆင်းရဲအတိဖြစ်ကာ အပါယ်အထိပင် သက်ဆင်းနိုင်တတ်ပါတယ်။ ဒါကြောင့် ပိဋကတ်အစွယ် မထောင်ဘဲ အပါယ်ဘောင်မှ ရှောင်နိုင်ကြစေရန် အသိနဲ့အကျင့် ထပ်တူဆင့်ရန် ကြိုးစားသင့်ကြပါတယ်။

ကိုယ့်ကိုယ်ကိုစစ် ကံမပြစ်နှင့်…

လောကမှာ အဆိုးတွေကြုံတိုင်း ကိုယ်ကိုယ်ကို မစစ်ဘဲ ကံနိမ့်နေတယ်ဆိုကာ ဟိုမေးဒီမေး ဟိုလုပ်ဒီလုပ် လိုက်လုပ်တတ်တဲ့ သူတွေရှိပါတယ်။ ကိုယ်အားကိုယ်ကိုးဖို့ထက် သူများကို သွားအားကိုးမိတတ်ကြပါတယ်။ ကိုယ့်ကိုယ်ကို မယုံဘဲ သူများကို သွားယုံပြီး သူပြောတဲ့အတိုင်း လိုက်လုပ်နေတတ်ကြပါတယ်။ တကယ်တော့ ဗုဒ္ဓဘာသားများဟာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဆင်ခြင်သင့်ပါတယ်။ နေရာတကာ အယုံကြည် မလွယ်သင့်ပါဘူး။ ဘယ်သူမပြု မိမိမှုဆိုသလို သေချာတွေးကြည့်ရင် အဆင်ပြေမှု မပြေမှုဆိုတာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ အကျိုးရလာဘ်ပါပဲ။ အကောင်းအဆိုး ဆိုတာက လူတိုင်းကြုံတွေ့ရမယ့် လောကဓံပါ။ လောကမှာ ရှိနေရင်တော့ အကောင်းတွေနဲ့ ကြုံနေတတ်ရသလို အဆိုးတွေလည်း ရောက်နေမှာပါပဲ။ ဒီလောကဓံကို ဘာပဲလာလာ ခံနိုင်ရည်ရှိအောင် လုပ်ရမှာ ကိုယ်ကိုယ်တိုင်ပါ။ ကိုယ့်ရဲ့ လုပ်ရပ်တွေကို ကိုယ်ဆင်ခြင်ရမှာပါ။ အဲဒါကို ကိုယ့်ကိုယ်ကို အားမကိုးဘဲ သူများသွားအားကိုးတော့ “ကံနိမ့်နေတာ အိမ်မှာကိုးကွယ်ထားတဲ့ ကျောက်ဆင်းတုတော်က ခိုက်လို့ပါ၊ အဲဒီဆင်းတုကို သွားစွန့်လိုက်ပါ” ဆိုလို့ ခိုင်းတဲ့အတိုင်း လုပ်ရင်းက ကိုယ်ပါအပြစ်ဖြစ်ကာ ဘုရားမကြောက်၊ ကံမကြောက် ဖြစ်ကုန်တဲ့ သူတွေရှိပါတယ်။ နောက်ဆုံးတော့ အားကိုးအရှာလွဲပြီး ဗေဒင်ဆရာ၊ လောကဓာတ်ဆရာတွေကို အားကိုးမိလို့ အဲဒီဆရာများ ရိုက်တာခံရတဲ့အတွက် မလုပ်သင့်တဲ့ အကုသိုလ် အလုပ်ကို လုပ်ဖြစ်ကုန်တော့တာပါ။ အမှန်ဖြစ်သင့်တာက အဆိုးတွေ ကြုံနေ၊ အဆိုးတွေ များနေရင် အကောင်းကို များများလုပ်သင့်တာပါ။ အဆိုးတွေပြီးရင် အကောင်းတွေ လာလိမ့်မယ်ဆိုတဲ့ ခံယူချက်နဲ့ အဆိုးဒဏ်ကို ကြံ့ကြံ့ခံပြီး အကောင်းတွေပဲ ဖိလုပ်သင့်ပါတယ်။ အကောင်းတွေ လုပ်နေရင်း အဆိုးတွေ ကြုံခဲ့ရင်တောင် တအားဆိုးဆိုးဝါးဝါးတော့ မဖြစ်နိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ အဆိုးတွေကြုံလို့ သူများအားကိုးပြီး ခိုင်းတဲ့အတိုင်းလိုက်လုပ်မိရင် အဆိုးတွေဟာ ပိုပြီးဆိုးလာတတ်ပါတယ်။ အပါယ်လားစေနိုင်တဲ့ အဆိုးတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ပြန်စိစစ်ပါ၊ ကံကိုချည်းပဲ အပြစ်ပုံမချပါနဲ့လို့ ဆိုခြင်းဖြစ်ပါတယ်။

အနှစ်ရှိသော ကြီးရင့်ခြင်း..
တကယ်တော့ အသက်အရွယ်ကြီးတိုင်း အနှစ်ရှိတာ မဟုတ်ပါဘူး။ အသက်ရှင်ခိုက်မှာ အနှစ်ရှိအောင် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်ရှိခြင်းဖြစ်ပါတယ်။ အနှစ်သာရရှိရှိနဲ့ တစ်ရက်တစ်မနက် နေထိုင်သွားနိုင်ခြင်းကသာ အနှစ်မရှိဘဲ နှစ်ပေါင်းတစ်ရာကျော် နေသွားခြင်းထက် သာလွန်ပါတယ်။ စာလိုပြောရရင် ကိုယ်ကျင့်တရားမကောင်း၊ ကုသိုလ်ကောင်းမှုမရှိဘဲ နှစ်ပေါင်းအကြာကြီး အသက်ရှင် နေရခြင်းထက် ကိုယ်ကျင့်သိက္ခာအပြည့်နဲ့ တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင် နေထိုင်သွားရခြင်းက ပိုအနှစ်သာရရှိပါတယ်။ ကုသိုလ်ကောင်းမှုများနဲ့ တစ်နေ့တစ်မနက် နေ့ထိုင်ခြင်းကသာ အကုသိုလ်တရားများနဲ့ နှစ်ပေါင်းတစ်ရာကျော်မက အသက်ရှင် နေထိုင်ရခြင်းထက် သာလွန်ကောင်းမြတ်ပါတယ်။ ဒါကြောင့် တစ်ရက်ပြီးတစ်ရက် ကြီးရင့်သွားနေကြတဲ့ သတ္တ၀ါတွေဟာ အသက်အရွယ် ကြီးရင့်လာတာနဲ့အမျှ ကိုယ့်သန္တာန်မှာလည်း ကုသိုလ်အနှစ်သာရများ တိုးပွားနေအောင် ကြိုးစားနိုင်ကြရမှာ ဖြစ်ပါတယ်။ သေရမယ့်အချိန်ကို တဖြည်းဖြည်းကူးသွားနေတဲ့ ဘ၀ရဲ့ ကြီးရင့်ခြင်းဟာ ကုသိုလ်တရား၊ ကိုယ်ကျင့်တရားများနဲ့ အနှစ်ရှိတဲ့ ကြီးရင့်ခြင်းများဖြစ်ဖို့် လိုအပ်လှပါတယ်။ အဲဒီလိုဖြစ်အောင် အချိန်ရှိတုန်း ကြိုးစားကြဖို့လိုပါတယ်။

သူ့ကိုသတ်မှ တကယ်ပြတ်မှာ…
လောကမှာ တစ်ချို့လူတွေဟာ ဒုက္ခမျိုးစုံနဲ့ ကြုံတွေရတဲ့အခါ မခံမရပ်နိုင်ဖြစ်ပြီး နောက်ဆုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ကာ သတ်သေတဲ့အထိ ဘ၀ကို အရှုံးပေးတတ်ကြပါတယ်။ တကယ်တော့ ဒုက္ခတွေငြိမ်းဖို့ အတွက် ကိုယ့်ကိုယ်ကို သတ်သေလို့ မပြီးပါဘူး။ သူ့ကို သတ်နိုင်မှ ပြီးမှာ၊ ငြိမ်းမှာ၊ အဆုံးသတ်မှာပါ။ သူဆိုတာက တစ်ခြားမဟုတ်ပါဘူး။ ဒုက္ခတွေကို ဖြစ်စေတဲ့ တွယ်တာမှု သံယောဇဉ်လို့ခေါ်တဲ့ တဏှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒုက္ခဖြစ်ကြောင်း အကြောင်းတရားကို သတ်ရပါမယ်။ ဒီအကြောင်းတရားကို သတ်နိုင်မှ အကျိုးတရားဖြစ်တဲ့ ဒုက္ခက ငြိမ်းမှာပါ။ စာလိုပြောရင် သမုဒယသစ္စာလို့ခေါ်တဲ့ တွယ်တာမှု တဏှာကို ပယ်နိုင်မှ ဒုက္ခသစ္စာလို့ခေါ်တဲ့ ဆင်းရဲဒုက္ခအပေါင်းမှ ငြိမ်းအေးနိုင်မှာပါ။ ကြောင်းကျိုးဆက်စပ်မှု ပဋိစ္စသမုပ္ပါဒ်နည်း အရပြောရရင် မသိမှုအ၀ိဇ္ဇာ၊ တွယ်တာတပ်မက်မှု တဏှာတွေကြောင့် ဘ၀သံသရာ ကျင်လည်မှုတွေ တိုးပွားနေပြီး အဆုံးမရှိဖြစ်ကာ ဒီဒုက္ခသံသရာမှကင်းရာ နိဗ္ဗာန်နဲ့ ပိုပိုဝေးနေကြခြင်း ဖြစ်ပါတယ်။ တစ်ချို့က ဒီသဘောတရားကို တစ်လွဲနားလည်ပြီး ``ခန္ဓာရှိတဲ့အတွက် ဒီလိုဒုက္ခတွေ ကြုံနေရတာဖြစ်တယ်၊ ဒီခန္ဓာမရှိရင် ဒီဒုက္ခတွေလည်း ငြိမ်းမှာပဲ``ဆိုတဲ့ အတွေးနဲ့ ခန္ဓာမရှိအောင် ကိုယ့်ကိုယ်ကို သတ်သေတာတွေ လုပ်ကြပါတယ်။ ဒီနည်းဟာ အလွန်လွဲမှားတဲ့ နည်းပါ။ ဒီလို သတ်သေရုံနဲ့ ဒီဒုက္ခတွေက မငြိမ်းပါဘူး။ ဒီဘ၀အဆုံး သတ်သွားပေမယ့် နောက်ထပ်ဘ၀တစ်ခုက ထပ်ရနေဦးမှာပါ။ နောက်ထပ်ဘ၀ထပ်ရလို့ ခန္ဓာပြန်ရလာရင် ဒီဒုက္ခတွေကလည်း ထပ်ပြီးဖြစ်နေဦးမှာပါ။ အမှန်ဒုက္ခငြိမ်းချင်ရင် ဒီဒုက္ခတွေ ဖြစ်အောင် ခန္ဓာကိုယ်ကို ဖြစ်စေတတ်၊ ခန္ဓာအိမ်ကို ဖွဲ့တတ်တဲ့ တဏှာဆိုတဲ့ အကြောင်းတရားကိုသတ်မှ အမှန်ငြိမ်းမှာပါ။ ရရှိလာတဲ့ ခန္ဓာအစုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုသတ်လို့ ဒုက္ခက မပြတ်ပါဘူး။ ဒီဒုက္ခကို ဖြစ်ပေါ်စေတဲ့ တဏှာဆိုတဲ့ သူ့ကိုသတ်မှ ဒုက္ခအမှန် ပြတ်မှာပါ။

နောင်တကင်းရာသို့…
လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ နောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တုံ့ပြန်မှုကို တုံ့ပြန်မပြုနဲ့…
လူအမျိုးမျိုးရှိတဲ့အတွက် တုံ့ပြန်မှု အမျိုးမျိုးလည်း ရှိမှာပါပဲ။ ကြိုက်တဲ့လူက ကောင်းတာတွေနဲ့ တုံ့ပြန်မှာဖြစ်ပြီး မကြိုက်တဲ့သူကတော့ အဆိုးနဲ့ တုံ့ပြန်မှာ ဖြစ်ပါတယ်။ ဒါဟာ လောကဓံ သဘောပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ပျက်ပေမယ့် မဖျက်မိစေနဲ့…
လောကမှာ ပျက်စီးခြင်းနဲ့ ဖျက်စီးခြင်းလို့ နှစ်မျိုးရှိပါတယ်။ ပျက်စီးခြင်းဟာ အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်တဲ့ သဘောဖြစ်ပြီး ဖျက်စီးခြင်းကတော့ ကိုယ်ကိုယ်တိုင်နဲ့ တစ်စုံတစ်ယောက်ရဲ့ ပယောဂကြောင့် ဖြစ်ပေါ်တတ်တဲ့ သဘောဖြစ်ပါတယ်။ ပယောဂပါလာရင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာရင် စေတနာလည်း ရှိလာနိုင်ပါတယ်။ စေတနာပါတဲ့ အလုပ်ဖြစ်ရင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာရင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပါတယ်။ ပျက်စီးတတ်တဲ့ သဘောဖြစ်တဲ့အတွက် ပျက်စီးမှုမှာ ဘာမှု ထိခိုက်မှု မရှိနိုင်ပေမယ့် ဖျက်စီးမှုကြောင့် ပျက်စီးသွားတဲ့ သဘောဆိုရင်တော့ တန်ပြန်သက်ရောက်မှုကို ခံရမှာ ဖြစ်ပါတယ်။ စာပေမှာ ဗျသနခေါ် ပျက်စီးခြင်းတရား ငါးပါးရှိကြောင်း ဖော်ပြထားပါတယ်။ အဲဒီဗျသနတရားငါးပါးမှာ ဉာတိဗျသန (အမျိုးများပျက်စီးခြင်း)၊ ဘောဂဗျသန (စည်းစိမ်ဥစ္စာများ ပျက်စီးခြင်း)၊ ရောဂဗျသန (အနာရောဂါကြောင့် ပျက်စီးခြင်း) တွေကြောင့် သတ္တ၀ါတွေကို အပါယ်ငရဲအထိ ကျရောက်မှုကို မဖြစ်စေပေမယ့် သီလဗျသန (သီလပျက်စီးခြင်း)၊ ဒိဋ္ဌိဗျသန (အယူဝါဒ ပျက်စီးခြင်း) တွေကြောင့်ကတော့ အပါယ်ငရဲအထိ ကျရောက်စေနိုင်ပါတယ်။ ဒါကြောင့် ပျက်စီးချိန်တန်လို့ ပျက်စီးကြတဲ့ သဘောတရားတွေမှာ တုန်လှုပ်မှု မရှိကြစေဘဲ ဖျက်စီးမှ ပျက်စီးတတ်တဲ့ ပျက်စီးမှုတွေကိုတော့ အကြောက်တရားနဲ့ မပျက်အောင် ထိန်းကြဖို့ လိုပါတယ်။

အလိုကျချင်ရင် မလိုကြနဲ့…
လူတိုင်းလူတိုင်း တစ်ခုခုတော့ အလိုမကျ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ အလိုမကျ ဖြစ်တယ်ဆိုတာ အလိုရှိနေကြလို့ပဲ ဖြစ်ပါတယ်။ အလိုရှိနေတဲ့အတွက် ကိုယ်လိုတဲ့အတိုင်း မဖြစ်တော့ အလိုလို အားမရဖြစ်ကာ မလိုချင်တာရပြီး အလိုမကျ ဖြစ်ကုန်တာပဲ ဖြစ်ပါတယ်။ လိုနေသမျှ အလိုမကျ ဖြစ်နေမှာ အမှန်ပါပဲ။ လိုချင်ဖြစ်ချင်တာတွေ များလေလေ အလိုမကျတာတွေ များလေလေပဲ ဖြစ်နေမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဖြစ်ချင်တိုင်း ဖြစ်လို့မရတဲ့ လောကမှာ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဖြစ်ချင်တာ ဖြစ်နေမယ်ဆိုရင် မမြဲခြင်းသဘော မရှိတော့ဘဲ မြဲခြင်းသဘောပဲ ရှိနေမှာ ဖြစ်ပေမယ့် လောကကြီးဟာ မြဲတာတစ်ခုမှ မရှိဘဲ မမြဲတာတွေပဲ ရှိနေလေတော့ အတ္တမဟုတ်၊ အနတ္တဆိုတာ အထင်အရှား ဖြစ်စေပါတယ်။ ဒါကို မသိတဲ့အတွက်ကြောင့် ဖြစ်ချင်မှုလိုချင်မှုတွေနဲ့ ဖြစ်ချင်လိုချင်နေကြလို့လည်း သတ္တ၀ါတွေဟာ လိုတာမရဘဲ အလိုမကျ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် “အလိုကျချင်ရင် မလိုကြနဲ့”လို့ ဆိုခြင်းဖြစ်ပါတယ်။

ကံကောင်းလိုသော်…
ကံကောင်းချင်တဲ့သူဟာ ကုသိုလ်များမျာလုပ်ဖို့ လိုပါတယ်။ ကုသိုလ်လုပ်ခြင်းဟာ အကောင်းလုပ်ခြင်း ဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အလုပ်ကောင်းရင် အကျိုးပေးကောင်းမှာဖြစ်ပြီး အကျိုးပေးကောင်းခြင်းဟာ ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူကမှ လုပ်ပေးလို့ ဖြစ်လာခြင်း မဟုတ်၊ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံကောင်းချင်ရင် ဘာဗေဒင် ယတြာမှ မလိုဘဲ ကုသိုလ်ကောင်းမှုပဲ များများဖိလုပ်ကြဖို့ လိုပါတယ်။

အတုယူတတ်ဖို့လို….
လောကကြီးမှာ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရတဲ့ လှုပ်ရှားမှုတွေကပဲ ယူတတ်၊ မြင်တတ်တဲ့ သူတွေအတွက် ကောင်းတာတွေ၊ ကုသိုလ်ဖြစ်စရာတွေ အများကြီး ဖြစ်နေ၊ ရှိနေတယ်ဆိုတာ သတိပြုမိကြဖို့ပါ။ ဘယ်လိုနေရာ၊ ဘယ်လိုအချိန်၊ ဘယ်လိုလူမျိုးဆီကမဆို ကောင်းတဲ့၊ ကုသိုလ်ဖြစ်စေမယ့် အရာတွေဆို အတုလိုက်ပြီး ကျင့်သုံးယူတတ်ဖို့နဲ့ အပြစ်ဖြစ်စေ၊ အကုသိုလ်ဖြစ်စေမယ့် အရာတွေဆို ရှောင်ပယ်နိုင်အောင် ကြိုစားကြဖို့ပါ။ အမှန်တော့ ဘယ်သူ့ကိုပဲကြည့်ကြည့်၊ ဘယ်နေရာမှာပဲ နေနေ ကောင်းတဲ့ဘက်က ကြည့်တတ်မြင်တတ် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ ကုသိုလ်ဖြစ်အောင် ကြည့်တတ်၊ ကုသိုလ်ဖြစ်အောင် ယူတတ်ရင် ကုသိုလ်ဖြစ်နေတာပါပဲ။ စာလိုတော့ ယောနိသောမနသိကာရလို့ ဆိုပါတယ်။ ယောနိသောမနသိကာရဆိုတာ နှလုံးသွင်းမှန်ကန်တာကို ဆိုပါတယ်။ တစ်နည်းအားဖြင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းတတ်တာကို ဆိုပါတယ်။ အကုသိုလ်မဖြစ်အောင် နှလုံးသွင်းဖို့ဆိုတာ အကုသိုလ်မဖြစ်အောင် ကြည့်တတ်၊ မြင်တတ်မှ ဖြစ်တာပါ။ ဒီလိုကြည့်တတ်ဖို့အတွက် အကောင်းမြင်တတ်တဲ့ အကျင့်ရှိမှ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းဘက်က ကြည့်တတ်မြင်တတ်ရင် အကုသိုလ်မဖြစ်ဘဲ အပြစ်အဖြစ် သက်သာပါတယ်။ ကောင်းတာကို ကြည့်တတ်တဲ့အတွက် ကောင်းတာလေးတွေမြင်ပြီး ကောင်းတာတွေ ယူလာတတ်ပါတယ်။ ဒါကိုပဲ အတုယူတာလို့ ဆိုနိုင်တာပေါ့။ ကောင်းတဲ့အတုလိုက်မှုပါပဲ။

Read more »

နောင်တကင်းရာသို့…

“အရှင်ဘုရားရေ အဲဒီတုန်းက အရှင်ဘုရား ပြောတဲ့အတိုင်း မလုပ်မိဘဲ သူပြောတဲ့အတိုင်း လိုက်လုပ်မိလို့ အခုတော့ တပည့်တော် ဒုက္ခလှလှကြီး တွေ့နေရတဲ့အပြင် ဆင်းရဲပေါင်းစုံနဲ့ နောင်တတွေပဲ ဖြစ်လို့နေပါတယ်ဘုရား…”ဆိုပြီး လွန်ခဲ့တဲ့ ၂နှစ်လောက်က အဖြစ်တွေ ပြန်ပြောကာ ဖြတ်သန်းခဲ့ရတဲ့ သူ့ဘ၀ အခြေအနေတွေကို ရင်ဖွင့်သွားခဲ့တဲ့ ဘုန်းကြီးလူထွက် လူပျံတော် သူငယ်ချင်းတစ်ယောက်ရဲ့ အကြောင်းကို နားထောင်ရင်း အတွေးနယ်ချဲ့မိပါတယ်။ သူ့လုပ်ရပ်အတွက် နောင်တတွေဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး သံဝေဂတွေ ဖြစ်မိပြန်ပါတယ်။ သူ့အခြေအနေကိုကြည့်ပြီး နောင်တဆိုတာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်လိုက်ရတဲ့အတွက် ရတဲ့နောင်တနဲ့ မလုပ်သင့်မလုပ်ထိုက်တာကို လုပ်လိုက်မိတဲ့အတွက် ရတဲ့နောင်တရယ်လို့ ရှိတတ်ကြောင်း ကောင်းကောင်းသဘော ပေါက်မိလိုက်ပါတယ်။ ဘယ်လိုကြောင့်ရတဲ့ နောင်တမျိုးပဲ ဖြစ်ဖြစ် သေချာတာကတော့ နောင်တရဲ့နောက်မှာ စိုရိမ်းပူဆွေး ငိုကြွေးမှုတွေနဲ့အတူ စိတ်အစဉ်ဟာ လေးလံထိုင်းမှိုင်း နေတတ်တယ်ဆိုတာပါပဲ။

တကယ်တော့ လောကမှာ ရှိတဲ့ပုထုဇင်မှန်သမျှ နောင်တမရဖူးတဲ့သူ မရှိပါဘူး။ နဲနဲလေး၊ အခိုက်အတန့်လေးလောက် ဖြစ်ဖြစ် ရဖူးတဲ့သူတွေချည်းပါပဲ။ တစ်ချို့ကျတော့ အခိုက်အတန့်ဖြစ်တဲ့ နောင်တ၊ တစ်ချို့ကတော့ တစ်သက်လုံး စွဲထင်နေတဲ့ နောင်တ၊ တစ်ချို့က အချိန်မီပြင်လို့ရတဲ့ နောင်တ၊ တစ်ချို့က ပြင်မရတော့ဘဲ နောက်ဆုံးအချိန်မှရတဲ့ နောင်တ စသဖြင့် အမည်အမျိုးမျိုးနဲ့ နောင်တ အမျိုးမျိုးတွေ ဖြစ်ဖူးရဖူးကြတဲ့ သူတွေ အများကြီး ရှိမှာပါ။ တစ်ချို့ကတော့ အပြောမှားမိလို့ နောင်တဖြစ်နေကြသလို တစ်ချို့ကျပြန်တော့လည်း ကိုယ်ထိလက်ရောက် လုပ်ဆောင်မိလို့ နောင်တရနေတာတွေလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမဆို အနည်းနဲ့အများ နောင်တရဖူးကြတာတွေ ရှိပေမယ့် ကိုယ်ရတဲ့ နောင်တဟာ ပြင်မရတဲ့အချိန်၊ ပြင်မရတဲ့ နောင်တမျိုး မဖြစ်ဖို့တော့လိုပါတယ်။ အမှားတစ်ခုခုကြောင့် နောင်တပြန်ရပြီး ပြင်မယ်လို့ ဆုံးဖြတ်တဲ့အချိန်မှာ နောက်မကျဖို့ အရေးကြီးပါတယ်။ ပြီးတော့ မှားလိုက်တဲ့အမှားဟာလည်း နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့ အမှားမျိုးအထိ မမှားမိအောင် ကြိုးစားကြဖို့ လိုပါတယ်။ မှားတတ်တဲ့ သတ္တ၀ါတွေဖြစ်လို့ မှားမိကြပေမယ့် ဘယ်လိုမှ ပြုပြင်လို့ မရတဲ့ အမှားမျိုး မဖြစ်ဖို့တော့ အရေးကြီးပါတယ်။ အဲဒီလို ပြင်လို့ရပြီး ပြင်ချိန်ရတဲ့ အမှားမျိုးနဲ့ နောင်တမျိုးဆိုရင်တော့ ပျက်အစဉ် ပြင်ခဏဆိုသလို နောင်တရလို့ ပြင်လိုက်နိုင်ရင် အကောင်းပြန်ဖြစ်သွားမှာပဲ ဖြစ်ပါတယ်။

ပြင်မရတဲ့အမှားတွေနဲ့ ပြင်မရတဲ့ အချိန်မှ နောင်တရမိတဲ့အတွက် နောက်ကျသွားပြီး ဘုရားတောင် ကယ်လို့မရတဲ့ သူတွေအကြောင်း စဉ်းစားမိတော့ ဘုရားလက်ထက်က နာမည်ကြီး နောင်တရသူ နှစ်ယောက်အကြောင်း သွားပြီးသတိရမိ လိုက်ပါတယ်။ သူတို့ကတော့ အားလုံးသိပြီးသား ဖြစ်ကြတဲ့ အရှင်ဒေ၀ဒတ်နဲ့ အဇာတသက် ဘုရင်တို့ပါပဲ။ ရှင်ဒေ၀ဒတ်ဟာ သက်ရှိထင်ရှား ရှိစဉ်မှာ ဘုရားရှင်ကို အမျိုးမျိုး နှောက်ယှက်ဖျက်ဆီးခဲ့တဲ့အပြင် အရမ်းအပြစ်ကြီးတဲ့ ဘုရားကို သွေးစိမ်းတည်အောင်လုပ်မိ၊ သံဃာကို သင်းခွဲမိတဲ့အထိ အနန္တရိယကံကြီးတွေကို ကျူးလွန်မိခဲ့ပါတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်တွေကို နောက်ဆုံးမှာ နောင်တတွေ၊ သတိသံဝေဂတွေရပြီး ဘုရားရှင်ကို ဖူးမျှော်ဖို့နဲ့ ၀န်ချတောင်းပန်ဖို့အသွားမှာ ကျူးလွန်ခဲ့တဲ့ အမှားအပြစ်တွေက အရမ်းကြီးလေတော့ လမ်းမှာပဲ မြေမြိုခံလိုက်ရပါတယ်။ အရှင်ဒေ၀ဒတ် ရခဲ့တဲ့ နောင်တဟာ ပြင်မရတဲ့ နောင်တနဲ့၊ ပြင်မရတဲ့အချိန်မှာ ရခဲ့တဲ့ နောင်တဖြစ်ခဲ့လေတော့ ဘုရားလည်းမကယ်နိုင်တဲ့ အမှားမျိုးဖြစ်ခဲ့ရပါတယ်။

အဇာတသတ်ဘုရင်ဆိုလည်း ဒီအတိုင်းပါပဲ။ ဖခင်ဘုရင်ကြီးကို သတ်မိခဲ့တဲ့ နောင်တဟာ သူကိုယ်တိုင် သူ့သားလေးမွေးတော့မှပဲ ဖခင်မေတ္တာကို အပြည့်အ၀ နားလည်ခဲ့ပြီး အဖေရှိရာသွားခဲ့ပေမယ့် အဖေက သူညှင်းစဲနှိပ်စက်ခဲ့တဲ့ ဒဏ်တွေနဲ့ သေသွားခဲ့ပါပြီ။ အဲဒီနောင်တတွေနဲ့အတူ နောင်ပိုင်းသတိသံဝေဂရလို့ ဘုရားသာသနာမှာ အကြီးအကျယ်ချီးမြှောက် ထောက်ပံ့၊ ဘုရားသာသနာကို နက်နက်နဲနဲ သက်ဝင်ယုံကြည်မှု ရှိခဲ့ပေမယ့် အဖေကိုသတ်ခဲ့တဲ့ ပိတုဃာတက ကံကြီးက ရှိခဲ့လေတော့ ဘုရားရှင်လည်း မကယ်နိုင်တဲ့ အထိဖြစ်ခဲ့ရပါတယ်။ အဇာတသက်ဘုရင်ဟာ အမှားအတွက် အချိန်မီ နောင်တရခဲ့ပေမယ့် ပြင်မရတဲ့ အမှားဖြစ်ခဲ့လို့ ပြင်မရတဲ့ နောင်တနဲ့အတူ ငရဲကျသွားခဲ့ရပါတယ်။ ဒါကြောင့် အမှားကျူးလွန်မိတတ်ပေမယ့် ကျူလွန်လိုက်တဲ့အမှားဟာ နောင်တရတဲ့အချိန်မှာ ပြင်မရတဲ့နောင်တမဖြစ်ဖို့၊ နောင်တရချိန်ဟာ နောက်ကျသွားချိန်မဖြစ်ဖို့ အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

သေချာတွေးကြည့်လိုက်ရင် ဒီနောင်တ အားလုံးရဲ့ တရားခံဟာ လုပ်သင့်လုပ်ထိုက်တာကို မလုပ်မိလိုက်ခြင်းနဲ့ မလုပ်သင့် မလုပ်ထိုက်တာကို လုပ်မိလိုက်ခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ကိုယ်ကိုယ်တိုင်ရဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ နောင်တဖြစ်အောင် လုပ်တာလည်း ကိုယ်ပဲဖြစ်သလို နောင်တမဖြစ်အောင် လုပ်တာလည်း ကိုပဲဖြစ်ပါတယ်။ လုပ်သင့်တာကို မလုပ်မိတဲ့ နောင်တထက် ပိုဆိုးတာက မလုပ်သင့်မလုပ်ထိုက်တဲ့ အမှားကို ကျူးလွန်မိတဲ့အတွက် ဖြစ်ခဲ့ရတဲ့ နောင်တက ပိုဆိုးပါတယ်။ အမှားလုပ်မိတယ်ဆိုတာ အမှားအမှန်ကို မခွဲခြားနိုင်မိလို့ ဖြစ်ပါတယ်။ အမှားအမှန် မခွဲခြားနိုင်ခြင်းဟာ အငြိုးအတေး အာဃာတတွေနဲ့ စိတ်ဆိုးစိတ်တိုတတ်တဲ့ ဒေါသစိတ်တွေကြောင့် ဖြစ်ပါတယ်။ ဒေါသော အတ္ထံ နဇာနာတိလို့ ဆိုသလို ဒေါသဖြစ်ရင် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မသိဘဲ၊ အမှားအမှန်ကို မခွဲခြားတတ် ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အငြိုးအတေး အာဃာတတွေနဲ့ မလိုမုန်းထားစိတ်တွေကြောင့် ငြင်းခုံခိုက်ရန်ဖြစ်ကာ ရန်ဖြစ်ကြရာမှ ရုံးရောက်ဂတ်ရောက်၊ အချုပ်ရောက်၊ ထောင်ရောက်တွေ ဖြစ်ကုန်တတ်ပါတယ်။ အဲဒီလိုအချိန်ကျတော့မှ သွေးအားသွားပြီး ငါလုပ်ခဲ့တာ မှားပါလားလို့ နောင်တရမိတတ်ပါတယ်။ ဒါပေမယ့် ဒီနောင်တဟာ လွန်ကျူးမိပြီးမှ ဖြစ်တတ်ကြတာဆိုတော့ ကိုယ့်လုပ်ရပ်အတွက် ပြန်တော့ပေးဆပ်ရပါတယ်။ တကယ်လို့များ ဒီနောင်တတွေရဲ့ အကြောင်းဖြစ်တဲ့ အမှားကျူးလွန်မှုကို မလုပ်ဖြစ်ခဲ့ရင်၊ အမှားမကျူးလွန်ခင် စိတ်ကို ထိန်းနိုင်ခဲ့မယ်ဆိုရင် ဒီလို နောင်တရတဲ့အထိ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နောင်တမဖြစ်ချင်ရင် ဘာပဲဖြစ်ဖြစ် အမှားမကျူးလွန်မိခင် ကိုယ့်စိတ်ကို ထိန်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ စိတ်ဆိုတာက လေကျင့်ပေးရင် ထိန်းလာနိုင်တတ်ပါတယ်။ စိတ်ဆိုးလွယ်တဲ့သူ၊ စိတ်တိုလွယ်တဲ့ သူတွေလည်း သတိလေးထားပြီး ကိုယ့်ရဲ့စိတ်လေးကို ထိန်းကြောင်းပေးကြည့်ရင် တဖြည်းဖြည်း ရလာတတ်ပါတယ်။ ဘုန်းဘုန်းရဲ့ ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက်ဆိုရင် အရင်တုန်းက စိတ်တော်တော် မြန်တတ်ပါတယ်။ ရိုးဖြောင့်ပြီး မဟုတ်မခံ စိတ်ရှိတဲ့အတွက် ပြောဆိုတဲ့အခါလည်း ပွင့်ပွင့်လင်းလင်း ဒဲ့တိုးပြောတတ်ပါတယ်။ အဲဒီအတွက်ကြောင့်လည်း တစ်ခါတစ်လေ အများအထင် လွဲတာလေးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း တစ်ခါတစ်လေ ဘုန်းဘုန်းက “သည်းခံတတ်တဲ့ အကျင့်လေးတွေ လုပ်ပေးဖို့၊ အများအတွက် အလုပ်လုပ်တဲ့သူဟာ သူများထက်ပိုပြီး စိတ်ရှည်ဖို့၊ အလုပ်မလုပ်တဲ့ သူတွေအတွက် ဘာသံမှ၊ ဘာတိုက်ခိုက်မှုမှ မရှိတတ်ပေမယ့် အလုပ်လုပ်လာပြီဆိုရင်တော့ ပြောတာဆိုတာ တိုက်ခိုက်တာတွေ ရှိတတ်တဲ့အတွက် ကိုယ့်စိတ်ကို ကျောင်းအပေါ်ထားတဲ့ စေတနာ၊ အများအတွက် လုပ်ပေးတဲ့ စေတနာတွေနဲ့ အကောင်းဆုံး သည်းခံနိုင်အောင် လေ့ကျင့်ကြည့်ဖို့..” ပြောပြဖြစ်ပါတယ်။ ဒကာလေးကလည်း အရင်လိုမဟုတ်တော့ဘဲ သူကိုယ်တိုင် “ငါ့ကို ဦးဇင်းကလည်း ဒီလိုပြောထားတယ်၊ ငါ့စိတ်ကို ငါထိန်းမှ ဖြစ်မယ်..”ဆိုတဲ့ အတွေးတွေနဲ့ စိတ်တိုတတ်တာ၊ သည်းမခံတတ်တာတွေကို သည်းခံလာနိုင်အောင်၊ စိတ်ရှည်အောင် လေ့ကျင့်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဆိုးစိတ်တိုဖြစ်စရာ နေရာတွေ၊ အလုပ်တွေ၊ လူတွေကိုရှောင်ပြီး နေလိုက်တယ်လို့ ဆိုပါတယ်။ တကယ်လည်း သူအဲလိုဖြစ်အောင်နေတာကို ဘုန်းဘုန်း သတိထားမိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းအကျိုးဆောင် ဒကာလေးတစ်ယောက် အဲဒီလိုစိတ်ထားလေးတွေနဲ့ သူ့စိတ်ကို သူပြုပြင် လာတာတွေကတော့ သူ့အတွက်ရော အများအတွက်ပါ နောင်တကင်းရာ ဖြစ်နေမှာ အမှန်ပါပဲ။

ဆိုလိုတာက နောင်တဆိုတာ ပုထုဇင်တိုင်း ဖြစ်တတ်ပေမယ့် အဲဒီနောင်တကင်းအောင် နောင်တဖြစ်ရမယ့် အလုပ်တွေ မလုပ်ဖြစ်ခင် စိတ်ကို ကြိုးစားလေ့ကျင့်ပြီး ထိန်ကြောင်းပေးကြည့်ကြဖို့ ဆိုချင်တာပါ။ အကယ်၍ မထိန်းနိုင်လို့ ကျူးလွန်မိခဲ့မယ် ဆိုရင်လည်း ပြုပြင်လို့ မရတဲ့အချိန်၊ ပြုပြင်လို့ မရတဲ့ နောင်တမျိုးအထိ မဖြစ်အောင်တော့ ကိုယ့်စိတ်ကို သတိကပ်ကာ လေ့ကျင့်ကြည့်ဖို့ လိုပါတယ်။ နောင်တရတဲ့အချိန်ဟာ နောက်မကျတဲ့အချိန်ဖြစ်ဖို့ အရေးကြီးပါတယ်။ အမှားအတွက် နောင်တရတဲ့အခါမှာလည်း “မှားခဲ့မိလေခြင်း…”ဆိုပြီး အမှားအပေါ်မှာ နောင်တတရားတွေနဲ့ ပူဆွေးနေဖို့ မလိုပါဘူး။ မှားမှန်းသိတာနဲ့ အဲဒီအမှားကို သင်္ခန်းစာယူပြီး နောင်မမှားအောင် ကြိုးစားဖို့ပဲ လိုပါတယ်။ ပြုပြင်လို့ ရတဲ့အမှားမျိုးဆိုရင် နောင်တရလို့ ပြုပြင်နိုင်တဲ့အချိန်ဟာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ အဓိကကတော့ ဖြစ်သမျှ နောင်တများဟာ လုပ်သမျှ အမှားများကြောင့် ဖြစ်တဲ့အတွက် အမှားမလုပ်မိအောင်၊ အမှားလုပ်ချင်တဲ့ စိတ်ဖြစ်တဲ့အခါ အဲဒီစိတ်ကို စိတ်လေးနဲ့ မြင်အောင်ကြည့်ပြီး တစ်မိနစ် နှစ်မိနစ်စသဖြင့် အာရုံပြုပြီး နေကြည့်မယ်ဆိုရင် သွေးစူနေတဲ့စိတ်ဟာ တဖြည်းဖြည်း ငြိမ်လာတတ်ပါတယ်။ စိတ်ငြိမ်လာရင် အမှားလုပ်မိတော့မယ့် စိတ်ကိုလည်း မလုပ်မိအောင် ထိန်းလာနိုင်ပါလိမ့်မယ်။ အမှားမလုပ်မိရင် နောင်တဆိုတာလည်း မရှိနိုင်ပါဘူး။

ဒါကြောင့် အကြွင်းမဲ့ နောင်တကင်းဖို့ဆိုတာ အာသဝေါကုန်ခမ်း ရဟန္တာဖြစ်မှပဲ ဖြစ်နိုင်ပေမယ့် ပုထုဇင်များ အနေနဲ့လည်း နောင်တနည်းအောင်၊ ပြုပြင်မရတဲ့ နောင်တမျိုးမဖြစ်အောင်၊ နောင်တရချိန်ဟာ နောက်ကျတဲ့ အချိန်မဖြစ်ရလေအောင် လက်ရှိ ကိုယ့်ရဲ့ အပြောအဆို၊ အပြုအမူ အနေအထိုင်များကို သတိနဲ့ ထိန်းသိမ်းကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ဒေါသတရား၊ အငြိုးအတေးများနဲ့ မလွှမ်းမိုးမိစေဘဲ ဘာပဲဖြစ်ဖြစ် ဖြစ်နေတဲ့စိတ်ကို သိအောင်ကြိုးစားပြီး အမှားကင်းအောင်၊ အမှားနည်းအောင် လေ့ကျင့်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလိုနည်းနဲပဲ နောင်တကင်းရာလမ်းမှန်ကို လျှောက်လမ်းကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။ အားလုံးအမှားကင်းပြီး နောင်တရှင်းကြပါစေ…

Read more »

ဒီမှာလည်းလိုအပ်နေ…

တစ်နေ့က ရန်ကုန်မှာရှိတဲ့ ရဟန်းဒကာမကြီးဆီ ဖုန်းဆက်တော့ ဒကာမကြီးက “အရှင်ဘုရား… ဒီနှစ်ဝါဆိုလည်း မြန်မာပြည်မှာ ပြန်ဝါဆိုဖြစ်မှာလားဘုရား…”လို့ လျှောက်ပါတယ်။ “သိပ်တော့မသေချာဘူး ဒကာမကြီး…၊ ဘာဖြစ်လို့လဲ..”လို့ မေးတော့ “အော် တစ်ခြားမဟုတ်ပါဘူးဘုရား… အရှင်ဘုရား ပြန်ကြွလာရင် တပည့်တော်မှာ ရှိတာလေးတွေ စုဆောင်းပြီး အရှင်ဘုရားနဲ့အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ သွားပြီးတော့ ကင်ဆာဓာတ်ရောင်ခြည်စက်အတွက် အလှူခံနေတာကို သွားလှူမလို့ စဉ်းစားထားလို့ပါ၊ အရှင်ဘုရားလည်းလှူ၊ တပည့်တော်လည်း လှူပေါ့ဘုရား”လို့ ပြန်လျှောက်ပါတယ်။ “ကောင်းပါပြီ ဒကာမကြီး ပြန်ဝါဆိုဖြစ်တော့ သွားလှူကြတာပေါ့”လို့ ဘုန်းဘုန်းက ပြန်ပြောရင်း ကင်ဆာရောဂါဖြစ်ပြီး ဓာတ်ရောင်ခြည်နဲ့ ဓာတ်ကင်ထားဖူးတဲ့ ဒကာမကြီးကို တရားအားထုတ်ပြီးပဲ သေဖို့အတွက် ပြင်ဆင်နိုင်အောင်၊ ဝေဒနာကို သတိပဋ္ဌာန်နဲ့ ရင်ဆိုင်နိုင်အောင် ကြိုးစားနေဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။

ဒကာမကြီးနဲ့ ဖုန်းပြောပြီးတော့ ဘုန်းဘုန်းခေါင်းထဲမှာ ပြည့်သူ့ဆေးရုံကြီးနဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် အကြောင်း အတွေးတွေပဲ ရောက်နေမိပါတယ်။ ဒီအတွက် မြန်မာပြည် ပြန်ကြွတဲ့အခါ တတ်နိုင်သလောက် လှူဖို့လည်း အာရုံပြုမိပါတယ်။ ပြီးတော့ စိတ်ဝင်စားသူများရှိရင်လည်း လှူနိုင်ဖို့ အသိပေးတဲ့သဘောနဲ့ ဒီအကြောင်းလေးကို စာရေးပြီး တင်ပြလိုက်ရင် ကောင်းမှာပဲဆိုတဲ့ အတွေးနဲ့ အခုဒီစာလေးကို ရေးတင်ဖြစ်တယ် ဆိုပါတော့။

အားလုံးသိတဲ့အတိုင်းပဲ။ ဘုန်းဘုန်းတို့ မြန်မာပြည်မှာက တစ်နိုင်ငံလုံး လိုအပ်နေတာတွေ အများကြီး ရှိပါတယ်။ မြန်မာနိုင်ငံ အနှံ့အပြားပဲလို့ ဆိုရမှာပါ။ ဘယ်နေရာရောက်ရောက် လိုအပ်နေတဲ့ အသံတွေပဲ ကြားနေရပါတယ်။ အခုလည်း အများပြည်သူ အားထားရာဖြစ်တဲ့ ဒီဆေးရုံကြီးမှာ လိုအပ်နေပြန်ပါတယ်။ တစ်ခြားလိုအပ်ချက် အသေးအဖွဲလေးတွေက အများကြီးရှိပေမယ့် ဒီလိုအကြီးကြီးအတွက်ကတော့ တစ်ယောက်အားနဲ့ မရနိုင် အများဝိုင်းလှူမှ ဖြစ်နိုင်တဲ့အနေအထားပါ။ ဒီကင်ဆာ ဓာတ်ရောင်ခြည်စက် အကြောင်းကို ဘုန်းဘုန်းက ကိုယ်တွေ့ကြုံခဲ့တော့ ပိုသိပါတယ်။ ခုနပြောတဲ့ ဘုန်းဘုန်းဒကာမကြီးကိုယ်တိုင် အဲဒီမှာ အပတ်စဉ်သွားပြီး ဓာတ်ကင်နေရတာကို တွေ့နေမြင်နေရတဲ့အပြင် တစ်နှစ်ကပဲ အူမကြီးကင်ဆာ၊ အသည်းကင်ဆာတွေနဲ့ ပျံလွန်တော်မူသွားတဲ့ ဘုန်းဘုန်းဆရာသမားကိုလည်း ကိုယ်တိုင်လိုက်ပြီး နေ့စဉ်ဓာတ်ရောင်ခြည် ကင်ပေးခဲ့ရဖူးတော့ ပိုသိပါတယ်။

မြန်မာနိုင်ငံ တစ်ဝှန်းလုံးမှာ ဒီလိုကင်ဆာရောဂါ ဝေဒနာသည်တွေအတွက် ဓာတ်ရောင်ခြည်နဲ့ ကုတဲ့စက်က စုစုပေါင်းမှ သုံးလုံးပဲ ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်တစ်ခု၊ မန္တလေးတစ်ခုနဲ့ တောင်းကြီးမှာတစ်ခု ဒါပဲရှိပါတယ်။ တပ်မတော်ဆေးရုံတွေမှာတောင် မရှိလို့ အဲဒီဆေးရုံက ကင်ဆာဝေဒနာသည်တွေလည်း ဓာတ်ကင်မယ်ဆို ဒီဆေးရုံကြီးကိုပဲ လာကင်နေရတဲ့ အဖြစ်ပါ။ ရှိတဲ့စက်တွေကလည်း အရမ်းသက်တမ်း ကြာနေတဲ့အပြင် မန္တလေးက တစ်ခုက ပျက်နေပြီး၊ တောင်ကြီးက တစ်ခုကျပြန်တော့ အရမ်းဝေးနေပြန်ပါတယ်။ နောက်ဆုံးတော့ ရန်ကုန်ဆေးရုံကြီးကိုပဲ အားကိုးနေကြရပါတယ်။ ခုနောက်ပိုင်း မြန်မာပြည်မှာ ကင်ဆာဖြစ်သူတွေက ပိုပိုများများလာတော့ ဒီစက်ကြီးတစ်ခုတည်းကို စုပေါင်းအားကိုပြီး ဓာတ်ရောင်ခြည်ကင်ဖို့ တန်းစီနေကြရပါတယ်။ စက်ကဟောင်းလည်းဟောင်း လည်ပတ်နေရတာလည်း မရပ်မနားဆိုတော့ တဖြည်းဖြည်း အစွမ်းအာနိသင်တွေ လျှော့လာပါတယ်။ တစ်ခါကင်ရမှာကို နှစ်ခါ၊ သုံးခါပြန်ကင်နေရတဲ့အထိပါပဲ။ ဒီလို ကင်ဖို့ကိုလည်း လူနာတွေက အရမ်းမျာတော့ အလှည့်နဲ့ စောင့်ရပါတယ်။ ဒီကြားထဲ စက်ပျက်လို့ ပြင်နေတဲ့အတွက် အချိန်ကို ထပ်စောင့်နေရတာတွေလည်း ရှိပြန်ပါတယ်။ ကင်ဆာဖြစ်သူတွေ၊ ဓာတ်ကင်မယ့်သူတွေက များတော့ ဓာတ်ကင်မယ့်ရက်ကို ကင်ဆာဌာနက ထုတ်ပြန်ပေးတဲ့ အမည်စာရင်းအတိုင်း စောင့်ပြီးကင်ကြရပါတယ်။ လူနာတွေကများတော့ ကင်ဆာဝေဒနာရှင်တွေဟာ သူတို့နာမည်ပါမယ့်နေ့ကို သွားသွားပြီး စောင့်ကြည့်နေရာတာလည်း နေ့စဉ်လိုလိုပါပဲ။ တစ်ချို့ဆို နာမည်စာရင်း ပါလာတာကိုပဲ စာမေးပွဲအောင်စာရင်းမှာ ပါလာတဲ့ကျောင်းသားတွေလို ပျော်ပျော်ပါးပါးကြီး ဖြစ်သွားတာကို သတိထားမိပါတယ်။ ကင်ဆာရောဂါကြောင့် သောကဖြစ်နေပေမယ့် အရင်ဆုံး ဓာတ်ရောင်ခြည်ကင်ဖို့ စာရင်းစောင့်ရတာလည်း သောကတစ်မျိုး ဖြစ်နေကြတော့ ဒီစာရင်းပါလာတာကိုပဲ အဆိုးထဲက အကောင်းအနေနဲ့ မရှိရှိတာ ရှာကြံပြီး ၀မ်းသာပျော်ရွှင်နေကြရတဲ့ အဖြစ်ပါ။

အခုဆို လက်ရှိရှိနေတဲ့ အဲဒီစက်က အသစ်မလဲလို့ကို မဖြစ်တော့တဲ့အနေအထား ဖြစ်နေပါတယ်။ အစိုးရကလည်း စက်တန်ဘိုးက အရမ်းဈေးကြီးလို့လားမသိ မဖြည့်ပေးနိုင်ပါဘူး။ နောက်ဆုံးတော့ ပြည်သူတွေပဲ အားကိုပြီး အခုလို အလှူခံနေရတယ်လို့ ဆိုပါတယ်။ ဘုန်းဘုန်းဆရာတော်ကြီးကို ဓာတ်ရောင်ခြည် ကင်နေတဲ့အချိန်က အလှည့်ကျ ဆရာဝန်နဲ့တွေ့ပြီး ဒီစက်တွေအကြောင်း မေးဖြစ်တော့ စက်တန်ဘိုးက ဒေါ်လာသိန်းနဲ့ချီ ပေးရမယ်လို့ သိရပါတယ်။ ဒေါ်လာ သိန်းရာထောင်ပေးရမယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက လှူမယ့်အလှူရှင် ရှိတယ်ဆိုတာတောင်မှ သူတို့အောက်ခြေ၀န်ထမ်းတွေ အနေနဲ့ ကျော်လုပ်လို့ မရတဲ့အကြောင်းတောင် ပြောဖြစ်ပါသေးတယ်။ ခုတော့ မဖြစ်မနေလိုအပ်နေပြီဆိုတော့ ဆေးရုံအုပ်ကြီးကိုယ်တိုင် သူ့ရုံးခန်းမှာ အလှူခံဌာနဖွင့်ပြီး အလှူခံနေတယ်လို့ သိရပါတယ်။ တန်ဘိုးက အရမ်းကြီးနေတော့ ဒီစက်ဝယ်ဖို့ ဘယ်တော့ပြည့်မယ်ဆိုတာ အချိန်ကာလ သတ်မှတ်လို့ မရဘူးနဲ့တူပါတယ်။ ရှိတာလေးကို ဖြစ်သလိုလည်ပတ်ပေးပြီး ခုကတည်းက စက်အသစ်အတွက် အလှူငွေ စုစောင်းနေရတဲ့ သဘောပါ။ ဒါကြောင့် ဘုန်းဘုန်းဒကာမကြီးက “အရှင်ဘုရား ၀ါဆိုပြန်ကြွလာမှ အတူသွားလှူကြတာပေါ့ ဘုရား..”လို့ လျှောက်တာနေမှာပါ။

ဘုန်းဘုန်းအနေနဲ့ အားလုံးကို သိစေချင်တာက ဘုန်းဘုန်းတို့ မြန်မာပြည်မှာ လိုအပ်နေတာကတော့ တစ်နိုင်ငံလုံး လိုအပ်နေတာ ဖြစ်ပေမယ့် အဲဒီထဲက အဓိက လိုအပ်နေတဲ့ နေရာလေးတွေကို တတ်နိုင်တဲ့သူတွေက တတ်နိုင်သလောက် ၀ိုင်းဝန်းအားဖြည့်ပေးကြဖို့ပါ။ ပြည့်စုံပြီးသား နေရာတွေမှာ အားဖြည့်ပေးကြတာနဲ့စာရင် မပြည့်သေးတဲ့ နေရာတွေကို အားဖြည့်ပေးစေချင်တာပါ။ တစ်နေ့တာ စားပြီးကုန်သွားတာထက်စာရင် ရေရှည်အကျိုးရှိမယ့် အရာမျိုးကို ရွေးချယ်ထောက်ပံ့ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အမှန်တော့ ဒီရန်ကုန်ပြည်သူ့ဆေးရုံကြီးဆိုတာ မြန်မာနိုင်ငံတစ်ဝန်းမှာ ရှိတဲ့ မရှိဆင်းရဲသား၊ တောသူတောင်သားတွေရဲ့ အားထားရာနေရာ၊ ကင်ဆာရောဂါ ဝေဒနာရှင်တွေအတွက် ဘုန်းကြီးကျောင်းမှာတည်းပြီး ဆေးရုံကြီးမှာ သွားဓာတ်ကင်ဖို့အတွက် အထူးအားကိုးရာနေရာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ ၈၀ရာခိုင်နှုန်းဟာ အောက်ခြေလူတန်းစားတွေ ဖြစ်နေတော့ အထူးကုဆေးခန်းဆိုတာ၊ ပြီးတော့ နိုင်ငံခြားထွက်ပြီး ကုသဖို့ဆိုတာ မဖြစ်နိုင်ကြတော့ မရှိရှိတဲ့နေရာလေးပဲ အားကိုးအားထား ပြုနေရတဲ့ အခြေအနေပါ။ ဒီလိုအခြေအနေမျိုးမှာ ဒီလိုစက်ပစ္စည်းတွေ မပြည့်စုံတဲ့အခါဆိုတော့ ဝေဒနာရှင်တွေအတွက် ရောဂါဖြစ်ရင် သေရမလိုကိုပဲ ဖြစ်နေတာပါ။ ဘာပဲဖြစ်ဖြစ် ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ဖို့နေမယ့်အစား ဖြစ်လာတဲ့ အနေအထားအရ အားလုံးတစ်နိုင်တစ်ပိုင် ၀ိုင်းဝန်းပံ့ပိုးပေးကြမယ်ဆိုရင်တော့ လိုအပ်နေတဲ့ နေရာလေးတွေဟာ ဘယ်သူမှ မဖြည့်တာထက်စာရင် အတိုင်းအတာတစ်ခုအထိ အထောက်အကူ ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။

ဒါကြောင့် လိုအပ်နေတဲ့ နေရာလေးတွေ အများကြီးထဲက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကင်ဆာဌာန ဓာတ်ရောင်ခြည်ပေးစက် ၀ယ်ယူနိုင်ဖို့ကလည်း အခုအချိန်မှာ လိုအပ်နေတဲ့ နေရာဌာန တစ်ခုဖြစ်နေတယ်ဆိုတာ အသိပေးရင်း ဆေးရုံအုပ်ကြီး ရုံးခန်းမှာဖွင့်ထားတဲ့ ကင်ဆာဓာတ်ရောင်ခြည်စက် ၀ယ်ယူနိုင်ရေး အလှူငွေ လက်ခံရာဌာနမှာ သွားရောက်ကာ မိမိတို့ တစ်နိုင်တစ်ပိုင် လှူဒါန်းနိုင်ကြဖို့ အသိပေး တင်ပြရခြင်း ဖြစ်ပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း မြန်မာပြည်မှာ ကြွရောက်ဝါဆိုဖြစ်တဲ့အခါ ဒကာမကြီးကို ကတိပေးထားတဲ့အတိုင်း အဲဒီမှာ သွားလှူဖြစ်မှာပါ။ မကြွဖြစ်လည်း အလှူငွေပို့ပြီး ဒကာမကြီးကတစ်ဆင့် လှူဒါန်းခိုင်းဖြစ်မှာပါ။ မိမိတို့ရဲ့ တစ်ကျပ်တစ်ပြားသည် အများစုပေါင်းလိုက်တဲ့အခါ တစ်သိန်းတစ်သန်းမက ဖြစ်လာနိုင်တဲ့အတွက် တစ်ကျပ်တစ်ပြား အမြတ်ထားလို့ အားဖြည့်အလှူ ကုသိုလ်ယူနိုင်ကြပါစေ… အားလုံး ဆေးအလှူကြောင့် အနာရောဂါ ကင်းနိုင်ကြပါစေ…

Read more »

တုံ့ပြန်မှု မတူကြသူများ…

လောကမှာ လူအမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိကြသလို အမြင်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊ လက်ခံမှုအမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုးလည်း ရှိတတ်ပါတယ်။ လူချင်းတူပေမယ့် အမြင်ချင်းမတူ၊ အတွေးအခေါ်ချင်းမတူ၊ တုံပြန်မှုချင်း မတူတတ်ပါဘူး။ တစ်ချို့က အကောင်းဘက်က မြင်တတ်သလို တစ်ချို့က အဆိုးဘက်က မြင်တတ်ပါတယ်။ တစ်ချို့က အကောင်းကိုရှာပြီး တုံ့ပြန်တတ်သလို တစ်ချို့က အဆိုးကိုရှာပြီး တုံ့ပြန်တတ်ပါတယ်။ တစ်ချို့က ကုသိုလ်ဖြစ်အောင် ယူတတ်သလို တစ်ချို့က အကုသိုလ်ဖြစ်အောင် ယူတတ်ပါတယ်။ ဒါဟာ သတ္တ၀ါတွေရဲ့ သဘော၊ လောကရဲ့ သဘောပါပဲ။ အမှန်တော့ ဒါတွေဟာ ချီးမွမ်းတတ်တဲ့သူနဲ့ ကဲ့ရဲ့တတ်တဲ့သူတွေရဲ့ သဘောလက္ခဏာတွေပါပဲ။ စာလိုပြောရင်တော့ သဒ္ဓါတရား ဓာတ်ခံရှိသူနဲ့ သဒ္ဓါတရား ဓာတ်ခံမရှိသူတွေရဲ့ ခြားနားချက်တွေပါပဲ။ သဒ္ဓါတရား အားကောင်းသူရဲ့ တုံ့ပြန်မှုဟာ ကုသိုလ်ဖြစ်စရာ ကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပြီး သဒ္ဓါတရား ခေါင်းပါးသူရဲ့ တုံ့ပြန်မှုကတော့ အကုသိုလ်ဖြစ်စရာ မကောင်းတဲ့အချက်တွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အထူးသဖြင့် သဒ္ဓါတရား ရှိတဲ့သူဟာ ရတနာသုံးပါးနဲ့ ပတ်သက်မှုများမှာ ကုသိုလ်စိတ်များနဲ့ မြင်တတ်၊ကြည့်တတ်၊ တွေးခေါ်တတ်၊ ရယူတတ်၊ တုံ့ပြန်တတ်ပေမယ့် သဒ္ဓါတရားမရှိသူကတော့ ရတနာသုံးပါးအပေါ်လည်း အပြစ်မြင်တတ်၊ မကောင်းတွေးတတ်၊ မကောင်းယူတတ်၊ အဆိုးတုံ့ပြန်တတ်ပါတယ်။ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ လောကမှာရှိတဲ့လူတိုင်း အမြဲမကြာမကြာ ကြုံတတ်တဲ့ လောကဓံက ဒီကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံပါပဲ။ လောကဓံရှစ်ပါးလုံး ကြုံရတတ်ပေမယ့် အများဆုံး ကြုံရတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ လောကဓံတွေပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း ချီးမွမ်းခြင်း ခံဖူးကြသလို ကဲ့ရဲ့ခြင်းလည်း ခံဖူးကြပါတယ်။ ခံနေရဦးမှာပါပဲ။ မတူညီတဲ့သူ၊ မတူညီတဲ့ စရိုက်၊ မတူညီတဲ့ အတွေးအခေါ် ရှိနေတဲ့ သူတွေနဲ့ တွေ့နေသမျှတော့ ဒီလိုကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်းဆိုတဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေက ရှိနေကြမှာပဲ ဖြစ်ပါတယ်။ သဒ္ဓါတရား ဓာတ်ခံရှိတဲ့သူတွေဟာ ကောင်းတဲ့သဘောတွေနဲ့ တုံပြန်နေကြမှာဖြစ်ပြီး သဒ္ဓါတရား မရှိသူတွေကတော့ အဆိုးတွေနဲ့ တုံ့ပြန်ကြမှာ မလွဲပါဘူး။ ဒါဟာ ရှောင်လွဲမရတဲ့ လောကဓံပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ခြင်းဟာ အကောင်းဆုံးပါပဲ။ ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စိတ်ကို ကိုယ်မယိမ်းယိုင်အောင်၊ မတုန်မလှုပ် ခံနိုင်အောင် လေကျင့်နေထိုင်ခြင်းဟာ အကောင်းဆုံးပါပဲ။

ဘုန်းဘုန်းကိုယ်တိုင်လည်း ဒီလိုမတူညီတဲ့ တုံ့ပြန်မှုတွေကို အများကြီး ကြုံဖူးပါတယ်။ ဘုန်းကြီးဆိုပြီး လူတိုင်းက ကြည်ညိုကြမယ်၊ လေးစားကြမယ်၊ ချီးမွမ်းကြမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဘုန်းကြီးလည်း ကြည်ညိုတဲ့သူရှိသလို မကြည်ညိုတဲ့ သူတွေလည်း ရှိပါတယ်။ ဘုန်းကြီးကိုလည်း ချီးမွမ်းကြသူတွေရှိသလို အပြစ်ပြော ကဲ့ရဲ့ကြတဲ့ သူတွေရှိပါတယ်။ တိုက်ရိုက်မဟုတ်တာတောင်မှ ကွယ်ရာမှာ သွားပုတ်လေလွင့် ပြောခံရတာတွေရှိပါတယ်။ အမှန်တော့ ဒီလို ကဲရဲ့ချီးမွမ်းခံရတာတွေဟာ ဘုန်းဘုန်းတို့လို သာမန်ရဟန်းတော်များအတွက် မဆိုထားနဲ့ အလုံးစုံ ပြည့်စုံတ်ာမူတဲ့ အနန္တတန်ခိုးရှင် သဗ္ဗညု ဘုရားရှင်များအထိပါပဲ။ ဘုရားရှင်တွေလည်း ကဲ့ရဲ့ခံပါသေးတယ်။ အပုတ်ချခံရပါသေးတယ်။ လောကဓံကို ခံရပါသေးတယ်။ ဒါကြောင့် ဘုရားရှင်တွေတောင် မလွတ်တဲ့ ဒီလိုကဲ့ရဲ့မှု၊ ချီးမွမ်းမှုဆိုတဲ့ တုံ့ပြန်မှုတွေမှာ ရဲရဲရင်ဆိုင် ခံနိုင်ရည်ရှိအောင် ကြိုးစားဖို့ပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ဒါဟာ မတူညီတဲ့သူတွေရဲ့ မတူညီတဲ့ တုံ့ပြန်မှုတွေပဲ ဖြစ်ပါတယ်။

မတူညီတဲ့ တုံ့ပြန်မှုတွေ ကြုံဖူးခဲ့တာများပေမယ့် ထူးထူးခြားခြား သတိထားမိတဲ့ ဒကာလေးနှစ်ယောက်ရဲ့ တုံ့ပြန်မှုလေးတွေကတော့ စိတ်အစဉ် ရင့်ကျက်မှုကို ပိုမိုဖြစ်စေခဲ့ပါတယ်။ မနှစ်က ဖြစ်မှာပါ။ ဒကာလေးတစ်ယောက် အလုပ်အဆင်မပြေ၊ ကျန်းမာရေး မကောင်းတဲ့အတွက် ကျောင်းမှာခဏ နေထိုင်တည်းခိုပြီး ဆေးခန်းပြချင်တယ်ဆိုလို့ အခန်းအပိုမရှိပေမယ့် အဆင်ပြေသလို နေနိုင်ရင်နေဖို့ အခွင့်ပေးခဲ့ပါတယ်။ ဒီဒကာလေးဟာ ပင်ကိုယ်သဒ္ဓါတရား ဓာတ်ခံကောင်းတယ်လို့ပဲ ဆိုရမလား ကျောင်းမှာနေရတာကို သူသဘောကျ ကျေနပ်နေပါတယ်။ ဘုန်းကြီးနဲ့အတူ နေပြီး ဘုန်းကြီးဝေယျာဝစ္စလုပ်လိုက်၊ ဘုရားရှိခိုးလိုက်၊ ကျောင်းသန့်ရှင်းရေးလုပ်လိုက်၊ ဘုန်းဘုန်းအားတဲ့ အချိန်မှာလည်း သူသိချင်တဲ့ မေးခွန်းတွေမေးလိုက်၊ မှတ်သားနာယူလိုက်နဲ့ သူ့ဘ၀ဟာ တော်တော်လေးကို ပြောင်းလဲနေပါတယ်။ သူကိုယ်တိုင်လည်း ဘုန်းဘုန်းနဲ့ အနေနီးတာနဲ့အမျှ ဘုန်းဘုန်းအပေါ် ကြည်ညိုမှုတွေ တိုးတိုးလာကြောင်း၊ ဘုန်းဘုန်းရဲ့ တစ်နေ့တာ နေထိုင်မှုတွေအပေါ် ကြာလေကြည်ညိုလေ ဖြစ်ရကြောင်း နှုတ်ကဖွင့်လျှောက်တဲ့ အထိဖြစ်သွားသလို အပြင်မှာလည်း ဘုန်းကြီးကျောင်းမှာ ရခဲ့တဲ့အသိတရား၊ ဘုန်းကြီးကျောင်းမှာ နေရတဲ့ ကျေးဇူး၊ အရိပ်ခိုကာ ကျွေးထားပေးတဲ့ ဘုန်းကြီးရဲ့ စေတနာတွေကို တစ်ခြားသူများ ၀မ်းသာပီတိပွား သဒ္ဓါတရားတိုးအောင် ပြောဖြစ်တယ်လို့ ဆိုပါတယ်။ ခုတော့ ဒီဒကာလေးဟာ မြန်မာပြည်ပြန်ရောက်သွားပြီး ဘုန်းကြီးဝတ်နေတယ်လို့ ကြားရပါတယ်။ ထားပါတော့ ဒါက သဒ္ဓါတရား အားကောင်းတဲ့ ဒကာလေးတစ်ယောက်ရဲ့ တုံ့ပြန်မှုလေးအကြောင်းပါ။

နောက်တစ်ယောက်ကတော့ မကြာသေးပါဘူး။ မြန်မာပြည်ပြန်ခါနီး နေစရာ အခက်အခဲ ဖြစ်နေတဲ့အတွက် ဘုန်းဘုန်းကျောင်းမှာပဲ နေခွင့်ပေးထားဖြစ်ပါတယ်။ နေခွင့်ပေးရုံတင်မဟုတ်ပါဘူး။ သူလိုအပ်တဲ့ လေယာဉ်လက်မှတ်ကိစ္စ၊ ပစ္စည်းပစ္စယကိစ္စ စတာတွေကအစ ဘုန်းဘုန်းတတ်နိုင်သမျှလေးတွေပါ အကူအညီ ပေးဖြစ်ပါတယ်။ ကျောင်းမှာ အခန်းအပို မရှိပေမယ့် အပြင်မှာ လွတ်လွတ်လပ်လပ် နေခွင့်ရအောင် အခွင့်ပေးထားပါတယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း အပြင်မှာဆိုရင် သူမလွတ်လပ်မှာစိုးလို့ အခန်းထဲမှာပဲ အနေများပါတယ်။ ဆွမ်းကိစ္စအတွက် သူအပန်းကြီးမှာစိုးလို့ တစ်ခြားဘာမှ မလုပ်စေဘဲ ကျောင်းမှာလာပို့တဲ့ ဆွမ်းချိုင့်တွေကိုပဲ အဆင်ပြေသလို နွှေးကပ်ဖို့ ပြောထားပါတယ်။ အခြေအနေအရ ဆွမ်းချိုင့်လာမပို့နိုင်တဲ့ ဒကာလေးတွေ ရှိတဲ့အတွက် ဆွမ်းဘုဉ်းပေးပြီး ကျန်တဲ့ဟင်းတစ်ချို့ကို နောက်နေ့အတွက် ချန်ထားပြီး သူလည်းစားနိုင်အောင် စီစဉ်ပေးပါတယ်။ သဒ္ဓါတရားအားနည်းတာကတော့ သူ့ရှေ့မှာထိုင်ပြီး ဘုရားရှိခို၊ တရားထိုင်ပြနေတာတောင် လက်အုပ်ချီပြီး သူပါလိုက်ရှိခိုးခြင်း မပြုတာပါပဲ။ ကျောင်းမှာဝတ်ရွတ်စဉ် စာအုပ်ရှိတဲ့အတွက် အားရင်ကုသိုလ်ဖြစ်အောင် ရွတ်ဆိုရှိခိုးဖို့ ပြောပေမယ့် မထူးခြားခဲ့ပါဘူး။ ဒါပေမယ့် ဘုန်းဘုန်းကတော့ အတင်းချုပ်ချယ်မှု မပြုခဲ့ပါဘူး။ သူ့သဘောအတိုင်း လွတ်လွတ်လပ်လပ်ပဲ နေစေပါတယ်။ အဲလိုသူ့အတွက် လွတ်လွပ်လပ်လပ်လေး ထားပေးတာတောင် နောက်အပြင်မှာ ပြန်ကြားတဲ့ သူ့ရဲ့တုံ့ပြန်မှုက ဘုန်းကြီးအပေါ် အပြစ်ပြောတဲ့ တုံ့ပြန်မှုလေးတွေ၊ ဘုန်းကြီးအပေါ် ကဲ့ရဲ့တဲ့ အပြောအဆိုလေးတွေ ပြောတယ်ဆိုတဲ့ တုံ့ပြန်မှုပါပဲ။ မြန်မာစကားနဲ့ ပြောရရင် အရိပ်နေနေ အခက်ချိုးချိုး ပုံစံလေးတွေနဲ့ တုံ့ပြန်မှုတွေပါပဲ။ အင်း… သူ့အပေါ် ဘာစိတ်မှ မဖြစ်ပေမယ့် သူ့ရဲ့အပြစ်တွေအတွက်တော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ရဟန်းတစ်ပါးအပေါ် ရေရေရာရာ တိတိကျကျ မသိ၊ အခြေအမြစ်မရှိဘဲ များများဝေဘန်လေလေ သူ့အတွက် အပြစ်ကြီးကြီးလေးလေးဆိုတာ သူမသိတာကိုတော့ ၀မ်းနည်းစရာပါပဲ။ ခုတော့ သူလည်း မြန်မာပြည် ပြန်သွားပါပြီ။ သေချာတာကတော့ သဒ္ဓါတရား ဓာတ်ခံအားနည်းတဲ့ ဒီဒကာလေးရဲ့ တုံ့ပြန်မှုကတော့ အပြစ်ဖြစ်စရာတွေ ဖြစ်ခဲ့တယ် ဆိုတာပါပဲ။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းပြောချင်တာက လူချင်းတူပေမယ့် ခံယူချက်ချင်းမတူ၊ သဒ္ဓါတရားချင်းမတူ၊ တုံ့ပြန်မှုချင်း မတူတတ်တာလေးတွေကို ပြောချင်တာပါ။ လောကမှာနေသမျှ ဒီလိုမတူညီတဲ့ တုံ့ပြန်မှုများနဲ့ ချီးမွမ်းခံရ၊ ကဲ့ရဲ့ခံနေရမယ်ဆိုတာ သတိပြုစေချင်တာပါ။ ဒီဒကာလေးနှစ်ယောက်ကို ကြည့်မယ်ဆိုရင် မတူညီတဲ့ ခံယူချက်၊ မတူညီတဲ့ သဒ္ဓါတရားကြောင့် ရရှိတဲ့အကျိုး ရလာဘ်လည်း ကွားခြားသွားတော့တာပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့အနေအထိုင်နဲ့ သဘောထားက တစ်သမှတ်တည်း အတူတူရှိနေပေမယ့် ခံယူတတ်တဲ့သူ၊ သဒ္ဓါတရားရှိတဲ့သူနဲ့ မခံယူတတ်တဲ့သူ၊ သဒ္ဓါတရားမရှိတဲ့သူတွေရဲ့ သူတို့သူတို့ အသီးသီးအမြင် အပေါ်လိုက်ပြီး ဒီလိုချီးမွမ်းခြင်း ကဲ့ရဲ့ခြင်းတွေ ဖြစ်စေတာပဲ ဖြစ်ပါတယ်။ နေထိုင်မှုက တစ်သမှတ်တည်း ဖြစ်ပေမယ့် အမြင်မတူမှုတွေကြောင့် တုံ့ပြန်မှုတွေက ဆန့်ကျင်ဘက် ဖြစ်ကုန်တော့တာပါ။ အရင်းစစ်တော့ ဒါဟာ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ကြိုက်ရင်အပြစ်မမြင်၊ ချစ်ရင်အပြစ်မမြင်တတ်ပေမယ့် မကြိုက်ရင်၊ မုန်းရင် ဘာပဲလုပ်လုပ် အကောင်းမမြင်တတ်တဲ့ သတ္တ၀ါတွေရဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီသဘောဟာ လောကမှာရှိတဲ့သူတွေ မဖြစ်မနေ ရှောင်လွဲမရ ကြုံတွေ့ရမယ့် လောကဓံပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအနေနဲ့ သူတို့လေးတွေကို ကျေးဇူးတင်မိတာက ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း လောကဓံတွေနဲ့ စိတ်အစဉ် ရင့်ကျက်စေအောင်၊ လောကဓံကို ခံနိုင်ရည်ရှိအောင် ဖြစ်စေခဲ့တာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးဟာ ဘုန်းဘုန်းတို့တင် မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းတွေ့ကြုံရမယ့် သဘောတွေပဲ ဖြစ်ပါတယ်။ အဓိကကတော့ ဘယ်လို လောကဓံပဲလာလာ ကိုယ်ကိုယ်တိုင် ခံနိုင်ရည် ရှိအောင် ကြိုးစားကြဖို့ပါ။ ချီးမွမ်းခံရတဲ့ အခါလည်း အလွန်အကျူး မကျေနပ်ဖို့၊ ကဲ့ရဲ့ခံရတဲ့အခါလည်း အရမ်းမတုန်လှုပ်ဖို့ ကိုယ့်ရဲ့စိတ်ကို လေ့ကျင့်ဖို့လိုပါတယ်။ အထူးသဖြင့် ကဲ့ရဲ့မှုနဲ့ တုံ့ပြန်လာတဲ့အခါ “ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးအစဉ်အလာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာဟောပြောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သော သူမည်သည်မရှိ။ လုံးဝအကဲ့ရဲ့ ခံရသူ၊ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့ဘူး၊ နောင်လည်းရှိမည်မဟုတ်၊ ယခုလည်းမရှိ..”ဆိုတဲ့ ဘုရားစကားတော်အတိုင်း ကဲ့ရဲ့မှုကို လောကဓံတစ်ခုအဖြစ် မတုန်မလှုပ်တဲ့စိတ်နဲ့ ခံနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လူအမျိုးမျိုး၊ အကျင့်စရိုက် အမျိုးမျိုးရှိတဲ့ လူတွေကြားမှာ နေနေရတဲ့ လောကသားများအနေနဲ့ လူချင်းမတူရင် တုံ့ပြန်မှုချင်းလည်း မတူတတ်တာကို ကောင်းကောင်းသဘောပေါက် ဆင်ခြင်ပြီး ဘယ်လိုတုံ့ပြန်မှုမျိုးပဲလာလာ လူတိုင်းကြုံတွေ့ရမယ့် အခိုက်အတန့် လောကဓံများအဖြစ် မတူညီတဲ့ ဒီတုံ့ပြန်မှုများကို အသုံးချကာ ကိုယ့်ရဲ့ဘ၀တက်လမ်းအတွက် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရင်း အတွေ့အကြုံကောင်းများ ရယူနိုင်ကြဖို့ ဘုန်းဘုန်းရဲ့ ကိုယ်တွေလေးကို အခြေခံကာ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ပျက်စီးခြင်းနှင့် ဖျက်စီးခြင်း…

ဗျသနဟူသော ပါဠိစကားလုံးကို ပျက်စီးခြင်းဟု မြန်မာပြန်ဆိုကြ၏။ ဤစကားလုံးသည် ဗုဒ္ဓဘာသာအများစုနှင့် ရင်နှီးကျွမ်းဝင်ပြီးသား စကားလုံးဖြစ်၏။ ဘာသာရေးပွဲများရှိတိုင်း၊ နေ့စဉ်အိမ်မှာ ဘုရားရှိခိုင်းတိုင်း ရွတ်ဆိုရှိခိုးနေသည့် သြကာသ ကန်တော့ချိုး၏ ဒုတိယပိုင်းတွင် ပါဝင်သည့် ဆုတောင်းများမှ တစ်ခုသာ ဖြစ်၏။ သြကာသ ကန်တော့တိုင်း ၀န်ချတောင်းပန်ပြီးနောက် ဆိုလေ့ရှိသည့် “ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းကြ ကုန်သည်ဖြစ်၍…” စသည်ဖြင့် ဆုတောင်းကြသည့် ဆုတောင်းများတွင် ပါဝင်သည့် စကားဖြစ်၍လည်း မသိသော်လည်း သိနေ၏၊ နားမလည်သော်လည်း ကြားနေကျဖြစ်၏ဟု ဆိုခြင်းဖြစ်ပါ၏။

ဗုဒ္ဓဘာသာ မြန်မာအများ ရွတ်ဆိုဆုတောင်းလေ့ ရှိကြသည့် ဤဗျသနတရား ငါးပါးကို နိဒါန၀ဂ္ဂသံယုတ်တွင် ဖော်ပြထား၏။ ယင်းဗျသန တရားငါးပါးမှာ
(၁) ဉာတိ ဗျသန = ဆွေးမျိုးပျက်စီးခြင်း
(၂) ဘောဂ ဗျသန= စည်းစိမ်ဥစ္စပျက်စီးခြင်း
(၃) ရောဂ ဗျသန = အနာရောဂါ နှိပ်စက်၍ ပျက်စီးခြင်း
(၄) သီလ ဗျသန = ကိုယ်ကျင့် သီလပျက်စီးခြင်း နှင့်
(၅) ဒိဋ္ဌိ ဗျသန = မှန်ကန်သော အယူဝါဒ ပျက်စီးခြင်း
ဟူ၍ ဖြစ်၏။ ဤငါးပါးတို့တွင် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ အနာရောဂါ နှိပ်စက်သဖြင့် ပျက်စီးခြင်းများကြောင့် သတ္တ၀ါတို့အား အပါယ်လေးပါးသို့ လားရောက်စေမှု၊ ကျရောက်စေမှု မရှိနိုင်သော်လည်း ကိုယ်ကျင့်သီလပျက်စီးခြင်းနှင့် အယူဝါဒပျက်စီးခြင်း များကြောင့်ကား အပါယ်လေးပါးသို့ ကျရောက်စေနိုင်ပေ၏။ ဤနေရာတွင် အထူးနားလည် ထားသင့်သည်မှာ ပျက်စီခြင်းနှင့် ဖျက်စီးခြင်း မတူညီသည့် အချက်ပင်ဖြစ်၏။

မှန်၏။ ပျက်စီးခြင်းသည် အလိုအလျောက် သဘ၀အတိုင်း ဖြစ်တတ်သည့် သဘောဖြစ်ပြီး ဖျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်နှင့် တစ်စုံတစ်ယောက်၏ ပယောဂကြောင့် ဖြစ်ပေါ်တတ်သည့် သဘောဖြစ်၏။ ပယောဂပါလာလျှင် လုပ်ဆောင်ချက်ပါလာပြီး လုပ်ဆောင်ချက်ရှိလာလျှင် စေတနာလည်း ရှိလာနိုင်၏။ စေတနာပါသည့် အလုပ်ဖြစ်လျှင် ကံမြောက်လာနိုင်ပြီး ကံမြောက်လာလျှင် တန်ပြန်အကျိုးပေးမှုလည်း ရှိလာနိုင်ပေ၏။ ပျက်စီးတတ်သည့် သဘောဖြစ်သဖြင့် ပျက်စီးခြင်းတွင် တစ်စုံတစ်ခု ထိခိုက်မှု မရှိနိုင်သော်လည်း ဖျက်စီးခြင်းကြောင့် ပျက်စီးသွားသည့် သဘောဆိုလျှင်ကား တန်ပြန်သက်ရောက်မှုကို ခံရမည်သာ ဖြစ်ပေ၏။ ထို့ကြောင့် ဗျသနတရားငါးပါးတွင် ဉာတိဗျသန၊ ဘောဂဗျသန၊ ရောဂဗျသနများကြောင့် သတ္တ၀ါတို့အား အပါယ်ငရဲစသည် ကျရောက်မှုကို မဖြစ်စေနိုင်သော်လည်း သီလဗျသန၊ ဒိဋ္ဌိဗျသနများကြောင့်ကား အပါယ်ငရဲ စသည်တို့သို့ ကျရောက်စေနိုင်ကြောင်း ဆိုခြင်းဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် ဆွေမျိုးပျက်စီးခြင်း၊ စည်းစိမ်ပျက်စီးခြင်း၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးခြင်းတို့သည် ဖျက်စီးခြင်းကြောင့် ပျက်စီးခြင်း မဟုတ်သဖြင့် တန်ပြန်အကျိုးတရား မရှိသော်လည်း သီလပျက်စီခြင်း အယူဝါဒပျက်စီးခြင်းသည်ကား မိမိကိုယ်တိုင်ဖြစ်စေ၊ တစ်စုံတစ်ယောက်ကဖြစ်စေ ဖျက်စီးသဖြင့် ပျက်စီးခြင်း ဖြစ်သဖြင့် တန်ပြန်အကျိုး သက်ရောက်မှု ရှိကြောင်း ဆိုခြင်းဖြစ်၏။

ယနေ့ခေတ် ဗုဒ္ဓဘာသာဝင် အတော်များများသည် ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် ကောင်းစွာနာလည် သဘောပေါက်ဟန် မရှိကြပေ။ သို့ဖြစ်၍လည်း ပျက်စီးချိန်တန်၍ ပျက်စီးသွားကြသည့် အရာများအပေါ် အလွန်စိုးရိမ်သောက ဖြစ်ကာ ယူကြုံးမရ ဖြစ်နေတတ်ပြီး မပျက်စီးသင့်သည့် အရာများကိုကား လစ်လျူရှုကာ ဖျက်စီးနေကြသကဲ့သို့ ဖြစ်နေပေ၏။ အမျိုးများ ပျက်စီးသည့်အခါ၊ စည်းစိမ်ဥစ္စာများ ပျက်စီးသည့်အခါ၊ ရောဂါနှိပ်စက်သဖြင့် ပျက်စီးသည့်အခါများတွင်သာ အလွန်တုန်လှုပ်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင် ဖြစ်တတ်ကြသော်လည်း သီလပျက်စီးသည့်အခါ၊ အယူဝါဒပျက်စီးသည့် အခါတွင်ကား ဘာမှမဖြစ်သကဲ့သို့ နေတတ်ကြ၏။ တဒင်္ဂပျက်စီးမှုအပေါ်တွင်သာ စိုးရိမ်မှု လွန်ကဲတတ်ကြပြီး သံသရာနှင့်ချီကာ ခံရမည့် ပျက်စီးမှု အပေါ်တွင်ကား ကြောက်ရွံ့တုန်လှုပ်မှု မရှိကြပေ။ နောင်ခါလာ နောင်ဈေးဆိုသကဲ့သို့ နောင်ခံရမည့် အရေးအပေါ် အလေးမမူမိကြဘဲ တဒင်္ဂခဏ ယခုဘ၀အတွက်သာ အာရုံထားနေလေကြ၏။ ဤသို့သာဆိုလျှင် နောင်ခံရသည့်အခါတွင်ကား ပြန်ရစရာ မရှိအောင်ပင် ဖြစ်နေကြပေတော့၏။

စင်စစ် ဗျသနတရားငါးပါးတို့တွင် ဉာတိဗျသနခေါ် အမျိုးများ ပျက်စီးသည့်အခါ တုန်လှုပ်ဖွယ် မရှိလှပေ။ သံသရာနှင့် ချီသည့် ဘ၀များစွာတွင်လည်း ဤကဲ့သို့ ပျက်စီးခြင်းများနှင့် ကြုံခဲ့ကြရပြီးသည်သာ ဖြစ်၏။ နိဗ္ဗာသို့ မျက်မှောက်မပြု နိုင်သေးသမျှ ဤကဲ့သို့သော အမျိုးအဆွေများ၏ သေဆုံးပျက်စီးခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့နေကြရမည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း လွန်ဆန်၍ မရနိုင်ပေ။ မွေးဖွားခြင်း၏ အဆုံးသည် သေဆုံးခြင်း ဖြစ်သဖြင့် မွေးလာခဲ့ပြီ ဆိုကတည်းက သေဆုံးရန် ဖြစ်လာခဲ့ခြင်း ဖြစ်၏။ ထိုသေဆုံးပျက်စီးမှုသည် တံဆိပ်ကပ်ထားခြင်း မရှိသဖြင့် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ဖြစ်ပေါ်လာနိုင်၏။ ထို့ကြောင့် မိဘထက် အရင် သေဆုံးသွားသည့် သားသမီးများ ရှိသကဲ့သို့ ဆရာ့ရှေ့က သေသွားသူများလည်း ရှိ၏။ သားသမီးများ၏ အသုဘကို လိုက်ပို့ပေးရသည့် မိဘများရှိသကဲ့သို့ တပည့်၏ နောက်ဆုံးခရီးတွင် အသုဘ ရှုခဲ့ရသည့် ဆရာသမားများလည်း ရှိ၏။ သားသမီးအတွက် ရက်လည်ဆွမ်းသွပ်ပြီး ကုသိုလ်ပြုပေးနေရသည့် မိဘများရှိသကဲ့သို့ တပည့်အတွက် သက်ပျောက်ဆွမ်းကပ်ကာ သရဏဂုံတင်ပေးရသည့် ဆရာသမားများလည်း ရှိ၏။ ဤသည်မှာ မိမိတို့အလိုအတိုင်း မဖြစ် သူ့သဘောအတိုင်း သူဖြစ်နေသည့် ပျက်စီးခြင်း၏ နိယာမပင် ဖြစ်၏။ အမြဲမရှိ ပြောင်းလဲဖြစ်ပေါ်နေတတ်သည့် ပျက်စီးခြင်းသဘောတွင် အမျိုးဟူသည်မရှိ သတ္တ၀ါအားလုံးမှာပင် ထိုပျက်စီးခြင်းက ရှိနေ၏။ ထို့ကြောင့် ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသည့် သတ္တ၀ါ စာရင်းဝင် မိမိသည်ပင် သေဆုံးပျက်စီးခြင်းကို မလွန်ဆန်နိုင်သည့် အပေါ်တွင် အမျိုးများပျက်စီးမှုနှင့်စပ်၍ကား မည်သို့မျှ မတတ်နိုင်သည့် သဘ၀မျှသာ ဖြစ်သဖြင့် ဉာတိဗျသနနှင့် ကြုံကြရာတွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ထို့အတူ ဘောဂဗျသနခေါ် စည်းစိမ်ဥစ္စာများ ပျက်စီးမှုအပေါ်တွင်လည်း သဘာဝ နိယာမကို နားလည်သဘောပေါက်ရန် လိုအပ်ပေ၏။ စည်းစိမ်ဥစ္စာဟူသည် ထိုက်မှရသည့် သဘောရှိသည့်အပြင် ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံသားသမီးဆိုးဟူသော ရန်သူမျိုးငါးပါးတို့နှင့် အမြဲမပြတ် ဆက်စပ်နေသဖြင့် အချိန်မရွေး ပျက်စီးပျောက်ပျက် သွားနိုင်ပေ၏။ ပျက်စီးချိန်တန်လျှင် မည်သည့်နေရာတွင် မည်မျှလုံခြုံအောင် ထားပါသော်လည်း ပျက်စီးသွားတတ်ပေ၏။ မိမိက မည်မျှပင် ကြိုးစားရှာဖွေ စုဆောင်းနေပါသော်လည်း အချိန်တန်သည့်အခါ မိမိနှင့်မဆိုင် အများပိုင် ဖြစ်သွားသည်များ ရှိသကဲ့သို့ မိမိရှာဖွေထားမှုများအား မိမိမစားရဘဲ ထားခဲ့ရသည်များလည်း ရှိ၏။ ဤသဘောကို မျက်မှောက်ခေတ် အဖြစ်အပျက်များက မီးမောင်းထိုးပြ ပေးနေပေ၏။ မြန်မာပြည်အပါအ၀င် ကမ္ဘာတစ်ဝှန်းတွင် နေ့စဉ်ကြားနေရသည့် သတင်းများက မီးလောင်မှုများ၊ ရေကြီးမှုများ၊ ငလျင်လှုပ်မှုများ စသည့် သဘာဝဘေး အန္တရာယ်များကြောင့် လူမည်မျှသေသည်၊ ပစ္စည်းဥစ္စာ ဆုံးရှုံးမှု မည်မျှရှိသည် စသည်ဖြင့် ပျက်စီးမှုကို သက်သေပြနေပေ၏။ မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း တစ်တိုင်းလုံးနီးပါး ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံတွေ့ခဲ့ရ၏။ စည်းစိမ်ဥစ္စာအပြည့်ဖြင့် ချမ်းသာခဲ့သူများသည် သဘာဝ နိယာမ သဘောများကြောင့် ကုန်းကောက်စရာ မရှိအောင်ပင် ဖြစ်ခဲ့ကြရ၏။ စင်စစ်ဤသည်မှာ ရှာဖွေစုစောင်းထားသည့် စည်းစိမ်ဥစ္စာများ၏ မမြဲခြင်း သဘောများပင် ဖြစ်၏။ ပျက်စီးခြင်းနှင့် အမြဲမပြတ် ဆက်စပ်နေသည့် စည်းစိမ်ဥစ္စာများ၏ အဆုံးပင်ဖြစ်၏။ ထို့ကြောင့် အဖြစ်ရှိလျှင် အပျက်ရှိတတ်သကဲ့သို့ ပိုင်ဆိုင်မှုရှိလျှင် ဆုံးရှုံးမှု ရှိတတ်သည့် လောကသဘာဝအရ ပျက်စီးတတ်သည့် စည်းစိမ်ဥစ္စာများအပေါ်တွင် မတုန်မလှုပ် ရင်ဆိုင်နိုင်ရန် ကြိုးစားရမည်သာ ဖြစ်ပါပေ၏။

ရောဂဗျသနခေါ် အနာရောဂါကြောင့် ပျက်စီးသည့်အပေါ်တွင်လည်း အလားတူ သတိပြု ဆင်ခြင်ကြရန် လိုအပ်ပေ၏။ စင်စစ် အနာရောဂါဟူသည် အခြားမဟုတ် မိမိတို့ အသီးသီး ရရှိထားသည့် ခန္ဓာကိုယ်ကြီးကပင် အနာရောဂါ အစုကြီး ဖြစ်နေပေ၏။ ရုပ်တရားကြီးကပင် အနာရောဂါကြီး ဖြစ်နေပေ၏။ အနာရောဂါဟူသည် ရုပ်တရားအပေါ် အမှီပြုပြီး ဖြစ်ပေါ်တတ်သည့် ဖောက်ပြန်မှုပင် ဖြစ်၏။ ထို့ကြောင့် ရောဂါဟူသည် ရုပ်ပင်ဖြစ်သည်ဟု ဆိုခြင်းဖြစ်၏။ သို့ဖြစ်၍ ရုပ်တရားရှိ၍ ဖောက်ပြန်မှုသဘောအဖြစ် ထင်ရှားလာသည့် ရောဂါကြောင့် ပျက်စီးတတ်သည့် သဘောကို ကောင်းစွာနာလည်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်အောင် ကြိုးစားရန်သာ ရှိပေ၏။ ရုပ်တရားရှိ၍ ဖောက်ပြန်မှု ရှိခြင်းကို ရောဂါဖြစ်ခြင်းဟု ဆိုသဖြင့် ရောဂါစုဖြစ်သည့် ရုပ်တရား၊ တစ်နည်းအားဖြင့် ရောဂါကြောင့် ပျက်စီးတတ်သည့် ရုပ်တရားများ ဖောက်ပြန်ပျက်စီးမှု အပေါ်တွင် သတိပြုဆင်ခြင်ကာ ဖောက်ပြန်ခြင်းကို ဝေဒနာနုပဿနာ ရှုမှတ်ပွားများခြင်းဖြင့်သာ ရင်ဆိုင်ကြရမည် ဖြစ်ပါ၏။

ဗျသနတရား ငါးပါးတွင် ဗုဒ္ဓဘာသာဝင်များ အထူးပြု ဆင်ခြင်ရမည့် ဗျသနများကား သီလဗျသနနှင့် ဒိဋ္ဌိဗျသနများပင် ဖြစ်၏။ ပျက်စီးခြင်းတရားငါးပါးတို့တွင် အမျိုးပျက်စီးခြင်း၊ စည်းစိမ်ဥစ္စာပျက်စီးခြင်း၊ အနာရောဂါကြောင့် ပျက်စီးခြင်းများသည် တုန်လှုပ်ဖွယ်၊ ကြောက်လန့်ဖွယ် မလိုသည့် ဗျသနများ ဖြစ်သော်လည်း သီလဗျသနခေါ် သီလပျက်စီးသည့်အခါ၊ ဒိဋ္ဌဗျသနခေါ် အယူဝါဒ လွဲမှားသည့် အခါများတွင်ကား အလွန်ကြောက်လန့် တုန်လှုပ်ဖွယ် ကောင်းပေတော့၏။ သီလပျက်လျှင် အခြားအခြား ဒါနစသည့် ကုသိုလ်များကို မည်မျှပင် ကြိုးစားလုပ်ဆောင်သော်လည်း အပါယ်လားမှုဘေးမှ မလွန်မြောက်နိုင်သည်အထိ ဖြစ်ရတတ်၏။ ကိုယ်ကျင့်သီလဖြစ်သဖြင့်လည်း ကိုယ်ကျင့်ရမည့်အပြင် သီလပျက်လျှင်လည်း ကိုယ်ကဖျက်ခြင်း ဖြစ်သဖြင့် ခံရလျှင်လည်း ကိုယ်သာပင် ဖြစ်နေပေ၏။ ထို့ကြောင့် သီလပျက်စီးသည့်အခါ မတုန်မလှုပ်ဘဲ နေ၍မဖြစ် အလွန်ပင် တုန်လှုပ်ဖွယ် ဖြစ်ပေသည်ဟု ဆိုခြင်းဖြစ်ပြီး တုန်လှုပ်ခြောက်ခြားမှု မဖြစ်စေဖို့် သီလမပျက်စေရန်သာ ကြိုးစားအားထုတ်ရမည်ဟု ဆိုခြင်းဖြစ်၏။

ထို့အတူ ဒိဋ္ဌိဗျသနခေါ် အယူဝါဒ ပျက်စီးမှုသည်လည်း တုန်လှုပ်ခြောက်ခြားဖွယ်ပင် ဖြစ်ပါ၏။ အယူတစ်ပါးလွဲချော်သွားပါက အပါယ်မှတစ်ပါး လားရာမရှိ ဖြစ်တတ်ပေ၏။ အယူဝါဒ အစွဲတရားဟူသည်ကလည်း အခက်သားပင် ယုံကြည်မိပြီ စွဲလန်းမိပြီဆိုလျှင် အသက်ပင် အသေခံသည်အထိ စွဲကိုင်ထားတတ်၏။ ထိုသို့သာ အယူမှားကို စွဲကိုင်ထားမိလျှင် မှန်ကန်သည့် အယူဝါဒ ပျက်စီးပြီး အမှန်လမ်းကြောင်းနှင့် လွဲကာ နိဗ္ဗာန်နှင့် ဝေးသထက် ဝေးနေပေတတ်၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက နိဗ္ဗာန်သွားရာလမ်းဖြစ်သည့် မဂ္ဂင်လမ်းစဉ်တွင် သမ္မာဒိဋ္ဌိဟူသည့် အယူဝါဒမှန်ကန်ရေး လမ်းစဉ်တစ်ခုကို အဦးပြုကာ ဟောကြားသမှု ပြုတော်မူခဲ့ခြင်း ဖြစ်ပေ၏။ အယူဝါဒ မှန်ကန်မှုရှိမှ အတွေးအခေါ် အကြံအစီ၊ အပြောအဆို၊ အလုပ်အကိုင်နှင့် အားထုတ်မှု စသည်တို့သည်လည်း မှန်ကန်နိုင်မည် ဖြစ်သဖြင့် ထိုအယူဝါဒ မမှားကြရန်နှင့် အယူဝါဒ မပျက်စီးကြရန် အထူးတိုက်တွန်းတော်မူခြင်း ဖြစ်၏။ အကယ်၍ မိမိသည် ထိုအယူဝါဒသာ ပျက်စီးခဲ့ပြီဆိုပါက အလွဲအမှားလမ်းစဉ်များနှင့် သံသရာဝဲသြဃတွင် အမှန်ပင် မျှောနေပြီး အောက်အောက်ဘုံဝတွင် ကျင်လည်နေရသဖြင့် နိဗ္ဗာန်နှင့် ဝေးပြီးရင်းဝေးနေမည် ဖြစ်ပါသောကြောင့် အယူဝါဒ ပျက်စီးသည့်အခါ အလွန်တုန်လှုပ်ဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ထိုအယူဝါဒကို မပျက်စီးစေရန် အထူးသတိပြု ဆင်ခြင်ကာ မှန်ကန်သည့် အယူဝါဒဖြင့် နေနိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

ဤ၌ ဆိုလိုသည်မှာ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းအပေါ် အထူးသတိပြု ဆင်ခြင်ကြရန် ဆိုလိုရင်း ဖြစ်ပါ၏။ ပျက်စီးခြင်းသည် သဘာဝ နိယာမတစ်ခု ဖြစ်ပြီး ဖျက်စီးခြင်းသည်ကား လုပ်ဆောင်ဖန်တီးခြင်း ဖြစ်သဖြင့် ပျက်စီးချိန်တန်သည့် ပျက်စီးမှုအပေါ်များတွင် စိုးရိမ်ဖွယ် မရှိသော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများ အပေါ်တွင်ကား အလွန်ကြောက်မက် တုန်လှုပ်ဖွယ် ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်၏။ ပျက်စီးတတ်သည့် အမျိုး၊ ဥစ္စာ၊ ရောဂါများသည် သဘာဝ တရားများဖြစ်သဖြင့် ပျက်စီးမည်မှာ ဧကန်ဖြစ်သော်လည်း ဖျက်စီးမှသာ ပျက်စီးတတ်သည့် အကျင့်သီလနှင့် အယူဝါဒများသည်ကား ပျက်စီးရန် မသင့်သည့်အရာ၊ မပျက်စီးစေရန် ထိန်းသိမ်းရမည့် အရာဆိုသည်မှာလည်း အမှန်ပင် ဖြစ်ပါပေ၏။ သဘာဝအလျောက် ပျက်စီးမှုများတွင် တန်ပြန်သက်ရောက်မှုသည် အခိုက်အတန့်သာ ဖြစ်သော်လည်း ဖျက်စီးသဖြင့် ပျက်စီးမှုများတွင်ကား တန်ပြန်သက်ရောက်မှုသည် အပါယ်လားစေနိုင်သည် အထိ ကြီးလေးတတ်ပေ၏။

ထို့ကြောင့် နေရသည့် ဘ၀အခိုက်အတန့်၌ မဖြစ်မနေ ကြုံတွေ့ရမည့် ပျက်စီးမှုများတွင် ဖျက်စီးမှုကြောင့် ပျက်စီးသွားသည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် လိုအပ်ပေ၏။ ရုပ်ပိုင်းဆိုင်ရာများ ပျက်စီးမှုတွင် မတုန်မလှုပ်ရင်ဆိုင်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ အကျင့်သီလ အယူဝါဒများ ပျက်စီးမှုတွင်ကား သတိတရားနှင့် မပျက်စီးအောင် ထိန်းသိမ်းရန် ကြိုးစားသင့်ပေ၏။ အကယ်၍ ထိုပျက်စီးမှုများ ရောက်လာသည့်အခါတွင်လည်း အခြားအရာများထက် သီလနှင့်အယူဝါဒကိုသာ မပျက်စီးစေရန် အားထုတ်သင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုများသည် သဘာဝတရားဖြစ်သည့်အပြင် အပါယ်လားစေနိုင်သည့် အရာများ မဟုတ်ကြသော်လည်း သီလအကျင့်နှင့် အယူဝါဒ ပျက်စီးမှုသည်ကား အပါယ်လားစေနိုင်သည့် အရာများ ဖြစ်သောကြောင့်ပင် ဖြစ်ပါ၏။ သို့ဖြစ်၍ ပျက်စီးခြင်းနှင့် ဖျက်စီးခြင်းတွင် ပျက်စီးတတ်သည့် အရာများအပေါ် ခံနိုင်ရည် ရှိအောင်ကြိုးစားပြီး ဖျက်စီးမှသာ ပျက်စီးကာ အဖျက်ခံရသဖြင့် ပျက်စီးတတ်သည့် အရာများအပေါ်တွင်ကား မပျက်စီးစေရန် မိမိကိုယ်တိုင်သာ ပဓာနကျသဖြင့် မိမိ၏ အကျင့်သီလ အယူဝါဒများကို ဖျက်စီးခြင်းဖြင့် မပျက်စီးအောင် အထူးသတိပြု ဆင်ခြင်ကာ ထိန်းသိမ်းစောင့်ရှောက်ရန်သာ ဖြစ်ပါပေတော့ကြောင်း…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ