တကယ့်ရှက်စရာ…

ဘုန်းကြီးတွေနဲ့ တွေ့ရမှာ ရှက်သလိုလို၊ ဘုန်းကြီးတွေနဲ့ စကားပြောရမှာ ကြောက်သလိုလို ဖြစ်နေတဲ့ သူတစ်ချို့ကို တွေ့ရတော့ ငယ်ငယ်စာသင်သား ဘ၀က အဖြစ်လေးကို သတိရမိပါတယ်။ စာသင်သားဘ၀ သာသနာ့ဝန်ထမ်း ဆိုပေမယ့် လူငယ်စိတ်က ပိုများနေတဲ့အတွက် လူပရိတ်သတ်ရှေ့မှာ ဆွမ်းစားရတာ၊ သီလပေးရတာ၊ ပရိတ်ရွတ်ပေးရတာ၊ တရားဟောပေးရတာတွေဆို အလိုလို ရှက်နေပြီး ပရိတ်သတ်ကို ကြောက်တဲ့စိတ်နဲ့ သီလပေးတာတောင် ရှေ့နောက်အမြီးအမောက် မတည့်ဖြစ်နေတတ်ပါတယ်။ ဆရာဘုန်းကြီးတွေနဲ့ ဆွမ်းစားသွားလို့ ပရိတ်ရွတ်ရင်လည်း ပရိတ်သတ်အရှိန်ကြောင့် ပရိတ်ရွတ်တာ အသံတောင် မထွက်ပါဘူး။

အဲဒါ ကျောင်းပြန်ရောက်တော့ ဆရာဘုန်းကြီးက “မင်းက ဘာဖြစ်လို့ ပရိတ်ရွတ်တာ အသံမထွက်တာလဲ…၊ သူများ လှူတာတမ်းတာစာပြီး ကိုယ့်ဘက်က ဒီလို တရားနဲ့ ပြန်ချီးမြှောက်တာတောင် အသံမထွက် ဖြစ်နေရင် ရှေ့ဆက်ဘယ်လို လုပ်မှာလဲ…၊ သာသနာ့ဝန်ထမ်းဆိုတာ သူများလှူတာ များများစာရင်း များများပြန်ပြီး မေတ္တာပို့ပေးရတယ်၊ မေတ္တာစိတ်နဲ့ ပရိတ်ပဋ္ဌာန်း များများပွားပေးရတယ်၊ ခုတော့ မင်းတို့ဟာက မရှက်မကြောက်ရမယ့် အရာတွေတော့ ရှက်ကြောက်နေပြီး၊ ရှက်ကြောက်ရမယ့် အရာကျတော့ မရှက်မကြောက် အားရပါးရလုပ်နေကြတယ်၊ မင်းတို့တော့ သေရင်အပါယ်လားမယ့် ကောင်တွေပဲ…”ဆိုပြီး ကရုဏာ ဒေါသနဲ့ ပြောဆိုကြိမ်းမောင်းပါတော့တယ်။ ဆရာဘုန်းကြီး ဆူပြီးမှ သေချာတွေးကြည့်တော့ ကိုယ့်ကိုယ်ကို အရှက်လွဲနေတာကို သတိပြုမိပြီး အချိန်မီ ပြင်မှဖြစ်မယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။

ငယ်ငယ်တုန်းက သိခဲ့တဲ့ အရှက်နဲ့ အရွယ်လေးရလာ စာလေးဘာလေး ဖတ်မှတ်လာတော့ သိလာတဲ့ အရှက် တစ်ခြားစီ ဖြစ်နေပါတယ်။ ငယ်တုန်းကတော့ ဟိုလူနဲ့တွေ့ရမှာ ရှက်သလိုလို၊ ဒီလူနဲ့တွေ့ရမှာ ရှက်သလိုလို၊ ဟိုဟာသင်ရမှာ ရှက်သလိုလို၊ ဒါသင်ရမှာ ရှက်သလိုလိုနဲ့ အရှက်တွေကလည်း မနည်းခဲ့ပါဘူး။ ဗုဒ္ဓစာပေမှာ ဖော်ပြတဲ့ အရှက်ဆိုတာကို တိတိကျကျ သိလိုက်ရတော့မှ ကိုယ်ရှက်ခဲ့တဲ့ အရှက်တွေဟာ အရှက်လွဲတွေပါလားလို့ သဘောပေါက်ခဲ့ရပါတယ်။ ဗုဒ္ဓစာပေက အရှက်ကို ဟိရီလို့ဆိုပါတယ်။ ဒီဟိရီဟာ ဟိုဟိုဒီဒီအရှက်တွေကို ပြောတာမဟုတ်ပါဘူး။ မကောင်းမှုလုပ်ရမှာ ရှက်ခြင်းဆိုတဲ့ အရှက်ကို ပြောပါတယ်။ မဟုတ်တာလုပ်ရမှာ၊ မဟုတ်တာပြောရမှာ၊ မဟုတ်တာကြံရမှာကို ရှက်တဲ့အရှက်ကို ဆိုလိုတာပါ။ ဒီစကားက ပြောတဲ့အရှက်ရဲ့ အဓိပ္ပါယ်ကို သိမှပဲ ကိုယ်ရှက်ခဲ့တာတွေကို ပြန်ပြီး ရှက်နေမိပြန်ပါတယ်။ လွဲလိုက်တဲ့ အရှက်ရယ်လို့တောင် တွေးရင်းပြုံးမိပါတယ်။

ဟုတ်တယ်။ သေသေချာချာ ဆန်းစစ်ကြည့်တော့ လူအတော်များများဟာ အရှက်တကယ်လွဲနေတာ အမှန်ပါပဲ။ ရှက်ရကြောက်ရမှာက တစ်ခြား၊ မရှက်မကြောက်ရမှာက တစ်ခြားဖြစ်နေတာကို တစ်လွဲအမြင်နဲ့ အလွဲထင်နေတာ ဖြစ်ပါတယ်။ မကောင်းမှုဒုစရိုက် လုပ်ရမှာကို ရှက်ရမယ့်အစား မရှက်ရမယ့် အရာတွေမှာ သွားပြီး ရှက်နေတတ်ကြပါတယ်။ မကောင်းမှု အကုသိုလ်ကျတော့ ရှက်ရကောင်းမှန်းမသိ အားရပါရ ပျော်ပျော်ပါးပါးကို လုပ်နေမိပြီး မရှက်ရမယ့် အရာတွေကျတော့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ အတွေးတွေနဲ့ ရှက်နေတတ်ကြတာတွေပါ။

ကျောင်းမှာ စာချပေးတုန်းက တပည့်တစ်ယောက်ဟာ အသံထွက်ပြီး စာဖတ်ရမှာ၊ စာကျက်ရမှာကို ရှက်နေတဲ့အတွက် သူ့ကို “စာသင်တာ၊ စာအံတာတွေဟာ ရှက်ရမယ့် အရာတွေ မဟုတ်ဘူး”လို့ ပြောပြီး လောကမှာ မရှက်ရမယ့် အရတွေ ရှိတယ်ဆိုကာ ရထားတဲ့ ကဗျာလေးတစ်ခုကို ရွတ်ပြလိုက်ပါတယ်။
“ရောင်းဝယ်ဖောက်ကား
သင်ကြားပညာ
ခဲဖွယ်ဟာရ စားကြတစ်ဖြာ
ချစ်သူဓလေ့ ပျော်မွေ့သည့်ခါ
မရှက်ရ
လောကဤလေးဖြာ…”
ဒီကဗျာလေးကို ရွတ်ပြပြီး လောကမှာ မရှက်ရမယ့် အရာတွေက
၁။ ဈေးရောင်းတဲ့အခါ
၂။ ပညာသင်တဲ့အခါ
၃။ အစားအသောက် စားသောက်တဲ့အခါ
၎။ ချစ်သူနဲ့ ပျော်ပါးတဲ့အခါ
ဆိုတဲ့ လေးမျိုးပဲ ဖြစ်ကြောင်း၊ ဒါကြောင့် ငါ့တပည့်အနေနဲ့ ပညာသင်တာဟာ ရှက်စရာမဟုတ်တဲ့အတွက် အသံထွက်ပြီး စာအံတာလည်း ရှက်စရာမလိုကြောင်း ပြောပြဖြစ်ပါတယ်။ ဒါက လောကနီတိအဆိုအရ မရှက်ရမယ့် အရာလေးမျိုးပါ။

ဒီလေးမျိုးထဲမှာ အစားအသောက်စားတဲ့အခါ မရှက်ရဘူးဆိုလို့ တစ်ချို့က လိုတာဆွဲပြီး သောက်တာဟာ ရှက်စရာ မဟုတ်ဘူးလို ယူသွားမှာလည်း စိုးရသေးတယ်။ သူတို့လိုချင်တဲ့ အသောက်က အရက်သေစာ သောက်တာကို လိုချင်ကြတာနေမှာ။ အစားကိုပြောတာ အသောက်ကို ပြောတာမဟုတ်ပါဘူး။ အရက်သေစာ သောက်စားတာကတော့ ငါးပါးသီလမှာပါတဲ့ သီလသိက္ခာပုဒ် ဖြစ်နေတဲ့အတွက် သောက်တဲ့သူတွေ အနေနဲ့ တကယ်ရှက်သင့်တဲ့ အရာပါ။ ဒါပေမယ့် တစ်ချို့ကတော့ ဒါကိုပဲ အားရပါးရ ရှက်ရကောင်းမှန်းမသိ သောက်ဖြစ်နေတတ်ပါတယ်။ ဟောတော့လည်း ဟောတာပဲ။ ဘုန်းကြီးတွေက ဘယ်လောက်ပဲ ဟောဟော ကာယကံရှင်ကိုယ်တိုင်က ပြုပြင်မှ ရမှာဆိုတော့ သူတို့ပြုပြင်မယ့် အချိန်၊ သူတို့ ရှက်လာမယ့် အချိန်ကိုပဲ စောင့်ရတော့မှာပါ။ အင်း… ပြောမယ့်သာပြောတာ အရက်သောက်တာ ရှက်စရာမဟုတ်ဘဲ အရက်အသောက်ကောင်းတာကိုပဲ ချီးကျူးလေ့ရှိကြတဲ့ နိုင်ငံတွေမှာ ရောက်နေပြန်တော့ တစ်ချို့က ရေနစ်တဲ့သူ ရေတွင်းထဲ ပြုတ်ကျသလိုများ ဖြစ်နေပြန်လား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရှက်လာမယ့်နေ့တော့ ရောက်လာမှာပါလို့ ဖြေရင်း၊ ဟောရင်း၊ စောင့်ရင်းပေါ့။

တကယ်တော့ ရှက်တတ်မယ်ဆိုရင် အရက်သောက်တာမှ မဟုတ်ပါဘူး။ မကောင်းမှုမှန်သမျှ ရှက်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ သူ့များအသက်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများသားမယား ပြစ်မှားတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိမ်ညာပြောဆိုတာ စတာတွေဟာလည်း ရှက်ရမယ့် အရာတွေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ဦးနဲ့ တစ်ဦးအဆင်မပြေဖြစ်အောင် ဂုံးတိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားကိုပြောဆိုတာ၊ သူ့အတွက်လည်း အကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးကို ပြောဆိုတာ စတာတွေကလည်း ရှက်စရာတွေပါပဲ။ ပြီးတော့ သူတပါးအပေါ် အဘိဇ္ဈာပွားတာ၊ သူတပါးစည်းစိမ် ဥစ္စာ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ၊ အယူဝါဒ လွဲမှားတာတွေဟာလည်း ရှက်စရာတွေထဲမှာ ပါနေပါတယ်။ ဒီလို မကောင်းတဲ့ အလုပ်တွေနဲ့ ပျော်မွေ့နေတာတွေကမှ တကယ့်ရှက်စရာတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ်တကယ် ရှက်ရမယ့် အရာတွေမှာ မရှက်ဘဲ မရှက်ရမယ့် အရာတွေမှာ ရှက်နေတတ်တဲ့ အရှက်လွဲနေသူတွေ အနေနဲ့ လွဲနေတာတွေကို အချိန်မီ အသိဝင်ကာ ရှက်သင့်တာတွေကို ရှက်ပြီးရှောင်ရှားနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

တစ်ခါက ဒကာလေးတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သူ့ရင်ထဲ ရှိနေတဲ့ မသိတဲ့ အချက်ကို မေးချင်နေခဲ့တာ မေးရမှာ ရှက်လို့မမေးဖြစ်ဘဲ အခု အရှင်ဘုရားနဲ့ တွေ့မှပဲ မေးဖြစ်တော့တယ်ဘုရား ဆိုပြီး သူသိချင်တဲ့ အရာကို မရှက်တော့ဘဲ မေးဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ မသိတာကို မေးရမှာ ရှက်စရာ မဟုတ်ပါဘူး။ တစ်ချို့အရာတွေဟာ မေးမှပဲ အဖြေရမယ့် အရာတွေဖြစ်တဲ့အတွက် မေးကိုမေးရပါမယ်။ ဒါကို ငါမေးလိုက်ရင် ငါ့ကို အထင်သေးသွားနိုင်တယ်ဆိုတဲ့ အတွေးတွေနဲ့ မမေးဘဲ ထားခဲ့မယ်ဆိုရင် အဲဒီသို့လောသို့လော အရာတွေနဲ့ ဟိုလိုလိုဒီလို ဖြစ်နေတာက ပိုပြီးရှက်စရာ ကောင်းပါတယ်။ မသိလို့ မေးတာ ရှက်စရာမဟုတ်ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့က တရားပွဲတွေ လုပ်တဲ့အခါမှာ တရားပွဲပြီးရင် မေးခွန်းတွေ မေးကြဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ မသိတာကို မေးကြဖို့ ကမ်းလှမ်းရခြင်း ဖြစ်ပါတယ်။ မသိတာကို မေးရမှာ ရှက်လို့မမေးဘဲ အမှားကို လက်ခံသွားခဲ့မယ်ဆိုရင် အဲဒါကမှ တကယ့်ရှက်စရာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက အရှက်လွဲနေတာနဲ့ ပတ်သက်လို့ ပြောချင်တာပါ။ ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး ရှက်ရမယ့်အရာတွေကျတော့ မရှက်ဘဲ ဖြစ်နေတတ်တာတွေနဲ့ ပတ်သက်ပြီး အဓိကပြောချင်တာပါ။ လောကီနယ်ပယ်မှာ ရှိနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ မပြည့်စုံမှု၊ ပညာတတ်မှု၊ မတတ်မှု၊ ဂုဏ်ရှိမှု မရှိမှုတွေဟာ ရှက်စရာတွေ မဟုတ်ဘဲ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊ လောက၀တ်တွေ ဖောက်ပျက်တာ၊ ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။ ပိုပြီး ရှက်စရာကောင်းတာက ကိုယ်အမှားလုပ်မိတာကို မသိဘဲ အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့ ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။ ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက် ကိုယ်မကောင်းတာ လုပ်တဲ့အခါလည်း ဘယ်သူမှ မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။

ဒါကြောင့် လောကမှာ ရှက်ရမယ့်အရာနဲ့ မရှက်ရမယ့်အရာလို့ ရှိတတ်ရာမှာ မရှက်ရမယ့် အရာတွေအပေါ်မှာ ရှက်နေပြီး ရှက်ရမယ့် အရာတွေဖြစ်တဲ့ မကောင်းမှု ဒုစရိုက်များ အပေါ်မှာ မရှက်ကြဘဲ ပျော်ပျော်ပါးပါး လိုက်စားလုပ်ဆောင်နေကြတဲ့ သူတွေအနေနဲ့ မကောင်းမှုတွေကြောင့် ကိုယ့်ကိုယ်ကို ပြန်ရှက်ရမယ့် အဖြစ်မျိုးမှ ကင်းဝေးရလေအောင် အချိန်မနှောင်းခင် ပြုပြင်လို့ ရတဲ့အချိန်မှာ အမြန်ဆုံး ပြုပြင်ပြီး အရှက်တရားမှ ရှောင်ရှားကြဖို့ လိုကြောင်း၊ တကယ့်ရှက်စရာတွေဖြစ်တဲ့ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အပြော၊ မကောင်းတဲ့အကြံတွေကို အမြန်ဆုံးပြုပြင်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှက်ရမယ့် အဖြစ်တွေက အမြန်ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အရှက်တရားအားလုံးမှ ကင်းဝေးနိုင်စေဖို့ ဘုရားရှင်တို့ရဲ့ အဆုံးအမဖြစ်တဲ့ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ပြီး ကိုယ့်စိတ်ကို ဖြူစင်အောင် ပြုမူနေထိုင်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတော့တယ်။ အားလုံး အရှက်ကင်းနိုင်ကြပါစေ…

Read more »

အူမ,တောင့်မှ သီလစောင့်မယ်ဆိုရင်ဖြင့်…

“အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ မြန်မာစကားပုံကို တော်တော်များများ ပြောဆိုအသုံးပြုလေ့ ရှိပါတယ်။ ကောင်းတာတွေလုပ်ချင်ပေမယ့် စားဝတ်နေရေး အဆင်မပြေတဲ့အတွက် မလုပ်နိုင်တဲ့ သဘောကို ဒီစကားပုံလေး အသုံးပြုပြီး အကြောင်းပြလေ့ ရှိတတ်ပါတယ်။ သီလစောင့်ချင်ပေမယ့် စားစရာက မရှိတော့ သီလလည်း မစောင့်နိုင်ဘူးလို့ ဆိုချင်ကြဟန်တူပါတယ်။ သီလစောင့်တယ်၊ ကုသိုလ်လုပ်တယ်ဆိုတာ စားဝတ်နေရင်း အဆင်ပြေမှပဲ လုပ်နိုင်တာ၊ စားဝတ်နေရေး အဆင်မပြေရင်တော့ သီလလည်း စောင့်နိုင်မှာ မဟုတ်ဘူးစသဖြင့် ကိုယ်သီလမစောင့်နိုင်တာ၊ ကုသိုလ်မလုပ်နိုင်တာကို အူမ,မတောင့်တဲ့ အတွက် မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း အကြောင်းပြလိုကြဟန် ရှိပါတယ်။ ဒီလိုဆိုရင် မွေးလာကတည်းက အူမတောင့်ဖို့ ကြိုးစားလာခဲ့ကြတာ ဘယ်တော့အူမတောင့်လို့ ဘယ်တော့သီလ စောင့်ကြမှာလဲလို့တောင် မေးစရာ ဖြစ်လာပါတယ်။ အူမ,တောင့်မှ သီလစောင့်ကြမယ်ဆိုရင် အူမ,မတောင့်ခင် တစ်ခုခု ဖြစ်သွားခဲ့ရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်စရာ ဖြစ်လာပြန်ပါတယ်။

ကတ်သီးကတ်သပ် တွေးကြည့်မယ်ဆိုရင် “အူမ,တောင့်မှ သီလစောင့်”ဆိုတဲ့ ဒီစကားအရ အူမ,တောင့်ဖို့က အဓိကဖြစ်နေပြီး သီလစောင့်ဖို့က နောက်ဖြစ်နေပါတယ်။ အူမ,တောင့်အောင်ကြိုးစားဖို့ အရင်လိုအပ်ပြီး အူမ,ကောင်းကောင်းတောင့်မှ သီလစောင့်မယ် ဆိုတဲ့သဘော သက်ရောက်နေပြန်ပါတယ်။ တကယ်လို့ အဲဒီလို သဘောမျိုးနဲ့သာ သီလကိုနောက်မှစောင့်ပြီး အူမ,အရင်တောင့်အောင် ကြိုးစားကြမယ်ဆိုရင်တော့ သီလစောင့်ချိန်ရောက်မှာ မဟုတ်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သမုဒ္ဒရာ ၀မ်းတစ်ထွာ ဆိုတဲ့ စကားအတိုင်း ၀မ်းဟာတစ်ထွာလောက် ရှိပေမယ့် သမုဒ္ဒရာလောက်အထိ ကျယ်နေလို့ပဲ ဖြစ်ပါတယ်။ သမုဒ္ဒရာဟာ ဘယ်လောက်ပဲထည့်ထည့် မပြည့်နိုင်သလို ၀မ်းဟာလည်း ဘယ်လောက်ပဲ ဖြည့်ဖြည့် မပြည့်နိုင်ပါဘူး။ သံသရာအဆက်ဆက် အူမ,တောင့်အောင် ကြိုးစားခဲ့ကြပေမယ့် အခုအချိန်ထိ မပြည့်နိုင်ကြပါဘူး။ နိဗ္ဗာန်မရသေးသမျှတော့ ပြည့်နိုင်မယ် မထင်ပါဘူး။ ဒီလို ဘယ်လောက်ပဲ အူမ,တောင့်အောင် ကြိုးစားနေပေမယ့် မတောင့်နိုင်တဲ့ အူကို တောင့်အောင်ကြိုးစားပြီးမှ သီလစောင့်ကြမယ် ဆိုရင်တော့ သီလစောင့်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ အူမ,တောင့်အောင် ကြိုးစားရင်း အူမ,လည်းမတောင့် သီလလည်းမစောင့်နိုင်တဲ့ အဖြစ်နဲ့ပဲ ဘ၀ကို အဆုံးသတ်သွားဖို့ များပါတယ်။

ဒီလို ဘယ်လောက်ပဲ ကြိုးစားကြိုးစား အူမ,တောင့်တယ်ဆိုတာ မဖြစ်နိုင်တဲ့အတွက် အရိယာ သူတော်ကောင်းတွေကတော့ အူမ,တောင့်ဖို့ထက် သီလစောင့်ဖို့ကို အဓိက အားထုတ်ကြခြင်း ဖြစ်ပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ရေး ဦးစားပေး ဖြစ်နေတတ်ကြပေမယ့် သူတော်ကောင်းများကတော့ သီလစောင့်ရေး ဦးစားပေးတတ်ကြပါတယ်။ ပုထုဇင်တွေက အူမ,တောင့်ဖို့၊ စားဝတ်နေရင်း အဆင်ပြေဖို့ဆိုရင် သီလဖျက်ဖို့ ၀န်မလေးတတ်ပေမယ့် သူတော်ကောင်းတွေကတော့ သီလစောင့်ဖို့ဆိုရင် အသက်ကို ပေးဆပ်ဖို့အထိတောင် သတ္တိရှိတတ်ကြပါတယ်။ ဒါကြောင့်လည်း သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေရဲ့ ဘ၀ဟာ ငြိမ်းချမ်းနေပြီး အူမ,တောင့်ရေး ဦးစားပေးတတ်တဲ့ ပုထုဇင်တွေရဲ့ ဘ၀ဟာ မငြိမ်းချမ်းဘဲ ဒီတစ်ထွာလောက်ရှိတဲ့ ၀မ်းကိုပြည့်အောင် ကြိုးစားရင်း ပူလောင်မှုတွေနဲ့သာ ၀မ်းမှာဟာနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် သီလဦးစားပေးတတ်တဲ့ သူတော်ကောင်းတွေဟာ အူမ,ကိုလည်း အလိုလို တောင့်ပြီးသား ဖြစ်နေတတ်ပါတယ်။ အူမ,တောင့်ရေး ကြိုးစားတဲ့ သူတွေကတော့ အူမ,မတောင့်နိုင်တဲ့အပြင် သီလလည်း မစောင့်နိုင်တဲ့အတွက် ဘ၀ဆက်တိုင်း ၀မ်းဟောက်ပက်နဲ့သာ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် အူမ,တောင့်ဖို့ထက် သီလစောင့်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အမှန်တော့ သတ္တ၀ါတွေရဲ့ ဘ၀ကို သေချာပြန်တွေးကြည့်ရင် အူမ,မတောင့်လို့၊ အူမ,တောင့်စရာမရှိလို့ ကြိုးစားရုန်းကန်နေရတဲ့ သူတွေဟာ ကမ္မနိယာမ သဘောတရား ရှုထောင့်အရ အတိတ်က သီလမစောင့်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ အတိတ်က သီလမစောင့်ခဲ့ပဲ မဟုတ်တာတွေ လုပ်ခဲ့ကြလေတော့ ဒီဘ၀မှာ ဒုက္ခတွေတိုးပြီး အူမ,တောင့်ရေး အခက်အခဲတွေ ဖြစ်ကြတာ ဖြစ်ပါတယ်။ သီလမစောင့်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဘ်ကြောင့် ဒီဘ၀မှာ ဒုက္ခတွေနဲ့ကြုံပြီး စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ အပေါ်မှာ တစ်ခါထပ်ပြီး သီလမစောင့်ဘဲ အူမ,တောင့်ရေး ဦးစားပေးကြမယ် ဆိုရင်တော့ ဒီဘ၀မှာလည်း အူမ,တောင့်မှာ မဟုတ်သလို သီလမစောင့်နိုင်တဲ့ အတွက်လည်း နောင်ဘ၀မှာ သုဂတိဘ၀နဲ့ဝေးကာ အူမ,တောင့်ဖို့ဆိုတာ ပိုပြီးမဖြစ်နိုင်ပြန်ပါဘူး။ ဒါကြောင့် တစ်ဘ၀တစ်နပ်စာ အူမ,တောင့်ရေး ဦးစားမပေးကြဘဲ သံသရာအတွက်တွေးကာ သီလစောင့်ရေး ဦးစားပေးကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

သတ္တ၀ါတွေဟာ မကောင်းတဲ့အကျင့်၊ မကောင်းတဲ့ လုပ်ရပ်တွေကြောင့် မကောင်းကျိုးတွေဖြစ်ကာ သံသရာအဆက်ဆက် ဒုက္ခတွေကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သတိမပြုမိဘဲ ကိုယ်ကျင့်တရား ကောင်းရေးထက် စားဝတ်နေရေး အဆင်ပြေရေး အဓိကထားနေတဲ့အတွက်လည်း မကောင်းတဲ့ အကျိုးဆက်တွေက ပိုပြီးတိုးတက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေက အဓိကကျတဲ့ အရာကို ရွေးချယ်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။ “ပစ္စည်းဥစ္စာနဲ့ ခြေလက်အင်္ဂါတွေ ယှဉ်လာရင် ပစ္စည်းဥစ္စာကို စွန့်ပြီး ခြေလက်အင်္ဂါကို ရွေးချယ်ဖို့၊ ခြေလက်အင်္ဂါတွေနဲ့ အသက် ရှင်လာရင် ခြေလက်အင်္ဂါကို စွန့်ပြီး အသက်ကို ရွေးချယ်ဖို့၊ အသက်နဲ့ သီလ ယှဉ်လာရင် အသက်ကိုစွန့်ပြီး သီလကို ရွေးချယ်ကာ သီလလုံအောင် ထိန်းဖို့” သတိပေး ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။ ခဏတာ အဆင်ပြေမှုကို မကြည့်ဘဲ သံသရာနဲ့ချီတဲ့ အကျိုးဆက်ကို ကြည့်ပြီး ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကလည်း “သီလမလုံခြုံဘဲ နှစ်ပေါင်းတစ်ရာကျော် အသက်ရှင်ပြီး နေရတာထက် သီလလုံခြုံပြီး တစ်နေ့တစ်ရက် တစ်မနက်မျှ အသက်ရှင်၍ နေရတာက ပိုမြတ်ကြောင်း…” မိန့်တော်မူပါတယ်။ ဘုရားရှင်အလိုအရ အူမ,တောင့်အောင် ကြိုးစားရင်း အူမ, တောင်လာတဲ့အတွက် အသက်တွေ ရာထောင်မက ရှည်နေပေမယ့် သီလမလုံခြုံရင် အဲဒီပုဂ္ဂိုလ်ရဲ့ အသက်ရှင်နေမှုဟာ အနှစ်မရှိတဲ့ အသက်ရှင်နေမှုပဲ ဖြစ်ပြီး အူမ,မတောင့်လို့ အသက်မရှည်ပေမယ့် သီလလုံခြုံပြီး နေသွားရမယ်ဆိုရင် အဲဒီနေရတဲ့ အခိုက်ဟာ အနှစ်ရှိတဲ့အခိုက်၊ တန်ဘိုးရှိတဲ့အခိုက်လို့ နားလည်သဘော ပေါက်နိုင်ပါတယ်။ အကျင့်သီလလုံခြုံရေးဟာ အဓိကဖြစ်ပြီး စားဝတ်နေရေးဟာ တဒင်္ဂအခိုက်အတန့်မျှသာ ဖြစ်ပါတယ်။ သီလနဲ့ယှဉ်လာရင် အသက်ပင် စွန့်လွတ်တဲ့အထိ ထိန်းသိမ်းသင့်ပါတယ်။ သေချာတွေးကြည့်ရင် သံသရာအဆက်ဆက်၊ ငတ်ခဲ့တာတွေ များခဲ့သလို အကြိမ်ကြိမ် သေခဲ့ပေါင်းလည်း များခဲ့ပါပြီ။ အူမ,မတောင့်လို့ သေမယ်ဆိုရင်လည်း အကြိမ်ကြိမ် သေခဲ့ဖူးပြီးသား ဖြစ်တဲ့အတွက် ဒီတစ်ဘ၀ ထပ်သေလည်း မထူးပါဘူးလို့တောင် ဆိုနိုင်ပါတယ်။ သီလမလုံဘဲ သီလသေရင်တော့ အူမ,မတောင့်လို့ ဒီဘ၀မှာ သေရတာထက် အဆပေါင်းမြောက်များစွာ မကောင်းတဲ့အကျိုးတွေနဲ့ ပိုလို့တောင် အူမ,မတောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သီလကို ဦးစားပေးကြဖို့ ဆုံးမတော်မူခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အူမ,တောင့်မှ သီလစောင့်ကြတာထက် သီလစောင့်ရင်း အူမ,တောင်နိုင်အောင် ကြိုးစားကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ အူမ,မတောင့်လို့ သေခဲ့ရင် တစ်ဘ၀ထက် ပိုပြီး သေစရာအကြောင်း မရှိပေမယ့် သီလမစောင့်ဘဲ သေခဲ့ရင်တော့ သံသရာနဲ့ချီပြီး မကောင်းတဲ့ဘ၀မှာ ခံနေရမှာ ဖြစ်တဲ့အတွက် စားဝတ်နေရေး အဆင်ပြေရေးထက် ကိုယ်ကျင့်သီလ မပျက်စီးရေး အလေးပေးသင့်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ နောက်တစ်ချက်က ပုထုဇင်တွေမှာ အူမ,တောင့်တယ်ဆိုတာ မရှိနိုင်တဲ့အတွက် အူမ,တောင့်မှ သီလစောင့်မယ်ဆိုရင် သီလစောင့်ဖို့ အချိန်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် အူမ,တောင့်သည်ဖြစ်စေ မတောင့်သည်ဖြစ်စေ လက်ရှိ ရှိနေတဲ့ အချိန်အခိုက်အတန့်ဟာ အကောင်းဆုံး ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အသေချာဆုံး အချိန်မှာပဲ သီလစောင့်နိုင်အောင် ကြိုးစားသင့်ပါတယ်။

တစ်ချို့က သီလမစောင့်နိုင်တာဟာ ခေတ်ကာလကြောင့်လို့ ပုံချတတ်ကြပါတယ်။ တကယ်လို့ ခေတ်ကာလ အခြေအနေအရ အူမ,တောင့်မှ ကျန်တဲ့အရာတွေ အစစအရာရာ အောင်မြင်အောင် လုပ်နိုင်မယ်ဆိုရင်လည်း အူမ,တောင့်အောင် ကြိုးစားရင်း သီလစောင့်နိုင်အောင် အားထုတ်သင့်ပါတယ်။ စားဝတ်နေရေးအတွက် ကြိုးစားအားထုတ်ကြတဲ့အခါ ကိုယ်ကျင့်တရား ပျက်ပြားစေမယ့် အလုပ်တွေကို မလုပ်ဘဲ သီလကို မထိခိုက်စေတဲ့ အသက်မွေးဝမ်းကြောင်းများနဲ့ အူမ,တောင့်အောင် လုပ်ဆောင်သင့်ပါတယ်။ စီပွားရေး လုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း မတရားလိုချင်တဲ့ ၀ိသမလောဘတွေ မဖြစ်စေဘဲ သီလကိုမထိခိုက်စေတဲ့ စီးပွားရေးတွေနဲ့ အူမ,တောင့်အောင် ကြိုးစားသင့်ပါတယ်။ ချမ်းသာရင်ပြီးရောဆိုတဲ့ အတွေးနဲ့ သီလတွေ ဘာတွေဂရုမစိုက်ဘဲ လုပ်မိတတ်ရင်တော့ အဲဒီချမ်းသာမှုဟာ မတရားတဲ့ ချမ်းသာမှုဖြစ်ပြီး ကိုယ်ကိုယ်တိုင်လည်း နောင်တချိန်မှာ နောင်တတရားတွေနဲ့ စိတ်မှာဒုက္ခ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် သီလပျက်စေနိုင်တဲ့ ချမ်းသာမှုကို ရှောင်ရှားကြဖို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ နောက်ဆုံးအနေနဲ့ အထူးပြောလိုတာက လောကကြီးမှာ စားဝတ်နေရေး၊ အူမ,တောင့်ရေးဟာ အရေးကြီးပေမယ့် သီလအပျက်ခံရတဲ့ အထိ အရေးမကြီးကြဖို့လိုကြောင်း၊ အူမတောင့်ရေးထက် သီလစောင့်ရေးက ပိုအရေးကြီးကြောင်း၊ အူမတောင့်ရေးဟာ ဘ၀အဆက်ဆက် ပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိတဲ့အတွက် အူမတောင့်ပြီးမှ သီလစောင့်မယ်ဆိုရင် သီလစောင့်တဲ့အချိန် မရောက်နိုင်တော့ကြောင်း၊ အူမတောင့်ရေး ဦးစားပေးထားတဲ့အတွက် သီလဘက်မှာ မစောင့်နိုင်တော့ဘဲ မကောင်းတဲ့နည်းတွေနဲ့ အူမတောင့်အောင် ကြိုးစားနိုင်ကြောင်း၊ သီလအပျက်ခံပြီး ကြိုးစားထားတဲ့ အူမတောင့်မှုဆိုရင်လည်း ဘယ်လိုမှ စိတ်ချမ်းသာမှာ မဟုတ်ကြောင်း၊ အကောင်းဆုံးက သီလစောင့်ရင်း အူမတောင့်စေတဲ့ နည်းကသာ အကောင်းဆုံး ဖြစ်ကြောင်း စသဖြင့် တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင် အူမ,တောင့်တဲ့အထိ စောင့်မနေကြဘဲ သီလလည်းစောင့် အူမ,လည်းတောင့်အောင်သာ ကြိုးစားကြပါစို့လို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။ အားလုံး သီလစောင့်ရင်း အူမ,တောင့်နိုင်ကြပါစေ…

Read more »

Blind date and Chatting …

ပြောင်းလဲလာတဲ့ ခေတ်ကာလ အခြေအနေအရ လူတစ်ဦးနဲ့တစ်ဦး တွေ့ဆုံ ဆက်ဆံမှုများဟာလည်း ပြောင်းလဲလာခဲ့ပါတယ်။ ဒီနေ့ခေတ် လူအချင်းချင်း တွေ့ဆုံချိန်းချက်တာတွေမှာ တစ်ယောက်ယောက်ကို အကြောင်းပြုပြီး တွေ့ဆုံမှုများ ရှိသလို တစ်ခုခုကို အကြောင်းပြုပြီး တွေ့ဆုံချိန်းချက်တာတွေလည်း ရှိပါတယ်။ အင်္ဂလိပ်စကားမှာ လာတဲ့ Blind date ဆိုတဲ့ စကားနဲ့ Chatting ဆိုတဲ့ စကားနှစ်ခုဟာ ဒီလို လူအချင်းချင်း တွေ့ဆုံဆက်ဆံမှုရဲ့ မတူညီတဲ့ သဘောကို ခွဲခြားပြပါတယ်။ Blind date ဆိုတာ သိကျွမ်းခြင်း မရှိတဲ့ အမျိုးသား အမျိုးသမီး အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် တစ်ဦးတစ်ယောက်ရဲ့ ကူညီမိတ်ဆက်ပေးမှုကြောင့် တွေ့ဆုံတဲ့ ချိန်းချက် တွေ့ဆုံမှုမျိုး ဖြစ်ပြီး Chatting ဆိုတာကတော့ ဒီနေ့ခေတ် ခေတ်စားနေတဲ့ အင်တာနက်ကို အသုံးပြုပြီး အွန်လိုင်းပေါ်မှာ တွေ့ဆုံကြတဲ့ အွန်လိုင်းချိန်းချက်မှုပဲ ဖြစ်ပါတယ်။ Bind date နဲ့ Chatting တို့ရဲ့ တွေ့ဆုံမှုများ မတူညီသလို တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာတဲ့ ရလာဘ်များလည်း မတူညီကြပြန်ပါဘူး။

အလွယ်ပြောရရင် ဘလိုင်းဒိတ်ဟာ မသိတဲ့သူ အချင်းချင်း လူကိုယ်တိုင် တွေ့ဆုံပြီး တစ်ယောက်နဲ့တစ်ယောက် လက်တွေ့အနီးကပ် ချိန်းချက်ဆက်ဆံကြတဲ့ သဘောဖြစ်ပြီး ချက်တင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးမတွေ့ဘူးပဲ စာနဲ့အသံနဲ့လောက်ပဲ တွေ့ဆုံဆက်ဆံကြတဲ့ သဘောဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ခေတ်စားနေတဲ့ ဒီလိုတွေ့ဆုံမှုမျိုးမှာ ဥရောပနိုင်ငံသား အများစုကတော့ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံမှုကို ပြုလုပ်လေ့ရှိကြပြီး အာရှတိုက်သား အများစုကတော့ အင်တာနက် ချက်တင်းကို အသုံးပြုပြီး တွေ့ဆုံကြတာကို တွေ့ရတတ်ပါတယ်။ အနောက်နိုင်ငံသားတွေလည်း အင်တာနက် ချက်တင်းမလုပ်ဘူးလားဆိုတော့ လုပ်ကြပါတယ်။ ဒါပေမယ့် အာရှနိုင်ငံသားများလောက် မများဘူးလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုတွေ့ဆုံမှုများဟာ ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိတတ်ပါတယ်။ အထူးသဖြင့် အင်တာနက် ချက်တင်းနဲ့ တွေ့ဆုံမှုများကတော့ ကောင်းကျိုးထက် ဆိုကျိုးက ပိုများတာကို တွေ့ရတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားမှုနဲ့ဆက်ဆံတာထက် အလိမ်အကောက်များနဲ့ ဆက်ဆံတာက ပိုးများတာကို တွေ့ရတတ်ပါတယ်။

“လူ့အကြောင်း ပေါင်းကြည့်မှသိ” ဆိုသလို လူတစ်ယောက်ရဲ့ အသေးစိပ် ကာရိုက်တာ၊ စိတ်နေသဘောထားဟာလည်း အနီးကပ်တွေ့ဆုံ နေထိုင်ပြီး ကြာကြာပေါင်းကြည့်မှ သိရတတ်တဲ့ သဘောရှိပါတယ်။ ဟန်ဆောင်မှုများတဲ့ လောကကြီးမှာ လူကိုယ်တိုင် အနီးကပ် တွေ့ဆုံမှု မရှိဘဲ ခဏတစ်ဖြုတ် တွေ့ဆုံမှုလောက်နဲ့ကတော့ လူတစ်ယောက်ရဲ့ အခြေအနေကို တိတိကျကျ သိရဖို့ မလွယ်လှပါဘူး။ အထူးသဖြင့် အွန်လိုင်းချက်တင်းမှာ တွေ့ဆုံမှုလောက်နဲ့ လူတစ်ယောက်ရဲ့ သဘောထားအမှန်ကို သိနိုင်ဖို့ဆိုတာ တော်တော်ခဲရင်းလှပါတယ်။ ဒါကြောင့်လည်း အင်တာနက် ချက်တင်းနဲ့ တွေ့ဆုံကြတဲ့ သူတွေကြားမှာ ပြဿနာ အမျိုးမျိုး ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

ဘလိုင်းဒိတ်နဲ့ တွေ့ဆုံမှုဟာ အနောက်တိုင်းမှာ ပေါ်ပြူလာဖြစ်နေတယ် ဆိုတာကလည်း ဒီတွေ့ဆုံမှုရဲ့ အားသာချက်များက ရှိနေလို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး လူတစ်ဦးနဲ့တစ်ဦး လက်တွေ့ တွေ့ဆုံခွင့်ရတဲ့ အချက်ပဲ ဖြစ်ပါတယ်။ လက်တွေ့တွေ့ဆုံ စကားပြော ဆက်ဆံကြည့်ကာ အားနည်းချက် အားသာချက်များကို အနီးကပ် အကဲခတ်ခွင့်ရတဲ့အတွက် သူ့ကာရိုက်တာနဲ့ ကိုယ့်ကာရိုက်တာ တူမတူကို လေ့လာခွင့်ရသလို သူကဒီလို သဘောရှိတတ်တယ်၊ ကိုယ်ကဒီလို သဘောရှိတယ် ဆိုတာကိုလည်း သိခွင့်ရကြပါတယ်။ အားနည်းချက်ကို ပြင်လို့ရသလို အားသာချက်ကို ဆွဲကိုင်ထားလို့လည်း ရပါတယ်။ မကြိုက်ရင် ရှောင်လို့ရသလို ကြိုင်ရင်လည်း ဆိုင်လို့ရတဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာမှမသိရဘဲ စာလေးအသံလေးနဲ့ တွေ့ဆုံကြတဲ့ အင်တာနက် ချက်တင်းထက်စာရင် လက်တွေ့တွေ့ဆုံပြီး အနီးကပ်လေ့လာ အကဲခက် ဆက်ဆံကြည့်တဲ့ ဘလိုင်းဒိတ် တွေ့ဆုံမှုက ပိုပြီး အားသာချက် ရှိတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ် လူငယ်တော်တော်များကတော့ အင်တာနက်ချက်တင်းနဲ့ပဲ တွေ့ဆုံဆက်ဆံ နေကြတာကို တွေ့ရပါတယ်။ အလုပ်မအားတာရယ်၊ အချိန်မပေးနိုင်တာရယ်၊ တစ်ခြားဘာညာ ကိစ္စတွေရယ်ကြောင့် အလွယ်တကူ ကိုယ့်နေရာလေးကနေပြီး အဖော်ရှာလို့ရနေတဲ့ ဒီအင်တာနက် ချက်တင်းကိုပဲ အသုံးပြုနေကြတာ တွေ့ရတတ်ပါတယ်။ ဒီလို ချက်တင်းနဲ့ တွေ့ဆုံမှုများဟာ အလွယ်တကူ ရှိလှတယ်ဆိုပေမယ့် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတာကို လက်တွေ့ချက်နေကြတဲ့ ချက်တင်းဂျပိုးတွေက ပိုသိကြမှာပါ။ သူသူကိုယ်ကိုယ် လူမမြင်ရ၊ အနီးကပ် မရှိကြတော့ ပြောချင်သလိုပြော၊ လိမ်ချင်သလိုလိမ်၊ ကိုယ့်သဘောနဲ့ကိုယ် ဖွင့်ဆိုချင်သလို ဖွင့်ဆိုလို့ရနေတဲ့အတွက် မိန်းမရှိတဲ့သူကလည်း လူပျိုလုပ်တတ်ကြသလို၊ ယောက်ျားရှိတဲ့သူကလည်း အပျိုလုပ်နေတတ်ကြပါတယ်။ တစ်ဘက်နဲ့တစ်ဘက် လှိမ့်လုံးညာလုံးလေးတွေနဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးခံရအောင် လုပ်နေတတ်ကြပါတယ်။ လောကမှာ မုသာဝါဒ အသုံးဆုံးလူတွေကို ပြောပါဆိုရင် အင်တာနက် ချက်တင်းလုပ်နေတဲ့ သူတွေလို့ ပြောရလောက်အောင် မုသာဝါဒကို ထည်လဲသုံးနေတတ်ကြပါတယ်။ ပိုဆိုးတာက ချက်တင်းလုပ်ရင်း လူတစ်ယောက်ရဲ့ ယုံကြည်မှုကို အသုံးချ လိမ်လည်တာတွေက ပိုဆိုးပါတယ်။

တစ်ချို့မိန်းကလေးတွေဆို ချက်တင်းကနေ အဖော်ရှာရင်း အချဉ်တွေ့တဲ့အခါ အဝေးကနေပြီး သနားအောင် အမျိုးမျိုးပြောဆိုကာ ဟိုဟာတောင်းရတာနဲ့ ဒါတောင်းရတာနဲ့၊ ဘယ်သူကဘာဖြစ်လို့ ဘာလေးပို့ပေးပါဦး ညာလေးပို့ပေးပါဦး လုပ်ရတာနဲ့ ချက်တင်းဈေးကွက် တွေ့နေသလိုတောင် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါကို အဝေးရောက် ဘသားချောတွေက အဟုတ်ထင်ကာ သနားစိတ်တွေဝင်ပြီး ဟိုဟာလေးပို့ပေး၊ ဒါလေးပို့ပေး လုပ်တတ်ကြပါတယ်တဲ့။ သူရှာတာ သူ့ပို့တာ ဘာမှ ပြဿနာ မရှိပေမယ့် အဓိကပို့ရမယ့် အိမ်ကျတော့ အလုပ်အဆင်မပြေလို့ ဘာလို့ညာလို့ စတဲ့အကြောင်းပြတွေနဲ့ မပို့ဘဲ နေကြပြီး အင်တာနက်ချက်တင်းမှာ တွေ့ရတဲ့ မယ်တော်လေးတွေကျတော့ ကိုယ့်မရှိရင်တောင် သူများဆီက ချေးငှါးပြီး ပို့ပေးနေတာကတော့ လိုတာထက် ပိုသလို ဖြစ်နေပြန်ပါတယ်။

မိန်းကလေးတွေပဲလားဆိုတော့ ယောက်ျားလေးတွေလည်း သိပ်မထူးလှပါဘူး။ တစ်ချို့ အိမ်ထောင်ရှိ၊ ရည်စားရှိရဲ့သားနဲ့ အိမ်ထောင်မရှိတဲ့ ပုံစံမျိုး၊ ရည်စားမရှိတဲ့ ပုံစံမျိုးနဲ့ လိမ်လည်ပြီး မိန်းကလေးတွေရဲ့ အားနည်းချက်ကို ရအောင်ယူတတ်တာတွေလည်း ရှိပါတယ်။ အရိုးခံဖြစ်တဲ့ မိန်းကလေးတွေရဲ့စိတ်ကို လှိမ့်လုံးလေးတွေ၊ မက်လုံးလေးတွေနဲ့ သိမ်းသွင်းပြီး လိုသလို ဆွဲယူတတ်တာတွေ ရှိတတ်ပါတယ်။ မြန်မာနိုင်ငံကထွက်ပြီး နိုင်ငံခြား ရောက်နေတဲ့အခါ ကိုယ့်ကိုယ်ကို လူပျိုလုပ်ပြီး အသစ်ရှာတတ်တာလည်း ရှိတတ်ပါတယ်။ ချက်တင်းဝင်ပြီဆိုကတည်းက အိမ်ထောင်ရှိ၊ ကလေးရှိတဲ့ သူတွေလည်း တစ်ခါမှ အတွေ့အကြုံမရှိ၊ ရည်စားတောင် မထားဘူးတဲ့ သူတွေ ဖြစ်ကုန်ပါတော့တယ်။ လိမ်တာညာတာတွေ လုပ်ပါများလာတော့ လိမ်ရညာရမှာကို ထမင်းစား ရေသောက်သလို အလွယ်လုပ်ကုန်ပါတော့တယ်။ မကောင်းတဲ့အလုပ်ကို လုပ်နေရင်း ကိုယ်လုပ်နေတာကို သတိမပြုမိတော့ဘဲ ပုံမှန်လုပ်နေကျ အလုပ်တစ်ခုလို အကုသိုလ်အလုပ်မှာ ယဉ်ပါးကုန်ပါတော့တယ်။ မိန်းကလေးတွေလိုပဲ ယောက်ျားလေးတွေလည်း ချက်တင်းဝင်တာနဲ့ လိမ်ကုန်ကြတော့တာပါပဲ။

နောက်ဆုံးတော့ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် အင်တာနက် ချက်တင်းဝင်ကြရင် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်တာက ပိုများလေ့ရှိပါတယ်။ အမှန်တွေထက် မမှန်တွေက ပိုများလေ့ရှိပါတယ်။ ဒါကြောင့် ချက်တင်းတွေ့ဆုံမှုဟာ ကောင်းတာထက် မကောင်းတာက ပိုများတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

လက်တွေ့ပိုင်းမှာ ကြည့်ရင်လည်း ချက်တင်းတွေ့ဆုံမှုနဲ့ သမီးရည်စားဖြစ်သွားကြပြီး အပြင်မှာ တကယ်တွေ့ဖြစ်ကြတဲ့အခါ မတူညီတဲ့ ကာရိုက်တာတွေကြောင့် အဆင်မပြေဖြစ်ပြီး လမ်းခွဲသွားကြတဲ့ သူတွေလည်း ရှိပါတယ်။ အွန်လိုင်းပေါ်မှာ အဆင်ပြေနေပေမယ့် အပြင်ပိုင်းမှာတော့ အဆင်မပြေ ဖြစ်ကြတာတွေလည်း ရှိတတ်ကြပါတယ်။ ရှိလည်းရှိနေကြမှာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဟန်ဆောင်မှုများ၊ လိမ်ညာမှုများနဲ့ တစ်ယောက်အကြောင်းတစ်ယောက် မမြင်မသိရဘဲ တွေ့ခဲ့ကြတာဆိုတော့ အနီးကပ်လေ့လာ တွေ့ရှိကြတဲ့အခါမှာ အမှန်ပေါ်ကုန်ကြတဲ့ သဘောပဲ ဖြစ်ပါတယ်။ တစ်ချို့ဆို အွန်းလိုင်းမှာတွေ့ပြီး ဘ၀ခရီးဖော်အထိ လက်တွဲဖို့ စီစဉ်ပြီးကာမှ အနီးကပ်တွေ့ဆုံတဲ့အခါမှာ အဆင်မပြေလို့ လက်တွဲဖြုတ်လိုက်ကြတဲ့ အဖြစ်တွေ့လည်း ရှိပါတယ်။

တစ်လောကပဲ forward အီးမေးလ်ကတစ်ဆင့် ၀င်လာတဲ့ စာတစ်စောင်မှာ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းကလေးတစ်ယောက် အွန်းလိုင်ချက်တင်းကနေ တွေ့ဖြစ်ကြရာက သူရှိတဲ့နိုင်ငံကိုယ်သွား၊ ကိုယ်ရှိတဲ့နိုင်ငံ သူလာကာ အတူသွားလာ နေထိုင်ပြီး အိမ်ထောင်ဖက်အဖြစ် သဘောတူပြီးမှ ပျက်ပြယ်သွားတဲ့အတွက် မကျေမနပ်ဖြစ်ကာ ရုံးတိုင်ဂတ်တိုင်တဲ့အထိ ပြဿနာ ကြီးကြီးတက်ခဲ့ကြတဲ့ အကြောင်း ဖတ်လိုက်ရပါသေးတယ်။ အသိတစ်ယောက်လည်း အဲဒီလို အွန်းလိုင်းမှာတွေ့ကြရင်း သမီးရည်စားဖြစ်ကြရာက အိမ်ထောင်ပြုဖို့အထိ ရည်ရွယ်ခဲ့ကြပေမယ့် လက်တွေ့အနီးကပ် တွေ့ကြတဲ့အခါ မတူညီတဲ့ အကျင့်စရိုက်တွေကြောင့် လမ်းခွဲခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါသေးတယ်။ ဒီလို အဖြစ်အပျက်တွေ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သေချာတာကတော့ ချက်ရင်းတွေ့ကြတဲ့ တွေ့ဆုံမှုဟာ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများတယ်ဆိုတာ အသေအချာပါပဲ။

အမှန်တော့ ဘာပဲလုပ်လုပ် အစွန်းမရောက်အောင် လုပ်ဖို့လိုပါတယ်။ ခေတ်ကာလ အနေအထားအရ ဘလိုင်းဒိတ်တို့၊ ချက်တင်းတို့ဆိုတာ လုပ်ဖို့လိုအပ်ပါတယ်။ လုပ်တဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် အကျိုးမယုတ်အောင် ပြောဆိုဆက်ဆံကြဖို့ပဲ လိုပါတယ်။ မိတ်ကောင်းဆွေကောင်း အဆွေခင်ပွန်းကောင်း အနေနဲ့ရော အားပေးဖော် တစ်ယောက်အနေနဲ့ပါ အချင်းချင်း ချက်တင်းကနေ အကူအညီပေးလို့ ရသလို ပွင့်လင်းရိုးသားမှုနဲ့ ရိုင်းပင်းနိုင်အောင် ကြိုးစားလို့လည်း ရပါတယ်။ ဖြစ်သင့်တာက သူ့ဘက်ကိုယ့်ဘက် ထည့်တွက်ကြရင်း ကိုယ်ချင်းစာတရားနဲ့ ကိုယ်မလုပ်နိုင်တဲ့ အရာတွေမှာ လိမ်ညာမှုကို အသုံးပြုပြီး စကားလုံးတွေနဲ့ ချည်နှောင်မထားဖို့ လိုအပ်ပါတယ်။ လိမ်ညာမှုတွေနဲ့ တစ်ဘက်သား ကိုယ့်ဘက်ပါလာအောင် မက်လုံးတွေပေးပြီး မစည်းရုံးမိဖို့ လိုပါတယ်။ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ် ချက်တင်းနဲ့ တွေ့ကြတာပဲ ဖြစ်ဖြစ် အလိမ်အကောက်တွေနဲ့ ဟန်ဆောင်မှုမပြုကြဘဲ ရိုးသာမှုနဲ့ တစ်ဦးအပေါ်တစ်ဦး အားပြုကြဖို့ ကြိုးစားသင့်ပါတယ်။ အဲဒီလိုသာ ဆက်ဆံကြမယ်ဆိုရင် ဘလိုင်းဒိတ်လည်းကောင်းပြီး ချက်တင်းလည်း ကောင်းနေကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် နောက်ဆုံးအနေနဲ့ တိုက်တွန်းချင်တာက ရွာကြီးတစ်ရွာလို ဖြစ်နေတဲ့ ကမ္ဘာကြီးမှာ နေထိုင်ကြတဲ့ ရွာသားအချင်းချင်း ငြိမ်းချမ်းစွာနဲ့ တစ်ဦးအပေါ်တစ်ဦး ရိုင်းပင်းကူညီရင်း အကျိုးရှိတဲ့ တွေ့ဆုံမှုများနဲ့ လျှောက်လှမ်းနိုင်ကြဖို့အတွက် လူသားများအနေနဲ့ ဘလိုင်းဒိတ်နဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ်၊ အွန်းလိုင်းချက်တင်းနဲ့ တွေ့ဆုံတာပဲ ဖြစ်ဖြစ် လူအချင်းချင်း ကိုယ်ချင်းစာစိတ်နဲ့ ဟန်ဆောင်မှုမပါ ရိုးရှင်းစွာ တွေ့ဆုံဆက်ဆံနိုင်အောင် ကြိုးစားခြင်းကသာ အကောင်းဆုံး ဖြစ်ပါကြောင်း…

Read more »

ရှိခိုးသင့်သည့် အရပ်မျက်နှာများ…

လူတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကလည်း အများသားပင်။ တစ်ချို့က တောတောင်များ၊ တစ်ချို့က ကျောက်တုံးကျောက်ဂူများ၊ တစ်ချို့က လနေနက္ခတ်များ စသဖြင့် အမျိုးမျိုး ကိုးကွယ်တတ်ကြပါတယ်။ တစ်ချို့ဆိုရင် အရပ်မျက်နှာများကို ရှိခိုးတာတောင် ရှိတတ်ပါတယ်။ တစ်လောက တီဗီအစီအစဉ် တစ်ခုမှာ အရပ်မျက်နှာကို ရှိခိုးလေ့ရှိတဲ့ သူတွေအကြောင်း ပြသွားတာကို ကြည့်လိုက်ရပါသေးတယ်။ တိဘက်၊ မွန်ဂိုလ်နိုင်ငံတွေမှာလည်း အရပ်မျက်နှာများကို ရှိခိုးလေ့ရှိကြောင်းလည်း သိလိုက်ရပါတယ်။ တကယ်တော့ ဒီလို ကိုးကွယ်ရှိခိုးမှုတွေဟာ အခုမှ အမျိုးမျိုးရှိနေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာပါ။ အကြောက်တရားများ၊ လိုချင်မှုများ၊ အစဉ်အလာများကြောင့် ရှိခိုးကိုးကွယ်မှုများလည်း အမျိုးမျိုး ရှိနေခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း များစွားကတည်းက ရှိခဲ့တဲ့ ဒီလိုရှိခိုးကိုးကွယ်မှု အမျိုးမျိုးဟာ ဗုဒ္ဓလက်ထပ်ရောက်တဲ့ အခါမှာလည်း မပျောက်မပျက် ရှိနေခဲ့ပြီး ဒီနေ့အချိန်အထိပင် အစဉ်အလာ ယုံကြည်မှုများအရ ဆက်လက်ရှိနေခဲ့ပါတယ်။ အမျိုးမျိုးဖြစ်နေတဲ့ ရှိခိုးကိုးကွယ်မှုများမှာ အရပ်မျက်နှာကို ရှိခိုးတဲ့ အစဉ်အလာ ယုံကြည်မှုကို စွဲကိုင်ထားသူတွေလည်း အများကြီး ရှိပါတယ်။ အရပ်မျက်နှာကို ရှိခိုးတတ်တဲ့ သူတွေထဲမှာ ဗုဒ္ဓကြောင့် အယူဝါဒ ပြောင်းလဲသွားခဲ့တဲ့ သူတစ်ယောက်အကြောင်း သတိရမိပါတယ်။ သူ့နာမည်က သိင်္ဂါလပါ။ သိဂါင်္လ သတိုးသားဟာ သူ့အဖေ မသေခင်က မှာသွားတဲ့ “ချစ်သား အရပ်မျက်နှာတို့ကို ရှိခိုးရမယ်” ဆိုတဲ့ စကားကို နားထောင်လိုက်နာတဲ့ အနေ့နဲ့ မနက်တိုင်း မြို့ပြင်ထွက်ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အောက်၊ အထက်ဆိုတဲ့ အရပ်ခြောက်မျက်နှာကို ရှိခိုးလေ့ ရှိတယ်လို့ ဆိုပါတယ်။

တစ်နေ့ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့တွင်းကို ဆွမ်းခံဝင်တဲ့အချိန် အရပ်မျက်နှာတွေကို ရှိခိုးနေတဲ့ သိင်္ဂါလ သတိုးသားနဲ့ ထိပ်တိုက်တွေ့ပါတယ်။ အရပ်မျက်နှာတွေကို ရှိခိုးနေတဲ့ သိင်္ဂါလကို မြတ်ဗုဒ္ဓက “သူကြွယ်သား… ဘာကြောင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်စတဲ့ အရပ်မျက်နှာတွေကို ရှိခိုးနေတာလဲ…”လို့ မေးတော်မူတဲ့အခါ သိင်္ဂလသတိုးသားက “မှန်ပါ…။ တပည့်တော်အဖေ မသေခင်က အရပ်မျက်နှာတွေကို ရှိခိုးရမယ်လို့ မှာသွားတဲ့အတိုင်း တပည့်တော် လုပ်နေတာပါ ဘုရား…”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်ဗုဒ္ဓက “ချစ်သား အရိယာ သူတော်ကောင်းတွေရဲ့ သာသနာမှာတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ အရပ်မျက်နှာတွေကို ရှိမခိုးရပါဘူး”လို့ မိန့်တော်မူပါတယ်။ ဒီအခါ သတိုးသားက “အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအရပ်မျက်နှာမျိုးတွေကို ရှိခိုးသင့်ပါသလဲ ဘုရား…”လို့ ဆက်လက်မေးမြန်း လျှောက်ထားတဲ့အတွက် မြတ်စွာဘုရားရှင်က ရှိခိုးသင့်တဲ့ အရပ်မျက်နှာတွေကို မိန့်တော်မူပါတယ်။

“ချစ်သား… လောကမှာ ပစ္စုပ္ပန် တမလွန် ကြီးပွားချမ်းသားလိုတဲ့ သူတွေဟာ
(၁) အရှေ့အရပ်နဲ့တူတဲ့ မိဘ
(၂) တောင်အရပ်နဲ့တူတဲ့ ဆရာသမား
(၃) အနောက်အရပ်နဲ့တူတဲ့ သားမယား
(၄) မြောက်အရပ်နဲ့တူတဲ့ အဆွေခင်ပွန်း
(၅) အောက်အရပ်နဲ့တူတဲ့ အစေအပါး အလုပ်သမား
(၆) အထက်အရပ်နဲ့တူတဲ့ ရဟန်းပုဏ္ဏား
ဆိုတဲ့ အရပ်ခြောက်ပါးကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း ညစ်ညူးတဲ့ ကံလေးပါးကို ပယ်ပြီး မကောင်းမှုကို ပြုတတ်တဲ့ အကြောင်းလေးပါးကို ရှောင်ကြဉ်ကာ စည်းစိမ်းပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲဘဲ နေနိုင်အောင် ကြိုးစားရပါမယ်၊ အဲဒီလို ကြိုးစားနိုင်ရင် ပစ္စုပ္ပန် တမလွန်ကောင်းကျိုးကို ဖြစ်စေမှာဖြစ်တယ်…”လို့ မိန့်တော်မူပါတယ်။ ဒါက မြတ်စွာဘုရား ဟောတော်မူတဲ့ လုံခြုံသင့် ရှိခိုးသင့်တဲ့ အရပ်ခြောက်ပါးပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓအလိုအရ အရှေ့၊ အနောက်၊ တောင်၊ မြောက်စတဲ့ အရပ်မျက်နှာတွေဆိုတာ ရှိခိုးကိုးကွယ်ရမယ့် အရာတွေ မဟုတ်ပါဘူး။ တကယ်လို့ မဖြစ်မနေ အရပ်မျက်နှာတွေကို ရှိခိုးချင်တယ်ဆိုရင်တော့ မိဘ၊ ဆရာသမား၊ သားမယား၊ အဆွေခင်ပွန်း၊ အလုပ်သမား၊ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်တွေကိုပဲ လုံခြုံအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအရပ်တွေကို လုံခြုံအောင် ကြိုးစားတဲ့အခါမှာ ညစ်ညူးကြောင်း ကံလေးပါးဖြစ်တဲ့
(၁) သူ့အသက်သတ်ခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၂) သူ့ဥစ္စာခိုးယူခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၃) ကာမဂုဏ်အမှုမှာ မှားယွင်းစွာကျင့်ခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၄) မဟုတ်မမှန်ပြောဆိုခြင်း ဆိုတဲ့ ညစ်ညူးကြောင်းကံ
တို့ကို ပယ်ပြီး
မကောင်းမှုကို ပြုတတ်တဲ့ အကြောင်းလေးပါးဖြစ်တဲ့
(၁) ချစ်ခြင်းဆိုတဲ့ ဆန္ဒာဂတိကြောင့် မကောင်းမှုကိုပြုခြင်း
(၂) မုန်းခြင်းဆိုတဲ့ ဒေါသဂတိကြောင့် မကောင်းမှုကို ပြုခြင်း
(၃) ကြောက်ခြင်းဆိုတဲ့ ဘယာဂတိကြောင့် မကောင်းမှုကိုပြုခြင်း
(၄) မသိခြင်းဆိုတဲ့ မောဟာဂတိကြောင့် မကောင်းမှုကို ပြုခြင်း
ဆိုတဲ့ အဂတိလေးပါးကို ရှောင်ကြဉ်ကာ
စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးဖြစ်တဲ့
(၁) သေရည်သေရက်သောက်ခြင်း
(၂) အချိန်အခါမဲ့ ခရီးသွားလေ့ရှိခြင်း
(၃) ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း
(၄) လောင်းကစားခြင်း
(၅) မကောင်းတဲ့ အဆွေခင်ပွန်းနဲ့ ပေါင်းသင်းခြင်း
(၆) ပျင်းရိခြင်း
တို့ကိုလည်း မမှီဝဲမပြုလုပ်ဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် အရာတွေကို ရှောင်ကြည်ပြီး ပြုလုပ်ဖြည့်ဆည်း ထိန်းသိမ်းရမယ့် အရပ်ခြောက်မျက်နှာကို လုံခြုံအောင် ကြိုးစားနိုင်တဲ့ သူတွေဟာ ပစ္စုပ္ပန်၊ တမလွန် ကြီးပွားကြောင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောလိုတာက အရပ်ခြောက်ပါးကို လုံခြံစေဖို့ပဲ ဖြစ်ပါတယ်။ မိဘ၊ ဆရာသမား၊ ဇနီးမယား၊ အဆွေခင်ပွန်း၊ အစေခံအလုပ်သမား၊ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်ခြောက်ပါးကို လုံခြုံအောင် ထိန်းသိမ်းနေခြင်းကသာ ရှိခိုးသင့်ရှိခိုးထိုက်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်းပဲ ဖြစ်ပါတယ်။ ရှိခိုးရမယ်ဆိုလို့ ကိုယ့်ထက်သာတဲ့ သူတွေကိုရော ကိုယ့်အောက်နိမ့်တဲ့ သူတွေကိုပါ တွေ့တိုင်း လက်အုပ်ချီ ရှိခိုးနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီ ပုဂ္ဂိုလ်ခြောက်ယောက် အပေါ်မှာ ဖြည့်ကျင့်ပြုလုပ်ပေးရမယ့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဖြည့်ကျင့်ပေးတာကိုပဲ အရပ်ခြောက်ပါးကို လုံခြုံစေတယ်လို့ ဆိုလိုတာဖြစ်ပြီး ဒါကိုပဲ ပရိယာယ်တစ်မျိုးနဲ့ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများလို့ ဆိုခြင်းဖြစ်ပါတယ်။

လေကသားတို့ ကျင့်ရမယ့် မိဘနဲ့ သားသမီးကျင့်ဝတ်များ၊ ဆရာနဲ့တပည့်ကျင့်ဝတ်များ၊ အဆွေခင်ပွန်းကောင်းတို့ ကျင့်ရမယ့် ၀တ္တရားများ၊ လင်ယောက်ျား ဇနီးမယားတို့ ကျင့်ရမယ့် ၀တ္တရားများ၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ ကျင့်ရမယ့်ဝတ္တရားများ၊ ရဟန်းပုဏ္ဏားနှင့် လူဒကာဒကာမတို့ ကျင့်ရမယ့်ဝတ္တရားများ (ဒီကျင့်ဝတ်များကို ဒီနေမှာ လေ့လာနိုင်ပါတယ်) စတာတွေကို ကျေပွန်အောင် ကြိုးစားနေထိုင်ခြင်းဟာ အရပ်မျက်နှာကို လုံခြုံစေတာပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဖြည့်ကျင့်ရမယ့် ၀တ္တရားများကို ကျေပွန်အောင် လုပ်ဆောင်ပြီး ရှောင်ကြည်ရမယ့် ကံများ၊ ပယ်ရမယ့် အကုသိုလ်များ၊ ရှောင်ရှားရမယ့် ပျက်စီးကြောင်းများကိုလည်း မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို နေထိုင်နိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်များဟာ ပစ္စုပ္ပန်ရော တမလွန်ဘ၀မှာပါ ကြီးပွားနိုင်မယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက သဘာဝတရာများ၊ သက်မဲ့များအပေါ်မှာ ရှိခိုးကိုးကွယ်နေတာထက် သက်ရှိများဖြစ်တဲ့ ကျေးဇူးရှိတဲ့သူများအပေါ်မှာ ပြုလုပ်ပေးရမယ့် ၀တ္တရာများကို ကျေပွန်အောင် ပြုလုပ်နေထိုင်းခြင်းကသာ တကယ့်အစစ်အမှန် အရပ်မျက်နှာများကို လုံခြုံအောင်နေခြင်း၊ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ အကျိုးမရှိတဲ့ သက်မဲ့များ၊ သဘာဝတရားများမှာ ပူဇော်ပသနေတာတွေကို မလုပ်ကြဘဲ တစ်ဦးနဲ့တစ်ဦး ကျေးဇူးများတဲ့ သူအချင်းချင်း မသေခင်မှာ ကျေးဇူးပြုနိုင်အောင် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ မိဘများကလည်း မိဘ၀တ္တရား၊ သာသမီးများကလည်း သားသမီးဝတ္တရား၊ ဆရာကလည်း ဆရာ့တာဝန်၊ တပည့်ကလည်း တပည့်တာဝန်၊ အဆွေခင်ပွန်း အချင်းချင်းကလည်း သူ့တာဝန် ကိုယ့်တာဝန်၊ ရဟန်းသံဃာများကလည်း ရဟန်းဝတ္တရား၊ ဒကာဒကာမများကလည်း ဒကာ့ဝတ္တရား စသဖြင့် သူ့နေရာနဲ့သူ တစ်ဦးအပေါ်တစ်ဦး ကောင်းစေလိုတဲ့ စေတနာအမှန်နဲ့ ပြုမူနေထိုင် ဆက်ဆံကြမယ်ဆိုရင် ဒါဟာ အရပ်မျက်နှာတွေကို လုံခြုံနေတာပဲ ဖြစ်ပါတယ်။ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်း ဖြစ်ပါတယ်။ ဒီလိုသာ ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ကိုယ်စီ ကျေနေပြီ ဆိုရင်တော့ ဒီလူ့ဘောင်လောကကြီးဟာ ခိုက်ရန်နည်းပြီး ငြိမ်းချမ်းနေကြမှာ ဖြစ်သလို ဒီဘ၀မှ နောက်ဘ၀တွေမှာလည်း ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်အကျိုးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှိခိုးကိုးကွယ်စရာ များပြားလှတဲ့ ဒီနေ့ခေတ် ကာလကြီးမှာ ရွေးချယ်မှုလွဲပြီး ကိုးကွယ်မှု လွဲနေရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေမှာ ဖြစ်တဲ့အတွက် အကျိုးကြီးပြီး ကိုးကွယ်သင့်ရာ၊ လုံခြုံရာ၊ ရှိခိုးသင့်ရာ အမှန်ဖြစ်တဲ့ အရှေ့အရပ်နဲ့တူတဲ့ မိဘ၊ တောင်အရပ်နဲ့တူတဲ့ ဆရာသမား၊ အနောက်အရပ်နဲ့တူတဲ့ သားမယား၊ မြောက်အရပ်နဲ့တူတဲ့ အဆွေခင်ပွန်း၊ အောက်အရပ်နဲ့တူတဲ့ အလုပ်သမား၊ အထက်အရပ်နဲ့တူတဲ့ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်များကိုသာ ဖြည့်ကျင့်ရမယ့် ၀တ္တရာများ ကျေပွန်အောင်ဖြည့်ကျင့်ရင်း ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကြီးပွားအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတော့ကြောင်း စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး အရပ်မျက်နှာအမှန်ကို ရွေးချယ်နိုင်ကြပါစေ…

Read more »

အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါခြင်းမပေါခြင်းနှင့် စပ်လျဉ်း၍…

Q. အရှင်ဘုရား
အချို့ဟာ သီလနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ၊ စိတ်ကောင်းရှိသော လူရိုးလူကောင်းများ ဖြစ်သော်လည်း အဆွေခင်ပွန်း ပါးရှားခြင်း၊ အချို့ဟာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်သူများ ဖြစ်သော်လည်း အဆွေခင်ပွန်း အခြံအရံ ပေါခြင်းများ တွေ့ရပါတယ်။ ဘာကြောင့်ပါလဲဘုရား။

သီလသမာဓိနှင့် ပြည့်စုံသော ရဟန်းတော်များပင် လိမ်ညာစွပ်စွဲခံရသောအခါ အခြံအရံ အသိုင်းအဝိုင်း နည်းပါးလျှင် မမှန်စွပ်စွဲမှုဖြစ်ကြောင်း ဖြေရှင်းရမည့် ပတ်ဝန်းကျင်မရှိ၊ ဖြေရှင်းပေးမည့် အဆွေခင်ပွန်းမရှိ ဖြစ်ပြီး မျက်နှာမဖော်နိုင် ဖြစ်ရပါသည်။ ရဟန်းတော်များသည် အခြံအရံ အသိုင်းအဝိုင်းကို မတပ်မက်ရဟု ကြားဖူးပါသည်။ အသိုင်းအဝိုင်း မရှိခြင်းကြောင့် အစော်ကားခံရမှု ဖြစ်လာလျှင် မည်သို့ ပြုအပ်ပါသလဲဘုရား။
Anonymous said...

A. စူဠကမ္မ၀ိဘင်္ဂသုတ်မှာ ပါရှိတဲ့ သုဘလုလင် မေးပြီး ဗုဒ္ဓဖြေဆိုတော်မူတဲ့ အမေးအဖြေတွေထဲမှာ “အရှင်ဘုရား… လောကမှာ အချို့သောသူများဟာ အခြံအရံ မိတ်ဆွေပေါများပြီး အချို့သောသူများဟာ အခြံအရံမိတ်ဆွေ အပေါင်းအသင်း မရှိ ဖြစ်နေကြတာကို တွေရပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား..”ဆိုတဲ့ သုဘရဲ့အမေးနဲ့ “ချစ်သားသုဘ… လောက၌ အချိုသောသူများသည် မနာလိုမှု ဣဿာမရှိပဲ သူတစ်ပါးအပေါ် ၀မ်းမြောက်ပေးတတ်တဲ့ မုဒိတာ တရားအားကောင်းကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ သုဂတိဘ၀မှာ ဖြစ်ရပြီး လူဖြစ်တဲ့အခါမှာလည်း အခြံအရံမိတ်ဆွေ ပေါများတတ်ပါတယ်။ အချို့ကျတော့ သူတပါးအပေါ် မနာလိုမှု ဣဿာအလွန်များပြားပြီး ၀မ်းမြောက်မှု မုဒိတာတရား ခေါင်းပါးကြပါတယ်။ အဲဒီသူတွေဟာ ဖြစ်လေရာဘ၀မှာ မကောင်းတဲ့ဘုံဘ၀မှာ ဖြစ်ရပြီး ကုသိုလ်တစ်ခုခုကြောင့် လူ့ဘ၀ရလာရင်လည်း အခြံအရံ မိတ်ဆွေအပေါင်းအသင်း ရှားပါတတ်တယ်…” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့အဖြေ တစ်ခုရှိပါတယ်။ ဒီအမေးအဖြေအရ အချို့ဟာ ဒီဘ၀မှာ သီလနဲ့ပြည့်စုံပြီး စိတ်ကောင်းရှိပေမယ့် အတိတ်ဘ၀ တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေထဲမှာ မနာလိုမှု ဣဿာ အားကြီးတဲ့ကံကို လုပ်ခဲ့တဲ့အတွက် ဒီဘ၀မှာ အခြံအရံ မိတ်ဆွေမရှိ ဖြစ်နေတာ ဖြစ်နိုင်ပြီး ဒီဘ၀မှာ စဉ်းလဲလိမ်လည် ဂုံးတိုက်တတ်ပေမယ့် အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများတာဟာ အတိတ်ဘ၀တစ်ခုခုက လုပ်ခဲ့တဲ့ ကံတွေမှာ ဣဿာမရှိဘဲ မုဒိတာတရား အားကောင်းတဲ့ကံကို လုပ်ခဲ့တဲ့ အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။

ဒီလို အသိုင်းအ၀ိုင်း မရှိတဲ့အတွက်ကြောင့် အစွပ်အစွဲခံရမှုတွေဟာ ခုနပြောခဲ့သလို အတိတ်ရဲ့ ၀ဋ်ကျွေးကြောင့်လည်း ဖြစ်နိုင်တဲ့အတွက် ၀ဋ်ဆိုရင်တော့ ပေးဆပ်ရမယ့် သဘောရှိပါတယ်။ မြတ်စွာဘုရား ကိုယ်တော်တိုင်လည်း စွပ်စွဲခံရပါတယ်။ ဒါဟာ ၀ဋ်တစ်ခုနဲ့ လောကဓံကြောင့်ပဲ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အပေါင်းအသင်း မရှိပေမယ့် တစ်ယောက်တည်း နေတတ်တဲ့ အကျင့်ဖြစ်အောင် ကြိုးစားပြီး ဘယ်သူတွေ ဘယ်လိုပဲ စွပ်စွဲပါစေ ကိုယ့်ကိုယ်ကို ပြန်ပြီး မစွပ်စွဲမိအောင် ကိုယ့်သီလကိုယ်လုံအောင် ထိန်းပြီး နေနိုင်တာဟာ အကောင်းဆုံးပါပဲ။ စွပ်စွဲမှုတွေကို အကျင့်တရားနဲ့ သီခံမှုကို အခြေခံပြီး ကျော်လွှားနိုင်အောင် ကြိုးစားတာဟာ အကောင်းဆုံးပါပဲ။ တစ်ခါတစ်လေ စွပ်စွဲမှုတွေကို ကိုယ့်ရဲ့ အကျင့်သီလနဲ့ပဲ ရပ်တံ့သွားအောင် လုပ်နိုင်ပါတယ်။ စွပ်စွဲတဲ့အတွက် စွပ်စွဲသူတွေကို ပြန်တုံ့ပြန်မယ်ဆိုရင်တော့ သံသရာရှည်ရုံပဲ ရှိမှာဖြစ်ပါတယ်။ အဲဒါဆိုရင် သူစွပ်စွဲကိုယ်စွပ်စွဲနဲ့ စွပ်စွဲမှုတွေက ပြီးမှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် အသိုင်းအ၀ိုင်းမရှိတဲ့အတွက် အစော်ကားခံရမှုတွေကိုလည်း ကိုယ့်ရဲ့သီးခံမှု၊ အကျင့်သီလ ကောင်းမွန်မှုတွေနဲ့ အတူ အားလုံးကို ဥပေက္ခာပြုကာ တစ်ယောက်တည်း နေတတ်တဲ့ အကျင့်လေးနဲ့ပဲ ကျော်လွန်းနိုင်အောင် ကြိုးစားသင့်ပါတယ်လို့ အကြံပြုလိုက်ရပါတယ်။

Read more »

သေခြင်းရဲ့တံခါးခေါက်သံ…

အချိန်တွေက အကုန်မြန်လွန်း လှပါတယ်။ အချိန်ကုန်မြန်လွန်းတော့ ကိုယ့်ကိုယ်ကိုတောင် အိုလာတယ်ဆိုတာ သတိမထားမိဘူး ဖြစ်နေပါတယ်။ ရုပ်ကအိုလာပေမယ့် စိတ်ကမအိုပဲ ဖြစ်နေလေတော့ အိုလို့အိုမှန်းတောင် မသိလိုက်ဘူး ဖြစ်နေပါတယ်။ တရားပွဲတစ်ခုမှာ တစ်ရားပွဲအပြီး မေးခွန်းတွေ မေးတဲ့အခါ ယောဂီတစ်ယောက်က “အရှင်ဘုရား ကိုယ့်ကိုယ်ကို အိုလာတယ်လို့ ခံစားရတဲ့ အချိန်က ဘယ်လိုအချိန်မျိုး ဖြစ်ခဲ့ပါလဲ ဘုရား..”လို့ မေးလိုက်တော့ ရုတ်တရက် အဖြေခက်သွားခဲ့တဲ့ အဖြစ်နဲ့ ကြုံခဲဖူးပါတယ်။ သံဝေဂ ရမယ်ဆိုရင် ရလို့ရတဲ့ အသက်အရွယ်မှာ အိုတယ်ဆိုတဲ့ စိတ်ခံစားချက်တောင် မဖြစ်ခဲ့ဘူးဆိုတော့ တရားရဖို့ အတော့်ကို ဝေးနေပါသေးလားလို့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို ပြန်တွေးနေမိပါတယ်။ ဘာပဲဖြစ်ဖြစ် သေချာတာကတော့ သတ္တ၀ါ တစ်ယောက်ဟာ မွေး၊ အို၊ နာ၊ သေဆိုတဲ့ ဖြစ်စဉ်သဘောအရ အစဉ်အတိုင်း သွားမယ်ဆိုရင် အိုလာရင် နာလာမှာဖြစ်ပြီး နာလာရင်တော့ သေတော့မှာ ဖြစ်ပါတယ်။ နာလာတာတွေစလာပြီ ဆိုရင်တော့ သေခြင်းရဲ့တံခါး စခေါက်လာပြီဆိုတာ သတိပြုရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး (၁၉-၅-၂၀၁၀)နေ့က သွေးလှူဖို့ လပြည့်တဲ့အတွက် သွေးလှူဘဏ်ကို သွားတဲ့အခါ သွေးလှူဘဏ်က သူနာပြုဆရာမက သွေးလှူမှတ်တမ်းကြည့်ပြီး သွေးလှူလို့ မရဘူးလို့ ပြောလိုက်တော့ အံ့သြသွားမိပါတယ်။ ဘာဖြစ်လို့လဲ ပုံမှန်လှူနေကျပဲလို့ မေးလိုက်တော့ သူနာပြုဆရာမက “ပြီးခဲ့တဲ့ အခေါက်လှူထားတဲ့ သွေးပုလင်းကို စစ်ဆေးကြည့်တော့ ရောဂါဖြစ်ဖွယ် လက္ခဏာတွေ့တဲ့အပြင် ခန္ဓာကိုယ်မှာလည်း အဆီဓာတ်တွေများနေတယ်၊ အခုတစ်ခေါက် သွေးထပ်စစ်ကြည့်ဖို့ လိုတယ်၊ သွေးအဖြေကို သိပြီးမှပဲ လာလှူပါ…” ဆိုပြီး သွေးစစ်ဖို့လောက်ပဲ သွေးဖောက်ယူထားလိုက်လို့ သွေးမလှူရဘဲ ပြန်လာခဲ့ရပါတယ်။ အရင်တုန်းကတော့ ဘယ်သူမေးမေး အိုလာတယ်ဆိုတဲ့ ခံစားချက် မရှိခဲ့တာဟာ အခုလို ရောဂါလက္ခဏာတွေ့ပြီး နာလာတယ်ဆိုလိုက်တော့မှ “ဟာ… နာပြီးရင် သေရတော့မှာပါလား…၊ သေခြင်းရဲ့ တံခါးက ငါ့ကို ခေါက်လာပါရောလား…” စတဲ့အတွေးတွေနဲ့ စိတ်အစဉ်မှာ သတိဝင်လာမိပါတယ်။ ပြီးတော့ အသက်ဉာဏ်စောင့် ဆိုတဲ့စကားအတိုင်း ကိုယ့်ကျန်းမာရေးအတွက် ကျန်းမာရေး လေ့ကျင့်ခန်းနဲ့ အစားအသောက်စားတာ ဆင်ခြင်ရတော့မယ်ဆိုတဲ့ အတွေးတွေပါ ၀င်လာပါတော့တယ်။

တကယ်တော့ သတ္တ၀ါတစ်ဦးရဲ့ ဖြစ်စဉ်သဘောအရသာ နာလာရင် သေဖို့စလာတာလို့ ပြောလိုက်ရပေမယ့် သေနိုင်တဲ့ သေခြင်းတံခါးဟာ မွေးလာပြီဆိုကတည်း အချိန်မရွေး ပွင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ပုထုဇင်တွေရဲ့ သဘာဝက လက်တွေ့ထိပ်တိုက်ရင်ဆိုင် ကြုံတွေ့မှု မရှိသေးရင် ဘယ်အရာကိုမှ လေးလေးနက်နက် သတိပြုမိတယ်၊ သံဝေဂရတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့်လည်း ကျင်လည်နေရတဲ့ ဘ၀ပေး အခြေအနေလေးမှာ တဒင်္ဂ သာယာမှုများနဲ့ အိုရမှာ၊ နာရမှာ၊ သေရမှာတွေကို မေ့နေကြတာ ဖြစ်ပါတယ်။ ဟန်ဆောင်လို့ မရတာတွေ အပေါ်မှာ ဟန်ဆောင်မှုတွေနဲ့အတူ မအိုတော့မယ့်သူတွေလို၊ မနာတော့မယ့်သူတွေလို၊ မသေတော့မယ့်သူတွေလို သတိလက်လွတ် နေနေကြတာ ဖြစ်ပါတယ်။

တစ်ချို့လူတွေဆိုရင် သိသိကြီးနဲ့ပဲ အသက်မေးတာ မကြိုက်ရတာနဲ့၊ အသက်မေးတာကိုပဲ ယဉ်ကျေးမှု နားမလည်ကြဖူး ဆိုကြတာနဲ့၊ အိုလာတယ်ပြောရင် မကြိုက်ကြတာနဲ့ စသဖြင့် အမှန်တရားကို ဟန်ဆောင်မှုများ၊ အကြောက်တရားများနဲ့ အမျိုးမျိုး ဖုံးကွယ်နိုင်အောင် ကြိုးစားတတ်ကြပါတယ်။ အထူးသဖြင့် ဥရောပသားများရဲ့ အမျိုးသမီး ယဉ်ကျေးမှုလို့ပဲ ပြောရမလားမသိပါဘူး။ အမျိုးသမီးတွေကို အသက်မမေးရဘူး၊ အသက်မေးရင် ရိုင်းတယ်လို့တောင် ဆိုကြပါသေးတယ်။ ဒါဟာ အိုခြင်းတရားကို သိသိကြီးနဲ့ ဖုံးကွယ်လိုတဲ့ ဟန်ဆောင်ဖုံးကွယ်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။

အမှန်တော့ ဟန်ဆောင်ဖုံးကွယ်မှုဟာ ဘယ်လောက်ပဲ ပီပြင်အောင် ဖုံးကွယ်ထားပါစေ ဟန်ဆောင်မှု ဖြစ်နေတဲ့အတွက် တစ်နေ့တော့ ပေါ်လာကြတာပါပဲ။ အိုရမှာကြောက်လို့ အိုတယ်ဆိုတာကို ဖုံးကွယ်ထားကြပေမယ့် အချိန်တန်တော့လည်း အိုခြင်းရဲ့ လက္ခဏာတွေက ပြလာတာပါပဲ။ အရေးပြားတွေ တွန့်လာတာ၊ အရေးအကြောင်းတွေ ပေါ်လာတာ၊ သွားရလာရ ထရထိုင်ရတာတွေ မကောင်းဖြစ်လာတာ၊ ခါးကိုင်းလို့ နားထိုင်းဖြစ်လာတာ စတာတွေဟာ ရုပ်တရားရဲ့ ဖောက်ပြန်မှု သဘောအရ သိပံ္ပပညာရှင်များ ပြုပြင်လို့မရတဲ့ အိုခြင်းရဲ့ သဘာဝ တရားများဖြစ်ပါတယ်။ အသက်အရွယ်ရလာလို့ အိုလာပြီဆိုတဲ့အခါ အားနည်းလာတဲ့ ခန္ဓာကိုယ်မှာ အနာရောဂါဆိုတာတွေလည်း တစ်မျိုးပြီးတစ်မျိုး ၀င်လာကြပါတယ်။ အနာရောဂါတွေ ၀င်လာပြီဆိုရင်တော့ နောက်ဆုံးအဆုံးသတ်က သေခြင်းတရားပဲ ဖြစ်ပါတယ်။ မွေးလာကတည်းက ပွင့်လာတဲ့ သေခြင်းတံခါးဟာ ငယ်ရွယ်ချိန်မှာ မသိသာပေမယ် အိုလာပြီး နာလာတဲ့ အခါမှာတော့ ကိုယ့်ရှေ့မှာ ဖွင့်ရက်သား ဖြစ်နေတယ်ဆိုတာ သတိပြု ဆင်ခြင်သင့်ပါတယ်။

ဟုတ်ပါတယ်။ လူတွေဟာ ဒီလိုသေခြင်းရဲ့ တံခါး ခေါက်လာတာကို အသက်အရွယ် ငယ်နေသေးတာမို့ ပြီးတော့ အလုပ်များပြီး မအားလို့မို့ မသိလိုက်ကြဘူးဆိုရင်လည်း ရောဂါတစ်ခုခုကြောင့် နာတာ စလာပြီဆိုရင်တော့ သတိပြုကြဖို့ လိုအပ်လာပါပြီ။ သေခြင်းရဲ့တံခါးက ကိုယ့်အတွက် ပွင့်စပြုလာပြီဆိုတာ နှလုံးသွင်းဆင်ခြင်ကာ နာဖို့စလာပြီ ဆိုတာ သိလိုက်ချိန်ကစပြီး အနာရှိန် မပြင်းခင် သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုအပ်ပါတယ်။ တကယ်သံဝေဂရလို့ သေဖို့အတွက် ပြင်ဆင်ချင်တယ်ဆိုရင် နာလာတဲ့အချိန်က စပြီး ပြင်ဆင်ကြမယ် ဆိုရင်လည်း နောက်မကျသေးပါဘူး။ အဆိုးထဲက အကောင်းအနေနဲ့ သေဖို့လက္ခဏာ တစ်ရပ်အနေနဲ့ အရင်နာပြလာတာကိုပဲ “ငါ့အတွက် သေဖို့အချက်ပေးနေပြီ၊ အချိန်ရှိတုန်းပြင်မှပဲ…”ဆိုတဲ့ အတွေးနဲ့ ရှာကြံပြီး ကျေးဇူးတောင် တင်ရပါဦးမယ်။ တစ်ချို့ဆိုရင် အနာလက္ခဏာတောင် မပြလိုက်ဘဲ သေသွားရတဲ့အဖြစ်တွေ အများကြီး ရှိပါတယ်။ သေရတော့မယ်ဆိုတာ သတိပေး မခံလိုက်ရဘဲ သေဖို့အတွက် ဘာမှမပြင်ဆင်လိုက်ရဘဲ သေသွားသူတွေဟာလည်း အများကြီးပါပဲ။ သူတို့နဲ့စာရင် နာတဲ့သဘောတွေနဲ့ သေခြင်းတံခါးကို ခေါက်ပြခံရတဲ့ ကိုယ့်အဖြစ်က သေဖို့ပြင်ဆင်မယ်ဆိုရင် အချိန်မီသေးတယ်လို့တောင် တွေးလို့ရပါတယ်။ သေခြင်းတံခါး ခေါက်လာတာကိုတောင် ကျေးဇူးတင်ရပါဦးမယ်။

မြန်မာပြည်မှာ ရှိတုန်းက အေအိုင်ဒီအက်စ် ကူးစက်ခံရတဲ့ လူငယ်လေးတစ်ယောက်ကို စိတ်ဓာတ်ခွန်အား တိုးပွားစေဖို့ အားဖြည့်စကား ပြောဖြစ်ခဲ့ရပါသေးတယ်။ ဒီဒကာလေးဟာ ၂၆နှစ်အရွယ် ငယ်ရွယ်နေတုန်းအချိန် သေရတော့မယ်ဆိုတဲ့ တိကျတဲ့ ခုလို တံခါးခေါက်သံ ရောက်လာတော့ တုန်လှုပ်ချောက်ချားမိမှာ သဘာဝပါပဲ။ ဘုန်းဘုန်းအနေနဲ့ ဓမ္မသဘာဝကို ယှဉ်ထိုးပြီး သူ့ရဲ့စိတ်ဓာတ်ခွန်းအားကို တွန်းပို့ပေးဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းက သူ့ကို “ဒီလို ရောဂါလက္ခဏာတွေကြောင့် နာရတဲ့အပေါ်မှာ ပြီးတော့ နာခြင်းရဲ့နောက်မှာ သေခြင်းတရားရှိတယ် ဆိုတဲ့အပေါ်မှာ ထိတ်လန့်တဲ့ အတွေးတွေနဲ့ အရမ်းမကြောက်မိဖို့ လိုကြောင်း၊ တကယ်တော့ ရုပ်တရားကြီးကိုက အနားရောဂါစုကြီး တစ်ခုပဲ ဖြစ်ကြောင်း၊ ဒီလို ရောဂါမျိုးဆိုတာ စိတ်ဓာတ်မကျဘဲ သတိတရားနဲ့ ဆင်ခြင်ပြီး နေနိုင်ရင် သက်တမ်းစေ့ နေလို့ရကြောင်း၊ အဆိုးထဲက အကောင်းအနေနဲ့ ပြောရရင် သေရမယ့် လက္ခဏာမပြ၊ အနာရောဂါ မပေါ်ကြဘဲ ရုတ်တရက် သေသွားတဲ့ သူတွေနဲ့စာရင် ဒကာလေးအဖြစ်က သေတော့မယ်ဆိုတဲ့ အချက်ပြ သတိပေးမှုလေးတွေ ရှိလာတဲ့အတွက် သေဖို့အတွက် ပြင်ဆင်ချိန်ရလို့ ပိုလို့တောင် ကောင်းသေးကြောင်း၊ ဒါကြောင့် ခုချိန်ကစပြီး သေခြင်းရဲ့ တံခါးစခေါက်လာတာကို သတိပြုဆင်ခြင်ကာ သေတဲ့အချိန်အထိ ကိုယ်ကျင့်တရားနဲ့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ပြီး သေဖို့အတွက် ပြင်ဆင်ဖို့လိုကြောင်း” စသဖြင့် ခွန်အားဖြည့်တရားစကား ဟောပြောပေးဖြစ်ခဲ့ပါတယ်။

အမှန်တော့ ဘုန်းဘုန်းအပါအ၀င် လူအတော်များများကို သေခြင်းရဲ့ တံခါးက မကြာမကြာ ခေါက်ပြနေတတ်ပါတယ်။ သေခြင်းတရားက ငယ်တဲ့သူတွေကိုလည်း ငယ်တဲ့အလျောက်၊ အလယ်အလတ် သူတွေကိုလည်း အလယ်အလတ် အလျောက်၊ ကြီးတဲ့သူတွေကိုလည်း ကြီးတဲ့အလျောက် အနာရောဂါ တစ်ခုခုနဲ့ သတိပေး နေတတ်ပါတယ်။ အနာလေးနဲ့ အနာကြီးပဲ ကွာခြားမှာ ဖြစ်ပါတယ်။ လူ့သဘောအရ ချက်ချင်းသေနိုင်လောက်တဲ့ အနာရောဂါ မဖြစ်သေးရင် ကျန်တဲ့အနာလောက်ကို သတိမမူမိကြလို့သာ သေခြင်းရဲ့ တံခါးခေါက်တာကို မသိကြခြင်း ဖြစ်ပါတယ်။ တကယ်တော့ အနာလေးတွေနဲ့ စပြီး သတိပေးနေတဲ့ အချိန်ကစပြီး သေဖို့အတွက် ပြင်ဆင်ကြဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ဘဲ ချက်ချင်း သေရလောက်တဲ့ အနာကြီးဖြစ်မှ သေဖို့အတွက် ပြင်ဆင်ကြမယ်ဆိုရင်တော့ အနာပြင်းလွန်းလို့ သေဖို့အတွက် မပြင်ဆင်နိုင်ဘဲ ဖြစ်တတ်ပါတယ်။ တစ်ချို့ဆိုရင် ရောဂါသိပ်ပြင်းပြီး သေလုမျောပါးဖြစ်မှ တရားနာခိုင်းတာတို့၊ တရားမှတ်ခိုင်းတာတို့ လုပ်တတ်ကြပေမယ့် အစထဲက လေ့ကျင့်မှု မရှိတဲ့အခါဆိုတော့ အဲဒီအချိန်မှာ လုပ်မရတော့တဲ့ အဖြစ်နဲ့ ကြုံရတတ်ပါတယ်။ သေခြင်းတရားက သတိပေးနေတာ ကြာပေမယ့် လွန်မှလုပ်တော့လည်း နောက်ကျသွားတဲ့ သဘောပါပဲ။ ဒါကြောင့် အနာမကြီးပေမယ့် အနာစပြီဆိုတာနဲ့ သေဖို့အတွက် ပြင်ဆင်နိုင်မယ်ဆိုရင်လည်း နောက်မကျသေးဘူးဆိုတာ သတိပြုကြဖို့ လိုပါတယ်။ အကောင်းဆုံးက အနာစသည်ဖြစ်စေ၊ မစသည်ဖြစ်စေ သေခြင်းတံခါး ခေါက်သည်ဖြစ်စေ၊ မခေါက်သည်ဖြစ်စေ သေဖို့အတွက် ကြိုတင်ပြီး ပြင်ဆင်ထားနိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် မွေးလာပြီဆိုကတည်း ကပ်ပါလာတဲ့ သေခြင်းတရားဟာ ရောက်လာတော့မယ်ဆိုရင် အချက်ပြလာ၊ သေခြင်းရဲ့ တံခါးပွင့်လာ တတ်တဲ့အတွက် အနာရောဂါ တစ်ခုခုပြလာလို့ သေခြင်းတံခါး ဖွင့်လာပြီဆိုရင်တော့ အချိန်မနှောင်းခင် သေခြင်းတရားကို ရင်ဆိုင်နိုင်အောင် ကုသိုလ်အလုပ်များနဲ့ ကြိုတင်ပြင်ဆိုထားကြဖို့နဲ့ အနာရောဂါ မပြပေမယ့်လည့် သေခြင်းတရားဆိုတာ အချိန်မရွေ၊ အရွယ်မရွေး၊ နေရာမရွေး လာနိုင်တာဖြစ်တဲ့အတွက် ဘယ်နေရာ၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် ကုသိုလ်တရားကို ရအောင်ရှာရင်း ကုသိုလ်အလုပ်များနဲ့ သေခြင်းတံခါး အဖွင့်ကို ၀င်နိုင်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါကြောင်း “သေခြင်းရဲ့ တံခါးခေါက်သံ..”ဆိုတဲ့ သတိပေးစကားဖြင့် တိုက်တွန်းလိုက်ရခြင်း ဖြစ်ပါတယ်။

Read more »

အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု...

“အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု”
ဒီခေါင်းစဉ်လေးဟာ သာသနာ့တက္ကသိုလ် ကျောင်းသားဘ၀မှာ ပိဋကတ်ဆိုင်ရာ မြန်မာစာဌာနရဲ့ ဆရာကြီးတစ်ဦး ရေးခိုင်းတဲ့ စာစီစာကုံး ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းကတော့ ဆရာခိုင်းလို့သာ ရေးလိုက်ရပေမယ့် ဒီခေါင်းစဉ်ရဲ့ အဓိပ္ပါယ်လေးနက်မှုကို သိပ်ပြီးသဘော မပေါက်မိခဲ့ပါဘူး။ တဖြည်းဖြည်း အရွယ်လေးလည်းရလာ၊ ဖြတ်သန်းကျင်လည်ခဲ့ရတဲ့ ပတ်ဝန်းကျင် အတွေ့အကြုံလေးတွေကလည်း များလာတဲ့အခါမှာတော့ ဒီခေါင်းစဉ်လေးရဲ့ သဘောကို ကောင်းကောင်း သိလာခဲ့ရပါတယ်။ မှားခဲ့တာတွေ များလာတဲ့အခါမှာတော့ အဲဒီအမှားများကို ပြန်လည်ဆင်ခြင်ရင်း အမှန်လေးတွေ ရောက်လာတာကို ကိုယ်တွေ့သိမြင်လာခဲ့ ရပါတယ်။ ဒါပေမယ့် အမှားကို အမှားလို့ သိဖို့ဆိုတာက ထောက်ပြပြုပြင် ပေးမယ့်သူ ရှိမှပဲ သိနိုင်မှာ ဖြစ်ပါတယ်။ ဆရာသမားကောင်းတွေ ရှိမှလည်း အမှားအမှန် ခွဲခြားနိုင်ပြီး ပြုပြင်လာနိုင်မှာ ဖြစ်ပါတယ်။

မှန်ပါတယ်။ အမှားဆိုတာကတော့ ပုထုဇင်ပုဂ္ဂိုလ်ဖြစ်နေသမျှ မှားနေကြဦးမှာပဲ ဖြစ်ပါတယ်။ သတိမခိုင် ဉာဏ်မပိုင်သေးတဲ့ အတွက်လည်း အမှားတွေကို တစ်ခုခုပြီး တစ်ခုလုပ်နေမိကြခြင်း ဖြစ်ပါတယ်။ အမှားလေးတွေ လုပ်မိတတ်ကြသလို အမှားကြီးတွေလည်း လုပ်မိတတ်ကြပါတယ်။ အပြုအမူမှားတွေ ရှိကြသလို အပြောမှား အကြံမှားလေးတွေလည်း ရှိတတ်ကြပါတယ်။ မှားတတ်တဲ့သတ္တ၀ါတွေ ဖြစ်တဲ့အတွက် မှားမိကြတာ မဆန်းပေမယ့် အဲဒီအမှားအပေါ် သတိပြုဆင်ခြင်ပြီး ပြုပြင်တတ်ရင်တော့ ဆန်းသွားပါပြီ။ အမှားကို သိပြီးအမှန်မြင်မိရင်တော့ ခေတ်စကားနဲ့ ပြောရရင် လန်းသွားပါပြီ။ တကယ်တော့ အမှားဆိုတာ လုပ်တဲ့သူကိုယ်တိုင် မြင်မိဖို့ခက်သလို တစ်ခြားသူက မြင်လို့ ထောက်ပြရင်လည်း ပြင်ဖို့ ခက်တတ်ပါတယ်။ သတ္တ၀ါ တစ်ဦးချင်းမှာ ရှိနေတဲ့ အတ္တ၊ မာနတွေကြောင့် တစ်ယောက်ယောက်က ကိုယ့်အမှားကို ပြောပြလာရင် အလွယ်တကူ ၀န်ခံပြီး ပြုပြင်နိုင်ဖို့ ခက်ခဲတတ်ပါတယ်။ ပညာ၊ ရာထူး၊ ငွေစတဲ့ ဂုဏ်ပကာသန ရှိတဲ့သူတွေဆို ပိုဆိုးပါတယ်။ မှားမှန်းသိနေတာတောင်မှ ငါဆိုတဲ့ မာနကြောင့် အမှားကိုဝန်ခံပြီး အမှန်မပြင်မိကြဘဲ အမှားအတိုင်းသာ ဆက်သွားနေတတ်ကြပါတယ်။ ဒါကြောင့် အမှားကို အမှားလို့ သိပြီး အမှန်ပြင်နိုင်သူဟာ အာဂလူလို့ ဆိုခြင်းဖြစ်ပါတယ်။ အမှားပုံကို ဉာဏ်နှင်ရှုပြီး အမှန်ပုံကို လိုက်၍တုနိုင်သူဟာ တိုးတက်အောင်မြင်ဖို့အတွက် လမ်းစပွင့်သူလို့ ပြောခြင်းဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တိုင်လည်း မှားခဲ့ပါတယ်။ မှားနေဦးမှာပါပဲ။ ဒါပေမယ့် အမှားကို ထောက်ပြလာရင်တော့ ၀မ်းမြောက်မှုနဲ့အတူ ကြည်ဖြူစွာ ကြိုဆိုလက်ခံရင်း အမှန်ပြင်နိုင်အောင်တော့ ကြိုးစားတတ်ပါတယ်။ အမှားထောက်ပြပေးတာကိုလည်း အပြစ်မမြင်ဘဲ ကျေးဇူးတင်နိုင်အောင် လေ့ကျင့်ဖြစ်ပါတယ်။ ပုထုဇင်ဖြစ်နေတဲ့ အတွက်ကြောင့် မှားတတ်တယ်ဆိုတဲ့ သဘောကို သိနေပြီး ဒီလို မှားတတ်တာလေးတွေကို ပြုပြင်ပေးမယ့် သူများကို အမြဲကြိုဆိုမိနေခြင်း ဖြစ်ပါတယ်။ ကံကောင်းစွာပဲ အမှားကို ထောက်ပြပြုပြင်ပေးတဲ့ ဆရာသမားများကလည်း နေရာအတော်များများမှာ ရှိနေလေတော့ အမှားလေးကျူးလွန် မိတတ်ပေမယ့် အမှားကြီးအဖြစ် ရောက်မသွားခဲ့ပါဘူး။ ဒါကြောင့်လည်း မှားတတ်တဲ့ သတ္တ၀ါတွေအတွက် အမှားပြုပြင်ပေးမယ့် ဆရာသမားများ၊ သူတော်ကောင်းများ လိုအပ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သုံးရက်လောက်ကတောင်မှ ဘုန်းဘုန်းဆီကို အီးမေးလ်တစ်စောင် ရောက်လာပါသေးတယ်။ အင်္ဂလန်ကို ရောက်နေတဲ့ ဆရာသမား ဆရာဘုန်းကြီး တစ်ပါးထံက ပို့လိုက်တဲ့ စာလေးပါ။ မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ဘုန်းဘုန်းရေးပြီး တင်လိုက်တဲ့ ပို့စ်တစ်ခုမှာပါတဲ့ အကြောင်းအရာ ဝေါဟာရ အသုံးအနှုန်း မှားနေတဲ့အကြောင်း ထောက်ပြပေးလာပါတယ်။ အရိုးခံပြောရရင် ရင်ထဲမှာ ဖော်မပြနိုင်အောင် ၀မ်းသာမိခဲ့ရပါတယ်။ အမှားလေးကို ပြုပြင်ပေးတဲ့ ဆရာသခင် ကျေးဇူးရှင်ကိုလည်း အကြိမ်ကြိမ် ကျေးဇူးတင်နေမိပါတယ်။ ကျေးဇူးတင်လွန်းလို့ ဆရာတော်ဆီ ပြန်ကြားလျှောက်ထားမိတဲ့ ပြန်စာမှာတောင်မှ ကျေးဇူးတင်စကားကို အကြိမ်ကြိမ် ရေးဖြစ်ခဲ့ပါတယ်။ ဟန်ဆောင်မှုမဟုတ်တဲ့ တကယ့်ကို ရိုးရှင်းတဲ့ ခံယူချက်နဲ့ ဆရာ့အပေါ် ကျေးဇူးတင်မိတာ ဖြစ်ပါတယ်။

တကယ်တော့ အင်တာနက် စာမျက်နှာပေါ်မှာ အသိပညာ ဗဟုသုတဖြစ်ဖွယ် စာတွေ ရေးပေးနေတဲ့ ဘုန်းဘုန်းတို့လို အွန်လိုင်းစာရေးသူများအတွက် ဒီလို မှားတာလေးတွေကို ထောက်ပြပြုပြင် ပေးနိုင်မယ့် ဆရာတွေအများကြီး လိုအပ်ပါတယ်။ ဥပဒေမရှိ၊ တည်းဖြတ်သူမရှိတဲ့ အင်တာနက် စာမျက်နှာတွေမှာ ကိုယ်ပိုင်အတွေးအခေါ် သက်သက်နဲ့ လွတ်လွတ်လပ်လပ် ရေးနေကြတဲ့ စာပေတွေမှာ ဘေးက အဲဒီလို ထောက်ပြပြုပြင် ပေးမယ့်သူတွေ မရှိဘူးဆိုရင် အမှားကို မသိနိုင်တဲ့အပြင် ကြာရင်အမှားကို အမှန်ထင်သွားတတ်ပါတယ်။ ပိုပြီး အန္တရာယ် ဖြစ်စေနိုင်တာက ကိုယ်ရေးတာတွေကို စာဖတ်သူတွေက အားလုံးအမှန်ထင်ပြီး ရေးတဲ့အတိုင်း ဖတ်မှတ်လေ့လာ ကျင့်ကြံသွားမိတဲ့အခါ ပိုဆိုးပါတယ်။ ဒီလိုအချိန်မျိုးမှာ ဒီအမှားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်မသွားခင်၊ အမှားလေးက အမှားကြီး ဖြစ်မသွားခင် အမှားကို ပြုပြင်ပေးတဲ့ သူတော်ကောင်းများရဲ့ အကူအညီတွေ အများကြီး လိုအပ်ပါတယ်။

ဘုန်းဘုန်းအတွက်ကတော့ ဒီလို ပြုပြင်ပေးတဲ့ သူဆို ဘယ်သူမဆို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုနိုင်အောင် ကြိုးစားနေပါတယ်။ အားလုံးလည်း ဒီလိုပဲ ဖြစ်သင့်ပါတယ်။ အမှားမကင်းတတ်တဲ့ သူတွေဖြစ်လို့ အမှားလုပ်တတ်မိပေမယ့် အမှားကို ပြုပြင်တတ်ဖို့လည်း အားထုတ်သင့်ပါတယ်။ အမှားကို ပြုပြင်ပေးလာရင်လည်း ၀မ်းမြောက်စွာနဲ့ လက်ခံပြုပြင်နိုင်ဖို့လည်း လေ့ကျင့်သင့်ပါတယ်။ အမှားလုပ်မိလို့ သူတော်ကောင်းများက ပြောလာရင်လည်း စိတ်ဆိုးစိတ်တို မဖြစ်ကြဘဲ ကျေးဇူးတင် ၀မ်းမြောက်စွာ လက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပုထုဇင် သဘာဝ ကိုယ့်ကိုထောက်ပြလာရင် မကျေမနပ် ဖြစ်တတ်ကြပေမယ့် သေသေချာချာ တွေးကြည့်လိုက်ရင် ကိုယ့်အတွက် ပြောတယ်ဆိုတာ ကောင်းကောင်းသိနိုင်ပါတယ်။ ဒီလို စဉ်းစားပြီး အမှားကိုမြင်လို့ အမှန်ပြုပြင်လိုက်တယ်ဆိုရင် ကိုယ့်အတွက်ရော ကိုယ့်ကိုအကြောင်း ပြုနေသူတွေ အတွက်ပါ အကောင်းဆုံး အကျိုးဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမှားကို ထောက်ပြလာရင် အဲဒီအမှားကို ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပြီး နောင်မမှားရအောင်နဲ့ အမှန်ဖြစ်အောင် လိုက်ကျင့်နိုင်ဖို့အတွက် “အမှားပုံကို ဉာဏ်နှင့်ရှု၊ အမှန်ပုံကို လိုက်၍တု”လို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အမှားမကင်းတဲ့ လောကကြီးမှာ မှားတတ်တဲ့ သူတွေဖြစ်နေပေမယ့် အမှားကို သိပြီး အလွယ်တကူ လက်ခံပြုပြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ အမှား ထောက်ပြလာရင်လည်း မကျေမနပ် မဖြစ်ကြဘဲ ထောက်ပြလာတဲ့ အမှားကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး နောင်မမှားအောင် သတိဆောင်ဖို့လိုကြောင်း ပြောလိုရင်း ဖြစ်ပါတယ်။ အမှားကို ပြုပြင်ပေးလာ၊ ထောက်ပြပေးလာမယ်ဆိုရင် ငယ်တဲ့သူက ထောက်ပြတာပဲ ဖြစ်ဖြစ်၊ ကြီးတဲ့သူ့က ညွန်ပြတာပဲ ဖြစ်ဖြစ် ခံယူနိုင်အောင် ကြိုးစားသင့်ပါတယ်။ အငယ်က ပြောရကောင်းလားဆိုပြီး မကျေမနပ် မဖြစ်ဖို့လည်း လိုပါတယ်။ အမှားဆိုတာ ငယ်တဲ့သူလည်း လုပ်မိတတ်သလို ကြီးတဲ့သူလည်း လုပ်မိတတ်တဲ့အတွက် ကိုယ်ကကြီးနေပေမယ့် ကိုယ်ကမှားနေရင်တော့ ကျေကျေနပ်နပ် လက်ခံနိုင်အောင် ကြိုးစားသင့်ပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးလိုပေါ့။ အရှင်သာရိပုတ္တရာ မထေရ်ကြီးဟာ ပညာအရာ ဧတဒဂ်ရတဲ့ အဂ္ဂသာဝကြီး ဖြစ်ပေမယ့် သင်္ကန်းမညီလို့ ထောက်ပြလာတဲ့ ကိုရင်ငယ်လေးကိုလည်း တရိုတသေနဲ့ “တင်ပါ… ပြန်ပြင်ဝတ်ပါမယ်ဘုရား..”ဆိုကာ ပြင်ဝတ်သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ကြီးတာငယ်တာနဲ့ မဆိုင်ဘဲ အမှားထောက်ပြ ပေးတဲ့အပေါ်မှာ အလွယ်တကူ လက်ခံပြုပြင်တတ်တဲ့ သူတွေရဲ့ သဘောလက္ခာဏာပဲ ဖြစ်ပါတယ်။

ဒါကြောင့် မှားတတ်တဲ့ လောကကြီးမှာ နေနေကြတဲ့သူတွေ အနေနဲ့ မှန်တာတွေလည်း ရှိပြီး မှားတတ်တာလည်း ရှိတတ်အတွက် မှားတတ်တဲ့ အမှားတွေကို သတိပြု ဆင်ခြင်ကာ အမှန်ပြင်နိုင်အောင် ကြိုးစားကြဖို့ လိုသလို အမှားထောက်ပြလာရင်လည်း အဲဒီအမှားကို အလွယ်တကူ လက်ခံပြုပြင်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ အမှားထောက်ပြလာခဲ့ရင် ငယ်တဲ့သူက ထောက်ပြတာပဲ ဖြစ်ဖြစ်၊ ကြီးသူက ညွန်ပြတာပဲ ဖြစ်ဖြစ် မကျေမနပ် မဖြစ်ကြဘဲ ကိုယ့်အကျိုးကို လိုလားလို့ ပြောတာပဲဆိုတဲ့ အတွေးနဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်အောင် လေ့ကျင့်သင့်ပါတယ်။ အမှားဆိုတာ အများက ပြမှ မြင်နိုင်တာဖြစ်တဲ့အတွက် ပြလာတဲ့အမှားကို မြင်အောင်ကြည့်ပြီး အမှားပုံကို ဉာဏ်နှင့်ရှုကာ အမှန်ပုံကို လိုက်၍တုကြဖို့ စေတနာစကား ပါးလိုက်ရပါကြောင်း…။ အားလုံး… အမှားမြင်၍ အမှန်ပြင်နိုင်ကြပါစေ…

Read more »

ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်း…

“ဘုန်းဘုန်းက… တရားထိုင်တာလား ပုတီးစိပ်တာလားဘုရား…၊ ပုတီးစိပ်တဲ့အခါ ဘယ်နည်းနဲ့စိပ်လဲ ဘုရား…၊ ပုတီးစိပ်တာဟာ ဘာကျင့်စဉ်ပါလဲ ဘုရား…” စတဲ့ အမေးများနဲ့အတူ အရှင်ဘုရားစိပ်တဲ့ ပုတီးစိပ်နည်းရှိရင် ချီးမြင့်ပေးပါလို့ လျှောက်ထားလာတဲ့ သူတွေရှိတဲ့အတွက် ဒီဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ မေးထားတဲ့ မေးခွန်းတွေထဲမှာ အရှင်ဘုရား ပုတီးစိပ်လား၊ တရားထိုင်လားဆိုတဲ့ မေးခွန်းကို ပုတီးလည်းစိပ်၊ တရားလည်း ထိုင်တယ်လို့ပဲ ဖြေပေးဖြစ်ပါတယ်။ နှစ်ခုလုံးက လုပ်သင့်တဲ့ အလုပ်ဖြစ်နေသလို ဘုန်းဘုန်းကိုယ်တိုင်လည်း လုပ်ဖြစ်နေလို့ပါ။ ပြီးတော့ ကျင့်စဉ်တစ်ခု အနေနဲ့ပြောရင် ပုတီးစိပ်တာဟာ သမထကျင့်စဉ် တစ်ခုဖြစ်ပါတယ်။ ပုတီးသမိုင်းအကြောင်း ရေးထားတဲ့ စာအုပ်များလည်း ရှိတဲ့အတွက် ဗဟုသုတ ရလိုက ပြန်လည်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။ သေချာတာကတော့ ပုတီးစိပ်ခြင်းဟာ သမထနည်းတစ်ခု ဖြစ်တဲ့အတွက် ကုသိုလ်ရစေတဲ့ ဘာဝနာ လုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။

ဘုန်းဘုန်းစိပ်တဲ့ ပုတီးစိပ်နည်းကတော့ ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းပါ။ ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာဂုဏ်တော် (၉)ပါးကို အစဉ်အတိုင်း ပဋ္ဌာန်း (၂၄)ပစ္စည်းနဲ့ ကွန်ချာသဘော အာရုံပြုပြီး စိပ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရတာနာသုံးပါးရဲ့ ဂုဏ်တော်များကို ပေါင်းလိုက်ရင် (၂၄) ဖြစ်သလို၊ ပဋ္ဌာန်းပစ္စည်းကလည်း (၂၄)ဖြစ်တဲ့အတွက် ဂုဏ်တော်တစ်ခုကို ပဋ္ဌာန်းပစ္စည်းတစ်ခုနဲ့ တွဲစပ်ပြီး ဂုဏ်တော်ကိုလွှမ်း ပဋ္ဌာန်းကျမ်းနဲ့ ပူဇော်ကာ အာရုံပြုပြီး ဒီဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းကို ရွတ်ဆိုပွားများခြင်း ဖြစ်ပါတယ်။ ရတာနာသုံးပါးရဲ့ ဂုဏ်တော်များနဲ့ ပဋ္ဌာန်းပစ္စည်းဟာ အဓိပ္ပါယ်အားဖြင့် ဆက်စပ်မှု မရှိပေမယ့် ဂုဏ်တော်ဆိုတဲ့ အသိနဲ့ တစ်ကန့်စီကို တစ်ပြိုင်တည်း ရွတ်ဆိုပူဇော်ခြင်း ဖြစ်ပါတယ်။ ရတနာမြတ်သုံးပါးရဲ့ ဂုဏ်တော်များဟာ ပွားများလျှင် ပွားများသလောက် ပွားများသူများကို တန်ခိုး၊ ပညာ၊ ဥစ္စာများ တိုးပွားစေတတ်သလို ပဋ္ဌာန်းတော်၏ တန်ခိုးတော်ဟာလည်း ဉာဏ်ပညာကြီးခြင်း အန္တရာယ်ကင်းခြင်း စတဲ့ အစွမ်းအာနိသင်များလည်း ဖြစ်စေပါတယ်။

ဒါကြောင့် ဒီနှစ်ခုလုံးကို အာရုံပြု ပွားများနိုင်တဲ့ သူများအတွက်လည်း တန်ခိုးပညာဥစ္စာများအပြင် ဉာဏ်ပညာများလည်း တိုးတက်နိုင်စေပါတယ်။ အဓိကကတော့ ယုံကြည်မှုသဒ္ဓါတရားနဲ့ နေ့စဉ်ပွားများတဲ့ စရဏတရားက အဓိကကျပါတယ်။ အကျိုးပေးတာ မပေးတာ ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ရအောင် လုပ်ရမှာက ကိုယ့်အလုပ်လို့ သဘောထားကာ ကုသိုလ်တရား တိုးပွားအောင်သာ ဂုဏ်တော်ကိုမှန်းပြီး ပူဇော်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။ နေ့စဉ်ပုံမှန် နိစ္စ၀တ်တစ်ခုအဖြစ် သဘောထားကာ ပုတီးစိပ်လိုက စိပ်နိုင်ပြီး ပုတီးမပါပဲလည်း နေ့စဉ် မနက်တစ်ခေါက် ညတစ်ခေါက်လောက် ပုံမှန်ရွတ်နေနိုင်ရင်လည်း သမထကျင့်စဉ်တစ်ခု အနေနဲ့ အကျိုးကြီးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တစ်နေ့ ဒီလိုနေ့စဉ် ကုသိုလ်လေးတစ်ခုတော့ ရအောင်ယူမယ်လို့ စိတ်ကူးရှိတဲ့ သူတွေအတွက် အောက်ပါ ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိပ်နည်းကို ဓမ္မလက်ဆောင်အဖြစ် ဖြန့်ဝေလိုက်ရပါတယ်။

ဂုဏ်တော်ပဋ္ဌာန်း ပုတီးစိတ်နည်း…
၁။ ဣတိပိ သော ဘဂ၀ါ အရဟံ၊ ဟေတုပစ္စယော။
၂။ ဣတိပိ သော ဘဂ၀ါ သမ္မာသမ္ဗုဒ္ဓေါ၊ အာရမ္မဏပစ္စယော။
၃။ ဣတိပိ သော ဘဂ၀ါ ၀ိဇ္ဇာစရဏသမ္ပန္နော၊ အဓိပတိပစ္စယော။
၎။ ဣတိပိ သော ဘဂ၀ါ သုဂတော၊ အနန္တရပစ္စယော။
၅။ ဣတိပိ သော ဘဂ၀ါ လောက၀ိဒူ၊ သမနန္တရပစ္စယော။
၆။ ဣတိပိ သော ဘဂ၀ါ အနုတ္တရောပုရိသဓမ္မသာရထိ၊ သဟဇာတပစ္စယော။
၇။ ဣတိပိ သော ဘဂ၀ါ သတ္ထာဒေ၀မနုဿာနံ၊ အညမညပစ္စယော။
၈။ ဣတိပိ သော ဘဂ၀ါ ဗုဒ္ဓေါ၊ နိဿယပစ္စယော။
၉။ ဣတိပိ သော ဘဂ၀ါ ဘဂ၀ါ၊ ဥပနိဿယပစ္စယော။
၁၀။ သွာက္ခာတော ဘဂ၀တာ ဓမ္မော၊ ပုရေဇာတပစ္စယော။
၁၁။ သန္ဒိဋ္ဌိကော ဘဂ၀တာ ဓမ္မော၊ ပစ္ဆာဇာတပစ္စယော။
၁၂။ အကာလိကော ဘဂ၀တာ ဓမ္မော၊ အာသေ၀နပစ္စယော။
၁၃။ ဧဟိပဿိကော ဘဂ၀တာ ဓမ္မော၊ ကမ္မပစ္စယော။
၁၄။ သြပနေယျိကော ဘဂ၀တာ ဓမ္မော၊ ၀ိပါကပစ္စယော။
၁၅။ ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ ဘဂ၀တာ ဓမ္မော၊ အာဟာရပစ္စယော။
၁၆။ သုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ ဣနြ္ဒိယပစ္စယော။
၁၇။ ဥဇုပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ ဈာနပစ္စယော။
၁၈။ ဉာယပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ မဂ္ဂပစ္စယော။
၁၉။ သာမိစိပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော၊ သမ္ပယုတ္တပစ္စယော။
၂၀။ အာဟုနေယျော ဘဂ၀တော သာဝကသံဃော၊ ၀ိပ္ပယုတ္တပစ္စယော။
၂၁။ ပါဟုနေယျော ဘဂ၀တော သာဝကသံဃော၊ အတ္ထိပစ္စယော။
၂၂။ ဒက္ခိဏေယျော ဘဂ၀တော သာဝကသံဃော၊ နတ္ထိပစ္စယော။
၂၃။ အဉ္ဖလီကရဏီယော ဘဂ၀တော သာဝကသံဃော၊ ၀ိဂတပစ္စယော။
၂၄။ အနုတ္တရံ ပုညခေတ္တံ လောကဿ ဘဂ၀တော သာဝကသံဃော၊ အ၀ိဂတပစ္စယော။

မှတ်ချက်။ ပုတီးစိပ်တဲ့အခါ ဂုဏ်တော်စဉ် တစ်ခုပြီးလျှင် ပုတီးတစ်လုံးချနိုင်သလို၊ ၂၄ခုလုံးပြီးမှ ပုတီးတစ်လုံးချလိုက ချနိုင်ပါတယ်။ ရွတ်ဆိုတဲ့အခါမှာတော့ ဒီအတိုင်း အစဉ်အတိုင်း ရွတ်ဆိုပူဇော်သွားရုံပဲ ဖြစ်ပါတယ်။ အဓိကကတော့ ယုံကြည်မှုသဒ္ဓါတရားနဲ့ နေ့စဉ်ပုံမှန် ရွတ်ဆိုနိုင်ဖို့ပဲ လိုပါတယ်။ ကိုယ်တတ်နိုင်သမျှ အဓိဋ္ဌာန်ဝင်ပြီး စမ်းကြည့်ပါလို့ တိုက်တွန်းလိုပါတယ်။ ရွတ်ဆိုပွားများတဲ့အခါ ဂုဏ်တော်များကို ပိုပြီး အာရုံပြုနိုင်ရန် အတွက်လည်း မြန်မာပြန်အဓိပ္ပါယ်ကိုပါ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

မြန်မာပြန် အဓိပ္ပါယ်
၁။ ဘုရားရှင်သည် မြတ်သောအလှူကို ခံယူတော်မူထိုက်ခြင်း၊ ပူဇော်အထူးကို ခံယူထိုက်ခြင်း၊ ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူခြင်းဟူသော အရဟံဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဟေတုပစ္စယော - ဟိတ် (၆)ပါး ဖြစ်၍ ပစ္စယုပ္ပန် တရားတို့အား အမြစ်သဖွယ် ကျေးဇူးပြုတတ်သော တရား။
၂။ ဘုရားရှင်သည် အလုံးစုံသော တရားတော်တို့ကို ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူခြင်းဟူသော သမ္မာသမ္ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာရမ္မဏပစ္စယော - အာရုံခြောက်ပါးဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၃။ ဘုရားရှင်သည် အသိဉာဏ်ပညာဟူသော ၀ိဇ္ဇာ၊ စရဏဟူသော အကျင့်တရားတိုနှင့် ကောင်းစွာပြည့်စုံတော်မူခြင်း ဟူသော ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အဓိပတိ ပစ္စယော - အကြီးအမှုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၎။ ဘုရားရှင်သည် သဗ္ဗညုတဉာဏ်တော်အတွက် ကောင်းစွာကြွသွားတော်မူခဲ့ခြင်း၊ ကောင်းသောစကားကိုသာ ဆိုတော်မူခြင်းဟူသော သုဂတဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အနန္တရပစ္စယော - အခြားမရှိ တစ်ဆက်တည်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၅။ ဘုရားရှင်သည် သတ္တလောက၊ သင်္ခါရလောက၊ သြကာသလောကဟူသော လောကအားလုံးကို ကောင်းစွာသိရှိတော်မူခြင်းဟူသော လောက၀ိဒူဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သမနန္တရပစ္စယော - ကောင်းစွာ အခြားမရှိ တစ်ဆက်တည်းဖြစ်၍ ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၆။ ဘုရားရှင်သည် ဆုံးမထိုက်သည့် သတ္တ၀ါ မှန်သမျှကို ယဉ်ကျေးအောင် ကောင်းစွာဆုံးမတော် မူတတ်ခြင်းဟူသော အနုတ္တရောပုရိသ ဓမ္မသာရထိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သဟဇာတပစ္စယော- အတူတကွ ဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၇။ ဘုရားရှင်သည် နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူခြင်းဟူသော သတ္ထာဒေ၀မနုဿာန ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အညမည ပစ္စယော - အချင်းချင်း အပြန်အလှန် ကျေးဇူးပြုတတ်သော တရား။
၈။ ဘုရားရှင်သည် သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင် ကောင်းစွာသိရှိတော်မူပြီး သူတစ်ပါးတို့အားလည်း သိစေတော်မူခြင်းဟူသော ဗုဒ္ဓဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ နိဿယပစ္စယော - မှီရာတည်ရာဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၉။ ဘုရားရှင်သည် ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးတို့နှင့် ပြည့်စုံတော်မူခြင်းဟူသော ဘဂ၀ါဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဥပနိဿယပစ္စယော - အားကြီးသော အကြောင်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၀။ ဘုရားရှင်၏ တရားတော်သည် ကောင်းစွာ ဟောကြားတော်မူခြင်းဟူသော သွာက္ခာတဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ပုရေဇာတ ပစ္စယော - ရှေ့ ၌ဖြစ်နှင့်၍ ကျေးဇူးပြုတတ်သော တရား။
၁၁။ ဘုရားရှင်၏ တရားတော်သည် ကိုယ်တိုင်ဒိဋ္ဌ မျက်မြင်သိမြင်နိုင်ခြင်းဟူသော သန္ဒိဋ္ဌိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ပစ္ဆာဇာတပစ္စယော - နောက်မှဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၂။ ဘုရားရှင်၏ တရားတော်သည် အခါမလင့် အကျိုးကို ပေစွမ်းနိုင်ခြင်းဟူသော အကာလိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာသေဝနပစ္စယော - အဖန်တလဲလဲ မှီဝဲ ထုံအပ်သည် ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၃။ ဘုရားရှင်၏ တရားတော်သည် ဖိတ်ခေါ်ထိုက်၊ မှတ်ကျောက်တင်ထိုက်ခြင်းဟူသော ဧဟိပဿိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ကမ္မပစ္စယော - စီရင်ခြင်း သံဝိဓာန ကိစ္စနှင့် မျိုးစေ့ဖြစ်စေခြင်း ဗီဇနိဓာန ကိစ္စဖြစ်၍ ကျေးဇူး ပြုတတ်သော တရား။
၁၄။ ဘုရားရှင်၏ တရားတော်သည် ကပ်၍ဆောင်ထားထိုက်ခြင်းဟူသော သြပနေယျိက ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိပါကပစ္စယော - အကျိုးဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၅။ ဘုရားရှင်၏ တရားတော်သည် ပညာရှိတို့သည် အသီးသီး သိအပ်မြင်အပ် ခံစားအပ်ခြင်းဟူသော ပစ္စတ္တံ ဝေဒိတဗ္ဗ ၀ိညူဟိ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အာဟာရပစ္စယော - ထောက်ပံ့ခိုင်စေတတ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၆။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ကောင်းစွာကျင့်ကြံတော်မူခြင်းဟူသော သုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဣန္ဒြိယပစ္စယော - အစိုးရသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၇။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ဖြောင့်မတ်စွာကျင့်ခြင်းဟူသော ဥဇုပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဈာနပစ္စယော - ကပ်၍ စူးစူးစိုက်စိုက် ရှုတတ်သည်၏အဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။
၁၈။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ ကျင့်ခြင်းဟူသော ဉာယပ္ပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ မဂ္ဂပစ္စယော - ထွက်မြောက်ကြောင်း နည်းလမ်းဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၁၉။ ဘုရားရှင်၏ တပည့်သား သံဃာတော်သည် ရိုသေမှုနှင့်လျော်စွာ ကျင့်ခြင်းဟူသော သာမိစိပဋိပ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ သမ္ပယုတ္တပစ္စယော - ယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၀။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် အဝေးမှယူဆောင်၍ လှူဒါန်းခြင်းကိုလည်း ခံယူတော်မူထိုက်ခြင်း ဟူသော အာဟုနေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိပယုတ္တပစ္စယော - မယှဉ်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၁။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် ဧည့်သည်အလို့ငှါ စီမံထားသော်လည်း လှူဒါန်းခြင်းကို ခံယူတော်မူထိုက်ခြင်းဟူသော ပါဟုနေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အတ္ထိပစ္စယော - ပစ္စုပ္ပန်၌ ထင်ရှားရှိဆဲဖြစ်၍ ကျေးဇူးပြုတတ်သောတရား။
၂၂။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် မြတ်သောအလှူကို ခံယူတော်မူထိုက်ခြင်းဟူသော ဒက္ခဏေယျ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ နတ္ထိပစ္စယော - မရှိသည်ဖြစ်၍် ကျေးဇူးပြုတတ်သောတရား။
၂၃။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် လက်အုပ်ချီမိုး ရှိခိုးခြင်းကိုလည်း ခံယူတော်မူထိုက်ခြင်း ဟူသော အဉ္ဇလီကရဏီယ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ ဝိဂတပစ္စယော - ကင်းမဲ့ချုပ်ပျောက်သည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။
၂၄။ ဘုရားရှင်၏ တပည့်သား အရိယာသံဃာသည် ကောင်းမှုမျိုးစေ့တို့၏ ကြဲချရာ လယ်ယာမြေကောင်းသဖွယ် ဖြစ်တော်မူခြင်းဟူသော အနုတ္တရံ ပုညခေတ္တံ လောကဿ ဂုဏ်တော်နှင့် ပြည့်စုံတော်မူ၏။ အဝိဂတပစ္စယော - မကင်းသည်ဖြစ်၍ ကျေးဇူးပြုတတ်သော တရား။

Read more »

အဟောင်းစား…

“အဟောင်းစား”ဟူသည့် ဤစကားသည် ကျောင်းအမကြီး ၀ိသာခါကိုယ်တိုင် ပြောဆိုခဲ့သည့် စကားဖြစ်၏။ ပြောဆိုခဲ့သည်မှာလည်း အခြားသူကို ရည်ရွယ်၍ ပြောဆိုခဲ့ခြင်း မဟုတ်ပေ။ မိမိ၏ ယောက္ခမဖြစ်သူ မိဂါရသူဋ္ဌေအား ရည်ရွယ်၍သာ ပြောဆိုခဲ့ခြင်း ဖြစ်၏။ သောတာပန်အဖြစ်ဖြင့် အိမ်ထောင်ကျသွားသည့် ၀ိသာခါတစ်ယောက် ကံဆိုးစွာပင် ရခဲ့သည့် လင်ယောက်ျားမှာ မိစ္ဆာဒိဋ္ဌိ တစ်ယောက်၏ သားဖြစ်နေခဲ့၏။ သောတာပန်နှင့် မိစ္ဆာဒိဋ္ဌိ တစ်အိမ်တည်း ဖြစ်နေကြသဖြင့် အရာရာမှာ ဆန့်ကျင်နေပေ၏။ အိမ်ထောင်ကျပြီး လင့်အိမ်သို့ လိုက်လာခဲ့ရသည့် ၀ိသာခါသည် ယောက္ခမဖြစ်သူ မိဂါရသူဋ္ဌေးအိမ်တွင် အခြားပြဿနာများ ကြီးကြီးမားမား မရှိသော်လည်း ရတနာသုံးပါးနှင့် စပ်လျဉ်းသည့် ကိုးကွယ်ဆည်းကပ်မှုများတွင် ပြဿနာ ဖြစ်ခဲ့ရ၏။ ၀ိသာခါသည် ရတာနာသုံးပါးကို အသက်နှင့်ထပ်တူ ကြည်ညိုဆည်းကပ်လို၏။ သို့သော် မိဂါရသူဋ္ဌေးကား ထိုအချက်ကို သဘောမကျနိုင်၊ မကျေနပ်နိုင် ဖြစ်နေပေ၏။

တစ်နေ့ ၀ိသာခါသည် မိဂါရသူဋ္ဌေ၏ ထမင်းဝိုင်းကို ယက်ခပ်ပေးနေစဉ် အိမ်ရှေ့သို့ ရဟန်းတစ်ပါး ဆွမ်းခံရပ်လာ၏။ မိဂါရသူဋ္ဌေးသည် ဆွမ်းခံကြွလာသည့် ရဟန်းကို မမြင်ချင်ယောင်ဆောင်ကာ ထမင်းကို ဆက်စားနေနိုင်သော်လည်း သောတာပန် ၀ိသာခါတစ်ယောက် ဘ၀င်မကျနိုင်ခဲ့ပေ။ ယောက္ခမ မျက်နှာကို ကြည့်နေရသဖြင့် စိတ်တိုင်းကျ ဆွမ်းလောင်းလှူရန်လည်း မဖြစ်နိုင်ပြန်ပေ။ နောက်ဆုံးတွင် ၀ိသာခါသည် အားနာနာနှင့်ပင် ဆွမ်းခံရဟန်းအား လက်အုပ်ချီကာ လျှောက်ထားလိုက်ရပေ၏။ “အရှင်ဘုရား… ကန်တော့ပါသေးရဲ့ဘုရား..၊ တပည့်တော်ရဲ့ ယောက္ခမဟာ အဟောင်းစားသူ တစ်ယောက်ပါဘုရား…၊ သီးခံတော်မူပါဘုရား…”ဟု လျှောက်ထားလိုက်သည့် ၀ိသာခါစကားကို ကြားသည့်အခါ ဆွမ်းခံရဟန်းလည်း ရှေ့ဆက်ကြွားသွားလေ၏။

ဆွမ်းခံအရှင် ကြွသွားသော်လည်း မပြီးနိုင်သည့် ပြဿနာမှာ ၀ိသာခါ၏ “အဟောင်းစား”ဟူသော စကားပင်ဖြစ်၏။ မိဂါရသူဋ္ဌေးသည် သူ့အား ၀ိသာခါက အဟောင်းစားဟု ပြောသည်ကို မကျေနပ်နိုင်ဘဲ ထမင်းစားနေချိန်တွင် အဟောင်းစားဟု ပြောဆိုခြင်းသည် ရိုင်းစိုင်းကြောင်း၊ အဟောင်းဟူသည် မကောင်းသည့် အညစ်အကြေးကို ဆိုခြင်းဖြစ်ကြောင်း စသည်ဖြင့် ဒေါသထွက်မဆုံးဖြစ်ကာ ရပ်ရွာသူကြီးများရှေ့တွင် ၀ိသာခါနှင့် ဖြစ်ခဲ့သည့် ပြဿနာများအား ဖြေရှင်းလေတော့၏။ မိဂါရသူဋ္ဌေးသည် ၀ိသာခါနှင့် ပတ်သက်သည့် စွဲချက်ပေါင်းများစွာကို တင်ပြ၏။ ထိုစွဲချက်များတွင် ဤ “အဟောင်းစား”ဟူသော စကားနှင့်ပတ်သက်သည့် စွပ်စွဲချက်သည်လည်း တစ်ခုအပါအ၀င်ဖြစ်၏။ ၀ိသာခါသည် တင်သမျှ စွဲချက်များကို အကျိုးအကြောင်း ခိုင်လုံစွာ ဖြေရှင်းပေးခဲ့ပြီး “အဟောင်းစား”ဟူသော စကားနှင့် ပတ်သက်၍လည်း “သူပြောသည့် အဟောင်းစားဟူသည်မှာ တစ်ခြားအရာများကို ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ မိဂါရသူဋ္ဌေးသည် ယခုဘ၀တွင် ကုသိုလ်ကောင်းမှု ဘာတစ်ခုမှ မပြုလုပ်ဘဲ အတိတ်က လုပ်ခဲ့သည့် ကောင်းမှုရဲ့ အကျိုးကိုသာ ခံစားနေခြင်း ဖြစ်ကြောင်း၊ အတိတ်ကံ၏ အကျိုးပေးကိုသာ စားနေသည့် သဘောကို ရည်ရွယ်၍သာ အဟောင်းစားဟု ဆိုခြင်းဖြစ်ကြောင်း..” ဖြေရှင်းပေးလိုက်၏။ နောက်ဆုံးတွင် မိဂါရသူဋ္ဌေးသည် တင်သမျှ စွဲချက်များရှုံးနိမ့်ကာ ၀ိသာခါ အလိုသို့ လိုက်ခဲ့ရပြီး ၀ိသာခါ၏ တောင်းဆိုချက်ဖြင့် အိမ်တွင်ဘုရားအမှူးရှိသည့် သံဃာတော်များအား ဆွမ်းကပ်တရားနာခွင့်အထိ ပေးလိုက်ရ၏။ မိဂါရသူဋ္ဌေးသည်လည်း မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် တရားရကာ ဗုဒ္ဓဘာသာတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့ပေတော့၏။ ဤကား ၀ိသာခါ၏ အဟောင်းစားဟူသော စကားနှင့်စပ်လျဉ်းသည့် အကြောင်းဇာတ်လမ်း အကျဉ်းပင်ဖြစ်ပါ၏။

ဤနေရာတွင် အဓိကပြောလိုသည်မှာ “အဟောင်းစား”ဟူသော စကားပင် ဖြစ်ပါ၏။ ၀ိသာခါ၏ အဟောင်းစားဟူသော စကားအရကြည့်လျှင် လောက၌ အဟောင်းစားနေသူများ များနေသည်ကို တွေ့ရ၏။ အထူးသဖြင့် မျက်မှောက်ခေတ်တွင် ထိုကဲ့သို့သော အဟောင်းစားများ အလွန်များပြားလှ၏။ အတိတ်ကံကောင်းသဖြင့် အစစအရာရာ ပြည့်စုံနေသည့် အပေါ်တွင် ကျေနပ်နေပြီး နောင်သံသရာအတွက် ကုသိုလ်ရိက္ခာမထုတ်ကြဘဲ အဟောင်းကိုသာ စားနေကြသည့် အဟောင်းစားများကို နေရာအနှံ့ အပြားတွင် အများးအပြား တွေ့နေရ၏။ နောင်ဘ၀ဟူသည်ကို မစဉ်းစားဘဲ အတိတ်၏ အကျိုးပေး အပေါ်တွင်သာ ကျေကျေနပ်နပ် ခံစားနေကြသူများလည်း ရှိနေ၏။ လက်ရှိဘ၀တွင် ကုသိုလ်မလုပ်ဘဲ အကုသိုလ် အလုပ်များဖြင့် ပျော်မွေ့နေသော်လည်း အတိတ်ကံ ကောင်းသဖြင့် အကျိုးပေး ကောင်းနေကြသူများလည်း ရှိနေပြန်၏။ အကြောင်းကောင်းသဖြင့် အကျိုးပေးကောင်းကာ အဟောင်းစား ဖြစ်နေရသည့်အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေသူများလည်း ရှိ၏။

ဤသို့ အဟောင်းကိုသာ စားနေကြသည့် အဟောင်းစားများ အဖြစ်နှင့်သာ လက်ရှိဘ၀ကို အဆုံးသတ်သွားလျှင်ကား ထိုသူများ၏ အနာဂတ်ဘ၀သည် မတွေးရဲစရာပင် ဖြစ်၏။ အသစ်မချဘဲ အဟောင်းကုန်အောင် စားနေသဖြင့် အဟောင်းကုန်သွားမည်ဆိုပါက မကောင်းဘုံ သွားရမည်မှာ အသေအချာပင် ဖြစ်ပါ၏။ လောကတွင် အမှောင်ထဲမှလာပြီး အလင်းသွားသူ၊ အလင်းထဲမှလာပြီး အမှောင်သွားသူ၊ အမှောင်ထဲမှလာပြီး အမှောင်ထဲသွားသူ၊ အလင်းထဲမှလာပြီး အလင်းသွားသူဟူ၍ ပုဂ္ဂိုလ်လေးမျိုးရှိရာတွင် အဟောင်းသာစားပြီး အဟောင်းကုန်သွားသဖြင့် မကောင်းဘုံ သွားခဲ့ရမည်ဆိုပါက ထိုသူ၏ဘ၀သည် ကုသိုလ်အရှိန်ကြောင့် လူ့ဘ၀ကို ရလာသော်လည်း လူ့ဘ၀တွင် ကုသိုလ်ကောင်းမှုမရှိသဖြင့် အပါယ်ဘုံသို့ ကျရောက်သွားသည့် အလင်းထဲမှလာပြီး အမှောင်ထဲသွားသည့် သူကဲ့သို့သာ ဖြစ်နေပေ၏။ ဤ၌ အလင်းအမှောင်ဟူသည် သုဂတိဘ၀နှင့် ဒုဂ္ဂတိဘ၀၊ ကုသိုလ်နှင့် အကုသိုလ်များကို ဆိုလို၏။ ကုသိုလ်ကောင်းမှုကြောင့် သုဂတိဘ၀ကို ရရှိပြီး ထိုသုဂတိဝဘမှ မကောင်းသည့် ဒုဂ္ဂတိဘ၀သို့ ရောက်ရှိသွားခြင်းသည် အလင်းထဲမှလာပြီး အမှောင်ထဲသို့ ပြန်သွားခြင်းပင် ဖြစ်၏။ အလင်းထဲရောက်နေပြီးမှ အမှောင်ပြန်သွားရသည့် ဘ၀သည်ကား အရှုံးပေါ်သည့် ဘ၀သာဖြစ်ပါ၏။ ထို့ကြောင့် အဟောင်းသာစားပြီး အဟောင်းကုန်သဖြင့် မကောင်းဘုံသွားရသည့် အလင်းမှအမှောင်သို့ သွားသူများ မဖြစ်စေကြဘဲ အဟောင်းမကုန်ခင် အသစ်ဖြည့်ကာ အလင်းထဲမှလာပြီး အလင်းထဲသို့ သွားနိုင်သူဖြစ်ရန် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

စင်စစ် အမှောင်ထဲမှ လာခဲ့သည်ဖြစ်စေ၊ အလင်းထဲမှ လာခဲ့သည်ဖြစ်စေ လူ့ဘ၀ရရှိ လာခဲ့ခြင်းကပင် ကောင်းသောလာခြင်း ဖြစ်သဖြင့် ရရှိထားသည့် လူ့ဘ၀မှ ထို့ထက်ပိုပြီး လင်းသည့်ဘ၀သို့သာ သွားနိုင်ရန် ကြိုးစားသင့်ပေ၏။ ဖြစ်သင့်သည်မှာ အဟောင်းလည်းစား အကောင်းလည်းပွားရန် ဖြစ်သင့်ပေ၏။ သံသရာမှာ ကျင်လည်နေရဦးမည့် သူများဖြစ်နေလျှင်ကား သံသရာအတွက်လည်း ရိက္ခာထုတ်ထားရန် လိုအပ်၏။ သံသရာအတွက် ရိက္ခာထုတ်လိုလျှင် အဟောင်းချည်းစားနေ၍ မဖြစ်ပေ။ အသစ်လည်း ပွားပေးရပေမည်။ အသစ်ပွားရန် ဆိုသည်မှာလည်း အခွင့်ကောင်းရှိနေသည့် အချိန်တွင်သာ ပွားနိုင်ပေ၏။ မည်သို့ဆိုစေ လူ့ဘ၀ ရရှိနေချိန်သည် အသစ်ပွားရန် အကောင်းဆုံး အချိန်ဖြစ်ပါ၏။ လူ့ဘ၀ရရှိနေပြီး ဘုရားသာသနာနှင့် ကြုံကြိုက်နေသည့် အချိန်သည် ကုသိုလ်ကောင်းမှုများကို လုပ်ခွင့်ရသည့် အကောင်းဆုံးအချိန် ဖြစ်ပါ၏။ အခွင့်အရေးဟူသည် ရရှိချိန်တွင် အရယူနိုင်ရန် အရေးကြီး၏။ နောင်ဆိုသည်ကား မသေချာလှပေ။ ထို့ကြောင့် အခွင့်အရေးလည်းရ၊ လုပ်ချိန်လည်းရ၊ လုပ်ခွင့်လည်း ကြုံနေသည့် ယခုအချိန်တွင် အတိတ်ကလုပ်ခဲ့သည့် အဟောင်းကိုသာ စားမနေကြဘဲ သံသရာအတွက် ရိက္ခာထုတ်နိုင်ရန် အကောင်းများလည်း ပွားများကြရန် လိုအပ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ပုထုဇင်များသည် ကိလေသာ ကာမဂုဏ် အာရုံများတွင် နှစ်သက်တတ်ကြသည်မှာ သဘာဝပင် ဖြစ်သော်လည်း ထိုကိလေသာအာရုံ ကာမဂုဏ်များဖြင့်သာ ရရှိလာသည့် အကောင်းဆုံးဘ၀ကို အဆုံးမသတ် သင့်ကြပေ။ ထိုအာရုံများမှ ရုန်းထွက်နိုင်ရန်လည်း ကြိုးစားသင့်ပေ၏။ ပုထုဇင်ပဲ ကြိုက်မှာပေါ့ဟုဆိုကာ အကြိုက်နောက်သာ လိုက်နေကြလျှင် ထိုအကြိုက်သည် ဆုံးနိုင်မည် မဟုတ်ကြပေ။ ကာမဂုဏ်အာရုံဆိုသည်မှာလည်း တစ်မျိုးပြီးတစ်မျိုး အသစ်အသစ် ဖြစ်ဖြစ်နေသည် ဖြစ်သဖြင့် အသစ်ဖြစ်တိုင်း လိုက်နေလျှင် အနှစ်နှင့် ဝေး၍သာ နေကြပေလိမ့်မည်။ အနှစ်နှင့်ဝေးနေသမျှ အစစ်နှင့်လည်း ဝေးနေဦးမည်သာဖြစ်၏။ အမှန်အားဖြင့် ထိုသို့မဖြစ်သင့်ပေ။ အဟောင်းစားခွင့်ရခြင်းကို အကြောင်းပြုပြီး အနှစ်ကောင်းများ တိုးပွားစေရန် အားထုတ်သင့်ပေ၏။ အဟောင်းစားရင်း အသစ်ဖြစ်သည့် ကုသိုလ်အနှစ်များကိုလည်း ကြိုးစားပွားများသင့်၏။ ထို့သို့မဟုတ်ဘဲ အဟောင်းကုန်မှ အသစ်ချမည်ဆိုပါက နောက်ကျသွားနိုင်ပေ၏။ အသစ်မရှိဘဲ အဟောင်းကုန်အောင် စားနေပါလျှင် အဟောင်းကုန်သည်နှင့် မကောင်းဘုံ ရောက်မည်သာ ဖြစ်ပေ၏။ မကောင်းဘုံရောက်သွားလျှင်ကား အကောင်းပြန်ဆုံရန် မလွယ်နိုင်တော့ပေ။ ထို့ကြောင့် အကောင်းဆုံးဖြစ်သည့် ယခုအချိန်မှာသာ အဟောင်းချည်း စားမနေကြဘဲ အသစ်လည်းပွားရန် တိုက်တွန်းကြခြင်း ဖြစ်၏။

လောက၌ အချို့သူများသည် အဟောင်းစားဟုဆိုသော်လည်း အဟောင်းလည်းမစားနိုင် အသစ်လည်း မပွားနိုင်ဘဲ အနှစ်များထားကာ သွားရသူများအဖြစ် နိဂုံးချုပ်သွားသူများရှိ၏။ စာရေးသူ သိသည့် ဒကာကြီးတစ်ယောက် ရှိ၏။ ဒကာကြီးသည် အလွန်ချမ်းသာ၏။ သို့သော် သဒ္ဓါတရားခေါင်းပါး၏။ ထိုဒကာကြီးသည် အလှူအတန်းဟူသည့် စကား မကြားလိုလှပေ။ ချမ်းသာသော်လည်း မချမ်းသာလှပေ။ သူရရှိထားသည့် စည်းစိမ်ချမ်းသာကို သူကိုယ်တိုင်လည်း မသုံးနိုင်၊ မစားနိုင် ဖြစ်နေပေ၏။ ချမ်းသာသော်လည်း လိုင်းကားတိုးစီးကာ လမ်းလျှောက်သွားနေတတ်၏။ ပစ္စည်းဥစ္စာပြည့်စုံသော်လည်း အ၀တ်အစား ကောင်းကောင်းမရှိ၊ ကောင်းကောင်းမ၀တ်နိုင်ဘဲ ဖြစ်နေပေ၏။ ထိုဒကာကြီး၏ ဘ၀သည် အကြောင်းကောင်းသဖြင့် အဟောင်းကောင်းနေသော်လည်း အဟောင်းမစားနိုင်သည့်အပြင် အသစ်လည်း မပွားနိုင် ဖြစ်နေသည်ကို တွေ့ရ၏။ ဤသို့သာ ဖြစ်နေလျှင်ကား ဒကာကြီး၏ သံသရာခရီးသည် ကြောက်စရာပင် ကောင်းနေသေး၏။ အလင်းထဲတွင် ရှိနေသော်လည်း အလင်းသို့ မသွားနိုင် ဖြစ်နေသည့် ထိုဒကာကြီး၏ ဘ၀ခရီးသည် အမှောင်သို့သာ သွားရောက်ဖွယ် ဖြစ်နေပေ၏။ မည်သို့ဆိုစေ ဤကဲသို့ အဟောင်းလည်း မစားနိုင် အသစ်လည်း မပွားနိုင်သူများ ရှိနေသည်ဆိုသည်ကား အသေအချာပင် ဖြစ်ပေ၏။ မိမိသည်သာ ထိုသူတို့ကဲ့သို့ မဖြစ်စေရန် သတိပြု ဆင်ခြင်ရန် လိုအပ်ပေတော့၏။

အချုပ်အားဖြင့် မည်သူမဆို လူ့ဘ၀ ရရှိလာပြီ ဆိုကတည်းက အကြောင်းကောင်းရှိခဲ့ကာ အဟောင်းကောင်း နေကြသည်မှာ သေချာလှသဖြင့် ရရှိလာသည့် အကောင်းဆုံးဘ၀တွင် အဟောင်းချည်းသာ စားမနေကြဘဲ အသစ်ပွားကာ အနှစ်များလည်း စားသွားနိုင်ရန် ကြိုးစားသင့်ပေ၏။ အဟောင်းစားရင်း အသစ်ပွားနိုင်ရန် အားထုတ်သင့်ပေ၏။ ကောင်းမှုအစွမ်းကြောင့် ကောင်းကျိုးရကာ အဟောင်းကောင်းနေသော်လည်း ထိုအဟောင်းဖြင့်သာ ကျေနပ်မနေကြဘဲ အဟောင်းစားနေရသည့် အခွင့်ကို ရယူလျက် အခြားကုသိုလ်ကောင်းမှု အသစ်များကိုပါ ရနိုင်သမျှ အရယူရင်း အလင်းထဲမှလာပြီး အလင်းထဲသို့ သွားနိုင်သူများ ဖြစ်စေရန် အထူးကြိုးစား သင့်ပေ၏။ ထို့ကြောင့် ရခဲသည့် လူ့ဘ၀ကို ရရှိထားကြသည့် အဟောင်းစားများအနေဖြင့် အဟောင်းလည်းစား အသစ်လည်းပွားနိုင်ရန်သာ အချိန်ရှိခိုက် ကြိုးစားလိုက်ပါဟု စေတနာနှင့် အကြံပြုလိုက်ရပေတော့၏။ အားလုံး… အဟောင်းစားရင်း အသစ်ပွားနိုင်ကြပါစေ…

Read more »

စိတ်အားဖြည့် စကားစုလေးများ (၆)…

ဘုန်းဘုန်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ် ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ကိုယ်ကကောင်းမှ သူလည်ကောင်းမယ်…
ဘယ်သူမဆို အကောင်းကိုပဲ အလိုရှိတတ်ကြရာမှာ အကောင်းများဖြစ်စေဖို့် ကိုယ်ကိုယ်တိုင် အရင်ဆုံး ကောင်းပြရန် လိုအပ်ပါတယ်။ ကိုယ်က မကောင်းရင် သူတစ်ပါးလည်း ကောင်းမှာမဟုတ်တဲ့အတွက် ကိုယ်ကိုယ်တိုင် မကောင်းမဖြစ်ဖို့ ကြိုးစားသင့်လှပါတယ်။ အကောင်းအစစ်ဆိုတာ မကောင်းမဖြစ်ဖို့ လိုအပ်တဲ့အတွက် အကြောင်းအပြစ်ကို ကောင်းပြစ်ဖို့် လိုအပ်ပါတယ်။ အကြောင်းကောင်းရင် အကျိုးကောင်းမှာဖြစ်ပြီး အကျိုးကောင်းခြင်းဟာ အတုံ့အလှည့်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ အတုံ့အလှည့်ကောင်းခြင်းဟာ အကောင်းလုပ်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒီိအတုံ့အလှည့်များရဲ့ တုံ့ပြန်မှုများဟာ ကိုယ့်ရဲ့ အလုပ်များကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို အတုံ့အလှည့်ကောင်းများ ဖြစ်ပေါ်စေဖို့ အလုပ်လက်နက်ကောင်းနဲ့ အကြောင်းကောင်းအောင် ကြိုးစားကာ မိမိက အရင်အကောင်းများနဲ့ ကောင်းပြဖို့် လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။

စွမ်းအားကိုယ်စီ…
လောကမှာ လူတိုင်းလူတိုင်း ဘာပဲဖြစ်ဖြစ် ကိုယ်ပိုင်အစွမ်းအစများနဲ့ ကိုယ်တိုင်လှမ်းကြွနိုင်တာ ဖြစ်တဲ့အတွက် အစွမ်းအစဆိုတာ အစလုပ်လိုက်မှ စွမ်းလာတတ်တဲ့ သဘောရှိတယ်ဆိုတာ မမေ့ကြဘဲ သူများကို အားကိုးမှီခိုနေတာထက် ကိုယ်ပိုင်အစွမ်းအစ ကိုယ်စီရှိနေကြတဲ့ ကိုယ့်ကိုယ်ကိုပဲ အားကိုးမှီခိုကြဖို့၊ အမှီတစ်ခုခုနဲ့ ကိုယ်ပိုင်အစွမ်းကို အားပြုတဲ့အခါမှာလည်း တစ်ခြားအရာများထက် တရားကိုပဲ အားပြုကြဖို့၊ ကိုယ့်ကိုယ်ကိုယ်နဲ့ တရားမှတစ်ပါး ကိုးကွယ်ရာ မရှိဘူးဆိုတာ သတိပြုမိကြဖို့ အထူးလိုအပ်လှပါတယ်။ ဘာပဲဖြစ်ဖြစ် စမိဖို့က အရေးကြီးပြီး စပြီးရင် စွမ်းလာမှာဖြစ်လို့ အစနဲ့အစွမ်းကို အစွမ်းအစဖြစ်ဖို့ ကိုယ့်အားကိုယ်ကိုးရင်း ကိုယ့်အစွမ်းကိုယ် ပြနိုင်အောင် ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အတုံ့အလှည့်…
သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိတယ်လို့ ဆိုသလိုပဲ စေတနာပါတဲ့ လုပ်ရပ်တိုင်းမှာလည်း တန်ပြန်ဖြစ်ပေါ်တတ်သည့် အတုံ့အလှည့်ဆိုတာ ရှိနေပါတယ်။ အဲဒီအတုံ့အလှည့်ဟာ် ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် လုပ်တဲ့သူရဲ့ အပေါ်တွင်မှာပဲ မူတည်ပါတယ်။ လုပ်တဲ့သူက အကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း ကောင်းမှာဖြစ်ပြီး လုပ်တဲ့သူက မကောင်းပြုလုပ်ရင် တန်ပြန်သက်ရောက်မှုရဲ့ အတုံ့အလှည့်ဟာလည်း မကောင်းဖြစ်မှာ ဖြစ်ပါတယ်။ ကိုယ်နဲ့ဖြစ်ဖြစ်၊ နှုတ်နဲ့ဖြစ်ဖြစ်၊ စိတ်နဲ့ဖြစ်ဖြစ် ပြုလုပ်ပြောဆိုကြံစီမှုများဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်မှုပဲဖြစ်ပြီး အဲဒီအပြုအမူ အပြောအဆို အကြံအစီများရဲ့ တန်ပြန်သက်ရောက်မှုဟာလည်း ရွေးချယ်ပြုလုပ်ခဲ့တဲ့ ကိုယ့်ထံပဲ ပြန်လာမယ့် အတုံ့အလှည့်များ ဖြစ်ပါတယ်။ အပြုအမူကောင်းရင် အတုံ့အလှည့်ကောင်းမှာဖြစ်ပြီး အပြုအမူဆိုးရင် အတုံ့အလှည့် ဆိုးမှာပဲ ဖြစ်ပါတယ်။

မရှိခိုးနိုး မလှစုန်းနိုး..
“မရှိခိုးနိုး၊ မလှစုန်းနို”လို့ ဆိုတဲ့အတိုင်း လောကကြီးမှာ မရှိရင် သူခိုးလို့ အထင်ခံရတတ်၊ မလှရင် စုန်းလို့အထင်ခံရတတ်ပေမယ့် ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို သူခိုးလို့ အထင်မခံမိစေဖို့၊ သူများကို ဒုက္ခပေး ပြုစားတတ်တဲ့ စုန်းလို့ အထင်မခံမိစေဖို့ အဓိကကျတယ်ဆိုတာ ပြောချင်တာပါ။ ဘယ်သူက ဘယ်လောက်ပဲ အထင်သေး၊ နှိမ့်ချနေပါစေ ကိုယ့်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်ပြီး အထင်သေး၊ နှိမ့်ချမှု မဖြစ်စေဖို့ အရေးကြီးပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိနေဖို့၊ အထင်မသေးမိဖို့က ကိုယ်ကိုယ်တိုင် အကျင့်သီလကောင်းနေမှ ဖြစ်မှာပါ။ မွဲနေတဲ့အပြင် အကျင့်ပါ မကောင်းဘူးဆိုရင်တော့ သူတပါးက အထင်သေးနှိမ့်ချတာကို ခံရတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့် ဖြစ်တတ်ပါတယ်။ နောက်ဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ မွဲမွဲ ကိုယ့်ကိုယ်ကိုယ် အကျင့်မမွဲအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ကံမြင့်ချင်ရင်…
ကံနိမ့်ကံမြင့်ဆိုတာ ဘ၀မှာ လူတိုင်းကြုံတွေ့ရမယ့် လောကဓံသဘော ဖြစ်တဲ့အတွက် ကံနိမ့်နေတဲ့အခါ စိတ်ဓာတ်မကျဘဲ အကောင်းတွေပဲ ကြိုးစားလုပ်နိုင်တာဟာ ကံကောင်းချင်တဲ့သူတွေရဲ့ တစ်ခုတည်းသော နည်းလမ်းဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ကံမြင့်နိုင်မယ့် လုပ်ရပ်တွေဖြစ်တဲ့ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက်တွေနဲ့ နေထိုင်နိုင်အောင် ကြိုးစားခြင်းဟာ နိမ့်ကျတာတွေကို တစ်ခါပြန်ဆယ်နိုင်တဲ့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ကျင့်စဉ်တစ်ခု ဖြစ်ပါတယ်။ အဆိုးတွေကြုံလေလေ သီလကို အထူးလုံအောင် ထိန်းလေလေ၊ မကောင်းတဲ့ တိုက်ခိုက်မှုတွေနဲ့ များများ တိုက်ခိုက်ခံရလေလေ ကိုယ့်စိတ်ကို မယိမ်းယိုင်အောင် သမထအလုပ် ၀ိပဿနာ အလုပ်တွေနဲ့ ကြိုးစားအားထုတ်လေလေ ဆိုရင်တော့ ဘယ်လိုနိမ့်ကျမှုမျိုးမဆို ခံနိုင်ရည်ရှိပြီး အမြင့်ကို တစ်ခါပြန်တက်နိုင်မယ်ဆိုတာ သေချာလှပါတယ်။

အကြောင်းကောင်းမှ အကျိုးကောင်း...
တကယ်တော့ လောကမှာ အကောင်းအဆိုးဆိုတာ တစ်ခြားသူက လုပ်ပေးလို့ ရတာမဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ လုပ်ရတာ ဖြစ်ပါတယ်။ ကိုယ်ကောင်းချင်ရင် ကိုယ်ကောင်းပြင်ဖို့ လိုအပ်သလို ကိုယ်မကောင်းချင်ရင်လည်း ကိုယ်မပြောင်းဘဲ နေလို့ရပါတယ်။ အကောင်းအဆိုး အနိမ့်အမြင့်ဆိုတာ အကြောင်းအကျိုးရဲ့ နိယာမတစ်ခု ဖြစ်တဲ့အတွက် အကျိုးကောင်းအောင် အကြောင်းကောင်းကြရမှာ ဖြစ်ပါတယ်။ အကျိုးဆိုတာ ကမ္မဖလဖြစ်ပြီး ကံရဲ့ရလာဘ်ဖြစ်ပါတယ်။ ကံဆိုတာ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် လုပ်ဆောင်ချက်ကောင်းရင် အကျိုးရလာဘ်ကောင်းမှာ ဖြစ်ပြီး လုပ်ဆောင်ချက်ဆိုးရင် အကျိုးရလာဘ် ဆိုးမှာဖြစ်ပါတယ်။ အကျိုးဆိုးတာဟာ ကံနိမ့်တာဖြစ်ပြီး အကျိုးကောင်းတာဟာ ကံမြင့်တာ ဖြစ်တဲ့အတွက် ကံနိမ့်နေရင် အကြောင်းဖြစ်တဲ့ လုပ်ဆောင်ချက်ကောင်းနဲ့ပဲ မြှင့်ရမှာ ဖြစ်ပါတယ်။ ဒါဟာ တစ်ခုတည်းသော ကံမြှင့်ရာ နည်းလမ်းပဲ ဖြစ်ပါတယ်။

လူမွဲပေမယ့် အကျင့်မပွဲပါစေနဲ့…
မွဲရင်လူရာမ၀င်ဖြစ်ပြီး အနှိမ်ခံရတဲ့အတွက် စိတ်ဓာတ်ကျသူတွေ ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကံအကျိုးပေး မကောင်းလို့ မွဲလာခဲ့ရတဲ့ အဖြစ်မှာ ဒီလိုမွဲတဲ့အတွက် ထင်ခံရတဲ့ အပြစ်တွေ လိုက်တွေး၊ လိုက်ခံစားနေလို့ကတော့ ပြီးမှာမဟုတ်တော့ပါဘူး။ မွဲလို့ဖြစ်ရတဲ့ ဆိုးကျိုးဟာ အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ကံရဲ့ တန်ပြန်သက်ရောက်မှုလို့ သဘောထားပြီး လက်ရှိမွဲနေတဲ့ ဘ၀ကနေ နောင်ကျင်လည်ရမယ့် ဘ၀တွေအထိ ဒီသက်ရောက်မှုတွေ ပါမသွားအောင်ပဲ ကြိုးစားရတော့မှာပါ။ လူမွဲပေမယ့် စိတ်မမွဲအောင်၊ လူမွဲပေမယ့် စေတနာ မမွဲအောင်၊ လူမွဲပေမယ့် သဒ္ဓါမမွဲအောင်၊ လူမွဲပေမယ့် အကျင့်မမွဲအောင်ပဲ အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုထင်ထင် ကိုယ်ရဲ့အသွင်တွေ မမွဲဖို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ အကျင့်မွဲရင် အသွင်မွဲတတ်တဲ့အတွက် အသွင်မမွဲအောင် အကျင့်မမွဲဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ မွဲလို့ အထင်သေးခံ၊ အနှိမ်ခံနေရတဲ့ ဘ၀မှာ အကျင့်ကောင်းအောင် ကြိုးစားပြီး သူတို့မလုပ်နိုင်တဲ့ အကျင့်လေးတွေနဲ့ပဲ အနိုင်ယူနိုင်အောင် အားထုတ်ရမှာ ဖြစ်ပါတယ်။

လူဖြစ်စေ…ရဟန်းဖြစ်စေ…
အမှန်တော့ လူပဲဖြစ်ဖြစ် ရဟန်းပဲဖြစ်ဖြစ် ဘယ်ဘ၀မှာပဲ ရှိရှိ ကုသိုလ်ကောင်းမှုဆိုတာ ကြိုးစားအားထုတ်နိုင်သူတွေ အတွက်ပဲ ဖြစ်ပါတယ်။ ရဟန်းဖြစ်နေပေမယ့် ကုသိုလ်ကောင်းမှု မလုပ်ရင် ရဟန်းဘ၀ဟာ ကုသိုလ်မရနိုင်တဲ့ ဘ၀ဖြစ်ပြီး လူဖြစ်နေပေမယ့် မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ထားရင် လူ့ဘ၀ဟာ ကုသိုလ်ရနိုင်တဲ့ ဘ၀ဖြစ်ပါတယ်။ လူဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် ရရှိထားတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးချရင်း ရရှိထားတဲ့ အနေအထားများနဲ့ ရနိုင်သမျှ ကုသိုလ်တရားများ ကြိုးစားပွားများနိုင်ရင် အဲဒီဘ၀ဟာ အမြတ်ဆုံးဘ၀၊ အကောင်းဆုံးဘ၀၊ ကုသိုလ်အရဆုံး ဘ၀ပဲဖြစ်ပါတယ်။ ဒါကြောင့် လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ရရှိထားတဲ့ဘ၀မှာ ကုသိုလ်ရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ကိုယ့်ကံကိုယ်မြှင့် စိတ်မညစ်နဲ့…
ကံမကောင်း အကြောင်းမလှလို့ မကောင်းတွေကျနေတဲ့ သူတွေအနေနဲ့ ကံတစ်ခါကောင်းလို့ အကြောင်းလှပြီး အကောင်းရရလေအောင် ကိုယ့်ကံကိုယ်စစ်ကာ ကောင်းတာတွေနဲ့ နှစ်နိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကံနိမ့်နေလို့လိုဆိုကာ စိတ်ညစ်ညစ်နဲ့ အဆိပ်ဖြစ်စေမယ့် မကောင်းတဲ့အလုပ်တွေကို မလုပ်ကြဘဲ အဆိုးများအတွက် အတိုးပွားပြီး အကျိုးများစေမယ့် ကောင်းတဲ့အလုပ်တွေကိုပဲ ကြိုးစားလုပ်နေကြဖို့ လိုပါတယ်။ ဘယ်အရာမဆို အချိန်ဆိုတာ ရှိတဲ့အတွက် အချိန်တန်ရင် အဆိုးတွေပျောက်ပြီး အကောင်းရောက်လာမှာကို သဘောပေါက် ဆင်ခြင်ကာ အခိုက်အတန့် ကံနိမ့်နေတဲ့ ကာလလေးမှာ မကောင်းတဲ့အလုပ်တွေနဲ့ စိတ်မညစ်ဘဲ ကောင်းတဲ့အလုပ်တွေနဲ့သာ ကိုယ့်ကံကိုယ်မြှင့်ကြဖို့ အထူးလိုအပ်ပါတယ်။

Read more »

ခွင့်မလွတ်နိုင်ဘူးဆိုရင်ဖြင့်…

မနက်အစော ၂နာရီ ခွဲလောက်ဖြစ်မယ်ထင်တယ်။ အိပ်ကောင်းနေတဲ့အချိန် ဖုန်းမက်စေ့ခ်ျ ၀င်လာတဲ့ အသံကြောင့် နိုးသွားပြီး ဘယ်သူက ဘာပို့တာလဲလို့ ကြည့်လိုက်တော့ “အရှင်ဘုရားရေ… ရိုက်ချက်က ပြင်းလွန်းတော့ ခွင့်လွတ်လို့ မရဘူးဘုရား… (스님~ 너무 기가막혀서 용서가 않되내요)” ဆိုတဲ့ စာနဲ့အတူ ကိုရီးယား ဒကာမတစ်ယောက် ပို့လိုက်တဲ့ မက်စေ့ခ်ျ ဖြစ်နေတာကို တွေ့ရပါတယ်။ သူ့စာဖတ်ပြီး “အင်း… ဒီဒကာမတော့ ဒုက္ခပဲ”လို့တွေးရင်း ပြန်အိပ်ပျော်သွားလိုက်တာ မနက် ၅နာရီ နှိုးးစက်မြည်မှပဲ နိုးလာပါတော့တယ်။ အိပ်ယာက နိုးလာပြီး နောက်ပိုင်းမှာလည်း “ခွင့်မလွတ်နိုင်ဘူး”ဆိုတဲ့ သူ့စကားကိုပဲ သတိရနေရင်း လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ ကျောင်းကိုရောက်လာပြီး ရင်ဖွင့်သွားတဲ့ ဒီဒကာမရဲ့ စကားသံတွေကိုပါ ပြန်လည်ကြားယောင်နေမိ ပြန်ပါတယ်။

လူတွေဟာ ဒုက္ခရောက်မှပဲ ဘုရားကျောင်းကန်ကို သတိရတတ်တယ် ဆိုတဲ့စကားလိုပဲ ကျောင်းမရောက်တာကြာတဲ့ ဒီဒကာမလည်း ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်နဲ့ ခုမှပဲကျောင်းကို ရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရာတာ နာကျင်မှု၊ ပူလောင်မှု၊ သောကဖြစ်မှု၊ အခဲမကြေဖြစ်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားမိပါတယ်။ သိနေတာကြာပြီဖြစ်တဲ့ ဒီကိုရီးယား ဒကာမဟာ ဘုန်းဘုန်းရဲ့ တရားပွဲတွေမှာ လာနာဖူး၊ တရားလည်း အထိုက်အလျောက် အားထုတ်ဖူးတဲ့သူ ဖြစ်တဲ့အပြင် မြန်မာပြည်ကိုလည်း ရောက်ဖူးတဲ့သူပါ။ ဒါကြောင့် သူ့စိတ်သက်သာရာ သက်သာကြောင်း ဖြေပေးနိုင်မယ့် ဆရာဒကာအနေနဲ့ရော ကလျာဏမိတ္တအနေနဲ့ပါ အားကိုးတကြီး ကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

ဒကာမနဲ့ စကားပြောကြည့်တဲ့ အခါမှာတော့ သူ့ခံစားချက်တွေကို သိခွင့်ရခဲ့ပါတယ်။ တတ်နိုင်သမျှ ဓမ္မနဲ့ ဖြေဆည်ပေးခဲ့ပါတယ်။ သူခံစားနေရတာက သူကိုယ်တိုင် အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေး၊ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေး၊ ဘာပဲဖြစ်ဖြစ် အကူအညီပေး၊ ကျေးဇူးပြုပေးခဲ့တဲ့ သူတစ်ယောက်က သူ့အပေါ် ကျေးဇူးကန်းသွား၊ သူ့ကိုအသုံးချသွား၊ သူဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်မသွားဘဲ အများရှေ့မှာ သူ့ကိုအရူးလုပ်သွားတဲ့ အတွက် အခဲမကြေဖြစ်ပြီး နာကြည်းစွာ ခံစားနေရတဲ့ အဖြစ်ပါ။ တရားထိုင်ဖို့ ကြိုးစားပေမယ့်လည်း တရားထိုင်တဲ့အခါတိုင်း ဒီစိတ်အတွေးတွေပဲ ၀င်နေတော့ တရားလည်း ထိုင်မရတဲ့အကြောင်း လျှောက်ပါတယ်။ ပြောလည်းပြော၊ မျက်ရည်လည်းကျ၊ ဒေါသလည်းထွက်နေတဲ့ ဒီဒကာမကိုကြည့်ပြီး သူပြောချင်တာတွေ ပြောနိုင်အောင် သူပြောသမျှကို အလိုက်သင့် စိတ်ဝင်တစား နားထောင်ပေးဖြစ်ခဲ့ပါတယ်။

ဒီလိုဒုက္ခဆိုတာ လူတွေကြားမှာ ပြောလို့မဖြစ်သလို သူ့အလုပ်နဲ့သူ ရှုတ်နေကြတဲ့ လူတွေမှာ တစ်ခြားသူ ကိစ္စကို အချိန်ပေး နားထောင်ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဘုန်းကြီးတွေကတော့ နားလည်းနားထောင်ပေး စိတ်သက်သာအောင် တရားနဲ့လည်း ဖြေဆေးပေးပြီး ကုသပေးတတ်တဲ့အတွက် အခုလို အားကိုးတစ်ကြီး ရင်လာဖွင့်တာ ဖြစ်ပါတယ်။ သူ့စိတ်တိုင်းကျ သူပြောချင်ရာ နားထောင်ပေးလိုက်၊ လိုအပ်တဲ့အခါ တရားစကားလေးတွေနဲ့ အားပေးနှစ်သိမ့်ပေးလိုက်တော့ သူ့ခံစားချက် နဲနဲ့ပေါ့သွားတယ် ထင်ပါတယ်။ မျက်နှာမှာ အရင်ကလောက် ပြင်းထန်တဲ့ ခံစားချက် မရှိတော့တာ သတိထားမိပါတယ်။ သူလည်း ပြောချင်ရာ ပြောပြီးသွားလို့လား မသိဘူး နဲနဲငြိမ်သွားပါတယ်။ ဒီတော့မှ ဘုန်းဘုန်းအနေနဲ့ သူ့ကို အေးရာအေးကြောင်း စိတ်ပြေရာ ပြေကြောင်း အေးအေးဆေးဆေး တရားစကား ပြောဟောပေးဖြစ်ပါတယ်။

“အင်း… ဒကာမရေ… နားထောင်ရတာ၊ ကြားရတာတွေအတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်ရုံ၊ အကြံပြုရုံကလွဲပြီး ဒကာမရဲ့ ခံစားချက်တွေအပေါ်မှာတော့ ကူပြီးခံစားပေးဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီခံစားချက်တွေ လျော့သွားဖို့ကတော့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားပြုပြင်ကြည့်ရမှာပါ။ ဖြစ်ခဲ့သမျှတွေကို သေချာပြန်တွေးကြည့်ပါ။ ဘာဖြစ်လို့ ဒီလောက်ခံစားနေရတာလဲ ဆိုတာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ ကိုယ်က ဒီမှာလာပြီး ဘယ်လောက်ပဲ ခံစားပြနေပါစေ တစ်ဘက်သူကတော့ သိမှာလည်း မဟုတ်သလို သူ့အလုပ် သူလုပ်နေမှာ အမှန်ပါပဲ။ ဒါဆို ကိုယ်က ကိုယ့်ဖာသာဖြစ်၊ ကိုယ့်ဖာသာကိုယ် ခံစား၊ ကိုယ့်ဖာသာကိုယ် နားကြည်းနေသလို ဖြစ်နေမှာပေါ့။ ဒီလို သူနဲ့ပတ်သက်တဲ့ အတွေးတွေဝင်တိုင်း အရင်ဆုံး နာကျင်စွာ ခံစားနေရတာက ဒကာမကိုယ်တိုင်ပဲ မဟုတ်လား..။ သေချာတွေးကြည့်တော့ အားလုံးဟာ ကိုယ့်ကြောင့်ဖြစ်တာချည်းပဲလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ အကျိုးတရားမှန်သမျှ အကြောင်းကင်းပြီး ဘာမှမဖြစ်ဘူးလို့ ဆိုသလို အခု ဒကာမ ခံစားနေရတဲ့ ဒုက္ခဟာလည်း အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပါပဲ။

အကြောင်းပြန်ကြည့်တော့ ကိုယ်ပဲစခဲ့တာ မဟုတ်လား…။ ကိုယ်ပဲစပြီး သူ့ကို အကူအညီပေးခဲ့တာ၊ ကိုယ့်ဖာသာကိုယ် နေရင်ဖြစ်ရဲ့နဲ့ သူ့နောက်လိုက်ပြီး သူ့ကို သနားခဲ့ ကူညီခဲ့ ပြည့်ဆည်းပေးခဲ့တာလည်း ဒကာမကိုယ်တိုင်ပါပဲ။ အရေးအကြီးဆုံးက ဒကာမရဲ့ ဒီလိုခံစား နာကြည်းချက်တွေဟာ သူ့အပေါ်မှာ ထားခဲ့တဲ့ ဒကာမရဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ မျှော်လင့်တဲ့အတွက်ကြောင့်ပဲ ကိုယ်မျှော်လင့်တဲ့အတိုင်း၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတော့ အခဲမကြေ ဖြစ်ကုန်တော့တာပေါ့။ မညှာတမ်းပြောရရင် ဒကာမကိုယ်တိုင် ပေးခဲ့တဲ့ ကူညီမှု၊ ကျေးဇူးပြုမှုတွေဟာ ပြတ်သားမှု မရှိဘဲ အနှောင်အဖွဲ့ မျှော်လင့်ချက်တွေနဲ့ ပေးခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဆိုးကျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဆိုးကျိုးလို့ ဆိုရတာကလည်း ဒကာမနေရာက ကြည့်ပြီး ပြောရတာပါ။ တစ်ဘက်သူကတော့ ဒကာမလို ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့မှာ ဒကာမလို မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တဲ့ပုံစံတွေ ရှိမှာမဟုတ်တဲ့အတွက် သူ့စိတ်ကတော့ သက်သောင့်သက်သာ ဖြစ်နေမှာပါ။ မဖြစ်တာကတော့ ဒကာမပါပဲ။

ဒါကြောင့် အကောင်းဆုံးကတော့ ပြီးခဲ့တဲ့ အတိတ်ကို အတိတ်မှာပဲ ထားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဖြစ်ပြီးသမျှတွေကို အတတ်နိုင်ဆုံး မေ့နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ မကောင်းတဲ့ အတွေးအမြင် ခံစားချက်ဆိုတာ မြန်မြန်မေ့နိုင်အောင် ကြိုးစားတာပဲ ကောင်းပါတယ်။ တွေးတိုင်းတွေးတိုင်း ခံစားနေရ၊ တွေးတိုင်းတွေးတိုင်း အကုသိုလ်တွေရနေမယ့် အရာတွေကို အမြန်ဆုံး မေ့ဖျောက်နိုင်ဖို့ လိုပါတယ်။ ကုသိုလ်ဖြစ်စေမယ့် အရာတွေဟာ သတိရတိုင်း၊ သတိရတိုင်း ကုသိုလ်တွေ တိုးနေနိုင်စေပေမယ့် မကောင်းတဲ့အရာတွေကတော့ တွေးတဲ့သူကို တွေးတိုင်းတွေးတိုင်း၊ သတိရတိုင်း သတိရတိုင်း ပူလောင်မှု၊ မကျေနပ်မှု အခဲမကြေမှုတွေပဲ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကို ပြန်တမ်းတပြီး ပူဆွေးသောက ဖြစ်နေ၊ ကြေကွဲဝမ်းနည်းနေ၊ အလိုမကျ ဖြစ်နေမယ့်အစား အဲဒါတွေကို အမြန်ဆုံးမေ့နိုင်အောင်၊ တစ်ဘက်က သူ့အပေါ်ကိုလည်း မကျေနပ်ချက်တွေနဲ့ အငြိုးအတေးတွေ ထားမနေဘဲ ခွင့်လွတ်သီးခံကာ လျစ်လျူရှုနိုင်အောင် ကြိုးစားကြည့်ပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်…”
စသဖြင့် ဘုန်းဘုန်းလည်း ဒီဒကာမ အမြန်ဆုံး စိတ်သက်သာရာ ရအောင်၊ သူ့စိတ်လေး ပုံမှန်ဖြစ်သွားအောင် တတ်နိုင်သမျှ ဟောပြောပြသ အကြံပြုဖြစ်ခဲ့ပါတယ်။

အဓိက ပြောဖြစ်တာကတော့ “ဘာပဲဖြစ်ဖြစ် အငြိုးအတေးတွေနဲ့ ကလဲ့စားချေဖို့ ကြိုးစားတာထက်စာရင် သီးခံမှုနဲ့ ခွင့်လွတ်နိုင်အောင် ကြိုးစားကြည့်ဖို့…” ပြောဖြစ်ပါတယ်။ ဒီတုန်းကတော့ ဒကာမကိုယ်တိုင်ပဲ စိတ်ကလေး တစ်ဖြည်းဖြည်း ပျော့ပြောင်းသွားပြီး “ခွင့်လွတ်နိုင်အောင် ကြိုးစားပါမယ်..”လို့ ဆိုကာ ဦးချကန်တော့ပြီး ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ဆီက ရောက်လာတဲ့ ဖုန်းမက်စေ့ခ်ျက “ခွင့်မလွတ်နိုင်ပါဘူး…”တဲ့။ ဒါဆိုရင်တော့…

ဟုတ်တယ်။ ခွင့်လွတ်ဖို့ ပြောတာကို ခွင့်မလွတ်နိုင်ဘူး ဆိုရင်တော့ သူ့သဘောအတိုင်းပါပဲ။ သေချာတာကတော့ ခွင့်မလွတ်နိုင်မှုရဲ့ နောက်ကွယ်မှာ အမုန်းတရား၊ အငြိုးအတေးများနဲ့ သူပြိုင်ကိုယ်ပြိုင် အနိုင်လုရင်း အပြန်အလှန် အတုံ့အလှည့်တွေနဲ့ မပြီးနိုင်တဲ့ ပြိုင်ဆိုင်မှု သံသရာ ရှည်နေကြဦးမယ် ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ရန်ငြိုးဖွဲ့မှု၊ အာဃာတထားမှုတွေနဲ့ ပြဿနာတစ်ခု ပြေလည်စေဖို့၊ ရန်ငြိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘဲ ခွင့်လွတ်သီးခံမှုနဲ့ ရန်ငြိုးမဖွဲ့မှု၊ ကလဲ့စားမချေမှုကပဲ ရန်အေးပြီး ပြဿနာငြိမ်းစေမယ့် တစ်ခုတည်းသော နည်းဖြစ်ပါတယ်။

ဒီလိုခွင့်မလွတ်နိုင်မှု ရန်ငြိုးဖွဲ့မှုဆိုတဲ့ အဖြစ်မျိုးဟာ ဘုရားလက်ထက်မှာလည်း ရှိခဲ့ပါတယ်။ ဘုရားလက်ထက်တုန်းက ကာဠယက္ခိနီ ဘီးလူမနဲ့ သာဝတ္ထိပြည် သူဋ္ဌေးတစ်ဦးရဲ့ သမီးတို့ဟာ အတိတ်ဘ၀က စခဲ့တဲ့ ရန်ငြိုးတွေကြောင့် တစ်ဦးနဲ့တစ်ဦး ခွင့်မလွတ်နိုင်ဖြစ်ကာ သံသရာမှာ ရှည်ကြာစေခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀တစ်ခုမှာ သူဋ္ဌေတစ်ဦးရဲ့ ဇနီးမယားများ ဖြစ်ခဲ့ရာက စခဲ့တဲ့ ရန်ငြိးဟာ နောက်ဘ၀တွေအထိ ပါသွားခဲ့ကြပါတယ်။ သူဋ္ဌေးဇနီးဘ၀မှာ ခံခဲ့ရတဲ့ တစ်ယောက်က ခွင့်မလွတ်နိုင်တဲ့ အငြိုးနဲ့ ဆုတောင်းခဲ့ရာမှ နောက်နောက်ဘ၀တွေမှာ တစ်ယောက်က ကြက်မဖြစ်တဲ့အခါ၊ တစ်ယောက်က ကြောင်မဖြစ်ပြီး ကြက်မရဲ့ ဥတွေကို စားပစ်လိုက်၊ ကြက်မက မကျေနပ်လို့ နောင်ဘ၀သူ့ကို နိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းတဲ့အတွက် နောင်ဘ၀မှာ တစ်ယောက်က သမင်မဖြစ်၊ တစ်ယောက်က ကျားသစ်မဖြစ်ပြီး သမင်မွေးရင်း ကျားစားရင်းဖြစ်ကာ သမင်မက မကျေနပ်တော့ ထပ်ရန်ငြိုးဖွဲ့ ထပ်ဆုတောင်း၊ ထပ်ကလဲ့စားချေ လုပ်လိုက်ကြတာ အတိတ်ဘ၀ အတော်များများမှာ သူတလှည့်ကိုယ်တလှည့် အပြန်အလှန် ရန်ငြိုးတွေဖွဲ့ပြီး သံသရာ ကျင်လည်လာခဲ့ရပါတယ်။ ဒီလိုနဲ့ အခုနောက်ဆုံးဘ၀ ဂေါတမမြတ်စွာ ဘုရားလက်ထက်မှာတော့ ဘီလူးမနဲ့ သူဋ္ဌေးသမီးဖြစ်လာပြီး ရန်ငြိုးတွေဖွဲ့ရင်း နောက်ဆုံးမှာ ဘုရားရှင်နဲ့ တွေ့တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သူတို့နှစ်ဦးရဲ့ ခွင့်မလွတ်နိုင်မှုကြောင့် သံသရာမှာ အပြန်အလှန် ရန်ငြိုးဖွဲ့ရင်း ကျင်လည်ခဲ့ရတဲ့အကြောင်း ပြောပြရင်း “ဘယ်သူက ငါ့ကို ဘာလုပ်ဖူးတယ်၊ ဘယ်လိုပြောဖူးတယ်၊ ဘယ်လိုကြံဖူးတယ် စတဲ့ ခွင့်မလွတ်နိုင်တဲ့ ရန်တုံ့မူခြင်းများဖြင့် ဘယ်တော့မှ ရန်မငြိမ်းနိုင်ကြောင်း၊ ရန်တုံ့မမူခြင်း၊ ခွင့်လွတ်ခြင်းဖြင့်သာ ရန်တို့သည် ငြိမ်းအေးနိုင်ကြောင်း…” စသဖြင့် ဓမ္မစကား မိန့်ကြားတော် မူလိုက်ပါတယ်။ ဒီတော့မှ သူတို့နှစ်ဦးလည်း တစ်ဦးအပေါ် တစ်ဦးခွင့်လွတ်ကြရင်း တရားရသွားခဲ့ပါတယ်။

ဒါဟာ ဘုရားလက်ထက်မှာ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ခွင့်မလွတ်နိုင်ဘဲ ရန်ငြိုးဖွဲ့ကြရာမှ ဖြစ်ပေါ်ခဲ့တဲ့ အပြန်အလှန် အငြိုးအတေး အာဃာတ၊ ကလဲ့စားချေမှုတွေဟာ သံသရာကို ရှည်ကြာစေပြီး လွတ်မြောက်ရာအမှန် နိဗ္ဗာန်နဲ့ ဝေးနေတတ်တယ်ဆိုတာ သတိပြု ဆင်ခြင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ခွင့်မလွတ်ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ခွင့်မလွတ်ဘဲ နေခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေအတွက်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ခံရမှာဖြစ်ပါတယ်။ သံသရာအဆုံးသတ်ဖို့ ကိုယ်လုပ်တဲ့ ကောင်းကံ၊ မကောင်းကံတွေကို အဆုံးသတ်မှ ဖြစ်မှာပါ။ အငြိုးအတေးတွေနဲ့ လုပ်နေကြတဲ့ လုပ်ရပ်တွေကို ခွင့်လွတ်သီးခံမှုနဲ့ အဆုံးသတ်မှပဲ ပြီးဆုံးကြမှာပါ။ ကံတွေကို ဉာဏ်နဲ့ဖြတ်မှပဲ သံသရာလည်မှုက ရပ်မှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခံလိုက်ရလို့ မကျေနပ်ချက်တွေနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး အငြိုးအတေးတွေထားကာ ပြန်လည်တုံ့ပြန်ကြမယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း အတုံ့အလှည့် ပြန်ဖြစ်ကာ သံသရာအဆက် ရှည်ကြာလျက်နေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတိုင်းမှာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူး စတဲ့အတွေးများနဲ့ အပြိုင်အဆိုင်၊ အပြန်အလှန်၊ အငြိုးအတေးတွေ ထားမနေကြဘဲ ဖြစ်ပြီးသမျှ အတိတ်ကို သင်္ခန်းစာယူကာ နောင်မဖြစ်အောင် ကြိုးစားရင်း အားလုံးကို ခွင့်လွတ်နိုင်အောင်သာ အမှတ်သတိ မပြတ်ရှိလျက် သံသရာအဆက် ဖြတ်ကြည့်ကြဖို့ပဲ လိုပါတော့တယ်။ သံသရာရှည်မယ့် အရာတွေကို ခွင့်လွတ်ခြင်းနဲ့ ဖြတ်နိုင်အောင် ကြိုးစားရင်း လွတ်မြောက်ရာလမ်းကိုသာ ရွေးချယ်ကြဖို့ပဲ လိုပါတော့တယ်။ တဖြည်းဖြည်း ကြိုးစားကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အားလုံး ခွင့်လွတ်နိုင်ကြပါစေ…

Read more »

Live Questions and Answers (4)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

04 May 10 16:45
shinthan

ဆရာတော်ဘုရား... တစ်နာရီအတွင်းမှာပဲ ပရိတ်ကြီး(၁၁)သုတ်လုံးရွတ်တာနဲ့ (၁၁)ထဲမှ တစ်သုတ်သုတ်ကို တစ်နာရီလုံး ရွတ်တာတို့တွင် ဘယ်ဟာက ပိုအစွမ်းထက်ပါလဲဘုရား။ သိပါရစေဘုရား..

04 May 10 16:47
မနာပဒါယီ>>shinthan
ဘယ်လိုပုံစံမျိုးနဲ့ပဲ ရွတ်ရွတ် အဓိကကတော့ ရွတ်တဲ့အခိုက်မှာ စေတနာ၊ မေတ္တာ၊ သဒ္ဓါတရား အပြည့်နဲ့ ရွတ်ဆိုနိုင်မှုက အဓိကဖြစ်ပါတယ်။ ဒီပရိတ်ပဋ္ဌာန်းစသည် ရွတ်တာဟာ တကယ်တော့ သမထဘာဝနာ ပွားတာပါပဲ။ ဒါကြောင့် အရေအတွက် များများရွတ်နိုင်တာက အဓိကမကျဘဲ ရွတ်နေတဲ့အခိုက်မှာ စိတ်စေတနာ ကြည်လင်စွာနဲ့ သဒ္ဓါတရား၊ ကုသိုလ်တရား အားကောင်းနေဖို့က အရေးကြီးပါတယ်။ နေ့စဉ် စရဏတစ်ခု အနေဖြင့် အဓိဋ္ဌာန်လေးတစ်ခုကိုယူပြီး ရွတ်ဆိုပူဇော်နိုင်ရင် ပိုကောင်းပါတယ်။ ရွတ်ပွားနိုင်မယ်ဆိုရင် အစွမ်းထက်တာ၊ မထက်တာ၊ အကျိုးပေးကောင်းတာ မကောင်းတာက ကိုယ့်အလုပ်မဟုတ်ဘဲ စိတ်စေတနာအပြည့် ၊ သဒ္ဓါတရားအပြည့်နဲ့ မျှော်လင့်ချက်မပါဘဲ ဘုရားတရားတော်များကို ပူဇော်မှုကသာ ကိုယ့်အလုပ်လို့ သဘောထား ရွတ်ဆိုနိုင်မယ်ဆိုရင် ပရိတ်ရွတ်မှုက ပိုပြီးအဓိပ္ပါယ် ပြည့်ဝပါတယ်။ အဓိကကတော့ ပုတီးအပတ်ရေများအောင် အမြန်စိပ်တဲ့ ဖိုးသူတော် ပုတီးဆိပ်သလိုမျိုး မဖြစ်စေဘဲ အရေအတွက်ထက် နည်းနည်းပဲ ဖြစ်ဖြစ် ရွတ်တဲ့အခိုက်မှာ မျှော်လင့်ချက်မပါတဲ့ စိတ်စေတနာ၊ သဒ္ဓါနဲ့ ရွတ်ဆိုတာက ပိုအရေးကြီးပါတယ်။

ပြီးတော့ ပရိတ်ပဋ္ဌာန်းစသည် ရွတ်တဲ့အခါ အစွမ်းထက်စေဖို့ ရွတ်ဆိုသူများ ပြည့်စုံရမယ့် ၁။ ပုဒ်အက္ခရာကို မှန်ကန်စွာ ရွတ်ဆိုနိုင်မှု၊ ၂။ ပရိတ်ရဲ့ အနက်အဓိပ္ပါယ်ကို ကောင်းကောင်း နားလည်မှု၊ ၃။ သတ္တ၀ါတွေအပေါ်မှာ သနားတဲ့ ကရုဏာစိတ်၊ အကျိုးလိုလားတဲ့ မေတ္တာစိတ်မျိုး ထားရှိမှုဆိုတဲ့ အင်္ဂါရပ်တွေနဲ့ ညီအောင် ရွတ်ဆိုနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီလို သဒ္ဓါတရားတွေ၊ စေတနာတွေနဲ့ အင်္ဂါရပ်တွေ ပြည့်စုံနေမယ်ဆိုရင် တစ်သုတ်ပဲရွတ်လည်း အစွမ်းထက်ကာ အကျိုးအာနိသင် ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရေအတွက်များဖို့ထက် နေ့စဉ်ပုံမှန် နိစ္စ၀တ် တစ်ခုအနေဖြင့် စေတနာ သဒ္ဓါတရားလက်ကိုင်ထားက ကိုယ်တတ်နိုင်သမျှ ရွတ်ပွားနိုင်တာက ပိုပြီး အဓိကကျတဲ့အတွက် နည်းပေမယ့် အနှစ်ရှိတဲ့ ရွတ်ဆိုနည်းကသာ ပိုကောင်းပါကြောင်း အကြံကောင်းပေးလိုက်ပါတယ်။

12 May 10 19:26
safflower

ဘုန်းဘုန်းဘုရား ... တပည့်တော် တစ်ခုလောက် မေးပါရစေဘုရား။
(၁) တပည့်တော် ကောင်းတာတွေ ကိုလုပ်ပေမယ့် ကောင်းကျိုးကိုမခံစားရပါဘူး၊ သူများတွေက မကောင်းမှုလုပ်ပေမယ့် ဘာကြောင့် ကောင်းကျိုးကိုခံစားရတာပါလဲ ဘုရား။ တပည့်တော် သူတပါးကို မဟုတ်မမှန် မတရားတာကို ကိုယ်က စတင်ပြီး ဘယ်တော့မှ မလုပ်ခဲ့ပါဘူးဘုရား။ ဒါပေမယ့် တပည့်တော်အပေါ် မတရား အနိုင်ကျင့်မှုများကို ကြုံတွေ့ရပါတယ်ဘုရား။ တပည့်တော်မှ သူများအား ပြန်လည် တိုက်ခိုက်သောအခါ ထိုသူများ နာကျင်ခံစားရ သကဲ့သို့ တပည့်တော်လည်း ပြန်လည်နာကျင် ရပါတယ်ဘုရား။ ဘာကြောင့် ဒီလိုဖြစ်ရတယ် ဆိုတာကို တပည့်တော်အား ရှင်းပြပေးပါဘုရား။
(၂) တပည့်တော်တို့ ဘာသာမှာ ဘိုးတော် မယ်တော်တွေဆိုတာ တကယ်ရှိပါ သလားဘုရား။ အခွင့်ရှိရင် သိချင်ပါတယ်ဘုရား။

13 May 10 05:20
မနာပဒါယီ>>> safflower
(၁) ကုသိုလ်ကံ အကုသိုလ်ကံတွေရဲ့ အကျိုးပေးဆိုတာ အချိန်ကို စောင့်ရပါတယ်။ အကျိုးပေးချိန်တန်မှ၊ အကျိုးပေးခွင့်ကြုံမှ အကျိုးပေးနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတဲ့ ကိုယ်လုပ်တဲ့ ကံတွေမှာ ဒီဘ၀မှာ ချက်ချင်းအကျိုးပေးတဲ့ ကံတွေရှိသလို၊ သေပြီးဒုတိယဘ၀မှာ အကျိုးပေးတဲ့ ကံတွေ၊ သေပြီး နောက်နောက်ဘ၀မှာ အကျိုးပေးတဲ့ ကံတွေ၊ အကျိုးမပေးဘဲ အဟောသိကံ ဖြစ်သွားတဲ့ ကံတွေလည်း ရှိတတ်တဲ့အတွက် အချိန်တန်၊ အခွင့်အခါ ကြုံမှပဲ အကျိုးပေးနိုင်ပါတယ်။ ပြီးတော့ ကံတွေထဲမှာ အတိတ်ကံ ပစ္စုပ္ပန် ကံဆိုတာလည်း ရှိပါတယ်။ ပစ္စုပ္ပန်မှာ လုပ်တဲ့ကံတွေ အကျိုးပေးချင်ပေမယ့် အတိတ်ကံက အားကောင်းနေရင်လည်း လက်ရှိပစ္စုပ္ပန်ကံတွေမှာ အကျိုးပေးခွင့် မရဘဲ ဖြစ်တတ်ပါတယ်။

များသောအားဖြင့် သတ္တ၀ါတွေ အခုပစ္စုပ္ပန်ဘ၀မှာ ခံစားနေကြတဲ့ ကောင်းကျိုးဆိုးကျိုးတွေဟာ အတိတ်က ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ ကံတွေရဲ့ အကျိုးရလာဘ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ဒီဘ၀မှာ ကောင်းမှုတွေဘယ်လောက်ပဲ ပြည့်စုံအောင် ကောင်းအောင်လုပ်နေပေမယ့် ကောင်းတာတွေ ရောက်မလာဘဲ အဆိုးတွေပဲ ဖြစ်နေတတ်တာ ရှိသလို၊ တစ်ချို့ကျတော့ မကောင်းတာတွေ လုပ်နေပေမယ့် ကောင်းကျိုးတွေပဲ ဆက်တိုက်ဖြစ်နေတာကို တွေ့နိုင်ပါတယ်။ ဒီလိုလူတွေဟာ ပြောမယ်ဆိုရင် အဟောင်းစားနေတဲ့ သူတွေလို့ ပြောလို့ရပါတယ်။ ဒီပြဿနာမျိုးအတွက် မြတ်စွာဘုရား ဟောထားတဲ့ စကားရှိပါတယ်။

မြတ်စွာဘုရားက “မကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးကို ခံစားရ၏။ ကောင်းမှုပြုသော သူပင်ဖြစ်သော်လည်း ကောင်းမှုအကျိုးမပေးသေးသော ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသောသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။” လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ကောင်းမှုတွေလုပ်နေပေမယ့် မကောင်းတာတွေနဲ့ပဲ ကြုံနေရတဲ့ သူတွေအနေနဲ့ ဘုရားစကားတော်အတိုင်း စိတ်ဓာတ်မကျပဲ ကောင်းတာတွေကိုသာ ဆက်လုပ်နိုင်အောင် ကြိုးစားနေဖို့ လိုပါတယ်။ ကံအကျိုးပေးကျလာတဲ့ အချိန်မှာတော့ ဘယ်သူမှ တားမရအောင် အကျိုးပေးကောင်းတွေ ရလာမှာ ဖြစ်တယ်ဆိုတာ ဖြေကြား အကြံပြုလိုပါတယ်။

၂။ ဗုဒ္ဓသာသနာမှာတော့ ဘိုးတော်မယ်တော်စတဲ့ လောကဓာတ်ဆရာတွေ ဆိုတာ မရှိပါဘူး။ ရတနာသုံးပါးနဲ့ ကိုယ်ကိုယ်တိုင်ပဲ ကိုးကွယ်ရာ အစစ်ရှိပါတယ်။ လောကီနယ်ပယ်မှာတော့ ဘိုးတော်၊ မယ်တော် အမည်ခံတဲ့ လောကဓာတ် ဆရာတွေ ရှိနိုင်ပါတယ်။ ရှိလည်းရှိနေကြပါတယ်။

Read more »

ဝဋ်မှာအမြဲ ငရဲမှာ အပ…

ဗုဒ္ဓဘာသာ မြန်မာအများ ပြောဆိုသုံးနှုန်းလေ့ရှိကြသည့် မကောင်းမှု အကုသိုလ်နှင့် စပ်လျဉ်းသည့် သတိပေး ပြောဆိုမှု စကားများတွင် “၀ဋ်လိုက်တတ်တယ်၊ ၀ဋ်လိုက်လိမ့်မယ်၊ ငရဲကြီးမယ်…”စသည်ဖြင့် ပြောဆိုကြသည့် စကားများ ရှိ၏။ မကောင်းသည့် လုပ်ရပ်တစ်ခုခုကြောင့် ပြန်ခံရတတ်သည့် တန်ပြန်သက်ရောက်မှုတွင် ၀ဋ်အဖြစ် ပြန်ခံရသည့် အကုသိုလ်အကျိုးနှင့် ၀ဋ်ကျွေးမပါဘဲ အကုသိုလ် အပြစ်သက်သက်ကိုသာ ပြန်ခံရသည့် အကုသိုလ်အကျိုး ဟူ၍ရှိတတ်ရာ အချို့အကုသိုလ်ကံများသည် အကုသိုလ်အကျိုးကို ခံပြီးဖြစ်သော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးးအနေဖြင့် ပေးဆပ်ရသည့် အကုသိုလ်များအဖြစ် ရှိတတ်ပြီး အချို့အကုသိုလ်ကံ များသည်ကား အကုသိုလ်အကျိုးကို ခံပြီးသည်နှင့် ပြီးပြတ်သွားနိုင်သည့်အပြင် ကုသိုလ်ကံအစွမ်းဖြင့် ယင်းအကုသိုလ်ကံ အကျိုးပေးခွင့်မရအောင်ပင် ပြုလုပ်နိုင်သည့် ကံများအဖြစ် ရှိတတ်၏။ ထို့ကြောင့်ပင် အပြစ်ခံပြီးသော်လည်း အကြွေးကျန်နေတတ်သည့် သဘောရှိသည့် ကံနှင့် အကြွေးမကျန် အပြစ်ခံကာ ကောင်းသည့်ကံဖြင့် အပပြုနိုင်သည့် သဘောရှိသည့်ကံများကို ရည်ရွယ်၍ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ပြောစမှတ် ပြုကြခြင်းဖြစ်၏။

အကုသိုလ်အလုပ်တစ်ခုခုသည် အကုသိုလ်အကျိုးကို ပေးတတ်သည် မှန်သော်လည်း ပြုလုပ်တတ်သူ၏ စေတနာ၊ ရည်ရွယ်ချက်သို့လိုက်ကာ အကျိုးအပြစ် အကြီးအသေး ကွာခြားတတ်၏။ စေတနာရည်ရွယ်ချက် အားကောင်းပြီး ကြိုတင်ကြံစည်မှုများဖြင့် မဖြစ်ဖြစ်အောင် ပြုလုပ်တတ်သည့် အကုသိုလ်ကံများသည် အပြစ်ခံပြီးသော်လည်း အကြွေးကျန်ကာ ၀ဋ်ကြွေးအဖြစ် ခံရတတ်၏။ စေတနာပါသော်လည်း ရည်ရွယ်ချက်မရှိ ရုတ်တရက် မဖြစ်မနေ လုပ်လိုက်ရသည့် အကုသိုလ်ကံမျိုးသည်ကား စေတနာပါသဖြင့် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း အကျိုးပေး အားနည်းကာ အားကောင်းသည့် ကုသိုလ်ကံတစ်ခုခုဖြင့် လွှမ်းမိုးနိုင်လျှင် ထိုမကောင်းမှု၏ အကျိုးပေးမှုကို အပပြုထားနိုင်၏။ ထို့ကြောင့် မကောင်းမှု အကုသိုလ်မှန်သမျှ မပြုလုပ်ဘဲ ရှောင်ရှားရန် လိုအပ်သော်လည်း မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးတွင်ကား ၀ဋ်ကြွေးတင်သည့် အကုသိုလ်အပြစ်များ မဖြစ်ကြရန် အထူးသတိပြုသင့်ကြောင်း ဆိုခြင်းဖြစ်၏။

စင်စစ် ၀ဋ်ကြွေးခံရသည် ဖြစ်စေ၊ ငရဲခံရသည် ဖြစ်စေ နှစ်ခုလုံးသည် အကုသိုလ်ကံ၏ အကျိုးပေးမှုများပင် ဖြစ်၏။ မိမိလုပ်ခဲ့သည့် အကုသိုလ်အလုပ်သည် စေတနာရည်ရွယ်ချက် အပြည့်ဖြင့် တမင်သက်သက် ကြိုတင်ကြံစည်ကာ ပြုလုပ်သည့် အကုသိုလ်ကံဖြစ်ပါက အကုသိုလ် အပြစ်ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ထိုအကုသိုလ်ကံ၏ အကျိုးပေးသက်ရောက်မှု ရှိနေသေးကာ အကြွေးအဖြစ် ပေးဆပ်ရတတ်၏။ တစ်ခါတစ်ရံ မကောင်းသည့် အကုသိုလ်အလုပ်ကို လုပ်ဖြစ်သွားသော်လည်း တမင်ကြိုတင်ကြံစည်ပြီး လုပ်သည့်အလုပ်မျိုး မဟုတ်ဘဲ မဖြစ်မနေလုပ်လိုက်ရသည့် အခါမျိုးလည်း ရှိတတ်၏။ ထိုသို့သော အကုသိုလ် အလုပ်မျိုးသည်ကား ကောင်းမှုကုသိုလ်တစ်ခုခုဖြင့် ချေဖျက်နိုင်လျှင် မကောင်းမှုအကုသိုလ် အကျိုးပေးခွင့်မသာဘဲ အဟောသိကံ ဖြစ်သွားတတ်သည့်အပြင် အပြစ်ခံရလျှင်လည်း ထိုအပြစ်ဒဏ်ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် ပြေပျောက်သွားကာ နောက်ကံတစ်ခု၏ အကျိုးပေးကို ရရှိစေသည့် သဘောရှိ၏။

မှန်၏။ ၀ဋ်ကြွေးသည်ကား အလွန်ကြောက်ဖွယ် ကောင်းလှ၏။ ၀ဋ်ကြွေးတင်သည့် အကုသိုလ် အလုပ်ဖြစ်ခဲ့လျှင်ကား လောကအထွဋ် ဖြစ်တော်မူသည့် အနန္တ တန်ခိုးရှင် ဘုရားပင်လည်း ၀ဋ်ကြွေးမှန်က ပေးဆပ်ခဲ့ရ၏။ ဗုဒ္ဓစာပေများတွင် ဖော်ပြထားသည့် ၀ိပါက်တော် (၁၂)ပါးသည် မြတ်ဗုဒ္ဓ ပါရမီဖြည့်စဉ် အလောင်းတော်ဘ၀က လုပ်ခဲ့သည့် အကုသိုလ်ကံများ၏ အကြွေးများပင် ဖြစ်၏။ အကုသိုလ်အပြစ်များကို ခံပြီးသော်လည်း နောက်ဆုံးဘ၀အထိ ၀ဋ်ကြွေးတော်ကို ပေးခံသွားခဲ့ရ၏။ ဗုဒ္ဓ၏ ၀ဋ်ကြွေးတော် (၁၂)ပါးတွင် “ဝေဘာရတောင်စောင်းမှ ကျောက်မောင်းဆင်ကာ ဒေ၀ဒတ်က လုပ်ကြံသဖြင့် ခြေတော်ကို ကျောက်လွှာထိသည့် ဒဏ်ကို ခံခဲ့ရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ ပါရမီဖြည့်စဉ်က သူကြွယ်အမျိုး၌ ဖြစ်ခဲ့ပြီး ထိုစဉ်က ညီကိုလှည့်စားခေါ်သွားကာ ကျောက်ဖြင့်ဖိညှပ်၍ ကြိတ်ချေထုသတ်ခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ယခုဘ၀ ရှင်တော်ဗုဒ္ဓအဖြစ်မှာ ခါးကိုက်တတ်သည့် ဝေဒနာကို မကြာမကြာ ခံစားရသည့် ၀ဋ်ကြွေးတော်သည် အတိတ်ဘ၀ လက်ဝှေ့သမား ဖြစ်စဉ်က ပြိုင်ဘက်ကို အနိုင်ရသည့်အခါတိုင်း ခါးရိုးကို ရိုက်ချိုးကာ မြေပေါ်ချသတ်ပြခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း၊ ဘုရားဘ၀ နောက်ဆုံးအချိန်တွင် ၀မ်းတော်လားပြီး အားအင်ချို့ကာ ပရိနိဗ္ဗာန်စံတော်မူခဲ့ ရသည့် ၀ဋ်ကြွေးတော်သည်လည်း အတိတ်ဘ၀ တစ်ခုတွင် ဆေးစရာဖြစ်စဉ်က ဆေးဖိုမပေးဘဲ ရှောင်လွဲနေတတ်သည့် လူနာတစ်ဦးအား ၀မ်းလျှောဆေးတိုက်ကာ လုပ်ကြံခဲ့သည့် အကုသိုလ် အလုပ်ကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် ဗုဒ္ဓကိုယ်တော်တိုင် ပြန်လည်ဟောကြားတော် မူခဲ့သည် ဖြစ်စဉ်များကို ကြည့်လျှင် ၀ဋ်မှာအမြဲ ဖြစ်ခဲ့သည် သာဓကများအဖြစ် အထင်အရှား ရှိနေသည်သာ ဖြစ်ပါ၏။

ထို့အတူ တန်ခိုးတော်အရာတွင် ဧတဒဂ် ရတော်မူသည့် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်ကြီးသည်လည်း ခိုးသားငါးရာ၏ ရိုက်နှက်မှုဒဏ်ဖြင့် ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့ရ၏။ ထိုအကြွေးသည် အတိတ်ဘ၀ တစ်ခုက မျက်မမြင် မိခင်အိုကြီးအား တောအုပ်တစ်နေရာ ခေါ်ဆောင်သွားကာ သူခိုးဓားပြများ၏ ရိုက်ပုတ်လုယက်စေမှုကို ဖြစ်စေခဲ့သည့် အကုသိုလ်လုပ်ရပ်၏ ၀ဋ်ကြွေးကြောင့်ပင် ဖြစ်၏။ ထိုအကုသိုလ်ကြောင့်ပင် ဘ၀ပေါင်းများစွာ အပြစ်ခံကာ နောက်ဆုံးဘ၀အထိ ကျန်အကြွေးကို ပြန်ဆပ်ခဲ့ရ၏။ ရည်ရွယ်ချက် ကြီးကြီးဖြင့် ကြိုတင်ကြံစည်ကာ စေတနာအပြည့်ထည့်ပြီ့း ပြုလုပ်ခဲ့သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် သာမာန်အကုသိုလ်အကျိုး အဖြစ် မဟုတ်တော့ဘဲ အရိယာဘ၀အထိ လိုက်လာတတ်သည့် ၀ဋ်ကြွေးတစ်ခုအဖြစ် ခံရတတ်သည်ကို မြတ်ဗုဒ္ဓနှင့် အရိယာ သာဝကကြီးများက ထင်ရှားပြနေပေ၏။

မည်သို့ပင်ဆိုစေ အကုသိုလ်အလုပ်၏ တန်ပြန်သက်ရောက်မှုသည် “ငရဲ” သို့မဟုတ် မိမိလုပ်ခဲ့သည့် လုပ်ရပ်နှင့် ထပ်တူပြန်ခံရသည့် “၀ဋ်ကြွေး”အဖြစ် ရှိနေသည်မှာ အသေအချာပင် ဖြစ်ပါ၏။ မကောင်းသည့် အလုပ်တစ်ခုသည် ကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ ပြုလုပ်သူ၏ စေတနာ ရည်ရွယ်ချက်သို့ လိုက်ကာသာ အကျိုးအပြစ် ကြီးမှုမကြီးမှုကို ဖြစ်စေ၏။ တစ်ခါတစ်ရံ လုပ်လိုက်သည့် မကောင်းမှုအလုပ်သည် အသေးအဖွဲလေးပင် ဖြစ်သော်လည်း လုပ်သည့်ပုဂ္ဂိုလ်၏ စေတနာမှာ ပြင်းထန်ကြီးမားနေသဖြင့် အကျိုးရလာဘ်သည်လည်း ကြီးမားသွားတတ်သည်များ ရှိတတ်၏။ အသေးအဖွဲလေးဟု အထင်သေးကာ ပြုလုပ်တတ်သည့် အကုသိုလ်သည် အကျိုးပေးသည့်အခါ အလွန်ဆိုးဝါးစွာ အကျိုးပေးတတ်သည်ကို သတိပြုသင့်၏။ ထို့ကြောင့်ပင် မြတ်ဗုဒ္ဓက “အနည်းငယ်သော မကောင်းမှုသည် ငါ့အား အကျိုးသက်ရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးသည် ပြည့်လာဘိသကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဖူးဖန်များလာသော် မကောင်းမှုဖြင့် ပြည့်၏။” ဟု ဟောတော်မူခြင်း ဖြစ်၏။

မှန်၏။ ယနေ့ခေတ်သည် ဆုတ်ကပ်ကာလ ဖြစ်၍လားမသိ။ ဘုရားအစရှိသည့် သူတော်ကောင်းများက မည်မျှပင် မကောင်းမှု အကုသိုလ်၏ အကျိုးအပြစ်များကို ဟောပြောပါသော်လည်း မကောင်းမှု၏ ဒဏ်ခတ်မှုကို မခံရသေးသမျှ ပုထုဇင်များသည် မကောင်းမှု အကုသိုလ်ကို မကြောက်ကြဘဲ ဖြစ်နေပေ၏။ ၎င်းတို့သည် မကောင်းမှုများ အကျိုးပေးမှုကို စုပြုံပြီး ခံလာရပြီ ဆိုမှသာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ နီးစပ်ရာ အားကိုးကို ရှာတတ်ကြသည့် သဘောရှိ၏။ အချို့လည်း မိမိ၏ လုပ်ရပ်ကို သတိမပြု မဆင်ခြင်ဘဲ မကောင်းသည့် ဒဏ်ခက်မှုများ ကြုံသည့်အခါမှသာ “ကံဆိုးလိုက်တာ၊ ၀ဋ်ကြီးလိုက်တာ”ဟု ဆိုကာ ကံနှင့်ဝဋ်ကို ပုံချတတ်ကြ၏။ စင်စစ် အချို့သော မကောင်းသည့် လုပ်ရပ်များ၏ တန်ပြန်သက်ရောက်မှုသည် နောင်ဘ၀များအထိ မစောင့်တော့ဘဲ ယခုဘ၀မှာပင် လက်တွေ့အကျိုး ပေးသည်များလည်း ရှိတတ်၏။ သူတစ်ပါးကို ဒဏ်ခတ်သည့် အကုသိုလ်ကံသည် ယခုဘ၀မှာပင် မိမိကိုယ်တိုင် ပြန်ခံရသည့် အခါများလည်း ရှိတတ်၏။ ထိုအခါ အချို့က “အဲဒါ ၀ဋ်လည်တာ”ဟု ဆိုတတ်ကြ၏။ အချို့ကလည်း “သူ့စရိတ်နဲ့ သူသွားတာပဲ”ဟု ဆိုတတ်ကြ၏။ မည်သို့ပင်ဆိုစေ ဤသည်မှာ မကောင်းသည့်လုပ်ရပ်၏ တန်ပြန်အကျိုးသက်ရောက်မှုပင် ဖြစ်၏။

စေတနာပါသည့် လုပ်ရပ်များသည် ကံမြောက်သည့် လုပ်ရပ်များဖြစ်သဖြင့် အလုပ်လုပ်သည့် အခါတိုင်း စိတ်စေတနာကို အထူးသတိပြု လုပ်သင့်လှ၏။ အထူးသဖြင့် မကောင်းသည့် အကုသိုလ် အလုပ်များသည် မလုပ်ဘဲ နေနိုင်လျှင် အကောင်းဆုံး ဖြစ်သော်လည်း မဖြစ်မနေ လုပ်မိကြသည့်အခါ စေတနာ ရည်ရွယ်ချက် အားကောင်းသည့် လုပ်ရပ်များ မဖြစ်ရန် ဆင်ခြင်သင့်လှ၏။ ရုတ်တရက် လုပ်ဖြစ်ခဲ့သည့် မကောင်းမှု လုပ်ရပ်များတွင် စေတနာ ရည်ရွယ်ချက် အားနည်းတတ်သဖြင့် အကျိုးပေးလည်း အားနည်းတတ်သော်လည်း ကြိုတင်ပြင်ဆင်ပြီး စေတနာရည်ရွယ်ချက် အပြည့်ဖြင့် ပြုလုပ်ကြသည့် အကုသိုလ် လုပ်ရပ်များသည်ကား စေတနာ ရည်ရွယ်ချက် အားကြီးသဖြင့် အကျိုးပေးလည်း အားကြီးတတ်သည်ကို သတိပြုသင့်၏။ အသေအချာတွေးကြည့်လျှင် စေတနာရည်ရွယ်ချက်ဖြင့် ကြိုတင်ပြင်ဆင် ကျူးလွန်တတ်သည့် အပြစ်များသည် ဓမ္မဥပဒေအားဖြင့် မဆိုထားနှင့် လောကဥပဒေအားဖြင့်လည်း ကြိုတင်ပြင်ဆင်မှု ပါသဖြင့် ပို၍အပြစ်ကြီးသည်ကို သတိပြုမိကြမည် ဖြစ်၏။ ထို့ကြောင့် မည်သည့်အကြောင်းဖြင့်ပင် ဖြစ်စေ မကောင်းမှု အကုသိုလ်ကို မလုပ်မိကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

အချုပ်အားဖြင့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အပါယ်ငရဲအထိ ကျရောက်နိုင်သကဲ့သို့ အပါယ်ငရဲမှ လွတ်လာပြန်လျှင်လည်း ထပ်တူပြန်လည် ပေးဆပ်ရသည့် ၀ဋ်ကြွေးများ ရှိတတ်သဖြင့် ငရဲနှင့်ဝဋ်ကို ရှည်စေတတ်သည့် မည်သည့်မကောင်းမှုမျိုးကိုမျှ မလုပ်မိကြရန် လိုအပ်လှပေ၏။ အသေးအဖွဲလေးဟု အထင်သေးကာ စေတနာပါပါဖြင့် လုပ်မိတတ်သည့် မကောင်းသည့် လုပ်ရပ်တစ်ခုသည် အကျိုးပေးသည့်အခါ ဘ၀ပေါင်းများစွာ မကောင်းသည့် အပြစ်ဒဏ်ကို ပြန်ခံရပြီး ထိုအပြစ်များ ခံပြီးသော်လည်း နောက်ဆုံးအရိယာ ဘ၀အထိ ၀ဋ်ကြွေးအဖြစ် ပြန်လည်ပေးဆပ်ရ တတ်သည်ကို သတိပြု ဆင်ခြင်သင့်လှပေ၏။ ကြိုတင်ပြင်ဆင်မှုနှင့် စေတနာ ရည်ရွယ်ချက်အားကြီးလျှင် ၀ဋ်ကြွေးတစ်ခုအဖြစ် ပြန်လည်ပေးဆပ်ရမြဲ ဖြစ်သဖြင့် ၀ဋ်ကိုမြဲစေမည့် အကုသိုလ်အမှုများ မလုပ်မိကြရန် ကြိုးစားသင့်လှ၏။ “၀ဋ်မှာအမြဲ ငရဲမှာ အပ”ဟု ဆိုကြသည့် အကုသိုလ်လုပ်ရပ်၏ တန်ပြန်အကျိုး ပေးမှုသည့် ငရဲ သို့မဟုတ် ၀ဋ်ကြွေး အဖြစ် ပြန်ခံရတတ်သဖြင့် မည်သည့် အကုသိုလ်အလုပ်မျိုးကိုမျှ မလုပ်မိကြရန် လိုအပ်ပေ၏။ အကောင်းဆုံးကား ၀ဋ်ကင်းပြတ်ရာ အလုပ်ကို လုပ်နိုင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။ ၀ဋ်ကင်းရာအလုပ်ကား ကံများကို ဖြတ်ပေးသည့် ဉာဏ်နှင့်ယှဉ်သည့် ဘာဝနာ အလုပ်ပင် ဖြစ်ပါ၏။

ထို့ကြောင့် ငရဲနှင့်ဝဋ် ကင်းရာဖြစ်သည့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အချိန်ရှိခိုက် သတိစိုက်၍ ရရှိထားသည့် ဘ၀အခိုက်တွင် မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်ကာ အားသွန်ခွန်စိုက် ကြိုးစားလိုက်ကြရန်သာ တိုက်တွန်းလိုက်ရပေတော့၏။ ငရဲနှင့်ဝဋ် တွဲ၍လွှတ်သည့် အပြစ်အကုသိုလ် ဤထိုထိုကို မပိုသတိ အလိုမရှိအောင် သတိဆောင်ပြီး မကောင်းမှုကို ရှောင်နိုင်ရန်သာ ကြိုးစားပါဟု အကြံပြုလိုက်ရပေတော့၏။ အားလုံး ငရဲနှင့်ဝဋ်ကင်းရာဖြစ်သည့် အလုပ်များဖြင့်သာ ဘ၀ပန်းတိုင် လှမ်းကိုင်နိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ