မရှိခိုးနိုး မလှစုန်းနိုး…

“ဟုတ်ပါတယ် ဘုန်းဘုန်း… တပည့်တော်တို့အဖြစ်က တိုင်းပြည်ကမွဲပြီး အစစအရာရာ နောက်ကျနေတော့ ဘာလေးပဲလုပ်လုပ် ဟေ့…ဟေ့ အဲလိုမလုပ်ရဘူး၊ အဲလိုမပြောရဘူး၊ မင်းတို့ဆီမှာ ဒါမျိုးရှိတာမဟုတ်ဘူးဆိုပြီး ဟိုဟာမလုပ်ဖို့ ဒါမလုပ်ဖို့ အထင်သေး အမြင်သေးတဲ့ သဘောတွေနဲ့ အပြောခံနေရတဲ့ အဖြစ်ပါပဲ ဘုရား…”ဆိုပြီး ကျောင်းမှာခဏခဏ ကြုံတွေ့နေရတဲ့ သူ့ရဲ့ခံစားချက်ကို ရင်ဖွင့်သွားတဲ့ ကျောင်းသားတစ်ယောက်ရဲ့ စကားတွေကို ပြန်လည်ကြားယောင်ရင်း “မရှိခိုးနိုး မလှစုန်းနိုး”ဆိုတဲ့ မြန်မာစကားပုံလေးကို သွားပြီးသတိရမိပါတယ်။ ကိုယ့်မှာမရှိရင် သူခိုးလိုလို အထင်ခံရပြီး ရုပ်အဆင်းက မလှရင်လည်း စုန်းလိုလို ကဝေလိုလို အထင်ခံရတတ်ကြောင်း ဖော်ညွှန်းထားတဲ့ ဒီစကားပုံလေးက လက်တွေ့ဘ၀ ရောက်တဲ့နိုင်ငံတိုင်းမှာ အနှိမ်ခံ အထင်သေးခံ ဖြစ်နေရတဲ့ မြန်မာနိုင်ငံသားများကို တိုက်ရိုက်ပြောနေသလို ဖြစ်နေပါတယ်။

ဟုတ်ပါတယ်။ မွဲပြီဆိုရင် လွဲနေတယ်လို့ အထင်ခံနေရတဲ့ လူမွဲတွေရဲ့ဘ၀ဟာ ဘယ်မှာနေနေ ဘယ်နေရာရောက်ရောက် အနှိမ်ခံ၊ အထင်သေးခံနေရတဲ့ အဖြစ်ပါ။ လွဲတတ်တဲ့သူချင်းအတူတူ လူချမ်းသာတွေ လွဲတဲ့အခါ အပြစ်မမြင် ဖြစ်တတ်တယ်လို့ ထင်နေကြပေမယ့် လူမွဲတွေ လွဲရင်တော့ ကွဲပြီသာမှတ်ပေတော့လို့ ဆိုရလောက်အောင် ၀ိုင်းဝန်းပြောဆိုကာ အမျိုမျိုးနှိမ်ကြတော့တာပါပဲ။ ပိုဆိုးတာက မွဲတဲ့နိုင်ငံ၊ နိုင်ငံရေး စီးပွားရေ မငြိမ်တဲ့နိုင်ငံက လူတွေဆိုရင် အားပေးမှုနဲ့ ဖေးမပေးကြဖို့ စိတ်မကူးဘဲ မွဲတာကိုပဲ အပြစ်တစ်ခုအနေနဲ့ “မင်းတို့ဆီမှာဆို ဒါမျိုးရှိတာမဟုတ်ဘူး၊ မင်းတို့ ဒါမျိုးသုံးနိုင်မှာ မဟုတ်ဘူး၊ မင်းတို့အနေနဲ့ ဒါမျိုးတွေ မလုပ်သင့်ဘူး…” စတဲ့ အပြောအဆိုတွေ၊ အထင်သေး အမြင်သေးတဲ့ အမူအရာတွေနဲ့ အနှိမ်ခံနေရတဲ့ အဖြစ်တွေပါ။

တစ်လောကပဲ ဒကာလေးတစ်ယောက် ဈေးဝယ်သွားရင်း ကြုံရတဲ့ သူ့အဖြစ်ကို ပြောပြပါသေးတယ်။ “ဒီနိုင်ငံမှာ ဈေးရောင်းတဲ့ တစ်ချို့အဒေါ်ကြီးတွေ၊ အဖွားကြီးတွေက နိုင်ငံခြားသား အလုပ်သမားတွေဆို ကောင်းကောင်း မဆက်ဆံချင်ကြဘူးဘုရား၊ ဈေးမေးတာတောင် မဖြေချင်သလို ဖြေချင်သလို လုပ်တတ်ကြတယ်၊ အ၀တ်အစား တောက်တောက်ပြောင်ပြောင် မရှိတာကိုပဲ အထင်သေးတဲ့ အမြင်နဲ့ နိုင်ငံခြားသားတွေ ဈေးလာဝယ်ရင် သိပ်ပြီးအဖက်မလုပ်ချင်ကြဘူး၊ တပည့်တော်ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဈေးထဲသွားပြီး ပစ္စည်းတစ်ခု ဈေးသွားမေးတာ ဈေးသည်အဒေါ်ကြီးက လူကြည့်ပြီး ဈေးမပြောဘဲ ‘ဈေးကြီးတယ်’လို့ပြောပြီး တစ်ဘက်ကို လှည့်သွားတယ်ဘုရား၊ ဒါနဲ့ တပည့်တော်လည်း အမြင်ကပ်တာနဲ့ အဲဒီလို ပုံစံတူ ပစ္စည်းကိုပဲ သူ့ဆိုင်ဘေးကဆိုင်မှာ တမင်အရွဲ့တိုက်ပြီး အများကြီး ၀ယ်ပြလိုက်တယ်၊ ခုဆိုရင် တပည့်တော်တို့သွားရင် အရင်ပုံစံမဟုတ်တော့ဘဲ ပြာပြာသလဲ ဘာယူမလဲ၊ ဘယ်လောက်ဖိုးလဲ လုပ်လာတော့တယ်ဘုရား..” စသဖြင့် သူ့အတွေ့အကြုံကို ပြောပြလို့ သိလိုက်ရပါတယ်။ သူပြောတာတွေ နားထောင်ပြီး “အင်း… ဒါကြောင့်နေမှာ ဒို့လူမျိုးတွေ ၀တ်လိုက်ဝယ်လိုက်ရင် ကောင်းပေ့၊ ဈေးကြီးပေ့ ဆိုတာတွေချည်းပဲ..”လို့ ဟာသနှောပြီး ပြောဖြစ်ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သေချာတာကတော့ မရှိရင် မွဲရင် အဖတ်မလုပ်ချင်ကြသလို ဟိုထင်ဒီထင် ထင်ခံရတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ရွာတစ်ရွာမှာ ပစ္စည်းပျောက်ရင် အဲဒီရွာက အမွဲဆုံးဆိုတဲ့ သာဂိတစ်ယောက် သွားစရာနေရာမရှိဖြစ်ပြီး ဟိုပုန်းဒီပုန်း ပုန်းနေရတဲ့ အဖြစ်လို ဘယ်သူက ဘာပဲပျောက်ပျောက် “ဒါ သာဂိလက်ချက်ပဲ ဖြစ်မှာ”ဆိုတဲ့ ရိုးမယ်ဖွဲမှုတွေနဲ့ အနှိပ်ခံရတတ်တဲ့ လူမွဲတွေရဲ့ဘ၀ဟာ မရှိတော့လည်း သူခိုးလို့ အထင်ခံနေရတဲ့ အဖြစ်ပါ။

ရှိပါစေတော့။ မွဲလို့ အနှိပ်ခံရတာတော့ နိုင်ငံခြားရောက်မှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံမှာနေလည်း အနှိမ်ခံနေရတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်လူမျိုး အချင်းချင်းကတောင် ပိုဆိုးနေပါသေးတယ်။ မွဲပြီဆိုရင် လူမပြောနဲ့ တိရိစ္ဆာန်တွေကတောင် အိမ်ရှေ့မလာကြဘူး ဆိုသလို မရှိတဲ့ သူတွေရဲ့ ဘ၀ဟာ အစစအရာရာ မျက်နှာငယ်ရတဲ့ ဘ၀ဆိုတာ လူမွဲအများစုဖြစ်တဲ့ မြန်မာနိုင်ငံသားတွေက ပိုသိကြမှာပါ။ လူမွဲတွေရဲ့ ဘ၀ဟာ ငွေမရှိတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောသလို ဟိုလူ့မြင်လည်း မျက်နှာချိုသွေးရ၊ ဒီလူ့မြင်လည်း မျက်နှာချိုသွေးနေရတဲ့ ဘ၀ပါ။ မွဲတဲ့အခါကျတော့ သူဋ္ဌေးကလည်း သူ့ပစ္စည်းပျောက်ရင် ကိုယ်ပဲယူသလိုလို၊ အာဏာပိုင်ကလည်း အမှုဖြစ်ရင် ကိုယ်ပဲကျူးလွန်သလိုလို အထင်ခံရတတ်တဲ့အပြင် ဒီကြားထဲ ရုပ်ပါဆိုးပြီဆိုရင်တော့ အိမ်တစ်အိမ်မှာ သူ့ကလေး သူ့ဖာသာသူ အစားမှာတာကိုပဲ ကိုယ့်ရုပ်ကြည့်ပြီး ကိုယ်ကပဲ စုန်းအတတ်နဲ့ ပြုစားသလိုလို အထင်ခံရ ပြန်ပါတယ်။ ဒါကြောင့်လည်း မြန်မာစကားပုံက မရှိခိုးနိုး မလှစုန်းနိုးလို့ ဆိုတာဖြစ်မှာပါ။

ဘာပဲဖြစ်ဖြစ် ကိုယ့်ကံအကျိုးပေး မကောင်းလို့ မွဲလာခဲ့ရတဲ့ အဖြစ်မှာ ဒီလိုမွဲတဲ့အတွက် ထင်ခံရတဲ့ အပြစ်တွေ လိုက်ပြောနေလို့ကတော့ ပြီးမှာမဟုတ်တော့ပါဘူး။ မွဲလို့ဖြစ်ရတဲ့ ဆိုးကျိုးဟာ အတိတ်က ကိုယ်လုပ်ခဲ့တဲ့ ကံရဲ့ တန်ပြန်သက်ရောက်မှုလို့ သဘောထားပြီး လက်ရှိမွဲနေတဲ့ ဘ၀ကနေ နောင်ကျင်လည်ရမယ့် ဘ၀တွေအထိ ဒီသက်ရောက်မှုတွေ ပါမသွားအောင်ပဲ ကြိုးစားရတော့မှာပါ။ လူမွဲပေမယ့် စိတ်မမွဲအောင်၊ လူမွဲပေမယ့် စေတနာ မမွဲအောင်၊ လူမွဲပေမယ့် သဒ္ဓါမမွဲအောင်၊ လူမွဲပေမယ့် အကျင့်မမွဲအောင်ပဲ အတတ်နိုင်ဆုံး ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဘယ်သူတွေ ဘယ်လိုထင်ထင် ကိုယ်ရဲ့အသွင်တွေ မမွဲဖို့ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ အကျင့်မွဲရင် အသွင်မွဲတတ်တဲ့အတွက် အသွင်မမွဲအောင် အကျင့်မမွဲဖို့ သတိပြုရမှာ ဖြစ်ပါတယ်။ မွဲလို့ အထင်သေးခံ၊ အနှိမ်ခံနေရတဲ့ ဘ၀မှာ အကျင့်ကောင်းအောင် ကြိုးစားပြီး သူတို့မလုပ်နိုင်တဲ့ အကျင့်လေးတွေနဲ့ပဲ အနိုင်ယူနိုင်အောင် အားထုတ်ရမှာ ဖြစ်ပါတယ်။

ဘုန်းဘုန်းရဲ့ ကိုယ်တွေ့အနေနဲ့ ပြောရရင် ဘုန်းဘုန်းတို့လည်း နိုင်ငံခြားရောက်လာပြီး တက္ကသိုလ်တစ်ခုမှာ ကျောင်းတက်နေတုန်းက ဘုန်းကြီးဆိုတဲ့ သဘောမျိုးနဲ့ မကြည့်ဘဲ မွဲတဲ့နိုင်ငံက ကျောင်းလာတက်တဲ့ နိုင်ငံခြားသား ကျောင်းသားအဖြစ်နဲ့ ကြည့်ကာ ပြောဆိုအနှိမ်ခံ ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ကျောင်းသားချင်းတူပေမယ့် သူတို့နိုင်ငံမှာရှိတဲ့ ကျောင်းသားဘုန်းကြီးတွေနဲ့ မတူအောင် နေပြလိုက်တော့ နောက်ပိုင်းသူတို့ကိုယ်တိုင် တလေးတစားဖြစ်လာ၊ သူတို့လိုချင်တာတွေ နည်းခံလေ့လာလာ၊ သူတို့ရဲ့ စိတ်အစဉ်ကို အကျင့်တရားတွေနဲ့ ကုစားပေးတဲ့ ဆရာအဖြစ် တင်လာတဲ့အထိ ဖြစ်လာခဲ့ရပါတယ်။ ဒီလိုဖြစ်ဖို့ သူတို့ရှေ့မှာ အထင်ကြီးအောင် တမင်နေပြတာတော့ မဟုတ်ပါဘူး။ ဘုန်းကြီးတစ်ပါးအနေနဲ့ လိုက်နာကျင့်သုံးရမယ့် ဗုဒ္ဓဓမ္မ ၀ိနယတွေကို ဘယ်နေရာရောက်ရောက် လိုက်နာကျင့်သုံးနေတဲ့အတွက် ရရှိလာတဲ့ တန်ပြန်သက်ရောက်မှုကောင်းပဲ ဖြစ်ပါတယ်။ ဒါဟာ လူမွဲပေမယ့် အကျင့်မမွဲအောင် နေပြလိုက်ခြင်းရဲ့ လက်တွေ့အကျိုးပဲ ဖြစ်ပါတယ်။ လူမွဲပေမယ့် စိတ်မမွဲအောင် သတိဆောင်ရခြင်းရဲ့ မျက်မှောက် အကျိုးပဲ ဖြစ်ပါတယ်။

အဓိကကတော့ လူပဲဖြစ်ဖြစ်၊ ဘုန်းကြီးပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ မွဲပေမယ့် စိတ်ပိုင်းဆိုင်ရာ မမွဲအောင် ကြိုးစားကြဖို့က အဓိကပဲ ဖြစ်ပါတယ်။ မွဲနေတဲ့ဘ၀မှာ ချမ်းသာသူတွေ၊ အာဏာရှိသူတွေ၊ ရာထူးဂုဏ်ရှိသူတွေ၊ အထက်တန်းကျတယ်လို့ ထင်နေသူတွေကို အနိုင်ယူနိုင်တာက လူမွဲပေမယ့် စိတ်မမွဲအောင်၊ ကိုယ်ကျင့်တရား မမွဲအောင် ကြိုးစားနေထိုင်ခြင်း တစ်ခုပဲ ရှိပါတယ်။ အထူးသဖြင့် ကိုယ်ကျင့်သီလ မမွဲဖို့ အရေးကြီးပါတယ်။ ကိုယ်ကျင့်သီလ လုံနေမယ်၊ ကိုယ်ကျင့်တရား ကောင်းနေမယ်ဆိုရင် လူမွဲပေမယ့် မကောင်းသတင်းမထွက်ဘဲ ကောင်းသတင်းနဲ့ ကျော်စောတတ်ပါတယ်။ လူမွဲပေမယ့် ကိုယ်ကျင့်မမွဲရင် ဘယ်လိုပရိတ်သတ်ထဲမဆို မကြောက်မရွံ့ ၀င်ရဲပါတယ်။ လူမွဲပေမယ့် အကျင့်မမွဲရင် သေခါနီးမှာ သတိလက်လွတ်မဖြစ်ဘဲ သေပြီးနောက်မှာလည်း ကောင်းတဲ့သုဂတိဘ၀မှာ ပြန်ဖြစ်ရပါတယ်။ ဒါကြောင့် ဘ၀ပေးကံကြောင့် မွဲနေရတဲ့ ဘ၀မှာ ဘယ်သူတွေ ဘယ်လောက်ပဲ အထင်သေး အမြင်သေးနေကြပေမယ့် ကိုယ့်ကိုယ်ကို အထင်မသေးဘဲ သူတို့ထက်သာအောင် အကျင့်မမွဲဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ထားပါတော့။ ဒီနေရာမှာ ဘုန်းဘုန်းအဓိကပြောချင်တာက လောကကြီးမှာ မရှိရင် သူခိုးလို့ အထင်ခံရတတ်၊ မလှရင် စုန်းလို့အထင်ခံရတတ်ပေမယ့် ကိုယ်ကိုယ်တိုင် ကိုယ့်ကိုယ်ကို သူခိုးလို့ အထင်မခံမိစေဖို့၊ သူများကို ဒုက္ခပေး ပြုစားတတ်တဲ့ စုန်းလို့ အထင်မခံမိစေဖို့ အဓိကကျတယ်ဆိုတာ ပြောချင်တာပါ။ ဘယ်သူက ဘယ်လောက်ပဲ အထင်သေး၊ နှိမ့်ချနေပါစေ ကိုယ့်ကိုယ်တိုင် ကိုယ့်ကိုယ်ကို ပြန်ပြီး အထင်သေး၊ နှိမ့်ချမှု မဖြစ်စေဖို့ အရေးကြီးပါတယ်။ တကယ်တော့ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိနေဖို့၊ အထင်မသေးမိဖို့က ကိုယ်ကိုယ်တိုင် အကျင့်သီလကောင်းနေမှ ဖြစ်မှာပါ။ မွဲနေတဲ့အပြင် အကျင့်ပါ မကောင်းဘူးဆိုရင်တော့ သူတပါးက အထင်သေးနှိမ့်ချတာကို ခံရတဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမသန့် ဖြစ်တတ်ပါတယ်။ နောက်ဆုံးတော့ ရုပ်ပိုင်းဆိုင်ရာ ဘယ်လောက်ပဲ မွဲမွဲ ကိုယ့်ကိုယ်ကိုယ် အကျင့်မမွဲအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် လောကကြီးမှာ မွဲရင် တစ်လွဲအမြင်နဲ့ အစွဲအထင်တွေ ရှိတတ်သလို မလှရင်လည်း အလွဲအသုံးနဲ့ အမြဲမပြုံးတဲ့ စုန်းလို့ ထင်တတ်ကြပေမယ့် ဒီလိုထင်တတ်တာတွေဟာ ပစ္စုပ္ပန် သံသရာ ကောင်းစားရေးမှာ ဘာမှအဓိကမကျတဲ့အတွက် ဒီအထင်အစွဲတွေကို အမြင်မလွဲစေဘဲ ရုပ်ပိုင်းဆိုင်ရာ မွဲနေတာထက် စိတ်ပိုင်းဆိုင်ရာ၊ အကျင့်တရားဆိုင်ရာ၊ သဒ္ဓါတရားဆိုင်ရာ၊ စေတနာပိုင်းဆိုင်ရာ စတာတွေမှာ မမွဲရအောင်သာ သတိပညာနဲ့ ကြိုးစားနေထိုင်ကြဖို့ပဲ တိုက်တွန်းလိုက်ရပါတယ်။ အားလုံး လူမွဲပေမယ့် စိတ်မပွဲအောင် ကြိုးစားနိုင်ကြပါစေ..

1 မှတ်ချက်များ (...ရေးရန်):

  • Anonymous says:
    Saturday, May 01, 2010

    ti's very nice post. it make me strog in my mind and give energy for me whom is poor. thank u so much sir...thanks again...

    with many respects


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ