သိကြားမင်း နတ်သက်ဆက်သွားခြင်းအကြောင်း…

Q. အရှင်ဘုရား… တပည့်တော် ဆရာတော်ကြီးတစ်ပါး ဟောကြားတော်မူတဲ့ တရားတော်ကို နာတဲ့အခါ သိကြားမင်းဟာ နတ်သက်ကြွေခါနီး ဘုရားရှင်ထံ သွားရောက်ပြီး မေးခွန်းများမေးလို့ တရားနာလိုက်တာ တရားနာနေရင်းနဲ့ပဲ နတ်သက်ကြွေကာ နတ်သက်အသစ်နဲ့ လက်ရှိသိကြားရာထူးကို ပြန်ရလို့ နှစ်ဘ၀တရား နာခဲ့ရကြောင်း မှတ်သားရပါတယ်ဘုရား။ တပည့်တော် သိချင်တာက သိကြားမင်းမေးတဲ့ မေးခွန်းတွေနဲ့ မြတ်စွာဘုရားရှင်ရဲ့ ဖြေကြားချက်တွေကို သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးတော်မူပါဘုရား..
မနီနီမာ

A. မင်္ဂလာပါ… မေးခွန်းရှင်ရဲ့ အမေးကို တိတိကျကျ ဖြေပေးနိုင်ဖို့ ဟောကြားတော်မူတဲ့ ဆရာတော်ရဲ့ တရားကို နာကြည့်တဲ့အခါမှာ မြတ်စွာဘုရားရှင် ဣန္ဒသာလလိုဏ်ဂူမှာ သီတင်းသုံးနေတဲ့အချိန် သိကြားမင်းရောက်လာပြီး မေးခွန်းတွေမေးကာ တရားနာတဲ့အကြောင်း သိခွင့်ရလိုက်ပါတယ်။ ဣန္ဒသာလဂူမှာ ဟောတဲ့တရားတော်ဆိုရင် ပိဋကတ်တော်လာ ဒီဃနိကာယ်၊ မဟာဝဂ္ဂ သံယုတ်မှာပါတဲ့ သက္ကပဥှသုတ်ပဲ ဖြစ်ပါတယ်။ ပါဠိတော်မူရင်းမှာပါတဲ့ အမေးအဖြေတွေကို ရေတွက်ကြည့်လိုက်တဲ့အခါ (၁၄)ချက်မဟုတ်ဘဲ (၁၂)ချက်ပဲ တွေ့ရပါတယ်။ တစ်ချို့မေးခွန်းတွေက ပေါင်းမေးထားတာ ဖြစ်တဲ့အတွက် ခွဲလိုက်ရင်တော့ (၁၄) ချက်ဖြစ်မှာပါ။ ဒါကြောင့် ဒီနေရာမှာတော့ ပါဠိတော် မူရင်းမှာပါတဲ့ သိကြားမင်းနဲ့ ဘုရားရှင်တို့အမေးအဖြေ (၁၂)ချက်ကိုပဲ အကျဉ်းချုံ့ပြီး ဖြေကြားပေးလိုက်ပါတယ်။

သိကြားမင်းအမေး… (၁)
“အရှင်ဘုရား လောကရှိ လူနတ်ဗြဟ္မာ အသုရာနှင့် နဂါးဂန္ဓဗ္ဗစသူတို့ဟာ တစ်ဦးအပေါ်တစ်ဦး ရန်ငြိုးကင်းကြစေဖို့၊ ဒဏ်ထားခြင်းကင်းကြစေဖို့၊ ရန်ကင်းကြစေဖို့၊ စိတ်ဆင်းရဲခြင်းကင်းကြစေဖို့၊ အမျက်ထွက်ခြင်းကင်းကြစေဖို့ စသဖြင့် လိုလားတောင့်တကြပါတယ်။ ဒါပေမယ့် ဒီလို လိုလားတောင့်တ ကြပေမယ့်လည်း တစ်ဦးနဲ့တစ်ဦး ရန်ငြိုးတွေဖွဲ့ကြ၊ ဒဏ်ခတ်ကြ၊ ရန်ပြုကြ၊ စိတ်ဆင်းရဲအောင်လုပ်ကြ၊ အမျက်ထွက်အောင် လုပ်ကြပါတယ်။ ဒီလိုတောင်တပေမယ့် တောင့်တတိုင်း ဖြစ်မလာတာဟာ ဘယ်လိုအနှောင်အဖွဲ့ကြောင့်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ပုဂ္ဂိုလ်သတ္တ၀ါတွေဟာ တစ်ဦးနဲ့တစ်ဦး သိကြားမင်းပြောတဲ့ ဆန္ဒများနဲ့ လိုလားတောင့်တပေမယ့် သူတို့လိုလားတောင့်တတိုင်း ဖြစ်မလာရတာဟာ သူတို့သန္တာန်မှာ ရှိနေကြတဲ့ ဣဿာမစ္ဆရိယ သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဣဿဆိုတာ သူတပါးအပေါ်မနာလိုခြင်းဖြစ်ပြီး မစ္ဆရိယဆိုတာကတော့ မိမိမှာရှိတဲ့အရာတွေမှာ ၀န်တိုခြင်း ဖြစ်ပါတယ်“

သိကြားမင်းအမေး… (၂)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံအကြောင်းတရား၊ တိုးတက်ဖြစ်ပွားရာ အကြောင်းတရား၊ ထင်ရှားဖြစ်ပေါ်ရာ အကြောင်းတရား၊ စတင်ဖြစ်ပေါ်ရာ အကြောင်းတရားဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုတရားများရှိရင် ဒီဣဿာမစ္ဆရိယ ဖြစ်တတ်ပြီး ဘယ်လိုတရားများ မရှိပါက ဒီတရားများ မဖြစ်တတ်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“နတ်တို့အရှင် သိကြားမင်း ချစ်ခြင်း မုန်းခြင်းဆိုတဲ့ သဘောတရားဟာ ဒီဣဿာမစ္ဆရိယတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာဖြစ်ပြီး ထင်ရှားတိုးတက်ရာလည်း ဖြစ်စေပါတယ်။ ဒီချစ်ခြင်းမုန်းခြင်းရှိရင် ဣဿာမစ္ဆရိယ ရှိတတ်ပြီး၊ ချစ်ခြင်းမုန်းခြင်းမရှိရင်တော့ ဣဿာမစ္ဆရိယလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၃)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီချစ်ခြင်းမုန်းခြင်းတို့ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ ထင်ရှားတိုးတက်ရာတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်လိုအရာက ဒီချစ်ခြင်းမုန်းခြင်း ဖြစ်မဖြစ်ကို ဖန်တီးပေးတယ်ဆိုတာ သိချင်ပါတယ်ဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း လိုချင်ခြင်း ဆန္ဒကြောင့် ဒီချစ်ခြင်းမုန်းခြင်းတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီလိုချင်ခြင်းဆန္ဒရှိရင် ချစ်ခြင်းမုန်းခြင်း ရှိတတ်ကာ လိုချင်ခြင်း ဆန္ဒမရှိရင်တော့ ဒီချစ်ခြင်းမုန်းခြင်းလည်း မရှိတတ်ပါဘူး“

သိကြားမင်းအမေး… (၄)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီလိုချင်ခြင်းဆန္ဒရဲ့ အခြေခံစတင်ဖြစ်ပေါ်ခြင်းနဲ့ တိုးတက်ထင်ရှားခြင်းတို့ဟာ ဘာကြောင့်ဖြစ်ရပြီး ဘယ်အရာက ဒီလိုချင်ခြင်းဆန္ဒ ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ကြံစည်ခြင်း ၀ိတက်ကြောင့် ဒီလိုချင်ခြင်း ဆန္ဒတို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီကြံစည်ခြင်း ၀ိတက်ရှိရင် လိုချင်ခြင်း ဆန္ဒရှိတတ်ကာ ၀ိတက်မရှိပါက ဆန္ဒလည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၅)
“အရှင်ဘုရား ဒီလိုဆိုရင် ဒီကြံစည်ခြင်း ၀ိတက်ရဲ့ အခြေခံစတင်ဖြစ်ပေါ်ရာနဲ့ တိုးတက်ထင်ရှားရာတို့ဟာ ဘာကြောင့်ဖြစ်ပေါ်ပြီး ဘယ်အရာများက ဒီကြံစည်ခြင်း ၀ိတက် ဖြစ်မဖြစ်ကို ဖန်တီးပေးပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း သံသရာချဲ့ထွင်တတ်တဲ့ တဏှာ မာန ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားအစုကြောင့် ဒီကြံစည်ခြင်း ၀ိတက်တို့ စတင်ဖြစ်ပေါ် တိုးတက်ပြန့်ပွားခြင်းဖြစ်ပြီး ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများရှိရင် ၀ိတက်ရှိတတ်ကာ ပပဉ္စတရားများ မရှိပါက ကြံစည်ခြင်း ၀ိတက်လည်း မရှိတတ်ပါဘူး…“

သိကြားမင်းအမေး… (၆)
“အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအကျင့်မျိုးကို ကျင့်ကြံအားထုတ်ရင် ဒီသံသရာ ချဲ့ထွင်တတ်တဲ့ ပပဉ္စတရားများ ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်သည်မည်ပါလဲဘုရား…“
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း ၀မ်းမြောက်ခြင်းဟူသော သောမနဿ၊ နှလုံးမသာခြင်းဟူသော ဒေါမနဿ၊ လျစ်လျူရှုခြင်းဟူသော ဥပေက္ခာလို့ခေါ်တဲ့ ခံစားခြင်း ဝေဒနာကမ္မဋ္ဌာန်းကို ကျင့်ကြံပွားများ အားထုတ်နိုင်ပါက ဒီသံသရာ ချဲ့ထွင်တတ်တဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများကို ချုပ်ငြိမ်းစေပြီး နိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ကို ကျင့်ရာရောက်ပါတယ်။ ၀မ်းမြောက်ခြင်း သောမနဿမှာလည်း မှီဝဲအပ်တဲ့ သောမနဿ မမှီဝဲအပ်တဲ့ သောမနဿလို့ နှစ်မျိုးရှိပြီး ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရားများ ဆုတ်ယုတ်ပါက အဲဒီသောမနဿကို မမှီဝဲအပ်ဘဲ၊ ဒီသောမနဿကို အမှီပြုခြင်းကြောင့် မိမိမှာ အကုသိုလ်တရားများ ဆုတ်ယုတ်ပြီး ကုသိုလ်တရားများ တိုးပွားပါက အဲဒီသောမနဿကို မှီဝဲအပ်ပါတယ်။ ကြံစည်ခြင်း ၀ိတက်၊ သုံးသပ်ခြင်း ၀ိစာရနှင့် တကွဖြစ်တဲ့ ဒီဝမ်းမြောက်ခြင်းမှာ ၀ိတက်ဝိစာရမရှိတဲ့ ၀မ်းမြောက်ခြင်းက ပိုပြီးမြတ်ပါတယ်။

သိကြားမင်းအမေး… (၇)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ပါတိမောက္ခသံဝရ သီလကို ကျင့်တယ်လို ခေါ်ဆိုနိုင်ပါသလဲဘုရား…”
ဘုရားရှင်အဖြေ…
“သိကြားမင်း… ကိုယ်အကျင့် (ကာယသမာစာရ)၊ နှုတ်အကျင့် (၀စီသမာစာရ)၊ ရှာမှီးခြင်း (ပရိယေသန) ဆိုတဲ့ တရားသုံးပါးမှာ မှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းနဲ့ မမှီဝဲအပ်တဲ့ ကိုယ်အကျင့်၊ နှုတ်အကျင့်၊ ရှာမှီးခြင်းလို့ နှစ်မျိုးစီရှိပြီး ဒီတရားတွေကို မှီဝဲခြင်းကြောင့် မိမိသန္တာန်မှာ အကုသိုလ်တရား တိုးပွားပြီး ကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ဘဲ ဒီတရားတွေ မှီဝဲခြင်းကြောင့် ကုသိုလ်တရားတိုးပွားပြီး အကုသိုလ်တရား ဆုတ်ယုတ်မယ်ဆိုရင် အဲဒီတရားကို မမှီဝဲသင့်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ပါတိမောက္ခသံဝရ သီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၈)
“အရှင်ဘုရား… ဘယ်လိုအကျင့်မျိုးကို ကျင့်တဲ့ရဟန်းဟာ ဣန္ဒြိယသံဝရ (ဣနြေ္ဒစောင့်စည်းခြင်း) သီလကို ကျင့်တယ်လို့ ဆိုနိုင်ပါသလဲဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… မျက်စိနဲ့ သိအပ်တဲ့ အဆင်းအာရုံ၊ နားနဲ့ သိအပ်တဲ့ အသံအာရုံ၊ နှာခေါင်းနဲ့ သိအပ်တဲ့ အနံ့အာရုံ၊ လျှာနဲ့ သိအပ်တဲ့ အရသာအာရုံ၊ ကိုယ်နဲ့ သိအပ်တဲ့ အတွေ့အထိအာရုံ၊ စိတ်နဲ့ သိအပ်တဲ့ သဘောတရားအာရုံ (ဓမ္မာရုံ) တို့မှာ မှီဝဲအပ်တဲ့ အာရုံ၊ မမှီဝဲအပ်တဲ့ အာရုံလို့ အာရုံတစ်ခုစီမှာ နှစ်မျိုးစီ ရှိကြပါတယ်။ ဒီအာရုံကို မှီဝဲတဲ့အတွက် မိမိသန္တာန်မှာ အကုသိုလ်တရား ဆုတ်ယုတ်ပြီး ကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒီအာရုံကို မှီဝဲအပ်ပြီး မှီဝဲခြင်းကြောင့် ကုသိုလ်တရားဆုတ်ယုတ်ပြီး အကုသိုလ်တရား တိုးပွားမယ်ဆိုရင် အဲဒါကို မမှီဝဲအပ်ပါဘူး။ ဒီလို မှီဝဲသင့်တာကို မှီဝဲပြီး မမှီဝဲသင့်တာကို မမှီဝဲဘဲ ကျင့်ကြံနေထိုင်တဲ့ ရဟန်းကို ဣနြ္ဒိယသံဝရသီလကို ကျင့်တဲ့ရဟန်းလို့ ဆိုပါတယ်…”

သိကြားမင်းအမေး… (၉)
“အရှင်ဘုရား… သမဏဗြာဟ္မဏ (ရဟန်း၊ ပုဏ္ဏား) အားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသောအယူ၊ တူသောပြီးဆုံးရာ ရှိပါသလားဘုရား..”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း. မရှိပါ…”

သိကြားမင်းအမေး… (၁၀)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း… လောကမှာ ဓာတ်အမျိုးမျိုးရှိပြီး အဲဒီမြောက်မြားစွာရှိတဲ့ ဓာတ်အမျိုးမျိုးကိုပဲ သတ္တ၀ါတွေဟာ စွဲလန်းကြ၊ အဲဒီဓာတ်ကိုပဲ ပြင်းပြင်းထန်ထန် စွဲလန်းကြပြီး ငါ့အယူသာမှန်တယ်၊ သူ့အယူမှားတယ်၊ သူအယူဟာ အချည်းနှီးသာဖြစ်တယ်လို ဆိုလေ့ရှိကြပါတယ်။ ဒါကြောင့်လည်း သမဏဗြဟ္မဏအားလုံးဟာ တူသောအဆုံးအမ၊ တူသောအကျင့်၊ တူသော အယူ၊ တူသော ပြီးဆုံးရာ မရှိကြခြင်း ဖြစ်ပါတယ်…”

သိကြားမင်းအမေး (၁၁)
“အရှင်ဘုရား… သမဏဗြာဟ္မဏ အားလုံးဟာ ပျက်စီးခြင်းကိုလွန်သော မှီခိုအားထားရာ၊ ပျက်စီးခြင်းကိုလွန်သော ယောဂကုန်ရာ၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါကျင့်သော မြတ်သောအကျင့်၊ ပျက်စီးခြင်းကို လွန်သောပြီးဆုံးရာ ရှိပါသလားဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း.. မရှိပါ..”

သိကြားမင်းအမေး… (၁၂)
“အရှင်ဘုရား… ဘာကြောင့် မရှိပါသလဲဘုရား…”
မြတ်စွာဘုရားအဖြေ…
“သိကြားမင်း တဏှာကို ကုန်ခမ်းစေတတ်တဲ့မဂ်နဲ့ ကိလေသာမှ လွတ်ကုန်သော ရဟန်းတို့သာလျှင် ပျက်စီးခြင်းကို လွန်သော မှီခိုအားထားရာရှိကုန်၊ ပျက်စီးခြင်းကို လွန်သော ယောဂကုန်ရာရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော တရားအလို့ငှါ မြတ်သောအကျင့်ရှိကုန်၊ ပျက်စီးခြင်းကိုလွန်သော ပြီးဆုံးရာ ရှိကုန်ကြတဲ့အတွက် သမဏဗြဟ္မဏအားလုံး တစ်သမှတ်တမ်း အတူတူမရှိကြခြင်း ဖြစ်ပါတယ်…”

ဒီအမေးအဖြေ တရားများကို နာကြားပြီးနောက် သိကြားမင်းဟာ အကျိုးတရားခြောက်ပါးကို ရရှိသွားပြီး အလွန်းနှစ်သက်ဝမ်းမြောက်စွာဖြင့် ဘုရားရှင်ကို ချီးကျူးပြောဆိုခဲ့ပါတယ်။ ဘုရားရှင်နဲ့တွေ့ မေးခွန်းမေးကာ တရားနာခွင့်ရလိုက်တဲ့ သိကြားမင်း ရရှိသွားတဲ့ အကျိုးခြောက်ပါးကတော့…
(၁) တရားနာနေရင်းပင် အသက်သစ်တစ်ဖန် ပြန်ရသွားခြင်း
(၂) လက်ရှိနတ်ဘုံမှ သေဆုံးပြီးတဲ့အခါမှာလည်း မတွေမဝေ သတိရှိလျက် အလိုရှိတဲ့ ဘုံမှာ ပြန်ဖြစ်နိုင်ခြင်း
(၃) ယုံမှားတွေဝေခြင်းကင်းကာ သတိသမ္ပဇဉ်နှင့် ယှဉ်လျက် သောတာပန် အရိယာအဖြစ်နှင့်လျော်စွာ နေထိုင်နိုင်ခြင်း
(၄) အရိယာအဖြစ်နှင့် ကောင်းမွန်စွာနေထိုင်ရင်း အထက်မဂ်ဖြစ်သည့် သကာဒါဂါမိမဂ်ကို ရသည့်အခါ လူ့ဘ၀၌ ပြန်လည်မဖြစ်တော့ခြင်း (သောတာပန်သည် သုဂတိဘုံများဖြစ်တဲ့ လူ့ဘုံနှင့်နတ်ပြည်၆ဘုံမှာ ပြန်ဖြစ်နိုင်)
(၅) လူ့ပြည်လာရောက်ပြီး တရားနာရင်း လူ့ဘုံမှ စုတေကာ သောတာပန် အဖြစ်ဖြင့် နတ်ပြည်၌ သိကြားမင်း တစ်ဖန်ပြန်ဖြစ်ခြင်း
(၆) နောက်ဆုံးဘ၀တွင် အကနိဋ္ဌဗြာဟ္မာဘုံတွင် ဖြစ်ရခြင်း (ထိုဘုံမှပင် နိဗ္ဗာန်ဝင်စံခြင်း) တို့ပဲ ဖြစ်ပါတယ်။

မှတ်ချက်။ အထက်ပါ ဖြေကြားချက်များသည် ပါဠိတော် မူရင်းလာ အနှစ်ချုပ်များဖြစ်ပါသည်။ ဒီအနှစ်ချုပ်တွင် မပါဝင်သည့် တရားဟောဆရာတော်၏ ဟောပြောချက်အချို့မှာ အဋ္ဌကထာအဖွင့်များ ဖြစ်နိုင်ပါသည်။ ဒီအနှစ်ချုပ်ကို ထောက်ဆကြည့်လျှင်လည်း နှစ်ဘ၀တရားနာသည်မှာ ဖြစ်နိုင်ပြီး မေးခွန်း (၇)ခုမြောက်မှာ ဝေဒနာနဲ့ တဏှာကို သိကာ သောတာပန် တည်သွားသည်ကိုလည်း ထောက်ဆသိနိုင်ပါသည်။

1 မှတ်ချက်များ (...ရေးရန်):

  • To Ma Ni Ni Mar...
    သိကြားမင်းမေးလို့ ဖြေပေးတဲ့ မြတ်ဗုဒ္ဓရဲ့ အဖြေကို သက္ကပဥှသုတ်မှာ ဖော်ပြထားတာက အခု ဖြေပေးထားတာဟာ အနှစ်ချုပ်ပါပဲ။ ဝေဒနာကမ္မဋ္ဌာန်းကို ဘယ်လိုပွားများရမယ်၊ အဲဒီလို ပွားများရင် တဏှာ၊ မာန၊ ဒိဋ္ဌိတို့ကို ဘယ်လိုပယ်သတ် သွားမယ်ဆိုတာကို အသေးစိပ် ဟောထားတာ ဒီသုတ်မှာ မဖော်ပြပါဘူး။ ဒီမှာ ဖော်ပြထားသလောက်ပဲ ပါဝင်ပါတယ်။ ဒါပေမယ့် ဒီသုတ်မှာပါတဲ့ မြတ်ဗုဒ္ဓရဲ့ မိန့်တော်မူချက်ကို အခြေခံပြီး အခြားကျမ်းစာများနဲ့ နှိုင်းယှဉ်ဖြေကြားပေးကြည့်ပါမယ်။

    မြတ်ဗုဒ္ဓဆိုလိုတဲ့ ဝေဒနာကမ္မဋ္ဌာန်းကို ပွားများရမယ်ဆိုတာက ဘယ်လိုခံစားချက်မျိုးပဲ ပေါ်ပေါ် အရှိအတိုင်း သိမှတ်စေတာကို ဆိုလိုပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဒီခံစားခြင်းမှာလည်း သုံးမျိုးရှိပါတယ်။ နှစ်သက်ဝမ်းမြောက်တဲ့ ခံစားခြင်း (သောမနဿ ဝေဒနာ)၊ နှစ်သက်ဝမ်းမြောက်မှု မရှိတဲ့ ခံစားခြင်း (ဒေါမနဿ ဝေဒနာ)နဲ့ နှစ်သက်ဝမ်းမြောက်ခြင်း ရှိသည်လည်း မဟုတ်၊ မရှိသည်လည်း မဟုတ်တဲ့ ခံစားခြင်း (ဥပေက္ခာ ဝေဒနာ)ဆိုတဲ့ ဝေဒနာ သုံးမျိုးမှာ ဘယ်လို ခံစားချက်မျိုးပဲ ရှိရှိ ရှိနေတဲ့ ခံစားချက်နဲ့ ဖြစ်နေတဲ့ သဘောကို အရှိအတိုင်း အဖြစ်တိုင်း သတိမပြတ် သိမှတ်ပေးနေရမယ်လို့ ဆိုပါတယ်။ ပေါ်လာတဲ့ ခံစားချက်အပေါ်မှာ လိုက်ပြီး ကြံစည်သုံးသပ်မှု မပြုဘဲ ခံစားမှု ရှိနေတဲ့အတိုင်း၊ ခံစားမှုကြောင့် ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ် သဘောခံစားမှုအတိုင်း အသိကပ်ပြီး သိမှတ်ပေးနေရမယ် ဆိုပါတယ်။

    နှစ်သက်ဝမ်းမြောက်တဲ့ ခံစားချက်ကြောင့် ခန္ဓာကိုယ်အစိပ်အပိုင်းများအထိ ပြောင်းလဲနေတတ်တဲ့ သဘောလေးတွေကိုလည်း အရှိအတိုင်း ဆံဖျားမှစ ခြေဖ၀ါးအထိ လိုက်ပြီးသိမှတ်ပေးရပါတယ်။ ဒီလိုသိမှတ်တဲ့အတွက် ကျေနပ်မှုရပြီး ကုသိုလ်တရား တိုးပွားနေတဲ့အခါ အဲဒီ ၀မ်းမြောက်မှု သောမနဿ ဝေဒနာကို ဆက်ပြီး အရှိအတိုင်း သိမှတ်နေရုံပါပဲ။ တစ်ခါတစ်ရံ နှစ်သက်ဝမ်းမြောက်မှု မရှိတဲ့ ခံစားမှု ပေါ်လာတဲ့အခါမှာလည်း ဒီခံစားမှုကို လိုက်သိနေပြီး ခန္ဓာကိုယ်အနံ့ သိမှတ်လို့ ကောင်းနေတဲ့အခါမျိုး ရှိကာ တည်ကြည်နေတဲ့ သမာဓိနဲ့ အကုသိုလ် အတွေးမ၀င် ကုသိုလ်တွေပဲ ဖြစ်နေရင်လည်း အဲဒီ ဒေါမနဿ ဝေဒနာကို အရှိအတိုင်း ဆက်ပြီး သိမှတ်ပေးနေရုံပါပဲ။ ပြီးတော့ ယောဂီပုဂ္ဂိုလ်များ တစ်ခါတစ်ရံ ဖြစ်တတ်တဲ့ ခံစားမှုမျိုးမှာ ၀မ်းမြောက်တဲ့ ခံစားမှုမျိုးလည်း မဟုတ်၊ နှလုံးမသာတဲ့ ခံစားမှုမျိုးလည်း မဟုတ်တဲ့ ခံစားမှုမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီခံစားမှုမျိုးကို လိုက်ပြီးသိမှတ်တဲ့အခါမှာ ကိုယ့်ရဲ့အမှတ်အာရုံ ကောင်းနေပြီး တည်ကြည်နေမယ်၊ တစ်ခြားအကုသိုလ် အတွေးတွေမ၀င်ဘဲ မှတ်လို့ ကောင်းနေမယ်ဆိုရင် ဒီဥပေက္ခာဝေဒနာကိုလည်း အရှိအတိုင်း လိုက်ပြီး သိမှတ်ပေးနေရုံပါပဲ။

    အဓိကကတော့ စိတ်မှာ နှစ်သက်ဝမ်းမြောက်တဲ့ ခံစားချက် ပေါ်လာတဲ့အခါပဲ ဖြစ်ဖြစ်၊ နှစ်သက်ဝမ်းမြောက်မှု မရှိတဲ့ ခံစားချက် ပေါ်လာတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ ဒီခံစားချက်နှစ်ခုလုံး မဟုတ်ဘဲ ကြားဖြစ်တဲ့ ခံစားမှု ပေါ်လာတဲ့ အခါမှာပဲ ဖြစ်ဖြစ် ဖြစ်ပေါ်နေတဲ့ အနေအထားအတိုင်း လိုက်ပြီးသိမှတ်ပေးနေဖို့ပါပဲ။ အဲဒီလို သိမှတ်ပေးနိုင်မယ်ဆိုရင် ယောဂီပုဂ္ဂိုလ်မှာ တဖြည်းဖြည်း ဉာဏ်စဉ်တွေ မြင့်လာပြီး မမြဲခြင်း အနိစ္စသဘော၊ ဆင်းရဲခြင်း ဒုက္ခသဘော၊ အစိုးမရခြင်း အနတ္တသဘောတွေ ထင်လာကာ မိမိသန္တာန်မှာ ရှိနေတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေကို တဖြည်းဖြည်း ပယ်ခွာလာနိုင်ပါလိမ့်မယ်။ နောက်ပိုင်း ဆက်လက်ကြိုးစား အားထုတ်နိုင်ရင် အကြွင်းမဲ့ ပယ်သတ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ ဝေဒနာအပေါ်မှာ သတိကပ်ပြီး အဆက်မပြတ် ရှုမှတ်မှုရဲ့ သဘောပဲ ဖြစ်ပါတယ်။ အကောင်းဆုံးနဲ့ အလွယ်ဆုံးကတော့ ယောဂီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ ဘယ်လိုခံစားမှုမျိုးပဲ ပေါ်ပေါ် အဲဒီခံစားမှုကို သတိကပ်ပြီး အရှိအတိုင်း၊ ဖြစ်နေတဲ့အတိုင်း လိုက်ပြီးသိမှတ်နေတာဟာ အကောင်းဆုံးပါပဲ။ အဲဒီလို သိမှတ်နိုင်လာတဲ့အခါမှာတော့ မြင့်တက်လာတဲ့ ၀ိပဿနာဉာဏ်တွေက သူ့အလိုလို ပယ်သတ်ရမယ့် အရာတွေကို ပယ်သတ်လာပါလိမ့်မယ်။ ယောဂီပုဂ္ဂိုလ် လုပ်ရမှာက ဘယ်လိုခံစားမှုမျိုးပဲ ဖြစ်ဖြစ် အရှိအတိုင်း သိမှတ်ပေးနေဖို့ပဲ ဖြစ်ပါတယ်။


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ