ခွင့်မလွတ်နိုင်ဘူးဆိုရင်ဖြင့်…

မနက်အစော ၂နာရီ ခွဲလောက်ဖြစ်မယ်ထင်တယ်။ အိပ်ကောင်းနေတဲ့အချိန် ဖုန်းမက်စေ့ခ်ျ ၀င်လာတဲ့ အသံကြောင့် နိုးသွားပြီး ဘယ်သူက ဘာပို့တာလဲလို့ ကြည့်လိုက်တော့ “အရှင်ဘုရားရေ… ရိုက်ချက်က ပြင်းလွန်းတော့ ခွင့်လွတ်လို့ မရဘူးဘုရား… (스님~ 너무 기가막혀서 용서가 않되내요)” ဆိုတဲ့ စာနဲ့အတူ ကိုရီးယား ဒကာမတစ်ယောက် ပို့လိုက်တဲ့ မက်စေ့ခ်ျ ဖြစ်နေတာကို တွေ့ရပါတယ်။ သူ့စာဖတ်ပြီး “အင်း… ဒီဒကာမတော့ ဒုက္ခပဲ”လို့တွေးရင်း ပြန်အိပ်ပျော်သွားလိုက်တာ မနက် ၅နာရီ နှိုးးစက်မြည်မှပဲ နိုးလာပါတော့တယ်။ အိပ်ယာက နိုးလာပြီး နောက်ပိုင်းမှာလည်း “ခွင့်မလွတ်နိုင်ဘူး”ဆိုတဲ့ သူ့စကားကိုပဲ သတိရနေရင်း လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကမှ ကျောင်းကိုရောက်လာပြီး ရင်ဖွင့်သွားတဲ့ ဒီဒကာမရဲ့ စကားသံတွေကိုပါ ပြန်လည်ကြားယောင်နေမိ ပြန်ပါတယ်။

လူတွေဟာ ဒုက္ခရောက်မှပဲ ဘုရားကျောင်းကန်ကို သတိရတတ်တယ် ဆိုတဲ့စကားလိုပဲ ကျောင်းမရောက်တာကြာတဲ့ ဒီဒကာမလည်း ဒုက္ခတွေ တစ်ပွေ့တစ်ပိုက်နဲ့ ခုမှပဲကျောင်းကို ရောက်လာခဲ့ပါတယ်။ သူ့ကြည့်ရာတာ နာကျင်မှု၊ ပူလောင်မှု၊ သောကဖြစ်မှု၊ အခဲမကြေဖြစ်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ ခံစားမိပါတယ်။ သိနေတာကြာပြီဖြစ်တဲ့ ဒီကိုရီးယား ဒကာမဟာ ဘုန်းဘုန်းရဲ့ တရားပွဲတွေမှာ လာနာဖူး၊ တရားလည်း အထိုက်အလျောက် အားထုတ်ဖူးတဲ့သူ ဖြစ်တဲ့အပြင် မြန်မာပြည်ကိုလည်း ရောက်ဖူးတဲ့သူပါ။ ဒါကြောင့် သူ့စိတ်သက်သာရာ သက်သာကြောင်း ဖြေပေးနိုင်မယ့် ဆရာဒကာအနေနဲ့ရော ကလျာဏမိတ္တအနေနဲ့ပါ အားကိုးတကြီး ကျောင်းကို ရောက်လာတာ ဖြစ်ပါတယ်။

ဒကာမနဲ့ စကားပြောကြည့်တဲ့ အခါမှာတော့ သူ့ခံစားချက်တွေကို သိခွင့်ရခဲ့ပါတယ်။ တတ်နိုင်သမျှ ဓမ္မနဲ့ ဖြေဆည်ပေးခဲ့ပါတယ်။ သူခံစားနေရတာက သူကိုယ်တိုင် အစစအရာရာ လုပ်ကိုင်ဆောင်ရွက်ပေး၊ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေး၊ ဘာပဲဖြစ်ဖြစ် အကူအညီပေး၊ ကျေးဇူးပြုပေးခဲ့တဲ့ သူတစ်ယောက်က သူ့အပေါ် ကျေးဇူးကန်းသွား၊ သူ့ကိုအသုံးချသွား၊ သူဖြစ်စေချင်တဲ့ ပုံစံအတိုင်း ဖြစ်မသွားဘဲ အများရှေ့မှာ သူ့ကိုအရူးလုပ်သွားတဲ့ အတွက် အခဲမကြေဖြစ်ပြီး နာကြည်းစွာ ခံစားနေရတဲ့ အဖြစ်ပါ။ တရားထိုင်ဖို့ ကြိုးစားပေမယ့်လည်း တရားထိုင်တဲ့အခါတိုင်း ဒီစိတ်အတွေးတွေပဲ ၀င်နေတော့ တရားလည်း ထိုင်မရတဲ့အကြောင်း လျှောက်ပါတယ်။ ပြောလည်းပြော၊ မျက်ရည်လည်းကျ၊ ဒေါသလည်းထွက်နေတဲ့ ဒီဒကာမကိုကြည့်ပြီး သူပြောချင်တာတွေ ပြောနိုင်အောင် သူပြောသမျှကို အလိုက်သင့် စိတ်ဝင်တစား နားထောင်ပေးဖြစ်ခဲ့ပါတယ်။

ဒီလိုဒုက္ခဆိုတာ လူတွေကြားမှာ ပြောလို့မဖြစ်သလို သူ့အလုပ်နဲ့သူ ရှုတ်နေကြတဲ့ လူတွေမှာ တစ်ခြားသူ ကိစ္စကို အချိန်ပေး နားထောင်ပေးဖို့ဆိုတာ မလွယ်ပါဘူး။ ဘုန်းကြီးတွေကတော့ နားလည်းနားထောင်ပေး စိတ်သက်သာအောင် တရားနဲ့လည်း ဖြေဆေးပေးပြီး ကုသပေးတတ်တဲ့အတွက် အခုလို အားကိုးတစ်ကြီး ရင်လာဖွင့်တာ ဖြစ်ပါတယ်။ သူ့စိတ်တိုင်းကျ သူပြောချင်ရာ နားထောင်ပေးလိုက်၊ လိုအပ်တဲ့အခါ တရားစကားလေးတွေနဲ့ အားပေးနှစ်သိမ့်ပေးလိုက်တော့ သူ့ခံစားချက် နဲနဲ့ပေါ့သွားတယ် ထင်ပါတယ်။ မျက်နှာမှာ အရင်ကလောက် ပြင်းထန်တဲ့ ခံစားချက် မရှိတော့တာ သတိထားမိပါတယ်။ သူလည်း ပြောချင်ရာ ပြောပြီးသွားလို့လား မသိဘူး နဲနဲငြိမ်သွားပါတယ်။ ဒီတော့မှ ဘုန်းဘုန်းအနေနဲ့ သူ့ကို အေးရာအေးကြောင်း စိတ်ပြေရာ ပြေကြောင်း အေးအေးဆေးဆေး တရားစကား ပြောဟောပေးဖြစ်ပါတယ်။

“အင်း… ဒကာမရေ… နားထောင်ရတာ၊ ကြားရတာတွေအတွက် တကယ့်ကို စိတ်မကောင်းပါဘူး။ ဒါပေမယ့် စိတ်မကောင်းဖြစ်ရုံ၊ အကြံပြုရုံကလွဲပြီး ဒကာမရဲ့ ခံစားချက်တွေအပေါ်မှာတော့ ကူပြီးခံစားပေးဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီခံစားချက်တွေ လျော့သွားဖို့ကတော့ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားပြုပြင်ကြည့်ရမှာပါ။ ဖြစ်ခဲ့သမျှတွေကို သေချာပြန်တွေးကြည့်ပါ။ ဘာဖြစ်လို့ ဒီလောက်ခံစားနေရတာလဲ ဆိုတာ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် ဆန်းစစ်ကြည့်ပါ။ ကိုယ်က ဒီမှာလာပြီး ဘယ်လောက်ပဲ ခံစားပြနေပါစေ တစ်ဘက်သူကတော့ သိမှာလည်း မဟုတ်သလို သူ့အလုပ် သူလုပ်နေမှာ အမှန်ပါပဲ။ ဒါဆို ကိုယ်က ကိုယ့်ဖာသာဖြစ်၊ ကိုယ့်ဖာသာကိုယ် ခံစား၊ ကိုယ့်ဖာသာကိုယ် နားကြည်းနေသလို ဖြစ်နေမှာပေါ့။ ဒီလို သူနဲ့ပတ်သက်တဲ့ အတွေးတွေဝင်တိုင်း အရင်ဆုံး နာကျင်စွာ ခံစားနေရတာက ဒကာမကိုယ်တိုင်ပဲ မဟုတ်လား..။ သေချာတွေးကြည့်တော့ အားလုံးဟာ ကိုယ့်ကြောင့်ဖြစ်တာချည်းပဲလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ အကျိုးတရားမှန်သမျှ အကြောင်းကင်းပြီး ဘာမှမဖြစ်ဘူးလို့ ဆိုသလို အခု ဒကာမ ခံစားနေရတဲ့ ဒုက္ခဟာလည်း အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောပါပဲ။

အကြောင်းပြန်ကြည့်တော့ ကိုယ်ပဲစခဲ့တာ မဟုတ်လား…။ ကိုယ်ပဲစပြီး သူ့ကို အကူအညီပေးခဲ့တာ၊ ကိုယ့်ဖာသာကိုယ် နေရင်ဖြစ်ရဲ့နဲ့ သူ့နောက်လိုက်ပြီး သူ့ကို သနားခဲ့ ကူညီခဲ့ ပြည့်ဆည်းပေးခဲ့တာလည်း ဒကာမကိုယ်တိုင်ပါပဲ။ အရေးအကြီးဆုံးက ဒကာမရဲ့ ဒီလိုခံစား နာကြည်းချက်တွေဟာ သူ့အပေါ်မှာ ထားခဲ့တဲ့ ဒကာမရဲ့ မျှော်လင့်ချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ မျှော်လင့်တဲ့အတွက်ကြောင့်ပဲ ကိုယ်မျှော်လင့်တဲ့အတိုင်း၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာတော့ အခဲမကြေ ဖြစ်ကုန်တော့တာပေါ့။ မညှာတမ်းပြောရရင် ဒကာမကိုယ်တိုင် ပေးခဲ့တဲ့ ကူညီမှု၊ ကျေးဇူးပြုမှုတွေဟာ ပြတ်သားမှု မရှိဘဲ အနှောင်အဖွဲ့ မျှော်လင့်ချက်တွေနဲ့ ပေးခဲ့တာ ဖြစ်တဲ့အတွက် အခုလို ဆိုးကျိုးတွေ ပေါ်လာတာပဲ ဖြစ်ပါတယ်။ ဆိုးကျိုးလို့ ဆိုရတာကလည်း ဒကာမနေရာက ကြည့်ပြီး ပြောရတာပါ။ တစ်ဘက်သူကတော့ ဒကာမလို ဖြစ်ချင်မှ ဖြစ်မှာပါ။ သူ့မှာ ဒကာမလို မျှော်လင့်ချက်တွေ၊ ဖြစ်ချင်တဲ့ပုံစံတွေ ရှိမှာမဟုတ်တဲ့အတွက် သူ့စိတ်ကတော့ သက်သောင့်သက်သာ ဖြစ်နေမှာပါ။ မဖြစ်တာကတော့ ဒကာမပါပဲ။

ဒါကြောင့် အကောင်းဆုံးကတော့ ပြီးခဲ့တဲ့ အတိတ်ကို အတိတ်မှာပဲ ထားနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဖြစ်ပြီးသမျှတွေကို အတတ်နိုင်ဆုံး မေ့နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ မကောင်းတဲ့ အတွေးအမြင် ခံစားချက်ဆိုတာ မြန်မြန်မေ့နိုင်အောင် ကြိုးစားတာပဲ ကောင်းပါတယ်။ တွေးတိုင်းတွေးတိုင်း ခံစားနေရ၊ တွေးတိုင်းတွေးတိုင်း အကုသိုလ်တွေရနေမယ့် အရာတွေကို အမြန်ဆုံး မေ့ဖျောက်နိုင်ဖို့ လိုပါတယ်။ ကုသိုလ်ဖြစ်စေမယ့် အရာတွေဟာ သတိရတိုင်း၊ သတိရတိုင်း ကုသိုလ်တွေ တိုးနေနိုင်စေပေမယ့် မကောင်းတဲ့အရာတွေကတော့ တွေးတဲ့သူကို တွေးတိုင်းတွေးတိုင်း၊ သတိရတိုင်း သတိရတိုင်း ပူလောင်မှု၊ မကျေနပ်မှု အခဲမကြေမှုတွေပဲ တိုးပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒကာမအနေနဲ့ ဖြစ်ပြီးခဲ့တဲ့ အတိတ်ကို ပြန်တမ်းတပြီး ပူဆွေးသောက ဖြစ်နေ၊ ကြေကွဲဝမ်းနည်းနေ၊ အလိုမကျ ဖြစ်နေမယ့်အစား အဲဒါတွေကို အမြန်ဆုံးမေ့နိုင်အောင်၊ တစ်ဘက်က သူ့အပေါ်ကိုလည်း မကျေနပ်ချက်တွေနဲ့ အငြိုးအတေးတွေ ထားမနေဘဲ ခွင့်လွတ်သီးခံကာ လျစ်လျူရှုနိုင်အောင် ကြိုးစားကြည့်ပါလို့ တိုက်တွန်းအကြံပြုချင်ပါတယ်…”
စသဖြင့် ဘုန်းဘုန်းလည်း ဒီဒကာမ အမြန်ဆုံး စိတ်သက်သာရာ ရအောင်၊ သူ့စိတ်လေး ပုံမှန်ဖြစ်သွားအောင် တတ်နိုင်သမျှ ဟောပြောပြသ အကြံပြုဖြစ်ခဲ့ပါတယ်။

အဓိက ပြောဖြစ်တာကတော့ “ဘာပဲဖြစ်ဖြစ် အငြိုးအတေးတွေနဲ့ ကလဲ့စားချေဖို့ ကြိုးစားတာထက်စာရင် သီးခံမှုနဲ့ ခွင့်လွတ်နိုင်အောင် ကြိုးစားကြည့်ဖို့…” ပြောဖြစ်ပါတယ်။ ဒီတုန်းကတော့ ဒကာမကိုယ်တိုင်ပဲ စိတ်ကလေး တစ်ဖြည်းဖြည်း ပျော့ပြောင်းသွားပြီး “ခွင့်လွတ်နိုင်အောင် ကြိုးစားပါမယ်..”လို့ ဆိုကာ ဦးချကန်တော့ပြီး ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ သူ့ဆီက ရောက်လာတဲ့ ဖုန်းမက်စေ့ခ်ျက “ခွင့်မလွတ်နိုင်ပါဘူး…”တဲ့။ ဒါဆိုရင်တော့…

ဟုတ်တယ်။ ခွင့်လွတ်ဖို့ ပြောတာကို ခွင့်မလွတ်နိုင်ဘူး ဆိုရင်တော့ သူ့သဘောအတိုင်းပါပဲ။ သေချာတာကတော့ ခွင့်မလွတ်နိုင်မှုရဲ့ နောက်ကွယ်မှာ အမုန်းတရား၊ အငြိုးအတေးများနဲ့ သူပြိုင်ကိုယ်ပြိုင် အနိုင်လုရင်း အပြန်အလှန် အတုံ့အလှည့်တွေနဲ့ မပြီးနိုင်တဲ့ ပြိုင်ဆိုင်မှု သံသရာ ရှည်နေကြဦးမယ် ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ရန်ငြိုးဖွဲ့မှု၊ အာဃာတထားမှုတွေနဲ့ ပြဿနာတစ်ခု ပြေလည်စေဖို့၊ ရန်ငြိမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘဲ ခွင့်လွတ်သီးခံမှုနဲ့ ရန်ငြိုးမဖွဲ့မှု၊ ကလဲ့စားမချေမှုကပဲ ရန်အေးပြီး ပြဿနာငြိမ်းစေမယ့် တစ်ခုတည်းသော နည်းဖြစ်ပါတယ်။

ဒီလိုခွင့်မလွတ်နိုင်မှု ရန်ငြိုးဖွဲ့မှုဆိုတဲ့ အဖြစ်မျိုးဟာ ဘုရားလက်ထက်မှာလည်း ရှိခဲ့ပါတယ်။ ဘုရားလက်ထက်တုန်းက ကာဠယက္ခိနီ ဘီးလူမနဲ့ သာဝတ္ထိပြည် သူဋ္ဌေးတစ်ဦးရဲ့ သမီးတို့ဟာ အတိတ်ဘ၀က စခဲ့တဲ့ ရန်ငြိုးတွေကြောင့် တစ်ဦးနဲ့တစ်ဦး ခွင့်မလွတ်နိုင်ဖြစ်ကာ သံသရာမှာ ရှည်ကြာစေခဲ့ကြပါတယ်။ သူတို့နှစ်ဦးရဲ့ အတိတ်ဘ၀တစ်ခုမှာ သူဋ္ဌေတစ်ဦးရဲ့ ဇနီးမယားများ ဖြစ်ခဲ့ရာက စခဲ့တဲ့ ရန်ငြိးဟာ နောက်ဘ၀တွေအထိ ပါသွားခဲ့ကြပါတယ်။ သူဋ္ဌေးဇနီးဘ၀မှာ ခံခဲ့ရတဲ့ တစ်ယောက်က ခွင့်မလွတ်နိုင်တဲ့ အငြိုးနဲ့ ဆုတောင်းခဲ့ရာမှ နောက်နောက်ဘ၀တွေမှာ တစ်ယောက်က ကြက်မဖြစ်တဲ့အခါ၊ တစ်ယောက်က ကြောင်မဖြစ်ပြီး ကြက်မရဲ့ ဥတွေကို စားပစ်လိုက်၊ ကြက်မက မကျေနပ်လို့ နောင်ဘ၀သူ့ကို နိုင်တဲ့သူဖြစ်ပါစေလို့ ဆုတောင်းတဲ့အတွက် နောင်ဘ၀မှာ တစ်ယောက်က သမင်မဖြစ်၊ တစ်ယောက်က ကျားသစ်မဖြစ်ပြီး သမင်မွေးရင်း ကျားစားရင်းဖြစ်ကာ သမင်မက မကျေနပ်တော့ ထပ်ရန်ငြိုးဖွဲ့ ထပ်ဆုတောင်း၊ ထပ်ကလဲ့စားချေ လုပ်လိုက်ကြတာ အတိတ်ဘ၀ အတော်များများမှာ သူတလှည့်ကိုယ်တလှည့် အပြန်အလှန် ရန်ငြိုးတွေဖွဲ့ပြီး သံသရာ ကျင်လည်လာခဲ့ရပါတယ်။ ဒီလိုနဲ့ အခုနောက်ဆုံးဘ၀ ဂေါတမမြတ်စွာ ဘုရားလက်ထက်မှာတော့ ဘီလူးမနဲ့ သူဋ္ဌေးသမီးဖြစ်လာပြီး ရန်ငြိုးတွေဖွဲ့ရင်း နောက်ဆုံးမှာ ဘုရားရှင်နဲ့ တွေ့တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓက သူတို့နှစ်ဦးရဲ့ ခွင့်မလွတ်နိုင်မှုကြောင့် သံသရာမှာ အပြန်အလှန် ရန်ငြိုးဖွဲ့ရင်း ကျင်လည်ခဲ့ရတဲ့အကြောင်း ပြောပြရင်း “ဘယ်သူက ငါ့ကို ဘာလုပ်ဖူးတယ်၊ ဘယ်လိုပြောဖူးတယ်၊ ဘယ်လိုကြံဖူးတယ် စတဲ့ ခွင့်မလွတ်နိုင်တဲ့ ရန်တုံ့မူခြင်းများဖြင့် ဘယ်တော့မှ ရန်မငြိမ်းနိုင်ကြောင်း၊ ရန်တုံ့မမူခြင်း၊ ခွင့်လွတ်ခြင်းဖြင့်သာ ရန်တို့သည် ငြိမ်းအေးနိုင်ကြောင်း…” စသဖြင့် ဓမ္မစကား မိန့်ကြားတော် မူလိုက်ပါတယ်။ ဒီတော့မှ သူတို့နှစ်ဦးလည်း တစ်ဦးအပေါ် တစ်ဦးခွင့်လွတ်ကြရင်း တရားရသွားခဲ့ပါတယ်။

ဒါဟာ ဘုရားလက်ထက်မှာ တကယ်ဖြစ်ခဲ့တဲ့ အကြောင်းအရာထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ခွင့်မလွတ်နိုင်ဘဲ ရန်ငြိုးဖွဲ့ကြရာမှ ဖြစ်ပေါ်ခဲ့တဲ့ အပြန်အလှန် အငြိုးအတေး အာဃာတ၊ ကလဲ့စားချေမှုတွေဟာ သံသရာကို ရှည်ကြာစေပြီး လွတ်မြောက်ရာအမှန် နိဗ္ဗာန်နဲ့ ဝေးနေတတ်တယ်ဆိုတာ သတိပြု ဆင်ခြင်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်အရ ခွင့်မလွတ်ဘဲ နေလို့ရပါတယ်။ ဒါပေမယ့် ခွင့်မလွတ်ဘဲ နေခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာမယ့် ရလာဘ်တွေအတွက်တော့ ကိုယ်ကိုယ်တိုင်ပဲ ပြန်ခံရမှာဖြစ်ပါတယ်။ သံသရာအဆုံးသတ်ဖို့ ကိုယ်လုပ်တဲ့ ကောင်းကံ၊ မကောင်းကံတွေကို အဆုံးသတ်မှ ဖြစ်မှာပါ။ အငြိုးအတေးတွေနဲ့ လုပ်နေကြတဲ့ လုပ်ရပ်တွေကို ခွင့်လွတ်သီးခံမှုနဲ့ အဆုံးသတ်မှပဲ ပြီးဆုံးကြမှာပါ။ ကံတွေကို ဉာဏ်နဲ့ဖြတ်မှပဲ သံသရာလည်မှုက ရပ်မှာဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ခံလိုက်ရလို့ မကျေနပ်ချက်တွေနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုပြီး အငြိုးအတေးတွေထားကာ ပြန်လည်တုံ့ပြန်ကြမယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း အတုံ့အလှည့် ပြန်ဖြစ်ကာ သံသရာအဆက် ရှည်ကြာလျက်နေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဖြစ်ခဲ့တဲ့ ပြဿနာတိုင်းမှာ အကြောင်းကြောင့် အကျိုးဖြစ်ခဲ့တာ ဖြစ်တဲ့အတွက် ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်၊ ဘယ်သူကောင်းတယ်၊ ဘယ်သူမကောင်းဘူး စတဲ့အတွေးများနဲ့ အပြိုင်အဆိုင်၊ အပြန်အလှန်၊ အငြိုးအတေးတွေ ထားမနေကြဘဲ ဖြစ်ပြီးသမျှ အတိတ်ကို သင်္ခန်းစာယူကာ နောင်မဖြစ်အောင် ကြိုးစားရင်း အားလုံးကို ခွင့်လွတ်နိုင်အောင်သာ အမှတ်သတိ မပြတ်ရှိလျက် သံသရာအဆက် ဖြတ်ကြည့်ကြဖို့ပဲ လိုပါတော့တယ်။ သံသရာရှည်မယ့် အရာတွေကို ခွင့်လွတ်ခြင်းနဲ့ ဖြတ်နိုင်အောင် ကြိုးစားရင်း လွတ်မြောက်ရာလမ်းကိုသာ ရွေးချယ်ကြဖို့ပဲ လိုပါတော့တယ်။ တဖြည်းဖြည်း ကြိုးစားကြည့်ကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အားလုံး ခွင့်လွတ်နိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ