ရှိခိုးသင့်သည့် အရပ်မျက်နှာများ…

လူတွေရဲ့ ယုံကြည်ကိုးကွယ်မှုတွေကလည်း အများသားပင်။ တစ်ချို့က တောတောင်များ၊ တစ်ချို့က ကျောက်တုံးကျောက်ဂူများ၊ တစ်ချို့က လနေနက္ခတ်များ စသဖြင့် အမျိုးမျိုး ကိုးကွယ်တတ်ကြပါတယ်။ တစ်ချို့ဆိုရင် အရပ်မျက်နှာများကို ရှိခိုးတာတောင် ရှိတတ်ပါတယ်။ တစ်လောက တီဗီအစီအစဉ် တစ်ခုမှာ အရပ်မျက်နှာကို ရှိခိုးလေ့ရှိတဲ့ သူတွေအကြောင်း ပြသွားတာကို ကြည့်လိုက်ရပါသေးတယ်။ တိဘက်၊ မွန်ဂိုလ်နိုင်ငံတွေမှာလည်း အရပ်မျက်နှာများကို ရှိခိုးလေ့ရှိကြောင်းလည်း သိလိုက်ရပါတယ်။ တကယ်တော့ ဒီလို ကိုးကွယ်ရှိခိုးမှုတွေဟာ အခုမှ အမျိုးမျိုးရှိနေတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တာပါ။ အကြောက်တရားများ၊ လိုချင်မှုများ၊ အစဉ်အလာများကြောင့် ရှိခိုးကိုးကွယ်မှုများလည်း အမျိုးမျိုး ရှိနေခဲ့ကြခြင်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း များစွားကတည်းက ရှိခဲ့တဲ့ ဒီလိုရှိခိုးကိုးကွယ်မှု အမျိုးမျိုးဟာ ဗုဒ္ဓလက်ထပ်ရောက်တဲ့ အခါမှာလည်း မပျောက်မပျက် ရှိနေခဲ့ပြီး ဒီနေ့အချိန်အထိပင် အစဉ်အလာ ယုံကြည်မှုများအရ ဆက်လက်ရှိနေခဲ့ပါတယ်။ အမျိုးမျိုးဖြစ်နေတဲ့ ရှိခိုးကိုးကွယ်မှုများမှာ အရပ်မျက်နှာကို ရှိခိုးတဲ့ အစဉ်အလာ ယုံကြည်မှုကို စွဲကိုင်ထားသူတွေလည်း အများကြီး ရှိပါတယ်။ အရပ်မျက်နှာကို ရှိခိုးတတ်တဲ့ သူတွေထဲမှာ ဗုဒ္ဓကြောင့် အယူဝါဒ ပြောင်းလဲသွားခဲ့တဲ့ သူတစ်ယောက်အကြောင်း သတိရမိပါတယ်။ သူ့နာမည်က သိင်္ဂါလပါ။ သိဂါင်္လ သတိုးသားဟာ သူ့အဖေ မသေခင်က မှာသွားတဲ့ “ချစ်သား အရပ်မျက်နှာတို့ကို ရှိခိုးရမယ်” ဆိုတဲ့ စကားကို နားထောင်လိုက်နာတဲ့ အနေ့နဲ့ မနက်တိုင်း မြို့ပြင်ထွက်ပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အောက်၊ အထက်ဆိုတဲ့ အရပ်ခြောက်မျက်နှာကို ရှိခိုးလေ့ ရှိတယ်လို့ ဆိုပါတယ်။

တစ်နေ့ မြတ်စွာဘုရားရှင် ရာဇဂြိုဟ်မြို့တွင်းကို ဆွမ်းခံဝင်တဲ့အချိန် အရပ်မျက်နှာတွေကို ရှိခိုးနေတဲ့ သိင်္ဂါလ သတိုးသားနဲ့ ထိပ်တိုက်တွေ့ပါတယ်။ အရပ်မျက်နှာတွေကို ရှိခိုးနေတဲ့ သိင်္ဂါလကို မြတ်ဗုဒ္ဓက “သူကြွယ်သား… ဘာကြောင့် အရှေ့၊ အနောက်၊ တောင်၊ မြောက်စတဲ့ အရပ်မျက်နှာတွေကို ရှိခိုးနေတာလဲ…”လို့ မေးတော်မူတဲ့အခါ သိင်္ဂလသတိုးသားက “မှန်ပါ…။ တပည့်တော်အဖေ မသေခင်က အရပ်မျက်နှာတွေကို ရှိခိုးရမယ်လို့ မှာသွားတဲ့အတိုင်း တပည့်တော် လုပ်နေတာပါ ဘုရား…”လို့ ပြန်လျှောက်ပါတယ်။ ဒီတော့ မြတ်ဗုဒ္ဓက “ချစ်သား အရိယာ သူတော်ကောင်းတွေရဲ့ သာသနာမှာတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ အရပ်မျက်နှာတွေကို ရှိမခိုးရပါဘူး”လို့ မိန့်တော်မူပါတယ်။ ဒီအခါ သတိုးသားက “အရှင်ဘုရား ဒီလိုဆိုရင် ဘယ်လိုအရပ်မျက်နှာမျိုးတွေကို ရှိခိုးသင့်ပါသလဲ ဘုရား…”လို့ ဆက်လက်မေးမြန်း လျှောက်ထားတဲ့အတွက် မြတ်စွာဘုရားရှင်က ရှိခိုးသင့်တဲ့ အရပ်မျက်နှာတွေကို မိန့်တော်မူပါတယ်။

“ချစ်သား… လောကမှာ ပစ္စုပ္ပန် တမလွန် ကြီးပွားချမ်းသားလိုတဲ့ သူတွေဟာ
(၁) အရှေ့အရပ်နဲ့တူတဲ့ မိဘ
(၂) တောင်အရပ်နဲ့တူတဲ့ ဆရာသမား
(၃) အနောက်အရပ်နဲ့တူတဲ့ သားမယား
(၄) မြောက်အရပ်နဲ့တူတဲ့ အဆွေခင်ပွန်း
(၅) အောက်အရပ်နဲ့တူတဲ့ အစေအပါး အလုပ်သမား
(၆) အထက်အရပ်နဲ့တူတဲ့ ရဟန်းပုဏ္ဏား
ဆိုတဲ့ အရပ်ခြောက်ပါးကို လုံခြုံအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း ညစ်ညူးတဲ့ ကံလေးပါးကို ပယ်ပြီး မကောင်းမှုကို ပြုတတ်တဲ့ အကြောင်းလေးပါးကို ရှောင်ကြဉ်ကာ စည်းစိမ်းပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲဘဲ နေနိုင်အောင် ကြိုးစားရပါမယ်၊ အဲဒီလို ကြိုးစားနိုင်ရင် ပစ္စုပ္ပန် တမလွန်ကောင်းကျိုးကို ဖြစ်စေမှာဖြစ်တယ်…”လို့ မိန့်တော်မူပါတယ်။ ဒါက မြတ်စွာဘုရား ဟောတော်မူတဲ့ လုံခြုံသင့် ရှိခိုးသင့်တဲ့ အရပ်ခြောက်ပါးပဲ ဖြစ်ပါတယ်။

မြတ်ဗုဒ္ဓအလိုအရ အရှေ့၊ အနောက်၊ တောင်၊ မြောက်စတဲ့ အရပ်မျက်နှာတွေဆိုတာ ရှိခိုးကိုးကွယ်ရမယ့် အရာတွေ မဟုတ်ပါဘူး။ တကယ်လို့ မဖြစ်မနေ အရပ်မျက်နှာတွေကို ရှိခိုးချင်တယ်ဆိုရင်တော့ မိဘ၊ ဆရာသမား၊ သားမယား၊ အဆွေခင်ပွန်း၊ အလုပ်သမား၊ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်တွေကိုပဲ လုံခြုံအောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒီအရပ်တွေကို လုံခြုံအောင် ကြိုးစားတဲ့အခါမှာ ညစ်ညူးကြောင်း ကံလေးပါးဖြစ်တဲ့
(၁) သူ့အသက်သတ်ခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၂) သူ့ဥစ္စာခိုးယူခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၃) ကာမဂုဏ်အမှုမှာ မှားယွင်းစွာကျင့်ခြင်းဆိုတဲ့ ညစ်ညူးကြောင်းကံ
(၄) မဟုတ်မမှန်ပြောဆိုခြင်း ဆိုတဲ့ ညစ်ညူးကြောင်းကံ
တို့ကို ပယ်ပြီး
မကောင်းမှုကို ပြုတတ်တဲ့ အကြောင်းလေးပါးဖြစ်တဲ့
(၁) ချစ်ခြင်းဆိုတဲ့ ဆန္ဒာဂတိကြောင့် မကောင်းမှုကိုပြုခြင်း
(၂) မုန်းခြင်းဆိုတဲ့ ဒေါသဂတိကြောင့် မကောင်းမှုကို ပြုခြင်း
(၃) ကြောက်ခြင်းဆိုတဲ့ ဘယာဂတိကြောင့် မကောင်းမှုကိုပြုခြင်း
(၄) မသိခြင်းဆိုတဲ့ မောဟာဂတိကြောင့် မကောင်းမှုကို ပြုခြင်း
ဆိုတဲ့ အဂတိလေးပါးကို ရှောင်ကြဉ်ကာ
စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးဖြစ်တဲ့
(၁) သေရည်သေရက်သောက်ခြင်း
(၂) အချိန်အခါမဲ့ ခရီးသွားလေ့ရှိခြင်း
(၃) ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း
(၄) လောင်းကစားခြင်း
(၅) မကောင်းတဲ့ အဆွေခင်ပွန်းနဲ့ ပေါင်းသင်းခြင်း
(၆) ပျင်းရိခြင်း
တို့ကိုလည်း မမှီဝဲမပြုလုပ်ဘဲ နေနိုင်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ဒီလို ရှောင်ကြဉ်ရမယ့် အရာတွေကို ရှောင်ကြည်ပြီး ပြုလုပ်ဖြည့်ဆည်း ထိန်းသိမ်းရမယ့် အရပ်ခြောက်မျက်နှာကို လုံခြုံအောင် ကြိုးစားနိုင်တဲ့ သူတွေဟာ ပစ္စုပ္ပန်၊ တမလွန် ကြီးပွားကြောင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောလိုတာက အရပ်ခြောက်ပါးကို လုံခြံစေဖို့ပဲ ဖြစ်ပါတယ်။ မိဘ၊ ဆရာသမား၊ ဇနီးမယား၊ အဆွေခင်ပွန်း၊ အစေခံအလုပ်သမား၊ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်ခြောက်ပါးကို လုံခြုံအောင် ထိန်းသိမ်းနေခြင်းကသာ ရှိခိုးသင့်ရှိခိုးထိုက်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်းပဲ ဖြစ်ပါတယ်။ ရှိခိုးရမယ်ဆိုလို့ ကိုယ့်ထက်သာတဲ့ သူတွေကိုရော ကိုယ့်အောက်နိမ့်တဲ့ သူတွေကိုပါ တွေ့တိုင်း လက်အုပ်ချီ ရှိခိုးနေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဒီ ပုဂ္ဂိုလ်ခြောက်ယောက် အပေါ်မှာ ဖြည့်ကျင့်ပြုလုပ်ပေးရမယ့် တာဝန်ဝတ္တရားများကို ကျေပွန်အောင် ဖြည့်ကျင့်ပေးတာကိုပဲ အရပ်ခြောက်ပါးကို လုံခြုံစေတယ်လို့ ဆိုလိုတာဖြစ်ပြီး ဒါကိုပဲ ပရိယာယ်တစ်မျိုးနဲ့ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများလို့ ဆိုခြင်းဖြစ်ပါတယ်။

လေကသားတို့ ကျင့်ရမယ့် မိဘနဲ့ သားသမီးကျင့်ဝတ်များ၊ ဆရာနဲ့တပည့်ကျင့်ဝတ်များ၊ အဆွေခင်ပွန်းကောင်းတို့ ကျင့်ရမယ့် ၀တ္တရားများ၊ လင်ယောက်ျား ဇနီးမယားတို့ ကျင့်ရမယ့် ၀တ္တရားများ၊ အလုပ်သမားနဲ့ အလုပ်ရှင်တို့ ကျင့်ရမယ့်ဝတ္တရားများ၊ ရဟန်းပုဏ္ဏားနှင့် လူဒကာဒကာမတို့ ကျင့်ရမယ့်ဝတ္တရားများ (ဒီကျင့်ဝတ်များကို ဒီနေမှာ လေ့လာနိုင်ပါတယ်) စတာတွေကို ကျေပွန်အောင် ကြိုးစားနေထိုင်ခြင်းဟာ အရပ်မျက်နှာကို လုံခြုံစေတာပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ဖြည့်ကျင့်ရမယ့် ၀တ္တရားများကို ကျေပွန်အောင် လုပ်ဆောင်ပြီး ရှောင်ကြည်ရမယ့် ကံများ၊ ပယ်ရမယ့် အကုသိုလ်များ၊ ရှောင်ရှားရမယ့် ပျက်စီးကြောင်းများကိုလည်း မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလို နေထိုင်နိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်များဟာ ပစ္စုပ္ပန်ရော တမလွန်ဘ၀မှာပါ ကြီးပွားနိုင်မယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက သဘာဝတရာများ၊ သက်မဲ့များအပေါ်မှာ ရှိခိုးကိုးကွယ်နေတာထက် သက်ရှိများဖြစ်တဲ့ ကျေးဇူးရှိတဲ့သူများအပေါ်မှာ ပြုလုပ်ပေးရမယ့် ၀တ္တရာများကို ကျေပွန်အောင် ပြုလုပ်နေထိုင်းခြင်းကသာ တကယ့်အစစ်အမှန် အရပ်မျက်နှာများကို လုံခြုံအောင်နေခြင်း၊ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ အကျိုးမရှိတဲ့ သက်မဲ့များ၊ သဘာဝတရားများမှာ ပူဇော်ပသနေတာတွေကို မလုပ်ကြဘဲ တစ်ဦးနဲ့တစ်ဦး ကျေးဇူးများတဲ့ သူအချင်းချင်း မသေခင်မှာ ကျေးဇူးပြုနိုင်အောင် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ မိဘများကလည်း မိဘ၀တ္တရား၊ သာသမီးများကလည်း သားသမီးဝတ္တရား၊ ဆရာကလည်း ဆရာ့တာဝန်၊ တပည့်ကလည်း တပည့်တာဝန်၊ အဆွေခင်ပွန်း အချင်းချင်းကလည်း သူ့တာဝန် ကိုယ့်တာဝန်၊ ရဟန်းသံဃာများကလည်း ရဟန်းဝတ္တရား၊ ဒကာဒကာမများကလည်း ဒကာ့ဝတ္တရား စသဖြင့် သူ့နေရာနဲ့သူ တစ်ဦးအပေါ်တစ်ဦး ကောင်းစေလိုတဲ့ စေတနာအမှန်နဲ့ ပြုမူနေထိုင် ဆက်ဆံကြမယ်ဆိုရင် ဒါဟာ အရပ်မျက်နှာတွေကို လုံခြုံနေတာပဲ ဖြစ်ပါတယ်။ ရှိခိုးသင့်တဲ့ အရပ်မျက်နှာများကို ရှိခိုးနေခြင်း ဖြစ်ပါတယ်။ ဒီလိုသာ ကိုယ့်တာဝန်နဲ့ကိုယ် တာဝန်ကိုယ်စီ ကျေနေပြီ ဆိုရင်တော့ ဒီလူ့ဘောင်လောကကြီးဟာ ခိုက်ရန်နည်းပြီး ငြိမ်းချမ်းနေကြမှာ ဖြစ်သလို ဒီဘ၀မှ နောက်ဘ၀တွေမှာလည်း ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်အကျိုးပေးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ရှိခိုးကိုးကွယ်စရာ များပြားလှတဲ့ ဒီနေ့ခေတ် ကာလကြီးမှာ ရွေးချယ်မှုလွဲပြီး ကိုးကွယ်မှု လွဲနေရင် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုးမဲ့ကို ဖြစ်စေမှာ ဖြစ်တဲ့အတွက် အကျိုးကြီးပြီး ကိုးကွယ်သင့်ရာ၊ လုံခြုံရာ၊ ရှိခိုးသင့်ရာ အမှန်ဖြစ်တဲ့ အရှေ့အရပ်နဲ့တူတဲ့ မိဘ၊ တောင်အရပ်နဲ့တူတဲ့ ဆရာသမား၊ အနောက်အရပ်နဲ့တူတဲ့ သားမယား၊ မြောက်အရပ်နဲ့တူတဲ့ အဆွေခင်ပွန်း၊ အောက်အရပ်နဲ့တူတဲ့ အလုပ်သမား၊ အထက်အရပ်နဲ့တူတဲ့ ရဟန်းပုဏ္ဏားဆိုတဲ့ အရပ်များကိုသာ ဖြည့်ကျင့်ရမယ့် ၀တ္တရာများ ကျေပွန်အောင်ဖြည့်ကျင့်ရင်း ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကြီးပွားအောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတော့ကြောင်း စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး အရပ်မျက်နှာအမှန်ကို ရွေးချယ်နိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ