တကယ့်ရှက်စရာ…

ဘုန်းကြီးတွေနဲ့ တွေ့ရမှာ ရှက်သလိုလို၊ ဘုန်းကြီးတွေနဲ့ စကားပြောရမှာ ကြောက်သလိုလို ဖြစ်နေတဲ့ သူတစ်ချို့ကို တွေ့ရတော့ ငယ်ငယ်စာသင်သား ဘ၀က အဖြစ်လေးကို သတိရမိပါတယ်။ စာသင်သားဘ၀ သာသနာ့ဝန်ထမ်း ဆိုပေမယ့် လူငယ်စိတ်က ပိုများနေတဲ့အတွက် လူပရိတ်သတ်ရှေ့မှာ ဆွမ်းစားရတာ၊ သီလပေးရတာ၊ ပရိတ်ရွတ်ပေးရတာ၊ တရားဟောပေးရတာတွေဆို အလိုလို ရှက်နေပြီး ပရိတ်သတ်ကို ကြောက်တဲ့စိတ်နဲ့ သီလပေးတာတောင် ရှေ့နောက်အမြီးအမောက် မတည့်ဖြစ်နေတတ်ပါတယ်။ ဆရာဘုန်းကြီးတွေနဲ့ ဆွမ်းစားသွားလို့ ပရိတ်ရွတ်ရင်လည်း ပရိတ်သတ်အရှိန်ကြောင့် ပရိတ်ရွတ်တာ အသံတောင် မထွက်ပါဘူး။

အဲဒါ ကျောင်းပြန်ရောက်တော့ ဆရာဘုန်းကြီးက “မင်းက ဘာဖြစ်လို့ ပရိတ်ရွတ်တာ အသံမထွက်တာလဲ…၊ သူများ လှူတာတမ်းတာစာပြီး ကိုယ့်ဘက်က ဒီလို တရားနဲ့ ပြန်ချီးမြှောက်တာတောင် အသံမထွက် ဖြစ်နေရင် ရှေ့ဆက်ဘယ်လို လုပ်မှာလဲ…၊ သာသနာ့ဝန်ထမ်းဆိုတာ သူများလှူတာ များများစာရင်း များများပြန်ပြီး မေတ္တာပို့ပေးရတယ်၊ မေတ္တာစိတ်နဲ့ ပရိတ်ပဋ္ဌာန်း များများပွားပေးရတယ်၊ ခုတော့ မင်းတို့ဟာက မရှက်မကြောက်ရမယ့် အရာတွေတော့ ရှက်ကြောက်နေပြီး၊ ရှက်ကြောက်ရမယ့် အရာကျတော့ မရှက်မကြောက် အားရပါးရလုပ်နေကြတယ်၊ မင်းတို့တော့ သေရင်အပါယ်လားမယ့် ကောင်တွေပဲ…”ဆိုပြီး ကရုဏာ ဒေါသနဲ့ ပြောဆိုကြိမ်းမောင်းပါတော့တယ်။ ဆရာဘုန်းကြီး ဆူပြီးမှ သေချာတွေးကြည့်တော့ ကိုယ့်ကိုယ်ကို အရှက်လွဲနေတာကို သတိပြုမိပြီး အချိန်မီ ပြင်မှဖြစ်မယ်ဆိုတာ သဘောပေါက်သွားခဲ့ပါတယ်။

ငယ်ငယ်တုန်းက သိခဲ့တဲ့ အရှက်နဲ့ အရွယ်လေးရလာ စာလေးဘာလေး ဖတ်မှတ်လာတော့ သိလာတဲ့ အရှက် တစ်ခြားစီ ဖြစ်နေပါတယ်။ ငယ်တုန်းကတော့ ဟိုလူနဲ့တွေ့ရမှာ ရှက်သလိုလို၊ ဒီလူနဲ့တွေ့ရမှာ ရှက်သလိုလို၊ ဟိုဟာသင်ရမှာ ရှက်သလိုလို၊ ဒါသင်ရမှာ ရှက်သလိုလိုနဲ့ အရှက်တွေကလည်း မနည်းခဲ့ပါဘူး။ ဗုဒ္ဓစာပေမှာ ဖော်ပြတဲ့ အရှက်ဆိုတာကို တိတိကျကျ သိလိုက်ရတော့မှ ကိုယ်ရှက်ခဲ့တဲ့ အရှက်တွေဟာ အရှက်လွဲတွေပါလားလို့ သဘောပေါက်ခဲ့ရပါတယ်။ ဗုဒ္ဓစာပေက အရှက်ကို ဟိရီလို့ဆိုပါတယ်။ ဒီဟိရီဟာ ဟိုဟိုဒီဒီအရှက်တွေကို ပြောတာမဟုတ်ပါဘူး။ မကောင်းမှုလုပ်ရမှာ ရှက်ခြင်းဆိုတဲ့ အရှက်ကို ပြောပါတယ်။ မဟုတ်တာလုပ်ရမှာ၊ မဟုတ်တာပြောရမှာ၊ မဟုတ်တာကြံရမှာကို ရှက်တဲ့အရှက်ကို ဆိုလိုတာပါ။ ဒီစကားက ပြောတဲ့အရှက်ရဲ့ အဓိပ္ပါယ်ကို သိမှပဲ ကိုယ်ရှက်ခဲ့တာတွေကို ပြန်ပြီး ရှက်နေမိပြန်ပါတယ်။ လွဲလိုက်တဲ့ အရှက်ရယ်လို့တောင် တွေးရင်းပြုံးမိပါတယ်။

ဟုတ်တယ်။ သေသေချာချာ ဆန်းစစ်ကြည့်တော့ လူအတော်များများဟာ အရှက်တကယ်လွဲနေတာ အမှန်ပါပဲ။ ရှက်ရကြောက်ရမှာက တစ်ခြား၊ မရှက်မကြောက်ရမှာက တစ်ခြားဖြစ်နေတာကို တစ်လွဲအမြင်နဲ့ အလွဲထင်နေတာ ဖြစ်ပါတယ်။ မကောင်းမှုဒုစရိုက် လုပ်ရမှာကို ရှက်ရမယ့်အစား မရှက်ရမယ့် အရာတွေမှာ သွားပြီး ရှက်နေတတ်ကြပါတယ်။ မကောင်းမှု အကုသိုလ်ကျတော့ ရှက်ရကောင်းမှန်းမသိ အားရပါရ ပျော်ပျော်ပါးပါးကို လုပ်နေမိပြီး မရှက်ရမယ့် အရာတွေကျတော့ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့် ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ အတွေးတွေနဲ့ ရှက်နေတတ်ကြတာတွေပါ။

ကျောင်းမှာ စာချပေးတုန်းက တပည့်တစ်ယောက်ဟာ အသံထွက်ပြီး စာဖတ်ရမှာ၊ စာကျက်ရမှာကို ရှက်နေတဲ့အတွက် သူ့ကို “စာသင်တာ၊ စာအံတာတွေဟာ ရှက်ရမယ့် အရာတွေ မဟုတ်ဘူး”လို့ ပြောပြီး လောကမှာ မရှက်ရမယ့် အရတွေ ရှိတယ်ဆိုကာ ရထားတဲ့ ကဗျာလေးတစ်ခုကို ရွတ်ပြလိုက်ပါတယ်။
“ရောင်းဝယ်ဖောက်ကား
သင်ကြားပညာ
ခဲဖွယ်ဟာရ စားကြတစ်ဖြာ
ချစ်သူဓလေ့ ပျော်မွေ့သည့်ခါ
မရှက်ရ
လောကဤလေးဖြာ…”
ဒီကဗျာလေးကို ရွတ်ပြပြီး လောကမှာ မရှက်ရမယ့် အရာတွေက
၁။ ဈေးရောင်းတဲ့အခါ
၂။ ပညာသင်တဲ့အခါ
၃။ အစားအသောက် စားသောက်တဲ့အခါ
၎။ ချစ်သူနဲ့ ပျော်ပါးတဲ့အခါ
ဆိုတဲ့ လေးမျိုးပဲ ဖြစ်ကြောင်း၊ ဒါကြောင့် ငါ့တပည့်အနေနဲ့ ပညာသင်တာဟာ ရှက်စရာမဟုတ်တဲ့အတွက် အသံထွက်ပြီး စာအံတာလည်း ရှက်စရာမလိုကြောင်း ပြောပြဖြစ်ပါတယ်။ ဒါက လောကနီတိအဆိုအရ မရှက်ရမယ့် အရာလေးမျိုးပါ။

ဒီလေးမျိုးထဲမှာ အစားအသောက်စားတဲ့အခါ မရှက်ရဘူးဆိုလို့ တစ်ချို့က လိုတာဆွဲပြီး သောက်တာဟာ ရှက်စရာ မဟုတ်ဘူးလို ယူသွားမှာလည်း စိုးရသေးတယ်။ သူတို့လိုချင်တဲ့ အသောက်က အရက်သေစာ သောက်တာကို လိုချင်ကြတာနေမှာ။ အစားကိုပြောတာ အသောက်ကို ပြောတာမဟုတ်ပါဘူး။ အရက်သေစာ သောက်စားတာကတော့ ငါးပါးသီလမှာပါတဲ့ သီလသိက္ခာပုဒ် ဖြစ်နေတဲ့အတွက် သောက်တဲ့သူတွေ အနေနဲ့ တကယ်ရှက်သင့်တဲ့ အရာပါ။ ဒါပေမယ့် တစ်ချို့ကတော့ ဒါကိုပဲ အားရပါးရ ရှက်ရကောင်းမှန်းမသိ သောက်ဖြစ်နေတတ်ပါတယ်။ ဟောတော့လည်း ဟောတာပဲ။ ဘုန်းကြီးတွေက ဘယ်လောက်ပဲ ဟောဟော ကာယကံရှင်ကိုယ်တိုင်က ပြုပြင်မှ ရမှာဆိုတော့ သူတို့ပြုပြင်မယ့် အချိန်၊ သူတို့ ရှက်လာမယ့် အချိန်ကိုပဲ စောင့်ရတော့မှာပါ။ အင်း… ပြောမယ့်သာပြောတာ အရက်သောက်တာ ရှက်စရာမဟုတ်ဘဲ အရက်အသောက်ကောင်းတာကိုပဲ ချီးကျူးလေ့ရှိကြတဲ့ နိုင်ငံတွေမှာ ရောက်နေပြန်တော့ တစ်ချို့က ရေနစ်တဲ့သူ ရေတွင်းထဲ ပြုတ်ကျသလိုများ ဖြစ်နေပြန်လား မသိပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့ရှက်လာမယ့်နေ့တော့ ရောက်လာမှာပါလို့ ဖြေရင်း၊ ဟောရင်း၊ စောင့်ရင်းပေါ့။

တကယ်တော့ ရှက်တတ်မယ်ဆိုရင် အရက်သောက်တာမှ မဟုတ်ပါဘူး။ မကောင်းမှုမှန်သမျှ ရှက်ရမယ့် အရာတွေပဲ ဖြစ်ပါတယ်။ သူ့များအသက်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ သူများသားမယား ပြစ်မှားတာ၊ အိမ်ထောင်ရေးဖောက်ပြန်တာ၊ လိမ်ညာပြောဆိုတာ စတာတွေဟာလည်း ရှက်ရမယ့် အရာတွေပါပဲ။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ လူတစ်ဦးနဲ့ တစ်ဦးအဆင်မပြေဖြစ်အောင် ဂုံးတိုက်တာ၊ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားကိုပြောဆိုတာ၊ သူ့အတွက်လည်း အကျိုးမရှိ ကိုယ့်အတွက်လည်း အကျိုးမရှိတဲ့ စကားမျိုးကို ပြောဆိုတာ စတာတွေကလည်း ရှက်စရာတွေပါပဲ။ ပြီးတော့ သူတပါးအပေါ် အဘိဇ္ဈာပွားတာ၊ သူတပါးစည်းစိမ် ဥစ္စာ ပျက်စီးရာ ပျက်စီးကြောင်း ကြံစည်တာ၊ အယူဝါဒ လွဲမှားတာတွေဟာလည်း ရှက်စရာတွေထဲမှာ ပါနေပါတယ်။ ဒီလို မကောင်းတဲ့ အလုပ်တွေနဲ့ ပျော်မွေ့နေတာတွေကမှ တကယ့်ရှက်စရာတွေ ဖြစ်နေတာပါ။ ဒါကြောင့် ကိုယ်တကယ် ရှက်ရမယ့် အရာတွေမှာ မရှက်ဘဲ မရှက်ရမယ့် အရာတွေမှာ ရှက်နေတတ်တဲ့ အရှက်လွဲနေသူတွေ အနေနဲ့ လွဲနေတာတွေကို အချိန်မီ အသိဝင်ကာ ရှက်သင့်တာတွေကို ရှက်ပြီးရှောင်ရှားနိုင်အောင် ကြိုးစားဖို့ လိုတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

တစ်ခါက ဒကာလေးတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက သူ့ရင်ထဲ ရှိနေတဲ့ မသိတဲ့ အချက်ကို မေးချင်နေခဲ့တာ မေးရမှာ ရှက်လို့မမေးဖြစ်ဘဲ အခု အရှင်ဘုရားနဲ့ တွေ့မှပဲ မေးဖြစ်တော့တယ်ဘုရား ဆိုပြီး သူသိချင်တဲ့ အရာကို မရှက်တော့ဘဲ မေးဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ မသိတာကို မေးရမှာ ရှက်စရာ မဟုတ်ပါဘူး။ တစ်ချို့အရာတွေဟာ မေးမှပဲ အဖြေရမယ့် အရာတွေဖြစ်တဲ့အတွက် မေးကိုမေးရပါမယ်။ ဒါကို ငါမေးလိုက်ရင် ငါ့ကို အထင်သေးသွားနိုင်တယ်ဆိုတဲ့ အတွေးတွေနဲ့ မမေးဘဲ ထားခဲ့မယ်ဆိုရင် အဲဒီသို့လောသို့လော အရာတွေနဲ့ ဟိုလိုလိုဒီလို ဖြစ်နေတာက ပိုပြီးရှက်စရာ ကောင်းပါတယ်။ မသိလို့ မေးတာ ရှက်စရာမဟုတ်ပါဘူး။ ဒါကြောင့် ဘုန်းဘုန်းတို့က တရားပွဲတွေ လုပ်တဲ့အခါမှာ တရားပွဲပြီးရင် မေးခွန်းတွေ မေးကြဖို့ ဖိတ်ခေါ်ရခြင်းဖြစ်ပါတယ်။ မသိတာကို မေးကြဖို့ ကမ်းလှမ်းရခြင်း ဖြစ်ပါတယ်။ မသိတာကို မေးရမှာ ရှက်လို့မမေးဘဲ အမှားကို လက်ခံသွားခဲ့မယ်ဆိုရင် အဲဒါကမှ တကယ့်ရှက်စရာ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက အရှက်လွဲနေတာနဲ့ ပတ်သက်လို့ ပြောချင်တာပါ။ ရှက်စရာ မဟုတ်တဲ့အရာတွေမှာ ရှက်နေပြီး ရှက်ရမယ့်အရာတွေကျတော့ မရှက်ဘဲ ဖြစ်နေတတ်တာတွေနဲ့ ပတ်သက်ပြီး အဓိကပြောချင်တာပါ။ လောကီနယ်ပယ်မှာ ရှိနေကြတဲ့ ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံမှု၊ မပြည့်စုံမှု၊ ပညာတတ်မှု၊ မတတ်မှု၊ ဂုဏ်ရှိမှု မရှိမှုတွေဟာ ရှက်စရာတွေ မဟုတ်ဘဲ ကိုယ်ကျင့်တရားတွေ ပျက်စီးတာ၊ လောက၀တ်တွေ ဖောက်ပျက်တာ၊ ဓမ္မ၀တ်တွေ ချွတ်ယွင်းတာ စတာတွေကသာ တကယ့်ရှက်စရာတွေပဲ ဖြစ်ပါတယ်။ ပိုပြီး ရှက်စရာကောင်းတာက ကိုယ်အမှားလုပ်မိတာကို မသိဘဲ အမှားကို အမှန်လို့ ထင်ပြီး ဘယ်သူဘာပြောပြော ကိုယ်ကအမှန်ဆိုတဲ့ တစ်ယူသန် အစွဲနဲ့ ဇွတ်အတင်း မဟုတ်တာကို ကိုင်စွဲထားတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရှက်တတ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို ပြန်ပြီး ရှက်သင့်ပါတယ်။ ကိုယ်လုပ်တာ ကိုယ်အသိဆုံး ဖြစ်တဲ့အတွက် ကိုယ်မကောင်းတာ လုပ်တဲ့အခါလည်း ဘယ်သူမှ မသိဘူးဆိုပေမယ့် သေချာတွေးကြည့်ရင် ကိုယ်ကိုယ်တိုင်က သိနေတာဖြစ်လို့ ကိုယ့်ကိုယ်ကို ပြန်ရှက်နေရမယ့် အဖြစ်ပါ။

ဒါကြောင့် လောကမှာ ရှက်ရမယ့်အရာနဲ့ မရှက်ရမယ့်အရာလို့ ရှိတတ်ရာမှာ မရှက်ရမယ့် အရာတွေအပေါ်မှာ ရှက်နေပြီး ရှက်ရမယ့် အရာတွေဖြစ်တဲ့ မကောင်းမှု ဒုစရိုက်များ အပေါ်မှာ မရှက်ကြဘဲ ပျော်ပျော်ပါးပါး လိုက်စားလုပ်ဆောင်နေကြတဲ့ သူတွေအနေနဲ့ မကောင်းမှုတွေကြောင့် ကိုယ့်ကိုယ်ကို ပြန်ရှက်ရမယ့် အဖြစ်မျိုးမှ ကင်းဝေးရလေအောင် အချိန်မနှောင်းခင် ပြုပြင်လို့ ရတဲ့အချိန်မှာ အမြန်ဆုံး ပြုပြင်ပြီး အရှက်တရားမှ ရှောင်ရှားကြဖို့ လိုကြောင်း၊ တကယ့်ရှက်စရာတွေဖြစ်တဲ့ မကောင်းတဲ့အလုပ်၊ မကောင်းတဲ့အပြော၊ မကောင်းတဲ့အကြံတွေကို အမြန်ဆုံးပြုပြင်ပြီး ကိုယ့်ကိုယ်ကို ပြန်ရှက်ရမယ့် အဖြစ်တွေက အမြန်ရုန်းထွက်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အရှက်တရားအားလုံးမှ ကင်းဝေးနိုင်စေဖို့ ဘုရားရှင်တို့ရဲ့ အဆုံးအမဖြစ်တဲ့ မကောင်းမှုကိုရှောင်ကာ ကောင်းမှုကိုဆောင်ပြီး ကိုယ့်စိတ်ကို ဖြူစင်အောင် ပြုမူနေထိုင်ခြင်းကသာ အကောင်းဆုံးပဲ ဖြစ်ပါတော့တယ်။ အားလုံး အရှက်ကင်းနိုင်ကြပါစေ…

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ