ဒါနလုပ်တာလည်း ကောင်းပါတယ်။ သို့သော်…

တစ်လောက ကျောင်းမှာအလှူပွဲ ရှိတဲ့အချိန် ကိုရီးယားတစ်ချို့လည်း ရောက်လာပါတယ်။ အလှူပွဲဆိုတော့ သိတဲ့အတိုင်း လာသမျှလူတွေကို ဖွယ်ဖွယ်ရာရာ အားရပါးရ ကျွေးမွေးဧည့်ခံကြတာပေါ့။ ဒီလိုလှူတာ၊ တမ်းတာကျွေးမွေး ဧည့်ခံတာတွေ တွေ့ရတော့ ကိုရီးယားဧည့်သည်တွေထဲမှ တစ်ချို့က အံ့သြကြပါတယ်။ ဘာသာမရှိတာလည်း ပါသလို သူတို့ဆီမှာ အလကားရတာ၊ အလကားပေးတာဆိုတာ ဘာမှမရှိတဲ့အတွက် ခုလိုအလကား ပေးကျွေးနေတာတွေ လက်တွေ့မြင်ရတော့ ထူးဆန်းနေတာလည်း ပါမှာပေါ့။ ဒါနဲ့ပဲ မသိတာတွေ နားမလည်တာတွေ တစ်ခုပြီး တစ်ခုမေးပါတော့တယ်။ ဘာဖြစ်လို့ ဒီလိုပေးလှူကြတာလဲ…၊ ဗုဒ္ဓဘာသာမှာ ဒီလို ပေးနေရင်ကိုပဲ အားလုံးပြီးပြည့်စုံပြီးလား..၊ ဒီလို ပေးလှူခြင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ…စသဖြင့် မေးခွန်းတွေက စုံလှပါတယ်။

သူတို့မေးမယ်ဆိုလည်း မေးချင်စရာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် အများစုဟာ တကယ်ပဲ အလှူဒါနပြုရတာကို သဘောကျကြပါတယ်။ ရှိလို့ကတော့ လူမယ်ဆိုတာချည်းပါပဲ။ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာ အများစု ရှာဖွေစုဆောင်းကြတဲ့ ရည်ရွယ်ချက်တွေထဲမှာ စားဝတ်နေရေးအတွက် ပါသလို လှူဖို့တန်းဖို့အတွက်လည်း ပါပါတယ်။ အလှူပေးရတာကို သဘောကျသလို လှူနေရတာကိုလည်း ဂုဏ်ယူလေ့ရှိပါတယ်။ တစ်ဘက်ကလည်း အလှူရှင်မှန်းသိအောင် မဏ္ဍာပ်တိုင် တက်ပြတာလည်း ၀ါသနာပါပြန်ပါတယ်။ ဘယ်မှာဘယ်လိုဘယ်လောက် လှူထားတယ်ဆိုတာကိုလည်း အမြဲဂုဏ်ယူလေ့ ရှိပါတယ်။ အလှူပေးတာကို သဘောကျတဲ့စိတ်က ကောင်းပေမယ့် အလှူနဲ့ပတ်သက်ပြီး ကြွားတာဝါတာတွေကတော့ ပြုပြင်ရမယ့် အပိုင်းတွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က အလှူဒါနလုပ်တာ လုပ်သင့်တဲ့ ကုသိုလ်ကောင်းမှု တစ်ခုဖြစ်ပေမယ့် ဒီလိုအလှူပေးတာ တစ်ခုတည်းနဲ့တော့ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးပန်းတိုင်အထိ သွားဖို့မဖြစ်နိုင်သလို ဗုဒ္ဓဘာသာဝင်တွေ အဓိကလုပ်သင့်တဲ့ ကုသိုလ်ကတော့ မဟုတ်သေးပါဘူး။ ဒါနအလုပ်ဟာ နတ်ရွာလားကြောင်း၊ သုဂတိရောက်ကြောင်း အကျင့်ကောင်းတစ်ခု ဖြစ်ပေမယ့် ဒါနသက်သက်နဲ့တော့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်တော့ မဟုတ်သေးပါဘူး။ ဒါကြောင့် ဒါနလုပ်တာကောင်းပေမယ့် ဒါနတစ်ခုတည်းအားကောင်းပြီး ကျန်တဲ့အဓိကကျတဲ့ ကုသိုလ်တွေ အားမကောင်းဘူး၊ မလုပ်နိုင်သေးဘူး ဆိုရင်တော့ မကောင်းပြန်ပါဘူး။

ဗုဒ္ဓဘာသာကပြောတဲ့ ကုသိုလ်လုပ်ရမယ်လို့ ဆိုရာမှာ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်အမျိုးအစား သုံးမျိုးလုံးကို ဆိုလိုပါတယ်။ ဗုဒ္ဓဘာသာတွေရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ရောက်ရေးကတော့ ဘာဝနာကုသိုလ် အထူးသဖြင့် ၀ိပဿနာ အလုပ်ကို လုပ်မှကို ရောက်နိုင်မှာ ဖြစ်ပါတယ်။ နိဗ္ဗာန်မရခင် ဘ၀သံသရာ ခရီးကို ကျင်လည်ရတဲ့အခါ သုဂတိဘ၀ကို ရောက်နိုင်ရေး နံပါတ်တစ်အရေးကြီးပြီး အဲဒီသုဂတိဘ၀မှာ ချမ်းချမ်းသာသာ နေနိုင်ရေးဟာ ဒုတိယ အရေးကြီးပါတယ်။ ဆိုတော့ကား ဒီဘ၀နိဗ္ဗာန် မရနိုင်သေးရင်တော့ အရင်ဆုံး ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ အပါယ်လေးဘုံကို မလားရောက်ရရေး ဦးစားပေးရမှာ ဖြစ်ပါတယ်။ ဒီဘ၀သေပြီး အပါယ်မလားဖို့ အတွက်ကတော့ သီလကုသိုလ်ရှိမှ ဖြစ်မှာပါ။ သီလလုံခြုံမှ အပါယ်မသွားရေး အာမခံနိုင်မှာ ဖြစ်ပါတယ်။ သီလလုံခြုံရင် အပါယ်မသွားနိုင်ပေမယ့် သုဂတိဘ၀မှာ ချမ်းချမ်းသာသာ ရှိရေးလည်း လိုအပ်လာပြန်ပါတယ်။ ဒီအတွက် ဒါနကုသိုလ်ကို လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ဒီလို သီလလုံပြီး ဒါနပါ ပါမယ်ဆိုရင်တော့ သုဂတိဘ၀မှာ ချမ်းချမ်းသာသာ ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်မယ်ဆိုရင် ဗုဒ္ဓဘာသာများအတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်များဟာ သူ့အပိုင်းနဲ့သူ အကုန်လိုအပ်တဲ့ ကုသိုလ်ရေးတွေပဲ ဆိုတာ အလွယ်တကူ သိရှိနိုင်ပါတယ်။ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာ ကုသိုလ်ဆိုတဲ့ ကုသိုလ်သုံးမျိုးမှာ ပုထုဇင်ပုဂ္ဂိုလ်များအတွက် အခြေခံအကျဆုံးနဲ့ အရေးအကြိးဆုံးက သီလကုသိုလ်ပဲ ဖြစ်ပါတယ်။ သီလလုံခြုံရေးဟာ နံပါတ်တစ် ဦးစားပေးဖြစ်ပြီး စွမ်းနိုင်လို့၊ ပါရမီရှိလို့ နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်မယ်ဆိုရင်တော့ ဘာဝနာကုသိုလ်ကို ထပ်ဆင့်ကြိုးစား လုပ်ရမှာဖြစ်ပါတယ်။ ဒီဘာဝနာ အလုပ်တောင်မှ သီလကိုအရင်ဆုံး လုံခြုံအောင်၊ သီလဖြူစင်အောင် အရင်ဆုံးလုပ်ပြီးမှ ဘာဝနာနဲ့သွားတာ ပိုထိရောက်တဲ့ သဘောရှိပါတယ်။ သီလမလုံခြုံဘဲ ဘာဝနာအလုပ် အားထုတ်နေရင်တော့ ၀ိပဿနာဉာဏ်ရဖို့ မလွယ်လှပါဘူး။ သီလဖြူစင်မှ စိတ်ဖြူစင်ပြီး စိတ်ဖြူစင်မှ သမာဓိဖြစ်ကာ သမာဓိရှိမှ ဉာဏ်တက်မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒါနကုသိုလ်ရဲ့ အခန်းကဏ္ဍဟာ စည်းစိမ်ဥစ္စာချမ်းသာရေး တစ်ခုကိုပဲ လုပ်ပေးနိုင်စွမ်း ရှိတယ်ဆိုတာ ရှင်းနေပါတယ်။ ဒါနသက်သက်နဲ့ကတော့ အပါယ်မလားရေးကို မတားပေးနိုင်သလို ဒါနမပါပြန်ရင်လည်း သုဂတိဘ၀ ရနေပေမယ့် ဆင်းရဲတဲ့ဘ၀နဲ့ နေနေရတဲ့ အဖြစ်နဲ့ ကြုံတွေ့နိုင်ပါတယ်။ ဒါကြောင့် မြန်မာဗုဒ္ဓဘာသာအများ ကြိုက်နှစ်သက်တဲ့ ဒါနကုသိုလ်ဟာ လုပ်နိုင်ရင် ကောင်းပေးမယ့် ဒါနသက်သက်နဲ့တော့ အလုံးစုံ ပြည့်စုံပြီလို့ ယူဆလို့ မရဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ဒါနလုပ်ခြင်းဖြင့် ဒါနရဲ့ လက်တွေ့အကျိုးတွေကတော့ ခံစားရတတ်ပါတယ်။ ပေးကမ်းလှူဒါန်းတဲ့ ပုဂ္ဂိုလ်ဟာ အရင်ဆုံး သဒ္ဓါတရားရှိမှ ပေးနိုင်ကမ်းနိုင်တာ ဖြစ်လို့ သဒ္ဓါတရားတွေ တိုးစေနိုင်သလို မိမိမှာရှိတဲ့ အရာကို စွန့်လွတ်တာ ဖြစ်တဲ့အတွက် မပေးလိုမလှူလိုတဲ့ ၀န်တိုမှု မစ္ဆရိယကို တိုက်ခိုက်တွန်းလှန်နေတာ ဖြစ်လို့ ကုသိုလ်တရားတွေလည်း တိုးစေတတ်ပါတယ်။ ပြီးတော့ ပေးကမ်းလှူဒါန်းတဲ့သူဟာ လူချစ်လူခင်၊ နတ်ချစ်နတ်ခင်များပြီး ပေးကမ်းတဲ့အတွက် အောင်မြင်မှုကိုလည်း ရစေပါတယ်။ ဒါ့အပြင် အလှူပေးတဲ့အတွက် ချမ်းသာမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီလို အကျိုးတွေ ရှိတဲ့အတွက်ကြောင့်လည်း မြန်မာအများစုဟာ ဒါနပြုရတာကို သဘောကျတာ ဖြစ်ပါတယ်။

တစ်ဘက်က ပြန်တွေးကြည့်ရင်လည်း ဒါနဟာ တစ်ခြားကုသိုလ်တွေထက် လုပ်ရတာ ပိုလွယ်တဲ့ အတွက်ကြောင့်လည်း ကျန်တဲ့ကုသိုလ်တွေ မလုပ်တာထက်စာရင် ဒါနလေးလောက်တော့ လုပ်မှဆိုတဲ့ အတွေးလေးတွေနဲ့ လုပ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။ ကျန်တဲ့ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကတော့ လက်တွေ့ကျင့်ကြံ အားထုတ်၊ စောင့်စည်းမှသာ ရနိုင်တဲ့အတွက် သဒ္ဓါပညာဝိရိယ တရားများ အားနည်းလာတဲ့ ဒီနေ့ခေတ်မှာ အကျင့်တရားနဲ့ လက်တွေ့အားထုတ်ဖို့ထက် ရှိတာလေးကို ပေးကမ်းစွန့်ကြဲပြီး လှူဒါန်းလိုက်တာက ပိုပြီးလွယ်ကူထင်ပေါ်တဲ့ အတွက်ကြောင့် ဒါနလုပ်တာကို ပိုပြီး သဘောကျကြခြင်း ဖြစ်နိုင်ပါတယ်။

မှန်ပါတယ်။ ဒီနေ့ခေတ်မှာ ကျင့်ကြံအားထုတ် ထိန်းသိမ်းဖို့ဆိုရင် မလုပ်ချင်ကြတော့ဘဲ ဖြစ်ကုန်ပါတော့တယ်။ သီလလည်း မထိန်းချင် ဘာဝနာလည်း မလုပ်ချင်ဖြစ်ကုန်ပါတယ်။ ကျန်တာတွေ မပြောနဲ့ တရားနာဖို့ကိုတောင် မလုပ်ချင်ကြတော့ပါဘူး။ ဘုန်းဘုန်းကျောင်းမှာ အပတ်စဉ် တနင်္ဂနွေနေ့တွေမှာ အလှူပွဲရှိရင် တစ်ချို့ကလေးတွေက ဝေယျာဝစ္စလုပ်ရတာ၊ ညလုံးပေါက်ချက်ပြုတ်ရတာ၊ ဘုန်းကြီးဆွမ်းကပ်ရတာ၊ လာသမျှလူတွေကို ကြွေးမွေးဧည့်ခံရတာတွေဆို အပင်ပန်းခံပြီး တစ်ညလုံး မအိပ်မနေ လုပ်တတ်ကြပေမယ့် တရားနာ ရေစက်ချတော့မယ်ဆိုရင် ကြက်ပျောက်ငှက်ပျောက်ကို ပျောက်ကုန်တတ်ကြပါတယ်။ တစ်ခါတစ်လေ ဘုန်းဘုန်းတရားဟောတာပဲ မကောင်းလို့လား၊ ဒါမှမဟုတ် တရားဟောတာပဲ ကြာလို့လားလို့ တွေးကြည့်စဉ်းစားကြည့်တော့လည်း တရားဟောတာ အလွန်ဆုံး မိနစ်သုံးဆယ်လောက်ပဲ ရှိပါတယ်။ တရားဟောဘယ်လောက်ပဲ ကောင်းကောင်း တရားနာကြမယ်ဟေ့ဆို ရှိကိုမရှိတော့ဘဲ အကျင့်ပါပြီး ပျောက်ပျောက်သွားပါတော့တယ်။ သူတို့ကို မေးကြည့် ဒါနလုပ်မလား တရားနာမလားဆို ဒါနပဲလုပ်ကြမယ့် သူတွေများပါတယ်။ ဒါနလုပ်ရတာက လွယ်တာကိုး။ လှူဖွယ်ဝတ္တုကလည်း အဆင်သင့်ရှိနေတော့ ဒါနဆိုရင် အချိန်မရွေး လုပ်နေနိုင်တဲ့ သဘောရှိနေတာကိုး။

အဲ… သီလစောင့်ဖို့၊ တရားအားထုတ်ဖို့ ဆိုရင်တော့ အဲဒါ ရန်သူပဲ။ မျက်မှောက်ခေတ် ဗုဒ္ဓဘာသာမှာ မသိတာတွေ များလာတယ်ဆိုတာ အကျင့်တရားအားနည်းပြီး အလွယ်လိုက်နေတာတွေကြောင့်လည်း ပါပါတယ်။ လက်တွေ့ကျင့်ကြံအားထုတ်မှ ရတဲ့ဗုဒ္ဓဘာသာမှာ အကျင့်တရားက အဓိကဖြစ်နေပေမယ့် အကျင့်တရားနဲ့နေဖို့ မလုပ်နိုင်တဲ့အခါကျတော့ ဗုဒ္ဓဘာသာဟာ ဖာသိဖာသာ၊ မသိမသာ ဗုဒ္ဓဘာသာဝင်တွေ များကုန်တော့တာ ဖြစ်ပါတယ်။ ဒီလိုသဒ္ဓါ၊ ပညာ ၀ိရီယတရား ယုတ်လျော့လာတာတွေကြောင့်လည်း ဗုဒ္ဓဘာသာများဟာ သီလ၊ဘာဝနာ ကုသိုလ်တွေထက် ဒါနကုသိုလ်မှာ ပိုပြီးလုပ်ကြ၊ ဒါနလုပ်ရတာကို ပိုပြီးနှစ်သက်ကြတာ ဖြစ်ပါတယ်။ ဘာမှမလုပ်တာထက် စာရင် ဒါနလေးလုပ်တာက တော်သေးတယ်ဆိုတဲ့ အတွေးများနဲ့ ဒါနလေးတွေတော့ ရသမျှ လုပ်နေကြတာ ဖြစ်နိုင်ပါတယ်။

ဒါနလုပ်တာ မကောင်းလို့လားဆိုတော့ မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ သီလ၊ ကုသိုလ်နဲ့ ဘာဝနာကုသိုလ်တွေကို ပိုပြီး ကြိုးစားအားထုတ်သင့်ပါတယ်။ ဒါနတွေ ဘယ်လောက်ပဲလုပ်လုပ် သီလမလုံခြုံရင် မကောင်းတဲ့ဘုံတွေမှာ ပြန်ဖြစ်နိုင်သလို၊ ဘာဝနာ မပါပြန်ရင်လည်း လွတ်မြောက်မှုနဲ့ အလှမ်းဝေးနေပြန်ပါတယ်။ ဒါကြောင့် အဓိကကျတဲ့ သီလကို လုံအောင်ထိန်းပြီး ဒါနလေးနဲ့ရံကာ ဘာဝနာပါတွဲလိုက်ကြဖို့ အထူးသတိပေး တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ သီလလုံမှ ဒါနအကျိုးပေး ကောင်းနိုင်သလို သီလလုံမှလည်း ဘာဝနာဉာဏ် အဖြစ်မြန်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာ ကောင်းပေမယ့် ဒါနတစ်ခုတည်းတော့ မကောင်းနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်။ သီလ၊ ဘာဝနာပါတွဲကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှ နောက်ဆုံးအနေနဲ့ ပြောလိုတာက ဒါနလုပ်တာကောင်းပေမယ့် ဒါနတစ်ခုတည်းနဲ့ပဲ ကျေနပ်မနေကြဘဲ သီလရော၊ ဘာဝနာပါ ပေါင်းပြီး လုပ်နိုင်အောင် ကြိုးစားပါလို့ ပြောလိုရင်း ဖြစ်ပါတယ်။ ဖြစ်သင့်တာက သီလကို အရင်လုံအောင်ထိန်းပြီး ဒါနကောင်းမှုနဲ့ ဘာဝနကောင်းမှုကို ရနိုင်သမျှ ကြိုးစားပြီး လုပ်နိုင်အောင် အားထုတ်တာက အဖြစ်နိုင်ဆုံး၊ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သီလလုံရင် အပါယ်လုံပြီး ဒါနပါရင် ချမ်းသာလာကာ ဘာဝနပွားရင် ကိလေသာပါးမှာ ဖြစ်တဲ့အတွက် ဒါနတစ်ခုတည်းကိုပဲ အားမပြုကြပဲ သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာတွေပါ လုပ်နိုင်အောင် ကြိုးစားအားထုတ်ကြည့်ကြပါလို့ စေတနာစကား ပါးလိုက်ရပါတယ်။ အားလုံး သီလခြုံပြီး ဒါနစုံနဲ့ ဘာဝနာထုံနိုင်ကြပါစေ

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ