မာန…

မာနဟူသည် တက်ကြွခြင်း၊ ထောင်လွှားခြင်းဟု အဓိပ္ပါယ်ရ၏။ မာနတရား ရှိနေသမျှ ကောင်းကျိုးမဖြစ်ဘဲ ဆိုးကျိုးကိုသာ ဖြစ်နေကြမည့်အပြင် ပူလောင်မှုနှင့် လောင်မြိုက်ခံနေရမည်သာ ဖြစ်သဖြင့် ထိုမာနကို ကိလေသာတရား တစ်ခုအဖြစ်ဆိုကာ မကောင်းသော ဂတိသို့ ပိုဆောင်ပေးသည့် တရားတစ်ခုအဖြစ်လည်း ထုတ်ဖော်ပြသခြင်းဖြစ်၏။ ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ဣတိဝုတ်ပါဠိတော် မာနသုတ်တွင် မာနနှင့် ပတ်သက်၍ “အကြင်မာနဖြင့် ယစ်သူသတ္တ၀ါတို့သည် မကောင်းသောလားရာ ဂတိသို့ လားရောက်ကြကုန်၏၊ ထိုမာနကို ကောင်းစွာသိ၍ (ခန္ဓာငါးပါးတို့ကို) အနိစ္စစသော အခြင်းအရာတို့ဖြင့် ရှုသူတို့သည် ထိုမာနကို ပယ်စွန့်ကုန်၏၊ ယင်းမာနကို ပယ်စွန့်သောကြောင့် ဤလောကသို့ တစ်ရံတစ်ခါမျှ မလာရောက်ကုန်”ဟု ဟောတော်မူခြင်း ဖြစ်၏။ ဆိုလိုသည်မှာ မာနသည် ရှိခြင်းအားဖြင့် သတ္တ၀ါတို့အား တစ်စုံတစ်ခုမျှသော ကောင်းကျိုးကို မဖြစ်စေနိုင်သောကြောင့် မည်သို့သော အကြောင်းကြောင့်ပင်ဖြစ်စေ မာနမထားကြရန်လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

စင်စစ် မာနသည် ကောင်းသည့်တရား မဟုတ်သော်လည်း ပုထုဇင်များအတွက် ပယ်ဖြတ်ရန် ခက်သည့်တရားတစ်ခုကား အမှန်ပင် ဖြစ်ပေ၏။ မာနမထားရန် မည်မျှပင် ကြိုးစားသော်လည်း ၀ိပဿနာဉာဏ်ဖြင့် အကြွင်းမဲ့ မပယ်သတ်နိုင်သေးသမျှ ထိုမာနသည် အချိန်မရွေး ပေါ်ပေါက်နေမည်သာ ဖြစ်၏။ တစ်ခါတစ်ရံ သတိတရားနှင့် မာနမထားရန် အဆက်အပြတ် ကြိုးစားအားထုတ်နေသဖြင့် အထိုက်အလျောက် ငုတ်လျှိုးနေတတ်သော်လည်း အကြွင်းမဲ့ပယ်သတ်ခြင်းမျိုး မဟုတ်သေးသဖြင့် မာနဖြစ်ဖွယ်အကြောင်း ပေါ်ပေါက်လာလျှင် မာနတရားကား ထင်ရှားလာတတ်ပြန်၏။

ယင်းမာနသည် ပုဂ္ဂိုလ် အယုတ်၊ အလတ်၊ အမြတ်မရွေး မည်သို့သော ပုဂ္ဂိုလ်မျိုးတွင်မဆို ဖြစ်ပေါ်တတ်ပြီး အခြေခံအားဖြင့် သေယျမာန၊ သဒိသမာန၊ ဟီနမာဟူသည့် မာနသုံးမျိုးသည် ပုဂ္ဂိုလ်တိုင်းတွင် ဖြစ်တတ်ကြောင်း ဗုဒ္ဓစာပေများတွင် ဖွင့်ဆိုရှင်းပြထား၏။ ထိုသုံးမျိုးတွင် သေယျမာနဟူသည် အမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံအားဖြင့် သူတပါးထက် မြတ်၏ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ သဒိသမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ၊ စည်းစိမ်ဥစ္စာ၊ အဆင်း၊ အခြံအရံစသည်အားဖြင့် သင်တို့နှင့်ငါ့မှာ အတူတူသာဖြစ်သည်ဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း၊ ဟီနမာနဟူသည် ထိုအမျိုးဇာတ်၊ ဂုဏ်၊ ပညာ စသည်အားဖြင့် ငါသည် သင်တို့အောက် နိမ့်ကျသော်လည်း သင်တို့ကို ဘာအရေးစိုက်ရမလဲဟု ထင်မှတ်ထောင်လွှားသည့် မာနမျိုးဖြစ်ကြောင်း အဋ္ဌကထာဆရာများက အဓိပ္ပါယ်အကျယ်ကို ဖွင့်ဆိုရှင်းပြလေ၏။

ဗုဒ္ဓစာပေတွင် ဖွင့်ဆိုရှင်းပြသည့် မာနအမျိုးအစားများအရ ပုဂ္ဂိုလ်အမျိုးမျိုးတွင် မာနအမျိုးမျိုး ဖြစ်နိုင်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ မည်သည့်ပုဂ္ဂိုလ်မဆို တစ်နည်းနည်းဖြင့် မာနတစ်မျိုးမျိုး ရှိနေနိုင်ကြသော်လည်း မာနရှိခြင်းအားဖြင့် အကျိုးတစ်စုံတစ်ရာ မပြုနိုင်သည်မှာ သေချာလှပေ၏။ မာနရှိခြင်း၊ မာနကြီးခြင်းအားဖြင့် မိမိအတွက်လည်း အကျိုးမရှိနိုင်သကဲ့သို့ သူတပါးတို့အားလည်း တစ်စုံတစ်ခု အထောက်အကူ မဖြစ်နိုင်သဖြင့် ပုထုဇင်များအနေဖြင့် မာနကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးသော်လည်း သတိတရားဖြင့် စွမ်းနိုင်သမျှ ထိန်းချုပ်ကြရန် ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်၏။

မာနနှင့်ပတ်သက်၍ မန်လည် ဆရာတော်ကြီးက “ လောကလူတွင်၊ ငါသာလျှင်တိ၊ ငါ့ပြင်မရှိ၊ ထင်ဘိမှတ်ယောင်၊ မောဟဆောင်၍၊ အန်ထောင်မာန၊ မမူရတည့်၊ သုတတရား၊ မြင်ကြားအသိ၊ များစွာရှိလည်း၊ သတိမယှဉ်၊ သမ္ပဇဉ်မမှီး၊ မာနကြီးက၊ ခွေးမြီးပမာ၊ မည်စပါခဲ့၊ ထောင်ကာမတ္တ၊ သုံးမကျရှင့်၊ သူများကိုသာ၊ နှိပ်လိုစွာဖြင့်၊ ရန်စွာထိပါး၊ အပြစ်များ၏။ ”စသည်ဖြင့် စပ်ဆိုကာ မာနမထောင်လွှားကြရန် ဆုံးမတော်မူခဲ့ပေ၏။

ဆရာတော်ကြီး ဆုံးမသကဲ့သို့ပင် မာနထောင်လွှားခြင်းအားဖြင့် ခွေးမြီးကဲ့သို့သာ ဖြစ်နေပေ၏။ ခွေးမြီးသည် ထောင်ကာမတ္တမျှသာ ဖြစ်နေပြီး ထောင်နေခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးမျှ မရှိနိုင်သကဲ့သို့ မာနသည်လည်း မာနကြီးခြင်း၊ ထောင်လွှာခြင်းအားဖြင့် မိမိသူတပါး နှစ်ဦးသားတို့အား မည်သည့်အကျိုးမျှ မဖြစ်ပေါ်နိုင်ပေ။ မာနကြီးသဖြင့် ဆင်းရဲနှင့် ငရဲသို့ ကျရောက်စေမှုကိုသာ ဖြစ်စေနိုင်ပေ၏။ ထို့ကြောင့် ခွေးမြီးကဲ့သို့ ထောင်ကာမတ္တ အသုံးမကျဖြစ်တတ်သည့် မာနကို မိမိမိမိတို့၏ သတိတရားဖြင့်သာလျှင် မထောင်လွှားမိရန် ထိန်းချုပ်သင့်ကြောင်း ပညာရှိများက တိုက်တွန်းတော်မူခြင်း ဖြစ်ပေ၏။

ဗုဒ္ဓလက်ထက်က သာဝတ္ထိပြည်တွင် မာနအလွန်ကြီးသည့် ပုဏ္ဏားတစ်ဦးရှိ၏။ ထိုပုဏ္ဏား၏ အမည်ကား မာနတ္ထဒ္ဓဟူ၍ ဖြစ်၏။ မာနတ္ထဒ္ဓသည် မည်မျှအထိ မာနကြီးသနည်းဆိုသော် အမိကိုလည်း ရှိမခိုး၊ အဖကိုလည်းရှိမလို၊ ဆရာသမားကိုလည်း ရှိမခိုး၊ အစ်ကို (အသက်ကြီးသူ) ကိုလည်း ရှိမခိုး၊ အရိုအသေ မပြုနိုင်သည်အထိ မာနကြီးလေ၏။ တစ်နေ့တွင် ထိုပုဏ္ဏားအား အကြံတစ်ခု ဖြစ်လေ၏။ “ရဟန်းဂေါတမသည် ပရိတ်သတ်များစွာဖြင့် တရားဟော၏၊ ငါသည် ရဟန်းဂေါတမထံသို့ ချည်းကပ်ရမူကား ကောင်းလေစွ၊ ရဟန်းဂေါတမသည် အကယ်၍ ငါနှင့်အတူ စကားပြောဆိုငြားအံ့ ငါသည်လည်း ထိုရဟန်းဂေါတမနှင့်အတူ စကားပြောဆိုအံ့၊ အကယ်၍ ရဟန်းဂေါတမသည် ငါ့ကို စကားမပြောဘဲနေအံ့ ငါသည်လည်း ရဟန်းဂေါတမနှင့်အတူ စကားမပြောဘဲနေအံ့” စသည်ဖြင့် အကြံဖြစ်ကာ မြတ်စွာဘုရားထံ ချည်းကပ်၍ တိတ်ဆိတ်ငြိမ်သက်သည့် နေရာတစ်ခုတွင် ရပ်နေခဲ့လေ၏။

ဗုဒ္ဓသည် မာနတ္ထဒ္ဓပုဏ္ဏား၏ စိတ်အကြံကို သိသည့်အလျောက် တမင်ပင် စကားမပြောဆိုပဲ နေတော်မူလိုက်၏။ ထိုအခါ ပုဏ္ဏားအား “ရဟန်းဂေါတမသည် တစ်စုံတစ်ရာ ဘာမျှ မသိပါတကား”ဟု တွေးလျက် ထိုအရပ်မှ ပြန်သွားရန် စိတ်အကြံဖြစ်လေ၏။ ပုဏ္ဏား၏ သန္တာန်၌ အမျိုးမျိုးသော စိတ်အကြံဖြစ်နေသည်ကို သိရှိတော်မူသော ရှင်တော်မြတ်ဘုရားသည် ထိုအခါမှသာ မာနတ္ထဒ္ဓပုဏ္ဏားအား “ပုဏ္ဏား.. ဤလောက၌ မာန်မူခြင်းသည် မကောင်း၊ အကျိုးစီးပွားကို အလိုရှိသောသူအား အကြင်အကျိုးစီးပွားကြောင့် ငါဘုရားထံသို့ လာရောက်၏၊ ထိုအလိုရှိသော အကျိုးစီးပွားကိုသာ ပွားစေရာ၏”ဟု မိန့်တော်မူလိုက်၏။

မြတ်ဗုဒ္ဓက ထိုသို့မိန့်တော်မူလိုက်သည့်အခါ မာနတ္ထဒ္ဓပုဏ္ဏားသည် “ရဟန်းဂေါတမသည် ငါ၏စိတ်အကြံကို အမှန်သိသူပါတကား”ဟု ထိုခဏမှာပင် မြတ်စွာဘုရားရှင်၏ ခြေတော်ရင်းတွင် ၀တ်ဆင်းကာ “အရှင်ဘုရား တပည့်တော် မာနတ္ထဒ္ဓပုဏ္ဏားပါဘုရား..၊ တပည့်တော် မာနတ္ထဒ္ဓပါဘုရား..” ဟု မိမိအမည်ကို အကြိမ်ကြိမ် ရွတ်ဆိုရင်း ခြေတော်အစုံကို ဦးခိုက်လေတော့၏။ အလွန်မာနကြီးသည့် ထိုပုဏ္ဏား၏ အဖြစ်ကို ကြည့်ကာ ပရိတ်သတ်အပေါင်းတို့သည် အလွန်အံ့သြတုန်လှုပ်သွားကြ၏။ မည်သို့သော ပုဂ္ဂိုလ်ကိုမှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မရှိသော ပုဏ္ဏားသည် မြတ်စွာဘုရားရှင်၏ ခြေရင်းတွင် ၀တ်ဆင်းနေသည့်အဖြစ်ကို ကြည့်ကာ မြတ်စွာဘုရား၏ မေတ္တာကရုဏာ ကြီးမားပုံများကို ချီးကျူးပြောဆိုကြလေ၏။

ထို့နောက် မြတ်စွာဘုရားသည် မာနတ္ထဒ္ဓအား “ပုဏ္ဏား… ငါ့အပေါ်၌ သင်၏စိတ်ကြည်ညိုခြင်းသည် လုံလောက်လေပြီ၊ သင့်တော်လောက်ပေပြီ၊ ငါ၏ခြေရင်းတွင် ၀တ်ဆင်းနေရာမှထပြီး သင့်လျော်ရာမှာ ထိုင်ပါလေလော့” ဟု မိန့်တော်မူမှသာ မာနတ္ထဒ္ဓပုဏ္ဏားလည်း မိမိနှင့် သင့်လျော်သည့် တစ်နေရာတွင် ထိုင်ကာ မြတ်စွာဘုရားရှင်အား သိလိုသည်များကို လျှောက်ထားပြန်လေ၏။

မာနတ္ထဒ္ဓက “အရှင်ဂေါတမ အဘယ်ပုဂ္ဂိုလ်တို့၌ မာန်မာနကို မပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အလေးအမြတ်ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့၌ အရိုအသေ ပြုရာသနည်း၊ အဘယ်ပုဂ္ဂိုလ်တို့ကို ကောင်းစွာ ပူဇော်အပ်ကုန်သနည်း”ဟု မေးမြန်းလျှောက်ထား၏။

မြတ်ဗုဒ္ဓက “ပုဏ္ဏား… မိခင်၊ ဖခင်၊ အစ်ကို (မိမိထက် အသက်သိက္ခာ ဂုဏ်ဝါကြီးသူ)၊ ဆရာသမား ဟူသည့် ဤပုဂ္ဂိုလ်လေးယောက်တို့၌ မာန်မာနကို မပြုထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့ထံ၌ မာနမထားထိုက်ပေ၊ ဤပုဂ္ဂိုလ်လေးယောက်တို့အား အရိုအသေ အလေးအမြတ်ကို ပြုကျင့်ရာ၏၊ ပူဇော်အထူးကို ခံယူတော်မူထိုက်သည့် အာသဝေါကုန်ခမ်းပြီးသော (ရဟန္တာ)ပုဂ္ဂိုလ်တို့ကို မာန်နှိမ့်ချက်လျက် မခက်ထန်သည်ဖြစ်၍ သင်ရှိခိုးရာ၏”ဟု ပုဏ္ဏား၏ အမေးအား ပြန်လည်ဖြေကြားပေးတော်မူ၏။ နောက်ဆုံးတွင် မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏားသည် မာနခ၀ါချကာ မြတ်စွာဘုရား သာသနာတော်၌ ရတနာသုံးရပ်ကို အမြဲမပြတ် ကိုးကွယ်ဆည်းကပ်တတ်သည့် ဥပါသကာအဖြစ် ခံယူသွားခဲ့လေ၏။ (သဂါထာဝဂ္ဂသံယုတ်၊ မာနတ္ထဒ္ဓသုတ်) ဤကား မာနအလွန်ကြီးသည့် မာနတ္ထဒ္ဓပုဏ္ဏား၏ အကြောင်းအရာ တစ်စိပ်တစ်ပိုင်းဖြစ်ပါ၏။

ဤသုတ်တော်တွင် ဟောတော်မူသည့် မြတ်စွာဘုရားရှင်၏ တရားတော်အရ မာနသည် မထားထိုက်သည့် အရာဖြစ်ကြောင်း၊ အထူးသဖြင့် မိဘဆရာသမားများနှင့် အသက်အရွယ် ဂုဏ်ဝါကြီးသူများ၊ အာသဝေါကုန်ခမ်းသည့် သူတော်သူမြတ်များအပေါ်၌ မိမိတို့၏ မာနများ မထားထိုက်ကြောင်း ကောင်းစွာ သဘောပေါက်နိုင်ပေ၏။ ထိုပုဂ္ဂိုလ်များထံတွင် မာနမထားထိုက်ဘဲ အရိုအသေပြုကာ ပူဇော်မှုပင် ပြုထိုက်ကြောင်း နားလည်နိုင်ပေ၏။ မာနခက်ထန်နေသမျှ အကျိုးစီးပွား ဆုတ်ယုတ်နေမည်ဖြစ်သဖြင့် လောကီလောကုတ္တရာ ကောင်းကျိုးများကို လိုလားသူများသည် မာနများဖြင့် ခေါင်းမာနေမှုကို မပြုသင့်ဘဲ နှိမ့်ချမှုနှင့်အတူ အရိုအသေ ပူဇော်မူကိုပြုကာ မိမိတို့လိုလားသည့် အကျိုးစီပွားကိုသာ အရယူသင့်ကြောင်း သတိပြုသင့်ပေ၏။

မည်သို့ပင်ဖြစ်စေ မာနတရားသည် ရှိသင့်သည့် တရား၊ ထားသင့်သည့် တရား မဟုတ်သည်ကား အမှန်ပင် ဖြစ်ပါ၏။ သတ္တ၀ါတို့အား ပူလောင်မှုနှင့်အတူ လောင်မြိုက်စေတတ်သည့် ကိလေသာတရားများတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် ဤမာနတရားသည် ပုထုဇင်ပုဂ္ဂိုလ်များအား မာနကြီးသည်နှင့်အမျှ၊ ပူလောင်မှုနှင့် အကျိုးစီးပွား ဆုတ်ယုတ်မှုကိုလည်း ပိုမိုကြီးမားစေမည်သာ ဖြစ်သဖြင့် မိမိတို့၏ သန္တာန်တွင် မာနတရားများ အထိုက်အလျောက် ပါးသွားစေရန် သတိသမ္ပဇဉ်တရားများ လိုက်ကိုင်ထား၍ နှိမ့်ချတတ်သည့် ဂါရ၀တရားများ တိုးပွားစေရန် ကြိုးစားသင့်လှပေ၏။

ထို့ကြောင့် မာနအလွန်ကြီးသူများ၊ မာနရှိနေသည်ကိုပင် ဂုဏ်ယူစရာအဖြစ် အထင်မှားနေသူများ၊ မာနမထားထိုက်သူများ အပေါ်တွင် မာနထားမိနေသူများ အနေဖြင့် မိမိတို့၏ မာနတရားများသည် ရှိနေခြင်း၊ ထောင်လွှားနေခြင်းအားဖြင့် ထောင်ကာမတ္တမျှသာဖြစ်ပြီး တစ်စုံတစ်ခုမျှ အသုံးမကျဖြစ်နေသည့် ခွေးမြီးကဲ့သို့သာ ဖြစ်နေ၊ မာနတရား ကိုင်စွဲထားနေသမျှ မိမိတို့သည် ခွေးမြီးကိုသာ ကိုင်စွဲထားသကဲ့သို့ ဖြစ်နေသည်ကို အသိတရားဖြင့် သတိပြုဆင်ခြင်ကာ ထောင်လွှားတတ်သည် မာနတရားကို နှိမ်ချတတ်သည့် ဂါရ၀တရားဖြင့် နည်းသည်ထက်နည်းရန်၊ ပါးသည်ထက်ပါးရန် ကြိုးစားသင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။ အားလုံး မာနခ၀ါချ၍ ထာဝရ ဂါရ၀ဖြင့် သာသနာ့ မာမက ဖြစ်နိုင်ကြပါစေ…။

1 မှတ်ချက်များ (...ရေးရန်):

  • kincana says:
    Monday, June 28, 2010

    “မာနကြီးက ခွေးမြီးပမာ မြည်စွပါရှင့် ထောင်ကမတ္တ သုံးမကျဘူး” ဆိုတဲ့ ဆရာတော်ကြီးရဲ့ အဆုံးအမလေး အရမ်းကောင်းပါတယ်ဘုရား။ ထောင်နေပြီး အသုံးမကျတဲ့ အထဲမှာ မာနနဲ့ ခွေးမြီးလည်း ပါတယ်ဆိုတာ သိရှိနားလည်ရပါတယ်။ ကျေးဇူးတင်ပါတယ်ဘုရား.


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ