Live Questions and Answers (7)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

4 Jul 10, 07:07 PM
ထွန်းထွန်း
အရှင်ဘုရား တပည့်တော် လာလည်သွားပါတယ်ဘုရား။ တပည့်တော် အွန်လိုင်းပေါ် လာလည်ရင်း အများကျိုးအတွက် မေးခွန်းလေးတစ်ခု လျှောက်ထားပါရစေ။ မသိမှု အ၀ိဇ္ဖာအောက်မှာ ကျင်လည်နေကြရတဲ့ သတ္တ၀ါတွေကို ချုပ်ကိုင်ထားတဲ့ အရာတစ်ခုတော့ရှိတာ သေချာပါတယ်ဘုရား။ အ၀ိဇ္ဖာကဖုံးလိုက် တဏှာကချော့လိုက်နဲ့ ဒီသတ္တ၀ါတွေဟာ ၃၁ဘုံထဲက မလွတ်နိုင် မကျွတ်နိုင်ဖြစ် နေရတာ ဘာကြောင့်ပါလိမ့်ဘုရား။

6 Jul 10, 06:23 AM
မနာပဒါယီ >>> ထွန်းထွန်း
သတ္တ၀ါတွေကို ၃၁ဘုံ သံသရာမှာ တ၀ဲလည်လည်နဲ့ ရုန်းမထွက်နိုင်အောင်၊ သံသရာရှည်ကြာအောင် သံသရာချဲ့ထွင်ပေးတဲ့ တရားတွေရှိပါတယ်။ အဲဒီတရားတွေက တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ပပဉ္စတရားများပဲ ဖြစ်ပါတယ်။ ဒီတရားသုံးပါးဟာ သတ္တ၀ါတွေကို သံသရာမှာ အရှည်ကြာအောင် သံသရာနယ်ချဲ့နေတဲ့ တရားများ ဖြစ်ပါတယ်။ ဒီတရားတွေ ရှိနေသမျှ ဒီသုံဆယ့်တစ်ဘုံထဲက မလွတ်နိုင်၊ မကျွတ်နိုင် ဖြစ်နေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီတရားတွေကြောင့် သတ္တ၀ါတွေဟာ အ၀ိဇ္ဇာတွေများ၊ တဏှာတွေ ပွားနေကြတာ ဖြစ်ပါတယ်။ ဒီပပဉ္စတရားသုံးပါးကို ဉာဏ်နဲ့ မဖြတ်နိုင်သေးသမျှတော့ ဘုံဘ၀မှာ ဆုံကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သံသရာဘုံဘ၀မှ လွတ်မြောက်လိုသူတွေဟာ ဒီသံသရာနယ်ချဲ့ တရားများကို ဉာဏ်နဲ့ အမြစ်ပြတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်းဖြစ်ပါတယ်။

20 Jul 10, 12:09 AM
kyaw ye htut
ဆရာတော်ကို တပည့်တော် တစ်ခုမေးချင်လို့ပါ။ သူတစ်ပါးက တပည့်တော်ဆီက ပိုက်ဆံလာချေးလို့ ပေးလိုက်တယ်ဘုရား။ သူတစ်ပါးက ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ဘာမှမဖြစ်ပါဘူးဘုရား။ မပေးလည်း ရပါတယ်ဘုရား။ ခွင့်လွှတ်နိုင်ပါတယ်။ ပိုက်ဆံချေးသွားတဲ့သူက သံသရာ ကြွေးခံရလားဘုရား။ တပည့်တော်က ခွင့်လွှတ်တယ်ဘုရား။ တဆိတ်လောက်သိပါရစေ။

20 Jul 10, 12:52 AM
မနာပဒါယီ >>> kyaw ye htut
ဒီနေရာမှာ ပိုက်ဆံချေးသွားသူရဲ့ စိတ်စေတနာအပေါ်မှာ မူတည်ပါတယ်။ သူကစေတနာ အလိုဆိုးနဲ့ ချေးပြီးတမင်သက်သက် မပေးဘဲ နေခဲ့တာ၊ ရှောင်ခဲ့တာဆိုရင်တော့ သံသရာကြွေး ခံရတတ်ပါတယ်။ ချေးလိုက်တဲ့သူက ဘယ်လိုပဲ ခွင့်လွှတ်ခွင့်လွှတ် ဒီအမှုကို စတင်ကျူးလွန်တဲ့ ပိုက်ဆံချေးသွားသူ ကာယကံရှင်က အစကတည်းက မကောင်းတဲ့ စိတ်စေတနာနဲ့ လုပ်ခဲ့တာဆိုရင် သူကိုယ်တိုင် ပြန်ပြီးဝန်ချတောင်းပန်ကာ အကျိုးအကြောင်း ပြောဆိုပြီး ချေးထားတဲ့ ပိုက်ဆံနဲ့ ပတ်သက်ပြီး ဖြေရှင်းချက် တစ်ခုခုကို မပေးဘဲနေမယ်ဆိုရင် သူ့မှာအပြစ်ရှိနေပြီး ဒီအပြစ်ကို ပြန်ခံရတတ်ပါတယ်။ ချေးပေးသူက ခွင့်လွှတ်ပေမယ့် ချေးသွားသူက စေတနာ အလိုဆိုးနဲ့ လုပ်သွားခဲ့တာဆိုရင် တစ်ဘက်က ခွင့်လွှတ်ပေမယ့် တစ်ဘက်မှာတော့ သူ့စေတနာအတိုင်း ပြန်ခံရတတ်ပါတယ်။ နှစ်ဦးနှစ်ဘက်လုံး တောင်းပန်ပြီး ခွင့်လွှတ်ကြမယ်ဆိုရင်တော့ အပြစ်မရှိပါဘူး။ သံသရာကြွေး မပါနိုင်ပါဘူး။

27 Jul 10, 12:26 AM
ဗလ
မျှားလာတဲ့ ငါးတွေကို သတ်ပြီး လက်ဆောင်လာပေးရင် စားသင့်ပါသလားဘုရား။
မမှန်စွပ်စွဲခံရလို့ စိတ်ဆင်းရဲပြီး သတ်သေသွားတဲ့ ဦးဇင်းလေးတစ်ပါးအကြောင်း အင်တာနက်မှာ ပြန့်လာလို့ ဖတ်ရပါတယ်။ ဒီလိုဝဋ်ကြွေးတွေဟာ ရှောင်လွှဲလို့ လျော့ပါးအောင်ပြုလို့ မရနိုင်ဘူးလားဘုရား။


27 Jul 10, 02:21 AM
မနာပဒါယီ >>>ဗလ
သတ်ပြီးလာပေးတဲ့ သူကကိုယ့်အတွက် တမင်ရည်ရွယ်သတ်ပြီး လာပေးခြင်း ဟုတ်မဟုတ်နဲ့ အကယ်၍ ကိုယ့်အတွက် တမင်ရည်ရွယ်ပြီးသတ်တာ၊ အဲဒီလို ကိုယ့်အတွက် ရည်ရွယ်ပြီးသတ်တာကို ကိုယ်ကိုယ်တိုင်ကလည်း သိနေတယ်ဆိုရင် မစားကောင်း၊ မစားသင့်ပါဘူး။
ဝဋ်ကြွေးတွေ ရှောင်လွှဲလျော့ပါးအောင် လုပ်ဖို့နဲ့၊ အကြွင်းမဲ့ကုန်သွားအောင် လုပ်ဖို့ကတော့ အရိယာမဂ်ဉာဏ်နဲ့ပဲ လုပ်လို့ရမှာဖြစ်ပါတယ်။ သေတာပတ္တိမဂ်ဉာဏ်စတဲ့ ဉာဏ်တွေနဲ့ပဲ ၀ဋ်ကင်းပြတ်ရာကို လုပ်နိုင်မှာဖြစ်တဲ့အတွက် ၀ိပဿနာ အားထုတ်ပြီး အရိယာမဂ်ကို အရယူကာ ၀ဋ်ကြွေးတွေ လျော့အောင် ကုန်အောင်လုပ်ဖို့ပဲ လိုပါတယ်။ တစ်ခြားနည်းမရှိပါဘူး။

29 Jul 10, 05:24 AM
That Aung
Ashinphaya, if we cut down the tree and nat (yokasoe) lost his shelter, is it a sin? (pardon that I cannot type Myanmar.)

29 Jul 10, 01:22 PM
မနာပဒါယီ >>>That Aung:
သစ်ပင်တိုင်းမှာတော့ ဒီနတ်တွေ ရုက္ခစိုးတွေ ရှိတာမဟုတ်ပါဘူး။ ဘာမှမရှိတဲ့ သစ်ပင်တွေကို ခုတ်ရင်ဘာမှ မဖြစ်ပေမယ့် နတ်စတဲ့ ဒီသစ်ပင်ကို အမှီပြုနေရတဲ့ ပုဂ္ဂိုလ်တွေ ရှိမှန်းသိရဲ့နဲ့ စေတနာပါပါနဲ့ သူတို့နေရာပျောက်အောင် ခုတ်ရင်တော့ ဒါဟာ အပြစ်ဖြစ်ပါတယ်။ တစ်ခါတစ်လေ ရှိမှန်းသိရဲ့နဲ့ တစ်ခြားအကြောင်း တစ်ခုခုကြောင့် မဖြစ်မနေ ခုတ်ရတဲ့ အနေအထားလေးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ မခုတ်ခင် ကြိုတင်နေရာပြောင်းနေဖို့ မေတ္တာရပ်ခံပြီး ခုတ်လှဲရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သစ်ပင်တိုင်းမှာ နတ်စတဲ့ မြင်အပ်မမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနိုင်မရှိနိုင်ဆိုတာ မသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် လိုအပ်လို့ သစ်ပင်တွေ ခုတ်တော့မယ်ဆိုရင် မခုတ်ခင် သူတို့အသိုက်အမြုံ နေရာလေးတွေ မပျောက်ပျက်စေလိုတဲ့ စေတနာနဲ့ ကြိုတင်အသိပေးပြီး တစ်ခြားတစ်နေရာကို ပြောင်းရွေ့ဖို့ မေတ္တာရပ်ကာ ခုတ်တာအကောင်းဆုံးပဲ ဖြစ်ပါတယ်။

30 Jul 10, 06:06 AM
ပေတလူး
ဘုန်းဘုန်းဘုရား... အချို့တောရွာတွေမှာ ဝက်သားယူမလားလို့ ဝက်မွေးသူက မသတ်ခင် ကြိုပြီး ဝက်သားဝယ်မယ့်သူတွေ လိုက်စပ်ပါတယ်။ တစ်ပိဿာယူမယ်၊ နှစ်ပိဿာယူမယ်စသဖြင့် ယူမယ့်သူတွေ တစ်ကောင်စာလောက် ရတော့မှ ဝက်ကိုပေါ်ပါတယ်။ ယူမယ်လို့ ကြိုပြောရင် ပါဏာတိပါတ သင့်လားဘုန်းဘုန်း။ ကွန်သွားပစ်တဲ့သူတွေ တောလိုက်တဲ့ လူုတွေဆီက ငါးတွေ အကောင်ဗလောင်တွေကို ညနေ စောင့်ဝယ်တာရော ပါဏာတိပါတသင့်ပါလား။ ဝယ်သူရှိလို့ ကုန်သွားရင် နောက်နေ့တွေ ကွန်ဆက်ပစ်၊ တောထပ်တိုးပြီး ရောင်းဖို့ ထပ်ရှာကြလို့။ အဲဒါကို စားစရာ မရှိလို့ ဝယ်မိရင် ပါဏာတိပါတ သင့်ပါလား။

30 Jul 10, 03:29 PM
မနာပဒါယီ >>>ပေတလူ:
ပါဏာတိပါတကံနဲ့ ပတ်သက်လို့
၁။ အသက်ရှိသတ္တ၀ါဖြစ်ခြင်း၊
၂။ သတ္တ၀ါဟူသော အမှတ်လည်းရှိခြင်း။
၃။ သေစေလိုသော စိတ်ရှိခြင်း၊
၎။ သတ်အံသော လုံ့လ ပယောဂရှိခြင်း၊
၅။ လုံ့လပယောဂကြောင့်သေခြင်း ဆိုတဲ့ ဒီအင်္ဂါ (၅)ပါးနဲ့ ပြည့်စုံရင် ပါဏာတိပါတကံ ထိုက်ပါတယ်။ ဒီနေရာမှာ သတ်တာလည်း ကိုယ်တိုင်သတ်ခြင်း သူတပါးကို သတ်စေခြင်းစသဖြင့် အမျိုးမျိုး ရှိရာမှာ ပါဏာတိပါတကံ ဖြစ်နိုင်ခြင်း အကြောင်း (ပယောဂ) ရှစ်မျိုးမှာ တစ်မျိုးမျိုးနဲ့ သတ်မိပြီး အထက်ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ပြည့်စုံနေရင် ကံမြောက်ပါတယ်။ အဲဒီ ပယောဂ (၈)မျိုးကတော့
(၁) သတ္တ၀ါကိုရည်မှတ်၍ သတ်ဖြတ် ထိုးခုတ်ခြင်း၊
(၂) သတ္တ၀ါတစုံတခုကို ရည်မှတ်ခြင်းမရှိဘဲ ဘာကောင်သေသေဟု ပစ်ခတ် ထိုးခုတ်လိုက်ခြင်းမျိုး၊
(၃) ကိုယ်တိုင် သတ်ပုတ် ထိုးခုတ်ခြင်း၊
(၄) သူတပါးကို စေခိုင်းခြင်း၊
(၅) အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် ပစ်ခတ်ခြင်း၊
(၆) အမြဲတည်နေ၍ သေစေနိုင်သည့် တွင်းတူးထားခြင်း ဆေးဝါး အစီအရင် ထားခြင်း စသည့် အရာမျိုး၊
(၇) ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီ အရင်တို့ဖြင့် သေအောင်လုပ်ခြင်း၊
(၈) မိမိ တန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်းတို့ပဲ ဖြစ်ပါတယ်။ (ပါရာဇိကဏ်အဋ္ဌကထာ)

ဒီအဖွင့်တွေအရ မေးခွန်းရှင် သိလိုတဲ့ အမေးနဲ့ ညှိယူနိုင်ပါတယ်။ မေးခွန်းရှင် မေးထားသလို သားသတ်သမားများ၊ ငါးဖမ်းသမားများဟာ ဒီလိုကြိုတင်မှာယူသူ၊ စားသုံးသူတွေ ရှိနေတဲ့အတွက် လုပ်နေရတာဖြစ်လို့ မှာယူသူတွေဟာ သွယ်ဝိုက်တဲ့နည်းနဲ့ ပါဏာတိပါတကံ ထိုက်နေသလို ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖော်ပြပါ အင်္ဂါရပ်တွေနဲ့ ညှိကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင် ရည်ရွယ်ချက်ရှိရှိ သတ်ခိုင်းခြင်း မဟုတ်သလို သတ်တဲ့သူတွေကလည်း ကိုယ်ကခိုင်းလို့ ကိုယ့်အတွက်ရည်ရွယ်ပြီး သတ်နေကြတာ မဟုတ်တဲ့အတွက် တိုက်ရိုက်အနေနဲ့ ပါဏာတိပါတ ကံမမြောက်ဘူးလို့ နားလည်နိုင်ပါတယ်။ ကိုယ်လိုစားသုံးသူတွေ ရှိနေတဲ့အတွက် သူတို့သတ်နေရတာဖြစ်လို့ ကိုယ်လည်းပယောဂ မကင်းဘူးလို့ ဆိုချင်ဆိုနိုင်ပေမယ့် တိုက်ရိုက်သတ်တဲ့ ပါဏာတိပါတကံတော့ မမြောက်ပါဘူး။ ကိုယ်ကိုယ်တိုင်က တိုက်ရိုက်ညွန်ကြားလို့ သတ်ရတယ်ဆိုရင်တော့ ကံမြောက်တယ်လို့ ပြောနိုင်ပါတယ်။

မေးခွန်းရှင် အမေးထဲကလို ၀ယ်မယ့်သူတွေလိုက်စပ်ပြီး ၀ယ်သူပြည့်မှ သတ်တဲ့အပေါ်မှာတော့ ကိုယ့်ပယောဂ မကင်းတဲ့အတွက် ကံမြောက်နိုင်ပါတယ်။ လိုက်စပ်တဲ့ သူတွေကတော့ ကိုယ်မဟုတ်လဲ တစ်ခြားသူတွေကို လိုက်စပ်ပြီး အရေအတွက်ပြည့်ရင် သတ်မှာဖြစ်လို့ လိုက်စပ်တဲ့ သူတွေထဲမှာ ကိုယ်မပါမိဖို့ လိုပါတယ်။ ဒီလိုမျိုးကိုတော့ ရှောင်ဖို့လိုပါတယ်။ သူ့အလိုလို သတ်ပြီးသား၊ သေပြီးသားတွေကို လိုက်စပ်လို့ ၀ယ်ယူတဲ့ အပိုင်းမှာတော့ ကံမမြောက်ပါဘူး။ တံငါသည်တွေ ငါးဖမ်းကအပြန် စောင့်ဝယ်တဲ့ အပိုင်းမှာလည်း ငါးအရှင်တွေကို ကိုယ်ကတိုက်ရိုက် ၀ယ်ယူပြီး သတ်စေတယ်ဆိုရင် ကံမြောက်နိုင်ပြီး ပါလာတဲ့ သေပြီးသား အသေတွေကို ၀ယ်ရင် ကံမမြောက်နိုင်ပါဘူး။

ဒီလိုပါပဲ။ ဈေးထဲမှာ ရောင်းနေတဲ့ အရှင်တွေကို ကိုယ်ကလက်ညှိုးထိုးပြီး တိုက်ရိုက်ဝယ်ယူ သတ်စေတဲ့အပိုင်းမှာ ပါဏာတိပါတ ကံဖြစ်နိုင်ပေမယ့် သတ်ပြီးသား အသေတွေကို ၀ယ်ယူမှုမှာတော့ ကံမမြောက်နိုင်ပါဘူး။ ဆိုလိုတာက ကိုယ်လိုစားသုံး သူတွေကြောင့် သားသတ်သမားတွေ သားသတ်နေရတာဖြစ်လို့ ကိုယ့်မှာလည်း ပါဏာတိပါတကံ ဖြစ်နိုင်တယ်လို့ ထင်ရပေမယ့် ကိုယ့်အနေနဲ့က စေတနာ ရည်ရွယ်ချက်နဲ့ သေစေလိုတဲ့ စိတ်ရှိပြီး တိုက်ရိုက်လုံ့လပြုတာ၊ တိုက်ရိုက်စေခိုင်းတာ၊ ကိုယ်ကလုံလ ပယောဂပြုလို့ ဒီသတ္တ၀ါတွေ သေရတာ မဟုတ်တဲ့အတွက် ပါဏာတိပါတကံ မဖြစ်နိုင်ပါဘူး။ အဓိကကတော့ အသားစား သူတွေအနေနဲ့ အရှင်လတ်လတ်တွေကို ၀ယ်ယူစားသုံးမှု မဖြစ်စေဖို့၊ အရှင်လတ်လတ် ရောင်းချမှုအပိုင်းမှာ ရွေးချယ်ဝယ်ယူပြီး သတ်ခိုင်းတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုသူတွေရှိလို့ သတ်ကြတာ ဆိုပေမယ့် ကိုယ့်ရဲ့ ပယောဂမပါဘဲ သူတို့သတ်ပြီးသား အသားကို ၀ယ်ယူစားသောက်မှု အပိုင်းမှာတော့ ပါဏာတိပါတ ကံမမြောက်နိုင်ပါဘူး။

Read more »

ဘောင်…

တရားပွဲတစ်ခုကို ကြွတုန်းက ဖြစ်ပါတယ်။ အရင်တုန်းက မျက်မှန်မတပ်ဘဲ မြင်နေကျဖြစ်နေတော့ မျက်မှန်တပ်ပြီး တရားဟောဖို့ ကြွလာတဲ့ ဘုန်းဘုန်းကိုကြည့်ပြီး ဒကာလေး တစ်ယောက်က မျက်မှန်မတပ်ဖို့နဲ့ ဒီမျက်မှန်ကြီးနဲ့ ကြည့်မကောင်းတဲ့အတွက် တပ်ချင်ရင်လည်း တစ်ခြားပိုပြီး နုပျိုစေတဲ့ မျက်မှန်တပ်ဖို့ လျှောက်ဖူးပါတယ်။ ပြီးတော့သူက နဂိုကတည်းက ရင်းနှီးနေတော့ အပျော်သဘောနဲ့ “အရှင်ဘုရားက မျက်မှန်တပ်ပြီး လောကကြီးကို ကြည့်နေတော့ အမြင်ကျဉ်းတာပေါ့၊ လောကကြီးကို ဘောင်ခတ်ပြီးကြည့်တော့ ကျယ်ကျယ်ပြန့်ပြန့် မမြင်နိုင်ဘူးပေါ့ ဘုရား…”လို့ ဘုန်းဘုန်းကို ပြောလာပြန်ပါသေးတယ်။ “ဟုတ်လား… ဒကာလေးရယ်… အဲဒီလို ပြောကြေးဆိုရင် ဒို့က လောကကြီးကို ဘောင်ခတ်ပြီး ကြည့်တာမဟုတ်ပါဘူး၊ ဘောင်ထဲကနေ ကြည့်တာပါကွာ၊ သူ့ဘက်ကိုယ့်ဘက် အစွန်းမရောက်အောင်၊ သူ့အတွက်လည်း မနစ်နာ၊ ကိုယ့်အတွက်လည်း အမှားမဖြစ်အောင် ဘောင်ထဲကနေ ပြောဆိုနေထိုင်တာပါ၊ လောကမှာရှိတဲ့ ဘောင်ကျော်နေတဲ့သူတွေ၊ ဘောင်အပြင် ရောက်နေတဲ့သူတွေလို မဖြစ်ရအောင် ဘောင်ထဲကနေ အပြစ်မဖြစ်အောင် နေတဲ့သဘောပါကွာ…”လို့ ကိုယ်လိုရာ အဓိပ္ပါယ်ဖွင့်ပြီး သူ့ကို ပြန်ပြောဖြစ်ခဲ့ပါတယ်။ တရားပွဲကအပြန် ရထားစီးလာရင်း အဲဒီဒကာလေးနဲ့ ပြောခဲ့တဲ့ “ဘောင်ခတ်ကြည့်ခြင်း၊ ဘောင်မကျော်လိုခြင်း၊ ဘောင်အပြင် ရောက်နေခြင်း…” စတဲ့အကြောင်းများကို စဉ်းစားရင်း ဘောင်ကျော် နေသူများ အကြောင်း အတွေးနယ်ချဲ့နေမိပြန်ပါတယ်။

တကယ်တော့ ဒီနေရာမှာ ဘောင်ဆိုတာ အနားသတ် အကန့်တစ်ခုကို ပြောတာဖြစ်ပါတယ်။ သတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများကို ရည်ညွန်းတာ ဖြစ်ပါတယ်။ လောကဥပဒေများ၊ ဓမ္မဥပဒေများကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ဘောင်တစ်ခုခုထဲ ရောက်သွားသူမှန်သမျှ အဲဒီဘောင်ထဲက အတိုင်းလိုက်နာ နေထိုင်ပြောဆိုကြဖို့ သတ်မှတ်လာခြင်း ဖြစ်ပါတယ်။ လူဘောင်၊ ရဟန်းဘောင် စသဖြင့် အကန့်အသတ် အသီးသီးမှာ ဆိုင်ရာအနားသတ်များနဲ့ ကန့်သတ်ကာ မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ရအောင် ဘောင်ထဲကနေ ထိန်းသိမ်းပေးကြခြင်း ဖြစ်ပါတယ်။ ဘောင်ထဲမှာနေပြီး မကောင်းတာတွေ မဖြစ်အောင် သတ်မှတ်ပေးကြသလို ဘောင်ကျော်လာရင်၊ ဘောင်ကိုချိုးဖောက် လာရင်လည်း အဲဒီအတွက် အပြစ်ဒဏ်ကို ခံကြဖို့ အကန့်များအဖြစ် ထုတ်ပြန်ပေးကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ လူ့စည်းကမ်း၊ လူ့ကနား၊ လူ့ဘောင်တွေ မကျော်မိကြစေဖို့နဲ့ ရဟန်းများအနေနဲ့လည်း ရဟန်းတွေရဲ့ စည်းကမ်းကနား ဘောင်များကို မကျော်မိကြစေဖို့ သတိပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ လူဟာအဖွဲ့အစည်းနဲ့ ဘောင်နဲ့နေတဲ့သူတွေ ဖြစ်တဲ့အတွက် ဘောင်ကိုကျော်လို့ မရပါဘူး။ ဘောင်အပြင်ကို ရောက်သွားလို့ မရပါဘူး။ ဘောင်ကျော်သွားရင်၊ ဘောင်အပြင်ရောက်သွားရင် အဲဒီအတွက် တန်ပြန်သက်ရောက်မှုကို ပြန်ရလာမှာ ဖြစ်ပါတယ်။ လူတွေရဲ့ဘောင်ကိုပြောရင် လောကသတ်မှတ်ချက် ဘောင်တွေရယ်၊ လောကမှ ထွက်မြောက်ရေးအတွက် သတ်မှတ်ချက် ဘောင်တွေရယ်လို့ နှစ်မျိုးနားလည်နိုင်ပါတယ်။ လောကသတ်မှတ်ချက် ဘောင်တွေဆိုတာ လူအချင်းချင်း လိုက်နာဆောင်ရွတ်ရမယ့် ဆောင်ရန်ရှောင်ရန် ၀တ္တရားများကို ဆိုလိုပြီး လောကမှ ထွက်မြောက်ရေး အတွက် သတ်မှတ်ချက်ဘောင်ဆိုတာ လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် ကိုယ်ကျင့်သီလများနဲ့ ကျင့်ကြံအားထုတ်မှုများပဲ ဖြစ်ပါတယ်။

ဒီသတ်မှတ်ချက် ဘောင်တွေဟာ အမှားမကင်းတတ်တဲ့၊ မသိမှုအားကြီးတဲ့ သူတွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာချမ်းသာအောင် သတ်မှတ်ပြဋ္ဌာန်းပြီး ထိန်းသိမ်းစောင့်ရှောက် ပေးတာတွေဖြစ်တဲ့ အတွက် လိုက်နာသင့်ပြီး ဘောင်ထဲကနေ ကိုယ့်ဘ၀ ကောင်းစားရေးအတွက် ကြိုးစား နေထိုင်သင့်တာတွေပဲ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ဒီဘောင်တွေကိုကျော်ပြီး ကိုယ်လုပ်ချင်သလို ကိုယ့်သဘောအတိုင်း လုပ်နေမိမယ်ဆိုရင်တော့ ဘောင်ကျော်မိတဲ့အတွက် ဆင်းရဲဒုက္ခ တစ်ခုခုတော့ ကြုံတွေ့ကြရမှာ ဖြစ်ပါတယ်။ ကျန်တာတွေ မပြောနဲ့ ဆိုင်ရာနိုင်ငံ အသီးသီးမှာ ထုတ်ပြန်ထားတဲ့ နိုင်ငံရဲ့ဥပဒေနဲ့ သတ်မှတ်ချက် ဘောင်တွေကို ဖောက်ဖျက်ရင်ကိုပဲ လက်တွေ့ဘ၀မှာ တန်ပြန်ဒဏ်ခံရတာတွေ ရှိပါတယ်။ ဒီလိုပါပဲ။ လောကလူသားများအတွက် သတ်မှတ်ထားတဲ့ ဘောင်တွေဖြစ်တဲ့ မိဘနဲ့ သားသမီးများကြား၊ ဆရာနဲ့ တပည့်များကြား၊ မိတ်ဆွေအပေါင်း အသင်းများကြား စတာတွေမှာ ရှိနေတဲ့ ၀တ္တရားများ၊ အကန့်ဘောင်များဟာလည်း လိုက်နာဖြည့်ကျင့်ပြီး ဘောင်အတွင်းကနေ နေထိုင်သင့်တဲ့ အရာများ ဖြစ်ပါတယ်။ အဲဒါကို မလိုက်နာဘဲ ဒီဘောင်တွေကို လျစ်လျူရှုပြီး မျက်ကွယ်ပြုလိုက်ရင်တော့ ကိုယ့်အလှည့်ကျရင်လည်း ဒီလို ဘောင်အပြင်က သူတွေနဲ့ ပြန်ကြုံရတတ်ပါတယ်။ ဒါကြောင့် လောကကြောင်းအရ သတ်မှတ်ချက် ဘောင်တွေကလည်း ကျော်လို့မရတဲ့ အကန့်တွေပဲ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်လောကတောင် အသိတစ်ယောက် ရောက်လာပြီး သူနဲ့အတူ ပေါင်းသင်းနေထိုင်တဲ့ မိတ်ဆွေအပေါင်း အသင်းတစ်ယောက်က သူ့ကိုဘောင်ကျော်ပြီး လုပ်သွားတဲ့အတွက် ရင်ထဲမှာ မခံချိမခံသာ ဖြစ်ရတဲ့အကြောင်း၊ သူငယ်ချင်းအချင်းချင်း ဒီလိုမလုပ်သင့်တဲ့အကြောင်း၊ သူ့အပေါ် ကျေးဇူးပြုခဲ့တာတွေကို ဒီလို မကောင်းတဲ့ တုန့်ပြန်မှုတွေနဲ့ တုန့်ပြန်မှု မပြုသင့်ကြောင်း ပြောပြရင်း ဒီလိုမိတ်ကောင်းဆွေကောင်း မပီသတဲ့သူတွေ၊ ဘောင်ကျော်တဲ့သူတွေဟာ တစ်ချိန်ချိန်တော့ သူတို့လည်း ပြန်ခံရမှာပါပဲလေလို့ သူ့ကိုယ်သူပြောသလိုလို၊ ဘုန်းဘုန်းကိုပဲ လျှောက်နေသလိုလို ရေရွတ်ရင်း ဖြေဆည်ခဲ့တဲ့ အဖြစ်ကလေးကို သတိရမိပါသေးတယ်။ ဒါဟာ လောကကြောင်းအရ သတ်မှတ်ထားတဲ့ ဘောင်တွေကို ကျော်ပြီးလုပ်တတ်ကြတဲ့ သူတွေကြောင့် လက်တွေ့ဘ၀မှာပဲ သူသူကိုယ်ကိုယ် စိတ်ဒုက္ခဖြစ်ရတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

နောက်တစ်ခုဖြစ်တဲ့ လောကမှလွတ်မြောက်ကြောင်း သတ်မှတ်ချက် ဘောင်တွေမှာလည်း ဒီအတိုင်းပါပဲ။ လောက လွတ်မြောက်ကြောင်း သတ်မှတ်ချက်တွေဖြစ်တဲ့ ကိုယ့်ကျင့်တရားပိုင်းဆိုင်ရာ ထိန်းသိမ်းမှုဘောင်တွေ၊ ကျင့်ကြံအားထုတ်မှုပိုင်းဆိုင်ရာ လမ်းညွန်မှု ဘောင်တွေကို လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မှ ကောင်းတဲ့ဘုံဘ၀တွေမှာ ပြန်လည်ဖြစ်စေမှာဖြစ်ပြီး အဲဒီဘ၀တွေကမှ တစ်ဆင့် ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းအထိ ၀င်နိုင်မှာဖြစ်ကာ သံသရာမှာ ကျင်လည်ရတဲ့ အဖြစ်က လွတ်မြောက်နိုင်၊ လောကမှ ထွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ဒီဘောင်တွေကို လိုက်နာမှု မပြုတဲ့အပြင် အဲဒီဘောင်တွေကို ဥပေက္ခာပြုပြီး ဘောင်ကျော်ကာ လုပ်ချင်ရာ လုပ်လိုက်မိမယ် ဆိုရင်တော့ ဒီဘောင်တွေ ကျော်တဲ့အတွက် ပေးဆပ်ရမယ့် တန်ပြန်သက်ရောက်မှု အပြစ်က ကြီးလေးလှပါတယ်။

ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို မကောင်းတဲ့ဘက်တွေမှာ မကျူးလွန်မိအောင် ကန့်သတ်ထိန်းသိမ်းပေးထားတဲ့ ကိုယ်ကျင့်သီလဆိုတဲ့ ဘောင်ကိုကျော်ပြီး ဘောင်အပြင်ကနေ ကိုယ်ကျင့်သီလတွေ ဖောက်ဖျက်နေမယ် ဆိုရင်တော့ ဖောက်ဖျက်တဲ့ သူတွေအတွက် ဒီဘ၀မှာရော နောင်သံသရာမှာပါ မကောင်းတဲ့ ရလာဘ်တွေနဲ့ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ ဒုစရိုက်အမှုတွေကို မလုပ်ဖို့ သတ်မှတ်ထားတဲ့ ဘောင်တွေကို ဂရုမစိုက်ဘဲ ဒီဒုစရိုက်အမှုတွေမှာ ပျော်ပျော်ပါးပါး လှုပ်ရှားနေမိမယ်ဆိုရင် ဘောင်တွေကိုကျော်ကာ ဘောင်အပြင် ရောက်သွားတာ ဖြစ်တဲ့အတွက် ဘောင်အပြင် ရောက်သူများ ခံရတတ်တဲ့ မကောင်းတဲ့ ဘုံဘ၀မှာ ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်မရသေးသမျှ သူသူငါငါ သတ္တ၀ါမှန်သမျှဟာ ဘောင်အတွင်းက မလွတ်မြောက် နိုင်သေးတဲ့အတွက် လောကလွတ်မြောက်ကြောင်း အထောက်အကူ ဖြစ်စေမယ့် ဘောင်အတွင်းမှာပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ရင်း ဘောင်မကျော်အောင် အထူးသတိပြုကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက လူဟာအဖွဲ့အစည်း သတ်မှတ်ချက်များ၊ အကန့်အသတ် ဘောင်အနားများနဲ့ နေနိုင်မှ အပြစ်ကင်းပြီး အကျိုးရှိစေမှာ ဖြစ်တဲ့အတွက် ဘောင်တွေကနေကျော်ပြီး ဘောင်လွတ်နေတဲ့ သူတွေအဖြစ် မနေထိုင်သင့်ဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ ဘောင်ခတ်ပြီး ကြည့်တဲ့အတွက် အမြင်ကျဉ်းတဲ့အဖြစ်၊ အနေကျုံ့တဲ့ အဖြစ်တွေနဲ့ ကျဉ်းကျဉ်းကြပ်ကြပ် ရှိနေတယ်လို့ ထင်ရတာထက် လွတ်လပ်ပြီး ကျယ်ပြန့်တယ်လို့ ထင်ရတတ်တဲ့ ဘောင်ကျော်ပြီး ဘောင်အပြင်ရောက်နေတဲ့ အဖြစ်က ပိုပြီးအပြစ်ကြီးကာ ဆင်းရဲဒုက္ခ ပိုများတတ်တယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။ ဘောင်တွင်းမှာ ရှိနေတာထက် ဘောင်ကျော်နေတာက ပိုပြီး အန္တရာယ်များကာ ဒုက္ခပွားတတ်တဲ့အတွက် ဘောင်အပြင် မရောက်ကြစေဖို့၊ ဘောင်မကျော်ကြစေဖို့ သတိပြုသင့်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို မနိုင်သေးတဲ့ သူတွေအနေနဲ့ ဘောင်အနားသတ်များနဲ့ ထိန်းပေးမှသာ မကောင်းတဲ့ အလုပ်တွေကို မလုပ်ဖြစ်မှာ ဖြစ်တဲ့အတွက် ဘောင်အတွင်းမှာ ရှိနေတဲ့အပေါ်မှာ ဘောင်မကျော်အောင် အကောင်းဆုံး လိုက်နာခြင်းဖြင့် ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြဖို့ သတိပေးလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဘောင်တွေ ကနားတွေဟာ ပညတ်သတ်မှတ်ချက်တွေ ဖြစ်တဲ့အတွက် ဒီဘောင်တွေကို အာရုံထားနေရင် အမြင်ကျဉ်းပြီး အကျိုးမကြီး ဖြစ်တတ်တာကြောင့် ကိုယ့်ကိုယ်ကို ဘောင်ခတ်မထားနဲ့လို့ ဆိုလာသူတွေ အနေနဲ့ ဘောင်ဆိုတာ လွတ်မြောက်မှုကို မရသေးသူတွေ အတွက် အထိန်းအကွပ် တစ်ခုအဖြစ် လိုအပ်တဲ့အရာများ ဖြစ်ပြီး ဒီလိုအပ်ချက်တွေကို လျစ်လျူရှုကာ ဘောင်တွေကျော် လုပ်မိရင်တော့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာဆိုကျိုးတွေပဲ ဖြစ်စေတတ်တယ်ဆိုတာ သတိပြုကြဖို့ လိုပါတယ်။ ဘောင်ကျော်လာပြီဆိုရင် အစွန်းရောက်လာတာ ဖြစ်တဲ့အတွက် အစွန်းရောက်တဲ့ အလုပ်မှန်သမျှ ဘယ်အလုပ်မှ မကောင်းဘူးဆိုတာ မမေ့ကြဖို့ လိုပါတယ်။

ဒါကြောင့် ဘောင်တွေနဲ့ နေတာဟာ လွတ်လပ်မှုမရှိ ကျဉ်းကြပ်လှတယ်လို့ ထင်ရပေမယ့် ဘောင်မရှိ၊ ကနားမရှိ စည်းမဲ့ကမ်းမဲ့ ဘောင်အပြင်ရောက်ပြီး ဘောင်ကျော်နေတာထက်စာရင် ပစ္စုပ္ပန် သံသရာ ကောင်းစားရေးမှာ အများကြီး အထောက်အကူ ပြုစေတဲ့အတွက် ဘောင်ကျဉ်းတယ်ပဲပြောပြော ဘောင်ခတ်ပြီး ကြည့်တတ်တဲ့အတွက် အမျဉ်းကျဉ်းပြီး အများနဲ့ အံဝင်ခွင်ကျ မဖြစ်ဘူးလို့ ဘယ်သူကပဲ ဆိုဆို သေချာတာကတော့ ဘောင်ကျော်သွားရင် အကျိုးယုတ်တတ်တယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတာ သတိပြု ဆင်ခြင်ကြရင်း ဘာပဲလုပ်လုပ် ကိုယ့်ကိုယ်ကို ဘောင်မကျော်မိအောင် ကြိုးစားကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါကြောင်း…။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၁)...

ဘုရားအနေကဇာ တင်တယ်ဆိုတာ…
မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တံခိုးထက်အောင် ဖန်တီးပေးရတယ်လို။ စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။

တကယ်တော့ ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားကို ပူဇော်တာပဲ ဖြစ်ပါတယ်။ အနေကဇာဆိုတဲ့ စကားရဲ့ မူရင်းစကားလုံးက “အနေကဇာတိ သံသာရံ..” စတဲ့ မြတ်ဗုဒ္ဓရဲ့ ဥဒါန်းစကားတော်က လာတဲ့ စကားပဲ ဖြစ်ပါတယ်။ ဒီ အနေကဇာတိ သံသာရံမှာပါတဲ့ အနေကဇာတိဆိုတဲ့ စကားကိုပဲ အလွယ်ယူပြီး အနေကဇာ တင်တယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ ဒီစကားဟာ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီး သဗ္ဗညုတ ဉာဏ်တော်ကို ရပြီးနောက် ပထမဆုံး ကျူးရင့်တော်မူတဲ့ ဥဒါန်းစကားပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်က “အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ်ကို မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ်… တဏှာယောက်ျား လက်သမား… ငါသည် သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီ၊ ခန္ဓာအိမ်ကို နောင်တစ်ဖန် သင်ဆောက်လုပ်ရမည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ်အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွဋ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ၊ တဏှာကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်သို့ ရပြီ… (ဥဒါန၀တ္ထု)ဟူ၍ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားအဖြစ်ကို ရပြီးချင်းချင်း ကျူးရင့်တော်မူတဲ့ ဒီပုံရိပ်ကို အာရုံပြုပြီး သဗ္ဗညုတ ဘုရားကို ပူဇော်တဲ့ အနေနဲ့ ဘုရားရှင် ကျူးရင့်တော်မူခဲ့တဲ့ ဒီ အနေကဇာတိ သံသာရံ အစရှိတဲ့ ဘုရားစကားတော်များကို ပြန်လည်ရွတ်ဆိုပူဇော် ကြခြင်းဖြစ်ပါတယ်။ အဲဒါကိုပဲ ဘုရားအနေကဇာ တင်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အလွယ်ပြောရရင် ဘုရားအနေကဇာ တင်တယ်ဆိုတာ တန်ခိုးတော်အရာမှာ အတုမရှိတဲ့ ဗုဒ္ဓရှင်တော်မြတ်ကို ပူဇော်တဲ့ ပူဇော်ခြင်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအနေကဇာတိ သံသာရံ အစရှိတဲ့ ဥဒါန်းစကားတော်များကို ရွတ်ဖတ်ပြီး ဘုရားရှင်ကို ပူဇော်တဲ့ ပူဇော်နည်းကို ဘုန်းကြီးတွေမှ မဟုတ်၊ လူတွေလည်း အချိန်မရွေ၊ နေရာမရွေး ဘုရားရှင် ဘုရားဖြစ်တော်မူမူချင်း မဟာဗောဓိပင်အောက်မှာ ကျူးရင့်တော်မူတဲ့ အသွင်သန္တာန်ကို အာရုံပြုပြီး ရွတ်ဆိုပူဇော်နိုင်ကြပါတယ်။ အဲဒီလို ပူဇော်တာကိုပဲ အနေကဇာ တင်တယ်လို့ ပြောမယ်ဆိုရင် လူတွေလည်း အနေကဇာ တင်နိုင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားကို ပူဇော်တာ ဖြစ်လို့ပါပဲ။

တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာရှိပါသေးတယ်။ ဘုရားကို ဘိတ်သိတ်မြောက်တယ်ပေါ့။ ဒါဟာ ဘုရားကို ဘိတ်သိတ်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို ဘိတ်သိတ်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ်ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်ပွားတော် ထုလုပ်ကြတဲ့အခါမှာ ထုလုပ်တဲ့သူတွေဟာ ခြေထောက်နဲ့ညှက်ပြီး လုပ်ကြတာတို့၊ ဟိုထားဒီထား၊ ဟိုတင်ဒီတင် လုပ်ကြတာတို့၊ ဟိုဟာနဲ့အုပ် ဒါနဲ့အုပ် လုပ်ကြတာတို့ ရှိတတ်ပါတယ်။ ပြီးတော့ ထုလုပ်တဲ့ အရာဝတ္ထုတွေဖြစ်တဲ့ သစ်သား၊ ကြေး၊ ကျောက်စတာတွေရဲ့ မသန့်ရှင်းမှုတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဒီလိုမသန့်ရှင်းတာတွေကို သန့်ရှင်းစေလိုတဲ့အတွက် အန္တရာယ်တွေကင်းအောင်၊ ပြီးတော့ ကိုးကွယ်တဲ့သူတွေရဲ့ စိတ်အစဉ် သန့်ရှင်းအောင် စတဲ့ သဘောတွေနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားကိုတော့ ဘိတ်သိပ်မြောက်လို့ မရဘူးဆိုတာ သိစေချင်ပါတယ်။ အပြင်အမှောင့် ပယောဂတွေ မသန့်မရှင်းတာတွေကို သန့်ရှင်းအောင် လုပ်တယ်ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။

ဆိုလိုတာက ဘုရားအနေကဇာ တင်တယ်ဆိုတာ ဘုရားရှင်ကို ပူဇော်တာဖြစ်ပြီး ကိုးကွယ်ခံ ရုပ်ပွားဆင်းတုတော်ကို စိတ်သန့်အောင် လုပ်တဲ့သဘော ဖြစ်တယ်ဆိုတာ ဆိုချင်တာပါ။ ဒီလိုလုပ်မှ ကိုးကွယ်ကောင်းတာ၊ ကိုးကွယ်ထိုက်တာ မဟုတ်ဘူးဆိုတာ သိစေချင်တာပါ။ ဘုန်းကြီးတွေက ရုပ်ပွားဆင်းတုတော်ကို တန်ခိုးထက်အောင်၊ ကိုးကွယ်လို့ရအောင် လုပ်ပေးတာ မဟုတ်သလို ဒီလိုမှ မလုပ်ရင် ရုပ်ပွားဆင်းတုတော်ကို မကိုးကွယ်ကောင်းဘူးဆိုတဲ့ အချက်ဟာ လွဲနေတယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။ အဓိကကတော့ ရုပ်ပွားဆင်းတုတော်ဆိုတာ ပုံတော်ကိုမှန်ပြီး ဂုဏ်တော်လွှမ်းနိုင်အောင်သာ ဟန်ပြအဖြစ် ရှိနေတာဖြစ်ပြီး မိမိတို့ တစ်ဦးချင်းရဲ့ နှလုံးသားမှာ ဘုရားတည်နေ၊ ဘုရားဂုဏ်တော်တွေကို အာရုံပြု ကြည်ညိုမှုတွေကပဲ အဓိကဆိုတာ သဘောပေါက်စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားအနေကဇာ တင်တာတွေကို လုပ်နေကြပေမယ့် ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်တယ်စတာတွေကို မသိဘဲ အများလုပ်လို့ လုပ်နေ၊ လုပ်တဲ့အခါမှာလည်း တလွဲအတွေးတွေ၊ တစ်လွဲနားလည်မှုတွေနဲ့ လုပ်ဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင် အချို့ရဲ့ လွဲနေတတ်တဲ့ သဘောလေးကို သိပြီး ပြုပြင်နိုင်အောင် လွဲတတ်တာလေးကို ထုတ်ပြရင်း အကယ်၍ မိမိတို့ကိုယ်တိုင် ဒီလိုလွဲနေခဲ့ရင်လည်း အချိန်မီ ပြုပြင်ကြဖို့ တိုက်တွန်းသမှု ပြုကာ လွဲတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

ဝါတွင်းကာလ အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြစို့…

အဓိဋ္ဌာန်ဆိုတာ အဓိဋ္ဌာနဆိုတဲ့ ပါဠိစကားကို မြန်မာမှု ပြုထားတာဖြစ်ပါတယ်။ အဓိဋ္ဌာနဆိုတာ ဆောက်တည်ခြင်း၊ စိတ်ဆုံးဖြတ်တဲ့အတိုင်း မြဲမြံစွာ ထိန်းသိမ်းခြင်းကို ဆိုတာဖြစ်ပါတယ်။ ဘုရားရှင်တို့ ဖြည့်ကျင့်ရတဲ့ ပါရမီတွေထဲမှာလည်း အဓိဋ္ဌာန ပါရမီဆိုတာ ပါရှိပါတယ်။ ဘုရားလောင်းတို့ ဖြည့်ကျင့်တော်မူတဲ့ ဒီအဓိဋ္ဌာန ပါရမီက အပြစ်ကင်းတဲ့ အရာတွေမှာ စိတ်ကိုဆောက်တည်ခြင်း ဖြစ်ပြီး အဲဒီဆောက်တည်တဲ့ အတိုင်းလည်း မပျက်စီးအောင် ကြိုးကြိုးစားစား ထိန်းသိမ်းနေထိုင်ခြင်းကို ရည်ညွန်းပါတယ်။ ဒါက ပါရမီမြောက် ဖြည့်ကျင့်တဲ့ သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ သာမန်ပုဂ္ဂိုလ်တွေ အနေနဲ့လည်း ပါရမီမြောက်တဲ့ အထိ မဖြည့်ကျင့်နိုင်တာတောင်မှ တစ်နှစ်မှာ အနည်းဆုံး တစ်ခါလောက်တော့ အဓိဋ္ဌာန်လေးတွေ ၀င်ကြည့်သင့်ပါတယ်။ ပါရမီမြောက်တာ မမြောက်တာ အသာထား ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကို ကောင်းတဲ့အရာလေး တစ်ခုအပေါ်မှာ မြဲမြံအောင် ဆောက်တည်ထားနိုင်ရင် ဒါဟာ ထူးခြားတဲ့ ကုသိုလ်တစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကျန်တဲ့အချိန်တွေမှာ မအားလပ်လို့ မလုပ်နိုင်ဘူး ဆိုရင်တောင်မှ ၀ါတွင်းကာလ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ ၀င်ကြည့်ကြပါလို့ ဆိုချင်တာ ဖြစ်ပါတယ်။

မကောင်းတဲ့အလုပ်ဆိုရင် အချိန်မရွေး အလွယ်တကူ လုပ်တတ်ကြပေမယ့် ကောင်းတဲ့အလုပ်ကိုတော့ တစ်ခုခုနဲ့ အားပြုတိုက်တွန်းပေးမှ လုပ်တတ်ကြတဲ့ ပုထုဇင်တွေ အနေနဲ့ ဒီလို ကာလသတ်မှတ်ပြီး လုပ်ရတဲ့ ကုသိုလ်မျိုးတွေကို အဓိဋ္ဌာန်ဆိုတဲ့ သတ်မှတ်ချက်လေးတစ်ခုနဲ့ ကိုယ့်ကိုယ်ကို ပြဋ္ဌာန်းပြီး လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြဋ္ဌာန်းသတ်မှတ်ချက်တွေကို အစွဲမရှိဘဲ ကျော်လွှားနိုင်အောင် ကြိုးစားဖို့လိုပေမယ့် မကောင်းမှုတွေမှာ ပျော်တတ်တဲ့ ပုထုဇင်တွေ အနေနဲ့တော့ ကုသိုလ်တစ်ခုခု လုပ်နိုင်ဖို့ သတ်မှတ်ပြဋ္ဌာန်းချက် လေးတွေတော့ လိုနေတတ်ပါတယ်။ ဒါကြောင့် အဓိဋ္ဌာန်ဝင်ကြည့်ဖို့ သတ်မှတ်ကြည့်တာ ဖြစ်ပါတယ်။

ကုသိုလ်ကောင်းမှုတွေကို နေ့စဉ်တစ်ခုလောက်တော့ မပြတ်အောင် သတ်မှတ်ပြီး လုပ်မယ်လို့ အဓိဋ္ဌာန်ဝင်ကာ လုပ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးတဲ့ သူတွေအတွက်တော့ အရင်ဆုံး ၀ါတွင်းကာလလေးကိုတော့ သတ်မှတ်ပိုင်းခြားပြီး လုပ်ကြည့်ကြဖို့ လိုပါတယ်။ ၀ါတွင်းကာလ (၃)လလုံးမှာလည်း နေ့တိုင်းမလုပ်နိုင်သေးဘူး ဆိုရင်တော့ တစ်လမှာ လေးရက်ပဲ ရှိတဲ့ ဥပုသ်နေ့လေးတွေမှာတော့ ဥပုသ်သီလကို မဖြစ်မနေ စောင့်ထိန်းပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေး တစ်ခုလောက်တော့ လုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပုသ်နေ့မှာ ဥပုသ်စောင့်ပြီးရင် ပြီးရောဆိုပြီး ကျန်တဲ့နေ့တွေမှာ လုပ်ချင်ရာလုပ်ဖို့တော့ မဟုတ်ပါဘူး။ ကျန်တဲ့နေ့တွေမှာလည်း ငါးပါးသီလကတော့ လုံနေရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ၀ါတွင်းကာလ ဥပုသ်နေတွေမှာတော့ ဥပုသ်သီလကို ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ဖြစ်အောင် စောင့်ထိန်းမယ်ဆိုတဲ့ အဓိဋ္ဌာန်တစ်ခုတော့ ၀င်ကြည့်ကြဖို့ ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာဗုဒ္ဓဘာသာများကို တိုက်တွန်းလိုပါတယ်။

“အရှင်ဘုရား… တပည့်တော်တို့က အလုပ်မအားတော့ ဘုန်းကြီးကျောင်းလည်း မသွားနိုင်ဘူး၊ ဘုန်းကြီးဆီမှာလည်း ဥပုသ်သီလ မယူနိုင်ဘူး”လို့ အကြောင်းတော့ မပြပါနဲ့ဦး။ ဥပုသ်သီလကို ကိုယ့်ခေါင်းရင်းမှာ ဘုရားရှင်ရှိနေသလို အာရုံပြုပြီး ကိုယ့်ဖာသာကိုယ် ဆောက်တည်လို့ ရနိုင်တာဖြစ်လို့ ဒီအတွက် ပူစရာ မရှိပါဘူး။ တစ်ချို့က တပည့်တော်တို့က ညပိုင်းအလုပ်တွေ လုပ်နေရတော့ အစားစားရတာ အဆင်မပြေဘူး ဆိုရင်လည်း ဒီဥပုသ်နေ့တစ်နေ့ အတွက်တော့ ကိုယ့်ဖာသာကို မွန်းတည့် ၁၂နာရီ မကျော်ခင် အဆင်ပြေသလို စားနိုင်အောင် ကြိုးစားသင့်ပါတယ်။ တစ်နေ့မှာ ညစာတစ်နပ်မစားလို့တော့ ချက်ချင်း မသေနိုင်လောက်ပါဘူး။ သေသွားလည်း ဥပုသ်စောင့်တဲ့ အဓိဋ္ဌာန်နဲ့ သေသွားတာဆိုတော့ ကောင်းရာ သုဂတိတော့ ရောက်စေမှာ အမှန်ပါပဲ။ ကျန်းမာရေးအရ ဘယ်လိုမှ မစားလို့ မဖြစ်ဘူးဆိုရင်တော့ ဆေးအဖြစ် တစ်ခုခုကို ဖန်တီးစားသောက်ကြည့်နိုင်ပါတယ်။ ဥပမာ သပြေသီး၊ သရက်သီး၊ ငှက်ပျောသီးတွေကို ကြေညက်အောင်ဖျော်ပြီး ဖျော်ရည်အဖြစ် သောက်တာမျိုး စသဖြင့်ပေါ့။ ကျန်းမာရေး မကောင်းပေမယ့် ဝေဒနာကို သီးခံနိုင်လို့ မသောက်ဘဲ နေနိုင်တယ်ဆိုရင်တော့ ဒါဟာ အမတန်ကောင်းတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။

ဆိုလိုတာက ၀ါတွင်းကာလ ဥပုသ်နေ့တစ်ရက်လောက်တော့ ဥပုသ်သီလစောင့်ထိန်းခြင်း အဓိဋ္ဌာန် တစ်ခုကို ကြိုးစားပြီး လုပ်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီကောင်းတဲ့ အဓိဋ္ဌာန် တစ်ခုဟာ တစ်ခါတစ်လေ ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံတဲ့အခါ ကိုယ်ကိုယ်ကို သစ္စာဆိုပြီး ကျော်လွှားနိုင်တဲ့အထိ အားအင်ကို ဖြစ်စေနိုင်သလို ဘ၀တစ်လျှောက်မှာ ဒီအချိန် ဒီကာလတုန်းက ဒီလိုအလုပ်တွေ လုပ်ခဲ့တယ်ဆိုတာ ကိုယ့်သမိုင်းကိုယ် သံသယကင်းစေ၊ ကိုယ်ကိုယ်ကို အားခွန်တွေ ပေးစေ၊ ယုံကြည်မှုတွေ ဖြစ်စေမှာ ဖြစ်ပါတယ်။ တစ်ပတ်မှာ ဥပုသ်နေ့ တစ်ရက်လောက်တော့ သူများအသတ်သတ်တာ၊ သူများပစ္စည်းခိုးတာ၊ မေထုန်ကိစ္စမှီဝဲတာ၊ မုသားပြောတာ၊ အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာ၊ နေလွဲညစားစာတာ၊ ဆိုကရေးတီးခြင်း ကြည့်ရှုနားထောင်ခြင်းနဲ့ အမွေးနံ့သာ သုံးဆောင်မှီဝဲတာ၊ ကိလေသာဖြစ်စေနိုင်တဲ့ နူးညံ့ပျော့ပြောင်းပြီး မြင့်မြတ်တဲ့ နေရာတွေမှာ နေထိုင်အသုံးပြုတာ တွေကနေ ရှောင်ကြဉ်ပြီး နေမယ်ဆိုတဲ့ အဓိဋ္ဌာန်လေးနဲ့ မပျက်အောင် ကြိုးစားနေနိုင်မယ်ဆိုရင် ဒါဟာ ကိုယ့်အတွက် အောင်မြင်တဲ့ အဓိဋ္ဌာန်တစ်ခု ဖြစ်သလို ဒီအလုပ်လေးကို တွေးတိုင်းတွေးတိုင်း အားခွန်တွေနဲ့ ကုသိုလ်ပီတိတွေ တိုးနေစေမှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုခုလိုချင်လို့ တစ်ခုခုရချင်လို့ စတဲ့ လိုချင်တပ်မက်တဲ့ လောဘနဲ့ ကိုးန၀င်း မိုးလင်းမှ သိမယ်ဆိုတဲ့ လောကီအကျိုးကို မျှော်ကိုးတဲ့ အဓိဋ္ဌာန်မျိုး မဖြစ်ဖို့လိုပြီး ကုသိုလ်ရလိုတဲ့ စိတ်နဲ့ မကောင်းမှု မလုပ်ဖြစ်အောင် သီလနဲ့ ထိန်းလိုတဲ့ သဘောနဲ့ ဘာမျှော်လင့်ချက်မှ မပါဘဲ ဆောက်တည်တဲ့ သီလအဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားဖို့လိုပါတယ်။ ဒါမှသာ ဥပုသ်စောင့်ခြင်းဆိုတဲ့ အဓိဋ္ဌာန်ရဲ့ အဓိပ္ပါယ်လည်း အပြည့်အ၀ အနှစ်သာရ ရှိမှာ ဖြစ်ပါတယ်။ မျှော်လင့်ချက်ပါပြီး လုပ်တဲ့အလုပ်မှန်သမျှ အကျိုးတရား အပြည့်အ၀ မရတတ်တာကို သတိပြုဆင်ခြင်ပြီး ဘာလိုလို့ ဘာလုပ်တဲ့ သဘောမျိုး မဖြစ်စေတဲ့ အဓိဋ္ဌာန်မျိုး ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

တကယ်တော့ သတ်မှတ်ချက်တွေကို မလွန်ဆန်နိုင်သေးတဲ့ ပုထုဇင်တွေ ဖြစ်နေကြတော့ လူမပြောနဲ့ ဘုန်းကြီးရဟန်း သံဃာတော်တွေလည်း တစ်ခါတစ်လေ အဓိဋ္ဌာန်ဝင်ရပါတယ်။ ဘုန်းဘုန်းတို့ကိုယ်တိုင် ဘာရယ်မဟုတ် တစ်ခါတစ်ရံ ဟိုကိစ္စဒီကိစ္စတွေကြောင့် လုပ်ဖို့ရည်ရွယ်ထားတဲ့ ရွတ်တာဖတ်တာ၊ ကျင့်တာကြံတာစတဲ့ ကိစ္စတွေမှာ မလုပ်ဖြစ်တာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ အဓိကနဲ့ သာမညကို ခွဲပြီး ဒီအချိန်ဒီကာလတော့ ဒီအလုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်မယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ ပြန်ပြီး ပြဋ္ဌာန်းသတ်မှတ် ယူရပါတယ်။ ဒါမှလည်း လုပ်ဖြစ်မှာဖြစ်ပါတယ်။ အခုဝါတွင်းကာလမှာလည်း ၀ါမဆိုခင်ကတည်း ၀ါတွင်းသုံးလမှာ ဘုရားရှင်ရဲ့ ၀ိနည်းဥပဒေကို လိုက်နာရင်း အခြားအခြား လုပ်ရမယ့်အရာတွေကိုလည်း လုပ်ဖြစ်ဖို့ အချိန်ဇယားစွဲပြီး အဓိဋ္ဌာန်ဝင်ဖို့ စီစဉ်ထားရပါတယ်။ ဒါကြောင့်လည်း ၀ါမဆိုခင် လုပ်ရမယ့်အလုပ်လေးတွေကို ပြီးပြတ်အောင် ဆောင်ရွက်နေရခြင်း ဖြစ်ပါတယ်။

ပြောချင်တာက သတ်မှတ်ချက်ပါမှ ကောင်းတဲ့အလုပ်ကို လုပ်တတ်ကြတဲ့ ပုထုဇင်တွေရဲ့ သဘာဝအတိုင်း မျှော်လင့်ချက်မပါတဲ့ သတ်မှတ်ချက်လေးတစ်ခု အနေဖြင့် ဥပုသ်သီလ စောင့်သုံးခြင်းဆိုတဲ့ အဓိဋ္ဌာန်လေးတစ်ခုကို စမ်းပြီးလုပ်ကြည့်ကြဖို့ ပြောချင်တာပါ။ လောကမှာ ဥပုသ်မစောင့်ဖူးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးရှိနေတဲ့အတွက် မစောင့်ဖူးသေးတဲ့ သူတွေအနေနဲ့ ဥပုသ်လည်းစောင့်ရင်း အဓိဋ္ဌာန်လည်းဝင်ရင်း၊ တစ်နည်းအားဖြင့် ဥပုသ်စောင့်နိုင်အောင် အဓိဋ္ဌာန်ဝင်ခြင်းဖြင့် ကြိုးစားကြည့်ခြင်းကို စမ်းပြီးလုပ်ကြည့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဒီလိုသာ အဓိဋ္ဌာန်လေး ၀င်ကြည့်နိုင်မယ်ဆိုရင် ကိုယ်ကမမျှော်လင့်ပေမယ့် ကိုယ်လုပ်တဲ့ ကောင်းတဲ့ကံရဲ့ အကျိုးပေးမှုကတော့ သူ့အလုပ်သူလုပ်လာမှာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းတဲ့အလုပ်ကို လုပ်နေဖို့ပဲ လိုပါတယ်။

ဒါကြောင့် ဘ၀မှာ တစ်ခါလောက်တော့ အဓိဋ္ဌာန်လေး ၀င်ကြည့်ချင်တဲ့ သူတွေအနေနဲ့ အခွင့်အရေး တစ်ခုအဖြစ် ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာ ဥပုသ်သီလ စောင့်ထိန်းခြင်း အဓိဋ္ဌာန်လေးကို ၀င်ကြည့်ကြဖို့ အကြံပြု တိုက်တွန်းရခြင်း ဖြစ်ပါတယ်။ လက်တွေ့ကျင့်ရင် လက်တွေ့အကျိုး ရစေနိုင်တဲ့ တရားတော်ရဲ့ ဂုဏ်တော်အစွမ်းကို ကိုယ်ကိုယ်တိုင် ဒိဋ္ဌမျက်မြင် သိမြင်လိုသူတွေ အနေနဲ့ ကိုယ်ကိုယ်တိုင် လက်တွေလုပ်ဆောင် ကြည့်ခြင်းဖြင့် အဓိဋ္ဌာန်တစ်ခု ၀င်ကြည့်ကြဖို့ တိုက်တွန်းရင်း ဒီနှစ်ဝါတွင်းကာလာ ဥပုသ်နေ့များကို ဖော်ပြလိုက်ပါတယ်။ အားလုံး မျှော်လင့်ချက်မပါတဲ့ ကုသိုလ်စိတ်နဲ့ အဓိဋ္ဌာန်လေးတွေ ၀င်နိုင်ကြပါစေ…

။ ဒုတိယ၀ါဆိုလပြည့်နေ့ (၂၆-၇-၂၀၁၀၊ တနင်္လာနေ့)
၂။ ဒုတိယ၀ါဆိုလပြည့်ကျော် ၈-ရက်နေ့ (၃-၈-၂၀၁၀၊ အင်္ဂါနေ့)
၃။ ဒုတိယ၀ါဆိုလကွယ်နေ့ (၁၀-၈-၂၀၁၀၊ အင်္ဂါနေ့)
၎။ ၀ါခေါင်လဆန်း ၈-ရက်နေ့ (၁၈-၈-၂၀၁၀၊ ဗုဒ္ဓဟူးနေ့)
၅။ ၀ါခေါင်လပြည့်နေ့ (၂၅-၈-၂၀၁၀)
၆။ ၀ါခေါင်လပြည့်ကျော် ၈-ရက်နေ့ (၂-၉-၂၀၁၀၊ ကြာသပတေးနေ့)
၇။ ၀ါခေါင်လကွယ်နေ့ (၈-၉-၂၀၁၀၊ ဗုဒ္ဓဟူးနေ့)
၈။ တော်သလင်းလဆန်း ၈-ရက်နေ့ (၁၆-၉-၂၀၁၀၊ ကြာသပတေးနေ့)
၉။ တော်သလင်းလပြည့်နေ့ (၂၃-၉-၂၀၁၀၊ ကြာသပတေးနေ့)
၁၀။ တော်သလင်းလပြည့်ကျော် ၈-ရက်နေ့ (၁-၁၀-၂၀၁၀၊ သောကြာနေ့)
၁၁။ တော်သလင်းလကွယ်နေ့ (၈-၁၀-၂၀၁၀၊ သောကြာနေ့)
၁၂။ သီတင်းကျွတ်လဆန်း ၈-ရက်နေ့ (၁၆-၁၀-၂၀၁၀၊ စနေနေ့)
၁၃။ သီတင်းကျွတ်လပြည့်နေ့ (၂၃-၁၀-၂၀၁၀၊ စနေနေ့)

Read more »

လမြတ်ဝါဆို…

ဘာလိုလိုနဲ့ ၀ါဆိုလပြည့်နေ့တောင် ရောက်ခါနီးလာပါပြီ။ မြန်မာပြာက္ခဒိန် သတ်မှတ်ချက်အရ ဒီနှစ်ဝါဆိုလပြည့်နေ့က ခရစ်နှစ်နဲ့ဆို ၂၆-၇-၂၀၁၀ရက်နေ့ ဖြစ်ပါတယ်။ မြန်မာ့သက္ကရာဇ်အရ ဒီနှစ်ဟာ ၀ါထပ်တဲ့နှစ် ဖြစ်တဲ့အတွက် ပထမ၀ါဆို၊ ဒုတိယ၀ါဆို ဆိုပြီး ၀ါဆိုလနှစ်လ ဖြစ်လာပါတယ်။ ဒီလို ၀ါဆိုနှစ်လ ဖြစ်ပေမယ့် ဓမ္မစကြာအခါတော်နေ့နဲ့ ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ပြုရမယ့် အချိန်တွေကိုတော့ ဒုတိယ၀ါဆို လမှာ သတ်မှတ်ကြပါတယ်။ ဒါကြောင့် ဒီနှစ်ဓမ္မစကြာ အခါတော်နေ့ဟာ တိတိကျကျ ပြောရရင် ဒုတိယ၀ါဆိုလပြည့်နေ့ပဲ ဖြစ်ပြီး ရဟန်းတော်များရဲ့ ၀ါဆိုဝါကပ်ရက်ဟာလည်း ဒုတိယ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့မှာ စတင်ပြီး ၀ါဆိုဝါကပ် ပြုကြရမှာ ဖြစ်ပါတယ်။

ဝါဆိုလလို့ ပြောလိုက်တာနဲ့ မြန်မာဗုဒ္ဓဘာသာ အများ ခေါင်းထဲမှာ ဓမ္မစကြာတရားနဲ့ ရဟန်းသံဃာတော်များရဲ့ ၀ါဆိုဝါကပ်ပြုကြရမယ့် အကြောင်းများ၊ ၀ါဆိုသင်္ကန်းကပ်လှူပွဲများ၊ ၀ါတွင်းဆွမ်းလောင်းပွဲများ စသဖြင့် ဟိုဟိုဒီဒီ ပေါ်လာတတ်ပါတယ်။ တစ်ချို့ကျတော့ ၀ါတွင်းမှာ အိမ်ထောင်မပြုကောင်းဘူး ဆိုတဲ့ အယူအဆတွေကြောင့် အိမ်ထောင်ပြုရေးနဲ့ ပတ်သက်ပြီး ၀ါမဆိုခင်လုပ်မလား ၀ါကျွတ်ပြီးမှ လုပ်မလားစတဲ့ အတွေးကြံစည်မှုတွေအထိ ပေါ်လာတတ်ပါတယ်။ တစ်ချို့လည်း ဒီနှစ်ဝါတွင်းမှာ တရားစခန်းတွေဝင်ရင်း ဥပုသ်သီလကို မလွတ်အောင် စောင့်မယ်ဆိုတဲ့ အတွေးစိတ်ကူးတွေ ရှိနေကြမှာ ဖြစ်ပါတယ်။ ၀ါတွင်းဆိုလို တစ်ချို့ ဘယ်အချိန် ဘယ်ကာလကို ပြောတာလဲဆိုတာ မသိတဲ့သူတွေ ရှိတတ်ပါတယ်။ တကယ်တော့ ၀ါတွင်းဆိုတာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ဖို့ သတ်မှတ်ထားတဲ့ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့အထိ (၃)လကို ၀ါတွင်းကာလလို့ ဆိုတာဖြစ်ပါတယ်။ ဒီကာလမှာ ရဟန်းသံဃာတော်များဟာ အကြောင်းကိစ္စ အရေးပေါ် အထွေအထူးမရှိဘဲ ညအိပ်ညနေ တစ်ခြားတစ်နေရာရာကို မကြွရဘဲ အရုဏ်တက်အချိန်မှာ မိမိတို့ဝါဆိုဝါကပ်ရာ ကျောင်းအတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒါကိုပဲ ၀ါဆိုဝါကပ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ထာပါတော့ ဒီမှာ အဓိကပြောချင်တာက ၀ါဆိုလအကြောင်းပဲ ဖြစ်ပါတယ်။

ရှေးဆရာတော်ကြီးများကတော့ ၀ါဆိုလကို “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို၊ လ၀ါဆို”လို့ အထူးပြု ဖော်ကျူးလေ့ရှိကြပါတယ်။ ရှေးကသတ်မှတ်ခဲ့ကြတဲ့ မဟာသက္ကရာဇ် သတ်မှတ်ချက်အရတွေရယ် ဒီနေ့ခေတ် မြန်မာတို့ သတ်မှတ်ကြတဲ့ သက္ကရာဇ်အရတွေရယ်ကြောင့် ဘုရားလောင်း ပဋိသန္ဓေယူတဲ့နေ့ရယ်၊ အသက် ၂၉နှစ်အရွယ်မှာ လောကီစည်းစိမ်တွေကို စွန့်ပြီး တောထွက်သွားတဲ့နေရယ်၊ အသက် ၃၅နှစ်အရွယ်မှာ သဗ္ဗညုတ (အလုံးစုံကိုသိတဲ့) ဘုရားအဖြစ်ကို ရောက်ရှိတော်မူပြီးနောက် ပထမဆုံး တရားဦးဒေသနာ ဟောတော်မူတဲ့ နေ့ရယ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဒီဝါဆိုလပြည့်နေ့တွေမှာပဲ ဖြစ်ခဲ့ပါတယ်။ ခုနှစ်ကွာ၊ စနေ၊ တနင်္ဂနွေ စတဲ့နေ့တွေ ကွာခြားပေမယ့် ၀ါဆိုလပြည့်နေ့ဆိုတဲ့ လသတ်မှတ်ချက်ကတော့ အတူတူပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ၀ါဆိုလဟာ အထူးသဖြင့် ၀ါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘုရားရှင်နဲ့ ပတ်သက်တဲ့ ထူးခြားမှုတွေ တစ်ပြိုင်တည်း ပြည့်စုံနေတဲ့ နေ့ထူးနေ့မြတ် တစ်ခုဖြစ်တဲ့အတွက် ဒီဝါဆိုလကို လမြတ်ဝါဆိုလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပိုပြီး ထူးခြားမှုကို ဖြစ်စေတာကတော့ ဒီဝါဆိုလပြည့်နေ့မှာ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဦး ဒေသနာတော်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီတရားဦး ဒေသနာတော်ကို ဓမ္မစက္က ပ၀တ္တနသုတ်လို့ အမည်ပေးပါတယ်။ တရားတော်ကို အဆက်အစပ်မပြတ် ရှေ့နောက်ဆက်စပ်ပြီး လှည်းဘီးစက်လည်သလို အကြားအလပ်မရှိ တစ်စပ်တည်း ဟောကြားတော်မူတဲ့ အတွက်ကြောင့် ဓမ္မစက္က ပ၀တ္တနလို့ ခေါ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေကတော့ လွယ်လွယ်ကူကူပဲ ဓမ္မစကြာတရားလို့ ပြောဆိုကြပါတယ်။ ပြီးတော့ ဒီတရားဟောတော်မူတဲ့ နေ့ကိုလည်း ဓမ္မစကြာ အခါတော်နေ့လို့ အထူးပြု ပြောဆိုကြပြီး မြတ်ဗုဒ္ဓရဲ့ ဒီဒေသနာတော်ကို ၀ါတွင်းကာလမှာ အထူးပြု ရွတ်ဆိုပူဇော်လေ့ ရှိကြပါတယ်။

မြတ်ဗုဒ္ဓက ဒီတရားဒေသနာတော်ကို ဘုရားအဖြစ်ကို ရောက်ရှိပြီး (၃)လမြောက်မှာ တရားအားထုတ်စဉ် အလုပ်အကျွေးပြုခဲ့ကြတဲ့ ပဉ္စ၀ဂ္ဂီငါးဦးနဲ့ တရားဦးဒေသနာတော်ကို နာကြားဖို့ စောင့်စားနေကြတဲ့ နတ်ဗြဟ္မာအပေါင်းကို စတင်ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသနာကို ဟောကြားတဲ့နေရာက ဗာရဏသီပြည်၊ မိဂဒါဝုန်တောမှာဖြစ်ပါတယ်။ ဒီတရားဦးဒေသနာမှာ မြတ်စွာဘုရားရှင်က ကာမဂုဏ်အာရုံတွေမှာ အလွန်အကျူး တပ်မက်ပျော်ပါးတတ်တဲ့ ကာမသုခလ္လိကာနုယောဂ အကျင့်နဲ့ မိမိကိုယ်ကို အလွန်အကျူး ညှင်းစဲနှိပ်စက်တဲ့ အကျင့်ဖြစ်တဲ့ အတ္တကိလမထာနုယောဂ အကျင့်တွေကို ရှောင်ရှားပြီး အလယ်အလပ်လမ်းစဉ်ဖြစ်တဲ့ မဇ္ဈိမပဋိပဒါ အကျင့်ကို ကျင့်သုံးဖို့ ဟောတော်မူပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အလယ်အလတ် လမ်းစဉ်ဆိုတာ တစ်ခြားမဟုတ်ဘဲ မဂ္ဂင်ရှစ်ပါး လမ်းစဉ်ပင်ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပါတယ်။ ဘာပဲလုပ်လုပ် အစွန်းမရောက် စေရန်အတွက်
မှန်ကန်တဲ့အမြင် သမ္မာဒိဋ္ဌိ
မှန်ကန်တဲ့အတွေး သမ္မာသင်္ကပ္ပ
မှန်ကန်တဲ့စကား သမ္မာဝါစာ
မှန်ကန်တဲ့အလုပ် သမ္မာကမ္မန္တ
မှန်ကန်တဲ့အသက်မွေးမှု သမ္မာအာဇီဝ
မှန်ကန်တဲ့ကြိုးစားအားထုတ်မှု သမ္မာဝါယမ
မှန်ကန်တဲ့သတိရှိမှု သမ္မာသတိ
မှန်ကန်တဲ့သမာဓိရှိမှု သမ္မာသမာဓိ
ဆိုတဲ့ လမ်းစဉ်ရှစ်ချက်ကို လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ဖို့ ဟောတော်မူပါတယ်။

ဒီဒေသနာတော်ရဲ့ အနှစ်ချုပ်ဟာ အစွန်းနှစ်ပါးရှောင်ရှားပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေးပဲ ဖြစ်ပါတယ်။ ဒီလို အလယ်အလတ်လမ်းစဉ်ကို သွားနိုင်ရေးအတွက် အင်္ဂါရပ်ရှစ်ပါးဖြစ်တဲ့ မဂ္ဂင်ရှစ်ပါးကို အဓိကထားသွားရမှာ ဖြစ်ကြောင်း ဆိုလိုရင်းဖြစ်ပါတယ်။ ဒီလို မဂ္ဂင်ရှစ်ပါး လမ်းစဉ်အတိုင်း သွားနေရင် မဂ္ဂသစ္စာဆိုက်မှာ ဖြစ်ပြီး မဂ္ဂသစ္စာဆိုက်ရင် ဒုက္ခအားလုံးချုပ်ရာ နိရောဓသစ္စာဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ နိရောဓသစ္စာကို မျက်မှောက်ပြုပြီဆိုရင်တော့ တွယ်တာမှုတဏှာလို့ ခေါ်တဲ့ သမုဒယသစ္စာကို ပယ်ပြီးသားဖြစ်ကာ သမုဒယသစ္စာကို ပယ်လိုက်တာနဲ့ ဒုက္ခသစ္စာလည်း မရှိနိုင်တော့ပါဘူး။ ဒါတွေအားလုံးရဲ့ အချုပ်က အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားပဲ ဖြစ်ကြောင်း အနှစ်ချုပ်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါက ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူခဲ့တဲ့ တရားဦး ဓမ္မစကြာ ဒေသနာရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ သတ္တ၀ါတွေ အနေနဲ့ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်ဖို့လိုပြီး အလယ်အလတ်လမ်းစဉ် ဖြစ်ဖို့လိုတယ်ဆိုတာ နားလည်သဘောပေါက်နိုင်ပါတယ်။ တရားဦးဒေသနာတော်မှာ မြတ်ဗုဒ္ဓဟောတော်မူတဲ့အတိုင်း မှားယွင်းပြီး အလွန်အကျူး ဖြစ်စေတတ်တဲ့ အကျင့်တွေကို ရှောင်ရှားကာ မှန်ကန်တဲ့ လမ်းစဉ်အကျင့်ကို လျှောက်လှမ်းကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်ပါတယ်။ သတိပြုရုံနဲ့ မပြီးဘဲ လက်တွေ့ဘ၀မှာလည်း ဘာပဲလုပ်လုပ် အစွန်းမရောက်စေဖို့နဲ့ မဇ္ဈိမပဋိပဒါဖြစ်စေဖို့ ကြိုးစားအားထုတ်ရမှာ ဖြစ်ပါတယ်။ ဒါက တရားဦးက ပေးတဲ့လမ်းစဉ်နဲ့ အနှစ်သာရဖြစ်ပါတယ်။ လမြတ်ဝါဆိုလို့ ဆိုရာမှာ ဒီလို အနှစ်သာရ တရားတွေကြောင့် အမြတ်ဆုံးဖြစ်ကြောင်း ဆိုတာလို့ ပြောရင်ပိုပြီး အဓိပ္ပါယ် ပြည့်ဝစေပါတယ်။

ဘာပဲဖြစ်ဖြစ် ၀ါဆိုလကတော့ ဗုဒ္ဓဘာသာတွေအတွက် လမြတ်တစ်ခုဆိုတာ သေချာပါတယ်။ ပြီးတော့ ၀ါဆိုလက အစပြုပြီး သတ်မှတ်ကြတဲ့ ၀ါတွင်းကာလဟာလည်း အမြတ်တရားတွေ ရယူဖို့အတွက် အကောင်းဆုံး ကာလသတ်မှတ်ချက် ဖြစ်ပါတယ်။ ပုထုဇင်သဘာဝ တစ်ခါတစ်လေ သတ်မှတ်ပြဋ္ဌာန်းချက်တွေ မရှိရင် ဘာပဲဖြစ်ဖြစ် အလေးမထားဘဲ ပေါ့ပေါ့တန်တန် လုပ်မိတတ်တာတွေ ရှိပါတယ်။ အထူးသဖြင့် ကုသိုလ်ရေး အပိုင်းတွေမှာပါ။ သတ်မှတ်ချက်လေးတွေ ရှိနေရင်တော့ ဒီကာလ ဒီအချိန်လေးလောက်တော့ ကြိုးစားပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့ အပြစ်ကင်းအောင် အဓိဋ္ဌာန်လေးတွေ ၀င်ပြီးနေမယ်ဆိုတဲ့ စိတ်အကြံ လေးတွေ ဖြစ်ပေါ်တတ်တဲ့အတွက် ၀ါတွင်းကာလမှာ ရဟန်းသံဃာတော်များ ၀ါဆိုဝါကပ်ပြုပြီး ပရိယတ် ပဋိပတ်အလုပ်တွေကို လုပ်နေကြသလို သတ်မှတ်ချက်ရှိမှ အလုပ်လုပ်ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့လည်း ၀ါတွင်းကာလမှာ ဥပုသ်သီလလေးတွေ စောင်သုံးပြီး ငါးပါးသီလကို အထူးလုံအောင် ကြိုးစားကာ တတ်နိုင်သမျှ သမထဘာဝနာ ၀ိပဿနာ ဘာဝနာလေးတွေ လုပ်ကြမယ်ဆိုရင်တော့ အမြတ်ဆုံးကာလ အမြတ်ဆုံး အချိန် ဖြစ်ကြမှာ ဖြစ်ပါတယ်။

ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူး၊ အိမ်ထောင်မပြုကောင်းဘူးလို့ သတ်မှတ်ချက် မရှိပေမယ့် ကာမဂုဏ်ကိစ္စတွေကို ရှောင်နိုင်အောင် ကြိုးစားတာက ကောင်းပါတယ်။ ၀ါတွင်းကာလ တစ်ခြားနေ့တွေမှာ ကာမဂုဏ်ကိစ္စကို မရှောင်နိုင်ပေမယ့် တစ်လင်တစ်မယားစနစ်နဲ့ ငါးပါးသီလကို လုံခြုံအောင် ထိန်းရင်း ဥပုသ်နေ့တစ်နေ့လောက်တော့ တစ်လင်တစ်မယားစနစ်ကိုပါ ရှောင်ကြဉ်ပြီး မေထုန်အမှုကို မပြုဘဲ ဥပုသ်သီလလေးတွေ လုံခြုံအောင် စောင့်ထိန်းပြီး နေနိုင်ရင်ပိုကောင်းပါတယ်။ ဒါဟာ ကာလသတ်မှတ်ချက်တွေနဲ့ ကိုယ်ကိုယ့်ကို အမြတ်ရအောင် ကြိုးစားရင်း ကုသိုလ်တိုးအောင် လုပ်ခြင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ၀ါတွင်းကာလမှာ နေ့စဉ် ဥပုသ်မစောင့်နိုင်တာတောင်မှ ဥပုသ်နေ့ တစ်နေ့လောက်တော့ ဥပုသ်လေးတွေ ယူနိုင်ကြရင် ကောင်းမှာပဲလို့ ဆိုလိုတာဖြစ်ပါတယ်။ အဲဒီလိုသာ ကြိုးစားပြီး နေကြမယ်ဆိုရင် ၀ါဆိုလကို အစပြုပြီး သတ်မှတ်ပေါ်ပေါက်ခဲ့တဲ့ ၀ါတွင်းကာလဟာလည်း ကုသိုလ်ချစ်ခင် သူတော်စင်တို့အတွက် အမြတ်ဆုံးလ၊ အမြတ်ဆုံးကာလတွေ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လမြတ်ဝါဆိုရဲ့ ထူးခြားမှုအကြောင်းလေးကို ဖော်ညွှန်းကာ ဓမ္မစကြာ ဒေသနာတော်ရဲ့ အနှစ်ချုပ်ပါ မိတ်ဆက်ပေးပြီး သတ်မှတ်ချက်တွေနဲ့မှ ကုသိုလ်လုပ်ဖြစ်တတ်ကြတဲ့ ပုထုဇင်တွေ အနေနဲ့ ၀ါတွင်းကာလဟာ ကုသိုလ်လုပ်စရာ အကောင်းဆုံး အမြတ်ဆုံး ကာလတစ်ခု ဖြစ်တယ်ဆိုတာ တင်ပြရင်း တစ်နှစ်မှာ ကုသိုလ်ထက် အကုသိုလ်က ပိုများတတ်ကြတဲ့ ပုထုဇင်တွေအတွက် ဒီဝါတွင်းကာလ သုံးလလောက်တော့ ကုသိုလ်တရားလေးတွေစုရင်း ဥပုသ်သီလလေးများနဲ့ အကျင့်တရားများကို မြင့်မားအောင် ကြိုးစားနိုင်ကြဖို့ လမြတ်ဝါဆိုကို အကြောင်းပြုပြီး ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

မှတ်ချက်။ ရဟန်းတော်များ၏ ၀ါဆိုဆိုင်ရာ အကြောင်း သိလိုပါက ဒီမှာ ပြန်ပြီးဖတ်ရှုနိုင်ပါသည်။

Read more »

အပေးအယူ…

ပေးတာနဲ့ ယူတာ ဘာကို ပိုသဘောကျလဲလို့ မေးရင် အများကတော့ ယူတာကို သဘောကျတယ်လို့ပဲ ပြောကြမှာ ဖြစ်ပါတယ်။ ဘယ်သူကပေးတာ၊ ဘယ်ကရလာတာ စတဲ့ သာယာမှုတွေနဲ့ ရလာတဲ့ အရာတွေအပေါ်မှာ ကျေနပ်နေတတ်ကြမှာ များပါတယ်။ ယူတာတွေ များလာတော့လည်း ယူပဲယူချင်နေ တတ်တာတွေ ရှိလာပြန်ပါတယ်။ ဘယ်သူဆီက ဘာလိုချင်တာ၊ ဘယ်သူ့ဆီက ဘာရချင်တာ စတဲ့ မျှော်လင့်ချက်တွေနဲ့ ရချင်မှုနဲ့ ယူချင်တာတွေက များနေတော့ ကိုယ်က ပြန်ပေးဖို့အတွက် စိတ်ကူးလည်း ရှိကြမှာ မဟုတ်ပါဘူး။ ရသမျှ ယူချင်နေတော့လည်း ရလာတဲ့အပေါ်မှာ ပိုပြီးတွယ်တာလာကာ ရထားယူထားတာတွေ ပျောက်သွားလျော့သွားမှာတောင် စိုးရိမ်လာတတ်တာတွေ ရှိတတ်ပြန်ပါတယ်။ ပေးလေ့ပေးထ မရှိတော့ ပေးရမှာကိုလည်း ၀န်လေးလာသလို ယူပဲယူနေတဲ့ အလေ့အကျင့်က ရှိနေပြန်တော့ ရယူဖို့ကိုပဲ တွေးတောကြံစည် နေတတ်တာတွေလည်း ရှိလာပြန်ပါတယ်။ အပေးအယူသဘောမှာ အပေးမရှိဘဲ အယူတွေပဲ ဖြစ်နေတဲ့အခါ အယူများရင် အပူပွားတတ်တယ် ဆိုတာတော့ သတိပြုစရာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ရချင်မှုနဲ့ ယူချင်မှုတွေ များနေတဲ့အခါ လိုချင်တိုင်း မရတာတွေ ရှိလာခဲ့ရင် ပူလောင်မှုက ပိုများတတ်ပါတယ်။ တကယ်တော့ ရယူချင်မှုဆိုတဲ့ ဒီသဘောကိုက ပူလောင်မှုတစ်ခု ဖြစ်နေတဲ့အတွက် ရယူချင်လေ ပူလောင်လေ ဖြစ်နေမှာ သေချာပါတယ်။ ယူချင်တာ၊ ရချင်တာတွေ များနေရင် မျှော်လင့်တာတွေလည်း များတတ်တဲ့အတွက် ကိုယ်မျှော်လင့်တဲ့အတိုင်း ရမလာတဲ့အခါ ပိုပြီး ပင်ပန်းရတတ်ပါတယ်။ တစ်ခုခုကိုပဲဖြစ်ဖြစ် တစ်ယောက်ယောက်ဆီကပဲ ဖြစ်ဖြစ် ရချင်ယူချင်တာတွေ ရှိနေတဲ့အခါ ဘာပဲဖြစ်ဖြစ် ဒီလိုချင်မှုတစ်ခုကိုပဲ ဦးစားပေးနေတတ်ပါတယ်။ လိုချင်မှုကို ဦးစားပေးနေတဲ့အတွက် လိုချင်တာ မရတဲ့အခါ မကျေနပ်မှုတွေ၊ အစာမကြေမှုတွေ၊ အလိုမကျမှုတွေ ဖြစ်ကာ ကိုယ်စိတ်ပင်ပန်း ရတတ်ပါတယ်။ ဒါဟာ ရယူချင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ အပေးမလုပ်ဘဲ အယူပဲ အသားပေးနေတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အပေးဦးစားပေးမှုကတော့ ခံစားမှုကအစ ကွာခြားလှပါတယ်။ ပေးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုဟာ တစ်ခုခုကို ရတဲ့အတွက် ခံစားရတဲ့ ခံစားမှုထက် အများကြီး သာလွန်လှပါတယ်။ ပစ္စည်းဝတ္ထု တစ်ခုခုကို ပေးတာ၊ စကားလက်ဆောင် တစ်ခုခုကို ပေးတာ၊ စိတ်ဓာတ်ခွန်အား တစ်ခုခုကိုပေးတာ၊ စိတ်ချမ်းသာမှု တစ်ခုခုကိုပေးတာ စတဲ့ ပေးနည်းအမျိုးမျိုးမှာ ဘယ်လိုအရာကိုပဲ ပေးပေး ပေးလိုက်ရတဲ့အတွက် ပေးသူယူသူ နှစ်ဦးလုံးမှာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ အကောင်းဆုံး ခံစားချက် တစ်ခုခုကို ရစေတယ်ဆိုတာ အမှန်ပါပဲ။ ရှိသမျှအတိုင်းအတာ၊ ရသမျှ အတိုင်းအတာလေးနဲ့ တတ်နိုင်တဲ့အရာကို ပေးတတ်တဲ့သူတွေမှာ ပေးလိုက်တဲ့အတွက် ရရှိလာတဲ့ ခံစားမှုကောင်းနဲ့ ကြုံရတဲ့အပြင် ပေးလေ့ပေးထ ရှိတဲ့အတွက်လည်း ပစ္စည်းဝတ္ထုနဲ့ မကောင်းတဲ့ အတွေးအကြံ စိတ်ခံစားမှုတွေ အပေါ်မှာ တပ်မက်တွယ်တာမှုတွေ နဲနဲလာတတ်ပါတယ်။ ပေးလေ့ပေးထရှိတဲ့ အတွက်လည်း လိုချင်တပ်မက်မှု လောဘကို အလွယ်တကူ အနိုင်ယူနိုင်ပါတယ်။ ဒါဟာ ပေးခြင်းရဲ့ လက်တွေ့ကျတဲ့ သဘောပါ။ ဒါပေမယ့် ပေးတဲ့အခါမှာ အကောင်းပေးနိုင်အောင် ကြိုးစားဖို့တော့ လိုပါတယ်။ ပေးတာကောင်းတယ်ဆိုပေမယ့် မကောင်းတဲ့ ပေးခြင်းမျိုးမဟုတ်ဘဲ ကောင်းတဲ့ပေးခြင်းမျိုးကသာ အကောင်းပေးခြင်း ဖြစ်ပါတယ်။

တကယ်တော့ အပေးအယူ သဘောမှာ အပေးမရှိဘဲ အယူချည်းပဲ လုပ်နေလို့ မရပါဘူး။ ယူသာယူပြီး မပေးရင်တော့ နောက်ပိုင်းယူစရာလည်း ရှိမှာမဟုတ်တော့ပါဘူး။ အမှန်တော့ ဘာပဲဖြစ်ဖြစ် ယူချင်ရင် အရင်ပေးရပါတယ်။ ကိုယ်ကပေးမှ ကိုယ်လိုချင်တာလည်း ရမှာဖြစ်ပါတယ်။ တန်ပြန်သက်ရောက်မှု သဘောအရ ပြောရရင် ပေးတယ်ဆိုတာ ယူတာပါပဲ။ ဒီသဘောအရ ဘယ်သူပဲဖြစ်ဖြစ် အကောင်းပဲ ပေးပေး၊ အဆိုးပဲပေးပေး ကိုယ်ပေးတဲ့အတိုင်း ကိုယ်ပြန်ရမှာဖြစ်ပါတယ်။ ကိုယ်ကအကောင်းပေးရင် ကိုယ်ပြန်ရမှာက အကောင်းဖြစ်ပြီး ကိုယ်ကအဆိုးပေးရင်တော့ ပြန်ရမယ့်အရာလည်း အဆိုးပဲ ဖြစ်မှာပါ။ ဒါကြောင့် ယူချင်တာရှိတဲ့အခါ ကိုယ်ဘာလိုချင်လဲ အရင်စဉ်းစားပြီး အကောင်းယူချင်ရင် ကိုယ်ကိုယ်တိုင် အရင်ကောင်းပြပြီး ကိုယ်ကိုယ်တိုင်အရင် အကောင်းပေးပြရပါတယ်။ အဲလိုမှ မဟုတ်ဘဲ လိုချင်တာကတော့ အကောင်း ပေးနေတာက အဆိုးဆိုရင်တော့ ရလာတဲ့အရာလည်း အဆိုးပဲဖြစ်လာမှာပါ။

အပေးအယူ သဘောဟာ မှန်ကြည့်သလိုပါပဲ။ မှန်ကြည့်တဲ့အခါ ကိုယ့်ပုံရိပ် ကိုယ်ပြန်မြင်ရသလို အပေးအယူမှာလည်း ကိုယ်ပေးတာ ကိုယ်ပြန်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပေးတဲ့အခါ အကောင်းပေးရင် ကိုယ်လည်းအကောင်း ရမှာဖြစ်ပြီး အဆိုးပေးရင်တော့ အဆိုးပဲ ပြန်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက ဘယ်သူမဆို အပေးအယူသဘောမှာ အပေးကောင်းရင် အရကောင်းမှာဖြစ်ပြီး အပေးဆိုးရင် အရဆိုးမှာပဲလို့ ဆိုလိုတာပါ။ ဒီတော့ကား ရယူချင်တဲ့သူတွေ အနေနဲ့ ကိုယ်ယူချင်တဲ့အရာဟာ အဆိုးလား အကောင်းလားဆိုတာ စဉ်းစားပြီး အကောင်းလိုချင်ရင်တော့ ကိုယ်ကအရင်စပြီး အကောင်းပေးကြည့်ဖို့တော့ လိုပါတယ်။

လူ့ဘ၀မှာ လူတစ်ဦး တစ်ယောက်ချင်းနဲ့ ဆက်ဆံတဲ့အပိုင်းမှာ ဒီအပေးအယူ သဘောက အရမ်းအရေးကြီးပါတယ်။ ပေးတယ်ဆိုတာ ပစ္စည်းဝတ္ထုကိုပေးမှ ပေးတာမဟုတ်ပါဘူး။ နေ့စဉ် ပြုမူနေထိုင် ပြောဆိုနေကြတာ တွေဟာလည်း တကယ်တော့ အပေးအယူ လုပ်နေကြတာပါပဲ။ ဒါကြောင့် တစ်ဘက်သူက ကိုယ့်ကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံ ပြောဆိုနေထိုင် စေချင်ရင် အရင်ဆုံး ကိုယ်ကိုယ်တိုင်က အကောင်းတွေနဲ့ ဆက်ဆံပြဖို့ လိုပါတယ်။ တစ်ဘက်က ကိုယ့်ကို ပြုံးပြစေချင်ရင် ကိုယ်ကိုယ်တိုင်က အရင်ပြုံးပြပေးဖို့ လိုပါတယ်။ သူများက ကိုယ့်ကို အကောင်းပြောစေချင်ရင် ကိုယ်ကအရင် အကောင်းပြောပေးရပါတယ်။ သူများက ကိုယ့်ကိုအရိုအသေ အလေးဂရုပြုစေချင်ရင် ကိုယ်ကိုယ်တိုင်ကအရင် တစ်ဘက်သားကို ရိုသေလေးစားပေးရပါတယ်။ ဒါဟာ သဘာဝကျတဲ့ အပေးအယူ သဘောပဲ ဖြစ်ပါတယ်။ အကောင်းပေးမှ အကောင်းရမှာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်ဘဲ ကိုယ်ကလိုချင်တာက အကောင်းဖြစ်ပြီး ကိုယ်ကိုယ်တိုင် ပေးနေတာက အဆိုးတွေ ဆိုရင်တော့ ပေးတဲ့အတိုင်း အဆိုးပဲ ရနေမှာ ဖြစ်ပါတယ်။

တစ်ခါတစ်လေ အပေးအယူ သဘောမှာ အပေးမတတ်တဲ့ အခါပဲဖြစ်ဖြစ် အယူမတတ်တဲ့ အခါပဲဖြစ်ဖြစ် ပေးခြင်းယူခြင်းကြောင့် မကောင်းတာတွေ ဖြစ်သွားတတ်တာကို သတိပြုမိကြမှာပါ။ ကိုယ့်ပစ္စည်းနဲ့ ကိုယ်အဆဲခံရသလို ဖြစ်တတ်တဲ့ သဘောတွေ ရှိတတ်ပါတယ်။ တစ်ချို့ ပေးတဲ့သူတွေမှာ “ပေးလဲပေးရသေး၊ အပြောလည်းခံရသေး”ဆိုတဲ့ ခံစားချက်မျိုး ဖြစ်တတ်သလို တစ်ချို့ ရယူသူတွေကျပြန်တော့ “အခုမှလာပေးတော့ ဘာလုပ်မှာလဲ၊ သူမလိုမှလာပေးတာ”စတဲ့ အတွေးတွေ ၀င်တတ်ပါတယ်။ ဒါဟာ ပေးသူဘက်က အပေးမတတ်တဲ့အတွက် ဖြစ်တတ်တဲ့ သဘောရှိသလို ယူသူဘက်က အယူမတတ်တဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပေးမတတ်ရင် ကိုယ့်ပစ္စည်းနဲ့ကိုယ် အကုသိုလ်ဖြစ်တတ်တဲ့အတွက် တစ်ယောက်ယောက်ကို တစ်ခုခုပေးတော့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုအရင် စိတ်ထားလေးတွေ ပြင်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဘာကြောင့်ပေးမှာလဲ..၊ ဘာအတွက်ပေးမှာလဲ၊ ဘာမျှော်လင့်ချက်နဲ့ ပေးမှာလဲ… စသဖြင့် သေချာစဉ်းစားပြီး ပေးကတည်းက စိတ်မပြတ်ဘူးဆိုရင်တော့ မပေးတာ ကောင်းပါတယ်။ ပေးလဲပေးရသေး အပြစ်လည်း ဖြစ်သေးဆိုတဲ့ သဘောတွေမှာ တကယ်တော့ ပေးတဲ့သူကကို စိတ်စေတနာ မပြတ်လို့ ဖြစ်တာပါ။ ကိုယ်ပေးတဲ့အပေါ်မှာ တစ်ဘက်သားရဲ့ တုန့်ပြန်မှုကို ကိုယ်ကမျှော်လင့်နေတဲ့ အတွက်ကြောင့် တုန့်ပြန်မှုက မကောင်းတဲ့အခါ “ပေးလည်းပေးရသေး အပြစ်လည်း အပြောခံရသေး”ဆိုတဲ့ ခံစားချက်တွေ ဖြစ်သွားတတ်တာပါ။ ဒါဟာ ကိုယ်ပေးတဲ့အပေါ်မှာ မျှော်လင့်ချက်တွေနဲ့ စိတ်စေတနာ မပြတ်တဲ့အတွက်ပဲ ဖြစ်ပါတယ်။

ယူတဲ့အခါမှာလည်း ဒီလိုပဲ သတိပြု ဆင်ခြင်ရပါမယ်။ ကိုယ်က ယူတဲ့သူ ဖြစ်နေတဲ့အတွက် ပေးလာတဲ့ အတိုင်းအတာပေါ်မှာ ကျေနပ်နိုင်အောင် ကြိုးစားရပါမယ်။ အဲဒီလိုမှ မဟုတ်ဘဲ ပေးလာတာထက် ကိုယ်က ပိုလိုချင်၊ ပိုယူချင်တဲ့အခါ ထင်သလို မရလာရင် စိတ်မှာအကုသိုလ်ဖြစ်ပြီး အပြစ်ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေ ပေးလာတဲ့အပေါ်မှာ ကိုယ်ကပိုပြီး ရလိုတဲ့အတွက် တောင်းဆိုတာတွေ လုပ်တဲ့အခါ ပေးတဲ့သူက စေတနာ ပျက်သွားတတ်တာကို သတိပြုမိကြမှာပါ။ လူ့ရဲ့ သဘောက သူသူကိုယ်ကိုယ် ကိုယ်က စေတနာနဲ့ ပေးနေတဲ့အပေါ်မှာ တစ်ဘက်က ဘာလိုတယ် ဘာပေးပါ စသဖြင့် တောင်းလာရင် အလိုလို စေတနာက ပျက်သွားတတ်ပါတယ်။ ဒါဟာ ရယူသူဘက်က ရသမျှအတိုင်းအတာထက် ပိုပြီးလိုချင်လာကာ တောင်းဆိုလာတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပေးတိုင်းယူလို့ မကောင်းသလို ရတိုင်းလည်း မယူသင့်ပါဘူး။ ကိုယ့်အတိုင်းအတာနဲ့ကိုယ် ရယူသင့်တဲ့အရာ အပြစ်မဖြစ်မယ့်အရာ ရယူခြင်းကြောင့် ကိုယ့်အတွက်ရော သူ့အတွက်ပါ အကျိုးရှိစေမယ့် အရာ စတာတွေလောက်ပဲ ကာလဒေသကြည့်ပြီး ရယူသင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် အပေးအယူ သဘောမှာ ပေးတဲ့သူက ပေးနေပေမယ့် ယူတဲ့သူအနေနဲ့ ယူသင့်တဲ့အရာကို အတိုင်းအတာ တစ်ခုလောက်အထိပဲ ရယူသင့်ပါတယ်။

ဆိုလိုတာက လောကမှာ ပြောပြောနေတဲ့ အပေးအယူဆိုတဲ့ စကားမှာ ယူတာထက် ပေးတာက ပိုကောင်းကြောင်း၊ ယူချင်ရင် အရင်ပေးကြည့်ဖို့ လိုကြောင်း၊ သေချာတွေးကြည့်ရင် ပေးတယ်ဆိုတာ ယူတာပဲ ဖြစ်ကြောင်း၊ အပေးရှိမှ ရယူမှုဆိုတာလည်း ရှိတဲ့အတွက် ကိုယ်လိုချင်တာကို ကိုယ်လိုချင်တဲ့အတိုင်း အရင်ပေးကြည့်မှ တန်ပြန်သဘော အနေနဲ့ ကိုယ့်ထံကိုလည်း ကိုယ်ပေးတဲ့အတိုင်း ပြန်ရောက်လာမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ်ဘာလိုချင်သလဲ ကိုယ်ကိုယ်တိုင် စဉ်းစားပြီး ကိုယ်က အကောင်းလိုချင်ရင် ကိုယ်ကအရင် အကောင်းပေးပြီး အဆိုးလိုချင်ရင်တော့ အဆိုးပေးနိုင်ကြောင်း စသဖြင့် ဆိုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ရောင်းသူဝယ်သူ အသံတူဆိုသလို ပေးသူယူသူလည်း အပေးအယူမျှဖို့၊ အပေးတတ်ပြီး အယူတတ်စေဖို့၊ ရယူတာကောင်းပေမယ့် ရယူဖို့အတွက် ပေးဆပ်မှုကို အရင်လုပ်ဖို့လိုကာ ကိုယ်ရချင်တာကို ကိုယ်ကအရင်ပေးပြပြီး ပေးခြင်းယူခြင်းကြောင့် အပြစ်မဖြစ်ဘဲ အနှစ်ဖြစ်ရလေအောင် အကောင်းပေးပြီး အကောင်းယူနိုင်အောင် ကြိုးစားကြဖို့လို့ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ သေချာတာကတော့ ယူချင်ရင် အရင်ပေးရမယ်ဆိုတာ သေချာတဲ့အတွက် ယူချင်တဲ့အရာကို ကိုယ်ကိုယ်တိုင် ရွေးချယ်ပြီး ကိုယ်လိုချင်တာကို ကိုယ်ကိုယ်တိုင်ပဲ အရင်ပေးကြည့်ကြတာဟာ အကောင်းဆုံးပဲ ဖြစ်ပါကြောင်း…။ အားလုံး အကောင်းပေးပြီး အကောင်းယူနိုင်ကြပါစေ…။

Read more »

ဘာပေးရင် ဘာရမလဲ…

သီတဂူဆရာတော်ကြီး၏ စကားကို အငှါးသုံးပြီး ဤဆောင်းပါး ခေါင်းစဉ်လေးကို “ဘာပေးရင် ဘာရမလဲ”ဟု အမည်ပေးဖြစ်ခဲ့၏။ မူရင်း ပါဠိတော်စကားမှာ ကိံဒဒဟူ၍ ဖြစ်ပါ၏။ သံယုတ်ပါဠိတော်၌် ကိံဒဒသုတ်ဟူသော အမည်ဖြင့် ပိဋကတ်တော်တွင် သင်္ဂါယနာ မှတ်တမ်းတင်ထားလေ၏။ ကိံဒဒကို မြန်မာပြန်လျင် “ဘာပေးရမလဲ”ဟု ပြန်ဆိုနိုင်မည် ဖြစ်၏။ ထို့ကြောင့် အလှူဒါန အမျိုးမျိုးနှင့် အကျိုးတရား အမျိုးမျိုးကို ဟောကြားတော်မူထားသည့် ဤကိံဒဒသုတ်တော်ကို အများဖတ်၍ အမြတ်ရစေရန် အများနားလည်လွယ်မည့် စကားများဖြင့် တန်ဆာဆင်ကာ တစ်ဆင့်ပြန်လည် တင်ပြဖြစ်ပါ၏။

သံယုတ္တနိကာယ်၊ သံယုတ်ပါဠိတော်တွင် ဒေ၀တာသံယုတ်ဟူသည့် အခန်းတစ်ခန်း ပါရှိ၏။ ထိုဒေ၀တာ သံယုတ်သည် နတ်ဒေ၀တာများနှင့် စပ်လျဉ်းကာ ဟောကြားထားသည့် သံယုတ်ဖြစ်သည့်အလျောက် ထိုသံယုတ်လာ ကိံဒဒသုတ်တွင်ပါရှိသည့် အကြောင်းအရာများသည်လည်း နတ်သားတစ်ဦး၏ လျှောက်ထားချက်ကြောင့် ဟောကြားတော်မူသည့် အကြောင်းအရာများပင် ဖြစ်နေပေ၏။ နတ်သားတစ်ဦးက လျှောက်ထားသည့် အကြောင်းအရာ ဖြစ်သော်လည်း အများနှင့်သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေသည်ကို တွေ့ရှိရ၏။ တစ်ခါတစ်ရံ လူအများ မေးတတ်သည့် မေးခွန်းများတွင် “ဘာလှူရင် ဘယ်လိုအကျိုး ရလဲ”ဟူသည့် မေးခွန်းများလည်း ပါရှိတတ်ရာ ထိုအမေးများအတွက် နတ်သားအား ဖြေကြားပေးရင်း ဘုရားရှင်က အများအတွက်ပါ ရည်ညွန်းတော်မူခဲ့ပေ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်က နတ်သားတစ်ဦး ရောက်ရှိလာပြီး ဘုရားရှင်အား အလှူဒါနနှင့် စပ်လျဉ်းသည့် မေးခွန်းများအား မေးလျှောက်လေ၏။ ထိုနတ်သားက မြတ်ဗုဒ္ဓအား “မြတ်စွာဘုရား… တပည့်တော် ယခုမေးတော်မူမည့် မေးခွန်းများကို မေတ္တာရှေ့ထား၍ ဖြေကြားတော်မူပေးပါဘုရား”ဟု ဆိုကာ အောက်ပါမေးခွန်းများအား မေးလျှောက်လေ၏။

၁။ အဘယ်သို့သော အလှူကို ပေးလှူသူသည် ခွန်အားဗလကို ပေးလှူသည်မည်သနည်း
(ကိံဒဒေါ ဗလဒေါ ဟောတိ)။
၂။ အဘယ်သို့သော အလှူကို ပေးလှူသူသည် အဆင်းကို ပေးလှူသည် မည်သနည်း
(ကိံဒဒေါ ဟောတိ ၀ဏ္ဏဒေါ)။
၃။ အဘယ်သို့သော အလှူကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည် မည်သနည်း
(ကိံဒဒေါ သုခေဒေါ ဟောတိ)။
၎။ အဘယ်သို့သော အလှူကို ပေးလှူသူသည် မျက်စိကို ပေးလှူသည် မည်သနည်း
(ကိံဒဒေါ စက္ခုတော ဟောတိ)။
၅။ အဘယ်သူသည် အလုံးစုံသော အလှူကို ပေးလှူသည်မည်သနည်း
(ကော စ သဗ္ဗဒဒေါ ဟောတိ)။

နတ်သား၏ အထက်ပါ မေးခွန်းများကို မြတ်စွာဘုရားရှင်က တစ်ခုချင်း အဖြေပေးတော်မူခဲ့သည့် အပြင် အကောင်းဆုံး အမြိုက်ချမ်းသာ အလှူကိုလည်း ထုတ်ဖော်ဟောကြားတော် မူလိုက်၏။ မြတ်ဗုဒ္ဓက
၁။ ဆွမ်းခဲဖွယ် အာဟာရကို ပေးလှူသူသည် အားခွန်ဗလကို ပေးလှူသည်မည်ကြောင်း
(အန္နဒေါ ဗလဒေါ ဟောတိ)၊
၂။ အ၀တ်သင်္ကန်းကို ပေးလှူသူသည် အဆင်းကို ပေးလှူသည်မည်ကြောင်း
(၀တ္ထဒေါ ဟောတိ ၀ဏ္ဏဒေါ)၊
၃။ ယာဉ်အလှူ (ယာနဒါန)ကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည်မည်ကြောင်း
(ယာနဒေါ ဟောတိ သုခဒေါ)၊
၎။ ဆီးမီးကို ပေးလှူသူသည် မျက်စိကို ပေးလှူသည်မည်ကြောင်း
(ဒီပဒေါ ဟောတိ စက္ခုဒေါ)၊
၅။ ကျောင်းနေရာကို ပေးလှူသူသည်ကား အလုံးစုံသော အလှူကို ပေးလှူသည်မည်ကြောင်း
(ယော စ သဗ္ဗဒဒေါ ဟောတိ၊ သော ဒဒါတိ ဥပဿယံ)
နတ်သား၏ အမေးတစ်ခုချင်းအား ပြည့်စုံစွာ ဖြေကြားတော်မူပြီး နောက်ဆုံး၌
“တရားကို ပြသဟောပြောသူသည်ကား အမြိုက်နိဗ္ဗာန်ကို ပေးလှူသည် မည်ကြောင်း
(အမတံ ဒဒေါစ သော ဟောတိ၊ ယော ဓမ္မ မနုသာသတိ)” အမြတ်ဆုံးအလှူ၊ အနှစ်သာရ အရှိဆုံး အလှူကို အပိုထပ်ဆောင်းကာ ဖြေကြားပေးတော် မူလိုက်လေ၏။ ဤကား ဘာပေးရင် ဘာရမလဲဟူသည့် ကိံဒဒသုတ်၏ အမေးအဖြေ အချုပ်ပင် ဖြစ်ပါ၏။

အထက်ပါ အမေးအဖြေများအရ အလှူဒါန၏ တူမျှသည့် အကျိုးကို ကောင်းစွာ သဘောပေါက်နိုင်မည် ဖြစ်၏။ ခွန်အားဗလနှင့် ပြည့်စုံလိုသူသည် ခွန်အားပြည့်စုံကြောင်း ဖြစ်သည့် အစားအစာကို ပေးလှူရမည်ဟု ခွန်အားပြည့်စုံကြောင်း အကြောင်းတရားကို ဟောတော်မူ၏။ မှန်၏။ သတ္တ၀ါတို့သည် အာဟာရလျှင် တည်ရာမှီရာ ရှိ၏ (သဗ္ဗေသတ္တာ အာဟာရ ဌိတိကာ)ဟု ဆိုသကဲ့သို့ အစာအဟာရ မရှိလျှင်လည်း ခွန်အားဖြစ်ရန် မလွယ်လှပေ။ ရုပ်တရားတစ်ခု ဖောက်ပြန်မှုတွင် ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသည့် အကြောင်းတရားလေးပါးတွင် အာဟာရကြောင့်လည်း ဖောက်ပြန်တတ်သဖြင့် အာဟာရသည် ရုပ်တရား၏ တည်ရာမှီရာလည်း ဖြစ်ကြောင်း စာပေတွင် ဖော်ပြလေ့ရှိ၏။ ထို့ကြောင့် ရုပ်တရား၏ ကောင်းမွန်ကျန်းမာစွာ တည်တံ့ရေးတွင် အားခွန်ဗလ ပြည့်စုံရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ရှိနေသဖြင့် အားခွန်ကောင်းစေရန် အစာအဟာရကောင်းများ ရရှိရေးသည် အထူးလိုအပ်ပေ၏။ ထိုအစာအဟာရကို ရရှိနေစေမှုသည် အားခွန်ဗလပြည့်စုံ စေမှုကို ဖြစ်စေသဖြင့် အစာအဟာရကို လှူဒါန်းခြင်းသည် အားခွန်ကို လှူဒါန်းခြင်းပင် ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်၏။ ဗုဒ္ဓလက်ထပ်က ၀ိသာခါ ဒါယိကာမကြီးနှင့် အချို့သော ပုဂ္ဂိုလ်တို့သည် ခွန်အားကြီးမားကြောင်း ဆို၏။ ထိုသူတို့၏ ခွန်အားကောင်းမှုသည့် ဆွမ်းအစရှိသည့် အစားအစာကို ပေးလှူခဲ့ခြင်းကြောင့်ပင် ဖြစ်သည်ဟု မှတ်သားရ၏။ သို့ဖြစ်၍ ခွန်အားဗလနှင့် ပြည့်စုံသူသည် ဆွမ်းအစရှိသည့် အာဟာရကို ပေးကမ်းလှူဒါန်းရမည်ဟု မြတ်ဗုဒ္ဓက မိန့်တော်မူခြင်း ဖြစ်၏။

နတ်သား၏ ဒုတိယ မေးခွန်းဖြစ်သည့် “ရုပ်ရည်အဆင်း လှပမှုကို လိုချင်သူ၊ အဆင်းလှလိုသူသည် မည်သို့သော အလှူကို လှူရမည်နည်း”ဟူသော အမေးအား ဘုရားရှင်က အဆင်းလှလိုသူသည် အဆင်းအလှူအဖြစ် အ၀တ်သင်္ကန်းကို လှူရမည်ဖြစ်ကြောင်း ဖြေကြားတော်မူ၏။ မှန်၏။ မြန်မာစကားတွင် လူမှာအ၀တ် တောင်းမှာအကွပ်ဟူသော စကားပုံ တစ်ခုရှိ၏။ တောင်းသည် အကွပ်ရှိမှ သင့်လျော်သကဲ့သို့ လူသည်လည်း အ၀တ်အစားရှိမှ သင့်လျော်ကြောင်း ဥပမာပေးကာ အ၀တ်၏ အရေးပါမှုကို ဖော်ညွှန်းပေးထား၏။ အ၀တ်သင်္ကန်းသည် လူတို့၏ အရှက်အကြောက်ကို ကာကွယ်ပေးသကဲ့သို့ သဘာဝ အန္တရာယ်များ၊ မှတ်ခြင်စသည့် အန္တရာယ်များကိုလည်း ကာကွယ်ပေးသဖြင့် ရုပ်အဆင်းအင်္ဂါ ပျက်စီးစေမှုကို တစ်ဘက်တစ်လမ်းမှ ထောက်ပံ့ပေးထား၏။ အ၀တ်သင်္ကန်းကြောင့် ရုပ်ရည်အဆင်း တင့်တယ်မှုကို ဖြစ်စေတတ်သဖြင့် ရုပ်ရည်အဆင်း လှပလိုသူများသည် လှပတင့်တယ်ကြောင်း အကြောင်းတရား ဖြစ်သည့် အ၀တ်သင်္ကန်းကို လှူသင့်ကြောင်း၊ အ၀တ်သင်္ကန်းကို လှူဒါန်းခြင်းသည် အဆင်းကို လှူရာရောက်ကြောင်း ဟောတော်မူခြင်း ဖြစ်၏။

တတိယ မေးခွန်းဖြစ်သည့် “ချမ်းသာကို လိုလားသူသည့် မည်သည့်အလှူအား လှူသင့်ကြောင်း” အမေးအား မြတ်ဗုဒ္ဓက ယာနဒါကို ပေးလှူသူသည် ချမ်းသာကို ပေးလှူသည်မည်ကြောင်း အဖြေပေးတော်မူ၏။ ဤ၌ ချမ်းသာအမျိုးမျိုး ရှိသည့်အနက် လောကီချမ်းသာဖြစ်သည့် သွားလာလှုပ်ရှားရာတွင် မပင်မပန်းရှိရေးနှင့် လိုရာပန်းတိုင်ကို တက်လှမ်းနိုင်ရေးဟူသည့် ချမ်းသာသည်လည်း အရေးကြီးသည့် ချမ်းသာတစ်ခု ဖြစ်သဖြင့် ထိုချမ်းသာကို အလိုရှိသူသည် သူတစ်ပါးတို့၏ သွားလာမှု လွယ်ကူစေရေး အထောက်အကူ ဖြစ်စေမည့် အကြောင်းတရား ဖြစ်သည့် ယာဉ်အလှူ၊ ခရီးစာရိတ်အလှူ စသည့် သွားလာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် စပ်လျဉ်းသည့် အလှူတစ်ခုခုကို လှူသင့်ကြောင်း မိန့်တော်မူခြင်း ဖြစ်၏။ ထို့ကြောင့် လိုရာခရီး အပြီးနှင်လိုသူများ၊ သွားလာလှုပ်ရှားရေးနှင့် စပ်လျဉ်းသည့် ချမ်းသာတစ်ခုခု အလိုရှိသူများသည် ယာနဒါနတစ်ခုခုကို ပေးလှူသင့်ကြောင်း ဆိုခြင်းဖြစ်ပေ၏။

နတ်သား၏ နံပါတ်လေး မေးခွန်းဖြစ်သည့် “မျက်စိအလှူကို လှူဒါန်းလိုသူသည် မည်သို့သော အလှူအား လှူရမည်နည်း”ဟူသော အမေးအား မြတ်ဗုဒ္ဓက ဒီပဒါနခေါ် ဆီမီးအလှူကို လှူရမည်ဟု ဖြေကြားတော်မူထား၏။ ဆီးမီးသည့် အမှောင်ကိုခွင်းပြီး အလင်းကို ပေးစွမ်းနိုင်သည့် အစွမ်းရှိသည့်အပြင် အလိုရှိသည်တို့အား မြင်နိုင်မှုကို ဖြစ်စေသဖြင့် ထိုဆီမီးအလှူ၊ ယနေ့ခေတ်တွင် လျှပ်စစ်မီးအလှူ၊ အလင်းကို ဖြစ်စေနိုင်သည့် မီးစက်၊ ဖယောင်းတိုင်၊ ရေနံဆီ၊ ဓာတ်ဆီစသည့် အလှူများသည် မျက်စိအလှူများပင် ဖြစ်သည်ဟု ဆိုနိုင်ပေ၏။ ထို့ကြောင့် မျက်စိမကောင်းသူများ၊ မျက်စိအားနည်းသူများသည် သူတစ်ပါးတို့အား အလင်းရောင်ရစေနိုင်သည့် ဆီးမီးလျှပ်စစ်စသည့် အလင်းရောင် အထောက်အကူပြု ပစ္စည်းဝတ္ထုများကို လှူဒါန်းခြင်းဖြင့် နောင်သံသရာတွင် မျက်စိကောင်းသူများအဖြစ် အကျိုးတရားကို ရစေနိုင်ကြောင်း နားလည်သဘောပေါက် နိုင်ပေ၏။

နတ်သား၏ နောက်ဆုံးမေးခွန်းဖြစ်သည့် “အလုံးစုံသော အလှူကို လှူဒါန်းလိုသူသည့် မည်ကဲ့သို့သော အလှူကို လှူသင့်ကြောင်း” အမေးအား မြတ်စွာဘုရားရှင်က နေရာကျောင်းအိမ် အလှူကို လှူဒါန်းသူသည် အလုံးစုံသော အလှူကို လှူရာရောက်ကြောင်း ဖြေကြားတော်မူလေ၏။ ဤ၌ ဥပဿယဟူသည် ရဟန်းတော်များ နေထိုင်ရာ ကျောင်းတစ်ခုကိုပင် ဆိုသည်မဟုတ်၊ လူများနေထိုင်ရာ အိမ်မြေနေရာ စသည်များကိုလည်း ရည်ညွန်းသဖြင့် ကျောင်းအိမ်နေရာ စသည်အားဖြင့် နေထိုင်စရာ တစ်ခုခုအား ပေးလှူသူသည် အလုံးစုံသော အလှူကို ပေးလှူသည်မည်၏ဟု ဆိုခြင်းဖြစ်၏။ ကျောင်းအိမ်နေရာများသည် နေထိုင်သူတို့အား အတွင်းအပြင် သဘာဝ ဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သကဲ့သို့ အလိုရှိသည်များအား ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ လုပ်ဆောင်နိုင်ရန် အထောက်အကူ ပြုပေးနိုင်သဖြင့် ထိုကျောင်းအိမ်နေရာ အဆောက်အဦ စသည်ကို ပေးလှူသူသည် အလုံးစုံသော အလှူကို ပေးလှူသည်မည်ကြောင်း ဆိုခြင်းဖြစ်၏။ ထို့ကြောင့် အလုံးစုံ ပြည့်စုံသည့် အလှူကို လှူလိုသူများသည် နေရာကျောင်းအလှူကို ပေးလှူရမည်ဟု ရှင်တော်ဗုဒ္ဓက မိန့်တော်မူခြင်း ဖြစ်ပါ၏။

သို့သော် အထက်ပါ အလှူနှင့် အကျိုးတရားများကား လောကီအကျိုးတရားများသာ ဖြစ်သဖြင့် ထာဝရ ချမ်းသာသည့် အကျိုးကို မဖြစ်နိုင်သည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက လောကတွင်အမြတ်ဆုံး အမြိုက်နိဗ္ဗာန် အလှူဖြစ်သည့် ဓမ္မအလှူကို လှူကြရန် အပိုထပ်လောင်း၍ နတ်သားမမေးသည့် အမေးအား ထည့်သွင်းဟောကြားပေးတော် မူခြင်းဖြစ်၏။ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ- အလှူတကာ အလှူတို့တွင် တရားအလှူသည်သာ အမြတ်ဆုံးဖြစ်သည်ဟု ဆိုသကဲ့သို့ တရားအလှူပေးခြင်း၊ တရားဓမ္မ ဟောပြော ပြသပေးခြင်းသည် အကောင်းဆုံး အမြတ်ဆုံး အလှူပင်ဖြစ်ပါ၏။ လောကီချမ်းသာများကိုသာ တောင့်တရင်း ပြုလုပ်မှုကြောင့် ရရှိလာသည့် လောကီအကျိုးတရားများနှင့် မည်မျှပင် ပြည့်စုံနေစေကာမူ ဓမ္မအနှစ်သာရကို မသိပါက ကိလေသာကုန်ရာ နိဗ္ဗာန်ချမ်းသာနှင့် ဝေးနေကြမည်ဖြစ်ပြီး သံသရာတွင် ဒုက္ခပေါင်းစုံနှင့် ကျင်လည် နေကြရဦးမည်သာ ဖြစ်၏။ ဓမ္မအနှစ်သာရကိုသိပြီး ကိလေသာကုန်ခမ်းကာ မဂ်ဉာဏ်ဖိုလ်ဉာဏ် ရသွားလျှင်ကား အကောင်းဆုံး အမြိုက်ချမ်းသာ ဖြစ်သည့် နိဗ္ဗာန်ချမ်းသာကို ရရှိခံစားရမည်သာ ဖြစ်၏။ ထိုချမ်းသာသည်သာ အကောင်းဆုံး ချမ်းသာဖြစ်၏။ ထို့ကြောင့် ထိုအကောင်းဆုံး ချမ်းသာကို ရရှိရန်အတွက်ကား တရားဓမ္မများအား မိမိလည်းကျင့်၊ သူတပါးတို့အားလည်း ပြန်လည်ဟောပြောခြင်း ဓမ္မအလှူကို ပေးလှူရန်လိုကြောင်း၊ ထိုဓမ္မအလှူသည်သာ အကောင်းဆုံး အမြိုက်နိဗ္ဗာန် အလှူဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်၏။

အချုပ်အားဖြင့် ကိံဒဒသုတ်တော်တွင် ဟောတော်မူခဲ့သည့် “ဘာပေးရင် ဘာရမလဲ”ဟူသော နတ်သားအမေးနှင့် “ဒါတွေပေးရင် ဒါတွေရနိုင်သည်”ဟူသော ဘုရားရှင်တို့၏ အဖြေများသည် ကုသိုလ်လုပ်သူများ မိမိတို့လိုရာကို ရွေးချယ်လုပ်နိုင်စေရန် ထုတ်ဖော်ပြသ ပေးနေပေ၏။ ထိုအမေးအဖြေများတွင် မှတ်သားသင့်၊ လိုက်နာသင့်သည့် မြတ်ဗုဒ္ဓ၏ မိန့်တော်မူချက်ဖြစ်သည့် တရားဓမ္မကို ဟောပြောပြသပေးသည့် ဓမ္မအလှူသည် အမတအမြိုက် နိဗ္ဗာန်အလှူဖြစ်ကြောင်း ဟောကြားချက်သည်ကား လွတ်မြောက်မှုကို လိုလားသူများ၊ ဓမ္မအနှစ်သာရကို အလှူပြုလို သူများအတွက် အကောင်းဆုံး ရွေးချယ်လှူဒါန်းဖွယ် တစ်ခုအဖြစ် အထူးပြုပေးနေပေ၏။ ထို့ကြောင့် ရချင်တာတွေ ရှိနေသော်လည်း ဘာပေးရမှန်း မသိသူများအနေဖြင့် ကိံဒဒသုတ်တော်လာ ပေးလှူဖွယ်ရာများမှ မိမိတို့သင့်လျော်ရာများကို ရွေးချယ်လှူဒါန်းပြီး နောက်ဆုံးအမြိုက်နိဗ္ဗာန် အလှူအထိ ကျင့်ကြံဟောပြောခြင်းဖြင့် ပြုလုပ်လှူဒါန်းနိုင်စေရန် ကြိုးစားအားထုတ်သင့်ပါကြောင်း အကြံပြုတင်ပြရင်း “ဘာပေးရင် ဘာရမလဲ”ဟု ဆိုလာသူများအတွက် “ဒါပေးရင် ဒါရမယ်”ဟုသာ ဘုရားစကား ကိုးကားကာ တစ်ဆင့်ပြန်လည် မျှဝေလိုက်ရပါကြောင်း…။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၀)...

သူသေကောင်နဲ့ သရဏဂုံ…
တစ်နေ့ အရေးပေါ် နိုင်ငံခြားကခေါ်တဲ့ ဖုန်းဝင်လာလို့ ကိုင်လိုက်တော့ “ဘုန်းဘုန်းဘုရား.. တပည့်တော် ဘယ်နိုင်ငံ၊ ဘယ်မြို့မှာ ရောက်နေတဲ့ ဘယ်သူပါဘုရား…၊ တပည့်တော် သူငယ်ချင်းတစ်ယောက် မနေ့ကဘဲ ရုတ်တရက် ဆုံးသွားလို့၊ အဲဒါ တပည့်တော် ရောက်နေတဲ့ နိုင်ငံမှာကလည်း ဘုန်းကြီးမရှိဘူး ဖြစ်နေတာကြောင့် သူ့အတွက် သရဏဂုံ တင်တာကို ဖုန်းနဲ့တစ်ဆင့်၊ ဒါမှမဟုတ် အင်တာနက်ကတစ်ဆင့် တင်ပေးလို့ ရသလားဘုရား”ဆိုတဲ့ အမေးနဲ့ ထူးထူးဆန်းဆန်း အဖြစ်တစ်ခု သိလိုက်ရပါတယ်။ ခေတ်မီလိုက်တာ သရဏဂုံကိုတောင် ဖုန်းတွေ၊ အင်တာနက်တွေက တစ်ဆင့် တင်လို့ရသလားတဲ့။ “သေတဲ့သူက သေသွားမှပဲ သရဏဂုံ မတင်လည်းဖြစ်ပါတယ်၊ မီးသဂြိုဟ်ပြီး သူ့အတွက် ကုသိုလ်လုပ် အမျှပဲ ပေးဝေပေးလိုက်ပါ..”လို့ ပြန်ပြောရင်း အလွဲတစ်ခုအတွက် အများဖတ်ပြီး အသိတစ်ခု ရစေဖို့ သူသေကောင်နဲ့ သရဏဂုံဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခု တင်ပြဖြစ်ပြန်ပါတယ်။

ဟုတ်တယ်။ ဗုဒ္ဓဘာသာတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတကာ အလွဲတွေထဲမှာ ဒီသေသူကို သရဏဂုံ တင်ရမယ်ဆိုတဲ့ အလွဲကလည်း ဖျောက်ဖို့ခက်တဲ့ အလွဲတစ်ခု ဖြစ်နေပါတယ်။ တကယ်တော့ သရဏဂုံဆိုတာ တင်ပေးလို့ရတဲ့အရာ မဟုတ်ပါဘူး။ ဆောက်တည်မှ ရတဲ့အရာဖြစ်ပါတယ်။ ဆောက်တည်မှ ရတဲ့အရာဆိုရင် အသက်ရှိမှ ဆောက်တည်လို့ ရမှာဖြစ်လို့ သရဏဂုံတည်အောင် လုပ်နိုင်တာလည်း အသက်ရှင်နေတဲ့သူပဲ လုပ်နိုင်တာ ဖြစ်ပါတယ်။ ဒါဆို သေတဲ့သူအတွက် သရဏဂုံဟာ တင်ပေးလို့လည်း မရသလို တည်အောင်ဆောက်လို့လည်း မရဘူးဆိုတာ ရှင်းပါတယ်။ အဲဒါကိုပဲ ဗုဒ္ဓဘာသာတွေက လူသေရင် သရဏဂုံ တင်ရတယ်ဆိုတာကြီးက စွဲနေကြတော့တာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာမှာ သရဏဂုံ ဆောက်တည်ထားတဲ့ သူတွေအတွက် သရဏဂုံ ပျက်ခြင်းအကြောင်း နှစ်မျိုးရှိပါတယ်။ တစ်မျိုးက သေသွားရင် သရဏဂုံ ပျက်သွားပြီး နောက်တစ်မျိုးကတော့ ရတနာသုံးပါးထက် ကျန်တဲ့အရာတွေကို ပိုပြီးအားကိုးယုံကြည် ကိုးကွယ်ရင် သရဏဂုံ ပျက်ပါတယ်။ တစ်ချို့က ရတနာသုံးပါးအပေါ် ယုံကြည်ကိုးကွယ်မှု မပျက်ပေမယ့် အခြေအနေအရ တစ်ခြားအယူဝါဒတွေကို ကိုးကွယ်ပူဇော် ပသနေရတာတွေ ရှိပါတယ်။ ဥပမာ ကြောက်လို့ပဲ ဖြစ်ဖြစ်၊ လာဘ်လာဘကြောင့်ပဲ ဖြစ်ဖြစ်၊ အစဉ်အလာ ကိုးကွယ်လာမှုများကြောင့်ပဲ ဖြစ်ဖြစ်ပေါ့။ ဒီလို ကိုးကွယ်ပူဇော်မှုမျိုးမှာတော့ သရဏဂုံ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းပါတယ်။

ထားပါတော့။ ဒီနေရာမှာ ပြောချင်တာက သေသွားရင် သရဏဂုံ တင်ပေးလို့ မရတော့တဲ့အပြင် အသက်ရှင်စဉ်က ဆောက်တည်ခဲ့တဲ့ သရဏဂုံပါ ပျက်သွားတာဖြစ်တဲ့ အတွက် သေသူကို သရဏဂုံ တင်တယ်ဆိုတာ မှားနေတဲ့ အယူအဆ ဖြစ်တယ်ဆိုတာ ပြောချင်တာပါ။ တစ်ခုတော့ ရှိတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေတဲ့သူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေပေးတာ၊ သေသူကို အကြောင်းပြုပြီး ကျန်ခဲ့တဲ့သူတွေမှာ သောကပရိဒေ၀ တွေကြောင့် သရဏဂုံ ညှိုးနွမ်းနေတဲ့အပေါ်မှာ ပြန်လည်သတိတရ ဖြစ်လာအောင် ကုသိုလ်လုပ်ကြတယ် ဆိုရင်တော့ ဒါဟာ အဓိပ္ပါယ်ပြည့်ဝပြီး စာပေနဲ့ညီကာ သဘာဝလည်း ကျပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ သေသူကို သရဏဂုံတင်တာ မဟုတ်ဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ်တာ ဆိုရင်တော့ သေတဲ့နေကစပြီး အချိန်မရွေး၊ နေရာမရွေး အကန့်အသတ်မရှိ ကုသိုလ်လုပ် အမျှပေးဝေနိုင်ပါတယ်။ သေသွားတဲ့သူက သာဓုခေါ်နိုင်လို့ ခေါ်သွားရင် သူ့အတွက် ကောင်းသွားပြီး မခေါ်နိုင်လည်း ကျန်တဲ့သူတွေအတွက် ကုသိုလ်ရစေတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အရိုးစွဲနေတဲ့ အယူအဆ တစ်ခုဖြစ်တဲ့ သေသူကို သရဏဂုံ တင်တယ်ဆိုတဲ့ အစဉ်အလာ အယူအဆဟာ ဗုဒ္ဓဘာသာ အလိုအရ လွဲမှားနေပြီး လုပ်ပေးလို့ မရတဲ့ အယူအဆ ဖြစ်နေတယ်ဆိုတာကို သဘောပေါက်နားလည်ကာ နောက်နောင် ဘယ်သူပဲသေသေ သေသူကို သရဏဂုံတင်တာတွေ လုပ်စရာမလိုဘဲ သေသူကို ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးတာတွေပဲ လုပ်သင့်တယ်ဆိုတာ သတိပြုနိုင်ကြစေဖို့ လွဲနေတဲ့ အလွဲတစ်ခုအဖြစ် သူသေကောင်နဲ့ သရဏဂုံအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

Read more »

Prostitute နှင့် ကာမေသု…

Q. ဘုန်းဘုန်း ဘုရား…
ကျန်းမာချမ်းသာ ပါစေကြောင်း ဦးစွာ မေတ္တာပို့သ လိုက်ပါတယ်ဘုရား..။ တူတော်မောင် တယောက်က အောက်ပါအတိုင်း မေးထားပါတယ် ဘုရား...
ဦးဇော်လင်းရေ...နောက်တခုက ဘုန်းကြီးကို သွားလျှောက်ရင် တခုလောက် လျှောက်ပေးပါ။ အဲဒါက prostitute တွေနဲ့ သံဝါသ ပြုရင် ကံထိုက်၊ မထိုက်လေ။ ဒီလိုဗျာ... မိန်းမတွေက ခင်ပွန်းရှိသားနဲ့ စီးပွားရေး အဆင်မပြေလို့ ဒီလိုနည်းလမ်းနဲ့ ပိုက်ဆံရှာတယ်။ အဲဒါ လာဆက်ဆံတဲ့ သူတွေဆိုရင် အခကြေးငွေယူပြီး ဆက်ဆံကြတယ်လေ။ အရောင်းအ၀ယ်ဆိုတော့ဗျာ ဒု၊သ၊န၊သော ဆိုတာမည်၊ မမည်ပေါ့။ ထိုက်ရင်လည်း ဘာကြောင့်လဲ? မထိုက်ရင်လည်း ဘာကြောင့်လဲ ဆိုတာပါ။
လေးစားစွာဖြင့်
တူမောင်...
***မေတ္တာရှေ့ထားလို့ ဖြေကြားပေးပါ..ဘုရား။ Post တင်လို့ကောင်းတဲ့ အမေးဆိုရင်လည်း၊ လူငယ်များအတွက် အကျိုးများပါတယ်ဘုရား။
ရန်ကုန်ပြန်ကြွလာမယ့် အချိန်ကိုစောင့်ရင်း..
လေးစားစွာဖြင့် ဦးတင်လျှက်....
တကာ.. ဇော်လင်း/အလုံ

A. ကာမေသုမိစ္ဆာစာရဟာ ကာမဂုဏ်မှာ ဖောက်လွဲဖောက်ပြန် ပြုခြင်းလို့ အဓိပ္ပါယ်ရတဲ့ အတွက် အိမ်ထောင်ရှိ အမျိုးသား၊ အမျိုးသမီးများကို အထူးရည်ရွယ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ကျပြီးသူများ အနေနဲ့ ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်လို့ ကိုယ့်လင်ယောက်ျား၊ ဇနီးမယားကလွဲပြီး ကျန်တဲ့အမျိုးသား၊ အမျိုးသမီးများနဲ့ ကာမဂုဏ်မှီဝဲရင် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲ အလွယ်မှတ်ထားလိုက်ရင် ရှင်းပါတယ်။ အိမ်ထောင်မကျသေးတဲ့ အလွတ်အမျိုးသား၊ အများသမီးများ အနေနဲ့ကတော့ ကာမဂုဏ်နဲ့ ပတ်သက်ပြီး မှားယွင်းတဲ့အကျင့် မဖြစ်စေဖို့ ကာမဂုဏ်မမှီဝဲ မသွားလာသင့်တဲ့ မိန်းမ၊ ယောက်ျားများကို သိထားပြီး ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ အဲဒါကတော့ အမျိုးသားများ မသွားလာအပ်တဲ့ အမျိုးသမီး အယောက် (၂၀)နဲ့ အမျိုးသမီးများ မသွားလာအပ်တဲ့ အမျိုးသား အယောက် (၁၂) ယောက်တို့ပဲ ဖြစ်ပါတယ်။ အဲဒါတွေကို စာပေက အဂမနီယ၀တ္ထုလို့ ဆိုပါတယ်။ အဂမနီယဆိုတာ မသွားလာအပ်တာကို ပြောတာပါ။

ဒီ ၀တ္ထုတွေက (၁) အမိစောင့်ရှောက်တဲ့မိန်းမ၊ (၂) အဘစောင့်ရှောက်တဲ့မိန်းမ၊ (၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊ (၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက် စောင့်ရှောက်တဲ့မိန်းမ။ (ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပါတယ်။) (၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ (ဒီမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်ပါတယ်) တို့ပဲ ဖြစ်ပါတယ်။

အမှတ်စဉ် ၁မှ ၂၀အထိ မိန်းမများဟာ အမျိုးသားများအနေနဲ့ ကာမဂုဏ်ကိစ္စမှာ မမှီဝဲ မသွားလာအပ်တဲ့ မိန်းမများဖြစ်ပြီး အမှတ် ၉မှ ၂၀အထိ ၀တ္ထုများမှာ စေ့စပ်ကြောင်းလမ်းပြီးယောက်ျား စသဖြင့် မိန်းမများ နေရာတွင် ယောက်ျားလို့ အစားထိုးပြီး ဒီ (၁၂)ယောက်က အမျိုးသမီးများ ကာမဂုဏ်ကိစ္စမှာ မမှီဝဲအပ်တဲ့ ယောက်များများ ဖြစ်ပါတယ်။

ဒီနေရာမှာ အရွယ်ရောက်ပြီး အိမ်ထောင်မကျသေးတဲ့ ယောက်ျား၊ မိန်းမများအနေနဲ့ နှစ်ဦးသဘောတူ ကာမဂုဏ်ကိစ္စတွေ ရှိရာမှာ ယောက်ျားလေး အနေနဲ့ အမျိုးသမီးက လွတ်လပ်သူ ဖြစ်နေပေမယ့် အုပ်ထိန်းသူ တစ်ဦးဦး ရှိနေတဲ့အတွက် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပြီး အမျိုးသမီး အနေနဲ့ ဒီသိက္ခာပုဒ်အရ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးများ အနေနဲ့ လောကကြောင်းအရ ကြည့်ရင် အပြစ်ရှိနိုင်တာကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ တရားဝင် အိမ်ထောင် မပြုရသေးပေမယ့် နှစ်ဘက်မိဘ သဘောတူထားရင်တော့ နှစ်ဦးလုံးမှာ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ နားလည်နိုင်ပါတယ်။

ဒါဆိုရင် မေးခွန်းရှင် မေးထားသလို prostitute နဲ့ ကာမဂုဏ်ကိစ္စ သွားလာရင်ကော ကာမေသုမိစ္ဆာစာရ ဖြစ်မဖြစ်ဆိုရာမှာ အိမ်ထောင်သည်တွေ အနေနဲ့ကတော့ တရားဝင် ကာမပိုင် လင်ယောက်ျား၊ ဇနီးမယား ရှိပြီး ဖြစ်နေတဲ့အတွက် ကာမေသု မိစ္ဆာစာရ ဖြစ်တယ်လို့ ပြောလိုပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီး ကာမပိုင်က ကြည်ကြည်ဖြူဖြူ သဘောတူ ခွင့်ပြုရင်တော့ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားလက်ထက်က ဥတ္တရာအမည်ရှိတဲ့ သောတာပန် အမျိုးသမီးဟာ (၇)ရက်ပတ်လုံး ဥပုသ် စောင့်ထိန်းလိုတဲ့အတွက် လင်ယောက်ျားနဲ့ အတူနေထိုင်ပေးဖို့ သီရိမာ ပြည့်တန်ဆာမကို အခပေးပြီး နေစေတယ်ဆိုတဲ့ အချက်ကိုကြည့်ပြီး ကာမပိုင်က ခွင့်ပြုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ဘူးလို့ ကောက်ချက်ချမိလို့ပါ။ နောက် အိမ်ထောင်ကျပြီးပေမယ့် မုဆိုးဖို၊ မုဆိုးမ ဖြစ်နေသူများ၊ တရားဝင် တစ်ခုလပ်ဖြစ်နေသူများနဲ့ အိမ်ထောင်မကျသေးတဲ့ အလွတ်ယောက်ျားတွေ အနေနဲ့တော့ ဒီ prostitute ဟာ အုပ်ထိန်းသူ ရှိမမရှိ၊ အုပ်ထိန်းသူက သဘောတူ ခွင့်ပြုထားတာ ဟုတ်မဟုတ်၊ ကာမပိုင် လင်ယောက်ျား ရှိမရှိ၊ ပြီးတော့ တရားဝင် prostitute ဟုတ်မဟုတ် အပိုင်းတွေ အထိ စဉ်းစားဖို့ လိုလာပါတယ်။ အုပ်ထိန်းသူမရှိ၊ ဒါမှမဟုတ် အုပ်ထိန်းသူက သဘောတူပြီး ကာမပိုင်ရှိပေမယ့် ကာမပိုင်က ခွင့်ပြုထားတဲ့ prostitute ဆိုရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်နိုင်ပါဘူး။ ဒါတောင်မှ အဲဒီ prostitute ဟာ ကိုယ့်အရင် တစ်ခြားသူကို လက်ခံထားပြီး အရင်လူနဲ့ ကိစ္စမပြီးပြတ်သေးဘဲ ရှိနေရင် ကာမေသုမိစ္ဆာစာရ ဖြစ်နိုင်ပါသေးတယ်။

မြန်မာပြည်မှာကတော့ ဒီ prostitute အလုပ်ဟာ မြန်မာ့ယဉ်ကျေးမှု၊ အမျိုးသမီး ဂုဏ်သိက္ခာ၊ အစိုးရရဲ့ တားမြစ်မှု စတာတွေကြောင့် တရားဝင်မဟုတ်ဘဲ ခိုးကြောင်ခိုးဝှက် လုပ်နေရတာတွေ ရှိပါတယ်။ ဒီအထဲမှာ အုပ်ထိန်းသူ၊ မိဘဆွေမျိုးများ မသိရအောင်၊ တရားဝင် အိမ်ထောင်ဖက်များ မသိရအောင် အကြောင်းအမျိုးမျိုးကြောင့် ခိုးလုပ်နေသူတွေလည်း ရှိပါတယ်။ ဒီလို prostituteတွေဟာ လက်မှတ်ရများ မဟုတ်သလို၊ အုပ်ထိန်းသူနှင့် ကာမပိုင်များက ခွင်ပြုထားတာတွေလည်း မဟုတ်တဲ့အတွက် ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ အထူးသတိပြု ဆင်ခြင်သင့်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ အစိုးရက ခွင့်မပြုလို့ တရားမ၀င် လုပ်နေရပေမယ့် အုပ်ထိန်းသူများ၊ ကာမပိုင်များက ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီလိုဆိုတော့ မေးခွန်ရှင် မေးထားသလို စီးပွားရေး အဆင်မပြေလို့ ဒီအလုပ်ကို လုပ်စားရတဲ့ အိမ်ထောင်ရှိ အမျိုးသမီးများနဲ့ ပိုက်ဆံပေးပြီး သွားလာတဲ့အပိုင်းမှာ (၁) အချက်က ဒီအမျိုးသမီးကိုယ်တိုင် အိမ်ထောင်ရှိနေတာက တစ်ကြောင်း၊ (၂)အချက်က အရောင်းအ၀ယ် ဆိုပေမယ့် အုပ်ထိန်းသူနဲ့ ကာမပိုင် ရှိသူ ဖြစ်နေပြီး ကာမပိုင် လင်ယောက်ျားက ခွင့်ပြုချက် ရှိမရှိ မသိရတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် ဒီကာမေသု မိစ္ဆာစာရ အဖွင့်တွေအရ ကာမေသုမိစ္ဆာစာရ ကံထိုက်နိုင်တယ်၊ ကံမြောက်နိုင်တယ်၊ ဒု၊ သ၊ န၊ သော ဖြစ်နိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သွားလာတဲ့ ယောက်ျားက မသိလို့ မှားမိတဲ့အခါ အပြစ်မရှိနိုင်ပေမယ့် အမျိုးသမီးအနေနဲ့ ကိုယ်ကိုယ်တိုင် ကာမပိုင် ဖြစ်နေတဲ့အတွက် အပြစ်ရှိပါတယ်။ ကာမပိုင် လင်ယောက်ျားက တရားဝင် ကြည်ကြည်ဖြူဖြူ ခွင့်ပြုထားရင်တော့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် အိမ်ထောင်မရှိသေးတဲ့ လွတ်လပ်တဲ့ အမျိုးသမီး prostitute တွေနဲ့ သွားလာတဲ့ လွတ်လပ်တဲ့ ယောက်ျားများအနေနဲ့ ဒီအမျိုးသမီးရဲ့ အုပ်ထိန်းသူတွေက ဒီအလုပ်လုပ်တာကို သဘောတူ ခွင့်ပြုထားလို့ သွားလာတဲ့ အပိုင်းမှာတော့ ကာမေသုမိစ္ဆာစာရ မဖြစ်ဘူးလို့ ဆိုနိုင်ပါတယ်။ (ကျမ်းညွှန်းများ = ပါရာဇိကဏ်ပါဋ္ဌိ တော်(၀ိ ၁၊ ၂၀၂) (မ-ဋ္ဌ ၁၊၂၀၃။အဘိ-ဋ္ဌ ၂။ ပဋိသံ-ဋ္ဌ ၁၊ ၂၀၄)

ဒီလောက်ဆိုရင်တော့ မေးခွန်းရှင်အမေးနဲ့ ပတ်သက်ပြီး အတော်အသင့် ပြည့်စုံလိမ့်လို့ ထင်ပါတယ်။ ဒီမှာ ဖြေဆိုထားတာတွေဟာ ဗုဒ္ဓခေတ် အခြေအနေအရ သတ်မှတ်ချက်တွေကို အဋ္ဌကထာက ပြန်ဖွင့်ပြပေးထားတာတွေ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် အခြေအနေနဲ့တော့ အားလုံးတစ်ထပ်တည်း ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ အကောင်းဆုံးကတော့ မိမိတို့ ယောက်ျားလေး၊ မိန်းကလေး တစ်ဦးချင်းစီရဲ့ ဆင်ခြင်မှုနဲ့ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ အိမ်ထောင်မပြုမီ အချိန်မှာလည်း ကာမဂုဏ်ကိစ္စကို လူအချင်းချင်း လက်တွေ့ပေါင်းသင်းဆက်ဆံပြီး ဖြေရှင်းတာထက် ဒီစိတ်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းတွေနဲ့ ဖြေရှင်းနိုင်တာ အကောင်းဆုံးဖြစ်ပြီး အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ကိုယ့်ရဲ့ဇနီးမယား၊ လင်ယောကျာ်းနဲ့ပဲ တစ်လင်တစ်မယား စနစ်ကို ကျင့်သုံးနိုင်တာ အကောင်းဆုံးပါပဲ။ ဒီလိုနေနိုင်ရင်တော့ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်သလို၊ ဓမ္မကြောင်းအရလည်း အပြစ်ကင်းစင်နိုင်မှာ ဖြစ်ပါတယ်။ ကာမရာဂစိတ်ဆိုတာ ဒီစိတ်ထကြွတဲ့ အချိန်လေးလောက်ပဲ ပူလောင်နိုင်တာ ဖြစ်တဲ့အတွက် အဲဒီအခိုက်အတန့်ကို တစ်ခြားအာရုံ၊ တစ်ခြားနည်းနဲ့ ဖြေရှင်ကြည့်ကြမယ်ဆိုရင် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာ ကောင်းကျိုးတွေကို ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါကြောင်း စေတနာကောင်းနဲ့ အကြံကောင်းပြုလိုက်ပါတယ်။

Read more »

ဒါန စကားဝိုင်း…

ပြဿနာ တစ်ရပ်ကို တစ်ဦးတစ်ယောက်တည်း စဉ်းစားအဖြေရှာခြင်းထက် အများဝိုင်း၍ ပြောဆိုဆွေးနွေး အဖြေရှာခြင်းက ပို၍ အကျိုးရှိလှ၏။ တစ်ခါတစ်ရံ မိမိသိသည့် အရာကို အခြားသူများ မသိနိုင်သကဲ့သို့ အခြားသူများ သိသည့်အရာကိုလည်း မိမိအနေဖြင့် သိနိုင်မည် မဟုတ်ပေ။ ထိုသို့သော အခြေအနေမျိုးတွင် အများပေါင်းစု၍ ဆွေးနွေး အဖြေရှာကြသည့်အခါ တစ်ဦးမသိသည့် အရာကို တစ်ဦးက သိနေနိုင်မည် ဖြစ်သဖြင့် အဖြေက ပေါ်ထွက်လာတတ်၏။ ထို့ကြောင့်ပင် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း အစည်းအဝေးများနှင့် လွတ်လွတ်လပ်လပ် ပြောဆိုနှီးနှောခြင်း စကားဝိုင်းများကို အများပေါင်းစု၍ ပြုလုပ်ကြခြင်း ဖြစ်ပေ၏။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကလည်း ထိုသို့သော စကားဝိုင်းများဖြင့် ပြဿနာများကို အဖြေရှားပေးခဲ့ရဖူး၏။ ဗုဒ္ဓလက်ထပ်က ပြဿနာရှာ၍ အမေးမြန်းထူးသူများတွင် လူပုဂ္ဂိုလ်များထက် နတ်ဒေ၀တာများက ပိုများလှ၏။ ယခုလည်း ဒါနနှင့်ပတ်သက်သည့် စကားဝိုင်းကို မြတ်စွာဘုရားထံမှောက် အရောက်သွားကာ နတ်ဒေ၀တာများက စတင်ဖန်တီးကြပြန်၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါ၏။ ညဥ့်ဦးယံကို လွန်ပြီး သန်းခေါင်ယံ အချိန်ခန့်တွင် ဇေတ၀န်ကျောင်းတော်ကြီး တစ်ခုလုံးအား အရောင်အလင်းများ တောက်ပစေလျက် နတ်သားအများ ရောက်ရှိလာခဲ့ကြ၏။ ဘုရားထံမှောက် ရောက်ကြသည့်အခါ မြတ်စွာဘုရားရှင်အား ရိုသေစွာ ရှိခိုးပြီးလျှင် သင့်လျော်လျှောက်ပတ်သည့် နေရာတစ်ခုတွင် ရပ်တည်ကာ နတ်သားတစ်ယောက်က စတင်ပြီး စကားဝိုင်းကို အစပြုလိုက်၏။

ထိုနတ်သားက “မြတ်စွာဘုရား… ၀န်တိုမှု မစ္ဆေရ၊ မေ့လျော့မှု ပမာဒဆိုတဲ့ ဒီအကြောင်း နှစ်ပါးကြောင့် (သတ္တ၀ါတွေဟာ) အလှူဒါနကို မပေးလှူတတ်ကြပါ ဘုရား၊ အမှန်တော့ ကောင်းမှုကို အလိုရှိပြီး ကောင်းမှုရဲ့ အကျိုးကိုသိတဲ့ ပညာရှိဟာ အလှူကို ပေးလှူသင့်ပါတယ် ဘုရား..” ဟု လျှောက်ထားဆွေးနွေးလိုက်၏။

ထိုအခါ အခြားနတ်သား တစ်ယောက်ကလည်း “ အရှင်ဘုရား.. ၀န်တိုမှု မစ္ဆေရ ရှိသူဟာ ဘေးတစ်ခုခုကို ကြောက်ပြီး မပေးကမ်း မလှူဒါန်းပဲ ရှိတတ်ပါတယ်၊ အဲဒီလို မပေးမလှူမှုကပဲ ကြောက်မက်ဖွယ် ဘေးအဖြစ် သူ့ကို တွေ့ထိစေပါတယ်၊ ၀န်တိုမှု ရှိတဲ့သူဟာ ဆာလောင်မွတ်သိပ်မှုကိုလည်း ကြောက်တတ်ပါတယ်၊ အဲဒီလို သူကြောက်တဲ့ ဆာလောင်မွတ်သိပ်မှုကပဲ ပစ္စုပ္ပန် တမလွန်မှာ သူ့ကို တိုက်ရိုက်တွေ့ထိမှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ၀န်တိုမှုကို ပယ်ဖျောက်ပြီး ၀န်တိုမှု အညစ်အကြေးကို နှိပ်နင်းကာ အလှူကို ပေးလှူရပါမယ်၊ တကယ်တော့ ကောင်းမှုဆိုတာ တမလွန်လောကမှာ သတ္တ၀ါတွေရဲ့ တည်ရာပဲ ဖြစ်ပါတယ် ဘုရား…” ဟု လျှောက်ထားလာ၏။

ထိုသို့လျှောက်သည့်အခါ အခြားနတ်သား တစ်ယောက်ကလည်း “မြတ်စွာဘုရား… ခရီးသွားသူတွေဟာ ခရီးသွားဖော် အချင်းချင်း ပါလာကြတဲ့ ရိက္ခာတွေကို နဲနဲပဲဖြစ်ဖြစ် ခွဲခြမ်းဝေဖန်ပြီး မျှဝေပေးကြသလို သံသရာခရီးသွား သူတွေဟာ သံသရာ ခရီးသွားဖော် အချင်းချင်း နဲနဲပဲဖြစ်ဖြစ် ပေးလှူဖွယ်ရာကို ခွဲခြမ်းဝေဖန်ကာ ပေးလှူကြဖို့ လိုပါတယ်၊ အဲဒီလို ပေးကမ်းလှူဒါန်း သူတွေဟာ သေသူတွေထဲက မသေသူတွေ ဖြစ်ကြပါတယ်၊ ဒါဟာ ရှေးအစဉ်အလာ ဖြစ်ပါတယ်။ တစ်ချို့က မချမ်းသာပေမယ့် ရှိတဲ့အရာလေးအပေါ်မှာပဲ တတ်နိုင်သမျှ ခွဲခြမ်းပြီး ပေးလှူတတ်ကြပေမယ့် တစ်ချို့ ချမ်းသာကြွယ်ဝ သူတွေကတော့ ဘာတစ်ခုမှကို ခွဲခြမ်းဝေဖန်ပြီး မပေးလှူတတ်ကြပါ၊ နဲပေမယ့် ခွဲဝေပေးလှူတတ်တဲ့ အလှူဟာ ချမ်းသာသူတွေရဲ့ အလှူတစ်ထောင်နဲ့ ညီမျှပါတယ်၊ ချမ်းသာသူတွေရဲ့ တန်ဘိုးကြီး အလှူတွေနဲ့ မရှိရှိတာ ခွဲဝေလှူဒါန်းသူတွေရဲ့ အလှူကို အညီအမျှ နှိုင်းယှဉ်နိုင်ပါတယ် ဘုရား…”ဟု လျှောက်ထားပြန်၏။

ထိုအခါ နောက်ထပ် အခြားနတ်သား တစ်ယောက်ကလည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား… ပေးလှူနိုင်ခဲတဲ့အရာကို ပေးလှူသူတွေရဲ့ ပေးလှူမှုမျိုး၊ ပြုလုပ်နိုင်ခဲတဲ့ ကောင်းမှုကံကို ပြုလုပ်သူတွေရဲ့ ပြုလုပ်မှုမျိုးကို သူတော်ကောင်းမဟုတ်တဲ့ သူမိုက်တွေဟာ အတုလိုက်ပြီး မပြုလုပ်နိုင်ကြပါ၊ သူတော်ကောင်းတို့ရဲ့ တရားဟာ အတုလိုက်ဖို့ ခဲယဉ်းလှပါတယ်။ ဒါကြောင့် သူတော်ကောင်းနဲ့ သူမိုက်တို့ရဲ့ လားရာဂတိဟာလည်း ကွဲပြားပါတယ်၊ သူမိုက်တွေဟာ ငရဲသို့ ကျရောက်တတ်ပြီး သူတော်ကောင်းတွေကတော့ နတ်ပြည်သို့ လားကြရပါတယ် ဘုရား…”ဟု လျှောက်ထားလာ၏။

ထိုအခါ အခြား နတ်သားတစ်ယောက်က မြတ်စွာဘုရားထံ လက်အုပ်ချီကာ “မြတ်စွာဘုရား… အခု လျှောက်ထားသွားကြတဲ့ နတ်သားတွေရဲ့ လျှောက်ထားချက်များမှာ ဘယ်သူရဲ့ လျှောက်ထားချက်စကားက ပိုပြီးကောင်းမွန် သင့်မြတ်ပါသလဲဘုရား..”လို့ မေးလျှောက်ရာ မြတ်ဗုဒ္ဓက “လျှောက်ထားကြတဲ့ နတ်သားအားလုံးရဲ့ စကားတွေဟာ အကြောင်းပရိယာယ်အနေဖြင့် ကောင်းမွန်သင့်မြတ်တဲ့ စကားများပဲ ဖြစ်ပါတယ်…”ဟု ဆိုတော်မူလေ၏။

ဆက်လက်ပြီး မြတ်စွာဘုရားရှင်က “တစ်ချို့သူများဟာ သားမယားကိုလည်း လုပ်ကျွေးမွေးမြူပြီး မရှိရှိတဲ့ အရာလေးတွေ အပေါ်မှာလည်း ခွဲခြမ်းဝေဖန်ကာ ပေးလှူတတ်တဲ့အပြင် ကုသိုလ်ကမ္မပထ တရားကိုလည်း ကျင့်လေ့ရှိပါတယ်၊ တံမြက်လှည်းပြီး (အပြစ်ကင်းတဲ့ အောက်ခြေသိမ်း အလုပ်များကို လုပ်ပြီး) ရရှိလာတဲ့ ပစ္စည်းဝတ္ထုဖြင့် ပေးလှူမှု (သမုဉ္ဇကအလှူ)ကိုလည်း ပြုကျင့် ပေးလှူလေ့ရှိပါတယ်၊ တကယ်တော့ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်းရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ပါ…” ဟု တရားစကား မိန့်ကြားတော်မူလေ၏။ (ကောက်နယ်တလင်း စသည်ကို သုတ်သင်မှု ကောက်ရိုးကို ထုရိုက်နင်းနယ်မှု စသည်ဖြင့် ရသောပစ္စည်းကို ပေးလှူမှုမျိုးသည် သမုဉ္ဇကအလှူ မည်၏ဟု အဋ္ဌကထာက ဖွင့်ပြပါသည်။)

ထိုအခါ အခြားနတ်သား တစ်ယောက်က “မြတ်စွာဘုရား… တန်ဘိုးကြီးမားပြီး အရေအတွက် များပြားပြန့်ပြောတဲ့ ပူဇော်မှုအလှူဟာ ဘာကြောင့် အနည်းငယ်မျှ အသင့်အတင့် လှူအပ်တဲ့ အလှူရဲ့ တန်ဘိုးကို မမှီပါသလဲ…၊ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်းရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ပါသလဲ ဘုရား…” မေးမြန်းလျှောက်ထားလေ၏။

ထိုအခါ မြတ်ဗုဒ္ဓက “အချို့သူတွေဟာ မကောင်းတဲ့ ကာယကံ၊ ၀စီကံ၊ မနေကံတွေနဲ့ ထုထောင်းပုတ်ခက်၊ သတ်ဖြတ်ညှင်းစဲ၊ စိုးရိမ်ပူဆွေး၊ သောကပေးပြီး ကုသိုလ်အလှူကို ပေးလှူကြပါတယ်၊ အဲဒီသူတွေရဲ့ အလှူဟာ ပူဆွေးငိုကြွေးခြင်းရှိကာ ဒဏ်နှင့်တကွ ဖြစ်နေတဲ့အတွက် အပြစ်ကင်းပြီး သင့်လျော်လျှောက်ပတ်စွာ ပေးလှူတတ်တဲ့ အလှူရဲ့ တန်ဘိုးကို မမှီနိုင်ခြင်း ဖြစ်ပါတယ်၊ ဒါကြောင့်ပဲ အသပြာ တစ်ထောင်တန် ပူဇော်နိုင်တဲ့ ချမ်းသာတဲ့ ယောက်ျားတစ်သိန်းတို့ရဲ့ ဆယ်ကုဋေလောက်ရှိတဲ့ အလှူတွေဟာ အပြစ်ကင်းပြီး ပင်ပင်ပန်းပန်း ရလာတဲ့ ပစ္စည်းကို ပေးလှူမှု သမုဉ္ဇကအလှူရဲ့ အစိတ်တစ်ရာစိတ် တစ်စိတ်ကိုတောင် မမှီနိုင်ဘူးလို့ ဆိုခြင်းဖြစ်ပါတယ်…”ဟု မိန့်တော်မူလိုက်လေ၏။ (သံယုတ်ပါဠိတော်၊ ဒေ၀တာသံယုတ်၊ မစ္ဆရိယသုတ်)

အထက်ပါ စကားသံများကား နတ်ဒေ၀တာများနှင့် မြတ်စွာဘုရားရှင်တို့၏ ဓမ္မစကားဝိုင်းမှ ထွက်ပေါ်လာသည့် ဆွေးနွေးမေးမြန်း ဖြေကြားချက် စကားသံများပင် ဖြစ်ပါ၏။ ထိုစကားဝိုင်းတွင် ဆွေးနွေးချက်များမှာ ဒါနအကြောင်းနှင့် မစ္ဆရိယအကြောင်းကို ဦးတည်ဆွေးနွေးသွားကြ၏။ စကားဝိုင်းတွင် အချို့က အလှူကို မပေးလှူနိုင် ဖြစ်ရခြင်းအကြောင်းနှင့် အလှူကို ပေးလှူသင့်သူများအကြောင်း၊ အချို့က အလှူကို မပေးလှူခြင်းအကြောင်းနှင့် အလှူကို မပေးလှူခြင်းကြောင့် ဖြစ်သောအပြစ်များအကြောင်း၊ အချို့က အလှူကို ပေးလှူသင့်ခြင်း၏ အကြောင်းနှင့် သေသူတို့တွင် မသေသူများအကြောင်း၊ အချို့က သူမိုက်တို့ အတုလိုက်၍ မပြုလုပ်နိုင်သော အမှုများအကြောင်းနှင့် သူတော်ကောင်းနှင့် သူယုတ်မာတို့ လားရာဂတိ ကွဲပြားရခြင်းအကြောင်း စသည်စသည်တို့ကို ဆွေးနွေးပြောဆိုကြပြီး မြတ်စွာဘုရားရှင်၏ အမြင်ကိုလည်း လျှောက်ထားကြ၏။ မြတ်ဗုဒ္ဓက ဤစကားဝိုင်းတွင် ဆွေးနွေးကြသည့် အကြောင်းအရာများသည် အကြောင်းပရိယာယ်အားဖြင့် အားလုံး မှန်ကန်သင့်မြတ်ကြောင်း မိန့်တော်မူကာ အလှူတစ်ထောင်နှင့် နှိုင်းယှဉ်အပ်သည့် အလှူအကြောင်းနှင့် သမုဉ္ဖကအလှူ၏ မွန်မြတ်ပုံအကြောင်းတို့ကို ထပ်လောင်းဆွေးနွေးကာ လိုအပ်သည့် တရားစကားကို မိန့်ကြားတော်မူရင်း ဓမ္မစကားဝိုင်းအား အဆုံးသတ်ခဲ့ကြ၏။ ဤကား ဓမ္မသာကစ္ဆာဝိုင်း၏ အနှစ်ချုပ် မှတ်တမ်းပင် ဖြစ်ပါ၏။

စင်စစ် အထက်ပါ အမေးအဖြေများ၊ ဆွေးနွေးချက်များ ပါရှိသည့် သုတ်တော်၏ အမည်မှာ မစ္ဆရိယ သုတ်တော်ပင် ဖြစ်ပါ၏။ ၀န်တိုမှုအကြောင်းနှင့် စပ်လျဉ်းသည့် နတ်ဒေ၀တာတို့၏ မေးမြန်းလျှောက်ထားချက်များနှင့် မြတ်ဗုဒ္ဓ၏ ဖြေကြားချက်များကို မှတ်တမ်းတင်ထားသည့် ဤသုတ်တော်လာ အကြောင်းအရာများကို အခြား ပရိယာယ်တစ်မျိုးဖြင့် ဒါနစကားဝိုင်းဟု အမည်ပေးကာ ပြန်လည်တင်ပြခြင်း ဖြစ်ပါ၏။ ဤစကားဝိုင်းလာ အကြောင်းအရာများအား ကောက်ချက်ချကြည့်လျှင် သတ္တ၀ါများအား ၀န်တိုမှု မစ္ဆရိယတရားနှင့် မေ့လျော့မှု ပမာဒ တရားများက အလှူဒါန မလုပ်နိုင်ရန် ပိတ်ဆို့ထားတတ်ကြောင်း၊ မိမိတွင်ရှိသည့် ပစ္စည်းဥစ္စာများ ကုန်ဆုံးသွားလျှင် ငတ်မွတ်ခေါင်းပါးမှု အထိပင် ဖြစ်နိုင်သဖြင့် မပေးလို၊ မလှူလိုဘဲ ၀န်တိုနေလေ့ရှိသူများအား ထိုဝန်တိုမှုများကပင် တစ်ဖန်ပြန်ပြီး ဘေးဒုက္ခတစ်ခုခုကို ဖြစ်စေတတ်ကြောင်း၊ ခရီးသွားဖော်အချင်းချင်း ပါလာသည့်အရာလေးများကို မျှဝေပေးကမ်းပြီး ခွဲခြမ်းစားကြသကဲ့သို့ သံသရာ ခရီးသွားများ အနေဖြင့်လည်း သံသရာ ခရီးသွားဖော်အချင်းချင်း မိမိတို့ စွမ်းနိုင်သမျှ ပေးကမ်းလှူဒါန်းခြင်းဖြင့် ၀န်တိုမှု မစ္ဆရိယတရားကို တိုက်ထုတ်သင့်ကြောင်း၊ စင်စစ် မချမ်းသာသော်လည်း ရှိသမျှလေးဖြင့် မျှဝေပေးကမ်းလှူဒါန်း နေသူများသည် သေသူများတွင် မသေသူများသာ ဖြစ်ကြောင်း၊ ပေးလှူနိုင်သည်ကို ပေးလှူမှုမျိုး၊ ပြုလုပ်နိုင်ခဲသည်ကို ပြုလုပ်မှုမျိုးကို သူတော်ကောင်းများသာ လုပ်နိုင်ပြီး ကောင်းမှုကုသိုလ်သည် ကောင်းရာသုဂတိကို ပို့ဆောင်ပေးပြီး မကောင်းမှုသည် ငရဲသို့ လားစေနိုင်ကြောင်း စသည်ဖြင့် မှတ်သားနိုင်ကြမည်၏။ နောက်ဆုံးတွင် မြတ်ဗုဒ္ဓ၏ “အချို့သူများဟာ သားမယားကိုလည်း ပြုစုလုပ်ကျွေး၊ ရှိသမျှကိုလည်း တတ်နိုင်သမျှ ခွဲဝေးလှူဒါန်း၊ ကုသိုလ်တရားကို ရသမျှ စုကာ ဖြူစင်သန့်ရှင်းသည့် အလုပ်များဖြင့် ရရှိလာသည့် အနည်းငယ်လေးကိုပင် ခွဲဝေလှူတတ်ကြောင်း၊ ထိုသူတို့၏ အနည်းငယ်သော အလှူသည် ချမ်းသာသော်လည်း မကောင်းသည့် ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စိုးရိမ်ပူဆွေး သောကလေးများဖြင့် အဖိုးရာထောင်မက လှူဒါန်းနိုင်သူများရဲ့ အလှူထက်ပင် ပိုမွန်သာလွန် မွန်မြတ်ကြောင်း..” မိန့်တော်မူချက်မှာ ကုသိုလ်ကောင်းမှုလုပ်ရာတွင် တန်ဘိုးကြီးမှု၊ မကြီးမှုက အဓိကမကျကြောင်း၊ ဖြူစင်သန့်ရှင်မှုနှင့် စေတနာသဒ္ဓါတရား ကောင်းမှုကသာ အဓိကဖြစ်ကြောင်း ကောက်ချက်ချ မှတ်သားနိုင်မည် ဖြစ်ပါ၏။

မည်သို့ဆိုစေ။ မြတ်ဗုဒ္ဓနှင့် နတ်ဒေ၀တာတို့၏ စကားဝိုင်းသည် ဆွေးနွေးကြသူများနှင့် နာကြားသူများအား အသိတရားတစ်ခုခု ရရှိသွားကာ အမြင့်ဆုံး မဂ်ဖိုလ်တရားများ အထိ တည်သွားကြသည်ကား အမှန်ပင် ဖြစ်ခဲ့ပါ၏။ ထိုစကားဝိုင်းမှ ထွက်ပေါ်လာသည့် ဆွေးနွေးချက်များသည်လည်း ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်များ အတုယူ လိုက်နာစရာများအဖြစ် တည်ရှိနေခဲ့ပေ၏။ ဤသည်မှာ ဆွေးနွေးမေးမြန်းခြင်းဖြင့် ထွက်ပေါ်လာသည့် စကားဝိုင်းများ၏ အကျိုးသက်ရောက်မှုပင် ဖြစ်ပေ၏။ ထို့ကြောင့် သူတော်ကောင်းများနှင့် တွေ့ဆုံကြသည့် အခိုက်တွင် ထိုသူတော်ကောင်းများ၏ စကားဝိုင်းတွင် မိမိတို့ကိုယ်တိုင် ပါဝင်နိုင်အောင် ကြိုးစားပြီး သူတော်ကောင်းစကား၊ သူတော်ကောင်း တရားများကို အတုလိုက်၍ ကျင့်ကြံနိုင်အောင် ကြိုးစားသင့်ကြောင်း အကြံပြုရင်း မြတ်ဗုဒ္ဓနှင့် နတ်ဒေ၀တာတို့၏ တရားစကား ဆွေးနွေးသံများအား စေတနာထား မေတ္တာအားဖြင့် တစ်ဆင့်ပါးလိုက်ရပါ ပေတော့၏။

Read more »

ကျင့်နိုင်သူတွေ ကျင့်ကြပါစေ…

သာသနာပြု ရဟန်းတော်များ၊ တရားဟော ဘုန်းတော်ကြီးများရဲ့ ဟောရေးပြောရေး သာသနာပြုရေး အပိုင်းတွေဟာ တစ်ခါတစ်ရံ ရောက်ရှိသီတင်းသုံး နေထိုင်ရတဲ့ နေရာဒေသ၊ ပတ်ဝန်းကျင်နဲ့ လူဒကာဒကာမများရဲ့ လုပ်ကိုင်စားသောက်ကြတဲ့ အလုပ်အကိုင်များကြောင့် အခက်အခဲ ဖြစ်ရတာတွေလည်း ရှိပါတယ်။ ဓမ္မစာပေက ညွှန်ကြားတဲ့အတိုင်း ဟောကြားပေးရတဲ့ ဆောင်ရန်ရှောင်ရန်တွေဟာ လက်တွေ့ပိုင်းမှာ ဒီအလုပ်တွေနဲ့ ဘ၀ရပ်တည်ရေး ကြိုးစားနေကြတဲ့ သူတွေအတွက် အတော်အခက်အခဲ ဖြစ်တတ်ကြပါတယ်။ ဗုဒ္ဓဘာသာက ညွှန်ကြားထားတဲ့ ရှောင်ကြဉ်စရာများဟာ တစ်ချို့နိုင်ငံ၊ တစ်ချို့ဒေသမှာ နေ့စဉ်မဖြစ်မနေ လုပ်နေကြရတဲ့ အရာတွေ ဖြစ်နေသလို၊ တစ်ချို့ နိုင်ငံတွေကျပြန်တော့ ယဉ်ကျေးမှု တစ်ရပ်လို ဖြစ်နေတာတွေလည်း ရှိပြန်ပါတယ်။

အဲဒီလို အခြေအနေမျိုးမှာ တစ်ချို့ ဒကာဒကာမများက “အရှင်ဘုရားတို့ ဟောတာကတော့ ဟောတာပေါ့ဘုရား…၊ သိပ်ပြီးတော့ တိုက်ရိုက်ကြီး မပြောတာကောင်းပါတယ် ဘုရား…၊ အရှင်ဘုရားတို့ သိတဲ့အတိုင်း ဒီနိုင်ငံမှာက ဒီအလုပ်တွေလုပ်မှ သွားရေးလာရေး ပေါင်းသင်းဆက်ဆံရေး အဆင်ပြေတာ ရှိသလို၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့လည်း လိုက်လျောညီထွေ ဖြစ်စေပါတယ်၊ ဒါကြောင့်မို့ ဟောတဲ့ပြောတဲ့အခါ မှန်ပေမယ့် တဲ့ကြီးတော့ မကောင်ဘူးလားလို့ ဘုရား…”ဆိုပြီး လျှောက်တတ်ကြပါတယ်။ “အင်း… စာပေအရှိအတိုင်းတော့ ဟောရမှာပဲ၊ လျှော့ပြီး ပြင်ပြီးတော့တော့ ဟောလို့မရဘူး၊ အားနာပြီး အမှန်ကို အမှားအဖြစ်အောင်ကတော့ မဖြစ်နိုင်ဘူး။ ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ဆောင်ရန်ရှောင်ရန်တွေကို ဘုရားဟောအတိုင်း၊ စာပေလာအတိုင်း ဟောပြရမှာ ဘုန်းဘုန်းတို့ တာဝန်ပါ၊ အဲဒီအထဲကမှ ကျင့်နိုင်တဲ့သူတွေ ကျင့်ကြပါစေပေါ့…” စသဖြင့် ပြန်မိန့်ရပါတယ်။ ဟုတ်ပ။ အားနာလို့များ ဘုရားဟောတရားတွေကို လူ့အကြိုက်လိုက်ပြီး ပြင်လိုက်လို့ကတော့ ဒီနေ့ထေရ၀ါဒ ဓမ္မဆိုတာတွေ ရှိမှာမဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်အောင်တော့ အမှန်အတိုင်း ဟောပြပေးရမှာ ဖြစ်ပါတယ်။

ဘုန်းကြီးတွေရဲ့ အခက်အခဲကလည်း အဲဒါပဲ။ လူအမျိုးမျိုး၊ နေရာဒေသအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးနဲ့ လုပ်ငန်းအမျိုးမျိုး ရှိနေတဲ့ ဒကာဒကာမများကြား ရောက်နေပြန်တော့ သူတို့ရဲ့ အလုပ်တွေနဲ့ ဟောရပြောရတဲ့ တရားတွေနဲ့က တစ်ခါတစ်လေ ဆန့်ကျင်ဘက်ကို ဖြစ်နေတော့တာပါ။ အထူးသဖြင့် သီလသိက္ခာပုဒ်တွေ စောင့်ထိန်းဖို့ ပြောရတဲ့အပိုင်းမှာ ပိုပြီးအခက်အခဲ ဖြစ်ရပါတယ်။ တစ်ရွာလုံး တံငါအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုလုပ်ရတဲ့ တံငါရွာကြီးမှာ သာသနာပြု ကျောင်းထိုင်ရတဲ့ ဆရာတော်လိုပေါ့။ နေတာကတံငါရွာ ဟောနေရတာက ပါဏာတိပါတကို ရှောင်ကြဉ်ကြဖို့ဆိုတော့ စားလည်းစားနေသေးတယ် မလုပ်နဲ့လို့လည်း ပြောနေသေးတယ်လို့ကို ပြောစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါတွေကို ငဲ့ပြီး “သူ့အသက်ကို သတ်တာကောင်းတယ်၊ များများသာလုပ်” လို့တော့ ပြင်ပြီးဟောလို့ မဖြစ်ပါဘူး။ အခြေအနေလိုက်ပြီးလည်း လျှော့ပေးလို့ မရပါဘူး။ အရှိကို အရှိအတိုင်းတော့ ဟောရပြောရမှာ ဖြစ်ပါတယ်။ လိုက်နာတာ မလိုက်နာတာကတော့ သူတို့အပိုင်း ဖြစ်သွားပါပြီ၊ အရှိကို ထုတ်ပြရမှာက ဘုန်းကြီးတွေရဲ့ အပိုင်းပါ။ ဒီအထဲကမှ လိုက်နာနိုင် ကျင့်ကြံနိုင်သူတွေ အနေနဲ့ လိုက်နာကျင့်ကြံ ကြပါစေပေါ့။

ဘုန်းဘုန်း အခု သီတင်းသုံးနေတဲ့ နိုင်ငံမှာဆိုလည်း ဒီအခက်အခဲတွေ ရှိနေပါတယ်။ ဘာသာမဲ့ အများစုဖြစ်နေတဲ့ သူတို့လူမျိုးတွေဟာ ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးလွန်း နေသလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း ဘာသာတရား အဆုံးအမတွေ အပေါ်မှာ အဆိုးမြင်နေတတ်တာ ဖြစ်ပါတယ်။ ဘာသာတရား အဆုံးအမမရှိတော့ ကိုယ်ကျင့်တရားပိုင်းမှာလည်း အားနည်းနေတတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ငါးပါးသီလ စောင့်ထိန်းမှုလိုမျိုး ထိန်းသိမ်းစောင့်ရှောက်စရာ အကျင့်သီလ မရှိတော့ သူများအသက်သတ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်တာ၊ အရက်သေစာ သောက်စားတာ စတာတွေဟာ သူတို့အတွက် အကုသိုလ် အလုပ်တွေဆိုတာ စဉ်းတောင်မစဉ်းစားတဲ့ သဘောရှိပါတယ်။ တစ်ခါတစ်လေ အကုသိုလ် အလုပ်တွေအပေါ်မှာ ပျော်ပျော်ပါးပါး လုပ်နေကြတဲ့ သူတို့ကိုကြည့်ပြီး ပြန်ခံရတဲ့အခါ ဘယ်လောက်များ ခံရလိုက်မလဲလို့ တွေးနေမိပါတယ်။ ဒါပေမယ့် သူတို့ကတော့ ပျော်ပျော်ပါးပါးပါပဲ။

ဒီနိုင်ငံ ဒီလူမျိုးတွေကို တရားဟောတဲ့အခါ ခက်ခဲတဲ့အချက်က သူများအသက်ကို မသတ်ဖို့ ဟောရတာတွေ၊ ကာမေသုမိစ္ဆာစာရကို ရှောင်ကြဉ်ဖို့ ဟောရတာတွေ၊ အထူးသဖြင့် သုရာမေရယကို မလုပ်ဖို့ ပြောရတာတွေက တော်တော်ကို မလွယ်တဲ့ ကိစ္စဖြစ်နေပါတယ်။ သူ့အသက်သတ်တာကို ရှောင်ဖို့နေနေသာ အရှင်လတ်လတ်စားမှ ပိုပြီးအရသာ ရှိတယ်ဆိုကာ အရှင်တွေရောင်း၊ အရှင်တွေစားနေတဲ့ သူတွေကို ပါဏာတိပါတက ရှောင်ကြဉ်ဖို့ ဟောပြောရတာ တော်တော်ဒုံးဝေးပါတယ်။ ငါးမျှားရတာ၊ ငါးဖမ်းရတာတွေကို အကုသိုလ်လို့မထင်ဘဲ ၀ါသနာတစ်ခုအနေနဲ့ ပျော်ပျော်ပါးပါး အအိပ်ပျက်ခံပြီး လုပ်နေကြတဲ့အပြင် ငါးမျှားချိတ်မှာ မိလာတဲ့ငါးကို အရှင်လတ်လတ် အစိမ်းလိုက် ကိုက်စားတာ အရသာပိုရှိတယ်လို့ ဆိုလာပြန်တော့ အဲဒါပါဏာတိပါတကံ မြောက်တယ်လို့ ပြောဖို့ရာ ခက်နေပြန်ပါတယ်။ ပင်လယ်ကမ်းခြေတွေမှာ ဖွင့်ထားတဲ့ ပင်လယ်အစားအစာ စားသောက်ဆိုင်တွေမှာဆို အရှင်လတ်လတ်တွေ ပြထားပြီး စားချင်တဲ့သူက ဒါစားချင်တယ်လို့ လက်ညှိုးထိုးပြတဲ့အခါ ရှေ့မှာပဲ ခုတ်ထစ်ရောင်းချ စားသောက်ကြတာတွေက သူ့အသက်သတ်တာဟာ ခက်ခဲတဲ့အရာ မဟုတ်ဘူးဆိုတာ ပြသနေကြတဲ့အပြင် ဒါတွေလုပ်လို့ ပြန်ခံရတတ်တယ်ဆိုတာလည်း အယုံအကြည်မရှိတဲ့ သူတွေဖြစ်နေလေတော့ အစိမ်းသက်သက်ကြီး ပါဏာတိပါကို ရှောင်ဖို့ ဟောပြောရတာ ခက်နေရပါတယ်။

နောက် ကာမေသုမိစ္ဆာစာရနဲ့ ပတ်သက်တဲ့ အပိုင်းမှာလည်း ဒီလူမျိုးတွေရဲ့ အယူအဆက တစ်မျိုးဖြစ်နေ ပြန်ပါတယ်။ သူတို့ပြောနေကျဖြစ်တဲ့ ချစ်တာနဲ့ လက်ထပ်တာ တစ်ခြားစီပဲဆိုတဲ့ အချက်ကို သူတို့ကိုယ်တိုင် လက်ထပ်တဲ့ သူကတစ်ယောက် ချစ်ရည်လူးတဲ့သူက တစ်ယောက်ဖြစ်နေတယ် ဆိုတာကို နေရာတိုင်းမှာ အလွယ်တကူ ရှိနေတဲ့ ဟိုတယ်၊ မိုတယ်များ၊ အင်း၊ ဧည့်ရိပ်မွန်စတာတွေက သက်သေပြနေသလို ဒီဟိုတယ်၊ မိုတယ်မှာ ရှိနေကြတဲ့ ၀န်ထမ်းတွေကတော့ အိမ်ထောင်ရှိနေသူ၊ မရှိသူများကို ကောင်းကောင်းသိနေကြမှာ ဖြစ်ပါတယ်။ တစ်လင်တစ်မယား စနစ်ထက် အိမ်ထောင်ဖက်ကတစ်ခြား ချစ်သူကတစ်ခြား ဖြစ်နေကြတဲ့သူတွေ များနေတော့ ကာမေသုမိစ္ဆာစာရ သီလနဲ့ ပတ်သက်တဲ့အပေါ်မှာ ဟောရပြောရတာ အခက်အခဲ ဖြစ်တတ်ပါတယ်။

နောက်အဆိုးဆုံး အချက်က သုရာမေရယလို့ ခေါ်တဲ့ အရက်သေစာ သောက်စားမှုက အဆိုးဆုံးပါပဲ။ အရက်သောက်တာဟာ ယဉ်ကျေးမှုတစ်ရပ်လို ဖြစ်နေတဲ့ ဒီနိုင်ငံမှာ လူတွေမပြောနဲ့ သူတို့နိုင်ငံက ဘုန်းကြီးတွေတောင် ပါတီပွဲလေးတက်ပြီး အရက်လေးနဲ့ နှက်နေတာတွေ ရှိတတ်ပါတယ်။ ဘုန်းကြီးတွေကိုယ်တိုင်က အရက်ကို အရက်မဟုတ်ဘူး၊ ဆေးဆိုပြီး လုပ်နေကြတော့ သူတို့ ဗုဒ္ဓဘာသာဝင်တွေမှာ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိဆိုတာ ဟောတာလည်း မကြားဘူးသလို ဆောက်တည်ရ ကောင်းမှန်းလည်း မသိကြပါဘူး။ ဘုန်းကြီးတွေရော လူတွေပါ အရက်သောက်မှ ဆက်ဆံရေး အဆင်ပြေသလို၊ အရေးကိစ္စရှိလို့ တွေ့ကြဆုံကြရင်လည်း အရက်ကလေးပါမှ မြိုင်မြိုင်ဆိုင်ဆိုင် ရှိတတ်ကြတာ ဆိုတော့ အရက်မသောက်ဖို့ တားမြစ်မယ်ဆိုရင် သူတို့အတွက်တော့ ရန်သူလိုပါပဲ။ ဒါကြောင့် ဒီလိုနိုင်ငံ ဒီလိုလူမျိုးတွေကို သာသနာပြုဖို့အတွက်က သီလကထာ၊ ဒါနကထတွေထက် လက်တွေ့ဆန်တဲ့ ကျင့်ကြံအားထုတ်မှုနဲ့ စတင်ရပါတယ်။ တကယ်လုပ်ရင် တကယ်အကျိုးရှိစေတဲ့ လက်တွေ့အားထုတ်မှု အပိုင်းကို အားထုတ်စေပြီး သူတို့ကိုယ်တိုင် ဓမ္မအနှစ်သာရကို သိလာတဲ့အခါကျမှ ဒီထက်ပိုပြည့်စုံတဲ့ အနှစ်သာရတွေသိဖို့ အကျင့်သီလပိုင်းလည်း အရေးကြီးကြောင်း ပြောဆိုကာ သီလဆောက်တည်ဖို့ ဟောပြောပေးရပါတယ်။

ထားပါတော့။ ပြောချင်တာက နေရာဒေသ၊ လူမျိုးများနဲ့ လုပ်ကိုင်စားသောက်မှုများကို လိုက်ပြီး ဟောရပြောရတာ ခက်ခဲတတ်တဲ့အကြောင်း ပြောချင်တာပါ။ ခက်ခဲတယ်ဆိုပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။ ဒီအထဲကမှ သဒ္ဓါတရား ရှိတဲ့သူတွေ၊ ပါရမီအားကောင်းတဲ့ သူတွေကတော့ မလွယ်ပေမယ့် ဖောက်ထွက်နိုင်ကြပါတယ်။ ဒီအလုပ်တွေဟာ အကုသိုလ် အလုပ်တွေဆိုတာ သိတဲ့အခါ တစ်ခြားအလုပ်တွေနဲ့ ပြောင်းပြီး အကျင့်ကောင်းအောင် ပြုလုပ်တဲ့သူတွေ ရှိပါတယ်။ ဒါကြောင့်လည်း အများစုက ဘာသာတရား အဆုံးအမတွေနဲ့ ဆန့်ကျင်နေလို့ လျော့လျော့ပေါ့ပေါ့ ဟောဖို့ ပြောလာကြတဲ့ အပေါ်မှာ ဘုန်းဘုန်းတို့က “လျော့လို့တော့ မရဘူး၊ ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ဖို့ အရှိအတိုင်းတော့ ဟောရမှာပါ”လို့ ပြောရခြင်း ဖြစ်ပါတယ်။

နိုင်ငံခြားမှာ အနေကြာလာလို့လား မသိဘူး။ မြန်မာအချို့တွေမှာ ဒီလို အယူအဆလေးတွေ ရှိလာတတ်တာကို တွေ့ရတတ်ပါတယ်။ တစ်ချို့က တရားဟောတဲ့အခါ “အရှင်ဘုရား အဲလိုတဲ့ကြီးတော့ မကောင်းဘူးလားလို့၊ သူတို့ဆီမှာ ဒါတွေက ယဉ်ကျေးမှုလို ဖြစ်နေတာ၊ ဒီလို ကိစ္စမျိုး မလုပ်ရင် အဆင်မပြေလှဘူး”လို့ ပြောလာတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ်ကိုယ်တိုင်ပဲ စဉ်းစားကြဖို့ လိုပါတယ်။ ဘုန်းဘုန်းတို့အနေနဲ့ အရှိကို အရှိအတိုင်းတော့ ဟောပြောပေးဖို့ တာဝန်ရှိပါတယ်။ သေချာတာကတော့ အားလုံးဟာ ဟောမရ၊ ပြောမရတဲ့သူတွေ မဟုတ်သလို၊ သူ့နိုင်ငံရောက်တိုင်း သူ့လိုမျိုးတွေလို လိုက်လုပ်နေတဲ့သူတွေချည်း မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ အဲဒီတော့ သောက်တာစားတာတွေကို မရှောင်နိုင်သလို အကျင့်သီလတွေမှာ မကျင့်သုံးနိုင်တဲ့သူတွေ များနေပေမယ့် ဒီအထဲက ဖောက်ထွက်လာသူတွေလည်း ရှိနေတဲ့အတွက် အများက မကျင့်နိုင်လို့၊ အများကို ငဲ့ပြီး ဒီလိုလေးတော့ ဟောစေချင်တယ်၊ ဒီလိုလေးတော့ ပြင်စေချင်တယ် ဆိုလာတဲ့အပေါ်မှာ ကိုယ်ကိုယ်တိုင် မကျင့်နိုင်ကြပေမယ့် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ကြစေဖို့ ဘုရားမျက်နှာကို ကြည့်ပြီး အရှိအတိုင်းတော့ ဟောနေရဦးမှာပဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျင့်နိုင်တဲ့သူတွေကတော့ ကျင့်နေကြတာ အမှန်ပါပဲ။

ဒါကြောင့် ဒေရာဒေသ၊ ပတ်ဝန်းကျင်နဲ့ လုပ်ကိုင်စားသောက်ရတဲ့ အခက်အခဲတွေကြောင့် ဗုဒ္ဓရဲ့ အဆုံးအမများနဲ့ မညီနိုင်တဲ့ အခြေအနေ များလာတဲ့အပြင် ဘုန်းကြီးများရဲ့ ဟောတာပြောတာတွေကြောင့် ဒို့ကိုစောင်းပြီး ဟောနေတယ်လို့ ခံစားလာရပြီး ဒီလိုလေးဟောရင် ကောင်းမှာပဲ၊ ဒါလေးတော့ ရှောင်ပြောရင် ကောင်းမှာပဲ စတဲ့ အတွေးတွေနဲ့ အကြံပြု လျှောက်ထားလာကြတဲ့ အပေါ်မှာ “ဘယ်သူ့ဘယ်သူကိုမှ စောင်းပြောစောင်းဟောတာ မဟုတ်ဘဲ အရှိကို အရှိအတိုင်း ဘုရားဟော ဒေသနာတော်ကို ထုတ်ပြခြင်းသာ ဖြစ်တဲ့အတွက် အများက မကျင့်နိုင်ကြပေမယ့် ကျင့်နိုင်တဲ့သူတွေ ကျင့်နိုင်ကြစေဖို့ မကြိုက်ပေမယ့်လည်း ဟောပေးနေရဦးမှာ ဖြစ်ပါတယ်”လို့ပဲ ပြောကြားရင်း ကျင့်နိုင်သူတွေ ကျင့်ကြပါစေဆိုတဲ့ ဆန္ဒနဲ့ အများမကြိုက်ပေမယ့် အမှားမလိုက်အောင် တရားဘက်တော့ လိုက်နေရမှာပဲလို့ ဆိုလိုက်ရပါတော့တယ်။

Read more »

လူပုဂ္ဂိုလ်နဲ့ ၀ိနည်းသိက္ခာပုဒ်…

“အရှင်ဘုရား.. လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကို သိထားသင့်ပါသလား…၊ လူတွေဝိနည်းတတ်ရင် ရဟန်းသံဃာတော်များအပေါ် အပြစ်တွေပဲ ကြည့်နေတတ်တဲ့အတွက် သာသနာတော်အပေါ် ကြည်ညိုမှု လျော့မသွားနိုင်ဘူးလား..၊ လူတွေ ၀ိနည်းတော်ကို သိခြင်းမသိခြင်းမှာ ဘယ်ဟာက ပိုပြီး အကျိုးကျေးဇူး များနိုင်ပါသလဲ ဘုရား…” စတဲ့ အမေးတွေနဲ့ လူနဲ့ဝိနည်းတော် အကြောင်း မေးမြန်း ပြောဆိုလာတဲ့သူတွေ ရှိပါတယ်။ ဒီအမေးတွေအတွက် ဘုန်းဘုန်းကတော့ “လူတွေအနေနဲ့လည်း ရဟန်းတော်များရဲ့ ၀ိနည်းတော်အကြောင်း သိထားသင့်ပါတယ်၊ သိခြင်းအားဖြင့် သာသနာတော် အတွက်ရော သာသနာ့ဝန်ထမ်း ရဟန်းတော်များ အတွက်ပါ ပိုပြီးအကျိုးကျေးဇူး များနိုင်ပါတယ်..”လို့ ပြောလိုပါတယ်။ “လူပုဂ္ဂိုလ်နဲ့ ၀ိနည်းသိက္ခာပုဒ် ဆက်စပ်နိုင်ရင် ကောင်းတဲ့အချက်ပဲ”လို့ ဆိုချင်ပါတယ်။

ဟုတ်ပါတယ်။ ဒီနေ့ခေတ်ဟာ သဒ္ဓါပညာ ယုတ်လျော့လာတဲ့ ခေတ်ဖြစ်တဲ့အပြင် အကျင့်သီလပိုင်းလည်း အားနည်းလာတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့်လည်း သတ္တ၀ါတွေဟာ ကျင့်ကြံကြိုးကုတ် အားထုတ်မှုများမှာ လျော့ရဲရဲ ဖြစ်လာကြတာ ဖြစ်ပါတယ်။ အဲဒီယုတ်လျော့မှုတွေထဲမှာ သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်များအပေါ် လိုက်နာကျင့်ကြံ စောင့်ထိန်းမှု အားနည်းလာတာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်းများ ဖြစ်နေပေမယ့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာ သာယာမှုများ နောက်ကိုလိုက်ပြီး ၀ိနည်းသိက္ခာပုဒ်တွေထဲက ပေါ့ပါးတဲ့ ၀ိနည်းသိက္ခာပုဒ်လေးတွေကို အလေးမထားတော့ဘဲ ပေါ့ပေါ့တန်တန် နေလာတာတွေ ရှိလာပါတယ်။ အဲဒီလို အသေးအဖွဲလေးပါပဲ ဆိုပြီး အလေးမထားဘဲ ပြုလုပ်တတ်တာလေးတွေဟာ ကြာလာတော့ လူရှေ့သူရှေ့လည်း မရှောင်ဘဲ လုပ်ကုန်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ ဒီလို လူတွေရှေ့မှာကို မရှောင်လုပ်လာကြတော့ သဒ္ဓါတရားအားနည်းတဲ့ သူတွေက “ဒီကိုယ်တော်တွေ အလကားပါ၊ ၀ိနည်းတော်နဲ့ မညီတဲ့ ကိုယ်တော်တွေပါ၊ လူတောင်မလုပ်တဲ့ အလုပ်တွေကို လုပ်နေတော့ ဘုန်းကြီးလည်း မဟုတ်တော့ပါဘူးကွာ” စသဖြင့် ပြောဆိုကဲ့ရဲ့ လာတာတွေအထိ ဖြစ်လာတတ်ပါတယ်။

ဒီလို ပြောလာတဲ့ အခါကျတော့ အပြောခံရတဲ့ ကိုယ်တော်တွေကလည်း မခံနိုင်ဖြစ်လာပြီး “လူတွေအနေနဲ့ ဘုန်းကြီးတွေရဲ့ ၀ိနည်းသိက္ခာပုဒ်အကြောင်း မသိဘဲနဲ့ လာပြောမနေနဲ့၊ လူတွေအနေနဲ့ ငါးပါးသီလလေးတောင် လုံအောင်မထိန်းနိုင်ဘဲနဲ့ ဘုန်းကြီးတွေရဲ့ ၀ိနည်းသိက္ခာပုဒ်အကြောင်း မပြောသင့်ဘူး၊ ဒို့ကျူးလွန်မိတဲ့ အာပတ်တွေဟာ ဒေသနာကြားရင် ပျောက်တဲ့အာပတ်တွေပဲ၊ ဘာပဲညာပဲ” စသဖြင့် ပြန်လှန်ပြောဆိုတာတွေ ရှိလာပါတယ်။ နောက်ဆုံးတော့ ဆရာဒကာကြားမှာ အဆင်မပြေ ဖြစ်လာတဲ့အထိ အခြေအတင် ဖြစ်ကုန်ကြပါတော့တယ်။ ဒါဟာ ၀ိနည်းသိက္ခာပုဒ်အချို့ကို ဖောက်ဖျက်တတ်တဲ့ ရဟန်းတော်များရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဖြစ်သလို ၀ိနည်းသိက္ခာပုဒ်ကို အပြည့်အ၀ နားမလည်ဘဲ “သင်္ကန်းဝတ်ပြီး ဒါတွေလုပ်နေမှတော့ ရဟန်းမဟုတ်တော့ဘူး” ဆိုတဲ့ ကိုယ့်ထင်မြင်ချက်လေးနဲ့ ပြောဆိုကဲ့ရဲ့ တတ်တဲ့ လူပုဂ္ဂိုလ်တွေကြောင့်လည်း ပါဝင်ပါတယ်။ ၀ိနည်းသိက္ခာပုဒ်တွေကို တိတိကျကျ သိမထားတော့ ရဟန်းတော်များဘက်က ကျူးလွန်မိတတ်တဲ့ ပေါ့ပေါ့ပါးပါး သိက္ခာပုဒ်လေးတွေကိုပဲ ကြီးကြီးမားမားတွေကို ကျူးလွန်နေသလို ထင်သွားတတ်ပြီး စွတ်စွဲကဲ့ရဲ့ကာ အပြစ်ယူတာတွေအထိ ဖြစ်ကုန်တတ်ပါတယ်။

သိတဲ့အတိုင်း ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေကလည်း အများသား။ အကျဉ်း (၂၂၇)ပါး၊ အကျယ်ပြောရင် ကုဋေကိုးထောင်ကျော် အထိကို ရှိတာပါ။ အဲဒီထဲမှာမှ ကြီးလေးတဲ့ ဂရုကအာပတ်နဲ့ ပေါ့ပါးတဲ့ လဟုက အာပတ်တွေရယ်လို့ ခွဲခြားနိုင်ပါတယ်။ ပါရာဇိက အာပတ်တွေလို ကျူးလွန်မိတာနဲ့ ရဟန်းဘ၀ဆုံးရှုံးသွားတဲ့ အာပတ်တွေ ရှိသလို၊ သံဃာအင်အားနဲ့ ခက်ခက်ခဲခဲ ကုစားမှ အပြစ်ကျေတဲ့ အာပတ်တွေလည်း ရှိပါတယ်။ ပြီးတော့ အာပတ်ဖြေတယ်လို့ ခေါ်တဲ့ ဒေသနာ ကြားရုံနဲ့ ပျောက်တဲ့ အာပတ်တွေကလည်း အများကြီး ရှိပါတယ်။ ဒီလို အာပတ်အမျိုးမျိုး ရှိတဲ့အတွက် တစ်ချို့ အာပတ်ဖြေရင် ပျောက်တဲ့ သိက္ခာပုဒ်တွေကို ကျူးလွန်မိတဲ့ ရဟန်းတော်များဟာ အခြေအနေအရ ကျူးလွန်မိတတ်ပေမယ့် အခါအားလျော်စွာ ဒေသနာလေးတွေ ကြားနေတဲ့အတွက် အာပတ်တွေကို ဖြေဖျောက်ထားစေနိုင်ပါတယ်။ လူတွေအနေနဲ့က ဒီအခြေအနေတွေကို မသိရတော့ ရဟန်းတော်များ အသေးအဖွဲ အာပတ်လေးတွေကို ကျူးလွန်မိတာကိုပဲ ရဟန်းမဟုတ်ဘူးလို့ ပြောဆိုလာမိတတ်ပါတယ်။ ဒီအခါမှာ ရဟန်းတော်များနဲ့ ထိပ်တိုက်တွေ့ကာ အဆင်မပြေတဲ့အထိ ဖြစ်ကုန်ပါတော့တယ်။

ဆိုကြပါစို့။ နေ့လွဲညစာစားတာ၊ သီချင်းဆိုမိတာ၊ ဟိုကားဒီကားတွေ ကြည့်မိတာ စတာတွေဟာ ရဟန်းတော်များရဲ့ ၀ိနည်းသိက္ခာပုဒ်တွေအရ ဒေသနာကြားရင် ပျောက်တဲ့အာပတ်မျိုးပါ။ ယုတ်စွအဆုံး အရက်သောက်မိတာကိုတောင် ၀ိနည်းတော်အရတော့ ဒေသနာကြားရင် ပျောက်တဲ့အာပတ်မျိုးထဲမှာ ပါဝင်ပါတယ်။ ဒီလို အသေးအဖွဲ အာပတ်ဆိုတာကို မသိတဲ့အခါကျတော့ ဒါတွေကျူးလွန်မိတာကို တွေ့တဲ့ လူတွေအနေနဲ့ “ဒီကိုယ်တော်တွေ ဘုန်းကြီး မဟုတ်တော့ပါဘူး”လို့ ပြောဆိုကဲ့ရဲ့တဲ့အထိ ဖြစ်ကုန်တတ်တဲ့ သဘောရှိပါတယ်။ ဒါပေမယ့် ရဟန်းတော်များ အနေနဲ့ သတိပြုသင့်တာက အရက်သောက်တာဟာ ၀ိနည်းတော်အရ အာပတ်အသေးလေးလို့ ဆိုပေမယ့် လောကကြောင်းအရတော့ ကြီးလေးတဲ့ အပြစ်ကြီး တစ်ခုဖြစ်နေတယ်ဆိုတာ သတိပြုရပါမယ်။ အကောင်းဆုံးကတော့ ၀ိနည်းသိက္ခာပုဒ်တွေကို ဘာပဲဖြစ်ဖြစ် မကျူးလွန်မိတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒီလို နားလည်မှု လွဲတတ်တာလေးတွေ ရှိတဲ့အတွက် လူတွေအနေနဲ့လည်း ၀ိနည်းတော်တွေကို သိထားဖို့ လိုတယ်လို့ ဆိုလိုတာပါ။ ၀ိနည်းသိတဲ့အတွက် ရဟန်းတော်များအပေါ် အကြည်ညိုလျော့ပြီး ကဲ့ရဲ့မှု ပိုများနိုင်တယ် ဆိုတာကတော့ ပုဂ္ဂိုလ်တစ်ဦးချင်းစီရဲ့ သဒ္ဓါတရားနဲ့ ဆိုင်သွားပါတယ်။ သဒ္ဓါတရားကောင်းပြီး သာသနာတော်ကို ကြည်ညိုတတ်တဲ့ သူတွေကတော့ အကြည်အညို မပျက်ကြပါဘူး။ ၀ိနည်းတွေကို သိထားတဲ့အတွက် ပိုလို့တောင် နားလည်ပေးတတ်နိုင်ပါတယ်။ ဒါက အာပတ်အသေး၊ ဒါက အာပတ်အကြီး ဆိုပြီး ခွဲခြားနာလည်ကာ ပိုပြီး ကြည်ညိုမှုကိုတောင် ပေးနိုင်ပါသေးတယ်။ ၀ိနည်းနားလည်တဲ့အတွက် ၀ိနည်းတော်နဲ့ အပ်စပ်အောင် ရဟန်းတော်များအပေါ် ပြုစုလုပ်ကျွေးနိုင်တာကြောင့် ကုသိုလ်တရားတောင် ပိုမိုတိုးပွားနိုင်ပါတယ်။ ၀ိနည်းသိက္ခာပုဒ်နဲ့ မညီတဲ့ ရဟန်းတော်အချို့ကို တွေ့ရင်လည်း သာသနာတော်ကို ကြည်ညိုတဲ့စိတ်နဲ့ စေတနာထား ထောက်ပြကာ ကျူးလွန်မိတဲ့ ရဟန်းတော်များကို နောင်မကျူးလွန်မိဖို့ ပြုပြင်ပေးလာနိုင်ပါတယ်။ ဒါကြောင့် လူတွေအနေနဲ့ ၀ိနည်းတော်အကြောင်း သိထားတာက ပိုကောင်းပါတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

အကယ်၍ လူတွေအနေနဲ့ ၀ိနည်းသိက္ခာပုဒ်တွေဟာ ဒို့နဲ့မဆိုင်ပါဘူး၊ ရဟန်းတော်များ အလုပ်ပါ၊ သူ့အလုပ်သူလုပ်ပါစေ ဆိုတဲ့ သဘောမျိုး ရှိနေရင်တော့ ၀ိနည်းတွေကို သိထားဖို့ မလိုပါဘူး။ ဒါပေမယ့် ကိုယ်မသိတဲ့ အရာတွေအပေါ်မှာတော့ အလွယ်တကူ ပြစ်တင်ဝေဖန်တာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့်အထင်နဲ့ ဒါဟာ ၀ိနည်းနဲ့မညီဘူး၊ ဒီကိုယ်တော် လူဖြစ်နေပြီ စတဲ့အတွေး၊ အပြောတွေနဲ့ အသေးအဖွဲ အာပတ်လေးလောက်ပဲ သင့်ထားတဲ့ ရဟန်းတစ်ပါးပါးကို ကဲ့ရဲ့မိရင် အဲဒီပုဂ္ဂိုလ်ဟာ အာပတ်လေးတွေ သင့်ထားပေမယ့် တကယ်ရဟန်းအစစ် ဖြစ်နေတဲ့အတွက် ဝေဖန်မိတဲ့ ကိုယ့်မှာ အရမ်းအပြစ်ကြီးပါတယ်။ ကိုယ့်ရဲ့ဝေဖန်မှုဟာ စေတနာ အလိုဆိုးမပါရင်တော့ ဒီလောက်အပြစ် မကြီးပေမယ့် ကိုယ်ကိုယ်တိုင် မသိတဲ့အပေါ်မှာ အရမ်းမဝေဖန်၊ မကဲ့ရဲ့တာ ကောင်းပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုးအကောင်းဆိုတာ ရှိတဲ့အတွက် ဒီနေရာမှာ အဓိကပြောချင်တာက လူပုဂ္ဂိုလ်များ အနေနဲ့လည်း ဖြစ်နိုင်ရင် ရဟန်းတော်များရဲ့ ၀ိနည်းတော်အကြောင်းကို သိထားသင့်တယ်လို့ ပြောချင်တာပါ။ ၀ိနည်းအကြောင်းကို သေသေချချာ မသိတဲ့အခါမှာ ၀ိနည်းတော်အရ ပေါ့ပေါ့ပါးပါး အာပတ်လေးတွေကိုလည်း ကိုယ့်အနေနဲ့ အပြစ်အကြီးကြီးလို့ထင်ကာ ရဟန်းတော်များကို လိုတာထက်ပိုပြီး ကဲ့ရဲ့မိတတ်၊ အပြစ်ပြောမိတတ်တဲ့ အပြင် စေတနာ သဒ္ဓါတရားပါ လျော့မိတတ်တဲ့အတွက် ၀ိနည်းတော်တွေကို သိထားရင် ပိုကောင်းတယ်လို့ ဆိုချင်တာပါ။ အကယ်၍ သိထားဖို့မလိုပါဘူး၊ မသိတာ ကောင်းပါတယ်ဆိုရင်လည်း ကိုယ့်အမြင်နဲ့ အလွယ်တကူ ဝေဖန်ပြစ်တင် ကဲ့ရဲ့မှု မပြုကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာဒကာ ရေနဲ့ကြာဆိုသလို ရဟန်းတော်များနဲ့ ဒကာဒကာမများဟာလည်း တစ်ဦးအပေါ်တစ်ဦး အမှီပြုနေကြတာ ဖြစ်တဲ့အတွက် တစ်ဦးအကြောင်းတစ်ဦး သေသေချာချာ နားလည်သဘောပေါက် ထားရင် အပြစ်ပြော ကဲ့ရဲ့တာတွေဟာ တဖြည်းဖြည်း နည်းစေနိုင်မှာဖြစ်လို့ လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ၀ိနည်းဆိုင်ရာများကိုလည်း သိထားသင့်ကြောင်း၊ ၀ိနည်းတော်အကြောင်း သိထားတဲ့အတွက် ရဟန်းတော်များရဲ့ အာပတ်အသေး၊ အကြီးများ အပေါ် ပိုမိုနားလည်နိုင်ပြီး တတ်နိုင်သမျှ ၀ိနည်းနဲ့အညီ ပြုစုလုပ်ကျွေးနိုင်ကြောင်း၊ ၀ိနည်းသိထားတဲ့အတွက် သာသနာတော်ကို တစ်ဘက်တစ်လမ်းမှ ကူညီစောင့်ရှောက်ပေးနိုင်ကြောင်း အသိပေးတင်ပြရင်း ၀ိနည်းမသိဘဲ လက်လွတ်စပယ် ဝေဖန်ပြစ်တင်မှုမျိုး ကိုလည်း အလွယ်တကူ မလုပ်မိအောင် အထူးရှောင်ကြဖို့ အလေးဂရုနဲ့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၉)...

မိုးနတ်မင်းနဲ့ ရှင်ဥပဂုတ်…
မြို့တွေမှာရော တောတွေမှာပါ အလှူမဏ္ဍပ်ကြီးတွေထိုးပြီး အလှူပွဲကြီးတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြတဲ့အခါ မဏ္ဍပ်ကြီးတွေရဲ့ ရှေ့တစ်နေရာရာမှာ ခုံလေးတစ်လုံးနဲ့ ပွဲလေးတစ်ပွဲ ထိုးထားတာကို တွေ့တွေ့ နေရတတ်ပါတယ်။ ဆိုင်ရာတွေကို အဲဒါဘာပွဲလဲလို့ မေးကြည့်တဲ့အခါ ရှင်ဥပဂုတ်ပွဲလို့ ပြောကြပါတယ်။ သူတို့ အဆိုအရ အလှူပွဲမှာ မာရ်နတ်လာနှောက်ယှက်လို့ မရအောင်နဲ့ အလှူပွဲကြီး မိုးရွာပြီး မပျက်ရအောင် မိုးတားတဲ့ သဘောနဲ့ ရှင်ဥပဂုတ် မထေရ်ကြီးကို ပင့်ထားတာလို့ သိရပါတယ်။ လွဲလိုက်တဲ့ ဖြစ်ခြင်းလို့ပဲ ပြောရမလို ဖြစ်နေပါတယ်။ ဒီလုပ်ရပ်တွေဟာ ဒီနေ့အထိ ရှိနေပါတယ်။ အထူးသဖြင့် တောရွာတွေမှာ အလှူပွဲရှိတိုင်း ရှင်ဥပဂုတ်ပွဲလေးကတော့ မဖြစ်မနေ ပါနေတော့တာပါ။ အရိုးစွဲနေတဲ့ ဒီအလွဲကလည်း ပြုပြင်ဖို့ အချိန်သင့်နေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးလေးတွေ၊ အုံးသီးလေးတွေ၊ သပြေခက်လေးတွေနဲ့ ပွဲပေးထားတဲ့ ရှင်ဥပဂုတ်ဟာ သူတို့လုပ်မှပဲ အလှူမဏ္ဍပ်စောင့် အဆင့်လောက်ကို ရောက်သွားတော့တာပါ။ ပွဲလေးထိုးပြီး ပင့်ထားတဲ့ ရှင်ဥပဂုတ်ကို နတ်သာသာ သဘောလောက်အထိ ရောက်စေတော့တာပါ။ ရှင်ဥပဂုတ်ကို ပင့်ထားရင် မိုးတားပေးနိုင်တဲ့ အတွက် မိုးမရွာအောင် မိုးတားခိုင်းတဲ့သဘော သက်ရောက်နေတော့ ရှင်ဥပဂုတ်ဟာ ရဟန်းလား၊ နတ်လား၊ တံခိုးရှင်လားလို့တောင် သံသယ ဖြစ်စရာ ဖြစ်နေပါတယ်။ သေချာတာကတော့ ဒီနေ့ခေတ် အလှူပွဲတွေမှာ မာရ်နတ်ဖျက်လို့ မပျက်အောင်၊ မိုးနတ်မင်းကို မိုးမရွာစေအောင် ရှင်ဥပဂုတ်က လုပ်မပေးနိုင်ဘူးဆိုတာ သေချာပါတယ်။

တကယ်တော့ ဗုဒ္ဓဘာသာအများ သိထားတဲ့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ စာပေမှာပါတဲ့ ရှင်ဥပဂုတ် မဟုတ်ပါဘူး။ လူအများ နားလည်ထားတဲ့ သမုဒ္ဒရာထဲမှာ ကြေးပြဿာဒ်နဲ့ သီတင်းသုံးကာ နေကိုမော့ပြီး ဆွမ်းဘုဉ်းပေးနေတဲ့ ပုံသန္တာန် ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ စာပေမှာလာတဲ့ ရဟန္တာတစ်ပါး မဟုတ်ပါဘူး။ မာရ်နတ်လည်ပင်းမှာ ခွဲသေကောင်ပုတ်ကိုဆွဲပြီး မာရ်နတ်ကို တံခိုးနဲ့ ချွတ်ခဲ့တဲ့ ရှင်ဥပဂုတ်ဟာ ပိဋကတ်သုံးပုံမှာ ဖော်ပြထားခြင်း မရှိပါဘူး။ ရှင်ဥပဂုတ်ဟာ ရဟန္တာမထေရ် ဖြစ်တယ်လို့ ဆိုပေမယ့် ထေရ၀ါဒစာပေတွေမှာ ဖော်ပြထားတဲ့ ရဟန္တာဂုဏ်ရည်တွေနဲ့ မညီတာကို တွေ့ရပြန်ပါတယ်။ ရှင်ဥပဂုတ်မထေရ်ရဲ့ အတ္ထုပ္ပတ်ဟာ မဟာယာနဂိုဏ်းသုံး ကျမ်းစာဖြစ်တဲ့ ဒိဗျာဝါနကျမ်းမှ ဖန်တီးပေးလိုက်တဲ့ ဇာတ်လမ်းတစ်ခုသာ ဖြစ်ကြောင်း၊ ရှင်ဥပဂုတ္တ မထေရ်ဟာ ဣန္ဒဂုတ္တ၊ အဿဂုတ္တ၊ တိဿနာဂ၊ ဥပဂုတ္တတိဿနာဂ၊ အာဂတ်စတယမုနိ ဆိုတဲ့ ဘွဲ့အမည် အမျိုးမျိုးနဲ့ ထင်ပေါ်ကျော်ကြားသူလည်း ဖြစ်ကြောင်း ဆိုပါတယ်။ ရှင်ဥပဂုတ်အကြောင်းကို သာသနာနှစ် ၈၀၀-ခန့်က ရှင်မဟာနမ ရေးသားတဲ့ မဟာဝင်ဝတ္ထုမှာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။ ရှင်မဟာနာမဟာလည်း မဟာယာနကျမ်းစာ ဒိဗျာဝါနမှ ထုတ်ယူပြီး တင်ပြခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒ ပိဋကတ်တော်များလာတဲ့ မထေရ်မဟုတ်ဘူးဆိုတာ သေချာပါတယ်။

ဘာပဲဖြစ်ဖြစ် ရှင်ဥပဂုတ်ရဲ့ နေရာယူမှုကတော့ မြန်မာပြည်မှာ တော်တော် အရိုးစွဲနေတာကို တွေ့ရပါတယ်။ ဆရာတော် တော်တော်များများကလည်း ဒါကို ထေရ၀ါဒနဲ့ မညီကြောင်း ဟောပြောကာ တိုက်ဖျက်ပါတယ်။ ဒါပေမယ့် အစဉ်အလာယုံကြည်မှုကို အရိုးစွဲနေတဲ့ မြန်မာဗုဒ္ဓဘာသာ အများကတော့ မစွန့်လွတ်နိုင်ကြဘဲ ရှင်ဥပဂုတ်ပွဲကို ထိုးမြဲထိုးနေ၊ ရှင်ဥပဂုတ်ကို မဏ္ဍပ်စောင့်အဖြစ် ထားမြဲထားနေ၊ မိုးမရွာအောင် မိုးတားမြဲ တားနေစေပါတယ်။

သေချာတွေးကြည့်ရင် မိုးရွာတာ မရွာတာ ရှင်ဥပဂုတ်နဲ့ မဆိုင်ပါဘူး။ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုနဲ့ပဲ ဆိုင်ပါတယ်။ ရေခိုးရေငွေ့တွေကနေ တိမ်တွေဖြစ်ပြီး တိမ်တွေကတစ်ဆင့် မိုးရွာချတဲ့ သဘောမှာ ရှင်ဥပဂုတ်က ဘာလုပ်ပေးနိုင်မှာလဲပေါ့။ ပြီးတော့ ရှင်ဥပဂုတ်ကို ရဟန္တာမထေရ်လို့ဆိုရင် အနှစ်တစ်ရာတမ်းမှာ ပွင့်တဲ့ ရဟန္တာဟာ အဲဒီလောက်အထိ အသက်ရှည်နိုင်မလားပေါ့။ ရှင်ဥပဂုတ်ဟာ ရုပ်ကသာ ပရိနိဗ္ဗာန်ပြုသွားတာ သူ့ရဲ့တံခိုး ပါဝါတွေနဲ့ စိတ်ဝိညာဉ်ကတော့ ရှင်နေစဲပဲလို့ ဆိုရင်လည်း ရဟန္တာ ပရိနိဗ္ဗာန်စံပြီး နတ်ပဲဖြစ်နေသလိုလို ကောင်းကင်ဘုံပဲ ရောက်နေသလိုလို ဖြစ်နေပါတယ်။ တကယ်ရဟန္တာဆိုရင် ပရိနိဗ္ဗာန်ပြုတာနဲ့ နောက်ထပ်ဘ၀သစ် မရှိတော့ပါဘူး။ ဒီလို သေချာစိစစ်လိုက်မယ်ဆိုရင် ဒီနေ့ခေတ် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ် ပူဇော်ပသနေတဲ့ ရှင်ဥပဂုတ်ဟာ ထေရ၀ါဒနဲ့ မညီတဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ် ဖြစ်နေပါတယ်။ ထေရ၀ါဒစံနဲ့အညီ လိုက်နာကျင့်သုံးနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ဒီလို စာပေမှာ မပါတာတွေ အပေါ်မှာ ကိုးကွယ်ပူဇော် နေမယ်ဆိုရင် ဒါဟာ လွဲမှားနေတာ ဖြစ်ပါတယ်။

စာပေမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရှင်ဥပဂုတ်ကို ရဟန္တာမထေရ် တစ်ပါးအနေနဲ့ ရဟန္တာရဲ့ဂုဏ်ကို အာရုံပြု ရှိခိုးပူဇော်မယ်ဆိုရင် ကုသိုလ်ရနိုင်ပေမယ့် ရဟန္တာပုဂ္ဂိုလ်ကို မသင့်လျော်တဲ့ နေရာတွေမှာထားပြီး နတ်ပူဇော်သလို ပွဲလေးတင်ကာ မိုးတားခိုင်းမယ်ဆိုရင်တော့ အပြစ်ဖြစ်စေနိုင်ပါတယ်။ ဘုရားရဟန္တာတွေလို ဘုရားစင်ပေါ်မှာ သီးသန့်ကိုးကွယ် ပူဇော်ထားရင် ကုသိုလ်ရနိုင်ပေမယ့် မဏ္ဍပ်ရှေ့မှာ ခုံလေးတစ်လုံးနဲ့ ထားတာတို့၊ ချောင်းထဲမြစ်ထဲမှာ ကြေးပြဿာဒ်လေးနဲ့ ထားပြီး ရေမျှောဖို့ လုပ်တာတို့ကတော့ အပြစ်ဖြစ်ပါတယ်။

ဒါကြောင့် ကိုးကွယ်ရာမှ ဘေးမဖြစ်အောင် ထေရ၀ါဒ ဗုဒ္ဓစာပေတွေမှာ မပါတာကို မပါတဲ့အတိုင်းထားပြီး အရိုးစွဲနေတဲ့ ယုံကြည်မှုတွေနဲ့ ဟိုပွဲထိုး ဒီပွဲထိုးကာ ဟိုတင်ဒီတင်လုပ်တဲ့ ပူဇော်ပသမှုတွေကို ဉာဏ်နဲ့ဆင်ခြင်ပြီး ယုတ္တိမရှိတဲ့ အလွဲလေးတွေအပေါ်မှာ မလွဲရအောင် သတိပြုနိုင်ဖို့ မိုးနတ်မင်းနဲ့ ရှင်ဥပဂုတ်အကြောင်းကို လွဲနေတတ်တဲ့ အလွဲတစ်ခု အဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

ဝိပဿနာ ရှုနည်း၊ မူသေစည်း…

“၀ိပဿနာရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်” ဆိုတဲ့ ဒီဆောင်ပုဒ်လေးက မဟာစည်ဆရာတော် ကြီးရဲ့ အခြေခံ ၀ိပဿနာ တရားအားထုတ်နည်း ဆောင်ပုဒ်လင်္ကာတွေထဲမှာ ပါတဲ့ နောက်ဆုံး အပိုဒ်လေး ဖြစ်ပါတယ်။ မဟာစည် ရိပ်သာကြီးမှာ တရားဝင်တုန်းက နေ့စဉ်တရားနာပြီးတိုင်း ယောဂီအားလုံးနဲ့အတူ လိုက်ပြီး ရွတ်ဆိုနေရတာဆိုတော့ နှုတ်တက်အာဂုံရနေခဲ့တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေလည်း ဖြစ်ပါတယ်။ မဟာစည်ဆရာတော်ကြီးက တရားစပြီး အားထုတ်ကာစ ယောဂီတွေအတွက် ၀ိပဿနာ ဉာဏ်ဆိုတာ ဘာကိုခေါ်တယ်၊ ဘယ်လိုအရာမျိုးတွေမှာ ရှုမှတ်ပွားများရတယ်၊ ဘာကြောင့်ရှုမှတ်ရတယ် စတာတွေကို အလွယ်နားလည်သွားအောင် ဆောင်ပုဒ်လင်္ကာလေးတွေ သီးကုံးပြီး ရွတ်ဆိုမှတ်သား လေ့ကျင့်စေပါတယ်။ ဒါကြောင့် ၀ိပဿနာ အားထုတ်မှုမှာ တစ်စုံတစ်ခု အထောက်အကူ ဖြစ်စေဖို့ ဆရာတော်ကြီးရဲ့ ၀ိပဿနာ ရှုနည်း မူသေစည်းလေးတွေကို ကိုးကားပြီး ပို့စ်တစ်ပုဒ်အနေနဲ့ ရေးသားတင်ပြ ရခြင်းဖြစ်ပါတယ်။

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဒီလင်္ကာလေးတွေအရ ၀ိပဿနာဉာဏ်၊ ၀ိပဿနာဉာဏ်လို့ ပြောပြောနေကြရမှာ ၀ိပဿနာဉာဏ်ဆိုတာ ဘယ်လိုဉာဏ်ကို ပြောတာလဲ၊ ဒီဉာဏ်ဖြစ်အောင် ဘယ်လိုအရာကို ရှုမှတ်ရတာလဲလို့ မသိနားမလည်လို့ မေးလာသူတွေကို ၀ိပဿနာဉာဏ်ဆိုတာ တစ်ခြားမဟုတ်၊ ခန္ဓာငါးပါးအပေါ် အမှန်အတိုင်း ရှုမှတ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ မဂ်ဉာဏ်ကို ဆိုတာဖြစ်ကြောင်း၊ ဒီဝိပဿနာဉာဏ် ဖြစ်ပေါ်ဖို့အတွက် ခန္ဓာငါးပါးကိုပဲ အရှိအတိုင်း အမှန်အတိုင်း ရှုမှတ်ရမှာဖြစ်ကြောင်း တိုတိုနဲ့ လိုရင်းထိအောင် ဖွဲ့ဆိုပေးထားပါတယ်။ မှန်ပါတယ်။ ၀ိပဿနာရှုတယ်ဆိုတာ တစ်ခြားအရာတွေကို ရှုတာမဟုတ်ပါဘူး။ ယောဂီပုဂ္ဂိုလ်အားလုံး ပိုင်ဆိုင်ထားတဲ့ ခန္ဓာမှာပဲ ရှုတာဖြစ်ပါတယ်။ ခန္ဓာဆိုတာ အစုအဖွဲ့ကို ပြောတာပါ။ ဒီခန္ဓာကို အသေးစိပ်ခွဲလိုက်ရင် ရှုပက္ခန္ဓာ (ရုပ်အစု)၊ ဝေဒနာက္ခန္ဓာ (ခံစားမှုအစု)၊ သညက္ခန္ဓာ (မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုပြင်မှုအစု)နဲ့၊ ၀ိညာဏက္ခန္ဓာ (အထူးသိမှတ်မှုအစု) ဆိုပြီး ငါးမျိုးကွဲပြားပါတယ်။ ဒီငါးပါးကိုပဲ ခန္ဓာငါးပါးလို့ ဆိုတာဖြစ်ပါတယ်။ ဒီခန္ဓာငါးပါးမှာ ရူပက္ခန္ဓာဆိုတဲ့ ရုပ်ခန္ဓာက တစ်ပါးဖြစ်ပြီး ကျန်တာတွေကတော့ နာမ်ခန္ဓာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာငါးပါးဆိုတာ အလွယ်ပြောရရင် နာမ်နဲ့ရုပ်ပဲ ဖြစ်ပါတယ်။ ၀ိပဿနာတရား အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ ဒီနာမ်ရုပ်နှစ်ပါးမှာပဲ အရှိအတိုင်း အားထုတ်နေမယ်ဆိုရင် ၀ိပဿနာဉာဏ်တွေ ဖြစ်နေမှာ ဖြစ်တယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။

ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ခန္ဓာငါးပါးလို့ခေါ်တဲ့ နာမ်ရုပ်နှစ်ပါးကို ဘယ်အတွက်၊ ဘယ်လိုဟာတွေကို ရှုရမှာလဲဆိုတော့ ခန္ဓာငါးပါးဆိုတာ စွဲလန်းတတ်တဲ့အတွက် အဲဒီအပေါ်မှာ မစွဲမိအောင် ဒီနာမ်ရုပ်နှစ်ပါးရဲ့ ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်ကို အရှိအတိုင်း၊ အမှန်အတိုင်း ရှုမှတ်ရမယ်လို့ ဆိုပါတယ်။ ခန္ဓာငါးပါးဟာ သတ္တ၀ါတွေအတွက် စွဲလန်းစရာ ဖြစ်လို့ သူ့ကို ဥပါဒါနက္ခန္ဓာလို့လည်း ခေါ်ပါတယ်။ ဥပါဒါန်ဆိုတာ စွဲလန်းမှုကို ပြောတာဖြစ်ပါတယ်။ ဒီစွဲလမ်းမှုကို အမှန်အတိုင်း မသိတဲ့အခါကျတော့ သတ္တ၀ါတွေဟာ ရုပ်ကိုလည်းစွဲမိနေ၊ စိတ်ကိုလည်း စွဲမိနေတော့တာ ဖြစ်ပါတယ်။ ဒီလို စွဲလန်းနေမိကြတာဟာ မသိတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ဖြစ်ခိုက်ဖြစ်စဲကို မသိတဲ့အတွက် လှတယ်မလှဘူး၊ ကောင်းတယ်မကောင်းဘူးစတဲ့ အစွဲတွေ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီရုပ်နာမ်တွေရဲ့ ဖြစ်ခိုက်ပေါ်ခိုက်ကို သိကြမယ်ဆိုရင် အဲဒီလို အစွဲမရှိတော့ပါဘူး။

ဆိုကြပါစို့။ ခံစားမှု တစ်ခုခုဖြစ်တဲ့အခါမှာ ဒါဟာ ဝေဒနာပဲလို့ မသိလိုက်ရင် ကောင်းတယ်မကောင်းဘူး ဆိုတဲ့ အစွဲတွေဖြစ်လာပြီး ကောင်းရင်လောဘဖြစ်လိုက်၊ မကောင်းရင် ဒေါသဖြစ်လိုက်တာတွေ ဖြစ်ကုန်တတ်ပါတယ်။ စိတ်မှာ ရာဂစိတ်ဖြစ်တဲ့အခါမှာလည်း အဲဒီရာဂစိတ်ဖြစ်တဲ့ အခိုက်ကို မသိလိုက်ရင် ဒီစိတ်ရဲ့ စွဲရာကိုပါသွားပြီး ဟိုတွေးဟိုကြံ ဟိုဟာဖြစ်ဒါဖြစ်တဲ့အထိ ဖြစ်ကုန်တတ်ပါတယ်။ အကယ်၍ ဒါဟာ ဝေဒနာပဲ၊ ဒါဟာ ရာဂစိတ်ပဲလို့ အဲဒီအခိုက်မှာ သိလိုက်နိုင်မယ်ဆိုရင်တော့ စွဲလန်းမှုမရှိတော့ဘဲ သူက ရပ်တန့်သွားပါတော့တယ်။ ဒါကြောင့် ဒီလို အစွဲတွေမရှိဖို့ ခန္ဓာငါးပါးကို အရှိအတိုင်း အမှန်အတိုင်း ရှုရမယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။

တကယ်လို့ ခန္ဓာငါးပါး ရုပ်နာမ်တရားတွေကို ဖြစ်စဲဖြစ်ခိုက်၊ ပေါ်စဲပေါ်ခိုက်မှာ မသိလိုက်ရင်တော့ အစွဲတွေ ၀င်တတ်တယ်လို့ ဆိုပါတယ်။ ဒါဟာရုပ်ပဲ၊ ဒါဟာ နာမ်ပဲလို့ အမှန်အတိုင်း မသိတဲ့အခါမှာ ငါငါဥစ္စာစသဖြင့် ထင်နေတတ်ပြီး မမြဲတဲ့သဘောတွေမှာ မြဲတယ်လို့ ထင်နေတတ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒီရုပ်နာမ်အစုကို ဖြစ်ခိုက်မှာ မရှုလိုက်မိလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ရုပ်မှာပဲဖြစ်ဖြစ်၊ စိတ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ၊ ဖြစ်သမျှ အရာတွေကို ပေါ်ခိုက်ဖြစ်ခိုက်မှာ အရှိအတိုင်း လိုက်သိနိုင်ရင် ငါငါ့ဟာလို့ ထင်စရာမရှိတော့တဲ့အပြင် ဒီအပေါ်မှာလည်း မစွဲမိတော့ပါဘူး။ ဒါကြောင့် ရုပ်နာမ်အစုဟာ ဖြစ်ခိုက်ပေါ်ခိုက်မှာ မရှုမိရင် ငါငါဥစ္စာလို့ ထင်စေတတ်တဲ့ အစွဲတရားတွေ ဖြစ်တတ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
အဲဒီလို ရုပ်နာမ်အစုတွေကို ဖြစ်တိုင်းဖြစ်တိုင်း၊ ပေါ်တိုင်းပေါ်တိုင်းမှာ သတိနဲ့ မလွတ်တမ်း ကပ်ပြီးသိမှတ်နိုင်မယ်ဆိုရင် ဒီတရားတွေအပေါ်မှာ စွဲလန်းမှုတွေ တဖြည်းဖြည်း ကင်းပျောက်လာပါတယ်။ ရုပ်တရားရဲ့ လှုပ်ရှားမှုတွေ၊ စိတ်ရဲ့တွေးတော ကြံစည်မှုတွေကို အရှိအတိုင်း သွားရင်သွားတယ်၊ ထိုင်ရင်ထိုင်တယ်၊ ရပ်ရင်ရပ်တယ်၊ အိပ်ရင်အိပ်တယ်၊ ကိုင်ရင်ကိုင်တယ် စသဖြင့် လှုပ်ရှားမှု မှန်သမျှကို လိုက်လိုက်ပြီးသိနေ၊ တွေးရင်တွေးတယ်၊ ကြံရင်ကြံတယ်၊ ဒေါသဖြစ်ရင် ဒေါသဖြစ်တယ်၊ အလိုမကျဖြစ်ရင် အလိုမကျဖြစ်တယ် စသဖြင့် စိတ်နဲ့ပတ်သက်တဲ့ တွေးတောကြံစည်မှု မှန်သမျှကို မပြတ်သတိနဲ့ လိုက်ပြီးသိနေမယ်ဆိုရင် ဒီရုပ်တရား နာမ်တရားတွေအပေါ်မှာ စွဲလန်းမှုတွေ ကင်းလာတတ်ပြီး အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောတွေ ထင်လာကာ ဉာဏ်အမြင် ရှင်းလာတတ်ပါတယ်။ အဲဒီလို ဖြစ်ခိုက်ရှုလိုက်နိုင်လို့ အစွဲတွေ ကင်းပျောက်လာတယ်ဆိုရင် မဂ်ဉာဏ်တွေအထိ ထင်လာပြီး နိဗ္ဗာန်ကို မြင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းအတိုင်း ၀ိပဿနာတရား အားထုတ်တဲ့ ယောဂီပုဂ္ဂိုလ်ဟာ အစွဲတရားတွေကင်းဖို့ ရုပ်နာမ်အစုကို ဖြစ်ခိုက်ပေါ်ခိုက်မှာ အရှိအတိုင်း သတိကပ်ပြီး သိမှတ်ပေးနေမယ်ဆိုရင် ဒါဟာ ၀ိပဿနာဉာဏ် ဖြစ်ဖို့အကောင်းဆုံး တရားရှုမှတ်နည်းပဲ ဖြစ်ပါတယ်။

ဒါက မဟာစည်ဆရာတော်ကြီးရဲ့ ၀ိပဿနာရှုနည်း အခြေခံ နည်းစနစ်ဖြစ်တဲ့ ဆောင်ပုဒ်လင်္ကာလေးတွေ အပေါ်မှာ နားလည်လွယ်အောင် ပြန်လည်ရေးသား တင်ပြခြင်းဖြစ်ပါတယ်။ ဒီလင်္ကာလေးတွေအရ ၀ိပဿနာရှုတယ်ဆိုတာ သိပ်တော့ခက်လှတာ မဟုတ်ပါဘူး။ ဆိုလိုတာက နည်းစနစ်က မခက်ဘူးလို့ ဆိုလိုချင်တာပါ။ လက်တွေ့အားထုတ်မှုမှာတော့ အလေ့အကျင့်နည်းနေရင် ခက်ပါတယ်။ ဘာဖြစ်လို့ ခက်တာလဲဆိုတော့ ထိမ်းဖို့အခက်ဆုံးဖြစ်တဲ့ စိတ်ကို ထိန်းနေရတာဖြစ်လို့ ခက်တယ်လို့ ဆိုတာဖြစ်ပါတယ်။ သမာဓိလည်းနည်း၊ ၀ိရိယလည်း မရှိဆိုရင်တော့ သတိဖြစ်ဖို့ ခက်တဲ့အပြင် သတိမရှိရင်လည်း ရုပ်နာမ်တွေရဲ့ ဖြစ်စဲဖြစ်ခိုက်ကို သိဖို့မလွယ်လှတဲ့အတွက် အချုပ်ကတော့ သတိရှိဖို့ပဲ ဖြစ်ပါတယ်။ သတိတရားနဲ့သာ စိတ်မှာပဲ ဖြစ်ဖြစ်၊ ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှတွေကို ဖြစ်ခိုက်ပေါ်ခိုက်မှာ လိုက်ပြီးသိမှတ်နေမယ်ဆိုရင်တော့ နည်းစနစ်လည်းမခက်သလို ရှုမှတ်ဖို့လည်း မခက်ပါဘူး။

ဒါကြောင့် ဘယ်လောက်ပဲ လွယ်လွယ် လက်တွေ့အားထုတ်မှု မရှိရင် ဘာမဆို ခက်နေတတ်တဲ့ သဘောရှိနေသလို ၀ိပဿနာရှုနည်း မူသေစည်းလေးတွေဟာ လွယ်ပေမယ့် လက်တွေ့အားထုတ်မှု မရှိရင်လည်း အကျိုးသက်ရောက်မှု မရှိနိုင်တဲ့အတွက် မူသေနည်းလေးတွေကို လက်တွေ့ကျင့်ကြံ အားထုတ်ခြင်းဖြင့် အကောင်အထည် ဖို့ကြည့်ကြဖို့ တိုက်တွန်းရင် မဟာစည်ဆရာတော်ကြီး၏ ၀ိပဿနာ အားထုတ်နည်း အခြေခံ ဆောင်ပုဒ်လေးများကို ပိုပြီး မှတ်မိသွားအောင် အောက်ပါအတိုင်း တစ်ခေါက်လောက် ရွတ်ဆိုကြည်ကြပါစို့…

ဝိပဿနာ၊ ဉာဏ်ဆိုတာ၊ ဘယ်ဟာ ရှု၍ ဖြစ်သနည်း။
စွဲလန်းနိုင်ရာ၊ ငါးခန္ဓာ၊ မှန်စွာရှု၍ ဖြစ်သတည်း။
ဘယ်အကျိုးငှါ၊ ထိုခန္ဓာ၊ ဘယ်ဟာရှုရပါသနည်း။
မစွဲဖို့ရာ ဖြစ်စဲမှာ၊ မှန်စွာရှုရပါသတည်း။
ဖြစ်ခိုက်မရှု၊ ရုပ်နာမ်စု၊ စွဲမှုဝင်ရောက်သည်။
မြဲတယ်ကောင်းတယ်၊ ငါကောင်နယ်၊ တကယ်ထင်တတ်သည်။
ဖြစ်တိုင်းမှတ်ရှု၊ ရုပ်နာမ်စု၊ စွဲမှုကင်းပျောက်သည်။
မမြဲဆင်းရဲသဘောပဲ ဉာဏ်ထဲရှင်းတော့သည်။
စွဲမှုကင်းပျောက်၊ မဂ်လမ်းပေါက်၊ ဆိုက်ရောက်နိဗ္ဗာန်ပြည်။
ဝိပဿနာ ရှုနည်း၊ မူသေစည်း၊ သိမ်းဆည်းထားရမည်။
(မဟာစည်ဆရာတော်)

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ