စကားနောက် တရားပါ…

လူတိုင်းလူတိုင်း စကားပြောတတ်ကြပါတယ်။ မှန်တဲ့စကားလည်း ပြောတတ်ကြသလို မမှန်တဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ကောင်းတဲ့စကားလည်း ပြောတတ်ကြသလို မကောင်းတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ အနှစ်ရှိတဲ့စကားလည်း ပြောတတ်ကြသလို အနှစ်မရှိတဲ့ စကားလည်း ပြောတတ်ကြပါတယ်။ ဘယ်လိုစကားမျိုးပဲ ပြောပြော စကားဟာ ပြောပါများလာရင် အဲဒီစကားနောက်ကို တန်ပြန်သက်ရောက်မှုတွေက ရောက်လာတတ်ပါတယ်။ ကောင်းတဲ့စကား အပြောများရင်လည်း ကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်သလို မကောင်းတဲ့ စကား အပြောများရင်လည်း မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ ရောက်လာတတ်ပါတယ်။ ဒါဟာ စကားနောက် တရားပါတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားပြောတဲ့အခါ အစစ်အမှန် တရားတွေပါရအောင် ကောင်းတဲ့စကားတွေ ပြောကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ “စကားနောက် တရားပါ”ဆိုတဲ့ ဒီဆိုရိုးစကားရဲ့ ဆိုလိုရင်းက စကားကောင်းပဲဖြစ်ဖြစ်၊ စကားဆိုးပဲဖြစ်ဖြစ် ပြောပါများရင် အဲဒီစကားရဲ့ တန်ပြန်အကျိုး သက်ရောက်မှုဟာ ပြောတဲ့သူထံ ပြန်ရောက်တတ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ စကားအပြောများရင် တရားသဘောအရ အမှားရော မမှားရောအတွက် မတရားတာတွေရော တရားတာပါ အမှန်ရောက်လာမှာ ဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဒီတော့ကား စကားပြောတဲ့သူတွေ ရွေးချယ်ရမှာက တရားတာတွေ ရောက်လာစေချင်တာလား၊ မတရားတာတွေ ရောက်လာစေချင်တာလား ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားတာတွေ ရောက်လာစေချင်ရင်တော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ပြောဆိုကြဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေမှာတော့ စကားပြောတဲ့အခါ တရားတဲ့ စကားတွေ ဖြစ်စေဖို့ ပြောသင့်တဲ့ စကားတွေ၊ ရှောင်ကြဉ်ရမယ့် စကားတွေကို ရှင်းလင်းဖော်ပြပါတယ်။ စကားပြောတဲ့အခါ ကောင်းတဲ့စကား သမ္မာဝါစာ ဖြစ်စေဖို့
၁။ လိမ်ညာပြောဆိုတဲ့ စကားမျိုး
၂။ တစ်ဦးနဲ့တစ်ဦး အဆင်မပြေအောင် ချောပစ်ကုန်းတိုက်တဲ့ စကားမျိုး
၃။ ယုတ်မာရိုင်းစိုင်းပြီး ကြမ်းတမ်းတဲ့ စကားမျိုး
၎။ ကိုယ့်အတွက်လည်း အကျိုးမရှိ သူများအတွက်လည်း အကျိုးမရှိတဲ့ အချဉ်းနှီးပြီး သိမ်ဖျင်းတဲ့ စကားမျိုး
ကို ရှောင်ကြဉ်ကြရမယ်လို့ စာပေက ဆိုပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားရှင်ကတော့ လူအများ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ စကား (၆)ခွန်းဖြစ်တဲ့
၁။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါးလည်း ကြားနာလိုတဲ့ စကား
၂။ ဟုတ်မှန်ပြီး အကျိုးရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၃။ ဟုတ်မှန်ပြီး အကျိုးမရှိ၊ သူတပါး မကြားနာလိုတဲ့ စကား
၎။ မဟုတ်မမှန် အကျိုးရှိကာ သူတပါး ကြားနာလိုတဲ့ စကား
၅။ မဟုတ်မမှန် အကျိုးမရှိ၊ သူတပါး ကြားနာလိုတဲ့ စကား
၆။ မဟုတ်မမှန် အကျိုးလည်းမရှိ သူတပါးလည်း မကြားနာလိုတဲ့ စကား
ဆိုတာတွေထဲက ဟုတ်မှန်ပြီး အကျိုးရှိကာ သူတပါးလည်း ကြားနာလိုတဲ့ စကားနဲ့ သူတပါး မကြားနာလိုပေမယ့် ဟုတ်မှန်ပြီး အကျိုးရှိတဲ့ စကားဆိုတဲ့ ဒီစကားနှစ်မျိုးကိုပဲ ပြောဆိုတော်မူပါတယ်။ ဘုရားရှင်ဟာ စကားနောက်မှာ ကောင်းတဲ့ တရားတွေပါဖို့ စကားခြောက်ခွန်းထဲက လေးခွန်းကိုပယ်ပြီး နှစ်ခွန်းကိုပဲ မိန့်တော်မူပါတယ်။ ဒါဟာ သူတော်ကောင်းတွေရဲ့ စကားနောက် အမှန်တရားပါဖို့ ကျင့်သုံးတော်မူတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပုထုဇင်တွေကတော့ ဒီလိုမဟုတ်ပါဘူး။ စကားကို အထိမ်းအကွပ်မရှိ၊ စောင့်စည်းမှုမရှိဘဲ လိုရင်လိုသလို မလိုရင် မလိုသလို ပြောဆိုတတ်ကြပါတယ်။ တရားတဲ့စကား၊ မတရားတဲ့ စကားတွေ နားမလည်ဘဲ ပြောချင်သလို လက်လွတ်စပယ် ပြောလေ့ရှိတတ်ကြပါတယ်။ လိုချင်တာရှိရင် လိမ်ပြောရမှာလည်း ၀န်မလေးသလို မြှောက်ပြောရမှာလည်း ၀န်မလေးတတ်ပါဘူး။ ကိုယ်နဲ့အဆင်မပြေရင် အပြစ်ပြောရမှာလည်း ၀န်မလေးတတ်သလို ဆဲဆိုကြိမ်းမောင်းကာ အပုတ်ချရမှာလည်း ၀န်မလေးတတ်ပါဘူး။ ဒီလို စကားကို ပေါ့ပေါ့တန်တန် အလွယ်တကူ ပြောဆိုတတ်တဲ့ အတွက်လည်း မဟုတ်မတရားတဲ့ စကား အပြောများလာခြင်းရဲ့ ရလာဘ်အဖြစ် နောက်ပိုင်း ဒီလိုပြောဆိုရတာကို အပြစ်တစ်ခုလို မမြင်တော့ဘဲ မဟုတ်တာ၊ မကောင်းတာမှန်သမျှ ပါးစပ်က အလွယ်တကူ ပြောဆိုဖြစ်ကုန်ပါတယ်။ မကောင်းမှု အကုသိုလ်ရဲ့ သဘောကလည်း အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။

အခုလည်း ဒီလိုပါပဲ။ စကားကို အလွယ်တကူ အထိန်းအကွပ်မရှိ ပြောတတ်တဲ့အတွက် မတရားတဲ့ စကားတွေ ဖြစ်တတ်ကာ အဲဒီစကားနောက် မတရားတဲ့ အရာတွေ ပါကုန်တာ ဖြစ်ပါတယ်။ သာမန်ပုထုဇင်တွေ အနေနဲ့ နေ့စဉ်စောင့်ထိန်းကြတဲ့ ငါးပါးသီလထဲမှာ အထိန်းရအခက်ဆုံး သီလသိက္ခာပုဒ်ဟာ မုသာဝါဒ သိက္ခာပုဒ်လို့ ပြောနိုင်ပါတယ်။ ပါးစပ်ကို စောင့်ထိန်းစေလိုတဲ့အတွက် သီလသိက္ခာပုဒ် တစ်ခုအနေနဲ့ ထိန်းစေလိုရင်း ဖြစ်ပေမယ့် ဒီပါးစပ်တစ်ခုကို ထိန်းဖို့ဟာ အတော်မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် မြန်မာစကားမှာ “အပေါက်တစ်ရာကို ပိတ်လို့လွယ်တယ်၊ ပါးစပ်ပေါက်တစ်ပေါက်ကို ပိတ်ဖို့မလွယ်ဘူး” လို့ ဆိုခြင်းဖြစ်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် သတိထားကြည့်မိရင် နေ့စဉ်ပါးစပ်က ပြောတဲ့အရာတွေမှာ ကောင်းတာထက် မကောင်းတာက များတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ပါးစပ်က ကုသိုလ်နဲ့စပ်တဲ့ စကား၊ ကောင်းတဲ့စကား၊ ရတနာသုံးပါးနဲ့စပ်တဲ့ စကားတွေ ပြောဖြစ်ကြတာထက် ဘယ်သူက ဘာဖြစ်တယ်၊ ဘယ်သူ့ကြောင့်ဘာဖြစ်တယ် စတဲ့ သူများမကောင်းပြောတဲ့ စကား၊ အတင်းပြောတဲ့စကား၊ အပြစ်ပြောတဲ့ စကားတွေပဲ များနေတတ်တာကို တွေ့ရတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ စကားစတာတွေ ပြောဖြစ်လာပြီဆိုရင် ဒီလူတစ်ယောက်ဟာ မကောင်းတဲ့အလုပ်တွေမှာလည်း လုပ်ဖို့ ၀န်မလေးတော့ပါဘူး။

မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

နောက် ပါးစပ်က ပြောတဲ့စကားဟာ မမှန်တဲ့ စကားတွေများနေ၊ အကျိုးမရှိတဲ့ စကားတွေ များနေတဲ့အခါ အဲဒီသူတွေရဲ့ ပါးစပ်ဟာ အနံ့အသက်မကောင်းဘဲ စကားမပီ သွားလည်းမညီ ဖြစ်တတ်ကြောင်း စသဖြင့် စာပေအဖွင့်တွေမှာ ဆိုပါတယ်။ အရှင်ဇနကာဘိဝံသရဲ့ ရတနာ့ဂုဏ်ရည် စာအုပ်မှာလည်း ဆရာတော်က “မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုတ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏၊ မရောက်သြဇာ၊ နှုတ်လျှာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန် အကျိုးတည်း”လို့ ဆောင်ပုဒ်ကဗျာ ဖွဲ့သီထားပါတယ်။ ဒါဟာ မဟုတ်မမှန်တဲ့ စကားကို ပြောဆိုတတ်တဲ့ သူတွေထံ ရောက်လာနိုင်တဲ့ သက်ရောက်မှု အကျိုးတရားတွေ ဖြစ်ပါတယ်။ ဒီလိုပဲ မှန်ကန်တဲ့ စကားပြောဆိုတဲ့ သူတွေကျပြန်တော့ စကားပီပြီး သွားညီကာ ခံတွင်းအနံ့ကောင်းခြင်း စတဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှု အကျိုးတရားတွေကို ဖြစ်စေမှာ ဖြစ်ပါတယ်။

အရှင်မဟာမေဂ္ဂလာန်မထေရ်မြတ် နတ်ပြည်ကိုကြွတော့ နတ်ပြည်မှာ နတ်သားတစ်ယောက်နဲ့ တွေ့ပါတယ်။ ဒီနတ်သားနဲ့တွေ့တော့ အရှင်မြတ်က “နတ်သား… သင်နတ်ပြည်ရောက်လာတာ ဘယ်လိုကောင်းမှုတွေ လုပ်ခဲ့လို့လဲ”လို့ မေးတော်မူတဲ့အခါ အမေးခံရတဲ့ နတ်သားက “အရှင်ဘုရား… တပည့်တော် ပြောရမှတောင် ရှက်လှပါတယ်ဘုရား…၊ တပည့်တော် လူ့ပြည်မှာတုန်းက တစ်ခြားကုသိုလ်ကောင်းမှုတွေ ဘာမှ မလုပ်ခဲ့ပါဘူးဘုရား၊ ဒါပေမယ့် မုသားမပြောဘဲ အမှန်ကိုသာ ပြောခဲ့တဲ့ သစ္စာအလုပ်တစ်ခုတော့ လုပ်ဖြစ်ခဲ့ပါတယ်၊ အဲဒီ အမှန်ကိုပြောခဲ့ခြင်း ဆိုတဲ့ ဒီကုသိုလ်လေး တစ်ခုနဲ့ပဲ တပည့်တော် နတ်ပြည်ကို ရောက်လာတာ ဖြစ်ပါတယ်ဘုရား…”လို့ ပြန်လျှောက်ပါတယ်။ ဒါဟာ ကောင်းတဲ့စကားကို ပြောဆိုရခြင်းရဲ့ ကောင်းတဲ့တန်ပြန် သက်ရောက်မှုရဲ့ စကားနောက် တရားပါခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စကားဆိုတာ တရားပါမှ မတရားတာကို ပယ်နိုင်ပြီး ကောင်းတဲ့အရာတွေ ပါမှာလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက စကားနောက် တရားပါဆိုတဲ့ ဆိုရိုးအတိုင်း ဘယ်သူပဲဖြစ်ဖြစ် စကားပြောတဲ့အခါ စကားနောက်ကို တရားတွေက ပါနေကြမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့အကျိုးတွေနဲ့ ကောင်းတဲ့တရားတွေ ပါလာစေဖို့ စကားပြောတဲ့အခါ ကောင်းတဲ့စကားတွေ ပြောနိုင်အောင် ကြိုးစားကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကောင်းလည်းပြောတတ် မကောင်းလည်း ဟောတတ်တဲ့ ဒီပါးစပ်ဟာ အကောင်းပြောရင် အကောင်းရမှာဖြစ်ပြီး မကောင်းဟောရင် မကောင်းရမှာ ဖြစ်တဲ့အတွက် အကောင်းလည်းပြော အကောင်းလည်းဟောရင်း ကောင်းကျိုးတွေနဲ့ စကားနောက်ကို ကောင်းတဲ့တရားတွေ ရောက်အောင် လေ့ကျင့်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ပါးစပ်ဆိုတာ ပြောဖို့နဲ့ စားဖို့အတွက် သဘာဝက ဖန်တီးပေးတာ ဖြစ်ပေမယ့် ပြောချင်ရာပြော စားချင်ရာစား မယ်ဆိုရင်တော့ ကိုယ်ပြောတဲ့စကား၊ ကိုယ်စားတဲ့ အစားတွေကြောင့်ပဲ တန်ပြန်သက်ရောက်မှု အကျိုးတရားတွေ ဖြစ်စေတတ်တဲ့အတွက် အကောင်းပြောပြီး အကောင်းစားနိုင်အောင် ပြောသမျှစကားတွေမှာ ကောင်းတာတွေ ဖြစ်စေဖို့နဲ့ စားသမျှအစားတွေမှာလည်း လောဘတဏှာတွေ မဖြစ်စေဖို့ စကားနောက်မှာ တကယ့်အစစ်အမှန် တရားတွေ ပါအောင်သာ ကြိုးစားကြပါလို့ စေတာနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ အားလုံး စကားနောက်ကို တကယ့်တရားတွေ ပါနိုင်ကြပါစေ…။

Read more »

ပညတ်နှင့် ပရမတ်…

ပညတ်နှင့် ပရမတ်ဟူသော စကားများကို အတော်များများ ကြားသိနေကြမည် ဖြစ်၏။ စာပေများတွင်လည်း အရေးများသကဲ့သို့ ဆရာတော် အတော်များများကလည်း ဟောပြောပေးနေသဖြင့် ရင်နှီးနေသော စကားများ ဖြစ်၏။ သို့သော် တိကျသည့် အဓိပ္ပါယ်နှင့် ဆိုလိုရင်းကိုကား မသိသူများလှ၏။ အများပညတ်ဟူ၍ ပညတ်နေကြ၊ အများပရမတ်ဟူ၍ ပရမတ်နေကြသော်လည်း ထိုစကားများ၏ အနက်အဓိပ္ပါယ်ကို ပြောပါဟုဆိုသော် မပြောနိုင်သူက များနေကြမည်သာ ဖြစ်၏။ အချို့မှာ ပညတ်ဟူသော စကား၊ ပရမတ်ဟူသော စကားများကို တွင်တွင်သုံးနေကြသော်လည်း လက်တွေ့ပိုင်းတွင် ပညတ်များဖြင့် ရှုတ်ထွေးနေပြီး စစ်မှန်သည့် ပရမတ်သဘောကို မသိသဖြင့် ပညတ်ကို ပရမတ်ဟု ထင်နေသူများအဖြစ် ရှိနေတတ်၏။ အချို့လည်း ပညတ်နှင့် ပရမတ်မကွဲသဖြင့် ပရမတ်ယောင်ယောင် ပညတ်ယောင်ယောင်ဖြစ်ကာ လိုအပ်လျှင် အရာရာကို ပညတ်ဟုဆိုသူများလည်း ရှိနေတတ်၏။ စင်စစ် ပညတ်နှင့် ပရမတ်ကို ၀ိပဿနာဉာဏ်ဖြင့် မခွဲခြားနိုင်သေးသမျှ လွဲမှားနေကြမည် ဖြစ်သော်လည်း သညာသိအားဖြင့်ကား ထိုအသုံးများသည့် ပညတ်နှင့် ပရမတ်တို့၏ အနက်အဓိပ္ပါယ်ကို သိထားရန် လိုအပ်လှ၏။ ထို့ကြောင့် စာပေအဖွင့်များနှင့်အညီ ပညတ်နှင့်ပရမတ်အကြောင်း အနည်းငယ် တင်ပြရခြင်း ဖြစ်ပါ၏။

ပညတ္တိအတ္ထ၊ ပရမတ္ထဟူသော စကားများကို မြန်မာမှုပြုကာ ပညတ်၊ ပရမတ်ဟု အလွယ်ပြောဆို နေကြသည့် ထိုစကားများ၏ မူရင်းအနက်အဓိပ္ပါယ်ကို ဗုဒ္ဓအဘိဓမ္မာ စာပေများတွင် ဥပမာအမျိုးမျိုးဖြင့် ရှင်းလင်းဖွင့်ဆိုထား၏။ ဘာသာဋီကာ ကျမ်းပြုဆရာတော် အရှင်မြတ်ကလည်း ပညတ္တိအတ္ထ၊ ပရမတ္ထတို့၏ အဓိပ္ပါယ်များကို သဂြုင်္ိဟ်ဘာသာဋီကာ ကျမ်းစာတွင် ဖွင့်ဆိုရှင်းပြထား၏။ ဘာသာဋီကာကျမ်းပြု ဆရာတော် အရှင်ဇနကာဘိဝံသက “လူနတ်ဗြဟ္မာ စသော သက်ရှိသတ္တ၀ါ အကောင်အထည် ဒြဗ်နှင့် ရေမြေတောတောင် အိမ်ကျောင်းစသော သက်မဲ့အရာဝတ္ထု ဟူသည်ကို ပညတ္တိအတ္ထဟု ဆိုကြောင်း၊ ရှေးလူကြီးသူမတို့ သမုတ်ထားအပ်သော အနက်ဒြဗ်ဖြစ်သောကြောင့် ထိုပညတ္တိအတ္ထကို သမ္မုတိအတ္ထဟုလည်း ဆိုကြောင်း” စသည်ဖြင့် ပညတ်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြ၏။ ပရမတ္ထ၏ အဓိပ္ပါယ်နှင့် ပတ်သက်၍လည်း “ပရမတ္ထဟူသည် မုချဆတ်ဆတ်ဖြစ်သော အနက်သဘော၊ ဗလောင်းဗလဲ ပြောင်းလဲခြင်းသဘော မရှိသော အနက်သဘောကို ဆိုကြောင်း” စသည်ဖြင့် ရှင်းပြ၏။

ထိုပညတ် ပရမတ်တို့တွင် ပညတ်သည် အကယ်စင်စစ် ထင်ရှားမရှိလှပေ။ ပုထုဇင်တို့က အဟုတ်အမှန် ရှိသည်ဟု ထင်ကြသော်လည်း အသေအချာ ခွဲခြမ်းစစ်သည့်အခါ အမှန်တကယ်မရှိ ဖြစ်နေတတ်ပေ၏။ လူကောင်ကြီးကို စစ်ဆေးလျှင် ဆံပင်အမွေးစသည့် ကောဋ္ဌာသ အစုအဝေးကိုသာ တွေ့ရမည်ဖြစ်ပြီး လူကိုတွေ့ရမည် မဟုတ်ပေ။ ထို့အတူ ဆံပင်အမွေး စသည်ကို စစ်ဆေးပြန်လျှင်လည်း ဆံပင် အမွေးစသည်ကို မတွေ့ရဘဲ ရုပ်အစုအဝေးကိုသာ တွေ့ရမည်ဖြစ်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ သဘောပင်ဖြစ်၏။ လောက အမှတ်အသားများအရ ရှိသည်ဟု ဆိုရသော်လည်း ဉာဏ်ဖြင့် စစ်ဆေးကြည့်သည့်အခါ အထင်အရှား မရှိတတ်ကြပေ။ ရုပ်နာမ်ဟူသော ပရမတ်သည်သာ အမှန်ရှိနေပြီး ဉာစ်ဖြင့်စစ်ဆေးနိုင်လေ အမှန်ရှိကြောင်း ထင်ရှားလေ ဖြစ်ပေ၏။ ထို့ကြောင့် ပညတ်သည် ရှိသော်လည်း မရှိသည့်တရား၊ ပရမတ်သည်ကား ကြည့်နိုင်လေ ရှိလေတရားဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

ထို့အတူ ပညတ်သည် ဖောက်ပြန်တတ်သည့် တရားဖြစ်ပြီး ပရမတ်သည်ကား မဖောက်ပြန်တတ်သည့် တရားဖြစ်သည်မှာလည်း ထင်ရှားလှ၏။ ဥပမာအားဖြင့် လူဟူသော ခန္ဓာကိုယ်ဒြပ် အထည်ပညတ်ကြီးကို ဖျက်စီး၍ ဆံပင်တစ်ပုံ၊ အမွေးတစ်ပုံ၊ ခြေသည်းလက်သည်း တစ်ပုံ၊ အရိုးတစ်ပုံ၊ သွားတစ်ပုံ၊ အရေတစ်ပုံ စသည်ဖြင့် စုပုံထားလျှင် လူမဟုတ်တော့ပေ။ လူဟူသော ပညတ်ကြီး ဖောက်ပြန်သွားပြီ ဖြစ်၏။ ဆံပင်အမွေးစသည့် ပညတ်များသာ ရှိလေတော့၏။ ထို ဆံပင်အမွေးစသည့် အစုပုံများထဲမှ အရိုးဟူသော ပညတ်အစုကိုလည်း မီးရှို့ဖျက်စီးလိုက်ပါက အရိုးဟူသည် မရှိတော့ဘဲ အရိုးဟူသော ပညတ်မှ မီးသွေးပြာဟူသော ပညတ်သို့ ပြောင်းလဲသွားလေတော့၏။ ထိုမီးသွေးကိုလည်း မှုန့်မှုန့်ညက်ညက် ထောင်းထုပြန်လျှင် မီးသွေးမဟုတ်တော့ဘဲ မြေမှုန့်အဖြစ် ပြောင်းသွားပြန်၏။ ဤသည်မှာ ပညတ်ဟူသမျှတို့၏ ထာဝရမတည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောပင် ဖြစ်၏။

ပရမတ်သဘောသည်ကား မည်သည့်အချိန်၊ မည်သို့သော အရာများတွင်မှ ပြောင်းလဲဖောက်ပြန်ခြင်း သဘောမရှိလှပေ။ ဥပမာအားဖြင့် ရုပ်နာမ်တရားတို့တွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ်ကြီးလေးပါး သဘောတရားများ ပါရှိ၏။ ပထ၀ီဓာတ်သည် ခိုင်မာခြင်း (ကက္ခဠ) သဘောရှိ၏။ ထို့ကြောင့် မည်သည့် ရုပ်နာမ်တွင်မဆို ထိုသဘောကို တွေ့ရမည် ဖြစ်၏။ အထက်တွင် ဆိုခဲ့သည့် မြေမှုန့်တွင်လည်း ဤပထ၀ီဓာတ်မှုန့်များ များစွာပါရှိ၏။ ထိုပထ၀ီဓာတ်၏ ခိုင်မာခြင်း (ကက္ခဠ) သဘောကို ဖွဲ့စည်းခြင်း (အာဗန္ဓ) သဘောသို့ ပြောင်းလွဲသွားအောင် ပြောင်း၍ မရပေ။ ထို့အတူ စိတ်၏အာရုံကို သိခြင်း (၀ိဇာနန) သဘောကို တွေ့ထိခြင်း (ဖုသန)စသော သဘောသို့ လည်းကောင်း၊ ဖဿ၏ တွေ့ထိခြင်း (ဖုသန) သဘောကို ခံစားခြင်း (အနုဘာဝ)စသော သဘောသို့လည်းကောင်း စသည်ဖြင့် ပြောင်းလဲသွားအောင် မည်သူမျှ မပြုလုပ်နိုင်ပေ။ နိဗ္ဗာန်၏ ငြိမ်းအေးခြင်း (သန္တိ) သဘော၏ မဖောက်ပြန်မှုကား ဆိုဖွယ်မရှိလှပေ။ အလားတူပင်။ လောဘစသည် တို့သည်လည်း လိုချင်မှုစသော သဘောမှ မပြောင်းလဲ၊ အလောဘစသည် တို့သည်လည်း မလိုချင်မှု သဘောမှ မပြောင်းလဲကြဘဲ မိမိ၏ မဖောက်ပြန်ခြင်း ပရမတ်သဘောအတိုင်း တစ်သမတ်တည်းပင် တည်ရှိနေလေ၏။ ကောင်းလျှင်လည်း ကောင်းသည့်အတိုင်း၊ မကောင်းလျှင်လည်း မကောင်းသည့်အတိုင်းသာ တည်ရှိနေပေ၏။ ဤသည်မှာ ပရမတ်ဟူသမျှတို့၏ မဖောက်ပြန်ခြင်း၊ မပြောင်းလဲခြင်း သဘောပင် ဖြစ်ပါ၏။

စင်စစ် ပညတ်နှင့် ပရမတ်တို့သည် ဆက်စပ်နေသည့် တရားများဖြစ်ပြီး အသီးသီး အမှီပြုကာ အကျိုးပြုနေသည့် တရားများဖြစ်၏။ ပညာရှင်တို့အဆိုအရ နှမ်းမှ ဆီကို ထုတ်ယူရသကဲ့သို့ ပရမတ်အနှစ်ကိုလည်း ပညတ်မှပင် ဉာဏ်ဖြင့် ထုတ်ယူကြရမည်သာ ဖြစ်၏။ ဥပမာအားဖြင့် လူဟူသော ပညတ်ကို ဉာဏ်ဖြင့် ခွဲဖျက်၍ ဆံပင်တခြား၊ အမွေးတခြား၊ ခြေသည်းလက်သည်း တခြား၊ သွား၊ အရေ၊ အရိုး၊ အကြော စသည် တခြားအဖြစ် ခွဲကြည့်လျှင် လူဟူသည့် ပုံသဏ္ဌာန် မရှိဘဲ ဆံပင်၊ အမွေး စသည်သာ ရှိမည်ဖြစ်၏။ ထိုဆံပင်စသည် များသည်လည်း ပညတ်များသာ ဖြစ်၏။ ဆံပင်စသည်ကို ထပ်၍ စစ်ဆေးကြည့်လျှင် သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများသာ ပူးတွဲပေါင်းစပ်နေသည်ကို တွေ့ရမည်ဖြစ်၏။ ထို့ကြောင့် ဆံပင်စသည့် အခေါ်အဝေါ်များသည် အမှန်တကယ် မရှိသည့် ပညတ်များဖြစ်ပြီး ထိုဆံပင်စသည်တို့တွင် အမှန်ရှိသည်မှာ သေးငယ်သည့် အဋ္ဌကလာပ် ရုပ်လေးများခေါ် ပရမတ်များသာ အမှန်ရှိနေသည်များ ဖြစ်ကြောင်းတွေ့ရမည် ဖြစ်၏။ ဤသို့သော ရုပ်ကလာပ်များဖြစ်သည့် ပရမတ်သဘောများအထိ မြင်အောင် ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။

ထို့အပြင် လူဟူသောဒြဗ်တွင်လည်း အာရုံကို သိတတ်ထိတတ် ခံစားတတ်သည့် စိတ် ဝေဒနာ ဖဿစသည့် နာမ်ပရမတ်များလည်း ရှိနေသည်ကို တွေ့ရမည်ဖြစ်၏။ အစစ်အမှန် ထုတ်ယူရမည်ဆိုလျှင် လူဟူသော သက်ရှိပညတ်မှ ရုပ်နာမ်ဟူသော ပရမတ်ကို ထုတ်ယူကြရမည် ဖြစ်၏။ ထို့အတူ သတ်မဲ့ပညတ် တို့တွင်လည်း တောဟူသည် သစ်ပင်အများ စုပေါင်းနေသော အရာဝတ္ထုများသာ ဖြစ်ပြီး ထိုသစ်ပင်များကို တစ်ခုချင်း ခွဲခြားကြည့ှ်လျှင် တောဟူသည် ပြစရာ မရှိလှပေ။ ထိုသို့သော သက်မဲ့ပညတ်များမှလည်း အဋ္ဌကလာပ်ရုပ်ဟူသော ပရမတ်သဘောကို ထုတ်ယူကြရမည်သာ ဖြစ်ပါ၏။ ဤသို့လျှင် သက်ရှိသက်မဲ့ ပညတ်များမှ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို ထုတ်ယူကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

စင်စစ် ထိုသို့တိုက်တွန်း သမှုပြုကြသော်လည်း ထိုပညတ်နှင့် ပရမတ်သဘောကို အမှန်အစစ်သိရန် မလွယ်လှပေ။ အထူးသဖြင့် ပုထုဇင်တို့သည်ကား ပရမတ်၏ သဘောအမှန်ကို မသိနိုင်ကြပေ။ အကောင်အထည် ပုံဟန်များက ဖုံးအုပ်ထားသဖြင့် ပညတ်များအပေါ်တွင်သာ စိတ်အစဉ် ကျက်စားနေလေ့ရှိကြပေ၏။ အရိယာသူတော်ကောင်း များသည်သာ လူကောင်နတ်ကောင် အရာဝတ္ထုစသည့် အထည်ဒြဗ်များကိုခွာ၍ ရုပ်နာမ်ဓမ္မဟူသော ပရမတ်သဘောကို သိနိုင်ကျက်စားနိုင်ပေ၏။ ထို့ကြောင့် ပုထုဇင်များအနေဖြင့် မည်မျှပင် ပညတ်ပရမတ် ကွဲသည်ဟုဆိုသော်လည်း ထိုကွဲပြားသိမှုသည် ပညတ်သိမျှသာ ဖြစ်နေပြီး အရိယာ အဖြစ်ရောက်မှသာ ပညတ်ကိုခွါ၍ ပရမတ်အသိဖြင့် သိနိုင်ကြကြောင်း ဆိုခြင်းဖြစ်၏။

ထင်ရှားသည့် သာဓကတစ်ခုအားဖြင့် ပြရလျှင် “လူသွားသည်”ဟူသည့် သဘောကို ပုထုဇင်တို့က လူအထည်ကိုယ်ကြီး သွားသည်ဟု ထင်မြင်ကြမည် ဖြစ်၏။ အရိယာတို့ကား ထိုသို့မမြင်။ “လူသွားသည်”ဟု ဆိုရာတွင် အမှန်စင်စစ် လူကောင်းကြီးသွားသည် မဟုတ်၊ သွားနိုင်သည့် လူကောင်ကြီးဟူသည် မရှိ၊ သွားလိုသော စိတ်ဆန္ဒ ဖြစ်ပေါ်လာမှုကြောင့် ၀ါယောဓာတ် လွန်ကဲပြီး လိုရာသို့ ပို့ပေးနိုင်သည့် သတ္တိထူး ၀ိညတ်ရှိသည့် စိတ္တဇရုပ်များ ဖြစ်ပေါ်လာကာ ထိုဝိညတ်နှင့်တကွ ၀ါယောဓာတ်တို့၏ တွန်းထိုးလှုပ်ရှားမှုကြောင့်သာ ရုပ်ကလာပ် အစုအဝေးတို့၏ နေရာမှ ရွေ့လျားမှု ဖြစ်ခြင်းသာ ဖြစ်သည်ဟု မြင်ကြ၏။ ဤကား ပညတ်အသိရှိသည့် ပုထုဇင်များ၏ ပညတ်အမြင်နှင့် ပရမတ်အသိရှိသည့် အရိယာတို့၏ ပရမတ်အမြင် ကွဲပြားမှုပင် ဖြစ်ပါ၏။ ထို့ကြောင့် ထိုသို့သော အမြင်အသိ မတူမှုများကြောင့် ပညတ်နှင့် ပရမတ်တို့သည် သိရှိကွဲပြားရန် ခက်ခဲလှကြောင်း ဆိုခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ ပညတ်နှင့် ပရမတ်တို့သည် သဘောသွားချင်း မတူသကဲ့သို့ အကျိုးပြုပုံချင်းလည်း မတူညီကြောင်း ဆိုလိုပါ၏။ ပညတ်သည် ဖောက်ပြန်ပြောင်းလဲတတ်သည့် သဘောရှိပြီး ပရမတ်သည် မဖောက်မပြန် တစ်သမှတ်တည်း တည်နေသည့် သဘောရှိကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ သဘောသွားချင်း မတူသော်လည်း ဆက်စပ်မှု ရှိနေသဖြင့် ပညတ်သဘောမှ ပရမတ် သဘောတရားများကို ထုတ်ယူကြရန်နှင့် ပညတ်သိမှ ပရမတ်အသိ အထိရောက်ရန် အားထုတ်ကြရမည် ဖြစ်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ ပညတ်အစွဲမှသည် ပရမတ်ကွဲသည်အထိ ကြိုးစားကြရန် ဖြစ်ပါ၏။ ပညတ်မှသည် ပရမတ်ကို ထုတ်ယူရမည် ဖြစ်သဖြင့် ပညတ်ကို ပယ်ရမည်မဟုတ်ဘဲ ပညတ်ကို ပညတ်အတိုင်းထားကာ ပရမတ်အမြင်ဖြင့် မြင်နိုင်ရန် အားထုတ်ရမည်သာ ဖြစ်ပါ၏။ ထိုသို့ မဟုတ်လျှင် ပရမတ်အမှန်လည်းမမြင် ပညတ်သဘောလည်း မသိဘဲ နေရာတကာ လိုလျှင်ပရမတ်၊ မလိုလျှင် ပညတ်ဟု ဆိုတတ်သည်အထိ အမှတ်မှားတတ်ပေ၏။

ထို့ကြောင့် ပညတ်နှင့်ပရမတ်တို့၏ သဘောသဘာဝကို ဉာဏ်ဖြင့်မသိနိုင် သေးသော်လည်း သညာသိဖြင့် အကောင်းဆုံးသိကာ အမှားအမှန် ခွာခြားနိုင်စေဖို့ ကြိုးစားအားထုတ်ကြရန်နှင့် ထိုမှတစ်ဆင့်တက်ကာ ပညတ်အသိမှ ပရမတ်အသိအထိ သိရှိနိုင်စေဖို့ ၀ိပဿနာအလုပ်ကို ကြိုးစားအားထုတ်ကြပါဟု တိုက်တွန်းရင်း ဗုဒ္ဓစာပေလာ ပညတ်နှင့် ပရမတ်အကြောင်း တစ်စေ့တစ်စောင်းကို စေတနာအားဖြင့် မိတ်ဆက်စကား ပါးလိုက်ရပါသည်။

ကျမ်းကိုး = သင်္ဂြိဟ်ဘာသာဋီကာ (အရှင်ဇနကာဘိဝံသ)

Read more »

အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၄)…

တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို ပြန်ပြီး မေးခွန်းထုတ်ဖြစ်ပါတယ်။ “ဒကာလေးတို့က ဘာကိုဘယ်လို ရှုမှတ်တာလဲ…”လို့။ ပြီးတော့ သူတို့အမေးနဲ့ ဆက်စပ်ရာကို ရှင်းပြဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တရားအားထုတ်တဲ့အခါ ဘာကိုဘယ်လို ရှုမှတ်တယ်ဆိုတဲ့ ဒီအချက်က အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓဟောတော်မူထားတဲ့ မဟာသတိပဋ္ဌာန သုတ်မှာ တရားအားထုတ်နည်း လေးမျိုးပြထားပြီးသားပါ။ ရုပ်တရားတွေကို ရှုမှတ်နည်း၊ ဝေဒနာကို ရှုမှတ်နည်း၊ စိတ်ကိုရှုမှတ်နည်းနဲ့ သဘောတရားကို ရှုမှတ်နည်းဆိုတဲ့ ဒီနည်းလေးမျိုးလုံးဟာ တရားအားထုတ်တဲ့ ယောဂီတိုင်း တွေ့ရှိမှတ်သားနိုင်မှာ ဖြစ်သလို တစ်နည်းနဲ့ တစ်နည်းကလည်း ဆက်စပ်ကာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက အားထုတ်နေတဲ့ အခိုက်မှာ ကိုယ်က ဘာကိုသိပြီး ဘာကိုရှုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ တရားထိုင်တုန်းကလည်း ကမ္မဋ္ဌာနာ စရိယ ဆရာတော်ထံမှာ တရားလျှောက်တော့ မယ်ဆိုရင် “တပည့်တော် ဘယ်လိုပုံစံနဲ့ ဘာကိုမှတ်တုန်းက ဘယ်လိုဖြစ်ပါတယ်ဘုရား…” လို့ အရင်ဆုံး ကိုယ်အားထုတ်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အရာနဲ့ မှတ်လိုက်တဲ့ ပုံစံလေးတွေကို လျှောက်ပြရပါတယ်။ ဒီတော့မှ ဆရာသမားက “ဒါဆိုရင် ဒီလိုလေးမှတ်လိုက်၊ ဒီလိုပြင်လိုက်၊ ဒီအတိုင်း ဆက်မှတ်လိုက်” စသဖြင့် လမ်းညွှန်ပြသ ပေးတာဖြစ်ပါတယ်။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ် ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ စိတ်မှာတစ်ခုခု တွေးထင်ကြံစည်တာမျိုး၊ ရုပ်မှာ နာကျင်ထုံထိုင်း စတဲ့ ခံစားချက် တစ်ခုခု ဖြစ်ပေါ်တာမျိုး စတဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် သူ့ပေါ်လာတဲ့ အတိုင်းပဲ လိုက်သိမှတ်ပေးဖို့ပါ။ အရှိအတိုင်းလို့ ဆိုတဲ့အတွက် ကိုယ်ကအာရုံကိုလိုက်ပြီး စိတ်ကူးနေတာမျိုး၊ အာရုံတွေကို ဟိုမှတ်ဒီမှတ် ဟိုပြောင်းဒီပြောင်း လိုက်ပြီး ကစားနေတာမျိုး မဖြစ်ရပါဘူး။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဒီနေရာမှာ အရေးကြီးတာက မှတ်လိုက်တဲ့အာရုံနဲ့ မှတ်လိုက်ပုံလေးက အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာ ပေါ်ရာပေါ်ရာကို ပေါ်စဲပေါ်ခိုက်မှာ လိုက်မှတ်တာ ဖြစ်တဲ့အတွက် တစ်ခုတည်း တစ်သမှတ်တည်း စွဲကိုင်ပြီး မှတ်လို့မရပါဘူး။ ၀ိပဿနာဆိုတဲ့ သဘောကိုက ပေါ်ရာပေါ်ရာကို ရှုမှတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ပေါ်ရာပေါ်ရာလို့ ဆိုတဲ့အတွက် မပေါ်သေးတာကို တွေးကြံပြီး စိတ်ကူးနဲ့ စောင့်မှတ်တာမျိုး မဟုတ်သလို ပေါ်ပြီးပျောက်သွားတဲ့ အရာတွေကိုလည်း ပြန်စဉ်းစားပြီး မှတ်ရတဲ့ သဘောမဟုတ်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် ဖြစ်တဲ့ အဲဒီဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကိုပဲ သတိနဲ့ လိုက်လိုက်သိမှတ် ပေးနေတာကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှုမှတ်တဲ့အခိုက်မှာ ပေါ်လာတဲ့ အာရုံက ခံစားခြင်း ဝေဒနာဖြစ်တယ်ဆိုရင် အဲဒီဝေဒနာကို လိုက်မှတ်ရမှာ ဖြစ်သလို ရှုမှတ်နေတဲ့အခိုက်မှာ စိတ်မှာအတွေး အကြံစတာတွေနဲ့ ဟိုစိတ်ဒီစိတ် စတဲ့ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်ပေါ်တဲ့အခါ အဲဒီဖြစ်တဲ့ စိတ်အစဉ်ကို လိုက်ပြီး သိမှတ်နေရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ထွက်လေ၀င်လေ လေးကိုပဲ သတိနဲ့ မပြတ်မှတ်နေမိတာမျိုး၊ အာရုံတစ်ခုခုရဲ့ ဖြစ်တတ်တဲ့ သဘောတရား၊ ဖြစ်နေတဲ့ လက္ခဏာလေးတွေကို လိုက်လိုက်သိနေတာမျိုး စတာတွေဟာ ဆိုင်ရာအာရုံတွေရဲ့ အခိုက်အတန့်လေးတွေကို သတိနဲ့လိုက်ပြီး ရှုမှတ်နေတာ ဖြစ်ပါတယ်။ ဒီလိုရှုမှတ်နေတာဟာ မှန်ကန်တဲ့ ၀ိပဿနာ ရှုနည်းများ ဖြစ်နေပြီး အရှုခံအာရုံနဲ့ ရှုမှတ်ပုံကို တစ်ခုပြီးတစ်ခု သတိမလွတ်ဘဲ အားထုတ်နေတဲ့ သတိပဋ္ဌာန် ကျင့်စဉ်နည်းပဲ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်အားသန်ရာ တစ်ခုခုကို အထူးပြုပြီး စွဲမှတ်နေတာမျိုးတော့ ရှိတတ်ပါတယ်။ အဲလိုလည်း မှတ်နိုင်ပါတယ်။ ဒါကလည်း တစ်ခြားအာရုံတွေ မပေါ်လို့မဟုတ်ဘဲ ယောဂီပုဂ္ဂိုလ် ကိုယ်တိုင်က ကိုယ်အားသန်ရာ အမှတ်အာရုံ တစ်ခုတည်းကိုပဲ အဓိကထား အထူးမှတ်နေပြီး တစ်ခြားအာရုံတွေကို လျစ်လျူရှုထားလို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ တရားအားထုတ်တဲ့အခါ အာရုံတွေက တစ်မျိုးတည်း မဟုတ်ဘဲ ထွက်သက်ဝင်သက်ကို မှတ်နေရင်းနဲ့ ဟိုကျင်ဒီကျင် ဖြစ်တာ၊ ဟိုနေရာယား၊ ဒီနေရာယား ဖြစ်တာ၊ ဟိုအတွေး ဒီအတွေးတွေ ဖြစ်တာ စတာလေးတွေကိုလည်း သိနေတာလေးတွေ ရှိနေတတ်သလို စိတ်ကိုအထူးပြု မှတ်နေရင်းနဲ့လည်း ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေ၊ ခံစားမှုတွေ စတာတွေကိုလည်း သိနေတတ်တာလေးတွေ ရှိတတ်ပါတယ်။ ဟိုဟိုဒီဒီ အခိုက်အတန့် ဖြစ်တတ်တဲ့ အာရုံလေးတွေ ရှိနေပေမယ့် အဲဒိအာရုံလေးတွေထက် ကိုယ်စွဲကိုင်ပြီး မှတ်နေတဲ့ အာရုံ၊ ကိုယ်ကိုယ်တိုင် သဘောကျနေတဲ့ အာရုံကို အထူးအလေးပေး မှတ်နေတဲ့အတွက် တစ်ခြားအာရုံတွေမှာ သတိမပြုမိ၊ မမှတ်မိလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဒီအာရုံကို မှတ်နေရင်း ဟိုအာရုံကို မှတ်လို့ရသလား ဆိုတာထက် အာရုံတစ်ခုခုကို ထင်ထင်ရှားရှား သိမှတ်နေဖို့က အရေးကြီးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံတစ်ခုခုကို အမိအရ မှတ်နိုင်ဖို့ အဓိကကျပါတယ်။ အဲဒီလို တစ်ခုခုကို မှတ်နေတဲ့ အခိုက်ကိုပဲ ဘယ်အာရုံကို ဘယ်လိုမှတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြောချင်တာက တရားအားထုတ်တဲ့ အခါ ဒီလိုထင်ထင်ရှားရှား မှတ်သိနေတဲ့အခိုက်မှာ ကိုယ်မှတ်လိုက်တဲ့ အာရုံဟာ စိတ်မှာဖြစ်နေတဲ့ အာရုံတစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် အဲဒါ စိတ္တာနုပဿနာ ဖြစ်နေပြီး ကိုယ်မှတ်တဲ့အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ဝေဒနာတစ်ခုခုကို မှတ်လိုက်မိတယ်ဆိုရင် အဲဒါ ဝေဒနာနုပဿနာ ဖြစ်တာပါပဲ။ ဒီလိုပဲ ကိုယ်မှတ်လိုက်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ရုပ်တရား တစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် ဒါဟာ ကာယာနုပဿနာ ဖြစ်နေပြီး မှတ်သိတဲ့အခိုက် မှတ်လိုက်တဲ့အာရုံဟာ သဘောတရား တစ်ခုခု ဖြစ်နေမယ်ဆိုရင် အဲဒါ ဓမ္မာနုပဿနာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမှတ်တဲ့အခိုက်မှာ အရေးကြီးတဲ့ အချက်ဟာ ဘယ်လိုဘယ်နည်း ဆိုတာထက် ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ယထာ ယထာ ၀ါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာနံ ပဇာနာတိ- ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏။ ” လို့ မိန့်တော်မူထားချက် ရှိပါတယ်။ မြတ်ဗုဒ္ဓအလို ဒီမှာ ပြောလိုတာက ရုပ်တရားဟာ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေပါစေ အဲဒီရှိနေတဲ့ အတိုင်းလေးပဲ လိုက်သိပေးနေပါလို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်က ရုပ်တရားလို့ ဆိုပေမယ့် တစ်ခြား စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှကို ဖြစ်စဲဖြစ်ခိုက်မှာပဲ အရှိအတိုင်း သိနေဖို့အထိ နားလည်သဘော ပေါက်ထားနိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲလို့ ဆိုတာဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဟိုလိုလို ဒီလိုလို ဖြစ်မနေဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ သမာဓိ မတည်တဲ့အတွက် စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေတတ်တာတွေ ရှိတတ်ပါတယ်။ စိတ်ကိုမှတ်လိုက်သလိုလို၊ ရုပ်ကို မှတ်လိုက်သလိုလို၊ ဝေဒနာကို မှတ်လိုက်သလိုလို စသဖြင့် ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့သဘောမှာ သမာဓိ အားနည်းလို့ ဖြစ်တတ်တာလည်း ရှိတဲ့အတွက် ကိုယ်အားသန်တဲ့ ထင်ရှားတဲ့ အာရုံတစ်ခုခုကို အမိအရယူပြီး အဲဒီအာရုံမှာပဲ မလွတ်တမ်း မှတ်သိနိုင်အောင် ကြိုးစားဖို့တော့ လိုပါတယ်။

တစ်ချို့ စိတ်ကို အထူးပြုပြီး မှတ်မှမှတ်လို့ ရတဲ့ ယောဂီတွေ ရှိသလို တစ်ချို့ကျတော့ ဝေဒနာကို မှတ်နေမှ သမာဓိဖြစ်ကာ အမှတ်အာရုံ ကောင်းတဲ့ ယောဂီတွေလည်း ရှိတတ်ပါတယ်။ ဒါက သူတို့သူတို့ရဲ့ စိတ်အားသန်ရာကြောင့် ဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ကိုအထူးပြုမှတ်မှ ၀ိပဿနာ မှတ်နည်းအစစ်ဖြစ်တယ်၊ ရုပ်ကိုအထူးပြုမှတ်မှ နည်းမှန်ဖြစ်တယ်၊ ဝေဒနာကို မှတ်နိုင်မှ တရားတက်မှာဖြစ်တယ် စတဲ့ အစွဲအလန်းတွေ၊ နားလည်မှုတွေဟာ မမှန်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လိုပဲမှတ်မှတ် မှတ်တဲ့အခိုက်မှာ မှတ်တဲ့အာရုံကို အရှိအတိုင်း ထင်ထင်ရှားရှား သိမှတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အာရုံတစ်ခုခုကို မှတ်သိနေဖို့ပဲ လိုပါတယ်။ အဲဒီလို စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံ တစ်ခုခုကို အရှိအတိုင်း မှတ်သိနိုင်နေရင် ဒါဟာ ဗုဒ္ဓအလိုတော်ကျ ၀ိပဿနာ အားထုတ်နည်း အမှန် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီတွေအနေနဲ့ အဓိက နားလည်သဘော ပေါက်ထားရမှာက ဘယ်နည်းကို အားထုတ်တယ် ဆိုတာထက် အားထုတ်တဲ့ အခိုက်မှာ ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ် ဆိုတာက အဓိကကျတာ ဖြစ်ပြီး ဟိုနည်းဒီနည်းဆိုတာ အားထုတ်စဲအခိုက်မှာ မှတ်လိုက်တဲ့ အမှတ်အာရုံနဲ့ မှတ်လိုက်ပုံကိုလိုက်ကာ ခွဲခြားသတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ်ရဲ့ အဓိကအလုပ်က စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ အာရုံကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်ကို သူ့အရှိအတိုင်းပဲ လိုက်သိပေးနေတဲ့ အလုပ်ပဲဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနည်းအတိုင်းသာ ဟိုဟိုဒီဒီ အတွေးမများပဲ ပေါ်သမျှ အာရုံကို အလေးထားပြီး မှတ်ကြည့်ကြဖို့ အသိပေးလိုပါတယ်။ ရှေ့မှာပြောခဲ့တဲ့ စကားအတိုင်း ပြန်ပြောရရင် ဘယ်နည်းကို အဓိကထားပြီး အဲဒီနည်းအတိုင်း မဖြစ်မနေ လိုက်ပြီးရှာဖွေ မှတ်ရှုနေဖို့ထက် ဘယ်အာရုံကို ဘယ်လိုမှတ်တယ်ဆိုတာက အဓိကကျတဲ့အတွက် ဖြစ်စဲဖြစ်ခိုက် အာရုံတစ်ခုခုကိုသာ အမိအရ မှတ်သိနိုင်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဝါခေါင်လပြည့်နေ့ (သို့) မေတ္တာအခါတော်နေ့…

ဒီနေ့ကတော့ မြန်မာ့ပြက္ခဒိန် သတ်မှတ်ချက်အရ ၁၃၇၂ခုနှစ်၊ ၀ါခေါင်လပြည့်နေ့ သို့မဟုတ် မေတ္တာအခါတော်နေ့ပဲ ဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဟာ ဗုဒ္ဓဘာသာကို အခြေခံထားတဲ့ ယဉ်ကျေးမှုလို့ ပြောလို့ရလောက်အောင် မြန်မာနိုင်ငံရဲ့ လအသီးသီးမှာလည်း ဘာသာတရားကို အခြေခံထားတဲ့ နေ့ထူးနေ့မြတ်များ ရှိနေပါတယ်။ ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့၊ ၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ စသဖြင့် သတ်မှတ်ကြသလို ၀ါခေါင်လပြည့်နေ့ကိုလည်း မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကာ ကုသိုလ်ကောင်းမှု အထူးထူးကို ပြုလုပ်ကြပါတယ်။ ဒီဝါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်တာကတော့ ဗုဒ္ဓလက်ထက်က ဗုဒ္ဓဘုရားရှင် ဟောတော်မူတဲ့ မေတ္တာသုတ်ကို အကြောင်းပြုပြီး သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟာ ဒီမေတ္တာသုတ်ကို ၀ါခေါင်လပြည့်နေ့မှာ ဟောတော်မူခဲ့တာ ဖြစ်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ မြန်မာဗုဒ္ဓဘာသာများက ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။

ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ မေတ္တာပွားနည်းကိုယူပြီး ဘုန်းဘုန်းတို့လည်း တရားဟောတဲ့အခါ ငါးပါးသီလ ပေးပြီးတာနဲ့ ဒီမေတ္တာပွားနည်းကို ရှေ့ကချပေးရင်း ပွားစေခဲ့ပါတယ်။ အထူးသဖြင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။

၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

Read more »

မရှိတာထက် မသိတာခက်…

မြန်မာစာအဖွဲ့က ထုတ်ဝေတဲ့ “မြန်မာဆိုရိုးစကား”ဆိုတဲ့ စာအုပ်ကိုဖတ်ရင်း “မရှိတာထက် မသိတာခက်” ဆိုတဲ့ ဆိုရိုးလေးကို ဖတ်မိတော့ လက်တွေ့ဘ၀ တွေ့ကြုံရတာလေးတွေကို သတိရမိပါသေးတယ်။ ဒီဆိုရိုးလေးနဲ့ ပတ်သက်ပြီး စာအုပ်ထဲမှာတော့ “ပစ္စည်းဥစ္စာ မရှိတာထက် မသိတတ်သည်က ပို၍ခက်သည်” လို့ ဖွင့်ဆိုရှင်းပြထားပါတယ်။ လက်တွေ့ဘ၀မှာလည်း ဒီအဖွင့်ထဲကလိုပဲ ပစ္စည်းဥစ္စာ မရှိတာထက် အသိဉာဏ်မရှိဘဲ မသိတတ်တဲ့သူတွေကြောင့် ဟိုဟိုဒီဒီ ကိစ္စများမှာ အခက်အခဲ ပိုဖြစ်ရတာတွေကို သတိပြုမိနေပါတယ်။ မရှိတာလည်းမကောင်း မသိတာလည်း မကောင်းပေမယ့် မသိတာထက်စာရင် မရှိတာက တော်သေးတယ်လို့ မသိတဲ့သူတွေကြောင့် အခက်ကြုံရတိုင်း ဖြေဆည်နေမိပါတယ်။ ဒါကြောင့်လည်း ဒုက္ခရောက်နေတဲ့ သူချင်းအတူတူ မရှိတဲ့သူတွေကို ပိုပြီး ကူညီထောက်ပံ့ကြခြင်း ဖြစ်မှာပါလို့ ဘာမဆိုင် ညာမဆိုင် တွေးမိနေပါသေးတယ်။

ဟုတ်ပါတယ်။ အသက်အရွယ်အရ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ မရှိတဲ့သူတွေနဲ့လည်း တွေ့ဖူးပါတယ်။ မသိတဲ့သူတွေနဲ့လည်း ကြုံဖူးပါတယ်။ မရှိလည်းမရှိ မသိလည်းမသိတဲ့ သူတွေနဲ့လည်း ဆုံဖူးပါတယ်။ ရှိလည်းရှိ သိလည်းသိတဲ့သူ အနည်းငယ်နဲ့လည်း ပတ်သက်ဖူးပါတယ်။ ဒီလို လူအမျိုးမျိုးနဲ့ ကြုံဖူးတဲ့အထဲမှာ မသိတဲ့သူတွေနဲ့ ပေါင်းရသင်းရ ကြုံရဆုံရတာကတော့ တကယ့်ကိုပဲ အခက်ဆုံး ဖြစ်ပါတယ်။ မသိလို့ သိအောင်လုပ်မလား ဆိုတော့လည်း မဟုတ်၊ သိတဲ့သူက ပြောပြပြန်တော့လည်း လက်မခံ ဘယ်လိုမှကို လိုက်လျောညီထွေဖြစ်အောင် ဆက်ဆံပေါင်းသင်းလို့ မရတဲ့အတွက်ကြောင့် လိုအပ်တဲ့သူချင်း အတူတူ မရှိတဲ့သူထက် မသိတဲ့သူက ပိုခက်ပြီး ပိုသနားစရာ ကောင်းနေသလို ဖြစ်နေတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မရှိတာထက် မသိတာခက်လို့ ပြောတာနေမှာပါ။

ဘာသာတရား ရှုဒေါင့်က ပြောမယ်ဆိုရင် မရှိတာဟာ ဒါနကြောင့်ဖြစ်ပြီး မသိတာဟာ ပညာကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါနမပါတော့ မရှိဖြစ်နေပြီး ပညာမပါတော့ မသိဖြစ်နေတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါနမပါတဲ့သူတွေဟာ ဖြစ်လေရာဘ၀တွေမှာ မွဲနေတတ်ပြီး ပညာမပါတဲ့ သူတွေကတော့ ဖြစ်လေရာဘ၀မှာ အသိမရှိဖြစ်ကာ မောဟအမှောင် ဖုံးနေတတ်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ပြီး စိတ်ထင်ရာ လုပ်နေမိတတ်ပါတယ်။ ပိုဆိုးတာက ကုသိုလ်ကို ကုသိုလ်လို့ မသိ၊ အကုသိုလ်ကို အကုသိုလ်လို့ မသိတာက ပိုဆိုးပါတယ်။ တစ်ခြားအရာတွေမှာ မသိတာထက် ကုသိုလ်အကုသိုလ်ကို မသိတာက အဆိုးဆုံးဖြစ်ပြီး အပြစ်ပိုကြီးကြောင်း ဗုဒ္ဓအဘိဓမ္မာ သဘောအရ လေ့လာ စမ်းစစ်ကြည့်နိုင်ပါတယ်။

အဘိဓမ္မာ သဘောအရ အကုသိုလ်တစ်ခုကို မသိလို့လုပ်တာနဲ့ သိပြီးလုပ်တာမှာ မသိလို့ လုပ်တာက ပိုအပြစ်ကြီးတယ်လို့ ဆိုပါတယ်။ လောက ဥပဒေတွေမှာတော့ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ သိပြီး လုပ်တာနဲ့ မသိလို့ လုပ်မိတာမှာ မသိလို့ လုပ်မိတာက အပြစ်ပေါ့ပြီး သိပြီးလုပ်တာက ပိုအပြစ်ကြီးလေးကြောင်း သတ်မှတ်ကြပါတယ်။ အဘိဓမ္မာမှာတော့ မသိလို့လုပ်တာက ပိုအပြစ်ကြီးတယ်လို့ ဆိုပါတယ်။ ဒီသဘောကို ဥပမာလေးနဲ့လည်း ရှင်းပြထားပါတယ်။ တစ်ရှိန်ရှိန်ပူပြင်းနေတဲ့ ပြာဖုံးထားတဲ့ မီးကျီးခဲကို ကိုင်တဲ့နေရာမှာ မသိလို့ ကိုင်တဲ့သူနဲ့ သိပြီး ကိုင်တဲ့သူမှာ မသိတဲ့သူက မီးကျီးခဲကို မကျီးခဲမှန်း မသိတော့ အားရပါးရ အမိအရ ကိုင်လိုက်တဲ့အတွက် ပိုပြီးပူလောင်တတ်ပြီး သိပြီးကိုင်တဲ့သူကတော့ မဖြစ်မနေ ကိုင်ရပေမယ့် မီးကျီးခဲမှန်း သိတဲ့အတွက် သက်သာအောင် ကိုင်မှာဖြစ်လို့ မီးပူသက်သာတယ်လို့ ဆိုပါတယ်။ အဲဒီလိုပဲ အကုသိုလ်ကို အကုသိုလ်လို့ မသိဘဲ လုပ်တဲ့သူနဲ့ သိပြီးလုပ်တဲ့သူမှာ မသိဘဲ လုပ်တဲ့သူက အကုသိုလ်မှန်း၊ မကောင်းမှုမှန်း မသိတဲ့အတွက် အားရပါးရ ပျော်ပျော်ပါးပါး စေတနာ အပြည့်နဲ့ လုပ်မိနေတတ်တဲ့အတွက် အကျိုးပေးတဲ့အခါ အပြစ်ပိုကြီးလေးတတ်ပြီး အကုသိုလ်ကို အကုသိုလ်လို့ သိထားပြီး အခြေအနေအရ လုပ်ရတဲ့သူကတော့ လုပ်သာလုပ်နေရပေမယ့် ကြောက်ကြောက်လန့်လန့်နဲ့ လုပ်နေရတဲ့အတွက် စေတနာ အားနည်းပြီး အကျိုးပေးလည်း သက်သာတဲ့သဘော ဖြစ်တယ်လို့ ဆိုပါတယ်။ အမှန်တော့ အကုသိုလ်ကို အကုသိုလ်လို့ မသိတာကိုက အပြစ်ကြီးတစ်ခု ဖြစ်နေခြင်း ဖြစ်တယ်လို့ ရှင်းပြပါတယ်။ ဒါက စေတနာသာ အဓိကဖြစ်တယ်ဆိုတဲ့ အပေါ်မှာ ဖော်ညွန်းပေးတဲ့ အဘိဓမ္မာအမြင်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်မယ်ဆိုရင် မရှိတဲ့သဘောနဲ့ မသိတဲ့သဘောမှာ မသိတဲ့သဘောက တကယ့်ကိုပဲ ဘ၀သံသရာ ဒုက္ခအသွယ်သွယ် ဖြစ်စေတာဟာ အမှန်ပါပဲ။ ရှိခြင်းမရှိခြင်း သဘောဟာ အခိုက်အတန့် သဘောဖြစ်တဲ့ အတွက် အခုမရှိပေမယ့် နောင်ရှိရင် ရှိလာနိုင်သလို အခုရှိနေပေမယ့်လည်း နောင်မရှိတဲ့ အခါလည်း ရှိတတ်ပါတယ်။ ဒါနအားကောင်းရင် ရှိနေမှာဖြစ်ပြီး ဒါန အားနည်းရင် မရှိဘဲ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ရှိခြင်းမရှိခြင်းဟာ သတ္တ၀ါတွေအတွက် မမြဲတဲ့ လောကဓံ တစ်ခုဖြစ်တဲ့အတွက် မဖြစ်မနေ ကြုံနေရမှာဖြစ်ပြီး သိပ်ပြီး အရေးကြီးတဲ့ သဘောတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပညာမပါလို့ မသိတဲ့သူတစ်ယောက် ဖြစ်နေခဲ့မယ် ဆိုရင်တော့ ဒီမသိမှု အ၀ိဇ္ဇာက အခိုက်အတန့် ကာလလောက်သာ မဟုတ်တော့ဘဲ ဘ၀သံသရာနဲ့ချီပြီး မျောနေတော့မှာ ဖြစ်ပါတယ်။ မသိမှု အ၀ိဇ္ဇာကြောင့် အမှားအမှန်မသိ၊ ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးမသိ ဖြစ်နေတတ်ပြီး ဒီမသိမှုကြောင့်ပဲ အမှားတွေကို ဆက်တိုက်လုပ်မိရာက ဘ၀သံသရာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်နေကြရတာ ဖြစ်ပါတယ်။

ဆိုလိုတာက မရှိတာနဲ့ မသိတာဟာ နှစ်ခုလုံး မကောင်းပေမယ့် မရှိတာကတော့ အခိုက်အတန့် သဘောဖြစ်တဲ့ အတွက် တစ်ချိန်ချိန်မှာ ရှိလာနိုင်မှာဖြစ်လို့ ဖြေဆည်လို့ ရနိုင်ပေမယ့် မသိတာကတော့ ဘာပဲဖြစ်ဖြစ် အကြောင်းအကျိုး အကောင်းအဆိုးကို မခွဲခြားနိုင်တဲ့အတွက် မသိတာတွေ များလာရင် ပစ္စုပ္ပန် သံသရာ ဒုက္ခတွေလည်း ပိုများလာမှာ ဖြစ်ကြောင်းဆိုလိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် သိမှုမသိမှုဟာ လက်တွေ့ကျင့်ကြံ အားထုတ်မှုနဲ့လည်း သက်ဆိုင်နေတာကြောင့် သိပြီးမကျင့်ပြန်ရင်လည်း မသိတာနဲ့ အတူတူလို ဖြစ်နေတဲ့အတွက် အသိနောက်ကို အကျင့်လိုက်ဖို့ လိုတာလည်း သတိပြုဖို့ လိုပါတယ်။ မရှိတာကို ရှိအောင်လုပ်နိုင်သလို မသိတာကိုလည်း သတိကပ်ပြီး ကျင့်ကြံ အားထုတ်ခြင်းဖြင့် သိအောင်လုပ်နိုင်ကာ သိပြီးကျင့်တဲ့အတွက် ရရှိလာတဲ့ အသိတစ်ခု ဖြစ်လာမယ်ဆိုရင်တော့ မရှိတာထက် သိလာတာက ပိုကောင်းတယ်လို့ ဆိုရမှာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။

ပြောမယ့်သာ ပြောရတာ မသိတာကို သိအောင်လုပ်ဖို့က ထင်သလောက် မလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ ကာယကံရှင် ကိုယ်တိုင်က ပြုပြင်လိုတဲ့စိတ်နဲ့ ပြုပြင်နိုင်တဲ့ အသိရှိမှလည်း ပြုပြင်ပေးရတာ လွယ်တာပါ။ တစ်ခါက စည်းစိမ်ဥစ္စာ ချမ်းသာတဲ့ ဒကာတစ်ယောက်နဲ့ ဆုံဖူးပါတယ်။ ဒီဒကာဟာ ချမ်းသာတဲ့အတွက် ချမ်းသာဂုဏ်မောက်ပြီး အသိပျောက်နေတယ်ဆိုတာကို သူနဲ့မကြာမကြာ ဆုံဖြစ်တဲ့အခါ သိလာရပါတယ်။ ချမ်းသာပေမယ့် ကုသိုလ်အကုသိုလ်ကို မသိဘဲဖြစ်နေတာဟာ သူ့ရဲ့ အကြီးမားဆုံး ဆင်းရဲမှု တစ်ခုဖြစ်နေတာကို ခံစားရပါတယ်။ သူ့ရဲ့ချမ်းသာမှုတွေဟာ ကောင်းတဲ့အလုပ်တွေနဲ့ ချမ်းသာမှုတွေ မဟုတ်ဘဲ မကောင်းတဲ့ အလုပ်တွေနဲ့ ချမ်းသာမှု ဖြစ်နေတဲ့အပြင် ဒီလို မကောင်းတဲ့ အလုပ်တွေကို လုပ်ပြီးချမ်းသာ နေတာကို အကုသိုလ်လို့ သူကိုယ်တိုင် မသိဘဲ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုက်ဆံရမယ်ဆိုရင် ပါဏာတိပါတနဲ့ ရင်းပြီးစီးပွား ရှာရမှာလည်း ၀န်မလေးတတ်သလို မှောင်ခိုအလုပ်တွေနဲ့ ကုန်သွယ်ရမှာလည်း ၀န်မလေးသူ တစ်ယောက်လို ဖြစ်နေပါတယ်။ ပြီးတော့ အရက်ဆိုင်တို့ အနှိပ်ခန်းတို့၊ ပြည့်တန်ဆာ လုပ်ငန်းတို့ စတဲ့အလုပ်တွေလုပ်ပြီး စီးပွားရှာရမှာလည်း မကြောက်မရွံ့ ဖြစ်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့က သူနဲ့တွေ့တဲ့အခါ တစ်ခါတစ်လေ “ဒကာကြီး ဒီလုပ်ငန်းတွေဟာ သမ္မာအာဇီဝကျတဲ့ အလုပ်တွေ မဟုတ်သလို အကုသိုလ် အလုပ်တွေဖြစ်ပါတယ်၊ တစ်ခြားနည်းတွေနဲ့ စီးပွားရှာနိုင်အောင် ကြိုးစားတာ ကောင်းပါတယ်”လို့ အကြံပေးပြောဆိုတဲ့အခါ “ဟာ… ကိုယ်တော်တို့က ဘာသိလို့လဲ၊ ဒီနေ့ခေတ်မှာ ဒီလိုမှ စီးပွားမရှာရင် ချမ်းသာဖို့ မလွယ်ဘူး၊ ကိုယ်တော်တို့ပြောတဲ့ သမ္မာအာဇီဝ အလုပ်ဆိုတာ တကယ်လက်တွေ့မှာ ဘာမှအသုံး မတဲ့တော့ဘူး၊ တပည့်တော်ကတော့ ဒီဘ၀ ချမ်းသာဖို့ပဲသိတယ်၊ အဲဒီ ကောင်းရောင်း ကောင်းဝယ်တွေဆိုတာ ယုံလည်းမယုံဘူး၊ တပည့်တော်ယုံထားတာက ကြိုးစားရင် ကြိုးစားသလို ရတယ်ဆိုတဲ့ အချက်ပဲ၊ အခု တပည့်တော် ချမ်းသာတယ်ဆိုတာ တပည့်တော် ကြိုးစားလို့ ချမ်းသာတာ၊ ဘယ်သူတွေ ဘာဖြစ်တယ်ဆိုတာ တပည့်တော်နဲ့ မဆိုင်ဘူး…” စတဲ့ အပြောတွေနဲ့ အသိခေါက်ခက် အ၀င်နက်တဲ့ သဘောနဲ့ပဲ ပြန်တုံ့ပြန်တတ်ပါတယ်။ နောက်ဆုံးတော့ ဘုန်းဘုန်းတို့မှာ မြန်မာဆိုရိုး စကားလိုပဲ “မရှိတာထက် မသိတာခက်” ဆိုတာ တကယ့် အမှန်ပါလားလို့သာ ကိုယ်ကိုယ်ကို ဖြေလိုက်ရပါတယ်။

ဒီလို ဒကာမျိုးက တစ်ယောက်မဟုတ်ပါဘူး။ တော်တော်များများ တွေ့ဖူးပါတယ်။ သူတို့စိတ်ထဲမှာ ရှိဖို့ပဲ အာရုံထားပြီး သိဖို့အာရုံ မထားတဲ့အတွက် စည်းစိမ်ဥစ္စာ ရှိလာမယ်၊ ပိုက်ဆံရှိလာမယ်ဆိုရင် ကုသိုလ်အကုသိုလ်လည်း မသိ၊ လုပ်သင့်မလုပ်သင့်လည်း မသိတော့ဘဲ သိဖို့ထက် ရှိဖို့ကိုပဲ ကြိုးစားနေတော့တာ ဖြစ်ပါတယ်။ မရှိမှုနဲ့ မသိမှုမှာ မရှိမှာကိုကြောက်ပြီး မသိတာတွေ ရောက်လာတာကိုလည်း မစဉ်းစားမိတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ဘ၀ဟာ မသိမှုတွေနဲ့ အချိန်ကုန်နေပြီး သေခါနီးအခါကျတော့မှ မသိဘဲ လုပ်ခဲ့တဲ့ အပြစ်တွေကြောင့် ပူပူဆွေးဆွေး သောကလေးတွေနဲ့ သေရတော့တာ ဖြစ်ပါတယ်။ ဒါဟာ ရှိချင်တာတွေကို ဦးစားပေးပြီး သိသင့်တာကို မသိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မရှိရင်နေပါစေ မသိတာတော့ မဖြစ်ကြစေနဲ့လို့ ဆိုဆုံးမကြခြင်း ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မရှိတာထက် မသိတာက သတ္တ၀ါတွေကို ဘ၀သံသရာ ကျင်လည်နေမှုနဲ့ ဆင်းရဲဒုက္ခကို ပိုပြီး ဖြစ်စေတယ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရှိရှိ အသိတစ်ခု မရှိဘူးဆိုရင် ရှိပေမယ့်လည်း တန်ဘိုးမရှိ ဖြစ်တတ်တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။ ရှိတယ်ဆိုတာဟာ သေရင်ထားခဲ့ရမှာဖြစ်လို့ ရှိတာတွေကိုရင်းပြီး သိအောင်ကြိုးစားကြဖို့လည်း လိုပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ရှိတာလည်း ယူမသွားနိုင် သိတာလည်း တစ်ခုမှ ရှိမသွား၊ ရမသွားနိုင်ဘူး ဆိုရင်တော့ ဘ၀ဟာ အရှုံးကြီးရှုံးတဲ့ ဘ၀ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို မရှိလို့ ရှိအောင်ကြိုးစားရင်း ရှိဖို့နောက်ကိုချည်း လိုက်နေခဲ့မယ်ဆိုရင် အနှစ်သာရကို မသိတဲ့သူအဖြစ်၊ ရှိလာပေမယ့် အသိမပါတဲ့သူအဖြစ် ပြောင်းလဲသွားနိုင်တဲ့အတွက် ရှိဖို့ထက် သိဖို့အရင် ကြိုးစားဖို့လိုပြီး မရှိတာထက် မသိတာခက် မဖြစ်ရအောင် ရှိအောင်လည်းလုပ် သိအောင်လည်း လုပ်ကြဖို့ စေတနာစကား မေတ္တာအားနဲ့ အသိပေးစကား ပါးလိုက်ရပါတော့တယ်။

Read more »

သီလ၀ိသုဒ္ဓိ…

သီလ၀ိသုဒ္ဓိဟူသော စကားကို “သီလစင်ကြယ်ခြင်း”ဟု အလွယ်နားလည်ထားနိုင်၏။ စင်ကြယ်ခြင်းကို ပါဠိစကားဖြင့် သုဒ္ဓိဟု ဖွင့်ပြ၏။ ၀ိသုဒ္ဓိဟုဆိုလျှင်ကား အထူးစင်ကြယ်ခြင်းဟု ၀ိသေသတပ်ကာ ပြောနိုင်ပေ၏။ ၀ိသုဒ္ဓိမဂ် ကျမ်းပြုဆရာ အရှင်မြတ်က ၀ိသုဒ္ဓိဟူသော စကားကို နိဗ္ဗာန်ဟူသော အဓိပ္ပါယ်အထိ ဖွင့်ဆိုရှင်းပြ၏။ မည်သို့ဆိုစေ စင်ကြယ်မှု၏ အရေးကြီးမှုကို ဖွင့်ဆိုရှင်းပြထားခြင်းပင် ဖြစ်ပါ၏။ ထိုစင်ကြယ်မှုတွင် အထက်အထက် မဂ်ဉာဏ်များရရှိနိုင်စေရန် လှေကားစောင်းတန်း သဖွယ်ဖြစ်သည့် သီလစင်ကြယ်မှုသည် အထူးအရေးကြီးလှပေ၏။ သီလမစင်ကြယ်လျှင်ကား အထိုက်အလျောက် သမာဓိဉာဏ်များ ဖြစ်နိုင်သော်လည်း လွတ်မြောက်ရာအမှန် ၀ိပဿနာဉာဏ်ကို ရရန်မှာ အလွန်မလွယ်လှပေ။ ထို့ကြောင့် လွတ်မြောက်မှုလမ်း၏ အခြေခံဖြစ်သည့် သီလစင်ကြယ်မှုကို အထူးပြု၍ ကြိုးစားအားထုတ်ကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။ သီလ၀ိသုဒ္ဓိဖြစ်မှ စိတ္တ၀ိသုဒ္ဓိဖြစ်ကာ စိတ္တ၀ိသုဒ္ဓိဖြစ်မှ သမာဓိအားကောင်း၍ ၀ိပဿနာဉာဏ် အားသန်မည်ဖြစ်သဖြင့် သီလစင်ကြယ်စေရန် ကြိုးစားအားထုတ်ရမည် ဖြစ်ကြောင်း အသိပေး ဆုံးမကြခြင်း ဖြစ်၏။

သီလဟူသည်
သီလ၀ိသုဒ္ဓိဟူသော စကားတွင်ပါဝင်သည့် သီလ၏အဓိပ္ပါယ်နှင့်စပ်၍ “သူ့အသက်သတ်ခြင်း အစရှိသည်ကို ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာစသော တရားတို့သည် သီလမည်ကြောင်း” ၀ိသုဒ္ဓိမဂ် အဋ္ဌကထာတွင် ဖွင့်ဆိုရှင်းပြ၏။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်တွင်ကား “သူ့အသတ်သတ်ခြင်းစသည်မှ ရှောင်ကြဉ်သောသူ၊ ကျင့်ဝတ်ပဋိပတ်ကို ဖြည့်ကျင့်သောသူတို့၏ စေတနာသည် သီလမည်ကြောင်း၊ ထိုအကျင့်ကိုကျင့်သော သူတို့၏ ရှောင်ကြဉ်မှု ၀ိရတိစေတသိက်ခေါ် စေတသိကသည် သီလမည်ကြောင်း၊ ပါတိမောက္ခ သံဝရ သီလစသော ပိတ်ဆို့စောင့်ရှောက်ခြင်း သံဝရသည် သီလမည်ကြောင်း၊ သီလဆောက်တည်ထားသူ၏ ကာယဒွါရ ၀စီဒွါရ၌ဖြစ်သော မကျူးလွန်ကြောင်း ကုသိုလ်စိတ္တုပ္ပါဒ်ခေါ် အ၀ီတိက္ကမသည် သီလမည်ကြောင်း” စသည်ဖြင့် သီလ၏အဓိပ္ပါယ် အကျယ်ဖွင့်ပြထား၏။ ထို့ကြောင့် အထက်ပါအဖွင့်များအရ သီလဟူသည် ရှောင်ကြဉ်ကြောင်း၊ ဖြည့်ကျင့်ကြောင်း၊ တားမြစ်ပိတ်ဆို့ကြောင်း၊ မကျူးလွန်ကြောင်း တရားများကို လိုက်နာဖြည့်ကျင့်လျက်၊ ဆောင်ရန်ရှောင်ရန်များကို စောင့်ထိန်းကျင့်သုံးနေသော သူ၏ စေတနာစသည်ကို ဆိုကြောင်း နားလည်သဘောပေါက်နိုင်ပေ၏။

သီလအမျိုးအစားများ
သီလမှန်သမျှ ရဟန်းသီလ၊ လူသီလ စသည်ဖြင့် မည်သည့်သီလပင်ဖြစ်စေ “ကာယကံ၊ ၀စီကံတို့ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်လျက် သိမ်းဆည်းသိုမှီးထားခြင်း” သီလန လက္ခဏာ ရှိသဖြင့် အကွဲအပြားမရှိ တစ်ပါးတည်း ဖြစ်သော်လည်း အမည်ပညတ်များအရ သီလအမျိုးမျိုး ရှိကြောင်း စာပေတွင် ဖွင့်ပြထား၏။ စာပေအဖွင့်များအရ သီလသည် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်တို့၏ အစွမ်းဖြင့် နှစ်မျိုးနှစ်စား၊ ဟီနသီလ၊ မဇ္ဈိမသီလ၊ ပဏီတသီလ စသည်တို့၏ အစွမ်းအားဖြင့် သုံးမျိုးသုံးစား၊ ဘိက္ခုသီလ၊ ဘိက္ခုနီသီလ၊ အနုပသမ္ပန္နသီလ၊ ဂဟဋ္ဌသီလ စသည်တို့၏ အစွမ်းအားဖြင့် လေးမျိုးလေးစား၊ ပဟာနသီလ၊ ဝေရမဏိသီလ၊ စေတနာသီလ၊ သံဝရသီလ၊ အ၀ိတိက္ကမသီလ စသည်တို့၏ အစွမ်းအားဖြင့် ငါးမျိုးငါးစား ကွဲပြားကြောင်း စသည့် သီလ၏ကွဲပြားမှု အမည်နာမများကိုလည်း သိရှိနိုင်ကြမည်ဖြစ်၏။ အခြားအမည်ကွဲများဖြင့် အစုများ အများအပြား ရှိသော်လည်း ဤ၌ ဖော်ပြပါမျှသာ မိတ်ဆက်သဘောအားဖြင့် တင်ပြလိုပါ၏။ စင်စစ်သီလသည် မည်မျှပင် အမျိုးအမည် ကွဲပြားသော်လည်း အစွမ်းသတ္တိမှာ “မည်သည့်သီလမဆို ကာယကံနှင့် ၀စီကံတို့ကို ထိန်းသိမ်းစောင့်ရှောင်ခြင်း သီလန အစွမ်းသတ္တိ” ရှိနေခြင်းပင် ဖြစ်၏။ ထို့ကြောင့် ပါဏာတိပါတစသည်မှ ရှောင်ကြဉ်ခြင်း၊ ကျင့်ဝတ်ပဋိပတ်များကို ဖြည့်ကျင့်ခြင်းများကို ဖြည့်ကျင့်နေသူများသည် ကာယကံ ၀စီကံများကို ထိန်းသိမ်းနေသူများ ဖြစ်သဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလစင်ကြယ်ခြင်း ရှိနေသူများဟု ဆိုခြင်းဖြစ်ပါ၏။

ဤ၌သီလနှင့် ပတ်သက်၍ အမျိုးအစား ကွဲပြားမှုများ ရှိကြောင်းစာပေတွင် ဖွင့်ဆိုပြသည်မှာ ကျင့်ကြံလိုက်နာ သူများ၏ စိတ်စေတနာကို လိုက်၍ ကွဲပြားမှုများ ရှိနေသဖြင့် ထိုစေတနာသို့လိုက်ကာ အမည်နာမ သတ်မှတ်ပြရခြင်း ဖြစ်ပေ၏။ နှစ်ပါးစုသီလ၊ သုံးပါးစုသီလ စသည်ဖြင့် ဖော်ပြရခြင်း ဖြစ်၏။

ဥပမာအားဖြင့် နှစ်ပါးစု သီလတွင် စာရိတ္တသီလ၊ ၀ါရိတ္တသီလစသည်ဖြင့် ခွဲခြားရာတွင် “မြတ်စွာဘုရားက ဤအရာကို ပြုကျင့်အပ်၏ဟု ပညတ်သော သိက္ခာပုဒ်ကို ဖြည့်ကျင့်ခြင်းသည် စာရိတ္တသီလမည်ကြောင်း၊ ဤအရာကို မကျင့်အပ်ဟု တားမြစ်ပယ်အပ်သော အရာကို မပြုကျင့်ဘဲ ရှောင်ကြဉ်ခြင်းသည် ၀ါရိတ္တသီလမည်ကြောင်း” စသည်ဖြင့် ပြုကျင့်လိုက်နာသူများ၏ စေတနာအလိုက် ခွဲခြားပြခြင်းဖြစ်၏။ ထို့အတူ သုံးပါးစု သီလတွင်လည်း “သူတပါးတို့ ချီးမွမ်းထောမနာ ပြုသည့် အကျော်အစောကို နှစ်သက်တောင့်တသည်ဖြစ်၍ ဆောက်တည်ကြောင်း ဖြစ်သော သီလသည် ဟီန(အညံ့စား)သီလ မည်ကြောင်း၊ ကုသိုလ်ကောင်းမှု၏ အကျိုးကို လိုလားတောင့်တ၍ ဆောက်တည်အပ်သော သီလသည် မဇ္ဈိမ(အလတ်စား)သီလ မည်ကြောင်း၊ ဤအကျင့်သီလသည် အရိယာသူတို့ကောင်းတို့ ပြုသင့်ပြုအပ်သော အရာဖြစ်သည်ဟု အရိယာသူတော်ကောင်း အဖြစ်ကို အမှီပြု၍ ဆောက်တည်အပ်သော သီလသည် ပဏီတ (အကောင်းစား)သီလ မည်ကြောင်း” စသည်ဖြင့် သုံးပါးကွဲပြားမှုကို ခွဲခြားပြ၏။ လေးပါးအစု သီလတွင်လည်း “ရဟန်းတော်များ ဖြည့်ကျင့်ရမည့် ၀ိနည်းသိက္ခာပုဒ်များသည် ဘိက္ခုသီလမည်ကြောင်း၊ ရဟန်းမများ ပြုကျင့်လိုက်နာရမည့် ၀ိနည်း သိက္ခာပုဒ်များသည် ဘိက္ခုနီသီလ မည်ကြောင်း၊ သာမဏေယောက်ျား၊ သာမဏေမိန်းမများ ကျင့်သုံးရသည့် ဆယ်ပါးသီလနှင့် ကျင့်ဝတ်သိက္ခာပုဒ်များသည် အနုပသမ္ပန္နသီလ မည်ကြောင်း၊ လူပုဂ္ဂိုလ်များ စောင့်ထိန်းရမည့် နိစ္စသီလခေါ် ငါးပါးသီလများနှင့် ရှစ်ပါး၊ ကိုးပါးစသည့် ဥပုသ်သီလများသည် ဂဟဋ္ဌသီလ မည်ကြောင်း” စသည်ဖြင့် လေးပါးအစု ဖြစ်ပုံကို ခွဲခြားပြခြင်း ဖြစ်၏။ ပါးပါးအစု သီလတွင်လည်း “သူ့အသက် သတ်ခြင်းကို ပယ်ခြင်းသည် ပဟီနသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း ၀ိရတီသည် ဝေရမဏိသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော စေတနာသည် စေတနာသီလမည်ကြောင်း၊ သူ့အသက် သတ်ခြင်းမှ စောင့်စည်းပိတ်ဆို့ခြင်း သံဝရသည် သံဝရသီလ မည်ကြောင်း၊ သူ့အသက် သတ်ခြင်းဟူသော အကုသိုလ်အမှုကို မကျူးလွန်ခြင်းသည် အ၀ိတိက္ကမသီလ မည်ကြောင်း” စသည်ဖြင့် ငါးပါးအစု ကွဲပြားပုံကို ခွဲခြားပြ၏။ ဤကား စာပေတွင် ဖွင့်ဆိုပြသည့် သီလအမျိုးအစားများအကြောင်း မိတ်ဆက်တင်ပြခြင်းသာ ဖြစ်ပါ၏။ အကျယ်ကို ၀ိသုဒ္ဓိမဂ္ဂအဋ္ဌကထာနှင့် ပဋိသမ္ဘိဒါမဂ် ပါဠိတော်တွင် လေ့လာနိုင်ပါသည်။

ဤသို့ အမျိုးအမည်အားဖြင့် သီလအမျိုးမျိုး ကွဲပြားနေသော်လည်း အစွမ်းသတ္တိမှာ အထက်တွင် ဆိုခဲ့သကဲ့သို့ ကာယကံနှင့် မနောကံကို ထိန်းသိမ်းစောင့်ရှောက်ခြင်း အစွမ်းသတ္တိသာ ဖြစ်သဖြင့် သီလစောင့်ခြင်းဖြင့် ကိုယ်နှင့်နှုတ်ကို စောင့်စည်းပြီး မိမိ၏ အကျင့်သီလကို ဖြူစင်စေရန် ကြိုးစားကြရမည်သာ ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက အသိပေး ဆုံးမတော်မူခြင်း ဖြစ်၏။

သီလဖြူစင်ခြင်းနှင့် ညစ်နွမ်းခြင်း
သီလသည် စောင့်သူ၏ စေတနာသို့လိုက်ကာ ဖြူစင်ခြင်း၊ ညစ်နွမ်းခြင်းများ ရှိတတ်၏။ ထိုသီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်းတို့နှင့် စပ်လျဉ်း၍လည်း “သီလကျိုးပြတ်ခြင်း အစရှိသည်တို့သည် သိလ၏ ညစ်နွမ်းခြင်းဖြစ်ပြီး မကျိုးမပြတ်ခြင်း စသည်သည် သီလ၏ဖြူစင်ခြင်းပင် ဖြစ်ကြောင်း” စာပေတွင် ဖွင့်ဆိုရှင်းပြ၏။ သီလကျိုးပြတ်သည်ဆိုရာတွင် သီလကျိုးပြတ်မှုကို ဖြစ်စေနိုင်သည့် လာဘ်လာဘ၊ အခြံအရံ အပေါင်းအသင်း၊ အသက်စသည်တို့နှင့် စပ်လျဉ်းသည့် အကြောင်းများ၊ ကာမဂုဏ်မေထုန်နှင့် စပ်လျဉ်းသည့် အကြောင်းများ စသည်တို့ကြောင့် ကျိုးပြတ်နိုင်ကြောင်းနှင့် သီလ၏ မကျိုးမပေါက်ခြင်းဟူသည် ခပ်သိမ်းသော သိက္ခာပုဒ်တို့ကို မဖျက်ဆီး မလွန်ကျူးသော အားဖြင့်လည်းကောင်း၊ မေ့လျော့၍ ပျက်ကုန်သော်လည်း ကုစားကောင်းသော သိက္ခာပုဒ်တို့ကို ကုစားသော အားဖြင့်လည်းကောင်း၊ မေထုန်အမှုများနှင့် ယှဉ်စပ်ခြင်း မရှိသော အားဖြင့်လည်းကောင်း၊ ထို့အပြင် အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ သူ့ကျေးဇူးကို ချေဖျက်ခြင်း၊ သူတပါးကို အတင်းအဖျင်းပြုခြင်း၊ မနာလိုခြင်း၊ ၀န်တိုခြင်း၊ လှည့်ပတ်ခြင်း၊ ကြွားဝါခြင်းစသည့် အယုတ်တရားတို့၏ မဖြစ်ခြင်းလည်းကောင်း၊ အလိုနည်းခြင်း၊ ရောင့်ရဲခြင်းစသည့် ဂုဏ်ကျေးဇူးတို့ကို ဖြစ်စေခြင်းဖြင့် လည်းကောင်း စသည့်အကြောင်းများကြောင့် သီလ၏ မကျိုးမပြတ်ခြင်းကို ဖြစ်စေနိုင်ကြောင်း သီလဖြူစင်ခြင်း၊ သီလညစ်နွမ်းခြင်း အကြောင်းများကို နားလည်သဘော ပေါက်နိုင်ပေ၏။

သီလ၀ိသုဒ္ဓိဖြစ်ခြင်း
အထက်ပါ အဖွင့်များအရ ဤ၌ သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်ခြင်း၏ အဓိပ္ပါယ်ကို “အကြင်သီလတို့သည် လာဘ်အစရှိသည်ကြောင့် မပျက်စီးကုန်၊ မေ့လျော့မှုကြောင့် ပျက်ကုန်သော်လည်း တစ်ဖန်ကုစားခြင်းငှါ တတ်နိုင်ကောင်း၏၊ မေထုန်နှင့် ယှဉ်ခြင်းကြောင့်လည်းကောင်း၊ အမျက်ထွက်ခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့် မကောင်းမှုတို့ဖြင့် လည်းကောင်း မနှိပ်စက်ကုန်သည်လည်း ဖြစ်ကုန်၏၊ ထိုကဲ့သို့သော သီလမျိုးကို မကျိုးကုန်သော သီလ၊ မပေါက်ကုန်သောသီလ၊ မကျားမပြောက်ကုန်သော သီလတို့ဟူ၍ လည်းကောင်း ဆိုအပ်၏၊ ထိုသို့ မကျိုးမပေါက် မကျားမပြောက်သော သီလရှိသည်၏ အဖြစ်ကို သီလ၏ဖြူစင်ကြောင်း ဝေါဒါနဟု ဆိုအပ်၏..” ဟူသော ၀ိသုဒ္ဓိမဂ်အဖွင့်အတိုင်း သိရှိနိုင်မည်ဖြစ်၏။ ဆိုလိုသည်မှာ သီလ၀ိသုဒ္ဓိဖြစ်ရန် မိမိတို့၏ သီလကို စွမ်းနိုင်သမျှ မကျိုးမပေါက်စေရန် သီလကျိုးပျက်စေနိုင်သည့် အရာများကို ရှောင်ကြဉ်ခြင်းဖြင့် သတိတရား လက်ကိုင်ထားကာ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

သီလ၀ိသုဒ္ဓိ၏ အကျိုး
ထိုသို့ သီလဖြူစင်၍ သီလနှင့် ပြည့်စုံခဲ့ပါလျှင်ကား မည်သူမဆို သီလ၀ိသုဒ္ဓိဖြစ်သဖြင့်
၁။ မေ့လျော့မှု မရှိခြင်းဟူသော အကြောင်းကြောင့် စည်းစိမ်ဥစ္စာအစုကို ရရှိခြင်း
၂။ ကောင်းသတင်းဖြင့် ကျော်စောရခြင်း
၃။ မည်သည့်ပရိတ်သတ် အတွင်းသို့ မဆို အကြောက်အရွံ့မရှိ ၀င်ရောက်နိုင်ခြင်း
၎။ သေခါနီးအခါတွင်လည်း တွေဝေကြောက်ရွံ့ခြင်းမရှိဘဲ သေနိုင်ခြင်း
၅။ သေပြီးနောက်တွင်လည်း ကောင်းသည့် သုဂတိဘုံဘ၀တွင် ဖြစ်ရခြင်း
ဟူသော အကျိုးတရားတို့နှင့် ပြည့်စုံနိုင်သည့် အပြင် အထက်အထက် မဂ်ဉာဏ်များကို ရရှိစေနိုင်သည့် လှေကားစောင်းတန်း တစ်ခုသဖွယ်လည်း ဖြစ်ကြောင်း ဗုဒ္ဓမြတ်စွာ မိန်တော်မူခဲ့ပေ၏။ ထို့ကြောင့် သီလ၀ိသုဒ္ဓိဖြစ်မှုသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် မြတ်နိဗ္ဗာန်သို့ အထောက်အကူ ဖြစ်စေသည်သာမက အနီးဆုံးအကြောင်းအဖြစ် ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကောင်းကျိုးများလည်း ဖြစ်စေနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် သီလ၀ိသုဒ္ဓိခေါ် သီလဖြူစင်မှုသည် မိမိတို့အတွက် အလွန်အရေးပါသည့် အခြေခံ အကျင့်တရား ဖြစ်သဖြင့် အခြေခံ အကျင့်ကို မကျိုးမပေါက်စေရန် စွမ်းနိုင်သမျှ လိုက်နာကျင့်သုံးပြီး သီလဖြူစင်ခြင်းဖြင့် စိတ်ကိုလည်း ဖြူစင်စေကာ စိတ်ဖြူစင်မှုကို အရင်းပြုလျက် သမာဓိတည်အောင် ကြိုးစားရင်း သမာဓိကို အခြေခံ၍ ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ဖြစ်သည့် နိဗ္ဗာန်ပန်းတိုင် လှမ်းကိုင်နိုင်မည့် ၀ိပဿနာဉာဏ်ကို ရင့်သန်စေရန် အထူးကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ သီလဖြူစင်ခြင်းဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးစေရန် အားကိုးတစ်ခုအဖြစ် လက်ကိုင်ပြုသင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ကျမ်းကိုး = ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၊ ၀ိသုဒ္ဓိမဂ္ဂ အဋ္ဌကထာ

Read more »

Live Questions and Answers (8)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

2 Aug 10, 01:00 AM
အတီး
၁၀ ပါးသီလ ဆောက်တည်ချင်ရင် လက်ဝယ်ရှိငွေကို တစ်နေရာရာ သိမ်းထားပြီး ယူမသုံးဘဲ ရက်အကန့်အသတ်နဲ့ နေပြီး ဆောက်တည်လို့ ရပါလားဘုရား။

2 Aug 10, 05:52 AM
မနာပဒါယီ >>>အတီး
ဆောက်တည်လို့ ရပါတယ်။ အဓိကကတော့ သီလဆောက်တည်ထားတဲ့ အချိန်မှာ ရွှေငွေပိုက်ဆံကို ကိုင်ခြင်းကို မပြုဖို့ဘဲ ဖြစ်ပါတယ်။ ဥပုသ်သီလ ဆောက်တည်သလိုမျိုးပေါ့။ ဥပုသ်နေ့တစ်နေ့မှာ အဲဒီသီလတွေကို ထိန်းနေဖို့ပဲ ဖြစ်သလို ဆယ်ပါသီလကိုလည်း ကိုယ်သတ်မှတ်တဲ့ အချိန်ကာလအတောအတွင်း လိုက်နာကျင့်သုံး နေထိုင်နေဖို့ပဲ ဖြစ်ပါတယ်။

5 Aug 10, 07:30 PM
အတီး
အချို့ အိပ်ဆေး၊ ချောင်းဆိုးပျောက်ဆေး၊ အပြင်းစား အကိုက်အခံပျောက်ဆေးတွေက ကြာကြာသောက်ရင် စွဲတတ်ပါတယ်။ မူးယစ်ဆေး အာနိသင် ပါတဲ့ဆေးတွေလဲ ပါပါတယ်။ ဆရာဝန်က သောက်ခိုင်းလို့ သောက်ရင် သူရာမေရယ သိက္ခာပုဒ် ထိခိုက်နိုင်ပါလားဘုရား...

6 Aug 10, 05:19 AM
မနာပဒါယီ >>အတီး
တမင်တကာ မူးယဇ်လိုတဲ့အတွက် သောက်သုံးတာမဟုတ်ဘဲ ကျန်းမာရေးအရ၊ လိုအပ်လို့ ဆရာဝန် ညွန်ကြားတဲ့ အတိုင်း သောက်သုံးတာဟာ သုရာမေရယ သိက္ခာပုဒ်ကို မထိခိုက်ပါဘူး။ အပြစ်လည်း မဖြစ်၊ ကံလည်း မမြောက်ပါဘူး။

9 Aug 10, 02:17 AM
ဇေယျာ
၉ ပါးသီလကို ၈ ပါးသီလနဲ့ အတူတူပဲ၊ မေတ္တာက ဘာဝနာမို့ သီလထဲ ထည့်စရာ မလိုလို့ ဖတ်ရဖူးပါတယ်။ ၉ ပါး စောင့်ရမလား ၈ ပါးစောင့်ရမလား ဘုန်းဘုန်း...

9 Aug 10, 02:57 AM
မနာပဒါယီ >>> ဇေယျာ
စာပေမှာ ကိုပါးသီလအဖြစ် မေတ္တာပွားပြီး နေထိုင်ခြင်းကို သီလတစ်ခုအနေနဲ့ ဆောက်တည်နိုင်ကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် ဆောက်တည်ပြီး မေတ္တာမပွားနိုင်ရင် သီလသိက္ခာပုဒ်ကို ထိခိုက်နိုင်တဲ့အတွက် ၈ပါးသီလကို ဆောက်တည်ပြီး စွမ်းနိုင်သမျှ မေတ္တာပွားပြီး နေနိုင်မယ်ဆိုရင် သာမန်လူတွေအနေနဲ့ ပိုမိုကောင်းမွန် သင့်လျော်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ၈ပါးသီလပဲ ဆောက်တည်ပြီး အချိန်ရရင် မေတ္တာပါ ပွားပြီးနေကြည့်စေလိုပါတယ်။

15 Aug 10, 06:24 AM
တိုးကြီး
တပည့်တော် ကြက်ဥကို ခွဲပြီး ကြော်ချက်စားလေ့ ရှိပါတယ်။ အဲဒါ ပါဏာတိပါတ ဖြစ်ပါသလားဘုရား...။ ဗုဒ္ဓဘာသာ ယောက်ျားတစ်ယောက်ဟာ လှူဒါန်းခြင်းကို လက်မခံဘဲ ငွေကြေးသာ စုဆောင်းလိုတဲ့ ဇနီးကို ကွာရှင်းခွင့် ရှိမရှိ သိချင်ပါတယ်။ နှစ်ဦးနှစ်ဖက် အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိသော်လည်း အလှူဒါနမှာ စိတ်ဝမ်းကွဲလာရင် ကွာရှင်းပါက လောကကြောင်း ဓမ္မကြောင်းအရ မှန်လားမှားလား သိချင်ပါတယ် အရှင်ဘုရား...။

16 Aug 10, 06:06 AM
မနာပဒါယီ >>တိုးကြီး
ပါဏာတိပါတ ကံမြောက်နိုင်တဲ့ အင်္ဂါရပ်တွေဖြစ်တဲ့ ၁။ သက်ရှိလည်းဖြစ် ၂။ သတ္တ၀ါလို့လည်း မှတ်ယူ ၃။ သေစေလိုတဲ့ စေတနာလည်းရှိ ၄။ လုံ့လအားထုတ်မှုလည်းပြု ၅။ သေလည်းသေ ဆိုတဲ့ အချက်တွေ့အရ တစ်ကြောင်း၊ ဒီကနေ့ စားနေကြတဲ့ ကြက်ဥများဟာ ဓာတ်နဲ့ဖောက်ထားတဲ့ အသက်ရှင်စေနိုင်တဲ့ ရုပ်ဇီဝိတ နာမ်ဇီဝိတတွေ မရှိတဲ့ ကြက်ဥတွေ ဖြစ်နေတာကတစ်ကြောင်း ဒီအကြောင်း နှစ်မျိုးကြောင့် ဒီနေ့ခေတ် ဓာတ်ကြက်ဥတွေ စားမှုဟာ ပါဏာတိပါတကံ မမြောက်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အိမ်မွေးကြက်တွေရဲ့ ဥတွေမှာတော့ ရုပ်သက်နာမ်သက်တွေရှိပြီး အကောင်ဖြစ်နိုင်တဲ့ သဘောတွေ ရှိနေတဲ့အတွက် ဒီကြက်ဥတွေကို စားသုံးရာမှာတော့ ပါဏာတိပါတ ကံမြောက်နိုင်ပါတယ်။

သဘောထားချင်း မတိုက်ဆိုင်လို့ နှစ်ဦးသဘောတူ ကွာရှင်းမှုမှာ ဓမ္မကြောင်းအရတော့ အပြစ်အထွေအထူး ရှိတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် လောကကြောင်းအရတော့ လူ့လောကပတ်ဝန်းကျင် အသိုင်းအ၀ိုင်း သတ်မှတ်ချက်တွေအရရယ် ကွာရှင်းမှုရဲ့ အကြောင်းပြချက်က အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် မဟုတ်ဘဲ အလှူဒါန မလုပ်ရတဲ့ အတွက်ကြောင့် ဆိုတဲ့အတွက်ရယ်ကြောင့် ဒီအပေါ်မှာ နည်းနည်းစဉ်းစားဖို့တော့ လိုပါတယ်။ အလှူဒါန ပြုလုပ်မှုတစ်ခုတည်းကြောင့် ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းကြည့်တာ ကောင်းပါတယ်။ လှူတာကောင်းပေမယ့် နှိုင်းနှိုင်းချိန်ချိန်နဲ့ အစွန်းမရောက်ဖို့တော့ လိုပါတယ်။ မိစ္ဆာဒိဋ္ဌိနဲ့ အိမ်ထောင်ကျတဲ့ ၀ိသာခါ ဒကာမကြီးလို ဘာသာတရားအပေါ် ကြည်ညိုလေးစားမှု မရှိသူတွေကို ကြည်ညိုလေးစားလာအောင် လုပ်တဲ့နည်းကို အတုယူပြီး ဒါနလုပ်ဖို့ အားမသန်တဲ့သူကိုလည်း အလှူဒါနအပေါ် စိတ်ဝင်စားအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သူ့အတွက်လည်း အကျိုးရှိ၊ လောကကြောင်းအရလည်း အပြစ်မဖြစ်နိုင်တော့ပါဘူး။ အိမ်ထောင်တစ်ခုကို အလွယ်တကူ ကွာရှင်းပြတ်စဲကြတာထက် သေသေချာချာ စဉ်းစားပြီး ဘာပဲဖြစ်ဖြစ် အစွန်းမရောက်အောင်တော့ ချင့်ချိန်လုပ်တာ ကောင်းပါတယ်လို့ပဲ အကြံပြုလိုပါတယ်။

Read more »

ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်…


ပြီးခဲ့တဲ့ တနင်္ဂနွေ (၁၅-၈-၂၀၁၀)ရက်နေ့က တောင်ကိုရီးယား နိုင်ငံ၊ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့ မှာရှိတဲ့ ပုဂံမြန်မာ စတိုးနဲ့ စားသောက်ဆိုင် မှာ ကျင်းပပြုလုပ် တဲ့ ၀ါဆို သင်္ကန်း ကပ်ပွဲနဲ့ အထူးတရားပွဲကို ကြွရောက်ပြီး တရားစကား ဟောကြားပေးဖြစ်ခဲ့ပါတယ်။ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ အခု ဘုန်းဘုန်းနေတဲ့ ဒယ်ဂူးမြို့နဲ့ဆို အလွန်ဝေးတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သွားရေးလာရေးကလည်း အဆင့်ဆင့်သွားရတဲ့ နေရာဖြစ်ပါတယ်။ ကျောင်းကနေပြီး အမြန်ရထားဘူးတာကို တက္ကစီနဲ့ကြွ၊ အဲဒီဘူတာကနေမှ ဆိုးလ်မြို့ကို အမြန်ရထားနဲ့ကြွပြီး အဲဒီကမှ တစ်ဆင့် ဂျွန်ဂျူးမှာရှိတဲ့ မြန်မာဆိုင်ကို တက္ကစီနဲ့ ကြွရပါတယ်။ ပင်ပန်းတာကတော့ ပြောမနေပါနဲ့။ သွားရေးလာရေးဟာ တစ်နေကုန်ပါပဲ။ မနက် ၆နာရီလောက်က ကြွလိုက်တာ ည ၈နာရီလောက်မှ ကျောင်းကိုပြန်ရောက်ပါတယ်။ ပိုဆိုးတာက ရာသီဥတု ပူတဲ့ဒဏ်ပါ။ အမြဲတမ်းအေးနေတဲ့ ကိုရီးယားဟာ ၇လပိုင်းနဲ့ ၈လပိုင်းမှာ ပူတဲ့အပူချိန်က တစ်ခါတစ်လေ ၃၆ဒီဂရီလောက်အထိ ဖြစ်နေတော့ ပုံမှန်ပူနေတဲ့ နိုင်ငံတွေထက်ကို ပိုပူပါတယ်။ အဲဒီလို ရာသီဥတုပူပြီး ခန္ဓာကို ပင်ပန်းပေမယ့် အဲဒီနေ့က ကြွရောက်ချီးမြောက်မှုရဲ့ အကျိုးကတော့ ဘုန်းဘုန်းအတွက် ကိုယ်ပန်းပေမယ့် စိတ်လန်းတယ်ဆိုတဲ့ အကျိုးတစ်ခု ဖြစ်ခဲ့ပါတယ်။

တကယ်တော့ ဂယောင်ဂီဒို ဂွန်ဂျူးဆိုတာ တရားမ၀င် မြန်မာအလုပ်သမား အများစု နေတဲ့နေရာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှသာ တရားဝင် အလုပ်သမား အသစ်လေးတွေ ရောက်လာတာ ဖြစ်ပါတယ်။ တစ်ချို့ မြန်မာတွေဆို အခြေအနေအရ တရားမ၀င် အလုပ်သမား ဘ၀နဲ့ ဆယ်နှစ်ကျော်အထိ ရှိနေကြတဲ့သူတွေ ဖြစ်ပါတယ်။ အိမ်ပြန်ချင်ပေမယ့် မပြန်နိုင်သေးတဲ့သူတွေပါ။ ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေး ဆိုသလို ဖြစ်နေတာကိုး။ အဲဒီလို ခိုးကြောင်ခိုးဝှက် အဖြစ်နဲ့ နေနေကြပေမယ့် မြန်မာတွေရဲ့ ချစ်စရာ စိတ်ထား၊ ထက်သန်တဲ့ သဒ္ဓါတရားတွေကြောင့် ကုသိုလ်ကောင်းမှုကိုတော့ တတ်နိုင်သမျှ လုပ်ဖြစ်ကြပါတယ်။ သူ့ရာသီအလိုက် အများပေါင်းစုပြီး ကောင်းမှုလေးတွေ လုပ်ဖြစ်ကြပါတယ်။ အခုလည်း အကြီးတွေရော၊ အငယ်တွေရော၊ အိုတာတွေရော မအိုတာတွေရော စုပေါင်းပြီး မြန်မာဆိုင်မှာ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနဲ့ အထူးတရားပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။

ဒီပွဲကို လွန်ခဲ့တဲ့ ၁၉၈၉ခုနှစ်လောက် ကတည်းက ကိုရီးယားကို ရောက်ရှိသာသနာပြုနေတဲ့ အဲဒီ ဂယောင်ဂီဒို၊ နမ်ယမ်းဂျူမြို့မှာရှိတဲ့ ဆရာတော် ဦးစန္ဒိမာရယ်၊ ဘုန်းဘုန်းရယ် ကြွရောက်ပြီး ပရိတ်တရား ချီးမြှင့်ကာ ဘုန်းဘုန်းရဲ့ တရားပွဲ ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဒယ်ဂူးကျောင်းမှာဆိုရင် ပရိတ်သတ် အခြေအနေကို ကြည့်ပြီးဘုန်းဘုန်း အနေနဲ့ အများဆုံး မိနစ်သုံးဆယ်၊ လေးဆယ်လောက်ပဲ တရားဟောဖြစ်ခဲ့ပေမယ့် အဲဒီနေ့ကတော့ အဝေးက ဘုန်းကြီးတွေကို တကူးတက ပင့်ထားတာရယ်၊ တစ်နှစ်မှ လေးငါးကြိမ်လောက်ပဲ အထူးပွဲအနေနဲ့ ကျင်းပပြုလုပ်ဖြစ်ကြ တာတွေရယ်ကြောင့် တရားပွဲကို တစ်နာခွဲလောက် ဟောပြောပေးဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓဓမ္မနဲ့ လက်တွေ့ဘ၀ အဖြစ်အပျက်လေးတွေကို ချိန်ထိုးပြီး မငိုက်လည်းမငိုက်၊ မပျင်းလည်းမပျင်းအောင် ရယ်စရာလေးများနှောပြီး တရားဟောပေးတဲ့အတွက် တစ်နာရီခွဲကို အားလုံးပြီးမှန်းမသိ ပြီးခဲ့ကြပါတယ်။ တရားပွဲပြီးလို့ တရားနာပရိတ်သတ်အချင်းချင်း ပြောနေကြတဲ့ ဘုန်းဘုန်းရဲ့ ဟောတရားတွေကို ပြန်ကြားရတော့ စိတ်ထဲမှာ ပီတိတရားနဲ့ လန်းဆန်းခဲ့ပါတယ်။ ခန္ဓာကိုယ်မှာ ချွေးတလုံးလုံးနဲ့ နုံးချိနေပေမယ့် ရင်ထဲမှာတော့ ပီတိစကားလုံးတွေနဲ့ ပြုံးမိနေပါတယ်။

ဒီထက်ပိုပြီး ပြုံးစရာက အဲဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ် နေရာလေးအကြောင်း ကြားလိုက်ရတာပဲ ဖြစ်ပါတယ်။ မြန်မာဒကာလေးတွေ အပြောအရ ဒီမြန်မာဆိုင်ဖွင့်ထားတဲ့ မြေအောက်ထပ်ဟာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ ခရစ်ယာန် စာသင်ကျောင်းရဲ့ အဆောက်အဦ မြေအောက်ထပ်ပဲ ဖြစ်ပါတယ်။ ဟုတ်မှာပါ။ ဘုန်းဘုန်းတရား ဟောနေချိန်မှာတောင်မှ အပေါ်ထပ်က ကမ္ဘောဒီယား ကလေးတွေရဲ့ ကျမ်းစာရွတ်သံလေးတွေ ကြားလိုက်ရပါသေးတယ်။ အခုမြန်မာဆိုင် နေရာလေးဟာ ပထမတော့ ခရစ်ယာန် သာသာနပြု အဖွဲ့က မြန်မာတွေကို စည်းရုံးတဲ့ အနေနဲ့ ဒီနေရားလေးကို စပေါ်ရော လစာပါပေးပြီး ငှါးပေးထားတယ်လို့ ဆိုပါတယ်။ နောက်တော့ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အမျိုးမျိုး စည်းရုံးပြီး ခရစ်ယာန်ဖြစ်အောင် ကြိုးစားပေမယ့် မြန်မာဗုဒ္ဓဘာသာ တစ်ယောက်မှ ခရစ်ယာန် ဖြစ်မလာတဲ့အတွက် နောက်ဆုံးသူတို့ လက်လျော့ပြီး အခန်းကို စပေါ်တော့ တင်ပေးမယ်၊ လခတော့ ကိုယ့်ဖာသာကိုယ် ပေးဆိုပြီး ဆက်ထားထားတဲ့အတွက် ဒီအခန်းနဲ့ ဒီနေရာမှာ အခုလို မြန်မာဗုဒ္ဓဘာသာတွေ ဒီလို အလှူပွဲ၊ တရားပွဲ၊ တွေ့ဆုံပွဲလေးတွေ လုပ်ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။

သူတို့ပြောတာတွေ နားထောင်ပြီး ဘုန်းဘုန်းရင်ထဲမှာ ကျေနပ်မိတယ်ဆိုတာ အဲဒါပါပဲ။ ဘုန်းဘုန်းပင်ပန်းပေမယ့် စိတ်လန်းတယ်ဆိုတာ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒီခိုင်မာတဲ့ သဒ္ဓါတရားကြောင့်ပါပဲ။ တရားဟောတုန်းကတောင် ဘုန်းဘုန်းထည့် ဟောပေးဖြစ်ပါသေးတယ်။ “မြန်မာဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဘယ်နေရာမှာပဲ ရောက်ရောက် အလှူဒါန လုပ်ရတာကို ၀ါသနာပါတာဟာ အထူးပြောစရာ မရှိတဲ့အကြောင်း၊ အခြေအနေအရ ဗုဒ္ဓတရားတွေအတိုင်း တစ်ထပ်တည်းကျအောင် လိုက်ပြီးမလုပ်နိုင်သေးပေမယ့် အနှစ်သာရရှိပြီး ယုတ္တိကျတဲ့ တရားတော်တွေဆိုတာ သိထားတဲ့အတွက် ဘယ်သူကလာပြီး ဘယ်လိုစည်းရုံးပေမယ့်လည်း ဘာသာပြောင်းသွားတယ်ဆိုတာ မရှိသလောက်ပဲဆိုတဲ့ အကြောင်း၊ ဒီလို စိတ်ဓာတ်နဲ့ ယုံကြည်မှုသဒ္ဓါတရားဟာ မြန်မာဗုဒ္ဓဘာသာတွေ အတွက် ဂုဏ်ယူစရာ ဖြစ်ကြောင်းနဲ့ ဆက်လက်ပြီး ဒီလိုစိတ်ထားကောင်းတွေ မပျောက်ပျက်အောင် ကြိုးစားထိန်းသိမ်းဖို့ အကြောင်း” တရားဟောရင်း ပြောဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အခုလည်း ကြည့်ပါဦး။ အဆောက်အဦ တစ်ခုတည်းမှာကိုပဲ ကိုးကွယ်တဲ့ ဘာသာတူတဲ့ နိုင်ငံချင်း ဖြစ်နေတဲ့ မြန်မာနဲ့ ကမ္ဘောဒီယားတွေရဲ့ မတူညီမှုတွေက မြန်မာတွေက အောက်ထပ်မှာ ဘုန်းကြီးပင့်ပြီး အလှူအတန်းလုပ်၊ တရားနာနေကြပေမယ့် ထေရ၀ါဒ ဗုဒ္ဓဘာသာ နိုင်ငံသား ကမ္ဘောဒီယားတွေကတော့ အပေါ်ထပ်မှာ သမ္မာကျမ်းစာတွေနဲ့ ထာဝရဘုရားသခင်ကို ကောင်းချီးပေးနေကြတာ တွေဟာ မတူညီ၊ မခိုင်မြဲတဲ့ သဒ္ဓါတရားရဲ့ ကွာခြားမှုကို အထင်အရှား ဖြစ်စေခဲ့ပါတယ်။

တရားပွဲပြီးလို့ ဆိုးလ်ဘူတာကို အပြန်မှာ ဘူတာအထိ လိုက်ပို့တဲ့ ဂွန်ဂျူးမြန်မာအဖွဲ့ ဥက္ကဋ္ဌ ဒကာနဲ့ စကားစမြီပြောရင်း ဥက္ကဋ္ဌက “ဒီနေ့ အရှင်ဘုရားဟောသွားတဲ့ တရားကို တပည့်တော် စာရေးပြီး ဖြန့်ချင်ပါတယ်ဘုရား၊ တပည့်တော်တို့ အနေနဲ့ ဒီနေရာ ဒီဌာနလေးမှာ နေထိုင်ရင်း ဘာသာရေးရော၊ လူမှုရေးရော၊ သာရေးနာရေးရော၊ မြန်မာပြည်မှာရှိတဲ့ လိုအပ်တဲ့ ပရဟိတ အရေးတွေရော တတ်နိုင်သမျှ ကြိုးစား လုပ်ဆောင်နေပါတယ်ဘုရား၊ နောက် ပွဲရှိတိုင်း အရှင်ဘုရားကို ပင့်ချင်ပါတယ်ဘုရား၊ ခုန အရှင်ဘုရား တရားဟောရင် မိန့်သွားသလိုပဲ တပည့်တော်တို့ အနေနဲ့ ဗုဒ္ဓဘာသာကို စွန့်လွှတ်ဖို့ဆိုတာ ဘယ်လိုမှကို စိတ်ကူးလို့ ရမှာ မဟုတ်ဘူးဘုရာ..၊ ဒါဟာ အရှင်ဘုရားတို့ သာသနာပြု ရဟန်းတော်များရဲ့ ကျေးဇူးကြောင့်ပါပဲ ဘုရား…” စသဖြင့် လျှောက်ထားပါသေးတယ်။ ၀မ်းသာမှုနဲ့အတူ ဥက္ကဋ္ဌ လျှောက်သမျှ နားထောင်ရင်း ဆိုးလ်ဘူတာရောက်တော့ သူတို့ကို နှုတ်ဆက်ပြီး ဆိုးလ်ဘူတာကနေ အမြန်ကျီဆန် ရထားနဲ့ ဒယ်ဂူးမြို့ကို ပြန်ကြွလာခဲ့ပါတယ်။

ရထားစီးပြီး ပြန်လာရင်း ရထားပေါ်မှာ ဂယောင်ဂီဒို၊ ဂွန်ဂျူးမြို့က တရားပွဲနဲ့ မြန်မာဗုဒ္ဓဘာသာတွေရဲ့ ဒါနအားနဲ့ သဒ္ဓါတရားအားကို စဉ်းစားနေဖြစ်ခဲ့ပါသေးတယ်။ ရာသီဥတုဒဏ်နဲ့ ခရီးဝေးမှုဒဏ်တွေကြောင့် ခန္ဓာကိုယ်ဟာ ပင်ပန်းနွမ်းနယ်နေပေမယ့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ သဒ္ဓါတရားအား၊ ရတနာသုံးပါး အပေါ် အလေးထားမှုအား၊ ရဟန်းသံဃာတွေအပေါ် လိုလေးသေးမရှိ ထောက်ပံ့ပူဇော်မှု အားတွေကြောင့် စိတ်ထဲမှာတော့ ပီတိတရားနဲ့ အတူ လန်းဆန်းနေခဲ့ပါတယ်။ ပြီးတော့ ရင်ထဲက ပီတိတရားကြောင့်လားမသိ ပါးစပ်ကပါ မကြားတကြား ရွတ်နေမိတာက “ကိုယ်ပန်းပေမယ့် စိတ်လန်းပါတယ်၊ ကိုယ်ပန်းပေမယ့် စိတ်လန်းခဲ့ပါတယ်” ဆိုတဲ့ စကားပဲ ဖြစ်နေပါတော့တယ်။

Read more »

ကုသိုလ်နဲ့ အကုသိုလ်…

တရားပွဲတစ်ခုမှာ ကုသိုလ်နဲ့ ပတ်သက်ပြီး အထူးပြု ဟောပြောဖြစ်ခဲ့ပါတယ်။ တရားခေါင်းစဉ်လေး အမည်ပေးပြီး အဲဒီကောင်းစဉ်နဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် မပြောခင် တရားနာ ပရိတ်သတ်တွေကို “ကုသိုလ်ဆိုတာ ဘာလဲ…”လို့ အရင်ဆုံး မေးစမ်းကြည့်လိုက်တော့ ထုံးစံအတိုင်း မြန်မာတရားနာ ပရိတ်သတ်ရဲ့ အဖြေက ဟိုလိုလို ဒီလိုလို ၀ါတားတားရယ်ပါ။ တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းမှုကိုပြောတာပါဘုရား..” လို့ ဖြေကြသလို တစ်ချို့က “ကုသိုလ်ဆိုတာ ကောင်းတဲ့အလုပ်ကို ပြောတာပါဘုရား..”လို့ ပြောတာတွေလည်း ရှိပါတယ်။ တစ်ချို့ကတော့ “ကုသိုလ်ဆိုတာ ဒါန၊ သီလ၊ ဘာဝနာကို ပြောတာပါဘုရား..” လို့ ဖြေတာတွေလည်း ရှိပါတယ်။ သူတို့ရဲ့ အဖြေတွေဟာ မှားတယ်လို့ မပြောနိုင်ပေမယ့် သေသေချာချာ သိလို့ဖြေတာရယ်လို့ မရှိကြပါဘူး။ စိတ်အထင်နဲ့ မှန်းပြီးဖြေလိုက်ကြတာ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ အဲဒီလို အထင်နဲ့ဖြေနိုင်တာကိုက တော်လှပြီလို့ ပြောရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ဘုန်းဘုန်းကတော့ သိသင့်သိထိုက်တဲ့ ကုသိုလ်နဲ့ အကုသိုလ်အကြောင်း အခြေခံကျကျ ရှင်းပြပေးဖြစ်ပါတယ်။

ကုသိုလ်၊ အကုသိုလ်လို့ မြန်မာလို ပြောဆိုသုံးနှုန်းနေကြတဲ့ ဒီစကားလုံးတွေဟာ ပါဠိ ကုသလ၊ အကုသလဆိုတဲ့ စကားလုံးတွေကို မြန်မာမှုပြုထားတာ ဖြစ်ပါတယ်။ ဒီကုသိုလ် အကုသိုလ်ဆိုတဲ့ စကားလုံးတွေရဲ့ တိုက်ရိုက်သဘော လက္ခဏာကို စာပေက “ကုသိုလ်ဆိုတာ အပြစ်မရှိခြင်း၊ ကောင်းသောအကျိုးကို ပေးခြင်းလက္ခဏာ (ကုသလံ အန၀ဇ္ဇ သုခ၀ိပါက လက္ခဏံ)” ရှိကြောင်းနှင့် “အကုသိုလ်ဆိုတာ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း လက္ခဏာ(အကုသလံ သာဝဇ္ဇ ဒုက္ခ၀ိပါက လက္ခဏံ)” ရှိကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဒါကြောင့် ဒီအဖွင့်တွေအရ အပြစ်မရှိခြင်း၊ ကောင်းတဲ့အကျိုးကို ပေးခြင်းသဘောကို ကုသိုလ်လို့ဆိုပြီး အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းတဲ့ အကျိုးကို ပေးခြင်းသဘောကို အကုသိုလ်လို့ ဆိုကြောင်း နားလည်နိုင်ပါတယ်။ ဆိုလိုတာက “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတယ်ဆိုရင် ဒီအလုပ်ကို ကုသိုလ်”လို့ ဆိုပြီး “အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ဖြစ်နိုင်ကာ မကောင်းတဲ့ အကျိုးကို ပေးနိုင်တယ်ဆိုရင် ဒီအလုပ်ကို အကုသိုလ်”လို့ ဆိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကာလာမသူတို့သားတို့ကို မိန့်တော်မူထားတဲ့ ကုသိုလ်အကုသိုလ် အယူအဆကလည်း အထက်ပါ စာပေအဖွင့်ကို ပိုပြီးပြည့်စုံစေပါတယ်။ ဘုရားရှင်က “ကာလာမမင်းတို့ ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း၊ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သော် အစီးအပွါးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏”ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသော အခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။ “ကာလာမမင်းတို့… ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည်ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏” ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။ (ကေသမုတ္တိသုတ်)”လို့ ယုတ္တိရှိပြီး အနှစ်သာရပါတဲ့ ကုသိုလ်အကုသိုလ် အယူအဆကို မိန့်တော်မူပါတယ်။

စာပေကပြောတဲ့ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အဓိပ္ပါယ်နဲ့ မြတ်ဗုဒ္ဓမိန့်တော်မူတဲ့ အယူအဆတွေက ရှင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ အကျိုးရှိပြီး အပြစ်မရှိဘူးဆိုရင် ကုသိုလ်အလုပ်ဖြစ်နေပြီး အကျိုးလည်း မရှိတဲ့အပြင် အပြစ်ပါ ဖြစ်နေတယ်ဆိုရင် ဒါဟာ အကုသိုလ်အလုပ် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အပြစ်ရှိတယ်၊ မရှိဘူး၊ အကျိုးရှိတယ်၊ မရှိဘူးဆိုတာတွေကို ကိုယ့်အတွက် တစ်ခုတည်းကိုကြည့်ပြီး ပြောလို့မရပါဘူး။ တစ်ခါတစ်လေ တစ်ချို့အလုပ်တွေဟာ ကိုယ့်အတွက်တော့ အကျိုးရှိနေပေမယ့် သူများအတွက်တော့ ထိခိုက်နေတဲ့ အလုပ်မျိုး၊ နှစ်ဦးနှစ်ဘက်လုံး အကျိုးရှိနေပမယ့် သန့်ရှင်းမှုမရှိ၊ အပြစ်ဖြစ်နေတဲ့ အလုပ်မျိုး ဖြစ်နေတတ်ပါတယ်။ အဲဒီလိုဖြစ်နေမယ်ဆိုရင် ဒီလိုအလုပ်မျိုးကို ကုသိုလ်လို့ ပြောလို့မရပါဘူး။ တကယ့်ကို အပြစ်မရှိဘဲ ကောင်းတဲ့အကျိုးကို ပေးတဲ့အလုပ်မျိုးဆိုတာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်မရှိဘဲ ကောင်းကျိုးကို ဖြစ်စေတဲ့ အလုပ်မျိုးကို ဆိုပြီး အဲဒီလို အလုပ်မျိုးကိုသာ ကုသိုလ်လို့ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

အကုသိုလ်အလုပ်ကတော့ ရှင်းပါတယ်။ လုပ်မိပြီးဆိုကတည်း အရင်ဆုံး ကိုယ့်ကိုယ်ကို အကျိုးယုတ်စေ၊ အပြစ်ဖြစ်စေတာပဲ ဖြစ်ပြီး နောက်သူတပါးကိုပါ ပတ်သက်ဆက်စပ်ကာ အပြစ်ဖြစ်စေ၊ အကျိုးယုတ်စေ ပြန်ပါတယ်။ အကုသိုလ်အလုပ်ကို လုပ်မိပြီဆိုရင် လုပ်နေတဲ့ အချိန်ကစပြီး အပြစ်ဖြစ်နေတာ ဖြစ်ပါတယ်။ အကုသိုလ်အလုပ်မှာ ကိုယ့်အတွက် အကျိုးရှိသွားတယ်၊ ကောင်းကျိုးဖြစ်သွားတယ် ဆိုတာ မရှိဘဲ ဘယ်သူပဲဖြစ်ဖြစ် အကုသိုလ်အလုပ်ကို လုပ်မိတာနဲ့ တပြိုင်တည်း အပြစ်ဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတော့တာပဲ ဖြစ်ပါတယ်။ တစ်ချို့က အကုသိုလ်နဲ့ အကျိုးပေးတယ်၊ လောင်းကစားနဲ့ အကျိုးပေးတယ်လို့ ဆိုကာ အကုသိုလ်အလုပ်၊ မကောင်းတဲ့ အလုပ်တွေကို ပျော်ပျော်ပါးပါး လုပ်နေတတ်တာ ရှိပါတယ်။ ဒါဟာ အကျိုးပေးတာ မဟုတ်ပါဘူး။ အကျိုးယုတ်နေစေတာ ဖြစ်ပါတယ်။ အပြစ်တွေ ဖြစ်နေစေတာ ဖြစ်ပါတယ်။ အချိန်မတန်သေးတဲ့အတွက် ဒီအပြစ်တွေကို မခံရသေးပေမယ့် အချိန်တန်ရင်တော့ ဘုရားလည်း မကယ်နိုင်လောက်အောင် အပြစ်နဲ့အတူ မကောင်းကျိုးကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်တဲ့အလုပ်ဟာ အပြစ်နဲ့တကွဖြစ်နေပြီး မကောင်းတဲ့အကျိုးကို ပေးစေတဲ့ အလုပ် မဖြစ်ဖို့လို့ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တစ်ခါက အရက်ကိုကြိုက်လို့ကို သောက်နေပြီး အရက်သောက်ပြီးရင်လည်း ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ သူဖာသာသူ တစ်ယောက်တည်း အိပ်နေတတ်တဲ့ ဒကာတစ်ယောက်နဲ့ တွေ့လို့ သူပြောတာလေး သတိရမိပါတယ်။ “ဆရာတော်ဘုရား… တပည့်တော်က အရက်သောက်တာကို မကောင်းမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ကြိုက်လွန်းတော့ ဘယ်လိုမှကို ဖြတ်လို့မရဘူးဘုရား..၊ နောက်တပည့်တော်က သောက်သာသောက်ပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခပေးလေ့ မရှိပါဘူးဘုရား၊ အဲဒီအတွက် အကုသိုလ်အပြစ်တော့ သက်သာမယ်လို့ ထင်ပါတင်ဘုရား..”လို့ သူက ပြောလာပါတယ်။ “အင်း… ဒကာ့အမြင်နဲ့ ဒကာကတော့ ဟုတ်နေတာပဲ၊ တကယ်တော့ အကုသိုလ်အပြစ်ဆိုတာ သူတပါးကို မထိခိုက်ပေမယ့် ကိုယ့်ကိုယ်ကို ထိခိုက်နေရင်လည်း အကုသိုလ်လို့ ပြောလို့ရပါတယ်၊ ဒကာက အရက်သောက်ပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘဲ အိပ်နေပေမယ့် ကိုယ့်ကိုယ်ကိုတော့ အကျိုးယုတ်စေ၊ အပြစ်ဖြစ်နေစေတဲ့ အတွက် ဒါဟာ အကုသိုလ်ပါပဲ၊ အရက်သောက်တဲ့ အတွက် သီလသိက္ခာပုဒ်ကို ချိုးဖောက်နေပြီး အရက်သောက်ထားတဲ့ အတွက် မေ့လျော့ပေါ့ဆမှု ဖြစ်နေတာတွေကိုက အကုသိုလ်ဖြစ်နေတာပါ၊ ဒါကြောင့် အရက်သောက်ပြီး အိပ်နေတတ်တဲ့ သူကိုလည်း အကုသိုလ်ဖြစ်နေတဲ့သူလို့ ပြောတာဖြစ်ပါတယ်…” စသဖြင့် အဲဒီဒကာကို ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ကိုယ်လုပ်တဲ့ အလုပ်တွေ အပေါ်မှာ အပြစ်ဖြစ်မဖြစ် စိစစ်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့အပြင် လုပ်သမျှ အပြစ်တွေပဲ ဖြစ်နေတယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုဟာ ကောင်းရင်ကုသိုလ်ဖြစ်ပြီး မကောင်းရင် အကုသိုလ်ဖြစ်ပါတယ်။ အကောင်းလုပ်ရင် အပြစ်ကင်းပြီး မကောင်းလုပ်ရင် အပြစ်တွင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မကင်းဘဲ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် အလုပ်တွေကို ရှောင်ကြဉ်ပြီး အပြစ်ကင်းကာ ကောင်းကျိုးဖြာစေမယ့် ကုသိုလ်အလုပ်တွေမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကုသိုလ်၊ အကုသိုလ်ဆိုတာ လုပ်တဲ့သူတွေ အနေနဲ့ ကိုယ့်အတွက်ရော အခြားသူတွေ အတွက်ပါ အပြစ်ရှိမရှိ အကျိုးရှိမရှိဆိုတဲ့ သက်ရောက်မှုတွေနဲ့ သက်ဆိုင်တဲ့ အလုပ်တွေကို ဆိုလိုတာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကုသိုလ်ဖြစ်လား၊ အကုသိုလ်ဖြစ်လား ဆိုတာကို ကိုယ်ကိုယ်တိုင် စိစစ်ပြီး ကုသိုလ်ဖြစ်တယ်ဆိုရင် စွဲစွဲမြဲမြဲလုပ်ဖို့နဲ့ အကုသိုလ်ဖြစ်တယ်ဆိုရင် မလုပ်ဘဲ ရှောင်ရှားကာ လုပ်မိနေရင်လည်း အမြန်ဆုံး စွန့်လွှတ်ကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကံကံရဲ့ သက်ရောက်မှု သဘောအရလည်း ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ဆီပဲ ပြန်ရောက်လာမှာ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေကို အပြစ်ကင်းအောင်နဲ့ အကျိုးရှိအောင် လုပ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ ဗုဒ္ဓအလိုတော်အရ လောဘ၊ ဒေါသ၊ မောဟတရားများ ဦးစီးပြီး လုပ်လေ့ရှိတဲ့ အလုပ်များဟာ များသောအားဖြင့် အပြစ်မကင်းဘဲ အကုသိုလ်ဖြစ်တတ်တာ များတဲ့အတွက် ဒီလိုအလုပ်များကို ရှောင်ရှားပြီး အပြစ်ကင်းတဲ့ အလုပ်တွေကို ရှာဖွေလုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောလိုတာက လောကမှာ ပြောပြောနေကြတဲ့ ကုသိုလ်အကုသိုလ်ဆိုတဲ့ စကားတွေရဲ့ တကယ့်ဆိုလိုရင်းမှာ ကုသိုလ်ဆိုတာ အပြစ်မရှိဘဲ ကောင်းကျိုးဖြစ်စေတဲ့ သဘောဖြစ်ပြီး အကုသိုလ်ဆိုတာ အပြစ်နဲ့အတူ မကောင်းကျိုးကို ဖြစ်စေတဲ့ သဘောဖြစ်တဲ့အတွက် ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ်လုပ်တဲ့ အလုပ်တစ်ခုဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းမကင်း၊ အကျိုးရှိမရှိ စဉ်းစားသုံးသပ်ပြီး နှစ်ဦးလုံးအတွက် အပြစ်ကင်းပြီး အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ကို ကြိုးစားလုပ်ဖို့နဲ့ နှစ်ဦးလုံးအတွက် အပြစ်မကင်းဘဲ အကျိုးယုတ်စေတယ်ဆိုရင် ဒီအလုပ်ကို မလုပ်ဘဲ ရှောင်ရှားဖို့၊ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်ကို လုပ်နေခြင်းဟာ ကုသိုလ်လုပ်နေခြင်း ဖြစ်တဲ့အတွက် ဒီ ကုသိုလ်တရားတွေကို များများလုပ်နိုင်အောင် ကြိုးစားကြဖို့ ပြောလိုရင်း ဖြစ်ပါတယ်။ အဲဒီလို အပြစ်ကင်းပြီး အကျိုးရှိတဲ့ အလုပ်တွေကို လုပ်ဆောင်ရင်းနဲ့ပဲ ကိုယ့်ရဲ့ဘ၀ ကောင်းကျိုးချမ်းသာကို ကြိုးစားရှာဖွေကြဖို့လည်း အသိပေးစကား ပြောကြားရင်း ကုသိုလ်နဲ့ အကုသိုလ်ဆိုတဲ့ ဒီစာစုလေးကို အဆုံးသတ်လိုက်ရပါတော့တယ်။

Read more »

တကယ်လုပ်ရင် တကယ်ရမယ်…

တရားတော်ရဲ့ ဂုဏ်တော်ခြောက်ပါးမှာ “သန္ဒိဋ္ဌိက”ဂုဏ်တော်ဆိုတာ ရှိပါတယ်။ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိမြင်နိုင်တဲ့ ဂုဏ်တော်ပါ မြတ်ဗုဒ္ဓရဲ့ တရားတော်များဟာ ဟောတော်မူတဲ့အတိုင်း၊ လမ်းညွန်တဲ့အတိုင်း လိုက်နာကျင့်သုံး နိုင်မယ်ဆိုရင် ဘယ်သူမဆို ကျင့်သုံးနိုင်တာနဲ့အမျှ အကျိုးတရားကို ပြန်လည်ရရှိစေနိုင်တဲ့ အစွမ်းဂုဏ်အင် ရှိတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ယုံကြည်မှုသဒ္ဓါတရား၊ ပြတ်သားတဲ့ စေတနာများ၊ ကြိုးစားအားထုတ်မှု ၀ိရိယတရားများနဲ့အညီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်မယ်ဆိုရင် ဘယ်သူပဲ ကျင့်ကျင့်၊ ဘယ်မှာပဲကျင့်ကျင့် ကျင့်ကြံနိုင်သလောက် လက်တွေ့ဘ၀မှာလည်း အကျိုးထူးတရားကို ဖြစ်စေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓတရားတော်ရဲ့ အစွမ်းသတ္တိဟာ လက်တွေ့ကျင့်ကြံ လိုက်နာသူကိုသာ တန်ပြန်သက်ရောက်မှု ဖြစ်စေတဲ့အတွက် ကျင့်ကြံအားထုတ်နိုင်မယ်ဆိုရင် လူမျိုးလည်း မခွဲခြား၊ အသားအရောင်လည်း မခွဲခြား၊ ကျားမလည်း မခွဲခြားဘဲ အကျိုးထူးသတ္တိကို ဖြစ်စေမှာဖြစ်သလို မလိုက်နာမကျင့်သုံးဘဲ မကောင်းတဲ့ အလုပ်တွေနဲ့ နေထိုင်နေကြမယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင်တွေရော ဘာသာဝင် မဟုတ်သူတွေအတွက်ပါ မျက်နှာလိုက်ခြင်းမရှိ တန်ပြန်အပြစ်ကို ဖြစ်စေတတ်မှာ ဖြစ်ပါတယ်။ ဒါဟာ ဘုရားရှင်က ချမှတ်ထားတာ မဟုတ်ဘဲ သဘာဝနိယာမ၊ ကမ္မနိယာမ အမှန်တရားကိုက ဖြစ်စေတဲ့ တန်ပြန်သက်ရောက်မှု သဘောပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲ ဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ရတယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဟာ အကျင့်ပိုင်းကို ဦးစားပေးတဲ့ ဘာသာဖြစ်တဲ့အတွက် လက်တွေ့လိုက်နာ ကျင့်ကြံသူမှန်သမျှကို လည်း သူတို့သူတို့ရဲ့ ကျင့်ကြံနိုင်မှု အပေါ်လိုက်ကာ အကျိုးတရား ဖြစ်ထွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ တစ်ချို့သူတွေအတွက် မျက်မှောက်ဘ၀မှာပဲ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်ပြီး တစ်ချို့သူတွေ အတွက်တော့ သေပြီးဒုတိယ ဘ၀မှာ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်ကာ တစ်ချို့ကျတော့ သေပြီးနောက် ဘ၀တစ်ခုခုမှာ အခါအခွင့်သင့်သလို အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒါက လက်တွေ့လိုက်နာ ကျင့်သုံးသူတွေရဲ့ စိတ်စေတနာဇော အပေါ်ကိုလိုက်ပြီး ကွဲပြားသွားကြတာ ဖြစ်ပါတယ်။ သေချာတာကတော့ ကာလအတိအကျ မပြောနိုင်ပေမယ့် တကယ်လုပ်ရင် တကယ်ရတယ်၊ တကယ်ဖြစ်တယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အပိုင်းမှာ လုပ်တဲ့သူရဲ့ အလုပ်နဲ့ စေတနာကိုလိုက်ပြီး တူညီတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာတွေ လုပ်နိုင်တဲ့ အလုပ်တွေကို ခွဲခြားပြရမယ်ဆိုရင် ဗုဒ္ဓဘာသာ တစ်ယောက်ဟာ
ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ခြင်း သီလအလုပ်
ပေးကမ်းလှူဒါန်းခြင်း ဒါနအလုပ်
သမထပွားများခြင်း သမာဓိအလုပ်
ဝိပဿနာပွားများခြင်း ပညာအလုပ်
ဆိုတဲ့အလုပ်တွေကို လုပ်ရမှာဖြစ်ပါတယ်။ အလွယ်ပြောရရင် ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေပေါ့။ ဒီအလုပ်တွေထဲက ကိုယ်ဘာကို ရွေးချယ်လုပ်မလဲဆိုတာ ကိုယ့်အပေါ်မူတည်ပြီး ကိုယ်ရွေးချယ်လုပ်တဲ့ အလုပ်မှာ စိတ်စေတနာ ထက်သန်စွာနဲ့ လုပ်နိုင်မယ်ဆိုရင် အဲဒီရွေးချယ်လုပ်တဲ့ အလုပ်ရဲ့ တူညီတဲ့ တန်ပြန်သက်ရောက်မှု အကျိုးကို ရရှိစေမှာ ဖြစ်ပါတယ်။

ဆိုကြပါစို့။ ကိုယ်က အလှူအတန်းပြုရတာ ၀ါသနာပါပြီး အလှူဒါန ပြုရခြင်းကို စိတ်အစဉ်မှာ ပြင်းပြထက်သန်စွာ ရှိနေကာ စေတနာ ကောင်းကောင်းနဲ့ ပေးလှူတတ်တယ်ဆိုရင် အဲဒီလှူဒါန်းမှုရဲ့ အကျိုးသက်ရောက်မှုဟာ ဒီဘ၀မှာပဲ သိသိသာသာ အကျိုးပေးတတ်တာကို သတိထားကြည့်တဲ့ အခါ သိနိုင်မှာဖြစ်ပါတယ်။ မရှိရှိတာကို ပုဂ္ဂိုလ်မရွေး၊ မျှော်လင့်ချက်ပါ၊ အလှူခံပုဂ္ဂိုလ် လိုတာပြည့်ဖို့ သက်သက်နဲ့ လှူဒါန်းပေးကမ်းတတ်တဲ့ သူဟာ သူကိုယ်တိုင်လည်း ဘယ်နေရာရောက်ရောက် ကူညီဖေးမမယ့်သူတွေ၊ ကျွေးမွေးစောင့်ရှောက်မယ့်သူတွေ၊ ဘယ်နေရာရောက်ရောက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့်သူတွေ၊ ဘယ်နေရာရောက်ရောက် ဆင်းရဲဒုက္ခမရှိ ချမ်းချမ်းသာသာ နေရတဲ့ အဖြစ်တွေနဲ့ ကြုံကြရမှာ ဖြစ်ပါတယ်။ ကြုံလည်းကြုံဖူးကြမှာ ဖြစ်ပါတယ်။ ဒါနဟာ ချမ်းသာမှုကို ဖြစ်စေတဲ့ သတ္တိရှိတဲ့ အတွက် ဒါနအားသန်တဲ့ သူတွေအတွက် ရုပ်ပိုင်းဆိုင်ရာ ပြည့်စုံချမ်းသာမှုကတော့ တစ်ခါတစ်လေ ဒီဘ၀မှာပဲ လက်တွေ့ ရနိုင်တာတွေ တွေ့ရတတ်ပါတယ်။ ဒါက ဒါနဆိုတဲ့ အလုပ်ရဲ့ လက်တွေ့ဆန်တဲ့ တန်ပြန်သက်ရောက်မှုပဲ ဖြစ်ပါတယ်။

တစ်ခါတစ်လေ ဒါနရဲ့ လက်တွေ့အကျိုးလေးတွေ ရရှိတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ စိတ်စေတနာအပြည့်နဲ့ ကိုယ့်မှာရှိတဲ့ အရာတစ်ခုခုကို လိုအပ်တဲ့သူ တစ်ယောက်ယောက်ကို ပေးလှူလိုက်တဲ့ အကျိုးသက်ရောက်မှုဟာ အဲဒီနေ့မှာပဲ ကိုယ့်ကိုလည်း တစ်ယောက်ယောက်က တစ်ခုခု အကျိုးပြုသွားတာ၊ တစ်ခုပေးသွားတာ၊ ကိုယ်ကိုယ်တိုင်လည်း တစ်ခုခု ရလိုက်တာတွေ ရှိတတ်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှုမဟုတ်တဲ့ မမြင်နိုင်တဲ့ ဒါနရဲ့ လက်တွေ့ကျတဲ့ တန်ပြန်သက်ရောက်မှု လေးတွေဖြစ်ပါတယ်။ ဘုန်းဘုန်းရဲ့ စာသင်သားဘ၀က အဖြစ်လေးကို သတိရမိပါတယ်။း စာသင်သားဘ၀က ရှားရှားပါးပါး ရရှိထားတဲ့ သင်္ကန်းအသစ်လေး တစ်စုံကို ဒုလ္လဘရဟန်း အရမ်းဝတ်ချင်နေတဲ့ ဒကာလေးတစ်ယောက်ကို စေတနာအပြည့်နဲ့ မျှော်လင့်ချက်မပါဘဲ လှူလိုက်ဖူးပါတယ်။ အဲဒီနေ့ ညနေမှာပဲ တစ်ခါမှ မြင်ဖူးခြင်း၊ တွေးဖူးခြင်း၊ သိကျွမ်းခြင်း မရှိတဲ့ ဇနီးမောင်နှံ နှစ်ယောက်ကို လမ်းမှာတွေ့ပြီး သူတို့လှူတဲ့ အလှူကို လက်ခံရရှိခဲ့ဖူးပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလို့ ဆိုနိုင်ပေမယ့် အဲဒီနေ့ မနက်ပိုင်းက စေတနာသဒ္ဓါတရား အပြည့်နဲ့ လှူဒါန်းခဲ့တဲ့ သင်္ကန်းအလှူရဲ့ လက်တွေ့ကျတဲ့ တန်ပြန်အကျိုးပေးမှုလို့ ပြောနိုင်ပါတယ်။ အဲဒီလို အဖြစ်မျိုးကတော့ လက်တွေ့လုပ်ဆောင်နေတဲ့ သူတွေအနေနဲ့ မကြာမကြာ တွေ့နေရမှာဖြစ်ပါတယ်။ ဒါဟာ တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ နိယာမရဲ့ လက်တွေ့သာဓကပဲ ဖြစ်ပါတယ်။

အဲဒီလိုပဲ ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်းဆိုတဲ့ သီလအလုပ်ကို လက်တွေ့လိုက်နာ ကျင့်ကြံလေ့ ရှိတဲ့သူတွေ အတွက်လည်း ဒီအလုပ်ရဲ့ လက်တွေ့အကျိုး သက်ရောက်မှုကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ သီလစောင့်ထိန်းမှုရဲ့ ထူးခြားမှုကို ခံစားဖူးကြမှာ ဖြစ်ပါတယ်။ သီလရဲ့ အစွမ်းသတ္တိက အရင်ဆုံး ကိုယ့်ကိုယ်ကို ယုံကြည်မှုအားတွေ ဖြစ်စေပါတယ်။ သီလလုံခြုံနေတဲ့အတွက်လည်း အကြောက်တရားကင်းနေပြီး ဘယ်လိုပရိတ်သတ်ထဲမဆို ၀င်ရဲပါတယ်။ သီလလုံခြုံတဲ့အတွက် မေ့လျော့မှုမရှိဘဲ သေတဲ့အထိ သတိမြဲနေတတ်ပါတယ်။ သီလရဲ့ အကျိုးသက်ရောက်မှုက စောင့်ထိန်းတဲ့သူတွေကို အသက်ရှည်ပြီး၊ အဆင်းလှကာ၊ ကျန်းမာမှုကို ဖြစ်စေတတ်ပါတယ်။ ဒါက သီလရဲ့ ယေဘုယျ အကျိုးသက်ရောက် မှုလေးတွေ ဖြစ်ပါတယ်။ သီလစောင့်ထိန်းခြင်း အလုပ်ကို လုပ်နေတဲ့သူ မှန်သမျှ ဘယ်သူမဆို ဒီသက်ရောက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။ လက်တွေ့လုပ်ကြည့်ရင် လက်တွေ့ရနိုင်တာကတော့ လက်တွေ့လုပ်နေတဲ့ သူတွေ သိကြပါတယ်။

တစ်လောကတောင် အင်တာနက်မှာ ၀ါတွင်းအဓိဋ္ဌာန်ဝင်ပြီး ဥပုသ်နေ့တိုင်း ဥပုသ်သီလ စောင့်ကြည့်ကြဖို့ တိုက်တွန်းတဲ့ ပို့စ်လေးကိုဖတ်ပြီး လက်တွေ့အဓိဋ္ဌာန်ဝင်ကာ လုပ်ကြည့်ကြတဲ့ သူတွေဆီက “ဥပုသ်နေ့ကို မလွတ်တမ်း ဥပုသ်သီလ စောင့်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်လေးနဲ့ ပထမဆုံး ဥပုသ်နေ့မှာ ဥပုသ်စောင့်တာပဲ ရှိသေးတယ် သိသိသာသာ ထူးခြားမှုတွေကို ခံစားရကြောင်း” ပြောလာသံတွေ ကြားသိရပါတယ်။ “ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်မပါတဲ့ အဓိဋ္ဌာန် တစ်ခုအနေနဲ့ ဒီနှစ်ဝါတွင်း ဥပုသ်နေ့တွေမှာတော့ ဥပုသ်သီလကို မလွတ်တမ်း စောင့်နိုင်အောင် ကြိုးစားမယ်”ဆိုတဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန် စကားလေးတွေလည်း ကြားခဲ့ရပါတယ်။ သေချာတာကတော့ သီလစောင့်ထိန်းခြင်းဆိုတဲ့ အလုပ်ကို လက်တွေ့လိုက်နာ ကျင့်သုံးနေမယ်ဆိုရင်တော့ ဒီသီလရဲ့ တန်ပြန်သက်ရောက်မှု အကျိုးကျေးဇူးကတော့ ဘယ်သူ့ထံမဆို ရောက်ရှိလာမှာ အမှန်ပါပဲ။ လက်တွေ့လုပ်ဖြစ်ဖို့နဲ့ လိုချင်တောင့်တမှု၊ မျှော်လင့်ချက်တွေနဲ့ မလုပ်ဖြစ်ဖို့ဘဲ အရေးကြီးပါတယ်။ အဲဒီလို သဘောတွေမပါဘဲ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ဖြစ်လို့ လုပ်ကိုလုပ်မယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ချက်နဲ့သာ လုပ်နေမယ်ဆိုရင် ကံကလည်း သူ့အလုပ်သူလုပ်နေမှာ ဖြစ်ပါတယ်။ သူ့အကျိုးပေး သူပေးနေမှာ ဖြစ်ပါတယ်။

နောက် သမထ၊ ၀ိပဿနာဆိုတဲ့ ဘာဝနာ အလုပ်တွေမှာလည်း ဒီအတိုင်းပါပဲ။ သမထဘာဝနာရဲ့ အစွမ်းသတ္တိက အားထုတ်နေစဲအခိုက်မှာ ပူလောင်မှု ကိလေသာတွေကို ခွာထားပြီး စိတ်အစဉ် ငြိမ်းအေးမှုကို ဖြစ်စေကာ ပီတိတရားတွေကို တိုးပွားစေပါတယ်။ ၀ိပဿနာ အလုပ်ကတော့ လုပ်ရင်းလုပ်ရင် ကိလေသာတွေကို ၀ိပဿနာဉာဏ်နဲ့ အမြစ်ပြတ် သတ်ပေးတဲ့ အစွမ်းသတ္တိရှိပါတယ်။ ဒီဝိပဿနာ အလုပ်က ကြိုးစားအားထုတ်မှုများလေ ဉာဏ်စဉ်မြင့်လေဖြစ်ပြီး ဉာဏ်တွေတက်တာနဲ့ ကိလေသာတွကို တစ်ခုပြီးတစ်ခု သတ်သတ်ပေးသွားစေပါတယ်။ နောက်ဆုံး နိဗ္ဗာန်ရောက်တဲ့ အထိပို့ဆောင်ပေးပါတယ်။ ဒီသမထ၊ ၀ိပဿနာ အလုပ်ဟာလည်း တကယ်ကြိုးကြိုးစားစားနဲ့ လုပ်ရင် ဘယ်သူမဆို လုပ်နိုင်သမျှ အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ လုပ်နိုင်သမျှ စိတ်ငြိမ်းချမ်းမှု၊ ကိလေသာခေါင်းပါးမှု၊ အကြွင်းမဲ့ ချုပ်ငြိမ်းမှုတွေကို ဖြစ်စေပါတယ်။ စိတ်ကူးရင် မဟုတ်ဘဲ လက်တွေ့ လုပ်ဆောင်မှုနဲ့ သိရ၊ ခံစားရတဲ့ အလုပ်တွေ ဖြစ်တဲ့အတွက် ဒီဘာဝနာ အလုပ်ဟာလည်း တကယ်လုပ်ရင် တကယ်ရတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ အဓိကကတော့ လက်တွေ့အကောင်အထည်ဖော် လုပ်ဆောင်ဖြစ်ဖို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာ တရားတော်များဟာ အကျင့်တရား ဦးစားပေးထားတဲ့ တရားတော်များ ဖြစ်တဲ့အတွက် အခြားကမ္ဘာ့ဘာသာများနဲ့ မတူဘဲ တမူထူးခြားနေတာ ဖြစ်ပြီး သဒ္ဓါ၊ ပညာ၊ ၀ိရိယတရားတွေ ယုတ်လျော့လာတဲ့ ဒီနေ့ခေတ်မှာတော့ အနှစ်သာရရှိပေမယ့် အရေအတွက် နည်းနေတဲ့သဘော သက်ရောက်နေပေမယ့် လက်တွေ့လုပ်ရင် လုပ်တဲ့အတိုင်း အကျိုးသက်ရောက်မှုကို ဖြစ်စေတဲ့အတွက် ကမ္ဘာတစ်ဝှန်းမှာ ဗုဒ္ဓရဲ့ တရားတော်များဟာ အစမ်းသပ်ခံနိုင်တဲ့ တရားတော်များ၊ ယုတ္တိကျတဲ့ တရားတော်များ၊ တကယ်လုပ်ရင် တကယ်ရတဲ့ တရားတော်များအဖြစ် မှတ်ကျောက်အတင်ခံကာ လက်တွေ့လိုက်နာ ကျင့်သုံးသူတွေနဲ့ တဖြည်းဖြည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်ဆိုတာ သိစေလိုတာပါ။ သန္ဒိဋ္ဌိက ဂုဏ်တော်အဖွင့်အတိုင်း တကယ်လုပ်ရင် တကယ်ရတယ်ဆိုတာ လက်တွေ့လုပ်ဆောင်ရင်းဖြင့် သိစေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အပြောမဟုတ် အလုပ်နဲ့ သက်သေပြနိုင်တဲ့ မြတ်ဗုဒ္ဓရဲ့ တရားတော်များကို ဟိုစာဖတ်၊ ဒီစာဖတ်၊ ဟိုတွေးဒီတွေး၊ ဟိုဝေဘန်ဒီဝေဘန် လုပ်နေကြတာထက် ဗုဒ္ဓညွန်ပြတဲ့အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးခြင်းဖြင့် ကိုယ်ကိုယ်တိုင် အကျိုးတရားကို လက်တွေ့ခံစားနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး ကိုယ်တိုင်ဒိဋ္ဌ မျက်မြင်သိမြင်နိုင်တဲ့ ဂုဏ်တော်အထူးကို အရယူကြည့်ကြဖို့ တိုက်တွန်းရင်း သီလကို အခြေခံတဲ့ ဒါန၊ ဘာဝနာ အလုပ်များရဲ့ လက်တွေ့ဆန်တဲ့ အကျိုးသက်ရောက်မှု အကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။

Read more »

အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့် “နှလုံးသွင်းမှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။ တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။ အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန်ခြင်းကြောင့် ဖြစ်ပြီး နှလုံးသွင်းမှန်ခြင်းသည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ ထို့ကြောင့် အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်း သို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည် “ကွဲသလိုလိုနှင့် တွဲနေတတ်သည့်တရား၊ မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊ အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေး အထောက်အကူပေးမည့် ကုသိုလ်တရား တိုးပွားရေးမှာလည်း ကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေး သို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါ၏။ အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာ ကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊ အကျင့်စရိုက်မတူ၊ စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင် နေ့စဉ်နေ့တိုင်း အကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့် ကြုံတွေ့ရတတ်၏။ တစ်စုံတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များသည် တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည် ဖြစ်၏။ ထိုသူတို့သည် မည်သည့်သဘော မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်း ကြည့်နေမြင်နေသည့် မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင် ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊ တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ် သက်သာမည်မှာ အမှန်ပင်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်း ရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။ အဆိုးမြင်တတ်သည့် သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်း အဆိုးများ၊ မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပင် အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘောရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကား အတွေးကောင်း၊ အမြင်ကောင်းများဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်း ကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိအပြစ်မဖြစ်စေရန် သူတပါး၏ ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့် အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုခုရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍ မိမိကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊ နှလုံးသွင်း မှန်ကန်စေရန်နှင့် ပတ်သက်သည့် လမ်းညွန်ထားချက်များကို သတိရမိပါ၏။ “လောကတွင် အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ ထိုသူများကို အပြောကြမ်းသည်ကို မကြည့်ဘဲ စိတ်ထားကောင်းသည့် အချက်ကိုကြည့်၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောချိုသော်လည်း စိတ်သဘောထား ယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့် အချက်ကိုပင်ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်း တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများ ရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့်အချက်လေးကိုပင် ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့ကား စိတ်ထားလည်းမကောင်း၊ အပြောလည်းကြမ်းသည့်အပြင် မည်သည့်အခါမှလည်း ကောင်းလာမည် မဟုတ်သည့် သူများဖြစ်နေတတ်ကြောင်း ထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ်မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသထားလေ၏။

မည်သို့ဆိုစေ။ သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြလျှင်ကား ဆက်ဆံရေး အဆင်ပြေဖွယ် မရှိတတ်လှပေ။ ထို့အပြင် အဆိုးမြင်တတ်သည့် အကျင့်လေးများ ရှိနေပြန်လျှင်လည်း မကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊ အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။ ထိုသို့ အားနည်းချက်နှင့် မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကား မိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ် အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်၏။

စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့် ဧည့်သည်ပေါင်းစုံ လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့် တပည့်ကျောင်းသား ကျောင်းသူများလည်း ရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်း ဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က “ဘုန်းဘုန်းဘုရား… ကျောင်းမှာရှိတဲ့ အဲဒီလိုက်ကာတွေကို ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှ ရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊ အနုပညာ မျက်စိမရှိလိုက်တာ…” စသည်ဖြင့်ဆိုပြီး သူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့် ပြောဆို လျှောက်ထားလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။ လူကြီးတစ်ယောက်ဖြစ်သဖြင့် အခြေအနေကို သိသော်လည်း ဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှ စာရေးသူ အနားကိုရောက်လာပြီး “ဆရာတော်ဘုရား တပည့်တော်လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ ဒါဆို တပည့်တော် ပြန်လဲလိုက်မယ်ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။ စာရေးသူက “နေပါစေ ဒကာမကြီး ဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီး အနေနဲ့ ခုလို ဟိုကပြော၊ ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီး စေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကား ပြောပေးခဲ့ရသေး၏။

ဤအဖြစ်အပျက်လေးမှာ လက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။ လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ ထိုသို့ အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့် မိမိကိုယ်တိုင်လည်း အပြစ်ကလေးများ ရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်း အတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။ အကယ်၍ အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့် မိမိကိုယ်တိုင်လည်း စိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်း ပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့် အတွေးအမြင်များသည် ကုသိုလ်ရရေးထက် အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေ အကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန်စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။

ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊ အကြည့်မတတ်၊ အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီး အကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့် အကောင်းဘက်က ရှုမြင်တတ်ရန်နှင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေ မကောင်းအမြင်ဖြင့် အဆိုးများကို ကြည့်တတ်ကြလျှင် အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည် ကုသိုလ်ရရန်နှင့် အကုသိုလ်အဖြစ်နည်းရန် အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏ စိတ်ကို အကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။ ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီး သူတပါးအတွက်လည်း အကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် မည်သူမဆို မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို အမှီပြု၍ အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊ နှလုံးသွင်း မမှန်ကန်ခြင်းတို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့် ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏ စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြင်သင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

Read more »

အလယ်အလတ်လမ်း (သို့) မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်…

တရားဦးဒေသနာခေါ် ဓမ္မစကြာတရားတော်တွင် မြတ်ဗုဒ္ဓက “အစွန်းနှစ်ပါးကိုရှောင်ပြီး အလယ်အလတ် လမ်းကိုဆောင်ရန်” ဟောကြားတော်မူထား၏။ ကာမဂုဏ်အာရုံများတွင် အလွန်အကျူးလိုက်စားခြင်း အကျင့်နှင့် မိမိကိုယ်ကိုယ် ဆင်းရဲပင်ပန်းစွာ ညှင်းစဲခြင်းအကျင့်ဟူသော အစွန်းနှစ်ပါး အကျင့်တရား လမ်းစဉ်များကို မလိုက်စားဘဲ အစွန်းမရောက်သည့် မှန်ကန်သည့် လမ်းစဉ်ဖြစ်သည့် အလယ်အလတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးကြရန် မိန့်တော်မူ၏။ မြတ်ဗုဒ္ဓမိန့်တော်မူသည့် အလယ်အလတ်လမ်းကို မဇ္ဈိမပဋိပဒါလမ်း ဟူ၍ လည်းကောင်း မဂ္ဂင်ရှစ်ရပ် အကျင့်မြတ်ဟူ၍ လည်းကောင်း ခေါ်ဆိုသုံးနှုံးကြ၏။ ဓမ္မစကြာ ဒေသနာတော်တွင် မြတ်စွာဘုရားရှင်ကာ မဇ္ဈိမပဋိပပဒါလမ်းဟူသည် အရိယာသူတော်ကောင်းတို့၏ လျှောက်လမ်းရာ အမြတ်လမ်းသွယ် ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားပင်ဖြစ်ကြောင်း မိန့်တော်မူ၏။ ဤအင်္ဂါရှစ်ပါးရှိသည့် မဂ်လမ်းကို လျှောက်လှမ်းသူသည် မှန်ကန်ပြီး အစွန်းမရောက်သည့် အလယ်အလတ်လမ်းသို့ လျှောက်လှမ်းနေသူ ဖြစ်ပြီး လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြု ဦးတည်နေသူဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြလေ၏။ ထို့ကြောင့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို မှန်ကန်စွာ ကျင့်သုံးလိုသူများသည် မဂ္ဂင်ရှစ်ပါးနှင့် ပြည့်စုံအောင် လိုက်နာကျင့်သုံးရမည်ဟု ဆိုခြင်းဖြစ်ပါ၏။

အလယ်အလတ်လမ်းစဉ် ဖြစ်သည့်အပြင် လွတ်မြောက်ရာအမှန် နိဗ္ဗာန်သို့ သွားရာအကောင်းဆုံး လမ်းသွယ်လည်း ဖြစ်သဖြင့် ဤမဂ္ဂင်ရှစ်ပါးအကြောင်းကို ဗုဒ္ဓရှင်တော်မြတ်သည် အမျိုးမျိုးသော ပရိယာယ်များဖြင့် အမျိုးမျိုးသော ပရိတ်သတ်များအား ဟောကြားပေးခဲ့၏။ ထို့ကြောင့်ပင် ယနေ့ခေတ် ဗုဒ္ဓပိဋကတ်တော်များ၏ ကျမ်းအတော်များများတွင် မဂ္ဂင်ရှစ်ပါးအကြောင်းကို တွေ့နေရခြင်းဖြစ်၏။ သစ္စာလေးပါးတွင်လည်း မဂ္ဂသစ္စာဟူသည် မဂ္ဂင်ရှစ်ပါးပင် ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြတော်မူပြီး ဤမဂ္ဂင်ရှစ်ပါးနှင့် အညီသာ လိုက်နာကျင့်သုံး နေထိုင်သွားလျှင် မဂ္ဂသစ္စာဆိုက်မည် ဖြစ်ကာ မဂ္ဂသစ္စာဆိုက်လျှင် နိရောဓသစ္စာသို့ မျက်မှောက်ပြုမည်ဖြစ်ကြောင်း၊ နိရောဓသစ္စာကို မျက်မှောက်ပြုသူသည် သမုဒယသစ္စာ တဏှာကို အကြွင်းမဲ့ပယ်သတ်ပြီး ဖြစ်ကာ တဏှာကုန်လျှင် ဒုက္ခလည်း ငြိမ်းမည်ဖြစ်သဖြင့် ဒုက္ခသစ္စာကိုလည်း သိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် သစ္စာတရားကို ထိုးထွင်း၍ သိရာအမှန် လမ်းစဉ်မြတ်ဖြစ်သည့် မဂ္ဂင်ရှစ်ပါး အကျင့်တရားကို ကျင့်ပွားကြရမည် ဖြစ်ကြောင်း သိစေတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓရှင်တော်မြတ် အထပ်ထပ် မိန့်တော်မူသည် အလယ်အလတ်လမ်းခေါ် မဂ္ဂင်ရှစ်ပါး တရားများမှာ
၁။ သမ္မာဒိဋ္ဌိ = မှန်စွာသိမြင်ခြင်း (Right View/ 바른 견해)
၂။ သမ္မာသင်္ကပ္ပ = မှန်စွာကြံစည်ခြင်း (Right Thought/ 바른 사유 (생각) )
၃။ သမ္မာဝါစာ = မှန်စွာပြောဆိုခြင်း (Right Speech/ 바른 말)
၎။ သမ္မာကမ္မန္တ = မှန်စွာပြုလုပ်ခြင်း (Right Action/ 바른 행위 (행동))
၅။ သမ္မအာဇီဝ = မှန်စွာအသက်မွေးခြင်း (Right Lively hood/ 바른 생계)
၆။ သမ္မာဝါယမ = မှန်စွာအားထုတ်ခြင်း (Right Effort/ 바른 정진 (노력))
၇။ သမ္မာသတိ = မှန်စွာအောက်မေ့ခြင်း (Right Mindfulness/ 바른 마음챙김 (알아차림))
၈။ သမ္မာသမာဓိ = မှန်စွာတည်ကြည်ခြင်း (Right Concentration/ 바른 삼매)
ဟူသော လမ်းစဉ်အင်္ဂါ ရှစ်ပါးပင် ဖြစ်ပါ၏။ ထိုလမ်းစဉ်ရှစ်ပါး၏ တစ်ခုချင်း အဖွင့်ကိုလည်း မြတ်ဗုဒ္ဓက မဟာသတိပဋ္ဌာန သုတ်တွင် အောက်ပါအတိုင်း အကျယ်ဟောကြားတော်မူခဲ့၏။

“ - ရဟန်းတို့ သမ္မာဒိဋ္ဌိသည် အဘယ်နည်း။ ဒုက္ခ၌ သိမြင်ခြင်း၊ ဒုက္ခ၏ဖြစ်ကြောင်း၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ (နိဗ္ဗာန်)၌ သိမြင်ခြင်း၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ ရောက်ကြောင်းအကျင့်၌ သိမြင်ခြင်းတည်း။ ရဟန်းတို့ ဤသိမြင်ခြင်းကို မှန်စွာသိမြင်ခြင်း သမ္မာဒိဋ္ဌိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသင်္ကပ္ပသည် အဘယ်နည်း။ (ကာမအာရုံမှ) လွတ်ကင်းသော ကြံစည်ခြင်း၊ ဖျက်စီခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်း၊ ညှင်းဆဲခြင်းမှ လွတ်ကင်းသော ကြံစည်ခြင်းတည်း။ ရဟန်းတို့ ဤကြံစည်ခြင်းကို မှန်စွာကြံခြင်း သမ္မာသင်္ကပ္ပဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါစာသည် အဘယ်နည်း။ မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဂုံးတိုက်စကားမှ ရှောင်ကြဉ်ခြင်း၊ ကြမ်းတမ်းသောစကားမှ ရှောင်ကြဉ်ခြင်း၊ ပြိန်ဖျင်းသောစကားမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြောဆိုခြင်း သမ္မာဝါစာဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာကမ္မန္တသည် အဘယ်နည်း။ အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း၊ ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်း။ ရဟန်းတို့ ဤရှောင်ကြဉ်ခြင်းကို မှန်စွာပြုလုပ်ခြင်း သမ္မာကမ္မန္တဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာအာဇီဝသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ အရိယာဖြစ်သော တပည့်သည် မှားယွင်းစွာ အသက်မွေးခြင်းကို ပယ်စွန့်၍ မှန်စွာအသက်မွေးခြင်းဖြင့် အသက်မွေး၏။ ရဟန်းတို့ ဤအသက်မွေးခြင်းကို မှန်စွာအသက်မွေးခြင်း သမ္မာအာဇီဝဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာဝါယာမသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် မဖြစ်သေးသော ယုတ်မာသော အကုသိုလ်တရားတို့ကို မဖြစ်ပေါ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ယုတ်မာသော အကုသိုလ်တရားတို့ကို ပယ်ရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြှောက်၏၊ ဆောက်တည်၏။ မဖြစ်သေးသော ကုသိုလ်တရားတို့ကို ဖြစ်စေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တည်မြဲစေရန် မပျောက်ပျက်စေရန် တိုးတက်ဖြစ်ပွားစေရန် ပြန့်ပြောစေရန် ပွားများမှု ပြည့်စုံစေရန် ဆန္ဒကို ဖြစ်စေ၏၊ အားထုတ်၏၊ လုံ့လပြု၏၊ စိတ်ကို ချီးမြောက်၏၊ ဆောက်တည်၏။ ရဟန်းတို့ ဤအားထုတ်ခြင်းကို မှန်စွာအားထုတ်ခြင်း သမ္မာဝါယာမဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသတိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ရုပ်အပေါင်း၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ ဝေဒနာတို့၌ ဝေဒနာတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ်ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ စိတ်၌ စိတ်ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ပြင်းစွာအားထုတ်သော လုံလရှိသည်ဖြစ်၍ သမ္ပဇဉ်ဉာဏ် ရှိသည်ဖြစ်၍ အောက်မေ့ခြင်း သတိရှိသည်ဖြစ်၍ ဥပါဒါနက္ခန္ဓာလောက၌ လိုချင်တပ်မက်ခြင်း အဘိဇ္ဈာ နှလုံးမသာယာခြင်း ဒေါမနဿကို ပယ်ဖျောက်၍ သဘောတရားတို့၌ သဘောတရားတို့ကို အကြိမ်ကြိမ် ရှုလေ့ရှိသည်ဖြစ်၍ နေ၏။ ရဟန်းတို့ ဤအောက်မေ့ခြင်း သတိကို မှန်စွာအောက်မေ့ခြင်း သမ္မာသတိဟူ၍ ဆိုအပ်၏။

- ရဟန်းတို့ သမ္မာသမာဓိသည် အဘယ်နည်း။ ရဟန်းတို့ ဤသာသနာတော်၌ ရဟန်းသည် ကာမဂုဏ်တို့မှ ကင်း၍သာလျှင်ဖြစ်သော အကုသိုလ်တရားတို့မှ ကင်း၍သာလျှင်ဖြစ်သော ၀ိတက်နှင့်တကွဖြစ်သော ၀ိစာရာနှင့်တကွ ဖြစ်သော နီဝရဏကင်းခြင်းကြောင့်ဖြစ်သည့် ပီတိသုခရှိသော ပထမဈာန်သို့ ရောက်၍နေ၏။ ၀ိတက်ဝိစာရ ငြိမ်းခြင်းကြောင့် မိမိသန္တာန်၌ စိတ်ကိုကြည်လင်စေတတ်သော သမာဓိကို ပွားစေတတ်သော ၀ိတက်လည်းမရှိသော ၀ိစာရလည်း မရှိသော သမာဓိကြောင့်ဖြစ်သည့် ပီတိသုခရှိသော ဒုတိယဈာန်သို့ရောက်၍နေ၏။ ပီတိ၏လည်း ကင်းခြင်းကြောင့် အမျှရှုလျက် ဆင်ခြင်လျက်နေ၏။ သုခကိုလည်း ကိုယ်ဖြင့်ခံစား၏။ အကြင် (တတိယဈာန်)ကြောင့် ထိုသူကို “အမျှရှုသူ သတိရှိသူ ချမ်းသာစွာာ နေလေ့ရှိသူ”ဟု အရိယာပုဂ္ဂိုလ်တို့သည် ချီးမွမ်းပြောဆိုကုန်၏။ ထိုတတိယဈာန်သို့ ရောက်၍နေ၏။ ချမ်းသာဆင်းရဲကို ပယ်ခြင်းကြောင့်လည်းကောင်း၊ ရှေးဦးကပင် ၀မ်းသာခြင်း နှလုံးမသာခြင်းတို့၏ ချုပ်ခြင်းကြောင့် လည်းကောင်း၊ ဆင်းရဲချမ်းသာ ကင်းသော(ဥပေက္ခာ)ကြောင့် သတိ၏ စင်ကြယ်ခြင်းရှိသော စတုတ္ထဈာန်သို့ ရောက်၍နေ၏။ ရဟန်းတို့ ဤသမာဓိကို မှန်စွာတည်ကြည်ခြင်း သမ္မာသမာဓိဟူ၍ ဆိုအပ်၏။ ”
ဤကား မဟာသတိပဋ္ဌာနသုတ်၊ ဓမ္မာနုပဿနာအဖွင့်တွင် မြတ်ဗုဒ္ဓဖွင့်ဆို ရှင်းပြတော်မူသည့် မဂ္ဂင်ရှစ်ပါး ဖွင့်ဆိုချက်များပင် ဖြစ်ပါ၏။

ထိုဖွင့်ဆိုချက်များအရ အလယ်အလတ်လမ်းကို လျှောက်လှမ်းသည်ဟူသည်မှာ အထက်ပါ အင်္ဂါရပ်များနှင့်အညီ ကျင့်သုံးနေထိုင်ခြင်းပင်ဖြစ်ကြောင်း နားလည်သဘောပေါက် နိုင်မည်ဖြစ်၏။ သို့ဆိုလျှင် ကိလေသာများ ထူပြောလှသည့် ပုထုဇင်များ အနေဖြင့် နေ့စဉ်ဘ၀ လှုပ်ရှားမှုများတွင် ထိုဖွင့်ဆိုချက်များနှင့် အညီနေထိုင်နိုင်ရန်မှာ လွယ်ကူလှသည့် အလုပ်မဟုတ်လှပေ။ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နိုင်ရန်မှာ မဖြစ်နိုင်သည့် သဘောတွင် ရှိနေပေ၏။ သို့သော် ဖြစ်နိုင်သည့်နည်း တစ်ခုကား ရှိ၏။ ထိုနည်းကား ၀ိပဿနာတရား အားထုတ်၍ နေခြင်းပင်ဖြစ်၏။ ၀ိပဿနာ တရားအားထုတ်နေသူသည် မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေသူ၊ အလမ်းအလတ်လမ်းကို လျှောက်လှမ်းနေသူဟု ဆိုနိုင်ပေ၏။ အကြောင်းကား ၀ိပဿနာတရား အားထုတ်ခြင်းဖြင့် သတိတရားကို မလွတ်တမ်း ထိန်းချုပ်နေနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

မှန်၏။ သတိဟူသည် ပိုသည်မရှိ လိုသည်သာ ဖြစ်၏ဟု ဆိုသကဲ့သို့ သတိတရားကို မလွတ်တမ်း ထိန်းသိမ်း စောင့်ရှောက် နေသူသည်လည်း အရာရာတွင် သတိရှိနေသဖြင့် အမြင်မှားသည်၊ အတွေးမှားသည်၊ အပြောမှားသည် စသည်ဖြင့် ရှိနိုင်မည် မဟုတ်လှပေ။ ထိုသို့ သတိဖြင့် နေထိုင်နေသမျှ မဂ္ဂင်ရှစ်ပါးနှင့်လည်း ပြည့်စုံနေသည်သာ ဖြစ်နေပေ၏။ ဥပမာအားဖြင့် သတိတရားဖြင့် အာနာပါနခေါ် ထွက်သက်ဝင်သက်ကို မလွတ်တမ်း သိမှတ်ရှုမှတ်နေသူ ယောဂီအား ၀င်လေထွက်လေ အစအဆုံးကို မလွတ်တမ်း သိနေသည့်အခါ စိတ်အစဉ်သည် အပြင်မရောက်ဘဲ ခန္ဓာကိုယ်နှင့် စိတ်တွင်သာ ရှိနေသဖြင့် ထွက်လေ၀င်လေ တစ်မှတ်ရတိုင်း မဂ္ဂင်ရှစ်ပါး အကျင့်တရားနှင့် ပြည့်စုံညီညွတ်နေမည်သာ ဖြစ်၏။ အမှတ်မလွတ်ဘဲ နေနေသဖြင့် အမြင်လည်းမှန်နေ၊ အကြံအစည်လည်းမှန်နေ၊ အပြောအဆိုလည်း မှန်နေ၊ အလုပ်အကိုင်လည်းမှန်နေ၊ အသက်မွေးမှုလည်းမှန်နေ၊ လုံလအားထုတ်မှုလည်းမှန်နေ၊ အောက်မေ့သတိရှိမှုလည်းမှန်နေ၊ တည်ကြည်မှုလည်း မှန်နေမည်သာဖြစ်၏။ သတိဖြင့် ၀င်လေထွက်လေကို ရှုမှတ်နေသမျှ ရှူထုတ်တိုင်း ရှူသွင်းတိုင်း မဂ္ဂင်ရှစ်ပါး ဆိုက်နေမည်သာ ဖြစ်၏။ ထို့ကြောင့် အခြားအချိန်တွင် မဂ္ဂင်ရှစ်ပါးနှင့် အညီနေနိုင်ရန် မဖြစ်နိုင်သော်လည်း သတိရှိရှိနှင့် တရားအားထုတ်နေသည့် အချိန်သည်ကား မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်နေကြသည်သာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပြီး အလယ်အလတ်လမ်းကို လျှောက်လှမ်းလိုသူများသည် တရားအားထုတ်ကြရမည်သာ ဖြစ်ကြောင်းလည်း တိုက်တွန်းကြခြင်း ဖြစ်၏။

ဤ၌ အထူး သတိပြုရမည်မှာ အလယ်အလတ်လမ်းကို လျှောက်လှမ်းနိုင်ရန်အတွက် တရားအားထုတ်ရမည်ဟု ဆိုသဖြင့် နေ့စဉ်စားဝတ်နေရေးများကို ပစ်ပြီး တရားရိပ်သာသွားကာ တရားပဲအားထုတ် နေရမည်လားဟု စောဒကတက်ဖွယ် ဖြစ်နေပေ၏။ ထိုသို့မဟုတ်။ တရားအားထုတ်သည် ဟူသည်မှာ ရိပ်သာသွားပြီး အားထုတ်နိုင်မှ တရားအားထုတ်သည်မဟုတ်။ မိမိတို့၏ နေ့စဉ်နေထိုင် လှုပ်ရှားနေသည့် လှုပ်ရှားမှုများတွင်ပင် သတိတရားဖြင့် မလွတ်တမ်း လိုက်လိုက်သိမှတ် ပေးနေလျှင်ပင် တရားအားထုတ်သည်ဟု ဆိုနိုင်ပေ၏။ ရုပ်တရားနှင့် စိတ်တွင်ဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများ၊ ခံစားမှုများ၊ အတွေးအကြံများကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်များတွင် အရှိအတိုင်း လိုက်လိုက်ပြီး သိပေးနေလျှင်ပင် သတိရှိနေပြီး တရားအားထုတ်နေသည်သာ ဖြစ်သဖြင့် နေ့စဉ်လှုပ်ရှားရင်းဖြင့်ပင် တရားအားထုတ်နိုင်အောင် ကြိုးစားကာ အလယ်အလတ်လမ်းကို လျှောက်လှမ်းကြည့်ရန် တိုက်တွန်းတော်မူခြင်း ဖြစ်ပါ၏။

သို့ဖြစ်၍ ဗုဒ္ဓဘာသာတွင် အထူးပြု ပြောဆိုဟောပြောထားသည့် အလယ်အလတ်လမ်း သို့မဟုတ် မဂ္ဂင်ရှစ်ရပ် လမ်းသွယ်မြတ်ကို လျှောက်လမ်းလိုသူများသည် အခြားအခြား သာမန်အချိန်များတွင် ထိုလမ်းစဉ်အတိုင်း နေထိုင်နိုင်ရန်မှာ မလွယ်လှသဖြင့် အလွယ်ဆုံးနည်းဖြစ်သည့် မည်သို့သောအချိန်၊ မည်သို့သော နေရာတွင် မည်သို့သော ပုံစံများဖြင့် ရှိနေစေကာမှု ထိုနေ့စဉ် လှုပ်ရှားမှုများတွင်ပင် အမှတ်သတိ မပြတ်ရှိပြီး စိတ်နှင့်ရုပ်တွင် ဖြစ်ပေါ်နေသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများ၏ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို မလွတ်တမ်း လိုက်လိုက်သိပေးနေသည့် တရားအားထုတ်နည်းကို အသုံးပြု၍ မဂ္ဂင်ရှစ်ပါးနှင့်အညီ နေထိုင်ရန်သာ ကြိုးစားရမည်ဖြစ်ကြောင်း၊ ဤသို့နေထိုင်နိုင်ခြင်းသည် အလယ်အလတ်လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်ကြောင်း တင်ပြရင်း မဂ္ဂင်ရှစ်ရပ် လမ်းစဉ်မြတ်၏ အရေးပါးမှု၊ လိုအပ်မှုကို ဓမ္မအနှစ်သာရ တစ်ခုအဖြစ် နှစ်သက်မှုတစ်ခု ပြုလိုက်ရပါသည်။

Read more »

ဥပေက္ခာပြုခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း…

ဥပေက္ခာဟူသော စကားကို “လျစ်လျူရှုခြင်း”ဟု အများနားလည်သဘော ပေါက်ထားကြ၏။ စာပေအဖွင့်အတိုင်း ပြောရလျှင် “သတ္တ၀ါပညတ်ကို အာရုံပြုပြီး သတ္တ၀ါများသည် ကံစီမံရာ ဖြစ်ကြရ၏ဟု အောက်မေ့ဆင်ခြင်ကာ လျစ်လျူရှုခြင်း”ဟု ပြောနိုင်မည်ဖြစ်၏။ အခြားအဓိပ္ပါယ် တစ်ခုအနေဖြင့် ပြောမည်ဆိုလျှင် “တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အမှီပြုပြီး ကုသိုလ်လည်းမဖြစ် အကုသိုလ်လည်း မဖြစ်အောင် နေခြင်း” ဟု ပြောနိုင်ပေ၏။ ထို့ကြောင့် ဥပေက္ခာသည် ဥပေက္ခာနှင့် နေနိုင်သူများ၊ ဥပေက္ခာတရား ထားနိုင်သူများအတွက် မြင့်မြတ်သည့် အကျင့်တရား တစ်ခုအဖြစ် သက်ရောက်မှုကို ဖြစ်စေပြီး ယင်းဥပေက္ခာတရား အထားခံရသူများ၊ ဥပေက္ခာအပြုခံရသူများ အတွက်ကား မကောင်းသည့် ဆိုးကျိုးကို ဖြစ်စေနိုင်သည့် တရားတစ်ခု အဖြစ် သက်ရောက်မှုကို ဖြစ်စေနိုင်မည် ဖြစ်၏။ ဆိုလိုသည်မှာ ဥပေက္ခာပြုခြင်းသည် ကောင်းကျိုးကို ဖြစ်စေနိုင်ပြီး ဥပေက္ခာအပြုခံရခြင်းသည် မကောင်းကျိုးကို ဖြစ်စေနိုင်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

မှန်၏။ လောကတွင် မည်သူမဆို ဖြတ်သန်းကျင်လည်ရသည့် ဘ၀တစ်လျှောက်တွင် တစ်စုံတစ်ခုကြောင့် ဖြစ်စေ၊ တစ်စုံတစ်ယောက်ကြောင့် ဖြစ်စေ အလိုမကျဖြစ်ဖွယ်၊ စိတ်အခန့်မသင့်ဖြစ်ဖွယ်၊ အပြစ်ဖြစ်ဖွယ်၊ အကုသိုလ် ဖြစ်ဖွယ်များနဲ့ ကြုံဖူးကြမည်ဖြစ်၏။ အထူးသဖြင့် တစ်စုံတစ်ယောက်ကို အကြောင်းပြု၍ အခိုက်အတန့်ဖြစ်စေ၊ မကြာခဏဖြစ်စေ၊ နေ့စဉ်ဖြစ်စေ စိတ်မချမ်းသာဖွယ်၊ အကုသိုလ်ဖြစ်ဖွယ်များနှင့် ကြုံဖူးကြ၊ ကြုံနေကြ၊ ကြုံကြရဦးမည်သာ ဖြစ်ပါ၏။ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်းသည် ဒုက္ခတစ်ခုပင် ဖြစ်ကြောင်း ဗုဒ္ဓဘုရားရှင် မိန့်တော်မူသကဲ့သို့ပင် နေ့စဉ်ကျင်လည်နေရသည့် ဘ၀တွင်လည်း မချစ်မနှစ်သက်သူများနှင့် ပေါင်းသင်းနေထိုင် ဆက်ဆံနေကြရသည့် အဖြစ်များက မြင်တိုင်း၊ ကြားတိုင်း၊ တွေးတိုင်း အကုသိုလ်ဖြစ်ဖွယ်များသာ ဖြစ်နေသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရသည်လည်း ရှိတတ်ပေ၏။

တစ်ခါတစ်ရံ အလိုရှိသည့်အရာကို မရလျှင်နေပါစေ အလိုမရှိသည့် အရာကို မရလျှင်ကိုပင် ကျေနပ်ဖွယ် ဖြစ်ကြရသည့် အခါများလည်း ရှိတတ်ပေ၏။ ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်လျှင် တော်ပါပြီဟူသည့် တောင့်တမှုမျိုးလည်း ရှိတတ်၏။ ကုသိုလ်မရခြင်းထက် အကုသိုလ်မရချင်းက ပို၍ကောင်းနေသဖြင့် အကုသိုလ် မဖြစ်စေရန် ပို၍အားထုတ်သူများလည်း ရှိတတ်၏။ ထိုသို့သော အားထုတ်မှုများတွင် ဥပေက္ခာတရားဖြင့် နေနိုင်အောင် ကြိုးစားခြင်းသည် အသင့်လျော်ဆုံး ဖြစ်ပေ၏။ ဥပေက္ခာတရား လက်ကိုင်ထားသူသည် တစ်စုံတစ်ခု၊ တစ်စုံတစ်ယောက်ကို အမှီပြု၍ အကုသိုလ် မဖြစ်နိုင်သကဲ့သို့ ကုသိုလ်လည်း မဖြစ်နိုင်သည်မှာ သေချာလှ၏။ ကုသိုလ်မရသဖြင့် ကောင်းကျိုးမခံစားရရုံမျှသာ ဖြစ်သော်လည်း အကုသိုလ်မရသဖြင့်ကား ဆိုးကျိုးပါ မရသဖြင့် ကောင်းကျိုးမခံစားရသည်ထက် ပို၍သာလွန်ကောင်းမွန်လှ၏။ ကုသိုလ်မရသဖြင့် မချမ်းသာသော်လည်း ဆင်းရဲဒုက္ခ မခံစားရသဖြင့်ကား မချမ်းသာသော်လည်း ချမ်းသာသည်ဟု ဆိုရမည်ဖြစ်ပေ၏။ ထို့ကြောင့် ထိုချမ်းသာဆင်းရဲ မဖြစ်စေမှုကသာ အကောင်းဆုံး ချမ်းသာတစ်ခု ဖြစ်သဖြင့် လိုအပ်လျှင် ဥပေက္ခာတရား ထားခြင်းဖြင့် ချမ်းသာလည်းမဟုတ် ဆင်းရဲလည်းမဟုတ်သည့် ချမ်းသာတစ်ခုကို လိုက်နာကျင့်ကြံသင့်သည်ဟု ဆိုခြင်းဖြစ်ပါ၏။

တစ်ခါတစ်ရံ မိမိမိမိတို့၏ ကျင်လည်ရာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းတွင် မည်သို့ပင် ပေါင်းသင်းနေထိုင် ပြုပြင်သော်လည်း ပြုပြင်၍ မရသူများ၊ လိုက်လျော၍ မရသူများ၊ အဆင်ပြေအောင် ဆက်ဆံ၍ မရသူများ ရှိတတ်၏။ ထိုသူများကြောင့် မိမိတို့မှာ မချစ်မနှစ်သက်သူ၊ အဆင်မပြေသူများနှင့် ရှောင်လွဲ၍လည်းမရ နေ့စဉ်ကျင်လည် ဖြတ်သန်းနေရသဖြင့် စိတ်ပန်းလူပန်း ဖြစ်ကြရသည့်အပြင် နေ့စဉ်နှင့်အမျှ ထိုသူများကို အမှီပြု၍ အကုသိုလ်များသာ ဖြစ်နေကြသည်ကို ကြုံဖူးကြမည် ဖြစ်၏။ ပုထုဇင်တို့၏ သဘာဝအရ အဆင်မပြေ ဖြစ်ကြပြီဆိုလျှင် တဘက်သူ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အကောင်းမြင်တတ်သည့် သဘောမရှိဘဲ မကောင်းဘက်ကသာ တွေးနေမိတတ်၏။ မကောင်းအမြင်ဖြင့် မကောင်းတွေးထင်နေလျှင် မကောင်းသည့် အကုသိုလ်သာ ဖြစ်နေကြမည် ဖြစ်သဖြင့် မချစ်မနှစ်သက်သူ၊ အဆင်မပြေသူများနှင့် အတူတကွ နေထိုင်ရသူများသည် နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့သာ များနေကြမည် ဖြစ်၏။ ထိုသို့သော အခါမျိုးတွင် တဘက်သူအား မိမိအလိုကျ၊ မိမိစိတ်တိုင်းကျ ဖြစ်စေရန် ကြိုးစားမနေဘဲ မိမိကိုယ်ကိုယ် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်သာ ကြိုးစားသင့်လှ၏။ အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊ ဆုံးမပြုပြင်၍ မရသူများအား အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းက ဥပေက္ခာပြုလိုက်ခြင်းသာ အကောင်းဆုံး ဖြစ်၏။ ထိုသူများနှင့် ပတ်သက်သည့်အရာများတွင် မည်သည့်အရာပဲ ဖြစ်ဖြစ် လိုက်ပြီး ခံစားမနေဘဲ လျစ်လျူရှုကာ သဗ္ဗေသတ္တာ ကမ္မဿကာဟု နှလုံးသွင်း နေလိုက်ခြင်းသည်သာ ကုသိုလ်မရသော်လည်း အကုသိုလ်မဖြစ်သည့် အမှန်ကန်ဆုံး နည်းတစ်ခု ဖြစ်ပါ၏။ ဤသို့ ဥပေက္ခာပြု နေထိုင်နိုင်ခြင်းသည့် မြင့်မြတ်သည့် နေထိုင်နည်းဖြစ်သဖြင့် ပြုပြင်၍မရသူများ၊ အဆင်မပြေသူများ၊ စိတ်တိုင်းမကျသူများနှင့် ကြုံနေရသူများအတွက် လက်တွေ့လိုက်နာ ကျင့်သုံးသင့်သည့် လမ်းစဉ်တစ်ခုဟု ဆိုကြခြင်း ဖြစ်၏။

သို့သော် ဥပေက္ခာပြုလိုက်ခြင်းသည် ပြုသူများအတွက် ကောင်းကျိုးချမ်းသာများ ဖြစ်လာနိုင်သော်လည်း အပြုခံရသူများ အတွက်ကား အလွန်နစ်နာလှ၏။ မိမိအား လမ်းညွန်ပေးမည့်သူ၊ ဆုံးမပေးမည့်သူ၊ တည့်မတ်ပေးမည်သူ၊ အကောင်းအဆိုး ပြောပေးမည့်သူ မရှိသည့် ဘ၀သည် ရွှေငွေကျောက်သံ ပတ္တမြား လောကီစည်းစိမ်များနှင့် မည်မျှပင် ချမ်းသာနေသော်လည်း စင်စစ် ချမ်းသာသည်ဟု မဆိုနိုင်ပေ။ ထိုသူများသည် တစ်ယောက်တည်း တစ်ကိုယ်တည်း အထီးကျန်ဖြစ်ကာ အကောင်းအဆိုးမသိ လမ်းလျှောက်ရင်း လမ်းပျောက်နေ သူများကဲ့သို့ ဖြစ်တတ်၏။ မှန်၏။ ထိုသူများထံတွင် ၎င်းတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင် ပျော်ပါးစားသောက်ကြသူများ ရှိနေနိုင်သော်လည်း ထိုအပေါင်းအသင်းများသည် စစ်မှန်သည့်လမ်းကို ညွန်ပြနိုင်သူများ မဟုတ်ကြဘဲ သာပေါင်းညာစား နေသူများသာ ဖြစ်နေကြမည်ဖြစ်၏။ ရှိနေသဖြင့် ညှိနေကြသူများဖြစ်ပြီး မရှိလျှင်ကား မသိချင်သူများသာ ဖြစ်နေတတ်ကြ၏။ အထူးသဖြင့် သူတော်ကောင်း၊ ဆရာသမားကောင်း၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရလျှင်ကား ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ပွားတိုးနိုင်ရန် အကြောင်းမရှိဘဲ အကောင်းအဆိုးမသိ အမှောင်တိုးမိနေမည်သာ ဖြစ်နေတတ်ပေ၏။ ထို့ကြောင့် မည်မျှပင် ဆိုးသွင်းနေပါစေ သူတော်ကောင်းများ၊ မိတ်ကောင်းဆွေးကောင်းများ စသူတို့၏ ဥပေက္ခာအပြု ခံရသည်အထိကား မဆိုးသွင်းသင့်လှ၊ မမိုက်မဲသင့်လှဟု ဆိုကြခြင်း ဖြစ်ပါ၏။

လက်တွေ့ ဥပေက္ခာ အပြုခံရခြင်း မဟုတ်ဘဲ စိတ်ကူးမျှဖြင့်ပင် မိမိကိုယ်ကိုယ် ဥပေက္ခာ အပြုခံသူ တစ်ယောက်အဖြစ် နေကြည့်ရမည်ကိုပင် ကြောက်သင့်လှ၏။ မည်သူမျှ အဖက်မလုပ်၊ ကောင်းသည်ဆိုးသည်လည်း မပြော၊ တစ်နေကုန်နေ၍မျှ နှုတ်ဆက်စကား ပြောသူမရှိ၊ မေးထူးခေါ်ပြော ပြုသူမရှိ၊ အကူအညီ အခက်အခဲရှိ၍မှ တောင်းခံရမည့်သူ၊ အကြံကောင်းတောင်းခံရမည်သူ၊ သာမှုနာမှု ကိစ္စများတွင် ကြွရောက်ချီးမြောက်မည့် ပုဂ္ဂိုလ် မရှိသူ စသည်ဖြင့် အသိုင်းအ၀ိုင်းနှင့် နေရမည့်ဘ၀တွင် အသိုင်းအ၀ိုင်းမရှိ၊ အဖွဲ့အစည်းမရှိ၊ အထီးကျန် ဖြစ်နေရသည့် ဘ၀သည် တွေးကြည့်ရုံဖြင့်ပင် ကြောက်ဖွယ်ကောင်းလှ ပေတော့၏။ သို့သော် အချို့သူများသည် ဤသို့သော အခြေအနေများအား သတိမပြုမိကြသည့်အပြင် မာနတရား အပြိုင်ထားကာ “သူတို့ အဖက်မလုပ်လည်း ဘာဖြစ်လဲ ကိုယ့်ရှိမှ ကိုယ်စားရတာ၊ သူတို့မဆက်ဆံတော့လည်း အကုန်အကျတောင် သက်သာသေးတယ်” စသည်ဖြင့် တလွဲအတွေးများဖြင့် မာနအပြိုင်ပင် ထားတတ်ကြသေး၏။ ဥပေက္ခာလည်း အပြုခံရသေး၊ မာနလည်း ကြီးနေသေး ဆိုလျှင်ကား ထိုသူများ၏ ဘ၀သည် အလွန်ကြောက်ဖွယ် ကောင်းလှပေ၏။ ထို့ကြောင့် မည်သူမဆို မှားတတ်ကြ၊ မာနထားတတ်ကြသည်များ ရှိတတ်သော်လည်း လက်တွေဘ၀တွင် မိမိတို့၏ လုပ်ရပ်များကြောင့် အများသူတော်ကောင်းများ၏ ဥပေက္ခာအပြုခံရသည်အထိ မလုပ်သင့်ကြောင်း သတိပြုသင့်ကြပေ၏။

တစ်ခါက မိတ်ဆွေရဟန်းတစ်ပါးနှင့် စပ်မိစပ်ရာ စကားပြောဆိုကြရင်း မိတ်ဆွေရဟန်းက သူ့ပတ်ဝန်းကျင်ရှိ အချို့သူများ၏ လုပ်ရပ်များအကြောင်း ပြောပြကာ သူကိုယ်တိုင်ပင် မည်သို့မျှ ပြုပြင်၍ မရသူများအား ဥပေက္ခာ ပြုထားလိုက်ရသည်များ ရှိကြောင်း ပြောဆိုသည်ကို နားထောင်ဖြစ်ခဲ့၏။ မိတ်ဆွေရဟန်း ပြောပြသည့် အကြောင်းများထဲတွင် ဘုန်းကြီးနှင့်အတူ မာနပြိုင်ကာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကိုမသွားဘူးဟု ပြောကာ သူ့အလိုလို ဘုန်းကြီးကျောင်းနှင့် ဝေးဝေးသွားတတ်သူများ အကြောင်း နားထောင်ရသည့်အခါ စာရေးသူ ပတ်ဝန်းကျင်ရှိ အချို့သူများ အကြောင်းကို သတိရမိလိုက်သေး၏။ စာရေးသူ ပတ်ဝန်းကျင်တွင်လည်း မာနမထားထိုက်သည့် အရာများတွင် မာနထားကာ “ကျောင်းသွားရင် ဘုန်းကြီးဆူမှာဆိုးလို့ ကျောင်းကိုမသွားဘူး၊ ဘုန်းကြီးကဆူလို့ ကျောင်းကို မသွားတော့ဘူး”ဟု ဆိုလာသူ အချို့ရှိနေသည်ကို တစ်ဆင့်ပြန်လည် သိရှိခဲ့ရ၏။ အကြောင်းပြချက်မှာ ဘုန်းကြီးကဆူသဖြင့် ကျောင်းကို မသွားတော့ဘူးဟူသည့် အကြောင်းပြချက် ဖြစ်နေသဖြင့် စာရေးသူမှာ ထိုကလေးများအတွက် စိုးရိမ်သွားမိ၏။ မိမိမာနနှင့်မိမိ တဖြည်းဖြည်း ဘုန်းကြီးကျောင်းနှင့်ဝေး၊ သူတော်ကောင်းများနှင့် ဝေးသွားမည်ကို တွေးပူမိသေး၏။ ဘုန်းကြီးအတွက်ကား တစ်ယောက်နှစ်ယောက် ကျောင်းကိုရောက်မလာလည်း ဘာမျှဖြစ်သွားမည်မဟုတ်။ ဘုန်းကြီးဟူသည် အများပိုင်ဖြစ်သဖြင့် ကြည်ညိုသည့်သူများက ကိုးကွယ်နေကြမည်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူတော်ကောင်းများ၏ ဥပေက္ခာ အပြုခံရသည်အထိ မာနလေးတွေ မထားသင့်သည်ကိုတော့ ထိုကလေးများ သိစေချင်ပါ၏။ ဥပေက္ခာ အပြုခံရသဖြင့် ပစ္စုပ္ပန် သံသရာ နှစ်ဖြာဆိုးကျိုးများ ကြုံရသည်အထိ မိမိတို့၏ ဘ၀ကို အဖြစ်မခံကြရန် တိုက်တွန်းလိုပါ၏။

အချုပ်အားဖြင့် ဤ၌ အဓိကပြောလိုသည်မှာ ဥပေက္ခာပြုလိုက်ခြင်းနှင့် ဥပေက္ခာအပြုခံရခြင်း တို့၏ ကောင်းကျိုးဆိုးကျိုးများကို ပြောလိုရင်း ဖြစ်၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကို အကြောင်းပြု၍ နေ့စဉ်အကုသိုလ် အပြစ်ဖြစ်နေလျှင် အကုသိုလ် အဖြစ်ခံနေသည်ထက် ကုသိုလ်မရလျှင် နေပါစေ အကုသိုလ်မဖြစ်ဖို့က ပိုအရေးကြီးသဖြင့် လိုအပ်လျှင် ဥပေက္ခာပြုပြီး နေလိုက်ခြင်းက ပို၍ကောင်းကြောင်းနှင့် မည်မျှပင် ဆိုးသွင်းနေစေကာမှု ဆရာသမား၊ မိဘများ၊ ပညာရှိသူတော်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဆိုးသင့်ကြောင်း၊ တလွဲမာနများဖြင့် “ဘယ်သူမှမရှိလည်း ငါ့ဖာသာငါ ဖြစ်တယ်“ ဟူသည့် အတွေးများဖြင့် သူတော်ကောင်းများနှင့် ဝေးသွားသည်အထိ မဖြစ်သင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို လွတ်လပ်စွာ ပြောဆိုနေထိုင် လုပ်ကိုင်နိုင်သည့် အခွင့်ရှိသည်နှင့်အမျှ မိမိကိုယ်တိုင် ပြုလုပ်ပြောဆိုသည်များကိုလည်း မိမိသာလျှင် ပြန်လည်ရရှိနိုင်မှာ ဖြစ်သဖြင့် မိမိဘ၀ ကောင်းမွန်ရေး၊ မိမိဘ၀ အပြစ်ကင်းစင်ရေးများ အတွက်လည်း မိမိကိုယ်တိုင် လိုက်နာကျင့်သုံးရမှာ ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တစ်စုံတစ်ခု၊ တစ်စုံတစ်ဦးကြောင့် မိမိသည် အကုသိုလ် ဖြစ်နိုင်မည်ထင်လျှင် ထိုအကုသိုလ်မဖြစ်ရေး အတွက် မည်သူ့ကိုမဆို လိုအပ်လာလျှင် ဥပေက္ခာပြုသင့်က ပြုကြရမည်ဖြစ်ကြောင်းနှင့် မိမိကိုယ်တိုင် အကယ်၍ မလိမ္မာ မိုက်မဲမိသဖြင့် ဆိုးသွန်းနေသူ ဖြစ်နေပါကလည်း သူတော်ကောင်းများ၊ ဆရာသမားများ၊ မိဘဆွေမျိုးများ၊ မိတ်ကောင်းဆွေကောင်းများ၏ ဥပေက္ခာပြုခြင်းကို ခံရသည်အထိ မဖြစ်ကြစေရန် အထူးသတိပြုကြရမည် ဖြစ်ကြောင်း ဥပေက္ခာပြုခြင်း ဥပေက္ခာအပြုခံရခြင်း၏ ကောင်းကျိုးဆိုးကျိုးများကို မှတ်သားဖွယ်ရာ စာတစ်ပုဒ်အဖြစ် စေတနာထား မေတ္တာအားဖြင့် ရေးသားတင်ပြလိုက်ရပါသည်။ အားလုံး… ဥပေက္ခာတရား လက်ကိုင်ထား၍ ဥပေက္ခာအပြုခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ…

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ