အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရ…

ဝေါဟာရ တစ်ခု၏ အဓိပ္ပါယ် ဖွင့်ဆိုချက်အရ “အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်”ကို အကောင်းမြင်ဝါဒဟု ဆိုပြီး “အသင့်အားဖြင့် နှလုံးသွင်းခြင်း” ကို ယောနိသော မနသိကာရဟု ဆို၏။ အရာရာကို ကောင်းသည့်ဘက်၊ ကောင်းသည့်ရှုထောင့်မှသာ မြင်တတ်ကြည့်တတ်သည့် အလေ့အကျင့်သဘောကို အကောင်းမြင်ဝါဒဟု ဆို၍ အကြောင်းအရာ တစ်ခုခုကို သင့်လျော်လျောက်ပတ်အောင် နှလုံးသွင်းခြင်း၊ စဉ်းစားခြင်း၊ ရှုမြင်ခြင်းကို ယောနိသော မနသိကာရဟု ဆိုလေ့ရှိ၏။ တိုတိုနှင့်လိုရင်း အဓိပ္ပါယ် အနေဖြင့် ပြောရလျှင် “အကောင်းမြင်းခြင်း”နှင့် “နှလုံးသွင်းမှန်ကန်ခြင်း”ဟု ဤစကားနှစ်ရပ်ကို အလွယ်မှတ်သားနိုင်၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းတို့သည် ဆက်စပ်မှု ရှိနေ၏။ တစ်နည်းအားဖြင့်ဆိုသော် တူညီသည့် သဘောကို ဆောင်နေ၏။ အကောင်းမြင်တတ်ခြင်းသည် နှလုံးသွင်းမှန်ခြင်းကြောင့် ဖြစ်ပြီး နှလုံးသွင်းမှန်ခြင်းသည်လည်း အကောင်းမြင်တတ်သဖြင့်သာ ဖြစ်လေ့ရှိတတ်၏။ ထို့ကြောင့် အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်း သို့မဟုတ် အကောင်းမြင်ဝါဒနှင့် ယောနိသော မနသိကာရတို့သည် “ကွဲသလိုလိုနှင့် တွဲနေတတ်သည့်တရား၊ မတူသလိုလိုနှင့် တူနေတတ်သည့်တရား”ဟု ဆိုကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လူအမျိုးမျိုး စရိုက်အမျိုးမျိုးရှိသည့် ပုဂ္ဂိုလ်များနှင့် ဆက်ဆံကြရာတွင် အဆင်ပြေပြေ ဖြစ်ကြစေရန်၊ အပြစ်မမြင်ဘဲ အချစ်ဝင်ကြစေရန် အကောင်းမြင်တတ်သည့် အလေ့အကျင့်များ ရှိရန်လိုသကဲ့သို့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းမည့်အရေး အထောက်အကူပေးမည့် ကုသိုလ်တရား တိုးပွားရေးမှာလည်း ကုသိုလ်ဖြစ်ကြောင်း အထောက်အပံ့ တစ်ခုဖြစ်သည့် ယောနိသော မနသိကာရခေါ် နှလုံးသွင်းမှန်ကန်ရေး သို့မဟုတ် ကုသိုလ်ဖြစ်ရန် နှလုံးသွင်းတတ်ရေးသည် အရေးကြီးကြောင်း ဆိုလိုရင်းဖြစ်ပါ၏။ အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာပြီး နှလုံးသွင်းမှန်လျှင် အကုသိုလ်အဖြစ် နည်းကာ ကုသိုလ်ဖြစ်ရန် ပိုအားသန်၏။ ထို့ကြောင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အရာကိုပဲ ကြည့်ကြည့် အကောင်းဘက်က ကြည့်နိုင်အောင် ကြိုးစားကြရန်နှင့် မြင်သမျှ၊ ကြားသမျှ အစစ အဖုံဖုံ ထိုထိုအာရုံများနှင့် ကြုံတွေ့သည့် အခါတွင်လည်း အကုသိုလ်မဖြစ်ဘဲ ကုသိုလ်ဖြစ်စေရန်အတွက် ယောနိသောမနသိကာရ ထားနိုင်အောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

မှန်၏။ လူ့လောကတွင် နေထိုင်ကျင်လည်ကြသည့်အခါ ၀ါသနာမတူ၊ အကျင့်စရိုက်မတူ၊ စိတ်သဘောထား မတူကြသည့် လူအမျိုးမျိုးနှင့် တွေ့ကြုံနေကြရသဖြင့် စိတ်ထားမတတ်လျှင် နေ့စဉ်နေ့တိုင်း အကုသိုလ်အပြစ် ဖြစ်ဖွယ်များနှင့် ကြုံတွေ့ရတတ်၏။ တစ်စုံတစ်ဦး၏ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များသည် တစ်ခါတစ်ရံ မိမိတို့အတွက် အကုသိုလ်ဖြစ်ဖွယ်များ ဖြစ်နေတတ်သည်ကို သတိပြုမိကြမည် ဖြစ်၏။ ထိုသူတို့သည် မည်သည့်သဘော မည်သည့်ရည်ရွယ်ချက်ဖြင့် မည်သို့နေထိုင်လေ့ရှိသည်ကို မသိနိုင်သော်လည်း ကြည့်နေမြင်နေသည့် မိမိသည် အကယ်၍ စိတ်ထားမတတ်၊ နှလုံးသွင်း မမှန်လျှင် ထိုသူတို့ကို အမှီပြု၍ မိမိမှာ အလိုလို အပြစ်ဖြစ်နေတတ်၏။ ထိုသို့အပြစ်ဖြစ်တတ်မှု၏ အကြောင်းရင်းမှာ အကောင်းမမြင်တတ်၊ တစ်နည်းအားဖြင့် နှလုံးသွင်းမမှန်ကန်သည့် အတွက်ကြောင့်ပင် ဖြစ်၏။ ထို့ကြောင့် မည်သူ့အပေါ်ပဲ ဖြစ်ဖြစ် အကောင်းမြင်တတ်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်းဖြစ်၏။

အကောင်းမြင်တတ်လျှင် ထိုအခိုက်အတန့်တွင် အကုသိုလ်အဖြစ် သက်သာမည်မှာ အမှန်ပင်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်က ရှုမြင်တတ်သဖြင့် မိမိစိတ်တွင်လည်း ရှေးဦးစွာ ကောင်းသည့်စိတ်များ ဖြစ်ပေါ်နေတတ်၏။ အဆိုးမြင်တတ်သည့် သူတစ်ယောက်သည် အရာရာကို အဆိုးဘက်ကသာ ကြည့်လေ့ရှိတတ်သဖြင့် သူ၏စိတ်တွင်လည်း အဆိုးများ၊ မကောင်းသည့် အတွေးများက လွှမ်းမိုးထားပြီး သူကိုယ်တိုင်ပင် အကုသိုလ် အပြစ်များ ဖြစ်နေတတ်သည့် သဘောရှိတတ်သော်လည်း အကောင်းဘက်က ရှုတတ်သူသည်ကား အတွေးကောင်း၊ အမြင်ကောင်းများဖြင့် မြင်တတ်ကြည့်တတ်သဖြင့် သူ၏သန္တာန်တွင်လည်း ကောင်းသည့်စိတ်ထားများ ဖြစ်နေတတ်၏။ အမှားကို အမှန်ဖြစ်အောင် ကြည့်တတ်သည့် သဘောမျိုးမဟုတ်ဘဲ မိမိကိုယ်ကိုယ် မိမိအပြစ်မဖြစ်စေရန် သူတပါး၏ ကောင်းကွက်လေးများကို ရှာ၍ကြည့်တတ်သည့် အလေ့အကျင့်မျိုးကို လေ့ကျင့်လေ့ရှိသူသည် အမှန်ပင် အကောင်းမြင်တတ်သူ ဖြစ်ပြီး အကုသိုလ် အဖြစ်နည်းသူ တစ်ယောက် ဖြစ်နိုင်ပေ၏။ ထို့ကြောင့် လူတိုင်းလူတိုင်း ကောင်းကွက်လေးများ တစ်ခုခုရှိတတ်သဖြင့် ထိုကောင်းကွက်လေးများကို ရှာ၍ မိမိကိုယ်ကို အပြစ်မဖြစ်အောင် ကြည့်တတ်မြင်တတ်၊ နှလုံးသွင်းတတ်ဖို့ လိုကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

စကားစပ်၍ ဖတ်ဖူးခဲ့သည့် စာပေများတွင် ဖော်ပြထားသည့် အကောင်းမြင်တတ်စေရန်၊ နှလုံးသွင်း မှန်ကန်စေရန်နှင့် ပတ်သက်သည့် လမ်းညွန်ထားချက်များကို သတိရမိပါ၏။ “လောကတွင် အချို့သည် အပြောကြမ်းပြီး စိတ်ထားကောင်းသည်ကို တွေ့ရတတ်ကြောင်း၊ ထိုသူများကို အပြောကြမ်းသည်ကို မကြည့်ဘဲ စိတ်ထားကောင်းသည့် အချက်ကိုကြည့်၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောချိုသော်လည်း စိတ်သဘောထား ယုတ်ညံ့တတ်ကြောင်း၊ ထိုသူများကို စိတ်ဓာတ်မကောင်းသည်ကို မကြည့်ဘဲ နှုတ်ချိုတတ်သည့် အချက်ကိုပင်ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့သည် အပြောလည်းကြမ်း၊ စိတ်ထားလည်း မကောင်းတတ်သော်လည်း တစ်ခါတစ်ရံ ကောင်းသည့် အချက်လေးများ ရှိတတ်ကြောင်း၊ ထိုသူများကို တစ်ခါတစ်ရံ ကောင်းသည့်အချက်လေးကိုပင် ယူ၍ ဆက်ဆံသင့်ကြောင်း၊ အချို့ကား စိတ်ထားလည်းမကောင်း၊ အပြောလည်းကြမ်းသည့်အပြင် မည်သည့်အခါမှလည်း ကောင်းလာမည် မဟုတ်သည့် သူများဖြစ်နေတတ်ကြောင်း ထိုသူများကိုကား အပြစ်အဖြစ်မခံတော့ဘဲ ဥပေက္ခာပြု၍သာ ဆက်ဆံသင့်ကြောင်း” စသည်ဖြင့် တစ်စုံတစ်ယောက်နှင့် ပတ်သက်၍ မိမိကိုယ်ကို အပြစ်မဖြစ်စေရန် အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့်များ လုပ်သင့်ပုံကို ဖတ်ဖူးခဲ့သည့် စာပေအချို့က လမ်းညွှန်ပြသထားလေ၏။

မည်သို့ဆိုစေ။ သေချာသည်မှာ အကောင်းမြင်တတ်ခြင်းသည် အပြစ်အဖြစ်သက်သာသည်မှာ အသေအချာပင် ဖြစ်ပါ၏။ သေချာတွေးကြည့်လျှင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြသည်ဖြစ်ရာ ထိုအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြလျှင်ကား ဆက်ဆံရေး အဆင်ပြေဖွယ် မရှိတတ်လှပေ။ ထို့အပြင် အဆိုးမြင်တတ်သည့် အကျင့်လေးများ ရှိနေပြန်လျှင်လည်း မကောင်းသည့် အတွေးအမြင်က ရှေးဦးစွာ နေရာယူထားသဖြင့် မည်သူ့ကိုကြည့်ကြည့် မကောင်းသည့်အချက်၊ အားနည်းသည့် အချက်ကိုပင် တွေ့နေရမည်ဖြစ်၏။ ထိုသို့ အားနည်းချက်နှင့် မကောင်းသည့်အချက်ကို ကြည့်မိပြီဆိုလျှင်ကား မိမိသန္တာန်တွင် ထိုသူအပေါ်မှာ အကောင်းမြင်ပေးရန် မလွယ်လှဘဲ မကောင်းသည့် အတွေးအမြင်များဖြင့် အကုသိုလ် အပြစ်များသာ ဖြစ်ပေါ်တတ်သည့် သဘောရှိ၏။ ဤသည်မှာ အကောင်းမြင်တတ်သည့် အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် အကောင်းမြင်တတ်လျှင် အပြစ်အဖြစ် သက်သာသဖြင့် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်၏။

စာရေးသူ ရန်ကုန်မှာရှိစဉ်က အဖြစ်အပျက်လေးတစ်ခု ဖြစ်၏။ ကျောင်းမှာ အလှူရှိသဖြင့် ဧည့်သည်ပေါင်းစုံ လာကြသည့်အထဲတွင် အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးသည့် တပည့်ကျောင်းသား ကျောင်းသူများလည်း ရောက်လာကြ၏။ ကျောင်းရောက်ရောက်ချင်း ဘုရားနှင့်ဘုန်းကြီးကို ဦးချပြီး ဟိုဟိုဒီဒီကြည့်ကာ ဒကာမလေး တစ်ယောက်က “ဘုန်းဘုန်းဘုရား… ကျောင်းမှာရှိတဲ့ အဲဒီလိုက်ကာတွေကို ဘယ်သူလှူထားတာလဲ…၊ လှူတဲ့သူကလည်း အဲဒီအရောင်ကြီးမှ ရွေးလှူရတယ်လို့…၊ လှလည်းမလှဘဲနဲ့၊ ဘယ်လိုမျက်စိနဲ့ကြည့်ပြီး လှူထားလဲ မသိပါဘူး၊ အနုပညာ မျက်စိမရှိလိုက်တာ…” စသည်ဖြင့်ဆိုပြီး သူ့စိတ်ထင်ရာကို အသံကျယ်ကြီးနှင့် ပြောဆို လျှောက်ထားလိုက်၏။ တိုက်တိုက်ဆိုင်ဆိုင်ပင် သူပြောနေသည့်အချိန်တွင် အလှူရှင် ဒကာမကြီးကလည်း မနီးမနားမှာ ရှိနေခဲ့၏။ လူကြီးတစ်ယောက်ဖြစ်သဖြင့် အခြေအနေကို သိသော်လည်း ဘာမှမပြောဘဲ သူတို့လေးတွေ ပြန်သွားမှ စာရေးသူ အနားကိုရောက်လာပြီး “ဆရာတော်ဘုရား တပည့်တော်လှူထားတဲ့ လိုက်ကာတွေက မကောင်းလို့လားဘုရား…၊ ဒါဆို တပည့်တော် ပြန်လဲလိုက်မယ်ဘုရား..”လို့ စိတ်မကောင်းသည့် အမူအရာဖြင့် လျှောက်လေ၏။ စာရေးသူက “နေပါစေ ဒကာမကြီး ဒီအတိုင်းပဲ ထားလိုက်ပါ၊ အဆင်ပြေပါတယ်၊ ဒကာမကြီး အနေနဲ့ ခုလို ဟိုကပြော၊ ဒီကပြောလို့သာ လိုက်ပြီးလှူထားတာတွေ လဲနေမယ်ဆိုရင် ဆုံးမှာမဟုတ်တော့ဘူး၊ လူတစ်ကိုယ်အကြိုက်တစ်မျိုး ဆိုတော့ သူ့အကြိုက်သူပြောကြမှာပဲ၊ အဓိကကတော့ ကိုယ့်စိတ်ကို သန့်ရှင်းပြီး စေတနာပြတ်ဖို့ အဓိကပါပဲ…”ဟု ပြောသိမ့်စကား ပြောပေးခဲ့ရသေး၏။

ဤအဖြစ်အပျက်လေးမှာ လက်တွေ့ဖြစ်ခဲ့သည့် အဖြစ်တစ်ခု ဖြစ်ပါ၏။ လောကတွင် ဤကဲ့သို့သော သူများရှိနေသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းဘက်က ရှုမြင်တတ်သည့် အလေ့အကျင့် အားနည်းသဖြင့် ၎င်းတို့ စိတ်အထင် ပြောမိပြောရာ ပြောလိုက်မိတတ်ကြ၏။ ထိုသို့ အလွယ်တကူ လက်လွတ်စပါယ် ပြောလိုက်မိသဖြင့် မိမိကိုယ်တိုင်လည်း အပြစ်ကလေးများ ရတတ်သကဲ့သို့ ကြားရသည့် သူများမှာလည်း အတွေးအမျိုးမျိုးဖြင့် စိတ်မှာလေးလံ သွားတတ်၏။ အကယ်၍ အကောင်းဘက်က ကြည့်မြင်တတ်သူဆိုလျှင် အကောင်းကိုရှာပြီး ပြောဆိုတတ်သဖြင့် မိမိကိုယ်တိုင်လည်း စိတ်အစဉ် ရွှင်လန်းနိုင်သကဲ့သို့ ကြားရသူမှာလည်း ပီတိပွားရမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကောင်းမမြင်တတ်သည့် အလေ့အကျင့်၊ နှလုံးသွင်း မမှန်သည့် အတွေးအမြင်များသည် ကုသိုလ်ရရေးထက် အကုသိုလ် အပြစ်ဖြစ်နိုင်မှုက ပိုများသဖြင့် မည်သို့ပင်ဖြစ်စေ အကောင်းမြင်တတ်ရန်နှင့် နှလုံးသွင်းမှန်စေရန် ကြိုးစားအားထုတ်သင့်ပါပေ၏။

ဆိုလိုသည်မှာ လောကတွင် လူအမျိုးမျိုး၊ အခြေအနေအမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးဖြင့် ကျင်လည်နေကြရသည် ဖြစ်ရာ အမြင်မတတ်၊ အတွေးမတတ်၊ အကြည့်မတတ်၊ အနေအထိုင် မတတ်လျှင် အပြစ်ဖြစ်ပြီး အကုသိုလ်ဖြစ်တတ်သဖြင့် မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များဖြင့် တွေ့ဆုံကြံကြိုက်သည်ဖြစ်စေ မိမိတို့အနေဖြင့် အကောင်းဘက်က ရှုမြင်တတ်ရန်နှင့် အကုသိုလ်မဖြစ်အောင် နှလုံးသွင်းမှန်ကန်ရန် ကြိုးစားသင့်ကြောင်း ဆိုလိုပါ၏။ တစ်စုံတစ်ခုကိုဖြစ်စေ၊ တစ်စုံတစ်ရောက်ကိုဖြစ်စေ မကောင်းအမြင်ဖြင့် အဆိုးများကို ကြည့်တတ်ကြလျှင် အလွယ်တကူ အပြစ်မြင်ကာ အကုသိုလ်ဖြစ်တတ်သဖြင့် ကောင်းကွက်များကိုရှာ၍ အကောင်းကို ကြည့်တတ်ရန် ကြိုးစားအားထုတ်သင့်ကြောင်း အကြံပြု တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ အကောင်းမြင်ခြင်းနှင့် နှလုံးသွင်းမှန်ကန်ခြင်းသည် ကုသိုလ်ရရန်နှင့် အကုသိုလ်အဖြစ်နည်းရန် အထောက်အပံ့ ဖြစ်စေတတ်သဖြင့် မိမိတို့၏ စိတ်ကို အကောင်းဘက်က ကြည့်မြင်တတ်ရန် လေ့ကျင့်သင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။ ထိုသို့သာ အကောင်းဘက်က ရှုမြင်တတ်၊ ကောင်းသည့်အရာများတွင် နှလုံးသွင်းမှန်ကန်တတ်ကြလျှင် မိမိအတွက်လည်း အပြစ်ကင်းပြီး သူတပါးအတွက်လည်း အကုသိုလ် အဖြစ်နည်းတတ်ကြမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ထို့ကြောင့် မည်သူမဆို မိမိတို့၏ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာများကို အမှီပြု၍ အကုသိုလ်အပြစ် အဖြစ်လွယ်တတ်ကြရာတွင် အဆိုးမြင်တတ်ခြင်း၊ နှလုံးသွင်း မမှန်ကန်ခြင်းတို့ကြောင့်လည်း အကုသိုလ်အပြစ် ဖြစ်နိုင်ကြသဖြင့် ထိုသို့သော အကုသိုလ်အပြစ် ဖြစ်ပွားမှုများ နည်းပါးစေရန် မည်သည့်အရာ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင်မဆို အကောင်းဘက်က ရှုမြင်နိုင်ရန်နှင့် နှလုံးသွင်းမှန်ကန်နိုင်ရန် မိမိတို့၏ စိတ်အစဉ်ကို မမေ့မလျော့သည့် သတိတရားဖြင့် အစဉ်မပြတ် ထိန်းသိမ်းပြုပြင်သင့်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် နှစ်သစ်စရာ ဓမ္မတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါသည်။

3 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ