အခြေခံ ၀ိပဿနာတရား အားထုတ်နည်း (နောက်ဆက်တွဲ - ၄)…

တစ်ခါက တရားအားထုတ်နေတဲ့ ဒကာလေးတွေနဲ့တွေ့တုန်း တရားအားထုတ်တာနဲ့ ပတ်သက်ပြီး သူတို့မေးတဲ့ မေးခွန်းလေးတွေကို ဖြေပေးခဲ့ရပါသေးတယ်။ သူတို့ထဲက ဒကာလေးတစ်ယောက်က “ဘုန်းဘုန်းဘုရား… တရားအားထုတ်တဲ့အခါ ဝေဒနာကို ရှုမှတ်နေရင်း စိတ်ကိုပါ လိုက်ပြီး ရှုမှတ်လို့ ရပါသလားဘုရား…၊ အဲဒီလို စိတ်ကိုမှတ်လိုက်၊ ဝေဒနာကို မှတ်လိုက်၊ ထွက်သက်ဝင်သက်ကို မှတ်လိုက် လုပ်လို့ကော ရပါသလား ဘုရား..” လို့ မေးလျှောက်ဖူးပါတယ်။ ဘုန်းဘုန်းက သူတို့အမေးတွေကို မဖြေသေးခင် သူတို့ကို ပြန်ပြီး မေးခွန်းထုတ်ဖြစ်ပါတယ်။ “ဒကာလေးတို့က ဘာကိုဘယ်လို ရှုမှတ်တာလဲ…”လို့။ ပြီးတော့ သူတို့အမေးနဲ့ ဆက်စပ်ရာကို ရှင်းပြဖြစ်ပါတယ်။

ဟုတ်ပါတယ်။ တရားအားထုတ်တဲ့အခါ ဘာကိုဘယ်လို ရှုမှတ်တယ်ဆိုတဲ့ ဒီအချက်က အရေးကြီးပါတယ်။ မြတ်ဗုဒ္ဓဟောတော်မူထားတဲ့ မဟာသတိပဋ္ဌာန သုတ်မှာ တရားအားထုတ်နည်း လေးမျိုးပြထားပြီးသားပါ။ ရုပ်တရားတွေကို ရှုမှတ်နည်း၊ ဝေဒနာကို ရှုမှတ်နည်း၊ စိတ်ကိုရှုမှတ်နည်းနဲ့ သဘောတရားကို ရှုမှတ်နည်းဆိုတဲ့ ဒီနည်းလေးမျိုးလုံးဟာ တရားအားထုတ်တဲ့ ယောဂီတိုင်း တွေ့ရှိမှတ်သားနိုင်မှာ ဖြစ်သလို တစ်နည်းနဲ့ တစ်နည်းကလည်း ဆက်စပ်ကာ တစ်ခုပြီးတစ်ခု ဖြစ်ပျက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အရေးကြီးတာက အားထုတ်နေတဲ့ အခိုက်မှာ ကိုယ်က ဘာကိုသိပြီး ဘာကိုရှုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးဆုံးပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ တရားထိုင်တုန်းကလည်း ကမ္မဋ္ဌာနာ စရိယ ဆရာတော်ထံမှာ တရားလျှောက်တော့ မယ်ဆိုရင် “တပည့်တော် ဘယ်လိုပုံစံနဲ့ ဘာကိုမှတ်တုန်းက ဘယ်လိုဖြစ်ပါတယ်ဘုရား…” လို့ အရင်ဆုံး ကိုယ်အားထုတ်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အရာနဲ့ မှတ်လိုက်တဲ့ ပုံစံလေးတွေကို လျှောက်ပြရပါတယ်။ ဒီတော့မှ ဆရာသမားက “ဒါဆိုရင် ဒီလိုလေးမှတ်လိုက်၊ ဒီလိုပြင်လိုက်၊ ဒီအတိုင်း ဆက်မှတ်လိုက်” စသဖြင့် လမ်းညွှန်ပြသ ပေးတာဖြစ်ပါတယ်။

တစ်ချို့က ရှုမှတ်ရမယ်ဆိုတာ ဘယ်လိုရှုမှတ် ရမယ်ဆိုတာကို သဘောမပေါက်သေးတာ ရှိတတ်ပါတယ်။ ရှုမှတ်တယ်ဆိုတာ စိတ်နဲ့ရုပ်မှာ ပေါ်ပေါ်လာတဲ့ အာရုံလေးတွေကို သူပေါ်တဲ့အတိုင်း သူဖြစ်တဲ့အတိုင်း လိုက်သိပေးနေတာကို ပြောတာပါ။ သူ့အရှိအတိုင်း လိုက်သိနေဖို့ပါပဲ။ စိတ်မှာတစ်ခုခု တွေးထင်ကြံစည်တာမျိုး၊ ရုပ်မှာ နာကျင်ထုံထိုင်း စတဲ့ ခံစားချက် တစ်ခုခု ဖြစ်ပေါ်တာမျိုး စတဲ့ ဘယ်လိုအရာမျိုးပဲ ဖြစ်ဖြစ် သူ့ပေါ်လာတဲ့ အတိုင်းပဲ လိုက်သိမှတ်ပေးဖို့ပါ။ အရှိအတိုင်းလို့ ဆိုတဲ့အတွက် ကိုယ်ကအာရုံကိုလိုက်ပြီး စိတ်ကူးနေတာမျိုး၊ အာရုံတွေကို ဟိုမှတ်ဒီမှတ် ဟိုပြောင်းဒီပြောင်း လိုက်ပြီး ကစားနေတာမျိုး မဖြစ်ရပါဘူး။ တရားမှတ်နေရင်း ပေါ်လာတဲ့ အာရုံကို ကိုယ်သိနေတဲ့အတိုင်း ထင်ရှားတဲ့ အာရုံတစ်ခုခုကို လိုက်သိပေးနေဖို့ပဲ ဖြစ်ပါတယ်။ အဲဒါကိုပဲ ရှုမှတ်တယ်လို့ ပြောတာပါ။

ဒီနေရာမှာ အရေးကြီးတာက မှတ်လိုက်တဲ့အာရုံနဲ့ မှတ်လိုက်ပုံလေးက အရေးကြီးတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အာရုံဆိုတာ ပေါ်ရာပေါ်ရာကို ပေါ်စဲပေါ်ခိုက်မှာ လိုက်မှတ်တာ ဖြစ်တဲ့အတွက် တစ်ခုတည်း တစ်သမှတ်တည်း စွဲကိုင်ပြီး မှတ်လို့မရပါဘူး။ ၀ိပဿနာဆိုတဲ့ သဘောကိုက ပေါ်ရာပေါ်ရာကို ရှုမှတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ပေါ်ရာပေါ်ရာလို့ ဆိုတဲ့အတွက် မပေါ်သေးတာကို တွေးကြံပြီး စိတ်ကူးနဲ့ စောင့်မှတ်တာမျိုး မဟုတ်သလို ပေါ်ပြီးပျောက်သွားတဲ့ အရာတွေကိုလည်း ပြန်စဉ်းစားပြီး မှတ်ရတဲ့ သဘောမဟုတ်ပါဘူး။ ပစ္စုပ္ပန်တည့်တည့် ဖြစ်တဲ့ အဲဒီဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကိုပဲ သတိနဲ့ လိုက်လိုက်သိမှတ် ပေးနေတာကို ပြောတာဖြစ်ပါတယ်။ ဒါကြောင့် ရှုမှတ်တဲ့အခိုက်မှာ ပေါ်လာတဲ့ အာရုံက ခံစားခြင်း ဝေဒနာဖြစ်တယ်ဆိုရင် အဲဒီဝေဒနာကို လိုက်မှတ်ရမှာ ဖြစ်သလို ရှုမှတ်နေတဲ့အခိုက်မှာ စိတ်မှာအတွေး အကြံစတာတွေနဲ့ ဟိုစိတ်ဒီစိတ် စတဲ့ ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်ပေါ်တဲ့အခါ အဲဒီဖြစ်တဲ့ စိတ်အစဉ်ကို လိုက်ပြီး သိမှတ်နေရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် ထွက်လေ၀င်လေ လေးကိုပဲ သတိနဲ့ မပြတ်မှတ်နေမိတာမျိုး၊ အာရုံတစ်ခုခုရဲ့ ဖြစ်တတ်တဲ့ သဘောတရား၊ ဖြစ်နေတဲ့ လက္ခဏာလေးတွေကို လိုက်လိုက်သိနေတာမျိုး စတာတွေဟာ ဆိုင်ရာအာရုံတွေရဲ့ အခိုက်အတန့်လေးတွေကို သတိနဲ့လိုက်ပြီး ရှုမှတ်နေတာ ဖြစ်ပါတယ်။ ဒီလိုရှုမှတ်နေတာဟာ မှန်ကန်တဲ့ ၀ိပဿနာ ရှုနည်းများ ဖြစ်နေပြီး အရှုခံအာရုံနဲ့ ရှုမှတ်ပုံကို တစ်ခုပြီးတစ်ခု သတိမလွတ်ဘဲ အားထုတ်နေတဲ့ သတိပဋ္ဌာန် ကျင့်စဉ်နည်းပဲ ဖြစ်ပါတယ်။

တစ်ချို့က ကိုယ်အားသန်ရာ တစ်ခုခုကို အထူးပြုပြီး စွဲမှတ်နေတာမျိုးတော့ ရှိတတ်ပါတယ်။ အဲလိုလည်း မှတ်နိုင်ပါတယ်။ ဒါကလည်း တစ်ခြားအာရုံတွေ မပေါ်လို့မဟုတ်ဘဲ ယောဂီပုဂ္ဂိုလ် ကိုယ်တိုင်က ကိုယ်အားသန်ရာ အမှတ်အာရုံ တစ်ခုတည်းကိုပဲ အဓိကထား အထူးမှတ်နေပြီး တစ်ခြားအာရုံတွေကို လျစ်လျူရှုထားလို့ပဲ ဖြစ်ပါတယ်။ ဆိုကြပါစို့။ တရားအားထုတ်တဲ့အခါ အာရုံတွေက တစ်မျိုးတည်း မဟုတ်ဘဲ ထွက်သက်ဝင်သက်ကို မှတ်နေရင်းနဲ့ ဟိုကျင်ဒီကျင် ဖြစ်တာ၊ ဟိုနေရာယား၊ ဒီနေရာယား ဖြစ်တာ၊ ဟိုအတွေး ဒီအတွေးတွေ ဖြစ်တာ စတာလေးတွေကိုလည်း သိနေတာလေးတွေ ရှိနေတတ်သလို စိတ်ကိုအထူးပြု မှတ်နေရင်းနဲ့လည်း ခန္ဓာကိုယ်ရဲ့ ဖောက်ပြန်မှုတွေ၊ ခံစားမှုတွေ စတာတွေကိုလည်း သိနေတတ်တာလေးတွေ ရှိတတ်ပါတယ်။ ဟိုဟိုဒီဒီ အခိုက်အတန့် ဖြစ်တတ်တဲ့ အာရုံလေးတွေ ရှိနေပေမယ့် အဲဒိအာရုံလေးတွေထက် ကိုယ်စွဲကိုင်ပြီး မှတ်နေတဲ့ အာရုံ၊ ကိုယ်ကိုယ်တိုင် သဘောကျနေတဲ့ အာရုံကို အထူးအလေးပေး မှတ်နေတဲ့အတွက် တစ်ခြားအာရုံတွေမှာ သတိမပြုမိ၊ မမှတ်မိလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ဒီအာရုံကို မှတ်နေရင်း ဟိုအာရုံကို မှတ်လို့ရသလား ဆိုတာထက် အာရုံတစ်ခုခုကို ထင်ထင်ရှားရှား သိမှတ်နေဖို့က အရေးကြီးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံတစ်ခုခုကို အမိအရ မှတ်နိုင်ဖို့ အဓိကကျပါတယ်။ အဲဒီလို တစ်ခုခုကို မှတ်နေတဲ့ အခိုက်ကိုပဲ ဘယ်အာရုံကို ဘယ်လိုမှတ်တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ပြောချင်တာက တရားအားထုတ်တဲ့ အခါ ဒီလိုထင်ထင်ရှားရှား မှတ်သိနေတဲ့အခိုက်မှာ ကိုယ်မှတ်လိုက်တဲ့ အာရုံဟာ စိတ်မှာဖြစ်နေတဲ့ အာရုံတစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် အဲဒါ စိတ္တာနုပဿနာ ဖြစ်နေပြီး ကိုယ်မှတ်တဲ့အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ဝေဒနာတစ်ခုခုကို မှတ်လိုက်မိတယ်ဆိုရင် အဲဒါ ဝေဒနာနုပဿနာ ဖြစ်တာပါပဲ။ ဒီလိုပဲ ကိုယ်မှတ်လိုက်တဲ့ အခိုက်မှာ မှတ်လိုက်တဲ့အာရုံက ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှု ရုပ်တရား တစ်ခုခုကို မှတ်လိုက်တယ်ဆိုရင် ဒါဟာ ကာယာနုပဿနာ ဖြစ်နေပြီး မှတ်သိတဲ့အခိုက် မှတ်လိုက်တဲ့အာရုံဟာ သဘောတရား တစ်ခုခု ဖြစ်နေမယ်ဆိုရင် အဲဒါ ဓမ္မာနုပဿနာ ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တရားမှတ်တဲ့အခိုက်မှာ အရေးကြီးတဲ့ အချက်ဟာ ဘယ်လိုဘယ်နည်း ဆိုတာထက် ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ်ဆိုတဲ့ အချက်က အရေးကြီးတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်က မဟာသတိပဋ္ဌာန သုတ်မှာ “ယထာ ယထာ ၀ါ ပနဿ ကာယော ပဏိဟိတော ဟောတိ၊ တထာ တထာနံ ပဇာနာတိ- ရုပ်အပေါင်းသည် အကြင်အကြင် အမူအရာအားဖြင့် တည်နေ၏၊ ထိုရုပ်အပေါင်းကို ထိုထိုအမူအရာအားဖြင့် သိ၏။ ” လို့ မိန့်တော်မူထားချက် ရှိပါတယ်။ မြတ်ဗုဒ္ဓအလို ဒီမှာ ပြောလိုတာက ရုပ်တရားဟာ ဘယ်လိုပုံစံမျိုးနဲ့ ရှိနေပါစေ အဲဒီရှိနေတဲ့ အတိုင်းလေးပဲ လိုက်သိပေးနေပါလို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘုရားရှင်က ရုပ်တရားလို့ ဆိုပေမယ့် တစ်ခြား စိတ်မှာပဲဖြစ်ဖြစ် ရုပ်မှာပဲဖြစ်ဖြစ် ဖြစ်သမျှ ပေါ်သမျှကို ဖြစ်စဲဖြစ်ခိုက်မှာပဲ အရှိအတိုင်း သိနေဖို့အထိ နားလည်သဘော ပေါက်ထားနိုင်ပါတယ်။ ဒါကြောင့် ဝေဒနာကိုပဲ ရှုရှု၊ စိတ်ကိုပဲရှုရှု၊ ရုပ်ကိုပဲရှုရှု၊ သဘောတရားကိုပဲ ရှုရှု တစ်ခုခုကို အရှိအတိုင်း သိမှတ်နေဖို့ပဲလို့ ဆိုတာဖြစ်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဟိုလိုလို ဒီလိုလို ဖြစ်မနေဖို့တော့ လိုပါတယ်။ တစ်ခါတစ်လေ သမာဓိ မတည်တဲ့အတွက် စိတ်က ဟိုရောက်ဒီရောက် ဖြစ်နေတတ်တာတွေ ရှိတတ်ပါတယ်။ စိတ်ကိုမှတ်လိုက်သလိုလို၊ ရုပ်ကို မှတ်လိုက်သလိုလို၊ ဝေဒနာကို မှတ်လိုက်သလိုလို စသဖြင့် ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တတ်တဲ့သဘောမှာ သမာဓိ အားနည်းလို့ ဖြစ်တတ်တာလည်း ရှိတဲ့အတွက် ကိုယ်အားသန်တဲ့ ထင်ရှားတဲ့ အာရုံတစ်ခုခုကို အမိအရယူပြီး အဲဒီအာရုံမှာပဲ မလွတ်တမ်း မှတ်သိနိုင်အောင် ကြိုးစားဖို့တော့ လိုပါတယ်။

တစ်ချို့ စိတ်ကို အထူးပြုပြီး မှတ်မှမှတ်လို့ ရတဲ့ ယောဂီတွေ ရှိသလို တစ်ချို့ကျတော့ ဝေဒနာကို မှတ်နေမှ သမာဓိဖြစ်ကာ အမှတ်အာရုံ ကောင်းတဲ့ ယောဂီတွေလည်း ရှိတတ်ပါတယ်။ ဒါက သူတို့သူတို့ရဲ့ စိတ်အားသန်ရာကြောင့် ဖြစ်ပါတယ်။ သေချာတာကတော့ စိတ်ကိုအထူးပြုမှတ်မှ ၀ိပဿနာ မှတ်နည်းအစစ်ဖြစ်တယ်၊ ရုပ်ကိုအထူးပြုမှတ်မှ နည်းမှန်ဖြစ်တယ်၊ ဝေဒနာကို မှတ်နိုင်မှ တရားတက်မှာဖြစ်တယ် စတဲ့ အစွဲအလန်းတွေ၊ နားလည်မှုတွေဟာ မမှန်ဘူးဆိုတာ သေချာပါတယ်။ ဘယ်လိုပဲမှတ်မှတ် မှတ်တဲ့အခိုက်မှာ မှတ်တဲ့အာရုံကို အရှိအတိုင်း ထင်ထင်ရှားရှား သိမှတ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ အာရုံတစ်ခုခုကို မှတ်သိနေဖို့ပဲ လိုပါတယ်။ အဲဒီလို စိတ်နဲ့ရုပ်မှာ ပေါ်လာတဲ့ အာရုံ တစ်ခုခုကို အရှိအတိုင်း မှတ်သိနိုင်နေရင် ဒါဟာ ဗုဒ္ဓအလိုတော်ကျ ၀ိပဿနာ အားထုတ်နည်း အမှန် ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် တရားအားထုတ်တဲ့ ယောဂီတွေအနေနဲ့ အဓိက နားလည်သဘော ပေါက်ထားရမှာက ဘယ်နည်းကို အားထုတ်တယ် ဆိုတာထက် အားထုတ်တဲ့ အခိုက်မှာ ဘယ်အာရုံကို ဘယ်လိုမှတ်လိုက်တယ် ဆိုတာက အဓိကကျတာ ဖြစ်ပြီး ဟိုနည်းဒီနည်းဆိုတာ အားထုတ်စဲအခိုက်မှာ မှတ်လိုက်တဲ့ အမှတ်အာရုံနဲ့ မှတ်လိုက်ပုံကိုလိုက်ကာ ခွဲခြားသတ်မှတ်ပေးတာ ဖြစ်တဲ့အတွက် ယောဂီပုဂ္ဂိုလ်ရဲ့ အဓိကအလုပ်က စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ အာရုံကို ပေါ်စဲပေါ်ခိုက်၊ ဖြစ်စဲဖြစ်ခိုက်ကို သူ့အရှိအတိုင်းပဲ လိုက်သိပေးနေတဲ့ အလုပ်ပဲဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနည်းအတိုင်းသာ ဟိုဟိုဒီဒီ အတွေးမများပဲ ပေါ်သမျှ အာရုံကို အလေးထားပြီး မှတ်ကြည့်ကြဖို့ အသိပေးလိုပါတယ်။ ရှေ့မှာပြောခဲ့တဲ့ စကားအတိုင်း ပြန်ပြောရရင် ဘယ်နည်းကို အဓိကထားပြီး အဲဒီနည်းအတိုင်း မဖြစ်မနေ လိုက်ပြီးရှာဖွေ မှတ်ရှုနေဖို့ထက် ဘယ်အာရုံကို ဘယ်လိုမှတ်တယ်ဆိုတာက အဓိကကျတဲ့အတွက် ဖြစ်စဲဖြစ်ခိုက် အာရုံတစ်ခုခုကိုသာ အမိအရ မှတ်သိနိုင်အောင် ကြိုးစားကြဖို့လည်း တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ