တရားနှင့်အညီ နေထိုင်ခြင်း…

လူဖြစ်စေ ရဟန်းဖြစ်စေ တစ်ခါတစ်ရံ မိမိတို့၏ တစ်နေ့တာ အချိန်များကို စာဖတ်ခြင်း၊ စာရေးခြင်း၊ တရားနာခြင်း၊ တရားဟောခြင်း၊ စာသင်ခြင်း၊ စာချခြင်းများဖြင့် ကုန်သွားတတ်သည့် အခါများ ရှိတတ်၏။ အထူးသဖြင့် ရဟန်းတော်များသည် နေ့စဉ် စာသင်စာချ၊ တရားဟော၊ တရားပြ အလုပ်များဖြင့် တစ်နေ့တာ အချိန်များကို ကုန်လွန်စေတတ်သည်ကို သတိပြုမိ၏။ စာရေးသူလည်း တစ်ခါတစ်ရံ ထိုသို့ ကုန်ဆုံးခဲ့သည့် အချိန်များလည်း ရှိတတ်၏။ သေချာတွေးကြည့်လျင် ထိုသို့ ဗုဒ္ဓစာပေများကို သင်ကြားပို့ချ ဟောပြောပြသရင်းဖြင့် ကုန်ဆုံးသွားသည့် အချိန်များသည် စာရေးသူတို့အတွက် ကုသိုလ်ကောင်းမှုများဖြင့် ကုန်ဆုံးသွားသည့် အချိန်များဖြစ်သဖြင့် ကောင်းသောကုန်ခြင်း၊ တရားသဖြင့် ကုန်ခြင်း၊ ကောင်းသောနေထိုင်ခြင်း၊ တရားသဖြင့် နေထိုင်ခြင်းဟု တွေးနိုင်ဆိုနိုင်မည် ဖြစ်၏။ တရားနှင့် နေလေ့ရှိသူဟု ပြောလိုက ပြောနိုင်မည်ဖြစ်၏။ ဗုဒ္ဓအလိုတော် အားဖြင့်ကား ထိုသို့မဟုတ်။ တရားဟော၊ တရားပြ၊ စာသင်စာချ စသည်များသည် တရားဟော၊ တရားပြ၊ စာသင်စာချခြင်းမျှသာ ဖြစ်၏။ တရားနှင့်အညီ နေထိုင်ခြင်းဟုကား မဆိုနိုင်လှပေ။ ဗုဒ္ဓအလိုရှိသည့် တရားနှင့်အညီ နေထိုင်ခြင်းမှာ အကျင့်တရားကို ဦးစားပေးသည့် နေထိုင်ခြင်းမျိုးကို ဆိုလိုပေ၏။

တစ်ခါက ရဟန်းတော်တစ်ပါးသည် မြတ်စွာဘုရားထံ ချည်းကပ်၍ တရားနှင့်အညီ နေထိုင်ခြင်းနှင့် စပ်လျဉ်း၍ မြတ်စွာဘုရားရှင်အား မေးလျှောက်ဖူး၏။

ထိုရဟန်းက
“အရှင်ဘုရား… တရားနှင့်နေလေ့ရှိသူ၊ တရားနှင့်နေလေ့ရှိသူဟု ဆိုလေ့ရှိပါ၏၊ အဘယ်မျှလောက်ဖြင့် ရဟန်းသည် တရားနှင့် နေလေ့ရှိသူ ဖြစ်ပါသနည်း ဘုရား” ဟု မေးလျှောက်၏။

ထိုအခါ မြတ်စွာဘုရားရှင်က
“ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သင်ကြားမှု ပရိယတ္တိများသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် သူတပါးတို့အား ဟော၏၊ ထိုရဟန်းသည် ထိုတရားကို သူတပါးတို့အား သိစေခြင်းဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို သိစေခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို အကျယ်အားဖြင့် ရွတ်အံသရဇ္ဈာယ်ခြင်းအားဖြင့် နေ့ကိုကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း.. ဤရဟန်းကို ရွတ်အံသရဇ္ဈာယ်ခြင်း များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေ့လေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း… နောက်တစ်မျိုးကား ရဟန်းသည် ကြားနာအပ် သင်ယူအပ်ပြီးတိုင်းသော တရားကို စိတ်ဖြင့်ကြံ၏၊ သုံးသပ်၏၊ စိတ်ဖြင့် အဖန်ဖန်ရှု၏၊ ထိုရဟန်းသည် ထိုတရားကို ကြံစည်ခြင်း ၀ိတက်တို့ဖြင့် နေ့ကို ကုန်လွန်စေ၏၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို စွန့်လွှတ်၏၊ မိမိ၏ အတွင်းသန္တာန်၌ စိတ်၏ကိလေသာမှ ငြိမ်းမှုကို မကြိုးစား။ ရဟန်း… ဤရဟန်းကို ကြံစည်ခြင်းဝိတက် များသူဟုသာ ဆိုအပ်၏၊ တရားနှင့် နေလေ့ရှိသူဟူ၍ကား မဆိုအပ်။

ရဟန်း … ဤသာသနာတော်၌ ရဟန်းသည် သုတ်၊ ဂေယျ၊ ဝေယျာကရဏ၊ ဂါထာ၊ ဥဒါန်း၊ ဣတိဝုတ်၊ ဇာတ်၊ အဗ္ဘုတ၊ ဝေဒလ္လဟူသော တရားကိုသင်ယူ၏၊ ထိုရဟန်းသည် ထိုတရားတော်ကို သင်ယူခြင်းဖြင့် နေ့ကိုမကုန်လွန်စေ၊ တစ်ယောက်တည်း ကိန်းအောင်းမှုကို မစွန့်လွှတ်၊ မိမိအတွင်း သန္တာန်၌ စိတ်၏ ကိလေသာမှ ငြိမ်းမှုကို ကြိုးစား၏။ ရဟန်း… ဤသို့လျှင် ရဟန်းသည် တရားနှင့် နေလေ့ရှိသူဖြစ်၏။

ရဟန်း… ဤသို့လျှင် ငါသည် သင်ကြားခြင်းများသူကို ဟောပြီးပြီ၊ သူတပါးတို့အား သိစေခြင်းများသူကို ဟောပြီးပြီ၊ ရွတ်အံသရဇ္ဈာယ်ခြင်း များသူကို ဟောပြီးပြီ၊ ကြံစည်ခြင်းများသူကို ဟောပြီးပြီ၊ တရားနှင့် နေလေ့ရှိသူကို ဟောပြီးပြီ။ ရဟန်း အစီးအပွားကို ရှာလေ့ရှိ၍ သနားစောင့်ရှောက်တတ်သည့် ဆရာဖြစ်သော ငါသည် တပည့်တို့အား သနားစောင့်ရှောက်မှုကို အကြောင်းပြု၍ သင်တို့အတွက် ပြုဖွယ်ကို ငါပြုပြီးပြီ။ ဤသည်တို့ကား သစ်ပင်ရင်းတို့တည်း၊ ဤသည်တို့ကား ဆိတ်ငြိမ်ရာ အရပ်တို့ပင်တည်း၊ ရဟန်း ကပ်၍ရှုကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်၊ နောက်မှ အားမထုတ်လိုက်ရဟု နောင်တပူပန်ခြင်း မဖြစ်ကြစေကုန်လင့်၊ ဤသည်ကား သင်တို့အား ငါတို့၏ အဆုံးအမပင်တည်း…”
ဟု မိန့်တော်မူ၏။ ဤကား ဓမ္မ၀ိဟာရီ သုတ်တွင် မြတ်ဗုဒ္ဓဟောကြား တော်မူသည့် တရားနှင့်နေလေ့ရှိသူ၏ တရားနှင့်အညီ နေထိုင်ခြင်းအကြောင်းပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရ မြတ်ဗုဒ္ဓမိန့်တော်မူသည့် တရားနှင့်အညီ နေထိုင်ခြင်းဟူသည် တရားဒေသနာတော်များကို အချိန်ပြည့် နာယူမှတ်သား သင်အံပို့ချ ဟောပြောပြသ နေသည်များကို ဆိုခြင်းမဟုတ်ဘဲ မိမိတို့၏ အတွင်းသန္တာန်ဝယ် စိတ်၏ကိလေသာမှ ငြိမ်းချမ်းအောင် ကြိုးစားနေထိုင်မှုကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု ဆိုခြင်းဖြစ်ကြောင်း နားလည်သဘောပေါက်နိုင်မည် ဖြစ်၏။ သုတ်၊ ၀ိနည်း၊ အဘိဓမ္မာ တရားများကို အမြောက်အများ သင်ယူလေ့လာ ပို့ချနေခြင်းထက် မိမိ၏ အတွင်းစိတ်တွင် ကိလေသာတရားတို့၏ ပူလောင်လိုက်စားမှုမှ ငြိမ်းအေးအောင် ကြိုးစားနေခြင်းကိုသာ တရားနှင့်နေလေ့ရှိခြင်းဟု မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ အများနှင့် ရောရောနှောနှော ကိလေသာ ထူပြောစွာ နေထိုင်ခြင်းထက် တစ်ဦးတစ်ယောက်တည်း နေထိုင်ကာ ကိလေသာ နည်းပါးအောင် ကျင့်ကြံနေထိုင်ခြင်းကိုသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟု သိစေလိုရင်း ဖြစ်ပါ၏။ စာတတ်ပေတတ် ကျမ်းဂန်တတ်ကာ စာပေများနှင့် အချိန်ကုန် ပျော်မွေ့နေသည်ထက် ကိလေသာကုန်ရာ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်အောင် ကြိုးစားနေခြင်းကသာ တရားနှင့်အညီ နေထိုင်ကျင့်သုံးခြင်း ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပေ၏။

မှန်၏။ တစ်ခါတစ်ရံ စာရေးသူတို့သည်လည်း မိမိကိုယ်ကို သတိပြုမိသည့် အခါများ ရှိတတ်၏။ နေ့စဉ်စာပေများဖြင့် အချိန်ကုန်နေသဖြင့် တစ်နေ့တာ ကုန်ဆုံးမှုသည် ကုသိုလ်အလုပ်များဖြင့် ကုန်ဆုံးမှုများဖြစ်၍ တန်ဘိုးရှိသည့် ကုန်သွားခြင်းဟု ဆိုနိုင်သော်လည်း ပုထုဇင်တို့ သဘာဝအရ မိမိတို့၏ အတွင်းသန္တာန်တွင် ရှိနေသည့် လောဘဒေါသ မောဟစသည့် ကိလေသာများကြောင့် စာသင်နေရင်း၊ ကျမ်းဂန်များကို ရွတ်ဖတ်သရဇ္ဈာယ်နေရင်းပင် စိတ်အစဉ်တွင် အကုသိုလ်စိတ်များက ကြိုကြားကြိုကြား ပေါ်လာတတ်သည့် အခါများ ရှိနေတတ်၏။ စာပေကျမ်းဂန်များကို မည်မျှပင် ထုံလွှမ်းပွားများနေသော်လည်း အတွင်းစိတ်သန္တာန်ဝယ် ကိလေသာ တရားများက မလျော့ပါးဘဲ ရှိနေသဖြင့် အခြားသူများနည်းတူ လောဘတရား၊ ဒေါသတရား၊ မောဟတရားများဖြင့် ပူလောင်နေတတ်သည့် အခါများလည်း ရှိတတ်၏။ တစ်ခါတစ်ရံ စာတတ်ပေတတ် ကျမ်းဂန်တတ်သည့် ပညာရှိကြီးများ၏ လောဘကြီးတတ်သည့် အဖြစ်၊ ဒေါသအားကြီးသည့် အဖြစ်၊ မနာလိုမှု၊ ၀န်တိုမှု အားကြီးသည့် အဖြစ် စသည်များကြောင့် စာပေကျမ်းဂန်များဖြင့် မည်မျှပင် အချိန်ကုန်နေသော်လည်း အတွင်းစိတ်ဝယ် ကိလေသာတရားများ မလျော့ပါးလျှင်ကား စာပေကျမ်းဂန်များဖြင့် ထုံလွှမ်းထားရုံမျှဖြင့် တရားနှင့်အညီ နေထိုင်ခြင်း မဟုတ်ကြောင်း အတွေးများလည်း ဖြစ်ပေါ်မိ၏။ ထို့ကြောင့် မြတ်ဗုဒ္ဓက စာပေကျမ်းဂန်များ ထုံလွှမ်းပြီး တစ်နေ့တာ ကုန်လွန်သွားခြင်းသည် တရားနှင့်နေလေ့ရှိခြင်း မဟုတ်ဘဲ မိမိ၏ အတွင်းစိတ်ဝယ် ကိလေသာမှ ငြိမ်းအေးအောင် အားထုတ်နေထိုင်ခြင်းသည်သာ တရားနှင့်အညီ နေထိုင်ခြင်း ဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်ပေ၏။

မြတ်ဗုဒ္ဓအလိုရှိသည်မှာ သင်အံလေ့ကျက်မှုများထက် ကျင့်ကြံအားထုတ်မှုများကို အလိုရှိတော်မူခြင်း ဖြစ်၏။ သင်အံလေ့လာသဖြင့် သိရှိလာသည့် အသိများသည် သညာသိသာဖြစ်သဖြင့် အချိန်မရွေး ပျောက်ပျက်သွားနိုင်ပြီး လက်တွေ့ကျင့်ကြံအားထုတ်သဖြင့် သိရှိလာသည့် အသိသည်ကား စစ်မှန်သည့် ပညာဉာဏ်ဖြင့် သိသည့် ပညာသိ ဖြစ်သဖြင့် ပျောက်ပျက်မှုမရှိသည့် အမှန်သစ္စာအသိ ဖြစ်သောကြောင့် သညာသိထက် ပညာသိနှင့် သိစေနိုင်ရန် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်၏။ ဤသဘောကို ဗုဒ္ဓစာပေ တစ်နေရာတွင် မြတ်ဗုဒ္ဓ မိန့်တော်မူသည့် ဓမ္မစကားက သက်သေပြနေ၏။ မြတ်ဗုဒ္ဓက “နွားရှင်တို့အား နွားတို့ကို ရေတွက်အပ်နှင်း လိုက်ရသော နွားကျောင်းသားသည် နွားနို့အရသာကို မခံစားလိုက်ရသကဲ့သို့ နိဗ္ဗာန်ရောက်သည်အထိ အကျိုးစီးပွားနှင့်စပ်သော ပိဋကတ်သုံးပုံဟူသော ဘုရားစကားတော်ကို များစွာဟောပြော နေသော်လည်း မကျင့်မကြံ မေ့လျော့ပေါ့တန်နေသူသည် ပြုထိုက်သည်ကို ပြုသည်မမည်၊ မဂ်ဖိုလ်၏ အရသာကို မခံစားရ…” (ဓမ္မပဒ၊ ဒွေသဟာယက ဘိက္ခုဝတ္ထု)ဟု မိန့်တော်မူထား၏။ ဤစကားဖြင့် မြတ်ဗုဒ္ဓအလိုရှိသည့် သင်အံလေ့ကျက်မှုများထက် ကျင့်ကြံအားထုတ်မှုကသာ အဓိကကျပြီး စိတ်အစဉ်တွင် ကိလေသာငြိမ်းအောင် အားထုတ်နေခြင်းသည် တရားသဖြင့် နေခြင်းဖြစ်ကြောင်း ရည်ညွှန်းတော်မူခြင်း ဖြစ်၏။

ဆိုလိုသည်မှာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့် နေလေ့ရှိခြင်းဟူသည်မှာ သုတ်ဝိနည်း အဘိဓမ္မာစသည့် ကျမ်းဂန်များကို နေ့စဉ်ဖတ်ရှုလေ့လာ၊ သင်အံပို့ချ၊ ဟောပြောပြသခြင်းများဖြင့် အချိန်ကုန်ဆုံးပြီး နေထိုင်ခြင်းကို ဆိုလိုသည်မဟုတ်ဘဲ မိမိတို့၏ အတွင်းစိတ်သန္တာန်ဝယ် ကိလေသာတရားများ တဖြည်းဖြည်း လျော့နည်းငြိမ်းအေးအောင် ကျင့်ကြံကြိုးကုတ် အားထုတ်ခြင်းဖြင့် တစ်နေ့တာ ကုန်ဆုံးသွားခြင်းကိုသာ တရားနှင့်အညီ နေထိုင်ခြင်းဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အများနှင့်ရောနှောကာ စာသင်စာချ၊ တရားဟော တရားပြ စသည့်အလုပ်များကို လုပ်ဆောင်ရင်း အချိန်ကို ကုန်ဆုံးသွားကြသည်ထက် တစ်ပါးတည်း၊ တစ်ယောက်တည်းနေကာ မိမိ၏ စိတ်အစဉ်ကို ကိလေသာတရားများ၏ ပူလောင်မှုမှ ငြိမ်းအေးနိုင်အောင် ကြိုးစားအားထုတ် နေထိုင်ရင်း အချိန်ကို ကုန်ဆုံးသွားကြသည်ကသာ တရားနှင့်အညီ နေထိုင်ခြင်း၊ တရားနှင့်အညီ ကုန်ဆုံးသွားခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် တရားနှင့်အညီ နေထိုင်ခြင်းဖြင့် မိမိတို့၏ အချိန်များကို ကုန်လွန်စေလိုသူများသည် သုတ်ဝိနည်း အဘိဓမ္မာစသည့် တရားများကို သင်အံလေ့လာ ပွားများကာ နေ့စဉ်နေ့တိုင်း အချိန်များကို ကုန်ဆုံးနေကြသည်ထက် မိမိတို့၏ အတွင်းစိတ်ဝယ် ကိလေသာတရားများ လျော့ပါးလာအောင် ကြိုးစားရင်း ကိလေသာမှ ငြိမ်းအောင်အားထုတ် နေထိုင်ခြင်းဖြင့် နေ့စဉ်အချိန်များကို ကုန်လွန်သွားစေခြင်းကသာ စစ်မှန်သည့် တရားနှင့်အညီ နေထိုင်ခြင်း ဖြစ်သဖြင့် သင်အံလေ့လာ ဟောပြောပို့ချ နေမှုများထက် လက်တွေ့ကျင့်ကြံ ကြိုးကုတ် အားထုတ်နေမှုများကိုသာ အဓိက ပြုလုပ်ရင်းဖြင့်သာ မိမိတို့၏ နေ့စဉ်နေထိုင်ခြင်းကို တရားနှင့်အညီ နေထိုင်ခြင်းများ ဖြစ်အောင် ကြိုးစားအားထုတ်ပါကြောင်း တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more »

Live Questions and Answers (11)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

19 Sep 10, 02:30 AM
သဲသဲ
အရှင်ဘုရား... တပည့်တော်မ အပေါ်မဟုတ်မမှန်တဲ့ အကြာင်းတရားတွေနဲ့ စွပ်စွဲခြင်း ခံနေရတယ်ဘုရား။ ဖြေရှင်းလို့ကလည်း စွပ်စွဲတဲ့သူက mail ကနေတဆင့် မဟုတ်တဲ့ အကြောင်းတွေရေးပြီး တခြားလူတွေဆီ လိုက်ဖြန့်ပြီး ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်နေတယ်ဘုရား တပည့်တော်မ ဘယ်လိုဖြေရှင်းရင် အကောင်းဆုံး ဖြစ်မလဲဆိုတာ ရှင်းပြပေးတော်မူပါဘုရား။

19 Sep 10, 03:36 PM
မနာပဒါယီ >>> သဲသဲ
အကောင်းဆုံးကတော့ မဟုတ်မတရား စွပ်စွဲလာတာတွေနဲ့ ပတ်သက်ပြီး မြင်သမျှ၊ ကြားသမျှ အရာတွေမှာ လိုက်ပြီးခံစားမနေဘဲ အဲဒီအရာတွေကို လျစ်လျူရှုပြီး ကိုယ့်ကိုယ်ကိုသာ သူတို့စွပ်စွဲသလို မဟုတ်ဘဲ နေနိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ အကောင်းအဆိုး ဆိုတဲ့လောကဓံဟာ အမြဲတစ်သမှတ်တည်း မရှိတဲ့အတွက် ကြုံလာတဲ့ အခိုက်အတန့်မှာ ကိုယ်ဘက်က ဘယ်သူတွေ ဘာပဲပြောပြော ကောင်းတာတွေနဲ့ နေနိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ အချိန်တန်ရင် အားလုံးပြီးသွားမှာ ဖြစ်တဲ့အတွက် အကောင်းပဲဖြစ်ဖြစ် အဆိုးပဲဖြစ်ဖြစ် ရင်ဆိုင်ခံနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒီလိုစွပ်စွဲလို့ ဒီလိုဖြေရှင်းတယ်ဆိုပြီး လိုက်ခံစား၊ လိုက်လုပ်နေရင်တော့ စွပ်စွဲတဲ့သူတွေက ဒါမဟုတ်လဲ နောက်တစ်မျိုးမျိုးနဲ့ စွပ်စွဲနေဦးမှာပါပဲ။ အဲဒီလို သူတို့က တစ်မျိုးပြီးတစ်မျိုး စွပ်စွဲနေတိုင်းသာ လိုက်ခံစား လိုက်ဖြေရှင်းနေမယ်ဆိုရင် ပြီးမှာ မဟုတ်တော့ပါဘူး။ အဓိကကတော့ ကိုယ်ကသူတို့ စွပ်စွဲသလို မဖြစ်အောင် နေပြလိုက်ဖို့ပါပဲ။ နေပြတယ်ဆိုတာထက် ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်၊ အကုသိုလ် အပြစ်မဖြစ်အောင် နေလိုက်တယ်ဆိုရင် ဒါဟာ လောကဓံကို အကောင်းဆုံး ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ပြီးသွားမှာဖြစ်တဲ့ အကောင်းအဆိုး လောကဓံ တရားတွေရဲ့ ရိုက်ခတ်မှုမှာ ကိုယ်ကိုယ်တိုင်က ယိုင်လဲမသွားစေဖို့ ကြုံလာသမျှ အကောင်းအဆိုး အခိုက်အတန့်ကို သတိနဲ့ရင်ဆိုင်ပြီး အကောင်းတွေလုပ်ခြင်းနဲ့ပဲ ကျော်လွှားကြည့်ပါလို့ အကြံပြုလိုပါတယ်။

21 Sep 10, 04:47 AM
ဘိုကိ
ဆရာတော်ဘုရား။ တပည့်တော် နိုင်ငံခြားသား ဆရာကို ဝိုင်နဲ့ ကန်တော့ခဲ့ပါတယ်။ သုရာမေရယ စာရင်းဝင်နေလို့ ဒီပစ္စည်းနဲ့ မကန်တော့ချင်ပေမယ့် အဝတ်အစားတို့ ဘာတို့က သူတို့လူမျိုးအတွက် မလိုအပ်ကြောင်း ဝိုင်သာ လက်ဆောင် ပေးသင့်ကြောင်း သူငယ်ချင်းကလဲပြော၊ တခြားပစ္စည်းလဲ မကြံတတ်တာနဲ့ ဝိုင်ပဲ ကန်တော့ခဲ့ရပါတယ်။ အပြစ်ရှိပါသလားဘုရား။

22 Sep 10, 06:09 AM
မနာပဒါယီ >>> ဘိုကိ
အပြစ်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုပေးတဲ့လက်ဆောင်ဟာ မပေးလှူကောင်းတဲ့ အလှူငါးမျိုးဖြစ်တဲ့ (၁) မဇ္ဇဒါန = သေရည်အရက် ဘိန်းစတဲ့ ယစ်မျိုးအလှူ ၊ (၂) သမဇ္ဖဒါန = ဇာတ်၊ ရုပ်သေး၊ အငြိမ့်စတဲ့ အဆိုအတီးကချေသည် သဘင်အလှူ၊ (၃) ဣတ္ထိဒါန = ကာမအမှုအတွက် အလိုဖြည့်စေရန် မိန်းမအလှူ၊ (၄) ဥသဘဒါန = နွားမတို့အလယ်တွင် ထယ်ဝါခန့်ငြားတဲ့ နွားလား၊ နွားသိုးကြီးတို့ကို လွှတ်ပေးတဲ့ အလှူ၊ (၅) စိတ္တကမ္မဒါန = ကာမရာဂစိတ်ကို ဖြစ်ပေါ်စေတဲ့ ပန်းချီ၊ ပန်းပုရုပ် စတဲ့ သုခုမအနုပညာ အလှူ ဆိုတဲ့ အလှူထဲမှာ နံပါတ် (၁) အလှူမှာ အကျုံးဝင်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

23 Sep 10, 02:34 AM
ဘိုကိ
တင်ပါ့ဘုရား။ ဆင်ခြင်ပါ့မယ်။ အရက်ကို မိတ်ဆွေကို လက်ဆောင်ပေးတာနဲ့ ဆရာသမားကို ကန်တော့တာရော ဘယ်ဟာ ပိုအပြစ်ကြီးပြီး ဘယ်ဟာပို အပြစ်ပေါ့ပါသလဲဘုရား။ တပည့်တော်က ပညာသင်ပေးခြင်းနဲ့ ကူညီစောင့်ရှောက်ခြင်းအတွက် ကျေးဇူးတုံ့ပြန် ကန်တော့လိုစိတ်နဲ့ ပြုတာမို့ အပြစ်အကြီးအလေးကို သိလိုပါသည်ဘုရား။ မြန်မာဆရာတွေကို ပုဆိုးတို့ ကိတ်မုန့်တို့နဲ့ ကန်တော့သလိုမျိုးပါဘုရား...။

23 Sep 10, 02:09 PM
မနာပဒါယီ >>ဘိုကိ
ဘယ်ဟာက ပိုအပြစ်ကြီးတယ်ဆိုတာကတော့ ဒီအရက်ကို အကြောင်းပြုပြီး ဆိုးကျိုးအပြစ် အကုသိုလ်နဲ့ ကိလေသာတရားများ ပိုမိုတိုးသွားတဲ့သူကို ပေးလှူတဲ့ အဖြစ်က ပိုအပြစ်ကြီးတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ကျေးဇူးတုံ့ ပြန်လိုတဲ့ သဘောနဲ့ ပြုတဲ့အတွက် စေတနာရည်ရွယ်ချက်က မကောင်းတဲ့ သဘောမဟုတ်လို့ အပြစ်ကြီးတယ်လို့ မပြောနိုင်ပေမယ့် ပစ္စည်းဝတ္ထုက အပ်စပ်တဲ့ ပစ္စည်းမဟုတ်တဲ့အတွက် ဗုဒ္ဓဘာသာရှုထောင့်အရ အကုသိုလ်ကို အားပေးသလို ဖြစ်စေလို့ အကုသိုလ် အပြစ်တော့ ဖြစ်နိုင်ပါတယ်။ လိုအပ်လို့ ဆေးအဖြစ်ပေးလှူတာမျိုးမှာတော့ အပြစ်မဖြစ်နိုင်ပါဘူး။ အဲလိုမှမဟုတ်ရင် ကိလေသာကိုတိုးပွားစေ၊ အကုသိုလ်အပြစ်ကို ဖြစ်ပွားစေတဲ့အတွက် အပြစ်ကတော့ ဖြစ်ပါတယ်။

26 Sep 10, 01:31 AM
သဲသဲ
ကျေးဇူးကြီးလှပါတယ် အရှင်ဘုရား။ မကောင်းကြံနေတဲ့ သူဆီကို မေတ္တာပို့ချင်ရင် ဘယ်လိုနည်းနဲ့ပို့ရင် အကောင်းဆုံးဖြစ်မလဲဆိုတာ ရှင်းပြပေးတော်မူပါ အရှင်ဘုရား..။

26 Sep 10, 03:25 PM
မနာပဒါယီ >>သဲသဲ
ကိုယ့်ကိုမကောင်းကြံတဲ့ သူရဲ့အပေါ်မှာ တကယ့်ကို အကျိုးလိုလားတဲ့ စိတ်နဲ့ သူ့ရဲ့အသွင်အပြင် အမူအရာကို စိတ်မှာထင်မြင်အောင် အာရုံပြုပြီး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်းကင်းပါစေ၊ ချမ်းသာစွာ မိမိခန္ဓာဝန်ကို ဆောင်နိုင်ပါစေလို့ ထပ်ခါထပ်ခါ မေတ္တာပွားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ပုထုဇဉ်တွေရဲ့ သဘာဝအရ ကိုယ့်ကိုမကောင်းကြံမှန်း သိနေရဲ့နဲ့ သူ့အပေါ်စိတ်ကောင်းထားပြီး မေတ္တာပွားဖို့ဆိုတာ အတော် မလွယ်တဲ့ ကိစ္စပါ။ ဒါကြောင့် သူ့ကို မေတ္တာမပွားခင် ကိုယ့်ကိုယ်ကို အရင် ဘေးရန်ကင်းဖို့၊ ကိုယ်၊ စိတ်ဆင်းရဲ ကင်းဖို့စသဖြင့် မေတ္တာပွားပြီး ကိုယ့်စိတ်လေးက နူးညံ့လာတဲ့အခါမှ ကိုယ့်အပေါ်မကောင်းကြံတဲ့သူကို ကိုယ့်လိုသဘောထားပြီး သူ့အပေါ် မေတ္တာပွားကြည့်မယ်ဆို ပိုပြီးထိရောက်နိုင်ပါတယ်။ အဓိကကတော့ သူ့အပေါ်ဘာအာဃာတမှ မရှိဘဲ တကယ့်ကို သူ့အကျိုးလိုလားတဲ့ စိတ်နဲ့သူ့ကိုမြင်အောင် အာရုံပြုပြီး ပွားကြည့်ဖို့ပါပဲ။ အဲဒီလို စိတ်နဲ့သာ ထပ်ခါထပ်ခါ ပွားများကြည့်မယ်ဆိုရင် အကျိုးသက်ရောက်မှု ဖြစ်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။

Read more »

တောထွက်ရဟန်း…

တစ်ခါက အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ ရဟန်းဖြစ်လာတဲ့ ကျောင်းမှာရှိတဲ့ တောထွက် ဦးဇင်းကြီးတစ်ပါးကို လူထွက်ခိုင်းခဲ့ဖူးပါတယ်။ လူထွက်ခိုင်းရတာက ရဟန်းဘ၀မှာ သူ့အတွက်လည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ နေ့စဉ်အကုသိုလ်တွေပဲ ဖြစ်နေတဲ့အတွက် အများကို ငဲ့ပြီးသူ့ကို လူထွက်ခိုင်းခဲ့ရခြင်း ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ရဟန်းတော်များလောကမှာ အိမ်ထောင်ကျပြီး အသက်ကြီးမှ သာသနာ့ဘောင်ကို ၀င်လာတဲ့ ရဟန်းကို တောထွက်ရဟန်းလို့ ခေါ်လေ့ရှိပါတယ်။ လူ့လောကမှထွက်ပြီး လွတ်မြောက်မှုကို ရှာဖို့အတွက် ကာမဂုဏ်တောက ခွာဖို့ရည်ရည်ချက်နဲ့ ထွက်လာတဲ့သူ ဆိုတဲ့အဓိပ္ပါယ်နဲ့ တောထွက်လို့ ပြောတာဆိုရင် တကယ့်ကိုပဲ အဓိပ္ပါယ်ပြည့်ဝတဲ့ ဝေါဟာရ ပညတ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ် အိမ်ထောင်ကျပြီး အသက်ကြီးမှ ရဟန်းဝတ်လာတဲ့ သူတွေကတော့ ဒီအခေါ်ကို သဘောကျဟန် မရှိပါဘူး။ မရှိဆို သူတို့ကိုယ်တိုင်လည်း ဒီတောထွက်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို မသိသလို လွတ်မြောက်မှုကို တကယ်လိုချင်လို့ ကာမဂုဏ်တောက ထွက်လာခဲ့တဲ့ သဘောလည်း မဟုတ်လေတော့ ဒီတောထွက်ဆိုတဲ့ စကားကို တစ်ခြားမကောင်းတဲ့ အဓိပ္ပါယ်နဲ့ နားလည်ပြီး သဘောမကျတာ ဖြစ်နိုင်ပါတယ်။

ခေတ်ကာလ အခြေအနေအရ သဒ္ဓါ၊ သီလ၊ ပညာ၊ ၀ိရိယ တရားများ ယုတ်လျော့လာတဲ့ ဒီနေ့ခေတ်မှာ သာသနာတော်ရဲ့ အားနည်းဆုတ်ယုတ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ သာသနာတော်ရဲ့ ဆုတ်ယုတ်မှုဆိုတာ သာသနာ့ဝန်ထမ်း ရဟန်းများရဲ့ ဆုတ်ယုတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုတ်ယုတ်မှုဆိုလည်း မမှားပါဘူး။ သာသနာ့ဝန်ထမ်း ရဟန်းတော်များရဲ့ သာသနာ့အလုပ်ဖြစ်တဲ့ ပရိယတ်အလုပ်နဲ့ ပဋိပတ်အလုပ်တွေမှာ ကြိုးစားအားထုတ်မှု ယုတ်လျော့လာပြီး တခြား သာသနာတော်နဲ့ မအပ်စပ်တဲ့ အလုပ်တွေမှာ ပိုပြီးအားထုတ် လာနေတာတွေဟာ သာသနာတော် သန့်ရှင်းပြန့်ပွားရေးအတွက် အားယုတ်စရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲက သာသနာ့ဘောင်ကို ရောက်လာတဲ့ တောထွက်ရဟန်း အတော်များများရဲ့ သာသနာတော်နဲ့ မလျော်တဲ့ အလုပ်တွေကြောင့် သာသနာရဲ့ ညစ်နွမ်းမှုတွေဟာ တစ်စတစ်စ များများလာခဲ့ရတာတွေလည်း ရှိပါတယ်။

အထူးသဖြင့် မြန်မာပြည် သာသနာမှာရှိတဲ့ ရိပ်သာမဟုတ်တဲ့ ရိုးရိုးကျောင်းမှာ နေကြတဲ့ တောထွက်ရဟန်းတွေရဲ့ ဘ၀ဟာ သာသနာမှာ အပိုသက်သက်လို ဖြစ်နေပြီး ကိုယ့်အတွက်လည်း အကျိုးမရှိ သာသနာအတွက်လည်း အကျိုးမရှိသလို ဖြစ်နေတတ်ပါတယ်။ တကယ့်သံဝေဂရပြီး သာသနာ့ဘောင်မှာ တရားဘာဝနာကို ကြိုးကြိုးစားစား အားထုတ်နေကြတဲ့ တောထွက်ရဟန်းတော်များလည်း ရှိပါတယ်။ အဲဒီရဟန်းတော်တွေကိုတော့ အထူးမပြောလိုဘဲ ကျေနပ်စွာ အားပေးလိုပါတယ်။ တကယ်လည်း အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။ အသက်အရွယ်ရလာမှ ရဟန်းဖြစ်လာတဲ့အတွက် ပရိယတ်သင်ဖို့လည်း မဖြစ်နိုင်၊ တရားဟော တရားပြဖို့လည်း မဖြစ်နိုင်တဲ့ အနေအထားမှာ ကိုယ့်အတွက် တရားရှာပြီး ကြိုးကြိုးစားစား တရားဘာဝနာပဲ ပွားများတာ ကောင်းပါတယ်။ ဒါကြောင့် ဘုန်းဘုန်းတို့ကတော့ အဲဒီလို အသက်ကြီးကြီး ဒကာကြီးတွေ သာသနာ့ဘောင်မှာ ကြာကြာနေဖို့ စိတ်ကူးရင် ရိပ်သာတွေမှာပဲ သွားပြီးရဟန်းဝတ်ကာ တရားအားထုတ်ကြဖို့ တိုက်တွန်းပြောဆိုရခြင်း ဖြစ်ပါတယ်။

မနှစ်က ဘုန်းဘုန်းတို့ မြန်မာပြည် ပြန်ကြွတုန်းက သာသနာတော် သန့်ရှင်းရေးအဖွဲ့ဆိုပြီး မြို့နယ်တိုင်းမှာ ဘုန်းကြီးတွေ အဖွဲ့ဖွဲ့ကာ ကိုယ့်မြို့နယ်အတွင်းကိုယ် လိုက်ပြီးစောင့်ကြည့် သန့်ရှင်းရေးတွေ လုပ်ကြတာနဲ့ ကြုံလို့ မြို့နယ်သံဃနာယက ဆရာတော်ရဲ့ အမိန့်နဲ့ ဘုန်းဘုန်းတို့ ကိုယ်တိုင်ပါဝင် ခဲ့ရပါသေးတယ်။ အဲဒီတုန်းက လက်ဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာ လှည့်လည်ပြီး အလှူခံတဲ့ ရဟန်းတွေ၊ ညဘက်ဆိုင်ထိုင်တဲ့ ရဟန်းတွေ အမည်အမျိုးမျိုး၊ အကြောင်းအမျိုးမျိုးနဲ့ လှည့်ပြီး အလှူခံနေတဲ့ ရဟန်းတွေကို တွေ့ရင်ဖမ်းပြီး သံဃနာယက အဖွဲ့ကို အပ်ခဲ့ရတာတွေ လုပ်ခဲ့ရပါသေးတယ်။ များသေားအားဖြင့် အဲဒီလို မရှက်မကြောက် လှည့်လည်အလှူခံ နေကြတာတွေဟာ အသက်ကြီးကြီး တောထွက်ရဟန်းကြီးတွေပဲ ဖြစ်နေတာ များပါတယ်။ ၀ိနည်းတော်လည်းမသိ၊ သဒ္ဓါတရားလည်းမရှိ၊ တကယ့်သံဝေဂရလို့ ၀တ်လာတာလည်း မဟုတ်တော့ လာဘ်လာဘ ရလိုမှုတစ်ခုတည်းနဲ့ သာသနာတော်ကို ခုတုံးလုပ်ပြီး လုပ်စားနေကြတာ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လူဒကာတွေနဲ့ ပေါင်းပြီး ကိုယ်လက်အင်္ဂါ တစ်ခုခု ချို့ယွင်းနေတဲ့ ပုံစံမျိုး ပတ်တီးစီးကာ ဒကာကတွဲလို့ ဆေးဖိုးဆိုပြီး လိုက်အလှူခံ နေတာလည်း တွေ့ရပါတယ်။ ဒီလိုမျိုး တောထွက်ရဟန်းကြီးတွေကြောင့် သာသနာတော်ဟာ တခြားဘာသာတွေရဲ့ စော်ကားပြောဆို ခံနေရတာ တွေနဲ့လည်း ကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ ဘုန်းကြီးဝတ်လာတဲ့ တောထွက်ရဟန်းအချို့ရဲ့ မလျော်ကန်တဲ့ အလုပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလို သဒ္ဓါတရားနည်းပြီး သာသနာနဲ့ မလျော်တဲ့ အလုပ်တွေမှာ မရှက်မကြောက် လုပ်တတ်တဲ့ တောထွက်ရဟန်းတွေကြောင့် မြတ်ဗုဒ္ဓက သာသနာတော်မှာ ရခဲလှတဲ့ တောထွက်ရဟန်းများ အကြောင်းကို ဟောကြားတော်မူထားတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ၀ုဍ္ဎပဗ္ဗဇိတသုတ်မှာ တောထွက်ရဟန်းတော်များနဲ့ ပတ်သက်လို့

“ရဟန်းတို့… တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်တရား ငါးမျိုးတို့နည်း ဟူမူ-
ရဟန်းတို့ သိမ်မွေ့သော တောထွက်ရဟန်းကို ရခဲ၏။
ရဟန်းအသွင်အပြင်နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
အကြားအမြင် ဗဟုဿုတနှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် (၀ိနည်းလေးစား လိုက်နာသော) တောထွက် ရဟန်းကို ရခဲ၏။
ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏” ဟုလည်းကောင်း…

“ရဟန်းတို့…. တရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏။ အဘယ်ငါးမျိုးတို့နည်း ဟူမူ-
ရဟန်းတို့ ဆိုဆုံးမလွယ်သော တောထွက်ရဟန်းကို ရခဲ၏။
ကောင်းသော အယူကို ယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဆုံးမစကားကို အမြတ်တနိုး ခံယူတတ်သော တောထွက်ရဟန်းကို ရခဲ၏။
တရားဟောတတ်သော တောထွက်ရဟန်းကို ရခဲ၏။
ဝိနည်းဓိုရ် တောထွက်ရဟန်းကို ရခဲ၏။

ရဟန်းတို့ ဤတရားငါးမျိုးတို့နှင့် ပြည့်စုံသော တောထွက်ရဟန်းကို ရခဲ၏”
ဟု လည်းကောင်း မိန့်တော်မူခြင်း ဖြစ်ပါတယ်။

တကယ်ဆိုရင် သာသနာ့ဘောင် ရောက်လာတဲ့ ရဟန်းတွေဟာ ကိုယ့်ကိုယ်ကို ကာမဂုဏ်တောက ထွက်လာပြီး လွတ်မြောက်မှုကို ရှာလိုတဲ့ တကယ့်တောထွက် ရဟန်းဆိုတဲ့ ပုံစံမျိုးနဲ့ဆိုရင် ရဟန်းဘ၀ဟာ လူ့ဘ၀ထက်ပိုပြီး ကုသိုလ်လုပ်ဖို့ အချိန်အများကြီး ရပါတယ်။ လူ့ဘ၀က ထွက်လာပြီးမှတော့ ကုသိုလ်လုပ်ဖို့ အချိန်အများကြီး ရတဲ့ရဟန်းဘ၀မှာ ကိုယ့်ဘ၀အတွက် လွတ်မြောက်မှု တစ်ခုခုကိုရအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ ယောင်တစ်လုံး အဆုံးခံပြီးမှ မကောင်းမှုက ပိုများနေတယ်ဆိုရင် ဘ၀ဟာ နှစ်ခါနာသလို ဖြစ်နေပါလိမ့်မယ်။ သာသနာ့ဘောင် ၀င်လာပြီးမှ ၀ိနည်းတော်နဲ့မညီဘူး၊ ရဟန်းတရားကို အားမထုတ်ဘူး ဆိုရင်တော့ လူ့ဘ၀မှာနေပြီး ငါးပါးသီလလေးလောက် လုံခြုံအောင် ထိန်းကာ တတ်နိုင်သမျှ ဒါနသီလဘာဝနာ အလုပ် လုပ်နေတာက ပိုပြီး အကျိုးကြီးနေပါသေးတယ်။ သာသနာ့ဘောင် စ၀င်လာကတည်း အနေချောင် အစားချောင်ဖို့ ဆိုရင်တော့ သေရင်ချောင်မှာ မဟုတ်တော့ပါဘူး။ မြင့်ရာကကျရင် ပိုနာတယ်လို့ ဆိုသလို ရဟန်းဘ၀ရနေပြီးမှ ရဟန်းတရားနဲ့ မလျော်ရင်တော့ အဆများစွာ နာနေကြရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် တောထွက်ရဟန်းများ အနေနဲ့ ကိလေသာတောက ထွက်ဖို့ကြိုးစားရင်း တကယ့်တောထွက် ရဟန်းပီသအောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။ ဒီလိုပါပဲ။ ငယ်ဖြူရဟန်း (ငယ်ငယ်တည်းက မထွက်တော့ဘဲ သာသနာ့ဘောင်မှာ မြဲနေသူ)၊ တောင်ပြန်ရဟန်း (အသက်ကြီးမှ ရဟန်းဖြစ်လာပေမယ့် အိမ်ထောင်မကျသေးသူ) တွေအနေနဲ့လည်း ကာမဂုဏ်တောက ထွက်လာတဲ့ တကယ့်တောထွက် ရဟန်းတွေအဖြစ် သံသရာမှ လွတ်မြောက်အောင် ကျင့်သုံးသင့်ပါတယ်။

ဆိုလိုတာက တောထွက်ရဟန်းဆိုတဲ့ စကားဟာ အိမ်ထောင်ကျပြီး အသက်အရွယ်ကြီးမှ သာသနာ့ဘောင်ကို ၀င်ရောက်လာတဲ့ ရဟန်းကို ဆိုတာဖြစ်ပေမယ့် တောထွက်ရဟန်းတွေမှ မဟုတ်ဘဲ သာသနာ့ဘောင်ကို ရောက်လာတဲ့ ရဟန်းတော်မှန်သမျှ ကာမဂုဏ်အာရုံတွေက ထွက်ပြီး လွတ်မြောက်ရာအမှန်ကို ရှာဖွေကြတဲ့ တကယ့်တောထွက် ရဟန်းတော်များ အဖြစ် ကျင့်သုံးသင့်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ သာသနာ့ဘောင်ကို ရောက်လာပြီးမှတော့ ကိလေသာတောက ထွက်နိုင်အောင် ရဟန်းတရားကို ကြိုးစားအားထုတ်သင့်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ အမည်ဆိုးနဲ့ အပြစ်အပြောခံရတဲ့ တောထွက်ရဟန်းအဖြစ်မှ ခွဲထွက်ကာ ရခဲတဲ့ တန်ဘိုးရှိတဲ့ တောထွက်ရဟန်းအဖြစ်၊ သိမ်မွေ့နူးညံ့ကာ အပြောအဆိုလွယ်တဲ့ ၀ိနည်းဓိုရ် ရဟန်းအဖြစ် ကြိုးစားသင့်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အရွယ်လွန်ပြီး အိမ်ထောင်သည်ဘ၀မှ ရဟန်းဖြစ်လာတဲ့ ရဟန်းတော်များ အနေနဲ့ တောထွက်တောထွက်လို့ အများက မကောင်းတဲ့ အဓိပ္ပါယ်နဲ့ ဘယ်လိုပဲ ပြောဆိုနေကြပါစေ ကိုယ်ကိုယ်တိုင်ကတော့ ကာမဂုဏ်တောက ထွက်နိုင်အောင် ကြိုးစားတဲ့ တကယ့်တောထွက် ရဟန်းအဖြစ်နဲ့ ရခဲတဲ့ ရဟန်းဘ၀မှာ ရဟန်းတရားကို ကြိုးစားအားထုတ်ကာ လွတ်မြောက်ရာအမှန် မြတ်နိဗ္ဗာန်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ဘုရားပြောတဲ့ ရခဲတဲ့ တောထွက်ရဟန်းအဖြစ်ကို အရယူကြပါလို့ စေတနာထား မေတ္တာအားဖြင့် အသိတရား ပါးလိုက်ရပါတယ်…။

Read more »

သံဝေဂယူတတ်မယ်ဆိုရင်ဖြင့်…

ဦးခေါင်းမှာ ဆံပင်ဖြူတစ်ပင်တွေ့လို့ အကြီးအကျယ် သံဝေဂဖြစ်ကာ တောထွက်သွားတဲ့ ဘုရားအလောင်း မဃဒေ၀ မင်းကြီးအကြောင်း ရေးသားစပ်ဆိုတော်မူထားတဲ့ မန်လည် ဆရာတော်ကြီးရဲ့ မဃဒေ၀ လင်္ကားကြီးကို ဖတ်ရင်း ဒီနေ့ခေတ် လူတွေရဲ့ အခြေအနေလေးတွေနဲ့ ချိန်ထိုးကြည့်မိပါတယ်။ ဒီနေ့ခေတ် လူတွေကတော့ ဆံပင်ဖြူတစ်ပင်တွေ့လို့ သံဝေဂ ဖြစ်ဖို့နေနေသာ ကိုယ့်ရှေ့မှာကိုပဲ နေ့မြင်ညပျောက် ဖြစ်ဖြစ်သွားကြတဲ့ စည်းစိမ်ဥစ္စာတွေရဲ့ ပျက်စီးမှု၊ အသက်ခန္ဓာတွေရဲ့ ပျက်စီးမှုတွေကို လက်တွေ့မြင်တွေ့ နေရတာတောင် သံဝေဂမဖြစ်ကြပါဘူး။ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်အနီးအနားမှာကိုပဲ တရားပြသွားကြတာတွေ အများကြီးရှိတဲ့အတွက် သံဝေဂယူတတ်မယ်ဆိုရင် အလွယ်တကူယူလို့ ရပေမယ့် သံဝေဂယူဖို့၊ သံဝေဂရဖို့ စိတ်ကူးတောင် မဖြစ်ခဲ့ကြပါဘူး။ လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာ တရားတွေက ဖုံးလွှမ်းထားလေတော့ ဘယ်သူတွေက ဘယ်လောက်ပဲ တရားပြပြ တရားမရကြတဲ့ သဘောရှိပါတယ်။ သံဝေဂယူတတ်မယ်ဆိုရင် ယူဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ့နဲ့ ကြုံတွေ့ကြပေမယ့် ကိုယ်ကိုယ်တိုင်က မယူမိကြတော့ အကုသိုလ်တောထဲပဲ တိုးနေသလို ဖြစ်နေကြပြန်ပါတယ်။

တကယ်တော့ မြင်တတ်မယ်ဆိုရင် လူတိုင်းလူတိုင်းရဲ့ ရှေ့မှာ၊ လူတိုင်းလူတိုင်းရဲ့ ပတ်ဝန်းကျင်မှာ တရားပြသွားကြတာတွေက အများကြီးပါပဲ။ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေဟာ ကိုယ့်ရှေ့မှာပဲ သေကြေပျက်စီး သွားလိုက်ကြတာ မနည်းလှပါဘူး။ ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေ ပျောက်ပျက်သွားတာလည်း မရေတွက်နိုင်ကြသလို နေ့မြင်ညပျောက် ဖြစ်သွားကြတဲ့ သတ္တ၀ါတွေကလည်း နည်းမှာမဟုတ်ပါဘူး။ ကိုယ့်မိသားစု၊ ကိုယ်ဆွေမျိုး ကိုယ့်သားသမီး၊ ကိုယ့်မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများရဲ့ ပျက်စီးမှုတွေဟာ တစ်ခါတလေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတတ်တဲ့ အတွက် သံဝေဂယူတတ်မယ်ဆိုရင် တကယ့်ကို ရစရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သိကားသိ၏ တကယ်မသိလို့ ဆိုသလို သံဝေဂရဖွယ်တွေ ရှိနေကြပေမယ့် ဘာမှမဖြစ်သလို ရှိနေကြပြန်တော့ သံဝေဂမရဘဲ လုပ်မြဲအကုသိုလ် အလုပ်တွေပဲ လုပ်နေကြတော့တာ ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာလည်း အချိန်အတိုအတွင်းမှာကိုပဲ သံဝေဂရဖွယ်တွေ ဆက်တိုက်ဖြစ်ပျက် သွားတာကို သတိထားမိပါတယ်။ စည်းပွားရှာနေကြတဲ့ သူတွေရဲ့ စည်းပွားရေးတွေ အပြောင်းအလဲ ဖြစ်ပြီး ဆုံးရှုံးမှုများနဲ့ ကြုံရတာ၊ ကိုယ့်လူမျိုး အချင်းချင်း ရိုက်ပုတ်ရန်ဖြစ်ကြလို့ ပြန်ကြရတဲ့သူတွေက ပြန်ကြသလို ကျန်ခဲ့ကြတဲ့ သူတွေကလည်း ခံကြရတာ၊ ခံလိုက်ရတဲ့သူတွေက ပြန်ရိုက်ရမှ ကျေနပ်ချင်ကြသလို ပြန်အရိုက်မခံရအောင် လက်ဦးမှု ယူသူတွေကလည်း ယူကြပြန်ပါတယ်။ ယုံကြလို့ ပုံအပ်ကြရာမှ ပုံမကျလို့ ကုန်ကြရသူတွေ ရှိသလို အကုန်မရလို့ သူ့ပုံချ ကိုယ့်ပုံချကြသူတွေလည်း ရှိကြပြန်ပါတယ်။ စည်းစိမ်ဥစ္စာရဲ့ သဘောကလည်း ဘယ်လောက်ပဲရှာရှာ ထိုက်မှရတတ်တဲ့ သဘောကို တွေးမထားမိ၊ ရင်ဆိုင်နိုင်အောင် ပြင်မထားမိတော့ ကြိုးစားပမ်းစား ရှာဖွေထားတာတွေ တစ်နည်းနည်းနဲ့ ပျောက်ပျက်ဆုံးရှုံးသွားကြတဲ့အခါ တုန်လှုပ်ချောက်ခြားပြီး စားမ၀င်အိပ်မပျော် ဖြစ်ကြရသူများ ရှိသလို ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်ဟု အပြစ်ပုံချက ဒေါသူပုံထားသူများလည်း ရှိကြပြန်ပါတယ်။ နောက်ဆုံးတော့ ဒါဟာ စည်းစိမ်ဥစ္စာတွေရဲ့ ပျောက်ဆုံးပျက်စီးတတ်တဲ့ သဘော၊ ထိုက်မှရတယ်ဆိုတဲ့ သဘောကို သတိမပြု၊ သံဝေဂမယူမိကြလို့ပဲ ဖြစ်ပါတယ်။

ပျက်စီးဆုံးရှုံးမှုကတော့ စည်းစိမ်ဥစ္စာတင် မဟုတ်ပါဘူး။ အသက်ခန္ဓာတွေလည်း အချိန်မရွေးပျက်စီး ဆုံးရှုံးနေကြမှာ ဖြစ်ပါတယ်။ ဒီလို အသက်ခန္ဓာတွေရဲ့ ပျက်စီးမှုဟာ ဘယ်အရွယ်မှာ ဖြစ်ရမယ်၊ ဘယ်အချိန်မှာ ဖြစ်ရမယ် စတဲ့ သတ်မှတ်ချက်တွေ မရှိတဲ့အတွက် ငယ်တဲ့သူတွေလည်း သေဆုံးပျက်စီးကြမှာ ဖြစ်သလို၊ အလယ်အလတ်သူတွေ၊ ကြီးတဲ့သူတွေလည်း သေဆုံးပျက်စီးကြမှာ ဖြစ်ပါတယ်။ ပြီးတော့ သေဆုံးကြတဲ့ အခါမှာလည်း အမျိုးမျိုး ရှိပါသေးတယ်။ တစ်ချို့ အသက်အရွယ်ကြီးပြီး သက်တမ်းကုန်လို့ သေကြရပေမယ့် တစ်ချို့ကတော့ သက်တမ်းမစေ့ခင် ကံကုန်လို့ သေကြရသူတွေလည်း ရှိပါတယ်။ တစ်ချို့က သက်တမ်းရော၊ ကံစွမ်းရောကုန်လို့ သေကြေပျက်စီးကြပေမယ့် တစ်ချို့ကျတော့ ရုတ်တရက် ပေါ်ပေါက်လာတဲ့ အဖြစ်အပျက် တစ်ခုခုကြောင့် ထင်မထားတဲ့အချိန်၊ ထင်မထားတဲ့အရွယ်၊ ထင်မထားတဲ့ နေရာမှာ သေဆုံးပျက်စီးကြရ ပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒါဟာ ကျန်ခဲ့တဲ့သူတွေအတွက် သံဝေဂယူမယ်ဆိုရင် ယူချင်စရာ အချက်တွေပဲ ဖြစ်ပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာ ရှိနေကြတဲ့ မြန်မာအချို့ အဲဒီလို ပျက်စီးသေဆုံးမှု အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါသေးတယ်။ တစ်ယောက်က အရက်အသောက်များပြီး ဆိုင်ကယ်စီးရင်း ဆိုင်ကိုင်မှောက်လို့ ဒဏ်ရာအနာတရ ပြင်းထန်စွာရကာ အရေးပေါ်ခန်းထဲ ရောက်ခဲ့ရသလို တစ်ယောက်ကတော့ ဆိုင်ကယ်တခြား၊ လူတခြားဖြစ်ကာ မြောင်းထဲမှာမှောက်ပြီး လူမသိ သူမသိ သေသွားခဲ့ရတဲ့ အဖြစ်အပျက်လေးတွေပါ။ သေသွားတဲ့ သူဆိုရင် မြန်မာပြည်ကိုပြန်ဖို့ အားလုံးစီစဉ်ပြီး၊ အားလုံးပြောဆို နှုတ်ဆက်ပြီး ချိန်ကျမှ မြန်မာပြည်တောင် ပြန်မရောက်နိုင်တော့ဘဲ သူများနိုင်ငံမှာ မှောက်ရင်း ပျောက်သွားခဲ့ရတာ ဖြစ်ပါတယ်။ အကြောင်းတရား ဖန်လာတော့ ဘာမဟုတ်တာလေးတွေနဲ့လည်း ပျက်စီးဆုံးရှုံးကြရခြင်း ဖြစ်ပါတယ်။

ဘာမဟုတ်တာလေးဆိုပေမယ့် သေချာတွေးကြည့်ရင် အဲဒီဘာမဟုတ်တာလေးတွေကို ဟုတ်အောင် လုပ်လိုက်မိတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ဆောင်ချက်ကြောင့်လို့ ဆိုရင် မှားမယ်မထင်ပါဘူး။ ဘယ်သူမပြု မိမိမှု ဆိုသလို ဒီလိုဖြစ်အောင် ကိုယ်ကိုယ်တိုင်ကပဲ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သေသွားတဲ့သူ၊ အရေးပေါ်ခန်းကို ရောက်နေသူတွေဟာ အရက်အလွန်အကျွံသောက်ပြီး ဆိုင်ကယ်စီးခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ဒီလို ပျက်စီးသေဆုံး သွားကြသူတွေကို ပြန်ကြည့်ရင် ကံကုန်လို့ သေရတာထက် ကိုယ်ကိုယ်တိုင် သောက်ပြီး ကိုယ်ကိုယ်တိုင် စီးခဲ့ကြတဲ့ အရက်နဲ့ ဆိုင်ကယ်ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ အရက်မသောက်ဘဲ ဆိုင်ကယ်ကို သတိထား စီးမယ်ဆိုရင် ဒီလို ဖြစ်လာမှာ မဟုတ်နိုင်သလို အရက်သောက်ထားပေမယ့် ဆိုင်ကိုင်မစီးဘဲ သွားခဲ့ရင်လည်း ဒီလို ဖြစ်ချင်မှာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ခုတော့ အရက်လည်းသောက်သေး ဆိုင်ကယ်လည်း စီးလိုက်သေးဆိုတော့ ခုလို မဖြစ်သင့်တဲ့ သေဆုံးပျက်စီးမှုတွေ ဖြစ်ကြရခြင်းပဲ ဖြစ်ပါတယ်။ ဒါတွေ ပြန်ပြောနေရတာဟာ သေသူကို အပြစ်ပုံချလိုတဲ့ သဘောမဟုတ်ဘဲ ကျန်တဲ့သူတွေအနေနဲ့ ဆိုင်ကယ်နဲ့ အရက်ရဲ့ အကျိုးသက်ရောက်မှု အပေါ် သံဝေဂယူစရာ တစ်ခုအနေနဲ့ သတိထားမိစေဖို့ပဲ ဖြစ်ပါတယ်။ အဓိကကတော့ အရက်ကြောင့် ဖြစ်တတ်တဲ့ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ အလွယ်တကူ မဖြစ်အောင် သတိပြု ဆင်ခြင်စေလိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

အခုလို ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာ ဆက်တိုက်ဆိုသလို ပျက်စီးဆုံးရှုံးမှုတွေ၊ ဒုက္ခသုက္ခကြုံရမှုတွေ၊ သေကြေပျက်သုဉ်းမှုတွေ ကြုံနေရတာတွေကြောင့် တစ်လောကတောင် ကျောင်းကိုရောက်လာတဲ့ ဒကာတစ်ယောက်က “အရှင်ဘုရား အန္တရာယ်ကင်း ပရိတ်လေးဘာလေးရွတ်ရင် မကောင်းဘူးလား ဘုရား…”လို့ လျှောက်ပါသေးတယ်။ ဒီတော့ ဘုန်းဘုန်းက သူ့ကို “အင်း… အန္တရာယ်ကင်း ပရိတ်ရွတ်တာ ကောင်းတော့ကောင်းပါတယ် ဒကာရေ…၊ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က အန္တရာယ်ကို ဖြစ်စေနိုင်တဲ့ အသောက်အစား၊ အပျော်အပါး၊ အလောင်းအစား၊ အကုသိုလ် အလုပ်တွေကို ဆင်ဆင်ခြင်ခြင်မရှိဘဲ ပျော်ပျော်ပါးပါး စိတ်လွတ်ကိုယ်လွတ် လုပ်နေလို့ကတော့ ပရိတ်ပဋ္ဌာန်း ရွတ်လည်း ရွတ်တာပါပဲ၊ အဲဒီအခိုက်မှာ ကုသိုလ်ဖြစ်နိုင်ပေမယ့် ကိုယ်ကိုယ်တိုင် လုပ်နေတဲ့ အန္တရာယ်တွေကို မဖြတ်နိုင်သေးသမျှတော့ အန္တရာယ်တွေက ရောက်လာနေဦးမှာပဲ ဖြစ်ပါတယ်၊ ဒကာတို့ သေချာတွေးကြည့်ပါ အခုဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေမှာ မမြင်ရတဲ့ သရဲတစ္ဆေ စုန်းကဝေတွေက လုပ်လို့ သေကြေပျက်စီးခဲ့ကြ ရတာတွေ မဟုတ်ပါဘူး၊ ကိုယ်ကိုယ်တိုင် လုပ်ကြတဲ့ အသောက်အစား၊ အကုသိုလ်တရားတွေနဲ့ မဆင်မခြင် ထင်သလို လုပ်ခဲ့မှုတွေကြောင့်ပဲ ဖြစ်ပါတယ်၊ ဒါတွေကို ပြင်ပြီး ကုသိုလ်တွေနဲ့ဆင်မှ အန္တရာယ်ဆိုတာ ကင်းလာမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဘုန်းကြီးပင့်ပြီး အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်တာလည်း ရွတ်ပေါ့၊ တစ်ဘက်ကလည်း ကိုယ်လုပ်နေတဲ့ မကောင်းတဲ့အလုပ်တွေကို ဖြတ်နိုင်အောင် လုပ်တာတွေလည်း လုပ်ကြပေါ့၊ အဲဒီလို လုပ်နိုင်ပြီး ကုသိုလ်လေးတွေနဲ့ ထုံလွှမ်းထားနိုင်မယ်ဆိုရင် ပရိတ်ပဋ္ဌာန်းတွေရဲ့ အစွမ်းတွေက ပိုလို့အကျိုးသက်ရောက်မှုကို ဖြစ်စေမှာပေါ့နော်…” စသဖြင့် ပြန်ပြောဖြစ်ခဲ့ပါသေးတယ်။ ပြီးတော့ ဘုန်းဘုန်းကဆက်ပြီး “ဒကာတို့လည်း ခုလို ဒကာတို့ ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့တာလေးတွေကို သင်ခန်းစာနဲ့ သံဝေဂယူပြီး ကိုယ်ကိုယ်တိုင် အဲဒီလို မလိုအပ်တဲ့ ပျက်စီးဆုံရှုံးမှုတွေ မဖြစ်ရအောင် အရက်နဲ့ဆိုင်ကယ်ကိုတော့ အထူးဆင်ခြင်ဖို့တော့ လိုပါတယ်…” လို့ သတိပေး ဖြစ်လိုက်ပါသေးတယ်။

ထားပါတော့။ ဆိုလိုတာက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်ခဲ့ကြတဲ့ မြန်ဆန်လှတဲ့ အဖြစ်အပျက်တွေကို သံဝေဂယူပြီး ဆင်ခြင်ကြဖို့ပဲ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာတွေနဲ့ အသက်အိုးအိမ် ဆိုတာတွေဟာ နေ့မြင်ညပျောက် ဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ရှိနေတဲ့အချိန် မြင်နေတဲ့အချိန်မှာ အကောင်းဆုံး အသုံးချနိုင်အောင် ကြိုးစားကြဖို့ပဲ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေ ကိုယ့်ထံကို ရောက်မလာခင် ကိုယ့်ရှေ့မှာ ဖြစ်ပျက်သွားတာတွေကို သံဝေဂယူပြီး ကြိုတင်ပြင်ဆင် ကာကွယ်ထားဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အသက်နဲ့ စည်းစိမ်ဥစ္စာတွေကို ဉာဏ်နဲ့ဆင်ခြင်ကာ ကံနဲ့ပြင်ပြီး ရနိုင်သမျှ ထိန်းသိမ်းစောင့်ရှောက်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် သံဝေဂဆိုတာ ယူတတ်ရင် ဘ၀အတွက် အကောင်းဘက်ကို ဦးတည်သွားစေပြီး လွတ်မြောက်မှုအထိ အထောက်အပံ့ ပေးစေနိုင်တဲ့အတွက် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်တွေမှာရော အချိန်မရွေး သေဆုံးပျက်စီးသွားကြတဲ့ အသက်အိုးအိမ် စည်းစိမ်ဥစ္စာတွေရဲ့ ဆုံးရှုံးပျက်စီးမှုများကို သတိတရားနဲ့ သံဝေဂပွားကာ အဲဒီပျက်စီးဆုံးရှုံးမှုများ ကိုယ့်ထံကိုရောက်မလာခင်၊ ရောက်လာရင်လည်း ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားကြဖို့နဲ့ ပျက်စီးဆုံးရှုံးမှုများအပေါ် တကယ့်ကို လွတ်မြောက်လိုတဲ့ စိတ်ထားနဲ့ သံဝေဂဉာဏ်ပွားနိုင်ကြဖို့ သံဝေဂယူနိုင်စရာ သဘောတရားလေးများကို ရေးသားတင်ပြရင်း “သံဝေဂယူတတ်မယ်ဆိုရင်ဖြင့်…” ဆိုတဲ့ သတိပေးဆောင်းပါးလေးကို ကရုဏာထား မေတ္တာအားဖြင့် တစ်ဆင့်ပါးလိုက်ရပါတယ်။ အားလုံးစစ်မှန်တဲ့ သံဝေဂဉာဏ်များ ဖြစ်ပွားနိုင်ကြပါစေ…။

Read more »

တော်သလင်းလပြည့်နေ့ (သို့) ဂရုဓမ္မအခါတော်နေ့….

မြန်မာတို့ရဲ့ လ ၁၂လကို ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်များနဲ့ ထူးခြားစွာ သတ်မှတ်ထားကြရာမှာ တော်သလင်းလရဲ့ လပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့အဖြစ် သတ်မှတ်ချက်ဟာလည်း တစ်ခုအပါအ၀င်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် တော်သလင်းလပြည့်နေ့ ဖြစ်တဲ့ ဒီနေ့ကို ဘာသာရေးဆိုင်ရာ နေ့အဖြစ် ဂရုဓမ္မ အခါတော်နေ့လို့ ပြောဆိုသုံးနှုန်းကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ဟောကြားတော်မူခဲ့တဲ့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော်တွေထဲက ကုရုဓမ္မဇာတကကို အကြောင်းပြုပြီး တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့လို့ သတ်မှတ်ကြခြင်းဖြစ်ပါတယ်။ မူရင်းစကားမှာ ကုရုဓမ္မဖြစ်ပြီး နောက်ပိုင်းဝေါဟာရ အပြောင်းအလဲတစ်ခု အနေနဲ့ ဂရုဓမ္မလို့ ပြောဆိုကြခြင်း ဖြစ်ပါတယ်။

အဋ္ဌကထာများမှာတော့ ကုရုတိုင်းသားတို့ ကျင့်သုံးတဲ့ တရားဖြစ်တဲ့အတွက် ကုရုဓမ္မလို့ ဆိုခြင်းဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကုရုဓမ္မခေါ် ဂရုဓမ္မဆိုတာ ပဉ္စသီလ ခေါ် ငါးပါးသီလကို ဆိုခြင်းပဲ ဖြစ်ပါတယ်။ အတိတ်ဘ၀တစ်ခုမှာ ဘုရားလောင်းဟာ ဣန္ဒပတ္တနဂိုရ်ပြည်ရဲ့ ကောရဗျဘုရင်အဖြစ် အုပ်ချုပ်စဉ်အခါက တိုင်းပြည်တစ်ပြည်လုံးကို ငါးပါးသီလစောင့်ထိန်းဖို့ ညွှန်ကြားပြီး သီလတရားနဲ့ ပြည့်စုံစေပါတယ်။ တစ်တိုင်းပြည်လုံး ပဉ္စသီလကို လုံခြုံအောင် စောင့်ထိန်းကြတဲ့အတွက် အဲဒီတိုင်းပြည်မှာ မိုးလေ၀သ မှန်ကန်ပြီး ကောက်ပဲသီးနှံနဲ့ ဆန်ရေစပါး ပေါများကာ တိုင်းသူပြည်သားတွေဟာ အေးအေးချမ်းချမ်း ငြိမ်းချမ်းတည်ငြိမ်တဲ့အပြင် သီလလုံခြုံကြတဲ့အတွက် အသက်ရှည်ပြီး ရောဂါဘယများလည်း ကင်းဝေးကြပါတယ်။ အဲဒီအချိန်မှာ တစ်ဘက်မှာရှိတဲ့ ကာလိင်္ဂမင်း အုပ်ချုပ်တဲ့ ဒန္တပူရပြည်မှာတော့ မိုးခေါင်ရေရှားဖြစ်ကာ ဆန်ရေစပါးရှားပါပြီး တိုင်းသူပြည်သားတွေဟာလည်း ဒုက္ခအမျိုးမျိုး ကြုံနေရပါတယ်။ ဒီတော့ ကလိင်္ဂမင်းဟာ ကောရဗျမင်းရဲ့ တိုင်းပြည်အခြေအနေကို စုံစမ်းပြီး ကောရဗျမင်း ကျင့်သုံးတဲ့ ကုရုဓမ္မကို လိုက်နာကျင့်သုံးစေကာ မိမိတိုင်းသူပြည်သားတွေကိုလည်း သီလနဲ့ ပြည့်စုံစေပါတယ်။ ဒီလို ကုရုဓမ္မကို ကျင့်သုံးတဲ့အတွက် ကလိင်္ဂမင်းရဲ့ တိုင်းပြည်မှာလည်း မိုးလေ၀သမှန်ကန်ကာ တိုင်းပြည်လည်း ငြိမ်းချမ်းသာယာ လာခဲ့ပါတယ်။ ဒါဟာ ကရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံစောင့်ထိန်းစေလို့ပဲ ဖြစ်ပါတယ်။ ဒါက ကုရုဓမ္မဇာတ်တော်ရဲ့ အနှစ်ချုပ်ပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး မြန်မာဗုဒ္ဓဘာသာများဟာလည်း ဆန်ရေစပါး စိုက်ပျိုးရာဖြစ်တဲ့ မိုးရာသီရဲ့ တော်သလင်းလမှာ မိုးလေ၀သ မှန်ကန်စေဖို့နဲ့ ဗုဒ္ဓဘာသာတွေ အနေနဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို အလေးထားပြီး စောင့်ထိန်းစေဖို့ တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မအခါတော်နေ့ အဖြစ် နေ့ထူးနေ့မြတ်တစ်ခု သတ်မှတ်ကြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး တရားက ဂရုဓမ္မ တရားပဲ ဖြစ်ပါတယ်။ ငါးပါးသီလရဲ့ အစွမ်းထက်မြက်မှုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်း အနည်းဆုံး သူ့အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တာ၊ သူ့ဥစ္စာခိုးခြင်းမှ ရှောင်ကြဉ်တာ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုများမှ ရှောင်ကြဉ်တာ၊ လိမ်ညာပြောဆိုတာတွေမှ ရှောင်ကြဉ်တာ၊ အရက်သေစာ မူးယဇ်ဆေးဝါး သောက်စားသုံးစွဲတာတွေမှ ရှောင်ကြဉ်တာတွေကို ပျောက်ပြက်မှုမရှိအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ကြမယ်ဆိုရင် တစ်ဦးချင်းရဲ့ စိတ်အစဉ်မှာ ငြိမ်းချမ်းနေပြီး အချင်းချင်း နှိပ်စက်ခြင်းတွေ ကင်းနေကြမှာ ဖြစ်ပါတယ်။ တစ်ခုချင်းရဲ့ စိတ်အစဉ်မှာ သီလတွေနဲ့ ထိန်းသိမ်းလို့ ငြိမ်းနေကြမယ်ဆိုရင် အဲဒီနိုင်ငံ၊ အဲဒီလူမျိုးတွေကို စောင့်ရှောက်ကြတဲ့ နတ်ဒေ၀တာတွေဟာလည်း စောင့်ရှောက်မှု အားကောင်းပြီး အဆိုးတွေမဖြစ်အောင် မစကြမှာဖြစ်ပါတယ်။ သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များရဲ့ အစောင့်အရှောက်ကို ခံကြရတဲ့ တိုင်းပြည်ဟာ မိုးလေ၀သ ရာသီဥတုမှအစ ကောင်းမွန်မှန်ကန်ပြီး ရာသီဥတု မှန်တဲ့အတွက် စိုက်ပျိုးရတဲ့ သီးနှံစပါးဟာလည်း ဖွံ့ဖြိုးတိုးတက်ကာ စားဝတ်နေရေးမှ အစ အစစအရာရာ ငြိမ်းချမ်းသာယာ နေကြမှာ ဖြစ်ပါတယ်။ ဒါဟာ အခြေခံဖြစ်တဲ့ ဂရုဓမ္မခေါ် ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းနေထိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောရှိတဲ့အတွက် အကြောင်းကောင်းရင် အကျိုးလည်းကောင်းမှာဖြစ်လို့ အကျိုးပေးကောင်းချင်သူတွေ အနေနဲ့ အကြောင်းကောင်းအောင် လုပ်ကြဖို့နဲ့ တစ်ဦးချင်းရဲ့ အကြောင်းတွေ ကောင်းနေရင် တစ်ဦးချင်းရဲ့ အကျိုးလည်းကောင်းနေပြီး အကြောင်းကောင်းသူ တစ်ဦးချင်း ပေါင်းထားတဲ့ အများဟာလည်း အကျိုးကောင်းတဲ့ အစုအဖွဲ့ ဖြစ်လာမှာဖြစ်ကာ အစုအဖွဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာ တိုးတက်ဝပြောနေမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းကောင်းဆိုတဲ့ ဂရုဓမ္မလို တရားများကို ကြိုးစားကျင့်ကြံနေထိုင်ခြင်းဖြင့် အကျိုးကောင်းအောင် အားထုတ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဂရုဓမ္မခေါ် ငါးပါးသီလကို အခြေခံ အဆင့်အနေနဲ့ တည်တံ့အောင် ကြိုးစားပြီး အမြတ်ဆုံးပန်းတိုင်ကို လှမ်းကိုင်နိုင်အောင် အားထုတ်ကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အကျင့်တရားတွေ အားနည်းပြီး သီလတရားတွေ လျော့ရဲလာတဲ့ ဒီနေ့လို ခေတ်ကြီးမှာ အများမိုးခါးရေ သောက်လို့ ကိုယ်လည်းလိုက်သောက်တဲ့ ပုံစံမျိုး မဖြစ်စေကြဘဲ အများမလုပ်နိုင်တဲ့ အလုပ်ကို တစ်ဦးချင်း အရင်ကြိုးစား လုပ်ကိုင်ရင်း အများအားဖြစ်လာအောင် အားထုတ်တဲ့အနေနဲ့ လူပဲဖြစ်ဖြစ်၊ ရဟန်းပဲ ဖြစ်ဖြစ် ဆိုင်ရာဆိုင်ရာ အခြေခံအဆင့် သီလများကို လုံခြုံအောင် စောင့်ထိန်းကြဖို့၊ လူတွေအနေနဲ့ တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မ တရားတွေ ထွန်းကားလာအောင် နေ့စဉ်စောင့်ထိန်းရမယ့် ငါးပါးသီလကို လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားကြဖို့၊ ဒီလို တစ်ဦးချင်းရဲ့ သန္တာန်မှာ ဂရုဓမ္မတွေ ထွန်းကားလာမယ်ဆိုရင် အဲဒီသူ၊ အဲဒီမိသားစု၊ အဲဒီလူမျိုး၊ အဲဒီတိုင်းပြည်ဟာ အမှန်တကယ် ငြိမ်းချမ်းသာယာ ၀ပြောလာမှာ ဖြစ်လို့ ဘာပဲဖြစ်ဖြစ် အနည်းဆုံး ဒီဂရုဓမ္မကိုတော့ အတတ်နိုင်ဆုံး လုံခြုံကြစေဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ ဂရုဓမ္မတရားတွေ များများထွန်းကားလေ ကမ္ဘာလောကကြီး ငြိမ်းချမ်းလေ ဖြစ်မယ်ဆိုတာ အသေအချာပဲ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း ဂရုဓမ္မအခါတော်နေ့ရဲ့ ထူးခြားမှုတစ်ခုအဖြစ် အသိပေးတင်ပြရင်း ဗုဒ္ဓဘာသာတွေအတွက် အနည်းဆုံး အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံခြုံအောင် ကျင့်သုံးကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ဒါန၏ အားသာချက်…

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။
သုမန
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘ၀မှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”

သုမန
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘ၀မှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”

ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။

ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့သြဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရ၀မ်းသာ လျှောက်ထား၏။

ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။

“လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။

လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောက၀ယ် နတ်ပြည်လောက၌ ၀မ်းမြောက်ရလေသတည်း..”

(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမန၀ဂ်၊ သုမနသုတ်ကို ကိုးကား၍ နားလည်လွယ်စေရန် ပြန်လည်ရေးသား တင်ပြပါသည်။)

Read more »

Live Questions and Answers (10)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

13 Sep 10, 12:30 AM
ထက်
(၁) တပည့်တော် သိတဲ့သူ အချို့က 'သူတပါးအပေါ် မကောင်းတာ မလုပ်ဖူး' ဆိုတာနဲ့တင် ပြီးနေပါတယ် ဘုရား။ ဒါနကတော့ လုပ်ပါတယ် ဘုရား။ သီလကတော့ ငါးပါးသီလပါ အထူးတလည်တော့ မစောင့်ပါဘူး ဘုရား။ ဘာဝနာကတော့ ပုတီးစိပ် ဂုဏ်တော်ပွါးပါတယ် ဘုရား။ ဝိပဿနာ တရား မနာ အားမထုတ်ပါ ဘုရား။ လူကြီးတွေဆိုတော့ စိတ်ဆိုးမှာစိုးတာ ပြောရခက်ပါတယ် ဘုရား။ အနည်းဆုံး စိတ်ထားမှန် အယူမှန်စေချင် ပါတယ်ဘုရား...။

မနာပဒါယီ>>>ထက်
(၁) ၀ိပဿနာ ဘာဝနာကို ပွားများအားထုတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့က ပင်ကိုယ်သဒ္ဓါတရားရယ်၊ ပါရမီရယ်တွေကြောင့် ၀ိပဿနာတရား အားထုတ်တာထက် တစ်ခြားကုသိုလ်တွေကို လုပ်ရတာ ပိုဝါသနာ ပါလေ့ရှိပါတယ်။ အဲဒီလို အခါမျိုးမှာ ကိုယ့်အနေနဲ့ကတော့ ၀ိပဿနာ ဘာဝနာအားထုတ်ဖို့ တိုက်တွန်းတဲ့အခါ ကိုယ့်ကိုယ်တိုင်လည်း အပြစ်မဖြစ်အောင် လူကြီးသူမတွေလည်း အကုသိုလ် မဖြစ်အောင် အတတ်ဆုံး သင့်လျော်သလို တိုက်တွန်းပြောဆို လုပ်ဆောင်တာ ကောင်းပါတယ်။ တစ်ခါတစ်လေ အချိန်အခါမသင့်၊ ကျွတ်ချိန်မသင့်သေးရင်လည်း ဘယ်သူက ဘယ်လောက်ပြောပြော မရတတ်ဘဲ သူ့အချိန်ကျရင် သူ့အလိုလို ပြောင်းလဲလာတတ်တာတွေ ရှိတတ်တဲ့အတွက် တိုက်တွန်းတဲ့ကိုယ်ကပဲ နှစ်ဘက်အပြစ်မဖြစ်အောင် လုပ်ဆောင်သင့်ပါတယ်။ တဖက်ကပြန်ကြည့်တော့လည်း ၀ိပဿနာ တရားသာ အားမထုတ်တာ ကျန်တဲ့ ကံငါးပါးလုံတာတို့၊ မကောင်းမှု မလုပ်တာတို့၊ ဂုဏ်တော်ပွားတာတို့ လုပ်လေ့ရှိတဲ့အတွက် ဒီဘ၀မှာ တရားထူး မရနိုင်ပေမယ့် သံသရာမှာ သုဂတိဘ၀မှာ ဖြစ်ဖို့ အားတွေအများကြီး ဖြစ်စေတဲ့အတွက် ဖြေမယ်ဆိုရင် ဖြေလို့ရပါတယ်။ ဘယ်သူတွေ ဘယ်လောက်ပဲ တိုက်တွန်းပါစေ ကာယကံရှင်ကိုယ်တိုင်က အဓိကပဲ ဖြစ်တဲ့အတွက် တိုက်တွန်းပြုပြင်သူ အနေနဲ့ကတော့ စွမ်းနိုင်သလောက်နဲ့ပဲ ကျေနပ်နိုင်အောင် ကြိုးစားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ထက်
(၂) တပည့်တော်ကလည်း ခုမှ တရားနာဖြစ်ရုံပါဘုရား။ မှန်မှန်အားထုတ်ဖြစ်အောင် သတိထားပြီး ကြိုးစားနေပါတယ် ဘုရား။ တပည့်တော်တို့ တရားနာ အားထုတ်တဲ့အခါ တပါးသူတွေ အကုသိုလ်မဖြစ်အောင် ဘယ်လိုရှောင်ပြီး ပြောဆိုသင့်ပါသလဲဘုရား...။

မနာပဒါယီ>>>ထက်
(၂) တရားနာ၊ တရားအားထုတ်တာ သူများတွေ အကုသိုလ် မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာထက် ကိုယ့်ကိုယ်ကို အကုသိုလ်မဖြစ်အောင် အရင်လုပ်ကြည့်သင့်ပါတယ်။ သူများကို ဂရုစိုက်တာထက် ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ပိုကောင်းပါတယ်။ သူများကို ပြင်တာထက် ကိုယ့်ကိုယ်ကို အရင်ပြင်တာက ပိုသင့်ပါတယ်။ တရားအားထုတ်တဲ့အတွက် သူများတွေက ဘယ်လိုပဲ ပြောဆိုနေထိုင် ဆက်ဆံကြပါစေ ကိုယ်ကိုယ်တိုင်က အဲဒါတွေ အပေါ်မှာ လိုက်ပြီး အကုသိုလ် မဖြစ်မိစေဖို့၊ ဘာပဲဖြစ်ဖြစ် သီးခံနိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။ တရားအားမထုတ်ခင်က ကိုယ့်ရဲ့အမူအရာတွေကို တရားအားထုတ်ပြီးတဲ့နောက် ပြောင်းနိုင်အောင် ကိုယ့်ကိုယ်ကို အရင်ကြိုးစားကြည့်သင့်ပါတယ်။ တရားအားထုတ်ကြည့်တဲ့ နောက်ပိုင်း ကိုယ့်ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေဟာ သိသိသာသာ ပြောင်းလဲနူးညံ့လာတယ်၊ အရင်က ဖြစ်တတ်တဲ့ မကောင်းတဲ့ အမူအကျင့်လေးတွေကို ထိန်းသိမ်းလာနိုင်တယ်ဆိုရင် ကိုယ့်ကိုကြည့်တဲ့ သူတပါးတွေကလည်း အလိုလို ပြောင်းလဲလာပါလိမ့်မယ်။ ကိုယ်က အမှန်အကန် နူးညံ့ပျော့ပြောင်းလာတဲ့သူ ဖြစ်လာတယ်ဆိုရင် သူတပါးတွေကလည်း ကိုယ့်ကိုကြည့်ပြီး အကုသိုလ်ဖြစ်ကြမှာ မဟုတ်ကြပါဘူး။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ပြုပြင်ကြည့်လို့မှ သူတပါးတွေက မပြောင်းဘဲ ရှိနေတယ်ဆိုတော့ သဗ္ဗေသတ္တာ ကမ္မဿကာလို့ပဲ သဘောထားရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် အကုသိုလ် မဖြစ်မိဖို့ပဲ ဖြစ်ပါတယ်။

ထက်
(၃) ပဋိစ္စသမုပ္ပါဒ်သဘောကို နားမလည်ရင် မိစ္ဆာဒိဋ္ဌိလို့ ခေါ်တာလား ဘုရား တရား သံဃာ အပြင်တခြား ယုံကြည်တာကို မိစ္ဆာဒိဋ္ဌိလို့ခေါ်တာလား ဘုရား။ မိစ္ဆာ ဒိဋ္ဌိဆိုတာ ရှင်းပြပေးပါဘုရား။

မနာပဒါယီ>>>ထက်
(၃) မိစ္ဆာဒိဋ္ဌိဆိုတာ မှားယွင်းဖောက်ပြန်ပြီး မြင်တာကို ပြောတာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ကံကံရဲ့ အကျိုးကိုပယ်ပြီး လွဲမှားစွာ ယုံကြည်မှုလို့ နားလည်ထားနိုင်ပါတယ်။ နဲနဲချဲ့ပြောမယ်ဆိုရင် ခန္ဓငါးပါးမှာ တစ်ပါးပါးကို အတ္တဟု စွဲလမ်းတတ်တဲ့ သက္ကာယဒိဋ္ဌိလို အယူမျိုး၊ နောက်နောက်ဘ၀၌ အကျိုးမရှိဟု အကျိုးဝိပါက်ကို တားမြစ်လေ့ရှိတဲ့ နတ္ထိကဒိဋ္ဌိလို အယူမျိုး၊ သတ္တ၀ါတွေဟာ သေရင်ပြတ်ပြီ ဘာမှ မရှိတော့ဘူးလို့ အယူရှိတဲ့ ဥစ္ဆေဒဒိဋ္ဌိလို အယူမျိုး၊ အကြောင်းလည်းမရှိ အကျိုးလည်းမရှိဟု အကြောင်းအကျိုး နှစ်မျိုးလုံးကို တိုက်ရိုက်ပယ်တဲ့ အဟေတုကဒိဋ္ဌိလို အယူမျိုး၊ ကောင်းမှု မကောင်းမှုကို ပြုသော်လည်း ပြုအပ်သည်မမည်၊ ပြုရာမရောက်လို့ အကြောင်ကံကို တားမြစ်တတ်တဲ့ အကြိယဒိဋ္ဌိလို အယူမျိုးကို မိစ္ဆာဒိဋ္ဌိ အယူလို့ ပြောတာဖြစ်ပါတယ်။ စာပေမှာတော့ ဒိဋ္ဌိအမျိုးမျိုးကို ဖွင့်ပြထားပေမယ့် အဓိက ကမ္မပထမြောက်တဲ့ အယူတွေကတော့ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိသုံးမျိုးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုအကြောင်းအကျိုး၊ ကံကံရဲ့ အကျိုးတွေကို ပယ်တဲ့အယူဝါဒမျိုးကို ဒီနေရာမှာ မိစ္ဆာဒိဋ္ဌိလို့ ဆိုခြင်းဖြစ်ပါတယ်။

ထက်
(၄) အရှင်ဘုရား တပည့်တော် အလုပ်အားတဲ့အခါ အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင် ဝိပဿနာလား သတိပဋ္ဌာန်လား ဘုရား။ ဘယ်လို ကွဲလဲ ဆိုတာ ရှင်းပြပေးပါ ဘုရား...။

မနာပဒါယီ>>>ထက်
(၄) ၀ိပဿနာနဲ့ သတိပဋ္ဌာန်ဆိုတာ ဝေါဟာရ အသုံးအနှုန်းပဲ ကွဲပြားတာ ဖြစ်ပါတယ်။ ဆိုလိုရင်းအဓိပ္ပါယ်က အတူတူပါပဲ။ သတိပဋ္ဌာနသုတ်မှာ လာတဲ့နည်းအတိုင်း ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်တွေကို အရှိအတိုင်း အမှတ်သတိ မလွတ်စေဘဲ ရှုမှတ်ပွားများနေတာကိုပဲ ၀ိပဿနာ ရှုမှတ်တယ်လို့ ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့က ဒီလိုတရားအားထုတ်တာကို သတိပဋ္ဌာန် ၀ိပဿနာနည်းလို့ ဆိုကြတာ ဖြစ်ပါတယ်။ ဝေါဟာရ အဓိပ္ပါယ်အရ ပြောမယ်ဆိုရင်တော့ ၀ိပဿနာဆိုတာ အထူးထူးအပြားပြား မြင်တာကြည့်တာ ရှုမှတ်တာ၊ တစ်နည်းအားဖြင့် ရုပ်နာမ်တရားတွေကို အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရှုမှတ်တာလို့ အဓိပ္ပါယ်ရပြီး သတိပဋ္ဌာန် ဆိုတာကတော့ သတိကပ်ပြီးတည်တာ၊ သတိမလွတ်တာ၊ သတိကို ကောင်းစွာဆောက်တည်တာလို့ အဓိပ္ပါယ်ရပါတယ်။ အာရုံအမျိုးမျိုးကို မြင်တယ်ကြည့်တယ်ဆိုတာ သတိရှိမှ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်သလို ရုပ်နာမ်မှာ ဖြစ်ပျက်တာတွေကို ကြည့်ဖို့ဆိုတာလည်း သတိကို ကောင်းစွာဆောက်တည်မှသာ မြင်နိုင်ကြည့်နိုင်မှာ ဖြစ်တဲ့အတွက် အချုပ်ပြောရင် ၀ိပဿနာပဲ ဖြစ်ဖြစ်၊ သတိပဋ္ဌာန်ပဲ ဖြစ်ဖြစ် ရုပ်နာမ်တို့ရဲ့ အဖြစ်အပျက်ကို ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်မှာ အရှိအတိုင်း သတိနဲ့ လိုက်လိုက်ပြီး သိမှတ်ပေးနေမှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ ပြောချင်တာကတော့ မေးခွန်းရှင်မေးသလို အသံကြားတာ မြင်တာ လှုပ်ရှားတာ စိတ်မှာစဉ်းစားတာဖြစ်ဖြစ် ဖြစ်ပြီး ပျက်သွား ဆင်ခြင်ရင်တာတွေဟာ သတိပဋ္ဌာန်လို့ ဆိုလည်းဖြစ်သလို ၀ိပဿနာလို့လည်း ဆိုလည်းရတဲ့ သတိပဋ္ဌာန် ၀ိပဿနာနည်းပဲ ဖြစ်တယ်ဆိုတာပါပဲ။

ထက်
(၅) အရှင်ဘုရား လူကြီးမိဘတွေကို တရားအားထုတ်ဖို့ တရားနာဖို့ကို သိရဲ့နဲ့ မပြောရင် ပြောလို့မရရင် မပြောတော့ဘူးဆိုရင် ကျေးဇူးမဆပ်ရာရောက် ပါသလားဘုရား။ စိတ်စေတနာက အဓိကဆိုပေမယ့် အပြောမတတ်တော့ တပည့်တော်ရော လူကြီးတွေပါ အကုသိုလ်ဖြစ်မှာ စိုးပါတယ် ဘုရား...။

မနာပဒါယီ>>>ထက်
(၅) မိဘကျေးဇူးဆပ်နည်း အမျိုးမျိုး ရှိတဲ့အထဲမှာ တရားနဲ့ ကျေးဇူးဆပ်ခြင်းကတော့ အကောင်းဆုံး နည်းပဲဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ မိဘတွေက ပင်ကိုယ် ဓာတ်ခံက သဒ္ဓါတရား နည်းတတ်သလို၊ ပါရမီလည်း နည်းတတ်တဲ့အတွက် တရားနဲ့ ပတ်သက်ပြီး ပြောမရတာတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ သားသမီးက ဘယ်လိုပဲပြောပြော နားမ၀င်တတ်ဘဲ ကြာရင်အပြစ်တောင် ဖြစ်တတ်ပါတယ်။ သူတို့ကိုယ်တိုင် အချိန်ကျလာလို့ သိလာမှပဲ အကျိုးသက်ရောက်မှု ရှိမှာပါ။ ကိုယ့်အနေနဲ့ကတော့ ကုသိုလ်လုပ်ဖြစ်အောင်၊ တရားအားထုတ်ဖြစ်အောင် တစ်ဘက်တစ်လမ်းကပဲ တိုက်တွန်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလို တရားနဲ့ ပတ်သက်ပြီး ကျေးဇူးမဆပ်နိုင်တဲ့ အတွက် မိဘကျေးဇူးကို ဆပ်ရာမရောက်ဘူးလို့ ပြောလို့ မရပါဘူး။ သားသမီးဝတ်တရားနဲ့ အညီပံ့ပိုး လုပ်ဆောင်ပေးနေတာလည်း လောကကြောင်းအရ ကျေးဇူးဆပ်တာလို့ ပြောနိုင်ပါတယ်။ မိဘကျေးဇူးကို အကျေဆပ်ဖို့ကတော့ တရားနဲ့ ဆပ်မှပဲ ကျေနိုင်တယ်လို့ ပြောလို့ရပေမယ့် တစ်ခြားလောကကြောင်းအရ လိုအပ်သလို ပြုစုလုပ်ကျွေး ဆောင်ရွက်ပေးတာတွေလည်း ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ တရားဘာဝနာ အားထုတ်ဖို့ မပြောနိုင်ပေမယ့် ဒါနလုပ်နိုင်အောင် သီလဆောက်တည်နိုင်အောင် တခြားကုသိုလ် တစ်မျိုးမျိုး လုပ်နိုင်အောင် ပံ့ပိုးထောက်ပံ့ပေးတာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေကိုကြည့်ပြီး လောကကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ လောကကြောင်းအရ ကျေးဇူးဆပ်ပြီး ဓမ္မကြောင်းအရ ကျေးဇူးဆပ်လို့ရတဲ့အခါ ဓမ္မကြောင်းအရ ကျေးဇူးဆပ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

Read more »

ရွှေသဘောနဲ့ ရွှေမနော…

မြန်မာအများစုဟာ ရွှေကို သဘောကျ နှစ်သက်လေ့ရှိပါတယ်။ ဒါကြောင့်လည်း ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အမြဲရွှေနဲ့ တင်စားပြီး ပြောဆိုလေ့ရှိတာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်ပရောက် မြန်မာအများဟာ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနဲ့ ပတ်သက်ရင် “ရွှေမြန်မာ၊ ရွှေလူမျိုး၊ ရွှေညီအစ်ကို” စသဖြင့် တင်စားပြောဆိုလေ့ ရှိပါတယ်။ အနေစုပ်ပေမယ့် ရွှေထုတ်တဲ့ မြပ၀ါဆိုသလို တိုင်းပြည်မွဲ၊ လူမွဲဖြစ်နေကြပေမယ့် ကိုယ့်ကိုယ်ကို တင်စား ပြောဆိုကြတာ တွေကတော့ မမွဲကြပါဘူး။ ခက်တာက အပြောတခြား အလုပ်တခြား ဖြစ်နေပြီး ရွှေစိတ်တွေ မွဲနေတာ၊ ရွှေစိတ်တွေ ပျောက်နေကြတာပဲ ဖြစ်ပါတယ်။ ရွှေအစစ်မဖြစ်ဘဲ ရွှေညစ်တွေ ဖြစ်နေပြန်တော့ ရွှေရဲ့တန်ဘိုးလည်း ကျနေကြသလို ရွှေညစ်တွေနဲ့ ရှိနေတဲ့ စိတ်ဟာလည်း ရွှေစိတ်မဟုတ်တော့ဘဲ အညစ်အကြေး အပြည့်နဲ့ ရွှံ့စိတ်တွေ ဖြစ်နေပြန်ပါတယ်။ ရွှေအစစ်ဆိုတာ အညစ်အကြေးကင်းမှ တောက်ပလာမှာ ဖြစ်သလို မြန်မာတစ်ဦးချင်းရဲ့ မနောလို့ခေါ်တဲ့ စိတ်မှာလည်း အညစ်အကြေးကင်းမှ သန့်ရှင်းကြည်လင်ကာ ရွှေမနောလို့ခေါ်တဲ့ ရွှေစိတ်ရှိတဲ့ ရွှေမြန်မာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အညစ်အကြေးကင်းတဲ့ ရွှေနဲ့ အညစ်အကြေကင်းတဲ့ စိတ် ပေါင်းစပ်နိုင်မှသာ သန့်စင်တောက်ပတဲ့ ရွှေစိတ်တွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဒီလို ရွှေစိတ်တွေရှိမှလည်း ရွှေမြန်မာဆိုတဲ့ အခေါ်အဝေါ် အသုံးအနှုန်းနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေမှာ မြတ်ဗုဒ္ဓကိုယ်တော်တိုင် “သတ္တ၀ါများ အနေနဲ့ အညစ်အကြေးကင်းပြီး သန့်စင်တဲ့ စိတ်တွေ ပိုင်ဆိုင်ထားတဲ့ ရွှေစိတ်ရှိတဲ့သူတွေ ဖြစ်စေဖို့” ဟောကြားထားတဲ့ တရားတော်များ အများအပြား ရှိပါတယ်။ အဲဒီအထဲကမှ ဥပက္ကိလေသသုတ်ကတော့ အထင်ရှားဆုံး သုတ်တစ်သုတ် ဖြစ်ပါတယ်။ ဒီသုတ်တော်မှာ မြတ်စွာဘုရားရှင်က စိတ်ကို ရွှေနဲ့တင်စားပြီး ဟောကြားထားတာ တွေ့ရပါတယ်။ ရွှေစိတ်ရှိတဲ့ ရွှေလူတွေဖြစ်ဖို့ ကြိုးစားနေထိုင် ကျင့်ကြံသင့်တာတွေကို ညွှန်ပြတော်မူပါတယ်။

မြတ်ဗုဒ္ဓက
“ရဟန်းတို့ ရွှေ၏ အညစ်အကြေးတို့သည် ငါမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ သံ
၂။ ကြေး
၃။ သလွဲစင် (ခဲမဖြူ)
၎။ သလွဲမည်း (ခဲပုပ်)
၅။ ငွေ
တို့တည်း။ ရဟန်းတို့ ဤသည်တို့ကား ရွှေ၏ အညစ်အကြေးတို့တည်း။

ရဟန်းတို့ ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသောရွှေသည် နူးညံ့မှုလည်းမရှိ၊ လက်ကောက်နားတောင်း စသည်ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆပ်သော သဘောလည်းရှိ၏၊ အလုပ်ခွင်သို့လည်း ကောင်းစွာ မရောက်နိုင်။ ရဟန်းတို့ ဤအညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သော အခါ၌မူကား ထိုရွှေသည် နူးလည်းနူးညံ့၏၊ လက်ဝတ်တန်ဆာများလည်း ပြုလုပ်၍ဖြစ်၏၊ အရောင်လည်းထွက်၏၊ ကြွပ်ဆတ်သော သဘောလည်း မရှိ၊ အလုပ်ခွင်သို့လည်း ကောင်းစွာရောက်နိုင်၏။ အကယ်၍ အလိုရှိမူ အညစ်အကြေး ကင်းသော ထိုရွှေဖြင့် အလိုရှိရာ အကျိုးကို ပြီးစေနိုင်၏။

ရဟန်းတို့ ဤအတူသာလျှင် စိတ်၏ အညစ်အကြေးတို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်း ဟူမူ
၁။ ကာမဂုဏ်အာရုံများ၌ လိုလားတပ်မက်မှု ကာမစ္ဆန္ဒ
၂။ သူတပါးအကျိုးကို ပျက်စီးစေလိုမှု ဗျာပါဒ
၃။ လေးလံထိုင်းမှိုင်းမှု ထိနမိဒ္ဓ
၎။ ပျံ့လွင့်မှု၊ နောင်တရမှု ဥဒ္ဓစ္စ ကုက္ကုစ္စ
၅။ သံသယနှင့် မဝေခွဲနိုင်မှု ၀ိစိကိစ္ဆာ
တို့တည်း။ ရဟန်းတို့ ဤသည်တို့ကား စိတ်၏အညစ်အကြေး ငါးမျိုးတို့တည်း။

ရဟန်းတို့ ယင်းအညစ်အကြေးတို့ဖြင့် ညစ်နွမ်းသော စိတ်သည် နူးညံ့မှုလည်းမရှိ၊ အလိုရှိသည်ကို ပြုလုပ်၍လည်း မဖြစ်၊ အရောင်လည်း မထွက်၊ ကြွပ်ဆတ်သော သဘောလည်းရှိ၏၊ အာသဝေါတရားတို့ ကုန်ခမ်းရန်လည်း ကောင်းစွာမတည်ကြည်။ ရဟန်းတို့ ဤအညစ်အကြေး ငါးမျိုးတို့မှ ကင်းလွတ်သော အခါ၌မူကား ထိုစိတ်သည် နူးလည်းနူးညံ့၏၊ အလိုရှိသည်ကို ပြုလုပ်၍လည်း ဖြစ်၏၊ အရောင်လည်းထွက်၏၊ ကြွပ်ဆတ်သော သဘောလည်းမရှိ၊ အာသဝေါတရားတို့ ကုန်ခမ်းရန်လည်း ကောင်းစွာတည်ကြည်၏။ အကယ်၍ အလိုရှိမှု အညစ်အကြေးကင်းသော ထိုစိတ်ဖြင့် အလိုရှိရာ အကျိုးကို ပြီးစေနိုင်၏…”
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ ပဉ္စင်္ဂိက၀ဂ်၊ ဥပက္ကိလေသသုတ်) စသဖြင့် ရွှေနဲ့စိတ်ကို တင်စားပြီး အညစ်အကြေးကင်းတဲ့ ရွှေစိတ်တွေရှိဖို့ ဟောကြားတော်မူပါတယ်။ ဒါက ဥပက္ကိလေသသုတ်မှာ ဘုရားရှင် ဟောတော်မူတဲ့ ရွှေနဲ့ စိတ်အကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။

ဒီဒေသနာတော်အရ ရွှေကိုချစ်တဲ့ ရွှေချစ်သူတွေ အနေနဲ့ အညစ်အကြေးကင်းတဲ့ ရွှေအစစ်ကို ရယူပိုင်ဆိုင်နိုင်ဖို့ လိုသလို အညစ်အကြေးကင်းတဲ့ စိတ်ကိုလည်း ပိုင်ဆိုင်ထားဖို့ လိုကြောင်း၊ ဒါမှသာ တန်ဘိုးရှိတဲ့ ရွှေစိတ်ပိုင်ရှင်များ ဖြစ်နိုင်ကြောင်း နားလည်သဘောပေါက် နိုင်ပါတယ်။ တကယ်တော့ ဘယ်သူမဆို ရွှေကိုချစ်ပေမယ့် သန့်ရှင်းမှုမရှိတဲ့ ရွှေအတုကိုတော့ ချစ်လိုကြမှာ မဟုတ်သလို တစ်စုံတစ်ယောက်ကို ချစ်လိုပေမယ့် သန့်ရှင်းမှု မရှိတဲ့ စိတ်ဓာတ်မကောင်းတဲ့ သူကိုတော့ ချစ်လိုကြမှာ မဟုတ်ပါဘူး။ ရွှေအစစ်ကို ချစ်လိုကြသလို ရွှေစိတ်ရှိတဲ့သူကိုပဲ ချစ်လိုကြမှာ ဖြစ်ပါတယ်။

အဲဒီလို ရွှေစိတ်တွေ ရှိကြဖို့ အရင်ဆုံးလိုအပ်တာက ကိုယ်ကိုယ်တိုင်ပါပဲ။ ကိုယ်ကိုယ်တိုင် အရင်ဆုံး ရွှေစိတ်တွေရှိအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ကိုယ့်စိတ်ကို သန့်ရှင်းအောင် ကြိုးစားပြီး အပြစ်ကင်းကာ သန့်ရှင်းတဲ့ စိတ်ပိုင်ရှင်တွေ ဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ့်သန္တာန်မှာ စိတ်အစဉ်ကို ညစ်နွမ်းစေနိုင်တဲ့ ကာမဂုဏ်အာရုံတွေမှာပဲ အချိန်ပြည့်လိုလား လိုက်စားတတ်တဲ့ သဘောတွေ၊ သူတပါးအကျိုးကို ပျက်စီးစေနိုင်တဲ့ သဘောတွေ၊ လေးလံထိုင်းမှိုင်းတဲ့ သဘောတွေ၊ တည်ကြည်မှုမရှိ ပျံ့လွင့်ပြီး နောင်တရမှု သဘောတွေ၊ သို့လောသို့လော သံသယတွေနဲ့ ဝေခွဲမရနိုင်တဲ့ သဘောတွေ မရှိဖို့ လိုပါတယ်။ စိတ်အစဉ်ကို ညစ်နွမ်းစေတဲ့ ဒီတရားတွေ ၀င်မလာအောင် ကျင့်ကြံအားထုတ်ကြည့်ဖို့ လိုပါတယ်။

ဟုတ်ပါတယ်။ ဒီသဘောတွေ ရှိနေလို့ကတော့ စိတ်အစဉ်ဟာ ဘယ်တော့မှ သန့်ရှင်းမှု ရှိမှာမဟုတ်တာ သေချာပါတယ်။ ကိုယ့်စိတ်ကို ပြန်စစ်ကြည့်ရင် တစ်ခါတစ်လေ ကိုယ့်စိတ်မှာ ဒီသဘောတရားတွေ ရှိနေတဲ့အတွက် စိတ်ဟာကြည်လင်မှုမရှိ ဖြစ်နေတတ်တာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ စိတ်ရဲ့သဘောကလည်း သိတဲ့အတိုင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိဆိုတဲ့ အာရုံတွေကို အမှီပြုပြီး ကိလေသာတွေ အမျိုးမျိုး ဖြစ်နေတတ်တဲ့ သဘောရှိပါတယ်။ ဒါကို ကိုယ်က သတိမထားမိဘဲ အာရုံရဲ့ စွဲရာနောက်ကို စိတ်ကပါသွားမယ် ဆိုရင်တော့ ကာမဂုဏ်အာရုံတွေမှာ လိုလားတပ်မက်တတ်တဲ့ သဘောတွေ၊ ဒီအာရုံတွေကို အမှီပြုပြီး သူတပါးအပေါ် ပျက်စီးစေလိုတဲ့ သဘောတွေ၊ ဒီအာရုံတွေကို အမှီပြုပြီး ကိုယ့်စိတ်မှာ လေးလံထိုင်းမှိုင်းတတ်တဲ့ သဘောတွေ၊ ကယောင်ချောက်ချား ဖြစ်တတ်၊ နောင်တရတတ်တဲ့ သဘောတွေ၊ ကုသိုလ်အကုသိုလ်ကို မခွဲခြားတတ်တဲ့ သဘောတွေ စသဖြင့် ဖြစ်လာတတ်ပါတယ်။ ဒီသဘောတွေ ဖြစ်လာပြီဆိုရင် စိတ်အစဉ်ဟာ သန့်ရှင်းမှုမရှိဘဲ ကောင်းမှုကုသိုလ်နဲ့ ဝေးနေတတ်ပါတယ်။ စိတ်ကို ညစ်နွမ်းစေတဲ့ ဒီအညစ်အကြေးတွေကြောင့် မကောင်းတဲ့ အလုပ်တွေကိုပဲ ပျော်ပျော်ပါးပါး လုပ်နေမိတတ်ပါတယ်။ မကောင်းမှုမှာ ပျော်နေတဲ့ သူတစ်ယောက်ရဲ့ စိတ်ဟာ သန့်ရှင်းမှု မရှိတဲ့အတွက် တန်ဘိုးရှိတဲ့ ရွှေစိတ်ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် အပြစ်ကင်းပြီး အညစ်အကြေးကင်းတဲ့ ရွှေစိတ်တွေဖြစ်ဖို့ စိတ်ကိုညစ်နွမ်းစေနိုင်တဲ့ ဒီစိတ်အညစ်အကြေး ငါးမျိုးကို မဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းခြင်း ဖြစ်ပါတယ်။

စိတ်မှာဒီလို အညစ်အကြေးတွေ မဖြစ်ဖို့ သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို ပွားများ အားထုတ်ကြဖို့ လိုပါတယ်။ တရားအားထုတ်နေတဲ့ ယောဂီဟာ စိတ်အညစ်အကြေးတွေကို တိုက်ဖျက်နေတဲ့သူ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း ဘယ်သူမဆို မကောင်းမှုမှာ ပျော်မွေ့တတ်တဲ့ ကိုယ့်ရဲ့စိတ်ကို ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း စတဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို ပွားများပေးတာတို့ ရုပ်နာမ်မှာ ဖြစ်ပေါ်တတ်တဲ့ အရာတွေကို သတိကပ်ပြီး လိုက်မှတ်ပေးတဲ့ သတိပဋ္ဌာန် ၀ိပဿနာတရား အားထုတ်ပေးတာတို့ လုပ်ပေးခြင်းဖြင့် ကိုယ့်စိတ်ကို သန့်ရှင်းအောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။ စိတ်ကို သမထ၊ ၀ိပဿနာ ဘာဝနာတွေနဲ့ ထုံလွှမ်းထားတဲ့ သူဟာ ကိလေသာ အညစ်အကြေးတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်ပြီးသား ဖြစ်တဲ့အတွက် သန့်ရှင်းပြီး ခွန်အားပြည့်တဲ့ စိတ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေစိတ်ပိုင်ရှင်များပဲ ဖြစ်ပါတယ်။ အညစ်အကြေး ကင်းတဲ့ ရွှေရဲ့ သဘောဟာ လိုသလို တန်ဆာဆင်နိုင်သလို အညစ်အကြေးကင်းတဲ့ မနောဟာလည်း ကိလေသာကို ပယ်ခွာပြီး လိုရာကို အရယူနိုင်တဲ့ သဘောရှိတဲ့အတွက် တရားဘာဝနာ တစ်ခုခုကို အားထုတ်ရင်း ရွှေမနောပိုင်ရှင်များ ဖြစ်အောင် ကြိုးစားကြဖို့ပဲ ရှိပါတော့တယ်။

ဆိုလိုတာက ရွှေကိုတန်ဘိုးထားပြီး ရွှေကိုချစ်ကြတဲ့ သူတွေအနေနဲ့ ရွှေရဲ့သဘောဟာ အညစ်အကြေးကင်းမှ တန်ဘိုးရှိပြီး နူးညံ့ကာ လိုရာကို ပြီးနိုင်တဲ့အဖြစ်ကို ကောင်းကောင်း သဘောပေါက်ကာ သန့်စင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ရွှေကို တန်ဘိုးထားကြသလို ကိုယ့်ရဲ့စိတ်ကိုလည်း ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ဥဒ္ဒစ္စကုက္ကုစ္စ ၀ိစိကိစ္ဆာဆိုတဲ့ နီဝရဏ တရားတွေနဲ့ ညစ်နွမ်းစေမှုကနေ ကာကွယ်ပြီး သန့်ရှင်းတဲ့ ရွှေစိတ်ခေါ် ရွှေမနောအဖြစ် တန်ဘိုးရှိအောင် ကြိုးစားရင်း ရွှေစိတ်ပိုင်ရှင်များအဖြစ် ကိုယ့်ကိုယ်ကို ကမ္ဗည်းထိုးနိုင်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ ဆိုလိုရင်းဖြစ်ပါတယ်။ ဒါမှသာ ရွှေသဘောကိုသိပြီး ရွှေမနောရှိသူလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အညစ်အကြေးကင်းတဲ့ ရွှေစိတ်ပိုင်ရှင်များ ဖြစ်ဖို့ ကိုယ့်စိတ်ကို သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တစ်ခုခုနဲ့ ထုံလွှမ်းကာ ကိလေသာ အညစ်အကြေးတွေကို တိုက်ဖျက်တွန်းလှန်နိုင်အောင် ကြိုးစားရင်း ရွှေသဘောလည်းသိ ရွှေမနောလည်း ရှိသူများဖြစ်ကြပါစေလို့ ဆန္ဒပြုကာ ဓမ္မအနှစ်နဲ့ နှစ်သက်မှုတစ်ခု ပြုလိုက်ရပါတယ်။

Read more »

တည်၊ အို၊ သေမှု ဤသုံးခု အဆုံးပြုလိုသော်…

ပုထုဇဉ် သတ္တ၀ါများအဖို့ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ အိုရခြင်းဆင်းရဲ၊ သေရခြင်း ဆင်းရဲတို့သည် ဆင်းရဲတကာ ဆင်းရဲတို့တွင် အကြီးမားဆုံး ဆင်းရဲသုံးမျိုးဖြစ်၏။ သံသရာတစ်လျှောက်တွင် အဖန်ဖန် ပဋိသန္ဓေ နေခဲ့ရသဖြင့် အဖန်ဖန်အိုခဲ့ပြီး ဖြစ်သကဲ့သို့ အဖန်ဖန်လည်း သေခဲ့ပြီး ဖြစ်၏။ ဤပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း သုံးမျိုး အဆုံးမသပ်သေးသမျှ ဘ၀သံသရာ ကျင်လည်မှုသည်လည်း အဆုံးသပ်ဦးမည် မဟုတ်သကဲ့သို့ သံသရာလည်မှု အဆုံးမသပ်သေးလျင် ဆင်းရဲဒုက္ခသည်လည်း အဆုံးသပ်ဦးမည် မဟုတ်လှပေ။ ဤသို့သော အကြီးမားဆုံး ဆင်းရဲသုံးမျိုးကြောင့်ပင် အရိယာ သူတော်ကောင်းများက ဆင်းရဲလွတ်ရာလမ်းကို ရှာဖွေသွားခဲ့ကြခြင်း ဖြစ်၏။ အနှိုင်းမဲ့ ဘုရားရှင်တို့သည်ကား မိမိတို့၏ လွတ်မြောက်ရာကို ရှာဖွေရုံမျှမက သတ္တ၀ါများ၏ လွတ်ရာလမ်း အတွက်လည်း ရှာဖွေဖော်ထုတ် ပေးသွားသေး၏။ မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်ပင် “ရဟန်းတို့ လောက၌ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းတရားများ မရှိပါက ဘုရားရှင်တို့သည် ပွင့်ပေါ်ဖွယ် အကြောင်းမရှိသကဲ့သို့၊ သုတ်ဝိနည်းအဘိဓမ္မာ တရားတို့သည်လည်း ထွန်းကားဖွယ် အကြောင်းမရှိ၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းဟူသော ဤတရားသုံးပါး ရှိနေကြသဖြင့်သာ ဘုရားရှင်တို့ ပွင့်ပေါ်ရခြင်းဖြစ်ပြီး သုတ်ဝိနည်းအဘိဓမ္မာ တရားများလည်း ထွန်းကားရခြင်း ဖြစ်၏”ဟု မိန့်တော်မူဖူး၏။

အင်္ဂုတ္တရပါဠိတော်၊ ဒသကနိပါတ်၊ အာကင်္ခ၀ဂ်တွင် တယောဓမ္မဟူသော ဘုရားဟော သုတ္တန် တစ်ခုရှိ၏။ ထိုသုတ်တွင် မြတ်စွာဘုရားရှင်က ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းဟူသည့် ဆင်းရဲတရား သုံးပါးကို မပယ်သတ် နိုင်ခြင်း အကြောင်းနှင့် ပယ်သတ်နိုင်ခြင်း အကြောင်းများကို အဆင့်ဆင့် ဖွင့်ဆိုရှင်းပြ ဟောကြားတော်မူထား၏။ ပယ်သတ်ရမည့် တရားများကို မပယ်သတ်နိုင်လျှင် ထိုဆင်းရဲများ ဖြစ်ပေါ်နေဦးမည်ဖြစ်ပြီး ပယ်သတ်ရမည့် တရားများကို အဆင့်ဆင့် ပယ်သတ်နိုင်လျင်ကား ထိုဆင်းရဲများ အဆုံးသတ်သွားမည် ဖြစ်ကြောင်း အပြည့်အစုံ ဖော်ထုတ်တော်မူထား၏။

မြတ်ဗုဒ္ဓက “ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည် ရာဂ၊ ဒေါသ၊ မောဟဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အတူ ရာဂ၊ ဒေါသ၊ မောဟဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း သက္ကာယဒိဋ္ဌိ (ခန္ဓာငါးပါးတွင် တစ်ပါးပါးကို အတ္တဟု စွဲလန်းမှု)၊ ၀ိစိကိစ္ဆာ (ရတာနာသုံပါးနဲ့ ကံကံ၏ အကျိုးအပေါ် ယုံမှားသံသယ ရှိမှု)၊ သီလဗ္ဗတပရာမာသ (နွားခွေးစသော သတ္တ၀ါတို့၏ အကျင့်သည် သံသရာလွတ်မြောက်ကြောင်း အကျင့်ဟု မှားယွင်းစွာ ယုံကြည်ကျင့်သုံးမှု) ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားကိုမှီဝဲမှု၊ စိတ်၏ဆုတ်နစ်မှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမသင့်မတင့် နှလုံးသွင်းမှု၊ လမ်းမှားကိုမှီဝဲမှု၊ စိတ်၏ဆုတ်နစ်မှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုသတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း အရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုအရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှုဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ထိုမရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းသည်လည်း အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှု ဟူသော တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်းကြောင့် ဖြစ်ကြောင်း” စသည်ဖြင့် အဆင့်ဆင့် ပယ်သတ်ရမည့် တရားများကို မပယ်သတ်နိုင်သဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းတရားသုံးမျိုးကိုလည်း မပယ်သတ်နိုင်ဘဲ ဖြစ်ရပုံကို မိန့်တော်မူ၏။

ဆက်လက်၍ ဘုရားရှင်က “ရဟန်းတို့… အရှက်မရှိ၊ အကြောက်မရှိသော သူသည် မေ့လျော့သူဖြစ်၏၊ ထိုသူသည် မေ့လျော့သူဖြစ်ရကား မရိုသေမှုကိုပယ်ရန်၊ ဆိုဆုံးမခက်မှုကိုပယ်ရန်၊ မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် မိတ်ဆွေယုတ်ရှိသူဖြစ်ရကား မယုံကြည်မှုကိုပယ်ရန်၊ ပြောဆိုသည်ကို မသိမှုကိုပယ်ရန်၊ ပျင်ရိခြင်းကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ပျင်းရိသူဖြစ်ရကား ပျံ့လွင့်မှုကိုပယ်ရန်၊ မစောင့်စည်းမှုကိုပယ်ရန်၊ သီလမရှိမှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် သီလမရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန်၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန်၊ ချုပ်ချယ်လိုသော စိတ်ရှိမှုကိုပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ချုပ်ချယ်လိုသော စိတ်ရှိသူဖြစ်ရကား သတိမေ့လျော့မှုကို ပယ်ရန်၊ ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန်၊ စိတ်ပျံ့လွင့်မှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်ပျံ့လွင်သူဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန်၊ လမ်းမှားမှီဝဲမှုကို ပယ်ရန်၊ စိတ်ဆုတ်နစ်မှုကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်ဆုတ်နစ်သူဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန်၊ ၀ိစိကိစ္ဆာကို ပယ်ရန်၊ သီလဗ္ဗတပရာမာသကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ယုံမှားရှိသူဖြစ်ရကား ရာဂကိုပယ်ရန်၊ ဒေါသကို ပယ်ရန်၊ မောဟကို ပယ်ရန် မလုပ်နိုင်ကြောင်း၊ ထိုသူသည် ရာဂကို မပယ်ဘဲ၊ ဒေါသကို မပယ်ဘဲ၊ မောဟကို မပယ်ဘဲ ပဋိသန္ဓေနေခြင်းကို ပယ်ရန်၊ အိုခြင်းကိုပယ်ရန်၊ သေခြင်းကိုပယ်ရန် မလုပ်နိုင်ကြောင်း” စသည်ဖြင့် ထိုဆင်းရဲသုံးမျိုး မပယ်သတ်နိုင်ခြင်း၏ အကြောင်း အဆင့်ဆင့်ကို အသေးစိပ် ရှင်းလင်းဟောကြားတော်မူ၏။ ဤကား ဘုရားဟောတော်မူသည့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို မပယ်သတ်နိုင်ခြင်း အကြောင်းတရားများပင် ဖြစ်၏။

ဤနည်းနှင့် ဆန့်ကျင်စွာ ထိုတရားများကို ပယ်သတ်နိုင်မည့် နည်းကိုလည်း ဗုဒ္ဓကို ညွှန်ပြတော်မူ၏။ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို ပယ်သတ်လိုက ရာဂ၊ ဒေါသ၊ မောဟာ တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်လိုက သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုသက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို ပယ်သတ်လိုက မသင့်မတင့်နှလုံးသွင်းမှု၊ လမ်းမှာကိုမှီဝဲမှု၊ စိတ်ဆုတ်နစ်မှု သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို မသင့်မတင့်နှလုံးသွင်းမှု၊ လမ်းမှာကိုမှီဝဲမှု၊ စိတ်ဆုတ်နစ်မှု သုံးမျိုးကို ပယ်သတ်လိုက သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု သုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို သတိမေ့လျော့မှု၊ ဆင်ခြင်ဉာဏ်ကင်းမှု၊ စိတ်ပျံ့လွင့်မှု သုံးမျိုးကို ပယ်သတ်လိုက အရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုအရိယာတို့အား ဖူးမြင်ရန် အလိုမရှိမှု၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှု၊ ချုပ်ချယ်လိုသော စိတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထို ပျံ့လွင့်မှု၊ မစောင့်စည်းမှု၊ သီလမရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက မယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ ထိုမယုံကြည်မှု၊ ပြောဆိုသည်ကို မသိမှု၊ ပျင်းရိမှု တရားသုံးမျိုးကို ပယ်သတ်လိုက မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း၊ မရိုသေမှု၊ ဆိုဆုံးမခက်မှု၊ မိတ်ဆွေယုတ်ရှိမှု တရားသုံးမျိုးကို ပယ်သတ်လိုက အရှက်မရှိမှု၊ အကြောက်မရှိမှု၊ မေ့လျော့မှု တရားသုံးမျိုးကို ပယ်သတ်ရန်လိုကြောင်း စသည်ဖြင့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း သုံးမျိုးကို ပယ်သတ်နိုင်မည့် အဆင့်ဆင့်ပယ်သတ်ပုံကို ဟောကြားညွန်ပြတော်မူ၏။

ဘုရားရှင်က “ရဟန်းတို့… အရှက်အကြောက် ရှိသောသူသည် မမေ့မလျော့သူ ဖြစ်၏၊ ထိုသူသည် မမေ့မလျော့သူ ဖြစ်ရကား မရိုသေမှုကိုပယ်ရန်၊ ဆိုဆုံးမခက်မှုကိုပယ်ရန်၊ မိတ်ဆွေယုတ်ရှိမှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် မိတ်ကောင်းဆွေကောင်း ရှိသူဖြစ်ရကား မယုံကြည်မှုကိုပယ်ရန်၊ ပြောဆိုသည်ကို မသိမှုကိုပယ်ရန်၊ ပျင်ရိခြင်းကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ထက်သန်သော လုံ့လရှိသူဖြစ်ရကား ပျံ့လွင့်မှုကိုပယ်ရန်၊ မစောင့်စည်းမှုကိုပယ်ရန်၊ သီလမရှိမှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် သီလရှိသူဖြစ်ရကား အရိယာတို့ကို ဖူးမြင်ရန် အလိုမရှိမှုကို ပယ်ရန်၊ အရိယာတို့၏ တရားကို ကြားနာရန် အလိုမရှိမှုကို ပယ်ရန်၊ ချုပ်ချယ်လိုသော စိတ်ရှိမှုကိုပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ချုပ်ချယ်လိုသော စိတ်မရှိသူ ဖြစ်ရကား သတိမေ့လျော့မှုကို ပယ်ရန်၊ ဆင်ခြင်ဉာဏ်ကင်းမှုကို ပယ်ရန်၊ စိတ်ပျံ့လွင့်မှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်မပျံ့လွင့်သူ ဖြစ်ရကား မသင့်မတင့် နှလုံးသွင်းမှုကို ပယ်ရန်၊ လမ်းမှားမှီဝဲမှုကို ပယ်ရန်၊ စိတ်ဆုတ်နစ်မှုကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် စိတ်မဆုတ်နစ်သူ ဖြစ်ရကား သက္ကာယဒိဋ္ဌိကို ပယ်ရန်၊ ၀ိစိကိစ္ဆာကို ပယ်ရန်၊ သီလဗ္ဗတပရာမာသကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ယုံမှားမှု မရှိသူ ဖြစ်ရကား ရာဂကိုပယ်ရန်၊ ဒေါသကို ပယ်ရန်၊ မောဟကို ပယ်ရန် ပြုလုပ်နိုင်ကြောင်း၊ ထိုသူသည် ရာဂကိုပယ်လျှင်၊ ဒေါသကိုပယ်လျှင်၊ မောဟကိုပယ်လျှင် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်းကိုလည်း ပယ်သတ်နိုင်ကြောင်း” စသည်ဖြင့် ထိုဆင်းရဲသုံးမျိုးကို ပယ်သတ်နိုင်ခြင်း အကြောင်း အဆင့်ဆင့်ကို အသေးစိပ် ရှင်းလင်းဟောကြားတော်မူ၏။ ဤကား ဘုရားရှင် ဟောတော်မူသည့် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း တရားသုံးမျိုးကို ပယ်သတ်နိုင်ခြင်း အကြောင်းတရားများပင် ဖြစ်ပါ၏။

အထပ်ပါ ဒေသနာတော်အရ ပုထုဇင် သတ္တ၀ါတို့၏ သန္တာန်တွင် အဘယ့်ကြောင့် ဆင်းရဲတကာ ဆင်းရဲအပေါင်းတွင် အဆင်းရဲဆုံးဖြစ်သည့် ပဋိသန္ဓေနေခြင်း ဆင်းရဲ၊ အိုခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ တရားများ ရှိနေကြခြင်း အကြောင်းနှင့် အရိယာသူတို့ကောင်းတို့သည် ထိုဆင်းရဲများကို မည်သို့မည်ပုံ အဆင့်ဆင့် ပယ်သတ်၍ ဆင်းရဲကင်းရာ အမြိုက်နိဗ္ဗာန်ကို မျက်မှောက်ပြုသွားကြခြင်း အကြောင်းများကို ကောင်းစွာ သိရှိနိုင်ကြမည် ဖြစ်၏။

အချုပ်ကောက်ကြည့်လျှင် မေ့လျောမှုနှင့်၊ မမေ့လျောမှုတို့၏ ကွားခြားမှုကြောင့် ဖြစ်သည်ကို ကောက်ချက်ချနိုင်မည် ဖြစ်၏။ မကောင်းမှု အကုသိုလ်တရားများတွင် ရှက်ကြောက်တတ်သည့် သတိဖြင့် မမေ့မလျော့ နေထိုင်နိုင်သူသည် ရိုသေခြင်း၊ ဆိုဆုံးမလွယ်ခြင်း၊ မိတ်ကောင်းဆွေကောင်း ရှိခြင်းတို့နှင့် ပြုစုံနိုင်ပြီး မိတ်ကောင်းဆွေကောင်း ရှိခြင်းကြောင့် ယုံကြည်မှု သဒ္ဓါတရားရှိခြင်း၊ သူတော်ကောင်းတရားကို သိလွယ်ခြင်း၊ လုံ့လ၀ီရိယရှိခြင်း တို့နှင့်လည်း ပြည့်စုံနိုင်၏။ လုံ့လ၀ီရိယရှိခြင်းကြောင့် တည်ကြည်မှု ရှိခြင်း၊ ဣနြေ္ဒတို့ကို စောင့်စည်းနိုင်ခြင်း၊ ကိုယ်ကျင့်သီလ လုံခြုံခြင်းတို့နှင့် ပြည့်စုံနိုင်၏။ သီလရှိသဖြင့်လည်း အရိယာတို့ကို ဖူးမြင်လိုခြင်း၊ အရိယာတို့၏ တရားကို ကြားနာလိုခြင်း၊ စိတ်အနှောင်အဖွဲ့ ချုပ်ချယ်မှုကင်းခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်အချုပ်အနှောင် မရှိသဖြင့်လည်း သတိရှိခြင်း၊ ဆင်ခြင်ဉာဏ်ရှိခြင်း၊ စိတ်တည်ကြည်ခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်တည်ကြည်သဖြင့်လည်း နှလုံးသွင်း မှန်ကန်ခြင်း၊ အယူအဆမှန်ကန်ခြင်း၊ စိတ်ဆုတ်နစ်မှု မရှိခြင်းတို့နှင့် ပြည့်စုံနိုင်၏။ စိတ်မဆုတ်နစ်သူ ဖြစ်သဖြင့်လည်း သက္ကာယဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသတို့ကို ခွာနိုင်ခြင်းနှင့် ပြည့်စုံနိုင်၏။ ယုံမှားမှု ၀ိစိကိစ္ဆာကင်း သဖြင့်လည်း ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်နိုင်၏။ ရာဂ၊ ဒေါသ၊ မောဟတို့ကို ပယ်သတ်နိုင်သဖြင့် နောက်ထပ်တစ်ဖန် ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ သေခြင်း ဆင်းရဲတရားများ မရှိနိုင်တော့ခြင်း ဖြစ်ပေ၏။ ဤသည်မှာ သတိရှိခြင်းကို အခြေပြုကာ ပြည့်စုံသင့်သည့်တရား၊ ခွာသင့်သည့်တရားများကို ပြည့်စုံနိုင်ခြင်း၊ ပယ်ခွာနိုင်ခြင်းကြောင့်ပင် ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် ပဋိသန္ဓေတည်နေရခြင်း၊ အိုရခြင်း၊ သေရခြင်း ဆင်းရဲများကို နောက်ထပ်တစ်ဖန် မလိုချင်တော့ဘဲ ဆင်းရဲအားလုံကို အဆုံးသတ်လိုသူများ အနေဖြင့် မြတ်ဗုဒ္ဓအလိုတော်အတိုင်း မမေ့မလျော့သည့် အပ္ပမာဒ သတိတရား လက်ကိုင်ထားကာ မကောင်းမှုရှောင် ကောင်းမှုဆောင်၍ ကျင့်သင့်ကျင့်ထိုက်၊ ပြည့်စုံသင့်ပြည့်စုံထိုက်သည့် တရားများကို ကြိုးးစားအားထုတ် ကျင့်ကြံခြင်းဖြင့် အလိုရှိသည်ကို ရယူနိုင်ပါကြောင်း အသိပေးစကားပါးကာ တယောဓမ္မသုတ်ကို ကိုးကား၍ အကျိုးများစေရန် တဆင့်ပြန်လည် မျှဝေလိုက်ရပါတော့သည်။

Read more »

Live Questions and Answers (9)…

မနာပဒါယီ အင်တာနက်စာမျက်နှာ အောက်ခြေမှာ ဖွင့်ထားတဲ့ Live Questions and Answers ကဏ္ဍတွင် မေးဖြေထားချက် အချို့ကို အများဖတ်၍ အမြတ်ဖြစ်စေဖို့်၊ နဲနဲပဲဖြစ်ဖြစ် အသိပညာ ဗဟုသုတ ရရှိနိုင်ကြစေဖို့အတွက် တစ်ဆင့်ပြန်လည် တင်ပြပေးလိုက်ပါတယ်။

22 Aug 10, 08:44 AM
ashinwimalawuntha
အရှင်ဘုရား ငရဲသူ ငရဲသားတွေကို ငရဲထိန်းဆိုသူက ညှဉ်းပန်းနှိပ်စက်ကြတော့ အဲဒီကံကြွေးတွေကို ငရဲထိန်းများ တစ်ဖန်ပြန်ခံရပါသလား၊ ဘယ်လိုကံတွေကိုလုပ်ခဲ့လို့ ငရဲထိန်းတွေက ငရဲသူ ငရဲသားများကို နှိပ်စက်ခွင့်ရပါသလဲဘုရား..။

25 Aug 10, 05:24 AM
မနာပဒါယီ >>Ashin Vimala
ယမမင်းတို့ ငရဲထိန်းတို့ဆိုတာ စာမဟာရာဇ်နတ်စာရင်းမှာ ပါဝင်တဲ့ ဝေမာနိကပြိတ္တာ၊ နတ်ဘီးလူး၊ နတ်ရက္ခိုရ်များ ဖြစ်တယ်လို့ ဘာသာဋီကာ ဆရာတော်ကတော့ ဆိုပါတယ်။ ယမမင်းဆိုရင် ဝေမာနိကပြိတ္တာမင်းဖြစ်ပြီး တစ်ခါတစ်လေ နတ်စည်းစိမ်ဥစ္စာခံစားပြီး တစ်ခါတစ်ရံ ရိုးရိုးပြိတ္တာတွေလိုပဲ မကောင်းမှုအကျိုးကို ခံစားရတယ်လို့ ဆိုပါတယ်။ ယမမင်းဟာ ငရဲပြည်ရောက်လာတဲ့ သူတွေကို ကုသိုလ်ကောင်းမှု ပြုခဲ့မှုရှိမရှိ တရားမျှတအောင် စစ်ပေးရတဲ့အတွက် တရားစောင့်မင်းကောင်းလို့တောင် ပြောနိုင်ကြောင်းလည်း ဘာသာဋီကာမှာ အဆိုရှိထားတာ တွေ့ရပါတယ်။ အဲဒီလိုပဲ ငရဲထိန်းတွေဟာလည်း ငရဲခံရတဲ့သူတွေကို တာဝန်အရ သတ်ပုတ်နှိပ်စက်ပေးရတာ ရှိပေမယ့် သူတို့လည်း သာတစ်ခါ စံတစ်လှည့်ရှိပါတယ်။ တာဝန်အရ သတ်ပုတ်ပေးရပေမယ့် စေတနာမပါတဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။ ငရဲထိန်းများဟာ ငရဲခံရမယ့်သူတွေကို ငရဲမီးစတာတွေနဲ့ လောင်မြိုက်စေရပေမယ့် ဒီငရဲမီး စတာတွေဟာလည်း ကံကြောင့်ဖြစ်တဲ့ ကမ္မပစ္စယဥတုဇရုပ်များ ဖြစ်တဲ့အတွက် ခံရမယ့်သူကိုပဲ ပူစေပြီး ငရဲထိန်းတွေကို ပူလောင်မှု မဖြစ်စေဘူးလို့ ဆိုပါတယ်။ ဒီအချက်အရ ငရဲထိန်းတွေဟာ ဒီငရဲထိန်းဘ၀ကို ရနေတာကိုက သူတို့ရဲ့ ကံတစ်ခုခုကြောင့်ဖြစ်နေပြီး ဒီဘ၀မှာ ငရဲထိန်းအလုပ်ကို လုပ်နေရတာတွေဟာလည်း ကံကြွေးတွေကို ဆပ်နေရတာ ဖြစ်တဲ့အပြင် စေတနာနဲ့ လုပ်နေကြတာ မဟုတ်တဲ့အတွက် ဒီကံတွေကြောင့် တန်ပြန်သက်ရောက်မှု မရှိနိုင်ဘူးလို့ နားလည်နိုင်ပါတယ်။ အကျယ်ကိုတော့ သင်္ဂြီုဟ်ဘာသာဋီကာမှာ လေ့လာနိုင်ပါတယ်။

3 Sep 10, 06:04 PM
မီ
ဒု-သ-န-သော ပို.စ် လေးကိုဖတ်ပြီး တစ်ခုမေးလျှောက်ပါရစေပါဘုရား။ အိမ်ထောက်ရှိလျှက် တခြားသော အမျိုးသမီးနှင့်ဖောက်ပြန်တတ်သော ယောက်ကျားနှင့် အိမ်ထောင်ရှိမှန်းသိလျှက် ထိုယောက်ကျားနှင့် ဖောက်ပြန်တတ်သော မိန်းမ မည်သူသည် ဒု-သ-န-သော ဖြစ်ပါသလဲ သိပါရစေ ဘုရား...

3 Sep 10, 07:48 PM
မနာပဒါယီ >>> မီ
ဒီနေရာမှာ အကယ်၍ အမျိုးသမီးကလည်း အိမ်ထောင်ရှိတယ်ဆိုရင် နှစ်ဦးလုံး ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသမီးက ကာမပိုင်လင်ယောက်ျား မရှိဘူးဆိုရင်တော့ အိမ်ထောင်ရှိပြီး ဖောက်ပြန်တတ်တဲ့ အမျိုးသားပဲ ဒု သ န သော ဖြစ်ပါတယ်။ အမျိုးသားများ အနေနဲ့ မိမိက အိမ်ထောင်ရှိပြီးသား ဆိုရင် ဘယ်လိုအမျိုးသမီးကိုမှ မသွားလာအပ်ပါဘူး။ သွားလာရင် ဒု သ န သော ဖြစ်ပါတယ်။ ဒီပို့စ်လေးကို ပြန်ဖတ်ကြည့်ပါ http://www.venvicitta.com/2010/07/prostitute.htm


5 Sep 10, 05:31 PM
မီ
အရှင်ဘုရား... တပည့်တော် ခွင့်လွှတ် လျစ်လျူရှု တတ်သူဖြစ်ချင်ပါတယ်။ မည်ကဲ့သို စိတ်နှလုံးသွင်း နေထိုင်ရမည်ကို သင်ပြပေးတော်မူပါဘုရား။

6 Sep 10, 04:26 AM
မနာပဒါယီ >>> မီ
ကိုယ့်စိတ်ကို အကောင်းဆုံး ထိန်းချုပ်ပြုပြင်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ တွေ့ကြုံရတဲ့ အာရုံတွေမှာ အပြစ်မဖြစ်၊ အကုသိုလ် မဖြစ်အောင် တွေးမြင်တတ်တဲ့ ယောနိသော မနသိကာရ ရှိအောင် ကြိုးစားဖို့ လိုပါတယ်။ အရာရာကို အကုသိုလ်ဖြစ်စေတဲ့ အတွေးအကြည့်တွေနဲ့ မကြည့်ဘဲ အကောင်းဘက်က မြင်တတ်တဲ့ အလေ့အကျင့်လေးနဲ့ လေ့ကျင့်နေထိုင်သင့်ပါတယ်။ အထူးသဖြင့် စိတ်အစဉ်ကို သမထဘာဝနာ၊ ၀ိပဿနာ တစ်ခုခုကို စွဲစွဲမြဲမြဲ အားထုတ်ပြီး ထိန်းချုပ်နိုင်အောင် ကြိုးစားသင့်ပါတယ်။ အရာရာကို ခွင့်လွှတ်နိုင်ဖို့အတွက် မေတ္တာဘာဝနာကို အထူးပြုပွားများကြည့်ပြီး ဥပေက္ခာနဲ့ နေနိုင်ဖို့အတွက် ဥပေက္ခာဘာဝနာကိုလည်း ပွားများကြည့်သင့်ပါတယ်။ အလွယ်ပြောရရင် သမထဘာဝနာနဲ့ ၀ိပဿနာဘာဝနာကို နိုင်နိုင်ပွားနိုင်အောင် ကြိုးစားပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်အောင် ကြိုးစားအားထုတ်ကြည့်ပါလို့ အကြံပြုလိုပါတယ်။

11 Sep 10, 07:42 PM
Undertaker
အရင်ဘုရား တပည့်တော်မရှင်းတဲ့ အကြောင်းအရာလေးတွေကို မေးပါရစေဘုရား... ၁။ လူတယောက်ဟာ ဒေါသစိတ်ဖြစ်လိုက်တာနဲ့အကုသိုလ်ကံ ကျူးလွန်မိသွားပြီလို့ ဆိုနိုင်ပါသလား ဘုရား…။ ၂။ ဒေါသစိတ်ဟာ ပဋိစ္စသမုပ္ပါဒ်အင်္ဂါ ၁၂-ပါးထဲမှာ ဘယ်ထဲမှာ ပါတယ်ဆိုတာ သိပါရစေဘုရား..။

12 Sep 10, 06:01 PM
မနာပဒါယီ >>> Undertaker
၁။ ဒေါသစိတ်ဟာ အကုသိုလ်စိတ်ဖြစ်ပေမယ့် ဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံကို ကျူးလွန်လိုက်ပြီလို့ ပြောလို့မရပါဘူး။ စိတ်မှာဒေါသစိတ် ဖြစ်ခြင်းဟာ မနောကံအဆင့်မှာပဲ ရှိနေသေးတဲ့အတွက် ဒေါသဖြစ်တဲ့အတွက် စိတ်မှာအကုသိုလ် ဖြစ်ပေမယ့် တကယ့်အကုသိုလ်ကံ ကျူးလွန်မှုကတော့ နှုတ်နဲ့ကျူးလွန်မှု ၀စီကံအဆင့်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှု ကာယကံအဆင့် ရောက်မှကျူးလွန်ရာ ရောက်တယ်လို့ ပြောနိုင်ပါတယ်။ ဒေါသစိတ်ဖြစ်တဲ့ ပုဂ္ဂိုလ်ဟာ ဒေါမနဿဝေဒနာတော့ ခံစားရပါတယ်။ ဒေါသရဲ့သဘောက မိမိကိန်းရာ သတ္တ၀ါကို နှိပ်စက်ဖျက်စီးတတ်တဲ့ သဘောရှိတဲ့အတွက် ဒေါသစိတ်ဖြစ်ရင် ဖြစ်တဲ့ပုဂ္ဂိုလ်ကို အရင်ဆုံးပူလောင်မှု ဝေဒနာကို ဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဒေါသစိတ်နဲ့ သေရင်တော့ မကောင်းတဲ့အကုသိုလ် အကျိုးကိုတော့ ခံစားရမှာဖြစ်ပါတယ်။ ဆိုလိုတာက စိတ်မှာဒေါသဖြစ်ရုံနဲ့ အကုသိုလ်ကံ ကျူးလွန်ရာရောက်တယ်လို့ မဆိုနိုင်ဘဲ ဒီဒေါသကို အကြောင်းပြုပြီး မကောင်းမှုဒုစရိုက်ကို ၀စီကံမြောက်၊ ကာယကံမြောက် ကျူးလွန်မှသာ အကုသိုလ်ကံကို ကျူးလွန်ရာ ရောက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

၂။ ဒေါသစိတ်ကို ပဋိစ္စသမုပ္ပါဒ် အင်္ဂါ ၁၂ပါးမှာ ဘယ်မှာထည့်သွင်းရမယ်လို့ တိတိကျကျ ပြောဖို့ခက်လှပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးဟာ ဆက်စပ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အနီးစပ်ဆုံးနဲ့ အတိကျဆုံးအဖြစ် ထည့်သွင်းကြည့်မယ်ဆိုရင်တော့ သင်္ခါရနဲ့ ဘ၀မှာ ထည့်သွင်းလို့ ရနိုင်ပါတယ်။ သင်္ခါရမှာဖွင့်ဆိုတဲ့ အပုညာဘိသင်္ခါရအရ အကုသိုလ်စိတ် ၁၂ပါးမှာယှဉ်တဲ့ စေတနာကို ကောက်ယူရမယ်လို့ ဆိုထားသလို ဘ၀အဖွင့်မှာပါတဲ့ ကမ္မဘ၀အရလည်း အကုသိုလ်စိတ် ၁၂ပါး၊ မဟာကုသိုလ်စိတ် ၈ပါး၊ မဟဂ္ဂုတ်ကုသိုလ်စိတ် ၉ပါးမှာယှဉ်တဲ့ စေတနာကံကို ကောက်ယူရမယ်လို့ ဆိုထားတဲ့အတွက် အကုသိုလ်စိတ်မှာ အကျုံးဝင်တဲ့ ဒီဒေါသစိတ်ကိုလည်း သင်္ခါရနဲ့ဘ၀မှာ ထည့်သွင်းနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Read more »

လောကဓမ္မနှင့် အရိယသာဝက…

“လာဘ်ရမှုသည် လည်းကောင်း၊ လာဘ်မရမှုသည် လည်းကောင်း၊ အခြံအရံ ရှိမှုသည် လည်းကောင်း၊ အခြံအရံ မရှိမှုသည် လည်းကောင်း၊ ကဲ့ရဲ့မှုသည် လည်းကောင်း၊ ချီးမွမ်းမှုသည် လည်းကောင်း၊ ချမ်းသာမှုသည် လည်းကောင်း၊ ဆင်းရဲမှုသည် လည်းကောင်း ဤသဘောတရားတို့သည် လူတို့၌ အမြဲမရှိကုန်၊ အတည်မရှိကုန်၊ ဖောက်ပြန်ပြောင်းလဲ တတ်သော သဘောရှိကုန်၏။

သတိနှင့်ပြည့်စုံသော ပညာရှိသည် ထိုတရားတို့ကို သိ၍ ဖောက်ပြန်တတ်သော တရားတို့ကို ဉာဏ်ဖြင့် ရှုဆင်ခြင်၏။ ထိုသို့သော ပညာရှိ၏စိတ်ကို အလိုရှိအပ်သော လောကဓံ တရားတို့သည်လည်း မချောက်ချားနိုင်ကုန်၊ အလိုမရှိအပ်သော လောကဓံ တရားတို့ကြောင့်လည်း စိတ်ထိခိုက် ပင်ပန်းခြင်းသို့ မရောက်နိုင်ပေ။

ထိုသူအား စိတ်နှင့်လျော်သော လောကဓံတရားတို့သည် လည်းကောင်း၊ စိတ်နှင့်ဆန့်ကျင်သော လောကဓံတရားတို့သည် လည်းကောင်း ပျက်စီးပြီး ချုပ်ပျောက်ပြီးဖြစ်၍ မရှိကုန်။ ဘ၀၏ တဖက်ကမ်းသို့ ရောက်သောသူသည် ကိလေသာ မြူကင်း၍ စိုးရိမ်မှု မရှိသော နိဗ္ဗာန်ကိုသိလျက် ဘ၀၏ တဖက်ကမ်းသို့ ရောက်သည်၏ အဖြစ်ကို ကောင်းစွာသိနိုင်ပေ၏။”
(အံ၊ ၃၊ ဒုတိယ လောကဓမ္မသုတ်)

ဤကား မြတ်စွာဘုရားရှင် နှုတ်တော်မှ ထုတ်ဖော်တော်မူခဲ့သည့် လောကဓံနှင့် ပတ်သက်သည့် ကောက်ချက်ချ ဓမ္မစကား ဖြစ်ပါ၏။ မြတ်စွာဘုရား စကားတော်အရ လောကဓမ္မခေါ် လောကဓံတရားသည် လောကရှိ ပုထုဇင်ဖြစ်စေ၊ အရိယာဖြစ်စေ မည်သို့သော သတ္တ၀ါမဆို တွေ့ကြုံရမည့် သဘာဝတရား ဖြစ်ပြီး ထိုတရားနှင့် တွေ့ကြုံရသည့်အခါ လက်ခံနှလုံးသွင်း ဆင်ခြင်သည့် ပုဂ္ဂိုလ်သို့လိုက်၍သာ လောကဓံ တရား၏ ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်တတ်သည့် အကောင်းအဆိုး အကျိုးသက်ရောက်မှု တစ်စုံတစ်ရာ ဖြစ်တတ်သည်ကို သိရှိနိုင်မည် ဖြစ်၏။

မှန်၏။ လောကဓံတရားဟူသည် ပုထုဇင်ဖြစ်စေ၊ အရိယာဖြစ်စေ တွေ့ကြုံနေရမည့် တရားဖြစ်၏။ မည်သူမဆို တစ်ခါတစ်ရံ လာဘ်လာဘ ပေါများတတ်သကဲ့သို့ တစ်ခါတစ်ရံ လာဘ်လာဘမရှိ ဗလာနတ္ထိ ဖြစ်နေသည်လည်း ရှိတတ်၏။ တစ်ခါတစ်ရံ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများနေတတ်သကဲ့သို့ တစ်ခါတစ်ရံ အခြံအရံ အပေါင်းအသင်းမရှိ တစ်ယောက်တည်း အထီးကျန်နေသည်လည်း ရှိတတ်၏။ တစ်ခါတစ်ရံ ကဲ့ရဲ့ခံရသည်များ ရှိသကဲ့သို့ တစ်ခါတစ်ရံ ချီးမွမ်းမှုများ ခံရတတ်၏။ တစ်ခါတစ်ရံ ချမ်းသာမှုများ ရှိတတ်သကဲ့သို့ တစ်ခါတစ်ရံ ဆင်းရဲအတိ ဖြစ်နေသည်လည်း ရှိတတ်၏။ မည်သို့ပင်ဖြစ်စေ အကောင်းအဆိုး နှစ်မျိုးတို့သည် မည်သူမဆို ကြုံနေရမည် ဖြစ်သကဲ့သို့ ထိုကြုံတွေ့မှုသည်လည်း အမြဲမရှိ အခိုက်အတန့်သာ ဖြစ်သည်ဟူသည်ကား ထင်ရှားလှ၏။ အရေးကြီးသည်မှာ ထိုတရားများနှင့် ကြုံတွေ့သည့်အခါ မည်သို့နှလုံးသွင်း ဆင်ခြင်ကာ မိမိကိုယ်ကိုမိမိ မည်သို့ခံနိုင်ရည်ရှိရန် ကြိုးစားလေ့ကျင့်မည်ဟူသည့် အချက်ပင် ဖြစ်၏။

ဤသို့ လောကဓံတရားများနှင့် တွေ့ကြုံရသည့်အခါ ပုထုဇင်များနှင့် အရိယသာဝကများ၏ လက်ခံနှလုံးသွင်း ဆင်ခြင်မှုကား ကွာခြားလှ၏။ ပုထုဇင်ပုဂ္ဂိုလ်တို့ကား လာဘအလာဘစသည့် လောကဓံတရားများနှင့် ကြုံတွေ့သည့်အခါ “ဤတရားများသည် ငါ့အားဖြစ်ခဲ့ပြီ၊ ထိုတရားများကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သည့် သဘောရှိ၏” စသည်ဖြင့် နှလုံးသွင်း ဆင်ခြင်မှုကို မပြုနိုင်သော်လည်း အရိယသာဝတို့ကား ထိုလောကဓံတရားများနှင့် ကြုံတွေ့သည်အခါ “ဤတရားများသည် ငါ့အားဖြစ်ပေါ်ခဲ့ပြီ၊ ထိုတရားများကား အမြဲမရှိ ဆင်းရဲ၏၊ ဖောက်ပြန်တတ်သည့် သဘောရှိ၏”ဟု နှလုံးသွင်း ဆင်ခြင်မှုကို ပြုလုပ်နိုင်ပေ၏။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက “ပုထုဇင်ပုဂ္ဂိုလ်များအား လောကဓံတရားနှင့် ကြုံတွေ့ရသည့်အခါ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်းများ ဖြစ်ပေါ်လေ့ရှိခြင်း ဖြစ်ကြောင်း၊ ထိုဝမ်းနည်းခြင်း ၀မ်းသာခြင်းများကြောင့်ပင် ပဋိသန္ဓေနေခြင်း၊ အိုခြင်းသေခြင်း စိုးရိမ်ခြင်း ငိုကြွေးခြင်း နှလုံးမသာယာခြင်း ပြင်းစွာပူပန်ခြင်းတို့မှ မလွတ်နိုင်ဘဲ ဆင်းရဲအပေါင်းမှ မလွန်မြောက်နိုင်အောင် ဖြစ်နေခြင်း ဖြစ်ကြောင်း၊ အရိယာ သာဝကတို့ကား ပုထုဇင်တို့နှင့် ဆန့်ကျင်ပြီး လောကဓံတရားများ အပေါ်တွင် မမြဲဆင်းရဲသည့်တရား၊ ဖောက်ပြန်တတ်သည့် တရားဟု နှလုံးသွင်းဆင်ခြင်ကာ ၀မ်းနည်းမှု ၀မ်းသာမှု ဖြစ်လေ့မရှိဘဲ ထိုဒုက္ခများမှ လွန်မြောက်နိုင်ကြောင်း” စသည်ဖြင့် ဟောတော်မူခြင်းဖြစ်၏။

ပုထုဇင်ပုဂ္ဂိုလ်တို့သည် လာဘ်လာဘ ပေါများသည့်အခါ စိတ်ဓာတ်များလည်း ပြောင်းသွားတတ်၏။ လာဘ်လာဘ အပေါ်အမီပြု၍ မာနတရား ဖြစ်ပေါ်လေ့ရှိပြီး လာဘ်လာဘကို အကြောင်းပြု၍ မနာလိုမှု၊ ၀န်တိုမှုများလည်း ဖြစ်ပေါ်လေ့ ရှိတတ်၏။ လာဘ်လာဘ မရှိသည့်အခါတွင်လည်း စိတ်ဓာတ်များ ပျက်ပြားတတ်၏။ လာဘ်လာဘ မရှိသည့်ဒဏ်ကို ခံနိုင်ရည်မရှိဘဲ လာဘ်လာဘရမည်ဆိုလျင် တရားသောနည်း၊ မတရားသောနည်း စသည်ဖြင့် မည်သည့်နည်းနှင့်မဆို မရရအောင် ကြိုးစားတတ်ကြ၏။ ရှိသည့်အခါလည်း စိတ်အစဉ် ပြောင်းလဲတတ်သကဲ့သို့ မရှိသည့်အခါတွင်လည်း စိတ်ဓာတ်ခွန်အား ပျက်သွားတတ်၏။ ထို့အတူ အခြံအရံ မိတ်ဆွေအပေါင်းအသင်း ပေါများလျင်လည်း ပေါများသည့်အလျောက်၊ မရှိလျင်လည်း မရှိသည့်အလျောက်၊ ကဲ့ရဲ့ခံရလျင်လည်း ကဲ့ရဲ့ခံရသည့်အလျောက်၊ ချီးမွမ်းခံရလျင်လည်း ချီးမွမ်းခံရသည့်အလျောက်၊ ချမ်းသာလျင်လည်း ချမ်းသာသည့်အလျောက်၊ ဆင်းရဲလျင်လည်း ဆင်းရဲသည့်အလျောက် စိတ်အစဉ်များ ပြောင်းလဲ ပျက်ပြားတတ်ကြ၏။ ထိုသို့ အပြောင်းအလဲ မြန်သဖြင့်လည်း ပုထုဇင်များသည် လောကဓံတရားနှင့် ကြုံတွေ့သည့်အခါ ခံနိုင်ရည် မရှိဖြစ်ကာ ကောင်းလျင်ဝမ်းသာပြီး ဆိုးလျင်ဝမ်းနည်း တတ်ကြခြင်း ဖြစ်၏။ ၀မ်းနည်းဝမ်းသာ ဖြစ်တတ်လာလျင် နောက်ဆက်တွဲများအဖြစ် တဒင်္ဂချမ်းသာနှင့် အဆင်ထာဝရ ဆင်းရဲမှုများလည်း ပါလာတတ်မြဲ ဖြစ်ပေ၏။ အများအားဖြင့် ဒုက္ခများသာ ဖြစ်နေကြသည်သာ များလေ၏။ ထို့ကြောင့် လောကဓံ တရားများနှင့် ကြုံတွေ့သည့်အခါ မတုန်မလှုပ် ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် တိုက်တွန်းတော်မူခြင်း ဖြစ်၏။

အရိယသာဝကတို့ကား ထိုသို့မဟုတ်။ လောကဓံတရားကို ကောင်းစွာခံနိုင်ရည်ရှိ၏။ လာဘ်လာဘပေါများမှုသည့် အရိယာသာဝကတို့၏ စိတ်အစဉ်ကို တုန်လှုပ်ချောက်ခြားအောင် မလုပ်နိုင်သကဲ့သို့ လာဘ်လာဘမရှိမှုသည်လည်း အရိယသာဝကတို့အဖို့ ထူးခြားမှု တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်ပေ။ ရှိမှု၊ မရှိမှု၊ အခြံအရံ ပေါမှုမပေါမှု၊ ချီးမွမ်းမှု ကဲ့ရဲ့မှု၊ ချမ်းသာမှု ဆင်းရဲမှုဟူသည် အခိုက်အတန့်သာ ဖြစ်ပြီး အမြဲပြောင်းလဲနေသည့် သဘောတရားများ ဖြစ်သည်ကို ကောင်းစွာ သိရှိထားသည့် အရိယသာဝကတို့သည် ထိုအခိုက်အတန့်ကို ကောင်းစွာခံနိုင်ကြပေ၏။ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော အမှန်ကို တုန်လှုပ်မှုမရှိ ကောင်းစွာကျော်လွှားနိုင်ပေ၏။ ကောင်းလျှင်လည်း ၀မ်းသာမှု မဖြစ်သကဲ့သို့ ဆိုးလျှင်လည်း ၀မ်းနည်းမှု မဖြစ်သဖြင့် အကောင်းအဆိုးသည် အရိယာတို့၏ စိတ်ကို တုန်လှုပ်မှု မပြုနိုင်ခြင်းဖြစ်၏။ ထိုသို့ဝမ်းသာဝမ်းနည်း မဖြစ်သဖြင့်လည်း ဆင်းရဲဒုက္ခဟူသည် မဖြစ်ပေါ်ခြင်း ဖြစ်ပေ၏။ ထို့ကြောင့် လောကဓမ္မသည် အရိယသာဝကများအဖို့ တစ်စုံတစ်ခုမျှ သက်ရောက်မှုကို ဖြစ်စေနိုင်သည့် တရားများ မဟုတ်ဟု ဆိုခြင်းဖြစ်ကာ အရိယသာဝကများကဲ့သို့ ပုထုဇင်တို့သည်လည်း မိမိတို့၏ စိတ်အစဉ်ကို လေ့ကျင့်သင့်ကြောင်း ဆိုခြင်းဖြစ်၏။

မင်္ဂလသုတ်တော်တွင် မြတ်ဗုဒ္ဓက “ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ” စသည်ဖြင့် ဟောတော်မူထား၏။ လောကဓံတရားနှင့် တွေ့ကြုံသည့်အခါ စိတ်အစဉ် မတုန်လှုပ်ခြင်းသည် ကောင်းမြတ်သည့် မင်္ဂလာ တစ်ပါးဖြစ်ကြောင်း မိန့်တော်မူခြင်း ဖြစ်၏။ မှန်၏။ ကြုံလာသမျှ ကောင်းဆိုးနှစ်တန် လောကဓံကို ခံနိုင်ရည် ရှိထားလျှင် ၀မ်းသာမှု၊ ၀မ်းနည်းမှု မဖြစ်ဘဲ စိတ်အစဉ် တည်ငြိမ်နေသဖြင့် ထိုလောကဓံကို အမှီပြု၍ ဖြစ်ပေါ်လာနိုင်သည့် လောဘဒေါသစသည့် အကုသိုလ်တရားများလည်း ဖြစ်ပေါ်ခြင်း မရှိနိုင်တော့ပေ။ အကုသိုလ်မဖြစ်ခြင်းသည် ကုသိုလ်ဖြစ်ရန် အထောက်အပံ့တစ်ခု ဖြစ်သဖြင့် ကုသိုလ်ဖြစ်နေခြင်းသည် မင်္ဂလာ ဖြစ်နေခြင်းပင် ဖြစ်၏။ ထို့ကြောင့် လောကဓံကို ခံနိုင်ခြင်းသည် မင်္ဂလာတစ်ပါးဟု ဆိုခြင်းဖြစ်၏။

မျက်မှောက်ခေတ်တွင် လောကဓံတရားကို မခံနိုင်သဖြင့် ပျက်စီးသွားသူများကို အများအပြားတွေ့ဖူး၏။ အကောင်းအဆိုးဟူသည် အခိုက်အတန့် ဖြစ်သည်ဟူသည့် သဘောကို ကောင်းစွာသဘောမပေါက် သဖြင့် အခိုက်အတန့် ကြုံတွေ့ရသည့် အကောင်းလောကဓံ၊ အဆိုးလောကဓံများတွင် စိတ်အစဉ် ပြောင်းလဲသွားသဖြင့် ဘ၀ပျက်သွားသူများလည်း အများအပြားရှိ၏။ ငွေကြေးလာဘ်လာဘ ပေါများသည့်အခါ၊ အပေါင်းအသင်း မိတ်ဆွေပေါများသည့်အခါ၊ ချီးမွမ်းသည့်အခါ၊ ချမ်းသာသည့်အခါများတွင် အကျေနပ်ကြီး ကျေနပ်ကာ ထိုသာယာမှုများနောက်ကို လိုက်ရင်း ရုတ်တရက် ထိုအရာများ ပျောက်ပျက်သွားသည့်အခါ တုန်လှုပ်ချောက်ခြား ပျက်စီးသွားသူများ ရှိသကဲ့သို့ လာဘ်လာဘမရှိမှု၊ အပေါင်းအသင်းမရှိမှု၊ ကဲ့ရဲ့မှု၊ ဆင်းရဲမှု စသည့် အဆိုးလောကဓံများနှင့် ကြုံတွေ့ကြသည့်အခါ ခံနိုင်ရည်မရှိဖြစ်ကာ ထိုအဆိုးဒဏ်ကို မခံနိုင်သဖြင့် အကောင်းများရအောင် ကြိုးစားရင်း ဆိုးသထက်ဆိုးသွားသူများ၊ မကောင်းသည့် အရာများတွင် နစ်မွန်းသွားသူများလည်း အများအပြားရှိနေ၏။ ဤသည်မှာ အခိုက်အတန့်ဖြစ်သည့် အပြောင်းအလဲ လောကဓံကို ခံနိုင်ရည် မရှိသဖြင့်သာ ဖြစ်၏။ အတက်ရှိလျှင် အကျရှိသကဲ့သို့ အကျရှိလျှင်လည်း အတက်ရှိမည်ဟူသည့် သဘောကို ရင်မဆိုင်နိုင်သဖြင့် အတက်အကျ တဒင်္ဂတွင် အဆင်မကျ ဖြစ်ကြရခြင်း ဖြစ်၏။

တစ်ခါက ဒကာမတစ်ဦးနှင့် ဆုံဖူး၏။ ထိုဒကာမနှင့် စတွေ့စဉ်က ဒကာမသည် စီးပွားရေး အလွန်ကောင်းပြီး အစစအရာရာ အဆင်ပြေနေသည့် အချိန်ဖြစ်၏။ ထိုသို့ အစစအရာရာ အဆင်ပြေနေသဖြင့်လည်း ထိုဒကာမ၏ အပြောအဆို အပြုအမူ အနေအထိုင်များက မာနတရား၊ မောက်မာမှုတရား လွှမ်းမိုးထားသည့် အသွင်ကို ဆောင်နေသည်ဟု ခံစားရ၏။ အလှူအတမ်း လုပ်သည်ကအစ ဂုဏ်တုဂုဏ်ပြိုင် သဘောမျိုးဖြင့် အပြိုင်အဆိုင် လုပ်တတ်သည်ကို တွေ့ရ၏။ အခြားသူများ လှူနိုင်သည်ထက် အဆများစွာလှူပြကာ ပရိတ်သက်အလယ်တွင် ဂုဏ်ကြွယ်လိုသည့် သဘောအပြောများကို ပြသလေ့ရှိ၏။ တစ်နှစ်လောက်ကြာသည့်အခါ ထိုဒကာမနှင့် တစ်ခါဆုံ ဖြစ်ပြန်၏။ ထိုအခါတွင်ကား ယခင်တွေ့ခဲ့သည့် အမူအရာ မဟုတ်ဘဲ ဆင်းရဲနွမ်းပါးနေသည့်အပြင် စိတ်ဓာတ်များလည်း ပျက်ပြားနေသည့် အသွင်ကို ဆောင်နေ၏။ တစ်ခါတစ်ရံ သတိလက်လွတ်ဖြင့် စိတ်မမှန်သည့် ပုံစံမျိုးဖြင့် ပြောဆိုတတ်သည်ကိုလည်း တွေ့ရပြန်၏။ နောက်မှသိရသည်မှာ ထိုဒကာမ၏ စီးပွားရေးလုပ်ငန်းများ ကမောက်ကမဖြစ်ကာ ဆိုင်လည်းမီးလောင်ပြီး ကားတိုက်မှုပါ ထပ်ဖြစ်သဖြင့် အမှုရင်ဆိုင်ရင်း ရှိသမျှအရာများ ကုန်ဆုံးသွားခြင်း ဖြစ်ကြောင်း၊ ငွေကြေးလည်းမရှိ၊ စီးပွားရေးလည်း မရှိသည့်အခါ အခြံအရံ အပေါင်းအသင်းများလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြကြောင်း၊ ဘာမှမရှိသဖြင့် လုပ်သမျှများလည်း ကဲ့ရဲ့စရာများဖြစ်ကာ ဆင်းရဲဒုက္ခများနှင့်သာ ကြုံတွေ့သွားရကြောင်း၊ ထို့ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်နေကြောင်း တစ်ဆင့်စကား ကြားသိရ၏။ ထိုဒကာမနှင့် ပတ်သက်၍ မြင်ကြားရသည်မှာ အမှန်ပင် အံသြစရာ ကောင်းသည့် အပြောင်းအလဲ လောကဓံပင် ဖြစ်ပါ၏။ အခိုက်အတန့်ကာလမှာပင် ကပြောင်းကပြန် ဖြစ်စေနိုင်သဖြင့် ဤဒဏ်ကို မခံနိုင်သူများအဖို့ ပျက်စီးဖွယ်ရာ အမှန်ပင် ဖြစ်ပေ၏။ ထို့ကြောင့် အခိုက်အတန့် ဖြစ်သည့် အကောင်းအဆိုးရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိအောင် ကြိုးစားကြရန် တိုက်တွန်းကြခြင်း ဖြစ်၏။

ဆိုလိုသည်မှာ လောကဓမ္မခေါ် လောကဓံ တရားများသည် အမြဲမရှိ ဖောက်ပြန်တတ်သည့် သဘောရှိသဖြင့် အကောင်းဖြစ်စေ၊ အဆိုးဖြစ်စေ မည်သို့သော အရာများနှင့် ကြုံတွေ့ပါစေ ကြုံတွေ့သည့် အခိုက်တွင် မိမိတို့၏ စိတ်အစဉ်ကို တုန်လှုပ်ချောက်ခြားမှု မဖြစ်စေဘဲ အခိုက်အတန့် ကာလလေးကို ခံနိုင်ရည်ရှိရန် ကြိုးစားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မြတ်ဗုဒ္ဓ၏ အရိယာသာဝကများ နှလုံးသွင်း ဆင်ခြင်သကဲ့သို့ အကောင်းအဆိုး တရားတို့၏ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ ဖောက်ပြန်ခြင်း သဘောများကို ဟုတ်တိုင်းမှန်စွာ သိရှိဆင်ခြင်ပြီး “ဒါလည်းပဲ ပြီးသွားမှာပါပဲ”ဟု မိမိကိုယ်ကို အထပ်ထပ် သတိပေးကာ ခံနိုင်ရည်ရှိအောင် ကြိုးစားလေ့ကျင့်သင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အရိယာသာဝကများကဲ့သို့ လောကဓံကို အကြွင်းမဲ့ ခံနိုင်သည့် ပုဂ္ဂိုလ်များ မဖြစ်နိုင်သေးသော်လည်း သာမန်ပုထုဇင်များ အနေဖြင့်ကား မိမိတို့ ဖြတ်သန်းကျင်လည်ရသည့် ဘ၀အခြေအနေတွင် အကောင်းအဆိုး လောကဓမ္မများကို မဖြစ်မနေ ရင်ဆိုင်တွေ့ကြုံကြရမည် ဖြစ်သဖြင့် ကြုံသမျှ အရာများတွင် “အရာရာ အမြဲမရှိဘဲ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘော”ကို ကောင်းစွာ သတိပြုဆင်ခြင်ကာ အကောင်းများနှင့် ကြုံတွေ့သည့် အခါတွင်လည်း မာနမ၀င် သတိဆင်၍ အဆိုးများနှင့် ကြုံတွေ့သည့် အခါတွင်လည်း မတုန်မလှုပ် အကောင်းလုပ်လျက် အကြောင်းဟုတ်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်းရင်း လောကဓမ္မနှင့် အရိယသာဝက တို့၏ နှလုံးသွင်းဆင်ခြင်မှုကို အတုယူနိုင်စေဖို့ မြတ်ဗုဒ္ဓ၏ လောကဓမ္မသုတ်ကို ကိုးကား၍ ကြိုးစား တင်ပြလိုက်ရပါ တော့သည်။

Read more »

အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်…

“အရှင်ဘုရား… အရှင်ဘုရားတပည့်တော့ ဆုံးသွားပြီ ဘုရား”ဆိုတဲ့ သတင်းနဲ့အတူ မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမကြီး တစ်ယောက်ဆီက ဖုန်းဝင်လာပါတယ်။ ဒီသတင်း နားထောင်ပြီး အစကတည်းက ဒီတပည့်တစ်ယောက် အနှေးနဲ့အမြန် သွားတော့မယ်ဆိုတာ သိထားတော့ သိပ်မအံ့သြမိပါဘူး။ အံ့သြမိတာက အပြောင်းအလဲမြန်တဲ့ သေခြင်းတရားနဲ့ အပျောက်အပျက်မြန်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ အချိန်မရွေး သေဆုံးပျောက်ပျက်တတ်တဲ့ သဘောကိုပါပဲ။ ဒီတပည့်လေးနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရှိတဲ့အချိန် ကျောင်းမှာရဟန်းခဏ လာဝတ်ကတည်းက ဆုံးမပြုပြင် ပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ပြုပြင်မှု မလုပ်နိုင်တဲ့အတွက် ခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ တစ်ဘ၀ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါတယ်။

ဒီတပည့်လေး သေသွားရတာဟာ ကံစွမ်းကုန်လို့ သေသွားတယ်လို့ ပြောလို့ရပေမယ့် ဒီပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်ကို အထိန်းအကွပ်မရှိဘဲ အသောက်အစား အပျော်အပါးတွေမှာ လွန်လွန်ကျွံကျွံ လိုက်စားခဲ့တဲ့ သူ့ရဲ့အပြုအမူတွေကြောင့် ခုလိုအသေစောတာလို့လည်း ပြောလို့ရပါတယ်။ သူဟာ ၀င်ငွေအရမ်းကောင်းတဲ့ နိုင်ငံခြား သင်္ဘောကုမ္ပဏီတစ်ခုမှာ အရာရှိတစ်ယောက် အဖြစ်နဲ့ သင်္ဘောလိုက်နေတဲ့ သူဖြစ်ပါတယ်။ ၀င်ငွေကောင်းတော့ အပျော်အပါး အသောက်အစား အပေါင်းအသင်းကလည်း ပေါပါတယ်။ သင်္ဘောလိုက်ရင်း သောက်ရင်းစားရင်းနဲ့ အသောက်အစားအပေါ်မှာ အလွန်အကျွံ ဖြစ်လာတဲ့အပြင် မိန်းမကိစ္စပါ လိုက်စားမိတော့ ခုခံအား ကျဆင်းတဲ့ ရောဂါပါရပြီး ကြာတော့ အသောက်အစားလည်း မလျော့နိုင်၊ ရောဂါကလည်း တဖြည်းဖြည်း ကြီးကြီးလာနဲ့ သူရှာထားတာ သူ့အတွက်ဖြစ်ကာ နောက်ဆုံးတော့ အသက်လည်းဆုံး စည်းစိမ်ဥစ္စာလည်း ကုန်သွားတော့တာပဲ ဖြစ်ပါတယ်။

မှန်ပါတယ်။ သူ့ရဲ့ အဖြစ်ဟာ ခုနပြောခဲ့သလို သေချိန်ကျလို့ သေရတာထက် ကိုယ့်ကိုယ်ကို အထိန်းအကွပ် မရှိလို့ မြန်မြန်သေသွားရတယ်လို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ တစ်ခါတစ်လေမှာ ကံမကုန်သေးပေမယ့် ကိုယ့်ရဲ့အလုပ်တွေက ကိုယ့်ကိုယ်ကို ကံကုန်အောင် လုပ်ခဲ့တာတွေကြောင့် စောစောစီးစီး သေသွားကြတာတွေလည်း ရှိပါတယ်။ ဒီတပည့်ဟာ သူရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေကို သူကိုယ်တိုင် သုံးဖြုံးလိုက်တဲ့အပြင် သူ့ရောဂါ သူပြန်ကုနေရတာနဲ့ ကုသိုလ်ကောင်းမှုလည်း မပြုနိုင်ဖြစ်ကာ ပျက်စီးပျောက်ပျက် ကုန်စေခဲ့ပါတယ်။ အရင်းစစ်တော့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကို မြန်မြန်သေအောင် လုပ်လိုက်သလို ဖြစ်နေပြီး ကိုယ်ရှာဖွေ ထားတာတွေဟာလည်း ကိုယ့်လုပ်ရပ် ကံကြမ္မာတွေကြောင့် ပျောက်ပျက်ကုန်ဆုံးကုန်တာ ဖြစ်ပါတယ်။ ဒါကြောင့် အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်ဆိုသလို ကိုယ့်ကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ အတူ ကောင်းတဲ့ကံတွေနဲ့ အမြဲထုံးလွှမ်း နေထိုင်ကြဖို့၊ အဲဒီလို နေထိုင်ကြမယ်ဆိုရင် အတိတ်အကုသိုလ်ကံ ဆိုးဆိုးဝါးဝါးကြီး မရှိတဲ့သူတွေအနေနဲ့ သက်တမ်းကို အထိုက်အလျောက် ရှည်စေတတ်ပြီး စည်းစိမ်ဥစ္စာတွေဟာလည်း ကုသိုလ်ကံအရှိန်ကြောင့် အကျိုးတရား ဖြစ်ထွန်းလာတတ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

တကယ်တော့ သတ္တ၀ါတိုင်းဟာ ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားတဲ့အတွက် မွေးလာပြီးရင် သေရမှာ အမှန်ပါပဲ။ ရုပ်တရားရဲ့ ဖောက်ပြန်မှု၊ နာမ်တရားရဲ့ ပြောင်းလဲမှုတွေနဲ့လည်း အမြဲကြုံတွေ့နေရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဖောက်ပြန်မှုတွေဟာ ဉာဏ်နဲ့ဆင်ခြင်ပြီး ပြုပြင်ထိန်းသိမ်း ပေးနိုင်မယ်ဆိုရင် အထိုက်အလျောက် သက်သာတတ်ပါတယ်။ ရုပ်ကိုလည်းပြင် စိတ်လည်းပြင်မယ်ဆိုရင် ရုပ်လည်းသက်သာ စိတ်လည်းသက်သာ တတ်ပါတယ်။ ရုပ်သက်သာရင် ရုပ်သက်ရှည်မှာဖြစ်ပြီး စိတ်သက်သာရင်လည်း စိတ်သက်ရှည်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ သတ္တ၀ါ တစ်ဦးတစ်ယောက်ရဲ့ အသက်ရှည်စေဖို့ ထိန်းသိမ်းစောင့်ရှောက်ရာမှာ ဉာဏ်လေးနဲ့ယှဉ်ပြီး ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဗုဒ္ဓစာပေမှာ ရုပ်တရား ဖောက်ပြန်မှုဟာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ဆိုတဲ့ အကြောင်းတရား လေးပါးမှာ တစ်ပါးပါးကြောင့် ဖောက်ပြန်တတ်တယ်လို့ ဆိုပါတယ်။ သတ္တ၀ါတစ်ဦးချင်း လုပ်ဆောင်ခဲ့တဲ့ အတိတ်ကံ ပစ္စုပ္ပန်ကံတွေကြောင့် ရုပ်တရား ဖောက်ပြန်တတ်သလို စိတ်ကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ပြီးတော့ ရာသီဥတုကြောင့်လည်း ဖောက်ပြန်တတ်သလို၊ အစားအစာတွေကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ အဓိကကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီး စားကြမယ်ဆိုရင် ရုပ်ဖောက်ပြန်မှုကို သိသိသာ ကာကွယ်နိုင်ပါတယ်။ လူအတော်များများ ရောဂါရပြီး ရုပ်ဖောက်ပြန်ကြတာလည်း ဒီအစားအသောက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အစားမတော်တစ်လုပ် အသွားမတော် တစ်လှမ်းလို့ ဆိုကြသလို အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုကြခြင်းလည်း ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ ဒီတရားလေးပါးကို ဉာဏ်နဲ့ယှဉ်ပြီး ကိုယ့်ရုပ်နဲ့အဆင်ပြေမယ့် အရာတွေကို ရွေးချယ်လိုက်နာ ကျင့်သုံး နေထိုင်ကြမယ်ဆိုရင် ရုပ်တရား ဖောက်ပြန်မှုကို အလွယ်တကူ ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

စိတ်ဖောက်ပြန်မှုကတော့ သတ္တ၀ါ အသီးသီးမှာ ရှိနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာ တရားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဖောက်ပြန်မှုကိုလည်း သမထဘာဝနာ၊ ၀ိပဿနာ ဘာဝနာ တရားများကို ကြိုးစားအားထုတ်ပေးခြင်းဖြင့် ထိန်းသိမ်းပြုပြင် ပေးလို့ရပါတယ်။ တရားအားထုတ်တဲ့ အလုပ်ဟာ ကြိုးစားအားထုတ်နိုင်ရင် အားထုတ်နိုင်သလောက် စိတ်ဖောက်ပြန်မှုကို ပြုပြင်ထိန်းသိမ်း ပေးနိုင်ပြီး နောက်ဆုံး ဉာဏ်စဉ်အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တ မဂ်ဉာဏ်အထိ ရောက်ရှိခဲ့ပြီ ဆိုရင်တော့ ဘယ်တော့မှ ဖောက်ပြန်ခြင်း မရှိတော့တဲ့ သန္တိသုခကို ရရှိကြမှာ ဖြစ်ပါတယ်။ အဲဒီလို အဆုံးပန်းတိုင်အထိ မရောက်နိုင်သေးပေမယ့် တရားအားထုတ်ခြင်းဖြင့် ဒီဘ၀မှာလည်း စိတ်ဖောက်ပြန်မှု သက်သာအောင် လုပ်နိုင်သလို သံသရာမှာလည်း ချမ်းသာသုခကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဖောက်ပြန်တတ်တဲ့ ရုပ်နာမ်ဆိုတဲ့ အသက်ကို ဉာဏ်နဲ့ယှဉ်ကာ ထိန်းသိမ်းစောင့်ရှောက်နိုင်စေဖို့ အသက်ဉာဏ်စောင့်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဥစ္စာကံစောင့်ဆိုတဲ့ စကားလည်း ဒီအတိုင်းပါပဲ။ စည်းစိမ်ဥစ္စာတွေရဲ့ သဘောက ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သူ ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အချိန်မရွေး ဆုံးရှုံး ပျောက်ပျက်တတ်ပါတယ်။ ကံမရှိဉာဏ်ရှိတိုင်းမွဲ ဆိုသလို အတိတ်ကံ မပါလာရင်လည်း စည်းစိမ်ဥစ္စာတွေဟာ ရရှိလာဖို့ ခက်သလို ရလာတာတွေကိုလည်း မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့လည်း ခက်ပြန်ပါတယ်။ ပစ္စည်းဥစ္စာဆိုတာကလည်း ကိုယ်နဲ့ထိုက်မှ ရတာဖြစ်တဲ့အတွက် ပျက်စီးချိန်တန်ပြီ၊ ပျောက်ပျက်ချိန်တန်ပြီဆိုရင် ဘယ်နေရာမှာ ဘယ်လိုပဲထားထား ပျောက်ပျက်သွားတတ်တာ ဖြစ်ပါတယ်။ ဒီလို အချိန်မရွေး ပျောက်ပျက်ဆုံးရှုံးတတ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေမှာ ကံအကူအညီက အများကြီးလိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်က လုပ်ခဲ့တဲ့ ကောင်းကံတွေလိုသလို အခုဘ၀မှာ လုပ်တဲ့ ကောင်းကံတွေလည်း ရှိဖို့လိုပါတယ်။

ဒီဘ၀မှာ ရှာဖွေစုဆောင်း ထားတာလေးတွေကို ဉာဏ်နဲ့ယှဉ်ကာ ထိန်းသိမ်းပေးဖို့ လိုသလို ရှာဖွေထားတာလေးတွေကို ကုသိုလ်ကောင်းမှုများမှာ လှူဒါန်းပေးခြင်းနဲ့လည်း ကံအကူအညီနဲ့ ထိန်းပေးဖို့ လိုပါတယ်။ ကောင်းကံတွေလုပ်ပြီး သမ္မာဒေ၀ နတ်ကောင်းနတ်မြတ်များကို အမျှအတမ်းပေးဝေကာ နတ်ကောင်းနတ်မြတ်များရဲ့ စောင့်ရှောက်မှုကိုလည်း ရယူပေးဖို့ လိုပါတယ်။ အရေးကြီးဆုံးက စည်းစိမ်ဥစ္စာရဲ့ အနှစ်သာရတွေကို ကုသိုလ်ကောင်းမှုတွေ လုပ်ပြီး ထုတ်ယူသွားနိုင်ဖို့က ဘယ်တော့မှ မပျက်စီးနိုင်မယ့် အချက်ပဲ ဖြစ်ပါတယ်။ ရှာဖွေထားသမျှကို ကောင်းမှုကုသိုလ် လုပ်ပေးခြင်းနဲ့ မပျောက်ပျက်အောင် စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ဒါဟာ ဥစ္စာကို ကံအကူအညီနဲ့ စောင့်ရှောက်ပေးတဲ့ သဘောပဲ ဖြစ်ပါတယ်။ အတိတ်ကံတွေရယ် ပစ္စုပ္ပန်ကံတွေရယ်ဟာ ပစ္စည်းဥစ္စာကို စောင့်ရှောက်မှု ပေးစေနိုင်တဲ့အတွက် ဥစ္စာကံစောင့်လို့ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အသက်နဲ့ ဥစ္စာတွေဟာ ဉာဏ်နဲ့ကံတွေရဲ့ ပံ့ပိုးစောင့်ရှောက် ပေးမှုကြောင့် အထိုက်အလျောက် အရှည်တည်တံ့နိုင်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ မွေးကတည်းက သေခြင်းတရားဟာ ပါလာတယ်ဆိုပေမယ့် အသက်ရှင်နေတဲ့ အခိုက်အတန့်မှာ ကိုယ်ကိုယ်တိုင်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုကို လိုက်ပြီး သက်တမ်းစေ့ နေနိုင်အောင် စောင့်ရှောက်ပေးနိုင်သလို ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူ အနေအထိုင် အစားအသောက် တွေကြောင့်လည်း သက်တမ်းမစေ့ခင် သေသွားတတ်တာလည်း ရှိတယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ ပြီးတော့ ရှာဖွေစုစောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဟာလည်း အချိန်မရွေး ပျက်စီးခြင်းတရားတွေနဲ့ ဆက်ဆံနေပေမယ့် ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ အတိတ်ကံတွေရယ်၊ ဒီဘ၀မှာ လုပ်နေတဲ့ ပစ္စုပ္ပန်ကံတွေရယ်ကြောင့် အရှည်တည်တံ့နိုင်သလို လုပ်သမျှမဖြစ်ဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့လည်း ကြုံနိုင်တယ်ဆိုတာ သတိပြုစေလိုတာ ဖြစ်ပါတယ်။ ကံဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ စေတနာပါတဲ့ လုပ်ဆောင်ချက် ဖြစ်တဲ့အတွက် စေတနာပါပါနဲ့ ကောင်းကံလေးတွေကိုလုပ်ပြီး စည်းစိမ်ဥစ္စာတွေရဲ့ အရှည်တည်တံ့မှု၊ တိုးတက်များပြားမှုကို ထိန်းသိမ်းစောင့်ရှောက်ကြည့်ဖို့ အကြံပြုလိုတာ ဖြစ်ပါတယ်။ ဒီလိုသာ ဉာဏ်လေးတွေနဲ့ ယှဉ်ပြီး ကံလေးတွေ ဆင့်ပေးကြမယ်ဆိုရင်တော့ အသက်ကိုလည်း စောင့်ရှောက်ပေးနိုင်သလို ဥစ္စာကိုလည်း စောင့်ရှောက်ပေးနိုင်မှာ ဖြစ်တယ်ဆိုတာ သဘောပေါက်စေလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အသက်ငယ်ငယ်နဲ့ သေဆုံးသွားပြီး ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာတွေပါ ပျက်သုဉ်းသွားခဲ့ရတဲ့ ဘုန်းဘုန်းရဲ့ တပည့်နဲ့ပတ်သက်ပြီး တွေးကြည့်မိတဲ့ အသက်ဉာဏ်စောင့်တဲ့ သဘော၊ ဥစ္စာကံစောင့်တဲ့ သဘောလေးတွေကို သတိပြုဆင်ခြင်ကာ စာဖတ်သူ ဓမ္မမိတ်ဆွေများ အနေနဲ့လည်း ကျန်ရှိနေတဲ့ အသက်နဲ့ ရရှိထားတဲ့ ဥစ္စာလေးတွေကို ဉာဏ်နဲ့ယှဉ်ကာ ကံနဲ့ပြင်ပြီး သက်တမ်းစေ့ နေနိုင်ဖို့နဲ့ ချမ်းချမ်းသာသာ နေနိုင်ဖို့ ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကို မျှတအောင် ကြိုးစားရင်း သမထဘာဝနာ ၀ိပဿနာ ဘာဝနာ တစ်ခုခုကို အားပြုကာ ကုသိုလ်ကောင်းမှုများကိုလည်း တတ်နိုင်သမျှ လုပ်ဆောင်ခြင်းဖြင့် “အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်” နိုင်အောင် သတိတရား လက်ကိုင်ထားပြီး ကြိုးစားအားထုတ်ကြည့်ကြဖို့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၉)….

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ…

ကုသိုလ်ကောင်းမှုမှာ အသက်အရွယ်မရှိ…
ကောင်းမှုကုသိုလ် အနှစ်သာရဆိုတာ အသက်အရွယ်နဲ့ မဆိုင်ဘဲ တစ်ဦးတစ်ယောက်ချင်းရဲ့ သဒ္ဓါတရားနဲ့ ရယူလိုမှု၊ ကိုယ့်ကိုယ်ကို ထိန်းသိမ်းပြုပြင်လိုမှု၊ ကြိုးစားအားထုတ်မှုတွေနဲ့ပဲ ရရှိနိုင်အောင် ကြိုးစားရတဲ့ အရာ ဖြစ်တဲ့အတွက် ငယ်တဲ့သူတွေလည်း ငယ်တဲ့အလျောက် ကြိုးစားရယူနိုင်ကြသလို ကြီးတဲ့သူတွေလည်း ကြီးတဲ့အလျောက် ကြိုးစားရယူနိုင်ကြမှာ ဖြစ်ပါတယ်။ အသက်ငယ်ပေမယ့် အသိရှိပြီး ထိန်းသိမ်းပြုပြင်နိုင်မယ် ဆိုရင် အနှစ်ရှိတဲ့ ဘ၀ဖြစ်နိုင်ပြီး အသက်ကြီးပေမယ့် အသိမရှိ ကြိုးစားအားထုတ်မှုလည်း မရှိဘဲ မကောင်းတဲ့ အလုပ်တွေ၊ မကောင်းတဲ့ အာရုံတွေမှာ ပျော်ကောင်းတုန်း၊ မိုက်ကောင်းတုန်းဆိုရင်တော့ ကြီးပြီးအနှစ်မရှိ၊ အနံ့မကောင်းတဲ့ ကြက်သွန်နီလို ဘ၀မျိုးပဲ ဖြစ်နေကြမှာ ဖြစ်ပါတယ်။

လမ်းညွန်သူနဲ့ ကျင့်ကြံသူ…
မကောင်းတဲ့ အလုပ်တွေမှာ ပျော်ကောင်းနေ၊ အသက်အရွယ် ရလာပေမယ့် ကုသိုလ်တရားတွေမှာ ကြိုးစားအားထုတ်ဖို့ သတိမရ ဖြစ်နေသူတွေကို အများကြီး ကြုံဖူးနေပါတယ်။ တစ်ခါတစ်ရံ ကြုံကြိုက်တဲ့အခါမှာ အသိပေးစကား၊ တိုက်တွန်းစကား ပြောကြားပေးနေပေမယ့် သူတို့ကိုယ်တိုင်က သံဝေဂမရ၊ သူတို့ကိုယ်တိုင်က ကုသိုလ်တရားတွေအပေါ်မှာ ရယူလိုစိတ်မရှိ၊ အားထုတ်လိုစိတ် မရှိဘဲ ဖြစ်နေကြလေတော့ ဘုန်းဘုန်းတို့လည်း ရသမျှလောက်ပဲ ဟောပြောပြုပြင် ပေးနေရတော့တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာက လမ်းညွှန်ပေးသူနဲ့ လက်တွေ့လိုက်နာ ကျင့်ကြံသူဆိုတာ သူ့အလုပ်ပဲ သူလုပ်နိုင်တာ ဖြစ်လို့ ဘုန်းဘုန်းတို့ အနေနဲ့ကတော့ လမ်းညွန်ပေးရုံ၊ ဟောပြောပေးရုံ၊ တိုက်တွန်းပေးရုံလောက်ပဲ လုပ်ပေးနိုင်မှာ ဖြစ်ပြီး လက်တွေ့ကျင့်ကြံမှု အပိုင်းမှာတော့ သူတို့တစ်ဦးချင်း အပေါ်မှာပဲ မူတည်နေတာ ဖြစ်ပါတယ်။

အကောင်းဆုံးနည်း...
လူတိုင်းလူတိုင်း တစ်ခါတစ်လေ ကိုယ်ကျင်လည်ရတဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာ ဘယ်လိုပဲ ပေါင်းသင်းနေထိုင် ပြုပြင်ပေမယ့် ပြုပြင်လို့ မရသူများ၊ လိုက်လျောလို့ မရသူများ၊ အဆင်ပြေအောင် ဆက်ဆံလို့ မရသူများ ရှိတတ်ပါတယ်။ အဲဒီသူတွေကြောင့် ကိုယ့်မှာ စိတ်ပန်းလူပန်း ဖြစ်ကြရပြီး နေ့စဉ်နှင့်အမျှ သူတို့ကို အကြောင်းပြုကာ အကုသိုလ်များသာ ဖြစ်နေကြတာကို ကြုံဖူးကြမှာ ဖြစ်ပါတယ်။ ပုထုဇင်တွေရဲ့ သဘာဝအရ အဆင်မပြေ ဖြစ်ကြပြီဆိုရင် တဘက်သူ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော အကောင်းမြင်တတ်တဲ့ သဘောမရှိဘဲ မကောင်းဘက်ကပဲ တွေးနေမိတတ်ပါတယ်။ မကောင်းအမြင်နဲ့ မကောင်းတွေးထင်နေရင် မကောင်းတဲ့ အကုသိုလ်ပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက် မချစ်မနှစ်သက်သူ၊ အဆင်မပြေသူများနဲ့ ရှောင်လွဲမရ အတူတကွ နေထိုင်ရသူများ အနေနဲ့ နေ့စဉ်နှင့်အမျှ အကုသိုလ် ဖြစ်ဖို့ပဲ များနေကြမှာ ဖြစ်ပါတယ်။ အဲဒီလို အခါမျိုးမှာ တဘက်သူကို ကိုယ့်အလိုကျ၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေဖို့ ကြိုးစားမနေဘဲ ကိုယ်ကိုယ်တိုင် အကုသိုလ်မဖြစ်ဘဲ နေနိုင်အောင်ပဲ ကြိုးစားသင့်ပါတယ်။ အဆင်မပြေသူ၊ မချစ်မနှစ်သက်သူ၊ ဆုံးမပြုပြင်လို့ မရသူများကို အကုသိုလ်မဖြစ်အောင် ကြိုးစားရာမှာ အကောင်းဆုံးနည်းကတော့ ဥပေက္ခာပြုလိုက်ခြင်းပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မှန်သမျှ ဘယ်လိုအကြောင်းအရာပဲ ဖြစ်ဖြစ် လိုက်ပြီး ခံစားမနေဘဲ လျစ်လျူရှုကာ သဗ္ဗေသတ္တာ ကမ္မဿကာလို့ နှလုံးသွင်း နေလိုက်ခြင်းကသာ ကုသိုလ်မရပေမယ့် အကုသိုလ်မဖြစ်တဲ့ အမှန်ကန်ဆုံး၊ အကောင်းဆုံး နည်းတစ်ခုပဲ ဖြစ်ပါတယ်။

အကောင်းမြင်တတ်ပါစေ...
တကယ်တော့ အကောင်းမြင်တတ်ခြင်းဟာ အပြစ်အဖြစ်သက်သာတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် လူတိုင်းလူတိုင်း ကိုယ်စီအားနည်းချက်များ ရှိတတ်ကြတဲ့အတွက် အဲဒီအားနည်းချက်ကို ကြည့်ပြီး ဆက်ဆံကြမယ်ဆိုရင်တော့ ဆက်ဆံရေး အဆင်ပြေဖို့ မလွယ်လှပါဘူး။ ပြီးတော့ အဆိုးမြင်တတ်တဲ့ အကျင့်လေးတွေ ရှိနေပြန်တဲ့အခါ မကောင်းတဲ့ အတွေးအမြင်က အရင်ဆုံး နေရာယူထားတဲ့အတွက် ဘယ်သူ့ကိုကြည့်ကြည့် မကောင်းတဲ့အချက်၊ အားနည်းတဲ့ အချက်ကိုပဲ တွေ့နေရမှာ ဖြစ်ပါတယ်။ အဲဒီလို အားနည်းချက်နဲ့ မကောင်းတဲ့အချက်ကို ကြည့်မိမယ်ဆိုရင်တော့ ကိုယ့်အနေနဲ့ တဘက်သူအပေါ် အကောင်းမြင်ပေးဖို့ မလွယ်လှဘဲ မကောင်းတဲ့ အတွေးအမြင်များနဲ့ အကုသိုလ် အပြစ်များပဲ ဖြစ်ပေါ်တတ်တဲ့ သဘောရှိပါတယ်။ ဒါဟာ အကောင်းမြင်တတ်တဲ့ အကျင့်မရှိဘဲ အဆိုးကိုသာ ကြည့်တတ်တဲ့အတွက်ကြောင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အကောင်းမြင်တတ်ရင် အပြစ်အဖြစ် သက်သာတဲ့အတွက် အကောင်းမြင်နိုင်အောင် ကြိုးစားသင့်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။

ကိုယ့်အလုပ်ကိုယ်စစ်ပါ…
လူတိုင်းလူတိုင်း ကိုယ်လုပ်တဲ့ အလုပ်တွေ အပေါ်မှာ အပြစ်ဖြစ်မဖြစ် စိစစ်ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အပြစ်ကင်းတယ်၊ အကျိုးရှိတယ်ဆိုရင် ဒီအလုပ်ဟာ ကောင်းတဲ့အလုပ်ဖြစ်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်အတွက်လည်း အကျိုးမရှိ၊ သူများအတွက်လည်း အကျိုးမရှိတဲ့အပြင် လုပ်သမျှ အပြစ်တွေပဲ ဖြစ်နေတယ်ဆိုရင် ဒါဟာ မကောင်းတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ အလုပ်တစ်ခုဟာ ကောင်းရင် ကုသိုလ်ဖြစ်ပြီး မကောင်းရင် အကုသိုလ်ဖြစ်ပါတယ်။ အကောင်းလုပ်ရင် အပြစ်ကင်းပြီး မကောင်းလုပ်ရင် အပြစ်တွင်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်မကင်းဘဲ မကောင်းကျိုးပေးတတ်တဲ့ အကုသိုလ် အလုပ်တွေကို ရှောင်ကြဉ်ပြီး အပြစ်ကင်းကာ ကောင်းကျိုးဖြာစေမယ့် ကုသိုလ်အလုပ်တွေမှာ တတ်နိုင်သမျှ ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

အကျိုးပေးကောင်းတာ မဟုတ်…
တစ်ချို့က အကုသိုလ်နဲ့ အကျိုးပေးတယ်၊ လောင်းကစားနဲ့ အကျိုးပေးတယ်လို့ ဆိုကာ အကုသိုလ်အလုပ်၊ မကောင်းတဲ့ အလုပ်တွေကို ပျော်ပျော်ပါးပါး လုပ်နေတတ်တာ ရှိပါတယ်။ ဒါဟာ အကျိုးပေးတာ မဟုတ်ပါဘူး။ အကျိုးယုတ်နေစေတာ ဖြစ်ပါတယ်။ အပြစ်တွေ ဖြစ်နေစေတာ ဖြစ်ပါတယ်။ အချိန်မတန်သေးတဲ့အတွက် ဒီအပြစ်တွေကို မခံရသေးပေမယ့် အချိန်တန်ရင်တော့ ဘုရားလည်း မကယ်နိုင်လောက်အောင် အပြစ်နဲ့အတူ မကောင်းကျိုးကို ခံရမှာ ဖြစ်ပါတယ်။

မရှိတာထက် မသိတာခက်…
“မရှိတာထက် မသိတာခက်”ဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိပါတယ်။ ပစ္စည်းဥစ္စာ မရှိတာထက် အသိဉာဏ်မရှိတာက ပိုခက်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဘာသာတရား ရှုဒေါင့်က ပြောမယ်ဆိုရင် မရှိတာဟာ ဒါနကြောင့်ဖြစ်ပြီး မသိတာဟာ ပညာကြောင့်လို့ ပြောနိုင်ပါတယ်။ ဒါနမပါတော့ မရှိဖြစ်နေပြီး ပညာမပါတော့ မသိဖြစ်နေတတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒါနမပါတဲ့သူတွေဟာ ဖြစ်လေရာဘ၀တွေမှာ မွဲနေတတ်ပြီး ပညာမပါတဲ့ သူတွေကတော့ ဖြစ်လေရာဘ၀မှာ အသိမရှိဖြစ်ကာ မောဟအမှောင် ဖုံးနေတတ်ပါတယ်။ အမှားကို အမှန်ထင်၊ အမှန်ကို အမှားထင်ပြီး စိတ်ထင်ရာ လုပ်နေမိတတ်ပါတယ်။ ပိုဆိုးတာက ကုသိုလ်ကို ကုသိုလ်လို့ မသိ၊ အကုသိုလ်ကို အကုသိုလ်လို့ မသိတာက ပိုဆိုးပါတယ်။ တစ်ခြားအရာတွေမှာ မသိတာထက် ကုသိုလ်အကုသိုလ်ကို မသိတာက အဆိုးဆုံးဖြစ်ပြီး အပြစ်ပိုကြီးကြောင်း ဗုဒ္ဓအဘိဓမ္မာ သဘောအရ လေ့လာ စမ်းစစ်ကြည့်နိုင်ပါတယ်။

မကောင်းတဲ့အလုပ်ရဲ့ သဘော…
မကောင်းမှု အကုသိုလ်ရဲ့ သဘောက အဲဒီမကောင်းတဲ့အလုပ်ကို လုပ်ပါများလာတဲ့အခါ မကောင်းမှုကို မကောင်းမှုလို့ မမြင်တော့ဘဲ သာမန်နေ့စဉ် ထမင်းစား ရေသောက်အလုပ်တစ်ခု အဖြစ် ထင်လာတတ်တာ ဖြစ်ပါတယ်။ ဒါကြောင့် မကောင်းမှု အကုသိုလ်ဟာ အသေးလေးဆိုပြီး အထင်မသေးပါနဲ့လို့ ဗုဒ္ဓဘုရားရှင် မိန့်တော်မူတာ ဖြစ်ပါတယ်။

အကုသိုလ်အားလုံးရဲ့ တရားခံ…
မဟုတ်တာကို ပြောတတ်တဲ့သူတစ်ယောက်ဟာ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုသလို ပါးစပ်က မဟုတ်တာတွေ ပြောလာတတ်ပြီဆိုရင် အဲဒီသူဟာ မကောင်းတဲ့ အလုပ်ကိုလည်း အလွယ်တကူ လုပ်ဖြစ်တတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘုရားရှင်က သားတော် ရာဟုလာကို “ချစ်သား ရာဟုလာ မုသားဆိုလျင် ရယ်ဖွယ်မျှပင် မပြောနဲ့” လို့ မိန့်တော်မူတာ ဖြစ်ပါတယ်။ ဒီလို နှုတ်ကိုမစောင့်စည်းဘဲ အလွယ်တကူ ကျူးလွန်တတ်တဲ့သူတွေဟာ သူ့စကားနဲ့သူ့ကိုပြန်ပြီး ထိခိုက်စေကာ စကားနောက် တရားပါကုန်တတ်တဲ့အတွက် စကားပြောတဲ့အခါ ကောင်းတဲ့တရားတွေပါအောင် ပြောဆိုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘယ်လိုလူဖြစ်ချင်လဲ…
လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀မှာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေကြောင့် လူဟာ လူငရဲသားလည်း ဖြစ်သွားနိုင်၊ လူပြိတ္တာလည်း ဖြစ်သွားနိုင်၊ လူတိရစ္ဆာန်လည်း ဖြစ်သွားနိုင်၊ လူသားစင်စစ်လည်း ဖြစ်နေနိုင်တဲ့အတွက် ဒီလူလေးမျိုးထဲက ကိုယ်ကဘယ်လို လူမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ပြီး ကိုယ်ဖြစ်ကိုယ်ခံရတဲ့ ဘ၀မှာ ကိုယ်ရွေးချယ်ရာ ကိုယ်စံရမှာဖြစ်လို့ ရွေးချယ်မှု မမှားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ရွေးချယ်မှုမှားရင် လူဟာလည်း အဆင့်နိမ့်သွားတတ်တဲ့အတွက် အမှန်ရွေးချယ်ပြီး လူပီသတဲ့ အဆင့်မြင့်လူဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ မကောင်းတဲ့ အကုသိုလ် ဒုစရိုက်များနဲ့ ပျော်မွေ့နေတာတွေကြောင့် လူမပီသတဲ့လူ၊ လူတိရစ္ဆာန်၊ လူပြိတ္တာစတဲ့ လူတွေဘ၀ကို မရောက်စေကြဘဲ ကိုယ်ကျင့်သီလနဲ့ ကုသိုလ်သုစရိုက်တွေမှာ ပျော်မွေ့တတ်တဲ့ လူပီသတဲ့ လူစင်စစ်များ ဖြစ်အောင် အသိသတိနဲ့ ကြိုးစားအားထုတ်ကြဖို့ အကြံပြုလိုရင်း ဖြစ်ပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ