သင်… ဘယ်လိုလူလဲ…

“လူသားစင်စစ် ဖြစ်ရဲ့လား…”ဆိုတဲ့ အမေးကို ရဟန်းခံတဲ့အခါ ရဟန်းလောင်းကို သံဃာ့အလယ်မှာ မေးလေ့မေးထ ရှိပါတယ်။ ဒီလိုမေးရတာကလည်း ဘုရားလက်ထပ်က လူသားစင်စစ် မဟုတ်တဲ့ နဂါးစတဲ့ တန်ခိုးကြီး သတ္တ၀ါတွေက လူယောင်ဖန်ဆင်းပြီး ရဟန်းဝတ်ဖူးတဲ့ အတွက်ကြောင့် နောင်ဒီလို အဖြစ်မျိုး မဖြစ်ရအောင် လူသားစင်စစ် ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းနဲ့အတူ လူသားစင်စစ် ဖြစ်တဲ့သူကိုသာ ရဟန်းခံပေးရမယ်ဆိုတဲ့ ပညတ်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအကြောင်းလေး တွေးမိတော့ လူသားစင်စစ် ဖြစ်တိုင်း လူပီသတဲ့သူ၊ လူစင်စစ်ဖြစ်တဲ့သူလို့ ဆိုနိုင်ပါ့မလားဆိုတဲ့ အတွေးတွေ တစ်ခါတစ်လေ ၀င်မိပါတယ်။ လူဖြစ်ပေမယ့် လူ့ဘ၀မှာ နေထိုင်ပြောဆို လုပ်ကိုင်နေတဲ့ အပြုအမူ အလုပ်အကိုင်တွေကြောင့် လူသားမဆန်ဘဲ ဖြစ်နေကြတဲ့ သူတွေကလည်း မနဲဘူးဆိုတော့ ဒီအထဲကမှ ကိုယ်ကကိုယ်ဖြစ်ချင်တဲ့လူ၊ လူပီသတဲ့လူ ဖြစ်လာအောင် ကြိုးစားယူရမှာ ဖြစ်ပါတယ်။ ကိုယ်က ဘယ်လိုလူဖြစ်ချင်လဲ ဆိုတာကို ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်ယူရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်လုပ်နေတဲ့ အလုပ်တွေကိုမြင်အောင် ကြည့်ပြီး ကိုယ့်ကိုယ်ကုဘယ်လိုလူလဲ ဆိုတာ အရင်သိအောင် ကြိုးစားဖို့လိုပါတယ်။

ကိုယ်ဘယ်လိုလူလဲဆိုတာ တိုင်းတာဖို့အတွက် စာပေမှာလာတဲ့ လူအမျိုးအစားများအကြောင်း သိထားဖို့ လိုပါတယ်။ ၀ိမာန၀တ္ထုအဋ္ဌကထာမှာ လူအမျိုးအစားလေးမျိုးရှိကြောင်း ခွဲခြားပြထားတာ တွေ့ရပါတယ်။ အဋ္ဌကထာမှာ ဖွင့်ပြတဲ့ လူလေးမျိုးက
၁။ မနုဿနေရယိက = လူငရဲသား
၂။ မနုဿပေတ = လူပြိတ္တာ
၃။ မနုဿတိရစ္ဆာန = လူတိရစ္ဆာန်
၎။ ပရမတ္ထမနုဿ = လူစင်စစ်
ဆိုတဲ့ လူလေးမျိုးပဲ ဖြစ်ပါတယ်။ ဒီလူလေးမျိုးရဲ့ ဖွင့်ဆိုချက် အကျယ်ကိုလည်း အဋ္ဌကထာမှာ ဆက်လက်ဖွင့်ဆို ရှင်းပြပါတယ်။

(၁) မနုဿနေရယိကခေါ် လူငရဲသားဆိုတာ “လူသားစင်စစ်ဖြစ်ပေမယ့် သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးယူခြင်း၊ သူ့သားမယား ဖျက်စီးခြင်း စတဲ့ မပြုသင့် မပြုထိုက်တဲ့ အမှုတွေကို ပြုလုပ်တဲ့အတွက် မင်းအစိုးရ စသည်တို့က အပြစ်နဲ့အညီ လက်ခြေဖြတ်ခြင်း စတဲ့ အပြစ်ဒဏ်တွေနဲ့ အပြစ်ပေးခံရတဲ့ အတွက်ကြောင့် ဆင်းရဲဒုက္ခ ကြီးစွာခံစားနေရတဲ့ သူမျိုး” ကို ဆိုကြောင်း၊

(၂) မနုဿပေတခေါ် လူပြိတ္တာဆိုတာ “လူသားစင်စစ်ဖြစ်ပေမယ့် အတိတ်ဘ၀က ပြုလုပ်ခဲ့တဲ့ မကောင်းမှုကြောင့် အစားအစာ အ၀တ်အထည် မရှိဘဲ ရှားရှားပါးပါး ဖြစ်နေရတဲ့အပြင် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ခံနေရတဲ့အတွက် ဆင်းရဲပင်ပန်းမှုနဲ့အတူ ရပ်တည်ရာမရဖြစ်ကာ ကတိမ်းကပါး ပြေးလွှားရှာဖွေ လှုပ်ရှားနေရတဲ့ သူမျိုး”ကို ဆိုကြောင်း၊

(၃) မနုဿတိရစ္ဆာနခေါ် လူတိရစ္ဆာန်ဆိုတာ “လူလူချင်း အတူတူ ဖြစ်ပေမယ့် သူတပါးကို အမှီပြုကာ အသက်မွေးနေရပြီး သူတပါးရဲ့ တာဝန်ဝတ္တရားတွေကို လုပ်ကိုင်ဆောင်ရွက်ပေးရင်း မနေမနား သွားလာလှုပ်ရှား နေရတဲ့သူနဲ့ လောကဥပဒေတွေကို ချိုးဖောက်တဲ့အတွက် အစိုးရဥပဒေတွေနဲ့အညီ အပြစ်ပေးခံရမှာကို ကြောက်လန့်ပြီး ခိုးကြောင်ခိုးဝှက်နဲ့ ဟိုဟိုဒီဒီ ထွက်ပြေးတိမ်းရှောင်ကာ အသက်ရှင်နေရုံ နေထိုင်စားသောက်ရုံကလွဲပြီး အခြားအရာတွေ အပေါ်မှာ အကြောင်းအကျိုး ဟုတ်မဟုတ် မစဉ်းစားနိုင်ဘဲ ဒုက္ခကြီးကြီးနဲ့ လှည့်လည်ပြေးလွှားနေရတဲ့ သူမျိုး”တို့ကို ဆိုကြောင်း၊

(၄) ပရမတ္ထမနုဿခေါ် လူစင်စစ်ဆိုတာ “ကိုယ့်အကျိုးစီးပွားကိုသိပြီး ကံကံရဲ့အကျိုးကို ယုံကြည်ကာ မကောင်းမှုပြုလုပ်ရမှာ ရှက်ကြောက်ခြင်းဆိုတဲ့ ဟိရိသြတ္တပ္ပနဲ့ ပြည့်စုံလျက် သတ္တ၀ါတွေအပေါ်မှာ သနားခြင်းရှိတဲ့အပြင် သံဝေဂနဲ့အညီ မကောင်းမှုမှရှောင်ကာ ကောင်းမှုကိုဆောင်ရင်း ကုသိုလ်ဖြစ်ကြောင်း တရားတွေနဲ့ ပြည့်စုံနေတဲ့ သူမျိုး”ကို ဆိုကြောင်း စသဖြင့် လူလေးမျိုးရဲ့ အဖွင့်ကို အဋ္ဌကထာမှာ ရှင်းလင်းဖော်ပြထားပါတယ်။ ဒါက စာပေမှာလာတဲ့ လူလေးမျိုးအကြောင်း ခွဲခြားမှုပဲ ဖြစ်ပါတယ်။

စာပေအဖွင့်တွေနဲ့အညီ ဒီနေ့ခေတ် လူတွေရဲ့ အခြေအနေကို ချိန်ထိုးကြည့်တဲ့အခါ လူစင်စစ်ဖြစ်ဖို့ အတော် မလွယ်လှတာကို တွေ့ရပါတယ်။ တစ်ချို့လူတွေဟာ လက်တွေ့သူတို့ လုပ်ဆောင်နေတဲ့ အလုပ်တွေကြောင့် လူ့ဘ၀ကိုရကာ လူဖြစ်နေပေမယ့် လူမစစ်ဘဲ ဖြစ်နေတာကို တွေ့ရတတ်ပါတယ်။ အကျဉ်းထောင်တွေ၊ ရဲဘက်စခန်းတွေကို ကြည့်လိုက်ရင် ဒီလိုလူမျိုးတွေကို အများအပြား တွေ့နိုင်ပါတယ်။ လူဖြစ်နေပေမယ့် ကိုယ့်လုပ်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် ခံစားနေရတဲ့ အပြစ်ဒဏ်တွေက ငရဲပြည်မှာ ငရဲဒဏ်ခံရသလို ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ အဖြစ်ပါ။ တစ်ခါတစ်လေ ထောင်ကျဖူးတဲ့ သူတွေရဲ့ ပြောစကားအရ ထောင်ထဲမှာ စစ်ဆေးမေးမြန်း ပြောဆိုပြုမှုတာတွေဟာ လူသားတစ်ယောက်ကို ဆက်ဆံပြုမှုတဲ့ ပုံစံမျိုးမဟုတ်ဘဲ အမျိုးမျိုး နှိပ်စက်ညှင်းပန်း ခံနေရတာတွေဟာ ငရဲပြည်ထက်တောင် ဆိုးနေသလို ဖြစ်တယ်ဆိုတာ ကြားသိရပါတယ်။ တစ်ဘက်က ပြန်တွေးကြည့်တော့ ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ့်လုပ်ရပ်ကပဲ ကိုယ်ကို ဒီလို ဖြစ်စေခဲ့တာဆိုတော့ ဒါဟာ လူဖြစ်ပေမယ့် လူလိုမနေရဘဲ လူငရဲသားလို ဖြစ်နေရတဲ့ အဖြစ်ရဲ့ တန်ပြန်မှုပါပဲ။

တစ်ချို့ကျတော့လည်း လူ့ဘ၀ကို ရလာပေမယ့် အတိတ်က အကုသိုလ်ကံကြီးလေတော့ စားရမဲ့ သောက်ရမဲ့ ဖြစ်ကာ နေစရာ၊ ၀တ်စရာမရှိတဲ့ ဘ၀နဲ့ ဆင်းရဲအမျိုးမျိုးကို ခံစားနေရတတ်ပါတယ်။ ပြိတ္တာတွေရဲ့ ဘ၀လို မြင်နေရပေမယ့် မဆင်ရတဲ့ ဘ၀၊ သိနေရပေမယ့် မရှိတဲ့ဘ၀၊ များနေပေမယ့် မစားရတဲ့ ဘ၀မျိုး ဖြစ်နေတတ်ပါတယ်။ စားရပြန်တော့လည်း မ၀တ၀၊ ၀တ်ရပြန်တော့လည်း မလုံ့တလုံ့ ဖြစ်နေတာလည်း ရှိတတ်ပါတယ်။ ဒီကြားထဲ ဟိုရှောင်ဒီရှောင်ရတဲ့ ရောဂါတစ်ခုခုသာ ရထားလိုက်ပြီ ဆိုရင်တော့ ရှိပေမယ့်လည်း မစားနိုင်၊ မသောက်နိုင်တဲ့ ဘ၀လို ဖြစ်တတ်ပါတယ်။ တစ်ခါက ဆီးချိုသွေးချိုရောဂါနဲ့အတူ ကင်ဆာရောဂါပါ ခံစားပြီး နောက်ဆုံး ဒီရောဂါတွေကြောင့်ပဲ သေဆုံးသွားတဲ့ ရဟန်းဒကာကြီး တစ်ဦးက မသေခင် ရောဂါတွေ ခံစားနေရတဲ့ သူ့ဘ၀ကို ငြီးငြူရင်း “အရှင်ဘုရားရေ… တပည့်တော်မှာလည်း ရောဂါတွေက စုံလှတော့ စားချင်တိုင်း မစားရဘဲ ဟိုဟာရှောင်ရ၊ ဒါရှောင်ရနဲ့ အရှင်လတ်လတ် ပြိတ္တာဖြစ်နေရသလိုပါပဲ ဘုရား…” လို့ လျှောက်ဖူးတာကို သတိရမိပါတယ်။ ဒကာကြီးပြောသလိုဘဲ ဘ၀ဟာ တစ်ခါတစ်လေ လူသားစင်စစ် ဖြစ်နေပေမယ့် ပြိတ္တာဆန်ဆန် ဖြစ်နေရတာတွေလည်း ရှိတတ်ပါတယ်။ တကယ်တော့ ရောဂါထူပြောတာကိုက အကုသိုလ်ရဲ့ အကျိုးဆက်ပဲ ဖြစ်နေတာဆိုတော့ ဒီလိုရောဂါတွေနဲ့ အသက်ရှင်နေရတဲ့ လူ့ဘ၀ဟာလည်း ပြိတ္တာဆန်ဆန်လို ဖြစ်နေပြန်ပါတယ်။

နောက် တစ်ချို့သူတွေကျပြန်တော့လည်း ကိုယ့်အတွက် ဘာမှမလုပ်နိုင်ဘဲ သူများအတွက် ရုန်းကန်လှုပ်ရှား ပေးရင်း ကုသိုလ်လည်း မလုပ်နိုင်၊ ကြောင်းကျိုးဆင်ခြင်မှုလည်း မပြုနိုင်ဖြစ်ကာ ပင်ပင်ပန်းပန်း သူများရဲ့ အလုပ်အကြွေးဘ၀နဲ့ပဲ ဘ၀ကို အဆုံးသတ် သွားရတာတွေလည်း ရှိပြန်ပါတယ်။ ပိုဆိုးတာက အသိဉာဏ်မရှိ၊ ကုသိုလ်အကုသိုလ်ကို မသိဘဲ သူများခိုင်းသမျှ လုပ်၊ သူများပြောသမျှ နားထောင်၊ သူများကျွေးသမျှ စားပြီး ဘ၀တစ်ခုလုံး သူများအတွက် ကုန်ဆုံးနေကြရတဲ့ အဖြစ်ပါ။ ဒီလိုဘ၀မျိုးဟာလည်း လူဖြစ်လာပေမယ့် အသိဉာဏ်မရှိ၊ ကုသိုလ်အကုသိုလ်ကို မသိလေတော့ စားလိုက်၊ အိမ်လိုက်၊ ကာမဂုဏ်မှီဝိုက်၊ သူများအတွက် ပေးဆပ်လိုက်နဲ့ တကယ့်ကိုပဲ တိရစ္ဆာန်လို ဖြစ်နေရတဲ့ ဘ၀ပါ။ ဒီလိုသူတွေရဲ့ ဘ၀ဟာ လူဖြစ်ပေမယ့် လူတိရစ္ဆာန်လို ဖြစ်နေတဲ့ဘ၀လို့ ပြောရမလို ဖြစ်နေပါတယ်။

တကယ်တော့ ရခဲတဲ့ လူ့ဘ၀ကို ရလာပြီးမှတော့ အမြင့်ဆုံး ပန်းတိုင်အနေနဲ့ ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းအထိ တက်လှမ်းနိုင်အောင် ကြိုးစားကြဖို့ လိုအပ်လှပါတယ်။ အဲဒီလိုမှ မလုပ်နိုင်သေးရင်လည်း လူသားစင်စစ် တစ်ယောက်အဖြစ်နဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းစားရေးအတွက် ကောင်းတာလေးတွေတော့ လုပ်ကြဖို့ လိုပါတယ်။ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုဆောင်ကာ ကိုယ်ကျင့်သီလကို လုံအောင်ထိန်းပြီး ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်တဲ့ သဒ္ဓါတရားနဲ့ ပြည့်စုံအောင် ကြိုးစားကြဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်အမှုတွေကို ရှောင်ပြီး ကောင်းတဲ့သုစရိုက် အမှုတွေနဲ့ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင် အားထုတ်သင့်ပါတယ်။ ကုသိုလ်၊ အကုသိုလ်နဲ့ အကြောင်းအကျိုးကို သိတဲ့ လူသားတစ်ယောက်အဖြစ်နဲ့ ဘ၀ကို ရပ်တည်နိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ဒီလို နေနိုင်မှလည်း လူဟာလူပီသတဲ့လူ၊ ပရမတ္ထလူ ဖြစ်လာမှာ ဖြစ်ပါတယ်။

ဆိုလိုတာက လူ့ဘ၀ကို ရလာပေမယ့် ရရှိလာတဲ့ လူ့ဘ၀မှာ ကိုယ့်ရဲ့အပြုအမူ၊ အပြောအဆို၊ အတွေးအကြံတွေကြောင့် လူဟာ လူငရဲသားလည်း ဖြစ်သွားနိုင်၊ လူပြိတ္တာလည်း ဖြစ်သွားနိုင်၊ လူတိရစ္ဆာန်လည်း ဖြစ်သွားနိုင်၊ လူသားစင်စစ်လည်း ဖြစ်နေနိုင်တဲ့အတွက် ဒီလူလေးမျိုးထဲက ကိုယ်ကဘယ်လို လူမျိုးဖြစ်ချင်လဲဆိုတာ ရွေးချယ်ပြီး ကိုယ်ဖြစ်ကိုယ်ခံရတဲ့ ဘ၀မှာ ကိုယ်ရွေးချယ်ရာ ကိုယ်စံရမှာဖြစ်လို့ ရွေးချယ်မှု မမှားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ရွေးချယ်မှုမှားရင် လူဟာလည်း အဆင့်နိမ့်သွားတတ်တဲ့အတွက် အမှန်ရွေးချယ်ပြီး လူပီသတဲ့ အဆင့်မြင့်လူဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုရင်း ဖြစ်ပါတယ်။ မကောင်းတဲ့ အကုသိုလ် ဒုစရိုက်များနဲ့ ပျော်မွေ့နေတာတွေကြောင့် လူမပီသတဲ့လူ၊ လူတိရစ္ဆာန်၊ လူပြိတ္တာစတဲ့ လူတွေဘ၀ကို မရောက်စေကြဘဲ ကိုယ်ကျင့်သီလနဲ့ ကုသိုလ်သုစရိုက်တွေမှာ ပျော်မွေ့တတ်တဲ့ လူပီသတဲ့ လူစင်စစ်များ ဖြစ်အောင် အသိသတိနဲ့ ကြိုးစားအားထုတ်ကြဖို့ အကြံပြုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် လူ့ဘ၀ဆိုတာ အဆင့်မြင့်တဲ့ ဘ၀ဖြစ်တဲ့အပြင် လူ့ဘုံဟာလည်း (၃၁)ဘုံမှာ အကောင်းဆုံ သုဂတိဘုံ ဖြစ်တဲ့အတွက် အကောင်းဆုံးဘုံနဲ့ အဆင့်မြင့်ဆုံး ဘ၀ကို ရရှိထားကြတဲ့ လူသားများအနေနဲ့ ရရှိထားတဲ့ ဘ၀ကို မကောင်းတဲ့ အကုသိုလ် ဒုစရိုက်အမှုများမှာ ပျော်မွေ့တတ်တဲ့ ငရဲသားနဲ့ တူတဲ့လူ၊ ပြိတ္တာနဲ့ တူတဲ့လူ၊ တိရစ္ဆာန်နဲ့ တူတဲ့လူများအဖြစ် မရောက်သွားစေဖို့နဲ့ ခဲခဲရင်းရင်း ရလာတဲ့ ဘ၀ကို တန်ဘိုးရှိအောင် အသုံးချကာ မကောင်းမှုရှောင်ပြီး ကောင်းမှုဆောင်တဲ့ လူပီသတဲ့ လူစင်စစ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း ကိုယ်ကိုယ်ကို “သင်… ဘယ်လိုလူလဲ”ဆိုတဲ့ အမေးတစ်ပုဒ် မေးစမ်းထုတ်ပြီး လူမပီသသေးရင်လည်း လူပီသအောင် ကြိုးစားကြဖို့ မေတ္တာရှေ့ထား အကြံကောင်း ပါးလိုက်ရတော့ပါတယ်…။ အားလုံး… လူစင်စစ် ဖြစ်နိုင်ကြပါစေ…။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ