နဲနဲလေးတော့ လွဲနေတယ် (၁၅) ...

ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှု…
ပြောင်းလဲလာတဲ့ အရာတွေထဲမှာ လူတွေရဲ့ ဘုန်းကြီးရဟန်း ကိုးကွယ်ဆည်းကပ်မှုဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေပါတယ်။ အရင်တုန်းကတော့ ဘုန်းကြီးဆိုရင် ပရိယတ်၊ ပဋိပတ်လုပ်ငန်း တစ်ခုခုကို လုပ်နေရင်ပြီးတာပဲ ခွဲခြားမှုမရှိ ကိုးကွယ်ဆည်းကပ်တတ်ပါတယ်။ ခုနောက်ပိုင်းမှာတော့ ဘုန်းကြီးကိုးကွယ်တာ ဈေးကွက်ဆန်လာတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင်၊ ဒီဆရာတော်ကို ကိုးကွယ်ရင် ဘာဖြစ်မယ်၊ ဘာရမယ်၊ ဘယ်သူနဲ့တွေ့ခွင့်ရမယ် စသဖြင့် ရစရာ တစ်ခုခုရှိမှ ဆည်းကပ်လာတတ်တာ ရှိပါတယ်။ ဒါကြောင့် သာသနာတော်မှာလည်း ပရိယတ်၊ ပဋိပတ် အလုပ်ကိုပဲ လုပ်နေကြတဲ့ ရဟန်းသံဃာတော်များမှာ လာဘ်လာဘတွေ ဆုတ်ယုတ်လာပြီး ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ဓာတ်ရိုက်ဓာတ်ဆင်လုပ်၊ ဆေးကုသပေး၊ နှစ်လုံးသုံးလုံးပေး စသဖြင့် လုပ်ပေးကြတဲ့ ဘုန်းကြီးတွေမှာ မလိုလောက်အောင်ကို ပေါများနေတော့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေများကြောင့် သဒ္ဓါတရား အားနည်းပြီး ပစ္စည်းလာဘ်လာဘကို ရယူလိုကြတဲ့ ရဟန်းတော်အချို့ဟာလည်း လာဘ်လာဘနောက်လိုက်ကာ လူတွေအကြိုက် လုပ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ သာသနာတော်အတွက်ရော ကိုးကွယ်ခံပုဂ္ဂိုလ်တွေနဲ့ ကိုးကွယ်သူတွေအတွက်ပါ လွဲလာနေတဲ့ အလွဲပဲ ဖြစ်ပါတယ်။

ခုနောက်ပိုင်း မြန်မာပြည်မှာရှိတဲ့ လူအတော်များများဟာ ဘယ်မှာ ဘယ်ဘုန်းကြီး ဘယ်လိုပေးတယ်၊ ဘာလုပ်ပေးတယ်ဆိုရင် အုံးအုံးကြက်ကြက်နဲ့ မရောက်ရောက်အောင်ကို သွားတော့တာ ဖြစ်ပါတယ်။ ဘုန်းကြီးကို ကြည်ညိုလို့တော့ မဟုတ်ပါဘူး။ ဘုန်းကြီးက ဘာပေးတယ်၊ ညာပေးတယ်ဆိုလို့ သွားကြတာ ဖြစ်ပါတယ်။ သံဃာကို ကြည်ညိုမှုထက် ပုဂ္ဂိုလ်ရေး ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေး အကျိုးကျေးဇူးများမှုတွေကို ကြည့်ပြီး ဆည်းကပ်ကြပါတယ်။ လှူဒါန်းတတ်ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ရှိနေတဲ့အတွက်လည်း ပြည့်ပြီးသားအိုးတွေက လျှံတက်နေပြီး လိုနေတဲ့အိုးတွေက ဟောက်ပက်ကြီးကို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းသံဃာချင်းအတူတူ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်နေကြတဲ့ စာသင်တိုက်များ၊ ပရဟိတကျောင်းများမှာ ဆင်းဆင်းရဲရဲ ဖြစ်နေကြပေမယ့် ဗေဒင်ဟော၊ လက္ခဏာကြည့်၊ နှစ်လုံးသုံးလုံးပေး၊ ဆေးကုပေး၊ ယတြာချေပေးတဲ့ ဘုန်းကြီးကျောင်းတွေမှာတော့ အလျှံပယ်ပိုလျှံကာ ရွှေကျောင်းကြီးတွေ၊ ကားကြီးတွေနဲ့ စည်ပင်ဝပြောနေတော့တာ ဖြစ်ပါတယ်။ အဲဒီလို မညီမျှမှုတွေ များလာရင်တော့ ကြာရင် အစစ်အမှန် သာသနာ့ဝန်ထမ်းတွေဟာ သာသနာ့ဘောင်မှာ ရပ်တည်ဖို့ ခက်ခဲလာကာ လူထွက်သွားကြပါက သာသနာမှာ အစစ်အမှန် သာသနာပြု ရဟန်းသံဃာတွေ အားနည်းလာတော့မှာ ဖြစ်ပါတယ်။

အသေအချာတွေးကြည့်ရင် မြတ်ဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်နေတာဟာ ဘုရားဟော တရားတော်တွေကို သင်အံပို့ချ၊ ဟောပြောပြသနေတဲ့ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်တွေလား၊ ဗေဒင်ဟော၊ လက္ခဏာကြည့်၊ ယတြာချေ၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေလားဆိုတာ အသိရှိတဲ့သူတွေ အနေနဲ့ ကောင်းကောင်းဆင်ခြင် စဉ်းစားတတ်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီနေ့ခေတ်လူတွေကတော့ ဆင်းရဲတာကတစ်ကြောင်း၊ အသိပညာ ဗဟုသုတ နည်းပါးတာက တစ်ကြောင်း၊ အယုံလွယ်တတ်တဲ့ ယုံကြည်မှု အားကောင်းပြီး ဆင်ခြင်တတ်တဲ့ ဉာဏ်ပညာ အားနည်းလာတာက တစ်ကြောင်း၊ ကြည်ညိုမှုထက် ရယူလိုမှုက များနေတာကတစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် အစစ်အမှန် သာသနာပြုတွေကို လျစ်လျူရှုကာ ဘုရားမကြိုက်တဲ့ လောကီအလုပ်တွေနဲ့ အသက်မွေးနေတဲ့ ရဟန်းတော်များထံမှာပဲ စုနေကြတော့တာ ဖြစ်ပါတယ်။ ကိုးကွယ်မှုအလွဲနဲ့ ထောက်ပံ့မှုအလွဲတွေဟာ သာသနာတော်အတွက် မွဲစရာတွေ ဖြစ်လာနေတော့တာ ဖြစ်ပါတယ်။

အမှန်တော့ သာသနာတော်မှာ ဆရာဒကာဟာ တစ်ဦးနဲ့တစ်ဦး အမှီပြုနိုင်မှ သာသနာတော်ကြီး အရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်။ ဒကာဒကာမများဘက်က ပစ္စယာနုဂ္ဂဟနဲ့ ချီးမြှောက်ပြီး သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဓမ္မာနုဂ္ဂဟနဲ့ ချီးမြှောက်နိုင်မှ ဒီသာသနာတော်ဟာ စည်ပင်လာမှာ ဖြစ်ပါတယ်။ ပြီးတော့ ဆရာနဲ့ ဒကာဟာလည်း ကိုယ့်တာဝန်ကိုယ်ကျေကာ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့လည်း လိုပါတယ်။ သာသနာ့ဝန်ထမ်း ရဟန်းတော်များဘက်က ဘုရားအလိုရှိတော်မူတဲ့ စာပေသင်အံ ပို့ချခြင်း ပရိယတ်အလုပ်နဲ့၊ တရားဓမ္မ ဟောပြောသခြင်း ပဋိပတ်အလုပ် တစ်ခုခုကို လုပ်နေဖို့ လိုသလို ဒကာဒကာမများဘက်ကလည်း ဒီလို ပရိယတ်၊ ပဋိပတ်လုပ်နေတဲ့ အစစ်အမှန် သာသနာ့ဝန်ထမ်းတွေကို ရွေးချယ်ကိုးကွယ်တတ်ဖို့ လိုပါတယ်။ ဘုန်းကြီးရဟန်းဆိုရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ သာသနာနဲ့ မလျော်တဲ့အလုပ်တွေကို လုပ်နေတဲ့ ရဟန်းတော်များကို ကိုယ့်ရဲ့ပစ္စုပ္ပန် လောကီစီးပွားရေး၊ ကြီးပွားရေး အဆင်ပြေမှုလေးတွေလောက်ပဲ ကြည့်ပြီး မကိုးကွယ်မဆည်းကပ်မိဖို့ လိုပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်မယ့် ဆရာသမားဟာ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာ အပြစ်မဖြစ်ရေး၊ သံသရာမှာ သုဂတိဘ၀ကို ရရှိရေး စသဖြင့် ညွန်ပြနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သင့်ပါတယ်။ သူ့ဟာသူ ဘာပဲဖြစ်ဖြစ် တို့ကို ဗေဒင်ဟောပေးနေ၊ ယတြာချေပေးနေ၊ တို့အကျိုးကို လုပ်ပေးနေရင် ပြီးတာပဲဆိုတဲ့ စိတ်နဲ့မကိုးကွယ် မဆည်းကပ်သင့်ပါဘူး။ ကိုးကွယ်မှုကို ကိုယ့်ရဲ့တစ်ဒင်္ဂ ချမ်းသာမှုလောက်နဲ့ အပေးအယူ မလုပ်သင့်ပါဘူး။ ဒါလုပ်ပေးလို့ ဒါလှူတယ်ဆိုတဲ့ ဈေးကွက်ဆန်ဆန် ကိုးကွယ်လှူဒါန်းမှုမျိုး မဖြစ်သင့်ပါဘူး။

တကယ်ဖြစ်သင့်တာက ကိုးကွယ်မှုကို စူးစမ်းဆင်ခြင်မှု ပညာ၊ ရတနာသုံးပါး ကံကံရဲ့အကျိုးကို ယုံကြည်မှု သဒ္ဓါတရားတွေနဲ့ ပေါင်းစပ်ပြီး ရွေးချယ်ကာ ကိုးကွယ်သင့်ပါတယ်။ ဒီဘုန်းကြီးကို ကိုးကွယ်ရင် ဘာရမယ်၊ ဘာဖြစ်မယ်စတဲ့ မျှော်လင့်ချက် ရယူမှုနဲ့ မကိုးကွယ်သင့်ပါဘူး။ ဆိုလိုတာက စီးပွားရေး အဆင်ပြေမှု၊ ငွေကြေးချမ်းသာမှု စတဲ့ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာမှုများကို မမျှော်လင့်ကြဖို့ ဆိုလိုတာပါ။ ဒီဆရာကို ကိုးကွယ်တဲ့အတွက် အကုသိုလ်တွေ မဖြစ်ဘဲ ကုသိုလ်တွေ တိုးနေမယ်ဆိုရင်တော့ ဒါဟာ ကိုးကွယ်သင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ နောက် ဒကာ၊ ဒကာမတွေ အနေနဲ့ သာသနာတော်ကို တကယ်ထိန်းသိမ်း စောင့်ရှောက်လိုတဲ့စိတ်၊ ဆရာဒကာ တာဝန်ကျေလိုတဲ့ စိတ်နဲ့ စစ်မှန်တဲ့ ဆရာကို ရွေးချယ်ကာ စစ်မှန်တဲ့ သာသနာဖြစ်အောင် တစ်ဘက်တစ်လမ်းကာ အားပေးထောက်ပံ့ ပေးဖို့လည်း လိုပါတယ်။ ဒီလို ဆရာဒကာ ညီညွတ်မှပဲ သာသနာတော်ဟာ အရှည်တည်တံ့ကာ သန့်ရှင်းပြန့်ပွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုတွေဟာလည်း တော်တော်များများ လွဲမှားလာနေတာ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ကိုယ့်ရဲ့ကိုးကွယ် ဆည်းကပ်မှုကို အပေးအယူတွေနဲ့ ပေါင်းစပ်ကာ ဈေးကွက်ဆန်တဲ့ ကိုးကွယ်မှုမျိုး မဖြစ်ကြစေဘဲ အစစ်အမှန် သာသနာနဲ့ အစစ်အမှန် ဆရာကို သဒ္ဓါပညာ ပေါင်းစပ်ကာ ရွေးချယ်စိစစ်ပြီး ကောင်းမြတ်တဲ့ အစစ်အမှန် ဒကာများဖြစ်အောင် ကြိုးစားကြဖို့၊ ရယူမှုနဲ့ ကိုးကွယ်မှုတွေကို လွဲမှားစွာ မလုပ်မိကြဖို့ လွဲတတ်တဲ့အလွဲတစ်ခု အဖြစ် ပြင်စေလိုတဲ့စိတ်နဲ့ စေတနာထားကာ အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

ဘ၀ဆက်တိုင်း သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်သင့်သလဲ

Q. အရှင်ဘုရား
ရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ အင်တာနက်စာမျက်နှာကိုလည်း အခါအားလျော်စွာ ဝင်ရောက်ဖတ်ရှု မှတ်သားဖြစ်ပါတယ်။ အမြဲတမ်း ပို့စ်အသစ်တွေတင်နိုင်ပြီး စိတ်ရှည်စွာ ဟောညွန်ပြပေးတဲ့အတွက် ဝင်ရောက်မှတ်သား သူတွေအတွက် ယူတတ်မယ်ဆိုရင် အလွန်အကျိုးရှိလှပါတယ် ဘုရား။ တပည့်တော် အကြိုက်ဆုံးကတော့ နဲနဲလေးတော့ လွဲနေတယ် ဆိုတဲ့ ပို့စ်များပဲဖြစ်ပါတယ်ဘုရား။

တပည့်တော်မေးမြန်းချင်တာနဲ့ အကြံပြုချင်တာလေးတွေရှိပါတယ်ဘုရား။ ခွင့်ပြုပေးတော်မူပါ။ အရှင်ဘုရားရဲ့ စာမျက်နှာမှာ Facebook like button လေးကိုဖြစ်နိုင်မယ်ဆို ထည့်ပေးစေလိုပါတယ်ဘုရား။ တပည့်တော် ဖတ်လိုက်ရတဲ့ အကြောင်းရာတစ်ခုကို facebook မှာ အမြဲ share ဖြစ်ပါတယ်ဘုရား။ အရှင်ဘုရားရဲ့ စာမျက်နှာမှာလည်း like button လေးရှိရင် ပိုကောင်းမယ် ထင်မိပါတယ်ဘုရား။

တပည့်တော် သိချင်တာလေးကတော့ တပည့်တော်တို့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ပြီး သရဏဂုံတည် နေတယ်ဆိုပေမဲ့ ယခုဘဝမှာ ပုထုဇဉ်အဖြစ်နဲ့သာ သေဆုံးခဲ့ရမယ်ဆိုရင် တပည့်တော်တို့ဟာ လောကီ သရဏဂုံသာ တည်နေတာဖြစ်လို့ နောင်ဘဝမှာ အပါယ်ဘုံဘဝသို့ မရောက်ပဲ လူ့ဘုံမှာ ပြန်သန္ဓေ တည်ခဲ့ရသည့်တိုင် နိဗ္ဗာန်ရောက်ကြောင်း တရားဓမ္မနဲ့ သွေဖယ်တဲ့ အယူဝါဒကို ယုံကြည်သက်ဝင်သူ ဖြစ်သွားမှာကို စိုးရိမ်မိပါတယ်ဘုရား။ နိဗ္ဗာန်မရောက်ခင်စပ်ကြား ဘဝတိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ကျင့်စဉ်တွေ ဆည်းပူးရမယ်ဆိုတာ လမ်းညွန်ပေးစေလိုပါတယ်ဘုရား…။

မေတ္တာဖြင့် အလင်းဓါတ်တွေ ထွန်းညှိပေးသောအရှင်ဘုရား
ယခုထက်ပိုမိုပြီး သာသနာပြုနိုင်ပါစေဘုရား
သူရိန်

A.
မင်္ဂလာပါ ဒကာ သူရိန်...
ဘုန်းဘုန်းရဲ့ စာတွေက စာဖတ်သူတွေအတွက် တစ်စုံတစ်ခု အကျိုးသက်ရောက်မှုကို ဖြစ်စေတယ်ဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ၀မ်းလည်းဝမ်းသာပါတယ်။ ဒကာရဲ့ အကြံပြုချက်ကို ကျေးဇူးတင်စွာလက်ခံပြီး အဆင်ပြေအောင် ဆောက်ရွက်လိုက်ပါမယ်။

မေးထားတဲ့ အမေးအတွက် ဖြေကြားပေးရမယ်ဆိုရင် သရဏဂုံကို တည်မြဲအောင် ကြိုးစားတာ အလွန်ကောင်းပါတယ်။ ဒါပေမယ့် ပုထုဇင်တွေဟာ သဒ္ဓါတရား မခိုင်မြဲသေးတဲ့အတွက် သေပြီးနောက်ဘ၀မှာ ဘာဖြစ်မယ် ဘယ်လိုဘုံမှာ ဖြစ်ရမယ်ဆိုတာ အတိအကျ ပြောနိုင်မှာမဟုတ်ပါဘူး။ အဓိကကတော့ သေခါနီးစိတ်အစဉ်ဟာ သိပ်ကိုအရေးကြီးပါတယ်။ သေခါနီးမှာ ဟိုစွဲဒီစွဲ မစွဲမိဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလို သေခါနီးမှာ သတိမြဲဖို့အတွက် မသေခင် လေ့ကျင့်ထားတဲ့ သမထအကျင့် ၀ိပဿနာ အကျင့်ကလည်း အထူးလိုအပ်ပါတယ်။ အထူးသဖြင့် ၀ိပဿနာအကျင့်က ပိုပြီးအရေးကြီးပါတယ်။ သရဏဂုံကို မြဲမြံစွာဆောက်တည်ထားတာဟာ အလွန်ကောင်းပေမယ့် သေခါနီးကာလအထိ အဲဒီသရဏဂုံကို ဆောက်တည်ထားတဲ့ စိတ်နဲ့သေသွားနိုင်ပါ့မလားဆိုတဲ့ အချက်ကလည်း စဉ်းစားစရာပါ။ သေသွားတဲ့အထိ သရဏဂုံတည်တဲ့ စိတ်နဲ့နေနိုင်အောင် ကြိုးစားနိုင်ရင်တော့ ဘာမှ အထွေအထူး ပြောစရာမရှိဘဲ ဒီသရဏဂုံကို လုံခြုံတဲ့ စိတ်အစဉ်ကြောင့် သေပြီးနောက်ဘ၀မှာ သုဂတိဘ၀မှာ ဖြစ်မှာ အသေအချာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓသာသနာနဲ့ ကြုံနေတဲ့ ကာလမှာ သရဏဂုံတည်တဲ့ စိတ်နဲ့သေပြီး လူ့ပြည်မှာ ဖြစ်မယ်ဆိုရင်တော့ အယူဝါဒ လွဲမှားစရာ မရှိနိုင်ပါဘူး။ သေချာပေါက် ရတာနသုံးပါးကို ကိုးကွယ်ဆည်းကပ်ခွင့်ရတဲ့ ဘ၀မှာ ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါတယ်။

သို့သော် အထူးသတိပြုရမှာက သေခါနီးကာလမှာ ကိုယ့်ရဲ့စိတ်အစဉ်ဟာ သရဏဂုံကို အာရုံပြုပြီး သေသွားနိုင်ပါမလား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ အကယ်၍ သေခါနီးမှာ ဝေဒနာ ပြင်းထန်လို့ပဲ ဖြစ်ဖြစ်၊ တခြားအာရုံတစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် သရဏဂုံကို အာရုံမပြုနိုင်ဘဲ သတိလက်လွတ် ဖြစ်သွားမယ်ဆိုရင်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့မလွယ်နိုင်ပါဘူး။ အပါယ်ဘုံကို ရောက်သွားမယ်ဆိုရင်တော့ ဒကာပြောသလို စစ်မှန်တဲ့ တရားဓမ္မတွေနဲ့ သွေဖီသွားနိုင်စရာ ရှိပါတယ်။ သေခါနီးမှာ သရဏဂုံကို စွဲမြဲတဲ့ စိတ်အာရုံနဲ့ သေသွားရင်တော့ သုဂတိဘ၀နဲ့ သရဏဂုံတည်မှုရယ်၊ အယူဝါဒ မှန်ကန်မှုရယ်ကတော့ လွဲနိုင်စရာ မရှိပါဘူး။

အရေးကြီးဆုံးကတော့ သရဏဂုံတည်မြဲအောင် ကြိုးစားထားတာ ကောင်းပေမယ့် ၀ိပဿနာ တရားအားထုတ်ပြီး သေဖို့ပြင်ဆင်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ၀ိပဿနာ အားထုတ်မှုဟာ ပါရမီအလျောက် ဒီဘ၀မှာ တရားထူးရတဲ့သူ ရှိသလို၊ မရတဲ့သူလည်း ရှိနိုင်ပါတယ်။ တရားထူးမရပေမယ့် ၀ိပဿနာတရားကို စွဲစွဲမြဲမြဲအားထုတ်ထားသူ တစ်ယောက်ဟာ သတိကတော့ မြဲနေနိုင်ပါတယ်။ သတိမြဲနေမယ်ဆိုရင် သေခါနီးမှာလည်း အခြားအာရုံအစွဲတွေ မ၀င်နိုင်အောင် ထိန်းနိုင်မှာ ဖြစ်ပါတယ်။ တရားအားထုတ်လေ့ရှိတဲ့ သူတစ်ယောက်ဟာ သေခါနီးမှာ ဝေဒနာ တစ်ခုခု ဖြစ်ခဲ့ရင်လည်း ဝေဒနာကို ရှုမှတ်တတ်တဲ့ အလေ့အကျင့် ရှိနေနိုင်တဲ့အတွက် ဝေဒနာပြင်းလေ၊ အမှတ်ပြင်းလေဖြစ်ကာ တစ်ခြား အာရုံတွေ မ၀င်နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒီလိုသတိရှိပြီး သေသွားတဲ့ သူတစ်ယောက်အတွက်တော့ သုဂတိဘ၀မှာ ဖြစ်ဖို့နဲ့ အယူဝါဒ မှန်ကန်ဖို့ဆိုတာ သေချာသလောက်ရှိပါတယ်။

ဒါကြောင့် နိဗ္ဗာန်မရမီစပ်ကြား ဘ၀တိုင်းမှာ သရဏဂုံတည်အောင် ဘယ်လိုပါရမီတွေ ဖြည့်ကျင့်ရမယ် ဆိုတာထက် ဒီဘ၀မှာပဲ သရဏဂုံတည်အောင် ကြိုးစားရင်း သတိမြဲစေတဲ့ ၀ိပဿနာတရား အားထုတ်မှုကို ကြိုးစားအားထုတ်ကာ သေခါနီးမှာ သတိခိုင်အောင်လုပ်ပြီး သုဂတိဘ၀ကို ရောက်စေနိုင်တဲ့ အထုံပါရမီကို ဖြည့်ကျင့်တာ ပိုကောင်းတယ်ဆိုတာ အကြံပြု ဖြေကြားလိုပါတယ်။

Read more »

ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး…

မကြာသေးခင်က စင်္ကပူမှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးနဲ့ စကားပြောဖြစ်တော့ ရဟန်းဒကာမက “အရှင်ဘုရား တပည့်တော်ကို အသိတစ်ယောက်က ‘တခြားဘာသာတွေမှာတော့ ဆုတောင်းတာ၊ ရှိခိုးတာနဲ့ ကျမ်းစာရွတ်တာ ဒီလောက်ပဲ ရှိတယ်၊ ဗုဒ္ဓဘာသာမှာကတော့ ဘုရားရှိခိုးတာ၊ ပုတီးစိတ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာရွတ်တာ၊ ဂုဏ်တော်ပွားတာ၊ တရားထိုင်တာ၊ ၀ိပဿနာရှုတာ စသဖြင့် စုံနေတာပဲ၊ ဘာတွေဘယ်လိုကွာပြီး၊ ဘယ်လိုအကျိုးထူးတွေ ရှိတယ်၊ ဘာကြောင့် ဒီလောက် နည်းစနစ်တွေ အမျိုးမျိုး ဖြစ်နေရတယ်ဆိုတာ သိရင်ပြောပြပါလား’လို့ မေးဖူးပါတယ်ဘုရား..၊ အဲဒါ သူ့အမေးကို တပည့်တော်လည်း ကောင်းကောင်း နားမလည်သလို အတိအကျလည်း ဖြေမပေးနိုင်လို့ အရှင်ဘုရားကို အကူအညီ တောင်းတာပါဘုရား၊ အချိန်ရရင် စာတစ်ပုဒ်လောက်ရေးပြီး အင်တာနက်မှာ တင်ပေးပါဘုရား…” လို့ လျှောက်ဖူးပါတယ်။ ဘုန်းဘုန်းလည်း “ကောင်းပါပြီ.. ဒကာမ၊ အချိန်ရရင် ရေးပြီးတင်ပေးပါမယ်”လို့ ပြောပြီး မရေးဖြစ်ပဲ နေခဲ့တာ ခုမှပဲ “ကုသိုလ်ရရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေး”ဆိုတဲ့ ဒီခေါင်းစဉ်လေးနဲ့ ရေးတင်ဖြစ်ပါတယ်။

တခြားဘာသာတွေမှာ ဘယ်လိုနည်းစနစ်တွေ ရှိတယ်ဆိုတာ တိတိကျကျ မပြောနိုင်ပေမယ့် ဗုဒ္ဓဘာသာမှာ ရှိနေတာတွေကတော့ သူမေးသလို အမျိုးမျိုးအဖုံဖုံ ရှိနေတာ မဟုတ်ပါဘူး။ အမည်နာမတွေကြောင့် အမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဗုဒ္ဓဘာသာမှာ ဒါတွေက ကုသိုလ်ဖြစ်ရေး၊ စိတ်တည်ငြိမ်ရေးနဲ့ ကိလေသာ ပယ်ခွါရေးဆိုတဲ့ ကျင့်ကြံပွားများ အားထုတ်ခြင်းမှာပဲ သွားပြီးအကျုံးဝင်ပါတယ်။ စာလိုပြောရင်တော့ သမထကျင့်စဉ် သို့မဟုတ် ၀ိပဿနာကျင့်စဉ် တစ်ခုခုထဲမှာ အကျုံးဝင်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့ ဒီနည်းတွေဟာ စိတ်ကို တခြားအပြင်ကိလေသာ အာရုံတွေရဲ့ လွှမ်းမိုးမှုကနေ ကာကွယ်စေ၊ စိတ်အစဉ် ငြိမ်းချမ်းစေ၊ ကုသိုလ်ဖြစ်စေ၊ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ် ကာကွယ် နိုင်စေတတ်တဲ့ အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဒီကျင့်စဉ်တွေကို ကျင့်ကြံအားထုတ်ကြတာ ဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပေမယ့် အချုပ်ကတော့ သမထကျင့်စဉ်နဲ့ ၀ိပဿနာ ကျင့်စဉ်တွေပဲ ဖြစ်ပါတယ်။

ဒီနည်းစနစ်နှစ်ခုထဲက သမထကျင့်စဉ်ဆိုတာ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အကြိမ်ကြိမ်ပွားများပေးတဲ့ ကျင့်စဉ်ဖြစ်တဲ့အတွက် ဘုရားရှိခိုးတာ၊ တရားတော်တွေကို ရွတ်ဖတ်သရဇ္ဈာယ်တာ၊ မေတ္တာပို့တာ၊ ဂုဏ်တော်ပွားတာ စတာတွေဟာ ဒီသမထကျင့်စဉ်ထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ အသေးစိပ်ပြောရရင် ဘုရားဂုဏ်တော်ပွားတာဟာ ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ပြီး ပရိတ်ပဋ္ဌာန်း ဓမ္မစကြာစတဲ့ ဘုရားတရားတော်တွေကို ရွတ်ဖတ်ပူဇော်တာ ဓမ္မာနုဿတိ ဘာဝနာဖြစ်ကာ မေတ္တာပွားတာ စတာတွေကတော့ မေတ္တဘာဝနာ စသဖြင့် ဖြစ်ပါတယ်။ ဒီလို ဗုဒ္ဓနုဿတိ စတာတွေဟာ သမထကျင့်စဉ်ထဲမှာ အကျုံးဝင်ပြီး ပွားများအားထုတ်၊ ရွတ်ဖတ်သရဇ္ဈာယ်နေတဲ့ အခိုက်မှာ စိတ်တည်ကြည်မှု၊ ကုသိုလ်ရစေမှု၊ စိတ်ငြိမ်းချမ်းမှု၊ သဒ္ဓါတရားတိုးပွားမှု၊ ပီတိတရား တိုးပွားမှု စတဲ့ အကျိုးထူးတရားတွေကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီကျင့်စဉ်များဟာ အာရုံတစ်ခုတည်းမှာကိုပဲ ထပ်ကာထပ်ကာ လေကျင့်ပေးတဲ့ သမာဓိကျင့်စဉ် ဖြစ်နေတဲ့အတွက် ကျင့်ကြံအားထုတ်၊ ရွတ်ပွားသရဇ္ဈာယ်တဲ့ အခိုက်အတန့်မှာတော့ ကိုယ့်သန္တာန်မှာ လောဘဒေါသစတဲ့ ကိလေသာတရားများ၊ အပူမီးများ ကင်းငြိမ်းနေနိုင်ပါတယ်။ ဆက်တိုက်လုပ်နိုင်ရင် ဆက်တိုက်ငြိမ်းနေမှာ ဖြစ်ပေမယ့် အကြွင်းမဲ့ ပယ်သတ်တဲ့ ကျင့်စဉ်မဟုတ်တဲ့အတွက် မကျင့်ဘဲ နေတဲ့အခိုက်မှာ တခြားကိလေသာ အာရုံတွေနဲ့ တွေ့တဲ့အခါမှာ ဒီကိလေသာတွေဟာ ပြန်ပေါ်လာတတ်ပါတယ်။

ဒီလို သဘောတွေ ရှိနေတဲ့အတွက် တစ်ချို့က ညစဉ်ညတိုင်း ဘုရားရှိခိုး၊ ပရိတ်ပဋ္ဌာန်းတွေရွတ်၊ မေတ္တာတွေ ပို့နေပေမယ့် အမူအရာတွေ၊ အပြောအဆိုတွေ၊ အနေအထိုင်တွေက ပြောင်းလဲမသွားဘဲ ရှိနေတတ်ပါတယ်။ အဲဒီလို သူတွေကိုကြည့်ပြီး တစ်ချို့က “သူ့လောက်ဘုရား တရားလုပ်တာ သူပဲ ရှိတယ်၊ လောဘ၊ ဒေါသ၊ မောဟကြီးလိုက်တာလဲ မပြောပါနဲ့…”လို့ ပြောလေ့ရှိတတ်ပါတယ်။ ကိလေသာတွေကို အကြွင်းမဲ့ မပယ်သတ် နိုင်သေးလို့ကတော့ ဘုရားရှိခိုး၊ ဂုဏ်တော်ပွားနေ၊ ပရိတ်ပဋ္ဌာန်းရွတ်တာတွေ လုပ်နေပေမယ့်လည်း ကိလေသာတွေက ပြန်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြောဆိုကဲ့ရဲ့ တတ်တဲ့သူတွေ အနေနဲ့လည်း ကိုယ်ကိုယ်တိုင် သူ့လောက်မလုပ်နိုင်တာတွေနဲ့ ချိန်ထိုးပြီးတော့ ဘုရားတရားလုပ်ပြီး အမူအရာ မပြောင်းတဲ့သူတွေ ရှိရင်လည်း နားလည်ပေးဖို့ လိုပါတယ်။

ဒီလိုဆိုတော့ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ စတဲ့ သမထအလုပ်တွေဟာ ထူးထူးခြားခြား အကျိုးတရား မရှိဘူးလို့တော့ မသတ်မှတ်ဖို့ လိုပါတယ်။ သမထကျင့်စဉ်တွေဟာ ကိလေသာ အပူမီးတွေကို အပြီးပိုင် အကြွင်းမဲ့ မပယ်သတ်နိုင်ပေမယ့် စိတ်အစဉ်ငြိမ်းချမ်းမှု၊ ကိလေသာတွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ခွာထားနိုင်မှု၊ ဈာန်အဘိညာဉ် ရမှု၊ ကုသိုလ်ဖြစ်ကာ ကောင်းတဲ့သုဂတိဘ၀တွေမှာ ဖြစ်စေမှုတွေအထိ အကျိုးထူးတရားကို ဖြစ်စေတယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ ဒီအကျင့်ဟာ နိဗ္ဗာန်အထိ တိုက်ရိုက်မျက်မှောက် ပြုနိုင်ဖို့ ခက်ပေမယ့် ဒီအကျင့်တွေနဲ့ပဲ သေတဲ့အထိ နေသွားနိုင်မယ်ဆိုရင် ကောင်းတဲ့သုဂတိ ဘ၀တွေမှာ ပြန်လည်ဖြစ်စေတယ် ဆိုတာလည်း သံသယဖြစ်စရာ မရှိတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် လက်တွေ့လုပ် လက်တွေ့ထူးခြားမှုကို ဖြစ်စေတဲ့အတွက် ၀ိပဿနာ ကျင့်စဉ်ထက် သမထကျင့်စဉ်ကို ပိုပြီးသဘောကျ နှစ်သက်တတ်တာတွေ ရှိပါတယ်။ သမထကျင့်စဉ်ရဲ့ ထူးခြားမှုက ဘယ်သူမဆို နည်းစနစ်မှန်ကန်စွာ အားထုတ်နိုင်မယ်ရင်ဆိုရင် သမာဓိ တည်ကြည်လာတာနဲ့အမျှ နိမိတ်လက္ခဏာတွေ ပေါ်လာပြီး စိတ်အစဉ် ပေါ့ပါးမှု၊ ငြိမ်းချမ်းမှု စတဲ့ ထူးခြားမှုတွေကို ဖြစ်စေတာပဲ ဖြစ်ပါတယ်။ သို့သော် သမထကျင့်စဉ်ဟာ လက်တွေ့ဘ၀ ပစ္စုပ္ပန်ငြိမ်းချမ်းမှု၊ ချမ်းသာမှုကို ဖြစ်စေပေမယ့် တကယ့်ကိလေသာ ကုန်ခမ်းပြီး အစစ်အမှန် ငြိမ်းချမ်းရာဖြစ်တဲ့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ အတွက်တော့ ၀ိပဿနာ ကျင့်စဉ်ကို ကျင့်ကြံပွားများ အားထုတ်နိုင်မှပဲ ရနိုင်ဖြစ်နိုင်ပါတယ်။

ဝိပဿနာ ကျင့်စဉ်ဟာ သတ္တ၀ါတွေကို ဒုက္ခပေးနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာတရားများကို အကြွင်းအကျန်မရှိ ပယ်သတ်နိုင်တဲ့ ကျင့်စဉ်တစ်ခုဖြစ်ပြီး သတိကို အထူးပြု လေ့ကျင့်ပေးတဲ့ ကျင့်စဉ်လည်း ဖြစ်ပါတယ်။ ၀ိပဿနာရဲ့ သဘောက ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို သတိကပ်ကာ ဉာဏ်နဲ့ရှုမှတ်ပေးရတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာပဲ ဖြစ်ဖြစ် ရုပ်မှာပဲ ဖြစ်ဖြစ် ပေါ်သမျှ ဖြစ်သမျှကို ပေါ်စဲပေါ်ခိုက် ဖြစ်စဲဖြစ်ခိုက်မှာ ပေါ်တဲ့အတိုင်း ဖြစ်တဲ့အတိုင်း မလွတ်တမ်း လိုက်ပြီးသိမှတ် ပေးနေပါက ရုပ်နာမ်ရဲ့ မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးမရခြင်း သဘောတွေကို ခန္ဓာကိုယ်တွေ့ဉာဏ်နဲ့ အရှိအတိုင်း အမှန်အတိုင်း သိမြင်လာကာ ကိုယ့်ရဲ့အတွင်း သန္တာန်မှာ ရှိနေတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနစတဲ့ ကိလေသာမီးတွေကို တဖြည်းဖြည်း ငြိမ်းလာအောင် ငြှိမ်းသတ်လာစေပါတယ်။

အမှတ်သတိကို မလွတ်စေဘဲ စိတ်မှာဖြစ်တတ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ ရာဂစိတ်၊ တွေးစိတ်၊ ကြံစိတ်၊ မနာလိုတဲ့စိတ်၊ ၀န်တိုတဲ့စိတ် စသဖြင့် ဘယ်လိုစိတ်မျိုးပဲ ဖြစ်ဖြစ် ပေါ်လာရင် ပေါ်လာတဲ့အတိုင်း လိုက်လိုက်ပြီးသိမှတ်ပေးတာ၊ ခန္ဓာကိုယ်ကို အမှီပြုပြီး ဖြစ်တတ်တဲ့ ပူတာ၊ အေးတာ၊ နာကျင့်ကိုက်ခဲတာ၊ ငြိမ်းချမ်းတာ၊ မငြိမ်းချမ်းတာ စတဲ့ ခံစားချက် ဝေဒနာများကို ခံစားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ခန္ဓာကိုယ်ရဲ့ သွား၊ လာလှုပ်ရှားမှု မှန်သမျှကိုလည်း သွားလာလှုပ်ရှားတဲ့အတိုင်း လိုက်လိုက်သိမှတ်ပေးတာ၊ ရုပ်ရဲ့သဘောတရား၊ နာမ်ရဲ့သဘောတရား၊ ဓာတ်ရဲ့သဘောတရား၊ အမှန်သစ္စာရဲ့ သဘောတရား စသဖြင့် သဘာဝဓမ္မဖြစ်တဲ့ သဘောတရားတွေကိုလည်း အရှိအတိုင်း၊ သဘာဝဓမ္မအတိုင်း သိမှတ်ပေးတာ စတာတွေဟာ အတွင်းကိလေသာတွေကို အပြီးပိုင် ပယ်သတ်နိုင်အောင် လေ့ကျင့်အားထုတ်ပေးတဲ့ နည်းစနစ်ဖြစ်တဲ့အတွက် သတိပဋ္ဌာန် ၀ိပဿနာနည်းမှာ အကျုံးဝင်ပြီး ဒီနည်းစနစ်ကို မပြတ်အားထုတ်နိုင်ပါက ဉာဏ်စဉ်အဆင့်ဆင့် မြင့်တက်ကာ နောက်ဆုံး ကိလေသာတရားများကို အပြီးပိုင် ပယ်သတ်လို့ သန္တိသုခ နိဗ္ဗာန်ကို မျက်မှောက်ပြုစေတဲ့အထိ တိုက်ရိုက်ပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

ဝိပဿနာကျင့်စဉ်ဟာ လက်တွေ့လိုက်နာ ကျင့်ကြံအားထုတ်ဖို့ ခက်ခဲပေမယ့် ကြိုးစားပမ်းစား မလျော့တဲ့ ၀ီရိယနဲ့ အားထုတ်ကြမယ်ဆိုရင်တော့ ဒီဘ၀မှာပဲ သိသိသာသာ ကိလေသာတွေကို ပါးလာအောင် ခွာနိုင်ပြီး ကိုယ်နှုတ်စိတ် အမူအရာတွေဟာ ထူးခြားစွာ နူးညံ့လာစေမှာ ဖြစ်ပါတယ်။ ပါရမီအရှိန်နဲ့ သတိပညာဝီရိယ အားတွေပေါင်းစပ်ကာ အားထုတ်နိုင်မယ်ဆိုရင်တော့ ဉာဏ်စဉ်များအဆင့်ဆင့် တက်ကာ ကိလေသာတွေကိုလည်း တစ်ခုပြီးတစ်ခု အကြွင်းမရှိ ပယ်သတ်စေနိုင်မှာ ဖြစ်ပါတယ်။ နောက်ဆုံး အမြင့်ဆုံးဖြစ်တဲ့ အရဟတ္တမဂ်ဉာဏ် အဆင့်ထိ ရရှိနိုင်ပြီဆိုရင်တော့ ကိလေသာအားလုံးကို အပြီးပိုင် ပယ်သတ်နိုင်ပြီး ဒီဘ၀မှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုစေနိုင်တော့တာ ဖြစ်ပါတယ်။ ဒါက ၀ိပဿနာ ကျင့်စဉ်ရဲ့ လက်တွေ့ကျတဲ့ အကျိုးနဲ့ ကျင့်စဉ်သဘောတရားပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဆိုလိုတာက ဗုဒ္ဓဘာသာမှာ ဗုဒ္ဓဘာသာတွေအတွက် ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ ဂုဏ်တော်ပွားတာ၊ မေတ္တာပို့တာ၊ တရားထိုင်တာ စသဖြင့် အမည်အမျိုးမျိုးနဲ့ နည်းအမျိုးမျိုး ရှိနေတယ်လို့ ထင်ရပေမယ့် ဒါတွေအားလုံးဟာ ကုသိုလ်ရဖို့၊ စိတ်တည်ငြိမ်ဖို့နဲ့ ကိလေသာကို ခွာနိုင်ဖို့အတွက် ပွားများအားထုတ်ရတဲ့ နည်းစနစ်ဖြစ်ပြီး သမထအကျင့်နဲ့ ၀ိပဿနာအကျင့် တစ်မျိုးမျိုးမှာပဲ သွားပြီး အကျုံးဝင်နေကြောင်း ဆိုလိုတာဖြစ်ပါတယ်။ အမည်နာမ အမျိုးမျိုး ရှိနေပမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရဖို့၊ စိတ်ငြိမ်းချမ်းဖို့နဲ့ ကိလေသာ ပယ်ခွာဖို့ကိုသာ ရည်ရွယ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။

စိတ်အစဉ်ဟာ လွှတ်ထားရင် လွှတ်ထားတဲ့အလျောက် ကိလေသာတရားများ တိုးပွားမှု၊ ကိလေသာတရားတွေရဲ့ လောင်မြိုက်မှုကို ခံစေ၊ ဖြစ်စေတဲ့အတွက် ဒီကိလေသာရန်က ကာကွယ်ဖို့အတွက် စရိုက်အမျိုးမျိုး၊ အကျင့်အမျိုးမျိုး ရှိနေတဲ့ လူတွေအနေနဲ့ ကိုယ့်အကျင့်စရိုက်၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ့် အကျင့်တစ်ခုခုကို ကျင့်နိုင်ဖို့အတွက် ဗုဒ္ဓမြတ်စွာဘုရားက “စိတ်ကိုဒီလိုလည်း ထိန်းနိုင်တယ်၊ ဒီလိုလည်း လေ့ကျင့်နိုင်တယ်၊ ဒီလိုလည်း အားထုတ်နိုင်တယ်၊ ဒီလိုအားထုတ်ရင် ဒီလောက်အကျိုးတရား ဖြစ်စေပြီး၊ ဒီလိုအားထုတ်နိုင်ရင်တော့ ဒီလောက်အကျိုးထူးကို ဖြစ်စေတယ်” ဆိုတာကို ဟောကြားပြသတော် မူခြင်းဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်များ အနေနဲ့ ဗုဒ္ဓဘာသာမှာ အမည်နာမတွေကြောင့် ဘယ်လိုနည်းတွေနဲ့ ဘယ်လိုအကျင့်တွေ ဘယ်ဘောက်ပဲ ရှိနေတယ်လို့ ဆိုပေမယ့် ရည်ရွယ်ချက်ကတော့ ကုသိုလ်ရရေး၊ စိတ်ငြိမ်းချမ်းရေး၊ ကိလေသာ ပယ်ခွာရေးကိုပဲ ရည်ရွယ်တာ ဖြစ်တာကြောင့် သမထနည်းပဲ ဖြစ်ဖြစ်၊ ၀ိပဿနာနည်းပဲ ဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် ကိုယ်လုပ်နိုင်တဲ့ နည်းကိုသာ ယုံကြည်မှု သဒ္ဓါတရား၊ ကြိုးစားအားထုတ်မှု ၀ိရိယတရား လက်ကိုင်ထားပြီး လုပ်နိုင်မယ်ဆိုရင် ကုသိုလ်လည်းရ၊ စိတ်လည်းငြိမ်းချမ်းပြီး နောက်ဆုံး ၀ိပဿနာကျင့်စဉ်အားနဲ့ ကိလေသာတရားကို အပြီးပိုင် ပယ်သတ်နိုင်တဲ့အထိ အကျိုးထူးကို ဖြစ်စေမှာဖြစ်တဲ့အတွက် ဘုရားရှိခိုးတာပဲ ဖြစ်ဖြစ်၊ မေတ္တာပို့တာပဲ ဖြစ်ဖြစ်၊ ပရိတ်ပဋ္ဌာန်း ဓမ္မစကြာ ရွတ်တာပဲ ဖြစ်ဖြစ်၊ ဂုဏ်တော်ပွားတာပဲ ဖြစ်ဖြစ်၊ ပုတီးစိပ်တာပဲ ဖြစ်ဖြစ်၊ တရားမှတ်တာပဲ ဖြစ်ဖြစ် စသဖြင့် ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်အောင်၊ လုပ်နိုင်အောင် လုပ်ကြဖို့ပဲ ဖြစ်ပါကြောင်း၊ လုပ်နိုင်ရင်တော့ လုပ်နိုင်သလောက်ာ အကျိုးထူးကို ဖြစ်စေမှာ အသေအချာပဲ ဖြစ်ပါကြောင်း အသိပေးစကား ပါးလိုက်ရပါတော့တယ်။

Read more »

ဘုရားမကယ်နိုင်သူများ…

လောကတွင် အချို့သူများသည် အကြောက်တရား နည်းပါးတတ်၏။ အယုံအကြည်လည်း နည်းပါးတတ်၏။ လက်တွေ့မဟုတ်လျှင် မယုံသည်များလည်း ရှိတတ်၏။ ထို့ကြောင့် အချို့ဆိုလျှင် မည်သည့်ကိစ္စများတွင် မဆို ပေါ့ပေါ့တန်တန်ပင် ပြောဆိုပြုမူ တုံ့ပြန်တတ်၏။ အချို့ကား ယုံကြည်မှုနှင့် အကြောက်တရား မရှိရုံမျှမက အတွေးအခေါ်များပင် မှားယွင်းသွားကာ ကံတရား၏ သဘောတရားများ အပေါ်တွင်လည်း အပျော်အပြက် ကဲ့ရဲ့တတ်သည်အထိ ဖြစ်တတ်ပေ၏။ ကံကံ၏အကျိုးတရားနှင့် စပ်လျဉ်း၍လည်း လက်တွေ့ မခံရသေးသည့်အခါ ကလေးကလား သဘောထားတတ်၏။ အချိန်တန်မှ အကျိုးပေးတတ်သည့် ကံတရား၏ သက်ရောက်မှုတွင် လက်တွေ့မခံ ရသေးသည့်အခါ အယုံအကြည် နည်းနေတတ်၏။ ထို့အတူ မိမိ၏လုပ်ရပ်များတွင် လက်ယဉ်လာသည့်အခါ အကြောက်တရားပါ ခေါင်းပါးလာတတ်၏။

ထို့သို့သောသူများကို အခြားသူများက မကောင်းသည့် လုပ်ရပ်များကြောင့် “ဟေ့…ဟေ့… အဲဒီလို မလုပ်နဲ့ ငရဲကြီးလိမ့်မယ်” ဟု ပြောဆိုသည့်အခါ “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့..” စသည်ဖြင့် ပြန်လှန်တုံ့ပြန် တတ်သကဲ့သို့ အချို့က “ဒီလိုမကောင်းတဲ့ အလုပ်တွေ လုပ်ရင် ၀ဋ်လိုက်တတ်တယ်..”ဟု ပြောလာလျှင်လည်း “၀ပ်လိုက်ရင် ထပြေးတာပေါ့…” စသည်ဖြင့် သံတူကြောင်းကွဲ စကားလုံးများဖြင့် ပြန်လည်ပြောဆိုတတ်၏။ ထိုသူတို့ ဆိုချင်သည်မှာ လေးဘက်ထောက်ကာ ၀ပ်ပြီးလိုက်နေသည့်သူထက် မတ်တပ်ရပ်ပြီး ပြေးနေသူက ပို၍အလျင်အမြန် ပြေးနိုင်သည့် သဘောကို ရည်ရွယ်လျက် အပျော်အပြက် ပြောလိုဟန် ရှိပေ၏။

အပျော်ဖြစ်စေ၊ အမှန်အကန်ဖြစ်စေ ထိုသူတို့ ပြောဆိုကြသည့် “ငရဲကြီးတော့ ငရဲလေးကို နိုင်တာပေါ့၊ ၀ပ်လိုက်ရင် ထပြေးတာပေါ့” စသည့် စကားများသည် မကောင်းမှု၏ တန်ပြန်သက်ရောက်မှု အပေါ်တွင် အမှန်တကယ် ကြောက်ရွံ့မှုမရှိ၊ ယုံကြည်မှုမရှိသည့် သဘောကို ပြသနေသကဲ့သို့ ဖြစ်နေပေ၏။ မခံရသေးသည့်အခါ အပျော်အပြက် ပြက်ရဲ့ပြုနိုင်သော်လည်း မကောင်းမှု၏ အကျိုးသက်ရောက်မှုများ အမှန်လက်တွေ့ ရောက်လာသည့် အခါတွင်ကား ဘုရားပင် မကယ်နိုင်သည်ကို သတိမပြုမိကြဟန် ရှိပေ၏။ ဘုရားလည်း မကယ်နိုင်၊ သိကြားလည်း မ မနိုင်သည့် သူများတွင် အကုသိုလ်ကြီးသူများ၊ ၀ဋ်ကြီးသူများ ပါနေသည်ကို သတိမပြုမိကြဟန် ရှိပေ၏။ အထူးသဖြင့် မကောင်းမှု ဒုစရိုက်အမှုများတွင် လက်ယဉ်နေသူများသည် မည်သို့သောပုဂ္ဂိုလ်များ၊ မည်သို့သော အရာများဖြင့် ပြသပြောဆို ဆုံးမစေကာမှု သတိသံဝေဂ ရရန်၊ နောင်တရရန် ခက်ခဲနေတတ်ပြီး တစ်ခါတစ်ရံ သတိသံဝေဂ ရသယောင်ရှိတတ်သော်လည်း မထူးဇာတ် ခင်းတတ်သည်များလည်း ရှိနေတတ်၏။ ထိုသို့ မကောင်းမှုဒုစရိုက်အမှုများတွင် လက်ယဉ်ကာ မထူးဇာတ်ခင်းနေမိလျှင်ကား မည်သူကယ်၍မျှ ရမည်မဟုတ်သကဲ့သို့ ဘုရားလည်း ကယ်၍ရနိုင်မည်မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

အချို့က မကောင်းမှု အလုပ်များကို မည်မျှပင် လုပ်နေပါသော်လည်း ကြီးပွားနေသူများ၊ အစစ အရာရာ အဆင်ပြေနေသူများ၊ မကောင်းသည့် အလုပ်များဖြင့် အကျိုးပေးနေသူများကို ကြည့်ကာ “ဒီလိုလူတွေကျတော့ ဘယ်လိုလုပ်မလဲ..”ဟူသည့် အမေးမျိုးဖြင့် စောဒကတက်သည်များ ရှိတတ်၏။ စင်စစ် ထိုသို့ မကောင်းမှုဖြင့် ကြီးပွားနေသူများသည်ကား ဘုရားကယ်ထား၍ ကြီးပွားနေသူများ မဟုတ်ကြပေ။ အတိတ်ကံ တစ်ခုခုက ပြုခဲ့သည့် ကောင်းသည့်ကံများ၏ အကျိုးပေးကောင်းချိန်နှင့် ယခုဘ၀ ပြုလုပ်ထားကြသည့် အကုသိုလ်ကံများ၏ အကျိုးပေးချိန် မတန်သေး၍သာ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက “မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသော ကာလပတ်လုံး ကောင်းမြတ်သော အာရုံကို တွေ့မြင်နိုင်သေးကြောင်း၊ မကောင်းမှု အကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသောသူသည် မကောင်းကျိုးကို ခံစားရကြောင်း” စသည်ဖြင့် မိန့်တော်မူထား၏။ ဤစကားတော်အရ ကောင်းမှု၊ မကောင်းမှုတို့၏ အကျိုးပေးမှုသည် အချိန်ကာလနှင့် သက်ဆိုင်နေပြီး အချိန်တန်လျှင်ကား မိမိတို့ လုပ်သည့်ကံများ၏ အကျိုးသက်ရောက်မှုများသည် မိမိတိုထံသို့ ဧကန်မုချ ရောက်လာမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိရှိနိုင်မည် ဖြစ်၏။ အထူးသဖြင့် အကုသိုလ်ကံများ၏ အကျိုးပေးချိန်သည်ကား အထူးပင် သိသားထင်ရှားလှ၏။ အကုသိုလ် အလုပ်၏ အကျိုးပေးချိန် ရောက်လာလျှင်ကား မည်သည့်တံခိုးရှင်မျှ ကယ်မ,၍ ပေးနိုင်မည်မဟုတ်သည်မှာ သေချာလှ၏။

မှန်၏။ အကုသိုလ်အလုပ်များကို လုပ်ရင်း အကုသိုလ်ကံ၏ အကျိုးပေးချိန်သို့ ရောက်လာသော သူများသည်ကား အကုသိုလ်အလုပ်များတွင် သာယာပျော်မွေ့ကာ အကုသိုလ်အလုပ်ကို အကုသိုလ် အလုပ်ဟု မသိဘဲ ထိုမကောင်းမှုများနောက်ကို မှားမှန်းမသိ လိုက်နေမိတတ်၏။ ထိုသို့ မကောင်းမှုကို ပျော်ပျော်ပါးပါး လုပ်နေသူများသည် ကြာလာသည့်အခါ ပညာ၊ သတိတရားများ ချွတ်ယွင်းလာကာ အပြောအဆို အလုပ်အကိုင်များတွင်လည်း အမှားမှား အယွင်းယွင်းဖြစ်လာပြီး နောက်ဆုံးတွင် ထိုမကောင်းသည့် လုပ်ရပ်များကြောင့် ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်၏။

မန်လည်ဆရာတော်ကြီးက အကုသိုလ်အလုပ်များကြောင့် ပျက်စီးချိန်တန်လာသူများသည် ပညာသတိ မရှိဖြစ်ကာ မိမိတို့၏ အပြောအဆို၊ အသွားအလာများတွင် အမှားမှား အယွင်းယွင်းဖြင့် ဘုရားပင် မကယ်နိုင်သူများ အဖြစ်သို့ ရောက်ရတတ်ကြောင်း မဃဒေ၀ လင်္ကာကြီးတွင် စပ်ဆိုထားသည်ကို သံဝေဂယူဖွယ် ဖတ်မှတ်ဖူးပါ၏။ ဆရာတော်ကြီးက “ကြမ္မာငြိုးမှိန်၊ ပျက်စီးချိန်၌၊ ပညိနြ္ဒိ၊ သတိမှောက်မှား၊ တရားမကျင့်၊ ကျင့်ယွင်းချွတ်၏။ ကျင့်ချွတ်သောခါ၊ ပညာ အမျိုး၊ တန်ခိုးထိန်ညီး၊ ဘုန်းတန်းကြီးလည်း၊ ပျက်စီးမြဲလျှင်၊ မချွတ်ပင်တည်း။ အကြင်လူများ၊ ယောက်ျားမိန်းမ၊ စသည်ထိုထို၊ ပျက်စီးလိုက၊ အဆိုအသွား၊ အမှားမှားဖြင့် ဘုရားသော်မှ၊ ဟောမရဘူး။” (မန်လည်ဆရာတော်)ဟု စပ်ဆိုတော်မူထား၏။

ဆရာတော်ကြီး၏ အဆိုအရ ကံကြမ္မာ တစ်လှည့်ပြောင်း၍ ပျက်စီးချိန် စောင်းလာသည့် သူများသည် စူးစမ်းဆင်ခြင်တတ်သည့် ဉာဏ်၊ မမေ့မလျော့ မပေါ့မဆသည့် သတိတရားများ ယုတ်လျော့လာပြီး ကိုယ်ကျင့်တရားများပါ ပျက်စီးချွတ်ယွင်းလာကာ ဘုန်းကံများနည်းပါးလျက် ပြောသမျှစကား၊ လုပ်သမျှအလုပ်၊ ကြံသမျှအတွေးများတွင် အမှားများဖြင့်သာ မကောင်းသည့် ဒုစရိုက်များတွင် ဇွတ်တိုးဝင်၍ ကျင်လည်နေမိတတ်ကြောင်း၊ ထိုသို့ မကောင်းမှုများဖြင့် ကျင်လည်နေသူများသည် ထိုဒုစရိုက်အမှုများကြောင့် ကြာလာသည့်အခါ ဘုရားပင် မကယ်နိုင်သည့် သူများအဖြစ်သို့ ရောက်ရှိသွားတတ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။

အမှန်အားဖြင့် အကုသိုလ် ဒုစရိုက်အမှုများသည် အချိန်တန် အကျိုးပေးချိန် ရောက်လာလျှင်ကား ယခုမျက်မှောက်ဘ၀မှာပင် အကျိုးပေးကာ ပြုလုပ်သူကို တစ်ဖန်ပူလောင်မှုဖြင့် သက်ရောက်မှု ဖြစ်စေတတ်၏။ ထိုသို့ မကောင်းမှု အကျိုးပေးကို ခံရမည့်သူ ဖြစ်လျှင်ကား ဘုရားရှင် အနားမှာပင် ဖြစ်သော်လည်း ဘုရားမကယ်နိုင်သူများ အဖြစ် အကုသိုလ် အပြစ်ကို ခံသွားရတတ်၏။ ထိုအကုသိုလ် အပြစ်ကို ၀ဋ်တစ်ခုအဖြစ် ခံစားရကာ သေပြီးနောက်မှာလည်း အပါယ်ဘုံသို့ ရောက်ရတတ်၏။

ဗုဒ္ဓလက်ထပ်က စုန္ဒအမည်ရှိသည့် သူတစ်ယောက်ရှိ၏။ စုန္ဒသည် ၀က်မွေးမြူကာ သတ်ဖြတ်ရောင်းချ စားသောက်ခြင်းဖြင့် အသက်မွေးလေ့ရှိ၏။ ထို့ကြောင့် သူ့ကို စုန္ဒသူကရိက စုန္ဒ၀က်သတ်သမားဟု ခေါ်လေ့ရှိကြ၏။ စုန္ဒ၀က်သတ်သမားသည် လယ်သမားများ အစားအသောက် ရှားပါးချိန်များတွင် တောရွာဇနပုဒ်များသို့ စပါးများကို လှည်းအပြည့်တင်ကာ စပါးအနည်းငယ်ဖြင့် တောရွာများမှ ၀က်ငယ်များကို လှည်းအပြည့်ဝယ်ယူကာ မိမိအိမ်သို့ ရောက်သည့်အခါ အိမ်နောက်ဖေး ၀က်ခြံတွင် ၀က်များအသားတိုးစေရန် မွေးမြူလေ့ရှိ၏။ ၀က်များ အသားတိုးလာသည့် အခါတွင်လည်း ထိုဝက်များကို မသတ်မီ လက်ခြေလေးဘက်တို့ကို တိုင်လေးတိုင်တွင် ကြိုးဖြင့်တုတ်ကာ အသားအရေ ဆူဖြိုးအောင် တစ်ကိုယ်လုံး ဖူးရောင်သည်အထိ ရိုက်ပုတ်လေ့ရှိ၏။ ၀က်များသည် ရိုက်ပုတ်သည့်ဒဏ်များကြောင့် ဖူးဖူးရောင်ရောင် ဖြစ်လာသည့်အခါ ပါးစပ်တွင် ပိတ်မရအောင် သံဖြင့်ထောက်၍ ပွတ်ပွတ်ဆူနေသည့် ရေနွေးဖြင့် ပါးစပ်အတွင်းမှ လောင်းထည့်လေ၏။ ထိုလောင်းထည့်သည့် ရေနွေးသည် ၀က်၏အူအတွင်း ပူလောင်ပျော်ဆင်းကာ စအိုဝမှ အညစ်အကြေးများသည် ရေနွေးရေနှင့်အတူ ထွက်ကျလာသည်အထိ ပါးစပ်မှ လောင်းချလေ၏။ စအိုမှဆင်းလာသည့် ရေနွေးများ၏ အရောင်သည် အညစ်အကြေးကင်းပြီး သန့်ရှင်းသည့် အရောင်အဖြစ် ရောက်သည့်အထိ ပါးစပ်မှ ရေနွေးများကို လောင်ထည့်လေ့ရှိ၏။ စုန္ဒ၏ လုပ်ရပ်ကြောင့် နာကျင်ပူလောင်လှသဖြင့် အော်ဟစ်ကြသည့် ၀က်တို့၏ အသံများမှာ အလွန်စူညံ ကျယ်လောင်လှပြီး နောက်ဆုံးတွင် မခံမရပ်နိုင်ဘဲ သေဆုံးကြရ၏။ စုန္ဒသည် ၀က်တို့၏ အော်ဟစ်သံကို အလေးမထားနိုင်ဘဲ နောက်ထပ်ရေနွေးပူများဖြင့် ၀က်၏ကျောကုန်းထက်မှ လောင်းချကာ မည်းနက်သော သားရေတို့ကို ကျွတ်ကွာစေ၏။ ထို့နောက် မြက်မီးဖြင့် အမွေးအမြင်တို့ကို လောင်မြိုက်စေကာ အမွေးခွာပြီး ထက်လှစွာသော ဓားသန်လျက်ဖြင့် အသားများကို လှီးဖြတ်ကာ ချက်ပြုတ်လျက် မိသားစုနှင့်အတူ မြိန်ရေရှက်ရေ စားသောက်၍ ကျန်သည့်အသားများကို ရောင်းချလေ၏။ ဤနည်းဖြင့် စုန္ဒသည် ၀က်များကို မွေးမြူသတ်ဖြတ် စားသောက်ရောင်းချ လာခဲ့သည်မှာ နှစ်ပေါင်း (၅၅)နှစ်အထိ ကြာမြင့်ခဲ့၏။

တစ်နေ့တွင် စုန္ဒ၀က်သတ်သမားတွင် အနားရောဂါ ဖြစ်ပေါ်လာခဲ့၏။ အနာဖြစ်လာသည့် စုန္ဒ၀က်သတ်သမားသည် ထိုအနာကြောင့် အရှင်လတ်လတ် ငရဲခံရသကဲ့သို့ အလွန်ပူလောင်သည့် ဒဏ်ကိုခံစားနေရ၏။ တစ်ကိုလုံး ပူလောင်လွန်းသဖြင့် နေမထိ ထိုင်မထိဖြစ်ကာ အိပ်မရ စားမရဖြစ်ပြီး အိမ်၏လေးဘက် လေးတန်တွင် ရှေ့နောက်လေးဘက်ထောက်ကာ ၀က်ကဲ့သို့ ပြေးလွှာရင်း ၀က်အော်သံအတိုင်း အော်ဟစ်နေရ၏။ မိသားစုများက အမျိုးမျိုးသက်သာအောင် လုပ်ပေးသော်လည်း မရဘဲ ပါးစပ်ကို ပိတ်မရဖြစ်ကာ ပူလောင်စွာ အော်ဟစ်နေခဲ့ရ၏။ စုန္ဒ၏ အော်ဟစ်သံကို အနီးမှာရှိသည့် ဝေဠုဝန်ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းတော်များသည် ဆွမ်းခံသွားစဉ် ကြားခဲ့ရ၏။ ရဟန်းတော်များကား ၀က်အော်သံဟုထင်ကာ စုန္ဒအိမ်တွင်ရှိသည့် ၀က်တို့၏ အသံမှာ ဆူညံလှကြောင်း ပြောဆိုကြ၏။ ထိုအခါ ဘုရားရှင်က ယင်းအသံသည် ၀က်တို့၏ အသံမဟုတ်ကြောင်း စုန္ဒ၏ အသံသာ ဖြစ်ကြောင်း မိန့်ကြားကာ တရားစကား ဟောကြားတော်မူ၏။ မြတ်ဗုဒ္ဓက “မကောင်းမှု ပြုလုပ်သူသည် ဤဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ နောင်ဘ၀တွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ပစ္စုပ္ပန်၊ တမလွန် ဘ၀နှစ်ခုလုံးတွင်လည်း စိုးရိမ်ပူလောင်ရ၏၊ ထိုသူသည် မိမိ၏ ညစ်ညူးသည့် အကုသိုလ်ကံကို မြင်ရ၍လည်း စိုးရိမ်ရ၏၊ ပင်ပန်းရ၏” စသဖြင့် တရားစကား ဟောကြားတော်မူ၏။ ဘုရားစကားကြောင့် ရဟန်းတော်များမှာ တရားရသွားကြသော်လည်း စုန္ဒ၀က်သတ်သမားသည်ကား ခုနှစ်ရက်ပတ်လုံး ၀က်ကိုသတ်စဉ်က ပြုလုပ်ခဲ့သည့် အကုသိုလ်ကံအတိုင်း ၀က်ကဲ့သို့ ပူလောင်ပြင်းထန်စွာ အော်ဟစ်ပြီး နောက်ဆုံးတွင် အသက်ကုန်ကာ အ၀ီစီငရဲသို့ ကျရောက်သွားခဲ့ရ၏။

ဤကား ဓမ္မပဒ၊ ယမက၀ဂ်လာ စုန္ဒ၀က်သတ်သမား၏ အကုသိုလ် အကျိုးခံစားရပုံ အကြောင်း တစ်စိပ်တစ်ဒေသ ဖြစ်ပါ၏။ စုန္ဒသည် ဘုရားလက်ထပ်၊ ဘုရားအနီးမှာ ရှိနေခဲ့သော်လည်း ဘုရားမကယ်နိုင်သည့် အကုသိုလ် အလုပ်ဖြင့်သာ မိမိဘ၀ကို မိမိဖန်တီးသွားခဲ့ရ၏။ ဘုရားကယ်သည် မကယ်သည်မှာ ပုဂ္ဂိုလ်ရေးနှင့် မဆိုင်ဘဲ မိမိပြုသည့် ကံနှင့်သာ ဆိုင်သည်ကို စုန္ဒက သက်သေပြနေခဲ့၏။ မှန်၏။ အကုသိုလ်အလုပ်များ၊ ဒုစရိုက်အမှုများဖြင့် နေသူများသည် မည်မျှပင် ပုဂ္ဂိုလ်ရေး ရင်းနှီးမှုရှိနေစေကာမှု ဘုရားမကယ်နိုင်သည့် သူများသာ ဖြစ်ပါ၏။ ဒေ၀ဒတ်ထက် ဘုရားနှင့်နီးသူ ဘုရားနှင့် ပုဂ္ဂိုလ်ရေး ဆက်စပ်မှုရှိသူ တစ်စုံတစ်ယောက်မျှ ရှိမည်မဟုတ်ပေ။ ထိုဒေ၀ဒတ်လို ပုဂ္ဂိုလ်မျိုးကိုလည်း ဘုရားရှင်က မကယ်မနိုင်ခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော ဒေ၀ဒတ်ကို ဒေ၀ဒတ်၏ လုပ်ရပ်များက သက်ရောက်မှု ဖြစ်စေခဲ့သောကြောင့် ဖြစ်ပါ၏။

ဆိုလိုသည်မှာ ဘုရားမကယ်နိုင်သူများဟူသည် မကောင်းမှု ဒုစရိုက်အမှုများဖြင့် ကျင်လည်နေသူများကို ဆိုခြင်းဖြစ်သဖြင့် မကောင်းမှုလုပ်ကာ ဘုရားတနေကြသည်ထက် ဘုရားမ, နိုင်အောင်၊ ဘုရားကယ်နိုင်အောင် မကောင်းမှုကို ရှောင်ပြီး ကောင်မှုကိုသာ ဆောင်ကြရမှာ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်ပါ၏။ ကောင်းမှုရှိသူကို ဘုရားစသော သူတော်ကောင်းများက စောင့်ရှောက် ကယ်မတတ်သော်လည်း မကောင်းမှု ရှိသူကိုကား ဘုရားစသော အရိယ သူတော်ကောင်းများက မကယ်မနိုင်သဖြင့် မိမိဘ၀ကို မိမိ၏ အလုပ်များကသာ ကယ်မနိုင်ကြမည်ကို သတိပြုဆင်ခြင်ပြီး မကောင်းမှုမှ ရှောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် စုန္ဒကဲ့သို့ ဘုရားရှင်နှင့်ကြုံ၊ ဘုရားရှင် အနားမှာဖြစ်သော်လည်း ဘုရားမကယ်နိုင်သူ အဖြစ် ဘ၀နိဂုံး အဆုံးသပ်သွားရသည့် သူများ မဖြစ်ကြစေရန် မိမိတို့၏ အသိ၊ သတိများဖြင့် ဘုရားမကယ်နိုင်သည့် အကုသိုလ်အလုပ်များကို မလုပ်မိအောင် မိမိကိုယ်ကို မိမိထိန်းသိမ်းကာ ကောင်းသည့်အလုပ်များကို လုပ်ရင်း ဘုရားကယ်နိုင်သူ ဖြစ်အောင်သာ ကြိုးစားကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းစကား ပါးလိုက်ရပါသည်။

Read more »

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့…

ဒီနေ့ဟာဖြင့် မြန်မာသက္ကရာဇ် ၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ်လပြည့်နေ့ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင်မြတ်များရဲ့ ၀ါကျွတ်တဲ့နေ့လည်း ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက ဒီနေ့ဟာ မြတ်စွာဘုရားရှင် ၀ါတွင်းသုံးလ ကာလပတ်လုံး တာဝတိံသာ နတ်ပြည်မှာ အဘိဓမ္မာ ဒေသနာတော် ဟောကြားတော်မူပြီး လူ့ပြည်ကို ပြန်လည်ဆင်းသက် ကြွရောက်တော်မူတဲ့ နေ့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို ဗုဒ္ဓဘာသာ မြန်မာများက အဘိဓမ္မာ အခါတော်နေ့လို့ ထူးထူးခြားခြား အမည်ထားကြခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ ဆိုရင်တော့ အခုလို သီတင်းကျွတ်လပြည့်နေ့ ညမှာ ကျောင်းတိုင်း၊ အိမ်တိုင်းနီးပါး ဆီးမီးဖယောင်းတိုင်လေးတွင် ထွန်းညှိထားတတ်ကြပါတယ်။ ဒီအလေ့အထဟာ နတ်ပြည်က ဆင်းသက်တော်မူလာတဲ့ ဗုဒ္ဓမြတ်စွာကို ကြိုဆိုတဲ့ အနေနဲ့ ဆီးမီးဖယောင်းတိုင် စသဖြင့် ထွန်းညှိကာ ပူဇော်ကြတဲ့ အလေ့အထပဲ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီးနောက် ခုနှစ်ဝါမြောက်ဝါကို တာဝတိံသာ နတ်ပြည်မှာ ကပ်ဆိုတော်မူပါတယ်။ ၀ါဆိုရတဲ့ အကြောင်းရင်းကတော့ မယ်တော်ဖြစ်ခဲ့ဖူးတဲ့ သန္တုသိတနတ်သား အမှူးပြုတဲ့ နတ်ဗြဟ္မာအပေါင်းကို အဘိဓမ္မာ ဒေသနာတော် ဟောတော်မူလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ မယ်တော်အရင်းဖြစ်တဲ့ မယ်တော်မာယာဟာ ဘုရားလောင်းကို မွေးဖွားပြီး (၇)ရက်မြောက်မှာ နတ်ရွာစံကာ တာဝတိံသာ နတ်ပြည်မှာ သန္တုသိတ အမည်ရတဲ့ နတ်သားတစ်ပါးအဖြစ် ပြန်လည်မွေးဖွားခဲ့ပါတယ်။ ဘုရားဖြစ်တော်မူပြီးတဲ့ မြတ်စွာဘုရားဟာ မိခင်ကျေးဇူးကို တရားနဲ့ ဆပ်လိုတဲ့အတွက် အမိနတ်သားရှိတဲ့ နတ်ပြည်ကို ကြွတော်မူကာ ဒီလိုအဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူခြင်း ဖြစ်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်ဟာ သိမ်မွေ့နက်နဲကာ ရှည်လျားလှပြီး တစ်နာရီ နှစ်နာရီလောက်နဲ့ ပြည့်စုံအောင် ဟောကြားပေးဖို့ မဖြစ်နိုင်တဲ့အတွက် ၀ါတွင်းသုံးလပတ်လုံး ၀ါဆိုဝါကပ်ရင်း ဟောတော်မူရခြင်း ဖြစ်ပါတယ်။ ၀ါတွင်းကာလ တာဝတိံသာ နတ်ပြည်မှာ သုံးလလုံးလုံး သီတင်းသုံး နေတော်မူပေမယ့် နတ်တို့ရဲ့ အချိန်နဲ့ကျတော့ သုံးလဟာ မိနစ်၊နာရီပိုင်း လောက်ပဲရှိပါတယ်။ ဒါပေမယ့် လူသားဖြစ်တဲ့ ဘုရားရှင်ကတော့ ဒီသုံးလအတွင်းမှာ လူ့ပြည်ကို နေ့စဉ်ကြွကာ ဆွမ်းခံပြီး ဘုဉ်းပေးတော်မူပါတယ်။ ဘုရားရှင် လူ့ပြည်ဆင်းတဲ့ အခိုက်အတန့်မှာဆိုရင် ဘုရားရှင်က ကိုယ်တော်မြတ်နဲ့ ထပ်တူထပ်မျှ တူညီလှတဲ့ နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းပြီး နတ်သဘင် တရားပွဲကို ဆက်လက်ဟောကြား စေတော်မူပါတယ်။

နေ့စဉ်လူ့ပြည်ဆင်းပြီး ဥတ္တရကုရုကျွန်းမှာ ကြွရောက်ကာ ဆွမ်းခံဆွမ်းဘုဉ်း ပေးတော်မူလေ့ရှိတဲ့ ဘုရားရှင်ဟာ တပည့်ဖြစ်တော်မူတဲ့ ပညာအရာ ဧတဒဂ်ရ အရှင်သာရိပုတ္တရာ မထေရ်မြတ်နဲ့ ဆန္ဒကူးတောမှာ တွေ့ဆုံကာ အရှင်သာရိပုတ္တရာကို နတ်ပြည်မှာ ဟောကြားတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်အကြောင်း အကျဉ်းအနေနဲ့ ပြန်လည်ဟောကြားတော် မူပါတယ်။ အရှင်သာရိပုတ္တရာ မထေရ်ဟာ ပညာဉာဏ်ကြီးမားတော် မူလှတဲ့အတွက် မြတ်စွာဘုရား အကျဉ်းဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ကို အကျယ်ဆင်ခြင် နားလည်သဘောပေါက် တော်မူပါတယ်။ ပြီးတော့ အရှင်သာရိပုတ္တရာ မထေရ်ဟာ မိမိဘုရားရှင်ထံက နာယူတော်မူခဲ့တဲ့ အဘိဓမ္မာဒေသနာတော်ကို တပည့်ဖြစ်တဲ့ ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောပြတော်မူပါတယ်။

ဒီနေ့ အသုံးပြုနေတဲ့ ပိဋကတ်သုံးပုံရဲ့ အဘိဓမ္မာ ပိဋကဟာ မြတ်ဗုဒ္ဓရဲ့ အကျဉ်းဟောကြားချက်ကို အကျယ်သိရှိပြီး တပည့်ရဟန်းငါးရာကို မကျဉ်းမကျယ် ပြန်လည်ဟောကြားတော် မူထားတဲ့ အဘိဓမ္မာ ဒေသနာတော်ပဲ ဖြစ်ပါတယ်။ တာဝတိံသာ နတ်ပြည်မှာ ၀ါဆိုရင်း အဘိဓမ္မာ ဒေသနာတော်ကို နေ့စဉ်ဟောကာ လူပြည်မှာလည်း ပြန်လည် မိန့်ကြားတော်မူတဲ့ မြတ်ဗုဒ္ဓရဲ့ အဘိဓမ္မာ ဒေသနာတော်ဟာ ၀ါကျွတ်လို့ အဘိဓမ္မာ ခုနှစ်ကျမ်းလည်းကုန် လူ့ပြည်မှာလည်း အပြီးတိုင် ဟောကြားပို့ချပြီးဖြစ်ကာ တကယ့်ကို အနှစ်သာရ ပြည့်ဝတဲ့ ဒေသနာတော်တစ်ရပ် ဖြစ်တော်မူခဲ့ပါတယ်။ အဘိဓမ္မာ ဓမ္မသဘင်ပြီးဆုံးတဲ့အခါ မယ်တော်အမိနတ်သား ဖြစ်တဲ့ သန္တုသိတ နတ်သားဟာ သောတာပတ္တိဖိုလ်၌တည်ပြီး အခြားမြောက်များစွာသော နတ်ဗြဟ္မာ အပေါင်း ဟာလည်း တရားရကာ ကျွတ်တမ်းဝင်ခဲ့ကြပါတယ်။

တရားပွဲလည်းပြီး ၀ါလည်းကျွတ်ပြီဖြစ်လို့ သီတင်းကျွတ်လပြည့်နေ့မှာ ဗုဒ္ဓမြတ်စွာဟာ လူပြည်ကို ဆင်းကြွတော်မူပါတယ်။ လူပြည်ကြွတဲ့ အခါမှာလည်း တပည့်ဖြစ်တဲ့ အရှင်သာရိပုတ္တရာကို ချီးမြှောက်လိုတဲ့အတွက် အရှင်သာရိပုတ္တရာ ရှိတဲ့ သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူပါတယ်။ ဘုရားရှင် သင်္ကဿနဂိုရ်ပြည်ကို ဆင်းကြွတော်မူမှာသိတဲ့ လူအများဟာ ဘုရားရှင်ကို အမျိုးမျိုးသော ပူဇော်မူများ၊ ပန်းမာလ်များ၊ ဆီးမီးများ ထွန်းညှိကာ ပူဇော်ရင်း ကြိုဆိုကြပါတယ်။ ဒီအစဉ်အလာကို ယူပြီး မြန်မာပြည်မှာ သီတင်းကျွတ်လပြည့်နေ့မှာ ဆီးမီးထွန်းရင်း ဘုရားရှင်ကို ပူဇော်ကြိုဆိုကာ အဘိဓမ္မာ ဒေသနာတော်ကိုလည်း ရွတ်ပွားသရဇ္ဈာယ်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်လပြည့်နေ့ဟာ ဘုရားရှင်လူ့ပြည်ကို ကြွတော်မူတဲ့နေ့၊ ဒါမှမဟုတ် အဘိဓမ္မာ ဒေသနာတော် ဟောကြားမှု ပြီးဆုံးတဲ့ အဘိဓမ္မာ အခါတော်နေ့ အဖြစ် သတ်မှတ်တဲ့ နေ့ဖြစ်ပြီး ဒီနေ့မှာ ဗုဒ္ဓဘာသာများဟာ ကုသိုလ်ကောင်းမှု အစုစုကို ပြုကြခြင်း ဖြစ်ပါတယ်။ ဒါက သီတင်းကျွတ်လပြည့်နေ့နဲ့ အဘိဓမ္မာ အခါတော်နေ့ အကြောင်း တစ်စေ့တစ်စောင်း ဖြစ်ပါတယ်။

စကားစပ်လို့ ဒီနေရာမှာ အဘိဓမ္မာအကြောင်း နဲနဲလောက် မိတ်ဆက်တင်ပြလိုပါတယ်။ ဘုရားရှင်ရဲ့ ဓမ္မဒေသနာများကို ပိဋကအနေနဲ့ အစုသုံးစု ခွဲခြားထားရာမှာ သုတ္တန္တပိဋကို သတ္တ၀ါတွေရဲ့ အသိဉာဏ်နဲ့ သင့်တော်မယ့် ဝေါဟာရများကို အသုံးပြု ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ဝေါဟာရဒေသနာ၊ ၀ိနယပိဋကကို ဘုရားတပည့် သာဝကများ လိုက်နာကျင့်ကြံရန် အာဏာကို အများဆုံးသုံးကာ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ အာဏာဒေသနာ၊ အဘိဓမ္မာပိဋကကို မဖောက်မပြန် မှန်ကန်တဲ့ သဘောတရား (ပရမတ္ထတရား) များကို အကြွင်းမရှိ ပြည့်ပြည့်စုံစုံ ဟောကြားထားတဲ့ ဒေသနာဖြစ်လို့ ပရမတ္ထဒေသနာ လို့ ဖွင့်ပြပါတယ်။ ဒီမှာဖွင့်ပြတဲ့ အဘိဓမ္မာအဖွင့်အရ အဘိဓမ္မာဆိုတာ လောကသုံးပါးနဲ့ နိဗ္ဗာန်တို့ရဲ့ အကြောင်းအရာများကို တကယ်အစစ်အမှန်ရှိတဲ့ စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်ဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ ခွဲခြမ်းစိပ်ဖြာ ဟောကြားထားခြင်းကို ဆိုလိုတာဖြစ်ကြောင်း သဘောပေါက် မှန်ယူနိုင်ပါတယ်။

အဘိဓမ္မာ ဒေသနာတော်မှာ လောကကြီးကို လွှမ်းမိုးချယ်လှယ်နေတဲ့ စိတ်၊ စေတသိက်တို့ရဲ့ သဘောသဘာဝများကို မခြွင်းမချန် မှန်ကန်ပြည့်စုံအောင် ဟောကြားထားတဲ့အတွက် ဒီအဘိဓမ္မာဟာ လူတိုင်းအတွက် မှန်ကန်တည့်မတ်တဲ့ ဘ၀အမြင်ကို ဖြစ်စေပါတယ်။ ပြီးတော့ အဘိဓမ္မာမှာ် လူတို့အား ဆိုးသွမ်းယုတ်ညံ့ ဆင်းရဲစေတတ်တဲ့ အကုသိုလ် စေတသိက်များ၊ လူတို့ရဲ့ ဘ၀ကို မြင့်မြတ်စေတတ်တဲ့ သောဘဏ စေတသိက်များ၊ ကောင်းမြတ်တဲ့ လုပ်ငန်းများတွင် အောင်ပန်းဆင်စေတတ်တဲ့ ဗလအင်းအားနှင့် အဓိပတိတရားများ၊ ၀ဋ်ဆင်းရဲမှ လွတ်မြောက်စေပြီး အချမ်းသာဆုံး သန္တိသုခကို ရရှိစေနိုင်တဲ့ ကျင့်စဉ်အမှန်တရားများ စသည်တို့ကို တိတိကျကျ ဖော်ညွန်းထားတဲ့အတွက် အဘိဓမ္မာဒေသနာဟာ တန်ဘိုးမဖြတ်နိုင်တဲ့ ဘ၀ပညာပေး တရားလို့လည်း ဆိုနိုင်မှာ ဖြစ်ပါတယ်။ ပိုပြီးထူးခြားစေနိုင်တာက အဘိဓမ္မာရဲ့ သဘောကို ကောင်းစွာသိရှိပြီး စိတ်၊ စေတသိက် စတဲ့ ပရမတ္ထတရားများရဲ့ အလုပ်လုပ်ပုံကို သိရှိနားလည်လာပါက ငါ ငါလို့ စွဲတတ်တဲ့ အသက်ကောင်၊ ၀ိညာဉ်ကောင်၊ လိပ်ပြာကောင်တို့ မရှိကြောင်း ရှင်းရှင်းလင်းလင်း သိမြင်သွားနိုင်ကာ မှားယွင်းတဲ့ အမြင်အယူတို့ကို ပယ်ခွာရင်း နိဗ္ဗာန်အထိ မျက်မှောက်ပြုရေးကို အထောက်အကူ ပေးနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကျိုးတရားနဲ့ သဘောတရားများကို အဘိဓမ္မာဒေသနာတော်က ထုတ်ဖော်ပြသပေးထားတဲ့ အတွက် အဘိဓမ္မာဒေသနာတော်ဟာ အမှန်ကန်ဆုံး ဘ၀ပညာပေး ပရမတ္ထ ဒေသနာတော် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ဒါက စကားစပ်လို့ အဘိဓမ္မာ ဒေသနာရဲ့ ထူးခြားချက်ကို အကျဉ်းအနေနဲ့ မိတ်ဆက် တင်ပြခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့ရဲ့ ထူးခြားမှု အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ ဆယ့်နှစ်လရာသီများကို ဗုဒ္ဓဘာသာရဲ့ ထူးခြားမှုများနဲ့ တင်စားဖော်ပြခြင်းဖြင့် လစဉ်လတိုင်း ကုသိုလ်တရားများ တိုးပွားစေနိုင်တဲ့အပြင် ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ်များကိုလည်း သိရှိမှတ်သားခွင့် ရနိုင်တဲ့အတွက် ထူးခြားတဲ့ သဒ္ဓါတရားများ ပွားတိုးစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို သီတင်းကျွတ်လပြည့် နေ့မျိုးမှာ ဗုဒ္ဓမြတ်စွာ တာဝတိံသာမှာ အဘိဓမ္မာ ဒေသနာတော်ကို ဟောကြားပြီး လူ့ပြည်သို့ ပြန်လည်သက်ဆင်းတဲ့ ပုံရိပ်ကို နိမိတ်ယူကာ ဘုရားရှင်ကိုလည်း ပူဇော်ရင်း ဘုရားဟောတော်မူတဲ့ အဘိဓမ္မာ ဒေသနာတော်ရဲ့ အနှစ်ရှိပုံကိုလည်း လေ့လာကြည်ညိုရင်း ဥပုသ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလလည်း စောင့်သုံးကာ ကုသိုလ်တရား ပွားနိုင်ကြဖို့ သီတင်းကျွတ်လပြည့်နေ့ သို့မဟုတ် အဘိဓမ္မာ အခါတော်နေ့အကြောင်း ဗုဒ္ဓဘာသာရဲ့ ထူးခြားဖြစ်စဉ် တစ်ခုအနေနဲ့ ဗဟုသုတဖြစ်ဖွယ် ရေးသားတင်ပြလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၄) ...

ကုသိုလ်နဲ့အရက်…
“အရက်အရက်”နဲ့ လူအတော်များများဟာ အရက်ရဲ့ လွှမ်းမိုးမှုအောက်ကို ရောက်နေကြပါတော့တယ်။ ဆိုးတာက ဘာသာရေးအရ တားမြစ်ထားတဲ့ ဒီအရက်ဟာ ခုနောက်ပိုင်း ဘာသာရေး ပွဲတွေမှာတောင် နေရာယူလာနေတာကို ကြားသိနေရပြန်ပါတယ်။ ဒါဟာ တကယ့်ကို စိတ်မကောင်းစရာပါပဲ။ တောတွေမှာရော မြို့တွေမှာပါ ကုသိုလ်ပွဲနဲ့ အရက်တွေက ကင်းမရအောင်ကို ဖြစ်လာနေတာဟာ ဘာသာသာသနာ ဆုတ်ယုတ်ဖို့အတွက် အားပေးနေသလို ဖြစ်နေပါတယ်။ အရင်တုန်းက တောရွာတွေမှာ ကုသိုလ်ပွဲလုပ်၊ အလှူပွဲတွေ လုပ်ကြမယ်ဆိုရင် ရွာမှာဖွဲ့စည်းထားတဲ့ လူငယ်အဖွဲ့တွေကို ဆေးပေါ့လိပ်လေးတွေ၊ စီးကရက်လေးတွေကို ကမ်းပြီး ဖိတ်လိုက်ရင် အားလုံးတက်ညီလက်ညီ လာရောက်လုပ်အားပေးလေ့ ရှိပါတယ်။ ခုနောက်ပိုင်း ရွာကလူကြီးတွေ အပြောအရ ဘာပွဲလေးပဲ လုပ်လုပ် လူငယ်တွေ အကူအညီလိုလို့ ဖိတ်မယ်ဆိုရင် ဆေးလိပ်လောက်နဲ့ မရတော့ဘဲ အရက်ဝိုင်း၊ ထန်းရည်ဝိုင်းလေးတွေနဲ့ ဧည့်ခံပေးမှကို လာရောက်ပြီး ၀ိုင်းဝန်းလုပ်အားပေးကြတယ်လို့ ဆိုပါတယ်။

ရေများရေနိုင်၊ မီးများမီးနိုင်ဆိုသလို ရွာတွေအတော်များများမှာ ဒီလိုအရက်နဲ့ဖိတ်မှ လုပ်အားလာပေးတာတွေ ဖြစ်လာတော့ လူကြီးတွေ၊ အလူရှင်တွေ ကိုယ်တိုင်က အရက်ကို ပုန်းလိုက်တည်ပြီး အလှူပွဲတွေမှာ ဧည့်ခံပေးရတယ်ဆိုတာ ကြားသိရပြန်ပါတယ်။ လွဲနေတာကတော့ အတော့်ကို လွဲနေကြတော့တာ ဖြစ်ပါတယ်။ ကုသိုလ်လုပ်ပါတယ်ဆိုမှ အရက်ကလေး တမြမြနဲ့ဆိုတော့ ဘယ်မှာလာပြီး အပြစ်ကင်းတဲ့ ကုသိုလ်ဖြစ်နိုင်မှာလဲပေါ့။ ဒီကြားထဲ လူပျိုကာလာသားတွေက အရက်ကလေး ၀င်လာတော့ သွေးလေးတွေကြွလာပြီး အလှူပွဲ လုပ်အားပေးလာကြတဲ့ အပျိုလေးတွေ၊ အပျိုကြီးတွေကို စကြနောက်ကြတာ တွေတွေလည်း ရှိလာပြန်တယ်လို့ ဆိုပါတယ်။ အလှူရှင်တွေမှာ အလှူအတွက်ပူရ၊ အရက်သမားတွေအတွက် ပူရနဲ့ ကုသိုလ်ပွဲ၊ အလှူပွဲကို ဖြောင့်ဖြောင့်တန်းတန်း စိတ်ကြည်လက်ကြည် မလုပ်နိုင်ဘူး ဖြစ်နေကြတဲ့အပြင် တစ်ခါတစ်လေ တစ်ချို့သူတွေရဲ့ လုပ်ရပ်တွေကြောင့် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ကြရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ကုသိုလ်နဲ့အရက်ကတော့ ပြည်တွင်းမှာတင် မဟုတ်၊ ပြည်ပမှာလည်း တွဲရက်ကို ပါနေတော့တာ ဖြစ်ပါတယ်။ လွတ်လပ်လှတဲ့ ပြည်ပနိုင်ငံမှာ ရောက်နေတဲ့ မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ ကုသိုလ်ပွဲတွေမှာ အရက်ပါမှကို ကုသိုလ်ပွဲတစ်ခု အောင်အောင်မြင်မြင် ပြီးနိုင်သလို ဖြစ်နေပါတယ်။ တစ်ချို့ အလှူပွဲ လုပ်တဲ့သူငယ်ချင်းတွေဟာ ချက်ရေးပြုတ်ရေးတွေမှာ တခြားချက်တတ် ပြုတ်တတ်တဲ့ သူငယ်ချင်းတွေကို အကူအညီ တောင်းတဲ့အခါ အရက်ကလေးနဲ့ တည်ခင်းဧည့်ခံ ပေးရတာတွေ ရှိကြသလို ကုသိုလ်ပွဲ အကြိုမှာလည်း အကြိုအနေနဲ့ အဝေးက လာကြတဲ့ သူငယ်ချင်းတွေကို အရက်နဲ့ ဧည့်ခံပေးရ၊ အလှူပွဲပြီးတော့လည်း အလှူအောင်ပွဲအဖြစ် အရက်လေးနဲ့ အောင်ပွဲခံနိုင်အောင် လုပ်ပေးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ ဘယ်လောက်တောင်လဲဆိုရင် ကုသိုလ်လုပ်ဖို့ တိုင်ပင်ကြတာတောင် အရက်ဆိုင်မှာ အရက်နဲ့ တည်ခင်းဧည့်ခံပြီး တိုင်ပင်ကြတယ်တဲ့လေ။ တစ်ချို့ဆိုရင် ဘုန်းကြီးကျောင်းမှာ အရက်မသောက်ရလို့ စာရေးထားတဲ့အတွက် ကျောင်းမှာရှိတဲ့ အခိုက်လေးမှာတောင် မသောက်ဘဲ မနေနိုင်လို့ ကျောင်းအပြင်မှာ ထမင်းစားခါနီး တစ်ကြိုက်လောက် သွားမော့ကြတာလေးတွေ ရှိတယ်တဲ့။ ဘယ်လိုလုပ်ကြမလဲပေါ့။ အရက်က နေရာတကာမှာ လွှမ်းမိုးလာပြီး ကုသိုလ်ပွဲ၊ အလှူပွဲတွေအထိ စိုးမိုးလာနေတော့တာဆိုတော့ လုပ်မှာက ကုသိုလ်အလုပ် ပံ့ပိုးနေတာက အကုသိုလ် အရှုပ်နဲ့ ကုသိုလ်လုပ်ပေမယ့် လုပ်သလောက် အကျိုးမဖြစ်ဘဲ ကုသိုလ်တစ်ဝက် အကုသိုလ်တစ်ဝက်လို ဖြစ်နေပြန်ပါတယ်။

ဒီလို ကုသိုလ်နဲ့အရက်ကို လွဲလွဲနဲ့ တွဲနေကြပေမယ့် လွဲလို့လွဲမှန်း မသိဖြစ်နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီအလွဲကို အချိန်မီပြင်နိုင်အောင်တော့ ကြိုးစားဖို့ လိုပါတယ်။ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို မဖြစ်ရအောင် ကုသိုလ်ပွဲတွေ လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ စိတ်သန့်လူသန့် အလှူသန့်အောင် လုပ်သင့်ပါတယ်။ အရက်ကို ကြိုက်တတ်လို့ သောက်ကြတယ်ဆိုရင်လည်း ကုသိုလ်လုပ်တဲ့ အချိန်လောက်တော့ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နေ့၊ တစ်ရက်၊ တစ်မနက်လောက် အရက်မသောက်လို့တော့ မသေနိုင်လောက်ပါဘူး။ သေတော့ရော ဘာဖြစ်သေးလဲ ကုသိုလ်လုပ်ရင်း သေသွားမှာဆိုတော့ ကောင်းရာဘုံတောင် ရောက်နိုင်သေးတာပေါ့။ ဒါက ဘုန်းဘုန်းအတွေးနဲ့ စေတနာစကားပါ။

ရှိစေတော့။ ပြောချင်တာက လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက်ကို တွဲပြီးလုပ်နေကြတဲ့ အလွဲအကြောင်းကို ပြောချင်တာပါ။ ကုသိုလ်ပွဲလုပ်တာ အရက်နဲ့ ဧည့်ခံရတယ်၊ အရက်နဲ့ ကြိုဆိုရတယ် ဆိုတာတော့ အတော့်ကိုလွဲနေတဲ့ လုပ်ရပ်တစ်ခုဆိုတာ သိစေချင်တာပါ။ သူ့နေရာ၊ သူ့ကဏ္ဍနဲ့သူ တစ်ကန့်စီထားနိုင်ရင် ကုသိုလ်လုပ်တဲ့အခါမှာလည်း အကျိုးအပြည့်အ၀ ဖြစ်စေနိုင်တဲ့အတွက် ကုသိုလ်လုပ်တဲ့ အချိန်လေးတွေမှာတော့ အရက်ကိုရှောင်ကြည်ကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာတွေဟာ ကုသိုလ်ပွဲတွေကို အကြီးအကျယ် လုပ်တတ်ကြပေမယ့် လုပ်သလောက် အကျိုးမရ ဖြစ်တတ်တဲ့ အကြောင်းတွေထဲမှာ ဒီလို ကုသိုလ်နဲ့ အကုသိုလ်ရောနေတဲ့ အချက်တွေလည်း ပါဝင်နိုင်တယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်လုပ်တဲ့ပွဲမှာ အရက်နဲ့တွဲနေတာဟာ လွဲနေတဲ့ အချက်ပဲ ဖြစ်တဲ့အတွက် ကုသိုလ်နဲ့အရက်ကို တစ်ကန့်စီထားနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာတွေရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ ကုသိုလ်နဲ့အရက် တွဲနေတဲ့အလွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်လာနေတဲ့အတွက် ဒီအလွဲကို သတိပြုပြီး ကုသိုလ်လုပ်တဲ့အခါမှာ ကုသိုလ်သက်သက်နဲ့ သန့်သန့်ရှင်းရှင်း၊ ကြည်ကြည်လင်လင်ဖြစ်ကာ အကျိုးတရား အပြည့်ရစေဖို့အတွက် ကုသိုလ်ပွဲလုပ်တိုင်း တွဲပါနေတတ်တဲ့ အရက်ကို အမြဲခွါနိုင်အောင် ကြိုးစားရင်း ကုသိုလ်နဲ့အရက် မတွဲဖက်မိကြဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။ အလွဲသိမှ မလွဲမိမှာဖြစ်လို့ သိသင့်တဲ့ အလွဲတစ်ခုအဖြစ် ကုသိုလ်နဲ့အရက်အကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြလိုက်ရပါတယ်။

Read more »

ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျ (message) (သို့) ပ၀ါရဏာ ပြုကြစို့…

၁၃၇၂ခုနှစ်ရဲ့ သီတင်းကျွတ် လပြည့်နေ့ကိုရောက်ဖို့ အချိန်ဟာ တဖြည်းဖြည်း နီးကပ်လာတာနဲ့အတူ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်များနဲ့ ၀ါတွင်းကာလ ကုသိုလ်တော် ယူနေကြတဲ့ ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေဟာလည်း ပိုပြီးအသက်ဝင်လာ နေပါတယ်။ သံဃာတော်များရဲ့ လှုပ်ရှားမှုတွေထဲမှာ ၀ါကျွတ်တဲ့နေ့မှာ ကျင်းပကြမယ့် ပ၀ါရဏာပွဲဟာလည်း ထင်ရှားတဲ့ လှုပ်ရှားမှု တစ်ခုအဖြစ် ပါဝင်နေသလို ဒကာဒကာမများရဲ့ လှုပ်ရှားမှုတွေထဲမှာ သီတင်းကျွတ်လပြည့်နေမှာ ပြုလုပ်လေ့ ရှိကြတဲ့ သံဃာ့ပူဇာပွဲနဲ့ မိဘဘိုးဘွားစတဲ့ အသက်သိက္ခာ ဂုဏ်ဝါကြီးသူများကို ပူဇော်ကန်တော့ကြတဲ့ ပူဇာပွဲဟာလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။

ထူးထူးခြားခြား ဒီနှစ်သီတင်းကျွတ်မှာတော့ ဘုန်းဘုန်းတို့ ရောက်ရှိသာသနာပြုနေတဲ့ ကိုရီးယားနိုင်ငံမှာလည်း ပထမဆုံးအကြိမ်အဖြစ် ကိုရီးယားနိုင်ငံ တစ်ဝှန်လုံးရှိ နေရာဒေသ အသီးသီးမှာ ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ ထေရ၀ါဒ မြန်မာရဟန်းတော်များနဲ့ ကိုရီးယားနိုင်ငံသား ထေရ၀ါဒ ရဟန်းတော်များ တစ်နေရာတည်းမှာ စုပေါင်းပြီး ပြုလုပ်ကြမယ့် သံဃာ့ပ၀ါရဏာပွဲနဲ့ ဒီပွဲကို ကြွရောက်တော်မူလာကြတဲ့ သံဃာတော်များကို ကိုရီးယားရောက် မြန်မာဗုဒ္ဓဘာသာ ဒကဒကာမများက အများပေါင်းစုပြီး ပူဇော်ကန်တော့ကာ ဆရာတော်များထံမှ ဆုံးမသြ၀ါဒ ခံယူကြမယ့် သံဃာ့ပူဇာပွဲကိုပါ တစ်ပေါင်းတည်း ကျင်းပပြုလုပ်ကြဖို့ တိုင်ပင်ညှိနှိုင်းရင်း ဒီပွဲလေးတစ်ခု အောင်အောင်မြင်မြင် ပြီးမြောက်သွားဖို့ တက်ညီလက်ညီနဲ့ လှုပ်ရှားနေတာကို ကြးသိရပါတယ်။

ဘုရားညွန်တဲ့ လမ်းစဉ်နဲ့ ဘုရားချမှတ်တဲ့ ဥပဒေကို လိုက်နာကျင့်သုံးခြင်းဟာ ဘုရားရှင်ကို အစစ်အမှန် ပူဇော်ရာ ရောက်သလို ဘုရားသာသနာတော်ကိုလည်း အရှည်တည်တံ့အောင် ထိန်းသိမ်းရာ ရောက်တယ်ဆိုတဲ့ အချက်ကို ဘုရားရှင်အပေါ် ကြည်ညိုလေးစားမှုနဲ့အတူ ဘုရားလမ်းစဉ်ကို လိုက်နာကျင့်သုံး နေကြတဲ့ မြန်မာနိုင်ငံ တစ်ဝှန်းလုံးနဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ရှိနေကြတဲ့ ဘုရားသားတော် ရဟန်းတော်များနဲ့ ဘုရားတပည့်သား ဒကာဒကာမများရဲ့ အပြစ်ကင်းပြီး ကုသိုလ်ရရေးကို ဦးတည်ပေးနေတဲ့ ယုံကြည်မှုနဲ့ သက်ဝင်လှုပ်ရှားမှုများက သက်သေပြုပေး နေပါတယ်။ ညီညွတ်ရေးနဲ့ အပြစ်ကင်းစင်ရေးကို ဦးစားပေးလေ့ရှိတဲ့ ဘုရားရှင်ရဲ့ သတ်မှတ်ချက်တွေထဲမှာ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော်များဟာ ၀ါကျွတ်တဲ့နေ့မှာ ပ၀ါရဏာ ပြုရမယ်ဆိုတဲ့ သတ်မှတ်ချက်ဟာလည်း လက်တွေ့ကျပြီး အပြစ်ကင်းကာ ကုသိုလ်ရစေတဲ့ အကျိုးသက်ရောက်မှုကို ဖြစ်စေတာ အမှန်ပဲ ဖြစ်ပါတယ်။

ရဟန်းတော်များ ပ၀ါရဏာပြုကြဖို့ မြတ်စွာဘုရား ခွင့်ပြုခဲ့ရတဲ့ အကြောင်းက အတော်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ဗုဒ္ဓမြတ်စွာ သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာ သီတင်းသုံး နေတော်မူစဉ်က ဖြစ်ပါတယ်။ ကောသလတိုင်း၊ ဇနပုဒ်တစ်ခုရဲ့ တောကျောင်းမှာ ၀ါဆိုဝါကပ်ပြုကြတဲ့ ရဟန်းတော်များဟာ ၀ါတွင်းကာလမှာ အချင်းချင်း ချမ်ချမ်းသာသာ သီတင်းသုံးပြီး ကမ္မဋ္ဌာန်းတရား အားထုတ်နိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းကို တိုင်ပင်ညှိနှိုင်းကြပါတယ်။ ဘယ်လိုနေထိုင်ကြရင် ငြိမ်းချမ်းမှုကို ရနိုင်တယ်၊ ချမ်းသာမှုကို ရနိုင်တယ်၊ ငြင်းခုံခိုက်ရန်မရှိဘဲ နေထိုင်နိုယ်တယ် စတဲ့ အကြံအစည်များနဲ့ ဆွေးနွေးတိုင်ပင်ပြီး နောက်ဆုံးမှာ ရဟန်းတော်များဟာ ၀ါတွင်းသုံးလ ကာလပတ်လုံး အချင်းချင်း စကားတစ်လုံးမှ မပြောကြဘဲ ဆွမ်းခံဝတ်၊ ခြေဆေးဝတ်စတဲ့ ၀တ္တရားတွေကို ကိုယ့်တာဝန် ကိုယ်ကျေအောင်လုပ်ပြီး နေထိုင်ကြဖို့၊ တာဝန်ဝတ္တရားတွေကိုသာ ကျေပွန်အောင်လုပ်ပြီး စကားမပြောဘဲ နေကြမယ်ဆိုရင် ချမ်းချမ်းသာသာ နေနိုင်ကြမှာဖြစ်လို့ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း စကားမပြောဘဲ နေကြဖို့ အားလုံးသဘောတူ ဆုံးဖြတ်ကာ ၀ါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲဒီရဟန်းတော်များဟာ စကားမပြောဘဲ နေခဲ့ကြတဲ့အတွက် တစ်ပါးနဲ့တစ်ပါး အကောင်းလည်း မသိခဲ့ကြသလို အဆိုးလည်း မသိခဲ့ကြပါဘူး။ အပြစ်လည်း မသိကြသလို အနှစ်လည်း မသိခဲ့ကြပါဘူး။ ဒီလိုနဲ့ ၀ါတွင်းကာလ ကုန်ဆုံးခဲ့ကြပါတယ်။

ဝါကျွတ်လို့ ဘုရားရှင်ထံ အဖူးအမျှော်သွားတဲ့အခါ ဘုရားရှင်က အဲဒီရဟန်းတော်များကို ၀ါတွင်းကာလ ချမ်ချမ်းသာသာ နေခဲ့ရမှု ရှိမရှိ မေးမြန်းတော်မူပါတယ်။ ဒီအခါ ရဟန်းတော်များက မိမိတို့ အားလုံးသဘောတူ ဆုံးဖြတ်ချက်နဲ့အညီ ၀ါတွင်းကာလမှာ တစ်ပါးနဲ့တစ်ပါး စကားမပြောကြဘဲ ချမ်းချမ်းသာသာ နေထိုင်ခဲ့ပါကြောင်း လျှောက်ထားပါတယ်။ ရဟန်းတော်များရဲ့ လျှောက်ထားချက်ကို နားထောင်ပြီး မြတ်ဗုဒ္ဓက “ရဟန်းတို့ သင်တို့နေထိုင်ခဲ့သည့် အကျင့်သည် မဂ်ဖိုလ်မပြီး အချည်းနှီးသော အကျင့်ဖြစ်၏၊ နွားဆိတ်စသော သတ္တ၀ါများ၏ အကျင့်ဖြစ်သကဲ့သို့ တိတ္တိတို့၏ အကျင့်လည်းဖြစ်၏၊ ဤသို့သော အကျင့်နှင့် နေထိုင်သော သင်တို့သည် ချမ်းသာစွာ နေထိုင်ခဲ့ခြင်း မဟုတ်၊ မချမ်းမသာ နေထိုင်ခဲ့ခြင်းသာ ဖြစ်၏..” စသဖြင့် ပြစ်တင်ကဲ့ရဲ့ကာ “ရဟန်းတို့ ဝါမှထသော ရဟန်းတို့အား မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ သုံးပါးသော အကြောင်းတို့ဖြင့် ဖိတ်ကြားခြင်း 'ပဝါရဏာပြုခြင်း' ငှါ ခွင့်ပြု၏၊ ထိုသို့ ဖိတ်ကြားခြင်းသည် သင် တို့အတွက် အချင်းချင်း လိုက်လျောခြင်း အာပတ်မှ ထမြောက်စေခြင်း ဝိနည်းကို ရှေးရှုခြင်းဖြစ်လတံ္တ့။” စသည်ဖြင့် မိန့်တော်မူပြီး ပ၀ါရဏာ ပြုဖို့ပါ ခွင့်ပြုတော်မူခဲ့ပါတယ်။

ပ၀ါရဏာပြုနည်းကိုလည်း မြတ်စွာဘုရားရှင်က ၀ါစဉ်အလိုက် ''အရှင်င်ဘုရားတို့ သံဃာကို ဖိတ်ကြားပါ၏၊ မြင်၍ဖြစ်စေ၊ ကြား၍ဖြစ်စေ၊ ယုံမှား၍ဖြစ်စေ အရှင်တို့သည် တပည့်တော်အား အစဉ်သနားခြင်းကို အကြောင်းပြု၍ ပြောဆိုကုန်လော့၊ (အပြစ်ကို) မြင်သည် ရှိသော် ကုစားပါအံ့။”လို့ ဆိုကာ ပြုကြဖို့ မိန်ကြားတော်မူခဲ့ပါတယ်။ ဒါက ပ၀ါရဏာပြုဖို့ ခွင့်ပြုခြင်း အကြောင်းးနဲ့ ပ၀ါရဏာပြုနည်းပဲ ဖြစ်ပါတယ်။

ဒီမှာအဓိက ပြောလိုတာက ပ၀ါရဏာ အကြောင်းပဲ ဖြစ်ပါတယ်။ ပ၀ါရဏာဆိုတာ ဖိတ်ကြားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ရဟန်းတော်များ အချင်ချင်း တစ်ပါးနဲ့တစ်ပါး အပြစ်ကို မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယဖြစ်တာပဲ ဖြစ်ဖြစ် တိုက်ရိုက်ပြောဆို ဖိတ်ကြားကာ အပြစ်ကိုမြင်တဲ့ ပုဂ္ဂိုလ်က အပြစ်ကို ပြောဆိုကြဖို့၊ အပြစ်ရှိတဲ့ ပုဂ္ဂိုလ်ကလည်း အပြစ်ကို ၀န်ချပြီး အဲဒီအပြစ်ကို ကုစားရင်း တစ်ပါးနဲ့တစ်ပါး ချမ်းချမ်းသာသာ နေထိုင်သီတင်းသုံးကြဖို့ စတဲ့စတဲ့ ကောင်းကျိုးချမ်းသာများ အတွက် ဒီလိုပ၀ါရဏာ ပြုခွင့်နဲ့ပြုနည်းများကို ဗုဒ္ဓမြတ်စွာ ညွန်ပြခြင်းဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ပြီးတော့ ဒီပ၀ါရဏာကို အကြောင်းပြုပြီး လက်တွေ့ဘ၀ လူသားများ အနေနဲ့ အချင်းချင်း ချမ်းချမ်းသာသာ နေနိုင်မယ့် လမ်းညွှန်ကိုယူကာ လိုက်နာကျင့်သုံးကြဖို့ တင်ပြလိုရင်းလည်း ဖြစ်ပါတယ်။ ပ၀ါရဏာက ပေးတဲ့ လောကသား အချင်းချင်း ချမ်းသာစွာ နေထိုင်နိုင်မယ့် မက်စေ့ခ်ျလေးကို တစ်ဆင့်ပြန်လည် ပေးဝေလိုရင်း ဖြစ်ပါတယ်။

ဒီမှာပြောခဲ့တဲ့ ပ၀ါရဏာ ပြုကြတဲ့ ရဟန်းတော်များ အချင်းချင်း ဖိတ်ကြားကြတဲ့ ဖိတ်ကြားချက်လေးက လောကသားတွေအတွက် တကယ့်ကို အတုယူလိုက်နာ ကျင့်သုံးသင့်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ “သံဃာတော်များ အနေနဲ့ တပည့်တော်ကို တပည့်တော်ရဲ့ အပြစ်တစ်ခုခုနဲ့ ပတ်သက်ပြီး မြင်တာပဲ ဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ ယုံမှားသံသယ ရှိတာပဲ ဖြစ်ဖြစ် ပြောဆိုကြပါ၊ တပည့်တော် အနေနဲ့လည်း အဲဒီအပြစ်ကို ကျေကျေနပ်နပ်ကြီး ခံယူပြီး ကုစားပါမယ်၊ နောင်မဖြစ်အောင်၊ သတိထားပြီး နေထိုင်ပါမယ်”တဲ့။ သိပ်ကောင်းတဲ့ ဖိတ်ကြားချက်နဲ့ ခံယူချက်ပဲ ဖြစ်ပါတယ်။ ယူတတ်မယ်ဆိုရင် ဘ၀မှာ ကူညီပြသ လမ်းညွန်မှုတွေနဲ့ တကယ့်ကို အောင်မြင်မှုနဲ့ ချမ်းသာမှုကို ဖြစ်စေတဲ့ ဖိတ်ကြားချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် လောကမှာ ပြည့်စုံတဲ့ သူဆိုတာ တစ်ယောက်မှ မရှိသလို၊ အပြစ်မလုပ်ဖူး၊ မမှားဖူးတဲ့ သူဆိုတာလည်း မရှိပါဘူး။ ဒါပေမယ့် အပြစ်ကို မမြင်သူတွေ၊ အပြစ်ကို အပြစ်လို့ သိအောင်ညွန်ပြပေးမယ့်သူ မရှိသူတွေကတော့ အများကြီး ရှိပါတယ်။ ပြီးတော့ အပြစ်ကို ညွန်ပြသူတွေ ရှိပေမယ့် အဲဒီအပြစ်ကို ၀န်ခံပြီး နောင်မဖြစ်အောင် ပြုပြင်နိုင်တဲ့ သူတွေလည်း ထင်သလောက် မရှိကြပြန်ပါဘူး။ ပိုဆိုးတာက အပြစ်ကို ပြောဆိုဆုံးမပေးဖို့ ဖိတ်ကြားပြောဆိုနိုင်တဲ့သတ္တိ မရှိသူတွေ၊ အပြစ်ကို ပြသပြောဆိုရင်လာရင် ကျေကျေနပ်နပ်နဲ့ ကျေးဇူးတင်စွာ လက်ခံနိုင်တဲ့သတ္တိ မရှိသူတွေ များနေတာပဲ ဖြစ်ပါတယ်။ အပြစ်ကို ပြောပြလာရင် ကျေးဇူးတင်စွာ လက်ခံပြီး နောင်မဖြစ်အောင် ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်၊ ပြုပြင်မယ်ဆိုတဲ့ ခံယူချက် မရှိလို့ကတော့ လောကကြီးမှာ သတ္တ၀ါတွေဟာ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ချမ်းချမ်းသာသာ နေထိုင်နိုင်ကြမှာ မဟုတ်ပါဘူး။ အပြစ်ပြသူကလည်း အပြစ်ချဖို့ ကြိုးစားနေ၊ အပြစ်အပြခံရသူကလည်း အပြစ်ကို မခံယူဘဲ ပြန်လှန်အပြစ်ပုံချဖို့ ကြိုးစားနေလို့ကတော့ ဘုရားရှင်ညွန်ပြတဲ့ ချမ်းချမ်းသာသာ နေထိုင်နိုင်ရေးနဲ့ အဝေးကြီးဝေးနေကြဦးမှာ ဖြစ်ပါတယ်။ ဒီလို မချမ်းသာမှုတွေ ရှိနေတဲ့အတွက်ကြောင့် ချမ်းသာမှုကို အလိုရှိတဲ့ ဘုရားရှင်က သူ့သားတော် ရဟန်းတော်များကို အချင်းချင်း အပြန်အလှန် ပ၀ါရဏာပြုပြီး ငြိမ်းချမ်းစွာ သီတင်းသုံး နေထိုင်ကြဖို့ မိန့်မှာတော်မူခြင်း ဖြစ်ပါတယ်။

တကယ်တော့ အမှားများတတ်တဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေအတွက် အပြစ်ကို ပြသပြောဆို ပေးမယ့်သူ ရှိနေတာကိုက နေတတ်မယ်ဆိုရင် ကျေနပ်စရာ ဖြစ်နေတာပါ။ ယူတတ်မယ်ဆိုရင် အပူသက်သာစရာ ဖြစ်နေတာပါ။ မြောက်ပင့်ပြီး ပေါင်းသင်းစားသောက်ကာ အပြစ်တစ်ခုခု ဖြစ်လာတဲ့အခါမှ ကိုယ့်အပေါ်ပုံချပြီး ရှောင်ထွက်သားတတ်တဲ့ သူတွေအများကြီး ရှိနေတာထက်စာရင် အမှားကိုထောက်ကာ အပြစ်ကို ပြသလမ်းညွှန်ပေးတဲ့သူ တစ်ယောက်နှစ်ယောက် ရှိနေတာက ပိုပြီးဘ၀ကို မြင့်စေတာ ဖြစ်ပါတယ်။ ရှေးက သူတော်ကောင်းကြီးများဆိုရင် အပြစ်ကိုထောက်ပြ ပြောဆိုပေးတတ်တဲ့ ဆရာများနဲ့ များများတွေ့ဆုံ ရပါလို၏လို့တောင် တောင်းဆုပြုကြတယ်လို့ ဆိုပါတယ်။ မသိမှုအားကြီးတတ်တဲ့ ပုထုဇဉ်တွေမှာ မသိတာကို သိအောင်ပြသပေးတဲ့သူ ရှိနေတာဟာ ဘ၀မှာ ဂုဏ်ယူစရာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ညွန်ပြသူတွေက ဘယ်လောက်ပဲ ညွန်ပြညွန်ပြ ပြောဆိုဆုံးမသူတွေက ဘယ်လောက်ပဲ ပြောဆိုဆုံးမဆုံးမ ကိုယ်ကိုယ်တိုင်က အပြစ်ကို ကျေကျေနပ်နပ် ခံယူကာ လက်ခံပြုပြင်နိုင်မှု မရှိလို့ကတော့ ဆရာရှိလည်း အလကားပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်က ကိုယ်ကိုယ်တိုင် အပြစ်ကို ခံယူတတ်တဲ့ စိတ်ဓာတ်နဲ့ ပြုပြင်နိုင်တဲ့ အကျင့်ရှိဖို့က အရေးကြီးပါတယ်။ အဲဒီလို ခံယူမှုနဲ့ ပြုပြင်နိုင်မှု ရှိလာပြီဆိုရင်တော့ အဲဒီသူအတွက် အောင်မြင်မှုလမ်းဟာ အချိန်မရွေး လာနေမှာဖြစ်ပြီး ဒီလိုကိုယ့်ကိုယ်ကို ပြုပြင်နိုင်မှု၊ ကိုယ့်ကိုယ်ကို ကောင်းကောင်းမွန်မွန် စောင့်ရှောင်နိုင်မှု ရှိနေတာကိုက အတ္တသမာ ပဏိဓိမင်္ဂလာ ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ညွန်ပြသူနဲ့ လက်ခံသူမှာ အညွန်အပြကောင်းသူ ရှိဖို့လိုသလို ကောင်းကောင်းမွန်မွန်လက်ခံ ပြုပြင်လိုသူလည်း ရှိဖို့လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အနေနဲ့ ပြောလိုတာက ဘုရားသားတော် ရဟန်းတော်များ အချင်းချင်း အပြစ်ကို ပ၀ါရဏာပြုပြီး ဖိတ်ကြား ပြုပြင်ကြသလို အပြစ်တွေနဲ့မကင်းတဲ့ အပြစ်လောကကြီးမှာ ရှိကြတဲ့ ပုထုဇဉ်တွေ အနေနဲ့လည်း အချင်းချင်း အပြစ်တွေကို ပ၀ါရဏာ ပြုကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေပုံမချကြဘဲ အပြစ်ရှိရင် ပြောဆိုပြုပြင်ပေးနိုင်အောင် ဖိတ်ကြားကာ ထောက်ပြပြောဆို လာရင်လည်း ကျေကျေနပ်နပ် ခံယူတတ်ပြီး နောင်မဖြစ်အောင် ပြုပြင်နေထိုင်ကြည့်ကြဖို့ပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်ကို မြင်တာပဲဖြစ်ဖြစ်၊ ကြားတာပဲ ဖြစ်ဖြစ်၊ သံသယရှိတာပဲ ဖြစ်ဖြစ် ဖိတ်ကြားပြီး လက်ခံပြုပြင်ကြဖို့ပါ။ အဲဒီလိုသာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တွေကို ပြောဆိုလက်ခံ ပြုပြင်ကြမယ်ဆိုရင်တော့ အမှားများတဲ့ လောကကြီးမှာ နေနေပေမယ့် အမှားနည်းပြီး အများတွဲကြမယ်ဆိုတာ အမှန်ပဲ ဖြစ်ပါကြောင်း ပ၀ါရဏာက ပေးတဲ့ မက်စေ့ခ်ျတစ်ခုအဖြစ် အတုယူပြုပြင်နိုင်ဖို့ စေတနာထား မေတ္တားအားဖြင့် တစ်လုံးတစ်ပါဒ တင်ပြလိုက်ရပါတော့တယ်။ အားလုံး ပ၀ါရဏာ ပြုနိုင်ကြပါစေ….

Read more »

လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ရဟန်းလူထွက်…

သံယောဇဉ်ဆိုတာကလည်း အခက်သား။ စွဲမိပြီဆိုရင် ဘာမဟုတ်တာလေး အပေါ်မှာလည်း စွဲလမ်းမိပြီး ဖြတ်ဖို့ခက်တတ်တဲ့ သဘောရှိပါတယ်။ ပစ္စည်းဥစ္စာ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ နေရာဒေသ တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင် တစ်ခုခုကိုပဲ ဖြစ်ဖြစ်၊ ပုဂ္ဂိုလ်တစ်ဦးဦးကိုပဲ ဖြစ်ဖြစ် နေ့စဉ် မြင်နေတွေ့နေ ရင်းနှီးနေတော့ မရှိရင်၊ မမြင်ရင်ကိုပဲ စိတ်ထဲမှာ တစ်ခုခု လိုနေသလို ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေ အဲဒီပစ္စည်းဝတ္ထုလေး တစ်ခုခုများ ဖြစ်သွားတဲ့အခါ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲကို ဖြစ်တတ်တဲ့ သဘောလေးတွေ ရှိနေတတ်သလို တစ်ခါတစ်လေလည်း ကိုယ့်ပစ္စည်းလေး တစ်ခုခုကို တစ်ယောက်ယောက်ကို ပေးပြီးမှ နှမြောတသ ဖြစ်ကြရတာတွေလည်း ရှိတတ်ပါတယ်။ လူပုဂ္ဂိုလ်လည်း ဒီလိုပါပဲ။ နေ့စဉ်မြင်နေတွေ့နေကျ ဖြစ်တဲ့အခါ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် တစ်နေရာရာရောက်ပြီး ကွဲကွာသွားကြတဲ့ အခါမှာတော့ မြင်ချင်တွေ့ချင် နေတတ်ပြန်ပါတယ်။ ဒါတွေဟာ တကယ်တော့ တွယ်တာမှု သံယောဇဉ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ဒီသံယောဇဉ်ဟာ တစ်ခါတစ်လေ ဘာမဟုတ်တဲ့ အရာလေးတွေမှာကိုပဲ ဖြတ်မရအောင် စွဲလမ်းနေတတ်တာတွေ ရှိတတ်ပါတယ်။ တစ်ချို့လည်း ကြံဖန်ပြီး သံယောဇဉ် တွယ်နေတတ်ပါတယ်။ နေရာဒေသဆိုလည်း ငယ်ငယ်တည်းက နေ့ခဲ့တဲ့ နေရာလေးဖြစ်နေလို့၊ ပစ္စည်းဥစ္စာဆိုလည်း မိဘအမွေဖြစ်လို့၊ ဘယ်သူက ပေးထားတာဖြစ်လို့၊ ဘယ်လို ရှာထားရတာလေးဖြစ်လို့၊ လူပုဂ္ဂိုလ်ဆိုလည်း ဘယ်သူ့သားသမီး၊ ဘယ်သူနဲ့ ပတ်သက်နေသူ ဖြစ်လို့ စသဖြင့် အကြောင်းပြချက် အမျိုးမျိုးနဲ့ကို တွယ်တာနေတတ်ကြတာ ဖြစ်ပါတယ်။ တစ်ချို့လည်း သံယောဇဉ်တွယ်တာကို တခြားအရာလေးတွေနဲ့ ဖုံးကွယ်ပြီး ဒါတွေက ဒီအတိုင်းထားလို့ မရလို့၊ ဒီမှာက ဘယ်သူမရှိရင် မဖြစ်လို့၊ ဒီအလုပ်တွေက ဘယ်သူလုပ်မှ ဖြစ်မှာမို့ စသဖြင့် ပရိယာယ်တစ်မျိုး၊ အကြောင်းပြချက် တစ်မျိုးမျိုးနဲ့ ဖြတ်ဖို့မကြိုးစားဘဲ အဲဒီသံယောဇဉ် တောထဲမှာပဲ တိုးနေတာတွေ ရှိတတ်ပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လို အကြောင်းမျိုးပဲပြပြ နောက်ဆုံး ကောက်ချက်ချလိုက်တော့ သံယောဇဉ်ကြောင့်ပဲဆိုတာ ထင်ရှားလှပါတယ်။

တစ်လောကတောင် ဘုန်းဘုန်းရဲ့ ခမည်းတော်ကြီးနဲ့ စကားပြောဖြစ်တော့ ဘုန်းဘုန်းက “ဒကာကြီး… အသက်အရွယ်လည်း ရလာပြီ၊ ရိပ်သာသွားပြီး တရားလေးဘားလေး အားထုတ်ဦးမှနော်…”လို့ ပြောတော့ ဒကာကြီးက “ဟာ… အရှင်ဘုရားနယ်၊ အရှင်ဘုရားလည်း သိတဲ့အတိုင်းပဲ၊ အိမ်မှာက အရှင်ဘုရားအမေနဲ့၊ ညီမတွေရယ်ပဲ ရှိတာ၊ ပြီးတော့ ဆိုင်ကလည်း ရှိသေးတယ်၊ တပည့်တော် မရှိလို့ မဖြစ်ပါဘူး၊ တရားတော့ အားထုတ်ချင်ပါတယ်၊ ခက်တာက ဒီမှာကလည်း လွှတ်ထားလို့ မရဘူး၊ နောက်တော့ အားထုတ်ထာပေါ့ ဘုရား…” ဆိုပြီး သူ့အကြောင်းပြချက်နဲ့ သူ၊ သူ့တွယ်တာမှု သံယောဇဉ်တွေနဲ့ ရုန်းမထွက်နိုင်တာကိုပဲ ဘယ်သူကြောင့်၊ ဘာကြောင့်လို့ ကာကွယ်ပြောဆို နေတော့တာ ဖြစ်ပါတယ်။ ဒါတောင် ပြောတဲ့သူ့သားက ဘုန်းကြီးဖြစ်နေလို့။ လူသာဆိုရင် “မင်းက အဖေလား…၊ ငါက အဖေလား…”လို့ ပြန်မေးမှာ သေချာပါတယ်။ တစ်ခါတစ်လေ မိဘတွေမှာ မိဘဆိုတဲ့ မာနလေးတွေ ရှိနေပြန်တော့ သားသမီးတွေက ပြောလာရင် သိပ်လက်ခံချင်ကြတာ မဟုတ်ပါဘူး။ မှန်ပေမယ့် ငါဆိုတဲ့ မာနလေးတွေခံနေတော့ သိပ်လက်မခံချင်သလို ဖြစ်တတ်တာတွေလည်း ရှိတတ်ပါတယ်။

ထားပါတော့။ ပြောချင်တာက သံယောဇဉ်အကြောင်းပါ။ ပုထုဇဉ်တွေမှာက ဖြစ်ရာဘ၀၊ ရောက်ရာနေရာမှာ တွေ့ရာသူတွေနဲ့ ရှိရာပစ္စည်းတွေ အပေါ်မှာ ကြံဖန်ပြီး သံယောဇဉ်တွယ်တတ်တဲ့ သဘောတွေ ရှိနေတာဆိုတော့ ဒီသံယောဇဉ်တွေကို ဖြတ်ဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စပါ။ သာမန်လူတွေ မပြောနဲ့ ပါရမီရှင်ဖြစ်တဲ့ ဘုရားရှင်တောင်မှ ပါရမီဖြည့်စဉ် အတိတ်ဘ၀ တစ်ခုမှာ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့၊ ကွမ်းစားဝက်လောက်ရှိတဲ့ ပြောင်းစေ့လေးတွေ အပေါ်မှာ သံယောဇဉ်တွယ်မိလို့ ရသေ့ရဟန်းဘ၀ကို (၇)ကြိမ်တိုင်တိုင် ၀င်လိုက်ထွက်လိုက် လုပ်ခဲ့ရဖူးတယ်လို့ မိန့်တော်မူပါတယ်။ လယ်တစ်ကွက်၊ ပေါက်တူးတစ်လက်နဲ့ ပြောင်းတစ်ဝက်ကြောင့် ရဟန်းလူထွက်ဘ၀ကို အကြိမ်ကြိမ် ကျင်လည်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက သာသနာပ ကာလဖြစ်တဲ့အတွက် ရဟန်းဆိုပေမယ့် ရသေ့ရဟန်းဘ၀ပေါ့။

လွန်ခဲ့ပြီးတဲ့ အတိတ်ဘ၀၊ ဗာရဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်နေချိန်က ဖြစ်ပါတယ်။ ဒီတုန်းက ဘုရားလောင်းဟာ ကုဒါလပဏ္ဍိတဆိုတဲ့ အမည်နဲ့ သာသနာပ ရသေ့ရဟန်းအဖြစ်နဲ့ ဟိမ၀န္တာမှာနေပြီး ကမ္မဋ္ဌာန်း တရားအားထုတ်သူ တစ်ယောက်ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတဟာ ရသေ့ရဟန်းဘ၀နဲ့ နေပေမယ့် ရာသီပြောင်းလို့ သီးနှံစိုက်ပျိုးချိန် ရောက်တဲ့အခါ လူ့ဘ၀မှာထားခဲ့တဲ့ အသွားတုံးး ပေါက်တူးတစ်လက်နဲ့ တစ်ကွမ်းစားဝက် (တစ်စလယ်ဝက်) လောက်ရှိတဲ့ ပြောင်းမျိုးစေ့ကို သတိရ တွယ်တာနေပြီး ပြောင်းမျိုးကို မပြတ်စေဖို့ လူထွက်ကာ လယ်တစ်ကွက်မှာ ပြန်စိုက်ပျိုးပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ ပြောင်းကိုအမျိုးမျိုး ပေါင်းသင်ထိန်းသိမ်းလို့ အချိန်တန် ရိတ်သိမ်းချိန်ကျတဲ့အခါ တစ်ကွမ်းစားဝက်လောက် မျိုးစေ့ကို ချန်ထားပြီး ကျန်တာတွေကို စားသုံးပါတယ်။ စိုက်ပျိုးရိတ်သိမ်းမှု ပြီးတော့ အလုပ်မရှိဘဲ ဖြစ်နေတဲ့အခါ ကုဒါလပဏ္ဍိတဟာ လူ့ဘ၀မှာနေလို့ ဘာအကျိုးမှမရှိ ရသေ့ရဟန်း ၀တ်တာကောင်းပါတယ်လို့ အကြံဖြစ်ပြီး တစ်ခါ တောထွက်ကာ ရသေ့ရဟန်းဝတ်ပြန်ပါတယ်။

ဒီလိုနဲ့ တစ်ကွမ်းစားဝက်ရှိတဲ့ ပြောင်းမျိုးစေ့နဲ့ အသွားတုံး ပေါက်တူးတစ်လက်ကြောင့် ကုဒါလပဏ္ဍိတဟာ ခြောက်ကြိမ်တိုင်တိုင် ရသေ့ရဟန်းဝတ်လိုက် လူထွက်လိုက် ဖြစ်နေခဲ့ပါတယ်။ ခုနှစ်ကြိမ်မြောက်တဲ့ အခါမှာတော့ ကုဒါလပဏ္ဍိတမှာ အကြံတစ်ခု ဖြစ်ပါတယ်။ ကုဒါလပဏ္ဍိတက “ငါဟာ ဒီပေါက်တူးတုံး တစ်လက်၊ ပြောင်းစေ့တစ်ဝက်ကို အကြောင်းပြုပြီး ရသေ့ရဟန်းဝတ်လိုက်၊ လူထွက်လိုက် ဖြစ်လာတာ ခြောက်ကြိမ်မြောက်လို့ ခုနှစ်ကြိမ်တောင် ရောက်လာခဲ့ပြီ၊ ဒီဘာမဟုတ်တဲ့ ပစ္စည်းဝတ္ထု အပေါ်မှာ တွယ်တာမိတဲ့ သံယောဇဉ်ကြောင့် တရားလည်း ကောင်းကောင်းအားမထုတ်ဖြစ်ဘဲ အချိန်တွေပဲ ကုန်လွန်စေခဲ့ရတယ်၊ ဒီပစ္စည်းတွေ မရှိမှပဲ အေးတော့မှာ ဖြစ်တယ်…”လို့ အကြံဖြစ်ပြီး အဲဒီပစ္စည်းတွေကို စွန့်ပစ်ဖို့ ဂင်္ဂါမြစ်ကမ်းနားသွားကာ စွန့်ပစ်ပါတယ်။ ဒါပေမယ့် စွန့်ပစ်တဲ့ နေရာကို မျက်စိနဲ့ မြင်တွေ့နေရတဲ့အတွက် ပစ္စည်းအပေါ် တွယ်တာတဲ့ သံယောဇဉ်ကြောင့် တစ်ခါပြန်ပြန်ပြီး ကောက်ယူနေခဲ့ပြန်ပါတယ်။ နောက်ဆုံး မဖြစ်တော့ဘူးလို့ စဉ်းစားပြီး ပြောင်းမျိုးကို ပုဆိုးပိုင်းနဲ့ထုတ်၊ ပေါက်တူးရိုးမှာချည်၊ မျက်စိကိုမှိတ်၊ ခေါင်းပေါ်မှာ သုံးကြိမ်လှည့်ယမ်းပြီး ဂင်္ဂါမြစ်ထဲကို ပစ်ချလိုက်ပါတယ်။ အဲဒီလို စွန့်ပစ်လိုက်တော့မှပဲ ကျသွားတဲ့ နေရာကို မတွေ့တော့တာ ဖြစ်ပါတယ်။ ဒီတော့မှ ကုဒါလပဏ္ဍိတဟာ “အောင်ပြီ၊ အောင်ပြီ”လို့ သုံးကြိမ်တိုင်တိုင် အသံပြု ဟစ်ကြွေးလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ရဲ့အောင်ပြီဆိုတဲ့ အသံကို စစ်အောင်ရာက ပြန်လာတဲ့ ဗာရဏသီမင်းက ကြားပြီး ရသေ့ထံသွားကာ “အရှင်ရသေ့… အကျွန်ုပ်ဟာ ရန်သူကို စစ်တိုက်ပြီး အောင်မြင်လာခဲ့ပါပြီ၊ အရှင်ရသေ့က ဘာကိုအောင်တာလဲ..”လို့ မေးတဲ့အခါ ကုဒါလပဏ္ဍိတက “အရှင်မင်းကြီး.. အရှင်မင်းကြီး အောင်တော်မူခဲ့တာဟာ သူခိုးဓားပြစတဲ့ ရန်သူတွေကို အောင်နိုင်ခဲ့တာ ဖြစ်ပါတယ်၊ ဒီလို သူခိုးဓားပြ စသူတွေကို အောင်နိုင်ခြင်းဟာ အစစ်အမှန် အောင်နိုင်ခြင်း မဟုတ်ပါဘူး၊ အချိန်တန်ရင် သူတို့က အရှင်မင်းကြီးကို တစ်ခါပြန်ပြီး အောင်နိုင်ရင်လည်း အောင်နိုင်ပါသေးတယ်၊ အကျွန်ုပ်ရဲ့ အောင်နိုင်ခြင်းကတော့ ကိုယ်တွင်းမှာ ဖြစ်နေတဲ့ လောဘဆိုတဲ့ ခိုးသူဓားပြ၊ တွယ်တာမှုဆိုတဲ့ သံယောဇဉ် ခိုးသူဓားပြကို အောင်နိုင်ခြင်း ဖြစ်တဲ့အတွက် အကောင်းဆုံး၊ အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်၊ ဒါကြောင့် အောင်ပြီအောင်ပြီလို့ ဟစ်ကြွေးခြင်း ဖြစ်ပါတယ်..” စသဖြင့် ပြောကြားကာ တရားစကား ဟောာကြားလိုက်ပါတယ်။ ဒီအခါမှာ ဗာရာဏသီမင်းလည်း သတိသံဝေဂရကာ ရသေ့ရဟန်းပြုသွားပါတယ်။ ဗာရဏသီမင်း ရသေ့ရဟန်းပြုသွားသံကို ကြားတဲ့အခါ ခုနှစ်ပြည်ထောင်မင်းတို့လည်း လိုက်ပြီးရသေ့ ရဟန်းပြု သွားကြပါတော့တယ်။ (ကုဒ္ဒါလဇာတက (သို့) ကုဒါလဇာတက) ဒါက ဘုရားရှင် ဟောကြားတော်မူတဲ့ ဘုရားလောင်း ကုဒါလပဏ္ဍိတ ရသေ့ရဲ့ အတိတ်ဇာတ်ကြောင်းပဲ ဖြစ်ပါတယ်။

ဒီဇာတ်တော်လာ ဘုရားလောင်း ကုဒါလပဏ္ဍိတရဲ့ အဖြစ်ကိုကြည့်ရင် တွယ်တာမှု သံယောဇဉ်ရဲ့ ဒုက္ခကြီးမားပုံကို ကောင်းကောင်းသဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။ သံယောဇဉ်ဟာ တန်ဘိုးရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ တန်ဘိုးမရှိတဲ့ အရာမှာပဲ ဖြစ်ဖြစ်၊ ချမ်းသာတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ဆင်းရဲတဲ့သူမှာပဲ ဖြစ်ဖြစ်၊ ရုပ်ရည်အဆင်း ရှိတဲ့သူမှာပဲ ဖြစ်ဖြစ်၊ မရှိတဲ့သူမှာပဲ ဖြစ်ဖြစ် မြင်နေတွေ့နေ၊ ကြားသိနေရင် ဖြစ်တတ်တဲ့ သဘောရှိတယ်ဆိုတာ ပေါက်တူးတစ်လက်နဲ့ ပြောင်းစေ့ဝက်ကြောင့် ဒုက္ခဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဲ့အဖြစ်က သက်သေပြနေခဲ့ပါတယ်။ အဲဒီအတွင်း သံယောဇဉ်ကို အနိုင်မယူနိုင်ပါက အပြင်အရာတွေကို ဘယ်လောက်ပဲ အောင်နိုင်ပါစေ အစစ်အမှန် အောင်နိုင်မှု မဟုတ်ကြောင်းကို ဘုရားလောင်းရဲ့ တရားစကားက မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါတယ်။ သေချာတာကတော့ အတွင်းတွယ်တာမှု သံယောဇဉ်ကို ပယ်သတ် အနိုင်ယူခြင်းကသာ အကောင်းအဆုံး ချမ်းသာတစ်ခုဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သတ္တ၀ါတွေရဲ့ ဘ၀မှာ ဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေကြရတာတွေဟာ တွယ်တာမှု သံယောဇဉ်ကြောင့်သာဖြစ်ပြီး ဒီတွယ်တာမှုကို မဖြတ်နိုင်သေးသမျှ ပေါက်တူးတစ်လက်၊ ပြောင်းစေ့ဝက်ကို အကြောင်းပြုပြီး ဒုက္ခအကြိမ်ကြိမ် ဖြစ်ခဲ့ရတဲ့ ဘုရားလောင်း ရသေ့ရဟန်းလို အဖြစ်မျိုးနဲ့ ကြုံတွေ့ကာ ဒုက္ခပင်လယ် ဝေနေကြရဦးမှာ ဖြစ်တဲ့အတွက် ဒီလို ဒုက္ခမျိုးကနေ ရုန်းထွက်နိုင်အောင် ကိုယ့်ရဲ့သတိ ပညာ ၀ီရိယတရားများ လက်ကိုင်ထားကာ “ကိုယ်တွင်းမှာ ရှိနေတဲ့ လောဘဆိုတဲ့ သူခိုးဓားပြ၊ တွယ်တာမှု သံယောဇဉ်ဆိုတဲ့ သူခိုးဓားပြများကို အောင်နိုင်ခြင်းဟာ အကောင်းအဆုံး အမြတ်ဆုံး အောင်နိုင်ခြင်းပဲ ဖြစ်တယ်…”ဆိုတဲ့ ကုဒါလပဏ္ဍိတရဲ့ တရားစကားအတိုင်း ကိုယ့်သန္တာန်မှာရှိတဲ့ တွယ်တာမှု သံယောဇဉ်ကို ကိုယ်ကိုယ်တိုင်ပဲ ဖြတ်နိုင်အောင် ကြိုးစားကြပါလို့ အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။ သံယောဇဉ်ဟာ ရှိရင်ရှိသလို၊ များရင်များသလို အဲဒီသူကို အနိုင်ယူ လောင်မြိုက်ကာ ဒုက္ခဖြစ်စေတဲ့အတွက် ဘယ်အရာ၊ ဘယ်ပုဂ္ဂိုလ်အပေါ်မှ သံယောဇဉ်ထားတာ မကောင်းကြောင်း အသိပေးစကားပါးရင်း မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ စကားအတိုင်း “သံယောဇဉ် အမျှင်မတန်းစေဖို့ ရှင်ခန်းသာ ဖြတ်လိုက်ကြပါစို့…”လို့…။

Read more »

ကထိန်အကြောင်း သိကောင်းစရာ…

မကြာမီ သီတင်းကျွတ်တော့မှာ ဖြစ်သလို ပုရိမ၀ါဆိုဝါကပ် ပြုတော်မူနေကြတဲ့ သံဃာတော်အရှင် မြတ်များရဲ့ ၀ါတွင်းကာလလည်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပြီးတဲ့နောက် မြန်မာဗုဒ္ဓဘာသာဝင်တွေ အတွက် ဘာသာရေးဆိုင်ရာ ကုသိုလ်ပွဲတစ်ခုအဖြစ် ကထိန်အလှူပွဲတွေက ထပ်ပြီးရောက်လာကြတော့မှာ ဖြစ်ပါတယ်။ သီတင်းကျွတ် လပြည့်ကျော် (၁)ရက်နေ့ကစပြီး တန်ဆောင်မုန်း လပြည့်နေ့အထိ (၁)လတာ ကာလကို ကထိန်အလှူပွဲ ကျင်းပရာ ကာလအဖြစ် သတ်မှတ်ကြကာ မြန်မာနိုင်ငံတ၀ှန်းလုံးရှိ အနယ်နယ်အရပ်ရပ်မှာ ကထိန်ပွဲတွေကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပြုလုပ်ကြတော့မှာ ဖြစ်ပါတယ်။

ကထိန်ပွဲတွေ လုပ်ကြတော့မယ်ဆိုတော့ ဘာရယ်မဟုတ်ဘူး သူ့ထက်ငါ အပြိုင်အဆိုင် လုပ်ချင်ကြတာပဲ သိတာများနေပြီး ဘာကြောင့်လုပ်တယ်၊ ဘယ်လိုအဓိပ္ပါယ်နဲ့ လုပ်ကြတယ်ဆိုတာ အတော်များများ မသိကြဘူး ဖြစ်နေတတ်ပါတယ်။ ကထိန်ဆိုရင် ပဒေသာပင်ကြီးတွေ သီးပြီး ဆိုင်းသံဘုံသံ တညံညံနဲ့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်ကာ နောက်ဆုံးဘုန်းကြီးကျောင်းကို ပို့ဆောင်လှူဒါန်းကြတဲ့ပွဲလို့ အများက သိနေတတ်ကြပါတယ်။ ကထိန်ဆိုတာဘာလဲ…၊ ဘာကြောင့် ဒီအလှူကို ကထိန်လို့ ခေါ်တာလဲ…၊ ကထိန်ခင်းတယ်ဆိုတာ ဘာကိုပြောတာလဲ… စသဖြင့် မေးလာခဲ့မယ်ဆိုရင်တော့ တိတိကျကျ ပြောဆိုရှင်းပြဖို့ ခက်တတ်ကြပါတယ်။ ဒါကြောင့် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေ သိထားဖို့ ကထိန်အကြောင်း သိကောင်းစရာ ဆိုတဲ့ ဒီပို့စ်လေးကို ကထိန်ကာလ မတိုင်မီ ကြိုတင်ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။

ကထိန်ဖြစ်ပေါ်လာပုံ
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံးနေတော်မူနေတဲ့ အချိန်တုန်းက ဖြစ်ပါတယ်။ အာရညကဓုတင်၊ ပိဏ္ဍပါတဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင်ကို ဆောက်တည်ကြတဲ့ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မြတ်စွာဘုရားရှင်ကို ဖူးမျှော်ဖို့ အလွန်ဝေးတဲ့ အရပ်ကနေ သာဝတ္ထိပြည်ကိုလာရင်း လမ်းမှာဝါဆိုရမယ့်နေ့ နီးလာတဲ့အတွက် သာဝတ္ထိပြည်အထိ မသွားနိုင်တော့ဘဲ သာဝတ္ထိပြည်နဲ့ ယူဇနာ (၆၀)ဝေးကွာတဲ့ သာကေတမြို့မှာပဲ ၀ါဆိုလိုက်ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ အဲဒီရဟန်းတော်များဟာ ဘုရားရှင်သီတင်းသုံးတော်မူရာ သာဝတ္ထိပြည်အနီးမှာ ရောက်နေပြီးမှ ဘုရားရှင်ကို မဖူးမျှော်ရပဲ ၀ါဆိုနေရတဲ့အတွက် စိတ်နှလုံး မပျော်မွေ့ပဲ ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ၀ါကျွတ်တဲ့အခါ ဘုရားရှိရာ အရပ်ကို ထွက်လာခဲ့ကြပါတယ်။ လမ်းခရီးမှာ မိုးကလည်း အလွန်ကြီးတဲ့အတွက် အဲဒီရဟန်းများ ၀တ်ရုံထားတဲ့ သင်္ကန်းနဲ့ ဓုတင်ဆောင် နှစ်ထပ်သင်္ကန်းများဟာ မိုးရေများနဲ့ အရမ်းကို စိုရွဲနေကြပါတယ်။ ဘုရားထံမှောက် ရောက်လာကြတဲ့ အဲဒီရဟန်းတော်များကို ဘုရားရှင်က ၀ါတွင်းကာလ ချမ်းချမ်းသာသာ သီတင်းသုံးခဲ့ရမှု ရှိမရှိ မေးမြန်းတဲ့အခါ ပါဝေယျကတိုင်းသား ရဟန်းတော် အပါးသုံးဆယ်ဟာ မိမိတို့ရဲ့ အဖြစ်ကို အကျိုးအကြောင်း လျှောက်ပြပါတယ်။

ဒီလို ရဟန်းတော်တို့ရဲ့ အခက်အခဲ အခြေအနေများကြောင့် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ၀ါကျွတ်ပြီးသော ရဟန်းတို့အား ကထိန်ခင်းခြင်းငှါ ခွင့်ပြု၏၊ ရဟန်းတို့ ကထိန်ခင်းပြီးသော ရဟန်းတို့အား ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း၊ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း၊ ဂဏဘောဇဉ်ကို စားနိုင်ခြင်း၊ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း၊ ထိုကထိန်းခင်းသော ကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော ရဟန်းတို့အား ဖြစ်ရခြင်းဟူသော ဤငါးပါးသော အာနိသင်တို့ ရကုန်၏” စသဖြင့် မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူပါတယ်။ ဒါဟာ ကထိန်ခင်းခြင်းနဲ့ ကထိန်သင်္ကန်းအလှူ ဖြစ်ပေါ်မှုရဲ့ အစပဲ ဖြစ်ပါတယ်။

ကထိန်ဆိုတာ
ကထိန်ဆိုတာ ကထိနဆိုတဲ့ ပါဠိစကားကို မြန်မာမှုပြုပြီး အလွယ်အသုံးပြုထားတဲ့ ပါဠိပျက် ဝေါဟာရစကားလုံး ဖြစ်ပါတယ်။ ကထိနရဲ့ အဓိပ္ပါယ်က ခိုင်မြဲခြင်း၊ မြဲမြံခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာက ကထိန်ဆိုတာ ၀ါဆိုလပြည့်ကျော် (၁)ရက်နေ့ကစပြီး သီတင်းကျွတ်လပြည့်နေ့ အထိ (၃)လတာ ၀ါဆိုဝါကပ် ပြုတော်မူပြီးကြတဲ့ ရဟန်းတော်များအား သင်္ကန်းဆက်ကပ်လှူဒါန်းပြီး ဒီသင်္ကန်းကို အလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ဒီသင်္ကန်းကို အကြောင်းပြုကာ ၀ိနည်းတော်များထဲက သိက္ခာပုဒ်အချို့ကို ကာလအပိုင်းအခြား တစ်ခုအနေနဲ့ ကင်းလွှတ်ခွင့်ဆိုတဲ့ အကျိုးအာနိသင်ကို သေချာပေါက် ခိုင်ခိုင်မြဲမြဲ ရစေနိုင်တဲ့ အတွက် ကထိန- ကထိန်လို့ ဆိုတာ ဖြစ်ပါတယ်။ ဒီကထိန်ခင်းတာဟာ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တဲ့ အလှူဖြစ်တဲ့အတွက် ဒီသင်္ကန်းကိုလည်း ကထိန်သင်္ကန်း၊ ဒီအလှူကိုလည်း ကထိန်အလှူလို့ ဆိုခြင်းဖြစ်ပါတယ်။

ကထိန်ခင်းတယ်ဆိုတာ
ဘယ်မြို၊ ဘယ်ကျောင်းမှာ ကထိန်သွားခင်းမလို့ ဆိုတဲ့ အပြောအဆိုအသုံး အနှုန်းကို လူအတော်များများ ပြောဆိုသုံးစွဲတတ်ပါတယ်။ တကယ်တော့ ကထိန်ခင်းတာဟာ လူတွေက ခင်းရတာမဟုတ်ပါဘူး။ ရဟန်းတော်များကသာ ခင်းရတာ ဖြစ်ပါတယ်။ လူတွေက ရဟန်းတော်များ ကထိန်ခင်းနိုင်အောင် သင်္ကန်းကို လှူဒါန်းပေးတဲ့ ကထိန်သင်္ကန်း အလှူရှင်အဖြစ်ပဲ ခံယူနိုင်တာ ဖြစ်ပါတယ်။ ကထိန်ခင်းတာဟာ သံဃာတော်များရဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ကထိန်ခင်းဖို့အတွက် သံဃဿဒေမ ဆိုပြီး လှူဒါန်းလိုက်တဲ့ ဒီသင်္ကန်းကို သံဃာတော်များက သိမ်ထဲမှာ ကထိန်သင်္ကန်း အလှူခံမယ့် ကျောင်းမှာရှိတဲ့ ရဟန်းတော်တစ်ပါးကို သံဃာအများ သဘောတူမှုနဲ့ ရွေးချယ်ပြီး သင်္ကန်းအလှူရှင်များ လှူဒါန်းထားတဲ့ အဲဒီသင်္ကန်းကို ကမ္မ၀ါစာနဲ့ ရွတ်ဖတ်ကာ ပေးကြရပါတယ်။ အဲဒီလို ကမ္မ၀ါစာနဲ့ ရွေးချယ်ပေးလာတဲ့ သင်္ကန်းကို အလှူခံရရှိလာတဲ့ ရဟန်းတော်ဟာ မိမိဝါဆိုရာကျောင်းမှာ ပြန်ပြီးဒီသင်္ကန်းကို ခင်းရပါတယ်။

ခင်းတယ်ဆိုတာ သင်္ကန်းကို အောက်မှာချခင်းတာ မဟုတ်ပါဘူး။ စွန့်သင့်တဲ့သင်္ကန်းကို စွန့်၊ အဓိဋ္ဌာန်တင်သင့်တဲ့ သင်္ကန်းကို တင်ပြီး လက်ရှိအလှူခံ ရရှိလာတဲ့ သင်္ကန်းကို ၀ိနည်းကြောင်းအရ လိုက်နာပြုကျင့်တာကို ပြောတာဖြစ်ပါတယ်။ အဲဒီခင်းထားတဲ့ အကျိုးအာနိသင်ကိုလည်း အဲဒီကျောင်းတိုက်မှာ ရှိတဲ့ အခြားသံဃာတော်များကို အနုမောဓနာပြု သာဓုခေါ်စေပြီး ၀ိနည်းကြောင်းအရ သတ်မှတ်ထားတဲ့ ကထိန်အာနိသင် ငါးမျိုးကို အညီအမျှ ရစေတာဖြစ်ပါတယ်။ ဒီလို ကမ္မ၀ါစာနဲ့ သင်္ကန်းပေးပြီး မိမိဝါဆိုရာ ကျောင်းတိုက်မှာ ကထိန်ပြန်ခင်းကာ အတူတူဝါဆိုဝါကပ် ပြုကြတဲ့ အခြားရဟန်းတော်များနဲ့အတူ အကျိုးအာနိသင်ကို ရယူတဲ့ အစီအစဉ်ကိုပဲ ခြုံငုံပြီး ကထိန်ခင်းတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကထိန်ခင်းတယ်ဆိုတာ လူတွေက ခင်းရတာမဟုတ်ဘဲ ကထိန်ခံ ရဟန်းက ခင်းရတာလို့ ဆိုခြင်းဖြစ်ပါတယ်။

ပြီးတော့ ကထိန်းသင်္ကန်းဟာ ဒီနေ့အလှူခံပြီး ဒီနေ့ပဲ အပြီးကံဆောင်ကာ ခင်းရတာဖြစ်ပါတယ်။ ဒီနေ့အလှူခံပြီး နောက်နေ့တွေမှ ခင်းရင် ကထိန်ခင်းရာ မမြောက်ပါဘူး။ မသိုးသင်္ကန်းဆိုတာ ညလွန်သွားတဲ့ သင်္ကန်းမျိုး မဟုတ်တာကို ပြောတာ ဖြစ်ပါတယ်။ ဒီလို မသိုးသင်္ကန်းဖြစ်မှလည်း ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ သင်္ကန်းကလွဲပြီး တစ်ခြားပစ္စည်းများနဲ့လည်း ကထိန်ခင်းလို့ မရပါဘူး။ ဒီလိုဆိုတော့ တခြားပပေဒသာပင် သီးပြီးလှူတဲ့ အလှူပစ္စည်းများဟာ အခြံအရံ လှူဖွယ်ပစ္စည်းများပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းများ၊ ပဒေသာပင်များဟာ ကထိန်ခင်းထိုက်တဲ့ အရာများ မဟုတ်ပါဘူး။ အလိုရှိသလို အသုံးပြုနိုင်တဲ့ အသုံးအဆောင်ပစ္စည်း အလှူများပဲ ဖြစ်ပါတယ်။

ကထိန်ခင်းနိုင်တဲ့ သင်္ကန်းနဲ့ ကထိန်သင်္ကန်းလှူဒါန်းနိုင်သူများ
ဝိနည်းကြောင်းအရ ကထိန်းခင်းနိုင်တဲ့ သင်္ကန်းအမျိုးအစားဟာ ကြိုတင်လှူဒါန်းထားခြင်း မဟုတ်ဘဲ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လအတွင်းမှာ လှူဒါန်းတဲ့ ဒီနေ့လှူ ဒီနေ့ခင်းရမယ့် ညမလွန်တဲ့ မသိုးသင်္ကန်း ဖြစ်ရပါမယ်။ အဲဒီလို သင်္ကန်းမျိုးဆိုရင် သင်္ကန်းသုံးထည်လို့ ခေါ်တဲ့ အပေါ်ရုံ ကိုယ်ဝတ် ဧကသီသင်္ကန်း၊ အောက်ခါးဝတ် သင်းပိုင်သင်္ကန်းနဲ့ ပုခုံးတင် နှစ်ထပ်ဒုကုဋ်သင်္ကန်း တွေထဲက သင့်တော်ရာ တစ်မျိုးမျိုးနဲ့ ခင်းနိုင်ပြီး ဒီသင်္ကန်းအလှူကိုတော့ ရဟန်း၊ ရှင်၊ လူ ဘယ်သူမဆို လှူဒါန်းနိုင်ပါတယ်။

အကြောင်းစုံမှ ခင်းလို့ရ
ကထိန်အလှူဟာ အမြတ်ဆုံး အလှူဖြစ်သလို ကထိန်အလှူ မြောက်ဖို့ဆိုတာလည်း ခက်ခဲတဲ့ သဘောရှိပါတယ်။ ဆရာဒကာ နားလည်မှုနဲ့ အကြောင်းစုံ ညီညွတ်မှ ဒီအလှူ အထမြောက် အောင်မြင်တာ ဖြစ်ပါတယ်။ တကယ်လို့ ၀ါကျွတ်ပြီးတဲ့ ရဟန်းသံဃာတော် တစ်ပါးပါးဟာ မိမိကျောင်းမှာ ကထိန်မရှိ၊ ကထိန်သင်္ကန်း လှူဒါန်းသူမရှိလို့ ဆိုပြီး နီးစပ်ရာ၊ ကြည်ညိုရင်းနှီးရာ ပုဂ္ဂိုလ်တစ်ဦးဦးထံမှာ သွားပြီး အလှူခံကာ မိမိတို့ ပယောဂကြောင့် ရလာတဲ့ သင်္ကန်းဖြစ်ခဲ့မယ်ဆိုရင် အဲဒီသင်္ကန်းနဲ့ ကထိန်ခင်းလို့ မရပါဘူး။ ကထိန်သင်္ကန်းဟာ ရဟန်းတော်များ အနေနဲ့ တိုက်ရိုက်အလှူခံကောင်းတဲ့ သင်္ကန်းလည်း မဟုတ်ပါဘူး။ ကထိသင်္ကန်း အလှူရှင်က မိမိအလိုလို နားလည်သဘောပေါက်ပြီး သံဃာဿဒေမ - သံဃားတော်အား လှူဒါန်းပါ၏လို့ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ အရှင်ဘုရားအတွက်၊ ဘယ်ဆရာတော်အတွက် စတဲ့ ပုဂ္ဂိုလ်ရည်မှန်းပြီး လှူဒါန်းတဲ့ ပုဂ္ဂလိက အလှူသင်္ကန်းနဲ့ဆိုလည်း ကထိန်းမခင်းနိုင်ပါဘူး။ ရဟန်းတော်များဘက်က ပယောဂကင်းဖို့လိုသလို သင်္ကန်းအလှူရှင်ဘက်ကလည်း သံဃိက အလှူဖြစ်ဖို့လိုကာ ဒီလို နှစ်ဘက်နားလည် ညီညွတ်မှုနဲ့ ရလာတဲ့ သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်တာ ဖြစ်ပါတယ်။ နောက် ကာလသတ်မှတ်ချက်ကလည်း တစ်နှစ်မှာ တစ်ခါ၊ တစ်ခါမှာ သင်္ကန်းကျွတ်လပြည့်ကျော် (၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လ၊ တစ်လမှာလည်း ၀ါဆိုရာ နယ်နိမိတ် သတ်မှတ်ချက်မတူတဲ့ ကျောင်းတစ်ကျောင်းမှာ တစ်ကြိမ်ပဲ ခင်းနိုင်တာ ဖြစ်ပါတယ်။ ပြီးတော့ ကထိန်ခင်းဖို့အတွက် သိမ်ရှိဖို့လိုသလို လေးပါးလေးပါးအထက် ရှိတဲ့သံဃာ အရေအတွက် ပြည့်မီဖို့လည်း လိုပါတယ်။ ဒီလို အကြောင်းအချက်အလက် စုံမှပဲ ကထိန်ခင်းမှု အထမြောက်တယ်၊ ကထိန်အလှူ အောင်မြင်ပြီးမြောက်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ ထူးခြားမှု
ဘုရားအစရှိတဲ့ အရိယာသူတော်ကောင်းတွေရဲ့ ချီးမွမ်းမှုကို ခံယူထိုက်တဲ့အတွက် ဒီအလှူကို ကထိန်လို့ ဆိုကြောင်း အဋ္ဌကထာဆရာတော်က ဖွင့်ဆိုပါတယ်။ ဒီလိုဖွင့်ဆိုရတာကလည်း အကြောင်းရှိပါတယ်။ ဒီအလှူဟာ
၁။ သံဃာကို ရည်မှန်းပြီး လှူဒါန်းတဲ့ သံဃိကအလှူ ဖြစ်ရခြင်း
၂။ အချိန်ကာလ သတ်မှတ်ချက် အတွင်းမှာသာ လှူဒါန်းရတဲ့ ကာလဒါန အလှူဖြစ်ခြင်း
၃။ တစ်ခြားပစ္စည်းဝတ္ထုများ မဟုတ်ဘဲ အရဟတ္တဓဇ ခေါ် ရဟန္တာတို့ရဲ့ အလံတံခွန်သဖွယ် ဖြစ်တဲ့ အ၀တ်သင်္ကန်းနဲ့သာ ကထိန်ခင်းနိုင်ခြင်း
၎။ ဒီအလှူကို အကြောင်းပြုပြီး ရဟန်းတော်များအား ၀ိနည်းသိက္ခာပုဒ် အချို့ကို အချိန်ကာလ တစ်ခုအရ ကင်းလွတ်စေနိုင်တဲ့ အတွက် ၀ိနည်းအလှူ သို့မဟုတ် တရားအလှူခေါ် ဓမ္မဒါန အလှူဖြစ်ခြင်း
စတဲ့ ထူးခြားချက်များကြောင့် အမြတ်ဆုံးအလှူ၊ အထူးခြားဆုံး အလှူလို့ ဖွင့်ဆိုပြခြင်း ဖြစ်ပါတယ်။

ကထိန်အလှူရဲ့ အကျိုးတရား
ဒီအလှူရဲ့ လက်တွေ့အကျိုးကတော့ သင်္ကန်းအလှူခံ ရရှိတဲ့ ရဟန်းတော်များဟာ ကထိန်အာနိသင် ရလိုက်တဲ့အတွက် သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ကစပြီး တပေါင်းလပြည့်နေ့အထိ (၅)လအတွင်းမှာ
၁။ ထင်ရှားရှိသော ရဟန်းကို မပန်ကြားဘဲ ဒါယကာ အိမ်သို့သွားနိုင်ခြင်း
၂။ တိစီဝရိတ် အဓိဋ္ဌာန်တင်ထားသော သင်္ကန်းကို မယူဘဲ သွားနိုင်ခြင်း
၃။ ထမင်းစားလာပါ၊ မုန့်စားကြွပါ စတဲ့ လူ့အခေါ်အပြောနဲ့ ပင့်ဖိတ်တဲ့ ဂဏဘောဇဉ်ကို စားနိုင်ခြင်း
၎။ အလိုရှိတိုင်း အဓိဋ္ဌာန် ၀ိကပ္ပနာမပြုသော သင်္ကန်းကို ဆောင်နိုင်ခြင်း
၅။ ကထိန်ခင်းတဲ့ကျောင်းမှာ သံဃိက သင်္ကန်းဖြစ်ပေါ်လာတဲ့အခါ ကထိန်အာနိသင်ရတဲ့ ရဟန်းအားလုံး ရယူနိုင်ခြင်း
ဆိုတဲ့ အကျိုးတရား ငါးပါးကို ရရှိနိုင်ပါတယ်။

လူပုဂ္ဂိုလ်များအတွက်ကတော့ ကထိန်သင်္ကန်း လှူဒါန်းခြင်းကို အကြောင်းပြုပြီး
၁။ သင်္ကန်းအလှူ လှူဒါန်းခွင့်ရခြင်း (စီဝရဒါန)
၂။ သံဃိကအလှူ လှူခွင့်ရခြင်း (သံဃိကဒါန)
၃။ ကာလဒါန အလှူလှူခွင့်ရခြင်း (ကာလဒါန)
၎။ ဓမ္မဒါနအလှူ လှူခွင့်ရခြင်း (ဓမ္မဒါန) စတဲ့ အကျိုးတရားများကို ရစေနိုင်တဲ့အပြင် ရဟန်းတော်များအား အထက်ပါ ကထိန်အာနိသင် အကျိုးတရား ငါးမျိုးကို ရစေနိုင်သလို ကထိန်သင်္ကန်း လှူဒါန်းတဲ့ အလှူရှင်များမှာလည်း ထိုအကျိုးနဲ့ ထပ်တူစွာ လွတ်လပ်တဲ့ဘ၀မျိုးမှာ ဖြစ်ရခြင်း၊ ထောင်တန်းအချုပ်အနှောင်မှ ကင်းလွတ်ခြင်း၊ စားဖွယ်သောက်ဖွယ် ပေါများကာ အလိုရှိသလို စားသုံးနိုင်ခြင်း၊ မိမိကိုယ်ကို သူတပါးတို့ မလွမ်းမိုးနိုင်ခြင်း၊ မိမိကသာ နေရာတကာ အစိုးရခြင်း စသော အကျိုးတရားများကိုလည်း ရရှိစေနိုင်ပါတယ်။ အထူးကတော့ ရှားရှားပါးပါး ခက်ခက်ခဲခဲ လှူဒါန်းရတဲ့အလှူ ဖြစ်တဲ့အတွက် ရဖို့ခဲရင်းတဲ့ အရာတွေကို ရနိုင်ပြီး နောက်ဆုံး အခက်ခဲဆုံးဖြစ်တဲ့ မဂ်ဖိုလ်နိဗ္ဗာန်ရဖို့ကိုပါ အထောက်အကူပေးနိုင်တဲ့ အကျိုးတရားပဲ ဖြစ်ပါတယ်။
ဒါကြောင့် သူတော်ကောင်းများက ဒီကထိန်အလှူဟာ အကောင်းဆုံးနဲ့ အမြတ်ဆုံးအလှူလို့ ဆိုကြတာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် ကထိန်နဲ့ ပတ်သက်တဲ့ သိသင့်သမျှကို အနည်းငယ်မျှ သိရှိခွင့် ရလောက်မယ်လို့ မျှော်လင့်မိပါတယ်။ တစ်ချို့အကြောင်းအရာများဟာ အကျယ်ရှင်းပြဖို့ လိုပေမယ့် လူတွေအတွက်တော့ ကထိန်နဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ကထိန်အလှူအကြောင်း၊ ကထိန်လုပ်ရခြင်းအကြောင်း၊ ကထိန်အလှူရဲ့ အကျိုးတရားများအကြောင်း အတော်အသင့် ပြောဆိုဆွေးနွေးနိုင်ကြမှာ ဖြစ်ပါတယ်။ အကျယ်သိလိုသူတွေ အနေနဲ့တော့ ၀ိနည်းမဟာဝဂ္ဂပါဠိတော်၊ ကထိနက္ခန္ဓကမှာ ကြည့်ရှုနိုင်ပါကြောင်း ညွှန်းဆိုလိုက်ပါတယ်။

Read more »

သိကြားမ,မည့်သူ…

ဘ၀ရှေးက၊ ပုညအားကြိုး၊ ကြမ္မာမျိုးနှင့်
ကောင်းကျိုးပေးလို၊ ဤလူ့ကိုယ်၌
ကုသိုလ်ဥပထံ၊ အခံတရား၊ ကံကြီးမာ၍
ကောင်းစားမည့်သူ၊ ဖြစ်ဘိမူကား
ထိုသူထင်ရှား၊ မကောင်းစားဘဲ၊ မသေမြဲတည့်။
ဆင်းရဲတစ်ဆစ်၊ ခိုက်တန့်ဖြစ်လည်း
မနစ်မနာ၊ ဒုက္ခကွာ၍
ချမ်းသာစေငြား၊ ထိုယောက်ျားကို
သိကြားမ,ရ မည်သာတည်း ။ ။
(မဃဒေ၀လင်္ကာ၊ ၈၀)

စာရေးသူ စာသင်သားဘ၀ ခရမ်းမြို့၊ ပါဠိတက္ကသိုလ် ကိုင်းကုန်းကျောင်းတိုက်တွင် စာသင်ခဲ့စဉ်က စာသင်သားများ စုပေါင်းဘုရားဝတ်တက်သည့် ကျောင်းဆောင်ကြီး၏ နံရံတစ်နေရာရှိ ပန်းချီကားချပ်ပေါ်တွင် ရေးသားထားသည့် မန်လည်ဆရာတော်ကြီး၏ အထက်ပါ လင်္ကာလေးကို ဖတ်မှတ်ခဲ့ရဖူးပါ၏။ ယခုအချိန်ထိလည်း ထိုလင်္ကာလေးကို မကြာမကြာ သတိတရ ဖြစ်နေခဲ့ပါ၏။ ဘ၀အဆက်ဆက် ပြုလုပ်ခဲ့သည့် ရှေးအတိတ်ကံရှိပြီး ဘုန်းကံကြီးမား၍ တိုးတက်ထွန်းကားမည့် သူဖြစ်ပါက မည့်သည့်နေရာ၊ မည်သို့သော အသိုင်းအ၀ိုင်းတွင် မွေးဖွားသူဖြစ်ပါစေ အချိန်တန်လျှင် စင်ပေါ်သို့ ရောက်လာတတ်ကြောင်း၊ ထိုသူများသည် အကျိုးမပြီး အချည်းနှီးဖြင့် ဘ၀ကို အဆုံးသတ်သွားရမည့်သူများ မဟုတ်ဘဲ နောက်ဆုံးတွင် သိကြားမင်းပင် မနေနိုင်ဘဲ မ,စပေးရမည့် သူများဖြစ်ကြောင်း ဖော်ညွှန်းထားခြင်း ဖြစ်ပါ၏။ ကောင်းမှုကုသိုလ်ရှိသူကို သိကြားမင်းပင် လျစ်လျူရှုထား၍ မရဘဲ မ,စပေးရမြဲဖြစ်ကြောင်း ဆိုလိုပေ၏။

မြန်မာစကားပုံတွင် “လူမင်းဘုန်းကြီးလျှင် နတ်မင်းမနေနိုင်” ဟူသော စကားရှိသကဲ့သို့ “လူမစွမ်း နတ်မ”ဟူသော စကားလည်းရှိ၏။ စင်စစ် လူမစွမ်းနတ်မဟူသော စကားသည် လူမစွမ်း၍မဟုတ်၊ နတ်ကပင် မ,ပေးရသည် ဆိုကတည်းက အစွမ်းတစ်ခုခု ရှိနေ၍သာ ဖြစ်ပေ၏။ ထိုအစွမ်းသည် အခြားအစွမ်းမဟုတ်။ ပုညဟူသည့် ကုသိုလ်အစွမ်းပင် ဖြစ်ပါ၏။ ကုသိုလ်အားကြီးလျှင် လူလည်းမနေနိုင်သကဲ့သို့ နတ်လည်းမနေနိုင်ပေ။ ကုသိုလ်ရှိသူကို လူလည်းစောင့်ရှောက်သကဲ့သို့ နတ်လည်းစောင့်ရှောက်ပေ၏။ ထို့ထက် တစ်ဆင့်တက်၍ ပါရမီရှိသည့် ကုသိုလ်များသူ ဖြစ်လျှင်ကား ဘုရားရှင်များပင် ကြွရောက်၍ ချီးမြှောက်ပေးရ၏။ ဤသည်မှာ ထိုသူကိုယ်တိုင် ပြုလုပ်ခဲ့သည့် ကုသိုလ်အစုများကြောင့်ပင် ဖြစ်ပါ၏။ ထို့ကြောင့် နတ်မ,သည်ဟူသည်မှာ ကုသိုလ်အားကြီးသည့် သူများကိုသာ မ,လေ့ရှိသဖြင့် နတ်မ,လိုက ကုသိုလ်ကောင်းမှု များများပြုကြဟု ဆိုကြခြင်း ဖြစ်ပါ၏။

မှန်၏။ ကုသိုလ်ကောင်းမှု ရှိသူများသည် လူအများ၏ ပူဇော်မှုကို ခံယူထိုက်သကဲ့သို့ နတ်တို့၏ ပူဇော်အထူးကိုလည်း ခံယူထိုက်ပါ၏။ ကုသိုလ်ရှိသူများသည် တစ်ခါတစ်ရံ အခိုက်အတန့်အားဖြင့် အဆင်မပြေဖြစ်မှု၊ ဆင်းရဲမှုများ ရှိနိုင်သော်လည်း အချိန်တန်လျှင် ထိုကုသိုလ်၏ အကျိုးသက်ရောက်မှုကို ပြန်လည်ရရှိနိုင်ပေ၏။ ထိုအကျိုးသက်ရောက်မှုများတွင် သိကြားစသည့် တန်ခိုးကြီးနတ်များ၏ ကူညီမ,စမှုများလည်း ပါဝင်၏။ သိကြားမင်းသည် လူပုဂ္ဂိုလ်များကို စောင့်ရှောက်ရာတွင် ကုသိုလ်ကောင်းမှု ပြုလုပ်လေ့ရှိသူများကိုသာ စောင့်ရှောက်လေ့ရှိ၏။ ရှိခိုးပူဇော်သည့် အခါတွင်လည်း ကောင်းမှုအစု ရှိသူများကိုသာ ရှိခိုးပူဇော်လေ့ရှိ၏။

တစ်ခါက သိကြားမင်းအား မာတလိ နတ်သားက မေးခွန်းတစ်ခုမေးဖူး၏။ မာတလိနတ်သားက
“သိကြားမင်း… ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည် လည်းကောင်း၊ မြေ၌နေသူ အားလုံးတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ နတ်မင်းကြီး လေးယောက်တို့သည် လည်းကောင်း၊ များသော အခြံအရံရှိသော တာဝတိံသာ နတ်တို့သည် လည်းကောင်း အရှင်သိကြားမင်းကို ရှိခိုးကုန်၏၊ သိကြားမင်း ထိုသို့ဖြစ်ပါလျက် အရှင်သိကြားမင်းသည်ကား အဘယ်သို့သော သူတို့ကို ရှိခိုးပါသနည်း..” ဟု မေးလျှောက်၏။
ထိုအခါ သိကြားမင်းက
“မာတလိ… ဗေဒင်သုံးပုံတတ်သူ ဗြာဟ္မဏတို့သည် လည်းကောင်း၊ မြေ၌နေသူ အားလုံးတို့သည် လည်းကောင်း၊ မင်းတို့သည် လည်းကောင်း၊ နတ်မင်းကြီး လေးယောက်တို့သည် လည်းကောင်း၊ များသော အခြံအရံရှိသော တာဝတိံသာ နတ်တို့သည် လည်းကောင်း ငါ့ကိုရှိခိုးကြသည်မှာ မှန်ပေ၏၊ သို့သော်ငါသည်ကား သီလနှင့်ပြည့်စုံကုန်သော၊ ရှည်စွာသော ညဥ့်တို့ပတ်လုံး တည်ကြည်ခြင်း ရှိကုန်သော၊ မြတ်သောအကျင့်လျှင် လဲလျောင်းရာရှိကုန်သော ရဟန်းတို့ကို ကောင်းစွာရှိခိုး၏၊ မာတလိ အကြင်သူတို့သည် အိမ်၌တည်ကုန်၍ ကောင်းမှုကို ပြုကုန်၏၊ သီလရှိကုန်၏၊ ရတနာသုံးပါးကို ဆည်းကပ်ကုန်၏၊ တရားနှင့်အညီ သားမယားကို မွေးမြူကုန်၏၊ ထိုသူတို့ကို ငါသည်ရှိခိုး၏..” (သံယုတ်ပါဠိတော်၊ ဂဟဋ္ဌ၀န္ဒနာသုတ်) ဟု ပြန်လည်ဖြေကြားလေ၏။ ဤကား သိကြားမင်း ရှိခိုးလေ့ရှိ၊ ပူဇော်လေ့ရှိ၊ မ,စလေ့ရှိသည့် ရဟန်းနှင့် လူပုဂ္ဂိုလ်များပင် ဖြစ်ပါ၏။

ဤသုတ်တော်အရ သိကြားမင်း မ,သည့်သူများ၊ သိကြားမင်းရှိခိုးသည့် သူများမှာ ကုသိုလ်ကောင်းမှု ရှိသူများ၊ တရားသဖြင့် နေ့လေ့ရှိသူများ၊ သီလရှိသူများ စသူတို့ဖြစ်ကြောင်း ကောင်းစွာသိရှိနိုင်မည် ဖြစ်၏။ အတိတ်က မိမိတို့ပြုလုပ်ခဲ့သည့် ကောင်းမှုကံများ၊ ယခုဘ၀တွင် မိမိတို့ ပြုလုပ်နေကြသည့် ကောင်းမှုကံများသည် သိကြားမင်းကိုပင် တုန်လှုပ်စေပြီး မိမိတို့ကို စောင့်ရှောက်စေ၏။ မ,စစေ၏။ ကောင်းမှုကုသိုလ်ရှိသူသည် စင်စစ် သိကြားမ,သည် ဆိုသည်ထက် မိမိတို့၏ ကောင်းမှုကုသိုလ်များက မိမိတို့ကို မ,စပေးခြင်းသာ ဖြစ်၏။ ကောင်းမှုရှိသဖြင့် ယင်းကောင်းမှုက သိကြားမင်းကို တစ်ဆင့်မ,စစေခြင်း ဖြစ်ပေ၏။ ကောင်းမှုကုသိုလ်မရှိလျှင် သိကြားမင်းလည်း မိမိတို့ကို သိမည်မဟုတ်သကဲ့သို့ မ,နိုင်မည်လည်း မဟုတ်ပေ။ အရင်းစစ်လျှင် ကောင်းမှုကုသိုလ်ကပင် မိမိတို့ကို ကြီးပွားတိုးတက်စေခြင်းပင် ဖြစ်ပေ၏။

အသေအချာ တွေးကြည့်လျှင် သိကြားမင်း မ,သည်ဖြစ်စေ၊ မမ,သည်ဖြစ်စေ မိမိတို့ကိုယ်တိုင် မိမိတို့ ဘ၀ကို မ,နိုင်ကြသည်ကား အမှန်ပင်ဖြစ်၏။ မိမိတို့၏ ကံဉာဏ်ဝီရိယ တရားများဖြင့် မိမိတို့ကိုယ်တိုင် ဘ၀မှတ်တိုင် စိုက်ထူနိုင်ကြမည် ဖြစ်၏။ မိမိတို့၏ ကိုယ်ပိုင် ၀ီရိယနှင့် ဉာဏ်ကို အရင်းတည်ကာ ကောင်းသည့်ကံများဖြင့် ဘ၀ကို လှအောင် မ,နိုင်ကြမည် ဖြစ်၏။ သို့သော် ထိုဝီရိယနှင့် ဉာဏ်တို့သည် မကောင်းသည့် ကံများ၊ မကောင်းသည့် အလုပ်များတွင် ပျော်ပါးအားစိုက်သွားလျှင်ကား မိမိတို့၏ ဘ၀သည်လည်း မမ,နိုင်သည့်အပြင် ကျပင်ကျသွားနိုင်ပေ၏။ ဘ၀လှရန်၊ ဘ၀ကိုမ,ရန်မှာကား ကုသိုလ်ကံသည်သာ အမှန်ဖြစ်ပါပေ၏။ ထို့ကြောင့် သိကြားမင်းမ,သည်ဖြစ်စေ မမ,သည်ဖြစ်စေ မိမိတို့၏ ဘ၀ကို ကုသိုလ်ကောင်းမှုများဖြင့် မိမိတို့ကိုယ်တိုင် မ,နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

သို့သော် ယနေ့ခေတ် လူအတော်များများကား ဘ၀တွင် တစ်ခုခု အဆင်မပြေမှုများ၊ ဆင်းရဲဒုက္ခများ ကြုံကြသည့်အခါ မိမိတို့၏ ဘ၀ကို ကုသိုလ်ကောင်းမှုများဖြင့် မ,ရန်မကြိုးစားကြဘဲ သူများအားကို ယူရန်သာ ကြိုးစားတတ်ကြ၏။ ဗေဒင်ဆရာ၊ ဂိုဏ်းဆရာ၊ အထက်လမ်း အောက်လမ်းဆရာ စသူများကို အားကိုးကာ ထိုသူများအား မ,ခိုင်းတတ်ကြ၏။ စင်စစ် မိမိတို့အားကိုးကြသည့် ထိုဆရာများသည်ပင် ကိုယ်တိုင်မမ,နိုင်ကြသဖြင့် မိမိတို့ကို တစ်ဖန်ပြန်ခိုင်းသည်ကို သတိပြုကြည့်လျှင် သိနိုင်မည်ဖြစ်၏။ မည်သူမဆို အဆင်မပြေဖြစ်သဖြင့် ဗေဒင်လက္ခဏာ စသည့်လောကဓာတ် ဆရာများထံ သွားမေးကြသည့်အခါ ထိုဆရာများ ညွန်ကြားလိုက်သည်ကား ကုသိုလ်ကောင်းမှုများ လုပ်ရန်သာ ဖြစ်၏။ မည်သည့်နေရာတွင် မည်သူ့ကို မည်သည့်အရာလေး လှူလိုက်ပါ စသည်ဖြင့် ကုသိုလ်ကောင်းမှု တစ်ခုခုကို ပြုလုပ်စေပြီး ဘ၀ကို မြှင့်ခိုင်းကြမည်သာ ဖြစ်၏။ မည်သည့်ဂိုဏ်းဆရာကမှ မည်သူ့ထံမှ မည်သည့်ဥစ္စာကို ခိုးယူပြီး မည်မျှသော သတ္တ၀ါများကို သတ်လိုက်ပါဟု ခိုင်းကြမည်ကို တွေ့ဖူးကြမည် မဟုတ်ပေ။ ဤသည်မှာ မိမိတို့အားကိုးပါသည် ဆိုသည့် လောကဓာတ်ဆရာများပင် ၎င်းတို့ကိုယ်တိုင် မမ,နိုင်သဖြင့် ကုသိုလ်ကောင်းမှုများဖြင့် မိမိဘ၀ကို မိမိတို့ကိုယ်တိုင် မ,စေကြခြင်း ဖြစ်ပါ၏။

သို့ဆိုလျှင် ဘ၀တွင် အမှန်တကယ် အားကိုးနိုင်သည့် အရာမှာ ကုသိုလ်ကောင်းမှုမှတပါး အခြားမရှိသည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ အတက်အကျ အနိမ့်အမြင့် အမြဲရှိသည့် လောကတွင် အကျများနှင့် ကြုံကြသည့်အခါ ကုသိုလ်ကောင်းမှုကို များများပြုလုပ်ပေးခြင်းဖြင့် မိမိဘ၀ကို မိမိမ,ကြရမည်သာ ဖြစ်ပါ၏။ ကုသိုလ်ကောင်းမှုများ ပြည့်နေလျှင် အခိုက်အတန့် အဆင်မပြေ ဖြစ်နေသော်လည်း အဆိုးဆုံးသို့ ရောက်မသွားနိုင်ပေ။ ထိုသို့ ကောင်းမှုရှိသူများ အဆင်မပြေ ဖြစ်နေလျှင်လည်း အဆိုးဆုံးသို့ မရောက်မီ သိကြားစသည့် သူတော်ကောင်း နတ်များက မ,စပေးကြမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ကောင်းမှုကုသိုလ်ရှိနေလျှင် ထိုကောင်းမှုက မိမိကို မ,ပေးနေမည်ဖြစ်ပြီး ထိုကောင်းမှုကုသိုလ် အရှိန်ကြောင့်ပင် သိကြားကလည်း မိမိကို မ,ပေးနေမည်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် မည်သို့ဆိုစေ ကုသိုလ်ကောင်းမှုဖြင့် ဘ၀ကို မ,နိုင်အောင် ကြိုးစားခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

အချုပ်အားဖြင့် သိစေလိုသည်မှာ ဘ၀တွင် အကျဟူသည် ရှိတတ်မြဲဖြစ်သဖြင့် ကျသည့်အခါ ထ,နိုင်မည့်နည်းမှာ ကုသိုလ်ကောင်းမှုဖြင့် မ,ခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း၊ ထိုကုသိုလ်ကောင်းမှု ရှိသူများကိုသာ သိကြားစသည့် သူတော်ကောင်းနတ်များက ဆောင်မတတ်ကြောင်း သတိပြုဆင်ခြင်ကာ သိကြားမ,သည်ဖြစ်စေ၊ မမ,သည်ဖြစ်စေ မိမိတို့၏ဘ၀ကို မိမိတို့ကိုယ်တိုင်သာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းဖြင့် မ,နိုင်အောင် ကြိုးစားကြရမည်ကို သိစေလိုရင်း ဖြစ်ပါ၏။ ထိုသို့ ကုသိုလ်ကောင်းမှု ရှိနေလျှင်ကား မိမိကတောင့်တ နေရန်မလိုဘဲ သိကြားစသည့် သူတော်ကောင်းများက မ,နေမည်မှာ အမှန်ပင်ဖြစ်ကြောင်းနှင့် သိကြားမ,မည့်သူမှာ ကုသိုလ်ရှိသူသာ ဖြစ်သဖြင့် မိမိတို့၏ ဘ၀ကို ကုသိုလ်များဖြင့် ထုံလွှမ်းနိုင်အောင် ကြိုးစားရင်း သိကြားအမခံရမည့်သူများ အဖြစ် မိမိကိုယ်ကို မိမိ မြှင့်တင်ကြဖို့ပင် ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို ဘ၀တွင် အားကိုးရမည့်အရာ၊ ကူညီစောင်မ,ပေးမည့် အရာများ လိုအပ်ကြသည်ဖြစ်ရာ ထိုအရာများတွင် ကုသိုလ်ကောင်းမှုကို အားကိုးခြင်းသည်သာ အကောင်းဆုံး အားကိုးရာ ဖြစ်ပြီး ကုသိုလ်ကောင်းမှု လုပ်ခြင်းဖြင့် မိမိဘ၀ကို မိမိစောင်မခြင်း၊ မြင့်တင်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသဖြင့် သိကြားစသည့် နတ်ကောင်းနတ်မြတ်များ၊ သူတော်ကောင်းများ၏ မ,စစောင့်ရှောက်မှုကို ခံယူနိုင်ရန် ကုသိုလ်ရှိသူများ ဖြစ်အောင်သာ ကြိုးစားလျက် သိကြားမ,မည့်သူအဖြစ် ခံယူကြပါဟု စေတနာထား မေတ္တားအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါပေတော့၏။

Read more »

ဓုတ်နဲ့ အရိုက်ခံရမှဖြင့်…

တစ်ခါက ဒကာလေးတစ်ချို့ ပြောနေသံလေးတွေကို ကြားခဲ့ရပါတယ်။ သူတို့ထဲက တစ်ယောက်က “ဒီမှာ ကိုယ့်လူတို့ ယောက်ျားဆိုတာ အသောက်အစား၊ လောင်းကစားနဲ့ မိန်းမလိုက်စားတာ သုံးမျိုးမှာ တစ်ခုခုတော့ ၀ါသနာပါမှကွ၊ ဒါမှ ယောက်ျားပီသတာ၊ အဲဒါတွေ မလုပ်ဘူးဆိုရင် ဘာလုပ်မလဲ၊ အခြောက်လား…၊ ဒါမှမဟုတ် ယောက်ျားအချင်းချင်းကို ပြန်ကြိုက်မှာလား…”လို့ ပြောလိုက်သံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ ဒီတော့ တစ်ယောက်က “ဟုတ်လား… အဲဒါဆိုရင် ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့သူဆိုရင် ဘယ်လိုလုပ်မလဲ”လို့ ပြန်မေးသံလည်း ကြားရပါတယ်။ “ဒီသုံးမျိုးလုံး ၀ါသနာပါတဲ့ သူဆိုရင်တော့ ရှာသမျှကုန်ပြီပေါ့ကွာ” လို့လည်း တစ်ယောက်က ပြန်ထောက်ပါတယ်။ နောက်တော့ သူတို့တွေ တစ်ယောက်တစ်ပေါက် ငြင်းကြခုံကြရင်း စကားဝိုင်းကို အဆုံးသတ်သွားကြပါတယ်။ သူတို့ရဲ့အသံတွေကြားပြီး အဆုံးမသတ်ဘဲ အတွေးတွေ ထပ်လာတာကတော့ ဘုန်းဘုန်းပဲ ဖြစ်ပါတယ်။ သူတို့ပြောသလို အသောက်အစား၊ အလောင်းကစားနဲ့ မိန်းမလိုက်စားတာတွေမှာပဲ အချိန်ကုန်နေကြမယ် ဆိုရင်တော့ ကြာရင်သူတို့ဘ၀ဟာ ဓုတ်နဲ့အရိုက်ခံရပြီး ဒုက္ခလှလှကြီး တွေ့ကြရမှာကို စိုးရိမ်နေမိခဲ့ပါတယ်။

ဓုတ်ဆိုလို့ စားလုံးပေါင်း လွဲနေတယ်လို့ မတွေးလိုက်ပါနဲ့။ ဒီမှာပြောလိုတဲ့ ဓုတ်က ဓုတ္တဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုပြီး ဓုတ်လို့ ပြောလိုတာ ဖြစ်ပါတယ်။ ပါဠိစာပေမှာ ဓုတ္တဆိုတဲ့ စကားလုံးကို “ကြူးသူ၊ လိုက်စားသူ၊ ကစားသမား” စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး ဒီလိုက်စားခြင်း ဓုတ္တကို အလွန်အကြူး လိုက်စားပါက အဲဒီဓုတ်ကြောင့် ကိုယ့်ဘ၀မှာ ဒုက္ခရောက်ရတတ်ကြောင်း အကျယ်ဖွင့်ပြပါတယ်။ ဒီဓုတ္တဟာ အမျိုးအစားအားဖြင့်
ဣတ္ထိ ဓုတ္တ = မိန်းမလိုက်စားခြင်း
သုရာ ဓုတ္တ = အရက်သေစာ သောက်စားကျူးလွန်ခြင်း
အက္ခ ဓုတ္တ = အလောင်းအစား လွန်ကြူးလိုက်စားခြင်း
ဆိုပြီး သုံးမျိုးသုံးစား ရှိကြောင်းလည်း ဖွင့်ဆိုထားပါတယ်။ ဒီဓုတ်သုံးဓုတ်ကို လိုက်စားလွန်ကြူးတဲ့ သူတွေဟာ ကြာရင်ဒီဓုတ်တွေနဲ့ အရိုက်ခံရတဲ့အတွက် ဘ၀မှာ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရတတ်ကြောင်း၊ ဒါကြောင့် ဒုက္ခမရောက်ချင်ရင် ဒီဓုတ်တွေကနေ ရှောင်ကြဖို့လိုကြောင်း စသဖြင့် အကျယ်ရှင်းပြပါတယ်။

ဟုတ်ပါတယ်။ ခုနောက်ပိုင်း လူအတော်များများဟာ ဒီဓုတ်တွေမှာ တစ်ခုမဟုတ်တစ်ခု ၀ါသနာ ပါနေကြတာကို သတိပြုမိပါတယ်။ တစ်ချို့လည်း တစ်ခုနှစ်ခုမဟုတ်ဘဲ သုံးခုလုံးမှာ ၀ါသနာပါနေတာလည်း ရှိပါတယ်။ ၀ါသနာပါတယ်ဆိုတာထက် စွဲလမ်းမှုနဲ့အတူ လိုက်စားနေကြတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ မလိုက်စားဘဲ နေလို့ရပေမယ့် အဲဒီလို နေဖို့မကြိုးစားဘဲ ဒီအလုပ်တွေမှာကိုပဲ တမင်ပျော်မွေ့လိုနေကြတာ ဆိုတော့ ၀ါသနာလို့ပြောဖို့ထက် တဏှာလို့ ပြောရင်ပိုမှန်ပါလိမ့်မယ်။ ကြိုးစားပြီး မလုပ်ဘဲရှောင်ရင် ရရဲ့သားနဲ့ စိတ်ကိုအလိုလိုက်ပြီး တမင်ကို လိုက်နေကြတာဆိုတော့ ကြာလာတဲ့အခါ ရှောင်ဖို့ခက်၊ ဖြတ်ဖို့ခက်လာပြီး နောက်ဆုံး ကိုယ့်လုပ်ရပ်နဲ့ကိုယ် ဥပါဒါန်ကြောင့် ဥပါဒ်ရောက်သလို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီသုံးမျိုးလိုက်စားလို့ ဘ၀မှာတိုးတက် အောင်မြင်တယ်၊ ကြီးပွားချမ်းသာလာတယ် ဆိုတာ ဘယ်သူမှ မရှိပါဘူး။ ဒီသုံးမျိုးကို လိုက်စားကြတဲ့အတွက် ပျက်စီးဆုံးရှုံး သွားကြတာတွေပဲ ရှိပါတယ်။ သုံးမျိုးလုံးမဟုတ်ဘဲ အရက်သောက်တာကိုပဲ ဖြစ်ဖြစ်၊ အလောင်းအစား လုပ်တာကိုပဲ ဖြစ်ဖြစ်၊ မိန်းမလိုက်စားတာကိုပဲ ဖြစ်ဖြစ် တစ်ခုခုကို အလွန်အကြူး စွဲစွဲလမ်းလမ်း လုပ်မိရင်ကိုပဲ တစ်ချိန်မဟုတ်တစ်ချိန် ဒုက္ခ ဖြစ်နေကြတယ်ဆိုတာ သိမြင်ကြားသိနေကြမှာ ဖြစ်ပါတယ်။ ဒါဟာ ဓုတ်ကိုဓုတ်လို့ မသိဘဲ အလွန်အကြူး လိုက်စားမိတဲ့အတွက် ဓုတ်နဲ့ပြန်အရိုက်ခံရတာ ဖြစ်ပါတယ်။

ဒီလိုဓုတ်နဲ့ အရိုက်ခံရတဲ့အတွက် ဒုက္ခရောက်နေကြသူတွေကို ပြည်တွင်းမှာရော ပြည်ပမှာပါ ကြုံဖူးကြားဖူး မြင်ဖူးကြမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ အများဖြစ်နေလို့ သိပ်ပြီးသိသိသာသာ မရှိလှပေမယ့် ပြည်ပမှာ ရောက်နေတဲ့ မြန်မာတွေ ကြားမှာတော့ ဘာပဲဖြစ်ဖြစ် ထင်ထင်ရှားရှားကို သိမြင်ကြားသိ နေရတတ်ပါတယ်။ အထူးသဖြင့် ဘုန်းဘုန်းကိုယ်တိုင်ကတော့ ဘုန်းဘုန်းပတ်ဝန်းကျင်မှာ ဖြစ်ပျက်သမျှ တော်တော်များများကို သိနေရတဲ့အတွက် ဒီလိုဓုတ်ကြောင့် တစ်မျိုးပြီးတစ်မျိုး ဒုက္ခရောက်နေကြရတဲ့ အဖြစ်အပျက်တွေကိုလည်း ကြားသိနေရတတ်ပါတယ်။ ဒါကြောင့်လည်း ဒါတွေရှောင်ကြဖို့ တိုက်ရိုက်တစ်မျိုး၊ ကွယ်ရာမှာတစ်ဖုံ၊ တစ်ဆင့်စကားနဲ့ တစ်နည်း စသဖြင့် သတိပေး ပြောဆိုဆုံးမ ပေးနေဖြစ်ပါတယ်။ ဒါပေမယ့် ခက်တာက သူတို့ကိုယ်တိုင် မဖြတ်နိုင် မရှောင်နိုင်တော့လည်း ဆုံးမတဲ့ ဘုန်းဘုန်းအနေနဲ့ ဆုံးမတာပဲ ရှိပါတယ်။ ကြာတော့ အဲဒီလို ပြုပြင်ပေးတာကိုပဲ ဘုန်းကြီးက နေရာတကာ ပါတယ်ဆိုတာတွေ ဖြစ်လာပြန်တော့ သူတို့တွေမှာ ပိုပြီးအပြစ်ဖြစ်လာမှာ စိုးရပြန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရသမျှတော့ ပြောဆိုပြုပြင် ပေးနေရမှာပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းကိုယ်တွေ့အရ ပြောရမယ်ဆိုရင် ပြည်ပမှာရောက်လာတဲ့ မြန်မာအတော်များများ ဒီလိုဓုတ်တွေမှာ အလိုက်အစား များလာတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ထိန်းသိမ်းမှုလည်း ပါသလို ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကြောင့်လည်း ပါတယ်လို့ ထင်ပါတယ်။ ပြည်ပရောက် မြန်မာအများစုမှာ ကြုံတွေ့ရတာတွေက စိတ်ဖိစီးမှုဒဏ်၊ လွတ်လပ်မှုဒဏ်၊ အပေါင်းအသင်းဒဏ်၊ ပိုက်ဆံအလွယ်ရှာလို့ ရတဲ့ဒဏ်၊ ပိုက်ဆံရှိရင် ဘာမဆို အလွယ်လုပ်လို့ ရတဲ့ဒဏ် စတာစတာတွေကြောင့် အထိမ်းအကွပ်မရှိ စိတ်ထင်ရာ လုပ်နေဖြစ်တာ ဖြစ်ပါတယ်။ ဒီလို စိတ်လွတ်ကိုယ်လွတ် လုပ်ဖြစ်နေတာတွေဟာ ကြာတော့ဖြတ်မရ ပြုမရဖြစ်ပြီး အစွဲအလမ်းတွေဖြစ်ကာ ကိုယ့်ကိုယ်ကို ဒုက္ခဖြစ်စေကြတော့တာ ဖြစ်ပါတယ်။ အရက်သောက်တဲ့ သူတွေလည်း အရက်ကြောင့်၊ လောင်းကစားလုပ်တဲ့ သူတွေလည်း လောင်းကစားကြောင့်၊ မိန်းမလိုက်စားကြတဲ့ သူတွေလည်း မိန်းမကြောင့် စသဖြင့် တစ်မျိုးပြီးတစ်မျိုး ဒုက္ခရောက်နေကြတော့တာ ဖြစ်ပါတယ်။

ဆိုးတာက သူများနိုင်ငံမှာလာပြီး စိတ်လွတ်ကိုယ်လွတ် ဥပဒေမဲ့ လုပ်လိုက်ကြတဲ့ အဖြစ်တွေက ပိုဆိုးကုန်တာ ဖြစ်ပါတယ်။ ဒီဓုတ်တွေပါလာပြီဆိုရင် ဘယ်သူမဆို အမှားအမှန် မခွဲခြားနိုင်ဘဲ စိတ်ထင်သလို လုပ်ဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်လုပ်ရပ်တွေဟာ သူ့နိုင်ငံ ဥပဒေတွေနဲ့ မညီဘဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာက ဥပဒေကို လိုသလို လုပ်လို့ရတဲ့ နိုင်ငံတွေမဟုတ်တော့ ကျူးလွန်ရင် ကျူးလွန်တဲ့ အပြစ်ကို ခံကြတာ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ချို့ဆို ဖမ်းမိပြီးပြန်ပို့တာတို့ ဥပဒေအရ အရေးယူတာတို့ ခံကြရတာ ဖြစ်ပါတယ်။ ဒါတွေကို သိရဲ့သားနဲ့ ကိုယ့်လူမျိုးတွေကလည်း မရှောင်နိုင်၊ မတိမ်းနိုင် ဆက်ဆက်ပြီး လုပ်နေကြတာတွေ ရှိပါတယ်။ ဒီတော့ ဒီလို အဖြစ်အပျက်တွေ မကြာမကြာ ဖြစ်လာတဲ့အတွက် ရဲတို့၊ ထောက်လှမ်းရေးတို့ကလည်း မြန်မာဆိုရင် သတိထားလာတာတွေ ဖြစ်လာပြန်ပါတယ်။ တစ်နည်းနည်းနဲ့ ထောက်လှမ်းစုံစမ်းလာတွေ ရှိလာနေပါတယ်။ သူတို့ဘက်က ကြည့်ရင်လည်း သူ့နိုင်ငံသူ့ဥပဒေ အတိုင်းတော့ ကာကွယ်စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင်က ဥပဒေမဲ့ မလုပ်မိကြဖို့ပဲ ဖြစ်ပါတယ်။

ခုလိုသူများနိုင်ငံမှာလာပြီး ဥပဒေနဲ့ ငြိတဲ့အလုပ်တွေ အဖြစ်များလာတော့ ရဲကလည်း မြန်မာအများစု ဆုံတတ်တဲ့ မြန်မာဆိုင်တို့ မြန်မာဘုန်းကြီးကျောင်းတို့လို နေရာမျိုးတွေကို စောင့်ကြည့်တာတွေ ရှိလာပါတယ်။ ဘုန်းဘုန်းကျောင်းကိုလည်း ဒီလိုရဲစခန်းကလူတွေ၊ ထောက်လှမ်းရေး ဆိုသူတွေ လာလာပြီး စုံစမ်းမေးမြန်းတာတွေ ရှိလာပါတယ်။ မြန်မာတွေ အခြေအနေ ဘယ်လိုရှိလဲ…၊ အဆင်ပြေရဲ့လား ဘာလား… စသဖြင့် သတင်းလာယူတာတွေ ရှိလာပါတယ်။ ဟိုတစ်လောကတောင် ရဲ့စခန်းက နှစ်ယောက်ရောက်လာ ပါသေးတယ်။ လမ်းကြုံလို့ ၀င်လာတဲ့ ပုံစံမျိုးနဲ့ ဟိုမေးဒီမေးပေါ့။ သူတို့အကူအညီလိုရင် အချိန်မရွေး ပြောပါဆိုတာ မျိုးလေးတွေလည်းပါတယ်။ ပြီးတော့ တစ်ယောက်က မေးသေးတယ်။ “မြန်မာလူမျိုးတွေဟာ ဖဲရိုက်၊ အရက်သောက်တာကို တော်တော်လုပ်သလား…”တဲ့။ “ဘာဖြစ်လို့လဲ”လို့ ဘုန်းဘုန်းက မေးတော့ “ဒီမှာလာပြီး ဒီလို အရက်သောက် ဖဲရိုက်တာတွေ တော်တော်လုပ်ကြတဲ့ အတွက်၊ အချင်းချင်းရန်ဖြစ်တာတို့၊ အရက်သောက်ပြီး အက်စိဒင့်ဖြစ်တာတို့ မကြမကြာ ကြားနေရလို့ပါ”လို့ ပြန်ပြောပါတယ်။ သူကြားတာတွေဟာ မှန်သင့်သလောက် မှန်ပေမယ့် သူပြောတဲ့ “မြန်မာတွေဟာ အရက်သောက် ဖဲရိုက်တာကို အရမ်းလုပ်ကြတာပဲ” ဆိုတဲ့စကားအတွက်တော့ ဘုန်းဘုန်းရင်ထဲမှာ မကောင်းလှပါဘူး။ အမျိုးကို ထိလာတာဆိုတော့ မခံနိုင်ပါဘူး။ “မြန်မာလူမျိုးတွေဟာ အဲဒီလို လူမျိုးတွေ မဟုတ်တဲ့အကြောင်း၊ အမှန်အတိုင်းပြောရင် ဒီနိုင်ငံမှာ ရောက်လာပြီးမှသာ ဒီလိုကိစ္စတွေ ဖြစ်လာကြတာ ဖြစ်ကြောင်း၊ တစ်ခါတစ်လေတော့လည်း စိတ်ဖိစီးမှုတွေကြောင့် အပျော်သဘော လုပ်မိတာ ဖြစ်နိုင်ကြောင်း၊ အမြဲလုပ်နေကြတဲ့သူတွေ မဟုတ်ကြောင်း” စသဖြင့် ပြန်ပြောဖြစ်ခဲ့ပါတယ်။

သေချာတွေးကြည့်တော့လည်း သူတို့ကတော့ သူ့နိုင်ငံ သူ့ဥပဒေအရ မေးမြန်းစုံစမ်းကြမှာ ဖြစ်ပါတယ်။ အဲဒါကို ကိုယ်ကသူတို့နဲ့ မငြိအောင် နေဖို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့ မပတ်သက်ချင်ရင် သူ့ဥပဒေနဲ့ မငြိအောင်နေဖို့ပဲ ဖြစ်ပါတယ်။ သူ့ဥပဒေတွေနဲ့ မငြိချင်ရင်တော့ ခုနပြောခဲ့တဲ့ ဓုတ်သုံးဓုတ်ကို ရှောင်ကြဖို့ပဲ ဖြစ်ပါတယ်။ သိတဲ့အတိုင်း ပြဿနာအဖြစ် များကြတာလည်း ဒီဓုတ်သုံးဓုတ်ကြောင့်ပဲ အဖြစ်များတာ ဖြစ်တဲ့အတွက် အဲဒါတွေကို မရှောင်လို့ကတော့ တစ်ချိန်ချိန်မှာ ငြိလာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ငြိလာပြီဆိုရင်တော့ ဘယ်သူမှ ကယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်ပဲ ခံကြရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မဖြစ်ခင် ကြိုတင်ပြီး မဖြစ်အောင် ရှောင်ကြဖို့ပဲ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဓုတ်နဲ့အရိုက်ခံရရင် ဒုက္ခရောက်တတ်တဲ့အတွက် ဓုတ်နဲ့အရိုက်မခံရအောင် ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ပုထုဇဉ်သဘာဝ ကိလေသာအာရုံ ကာမဂုဏ်တွေမှာ ကြိုက်နှစ်သက်တတ်ကြပေမယ့် အလွန်အကျွံမဖြစ်အောင် သတိပြုကြဖို့ပါ။ အရက်သောက်တာပဲ ဖြစ်ဖြစ်၊ လောင်းကစားလုပ်တာပဲ ဖြစ်ဖြစ်၊ မိန်းမလိုက်စားတာပဲ ဖြစ်ဖြစ် ဒီအလုပ်တွေဟာ ကောင်းတဲ့အလုပ်တွေ မဟုတ်တဲ့အတွက် မကောင်းတာကို မစမိဘဲ နေနိုင်အောင် ကြိုးစားဖို့နဲ့ စမိရင်လည်း ဖြတ်နိုင်အောင် ကြိုးစားကြဖို့ သတိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်လိုအရာမျိုးနဲ့ပဲ ဖြစ်ဖြစ် အရိုက်ခံရတယ်ဆိုရင် နာကျင်ရမှာ ဖြစ်ပေမယ့် အရိုက်ခံရတာချင်း အတူတူ တုတ်နဲ့အရိုက်ခံရတာထက် ဓုတ်နဲ့အရိုက်ခံရတာက ဘ၀မှာပိုပြီး နာကျင်စေ၊ ဒုက္ခဖြစ်စေတဲ့အတွက် ဓုတ်နဲ့အရိုက်မခံရအောင် အထူးကြိုးစားပြီး ဖြစ်နိုင်ရင် တုတ်နဲ့အရိုက်မခံရအောင်လည်း ရှောင်ကြဉ်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။ အားလုံး ဓုတ်နဲ့အရိုက်ခံရခြင်းမှ ကင်းဝေးနိုင်ကြပါစေ..

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၃) ...

ကုသိုလ်ကောင်းမှုနဲ့ ရက်ကောင်းရက်မြတ်…
တစ်လောက မြန်မာပြည်မှာရှိတဲ့ ရဟန်းဒကာမ တစ်ဦးထံက ဖုန်းဝင်လာပါတယ်။ “ကျန်းမာရေး မကောင်းတဲ့ အမေအတွက် အလှူလုပ်ပေးဖို့ဟာ အလှူလုပ်မယ့်ရက်က ပြဿဒါးရက်ကြီး ဖြစ်နေလို့ အမေတစ်ခုခုဖြစ်မှာ စိုးတဲ့အကြောင်း၊ အဲဒါ ဘယ်နေ့လုပ်သင့်တယ်ဆိုတာ အရှင်ဘုရားဆီက အကြံဉာဏ်တောင်းလိုတဲ့ အကြောင်း” လျှောက်လာပါတယ်။ ဖြစ်မှဖြစ်ရလေ။ ကုသိုလ်လုပ်တာပဲ ပြဿဒါးရက် ဖြစ်နေလို့တဲ့။ လွဲနေတာကို ပြောတာပါ။ “အမေတစ်ခုခုဖြစ်မှာစိုးရင် ဟိုရက်ဒီရက် ရွေးမနေနဲ့ အမေဘာမှ မဖြစ်ခင် အမြန်သာလုပ်ပေးလိုက်”လို့ ဘုန်းဘုန်းက ပြောလိုက်ပါတယ်။ သူတို့ယူဆသလို ကုသိုလ်လုပ်တာတောင် ရက်မကောင်းလို့ ကောင်းတဲ့ရက်ကို စောင့်ရင်း လုပ်ကြမယ်ဆိုရင်တော့ သေမယ့်သူက သေသွားမှဖြင့် ဘာမှကို ရလိုက်ကြမှာ မဟုတ်ပါဘူး။

အဲဒါပါပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အရိုးစွဲနေတဲ့ အလွဲတွေထဲမှာ ရက်ရာဇာ၊ ပြဿဒါး ရွေးတတ်တဲ့ အလွဲကလည်း ဖျောက်ဖျက်ဖို့ခက်တဲ့ အလွဲတစ်ခုလို ဖြစ်နေတယ်ဆိုတာ။ ကောင်းတဲ့အလုပ်ကို လုပ်တဲ့ဟာကို ဘာများ ရက်ကောင်းရက်မြတ် ရွေးနေစရာ လိုသေးလို့လဲပေါ့။ အဲဒီလို ဟိုရွေးဒီရွေး လုပ်ရင်းနဲ့ တစ်ခါတစ်လေ လုပ်ရမယ့် ကုသိုလ်ကောင်းမှုတွေ မလုပ်ဖြစ်ဘဲ ပျက်ပြယ်သွားကြတာလည်း မနည်းလှပါဘူး။ တစ်ချို့က ကုသိုလ်ကောင်းမှု လုပ်ဖို့သာ ဟိုရက်ဒီရက် ရွေးနေကြတာ။ မကောင်းတာ လုပ်ဖို့ကျတော့ ဘာရက်မှမရွေးဘူး။ အချိန်မရွေး ထလုပ်ဖြစ်နေတတ်ကြပါတယ်။ တကယ်တမ်း ရက်ရာဇာ၊ ပြဿဒါး ပြောကြမယ်ဆိုရင် ကောင်းတာလုပ်တဲ့နေ့ဟာ ရက်ရာဇာနေ့ဖြစ်ပြီး မကောင်းတာလုပ်တဲ့နေ့ဟာ ပြဿဒါးနေ့ပဲ ဖြစ်ပါတယ်။ ရွေးမယ်ဆိုရင်လည်း ကောင်းတဲ့အလုပ်နဲ့ မကောင်းတဲ့ အလုပ်ပဲ ရွေးစရာရှိပါတယ်။ ကောင်းတာတွေဖြစ်ချင်ရင်၊ ကောင်းတဲ့ကံတွေ ရောက်လာစေချင်ရင် ကောင်းတာတွေကို ရွေးလုပ်ဖို့ပဲ ဖြစ်ပါတယ်။

ဗုဒ္ဓအလိုတော်အရ ပြောရမယ်ဆိုရင်တော့ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့အချိန်အခါ စတာတွေဆိုတာဟာ ကောင်းတဲ့သုစရိုက်အလုပ်၊ ကောင်းတဲ့ကုသိုလ် အလုပ်တွေလုပ်နေတဲ့ အချိန်အခါတွေပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီထက် အသေးစိပ် ပြောရမယ်ဆိုရင် ကောင်းတဲ့ကာယကံ အမှု၊ ကောင်းတဲ့ဝစီကံအမှု၊ ကောင်းတဲ့ မနောကံအမှုတွေနဲ့ နေနေတဲ့ အချိန်အခါတွေဟာ ကောင်းတဲ့နက္ခတ်၊ ကောင်းတဲ့မင်္ဂလာ၊ ကောင်းတဲ့ ရက်ရာဇာတွေနဲ့ နေနေတဲ့ အချိန်အခါများပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ရက်၊ ကောင်းတဲ့အချိန် စသဖြင့် ရွေးမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတွေကို ကောင်းတဲ့အလုပ်တွေနဲ့ နေနိုင်အောင် ကြိုးစားရင်း ရွေးချယ်ကြဖို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက ကောင်းတဲ့အလုပ်ကို လုပ်တဲ့အခါတွေဟာ ကောင်းတဲ့အခါ၊ ကောင်းတဲ့ရက်ကောင်း ရက်မြတ်များ ဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်ဖို့လိုကြောင်းနဲ့ မကောင်းတဲ့အလုပ် လုပ်နေတဲ့အခါတွေဟာ ဘယ်လိုအချိန်၊ ဘယ်လိုရက်မျိုးမှာ ရွေးပြီးလုပ်လုပ် မကောင်းတဲ့ ပြဿဒါးများပဲ ဖြစ်နေမှာဖြစ်လို့ အချိန်မရွေး၊ နေရာမရွေး မလုပ်ဘဲ နေနိုင်အောင် ကြိုးစားဖို့လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။ ကောင်းမှုကုသိုလ်မှာ ပြဿဒါးဆိုတာ မရှိသလို မကောင်းမှု အကုသိုလ်မှာလည်း ရက်ရာဇာဆိုတာ မရှိတဲ့အတွက် ရက်ရာဇာ၊ ပြဿဒါးဆိုတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ ရွေးချယ်လုပ်ကိုင်မှုများသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါတယ်။ ကိုယ်က အမြဲရက်ရာဇာတွေပဲ ဖြစ်ချင်တယ်ဆိုရင် ကောင်းတာတွေကို လုပ်နေဖို့လိုပြီး ရက်ကောင်းရက်မြတ်တွေ မလိုချင်ဘူးဆိုရင်တော့ မကောင်းတဲ့အလုပ်တွေနဲ့ နေလိုကနေနိုင်ကြောင်းနဲ့ အရာရာမှာ ကိုယ့်ရဲ့ရွေးချယ်မှုသာ အဓိကကျတယ်ဆိုတာ သဘောပေါက်စေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ် ရွေးချယ်လိုက်ရမှ ကျေနပ်ကြ၊ လောကဓာတ် နည်းလေးနဲ့မှ ယုံကြည်မှု ရှိတတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကောင်းမှုကုသိုလ် ပြုတာဟာ ဟိုရက်ဒီရက်၊ ဟိုအချိန်ဒီအချိန် ရွေးချယ်ရမယ့် အရာတွေ မဟုတ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး လုပ်နိုင်အောင် ကြိုးစားကြဖို့နဲ့ မကောင်းမှု အကုသိုလ်ကတော့ ဘယ်နေရာ၊ ဘယ်အချိန်မှာပဲ လုပ်လုပ် လုပ်နေချိန်တွေဟာ မကောင်းတဲ့ ပြဿဒါးတွေ ဖြစ်နေတဲ့အတွက် အချိန်နေရာ စတာတွေကို ရွေးလို့ရသလောက်ရွေး၊ ရွေ့လို့ရသလောက် ရွေ့ပြီး တဖြည်းဖြည်းနဲ့ မလုပ်ဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းရင်း အရွေးအချယ် လွဲနေကြတာတွေကို သတိပြု ဆင်ခြင်နိုင်ဖို့ လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် တင်ပြလိုက်ရပါတယ်။

Read more »

ဖြစ်မှဖြစ်ရလေ အမယ်မင်းရယ်…

လွန်ခဲ့တဲ့ သုံးရက်လောက်က ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ပြောစရာကိစ္စလေးတွေ ရှိတာနဲ့ အွန်လိုင်းကနေချိန်းပြီး အသုံးပြုလေ့ မရှိတဲ့ ဂျီထော့ခ်(Gtalk)ကို ဖွင့်ဖြစ်ခဲ့ပါတယ်။ ဖွင့်ဖွင့်ချင်းပဲ “ဟယ်လို အစ်ကို…၊ အစ်ကိုက ကိုရီးယားကလား…”ဆိုတဲ့ နှုတ်ဆက်အမေးနဲ့ အတူ အွန်းလိုင်းပေါ်က ချက်တင်းတစ်ခု ၀င်လာပါတယ်။ မြန်မာပြည်ဘက်က ကလေးမလေးတစ်ယောက် ဖြစ်မှာပါ။ “ကိုရီးယားကတော့ ဟုတ်ပါတယ်၊ အစ်ကိုတော့ မဟုတ်ဘူး၊ ဘုန်းဘုန်းတစ်ပါးပါ”လို့ ဘုန်းဘုန်းက ပြန်ပြီး စာပြန်ရိုက်တော့ “မနောက်ပါနဲ့ အစ်ကိုရယ်..” ဆိုပြီး မယုံဘဲ ဇွတ်အတင်းကို အစ်ကိုလုပ်နေလို့ ဘုန်းဘုန်းမှာ အဲဒီဂျီထော့ခ်ကနေ ပြန်ထွက်လိုက်ရပါတယ်။ နောက်မှပဲ ချိန်းထားတဲ့ကိစ္စကို ဖုန်းနဲ့ပြောလိုက်ရပါတယ်။ အဲဒါ တကယ်ဖြစ်ခဲ့တဲ့ အဖြစ်ပါ။ ကိုရီးယားနိုင်ငံကုဒ်နဲ့ အွန်လိုင်းပေါ် တက်လာတော့ ဘုန်းဘုန်းလို့ ပြောတာလည်း မယုံဘဲ အစ်ကိုပဲ လုပ်နေတော့ ကြာရင် ဘုန်းဘုန်းလည်း အစ်ကိုဖြစ်မှာစိုးတာနဲ့ အွန်လိုင်းချက်တင်း (chatting)တွေ မ၀င်ဖြစ်တာ အမှန်ပါပဲ။ အဲဒီချက်တင်းရောဂါက အမယ်မင်းတွေတင် မဟုတ်ပါဘူး။ အမောင်မင်းတို့ကလည်း စွဲနေကြတာဆိုတော့ အကြောနပ်နေတဲ့ သူတွေကလည်း ဒီချက်နဲ့ပဲ အလုပ်ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီချက်တင်းကြောင့် စံရတဲ့သူတွေ ရှိသလို ခံရတဲ့သူတွေကလည်း မနည်းလှပါဘူး။

တစ်နေ့ကတောင် ကျောင်းမှာဆွမ်းလာကပ်တဲ့ ဒကာလေးတွေထဲက တစ်ယောက်နဲ့ သူ့သူငယ်ချင်း အကြောင်း စကားစပ်ရင်း ပြောဖြစ်ကြပါသေးတယ်။ ဒီဒကာလေး ပြောပြချက်အရ သူ့သူငယ်ချင်းဟာ ကိုရီးယားမှာ အလုပ်လုပ်ရာကနေ အခုမြန်မာပြည် ပြန်ရောက်သွားပြီး နဲနဲခပ်ကြောင်ကြောင် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ သူမြန်မာပြည် ပြန်မသွားခင်က အွန်လိုင်းချက်တင်းဝင်ရင်း မြန်မာပြည်က ဒကာမတစ်ယောက်နဲ့ အွန်လိုင်းမှာ ချစ်သူတွေဖြစ်ပြီး နောက်သူက မြန်မာပြည် ခဏပြန်တဲ့အချိန် အွန်လိုင်းမှာ တွေ့ခဲ့တဲ့ အဲဒီဒကာမလေးနဲ့ လက်ထပ်လိုက်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် လက်ထပ်ထားတဲ့ စာချုပ်စာတမ်းစတာတွေကို ဒီဒကာမလေးကပဲ သိမ်းထားပါတယ်။ ဒကာလေးက မြန်မာပြည်မှာ ခဏနေပြီး ကိုရီးယားကို ပြန်ရောက်လာပါတယ်။ ကိုရီးယားကို ရောက်လာတော့လည်း မြန်မာပြည်မှာ ရှိခဲ့တဲ့ ဒကာမနဲ့ အဆက်အသွယ် မပြတ်လုပ်ကာ အဲဒီဒကာမက စင်္ကာပူမှာ သွားအလုပ် လုပ်ချင်တယ်ဆိုလို့ စင်္ကာပူကို အကုန်အကျခံပြီး ပို့ပေးဖြစ်တယ်တဲ့။ ပထမတစ်ခါက ရီဂျက်ထိတဲ့အတွက် နောက်တစ်ခါ ထပ်ပို့ရတော့ ပိုက်ဆံတွေလည်း တော်တော်ကုန်သွားတယ်လို့ ဆိုပါတယ်။

သူတို့တိုင်ပင်ထားတာက ဒကာမလေးကို စင်္ကာပူကို အရင်ပို့ပြီး သူလည်းမြန်မာပြည်ပြန်၊ မြန်မာပြည်ကနေ စင်္ကာပူရောက်သွားတဲ့ ဒကာမလေးရဲ့ ခေါ်စာနဲ့အတူ သူလည်းစင်္ကာပူ လိုက်သွား၊ စင်္ကာပူမှာ အတူတူ အလုပ်လုပ်ကာ နေထိုင်ကြဖို့လို့ ဆိုပါတယ်။ ဒါနဲ့ သူလည်း ကိုရီးယားကနေ မြန်မာပြည် ပြန်သွားခဲ့ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ကျတော့ သူ့စိတ်ကူးတွေ ပြောင်းပြန်ဖြစ်ကုန်တယ်တဲ့။ ဒကာမက စင်္ကာပူရောက်ပြီး သူနဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေ၊ အကုန်ဖြတ်ပြီး အစဖျောက်ပစ်လိုက်တယ်လို့ ဆိုပါတယ်။ သူ့ခမျာ ကိုရီးယားကလည်း ပြန်ထွက်လို့မရ၊ သူရှာပြီး ပို့ထားတဲ့ ငွေကြေးတွေကလည်း သူ့နဲ့သူ့အဖေတို့လုပ်တဲ့ အလုပ်မှာ အလိမ်ခံရ၊ စင်္ကာပူကို ထွက်သွားတဲ့ အွန်လိုင်းချစ်သူကလည်း အဆက်အသွယ်ဖြတ်ဆိုတော့ အားလုံး ဒုက္ခရောက်သွားပြီး နောက်ဆုံးတော့ စိတ်ဖိစီးမှုတွေနဲ့အတူ အခုလို ကြောင်တောင်တောင် ဖြစ်သွားတာလို့ ဆိုပါတယ်။ ဒါက ဒကာလေးတစ်ယောက် ပြောပြတဲ့ သူ့သူငယ်ချင်းအကြောင်း လက်တွေ့အဖြစ်အပျက်လေး တစ်ခုပဲ ဖြစ်ပါတယ်။

အဲဒါပါပဲ။ အွန်လိုင်းချက်တင်းက စခဲ့တဲ့ ဇာတ်လမ်းတစ်စိပ်တစ်ဒေသ ဆိုတာ။ ဘယ်အလုပ်မဆို ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိတတ်တယ်ဆိုတဲ့ သဘောမှာ ဒီလိုအွန်လိုင်း ချက်တင်းနဲ့ပတ်သက်တဲ့ အကောင်းအဆိုးတွေကလည်း ရှိတတ်ပါတယ်။ ကောင်းတဲ့အချက်တွေ ရှိသလို ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။ ပြည်ပနိုင်ငံ အသီးသီးမှာ သွားရောက်ပြီး အလုပ်ကို ကြိုးစားပမ်းစား လုပ်နေကြတဲ့ မြန်မာဒကာလေးတွေဟာ တကယ်တမ်းပြောရရင် မအားလပ်ကြပါဘူး။ အဲဒီလို မအားတဲ့အတွက် သူ့တို့မှာ သမီးရည်စားထားဖို့ အချိန်လည်း မရှိကြပါဘူး။ တဖြည်းဖြည်း အသက်ကလည်း ရလာ၊ ဘ၀ကျင်ဖော်အတွက် ကလည်း မရှိသေး၊ ရွှေပြည်တော်ပြန်ဖို့ကလည်း မဖြစ်သေးတဲ့အချိန်မှာ ချစ်သူရည်းစား ရှာဖို့အတွက်က ဒီအွန်လိုင်းချက်တင်းကို အသုံးပြုပြီး ရှာတာဟာ အကောင်းဆုံး ဖြစ်နေသလို ဖြစ်ပါတယ်။ ဒီလိုပဲ တစ်ဘက်မှာရှိတဲ့ မြန်မာမိန်းကလေးတွေ အတွက်ကလည်း အမျိုးသမီးတို့သဘာဝ ထိန်းထိန်းသိမ်းသိမ်း နေရတာ၊ မြန်မာ့ယဉ်ကျေးမှု အဆင်အလာတွေ ရှိနေတာ စတာတွေကြောင့် သမီးရည်စား ရှာဖို့ဆိုတာ လွတ်လပ်မှုမရှိဘဲ အခုလို အွန်လိုင်းချက်တင်းကနေ တစ်ဆင့်အွန်လိုင်းပေါ်မှာ တွေ့ကြဆုံကြ၊ ရင်းနှီးကြရာက ချစ်သူရည်းစာဘ၀ ရောက်ကြရတာတွေလည်း ရှိကြပါတယ်။ ဒီလို အွန်လိုင်းကတစ်ဆင့် ချစ်သူဖြစ်ပြီး နောက်စိတ်တူကိုယ်တူနဲ့ ဘ၀ကို အတူလက်တွဲ တည်ဆောက်သွား ကြတာတွေလည်း ရှိပါတယ်။ အဲဒီလို သူတွေအတွက်တော့ အွန်လိုင်းချက်တင်းဆိုတာ မြားနတ်မောင်ပါပဲ။ ဒါမျိုးဆိုရင်တော့ အွန်းလိုင်း ချက်တင်းအလုပ်ဟာ ကျေးဇူးများတယ်လို့ ပြောလို့ရပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ အဲလိုမဟုတ်ပါဘူး။ ဒီအွန်လိုင်းချက်တင်းကို အသုံးချပြီး လုပ်စားနေကြတာတွေ ရှိတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မြန်မာပြည်ဘက်မှာ ရှိနေကြတဲ့ မိန်းကလေးတစ်ချို့ဟာ အင်တာနက်ဆိုင်တွေမှာ ထိုင်ပြီး ပြည်ပမှာရှိတဲ့ အမောင်တွေနဲ့ ချက်တင်းမှာဆုံကြ၊ တွေ့ကြ၊ မိတ်ဆက်ကြနဲ့ နောက်ဆုံး အွန်လိုင်းချစ်သူတွေ အဖြစ်ရောက်အောင် ကြိုးစားပြီးမှ ပြည်ပမှာ ရှိတဲ့ အမောင်တွေဆီကနေ အိမ်မှာဘာဖြစ်လို့၊ ဘယ်လိုဖြစ်လို့၊ အဖေကဘာဖြစ်လို့၊ အမေက ဘယ်လိုဖြစ်လို့ စတဲ့အပြောတွေနဲ့ လုပ်ကြံဖန်တီး ပြောဆိုပြီး ဘာပို့ပေးဖို့ ညာပို့ပေးဖို့ တောင်းဆိုကြတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အမောင်ယောက်ျားများကလည်း ကရုဏာတရား အားကြီးကြတော့ မာတုဂါမလေးတွေရဲ့ ပြောစကားတွေမှာ သနားကရုဏာတွေပိုပြီး ပို့ပေးရတာတွေလည်း မနည်းဘူးလို့ ဆိုပါတယ်။ တစ်ခါတစ်လေ ပစ္စည်းဥစ္စာ၊ ငွေကြေးလေးတွေ ပို့ရလို့ ကုန်တာတွေတောင် မဟုတ်တော့ဘူး။ အွန်လိုင်းကနေ ချက်ရတာ အားမရလို့ ဖုန်းနဲ့ပါ ပြောဖြစ်ကြတဲ့အတွက် ဆောင်လိုက်ရတဲ့ ဖုန်းဘေ (phone bill) တွေကလည်း တော်တော်ထိတယ်လို့ ဆိုပါတယ်။ ဘုန်းဘုန်းတို့နဲ့ သိတဲ့ဒကာလေး တစ်ယောက်ဆို အဲဒီလို အွန်လိုင်းက ဖြစ်ခဲ့တဲ့ ဒကာမလေးကို စွဲလမ်းပြီး အလုပ်လုပ်နေရင်းတောင် ဖုန်းတွေတဂွမ်ဂွမ် ဆက်ဖြစ်နေလို့ အဲဒီလမှာ ဖုန်းဘေရှင်းရတာ သိန်းနှစ်ဆယ်လောက် ကျသွားတယ်လို့ ဆိုပါတယ်။ ယုံနိုင်စရာမရှိပေမယ့် တကယ်ဖြစ်ခဲ့တာဆိုတော့ ပြောမယုံ ကြုံဖူးကြသူတွေကတော့ သိနေကြမှာ ဖြစ်ပါတယ်။

ဒီအဖိုအမဆိုတဲ့ ဓာတ်သဘောကလည်း စွဲလမ်းတတ်တဲ့ သဘောရှိတဲ့အတွက် စမိရင် ဖြတ်ရခက်တတ်ပါတယ်။ အဝေးမှာ ဖြစ်နေပေမယ့် စိတ်ခံစားချက်က ရှိနေကြတော့ အွန်းလိုင်းကနေ တစ်ဆင့်တွေ့ဆုံ၊ ရေးသား၊ ပြောဆို နေကြရတာကိုပဲ အရသာတစ်ခုဖြစ်ကာ စွဲလမ်းနေကြတာတွေ ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်လိုတာက တစ်ကြောင်း၊ အပျော်သဘော စမ်းချင်ကြတာက တစ်ကြောင်း၊ အလုပ်မရှိ၊ အချိန်ပိုတွေ ရှိနေတာက တစ်ကြောင်း စတဲ့စတဲ့ အကြောင်းတွေကြောင့် ပြည်တွင်း၊ ပြည်ပမှာ ရှိနေကြတဲ့ အမောင်မင်း၊ အမယ်မင်းတွေဟာ ချက်တင်းဝင်ကာ အလုပ်ကိုယ်စီ ရနေကြတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတတ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ပဲ အလွန်အကျွံမဖြစ်အောင် ထိန်းသိမ်းကြဖို့ပဲ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို အစွန်းရောက်သွားရင် ဒုက္ခဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် အစွန်းမရောက်အောင် ကိုယ်ကိုယ့်ကို သတိပြုဆင်ခြင်ကြဖို့ပဲ ဖြစ်ပါတယ်။ Globalization ခေတ်ကြီးမှာ ကမ္ဘာအရပ်ရပ်မှာ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းတွေရှိတာ ကောင်းပေမယ့် တစ်ဦးနဲ့တစ်ဦး ရိုးသားမှုနဲ့ ရိုင်းပင်းမှု ရှိကြဖို့တော့ လိုပါတယ်။ အလိမ်အကောက်တွေနဲ့ ဟန်ဆောင်လိမ်ညာမှု မရှိဘဲ စိတ်စေတနာ ကောင်းတွေနဲ့ မိတ်ကောင်းဆွေကောင်းတွေ ဖြစ်အောင် ကြိုးစားဖို့ လိုပါတယ်။ A friend in need is a friend indeed လို့ဆိုသလို မိတ်ကောင်းဆွေကောင်းဆိုတာ မရှိအတူ ရှိအတူ သဘောမျိုး ဖြစ်နေကြဖို့ လိုပါတယ်။ အဲဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ကျေးဇူးပြုနေကြမယ်ဆိုရင် ဘယ်နေရာ၊ ဘယ်ဒေသမှာမဆို အသိအကျွမ်း ရှိနေကြတာ အကောင်းဆုံး ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက ဘုန်းဘုန်းရဲ့ အတွေ့အကြုံကို အခြေခံတဲ့ အွန်းလိုင်းချက်တင်း အကြောင်းပါ။ အွန်းလိုင်းချက်တင်းနဲ့ ပတ်သက်တဲ့ သတိပြုစရာ အချက်လေးတွေပါ။ အမောင်တို့အမယ်တို့ အွန်လိုင်းချက်တင်း ၀င်ကြတဲ့အခါ ကောင်းတာတွေရှိသလို ဆိုးတာတွေလည်း ရှိတတ်တဲ့အတွက် အကောင်းတွေကိုယူပြီး အဆိုးတွေကို မယူမိအောင် ဂရုပြုကြဖို့ပါ။ အွန်လိုင်းချက်တင်း လုပ်တဲ့အခါ တစ်ဘက်သူကို သေသေချာချာ စုံစမ်းကြည့်ကြဖို့ပါ။ အွန်လိုင်းပေါ်မှာ တွေ့တာလေးတွေနဲ့ အယုံအကြည် မလွန်မိကြဖို့ပါ။ တစ်ခါတစ်လေ အွန်လိုင်းမှာ တွေ့ကြတဲ့သူတွေဟာ အိမ်ထောင်ရှိသူတွေ ရှိသလို၊ မရှိသူတွေလည်း ရှိပါတယ်။ ချစ်သူရည်စားရှိသူတွေ ရှိသလို မရှိသူတွေလည်း ရှိတတ်ပါတယ်။ အိမ်ထောင်ရှိသူတွေကလည်း မရှိသလို လိမ်ညာတတ်ကြသလို ချစ်သူရည်စား ရှိထားသူတွေကလည်း မရှိသလို လိမ်ညာပြီး ကိုယ့်ဆီက ရသမျှယူစား ချူစားတတ်တာတွေ ရှိတဲ့အတွက် အမောင်တို့အမယ်တို့ အနေနဲ့ ချက်ရာကနေ ရှက်စရာတွေ မဖြစ်အောင် သတိတရားနဲ့ အသိမမှားကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အွန်လိုင်းချက်တင်းတွေ အပေါ်မှာ အစွဲလမ်းကြီး စွဲလမ်းနေကြတဲ့ အမောင်တို့အမယ်တို့ အနေနဲ့ စွဲလမ်းရာမှ ဘေးမဖြစ်ကြစေဖို့၊ ဘာမှတိတိကျကျ မသိရသေးတဲ့ တစ်ဖက်သူအပေါ်မှာ အယုံအကြည် လွယ်ပြီး အလိမ်အညာတွေနောက် ကောက်ကောက်မပါမိကြစေဖို့၊ ကိုယ့်အနေနဲ့လည်း ခဏတာ သာယာမှုအပေါ်မှာ ဘ၀နှစ်ခါ မနာမိကြစေဖို့ စတာစတာတွေအတွက် ချက်လည်းချက် ပျက်လည်းမပျက်အောင် နှစ်ဦးနှစ်ဘက် ရိုးသားမှုနဲ့အတူ အကျိုးများအောင် ပြုကြဖို့တိုက်တွန်းရင်း ချက်တာပဲဖြစ်ဖြစ်၊ တော့တာပဲဖြစ်ဖြစ် ဘယ်လိုကိစ္စမျိုးမှာမဆို အလွန်အကျွံမဖြစ်အောင် သတိပြုကြပါလို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါကြောင်း….။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ