အသွင်မတူ အိမ်သူမဖြစ်…

“အသွင်မတူ အိမ်သူမဖြစ်”တဲ့။ ပို့စ်ခေါင်းစဉ်လေးကတော့ ဘုန်းကြီးနဲ့ လားလားမှမသက်ဆိုင်တဲ့ ခေါင်းစဉ်လေးပါ။ အိမ်ယာတည်ထောင် လူဘောင်ကိစ္စကို အိမ်ရာမထောင် ရဟန်းဘောင်က ရဟန်းတစ်ပါးက ပြောလာတာဆိုတော့ ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ လူ့အလုပ် ဝင်ရှုပ်တယ်လို့ ပြောစရာ ဖြစ်နိုင်ပါတယ်။ ပြောလည်းမတတ်နိုင်ဘူး ပြောပါစေတော့။ အမျိုးသားရေးနဲ့ ပတ်သက်လာခြင်း၊ ဒါမှမဟုတ် ဘာသာတရားဆိုင်ရာ အဆုံးအမများနဲ့ ပတ်သက်လာခြင်း၊ ကိုယ့်ကျင့်တရားဆိုင်ရာ လျော့နည်းလာမှုတွေနဲ့ ဆက်စပ်လာခြင်းတွေကြောင့် တိုက်ရိုက်မဆိုင်ပေမယ့် ဆိုင်သလောက်လေး ဝင်ပြောကြည့်တဲ့ သဘောပဲ ဖြစ်ပါတယ်။ စေတနာကောင်းနဲ့ အသိပေးခြင်းဆိုလည်း မမှားပါဘူး။ ပြောချင်တာက ဘယ်နိုင်ငံ ဘယ်လူမျိုး အကြောင်းမှ မဟုတ်ပါဘူး။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအကြောင်းကို ပြောချင်တာပါ။ အထူးသဖြင့် ပြည်ပရောက် ဘုန်းဘုန်းတို့ မြန်မာများအကြောင်း တစ်စေ့တစ်စောင်း ပြောချင်တာ ဖြစ်ပါတယ်။

အခုတစ်လော ပြည်ပရောက် မြန်မာအချို့ရဲ့ အိမ်ထောင်ရေး ပြဿနာလေးတွေကို မကြာမကြာ ကြားလာရပါတယ်။ တစ်ဆင့်စကားနဲ့ပဲ ဖြစ်ဖြစ်၊ လူကိုယ်တိုင် လာရောက်ပြောတာတွေကြောင့်ပဲ ဖြစ်ဖြစ် ကြားနေရတာတွေက စိတ်မသက်သာစရာတွေပါပဲ။ အိမ်ထောင်ရေး ပြဿနာဆိုတော့ တရားဝင် အိမ်ထောင်ကျပြီးသူတွေ အများစုပဲပေါ့။ “တစ်ချို့လည်း ပြည်ပမှာ အလုပ်လာလုပ်နေရင်း ပြည်တွင်းမှာ ကျန်ခဲ့တဲ့ အိမ်သူသက်ထားက အိမ်ထောင်ရေး ဖောက်ပြန်တဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ ကုန်းရုန်းပြီး ကြိုးစားပန်းစား ရှာဖွေစုဆောင်း ပို့ပေးပေမယ့် ပြည်တွင်းမှာရှိတဲ့ မယ်တော်က ပို့သမျှတွေကို အမျိုးမျိုးသုံးစွဲကာ အပျိုလုပ်နေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပို့သမျှငွေကြေးတွေကို အိမ်သူသက်ထားက တစ်နေရာမှာ တစ်ခြားတစ်ယောက် နာမည်နဲ့ ဘာဝယ်ညာဝယ်လုပ်ပြီး ပြည်ပက ကိုရွှေချောဆီ ဘာလုပ်ထားလို့ ဘယ်လောက်ပို့ပေးပါဦး စသဖြင့် တောင်းဆိုလာလို့ စုံစမ်းကြည့်တဲ့အခါ မယ်တော်က တခြားတစ်ယောက်နဲ့ နောက်မီးလင်းနေတဲ့ ပြဿနာ၊ တစ်ချို့လည်း ပြည်ပမှာ နှစ်တွေကြာလာတော့ ပြည်တွင်းပြန်ပြီး မိသားစုနဲ့ နေဖို့အိမ်အပြန်မှာ ပြည်တွင်းမှာရှိတဲ့ အိမ်သူသက်ထားက ရပ်ကွက်ထဲက ငနဲတစ်ယောက်နဲ့ ဘာလိုလိုဖြစ်ပြီး လိုက်ပြေးလို့ ဟိုရောက်မှ ဒုက္ခဖြစ်ရတဲ့ ပြဿနာ” စသဖြင့် ကြားရတဲ့ သတင်းတွေက နားဝမှာခါးလှတဲ့အပြင် သူတို့အပူတွေကြောင့် နားထောင်ပေးရတဲ့ ဘုန်းဘုန်းမှာတောင် စိတ်မသက်မသာ ဖြစ်လာခဲ့ရပါတယ်။

တစ်လောကတောင် ဒကာတစ်ယောက် ကျောင်းကိုရောက်လာပြီး သူ့ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ လက်တွေ့ဇာတ်လမ်းလေးတွေကို ပြောပြသွားတာကို နားထောင်လိုက်ရပါသေးတယ်။ သူ့က “ပြောရရင် အရှင်ဘုရား… ပြည်ပမှာ အတော်ကြာနေတဲ့ သူအချို့ကျပြန်တော့ အိမ်ကိုလည်း ပြန်ပြီးအဆက် အသွယ်မလုပ်ဘဲ ပျော်သလို နေလိုက်ကြတာတွေ ရှိတယ်ဘုရား၊ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အိမ်ထောင်ရှင်မ အနေနဲ့ ယောက်ျားလုပ်သူထံက စာမလာ သတင်းမကြား၊ ပိုက်ဆံလည်းမပို့ဘဲ အဆက်ဖြတ်ထားတဲ့အတွက် ကလေးတစ်ယောက်နဲ့ ဒုက္ခဖြစ်ရတာတွေ ရှိနေပြန်တော့ မထူးပါဘူးဆိုပြီး မထူဇာတ် ခင်းသွားတဲ့ အဖြစ်တွေလည်း ရှိတတ်ပါတယ်၊ အရင်းစစ်တော့ ဟိုဘက်ကလည်း ဟိုဘက်အလွန်တွေ ရှိတတ်ပေမယ့် အပြင်ရောက်နေတဲ့ ဒီဘက်လူတွေရဲ့ အလွန်တွေလည်း ရှိတတ်ပါတယ်၊ အသွင်မတူ အိမ်သူမဖြစ်ဆိုသလို ဒီဘက်က ဒီလိုတွေရှိနေတဲ့အတွက် ဟိုဘက်ကလည်း လူ့သဘာဝအရ နေချင်သလို နေပစ်တာတွေလည်း ရှိနိုင်တဲ့ သဘောလို့ ကောက်ချက်ချမယ်ဆိုလည်း ချနိုင်ပါတယ်ဘုရား…” စသဖြင့် သူ့အတွေ့အကြုံနဲ့ သူ့အမြင်လေးကို ပြောပြသွားပါတယ်။

အဲဒီဒကာ ပြောပြသွားတာလေးတွေကို သေချာပြန်တွေးကြည့်တော့ ဟုတ်သင့်သလောက်လည်း ဟုတ်နေပြန်ပါတယ်။ အသွင်မတူရင် အိမ်သူမဖြစ်ဘူး ဆိုတဲ့သဘောမှာ အိမ်သူဖြစ်ပြီးမှ အသွင်မတူအောင် အိမ်ထောင်ရှင်ဘက်က စည်းဖောက်တာတွေ ရှိလာကြမယ်ဆိုရင်တော့ အိမ်သူဘက်ကလည်း စည်းဖောက်တာတွေ ရှိကောင်း ရှိနိုင်တတ်ပါတယ်။ တကယ်တော့ အိမ်ထောင်တစ်ခု တည်မြဲဖို့၊ ဖောက်လွဲဖောက်ပြန် မရှိဖို့မှာ အဓိက အကျဆုံးက တစ်ယောက်ချင်းစီရဲ့ ပင်ကိုယ်အကျင့်သိက္ခာပဲ ဖြစ်ပါတယ်။ အကျင့်သိက္ခာကောင်းရှိကြတဲ့ အိမ်ထောင်ဖက်များ ဖြစ်နေကြမယ်ဆိုရင် ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်နေရာပဲ ရောက်ရောက် နှစ်ဦးနှစ်ဖက် စည်းမပျက်ဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိနေကြမှာ ဖြစ်ပါတယ်။

တစ်ချို့ကျတော့ အကျင့်သိက္ခာကို တစ်ဘဝတစ်နပ်စာနဲ့ မလဲနိုင်တဲ့သူတွေအဖြစ် ကြိုးစားတတ်တဲ့အတွက် ဘယ်သူက ဘယ်လိုပဲ ဖောက်ပြန်ဖောက်ပြန် ကိုယ်မဖောက်ပြန်အောင် နေထိုင်တတ်တာလည်း ရှိပါတယ်။ အိမ်ထောင်ရှင် ယောက်ျားဘက်က အဝေးရောက်နေလို့ အဆက်အသွယ်တွေ ပြတ်နေ၊ ဘာသတင်း ညာသတင်း ကြားနေပေမယ့် အိမ်သူသက်ထားကတော့ အိမ်ထောင်ရေး ဖောက်ပြန်မှု မရှိဘဲ ထိန်းသိမ်းနေထိုင်တတ်တာတွေ ရှိသလို အဝေးရောက် လင်ယောက်ျားကလည်း အဝေးရောက်နေတဲ့အခိုက် ဇနီးမယားရဲ့ ဘာသတင်းညာသတင်းတွေ ကြားနေရပေမယ့် ကိုယ့်ဘက်က မဖောက်ပြန်မိအောင် ကြိုးစားတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ တစ်ဦးချင်းစီရဲ့ အကျင့်သိက္ခာအပေါ် ထိန်းသိမ်းစောင့်ရှောက်မှုနဲ့လည်း သက်ဆိုင်သွားပါတယ်။

တစ်ချို့လည်း ကိုယ်ကိုယ်တိုင်က ပြည်ပမှာ နေချင်သလိုနေ၊ ပျော်ချင်သလိုပျော်နေပြီး ပြည်တွင်းမှာရှိတဲ့ သူကိုတော့ တာဝန်မကျေဘဲ လျစ်လျူရှုထားတာတွေလည်း ရှိတတ်ပါတယ်။ နောက်ပိုင်းအဆက်အသွယ် ပြန်လုပ်တဲ့အခါ ပြည်တွင်းမှာရှိတဲ့ အိမ်ထောင်ရှင်မဘက်က ဘာအသံ ညာအသံ ကြားလာတော့မှ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုတာတွေ လုပ်လာသူတွေလည်း ရှိတတ်ပြန်ပါတယ်။ ကိုယ်ကိုယ်တိုင်ကတော့ ဖြစ်သလိုပျော်ပါးနေပြီး ဟိုဘက်ကလူနဲ့ ပတ်သက်တဲ့ အသံတွေ ကြားလာတဲ့အပေါ်မှာကျတော့ မခံမရပ်နိုင်အောင် ဖြစ်နေတဲ့သဘောဟာ သေချာတွေးကြည့်တော့ အသွင်မတူအောင် ကိုယ်ကိုယ်တိုင်က အရင်စလုပ်ဖြစ်ခဲ့တာတွေ ရှိနေတယ်ဆိုတဲ့ အချက်က တန်ပြန်သက်ရောက်မှုရဲ့ သဘောတစ်ခုအဖြစ် မီးမောင်းထိုးပြနေသလို ဖြစ်နေပြန်ပါတယ်။

နောက် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေလည်း အများကြီးပါဝင်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ ထိန်းသိမ်းမှုမရှိ မြှောက်ပင့်ပေးတာတွေကြောင့် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေ ရှိတတ်သလို ပတ်ဝန်းကျင်ရဲ့ ကူညီထိန်းသိမ်းမှု အထောက်အကူကောင်းတွေကြောင့် အနေဝေးနေပေမယ့် တော်ရုံတန်ရုံ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ မဖြစ်ဘဲ တည်မြဲနေတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က အိမ်ထောင်ကျပြီး နှစ်ဘက်မိဘတွေနဲ့ ခွဲနေတဲ့အချိန်မှာ နိုင်ငံခြားထွက် အလုပ်လုပ်ကြရတဲ့ အခါမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ကျန်ခဲ့တဲ့သူဟာ နှစ်ဘက်အသိုင်း အဝိုင်းနဲ့ကင်းနေပြီး တစ်ယောက်တည်း လွတ်လွတ်လပ်လပ် အထိမ်းအကွပ် မရှိဘဲ ကာလအတော်ကြာအောင် နေကြရတာတွေလည်း ရှိတတ်ပါတယ်။ လူ့သဘာဝအရ လွတ်လပ်လာရင် စိတ်ကဖောက်ပြန်တတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့အလုပ်တွေ လုပ်လာတတ်ပါတယ်။ ပြီးတော့ တစ်ဘက်ကလည်း ရှာသမျှ ငွေကြေးတွေကို အထိန်းအကွပ်မရှိ ပို့ပေးနေတဲ့အခါမှာ ပိုက်ဆံကြောင့် မကောင်းတဲ့ဘက်မှာ ပျော်ပါးမှု များလာတာတွေအထိ ဖြစ်လာတတ်ပါတယ်။ လွတ်လပ်မှုရယ်၊ ပိုက်ဆံရယ်၊ အနေဝေးမှုတွေရယ်က လူ့စိတ်ကို ဖောက်ပြန်စေပြီး နောက်ဆုံးအိမ်ထောင်ရေး ဖောက်ပြန်လာတဲ့အထိ ဖြစ်တတ်ပါတယ်။ ဒါဟာ အိမ်ထောင်ကျပြီး အဝေးရောက်နေကြတဲ့ သီးသန့်အိမ်ထောင်ခွဲများမှာ ကြုံရတတ်တဲ့ ပြဿနာအချို့ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ ပြဿနာမှန်သမျှ အကြောင်းကြောင့် အကျိုးဖြစ်တဲ့ သဘောတွေပဲများပါတယ်။ ပြဿနာကို ဖြစ်အောင်ဖန်တီးတဲ့ အကြောင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှု သဘောမှာ ပြဿနာ ပြေလည်ကြောင်း အကြောင်းကိုရှာပြီး နှစ်ဦးနှစ်ဘက် ကြိုးစားနေထိုင်ကြမယ်ဆိုရင် ဒီအိမ်ထောင်ရေး ပြဿနာဟာလည်း အထိုက်အလျောက် ပြေလည်သွားနိုင်စရာ အကြောင်းရှိပါတယ်။ အဓိကကတော့ တစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်တရားက အဓိကဖြစ်နေပြီး အိမ်ထောင်ရှင်တွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု တွေကလည်း တစ်ဘက်တလမ်း အထောက်အပံ့ကောင်းတွေ ဖြစ်လာတတ်ပါတယ်။ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်အောင် နေမယ်ဆိုတဲ့ စိတ်ဓာတ်ကောင်းသာ နှစ်ဦးစလုံး လက်ကိုင်သုံးနိုင်မယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားကောင်းတွေ ဖြစ်လာကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက အဝေးရောက် ရွှေမြန်မာများနဲ့ ပြည်တွင်းနေ အိမ်ရှင်မများကြား အဖြစ်များလာတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အတွင်းရော၊ အပြင်ကပါ ဝိုင်းဝန်းထိန်းသိမ်းပေးဖို့ လိုလာပြီဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု တည်မြဲဖို့အတွက် အဓိကကြည့်ရမှာက နှစ်ဦးစလုံးရဲ့ ကိုယ်ကျင့်တရားပိုင်းကို အဓိကကြည့်ဖို့ လိုအပ်လာပြီး အသွင်တူတဲ့ အိမ်သူတွေဖြစ်ဖို့အတွက် အပြင်ရောက်နေသူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို အတွင်းမှာကျန်ခဲ့သူတွေ ဘက်ကလည်း ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိတတ်တဲ့အတွက် ကိုယ်ကောင်းရင်သူလည်း ကောင်းမှာဖြစ်ပြီး ကိုယ်ဆိုးရင် သူလည်းဆိုးလာတတ်တဲ့ သဘောကို သတိပြုဆင်ခြင်ကာ ကိုယ်လည်းကောင်း သူလည်းကောင်းအောင် နေကြဖို့ လိုအပ်ပါတယ်။ ကိုယ်လည်းကောင်းအောင်နေ သူ့ကိုယ့်လည်း ကောင်းအောင်နေအောင် ပြုပြင်ထိန်းသိမ်းပေးဖို့လည်း လိုအပ်လှပါတယ်။ ကိုယ်ကောင်းရင်ပြီးတာပဲ သူ့ဟာသူ ဘာဖြစ်ဖြစ်ဆိုပြီး လွှတ်ထားတဲ့အခါ လွတ်သွားတာတွေလည်း ရှိတတ်တဲ့အတွက် ပြည်တွင်းမှာ ရှိနေတဲ့သူရော၊ ပြည်ပမှာရောက်နေတဲ့သူကပါ အချင်းချင်း ထိန်းသိမ်းစောင့်ရှောက် ပေးကြဖို့ လိုပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး ထိန်းထိန်းသိမ်းသိမ်းနဲ့ မတူတာကို တူအောင်ညှိပြီး နေနိုင်ကြမယ်ဆိုရင်တော့ အသွင်တူတဲ့ အိမ်သူအိမ်သားတွေ ဖြစ်လာမှာဖြစ်ကာ အသွင်တူလာရင် အိမ်ထောင်ရေး ဖောက်ပြန်မှုတွေလည်း တဖြည်းဖြည်း နည်းလာမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အချုပ်ပြောချင်တာက အသွင်တူပါတယ်ဆိုကာ ယူလာကြပြီးမှ အိမ်ထောင်ရေးဖောက်ပြန်တဲ့အထိ အသွင်မတူ ဖြစ်လာကြတဲ့ ပြဿနာများမှာ အသွင်မတူအောင် လုပ်လာကြတဲ့ အိမ်ထောင်သည်များရဲ့ နှစ်ဦးနှစ်ဖက် အကျင့်သိက္ခာ လျော့နည်းလာခြင်းများက အဓိက အကြောင်းတစ်ရပ်လို ဖြစ်လာတဲ့အတွက် အိမ်ထောင်ရေး ဖောက်ပြန်မှုများ အဖြစ်နည်းလာအောင် တစ်ဦးချင်းစီက ကိုယ့်အကျင့်သိက္ခာကို ကိုယ်လုံအောင်ထိန်းကြရမှာ ဖြစ်ကြောင်း၊ ကိုယ်ပျက်ရင် သူလည်းပျက်လာတတ်တဲ့ သဘောရှိတဲ့အတွက် ဘယ်မှာပဲနေနေ ကိုယ်ကိုယ်တိုင်က မပျက်အောင် ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်းနဲ့ အဝေးရောက်နေသူတွေရော အတွင်းမှာ ရှိနေသူတွေပါ အလွယ်တကူ ဖောက်ပြန်မှုများ မဖြစ်ကြစေဖို့ ပတ်ဝန်းကျင်ကောင်းများ၊ မိတ်ကောင်းဆွေကောင်းများရဲ့ အကူအညီကိုယူကာ ကိုယ်ကိုယ်တိုင်ရဲ့ လိမ္မာပါးနပ်မှုနဲ့ ထိန်းသိမ်းပေးမှုကောင်းတွေလည်း လိုအပ်တဲ့အတွက် တစ်ဦးနဲ့တစ်ဦး ထိန်းသိမ်းမှုလည်း ပြုကြရမှာဖြစ်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် တစ်စတစ အဖြစ်များလာကြတဲ့ အိမ်ထောင်ရေး ဖောက်ပြန်မှုများဟာ အသွင်မတူတာတွေက စပြီး ဖြစ်လာကြတာ ဖြစ်တဲ့အတွက် အိမ်သူအိမ်သားအားလုံး အသွင်မတူတာတွေ မဖြစ်အောင် နှစ်ဦးနှစ်ဘက် အကျင့်မပျက်ကြဖို့ ကြိုးစားနေထိုင်ကြပါလို့ တိုက်တွန်းရင်း အကျင့်ကောင်းများနဲ့ ပေါင်းစပ်ထားတဲ့ အသွင်တူတဲ့ အိမ်ထောင်ဘက်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုကာ လူ့အလုပ်ကို ဝင်ရှုတ်မိတဲ့ ပို့စ်တစ်ခုအနေနဲ့ အမုန်းခံကာ တင်ပြလိုက်ရပါတယ်။

Read more »

လုံခြုံရေး…

လောကီဘုံသား လူအများအတွက် ဘဝမှာ လုံခြုံရေးက သိပ်အရေးကြီးပါတယ်။ အထူးသဖြင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံရေးတွေဟာ လူတိုင်းလူတိုင်းအတွက် တကယ့်ကိုပဲ အရေးကြီးတဲ့ အရာတွေ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ ပစ္စည်းဥစ္စာများ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ဖို့၊ လက်ရှိရရှိထားတဲ့ လူ့ဘဝလိုမျိုး ကောင်းတဲ့ ဘဝခန္ဓာကနေ နိမ့်ကျမသွားဖို့နဲ့ ကောင်းတဲ့စိတ်စေတနာလေးတွေ မယိမ်းယိုင်သွားဖို့ ဆိုတဲ့အချက်တွေဟာ လူတိုင်းတောင့်တနေတဲ့ အရာတွေဖြစ်သလို ဒီတောင့်တချက်များ ပြည့်စုံဖို့လည်း နည်းအမျိုးမျိုးနဲ့ ကြိုးစားနေတတ်ကြပါတယ်။ လူအတော်များများဟာ တောင့်တပေမယ့်လည်း တောင့်တတဲ့အတိုင်း မပြည့်နိုင်ပဲ ဖြစ်နေကြသလို စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတို့ရဲ့ လုံခြုံရေးအတွက်လည်း အာမခံချက် မပေးနိုင်ဘဲ ဖြစ်နေတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓဘုရားရှင်ရဲ့ စစ်မှန်တဲ့ လမ်းညွန်မှုအတိုင်း လက်တွေ့လိုက်နာ ကျင့်ကြံသူများကတော့ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် ကောင်းကောင်းကြီး အာမခံနိုင်ကြမှာ ဖြစ်သလို လက်တွေ့လည်း လုံခြုံစိတ်ချနေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်က စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်စေတနာရဲ့ လုံခြုံရေးအတွက် အကောင်းဆုံးလမ်းတွေကို ညွန်ပြပေးတော်မူပါတယ်။ ဘုရားရှင် ပေးတော်မူတဲ့ လမ်းစဉ်ဟာ ကိုယ်ကိုယ်တိုင် လက်တွေ့လိုက်နာ ကျင့်သုံးရမယ့် လမ်းစဉ်သာဖြစ်ပြီး သူများက အစားထိုးလုပ်ပေးလို့ရတဲ့ နည်းစနစ် မဟုတ်ပါဘူး။ ဒါကြောင့် တကယ့်ကိုပဲ မိမိတို့ လိုလားတောင့်တတဲ့ လုံခြုံရေးကို လိုချင်တဲ့သူများ အတွက်တော့ ဘုရားပေးတဲ့ လမ်းစဉ်ဟာ အကောင်းဆုံး လက်တွေ့အသုံးချ လမ်းစဉ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါတယ်။

ဘုရားပေးတဲ့ ဒီလမ်းစဉ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ဒါနပြုရေး၊ သီလဆောက်တည်ရေး၊ ဘာဝနာပွားရေး လမ်းစဉ်ပဲဖြစ်ပါတယ်။ ဒါနဟာ စည်းစိမ်ဥစ္စာများ လုံခြုံရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး သီလကတော့ ဘဝလုံခြုံရေးအတွက် အာမခံပေးမှာဖြစ်ကာ ဘာဝနာကတော့ စိတ်ဓာတ်လုံခြုံရေးအတွက် တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ ဒါနလုပ်နေသူဟာ စည်းစိမ်ဥစ္စာများ လုံခြုံအောင် လုပ်နေသူဖြစ်ပြီး သီလစောင့်ထိန်းနေသူဟာ ဘဝလုံခြုံအောင် လုပ်နေသူဖြစ်ကာ ဘာဝနာအလုပ် အားထုတ်နေသူကတော့ စိတ်လုံခြုံအောင် လုပ်နေသူပဲ ဖြစ်ပါတယ်။ ဒါနသီလဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်နေသမျှ ဒီကုသိုလ်တွေရဲ့ တန်ခိုးတွေဟာလည်း တိုးပွားနေမှာဖြစ်ပြီး ဒီလိုတန်ခိုးတွေ ပိုင်ဆိုင်းထားသူတွေဟာလည်း တကယ့်ကို တန်ခိုးရှင်တွေဖြစ်နေကာ တန်ခိုးကြီးလေ လုံခြုံစိတ်ချမှုလည်း အားကြီးလေပဲ ဖြစ်နေမှာ ဖြစ်ပါတယ်။

တကယ်တော့ လောကသားများ လိုလားတောင့်တပါတယ် ဆိုတဲ့ စည်းစိမ်ဥစ္စာ၊ ဘဝခန္ဓာနဲ့ စိတ်စေတနာတွေရဲ့ လုံခြုံစိတ်ချရေးဟာ ဒါနသီလဘာဝနာတွေကလွဲလို့ တခြားအရာတွေနဲ့ ထိန်းပေးလို့ မရပါဘူး။ တစ်ခြားတခြားသော တန်ခိုးရှင် ဖန်တီးရှင်တွေက ဘယ်လိုပုံစံမျိုးနဲ့ပဲ လုံခြုံစိတ်ချအောင် ထိန်းသိမ်းနိုင်ပါစေ ဒါနလုပ်ပြီး၊ သီလဆောက်တည်ပြီး၊ တရားဘာဝနာ အားထုတ်ပြီး ထိန်းတာလောက် ဘယ်လိုမှ စိတ်ချအောင် လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလုံခြုံမှုတွေဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှ လုပ်ပေးနိုင်တဲ့ အရာတွေ မဟုတ်လို့ဘဲ ဖြစ်ပါတယ်။

ဒီနေ့ခေတ် လူအတော်များများ ကြိုးစားနေကြတာက စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို အဓိကထား ကြိုးစားနေကြတာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချရေးဟာ အတော့်ကို စိုးရိမ်စရာ ဖြစ်ပါတယ်။ ဘယ်နေရာမှာပဲထားထား၊ ဘယ်လိုလူကပဲ စောင့်ရှောက်စောင့်ရှောက် ဒီပစ္စည်းဥစ္စာတွေရဲ့ လုံခြုံမှုဟာ စိတ်မချရပါဘူး။ ဒီစည်းစိမ်ဥစ္စာတွေဟာ အမြဲစိုးရိမ်မှုကို ဖြစ်စေတတ်တဲ့အပြင် ရေး၊ မီး၊ မင်း၊ ခိုးသူ မချစ်မနှစ်သက်သူဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့လည်း အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အချိန်မရွေး၊ နေရာမရွေး ပျောက်ပျက်တတ်တဲ့ သဘောရှိနေပါတယ်။ စည်းစိမ်ဥစ္စာရဲ့ သဘောဟာ ထိုက်မှရတတ်တဲ့ သဘောရှိတဲ့ အတွက်ကြောင့် ဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုဆောင်းပေမယ့် အချိန်တန်တော့လည်း ပျောက်ပျက်သွားတတ်ပြန်ပါတယ်။ တစ်ခါတလေ ဒီပစ္စည်းဥစ္စာတွေ မပျောက်ပျက်အောင် နည်းအမျိုးမျိုးနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေမယ့်လည်း သူ့ရဲ့လုံခြုံစိတ်ချမှုဟာ နည်းနည်းမှ အာမခံချက် မပေးနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုဟာ ဒါနပြုခြင်းမှတပါး အခြားမရှိဘူးဆိုတဲ့ အဖြေပဲ ထွက်လာခဲ့တော့တာ ဖြစ်ပါတယ်။

ဒါနပြုခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ ပျောက်ပျက်မှုကနေ ကာကွယ်ပေးခြင်းဖြစ်သလို ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံတိုးပွားမှုကိုလည်း ထိန်းသိမ်းပေးခြင်း ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ စည်းစိမ်ဥစ္စာတွေဟာ ကိုယ်မသေခင်မှာလည်း အချိန်မရွေး ပျက်စီးဆုံးရှုံးသွားတတ်သလို သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံမှုနဲ့ နောင်သံသရာအတွက် ယူဆောင်သွားမှုတို့အတွက် ဒီစည်းစိမ် ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ပေးခြင်းမှတပါး အခြားမရှိဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ရှာဖွေစုဆောင်းထားတဲ့ အရာတွေကို အရင်းပြုပြီး စိတ်စေတနာ ကောင်းကောင်းနဲ့ ပေးကမ်းလှူဒါန်းမှုကို ပြုပေးခြင်းဟာ ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံစိတ်ချမှုအတွက် ထာဝရမပျက်စီးနိုင်တဲ့ အနုဂါမိက ရွှေအိုးမြုပ်နေတာ ဖြစ်တဲ့အတွက် များများပြုနိုင်လေ များများလုံခြုံစိတ်ချရလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးအတွက် ဒါနပြုပေးရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဒီလိုပါပဲ။ ဘဝခန္ဓာ လုံခြုံရေးအတွက်လည်း သီလဆောက်တည်ပေးရမှာ ဖြစ်ပါတယ်။ ဘဝခန္ဓာဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ ဆက်ဆံနေရတဲ့အတွက် အနှစ်ချုပ်ကြည့်ရင် ဘာမှမက်စရာ မရှိလှပါဘူး။ ဒီလို အနှစ်မရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ အတွက်ကြောင့်လည်း ဒီဘဝ၊ ဒီခန္ဓာကို အမှီပြုပြီး ဖြစ်လိုက်ရတဲ့ရောဂါ၊ ဖြစ်လိုက်ရတဲ့ ပြဿနာတွေဟာ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ ရုပ်ခန္ဓာရှိနေသမျှ ရောဂါဆိုတာလည်း ရှိနေမှာဖြစ်တဲ့အတွက် ရောဂါစုကြီးကို ပိုင်ဆိုင်ထားတဲ့ သတ္တဝါတွေဟာ ဒီဘဝဒီခန္ဓာရဲ့ လုံခြုံမှုအတွက် သီလကလွဲပြီး တခြားဘယ်အရာတွေနဲ့မှ ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။

သီလဆိုတာ ကိုယ်ကျင့်သီလဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင် ကျင့်ကြံပြီး ကိုယ့်ရဲ့ဘဝကို လှအောင်၊ ကိုယ့်ရဲ့ဘဝကို လုံခြုံအောင် သီလအကျင့်နဲ့ပဲ ထိန်းပေးရမှာ ဖြစ်ပါတယ်။ ဘဝကောင်းဖို့နဲ့ ရရှိလာတဲ့ ဘဝခန္ဓာလှဖို့၊ လုံခြုံဖို့အတွက် သီလအကျင့်က အရမ်းအရေးကြီးပါတယ်။ ရောဂါတွေနဲ့ ဆက်ဆံရတဲ့ ဒီဘဝဒီခန္ဓာကြီးမှာ ရောဂါပေါင်းစုံ ရနေခြင်းဟာ တစ်နည်းပြောရရင် သီလမလုံခြုံတဲ့ အတွက်ကြောင့်လို့လည်း ပြောနိုင်မှာ ဖြစ်ပါတယ်။ သီလမလုံခြုံတဲ့အတွက် ဘဝခန္ဓာဟာလည်း လုံခြုံစိတ်ချမှု မရှိဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ လက်တွေ့ဘဝတွေမှာ ကြည့်လိုက်မယ်ဆိုရင် ခန္ဓာရတဲ့သူချင်းအတူတူ တစ်ချို့က ကိုယ်လက်အင်္ဂါ စုံစုံလင်လင်နဲ့ ဖြစ်နေရသလို၊ တစ်ချို့ကတော့ ခြေမစုံလက်မစုံ ဖြစ်လာသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချို့က ကျန်းမာရေး ကောင်းနေပေမယ့် တစ်ချို့ကျတော့ မွေးကတည်းက အနာရောဂါ အစုံနဲ့ မွေးလာသူတွေ ရှိနေပြန်ပါတယ်။ တစ်ချို့ဆိုရင် ဘဝခန္ဓာ ရလာပေမယ့် လူ့ဘဝလူ့ခန္ဓာ မဟုတ်ဘဲ အလွန်နိမ့်ကျတဲ့ တိရစ္ဆာန်ဘဝခန္ဓာ ရလာသူတွေအထိ ရှိတတ်ပါတယ်။ အရင်းစစ်တော့ ဒါဟာ သီလမလုံလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝခန္ဓာလုံခြုံဖို့အတွက် သီလဆောက်တည်ခြင်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

နောက် အရေးကြီးဆုံးဖြစ်တဲ့ စိတ်လုံခြုံဖို့ အတွက်ကတော့ ဘာဝနာနဲ့ ခြုံကြရမှာ ဖြစ်ပါတယ်။ သိတဲ့အတိုင်းပဲ စိတ်ဆိုတဲ့သဘောဟာ တဒင်္ဂအခိုက်အတန့်အတွင်းမှာ အရာအထောင်မက ပြောင်းလဲဖြစ်ပျက်တတ်တဲ့ သဘောရှိပါတယ်။ အထူးသဖြင့် အာရုံပေါင်းစုံနဲ့ အတွေးပေါင်းစုံရဲ့ ချယ်လှယ်မှုကြောင့် စိတ်အစဉ်ဟာ အမြဲမပျက် ဖောက်ပြန်နေတတ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့ သဘောကိုက ကောင်းတဲ့သဘောကနေ မကောင်းတဲ့သဘောကို ရောက်ရှိသွားတဲ့ သဘောဖြစ်တဲ့အတွက် စိတ်မှာများများ ဖောက်ပြန်လေ အဲဒီစိတ်ပိုင်ရှင်မှာ မကောင်းတဲ့သဘောတွေ များများတိုးလေလေ ဖြစ်နေမှာဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်နဲ့နေနေရလေ လုံခြုံစိတ်ချရမှုလည်း နည်းလေလေ ဖြစ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမကောင်းတဲ့ စိတ်အတွေးတွေနဲ့ မလုံမခြုံဖြစ်တတ်တဲ့ စိတ်ကို လုံခြုံစိတ်ချမှု ရှိရလေအောင် ဘာဝနာနဲ့ ထိန်းပေးဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာဝနာ အလုပ်ဟာ စိတ်အစဉ်ကို ထိန်းချုပ်ပေးတဲ့ စိတ်ထိန်းကိရိယာ တစ်ခုပဲ ဖြစ်ပါတယ်။ အာရုံတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ ပွားများအားထုတ်ပြီး ထိန်းပေးတဲ့ သမထဘာဝနာပဲ ဖြစ်ဖြစ်၊ စိတ်နဲ့ရုပ်မှာ ပေါ်လာသမျှ အာရုံတွေကို ကိလေသာ ကြားမခိုအောင် သတိကပ်ပြီး အရှိအတိုင်း ဉာဏ်နဲ့ယှဉ်ကာ သိမှတ်ပေးရတဲ့ ဝိပဿနာ ဘာဝနာပဲ ဖြစ်ဖြစ် ဘယ်လိုဘာဝနာ အလုပ်ကိုပဲ လုပ်နေလုပ်နေ ဒါဟာ စိတ်ကိုလုံခြုံအောင် လုပ်ပေးနေတာ ဖြစ်တဲ့အတွက် များများလုပ်နိုင်လေ စိတ်မှာများများ လုံခြုံလေပဲ ဖြစ်ပါတယ်။ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်မျိုးမျိုးကို ကြိုးစားအားထုတ်နေပါက ကိလေသာ ကြားမခိုနိုင်ဘဲ စိတ်အစဉ်မှာ သန့်စင်နေတတ်တဲ့အတွက် သန့်ရှင်းစင်ကြယ်နေတဲ့ စိတ်ဟာ လုံခြုံမှုအပြည့်ရှိတဲ့ စိတ်ဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ကိလေသာများနေတဲ့စိတ်ဟာ မကောင်းတဲ့ အတွေးများနဲ့ ကြောက်လန့်နေရပြီး ကြောက်လန့်မှုရှိနေတဲ့ စိတ်ဟာ လုံခြုံမှု မရှိတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုကိလေသာ တရားတွေကြောင့် အကြောက်တရားများနဲ့ မလုံမခြုံဖြစ်နေတတ်တဲ့ စိတ်ကို လုံခြုံစိတ်ချရမှုရှိအောင် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလားတောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်နေတဲ့အတွက် ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်တယ်ဆိုတာ သိစေလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်တယ်ဆိုတာ သဘောပေါက် စေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လုံခြုံရေး၊ လုံခြုံရေးလို့ ဆိုနေကြတဲ့ သတ္တဝါတွေ အနေနဲ့ တစ်ခြားတခြား လုံခြုံရေးတွေထက် မိမိတို့ဘဝရဲ့ အဓိက လုံခြုံရမယ့် အရာတွေဖြစ်တဲ့ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကိုသာ ဦးစားပေးကြရမှာ ဖြစ်တဲ့အတွက် ဒီအရာတွေ လုံခြုံမှုရှိအောင် ဒါနအလုပ်၊ သီလအလုပ်၊ ဘာဝနာအလုပ်များကို ကြိုးစားအားထုတ်ရင်းနဲ့ပဲ အချိန်ရှိခိုက် လုံခြုံရေးအတွက် အားစိုက်လိုက်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၇)...

ဘုရားကိုးဆူနဲ့ ဂြိုဟ်ကိုးလုံး…
ခုနောက်ပိုင်း မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် ဂုဏ်သရေရှိ အသိုင်းအဝိုင်း၊ ပိုက်ဆံရှိ အသိုင်းအဝိုင်း၊ ပညာတတ် အသိုင်းအဝိုင်း တော်တော်များများကြားမှာ ပေါ်ပြူလာဖြစ်လာတဲ့ ဘာသာရေး ခုတုံးလုပ်မှု တစ်ခုဟာ အရမ်းခေတ်စားလာနေပါတယ်။ အဲဒါက ဘာလဲဆိုတော့ ဘုရားကိုးဆူပူဇော်ပွဲ ဆိုတာပါ။ ပူဇော်ပွဲဆိုတာထက် ဘုရားကိုးဆူတင်ပွဲဆိုရင် ပိုမှန်ပါလိမ့်မယ်။ တင်ပြီဆိုကတည်းက ပူဇော်တာ မဟုတ်တော့ဘဲ နတ်တင်သလို တင်တဲ့သဘောမျိုး သက်ရောက်သွားတဲ့ သဘောရှိပါတယ်။ ပိုဆိုးတာက ဘုရားကိုးဆူ ပူဇော်တာကို အကြောင်းပြုပြီး ဂြိုဟ်ကြီးကိုးလုံးပါ ပူဇော်တယ်ဆိုတဲ့ အချက်က ပိုဆိုးပါတယ်။ ဒီလိုလုပ်နေကြတဲ့ သူတို့လုပ်ရပ်တွေဟာ ဘုရားရဟန္တာကို ပူဇော်ကြတာထက် သူတို့သူတို့ရဲ့ လောကီအကျိုးစီးပွား တိုးတက်ရေး၊ ရာထူးဌာနန္တရ စသည်တည်မြဲရေးကို ဦးတည်ပြီး ဂြိုဟ်ကြီးကိုးလုံးကို ပူဇော်ပသနေတယ်ဆိုတဲ့ အချက်ကပိုပြီး ထင်ရှားနေပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာတွေရဲ့ လွဲနေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ရန်ကုန်မှာပဲ ဖြစ်ဖြစ်၊ မန္တလေးမှာပဲ ဖြစ်ဖြစ်၊ တစ်ခြားတစ်ခြား မြို့ကြီးများမှာပဲ ဖြစ်ဖြစ် လူကြီးပိုင်း အတော်များများဟာ မေးလိုက်လို့ရှိရင် ဘယ်လူကြီးအိမ်မှာ၊ ဘယ်သူဋ္ဌေးအိမ်မှာ ဘုရားကိုးဆူပွဲရှိလို့ သွားကြတယ်ဆိုတဲ့ အကြောင်းပြချက်လေးတွေနဲ့ ပြန်လည်ဖြေကြားတာကို ခဏခဏ ကြားရတတ်ပါတယ်။ ဘုရားကိုးဆူပွဲ သွားတဲ့အချိန်ကလည်း များသောအားဖြင့် ညအချိန်ပဲ ဖြစ်နေတာ များပါတယ်။ ဒီလိုဆိုရင် ဘုရားကိုးဆူပူဇော်ပွဲကို ညပိုင်းမှာလုပ်တယ်ဆိုတဲ့ သဘောသက်ရောက်နေပါတယ်။ မနက်အစောပိုင်းမှာ လုပ်တာတွေလည်း ရှိကြမှာပါ။ ဘယ်လိုအချိန်တွေပဲ လုပ်လုပ် လုပ်တဲ့အခါမှာ သစ်သီးစတဲ့ စားသောက်ဖွယ်များလည်း ကပ်လှူကြမှာ အမှန်ပါပဲ။ ဒါဆိုရင် ညဖက်ကြီးမှာ၊ ဒါမှမဟုတ် အရုဏ်မတက်မီ အချိန်ကြီးမှာ ဘုရားရဟန္တာတွေကို အသီးအနှံစတဲ့ စားသောက်ဖွယ်ရာတွေ ကပ်လှူခြင်းဟာ ဝိကာလ အချိန်ကြီး ဖြစ်နေတဲ့အတွက် အပ်စပ်မှုက မရှိပါဘူး။

ပြီးတော့ ဘုရားကိုးဆူကို အကြောင်းပြုပြီး ဘုရားရဟန္တာတွေကို နေရာချထားတာတွေလည်း ကြည့်ပါဦး လောကဓာတ် အစီအစဉ်တွေ အပြည့်နဲ့ ဖန်တီးထားသလို ဖြစ်နေပါတယ်။ သူတို့လောကဓာတ် ဆရာတွေ ဖန်တီးတဲ့ ဒီဘုရားကိုးဆူ ပူဇော်ထားရှိပုံ စနစ်က
(၁) ဘုရားသခင် = အလယ်အရပ်မှာ ဗောဓိပင်ကို ရည်စူး၍လည်းကောင်း
(၂) အရှင်သာရိပုတ္တရာ = ဗုဒ္ဓဟူသား၊ တောင်အရပ် လက်ျာဘက်တွင်လည်းကောင်းး
(၃) အရှင်မောဂ္ဂလာန် = သောကြာသား၊ မြောက်အရပ်၊ လက်ဝဲဘက်တွင်လည်းကောင်း
(၄) အရှင်ဥပါလိ = စနေသား၊ အနောက်တောင်အရပ်တွင်လည်းကောင်း
(၅) အရှင်ရာဟုလာ = တနင်္ဂနွေသား၊ အရှေ့မြောက်အရပ်တွင်လည်းကောင်း
(၆) အရှင်အာနန္ဒာ = ကြာသပတေးသား၊ အနောက်မျက်နှာအရပ်တွင်လည်းကောင်း
(၇) အရှင်ကောဏ္ဍည = တနင်္လာသား၊ အရှေ့အရပ်တွင်လည်းကောင်း
(၈) အရှင်ရေ၀တ = အင်္ဂါသား၊ အရှေ့တောင်ထောင့်အရပ်တွင်လည်းကောင်း
(၉) အရှင်ဂ၀မ္ပတိ = ရာဟုသား၊ အနောက်မြောက်ထောင့် အရပ်တွင်လည်းကောင်း
ထားပြီး ပူဇော်ကြတဲ့ စနစ်ဖြစ်ပါတယ်။

ဒီလိုထားရှိပူဇော်ပုံတွေအရ ဒါဟာ ဘုရားရဟန္တာတွေကို ကြည်ညိုလို့ ပူဇော်တဲ့ပုံစံ မဟုတ်တော့ဘဲ လောကီအကျိုးစီးပွား တိုးတက်ရေးအတွက် ကိုယ်လိုသလို ဘုရားရဟန္တာတွေကို နေရာချပြီး လုပ်စားကြတဲ့ ပုံစံဆိုတာ အလွန်ထင်ရှားလှပါတယ်။ ဘုရားရဟန္တာကို ပူဇော်တာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဘုရားရဟန္တာတွေကို အသုံးချပြီး လုပ်စားတာကတော့ အတော်မကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ တကယ့်ကို စစ်မှန်တဲ့ စိတ်စေတနာနဲ့ ပူဇော်မယ်ဆိုရင် ဘယ်ရဟန္တာက ဘယ်နေရာမှာနေ၊ ဘယ်လိုအချိန်မှာကြွ ဆိုတာတွေ မလိုအပ်ပါဘူး။ နှလုံးသားမှာ ဘုရားဂုဏ်နဲ့ သံဃာ့ဂုဏ်တွေ ကိန်းနေပြီး ပူဇော်နိုင်ရင် ပြီးတာပါပဲ။ ဒီလိုပူဇော်ဖို့ အတွက်ဆိုရင် ဘယ်လိုအချိန် ဘာပူဇော်မှုတွေမှ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်စေတနာ အတိုင်းပဲ မနက် အရုဏ်တက်ချိန်ကစပြီး နေမွန်းမတည့်မီ အချိန်အထိ အပ်စပ်တဲ့ လှူဖွယ်ဝတ္ထုတွေ၊ အပ်စပ်တဲ့ အစားအသောက်တွေနဲ့ ကပ်လှူကာ ထိုအရှင်မြတ်များရဲ့ ဂုဏ်ကိုအာရုံပြုပြီး ပူဇော်နိုင်ကြပါတယ်။ ပွင့်တော်မူပြီးသား ဘုရားရှင်များနဲ့ ဘုရားသာသနာတွင်းမှာရှိတဲ့ ရဟန္တာမှန်သမျှ ဂုဏ်ကိုမှန်းပြီး ပူဇော်နိုင်ကြပါတယ်။ ဘယ်ဂြိုဟ်ဘယ်နံတွေနဲ့ ကိုက်ညီတဲ့ ဘယ်ရဟန္တာရယ်လို့ ခွဲခြားသတ်မှတ် ပူဇော်ဖို့မလိုပါဘူး။ ရတနာသုံးပါးရဲ့ ဂုဏ်တွေဟာ နှလုံးသားမှာ ထုံနေအောင် ပူဇော်သင့်ပါတယ်။ ဒီလိုပူဇော်နည်းကသာ စစ်မှန်တဲ့ ပူဇော်နည်းဖြစ်ပါတယ်။

ခုတော့ အဲဒီလို မဟုတ်ဘဲ ဘုရားရဟန္တာတွေနဲ့ ဂြိုဟ်တွေပေါင်းစပ်ပြီး လောကီနည်းတွေအရ လုပ်နေကြတာဆိုတော့ ပူဇော်ရာမရောက်ဘဲ ကိုယ်ကိုးကွယ်တဲ့ အနှိုင်းမဲ့ အရှင်မြတ်တွေကို ဂြိုဟ်စောင့်နတ်ပုံစံ၊ တစ်ခုခုကို စောင့်ကြပ်ကာကွယ်ပေးတဲ့ အစောင့်နတ်ပုံစံမျိုး အဆင့်နိမ့်ချလိုက် သလို ဖြစ်နေပါတယ်။ တကယ်သာ အဲဒီလို လောကီအစီအစဉ်တွေအတိုင်း လိုက်နာဆောင်ရွက် လုပ်နေကြမယ်ဆိုရင် ကုသိုလ်ထက် အပြစ်က ပိုများနိုင်တဲ့အပြင် ဒီလိုလုပ်နေကြတဲ့ ဗုဒ္ဓဘာသာတွေရဲ့ လုပ်ရပ်ဟာ လွဲနေရုံတင်မဟုတ်ဘဲ လွတ်နေတဲ့ပုံကို ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေကြတဲ့ အလွဲတွေထဲမှာ ဘုရားကိုးဆူပူဇော်မှုဟာလည်း ဘာသာရေးကို လောကီရေးနဲ့တွဲစပ်ပြီး ခုတုံးလုပ်အသုံးပြုထား သလိုဖြစ်တဲ့ မလွဲသင့်တဲ့ အလွဲတစ်ခုလို ဖြစ်လာနေတဲ့အတွက် ဒီလိုအလွဲမျိုးကို အချိန်မီပြုပြင်ပြီး ဘုရားရဟန္တာတွေရဲ့ ဂုဏ်တော်သက်သက်ကို အာရုံပြုကာ သင့်လျောက်လောက်ပတ် အပ်စပ်တဲ့အရာတွေနဲ့ အပ်စပ်တဲ့အချိန်မှာ ပူဇော်နိုင်ကြစေဖို့ စေတနာကောင်းနဲ့ အသိပေးရင်း လွဲနေကြတဲ့ အလွဲတစ်ခုအဖြစ် သတိပြုဆင်ခြင်နိုင်ရန် တင်ပြလိုက်ရပါတယ်။

Read more »

မျှော်လင့်ချက်…

“အရှင်ဘုရားအပေါ် တပည့်တော်တို့က အရမ်းကို မျှော်လင့်ထားတာပါ…၊ ဒို့ကမင်းအပေါ် ဘယ်လောက်အထိ မျှော်လင့်ထားတယ်ဆိုတာ မင်းအသိဆုံးပါ…၊ သူ့ဘဝက တကယ့်ကို မျှော်လင့်ချက် ကင်းမဲ့သွားပါပြီ…၊ ကိုယ်မျှော်လင့်သလို ဖြစ်မလာတော့လည်း သူ့ထိုက်နဲ့သူ့ကံပေါ့…၊ ဘာမျှော်လင့်ချက်မှ မရှိတော့လည်း ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး…” စသဖြင့် မျှော့်လင့်ချက်နဲ့ ပတ်သက်ပြီး အသုံးပြုလေ့ ရှိကြတဲ့ စကားများကို ကြားဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း အသုံးပြုခဲ့ဖူးကြသလို သူများက အသုံးပြု ပြောသွားတာကို ခံရတာတွေလည်း ရှိကြမှာပါ။ ဘာတွေမျှော်လင့်ထားလို့ ဘယ်လိုတွေ ဖြစ်စေချင်တာလဲ ဆိုတဲ့ အတွေးနဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်တဲ့အခါ အဖြေက အဓိပ္ပါယ်မဲ့ မျှော်လင့်ချက်တွေ ဖြစ်နေတာကိုလည်း တစ်ခါတရံ တွေ့ရမှာ ဖြစ်ပါတယ်။

မျှော်လင့်ချက်ဆိုတာလည်း အခက်သား ဖြတ်ဖို့တော်တော်ခက်တဲ့ အရာပါ။ တစ်ခါတလေ ဘာမှမမျှော်လင့်ပါဘူးလို့ ဆိုလာသူတွေဆီကတောင် တုံ့ပြန်လာတဲ့ တုံ့ပြန်မှုတွေက မျှော်လင့်ချက်ရဲ့ အရိပ်အယောင်တွေ အနေနဲ့ တန်ပြန်မှုတွေ ရှိနေတာကို သတိထားမိနိုင်ပါတယ်။ သေချာတွေးကြည့်တော့ အရိယာမဖြစ်သေးသမျှ မျှော်လင့်ချက်ဆိုတာ ရှိနေကြမယ်ဆိုတာ သဘောပေါက်မိပါတယ်။ လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်နေရသူတွေလို့ ဆိုတဲ့အတိုင်း မျှော်လင့်ချက်တွေကတော့ ကိုယ်စီရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ မျှော်လင့်လို့ ရမယ်ဆိုရင် ကိုယ့်ထက်သာတဲ့ သူတွေဆီကလည်း မျှော်လင့်နေကြမှာ ဖြစ်သလို ကိုယ့်အောက်နိမ့်ကျတဲ့ သူတွေဆီကလည်း မျှော်လင့်နေကြတာတွေ ရှိကောင်းရှိနေကြမှာ ဖြစ်ပါတယ်။ ရှိလည်းရှိတတ်ကြပါတယ်။ မျှော်လင့်လို့ ရသလောက် မျှော်လင့်နေကြမယ့် သတ္တဝါတွေ ဖြစ်နေတဲ့အတွက် သာတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်သလို နာတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ ရှိတဲ့သူတွေလည်း မျှော်လင့်ကြမှာ ဖြစ်သလို မရှိတဲ့သူတွေကလည်း မျှော်လင့်ကြမှာ ဖြစ်ပါတယ်။ ပေးကမ်းနိုင်သူတွေ ထံကလည်း မျှော်လင့်တတ်ကြသလို အပေးခံသူတွေ ထံကလည်း မျှော်လင့်တတ်ကြပါတယ်။ အရင်းစစ်တော့ လိုချင်ခြင်း ဆန္ဒတွေ ရှိနေသမျှ မျှော်လင့်ချက်တွေက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

စကားစပ်လို့ ဘုန်းဘုန်းရဲ့ အတွေ့အကြုံလေးတစ်ခုကိုတောင် သတိရမိပါသေးတယ်။ ဒီတစ်ခေါက် မြန်မာပြည် ပြန်တုန်းက မရောက်တာကြာပြီဖြစ်တဲ့ ဘုန်းဘုန်းရဲ့ ဇာတိရွာကို ကြွသွားဖြစ်ခဲ့ပါတယ်။ ဘုန်းဘုန်းကြွလာမယ် ဆိုတာကို မကြွခင်တည်းက ကြိုပြီးသတင်း ရထားတဲ့ ဆွေတော်မျိုးတော်တွေနဲ့ ရွာကလူတွေကတော့ မျှော်လင့်ချက် အမျိုးမျိုးနဲ့ပေါ့။ ဘုန်းဘုန်းလာရင် သူတို့အတွက်နဲ့ ရွာအတွက် ဘာလုပ်ပေးလိမ့်မယ်၊ ညာလုပ်ပေးလိမ့်မယ် စတဲ့ ကိုယ်ထင်ရာ ကိုယ့်အတွေးတွေနဲ့ ဟိုလျှောက်ပြော၊ ဒီလျှောက်ပြောတတ်တဲ့ ရွာသူရွာသား တစ်ချို့ကြောင့်လည်း ရွာကလူတွေရဲ့ မျှော်လင့်ချက်က ပိုကြီးသွားတယ်လို့ ဆိုရမလို ဖြစ်နေပါတယ်။ တကယ်တော့ ဘုန်းဘုန်းတို့ရွာ အပါအဝင် မြန်မာနိုင်ငံ တစ်ဝှန်းမှာ ဘယ်နေရာကြည့်ကြည့် လိုနေတဲ့ နေရာတွေက များနေတဲ့အခါဆိုတော့ သူတို့ခမျာမှာလည်း မျှော်လင့်လို့ရနိုင်တဲ့ သူတွေဆီက မျှော်လင့်လို့ ရသလောက်တော့ မျှော်လင့်ကြတာ နေမှာပါ။ အထူးသဖြင့် နိုင်ငံခြားရောက်နေကြတဲ့ သူတွေဆိုရင် ဘာပဲဖြစ်ဖြစ် သူတို့ထက်တော့သာနေ၊ သူတို့ထက်တော့ အဆင်ပြေနေကြမယ်လို့ တွေးထင်နေကြလို့ မျှော်လင့်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူတို့အထင် ဟုတ်သင့်သလောက်တော့လည်း ဟုတ်ပါတယ်။ ဒါပေမယ့် နိုင်ငံခြားမှာ ရှိတဲ့သူတွေ အားလုံးတော့ သူတို့ထင်သလို မဟုတ်ဘူးဆိုတာ နိုင်ငံခြားရောက်နေကြတဲ့ သူတွေက အသိဆုံး ဖြစ်မှာပါ။

အဲဒီလို မျှော်လင့်ချက်တွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ကြိုဆိုနေကြတဲ့ ရွာကိုရောက်တော့ ဘုန်းဘုန်းမှာ သူတို့မျှော်လင့်သလောက် မလုပ်ပေးနိုင်ခဲ့တဲ့ အခြေအနေကြောင့် တစ်ချို့က “ဘုန်းကြီးကလည်း မျှော်သာမျှော်လင့် လိုက်ရတယ်၊ နောက်ဆုံးတော့လည်း ဘာမှမဟုတ်ပါဘူးကွာ”ဆိုတဲ့ တုံ့ပြန်မှု စကားပဲ နားထဲပြန်ရောက် လာခဲ့ပါတော့တယ်။ ဒါပေမယ့် ဒီအသံတွေကို နားထဲကထုတ်ပြီး တစ်ရွာလုံးနီးပါး အမျိုးတွေ ဖြစ်နေတဲ့ ရွာသူရွာသားတွေကို ဘုန်းဘုန်းက အကျိုးအကြောင်း ပြောပြရပါတယ်။ “ဒီမှာ အားလုံးနီးပါး အမျိုးတွေ ဖြစ်နေတဲ့အတွက် စားသောက်စရာပဲ ဖြစ်ဖြစ်၊ လက်ဆောင်တစ်ခုခုပဲ ဖြစ်ဖြစ် ပေးလိုက်မယ်ဆိုရင် ရတဲ့သူတွေအတွက်လည်း ဘာမှမဟုတ်သလို ရလိုက်တဲ့ အရာဟာလည်း ခဏပဲ ဖြစ်မှာပါ။ မျှော်လင့်သလောက် မလုပ်ပေးနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်ရပေမယ့် ဘုန်းဘုန်းဆန္ဒကတော့ နည်းနည်းလေးရပြီး နည်းနည်းပဲစားလိုက်ရတဲ့ အရာလေးတွေ ပေးတာထက်စာရင် ရေရှည်အကျိုးရှိမယ့် လုပ်ငန်းလေးတွေပဲ လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါကြောင့် ရေရှည်အကျိုးဖြစ်ထွန်းမယ့် တစ်ရွာလုံးရဲ့ ပညာရေး ပဒေသာပင်နဲ့ အများအကျိုးရှိစေမယ့် စာကြည့်တိုက်ပဲ လုပ်ပေးဖို့ ရည်ရွယ်ထားပါတယ်။ ဆွေတော်မျိုးတော်တွေ အနေနဲ့လည်း သူ့ကျတော့ပေးတယ်၊ ငါ့ကျတော့ ပေးတယ်ဆိုတဲ့ စကားမျိုး မပြောကြဘဲ အများအတွက် အကျိုးရှိတာကိုပဲ မျှော်လင့်ကြဖို့နဲ့ ဘုန်းဘုန်းစွမ်းနိုင်သမျှလည်း အများအကျိုးရှိမယ့် အလုပ်လေးတွေ လုပ်ပေးပါမယ် ဆိုတာကို အထူးပြောချင်ပါတယ်…” စသဖြင့် ပြောဆိုကာ သူတို့ရဲ့ ပုဂ္ဂလိကဆန်တဲ့ မျှော်လင့်ချက်ကို ပြေရာပြေကြောင်း ပြောပြပေးခဲ့ ရပါသေးတယ်။

အဲဒါပါပဲ။ ပေးတဲ့သူနဲ့ ယူတဲ့သူရဲ့ မတူညီတဲ့ မျှော်လင့်ချက်ဆိုတာ။ ဘုန်းဘုန်းပေးလိုတာက အများအကျိုးပြု တစ်ခုခု၊ သူတို့မျှော်လင့်တာက ငါ့အတွက်တစ်ခုခုဆိုတော့ ပေးသူယူသူ အသွင်မတူဘဲ ယူသူဆီကလာတဲ့ တုံ့ပြန်မှုက ပေးသူရဲ့ စိတ်အစဉ်ကို ညစ်နွမ်းစေတာ အမှန်ပဲ ဖြစ်ပါတယ်။ တစ်ဖက်က ပြန်တွေးကြည့်တော့ ပေးသူဖြစ်တဲ့ ကိုယ်ကိုယ်တိုင်ကရော “ဘာကိုမျှော်လင့်ပြီး ပေးတာလဲ၊ မျှော်လင့်တဲ့အရာကို ပြန်ရမှ ပေးမှာလား၊ ဒါဆိုရဲ့ ကိုယ့်ရဲ့ပေးမှုက ဒါကြောင့်ဒါလုပ်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက် မသွားနိုင်ဘူးလား…” စသဖြင့် အတွေးပေါင်းစုံနဲ့ အလှုပ်ရှုပ်သွား ပြန်ပါတယ်။ ပြီးတော့ “တကယ်စေတနာ အမှန်နဲ့ ပေးကြမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မှုမျိုးလာလာ ကိုယ့်စေတနာ မပျက်ဖို့၊ ကိုယ့်စိတ်မကွက်ဖို့လည်း ကြိုးစားသင့်တယ်” ဆိုတဲ့ ကောက်ချက်ချ အတွေးလည်း ဘုန်းဘုန်းစိတ်ထဲမှာ ရောက်လာခဲ့ပါတယ်။

ဟုတ်ပါတယ်။ ပေးနိုင်တဲ့သူတွေ၊ ပေးဖို့ကြိုးစားတဲ့သူတွေ ကြည့်လိုက်ရင် တစ်ချို့က ကိုယ်ပေးလိုက်တဲ့ အရာအပေါ်မှာ မျှော်လင့်ချက်တွေ အများကြီးနဲ့ ပေးနေတာကို တွေ့ရတတ်ပါတယ်။ ပေးကြတဲ့သူတွေမှာ တစ်ချို့က ရယူသူတွေထံက “ဟာ… သူကတော့ ဘယ်လောက်ကို ပေးနိုင်တာ၊ ဘယ်လိုကို ပေးနိုင်တာ၊ သိပ်ပြီး သဒ္ဓါတရားကောင်းတာ၊ သူလိုလူမျိုးတော့ ရှာမှရှား”စတဲ့ ချီးမွန်းသံများကို မျှော်လင့်ကာ ကြားလိုကြတဲ့သူတွေ ရှိတတ်သလို၊ ကိုယ်ပေးတာကို ယူထားတဲ့အတွက် ရယူသူတွေ အနေနဲ့ ကိုယ့်အပေါ်ကို “အရိုအသေပေးတာ၊ လေးစားတာ၊ စကားနားထောင်တာ၊ ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေလိုတာ” စတဲ့ မျှော်လင့်ချက်တွေကလည်း ရှိနေတတ်ပါတယ်။ ဒါကြောင့်လည်း ပေးသူတွေအနေနဲ့ သူတို့မျှော်လင့်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ပေးလည်းပေးရသေး စိတ်မှာအညစ်အကြေးလည်း ဖြစ်ရသေးဆိုသလို ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ ကိုယ့်ပစ္စည်းနဲ့ကိုယ် အဆဲခဲရတဲ့ သဘောမျိုးပေါ့။

အရင်းစစ်တော့ ဒါဟာ မျှော်လင့်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ပေးသူကလည်း မျှော်လင့်ကြသလို ယူသူကလည်း အလိုက်မသိ ပေးနိုင်တာထက် ပိုပြီးမျှော်လင့်မိကြလို့ပဲ ဖြစ်ပါတယ်။ ဒီတော့ကား ရယူသူတွေက အများဖြစ်နေပြီး ဘယ်သူ့ကို ဘယ်လိုစိတ်ထားနဲ့၊ ဘယ်လိုမျှော်လင့်ချက်နဲ့ ယူပါလို့ ပြောရမှာ ခက်တဲ့အတွက် ပေးသူတွေကိုယ်တိုင်ပဲ ကိုယ့်ရဲ့ပေးကမ်း ထောက်ပံ့မှုအပေါ် စိတ်စေတနာ ပြတ်သားစွာ ပေးကမ်းတတ်ဖို့ လိုပါတယ်။ ကိုယ့်စိတ်ကို မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့ မပေးမိအောင် လေ့ကျင့်ဖို့ပဲ လိုပါတယ်။ မပေးခင်က ဉာဏ်နဲ့ယှဉ်ပြီး ပေးသင့်ပေးထိုက်တာ၊ လုပ်ပေးသင့် လုပ်ပေးထိုက်တာကို လေးလေးနက်နက် စဉ်းစားဆုံးဖြတ်ပြီး ပေးပြီးတဲ့နောက်ပိုင်းမှာတော့ မျှောလင့်ချက်တွေနဲ့ နောင်တတွေ မရှိရအောင် ကြိုးစားလေ့ကျင့်ဖို့ပဲ ရှိပါတယ်။

လွတ်မြောက်မှုကို ဦးတည်တဲ့ ဗုဒ္ဓဘာသာ ကျင့်စဉ်အရ ပြောရရင်တော့ ပေးကမ်းတဲ့အပေါ်မှာ လောဘတဏှာ ဦးစီးတဲ့ မျှော်လင့်ချက် သံယောဇဉ်တွေနဲ့ မပေးမိကြဖို့ပဲ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ပေးတဲ့အခါမှာ ဘယ်သူတွေဘာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ တုံ့ပြန်လာပါစေ၊ ဘယ်လိုပုဂ္ဂိုလ်မျိုးပဲ ဖြစ်ပါစေ ကိုယ့်စိတ်စေတနာမှာ မျှော်လင့်ချက်ကင်းတဲ့၊ သံသရာဝဋ်မှ လွတ်မြောက်ရာကို ဦးတည်တဲ့၊ လွတ်လွတ်စွန့်ကြဲတဲ့ စိတ်နဲ့ ပေးနိုင်အောင်ပဲ ကြိုးစားရမှာ ဖြစ်ပါတယ်။ မပေးခင်ကတည်းက ပေးသင့်ပေးထိုက်တဲ့ပုဂ္ဂိုလ်၊ ပေးသင့်ပေးထိုက်တဲ့ နေရာစတာတွေကို ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပြီး ပေးဖို့ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ ဒီအပေါ်မှာ ဘာဖြစ်ရပါစေ၊ ဘယ်လိုဖြစ်ရပါစေ စတဲ့ မျှော်လင့်တောင့်တချက်တွေ မရှိဖို့ လိုပါတယ်။ ဒီလို ဉာဏ်နဲ့ယှဉ်ပြီး မျှော်လင့်ချက်ကင်းတဲ့ ပေးကမ်းမှုမျိုး ဖြစ်ပြီဆိုရင်တော့ ပေးကမ်းတဲ့အတွက် ကံတရားရဲ့ တန်ပြန်သက်ရောက်မှုက သူ့အလုပ် သူလုပ်သွားမှာ ဖြစ်ပါတယ်။

ဆိုလိုတာက လောကမှာ မျှော်လင့်ချက် ကိုယ်စီရှိကြရာမှ ပုဂ္ဂိုလ်အမျိုးမျိုးဆီက၊ အရာအမျိုးမျိုးနဲ့ မျှော်လင့်ချက် အမျိုးမျိုးကို တောင့်တနေကြတဲ့ သတ္တဝါတွေဟာ အတ္တဆန်တဲ့ ငါစွဲမျှော်လင့်ချက်များနဲ့ မျှော်လင့်တောင့်တ နေသမျှ မျှော်လင့်မှုဟာ အဆုံးသတ်ကြမှာ မဟုတ်သလို အဲဒီမျှော်လက်ချက်များရဲ့ နောက်ကွယ်မှာလည်း စိတ်အစဉ်မှာ အကုသိုလ်တရားများနဲ့ လေးလံထိုင်းမှိုင်း ညစ်နွမ်းတတ်တဲ့ သဘောရှိတဲ့အတွက် တစ်ခုခုကို ပေးလိုသူပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ရယူလိုသူပဲ ဖြစ်ဖြစ် ပေးလိုရလိုတဲ့ မျှော်လင့်ချက်ကို ဉာဏ်နဲ့ယှဉ်တဲ့ ပေးကမ်းမှုနဲ့ မျှော်လင့်တောင့်တချက်နည်းတဲ့ ရယူမှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် မျှော်လင့်ချက်ကင်းတဲ့ စိတ်စေတနာ အပြည့်နဲ့သာ လွတ်မြောက်မှုကို ဦးတည်တဲ့ ပေးကမ်းမှုမျိုးနဲ့ မေတ္တာဓာတ်အပြည့်ပါတဲ့ ရယူမှုမျိုးဖြစ်အောင် လေ့ကျင့်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပေးသူယူသူ ဘယ်သူပဲ ဖြစ်ဖြစ် မျှော်လင့်ချက်နဲ့ ပေးကာ မျှော်လင့်ချက်နဲ့ ယူနေသမျှ ပေးသူရောယူသူပါ စိတ်အစဉ်မှာ အလိုမကျမှုများ ဖြစ်တတ်တဲ့အတွက် ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်တတ်တဲ့ မျှော်လင့်ချက်ကို ပညာ၊ သတိ၊ မေတ္တာနဲ့ညှိကာ ပေးသူကလည်း မျှော်လင့်ချက်ကင်းကင်းနဲ့ ပေးနိုင်အောင် ကြိုးစားပြီး ယူသူကလည်း မျှော်လင့်ချက်များကို ဘေးဖယ်၍ ရရှိလာတဲ့အပေါ်မှာ ကျေးဇူးတရား၊ မေတ္တာတရား များနဲ့ ရယူနိုင်အောင် ကြိုးစားရင်း အားလုံးသော မျှော်လင့်ချက်များရဲ့ကင်းရာ သံသရာဝဋ်မှ ထွက်မြောက်အောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတော့ကြောင်း…

Read more »

အိမ်အပြန် အမှတ်တရ...

Read more »

ချမ်သာကြီးလိုလျှင်…

“ကံဟောင်းလာကြောင်း၊ ကံသစ်လောင်း၊ ရေးမြောင်းဖောက်ပါလေ။
ကြီးသောချမ်းသာ၊ တောင့်တရှာ၊ ချမ်းသာငယ်ကို စွန့်ပါလေ။
ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း၊ ဆင်းရဲငယ်ကို သည်းခံလေ”

(တိပိဋကယောဆရာတော်)

တိပိဋကဓရ ယောဆရာတော် အရှင်သိရိန္ဒာဘိဝံသ၏ “တိပိဋကဓမ္မလက်ဆောင် တရားတော်များ” ဟူသော စာအုပ်ကို ဖတ်ရှုကြည်ညိုရင်း စာအုပ်တစ်နေရာတွင် ဆရာတော် စပ်ဆိုထားသည့် အထက်ပါ ကဗျာလင်္ကာလေးများအား သဘောကျနှစ်သက်မိခဲ့၏။ နှစ်သက်မိသည့်အလျောက် အလွတ်ရသည် အထိ ကျက်မှတ်ဆောင်ထား ဖြစ်လိုက်၏။ အခွင့်အခါသင့်လျှင် ထိုလင်္ကာလေးများကို ကိုးကား၍ မှတ်သားဖွယ် ဆောင်းပါးလေးများရေးကာ ပြန်လည်မျှဝေပေးမည်ဟုလည်း အကြံဖြစ်ခဲ့၏။ ယခုသော် ထိုအကြံကို အကောင်အထည် ဖော်ဖြစ်ပြီဟု ဆိုရမည်ဖြစ်၏။ ဆရာတော်၏ လင်္ကာလေးများကို ကိုးကားကာ ဆောင်ပါးခေါင်းစဉ်ကိုလည်း “ချမ်းသာကြီးလိုလျှင်” ဟု အမည်ပေး ဖြစ်ခဲ့၏။

တိပိဋကယောဆရာတော် အရှင်မြတ်မှ အထက်ပါ လင်္ကာလေးများ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြပေးထား၏။ ဆရာတော်က “ကံဟောင်းလာကြောင်း၊ ကံသစ်လောင်း၊ ရေမြောင်းဖောက်ပါလေ” ဟူသော လင်္ကာလေးနှင့် ပတ်သက်၍ “ကံသာအမိ ကံသာအဖ၊ ကံသာကိုယ်ပိုင်ဥစ္စာ ဟူသော စကားသည် အိပ်နေသောသူနှင့် သက်ဆိုင်ခွင့် မရှိနိုင်ပါ။ ဉာဏ် ဝီရိယဟူသော ပစ္စုပ္ပန်ကံဖြင့် မကြိုဆိုသမျှ၊ မနှိုးသမျှ အတိတ်ကံကား အိပ်နေဦးမည်သာ ဖြစ်သည်။ ရေလာသည်ကို မြောင်းပေးမှသာ (ဝါ) ကံဟောင်းကို ကံသစ်ဖြင့် ကြိုဆိုလမ်းဖွင့်ပေးမှသာ အတိတ်ကံများ လမ်းပွင့်၍ အကျိုးပေးခွင်သာပေလိမ့်မည်။ ပစ္စုပ္ပန် ကံကောင်းများဖြင့် လမ်းဖွင့်မြောင်းဖောက်ပေးမှ အတိတ်ကံကောင်းများနှင့် ပေါင်းမိကာ အဆက်မပြတ် ကောင်းကျိုးရမည်” ဟူ၍လည်းကောင်း၊ “ကြီးသောချမ်းသာ၊ တောင့်တရှာ၊ ချမ်းသာငယ်ကို စွန့်ပါလေ။ ကြီးသောဆင်းရဲ၊ ကြောက်လျှင်လည်း၊ ဆင်းရဲငယ်ကို သည်းခံလေ”ဟူသော လင်္ကာများနှင့် ပတ်သက်၍လည်း “အသင်သည် ကြီးမားလှသော ချမ်းသာကို မျှော်လင့်တောင့်တ နေသူဖြစ်လျှင် သေးငယ်သော ချမ်းသာကို စွန့်လွှတ်ပါလေ။ ထို့အတူ ကြီးမားလှသော ဆင်းရဲကို ကြောက်ရွံ့နေသူဖြစ်လျှင် သေးငယ်သော ဆင်းရဲကို သည်းခံလေ။ သည်းခံချုပ်တည်း အောင့်အည်းနိုင်၍ စွန့်လွှတ်ရဲသော ခန္တီအမာခံခွန်အားကို လက်ကိုင်ထားနိုင်မှ ကြောက်သောဆင်းရဲလွတ်၍ တောင့်တလိုချင်သော ချမ်းသာကို ရနိုင်မည်ဖြစ်သည်” (တိပိဋကဓမ္မလက်ဆောင် တရားတော်များ၊ နှာ၊ ၉) ဟူ၍လည်းကောင်း ဖွင့်ဆိုရှင်းပြ၏။

မှန်၏၊ ဘဝတွင် မည်သူမဆို ကြီးပွားချမ်းသာလိုလျှင် ကြီးပွားချမ်းသာကြောင်း အလုပ်များကို လုပ်ရမည်သာ ဖြစ်ပါ၏။ ကံကောင်းလိုလျှင် ကံကောင်းကြောင်း အလုပ်များကို လုပ်ရမည်ဖြစ်သကဲ့သို့ ကြီးမားသည့် ချမ်းသာကို လိုလားတောင့်တလျှင်လည်း သေးငယ်သည့် ချမ်းသာကို စွန့်ရမည်သာ ဖြစ်ပါ၏။ ထို့အတူ ဆင်းရဲကြီးကို ကြောက်လျှင်လည်း ဆင်းရဲငယ်ကို သည်းခံရမည်သာ ဖြစ်ပါ၏။ အကြောင်းကြောင့် အကျိုးဖြစ်သည့် ကြောင်းကျိုးဆက်စပ်မှု သဘောတရားတွင် အကျိုးကောင်းများ ရှိစေရန် အကြောင်းကောင်းများဖြင့် ဖွင့်ပေးခြင်း သဘောဖြစ်ပြီး အကျိုးကောင်းများကို တောင့်တလျှင်လည်း အကြောင်းများကောင်းရန် ပြုလုပ်ပေးကြရမည်သာ ဖြစ်ပါ၏။ ထိုသို့ အကြောင်းများ ကောင်းစေရန်အတွက်လည်း အနည်းငယ်သော စွန့်လွတ်ရမှုများ ရှိသကဲ့သို့ သည်းခံရမည့် အရာများလည်း ရှိနိုင်ပေ၏။ မည်သို့ဆိုစေ ထိုအလုပ်များသည် ချမ်းသာကြီးလိုသူများ လုပ်သင့်လုပ်ထိုက်သည့် အကျိုးကောင်းစေမည့် အကြောင်းကောင်း အလုပ်များသာ ဖြစ်ပါ၏။

ဗုဒ္ဓဘာသာတို့၏ ကမ္မနိယာမ သဘောတရားအရ လူတစ်ယောက်၏ ချမ်းသာမှုအပိုင်းတွင် ကံအထောက် အပံ့များသည် အထူးလိုအပ်လှ၏။ “ကံမရှိ၊ ဉာဏ်ရှိတိုင်းမွဲ”ဟူသော မြန်မာစကားလည်း ရှိ၏။ ဤစကားသည် ကံတရား၏ အရေးပါမှုကို ပြသလိုရင်းဖြစ်၏။ မှန်၏။ အတိတ်က ဝဋ်ကြွေးကံများ၊ မကောင်းသည့် ကံများပါလာလျှင် ဉာဏ်ရှိသော်လည်း မအောင်မြင်၊ အကျိုးပေး မကောင်းဘဲ ရှိတတ်၏။ သို့သော် ကြိုးစားလျှင်ကား ကြိုးစားသည့်အလျောက် ဝိရီယ အကျိုးကို ခံစားရသည်များလည်း ရှိ၏။ ထိုဝိရီယသည် ဉာဏ်နှင့်ယှဉ်သည့် ဝိရီယ ဖြစ်ရန်လည်း အရေးကြီးလှ၏။

သို့ဆိုလျှင် အတိတ်ကံနည်း၍ ကြီးပွားမှုနည်း၊ အကျိုးပေးနည်းသူများသည် ပစ္စုပ္ပန်တွင် ဉာဏ်နှင့်ယှဉ်ကာ ကြိုးစားနိုင်ပါက အထိုက်အလျောက် တိုးတက်မှု ရှိမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။ ထိုသို့ ဉာဏ်ယှဉ်သည့် ဝီရိယရှိသူသည် အကောင်းအဆိုး၊ ကုသိုလ် အကုသိုလ်ကိုလည်း ဆင်ခြင်နိုင်သဖြင့် ကောင်းသည့်အလုပ်များကို လုပ်နေမည်ဖြစ်ပြီး ကောင်းသည့်အလုပ်များ လုပ်နေခြင်းသည် ကောင်းသည့်ကံများကို လုပ်နေခြင်း ဖြစ်သဖြင့် ကောင်းသည့်အကျိုးပေးများလည်း ရရှိခံစားလာနိုင်မည် ဖြစ်ပါ၏။ ဤသည်မှာ ပစ္စုပ္ပန်တွင် ဉာဏ်နှင့်ဝိရီယကို အရင်းတည်ကာ ကြိုးစားအားထုတ်သဖြင့် ရရှိလာသည့် ကံသစ်များကြောင့် ပေါ်ပေါက်လာသည့် ကံဟောင်းများဟုလည်း ဆိုလိုက ဆိုနိုင်မည် ဖြစ်၏။ ထို့ကြောင့် ချမ်းသာကြီးလိုသူများသည် ပစ္စုပ္ပန်ကံများဖြစ်သည့် ဉာဏ်နှင့်ဝိရိယကို အရင်းတည်ကာ ကောင်းသည့်အလုပ်များကို လုပ်ခြင်းဖြင့် ကောင်းကံများကို ဖွင့်ပေးရန်လိုကြောင်း၊ ထိုသို့ကံများကို ဖွင့်ပေးခြင်းဖြင့် အတိတ်က အကျိုးပေးခွင့်မသာသည့် ကံများသည်လည်း အကျိုးပေးခွင့်ရကာ ချမ်းသာမှုကို အထောက်အပံ့ပြုနိုင်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ထို့အတူ ဉာဏ်နှင့်ယှဉ်သည့် အလုပ်ကောင်းများ လုပ်နေသူများသည် တစ်ခါတရံ ကောင်းသည့်အရာများကို ပေးစွန့်ရသည်များ ရှိသကဲ့သို့ မကောင်းသည့် အရာများကို သည်းခံရသည်များလည်း ရှိတတ်၏။ စင်စစ် ထိုစွန့်လွတ်ခြင်းနှင့် သည်းခံခြင်းများသည် ခက်ခဲသော်လည်း ထိုအခက်အခဲများ၏နောက် ချမ်းသာရောက်ရေး၏ အထောက်အပံ့ ကောင်းများသာ ဖြစ်ပါ၏။ မည်သူမဆို ချမ်းသာကို လိုချင်ကြသည်မှာ မှန်သော်လည်း ထိုချမ်းသာမှုအတွက် ဆင်းရဲပင်ပန်းမှုဖြင့် အရင်းပြုရမည်သာ ဖြစ်၏။ ထို့အပြင် ကြီးကျယ်သည့် ချမ်းသာကို လိုချင်လျှင် အနည်းငယ်သော ချမ်းသာလေးများကို စွန့်လွှတ်ရသည်များလည်း ရှိ၏။ “ထောင်မြင် ရာစွန့်“ဟူသော စကားအတိုင်း တစ်ထောင်ရနိုင်မည့် အခွင့်အရေးအတွက် တစ်ရာလောက်ကို စွန့်လွှတ်ပေးရသည့်သဘော ဖြစ်ပါ၏။ ဤစကားသည် ပစ္စုပ္ပန်၌ လောကီးဈေးကွက်နည်းဖြင့် တွက်သည့်စကားမျိုး ဖြစ်သော်လည်း ချမ်းသာကြီးကို လိုချင်သူများအနေဖြင့် ကျင့်သုံးသင့်သည် စနစ်သာ ဖြစ်ပါ၏။

သူတော်ကောင်းတို့၏ စကားအရ ပြောရလျှင် ထာဝရချမ်းသာဖြစ်သည့် လောကုတ္တရာချမ်းသာကို ရရှိစေရေးအတွက် တဒင်္ဂအခိုက်အတန့် ချမ်းသာဖြစ်သည့် လောကီချမ်းသာ အချို့ကို စွန်လွှတ်ရခြင်းမျိုး ဖြစ်၏။ လောကီချမ်းသာများသည် မည်မျှကောင်းသည့် ချမ်းသာမျိုး ဖြစ်ပါစေ ထိုချမ်းသာများသည် အခိုက်အတန့်မျှသာ ဖြစ်ပါ၏။ ထိုအခိုက်အတန့် ချမ်းသာများ၏ နောက်ကွယ်တွင် ပျက်စီးခြင်း၊ အစိုးမရခြင်း၊ ထာဝရ မတည်တံ့ခြင်းများက ကပ်ပါလာနေသည်သာ ဖြစ်သဖြင့် ထိုလောကီချမ်းသာ နောက်သို့သာ တကောက်ကောက် လိုက်နေကြသူများ၏ အဆုံးကား ဆင်းရဲခြင်းသာ နိဂုံးဖြစ်သွားကြရ၏။ လောကသတ်မှတ်ချက် ချမ်းသာဟူသမျှသည် ဆင်းရဲခြင်းနှင့် အမြဲဆက်စပ်နေသဖြင့် အချိန်မရွေး ပျောက်ပျက်သွားတတ်သည့် သဘောရှိ၏။ ထို့ကြောင့် သူတော်ကောင်းများက ထိုအခိုက်အတန့် ချမ်းသာများကိုစွန့်ကာ အကောင်းဆုံး သန္တိသုခ နိဗ္ဗာန်ချမ်းသာကို ရှာဖွေကြခြင်း ဖြစ်၏။ သူတော်ကောင်းတို့၏ လမ်းစဉ်သည် အမှန်ပင် ချမ်းသာကြီးလိုသူများ၏ လမ်းစဉ်ပင် ဖြစ်ပါ၏။ ချမ်းသာကြီးကို လိုချင်ကြသူများသည် သူတော်ကောင်းတို့၏ လမ်းစဉ်အတိုင်း ချမ်းသာငယ်ကို စွန့်လွှတ်နိုင်ကြရန် ကြိုးစားသင့်ပေ၏။

ထို့အတူ ဆင်းရဲကြီးမည်ကို ကြောက်သည့်သူများသည် ဆင်းရဲငယ်ကိုလည်း သည်းခံနိုင်အောင် ကြိုးစားရမည် ဖြစ်ပါ၏။ အခိုက်အတန့် ပင်ပန်းဆင်းရဲမည်ကို ကြောက်သဖြင့် သက်သာခိုကာ ဟိုလိုလို ဒီလိုလို နေခဲ့မိပါက နောင်အချိန်တွင် ထိုပင်ပန်းမှု ဆင်းရဲထက် အဆအရာမက ပင်ပန်းဆင်းရဲမှုနှင့် ကြုံကြရမည်သာ ဖြစ်ပါ၏။ ဤသဘောသည် မိမိတို့၏ လက်တွေ့ဘဝများတွင်လည်း အထင်အရှား ရှိနေခဲ့ကြသည်သာ ဖြစ်၏။ မိမိကိုယ်တိုင်လည်း ထိုအထဲတွင် ပါကောင်းပါနေနိုင်၏။ အခွင့်ရှိခိုက်၊ အရွယ်ရှိခိုက်၊ အချိန်ရှိခိုက်တွင် ရယူကြိုးစားရမည်များကို အခိုက်အတန့် ဆင်းရဲဒုက္ခ ရောက်မည့်အရေးတွေးကာ မကြိုးစားမိဘဲ နေလိုက်မိသည့် အဖြစ်သည် အခွင့်အရေးမရှိ၊ အရွယ်လည်းကြီး၊ ဘဝနိဂုံးအချိန်လည်း နီးသည့်အခါတွင်ကား အလွန်ဆင်းရဲ ပင်ပန်းကြရသည့် အဖြစ်နှင့်ကြုံတွေ့ ကြရလေတော့၏။ ထိုအချိန်တွင်မှ မှားခဲ့မိလေခြင်းဟူသည့် နောင်တတရားက မိမိထံ ရောက်လာတတ်ပြန်၏။ အရင်းစစ်သည့်အခါ ဆင်းရဲကြီးကို မကြောက်ဘဲ ဆင်းရဲငယ်ကို ကြောက်ကာ သည်းမခံနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိလာနိုင်မည် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲကြီးကို ကြောက်ပါက ဆင်းရဲငယ်ကို သည်းခံကြဟု ဆိုခြင်းဖြစ်၏။

ထိုစကားသည် အမှန်ပင်ဖြစ်၏။ လူအတော်များများသည် တဒင်္ဂဆင်းရဲများတွင်သာ ကြောက်ရွံ့နေတတ်ပြီး သံသရာနှင့်ချီသည့် ဆင်းရဲများတွင်ကား လျစ်လျူရှုနေကြသည့် သဘောရှိ၏။ အခိုက်အတန့် ဆင်းရဲမည်ကိုသာ တွေးပူလျက် ထိုဆင်းရဲများ မဖြစ်ရေးကိုသာ ကြိုးစားနေတတ်ကြ၏။ အခိုက်အတန့် ဆင်းရဲမည့်ဒဏ်ကို မခံလိုသဖြင့် သက်သာရာသက်သာကြောင်း လမ်းများနောက်ကိုသာ လိုက်လိုနေတတ်ကြ၏။ ထိုသို့ အလွယ်လိုက်မိကြသဖြင့် မမှန်သည့်လမ်းများတွင် လျှောက်လှမ်းမိကြသည့် အခါတွင်ကား ဆင်းရဲဒုက္ခသည် ပိုလို့သာ ကြီးလာကြပေ၏။ အခိုက်အတန့် ဆင်းရဲကို သည်းမခံနိုင်သဖြင့် အလွယ်လိုက်မိရာမှ အဆိုးဆုံး ဆင်းရဲဒုက္ခများသာ ရရှိခံစားလာကြပေ၏။ စင်စစ် လောကီအလုပ်ဖြစ်စေ၊ လောကုတ္တရာ အလုပ်ဖြစ်စေ ဆင်းရဲဒုက္ခသည် အမှန်ပင် ရှိနေကြ၏။ ထိုဆင်းရဲကို သည်းခံနိုင်မှသာ လောကီတွင်း ချမ်းသာရ၍ လောကုတ္တရာတွင်လည်း တရားရမည်သာ ဖြစ်၏။ တရားအားထုတ်သူများ ဆိုလျှင်ကား အမြင့်မြတ်ဆုံး၊ အကောင်းဆုံး အလုပ်ကို လုပ်နေသော်လည်း ဆင်းရဲဒုက္ခနှင့် ရင်းပြီးနေရသဖြင့် တရားရလိုလျှင် သည်းခံကြဟု တိုက်တွန်းကြခြင်း ဖြစ်၏။

မည်သို့ဆိုစေ။ ချမ်းသာကြီးကို လိုလားသူများသည် အလုပ်ကောင်းများလုပ်ကာ ချမ်းသာငယ်ကိုစွန့်လျက် ဆင်းရဲငယ်ကို သည်းခံရမည်မှာ အမှန်ပင် ဖြစ်ပါပေ၏။ လောကီလောကုတ္တရာ၊ ပစ္စုပ္ပန် သံသာရာ နှစ်ဖြာချမ်းသာ ရရေးအတွက် ဉာဏ်နှင့်ယှဉ်သည့် ကြိုးစားမှုကို အရင်းပြုကာ ကောင်းသည့်အလုပ်များဖြင့် ကံကောင်းများကို ဖွင့်ပေးကြရမည် ဖြစ်သကဲ့သို့ ထို့ထက်အလွန် ချမ်းသာအစစ်အမှန်များကို ရရှိရေးအတွက်လည်း တဒင်္ဂအခိုက် ချမ်းသာဖြစ်သည့် ချမ်းသာငယ်များကိုစွန့်ကာ သံသရာနှင့်ချီမည့် ဆင်းရဲဒုက္ခများ မကြုံစေရန် အခိုက်အတန့် ကြုံတွေ့ရသည့် ဆင်းရဲငယ်များကိုလည်း သည်းခံကြရမည်သာ ဖြစ်ပါ၏။ ထိုသို့ ကံကောင်းလည်းဖွင့်၊ ချမ်းသာငယ်လည်းစွန့်၊ ဆင်းရဲငယ်လည်း သည်းခံနိုင်ကြမည် ဆိုပါက မည်သူမဆို ကြီးမားလှသည့် ချမ်းသာသုခကို ရရှိနိုင်ကြမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ထို့ကြောင့် ချမ်းသာကြီးလိုကြသူများသည် တိပိဋက ယောဆရာတော် ညွန်ပြသည့် ဗုဒ္ဓလမ်းစဉ်အတိုင်း ကံ၊ ဉာဏ်၊ ဝိရိယ တရားများဖြင့် ပစ္စုပ္ပန်နှင့် အတိတ်ကံကို ပေါင်းစပ်ကာ ကောင်းမြတ်သည့် အလုပ်များကို လုပ်ဆောင်လျက် တဒင်္ဂချမ်းသာမျှနှင့် ကျေနပ်မနေဘဲ ထိုချမ်းသာငယ်ကိုစွန့်၍ ကြုံလာသမျှ ဆင်းရဲငယ်များကို သည်းခံပြီး ချမ်းသာအမှန်ဖြစ်သည့် သန္တိသုခ နိဗ္ဗာန်ချမ်းသာအထိ အရောက်လှမ်းကာ ချမ်းသာကြီးသူများ ဖြစ်အောင် ကြိုးစားကြရမည်သာ ဖြစ်ပါကြောင်း အသိပေးတင်ပြရင်း အသိနောက်သို့ အကျင့်လိုက်ကြရန်လည်း တိုက်တွန်းသမှု ပြုလိုက်ရပါ၏။

Read more »

စိတ္တသုခ လူမှုကူညီရေး အသင်း ဖွဲ့စည်းတည်ထောင်မည်

အခြေအနေ လိုအပ်ချက်အရ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၊ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ဦးဆောင်၍ “စိတ္တသုခ လူမှုကူညီရေးအသင်း (ဒယ်ဂူး၊ ကိုရီးယား)” ကိုဖွဲ့စည်းတည်ထောင်မည် ဖြစ်ပါသည်။ မိမိတို့တစ်နိုင်တစ်ပိုင် အနေဖြင့်လည်း ပရဟိတ အလှူလေးများကို ပေးလှူနေကြမြဲ ဖြစ်သော်လည်း အသင်းအဖွဲ့ အနေဖြင့် စည်းလုံးညီညွတ်စွာ ပေးအပ်လှူဒါန်းနိုင်လျှင် ပိုမိုကောင်းမွန် ခန့်ငြားနိုင်မည် ဖြစ်သဖြင့် ယခုကဲ့သို့ လူမှုကူညီရေး အသင်းအဖွဲ့လေးကို ဖွဲ့စည်းကြရခြင်း ဖြစ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေး လုပ်ငန်းများကို လုပ်ဆောင်ရာတွင် လွတ်လပ်ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး အတွက်သာ အဖွဲ့အစည်း တစ်ခုအနေဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့် မည်သည့်အသင်းအဖွဲ့များနှင့်မျှ အပြိုင်အဆိုင် တိုက်ခိုက်မှုများရှိမည် မဟုတ်သကဲ့သို့ ဆရာတော်၏ စိတ္တသုခ ကျောင်းအကျိုးဆောင် အဖွဲ့နှင့်လည်း သီးသန့်ခွဲထွက်ကာ ကျောင်းအကျိုးဆောင်အဖွဲ့၏ လုပ်ဆောင်ချက်နှင့် အင်အားများကို ယုတ်လျော့သွားစေမည့် အသင်းလည်း မဟုတ်ကြောင်း အတိအလင်း သိစေအပ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေး အသင်းဖြစ်သဖြင့် ဆရာတော်အနေဖြင့် ဦးဆောင်မှုကိုသာ ပေးမည်ဖြစ်ပြီး ထိန်းသိမ်းစောင့်ရှောက်ရေးကိုကား လူပုဂ္ဂိုလ်များကသာ လုပ်ဆောင်ကြရမည် ဖြစ်ပါသည်။ သို့သော် ယခု လောလောဆယ်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ နေရာပေးထားခြင်း မရှိသေးဘဲ ဘဏ္ဍာငွေ ထိန်းသိမ်းရေး အပိုင်းတွင်သာ ဆရာတော်၏ ညွန်ကြားချက်အရ ကိုဇေယျာတင့်နှင့် ကိုကျော်ကျော်မင်းတို့အား ယာယီအားဖြင့် ပေးအပ်ထားမည် ဖြစ်ပါသည်။ နောက်ပိုင်း အသင်းအထိုင် ကျလာသည့် အခါမှသာ သင့်လျော်သည့် ပုဂ္ဂိုလ်များကို လွဲပြောင်းပေးအပ် တာဝန်ယူစေမည် ဖြစ်ပါသည်။

မကြာမီ အဦးဆုံး မတည်လှူဒါန်းသူများဖြင့် အသင်းရံပုံငွေ ပေးအပ်ပွဲလှူဒါန်းပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို ပါဝင်လှူဒါန်းနိုင်ကြမည် ဖြစ်ပါသည်။ ဤအသင်းသည် စိတ်ပါဝင်စားသူများဖြင့် စတင်တည်ထောင်ခြင်း ဖြစ်သဖြင့် ယခုလောလောဆယ်တွင် မည်သူပါဝင်ရမည်၊ မည်ရွေ့မည်မျှ ထည့်ဝင်ရမည် ဟူသည် မရှိသေးဘဲ မိမိတို့၏ စိတ်ဆန္ဒ သဘောအတိုင်းသာ တတ်နိုင်သမျှ ထည့်ဝင်နိုင်ကြမည် ဖြစ်ပါသည်။ အသင်းနဲ့ ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်လေးလံမှု မဖြစ်စေဘဲ စိတ်ပါဝင်စားသူများ၏ အတူတကွ ပူပေါင်း ပါဝင်လာရေးကိုသာ အထူးမျှော်လင့်ပါသည်။ သို့သော် ကူညီထောက်ပံ့သည့် အခါတွင်ကား စိတ်ပါဝင်စားသူဖြစ်စေ၊ မဝင်စားသူဖြစ်စေ၊ အသင်းအလှူငွေ ထည့်ဝင်ထားသူဖြစ်စေ၊ မလှူထားသူဖြစ်စေ လူမှုရေး အကူအညီလိုအပ်သည့် မြန်မာမှန်သမျှ မည်သူ့ကိုမဆို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးသွားမည် ဖြစ်ပါသည်။

ဤအသင်းသည် လူမှုကူညီရေးအတွက်ကိုသာ ဦးတည်ထားသည့် အသင်းဖြစ်ပြီး လူမှုရေး အကူအညီ လိုအပ်သူ မည်သူ့ကိုမဆို ပုဂ္ဂိုလ်ရေး ခွဲခြားမှုမရှိဘဲ တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးမည် ဖြစ်သဖြင့် အမှန်ပင် ပရဟိတဆန်သည့် အသင်းတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့ ပင်ပင်ပန်းပန်း ရှာဖွေထားသည်များမှ စစ်မှန်သည့် ပရဟိတစိတ်ထားဖြင့် တတ်နိုင်သမျှ ကုသိုလ်ပါဝင် လှူဒါန်းလိုသူများသည် ဤအသင်း၏ ယာယီဘဏ္ဍာရေး ထိန်းသိမ်းစောင့်ရှောက်သူများနှင့် ဆက်သွယ်ကာ အတူတကွ ကူသိုလ်ယူ ပါဝင်နိုင်ပြီ ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။


ဘဏ္ဍာငွေထိန်းသိမ်းရေး တာဝန်ခံများ (ယာယီ)
ကိုဇေယျာတင့် (010-9838-1986)
ကိုကျော်ကျော်မင်း (010-2945-8338)

*** အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက် အကြမ်းကိုလည်း စိတ်ပါဝင်စားသူများ လေ့လာသိရှိနိုင်စေရန် တင်ပြအပ်ပါသည်။

အသင်းအမည်
စိတ္တသုခ လူမှုကူညီရေး အသင်း (ဒယ်ဂူး၊ ကိုရီးယား)

အသင်း၏ရည်ရွယ်ချက်
ဤအသင်း၏ ရည်ရွယ်ချက်မှာ ကိုရီးယားရောက် မြန်မာများနှင့် ပြည်တွင်းရှိ မြန်မာများ၏ လူမှုကူညီရေး လိုအပ်ချက်များအား စွမ်းနိုင်သမျှ ထောက်ပံ့ကူညီ လှူဒါန်းပေးသွားရန် ရည်ရွယ်ပါသည်။ အထူးသဖြင့် ဒယ်ဂူးမြို့အနီးဝန်းကျင်ရှိ မြန်မာများနှင့် ထို့ထက်ကျယ်ကျယ်ပြန့်ပြန့် အနေဖြင့် ကိုရီးယားနိုင်ငံ တစ်ဝှန်းရှိ မြန်မာများ၏ လူမှုကူညီရေး လိုအပ်ချက်များကို တတ်နိုင်သမျှ ထောက်ပံ့ကူညီ ပေးသွားရန် ရည်ရွယ်ထားပြီး ရံပုံငွေ အနေအထားအရ အခါအားလျော်စွာ မြန်မာပြည်ရှိ လူမှုကူညီရေး အထောက်အပံ့ လိုအပ်ရာနေရာများနှင့် ရုတ်တရက် ပေါ်ပေါက်လာနိုင်သည့် သဘာဝဘေး အန္တရာယ် ကျရောက်ရာ နေရာများသို့လည်း ပေးပို့လှူဒါန်း ထောက်ပံ့ ပေးသွားရန် ရည်ရွယ်ပါသည်။

အသင်း၏ လုပ်ဆောင်ချက်
(၁) ရှေးဦးစွာ အသင်း၏ ဘဏ္ဍာရေး ရံပုံငွေ တောင့်တင်းခိုင်မာရေးအတွက် ကြိုးစားဆောင်ရွက်ခြင်း
(၂) ရံပုံငွေ အထိုက်အလျောက် ပြည့်စုံလာသည့်အခါ ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်ရှိ မြန်မာများ၏ လူမှုအကူအညီ လိုအပ်ချက်များကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း
(၃) ဒယ်ဂူးမြို့နှင့် အနီးဝန်းကျင်တွင် လူမှုအကူအညီ မလိုအပ်သေးပါက ကိုရီးယားနိုင်ငံ တဝှန်းရှိ လူမှုကူညီရေး လိုအပ်လျက်ရှိသည့် မြန်မာများ၏ လိုအပ်ချက်ကို အများသဘောတူညီချက်နှင့် အညီ “စိတ္တသုခ လူမှုကူညီရေး အသင်း (ဒယ်ဂူး)“ ဟူသော အမည်ဖြင့် ထောက်ပံ့ကူညီ လှူဒါန်းပေးခြင်း
(၄) အသင်း၏ ရံပုံငွေအနေအထားအရ အခါအားလျော်စွာ မြန်မာပြည်တွင်းရှိ လူမှုအကူအညီ လိုအပ်ရာ နေရာများသို့ တတ်နိုင်သမျှ ပေးပို့လှူဒါန်းပေးခြင်း
(၅) မြန်မာပြည်တွင် ရုတ်တရက် သဘာဝ ဘေးအန္တရာယ် တစ်ခုခု ပေါ်ပေါက်လာပါက အသင်းအနေဖြင့် အလျင်အမြန် လူမှုအကူအညီများ ပေးပို့လှူဒါန်းပေးခြင်း
(၆) အသင်းအနေဖြင့် စိတ္တသုခ ဘုန်းတော်ကြီးကျောင်း အကျိုးဆောင်အဖွဲ့နှင့်လည်း အတူတကွ လက်တွဲကာ ဘာသာရေး၊ သာရေး၊ နာရေး၊ လူမှုရေး၊ ကုသိုလ်ရေးများကို ပါဝင်ဆောက်ရွက်ပေးခြင်း

Read more »

အတုအယောင် တုမယောင်နဲ့…

အတုအယောင်များ တဖြည်းဖြည်းနဲ့ ပေါများလာနေတဲ့ ဒီနေ့ခေတ်မှာ အတုအယောင်တွေကလည်း အမျိုးစုံလှပါတယ်။ ပစ္စည်းအတုအယောင်၊ လူအတုအယောင်၊ ရာထူးအတုအယောင်၊ ဂုဏ်အတုအယောင် စသဖြင့် အမျိုးမျိုးပါပဲ။ အဲဒီ အတုအယောင် မျိုးစုံထဲမှာ ကြောက်စရာ အကောင်းဆုံး အတုအယောင်ကတော့ သူတော်ကောင်းတရား အတုအယောင်ပဲ ဖြစ်ပါတယ်။ ဒီသူတော်ကောင်းတရား အတုအယောင်တွေဟာ သူတော်ကောင်း အတုအယောင်တွေကြောင့်ပဲ ပေါ်ပေါက်လာနေတော့တာ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီသူတော်ကောင်း အတုအယောင်တွေကို အတုအယောင်မှန်း မသိဘဲ ဆည်းကပ်ခစား ကိုးကွယ်နေကြတဲ့ သူတွေကြောင့် အတုအယောင်တွေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေဟာ ပိုပိုဆိုးလာ နေတော့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂)လလောက်က မြန်မာပြည် ပြန်တုန်းကတောင် စာဖတ်ပရိတ်သတ် တစ်ယောက်က အင်တာနက်မှာ ပြန့်နေတဲ့ ဘုန်းကြီးတစ်ပါးရဲ့ စိတ်ဓာတ်မြင့်တင်ရေး သင်တန်းဆိုလား၊ ဘာဆိုလားမသိဘူး၊ အရှင်ဘုရား ကြည့်ကြည့်ပါဆိုပြီး လာပေးသွားလို့ ကြည့်ဖြစ်လိုက်ပါသေးတယ်။ ကြည့်ကြည့်လိုက်တော့ ဘုန်းကြီးက လူတွေကို အကသင်တန်း ပေးနေတဲ့ အကြောင်းဖြစ်နေပါတယ်။ သင်တန်းမစခင် ရှေ့ကပြောသွားတဲ့ သူတွေကြည့်ရတာလည်း အဆင့်မြင့်မြင့် ပုဂ္ဂိုလ်တွေထဲက ဖြစ်နိုင်သလို လိုက်ပြီးကနေကြတဲ့ သူတွေကလည်း အဖွားအရွယ်၊ အဘိုးအရွယ်၊ အမေအရွယ် စသဖြင့် အသက်အရွယ်အစုံ ပါနေကြပြန်ပါတယ်။ ပညာတတ်လို့ ပြောတဲ့သူတွေလည်း ပါကောင်းပါနိုင်ပါတယ်။ အဲဒီဘုန်းကြီးရဲ့ သင်တန်းကို ကြည့်လိုက်ရတော့ တကယ့်ကို ရင်ထဲမှာ မကောင်းပါဘူး။ သာသနာတော်အတွက် အနှောက်အယှက် တစ်ခုလို ခံစားရတဲ့အပြင် ဘုရားရှင်ကိုလည်း အားနာမိပါတယ်။ သာသနာ့ဝင်ထမ်း အချင်းချင်း ကြည့်ရတာကိုက ရှက်စရာဖြစ်နေခဲ့ပါတယ်။

ဒါဟာ သာသနာတော်ကို ခုတုံးလုပ်တဲ့ သူတော်ကောင်း အတုအယောင်လို့ ဘုန်းဘုန်းတို့က မြင်ပါတယ်။ ဘုရားသာသနာကိုချစ်တဲ့ ဘုရားအာဏာစက်ဖြစ်တဲ့ ဝိနည်းတော်ကို လေးစားတဲ့ ဘုရားသားတော်တွေဆို ဘုရားအာဏာစက်ကို လျစ်လျူရှုပြီး ဒီလိုအလုပ်မျိုးကို လုပ်မှာမဟုတ်ပါဘူး။ ခုဟာက သာသနာတော်ရဲ့ အရှိန်ကိုယူ၊ သင်္ကန်းတော်ကို ခုတုံးလုပ်ပြီး ကိုယ့်ထင်ပေါ် ကျော်ကြားရေးအတွက် လုပ်တာလို့ပဲ မြင်ပါတယ်။ လုပ်ချင်ရင် လူ့ဘဝနဲ့ ဝိနည်းလွတ် လုပ်ပေါ့။ ခုဟာက သင်္ကန်းကြီး တကားကားနဲ့ ကြည့်ရတာကိုက အဆင်မပြေလှပါဘူး။ တရားဟောတာ မဟုတ်ဘူးလို့ သူတို့က ပြောထားပါသေးတယ်။ တရားဟောတာ မဟုတ်ရင် ဒါဆိုမတရား ဟောနေတဲ့ သဘောပါပဲ။ လူ့လောကမှာ လူဝတ်ကြောင်အနေနဲ့ လုပ်လို့မရလို့ သင်္ကန်းဝတ်နဲ့ လာလုပ်တာလို့ပဲ ဘုန်းဘုန်းတို့တော့ မြင်ပါတယ်။ ကြည့်ရတာ ဘုန်းကြီးတစ်ပါးက အေရိုးဗစ်သင်တန်း ပေးနေသလိုပါပဲ။ ဘုရားရှင်သာရှိရင် မောဃပုရိသ - မဂ်ဖိုလ်မပြီး အချည်းနှီးသော ယောက်ျားလို့ ပြစ်တင်ပြောဆိုကာ သာသနာတော်ကနေ နှင်ထုတ်လိုက်မှာ အမှန်ပါပဲ။

ဘဝသံသရာ လွတ်ရာလွတ်ကြောင်း အကျင့်ကောင်းကို မလုတ်ဘဲ အခိုက်အတန့် အဆင်ပြေရေး အလုပ်တွေ လုပ်နေသလို ဖြစ်နေတဲ့အတွက် ဘယ်လိုသူတော်ကောင်းတွေက ကြည့်ကြည့် ဒီအလုပ်ဟာ သာဓုခေါ်စရာ အလုပ်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ သူတော်ကောင်း အမည်ခံထားတဲ့ သူတွေရဲ့ အလုပ်ကိုက သာဓုခေါ်စရာ အလုပ်မဟုတ်ဘူးဆိုရင် သူ့ရဲ့အလုပ်ဟာ မမှန်တဲ့အလုပ်ဆိုတာ ထင်ရှားနေပါတယ်။ သာဓုခေါ်ဖို့မလို သာဓုခေါ်စရာ မရှိတဲ့ အလုပ်ကိုမှ လိုက်ပြီးလုပ်နေကြတဲ့ သူတွေကလည်း ရှိနေပြန်တော့ အတုအယောင်တွေနောက် တုယောင်ပြီး ရောက်ကုန်ကြတဲ့ သူတို့အတွက် စိတ်မကောင်းစရာပဲ ဖြစ်ပါတယ်။

ရှိပါစေတော့။ ပြောချင်တာက အတုအယောင် အမျိုးမျိုး ပေါ်နေတဲ့အထဲမှာ သူတော်ကောင်း အတုအယောင်တွေနဲ့ သူတော်ကောင်းတရား အတုအယောင်တွေလည်း အများကြီး ပေါ်ပေါက်နေတယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ဒီလို သူတော်ကောင်း အတုအယောင်တွေနဲ့ သူတော်ကောင်းတရား အတုအယောင်တွေ များများလာရင် အစစ်အမှန် သူတော်ကောင်းတရားတွေဟာ တဖြည်းဖြည်း အားနည်းလာနိုင်စရာ ရှိတဲ့အတွက် စစ်မှန်တဲ့ သူတော်ကောင်းတရားများ အရှည်တည်တံ့ ပြန်ပွားစေဖို့ သူတော်ကောင်းတွေ အနေနဲ့ စွမ်းအားရှိသလောက် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သူတော်ကောင်းတရား အတုအယောင်တွေ အားမကောင်းခင် အစစ်အမှန် သူတော်ကောင်းတရားတွေ မဆိတ်သုဉ်းခင် အတုအယောင်တွေကို ဝိုင်းဝန်းသုတ်သင် ဖယ်ရှားပစ်ကြဖို့လည်း ဆရာဒကာများမှာ အထူးတာဝန် ရှိနေပြီ ဖြစ်ပါတယ်။

ဗုဒ္ဓသာသနာ့ သမိုင်းတစ်လျှောက်ကို ပြန်ကြည့်မယ်ဆိုရင် ဒီလို သူတော်ကောင်းတရား အတုအယောင် တွေကြောင့် သူတော်ကောင်းအစစ် အမှန်တွေက တိုက်ထုတ်ပစ်ခဲ့ရတဲ့ သာဓကတွေလည်း အများကြီး ရှိခဲ့ပါတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီး သုံးလလောက်မှာ အရှင်မဟာကဿပ မထေရ်ကြီး အမှူးရှိတဲ့ ရဟန္တာများဟာ ဘုရားဟော သူတော်ကောင်းတရား အစစ်အမှန်များ အရှည်တည်တံ့စေဖို့အတွက် ပထမသင်္ဂါယနာ တင်ပွဲကြီး ကျင်းပပြုလုပ်ကာ ထိန်းသိမ်းစောင့်ရှောက် ခဲ့ကြသလို ဗုဒ္ဓဘုရား နိဗ္ဗာန်သွားပြီး နှစ်ပေါင်း (၁၀၀)ခန့်မှာ အရှင်ယသမထေရ်အမှူးရှိတဲ့ ရဟန္တာမထေရ်ကြီးများရဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ သင်္ဂါယနာ တင်ပွဲကြီးဟာလည်း သူတော်ကောင်းတရား အတုအယောင်များကို ဖယ်ရှားပစ်ကြတဲ့ ပွဲကြီးဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် သီရိဓမ္မာသောကမင်းကြီး လက်ထပ်မှာ တင်တော်မူခဲ့တဲ့ တတိယအကြိမ်မြောက် သင်္ဂါယနာပွဲကြီးဟာလည်း မင်းကြီးကိုယ်တိုင် ပါဝင်ခဲ့တဲ့ အတုအယောင် သူတော်ကောင်းတရားများကို သုတ်သင်တဲ့ ပွဲကြီးတစ်ခု ဖြစ်ခဲ့ပြီး အဲဒီသင်္ဂါယနာပွဲကြီး ပြီးတဲ့နောက် ကိုးတိုင်းကိုးဌာနသို့ သာသနာပြု စေလွှတ်ခဲ့တဲ့ မင်းကြီးရဲ့ ရည်ရွယ်ချက်ဟာလည်း အစစ်အမှန် သူတော်ကောင်းတရားများ အရှည်တည်တံ့ ပြန့်ပွား စေရေးအတွက် လုပ်ခဲ့တဲ့ သူတော်ကောင်းတရား ထိန်းသိမ်းစောင့်ရှောက်မှုရဲ့ ပြယုဂ်ကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

သာသနာ့ သမိုင်းတွေမှာ သူတော်ကောင်း အတုအယောင်တွေကို တိုက်ခိုက်ကျော်လွှားခဲ့တဲ့ ဒီလို လုပ်ရပ်တွေကြောင့်လည်း ဗုဒ္ဓရှင်တော်ဘုရား၏ သူတော်ကောင်းတရား အစစ်အမှန်များဟာ ဒီနေ့တိုင်အောင် ရပ်တည်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို သူတော်ကောင်းတရား အစစ်အမှန်များကို ကြိုးကြိုးစားစား ထိန်းသိမ်းစောင့်ရှောက်နေတဲ့ကြားက အခုနောက်ပိုင်းကြားရတဲ့ သတင်းတွေက သူတော်ကောင်း အတုအယောင်တွေရဲ့ သူတော်ကောင်းတရား အတုအယောင်များ တဖြည်းဖြည်း တစ်စခန်း ထလာနေတယ်ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။ ကြားရရုံတင်မဟုတ်ပါဘူး။ မျက်မြင်ကိုယ်တွေ့ပါ တွေ့လာခဲ့ရလို့လည်း သာသနာအတွက်၊ သူတော်ကောင်းတရား အစစ်အမှန်များအတွက် အတော့်ကိုပဲ ရင်လေးနေမိပါတယ်။ ဒီကိစ္စဟာ ဆရာဒကာ အများပေါင်းပြီး ဖြေရှင်းရမယ့် ကိစ္စဖြစ်ပါတယ်။

ဆရာတွေပိုင်းကလည်း အစစ်အမှန် သူတော်ကောင်းတရားတွေကို ညွန်ပြနိုင်ဖို့၊ လမ်းပြနိုင်ဖို့ ကြိုးစားပေးရမှာ ဖြစ်သလို ဒကာဒကာမတွေဘက်ကလည်း သူတော်ကောင်းအတုအယောင်၊ သူတော်ကောင်းတရား အတုအယောင်တွေနောက် အလွဲမလိုက်မိကြဖို့ လိုပါတယ်။ ဆရာဖြစ်တဲ့၊ ဆရာလုပ်မယ့် ပုဂ္ဂိုလ်တွေအနေနဲ့ ဘုရားဟော တရားတော်တွေကို စနစ်တကျ လေ့လာသင်ယူကာ လက်တွေ့ကျင့်ကြံအားထုတ်ပြီး အဲဒီစာတွေ့လက်တွေ့များကို ဗုဒ္ဓအလိုတော်ကျ တစ်ဆင့်ပြန်လည် ဖြန့်ဝေငှကြရမှာ ဖြစ်သလို ဒကာဒကာမတွေ အနေနဲ့လည်း ကိုယ့်ရဲ့ ကိုးကွယ်ဆည်းကပ်မှု အပိုင်းကို ဉာဏ်နဲ့ယှဉ်ပြီး ကိုးကွယ်ဆည်းကပ်နိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဟိုလူကလာပြောလည်း ယုံလိုက်၊ ဒီလူကလာပြောလည်း ယုံလိုက်၊ ဟိုနား အုံးအုံးကျက်ကျက်ဆိုလည်း သွားလိုက်၊ ဒီနား အုံးအုံးကျက်ကျက်ဆိုလည်း သွားလိုက် လုပ်တတ်တဲ့ မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ ကိုးကွယ်သင့်သလား၊ မကိုးကွယ်သင့်ဘူးလား၊ ဘုရားသာသနာကို တကယ်ပြုနေတာလား၊ အတုအယောင်လားဆိုတာ ခွဲခြားစိစစ်ပြီး ကိုယ်ကိုယ်တိုင် ကိုယ့်ရဲ့ဉာဏ်နဲ့ ယှဉ်ပြီး ကိုးကွယ်ဆည်းကပ် သင့်ကြပါတယ်။

တကယ်တမ်းကျတော့ ဘုရားရှင်ရဲ့ တရားတော်အတိုင်း၊ ဘုရားရှင်ရဲ့ လမ်းညွှန်မှုအတိုင်းသာ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ကြမယ်ဆိုရင် ဘယ်လိုစိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတွေမှ တက်စရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားရှင်ရဲ့ လမ်းညွှန်မှုတွေကိုက စိတ်ဓာတ်မြှင့်တင်ရေး၊ စိတ်ကောင်းရှိရေး၊ စိတ်ကျန်းမာရေး ကျင့်စဉ်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ဘုရားဟောကြား တရားတော်များရဲ့ ဂုဏ်တော်တွေကို ကြည့်ရင် သန္ဒိဋ္ဌိကဂုဏ်တော်ဆိုတာ ကိုယ်တိုင်ဒိဋ္ဌမျက်မြင် သိနိုင်ခြင်းဆိုတဲ့ ဂုဏ်တော်၊ ဧဟိပဿိကဂုဏ်တော် ဆိုတာ လာပါလုပ်ကြည့်လှည့်ပါလို့ ဖိတ်ခေါ်ကာ မှတ်ကျောက်တင်ခံနိုင်တဲ့ ဂုဏ်တော်၊ ပစ္စတ္တံ ဝေဒိတဗ္ဗဝိညူဟိ ဂုဏ်တော်ဆိုတာ ဘယ်သူမဆို လက်တွေ့လုပ်နိုင်ရင် လုပ်နိုင်သလောက် အကျိုးထူးတရားကို ရရှိခံစားနိုင်တဲ့ ဂုဏ်တော် စသဖြင့် လက်တွေ့ဆန်တဲ့၊ လက်တွေ့အကျိုးကျေးဇူးကို ဖြစ်စေတဲ့ သဘောတွေကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဟိုဟိုဒီဒီ နည်းတွေနဲ့ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေကြမယ့်အစား တကယ့်ကို စိတ်ဓာတ်မြင့်ချင်တယ်၊ စိတ်အစဉ်ငြိမ်းချင်တယ်ဆိုရင် ဘုရားဟောအတိုင်းသာ လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်ကြည့်ပါလို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက အတုအယောင်များ တစ်မျိုးပြီးတစ်မျိုး ပေါ်ပေါက်လာနေတဲ့အချိန်မှာ သူတော်ကောင်းအတု အယောင်တွေ၊ သူတော်ကောင်းတရား အတုအယောင်တွေလည်း အမျိုးမျိုး ပေါ်ပေါက်လာနေကြမှာ ဖြစ်တဲ့အတွက် စစ်မှန်တဲ့ သူတော်ကောင်းတရားတွေနဲ့ တွေ့ကြုံခံစားနိုင်ဖို့ ကိုယ်ကိုယ်တိုင်ပဲ ကိုယ့်ရဲ့သဒ္ဓါ၊ ပညာ၊ သတိ တရားတွေကို လက်ကိုင်ထားပြီး ခွဲခြားစိစစ်ကာ လိုက်နာကျင့်သုံးကြရမှာ ဖြစ်ကြောင်း၊ ယုံကြည်မှုကို မျက်ကန်းယုံကြည်မှုမျိုး မဖြစ်စေဘဲ အသိဉာဏ်နဲ့ ယှဉ်တဲ့ယုံကြည်မှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ယုံကြည်မှုလွန်ကဲပြီး ပညာအားနည်းရင် အလွဲကိုးကွယ်တတ်သလို၊ ပညာအားကောင်းပြီး ယုံကြည်မှု နည်းနေရင်လည်း စဉ်းလဲကောက်ကျစ်တတ်တဲ့ သဘောရှိတဲ့အတွက် သတိတရားနဲ့သာ သဒ္ဓါ ပညာ ညီမျှအောင် ကျင့်သုံးနေထိုင်ကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောရရင် အတုအယောင်များ ပေါများလှတဲ့ ခေတ်ကြီးမှာ အတုအယောင်တွေနောက်ကို တုယောင်ပြီး ရောက်မသွားဖို့အတွက် အတုအစစ် ခွဲစိစစ်ပြီး အတုကိုပယ် အစစ်ကို သယ်နိုင်တဲ့ သူများဖြစ်အောင် ကိုယ်ကိုယ်တိုင်သာ ဉာဏ်နဲ့ယှဉ်ကာ ကြိုးစားလိုက်ကြပါလို့ တိုက်တွန်းရင်း သာဓုခေါ်နိုင်မယ့် သူတော်ကောင်းတရားတွေကို ဘုရားရှင်အလိုအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်ကြဖို့ အလေးအနက် အသိပေးတင်ပြလိုက်ရပါတယ်။

အားလုံး အတုအစစ် ခွဲစိစစ်နိုင်ကြပါစေ…

Read more »

တရွယ်ရွယ်မှာ သုတ်သင်ပါ…

“ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။
ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏။”

(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း သတ္တဝါတိုင်း အသက်ရှင် နေထိုင်သမျှ ကာလပတ်လုံး အရွယ်သုံးပါးကို ကျင်လည်ဖြတ်သန်း ကြရမည်သာ ဖြစ်ပါ၏။ ငယ်ရွယ်နုပျိုစဉ် ပထမအရွယ်၊ အလယ်အလတ်ဖြစ်သည့် ဒုတိယအရွယ်၊ အကြီးပိုင်းဖြစ်သည့် တတိယ အရွယ်ဟူ၍ အရွယ်သုံးမျိုး ရှိကြရာတွင် အကောင်းဆုံးအရွယ်၊ တန်ဘိုးအရှိဆုံးအရွယ်၊ အနှစ်သာရ အရှိဆုံးအရွယ်အဖြစ် မိမိဖြတ်သန်း ကျင်လည်ရာအရွယ်များမှ တရွယ်ရွယ်ကို ပိုင်ပိုင်နိုင်နိုင် ရယူနိုင်ရန် လိုအပ်လှ၏။ အရွယ်သုံးပါးလုံး အကောင်းဆုံးများဖြင့် ဖြတ်သန်းကျင်လည် နိုင်ကြမည်ဆိုက ပြောဖွယ်မရှိ အလွန်ကောင်းနေမည် ဖြစ်သော်လည်း ထိုသို့ မကောင်းနိုင်ပါလျှင်ကား တရွယ်ရွယ် တချိန်ချိန်မျှဖြစ်ဖြစ် ကောင်းနေစေရန် ကြိုးစားသင့်ပေ၏။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးများက မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သက်တမ်းအရ ပထမအရွယ်ကို မွေးစမှ အသက် ၂၅နှစ်အရွယ်အထိ သတ်မှတ်ပြီး ၂၅နှစ်မှ ၅၀ အထိကို ဒုတိယအရွယ်ဟု သတ်မှတ်ကာ ၅၀မှ ၇၅အထိ သို့မဟုတ် ၅၀အထက်အသက်များကို တတိယအရွယ်ဟု သတ်မှတ်ကြ၏။ ထိုသတ်မှတ်ချက်နှင့်အညီ မြန်မာအများ ပြောဆိုကြသည့် ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာဟူသည့် အပြောအဆို အသုံးအနှုန်းများလည်း ရှိနေကြ၏။ ယေဘုယျ သတ်မှတ်ကြသည့် အရွယ်များနှင့် ယေဘုယျ ပြောဆိုကြသည့် စကားများဖြစ်သဖြင့် အထူးပြောဖွယ် မရှိသော်လည်း မျက်မှောက်ခေတ် လူတို့၏ အခြေအနေများနှင့် အရွယ်ပိုင်းခြားမှုများ၊ လုပ်ဆောင်ချက်များကား ပြောစရာ ဖြစ်လာပေ၏။ မည်သည့်အရွယ်တွင်မှ အကျိုးမရကြသူများ ရှိနေခြင်းကြောင့်လည်း တချိန်ချိန် တရွယ်ရွယ်တွင်ဖြင့် မိမိအကျိုး၊ အများအကျိုး တစ်မျိုးမျိုးကို ဆောင်ရွက်ကြရန် ပညာရှိ သူတော်ကောင်းများက တိုက်တွန်းကြခြင်း ဖြစ်၏။

ထို့အပြင် အရွယ်ဟူသည် ယေဘုယျ သတ်မှတ်ချက်ဖြစ်သော်လည်း ထိုသတ်မှတ်ချက် အရွယ်သို့ မရောက်မီ ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောများ ရှိနေသဖြင့် လက်ရှိရောက်ရှိနေသည့် အရွယ်တွင် အကောင်းဆုံးဖြစ်အောင် ကျင့်သုံးနေထိုင်ကြရန် တိုက်တွန်းပြောဆိုကြခြင်းလည်း ဖြစ်ပေ၏။ မြန်မာအများ သတ်မှတ်ထားသကဲ့သို့ ပထမအရွယ်တွင် ပညာရှာရမည် ဖြစ်သဖြင့် ပညာပဲရှာနေမိရင်း ရုတ်တရက် တစ်ခုခု ဖြစ်သွားမည်ဆိုပါက၊ ဒုတိယအရွယ်တွင် ဥစ္စာရှာ ဆိုသည့်အတိုင်း ဥစ္စာပဲ ရှာနေရင်း တစ်ခုခု ဖြစ်သွားခဲ့ပါက၊ တတိယအရွယ်တွင် တရားရှာဆိုသဖြင့် တတိယအရွယ်သို့ ရောက်သည်အထိ တရားမရှာဘဲ နေလိုက်မိရင်း တတိယအရွယ်မတိုင်မီ တစ်ခုခု ဖြစ်သွားသည် ဆိုပါက မည်သို့မျှ မတတ်နိုင်၊ မည်သူမျှ မကယ်နိုင် ဖြစ်သွားမည်မှာ အမှန်ပင် ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်သတ်မှတ်ချက်များ ရှိနေသော်လည်း ထိုသတ်မှတ်ချက်များ သည် အချိန်မရွေး ပြောင်းလဲဖောက်ပြန်တတ်သည့် သဘောရှိနေသဖြင့် ယခုလက်ရှိအချိန်နှင့် လက်ရှိ အရွယ်မှာသာ အကောင်းဆုံးဖြစ်အောင် မိမိကိုယ်ကို စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဆိုခြင်း ဖြစ်ပါ၏။

ထိုသို့ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ အချိန်မရွေး တစ်ခုခု ဖြစ်သွားနိုင်သဖြင့် ပညာရှိသူတော်ကောင်းများက ပထမအရွယ်တွင်လည်း ပညာရှာရင်း ကုသိုလ်ရှာကြရန်၊ ဒုတိယအရွယ်တွင်လည်း ဥစ္စာရှာရင်း ကုသိုလ်ရှာကြရန်၊ တတိယအရွယ်တွင်ကား တရားရှာရမည့် အရွယ်ဖြစ်သဖြင့် တစိုက်မတ်မတ် တရားကိုသာ ရှာကြရန် အထူးတိုက်တွန်းကြခြင်း ဖြစ်ပါ၏။ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး သေခြင်းတရားနှင့် ပြောင်းလဲဖောက်ပြန်မှု တရားများက လာနေနိုင်မည် ဖြစ်သဖြင့် လက်ရှိအချိန်သည်သာ အကောင်းဆုံး အချိန်အဖြစ် သတ်မှတ်ကာ ကုသိုလ်တရားများကို ရသမျှ ပြုလုပ်သွားကြရန် သတိပေးကြခြင်း ဖြစ်ပါ၏။

အကယ်၍ အခြေအနေအရ မကောင်းသည့်အလုပ်များဖြင့် လှုပ်ရှားရုန်းကန် နေခဲ့သည်များ ရှိပါကလည်း တစ်ချိန်ချိန် တရွယ်ရွယ်တွင် သတိဝင်ကာ ပြုပြင်နိုင်အောင် ကြိုးစားရမည် ဖြစ်ကြောင်း၊ ပြုပြင်လိုက်သည့် အချိန်၊ ပြုပြင်လိုက်နိုင်သည့် အရွယ်သည် နောက်ကျသည်ဟူသည် မရှိသဖြင့် အလျင်အမြန် သတိဝင်ကာ ပြုပြင်ကြရမှာ ဖြစ်ကြောင်း၊ ပထမအရွယ်တွင် မပြုပြင်နိုင်ပါက ဒုတိယအရွယ်၊ ဒုတိယအရွယ်တွင် မပြုပြင်နိုင်ပါကလည်း တတိယအရွယ် စသည်ဖြင့် အရွယ်သုံးမျိုးတွင် တရွယ်ရွယ်တွင်တော့ဖြင့် သတိပြုဆင်ခြင်ကာ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မိမိကိုယ်ကို အလျဉ်အမြန် သတိဝင်ကာ မကောင်းမှု အကုသိုလ် အလုပ်များမှ သုတ်သင်လိုက်နိုင်ခြင်းသည် မိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်း ဖြစ်ကြောင်း ပညာရှိ သူတော်ကောင်းများက မိန်ကြားတော်မူခြင်း ဖြစ်ပါ၏။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရသည့် မင်းသားတစ်ပါးရှိခဲ့၏။ ဗောဓိကုမာရသည် တစ်နေ့တွင် အကောင်းဆုံး လက်သမားဖြင့် အကောင်းဆုံး ပြဿာဒ်တစ်ခုကို ဆောက်လုပ်ကာ ပြဿာဒ်ပူဇော်ပွဲ တစ်ခုကို ပြုလုပ်လေ၏။ ထိုပြဿာဒ်ပူဇော်ပွဲသို့ ဘုရားအမှူးရှိသည့် သံဃာတော်များကိုလည်း ပင့်လျှောက်ထား၏။ အိမ်ထောင်ကျသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီး မထွန်းကားသည့် ဗောဓိမင်းသားသည် အမျိုးမျိုးသော နည်းများဖြင့် သားသမီးရအောင် ကြိုးစားသော်လည်း မရနိုင်ဘဲရှိရကား ဤတစ်ကြိမ်တွင် ဘုရားရှင်ထံ အဓိဋ္ဌာန်ပြုလိုသဖြင့် ပြဿာဒ်ပေါ်သို့ ကြွရာလမ်းတွင် အကောင်းဆုံးအခင်းကိုခင်းလျက် ဘုရားအမှူးရှိသော သံဃာတော်များ မကြွမီကပင် “ဘုရားရှင်သည် ဤအခင်းပေါ်တွင်နင်း၍ ကြွပါက မိမိတို့အား သားသမီးရပါစေ”ဟု အဓိဋ္ဌာန်ပြု ဆုတောင်းထားလိုက်၏။ ဘုရားရှင်နှင့် သံဃာတော်များ ပြဿာဒ်ပေါ်သို့ ကြွရာအခင်းထိပ်သို့ ရောက်လာသည့်အခါ အရှေ့ဆုံးမှ ကြွတော်မူသည့် ဘုရားရှင်က အခင်းများကိုဖယ်လိုက်ရန် ဗောဓိမင်းသားအား မိန့်ကြားတော်မူ၏။ ဗောဓိမင်းသားကလည်း သူ့အကြံအတိုင်း အခင်းကို နင်း၍ ကြွတော်မူရန် လျှောက်ထားလေ၏။ ဗုဒ္ဓရှင်တော်မြတ်ကလည်း အခင်းကိုသာဖယ်ရန် မိန့်တော်မူ၏။ ဗုဒ္ဓက “ဗောဓိမင်းသားအနေဖြင့် မည်မျှပင် အဓိဋ္ဌာန်ပြု၍ သားသမီး ရအောင်ကြိုးစား အားထုတ်သော်လည်း ယခုဘဝတွင်ကား ရနိုင်ဖွယ် အကြောင်းမရှိကြောင်း၊ မင်းသားတို့ လင်မယားနှစ်ယောက်သည် အတိတ်က ပြုခဲ့သည့် မကောင်းမှု အကုသိုလ်ကံကြောင့် သားသမီး မရနိုင်ခြင်းဖြစ်ကြောင်း” စသည်ဖြင့် မိန့်တော်မူကာ ဗောဓိကုမာရ မင်းသား၏။ အတိတ်ဇာတ်ကြောင်းကို ဟောတော်မူလေ၏။

လွန်လေပြီးသော အတိတ်ဘဝတစ်ခုက လူအပေါင်းတို့သည် ကြီးစွာသော လှေသင်္ဘောကြီးဖြင့် သမုဒ္ဒရာသို့ ရွတ်လွှင့်သွားစဉ် ပင်လယ်ပြင်ထဲ၌ ထိုသင်္ဘောကြီး ပျက်ခဲ့လေ၏။ သင်္ဘောပေါ်ပါ လူအများတွင် ဇနီးမောင်နှံနှစ်ဦးသည် ကံကောင်းထောက်မစွာဖြင့် ပျဉ်ချပ်တစ်ခုကို ရရှိပြီး ထိုပျဉ်ချပ်အကူဖြင့် လက်ပစ်ကူးကာ အသက်လုရင်း နောက်ဆုံးတွင် ကျွန်းတစ်ကျွန်းသို့ ရောက်ရှိကာ အသက်ဘေးမှ ကင်းလွတ်သွားခဲ့ကြ၏။ ထိုဇနီးမောင်နှံသည် ကျွန်းပေါ်တွင် သွားလာလှုပ်ရှားရင်း စားသောက်စရာ မရှိသဖြင့် ငှက်ပေါင်းမြောက်များစွာ ဥထားသည့် ငှက်ဥများကိုသာ နှိုက်ယူဖုတ်ကင်ကာ စားသောက်ကြလေ၏။ ငှက်ဥများ မရှိသည့်အခါ ငှက်ငယ်လေးများအား ဖုတ်ကင်စားသောက်ကြ၏။ ထိုသို့ ငှက်ဥများ၊ ငှက်ကင်များကို စားသောက်လာ ကြသည်မှာ ကြာမြင့်လာခဲ့ပြီ ဖြစ်သဖြင့် ထိုဇနီးမောင်နှံ နှစ်ဦးတို့သည် အကုသိုလ်ကို အကုသိုလ်ဟုပင် မထင်ဘဲ ဖြစ်လာခဲ့၏။ ထိုဇနီးမောင်နှံသည် ပထမအရွယ်တွင်လည်း မိမိတို့၏ လုပ်ရပ်များကို မပြုပြင်မသုတ်သင်နိုင်၊ ဒုတိယအရွယ်တွင်လည်း သတိမဝင် မပြုပြင်ခဲ့၊ တတိယအရွယ်တွင်လည်း နောင်တမရ မေ့လျော့ကြကာ မကောင်းသည့် အလုပ်များဖြင့်သာ ဘဝနိဂုံး အဆုံးသတ်သွားခဲ့ကြ၏။ ထိုအကုသိုလ်၏ အပြစ်ကို ဘဝပေါင်းများစွာ ခံယူရင်း ယခုဗောဓိကုမာရ ဘဝတွင်လည်း ထိုအကုသိုလ်၏ အကျိုးဆက်အနေဖြင့် သားသမီး မရနိုင်ခြင်းဖြစ်၏။

မြတ်စွာဘုရားသည် ဗောဓိကုမာရ၏ သားသမီးမရနိုင်ခြင်းအကြောင်း အထက်ပါ အတိတ်ဇာတ်ကြောင်းကို ပြန်လည်ဟောကြားတော်မူရင်း “ မိမိကိုယ်ကို ချစ်အပ်၏ဟု သိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာ စောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏။ ပညာရှိသည် အရွယ်သုံးပါးတို့တွင် တပါးပါးသော အရွယ်၌ (မိမိကိုယ်ကို) လုံ့လထုတ်ကာ သုတ်သင်ရာ၏ ” (ဓမ္မပဒ၊ အတ္တဝဂ်၊ ဗောဓိကုမာရဝတ္ထု) ဟူသော ဤတရားစကားတော်ကို မိန့်ကြားတော်မူ၏။ ဒေသနာတော်၏ အဆုံးတွင် ဗောဓိကုမာရသည် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်သွားလေ၏။

ဤကား အရွယ်သုံးပါး၌ တပါးပါးတွင် သုတ်သင်ရန်လိုကြောင်း မိန့်တော်မူသည့် ဘုရားရှင်၏ တရားစကား ဖြစ်ပေါ်ရာ နောက်ခံဇာတ်လမ်း တစ်စိပ်တဒေသပင် ဖြစ်ပါ၏။ ဤဒေသနာတော်တွင် ဗုဒ္ဓမြတ်စွာ မိန့်တော်မူသည်မှာ အရွယ်သုံးပါးတွင် တရွယ်ရွယ်၌ မိမိကိုယ်ကို ကောင်းစွာသုတ်သင်ရင်း ထိန်းသိမ်း စောင့်ရှောက်ကြရန် မိန့်တော်မူလိုရင်း ဖြစ်ပါ၏။ မှန်၏။ မိမိတို့သည် ပုထုဇဉ်များ ဖြစ်နေကြသဖြင့် အမှား မကင်းမိကြသော်လည်း ထိုအမှားကို တစ်သက်လုံး မှားမသွားမိကြရန် သတိပြုရမည် ဖြစ်ပါ၏။ သတိမပြုမိသဖြင့် မှားမိကြပါက ထိုအမှားအတွက် ပြန်လည်ပေးဆပ်ရမှုသည် အကြိမ်ပေါင်းများစွာ ဖြစ်နေကြမည် ဖြစ်ပါသောကြောင့် မိမိတို့၏ လုပ်ရပ်များကို သတိပြုဆင်ခြင်ကာ ပြုလုပ်ကြရန် ဖြစ်ပါ၏။

သေချာတွေးကြည့်ပါက အရွယ်ဟူသည် အချိန်တန်လျှင် ကျော်လွန်လာကြရမည် ဖြစ်သော်လည်း ထိုအရွယ်တွင် ဖြတ်သန်းစဉ်ကာလ လုပ်ဆောင်ခဲ့ကြသည့် လုပ်ရပ်များကား ကျော်သွား၍လည်း မရသကဲ့သို့ လွန်ထား၍လည်း ရမည်မဟုတ်နိုင်ပေ။ အရွယ်သုံးပါးတွင် ဖြတ်သန်းစဉ် လုပ်ဆောင်ခဲ့သည့် မိမိတို့၏ လုပ်ဆောင်ချက်များသည် ယခုဘဝ အရွယ်များ ကုန်ဆုံးသွားသော်လည်း နောက်နောက်ဘဝ အရွယ်များအထိ အစဉ်လိုက်ကာ အကျိုးပေးနေမည်မှာ အမှန်ပင်ဖြစ်ပါ၏။ အကုသိုလ်အလုပ်ဖြစ်စေ၊ ကုသိုလ်အလုပ်ဖြစ်စေ စေတနာဖြင့် လုပ်ဖြစ်ခဲ့ပါက အကျိုးမပေးရသေးသမျှ မပျောက်ပျက်ဘဲ အခွင့်သာက အကျိုးပေးကြသည်သာ ဖြစ်ပါ၏။ အကျိုးမပေးနိုင်သည့် အဟောသိကံများ ရှိသော်လည်း ထိုကံများသည် အလွန်သေးငယ်သည့် ကံလေးများသာ ဖြစ်နေပြီး ယေဘုယျအားဖြင့် စေတနာနှင့် လုပ်ခဲ့သည် ကံများကား အရွယ်လွန်သည်အထိ အကျိုးပေးခွင့်ရှိက ပေးနေမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် အရွယ်ဟူသည် အရေးမကြီးသော်လည်း ထိုအရွယ်တွင် လုပ်ဆောင်ကြသည့် လုပ်ဆောင်ချက်များကား အရေးကြီးလှသဖြင့် အရွယ်သုံးပါး တပါးပါးဝယ် အမှားမဝယ် မိကြရန်လိုကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မွေးဖွားခြင်းရှိနေကြသည့် သတ္တဝါမှန်သမျှ သေဆုံးခြင်းလည်း ရှိနေကြမည့်အပြင် မွေးသေနှစ်ခုကြား ဖြတ်သန်းကြရသည့် အရွယ်များ၊ အချိန်များလည်း ရှိနေကြမည် ဖြစ်သဖြင့် ထိုဖြတ်သန်းကြသည့် အရွယ်များကို အထူးသတိပြုဆင်ခြင်ကာ ဖြစ်သန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ အရွယ်သုံးပါး ဖြတ်သန်းစဉ်ကာလတွင် တစ်စုံတစ်ခုသော အကြောင်းကြောင့် မကောင်းသည့် အလုပ်များဖြင့် ဖြတ်သန်းကျင်လည်ခဲ့ ရသည်ရှိသော် ထိုအကုသိုလ် အလုပ်များကို တစ်ရွယ်ရွယ်၊ တစ်ချိန်ချိန်တွင် မလုပ်ဘဲ ရှောင်ကြဉ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း၊ မထူးပါဘူးဟူသည့်စိတ်ဖြင့် မထူးဇာတ် မခင်းကြဘဲ မလုပ်ဘဲ နေလိုက်နိုင်ချိန်သည် နောက်ကျသည့် အချိန်မဟုတ်သည်ကို သတိပြုကာ လက်ရှိအချိန်၊ လက်ရှိအရွယ်မှာ အကောင်းဆုံး ပြုပြင်နိုင်အောင် မိမိကိုယ်ကို သုတ်သင်ကြရမှာ ဖြစ်ကြောင်း၊ ထိုသို့ မကောင်းမှုကို မလုပ်ဖြစ်အောင် သတိပြုဆင်ခြင် သုတ်သင်နိုင်လိုက်ခြင်းသည် မိမိကိုယ်ကို အကောင်းဆုံး စောင့်ရှောက်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်သဖြင့် အရွယ်သုံးပါးတွင် တပါးပါး၌ သုတ်သင်နိုင်အောင် ကြိုးစားကြရမှာဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် တင်ပြလိုသည်မှာ “မည်သူမဆို လက်ရှိရောက်ရှိနေသည့် သက်တမ်းအရ အရွယ်သုံးပါးကို ရင်ဆိုင်ဖြတ်သန်း ကျော်လွှားကြရမည် ဖြစ်သဖြင့် မိမိတို့ ဖြတ်သန်းရမည့် အရွယ်တွင် အကောင်းဆုံးအလုပ်များ၊ အပြစ်ကင်းသည့် အလုပ်များ၊ အနှစ်ရှိသည့် အလုပ်များ၊ ကုသိုလ်အလုပ်များဖြင့် ဖြတ်သန်းနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါကြောင်း၊ ထိုသို့ အရွယ်သုံးပါးလုံးတွင် အပြည့်အစုံ မလုပ်နိုင်သော်လည်း တရွယ်ရွယ်တွင် အကောင်းဆုံးဖြစ်အောင် အားထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ သေချာသည်မှာ အရွယ်ဟူသည် အချိန်မရွေး ဖောက်ပြန်ပြောင်းလဲနိုင်သဖြင့် မည်သည့်အရွယ်တွင် မဆို ကုသိုလ်ကောင်းမှုများဖြင့် တွဲဖတ်ကျင်လည်နိုင်အောင် ဖြတ်သန်းကြခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါကြောင်း၊ မည်သည့်အရွယ်၊ မည်သည့်အချိန်ဟူသည် မည်သူမျှ အတိအကျ မသိနိုင်ဘဲ ယခုအချိန်သည်သာ တိကျသည့် အကောင်းဆုံး အချိန်ဖြစ်သဖြင့် ယခုလက်ရှိအချိန်တွင်သာ မိမိကိုယ်ကို ကောင်းစွာထိန်းသိမ်း စောင့်ရှောက်ခြင်းဖြင့် အကောင်းဆုံး သုတ်သင်ကြရမှာ ဖြစ်ပါကြောင်း” စေတနာစကား မေတ္တာအားဖြင့် အသိပေးတင်ပြလိုက်ရပါသည်။

အားလုံး… မိမိကိုယ်ကို တရွယ်ရွယ်တွင် သုတ်သင်နိုင်ကြပါစေ…

Read more »

ဧည့်သည်…

“လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း…”


ကိုရီးယားဧည့်သည်များနှင့်အတူ မြန်မာပြည်အထက်ပိုင်း ခရီးထွက်စဉ်က စာရေးသူတို့ အဖွဲ့သည် မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး၏ မင်းကွန်းတောင်ရိုး၊ ဓမ္မနာဒ ကျောင်းတိုက်ကြီးသို့လည်း သွားရောက်ကာ ဆရာတော်ကြီး၏ သာသနာပြုလုပ်ငန်းများအား ကြည့်ရှုလေ့လာ ကြည်ညိုဖြစ်ခဲ့၏။ ဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်သို့ရောက်သည့်အခါ ဆရာတော်ကြီး သီတင်းသုံး နေထိုင်တော်မူသွားသည့် နေရာ၊ ဆရာတော်ဘုရားကြီး ရေးသားပူဇော်သွားသည့် စာပေများကို ကြည့်ရှုလေ့လာ ရှင်းလင်းပြောကြားပေးရင်း ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ရေးစပ်ထားသည့် အထက်ပါ ကဗျာလေးကို အထူးသတိထားမိခဲ့၏။ ယခင်ကတည်းက ရထားပြီး ဖြစ်သော်လည်း အမှတ်တမဲ့သာ ရှိခဲ့သည့် ထိုကဗျာလေးသည် ယခုတစ်ခါ ပြန်လည်ဖတ်မှတ်မိသည့် အချိန်တွင်ကား အနှစ်သာရရှိသည့် ကဗျာတစ်ပုဒ်အဖြစ် စိတ်ထဲတွင် စွဲထင်သွားခဲ့တော့၏။ အထပ်ထပ် ရွတ်ဖတ်ရင်း ဆိုလိုရင်း အဓိပ္ပါယ်ကိုပါ ကိုရီးယား ဧည့်သည်များအား ရှင်းပြပေးဖြစ်ခဲ့၏။ မြန်မာပြည်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့ကြသည့် ကိုရီးယား ဧည့်သည်များအား ဆရာတော်ကြီး ဆိုလိုသည့် ဧည့်သည်အကြောင်း ပြန်လည်ဟောကြားပေးဖြစ်ခဲ့၏။

တိုက်တိုက်ဆိုင်ဆိုင်ပင် တရားပွဲကြွစဉ် ဝေါမြို့၊ အဗျားဗိုလ်တဲရွာရှိ နောင်တော်ကြီးတစ်ပါး၏ ကျောင်းသို့ ခေတ္တဝင်ကာ ဆွမ်းစားနေစဉ် ဆွမ်းစာကျောင်းတွင် ရေးသားချိတ်စွဲထားသည့် ဆရာတော်ကြီး၏ ဧည့်သည်အကြောင်း ကဗျာကို နောက်ထပ်တစ်ဖန် ဖတ်မှတ်ခဲ့ရပြန်ပါ၏။ နောင်တော်ကြီးက “ဧည့်သည်တိုင်း၏ လမ်းခရီး” ဟူသော ခေါင်းစဉ်ဖြင့် မင်းကွန်းဆရာတော် ဘုရားကြီး၏ သီးကုံးရေးသားမှုကို အောက်ပါအတိုင်း စုစည်းပူဇော်ထား၏။

လာတုန်းကလည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
ပြန်သွားတော့လည်း တစ်ယောက်တည်းနော်
လက်တွဲခေါ်ကာ ဖော်မပါဘူး
ဥစ္စာချည်းနှီး တစ်ကိုယ်တည်း။
လာပြီးတော့နား မသွားသေးခင်
ချိန်လေးတွင်မှ ဝန်းကျင်ယှက်နွယ်
နှောင်ကြိုးသွယ်ခဲ့။
ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
မလိုဒေါသ လိုလောဘနှင့်
ဘဝရိပ်မြုံ ကကြိုးစုံခဲ့
ကံကုန်မိုးချုပ် လက်တွဲဖြုတ်ခါ
သုတ်သုတ်ဆောလျင် ခရီးနှင်သည်
ဒို့လျင် ဧည့်သည်ပါတကား။ ။

ငါသည်ပင်မူ
ခေါ်သူမရှိ ရောက်လာမိစဉ်
နှင်သူမရှိ ပြန်ဖို့ရှိ၏။
ငါနေသည့်အိမ် ငါ၏အိမ်ဟု
ငါ့အိမ်မှာထား ငါ့မယားနှင့်
ငါ့လင်သားနှင့် ငါးသားသမီး
ငါ့ပစ္စည်းဟု ယူသည့်စိတ်စွဲ အမှတ်လွဲခဲ့။
အမှန်မှာမူ
ငါလာသောခါ လက်ဗလာတည်း
ပြန်ရပါလျင် လက်ချည်းပင်တည်း
ငါ့တွင် ကိုယ်ပိုင်မရှိပါတကား။
လာသူလာလည်း လာစမ်းပါစေ မဆီးလေနှင့်
သွားသူသွားလည်း သွားစမ်းပါစေ မတားလေနှင့်
တို့တတွေမှာ သဘာဝလျှင် အမိရင်ဝယ်
ထွက်ဝင်ခိုနား ခရီးသွားသည့်
ဧည့်သည်တွေပါတကား…။ ။
(မင်းကွန်းတိပိဋက ဆရာတော်ဘုရားကြီး)

ဆရာတော်ကြီး၏ အထက်ပါ ကဗျာများကို ဖတ်မှတ်ပြီး နောင်တော်ကြီးကျောင်းမှ အပြန်ခရီးတွင် ဟိုကြွဒီကြွဖြင့် ဧည့်သည်လာ ဧည့်သည်သွား ဖြစ်နေသည့် မိမိဘဝကိုမိမိ ပြန်လည်သတိပြု ဆင်ခြင်မိနေခဲ့၏။ ထို့အတူ သံဝေဂဉာဏ်လည်း ဖြစ်နေခဲ့၏။ အထူးသဖြင့် စာရေးသူ လျှောက်လှမ်းနေသည့် ဘဝတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသည့် အခိုက်အတန့်ဆုံကာ ကွဲကွာသွားခဲ့ကြသည့် ဧည့်သည်များ အကြောင်းကိုလည်း သတိတရ ဖြစ်နေခဲ့ပြန်၏။ မခေါ်ဘဲနှင့်ရောက်လာပြီး မနှင်ဘဲနှင့် ပြန်သွားခဲ့ကြသည့် ဧည့်သည်များအကြောင်းကိုလည်း အတွေးနယ်ချဲ့နေမိ၏။

မှန်၏။ စာရေးသူ အပါအဝင် ပုထုဇဉ်သတ္တဝါမှန်သမျှ အားလုံးဧည့်သည်ချည်းသာ ဖြစ်ပါ၏။ အိမ်ပိုင်ယာပိုင်မရှိ ဟိုဟိုဒီဒီ ကျင်လည်နေကြရသည့် သတ္တဝါများ ဖြစ်သဖြင့် ဧည့်သည်လာ၊ ဧည်သည်သွား အဖြစ်နှင့်သာ အချိန်ကုန်နေကြရ၏။ ထိုသို့ ဧည့်သည်အဖြစ်နှင့် ဟိုဟိုဒီဒီ အတည်တကျမရှိ ဖြစ်နေသဖြင့်လည်း တစ်ခါတရံ အိမ်ကောင်းများတွင် လည်ပတ်ခဲ့ရသည်များ ရှိခဲ့ကြသကဲ့သို့ တစ်ခါတရံ အိမ်စုတ်များတွင် နေခဲ့ရသည်များလည်း ရှိခဲ့ကြ၏။ တစ်ခါတရံ အိမ်ရှင်ကောင်းများနှင့် ကြုံခဲ့ရသကဲ့သို့ တစ်ခါတရံ အိမ်ရှင်ဆိုးများနှင့်လည်း ကြုံခဲ့ကြ၏။ မည်သို့သော အခြေအနေမျိုးတွင် ရှိခဲ့ပါစေ ဧည့်သည်များ ဖြစ်နေသဖြင့် အချိန်တန်လျင် အိမ်ပြန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည့်သည်အဖြစ်ဖြင့် သွားရောက်လည်ပတ်စဉ် ကြုံတွေ့ခဲ့ရသည့် သံယောဇဉ် မှန်သမျှသည်လည်း အချိန်တန်သည့်အခါ ချန်ခဲ့ကြရသည်သာ ဖြစ်ပါ၏။ ဧည်သည်များ ဖြစ်နေသမျှ အချိန်တန်လျင် အိမ်ပြန်ကြရမည်မှာ ဓမ္မတာပင် ဖြစ်ပါ၏။ သို့သော် မိမိပြန်မည့်အိမ်သည် မည်သို့သော အိမ်ဖြစ်မည် ဆိုသည်ကိုကား မိမိကိုယ်တိုင်မှတပါး၊ မိမိ၏ တည်ဆောက်မှုများမှတပါး၊ မိမိ၏ ဖန်တီးမှုများမှတပါး အခြားမရှိသည်သာ ဖြစ်ပါ၏။

ဤကား ခေတ်စကားနှင့် ပြောသည့် ဧည့်သည်အကြောင်းပင် ဖြစ်ပါ၏။ ဓမ္မစကားဖြင့် ပြောလျှင်ကား အရိယာ မဖြစ်သေးသည့် ပုထုဇဉ်များသည် သံသရာ ခရီးသွားနေကြသည့် ဧည့်သည်များ ဖြစ်နေပြီး ထိုဧည်သည်များ၏ အိမ်ဟူသည်ကား (၃၁) ဘုံ၊ တစ်နည်းအားဖြင့် သွားရာဂတိ (၅)မျိုးသာ ဖြစ်နေပါ၏။ သံသရာခရီး သွားနေကြသည့် ခရီးသွား ဧည့်သည်မှန်သမျှ အချိန်တန် အိမ်ပြန်ကြသည့်အခါ လူတို့နေရာ ဘုံဌာနခေါ် လူ့အိမ်၊ နတ်တို့စံရာ ဘုံဌာနခေါ် နတ်အိမ်၊ တိရစ္ဆာန်တို့သွားရာ ဘုံဌာနခေါ် တိရစ္ဆာန်အိမ်၊ ပြိတ္တာတို့ ကျင်လည်ရာ ဘုံဌာနခေါ် ပြိတ္တာအိပ်နှင့် ငရဲသားများ ခံစားရာဘုံဌာနခေါ် ငရဲအိမ်ဟူသည့် အိမ်များသို့သာ ပြန်ကြရမည် ဖြစ်ပါ၏။ ထိုအိမ်ငါးမျိုးတွင် လူ့အိမ်နှင့် နတ်အိမ်တို့သည် အိမ်ကောင်းများဟု ဆိုနိုင်ပြီး တိရစ္ဆာန်အိမ်၊ ပြိတ္တာအိမ်၊ ငရဲအိမ်တို့ကား အိမ်ဆိုးများဟု ဆိုရမည်သာ ဖြစ်ပါ၏။ မည်သို့ပင် အိမ်ဆိုးအိမ်ကောင်း ကွဲပြားနေသော်လည်း သံသရာခရီးသွား ဧည့်သည်များသည်ကား အချိန်တန်လျင် မိမိတို့ ဖန်တီးတည်ဆောက်ထားသည့် အတိုင်းသာ မိမိတို့နှင့်သင့်လျော်သည့် မိမိတို့အိမ်သို့သာ ပြန်ကြရမည် ဖြစ်ပါ၏။

သို့ဆိုလျင် သံသရာ ခရီးသွား ဧည့်သည်များအဖို့ အိမ်ပြန်သည့်အခါ မည်သည့်အိမ်သို့သွား၍ မည်သည့်အရာကို ယူဆောင်သွားမည်နည်းဟူသည့် အချက်ကို စဉ်းစားဖွယ် လိုအပ်လာပေ၏။ နောင်ထပ်လယ်စရာ အိမ်မရှိအောင် ယခုလက်ရှိ ဧည့်သည်အဖြစ် နေရသည့်အဖြစ်ကို အဆုံးသတ်ထားနိုင်လျင်ကား အိမ်ဆိုးအိမ်ကောင်း ရွေးစရာမလိုဘဲ အိမ်လယ်ရသည့် အလုပ်မှ ကင်းလွတ်သွားမည် ဖြစ်သော်လည်း ထိုသို့မလုပ်နိုင်သည့် ဧည့်သည်တစ်ယောက်အဖြစ်သာ နေထိုင်သွားမည်ဆိုပါက မကောင်းသည့် အိမ်များသို့လည်း သွားရောက်နေရမည် ဖြစ်ပါ၏။ ထို့ကြောင့် အိမ်စဉ်လှည့်လည် နေရသည့် ဧည့်သည်အဖြစ်မှ ကင်းလွတ်စေရန် အိမ်ပိုင်ယာပိုင်လေးရှိထားရန် လိုအပ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ သံသရာခရီးသွား ဧည့်သည်အဖြစ်မှ ကုသိုလ်ကောင်းမှုများဖြင့် တည်ဆောက်ထားသည့် ကိုယ်ပိုင်အိပ်ပိုင်ရှင်၊ သစ္စာဉာဏ်ဖြင့် အရယူထားသည့် တည်မြဲသည့် သွားရာဂတိပိုင်ရှင်များအဖြစ် ယခုလက်ရှိအချိန်ကို အသုံးချကာ ကြိုးစားတည်ဆောက် ထားသင့်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

သို့သော် ပုထုဇဉ်သတ္တဝါတို့သည်ကား ဧည့်သည်အဖြစ် နေနေရသည့် မိမိတို့၏ ဘဝအမှန်ကို မေ့လျော့ကာ ငါဟူသော အတ္တများကြောင့် ခဏတာဘဝတွင် အစအရာ မကစွာဖြင့် ချစ်ကြမုန်းကြဖြစ်ကာ မလိုသည့်အခါ ဒေါသဖြစ်လိုက်၊ လိုသည့်အခါ လောဘဖြစ်လိုက်ဖြင့် ဧည့်သည်အဖြစ်မှ ရုန်းမထွက်နိုင်ဘဲ တစ်အိမ်မှတစ်အိမ်သို့ ကူးပြောင်းလို့သာ နေနေကြပေ၏။ ဧည့်သည်အဖြစ်ဖြင့် ခဏတာ ရောက်လာခဲ့သည့် မိမိတို့၏ အဖြစ်ကို မေ့လျော့ကာ ငါ့သား၊ ငါးသမီး၊ ငါ့ဇနီး၊ ငါ့ဥစ္စာ စသည်များ အပေါ်တွင်သာ အကျေနပ်ကြီး ကျေနပ်နေလေ ကြတော့၏။ အမှန်အားဖြင့် မိမိကိုယ်တိုင် ဧည့်သည်အဖြစ် ရောက်လာခဲ့စဉ်ကပင် ဘယ်ကလာ၍ ဘယ်အိမ်တွင် နားရမည်ကို မသိနိုင်သည့်အပြင် ရောက်လာချိန်ကတည်းကလည်း မည်သည့်အရာမျှ ပါလာခဲ့သည် မဟုတ်သည်မှာ သတိပြုရမည့် အချက်ပင်ဖြစ်၏။

ထို့အတူ ဧည့်သည်လုပ်ရင်း အချိန်တန် အိမ်ပြန်သွားသည့် အခါတွင်လည်း ကုသိုလ်ကောင်းမှုမှလွဲ၍ ဘာတစ်ခုမျှ ယူဆောင်မသွားနိုင် ကြသည်ကို အထူးသတိ ပြုသင့်ပေ၏။ အကောင်းဆုံးကား ယခုလက်ရှိ အချိန်မှာပင် ဟိုအိမ်ဒီအိမ် လယ်နေရသည့် သံသရာ ခရီးသွား ဧည့်သည်များအဖြစ်မှ ရုန်းထွက်ကာ တစ်ယောက်တည်းလာ တစ်ယောက်တည်း သွားမှုများကင်းရာ သံသရာအဆုံးဖြစ်သည့် နိဗ္ဗာန်သို့သာ အရောက်သွားနိုင်ရန် ကြိုးစားသင့်လှပေ၏။ သို့မဟုတ်လည်း လားရာဂတိ မြဲမြံသွားသည့် အရိယာအဖြစ်သို့ရောက်အောင် ကြိုးစားလိုက်ခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါ၏။

ထို့ကြောင့် အချုပ်အားဖြင့် လက်ချည်းဗလာ လာခဲ့ရပြီး လက်ချည်းဗလာ ပြန်သွားရမည့် ဧည့်သည်အဖြစ်ဖြင့် ရောက်ရှိနေသည့် မိမိတို့၏ လက်ရှိဧည့်သည်ဘဝကို အဆုံးသတ်ကာ လားရာဂတိ အမှန်ရှိသည့် အိမ်ပိုင်ယာပိုင် အိမ်ရှင်များအဖြစ် ကုသိုလ်တရား ကြိုးစားပွားရင်း သုဂတိဘဝမှသည် နိဗ္ဗာန်အထိ အရောက်လှမ်းနိုင်စေရန် အချိန်ရှိခိုက် လုံ့လစိုက်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပေတော့၏။

Read more »

သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ…

ဘုန်းဘုန်းတို့ ကမ္ဘာအေး သာသနာ့တက္ကသိုလ်မှာ အဆောင်မှူးအဖြစ်နဲ့ တာဝန်ထမ်းနေတုန်းက နှစ်စဉ် သင်တန်းသား အသစ်များ အဆောင်ကို ရောက်လာတိုင်း ဘုန်းဘုန်းအနေနဲ့ ရှောင်ရန်ဆောင်ရန်လေးများကို ပြောဆိုဆုံးမပေးလေ့ ရှိခဲ့ဖူးပါတယ်။ အဲဒီလို ဆုံးမတဲ့အခါတိုင်း သင်တန်းသားများကို အမြဲပြောလေ့ရှိတဲ့ စကားလေးကတော့ “အရှင်ဘုရားတို့ အနေနဲ့ အထူးသတိပြုသင့်တာက ရောက်ခါစမှာ သူများတွေလုပ်တာကို လိုက်လုပ်ရင်း ဘာမသိ ညာမသိနဲ့ အမှားတွေနောက်ကို လိုက်မလုပ်ဖို့လိုကြောင်း၊ အဲဒီလို လိုက်လုပ်တဲ့အခါ အထိုင်ကျပြီး ကျွမ်းကျင်နေတဲ့ သူတွေအတွက် ဘာမှမဖြစ်နိုင်ပေမယ့် အသစ်ရောက်လာတဲ့ အရှင်ဘုရားတို့မှာတော့ ကျွမ်းကျင်မှု မရှိဘဲ အမှားတွေ တွေ့တတ်ကြောင်း၊ သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ ဖြစ်တတ်ကြောင်း၊ ဒါကြောင့် ဘာပဲလုပ်လုပ် အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဆင်ခြင် လုပ်ကိုင်သင့်ကြောင်း” စသဖြင့် ပြောဆိုဖူးပါတယ်။ အထူးသဖြင့် “သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ” ဆိုတာနဲ့ ပတ်သက်ပြီး အချိန်ယူကာ သတိပေး ပြောဆိုဖြစ်ခဲ့ပါတယ်။

အမောင်တောင်မှန်း မြောက်မှန်းမသိဆိုတဲ့ ဒီစကားလေးကို အခုအချိန်မှာလည်း ကြုံရင်ကြုံသလို ခိုင်းနှိုင်းပြောဆို နေရတုန်းပါပဲ။ အခုခေတ် လူငယ်အတော် များများရဲ့ တောင်မှန်းမြောက်မှန်း မသိတဲ့ အဖြစ်အပျက်လေးတွေကလည်း ပိုပိုများလားနေတော့ ပိုလို့တောင် ပြောဆိုသုံးနှုန်း ဖြစ်နေပါသေးတယ်။ ဒီနှစ်ဘုန်းဘုန်းတို့ မြန်မာပြည် ပြန်ကြွသွားတုန်းကတောင် အမောင်တောင်မှန်း မြောက်မှန်းမသိသူလေးတွေနဲ့ တွေ့ခဲ့ရလို့ ပြောဆိုပြုပြင်ပေးခဲ့ ရပါသေးတယ်။

မြန်မာပြည်မှာရှိခိုက် မုဒုံကို တရားဟောဖို့သွားရင်း နောင်တော်ကြီးတစ်ပါးရဲ့ ကျောင်းမှာခဏ နားကာ နေ့ဆွမ်းစားခဲ့ရပါတယ်။ အဲဒီတုန်းက ဆွမ်းဝိုင်းအနားမှာ ယပ်ခပ်ပေးနေတဲ့ ကိုရင်လူထွက် ကျောင်းသားလေး တစ်ယောက်ကို ကြည့်လိုက်တော့ လည်ပင်းမှာ လက်ဝါးကပ်တိုင် ဆွဲကြိုးကို ဆွဲထားတာ တွေ့လိုက်ရလို့ သူ့ကို ဘယ်သူပေးတာလဲလို့ မေးလိုက်တော့ “လမ်းမှာတွေ့လို့ ဝယ်ပြီးဆွဲထားတာ”လို့ ဖြေပါတယ်။ ဘာအဓိပ္ပါယ်လဲဆိုတာကော သိလားလို့ မေးတော့ “မသိပါဘုရား မင်းသားမင်းသမီးတွေ ဆွဲထားတာတွေ့လို့ ဆွဲတာပါ”လို့ ဖြေပါတယ်။ ဒါနဲ့သူ့ကို အဲဒီလက်ဝါးကပ်တိုင် ဆွဲကြိုးနဲ့ပတ်သက်ပြီး လက်ဝါးကပ်တိုင်ရဲ့ အဓိပ္ပါယ်ကို ပြောပြခဲ့ရပါသေးတယ်။ အဲဒီလို ရှင်းပြတော့လည်း သူတို့လေးတွေ ကောင်းကောင်း သဘောပေါက်သွားပြီး ချက်ချင်းဖြုတ်ပစ်လိုက်ကြပါတယ်။

တစ်ခါကလည်း ကျောင်းမှာဧည့်သည်နဲ့ စကားပြောနေတုန်း နယ်ကဧည့်သည်တွေ ရောက်လာကြပါတယ်။ မလေးရှားကို သွားပြီးအလုပ်လုပ်မယ့် ကလေးတစ်ယောက်ကို လိုက်ပို့ကြတာပါဆိုပြီး ကျောင်းကို ရောက်လာကြတာ မိသားစုလိုက်ပါပဲ။ အလုပ်သွားလုပ်မယ့် ကောင်းလေးရဲ့ သူငယ်ချင်းလေးတွေလည်း ပါပါတယ်။ ကျောင်းရောက်ဘုန်းကြီးကို ရှိခိုးနေတဲ့အချိန် သတိထားကြည့်မိလိုက်တော့ အတူပါလာတဲ့ အသက်၂၀အရွယ် ကောင်းလေးတစ်ယောက်ရဲ့ လည်ပင်းမှာဆွဲထားတဲ့ လက်ဝါးကပ်တိုင် ဆွဲကြိုးကို အထင်သား မြင်တွေ့လိုက်ရပါတယ်။ ကြည့်လိုက်တော့ အဲဒီကောင်လေးက ဘုရားနဲ့ ဘုန်းကြီးကို ရှိခိုးနေတာ ဝပ်နေတာပါပဲ။ ဘုရားမရှိခိုး၊ ဘုန်းကြီးမရှိခိုးပဲ ဒီအတိုင်း ထိုင်နေတာဆိုရင်တော့ ဒီကလေး ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်တာမို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာဝင် ကလေးတစ်ယောက်က ဒီလို လက်ဝါးကပ်တိုင်ဆွဲကြိုးကြီးနဲ့ ဘုန်းကြီးကျောင်းမှာ ရှိနေတာကိုတော့ ပြောပြပေးဖို့ လိုအပ်လာပါတယ်။ ဒါနဲ့ အဲဒီကလေးကို မင်းလည်ပင်းက ဆွဲကြိုးကြီးက ဘယ်ကရတာလဲလို့ မေးတော့ သူများပေးထားတာတဲ့။ သူလည်း လှလို့ဆိုပြီး ဆွဲထားတာလို့ ဆိုပါတယ်။ အဲဒီဆွဲကြိုးမှာပါတဲ့ လက်ဝါးကပ်တိုင်က ဘာအဓိပ္ပါယ်ဆိုတာရော သိလားလို့ မေးတော့ မသိတဲ့အကြောင်း ပြောလာတဲ့အတွက် အဲဒီကလေးကိုလည်း ရှင်းပြခဲ့ရပါသေးတယ်။ ဒီကောင်းလေးလည်း ခုနလိုပဲ တမင်တကာ ဆွဲနေတာတော့ မဟုတ်ပါဘူး။ သူများဆွဲတာတွေ့လို့ ဆွဲတဲ့သဘောပဲ ဖြစ်ပါတယ်။

နောက်အဖြစ်လေးတစ်ခုက ကိုရီးယားမှာ ဖြစ်ပါတယ်။ အလွန်ရင်းနှီးတဲ့ ဒကာလေးတစ်ယောက်ရဲ့ အဖြစ်ပါ။ သူက တရားမဝင် အလုပ်သမားဘဝနဲ့ အလုပ်လုပ်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ ဘုန်းဘုန်းလည်း ကိစ္စရှိလို့ တစ်နေရာကို ကြွနေတုန်း ဘူတာရုံအရှေ့မှာ သူ့ကို တွေ့လိုက်ရပါတယ်။ တွေ့တွေ့ချင်း သူ့လည်ပင်းမှာ ဆွဲထားတဲ့ လက်ဝါးကပ်တိုင် ဆွဲကြိုးလေးကို သတိထားမိလိုက်ပါတယ်။ ဒါနဲ့ “ဟေ့ မင်းကဘာလို့ ဒီဆွဲကြိုးကို ဆွဲထားရတာလဲ…၊ မင်းလိုဘာသာတရား ကိုင်းရှိုင်းပြီး ရဟန်းတော်များနဲ့ တရင်းတနှီး ရှိနေတဲ့သူတစ်ယောက်က ပိုလို့တောင် မဆွဲသင့်ဘူး” စသဖြင့် ပြောဆိုပြုပြင်ကာ ဘာလို့ဒါကို ဆွဲထားရတာလဲလို့ မေးတော့ “ ဒီနိုင်ငံမှာက ခရစ်ယာန် သာသနာပြုတွေ၊ လက်ကမ်းစာစောင် ဝေတဲ့သူတွေက ဟိုနားလည်းတွေ့ရ၊ ဒီနားလည်း တွေ့နေရပြီး မြေအောက်ရထားတွေဆိုလည်း ကောင်းကောင်းကို မစီးရကြောင်း၊ အခုလို ဒါလေး ဆွဲထားတာတွေ့တော့ သူတို့တွေက ခရစ်ယာန် တစ်ယောက်လို့ထင်ပြီး ဘာမှဝေတာကမ်းတာ မလုပ်တဲ့အတွက် သူတို့ရဲ့ အနှောက်အယှက်က ကင်းနိုင်ကြောင်း၊ ဒါကြောင့် ဒါလေးကို ဆွဲထားတာဖြစ်ကြောင်း” သူက ပြန်ပြောလာပါတယ်။ သူပြောတဲ့ အကြောင်းပြချက်က ကောင်းပေမယ့် ဒီလိုကိစ္စမျိုးဆိုတာ တခြားနည်းနဲ့ ရှောင်တိမ်းသင့်ကြောင်း၊ ကိုယ်အနေအထိုင် သက်သာဖို့ လုပ်တာဆိုပေမယ့် သေချာတွေးကြည့်ရင် ဒါဟာ သူ့အယူဝါဒကို ကိုယ်ကပြန်လည် ဖြန့်ဝေပေးနေသလို ဖြစ်နေကြောင်း၊ ဗုဒ္ဓဘာသာဟာ လွတ်လပ်စွာ ကိုးကွယ်နိုင်ခွင့် ရှိပေမယ့် လွဲနေတာလေးတွေကိုတော့ ပြုပြင်ပေးနိုင်ကြောင်း စသဖြင့် ပြောဆိုကာ သူ့ကို အကြောင်းနဲ့အကျိုးနဲ့ ပြောပြပေးဖြစ်ခဲ့ပါသေးတယ်။

အဲဒါပါပဲ။ ဒီနေ့ခေတ် လူငယ်အတော်များများရဲ့ အခြေအနေက သူများလုပ်လို့ လိုက်လုပ်၊ သူများယောင်လို့ လိုက်ယောင်နေကြပေမယ့် ဘာမှန်းမသိဘဲ ဖြစ်နေကြတဲ့ အခြေအနေတွေပါ။ အထူးသဖြင့် မြန်မာနိုင်ငံက လူငယ်တွေဟာ မျက်စိပိတ်နားပိတ် ဖြစ်နေကြတဲ့အပြင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေက လွှမ်းမိုးထားတဲ့ အတွက် ဒီလိုအရာတွေ နောက်ကိုလိုက်ရင်း အသိပညာ ဗဟုသုတတွေပါ လျော့နည်းလာကုန်တော့တာ ဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံထဲကို စိမ့်ဝင်လာတဲ့ နိုင်ငံခြား ရုပ်ရှင်းကားတွေရဲ့ လွှမ်းမိုးမှုတွေကလည်း သူတို့ကို အတုလိုက်ပြီး လုပ်စေကုန်တာ ဖြစ်ပါတယ်။ လှရင်၊ ပေါ်ပြူလာဖြစ်ရင် ပြီးရောဆိုတဲ့ စိတ်လေးတစ်ခုတည်းနဲ့ ဘာမှန်းမသိ ညာမှန်းမသိတာတွေကို လိုက်ယူလိုက်တု နေကြတော့ တဖြည်းဖြည်းနဲ့ လွဲနေကုန်တော့တာ ဖြစ်ပါတယ်။

ပိုဆိုးတာက တောနေလူတန်းစား အများစုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တောကလူတွေ ကြည့်နေကြတဲ့ ရုပ်ရှင်ဒရာမာတွေရဲ့ လွှမ်းမိုးသက်ရောက်မှုတွေက ပိုဆိုးနေတာ ဖြစ်ပါတယ်။ နိုင်ငံခြားက စိမ့်ဝင်လာတဲ့ ဝတ်စားဆင်ယင်မှု ဓလေ့စရိုက်တွေ၊ ဇာတ်လမ်းဇာတ်ကွက်ကို အခြေခံကာ အယူအဆ သွတ်သွင်းကြတဲ့ ဝါဒဖြန့်မှုတွေကို ပြည်တွင်းမှာရှိတဲ့ အနုပညာရှင် အချို့ကလည်း နိုင်ငံခြားက နာမည်ကြီးမင်းသား မင်းသမီးတွေနောက် အတုလိုက်ပြီး လုပ်ပြကြရာက မြန်မာရုပ်ရှင်ဇာတ်ကား အကြည့်များကြတဲ့ တောက ညီငယ်မောင်မယ်များအတွက် အတုယူပြီး လိုက်လုပ်စရာတွေအဖြစ် ပြောင်းလွဲကုန်တော့တာ ဖြစ်ပါတယ်။ ဘယ်မင်းသားက ဆွဲထားလို့၊ ဘယ်မင်းသမီး ဝတ်ထားလို့ဆိုပြီး ဘာမသိညာမသိ လိုက်လုပ်မိတာတွေဟာ သူများယောင်လို့ယောင် အမှန်တောင်မှန်း မြောက်မှန်းမသိ ဖြစ်ကုန်တဲ့အဖြစ်ကို ရောက်ကုန်တော့တာ ဖြစ်ပါတယ်။

တစ်ဘက်က ပြန်ကြည့်တော့လည်း ဒီလိုဖြစ်လာတာတွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ သိသင့်သိထိုက်တာတွေကို မသိတာ၊ အမည်ခံ ဗုဒ္ဓဘာသာတွေသာ များလာတာ၊ ဘာသာတရားအပေါ် စိတ်ဝင်စားမှု နည်းလာတာ၊ ဆရာဒကာ ကွာဟမှုတွေများလာတာ၊ ဘာသာတရားနဲ့ ပတ်သက်ပြီး လက်ဆင့်ကမ်း အမွေးပေးတာတွေ နည်းလာတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးတော့ သူများဘာသာတွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ ယှဉ်ကြည့်ရင် ဒီနေ့ခေတ် ဗုဒ္ဓဘာသာတွေရဲ့ ဘာသာရေး အမွေးပေးမှုတွေဟာ စနစ်မကျသလို ဖြစ်နေတာကို တွေ့ကြောင့်လည်း ပါပါတယ်။

ဟိုး အရင်တုန်းကတော့ ဘုန်းကြီးကျောင်း ပညာရေးကို ဦးစားပေးတဲ့ ဘုန်းကြီးကျောင်းထွက်တွေများပြီး ဘာသာရေးနဲ့ ပတ်သက်တဲ့ အခြေခံ အကြောင်းအရာ သိသင့်သိထိုက်တာတွေကို သိကြတဲ့ သူတွေဖြစ်ကြတဲ့အတွက် အဲဒီခေတ်က ဗုဒ္ဓဘာသာဝင်တွေဟာ ဘာသာရေး အခြေခံ အားကောင်းကြပေမယ့် ဒီနေ့ခေတ်မှာတော့ လူငယ်တွေဟာ ဘာသာတရားလိုက်စားဖို့ နေနေသာ ဘုန်းကြီးကျောင်းတောင် မသွားလိုကြတော့ဘဲ ဘုန်းကြီးကျောင်းတွေနဲ့ကို အလှမ်းဝေးလာနေတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အလှမ်းဝေးလေ ဘာသာရေး အခြေခံတွေ အားနည်းလေ၊ ဘာသာရေး အသိတရားတွေနည်းလေ တခြားအယူဝါဒတွေကို အလွယ်တကူ လက်ခံယုံကြည်မှုတွေ များလေ ဖြစ်လာကုန်တာ ဖြစ်ပါတယ်။

တစ်ခါတလေကျတော့လည်း ဘာရယ်မဟုတ် လိုက်လုပ်မိတတ်တဲ့ သဘောရှိပေမယ့် ဒီလိုလုပ်မိတာကိုက မသိလို့ လုပ်ဖြစ်နေတာ ဖြစ်ပါတယ်။ သိရင်လုပ်မိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သိအောင် ကြိုးစားကြဖို့ လိုပါတယ်။ ကိုယ့်ဘာသာအကြောင်း၊ ကိုယ့်ယဉ်ကျေးမှုအကြောင်း၊ ကိုယ့်ဓလေ့ ထုံးစံများ အကြောင်း စသဖြင့် သိဖို့လိုသလို သူများဘာသာ၊ သူများယဉ်ကျေးမှု၊ သူများ ဓလေ့ထုံးစံ လေးတွေလည်း သိကြဖို့ လိုပါတယ်။ သိမှလည်း ရှောင်နိုင်ဆောင်နိုင် ကျင့်နိုင်ကြံနိုင်ကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဒါတွေကိုသိဖို့ ဘယ်သူ့မှာ တာဝန်ရှိတယ်၊ ဘယ်ဝါ့မှာတာဝန် ရှိတယ်လို့ ပြောနေမယ့်အစား ကိုယ်ကိုယ်တိုင်ရဲ့ လက်တွေ့ကျင့်ကြံ ကြိုးစားလုပ်ဆောင်မှုကလည်း အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ်။ လက်သည်ချည်းပဲ အားကိုးလို့မရဘဲ ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြဖို့ လိုပါတယ်။ အဲဒီလိုသာ သူများအားနဲ့ ကိုယ့်အား ပေါင်းစပ်နိုင်မယ်ဆိုရင်တော့ အစစအရာရာ ကောင်းမြတ်လာနိုင်ကြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေရာမှာ ပြောချင်တာက သဒ္ဓါပညာဝိရိယ အားတွေ ယုတ်လျော့လာတဲ့ အခုလို အချိန်မျိုးမှာ မသိလို့ လုပ်မိကြတဲ့ အလုပ်တွေကလည်း ကြာလေများလေ ဖြစ်လာနိုင်တာ ဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်က ဘာမှ သိမထားဘူးဆိုရင် သူများလုပ်လို့ လိုက်လုပ်တာ၊ သူများပြောလို့ လိုက်ပြောတာတွေ ဖြစ်လာတတ်ပြီး အသိမှား အမြင်မှား အလုပ်မှားတွေကြောင့် အသေးအဖွဲလေးကစပြီး မလုပ်သင့်တဲ့ အလုပ်တွေအထိ လုပ်လာမိတတ်တယ်ဆိုတာ သတိပြု ဆင်ခြင်ကြရင်း သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်းမသိ မဖြစ်ရလေအောင် လက်သည်လည်းအားကိုး ကိုယ်ကိုယ်တိုင်လည်း ညှစ်ကြပါလို့ စေတနာစကားနဲ့ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ်... (၁၆)

သက်သတ်လွတ်နဲ့ ရသတဏှာ...
တစ်လောက မဟာယာန ဗုဒ္ဓဘာသာဝင် ဒကာမကြီးတစ်ယောက် ကျောင်းကိုရောက်လာခဲ့ပါတယ်။ ဒကာမကြီးရောက်တဲ့ အချိန်နဲ့ ဆွမ်းစားချိန်တိုးနေတဲ့အတွက် ဆွမ်းဝိုင်းနားမှာပဲ ခဏစောင့်နေဖို့ ပြောရင်း ဆွမ်းစားနေခဲ့ပါတယ်။ အဲဒါကို အနားမှာထိုင်နေတဲ့ ဒကာမကြီးက ဆွမ်းဝိုင်းပေါ်မှာရှိတဲ့ အသားဟင်းခွက်တွေကို ကြည့်ပြီး “အရှင်ဘုရားတို့က ဘာဖြစ်လို့ ဒီလောက်အသားဟင်းတွေ စားရတာလဲ…၊ တပည့်တော်တို့ ဘုန်းကြီးတွေဆို အသားဟင်းမစားဘဲ အမြဲတမ်း သက်သတ်လွတ်ပဲ စားတယ်၊ နေ့တိုင်း သက်သတ်လွတ်စားတော့ ကုသိုလ်လည်းပိုရ၊ သတ္တ၀ါတွေ အပေါ်မှာထားတဲ့ မေတ္တာဓာတ်လည်း ပိုအားကောင်းတာပေါ့ ဘုရား၊ အရှင်ဘုရားတို့လည်း သက်သတ်လွတ်စားနိုင်အောင် ကြိုးစားပေါ့ဘုရား”လို့ သူပြောချင်ရာကို ပြောလည်းပြော လျှောက်လည်းလျှောက်နေပြန်ပါတယ်။

တစ်ခါတုန်းကတော့ ဒကာမကြီးတစ်ယောက်က သူ့အမျိုးသား အမြဲသက်သတ်လွတ် စားနေတဲ့အတွက် သူစားဖို့ ချက်ပြုတ်ပေးရတာလည်း တစ်ဒုက္ခဖြစ်နေတဲ့အကြောင်း ပြောလာပြန်ပါတယ်။ သူ့ဒကာကြီး သက်သတ်လွတ် စားဖို့အတွက် အသားတုတွေ လိုက်ပြီးရှာဝယ်ရတာလည်း အတော်မလွယ်တဲ့ ကိစ္စဖြစ်ကြောင်း၊ ကြာတော့ သူသက်သတ်လွတ်စားတာကနေ မြန်မြန်ထွက်ပါစေလို့တောင် ဆုတောင်းမိတဲ့အကြောင်း စသဖြင့် သူ့ဒုက္ခကို ပြောပြဖူးပါတယ်။

ဒီလိုအသံတွေ ကြားရတော့ ဘုန်းဘုန်းစိတ်ထဲမှာ သက်သတ်လွတ်နဲ့ ပတ်သက်တဲ့ ပြောစရာလေးတွေ အကြောင်း အတွေးနယ်ချဲ့မိပြန်ပါတယ်။ သက်သတ်လွတ် စားတဲ့ရည်ရွယ်ချက် အမှန်နဲ့ လက်တွေ့ဖြစ်နေတဲ့ အဖြစ်လေးတွေ၊ ကုသိုလ်ရချင်လို့ သက်သတ်လွတ်စားကာမှ ကုသိုလ်မရဘဲ အပြစ်ဖြစ်စရာလေးတွေ ဖြစ်နေတာက သက်သတ်လွတ်စားသူတွေနဲ့ သက်သတ်လွတ်အတွက် ဖန်တီးပေးရသူတွေကြားမှာ လွဲများလွဲနေကြသလားလို့ စဉ်းစားနေမိပြန်ပါတယ်။ ကုသိုလ်ရအောင်၊ မေတ္တာဓာတ်အားကောင်းအောင်၊ ရသတဏှာနည်းအောင် သက်သတ်လွတ်စားကာမှ ကုသိုလ်လည်းမရ၊ မေတ္တာဓာတ်လည်း မပွားဘဲ အလုပ်ပိုပြီး ရသတဏှာသာ တိုးနေမယ်ဆိုရင်တော့ ဒါဟာ လွဲနေတော့တာ ဖြစ်ပါတယ်။ စားတာက သက်သတ်လွတ်ဖြစ်နေပြီး ပွားနေတာက ကိလေသာတွေ ဆိုရင်တော့ နဲနဲလေးတော့ လွဲနေတာ အမှန်ပဲ ဖြစ်ပါတယ်။

တကယ်တော့ သက်သတ်လွတ်စားတာ မကောင်းဘူး မဟုတ်ပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး အကောင်းတွေ အဖြစ်များ၊ အကျိုးတွေ အဖြစ်များဖို့တော့ လိုပါတယ်။ သတ္တဝါတွေအပေါ်မှာ မေတ္တာထားနိုင်အောင်၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုတ်အောင်၊ အရသာအပေါ်မှာ စွဲလန်းတပ်မက်တတ်တဲ့ ရသတဏှာတွေ လျော့နည်းအောင် စားလည်းစား ကျင့်လည်းကျင့်မယ့် ဆိုရင်တော့ သက်သတ်လွတ်စားတာ သိပ်ကောင်းပါတယ်။ အဲဒီလိုလေးတွေသာ ဖြစ်ကြမယ်ဆိုရင်တော့ တကမ္ဘာလုံး သက်သတ်လွတ်တောင် စားသင့်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က ကောင်းနေတာကိုး။

ဒါပေမယ့် ခုဟာက သက်သတ်လွတ်စားရင်း အကျင့်ပါးလာတဲ့ သူတစ်ချို့ကြောင့် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်က တစ်ခြားစီ ဖြစ်နေသလို ဖြစ်လာနေပါတယ်။ ရသတဏှာ မပါးဘဲ သက်သတ်လွတ် အစားအစာကို အသားအရသာအတိုင်း အကောင်းဆုံး ပြင်ဆင်ပြီး စားနေကြတာကတော့ အလုပ်လည်းများ တဏှာလည်း ပွားနေကြသလို ဖြစ်နေပါတယ်။ အစားအစာနဲ့ ပတ်သက်ပြီး အလုပ်မများအောင် စားကာမှ ဘယ်လိုဟာမျိုးမှ စားမယ်၊ ဘာပါမှစားမယ်၊ ဘာမပါလို့ အလိုမကျ ဖြစ်နေကြတယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။

အမှန်တော့ ဘုရားအလိုရှိတာက သက်သတ်လွတ်စားခြင်း မစားခြင်းကို အလိုရှိတော်မူတာ မဟုတ်ပါဘူး။ ဘာပဲစားစား ရသတဏှာ မပွားဖို့၊ အစားအသောက် အပေါ်မှာ တပ်မက်တွယ်တာမှု မများဖို့ကိုသာ ဗုဒ္ဓမြတ်စွာ အလိုရှိတော်မူတာ ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင်လည်း ဒီလိုသက်သတ်လွတ် စားဖို့ကို သီးသန့်ခွင့်ပြုတော်မူခြင်း၊ သက်သတ်လွတ်စားဖို့ တိုက်တွန်းတော်မူခြင်း မရှိခဲ့ပါဘူး။ အရှင်ဒေဝဒတ်က ရဟန်းသံဃာတော်များ သက်သတ်လွတ်စားဖို့ ပညတ်ပေးပါလို့ တောင်းဆိုတာတောင်မှ ဘုရားရှင်က ခွင့်ပြုတော် မမူခဲ့ပါဘူး။ ဆွမ်းခံသွားကာ ရသမျှ အစာအဟာရ အပေါ်မှာ ရသတဏှာ မဖြစ်အောင်စားဖို့ပဲ တိုက်တွန်းတော်မူခဲ့ပါတယ်။ သက်သတ်လွတ်စားခြင်းကြောင့် ရသတဏှာပါးပြီး ကိလေသာ နည်းသွားမယ်ဆိုရင်တော့ ဘုရားရှင်က သာဓုခေါ်မှာ အမှန်ပဲ ဖြစ်ပါတယ်။ သက်သတ်လို့တော့ စားပါတယ် ကိလေသာမပါးဘဲ ပိုများလာပြီး ရသတဏှာကလည်း ပိုပွားလာတယ်ဆိုရင်တော့ ဗုဒ္ဓရှင်တော်မြတ် အလိုရှိတော်မူမှာ မဟုတ်ပါဘူး။ ဒါကြောင့် သက်သတ်လွတ်စားတဲ့ အဓိက ရည်ရွယ်ချက်ဟာ မေတ္တာကရုဏာ တရားအားကောင်းဖို့နဲ့ အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့ စားတာဖြစ်တဲ့အတွက် သက်သတ်လွတ်စားရင်း ရည်ရွယ်ချက်တွေနဲ့ လွဲအောင်မလုပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ပြီးတော့ အစားစားတယ်ဆိုတာ အလုပ်လုပ်နိုင်အောင် စားတာဖြစ်ပါတယ်။ အလုပ်လုပ်ဖို့စားတာ ဖြစ်ပါတယ်။ စားဖို့လုပ်တာ မဟုတ်ပါဘူး။ အစာအဟာရကို အမှီပြုပြီး မာန်မာနတက်ဖို့၊ လှဖို့ပဖို့ စားနေကြတာ မဟုတ်ဘဲ ခန္ဓာကိုယ် ကျန်းမာရေး မျှတအောင်၊ ရုပ်တရားရဲ့ ဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်အောင်၊ အဟာရသပ္ပါယ မျှတအောင် စားသောက်ကြတာ ဖြစ်တဲ့အတွက် ဒီသဘောနဲ့ ညီအောင်တော့ စားသင့်ကြပါတယ်။ အဲလိုမှမဟုတ်ဘဲ ဘာဖြစ်ချင်လို့၊ ဘာလိုချင်လို့ စတဲ့ မျှော်လင့်ချက်တွေနဲ့ အဓိဋ္ဌာန် ဝင်သလိုလို၊ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာထားသလိုလိုနဲ့ သက်သတ်လွတ်ကိုပဲ အသားထက်ကောင်းအောင် ပြင်ဆင် စားသောက်မှုမျိုး ဆိုရင်တော့ ရသတဏှာပွားပြီး အကုသိုလ်တောင် တိုးနိုင်တာဖြစ်တဲ့အတွက် ဒါမျိုးလည်း မဖြစ်သင့်ပါဘူး။

တစ်ချို့က ဘာအဓိဋ္ဌာန်ဝင်တယ်၊ ညာအဓိဋ္ဌာန်ဝင်တယ်ဆိုပြီး အဓိဋ္ဌာန်ဝင်နေတဲ့ ကာလမှာ ကိုယ်လိုချင်တဲ့ အရာတွေ အထမြောက်အောင်မြင်အောင် သက်သတ်လွတ်ပါ စားကြဖို့ ပြောဆိုညွှန်ပြနေတာတွေလည်း ရှိပါတယ်။ ဒါတွေကို သေချာကြည့်ရင် ရည်ရွယ်ချက်ကိုက ရှင်းနေပါတယ်။ ဘာလိုချင်လို့၊ ဘာရချင်လို့၊ ဘာတွေအောင်မြင်ချင်လို့ စတာတွေက ဦးစီးနေတာ ဖြစ်နေတော့ သက်သတ်လွတ်စားတာဟာ မေတ္တာဓာတ်များဖို့၊ ရသတဏှာပွားဖို့ကြောင့်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါလိုချင်လို့ ဒီလိုစားတာ၊ ဒီလိုကျင့်တာဟာ ဘာသာရေးကို ခုတုံးလုပ်နေတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့ အလွဲတစ်ခုပါ။

ဖြစ်သင့်တာက သက်သတ်လွတ်စားတာ၊ မစားတာထက် အစားအသောက်အပေါ်မှာ ရသတဏှာ မပွားဖို့၊ အစားအသောက်အတွက် ကိုယ်ကိုယ်တိုင် သတ္တ၀ါတွေကို သတ်တာဖြတ်တာ မလုပ်ဖို့၊ သက်သတ်လွတ် စားတာကို အကြောင်းပြုပြီး အလုပ်မများဖို့နဲ့ ဘာဖြစ်ချင်လို့ ဘာရချင်လို့ ဆိုတဲ့ မျှော်လင့်ချက် အဓိဋ္ဌာန်တွေနဲ့ မေတ္တာစေတနာ မပါတဲ့ သက်သတ်လွတ် စားတာမျိုး မဖြစ်ဖို့ စသဖြင့် သတိပြုဆင်ခြင်ကာ အရေးကြီးတဲ့ ကိလေသာပါးရေး၊ တဏှာနည်းရေးမျိုးပဲ ဖြစ်သင့်ကြပါတယ်။ စိတ်အစဉ်တွေမှာ ကိလေသာပါးပြီး ကုသိုလ်တရားတွေ တိုးနေမယ်ဆိုရင် သက်သတ်လွတ်စားမှု မစားမှုဟာ အရေးမကြီးတော့ပါဘူး။ ကိုယ့်စိတ်မှာ ကုသိုလ်တရားတွေ များနေမယ်ဆိုရင် သက်သတ်လွတ်မစားလည်း ကိလေသာကတော့ ပါးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ခေတ် သက်သတ်လွတ် စားကြတဲ့ သူအချို့ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ချက်တွေဟာ ဗုဒ္ဓအလိုတော်နဲ့ လွဲနေတာတွေ ဖြစ်နေတဲ့အတွက် ဗုဒ္ဓအလို ရှိတော်မူတဲ့ သတ္တ၀ါတွေ အပေါ်မှာ မေတ္တာကရုဏာတရား အားကောင်းရေး၊ အစားအစာအပေါ်မှာ ရသတဏှာ နည်းပါးရေး၊ အစားအသောက်နဲ့ ပတ်သက်ပြီး အလုပ်မရှုပ်ရေး၊ အစားအစာအပေါ် အမှီပြုပြီး မာန်မာန မတက်ရေးများကို ဦးတည်လိုက်နာ ကျင့်သုံးကာဖြင့် ကုသိုလ်လည်းရ တဏှာလည်းချနိုင်မယ့် အစားအစာ စားမှုမျိုးကိုသာ ကြိုးစားလိုက်နာ လေ့ကျင့်သင့်ပါကြောင်း သက်သတ်လွတ်နဲ့ ရသတဏှာအကြောင်း တစ်စေ့တစ်စောင်း မီးမောင်းထိုးပြရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် အသိပေး တင်ပြလိုက်ရပါတယ်။

Read more »

နှစ်ဆယ်၊ ရှစ်ဆယ် သီအိုရီ (20%, 80% theory)

ဘုန်းဘုန်း မြန်မာပြည်မှာ ရောက်နေတဲ့အခိုက် မြန်မာပြည်ကိုလာပြီး တရားလည်းအားထုတ်၊ တရားလည်းနာ၊ ခရီးလည်းထွက်ဖို့ ရောက်လာကြတဲ့ ကိုရီးယားအဖွဲ့တွေနဲ့အတူ ဘုန်းဘုန်းလည်း မြန်မာပြည်အထက်ပိုင်း ခရီးကို လိုက်ပါသွားဖြစ်ခဲ့ပါတယ်။ ဒီအဖွဲ့ရဲ့ ရည်ရွယ်ချက်က ရောက်တဲ့နေရာမှာ ထင်ရှားတဲ့ ဆရာတော်ကြီးတွေကို ဖူးမြော်ပူဇော်ရင်း ဆရာတော်ကြီးများ ဟောကြားချီးမြှင့်တဲ့ တရားတော်ကို နာလိုတဲ့ ရည်ရွယ်ချက် ဖြစ်တဲ့အတွက် ရောက်တဲ့နေရာတိုင်းမှာတော့ အဲဒီရည်ရွယ်ချက်ကို အကောင်အထည် ဖော်ဖြစ်ခဲ့ကြပါတယ်။ ဒီအဖွဲ့တွေနဲ့အတူ လိုက်ပါသွားရင် နားကြားခဲ့ရတဲ့ ဆရာတော်ကြီးများရဲ့ တရားတွေကလည်း အလွန်မှတ်သားစရာ ကောင်းလှပါတယ်။ ဒီလို မှတ်သားစရာ အနှစ်သာရတွေထဲက မင်းကွန်းတောင်ရိုးမှာရှိတဲ့ တိပိဋက မင်းကွန်းဆရာတော်ကြီးရဲ့ အမွေကိုဆက်ခံရင်း သာသနာပြု လုပ်ငန်းများ လုပ်ဆောင်နေတဲ့ လက်ရှိတိပိဋက ဆရာတော် အရှင်ဂန္ဓမာလာလင်္ကာရ ဟောကြားချီးမြှင့် ပေးတော်မူတဲ့ တရားတစ်ပုဒ်ကလည်း အလွန်မှတ်သားဖွယ် ဖြစ်ခဲ့ပါတယ်။

ဆရာတော်နဲ့တွေ့တုန်း ကိုရီးယား ဒကာတစ်ယောက်က သူတို့နိုင်ငံမှာ ဘာလေးပဲဖြစ်ဖြစ် လူအချို့ဟာ အလွယ်တကူ ဘဝကို အရှုံးပေးကာ ကိုယ့်ကိုယ်ကို သတ်သေလေ့ရှိကြောင်း၊ အဲဒီလို သတ်သေလေ့ရှိတဲ့ သူတွေနဲ့ ပတ်သက်ပြီး ဆရာတော့်အနေနဲ့ ဘယ်လိုမြင်ပြီး ဘယ်လိုတရားမျိုး ချီးမြှင့်ချင်ပါလဲဘုရားလို့ မေးလျှောက်တဲ့အတွက် ဆရာတော်က သူ့အမေးကို အခြေခံကာ လူတွေရဲ့ လောကဓံကို မခံနိုင်မှုများ၊ အတ္တမာနပါတဲ့ အမြင်အတွေးများနဲ့ ပတ်သက်မှုများအကြောင်း တရားစကား မိန့်ကြားတော်မူပါတယ်။ ပြီးတော့ ဆရာတော်က သူ့အတွေ့အကြုံကို အခြေခံပြီး နှစ်ဆယ်၊ ရှစ်ဆယ် သီအိုရီလေး အကြောင်းကိုပါ ထည့်သွင်းမိန့်ကြားခဲ့ပါတယ်။

ဆရာတော်က “လောကမှာရှိတဲ့ လူအတော်များများဟာ ကောင်းတာနဲ့ မကောင်းတာ နှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါ ကောင်းတာတွေနဲ့ တွေ့ကြုံခံစားရရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက် ရရှိခံစားနေရတဲ့ အပေါ်မှာ အလိုမကျနိုင်ဘဲ နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲ ခံစားရတယ်လို့ ထင်နေတတ်ပြီး မကောင်းတဲ့အရာ နှစ်ဆယ်ရာခိုင်းနှုန်းလောက် တွေ့ကြုံခံစားရရင်တော့ ရှစ်ဆယ်ရာခိုင်းနှုန်းလောက် ခံစားနေရတယ်လို့ ထင်နေတတ်ကြောင်း၊ ကောင်းတဲ့ခံစားချက်ဆိုရင် အများကြီးကို အနည်းလေးလို့ ထင်နေတတ်ပြီး မကောင်းတဲ့ ခံစားချက်ဆိုရင်တော့ နည်းနည်းလေးကိုလည်း အများကြီးလို့ ထင်နေတတ်ကြောင်း၊ သူများခံစားတဲ့ ကောင်းတဲ့ခံစားချက်မျိုးနဲ့ ကိုယ်ခံစားရတဲ့ ကောင်းတဲ့ခံစားချက်မျိုး အတူတူဖြစ်ပေမယ့် ကိုယ့်ခံစားချက်ကျတော့ နည်းတယ်လို့ထင်နေတတ်ပြီး သူများနဲ့ကိုယ်နဲ့ အတူတူပဲ ခံစားရတဲ့ မကောင်းတဲ့ ခံစားမှုမျိုးကျတော့ ကိုယ်ခံစားရတဲ့ မကောင်းတဲ့ ခံစားမှုက ပိုပြီးကြီးတယ်လို့ ထင်နေတတ်ကြောင်း၊ ကိုယ့်ကျတော့ အကြီးကို အသေးထင်၊ အသေးကို အကြီးလို့ ထင်မြင်လေ့ရှိတတ်ကြောင်း၊ တကယ်တော့ ဒီလိုခံစားမှုမျိုးဆိုတာ ပုဂ္ဂိုလ်သတ္တဝါတိုင်းအတွက် အားလုံးအတူတူပဲ ဖြစ်ကြောင်း အတ္တစွဲ၊ မာနစွဲ၊ တဏှာစွဲတွေကြောင့်သာ ပြောင်းပြန်မြင်နေကြတာ ဖြစ်ကြောင်း…” စသဖြင့် နှစ်ဆယ်ရှစ်ဆယ် သီအိုရီလေးကို အခြေခံပြီး ပြောသင့်ပြောထိုက်တဲ့ တရားစကားကို မိန့်ကြားပေးတော် မူခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဆရာတော် အမိန့်ရှိတော်မူလိုက်မှပဲ တစ်ခါတရံ ကိုယ်ကိုယ်တိုင်လည်း အဲဒီလို အမြင်မျိုး ရှိနေတယ်ဆိုတာ သတိထားမိခဲ့ပါတယ်။ တဒင်္ဂအခိုက်အတန့် ကောင်းတယ်လို့ ထင်နေရတဲ့ အရာလေးတွေ ရရှိခံစားရတဲ့အခါ ရရှိလာတဲ့ အတိုင်းအတာ အပေါ်မှာ မရောင့်ရဲနိုင်ဘဲ ပိုပိုပြီး ရယူခံစားလိုမှုများက လွှမ်းမိုးလာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ပိုပိုပြီး လိုချင်ရချင် ခံစားချင်တာတွေကြောင့်ပဲ ရရှိလာတဲ့ အနေအထားအပေါ်မှာ နည်းတယ်လို့ ထင်နေတတ်ကြတာ ဖြစ်ပါတယ်။ ကောင်းတဲ့အရာလေးတွေဆိုရင် အများကြီးရနေပေမယ့် သူများလောက်မရဘူး၊ သူများလောက် မပြည့်စုံဘူးစသည်ဖြင့် ထင်နေတတ်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အရာတွေ၊ မကောင်းတဲ့ ခံစားချက်တွေမှာကျတော့ သူများလည်း ကိုယ့်လောက်ပဲ၊ ကိုယ်လည်းသူတို့လောက်ပဲ တွေ့ကြုံခံစားရပေမယ့် ကိုယ်ခံစားရတဲ့ ခံစားချက်ကျတော့ အရမ်းကိုပြင်းတယ်လို့ ထင်နေတတ်ကြတဲ့ သဘောရှိပါတယ်။

ဆိုကြပါစို့။ သူများလည်း နှလုံးရောဂါ၊ ဆီးချိုသွေးတိုး ရောဂါဖြစ်တာပါပဲ။ ကိုယ်လည်း အဲဒီလိုရောဂါမျိုး ဖြစ်နေတာပါပဲ။ ဒါပေမယ့် ကိုယ်ဖြစ်တဲ့အခါကျတော့ ဘယ်လိုမှကို မခံစားနိုင်လောက်အောင်၊ သူများထက်ကို အဆရာထောင်မက ပြင်းထန်တယ်လို့ ထင်ရလောက်အောင်ကို စိတ်ကထင်နေတော့တာ ဖြစ်ပါတယ်။ သူများလည်း ဒီရောဂါ ဒီဆေးပဲ သောက်ရတာပဲ၊ ကိုယ်လည်း ဒီအတိုင်းပဲ သောက်ရတာပါပဲ။ ကိုယ့်ကျတော့မှ ဆေးကပိုခါးနေသလို၊ ပိုများနေသလို၊ ပိုဈေးကြီးနေသလို ထင်နေတတ်ကြပြန်ပါတယ်။ ဒါဘာလဲဆိုတော့ ကိုယ်ကိုယ်တိုင် ခံစားဖြစ်ပေါ်လာတဲ့အခါ ဖြစ်နေတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ့ဖြစ်တော့ ဘာမှမသိသလို၊ ဘာမှမခံစားရသလို ရှိနေခဲ့ကြပေမယ့် ကိုယ့်ဖြစ်တဲ့အခါကျတော့ ငါ့ကျမှလာပြီး ရွေးဖြစ်တယ်လို့ ထင်ကုန်တော့တာ ဖြစ်ပါတယ်။

တကယ်တော့ သူ့ကျတော့ဖြစ်တယ်၊ ငါ့ကျတော့ ဖြစ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ရုပ်တရားကို ပိုင်ဆိုင် ထားနေကြလို့သာ ဖြစ်ပါတယ်။ သူလည်းဒီရုပ်ခန္ဓာရှိလို့ ခံစားမှု ဖြစ်လာရတာ ဖြစ်သလို ကိုယ်လည်းပဲ ဒီရုပ်ခန္ဓာကို ပိုင်ဆိုင်ထားလို့ ဒီလိုခံစားကြရတာ ဖြစ်ပါတယ်။ အဲဒီလို ရုပ်ရှိကြလို့ ဖြစ်ကြရတဲ့ အပေါ်မှာ ပုထုဇဉ် သဘာဝ ငါစွဲအတ္တစွဲလေးတွေက ရှိနေကြတော့ ကောင်းတဲ့သဘောလေးတွေဆို ကိုယ်ပဲရယူပိုင်ဆိုင်လို၊ ခံစားလိုနေကြပြီး မကောင်းတဲ့ သဘောတွေဆိုရင်တော့ ကိုယ်မခံစားရ၊ ကိုယ်မဖြစ်ရရင် ပိုကောင်းနေတဲ့ သဘောတွေ ရှိနေကြတာ ဖြစ်ပါတယ်။ အရာရာ ကိုယ့်အလိုအတိုင်း မဖြစ်ဘဲ သူ့အလိုအတိုင်း ဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ်တောင့်တသလို မဖြစ်တဲ့အခါ ကိုယ့်ဖြစ်တဲ့အခါကျတော့ အတူတူချင်းကိုပဲ ကိုယ်ကပိုဖြစ်တယ်၊ ကိုယ်က ပိုခံစားရတယ်လို့ ထင်နေတော့တာ ဖြစ်ပါတယ်။

အလားတူ ကောင်းတဲ့ခံစားမှုလေးတွေမှာလည်း ဒီအတိုင်းပါပဲ။ ကောင်းတာတွေဆိုတော့ ကိုယ်ပဲ ခံစားချင်၊ ရယူချင်နေတဲ့အတွက် ရတဲ့ဝေပုံချင်းအတူတူ ကိုယ်ရတဲ့အပေါ်မှာ နည်းတယ်၊ မကောင်းဘူးဆိုတဲ့ စိတ်အတွေးနဲ့ ပိုပိုပြီး ရချင်နေကြတော့ အများကြီးရခဲ့တာကိုပဲ အနည်းလေးရတယ်လို့ ထင်နေတတ်တာ ဖြစ်ပါတယ်။ ကောင်းတာတွေ၊ လိုချင်တာတွေဆိုတာကလည်း အလိုပြည့်တယ်ဆိုတာ မရှိတဲ့အတွက် ရပြီးရင်း ရချင်၊ လိုပြီးရင်း လိုချင်နေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ သိန်းထောင်နဲ့ သန်းနဲ့ချီအောင် ချမ်းသာနေတဲ့သူတွေကို မေးကြည့် ထပ်ယူဦးမှာလားဆိုရင် ယူဦးမယ်ဆိုတာတွေပဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဘယ်သူက ဘယ်လောက်တောင်ချမ်းသာလို့၊ ဘလောက်အကျိုးခံစားရလို့ နောက်ထပ် မလိုတော့ဘူး၊ နားသွားပြီဆိုတာ မရှိပါဘူး။ ရပြီးရင်းရချင်၊ လိုပြီးရင်း လိုချင် ဖြစ်နေကြတာ ဖြစ်ပါတယ်။

ဒီလို အတောမသတ်နိုင်တဲ့ လောဘသဘောက ရှိနေတဲ့အတွက် မြတ်ဗုဒ္ဓက ရောင့်ရဲနိုင်အောင်ကြိုးစားကြဖို့ တိုက်တွန်းတော်မူခြင်း ဖြစ်ပါတယ်။ ရောင့်ရဲတယ်ဆိုတာ ဘာမှမလုပ်ဘဲ ရှိတာလေးကို ထိုင်စားနေဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရှိတဲ့ အနေအထားလေး အပေါ်မှာ သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်ကြည့်ဖို့ ဆိုခြင်းဖြစ်ပါတယ်။ ဘယ်သူကတော့ ဘယ်လောက်ဖြစ်တယ်၊ ဘယ်လိုချမ်းသာတယ်၊ ဘယ်လို သုံးနိုင်တယ် စသဖြင့် သူများသုံးနိုင်၊ ဖြုန်းနိုင်၊ စားနိုင်သောက်နိုင်တဲ့ အပေါ်တွေမှာ အားမလိုအားမရ၊ ကြိတ်မနိုင်ခဲမရ မဖြစ်ကြဘဲ ကိုယ့်ရှိတဲ့အပေါ်မှာပဲ ရှိသမျှ၊ ရသမျှနဲ့ ကျေနပ်နိုင်အောင် ကိုယ့်ရဲ့လောဘကို အကန့်လေးလုပ်ကြည့်ကြဖို့ မိန့်တော်မူခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ မြတ်ဗုဒ္ဓ မိန့်တော်မူသလိုပဲ လောဘကို အကန့်လေးထားနိုင်မယ်ဆိုရင် ခုနပြောခဲ့တဲ့ ကိုယ့်ကျတော့နည်းတယ်၊ သူ့ကျတော့ များတယ်ဆိုတဲ့ အမြင်ခံစားချက်မျိုး နည်းလာနိုင်ပါတယ်။ ကိုယ်ရရှိခံစားရတဲ့ အတိုင်းအတာလေး အပေါ်မှာပဲ အလိုက်သင့် သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်လာနိုင်ပါတယ်။ ဒီထက်ပိုပြီး အမြင်တွေမှန်ချင်တယ်၊ အမှန်အတိုင်း အရှိအတိုင်း လက်ခံချင်တယ် ဆိုရင်တော့ အမှန်အတိုင်းမြင်စေနိုင်တဲ့ ဉာဏ်မျက်စိရအောင် ကြိုးစားဖို့ပဲ ရှိပါတယ်။ အရှိကိုအရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း၊ မမြဲတာကို မမြဲတဲ့အတိုင်း၊ မြဲတာကို မြဲတဲ့အတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း၊ အပျက်ကို အပျက်အတိုင်း မြင်နိုင်ဖို့ကတော့ သတိပဋ္ဌာန် အလုပ်အားထုတ်ကြဖို့ပဲ ဖြစ်ပါတယ်။ ဝိပဿနာ သတိပဋ္ဌာန် အလုပ်ကို ကြိုးစားအားထုတ်ထားကြတဲ့ သူတွေကတော့ ယထာဘူတံ ပဇာနာတိ - အရှိကို အရှိအတိုင်းသိလို့ ဆိုတဲ့အတိုင်း ဖြစ်စဲဖြစ်ခိုက်ကို အရှိအတိုင်းပဲ မြင်အောင်ကြည့်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါဆိုရင် သူများတယ်၊ ကိုယ်နည်းတယ်၊ ကိုယ့်ကျတော့ ပိုကြီးတယ်၊ သူ့ကျတော့ ပိုသေးတယ်ဆိုတဲ့ အမြင်အတွေးမျိုး ဝင်လာကြမှာ မဟုတ်ပါဘူး။ အဲဒီလိုဆိုရင်တော့ နှစ်ဆယ်ရှိရင် နှစ်ဆယ်ပဲ မြင်ကြမှာဖြစ်ပြီး ဆစ်ဆယ်ရှိရင်လည်း ရှစ်ဆယ်ပဲ မြင်လာကြတော့မှာ ဖြစ်ပါတယ်။

ဆိုလိုတာက လူအတော်များများရဲ့ စိတ်အစဉ်ဟာ ကောင်းတာတွေကျတော့ အများကို အနည်းလို့ မြင်နေထင်နေတတ်ပြီး မကောင်းတာတွေကျတော့ အနည်းကို အများလို့ ထင်နေတတ်ကြောင်းနဲ့ ဒီလို ထင်နေတတ်ခြင်းဟာ ပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိနေကြတဲ့ ငါစွဲလေးများနဲ့ အယူလွဲလေးများကြောင့်သာ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီလို အမြင်လွဲလေးတွေ မဖြစ်ရအောင် ကိုယ့်သန္တာန်မှာရှိတဲ့ လောဘကို အကန့်လေးနဲ့ထားနိုင်အောင် ကြိုးစားရင်း အသေးအကြီး၊ အနည်းအများကို အရှိအတိုင်း မြင်စေဖို့ ဝိပဿနာ တရားအလုပ်ကိုသာ ကြိုးစားအားထုတ်ဖို့ လိုကြောင်း ဆိုလိုရင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ရုပ်တရားပိုင်ဆိုင်ထားတဲ့ သူတွေမှာ အကောင်းအဆိုးဆိုတာ ဒွန်တွဲနေတာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ရှိနေခြင်းကြောင့် ရရှိလာတဲ့ ခံစားချက်ဆိုတာလည်း အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် ဘယ်သူ့ဘယ်သူမှ အနည်းအများ၊ အသေးအကြီးဆိုတာ မထားဘဲ အတူတူပဲ ဖြစ်စေတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သတ္တဝါတိုင်း ရရှိလာခဲ့ကြတဲ့ ခန္ဓာကိုယ်နဲ့ စိတ်မှာပဲ သုခဒုက္ခဆိုတာ ရှိနေတာဖြစ်တဲ့အတွက် သုခပဲဖြစ်ဖြစ်၊ ဒုက္ခပဲဖြစ်ဖြစ် အရှိအတိုင်း မြင်သိကြဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် တိပိဋကဆရာတော် အမိန့်ရှိတော်မူတဲ့ နှစ်ဆယ်ရှစ်ဆယ် သီအိုရီလိုပဲ သတ္တဝါ အတော်များများဟာ ကောင်းတာဆိုရင် ကိုယ့်ကျတော့နည်းတယ်၊ သူ့ကျတော့ များတယ်လို့ ထင်မြင်နေတတ်ပြီး၊ ဆိုးတာဆိုရင် ကိုယ့်ကျတော့ကြီးတယ်၊ သူ့ကျတော့ သေးတယ်လို့ ထင်မြင်နေတတ်ကြတဲ့အပြင် ဒီအထင်အမြင်များကြောင့် ဖြစ်ပေါ်လာခဲ့ရတဲ့ ဒုက္ခများဟာလည်း ပိုပိုများလာနေတတ်တဲ့အတွက် ဒီလိုထင်မြင်ယူဆမှုမျိုးကို အရှိအတိုင်း၊ အမှန်အတိုင်း မြင်စေနိုင်ဖို့ ကိုယ့်စိတ်ကို အကန့်လေးများနဲ့ ထိန်းချုပ်ကာ သတိပဋ္ဌာန် အလုပ်ကိုသာ ကြိုးစားအားထုတ်ဖို့သာ ရှိပါတော့ကြောင်း တင်ပြရင်း နှစ်ဆယ်ရှစ်ဆယ် သီအိုရီကို အကြောင်းပြုလို့ အသိတစ်ခုရစေဖို့ ကောင်းမှုတစ်ခု ပြုလိုက်ရပါတယ်။

Read more »

မြန်မာပြည်မှ အပြန်…

မြန်မာပြည်ကနေ တစ်ခေါက် ပြန် ရောက်လာခဲ့ ပြန်ပါပြီ။ ခရီးထွက် တိုင်း ခရီးသွား မှတ်တမ်းအဖြစ် ပြန်လည် ဖောက်သည် ချနေကျ ဆိုတော့ အခုတစ်ခေါက် မြန်မာ ပြည် ကြွပြီး ပြန်လာတဲ့ အခါမှာ လည်း တစ်ခါပြန် ဖောက်သည်ချ ဖြစ်ခဲ့တယ် ဆိုပါတော့။ ၂၀၁၀၊ ၁၁လပိုင်း ၁၁ရက်နေ့ကနေ ၂၀၁၁၊ ၁လပိုင်း ၃၀ရက်နေ့အထိ ပြန်သွား ခဲ့တဲ့ မြန်မာပြည် ခရီးစဉ်မှာ ထင်ထားတာထက်ကိုပိုပြီး အလုပ် များခဲ့ပါတယ်။ အလုပ်များသလောက် အကျိုးလည်း အများကြီး ဖြစ်ခဲ့တယ်လို့ ခံယူမိခဲ့ပါတယ်။ ပထမအစီအစဉ်က မြန်မာပြည်ကို ၂၀၁၀၊ ၁၁လပိုင်း ၅ရက်နေ့မှာ ပြန်ဖို့ပါ။ ဒါပေမယ့် ၁၁လပိုင်း ၇ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီးက ရှိနေတော့ အခြေအနေအရ တစ်ချို့က ရွေးကောက်ပွဲပြီးမှ ပြန်ဖို့အကြံပြုကြတာနဲ့ ရွေးကောက်ပွဲအပြီး ၁၁လပိုင်း ၁၁ရက်နေ့မှ ပြန်ကြွသွားဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲအပြီး ပြန်တော့လည်း ရွေးကောက်ပွဲအပြီး အရှုပ်အရှင်း သတင်းတွေတော့ ကြားခဲ့ရတာပေါ့။ ဒါကတော့ အားလုံးလည်း ကြားသိပြီးသားဆိုတော့ ထားလိုက်ပါတော့။ ဘုန်းဘုန်းရဲ့ ဖြတ်သန်းခဲ့မှု အကြောင်းပဲ ပြောကြတာပေါ့။

မြန်မာပြည် ပြန်ရောက်ရောက်ချင်း အရင်ဆုံး လုပ်ဖြစ်ခဲ့တာကတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာ လုပ်ဖြစ်ခဲ့တဲ့ ဘုန်းဘုန်းရဲ့ သီရိဗုဒ္ဓဟူး ဝတ်အသင်းနဲ့အတူ ဘုရားကျောင်းကန် သန့်ရှင်းရေး ဝေယျာဝစ္စအလုပ်နဲ့ သူတို့အဖွဲ့အတွက် ဗုဒ္ဓဟူးနေ့ မနက်တိုင်း ကျွေးနေကျ အဟာရ အလှူပဲဖြစ်ပါတယ်။ ပြီးတော့ ဗုဒ္ဓဟူးနေ့တိုင်း ညစဉ် (၇)နာရီမှာ ပို့ချပေးဖြစ်ခဲ့တဲ့ ဓမ္မသင်တန်း ဟောပြောပို့ချက်ချက် အလှူကလည်း ကလေးဆေးရုံ ဝန်ထမ်းများနဲ့ သူနာပြု ဆရာမများအတွက် တကယ့်ကို ဓမ္မအနှစ်သာရများ ဖြန့်ဝေဖြစ်ခဲ့တဲ့ အမြတ်ဆုံး ဓမ္မအလှူတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရားဟော အနှစ်သာရ ဓမ္မပဒဒေသနာတော်ကို ပါဠိ၊ မြန်မာ၊ အင်္ဂလိပ် သုံးဘာသာနဲ့ အကျယ်တဝင့်ပို့ချရင်း ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်၊ ဆောင်သင့်ဆောင်ထိုက်၊ ရှောင်သင့်ရှောင်ထိုက်တဲ့ ရှောင်ရန်ဆောင်ရန် အချက်အလက်များကိုလည်း အလျဉ်းသင့်သလို ထပ်ဆင့်အသိမျှဝေ ပေးဖြစ်ခဲ့ခြင်း ဖြစ်တဲ့အတွက် ကိုရီးယားကို ပြန်ကြွမယ့် နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့အထိ သင်တန်းတက်ရောက်လာသူများဟာ မလျော့ဘဲ ပိုပိုလို့သာ တိုးနေခဲ့ပါတယ်။ တစ်ချို့ဆို နောက်ဆုံးပတ် ဗုဒ္ဓဟူးနေ့မှာ နှမျောလွန်းလွန်းလို့ ငိုတောင်ငိုကြတယ်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့အတွက် ဓမ္မအနှစ်သာရ တစ်လုံးတစ်ပါဒ အသိရသွားရင်ကိုပဲ ဘုန်းဘုန်းရဲ့နှလုံးသားမှာ ပီတိဖုံးပြီးသားပဲ ဖြစ်ပါတယ်။ တရားဟောရတဲ့ ဓမ္မဒေသနာကုသိုလ်နဲ့ တရားနာရတဲ့ ဓမ္မဿဝနကုသိုလ်ကတော့ ကုသိုလ်တွေထဲမှာ အနှိုင်းမဲ့ ကုသိုလ်ဆိုတာ လက်တွေ့ဟောကြနာကြရတဲ့ သူတွေသာ အသိဆုံးပဲ ဖြစ်ပါတယ်။

နောက်ထပ်ဓမ္မအလှူ တစ်ခုကတော့ အွန်လိုင်းမှာ ဘုန်းဘုန်းရေးခဲ့တဲ့ တရားဆောင်းပါးများကို စာအုပ်အဖြစ် ပုံနှိပ်ထုတ်ဝေကာ စာအုပ်ဖတ်မှ အားရတတ်တဲ့ တရားချစ်ခင် သူတော်စင်တို့အတွက် စာအုပ်အလှူ ပေးလှူဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ရေးသမျှ ဓမ္မရသများကို တွေးမိသမျှ အတွေးများနဲ့ ရေးသားတင်ပြထားခဲ့တဲ့ ဒီစာစဉ်များဟာလည်း ဖတ်ရသူများကို အသိတစ်ခုနဲ့ အကျင့်တစ်ခုခုကို ဖြစ်စေခဲ့တယ်လို့ ဆိုကြပါတယ်။ တစ်ချို့က ဒီလိုဓမ္မအနှစ်သာရများ ပြန်ပွားစေဖို့ ဓမ္မစာစဉ်ပြန့်ပွားရေး အစီအစဉ်တစ်ခု လုပ်သင့်ကြောင်း အကြံပြုလျှောက်ထား လာတာတွေလည်း ရှိပါတယ်။ ဒီလို အသံတွေကြောင့်လည်း အခုတော့ မနာပဒါယီ ဓမ္မစာပေပြန့်ပွားရေး အလှူတော်ငွေများအဖြစ် စုပေါင်းကာ မနာပဒါယီ စာစဉ်များ စဉ်ဆက်မပြတ် ထုတ်ဝေဖြန့်ချိနိုင်အောင် စီစဉ်ဖန်တီး တည်ထောင်ဖြစ်ခဲ့ပါတယ်။ မတည်အလှူရှင်များနဲ့ တစ်နိုင်တစ်ပိုင် အလှူရှင်များကြောင့် ဒီ မနာပဒါယီ ဓမ္မစာပေ ပြန့်ပွားရေး အလှူတော်ဟာလည်း အတိုင်းအတာ တစ်ခုအထိ ခရီးရောက်ခဲ့ပါတယ်။

ဘုန်းဘုန်းရဲ့ မြန်မာပြည် ခရီးစဉ်မှာ တခြားအလှူတွေထက် ဘုန်းဘုန်းရဲ့ နှလုံးသားကို ပီတုံးဖုံးစေခဲ့တာကတော့ ဘုန်းဘုန်းရဲ့ ဇာတိရွာမှာ တရားပွဲကျင်းပပြီး ကိုယ်ပိုင်ရသမျှ ဓမ္မပူဇာများနဲ့ အကောင်အထည် ဖော်ဖြစ်ခဲ့တဲ့ မရှိဆင်းရဲသားများအတွက် နှစ်စဉ်ထောက်ပံ့ပေးမယ့် ပညာသင်ဆု ပေးအပ်ရေး အလှူတော်နဲ့ ရွာသူရွာသားတွေကို အသိဉာဏ်ဖွင့်ပေးမယ့် စာကြည်တိုက် တည်ထောင်ဖွင့်လှစ်ရေး အစီအမံပဲ ဖြစ်ပါတယ်။ ရသမျှ ဓမ္မပူဇာများကို အရင်းတည်ကာ မနာပဒါယီ စာကြည့်တိုက်ဆိုတဲ့ အမည်နဲ့ စာကြည့်တိုက်တစ်ခုကို စတင်အကောင်အထည် ဖော်နိုင်ခဲ့ပြီး ဒီနှစ်ကုန်မှာ ဖွင့်လှစ်နိုင်အောင် ကြိုးစားပံ့ပိုးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ပေါင်းစုံကိုလည်း စုဆောင်းထားပြီး စာကြည့်တိုက် အဆောက်အဦအတွက်လည်း ပန္နက်တင်ထားနိုင်ပြီ ဖြစ်တဲ့အတွက် မကြာမီဖွင့်လှစ်နိုင်တော့မယ့် မနာပဒါယီ စာကြည့်တိုက်ဟာ တကယ့်ကိုပဲ ပိတ်နေတဲ့ မျက်စိနားတွေကို ပညာအလင်းနဲ့ ထွန်းလင်းပေးနိုင်မှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက် မြန်မာပြည် အပြန်ခရီးမှာ ပိုပြီးထူးခြားတာက ပရဟိတ ဝေါဆရာတော် အရှင်သုမင်္ဂလရဲ့ စီစဉ်မှုနဲ့ မနားမနေ ကြွနေရတဲ့ ဘုန်းဘုန်းရဲ့ နယ်လှည့်တရားပွဲများပဲ ဖြစ်ပါတယ်။ ကိုရီးယား၊ ကိုရီးယားဆိုပြီး တစ်ယားတည်းယားနေကြတဲ့ မြန်မာပြည်ကြီးမှာ ကိုရီးယားကကြွလာတဲ့ ဆရာတော်ရဲ့ တရားပွဲလို့ ကြေငြာထားတဲ့အတွက် တရားပွဲတွေမှာ ပုံမှန်ထက် ပရိတ်သတ်တွေ များနေတယ်လို့ တရားပွဲစီစဉ်သူတွေက ဆိုပါတယ်။ ဘုန်းဘုန်းတို့လည်း အရှိန်နဲ့ လိမ့်နေဖြစ်ခဲ့ပေမယ့် မြန်မာပြည်သားများ အထင်ကြီးအားကျ နေကြတဲ့ ရုပ်ရှင်ဒရာမာတွေထဲက ကိုရီးယားတွေရဲ့ ဇာတ်ရုပ်တွေနဲ့ အပြင်လက်တွေ့ဘဝ ခြားနားချက်လေးတွေကို ဓမ္မနဲ့ချိန်ထိုးကာ အသိဖွင့်ပေးခွင့် ရခဲ့တဲ့အတွက် အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါတယ်။ ကိုရီးယား ဒရာမာ ရုပ်ရှင်များကိုကြည့်ရင်း အတုတွေ မယူဘဲ အစစ်တွေ ယူနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ သူတို့လူမျိုးတွေရဲ့ ကောင်းတဲ့အချက်လေးတွေကို ယူပြီး လက်တွေ့ဘဝထဲမှာ အသုံးချနိုင်အောင် ကြိုးစားကြဖို့ အားပေးဖြစ်ခဲ့ပါတယ်။

သူတို့ရဲ့ ချစ်စရာ အလေ့တစ်ခုဖြစ်တဲ့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်လိုသူကိုပဲ တွေ့တွေ့ အရင်ဆုံး နှုတ်ဆက်တတ်တဲ့ နှုတ်ဆက်စကားလေးတွေကို အန်ညောင်းဟာဆယ်ယိုဆိုတဲ့ သူတို့စကားနဲ့ မနှုတ်ဆက်ကြဘဲ ကိုယ့်ဘာသာစကားလေးနဲ့ အစားထိုးပြီး မင်္ဂလာပါလို့ နှုတ်ဆက်ကြရင် သိပ်ကောင်းမှာဖြစ်ကြောင်း၊ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက်စာရင် မင်္ဂလာပါလို့ နှုတ်ဆက်တာက ပိုပြီးအဓိပ္ပါယ်ပြည့်ဝကာ ကုသိုလ်တရား တိုးပွားစေကြောင်း ပြောဆိုရင်း မင်္ဂလာပါလို့ နှုတ်ဆက်ကြဖို့ တိုက်တွန်းဖြစ်ခဲ့ပါတယ်။ ဒါကလည်း ကိုရီးယားမှာ နေတဲ့ဘုန်းဘုန်းကိုတွေ့တိုင်း အန်ညောင်းဟာဆယ်ယို ဘုန်းဘုန်းလို့ နှုတ်ဆက်တတ်ကြတဲ့ သူတွေရှိနေကြလို့ သူတို့ဘာသာစကားနဲ့ နှုတ်ဆက်မယ့်အစား ကိုယ့်ဘာသာစကား ဖြစ်တဲ့ မင်္ဂလာပါဆိုတာလေးနဲ့ နှုတ်ဆက်ကြဖို့ ပြောပြရခြင်း ဖြစ်ပါတယ်။ မဆိုးပါဘူး။ တရားပွဲတိုင်း ဒီအချက်လေးတွေကို ထည့်ပြောဖြစ်နေတော့ ခုဆိုဘုန်းဘုန်းနဲ့တွေ့တိုင်း လူအတော်များများက ဘုန်းဘုန်းမင်္ဂလာပါဘုရားလို့ နှုတ်ဆက်လာကြတာကို သတိထားမိခဲ့ပါတယ်။ မင်္ဂလာပါလို့ ကိုယ့်အချင်းချင်းတွေ့ရင် နှုတ်ဆက်ဖို့ ဝန်လေးနေကြတဲ့ မြန်မာလူမျိုးတွေဟာ အချိန်မရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး တွေ့တဲ့အခါတိုင်း မင်္ဂလာပါလို့ နှုတ်ဆက်နိုင်ရင်တော့ အန်ညောင်းဟာဆယ်ယိုလို့ နှုတ်ဆက်တာထက် စာရင် မင်္ဂလာပါလို့နှုတ်ဆက်တာက ကုသိုလ်တရား ပိုတိုးစေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ပြီးတော့ ကိုရီးယားများနဲ့ ပတ်သက်တဲ့ ဝတ်စားဆင်ယူမှု၊ စားသောက်မှုတွေရဲ့ ရှောင်ရန်ဆောင်ရန် အချက်တွေကိုလည်း ဘုန်းဘုန်းရဲ့ လက်တွေ့အဖြစ်လေးတွေနဲ့ ချိန်ထိုးကာ တရားပွဲတွေမှာ ဟောကြားပေးနိုင်ခဲ့တဲ့အတွက် ဟိုကြွဟော ဒီကြွဟောရလို့ ပင်ပန်းလှပေမယ့် ပင်ပန်းရကျိုး နပ်ခဲ့ပါတယ်။

တရားပွဲတွေထဲမှာ လူထောင်သောင်းချီပြီး လာခဲ့တဲ့ လှိုင်မြို့နယ်တရားပွဲ၊ အောင်မင်္ဂလာ အဝေးပြေးဝင်းတရားပွဲ၊ မုဒုံတရားပွဲ၊ မန္တလေးတရားပွဲနဲ့ သာယာဝတီတရားပွဲတွေကတော့ အားလည်းရသလို ကုသိုလ်လည်း အများကြီး ရခဲ့ပါတယ်။ တရားပွဲရသမျှ ဓမ္မပူဇာတွေထဲက ရသမျှတရားပူဇာ တစ်ဝက်ကျော်ကျော်ကို ဆိုင်ရာတရားပွဲတိုင်းမှာ ပရဟိတအလုပ်များအတွက် ပြန်ပြီး လှူခွင့်ရခဲ့တဲ့အပြင် သီးသန့်မလှူနိုင်တဲ့ အလှူတွေကိုပါ လုပ်ဖြစ်နိုင်ခဲ့တဲ့အတွက် ဘုန်းဘုန်းအဖို့တော့ ဒီအလှူတွေဟာ အလှူတကာ အလှူတွေထဲမှာ အမြတ်ဆုံးအလှူတွေ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လက်ရှိပြောင်းလဲမှုတွေထဲမှာ အခုလို တရားပွဲကြီးတွေကို ပရော့ဂျက်တာကြီးတွေ ပိုစတာကြီးတွေထောင်ပြီး နေရာအနှံ့အပြား အကြီးအကျယ် လုပ်နေကြတဲ့ ပြောင်းလဲမှုကတော့ ဗုဒ္ဓသာသနာနဲ့ ဗုဒ္ဓဘာသာတွေအတွက် တကယ့်ကို အားတက်စရာ ဖြစ်ခဲ့ပါတယ်။ တရားပွဲလုပ်ခွင့်ရဖို့ ခက်ခဲပေမယ့် လုပ်ခွင့်ပြုတဲ့အပေါ်မှာ အမိအရ လုပ်နိုင်တာကတော့ အဆိုးထဲက အကောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။

မအားတဲ့ကြားက နောက်ထပ်အားရစရာ အတွေ့အကြုံတစ်ခုက ကိုရီးယားနိုင်ငံကနေ မြန်မာပြည်ကို ရောက်လာတဲ့ ကိုရီးယား ယောဂီအယောက်နှစ်ဆယ်လောက်နဲ့ ခရီးထွက်ရင်း ဆရာတော်ကြီးများရဲ့ ဟောတရားများကို ဘာသာပြန်ပေးခဲ့ရတဲ့ အတွေ့အကြုံပဲ ဖြစ်ပါတယ်။ ၁လပိုင်း ၃ရက်နေ့ကနေ ၁၆ရက်နေ့အထိ မြန်မာပြည်ကို အလည်လာကာ တစ်ပတ်ရိပ်သာဝင် တစ်ပတ်ခရီးထွက်ခဲ့တဲ့ ကိုရီးယား ယောဂီအဖွဲ့ရဲ့ ခရီးစဉ်ဟာလည်း အတွေ့အကြုံလည်းရ၊ တရားလည်းနာခွင့် ရခဲ့တဲ့အပြင် ဓမ္မအလှူကုသိုလ်လည်း ရခဲ့ပါတယ်။ သူတို့အဖွဲ့နဲ့လိုက်ပါ အကူအညီပေးရင်း မင်းကွန်းတိပိဋက ဆရာတော်ကြီးကျောင်းမှာ နာကြားဘာသာပြန်ပေးရတဲ့ တိပိဋက တရားပွဲနဲ့ သီတဂူဆရာတော်ကြီးကို ဖူးမြော်ကာ ဆရာတော်ဟောသမျှ တရားတော်ကို ဘာသာပြန်ပေးခဲ့ရတဲ့ ကုသိုလ်အလှူတွေကတော့ ဘုန်းဘုန်းအဖို့ အသိရောပညာရော ကုသိုလ်ရောပါ မမေ့နိုင်လောက်အောင် ဖြစ်စေခဲ့ပါတယ်။

ကိုရီးယားအဖွဲ့နဲ့အတူ သီတဂူဆရာတော်ကြီးကို ဖူးမြော်တရားနာတုန်းက ဆရာတော်ကြီးက သူတို့ကို တွေ့တွေ့ချင်း ကိုရီးယားကဆိုတော့ တောင်လားမြောက်လားလို့မေးကာ မင်းတို့နှစ်နိုင်ငံ ဘယ်တော့ပေါင်းမှာလဲလို့ မေးရင်း တရားစကား မိန့်တော်မူပါတယ်။ ဆရာတော်က တကယ်တော့ လောကမှာလူတွေ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ရန်ဖြစ်နေကြတာ အမှန်သစ္စာကို မသိလို့ဘဲ ဖြစ်ကြောင်း၊ သစ္စာတရားကို သိသွားရင် ကိုရီးယား၊ မြန်မာ၊ ဂျပန်၊ အမေရိကန် စတာတွေ မရှိတော့ဘဲ ငြင်းခုံခိုက်ရန် ဖြစ်မှုဆိုတာလည်း ရှိတော့မှာ မဟုတ်ကြောင်း၊ ဥပမာအားဖြင့် မြန်မာပြည်မှာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စသဖြင့် မြစ်တွေအသီးသီးရှိကာ ချင်းတွင်းမြစ်ရေ၊ ဧရာဝတီမြစ်ရေ၊ သံလွင်မြစ်ရေ စတဲ့အမည်များနဲ့ အသီးသီးရှိနေကြပေမယ့် ဒီရေအားလုံးဟာ ပင်လယ်ထဲ ရောက်သွားတဲ့အခါ ဧရာဝတီမြစ်ရေ၊ ချင်းတွင်းမြစ်ရေ စသည်ဖြင့် အသီးအခြား မရှိတော့ဘဲ တစ်မျိုးတည်းဖြစ်သွားကြမှာ ဖြစ်သလို သတ္တဝါတွေဟာ အခုအချိန်မှာ ဘာနိုင်ငံ၊ ဘာလူမျိုးလို့ ဘယ်လောက်ပဲ ကွဲကွဲ သစ္စာတရားကို သိသွားတဲ့အခါမှာတော့ တစ်သားတည်း ဖြစ်သွားမှာ ဖြစ်ကြောင်း၊ ဒါကြောင့် အားလုံးသစ္စာတရားကို သိအောင်ကြိုးစားဖို့ လိုကြောင်း စသည်ဖြင့် တရားစကား မိန့်ကြားတော်မူခဲ့ပါတယ်။ ဆရာတော်မိန့်သမျှကို ဘာသာပြန်ပေးရင် နားကြားခဲ့ရတဲ့ ဘုန်းဘုန်းမှာတော့ အမှန်ပဲ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုသလို ဖြစ်ခဲ့ပါတယ်။ ထူးခြားထက်မြက်တဲ့ ပါရမီရှင်ကြီးများရဲ့ နှုတ်ထွက်စကားနဲ့ နှုတ်ထွက်တရားတွေဟာ အလွန်မှတ်သားစရာ ကောင်းပါလားလို့ ခရီးက အပြန်လမ်းမှာတောင် စဉ်းစားမိခဲ့ ပါသေးတယ်။

ရှိစေတော့။ ဒီနေရာမှာ အဓိက ပြောချင်တာက ဘုန်းဘုန်းရဲ့ မြန်မာပြည်အပြန်ခရီး အတွေ့အကြုံလေးတွေ အကြောင်းပဲ ဖြစ်ပါတယ်။ ပြည်ပမှာနေပြီး မြန်မာပြည်ကို ခဏတာ ပြန်ဖြစ်ခဲ့တဲ့ အပြန်ခရီးဟာ အနားသွားယူဖို့ မဟုတ်ခဲ့ဘဲ ရောက်တဲ့နေရာမှာ ရတဲ့အချိန်လေးနဲ့ လုပ်နိုင်သမျှ လုပ်ပေးခဲ့တဲ့ အလုပ်ကောင်းလေးတွေအတွက် ဘုန်းဘုန်းကိုယ်တိုင် အားရကျေနပ်မှု ဖြစ်ခဲ့သလို ဘုန်းဘုန်းရဲ့ ပရိတ်သတ်တွေကိုလည်း ထပ်တူထပ်မျှ အနုမောဒနာ ရစေဖို့ တစ်ဆင့်ပြန်လည် မျှဝေပြခြင်း ဖြစ်ပါတယ်။ အကောင်းအဆိုးများနဲ့ အပြောင်းလဲကြီး ပြောင်းလဲနေတဲ့ မြန်မာပြည်ရဲ့ အပြောင်းအလဲမှာ ဘုန်းကြီးရောလူရော အလုပ်လုပ်ပြီး ပြောင်းလဲပေးကြဖို့ လိုတယ်ဆိုတာ သတိပြုစရာ ဖြစ်လာနေပါတယ်။ လိုအပ်နေတာတွေ အများကြီးဖြစ်နေတဲ့ အမိမြန်မာပြည်ကြီးမှာ ဘုန်းကြီးတွေဘက်က ဖြည့်ပေးရမယ့် အရာတွေလည်း ရှိနေတယ်ဆိုတာ အလုပ်လုပ်ရင်း ပိုပိုပြီး သိခဲ့ရပါတယ်။

ကိုရီးယားအဖွဲ့တွေနဲ့ ခရီးသွားရင်း ကိုရီးယားအချို့က မြန်မာပြည်ကလူတွေနဲ့ ဘုန်းတော်ကြီးအချို့ရဲ့ ရွှေကျောင်းကြီးတွေနဲ့ ပြည့်ပြီးသားအိုးတွေမှာ ထပ်ဖြည့်နေကြတဲ့အပေါ် မေးခွန်းထုတ်တာကို ခံခဲ့ရပါတယ်။ ပြည့်ပြီးသားအိုးတွေကို ထပ်ပြီးဖြည့်နေမယ့် အစား လိုနေတာကို လုပ်ပေးကြရင်း မကောင်းဘူးလားလို့ သူတို့တွေက ဆိုလာကြပါတယ်။ ပြီးတော့ ဘုန်းတော်ကြီးအချို့ဟာ ဒီလောက် ဘုန်းတန်ခိုးကြီးနေပြီး ဘာဖြစ်လို့ ပရဟိတ အလုပ်တွေ မလုပ်ကြတာလဲလို့လည်း ထောက်ပြလာကြပါသေးတယ်။ သူတို့ရဲ့ အမေးကို အကောင်းဘက်က တွေးတတ်အောင် ရွေးပြီးဖြေပေးလိုက်ရပေမယ့် တကယ်လည်း ဘုန်းဘုန်းတို့ ဘုန်းကြီးတွေရဲ့ အခန်းကဏ္ဍ လိုအပ်ချက်တွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုန်းဘုန်းအပါအဝင် ဘုန်းကြီးတိုင်း ကိုယ့်တစ်နိုင်တစ်ပိုင် အများအကျိုးပြု လုပ်ငန်းလေးတွေ လုပ်နေကြမယ်ဆိုရင် သိပ်ကောင်းမှာပဲလို့တွေးရင်း ဒီအကြောင်းကို ဘွဲ့ဒီဂရီ အသီးသီးရနေပြီး ဘာမှမလုပ်ဖြစ်ဘဲ ဖြစ်နေကြတဲ့ သူငယ်ချင်း ဘုန်းကြီးအချို့ကိုတောင် ပြောဖြစ်ခဲ့ပါသေးတယ်။ ဘုန်းကြီးတွေပဲလားဆိုတော့ လူတွေလည်း ကိုယ့်ဘာသာ၊ သာသနာ ကိုယ့်လူမျိုးအတွက် တတ်နိုင်တဲ့ဘက်က တစ်နိုင်တစ်ပိုင် လုပ်ပေးကြရမှာ ဖြစ်ပါတယ်။ အားလုံးကိုယ်စီ အလုပ်လေးတွေနဲ့ ဝိုင်းဝန်းထိန်းပေးကြရင် ဘာမှမလုပ်တာထက်စာရင် အများကြီးကောင်းသွားမှာ အသေအချာပဲ ဖြစ်ပါတယ်။

ထားပါတော့။ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် ဘုန်းဘုန်းရဲ့ မြန်မာပြည် အပြန်ခရီးကလည်း အရင်အခေါက်တွေကလိုပဲ လုပ်နိုင်သမျှ အများအတွက် လုပ်ပေးရမယ့် အလုပ်တွေကို လုပ်ပေးနိုင်ခဲ့ကြောင်း တစ်ခေါက်ထက်တစ်ခေါက် ပိုပိုလို့တောင် လုပ်ပေးနိုင်ခဲ့ကြောင်းနဲ့ နောင်လည်းပဲ လုပ်ပေးနေမှာဖြစ်ပါကြောင်း ဘုန်းဘုန်းရဲ့ မြန်မာပြည်ခရီးစဉ်အကြောင်း တစ်စေ့တစ်စောင်း တင်ပြရင်း မြန်မာပြည်အပြန်ခရီးဟာ အနားယူဖို့သွားခြင်း မဟုတ်ဘဲ အများအညီ ပီတိပွားဖို့ သွားခြင်းသာဖြစ်ပါကြောင်း ထပ်ဆင့်ပီတိ ပွားစေမိလိုက်ရပါတယ်….။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ