လစဉ်ဟောကြား မြတ်တရား (၁)

ဘာအကောင်းဆုံးလဲ
ဘုန်းဘုန်းတို့ ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့ စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်းမှာ လစဉ်တစ်လတစ်ကြိမ် တရားပွဲများနဲ့ ရွှေမြန်မာတွေ့ဆုံပွဲများကို ဒီနှစ် ၂၀၁၁ခုနှစ် (၂)လပိုင်းကစပြီး ကျောင်းအကျိုးဆောင် ဒကာတော်များရဲ့ ဦးဆောင်မှုနဲ့ လစဉ်ကျင်းပ ပြုလုပ်လာဖြစ်ခဲ့ပါတယ်။ အရင်တုန်းက သီးသန့်သတ်မှတ်ချက် မရှိဘဲ အခြေအနေအရ သာရေးနာရေးပွဲများ လုပ်ဖြစ်ခဲ့ကြပေမယ့် အခုလို သတ်သတ်မှတ်မှတ်လေး လုပ်ဖြစ်ဖို့ကတော့ ဒီနှစ်မှ စလုပ်ဖြစ်ကြတာ ဖြစ်ပါတယ်။ အမိမြန်မာပြည်ကနေ ထွက်ခွါလာပြီး ကိုယ့်စိတ်နဲ့ သူများကိုယ်ဖြစ်ကာ တနင်္ဂနွေလို နေ့မျိုးတွေတောင်မှ ကိုယ်ပိုင်အချိန် ဖြစ်ခွင့်မရကြတဲ့ ဘုန်းဘုန်းတို့ မြန်မာလူမျိုးတွေအတွက် ဖြစ်နိုင်ရင် တစ်လတစ်ခါလောက်ပဲဖြစ်ဖြစ် ကျောင်းကန်ဘုရားနဲ့ နီးစေဖို့၊ တစ်လုံးတစ်ပါဒပဲဖြစ်ဖြစ် ဘာသာတရားအသိ တိုးစေဖို့၊ မြန်မာလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှု ရစေဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီပွဲလေးတွေကို လုပ်ပေးဖြစ်တာ ဖြစ်ပါတယ်။ ဒါတောင် တစ်ချို့က ဒီလိုတရားပွဲမျိုးကို လာချင်ပေမယ့် တနင်္ဂနွေနေ့ကို မဖြစ်မနေ အလုပ် ဆင်းပေးနေရတဲ့ သူတွေက ရှိနေပြန်ပါတယ်။ သူတို့ကလည်း တရားပွဲကို မလာနိုင်ပေမယ့် တရားပွဲမှာ ဟောတဲ့တရားကိုတော့ သိရှိမှတ်သားလိုကြဟန် ရှိပါတယ်။ တစ်ချို့က ဖြစ်နိုင်ရင် တရားပွဲမှာ ဟောတဲ့တရားကို အကျဉ်းချုပ်ပဲဖြစ်ဖြစ် ပို့စ်ရေးပြီး တင်ပေးဖို့ တောင်းပန်လျှောက်ထားလာတာတွေ ရှိပါတယ်။။ ဒါကြောင့် ဘုန်းဘုန်းလည်း သူတို့သူတို့လေးတွေရဲ့ ဆန္ဒအရ လစဉ်ဟောကြားတဲ့ တရားအနှစ်ချုပ်ကို ပြန်လည်ရွေးနှုတ်ကာ အခုလို တင်ပြဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၇-၂-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ ဟောကြားပေးဖြစ်ခဲ့တဲ့ တရားခေါင်းစဉ်လေးကတော့ “ဘာအကောင်းဆုံးလဲ” ဆိုတဲ့ တရားတော်ပဲ ဖြစ်ပါတယ်။

ဘာအကောင်းဆုံးလဲလို့မေးရင် လူအတော်များများကတော့ ကိုယ်အလိုလားဆုံးအရာ၊ အနှစ်သက်ဆုံးအရာကို အကောင်းဆုံးလို့ပဲ ပြောကြမှာ ဖြစ်ပါတယ်။ ချစ်ခင်မြတ်နိုးသူတွေနဲ့ အတူတကွ နေထိုင်ရတာကို လိုချင်တဲ့သူတွေကလည်း ဒီလိုချစ်ခင်နှစ်သက်သူတွေနဲ့ အတူတကွ နေရခြင်းဟာ အကောင်းဆုံးလို့ ပြောကြမှာ ဖြစ်သလို မချစ်မနှစ်သက်သူတွေနဲ့ အတူနေရတဲ့ သူတွေကလည်း ဒီလိုသူတွေနဲ့ မနေရဘူးသာဆိုရင် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးပဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ကြိုက်တဲ့ပစ္စည်း၊ ကြိုက်တဲ့အစားအစာ၊ ကြိုက်တဲ့နေရာ၊ စတာတွေကို လိုချင်တောင့်တချိန်မှာ ရရှိ၊ ရောက်ရှိလာခဲ့ရင် သူတို့အတွက် အကောင်းဆုံးပဲလို့ ပြောကြမှာ ဖြစ်ပါတယ်။ လိုချင်တဲ့အရာတွေ ရလာတဲ့အခါ အကောင်းဆုံးလို့ ပြောလေ့ရှိတတ်ကြသလို၊ မလိုချင်တဲ့အရာတွေ မရှိတော့တဲ့အခါ၊ ရောက်မလာတဲ့အခါဆိုရင်လည်း အကောင်းဆုံးလို့ ပြောလေ့ရှိတတ်ကြပါတယ်။ ဒါဟာ မျက်မှောက်ခေတ် လူအတော်များများ တောင့်တတတ်တဲ့ အကောင်းဆုံးအရာ၊ အကောင်းဆုံး သဘောတရားတွေ ဖြစ်ပါတယ်။

ဒါပေမယ့် ဗုဒ္ဓစာပေမှာတော့ ဒီအကောင်းဆုံးဆိုတဲ့ စကားလုံးကို “ပရမ”ဆိုတဲ့ ဝေါဟာရနဲ့ တစ်ခါတလေ ပြောဆိုသုံးနှုန်းလေ့ ရှိတတ်ပါတယ်။ မြတ်ဗုဒ္ဓကိုယ်တော်တိုင်လည်း ဒီပရမဆိုတဲ့ စကားလုံးကို အသုံးပြုပြီး လောကမှာ ပရမတရား လေးပါးရှိကြောင်း ဟောပြတော်မူပါတယ်။ မြန်မာလိုဆိုရင်တော့ အကောင်းဆုံးတရား လေးပါးပေါ့။ ဗုဒ္ဓရှင်တော်မြတ်က ပရမတရားလေးပါးနဲ့ ပတ်သက်လို့
“အာရောဂျ ပရမာ လာဘာ၊ သန္တုဋ္ဌီ ပရမံ ဓနံ။
ဝိဿာသ ပရမာ ဉာတိ၊ နိဗ္ဗာန ပရမံ သုခံ”
ဆိုပြီး တရားစကား ဟောကြားပေးတော်မူထားပါတယ်။ ဒီစကားတော်ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်က
- ကျန်းမာခြင်းသည် အကောင်းဆုံး လာဘ်လာဘ
- ရောင့်ရဲလွယ်ခြင်းသည် အကောင်းဆုံး စည်းစိမ်ဥစ္စာ
- ချစ်ကျွမ်းဝင်ခြင်းသည် အကောင်းဆုံး ဆွေမျိုး
- နိဗ္ဗာန်ချမ်းသာသည် အကောင်းဆုံး ချမ်းသာ
ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ဒီလေးမျိုးဟာ ဘုရားဟောတဲ့ ပရမတရားခေါ် အကောင်းဆုံးတရား လေးပါးပဲ ဖြစ်ပါတယ်။

ဒီတရားတော်ကို မြတ်စွာဘုရားရှင်ဟာ ကောသလမင်းကြီးကို အကြောင်းပြုပြီး ဟောတော်မူတာ ဖြစ်ပါတယ်။ ကောသလမင်းကြီးဟာ အစားအလွန်ကြီးတဲ့ ရှင်ဘုရင်တစ်ပါး ဖြစ်ပါတယ်။ ဘယ်လောက်တောင် စားလဲဆိုရင် တစ်ခါစားရင် ဆန်တစ်စိပ်ချက် ကုန်အောင်စားတယ်လို့ ဆိုပါတယ်။ အဲဒီလို အစားကြီးတဲ့ ဘုရင်ကြီးဟာ တစ်နေ့တော့ နံနက်စာ ပွဲတော်တည်ပြီး ထမင်းဆိပ်တက်နေချိန်မှာ ဘုရားကျောင်းကိုသွားပြီး ဘုရားတရားဟောနေတဲ့ တရားပွဲတစ်နေရာမှာ သွားငိုက်နေပါတယ်။ ဘုရင်ကြီးရဲ့ အခြေအနေကို သိနေရတဲ့ ဘုရားရှင်ဟာ တရားဟောပြီးတော့ ဘုရင်ကြီးကို “အစားများခြင်း၊ အစားကြီးခြင်းဟာ ဆင်းရဲငိုက်မျည်းခြင်းကို ဖြစ်တတ်ကြောင်း၊ အစားအစာဆိုတာ အတိုင်းအရှည်ကိုသိပြီး စာတာကောင်းကြောင်း” မိန်ကြားရင်း ဘုရင်ကြီးရဲ့ တူတော်မောင် သုဒဿနကို ဘုရင်ကြီးပွဲတော်တည်နေတဲ့အချိန် နောက်ဆုံးထမင်းလုပ်ကို မစားဖို့ သတိပေးကာ အဲဒီနောက်ဆုံးလုပ် ထမင်းရဲ့ ဆန်အရေအတွက်အတိုင်း ထမင်းချက်တဲ့အခါ လျော့လျော့ချက်သွားဖို့ မှာကြားတော်မူပါတယ်။ သုဒဿနလည်း ဘုရားရှင်မှာကြားတဲ့အတိုင်း ဘုရင်ကြီး ပွဲတော်တည်တဲ့အခါတိုင်း နောက်ဆုံးထမင်းလုပ်ကို မစားဖြစ်အောင် သတိပေးရင်း အဲဒီထမင်းလုပ် အရေအတွက်အတိုင်း ဆန်ကိုလျော့လျော့ချက်ပြီး စားစေခဲ့ရာ နောက်ဆုံးမှာ ဆန်တစ်စိပ်ချက်စားတဲ့ ဘုရင်ကြီးဟာ ဆန်တစ်ကွမ်းစား (တစ်စလယ်)ချက်ပဲ စားဖြစ်ခဲ့ပါတယ်။ အစားအသောက် လျော့ချပြီးစားလာတဲ့ ကောသလဘုရင်ဟာ အရင်ကနဲ့မတူအောင် ခန္ဓာကိုယ်ပေါ့ပါးကာ ကျန်းမာရေးတွေလည်း ကောင်းလာပါတယ်။ ကောသလဘုရင်ဟာ သူဒီလိုဖြစ်လာတာ မြတ်စွာဘုရား ကျေးဇူးကြောင့်ဖြစ်ကြောင်း ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ဘုရားရှင်ကျောင်းသို့သွားရောက်၍ သူရဲ့ကျန်းမာရေး အခြေအနေနဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတရားအကြောင်း လျှောက်ထားပါတယ်။ ဒီတော့မှ ဘုရားရှင်က ကောသလမင်းကြီးကို “အာရောဂျ ပရမာ လာဘာ…” စတဲ့ အထက်ပါ တရားစကားကို ဟောကြားတော်မူလိုက်ပါတယ်။

ဒီဒေသနာတော်မှာ ဗုဒ္ဓရှင်တော်မြတ် မိန့်တော်မူတဲ့ ပရမတရားလေးပါးဟာ လောကီလောကုတ္တရာ ကောင်းကျိုးများ အတွက် အတုယူ လိုက်နာစရာကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မှန်ပါတယ်။ ဘုရားရှင် ဟောတော်မူတဲ့ “အာရောဂျ ပရမာ လာဘာ - ကျန်းမာခြင်းသည် အကောင်းဆုံးလာဘ်”ဆိုတဲ့ ပထမဆုံး ပရမစကားလိုပဲ ကျန်းမာရေးဟာ သိပ်ကိုအရေးကြီးပါတယ်။ စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ ပညာအရည်အချင်းတွေ ဘယ်လောက်ပဲ ပြည့်စုံပြည့်စုံ ကျန်းမာရေး မကောင်းဘူးဆိုရင် အဲဒီပြည့်စုံမှုတွေဟာ အလကားပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူတွေအားလုံးက ကျန်းမာရေးသာ ကောင်းသွားမယ်ဆိုရင် ပိုက်ဆံဘယ်လောက်ကုန်ကုန်၊ ဘယ်မှာပဲသွားကုရကုရ အကုန်အကျခံပြီး သွားကုကြတာ ဖြစ်ပါတယ်။ လူအတော်များများက ကျန်းမာရေး ကောင်းနေတဲ့အချိန်မှာ ဒီတန်ဘိုးကို မသိကြပေမယ့် ကျန်းမာရေးတကယ်မကောင်း ဖြစ်လာပြီဆိုတော့မှ တန်ဘိုးသိကာ ကြောက်လန့်တတ်တဲ့ သဘောရှိပါတယ်။ အမှန်တော့ အဲဒီလိုဖြစ်လာမှ ကြောက်လန့်တကြား ဖြစ်ကြတာထက်စာရင် မဖြစ်ခင်ကတည်းက အသက်ဉာဏ်စောင့် ဥစ္စာကံစောင့်ဆိုသလို အသက်ကို ဉာဏ်လေးနဲ့ စောင့်ရှောက်ပြီး ထိန်းသိမ်းနေထိုင်ကြမယ်ဆိုရင်တော့ ကျန်းမာရေးလေးတွေ အထိုက်အလျောက် ကောင်းနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ကျန်းမာရေး မကောင်းတာဟာ ရုပ်တရားဖောက်ပြန်တာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေ အလိုအရ ရုပ်ဖောက်ပြန်ခြင်းဟ ကံကြောင့်လည်း ဖောက်ပြန်နိုင်သလို၊ စိတ်ကြောင့်၊ ဥတုကြောင့်၊ အာဟာရတွေကြောင့်လည်း ဖောက်ပြန်တတ်ပါတယ်။ ဒီကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းတရား လေးပါးကြောင့် ရုပ်တရားဖောက်ပြန်ပြီး ကျန်းမာရေး မကောင်းဖြစ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလေးပါးကို ဉာဏ်လေးနဲ့ ယှဉ်ပြီးနေထိုင်နိုင်မယ်ဆိုရင် ဒါဟာ အသက်ဉာဏ်စောင့်တာပဲ ဖြစ်ပါတယ်။ ဒီလေးပါးမှာ အတိတ်ကံ တစ်ခုခုကြောင့် ရုပ်ဖောက်ပြန်မှုဟာ ဝဋ်ကျွေးမပါခဲ့ရင် ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ စောင့်ရှောက်နိုင်သလို၊ စိတ်ကြောင့် ဖြစ်တဲ့ရုပ်ဖောက်ပြန်မှုကိုတော့ စိတ်နဲ့ပဲ စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ဥတုကြောင့် ရုပ်ဖောက်ပြန်ရင်လည်း ဥတုနဲ့မျှတအောင်၊ အာဟာရကြောင့် ရုပ်ဖောက်ပြန်ရင်လည်း အစားအသောက်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားနိုင်အောင် အားထုတ်ပေးခြင်းဖြင့် သင့်လျော်သလို စောင့်ရှောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ကံ၊ စိတ်၊ ဥတု၊ အာဟာရတွေကို မျှတအောင် ကြိုးစားနေထိုင်နိုင်ရင် အသက်ကိုဉာဏ်စောင့်သလို ဖြစ်နေမှာဖြစ်ပြီး အသက်ဉာဏ်စောင့်နေသမျှ ကျန်းမာရေးလည်း ကောင်းနေကြမှာ ဖြစ်ပါတယ်။ ကျန်းမာရေး ကောင်းနေခြင်းဟာ အကောင်းဆုံး လာဘ်ကို ရနေခြင်း ဖြစ်တဲ့အတွက် ကျန်တဲ့ဘယ်အရာတွေနဲ့မှ မလဲနိုင်ကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာခြင်းဟာ အကောင်းဆုံးလာဘ်ပဲလို့ ဆိုခြင်းဖြစ်ပါတယ်။

ဒုတိယ ပရမတရား တစ်ခုဖြစ်တဲ့ “သန္တုဋ္ဌီ ပရမံ ဓနံ- ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး စည်းစိမ်ဥစ္စာ”ဆိုတဲ့ တရားဟာလည်း ဘဝစားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေသူတွေအတွက် လိုအပ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး ဥစ္စာလို့ ဆိုတဲ့အတွက် တစ်ချို့က ဘာမှမလုပ်၊ မကြိုးစားဘဲ နေရမယ်လို့ သဘောပေါက်လွဲတတ်ပါတယ်။ အဲလို မဟုတ်ပါဘူး။ ရောင့်ရဲလွယ်ရမယ်ဆိုတာ ကိုယ့်အခြေအနေအရ ကြုံလာရလာတဲ့ အပေါ်မှာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင်နေလိုက်ခြင်း သဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ မရောင့်ရဲနိုင်တဲ့အတွက် လိုချင်တက်မက်မှုနောက်ကို လိုက်ရင်း မဆုံးနိုင်ဖြစ်နေတဲ့ လောဘကို အကန့်လေးတစ်ခုနဲ့ ထိန်းပေးခြင်း သဘောပဲ ဖြစ်ပါတယ်။ ကိုယ့်အစွမ်းအစ၊ ကိုယ်ရနိုင်တာထက် ပိုပြီးလိုချင်တတ်ကာ မတရား အရယူတဲ့အထိ မဖြစ်ရအောင် ကိုယ့်အတိုင်းအတာအရ ကျေနပ်နိုင်အောင် ကြိုးစားတဲ့ သဘောမျိုး ဖြစ်ပါတယ်။ မရောင့်ရဲနိုင်ကြတဲ့အတွက် ဖြစ်တတ်တဲ့ ကိုယ်စိတ်ပင်ပန်းမှု၊ သောကဖြစ်မှု၊ ဒေါသဖြစ်မှု စတာတွေကို သက်သောင့်သက်သာ ဖြစ်စေဖို့ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနေထိုင်ခြင်း သဘောမျိုးကို ဒီနေရာမှာ ရောင့်ရဲလွယ်ခြင်းလို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို အခြေအနေ အမျိုးမျိုး အပေါ်မှာ ကိုယ့်ကိုယ်ကို သက်သောင့်သက်သာ ဖြစ်အောင် နေထိုင်နိုင်ခြင်းဟာ စည်းစိမ်ဥစ္စာတွေနောက်ကို လိုက်ရင်းလောဘဖြစ်မှု၊ စိုးရိမ်ကြီးမှု စတဲ့ ဆိုးကျိုးတွေကနေ စောင့်ရှောက်ကာကွယ်ခြင်း ဖြစ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ရောင့်ရဲလွယ်ခြင်းဟာ အကောင်းဆုံး စည်းစိမ်ဥစ္စာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ ရောင့်ရဲလွယ်ခြင်းကို ပရမတရားတစ်ခုလို့ ဘုရားရှင် ဟောတော်မူခြင်း ဖြစ်ပါတယ်။

နောက် ပရမတရားတစ်ခု ဖြစ်တဲ့ “ဝိဿာသ ပရမာ ဉာတိ- ချစ်ကျွမ်းဝင်ခြင်းသည် အကောင်းဆုံး ဆွေမျိုး” ဆိုတဲ့ အချက်ဟာလည်း တစ်မိထဲဖွားတဲ့ အမျိုးတွေထက် ဘာမှသွေးမတော် သားမစပ်ဘဲ ကောင်းနေကြတဲ့ သူစိမ်းတွေနဲ့ အတူကျင်လည် နေထိုင်ကြသူတွေအတွက် လက်တွေ့ကျတဲ့ အကောင်းဆုံးတရားတစ်ခု ဖြစ်ပါတယ်။ ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်းဆိုသလို အမျိုးမတော်ပေမယ့် ချစ်ခင်ကျွမ်းဝင်နေပြီး သူ့အကျိုး ကိုယ့်အကျိုး ဆောင်နေကြမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ဆွေမျိုးတွေပဲ ဖြစ်ပါတယ်။ တစ်ခါတလေ ဒီဘဝမှာလာပြီး တစ်မိသားစုတည်း ဖြစ်နေကြပေမယ့် ချစ်ခင်မှုမရှိ၊ ရင်းနှီးမှုမရှိ၊ အကျိုးဆောင်မှု မရှိဘဲ ဖြစ်နေကြတဲ့ အမျိုးတွေထက်စာရင် ဘာမှတော်စပ်မှု မရှိဘဲ လိုအပ်တဲ့အချိန်မှာ အကူအညီဖြစ်၊ အကောင်းတွေကို ညွန်ပြ၊ အဆိုးတွေကို တားမြစ်ကာ မေတ္တာအားတွေနဲ့ ချစ်ခင်စောင့်ရှောက်ကြတဲ့ သူစိမ်းတွေက ပိုပြီးအကျိုးပြုမှုတွေ ရှိနေတဲ့အတွက် အမျိုးဆိုတာ တကယ်တော့ ချစ်ကျွမ်းဝင်ခြင်း၊ အကျိုးလိုလားခြင်း ရှိသူတွေသာ အကောင်းဆုံး ဆွေမျိုးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံး ပရမတရားဖြစ်တဲ့ “နိဗ္ဗာန ပရမံ သုခံ - နိဗ္ဗာန်ချမ်းသာသည် အကောင်းဆုံး ချမ်းသာ”ဆိုတဲ့ အချက်ကတော့ ချမ်းသာတယ်ထင်ပြီး လိုက်မိပေမယ့် မချမ်းသာဘဲ ဖြစ်နေကြတဲ့သူတွေ အနေနဲ့ နောက်ဆုံးရွေးချယ်သင့်တဲ့ အကောင်းဆုံး ချမ်းသာစစ်ပဲ ဖြစ်ပါတယ်။ လောကီချမ်းသာတွေဟာ ဘယ်လောက်ပဲ ချမ်းသာပါတယ်ပြောပြော ခံစားတုန်း အခိုက်အတန့်လောက်ပဲ ချမ်းသာတဲ့ တဒင်္ဂ ချမ်းသာတွေပဲ ဖြစ်ပါတယ်။ ကာမဂုဏ် ချမ်းသာတွေဖြစ်တဲ့ အိပ်ကောင်းခြင်းချမ်းသာ၊ စားကောင်းခြင်းချမ်းသာ၊ နေကောင်းခြင်းချမ်းသာ စတာတွေဟာ ခံစားပြီးနောက်မှာ ဖြစ်ပေါ်တတ်တာက ဆင်းရဲခြင်းတွေပဲ ဖြစ်နေတတ်ပါတယ်။ အိပ်ကောင်းတယ်ထင်လို့ အိပ်ပြီးပဲနေတဲ့အခါ၊ စားကောင်းတယ်ထင်လို့ စားပြီးပဲ နေတဲ့အခါ စတာတွေရဲ့ နောက်မှာတော့ ဆင်းရဲခြင်းတွေပဲ ရောက်လာနေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒါတွေဟာ ချမ်းသာတယ်လို့ ထင်နေရတဲ့ အခိုက်အတန့် ချမ်းသာတွေဖြစ်နေပြီး ဒီလိုချမ်းသာတွေထက် ကိလေသာ တဏှာကင်းနေတဲ့ သန္တိသုခခေါ် ငြိမ်းအေးတဲ့ နိဗ္ဗာန်ချမ်းသာသည်သာ နှိုင်းယှဉ်လို့မရတဲ့ အကောင်းဆုံး ချမ်းသာလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီနိဗ္ဗာန်ချမ်းသာသည်သာ ဒုက္ခကင်းရာ ချမ်းသာအစစ်အမှန်ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက အကောင်းဆုံး အကောင်းဆုံးလို့ လူတွေက ဘာတွေကို ဘယ်လောက်ပဲ ပြောနေပြောနေ ဘုရားရှင် ဟောတော်မူတဲ့ အကောင်းဆုံး အရာတွေလောက် အမှန်တကယ် အကောင်းဆုံးဆိုတာ ရှိနိုင်မှာ မဟုတ်ကြောင်း၊ ဘုရားရှင်မိန့်တော်မူတဲ့ ကျန်းမာခြင်းဟာ အကောင်ဆုံးလာဘ်၊ ရောင့်ရဲခြင်းဟာ အကောင်းဆုံး ဥစ္စာ၊ ချမ်းကျွမ်းဝင်ခြင်းဟာ အကောင်းဆုံး ဆွေမျိုး၊ နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံး ချမ်းသာဆိုတဲ့ ပရမတရား လေးပါးသည်သာ လက်တွေ့ဘဝမှာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာချမ်းသာကို ဖြစ်စေမှာ ဖြစ်ကြောင်း၊ ပစ္စုပ္ပန်မှာ ချမ်းသာဖို့ ကျန်းမာရေး ကောင်းရမှာဖြစ်သလို၊ အစစအရာရာမှာ သက်သောင့်သာဖြစ်အောင် ရောင့်ရဲလွယ်ဖို့လည်းလိုပြီး ချမ်းခင်ကျွမ်းဝင်မှုရှိတဲ့ မိတ်ကောင်းဆွေကောင်းလည်း ရှိရမှာ ဖြစ်တဲ့အပြင် သံသရာဒုက္ခ ကုန်ရာမှသည် ထာဝရ ဒုက္ခကုန်ဖို့အတွက် နိဗ္ဗာန်ကို မျောက်မှောက်ပြုဖို့လည်း လိုအပ်နေတာဖြစ်တဲ့အတွက် ဒီဘဝမှသည် နိဗ္ဗာန်အထိ အကောင်းဆုံးဖြစ်ဖို့ ဘုရားဟောတဲ့ ဒီပရမတရားနဲ့အညီ ကျင့်သုံးနေထိုင်ကြရာမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာအကောင်းဆုံးလဲဆိုတဲ့ ဒီတရားတော်မှာ ပရမတရား လေးပါးနဲ့အညီ ကျင့်သုံးနေထိုင်ခြင်းဟာ အကောင်းဆုံးပဲ ဖြစ်တဲ့အတွက် ဒီပရမတရားလေးပါးကို အမြဲသတိပြု ဆင်ခြင်ကာ ကျန်းမာရေးကောင်းအောင်၊ ရောင့်ရဲလွယ်အောင်၊ မိတ်ကောင်းဆွေကောင်းရှိအောင် ကြိုးစားရင်း နိဗ္ဗာန်အထိရောက်အောင် အားထုတ်ကြည့်ကြဖို့ တိုက်တွန်းသမှုပြု ပြုလိုက်ရပါတယ်။

- လာဘ်သပ္ပကာ အပေါင်းမှာ ကျန်းမာခြင်းသာ အကောင်းဆုံး
- စည်းစိမ်ဥစ္စာ အပေါင်းမှာ ရောင့်ရဲခြင်းသာ အကောင်းဆုံး
- ဆွေမျိုးမိတ်သဟာ အပေါင်းမှာ ကျွမ်းဝင်ခြင်းသာ အကောင်းဆုံး
- သုခချမ်းသာ အပေါင်းမှာ နိဗ္ဗာန်ချမ်းသာ အကောင်းဆုံး

Read more »

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့၏ ခြားနားချက်…

Q. ဘုရားနှင့် ပစ္စေကဗုဒ္ဓါတို့၏ တူပုံနှင့် ခြားနာပုံများကို အသေးစိတ်လေးများ သိရှိခွင့်ရရင် သိရှိလိုပါသည် အရှင်ဘုရား။(www.bbfse.org)

A. ဘုရား၊ ပစ္စေကဗုဒ္ဓတို့ရဲ့ ခြားနားချက်ကို မပြောခင် ဗောဓိနဲ့၊ ဗောဓိသတ္တအကြောင်းကို အရင်ပြောပြဖို့ လိုပါတယ်။ ဒီလို ဗောဓိအကြောင်းကို ပြောမယ်ဆိုရင် သာဝကအကြောင်းလည်း ထည့်ပြောရမှာဖြစ်လို့ မေးခွန်းထဲမှာ မပါပေမယ့် ဒီနေရာမှာ သာဝကအကြောင်းကိုပါ ထည့်သွင်းပြောကြားပေးမှာ ဖြစ်ပါတယ်။ ဗောဓိဆိုတာ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ သဗ္ဗညုတဉာဏ်တော်တွေကို ပြောတာဖြစ်ပြီး ဒီဉာဏ်တော်တွေကို ရဖို့ကြိုးစားကာ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေကို ဗောဓိသတ္တလို့ ဆိုတာဖြစ်ပါတယ်။

ဗောဓိသုံးမျိုးနဲ့ ဗောဓိသတ္တများ

ဒီဗောဓိ၊ ဗောဓိသတ္တများဟာ အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိပါတယ်။ အဲဒါတွေကတော့
၁။ သမ္မာသမ္ဗောဓိ
၂။ ပစ္စေကဗောဓိ
၃။ သာဝကဗောဓိ
ဆိုတဲ့ ဗောဓိသုံးမျိုးနဲ့ ဒီဗောဓိဉာဏ်ကို ရရှိဖို့ ပါရမီဖြည့်ကျင့်ကြတဲ့ ဗောဓိသတ္တများဟာလည်း
သမ္မာသမ္ဗောဓိသတ္တ
ပစ္စေကဗောဓိသတ္တ
သာဝကဗောဓိသတ္တ
ဆိုပြီး သုံးမျိုးသုံးစား ကွဲပြားကြပါတယ်။
ပါရမီဖြည့်ကျင့်တယ်ဆိုတာ ဒါန၊ သီလ၊ နေက္ခမ၊ ပညာ၊ ဝီရိယ၊ ခန္တီ၊ သစ္စာ၊ အဓိဋ္ဌာန်၊ မေတ္တာ၊ ဥပေက္ခာဆိုတဲ့ ပါရမီဆယ်းပါးကို ဘဝအမျိုးမျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ဆည်းပူး ကြိုးစားအားထုတ်ခြင်းကို ဆိုတာဖြစ်ပါတယ်။

ဒီဉာဏ်တွေကိုရဖို့ ပါရမီဖြည့်ကြတဲ့ အလောင်းတော်တွေဟာ ပါရမီပြည့်မြောက်ပြီး အဲဒီဉာဏ်အသီးသီးကို ရရှိတော်မူပြီးတဲ့ အခါမှာတော့
၁။ သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သဗ္ဗညုမြတ်စွာဘုရား (အလုံးစုံးကို သိတော်မူတဲ့ဘုရား)
၂။ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပေစ္စေကဗုဒ္ဓ (ဘုရားငယ်)
၃။ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို (တပည့်သားအရိယာ သာဝက)
လို့ ဖြည့်ကျင့်ပြီး ရရှိတဲ့ ဗောဓိဉာဏ်အလိုက် အမည်အဆင့်အတန်း ကွဲပြားကြပါတယ်။

အလောင်းတော်များနဲ့ ပါရမီဖြည့်ရာကာလ

သမ္မသမ္ဗောဓိသတ္တခေါ် သဗ္ဗညုမြတ်စွာဘုရားဖြစ်ဖို့ ပါရမီဖြည့်ကျင့်တော်မူကြတဲ့ ဘုရားလောင်းတွေ အနေနဲ့ ပွင့်တော်မူပြီး ဘုရားတစ်ဆူဆူထံမှာ “ဘယ်အချိန်မှာ ဧကန်မုချ ဘုရားဖြစ်လိမ့်မယ်”လို့ နိယတဗျာဒိတ် ရရှိတော်မူပြီးတဲ့နောက်မှာ ပညာကို အဓိကထားကျင့်တဲ့ ပညာဓိက ဘုရားလောင်းဆိုရင် လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ သဒ္ဓါကို အဓိကထားကျင့်တဲ့ သဒ္ဓါဓိက ဘုရားလောင်းဆိုရင် ရှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ ဝီရိယကို အဓိကထားကျင့်တဲ့ ဝီရိယာဓိက ဘုရားလောင်းဆိုရင် တစ်ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကြာအောင် ပါရမီတော်တွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီတော် အထွတ်အထိပ်ကို ရောက်တော်မူတဲ့ အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးတရားကို သိတဲ့မဂ်ဉာဏ်၊ ဘာပဲဖြစ်ဖြစ် အလုံးစုံအကုန်လုံးကို အကြွင်းမဲ့ သိမြင်တော်မူတဲ့ သဗ္ဗညုတဉာဏ်ဆိုတဲ့ သမ္မာသမ္ဗောဓိဉာဏ်တော်ကို ရရှိတော်မူပါတယ်။ အဲဒီလို သမ္မာသမ္ဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ လောကသုံးပါးမှာ အတုမရှိ၊ အတူမရှိတဲ့ ပုဂ္ဂိုလ်သူမြတ်ကို သမ္မာသမ္ဗုဒ္ဓ (သဗ္ဗညုမြတ်စွာဘုရား)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

ပစ္စေကဗောဓိသတ္တခေါ် ပစ္စေကဗုဒ္ဓါ အလောင်းအလျာတွေ အနေနဲ့ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်တော်မူပြီး ပါရမီပြည့်မြောက် အထွတ်အထိတ်ကို ရောက်တဲ့အခါမှာတော့ ဆရာမရှိဘဲ မိမိကိုယ်တိုင် ထိုးထွင်းပြီး သစ္စာလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်ကို ပစ္စေကဗုဒ္ဓ (ဘုရားငယ်)လို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။

သာဝကဗောဓိသတ္တခေါ် သာဝက အလျောင်းအလျာတွေ အနေနဲ့ အဂ္ဂသာဝကလောင်း (အရှင်သာရိပုတ္တရာ၊ အရှင်မဟာမေဂ္ဂလာန်တို့လိုမျိုး) ဆိုရင် တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ မဟာသာဝကလောင်း (အရှင်ကောဏ္ဍည၊ အရှင်အာနန္ဒာစတဲ့ ရဟန္တာမထေရ်ကြီးတွေလိုမျိုး) ဆိုရင် ကမ္ဘာတစ်သိန်း၊ ပကတိသာဝက (သာမန်အရိယာ သာဝကမျိုး) ဆိုရင် ကမ္ဘာတစ်ရာ၊ ကမ္ဘာတစ်ထောင်စတဲ့ ကာလကြာအောင် ပါရမီတွေကို ဖြည့်ကျင့်ပြီး ပါရမီပြည့်မြောက်တဲ့ အခါမှာတော့ မြတ်စွာဘုရားလို့ခေါ်တဲ့ ဆရာရှိမှ သစ္စလေးပါးကိုသိတဲ့ မဂ်ဉာဏ်လို့ခေါ်တဲ့ သာဝကဗောဓိဉာဏ်ကို ရရှိတော်မူပါတယ်။ အဲဒီလို သာဝကဗောဓိဉာဏ်ကို ရရှိတော်မူတဲ့ ပုဂ္ဂိုလ်သူမြတ်များကို အဆင့်အတန်းအလိုက် အဂ္ဂသာဝက၊ မဟာသာဝက၊ ပကတိသာဝကဆိုတဲ့ အမည်အသီးသီးနဲ့ သာဝကဗုဒ္ဓလို့ ခေါ်ဆိုတာ ဖြစ်ပါတယ်။ ဒါက ဆုပန်ပြီး ပါရမီဖြည့်ကျင့်ကြတဲ့ သာဝကတွေအတွက် ပြောတာဖြစ်ပါတယ်။ ဆုမပန်ဘဲ သာမာန်ကိလေသာကုန်ခမ်း ရဟန္တာဖြစ်ကာ နိဗ္ဗာန်ဝင်ဖို့အတွက်တော့ သီးသန့်သတ်မှတ်ချက်နဲ့ ပါရမီဖြည့်ကျင့်ရာကာလ အတိအကျ မရှိပါဘူး။

ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတွေရဲ့ လုပ်ငန်းစဉ်

အထက်မှာ ပြောခဲ့သလို ပါရမီတွေကို အသီးသီးဖြည့်ကျင့်ပြီး သမ္မာသမ္ဗုဒ္ဓလို့ခေါ်တဲ့ သဗ္ဗညုမြတ်စွာဘုရားအဖြစ်၊ ပစ္စေကဗုဒ္ဓလို့ခေါ်တဲ့ ပစ္စေကဗုဒ္ဓါအဖြစ်၊ တပည့် အရိယာသာဝကလို့ခေါ်တဲ့ သာဝကဗုဒ္ဓအဖြစ်ကို ရရှိတော်မူကြတဲ့ ပုဂ္ဂိုလ်သူမြတ်များထဲမှာ သဗ္ဗညု မြတ်စွာဘုရားရှင်တို့ကို တာရယိတုပုဂ္ဂိုလ် (ကိုယ်တိုင်လည်း သံသရာမှ ကူးမြောက်ပြီး ဝေနေယျတို့ကိုလည်း သံသရာမှ ထုတ်ဆောင်ကယ်တင်တော်မူတဲ့ အမြတ်ဆုံးပုဂ္ဂိုလ်)လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ အလုံးစုံကို အကြွင်းအကျန်မရှိ အကုန်အစင် သိတော်မူတဲ့ သဗ္ဗညုတဉာဏ်ကို ရရှိတော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်ကို ကိုယ်တော်တိုင်လည်း ထိုးထွင်းပြီး သိတော်မူသလို ကိုယ်တော်မြတ် သိတော်မူတဲ့ အတိုင်းလည်း ကျွတ်ထိုက်တဲ့ သတ္တဝါဝေနေယျတွေကို သူတို့ရဲ့ အလိုဆန္ဒကိုလိုက်ပြီး သစ္စာတရားကို သိအောင်ဟောပြော ချေချွတ်တော်မူနိုင်တဲ့အတွက် အတုမရှိ တာရယိတုပုဂ္ဂိုလ်မြတ် ဖြစ်ပါတယ်။ ဒီလို သတ္တဝါ ဝေနေယျတွေရဲ့ အလိုကိုသိပြီး သစ္စာတရားကို ဟောကြားပေးနိုင်မှုဟာ သဗ္ဗညုတ ဘုရားရှင်တွေပဲ စွမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနှိုင်းမဲ့ဗုဒ္ဓ၊ အလုံးစုံကို အကုန်အစင်သိတော်မူတဲ့ ဘုရား၊ အတုမရှိမြတ်စွာလို့ ဆိုခြင်း ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓါတို့ကိုတော့ စာလို တရိတပုဂ္ဂိုလ် (မိမိကိုယ်တိုင်သာ သံသရာမှ ကိုယ်စွမ်းဖြင့် ကူးမြောက်နိုင်ပြီး သူတပါးတို့ကို သံသရာမှ ထုတ်ဆောင်ကယ်တင်မှု မပြုနိုင်တဲ့ ပုဂ္ဂိုလ်) လို့ ခေါ်ဆိုပါတယ်။ မှန်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုမြတ်စွာဘုရားရှင်များ ဖြစ်ပွင့်တော်မူတဲ့ အခါကာလမျိုးမှာ ဖြစ်ပွင့်ခြင်းမရှိဘဲ ဘုရားရှင်တစ်ဆူဆူတို့ရဲ့ ကြားကာလဖြစ်တဲ့ သာသနာပကာလမှာပဲ ပွင့်တော်မူကြပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်မြတ်တွေဟာ သဗ္ဗညုဘုရားရှင်တွေလို သစ္စာတရားကို ကိုယ်တိုင်လည်းသိ၊ သူတပါးကိုလည်း သိစေနိုင်တာမျိုး မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သာ ဆရာမကူဘဲ သစ္စာတရားကို ထိုးထွင်းသိမြင်နိုင်ပြီး သူတပါးတွေကို သိအောင်ဟောပြနိုင်ခြင်း မရှိပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ ပဋိဝေဓတရား အနက်သဘောကို ကိုယ်တိုင်သိမြင်ပေမယ့် အဲဒီမဂ်ဖိုလ်နိဗ္ဗာန်ဆိုတဲ့ လောကုတ္တရာ တရားကို နာမပညတ်တင်ကာ သူတပါးတို့သိအောင် ဟောပြောနိုင်စွမ်း မရှိပါဘူး။ ဒါကြောင့် အဋ္ဌကထာ ဆရာတွေက “ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့ရဲ့ သစ္စာလေးပါး တရားကို သိမြင်ခြင်းဆိုတဲ့ ဓမ္မာဘိသမယကို စကားမပြောတတ်သူ အိမ်မက်မက်ခြင်းနဲ့တူကြောင်း ဥပမာပေး ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ပစ္စေကဗုဒ္ဓါ အရှင်သူမြတ်တွေဟာ ရဟန်းပြုချင်ကြတဲ့ သူတပါးတို့ကို ရဟန်းပြုပေးပြီး “ဒီလိုသွား၊ ဒီလိုနေ၊ ဒီလိုထိုင်၊ ဒီလိုပြော” စသဖြင့် အာဘိသမာစရိက ကျင့်ဝတ်ကို သင်ကြားပေးတော်မူနိုင်ပေမယ့် “ဒီလိုရုပ်နာမ်ကို ခွဲခြားပြီး လက္ခဏာယဉ် တင်ရမည်၊ ဒီလို ရှုမှတ်ရမည်” စသဖြင့် နာကြားသူတွေကို မဂ်ဖိုလ်ရောက်လောက်အောင် တရားဓမ္မ ဟောပြောပြသတော် မမူနိုင်ကြပါဘူး။ ဒါကြောင့် ပစ္စေက ဗုဒ္ဓအရှင်သူမြတ်တွေကို ကိုယ်တိုင်သာသိပြီး သူတပါးကို သိစေတော်မမူနိုင်တဲ့ အငယ်စားဘုရား၊ ဘုရားငယ်လို့ ခေါ်ဆိုတော်မူခြင်း ဖြစ်ပါတယ်။

သာဝကဗုဒ္ဓဖြစ်တော်မူကြတဲ့ တပည့်သား အရိယာသာဝကတွေကို တာရိတပုဂ္ဂိုလ် (အထုတ်အဆယ် အကယ်အတင်ခံပုဂ္ဂိုလ်) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ သာဝကဗုဒ္ဓလို့ သုံးလိုက်တဲ့အတွက် ဗုဒ္ဓဆိုတဲ့ စကားလုံးကို မြတ်စွာဘုရားရှင်လိုမျိုး ဘုရားလို့ အဓိပ္ပါယ် အမှတ်မလွဲဖို့လိုပါတယ်။ ဒီမှာပြောတဲ့ ဗုဒ္ဓဆိုတာ သစ္စာတရားကို သိမြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်နဲ့ သုံးတဲ့စကားလုံး ဖြစ်ပြီး တပည့်သာဝကအနေနဲ့ သစ္စာတရားကို သိခြင်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။ အချို့က အရှင်သာရိပုတ္တရာလောင်း ဥပတိဿပရိဗိုဇ်ဟာ အရှင်အဿဇိ မထေရ်ထံမှ တရားတော်ကို နာယူပြီး သောတာပတ္တိမဂ်ဖိုလ်၌ တည်တော်မူတဲ့ အချက်ကိုထောက်ပြီး တပည့်သား အရိယာသာဝကတို့ကို ကိုယ်တိုင်လည်း အကယ်တင်ခံ၍ သူတပါးတို့ကိုလည်း ကယ်တင်တော်မူတတ်တဲ့ (တာရယိတု)ပုဂ္ဂိုလ်လို့ ထင်မှတ်တတ်ပါတယ်။ တကယ်တော့ တပည့်သား အရိယာ သာဝကတို့ ဟောကြားကြတဲ့ တရားများဟာ မြတ်စွာဘုရားရှင်ထံမှ စတင်ဖြစ်ပေါ်တော်မူခဲ့တဲ့အပြင် ဘုရားရှင်၏ လမ်းညွှန်မပါဘဲ ကိုယ်တိုင်သီးခြား နည်းတပါးနဲ့ ဟောကြားခြင်း မဟုတ်တဲ့အတွက် တပည့်သား အရိယာသာဝကတွေကို တာရယိတုပုဂ္ဂိုလ်လို့ မခေါ်နိုင်ပါဘူး။ ဒါကြောင့် တပည့်သာဝက အရိယာတွေကို ဆရာမရှိဘဲ သစ္စာလေးပါးကို မသိနိုင်ဘဲ ဆရာအကူအညီ ရမှသာ သစ္စာလေးပါးကို ဟောကြားနိုင်၊ မဂ်ဉာဏ်ဖိုလ်ဉာဏ်တို့ကို ရနိုင်တဲ့အတွက် တာရိတပုဂ္ဂိုလ်လို့ပဲ ခေါ်ဆိုနိုင်တာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ လူတော်တော်များများ မရှင်းဘဲ ဖြစ်နေကြတဲ့ ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ သာဝကတို့ရဲ့ ခြားနားချက်လေးတွေကို အထိုက်အလျောက် နားလည်သဘောပေါက်နိုင်မယ်လို့ ထင်ပါတယ်။ မေးခွန်းရှင် မေးထားသလို ဘုရားနဲ့ ပစ္စေကဗုဒ္ဓတို့ရဲ့ တူညီချက် ခြားနားချက်ကိုပဲ သီးသန့်ထုတ်ပြောပါဆိုရင်တော့ ဘုရားနဲ့ ပေစ္စကဗုဒ္ဓတွေဟာ ဖြည့်ကျင့်တော်မူကြတဲ့ ပါရမီ အရေအတွက်၊ ဖြည့်ကျင့်ပုံ တူညီခြင်း၊ သစ္စာလေးပါး တရားတော်ကို ဆရာမကူဘဲ ကိုယ်တော်တိုင် ထိုးထွင်း၍ သိမြင်တော်မူခြင်း ဆိုတဲ့ အချက်တွေလောက်တော့ တူညီတယ်လို့ ပြောလို့ရနိုင်ပြီး မတူညီတဲ့ အချက်တွေဆိုရင်တော့ ပါရမီဖြည့်ကျင့်တဲ့ ကာလမတူညီခြင်း၊ သစ္စာလေးပါးကို သူတပါးသိအောင် ဟောပြောနိုင်မှု မတူညီခြင်း၊ ရရှိတော်မူတဲ့ ဉာဏ်တော်မတူညီခြင်း၊ ပွင့်တော်မူတဲ့ အချိန်ကာလ မတူညီခြင်းစတဲ့ အချက်တွေပဲလို့ အကြမ်းဖျင်း နားလည်ထားရင်လည်း လုံလောက်မယ်ထင်ပါတယ်။

မိမိတို့အနေနဲ့ကတော့ ပါရမီဖြည့်ပြီး ပါရမီအစဉ်အတိုင်းပဲ နိဗ္ဗာန်ကို သွားမှာလား၊ ဒါမှမဟုတ် သံသရာ တစ်လျှောက်မှာ ဖြည့်ခဲ့ဖူးတဲ့ မမြင်နိုင်တဲ့ ပါရမီအားကိုယူပြီး ဒီဘဝမှာပဲ ဘဝနာအလုပ် အားထုတ်ရင်း ကိလေသာကင်းရာ နိဗ္ဗာန်ကို ယူကြမှာလားဆိုတာကိုတော့ ကိုယ်ပိုင်ရွေးချယ်မှုနဲ့ ကိုယ်တိုင်ပဲ အားထုတ်ကြည့်ကြဖို့ပဲ ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

ကျမ်းကိုး =
မဟာဗုဒ္ဓဝင် (ပထမတွဲ၊ ပထမပိုင်း)၊ မင်းကွန်းတိပိဋကဓရ ဆရာတော်

Read more »

အထမ်းသမား…

တစ်ခါက ယောဂီအချို့ကို တရားစစ်တော့ ယောဂီတစ်ယောက်က “အရှင်ဘုရား တပည့်တော် ဒီနေ့ တရားအားထုတ်တဲ့အခါ သမာဓိ မတည်ဘဲ တစ်ချိန်လုံး လေးလံထိုင်းမှိုင်းနေပါတယ်၊ အဲဒါ ဘာကြောင့်ပါလဲဘုရား”လို့ မေးလျှောက်လာပါတယ်။ “ဟုတ်လား…၊ ဘာတွေထမ်းထားလို့ လေးနေတာလဲ၊ ဘာကလေးနေတာလဲ၊ ကိုယ်လေးနေတာလား၊ စိတ်လေးနေတာလား” စသဖြင့် သူ့ကို ပြန်မေးကြည့် တော့ “ဟိုတွေးဒီတွေးတွေးရင်း ဘာကလေးနေမှန်းကို မသိပါဘူးဘုရား၊ သေချာတာတော့ တပည့်တော်ရဲ့ စိတ်မှာရော၊ ခန္ဓာကိုယ် တစ်ခုလုံးမှာပါ မလှုပ်ချင်လောက်အောင် လေးလံနေတယ်ဆိုတာတော့ သေချာပါတယ်ဘုရား”လို့ သူကပြန်လျှောက်လာပါတယ်။ ဒါနဲ့ သူ့အမေးနဲ့ ပတ်သက်ပြီး လေးလံတယ်ဆိုတာ ထမ်းထားလို့ပဲ ဖြစ်ကြောင်း၊ ထမ်းမထားရင် လေးမှာမဟုတ်ကြောင်း စသဖြင့် ဖြစ်တတ်တဲ့ သဘောလေးတွေကို ရှင်းပြရင်း ကိလေသာတွေနဲ့ အမြဲပြည့်နေတဲ့ ပုထုဇဉ်ပုဂ္ဂိုလ်တွေဟာ တကယ်တော့ အထမ်းသမားတွေသာ ဖြစ်ကြောင်း၊ အထမ်းသမားတွေ ဖြစ်နေတဲ့အတွက် ဒီလိုလေးလံခြင်း၊ ပေါ့ပါးခြင်း စတာတွေလည်း ဖြစ်နေကြခြင်းဖြစ်ကြောင်း စသဖြင့် ဆက်လက်ဟောပြော ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူအတော်များများ ပြောလေ့ရှိတဲ့ လေးလံခြင်း၊ ပေါ့ပါးခြင်းဆိုတာတွေဟာ ကိုယ်တိုင် ထမ်းထားတဲ့ အရာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းဝတ္ထုတွေကို ထမ်းထားရင် ရုပ်ခန္ဓာကိုယ်မှာ လေးလံနေမှာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ လေးလံစရာ အရာတွေကို ထမ်းထားရင် စိတ်မှာလေးလံနေမှာ ဖြစ်ပါတယ်။ တစ်ခါတလေ စိတ်ပိုင်းဆိုင်ရာ လေးလံမှုတွေကြောင့် ရုပ်ခန္ဓာကိုယ်ကြီး တစ်ခုလုံးပါ လေးလံ နေတတ်တာတွေလည်း ရှိတတ်ပါတယ်။ လက်တွေ့လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမားကြီးတွေဟာ တစ်ခါတလေ ထမ်းထားတဲ့ ဝန်ထုတ်ဝန်ပိုးတွေကြောင့် မနိုင်မနင်းဖြစ်ကာ တစ်ကိုယ်လုံး လေးလံသွားတတ်သလို တစ်ခါတလေ ဘာမှမလုပ်၊ ဘာပစ္စည်းမှ မထမ်းမမဘဲ နေတဲ့သူတွေမှာလည်း စိတ်ရဲ့ဖိအားတွေကြောင့် တစ်ကိုယ်လုံး လေးလံသွားတတ်တွေ ရှိတတ်ပါတယ်။ ဘယ်လိုပဲလေးလေး အရင်းစစ်တော့ လေးလံစရာတွေကို ထမ်းထားကြလို့ပဲ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုတွေကိုပဲ ထမ်းထမ်း၊ စိတ်ပိုင်းဆိုင်ရာ လေးလံမှုတွေကိုပဲ ထမ်းထမ်း အထမ်းများတဲ့ အထမ်းသမားကတော့ ထမ်းထားတာနဲ့အမျှ လေးလံနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လေးလံမှုတွေထဲမှာ စိတ်အစဉ် လေးလံမှုကတော့ အဆိုးဆုံးဖြစ်ပြီး အလေးဆုံးလည်း ဖြစ်ပါတယ်။

မြန်မာစကားမှာ “စိတ်ထောင်းတော့ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ အလုပ်ပင်ပန်းလို့ ကိုယ်နွမ်းရတဲ့ သဘောတွေ ရှိတတ်ပေမယ့် ဘာမှမလုပ်ဘဲ စိတ်ပင်ပန်းနေကြတဲ့ သူတွေလည်း ရှိတတ်ပြီး ဒီလို စိတ်ပင်ပန်းမှုတွေ များလာတဲ့သူတွေမှာ ရုပ်အဆင်းအင်္ဂါတွေပါ နွမ်းလျလာတတ်တဲ့အတွက် စိတ်ပန်းရင် ကိုယ်နွမ်းတတ်ကြောင်း ဆိုခြင်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုစိတ်ပင်ပန်းမှုတွေ ဖြစ်စေပြီး ကိုယ်ပါနွမ်းစေတဲ့ အဓိက အကြောင်းကတော့ စိတ်အစဉ်ကို နွမ်းစေတတ်တဲ့ အတွေးတွေကို ထမ်းထားလို့ပဲ ဖြစ်ပါတယ်။ အတွေးတွေနောက်လိုက်ရင်း အဲဒီအတွေးတွေကို ခံစားနေမိတဲ့အတွက် စိတ်အစဉ်တွေ လေးလံနေခြင်းဖြစ်ပြီး ဒီလိုစိတ်တွေ လေးနေတဲ့ အတွက်ကြောင့်လည်း ဘာမှမလုပ်ချင်၊ မကိုင်ချင်၊ မပြောချင်ဖြစ်ကာ ရုပ်ခန္ဓာကြီးပါ လေးလံနေခြင်း ဖြစ်ပါတယ်။ အတွေးဆိုပေမယ့် မကောင်းတဲ့ အတွေးတွေကသာ စိတ်ကိုပူလောင်စေ၊ ထိုင်းမှိုင်းစေ၊ လေးလံစေတတ်တဲ့အတွက် မကောင်းတဲ့ အတွေးတွေကို တွေးတောနေခြင်းဖြင့် အတွေးတွေကို ထမ်းမထားမိဖို့ ဆိုခြင်းဖြစ်ပါတယ်။

ခက်တော့ခက်သား မကောင်းတဲ့ အတွေးဆိုတာ လုပ်ပြီးမတွေးလည်း အလိုလို ဝင်လာနေတတ်တဲ့ သဘောရှိတဲ့အတွက် သတိဝီရိယနဲ့ အမြဲတိုက်ထုတ်နိုင်မှ တော်ကာကျတဲ့ သဘောရှိပါတယ်။ မဟုတ်လို့ကတော့ ဘယ်သူက ဘာပြောလို့၊ ဘယ်လိုလုပ်လို့၊ ဘယ်ကြောင့်ဘာဖြစ်လို့ စတဲ့အာရုံတွေကြောင့် မကောင်းတဲ့ အတွေးတွေကနေ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အဲဒီလို မကောင်းတဲ့ အတွေးတွေကနေ မထွက်နိုင်၊ မခွါနိုင် ဖြစ်နေသမျှ၊ အတွေးတွေးနောက်ကို လိုက်ရင်း အတွေးတွေကို ထမ်းထားနေသမျှ စိတ်အစဉ်ဟာလည်း ကြာလေလေးလေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အထမ်းသမားဆိုတဲ့ စကားနဲ့စပ်ပြီး ဖတ်ဖူးတဲ့ စာအုပ်လေးတစ်အုပ်ထဲက အမျိုးသမီးငယ် တစ်ယောက်ကို ကျောပိုးပြီး ထမ်းသွားပေးဖူးတဲ့ မဟာယာန ဘုန်းကြီးတစ်ပါးနှင့် မိတ်ဆွေဘုန်းကြီး တစ်ပါးအကြောင်း သတိရမိပါတယ်။ တစ်ချိန်က တရားအားထုတ်ဖော် အားထုတ်ဖတ် ဘုန်းကြီးနှစ်ပါး ရှိခဲ့တယ်လို့ဆိုပါတယ်။ တစ်နေ့ အဲဒီဘုန်းကြီးနှစ်ပါးဟာ တစ်နေရာကို ကြွသွားတုန်း လမ်းမှာချောင်းမကူးနိုင်ဘဲ ဒုက္ခဖြစ်နေတဲ့ အမျိုးသမီးငယ် တစ်ယောက်ကိုတွေ့တော့ တစ်ပါးက ကျောပိုးကာ ထမ်းခေါ်သွားပြီး ကမ်းတစ်ဘက်ကို အရောက်ပို့ပေးလိုက်ပါတယ်။ အဲဒီလို အမျိုးသမီးကို ကျောပိုးပေးတဲ့ ဘုန်းကြီးကို အခြားတစ်ပါးက “အရှင်ဘုရား ဘုန်းကြီးက ဘာဖြစ်လို့ အမျိုးသမီးကို ကျောပိုးပြီး ထမ်းပို့ပေးရတာလဲ”လို့ မေးပါတယ်။ အမေးခံရတဲ့ ဘုန်းကြီးက ဘာမှပြန်မပြောဘဲ ပြုံးပြီးပဲ နေလိုက်ပါတယ်။ နောက် တစ်ပတ်နှစ်ပတ်အကြာ ဘုန်းကြီးနှစ်ပါး ဆုံဖြစ်တဲ့အခါမှာလည်း အမျိုးသမီးကို ကျောပိုးပြီး ထမ်းပို့ပေးခဲ့တဲ့ ဘုန်းကြီးကို အခြားတစ်ပါးက “အရှင်ဘုရား ဘာဖြစ်လို့ ဘုန်းကြီးက အမျိုးသမီးကို ကျောပိုးပြီး ထမ်းပို့ပေးရတာလဲ”ဆိုပြီး ထပ်မေးပါတယ်။ ဒီအခါမှာလည်း အမေးခံရတဲ့ ဘုန်းကြီးက ဘာမှပြန်မပြောဘဲ ပြုံးလို့သာ နေလိုက်ပြန်ပါတယ်။ နောက် တစ်လနှစ်လအကြာ တစ်ခါပြန်တွေ့တဲ့ အခါမှာလည်း အဲဒီဘုန်းကြီးက အမျိုးသမီးကို ကျောပိုးပြီး တစ်ဘက်ကမ်းကို ထမ်းသွားပေးတဲ့ ဘုန်းကြီးကို “အရှင်ဘုရား အဲဒီတုန်းက ဘာကြောင့် ရဟန်းနဲ့ မအပ်စပ်တဲ့ ကိစ္စတစ်ခုဖြစ်တဲ့ အမျိုးသမီးကို ကျောပိုးပြီး ကမ်းတစ်ဘက်ကို ထမ်းပို့ပေးရတာလဲ”လို့ ထပ်မေးပါတယ်။ ဒီတော့ အမေးခံရတဲ့ ဘုန်းကြီးက သူ့အမေးကို “အရှင်ဘုရားက အခုအချိန်ထိတောင် အမျိုးသမီးကို ကျောပိုးပြီး ထမ်းထားနေပါလား”လို့ ပြန်ပြောလိုက်ပါတယ်။ ဒီတော့မှ မေးခွန်းမေးတဲ့ ဘုန်းကြီးဟာ သတိသံဝေဂ ရသွားတယ်လို့ ဆိုပါတယ်။ ဒါက ဖတ်ဖူးခဲ့တဲ့ မဟာယာန ဘုန်းကြီးနှစ်ပါးရဲ့ အဖြစ်အပျက် အကြောင်းလေး ဖြစ်ပါတယ်။

ဒီအကြောင်းအရာထဲမှာ ပြောချင်တာက လက်တွေ့အမျိုးသမီးကို ကျောပိုးပြီးထမ်းသွားပေးတဲ့ ဘုန်းကြီးဟာ အဲဒီအချိန်မှာ ဝိနည်းကြောင်းအရ မအပ်ပေမယ့် စေတနာသန့်သန့်နဲ့ ကူညီပေးခဲ့ပြီး နောက်ပိုင်းလည်း ဘာစိတ်မှမဖြစ်ဘဲ ပြီးသွားခဲ့ပေမယ့် ကျန်တဲ့တစ်ပါးကတော့ အဲဒီအဖြစ်အပျက်ကိုပဲ စိတ်ထဲမှာအမြဲတွေးကာ တစ်စိမ့်စိမ့်ဖြစ်နေပြီး အချိန်ပြည့် ဒီအမျိုးသမီးအကြောင်းကို အတွေးတွေနဲ့ ထမ်းထားနေတဲ့အတွက် တရားအလုပ်ကိုလည်း ကောင်းကောင်းမလုပ်နိုင်တဲ့အပြင် စိတ်အစဉ်မှာလည်း အတွေးတွေနဲ့ လေးလံထိုင်းမှိုင်းနေတဲ့ သဘောရှိနေခဲ့တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ကိစ္စကို အဆုံးမသတ်နိုင်ဘဲ အတွေးတွေနဲ့ ထမ်းထားနေတဲ့ ဘုန်းကြီးရဲ့ အဖြစ်ကို သတိပြုစေချင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက တကယ်အမျိုးသမီးကို ကျောပိုးပေးခဲ့တဲ့ ရဟန်းက အတွေးတွေနဲ့ ထမ်းထားတဲ့ရဟန်းကို “အရှင်ဘုရားက အခုအချိန်ထိ အမျိုးသမီးကို ကျောပိုးပြီးထမ်းထားတုန်းပါလား”လို့ ပြန်လည်ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ တကယ်ကောင်းတဲ့ စကားလေးပဲ ဖြစ်ပါတယ်။ ဒီမှာဖော်ပြခဲ့တဲ့ မကောင်းတဲ့ ကိလေသာ အတွေးတွေနဲ့ အချိန်ပြည့် တွေးနေတဲ့ အထမ်းသမား ဘုန်းကြီးရဲ့ အဖြစ်ဟာ လက်တွေ့ဘဝမှာ မကောင်းတဲ့အတွေးတွေကို ထမ်းထားနေကြတဲ့ သူတွေအတွက် တကယ့်ကို သတိပြုစရာ အချက်ပဲ ဖြစ်ပါတယ်။

တစ်လောကတောင် မြန်မာပြည်က ဒကာမကြီး တစ်ယောက်က ဖုန်းဆက်ပြီး တိုင်တာကို နားထောင်လိုက်ရ ပါသေးတယ်။ ဘာရယ်မဟုတ်ဘူး။ ဒကာကြီးနဲ့ အခန့်မသင့် စကားများရာက ဒကာကြီးပြောတဲ့ စကားတွေကို ပြန်တိုင်နေခြင်း ဖြစ်ပါတယ်။ အရှင်ဘုရား ဒကာကြီးက ဘယ်လိုပြောတာ၊ ဘယ်သူကြောင့် ဘာတွေဖြစ်နေတာ စတဲ့ အကြောင်းတွေကိုပြောရင်း “တပည့်တော်မှာ အရှင်ဘုရား ဒကာကြီးရဲ့ စကားတွေကို စဉ်စားတိုင်း ဒေါသဖြစ်လွန်းလို့ စားလို့လည်းမရ၊ အိပ်လို့လည်းမပျော်၊ ဘာမှကို မလုပ်ချင် မကိုင်ချင်ကို ဖြစ်နေပါတယ်ဘုရား”လို့လည်း လျှောက်ပါသေးတယ်။ ဒါနဲ့ ဘုန်းဘုန်းမှာ ဒကာမကြီးကို စိတ်သက်သာရာ သက်သာကြောင်း စကားလေးတွေပြောရင်း ဒကာမကြီးကို “ဒကာမကြီးရေ ပြီးခဲ့တာလည်း ပြီးပါစေတော့၊ သေချာတွေးကြည့်တော့ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုတာထက် နှစ်ယောက်လုံးရဲ့ အပြိုင်အဆိုင် ငါမှန်တယ်ဆိုတဲ့ ငါစွဲတွေကြောင့်လို့ပဲ ထင်ပါတယ်၊ ဖြစ်ခဲ့တာက ပြီးနေခဲ့ပါပြီ၊ အခုဒကာမကြီး ခံစားနေရတဲ့ ပင်ပန်းမှုတွေက စကားလုံးတွေနောက် လိုက်ခံစားပြီး အတွေးပေါင်းစုံကို စိတ်မှာထမ်းထားလို့ပဲ ဖြစ်ပါတယ်၊ ဒီလိုအတွေးတွေကို ထမ်းထားနေသမျှ ဒကာမကြီးရဲ့ စိတ်ပင်ပန်းမှုဒဏ်တွေက ပျောက်မှာမဟုတ်ပါဘူး၊ ဒါကြောင့် အဲဒီလို စိတ်ပင်ပန်းမယ့် အတွေးတွေကို အမြန်ဆုံး ဖျောက်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုယ်ကိုသာ သက်သောင့်သက်သာဖြစ်အောင် နေကြည့်ပါ ဒကာမကြီး”လို့ အကြံပြုလိုက်ရပါသေးတယ်။

ဒီတော့မှ ဒကာမကြီးက “အရှင်ဘုရားရေ အမှန်အတိုင်း ပြောရရင် တပည့်တော် ပြီးခဲ့တဲ့ အဖြစ်အပျက်တွေကို တွေးရင်း အဲဒီအတွေးတွေကို ထမ်းထားခဲ့တဲ့အတွက် တပည့်တော်ရဲ့ စိတ်အစဉ်ဟာ တကယ့်ကို လေးလံနေခဲ့ပါတယ်။ ဒါပေမယ့် ခုတော့ အရှင်ဘုရားကျေးဇူးကြောင့် အထိုက်အလျောက် စိတ်သက်သာရာ ရသွားပြီး ထမ်းထားတာတွေ လျော့သွားပါပြီဘုရား၊ နောက်ဆိုရင် မကောင်းတဲ့ အတွေးတွေကိုထမ်းရင်း စိတ်အစဉ် လေးလံစေမယ့် အလုပ်တွေ မလုပ်ဖြစ်အောင် သတိထား ကြိုးစားပါမယ်ဘုရား”လို့ လျှောက်ထားရင်း ဖုန်းချသွားပါတယ်။ “အင်း… ဒကာမကြီးလည်း ထမ်းထားတာတွေက တယ်များပါလား”လို့ စိတ်မှာတွေးရင်း အထမ်းသမား ဖြစ်မှန်းမသိ ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကို သတိပြုလိုက်မိပါတယ်။

ဆိုလိုတာက ပုထုဇဉ်အတော်များများဟာ လောဘ၊ ဒေါသ၊ မောဟ၊ မာန စတဲ့ ကိလေသာများ၊ အကုသိုလ်များကို အချိန်ပြည့် ထမ်းထားတတ်တဲ့ သဘောရှိတဲ့အတွက် စိတ်အစဉ်မှာလည်း ဒီလို မကောင်းတဲ့ အကုသိုလ် အတွေးတွေနဲ့ အမြဲလေးလံနေတတ်ကြောင်း၊ စိတ်မှာမကောင်းတဲ့ အရာတွေကိုထမ်းရင်း လေးနေသမျှ ကိုယ်မှာလည်း လေးနေတတ်တဲ့အတွက် ကိုယ်စိတ်နှစ်ပါးကို အသုံးပြုပြီး အလေးတွေကို ထမ်းနေကြတဲ့ တကယ့်အထမ်းသမားများသာ ဖြစ်ကြောင်း၊ ဒီလို အထမ်းသမားများ ဖြစ်နေသမျှ ဘယ်တော့မှ ပေါ့ပါးလွတ်လပ်မှုကို ရကြာမှာမဟုတ်ကြောင်း၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် စိတ်အစဉ်ကို လေးလံစေတဲ့ မကောင်းတဲ့ အကုသိုလ်များကို ထမ်းမထားဘဲ နေနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ပုထုဇဉ်မှန်သမျှ အထမ်းသမားတွေ ဖြစ်တယ်လို့ ဆိုပေမယ့် သတိထားပြီး ကိုယ့်စိတ်ကို ပြုပြင်ကြည့်ကြမယ်ဆိုရင်တော့ မကောင်းတဲ့အရာတွေကို ထမ်းထားရတဲ့ အထမ်းသမား အဖြစ်ကနေ အထိုက်အလျောက် သက်သာလာနိုင်တဲ့အပြင် ကိလေသာတရားတွေကြောင့် လေးလံနေတတ်တဲ့ စိတ်နဲ့ကိုယ်ကိုလည်း အထိုက်အလျောက် ပေါ့ပါးစေနိုင်မှာ ဖြစ်တဲ့အတွက် စိတ်နဲ့ကိုယ်ကို လေးလံထိုင်းမှိုင်းစေတတ်တဲ့ မကောင်းတဲ့ အကုသိုလ်တရားများ မကိန်းနိုင်အောင် သီလ၊ သမာဓိ၊ ပညာတရားများနဲ့ ထိန်းချုပ်ရင်း အထမ်းသမား အဖြစ်မှ ခဏပဲဖြစ်ဖြစ် ကင်းလွတ်နိုင်အောင် ကြိုးစားကြဖို့ စေတနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ကပ်မလိုက်နဲ့…

မြန်မာဗုဒ္ဓဘာသာများ ဘုရားရှိခိုးတိုင်း ဆိုလေ့ရှိကြတဲ့ သြကာသ ကန်တော့ချိုးမှာ “အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး တို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍…” စသဖြင့် ဆုတောင်းထားတဲ့ ဆုတောင်းပိုင်းလေး ရှိပါတယ်။ ကန်တော့ရတဲ့ အကျိုးကြောင့် ဒီလိုဒီလို မကောင်းတဲ့ ရလာဘ်တွေ မဖြစ်စေဖို့ တောင့်တတဲ့ သဘောပါပဲ။ ဒါပေမယ့် ဒီနေ့ခေတ်မှာ သတ္တဝါတွေ မဖြစ်ဖို့တောင့်တနေတဲ့ အရာတွေက ကြာလေများလေ၊ ကြာလေ ဖြစ်လာနေတာတွေကတော့ တွေးကြည့်ရင် အတော့်ကို ကြောက်စရာကောင်းနေပါတယ်။ အဲဒီလို မဖြစ်ဖို့တောင့်တကြတဲ့ တောင့်တမှုတွေထဲမှာ အဆိုးဆုံးက ကပ်တွေပဲ ဖြစ်ပါတယ်။ ကပ်တွေနဲ့ မကြုံပါရစေနဲ့လို့ တောင့်တနေတဲ့ကြားက ကပ်တွေက ရောက်ရောက်လာတော့ သတ္တဝါတွေမှာ ကပ်မဆိုက်ချင်ပေမယ့်လည်း ကပ်ရိုက်တာကို ခံနေကြရတော့တာ ဖြစ်ပါတယ်။ ကပ်သီးကပ်သပ် တွေးကြည့်လိုက်ရင် ကပ်ရိုက်တာကို ခံနေရတာဟာ ကိုယ်ကိုယ်တိုင်က ကပ်လိုက်နေသလိုများ ဖြစ်နေလို့လားပေါ့…။ ကပ်ရိုက်တာကို မခံရအောင် ကပ်မလိုက်ဘဲ နေနိုင်အောင် ကြိုးစားကြရင် မကောင်းဘူးလားပေါ့…။

ဒီမှာပြောလိုတဲ့ ကပ်ဆိုတဲ့ စကားလုံးက ကပ္ပဆိုတဲ့ ပါဠိစကားလုံးကို မြန်မာမှုပြုထားတဲ့ ပျက်စီးခြင်းလို့ အဓိပ္ပါယ်ရတဲ့ ကပ်ကို ပြောလိုတာ ဖြစ်ပါတယ်။ ဒီကပ်ဟာ အမျိုးအစားအနေနဲ့ တုတ်၊ ဓားလက်နက် စတဲ့ စစ်မက်များကြောင့် ပျက်စီးရတဲ့ သတ္ထန္တရကပ်၊ ရောဂါအမျိုးမျိုးကြောင့် ပျက်စီးရတဲ့ ရောဂန္တရကပ်၊ စားရမဲ့သောက်ရမဲ့ ဖြစ်ကာ ငတ်မွတ်ခေါင်းပါးခြင်းကြောင့် ပျက်စီးရတဲ့ ဒုဗ္ဘိက္ခန္တရကပ်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီသုံးမျိုးမှာ တစ်မျိုးမျိုးနဲ့ ကြုံတွေ့ကာ ပျက်စီးကြရတဲ့ သူတွေကို ကပ်ဆိုက်တယ်လို့ ဆိုတာဖြစ်ပါတယ်။ လူတွေကြောင့်ပဲဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ်တွေကြောင့်ပဲ ဖြစ်ဖြစ် ဒီလိုကပ်တွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်ပေါ်ကာ ပျက်စီးနေကြတဲ့ သတ္တဝါတွေရဲ့ အဖြစ်ကတော့ ကပ်ဘေးသင့်နေကြတဲ့ အဖြစ်ပါပဲ။

ဒီကပ်တွေဟာ ဘယ်သူ့ကြောင့်ပဲ ဖြစ်ဖြစ်၊ ဘာကြောင့်ပဲ ဖြစ်ဖြစ် ကပ်နဲ့ကြုံနေရတာကိုက ကိုယ်ကိုယ်တိုင်ရဲ့ အပြစ်တွေပဲလို့ ပြောလိုက ပြောနိုင်မှာ ဖြစ်ပါတယ်။ ကပ်တွေကျရောက်နေတဲ့နေရာ၊ ကပ်ဆိုက်နေတဲ့အချိန်မှာ ကိုယ်ကလာဖြစ်ရတာကိုက ကိုယ့်ရဲ့အကုသိုလ်အကျိုးပဲလို့ ဆိုလိုက ဆိုနိုင်ပါတယ်။ အဆုံးစွန်အထိ ပြောရမယ်ဆိုရင်တော့ ဒုက္ခအားလုံးရဲ့ လွတ်မြောက်ရာကို ရအောင်မလုပ်နိုင်သေးတာကိုက ကိုယ်ကိုယ်တိုင်ရဲ့ အကြီးမားဆုံး အပြစ်တစ်ခုလို ဖြစ်နေခြင်းပါပဲ။ ကပ်တွေနဲ့ဝေးအောင်၊ ကပ်တွေကနေလွတ်အောင် မလုပ်နိုင်သေးဘဲ ကပ်တွေနောက်ကို လိုက်နေမိတာကိုက ကိုယ်ကိုယ်တိုင်ရဲ့ အပြစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဒီကပ်တွေကနေလွတ်အောင် ကြိုးစားပြီး ကပ်မလိုက်ဘဲ နေနိုင်အောင် လုပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဒီနေ့ခေတ် ကမ္ဘာကြီးတစ်ခုလုံးကိုကြည့်ရင် ကပ်ဘေးတွေ တစ်မျိုးပြီးတစ်မျိုး ကြုံလာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘုန်းဘုန်းတို့ မြန်မာနိုင်ငံ အပါအဝင် တိုးတက်ပါတယ်လို့ ပြောနေကြတဲ့ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေမှာလည်း ကပ်တွေက တစ်မျိုးပြီးတစ်မျိုး ဖြစ်နေကြတော့ ကိုယ့်သူမကယ်နိုင်၊ သူ့ကိုယ်မကယ်နိုင်တဲ့ အခြေအနေတွေ ဖြစ်လာနေတာ ဖြစ်ပါတယ်။ တစ်လောကပဲ ဂျပန်နိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေး အန္တရာယ်တွေ၊ ဒီဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ၊ ငတ်မွတ်ခြင်းတွေ၊ ရောဂါဖြစ်ပွားမှုတွေ စတာတွေဟာ ကပ်ဆိုက်ခြင်းရဲ့ သဘောတွေ ဖြစ်နေပြီး လစ်ဗျားမှာ ဖြစ်ပျက်နေတဲ့ တိုက်ခိုက် ချေမှုန်းမှုတွေဟာလည်း သတ္တဝါတွေကို ပျက်စီးစေတဲ့ ကပ်ဆိုက်မှုတွေပဲ ဖြစ်ပါတယ်။ သတ္တဝါတွေဟာ ကိုယ်မဖြစ်ခင်တော့တစ်မျိုး၊ ကိုယ်ကိုယ်တိုင် ဖြစ်လာတဲ့အခါကျတော့မှ အထိတ်တလန့် ကြောက်ရွံ့မှုတွေနဲ့ တကယ့်ကို တုန်လှုပ်တတ်တဲ့ သဘောရှိကြပေမယ့် ဒီကပ်တွေ မဖြစ်အောင်၊ ဒီကပ်တွေနဲ့ မကြုံအောင်၊ ကြုံလာရင်လည်း ဒီကပ်တွေကနေ ကျော်လွှားနိုင်အောင်၊ ဒီကပ်တွေနောက် မလိုက်ရအောင် ကြိုးစားဖို့ကျတော့ သတိမပြုမိကြ၊ မလုပ်လိုကြဘူး ဖြစ်နေပြန်ပါတယ်။ ကပ်ဆိုက်တာကို မကြိုက်ရင် ကပ်မလိုက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပေမယ့် မကြိုးစားဖြစ်ဘဲ ကပ်နောက်ကိုသာလိုက်ပြီး ကပ်ရိုက်တာကို ခံရအောင်ပဲ ကြိုးစားနေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆုံးတော့လည်း ကပ်ဆိုက်ခြင်းဟာ ကပ်လိုက်မိလို့ပဲဆိုတဲ့ ကောက်ချက်တစ်ခုပဲ ထွတ်လာခဲ့ခြင်း ဖြစ်ပါတယ်။

တကယ်တော့ ကပ်ဘေးတွေကြောင့် ပျက်စီးတာကို ဘယ်သူမှ လိုချင်ကြမှာ မဟုတ်ပါဘူး။ ဒီလို မလိုချင်တဲ့ အတွက်ကြောင့်ပဲ ဒီလိုမကောင်းတဲ့ ဘေးတွေက လွတ်မြောက်အောင် တောင့်တကြခြင်း ဖြစ်ပါတယ်။ ဆုတောင်းကြခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုကပ်ဘေးဆိုတာတွေက ဆုတောင်းနေ၊ တောင့်တနေရုံနဲ့ ရောက်မလာမယ့် အရာတွေတော့ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် ဒီကပ်ဘေးတွေက လွတ်မြောက်အောင် ကြိုးစားအားထုတ်ပြီး ရယူရမယ့်အရာတွေ ဖြစ်ပါတယ်။ ကပ်ဘေးတွေ မကျရောက်တဲ့နေရာ၊ ကပ်ဘေးတွေ ဖြစ်လေ့မရှိတဲ့ ဘဝတွေကို ရအောင်ကြိုးစားပြီး ကျင့်ကြံယူရမှာ ဖြစ်ပါတယ်။ ကပ်ဘေးတွေကနေ နည်းနည်းလွတ်ချင်ရင် နည်းနည်းကြိုးစားရမှာ ဖြစ်ပြီး၊ များများလွတ်ချင်ရင်တော့ များများကြိုးစားရမှာ ဖြစ်ပါတယ်။ အကြွင်းမဲ့ လွတ်ချင်ရင်တော့ အဆုံးစွန်အထိ ကြိုးစားရမှာ ဖြစ်ပါတယ်။

ကပ်ဘေးတွေကနေ အကြွင်းမဲ့လွတ်ဖို့ကတော့ ဘဝတစ်ခု အဆုံးသတ်သွား၊ သံသရာခရီးဆုံးသွား၊ ကိလေသာကုန်သွားမှပဲ လွတ်မှာဖြစ်ပါတယ်။ သံသရာလည်မှု ရှိနေသမျှတော့ တစ်ချိန်ချိန်၊ တစ်နေရာ၊ ဘဝတစ်ခုခုမှာ ကပ်ဘေးတစ်ခုခုနဲ့ မလွဲမသွေ တွေ့နေကြမှာ ဖြစ်ပါတယ်။ မကောင်းတဲ့ လုပ်ရပ်တွေ များနေလေ ကပ်ဘေးကြုံရမှုတွေ များနေလေ ဖြစ်သလို မကောင်းမှုတွေ ရှည်ရှည်လေလေ ဘဝသံသရာ ရှည်လေဖြစ်ပြီး ကပ်ဘေးတွေလည်း ရှည်နေကြမှာ ဖြစ်ပါတယ်။ ဒီလိုပဲ ပြောင်းပြန်အနေနဲ့ ကောင်းမှုတွေ များလေ ကပ်ဘေးတွေနဲ့ ဝေးလေဖြစ်ပြီး ကောင်းမှုတွေစုံလေ ကပ်ဘေးတွေ ကုန်လေပဲ ဖြစ်ကာ နောက်ဆုံးအနေနဲ့ ကိလေသာပါ ကုန်ပြီဆိုရင်တော့ မကောင်းတာမှန်သမျှ တောင့်တစရာ မလိုဘဲ အကြွင်းမဲ့ ကုန်ပြီဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကပ်ဘေးမကြုံဖို့ ကပ်ဘေးကုန်ရာ ခိုလှုံရာဖြစ်တဲ့ ကောင်းမှုကုသိုလ်များကိုသာ အချိန်ရှိခိုက် အားထုတ်လိုက်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

မှန်ပါတယ်။ ကောင်းမှုကုသိုလ်ရှိထားတဲ့ သူဟာ ကပ်ဘေးတွေနဲ့ ကြုံမှာမဟုတ်သလို ကြုံလာခဲ့ရင်လည်း ကပ်ဘေးကနေ လွတ်ကင်းတတ်ပါတယ်။ ကုသိုလ်ရဲ့ သဘောလက္ခဏာကိုက “အပြစ်မရှိခြင်း၊ ကောင်းသော အကျိုးကိုပေးခြင်း” သဘောလက္ခဏာ ရှိတဲ့အတွက် ကုသိုလ်လုပ်နေတဲ့သူ၊ ကုသိုလ်ရှိနေတဲ့သူဟာ အပြစ်လည်းမဖြစ်သလို မကောင်းတဲ့အကျိုးလည်း ဖြစ်မှာမဟုတ်ပါဘူး။ ကုသိုလ်ရှိနေတဲ့သူဟာ ကပ်ဆိုက်တာနဲ့လည်း ကြုံမှာမဟုတ်သလို၊ ကပ်ရိုက်တာလည်း ခံရမှာ မဟုတ်ပါဘူး။ ကုသိုလ်ကောင်းမှုကြောင့် အပြစ်တွေနဲ့ဝေးနေသလို ကပ်ဘေးတွေနဲ့လည်း ဝေးနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အကုသိုလ်ရဲ့ သဘောလက္ခဏကတော့ “အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းသော အကျိုးကိုပေးခြင်း” သဘောလက္ခဏာ ရှိတဲ့အတွက် အကုသိုလ်လုပ်နေတဲ့သူ၊ အကုသိုလ်ရှိနေတဲ့သူဟာ အပြစ်လည်းဖြစ်သလို မကောင်းတဲ့ အကျိုးတွေနဲ့လည်း ကြုံနေကြရမှာ ဖြစ်ပါတယ်။ အကုသိုလ်ရှိနေတဲ့သူဟာ ကပ်ဆိုက်တာနဲ့လည်း ကြုံနေရမှာ ဖြစ်သလို ကပ်ရိုက်တာတွေနဲ့လည်း ကြုံနေကြရမှာ ဖြစ်ပါတယ်။ မကောင်းမှုအကုသိုလ်ကြောင့် အပြစ်တွေနဲ့ နီးနေသလို ကပ်ဘေးတွေနဲ့လည်း နီးနေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ တစ်ချို့က ဒီဘဝမှာ ကောင်းတာတွေ လုပ်နေပေမယ့် ဒီလိုအဖြစ်ဆိုးတွေ၊ ဒီလိုမကောင်းတဲ့ အခြေအနေတွေ၊ ဒီလို မကောင်းတဲ့သူတွေနဲ့ လာတွေ့နေရတာကျတော့ကော ဘယ်လိုပြောမလဲလို့ စောဒကာ တက်လာစရာရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီဘဝလုပ်နေတဲ့ ကုသိုလ်ကောင်းမှုရဲ့ အကျိုးရလာဘ်ကတော့ အချိန်တန်တဲ့အခါ သူ့ဖာသာသူ အကျိုးပေးလာမယ့်အရာပဲ ဖြစ်ပါတယ်။ တကယ်တော့ မကောင်းတဲ့ အကျိုးပေးအနေနဲ့ ဒီလိုအချိန်၊ ဒီလိုနေရာ၊ ဒီလိုသူတွေနဲ့ လာတွေနေရတာကိုက ကိုယ့်ရဲ့ တစ်ချိန်ချိန်က လုပ်ခဲ့တဲ့ မကောင်းတဲ့ အလုပ်တွေရဲ့ အကျိုးရလာဘ်ပဲလို့ ပြောရမှာ ဖြစ်ပါတယ်။ ခေတ်ကောင်း၊ ကာလကောင်း၊ နေရာကောင်း၊ သူတော်ကောင်းတွေနဲ့ တွေ့ကြုံခွင့်မရဘဲ ခေတ်ဆိုး၊ ကာလဆိုး၊ နေရာဆိုး၊ လူဆိုးတွေနဲ့ တွေ့ရတာဟာ အကုသိုလ်ရဲ့ အကျိုးပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လက်တွေ့ ဘဝတွေမှာ ကြည့်မယ်ဆိုရင်လည်း လူချင်းတူ၊ လူ့ဘဝ ရတာချင်းတူပေမယ့် တစ်ချို့က နေရာကောင်းမှာ၊ ဘဝကောင်းကောင်း၊ သူတော်ကောင်းတွေနဲ့ တွေ့ကြုံရပြီး တစ်ချို့ကျတော့ နေရာလည်းဆိုး၊ ဘဝလည်းဆိုးပြီး လူဆိုးတွေပါ တွေ့ကြုံနေရတာတွေဟာ ကုသိုလ်နဲ့အကုသိုလ်တွေရဲ့ အကျိုးပေး ကွဲပြားမှုကြောင့်ဆိုတာ ကောင်းကောင်းသိမြင်နိုင်မှာ ဖြစ်ပါတယ်။

အရင်းစစ်တော့ ခေတ်ကာလ အနေအထားအရ ကပ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာတွေဟာ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးသက်ရောက်မှုတွေအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။ ကပ်ဆိုက်တာနဲ့ကြုံအောင် မကောင်းတဲ့ အကုသိုလ်တွေလုပ်ရင်း ကပ်လိုက်မိတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်ကြောင့်ပဲဆိုတာ ကောက်ချက်ချနိုင်မှာ ဖြစ်ပါတယ်။ လူချင်းတူပေမယ့် ကပ်ဆိုက်တာနဲ့ကြုံပြီး ကပ်ရိုက်တာ ခံရတဲ့သူတွေ ရှိသလို ကပ်ရိုက်တာ မခံရတဲ့ သူတွေရှိနေတာကိုက ကောင်းကံ၊ မကောင်းကံတွေရဲ့ အကျိုးသက်ရောက်မှု ကွဲပြားချက်တွေပဲဆိုတာ သတိပြုမိကြမှာ ဖြစ်ပါတယ်။ ကပ်ဘေးကြုံပေမယ့် ကပ်ရိုက်တာနဲ့ နီးသူတွေရှိသလို၊ ကပ်ရိုက်တာနဲ့ ဝေးနေသူတွေ ရှိနေတဲ့အချက်က ကုသိုလ်၊ အကုသိုလ်ကို ရွေးချယ်ပြီး လုပ်ခဲ့မိကြတဲ့ ကပ်မလိုက်မိသူ၊ ကပ်လိုက်မိသူတွေရဲ့ အကျိုးရလာဘ် အနေဖြင့် အထင်အရှား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့တဲ့ ကံတရားရဲ့ သက်ရောက်မှုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကပ်ဆိုက်မှုတွေ များများလာပြီး ကပ်ရိုက်တာတွေနဲ့ ကြုံလာနေရတဲ့ ဒီနေ့ခေတ်ကြီးမှာ ကပ်ရိုက်တာကို အတတ်နိုင်ဆုံး မခံရဖို့နဲ့ ကပ်ရိုက်တာတွေကနေ ဝေးသထက် ဝေးကြစေဖို့၊ ကပ်ဘေးတွေကနေ အကြွင်းမဲ့ ဝေးကွာရာဖြစ်တဲ့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာဆိုတဲ့ ကုသိုလ်ကောင်းမှုတွေကိုသာ စွမ်းနိုင်သမျှ ကြိုးစားအားထုတ်ရင်း ကပ်ရိုက်တာတွေကို ဖြစ်စေတတ်တဲ့ မကောင်းတဲ့အကုသိုလ်တွေနောက် ကပ်မလိုက်ဘဲ နေနိုင်အောင် ကြိုးစားကြဖို့ အလေးအနက် သတိပေး တင်ပြလိုက်ရပါတယ်။
“သတိ… ကပ်မလိုက်နဲ့”

Read more »

ထို့ထက်အလွန်...

“ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထိုစိတ်ရှိသူကို ထိုရန်သူ၊ သူခိုးတို့ထက်ပင် ယုတ်ညံ့အောင် ပြုလုပ်နိုင်၏”
(ဂေါတမမြတ်စွာဘုရား)

သတ္တဝါတိုင်း၊ သတ္တဝါတိုင်း ဘဝတွင် ရန်သူအမျိုးမျိုးနှင့် ရင်ဆိုင်ဆုံတွေ့ရတတ်ပြီး အမျိုးမျိုးသော ပျက်စီးမှုများနှင့်လည်း ကြုံတွေ့ရတတ်၏။ အတွင်းရန်သူများနှင့်လည်း ကြုံတွေ့နိုင်သကဲ့သို့ အပြင်ရန်သူများနှင့်လည်း ကြုံတွေ့ရတတ်၏။ အတွင်းရန်သူများကြောင့် ပျက်စီးမှုများ ရှိနိုင်သကဲ့သို့ အပြင်ရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်ပေ၏။ သူခိုး၊ ဓားပြ၊ ရန်ဘက်ရန်ပြိုင် စသည့် အပြင်ရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်သကဲ့သို့ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာ၊ မစ္ဆရိယ စသည့် မကောင်းသည့် အတွင်းရန်သူများကြောင့် ပျက်စီးမှုများလည်း ရှိနိုင်ပေ၏။ သို့သော် ထိုပျက်စီးမှုများတွင် သူခိုးဓားပြစသည့် ရန်သူများကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုများသည် တစ်ဘဝမျှသာ ဖြစ်သော်လည်း မကောင်းသည့် စေတနာ ဦးစီးထားသည့် အကုသိုလ်စိတ်ထားကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည်ကား ထိုစိတ်ရှိသူအား အဆအထောင်မက ဘဝပေါင်းများစွာအထိ ပျက်စီးမှုကို ဖြစ်ပေါ်စေတတ်၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည် တဒင်္ဂအခိုက်အတံ့မျှသာ ဖြစ်ပေါ်စေသော်လည်း မိမိကိုယ်တိုင် ဆုတ်ကိုင်ထားသည့် မကောင်းသည့် စိတ်ထားသည်ကား မိမိအား သံသရာတစ်လျှောက်တွင် ဘဝပေါင်းများစွာ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေတတ်ပေ၏။ ထို့ကြောင့် အပြင်ရန်သူများကြောင့် ပျက်စီးမှုထက် အတွင်းရန်သူများကြောင့် ပျက်စီးမှုသည်ကား ထို့ထက်အလွန်ပင် ကြောက်စရာကောင်းကြောင်း ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ မိမိတို့၏ လက်တွေ့ဘဝများတွင်လည်း ထိုအသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရားထူးဌာနန္တရများ၏ ပျက်စီးမှုများကို ရင်ဆိုင်ကြုံတွေ့ကြရမည်သာ ဖြစ်ပါ၏။ တစ်ခါတရံ “ဘယ်သူတော့ ဘယ်သူ့ကြောင့် ဘယ်လိုဖြစ်သွားပြီ၊ ဘာဖြစ်သွားပြီ၊ ဘယ်လိုပျက်စီးသွားပြီ” စသည့် အပြောအဆို အဖြစ်အပျက်များနှင့် ကြုံတွေ့ဖူးကြမည် ဖြစ်သကဲ့သို့ တစ်ခါတရံ “ဘယ်သူတော့ဖြင့် သူ့တရားသူစီရင်သွားပြီ၊ သူ့လုပ်ရပ်ကြောင့် သူ့ဘဝ သူဖျက်သလို ဖြစ်သွားပြီ၊ သူ့လုပ်ရပ်က သူ့ကိုဒုက္ခပေးသွားပြီ” စသည့် အပြောအဆို အဖြစ်အပျက်များနှင့်လည်း ကြုံတွေ့ဖူးကြမည် ဖြစ်၏။ မည်သို့ပင် ကြုံတွေ့ကြသော်လည်း အရင်းစစ်သော် သူတပါးကြောင့် ပျက်စီးဆုံးရှုံးမှုထက် မိမိကြောင့် ပျက်စီးဆုံးရှုံးမှုသည်ကား ပို၍တန်ဘိုးများပြီး ပို၍ပင် ကြောက်စရာကောင်းကြောင်း ကောက်ချက်တစ်ခုသာ ထွက်ပေါ်လာခဲ့ပေ၏။ မည်သူက မည်ကဲ့သို့ ပျက်စီးစေသော်လည်း ထိုပျက်စီးမှုသည် မိမိကိုယ်တိုင် ပြစ်ပေါ်စေသည့် ပျက်စီးမှုနှင့် နှိုင်းယှဉ်လျှင်ကား အစအရာမက ကွာခြားနေမည်သာ ဖြစ်ပါ၏။ မိမိ၏ မကောင်းသည့် စိတ်စေတနာကြောင့် ဖြစ်ပေါ်တတ်သည့် ပျက်စီးမှုသည်ကား မိမိအား သံသရာတစ်လျှောက်တွင် မရေမတွက်နိုင်အောင်ပင် ပျက်စီးစေမည်သာ ဖြစ်ပါပေ၏။

မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူစဉ်က အဖြစ်အပျက်တစ်ခု ဖြစ်ပါ၏။ ထိုစဉ်က သာဝတ္တိပြည်တွင် အနာထပိဏ် သူဋ္ဌေး၏ နွားများကို ထိန်းသိမ်းစောင့်ရှောက်ပေးရသည့် နန္ဒအမည်ရသည့် နွားကျောင်းသား တစ်ယောက်ရှိ၏။ နန္ဒသည် နွားကျောင်းသား တစ်ယောက်ဖြစ်သော်လည်း အတော်အသင့် ချမ်းသာသူလည်း ဖြစ်၏။ တစ်ခါတရံ နန္ဒသည် အနာထပိဏ် သူဋ္ဌေးအိမ်သို့သွားစဉ် ဘုရားရှင်ကို ဖူးမျှော်ခွင့်ရပြီး တရားများလည်း နားကြခွင့် ရတတ်၏။ တစ်နေ့တွင် နန္ဒနွားကျောင်းသားသည် သူဋ္ဌေးအိမ်တွင် ဘုရားရှင်ကို ဖူးမျှော်ပြီး ဘုရားနှင့်တကွ ရဟန်းတော်များအား မိမိအိမ်သို့ ကြွရောက်ပါရန် ပင့်ဖိတ်တော်မူ၏။ ဘုရားရှင်သည် နန္ဒနွားကျောင်းသား၏ ပါရမီဉာဏ်ရင့်သန်မှု အနေအထားအရ အချိန်မတန်သေးဟုဆိုကာ နန္ဒ၏ ပင့်ဖိတ်မှုကို ငြင်းပယ်တော်မူခဲ့၏။

တစ်ချိန်တွင်ကား ဘုရားရှင်သည် နောက်ပါတပည့် ရဟန်းသံဃာများနှင့်အတူ တစ်နေရာသို့ ဒေသစာရီ ကြွချီတော်မူရင်း နန္ဒနွားကျောင်းသား၏ ပါရမီဉာဏ် ရင့်သန်ချိန်အရ နန္ဒ၏အိမ်သို့လည်း ကြွတော်မူလေ၏။ နန္ဒသည် ဘုရားရှင်နှင့် သံဃာတော်များ ကြွတော်မူလာသည်ကို ဝမ်းမြောက်ဝမ်းသာ ခရီးကြိုဆိုပြီး (၇)ရက်ပတ်လုံး ဆွမ်းအလုပ်အကျွေး ပြုတော်မူကာ တရားဓမ္မ နာကြားလေ၏။ ခုနှစ်ရက်မြောက် နောက်ဆုံးနေ့တွင် နန္ဒသည် သောတာပန်တည်ခဲ့လေ၏။ ထိုနေ့တွင် ဘုရားရှင်နှင့် သံဃာတော်များသည်လည်း ကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူခဲ့၏။ နန္ဒနွားကျောင်းသားသည် ဘုရားရှင်နှင့် သံဃာတော်များအား အတော်အသင့် လိုက်ပါပို့ဆောင်ပေးရင်း အပြန်ခရီးတွင် ရန်သူမုဆိုးတစ်ယောက်၏ သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့လေ၏။

နန္ဒသေဆုံးသွားသည်ကို တွေ့မြင်ရသည့် ရဟန်းတော်အချို့သည် ဘုရားရှင်အား “ဘုရားရှင်နှင့် သံဃာတော်များ ကြွလာတော်မူသဖြင့် ဤသို့နန္ဒနွားကျောင်းသား သေရခြင်းဖြစ်ကြောင်း” လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားရှင်က “ရဟန်းတို့… နန္ဒနွားကျောင်းသားသည် ဘုရားရှင်ကြွသည်ဖြစ်စေ၊ မကြွသည်ဖြစ်စေ သေခြင်းတရားက လွတ်မြောက်နိုင်မည် မဟုတ်ပေ၊ စင်စစ် နန္ဒ၏ ပျက်စီးမှုသည်ကား ဘာမှပြောပလောက်စရာ မရှိ။ မကောင်းသည့် စိတ်ထားသည်သာလျှင် တစ်စုံတစ်ယောက်အား ခိုးသူရန်သူများထက် ပို၍နာကျင် ပျက်စီးမှုကို ဖြစ်ပေါ်စေ၏” ဟု မိန့်တော်မူကာ
“ခိုးသူတစ်ယောက်သည် ခိုးသူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
ရန်သူတစ်ယောက်သည် ရန်သူတစ်ယောက်ကို ပျက်စီးအောင် ပြုနိုင်ရာ၏။
မကောင်းသဖြင့် ထားအပ်သောစိတ်သည်ကား ထိုစိတ်ရှိသူကို ထိုရန်သူ၊ သူခိုးတို့ထက်ပင် ယုတ်ညံ့အောင် ပြုလုပ်နိုင်၏” (ဓမ္မပဒ၊ စိတ္တဝဂ်၊ နန္ဒဃောပါလက ဝတ္ထု) ဟူသော အထက်ပါ တရားစကားတော်ကို ဟောကြားတော်မူလေ၏။

ဤဒေသနာတော်အရ အပြင်ရန်သူနှင့် အတွင်းရန်သူတို့၏ အကျိုးသက်ရောက်မှု ခြားနားချက်ကို ကောင်းစွာသိနိုင်မည် ဖြစ်၏။ သူခိုး၊ ဓားပြ ရန်သူစသည့် အပြင်ရန်သူတို့ကြောင့် ပျက်စီးရသည့် ပျက်စီးမှုထက် မကောင်းသည့် စိတ်စေတနာကြောင့် ပျက်စီးရသည့် ပျက်စီးမှုက ပို၍ပြင်းထန်သည်ကို သတိပြုနိုင်မည် ဖြစ်၏။ ရန်သူခိုးသူများသည် မိမိအား တစ်ဘဝအတွက်သာ သေအောင်သတ်နိုင်သော်လည်း မိမိသန္တာန်တွင်ရှိသည့် မကောင်းသည့် စိတ်စေတနာသည်ကား မိမိအား ဘဝပေါင်းများစွာ အကြိမ်ကြိမ် သေအောင်သတ်နိုင်သည်ကို မမေ့ကြရန် လိုအပ်ပေ၏။ တစ်ဘဝတွင် တစ်ခါသေကျေ ပျက်စီးကြရမည့် အရေးထက် သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးကြရမည့် အရေးကို ပို၍အလေးထားသင့်ပေ၏။ မည်သူ့ကြောင့်၊ မည်သည့်အရာကြောင့် သေကျေပျက်စီးကြရသည်ထက် မိမိ၏ မကောင်းသည့် စိတ်စေတနာကြောင့် သေကျေပျက်စီးကြရမည့် အရေးကို ပို၍သတိပြုသင့်ပေ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူခိုးဓားပြစသည့် အပြင်ရန်သူများသည် တဒင်္ဂ အခိုက်အတံ့တွင်သာ သေကျေပျက်စီးမှုကို ပြုနိုင်သော်လည်း မကောင်းသည့် စိတ်စေတနာဖြစ်သည့် အတွင်းရန်သူသည်ကား ထို့ထက်အလွန် သံသရာမှာ အကြိမ်ကြိမ် သေကျေပျက်စီးမှုကို ပြုနိုင်သောကြောင့် ဖြစ်ပါပေ၏။

စင်စစ် လူအတော်များများသည် လက်ရှိရရှိနေသည့် ဘဝအပေါ်တွင်သာ ပျက်စီးမည့်အရေး တွေးပူနေလေ့ရှိ၏။ ယခုဘဝအတွက်သာ အပြင်ရန်သူများ၏ တိုက်ခိုက်ပျက်စီးမှုဘေးမှ ကာကွယ်ရန် အားထုတ်လေ့ရှိကြ၏။ သူခိုး၊ ဓားပြစသည့် အန္တရာယ်များကိုသာ အာရုံထားပြီး ထိုအန္တရာယ်များ မကျရောက်ရေးကိုသာ ကြိုးစားလေ့ရှိကြ၏။ သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးရမည့် အရေးထက် တစ်ဘဝတစ်ခါ သေကျေပျက်စီးရမည့် အရေးကို အလေးပေးလေ့ရှိကြ၏။ ထို့ကြောင့်လည်း စည်းစိမ်ဥစ္စာများ မပျက်စီးဖို့၊ အသက်ခန္ဓာ မပျက်စီးဖို့ဆိုလျှင် သူများအသက် သတ်ရန်လည်း ဝန်မလေး၊ သူများပစ္စည်း ခိုးယူရန်လည်း ဝန်မလေး၊ အိမ်ထောင်ရေး ဖောက်ဖျက်ရန်လည်း ဝန်မလေး၊ လိမ်ညာပြောဆိုရန်လည်း ဝန်မလေး၊ အရက်သေစား မူးယဇ်ဆေးဝါး သောက်စားသုံးစွဲရန်လည်း ဝန်မလေးကြခြင်း ဖြစ်နေကြ၏။ အမှန်အားဖြင့် ထိုသို့ တဒင်္ဂအခိုက် ပျက်စီးမည်ကို ကြောက်သဖြင့် ကိုယ်ကျင့်သီလ ဖောက်ဖျက်သည်အထိ လုပ်လိုက်ခြင်းသည် ဘဝတွင် တစ်ကြိမ်သေကျေပျက်စီး စေမှုထက် သံသရာတွင် အကြိမ်ကြိမ် သေကျေပျက်စီးမှုအထိ ဖြစ်ပေါ်ခဲ့သည်သာ ဖြစ်ပါပေ၏။ ဤသည်မှာ မိမိကိုယ်တိုင် ပြုလုပ်ခဲ့သည့် မိမိ၏ စိတ်စေတနာကြောင့်သာ ဖြစ်ပါပေ၏။ ထို့ကြောင့် သူတော်ကောင်းများက အပြင်ရန်ထက် အတွင်းရန်က ထို့ထက်အလွန် ကြောက်ဖွယ်ဖြစ်ကြောင်း ဆိုကြခြင်း ဖြစ်ပါ၏။

တစ်ခါက တရားပွဲတစ်ခုတွင် စာရေးသူက “စည်းစိမ်ဥစ္စာနှင့် ကိုယ်လက်အင်္ဂါ ယှဉ်လာလျှင်၊ စည်းစိမ်ဥစ္စာကို စွန့်လွှတ်ရမည်ဖြစ်ပြီး၊ ကိုယ်လက်အင်္ဂါနှင့် အသက်ယှဉ်လာလျှင်၊ ကိုယ်လက်အင်္ဂါကို စွန့်လွှတ်ရမည် ဖြစ်ကာ၊ အသက်နှင့် သီလယှဉ်လာလျှင် အသက်ကိုစွန့်လွှတ်ပြီး သီလကို လုံခြုံအောင် စောင့်ထိန်းသင့်ကြောင်း” ဟောပြောသည့်အခါ ဒကာလေးတစ်ယောက်က “အသက်ရှင်မှ သီလကို ထိန်းနိုင်မှာ ဖြစ်သဖြင့် သီလနှင့် အသက်ယှဉ်လာလျှင် အဘယ့်ကြောင့် အသက်ကို စွန့်လွှတ်ရမည်ကို နားမလည်ကြောင်း” မေးလာသဖြင့် သူ့အမေးကို အခြေခံကာ “သို့ဆိုလျှင် အသက်ရှင်ရေးအတွက် သူများအသက်ကို သတ်မလား၊ သူများဥစ္စာခိုးမလား၊ သူများသားမယား ပစ်မှားမလား…၊ အဲဒီလို လုပ်လိုက်သည့်အတွက် ဒီဘဝမသေတော့ဘူးလား…” စသည်ဖြင့် ပြန်လည်မေးခွန်းထုတ်ရင်း ရှင်းပြလိုက်ရသေး၏။ ထိုဒကာလေးမှာ မသိနားမလည်၍ မေးခြင်းဖြစ်သော်လည်း မျက်မှောက်ခေတ်တွင် အတော်များများက တစ်ဘဝတစ်နပ်စာ မပျက်စီးရေးအတွက် သီလကို စွန့်လွှတ်ရန်မှာ ဝန်မလေးဘဲ ဖြစ်နေကြသည်မှာ အမှန်ပင် ဖြစ်နေပါ၏။ တစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုကြောင့် ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ အသက်များ ပျက်စီးမည့်အရေးသာ တွေးပူနေပြီး ဘဝသံသရာ အကြိမ်ကြိမ် ပျက်စီးမည့်အရေးကိုကား တွေးပူခြင်း မရှိသဖြင့် မကောင်းသည့် စိတ်စေတနာဖြင့် မကောင်းမှုလုပ်ရန်မှာလည်း ဝန်မလေးကြခြင်း ဖြစ်နိုင်ပါ၏။ ဤသို့သာဆိုသော် ပျက်စီးမှုများသည် ထို့ထက်အလွန်ပင် ဖြစ်နေကြမည်သာ ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ လူတိုင်းလူတိုင်း ဘဝတွင် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတို့၏ သေကျေပျက်စီးမှုများနှင့် ကြုံတွေ့ကြရမည်ကို ကြောက်ကြသော်လည်း ရှောင်လွဲ၍ မရသည့် ထိုပျက်စီးမှုများတွင် သူခိုး၊ ဓားပြစသည့် အပြင်ရန်သူများကြောင့် သေကျေပျက်စီးကြရသည်ထက် မကောင်းသည့် စိတ်စေတနာဖြစ်သည့် မိမိတို့၏ အတွင်းရန်သူများကြောင့် သေကျေပျက်စီးရမည့် အရေးကို ပိုမိုကြောက်သင့်ကြောင်း ဆိုလိုခြင်း ဖြစ်ပါ၏။ အပြင်ရန်သူများကြောင့် ပျက်စီးရသည့် ပျက်စီးမှုသည် တစ်ဘဝတစ်ခဏမျှသာ ဖြစ်သော်လည်း အတွင်းရန်သူများကြောင့် ပျက်စီးရသည့် ပျက်စီးမှုသည့်ကား ဘဝသံသရာတစ်လျှောက် အကြိမ်ကြိမ် ပျက်စီးမှုကို ရောက်စေသဖြင့် အတွင်းရန်သူကြောင့် ပျက်စီးမည့်အရေးကို ပိုမိုအလေးပေးကာ အတွင်းစိတ်ထားများ ကောင်းအောင်သာ ကြိုးစား အားထုတ်သင့်ကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။ တစ်ဘဝ တစ်ခဏ ပျက်စီးကြရမည့် အရေးထက် ထို့ထက်အလွန် ပျက်စီးသွားမည့်အရေးကို ပိုမိုသတိပြုသင့်ကြောင်း အသိပေးလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် မည်သူမဆို လွန်ဆန်မရ ပျက်စီးရမည့် အသက်ခန္ဓာ၊ စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိန်တို့၏ ပျက်စီးမှုများတွင် တဒင်္ဂပျက်စီးမှုထက် ထို့ထက်အလွန် အကြိမ်ကြိမ် ပျက်စီးရမည့် ပျက်စီးမှုမျိုး မဖြစ်ကြစေရန် တစ်ဘဝတစ်နပ်စာအတွက် မတွေးဘဲ ဘဝသံသရာအရေးတွေးကာ အကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း စိတ်စေတနာကောင်းများဖြင့် ကောင်းသည့်အလုပ်များကိုသာ ကြိုးစားအားထုတ်ကြပါဟု အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

သုကို ယှဉ်၊ ဒုကို ကြဉ်…

“သုကို ယှဉ်၊ ဒုကို ကြဉ်” ဆိုတဲ့ မြန်မာဆိုရိုးစကား တစ်ခုရှိပါတယ်။ ဒီဆိုရိုးနဲ့ ပတ်သက်ပြီး မြန်မာဆိုရိုးစကား စာအုပ်မှာတော့ “သုစရိုက် ၁၀ပါးကို လိုက်နာကျင့်သုံး၍ ဒုစရိုက် ၁၀ပါးမှ ရှောင်ကြဉ်ခြင်း” လို့ ဖွင့်ဆိုရှင်းပြပြီး ရှင်ဥက္ကံသလင်္ကာ ဆုံးမစာမှာပါတဲ့ “သုကို ယှဉ်၊ ဒုကို ကြဉ်၊ မယှဉ်လျှင် မြုပ်တတ်သည်။ မကြဉ်လျှင် စုပ်တတ်သည်” ဆိုတဲ့ ဆုံးမစာလေးကိုပါ ကိုးကားဖော်ပြထားတာကို တွေ့ရပါတယ်။ သုကိုယှဉ်ပြီး ဒုကိုကြဉ်မှ အစဉ်ထာဝရ ဘဝလှကာ အစစအရာရာ အမြင့်နေရာမှာ ရှိကြမှာဖြစ်ကြောင်း၊ သုကိုမယှဉ်နိုင်ပါက အောက်အောက်ဘဝတွေမှာ မြုပ်နေတတ်ပြီး ဒုကိုမကြဉ်နိုင်ပါကလည်း အဲဒီတရားတွေရဲ့ စုပ်ယူခြင်းကို ခံရကာ ဘဝမှာ ဒုက္ခလှလှတွေ့လို့ စုပ်သထက်စုပ်နေကြမှာ ဖြစ်ကြောင်း၊ ဒါကြောင့် ဘာပဲဖြစ်ဖြစ် သုကိုယှဉ်နိုင်အောင် ကြိုးစားပြီး ဒုကိုကြဉ်နိုင်အောင် အားထုတ်ကြရမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သုဆိုတာ သုစရိုက်ကို ပြောတာဖြစ်ပြီး ဒုဆိုတာကတော့ ဒုစရိုက်ကို ပြောတာဖြစ်ပါတယ်။ သုစရိုက်ဆိုတာ အပြစ်ကင်းတဲ့ ကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပြီး ဒုစရိုက်ဆိုတာကတော့ အပြစ်နဲ့တကွဖြစ်တဲ့ မကောင်းတဲ့အလေ့အကျင့် အလုပ်အကိုင် အပြောအဆို အကြံအစည်လို့ အဓိပ္ပါယ်ရပါတယ်။ တစ်နည်းအားဖြင့် သုစရိုက်ဆိုတာ ကိုယ်နဲ့ပြုတဲ့ ကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ ကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ ကောင်းတဲ့အကြံများကိုဆိုပြီး ဒုစရိုက်ဆိုတာကတော့ ကိုယ်နဲ့ပြုတဲ့ မကောင်းတဲ့အလုပ်၊ နှုတ်နဲ့ပြောတဲ့ မကောင်းတဲ့အပြော၊ စိတ်နဲ့ကြံတဲ့ မကောင်းတဲ့ အကြံတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီလိုကိုယ်နှုတ်နှလုံး သုံးမျိုးလုံးနဲ့ လုပ်ကိုင်ပြောဆိုကြံစီကြတဲ့ အလေ့အကျင့်တွေကိုပဲ စရိုက်လို့ခေါ်တာဖြစ်ပြီး ပြုလုပ်တဲ့သူတွေရဲ့ လုပ်ရပ်ကိုလိုက်ပြီး ကောင်းတဲ့ အလေ့အကျင့် သုစရိုက်၊ မကောင်းတဲ့အလေ့အကျင့် ဒုစရိုက်လို့ ကွဲပြားခြားနားသွားကြတာ ဖြစ်ပါတယ်။

ထူးခြားတာကတော့ ပြုလုပ်တဲ့သူတွေရဲ့ စရိုက်ကိုလိုက်ပြီး ကောင်းတဲ့အလေ့အကျင့် ရှိသူတွေဟာ ကောင်းတဲ့သုစရိုက်တွေကြောင့် ကောင်းတဲ့အကျိုးတွေ ဖြစ်ပေါ်စေပြီး မကောင်းတဲ့ အလေ့အကျင့် ရှိသူတွေဟာ မကောင်းတဲ့ ဒုစရိုက်တွေကြောင့် မကောင်းတဲ့ အကျိုးတွေ ဖြစ်ပေါ်စေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် မကောင်းကျိုးတွေ မဖြစ်ဖို့နဲ့ ကောင်းကျိုးတွေ ဖြစ်ပေါ်စေဖို့ သုကိုယှဉ်ပြီး ဒုကိုကြဉ်ပါလို့ ပညာရှင်များက ပြောဆိုဆုံးမကြတာ ဖြစ်ပါတယ်။

ဗုဒ္ဓစာပေတွေမှာတော့ သုစရိုက်တရားဆယ်ပါး၊ ဒုစရိုက်တရား ဆယ်ပါးရှိကြောင်း ဖွင့်ဆိုရှင်းပြပြီး ဒုစရိုက်ဆယ်ပါးကို မလုပ်ဘဲ ရှောင်ကြဉ်ခြင်းကိုပဲ သုစရိုက်ဆယ်ပါးလို့ အမည်တပ်ကာ ပြောဆိုခြင်း ဖြစ်ကြောင်းနဲ့ ဒုစရိုက်ဆယ်ပါးဆိုတာ တခြားမဟုတ်ဘဲ ကိုယ်နဲ့လုပ်တဲ့ မကောင်းတဲ့ ကာယကံသုံးပါး၊ နှုတ်နဲ့ပြောဆိုတဲ့ မကောင်းတဲ့ ဝစီကံလေးပါး၊ စိတ်နဲ့ကြံစည်တဲ့ မကောင်းတဲ့ မနောကံသုံးပါးကိုပဲ ဆိုလိုတာဖြစ်ကြောင်း ဖွင့်ဆိုပြပါတယ်။ အဲဒီအဖွင့်တွေအရ
ကာယဒုစရိုက် သုံးပါးဆိုတာ
၁။ သူတပါးအသက်ကို သတ်ဖြတ်ခြင်း (ပါဏာတိပါတ)
၂။ သူတပါးဥစ္စာကို ခိုးယူခြင်း (အဒိန္နာဒါန)
၃။ ကာမဂုဏ်ကိစ္စတွေမှာ ဖောက်ပြန်မှားယွင်းစွာကျင့်ခြင်း (ကာမေသုမိစ္ဆာစာရ)
တို့ဖြစ်ပြီး
ဝစီဒုစရိုက် လေးပါးဆိုတာ
၎။ မဟုတ်မမှန် လိမ်ညာပြောဆိုခြင်း (မုသာဝါဒ)
၅။ ချောပစ်ကုန်းတိုက်သော စကားကို ပြောဆိုခြင်း (ပိသုဏဝါစာ)
၆။ ကြမ်းတမ်းယုတ်မာသော စကားကို ပြောဆိုခြင်း (ဖရုသဝါစာ)
၇။ အကျိုးမရှိ အချည်းနှီးဖြစ်သည့် ပိန်ဖျင်းသော စကားကို ပြောဆိုခြင်း (သမ္ဖပ္ပလာပ)
တို့ ဖြစ်ကာ
မနောဒုစရိုက် သုံးပါးကတော့
၈။ သူတပါးပိုင်ဆိုင်မှုများကို မတရားရယူရန် ကြံစည်ခြင်း (အဘိဇ္ဈာ)
၉။ သူတပါးတို့၏ အသက်နှင့်စည်းစိမ်ဥစ္စာ ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခြင်း (ဗျာပါဒ)
၁၀။ ကံကံ၏ အကျိုးကိုပယ်၍ လွဲမှားစွာ ယုံကြည်ခြင်း (မိစ္ဆာဒိဋ္ဌိ)
တို့ပဲ ဖြစ်ပါတယ်။

ဒီဆယ်ပါးကို ဒုစရိုက်ဆယ်ပါးလို့ဆိုပြီး ဒီအလုပ်တွေနဲ့ ကျင်လည်နေထိုင် လှုပ်ရှားနေတဲ့ သူတွေကိုလည်း ဒုစရိုက် အလုပ်များနဲ့ နေထိုင်သူများအဖြစ် ပြစ်တင်ပြောဆိုကြခြင်း ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေနဲ့ပဲ အမြဲမပျက် လုပ်ကိုင်ဆောင်ရွတ် နေသူတွေဟာလည်း ဒုစရိုက်အလုပ်များကြောင့် မကောင်းတဲ့ ဘုံဘဝများအထိ ကျရောက်နိုင်ကာ ကုသိုလ်တရားများနဲ့ ဝေးသထက် ဝေးနေကြမှာဖြစ်တဲ့အတွက် ဒီအလုပ်တွေကနေ ရှောင်ကြဉ်ကြဖို့နဲ့ ဒီလိုဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်နိုင်ပါက အလိုလို ကောင်းတဲ့သုစရိုက် အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အပြင် ကောင်းတဲ့ဘုံဘဝတွေမှာ ရောက်ရှိကာ ကောင်းကျိုးချမ်းသာတွေနဲ့ နီးသထက်နီးနေမှာ ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အလုပ်တွေနဲ့ နေထိုင်နိုင်သမျှ နေထိုင်ကြဖို့ တိုက်တွန်းပြောဆိုကြခြင်း ဖြစ်ပါတယ်။

အလွယ်ပြောရရင်တော့ မကောင်းတဲ့ ဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။ ဒီဒုစရိုက်အလုပ်တွေက ရှောင်ကြဉ်ပြီး နေနိုင်ပါက သုစရိုက်အလုပ်တွေကို လုပ်နေပြီးသား ဖြစ်တဲ့အတွက် ကိုယ့်ရဲ့အလုပ်တွေဟာ သုစရိုက်အလုပ် ဟုတ်မဟုတ် စဉ်းစားနေစရာ မလိုဘဲ ဒုစရိုက်အလုပ်တွေကို မလုပ်မိအောင် ကြိုးစားနေထိုင်ကြရမယ်ဆိုတဲ့ အချက်ကိုပဲ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။ ဆိုရိုးစကားအရ ပြောရရင်တော့ ဒုကိုရှောင်ကြဉ်ခြင်းဟာ သုနဲ့ယှဉ်နေခြင်းပဲလို့ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ကာမဂုဏ်တရားများ အားကြီးလာပြီး သီလ၊ သမာဓိ၊ ပညာ တရားများ အားနည်းလာတဲ့ ဒီနေခေတ်မှာတော့ လူအတော်များများဟာ ဒုကိုယှဉ်ပြီး သုကိုပဲ ကြဉ်နေကြတော့တာ ဖြစ်ပါတယ်။ အကုသိုလ်တရားများ လွှမ်းမိုးလာမှုမှာ အကုသိုလ်ကို အကုသိုလ်လို့ မသိဘဲဖြစ်လာတာတွေက အဆိုးဆုံး ဖြစ်လာနေပြီး အကုသိုလ်ကို အကုသိုလ်လို့ မသိတဲ့အတွက် ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာလည်း သုစရိုက်လား၊ ဒုစရိုက်တွေလားဆိုတာလည်း သိဖို့မလွယ်တော့တဲ့ အနေအထားအထိ ရောက်နေကြတော့တာ ဖြစ်ပါတယ်။ ရှောင်ကြဉ်ရမယ့် ဒုစရိုက်တွေမှာ အတော်များများ အပျော်များနေကြတော့ ကိုယ့်ရဲ့အလုပ်တွေဟာ မကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်နေပေမယ့် အဲဒီမကောင်းတဲ့ အလုပ်တွေအပေါ်မှာ အပြစ်လို့ မမြင်ကြဘဲ ဒုမှာပဲ ယှဉ်ပြီးရင်း ယှဉ်နေကြတော့တာ ဖြစ်ပါတယ်။ ဒုမှာယှဉ်နေသမျှ သုမှာလည်း အလိုလို ကြဉ်ပြီးသား ဖြစ်နေတဲ့အတွက် ကြာလေမြုပ်လေ၊ ကြာလေစုပ်လေပဲ ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

တစ်ချို့က မကောင်းတဲ့ ဒုစရိုက်အလုပ်တွေနဲ့ ကျင်လည်နေရပေမယ့် အချိန်တန် ကံအကျိုးပေး မရောက်လာသေးတဲ့အတွက် ကောင်းတာလေးတွေ ဖြစ်နေတဲ့အပေါ်မှာ သတိမမူမိဘဲ ဒီအလုပ်တွေနဲ့ အကျိုးပေးတယ်ဆိုကာ ဒုမှာပဲပျော်နေကြတာတွေ ရှိတတ်ပါတယ်။ ဒုနဲ့ပျော်ရင်း တဒင်္ဂအကောင်းလေးတွေ ဖြစ်နေတဲ့အပေါ်မှာ ဒုကြောင့်ကော်တယ်လို့ထင်ကာ ဒုစရိုက်အလုပ်တွေက ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြတဲ့အတွက် ကြာလေသုနဲ့ ဝေးလေဖြစ်နေကြတဲ့ သူတွေလည်း ရှိနေတတ်ပြန်ပါတယ်။ တကယ်တော့ ဒုစရိုက်အလုပ်တွေကြောင့် ကောင်းတာလေးတွေဖြစ်ပြီး ကော်နေကြတယ်ဆိုတာ တဒင်္ဂအခိုက်အတံ့ပဲ ဖြစ်ပါတယ်။ တဒင်္ဂမဟုတ်၊ ဒီဘဝတစ်လျှောက်လုံး ကော်နေကြတယ်ဆိုရင်လည်း သေပြီးနောက်မှာတော့ ဒုနဲ့ယှဉ်မိတဲ့ အလုပ်တွေကြောင့် မကော်နိုင်ဘဲ အော်နေကြရမှာ အမှန်ပဲ ဖြစ်ပါတယ်။

အကျိုးတရား ပြောင်းပြန်အနေနဲ့ ပြောမယ်ဆိုရင် ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ် နေလိုက်ခြင်းဟာ သုစရိုက်အလုပ်တွေနဲ့ နေလိုက်ခြင်းဖြစ်တဲ့အတွက် အလုပ်ကောင်းခြင်းပဲ ဖြစ်ပါတယ်။ သုဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကိုက အကောင်းလို့ အဓိပ္ပါယ်ရတဲ့အတွက် အကောင်းလုပ်ရင် အကောင်းရမှာ သဘာဝနိယာမပဲ ဖြစ်ပါတယ်။ ဒါဟာ ဒုစရိုက်အလုပ်တွေကို မလုပ်ဖြစ်ဘဲ ရှောင်ကြဉ်လိုက်တဲ့ အတွက်ပဲ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ဒုစရိုက်တရား ဆယ်ပါးကနေ ရှောင်ကြဉ်ခြင်းဟာ ကံငါးပါးကို လုံနေခြင်းပဲ ဖြစ်ပြီး ကံငါးပါးလုံနေခြင်းဟာ အခြေခံဖြစ်တဲ့ ငါးပါးသီလကို လုံနေခြင်းပဲ ဖြစ်ပါတယ်။ ဒုစရိုက်တရား ဆယ်ပါးကို တူရာစုလိုက်မယ်ဆိုရင် ပါဏာတိပါတ၊ အဒိန္နာဒါန၊ ကာမေသုမိစ္ဆာစာရ၊ မုသာဝါဒနဲ့ မိစ္ဆာဒိဋ္ဌိဆိုတဲ့ ကံငါးပါးပဲ ထွက်လာမှာ ဖြစ်ပါတယ်။ ဒီကံငါးပါးဟာ ဗုဒ္ဓဘာသာတွေအတွက် အခြေခံ သီလပဲ ဖြစ်ပါတယ်။ ဒါကြောင့် သီလလုံနေခြင်းဟာ တစ်နည်းအားဖြင့် ဒုစရိုက်တရားများမှ ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် သေပြီးဒုတိယဘဝမှာ အပါယ်ဘေးက ရှောင်ကြဉ်ထားပြီးဖြစ်ကြောင်းနဲ့ အကျင့်သီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲအောင် စောင့်ထိန်းကြဖို့လိုကြောင်း ဆိုကြခြင်းဖြစ်ပါတယ်။

ဆိုလိုတာက သုကိုယှဉ်ပြီး ဒုကိုကြဉ်နိုင်ဖို့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းကြရမှာ ဖြစ်ကြောင်း ဆိုလိုတာဖြစ်ပါတယ်။ ကံငါးပါးကို လုံခြုံအောင် ထိန်းသိမ်းနေထိုင်ခြင်းဟာ ဒုစရိုက်တရားတွေက ရှောင်ကြဉ်နေခြင်း ဖြစ်တဲ့အတွက် ကောင်းတဲ့သုစရိုက် အကျင့်တွေနဲ့ နေနေတာဖြစ်ပြီး ကောင်းတဲ့အကျင့်တွေနဲ့ နေထိုင်နေခြင်းဟာ ဒုကိုကြဉ်ပြီး သုနဲ့ယှဉ်နေတာ ဖြစ်တဲ့အတွက် ဘဝမှာ အထက်တန်းကျကျ မျက်နှာပန်းလှကာ သုနဲ့မယှဉ်တဲ့အတွက် မြုပ်ရမယ့်ဘေး၊ ဒုကိုမကြဉ်တဲ့အတွက် စုပ်ရမယ့်ဘေးတွေက အလိုလို ရှောင်ကြဉ်ပြီးဖြစ်ကြောင်း၊ အရင်းစစ်တော့ ဒီလို မမြုပ်၊ မစုပ်ဘဲ ဘဝလှနေခြင်းဟာ ကိုယ်ကျင့်သီလကို လုံခြုံစေခြင်းကြောင့် ဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘယ်သူမဆို ဘဝမှာ အလှတွေလာပြီး မြုပ်ရာကနေ လှုပ်လာစေဖို့၊ စုပ်ရာကနေ ကောင်းတာတွေနဲ့ ဟုတ်လာစေဖို့အတွက် ဒုလို့ခေါ်တဲ့ မကောင်းတဲ့ ဒုစရိုက်တွေကိုကြဉ်ပြီး သုလို့ခေါ်တဲ့ ကောင်းတဲ့ သုစရိုက်တွေနဲ့ယှဉ်ကာ အခြေခံအကျဆုံးဖြစ်တဲ့ ကိုယ်ကျင့်သီလကို လုံခြုံအောင် ကြိုးစားရင်း ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်ကိုယ်ကိုသာ အကောင်းဆုံး လျှောက်နိုင်အောင် ရိုးသားစွာ အားထုတ်ကြပါလို့ စေတနာစကားနဲ့ အသိပါးလိုက်ရပါတယ်။
အားလုံး ဒုကိုကြဉ်ပြီး သုကို ယှဉ်နိုင်ကြပါစေ…

Read more »

ကိုယ်နာသော်လည်း စိတ်မနာပါစေနှင့်…

တစ်ခါက ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ဆေးကုသမှု ခံယူနေရသည့် ရဟန်းဒကာကြီး တစ်ဦးထံ ကျန်းမာရေး သတင်းသွားမေးရင်း ရောက်ရှိသွားခဲ့၏။ အသက်အရွယ် ကြီးရင့်လာမှုနှင့် ရောဂါဝေဒနာ နှိပ်စက်မှု ဒဏ်များကြောင့် ခန္ဓာကိုယ် အလွန်ပင်ပန်းနေသည့် ဒကာကြီးသည် စာရေးသူကို မြင်ရသည့်အခါ ဝမ်းမြောက်မှုနှင့်အတူ ကုတင်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး လက်အုပ်ချီကာ အရိုအသေးပေးလေ၏။ စာရေးသူလည်း ဒကာကြီး သက်သာသလိုသာ နေပါဟုပြောရင်း သူ့ကျန်းမာရေး အခြေအနေကို မေးမြန်းကာ တရားစကား အနည်းငယ် ဟောကြားပေးဖြစ်ခဲ့၏။ အသက်အရွယ် ရလာသော်လည်း တရားအလုပ် အားထုတ်မှုတွင် အားနည်းလှသည့် ဒကာကြီးသည် ရောဂါဝေဒနာ ရလာမှုအပေါ်တွင် အလွန်ခံစားနေရသည့် သဘောရှိ၏။ ထို့အတူ အကြောက်တရားလည်း ဖြစ်ပေါ်နေဟန် ရှိ၏။ နာပြီးရင် သေရမည်ဟူသည့် နိယာမကို လက်ခံလာသဖြင့်လည်း ပို၍ကြောက်လာဟန် ရှိပေ၏။ ပုထုဇဉ်များ၏ သဘောသဘာဝအရ ဒုက္ခတရား အားကြီးလာသည့်အခါ အားကိုးရာ ဘာသာတရားကို ရှာလေ့ရှိသည့်အတိုင်း ဒကာကြီးလည်း ဘာသာတရား၏ အားကိုးရာကို ရှာလာဟန် ရှိပေ၏။ ထို့ကြောင့်လည်း စာရေးသူနှင့် တွေ့ဆုံသည့်အခါ ဒကာကြီးက “အရှင်ဘုရား အိုမင်းမစွမ်း ဖြစ်လာပြီး နာကျင်မှုတွေ ပြည့်နှက်လာတဲ့ တပည့်တော်တို့လို သူတွေအတွက် ဘုရားပေးတဲ့ တရားဆေးလေးများရှိရင် ဟောကြားပေးပါလားဘုရား”လို့ တောင်းဆိုလာလေ၏။ ဒကာကြီး၏ တောင်းဆိုချက်အရ စာရေးသူလည်း ဘုရားစကား အငှါးသုံးကာ “ဒကာကြီးရေ အိုပြီးနာလာကြတဲ့ သူတွေအတွက် ဘုရားရှင်က ကိုယ်နာသော်လည်း စိတ်မနာအောင် နေနိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းပဲ ဖြစ်တယ်လို့ မိန့်တော်မူပါတယ်”စသည့် စကားဖြင့် အစချီကာ တရားစကား ဟောကြား ပေးဖြစ်ခဲ့၏။

မှန်၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ကိုယ်နာသော်လည်း စိတ်မနာစေနှင့်”ဟူသော အထက်ပါ စကားတော်ကို မိန့်တော်မူခဲ့ဖူး၏။ ဗုဒ္ဓဘုရား လက်ထက်တော်အခါက နကုလပိတာ အမည်ရသည့် သူကြွယ်တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူကြွယ်သည် မြတ်စွာဘုရား၊ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠတောတွင် သီတင်းသုံးနေတော်မူသည့် သတင်းကို ကြားသိပြီးနောက် ဘုရားရှင်ထံ သွားရောက်ဖူးမျှော်ကာ တရားစကား လျှောက်ထားလေ၏။ သူကြွယ်က “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အိုမင်းမစွမ်းဖြစ်ကာ အရွယ်သုံးပါးတွင် နောက်ဆုံးအရွယ်သို့ ရောက်ရှိလာပါပြီ၊ ခန္ဓာကိုယ်သည်လည်း မပြတ်နာကျင်လျက် ဘုရားတရားသံဃာတော်များကိုလည်း အမြဲတစေ မဖူးမြင်နိုင်တော့ပါဘုရား၊ သို့ဖြစ်ပါ၍ မြတ်စွာဘုရားသည် တပည့်တော်အား တရားစကား မိန့်ကြားတော်မူပါဘုရား…” ဟု မြတ်ဗုဒ္ဓအား လျှောက်ထားလေ၏။

ထိုအခါ ဘုရားရှင်က “သူကြွယ် သင်၏စကားသည် အမှန်ပင်ဖြစ်ပေ၏၊ ဤခန္ဓာကိုယ်သည် အမြဲနာကျင်နေသည့် သဘောရှိ၏၊ ဤခန္ဓာကိုယ်ကို ရွတ်ဆောင်ထားသူမှန်သမျှ တစ်စုံတစ်ဦးမျှ တဒင်္ဂအားဖြင့်သော်လည်း အနာကင်းခြင်းဟူသည် မရှိနိုင်ကြပေ၊ သူကြွယ် ထို့ကြောင့် သင့်ကိုသင် ငါသည်နာကျင်သော ကိုယ်ရှိသူဖြစ်ပါလျက် ငါ၏စိတ်သည် နာကျင်မှုကင်းသူ ဖြစ်လတ္တံ့ဟုသာ ကျင့်အပ်၏” ဟု နကုလပိတာအား မိန့်ကြားတော်မူလိုက်၏။

ဘုရားရှင်၏ အထက်ပါ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော စကားတော်ကို ကြားနာပြီးနောက် အလွန်ကျေနပ်နှစ်သက်စွာဖြင့် နကုလပိတာသည် ဘုရားရှင်အထံတော်မှ ထွက်ခွါသွားပြီး အရှင်သာရိပုတ္တရာ မထေရ်ထံ အဖူးအမျှော် ရောက်ခဲ့ပြန်လေ၏။ အရှင်သာရိပုတ္တရာ မထေရ်ထံ ရောက်သည့်အခါ စိတ်နှလုံး ကြည်လင်နေသည့် နကုလပိတာ သူကြွယ်ကိုကြည့်ကာ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် သင့်ကို ကြည့်ရသည်မှာ စိတ်နှလုံး ကြည်လင်နှစ်သက်နေသည့် သဘောရှိ၏ အဘယ်အကြောင်းကြောင့်နည်းဟု” မေးတော်မူလေ၏။ သူကြွယ်က “အရှင်ဘုရား တပည့်တော် ဘုရားရှင်အထံတော်မှ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော တရားစကားတော်ကို နာကြားခဲ့ရသောကြောင့် အလွန်ကျေနပ် နှစ်သက်မှုကို ဖြစ်ရပါသည်ဘုရား” ဟု လျှောက်ထားလေ၏။ ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ နကုလပိတာအား “သူကြွယ် သို့ဆိုလျှင် သင်သည်မြတ်စွာဘုရားရှင်အား အဘယ်မျှဖြင့် နာကျင်သော ကိုယ်ရှိသူဖြစ်၍ အဘယ်မျှဖြင့် နာကျင်သော စိတ်ရှိသူဖြစ်သနည်း၊ အဘယ်မျှဖြင့် နာကျင့်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်းဟူသော မေးခွန်းများကို ထပ်မံမေးလျှောက်ခဲ့သလော”ဟု မေးတော်မူလိုက်၏။ ထိုအခါမှ သူကြွယ်မှာ “အရှင်ဘုရား တပည့်တော် ထိုမေးခွန်းကို မမေးလျှောက်မိပါဘုရား…၊ အရှင်ဘုရား အနေဖြင့်သာ တပည့်တော်အား လိုအပ်သည့်အချက်များကို ဖြည့်စွက်ဟောကြား ချီးမြှင့်တော်မူပါဘုရား”ဟု ပြန်လည်လျှောက်ထားရင်း အရှင်သာရိပုတ္တရာ၏ တရားစကားကို ဆက်လက်နားကြားတော်မူလေ၏။

အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယအဆင့်သို့ မရောက်သေးသော ပုထုဇဉ်တို့သည် ရုပ်ကို အတ္တဟူ၍ ရှု၏၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ထို့အတူ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ သင်္ခါရ (ပြုပြင်စီရင်ခြင်း)၊ ဝိညာဏ (အထူးမှတ်သိခြင်း)ကို အတ္တဟူ၍ ရှု၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့်တည်၏၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု ရှုမြင်နေသူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်၏”ဟု ဖြေကြားပေးတော်မူ၏။

ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယာတပည့်သည် ရုပ်ကိုအတ္တဟူ၍ မရှု၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်ခြင်း၊ တစ်မျိုးတဖုံဖြစ်ခြင်း ရှိနေသော်လည်း ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏကို အတ္တဟူ၍ မရှု၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့် မတည်၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်သော်လည်း ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု မရှုမြင်သူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်သော်လည်း နာကျင်သော စိတ်ရှိသူကား မဖြစ်” ဟု ဖြေကြားပေးတော်မူ၏။

နကုလပိတာသူကြွယ်သည် အရှင်သာရိပုတ္တရာ အထံတော်မှ ထိုတရားစကားတော်ကို နာကြားပြီးသည့် အခါတွင်လည်း အလွန်ကျေနပ် နှစ်သက်မှုဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့လေ၏ (သံယုတ်ပါဠိတော်၊ ခန္ဓဝဂ္ဂသံယုတ်၊ နကုလပီတုသုတ်)။ ဤကား နကုလပိတာသူကြွယ်ကို မိန်ကြားတော်မူခဲ့သည် “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော ဘုရားရှင်၏ စကားတော်ကို အခြေခံသည့် နကုလပိတာနှင့်စပ်သည့် တရားစကားတော်ပင် ဖြစ်ပါ၏။

ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ တရားစကားတော်အရ နာကျင်မှုသည် ကိုယ်၏နာကျင်ခြင်း၊ စိတ်၏နာကျင်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုသည် အကောင်းဆုံး အကျင့်ပင်ဖြစ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။ အမြဲမပြတ် ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်တရား၏ ဖောက်ပြန်မှုအပေါ်တွင် ငါ၊ ငါ၏ခန္ဓာ၊ ငါ၏ရုပ်တရား စသည့် ငါစွဲများကြောင့် ဖောက်ပြန်ခြင်းသဘော အမှန်ကို မသိရှိဘဲ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၏ စွဲရာနောက်သို့ လိုက်ပြီးရင်း လိုက်နေမိကြသဖြင့် ပုထုဇဉ်များမှာ ကိုယ်လည်းနာကျင်၊ စိတ်လည်းနာကျင် ဖြစ်နေကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်၊ ဝေဒနာ စသည့်အရာများတွင် ငါ၊ ငါ၏ဥစ္စာစသည့် ငါစွဲအတ္တများ မရှိဘဲ ထိုအရာတို့၏ ဖောက်ပြန်ပျက်စီးမှု သဘောသဘာဝကို အရှိအတိုင်း သိရှိမည်ဆိုပါက ဖောက်ပြန်ခြင်းသဘောအရ ဖြစ်တတ်သည့် ကိုယ်၏နာကျင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်၏နာကျင်ခြင်းကား ရှိလာမည်မဟုတ်ပေ။ ကိုယ်၏နာကျင်ခြင်းကား ဘဝသံသရာကျင်လည်နေပြီး ခန္ဓာရှိနေသမျှ တွေ့ကြုံနေရမည်ဖြစ်သဖြင့် အရေးကြီးသည်မှာ စိတ်မနာစေဖို့သာ ဖြစ်ပါ၏။ ထို့ကြောင့် စိတ်မနာစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာများတွင် ငါစွဲအတ္တများဖြင့် မလွှမ်းမိုး မတွယ်တာမိအောင် ကြိုးစာကျင့်ကြံ နေထိုင်ကြရမည်သာ ဖြစ်ပါ၏။ ထိုသို့နေထိုင်နိုင်ပါက ဘုရားစကားတော်အတိုင်း ကိုယ်နာသော်လည်း စိတ်နာမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဤ၌ အဓိကပြောလိုသည်မှာ ကိုယ်နာသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုအကြောင်း ပြောလိုရင်း ဖြစ်ပါ၏။ ကိုယ်နာပြီး ဆေးရုံပေါ်တွင် နာကျင်မှုကို ခံနေရသည့် ရဟန်းဒကာကြီးအား စိတ်မနာအောင် ကျင့်သုံးနေထိုင်ဖို့ သတိပေးစကားအဖြစ် ပြောကြားပေးဖြစ်ခဲ့သည့် ဘုရားစကားတော်ကို ပြန်လည်ပူဇော်ရင်း စာဖတ်သူများအားလည်း စိတ်မနာအောင် ကျင့်သုံးနိုင်ကြဖို့ တဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါ၏။ တဖက်တွင်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ ရုပ်တရား၏ သိသိသာသာ ဖောက်ပြန်မှုကို ခံစားလာရသည့် စာရေးသူ မိမိကိုယ်ကို မိမိ သတိပြုမိစေရန် အချက်ပြ သတိပေးခြင်းလည်း ဖြစ်ပါ၏။

ထို့ကြောင့် ခန္ဓာရှိသူမှန်သမျှ ဖောက်ပြန်မှုများ ရှိနေကြမည်ဖြစ်ပြီး ဖောက်ပြန်နေသမျှ နာကျင်မှုများလည်း ရှိနေကြမည် ဖြစ်ရာတွင် ထိုနာကျင်မှုသည် စိတ်၏နာကျင်မှုအထိ မဖြစ်ကြစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသည့် ခန္ဓာတရားများအပေါ်တွင် အမှန်အတိုင်း သိမြင်နိုင်အောင် ကြိုးစားရင်း ကိုယ်နာသော်လည်း စိတ်မနာကြစေရန် စိတ်နာကျင်မှုကို ဖြစ်စေတတ်သည့် ရုပ်၊ ဝေဒနာ စသည့်ခန္ဓာများအပေါ်တွင် ငါစွဲစင်အောင် သတိပညာတရားများ လက်ကိုင်ထားလျက် တရားအလုပ်သာ ကြိုးစားအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

စိတ်ရှိတိုင်းသာ လုပ်ကြမယ်ဆိုရင်ဖြင့်…

“တပည့်တော်လည်း သွေးနဲ့ကိုယ် သားနဲ့ကိုယ်ဆိုတော့ ခံစားချက်ကတော့ ရှိတာပေါ့ဘုရား၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စိတ်လိုက်မာန်ပါ မလုပ်တာ ကောင်းပါတယ်ဆိုပြီး နောက်ဆုံးကိုယ့်စိတ်ကို အတတ်နိုင်ဆုံး ထိန်းပြီးပဲ နေနိုင်အောင် ကြိုးစားလိုက်ပါတယ်၊ အခုမှ ပြန်စဉ်းစားကြည့်မိတော့ အဲဒီတုန်းကသာ တပည့်တော် စိတ်ရှိတဲ့အတိုင်း ပြောဆိုလုပ်ကိုင်လိုက်မယ်ဆိုရင် သူလည်းတစ်ခုခုဖြစ်၊ တပည့်တော်လည်း ထောင်ကျမှာ အသေအချာပဲဘုရား၊ အဲဒီတုန်းက တပည့်တော် သတိဝင်ခဲ့ပြီး သည်းခံကာ ထိန်းလိုက်နိုင်တဲ့အတွက် ဘာပြဿနာမှ မတက်ဘဲ အေးအေးဆေးဆေး ပြီးသွားတော့တာ ဖြစ်ပါတယ်၊ အဲဒါ အရှင်ဘုရားတို့ရဲ့ ဆုံးမပဲ့ပြင်မှုတွေကြောင့်ပါပဲဘုရား…” စသဖြင့် အဝေးကနေပြီး သူ့အဖြစ်အပျက်လေးကို ဖုန်းနဲ့လှမ်းလျှောက်တဲ့ တပည့်တစ်ယောက်ရဲ့ စကားကို ကြားရတော့ ဝမ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် သူ့ရဲ့စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်လေးကို အနိုင်ယူ ထိန်းချုပ်လိုက်နိုင်တဲ့ လုပ်ရပ်လေးအပေါ် အကြိမ်ကြိမ် သာဓုခေါ်ဖြစ်ခဲ့ပါတယ်။ စိတ်ရှိတဲ့အတိုင်း မလုပ်ဖြစ်ဘဲ အသိနဲ့ ထိန်းချုပ်နိုင်တဲ့ သူ့လုပ်ရပ်အပေါ် ဂုဏ်ယူနေမိပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ဒီတပည့်လေး အလုပ်လုပ်နေတဲ့ စက်ရုံက စက်ရုံမှူးနဲ့ သူနဲ့အဆင် မပြေတာက စခဲ့တဲ့ ပြဿနာလို့ ပြောရမှာ ဖြစ်ပါတယ်။ အဆင်မပြေတာကလည်း တခြားကြောင့်မဟုတ်ဘဲ သူကသူများတွေလို မျက်နှာချိုသွေးပြီး ဟိုဖားဒီဖား မလုပ်တတ်တဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ စက်ရုံမှာအတူ အလုပ်လုပ်နေကြတဲ့ တခြားနိုင်ငံခြားသားတွေကတော့ စက်ရုံမှူးရှေ့မှာဆို အမျိုးမျိုးဖားပြပြီး ကွယ်ရာမှာဆို လုပ်ချင်သလို လုပ်နေတတ်ကြပေမယ့် သူကတော့ အဲဒီလို မလုပ်တတ်ဘဲ သူ့အလုပ်သူ တာဝန်ကျေအောင်ပဲ လုပ်နေတတ်ပါတယ်။ ပြီးတော့ ကိုယ်မှန်နေရဲ့သားနဲ့ အထက်စီးနဲ့ တင်စီးပြောလာရင်လည်း ငြိမ်နေတတ်တဲ့ သူစားမျိုး မဟုတ်တဲ့အတွက် သူဖာသာသူပဲ အေးအေးဆေး နေနေတတ်ပါတယ်။ အဲဒီလို နေတတ်တဲ့ သူ့အကျင့်ကို စက်ရုံမှူးက သဘောကျဟန် မရှိပါဘူး။ သူများတွေလို သူ့ကို အရေးတယူ လုပ်စေချင်တဲ့ သဘောရှိပါတယ်။ သူကလည်း စက်ရုံးမှူးဖြစ်စေချင်သလို မလုပ်ဘဲ သူ့အကျင့်အတိုင်း နေလိုက်တာတွေဟာ နောက်ဆုံး သူနဲ့စက်ရုံမှူးကြားမှာ နားလည်မှုတွေ လွဲလွဲလာပြီး သူဘာပဲလုပ်လုပ် စက်ရုံမှူးက အကောင်းမမြင်ဘဲ ဖြစ်လာတော့တာ ဖြစ်ပါတယ်။

ထုံးစံအတိုင်း လူတစ်ယောက်အပေါ် အမြင်မကြည်တော့ဘူးဆိုရင် ဒီလူဘာပဲလုပ်လုပ် အကောင်း မမြင်တတ်တာ သဘာဝပဲဆိုတော့ စက်ရုံမှူးနဲ့ အဆင်မပြေတဲ့ ဒီဒကာလေးအပေါ်မှာလည်း စက်ရုံမှူးရဲ့ အမြင်အကြည့်တွေက ဘာပဲဖြစ်ဖြစ် အပြစ်တွေပဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။ အလုပ်ဒဏ်တွေ၊ စက်ရုံမှူးရဲ့ ဖိအားတွေကြောင့် ကြာတော့ဒီဒကာလေးရဲ့ စိတ်ဟာအလိုလို အလိုမကျတာတွေ ဖြစ်ဖြစ်လာပြီး နောက်ဆုံး စက်ရုံမှူးကို တစ်ခုခုလုပ်ဖို့အထိ အတွေးတွေ မကြာမကြာ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဖြစ်ချင်ရာဖြစ် ဒီလူတွေကို တစ်ခုခု လက်တုန့်ပြန်ပစ်မယ်ဆိုတဲ့ အကြံအစည်လည်း ပေါ်ပေါ်လာတယ်လို့ ဆိုပါတယ်။ တစ်နေ့တော့ စက်ရုံမှူးက သူ့ကိုရည်ရွယ်ချက် ရှိရှိနဲ့ ပြဿနာ ရှာလာပါတော့တယ်။ စက်ရုံမှူးက သူ့အပြစ်ကို ထောက်ပြပြီး သူ့ဘက်က ကိုယ်ထိလက်ရောက် တုံ့ပြန်လာတဲ့အခါ သက်သေသာဓကနဲ့အတူ ရဲလက်ကိုအပ်ဖို့အထိ လုပ်လာပါတယ်။ ဒါပေမယ့် အဲဒီနေ့က တိုက်တိုက်ဆိုင်ဆိုင် ဒီဒကာလေးဟာ တရားတွေလည်းနာထား၊ စာတွေလည်း ဖတ်ထားတဲ့အတွက် စက်ရုံမှူးက သူ့ကိုဘယ်လိုပဲ ပြဿနာ လာရှာပေမယ့် သူ့စိတ်ကိုသူ အတတ်နိုင်ဆုံးထိန်းပြီး သည်းခံကျော်လွှားနိုင်ခဲ့ပါတယ်။ ပြဿနာမဖြစ်အောင် ရှောင်နေနိုင်ခဲ့ပါတယ်။ နောက်ဆုံးတော့ စိတ်ရှိတဲ့အတိုင်း မလုပ်ဖြစ်ဘဲ အတတ်နိုင်ဆုံး သည်းခံလိုက်နိုင်တဲ့ အတွက် ဘာပြဿနာမှ မဖြစ်ဘဲ အေးအေးဆေးဆေး ဖြစ်သွားခဲ့ပါတယ်။

နောက်တော့ သူလည်းအဲဒီစက်ရုံကနေ တခြားစက်ရုံတစ်ခုမှာ ပြောင်းပြီးအလုပ်လုပ် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ အခုတော့ စက်ရုံအသစ်မှာ အဆင်ပြေပြေနဲ့ အလုပ်လုပ်ရင်း တရားနာစာဖတ်တဲ့ အကျင့်တွေ လုပ်နေနိုင်တဲ့အကြောင်း၊ စက်ရုံဟောင်းမှာတုန်းက စက်ရုံမှူးနဲ့ ပြဿနာတွေ အမျိုးမျိုးရှိခဲ့ပေမယ့် သည်းခံခဲ့တဲ့ကျေးဇူးဟာ သူများနိုင်ငံမှာ တရားမဝင် လာရောက်အလုပ် လုပ်နေတဲ့ သူတို့လို သူတွေအတွက် အကောင်းဆုံး အကောက်အထူ တစ်ခုဖြစ်ပြီး ဘာပဲဖြစ်ဖြစ် စိတ်ရှိတဲ့အတိုင်း မလုပ်ဘဲ သည်းခံလိုက်နိုင်တဲ့အတွက် အခုအချိန်မှာတော့ ဘာပြဿနာမှမဖြစ်ဘဲ အေးအေးချမ်းချမ်း ဖြစ်နေခဲ့ကြောင်း သူကဆိုလာပါတယ်။ ဒါက ဖုန်းနဲ့ လျှောက်ထားလာတဲ့ တပည့်ဒကာလေးရဲ့ အတွေ့အကြုံလေးပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီဒကာလေး လျှောက်ထားသလိုပါပဲ။ ဘယ်သူမဆို သွေးနဲ့ကိုယ်သားနဲ့ကိုယ် ရှိနေတဲ့အတွက် ခံစားတတ်ကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်တတ်တာလည်း လူတိုင်းလိုလိုပါပဲ။ စိတ်ရှိတဲ့အတိုင်း လိုက်လုပ်ဖို့လည်း လူအတော်များများက ဝန်မလေးတတ်ပါဘူး။ စိတ်ရှိတဲ့အတိုင်း ပြောလိုက်ဖို့၊ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်ဖို့ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စပါ။ ဒါပေမယ့် အဲဒီလို စိတ်ရှိတိုင်း လုပ်တတ်တဲ့ လုပ်ရပ်ကို သတိနဲ့ ထိန်းကြည့်ဖို့ကျတော့ လူတိုင်းလုပ်နိုင်ဖို့ မလွယ်ပါဘူး။ စိတ်ဆိုးတတ်တာ၊ စိတ်ကောက်တတ်တာ၊ အလိုမကျ ဖြစ်တတ်တာ၊ မနာလိုဖြစ်တတ်တာ၊ ဒေါသဖြစ်တတ်တာ စတာတွေကို လူတိုင်းလုပ်တတ်ပေမယ့် စိတ်မဆိုးအောင်၊ မနာလိုမဖြစ်အောင်၊ ဒေါသမဖြစ်အောင် စသဖြင့် ထိန်းဖို့ကတော့ လူတိုင်းလုပ်နိုင်တဲ့ ကိစ္စမဟုတ်ပါဘူး။

အားလုံးသိတဲ့အတိုင်းပဲ။ စိတ်ဆိုတာ ကောင်းတဲ့အာရုံတွေထက် မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း ပုထုဇဉ်အတော်များများရဲ့ စိတ်မှာရှိနေတတ်တဲ့ အရာတွေကလည်း ကောင်းတာတွေထက် မကောင်းတာတွေကပဲ ပိုများနေတတ်တာ ဖြစ်ပါတယ်။ ကောင်းတဲ့စိတ်ဖြစ်ဖို့၊ ကောင်းတဲ့အတွေး အကြံဖြစ်ဖို့ စိတ်အစဉ်ကို သတိနဲ့ ကြိုးစားပေးရတတ်ပေမယ့် မကောင်းတဲ့စိတ် အကြံအတွေးတွေကတော့ အထူးကြိုးစားစရာမလိုဘဲ အလိုလို အဆင်သင့် ရှိနေတော့တာ ဖြစ်ပါတယ်။ ဒီလိုမကောင်းတဲ့ စိတ်အကြံအတွေးတွေ အမြဲရှိနေတတ်တဲ့ အတွက်ကြောင့်လည်း ပုထုဇဉ်တွေဟာ စိတ်လိုက်မာန်ပါ လုပ်ကြတဲ့အခါ၊ စိတ်ရှိတဲ့အတိုင်း လုပ်ကြတဲ့အခါ မကောင်းတဲ့ အလုပ်တွေဘဲ အဖြစ်များနေတော့တာ ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်လို့၊ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ အကောင်းတွေဖြစ်သွားတယ်၊ ကုသိုလ်တွေ ရသွားတယ်၊ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးတွေ ဖြစ်သွားတယ်ဆိုတာ မရှိတတ်ပါဘူး။ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ ဘယ်သူတော့ ဘာဖြစ်သွားတယ်၊ ဘယ်သူတော့ ဘယ်ရောက်သွားတယ် စတဲ့ ဆိုးကျိုးတွေပဲ ဖြစ်သွားကြတာ များပါတယ်။ အရင်းစစ်တော့ စိတ်ရှိတဲ့အတိုင်းသာ လုပ်ကြမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ အဖြစ်များတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် စိတ်ရှိတဲ့အတိုင်း လုပ်လိုက်ခြင်းရဲ့ နောက်ကွယ်မှာ ဖြစ်ပေါ်လာတဲ့ အကျိုးရလာဘ် ကတော့ မကောင်းတဲ့ အကျိုးရလာဘ်တွေချည်းပဲ ဖြစ်နေတတ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ စိတ်ရှိတဲ့အတိုင်း ပြောလိုက်ကြ၊ လုပ်လိုက်ကြတာတွေရဲ့ လက်တွေ့အကျိုးကတော့ ကိုယ်လည်းစိတ်ပင်ပန်း တဖက်သူလည်း စိတ်ပင်ပန်းကြခြင်းဆိုတဲ့ အကျိုးပဲ ဖြစ်ပါတယ်။ စိတ်ရှိတဲ့အတိုင်း ပြောဆိုလုပ်ကိုင်လိုက်ခြင်းရဲ့ နောက်မှာတော့ နောင်တတရား၊ သောကတရားတွေပဲ ဆက်တိုက်ဖြစ်ပေါ်တတ်ကာ ဒီနောင်တ၊ သောကတွေနဲ့ ဘဝနိဂုံး အဆုံးသတ်သွားမယ်ဆိုရင် သံသရာမှာလည်း မကောင်းတဲ့ အကျိုးသက်ရောက်မှုကိုသာ ဖြစ်စေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ မကောင်းတဲ့ စိတ်အတွေးများနဲ့ အမြဲမပြတ် ဆက်ဆံနေကြတဲ့ သူတွေဖြစ်နေတာကြောင့် အတော်များများက စိတ်ရှိတဲ့အတိုင်း လုပ်မိတဲ့အခါတိုင်း မကောင်းတဲ့ အတွေးအကြံများနဲ့ပဲ လုပ်မိတတ်တာ များနေပြီး မကောင်းကျိုးတွေပဲ အဖြစ်များနေတဲ့အတွက် ဘာပဲဖြစ်ဖြစ် စိတ်ရှိတဲ့အတိုင်း မလုပ်ဖြစ်အောင် ကြိုးစားထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ စိတ်ရှိတဲ့အတိုင်း မလုပ်မိအောင် ကိုယ့်ကိုယ်ကို သတိတရားနဲ့ သည်းခံသွားကြရမှာ ဖြစ်ပါတယ်။

တစ်ဖက်ကလည်း အဲဒီလို သတိတရား၊ သည်းခံခြင်းတရား လက်ကိုင်ထားပြီး စိတ်ရှိတဲ့အတိုင်း မလုပ်မိအောင် ထိန်းသိမ်းလိုက်နိုင်တဲ့ သူတွေအတွက် နောင်တကင်းပြီး သောကရှင်းကာ ဒီဘဝမှာလည်း ချမ်းသာ၊ နောင်ဘဝမှာလည်း ချမ်းသာစေတတ်တဲ့ ကောင်းကျိုးတွေကို ဖြစ်ပေါ်စေတာတွေလည်း အများအပြား ရှိနေတတ်ပါတယ်။ စိတ်ရှိတဲ့အတိုင်း ပါးစပ်က မပြောမိအောင်၊ လက်တွေ့မလုပ်မိအောင် ထိန်းသိမ်းလိုက်နိုင်တဲ့ သူတွေဟာ တဒင်္ဂအခိုက်အတန့်မှာ ပင်ပန်းနိုင်ကြပေမယ့် သွေးအေးသွားတဲ့အခါ ဒီလုပ်ရပ်အတွက် ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သိမ့်နိုင်ကြတဲ့အပြင် မှန်ကန်မှုအတွက် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေမိမှာ အမှန်ပဲ ဖြစ်ပါတယ်။

သေချာတာကတော့ စိတ်ရှိတဲ့အတိုင်း မလုပ်ဘဲ သည်းခံခြင်းဟာ အကောင်းဆုံး အကျိုးရလာဘ်ကို ဖြစ်စေတယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ စိတ်ရှိတဲ့အတိုင်း မိမိသူတပါးထိခိုက်စေမယ့် စကားမျိုး မပြောဖြစ်အောင်၊ စိတ်ရှိတဲ့အတိုင်း မိမိသူတပါး ထိခိုက်စေမယ့် အလုပ်မျိုး မလုပ်ဖြစ်အောင်၊ ပြီးတော့ စိတ်ရှိတဲ့အတိုင်း မသောက်မစားမိအောင်၊ စိတ်ရှိတဲ့အတိုင်း ကာမဂုဏ်တရားတွေမှာ မလိုက်စားမိအောင်၊ စိတ်ရှိတဲ့အတိုင်း လိုချင်တပ်မက်မှုတွေ မဖြစ်ရအောင်၊ စိတ်ရှိတဲ့အတိုင်း အပျော်အပါး အလောင်းအစားတွေ မလုပ်မိအောင်၊ စိတ်ရှိတဲ့အတိုင်း သွားတာလာတာ၊ နေတာထိုင်တာ၊ လုပ်တာကိုင်တာ စတာတွေ မလုပ်မိအောင် သတိနဲ့ဆင်ခြင်ကာ သည်းခံနိုင်အောင် ကြိုးစားခြင်းဟာ ရေရှည်ချမ်းသာရေးနဲ့ သံသရာ ကောင်းစားရေးအတွက် အကောင်းဆုံးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဆိုလိုတာက စိတ်ဆိုတာ သက်ရှိထင်ရှားရှိနေကြတဲ့ သတ္တဝါတွေမှာ အမြဲရှိနေကြတာ ဖြစ်တဲ့အတွက် စိတ်ရှိတဲ့အတိုင်း လုပ်ချင်ကြမှာ ဖြစ်ပေမယ့် စိတ်ဆိုတာကလည်း မကောင်းတဲ့အရာတွေမှာပဲ အဖြစ်များနေတာ ဖြစ်တာကြောင့် စိတ်ရှိကြတဲ့ အတိုင်းသာ လုပ်ဖြစ်ကြမယ်ဆိုရင်တော့ မကောင်းတာတွေဘဲ လုပ်ဖြစ်နေကြမှာဖြစ်ပြီး မကောင်းတဲ့ အလုပ်လုပ်ဖြစ်ပါက မကောင်းကျိုးတွေပဲ ဖြစ်နေကြမှာ ဖြစ်တဲ့အတွက် စိတ်ရှိတဲ့အတိုင်း လိုက်မလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကို သတိတရား၊ သည်းခံခြင်းတရားတွေနဲ့ အကောင်းဆုံးဖြစ်အောင် ထိန်းသိမ်းနေထိုင်ကြဖို့ ဆိုချင်တာ ဖြစ်ပါတယ်။ သူများတွေ စားတတ်သလို၊ သွားတတ်သလို၊ ပြောတတ်သလို၊ လုပ်တတ်သလို ကိုယ်လည်း စားတတ်သွားတတ်၊ ပြောတတ်လုပ်တတ်ပေမယ့် မကောင်းတဲ့အရာတွေမှာတော့ သူများတွေလုပ်တဲ့အတိုင်း၊ ကိုယ့်စိတ်မှာ ရှိတဲ့အတိုင်း လိုက်မလုပ်မိအောင် ထိန်းသိမ်းနေထိုင်ကြဖို့ ပြောလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်မှာ ဖြစ်တတ်တဲ့အတိုင်း စိတ်လိုက်မာန်ပါ ပြောဆိုနေထိုင် လုပ်ကိုင်တာတွေဟာ အရင်းစစ်တော့ အဆိုးအပြစ်တွေသာ အဖြစ်များနေကြတဲ့အတွက် ဖြစ်ချင်တာတွေ၊ လုပ်ချင်တာတွေ၊ ဖြစ်နေတာတွေကို စိတ်ရှိတဲ့အတိုင်း မလုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကို သတိတရား၊ ခန္တီတရားတွေနဲ့ ထိန်းသိမ်းကာ ပစ္စုပ္ပန် သံသရာ နှစ်ဖြာကောင်းကျိုး ပွားတိုးအောင်သာ ကြိုးစားကြပါလို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ…

- ရာထူးဂုဏ်သိန်၊ စည်းစိမ်ဥစ္စာ၊ အဖြာဖြာသည်၊ ငါ့ဟာငါ့ဟာ၊ သမုတ်ပါလည်း၊
ခန္ဓာကြွေပျောက်၊ သေပြီးနောက်ဝယ်၊ ကိုယ့်နောက်မပါ၊ အိမ်ဂေဟာ၌၊ စုကာပုံလစ်၊ ကျန်နေရစ်၏။
- ဆွေမျိုးမိဘ၊ အဝဝသည်၊ ချစ်ကြသော်လည်း၊ မလွဲမသွေ၊ ကွဲရပေမည်၊
သေရာကိုယ့်နောက်၊ တစ်ယောက်မပါ၊ ငိုယိုကာဖြင့်၊ မြှုပ်ရာသင်္ချီုင်း၊ မြေလုပ်တိုင်းမှ၊ မဆိုင်းမတွ၊ ပြန်လေကြ၏။
- ကိုယ်တိုင်စီမံ၊ ကုသိုလ်ကံသာ၊ မကွာကိုယ့်နောက်၊ တစ်ကောက်ကောက်ပဲ၊ လိုက်တတ်မြဲမို့၊
ကိုယ့်ဖို့ဥစ္စာ၊ ကိုယ်တိုင်ရှာ၊ ချိန်ခါရှိတုန်း၊ ရအောင်ဖြည့်။
(တိပိဋကယောဆရာတော်)

သံယောဇဉ်တရားသည် သတ္တဝါအများအား အရာရာတွင် ကပ်ငြိတွယ်တာ ထားတတ်၏။ စည်းစိမ်ဥစ္စာများတွင်လည်း ကပ်ငြိတွယ်တာ ထားတတ်သကဲ့သို့ ရာထူးဌာနန္တရ ဂုဏ်ပကာသန များတွင်လည်း ကပ်ငြိတွယ်တာထားတတ်၏။ ထို့အတူ မိဘဆရာသမား ဆွေမျိုးများနှင့် မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများ အပေါ်တွင်လည်း ကပ်ငြိတွယ်တာ ထားတတ်၏။ အခိုက်အတန့်ပင် တွေ့ဆုံကြုံကြိုက် ပေါင်းသင်းဆက်ဆံ သွားလာလှုပ်ရှား နေထိုင်ကြရသော်လည်း တွယ်တာမှု သံယောဇဉ်ကား အခိုက်အတန့် မဟုတ်ကြဘဲ ကြာလေတွယ်လေ၊ ကြာလေစွဲလေသာ ဖြစ်နေတတ်ကြပေ၏။ နောက်ဆုံး၌ မည်သူကမည်သူ့ကို သို့မဟုတ် မည်သည့်အရာကို မည်မျှပင် သံယောဇဉ်ထားကြသော်လည်း အချိန်တန်လျှင်ကား သူ့လမ်းသူလျှောက်ကာ သူ့တရား သူစီရင်သွားကြသည်သာ ဖြစ်ပါ၏။ သံယောဇဉ်ထား တွယ်တာငြားလည်း အစားထား၍ မရဘဲ အများသွားစဉ်အတိုင်းသာ သွားကြမည်သာ ဖြစ်ပါ၏။ မိမိပြုသည့် ကံတစ်ခုသာ ယူဆောင်ကာဖြင့် အခြားအခြား အရာများအား တစ်ခုမကျန် အကုန်ချန်၍ အမှန်မသွေ သွားကြရပေမည်သာ ဖြစ်ပါ၏။ ကိုယ်ပိုင်ဥစ္စာဟူသည့် ကိုယ်တိုင်ပြုသည့် ကံတစ်ခုသာ ရှိသဖြင့် ကိုယ့်ဖို့ဥစ္စာ ကိုယ်တိုင်ရှာကြရမည်သာ ဖြစ်ပါပေ၏။

စကားစပ်၍ လွန်ခဲ့သည့် (၆)လခန့်က ဆုံးပါးသွားသည့် အသိဒကာမကြီး တစ်ယောက်အကြောင်း သတိရမိ၏။ ထိုဒကာမကြီးတွင် အလွန်သံယောဇဉ်ထားရသည့် တစ်ဦးတည်းသော သမီးလေးတစ်ယောက်ရှိ၏။ တစ်နေ့တွင် ထိုသမီးသည် နိုင်ငံခြား ပညာသင်ဆုဖြင့် သိပ်ချစ်လှသည့် မိဘများဖြင့် ခွဲခွါကာ အင်္ဂလန်နိုင်ငံသို့ ပညာသင် သွားရောက်ခဲ့၏။ ပညာရေးဖြစ်သဖြင့် မတားလိုသော်လည်း သမီးအပေါ် သံယောဇဉ်ကြီးသည် အမေမှာ သမီးအတွက် အမြဲရတက်မအေး ဖြစ်နေခဲ့၏။ အမြဲစိတ်မချဖြစ်နေခဲ့၏။ ထိုသို့ သမီးအပေါ်တွင်သာ အမြဲအာရုံထားနေသည့် မိခင်မှာ တစ်နေ့တွင် ရုတ်တရက် အမောဖောက်ကာ ဆေးရုံရောက်သွားခဲ့၏။ ဆေးရုံတွင် အခြေအနေ မကောင်းမှန်းသိနေသော်လည်း မိမိကျန်းမာရေးထက် သမီးအရေးသာ တွေးနေပြီး သမီးအကြောင်းသာ မေးနေလေတော့၏။ နောက်ဆုံးတွင် ဒကာမကြီးသည် သမီးရောက်မလာမီမှာပင် ရောဂါပြင်းလွန်းသဖြင့် ဆုံးပါးသွားခဲ့ရ၏။ ဒကာမကြီးမှာ အသက်ထွက်သွားသည်အထိ သမီးကိုသာ တမ်းတရေရွတ်ရင်း ဆုံးပါးသွားခဲ့၏။ ဒကာမကြီး၏ အဖြစ်အပျက်ကို ကြားသိရသည့်အခါ စာရေးသူမှာ သံဝေဂဖြစ်ခဲ့၏။ အမေတကယ် ဖြစ်လာသည့်အခါ သိပ်ချစ်ပါသည် သိပ်သံယောဇဉ် ရှိပါသည်ဆိုသည့် သမီးလည်းပဲ လက်တွေ့အားဖြင့် မကယ်နိုင်ဘဲ အမေသွားနှင့်ဟုသာ ပြောဆိုနိုင်သကဲ့သို့ သမီးအပေါ် သံယောဇဉ် အလွန်ကြီးသည့် အမေသည်လည်း ဘဝခရီး သွားရသည့်အခါ သမီးအားထား၍သာ သွားခဲ့ရ၏။ သိပ်ချစ်ပါသည် သိပ်သံယောဇဉ် ရှိပါသည်ဟူသည့် ဆွေမျိုးမိဘ ဟူသမျှသည် နောက်ဆုံးတွင် မိမိတို့နှင့်အတူတကွ လိုက်ပါနိုင်ခြင်းမရှိ၊ မိမိတို့ကလည်း ခေါ်ဆောင်သွားနိုင်ခြင်း မရှိဘဲ အသက်ရှင်စဉ် မိမိတို့ လုပ်ခဲ့သည့် ကောင်းကံမကောင်းကံများကိုသာ ယူဆောင်လျက် တစ်လမ်းစီသာ သွားခဲ့ကြရ၏။

ဒကာတစ်ယောက်ဆိုလည်း ပစ္စည်းဥစ္စာများအပေါ် အလွန်တန်ဘိုး ထားသူဖြစ်၏။ တန်ဘိုးထားသည်ဟု ဆိုမည်ထက် သံယောဇဉ်များသည်ဟုဆိုက ပို၍မှန်မည်ဖြစ်၏။ “ဘယ်သူပေးထားတာ ဖြစ်လို့၊ ဘယ်သူ့အမွေဖြစ်လို့၊ ဘယ်တုန်းက ပစ္စည်းဖြစ်လို့” စသည့် အကြောင်းပြချက်များဖြင့် ပစ္စည်းဥစ္စာများကို တွယ်တာနေလေ့ရှိ၏။ ထိုဒကာ တွယ်တာနေသည့် ပစ္စည်းများတွင် မိဘအမွေပေးခဲ့သည့် လေးဘီးကားလေး တစ်စီးလည်း အပါအဝင်ဖြစ်၏။ ခေတ်ကာလ အနေအထားအရ အသုံးအဆောင် ပစ္စည်းများ အမျိုးမျိုး ပြောင်းနေသော်လည်း မိမိ၏ လေးဘီးကားလေးကိုကား မိဘအမွေဟုဆိုကာ မပြောင်းဘဲ ထားလေ၏။ နှစ်ပေါင်းကြာလာပြီး ပစ္စည်းများလည်း ချို့ယွင်းလာသည့် လေးဘီးကားလေးမှာ တစ်နေ့တွင် ပစ္စည်းသွားသယ်ရင်း လမ်းတွင်ဘရိတ်ပေါက်ကာ ကားတိုက်မှု ဖြစ်ခဲ့လေ၏။ နောက်ဆုံးတွင် ကားရောလူပါ ထိခိုက်မှုဖြစ်ပြီး ကားလည်းလွှတ်ပစ်ရ လူလည်းဒုက္ခိတဖြစ်ခဲ့ရသည့် အဖြစ်နှင့် ကြုံခဲ့ရလေ၏။ ဤသို့သော အခြေအနေတွင်သော်မှလည်း ထိုဒကာ၏ စိတ်ထဲတွင် မိဘအမွေကားလေး လွှတ်ပစ်ခဲ့ရသည့်အတွက် ဖြေဆည်ရာမရ ဖြစ်နေခဲ့သေးကြောင်း တဆင့်စကား ကြားသိရပြန်၏။ ထိုဒကာ၏ အဖြစ်သည် ပစ္စည်းအပေါ် တွယ်တာမိသည့် အပြစ်၏ တစ်စိပ်တဒေသအဖြစ် ပစ္စည်းလည်းဆုံး လူလည်းတုံးခဲ့ရသည့် သဘောမျိုး ဖြစ်နေခဲ့၏။ အချိန်တန် ကံအကျိုးပေးကြောင့် ဖြစ်လာခဲ့သည်ဟုဆိုသော်လည်း ထိုဒကာ၏ အဖြစ်မှာ ဟောင်းနွမ်းချို့ယွင်းနေသည့် ကားအပေါ်တွင် တွယ်နေမိခဲ့ခြင်းကြောင့်ဟု ဆိုနိုင်မည်ဖြစ်၏။ သံယောဇဉ်တရားကို ဉာဏ်ဖြင့် အနိုင်မယူနိုင်သဖြင့် သံယောဇဉ်၏ ဒဏ်ခတ်ခြင်းကို ခံခဲ့ရသည်ဟု ဆိုမည်ဆိုက ဆိုနိုင်ပေ၏။

ဤသို့သော အဖြစ်အပျက်များကို လက်တွေ့ဘဝတွင် အတော်များများ တွေ့ကြုံဖူးကြမည် ဖြစ်၏။ လူအတော်များများက မိမိကိုယ်တိုင် ဖြစ်မှသာ သတိထားမိတတ်ကြသဖြင့် မသိဘဲ ဖြစ်နေကြခြင်း ဖြစ်၏။ သက်ရှိများဖြစ်စေ၊ သက်မဲ့များဖြစ်စေ ဘဝတစ်ခု နိဂုံးပြုသွားသည့်အခါ အားလုံးထားခဲ့ကြရ၏။ သိပ်ချစ်ပါသည်ဟူ၍လည်း အတူသွား၍ မရသကဲ့သို့ သိပ်မြတ်နိုးသည့် အရာဖြစ်၍လည်း ယူဆောင်သွား၍ ရမည်မဟုတ်ပေ။ ပိုဆိုးသည်မှာ ထိုသက်ရှိသက်မဲ့ များအပေါ် ထားမိသည့် သံယောဇဉ်သည် သေပြီးနောက်ဘဝများတွင် မည်သို့မည်ပုံ ဖြစ်မည်ကို မသိနိုင်သော်လည်း လက်ရှိဘဝတွင်ကား ထိုသံယောဇဉ်တရားကြောင့် သုခဖြစ်သည်ဟူ၍ မရှိဘဲ ဒုက္ခများသာ ဖြစ်နေသည့်အချက်ပင် ဖြစ်၏။ မိမိက သံယောဇဉ်ထားသည့် အရာများသည် မိမိအပေါ် မည်သို့မည်ပုံ ပြန်လည်တုံ့ပြန်မည်ကို မသိနိုင်သော်လည်း မိမိအဖို့မှာကား လက်တွေ့အားဖြင့် ထိုသံယောဇဉ်ကြောင့် ပူလောင်မှုများသာ ပွားနေခဲ့ရသည်မှာ အမှန်ပင်ဖြစ်ပါ၏။ အရာအားလုံးသည် မိမိဖြစ်ချင်သလို ဖြစ်မလာဘဲ သူဖြစ်ချင်သလို ဖြစ်သွားကြလေတော့၏။

အရင်းစစ်သော် အရာအားလုံးသည် သူ့သဘော သူဆောင်သွားခြင်းသာ ဖြစ်ပါပေ၏။ မည်သည့်အရာ၊ မည်သည့်ပုဂ္ဂိုလ်များ အပေါ်တွင် မည်မျှပင် သံယောဇဉ်ထားသော်လည်း အချိန်တန်သည့်အခါ ထိုသံယောဇဉ်ထားသည့်အရာ၊ သံယောဇဉ်ထားသည့် ပုဂ္ဂိုလ်များနှင့် ခွဲခွါသွားကြရမည်သာ ဖြစ်၏။ တဒင်္ဂအခိုက်အတန့် ပိုင်ဆိုင်မှုများ၊ တွေ့ဆုံမှုများတွင် မည်မျှပင် တွယ်တာနေသော်လည်း ခွဲခွါသွားချိန်တွင် အကုန်ထားသွားရမည်သာ ဖြစ်၏။ တိပိဋကဓရ ယောဆရာတော် အရှင်မြတ် မိန့်တော်မူ သကဲ့သို့ပင် ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ အဖြာဖြာသည် ကိုယ်ပိုင်ဥစ္စာများဟု မည်မျှပင် ပြောဆိုနေသော်လည်း သေလျင်ထားသွားရမည့် အရာများ ဖြစ်နေပြီး မိဘဆွေမျိုး မိတ်သင်္ဂဟ ဟူသမျှသည်လည်း အသက်ရှင်စဲ အခိုက်အတန့်တွင် သံယောဇဉ်တရားများဖြင့် မည်မျှပင် ချစ်ခင်တွယ်တာနေကြသော်လည်း သေသွားသည့်အခါ မည်သူမျှ မိမိနောက်သို့ လိုက်ပါကြမည် မဟုတ်ကြပေ။ အမှန်စင်စစ် မိမိတို့နောက်သို့ အရိပ်ပမာ လိုက်နေမည့်အရာကား မိမိတို့ကိုယ်တိုင် လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံများသာ ဖြစ်ပါ၏။ ကိုယ်ပိုင်ဥစ္စာဟု အမှန်တကယ် ပြောဆိုနိုင်သည့် အရာမှာ မိမိတို့ လုပ်နေကြသည့် ကံများသာ ဖြစ်ပါ၏။

ထိုကံများတွင်လည်း ကောင်းကံမကောင်းကံဟူ၍ နှစ်မျိုးရှိရာ မိမိလုပ်သည့် အလုပ်အပေါ်တွင် မူတည်ကာ မိမိရရှိမည့် ကိုယ်ပိုင်ဥစ္စာသည်လည်း ကောင်းမွန်သည့်ဥစ္စာ၊ မကောင်းသည့် ဥစ္စာများအဖြစ် ကွဲပြားသွားကြမည်သာ ဖြစ်ပါ၏။ မိမိက ကောင်းသည့် အလုပ်လုပ်လျှင် မိမိ၏ ဥစ္စာသည်လည်း ကောင်းသည့်ကိုယ်ပိုင် ဥစ္စာဖြစ်လာမည်ဖြစ်ပြီး မိမိက မကောင်းသည့် အလုပ်လုပ်လျှင်ကား မိမိ၏ ဥစ္စာသည်လည်း မကောင်းသည့် ဥစ္စာများ ဖြစ်လာမည်သာ ဖြစ်ပါ၏။ ဤအချက်သည် မိမိကိုယ်တိုင် ရွေးချယ်ရမည့် အချက်လည်း ဖြစ်ပါ၏။ မည်သို့သော ဥစ္စာမျိုးကို ကိုယ်ပိုင်ဥစ္စာအဖြစ် ရွေးချယ်မည်နည်းဟု မိမိကိုယ်ကိုမိမိ မေးစိစစ်၍ အလိုရှိရာကို ရွေးချယ်လုပ်ကိုင်ရန်သာ ဖြစ်၏။ မိမိက အရွေးချယ်မှန်လျှင် မိမိပင်စံရမည် ဖြစ်ပြီး မိမိက အရွေးချယ် မှားလျှင်ကား မိမိပင် ခံစားရမည်သာ ဖြစ်၏။ ထို့ကြောင့် ကိုယ်ပိုင်ဥစ္စာကို ပိုင်ဆိုင်လိုသူများသည် ကိုယ်တိုင်သာ ရှာကြရမည်ဖြစ်ကြောင်း ဆိုခြင်းဖြစ်၏။

မိမိလုပ်သည့် ကံသည်မိမိ၏ ကိုယ်ပိုင်ဥစ္စာဟု ဆိုသော်လည်း မကောင်းသည့်အလုပ်ဖြင့် မကောင်းကံ ရလာမှု အပေါ်တွင်ကား မည်သူမျှ အလိုရှိကြမည် မဟုတ်ပေ။ မည်သူမဆို ကိုယ်ပိုင်ဥစ္စာများအဖြစ် ကောင်းသည့်ဥစ္စာများကိုသာ အလိုရှိကြမည် ဖြစ်ပေ၏။ သို့ဆိုလျှင် ကောင်းသည့်အလုပ်များကို လုပ်ခြင်းဖြင့် ကောင်းသည့်ကိုယ်ပိုင်ဥစ္စာကို အရယူခြင်းမှတပါး အခြားမရှိသည်မှာ အမှန်ပင်ဖြစ်ပေ၏။ ထိုသို့ ကောင်းသည့်ဥစ္စာများကို ရယူနိုင်ရန်မှာလည်း ကောင်းသည့်ဘဝ အခြေအနေတွင် ရှိနေမှသာ ဖြစ်နိုင်ပေ၏။ ကောင်းသည့်ဘဝ အခြေအနေဟု ဆိုလာလျှင်လည်း ယခုလက်ရှိ ဘုရားသာသနာနှင့် ကြုံတွေ့ချိန်၊ လူ့ဘဝ ရနေချိန်၊ ဗုဒ္ဓဘာသာအဖြစ်ဖြင့် သဒ္ဓါတရား ရှိနေချိန်ကိုသာ ဆိုရမည်ဖြစ်သဖြင့် ယခုအချိန်တွင်သာ ကောင်းသည့်အလုပ်များကို ကြိုးစားပြုလုပ်ပြီး ကောင်းသည့်ကိုယ်ပိုင် ဥစ္စာများကို ကိုယ်တိုင်သာစုကြရမည် ဖြစ်ပါပေ၏။

ဆိုလိုသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်များ တွယ်တာထားကြသည့် သက်ရှိများနှင့် သက်မဲ့များသည် မည်မျှပင် တွယ်တာငြားသော်လည်း ခွဲခွါကြသည့်အခါ သက်ရှိများလည်း မိမိနှင့်အတူ လိုက်မလာသကဲ့သို့ သက်မဲ့များသည်လည်း မိမိနှင့်တပါတည်း ယူဆောင်မသွားနိုင်ပါသဖြင့် အရာအားလုံးသည် ကိုယ်ပိုင်ဟူသည် မရှိကြောင်း၊ သို့သော် မိမိကိုယ်တိုင် ပြုလုပ်သည့် ကံသည်ကား မိမိ၏ ကိုယ်ပိုင်ဥစ္စာအဖြစ် မလွဲမသွေ ရှိနေမည် ဖြစ်သဖြင့် မိမိတို့ပြုလုပ်သည့် ကံကိုကား ကိုယ်ပိုင်ဥစ္စာအဖြစ် ယူဆောင်သွားနိုင်မည် ဖြစ်ကြောင်း၊ ကံသည် ကိုယ်ပိုင်ဥစ္စာဟုဆိုသော်လည်း ကောင်းသည့်အလုပ်ကံသည်သာ ကောင်းသည့်သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သဖြင့် ကုသိုလ်ကံသည်သာ အမှန်တကယ် ကိုယ်ပိုင်ဥစ္စာဖြစ်ကြောင်း၊ ကိုယ်ပိုင် ဥစ္စာအမှန်ဖြစ်သည့် ကုသိုလ်ကံသည်လည်း ယခုလက်ရှိအချိန်တွင် ကြိုးစားလုပ်ယူမှသာ ရနိုင်မည်ဖြစ်သဖြင့် အကောင်းဆုံးအချိန်ဖြစ်သည့် ယခုအချိန်တွင်သာ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာကို ကိုယ်တိုင်သာ ရယူကြရမှာ ဖြစ်ကြောင်း၊ ထို့ကြောင့် အချိန်မနှောင်းခင် ကိုယ်ဖို့ဥစ္စာကို ကိုယ်တိုင်ရှာကြရမှာဖြစ်ကြောင်း စသည်ဖြင့် ဆိုလိုခြင်းဖြစ်၏။

ထို့ကြောင့် လောကတွင် အများက ပြောနေကြသည့် “ငါ့ရာထူးငါ့ဂုဏ်သိန် ငါ့စည်းစိမ်” စသည့် အရာများနှင့် “ငါ့မိဘငါ့ဆွေမျိုး ငါ့သားငါ့သမီး”စသည့် ပုဂ္ဂိုလ်သတ္တဝါများသည် တဒင်္ဂ အခိုက်အတန့်မျှသာဖြစ်ပြီး ဘဝနိဂုံးအဆုံး သတ်သွားသည့်အခါ အကုန်ထားခဲ့ရမည့် အရာများဖြစ်သဖြင့် ကိုယ်ပိုင်ဥစ္စာများ မဟုတ်ကြဘဲ အသက်ရှင်စဲအခိုက်တွင် မိမိတို့ကိုယ်တိုင် လုပ်နေကြသည့် ကောင်းကံမကောင်းကံများသည်သာ မိမိတို့၏ ကိုယ်ပိုင်ဥစ္စာများဖြစ်ပြီး ဘဝသံသရာခရီးအထိ မိမိတို့နှင့် တပါတည်း ယူဆောင်သွားနိုင်မည်ဖြစ်သဖြင့် ကိုယ်ပိုင်ဥစ္စာအမှန်ဖြစ်သည့် ကုသိုလ်ကံများကိုသာ အခွင့်သာခိုက် ကြိုးစားရယူလိုက်ကြပါရန်နှင့် ကောင်းသည့်အလုပ်များကို ကြိုးစားလုပ်ခြင်းဖြင့်သာ ကိုယ့်ဖို့ဥစ္စာ ကိုယ်တိုင်ရှာကြပါဟု စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၁၈)...

သိမ်နဲ့ အမျိုးသမီး
ဗုဒ္ဓဘာသာ မြန်မာတွေကြားမှာ အရိုးစွဲပြီး အမှတ်လွဲနေတတ်တဲ့ အလွဲလေးတွေအကြောင်း ထောက်ပြပေးတဲ့ စာတွေရေးပေးနေတာကိုသိတော့ ဆရာတော်တစ်ပါးက သိမ်နဲ့အမျိုးသမီး အကြောင်းကိုလည်း စာရေးပေးဖို့ မိန့်ကြားဖူးပါတယ်။ ဆရာတော် မမိန့်ခင်ကတည်းက ရေးဖို့ရည်ရွယ်ချက် ရှိနေပေမယ့် မရေးဖြစ်ဘဲ အခုမှပဲ အကောင်အထည် ဖော်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ တောရွာအတော်များများမှာ တစ်ရွာသိမ်တစ်လုံးတော့ ရှိနေတတ်ကြပါတယ်။ အဲဒီလို သိမ်တွေရှိနေပေမယ့် အမျိုးသမီးတွေ အနေနဲ့ သိမ်ထဲကို မဝင်ရဘူး၊ မဝင်းကောင်းဘူးဆိုတဲ့ အစွဲတွေ၊ အပြောတွေကြောင့် သေတဲ့အထိ သိမ်ထဲကို မဝင်ဖူးကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတော့ အခုနောက်ပိုင်း သိမ်တွေထဲမှာ အခမ်းအနားတွေအထိ လုပ်လာကြတဲ့အတွက် အမျိုးသမီးနဲ့ သိမ်ကသိပ်ပြီး အထူးအဆန်း မဟုတ်တော့ပါဘူး။

ဆန်းနေတာက တောရွာစရိုက်၊ တောနေယဉ်ကျေးမှုနဲ့ တောနေဘုန်းကြီး၊ တောနေလူတွေရဲ့ အရိုးစွဲနေတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်းတာ ဘာဖြစ်လို့လဲ…၊ ဘုရားဟောထားလို့လား…၊ ဝင်ရင်သိမ်ပျက်မှာစိုးလို့လား…၊ ကံပျက်မှာစိုးလို့လား..၊ အမျိုးသမီး ဖြစ်နေလို့ မဝင်ရတာလား… စတဲ့ အမေးပေါင်းများစွာနဲ့ သိမ်နဲ့အမျိုးသမီး ကိစ္စက အများထောက်ပြစရာ ဖြစ်လာပါတယ်။ တကယ်လို့ မေးလာမယ်ဆိုရင်လည်း သိမ်ထဲကို မဝင်ကောင်းဘူးလို့ ပြောနေသူတွေ ကိုယ်တိုင်က ရေရေရာရာ ဖြေစရာ ရှိမှာမဟုတ်ပါဘူး။ ဒီလို သိမ်တွေ၊ ဘုရားတွေ၊ ကျောင်းကန်တွေမှာ အမျိုးသမီး မဝင်ကောင်း၊ မတက်ကောင်းဆိုတဲ့ အရိုးစွဲနေတဲ့ အယူအဆတွေဟာ ဘုရားဟောသလိုလို၊ ရှေးထုံးလိုလို၊ အစဉ်အလာလိုလိုနဲ့ နည်းနည်းလေးတော့ လွဲကိုလွဲနေတော့တာ ဖြစ်ပါတယ်။

သိမ်နဲ့ပတ်သက်ပြီး အမျိုးသမီးများ အနေနဲ့ ရဟန်းတော်များ ကံဆောင်နေတဲ့အချိန်မှာ နိမိတ်စည်းထဲကို မဝင်ကောင်းဘူးဆိုရင် အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ သိမ်ထဲကို မဝင်းကောင်းတာမဟုတ်ပါဘူး။ သိမ်အထဲမှာရှိတဲ့ နိမိတ်စည်းထဲကို မဝင်ကောင်းတာပါ။ ဒါကလည်း နိမိတ်စည်းထဲမှာ ရှိတဲ့ရဟန်းတော်များ အာပတ်သင့်မှာ စိုးလို့ပါ။ ကံပျက်လို့တော့ မဟုတ်ပါဘူး။ ခုဟာက ကံဆောင်နေတဲ့အချိန် မဟုတ်တဲ့ တခြားအချိန်တွေမှာလည်း သိမ်ထဲကို အမျိုးသမီးတွေ မဝင်ကောင်းဘူးဆိုတဲ့ အယူအဆ၊ အပြောအဆို၊ အစွဲအလန်းတွေကြောင့် သိမ်နဲ့အမျိုးသမီးဟာ ဘယ်လိုမှဆက်စပ်လို့မရတဲ့ အရာတစ်ခုလို ဖြစ်နေတော့တာ ဖြစ်ပါတယ်။ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ဆိုသလို သိမ်ထဲကို ဝင်မိတဲ့ အမျိုးသမီး တစ်ခုခုတိုက်ဆိုင်ပြီး ဖြစ်ရင်တောင်မှ ဒါဟာ သိမ်ထဲကို ဝင်လို့ဖြစ်တာဆိုတဲ့ အယူအဆတွေက ရှိနေပြန်တော့ တောနေအမျိုးသမီးတွေဟာ သိမ်ဆိုရင် ဝေးဝေးကကို ရှောင်နေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ သိမ်ထဲကို မဝင်ကောင်းတာက အမျိုးသမီးတွေ မဟုတ်ပါဘူး။ ရဟန်းတော်တွေပါ။ ရဟန်းတော်တွေဟာ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာ ရှိနေပါက တစ်ပါးနဲ့တစ်ပါး နှစ်တောင့်ထွာနိမိတ် ထိစပ်ပြီး နိမိတ်အတွင်းမှာ ရှိနေရမှာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ကံဆောင်နေတဲ့အချိန် သိမ်ထဲမှာရှိနေပြီး နိမိတ်အပြင်ကို ရောက်နေပါက ကံပျက်ပါတယ်။ ဒါကြောင့် ကံဆောင်နေတဲ့အချိန်ဆိုရင် ရဟန်းတော်များဟာ သိမ်ထဲမှာရှိတဲ့ နိမိတ်အတွင်းမှာ ရှိရင်ရှိ၊ မရှိရင် သိမ်အပြင်မှာပဲ ရှိနေရပါမယ်။ သိမ်ထဲမှာရှိနေပြီး နိမိတ်စည်းအပြင် ရောက်နေတယ်ဆိုရင်တော့ ကံပျက်ပါတယ်။ ဒီလို သဘောတွေကြောင့် ဘာပဲဖြစ်ဖြစ် ကံဆောင်နေတဲ့အချိန်မှာ ရဟန်းတော်များ အနေနဲ့သိမ်ထဲကို မဝင်းကောင်းဘူးလို့ ဆိုတာဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တွေ၊ သာမဏေတွေ အနေနဲ့ကတော့ ကံဆောင်နေတဲ့ အချိန်မှာ သိမ်ထဲမပြောနဲ့ သိမ်ထဲမှာရှိတဲ့ နိမိတ်စည်းထဲအထိ ဝင်မိတာတောင်မှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကပျက်မသွားပါဘူး။ နိမိတ်ထဲမှာ လူသာမဏေ ရှိနေလျက်နဲ့ ကံဆောင်နေကြတဲ့ ရဟန်းတော်များမှာပဲ အာပတ်သင့်ပါတယ်။ ဒီလိုဆိုတော့ ကံဆောင်နေတဲ့အချိန်မှာ ကံပျက်မှု မပျက်မှုဟာ ရဟန်းတော်များနဲ့ပဲ သက်ဆိုင်ပြီး လူပုဂ္ဂိုလ်များနဲ့ မသက်ဆိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ လူပုဂ္ဂိုလ်လို့ဆိုတဲ့အတွက် အမျိုးသမီးများလည်း အကျုံးဝင်ပြီး ဖြစ်ပါတယ်။

ဆိုလိုတာက သိမ်ထဲကို အမျိုးသမီး မဝင်းကောင်းဘူးဆိုတဲ့ အယူအဆတွေမှာ ဝင်ရင်ကံပျက်တတ်တဲ့ အတွက် မဝင်ကောင်းတာ ဖြစ်တယ်လို့ဆိုရင် ဒါဟာ လွဲနေတဲ့ အလွဲတစ်ခုပဲ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ အမျိုးသမီးဝင်ခြင်းကြောင့် ဘယ်လိုမှ ရဟန်းတော်များ ဆောင်နေတဲ့ ကံကိစ္စ ပျက်သွားခြင်း မရှိတဲ့အတွက် ဒီအကြောင်းပြချက်ကြောင့် မဝင်ကောင်းဘူးဆိုရင် မှားနေတာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ သိမ်ထဲမှာ ရဟန်းတော် တစ်ပါးတည်း ရှိတတ်တာတို့၊ ဆိတ်ကွယ်ရာ အရပ်မှာ မာတုဂါမ ရှိနေတာဟာ မသင့်လျော်တာတို့၊ မာတုဂါမကြောင့် ရဟန်းတော်များအတွက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်နိုင်တာတို့ စတဲ့အကြောင်းပြချက်များကြောင့် မဝင်သင့်တာလို့ ဆိုရင်တော့ အထူးပြောစရာ မရှိပါဘူး။ ဒါတောင်မှ မဝင်ကောင်းလို့မဟုတ်ဘဲ မဝင်သင့်လို့ဆိုတဲ့ သဘောနဲ့ ပြောရတာ ဖြစ်ပါတယ်။

ဝိနည်းတော်အရ အာပတ်သင့်မှု မသင့်မှု အပိုင်းဟာ ရဟန်းတော်နဲ့ပဲ သက်ဆိုင်ပါတယ်။ အမျိုးသမီးမှာ အာပတ်သင့်စရာ အကြောင်းမရှိပါဘူး။ ဒီလိုပြောလို့ အမျိုးသမီးတွေ သိမ်ထဲကို ဝင်ချင်သလိုဝင် ထွက်ချင်သလို ထွက်ဆိုတဲ့ သဘောမျိုး မဟုတ်ပါဘူး။ အမျိုးသမီးလည်း လောကကြောင်းအရ ထိန်းသိမ်းရမှာတွေ ရှိတဲ့အတွက် အသိသတိနဲ့ပဲ ကိုယ့်ကိုယ်ကို ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက တိကျတဲ့အကြောင်းပြချက် မရှိဘဲ သိမ်ထဲကို အမျိုးသမီး မဝင်ကောင်း၊ မဝင်ရဆိုတဲ့ အမှတ်လွဲမှုအကြောင်းပဲ အဓိကပြောချင်တာ ဖြစ်ပါတယ်။ လောကကြောင်းအရ၊ အခြေအနေအရက လွဲလို့ သိမ်ထဲကို အမျိုးသမီးတွေ ဝင်ကောင်းတယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲတွေထဲမှာ သိမ်ထဲကို အမျိုးသမီးတွေ မဝင်းကောင်းဘူးဆိုတဲ့ မရေရာတဲ့ အကြောင်းပြချက်များနဲ့ အရိုးစွဲနေတဲ့ သိမှတ်ထားမှုဟာလည်း နည်းနည်းလေး လွဲနေတဲ့ အလွဲတစ်ခုဖြစ်တဲ့အတွက် ဒီလိုအလွဲ သိမှတ်ထားမှုမျိုးကို သိအောင်ကြိုးစားပြီး ဘုရားဟောမဟုတ်တဲ့၊ သံသရာဝဋ်မှ လွတ်မြောက်မှုကို အထောက်အကူ မပြုတဲ့ အလွဲတွေကို ပြုပြင်နိုင်သမျှ ပြုပြင်နိုင်ကြဖို့ အသိပေးတိုက်တွန်းရင်း လွဲနေတတ်တဲ့ အလွဲတစ်ခုအဖြစ် ရေးသားတင်ပြလိုက်ရပါတယ်။

Read more »

ဝေဒနာနှင့်အပြိုင်…

ဝေဒနာဆိုတဲ့ ဒီပါဠိဝေါဟာရ စကားလုံးဟာ ခံစားခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ခံစားခြင်းမှန်သမျှ ကောင်းတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ ဆိုးတဲ့ခံစားခြင်းပဲ ဖြစ်ဖြစ်၊ အကောင်းလည်းမဟုတ်၊ အဆိုးလည်းမဟုတ်တဲ့ ခံစားခြင်းမျိုးပဲဖြစ်ဖြစ် ဘယ်လိုခံစားမှုမျိုးကိုမဆို အလွယ်ပြောဆိုကြရမယ်ဆိုရင် အားလုံးဟာ ဝေဒနာတွေချည်းပါပဲ။ ဘယ်သူကြောင့်ပဲ ခံစားခံစား၊ ဘာကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားမှု သဘောမှန်သမျှ အားလုံးဝေဒနာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ခံစားခြင်းသဘောဟာ ဖြစ်ပေါ်ရာ အာရုံကို အမှီပြုပြီး စိတ်မှာသိမှတ် ခံစားတဲ့ သဘောဖြစ်တဲ့အတွက် အကောင်းဆိုလည်း ခံစားမှာဖြစ်ပြီး အဆိုးဆိုလည်း ခံစားမှာဖြစ်ကာ မဆိုးမကောင်းဆိုလည်း ခံစားမှာ ဖြစ်ပါတယ်။ ဒီလိုသိရှိခံစားတာကိုပဲ စာလိုပြောတော့ ဝေဒနာ ဖြစ်ပေါ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ပုထုဇဉ်အတော်များများက ဝေဒနာလို့ ပြောလိုက်တာနဲ့ မကောင်းတဲ့ ခံစားမှုလို့ပဲ နားလည်သဘောပေါက် လက်ခံထားတတ်ကြပါတယ်။ ဘယ်သူတော့ ဘာဝေဒနာ ခံစားနေရလို့၊ ဘယ်သူတော့ ဘယ်သူကြောင့် ဘယ်လိုဝေဒနာတွေ ဖြစ်နေလို့၊ ဘယ်သူတော့ ဘာကြောင့် ဘယ်လိုဝေဒနာမျိုးကို ပြင်းပြင်းထန်ထန် ခံစားနေရလို့ စသဖြင့် ရောဂါတစ်ခုခုကြောင့် ခံစားရတဲ့ ခံစားမှု သဘောကိုပဲ ဝေဒနာလို့ ပြောဆို သုံးနှုန်းတတ်ကြပါတယ်။ ချမ်းသာတဲ့ခံစားမှု၊ ငြိမ်းချမ်းတဲ့ ခံစားမှု၊ ဝမ်းမြောက်တဲ့ ခံစားမှုစတဲ့ ကောင်းတဲ့ ခံစားမှုများကိုတော့ ဝေဒနာလို့ ပြောဆိုခြင်း မရှိကြပါဘူး။ ဒါကြောင့်လည်း ဝေဒနာရဲ့ သဘောအမှန်ကို မသိကြဘဲ အခိုက်အတန့် ချမ်းသာနေတဲ့ ခံစားမှုတွေ နောက်ကိုလိုက်ကာ ဆင်းရဲတဲ့ ခံစားမှုတွေ ရောက်လာမှပဲ ဝေဒနာဖြစ်ပြီလို့ သတ်မှတ်ရင်း ကြောက်လန့်တုန်လှုပ် သွားတတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာရဲ့ သဘာဝကို မသိတဲ့အတွက် မကောင်းတဲ့ ခံစားမှုကို လက်မခံနိုင်ဘဲ ကောင်းတဲ့ခံစားမှုတွေမှာသာ အပြိုင်လိုက်ကာ ခံစားနေကြတော့တာ ဖြစ်ပါတယ်။ တဒင်္ဂခံစားမှုမျိုးဖြစ်တဲ့ ချမ်းသာတဲ့ခံစားမှုကို လိုလားတောင့်တရင်း မကောင်းတဲ့ ဝေဒနာတွေနဲ့အပြိုင် ရုန်းမထွက်နိုင် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။

အမှန်တော့ ရုပ်နာမ်နှစ်ပါးရှိနေသမျှ သတ္တဝါအားလုံးဟာ ခံစားနေကြရမှာ ဖြစ်ပါတယ်။ ကောင်းတာတွေလည်း ခံစားရမှာ ဖြစ်သလို မကောင်းတာတွေလည်း ခံစားရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ ကောင်းတာလည်းမဟုတ်၊ မကောင်းတာလည်း မဟုတ်တဲ့ ခံစားမှုတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာရှိတဲ့ သဘောမှာ ခံစားခြင်း ဝေဒနာရဲ့ အဖြစ်မှန်ကို မသိကြတော့ သူ့ကျတော့ ကောင်းတာတွေကို တွေ့ကြုံခံစားရတယ်၊ ငါ့ကျတော့ မကောင်းတာတွေပဲ တွေ့ကြုံခံစားရတယ်၊ င့ါကျမှ ဒီလိုဝေဒနာဖြစ်တယ်၊ သူ့ကျတော့ ဒီလိုဝေဒနာ မဖြစ်ဘူး စသဖြင့် တွေးထင်ကာ ကိုယ်ဖြစ်တဲ့ မကောင်းတဲ့ ခံစားမှုများကိုပဲ ဝေဒနာလို့ ထင်နေတတ်ကြတာတွေ ရှိပါတယ်။ ရုပ်နဲ့စိတ်ကို အမှီပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဝေဒနာရဲ့ သဘောအမှန်ကို မသိတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် အလွယ်တကူ ခံစားတတ်ကြပါတယ်။ ထစ်ခနဲဆို ခံစားလိုက်၊ ထစ်ခနဲဆို ခံစားလိုက် ဖြစ်နေကြတဲ့ အတွက်ကြောင့်လည်း ဝေဒနာကို ဝေဒနာလို့ မမြင်နိုင်ဘဲ အကောင်းအဆိုး ခံစားမှုတွေနဲ့ ကောင်းရင်ကျေနပ်လိုက်၊ မကောင်းရင် မကျေနပ်လိုက် ဖြစ်နေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ မကောင်းတဲ့ ခံစားမှု ဝေဒနာတွေ ခံစားလာရတဲ့အခါမှာ စိတ်မှာမထိန်းနိုင် မသိမ်းနိုင်ဖြစ်ပြီး ကြောက်လန့် တုန်လှုပ်ကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒါဟာ ဝေဒနာလို့ ခေါ်တဲ့ ခံစားခြင်းရဲ့ သဘောသဘာဝကို မသိလို့ပဲ ဖြစ်ပါတယ်။ ခံစားခြင်းရဲ့ သဘောအမှန်ကို သိလာကြမယ်ဆိုရင် ဘယ်လိုဝေဒနာမျိုးပဲလာလာ ကြောက်လန့်တုန်လှုပ်မှာ မဟုတ်သလို ဒီခံစားမှုတွေကိုလည်း လိုချင်တောင့်တကြမှာ မဟုတ်ပါဘူး။ အဲဒီအခါမျိုးမှာ ဒီအကောင်းအဆိုး ခံစားမှု ဝေဒနာတွေက ရုန်းထွက်နိုင်အောင် ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ ဝေဒနာတွေ မလိုချင်တော့ဘူး၊ ဝေဒနာတွေကနေ ရုန်းထွက်ချင်ကြတယ်ဆိုရင် အကောင်းအဆိုး စတဲ့ ဝေဒနာတွေကနေ ခွာနိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ဝေဒနာကို ခွာနိုင်ဖို့အတွက် ဒီအကောင်းအဆိုး စတဲ့ ခံစားမှုတွေမှာ တပ်မက်နေတဲ့ သံယောဇဉ်တွေကို ခွါနိုင်ဖို့လိုပါတယ်။ ဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ ဒီသံယောဇဉ်တွေကို ခွါနိုင်ဖို့အတွက်လည်း ဝေဒနာရဲ့ သဘောအမှန်ကိုသိပြီး ဝေဒနာရဲ့ ဖြစ်စဲဖြစ်ခိုက် ပေါ်စဲပေါ်ခိုက်ကို သတိတရားနဲ့ သူနိုင်ကိုယ်နိုင် အပြိုင်မှတ်နိုင်အောင် ကြိုးစားလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ တရားအားထုတ်တယ်ဆိုတာ ဒီလိုခံစားမှု ဝေဒနာတွေရဲ့ သဘောအမှန်ကို သိအောင်ကြိုးစား အားထုတ်ကြတာ ဖြစ်ပါတယ်။ ဝေဒနာကို ဝေဒနာလို့ အမှန်အတိုင်း မြင်နိုင်အောင် စိတ်အစဉ်ကို လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

ဝေဒနာရဲ့ သဘောကလည်း သတိဝိရီယ တရားတွေနဲ့ ကျော်လွှားနိုင်မှ အမှန်ကို သိလာနိုင်မှာ ဖြစ်ပြီး ဒီဝေဒနာအပေါ်မှာ ဖြစ်ပေါ်နေတဲ့ သံယောဇဉ်တွေကို ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ အလေ့အကျင့်နည်းပြီး သတိဝိရီယနည်းတဲ့ သူတွေဆိုရင် ဝေဒနာရဲ့ သဘောအမှန်ကို သိဖို့မပြောနဲ့ ဒီခံစားခြင်း ဝေဒနာရဲ့ ချယ်လှယ်မှုနောက်တောင် သိသိချည်းနဲ့ လိုက်နေမိတတ်ပါတယ်။ တစ်ခါတလေ တရားအားထုတ်တဲ့ ယောဂီတွေမှာတောင် ဒီခံစားမှု ဝေဒနာတွေကြောင့် တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေလည်း အများကြီးရှိတတ်ပါတယ်။ တရားအားထုတ်တဲ့အခါမှာ တစ်ချို့ယောဂီတွေ အနေနဲ့ ခံစားရတဲ့ နာကျင်ကိုက်ခဲ ပူအေးစတဲ့ မကောင်းတဲ့ ဝေဒနာတွေကို သည်းမခံနိုင်၊ အဲဒီဝေဒနာတွေကို ကျော်လွှားနိုင်အောင် မမှတ်နိုင်တဲ့အခါကျတော့ ဒီဝေဒနာတွေမှာပဲ အချိန်တွေကြာနေကာ တရားက ရှေ့မတက်ဘဲ ဖြစ်နေတာတွေ ရှိတတ်သလို တချို့ကျပြန်တော့ တရားအားထုတ်ရင်း သမာဓိနိမိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ ငြိမ်းအေးခြင်း၊ ပေါ့ပါးခြင်း၊ သာယာခြင်း၊ နူးညံ့ခြင်းစတဲ့ကောင်းတဲ့ ဝေဒနာတွေအပေါ်မှာ သာယာနှစ်သက်နေပြီး မှတ်ပစ်ရမယ့် ဝေဒနာကို မမှတ်နိုင်တဲ့အတွက် တရားက ရှေ့မတက်တာတွေလည်း ရှိတတ်ပါတယ်။

ဒါဟာ မကောင်းတဲ့ ခံစားမှုတွေ အပေါ်မှာ သတိ၊ သမာဓိ၊ ဝိရိယ ခန္တီ တရားတွေနဲ့ အနိုင်မယူနိုင်တဲ့ အတွက်ကြောင့် ဖြစ်သလို ကောင်းတဲ့ခံစားခြင်းတွေ အပေါ်မှာလည်း သတိတရား၊ ဝိရီယတရားတွေနဲ့ မဖြတ်တောက်နိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ခံစားခြင်းဆိုတဲ့ ဝေဒနာဟာ သည်းခံခြင်းတရား၊ သတိ၊ ဝိရီယ၊ သမာဓိတရားတွေနဲ့ မဖြတ်တောက်နိုင်သေးသမျှ ဒီဝေဒနာရဲ့ ချယ်လှယ်မှုကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီခံစားခြင်း ဆိုတဲ့ဝေဒနာရဲ့ သဘောအမှန်ကို သိအောင်ကြိုးစားပြီး သတိဝိရီယ စတဲ့တရားတွေနဲ့ အပြိုင်အနိုင်ယူနိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

တရားအားထုတ်နေတဲ့ ယောဂီတွေမှာ ဒီလိုအကောင်းအဆိုး ခံစားချက် ဝေဒနာတွေကြောင့် တရားမတက်နိုင်ဖြစ်ကာ ဝေဒနာကနေ ရုန်းမထွက်နိုင်ဘဲ ရှိနေကြသလို သာမန်နေ့စဉ် ဘဝမှာ စာဝတ်နေရေး ကျန်းမာရေးအတွက် လှုပ်ရှားကျင်လည် နေရသူတွေမှာလည်း ဒီလိုခံစားမှုတွေကြောင့် ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာတွေလည်း အများကြီး ရှိတတ်ပါတယ်။ ရုပ်နာမ်နှစ်ခုနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ တွေ့ကြုံရတတ်တဲ့ ဝေဒနာတွေက ရုပ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာနဲ့ စိတ်ဖောက်ပြန်ခြင်းကြောင့် ခံစားရတဲ့ ဝေဒနာရယ်လို့ နှစ်မျိုးရှိနေတတ်ကြရာမှာ ရုပ်ဖောက်ပြန်ခြင်းကြောင့် ဖြစ်လာတဲ့ ခံစားချက် ဝေဒနာက အများအားဖြင့် မကောင်းတဲ့ ဝေဒနာတွေ ဖြစ်နေတတ်ပြီး စိတ်ကြောင့်ဖြစ်ပေါ်တတ်တဲ့ ဝေဒနာကတော့ သတ္တဝါတစ်ဦးချင်းရဲ့ စိတ်ခံစားမှုကိုလိုက်ပြီး အကောင်းအဆိုး ခံစားမှု ကွဲပြားတတ်ပါတယ်။ ဘယ်လိုပဲ ကွဲပြားကွဲပြား အရင်းစစ်တော့ အားလုံးဟာ ဝေဒနာတွေပဲ ဖြစ်ပါတယ်။ ဒီရုပ်နာမ်ဝေဒနာတွေဟာ ပုထုဇဉ်တွေ အပေါ်တွယ်တာမှုတွေနဲ့ ချည်နှောင်ထားပြီး ရုန်းမထွက်နိုင်အောင်လည်း အားပေးထိန်းချုပ် ထားတတ်ပါတယ်။

တချို့ဆို ဒီဝေဒနာတွေကြောင့် ဘဝကို အရှုံးပေးတဲ့အထိ ဖြစ်သွားတတ်သလို တစ်ချို့ဆိုလည်း သတိလက်လွတ်ဖြစ်ကာ အရူးတစ်ယောက်လို ဖြစ်သွားကြတာတွေလည်း ရှိတတ်ပါတယ်။ အတော်များများကတော့ ရုပ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်၊ စိတ်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကြောင့် ကောင်းလိုက်ဆိုးလိုက်နဲ့ ဘဝမှာ ငြိမ်သက်တယ်ဆိုတာ တစ်ခါမှ မရှိဘဲ ဖြစ်နေတတ်ကြပါတယ်။ အလွယ်တကူ ခံစားတတ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ခံစားမှုရယ်၊ ဝေဒနာရဲ့ သဘောအမှန်ကို မသိမှုတွေရယ်ကြောင့်လည်း သတ္တဝါတွေဟာ ဝေဒနာရဲ့ ချယ်လှယ်မှုနောက် တကောက်ကောက် လိုက်နေမိကာ ဝေဒနာနဲ့အပြိုင် ရုန်းမထွက်နိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလို ရုန်းမထွက်နိုင်သေးသမျှ ခံစားမှုတွေနောက်လိုက်ရင်း သတ္တဝါတိုင်းဟာ ဒုက္ခကိုယ်စီ ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီလို ဒုက္ခတွေ ရှိနေတတ်ကြတဲ့ အတွက်ကြောင့်လည်း ပညာရှိ သူတော်ကောင်းတွေက ဝေဒနာကနေ ခွါနိုင်အောင် ကြိုးစားဖို့ တိုက်တွန်ကြခြင်း ဖြစ်ပါတယ်။ ဝေဒနာကနေ ခွာနိုင်အောင် ဝေဒနာရဲ့ သဘောသဘာဝကို သိအောင်ကြိုးစားပြီး ခံစားခြင်းကို ခံစားခြင်းလို့ပဲ အရှိအတိုင်းမြင်ကာ အကောင်းအဆိုး မခွဲခြားဘဲ ခန္တီတရား၊ သတိဝိရီယ တရားများနဲ့ ကျော်လွှားနိုင်အောင် အားထုတ်ကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။ ဒါမှပဲ ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ခံစားခြင်းလို့ဆိုတဲ့ ဝေဒနာဟာ သတ္တဝါတွေကို အကောင်းအဆိုး မကောင်းမဆိုး အမျိုးမျိုးနဲ့ အလွယ်တကူ ခံစားစေကာ ဒုက္ခကိုယ်စီ ဖြစ်နေစေတတ်တဲ့အတွက် ဘယ်လိုခံစားမှုမျိုးပဲလာလာ ဒါဟာ ဝေဒနာရဲ့ သဘောပဲလို့ အမှန်အတိုင်း သိရှိကာ ခံစားခြင်းအပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ တွယ်တာမှု သံယောဇဉ်တွေကနေ ရုန်းထွက်နိုင်အောင် ကြိုးစားရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဝေဒနာဆိုတာ ခံစားခြင်းကိုပဲ ဆိုတာဖြစ်တဲ့အတွက် ဘယ်လိုဝေဒနာပဲဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာဖြစ်ကြောင်း သိစေလိုတာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လွန်းတဲ့ ဒီနေ့ခေတ်ကြီးမှာ အပြိုင်ခံစားတတ်တဲ့ သဘောတွေကလည်း သူသူကိုယ်ကိုယ် အတူတူ ရှိနေတတ်ကြပြီး ခံစားခြင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်တတ်တဲ့ ဒုက္ခတွေကလည်း ရုန်းမထွက်နိုင်သမျှ ရှိနေကြမှာ ဖြစ်တဲ့အတွက် ဒီဒုက္ခတွေကနေ လွတ်ငြိမ်းလိုကြသူများ အနေနဲ့ အလွယ်တကူ ဖြစ်ပေါ်တတ်တဲ့ ခံစားမှု ဝေဒနာတွေမှာ ဘယ်သူ့ကြောင်၊ ဘာကြောင့်ပဲ ဖြစ်ပေါ်ဖြစ်ပေါ် ဖြစ်ပေါ်သမျှ ခံစားမှုသဘောကို အရှိအတိုင်း သိအောင်ကြိုးစားပြီး ဒီခံစားမှုအပေါ်မှာ ကပ်ငြိနေတတ်တဲ့ သံယောဇဉ်ကို သတိ၊ သမာဓိ၊ ဝိရီယ၊ ပညာ၊ ခန္တီစတဲ့ တရားတွေနဲ့သာ ကျင့်ကြံအားထုတ်ရင်း ဝေဒနာနဲ့အပြိုင် ရုန်းထွက်နိုင်အောင် တစတစလေ့ကျင့်ကြဖို့ အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး… ဝေဒနာကို ခွါနိုင်ကြပါစေ…

Read more »

အတွေးများရင် အဝေးသွားမယ်…

ကိုရီးယားနိုင်ရဲ့ ရာသီဥတု အခြေအနေက အအေးပေါ့လာတဲ့ အနေအထား ရှိလာပြီဖြစ်တဲ့အတွက် ဘုန်းဘုန်းရဲ့ကျောင်းမှာ တရားနာ၊ တရားလာအားထုတ်ဖို့ ဆက်သွယ်လာကြတဲ့ ကိုရီးယား တစ်ချို့တဖြည်းဖြည်း များများလာပါတယ်။ ဒါနဲ့ ကြာသပတေးနေ့တိုင်း နေ့လယ် ၂ရာရီကနေ ၄နာရီအထိ သူတို့အတွက် အချိန်ပေးပြီး တရားဟော တရားပြ လုပ်ပေးနေဖြစ်ပါတယ်။ တစ်နာရီ တရားထိုင်ပြီး နောက်ပိုင်းအချိန်ကို အင်တာဗျူးအချိန် သတ်မှတ်ပေးပါတယ်။ တရားအတွေ့အကြုံနဲ့ ပတ်သက်လို့ မေးလိုက မေးခွင့်ပေးထားတဲ့အတွက် ယောဂီအတော်များများက မေးကြပါတယ်။ သူတို့အမေးအများဆုံးက တရားထိုင်ရင်း ပေါ်လာတဲ့ အတွေးတွေနဲ့ ပတ်သက်ပြီး မေးတာများပါတယ်။ တစ်ချို့က တရားမှတ်နေရင်း အတွေးတွေပေါ်လာတဲ့အခါ အဲဒီအတွေးနောက်ကို လိုက်နေတာလည်း တရားမှတ်တာပဲ မဟုတ်ဘူးလားလို့ လျှောက်ပါတယ်။ တစ်ချို့ကလည်း အတွေးကောင်းလေးတွေ တွေးမိအောင် တရားမှတ်ရင်း လိုက်လုပ်ကြည့်တဲ့ လုပ်ရပ်ဟာ မှန်ကန်ပါသလားလို့လည်း မေးလာပြန်ပါတယ်။ အတွေးတွေနဲ့ ပတ်သက်ပြီး သူတို့ မေးသမျှကို အဆင်ပြေသလို ဖြေပေးဖြစ်ခဲ့ပါတယ်။

တကယ်တော့ တရားအားထုတ်တဲ့ ယောဂီတွေအတွက် အတွေးဆိုတာ အများဆုံး ဖြစ်တတ်တဲ့ အနှောက်အယှက် တစ်ခုပဲ ဖြစ်ပါတယ်။ သတိနည်းလေ သမာဓိနည်းလေ ဖြစ်ပြီး သမာဓိနည်းလေ အတွေးများလေပဲ ဖြစ်နေတတ်တဲ့အတွက် သမာဓိ မခိုင်သေးတဲ့အချိန်မှာ သတိတရားနဲ့ ဝိရိယအားကိုများအောင် ကြိုးစားပေးရမှာ ဖြစ်ပါတယ်။ ကိုရီးယား ယောဂီအချို့ပြောသလို တရားအားထုတ်နေတဲ့ ယောဂီတွေအတွက် အတွေးဆိုတာ လုပ်ပြီးတွေးယူရတာ မဟုတ်သလို အတွေးနောက်ကို လိုက်ပြီးမှတ်နေလို့လည်း မဖြစ်ပါဘူး။ အတွေးနောက်ကို လိုက်နေသမျှ အတွေးကချယ်လှယ် သွားတာကို ခံနေရမှာဖြစ်ပြီး သမာဓိတည်ဖို့နဲ့ တရားရဖို့ ဘယ်လိုမှကို ဖြစ်နိုင်မှာ မဟုတ်ပါဘူး။

အမှန်တော့ အတွေးဆိုတာ လိုက်တွေးနေရမှာ မဟုတ်သလို လုပ်တွေးနေရမှာလည်း မဟုတ်ဘဲ မှတ်ပစ်ရမယ့်အရာပဲ ဖြစ်ပါတယ်။ တွေးသမျှ အတွေးတွေနောက်ကို စိတ်ကလိုက်မသွားရအောင် ပေါ်သမျှ အတွေးကို မှတ်ပစ်ရမှာ ဖြစ်ပါတယ်။ အတွေးတွေကို မှတ်ဖို့ဆိုတာလည်း တွေးနေတာကို သိမှပဲ မှတ်လို့ရမှာ ဖြစ်ပါတယ်။ တစ်ခါတလေ တရားအားထုတ်ရင်း အတွေးတွေနဲ့ အချိန်အတော်များများ ကုန်လွန်သွားတတ်တာ ရှိပါတယ်။ ဒါဟာ အတွေးကို မသိလိုက်လို့ဘဲ ဖြစ်ပါတယ်။ အတွေးဆိုတဲ့ သဘောက အဲဒီအတွေးကို သိလိုက်တာနဲ့ ဒီအတွေးပျောက်သွားပြီး သိစိတ်က အစားထိုးသွားတာ ဖြစ်ပါတယ်။ အတွေးကို မသိတဲ့အခါ အဲဒီအတွေးနောက်ကို စိတ်ကလိုက်သွားပြီး အတွေးရဲ့ချယ်လှယ်တာကို ခံရတော့တာ ဖြစ်ပါတယ်။ အတွေးကို မသိလိုက်တဲ့အတွက် အတွေးနောက်ကို စိတ်ကလိုက်သွားပြီး သတိတရားတွေ၊ သမာဓိတရားတွေနဲ့ တဖြည်းဖြည်း ဝေးဝေးသွားကာ တရားမရဘဲ ဖြစ်နေတော့တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် အတွေးများနေတာဟာ သမာဓိမရှိလို့ဖြစ်ပြီး သမာဓိ မရှိတာဟာ သတိနဲ့ ဝီရိယ အားနည်းလို့ပဲ ဖြစ်ပါတယ်။ အရင်းစစ်တော့ တရားအားထုတ်ကြတဲ့ ယောဂီတွေဟာ သတိ၊ သမာဓိ၊ ဝိရီယ အားတွေနည်းနေတဲ့အတွက် အတွေးတွေရဲ့ ချယ်လှယ်ခြင်းကို ခံကြရတာဖြစ်ပြီး အတွေးနောက်ကို မသိဘဲ စိတ်ကလိုက်နေမိတဲ့အတွက် ကိုယ့်နဲ့စိတ်နဲ့ ပိုပိုဝေးလာကာ သမာဓိတည်ဖို့၊ တရားရဖို့လည်း ဝေးလာကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ယောဂီတွေအနေနဲ့ အတွေးတွေနောက်ကို စိတ်ကမလိုက်ကြဖို့နဲ့ အတွေးမများကြဖို့ တိုက်တွန်းကြခြင်းဖြစ်ပြီး အတွေးများရင် စိတ်က အဝေးသွားတတ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

အတွေးကြောင့် စိတ်နဲ့လူနဲ့ ဝေးဝေးလာတဲ့ သဘောကတော့ တရားအားထုတ်နေတဲ့ ယောဂီတွေမှ မဟုတ်ပါဘူး။ တရားအားမထုတ်တဲ့ သူတွေမှာလည်း အများကြီး ဖြစ်တတ်ပါတယ်။ အတွေးတွေရဲ့ ချယ်လှယ်တာကို ခံရတဲ့အတွက်ကြောင့်လည်း တစ်ခါတရံ ကိုယ့်စိတ်နဲ့ကိုယ် အဆင်မပြေတာတွေလည်း အများကြီး ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် မကောင်းတဲ့ အတွေးတွေနောက်ကို လိုက်တွေးရင်း အဲဒီအတွေးတွေကြောင့် ကိုယ်ပင်ပန်းပြီး စိတ်မလန်းဘဲ ဖြစ်နေကြတာတွေက ပိုများနေတတ်ပါတယ်။ နေ့စဉ်ကျင်လည်နေရတဲ့ ဘဝအခြေအနေနဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး ဖြစ်ပေါ်လာတတ်တဲ့ မကောင်းတဲ့ အတွေးစိတ်ကူးတွေက သာမန်လူတစ်ယောက်ကို လေးလံထိုင်းမှိုင်းခြင်းကို ဖြစ်စေတတ်သလို အတွေးနောက်ကိုလိုက်ရင်း အပြောတွေ၊ အလုပ်တွေ မှားကုန်တော့တာ ဖြစ်ပါတယ်။

တရားအားထုတ်တဲ့ သူတွေအတွက် အတွေးကိုသိအောင် ကြိုးစားပြီး ဘာပဲဖြစ်ဖြစ် မတွေးမိဖို့ အရေးကြီးတယ်လို့ ဆိုပေမယ့် တရားအားမထုတ်ဖြစ်သေးတဲ့ သူတွေအတွက်လည်း မကောင်းတဲ့အတွေးတွေ မဖြစ်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ မဂ္ဂင်စကားနဲ့ ပြောရရင် သမ္မာသင်္ကပ္ပဆိုတဲ့ မှန်ကန်တဲ့အတွေးရှိမှ၊ မှန်ကန်တဲ့အပြောဆိုတာ ရှိမှာဖြစ်ပြီး၊ မှန်ကန်တဲ့အပြောရှိမှ မှန်ကန်တဲ့အလုပ်စတာတွေ ဖြစ်လာနိုင်တဲ့အတွက် မတွေးဘဲ နေနိုင်ရင် ကောင်းပေမယ့် အတွေးကို မသိနိုင်သေးရင်တော့ အတွေးမှန်အောင် ကြိုးစားကြဖို့တော့ လိုပါတယ်။ ပြောင်းပြန်အနေနဲ့ အတွေးမမှန်ရင် အပြောလည်းမမှန်ဖြစ်ပြီး အပြောမမှန်ရင် အလုပ်စတာ တွေလည်း မှန်ဖို့မလွယ်လှတဲ့အတွက် အမြင်အတွေးတွေ မှန်ကန်အောင် ကြိုးစားကြဖို့ အထူးလိုအပ်လှပါတယ်။

ဟုတ်ပါတယ်။ နေ့စဉ်ကျင်လည်နေရတဲ့ ကိုယ့်ဘဝ အခြေအနေကိုလိုက်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကိုယ်ကိုယ်တိုင်ပဲ အမြင်အတွေး မှန်အောင်ကြိုးစားကြဖို့ လိုပါတယ်။ အမြင်အတွေးဆိုတဲ့ သဘောကလည်း မှားမြင်၊ မှားတွေးမိပြီဆိုရင် မှားပြော မှားလုပ်တတ်တဲ့အထိ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဒီလို အမှားတွေ ဖြစ်စေတာကလည်း သေချာတွေးကြည့်တော့ အမှားတွေကို လက်ခံမိလိုက်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတဲ့ အကြောင်းပြတွေကြောင့် ကိုယ့်မှာအမြင်အတွေးတွေ မှားလာပြီး ဒီအတွေးအမြင် အမှားများကြောင့် အပြောအလုပ်အမှားတွေ ဖြစ်ရတယ်လို့ဆိုပေမယ့် အရင်းစစ်တော့ ဒါတွေကိုလက်ခံမိတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ဟာလည်း ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်ရဲ့ ဖြစ်စဉ်ကို မသိလို့ဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ စိတ်ကို မသိတဲ့အခါကျတော့ အဲဒီမသိမှုနောက်ကို လိုက်ရင်း အမှားတွေရောက်လာတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်သိနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

လောကမှာရှိတဲ့ လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်အတွေး မတူကြသလို ခံယူချက်ခြင်းလည်း မတူကြပါဘူး။ ခံယူချက် မတူညီတဲ့အတွက်လည်း အကျိုးရလာဘ် မတူဘဲ ဖြစ်နေကြတာ ဖြစ်ပါတယ်။ တစ်ချို့က ဘာပဲဖြစ်ဖြစ်၊ ဘာပဲကြားကြား၊ ဘာပဲမြင်မြင် အကုသိုလ်မဖြစ်အောင် တွေးတတ်မြင်တတ် ခံယူတတ်ပေမယ့် တစ်ချို့ကတော့ မကောင်းတဲ့ အတွေးအမြင်နဲ့ အကုသိုလ်ဖြစ်အောင်ကို တွေးမြင်တတ်တာ ရှိပါတယ်။ အကုသိုလ်မဖြစ်အောင် တွေးတတ်တဲ့ မှန်ကန်တဲ့ နှလုံးသွင်း မရှိတဲ့သူတွေအတွက် အတွေးတွေနဲ့ စိတ်အစဉ်ကို လေးလံထိုင်းမှိုင်းစေ၊ စိတ်ပန်းလူပန်း ဖြစ်နေစေပေမယ့် ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့ နှလုံးသွင်း မှန်ကန်သူတွေအတွက်တော့ မြင်သမျှ၊ ကြားသမျှအရာတွေဟာ ကုသိုလ်ရစရာတွေ ဖြစ်နေပြီး စိတ်အစဉ်ကို ပေါ့ပါးသွက်လက်စေတော့တာ ဖြစ်ပါတယ်။ ဒါဟာ မတူညီတဲ့ အတွေးအမြင်နဲ့ မတူညီတဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ အတွေးမှန်သူတွေရဲ့ စိတ်ဟာ ကုသိုလ်တရားတွေနဲ့ နီးနေတတ်ပြီး အတွေးမှားများနဲ့ အတွေးများနေသူတွေရဲ့ စိတ်ကတော့ ကုသိုလ်တရားတွေနဲ့ ဝေးပြီးရင်း ဝေးနေတော့တာ ဖြစ်ပါတယ်။

ဆိုလိုတာက အတွေးဆိုတဲ့ သဘောဟာ တရားအားထုတ်နေတဲ့ ယောဂီတွေအတွက် လုပ်ပြီးတွေး၊ လိုက်ပြီးတွေးနေရမယ့် အရာတွေမဟုတ်ဘဲ ပေါ်သမျှအတွေးတွေကို သိမှတ်ပစ်ရမှာဖြစ်ကြောင်း၊ ယောဂီတွေအတွက် အတွေးများတာဟာ ကောင်းတဲ့အလုပ်မဟုတ်ဘဲ အတွေးများရင် ကုသိုလ်တရား၊ သမာဓိသတိတရား၊ ဉာဏ်စဉ်တရားများနဲ့ တဖြည်းဖြည်း ဝေးသွားစေတတ်တဲ့အတွက် အတွေးမများအောင် ကြိုးစားကြဖို့လိုကြောင်း၊ အတွေးမများဖို့ဆိုတာလည်း အဲဒီအတွေးကို သိအောင်ကြိုးစားမှသာ မများမှာဖြစ်ကြောင်း၊ ဒါကြောင့် စိတ်မှာဖြစ်သမျှ အတွေးအကြံတွေကို သိအောင်ကြိုးစားရမှာဖြစ်ကြောင်း စသဖြင့် ဆိုလိုတာဖြစ်ပြီး တရားအားမထုတ်ဖြစ်ဘဲ သာမန်ဘဝများနဲ့ နေ့စဉ်လှုပ်ရှားနေရတဲ့ သူတွေအတွက်လည်း အတွေးဆိုတာ မတွေးဘဲ နေနိုင်ရင်၊ အဲဒီအတွေးကို သိအောင်ကြိုးစားနိုင်ရင် ကောင်းပေမယ့် အဲဒီလို မသိမတွေးဘဲ မနေနိုင်သေးရင်တော့ ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့ မှန်ကန်တဲ့ နှလုံးသွင်းများနဲ့ အတွေးအမြင် ကောင်းအောင် ကြိုးစားပြီး စိတ်အစဉ်ကို ကုသိုလ်တရားများနဲ့ နီးသထက်နီးနေဖို့လိုပြီး မကောင်းတဲ့ အတွေးအမြင်များနဲ့ စိတ်အစဉ်ကို လေးလံစေကာ ကုသိုလ်တရားများနဲ့ ဝေးသထက်ဝေးသွားအောင် မဖြစ်ကြဖို့ အထူးပြုရမှာဖြစ်ကြောင်း စသဖြင့် ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် အတွေးတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်တတ်ကြတဲ့ သူတွေအနေနဲ့ အတွေးဆိုတာ စိတ်ကြောင့်ဖြစ်တတ်တဲ့၊ စိတ်ရဲ့လက်ခံမှုကြောင့် ဖြစ်တတ်တဲ့၊ စိတ်ရဲ့ မသိမှုကြောင့် ဖြစ်တတ်တဲ့ အထင်အရှား ပြလို့ရတဲ့အရာ မဟုတ်ပေမယ့် ဒီအတွေးကို အကြောင်းပြုပြီး မကောင်းတဲ့ အပြော၊ မကောင်းတဲ့ အလုပ်တွေအထိ လုပ်လာမိတတ်တဲ့အတွက် ဘယ်လိုအတွေးမျိုးဖြစ်ဖြစ် အတွေးမှန်သမျှကို သိအောင်ကြိုးစားပြီး မတွေးမိအောင် သတိပြုရမှာ ဖြစ်ကြောင်းနှင့် အဲဒီလို မလုပ်နိုင်သေးရင်လည်း တွေးသမျှ အတွေးတွေကို ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့ နှလုံးသွင်းမှန်ကန်တဲ့ အတွေးများအဖြစ် ပြောင်းလဲစေပြီး ကုသိုလ်ဖြစ်စေတဲ့အပြော၊ ကုသိုလ်ဖြစ်စေတဲ့ အလုပ်များနဲ့ ကုသိုလ်တရားများအောင်၊ ကုသိုလ်တရားတွေနဲ့ နီးသထက်နီးအောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း အသိပါးရင်း အတွေးမှားတဲ့ အတွေးများကြောင့် ကုသိုလ်တရားများနဲ့ ဝေးဝေးသွားရမယ့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာထား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ