ကိုယ်နာသော်လည်း စိတ်မနာပါစေနှင့်…

တစ်ခါက ရန်ကုန်မြို့ရှိ၊ ပုဂ္ဂလိကဆေးရုံ တစ်ခုတွင် ဆေးကုသမှု ခံယူနေရသည့် ရဟန်းဒကာကြီး တစ်ဦးထံ ကျန်းမာရေး သတင်းသွားမေးရင်း ရောက်ရှိသွားခဲ့၏။ အသက်အရွယ် ကြီးရင့်လာမှုနှင့် ရောဂါဝေဒနာ နှိပ်စက်မှု ဒဏ်များကြောင့် ခန္ဓာကိုယ် အလွန်ပင်ပန်းနေသည့် ဒကာကြီးသည် စာရေးသူကို မြင်ရသည့်အခါ ဝမ်းမြောက်မှုနှင့်အတူ ကုတင်တွင် လှဲနေရာမှ ထထိုင်လိုက်ပြီး လက်အုပ်ချီကာ အရိုအသေးပေးလေ၏။ စာရေးသူလည်း ဒကာကြီး သက်သာသလိုသာ နေပါဟုပြောရင်း သူ့ကျန်းမာရေး အခြေအနေကို မေးမြန်းကာ တရားစကား အနည်းငယ် ဟောကြားပေးဖြစ်ခဲ့၏။ အသက်အရွယ် ရလာသော်လည်း တရားအလုပ် အားထုတ်မှုတွင် အားနည်းလှသည့် ဒကာကြီးသည် ရောဂါဝေဒနာ ရလာမှုအပေါ်တွင် အလွန်ခံစားနေရသည့် သဘောရှိ၏။ ထို့အတူ အကြောက်တရားလည်း ဖြစ်ပေါ်နေဟန် ရှိ၏။ နာပြီးရင် သေရမည်ဟူသည့် နိယာမကို လက်ခံလာသဖြင့်လည်း ပို၍ကြောက်လာဟန် ရှိပေ၏။ ပုထုဇဉ်များ၏ သဘောသဘာဝအရ ဒုက္ခတရား အားကြီးလာသည့်အခါ အားကိုးရာ ဘာသာတရားကို ရှာလေ့ရှိသည့်အတိုင်း ဒကာကြီးလည်း ဘာသာတရား၏ အားကိုးရာကို ရှာလာဟန် ရှိပေ၏။ ထို့ကြောင့်လည်း စာရေးသူနှင့် တွေ့ဆုံသည့်အခါ ဒကာကြီးက “အရှင်ဘုရား အိုမင်းမစွမ်း ဖြစ်လာပြီး နာကျင်မှုတွေ ပြည့်နှက်လာတဲ့ တပည့်တော်တို့လို သူတွေအတွက် ဘုရားပေးတဲ့ တရားဆေးလေးများရှိရင် ဟောကြားပေးပါလားဘုရား”လို့ တောင်းဆိုလာလေ၏။ ဒကာကြီး၏ တောင်းဆိုချက်အရ စာရေးသူလည်း ဘုရားစကား အငှါးသုံးကာ “ဒကာကြီးရေ အိုပြီးနာလာကြတဲ့ သူတွေအတွက် ဘုရားရှင်က ကိုယ်နာသော်လည်း စိတ်မနာအောင် နေနိုင်ခြင်းဟာ အကောင်းဆုံး နေထိုင်နည်းပဲ ဖြစ်တယ်လို့ မိန့်တော်မူပါတယ်”စသည့် စကားဖြင့် အစချီကာ တရားစကား ဟောကြား ပေးဖြစ်ခဲ့၏။

မှန်၏။ ဘုရားရှင် ကိုယ်တော်တိုင်ပင် “ကိုယ်နာသော်လည်း စိတ်မနာစေနှင့်”ဟူသော အထက်ပါ စကားတော်ကို မိန့်တော်မူခဲ့ဖူး၏။ ဗုဒ္ဓဘုရား လက်ထက်တော်အခါက နကုလပိတာ အမည်ရသည့် သူကြွယ်တစ်ယောက်ရှိ၏။ တစ်နေ့ ထိုသူကြွယ်သည် မြတ်စွာဘုရား၊ ဘဂ္ဂတိုင်း၊ သုသုမာရဂိရမြို့၊ ဘေသကဠတောတွင် သီတင်းသုံးနေတော်မူသည့် သတင်းကို ကြားသိပြီးနောက် ဘုရားရှင်ထံ သွားရောက်ဖူးမျှော်ကာ တရားစကား လျှောက်ထားလေ၏။ သူကြွယ်က “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် အိုမင်းမစွမ်းဖြစ်ကာ အရွယ်သုံးပါးတွင် နောက်ဆုံးအရွယ်သို့ ရောက်ရှိလာပါပြီ၊ ခန္ဓာကိုယ်သည်လည်း မပြတ်နာကျင်လျက် ဘုရားတရားသံဃာတော်များကိုလည်း အမြဲတစေ မဖူးမြင်နိုင်တော့ပါဘုရား၊ သို့ဖြစ်ပါ၍ မြတ်စွာဘုရားသည် တပည့်တော်အား တရားစကား မိန့်ကြားတော်မူပါဘုရား…” ဟု မြတ်ဗုဒ္ဓအား လျှောက်ထားလေ၏။

ထိုအခါ ဘုရားရှင်က “သူကြွယ် သင်၏စကားသည် အမှန်ပင်ဖြစ်ပေ၏၊ ဤခန္ဓာကိုယ်သည် အမြဲနာကျင်နေသည့် သဘောရှိ၏၊ ဤခန္ဓာကိုယ်ကို ရွတ်ဆောင်ထားသူမှန်သမျှ တစ်စုံတစ်ဦးမျှ တဒင်္ဂအားဖြင့်သော်လည်း အနာကင်းခြင်းဟူသည် မရှိနိုင်ကြပေ၊ သူကြွယ် ထို့ကြောင့် သင့်ကိုသင် ငါသည်နာကျင်သော ကိုယ်ရှိသူဖြစ်ပါလျက် ငါ၏စိတ်သည် နာကျင်မှုကင်းသူ ဖြစ်လတ္တံ့ဟုသာ ကျင့်အပ်၏” ဟု နကုလပိတာအား မိန့်ကြားတော်မူလိုက်၏။

ဘုရားရှင်၏ အထက်ပါ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော စကားတော်ကို ကြားနာပြီးနောက် အလွန်ကျေနပ်နှစ်သက်စွာဖြင့် နကုလပိတာသည် ဘုရားရှင်အထံတော်မှ ထွက်ခွါသွားပြီး အရှင်သာရိပုတ္တရာ မထေရ်ထံ အဖူးအမျှော် ရောက်ခဲ့ပြန်လေ၏။ အရှင်သာရိပုတ္တရာ မထေရ်ထံ ရောက်သည့်အခါ စိတ်နှလုံး ကြည်လင်နေသည့် နကုလပိတာ သူကြွယ်ကိုကြည့်ကာ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် သင့်ကို ကြည့်ရသည်မှာ စိတ်နှလုံး ကြည်လင်နှစ်သက်နေသည့် သဘောရှိ၏ အဘယ်အကြောင်းကြောင့်နည်းဟု” မေးတော်မူလေ၏။ သူကြွယ်က “အရှင်ဘုရား တပည့်တော် ဘုရားရှင်အထံတော်မှ “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော တရားစကားတော်ကို နာကြားခဲ့ရသောကြောင့် အလွန်ကျေနပ် နှစ်သက်မှုကို ဖြစ်ရပါသည်ဘုရား” ဟု လျှောက်ထားလေ၏။ ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ နကုလပိတာအား “သူကြွယ် သို့ဆိုလျှင် သင်သည်မြတ်စွာဘုရားရှင်အား အဘယ်မျှဖြင့် နာကျင်သော ကိုယ်ရှိသူဖြစ်၍ အဘယ်မျှဖြင့် နာကျင်သော စိတ်ရှိသူဖြစ်သနည်း၊ အဘယ်မျှဖြင့် နာကျင့်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်မရှိသူ ဖြစ်ပါသနည်းဟူသော မေးခွန်းများကို ထပ်မံမေးလျှောက်ခဲ့သလော”ဟု မေးတော်မူလိုက်၏။ ထိုအခါမှ သူကြွယ်မှာ “အရှင်ဘုရား တပည့်တော် ထိုမေးခွန်းကို မမေးလျှောက်မိပါဘုရား…၊ အရှင်ဘုရား အနေဖြင့်သာ တပည့်တော်အား လိုအပ်သည့်အချက်များကို ဖြည့်စွက်ဟောကြား ချီးမြှင့်တော်မူပါဘုရား”ဟု ပြန်လည်လျှောက်ထားရင်း အရှင်သာရိပုတ္တရာ၏ တရားစကားကို ဆက်လက်နားကြားတော်မူလေ၏။

အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယအဆင့်သို့ မရောက်သေးသော ပုထုဇဉ်တို့သည် ရုပ်ကို အတ္တဟူ၍ ရှု၏၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် တည်၏၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်၏၊ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ ထို့အတူ ဝေဒနာ (ခံစားခြင်း)၊ သညာ (မှတ်သားခြင်း)၊ သင်္ခါရ (ပြုပြင်စီရင်ခြင်း)၊ ဝိညာဏ (အထူးမှတ်သိခြင်း)ကို အတ္တဟူ၍ ရှု၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း ရှု၏၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့်တည်၏၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု ထင်မှတ်နေ၏၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်၏၊ ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် ဖြစ်ကုန်၏။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု ရှုမြင်နေသူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်၍ နာကျင်သော စိတ်ရှိသူလည်း ဖြစ်၏”ဟု ဖြေကြားပေးတော်မူ၏။

ဆက်လက်၍ အရှင်သာရိပုတ္တရာ မထေရ်မှ “သူကြွယ် အဘယ်သို့လျှင် နာကျင်သော ကိုယ်ရှိသူသာဖြစ်၍ နာကျင်သော စိတ်ရှိသူ မဖြစ်သနည်းဆိုသော် ဤသာသနာတော်၌ အရိယာတပည့်သည် ရုပ်ကိုအတ္တဟူ၍ မရှု၊ ရုပ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ရုပ်ဟူ၍သော်လည်းကောင်း၊ ရုပ်၌အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည်ရုပ်ဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟူ၍ ထကြလွှမ်းမိုးသော အခြင်းအရာအားဖြင့် မတည်၊ ရုပ်သည်ငါဖြစ်၏၊ ရုပ်သည်ငါ၏ ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ရုပ်သည်ဖောက်ပြန်ခြင်း၊ တစ်မျိုးတဖုံဖြစ်ခြင်း ရှိနေသော်လည်း ထိုသူအား ရုပ်ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ ထို့အတူ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏကို အတ္တဟူ၍ မရှု၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ရှိသော အတ္တဟူ၍သော်လည်းကောင်း၊ အတ္တ၌ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ် ဟူ၍သော်လည်းကောင်း၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်၌ အတ္တဟူ၍သော်လည်းကောင်း မရှု၊ ငါသည် ဝေဒနာ၊ ငါသည်သညာ၊ ငါသည် သင်္ခါရ၊ ငါသည်ဝိညာဏ်ဖြစ်၏၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်သည် ငါ၏ဥစ္စာဖြစ်၏ဟူ၍ ထကြွလွှမ်းမိုးသော အခြင်းအရာဖြင့် မတည်၊ ထိုအရာတို့သည် ငါ၏ဥစ္စာဖြစ်၏ဟု မထင်မှတ်၊ ထိုသူ၏ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့သည် ဖောက်ပြန်၍ တစ်မျိုးတဖုံဖြစ်သော်လည်း ထိုသူအား ထိုတရားတို့၏ ဖောက်ပြန်ခြင်းကြောင့် စိုးရိမ်မှု၊ ငိုကြွေးမှု၊ ကိုယ်စိတ်ဆင်းရဲမှု၊ ပြင်းစွာပင်ပန်းမှုတို့သည် မဖြစ်ကုန်။ သူကြွယ် ဤသို့လျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၌ ငါ၊ ငါ၏ဥစ္စာဟု မရှုမြင်သူများသည် နာကျင်သော ကိုယ်ရှိသူဖြစ်သော်လည်း နာကျင်သော စိတ်ရှိသူကား မဖြစ်” ဟု ဖြေကြားပေးတော်မူ၏။

နကုလပိတာသူကြွယ်သည် အရှင်သာရိပုတ္တရာ အထံတော်မှ ထိုတရားစကားတော်ကို နာကြားပြီးသည့် အခါတွင်လည်း အလွန်ကျေနပ် နှစ်သက်မှုဖြင့် ဝမ်းမြောက်ပီတိ ဖြစ်ခဲ့လေ၏ (သံယုတ်ပါဠိတော်၊ ခန္ဓဝဂ္ဂသံယုတ်၊ နကုလပီတုသုတ်)။ ဤကား နကုလပိတာသူကြွယ်ကို မိန်ကြားတော်မူခဲ့သည် “ကိုယ်နာသော်လည်း စိတ်မနာအောင်ကျင့်”ဟူသော ဘုရားရှင်၏ စကားတော်ကို အခြေခံသည့် နကုလပိတာနှင့်စပ်သည့် တရားစကားတော်ပင် ဖြစ်ပါ၏။

ဘုရားရှင်နှင့် အရှင်သာရိပုတ္တရာတို့၏ တရားစကားတော်အရ နာကျင်မှုသည် ကိုယ်၏နာကျင်ခြင်း၊ စိတ်၏နာကျင်ခြင်းဟူ၍ နှစ်မျိုးနှစ်စား ရှိသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုသည် အကောင်းဆုံး အကျင့်ပင်ဖြစ်ကြောင်း သဘောပေါက် နားလည်နိုင်မည်ဖြစ်၏။ အမြဲမပြတ် ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်တရား၏ ဖောက်ပြန်မှုအပေါ်တွင် ငါ၊ ငါ၏ခန္ဓာ၊ ငါ၏ရုပ်တရား စသည့် ငါစွဲများကြောင့် ဖောက်ပြန်ခြင်းသဘော အမှန်ကို မသိရှိဘဲ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်တို့၏ စွဲရာနောက်သို့ လိုက်ပြီးရင်း လိုက်နေမိကြသဖြင့် ပုထုဇဉ်များမှာ ကိုယ်လည်းနာကျင်၊ စိတ်လည်းနာကျင် ဖြစ်နေကြခြင်း ဖြစ်၏။ အကယ်၍ ရုပ်၊ ဝေဒနာ စသည့်အရာများတွင် ငါ၊ ငါ၏ဥစ္စာစသည့် ငါစွဲအတ္တများ မရှိဘဲ ထိုအရာတို့၏ ဖောက်ပြန်ပျက်စီးမှု သဘောသဘာဝကို အရှိအတိုင်း သိရှိမည်ဆိုပါက ဖောက်ပြန်ခြင်းသဘောအရ ဖြစ်တတ်သည့် ကိုယ်၏နာကျင်ခြင်းများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း စိတ်၏နာကျင်ခြင်းကား ရှိလာမည်မဟုတ်ပေ။ ကိုယ်၏နာကျင်ခြင်းကား ဘဝသံသရာကျင်လည်နေပြီး ခန္ဓာရှိနေသမျှ တွေ့ကြုံနေရမည်ဖြစ်သဖြင့် အရေးကြီးသည်မှာ စိတ်မနာစေဖို့သာ ဖြစ်ပါ၏။ ထို့ကြောင့် စိတ်မနာစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာများတွင် ငါစွဲအတ္တများဖြင့် မလွှမ်းမိုး မတွယ်တာမိအောင် ကြိုးစာကျင့်ကြံ နေထိုင်ကြရမည်သာ ဖြစ်ပါ၏။ ထိုသို့နေထိုင်နိုင်ပါက ဘုရားစကားတော်အတိုင်း ကိုယ်နာသော်လည်း စိတ်နာမည် မဟုတ်သည်မှာ အမှန်ပင် ဖြစ်ပါပေ၏။

ဤ၌ အဓိကပြောလိုသည်မှာ ကိုယ်နာသော်လည်း စိတ်မနာအောင် ကျင့်သုံးနေထိုင်မှုအကြောင်း ပြောလိုရင်း ဖြစ်ပါ၏။ ကိုယ်နာပြီး ဆေးရုံပေါ်တွင် နာကျင်မှုကို ခံနေရသည့် ရဟန်းဒကာကြီးအား စိတ်မနာအောင် ကျင့်သုံးနေထိုင်ဖို့ သတိပေးစကားအဖြစ် ပြောကြားပေးဖြစ်ခဲ့သည့် ဘုရားစကားတော်ကို ပြန်လည်ပူဇော်ရင်း စာဖတ်သူများအားလည်း စိတ်မနာအောင် ကျင့်သုံးနိုင်ကြဖို့ တဆင့်ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါ၏။ တဖက်တွင်လည်း အသက်အရွယ် ရလာသည်နှင့်အမျှ ရုပ်တရား၏ သိသိသာသာ ဖောက်ပြန်မှုကို ခံစားလာရသည့် စာရေးသူ မိမိကိုယ်ကို မိမိ သတိပြုမိစေရန် အချက်ပြ သတိပေးခြင်းလည်း ဖြစ်ပါ၏။

ထို့ကြောင့် ခန္ဓာရှိသူမှန်သမျှ ဖောက်ပြန်မှုများ ရှိနေကြမည်ဖြစ်ပြီး ဖောက်ပြန်နေသမျှ နာကျင်မှုများလည်း ရှိနေကြမည် ဖြစ်ရာတွင် ထိုနာကျင်မှုသည် စိတ်၏နာကျင်မှုအထိ မဖြစ်ကြစေရန် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသည့် ခန္ဓာတရားများအပေါ်တွင် အမှန်အတိုင်း သိမြင်နိုင်အောင် ကြိုးစားရင်း ကိုယ်နာသော်လည်း စိတ်မနာကြစေရန် စိတ်နာကျင်မှုကို ဖြစ်စေတတ်သည့် ရုပ်၊ ဝေဒနာ စသည့်ခန္ဓာများအပေါ်တွင် ငါစွဲစင်အောင် သတိပညာတရားများ လက်ကိုင်ထားလျက် တရားအလုပ်သာ ကြိုးစားအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလိုက်ရပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ