ဗုဒ္ဓဘာသာတစ်ယောက်၏ မှန်ကန်သည့် ယုံကြည်မှုနှင့် အယူဝါဒ ပျက်စီးမှု

ဗုဒ္ဓဘာသာအဖြစ် ခံယူထားသည့် ဗုဒ္ဓဘာသာ တစ်ယောက်သည် ရတနာသုံးပါး၊ ကံကံ၏ အကျိုးတရား၊ အကြောင်းအကျိုး ဆက်သွယ်မှုနှင့် မျက်မှောက်လောက၊ တမလွန်လောက စသည်တို့ကို ယုံကြည်ကြရပေမည်။

ဗုဒ္ဓဘာသာတစ်ယောက်သည် မိမိတို့ ကိုးကွယ်ဆည်းကပ်သည့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး အပေါ်အမှန်တကယ် ယုံကြည်ရန် လိုအပ်လှသည်။ ဘုရားဟုတ်ပါ့မလား၊ တရားဟုတ်ပါ့မလား စသည့် သံသယများ ကင်းရှင်းစေရန် ရတနာသုံးပါးရဲ့ ဂုဏ်တော်များကို သေချာကျနစွာ သိရှိအောင် ကြိုးစားပြီး ရတနာသုံးပါးအပေါ် ယုံကြည်မှု ခိုင်မြဲစေရမည်။

ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့၏ ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန်လောကနှင့် တမလွန်လောကကို လည်းကောင်း ယုံကြည်ကြရမည် ဖြစ်သည်။ “လောက၌ မည်သူမဆို ကောင်းတာလုပ်လျှင် ကောင်းကျိုးကို ခံစားရမည်၊ မကောင်းတာလုပ်လျှင် မကောင်းကျိုးကို ခံစားရမည်၊ မိမိပြုလုပ်သောကံသည် မိမိ၏ကိုယ်ပိုင်ဥစ္စာ မည်သည်၊ မိမိပြုလုပ်သော ကံအရ ဆိုးမွေကောင်းမွေကို ခံယူရမည်” စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို ကမ္မဿကတာ သမ္မာဒိဋ္ဌိဟု ခေါ်သည်။ ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ထိုသို့လက်ခံ ယုံကြည်နေပါက အမှန်ကို လက်ခံယုံကြည်နေခြင်း ဖြစ်၍ အယူဝါဒ မှန်ကန်နေခြင်း ဖြစ်သည်။

ထို့အပြင် ဗုဒ္ဓဘာသာတစ်ယောက်သည် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ)ကိုလည်း လက်ခံယုံကြည် ထားရမည် ဖြစ်သည်။ အမြင်မှန်ဆယ်ချက်မှာ
၁။ အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း
၂။ ပူဇော်မှု၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၃။ လက်ဆောင်ပေးကမ်းပူဇော်ခြင်း၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း
၎။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ ကောင်းကျိုးဆိုကျိုးနှင့် အကျိုးရင်း အကျိုးဆက်ရှိကြောင်း ယုံကြည်ခြင်း
၅။ မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၆။ ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုးရှိကြောင်း ယုံကြည်ခြင်း
၇။ လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်သိကြား ဗြဟ္မာဟူသော (သြပပါတိက) သတ္တဝါများရှိကြောင်း ယုံကြည်ခြင်း
၈။ ဤမျက်မှောက်လောကရှိကြောင်း ယုံကြည်ခြင်း
၉။ သေပြီးနောက်ဘဝ တမလွန်လောကရှိကြောင်း ယုံကြည်ခြင်း
၁၀။ ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြံကြသော သမဏဗြဟ္မဏတို့ရှိကြောင်း၊ ယင်းတို့က ဤလောက တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောပြပေးကြောင်း ယုံကြည်ခြင်း တို့ဖြစ်သည်။

သို့သော် ဗုဒ္ဓဘာသာ တစ်ယောက်သည် အထက်ပါ ယုံကြည်မှုတို့ကို ယုံကြည်လက်ခံမှု မရှိတော့ဘဲ
(၁) လောက၌ ဖန်ဆင်းရှင်ရှိ၏၊ မြေကြီး၊ တောတောင်၊ စကြာဝဠာ၊ သမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆသည့် ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ
(၂) လောက၌ ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ်မမည်၊ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆသည့် အကြောင်းကိုပယ်ခြင်း အကိရိယဒိဋ္ဌိ
(၃) ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးတရားဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆသည့် အကျိုးကိုပယ်ခြင်း နတ္ထိကဒိဋ္ဌိ
(၄) ကုသိုလ်ကံ အကုသိုလ်ကံဟူသည် မရှိ၊ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးဟူသည်လည်း မရှိဟု ယူဆသည့် အကြောင်းအကျိုး နှစ်မျိုးလုံးကိုပယ်ခြင်း အဟေတုကဒိဋ္ဌိ
(၅) လောက၌ အရာအားလုံးသည် နောင်ဘဝဟူသည် မရှိ ဒီဘဝပြီးလျှင် အကုန်ပြတ်သည်၊ ကောင်းတာမကောင်းတာ မှန်သမျှသည်လည်း ဒီဘဝပြီးလျှင် ဘာမှမရှိ အကုန်ပြတ်သည် စသည်ဖြင့် ယူဆသည့် ဥစ္ဆေဒဒိဋ္ဌိ
ဤသို့ စသည်ဖြင့် အယူမှား (မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံယုံကြည်လိုက်လျှင် ထိုသူသည် ဗုဒ္ဓဘာသာဝင်အဖြစ်မှ ပျက်စီးရုံမျှမက မူလကရှိနေသော မှန်ကန်သည့် အယူဝါဒ (သမ္မာဒိဋ္ဌိ)သည်လည်း ပျက်စီးတော့သည်သာ ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်အဖြစ် လက်ခံယုံကြည်ထားကြသည့် ဗုဒ္ဓဘာသာဝင်များသည် အထက်ဖော်ပြပါ ဗုဒ္ဓဘာသာတစ်ယောက် ယုံကြည်လက်ခံထားသင့်သည့် အချက်အလက်များနှင့် အယူဝါဒ ပျက်စီးစေနိုင်မည့် လက်ခံမှုမျိုးကို သေချာကျနစွာ လေ့လာထားပြီး မှန်ကန်သည့် အယူဝါဒကို လက်ခံနိုင်အောင်နှင့် လက်ခံပြီးသား အယူဝါဒ မပျက်စီးအောင်လည်း သဒ္ဓါတရား၊ သတိတရားများနဲ့ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှပေသည်။

Read more »

ကုသိုလ်ဘာကြောင့် လုပ်ရတယ်…

“ကုသိုလ်ဘာကြောင့် လုပ်သလဲ”ဆိုတဲ့ မေးခွန်းတစ်ခုကို ကိုရီးယား ယောဂီတစ်ယောက်က မေးဖူးပါတယ်။ “အကုသိုလ်တွေ ရှိနေတဲ့အတွက်ကြောင့်”လို့ ယေဘုယျသဘော အရင်ဆုံး အဖြေပေးပြီး ကုသိုလ်နဲ့ ပတ်သက်လို့ နားလည်အောင် အသေးစိပ် ထပ်ပြောပြပေးဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကံကံရဲ့ အကျိုးကို ယုံကြည်လက်ခံထားကြတဲ့ ဗုဒ္ဓဘာသာဝင်တွေအတွက် ကုသိုလ်အကုသိုလ်ရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးတဲ့ ဘဝဖန်းတီးချက်တွေ ဖြစ်နေလို့ပဲ ဖြစ်ပါတယ်။ ကုသိုလ်ဟာ လုပ်ဖို့ကို လိုအပ်တဲ့အတွက် မဖြစ်မနေ လုပ်ကိုလုပ်ရခြင်း ဖြစ်ပါတယ်။ မလုပ်ဘဲနေရင်ကော မဖြစ်ဘူးလားဆိုတော့။ ဖြစ်ပါတယ်။ ဒါပေမယ့် ကုသိုလ်မလုပ်ရင်တော့ အကုသိုလ်အလုပ်တွေက အစားထိုးနေရာ ယူသွားဖို့ များနေမှာဖြစ်ပြီး အကုသိုလ်တွေ များနေပြီဆိုရင်တော့ ဘဝမှာလည်း အဆိုးတွေပဲ များလာနေတော့မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ကုသိုလ်ဆိုတာက သီးသန့်လုပ်ယူမှကို ရတတ်တဲ့သဘောရှိပြီး အကုသိုလ်ကတော့ မလုပ်လည်းဘဲ အလိုလို ရောက်ရောက်လာတတ်တဲ့ သဘောရှိတဲ့အတွက် အဖြစ်လွယ်၊ အရောက်လွယ်တဲ့ အကုသိုလ်တွေ မဖြစ်အောင် ကုသိုလ်ကောင်းမှုကို ကြိုးစားလုပ်ယူကြရခြင်း ဖြစ်ပါတယ်။

နောက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ လိုအပ်တဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် ကုသိုလ်လုပ်တာ ဖြစ်တယ်လို့ ဆိုရင်လည်း မမှားပါဘူး။ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးဆုံး ပန်းတိုင်က ဒုက္ခအားလုံး ချုပ်ငြိမ်းရေးပန်းတိုင်ဖြစ်ပြီး ဒီပန်းတိုင်ကို မရမီစပ်ကြား တစ်ဘဝမှတစ်ဘဝ ကျင်လည်နေရတဲ့ သံသရာ ကာလမှာလည်း ဘဝအဆင့်အတန်းမြင့်ရေး၊ ဘဝချမ်းသာရေးတွေဟာလည်း အရေးကြီးတဲ့ ရည်မှန်းချက် ပန်းတိုင်တွေပဲ ဖြစ်ပါတယ်။ ဒီရည်မှန်းချက် ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် မဖြစ်မနေ ကုသိုလ်ကောင်းမှုတွေကို လုပ်ရတာလို့ဆိုရင် ဒါဟာ မှန်ကန်သင့်မြတ်တဲ့ အဖြေပဲ ဖြစ်ပါတယ်။

ကုသိုလ်ဆိုတော့ ဗုဒ္ဓဘာသာဝင်တွေ လုပ်သင့်တဲ့ကုသိုလ်၊ ရည်မှန်းရာ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်အောင် အထောက်အကူပေးမယ့် ကုသိုလ်တွေက အမျိုးအစားအနေနဲ့ သုံးမျိုးသုံးစား ရှိနေမှာ ဖြစ်ပါတယ်။ အဲဒီသုံးမျိုးက အားလုံးကြားဖူးပြီးသား ဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးထဲမှာ သီလကုသိုလ်ကတော့ အခြေခံအကျဆုံး ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို ပြည့်စုံအောင် လုပ်ထားနိုင်မယ်ဆိုရင်တော့ ခုနပြောခဲ့တဲ့ ပန်းတိုင်တွေထဲက ဘဝအဆင့် အတန်းမြင့်ရေးဆိုတဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါနကုသိုလ်ကတော့ ရရှိလာတဲ့ ဘဝမှာ ရုပ်ပိုင်းဆိုင်ရာ ချမ်းသာရေးအတွက် အထောက်အကူ ပေးမှာဖြစ်ပြီး ဘာဝနာကုသိုလ်ကတော့ အရေးကြီးဆုံးဖြစ်တဲ့ ဒုက္ခငြိမ်းရာကို လှမ်းကိုင်နိုင်မယ့် အထွတ်အထိပ် ကုသိုလ်ကြီးပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ အရေးကြီးဆုံး ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်တွေဖြစ်တဲ့ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားလုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒီဘဝမှာ လူ့ဘဝကို ရလာကြတဲ့သူတွေထဲမှာ ဗုဒ္ဓဘာသာဝင်တွေ အဖြစ်နဲ့ ကံကံရဲ့ အကျိုးကို ယုံကြည်ပြီး ကိုယ်လုပ်တဲ့ အလုပ်တွေအပေါ်မှာ အလေးထားတတ်တဲ့ သူတွေအနေနဲ့ ဘဝရဲ့ ဒုက္ခတွေကိုငြိမ်းပြီး သံသရာဇာတ်သိမ်းဖို့အတွက် ဒီဘဝမှာပဲ တရားဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကာ ကိလေသာကုန်ခမ်း နိဗ္ဗာန်နန်းကို သွားနိုင်မယ်ဆိုရင်တော့ ဘဝမှာ အရေးကြီးဆုံးဖြစ်တဲ့ ပန်းတိုင်ကို ရယူနိုင်ပြီလို့ ဆိုရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပဋိသန္ဓေနေရတဲ့ ဒုက္ခ၊ အိုရနာရတဲ့ ဒုက္ခ၊ သေရတဲ့ဒုက္ခ၊ သေပြီးတစ်ခါ ဘဝသံသရာ ကျင်လည်နေရတဲ့ ဒီလိုဒုက္ခအပေါင်းကို အကြွင်းမဲ့ ချုပ်စေဖို့ဆိုတာ ဘာဝနာကုသိုလ် တစ်ခုတည်းပဲ ရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘာဝနာဆိုတာတောင်မှ ရုပ်နာမ်တွေရဲ့ အဖြစ်အပျက်ကို ဉာဏ်နဲ့အမှန် သိမြင်နိုင်တဲ့ ဝိပဿနာ ဘာဝနာနဲ့မှပဲ ဒီအဆုံးစွန်ဖြစ်တဲ့ ပန်းတိုင်ကို လှမ်းကိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာဝန်လက်စသိမ်းပြီး ဒုက္ခငြိမ်းလိုသူတွေအနေနဲ့ ဘာဝနာကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုရခြင်း ဖြစ်ပါတယ်။

အဲဒီလို ဒီဘဝမှာ ဒုက္ခငြိမ်းရာအမှန်ဖြစ်တဲ့ နိဗ္ဗာန်ပန်းတိုင်ကို မတက်လှမ်းနိုင်သေးဘူး ဆိုရင်တော့ သေချာပေါက် သံသရာလည်နေကြရဦးမှာ ဖြစ်ပါတယ်။ သံသရာလည်တဲ့အခါ သတ္တဝါတွေ အနေနဲ့ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ၊ အကုသိုလ်ကံတွေရဲ့ အကျိုးရလာဘ်ကိုလိုက်ပြီး လူ့ဘုံ၊ နတ်ဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံနဲ့ ငရဲဘုံတွေမှာ ဖြစ်နိုင်တဲ့အတွက် ဒီဘုံတွေထဲက ကောင်းတဲ့သုဂတိဘုံလို့ ခေါ်ဆိုနိုင်တဲ့ လူ့ဘုံနဲ့ နတ်ဘုံတွေကို ရအောင်ကြိုးစား အားထုတ်ကြဖို့ လိုလာပြန်ပြီ ဖြစ်ပါတယ်။ သံသရာ ကျင်လည်ရာကာလမှာ ဘဝအဆင့်အတန်း မြင့်ဖို့လိုလာပြီ ဖြစ်ပါတယ်။ သံသရာ ခရီးသွားတွေအတွက် အဆင့်အတန်းမြင့်တဲ့ ဘဝဆိုတာ ခုနပြောခဲ့တဲ့ လူ့ဘုံနတ်ဘုံလို့ခေါ်တဲ့ သုဂတိဘဝတွေပဲ ဖြစ်ပါတယ်။ ဒီလို အဆင့်မြင့်တဲ့ ဘဝတွေကို ရဖို့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ ကုသိုလ်ကတော့ သီလကုသိုလ်ပဲ ဖြစ်ပါတယ်။ သီလကုသိုလ်ဟာ မကောင်းတဲ့ ဒုစရိုက်တွေကို မလုပ်ဖြစ်အောင်၊ ကောင်းတဲ့အလုပ်တွေမှာ လုပ်ဖြစ်အောင် ကိုယ့်ရဲ့ ကာယကံ၊ ဝစီကံတွေကို ထိန်းပေးတဲ့ ကုသိုလ်ဖြစ်တဲ့အတွက် ကိုယ်ကျင့်တရားကောင်းနေ၊ သီလလုံခြုံနေတဲ့ သူတွေဟာ သေပြီးနောက်ဘဝတွေမှာ ကောင်းတဲ့သုဂတိ ဘဝတွေမှာပဲ ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါကြောင့် နိဗ္ဗာန်ရောက်တဲ့အထိ ဒီဘဝမှာ မကြိုးစားနိုင်ကြသေးသူတွေ အနေနဲ့ ဘဝသံသရာမှာ အဆင့်အတန်းမြင့်တဲ့ ဘဝတွေမှာ ဖြစ်စေဖို့ သီလကုသိုလ်ကို အားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုတော့ကား သီလလုံခြုံတဲ့အတွက် အဆင့်မြင့်တဲ့ ဘဝတွေမှာ ဖြစ်နိုင်ပေမယ့် အဲဒီအဆင့်မြင့်တဲ့ ဘဝတွေမှာ စားရမယ့်သောက်ရမယ့် ဆင်းရဲချို့တဲ့ နေကြမယ်ဆိုရင်လည်း မဖြစ်သေးပြန်ပါဘူး။ အဆင့်မြင့်တဲ့ လူ့ဘဝ၊ နတ်ဘဝ စတာတွေမှာ ဖြစ်နေပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရင်းနဲ့ပဲ ဆင်းဆင်းရဲရဲ ဘဝကို ဖြတ်သန်းကာ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်အားထုတ်နိုင်မှု မရှိပြန်ဘူးဆိုရင်လည်း ဘဝအဆင့်အတန်း မြင့်ပေမယ့် ဘဝချမ်းသာမှု မဖြစ်ဘဲ ဖြစ်နေတတ်ပြန်ပါတယ်။ ဒီလိုအဆင့်အတန်းမြင့်တဲ့ ဘဝကိုရနေပေမယ့် ဆင်းရဲနေတဲ့ ဘဝမျိုး မဖြစ်စေဖို့အတွက် ဒါနကုသိုလ်ကို လုပ်ဖို့လိုအပ်လာခြင်း ဖြစ်ပါတယ်။ ဒါနကုသိုလ်ဟာ ဘဝချမ်းသာမှုကို ဖြစ်စေတဲ့ ကုသိုလ်မျိုး ဖြစ်တဲ့အတွက် ပေးကမ်းလှူဒါန်း စွန့်ကြဲမှု ပြုနေသူတွေဟာ ရုပ်ဝတ္ထုပိုင်းမှာ ချမ်းသာနေသူတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ သူတပါးလိုအပ်တာကို ပေးလိုက်တဲ့အတွက် ကိုယ်လိုအပ်တဲ့အခါမှာလည်း ရရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဒါနကုသိုလ်ရဲ့ မပြောင်းလဲတဲ့ နိယာမပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝမှာ လိုလေသေးမရှိ ချမ်းသာစေဖို့အတွက် ဒါနကုသိုလ်ကို ကြိုးစားအားထုတ်ကြဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဗုဒ္ဓဘာသာတွေအတွက် ကုသိုလ်လုပ်တယ်ဆိုတာ လိုအပ်တဲ့ ပန်းတိုင်တွေကို လှမ်းကိုင်နိုင်ဖို့အတွက် လုပ်ကြခြင်းဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ ဒုက္ခအားလုံး ငြိမ်းစေဖို့၊ ဒုက္ခမငြိမ်းနိုင်သေးလို့ သံသရာ လည်နေရတဲ့ အခါမျိုးမှာလည်း ကောင်းတဲ့ဘုံဘဝတွေမှာ ဖြစ်စေဖို့၊ ကောင်းတဲဘုံဘဝမှာလည်း စားရမယ့် သောက်ရမယ့် ဘဝမျိုးမဟုတ်ဘဲ သက်သောင့်သက်သာ ချမ်းသာတဲ့ ဘဝဖြစ်စေဖို့ဆိုတဲ့ လိုအပ်ချက်တွေကြောင့် ကုသိုလ်ကောင်းမှုကို လုပ်ဖို့လိုအပ်တယ်၊ လုပ်ကြတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပ်ချက်တွေ အတွက်လည်း လုပ်ရမယ့် ကုသိုလ်တွေက ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်ဆိုတဲ့ ကုသိုလ်သုံးမျိုးလုံးပဲ ဖြစ်ပြီး ဒီသုံးမျိုးလုံးကို စုံအောင်လုပ်နိုင်တဲ့ သူတွေဟာ နိဗ္ဗာန်မရသေးတောင်မှ အဆင့်မြင့်တဲ့ဘဝမှာ ချမ်းချမ်းသာသာ ဖြစ်နေကြမယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် ဒီကုသိုလ်သုံးမျိုးမှာ အဓိက အခြေခံအကျဆုံး ကုသိုလ်က သီလကုသိုလ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါနတွေ လှိုင်လှိုင်လုပ်နေပေမယ့် သီလမဖြူစင်ရင် ဒါနရဲ့ အကျိုးပေး အားနည်းနေတတ်ပြီး တရားဘာဝနာအလုပ် အားထုတ်တဲ့ အခါမှာလည်း သီလမဖြူစင်ရင် ဘာဝနာဉာဏ်ဖြစ်ဖို့ပါ မလွယ်ဘဲ ဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် တရားအားထုတ်တဲ့ သူတွေအနေနဲ့ အခြေခံဖြစ်တဲ့ သီလမဖြူစင်ရင် စိတ်လည်းဖြူစင်မှာ မဟုတ်ဘဲ စိတ်မဖြူစင်ရင် သမာဓိ ဖြစ်ဖို့လည်း မလွယ်ဖြစ်ကာ သမာဓိမတည်ရင် ပညာဖြစ်ဖို့လည်း ခက်ခဲနေတတ်ပါတယ်။ ဒါကြောင့် ဒါနလုပ်တာပဲ ဖြစ်ဖြစ်၊ ဘာဝနာအလုပ် အားထုတ်တာပဲ ဖြစ်ဖြစ် အခြေခံဖြစ်တဲ့ သီလကုသိုလ်ကို အကောင်းဆုံးဖြစ်အောင် အရင် ကြိုးစားအားထုတ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို လုပ်နိုင်မယ်ဆိုရင်တော့ အလုံးစုံပြည့်စုံတဲ့ ကုသိုလ်တွေ ဖြစ်နေမှာ အမှန်ပဲဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဒါနသီလဘာဝနာ ကုသိုလ်သုံးမျိုးမှာ တစ်မျိုးတည်း လုပ်ဖို့ထက် သုံးမျိုးလုံး လုပ်ဖို့လိုတယ်ဆိုတာ သတိပြုရမှာ ဖြစ်ပါတယ်။ ဒါနလုပ်တာ သဘောကျလို့ ဒါနကုသိုလ် တစ်ခုတည်းလုပ်နေပြီး သီလကုသိုလ်မပါ၊ သီလမလုံခြုံပြန်ရင်လည်း အဆင့်မြင့်မြင့် သုဂတိ ဘဝမှာ ဖြစ်ဖို့မလွယ်သလို သီလကုသိုလ်မပါ သီလမဖြူစင်ဘဲနဲ့ ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေပြန်ရင်လည်း တရားမတက်၊ ဉာဏ်မတက်ဘဲ အကျိုးထူးတရားရဖို့ ခက်ခဲနေတတ်တယ်ဆိုတာ နှလုံးသွင်း ဆင်ခြင်ထားရမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ သီလကိုလုံခြုံအောင် စောင့်ထိန်းပြီး ဒါနနဲ့ဘာဝနာ ကုသိုလ်တွေကို ကြိုးစားကျင့်ကြံ အားထုတ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်အားဖြင့် ကုသိုလ်ဘာကြောင့် လုပ်တာလဲ ဆိုတဲ့အချက်နဲ့ ပတ်သက်လို့ ကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာတွေအတွက် ဒုက္ခငြိမ်းစေဖို့၊ ဘဝအဆင့်အတန်း မြင့်စေဖို့နဲ့ ရရှိလာတဲ့ ဘဝမှာ ချမ်းသာစေဖို့ဆိုတဲ့ ဆန္ဒတွေကြောင့် လုပ်ရတာဖြစ်ကြောင်း၊ ဒီဆန္ဒတွေပြည့်ဖို့အတွက် သီလကုသိုလ်ကို အခြေခံတဲ့ ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်တွေကို စွမ်းနိုင်သမျှ ကြိုးစားအားထုတ် ပြုလုပ်ကြရမှာ ဖြစ်ကြောင်း၊ ဖြစ်နိုင်ရင် ဘာဝနာကုသိုလ်လို့ ခေါ်တဲ့ တရားအလုပ်ကို ကြိုးစားအားထုတ်ရင်း ဒီဘဝမှာပဲ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရင် အကောင်းဆုံးဖြစ်ပေမယ့် အဲဒီလို မလုပ်နိုင်သေးရင်လည်း သီလကုသိုလ်ကို ကျင့်ကြံစောင့်ထိန်းကာ အဆင့်မြင့်တဲ့ သုဂတိဘဝကို အရယူကာ အဲဒီသုဂတိဘဝမှာ ချမ်းသာဖို့အတွက် ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ကြောင်း စသဖြင့် အသိပေးတင်ပြရင်း လူတိုင်းလူတိုင်း ကုသိုလ်တရားတွေကို ရနိုင်သမျှ ပြုလုပ်ကြဖို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အကြောင်းကြောင့် အကျိုးဖြစ်ခြင်းသာ…

ခုတစ်လော ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေက သိပ်မြန်လွန်းတယ်လို့ ထင်ရသလိုပါပဲ။ အဝေးရောက် မြန်မာတွေ တစ်ပတ်ပဲခြားပြီး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားကြတဲ့ အဖြစ်အပျက်လေးတွေပါ။ ဒါကြောင့် အင်တာနက် သတင်းတွေကိုကြည့်ပြီး တစ်ချို့ဆရာတော်များက “အရှင်ဘုရားတို့ ဒယ်ဂူးလည်း ဘယ်လိုဖြစ်နေတာလဲ” ဆိုတဲ့အမေးတွေ၊ တစ်ချို့ဒကာ၊ ဒကာမတွေကလည်း “ဘုန်းဘုန်းတို့ ဒယ်ဂူးမှာ ဘာတွေဖြစ်နေတာလဲ”ဆိုတဲ့ လျှောက်ထားသံလေးတွေ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းဘုန်းတို့ရဲ့ စိတ္တသုခ လူမှုကူညီရေး အသင်းကလည်း မကြာခင်ကမှ ပေါ်ပေါက်လာပြီး ဒီအသင်းပေါ်လာပြီးမှ ဒီလိုအဖြစ်အပျက်တွေ ဖြစ်ခဲ့တဲ့အတွက် တစ်ချို့က အသင်းအကျိုးဆောင် ကလေးတွေကိုမြင်တိုင်း ပြောင်သလိုလို နောက်သလိုလို စကားလေးတွေနဲ့ “မင်းတို့ အသင်းပေါ်လာမှ ဒီလိုဖြစ်လာတာ”လို့ ဆိုလာတာတွေလည်း ရှိလာပြန်ပါတယ်။ တစ်ချို့ဆိုရင် လူမှုကူညီရေး အသင်းကို “နာရေးကူညီမှုအသင်း”၊ အကျိုးဆောင်အချို့ကို “ကိုကျော်သူ” စသဖြင့် ခနဲ့တဲ့တဲ့ ပြောလာတာ လေးတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

“ပြောချင်သူတွေကတော့ ပြောနေကြမှာပါပဲ။ ပြောချင်ရာ ပြောကြပါစေ။ ဒါဟာ ဂုဏ်ယူစရာပါပဲ။ လုပ်နေတဲ့ အလုပ်လေးတွေ အကျိုးသက်ရောက်မှု ရှိလာတဲ့ သဘောပဲပေါ့။ ဘာမှမလုပ်လို့ ဘာမှမဖြစ်ရင် ဘာမှလည်း ပြောစရာ မရှိဘူးမဟုတ်လား၊ ခုတော့ ပြောစရာ ရှိလာတယ်ဆိုတော့ ဒါဟာ အလုပ်ရဲ့ အကျိုးသက်ရောက်မှု ရှိနေလို့ပဲလေ။ ဂရုမစိုက်ပါနဲ့၊ ကိုယ့်စေတနာသာ အဓိကပဲ မဟုတ်လား၊ အလုပ်လုပ်ရင်တော့ အပြောခံရမှာ အသေအချာပဲလေ၊ ဒါတွေကို ခေါင်းထဲမှာ ထည့်မထားပါနဲ့” လို့ ကလေးတွေကို အားပေးရပါတယ်။

အဲဒါပါပဲ။ ကိုယ်ကိုယ်တိုင်တော့ ဘာမှမလုပ်ဖြစ်ဘဲ သူများလုပ်ရင် ဘာဖြစ်တယ်၊ ညာဖြစ်တယ် စသဖြင့် ပြောကြတာ ဗမာတွေရဲ့ ထုံးစံလို ဖြစ်နေပါပြီ။ ဗမာလို့ပြောတော့ လူမျိုးတွေအထိ ထိခိုက်စေပါတယ်။ တစ်ချို့တွေလို့ပဲ ပြောပါရစေတော့။ အကောင်းမြင်သဘောနဲ့ ဝေဘန်ထောက်ပြပေးတာ ကျေးဇူးတင် လက်ခံနိုင်ပေမယ့် အဆိုးမြင်တဲ့ သဘောနဲ့ သွားပုတ်လေလွင့် ပြောလာတဲ့ အပေါ်မှာတော့ ဘုန်းဘုန်းရဲ့ ကလေးတွေ မခံနိုင်သေးတဲ့ သဘောရှိပါတယ်။ အသက်အရွယ်လည်းငယ်၊ အတွေ့အကြုံလည်း မရင့်ကျက်သေးကြတော့ အပြောအဆို ဝေဘန်မှုလေးတွေအပေါ်မှာ လိုက်ခံစားပြီး သူတို့လေးတွေ စိတ်မကောင်းဖြစ်ကြခြင်း ဖြစ်မှာပါ။ ဒီအတွက်လည်း စိတ်ဓာတ်မကျဘဲ ရှေ့သို့သာ ဆက်ချီတက်ပါလို့ သူတို့လေးတွေကို ထပ်ပြီးတိုက်တွန်း အားပေးရပါတယ်။ ထားပါတော့။ ဒါက အလုပ်လုပ်သူတွေကို မလုပ်တဲ့သူတွေက ပြစ်တင်ပြောဆို ဝေဘန်တတ်တဲ့ သဘောလေးတွေကို ပြောပြတာပါ။

ဒီမှာအဓိက ပြောချင်တာက အဆိုးတွေဖြစ်လာရင် ဘယ်သူကြောင့် ဘယ်ဝါကြောင့် စသဖြင့် အပြစ်တင် ပုံချတတ်တဲ့ အကျင့်လေးတွေ၊ ဘာလုပ်လို့၊ ညာလုပ်လို့ ဒီလိုဖြစ်တာ စသဖြင့် စွဲတတ်တဲ့ ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်တတ်တဲ့ သဘောလေးတွေကို ပြောချင်တာပါ။ ဒယ်ဂူးမြို့မှာ မြန်မာတွေ တစ်ပတ်ပဲခြားပြီး သေသွားတာနဲ့ ပတ်သက်ပြီးတော့ တစ်ချို့က အစွဲလေးတွေ ရှိနေတတ်ပါတယ်။ ဒါဘာဖြစ်လို့၊ ဘာကြောင့် စသဖြင့်ပေါ့။ အမှန်တော့ ဘယ်သူ့ဘယ်ဝါကြောင့်ရယ်မှ မဟုတ်ပါဘူး။ သူ့အကြောင်းသူ ဖန်သွားကြခြင်းသာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးပေါ်ခဲ့ခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ ပုံသေတွက်လို့ မရတဲ့ မမြဲခြင်းသဘော၊ ဘယ်အချိန်မှာ၊ ဘယ်နေရာမှာ၊ ဘာရောဂါနဲ့ ဘယ်လိုသေရမယ် ဆိုတဲ့ တံဆိပ်ကပ်ထားလို့ မရတဲ့ သေခြင်းသဘောတွေရဲ့ လက်တွေ့ဆန်တဲ့ ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်သူကတော့ဖြင့် သေချင်လို့ သေကြရတာတော့ မဟုတ်ပါဘူး။ မသေချင်ဘဲ သေဖို့အကြောင်းဖန်လာလို့ အကျိုးအနေနဲ့ သေခြင်းတရား ဖြစ်ပေါ်သွားကြခြင်း ဖြစ်ပါတယ်။

အကြောင်းဆိုတော့ ဒီဘဝအကြောင်းရယ်၊ အတိတ်အတိတ်က အကြောင်းတွေရယ် ပေါင်းစုံသွားခြင်းလို့ပဲ ပြောရမှာဖြစ်ပါတယ်။ သတ္တဝါ တစ်ဦးဦး သေကြရတယ်ဆိုတာ ကံကုန်လို့သေခြင်း၊ သက်တမ်းကုန်လို့ သေခြင်း၊ အသက်ကံနှစ်မျိုးကုန်လို့ သေခြင်း၊ ဥပစ္ဆေဒကခေါ် ရုတ်တရက် လတ်တလော သေဖို့အကြောင်း ဖြစ်ပေါ်လာလို့ သေခြင်းဆိုတဲ့ သေခြင်းလေးမျိုးမှာ တစ်မျိုးမျိုးကြောင့် သေကြရတာ ဖြစ်ပါတယ်။ ဒါက အတိတ်အကြောင်းလို့ ပြောရမှာ ဖြစ်ပါတယ်။ တစ်ချို့ကျတော့ ဒီဘဝမှာ ကိုယ့်ကိုယ်စောင့်ရှောက်မှု မရှိဘဲ အသွားအလာ၊ အနေအထိုင် အစားအသောက်တွေမှာ မဆင်မခြင် အလွန်အကျွံ ဖြစ်သွားတဲ့အတွက် နောက်ဆုံး အသက်ဆုံးတဲ့အထိ ဖြစ်ခဲ့ကြရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကတော့ သူတို့သူတို့တွေရဲ့ ပစ္စုပ္ပန် အနီးဆုံး အကြောင်းတွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သေကြရတဲ့သူ အားလုံးဟာ အကြောင်းကြောင့် အကျိုး ဖြစ်သွားခဲ့ကြရခြင်းသာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်တော့ မွေးလာတာကိုက သေဖို့အကြောင်းဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဘဝသံသရာ တစ်လျှောက်လုံးမှာလည်း အကြိမ်ကြိမ်မွေးပြီး အကြိမ်ကြိမ် သေခဲ့ကြရတာတွေ မရေမတွက်နိုင်အောင်ပဲ ဖြစ်ပါတယ်။ နိဗ္ဗာန်မရသေးသမျှတော့ သတ္တဝါတွေဟာ မွေးကြ၊ အိုကြ၊ နာကြ၊ သေကြရမှာဦးမှာ ဖြစ်ပါတယ်။ မွေးခြင်းရှိလို့ သေခြင်းဖြစ်လာတဲ့ သဘောမှာ အရင်းစစ်တော့ ဘယ်သူ့ဘယ်သူကြောင့်မှ မဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ရဲ့ သံသရာက ထွက်မြောက်အောင် မလုပ်နိုင်ခြင်းကြောင့် ဒါမှမဟုတ် သံသရာလည်အောင် လုပ်နေကြတဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက လူအတော်များများဟာ ဘာလေးပဲဖြစ်ဖြစ် တစ်ခုခုဖြစ်လာရင် အကြောင်းအကျိုး စဉ်းစားဆင်ခြင်မှု မရှိဘဲ ဘာကြောင့်၊ ဘယ်သူ့ကြောင့်၊ ဘာဖြစ်လို့ ညာဖြစ်လို့ စတဲ့ မခိုင်လှုံတဲ့ အကြောင်းပြတွေနဲ့ အဆိုးဘက်က တွေးလေ့တွေးထ၊ မြင်လေ့မြင်ထရှိကာ အလွယ်တကူ အပြစ်ပုံချတတ်တာလေးတွေနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ကိုယ်ဖြစ်ရင်တော့ အကောင်း၊ သူများဖြစ်ရင်တော့ မကောင်း၊ ကိုယ်ဆိုရင်တော့ မမှား၊ သူများဆိုရင်တော့ အမှား၊ ကိုယ့်ဘက်ဆိုရင်တော့ အပြစ်မရှိ၊ သူ့ဘက်ဆိုရင်တော့ အပြစ်ရှိတယ်လို့ ထင်တတ်မြင်တတ်တဲ့ အကျင့်လေးတွေကို အမှန်မြင်ကြည့်စေ၊ သူ့နေရာမှာကိုယ်ဆိုတဲ့ အတွေးလေးတွေနဲ့ အစားထိုးခံစားကာ နားလည်ပေး ကြည့်စေချင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောလေးတွေကို အမှန်သိစေချင်တာ ဖြစ်ပါတယ်။ အကောင်းမပြောရင်တောင်မှ အစောင်းမပြောကြစေချင်တဲ့ ဆန္ဒသက်သက်ပဲ ဖြစ်ပါတယ်။

ဒီလိုအကြောင်းအကျိုးနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ရင် အသေးအဖွဲလေးကစပြီး ခုလိုသေခြင်းတရားမျိုးအထိ မြင်ကြည့်တတ်ကြဖို့ အထူးလိုအပ်လှပါတယ်။ ကိုယ့်ရဲ့လက်ရှိ ဖြစ်နေတဲ့ အနေအထားရဲ့ အနီးဆုံးအကြောင်း တရားနဲ့ အဝေးဖြစ်တဲ့ အတိတ်အကြောင်းတရားအထိ မြင်နိုင်မယ်ဆိုရင် လူတွေဟာ ကိုယ့်ဘဝအခြေအနေကို အမှန်သိလာနိုင်မှာဖြစ်ပြီး ကြောင်းကျိုးဆက်စပ်မှု ကမ္မနိယာမ သဘောတရားကိုလည်း ကောင်းကောင်းနားလည် သဘောပေါက်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ်ရရှိနေရတဲ့ လက်တွေ့ဘဝ အကျိုးတရား၊ သူများနဲ့ယှဉ်ရင် အားနည်းချက်၊ အားသာချက် ကွာခြားမှုများ၊ လူချင်းအတူတူ အကျိုးပေးချင်း ကွဲပြားမှုများ စတာတွေကို သတိပြု ဆင်ခြင်တတ်ကြမယ်ဆိုရင် ကိုယ်ကိုယ်တိုင်လည်း အစစအရာရာ သတိထားလာတတ်မှာ ဖြစ်သလို သူတပါးအပေါ်မှာလည်း ကိုယ်ချင်းစာ နားလည်လာတတ်ကြမှာ ဖြစ်ပါတယ်။

သေချာတွေးကြည့်ရင် တစ်ချို့ချို့ လူတွေဟာ ရရှိလာတဲ့ ဒီဘဝမှာ သူများနဲ့မတူဘဲ ဘဝအခြေအနေ နိမ့်ကျနေတာ၊ အဆိုးတွေနဲ့ ဖြတ်သန်းနေရတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် ရရှိလာတဲ့ ကိုယ့်ဘဝ နိမ့်ကျနေတာကို သတိမပြုမိဘဲ ဒီဘဝမှာလည်း ကိုယ့်ရဲ့လုပ်ရပ်တွေက အဆိုးဘက်ကို ဦးတည်သွားနေတာတွေလည်း ရှိနေတတ်ပြန်ပါတယ်။ သူတို့တွေ ဒီဘဝမှာတောင် ကိုယ်ရဲ့အကျိုးပေး သက်ရောက်မှုက ဒီလောက်နိမ့်ကျနေ၊ ဒီလောက်အဆိုးတွေ ဖြစ်နေရင် မကောင်းတဲ့ အမြင်အတွေး အလုပ်များနဲ့ ဖြတ်သန်းနေကြမယ် ဆိုရင်တော့ ဒီလုပ်ရပ်တွေဟာ အနာဂတ်မှာ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တဲ့ အကြောင်းတရားရဲ့ အကျိုးသက်ရောက်မှုအဖြစ် ဒီထက်ကိုပိုပြီး ဆိုးဝါးနိမ့်ကျစေမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်လုပ်ရပ်ကို ကိုယ့်ဘဝကို ဖန်တီးနေတဲ့ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ နိယာမပဲ ဖြစ်ပါတယ်။

ဆိုလိုတာက လောကမှာ လူအတော်များများဟာ သူများအပြစ်ပြောဖို့၊ သူများအပြစ်ထောက်ပြဖို့၊ သူများအပြစ်ဝေဘန်ဖို့ လွယ်တတ်ကြသလောက် ကိုယ့်ကိုယ်ကို အကျိုးသင့်အကြောင်းသင့် ဆင်ခြင်ဖို့၊ အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ သဘောကို သတိပြုမိဖို့ကျတော့ အလွယ်တကူ မလုပ်နိုင်တဲ့ သဘောရှိတတ်တဲ့အတွက် သူများမလုပ်နိုင်တဲ့ အလုပ်ကို ကိုယ်ကကြိုးစားလေ့ကျင့်ရင်း ကိုယ့်ကိုယ်ကို အပြစ်မဖြစ်အောင်၊ အကုသိုလ်မဖြစ်အောင်၊ ကြောင်းကျိုးဆက်စပ်မှုရဲ့ မကောင်းတဲ့ တန်ပြန်သက်ရောက်မှု ရောက်မလာအောင် ဘာပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် အကောင်းလေးတွေရှာပြီး ကြည့်တတ်အောင် ကြိုးစားလေ့ကျင့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်တယ်ဆိုတဲ့ သဘောကို သတိပြုဆင်ခြင်ရင်း အကျိုးကောင်းအောင် အကြောင်းကောင်းတွေ လုပ်ကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဖြစ်ခဲ့ကြတဲ့ အရာတွေဟာ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတာတွေထက် ကာယကံရှင်တွေ လုပ်ခဲ့ကြတဲ့ အနီးအဝေး အကြောင်းတရားတွေရဲ့ အကျိုး သက်ရောက်မှုကြောင့်သာ ဖြစ်တယ်ဆိုတဲ့ ကြောင်းကျိုးဆက်စပ်မှု နိယာမ သဘောတရားကို နားလည်သဘောပေါက်ကာ ကိုယ်ကိုယ်တိုင်သာ ကိုယ့်ရဲ့အကျိုးပေးကောင်းဖို့ လက်ရှိအလုပ်တွေမှာ အကြောင်းကောင်းအောင် အသိသတိနဲ့ ဆင်ခြင်ပြီး ကြိုးစားနေထိုင် လေ့ကျင့်ကြပါလို့ တိုက်တွန်းရင်း အစစအရာရာ မမေ့မလျော့ သတိရှိကြဖို့ စေတနာထား မေတ္တာအားဖြင့် အသိပေးစကား ပါးလိုက်ရပါတယ်။

Read more »

လစဉ်ဟောကြား မြတ်တရား (၃)

အနှစ်ထုတ်ယူ စွမ်းတဲ့သူ
တစ်လတစ်ကြိမ် အထူးကျင်းပ ပြုလုပ်ပေးဖြစ်နေတဲ့ လစဉ်တရားပွဲနဲ့ ရွှေမြန်မာ ဆုံညီပွဲကို လေးလပိုင်းမှာလည်း ပုံမှန်အတိုင်း ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဒီလမှာတော့ မြန်မာ့နှစ်သစ်ကူးလည်း ရှိနေတဲ့အတွက် နှစ်သစ်ကူးအလှူပွဲ ကျင်းပမယ့်ရက်နဲ့ အချိန်ကိုက်ယူပြီး ၁၇-၄-၂၀၁၁၊ တနင်္ဂနွေနေ့၊ ၁၃၇၃ခုနှစ်ရဲ့ မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာပဲ လစဉ်တရားပွဲ၊ နှစ်ဦးအလှူပွဲ၊ ဇီဝိတဒါနပွဲစတဲ့ ခေါင်းစဉ်များနဲ့ အထွေထွေ ကုသိုလ်ပွဲအဖြစ် ကျင်းပဖြစ်ခဲ့ပါတယ်။ ကုသိုလ်အမျိုးအစား စုံသလောက် ပရိတ်သတ်ကလည်း စည်ကားလှတဲ့အတွက် တရားပွဲအချိန်ကို တော်တော်လေးညှိပြီး ဟောကြားပေးခဲ့ရပါတယ်။ သူ့အစီအစဉ်နဲ့သူ အချိန်ကိုက်အောင် အပိုင်းလေးတွေခွဲပြီး စီစဉ်ရတာဖြစ်တဲ့အတွက် တရားဟောတာကို အရင်လို အေးအေးဆေးဆေး မဟောကြားနိုင်ခဲ့ပါဘူး။ ဒါပမယ့် ဟောကြားခွင့်ရတဲ့ နာရီဝက်ကျော်ကျော် အချိန်အတွင်းမှာတော့ လိုရင်းပါအောင် ဟောကြားပေးဖြစ်ခဲ့ပါတယ်။ နှစ်သစ်ကို စိတ်သစ်လူသစ်နဲ့ ဖြတ်သန်းနိုင်ဖို့၊ အတိတ်က အရိပ်တွေကို သင်ခန်းစာယူပြီး အနာဂတ်မှာ အမှားမဖြစ်ဖို့၊ တစ်နှစ်တစ်နှစ် ဖြတ်သန်းရတဲ့ အချိန်ဟာ အလွန်တိုတောင်းလှတဲ့အတွက် အချိန်တိုင်းမှာ အနှစ်သာရရှိရှိ ဖြတ်သန်းနိုင်ကြဖို့၊ အနှစ်နဲ့အကာ ခွဲခြားကာ အနှစ်သာရကို အရယူနိုင်ကြစေဖို့ စတဲ့စတဲ့ ရည်ရွယ်ချက်လေးတွေနဲ့ ဒီလရဲ့ တရားခေါင်းစဉ်ကိုလည်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”လို့ အမည်ပေးကာ လစဉ်ဟောကြား မြတ်တရား တစ်ပုဒ်အဖြစ် ဟောကြားချီးမြှင့် ပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူတိုင်းလူတိုင်း ဖြတ်သန်းခဲ့ရတဲ့ အတိတ်အချိန်တွေကိုကြည့်ရင် များသောအားဖြင့် ဟိုလိုဒီလိုလိုပဲ ဖြတ်သန်းခဲ့ကြရတာ များတတ်ပါတယ်။ တဒင်္ဂအခိုက်အတံ့ ကြီးပွားရေးနောက်ကိုလိုက်ပြီး ပညာရှာသူကရှာ၊ ဥစ္စာရှာသူကရှာ၊ မဆိုစလောက်သူတွေက တရားရှာသူကရှာနဲ့ပဲ အချိန်တွေဟာ ကုန်ပြီးရင်းကုန်ရင်း ဖြစ်နေကြတာ များလှပါတယ်။ တစ်ချို့လည်း ပညာရှာရင်း၊ စီးပွားရှာရင်းနဲ့ပဲ ဘာမှမရလိုက်ဘဲ ဘဝဆုံးသွားသူတွေ ရှိသလို တစ်ချို့လည်း စီးပွားရှာရင်း စီးပွားလည်းပျက်၊ အကျင့်တရားလည်းပျက်ကာ ဘဝပါ ပျက်သွားကြတဲ့အထိ ဖြစ်ကုန်ကြသူတွေလည်း ရှိတတ်ပါတယ်။ တစ်ချိုဆိုရင် စည်းစိမ်ဥစ္စာ နောက်ကိုလိုက်ရင်း စည်းစိမ်ဥစ္စာလည်း မရ၊ ခန္ဓာကိုယ်လည်း နွမ်းလျကာ အသက်ရှင်နေရတဲ့ ဘဝဟာလည်း အဓိပ္ပါယ်မဲ့ဖြစ်ပြီး နောက်ဆုံး ပစ္စုပ္ပန်မှာရော သံသရာမှာပါ ဘာမှအနှစ်သာရ မရလိုက်ဘဲ ရရှိလာတဲ့ လူ့ဘဝကို အရှုံးနဲ့ပဲ နိဂုံးချုပ်သွားကြရတဲ့ သူတွေအထိ ဖြစ်သွားကြတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် သိပ်မကြာလှတဲ့ လူ့ဘဝမှာ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူပြီး အစွမ်းရှိတဲ့သူများဖြစ်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဘဝမှာ အနှစ်သာရတွေ ထုတ်ယူပြီး အစွမ်းရှိတဲ့သူတွေ ဖြစ်စေဖို့ ထုတ်ယူသင့်တဲ့ အနှစ်သာရက အများကြီး မရှိပါဘူး။ သုံးမျိုးပဲ ရှိပါတယ်။ အဲဒီသုံးမျိုးက
၁။ စည်းစိမ်းဥစ္စာတွေရဲ့ အနှစ်သာရ
၂။ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့
၃။ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရ
ဆိုတဲ့ အနှစ်သုံးမျိုးပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးရဲ့ အနှစ်သာရကို ရနိုင်သမျှ ထုတ်ယူသွားနိုင်မယ် ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ တကယ့်ကိုပဲ စွမ်းနိုင်တဲ့သူ၊ အနှစ်ရှိတဲ့သူ၊ ပစ္စုပ္ပန် သံသရာ ကြီးပွားတိုးတက်မယ့်သူ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီသုံးမျိုးကို အရင်းတည်ကာ ထုတ်လို့ရသမျှ အနှစ်သာရတွေကို ထုတ်ယူသွားနိုင်တဲ့သူဟာ ဗုဒ္ဓအလိုရှိတော်မူတဲ့ အနှစ်ထုတ်ယူ စွမ်းတဲ့သူ ဖြစ်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

ဆိုတော့ကား စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ဘယ်လိုထုတ်သင့်သလဲ ဆိုတော့ ဗုဒ္ဓစာပေက “ပဉ္စန္နံ ဝေရာနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ဓနဿ ဒါနံ နာမ သာရော”လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီစကားရဲ့ ဆိုလိုရင်းက “စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ ခိုးသူ၊ အမွေခံ သားဆိုးသမီးဆို ဆိုတဲ့ ရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အဲဒီစည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရဟာ ပေးကမ်းလှူဒါန်းခြင်းဆိုတဲ့ ဒါနတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

မှန်ပါတယ်။ ဒီစာပေအဖွင့်အတိုင်းပါပဲ။ ကိုယ်ကိုယ်တိုင် ကြိုးစားရှာဖွေ စုစောင်းထားတဲ့ စည်းစိမ်ဥစ္စာဆိုတာ ရေ၊ မီး၊ မင်း၊ သူခိုးဓားပြ စတဲ့ ရန်သူများကြောင့် အချိန်မရွေး ပျက်စီးသွားနိုင်သလို သေပြီးနောက်လည်း တပါတည်း ယူဆောင်သွားလို့မရ ထားခဲ့ရမယ့် အရာများပဲ ဖြစ်ပါတယ်။ နောက် ပစ္စည်းဥစ္စာရဲ့ သဘောက ကိုယ်နဲ့ထိုက်မှလည်း ရတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ်ကဘယ်လောက်ပဲ ကြိုးစားရှာဖွေ စုစောင်းပေမယ့် မရထိုက်ဘူးဆိုရင် တစ်မျိုးမျိုးနဲ့ကို ပျောက်ပျက်ကုန်တော့တာ ဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ့်အတွက် အဆင်မပြေလို့ နောင်ဘဝအတွက် ထုတ်ပိုးယူသွားလို့ ရသလားဆိုတော့လည်း သေသွားရင် ကိုယ်နဲ့မဆိုင်တော့ဘဲ ကိုယ်ပိုင်ဆိုင်တာတွေကို သူများတွေက ရယူသွားကြတော့တာ ဖြစ်ပါတယ်။ ဒီလိုရန်သူတစ်မျိုးမျိုးကြောင့် ပျက်စီးတတ်တဲ့သဘော၊ ကိုယ်နဲ့ထိုက်မှ ရတတ်တဲ့သဘော၊ သေရင်ယူသွားလို့မရ ထားသွားရတဲ့ သဘောရှိတဲ့အတွက် စည်းစိမ်ဥစ္စာဆိုတာ တကယ်တော့ ဘာမှအနှစ်သာရ မရှိတဲ့အရာတွေလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဒီစည်းစိမ်ဥစ္စာတွေကို အနှစ်သာရရှိသွားဖို့၊ ထာဝရ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ သေရင်ကိုယ်နဲ့ တပါတည်း ယူဆောင်သွားဖို့ဆိုတာ ဒီစည်းစိမ်ဥစ္စာတွေကို အသုံးပြုပြီး ဒါနလုပ်ကာသာ ယူဆောင်သွားရမှာ ဖြစ်ကြောင်း၊ ဒါနလုပ်ခြင်းဟာ စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရကို ထုတ်ခြင်းဖြစ်ကြောင်း၊ ဒီလိုစည်းစိမ်ဥစ္စာတွေကို အရင်းပြုပြီး ဒါနလုပ်ကာ အနှစ်ထုတ်သွားနိုင်သူသည် စွမ်းနိုင်သူဖြစ်ကြောင်း စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက် ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓစာပေမှာ ဖွင့်ဆိုထားတဲ့ အဖွင့်လေးက “ဗဟုရောဂါနံ သာဓာရဏ ဘာဝေန နိဿာရဿ ဣမဿ ကာယဿ သီလံ နာမ သာရော” ဆိုတဲ့ ဖွင့်ဆိုချက်လေးပဲ ဖြစ်ပါတယ်။ ဒီအဖွင့်လေးရဲ့ ဆိုလိုရင်းက “ခန္ဓာကိုယ်ဆိုတာ အနာရောဂါ အမျိုးမျိုးနဲ့ အမြဲမပြတ် ဆက်ဆံနေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ ဒီခန္ဓာရဲ့ အနှစ်သာရဆိုတာ ကိုယ်ကျင့်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ခြင်း ဆိုတဲ့ သီလတရားပဲ” လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီအဖွင့်အတိုင်းပါပဲ။ ကိုယ်ပိုင်ဆိုင်တယ်လို့ ထင်နေရတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ သေချာတွေးကြည့်တော့ အပုတ်ကောင်ကြီး ရုပ်ဆောင်ထားခြင်းပဲ ဖြစ်ပါတယ်။ တရားသဘောအရ ခန္ဓာကိုယ်တစ်ခုလုံးကို ခြုံပြီးကြည့်လိုက်ရင် အနှစ်သာရရှိတယ်ဆိုတာ ဘာတစ်ခုမှ တွေ့ရမှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ထွက်သမျှအရာတွေဆိုရင်လည်း ဘယ်အပေါက်ကပဲ ထွက်ထွက် ကောင်းတယ်ဆိုတာ တစ်ခုမှ မရှိလှပါဘူး။ အရေပြားလေးဖုံးထားလို့သာ ဒီခန္ဓာကိုယ်ကြီးက လှတပတ ဖြစ်နေတယ်လို့ ထင်နေရပေမယ့် အပေါ်အရေပြားကို ခွာကြည့်ရင် အားလုံးဟာ စက်ဆုတ်ရွံရှာဖွယ်တွေပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီလိုအပုတ်အစုတွေနဲ့ တည်ဆောက်ထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့အတွက် အချိန်မရွေး တစ်ခုပြီးတစ်ခု ဖောက်ပြန်ပျက်စီးမှုတွေ ဖြစ်နေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ရောဂါရတယ်ဆိုတာ တကယ်တော့ အပုတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီရုပ်ကောင်ကြီး ဖောက်ပြန်ခြင်းသဘောကို ဆိုလိုတာ ဖြစ်ပါတယ်။ လူတွေပြောပြောနေတဲ့ ရောဂါရောဂါဆိုတာ တခြားမဟုတ်ပါဘူး။ ဒီရုပ်အစုကိုပဲ ဆိုတာဖြစ်ပါတယ်။ ရုပ်ရှိတဲ့အတွက် ဖောက်ပြန်ခြင်း သဘောတွေရှိနေပြီး ဒီလိုဖောက်ပြန်နေခြင်းဟာ ရောဂါရှိနေခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုရုပ်တရားကို အမှီပြုပြီး ရောဂါတွေ အမြဲမပြတ် ရှိနေတဲ့အတွက် ခန္ဓာကိုယ်ဆိုတာ အနှစ်သာရ ဘာတစ်ခုမှ ရှာမရတဲ့ အပုတ်ကောင်ကြီးသာ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။ ဒီလို ရောဂါအမျိုးမျိုးနဲ့ ဆက်ဆံနေတဲ့ အပုတ်ကောင်ဆိုတဲ့ ခန္ဓာကိုယ်ကြီးဟာ အနှစ်သာရ ရှာမရတဲ့အတွက် ဒီခန္ဓာကိုယ်ရဲ့ အနှစ်သာရကို ထုတ်ပါဆိုရင် ခန္ဓာအစုကို အရင်းပြုပြီး ကိုယ်ကျင့်သီလ ကောင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရမရှိတဲ့ ခန္ဓာကိုယ်ကို အရင်းပြုပြီး အနှစ်သာရ ထုတ်နေခြင်း ဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကြီး ဒီထက်ပိုပြီး မဖောက်ပြန်ခင်၊ ခန္ဓာကိုယ်ကြီးကို သယ်ဆောင်သွားလို့ ရနေသေးခင်၊ ခြေလက်အင်္ဂါတွေကို လိုသလို လှုပ်ရှားလို့ ရနေသေးခင် ကိုယ်ကျင့်သီလကို ကြိုးစားစောင့်ထိန်းကြဖို့၊ ကိုယ်ကျင့်တရား မလုံခြုံဘဲ အနှစ်တစ်ရာကျော် အသက်ရှင် နေရခြင်းထက်စာရင် ကိုယ်ကျင့်တရား လုံအောင်စောင့်ထိန်းပြီး တစ်နေ့တစ်ရက် တစ်မနက်လောက် အသက်ရှင်နေရခြင်းက ပိုပြီးမြင့်မြတ်လှတဲ့ အတွက် အကျင့်သီလကို အထူးစောင့်ထိန်းကြဖို့နဲ့ ဒီလို ခန္ဓာကိုယ်ကို အရင်းပြုပြီး သီလစောင့်ထိန်းခြင်းဟာ အနှစ်သာရကို ထုတ်နေခြင်းဖြစ်ပြီး အစွမ်းရှိတဲ့သူတွေဖြစ်အောင် ကြိုးစားနေခြင်း ဖြစ်တဲ့အတွက် သီလဆောက်တည်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ အနှစ်သာရကို စွမ်းနိုင်သမျှ ထုတ်ကြည့်ကြဖို့ စသဖြင့် ဆိုခြင်းဖြစ်ပါတယ်။

နောက်ဆုံးအနှစ်သာရ တစ်ခုဖြစ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရနဲ့ ပတ်သက်လို့ စာပေက “အနိစ္စာဒိ သဘာဝေဟိ အဘိဏှပ္ပဋိပီဠနတ္တာ နိဿာရဿ ဣမဿ ဇီဝိတဿ ဘာဝနံ နာမ သာရော” လို့ ဖွင့်ဆိုရှင်းပြပါတယ်။ ဒီအဖွင့်ရဲ့ ဆိုလိုရင်းက “အသက်ရှင်နေတဲ့ ဘဝဟာဆိုတာ မမြဲခြင်း အနိစ္စစတဲ့ သဘောတရားတွေနဲ့ အမြဲမပြတ် နှိက်စက်နေတဲ့အတွက် အနှစ်သာရ ရှာမရတဲ့ အသက်ရှင်နေရတဲ့ ဒီဘဝရဲ့ အနှစ်သာရဟာ တရားဓမ္မ ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ ဘာဝနာ အလုပ်ပဲ ဖြစ်တယ်”လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီမှာဖွင့်ဆိုပြတဲ့ အဖွင့်အတိုင်းပါပဲ။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး ပျက်စီးတတ်တဲ့ မမြဲခြင်း အနိစ္စသဘော၊ အသက်ရှင်နေတဲ့ အခိုက်မှာ အချိန်မရွေး ဆင်းရဲနိုင်တဲ့ ဒုက္ခသဘော၊ အသက်ရှင်နေပေမယ့် ကိုယ်လိုသလို ဖန်တီးလို့ မရဘဲ သူ့အလိုအတိုင်း၊ သူဖြစ်ချင်တဲ့အတိုင်း ဖြစ်နေတဲ့ အနတ္တသဘော တွေနဲ့ အမြဲနှီးနွယ် ဆက်စပ်နေတဲ့အတွက် သေချာတွေးကြည့်ရင် အချိန်မရွေး ပြောင်းလဲနေတယ်ဆိုတာ ခံစားမိမှာ ဖြစ်ပါတယ်။ အသက်ရှင်နေတယ်ဆိုတဲ့ ဘဝဟာ အချိန်မရွေး သေနိုင်တဲ့သဘော၊ အချိန်မရွေး ဆင်းရဲနိုင်တဲ့သဘော၊ အချိန်မရွေး သူ့သဘော သူဆောင်သွားနိုင်တယ်ဆိုတဲ့ သဘောတရားတွေက ရှိနေတဲ့အတွက် တကယ်တော့ အနှစ်သာရ ဘာမှမရှိဘူးဆိုတာ သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အနှစ်သာရ မရှိတဲ့အတွက်ကြောင့်လည်း အသက်ရှည်မှု မရှည်မှုဟာ အဓိကမကျဘဲ အသက်ရှင်နေတဲ့ အခိုက်မှာ လုပ်သင့်လုပ်ထိုက်တာကို အမိအရ လုပ်လိုက်နိုင်ခြင်းဟာ အဓိကကျတယ်လို့ ဆိုကြခြင်း ဖြစ်ပါတယ်။ အသက်ရှင်နေတဲ့ ဘဝမှာ အဓိကကျတာက ဒီအခိုက်အတံ့ကို အရင်းပြုပြီး တရားအလုပ် အားထုတ်နိုင်မှုဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ တရားအားထုတ်ခြင်းဟာ အချိန်မရွေး ပြောင်းလဲတတ်တဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေခြင်း ဖြစ်တဲ့အတွက် ရှင်နေတုန်းမှာ အနှစ်သာရကို ထုတ်နိုင်အောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုသလို ရုပ်နာမ်နှစ်ခုနဲ့ တည်ဆောက်ထားပြီး သွားလာလှုပ်ရှား အသက်ထင်ရှား ဖြစ်နေတဲ့ ဒီဘဝမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ လက္ခဏာရေး သုံးပါးကို ဘာဝနာဉာဏ်နဲ့ အမှန်မြင်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘဝရဲ့ အနှစ်သာရကို ထုတ်နိုင်ဖို့ သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာဆိုတဲ့ ဘာဝနာ တစ်ခုခုကို ကြိုးစားအားထုတ်ကြည့်ကြဖို့နဲ့ ဒီလို တရားအလုပ် အားထုတ်နေခြင်းဟာ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရကို ထုတ်နေတာဖြစ်တဲ့အတွက် သေချာပေါက် စွမ်းနိုင်တဲ့သူများ ဖြစ်နေမှာဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။

ဆိုလိုတာက ဒီနေရာမှာ ပြောလိုတဲ့ အစွမ်းရှိသူဆိုတာ ဒါန၊ သီလ၊ ဘာဝနာအလုပ်ကို ဘယ်လောက်လုပ်နိုင်သူ၊ ဘယ်လိုလုပ်နိုင်သူ၊ ဘယ်လိုကျင့်ကြံ အားထုတ်နိုင်သူကိုသာ ဆိုခြင်းဖြစ်တဲ့အတွက် ပစ္စုပ္ပန် သံသရာဆိုတဲ့ ဘဝနှစ်ဖြာမှာ အစွမ်းရှိတဲ့သူ၊ စွမ်းနိုင်တဲ့သူဖြစ်ဖို့ လူတိုင်းလူတိုင်း စည်းစိမ်ဥစ္စာတွေရဲ့ အနှစ်သာရ၊ ခန္ဓာကိုယ်ရဲ့ အနှစ်သာရနဲ့ အသက်ရှင်နေတဲ့ ဘဝရဲ့ အနှစ်သာရတွေကို ဒါန၊ သီလ၊ ဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်းဖြင့် လက်တွေ့လုပ်ဆောင်ကြည့်ကြဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ ရန်သူမျိုးငါးပါးနဲ့ အမြဲဆက်ဆံနေတတ်သလို၊ ခန္ဓာကိုယ်ဟာလည်း ရောဂါအမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတတ်ပြီး အသက်ရှင်နေပါတယ်ဆိုတဲ့ ဘဝဟာလည်း မမြဲခြင်းသဘော၊ ဆင်းရဲခြင်းသဘော၊ အစိုးရမခြင်း သဘောတွေနဲ့ အမြဲနှိပ်စက်နေတတ်တဲ့အတွက် အနှစ်မရှိတဲ့ ဒီစည်းစိမ်ဥစ္စာ၊ ဒီခန္ဓာနဲ့ ဒီအသက်ရှင်နေမှုတွေရဲ့ အနှစ်သာရကို ဒါနပြုလုပ်ခြင်း၊ သီလဆောက်တည်ခြင်း၊ တရားအားထုတ်ခြင်းဖြင့်သာ စွမ်းနိုင်သမျှ ထုတ်ယူကြရမှာဖြစ်ပြီး ဒီလိုအနှစ်သာရများနဲ့ပဲ ဘဝမှာအစွမ်းရှိတဲ့ သူတွေဖြစ်အောင် ကြိုးစားကျင့်ကြံ အားထုတ်ကြရမှာ ဖြစ်ကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလရဲ့တရားပွဲမှာ အမည်ပေးထားတဲ့ “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားခေါင်းစဉ်အတိုင်း ဘဝသံသရာ ခရီးဆက်ကြမယ့် သံသရာ ခရီးသွားများ အနေနဲ့ သံသရာခရီးမှာ သက်သောင့်သက်သာ သွားနိုင်ရန်အတွက် အမှန်တကယ် ယူဆောင်လို့ရနိုင်မယ့် ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်များကိုသာ စည်းစည်ဥစ္စာကို အရင်းပြုကာ အလှူဒါနပြုခြင်း၊ ခန္ဓာကိုယ်ကို အရင်းပြုကာ သီလဆောက်တည်ခြင်း၊ အသက်ရှင်နေတဲ့ ဘဝအခိုက်အတံ့ကို အရင်းပြုကာ တရားဘာဝနာအလုပ် အားထုတ်ခြင်းဖြင့် ရနိုင်သမျှ အရယူကာ စွမ်းနိုင်တဲ့သူများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြဖို့ တိုက်တွန်းရင်း “အနှစ်ထုတ်ယူ စွမ်းတဲ့သူ”ဆိုတဲ့ တရားတော်ကို ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တရားတစ်ပုဒ်အဖြစ် ထုတ်နှုတ်တင်ပြလိုက်ရပါတယ်။

- စည်းစိမ်ဥစ္စာ၊ နှစ်ဆိုတာ၊ ဒါနလုပ်ကာ ထုတ်ရသည်။
- ခန္ဓာကိုယ်မှ၊ နှစ်သာရ၊ သီလဆောက်ကာ ထုတ်ရသည်။
- သက်ရှင်နေရ၊ နှစ်သာရ၊ ဘဝနာကျင့်ကာ ထုတ်ရသည်။

Read more »

စိတ်အားဖြည့် စကားစုလေးများ (၁၁)…

မနာပဒါယီ အင်တာနက် စာမျက်နှာမှာ ရေးခဲ့တဲ့ တွေးမိသမျှ စာစုများထဲက စာဖတ်သူများကို အားဖြစ်စေမယ့် သတိပေးစကား နှလုံးသား အာဟာရလေးများကို ထုတ်နှုတ်ပြီး ပြန်လည်တင်ပြ ပေးလိုက်ပါတယ်။ တစ်ခါတစ်လေ စာတစ်ပုဒ်လုံးကို ဖတ်ရတာထက် စာတစ်ပိုဒ်လောက်၊ စာတစ်ကြောင်းလောက်၊ စကားလုံးတစ်လုံးလောက်က စိတ်အားအင်ကို ပိုပြီးဖြစ်စေတတ်ပါတယ်။ ဒါကြောင့် စိတ်အင်အား အသိတရားလေးများ တိုးပွားစေဖို့ အောက်ဖော်ပြပါ ကောက်ချက်လေးများကို ထပ်မံတင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဖတ်မှတ်ကျင့်ကြံပြီး တစ်ဆင့် ပြန်လည် မျှဝေနိုင်ကြပါစေ

နှစ်ဆယ်ရှစ်ဆယ် သီအိုရီ…
လူအတော်များများဟာ ခံစားချက်နဲ့ ပတ်သက်လာရင် ကောင်းတဲ့ခံစားချက်ဆိုရင် နည်းတယ်လို့ ထင်နေတတ်ပြီး ဆိုးတဲ့ခံစားချက်ဆိုရင် များတယ်လို့ ထင်နေတတ်ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ကြားဖူးတဲ့ နှစ်ဆယ်ရှစ်ဆယ် သီအိုရီလေး တစ်ခုကို သတိရမိပါတယ်။ သူသူကိုယ်ကိုယ် အတူတူ တစ်ပြေးညီခံစားရတဲ့ အခါမျိုးမှာ အကောင်းဆိုရင် အလိုပြည့်တယ်မရှိဘဲ ၈၀ရာခိုင်နှုန်းလောက်ကို ၂၀ရာခိုင်းနှုန်းလောက်ပဲ ထင်နေတတ်ပြီး အဆိုးဆိုရင်တော့ ၂၀ရာခိုင်နှုန်းလောက်ကို ၈၀ရာခိုင်နှုန်းလောက် ခံစားရတယ်လို့ ထင်နေတတ်ပါတယ်။ တစ်ခါတလေ ကောင်းတဲ့ အရာလေးတွေ ရလာတဲ့အခါ အတူတူ ရလာကြပေမယ့် ကိုယ့်ကျတော့ နည်းတယ်လို့ ထင်နေတတ်ပြီး မကောင်းတဲ့ အရာလေးတွေဆိုရင်တော့ ကိုယ့်ကျမှာ ဒီလိုဖြစ်ရတယ်လို့ ပိုပြီးထင်မြင် တတ်ကြပါတယ်။ ဒါဟာ ပုဂ္ဂိုလ်သတ္တဝါ အသီးသီးမှာ ရှိတတ်တဲ့ အတ္တလေးတွေ၊ ငါစွဲလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ့်ကျတော့မှ နည်းရကောင်းလား၊ ကိုယ့်ကျတော့မှ ဖြစ်ရကောင်းလားဆိုတဲ့ ကောင်းမကောင်းအမြင်တွေဟာ တကယ်တော့ ကိုယ်ကိုယ်တိုင် ကိုင်ဆွဲထားတဲ့ ငါစွဲများကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရှင်များက နှစ်ဆယ်ရှစ်ဆယ် သီအိုရီလို မဖြစ်ဖို့ ငါစွဲလေးတွေ ဖြုတ်ကြစို့လို ဆိုခြင်းဖြစ်ပါတယ်။

မျှော်လင့်ချက်…
လောကမှာ မျှော်လင့်ချက် ကိုယ်စီရှိကြရာမှ ပုဂ္ဂိုလ်အမျိုးမျိုးဆီက၊ အရာအမျိုးမျိုးနဲ့ မျှော်လင့်ချက် အမျိုးမျိုးကို တောင့်တနေကြတဲ့ သတ္တဝါတွေဟာ အတ္တဆန်တဲ့ ငါစွဲမျှော်လင့်ချက်များနဲ့ မျှော်လင့်တောင့်တ နေသမျှ မျှော်လင့်မှုဟာ အဆုံးသတ်ကြမှာ မဟုတ်သလို အဲဒီမျှော်လက်ချက်များရဲ့ နောက်ကွယ်မှာလည်း စိတ်အစဉ်မှာ အကုသိုလ်တရားများနဲ့ လေးလံထိုင်းမှိုင်း ညစ်နွမ်းတတ်တဲ့ သဘောရှိတဲ့အတွက် တစ်ခုခုကို ပေးလိုသူပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ရယူလိုသူပဲ ဖြစ်ဖြစ် ပေးလိုရလိုတဲ့ မျှော်လင့်ချက်ကို ဉာဏ်နဲ့ယှဉ်တဲ့ ပေးကမ်းမှုနဲ့ မျှော်လင့်တောင့်တချက်နည်းတဲ့ ရယူမှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ပေးတဲ့သူကလည်း တစ်ခုခုကို မျှော်လင့်ပြီးပေးတဲ့အခါ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ကိုယ့်ပစ္စည်းနဲ့ကိုယ် အကုသိုလ် ဖြစ်တတ်သလို၊ ယူတဲ့သူကလည်း ရသင့်တာထက် ပိုမျှော်လင့်လို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် စိတ်အစဉ် ပင်ပန်းရတတ်ပါတယ်။ ဖြစ်နိုင်ရင် ပေးသူယူသူများဟာ မျှော်လင့်ချက်ကင်းတဲ့ စိတ်စေတနာ အပြည့်နဲ့သာ လွတ်မြောက်မှုကို ဦးတည်တဲ့ ပေးကမ်းမှုမျိုးနဲ့ မေတ္တာဓာတ်အပြည့်ပါတဲ့ ရယူမှုမျိုးဖြစ်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။

လုံခြုံရေး
ဘဝမှာ သတ္တဝါတွေဟာ လုံခြုံရေးအတွက် အမျိုးမျိုး ကြိုးစားကြတဲ့ နေရာမှာ စည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေး၊ ဘဝခန္ဓာရဲ့ လုံခြုံရေးနဲ့ စိတ်အစဉ်ရဲ့ လုံခြုံရေးကတော့ အထူးလိုလား တောင့်တတတ်တဲ့ ကြိုးစားမှုတွေ ဖြစ်ပါတယ်။ ဒီအရာတွေရဲ့ လုံခြုံရေးအတွက် တခြားအရာတွေနဲ့ ကြိုးစားကြတာထက် ဒါနသီလဘဝနာ အလုပ်များနဲ့ ကြိုးစားတာက အကောင်းဆုံး ဘဝလုံခြုံရေးပဲ ဖြစ်ပါတယ်။ စည်းစိမ်ဥစ္စာဆိုတာ လက်ရှိအချိန်မှာလည်း ရန်သူမျိုးငါးပါးတွေနဲ့ မပြတ်ဆက်ဆံနေတဲ့အပြင် သေရင်လည်း ထားခဲ့ရမယ့် အရာတွေ ဖြစ်တဲ့အတွက် ဒီစည်းစိမ်ဥစ္စာတွေရဲ့ လုံခြုံရေးကို ဒါနပြုလုပ်ပေးခြင်းနဲ့ပဲ ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်သလို ရရှိထားတဲ့ ဘဝခန္ဓာဆိုတာလည်း အနာရောဂါ အမျိုးမျိုးနဲ့ အမြဲဆက်ဆံနေတဲ့အတွက် ဘဝခန္ဓာကိုယ်ရဲ့ လုံခြုံမှုဟာ ဒီဘဝလည်း လုံခြုံ၊ နောင်သံသရာမှာလည်း လုံခြုံမှုကို ဖြစ်စေတတ်တဲ့ သီလဆောက်တည်မှုနဲ့ပဲ လုံခြုံအောင် ကြိုးစားရမှာဖြစ်ပြီး စိတ်ဆိုတာကလည်း ကိလေသာအာရုံတွေနဲ့ အမြဲနှိပ်စက်ခံရတတ်တဲ့အပြင် မကောင်းတဲ့အာရုံတွေမှာပဲ ပျော်မွေ့တတ်တဲ့ သဘောရှိတဲ့အတွက် ဒီစိတ်အစဉ် လုံခြုံရေးအတွက်လည်း ကိလေသာကြားခိုမှုကို တားမြစ်ပေးနိုင်တဲ့ ဘာဝနာ အလုပ်နဲ့ပဲ လုံခြုံအောင် စောင့်ရှောက်ကြရမှာ ဖြစ်ပါတယ်။

အရင်းစစ်တော့ ကိုယ့်အပြစ်သာ…
နေ့စဉ်ကျင်လည်နေရတဲ့ ကိုယ့်ဘဝ အခြေအနေကိုလိုက်ပြီး ကိုယ့်ကိုယ်ကို သက်သောင့်သက်သာဖြစ်အောင် ကိုယ်ကိုယ်တိုင်ပဲ အမြင်အတွေး မှန်အောင်ကြိုးစားကြဖို့ လိုပါတယ်။ အမြင်အတွေးဆိုတဲ့ သဘောကလည်း မှားမြင်၊ မှားတွေးမိပြီဆိုရင် မှားပြော မှားလုပ်တတ်တဲ့အထိ ဖြစ်စေတော့တာ ဖြစ်ပါတယ်။ ဒီလို အမှားတွေ ဖြစ်စေတာကလည်း သေချာတွေးကြည့်တော့ အမှားတွေကို လက်ခံမိလိုက်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ လုပ်ရပ်ကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါကြောင့်၊ ဘာကြောင့်ညာကြောင့် စတဲ့ အကြောင်းပြတွေကြောင့် ကိုယ့်မှာအမြင်အတွေးတွေ မှားလာပြီး ဒီအတွေးအမြင် အမှားများကြောင့် အပြောအလုပ်အမှားတွေ ဖြစ်ရတယ်လို့ဆိုပေမယ့် အရင်းစစ်တော့ ဒါတွေကိုလက်ခံမိတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ရဲ့ ခံယူချက်ဟာလည်း ဘာကြောင့် ဖြစ်ရတာလဲဆိုတော့ ကိုယ့်စိတ်ရဲ့ ဖြစ်စဉ်ကို မသိလို့ဘဲ ဖြစ်ရတာ ဖြစ်ပါတယ်။ စိတ်ကို မသိတဲ့အခါကျတော့ အဲဒီမသိမှုနောက်ကို လိုက်ရင်း အမှားတွေရောက်လာတဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်ကို ကိုယ်သိနိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

ဝေဒနာနှင့်အပြိုင်…
ဝေဒနာဆိုတဲ့ စကားလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ဟာ ခံစားခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ခံစားခြင်းမှန်သမျှ ကောင်းတာပဲ ဖြစ်ဖြစ်၊ ဆိုးတာပဲ ဖြစ်ဖြစ်၊ ကောင်းတာလည်းမဟုတ် ဆိုးတာလည်း မဟုတ်တဲ့ ခံစားခြင်းပဲ ဖြစ်ဖြစ် အားလုံးဟာ ဝေဒနာပဲ ဖြစ်ပါတယ်။ ဒီဝေဒနာဟာ ရုပ်နာမ်နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါတိုင်းမှာ ရှိနေကြမှာ ဖြစ်ပါတယ်။ ဒီလို ရုပ်နာမ်ရှိလို့ ဝေဒနာ ရှိနေတဲ့အပေါ်မှာ ဝေဒနာကို ဝေဒနာလို့ မသိရင် ကောင်းတဲ့အခါ လောဘဖြစ်ပြီး ဆိုးတဲ့အခါ ဒေါသဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို လောဘဒေါသစတာတွေ မဖြစ်ဖို့ ကိုယ့်သန္တာန်မှာ ဘယ်လိုခံစားခြင်းမျိုးပဲ ဖြစ်ဖြစ် ကောင်းရင်လည်း ကောင်းတဲ့သဘော၊ မကောင်းရင်လည်း မကောင်းတဲ့သဘော၊ ကောင်းတာလည်းမဟုတ် မကောင်းတာလည်း မဟုတ်ရင်လည်း ကောင်းမကောင်းတဲ့ သဘောတွေကို အရှိအတိုင်း သိနိုင်အောင် ကြိုးစားပြီး သည်းခံခြင်းတရား၊ သတိတရား၊ ဝိရီယတရား စတာတွေနဲ့ ဝေဒနာကို အန်တုလို့ အပြိုင်ပြုနိုင်အောင် လေ့ကျင့်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်ပဲခံစားခံစား၊ ဘယ်သူ့ကြောင့်ပဲ ခံစားခံစား၊ ဘယ်လိုမျိုးပဲ ခံစားခံစား ခံစားခြင်းမှန်သမျှဟာ ဝေဒနာတွေပဲလို့ အမှန်သိကာ ဘာပဲဖြစ်ဖြစ် အလွယ်တကူ ခံစားမှုနောက်ကို မလိုက်ဖြစ်အောင် ကိုယ့်ကိုယ်ကို ပြုပြင်ထိန်းသိမ်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို ဝေဒနာကို ဝေဒနာလို့ သိလာနိုင်ပြီဆိုရင်တော့ ဝေဒနာကို အမှီပြုပြီး ကိလေသာ ဖြစ်စရာ မရှိတော့ပါဘူး။

အတွေးမှားရင် အဝေးသွားမယ်
အတွေးတွေနဲ့ ပတ်သက်ပြီး ဒုက္ခရောက်တတ်ကြတဲ့ သူတွေအနေနဲ့ အတွေးဆိုတာ စိတ်ကြောင့်ဖြစ်တတ်တဲ့၊ စိတ်ရဲ့လက်ခံမှုကြောင့် ဖြစ်တတ်တဲ့၊ စိတ်ရဲ့ မသိမှုကြောင့် ဖြစ်တတ်တဲ့ အထင်အရှား ပြလို့ရတဲ့အရာ မဟုတ်ပေမယ့် ဒီအတွေးကို အကြောင်းပြုပြီး မကောင်းတဲ့ အပြော၊ မကောင်းတဲ့ အလုပ်တွေအထိ လုပ်လာမိတတ်တဲ့အတွက် ဘယ်လိုအတွေးမျိုးဖြစ်ဖြစ် အတွေးမှန်သမျှကို သိအောင်ကြိုးစားပြီး မတွေးမိအောင် သတိပြုရမှာ ဖြစ်ပါတယ်။ အဲဒီလို မလုပ်နိုင်သေးရင်လည်း တွေးသမျှ အတွေးတွေကို ကုသိုလ်ဖြစ်အောင် တွေးတတ်တဲ့ နှလုံးသွင်းမှန်ကန်တဲ့ အတွေးများအဖြစ် ပြောင်းလဲစေပြီး ကုသိုလ်ဖြစ်စေတဲ့အပြော၊ ကုသိုလ်ဖြစ်စေတဲ့ အလုပ်များနဲ့ ကုသိုလ်တရားများအောင်၊ ကုသိုလ်တရားတွေနဲ့ နီးသထက်နီးအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အတွေးမှားတဲ့ အတွေးများကြောင့် ကုသိုလ်တရားများနဲ့ ဝေးဝေးသွားရမယ့် အဖြစ်မျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းရခြင်း ဖြစ်ပါတယ်။

စိတ်ရှိတိုင်းသာ လုပ်ကြမယ်ဆိုရင်ဖြင့်…
စိတ်ဆိုတာ ကောင်းတဲ့အာရုံတွေထက် မကောင်းတဲ့ အာရုံတွေမှာ ပျော်မွေ့တတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့်လည်း ပုထုဇဉ်အတော်များများရဲ့ စိတ်မှာရှိနေတတ်တဲ့ အရာတွေကလည်း ကောင်းတာတွေထက် မကောင်းတာတွေကပဲ ပိုများနေတတ်တာ ဖြစ်ပါတယ်။ ကောင်းတဲ့စိတ်ဖြစ်ဖို့၊ ကောင်းတဲ့အတွေး အကြံဖြစ်ဖို့ စိတ်အစဉ်ကို သတိနဲ့ ကြိုးစားပေးရတတ်ပေမယ့် မကောင်းတဲ့စိတ် အကြံအတွေးတွေကတော့ အထူးကြိုးစားစရာမလိုဘဲ အလိုလို အဆင်သင့် ရှိနေတော့တာ ဖြစ်ပါတယ်။ ဒီလိုမကောင်းတဲ့ စိတ်အကြံအတွေးတွေ အမြဲရှိနေတတ်တဲ့ အတွက်ကြောင့်လည်း ပုထုဇဉ်တွေဟာ စိတ်လိုက်မာန်ပါ လုပ်ကြတဲ့အခါ၊ စိတ်ရှိတဲ့အတိုင်း လုပ်ကြတဲ့အခါ မကောင်းတဲ့ အလုပ်တွေဘဲ အဖြစ်များနေတော့တာ ဖြစ်ပါတယ်။ စိတ်လိုက်မာန်ပါ လုပ်လိုက်လို့၊ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ အကောင်းတွေဖြစ်သွားတယ်၊ ကုသိုလ်တွေ ရသွားတယ်၊ ကိုယ့်အတွက်ရော အများအတွက်ပါ ကောင်းကျိုးတွေ ဖြစ်သွားတယ်ဆိုတာ မရှိတတ်ပါဘူး။ စိတ်ရှိတဲ့အတိုင်း လုပ်လိုက်လို့ ဘယ်သူတော့ ဘာဖြစ်သွားတယ်၊ ဘယ်သူတော့ ဘယ်ရောက်သွားတယ် စတဲ့ ဆိုးကျိုးတွေပဲ ဖြစ်သွားကြတာ များပါတယ်။ အရင်းစစ်တော့ စိတ်ရှိတဲ့အတိုင်းသာ လုပ်ကြမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးပဲ အဖြစ်များတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ထမ်းမထားနဲ့…
မြန်မာစကားမှာ “စိတ်ထောင်းတော့ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု”ဆိုတဲ့ ဆိုးရိုးစကားတစ်ခု ရှိပါတယ်။ အလုပ်ပင်ပန်းလို့ ကိုယ်နွမ်းရတဲ့ သဘောတွေ ရှိတတ်ပေမယ့် ဘာမှမလုပ်ဘဲ စိတ်ပင်ပန်းနေကြတဲ့ သူတွေလည်း ရှိတတ်ပြီး ဒီလို စိတ်ပင်ပန်းမှုတွေ များလာတဲ့သူတွေမှာ ရုပ်အဆင်းအင်္ဂါတွေပါ နွမ်းလျလာတတ်တဲ့အတွက် စိတ်ပန်းရင် ကိုယ်နွမ်းတတ်ကြောင်း ဆိုခြင်းဖြစ်ပါတယ်။ တကယ်တော့ ဒီလိုစိတ်ပင်ပန်းမှုတွေ ဖြစ်စေပြီး ကိုယ်ပါနွမ်းစေတဲ့ အဓိက အကြောင်းကတော့ စိတ်အစဉ်ကို နွမ်းစေတတ်တဲ့ အတွေးတွေကို ထမ်းထားလို့ပဲ ဖြစ်ပါတယ်။ အတွေးတွေနောက်လိုက်ရင်း အဲဒီအတွေးတွေကို ခံစားနေမိတဲ့အတွက် စိတ်အစဉ်တွေ လေးလံနေခြင်းဖြစ်ပြီး ဒီလိုစိတ်တွေ လေးနေတဲ့ အတွက်ကြောင့်လည်း ဘာမှမလုပ်ချင်၊ မကိုင်ချင်၊ မပြောချင်ဖြစ်ကာ ရုပ်ခန္ဓာကြီးပါ လေးလံနေခြင်း ဖြစ်ပါတယ်။ အတွေးဆိုပေမယ့် မကောင်းတဲ့ အတွေးတွေကသာ စိတ်ကိုပူလောင်စေ၊ ထိုင်းမှိုင်းစေ၊ လေးလံစေတတ်တဲ့အတွက် မကောင်းတဲ့ အတွေးတွေကို တွေးတောနေခြင်းဖြင့် အတွေးတွေကို ထမ်းမထားမိဖို့ ဆိုခြင်းဖြစ်ပါတယ်။

တန်ဆေးလွန်ဘေး…
အရာဝတ္ထုတစ်ခုခုကို ကိုယ်ကိုယ်တိုင်က သဘောကျနှစ်သက်လို့ အမြဲမပြတ် ရရှိနေအောင် ကြိုးစားတာပဲဖြစ်ဖြစ် မနှစ်သက်ပေမယ့် လိုအပ်ချက်တစ်ခုခုကြောင့် ရရှိအောင် ကြိုးစားတာပဲဖြစ်ဖြစ် အကန့်တစ်ခု၊ အတိုင်းအတာတစ်ခု အထိပဲ ဖြစ်စေတာ ကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ဒီအပေါ်မှာ အလွန်အကျွံ ဖြစ်လာရင်တော့ ဒါဟာ ဆိုးကျိုးတစ်ခုခုကို ဖြစ်စေတတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ မကြိုက်ပေမယ့် လိုအပ်ချက် တစ်ခုခုကြောင့် လုပ်နေတာပဲ ဖြစ်ဖြစ် တော်သင့်ရုံလောက်ပဲ ဖြစ်သင့်ပြီး ကိုယ်နဲ့ကိုက်ညီသလောက်ပဲ လုပ်သင့်ကာ အတိုင်းအတာကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်အောင် မလုပ်သင့်၊ မလိုက်စားသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

အစွဲများရင် အလွဲသွားမယ်
အစွဲတရားမှန်သမျှ ကြိုက်လို့ပဲ စွဲစွဲ၊ လိုက်လို့ပဲ စွဲစွဲ၊ ကောင်းတယ်ထင်လို့ပဲ စွဲစွဲ၊ ပြောင်းမယ်ထင်လို့ပဲ စွဲစွဲ၊ ဘယ်လိုပဲစွဲစွဲ အလွန်အကျွံ ဖြစ်လာပါက စွဲရာကနေလွဲလာပြီး ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အကန့်တစ်ခုနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

Read more »

သီလရှင်မဝတ်ဖို့ တားမြစ်တာ၊ ကုသိုလ်အလုပ်ကို တားမြစ်တာ အပြစ်ရှိ၊ မရှိ

Q. ၁) ဘုန်းဘုန်း.. သီလရှင် အပြီးဝတ်ချင်တဲ့ သူကို ကန့်ကွက်ရင် အပြစ်ရှိပါလား။ တပည့်တော် သီလရှင်တွေကို ကြည်ညိုပါတယ်။ ဒါပေမယ့် သီလရှင်ဆရာလေးတွေက ရဟန်းတွေလို လှူမယ့်သူ များများမရှိတော့ မိသားစု အထောက့်အပံ့မရှိရင် ဒုက္ခရောက်တယ်ဆိုလို့ပါ။ မိဘတွေကဆုံးပါး မောင်နှမတွေက သူ့အိမ်ထောင်နဲ့သူမို့ မထောက်ပံ့ တာဝန်မယူနိုင်ရင် ရေရှည်မှာ ဒုက္ခရောက်မှာစိုးလို့ တားမိရင် အပြစ်ရှိပါလား။

၂) မေးချင်ပါသေးတယ်ဘုရား။ တပည့်တော်တို့ သူငယ်ချုင်းတစ်စုထဲမှာ ရသမျှ လခကို နေစရိတ်စားစရိတ်နဲ့ မုန့်ဖိုးပဲယူပြီး ဘုရားကို အကုန်လှူနေသူရှိပါတယ်။ ဘုရားကိုလှူတယ်လို့ သူသတ်မှတ်ထားတဲ့ သူ့ဝင်ငွေ အများစုကို သူ့ဇာတိမှ သံဃာတွေကို ဆွမ်းလောင်း၊ ပညာရေးထောက်ပံ့ လုပ်ပါတယ်။ သူ့ဖို့ကိုတော့ ဆေးလိပ်မသောက် အရက်မသောက် အဝတ်အစားတောင် ခြိုးခြံပါတယ်။ တရားလဲထိုင်တော့ ဒီလိုစိတ် ဝင်သွားတာ ထင်ပါတယ်။ နောင်ရေးစုဆောင်းဖို့ပြောလဲ သူမရှာဖွေနိုင် နာမကျန်းဖြစ်လာမယ်ဆို စုသင့်စုမယ်။ ခုငယ်တုန်း သန်မာတုန်း ဘုရားကို လုပ်ကျွေးနိုင်တုန်း လုပ်ကျွေးမယ် ပြောပါတယ်။ သူ အရမ်းကံကောင်းနေတာတွေတော့ တွေ့တွေ့နေရပါတယ်။ သူ့နေပုံကို တားရင်ရော သူဒီလောက် ကံကောင်းပါ့တော့မလား။ တားတဲ့သူရော အပြစ်ဖြစ်မလား ဘုန်းဘုန်း။
(ကျော်လတ်)

A. ၁) သီလရှင်ဝတ်တာကို တားမြစ်တာနဲ့ ပတ်သက်လို့ အပြစ်ရှိမရှိဆိုတာ တားမြစ်တဲ့သူရဲ့ စေတနာအပေါ်မှာ မူတည်ပါတယ်။ စေတနာဆိုးနဲ့ မဟုတ်ဘဲ စေတနာကောင်းနဲ့ တားမြစ်တာဖြစ်လို့ အပြစ်မရှိနိုင်ပါဘူး။ ဒါပေမယ့် သီလရှင်ဘဝမှာ အနေအထိုင်၊ အစားအသောက် ဆင်းရဲမှာစိုးတဲ့ အကြောင်းပြချက်ကတော့ ကိုယ်က လောကီအရေးကို ဦးစားပေးသလို ဖြစ်နေပါတယ်။ ကာယကံရှင်ရဲ့ စိတ်စေတနာက သီလရှင်ဘဝမှာ အနေချောင်၊ အစားချောင်ချင်လို့ မဟုတ်ဘဲ ကုသိုလ်ရချင်လို့ လူ့ဘဝကဒုက္ခတွေ ငြိမ်းချမ်းလို့ စတဲ့စိတ်ဆန္ဒတွေ ပြင်းပြနေရင် ဝတ်ခွင့်ပေးတာ ကောင်းပါတယ်။ သီလရှင်ဘဝဟာ ရဟန်းတွေလောက် ပစ္စည်းလာဘ်လာဘ မပြည့်စုံပေမယ့် ဘုရားအလုပ်ကို ကျိုးစားလုပ်နေရင် ဘုရားက ကျွေးထားမှာ ဖြစ်ပါတယ်။ သူဟာနဲ့သူတော့ အဆင်ပြေသွားပါလိမ့်မယ်။ သီလရှင်မဝင်ခင် ဝတ်မယ့်ဆရာနဲ့ ဝတ်မယ့်နေရာကို သေချာရွေးချယ်ပြီး ဝတ်မယ်ဆိုရင် ဒုက္ခရောက်စရာ မရှိပါဘူး။ ဒုက္ခရောက်လည်း ဘဝဒုက္ခ၊ သံသရာဒုက္ခတွေနဲ့စာရင် မဆိုစလောက်လေးပဲ ဖြစ်ပါတယ်။

၂) သူငယ်ချင်းရဲ့ ရတနာသုံးပါး အပေါ်မှာ ထားတဲ့သဒ္ဓါတရားကတော့ တကယ့်ကို လေးစားထိုက်တဲ့ သဒ္ဓါတရားပဲ ဖြစ်ပါတယ်။ ဘုရားရဲ့ တရားတော်တွေကို လက်တွေ့ကျင့်ကြံ အားထုတ်လာရင် အဲဒီလို သဒ္ဓါတရားတွေ တိုးပွားလာတတ်ပါတယ်။ ရှာဖွေသောက်စားပြီး ပိုက်ဆံစုတာထက်စာရင် သောက်မယ့်စားမယ့် အရာတွေထဲက စုဆောင်းပြီး ကုသိုလ်ကောင်းမှု လုပ်နေတာဖြစ်တဲ့အတွက် ပိုလို့တောင် အကျိုးတရား များလှပါသေးတယ်။ ဒီလို သဒ္ဓါတရား ကောင်းပေမယ့် သူ့နောင်ရေးအတွက် ကိုယ်ကပူလို့ ပြောတာဆိုတော့ အပြစ်တော့ မဖြစ်ပါဘူး။ သူလုပ်နေတဲ့ ကုသိုလ်ကောင်းမှုတွေ လက်တွေ့မလုပ်ဖြစ်အောင် တားမြစ်တယ်ဆိုရင်တော့ အပြစ်ဖြစ်ပါတယ်။ သူငယ်ချင်း ဖြစ်သူအနေနဲ့ သဒ္ဓါတရားကြောင့် အလှူအတန်းအပေါ် ကြိုးစားပမ်းစား လုပ်တာကောင်းပေမယ့် မျှမျှတတ လုပ်တာကောင်းပါတယ်။ သေချာတာကတော့ တရားကိုစောင့်တဲ့သူကို တရားကပြန်စောင့်တယ်ဆိုတဲ့ အချက်က သေချာနေတဲ့အတွက် ကုသိုလ်ကောင်းမှုအပေါ်မှာ သဒ္ဓါအားကောင်းတဲ့ သူငယ်ချင်း ဖြစ်သူအတွက် သူ့ရဲ့ကုသိုလ်ကံတွေက သူ့ကိုစောင့်ရှောက်နေမှာ အမှန်ပဲဖြစ်ပါတယ်။ သဒ္ဓါကောင်းတဲ့သူအတွက် ကံကောင်းနေမှာဖြစ်ပြီး မကောင်းခဲ့လည်းပဲ အခိုက်အတံ့လောက်ပဲ ဖြစ်ပါလိမ့်မယ်။

Read more »

တိုး၍မပျို၊ အိုသာအိုခဲ့

“ခန္ဓာကိုယ်ဆိုး၊ ဤရုပ်မျိုးကား၊ တိုး၍မပျို၊ အိုသာအိုခဲ့၊
ပျက်ပြိုမဆိတ်၊ တညိတ်ညိတ်ဖြင့်၊ တမှိတ်မစဲ၊ တည်မမြဲရှင့်၊
ဖောက်လဲဖြစ်ချုပ်၊ မီးဟုပ်ဟုပ်သို့၊ နာမ်ရုပ်နှစ်ခု၊ ပစ္စည်းပြု၍၊ ပေါင်းစုဖြစ်ကြ၊ သင်္ခတဟု၊
သဘာဝမျိုး၊ ကောင်းအဆိုးဖြင့်၊ ကြောင်းကျိုးမျှသာ၊ ထင်စပါ၏၊
အကာအတိ၊ နှစ်မရှိကြောင့်၊ ပကတိကိုယ်၊ မတည်လိုဘူး”
(မန်လည်ဆရာတော်)

တစ်ခါတုန်းက ဖြစ်ပါ၏။ မတွေ့သည်မှာ နှစ်အတော်ကြာသွားသည့် ဒကာမကြီးတစ်ယောက်နှင့် ပြန်ဆုံစဉ် စာရေးသူကိုကြည့်ပြီး ဒကာမကြီးက “အရှင်ဘုရား နေကောင်းလားဘုရား၊ မတွေ့တာ တော်တော်ကြာသွားပြီနော်၊ မတွေ့ရတဲ့ အချိန်မှာ ဘာတွေဘယ်လို ဖြစ်ခဲ့လဲတော့မသိဘူး၊ အရှင်ဘုရားကို ကြည့်ရတာ အရင်ကထက်စာရင် အများကြီး အိုစာသွားသလားလို့၊ ဘာမှတော့ မဖြစ်ဘူး မဟုတ်လားဘုရား” ဟု သတင်းလည်းမေး၊ သူလျှောက်ချင်ရာလည်း လျှောက်နေလေ၏။ ဒကာမကြီး၏ စကားကို ကြားရသည့်အခါ စာရေးသူမှာ ပုထုဇဉ်သဘာဝ အိုစာလာသည် ဆိုသဖြင့် ရင်ထဲမှာ ဘဝင်မကျ ဖြစ်မိခဲ့၏။ ထို့အတူ မခံချင်စိတ်နှင့် ဒကာမကြီးကိုပြန်ပြီး “ဟုတ်လား ဒကာမကြီး၊ ဒကာမကြီးလည်း ဘာတွေဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ မသိပေမယ့် အရင်ထက်ပိုပြီး အိုမင်းလာသလားလို့” စသည်ဖြင့် ရိသဲ့သဲ့ပင် ပြန်လုပ်ဖြစ်ခဲ့သေး၏။

ထိုဒကာမကြီး ပြန်သွားပြီး တစ်ပါးတည်း အေးအေးဆေးဆေး ရှိနေသည့်အချိန်ကျမှ စဉ်းစားမိသည်မှာ ဒကာမကြီး ပြောသွားသကဲ့သို့ပင် စာရေးသူသည် အမှန်ပင် အိုစာလာခဲ့၏။ စာရေးသူသာမဟုတ်၊ အခြားအခြားသော သူများသည်လည်း တစ်စတစ်စ အိုလာနေကြသည်သာ ဖြစ်ပါ၏။ မည်သူမဆို တစ်နေ့ထက်တစ်နေ့၊ တစ်လထက်တစ်လ၊ တစ်နှစ်ထက်တစ်နှစ် နုပျိုလန်းဆန်းလာသည်ဟူသည် မရှိလှပေ။ အချိန်နှင့်အမျှ ပို၍သာ အိုလာကြမည်သာ ဖြစ်ပါပေ၏။ မွေးဖွားလာခြင်း၏နောက် ရှောင်လွဲမရ ရောက်လာကြမည့် အရာများကား အိုခြင်း၊ နာခြင်း၊ သေခြင်း တရားများပင် ဖြစ်ပါ၏။ စင်စစ် ဖောက်ပြန် ပျက်စီးတတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားခြင်းကိုကပင် အိုခြင်းတရား၊ နာခြင်းတရား၊ သေခြင်းတရားကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။

မှန်၏။ ရုပ်တရား၏ သဘောလက္ခဏာသည် ဖောက်ပြန်တတ်ခြင်း သဘောရှိ၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့်လည်း မည်သူမဆို အချိန်နှင့်အမျှ ရုပ်တရား၏ ဖောက်ပြန်မှုနှင့် ကြုံနေရကြရခြင်း ဖြစ်၏။ ယနေ့လူအများ ပြောနေကြသည့် အိုလာသည်ဟူသော စကားသည် ရုပ်တရား၏ ဖောက်ပြန်လာခြင်း သဘောလက္ခဏာပင် ဖြစ်ပါ၏။ တစ်စတစ်စ ဖောက်ပြန်ပြနေသည့် ရုပ်တရား၏ မတည်မြဲခြင်းကိုပင် အိုလာသည်ဟု ဆိုခြင်းဖြစ်၏။ စာစကားဖြင့်ပြောလျင် ဇရာ၏ သဘောပင် ဖြစ်ပါ၏။ ဇရာအရ အိုလာကြရခြင်းသည် ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားခြင်းကြောင့်လည်း ဖြစ်ပါပေ၏။ ပင်ကိုယ်သဘောအားဖြင့် ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသဖြင့် ထိုရုပ်တရားကို မည်သို့မည်ပုံ ပြုပြင်ပါသော်လည်း ထင်သလို ပြုပြင်၍ မရကြခြင်း ဖြစ်ပါ၏။ မည်မျှပင် ပြုပြင်ပါသော်လည်း ပို၍နုပျို လာသည်ဟူသည် မရှိဘဲ တိုး၍သာ အိုလာကြမည် ဖြစ်ပါ၏။

သေချာတွေးကြည့်လျင် သဘဝတရား၊ အမှန်တရားဟူသည် ပြုပြင်ပြောင်းလဲ၍ မရသည့် အရာများသာ ဖြစ်ပါ၏။ ရုပ်နာမ်အစုများဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှတို့၏ သဘာဝနိယမ တရားမှာ အို၊ နာ၊ သေဟူသော တရားသာ ဖြစ်၏။ ထိုတရားများသည် ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်သကဲ့သို့ ရှောင်လွှဲ၍ မရသည့် တရားများလည်း ဖြစ်ပါ၏။ သဘာဝဓမ္မဟူသည် ယနေ့ခေတ် တိုးတက်ထွန်းကားနေသည့် နည်းပညာများဖြင့်လည်း ပြုပြင်ပြောင်းလဲ၍ မရသည့် တရားများ ဖြစ်ပါ၏။ မည်မျှတော်သည့် သိပ္ပံပညာရှင်များ၊ ဆေးဝါးကျွမ်းကျင် ပညာရှင်များပင် ဖြစ်သော်လည်း ထိုပညာရှင်များ တီထွင်ဖော်စပ်၍ မရသည့် အချက်မှာ အိုနာသေ တရားများကို မအိုမနာမသေစေရန် တီထွင်ဖော်စပ်မှု မပြုနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်၏။

ထိုအချက်ကို လက်တွေ့အားဖြင့် မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရုပ်တရားကို ခွဲစိပ်ကုသနည်း အမျိုးမျိုးဖြင့် ပြုပြင်နေကြသည့် သူများကို ကြည့်ပါက အိုခြင်းသဘောကို မအိုစေရန် မည်သို့မျှ မလုပ်နိုင်ကြောင်း အလွယ်တကူ သိနိုင်ကြမည် ဖြစ်၏။ သို့သော် ထိုသဘောကို အမှန်မသိကြသူများကား ငွေကြေးမြောက်များစွာ အကုန်အကျခံ၍ မိမိတို့၏ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားကို ပြုပြင်ပြောင်းလဲမှု ပြုလေ့ရှိကြ၏။ အိုခြင်းတရားကို မအိုစေရန် ငွေနှင့်ဝယ်ဖို့ ကြိုးစားကြ၏။ နည်းပညာဖြင့် ပြုပြင်ရန် အားထုတ်ကြ၏။ နောက်ဆုံးတွင် သဘောတရား အမှန်ကို မသိသဖြင့် ပြုပြင်ရန် ကြိုးစားကြသည့် ထိုသူများ၏ ပြုပြင်မှုသည် အချည်းနှီးသာ ဖြစ်သည့်ဟူသည့် အချက်ကို တရွေ့ရွေ့ဖြင့် ဖောက်ပြန်ပြလာသည့် ရုပ်တရားက သက်သေပြနေပေ၏။ သဘာဝ နိယာမများသည် ပြုပြင်ပြောင်းလဲ၍ မရသည့်အရာများ ဖြစ်သည်ကို မည်မျှပင် ပြုပြင်သော်လည်း ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုစာလာသည့် သဘောရှိသည့် ရုပ်တရားက ဖော်ညွှန်းပြနေပေ၏။ ဖောက်ပြန်ပျက်စီးတတ်သည့် ရုပ်တရားသည် သူ့သဘော သူဆောင်နေသည်ကို အိုနာသေ တရားများဖြင့် အထင်အရှား ပြနေပေ၏။

အိုခြင်းတရားနှင့် ပတ်သက်၍ ငယ်စဉ်အခါက သိသိသာသာ ခံစားမှု၊ သတိထားမှု မရှိသော်လည်း တစ်စတစ်စ အသက်အရွယ် ရလာသည့်အခါတွင်ကား အိုခြင်းတရား၏ သဘောလက္ခဏာကို ကောင်းစွာခံစားမိလာတတ်၏။ ငယ်စဉ်ကဆိုလျင် လူကြီးတွေကို အားကျသဖြင့် အသက်ပင် မြန်မြန်ကြီးချင်တတ်ကြသော်လည်း အသက်အရွယ် ရလာသည့် အအိုပိုင်း ရောက်လာသည့် အခါတွင်ကား တစ်ဖန်ပြန်ပြီး နုပျိုချင်တတ်ကြ၏။ အိုရခြင်း၏ ဒုက္ခကို သိရှိလာရသည့်အခါတွင် ငယ်ရွယ်နုပျိုမှုကို တောင့်တလာတတ်ကြ၏။ ရုပ်အဆင်းအင်္ဂါ ပြန်လည်နုပျိုလာမှုကို လိုချင်တောင့်တကြပြန်၏။ အိုလာသည့်အခါ သွားလာလှုပ်ရှားသည်က အစဒုက္ခ ဖြစ်လာကြသည့်အပြင် အိုလာလျင် မစွမ်းဖြစ်လာတတ်သည့် သဘောကိုလည်း ခံစားလာတတ်ကြ၏။ အထူးသဖြင့် နောင်တတရားဖြင့် တရားရှာကြမည် ဆိုသည့်အခါတွင် စိတ်သာရှိပြီး လက်တွေ့လုပ်ဆောင်ရမည့် ရုပ်တရားက ဖောက်ပြန်မှုများနှင့် လိုသလို မလုပ်နိုင်သည့် အခြေအနေတွင်ကား ရုပ်တရား၏ ဇရာသဘောကို ကောင်းစွာနားလည် သဘောပေါက် လာတတ်၏။

သို့သော် အချို့ကား ထိုသဘောကို တရားသဘောဖြင့် မမြင်ဘဲ ရုပ်အသွင်ကို ပြင်လို့ရသမျှ ပြင်နိုင်အောင် ကြိုးစားတတ်ကြ၏။ ထို့ကြောင့်လည်း အိုလာသည့် ရုပ်အသွင်အပြင် အရည်အဆင်းကို ရသလောက် ပြုပြင်နေကြခြင်း ဖြစ်၏။ ခွဲစိပ်ကုသပြီး အရည်ပြားကို အစားထိုးနိုင်သမျှ ထိုးလာကြ၏။ စင်စစ် ထိုသို့မည်မျှပင် ပြုပြင်အစားထိုးသော်လည်း ရုပ်တရားသည် ရုပ်တရားသာ ဖြစ်သဖြင့် ဖောက်ပြန်မြဲ ဖောက်ပြန်နေမည်သာ ဖြစ်ပါ၏။ အိုမြဲအိုလာမည်သာ ဖြစ်ပါ၏။ အသက် သုံးဆယ်အရွယ်သည် ဆယ်နှစ်အရွယ်၊ အသက်ငါးဆယ်အရွယ်သည် အသက်သုံးဆယ် အရွယ်စသည်ဖြင့် အိုရာမှ ပြန်လည်နုပျိုလာမှုမျိုး ရှိလာနိုင်မည် မဟုတ်ပေ။ တစ်စတစ်စ ပျိုလာသည်ဟူသည် မရှိနိုင်ဘဲ ပြိုလာသည်သာ ရှိလာနိုင်ကြမည် ဖြစ်၏။ အိုလာသဖြင့် ချမ်းသာလာသည် ဟူသည် မရှိနိုင်ဘဲ သွားလာလှုပ်ရှား ဣရိယာများတွင် ဆင်းရဲများသာ ရှိလာမည် ဖြစ်ပါပေ၏။ အိုသဖြင့် ကောင်းလာသည်မှာ မဖြစ်နိုင်ဘဲ အိုသဖြင့် ညောင်းညာခြင်းသာ ဖြစ်လာမည် ဖြစ်ပါ၏။ ထို့ကြောင့် မည်မျှပင် ပြုပြင်ပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ဤရုပ်တရားသည် တိုး၍သာ အိုလာမည်ဖြစ်ပြီး ဒုက္ခများသာ ပွားလာမည်သာ ဖြစ်ပါ၏။

အိုလာလျင် ကောင်းသည့်အရာဟူသည် မရှိနိုင်ဟုဆိုသော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရားကား ရှိနေပါ၏။ မြတ်ဗုဒ္ဓ၏ အဆုံးအမများတွင် “သုခံ ယာဝ ဇရာ သီလံ”ဟူသော ညွန်ပြထားချက် တစ်ခုရှိ၏။ “အိုသည့်တိုင်အောင် ကောင်းသည့်တရားသည် သီလတရားပင် ဖြစ်၏”ဟု ထိုစကားရပ်၏ အဓိပ္ပါယ်ကို နားလည်ထားနိုင်၏။ အိုလာလျင် မကောင်းနိုင်သော်လည်း အိုသည့်တိုင်အောင် ကောင်းသည့်တရား ဖြစ်သည့် သီလရှိနေလျင်ကား ကောင်းနေနိုင်မည် ဖြစ်ပါ၏။ ဖောက်ပြန်တတ်သည့် ရုပ်တရားကို ပိုင်ဆိုင်ထားသဖြင့် ရုပ်ဖောက်ပြန်ခြင်း သဘောဖြစ်သည့် အိုခြင်းတရား ရှိနေသော်လည်း သီလတရား ရှိထားလျင်ကား ဘဝကောင်းနေမည်ဖြစ်ပြီး ဘဝကောင်းခြင်းသည် ချမ်းသာခြင်းသာ ဖြစ်ပါပေ၏။ ထိုချမ်းသာမှုသည် အိုသည့်တိုင်အောင်လည်း ချမ်းသာ၊ နေသည့်အခိုက်တွင်လည်း ချမ်းသာ၊ သေပြီးနောက်ဘဝများ အထိပင် ချမ်းသာစေမည်မှာ အမှန်ပင် ဖြစ်ပါ၏။ အိုလာသည့် ရုပ်အသွင်အပြင်ကို ချမ်းသာအောင် ပြင်နေကြသည်ထက် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလကိုသာ လုံအောင်မိမိတို့၏ စိတ်နှင့်ရုပ်ကို သတိဝိရိယ တရားများဖြင့် ပြင်ခြင်းကသာ အကောင်းဆုံးဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါများ အနေဖြင့် မိမိတို့၏ ရုပ်တရားကို နည်းအမျိုးမျိုးဖြင့် မအိုရအောင် မည်မျှပင် ပြုပြင်ကြပါသော်လည်း ဖောက်ပြန်ပျက်စီးတတ်သည့် သဘောရှိသည့် ရုပ်တရားသည် ပို၍နုပျိုလာသည် မရှိဘဲ တိုး၍သာ အိုလာနေမည်သာ ဖြစ်သဖြင့် ရုပ်ကိုပြင်ကြခြင်းထက် စိတ်ကိုပြင်ကြခြင်းကသာ အကောင်းဆုံး ဖြစ်ကြောင်း၊ မွေးဖွားခြင်း ဖြစ်ပေါ်လာပြီးသည့်နောက် ဤရုပ်တရားသည် တဖြည်းဖြည်းဖြင့် အိုအိုလာနေသည်သာ ဖြစ်သဖြင့် အိုမှုနောက် ပြိုမှုသာရောက်လာမည် ဖြစ်ပြီး အိုလာသည်နှင့်အမျှ ဒုက္ခတရားလည်း ပိုလာနေမည်သာ ဖြစ်ကြောင်း၊ အိုလာသည်နှင့်အမျှ ကောင်းလာသည် ချမ်းသာလာသည်ဟူသည် မရှိနိုင်ဘဲ တစ်ရိပ်ရိပ်ဖြင့် ဆင်းရဲမှုသာ ပိုလာမည်ဖြစ်ကြောင်း၊ သို့သော် အိုသည့်တိုင်အောင် ကောင်းသည့်တရားဖြစ်သည့် သီလတရား ရှိထားလျှင်ကား ရုပ်ဖောက်ပြန်သဖြင့် ရုပ်မချမ်းသာသော်လည်း သီလလုံခြုံထားသဖြင့်ကား စိတ်လည်းလုံခြုံ၊ ဘဝလည်း လုံခြုံပြီး ပစ္စုပ္ပန်သံသရာ အဖြာဖြာတွင် ချမ်းသာနေမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် အိုသည့်တိုင်အောင် ချမ်းသာစေမည့် သီလတရားကိုသာ လုံခြုံအောင် စောင့်ထိန်းရင်း မိမိတို့၏ ဘဝကို မိမိတို့ကိုယ်တိုင်သာ ပြုပြင်ရန် လိုအပ်ကြောင်း စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။


အချုပ်အားဖြင့် လူအတော်များများသည် အိုလာသည်ဟုပြောလျင် မကြိုက်တတ်ကြသော်လည်း အသေအချာ တွေးကြည့်လျင် မွေးလာပြီးနောက် ပို၍ပျိုလာသည်မှာ မရှိဘဲ တိုး၍သာ အိုလာမည်သာ ဖြစ်သဖြင့် မည်သူက မည်မျှပင် အိုလာသည် ဆိုလာပါစေ ထိုစကားသည် အမှန်ဖြစ်သဖြင့် မတုန်မလှုပ်ဘဲ လက်ခံနိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး ဖောက်ပြန်တတ်သည့် ရုပ်အစုကို ပိုင်ဆိုင်ထားသဖြင့် ရုပ်တရား၏ ဖောက်ပြန်မှု တစ်ခုဖြစ်သည့် အိုခြင်းတရားကိုလည်း မလွဲမသွေ ကြံတွေ့ရမည့် သဘာဝနိယတရား တစ်ခုအဖြစ် လက်ခံနိုင်အောင် လေ့ကျင့်လျက် ရုပ်တရားအိုလာခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ ဒုက္ခထက် အိုသည့်အတိုင်အောင် ချမ်းသာစေမည့် အကျင့်သီလပိုင်းကိုသာ သတိဝီရိယ တရားများဖြင့် အထူးလုံခြုံအောင် စောင့်ထိန်းကြဖို့ တိုက်တွန်းရင်း ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ တိုး၍မပျို အိုသာအိုနေကြမည့် အချက်ကို မမေ့မလျော့ဖို့ကိုလည်း အလေးအနက် ထပ်မံ၍ အသိပေး တိုက်တွန်းလိုက်ရပါသည်။

Read more »

နှစ်သစ်အတွက် ခွန်းဆက်ချွေခြင်း

အားလုံး မင်္ဂလာပါ။

၁၃၇၃ခုနှစ်ရဲ့ နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းများ ချွေလိုက်ပါတယ်။ အချိန်တွေဟာ သိပ်မြန်လွန်းတဲ့အတွက် တစ်နှစ်ကုန်သွားပြန်ပါပြီ။ ခဏလေးလို့ ထင်ရတယ်နော်။ ကုန်သွားတဲ့ တစ်နှစ်မှာ ပြန်ပြီးစဉ်းစားကြည့်ရင် ပျော်ရွှင်စရာတွေ၊ စိတ်ညစ်စရာတွေ၊ အလိုပြည့်တာတွေ၊ အလိုမပြည့်တာတွေ စတဲ့ အကောင်းအဆိုး လောကဓံတွေနဲ့ ကျော်ဖြတ်ခဲ့ရတယ်ဆိုတာ လူတိုင်းပါပဲ။ ပြီးတော့ အဲဒီကျော်ဖြတ်ခဲ့ရ တာတွေထဲမှာ ကုသိုလ်တွေများသလား၊ အကုသိုလ်တွေ များသလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ရင် အင်း… အများအားဖြင့် အကုသိုလ်တွေက များနေကြမှာပါ။

ထားပါတော့။ အတိတ်ဆိုတာ ကျန်ခဲ့ပြီလေ။ ဒီတော့ တို့တစ်တွေ အခုနှစ်သစ်ကစပြီး အနာဂတ် အချိန်တွေအတွက် ဘယ်လိုကုန်ကြမယ်၊ဘယ်လို ဖြတ်သန်းကြမယ်ဆိုတာကိုပဲ စဉ်းစားကြတာပေါ့။ သိတဲ့အတိုင်း ဘ၀က ဘာမှကြိုတွက်လို့ မရ၊ ကြိုမြင်လို့လည်း မရတဲ့ အခြေအနေ ဖြစ်နေတာဆိုတော့ အနာဂတ်အတွက် စိတ်သစ်လူသစ်နဲ့ အစီအစဉ်အသစ်တွေ ချတဲ့အခါ မျှမျှတတ စီစဉ်တတ်ဖို့ လိုပါတယ်။ မျှမျှတတဆိုတာ အစီအစဉ် ချတဲ့အခါ ဒီဘ၀အတွက်ရော နောင်သံသရာအတွက်ပါ ထည့်ပြီးချရမယ်ဆိုတာကို ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘ၀တိုးတက်ရေးတွေ လုပ်နေတုန်း ရုတ်တရက် တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် နောင်သံသရာအတွက် ပြင်ဆင်ထားမှုတွေလည်း အဆင်သင့်ရှိနေအောင်လို့ပါ။ သေချာတွေးကြည့်ရင် အားလုံးဟာ မြဲတာတစ်ခုမှ မရှိသလို၊ ပုံသေတွက်လို့ရတာလည်း တစ်ခုမှ မရှိဘူးဆိုတာ အသေအချာပါပဲ။ ဒါကြောင့် ပစ္စုပ္ပန်ရော သံသရာပါ ကောင်းစေမယ့် မျှမျှတတ ရှိမယ့်အစီအစဉ်တွေ ချမှတ်ကြပါလို့ တိုက်တွန်းရတာ ဖြစ်ပါတယ်။

နှစ်သစ်ကစပြီး စိတ်သစ်လူသစ်နဲ့ ဘ၀အောင်မြင်ရေး တိုးတက်ရေးတွေ ချမှတ်တဲ့အခါ ပညာရေးအစီအစဉ်၊ စီးပွားရေး အစီအစဉ်၊ ကျန်းမာရေး အစီအစဉ်၊ ကုသိုလ်ရေး အစီအစဉ်ဆိုတဲ့ ဦးတည်ချက်လေးရပ် တစ်ခါတည်း ပါနိုင်၊ တစ်ခါတည်းလုပ်နိုင်တဲ့ အစီအစဉ်တွေ ချမှတ်နိုင်ဖို့ လိုပါတယ်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားတဲ့အခါ ဒီလေးခုလုံး ရနိုင်အောင် ကြိုးစားရပါမယ်။ လေးခုလုံး မရနိုင်တာတောင်မှ အနည်းဆုံး ကုသိုလ်လေးတော့ ရမှဖြစ်မှာပါ။ ကုသိုလ်ရဖို့အတွက်က ဘာမှ မခက်ပါဘူး။ အိပ်ရာက နိုးတာနဲ့ သရဏဂုံလေး ရွတ်တတ်တဲ့ အကျင့်လေး လုပ်လိုက်ရုံပါ။ ဒါဆို အဲဒီနေ့အတွက် အမြတ်ထွက်သွားတာပေါ့။ ဒီလိုပဲ တစ်ခြား ပညာရေး၊ ကျန်းမာရေး၊ စီပွားရေးတွေလည်း ရအောင်ယူနိုင်ဖို့ ကြိုးစားနိုင်ရပါမယ်။ ဒီလေးချက်ညီမယ်ဆိုရင် အခုဘ၀ရော နောင်သံသရာမှာပါ ကြီးပွားချမ်းသာမှာ မလွဲပါဘူး။

ဒါကြောင့် နှစ်သစ်မှာ စိတ်သစ်လူသစ် အစီအစဉ်အသစ်တွေနဲ့ အခုဘ၀ရော နောင်ဘ၀မှာပါ ချမ်းသာရအောင် ကုသိုလ်၊ ပညာ၊ ဥစ္စာ၊ ကျန်းမာဆိုတဲ့ အချက်လေးချက်ကို မျှမျှတတ လုပ်နိုင်အောင် ကြိုးစားဖို့ အထူးတိုက်တွန်းရင်း နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် စကားပါးလိုက်ရပါတယ်။

အားလုံး ၁၃၇၃ခုနှစ်ရဲ့ နှစ်သစ်မှစပြီး နောင်ဘ၀သံသရာအထိ ကိုယ်ကျန်းမှာ စိတ်ချမ်းသာ၍ လိုအင်ဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သရင်း..

မေတ္တာဖြင့်… အရှင်ဝိစိတ္တ (မနာပ ဒါယီ)

Read more »

ပြည်တော် မပြန်နိုင်သေးသူများနှင့် ပြည်တော် မနေနိုင်သူများအကြောင်း တစ်စေ့တစ်စောင်း…

တစ်လောက ကိုရီးယားနိုင်ငံမှာ တရားမဝင် အလုပ်သမားဘဝနဲ့ နှစ်ပေါင်းအတော်ကြာ အလုပ်လာလုပ်နေတဲ့ ဒကာတစ်ယောက်နဲ့ စကားပြောရင်း ဘုန်းဘုန်းက သူ့ကို “အင်း ဒကာတော်လည်း ဒီမှာရောက်နေတာ အတော်ကြာရောပေါ့၊ ဘယ်အချိန် အိမ်ပြန်ဖို့ စိတ်ကူးထားလဲ”လို့ မေးကြည့်တော့ ဒကာတော်က “ပြန်တော့ပြန်ချင်တာပေါ့ဘုရား၊ ဒါပေမယ့် အရှင်ဘုရားသိတဲ့အတိုင်း ရွှေပြည်တော်ကလည်း မျှော်တိုင်းဝေးနေသေးတော့ ပြန်လို့မဖြစ်သေးပါဘူးဘုရား”လို့ ငြီးရင်းလျှောက်ထားပါတယ်။ သူလျှောက် ထားတာကို နားထောင်ပြီး ဘုန်းဘုန်းမှာ ရွှေပြည်တော်အရေး တွေးနေမိပြန်ပါတယ်။ “ရွှေပြည်တော်ကြီးက ဘယ်တော့ဘယ်လို…” စသဖြင့်ပေါ့။

မနှစ်က မြန်မာပြည် ပြန်သွားတုန်းကလည်း မြန်မာပြည်ကကျောင်းမှာ ကိုရီးယားမှ ပြန်ချင်လို့ ပြန်လာသူတွေရယ်၊ မပြန်ချင်သေးပေမယ့် ကိုရီးရားအစိုးရက ပြန်ပို့လိုက်တဲ့အတွက် ပြန်လာရတဲ့ သူတွေရယ် ဆုံဖြစ်ကြတော့ ဟိုပြောဒီပြောပြောရင်း အတော်များများက ကိုရီးယားကို ပြန်သွားဖို့ ကြိုးစားနေကြတယ်ဆိုတာ သိရပါတယ်။ သူတို့ကိုလည်း ဘုန်းဘုန်းက “ဒကာတော်တို့က ဘာဖြစ်လို့ ရွှေပြည်တော်မှာ မနေနိုင်ဘဲ ရွှေပြည်တော်က ခွါပြေးချင်ကြတာလဲ”လို့ မေးကြည့်တော့ သူတို့က “ဘုန်းဘုန်းကလည်း သိရဲ့သားနဲ့ မေးနေပြန်ပါပြီ၊ ဒီမှာဘာမှ လုပ်စရာမရှိတဲ့အပြင် တပည့်တော်တို့ကလည်း ဒီရောက်ပြီး ဘာမှမလုပ်တတ်တော့ ရှိတာလေးထိုင်စားပြီး ဒီအတိုင်း ဟိုလိုလို ဒီလိုလိုနေနေရတာ၊ ကြာတော့မခံနိုင်ဘူးဘုရား၊ ဒါကြောင့် သူများနိုင်ငံကို ပြန်မသွားချင်ပေမယ့် ပြန်သွားဖို့ လုပ်ရတာပါဘုရား” စသဖြင့် လျှောက်ထားကြပါတယ်။ သူတို့အခေါ် ၂၊က ၃၊က တွေ ပြန်လုပ်ကြမယ့် သဘောပါပဲ။

ပြည်ပမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မပြန်နိုင်တဲ့ အကြောင်းလေးတွေ၊ ပြည်တွင်းမှာရှိတဲ့ သူတွေရဲ့ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းလေးတွေ ကြားရတော့ ဘုန်းဘုန်းလည်း ကိုယ့်ကိုယ်ကို ပြည်ပမှာ အနေကြာနေရတဲ့ အဖြစ်လေးကို တွေးနေမိပြန်ပါတယ်။ ဘုန်းဘုန်းပြည်ပမှာ ကြာနေတဲ့ အကြောင်းကိုတော့ လူဒကာတွေလို မိသားစု အရေးကြောင့်လို့ အကြောင်းမပြနိုင်ပေမယ့် ပြည်ပမှာရှိတဲ့ ရွှေမြန်မာတွေရဲ့ အမျိုးသားရေးရယ်၊ ဘုန်းတော်အနန္တရှင်ရဲ့ ဘုန်းဘုရားအရေးတွေကြောင့်လို့ အကြောင်းပြရင် မဆိုးဘူးလားပေါ့။ ဗုဒ္ဓဘာသာ ရွှေမြန်မာတွေအပေါ် တစ်လုံးတစ်ပါဒ ဟောပြောဆုံးမကာ အသိတစ်ခုရပြီး ကုသိုလ်ရစေချင်တာရယ်၊ ဗုဒ္ဓဘာသာကို စိတ်ဝင်စားကြတဲ့ ရွှေမြန်မာမဟုတ်တဲ့ အိမ်ရှင်နိုင်ငံခြားသားတွေကို ဘုန်းဘုရားရဲ့ ဓမ္မအနှစ်သာရတွေ တစ်လုံးတစ်ပါဒ သိရှိခံစားစေချင်တာရယ်၊ နောက် ပြည်တွင်းမှာရှိတဲ့ လိုအပ်တဲ့ လူမှုရေး၊ ဘာသာရေး၊ ပညာရေး ကဏ္ဍတွေမှာ တစ်ဘက်တစ်လမ်းက အထောက်အကူ ပြုပေးစေချင်တာရယ် စတာစတာတွေက လောလောဆယ် ဘုန်းဘုန်းအနေနဲ့ ပြည်တော်မှာ မနေနိုင်သေးဘဲ ပြည်ပမှာ ရှည်ကြာစေတဲ့ အကြောင်းပြချက်တွေလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ဘုန်းဘုန်းတို့ ရွှေမြန်မာတွေရဲ့ ပြည်တော်မပြန်နိုင်၊ ပြည်တော်မှာ မနေနိုင်တဲ့ အကြောင်းပြချက်ကိုတော့ လောကီဓမ္မတာ လူတို့ရွာဆိုတဲ့အတိုင်း လောကီအရေး၊ မိသားစုအရေး စတာတွေကြောင့်လို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အရေးအတွက် နိုင်ငံရေးအလုပ်ကို ကြိုးစားလုပ်နေကြရလို့ ပြည်တော်မပြန်နိုင်၊ ပြည်တွင်းမှာ မနေနိုင်တာတွေလည်း ရှိတော့ရှိတာပေါ့။ ဒါကတော့ အနည်းစုပါပဲ။ အများအားဖြင့်တော့ မိသားစု စားဝတ်နေရေးကြောင့်ပဲ ဖြစ်ပါတယ်။ ခုနောက်ပိုင်း ကြည့်မယ်ဆိုရင် မြန်မာအတော်များများဟာ နိုင်ငံအတော်များများမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေပြီး အကြောင်းပြချက် အမျိုးမျိုးနဲ့ပဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြသလို ပြည်တွင်းမှာ ရှိနေကြသူတွေကလည်း အကြောင်းပြချက် အမျိုးမျိုးနဲ့ ပြည်ပကို ထွက်ခွါဖို့ ကြိုးစားနေကြတာကို တွေ့ရတတ်ပါတယ်။ တစ်ချို့ဆိုရင် ပြည်တော်မပြန်နိုင်ရုံမကဘဲ ပြည်တော်နဲ့ ဝေးသထက်ဝေးရာ တတိယနိုင်ငံအထိတောင် သွားကြဦးမယ်လို့ ဆိုသူတွေလည်း ရှိနေလေရဲ့။ ထားပါတော့။ ဒါက သူ့အကြောင်းနဲ့ သူပဲလေ။

တခြားနိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကို တိတိကျကျ မပြောနိုင်ပေမယ့် ဘုန်းဘုန်းတို့ အခုလက်ရှိနေနေတဲ့ နိုင်ငံမှာရှိတဲ့ ရွှေမြန်မာများရဲ့ ပြည်တော်မပြန်နိုင်သေးတဲ့ အကြောင်းကတော့ တစ်ယောက်တစ်ယောက်မျိုးနဲ့ အမျိုးမျိုးရှိနေတတ်ပါတယ်။ တစ်ချို့လည်း မြန်မာပြည် ပြန်သွားရင် ဘာလုပ်စားမှာလဲ ဆိုတဲ့သူတွေ ရှိသလို တစ်ချို့လည်း မြန်မာပြည်မှာဆို ဒီလောက်လခမျိုး ဘယ်လိုလုပ် ရနိုင်မှာလဲလို့ ဆိုလာသူတွေလည်း ရှိပါတယ်။ တစ်ချို့ကျတော့လည်း ဒီနိုင်ငံမှာ နှစ်တော်တော်ကြာအောင် နေထိုင်လုပ်ကိုင်နေပေမယ့် ရွှေပြည်တော်မှာက ဘာမှလက်ဆုတ်လက်ကိုင် မရှိဘဲ ဖြစ်နေသူတွေ ရှိနေသလို တစ်ချို့ကျတော့လည်း နှစ်ကြာလာတာနဲ့အမျှ ဟိုလိုလို ဒီလိုလို ဖြစ်လာသူတွေလည်း ရှိနေပြန်ပါတယ်။ အဆိုးဆုံးက ရည်ရွယ်ချက်တွေပျောက်ပြီး ရရစားစား သွားသွားလာလာနဲ့ ရောက်တဲ့နေရာမှာ ရသမျှအလုပ်လေးနဲ့ ရသမျှသုံးပြီး ကြုံသလိုပျော်နေကြတာပဲ ဖြစ်ပါတယ်။

ဘုန်းဘုန်းနဲ့သိတဲ့ ဒကာတစ်ချို့ဆို ရွှေပြည်တော်က ထွက်လာတာ ဆယ်နှစ်ကျော်ကျော် ရှိနေပြီး အိုဗာစတေးအဖြစ်နဲ့ အဖမ်းအဆီးကိုရှောင်ကာ နေ့အိပ်ညလုပ်ဘဝကို ကျင်လည်ဖြတ်သန်းနေခဲတာ အတော်ကြာနေပြီ ဖြစ်ပါတယ်။ အသိဒကာလေး တစ်ချို့ဆို စရောက်ကတည်းက သူဋ္ဌေးကို အလုပ်အကြွေးပြုခဲ့ရလို့ သူတို့ကျေးဇူးနဲ့ သူဋ္ဌေးကသာ ကြီးပွားချမ်းသာလာပြီး စက်တွေတစ်လုံးပြီး တစ်လုံးဝယ်၊ စက်ရုံတွေ တစ်ခုပြီးတစ်ခု တိုးချဲ့ကာ ရှိပြီးရင်း ရှိသွားခဲ့ကြပေမယ့် သူတို့မှာတော့ ဒုံရင်းဒုံရင်းနဲ့ပဲ အသက်သာကြီးလာတယ် ဘာမှဖြစ်မလာဘဲ ပေးသမျှလေးအပေါ်မှာ အကျေနပ်ကြီးကျေနပ်လို့ ပျော်သလို နေပစ်လိုက်ကြတာတွေလည်း ရှိပါတယ်။ တစ်ချို့ကျပြန်တော့ ရွှေပြည်တော်က မထွက်ခင်ကတည်း အိမ်ထောင်ကျပြီး သားသမီးတွေ ရှိခဲ့ကြပေမယ့် ရှာရင်းပို့ရင်း၊ သုံးရင်းစွဲရင်းနဲ့ပဲ သားသမီးအရေး၊ မိသားစုအရေးတွေးကာ တစ်နှစ်ပြီးတစ်နှစ်သာကုန်လို့ သားသမီးတွေတောင် ဘွဲ့တွေရကုန်တဲ့အထိ ဖြစ်သွားခဲ့ကြပေမယ့် သူတို့ကိုယ်တိုင်ကတော့ ပြည်တော်ပြန် မရောက်နိုင်ကြသေးတဲ့ အဖြစ်ပါ။

ပြည်တော် မပြန်နိုင်သေးသူများအကြောင်း သိသမျှ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သင်ခန်းစာ ယူမယ်ဆိုရင် ယူစရာကောင်းတဲ့သူတွေရဲ့ အဖြစ်အပျက်တွေ ရှိသလို သံဝေဂယူမယ်ဆိုရင် ယူစရာကောင်းတဲ့ သူတွေရဲ့ အဖြစ်တွေကလည်း အများကြီးပါပဲ။ တစ်ချို့ဆို ရွှေပြည်တော်က ထွက်လာခါစမှာ ရိုးရိုးသားသား ကြိုးကြိုးစားစားနဲ့ ရှာဖွေစုဆောင်းပြီး သေသေချာချာ ကျစ်ကျစ်လစ်လစ် နေထိုင်ခဲ့ကြပေမယ့် နှစ်လည်းကြာလာ အပေါင်းအသင်းလည်း ပေါလာတဲ့နောက်မှာတော့ အသောက်အစား အပျော်အပါးတွေမှာ သာယာမိလိုက်တဲ့အတွက် အရက်သမား လုံးလုံးဖြစ်ကာ ရရစားစား သွားသွားလာလာနဲ့ ရွှေပြည်တော်လည်း မပြန်နိုင်၊ သူများနိုင်ငံမှလည်း စားဖို့သောက်ဖို့ အနိုင်နိုင်ဖြစ်ကာ ရောဂါများတောင် စွဲကပ်သွားတဲ့အထိ ဖြစ်သွားတာတွေလည်း ရှိပါတယ်။ တစ်ချို့ဆိုလည်း ရောက်လာတာ ဘယ်လောက်တောင် ကြာနေပြီလဲဆို သူတို့ဒီကို ရောက်လာပြီးမှ နောက်မှာအဖေဆုံး၊ အမေဆုံး၊ သားသမီးဆုံးတဲ့အထိ ဖြစ်သွားကြပါပြီ။

တကယ့်ကို သံဝေဂ ရစရာကောင်းတာက သားသမီးတွေ လေးငါးနှစ်အရွယ်မှာ မိသားစုအရေး၊ သားသမီးရေးအတွက်ဆိုကာ ပြည်ပထွက်လာခဲ့တဲ့ အဖေဟာ ပြည်တွင်းမှာရှိတဲ့ သားသမီးက ရုတ်တရက် ဆုံးသွားခဲ့ပေမယ့် အခိုက်အတံ့ပဲ နှမျောတသ စိတ်မကောင်း ဖြစ်ခဲ့ကြရပြီး ပြည်တော်ပြန်ဖို့အထိတော့ ဖြစ်မလာခဲ့ကြတာပါပဲ။ သက်တမ်းအရကြည့်ရင် အရင်သေရမယ့် အဖေက ပြည်ပကနေပြီး သားအတွက်၊ သမီးအတွက် ရည်စူးပြီး ကုသိုလ်လုပ် အမျှပေးဝေခဲ့ကြရသူတွေရဲ့ အဖြစ်တွေဟာ တကယ့်ကို သံဝေဂရစရာတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ကာယကံရှင်တွေ့ ကိုယ်တိုင်ကတော့ တဒင်္ဂ သံဝေဂ ဖြစ်ခဲ့ကြပေမယ့် ပြည်တော်ကတော့ မပြန်ဖြစ်ခဲ့ကြသေးပြန်ပါဘူး။

ထားပါတော့။ သူ့အကြောင်းနဲ့သူ၊ သူ့အခြေအနေနဲ့သူ ပြည်ပမှာနှစ်တွေကြာပြီး ပြည်တော်မပြန်နိုင် ဖြစ်နေတာ မဆန်းပေမယ့် ကိုယ်လည်းအကျိုးမရှိ၊ မိသားစုလည်း အကျိုးမရှိ၊ အများအတွက်လည်း အကျိုးမရှိဘဲ ပြည်တော်မပြန်နိုင် ဖြစ်နေကြတာကတော့ အဆန်းဖြစ်သွားပါပြီ။ ပြည်တော်လည်း မပြန်နိုင်၊ ဥစ္စာလည်းမစုမိ၊ ကုသိုလ်လည်းမစုမိဘဲ အရက်ကြွေး၊ ဖဲကြွေးအပျော်အပါး အကြွေးတွေသာ များလာပြီး အကျင့်သိက္ခာတွေပါ ပျက်ပြားလာမယ် ဆိုရင်တော့ ဒါဟာ ပြည်တော်မပြန်နိုင်ရုံမက ဘဝသံသရာမှာ လူဘုံ၊ နတ်ဘုံတွေအထိ မပြန်နိုင်ဘဲ ဖြစ်သွားမှာ ဖြစ်ပါတယ်။ သေချာတွေးကြည့်ရင် ပြည်ပမှာအနေကြာလို့ ပြည်တော်မပြန်နိုင်တဲ့ သူတွေအတော်များများဟာ စားဝတ်နေရေး အခြေအနေကြောင့်ပဲ မပြန်နိုင်ကြတာ များပါတယ်။ စားဝတ်နေရေးဆိုတာ အသက်ရှင်နေသမျှ လိုအပ်နေတာ အမှန်ပဲဖြစ်ပေမယ့် အဲဒီအရေးတွေပဲ ဦးစားပေးပြီး ရှာလိုက်ဖွေလိုက် စားလိုက်သောက်လိုက် လုပ်နေကြမယ်ဆိုရင်တော့ အသက်သာဆုံးသွားမယ် ဒီအရေးတွေက ပြီးသွားမှာ မဟုတ်ပါဘူး။ ရလေလိုလေ၊ လိုက်လေဝေးလေ ဖြစ်နေတဲ့ ဒီစားဝတ်နေရေး ကိစ္စတွေနောက်ပဲ တစိုက်မတ်မတ် လိုက်နေလို့ကတော့ ဒီအရေးတွေ မပြည့်ခင်ဘဲ ကိုယ်နဲ့ကိုယ့်အသိုင်းအဝိုင်းဟာ အပြောင်းလဲကြီး ပြောင်းလဲသွားနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တော်မပြန်နိုင်သေးသူတွေ အနေနဲ့ အချိန်ယူပြီး စဉ်းစားဖို့လိုလာတာက ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့အနေနဲ့ အနေကြာသလောက် အကျိုးဖြစ်ထွန်းရဲ့လား ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ရွှေပြည်တော်မှာ နေတာထက်စာရင် ပြည်ပမှာ အနေကြာလိုက်တဲ့အတွက် မိမိတို့မှာ စားဝတ်နေရေး ကုသိုလ်ရေးတွေမှာ ပိုပြီးတိုးတက်ဖြစ်ထွန်းမှု ရှိမရှိနဲ့၊ ပြည်ပမှာ အနေကြာလာတဲ့ မိမိတို့ရဲ့ အကျင့်သိက္ခာတွေဟာ ရွှေပြည်တော်မှာ နေတာထက်ပိုပြီး လုံခြုံမှု၊ ပိုပြီးမြင့်မားလာမှု ရှိမရှိစတာတွေကိုလည်း အလေးအနက် စဉ်းစားကြဖို့ လိုလာပြီ ဖြစ်ပါတယ်။ ရလိုက်တာနဲ့ ပေးဆပ်လိုက်ရတာ ဘယ်ဟာက ပိုများမများ သုံးသပ်ဖို့နဲ့ တစ်ဘဝကောင်းစားရေးထက် သံသရာကောင်းစားရေး အတွက်လည်း ထည့်တွက်ရမယ်ဆိုတာ သတိပြုဖို့ လိုလာပြီ ဖြစ်ပါတယ်။ ဘယ်သူကောင်းစားရေး ဘယ်ဝါကောင်းစားရေးလည်း လုပ်ဖို့လိုသလို မိမိရဲ့ ပစ္စုပ္ပန် သံသရာကောင်းစားရေးလည်း လုပ်ဖို့လိုတယ်ဆိုတာ မမေ့လျော့ကြဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။


ဆိုလိုတာက အကြောင်းအမျိုးမျိုးကြောင့် ပြည်တော်မပြန်နိုင်သူတွေ၊ ပြည်တော်မှာ မနေနိုင်သူတွေဟာ တဖြည်းဖြည်း များလာနေတဲ့ ရွှေပြည်တော်သားတွေ အနေနဲ့ ပြည်တော်မပြန်နိုင်တဲ့ မိမိတို့ရဲ့ အခြေအနေ၊ ပြည်တော်မှာ မနေနိုင်တဲ့ မိမိတို့ရဲ့ အခြေအနေကို သေချာသုံးသပ် ဆင်ခြင်ပြီး လိုအပ်လို့ မပြန်နိုင်၊ မနေနိုင် ဖြစ်နေကြရင်လည်း လိုအပ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်မှာ ဒီသံသရာကနေ ရုန်းထွက်နိုင်အောင် ကြိုးစားကာ ဘယ်မှာပဲနေနေ ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းစားရေးအတွက်လည်း စွမ်းနိုင်သမျှ ကြိုးစားကြဖို့လိုကြောင်း ဆိုလိုချင်တာ ဖြစ်ပါတယ်။ ဘယ်အလုပ်မဆို အတိုင်းအတာကို ကျော်လွန်လာရင် အစွန်းရောက်သွားတတ်တဲ့အတွက် ပြည်တွင်းပြည်ပမှာနေရင်း မိမိတို့ရဲ့ လက်ရှိအနေအထားကို အစွန်းရောက်မသွားအောင် သတိပြုဆင်ခြင် နေထိုင်ကြဖို့နဲ့ ပြည်တော်ပြန်ခြင်း၊ မပြန်ခြင်း၊ ပြည်တော်ခွာခြင်း၊ မခွါခြင်းထက် ရောက်ရာနေရာ ဖြစ်ရာအခြေအနေမှာ ကိုယ်ကိုယ်ကို အရှုံးမပေါ်အောင် ကြိုးစားကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်တော်မပြန်နိုင်သူတွေပဲ ဖြစ်ဖြစ်၊ ပြည်တော်မှာ မနေနိုင်သူတွေပဲ ဖြစ်ဖြစ် ဘယ်သူမဆို အခြေအနေအရ မိမိတို့ လက်ရှိဖြစ်နေတဲ့ အနေအထားမှာ ကိုယ့်ကိုယ်ကိုသာ ထိန်းထိန်းသိမ်းသိမ်း နေထိုင်ရင်း မိမိအရေး၊ မိသားစုအရေး၊ ဆွေမျိုးအရေးတွေအပြင် သံသရာအရေးအတွက်လည်း ကြိုတင်ပြင်ဆင်ကာ မြန်ပြည်တော်နဲ့ ဝေးနေပေမယ့် နိဗ္ဗာန်ရွှေပြည်နဲ့တော့ နီးနေသူများဖြစ်အောင် ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read more »

သီလလုံခြင်း၊ မလုံခြင်းရဲ့ အကျိုး၊ အပြစ်များ…

ပါဏာတိပါတ
ဆောင်ပုဒ်လင်္ကာ =
ပါဏာတိပါတ်၊ သူ့သက်သတ်က၊ ချို့တတ်အင်္ဂါ၊ မွဲပြာရုပ်သွင်၊ အားအင်ချွတ်ယွင်း၊ လျင်ခြင်းလည်းဝေး၊ ဘေးကိုကြောက်တတ်၊ အသတ်ခံရာ၊ အနာများလျက်၊ ခြွေရံပျက်၍၊ အသက်တိုလျ၊ ပြစ်များစွာ့သည်၊ ရှောင်က အပြန်အကျိုးတည်း။

ပါဏာတိပါတခေါ် သူ့အသက်ကို သတ်လေ့ရှိသူများသည်
၁။ မျက်စိ၊ နား၊ နှားခေါင်းစတဲ့ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းတတ်ခြင်း
၂။ ဖြစ်ရာဘဝ၌ ရုပ်ဆင်းအင်္ဂါ မွဲပြာခြောက်ခမ်း၍ စိုစိုပြေပြေ မရှိဖြစ်တတ်ခြင်း
၃။ အားအင်ချွတ်ယွင်းကာ အားနည်းတတ်ခြင်း
၎။ လျင်မြန်ဖျတ်လတ်ခြင်း မရှိခြင်း
၅။ ကြောက်ရွံ့တတ်ခြင်း
၆။ သူများသတ်၍ သေရခြင်း၊ ကိုယ်ကိုယ်တိုင် အဆိပ်စသည်စား၍ သေရခြင်း
၇။ အနာရောဂါများတတ်ခြင်း
၈။ အခြွေအရံမရှိ ပျက်စီးတတ်ခြင်း
၉။ အသက်တိုခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ပါဏာတိပါတမှ ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

အဒိန္နာဒါန

ဆောင်ပုဒ်လင်္ကာ =
အဒိန္နာဒါ၊ ခိုးမိပါမူ၊ ဥစ္စနည်းမွဲ၊ ဆင်းရဲငတ်ဘိ၊ လိုရှိမရ၊ ဘောဂပျက်စီး၊ ရေမီးသူခိုး၊ မွေခံဆိုးနှင့်၊ မင်းဆိုးအပြား၊ ရန်မျိုးငါးကြောင့်၊ ပျက်ပြားဥစ္စာ၊ ပြစ်များစွာသည်၊ ရှောင်ကအပြန်အကျိုးတည်း။

အဒိန္နာဒါနခေါ် သူတပါးပစ္စည်းဥစ္စာကို ခိုးယူလုယက်သူသည်
၁။ ဆင်းရဲမွဲတေခြင်း
၂။ ငတ်မွတ်ခေါင်းပါးခြင်း
၃။ အလိုရှိသည့်အရာကို မရနိုင်ခြင်း
၎။ အကြောင်းအမျိုးမျိုးကြောင့် စည်းစိမ်ဥစ္စာများ ပျက်စီးတတ်ခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကာမေသုမိစ္ဆာစာရ

ဆောင်ပုဒ်လင်္ကာ =
မိစ္ဆာစာရ၊ ကျူးလွန်ကလည်း၊ မုန်းကြသူများ၊ ရန်သူပွား၍၊ ရှားပါးလာဘ်တိတ်၊ ချမ်းသာဆိတ်၏။ ဣတ္ထိ ပဏ္ဍုက်၊ မျိုးယုတ်ခါခါ၊ မျက်နှာမလှ၊ အရှက်ရလျက်၊ လက္ခဏဣနြေ္ဒ၊ ယွင်းသွေချို့သိမ်၊ စိုးရိမ်များစွာ၊ ချစ်သူကွာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

ကာမေသုမိစ္ဆာစာရခေါ် သူတပါးလင်သား သမီးသားနှင့် ဇနီးမယားကို မှောက်မှားဖျက်စီးသူသည်
၁။ မလိုမုန်းထား ရန်သူများခြင်း
၂။ ပစ္စည်းလာဘ်လာဘ ရှားပါးတိတ်ဆိတ်ခြင်း
၃။ ချမ်းသာမှုမရှိခြင်း
၎။ မိန်းမဖြစ်တတ်ခြင်း
၅။ မိန်းမမဟုတ်၊ ယောက်ျားမဟုတ် ဖြစ်တတ်ခြင်း
၆။ ယောက်ျားဖြစ်လျင်လည်း အမျိုးယုတ်၌ ဖြစ်ရခြင်း
၇။ မျက်နှာပျက်၍ အရှက်ကွဲခြင်း
၈။ စိုးရိမ်ကြောင့်ကြမှု အားကြီးခြင်း
၉။ ချစ်သူများနှင့် ကွေ့ကွင်းရခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

မုသာဝါဒ

ဆောင်ပုဒ်လင်္ကာ =
မုသားစကား၊ ပြောဆိုငြားမူ၊ စကားမပီ၊ သွားမညီတည်း၊ ပုပ်ညှီပါးစပ်၊ ခြောက်ကပ်ကိုယ်ရေ၊ ဣနြေ္ဒနောက်၊ ပုံယွင်းဖောက်၏။ မရောက်သြဇာ၊ နှုတ်လျာကြမ်းထော်၊ လျှပ်ပေါ်လော်လီ၊ စိတ်မတည်သည်၊ ရှောင်ကြဉ်အပြန်အကျိုးတည်း။

မုသာဝါဒခေါ် မုသားစကားပြောသူများသည်
၁။ စကားပီပီသသ မပြောတတ်ခြင်း
၂။ သွားများမညီမညာ ဖြစ်တတ်ခြင်း
၃။ အာခံတွင်းပုပ်ညှီနံစော်တတ်ခြင်း
၎။ ကိုယ်အရေအသား ခြောက်ကပ်ခြင်း
၅။ ပုံဟန်မလှဘဲ ဆိုးဝါးချွတ်ယွင်း ဖောက်ပြန်ခြင်း
၆။ သူတပါးအပေါ် သြဇာအာဏာမတည်ခြင်း
၇။ အပြောအဆို နှုတ်လျှာကြမ်းတမ်းခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

သုရာမေရယ

ဆောင်ပုဒ်လင်္ကာ =
သေရည်သောက်လင့်၊ သင့်မသင့်၌၊ ရေးခွင့်မသိ၊ ပျင်းရိမေ့ရူး၊ ကျေးဆူးမဆပ်၊ ဟိရောတ္တပ်ကင်း၊ ခပင်းများထို၊ အကုသိုလ်ကို၊ မငြိုလွယ်စွာ၊ ပြုကျင့်ရာသည်၊ ရှောင်ခါအပြန်အကျိုးတည်း။

သုရာမေရယခေါ် အရက်သေစာမူးယဇ်ဆေးဝါး သောက်စားသုံးစွဲသော သူသည်
၁။ အရေးအခွင့် သင့်မသင့်ကို မသိတတ်ခြင်း
၂။ ပျင်းရိတတ်ခြင်း
၃။ မေ့လျော့မူးရူးတတ်ခြင်း
၎။ သူ့ကျေးဇူးကို မသိတတ်ခြင်း
၅။ အရှက်အကြောက် ဟိရီ သြတ္တပ္ပတ္တတရား ကင်းခြင်း
၆။ အရက်သေစာ သောက်စားမိသူမှာ မပြုရဲသည့် အကုသိုလ်မရှိခြင်း စသည့် အပြစ်များကို ခံစားရတတ်ပြီး ရှောင်ကြဉ်ပါက ဤအပြစ်များ၏ ပြောင်းပြန်ကောင်းကျိုးကို ခံစားရတတ်သည်။

ကျမ်းကိုး =
ရတနာ့ဂုဏ်ရည် (မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

Read more »

စင်္ကြံလျောက်၍ တရားမှတ်ခြင်း…

စင်္ကြံလျောက်ပြီး တရားမှတ်တယ်ဆိုတာ အလွယ်ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ လူအတော်များများဟာ လမ်းလျောက်တဲ့အခါတိုင်း ခြေလှမ်းတွေ လှမ်းကြပါတယ်။ ဒါပေမယ့် မသိဘဲ လှမ်းနေကြတာ ဖြစ်ပါတယ်။ ဒီလို မသိဘဲ လှမ်းတဲ့ခြေလှမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်ဖို့ စကြံင်္လျောက်ပြီး တရားမှတ်ခိုင်းတာ ဖြစ်ပါတယ်။ စင်္ကြံလျောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ အာနာပါနကို ဆင်ခြင်ခြင်းအပိုင်း၊ ဣရိယပုတ်ကို ဆင်ခြင်ခြင်းအပိုင်းတို့လိုမျိုး သီးသန့်ပြထားတာ မဟာသတိပဋ္ဌာန သုတ်တော်မှာတော့ မရှိပါဘူး။ ဒါပေမယ့် ဣရိယာပုတ်ကို ဆင်ခြင်ခြင်း အပိုင်းထဲမှာကိုပဲ သွားရင်လည်း သွားတယ်လို့ သိရမှာဖြစ်ကြောင်း၊ ရုပ်အပေါင်းရဲ့ အမူအရာ လှုပ်ရှားမှုတွေကို အရှိအတိုင်း သိရမှာဖြစ်ကြောင်း၊ သတိသမ္ပဇဉ်ဖြင့် ဆင်ခြင်ခြင်းအပိုင်းမှာလည်း သွားရာ၊ ရပ်ရာ၊ ထိုင်ရာ၊ အိပ်ရာ၊ နိုးရာ ဆိတ်ဆိတ်နေရာ စသည်တို့ကို သိနေရမှာဖြစ်ကြောင်း စသဖြင့် ဟောထားပေးတာတွေ ရှိပါတယ်။ ဒီလို ဟောကြားချက်တွေကို ကိုးကားကာ စင်္ကြံလျှောက်ပြီး တရားမှတ်တာနဲ့ ပတ်သက်လို့ ယောဂီများ အလွယ်နားလည်အောင် ဆရာတော်ကြီးများက နည်းပေးလမ်းညွှန်ကြခြင်း ဖြစ်ပါတယ်။

စင်္ကြံလျှောက် တရားမှတ်နည်းနဲ့ ပတ်သက်လို့ ဘုရားနည်းကို ကိုးကားပြီး ပညာရှိ ဆရာအစဉ်အဆက်ရဲ့ နည်းတွေကို တစ်ဆင့်ပြန်လည် တင်ပြရမယ်ဆိုရင် စကြံင်္လျှောက်ပြီး တရားမှတ်လိုတဲ့ ယောဂီဟာ အရင်ဆုံး တိတ်ဆိတ်ညိမ်သက်တဲ့ နေရာမှာရှိတဲ့ မတိုလွန်းမရှည်လွန်းတဲ့ လျှောက်လမ်းတစ်ခုကို ရွှေးချယ်ဖို့လိုပါတယ်။ ရာသီဥတု သိပ်မအေးရင်တော့ ခြေအိပ်ကို မဝတ်ဘဲ လျှောက်ကြည့်စေချင်ပါတယ်။ ဒါမှ ခြေဖဝါးရဲ့ ခံစားမှု အတွေ့ကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်ခန္ဓာကိုယ် အနေအထားကို ပြင်ဆင်ရပါမယ်။ လျှောက်မယ့်လမ်းရဲ့ အစပိုင်းမှာ မတ်တပ်ရပ်ပြီး ရှေ့လေးထောင်ခန့်လောက်ပဲ ကြည့်တဲ့အနေအထားနဲ့ မျက်လွှာကိုချကာ လက်နှစ်ဘက်ကိုတော့ လက်ဖဝါးနှစ်ခုကို မသိမသာ ထပ်ထားရင်း ခန္ဓာကိုယ်ရဲ့ ရှေ့မှာပဲချထားချထား၊ နောက်မှာပဲ လက်နောက်ပစ်ပြီး ထားလိုက ထားနိုင်ပါတယ်။

အဲဒီလို ပြင်ဆင်ပြီးတာနဲ့ စိတ်ကိုခန္ဓာကိုယ်မှာ စုစည်းထားရမှာ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ဖို့ စတင်ပြီး ခြေစုံရပ်နေတဲ့ အခိုက်မှာလည်း ရပ်နေတဲ့ အနေအထား တစ်ခုလုံးကို စိတ်ကမြင်အောင်ကြည့်ပြီး ရပ်တယ်၊ ရပ်တယ်လို့ အရင်ဆုံး သိမှတ်ရပါမယ်။ ပြီးတာနဲ့ ခြေလှမ်းတွေ လှမ်းတာကို သိမှတ်ရပါမယ်။ မမှတ်ခင် လှမ်းချင်တဲ့စိတ်ကို လှမ်းချင်တယ် လှမ်းချင်တယ်လို့ မှတ်ရပါမယ်။ အဲဒီလို မှတ်ပြီးတာနဲ့ စလှမ်းတဲ့ ခြေလှမ်းကစပြီး ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်လို့ လှမ်းတဲ့အမူအရာကို စိတ်ကတစ်ထပ်တည်း သိအောင်မှတ်ပေးရပါမယ်။ ဒါမှမဟုတ် ကြွတယ်လှမ်းတယ်၊ ကြွတယ်ချတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုလည်း မှတ်နိုင်ပါတယ်။ အစပိုင်းမှာတော့ ဒီဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုတဲ့ အချက်နှစ်ချက်ကိုပဲ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်အောင် မှတ်ပေးရပါမယ်။ လှမ်းတဲ့အခါ အရမ်းမြန်အောင် မလှမ်းဖို့ လိုပါတယ်။ မနှေးမမြန်လေးပေါ့။ လူမမာတစ်ယောက် လှမ်းတဲ့ပုံစံလေးဆို အတော်ပါပဲ။ အဲဒီလို အမှတ်နဲ့လှမ်းရင်း လျှောက်လမ်းဆုံးတဲ့အခါမှာ ခြေနှစ်ဖက်စုံရပ်ပြီး ရပ်တယ်ရပ်တယ်လို့ ရပ်နေတဲ့ အနေအထားကို စိတ်နဲ့မြင်အောင်ကြည့်ကာ ခဏမှတ်ကြည့်ရပါမယ်။ ပြီးရင် ခန္ဓာကိုယ်လှည်တဲ့ အခါမှာလည်း မလှည့်ခင် လှည့်ချင်တဲ့စိတ်ကို လှည့်ချင်တယ် လှည့်ချင်တယ်လို့ အရင်မှတ်ပြီး လှည့်နေတဲ့အခါမှာလည်း လှည့်တယ်လှည့်တယ်လို့ မှတ်ပေးရပါမယ်။ နောက် အဲဒီမှာ ချက်ချင်းမလှမ်းသေးဘဲ ခဏစုံရပ်ကာ ရပ်တယ်ရပ်တယ်လို့ မှတ်သိပေးရပါမယ်။ အဲဒီလို ခဏမှတ်ပြီး လှမ်းဖို့လုပ်တဲ့အခါမှာလည်း ခုနပြောသလို လှမ်းချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှမ်းတဲ့ခြေလှမ်းက စတင်ကာ အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျအောင် မှတ်ပေးရမှာဖြစ်ပါတယ်။

ဒီနည်းအတိုင်း ဘယ်လှမ်းတယ် ညာလှမ်းတယ်ဆိုတဲ့ အမှတ်နှစ်ချက်ကိုပဲ ဖြည်းဖြည်းနဲ့မှန်မှန် အမှတ်နိုင်အောင် မှတ်နိုင်ပြီဆိုရင်တော့ အမှတ်ကို စိပ်စိပ်မှတ်တဲ့အနေနဲ့ ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုပြီး သုံးချက်မှတ်နိုင်ပါတယ်။ အဲဒီအခါမှာလည်း စတင်တဲ့ ခြေထောက်ကစပြီး လှမ်းဖို့ခြေဖဝါးကြွတဲ့အခါ ကြွတယ်၊ ကြွပြီးလှမ်းတဲ့အခါ လှမ်းတယ်၊ လှမ်းပြီးချတဲ့အခါ ချတယ်လို့ သုံးချက်မှတ်ကြည့်နိုင်ပါတယ်။ ပုံမှန်လမ်းတဲ့ ဘယ်ညာခြေလှမ်းကိုပဲ အသေးစိပ်အနေနဲ့ ခြေတစ်ဖက်ချင်းမှာ လှမ်းတဲ့ခြေလှမ်းတိုင်းကို ကြွတယ်၊ လှမ်းတယ်၊ ချတယ်ဆိုတဲ့ သုံးချက်မှတ်နည်းနဲ့ မှတ်ကာ စင်္ကြံလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ ဒီသုံးချက်မှတ်နည်းကတော့ အမှတ်စိပ်သွားတာ ဖြစ်တဲ့အတွက် ခြေလှမ်းတွေလည်း အလိုလို နှေးသွားမှာ ဖြစ်ပါတယ်။ နှေးရင်လည်း နှေးပါစေ အဓိကကတော့ အလှမ်းနဲ့အမှတ် မပြတ်ဖို့ပဲ ဖြစ်ပါတယ်။ ကျန်တဲ့မှတ်နည်းကတော့ ရှေ့နှစ်ချက်မှတ်နည်းအတိုင်း ရပ်နေတဲ့အခိုက်လည်း ရပ်တယ်၊ လှည့်တဲ့အခါလည်း လှည့်ချင်တဲ့စိတ်ကို အရင်မှတ်ပြီး လှည့်နေရင်းလည်း လှည့်တယ်စသဖြင့် မှတ်ပြီး လှမ်းတဲ့ခြေလှမ်းတိုင်းကို သိပြီးလှမ်းကာ မှတ်ပေးရုံပါပဲ။

အဲဒီလို စင်္ကြံလျှောက် တရားမှတ်တဲ့အခါ ယောဂီတွေ အဖြစ်များတာကတော့ လှမ်းတဲ့ခြေလှမ်းနဲ့ အမှတ်လွဲနေကြတာပဲ ဖြစ်ပါတယ်။ တစ်ခါတလေ လှမ်းတာက ဘယ်ခြေ မှတ်လိုက်တာက ညာလှမ်းတယ်ဆိုတဲ့ အမှတ်မျိုး၊ လှမ်းပြီးမှ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ် စသဖြင့် မှတ်လိုက်မိတာမျိုး၊ လှမ်းရင်းနဲ့ ခန္ဓာကိုယ်က ယိမ်းယိုင်သွားတာမျိုး စသဖြင့် ဖြတ်တတ်ပါတယ်။ ဒါမျိုးကတော့ အမှတ်မနိုင်သေး၊ သမာဓိမခိုင်သေးခင် ဖြစ်တတ်တဲ့ သဘောမျိုးပဲ ဖြစ်ပါတယ်။ သေချာသတိ၊ ဝီရိယထား လေ့ကျင့်ပေးမယ်ဆိုရင် အမှတ်မှန်ပြီး သမာဓိတည်လာမှာ ဖြစ်ပါတယ်။ တစ်ခါတလေ တစ်ချို့က လှမ်းတဲ့ခြေလှမ်းရဲ့ လှုပ်ရှားမှုသဘောကို တကယ်မသိမှတ်မိဘဲ စိတ်ထဲကပဲ ဘယ်လှမ်းတယ်၊ ညာလှမ်းတယ်ဆိုပြီး ရေရွတ်နေတတ်တာ ရှိတတ်ပါတယ်။ အမှန်တော့ ရေတွက်နေဖို့မဟုတ်ဘဲ လှမ်းနေတဲ့အမူအရာ သဘောကို အရှိအတိုင်း သိနေဖို့က အဓိကဖြစ်ပါတယ်။ counting မဟုတ်ဘဲ realizing ဖြစ်ဖို့လိုပါတယ်။

နောက်စင်္ကြံလျှောက်ရင်း ခုနပြောခဲ့တဲ့ ခြေအိပ်မစွပ်ထားတဲ့ ခြေဖဝါးပြင်တွေဟာ ကြမ်းပြင်နဲ့ ထိတွေ့တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ခံစားမှုသဘောလေးတွေ ရှိတတ်ပါတယ်။ ဒီအခါမှာလည်း အဲဒီခံစားမှုသဘောကို အရှိအတိုင်း သိမှတ်ပေးရမှာဖြစ်ပါတယ်။ ခြေဖဝါးကြွတဲ့အခါ ကြွတဲ့အမူအရာရယ်၊ ကြွလိုက်တဲ့အတွက် ဖြစ်သွားတဲ့ ခံစားမှုရယ်ကို အရှိအတိုင်း သိမှတ်ပေးရမှာ ဖြစ်ပါတယ်။ လှမ်းတဲ့အခါ၊ ချတဲ့အခါ၊ ဘယ်လှမ်းတဲ့အခါ၊ ညာလှမ်းတဲ့အခါ စတာတွေမှာလည်း ခြေဖဝါးပြင်ရဲ့ ခံစားမှုသဘော၊ ခြေထောက်ရဲ့ လှုပ်ရှားမှုသဘောကို သူဖြစ်နေတဲ့ အတိုင်းလေးပဲ ပေါ့ပေါ့ပါးပါး မှတ်သိပေးရမှာ ဖြစ်ပါတယ်။ စမှတ်ခါစမှာတော့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှုတွေရယ်၊ ခြေဖဝါးရဲ့ ခံစားမှုတွေရယ်ကို ကွဲကွဲပြားပြား မှတ်လို့ရမှာမဟုတ်ပါဘူး။ နောက်တော့ ကောင်းကောင်းမှတ်သိလာပါလိမ့်မယ်။ အစပိုင်းမှာတော့ လှမ်းနေတဲ့ ခြေလှမ်းတွေရဲ့ လှုပ်ရှားမှု သဘောကိုပဲ သိအောင်၊ နိုင်အောင် မှတ်ကြည့်တာက အကောင်းဆုံးပဲ ဖြစ်ပါတယ်။ နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းကျလာတဲ့ အခါမှာ ထုံးစံအတိုင်း သမာဓိ ကောင်းကောင်းတည်လာမှာ ဖြစ်ပါတယ်။ သမာဓိတည်လာတာနဲ့အမျှ သမာဓိနိမိတ်တွေလည်း ပေါ်လာတော့မှာ ဖြစ်ပါတယ်။ တစ်ခါတလေ ခြေလှမ်းလှမ်းရင်း ခြေဖဝါးနဲ့ ကြမ်းပြင်မထိတာမျိုး၊ ချလိုက်တဲ့ ခြေဖဝါးဟာ အမြင့်ကြီးက ချနေရတဲ့ သဘောမျိုး၊ ခြေလှမ်းတွေဟာ ပေါ့ပါးနေတာမျိုး၊ တစ်ခါတလေ ကျောက်ခဲဆွဲထားသလို လေးလံနေတဲ့ သဘောမျိုး၊ ကြမ်းပြင်နဲ့ထိတဲ့ ခြေဖဝါးပြင်ဟာ နူးညံ့ခြင်း၊ ကြမ်းတမ်းခြင်းစတဲ့ ခံစားမှုမျိုး၊ ကြမ်းပြင်မှာလျောက်နေပေမယ့် ကောင်ကင်မှာရောက်နေတဲ့ ခံစားမှုမျိုး စသဖြင့် သမာဓိနိမိတ် အမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။ ဒီလို နိမိတ်တွေ ဖြစ်လာတဲ့အခါမှာလည်း အရှိအတိုင်းပဲ သတိထားပြီး ဝိရိယနဲ့ အမှတ်မလွတ်အောင် မှတ်ကြည့်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီလိုမှတ်ရင်း နောက်တဖြည်းဖြည်း အလှမ်းနဲ့အမှတ် တစ်ထပ်တည်းဖြစ်ကာ မှတ်သိတဲ့စိတ်နဲ့ လှမ်းနေတဲ့ ရုပ် သူအလုပ် သူလုပ်နေတာကို သိမြင်လာမှာ ဖြစ်ပါတယ်။ ဒါကတော့ သမာဓိအားကောင်းပြီး အမှတ်နိုင်သွားတဲ့အခါ အလိုလို ဉာဏ်ကသိလာမယ့် သဘောပဲ ဖြစ်ပါတယ်။

ဒီမှာ အဓိက သိထားဖို့က စင်္ကြံအမှတ်ကို စမှတ်တဲ့ ယောဂီများအနေနဲ့ ခြေထောက်များရဲ့ လှုပ်ရှားမှုနဲ့ မှတ်သိရတဲ့ စိတ်အမှတ် တစ်ထပ်တည်းဖြစ်အောင် ကြိုးစားရမယ့် အပိုင်းပဲ ဖြစ်ပါတယ်။ စင်္ကြံလျှောက်ပြီး တရားမှတ်နည်းဟာ ထိုင်ပြီးတရားမှတ်နည်းကို အထောက်အကူဖြစ်စေတဲ့ တရားမှတ်နည်း ဖြစ်သလို ထိုင်မှတ်ရာက ဖြစ်ပေါ်လာတဲ့ သမာဓိကို မပျောက်ပျက်သွားအောင် သမာဓိတစ်ဆက်တည်းဖြစ်ဖို့ မှတ်ရတဲ့ မှတ်နည်းလည်းပဲ ဖြစ်ပါတယ်။ ပြီးတော့ ဣရိယာပုတ်လေးမျိုးမှာ လမ်းလျောက်ပြီးတော့လည်း တရားမှတ်နိုင်တယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီစင်္ကြံလျောက်ပြီး တရားမှတ်နည်းဟာလည်း လုပ်ဖို့ခက်ပေမယ့် အလွန်လွယ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ လွယ်တယ်လို့ ပြောရတာလဲဆိုရင် သူ့နည်းကိုကာ ခြေလှမ်းတွေကို သိပြီးလှမ်းပေးဖို့ပဲ ဆိုတော့ ဒီထက်လွယ်တာတော့ မရှိတော့ပါဘူး။ ဒါပေမယ့် ခက်တာက အဲဒီလို လွယ်တဲ့နည်းကို လွှတ်မသွားအောင်လုပ်ဖို့က ခက်နေတာ ဖြစ်ပါတယ်။ ခက်တယ်ဆိုလို့ မလုပ်ဘဲ နေပြန်ရင်လည်း တရားအလုပ်မှာ သိပ်မဟုတ်တတ်တဲ့ သဘောရှိတဲ့အတွက် လုပ်တာတော့ လုပ်ရမှာ ဖြစ်ပါတယ်။ နည်းသိရင် လိုက်လုပ်ဖို့က သတိ၊ ဝီရိယထားလိုက်ရင် ဖြစ်နိုင်တဲ့အတွက် သတိထားပြီး ကြိုးစားကြည့်ဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အချုပ်ပြောချင်တာက စင်္ကြံလျောက်ပြီး တရားမှတ်တဲ့အခါ ခြေလှမ်းတိုင်းကို သိပြီးလှမ်းရမှာ ဖြစ်တဲ့အတွက် လှမ်းနေတဲ့ ခြေလှမ်းတွေမှာ အလှမ်းနဲ့အမှတ် မပြတ်စေဖို့ ဘယ်လှမ်းရင်လည်း ဘယ်လှမ်းတယ်၊ ညာလှမ်းရင်လည်း ညာလှမ်းတယ်၊ ကြွရင်လည်းကြွတယ်၊ လှမ်းရင်လည်း လှမ်းတယ်၊ ချရင်လည်းချတယ်၊ လမ်းလျောက်ရင်း ရပ်နေတဲ့အခါမှာလည်း ရပ်တယ်၊ လှည့်တဲ့အခါမှာလည်း လှည့်တယ်၊ လှမ်းချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှမ်းချင်စိတ်ဖြစ်တယ်၊ လှည့်ချင်စိတ်ဖြစ်တဲ့ အခါမှာလည်း လှည့်ချင်စိတ်ဖြစ်တယ်၊ ခြေဖဝါးပြင်မှာ တစ်ခုခု ခံစားမှု ဖြစ်တယ်ဆိုရင်လည်း ခံစားမှုဖြစ်တယ် စသဖြင့် အရှိကို အရှိအတိုင်း၊ လှုပ်ရှားမှုကို လှုပ်ရှားမှုအတိုင်း၊ ခံစားမှုကို ခံစားမှုအတိုင်း၊ စိတ်ဖြစ်မှုကို စိတ်ဖြစ်မှုအတိုင်း သတိထားပြီး ကြိုးစားမှတ်ကြည့်ကြဖို့နဲ့ သမာဓိနည်းလို့ မှတ်မရဖြစ်တဲ့အခါမှာလည်း စိတ်မလျော့ဘဲ ဝိရိယနဲ့ ကြိုးစားကြည့်ကြဖို့ ပြောချင်တာ ဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလည်း လုပ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Read more »

တန်ဆေးလွန်ဘေး…

“တန်ဆေးလွန်ဘေး”တဲ့။ ဒါက မြန်မာဆိုရိုးစကားလေးပါ။ ဘာပဲဖြစ်ဖြစ် အတိုင်းအတာ တစ်ခုရှိဖို့လိုပြီး အတိုင်းအတာကို ကျော်သွားရင်တော့ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုကောင်းတဲ့ အရာပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲ စိတ်နဲ့ကိုယ်ကို ပြုပြင်ပေးပါတယ်ဆိုတဲ့ အထောက်အကူပြု အရာမျိုးပဲ ဖြစ်ဖြစ် အလွန်အကျွံ ဖြစ်လာပါက အကောင်းကနေ အဆိုးဖြစ်သွားတတ်တဲ့ သဘောရှိပါတယ်။ ယုတ်စွအဆုံး တရားအလုပ် အားထုတ်တာတောင်မှ ညီညွတ်ပြည့်စုံရမယ့် အရာတွေညီညွတ်မှ တရားရနိုင်သလို တစ်ခုတည်းကို စွဲကိုင်ပြီး အလွန်ပြင်းပြင်းထန်ထန် လိုက်နာကျင့်သုံးမိပါက လွဲယိုင်သွားတတ်တဲ့ သဘောရှိပါတယ်။ သေချာတာတော့ ဘာပဲဖြစ်ဖြစ် အတိုင်းအတာကို ကျော်လွန်လာပါက ဘေးဖြစ်တတ်တယ်ဆိုတာ အသေအချာပဲဖြစ်ပြီး လွန်လာရင် ကျွံလာကာ ကျွံလာရာကနေ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အလွန်အကျွံ မဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ စကားဟာ စားဝတ်နေရေး ကျန်းမာရေးတွေမှာ အကောင်းဆုံးဖြစ်ဖို့ လိုချင်တောင့်တ ကြိုးစားနေကြ သူတွေအတွက် တကယ့်ကိုပဲ သတိပြုရမယ့် စကားဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုခုကို ကိုယ်ကိုယ်တိုင်က သဘောကျနှစ်သက်လို့ အမြဲမပြတ် ရရှိနေအောင် ကြိုးစားတာပဲဖြစ်ဖြစ် မနှစ်သက်ပေမယ့် လိုအပ်ချက်တစ်ခုခုကြောင့် ရရှိအောင် ကြိုးစားတာပဲဖြစ်ဖြစ် အကန့်တစ်ခု၊ အတိုင်းအတာတစ်ခု အထိပဲ ဖြစ်စေတာ ကောင်းပါတယ်။ အဲလိုမှမဟုတ်ဘဲ ဒီအပေါ်မှာ အလွန်အကျွံ ဖြစ်လာရင်တော့ ဒါဟာ ဆိုးကျိုးတစ်ခုခုကို ဖြစ်စေတတ်တာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်နေတဲ့ အလုပ်တွေဟာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ မကြိုက်ပေမယ့် လိုအပ်ချက် တစ်ခုခုကြောင့် လုပ်နေတာပဲ ဖြစ်ဖြစ် တော်သင့်ရုံလောက်ပဲ ဖြစ်သင့်ပြီး ကိုယ်နဲ့ကိုက်ညီသလောက်ပဲ လုပ်သင့်ကာ အတိုင်းအတာကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်အောင် မလုပ်သင့်၊ မလိုက်စားသင့်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပြောရမယ်ဆိုရင် လူတွေဟာ အစွဲလေးတွေ ကိုယ်စီရှိနေကြတဲ့အတွက် စွဲမိစွဲရာလေးတွေ အပေါ်မှာ လိုတာထက် ပိုနေတတ်တဲ့ သဘောရှိပါတယ်။ ဒီလိုအပိုတွေကြောင့်လည်း စွဲမိရာက တဖြည်းဖြည်း လွဲလာကာ ပိုပိုလို့သာ စိတ်ရောကိုယ်ပါ မွဲလာတတ်တဲ့ သဘောတွေအထိ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ အစွဲအမျိုးမျိုး ရှိတဲ့အထဲမှာ တစ်ချို့က အစားအသောက်စွဲတာ၊ တစ်ချို့က လောင်းကစားစွဲတာ၊ တစ်ချို့က အမျိုးသမီးစွဲတာ၊ တစ်ချို့က အရက်စွဲတာ၊ တစ်ချို့က အင်တာနက်စွဲတာ၊ တစ်ချို့က ချက်တင်းစွဲတာ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဝါသနာပါရာ နီးစပ်ရာကို စွဲနေတော့တာ ဖြစ်ပါတယ်။ ဘယ်လိုဝါသနာမျိုးနဲ့ ဘယ်လိုပဲစွဲစွဲ အဲဒီအစွဲဟာ ကြာတော့ဖြတ်ဖို့ခက်လာပြီး အလွဲတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစွဲကို မဖြတ်နိုင်တဲ့အတွက် အဲဒီအစွဲနောက်ကိုလိုက်ရင်း အလွန်အကျွံတွေ ဖြစ်ကုန်ကာ နောက်ဆုံးတော့ ဘေးဒုက္ခရောက်တဲ့အထိ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ အစကတော့ အတိုင်းအတာ သတ်မှတ်ချက်လေးတွေနဲ့ ထိန်းထိန်းသိမ်းသိမ်း ရှိနေတုန်းမှာ ဘာမှထိခိုက်မှုမှ မရှိဘဲ စိတ်ဖြေဆေးတစ်ခုလို ဖြစ်နေတယ်လို့ ထင်ရပေမယ့် ကြာလာတော့ အဲဒီဆေးဆိုတာတွေက ဘေးအဖြစ် ရောက်စေကုန်တော့တာ ဖြစ်ပါတယ်။ ဒါဟာ အစွဲနောက်ကိုလိုက်ရင်း လွဲလာရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

အစွဲကြောင့် ဘေးဖြစ်ကြရတဲ့ အဖြစ်တွေကတော့ ကိုယ်ကိုယ်တိုင်လည်း ကြုံဖူးကြမှာ ဖြစ်သလို၊ ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာတွေကိုလည်း မြင်ဖူးကြားဖူးကြမှာ ဖြစ်ပါတယ်။ နိဗ္ဗာန်ရောက်ရေးအတွက် ဖြတ်သင့်ဖြတ်ထိုက်တဲ့ အစွဲတရားတွေကို အကြွင်းမဲ့ ဖြတ်ဖို့အရေးထက် လက်ရှိဒီဘဝမှာကိုပဲ ဒုက္ခရောက်စေ၊ ဘေးဖြစ်စေမယ့် လက်တွေ့ဖြတ်ရမယ့် အစွဲတွေကို ဖြတ်နိုင်ဖို့က ပိုအရေးကြီးနေပါတယ်။ နိဗ္ဗာန်မသွားမီ လက်တွေ့ဘဝမှာပဲ အစွဲတရားတွေနောက် အလွန်အကျွံ လျှောက်မိတဲ့အတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်နေကြတဲ့ သူတွေက ဒုနဲ့ဒေးဖြစ်နေတဲ့အတွက် ဒီအစွဲတရားတွေနောက် အလွန်အကျွံ မလိုက်မိအောင် ကြိုးစားဖို့က အဓိကလိုအပ်နေပါတယ်။ ဒါကြောင့် အစွဲတရားမှန်သမျှ ကြိုက်လို့ပဲ စွဲစွဲ၊ လိုက်လို့ပဲ စွဲစွဲ၊ ကောင်းတယ်ထင်လို့ပဲ စွဲစွဲ၊ ပြောင်းမယ်ထင်လို့ပဲ စွဲစွဲ၊ ဘယ်လိုပဲစွဲစွဲ အလွန်အကျွံ ဖြစ်လာပါက စွဲရာကနေလွဲလာပြီး ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် အကန့်တစ်ခုနဲ့ ရပ်တံ့နိုင်အောင် ကြိုးစားကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

တစ်ခုခုအပေါ် အလွန်အကျွံဖြစ်ကာ ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တဲ့ အကြောင်းကိုပြောရင်း ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ သူအချို့ရဲ့ အစွဲတရားကြောင့် ဘေးဒုက္ခရောက်ကြရတဲ့ အဖြစ်လေးတွေကို သတိရမိပါသေးတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်ရင် ဒုက္ခရောက်တယ်ဆိုပေမယ့် အလွန်အကျွံမဖြစ်ခင် သတိဝင်ကာ ပြုပြင်သွားကြသူတွေ ရှိသလို ဘယ်လိုပဲပြောပြော၊ ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း အစွဲကို မခွဲနိုင်သေးတဲ့ သူတွေလည်း ရှိနေတတ်ပါတယ်။ အဲဒီလို မခွဲနိုင်ရာက အစွဲကနိုင်ပြီး ကြာလာတော့ ဘဝတစ်ခုလုံး ပျက်စီးသွားကြတဲ့အထိ ဘေးဖြစ်ကြတဲ့သူတွေလည်း ရှိနေပြန်ပါတယ်။

ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ တပည့်လေးတွေဆိုလည်းဟုတ်၊ ဘုန်းဘုန်းတို့ ဒကာလေးတွေဆိုလည်း ဟုတ်တဲ့ ကိုရီးယားရောက် ကလေးတွေထဲမှာလည်း အစွဲကြီးတဲ့ ကလေးတွေ ရှိနေတတ်ပါတယ်။ တစ်ချို့က အသောက်အစား အားသန်သလို၊ တစ်ချို့လည်း လောင်းကစားအားသန် သူတွေရှိတတ်ပါတယ်။ တစ်ချို့ကတော့ အအိပ်ပျက် အစားပျက်ခံကာ ရုန်းမထွက်နိုင်အောင် ကြိုက်တတ်တဲ့ အရာတွေ ရှိနေတတ်ပြီး တစ်ချို့ကျတော့ မာတုဂါမ လိုက်စားမှုအပေါ် အစွဲကြီးသူတွေလည်း ရှိတတ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေအပေါ်မှာ ဘုန်းဘုန်းအနေနဲ့ ကရုဏာလည်းထားသလို၊ မေတ္တာလည်း ပွားပါတယ်။ ဒါကြောင့် သူတို့လေးတွေ စွဲစွဲလန်းလန်းဖြစ်နေကြတဲ့ အရက်သောက်တာ၊ ဖဲကစားတာ၊ အပျော်အပါးလိုက်စားတာ၊ လောင်းကစားလုပ်တာ စတဲ့အရာလေးတွေအပေါ်မှာ အလွန်အကျွံမဖြစ်အောင် သူတို့လေးတွေနဲ့ တွေ့တဲ့အခါတိုင်း သတိပေး ပြောဆိုဆုံးမ ပေးနေဖြစ်ပါတယ်။ လူ့သဘာဝအရ ဆုံးမပြောဆိုတာကို မကြိုက်ပေမယ့်လည်း လိုက်နိုင်သူတွေ လိုက်နာနိုင်ဖို့ အမုန်းခံပြီး ပြောဆိုဖြစ်နေပါတယ်။ ခက်တာက ဒီလို ပြောဆိုပေးနေတဲ့ ကြားကကိုပဲ အလွန်အကျွံဖြစ်သွားလို့ ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားသူတွေကလည်း တစ်ခါတရံ ရှိလာနေပြန်ပါတယ်။

အခုမကြာသေးခင်ကပဲ ဘုန်းဘုန်းတို့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘုန်းဘုန်းတို့ ဒကာလေးတစ်ယောက် အသက် ပျောက်သွားခဲ့ရပြန်ပါပြီ။ သူ့အသက်ကြည့်တော့ (၃၃)နှစ်တဲ့။ (၃၃)နှစ်ဆိုတာ သက်တမ်းအရကြည့်ရင် သေရမယ့် အရွယ်တော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် သေဖို့အကြောင်းဖန်လာတော့ သေရပြန်ပြီပေါ့။ ဖန်လာတဲ့အကြောင်းက ဘယ်သူမပြု မိမိမှုဆိုသလို ကိုယ်ကိုယ်တိုင် ဖန်တီးခဲ့တဲ့ အကြောင်းဆိုလည်း မှားမယ်မထင်ပါဘူး။ ဒီဒကာလေး သေရခြင်းရဲ့ အဓိက အကြောင်းရင်းကတော့ အရက်အသောက် များခဲ့တာရယ်၊ အအိပ်ပျက် အစားပျက်ခံကာ ကိုယ့်ကိုယ်ကို ဂရုစိုက်နည်းခဲ့တာ တွေရယ်ကြောင့်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။ သူဟာ အရက်ကို အရမ်းကြိုက်ပြီး အရမ်းစွဲနေတဲ့ သူဖြစ်သလို ကွန်ပျူတာနဲ့ အင်တာနက်ကိုလည်း အအိပ်ပျက်ခံ အစားပျက်ခံပြီး ကြိုက်နှစ်သက်သူ တစ်ယောက်ဖြစ်ပါတယ်။ သူ့အတွက်က တစ်နေ့လုံးမှာဆိုရင် အရက်သောက်ချိန်နဲ့ ကွန်ပျူတာ အင်တာနက် သုံးချိန်တွေက ပိုများနေတော့ အကောင်းထက် အဆိုးက ပိုများနေသလို ဖြစ်နေပါတယ်။ ဒီဒကာလေးဟာ အရက်အသောက်များတဲ့အတွက် အဓိက အသည်းမှာဖောက်ပြန်မှုတွေ ဖြစ်လာပြီး အဲဒီကမှတဆင့် အထဲကလီစာတွေအထိ ဒဏ်ဖြစ်ကုန်ကာ ကိုယ်ကိုယ့်ကို ဂရုစိုက်မှုတွေပါ လျော့နည်းလာတဲ့အတွက် ကြာတော့ အသက်ကိုပါ နှုတ်သွားခြင်း ခံရတော့တာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ဒါဟာ ကြိုက်လို့စွဲမိတဲ့ အစွဲအပေါ်မှာ အလွန်အကျွံ ဖြစ်မိရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားတဲ့ သဘောလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

သူလိုအစွဲကြောင့် ဒုက္ခရောက်သွားတဲ့ မတူညီတဲ့ အဖြစ်အပျက်တွေကတော့ အများကြီးပါပဲ။ တစ်ခါက ဒကာလေးတစ်ယောက်ဆိုလည်း ဖဲကစားရင်း ဖဲအရှုံးများကာ စိတ်ကယောင်ခြောက်ခြားဖြစ်ပြီး ဖဲဝိုင်းမှာ ရန်ဖြစ်ရာက အချင်းချင်းသတ်လိုက်လို့ သေခဲ့ရတဲ့ အဖြစ်လည်း ရှိခဲ့ဖူးသလို ဒကာလေးတစ်ယောက်ဆိုလည်း မာတုဂါမတစ်ယောက်ကို အလွန်အကျွံ စွဲလန်းမိရာက အဲဒီအမျိုးသမီးကို အကြောင်းပြုပြီး လူတစ်ယောက်ကို သတ်လိုက်မိကာ ထောင်နန်းစံခဲ့ရတဲ့အထိ ဖြစ်သွားတာလည်း ရှိခဲ့ဖူးပါတယ်။ ပြောမယ်ဆိုရင်တော့ အများကြီးပါပဲ။ သွားတဲ့သူတွေက သွားပြီပဲ ဘာလို့ဒါတွေ ပြန်ပြောနေတာလဲဆိုရင် ကျန်ခဲ့တဲ့သူတွေ သတိပြုမိစေဖို့ပဲ ဖြစ်ပါတယ်။ သွားလေသူကို အပြစ်ပြောတာ မဟုတ်ပါဘူ။ ကျန်တဲ့သူအတွက် အချစ်ပေါလို့ ပြောရခြင်း ဖြစ်ပါတယ်။ ထားပါတော့။ အားလုံးကို ချုံကြည့်လိုက်ရင် ဖြစ်ခဲ့သမျှ အရာတွေဟာ မတူညီတဲ့ အစွဲတရားတွေနဲ့ အလွဲအမှားလိုက်ကာ အလွန်အကျွံ ဖြစ်ကြရာက ဆေးမဖြစ်ဘဲ ဘေးဖြစ်သွားကြတဲ့ သဘောတွေပဲ ဖြစ်ပါတယ်။

ဒီမှာ ပြောချင်တာက တန်ဆေးလွန်ဘေးဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အလွန်အကျွံဖြစ်လာရင် ဆေးမဖြစ်ဘဲ ဘေးဖြစ်တတ်တယ်ဆိုတာကို ပြောချင်တာ ဖြစ်ပါတယ်။ တစ်ခါတလေ ဆေးဖြစ်ပါတယ်လို့ဆိုတဲ့ အရာတွေတောင်မှ အတိုင်းအတာမရှိ အလွန်အကြူး ပြုမူမိရင် ဆေးအဆင့်ကိုကျော်ပြီး ဘေးဖြစ်ပေါ်တတ်တယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ ကိုယ်ကကြိုက်လို့ လိုက်စားတဲ့အရာပဲ ဖြစ်ဖြစ်၊ ကိုယ်ကမကြိုက်ပေမယ့်လည်း ကိုယ့်အတွက် လိုအပ်တဲ့အရာ ဖြစ်တဲ့အတွက် လိုက်စားတာပဲ ဖြစ်ဖြစ် တော်ရုံသင့်ရုံပဲကောင်းပြီး အတိုင်းအတာကို မကျော်မိစေဖို့နဲ့ အတိုင်းအဆကို ကျော်လွန်ပြီး အလွန်အကျွံဖြစ်ပါက ဘေးဒုက္ခဖြစ်တတ်တဲ့အတွက် ကိုယ့်ပမာဏ ကိုယ်သိကာ ကိုယ့်ကိုယ်ကိုညှိရင်း ထိန်းသိမ်းစောင့်ရှောက်ကြဖို့ အသိပေး ပြောကြားလိုတာ ဖြစ်ပါတယ်။
ဒါကြောင့်

အတိုင်းအတာတို့၊ အကန့်အသတ်တို့ဆိုတာ ပုဂ္ဂိုလ်သတ္တဝါ တစ်ဦးဦးကို အလွန်အကျွံ မဖြစ်အောင် ထိန်းချုပ်ပေးတဲ့ အရာတွေဖြစ်ပြီး ဘေးမဖြစ်ဘဲ ဆေးဖြစ်စေတဲ့ အရာတွေ ဖြစ်တဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေမှာ ကြိုက်လို့လုပ်တာပဲ ဖြစ်ဖြစ်၊ လိုအပ်လို့ လုပ်တာပဲဖြစ်ဖြစ် ဘယ်လိုပဲ ဖြစ်ပါစေ ကောင်းတယ်လို့ ထင်တဲ့အရာတွေတောင် လွန်ရင်မကောင်းတဲ့ သဘောရှိပြီး မကောင်းတဲ့ အရာတွေဆိုရင်တော့ ပြောစရာမရှိအောင်ကို ဒုက္ခဖြစ်စေတတ်တာကို သတိပြုဆင်ခြင်ရင်း ဘာပဲဖြစ်ဖြစ် အလွန်အကျွံ ဖြစ်တဲ့အထိ မလုပ်မိကြဖို့၊ မလိုက်စား၊ မပျော်ပါးမိကြဖို့ ကိုယ့်ကိုယ်ကိုသာ သတိပညာတရားများ လက်ကိုင်ထားရင်း အကန့်အသတ်လေးများနဲ့ ထိန်းချုပ်ပေးကြပါလို့ တိုက်တွန်းစကား ပါးလိုက်ရပါတယ်။

Read more »

အမိတာဘာဗုဒ္ဓ…

Q. I would like to know about Amitabha Buddha. Please write and post about story of Amitabha Buddha. I just want to get knowledge.
(thwin)


A.
အမိတာဘာ ဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ကြတဲ့ ဘုရားတစ်ဆူ ဖြစ်ပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ လက်ရှိသကျမုနိဗုဒ္ဓကိုလည်း ကိုးကွယ်ကြသလို ထာဝရ ဘုရားပုံစံမျိုး ဘုရားများ၊ ပွင့်တော်မမူသေးတဲ့ အရိမေတ္တယျလို ဘုရားများ၊ ဘုရားလောင်းများ၊ ဘုရားရဲ့မယ်တော်များ စသဖြင့် အမျိုးမျိုးသော ပုဂ္ဂိုလ်များကိုလည်း ပုံတော်ရုပ်ပွားတော်များ ဖန်တီးကား ကိုးကွယ်ပူဇော်လေ့ ရှိပါတယ်။ အဲဒီ ကိုးကွယ်ရာတွေထဲမှာ အမိတာဘာဘုရားဟာလည်း ထာဝရတည်တံ့နေတဲ့ ဘုရားအဖြစ် ကိုးကွယ်တဲ့ ဘုရားတစ်ဆူအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်နေပါတယ်။

အမိတာဘာရဲ့ အဓိပ္ပါယ်က အတိုင်းမရှိသော အရောင်အလင်းလို့ အဓိပ္ပါယ်ရပါတယ်။ မဟာယာန ဗုဒ္ဓဘာသာဝင်တွေရဲ့ အဆိုအရ အမိတာဘာ ဘုရားဟာ အနောက်ဘက်အရပ်ရှိ သုခဝတီဘုံးနန်းမှာ ကိန်းဝပ်စံပါယ်တော်မူတယ်လို့ သိရပါတယ်။ ထူးခြားချက်က ဒီအမိတာဘာ ဘုရားဟာ ပါရမီတွေဘာတွေ ဖြည့်ကျင့်စရာမလိုဘဲ အစကတည်းက သူ့အလိုလို ဘုရားအဖြစ်ကို ရရှိထားတဲ့ ဘုရားမျိုးဖြစ်ပါတယ်။ ဒါကြောင့် အမိတာဘာဘုရားကို အာဒိဗုဒ္ဓ (အစဘုရား)လို့လည်း ခေါ်လေ့ရှိကြပါတယ်။

အမိတာဘာဘုရားရဲ့ သမိုင်းကြောင်းအဆိုအရ အမိတာဘာဘုရားဟာ မဟာယာန ဗုဒ္ဓဘာသာက ပြုလုပ်ဖန်တီးထားတဲ့ ဘုရားတစ်ဆူပဲ ဖြစ်ပြီး ဗောဓိသတ္တအယူအဆနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ မဟာယာနတို့ရဲ့ ဗောဓိသတ္တအယူအဆဟာ အိန္ဒိယနိုင်ငံ ကနိသျှကမင်းလက်ထပ်မှာ အလွန်ထင်ရှားခဲ့ပါတယ်။ အဲဒီအယူအဆဟာ နောက်ပိုင်းအိန္ဒိယကနေ တရုတ်ပြည်ကို ရောက်ရှိပြန့်နှံ့လာပြီး သာသနာနှစ် ၉၀၀လောက်မှာ မဟာယာနဗုဒ္ဓဘာသာမှာ ထင်ရှာကျော်ကြားတဲ့ ပညာရှင် ရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်နာဂဇ္ဇုနက ဂုဏ်တော်အမျိုးမျိုးနဲ့ ထင်ရှားထူးခြားတဲ့ ဘုရားတစ်ဆူအဖြစ် ကိုးကွယ်ပူဇော်နိုင်ရန် “အမိတာဘာ” အမည်ရှိတဲ့ ဘုရားတစ်ဆူကို တီထွင်ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။

အရှင်နာဂဇ္ဇုန တီထွင်ဖန်တီးလိုက်တဲ့ ဒီအမိတာဘုရားဟာ ထာဝရမပျက်စီးတဲ့ ဘုရားတစ်ဆူအဖြစ် အကောင်းဆုံး နိဗ္ဗာန်ဘုံဖြစ်တဲ့ သုခဝတီဘုံမှာ တည်ရှိနေပြီး တရုတ်ပြည်မှာ အလွန်ထင်ရှားကျော်ကြားကာ လူအများယုံကြည် ကိုးကွယ်တဲ့ ဘုရားကြီးတစ်ဆူ ဖြစ်လာခဲ့ပါတယ်။ အဲဒီသုခဝတီ နိဗ္ဗာန်ဘုံမှာ ရှိတဲ့ အမိတာဘာ ဘုရားကြီးဟာ လောကနဲ့ဆက်သွယ် ကယ်ဆယ်မှုကို တိုက်ရိုက်မလုပ်ဘဲ ကြားခံအဖြစ် ဘုရားလောင်းများကိုထားကာ တစ်ဆင့်ခံ ဆက်သွယ် ကယ်ဆယ်တယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် အဝလောကိတေသွာရ ဘုရားလောင်းဆိုတာ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဝလောကိတေသွာရကို တရုတ်လိုတော့ ကွန်ယင်လို့ ခေါ်ပါတယ်။ အဝလောကိတေသွာရဟာ အမိတာဘာဘုရားနှင့် ကြင်ယာတော် ပါဏ္ဍရာ ဘုရားမတို့မှ မွေးဖွားလာတဲ့သူလို့ ဆိုပါတယ်။

ဒီလိုနဲ့ မဟာယာန ဗုဒ္ဓဘာသာမှာ အမိတာဘာဘုရား ရုပ်ပွားတော်၊ သကျမုနိရုပ်ပွားတော်နဲ့ အဝလောကိတေသွာရ ရုပ်ပွားတော်တွေကို ထားရှိကိုးလာမှုဟာ တဖြည်းဖြည်းထင်ရှားလာခြင်း ဖြစ်ပြီး အမိတာဘာဘုရားကြီးကို ကောင်းကင်ဘုံဘုရားအဖြစ် အလယ်တွင်ထား၍ ဖြစ်စေ၊ တစ်ခါတလေ သကျမုနိ (ရှင်ဂေါတမ)ဘုရားရဲ့ မြင့်မြတ်တဲ့ လက်ဝဲဘက်မှာဖြစ်စေ ထားပြီးကိုးကွယ်လေ့ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ မဟာယာနဗုဒ္ဓဘာသာဝင်တွေဟာ သေခါနီးအခါမှာ တစ်ခြားအရာတွေကို အာရုံမပြုနိုင်တာတောင်မှ အမိတာဘာဘုရားကိုသာ အာရုံပြုနိုင်မယ်ဆိုရင် အမိတာဘာဘုရားရှိတဲ့ သုခဝတီဘုံကို ရောက်နိုင်တယ်လို့ ယုံကြည်လက်ခံထားကြပါတယ်။

မဟာယာန ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ဂေါတမဘုရားဟာလည်း လူသားဘုရား မဟုတ်၊ သဘောတရား ပရမတ် ဘုရားသာဖြစ်ကြောင်း၊ ဂေါတမဘုရားအရင် မရေတွက်နိုင်တဲ့ ဘုရားများရှိကြောင်း ဂေါတမဘုရားကိုလည်း ကောင်းကင်ဘုံရှိ ပရမတ်ဘုရားအဖြစ်မှ လောကကိုကယ်ချွတ်ရန် သိဒ္ဓတ္ထအဖြစ် လူ့ပြည်ကို စေလွတ်လိုက်ခြင်း ဖြစ်ကြောင်း လောကတွင် ကိစ္စပြီးလို့ ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ဘုံကို ပြန်ကြွသွာခြင်းဖြစ်ကြောင်း စသဖြင့် ဆိုလေ့ရှိပါတယ်။ တစ်ချို့ကတော့ အမိတာဘာဘုရားဟာ လောကကို သကျမုနိဘုရားအဖြစ် ရောက်ရှိလာခြင်း ဖြစ်ကြောင်းဆိုပြီး တစ်ချို့လည်း ဘုရားအားလုံးကို စုပေါင်းထားတဲ့ ပရမတ် ဘုရားအဖြစ်သာ တည်ရှိကြောင်း စသဖြင့် ဆိုပါတယ်။

အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီး အမျိုးမျိုးပြောဆိုကြပေမယ့် မဟာယာနဗုဒ္ဓဘာသာမှာတော့ အလွန်ထင်ရှားတဲ့ ကောင်းကင်ဘုံ ဘုရားတစ်ဆူပဲ ဖြစ်ပါတယ်။ တစ်ချို့ပညာရှင်တွေကတော့ အမိတာဘာ ဘုရား အယူဝါဒဟာ ဗြဟ္မဏဝါဒရဲ့ ပုံတူကူးချချက်သာ ဖြစ်ကြောင်း ထောက်ပြကြပါတယ်။ ဗြဟ္မဏဝါဒအရ လောကကြီးဟာ ဣဿရခေါ် ဖန်ဆင်းမှုကြောင့် ဖြစ်ပေါ်လာပြီး တစ်လောကလုံးဟာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်နဲ့ တည်ဆောက်ထားခြင်း ဖြစ်ကာ သတ္တဝါတိုင်းရဲ့ ခန္ဓာကိုယ်တွင်းမှာ ထာဝရ မပျက်စီးတဲ့ ဝိညဉ်ခေါ် အတ္တကောင်လေးရှိပြီး အဲဒီအတ္တလေးဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန် အစိပ်အပိုင်းပင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးမှာ အဲဒီအတ္တအစိပ်အပိုင်းဟာ ထာဝရဘုရားသခင်ရဲ့ အတ္တမာန်ကြီးနဲ့ ပေါင်းစပ်ပြီး ထာဝရငြိမ်းချမ်းရာ သုခဘုံမှာ စံမြန်းသွားမှာဖြစ်ကြောင်း ယူဆကြပါတယ်။ ဒီအယူအဆဟာ မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာနဲ့ သုခဝတိဘုံ အယူအဆအတိုင်း ဖြစ်နေတဲ့အတွက် ဗြဟ္မဏဝါဒနောက်မှ ပေါ်ပေါက်လာတဲ့ မဟာယာန အယူအဆဟာ ဗြဟ္မဏဝါဒကို ပုံတူကူးချထားခြင်း ဒါမှမဟုတ် ဗြဟ္မဏအယူအဆဟာ မဟာယာန အယူအဆထဲ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြပါတယ်။

ဗြဟ္မဏဝါဒ လွှမ်းမိုးခြင်းကို ခံရတဲ့ မဟာယာန ဗုဒ္ဓဘာသာဟာ ဗြဟ္မဏဝါဒကို အတုယူကာ အမိတာဘာဘုရားကို ဗြဟ္မာကြီးပုံစံ ဖန်တီးပြီး အဝလောကိတေသွာရနဲ့ ဂေါတမဗုဒ္ဓတို့ကိုလည်း ဗြဟ္မာကြီးတစ်ဖြစ်လဲ အမိတာဘာက ဖန်ဆင်းပြီး စေလွှတ်ထားတဲ့ တမန်တော်ပုံစံအဖြစ် ပုံတူကူးချထားခြင်းဖြစ်ကြောင်း၊ ဒါကြောင့် ရုပ်ပွားဆင်းတုတော်များ ထုလုပ်ကိုးကွယ်တဲ့ အခါမှာလည်း အမိတာဘာဘုရားကို အလယ်မှာထားပြီး လက်ဝဲလက်ယာဘက်တွေမှာ ဂေါတမဘုရားနဲ့ အဝလောကိတေသွာရကို ထားခြင်းဖြစ်နိုင်ကြောင်း အချို့က ကောက်ချက်ချကြပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မဟာယာနဗုဒ္ဓဘာသာလာ အမိတာဘာဘုရားနဲ့ သုခဝတီဘုံ အယူအဆဟာ ထေရဝါဒ ဗုဒ္ဓမှာ မပါတဲ့ ထေရဝဒါနဲ့ ဆန့်ကျင်တဲ့ ထာဝရဘုရားနဲ့ ကောင်းကင်ဘုံ အယူအဆ သက်သက်သာ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ ဖြစ်ပါတယ်။ အမိတာဘာဘုရားဟာ ဗြဟ္မဏတွေရဲ့ ဣဿရကို အမည်ပြောင်းထားခြင်းဖြစ်ပြီး လောက၌ အတ္တရှိတယ်လို့ ယူဆတဲ့ မဟာယာနတစ်ဖြစ်လဲ ဗြဟ္မဏအယူအဆရဲ့ လွှမ်းမိုးဖန်တီးထားချက် ဘုရားတစ်ဆူသာ ဖြစ်တယ်ဆိုတာ ထင်ရှားတဲ့ အချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အတ္တဝါဒကိုပယ်ပြီး အနတ္တဝါဒအတိုင်း လက်ခံကျင့်သုံးကြတဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာက ဒီအမိတာဘာဘုရား အယူအဆကို အသိအမှတ်ပြု လက်မခံခြင်းပဲ ဖြစ်ပါတယ်။ ရှိစေတော့။ အမိတာဘာ ဘုရားနဲ့ ပတ်သက်ပြီးပြောမယ်ဆိုရင် အယူအဆအမျိုးမျိုး။ ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ ငြင်းခုံမှုအမျိုးမျိုးကို တွေ့ရမှာဖြစ်ပေမယ့် ထေရဝါဒ ဗုဒ္ဓဘာသာတွေ အနေနဲ့ကတော့ အမိတာဘာ ဘုရားအယူအဆနဲ့ ပတ်သက်ပြီး ယုတ္တိကျမကျ စဉ်းစားဆင်ခြင်ပြီး ကိုယ်ကိုယ်တိုင် ရွေးချယ်မှုနဲ့ပဲ အမိတာဘာ ဘုရား အယူဝါဒကို စိစစ်ကြရမှာ ဖြစ်ပါတယ်။ သေချာတာကတော့ အမိတာဘာဗုဒ္ဓသည် ထေရဝါဒ ဗုဒ္ဓဘာသာမှ မပါတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသာက လက်မခံတဲ့၊ ထေရဝါဒ ဗုဒ္ဓဘာသဝင်များ မကိုးကွယ်တဲ့ ဗြဟ္မဏဝါဒကို ပုံတူကူးချထားတဲ့ မဟာယာနဗုဒ္ဓဘာသာရဲ့ ဖန်တီးမှု အယူအဆသာ ဖြစ်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါကြောင်း အမိတာဘာဘုရားအကြောင်း တစ်စိပ်တစ်ဒေသအဖြစ် တင်ပြလိုက်ရပါတယ်။

ကျမ်းကိုး =
မြတ်ဗုဒ္ဓသာသနာ ပုံတော်သမိုင်း (ဆရာဝန်တင်ရွှေ)
ရှေ့ဘဝနောက်ဘဝ ဗုဒ္ဓမဝေဘန် (ဝင်းသိန်းဦး)

Read more »

သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း…

သမ္မာအာဇီဝဟူသော စကားကို ဗုဒ္ဓဘာသာအများ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်၏။ ကြားလည်း ကြားဖူးကြသကဲ့သို့ အသုံးပြု ပြောဆိုမှုများလည်း ရှိနေကြ၏။ ထိုစကား၏ တိုက်ရိုက်အဓိပ္ပါယ်ကို ကောင်းသော၊ မှန်ကန်သော၊ အပြစ်ကင်းသော အသက်မွေးမှုဟု နားလည်ထားနိုင်၏။ မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေကာ အသက်မွေးခြင်းဟူသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေအသက်မွေးမှုမျိုးကို သမ္မာအာဇီဝဟု ဆိုခြင်းဖြစ်၏။ အလွယ်ဆိုသော် မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည် သမ္မာအာဇီဝပင် ဖြစ်၏။ သို့ဆိုလျင် ဗုဒ္ဓဘာသာများ အနေဖြင့် မိမိတို့ ပြောဆိုအသုံးပြုနေကြသကဲ့သို့ မိမိတို့၏ အသက်မွေးမှုများသည် မှန်ကန်သည့် အသက်မွေးမှု သမ္မာအာဇီဝ ဖြစ်မဖြစ်ကို သိရှိရန် လိုအပ်လှ၏။ ထိုသို့ သိရှိနိုင်ရန် မှားယွင်းသည့် အသက်မွေးမှုများဖြစ်သည့် မိစ္ဆာဇီဝအမှုများကို ရှေးဦးစွာ နားလည်ထားရန် လိုအပ်ပြီး ထိုမိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်နိုင်မှသာ သမ္မာအာဇီဝ ဖြစ်မည့်အချက်ကို သတိပြုရမည် ဖြစ်၏။

စာပေအဖွင့်များအရ မုဆိုး၊ တံငါ အလုပ်များဖြင့် သူ့အသက်ကို သတ်ဖြတ်ကာ အသက်မွေးရသည့် ပါဏာတိပါတမှု၊ သူခိုး၊ ဓားပြလုပ်၍ ပစ္စည်းရှာဖွေရသော အဒိန္နာဒါနမှု၊ သူတပါး၏ ပစ္စည်းဥစ္စာကိုယူ၍ ကာမဂုဏ်ဖျက်စီးရသော ကာမမှု၊ မတရားရှေ့နေ၊ မတရားသက်သေလိုက်၍ ဖြစ်စေ၊ လိမ်လည်လှည့်ပတ် ရောင်းဝယ်၍ဖြစ်စေ ပစ္စည်းဥစ္စာ ရှာဖွေရသော မုသာဝါဒမှု၊ ပစ္စည်းဥစ္စာရအောင် ရန်တိုက်ပေးရသော ပိသုဏဝါစာမှု၊ ကွက်စိပ်စာပြော လူပြက်အလုပ်တို့ဖြင့် မဟုတ်မမှန် အကျိုးမရှိသော ဒဏ္ဍာရီ ဇာတ်ဝတ္ထုများကို ပြောဆိုသော သမ္ဖပ္ပလာပမှုများသည် မှားယွင်းသည့် အသက်မွေးမှု မိစ္ဆာဇီဝများပင် ဖြစ်၏။ ဤအမှုများသည် သီလသိက္ခာပုဒ်များနှင့် တိုက်ရိုက်သက်ဆိုင်သည့် မိစ္ဆာဇီဝ အမှုများဖြစ်၏။

အထက်ပါ မိစ္ဆာဇီဝအမှုများအပြင် ဓားလှံသေနတ် ပိုက်ကွန်စသည့် လက်နက်များ ရောင်းချမှု၊ လူသတ္တဝါကို သွေးဆောင်ခေါ်ယူကာ ကျွန်အဖြစ်၊ ပြည်တန်ဆာအဖြစ် ရောင်းချသည့် လူကုန်ကူးမှု၊ နွားကျွဲဝက်ဆိတ် ကြက်ငှက်စသည်တို့ကို မွေးမြူ၍ သတ်ဖြတ်ရောင်းချမှု၊ ထန်းရည်အရက်ဘိန်းစသည့် မူးယဇ်ဆေးဝါး ရောင်းချမှု၊ သတ္တဝါကို သေစေနိုင်သည့် အဆိပ်စသည် ရောင်းချမှုများသည်လည်း မိစ္ဆာဇီဝအမှုများပင် ဖြစ်၏။ ထို့အပြင် မြင်းလောင်းနွားလောင်း ကျွဲတိုက်၊ ကြက်တိုက်ဖဲရိုက်ကာ လောင်းကစား အမှုများဖြင့် ပစ္စည်းဥစ္စာရှာဖွေ အသက်မွေးမှုများသည်လည်း မိစ္ဆာဇီဝအမှုများတွင် အကျုံးဝင်၏။

ဖော်ပြပါ မိစ္ဆာဇီဝအမှုများမှ ရှောင်ကြဉ်၍ တရားသဖြင့် ရရှိလာသည့် ပစ္စည်းဥစ္စာများကို ဓမ္မိယလဒ္ဓ ပစ္စည်း (ဓမ္မိယ - တရားနှင့်လျော်စွာ၊ လဒ္ဓ - ရအပ်သော ပစ္စည်း) ဟု ခေါ်၏။ ဥပမာ အထက်ပါ အလုပ်များမှကင်းသည့် မိဘစသူတို့ထံမှ ရရှိသော အမွေအနှစ်ပစ္စည်းများ၊ ကူလီ၊ ဝန်ထမ်း၊ စာရေးစာချီ၊ ကျောင်းဆရာ၊ လယ်ယာ စသည်လုပ်၍ ရအပ်သော ပစ္စည်းများ၊ မတရားအတိုးချခြင်းမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးမျှဖြင့် အတိုးအပွားချ၍ ရအပ်သော ပစ္စည်းများ စသည်တို့သည် များသောအားဖြင့် ဓမ္မိယလဒ္ဓ ပစ္စည်းများပင် ဖြစ်၏။ ထိုဓမ္မိယလဒ္ဓ ပစ္စည်းများဖြင့် အသက်မွေးမှုသည် သမ္မာအာဇီဝဖြင့် အသက်မွေးမှုများပင် ဖြစ်၏။


သို့ဆိုလျင် ယနေ့ခေတ် ငွေတိုးပေးနေကြသူများ၊ ပစ္စည်းယူ၍ ငွေတိုးချေးသူများ၊ ကုန်သည်ပွဲစား လုပ်နေကြသူများ၊ ဘဏ်တွင်အပ်နှံကာ အတိုးကိုသာ ထိုင်စားနေကြသူများ စသူစသူများ၏ အသက်မွေးမှုများနှင့် ပတ်သက်၍လည်း ထိုသူများ၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်မဖြစ် မေးစရာ ရှိလာပေ၏။ မေးလည်းမေးဖူးကြ၏။ ထိုအမေးအတွက်ကား ပညာရှင်များ၏ အဖြေသည် အမျိုးမျိုး ဖြစ်နိုင်သော်လည်း သီလ၊ သမာဓိ ပညာ ပြည့်စုံတော်မူသည့် ဆရာတော်ကြီး အတော်များများကား မတရားလိုချင်မှု ဝိသမလောဘမျိုး မဖြစ်လျှင် သမ္မာအာဇီဝဖြစ်ကြောင်း ဖြေဆိုတော်မူကြ၏။ မှန်၏။ ပုထုဇဉ်သဘာဝ လောဘသည် ရှိနေကြမည်သာ ဖြစ်၏။ လောဘသည် ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်နိုင်မည်ဖြစ်၏။ ထိုလောဘရှိနေသည့် ပုထုဇဉ်များ အနေဖြင့် အသက်မွေးဝမ်းကျောင်း အမှုများတွင် လောဘဖြင့်ရှာနေခြင်းများလည်း ရှိနေကြမည်သာ ဖြစ်၏။ ထိုလောဘသည် “ဘယ်သူသေသေ၊ ငတေမာပြီးရော” ဆိုသည့် မတရား ရယူမှု လောဘမျိုး မဖြစ်ရန်သာ အရေးကြီး၏။ သူ့ဘက်ကိုယ့်ဘက် သင့်လျော်သည့် ငဲ့ကွက်မှုမျိုးဖြင့် ရောင်းဝယ်ဖောက်ကား၊ ချေးငှါးမှုများမှာကား မတရား ဖိနှိပ်မှုမျိုး၊ နိုင်ထက်စီးနင်းပြုမှုမျိုး၊ မတော်မတရား အတိုးယူမှုမျိုး စသည် မဟုတ်သဖြင့် မိစ္ဆာဇီဝအမှုဟု မဆိုနိုင်ပေ။

ငွေးတိုးချေးသူများ၊ ဘဏ်တွင်အပ်နှံ၍ အတိုးစားနေသူများတွင် အစိုးရဘဏ်၊ အစိုးရအသိအမှတ်ပြု ဘဏ်တွင်အပ်နှံကာ ထိုအတိုးဖြင့် နေသူများမှာ မတရားသဖြင့် အတိုးရယူမှုမျိုး မဟုတ်သဖြင့် မိစ္ဆာဇီဝ မဖြစ်ဟု ဆိုရမည်ဖြစ်ပြီး အပြင်တွင် ငွေတိုးချေးသူများ အနေဖြင့်ကား မတရားအတိုးယူမှုမျိုး မဟုတ်ဘဲ သင့်လျော်သည့် အတိုးနှုန်းဖြင့် ချေးငှါးသူလည်း အဆင်ပြေ၊ မိမိလည်း အဆင်ပြေသည့် သဘောမျိုးဖြစ်ပါက မိစ္ဆာဇီဝ မဖြစ်ဟု ဆိုနိုင်သော်လည်း မတရား အဆမတန် အတိုးနှုန်းဖြင့် အဆမတန် အနိုင်အထက်ပြု၍ ချေးငှါးလျှင်ကား မိစ္ဆာဇီဝ ဖြစ်နိုင်ပြီး ထိုသူတို့၏ အသက်မွေးမှုသည်လည်း သမ္မာအာဇီဝ မဖြစ်ဟု ဆိုနိုင်မည် ဖြစ်၏။

ကုန်သည်ပွဲစား အလုပ်များတွင်ကား သမ္မာအာဇီဝ ဖြစ်မဖြစ် အထူးသတိပြုဖွယ် အချက်များရှိ၏။ ယနေ့ခေတ် ကုန်သည်ပွဲစားများသည် ကြမ်းပိုးကို လိပ်ဖြစ်အောင် ပြောဆိုမှုများဖြင့် အမျိုးမျိုး လိမ်ညာလှည့်ဖြားကာ မတရား ရောင်းဝယ်ဖောက်ကားမှုများ ရှိနေသဖြင့် မိစ္ဆာဇီဝ အမှုများ ဖြစ်နေသည်က များနေကြ၏။ မုသာဝါဒအမှုများ၊ ဝိသမလောဘ အမှုများဖြင့် မတရား စီးပွားရှာမှုများ ရှိနေသဖြင့် ထိုသူအချို့၏ အသက်မွေးမှုသည် သမ္မာအာဇီဝ ဖြစ်ရန်ခဲယင်းလှပေ၏။ သို့သော် အချို့ကား မတရား လိုချင်မှုများကိုရှောင်ကာ မှန်ကန်သည့် အကျိုးဆောင်မှုများ၊ မှန်ကန်သည့် ဈေးနှုန်းများဖြင့် သင့်လျော်သည့် အမြတ်အစွန်းဖြင့် အသက်မွေးလေ့ ရှိတတ်၏။ ထိုသို့သော သူများ၏ အသက်မွေးမျိုးကိုကား သမ္မာအာဇီဝကျသည့် အသက်မွေးမှုဟု ဆိုလိုက ဆိုနိုင်ပေ၏။ ယနေ့ခေတ်တွင် ထိုသို့သော ကုန်သည်ပွဲစားများ မရှိသလောက် ရှားနေနိုင်သော်လည်း အနည်းငယ်မှာ ရှိနေနိုင်သဖြင့် ထိုအနည်းငယ်ကို ရည်ရွယ်ကာ သမ္မာအာဇီဝဖြစ်နိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

တရားသဖြင့် ရအပ်သော ဓမ္မိယလဒ္ဓပစ္စည်းဖြင့် အသက်မွေးခြင်းကို သမ္မာအာဇီဝဟု ဆိုသဖြင့် အချို့က သိနားလည်သည့် အချိန်တွင် မိစ္ဆာဇီဝအလုပ်များကို ရှောင်ကြဉ်ကာ သမ္မာအာဇီဝဖြင့် အသက်မွေးမှု ပြုနေသော်လည်း မသိနားမလည်ခင်က မိစ္ဆာအမှုများဖြင့် ရှာဖွေထားသည့် ပစ္စည်းဥစ္စာများကို ပိုင်ဆိုင် အသုံးပြုမှုများကား ရှိနေသဖြင့် ထိုပစ္စည်းများဖြင့် အသက်မွေးမှုများသည် သမ္မာအာဇီဝ ဖြစ်မဖြစ် သံသယ ဝင်တတ်ကြ၏။ စာပေအဖွင့်များတွင် ထိုအတွက် သမ္မာအာဇီဝကို သုတ္တန်အလို သမ္မာအာဇီဝနှင့် အဘိဓမ္မာအလို သမ္မာအာဇီဝဟူ၍ နှစ်မျိုးနှစ်စား နားလည်ထားနိုင်ကြောင်း ဖွင့်ပြ၏။ တရားသဖြင့် ရအပ်သော ပစ္စည်းများကို စားသောက်သုံးစွဲခြင်း၊ တရားလမ်းအတိုင်း ပစ္စည်းရှာဖွေခြင်းမျိုးသည် သုတ္တန်အလို သမ္မာအာဇီဝဖြစ်ပြီး မတရားသဖြင့် ပစ္စည်းရရန် အခွင့်ကြုံလာသော်လည်း ထိုပစ္စည်းရမည့် လုပ်ငန်းကို မလုပ်ဘဲ ရှောင်ကြဉ်နေခြင်းသည် အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်၏။ ထို့ကြောင့် မသိနားမလည်ခင်က မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများကို သုံးစွဲနေသော်လည်း နားလည်သဘောပေါက်လာသည့်အခါ ထိုကဲ့သို့ မတရားအမှုများကို ရှောင်ကြဉ်နေလျှင် အဘိဓမ္မာအလို သမ္မာအာဇိဝ ဖြစ်နိုင်သေးကြောင်း ဆိုခြင်းဖြစ်၏။ ထိုမတရားသဖြင့် ရခဲ့သည့် ပစ္စည်းဥစ္စာများကို မစွန့်လွှတ်ဘဲ အသုံးပြုနေမှု ရှိသော်လည်း နောက်ထပ် မလုပ်ဘဲ ရှောင်ကြဉ်မှုကို ဒီနေရာမှာ အဘိဓမ္မာအလို သမ္မာအာဇီဝ ဖြစ်ကြောင်းဆိုလိုရင်း ဖြစ်၏။

ဆိုလိုသည်မှာ မတရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာကို သုံးစွဲနေရာ၌ သုတ္တန်အလို မိစ္ဆာဇီဝဖြစ်သော်လည်း နောက်ထပ်တွေ့ကြုံလာသည့် မတရား ပစ္စည်းဥစ္စာရှာဖွေမှုမျိုးကို ရှောင်ကြဉ်နိုင်လျှင်ကား အဘိဓမ္မာအလို သမ္မာအာဇီဝဖြစ်နေနိုင်သဖြင့် သုတ္တန် သမ္မာအာဇီဝဖြစ်အောင် မတတ်နိုင်သော်လည်း အဘိဓမ္မာ သမ္မာအာဇီဝဖြစ်အောင် နောက်ထပ်မတရား ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးမှ ရှောင်ကြဉ်နိုင်အောင် ကြိုးစားကြရန် ဆိုလိုရင်း ဖြစ်၏။ ဤသဘောအရ သမ္မာအာဇီဝ နှစ်မျိုးတွင် တရားသဖြင့် ရအပ်သော ပစ္စည်းဥစ္စာများဖြင့် အသက်မွေးလေ့ရှိသည့် သုတ္တန်အလို သမ္မာအာဇီဝမျိုးနှင့် နောက်ထပ်မိစ္ဆာဇီဝအမှုကို မပြုတော့သော်လည်း မသိနားမလည်ခင်က ရရှိထားသည့် မိစ္ဆာဇီဝပစ္စည်းများကို သုံးစွဲ၍ အသက်မွေးလေ့ရှိသည့် အဘိဓမ္မာအလို သမ္မာအာဇီဝမျိုးတို့၏ အကျိုးသက်ရောက်မှု ကွာခြားချက်ကား ရှိနေနိုင်၏။ အထူးသဖြင့် အလှူဒါန ပြုမှုမျိုးတွင် အကျိုးပေးမှု ကွာခြားချက်များ ရှိနေ၏။ ဓမ္မိယလဒ္ဓပစ္စည်းများဖြင့် အလှူဒါနပြုသူသည် အကျိုးတရားအပြည့်အဝ ရရှိနိုင်သော်လည်း မိစ္ဆာဇီဝဖြင့် ရအပ်သော ပစ္စည်းများဖြင့် အလှူဒါနပြုသူများကား အကျိုးတရား အပြည့်အဝ မရရှိနိုင်ပေ။ သို့သော် မတရားသဖြင့် ရအပ်သော ပစ္စည်းဝတ္ထုဖြင့် အလှူဒါနပြုသည့်အခါ အကျိုးတရား တစ်စုံတစ်ခုမျှ မရနိုင်ဟုကား မမှတ်အပ်ပေ။ အကျိုးတရား အပြည့်အဝသာ မရနိုင်ခြင်းဖြစ်၏။ ထိုက်သင့်သည့် အကျိုးသက်ရောက်မှုကား ရရှိနိုင်သည်သာ ဖြစ်ပါ၏။

ဓမ္မိယလဒ္ဓပစ္စည်း၏ အကျိုးကြီးမှုနှင့် ပတ်သက်၍ တစ်ခါတရံ စာရေးသူအနေဖြင့် သူများနိုင်ငံ စက်ရုံအလုပ်ရုံများတွင် လာရောက်အလုပ် လုပ်နေကြသည့် စာရေးသူ ပတ်ဝန်းကျင်ရှိ မြန်မာဒကာဒကမများအား “အခုလို ကိုယ့်အားနဲ့ရင်းပြီး ဘယ်သူ့ကိုမှ မထိခိုက်တဲ့ လုပ်အားခနဲ့ ရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို အလကား အချည်းနှီးဖြစ်အောင် မလုပ်ကြဘဲ ဘဝရှေးရေးအတွက် စုလည်းစု၊ သံသရာရေးအတွက် အကျိုးကြီးတဲ့ ကုသိုလ်ကောင်းမှုကိုလည်း များများလုပ်ကြ” ဟု တိုက်တွန်းပေးရခြင်း ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံခြားရှိ ကားစက်ရုံ၊ ပလစတစ်စက်ရုံ၊ ချည်စက်ရုံစသည့် စက်ရုံအလုပ်ရုံများတွင် လုပ်နေရသည့် သူတို့၏ ပစ္စည်းဥစ္စာရှာဖွေမှုသည် သူများအောက်ကျို့ကာ သူများအခိုင်းခံများ ဖြစ်နေကြသော်လည်း မည်သူကိုမျှ မထိခိုက်သည့် တရားသဖြင့် အသက်မွေးရသည့် အစစ်အမှန် သမ္မာအာဇီဝ အလုပ်မျိုး ဖြစ်နေခြင်းကြောင့် ဖြစ်ပါ၏။

အထက်တွင်ဖော်ပြခဲ့သည့် သမ္မာအာဇီဝဆိုင်ရာ ဆွေးနွေးချက်များအရ ယနေ့ခေတ်အခြေအနေတွင် သမ္မာအာဇီဝဖြင့် အသက်မွေးရန်မှာ အလွန်မလွယ်လှသည့် အခြေအနေမျိုး ဖြစ်နေပေ၏။ သို့သော် မလွယ်သည်ကားမဟုတ်၊ မလိုက်နာနိုင်ကြခြင်းသာ ဖြစ်ပါ၏။ သီလသိက္ခာပုဒ်ကို ဖောက်ဖျက်ကျူးလွန်ကာ စီးပွားရှာရသည့် မိစ္ဆာဇီဝအမှုများကို ရှောင်ကြဉ်ကာ မတရားလိုချင်သည့် ဝိသမလောဘမျိုးကို အတတ်နိုင်ဆုံး သတိဖြင့် ထိန်းချုပ်ပြီး သင့်လျော်သည့် အသက်မွေးမှုမျိုးကို ပြုနိုင်လျှင် အကြီးအကျယ် မချမ်းသာသော်လည်း သမ္မာအာဇီဝကျကျ အသက်မွေးမှုမျိုးကား ဖြစ်နိုင်ပေ၏။ မိမိတို့၏ စောင့်ထိန်းမှု၊ ထိန်းချုပ်မှု၊ တစ်ဘဝတစ်နပ်စာအတွက် မကြည့်မှုများ အပေါ်တွင်သာ တည်မှီနေပေတော့၏။

အချုပ်ပြောလိုသည်မှာ နေရသည့် ဘဝအခိုက်တွင် အသက်မွေးဝမ်းကျောင်းမှုများနှင့် ပတ်သက်၍ တစ်ဘဝတစ်နပ်စာ ကောင်းစားရေးကိုကြည့်ပြီး မိစ္ဆာဇီဝ အလုပ်များဖြင့် အသက်မွေးရသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုများကို ရှောင်ကြဉ်ကာ မတရား လိုချင်သည့် ဝိသမလောဘမျိုး မဟုတ်သည့် ကောင်းရောင်းကောင်းဝယ် တရားသဖြင့် အသက်မွေးမှုများကိုသာ ကြိုးစားအားထုတ်ခြင်းဖြင့် သမ္မာအာဇီဝကျသည့် အသက်မွေးမှုအဖြစ် ရွေးချယ်သင့်ကြောင်း၊ မိစ္ဆာဇီဝအမှုများကို သိရှိရှောင်ကြဉ်ကာ သမ္မာအာဇီဝကျသည့် ပစ္စည်းဥစ္စာ ရှာဖွေမှုမျိုးဖြင့် မိမိတို့၏ နေရသည့် ဘဝအခိုက်ကို မှန်ကန်သည့် အသက်မွေးမျိုးဖြစ်အောင် ကြိုးစားအားထုတ်သင့်ကြောင်း စသည်ဖြင့် ပြောလိုရင်း ဖြစ်ပါ၏။


ထို့ကြောင့် အသက်ရှင်နေသမျှ အသက်မွေးဝမ်းကျောင်း ကိစ္စကို ပြုနေကြရမည့် လောကဘုံသားများ အနေဖြင့် မိမိတို့၏ အခိုက်အတံ့ အသက်ရှင် နေထိုင်ရေးအတွက် မတရားသဖြင့် ပစ္စည်းဥစ္စာ ရှာဖွေးခြင်းဟုဆိုသော မိစ္ဆာဇီဝ အမှုများကို တဒင်္ဂအဆင်ပြေရေးကိုသာကြည့်၍ အလွယ်တကူ အသက်မွေးမှု မပြုသင့်ဘဲ ထိုမိစ္ဆာဇီဝ အမှုများမှ ရှောင်ကြဉ်ကာ ပစ္စုပ္ပန်တွင် အကြီးအကျယ် မချမ်းသာသော်လည်း သံသရာတွင် ချမ်းသာစေမည့် မိမိသူတပါး မထိခိုက်သည့် အပြစ်ကင်းသည့် မှန်ကန်သည့် သမ္မာအာဇီဝ အမှုများဖြင့်သာ အသက်မွေးမှု ပြုလုပ်သင့်ကြောင်း အသိစကားပါးရင်း ကျင့်နိုင်သူများ ကျင့်ကြံနိုင်ကြစေ၊ သိလိုသူများ သိရှိနိုင်ကြစေရန် စေတနာမှန်ဖြင့် သမ္မာအာဇီဝအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြ လိုက်ရပါသည်။

မှတ်ချက်။ ။
စီးဘောက်စ်တွင် တောင်းဆိုထားသည့် ဒကာဇော်လင်း၏ တောင်းဆိုချက်အရ မဟာဂန္ဓာရုံဆရတော် ဘုရားကြီး၏ ရတနာ့ဂုဏ်ရည်စာအုပ်ပါ မိစ္ဆာဇီဝအဖွင့်ကို ကိုးကား၍ ရိုးသားစွာ တင်ပြအပ်ပါသည်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ