တောင်းဖို့ထက် ရှောင်ဖို့က အဓိက…

မကြာသေးခင်က ဖြစ်ပါတယ်။ နိုင်ငံခြားမှာရောက်နေတဲ့ ဒကာတစ်ယောက်က ဖုန်းဆက်ပြီး လျှောက်ထားလာပါတယ်။ သူက “ဘုန်းဘုန်းဘုရား တပည့်တော်မေးလျှောက်စရာ နည်းနည်းရှိလို့ပါဘုရား၊ လွန်ခဲ့တဲ့ သုံးရက်လောက်က တပည့်တော်ရဲ့ အမေဆုံးသွားပါတယ်။ အခုဆိုရင်တော့ အသုဘ ချနေလောက်ပါပြီ၊ အမေဆုံးသွားတဲ့အကြောင်း သိရတော့ တပည့်တော်မှာ အတွေးပေါင်းစုံ ဝင်နေခဲ့ပါတယ်။ အဝေးကြီးကိုရောက်နေတဲ့ တပည့်တော်မှာ မိဘတွေ စားဝတ်နေရေး အဆင်ပြေစေဖို့ ပစ္စည်းဝတ္ထုရှာဖွေ ပေးနိုင်ပေမယ့် ကိုယ်တိုင်ကိုယ်ကျ ပြုစုခွင့် မရခဲ့ဘူး ဖြစ်နေခဲ့ပါတယ်၊ အဝေးရောက်နေတဲ့ တပည့်တော်တို့ရဲ့ ဘဝဟာ တော်တော်ကို ဝဋ်ကျွေးကြီးပါလားလို့လည်း မကြာမကြာ စဉ်းစားဖြစ်ခဲ့ပါတယ်၊ တပည့်တော်တို့ရဲ့ ဘဝဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေက တခြားစီကို ဖြစ်နေရပါတယ်၊ အဲဒါဘယ်လို အကုသိုလ်တွေကြောင့် ဒီလိုဖြစ်နေကြရပြီး နောင်ဆိုရင် အဲဒီလိုမဖြစ်ရအောင် ဘာကုသိုလ်တွေလုပ်ပြီး ဘယ်လိုဆုတောင်းရမလဲဆိုတာ တပည့်တော်ကို မိန့်ကြားပေးပါဘုရား”လို့ မေးလျှောက်လာပါတယ်။ သူ့အမေးနဲ့ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့ အကျိုးသင့်အကြောင်းသင့် ပြောပြရင်း အကုသိုလ်ဝဋ်ကျွေးတွေရဲ့ သဘောနဲ့ ဒီလိုအကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းဖို့ထက် မလုပ်ဘဲ ရှောင်ဖို့က အဓိကကျတဲ့အကြောင်း စသဖြင့် ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ လူအတော်များများဟာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာ တခြားစီပဲ ဖြစ်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းမကျဘဲ ဘဝနောက်ကို ဆန္ဒမရောက်တာတွေလည်း အများကြီး ရှိနေကြမှာပါ။ တစ်ခုလိုချင်ရင် တစ်ခုကို စွန့်လွှတ်ကြရတဲ့ သဘောတွေ ရှိနေကြတဲ့အတွက် တစ်ချို့က ဒီလိုအဖြစ်တွေကို မလိုချင်ကြတော့တဲ့ သဘောတွေ ရှိနေတတ်ကြပါတယ်။ တစ်ချို့လည်း ကြီးလိုက်တဲ့ဝဋ်ကျွေးရယ်လို့ ဖြေဆည်ရာမရ ဖြစ်ကြရပြီး ဒီလိုအဖြစ်ဆိုးတွေက အမြန်ဆုံး လွတ်ကြဖို့ တောင်းဆုလေးတွေ ချွေလေ့ရှိတတ်ကြပါတယ်။ ခက်တာက ပါးစပ်ကတောင်းနေကြပေမယ့် လုပ်တဲ့အလုပ်တွေက မကောင်းကြဘဲ ဖြစ်နေကြတော့ တောင်းတိုင်းလည်းမရ၊ လုပ်တိုင်းလည်း မလှဘဲ ဖြစ်နေရတဲ့ သဘောရှိနေတတ်ကြပါတယ်။

တကယ်တော့ အကုသိုလ်ဝဋ်ကျွေးဆိုတာ ဆုတောင်းနေရုံနဲ့ ကျေပျောက်တဲ့ သဘောမဟုတ်ပါဘူး။ ဆုတောင်းနေရုံနဲ့ နောင်မအကျိုးမပေးတော့တဲ့ သဘောမဟုတ်ပါဘူး။ ဒီဝဋ်ကျွေးတွေ နောင်ရောက်မလာအောင် အကုသိုလ်ကို မလုပ်ဘဲနေမှ ရတဲ့သဘောပဲ ဖြစ်ပါတယ်။ မကောင်းတဲ့အလုပ်တွေ၊ မကောင်းတဲ့အကျိုးတွေ မဖြစ်အောင် ဆုတောင်းနေရုံနဲ့တော့ ဒီအကျိုးတွေက ကျေပျောက်သွားမှာ မဟုတ်ပါဘူး။ အလုပ်တစ်ခုဟာ စေတနာပါပါနဲ့ လုပ်မိရင် တန်ပြန်သက်ရောက်မှုကို ဖြစ်စေတတ်တဲ့ သဘောရှိတဲ့အတွက် မကောင်းတဲ့ တန်ပြန်သက်ရောက်မှုတွေ မဖြစ်ဖို့ မကောင်းတဲ့အလုပ်တွေ မလုပ်မိဖို့ပဲ အရေးကြီးပါတယ်။ ဘုန်းကြီးခေါင်းခေါက်ပြီးမှ ကန်တော့ပါဆိုသလိုမျိုး မကောင်းတဲ့အလုပ်တွေ လုပ်ပြီးမှ ကျေပါစေဆိုတာမျိုးကတော့ နောင်မှတတဲ့နောင်တပဲ ဖြစ်နေတော့မှာ ဖြစ်ပါတယ်။ အကုသိုလ်ရဲ့ တန်ပြန်သဘောဟာ မရောက်လာအောင် ဆုတောင်းနေတာထက် မလုပ်ဖြစ်အောင် ကြိုးစားနေထိုင်ခြင်းက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာရဲ့ ကံကံရဲ့ အကြောင်းအကျိုး ဆက်စပ်မှု၊ တန်ပြန်သက်ရောက်မှု သဘောအရ စေတနာပါပါနဲ့ လုပ်တဲ့အလုပ်တိုင်းမှာ တန်ပြန်အကျိုးသက်ရောက်မှုက ရှိနေကြမြဲဖြစ်ပါတယ်။ အလုပ်ကောင်းမှာ စေတနာကောင်းထားပြီး လုပ်ရင် ကောင်းကျိုးကို ရစေမှာဖြစ်သလို အလုပ်ဆိုးမှာ စေတနာပါပါနဲ့ လုပ်ရင်လည်း မကောင်းကျိုးက ရောက်လာမှာ အမှန်ပဲ ဖြစ်ပါတယ်။ စေတနာပါပါနဲ့ လုပ်ခဲ့တဲ့ အလုပ်တစ်ခုဟာ အကျိုးမပေးရသေးခင် ပျောက်ပျက်သွားတတ်တဲ့ သဘောမရှိသေးဘဲ အခါအခွင့် သင်တဲ့အခါ၊ အကျိုးပေးချိန် ကျတဲ့အခါမှာ သက်ရောက်မှုက ဖြစ်လာမှာ ဖြစ်ပါတယ်။ ကိလေသာကုန်သွားလို့ ရဟန္တာ ဖြစ်သွားမယ်ဆိုရင်တော့ ကံအကျိုးပေးတွေကို ဖြတ်တောက်ပြီး ဖြစ်တဲ့အတွက် သက်ရောက်မှု မရှိနိုင်တော့ပေမယ့် သာမန်ပုထုဇဉ်တွေ အတွက်တော့ အခါအခွင့်သင့်ရင် ရောက်လာနေမှာ အမှန်ပဲ ဖြစ်ပါတယ်။

အရင်းစစ်တော့ ဒီကံတွေရောက်လာတာဟာ ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။ ကံအကျိုးပေးတွေ ရောက်လာတဲ့အခါ ကောင်းကံအကျိုးပေး ရောက်လာမှုမှာ အထူးပြောစရ မရှိပေမယ့် မကောင်းကံတွေ သက်ရောက်မှုရှိလာတဲ့ အခါမှာတော့ သတ္တဝါ အတော်များများက ကြောက်ရွံ့လာတတ်ကြပါတယ်။ မကောင်းတဲ့ အကျိုးပေးတွေ ရောက်လာတဲ့အခါကျမှ ဒုက္ခတရားနဲ့ သေခြင်းတရားအပေါ်မှာ တုန်လှုပ်လာတတ်တဲ့ သဘောရှိကြပါတယ်။ အဲဒီအခါမှ ခြေမကိုင်မိ လက်မကိုင်မိဘဲ ဟိုပြေးဒီပြေးကာ နီးစပ်ရာတွေမှာ တောင်းဆုလေးတွေ ချွေကြတော့တာ ဖြစ်ပါတယ်။ ဒီလိုဆိုးကျိုးတွေ အမြန်ပျောက်စေဖို့၊ နောင်မရောက်စေဖို့ စသဖြင့် ဝဋ်ကျွေးပြေဘုရားဆိုလား၊ ဆုတောင်းပြည့်ဘုရားဆိုလား စတဲ့ စေတီလေးတွေမှာ သွားပြီးတော့ တောင်းချင်ရာတောင်းနေကြတော့တာ ဖြစ်ပါတယ်။

တကယ်တော့ လုပ်ချင်ရာလုပ်ခဲ့ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ကြိုးစားတာက အကောင်းဆုံး ကာကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ကောင်းကံနဲ့ မကောင်းကံရဲ့ ခြားနားချက်က နှိုင်းမရအောင် ဖြစ်နေတဲ့အတွက် ဆုတောင်းနေကြတာထက်စာရင် မကောင်းတာကိုရှောင်ပြီး ကောင်းတာကို ဆောင်နိုင်အောင် ကြိုးစားတာက ပိုပြီးလက်တွေ့ကျတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။ ဝဋ်တွေကြီးလို့ အပြစ်တွေကြီးမှာကို ကြောက်ပြီး ဒီလိုမျိုးနောင်မဖြစ်အောင် တောင်းဆုတွေ ချွေနေကြတာထက်စာရင် ဒီလိုဝဋ်ကျွေးတွေ ဖြစ်စေမယ့် အလုပ်မျိုးတွေ မလုပ်ဖြစ်အောင် ရှောင်ကြဉ်တာက သဘာဝကျတဲ့ အချက်ပဲ ဖြစ်ပါတယ်။ မကောင်းကျိုးတွေ မဖြစ်အောင် တောင်းခြင်းထက် အဲဒါတွေကို မလုပ်ဖြစ်အောင် ရှောင်ခြင်းက သဘာဝကျပြီး ရှောင်နေရုံနဲ့ မပြီးဘဲ သူနဲ့ဆန့်ကျင်ဘက် ကောင်းတာတွေကို ဆောင်နိုင်အောင်လည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အပြစ်တွေကျေပြီး အနှစ်တွေ ဝေနိုင်ကြမှာ ဖြစ်ပါတယ်။

ဘုရားရှင်တိုင်း မိန့်မှာတော်မူတဲ့ စကားသုံးခွန်းရှိပါတယ်။ မကောင်းတာကိုရှောင်ပြီး ကောင်းတာကိုဆောင်ဖို့၊ ပြီးတော့ ကိုယ့်စိတ်ကို ကိုယ်ဖြူစင်အောင် ကြိုးစားကြဖို့ ဆိုတဲ့ စကားသုံးခွန်းပဲ ဖြစ်ပါတယ်။ ဒီစကားတော်များဟာ သုံးခွန်းတည်းဆိုပေမယ့် အလွန်လေးနက် ကျယ်ပြန့်လှပါတယ်။ လိုက်နာဖို့ခက်သလို လိုက်နာနိုင်ရင်လည်း အပြည့်အဝ အကျိုးသက်ရောက်မှုကို ဖြစ်စေတတ်တာ ဖြစ်ပါတယ်။ မကောင်းတဲ့ အလုပ်တွေဟာ စေတနာပါပါ၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်မိရင် အကုသိုလ် အဆင့်ကိုကျော်ပြီး ဝဋ်ကျွေး အဆင့်အထိ ရောက်သွားတတ်ကာ အကုသိုလ်ကို ကုသိုလ်နဲ့ ချေဖျက်နိုင်ပေမယ့် ဝဋ်ကိုတော့ ကျေအောင်ဆပ်မှပဲ ပြတ်စေတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝဋ်မှာအမြဲ ငရဲမှာ အပလို့ ဆိုကြခြင်း ဖြစ်ပါတယ်။ ကိုယ်လုပ်တဲ့ မကောင်းတဲ့အလုပ်တွေဟာ ဝဋ်အဆင့်ကို ရောက်သွားမယ်ဆိုရင်တော့ ဆုတောင်းနေရုံနဲ့ မကျေပျောက်နိုင်ဘဲ ပြန်လည်ပေးဆပ်ပြီးမှ ကျေပျောက်နိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ် လုပ်ပြီးမှ တောင်းနေကြတာထက်စာရင် မလုပ်ဖြစ်အောင် ရှောင်လိုက်တာက အကောင်းဆုံးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထက်က ဗောဓိကုမာရ အမည်ရတဲ့ မင်းသားတစ်ယောက် ရှိပါတယ်။ ဒီမင်းသားဟာ အိမ်ထောင်ကျပြီး သားသမီးမထွန်းကားဘဲ ဖြစ်နေပါတယ်။ တစ်နေ့တော့ မင်းသားဟာ မြတ်စွာဘုရားရှင်ကို ဆွမ်းပင့်ကပ်ပါတယ်။ ဆွမ်းမကပ်ခင် ဘုရားရှင် ပြဿဒ်ပေါ်ကို ကြွတော်မူမယ့် နေရာမှာ ကော်ဇောအနီးခင်းပြီး ကြိုတင်ဆုတောင်း အဓိဋ္ဌာန်ပြုထားလိုက်ပါတယ်။ ဘုရားရှင် ဒီအခင်းပေါ်က နင်းပြီးကြွရင် သားသမီး ရပါစေလို့ သူက ဆုတောင်းထားပါတယ်။ သူအဓိဋ္ဌာန်ပြု ဆုတောင်းတာကို သိလည်းသိ သူ့ရဲ့အတိတ်ကံ ဝဋ်ကျွေးကိုလည်း သိတော်မူတဲ့ ဘုရားရှင်က ကော်ဇောအခင်းကို ဖယ်လိုက်ဖို့ မိန့်တော်မူပါတယ်။ မင်းသားကလည်း ဘုရားရှင်ကို နင်းသွားစေလိုပါတယ်။ အကြိမ်ကြိမ်တောင်းပန် အကြိမ်ကြိမ် ငြင်းဆိုပြီး ဘုရားရှင်က “မင်းသားအနေနဲ့ အတိတ်ဘဝတစ်ခုမှာ သင်္ဘောပျက်ပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားတဲ့အချိန် စားရေးသောက်ရေးအတွက် အဲဒီကျွန်းပေါ်မှာရှိတဲ့ ငှက်ဥတွေကို နှစ်ပေါင်းအတော်ကြကြာ နှိုက်ယူစားသောက်ခဲ့တဲ့ အကုသိုလ်ဝဋ်ကျွေး ရှိခဲ့တဲ့အတွက် သားသမီး မရနိုင်ကြောင်း” မိန့်တော်မူပြီး တရားဟောတော်မူခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။

ဒီအကြောင်းကိုကြည့်ရင် ဘုရားရှင်နဲ့ တိုက်ရိုက်တွေ့ကြုံရတဲ့ သူတွေတောင်မှ အကုသိုလ်ဝဋ်ကြွေးကို ဆုတောင်းလို့ မရနိုင်၊ မကျေနိုင် ဖြစ်ခဲ့ကြတယ်ဆိုတာကို သတိပြုဆင်ခြင်နိုင်ပါတယ်။ အတိတ်ကံ အကျိုးပေးပါလာရင် ဘယ်သူချေဖျက်ဖျက် မပျက်နိုင်တဲ့အတွက် ကျန်ခဲ့တဲ့ အတိတ်ကြွေးတွေကတော့ ရှိပါစေတော့။ အခုလက်ရှိဘဝမှာပဲ ဒီလိုအကုသိုလ်အကျွေးတွေ မဖြစ်ရအောင် ရှောင်ကြဉ်ကြဖို့ပဲ ဖြစ်ပါတယ်။ မလိုချင်တဲ့အရာ၊ မဖြစ်ချင်တဲ့အရာ၊ မရချင်တဲ့ ရလာဘ်တွေဟာ ဆုတောင်းနေဖို့ထက် ဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဘဲ ရှောင်လိုက်တာက အကောင်းဆုံးနဲ့ အသေချာဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ ဒါဟာ ကံရဲ့အကျိုးပေးကို ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်လုပ်ယူလိုက်ခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက အခုလက်ရှိတွေ့ကြုံနေကြရတဲ့ မကောင်းတဲ့ရလာဘ်တွေ၊ မကောင်းတဲ့အကျိုးပေးတွေဟာ အတိတ်ဘဝတစ်ခုခုက ကိုယ်ကိုယ်တိုင် လုပ်ခဲ့ကြတဲ့ အကုသိုလ်တွေရဲ့ အကျိုးရလာဘ်ဖြစ်နေပြီး ဒီရလာဘ်တွေ နောင်မတွေ့ဖို့ ဆုတောင်းနေတာထက်စာရင် ဒီလိုရလာဘ်မျိုးကို ဖြစ်စေတဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ခြင်းက အကောင်းဆုံးပဲ ဖြစ်တဲ့အတွက် တောင်းဖို့ထက် ရှောင်ဖို့က အရေးကြီးကြောင်း ဆိုလိုတာ ဖြစ်ပါတယ်။ မကောင်းတာကိုရှောင်ပြီးရုံနဲ့ မပြီးသေးဘဲ ကောင်းတာတွေ ရောက်လာဖို့အတွက် အကောင်းတွေကိုလည်း ဆောင်ထားဖို့လည်းလိုကြောင်း အသိပေးလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာလေးပဲ ဖြစ်ဖြစ်၊ မကောင်းတာတွေ ကြုံလာတဲ့အခါ ဒီအရာတွေ မရောက်လာဖို့ ဆုတောင်းလေ့ ရှိကြတဲ့ သူတွေအနေနဲ့ ပြီးခဲ့တာတွေကိုထားပြီး လက်ရှိရရှိနေတဲ့ အခြေအနေကိုပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး အခုလို မလိုချင်တဲ့အရာတွေ နောင်ရောက်မလာရအောင် ဘာမဖြစ်ရပါလို၏၊ ဘယ်လိုဖြစ်ပါရစေ စသဖြင့် ဆုတောင်းနေဖို့ထက် အဲဒီအရာတွေကို ဖြစ်စေတတ်တဲ့ အလုပ်တွေကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်နိုင်ဖို့ပဲ ကြိုးစားကြပါလို့ အသိပေးစကား ပြောကြားရင်း မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကိုဆောင်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းလိုက်ရပါတယ်။

Read more »

အမှန်ပင် မင်္ဂလာရှိခဲ့ပါ၏



၂၉-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့၊ မနေ့က ဘုန်းဘုန်းတို့ စိတ္တသုခ မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဆရာ ကန်တော့ပွဲနဲ့ စာပေ ဆွေးနွေးပွဲလေး ကျင်းပပြုလုပ် ဖြစ်ခဲ့ပါတယ်။ ဆရာဒကာ ညီညာပေါင်းစုလို့ ကောင်းမှုတွေ ပြုလုပ်ဖြစ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဒီကုသိုလ်ပွဲကတော့ ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ခဲ့တဲ့ ကောင်းမှု အမျိုးမျိုးတွေထဲက မတူညီတဲ့ တမူထူးခြား ကုသိုလ်တရား ဖြစ်ခဲ့ပါတယ်။ စိတ္တသုခ အဖွဲ့သားများအတွက် ထူးခြားတဲ့ ကုသိုလ်ပွဲလို့ ဆိုရတာက အခုဒီပွဲမှာ အဝေးက ကြွရောက်လာတဲ့ နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့်နဲ့ နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်တို့ တက်ရောက်ချီးမြှင့်ကြတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ သင်ဆရာမြင်ဆရာကြားဆရာ စတဲ့ ဘယ်လိုဆရာမျိုးကိုပဲ ဖြစ်ဖြစ် တစ်လုံးတစ်ပါဒ အသိမျှပေးကြတဲ့ ဆရာများဟာ ကျေးဇူးကြီးမားကြတဲ့ ဆရာသမားများပဲ ဖြစ်တယ်လို့ ဆိုတဲ့အတိုင်း အခုလို ဆရာသမားများ ကြွရောက်လာခဲ့ခြင်းဟာ တကယ့်ကိုပဲ အကျိုးတရား၊ ကျေးဇူးတရား များခဲ့ကြပါတယ်။

မြန်မာပြည်မှာဆို ဒီလိုအနီးကပ် ရင်းရင်းနှီးနှီး တွေ့ဆုံဖို့ဆိုတာ မလွယ်လှတဲ့ ဆရာများနဲ့ အခုလို အဝေးတနေရာမှာ နီးကပ်စွာ ရှိခွင့်ရတာ တစ်ခုလောက်နဲ့ကိုပဲ ကျေနပ်စရာ ကောင်းနေပြီလို့ ပြောလို့ရတဲ့ အခြေအနေကနေပြီး ဆရာများရဲ့ အသိပေးစကား ဘဝအတွက် အားဖြစ်စေမယ့် အဆုံးအမများကိုပါ နားကြားခွင့် ရခဲ့ကြတဲ့အထိ အကောင်းဆုံး အခွင့်အရေးကို ရရှိခဲ့ကြတဲ့ အတွက်ကြောင့် အချိုပေါ်သကာလောင်း ဖော်မပြနိုင်အောင် ပီတိလောင်းခဲ့တဲ့ ပွဲလေးလို့ ဆိုရတာဖြစ်ပါတယ်။ ဆရာဝန်တစ်ဖြစ်လဲ စာရေးဆရာ၊ အခြေမြင့်ပြီး အနေတင့်နေတဲ့ ဆရာဖေမြင့်နဲ့ အင်ဂျင်နီယာ တစ်ဖြစ်လဲ ကာတွန်းဆရာ၊ အတော်ပီတဲ့ ဆရာအော်ပီတို့ရဲ့ စာပေဆိုင်ရာ ဆွေးနွေးမှုလေးတွေကလည်း ဘဝမှာ ဘယ်လိုမှကို တန်ဘိုးဖြတ်လို့ မရတဲ့ မှတ်သားလိုက်နာစရာ နှလုံးသား အာဟာရလေးများ ဖြစ်ခဲ့ရပါတယ်။ မေးသူကမေး၊ ဖြေသူကဖြေ၊ နာသူကနာ၊ မှတ်သူကမှတ်နဲ့ ကြည့်ရတဲ့ မြင်ကွင်းဟာ (၃)နာရီဆိုတဲ့ အချိန်အတွင်းမှာ ပြုံးပျော်စရာတွေပဲ ဖြစ်ခဲ့ရပါတယ်။

ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်ခဲ့ရတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဟောပြောပွဲမှာ လှူသမျှအလှူ၊ ပြောသမျှစကား၊ ကြားသမျှအသံ၊ မြင်သမျှအရာတွေဟာ ကုသိုလ်ဖြစ်စရာ၊ စိတ်ကြည်နူးစရာ၊ ပီတိဖြစ်စရာတွေနဲ့ပဲ အစအဆုံး လွှမ်းမိုးထားခဲ့တဲ့အတွက် မနေ့ကပြုလုပ်ခဲ့ကြတဲ့ ပွဲလေးကို အမှန်ပင် မင်္ဂလာ ရှိတဲ့ပွဲလေးလို့ ဘုန်းဘုန်းတို့က ဆိုရခြင်းဖြစ်ပါတယ်။ ပူဇာစ ပူဇနေယျာနံ ဧတံမင်္ဂလ မုတ္တမံ ပူဇော်ထိုက်တဲသူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးလို့ ရှင်တော်ဘုရား ဟောကြားတော်မူတဲ့အတိုင်း အပူဇော်ခံ၊ အကန်တော့ခံ ဆရာများဖြစ်တဲ့ ဆရာဖေမြင့်နဲ့ ဆရာအော်ပီကျယ်တို့ဟာ မိမိတို့ထက် အသက်သိက္ခာဂုဏ်ဝါ ကြီးလွန်းလှတဲ့ ဆရာသမားများ ဖြစ်နေတဲ့အတွက်လည်း အပူဇော်ခံထိုက်နေတဲ့အပြင် ပူဇော်ကန်တော့ကြတဲ့ စိတ္တသုခ အဖွဲ့သားများ အနေနဲ့လည်း ကတညူတ ကတဝေဒီ သူတပါးရဲ့ ကျေးဇူးတရားကို သိတတ်ပြီး ပြန်ဆပ်ကြခြင်းဟာ မင်္ဂလာတရားတစ်ခုပဲ ဖြစ်ကြောင်း လက်တွေ့လောင်းက ထင်ရှားပြခဲ့ကြတဲ့အတွက် ဆရာနဲ့တပည့် အမှန်ပင် မင်္ဂလာတွေနဲ့ ပြည့်နေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလို နှစ်ဖက်စုံတဲ့ မင်္ဂလာပွဲလေး ဖြစ်ခဲ့တဲ့အတွက်ကြောင့် စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲဟာ အမှန်ပင် မင်္ဂလာရှိတဲ့ပွဲလေးလို့ ဆိုရခြင်း ဖြစ်ပါတယ်။

မင်္ဂလာပါ ရှိရုံမကဘဲ ပညာတွေပါ ရှိစေဖို့ အကြင်နာအပြည့်နဲ့ ဟောပြောဆွေးနွေးပေးခဲ့ကြတဲ့ ဆရာဖေနဲ့ ဆရာကျယ်တို့ရဲ့ သွေဖယ်မသွားတဲ့ ဖေကျယ်စကားတွေကလည်း မရည်ရွယ်ပဲ မှတ်သားစရာတွေ ဖြစ်နေခဲ့ကြတဲ့ အတွက် ဆရာများအပြန်မှာ ကျန်ခဲ့ကြတဲ့ အသံတွေက ကောင်းလိုက်တာ၊ မှန်လိုက်တာစသဖြင့် ပြောမဆုံးအောင် ရှိနေခဲ့ကြပြန်ပါတယ်။ အကြောင်းမကုန်လို့ ပေါင်းဆုံနိုင်မယ်ဆိုရင် နောင်နှစ်တွေမှာလည်း ဒီထက်ပိုပြီး အကောင်းတွေစုံအောင် ကြိုးစားနေမယ့်အကြောင်း စိတ္တသုခ အဖွဲ့သားများက ထပ်လောင်းပြီး ဆရာများထံ အမှားစကား ပါးလိုက်ကြသလို မအားတဲ့ကြားက အားတွေပြခဲ့ကြတဲ့ ဆရာသမားများကလည်း အားတွေမကျခင် အမှားတွေကိုပြနိုင်ဖို့ အချိန်ပေးကာ ရေးကာပြနေပြီး မနှေးမကြာ ကြွလာနိုင်အောင် ကြိုးစားပါမည့်အကြောင်း အားသစ်တွေ လောင်းသွားခဲ့ကြပါတယ်။

ဘာပဲဖြစ်ဖြစ် မနေ့က ကျင်းပပြုလုပ်ခဲ့ကြတဲ့ စိတ္တသုခ အဖွဲ့သားများရဲ့ ဆရာကန်တော့ပွဲနဲ့ စာပေဆွေးနွေးပွဲလေး ကတော့ တစ်မူထားခြားတဲ့ ကုသိုလ်ပွဲလေးနဲ့ ပညာပေးပွဲလေးဖြစ်ကာ မင်္ဂလာရှိတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်ဆိုတာကတော့ လက်တွေ့တက်ရောက် ဆင်နွဲခဲ့ကြတဲ့ သူအားလုံးရဲ့ ရင်ထဲက အမှန်တရားဖြစ်ခဲ့ပြီး အမှတ်တရတွေထဲက အမှတ်ရစရာ အကောင်းဆုံးတစ်ခုအဖြစ် ကမ္ဗည်းတွင်ရစ်ခဲ့ပါကြောင်း မှတ်တမ်းတင်ကာ ဂုဏ်ပြုလိုက်ပါတယ်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၁)...

အသေထွက် အရှင်ထွက်နဲ့ ဗုဒ္ဓဘာသာ
မြန်မာဗုဒ္ဓဘာသာများကြားမှာ အသေထွက်၊ အရှင်ထွက်ကိစ္စက တော်တော်ကို အပြောများပြီး အယုံအကြည်လည်း များနေတာကို တွေ့ရတတ်ပါတယ်။ တစ်ခါတလေ မြန်မာပြည်အနှံ့ ဟိုဟိုဒီဒီ ကြွတဲ့အခါ ကားဂိတ်ရထားဂိတ်တွေမှာ ဘုရားပုံ၊ ဘုန်းကြီးပုံ၊ ဘိုးတော်ဘွားတော်ပုံတွေ လိုက်ရောင်းတဲ့ ဈေးသည်များရဲ့ “ဒီဆရာတော်က နှစ်ဘယ်နှစ်ထောင် ရှိပြီ၊ ဒီပုံက ဟိုအရှင်ထွက် ဆရာတော်ကြီးရဲ့ပုံ၊ ဒီဆရာတော်ကြီးက ဘယ်လိုထွက်ရပ်ပေါက်တာ၊ ဒီပုံကို ပူဇော်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်” စသဖြင့် ပြောဆိုကာ လှည့်လည် ရောင်းချနေတဲ့ အသံတွေကို ကြားရတတ်သလို တစ်ခါတစ်ခါလည်း ဒကာဒကာမအချို့နဲ့ စကားပြောရင်း “ဘယ်ဆရာတော်ကြီးကတော့ ဘယ်လိုထွက်ရပ်ပေါက်သွားတာ၊ သူတို့ကိုးကွယ်တဲ့ ဘယ်ဘုန်းကြီးကတော့ အရှင်ထွက်ထွက်သွားတာ၊ ဘယ်ဆရာတော်ကြီးကတော့ ပျံတော်မူသွားတာ ကြာပေမယ့် ခန္ဓာကိုယ်ကြီးက မပုတ်မသိုးဘဲ ခုချိန်ထိ ခေါင်းရိတ်ပေးနေရတာ၊ လက်သည်းခြေသည်းတွေ ညှပ်ပေးနေရတာ” စသဖြင့် ပြောဆို လျှောက်ထားသံကိုလည်း နားထောင်ဖြစ်ခဲ့ဖူးပါတယ်။ ကြုံရင်ကြုံသလို ဒီအကြောင်းနဲ့ ပတ်သက်ပြီး ပြောပြပေးဖြစ်ပေမယ့် မြန်မာဗုဒ္ဓဘာသာအများရဲ့ အရိုးစွဲနေတဲ့ အသေထွက်၊ အရှင်ထွက်လို့ခေါ်တဲ့ ထွက်ရပ်ပေါက်ကိစ္စနဲ့ ပတ်သက်တဲ့ ယုံကြည်မှုတွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။ ဆိုးတာက လွဲနေတာကို လွဲနေမှန်းမသိတာကိုက နည်းနည်းလေးကို လွဲနေကြတာ ဖြစ်ပါတယ်။

တကယ်တော့ ဘယ်သူမဆို အသေပဲထွက်ထွက်၊ အရှင်ပဲထွက်ထွက် ဒါဟာ အသက်ထွက်တာပဲ ဖြစ်ပါတယ်။ အသက်ထွက်တယ်ဆိုတာ သေတာကို ပြောတာဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာအလိုအရ သတ္တဝါ တစ်ဦးတစ်ယောက် သေတယ်ဆိုတာ နာမ်သက်ရုပ်သက် နှစ်ခုလုံးချုပ်သွားတာကိုပဲ ဆိုတာဖြစ်ပါတယ်။ နာမ်ရုပ် နှစ်ပါးနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါမှန်သမျှ ဘဝတစ်ခု နိဂုံးချုပ်သွားတယ်ဆိုရင် ဒါဟာနာမ်သက်ရုပ်သက် နှစ်ခုလုံး ချုပ်သွားတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါဆိုရင် ရုပ်နာမ်နှစ်ပါးနဲ့ တည်ဆောက်ထားတဲ့ ပုဂ္ဂိုလ်သတ္တဝါ မှန်သမျှ လူပဲဖြစ်ဖြစ်၊ ရဟန်းသံဃာပဲ ဖြစ်ဖြစ်၊ ဘုရားပစ္စေကပဲ ဖြစ်ဖြစ် သေဆုံးသွားကြတဲ့အခါ အကုန်လုံး နာမ်သက်ရုပ်သက် သေသွားကြတာ အမှန်ပဲ ဖြစ်ပါတယ်။ အဲဒီလို သေသွားကြတဲ့ သတ္တဝါမှန်သမျှ အရှင်ထွက်သွားတယ်၊ အသေထွက်သွားတယ်ဆိုတာ မရှိနိုင်တော့ပါဘူး။ သေပြီးမှ ဘယ်လိုလာပြတယ်၊ ဘယ်မှာရှိနေတယ် စတာတွေ ဖြစ်လာတယ်ဆိုရင် ဒါဟာ သေပြီးနောက်ဘဝ ရောက်သွားပြီးမှ ထင်ရှားလာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ရုပ်သာသေပြီး နာမ်ကမသေဘဲ တစ်ခြားဘဝကို ကူးပြောင်းသွားတာလို့ ယူဆခဲ့မယ်ဆိုရင် ဗုဒ္ဓဘာသာ အလိုနဲ့ မကိုက်ညီဘဲ ဝိညာဉ်ကို လက်ခံတဲ့သဘော၊ အတ္တကို လက်ခံတဲ့သဘော ဖြစ်သွားတတ်ပါတယ်။ ဗုဒ္ဓဘာသာမှာ အတ္တဝိညာဉ်ဆိုတာ မရှိဘဲ နာမ်နဲ့ရုပ်ပဲ ရှိတယ်ဆိုတဲ့ အချက်ကို သတိပြုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘဝကူးသွားတယ်ဆိုတာ ဘာကကူးတာလဲလို့ မေးစရာ ရှိပါတယ်။ ဒီအမေးအတွက်တော့ မသေခင် လုပ်ခဲ့တဲ့ ကံအစွမ်းတွေက ကူးတာလို့ပဲ ဖြေရမှာ ဖြစ်ပါတယ်။

ထားပါတော့။ ပြောချင်တာက အသေထွက် အရှင်ထွက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဘုရားရှင်များ၊ ရဟန္တာ မထေရ်ကြီးများ စတဲ့ သီလသမာဓိ ပညာ အားကောင်းတဲ့ သူတော်ကောင်းများ အားလုံးဟာ ပျံလွန်တော်မူသွား၊ ပရိနိဗ္ဗာန် ပြုတော်မူသွားတဲ့အခါ အများထင်နေသလို အရှင်ထွက် ထွက်သွားကြတာ မဟုတ်သလို အသေထွက်လည်း ထွက်သွားကြတာ မဟုတ်ဘဲ နာမ်သက်ရုပ်သက် သေသွားကြတာပဲ ဖြစ်ပါတယ်။ ဒီလို နာမ်ရုပ်နှစ်ခုလုံး သေသွားကြတာ ဖြစ်တဲ့အတွက် မသေခင် ပျောက်သွားတယ်၊ ပျံတော်မူသွားပေမယ့် ရုပ်ကမသေဘဲ ဒီအတိုင်းပဲ ရှိနေတယ် စတာတွေလည်း မရှိတော့ပါဘူး။ ဒါဆိုရင် တစ်ချို့ဆရာတော်ကြီးများရဲ့ ရုပ်အလောင်းတွေက ဘာကြောင့် ဆံတော်တွေ ရှည်လာရတာလဲ၊ မပုတ်မသိုးဘဲ ရှိနေရတာလဲ၊ ခြေသည်းလက်သည်းတွေ ဘာကြောင့် ထွက်လာရတာလဲ စသဖြင့် မေးစရာ ရှိပါတယ်။ ဒီလိုသဘောတွေကို လက်တွေ့မြင်လို့လားလို့ မေးရင်အတော်များများက တဆင့်စကားနဲ့ ဆင့်ပွားကြတဲ့ သဘောရှိပါတယ်။ တကယ်လို့ လက်တွေ့မြင်တွေ့တာ ဆိုရင်လည်း ဒါဟာ အကယ်၍ ရဟန္တာ မထေရ်ကြီးများ အနေဖြင့် မသေခင် အဓိဋ္ဌာန် တစ်ခုခု ပြုတော်မူသွားတဲ့အခါ၊ တစ်စုံတစ်ယောက်ကို ချီးမြှောက်လိုတဲ့ အခါမျိုးမှာ အဲဒီ ရဟန္တာများရဲ့ အဓိဋ္ဌာန်ချက်အတိုင်း ကျန်ရစ်ခဲ့တဲ့ ရုပ်အကောင်ဟာ တည်တံ့နေတတ်တာမျိုး ရှိတတ်တဲ့အတွက် ဒီလို အဓိဋ္ဌာန်မျိုးကြောင့်လို့ပဲ ယေဘုယျ မှတ်ယူထားရမှာ ဖြစ်ပါတယ်။ ဒါကလည်း အတော်ကို ဖြစ်ခဲတဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

နောက် အသေထွက်၊ အရှင်ထွက်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ အချက်အချို့ ရှိပါတယ်။ တစ်ချို့က ဗုဒ္ဓစာပေကို နားလည်မှုလွဲပြီး အသုံးပြုတဲ့ အတွက်ကြောင့် ဒီလိုအသေထွက် အရှင်ထွက် အယူအဆမျိုး ဖြစ်လာတာလို့လည်း ယူဆနိုင်ကြပါတယ်။ ဗုဒ္ဓစာပေမှာ နိဗ္ဗာန်အမျိုးအစား နှစ်မျိုးရှိကြောင်း ပြဆိုထားပါတယ်။ အဲဒီနှစ်မျိုးက သဥပါဒိသေသနိဗ္ဗာန်နဲ့ အနုပါဒိသေသနိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ သဥပါဒိသေသ နိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းရှိတဲ့ နိဗ္ဗာန်ဖြစ်ပြီး အနုပါဒိသေသနိဗ္ဗာန်ဆိုတာ ခန္ဓာအကြွင်းမရှိတော့တဲ့ နိဗ္ဗာန်ပဲ ဖြစ်ပါတယ်။ ဒါက ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားတဲ့ ရဟန္တာပုဂ္ဂိုလ်များနဲ့ ပတ်သက်တဲ့ နိဗ္ဗာန်တွေပဲ ဖြစ်ပါတယ်။ ရဟန္တာပုဂ္ဂိုလ်များမှာ ကိလေသာကုန်ခမ်း ရဟန္တာဖြစ်သွားပေမယ့် ပရိနိဗ္ဗာန်မပြုသေးတဲ့ အချိန်မှာ သဥပါဒိသေသ နိဗ္ဗာန်ကို ရရှိခံစားနေတာ ဖြစ်ပြီး ရဟန္တာဘဝနဲ့ ပရိနိဗ္ဗာန်ပြုသွားပြီဆိုရင် ဒါဟာ ခန္ဓာကိုယ်အကြွင်းအကျန် မရှိတော့တဲ့ အနုပါဒေသသနိဗ္ဗာန်ကို ရရှိသွားတော့တာ ဖြစ်ပါတယ်။

ဆိုလိုတာက သက်ရှိထင်ရှား ရဟန္တာများဟာ ပရိနိဗ္ဗာန်မပြုသေးတဲ့အတွက် ခန္ဓာကိုယ် ရှိနေသေးပေမယ့် ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ဒီရုပ်ခန္ဓာလည်း ချုပ်ပျောက်သွားတော့တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ်လည်း အကြွင်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီလို ရဟန္တာပုဂ္ဂိုလ်များရဲ့ ခန္ဓာအကြွင်းရှိ၊ မရှိတဲ့ နိဗ္ဗာန်သဘောတွေကြောင့် အသက်ရှိနေသေးပေမယ့် ကိလေသာတွေက ထွက်ပြီးဖြစ်နေတဲ့အတွက် ရှင်နေပေမယ့် ထွက်ပြီးတဲ့သဘော၊ ပရိနိဗ္ဗာန်ပြုသွားတဲ့ အခါမှာတော့ ခန္ဓာကိုယ်လည်း အကြွင်းမရှိ သေသွားတာ ဖြစ်လို့ ကိလေသာလည်းသေ၊ ခန္ဓာလည်းသေသွားတဲ့ အသေထွက်သွားတဲ့ သဘောမျိုးတွေကြောင့် အသေထွက် အရှင်ထွက်တွေလို့ ဆိုတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒီလို အဓိပ္ပါယ်မျိုးဆိုရင်တော့ ရဟန္တာနဲ့ အသေထွက် အရှင်ထွက် ပြဿနာက အထွေအထူး ပြောစရာ မရှိနိုင်ပါဘူး။ အဲလိုမှမဟုတ်ဘဲ မသေခင် ထွက်သွားကြတယ်ဆိုရင်တော့ ဒါဟာ ဗုဒ္ဓဘာသာ အယူအဆတွေနဲ့ လွဲနေတော့တာ ဖြစ်ပါတယ်။

အချုပ်ပြောချင်တာက ဘုရားရှင်အပါအဝင် ဧတဒဂ်ရ ရဟန္တာများအားလုံးဟာ အသေထွက်သွားတယ်၊ အရှင်ထွက်သွားတယ်ဆိုတာ မရှိဘဲ အားလုံးပရိနိဗ္ဗာန်ပြုတော် မူသွားတဲ့အခါ နာမ်ရုပ်အားလုံး ချုပ်သွားကြတာတွေပဲ ဖြစ်တဲ့အတွက် ဒီနေ့ခေတ် ထင်နေကြသလို ဘယ်ပုဂ္ဂိုလ်ကတော့ အရှင်ထွက်သွားတယ်၊ ဘယ်သူကတော့ အသေထွက်သွားတယ်စတဲ့ ထွက်ရပ်ပေါက် အယူအစတွေဟာ စာပေအဖွင့်တွေအရ လွဲနေကြတာတွေ ဖြစ်ကြောင်း၊ ဘယ်သူမဆို နိဗ္ဗာန် မရသေးသမျှ သေပြီးနောက်မှာ ဘဝအသစ်မှာ ဖြစ်ကြရမှာဖြစ်ပြီး အဲဒီဘဝအသစ်ကနေ ဘဝဟောင်းရဲ့ အကြောင်းတွေကို ထင်ရှားပြရင်လည်း ဒါဟာ အရှင်ထွက်သွားလို့ မဟုတ်ဘဲ ဘဝအသစ်ကနေ ထင်ရှားပြခြင်းသာ ဖြစ်ကြောင်း၊ နိဗ္ဗာန်ရသွားပြီဆိုရင်တော့ ဘဝအဆုံးသတ်သွားပြီ ဖြစ်တဲ့အတွက် ဘဝအသစ်ဆိုတာလည်း မရှိတော့သလို လာပြီးထင်ရှားပြတယ်ဆိုတာလည်း မရှိတော့ကြောင်း သဘောပေါက် သိစေချင်တာ ဖြစ်ပါတယ်။ အဲဒီလို နာလည်းပြီး နားလည်မှုလွဲနေကြတဲ့ အသေထွက် အရှင်ထွက် အလွဲတွေကိုလည်း မလွဲရအောင် သတိဆောင်ပြီး ဉာဏ်နဲ့ယှဉ်ကာ စဉ်းစားကြဖို့ တိုက်တွန်းရင်း လွဲနေတတ်တဲ့အလွဲ တစ်ခုအဖြစ် အသိပေးတင်ပြလိုက်ရပါတယ်။

Read more »

ဒယ်ဂူး စာပေဆွေးနွေးဝိုင်း အသိပေးဖိတ်ကြားခြင်း


၂၀၁၁ ကိုရီးယား စာပေပွဲကျင်းပရေး ကော်မတီနှင့် စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း အကျိုးဆောင်များ၏ ဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွတ်ထားသည့် နိုင်ငံကျော် စာရေးဆရာ ဆရာဖေမြင့် နိုင်ငံကျော် ပန်းချီကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကိုရီးယားနိုင်ငံ အောက်ပိုင်းရှိ စာပေချစ်ခင်သူတို့၏ စာပေဆွေးနွေးဝိုင်းနှင့် ဆရာတပည့် ချစ်ခင်ရင်းနှီးစွာ တွေ့ဆုံကြမည့် စုံညီပွဲကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ရပ်နီးရပ်ဝေးရှိ ရွှေညီအစ်ကို မောင်နှစ်မအပေါင်းအား အတူတကွ ပါဝင်ဆင်နွဲနိုင်ဖို့ ကြွရောက်ကြပါရန် လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၂၉-၅-၂၀၁၁ (တနင်္ဂနွေနေ့)
အချိန် = နေ့လယ် ၂နာရီမှ ၅နာရီအထိ
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း

မှတ်ချက်။ ။
ဆရာများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ကြွရောက်လာကြသော ပရိတ်သတ်အပေါင်းအား စိတ္တသုခ လူမှုကူညီရေး အသင်းနှင့် ကိုသက်နိုင်+မသင်းသင်းဌေးတို့မှ လဘက်ရည်နှင့် ကော်ပြန့်လိပ်ကြော်များဖြင့် ကျွေးမွေးဧည့်ခံမည် ဖြစ်ပါသည်။
ရည်ညွန်း = ဟန်းဂုရွာ

Read more »

လစဉ်ဟောကြား မြတ်တရား (၄)

အဟောင်းလည်းစား အသစ်လည်းပွား
လစဉ်ကျင်းပ ပြုလုပ်လာခဲ့တဲ့ တစ်လတစ်ကြိမ် အထူးတရားပွဲနဲ့ ရွှေမြန်မာတွေ့ဆုံပွဲကို ဒီလမှာလည်း ၂၂-၅-၂၀၁၁ရက်၊ တနင်္ဂနွေနေ့မှာ အစဉ်မပြတ် ကျင်းပပြုလုပ်ဖြစ်ခဲ့ပါတယ်။ အလှူပွဲဆက်တွေ များတဲ့အခါ တနင်္ဂနွေနေ့တွေမှာတောင် အလုပ်ဆင်းနေရတဲ့ သူတွေအတွက် ပင်ပန်းပြီး မအားမလပ်ဖြစ်မှာဆိုးလို့ တနင်္ဂနွေနေ့တိုင်း မလုပ်ဘဲ တစ်လတစ်ခါလောက် လုပ်ကြဖို့ စီစဉ်ထားပေမယ့် အခုလမှာတော့ မထင်မှတ်တဲ့ နာရေးပွဲတွေက ပေါ်လာခဲ့တဲ့အတွက် တနင်္ဂနွေနေ့တိုင်းလိုလို ကျောင်းမှာပွဲက မပြတ်ဘဲ ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် ပုံမှန်ကျင်းပနေကျ တရားပွဲကိုလည်း မပျက်အောင် လုပ်ဖို့ရည်မှန်းထားတာဆိုတော့ တရားချစ်ခင် သူတော်စင်တွေကလည်း မအားတဲ့ကြားက အထူးကြိုးစားပြီး လာရောက်နာယူ မှတ်သားကြပါတယ်။ ဒီတစ်လ တရားပွဲမှာ ထူးထူးခြားခြား မင်္ဂလာဦးဆွမ်းကျွေး အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုကလည်း ရှိလာပြန်တော့ မင်္ဂလာဇနီးမောင်နှံနဲ့ မင်္ဂလာဆောင်ပြီးသူတွေ၊ မင်္ဂလာဆောင်မယ့်သူတွေ အတွက်ပါ မှတ်သားနာယူနိုင်မယ့် တရားတစ်ပုဒ်ကို ရွေးထုတ်ပြီး ဟောကြားပေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလရဲ့ လစဉ်ဟောကြား မြတ်တရားရဲ့ မှတ်သားဖွယ် တရားတော်ကိုလည်း “အဟောင်လည်းစား၊ အသစ်လည်းပွား”ဆိုတဲ့ အမည်လေးနဲ့ ဟောကြားချီးမြှင့်ပေး ဖြစ်ခဲ့ပါတယ်။

ဒီတရားတော်ဟာ ကျောင်းအမကြီး ဝိသာခါနဲ့ ဆက်စပ်ပြီး ဟောကြားပေးဖြစ်တဲ့ တရားတော်ပဲ ဖြစ်ပါတယ်။ ဘဒ္ဒိယမြို့၊ မေဏ္ဍကသူဋ္ဌေးရဲ့ မြေး၊ ဓနဉ္စယသူဋ္ဌေးနဲ့ သုမနဒေဝီတို့ရဲ့ သမီးဖြစ်တဲ့ ဝိသာခါဟာ ဘဒ္ဒိယမြို့ကို ကြွတော်မူလာတဲ့ ဘုရားရှင်ရဲ့ တရားတော်ကို နာကြားပြီး အသက် (၇)အရွယ်မှာပဲ သောတာပန် တည်သွားခဲ့တဲ့ ဘုရားတပည့် အမျိုးကောင်းသမီး တစ်ယောက်ဖြစ်ပါတယ်။ အရွယ်ရောက်တဲ့အခါ ဝိသာခါတစ်ယောက် မိဘသဘောတူညီမှုကြောင့် မိစ္ဆာဒိဋ္ဌိဖြစ်တဲ့ မိဂါရသူဋ္ဌေးရဲ့သား ပုဏ္ဏဝဎုန သူတို့သားနဲ့ အကြောင်းပါကာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ မင်္ဂလာဆောင်ပြီး လင်ယောက်ျားရဲ့နောက်ကို လိုက်သွားရမယ့် သမီးဝိသာခါကို ဖခင်ဖြစ်သူ ဓနဉ္စယသူဋ္ဌေးက အမှာစကား ဆယ်ခွန်းကို မှားကြားလိုက်ပါတယ်။ အဲဒီစကား ဆယ်ခွန်းက
၁။ အတွင်းမီးကို အပြင်မထုတ်ဖို့
၂။ အပြင်မီးကို အတွင်းမသွင်းဖို့
၃။ ပေးကမ်းသောသူကိုသာ ပေးကမ်းဖို့
၎။ မပေးကမ်းသောသူကို မပေးကမ်းဖို့
၅။ ပေးကမ်းသောသူကိုလည်းကောင်း၊ မပေးကမ်းသောသူကိုလည်းကောင်း ပေးကမ်းဖို့
၆။ ချမ်းသာစွာ နေထိုင်ဖို့
၇။ ချမ်းသာစွာ စားသောက်ဖို့
၈။ ချမ်းသာစွာ အိပ်ဖို့
၉။ မီးကိုလုပ်ကျွေးဖို့နဲ့
၁၀။ အိမ်တွင်းနတ်ကို ပူဇော်ဖို့
ဆိုတဲ့ စကားဆယ်ခွန်းပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဒီစကားဆယ်ခွန်းနဲ့ ပတ်သက်ပြီး ဝိသာခါက ရှင်းပြပေးခဲ့ပါတယ်။ အိမ်ထောင်ကျပြီးတဲ့ အိမ်ထောင်ရှင်များ အနေနဲ့ အတွင်းမီးကို အပြင်မထုတ်ဖို့ လိုသလို အပြင်မီးကိုလည်း အတွင်းမသွင်းဖို့ လိုပါတယ်။ ဒီမှာပြောလိုတဲ့ အတွင်းအပြင် မီးဆိုတာ ကိုယ့်ရဲ့အိမ်တွင်းက ပြဿနာ၊ လင်ယောက်ျား၊ ဇနီးမယားနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အပြစ်များကို အပြင်တွင် ဟိုပြောဒီပြောမပြောဖို့နဲ့ အပြင်မှာကြားလာတဲ့ အိမ်တွင်းပြဿနာများ အကြောင်း၊ လင်ယောက်ျား၊ ဇနီးမယားတို့ရဲ့ မကောင်းတဲ့ အပြောအဆိုများ အကြောင်းကိုလည်း အိမ်တွင်းကို ယူဆောင်မလာဖို့ လိုပါတယ်။ ပေးကမ်းတဲ့သူကို ပေးကမ်းပြီး မပေးကမ်းတဲ့သူကို မပေးကမ်းနဲ့ ဆိုတာက ပစ္စည်းဥစ္စာများကို ချေးငှါးပြီး ကတိအတိုင်း တိတိကျကျ ပြန်လည်ပေးကမ်းတဲ့ သူတွေကို ပေးကမ်းဖို့လိုပြီး ချေးငှါးပြီး မပေးဘဲထားတဲ့ သူတွေကို မပေးကမ်းဖို့လိုကြောင်းနဲ့ ပေးသည်ဖြစ်စေ၊ မပေးသည်ဖြစ်စေ ပေးကမ်းရမယ်ဆိုတာက ဆွေးမျိုးဉာတိများထဲမှ မရှိဆင်းရဲလှတဲ့ အမျိုးအဆွေများကို သူတို့ပြန်လည်ပေးနိုင်သည်ဖြစ်စေ မပေးနိုင်သည်ဖြစ်စေ တတ်နိုင်သလောက် ပေးကမ်းရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ချမ်းသာစွာ နေထိုင်ရမယ်ဆိုတာက လင်ယောက်ျား၊ ယောက္ခမများနဲ့ လူကြီးသူမများ ရှေ့မှာ မရိုမသေမဖြစ်ဖို့၊ အထက်အောက်ပုံစံမျိုး မဖြစ်ဖို့နဲ့ အဆင်ပြေအောင် နေတတ်ဖို့၊ ချမ်းသာစွာ စားသောက်ရမယ်ဆိုတာက အစားအသောက်နဲ့ ပတ်သက်ပြီး လင်ယောက်ျားနဲ့ ယောက္ခမ လူကြီးသူမများအရင် ဦးဦးဖျားဖျား စားသောက်တာမျိုး မဖြစ်စေဘဲ ပြည့်စုံလုံလောက်စွာ စီမံဖန်တီးကာ အပြစ်မဖြစ်အောင် စားသောက်တတ်ဖို့ဖြစ်ပြီး၊ ချမ်းသာစွာအိပ်ရမယ်ဆိုတာက ဇနီးမယားရဲ့ ဝတ္တရားအတိုင်း လင်ယောက်ျားလူကြီးသူမများ အရင်စောစောစီးစီး မအိပ်ဘဲ အိပ်ရာထချိန်မှာတော့ စောစောစီးစီး ထဖို့လို့ကြောင်း ပြောလိုတာ ဖြစ်ပါတယ်။ မီးကို လုပ်ကျွေးရမယ်ဆိုတာက ကိုယ့်ရဲ့လင်ယောက်ျားကို မဖြစ်မနေ အရေးကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို၊ ကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်လို အလေးထားပြီး လုပ်ကျွေးရမယ်လို့ ဆိုလိုတာဖြစ်ပြီး အိမ်တွင်းနတ်ကို ပူဇော်ရမယ်ဆိုတာက နှစ်ဘက်မိဘများကို အိမ်တွင်းနတ်လို့ သဘောထားပြီး ရိုသေလေးစားစွာ ထောက်ပံ့ပူဇော် ကျွေးမွေးပြုစုပေးရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဖခင်ကြီးမှာလိုက်တဲ့ စကားဆယ်ခွန်းကို ဝိသာခါက ဒီအတိုင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် ပြဿနာက သောတာပန်နဲ့ မိစ္ဆာဒိဋ္ဌိ တစ်မိသားစုတည်း ဖြစ်နေပြီး တစ်အိမ်ထဲမှာ အတူနေနေရတဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ဝိသာခါဟာ အသက် (၇)နှစ်အရွယ်တည်းက သောတာပန် ဖြစ်နေခဲ့ပေမယ့် လင်ယောကျာ်းနဲ့ ယောက္ခမများကတော့ ရှေးအစဉ်အလာတည်းကာ အဝတ်မဝတ်တဲ့ တက္ကဒွန်းများကို ကိုးကွယ်လာခဲ့ကြတဲ့ အဖြစ်ပါ။ ဒီလို ကိုးကွယ်ရာ မတူဘဲ တစ်အိမ်တည်း ဖြစ်နေတာက နားလည်မှု မရှိရင် တစ်နေ့မဟုတ်တစ်နေ့ ပြဿနာ ဖြစ်တတ်တဲ့ အဖြစ်ပဲ ဖြစ်ပါတယ်။ ပိုဆိုးတာက ရတနာသုံးပါးနဲ့ ကံကံရဲ့ အကျိုးကို အကြွင်းမဲ့ယုံကြည်သွားတဲ့ သောတာပန်ဖြစ်တဲ့ ဝိသာခါမှာ မိစ္ဆာဒိဋ္ဌိ အိမ်ရောက်လာပြီးမှ ရတနာသုံးပါးနဲ့ ဝေးကွာလာတဲ့အချက်က အဆိုးဆုံးပဲ ဖြစ်ပါတယ်။ မလွန်ဆန်နိုင်တဲ့ အနေအထားအရ ဝိသာခါဟာ ကိုယ်လုပ်ရမယ့် ဝတ္တရားကိုပဲ ကျေပွန်အောင် လုပ်ပေးနေရပေမယ့် စိတ်မှာတော့ တော်တော်တင်းကျပ်နေတဲ့ သဘောရှိပါတယ်။

တစ်နေ့ ဝိသာခါဟာ ယောက္ခမဖြစ်တဲ့ ဓနဉ္စယ သူဋ္ဌေးကြီး ထမင်းစားနေတာကို ဘေးမှနေပြီး ယပ်ခပ်ပေးနေချိန် အိမ်ရှေ့မှာ ရဟန်းတစ်ပါး ဆွမ်းခံကြွလာတာနဲ့ ကြုံတွေ့ပါတော့တယ်။ ရဟန်းတော်ကိုမြင်တော့ ဝိသာခါတစ်ယောက် ဝမ်းသာအားရ ဖူးမျှောင်ပြီး ရှိသမျှဆွမ်းဆွမ်းဟင်တွေ လောင်းလှူလိုလှပေမယ့် အနားမှာရှိနေတဲ့ ယောက္ခမရဲ့ မသိသလို နေနေမှု၊ သဘောမတူတဲ့ အခြေအနေတွေ ရှိနေမှုကြောင့် လက်အုပ်ချီပြီးတော့ပဲ “အရှင်ဘုရား ကန်တော့ဆွမ်းပါဘုရား၊ တပည့်တော်ရဲ့ ယောက္ခမက အဟောင်းကိုသာ စားနေတဲ့ အဟောင်းစားဖြစ်တဲ့အတွက် ဆွမ်းမလောင်းနိုင်ဘဲ ဖြစ်နေလို့ပါဘုရား” လို့ လျှောက်ထားလိုက်ရပါတယ်။ ဝိသာခါရဲ့ ကန်တော့ဆွမ်းကို အလှူခံပြီး ရဟန်းတော်လည်း ကြွသွားပါတယ်။ ပြဿနာက ဝိသာခါပြောတဲ့ အဟောင်းစား ဆိုတဲ့စကားက ယောက္ခမကို အတော်ဒေါသ ထွက်စေခဲ့တဲ့ သဘောရှိပါတယ်။ မိဂါရသူဋ္ဌေးဟာ သူ့ကိုဝိသာခါက မကောင်းတဲ့အရာ၊ အဟောင်းတွေကို စားတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ ပြောတယ်ဆိုပြီး ရပ်မိရပ်ဖများရှေ့မှာ ပြဿနာ ရှာလာခြင်း ဖြစ်ပါတယ်။ ဒီတော့မှ ဝိသာခါက သူပြောတဲ့ အဟောင်းစားဆိုတာ တခြားအဓိပ္ပါယ်ကို ဆိုလိုတာ မဟုတ်ကြောင်း၊ မိဂါရသူဋ္ဌေးဟာ အတိတ်ဘဝတွေက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှု အရှိန်ကြောင့် ဖြစ်ပေါ်လာတဲ့ ချမ်းသာမှု ကုသိုလ်အဟောင်းကိုသာ စားနေပြီး အခုဘဝမှာ ဘာကုသိုလ်ကောင်းမှုမှ မပြုဘဲ နေနေတဲ့ အဖြစ်ကို ရည်ရွယ်၍သာ ပြောဆိုခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ နောက်ဆုံးတော့ မိဂါရသူဋ္ဌေးဟာ သူ့ရဲ့စွပ်စွဲချက်တွေ မှားယွင်းပြီး ဝိသာခါ အလိုကျ ရတနာသုံးပါးကို ကိုးကွယ်ခွင့်ပြုကာ သူကိုယ်တိုင်လည်း ဘုရားတရားနာပြီး ဗုဒ္ဓဘာသာ အဖြစ်ခံယူကာ ဒါနသီလဘာဝနာ ကုသိုလ်အလုပ်တွေကို ကြိုးစားလုပ်လာ ဖြစ်ခဲ့ပါတယ်။ ဒါက အဟောင်းစား ဆိုတဲ့စကားနဲ့ ပြောင်းလဲလာတဲ့ ဝိသာခါနဲ့ မိဂါရတို့ရဲ့ ဇာတ်ကြောင်း တစ်စိတ်တစ်ဒေသပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ပြောလိုတာက မင်္ဂလာဇနီးမောင်နှံကို အကြောင်းပြုပြီး ဟောကြားပေးခဲ့တဲ့ ဒီတရားတော်မှာ ဘဝတစ်ခု တည်ထောင်ဖန်တီးကြသူများ အိမ်ထောင်ပြုပြီး ဘဝခရီး ဆက်သွားကြမည့်သူများ အနေနဲ့ ဝိသာခါရဲ့ အဖေက သမီးကို မှားလိုက်တဲ့ ဆုံးမစကားတွေကို မိမိတို့ဘဝမှာလည်း လက်တွေ့လိုက်နာကျင့်သုံးကြည့်ကြဖို့နဲ့ ရရှိလာတဲ့ ဘဝမှာ အဟောင်းကိုပဲ စားနေလို့မဖြစ်ဘဲ အသစ်လည်းပွားနိုင်အောင် ကြိုးစားနိုင်ကြဖို့ အသိပေး ပြောလိုတာ ဖြစ်ပါတယ်။ အိမ်ထောင်တစ်ခု ရေရှည်တည်တံ့ဖို့မှာ နှစ်ဦးနှစ်ဖက် တစ်ဦးအပေါ်တစ်ဦး အမြင်ကြည်ကြဖို့၊ ဝတ္တရားတွေ ကျေကြဖို့ လိုပါတယ်။ အိမ်ထောင်ရေးတည်တံ့ဖို့ အရေးမှာ အတွင်းအပြင်မီးတွေကို ထုတ်သွင်းထုတ်ယူ မလုပ်ဖို့ အထူးသတိပြုရမှာ ဖြစ်ပါတယ်။ ကိုယ့်အလုပ်၊ ကိုယ့်တာဝန်ကို ကိုယ်စီကျေအောင် ကြိုးစားပြီး ပြဿနာများကို မရှာမိကြဖို့ လိုအပ်လှပါတယ်။ နေထိုင်သွားလာ စားသောက်မှုတွေက အစ အရာရာမှာ အပြစ်မရှိအောင်နဲ့ ပြုစုစောင့်ရှောက် ချီးမြှောက်ရမယ့် အရာတွေမှာ တတ်နိုင်သမျှ ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အဲဒီလို နေထိုင်လေ့ကျင့်နိုင်မယ်ဆိုရင် အိမ်ထောင်တစ်ခုဟာ ပြဿနာ ဖြစ်စရာ သိပ်မရှိလှဘူးလို့ ထင်ပါတယ်။ ဝိသာခါကို မှာတဲ့စကားတွေ ဆိုပေမယ့် လက်တွေ့ဘဝမှာ ယူသင့်လိုက်နာသင့်တာတွေ ရှိနေတဲ့အတွက် ဒီအဆုံးအမတွေကို အသုံးချပြီး အိမ်ထောင်တစ်ခု သာယာလှပအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

နောက်အရေးကြီးတဲ့ အချက်က အဟောင်းစားပြီး အသစ်ပွားနိုင်အောင် ကြိုးစားရမယ့် အချက်ပဲ ဖြစ်ပါတယ်။ အတိတ်အတိတ်က ပြုလုပ်စောင့်ထိန်းခဲ့တဲ့ ကောင်းတဲ့ကံတွေကြောင့် လူဘဝကိုရလာ၊ ရလာတဲ့ လူဘဝမှာလည်း မိဘကောင်း၊ ပတ်ဝန်းကျင်ကောင်း၊ ကိုယ်လက်အင်္ဂါကောင်းတွေ ဖြစ်ခဲ့ရပြီး အထိုက်အလျောက် နေနိုင်စားနိုင် သွားနိုင်လာနိုင် စတာလေးတွေ ဖြစ်လာခဲ့တာတွေဟာ တကယ်တော့ အတိတ်ရဲ့ အကျိုးပေးတွေပဲ ဖြစ်ပါတယ်။ အတိတ်ဆိုတာ ကျန်ခဲ့ပြီဖြစ်တဲ့အတွက် ဒီအကျိုးပေးတွေဟာလည်း အဟောင်းတွေပဲ ဖြစ်နေတာ ဖြစ်ပါတယ်။ အတိတ်ကောင်းခဲ့လို့ အဟောင်းကောင်းခဲ့ရတဲ့ အပေါ်မှာ ဒီအဟောင်းတွေကိုပဲ သာယာကာ ကျေနပ်နေကြလို့ မဖြစ်ပြန်ပါဘူး။ အဟောင်းတွေပဲ စားပြီးအဟောင်းတွေ ကုန်သွားမယ်ဆိုရင် မကောင်းဘုံကိုလည်း သွားနိုင်သေးတဲ့အတွက် အဟောင်းချည်းပဲ စားနေလို့မဖြစ်ဘဲ အသစ်လည်း ပွားပေးကြဖို့ လိုပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ ဒါနသီလဘာဝနာ အလုပ်ဟောင်းတွေရဲ့ အကျိုးပေးဟောင်းတွေကို ဆထက်မက တိုးပွားရအောင် ဒီဘဝမှာလည်း အသစ်အသစ်တွေ များများထပ်လုပ်ကြ၊ များများထပ်ပွားကြဖို့ လိုပါတယ်။ အခုစားနေတာတွေဟာ အဟောင်းတွေ ဖြစ်နေပြီး နောင်စားဖို့အတွက်ကတော့ အခုလုပ်မှရမယ့် အသစ်တွေ ဖြစ်လာမှာဖြစ်လို့ အဟောင်းလည်းစားရင်း အသစ်လည်း ပွားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။ အတိတ်က လုပ်ခဲ့တဲ့ ဒါနသီလဘာဝနာ အဟောင်းတွေကို အတုယူပြီး ဒီဘဝမှာလည်း တတ်နိုင်သမျှ ဒါနသီလဘာဝနာ ကုသိုလ်ကောင်းမှု အသစ်တွေကိုလည်း ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အဟောင်းလည်းစား အသစ်လည်း ပွားရာ အမှန်အစစ် ဖြစ်လာကြမှာ ဖြစ်ပါတယ်။

ဆိုလိုတာက ဘဝသံသရာ အဆုံးမသပ်ကြသေးတဲ့ ပုထုဇဉ်တွေအဖို့ အတိတ်အနာဂတ်ပစ္စုပ္ပန် ကာလတွေမှာ အချိန်တိုင်းက တန်ဘိုးရှိနေပြီး အလုပ်တိုင်းက အရေးကြီးတဲ့အတွက် ကိုယ်လုပ်တဲ့ အလုပ်တွေဟာ အနာဂတ်ဘဝ သံသရာအတွက်လည်း ထည့်တွက်ပြီး လုပ်ကြရမှာ ဖြစ်တာကြောင့် လက်ရှိဘဝကို မဏ္ဍိုင်ပြုကာ အတိတ်ရဲ့ အကျိုးကို ခံစားရင်း အနာဂတ်အတွက်လည်း ရင်းနှီးကြဖို့နဲ့ အတိတ်ကလုပ်ခဲ့တဲ့ ကံအကျိုးပေးတွေလောက်နဲ့ ကျေနပ်မနေကြဘဲ အနာဂတ်အတွက်လည်း လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ရင်း ရေရှည်အကျိုး ပွားတိုးအောင် ကြိုးစားကြဖို့ ဆိုလိုရင်း ဖြစ်ပါတယ်။ လူ့ဘဝမှာ ဘယ်လိုအကျိုးပေးတွေပဲ ကွာခြားကွာခြား အရေးအကြီးဆုံးဖြစ်တဲ့ လူ့ဘဝကို ရရှိလာတာကိုက အဟောင်းကောင်းခဲ့ကြလို့ ရလာခြင်း ဖြစ်တဲ့အတွက် ဒီလောက်ကောင်းတဲ့ အဟောင်းကို ဖြစ်သလိုနေ၊ ဖြစ်သလိုစား ဘဝနဲ့ အဆုံးမသတ်ကြဘဲ ရရှိလာတဲ့ လူ့ဘဝကို အသုံးချက အနာဂတ်ဘဝတွေကနေပြီး နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြဖို့ ဒါနသီလဘာဝနာ အလုပ်တွေကို ကြိုးစားအားထုတ်ရင်း အသစ်အသစ်တွေ စုဆောင်းပွားများကြဖို့ အသိပေးလိုရင်း ဖြစ်ပါတယ်။ ဒါနမှလည်း အဟောင်းလည်းစား အသစ်လည်းပွားရာရောက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီတစ်လရဲ့ တရားတစ်ပုဒ်အဖြစ် ဟောကြားပေးဖြစ်ခဲ့တဲ့ “အဟောင်းလည်းစား အသစ်လည်းပွား”ဆိုတဲ့ တရားတော်အတိုင်းပဲ ဘဝသံသရာခရီး မပြီးဆုံးသေးလို့ ဆက်လွက်ထွက်ခွာ သွားလာနေကြမယ့် သံသရာ ခရီးသွားတွေ အနေနဲ့ အတိတ်ကောင်းလို့ လူ့ဘဝကို ရရှိလာပြီး အဟောင်းကောင်းနေတဲ့ အပေါ်မှာပဲ သာယာကာ အဟောင်းကိုပဲ စားမနေကြဘဲ သံသရာတစ်လျှောက် အကောင်းစားနိုင်ဖို့ အတွက်လည်း အကောင်းအလုပ်တွေ လုပ်ပြီး အသစ်ပွားနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ကြောင်း အသိပေးတင်ပြရင်း အတိတ်က အဟောင်းကို ခဏနထား အခုလက်ရှိအချိန်မှာပဲ အသစ်ဖြစ်တဲ့ ဒါနသီလဘာဝနာ အလုပ်တွေကို ရနိုင်သမျှ ကြိုးစားအားထုတ်ကာ နောက်ဆုံးဖြစ်တဲ့ နိဗ္ဗာန်အထိ အရောက်သွားကြပါလို့ တိုက်တွန်းကာ ဒီတစ်လရဲ့ လစဉ်ဟောကြား မြတ်တစ်ရားတစ်ပုဒ် အဖြစ် ရွေးထုတ်ဟောကြားလိုက်ရပါတယ်။

အားလုံး အဟောင်းလည်းစား အသစ်လည်း ပွားနိုင်ကြပါစေ..။

Read more »

မေတ္တာအကြောင်း တစ်စေ့တစ်စောင်း…

“မေတ္တာသည် အလျားအနံ မရှိသော်လည်း အသွားအပြန်ရှိသည်” ဟူသော ဆိုရိုးစကား တစ်ခုရှိ၏။ မေတ္တာ အားကောင်းလျှင် ထိုမေတ္တာ၏အစွမ်းသည် အလွန်မုန်းသည့်သူကိုပင် ယဉ်ကျေးစေ၊ ကြမ်းတမ်းသည့် သူကိုပင် နူးညံ့စေ၊ ဝေးနေသောသူကိုပင် နီးနေစေပေ၏။ မေတ္တာအားကောင်းလျှင် မိမိက မျှော်လင့်မထားသော်လည်း ရောက်ရာအရပ်တိုင်းတွင် လူလည်းချစ်သကဲ့သို့ နတ်လည်းချစ်ခြင်းကို ခံရတတ်၏။ လူလည်းမစသကဲ့သို့ နတ်လည်းမစခြင်းကို ရရှိတတ်၏။ လူလည်းကူညီသကဲ့သို့ နတ်လည်းကူညီခြင်းကို ခံရတတ်၏။ မေတ္တာဓာတ်အားကောင်းသည့်သူ၏ မျက်နှာသည် ကြည့်သူတိုင်းကိုပင် အေးမြစေမှုကို ဖြစ်စေတတ်၏။ ရုပ်ရည်အဆင်း လှပခြင်း မရှိသော်လည်း မေတ္တာများနေလျင် ချစ်စရာလည်း များနေမည်သာ ဖြစ်၏။ မေတ္တာဓာတ်သည် မရောက်နိုင်သည့် နေရာမရှိသကဲ့သို့ မဖောက်နိုင်သည့် အရာဟူသည်လည်း မရှိလှပေ။ မေတ္တာသည် အလွန်အားကြီးသည့် ဒေါသကိုပင် အနိုင်ယူနိုင်သဖြင့် မေတ္တာလက်နက်သည် အကောင်းဆုံး လက်နက်ဖြစ်ကြောင်းလည်း ဆိုလေ့ရှိကြ၏။ ဤသည်မှာ မေတ္တာ၏ တန်ပြန်သက်ရောက်မှု တစ်စိတ်တစ်ဒေသပင် ဖြစ်ပါ၏။

မြတ်စွာဗုဒ္ဓကိုယ်တော်တိုင်ပင် မေတ္တာဓာတ်ဖြင့် ဆန့်ကျင်ဘက်များကို အေးမြစေခဲ့၏။ မြတ်ဗုဒ္ဓ၏ အောင်နိုင်ခြင်းများကို ကြည်ညိုကြည့်ပါက မေတ္တာဖြင့် အောင်နိုင်ခြင်းများကိုသာ တွေ့ရမည်ဖြစ်၏။ အလွန်ကြမ်းတမ်းသည့် အင်္ဂုလိမာလကဲ့သို့သော သူများ၊ ဒေါသအလွန် ပြင်းထန်သည့် သစ္စကကဲ့သို့သော ပုဂ္ဂိုလ်များ၊ ခွန်အားကြီးမားသည့် နာဠာဂိရိကဲ့သို့သော ဆင်ပြောင်ကြီးများ စသည့် အာဂစွမ်းအားရှင်များကိုလည်း မေတ္တာဓာတ်များ ဖြန့်လွှမ်းကာ ကရုဏာတရားများဖြင့် နူးညံ့မှုကို ဖြစ်ပွားစေခဲ့၏။ အလွန်အဆဲသန်သည့် အက္ကောသ ဘာရဒွါဇကဲ့သို့သော ပုဏ္ဏားများကိုလည်း မေတ္တာဖြင့် အဆဲငြိမ်းအောင် ပြုလုပ်ပေးခဲ့ဖူး၏။ ဒေါသဖြင့် အနိုင်ယူလိုသူကို မြတ်ဗုဒ္ဓက မေတ္တာဖြင့် ငြိမ်းအေးစေခဲ့၏။ ဒေါသဖြင့်တိုက်ခိုက် ပြောဆိုလာလျှင်လည်း တန်ပြန်ဒေါသထွက်ခြင်း မရှိဘဲ မေတ္တာဓာတ်ဖြင့် ပျော့ပြောင်းစေခဲ့၏။ မေတ္တာ၏ အစွမ်းသည် ထိုမျှလောက် အားကြီးလှ၏။ ထို့ကြောင့် အရာရာတွင် မေတ္တာသည်သာ အအေးမြဆုံးသော အရာဖြစ်ပြီး မေတ္တာဖြင့်သာ ပူလောင်မှုများကို ငြိမ်းအေးစေနိုင်ကာ မေတ္တာအားသည်သာ အကြီးမားဆုံးသောအား ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

မေတ္တာဟူသော အသုံးအနှုန်းနှင့် ပတ်သက်၍ မြန်မာလူငယ်များအကြား တစ်ခါတရံ ကြားတတ်သည့် စကားလေးများ ရှိတတ်၏။ “ဒို့က မင်းအပေါ်မှာ ဘယ်လို မေတ္တာရှိနေလို့ပါ၊ ဒို့မေတ္တာကို လက်ခံပေးပါ” စသည်ဖြင့် ပြောဆိုလေ့ရှိကြ၏။ ထိုလူငယ်များ၏ မေတ္တာဟူသည် ချစ်ခင်ခြင်းဟု အဓိပ္ပါယ်ရ၏။ စင်စစ် ထိုသဘောသည် မေတ္တာမဟုတ်၊ ပီယခေါ် ပေမ၏ သဘောပင်ဖြစ်၏။ ပေမသည် ချစ်ခြင်းဟု အဓိပ္ပါယ်ရပြီး ထိုပေမကိုလည်း တစ်ခါတရံ တဏှာဟု ဖွင့်ဆိုရှင်းပြတတ်ကြ၏။ သို့ဆိုလျင် ယနေ့ခေတ် လူအချို့ အသုံးပြုနေကြသည့် မေတ္တာဟူသော အသုံးအနှုန်းသည် မေတ္တာစစ်မဟုတ်သည်မှာ အထင်အရှားပင် ဖြစ်ပါ၏။ အမှန်အားဖြင့် ထိုမေတ္တာ၏ တိုက်ရိုက်အဓိပ္ပါယ်မှာ အကျိုးလိုလာခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိအတွက်မပါ သူတပါးအကျိုးကို လိုလားခြင်းသက်သက်သာ ဖြစ်ပါ၏။ ထိုသို့ မိမိအတွက်မပါ စစ်မှန်သည့် စေတနာဖြင့် သူတပါးအကျိုးကို လိုလားခြင်း သဘောရှိနေသဖြင့် ထိုမေတ္တာသည် ငြိမ်းအေးခြင်းသဘော၊ ငြိမ်းချမ်းခြင်း သဘောရှိသည်ဟု ဆိုခြင်းဖြစ်ပါ၏။ သတ္တဝါများသည် မိမိအကျိုးကို လိုလားမှု အားများလာလျင် မေတ္တာဓာတ်များလည်း ခေါင်းပါးလာတတ်ပြီး အကျိုးစီးပွား မဲ့မှုများသာ အဖြစ်များတတ်သဖြင့် မေတ္တာများများ ထားနိုင်ရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

မှန်၏။ မေတ္တာသည် အကျိုးလိုလားခြင်းဟု အဓိပ္ပါယ်ရ၏။ မေတ္တာ၏ သဘောသည် စစ်မှန်သည့်မနောဖြင့် သူတပါးအပေါ် အကျိုးဖော်ပေးခြင်း ဖြစ်သဖြင့် မေတ္တာထုံထားလျှင် ချစ်စရာ အကုန်ပွားပြီးသာ ဖြစ်နေပေ၏။ မိမိက မေတ္တာပွားထားလျှင် သူတပါးကလည်း သစ္စာထားကာ ချစ်သဒ္ဓါလည်း ပွားလာမည်သာ ဖြစ်ပါ၏။ မေတ္တာနှင့်သစ္စာသည် အကျိုးလိုလားခြင်းနှင့် အမှန်တရားကို ပေါင်းစပ်ထားခြင်း ဖြစ်သဖြင့် စစ်မှန်သည့် မေတ္တာသာထားနိုင်လျှင် သစ္စာတည်ကာ ချစ်သဒ္ဓါလည်း တည်လာကြမည်သာ ဖြစ်ပါ၏။ လူအများ၏ အပေါ်တွင်ဖြစ်စေ၊ တိရိစ္ဆာန်အများ၏ အပေါ်တွင်ပင် ဖြစ်စေ အကျိုးလိုလားသည့် မေတ္တာဓာတ်ဖြင့် မှန်ကန်စွာ ပြုမူဆက်ဆံကြည့်ပါက မေတ္တာ၏ ရောင်ပြန်ဟပ်မှုသည် တိရစ္ဆာန်များ အထံမှပင်လျှင် တန်ပြန်သက်ရောက်မှုကို ရစေနိုင်မည်သာ ဖြစ်ပါ၏။ အရေးကြီးသည်မှာ မည်သူ့အပေါ်တွင်ဖြစ်စေ မှန်ကန်သည့် သစ္စာတရားဖြင့် အကျိုးလိုလားသည့် မေတ္တာထားနိုင်ခြင်းဟူသည့် အချက်ပင် ဖြစ်ပါ၏။

စစ်မှန်သည့် စေတနာဖြင့် အကျိုးလိုလားသည့် စိတ်ဖြင့် သတ္တဝါများအပေါ် မေတ္တာပွားနိုင်လျှင် အကျိုးတရား အလွန်ကြီးမားကြောင်း အင်္ဂုတ္တရနိကာယ်တွင် ဘုရားရှင်ဟောတော်မူထားသည့် မေတ္တာသုတ် တစ်သုတ်ရှိ၏။ ထိုသုတ်တော်တွင် မြတ်စွာဘုရားရှင်က “ရဟန်းတို့ ဆန့်ကျင်ဖက်မှ လွန်မြောက်သော မေတ္တာစိတ်ကို မှီဝဲအပ်၊ ကြိမ်ဖန်များစွာပြုအပ်၊ ယာဉ်ကဲ့သို့ပြုအပ်၊ တည်ရာကဲ့သို့ပြုအပ်၊ ရှေးရှုတည်စေအပ်၊ လေ့လာအပ်၊ ကောင်းစွာအားထုတ်အပ်သည်ရှိသော် ရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏။ အဘယ်ရှစ်မျိုးတို့နည်းဟူမူ
၁။ ချမ်းချမ်းသာသာ အိပ်ရ၏
၂။ ချမ်းချမ်းသာသာ နိုးရ၏
၃။ အိပ်မက်ဆိုးကို မမြင်အပ်
၎။ လူတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၅။ သားရဲဘီးလူးတို့၏ ချစ်မြတ်နိုးခြင်းကို ခံရ၏
၆။ နတ်တို့ စောင့်ရှောက်ကုန်၏
၇။ ထိုမေတ္တာကို ပွားများသောသူအား မီးအဆိပ် လက်နက်တို့ မစွဲမကျ မဖျက်ဆီးနိုင်
၈။ လွန်မြတ်သော အရဟတ္တဖိုလ် တရားကို ထိုးထွင်း၍ မသိနိုင်ခဲ့သော် ဗြဟ္မာ့ပြည်သို့ လားရ၏။
ရဟန်းတို့ မေတ္တာစိတ်ကို မှီဝဲအပ်သည်ရှိသော် ဤရှစ်မျိုးသော အကျိုးတို့ကို မချွတ်ရလိမ့်မည်ဟု မျှော်လင့်အပ်ကုန်၏”ဟု မိန့်တော်မူ၏။ ထို့အပြင် ထိုမေတ္တသုတ်တော်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ

“အကြင်သူသည် အဖန်ဖန် သတိရသည်ဖြစ်၍ အတိုင်းအရှည်မရှိသော မေတ္တာတရားကို ပွားများ၏၊ ဥပဓိတရား၏ တည်ရာ မေတ္တာဈာန်ကို ရှုမြင်သော ထိုသူအား သံယောဇဉ်တို့သည် ခေါင်းပါးကုန်၏။

ဒေါသစိတ် မရှိမူ၍ သတ္တဝါ တစ်ဦးတစ်ယောက်ကိုသော်လည်း အကယ်၍ မေတ္တာပွားငြားအံ့၊ ထိုသို့ မေတ္တာပွားခြင်းကြောင့် ကုသိုလ်တရားနှင့် ပြည့်စုံရ၏၊ သတ္တဝါအားလုံးတို့ကို စိတ်ဖြင့်သနားကြင်နာခြင်းရှိသော သူတော်သူမြတ်သည် များပြားသော ကုသိုလ်တရားကို ပြုသည်မည်၏။

အကြင်ရသေ့နှင့်တူသော မင်းတို့သည် သတ္တဝါအပေါင်းနှင့် ပြည့်နှက်နေသော မြေအပြင်ကို ဒဏ်လည်းမဖက် လက်နက်လည်းမဆောင် အောင်နိုင်ကြကုန်၍ လှူဒါန်းပေးကမ်းကုန်လျက် တိုင်းသူပြည်သားတို့ အိမ်တံခါးဖွင့်၍ နေနိုင်ကြောင်းဖြစ်သော ဆယ်ခိုင့်တစ်ခိုင် အခွန်တော်ကောက်ယူခြင်း သဿမေဓ၊ အမှုထမ်းအရာထမ်းတို့အား လခရိက္ခာပေးခြင်း ပုရိသမေဓ၊ ဆင်းရဲသားတို့အား ဥစ္စာထုတ်ပေးခြင်း သမ္မာပါသ၊ ချစ်နှစ်လိုဖွယ်သော စကားကို ပြောဆိုခြင်း ဝါဇပ္ပေယျတည်းဟူသော သင်္ဂဟဝတ္ထုလေးခုတို့ဖြင့် ချီးမြှောက်ကာ အစဉ်လှည့်လည်နေကုန်၏၊ ထိုမင်းတို့၏ ထိုလှူဒါန်းပေးကမ်း ချီးမြှောက်မှုတို့သည် ကောင်းစွာပွားများအပ်သော မေတ္တာစိတ်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှလည်း မမှီနိုင်ကုန်၊ ဥပမာသော်ကား အလုံးစုံသော ကြယ်တာရာ အပေါင်းတို့၏ အရောင်သည် လ၏အရောင်၏ တစ်ဆယ့်ခြောက်စိတ် တစ်စိတ်ကိုမျှ မမှီနိုင်သကဲ့သို့တည်း။

အကြင်သူသည် သတ္တဝါအားလုံးတို့အား မေတ္တာကို ပွားများသည်ဖြစ်၍ တစ်စုံတစ်ယောက်ကိုမျှ မိမိကိုယ်တိုင်လည်း မသတ်ဖြတ်၊ သူတပါးကိုလည်း မသတ်ဖြတ်စေ၊ မိမိကိုယ်တိုင်လည်း အနိုင်မယူ၊ သူတပါးကိုလည်း အနိုင်မယူစေ၊ ထိုသူအား တစ်စုံတစ်ယောက်နှင့်မျှ ရန်မရှိနိုင်”
(အင်္ဂုတ္တရနိကာယ်၊ ပဌမပဏ္ဏာသက၊ မေတ္တသုတ်) ဟူ၍ ဖြစ်ပါ၏။ ဤကား ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် မိန့်တော်မူသည့် မေတ္တာဆိုင်ရာ အကျိုးအာနိသင် တရားတော်ပင် ဖြစ်ပါ၏။

ဤဒေသနာတော်အရကြည့်လျှင် မေတ္တာ၏ စွမ်းအားကို ကောင်းစွာသိနိုင်မည်ဖြစ်၏။ သူတပါးအကျိုးကို လိုလားသည့်စိတ်ဖြင့် “သတ္တဝါအားလုံး ဘေးရန်ကင်းပါစေ၊ ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ ခန္ဓာဝန်ကို ချမ်းသာစွာ ရွတ်ဆောင်နိုင်ပါစေ” စသဖြင့် မေတ္တာပွားများနိုင်လျှင် ပွားများနိုင်သည်နှင့်အမျှ သူတပါးလည်းချမ်းသာ မိမိလည်း ချမ်းသာမည်သာ ဖြစ်ပါ၏။ မပြောင်းလဲသည့် နိယာမ သဘောတရားအရ ကြည့်လျှင်လည်း သူတပါးအပေါ် မညှင်းစဲ၊ မနှိပ်စက်၊ အနိုင်မယူဘဲ နေလေ့ရှိသူ၊ ကြီးပွားချမ်းသာစေကြောင်း ပွားများလေ့ရှိသူအား မိမိသည် ထိုတန်ပြန်သက်ရောက်မှု အကျိုးကို မမျှော်မှန်းသော်လည်း အလိုလို ပြည့်စုံပြီးသာ ဖြစ်စေနိုင်ပေ၏။ သေချာသည်မှာ မီးသည်ရေဖြင့်ညှိမ်းလျှင် ငြိမ်းသွားသကဲ့သို့ ဒေါသသည်လည်း မေတ္တာဖြင့် ညှိမ်းလျှင်ငြိမ်းတတ်သဖြင့် ရန်လိုသူ၊ ပျက်စီးမှုကို လိုလားသူများအား မေတ္တာဖြင့်သာ ငြိမ်းအေးမှုရှိအောင် ပြုလုပ်နိုင်ကြမည် ဖြစ်ပါ၏။ ထိုကြောင့် မေတ္တာနှလုံး ကိုယ်စီသုံးလျှင် ရွှင်ပြုံးနိုင်ကြမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။

ဆိုလိုသည်မှာ မေတ္တာသည် သူတပါးအကျိုးကို လိုလာခြင်းဖြစ်သဖြင့် လူတိုင်းလူတိုင်း မေတ္တာစိတ်ဖြင့် အကျိုးကိုယ်စီ လိုလားနေကြမည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ပြဿနာဖြစ်ဖွယ် အကြောင်းမရှိသကဲ့သို့ မငြိမ်းချမ်းဖွယ် အကြောင်းလည်း မရှိနိုင်သဖြင့် စစ်မှန်သည့် စိတ်စေတနာမှန်ဖြင့် မည်သူတရားပျက်ပျက် မိမိမပျက်စေရန် ကြိုးစားရင်း မေတ္တာတရားသာ များများထားကြရမည်ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မိမိက သူတပါးအပေါ် အကျိုးဖြစ်စေမှုကို ရှေ့ရှုကာ မေတ္တာထားရန် လိုသကဲ့သို့ မိမိအပေါ် သူတပါးက အကျိုးပျက်စီးစေလာလျှင်လည်း စိတ်စေတနာ မပျက်ဘဲ မှန်ကန်သည့် သစ္စာတရားဖြင့် ထိုသူတို့အား မေတ္တာသာ များများပွားပေးရန်လည်း လိုအပ်လှကြောင်း၊ အချိန်တန်လျှင် မိမိ၏မေတ္တာအစွမ်းဖြင့် မိမိ၏ပျက်စီးမှုကို ရှေရှုလိုလားသူများသည် အလိုလိုပင် စိတ်စေတနာပြောင်းကာ မိမိ၏ မေတ္တာအရိပ်အောက်တွင် သစ္စာနိမိတ်ကောက်လာကာ ချစ်သဒ္ဓါအရိပ် ရောက်လာကြမည်မှာ အမှန်ပင်ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် သူတပါးအကျိုး ပျက်စီးမှုများကို လိုလားသူများ များပြားလှသည့် ယနေ့ခေတ်တွင် သစ္စာတရားများလည်း လျော့နည်းကာ ချစ်သဒ္ဓါအားများပါ ပျောက်ပျက်လာနေပြီး မေတ္တာတရားပါ ခေါင်းပါးလာနေသဖြင့် အများတရားပျက်သော်လည်း မိမိမပျက်အောင်၊ အများကို မပြုပြင်ခင် မိမိကိုယ်ကိုမိမိ ရှေးဦးစွာ ပြုပြင်ကာ သူတပါးကိုလည်း တန်ပြန်ပြုပြင်နိုင်အောင် သူတပါးအကျိုးကို လိုလားခြင်း မေတ္တာဓာတ်များဖြင့် တစ်ဦးအပေါ်တစ်ဦး ငြိမ်းချမ်းရာမှ အများတကာ ငြိမ်းချမ်းရာသို့ လျှောက်လှမ်းနိုင်ဖို့ ကြိုးစားရင်း မေတ္တာနှလုံး ကိုယ်စီသုံးနိုင်အောင်သာ ကျင့်ကြံအားထုတ်ကြပါဟု စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းအပ်ပါသည်။

Read more »

ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ပါ…

မှတ်မှတ်ရရ ပြီးခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့၊ ၁၇-၅-၂၀၁၁ရက်နေ့က ဖြစ်ပါတယ်။ အော်စီမှာ ရောက်နေတဲ့ ဒကာတစ်ယောက်က ဗုဒ္ဓနေ့မှာ အရှင်ဘုရားကို သတိတရ ဖုန်းဆက်ပြီး ဦးတင်တာပါဘုရားလို့ လျှောက်ထားရင်း သူသိချင်တာလေးတွေလည်း မေးမြန်းလျှောက်ထားလာပါတယ်။ ထူးထူးခြားခြား သူမေးတဲ့ မေးခွန်းထဲမှာ ဒီနေ့ခေတ် သူတို့လို ဗုဒ္ဓဘာသာဝင်တွေအတွက် ကိုးကွယ်မှုနဲ့ ပတ်သက်ပြီး အခက်တွေ့နေတဲ့ အချက်လည်း ပါဝင်ပါတယ်။ သူက “ဘုန်းဘုန်း သိတဲ့အတိုင်းပဲဘုရား အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ တပည့်တော်တို့ ကိုးကွယ်ရမယ့် ဘုန်းကြီးတွေ ကိုယ်တိုင်က ဂိုဏ်းအမျိုးမျိုး၊ အဖွဲ့အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဟောပြောပို့ချလာကြတော့ ဘုရားဟော တရားတွေကို အမှားအမှန် မသိတဲ့ တပည့်တော်တို့လို သူတွေက အဲဒီဘုန်းကြီး ဟောပြောတဲ့ တရားဟာ မှားလားမှန်လား မခွဲခြားတတ်တဲ့အပြင် အစစ်အမှန် ဆရာသမားကို ဘယ်လိုရှာဖွေရမှန်း မသိတဲ့ အခြေအနေ ဖြစ်နေပါတယ် ဘုရား၊ အဲဒါ ဘုန်းဘုန်းအနေနဲ့ တပည့်တော်တို့လို သူတွေအတွက် ဆရာမမှားရအောင် ဘယ်လိုရွေးချယ်ရမယ်ဆိုတာ လမ်းညွှန်ပေးပါဘုရား” လို့ မေးမြန်း လျှောက်ထားပါတယ်။ “မှန်တယ် ဒကာတော်ရေ ဒကာတို့လို သူတွေအတွက် ကိုးကွယ်မှု မမှားရအောင် ဆရာရွေးချယ်တဲ့အခါမှာ ဉာဏ်နဲ့ယှဉ်ပြီးပဲ ရွေးချယ်ကိုးကွယ် ရတော့မှာဖြစ်တယ်”လို့ အကြံပြုရင်း ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ဖို့ ပြောပြပေးဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ အဲဒီဒကာလျှောက်သလိုပဲ အခုနောက်ပိုင်း ဟောပြောကြတဲ့ ဘုန်းကြီးအချို့တွေကလည်း စတိုလ် အမျိုးမျိုးနဲ့ ပြဿနာ အမျိုးမျိုးတွေကို ဖြစ်ပေါ်စေတော့တာ ဖြစ်ပါတယ်။ ဒကာဒကာမတွေကို က စေတဲ့ဘုန်းကြီးတွေ၊ ကြွ စေတဲ့ဘုန်းကြီးတွေ၊ မ စေတဲ့ဘုန်းကြီးတွေ၊ ရွ စေတဲ့ဘုန်းကြီးတွေကြောင့် အသိဉာဏ်နည်းလာတဲ့ သူတွေမှာ က တဲ့သူက က၊ ကြွတဲ့သူက ကြွ၊ ရွတဲ့သူက ရွ စသဖြင့် ဝါဒမှိုင်း မိကုန်ကြတော့တာ ဖြစ်ပါတယ်။ မျက်ကန်းယုံကြည်မှု အားကောင်းပြီး ဆင်ခြင်ဉာဏ် နည်းလာကြတဲ့ သူတွေကလည်း ဘာမှမသိ လိုက်လုပ်မိရာက အမှားကို အမှားမှန်း မသိဘဲ ဆက်လျှောက်နေကြတော့တာ ဖြစ်ပါတယ်။ အယူဝါဒ တစ်ခုဆိုတာက ယုံကြည်မိရင် အသက်အသေခံပြီး ဆုတ်ကိုင်ထားတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ကိုယ်ကို သတိပညာ မပါဘဲ ယုံကြည်လက်ခံမိမယ်ဆိုရင် စွန့်လွှတ်ဖို့ အတော်ခဲရင်းတတ်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ကိုးကွယ်အားထားရာကို ရွေးချယ်တဲ့အခါမှာ ယုံကြည်မှုကို စူးစမ်းဆင်ခြင်မှုနဲ့ ပေါင်းစပ်ကာ သတိထားပြီး ကိုးကွယ်ကြရမှာ ဖြစ်တယ်လို့ ဆိုခြင်း ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ အစစ်အမှန် ကိုးကွယ်ရာတွေက မရှိဘူးမဟုတ်ပါဘူး။ အများကြီးရှိပါတယ်။ အစစ်အမှန် ရဟန်းသံဃာတော်တွေ၊ အကျင့်မှန် သူတော်သူမြတ်တွေ၊ ရဟန်းအလုပ်ကို လုပ်နေကြတဲ့ ရဟန်းသံဃာတော်တွေဟာ မြန်မာမှာရော ကမ္ဘာမှာပါ အများကြီး ရှိနေပါသေးတယ်။ စာပေသင်ကြားလေ့လာမှု ပရိယတ်အားကောင်းနေသမျှ ကျင့်ကြံအားထုတ်မှု ပဋိပတ်လည်း အားကောင်းနေမှာ ဖြစ်ပြီး အကျင့်အားကောင်းနေသမျှ အကျိုးပဋိဝေဓ တရားများလည်း အားကောင်းနေမှာ ဖြစ်ပါတယ်။ လေ့လာသင်ယူမှု၊ ကျင့်ကြံအားထုတ်မှုများ ရှိနေသမျှ သာသနာတော်မှာ ပရိယတ်အကျော်၊ ပဋိပတ်အကျော်များလည်း မဆိတ်သုဉ်းဘဲ ထင်ရှားရှိနေကြမှာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး ကျေနပ်စရာကောင်းတာက ဒီလိုပရိယတ် ပဋိပတ်အားကောင်းနေသမျှ သာသနာတော်တွင်းမှာ မမှန်တဲ့ အကျင့်ရှိသူများ အကြာကြီး မတည်နိုင်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အရေးကြီးတာက ကိုးကွယ်သူတွေရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ မမှန်တဲ့နည်းတွေ၊ မရိုးသားတဲ့ နည်းတွေနဲ့ ဘာနည်းညာနည်းတွေကို ဟောပြောပြသတဲ့ ပုဂ္ဂိုလ်တွေနောက်ကို မလိုက်မိဖို့ပဲ လိုပါတယ်။ ယုံကြည်မှုကို ယုတ္တိကျကျ ဝေဘန်ပိုင်းခြားကာ လက်ခံကျင့်သုံးသင့်သလား၊ မသင့်ဘူးလားဆိုတာ ကိုယ်ပိုင်ဉာဏ်နဲ့ ဆင်ခြင်ပြီး အမှားမလိုက်မိဖို့ပဲ အဓိကဖြစ်ပါတယ်။ ယုံကြည်မှုအားကောင်းပြီး စူးစမ်းဆင်ခြင်မှု အားနည်းရင် အလွဲကိုးကွယ်မိတတ်တဲ့ သဘောရှိတဲ့အတွက် ကိုယ့်ရဲ့ယုံကြည်မှုကို သတိတရား လက်ကိုင်ထားပြီး ကိုးကွယ်ခံထိုက်လား၊ မထိုက်ဘူးလားဆိုတာ ကိုယ်ကိုယ်တိုင်ပဲ ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဉာဏ်မပါတဲ့ နောက်လိုက်တွေ ရှိနေသမျှ ဝါဒဖြန့်လိုသူ၊ ဂိုဏ်းဂဏ ဖွဲ့စည်းလိုသူတွေကလည်း အများကြီး ရှိနေကြမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုပဲ အမှားမလိုက်မိအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။

ဆိုတော့ကား အမှားသမားတော်တွေ ရှိသလို အမှန်သမားတော်တွေလည်း ရှိနေတာ ဖြစ်တဲ့အတွက် တကယ့်ကို အားကိုးအားထား ပြုထိုက်တဲ့ ဆရာသမားတွေကို ကိုယ်ကိုယ်တိုင် စိစစ်ရွေးချယ် ကိုးကွယ်ကြဖို့ပဲ ဖြစ်ပါတယ်။ အဲဒီလို ကိုးကွယ်ရာအမှန်ကို ရွေးချယ်ဖို့ ကိုယ့်မှာအခက်အခဲ ရှိနေရင်လည်း ကိုယ်ကိုးကွယ်မယ့် ပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်လား၊ ဘုရားသားတော် ပီသအောင် ကျင့်ကြံဟောပြောမှု ရှိသလား ဆိုတာကိုကြည့်ပြီး သံဃာဂုဏ်တော် ကိုးပါးထဲက ရှေ့လေးပါးဖြစ်တဲ့ မြတ်စွာဘုရား တပည့်သား သံဃာတော်ဟာ
- ကောင်းစွာ ကျင့်ကြံတော်မူခြင်း သုပ္ပဋိပန္နဂုဏ်တော်
- ဖြောင့်မတ်စွာ ကျင့်ကြံတော်မူခြင်း ဥဇုပ္ပဋိပန္နဂုဏ်တော်
- မဂ်ဖိုလ်နိဗ္ဗာန်အလို့ငှါ ကျင့်ကြံတော်မူခြင်း ဉာယပ္ပဋိပန္နဂုဏ်တော်
- ရိုသေမှုနှင့်လျော်စွာ ကျင့်ကြံတော်မူခြင်း သာမိစိပ္ပဋိပန္နဂုဏ်တော်
များနဲ့ ညီညွတ်မှု ရှိမရှိ ဆိုတာလေးလောက် တော့ ရွေးချယ်စိစစ်တတ်ကြဖို့ လိုပါတယ်။

ဒီနေ့ခေတ် အခြေအနေရ ဒီလေးချက်လောက်နဲ့ ပြည့်စုံနေရင်ကိုပဲ အဲဒီပုဂ္ဂိုလ်ဟာ ကိုးကွယ်ခံထိုက်နေတာ ဖြစ်ပါတယ်။ ဒီလေးပါးမှာ ရိုးသားဖြောင့်မတ်မှုဆိုတဲ့ အချက်က သိပ်ကိုတာသွားပါတယ်။ ဒကာဒကာမတွေကို ဆရာအဖြစ် ဟောပြောပို့ချပေးမယ့် ဘုန်းကြီးဟာ ရိုးသားဖြောင့်မတ်မှုမှ မရှိဘူးဆိုရင် ဘုရားဟော မဟုတ်တာတွေကို အဟုတ်လုပ်ပြီး ဟောပြောပေးဖို့ ဝန်မလေးတတ်သလို လူတွေအထင်ကြီးအောင် သာသနာတော်နဲ့ မလျော်တဲ့ အသက်မွေးမှုတွေနဲ့ စည်းရုံးဆွဲဆောင်ဖို့လည်း ဝန်မလေးတတ်တော့ပါဘူး။ အထင်ကြီးဖို့၊ ကျော်ကြားဖို့၊ ဂိုဏ်းဂဏဖွဲ့ဖို့အတွက် ဝိနည်းတော်ကိုမေ့၊ ဘုရားဟောကို ငါဟောလုပ်လေ့ ရှိတဲ့ပုဂ္ဂိုလ်တွေဟာ ဘယ်လိုမှကို ရိုးသားမှုဂုဏ် မရှိနိုင်တော့ပါဘူး။ ဘုန်းကြီးရဟန်းဖြစ်ပြီး ရိုးသားမှုမှ မရှိတော့ဘူးဆိုရင်တော့ ကိုးကွယ်ဆည်းကပ်ဖို့ မသင့်တော်တဲ့အချက်ပဲ ဖြစ်ပါတယ်။ ရိုးသားမှုရှိမှ ယုံကြည်မှုလည်း ရှိလာမှာဖြစ်ပြီး ယုံကြည်မှုရှိမှ ကိုးစားမှုလည်း ရှိကာ ကိုးစားနိုင်မှလည်း ကိုယ့်ရဲ့ပစ္စုပ္ပန် သံသရာ ကောင်းနိုင်မှာဖြစ်လို့ ကိုးကွယ်သူတွေ အနေနဲ့ အကိုးကွယ်ခံပုဂ္ဂိုလ်ကို ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကြဖို့ ဆိုခြင်းဖြစ်ပါတယ်။

အမှန်တော့ လက်တွေ့ဆန်ပြီး စိစစ်ခံနိုင်၊ မှတ်ကျောက်တင်ခံနိုင်တဲ့ ဗုဒ္ဓတရားတော်တွေဟာ မှန်ကန်တဲ့ နည်းစနစ်နဲ့သာ လိုက်နာကျင့်သုံးနိုင်မယ်ဆိုရင် အကျိုးတရားကို လက်တွေ့ရနိုင်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဟောကြားချက်တွေကို ကြည့်မယ်ဆိုရင် သီလအကျင့်ကောင်းအောင်၊ သမာဓိတည်အောင်၊ ပညာရအောင် ဟောကြားပေးထားတာတွေပဲ ရှိပါတယ်။ ကိလေသာများအောင်၊ လောဘဒေါသပွားအောင်၊ မာနများအောင် စသဖြင့် ဟောကြားပေးထားတာတွေ မရှိပါဘူး။ ကိလေသာ ထူပြောစေတဲ့ အဆိုအက သင်တန်းပေးတာတွေ ဆိုတာကတော့ ပြောစရာကို မလိုလောက်အောင် ဗုဒ္ဓရဲ့ ဟောကြားမှုမှာ မရှိတာဟာ အသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟောကြားပေးတဲ့ တရားမျိုးမဟုတ်ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တီထွင်ကြတဲ့ အယူအကျင့်တွေမှာဆိုရင်တော့ ကိလေသာ တိုးပွားတာတွေ၊ လောဘဒေါသမာန အားကောင်းလာတာတွေ ရှိလာမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘယ်နည်းကို ကျင့်ပြီးမှ ဘာတွေပိုတိုးလာတာ၊ လောဘဒေါသစတာတွေ ပိုများလာတာ၊ ငါ့ဆရာ ငါ့ဝါဒစတဲ့ ငါစွဲတွေ ပိုများလာတာတွေလည်း ရှိလာကြတာ ဖြစ်ပါတယ်။ ဒါဟာ မမှန်တဲ့နည်းနဲ့ မမှန်တဲ့ဆရာကို ကိုးကွယ်မိကြလို့ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက မရိုးမသား တစ်မျိုးသွားနေကြတဲ့ အကိုးကွယ်ခံ ပုဂ္ဂိုလ်တွေ တဖြည်းဖြည်း တိုးပွားများပြားလာတဲ့ ခေတ်ကာလကြီးမှာ ကိုးစားရာအမှန်ကို ဆည်းကပ်ကိုးကွယ်နိုင်ကြဖို့ ကိုးကွယ်ဆည်းကပ်သူတွေ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်ကြည့်ကြဖို့နဲ့ မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ ရွေးချယ်ကြည့်ကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။ ကိုယ်ကိုးကွယ် ဆည်းကပ်တဲ့ ဆရာသမားဟာ ကိုယ်ရဲ့ပစ္စုပ္ပန်ကောင်းကျိုး သံသရာကောင်းကျိုးကို လမ်းညွှန်ပေးနိုင်မယ့် ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကုသိုလ်ကို ပယ်စေပြီး ကုသိုလ်ကို ဆောင်ယူနိုင်အောင် တည့်မတ်ပေးတဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့၊ အကျင့်လည်းကောင်း အနှစ်လည်းလောင်းပေးတဲ့ အသိအကျင့် ထပ်တူဆင့်တဲ့ ပုဂ္ဂိုလ်ဖြစ်စေဖို့ ကိုယ်ကိုယ်တိုင်ပဲ ဉာဏ်နဲ့ယှဉ်ကာ ရွေးချယ်ကိုးကွယ်ကြဖို့ တိုက်တွန်းလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် အယုံအကြည် လွယ်တတ်ကြတဲ့ မြန်မာဗုဒ္ဓဘာသာများ အနေနဲ့ ကိုယ့်ရဲ့ယုံကြည်မှုဟာ မျက်ကန်းယုံကြည်တတ်တဲ့ ယုံကြည်မှုမျိုး မဖြစ်အောင်နဲ့ အယုံလွယ်တဲ့အတွက် အလွဲကိုးကွယ်မိတတ်တဲ့ ကိုးကွယ်မှု အမှားမဖြစ်ရအောင် ယုံကြည်မှုကို ဉာဏ်နဲ့ယှဉ်ကာ ကိုးကွယ်သင့် ကိုးကွယ်ထိုက်တဲ့ ကိုးကွယ်ရာ အမှန်ကိုသာ စိစစ်ရွေးချယ် ကိုးကွယ်ကြပါလို့ အသိပေးရင်း ကိုးကွယ်ရာမှ ဘေးမဖြစ်စေဖို့ ဉာဏ်နဲ့ယှဉ်ကာ ရွေးစစ်ကြဖို့ စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

လောဘ..? ဆန္ဒ..?

ကိလေသာ ဆယ်ပါးတွင် လောဘသည် တစ်ပါးအပါအဝင်ဖြစ်၏။ လောဘသည် သတ္တဝါများအား ပူလောင်မှုကို ဖြစ်စေသဖြင့် ထိုလောဘကို ပယ်သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း ဗုဒ္ဓဘာသာအများ လက်ခံထားကြ၏။ သို့သော် အချို့က ထိုလောဘ၏ သဘောအမှန်ကို မသိကြသဖြင့် သို့လောသို့လော သံသယများ ရှိနေတတ်ကြ၏။ လောဘ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ လိုချင်တပ်မက်မှုကို လောဘဟုဆိုကြောင်း ဖွင့်ဆိုသဖြင့် လောဘနှင့် ပတ်သက်သည့် မေးခွန်းများကို အများအပြား အမေးခံရဖူး၏။ အချို့က “ကုသိုလ်လိုချင်ခြင်းသည် လောဘဖြစ်မဖြစ်၊ ဒုက္ခငြိမ်းလိုခြင်းသည် လောဘဖြစ်မဖြစ်” စသည်ဖြင့် မေးလာကြသကဲ့သို့ အချို့လည်း “အဲဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တာလည်း လောဘပဲ မဟုတ်ဘူးလား ဘုရား”ဟု မေးလာတတ်ကြ၏။ လောဘကို ပယ်သတ်ရမည်ဆိုသဖြင့် “ကုသိုလ်လိုချင်မှု၊ ဒုက္ခငြိမ်းလိုမှု၊ တရားလိုချင်မှု စသည်များကိုလည်း ပယ်ရမလိုဖြစ်ကာ ထိုအလုပ်များကို မလုပ်ဘဲ နေရမလို ဖြစ်နေကြောင်း” အချို့က ဆိုတတ်ကြ၏။ ဤသို့ဖြင့် စာရေးသူမှာလည်း စာရေးသူထံ ရောက်လာကြသည့် ထိုသို့ သို့လောသို့လော သံသယများဖြင့် မေးလာကြသည့် မေးခွန်းရှင်များအား “ထိုသဘောသည် လောဘမဟုတ်ကြောင်း၊ ဆန္ဒသာ ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားပေးရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း တင်ပြပေးရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါ၏။

စင်စစ် စာပေအဖွင့်များကို ကြည့်ပါက လောဘနှင့်ဆန္ဒသည် တခြားစီသာ ဖြစ်ပါ၏။ လောဘ၏ သဘောသည် လိုချင်ခြင်း သဘောရှိသကဲ့သို့ ဆန္ဒ၏ သဘောသည်လည်း လိုချင်ခြင်း သဘောရှိသည် မှန်သော်လည်း လောဘ၏ လိုချင်မှုသည်ကား ကာမဂုဏ်ဆိုင်ရာများတွင် လိုချင်မှုဖြစ်ပြီး ဆန္ဒ၏ လိုချင်မှုသည်ကား ကောင်းသည့်အရာများတွင် လိုချင်မှုမျိုး ဖြစ်၏။ ထိုကြောင့် လိုချင်မှု သဘောသဘာဝအားဖြင့် တူသည်ဟုဆိုသော်လည်း ကာမဂုဏ်အာရုံများတွင် လိုချင်မှုများကိုကား လောဘဟုဆို၍ ကုသိုလ်ကောင်းမှုများတွင် လိုချင်သည့် သဘောကိုကား ဆန္ဒဟု ဆိုခြင်းဖြစ်ပါ၏။ လောဘ၏ လိုချင်မှုသည် စွဲလမ်းခြင်း ကပ်ငြိခြင်း သဘောများ လွှမ်းမိုးထားသော်လည်း ဆန္ဒ၏လိုချင်မှုသည် ပြုလိုချင်း ရယူလိုခြင်း သက်သက်သာ ဖြစ်၏။ ထိုကြောင့် ကာမဂုဏ်အာရုံများတွင် မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုပြီး နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများအား ပေးကမ်းလို၊ အလှူဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသည့် ကောင်းသောအရာများ၌ လိုချင်မှု သဘောမျိုးကိုကား ဆန္ဒဟုသာ ဆိုခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောဘကို အခြားဝေါဟာရ အသုံးအနှုန်းများဖြင့်လည်း ဖွင့်ဆိုရှင်းပြကြ၏။ လောဘကို ချစ်ခင်ခြင်း ပေမဟုလည်းကောင်း၊ တပ်မက်ငတ်မွတ်ခြင်း တဏှာဟုလည်းကောင်း၊ တွယ်တာခြင်း သမုဒယဟုလည်းကောင်း၊ ကာမဂုဏ်အာရုံ မေထုန်အမှုများတွင် အလွန်လိုလား စွဲလန်းခြင်း ရာဂဟုလည်းကောင်း စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ဥပမာပေးထား၏။ မိဘသားသမီး၊ ဇနီးမယား၊ သမီးသား၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်းတို့၌ ချစ်ခင်ခြင်းမျိုးကို ပေမဟုဆိုကာ ထိုချစ်ခြင်းကိုပင် သံယောဇဉ်ဟု ဆိုခြင်းဖြစ်၏။ ထိုသံယောဇဉ်သည် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ မကွဲမကွာ ဖြစ်နေလိုခြင်း သဘောရှိ၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဟူသော ဤငါးပါးကို လူအများ လိုလားအပ်သောကြောင့် ကာမဂုဏ်ဟုဆိုကာ ထိုကာမဂုဏ်သည် သာမာန်လိုချင်မှုမျိုး မဟုတ်ဘဲ အငန်းမရ လိုချင်မှုမျိုးဖြစ်သဖြင့် ထိုလိုချင်မှုမျိုးကို တဏှာဟုဆို၏။ ထိုကာမဂုဏ်ငါးပါးတွင် အတွေ့အာရုံ မေထုန်အမှု၌ အလွန်လိုလားခြင်းကို ရာဂဟုဆိုပြီး ထိုရာဂတွင် ငြိကပ်ခြင်း၊ စွဲလမ်းခြင်း သဘောများ ပါဝင်နေပေ၏။ ထိုသို့ တဏှာပေမရာဂစသည့် သဘောများ လွှမ်းမိုးပါဝင်ထားသဖြင့် ကာမဂုဏ်စသည့် အရာများတွင် လိုလားတပ်မက်မှုမျိုး၊ လိုချင်တောင့်တမှုမျိုးကို လောဘဟုဆိုခြင်း ဖြစ်ပါ၏။

ဆန္ဒနှင့်ပတ်သက်၍ကား ဆန္ဒသည် အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘော သက်သက်မျှသာ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြ၏။ ထိုဆန္ဒ၏ သဘောသည် သတ္တဝါများတွင် အလွန်ထင်ရှားလှ၏။ ဥပမာအားဖြင့် ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်သဖြင့် လက်လှမ်းမှုသည် အခြားကြီးမားသည့် တပ်မက်တွယ်တာ ကပ်ငြိမှုသဘော မရှိဘဲ လိုက်ချင်မှု သက်သက်သာ ဖြစ်သဖြင့် ထိုသဘောသည် ဆန္ဒသာ ဖြစ်ပါ၏။ တစ်နေရာသို့ သွားချင်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်နာချင်၊ နမ်းချင်စားချင်၊ ကိုင်ချင်ထိချင်၊ တတ်သိနားလည်ချင် စသည့် သဘောမျိုးသည် ဆန္ဒ၏ သဘောမျိုးသာ ဖြစ်၏။ ထို့အတူ နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်ချင်၊ ကုသိုလ်ရချင် စသည့် ဖြစ်ချင်မှု မှန်သမျှသည်လည်း အားလုံး ဆန္ဒပင် ဖြစ်ပါ၏။ ဆန္ဒ၏ သဘောသည် ဖြစ်လိုချင်မှု စိတ်ဆန္ဒသက်သက်သာ ဖြစ်၏။ လောဘကဲ့သို့ အငန်းမရ တွယ်တာနေမှုမျိုး မဟုတ်လှပေ။ စင်စစ် ကောင်းသည့်အရာများတွင် ဤသို့သော အာသာဆန္ဒမျိုးကို အရင်းခံထားမှသာ ဝိရီယစိုက်ပြီး အားထုတ်ကာ လိုချင်သည့်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သဖြင့် ထိုဆန္ဒသည် သတ္တဝါများတွင် ရှိသင့်သည့် သဘောပင် ဖြစ်၏။ ထိုသို့သော အာသာဆန္ဒမျှ မရှိလျှင် ဘုရားရဟန္တာစသည့် သူတော်ကောင်းများလည်း ပွင့်ထွန်းပေါ်ပေါက်လာရန် အကြောင်းမရှိလှပေ။ ထိုသူတော်ကောင်းများထံတွင် ရှိသည့် အာသာဆန္ဒသည် တပ်မက်တွယ်တာ၊ စွဲလန်းကပ်ငြိတားသည့် လောဘမျိုးမဟုတ်ဘဲ ပြုလိုရုံ ရလိုရုံသက်သက်သာ ဖြစ်သည့် ဆန္ဒမျိုးသာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများက တစ်စုံတစ်ခုကို ပြုလိုမှု၊ ရလိုမှု စသည့် လိုချင်ရချင်သည့် အရာမှန်သမျှသည် “လိုချင်”ဟူသော ဝေါဟာရသဘောများ ပါဝင်နေသဖြင့် လောဘဟုနားလည်ထားကြသည့် ထိုနားလည်မှုသည် စင်စစ်အားဖြင့် လောဘနှင့်ဆန္ဒသဘောကို ကွဲပြားစွာ နားလည်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဖြစ်ချင်၊ ရချင်၊ သိချင်တတ်ချင် စာသည့် ‘ချင်’ ဟူသည့် သဘောအဓိပ္ပါယ်များ ပါဝင်တိုင်း လောဘဟု သတ်မှတ်၍ မရဘဲ ကာမဂုဏ်အာရုံများတွင် တွယ်တာကပ်ငြိကာ အငမ်းမရ လိုပြီးရင်းလိုနေကြသည့် သဘောမျိုးသည်သာ လောဘသဘောမျိုး သက်ရောက်ပြီး ကောင်းသည့်စိတ်စေတနာဖြင့် ကောင်းသည့်အရာများတွင် ရယူချင်၊ လုပ်ပေးချင်၊ လွတ်မြောက်ချင်၊ ကယ်တယ်ပေးချင်၊ ထွက်မြောက်ချင် စသည့် “ချင်ခြင်း”များသည်ကား ဖြစ်ချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသဘောမျိုးသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အပြောအဆိုအသုံးအနှုန်းနှင့် စိတ်စေတနာများတွင် “ချင်၊ လို” စသည့် သဘောများပါနေလျှင် လောဘဟုသာ ထင်နေတတ်ကြသည့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ ချင်တိုင်းလိုတိုင်း လောဘမဟုတ်ဘဲ ကောင်းသည့်အရာများတွင် ဖြစ်ပေါ်တတ်သည့် ချင်လိုစသည်များကား တွယ်တာကပ်ငြိထားခြင်း မရှိဘဲ ဖြစ်ချင်လိုချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသာ ဖြစ်သည်၏ အဖြစ်ကို သဘောပေါက် နားလည်ကာ ထိုသို့သော ကောင်းသည့်ဆန္ဒများကို အခြေတည်ကာ ဝိရီယ၊ ပညာ၊ သတိတရားများဖြင့် ကောင်းသည့်အရာများမှသည် နိဗ္ဗာန်အထိ ရရှိအောင်သာ ကြိုးစားရမည်သာ ဖြစ်ပါ၏။ လောဘ၏လိုချင်မှုသည် ပူလောင်မှုကို ဖြစ်စေပြီး ဆန္ဒ၏ လိုချင်မှုသဘောသည်ကား ငြိမ်းအေးမှုကို ဖြစ်စေသဖြင့် လောဘကိုပယ်ပြီး ဆန္ဒကို အရင်းတည်ကာ ပစ္စုပ္ပန်သံသရာ ကောင်းစေမည့် အလုပ်များကိုသာ ဝိရိယစိုက်၍ ကြိုးစားလိုက်ကြပါရန် တိုက်တွန်းရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါသည်။

Read more »

နဲနဲလေးတော့ လွဲနေတယ် (၂၀)...

ပံသုကူ (ပံ့သကူ) အလှူနဲ့ ထီပေါက်မှု/ မပေါက်မှု
မနှစ်က ဘုန်းဘုန်းမြန်မာပြည်မှာရှိတုန်း ပို့ချခဲ့တဲ့ သင်တန်းတစ်ခုမှာ သင်တန်းသားတွေကို မသိတာရှိရင် မေးပါဆိုတော့ ဒကာမကြီး တစ်ယောက်က “ဘုန်းဘုန်းဘုရား ပံ့သကူပစ်ရင် ထီပေါက်တယ်ဆိုတာ ဟုတ်လားဘုရား” လို့ မေးဖူးပါတယ်။ ဒကာမကြီးရဲ့ အမေးကိုကြားတော့ “ဘယ်ကဘယ်လို ကြားလာတာလဲ ဒကာမကြီးရယ် အဲဒီလိုဆို ဘုန်းဘုန်းတို့လည်း ဒီပေါက်အောင် ပံ့သကူပဲ ပစ်နေမှာပေါ့”လို့ ပြန်ပြောရင်း မြန်မာပြည်မှာရှိတဲ့ ဗုဒ္ဓဘာသာအချို့ရဲ့ လွဲနေတဲ့ အယူအဆလေးများအကြောင်း ရှင်းပြပေးဖြစ်ခဲ့ပါတယ်။ တစ်ခါတုန်းကလည်း ဒကာတစ်ယောက်က “အရှင်ဘုရားရေ တိုက်ဆိုင်တာလားတော့ မပြောတတ်ဘူး၊ တပည့်တော် မနှစ်က သီတင်းကျွတ်တုန်းက စာသင်တိုက်တစ်ခုထဲမှာသွားပြီး ပံ့သကူသင်္ကန်းတစ်စုံ ပစ်ခဲ့ဖူးပါတယ်။ အဲဒီကအပြန် ထီလည်းထိုးဖြစ်ခဲ့ပါတယ်။ ထီထွက်လာတော့ တပည့်တော် နှစ်သိန်းဆု ပေါက်တယ်ဘုရား၊ တပည့်တော်ကတော့ ဒီလိုကံကောင်းလာတာ အဲဒီတုန်းက လှူခဲ့တဲ့ ပံ့သကူ သင်္ကန်းအလှူကြောင့်ပဲလို့ ထင်တယ်ဘုရား” စသဖြင့် လျှောက်ဖူးပါတယ်။ သူ့စကားအတိုင်း “ဟုတ်တယ် ဒကာရေ၊ ဒကာပြောသလိုပဲ တိုက်ဆိုင်မှုလို့ပဲ သဘောထားလိုက်ပါ”လို့ ပြောရင်း ကုသိုလ်ကံတွေရဲ့ သဘောကို ပြောပြဖြစ်ခဲ့ပါသေးတယ်။

ဟုတ်ပါတယ်။ မြန်မာဗုဒ္ဓဘာသာ အချို့မှာ ပံသုကူအလှူနဲ့ ပတ်သက်ပြီး ပံသုကူပစ်ရင် ဘာပေါက်တယ်၊ ညာပေါက်တယ်ဆိုတဲ့ အယူအစွဲ အလွဲလေးတွေ ရှိနေတာကို တွေ့ရတတ်ပါတယ်။ လွဲဆိုရင် အခေါ်အဝေါ်ကစပြီး လွဲနေတာ ဖြစ်ပါတယ်။ သူတို့ခေါ်နေကြတာက ပံ့သကူလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်လည်းမသိ အခေါ်လည်း လွဲနေပေမယ့် ဒီလွဲနေတာကို လွဲနေမှန်း မသိဘဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ တကယ်တော့ သူတို့ပြောဆိုနေကြတဲ့ ပံ့သကူဆိုတာ ပံသုကူလိကဆိုတဲ့ ပါဠိစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ ပံသုဆိုတာ မြေ၊ မြေမှုန့်လို့ အဓိပ္ပါယ်ရပြီး ကူလိကဆိုတာ လိမ်းကျံခြင်း၊ လွှမ်းမိုးကျရောက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုတော့ကား ပံသုကူလို့ပြောရင် မြေမှုန့်လိမ်းကျံနေတဲ့ စွန့်ပစ်အရာလို့ အလွယ်နားလည်ထား နိုင်ပါတယ်။ အဲဒီလို စွန့်ပစ်ထားတဲ့ မြေမှုန့်လိမ်းကျံနေတဲ့ အရာတွေကို ကောက်ယူသုံးဆောင်ခြင်းကိုပဲ ပံသုကူဆောင်လို့ဆိုတာ ဖြစ်ပါတယ်။ ပံသုကူသင်္ကန်းဆိုရင်လည်း အများက မသုံးဆောင်တော့ဘဲ စွန့်ပစ်ထားတဲ့ အဝတ်အပိုင်းအစတွေကို ကောက်ယူသန့်စင်ပြီး သင်္ကန်းအဖြစ် ချုပ်လုပ်ထားတဲ့ သင်္ကန်းမျိုးကိုဆိုပြီး ဒီသင်္ကန်းကို ဝတ်ရုံသုံးဆောင်တဲ့ ရဟန်းကို ပံသုကူဆောင် ရဟန်းလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဒီလိုသဘောမျိုးကို ယူပြီး ဒီနေ့ခေတ်မှာတော့ ပံသုကူဆောင် ရဟန်းတော်များ ရှိသလို ပံသုကူပစ်တဲ့ ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ပံသုကူပစ်တယ်ဆိုတာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ရဟန်းကိုမှ မရည်ရွယ်ဘဲ ရဟန်းတော်များ အသွားအလာများတဲ့ နေရာဒေသတွေမှာ သင်္ကန်းစတဲ့ အသုံးအဆောင်ပစ္စည်းများကို ပံသုကူပါဘုရားဆိုပြီး ရေးသားစွန့်ပစ် လှူဒါန်းထားတာကို ဆိုတာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ကို သီးသန့်ရည်မှန်းပြီး လှူဒါန်းတာမဟုတ်ဘဲ ထိုက်တဲ့ပုဂ္ဂိုလ်များ ခံယူသုံးဆောင်ဖို့ စွန့်လှူတာ ဖြစ်တဲ့အတွက် အလှူအနေနဲ့ ပုဂ္ဂလိက အလှူထက် ပိုပြီးအကျိုးရှိတတ်ပါတယ်။ ဒီလို အကျိုးထူးရှိတဲ့ အတွက်လည်း တစ်ချို့က ပံသုကူအလှူကို လှူကြခြင်း ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ချို့ကတော့ ပံသုကူကို ကိုယ်ကောင်းစားရေးအတွက် အသုံးချတတ်တာတွေလည်း ရှိပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်ကနေပြီးတော့ “ထီပေါက်ကိန်းရှိတယ်၊ ဘယ်မှာသွားပြီး ဘာလေးကိုတော့ ပံသုကူပစ်လိုက်ပါ”လို့ ပြောတာကို လူတွေက လိုက်လုပ်ရင်း ပံသုကူအလှူနဲ့ ထီကိစ္စလေးတွေက ပြောစရာတွေ ဖြစ်ကုန်တော့တာ ဖြစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် တစ်ချို့လည်း အဲဒီလို ပံသုကူပစ်ပြီးတော့မှ ဘာပေါက်တာ၊ ညာပေါက်တာတွေ ဖြစ်လာတော့ ဒါ ပံသုကူပစ်လိုက်လို့ပဲ ဆိုတာတွေလည်း ဖြစ်လာတာ ဖြစ်ပါတယ်။ စဉ်းစားကြည့်တော့ ဒါဟာ ပံသုကူပစ်လို့ ဖြစ်လာတာတော့ မဟုတ်ပါဘူး။ အဲဒီလိုသာ ဖြစ်ကြေးဆိုရင် လူတိုင်းပံသုကူပစ်ပြီး လူတိုင်းထီတွေ ချဲတွေပေါက်ကုန်ကြတော့မှာပေါ့။ ပြောရရင် အတော်လေးကို လွဲနေတော့တာပါ။

အမှန်တော့ ဒါဟာ တိုက်ဆိုင်မှုတွေ့ကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ ပံသုကူပစ်လို့ ထီပေါက်တာဆိုရင်လည်း ပံသုကူကြောင့်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကံကိုကံနဲ့ ဆင့်ပေးလိုက်တဲ့အတွက် အကျိုးပေးကောင်းတွေ ဖြစ်လာတာဆိုရင် ပိုမှန်ပါလိမ့်မယ်။ တကယ်တော့ လူတိုင်းလူတိုင်းအတွက် ကံဆိုတာ အတိတ်ကံရှိသလို ပစ္စုပ္ပန်ကံလည်း ရှိတတ်ပါတယ်။ အတိတ်က ကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် မကောင်းကံတွေက အားကြီးနေရင် အတိတ်ကံ အကျိုးပေးခွင့် မသာသလို အတိတ်က မကောင်းကံလေးတွေ အကျိုးပေးချင်ပေမယ့် ပစ္စုပ္ပန် ကောင်းကံတွေက အားကြီးနေရင်လည်း အတိတ်က မကောင်းကံတွေ အကျိုးပေးခွင့် မသာပြန်ပါဘူး။ အဲဒီအတွက်ကြောင့် ပစ္စုပ္ပန်မှာ ကောင်းကံတွေ အားကြီးအောင် ကုသိုလ်ကောင်းမှု များများလုပ်စေကြခြင်း ဖြစ်ပါတယ်။ ခုနပြောခဲ့သလို ပံသုကူအလှူ လှူလိုက်ချိန်မှာ ကောင်းတဲ့အကျိုးတရားတွေ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတဲ့ သူတွေမှာလည်း ဒါဟာ အတိတ်ကံကို ပစ္စုပ္ပန်ကောင်းကံလေးတွေနဲ့ ဖွင့်ပေးတဲ့အတွက်ကြောင့် လက်တွေ့မှာ ကောင်းကံလေးတွေ ဖြစ်ပေါ်ခဲ့ကြခြင်း ဖြစ်ပါတယ်။ ဘယ်ဆရာ ဘယ်ပုဂ္ဂိုလ်က ထီပေါက်လိမ့်မယ် ပံသုကူပစ်လိုက်ဆိုတဲ့ အတွက်ကြောင့် ထီပေါက်လာတာ မဟုတ်ဘူးဆိုတာတော့ အသေချာပဲ ဖြစ်ပါတယ်။

ပြောချင်တာက ပံသုကူပစ်ရင် ထီပေါက်တယ်ဆိုတဲ့ အယူအစွဲဟာ မမှန်ဘူးဆိုတာနဲ့ အကယ်၍ တိုက်ဆိုင်လို့ ထီပေါက်ခဲ့မယ်ဆိုရင်လည်း ဒါဟာ ကုသိုလ်ကံကြောင့် ကံပွင့်လာတာဖြစ်တယ်ဆိုတာ ပြောချင်တာ ဖြစ်ပါတယ်။ ပံသုကူပစ်တိုင်းသာ ထီပေါက်ကြမယ်ဆိုရင် ဘာမှမလုပ်ဘဲ ပံသုကူပဲ ပစ်နေကြဖို့တောင် ကောင်းတယ်လို့ ပြောလိုက်ချင်ပေမယ့် တကယ်တော့ ဒီလိုကောင်းကျိုးလေးတွေ ဖြစ်လာတာဟာ ပံသုကူကြောင့်မဟုတ်ဘဲ ကောင်းကံကိုကောင်းကံတွေနဲ့ ဆင့်ပေးလိုက်တဲ့ အတွက်ကြောင့် ကောင်းကျိုးလေးတွေ ဖြစ်ပေါ်လာခြင်း ဖြစ်တယ်ဆိုတာကိုပဲ ပြောပေးရမှာ ဖြစ်ပါတယ်။ တကယ်လည်း ကောင်းမှုကုသိုလ်တွေရဲ့ အကြောင်းကြောင့် အကျိုးဖြစ်ခြင်းဆိုတာ အထင်အရှားပဲ ဖြစ်ပါတယ်။

ဒါကြောင့် မြန်မာဗုဒ္ဓဘာသာ အချို့ရဲ့ လွဲနေတတ်တဲ့ အလွဲအစွဲတွေထဲမှာ ပံသုကူအလှူဟာ ထီပေါက်စေတယ်ဆိုတဲ့ အယူအစွဲလေးများလည်း ရှိနေတတ်တဲ့အတွက် တိုက်ဆိုင်လို့ ထီတွေဘာတွေ ပေါက်ခဲ့တယ်ဆိုရင်လည်း ဒါဟာ ပံသုကူပစ်လို့ ထီပေါက်တယ်ဆိုတာထက် ကုသိုလ်ကောင်းမှုကြောင့် ကောင်းကျိုးလေးတွေ ဖြစ်လာတဲ့ သဘောပဲဆိုတာကို သေချာသဘောပေါက် နားလည်လက်ခံပြီး ဒီထက်မက ကောင်းကျိုးရချင်ရင်တော့ ဒီထက်မက မကောင်းမှုရှောင်ပြီး ကောင်းမှုကိုသာ ဆောင်ကြဖို့နဲ့ အစွဲတရားနဲ့ လွဲမှားနေမယ့် အလွဲများအစား အကြောင်းကြောင့် အကျိုးဖြစ်တတ်တဲ့ ကံတရားကိုသာ အလေးထားပြီး လွဲနေတာကို မလွဲအောင်သာ ကြိုးစားကြပါလို့ပဲ တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။

Read more »

ဗုဒ္ဓဘာသာဝင် လူငယ်များအတွက် ဗုဒ္ဓဘာသာ မိတ်ဆက်...

ဒီစာစုလေးကို ဗုဒ္ဓဘာသာဝင် လူငယ်များလို့ ခေါင်းစဉ်တပ်လိုက်ခြင်းဟာ တစ်ခြားဘာသာဝင် လူငယ်များနဲ့ ယှဉ်လိုက်ရင် ဗုဒ္ဓဘာသာဝင် လူငယ်များ အနေနဲ့ ကိုယ့်ဘာသာအကြောင်း ဘာမှဂဃဏန မသိဘဲ ဖြစ်နေလို့ သူတို့သူတို့လေးတွေကို ရည်ရွယ်ပြီး တင်ပြပေးလိုတဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပြောတော့ လူကြီးတွေက သူတို့မပါဘူးလို့လည်း ထင်နေကြဦးမယ်။ လူကြီးတွေလည်း အသက်ကြီးနေလို့ သီးသန့်ခေါင်းစဉ် မတပ်လိုပေမယ့် မသိသူတွေ များနေမယ်ဆိုတာတော့ အတော်များများက လက်ခံကြမှာပါ။ ဒီလိုဆိုတော့ ဒီစာစုလေးဟာ လူငယ်တွေအတွက် ဆိုတာထက် ဗုဒ္ဓဘာသာ အမည်ခံထားပြီး ဘာမှမသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်လို့ ဆိုရင်ပိုမှန်ပါလိမ့်မယ်။ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အားနည်းချက်က အဲဒါပါပဲ။ လူကြီးလူငယ် အတော်များများက ကိုယ့်ဘာသာအကြောင်း မေးလာရင် အင်းအဲနဲ့ပဲ တိကျတဲ့အဖြေကို မပေးနိုင်ဘဲ ဖြစ်နေကြတဲ့ အဖြစ်ပါ။

ဟုတ်ပါတယ်။ အင်တာနက်မှာ စာတွေရေးနေ၊ ပြည်ပရောက် မြန်မာလေးတွေအတွက် တရားလေးတွေ ဟောပေးနေတော့ ဒီအားနည်းချက်ကို ဘုန်းဘုန်းတို့က သိနေရပါတယ်။ တစ်ခါတစ်လေလည်း လူငယ်လေးတွေနဲ့ စကားပြောဖြစ်တော့ သူတို့တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မသိတာတွေ အတော်များနေပါလားလို့ သတိပြုမိခဲ့ပါတယ်။ မသိတာတွေများဆို အခြေခံ သိသင့်သိထိုက်တာက အစ မသိတဲ့သူတွေ များများလာနေတဲ့ အဖြစ်ပါ။ ခုချိန်မှာ ဘယ်သူ့ကြောင့် ဘယ်ဝါကြောင့်လို့ အပြစ်ပုံချလို့လည်း မဖြစ်ပါဘူး။ အခြေခံ နည်းစနစ်ကအစ ပုံစံမကျ ဖြစ်ခဲ့ကြတဲ့အတွက် မြန်မာဗုဒ္ဓဘာသာဝင်တွေမှာ ဘာသာတရားနဲ့ ပတ်သက်ပြီး အသိပညာ ဗဟုသုတ အားနည်းခဲ့တာလို့ပဲ ယေဘုယျ ပြောရမှာ ဖြစ်ပါတယ်။ အားနည်းချက်ကို အသားထား။ အခုအချိန်ရှိတုန်း လုပ်သင့်တာက မသိတာကို သိအောင်လုပ်ရမှာ ဖြစ်ပါတယ်။ လေ့လာဖို့ဆိုတော့ တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ အင်တာနက်ကို အသုံးချပြီး လေ့လာမယ်ဆိုရင်လည်း မဆိုးလှပါဘူး။ ဘာသာတရားနဲ့ ပတ်သက်ပြီး သိချင်တာမှန်သမျှကို အင်တာနက် စာမျက်နှာတွေမှာ အတော်များများ ရှာဖွေလေ့လာ ဖတ်ရှုနေနိုင်ပြီ ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ မသိပါဘူးဆိုပြီး ဒီအတိုင်း နေကြတာထက်စာရင် ကိုယ်ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာအကြောင်း သိသင့်သိထိုက်တာလေးတွေတော့ သိနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

သိသင့်သိထိုက်တာဆိုတော့ ဗုဒ္ဓဘာသာကို စတင်တည်ထောင် ဟောကြားပေးခဲ့တဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဖြစ်စဉ်အကျဉ်းကစပြီး သိထားဖို့ လိုပါတယ်။ ပြီးတော့မှ ဗုဒ္ဓဆိုတာဘာလဲ၊ ဗုဒ္ဓဘာသာဆိုတာ ဘာလဲ စတာတွေ အပါအဝင် ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ရတဲ့အကြောင်း၊ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမနဲ့ ဗုဒ္ဓဘာသာဝင် တစ်ယောက်ရဲ့ ကျင့်ကြံလိုက်နာမှု အကြောင်း စသဖြင့် သိရှိထားရမှာ ဖြစ်ပါတယ်။ ဗုဒ္ဓရဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အကျဉ်းလောက် သိထားရင်ကိုပဲ မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓဘုရားရှင်ရဲ့ အတ္ထုပ္ပတ္တိနဲ့ ပတ်သက်လို့ ဒီမှာဖော်ပြပေးမယ့် ဗုဒ္ဓရဲ့ မှတ်တမ်းအကျဉ်းလေးကိုပဲ စွဲစွဲမြဲမြဲ မှတ်သားထားဖို့ တိုက်တွန်းလိုပါတယ်။

ဗုဒ္ဓဘုရားရဲ့ မှတ်တမ်းအကျဉ်း
လူအမည် = သိဒ္ဓတ္ထ
ဘုရားဘွဲ့အမည်တော် = ဂေါတမဗုဒ္ဓ
မွေးသက္ကရာဇ် = မဟာသက္ကရာဇ် ၆၈ခု၊ ကဆုန်လပြည့်၊ သောကြာနေ့ (BC- 623 ခန့်)
မိဘအမည် = ခမည်းတော် သုဒ္ဓေါဓနမင်း၊ မယ်တော် မဟာမာယာဒေဝီ မိဖုရား
နေပြည်တော် = ကပိလဝတ်မင်းနေပြည်တော် (ယခုခေတ် နီပေါနယ်)
အမျိုးအနွယ် = သကျသာကီဝင် မင်းမျိုး
အိမ်ထောင်ပြုချိန် = အသက် ၁၆နှစ်အရွယ်
ဇနီး = ဖွားဖက်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ
သားတော် = ရာဟုလာ
နန်းစည်းစိမ်စံနှစ် = ၂၉နှစ် (မွေးကတည်းက တောထွက်ချိန်အထိ)
တောထွက်ချိန် = သက်တော် ၂၉နှစ်၊ မဟာသက္ကရာဇ် ၉၇ခုနှစ်၊ ဝါဆိုလပြည့်၊ တနင်္လာနေ့ (BC- 594 ခန့်)
ဒုက္ကရစရိယကျင့်သည့်ကာလ = ၆ နှစ် (ခဲရင်းစွာကျင့်ရသည့် အကျင့်ဖြစ်သဖြင့် ဒုက္ကရစရိယဟုခေါ်သည်၊ ဒုက္ခစရိယ မဟုတ်ပါ။)
ဘုရားဖြစ်ချိန် = သက်တော် ၃၅နှစ်၊ မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့ (BC- 588 ခန့်)
တရားဟောသည့်ကာလ = ၄၅နှစ် (သက်တော် ၃၅မှ သက်တော် ၈၀အထိ)
ပရိနိဗ္ဗာန်စံတော်မူသည့်နှစ် = သက်တော် ၈၀၊ ဝါတော် ၄၅ဝါ၊ မဟာသက္ကရာဇ် ၁၄၈ခုနှစ်၊ ကဆုန်လပြည့် အင်္ဂါနေ့ (BC- 543 ခန့်)
ဒါကဗုဒ္ဓဘုရားရဲ့ ဖြစ်တော်စဉ် အကျဉ်းပဲ ဖြစ်ပါတယ်။ ဆက်ပြီးသိထားဖို့လိုတာက ဗုဒ္ဓဆိုတာနဲ့ ပတ်သက်လို့ သိသင့်တာလေးတွေ သိထားရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓ
ဗုဒ္ဓဆိုတာ ဘာလဲလို့မေးရင် ဒီစကားလုံး အဖွင့်အတိုင်း “သိသူ”လို့ အလွယ်ဖြေရမှာ ဖြစ်ပါတယ်။ သိတယ်ဆိုတော့ ဘာကိုသိတာလဲ ဆိုရင် သစ္စာလေးပါး အပါအဝင် သိစရာမှန်သမျှ အားလုံးကို သိတာလို့ ဖြေရမှာပေါ့။ အဲဒီသစ္စာကို ဘယ်သူကသင်ပြပေးလို့ သိတာလဲ၊ သူပဲသိပြီး တခြားသူတွေကို သိစေနိုင်သလားလို့ ထပ်ပြီးမေးခွန်း ထုတ်မယ်ဆိုရင်တော့ ဘုရားရှင်တွေဟာ သစ္စာလေးပါး တရားတော်ကို ဆရာမရှိဘဲ ကိုယ်တော်တိုင် ကျင့်ကြံကြိုးကုတ် အားထုတ်မှုနဲ့ သိရှိတော်မူတာဖြစ်ပြီး ကိုယ်တော်မြတ် သိတော်မူတဲ့အတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူတဲ့သူလို့ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဗုဒ္ဓဆိုတော့ ဒီနေရာမှာ
၁။ သမ္မာသမ္ဗုဒ္ဓ
၂။ ပစ္စေကဗုဒ္ဓ
ဆိုတဲ့ ဗုဒ္ဓ နှစ်မျိုးကို သိထားဖို့ လိုပါတယ်။

သမ္မာသမ္ဗုဒ္ဓဆိုတာ လေးအသင်္ချေ နဲ့ ကမ္ဘာတစ်သိန်း (ပညာ၊ သဒ္ဓါ၊ ဝိရိယ တရားအားသာမှုကို လိုက်ပြီး ကွဲပြားမှုရှိ) ဒါန၊ သီလစတဲ့ ပါရမီတော်များကို ဖြည့်ကျင့်ကာ ပါရမီတော် ပြီးပြည့်စုံတဲ့အခါမှာ သိစရာမှန်သမျှ အကြွင်းအကျန်မရှိ အကုန်အစင်ကို သိတော်မူနိုင်တဲ့ သဗ္ဗညုတဉာဏ်တော်ကို ရရှိတော်မူပြီး ကိုယ်တော်မြတ် သိတော်မူတဲ့ သစ္စာတရားအတိုင်း ဝေနေယျ သတ္တဝါတွေကိုလည်း သိစေတော်မူနိုင်တဲ့ ဘုရားမျိုး ဖြစ်ပါတယ်။

ပစ္စေကဗုဒ္ဓဆိုတာ နှစ်အသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ကာလကြာအောင် ဒါန၊ သီလစတဲ့ ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူကာ ပါရမီတော် ပြည့်စုံတော်မူတဲ့အခါ ပစ္စေကဗောဓိဉာဏ်ကို ရရှိတော်မူပြီး သစ္စာလေးပါး တရားတော်ကို ဆရာမကူ ကိုယ်တော်တိုင် သိတော်မူခဲ့ပေမယ့် သတ္တဝါဝေနေယျတွေကို သိရှိအောင် ဟောတော်မမူနိုင်တဲ့၊ သာသနာပကာလမှာ ပွင့်တော်မူတဲ့ ဘုရားငယ်မျိုး ဖြစ်ပါတယ်။

ဒီဗုဒ္ဓနှစ်မျိုးမှာ အခုကြုံတွေ့နေရတဲ့ သာသနာတော်ဟာ သဗ္ဗညုတဉာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဂေါတမ မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ပဲ ဖြစ်ပါတယ်။ ဒီလို သမ္မာသမ္ဗုဒ္ဓဘုရားရှင်များရဲ့ သာသနာထွန်းကားရာ ကာလကို သာသနာတွင်းကာလို့ခေါ်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်များ ပွင့်ထွန်းတော် မမူတဲ့ကာလကိုတော့ သာသနာပ ကာလလို့ခေါ်ကာ အဲဒီသာသနာပ ကာလမှာပဲ ပစ္စေကဗုဒ္ဓ အရှင်မြတ်များ ပွင့်ပေါ်တော်မူကြခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဆိုတာနဲ့ ပတ်သက်ပြီး ဒီလောက်သိထားရင်ကိုပဲ ဗုဒ္ဓဘာသာ လူငယ်တွေအတွက် မဆိုးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ
ဗုဒ္ဓအကြောင်းကို အနည်းငယ် မိတ်ဆက်အနေနဲ့ သိထားပြီးရင်တော့ ဗုဒ္ဓဘာသာဆိုတာနဲ့ ပတ်သက်ပြီး သိထားဖို့ လိုပါတယ်။ ဗုဒ္ဓဆိုတာ ဘုရား၊ ဘာသာဆိုတာ အယူဝါဒ၊ ဟောကြားချက်၊ ဗုဒ္ဓဘာသာဆိုတော့ ဘုရားရှင်ရဲ့ အယူဝါဒ၊ ဟောကြားချက်လို့ပဲ အလွယ်နားလည် မှတ်သားထားနိုင်ပါတယ်။ ဘုရားရှင်ရဲ့ ဟောကြားချက်ဆိုတာ ဘုရားဖြစ်တော်မူပြီးနောက် ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ ဘုရားရှင်ရဲ့ တရားတော်ကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီဟောကြားချက်ကိုပဲ ဒီနေ့ခေတ် အသုံးအနှုန်းတွေနဲ့ ပြောတော့ ပိဋကတ်သုံးပုံ၊ နိကာယ်ငါးရပ်၊ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ဆိုတဲ့ အခေါ်အဝေါ်တွေ ဖြစ်လာတာ ဖြစ်ပါတယ်။ ဒီအခေါ်တွေဟာ အမျိုးမျိုး ဖြစ်နေပေမယ့် ရည်ညွန်းချက်ကတော့ ၄၅နှစ်လုံးလုံး ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကိုပဲ ရည်ညွန်းတာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အကျဉ်းဆုံး စကားလုံးတွေနဲ့ ပြောမယ်ဆိုရင်တော့ သီလ၊ သမာဓိ၊ ပညာ ဒီသုံးမျိုးကိုပဲ တိုက်ရိုက်ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်ရဲ့ ဝါဒနဲ့ ပတ်သက်ပြီး ဘုရားရှင်ရဲ့ ဝါဒဟာ ကံကံရဲ့အကျိုးအပြစ်ကို ဟောကြားတော်မူတဲ့ ကမ္မဝါဒ၊ အကြောင်းအကျိုးကို ထောက်ပြတဲ့ ကြောင်းကျိုးဆက်စပ်မှု ဝါဒ၊ အမှားအမှန်ကို စိစစ်ဝေဘန် လက်ခံစေတဲ့ ဝိဘဇ္ဇဝါဒ၊ အစွန်းမရောက်တဲ့ အလယ်အလတ် လမ်းစဉ်ကို ကျင့်သုံးတဲ့ မဇ္ဈိမပဋိပဒါ ဝါဒ၊ အရာအားလုံးမှာ အတ္တဆိုတာ မရှိဘဲ အစိုးမရခြင်း အနတ္တသဘောသာ ရှိတယ်ဆိုတဲ့ အနတ္တဝါဒ စသဖြင့် အမည်အမျိုးမျိုးနဲ့ ဖွင့်ဆိုပြောကြားနိုင်ပေမယ့် အားလုံးကို ခြုံပြီးပြောရမယ်ဆိုရင်တော့ ဘုရားရှင်ရဲ့ ဟောပြောပို့ချချက် အယူဝါဒဟာ တကယ့်အမှန်တရားဖြစ်တဲ့ အမှန်တကယ်ဝါဒ (Realism)ပဲ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ အမှန်တရားအစစ်တွေပဲ ဖြစ်ပါတယ်။ ဒီအမှန်တရားဟာလည်း ဘုရားဟောလိုက်လို့ မှန်တာမဟုတ်ပါဘူး။ မှန်လို့ ဘုရားဟောတာပဲ ဖြစ်ပါတယ်။ အဲဒါကို စာလိုပြောတော့ သစ္စာတရားလို့ ပြောကြခြင်းဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ ဗုဒ္ဓဘာသာကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာလို့ ဆိုခြင်းဖြစ်ပါတယ်။

ဘာကြောင့် ဘုရားရှင်ရဲ့ဟောကြားချက်ဟာ အမှန်တကယ်ဝါဒလို့ ဆိုရတာလဲဆိုရင် ရုပ်နာမ်များနဲ့ တည်ဆောက်ထားတဲ့ သတ္တဝါ အားလုံးမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်နေလို့ ဖြစ်ပါတယ်။ ဘုရားဟော တရားတွေဟာ ဗုဒ္ဓဘာသာဝင်တွေ အတွက်သာမှန်ပြီး တခြားဘာသာဝင်တွေအတွက် မမှန်ဘူးဆိုတာ မရှိပါဘူး။ နာမ်ရုပ်များနဲ့ ဖွဲ့စည်းထားတဲ့ သတ္တဝါအားလုံးမှာ အကုန်မှန်နေတာ ဖြစ်ပါတယ်။

ဆိုကြပါစို့။ ဗုဒ္ဓရဲ့ သစ္စာလေးပါး အမှန်တရားမှာ ဒုက္ခသစ္စာနဲ့ ပတ်သက်ပြီး ဘုရားရှင်က “ပဋိသန္ဓေနေရတာ ဒုက္ခ၊ အိုရတာဒုက္ခ၊ နာရတာ ဒုက္ခ၊ သေရတာဒုက္ခ၊ မချစ်မနှစ်သက်ဖွယ်တွေနဲ့ အတူယှဉ်တွဲနေရာတာ ဒုက္ခ၊ ချစ်ခင်နှစ်သက်ဖွယ်တွေနဲ့ ကွေကွင်းရတာ ဒုက္ခ၊ အလိုရှိတဲ့ အရာကို မရတာဒုက္ခ၊ အကျဉ်းအားဖြင့် ဒီခန္ဓာကြီးကပင် ဒုက္ခ”လို့ ဖွင့်ဆိုဟောပြောပြပါတယ်။ ဒီဟောကြားချက်ကိုကြည့်ရင် ခန္ဓာရှိနေတဲ့သူမှန်သမျှ ဘယ်နိုင်ငံ၊ ဘယ်လူမျိုး၊ ဘယ်သတ္တဝါမှာ မဆို ဒီဒုက္ခက ရှိနေကြမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဆိုတော့ကား ဒီဒုက္ခဟာဘာကြောင့် ဖြစ်တာလဲဆိုတဲ့ အကြောင်းတရားကိုရှာတော့ တွယ်တာမှု သံယောဇဉ် သမုဒယကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကို ဗုဒ္ဓက သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်း အမှန်တရား တစ်ခုအနေနဲ့ ထပ်ပြီးရှင်းတော်မူပါတယ်။ အကြောင်းရှိရင် အကျိုးရှိတတ်သလို အကြောင်းချုပ်ရင်လည်း အကျိုးချုပ်တတ်တဲ့ သဘောရှိတဲ့အတွက် ဒီလိုဒုက္ခရှိရင် ဒုက္ခချုပ်ကြောင်းလည်း ရှိမှာအမှန်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဗုဒ္ဓဘုရားရှင်က နိရောဓလို့ခေါ်တဲ့ နိဗ္ဗာန်ကိုဆိုက်ရင် ဒီဒုက္ခလည်း ချုပ်ပြီလို့ဆိုကာ နိရောဓသစ္စာ ဒုက္ခချုပ်ကြောင်း အမှန်တရားကို ဟောတော်မူခြင်း ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ဒီဒုက္ခချုပ်ရာကို သွားဖို့အတွက် ကျင့်ကြံအားထုတ်ရမယ့် လမ်းလည်းရှိဖို့ လိုလာပြန်ပြီဖြစ်ပါတယ်။ ဒီအတွက် ဘုရားရှင်က မှန်ကန်တဲ့ မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ရှင်းလင်းပြသကာ မဂ္ဂသစ္စာဖြစ်တဲ့ ဆင်းရဲချုပ်ရာသို့ လျှောက်လမ်းရာ လမ်းမှန်ကို ပြသတော်မူခြင်း ဖြစ်ပါတယ်။

ဒီသစ္စာလေးပါး အဖွင့်ကိုကြည့်ရင် အားလုံးအတွက် အမှန်တွေပဲ ဖြစ်နေတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ခန္ဓာရှိနေတဲ့ သတ္တဝါမှန်သမျှ ဒီသစ္စာတရားအတိုင်း လွဲမှားခြင်းမရှိ မှန်ကန်နေတဲ့အတွက် ဘုရားဟော တရားတော်၊ ဘုရားရှင်ရဲ့ အယူအဆတော်၊ ဗုဒ္ဓရဲ့ဝါဒတော်ကို အမှန်တကယ်ဝါဒ၊ အမှန်တကယ်ဘာသာ၊ အမှန်သစ္စာတရားလို့ ဆိုခြင်းဖြစ်ပါတယ်။ ဗုဒ္ဓဘာသာခေါ် ဗုဒ္ဓရဲ့အဆုံးအမနဲ့ ပတ်သက်ပြီး ဒီလောက်လေး သိထားရင်ကိုပဲ မဆိုဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်
ဆက်လက်ပြီးတော့ ဗုဒ္ဓဘာသာဝင် ဆိုတာနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ အလွယ်ပြောတော့ ဗုဒ္ဓဘုရားရဲ့ အယူဝါဒ ဟောကြားချက်များကို လက်ခံလိုက်နာ ကျင့်သုံးကြတဲ့ သူတွေကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်တာဖြစ်ပါတယ်။ တိတိကျကျ ပြောရမယ်ဆိုရင် ဘယ်သူ့ပယောဂ၊ ဘယ်သူ့စည်းရုံးလှုံ့ဆော်မှုမှ မပါဘဲ ကိုယ်ကိုယ်တိုင် ကျေနပ်လက်ခံလို့ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - ဘုရားရှင်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏” လို့ဆိုကာ သရဏဂုံတည်ပြီး ဗုဒ္ဓဘာသာအဖြစ် ခံယူထားကြသူတွေကို ဗုဒ္ဓဘာသာဝင်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

ဆိုတော့ကား ကိုယ်ကိုယ်တိုင် ရတနာသုံးပါးကို ကိုးကွယ်ပါ၏လို့ သရဏဂုံကို ခံယူဆောက်တည်ပြီး ဗုဒ္ဓဘာသာ ဖြစ်လာတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘာကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို သရဏလို့ ဆိုတာလဲ၊ ဘာကြောင့် ရတနာသုံးပါးဟာ ကိုးကွယ်ခံထိုက်တာလဲလို့ မေးလာခဲ့မယ်ဆိုရင် “သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်တဲ့ အတွက်ကြောင့် ရတနာသုံးပါးဟာ သရဏ အမည်ရကြောင်း၊ ရတနာသုံးပါးကို ကိုးကွယ်တာနဲ့ ပတ်သက်လို့ ဘုရားရှင်ဟာ သတ္တဝါတွေကို ကြီးပွားချမ်းသာကြောင်း နည်းလမ်းကို ဖြစ်စေ၊ မကြီးပွား မချမ်းသာကြောင်း မကောင်းတဲ့ နည်းလမ်းတွေကနေ ပယ်ခွါစေ၊ အပြစ်ကင်းပြီး ဂုဏ်ကျေးဇူးအပေါင်းနဲ့ ပြည့်စုံစေတဲ့အတွက် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ တရားတော်ဟာလည်း ကျင့်ကြံလိုက်နာသူတွေကို ဘဝသံသရာ ခရီးမှ ဆွဲထုတ်ကယ်တင်နိုင်ခြင်း၊ ကျင့်စဲအခိုက်နှင့် ကျင့်ပြီးနောက်မှာလည်း သက်သာငြိမ်းချမ်းမှုကို ဖြစ်စေခြင်းနှင့် သတ္တဝါတွေရဲ့ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီး စေနိုင်ခြင်း စတာတွေကြောင့် ကိုးကွယ်ခြင်းဖြစ်ကြောင်း၊ သံဃာတော်ဟာလည်း ကောင်းမှုကုသိုလ်ကို ကြီးကျယ်များပြာစေ၊ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်စီးစေတဲ့ အတွက်ကြောင့် ကိုးကွယ်ခြင်း ဖြစ်ကြောင်း” စသဖြင့် ရတနာသုံးပါးကို ကိုးကွယ်ရခြင်း အကြောင်းနဲ့ ပတ်သက်ပြီး ဒီလောက်တော့ သိထားဖို့ လိုပါတယ်။

နောက် သရဏဂုံကို ခံယူပြီး ဗုဒ္ဓဘာသာ တစ်ယောက်ဖြစ်လာတဲ့ သူတစ်ယောက်အတွက် မှန်ကန်တဲ့အယူဝါဒ သမ္မာဒိဋ္ဌိ ရှိနေဖို့လည်း လိုပါတယ်။ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါး၊ ကံကံရဲ့ အကျိုးတရား၊ အကြောင်းအကျိုး ဆက်စပ်မှုနဲ့ မျက်မှောက်လောက တမလွန်လောက စတာတွေအပေါ်မှာ သံသယမရှိ အမှန်သိပြီး ယုံကြည်လက်ခံဖို့ လိုပါတယ်။ ဒါမှလည်း ဗုဒ္ဓအလိုကျ မှန်ကန်တဲ့ အယူရှိသူ ဖြစ်နေမှာ ဖြစ်ပါတယ်။

ဒီတော့ကား သရဏဂုံကို ခံယူထားပြီး ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ဒီသရဏဂုံ တည်မြဲဖို့အရေး၊ မပျက်စီးရေးအတွက်လည်း ကြိုးစားအားထုတ်ဖို့ လိုပါတယ်။ စာပေမှာကတော့ သရဏဂုံ ပျက်စီးတတ်တဲ့ အကြောင်း (၂)မျိုးရှိတယ်လို့ ဖွင့်ပြပါတယ်။
၁။ သေသွားရင် သရဏဂုံပျက်ပါတယ်။ ဒါကြောင့် ဒီနေ့ခေတ် သေသူကို သရဏဂုံတင်တယ်ဆိုတဲ့ အသုံးဟာ ဒီမှာ အကြုံးမဝင်ပါဘူး။ သေသူကို သရဏဂုံ တင်လို့လည်း မရပါဘူး။ သေရင် သရဏဂုံဟာ အလိုလိုကို ပျက်သွားပါတယ်။
၂။ မသေသေးပေမယ့် သရဏဂုံကို ခံယူထားတဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ရတနာသုံးပါးထက် ပိုပြီး တစ်ခြားအယူဝါဒတွေကို လက်ခံယုံကြည်မယ်၊ ဗုဒ္ဓဘာသာကိုပစ်ပြီး တစ်ခြားအယူဝါဒကို လက်ခံသွားမယ်ဆိုရင် ဒါလည်း သရဏဂုံ ပျက်တဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ ဒီအချက်ကတော့ အသက်ရှင်နေတဲ့ အချိန်မှာကို သရဏဂုံ ပျက်စရာအကြောင်း ရှိတဲ့အတွက် သတိပြုဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဘေးဒုက္ခတစ်ခုခု၊ အကြောက်တရား တစ်ခုခုကြောင့် စိတ်မပါဘဲ တစ်ခြားအယူဝါဒတွေကို လက်ခံလိုက်နာ လုပ်နေရတာတွေ ရှိတတ်ပါတယ်။ ဒါကတော့ ကိုယ့်စိတ်က ရတနာသုံးပါးကို တကယ်ပစ်လိုတဲ့ သဘောမဟုတ်တဲ့အတွက် သရဏဂုံကတော့ မပျက်ပါဘူး။ သရဏဂုံတော့ ညစ်နွမ်းနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိပြု ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်။

ကံကံရဲ့ အကျိုးအပြစ်နဲ့ ပတ်သက်ပြီးတော့ ဗုဒ္ဓဘာသာတစ်ယောက်ဟာ မကောင်းမှုကိုရှောင်ပြီး ကောင်းမှုကို ဆောင်ဖို့ လိုပါတယ်။ မကောင်းမှုဒုစရိုက်အမှုကို မလုပ်ဖြစ်အောင် ရှောင်ကြဉ်ပြီး ကောင်းမှုသုစရိုက်ကို လုပ်နိုင်အောင် ကြိုးစားဖို့ လိုပါတယ်။ မကောင်းမှု ဒုစရိုက်ကို ရှောင်ဖို့အတွက် သီလကို ထိန်းသိမ်း စောင့်ရှောက်ရပါမယ်။ အနည်းဆုံး ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းထားတဲ့ သူဟာ မကောင်းမှု ဒုစရိုက်ကိုလည်း ရှောင်ကြဉ်ပြီး ဖြစ်ပါတယ်။ ကောင်းမှုဆောင်ဆိုတာကတော့ ဗုဒ္ဓဘာသာတွေရဲ့ ကောင်းမှုလုပ်ခြင်း ရည်ရွယ်ချက်က နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရေးနဲ့ နိဗ္ဗာန်မရခင် သံသရာလည်ရတဲ့ အခါမှာလည်း သံသရာခရီးမှာ ချမ်းသာရေးအတွက်ပဲ ဖြစ်ပါတယ်။ ဒီလို ပန်းတိုင်တွေကို လှမ်းကိုင်ဖို့အတွက် နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ သီလကို အခြေခံတဲ့ ဘာဝနာ အလုပ်ကို ကြိုးစားအားထုတ်ရမှာဖြစ်ပြီး နိဗ္ဗာန် မရခင် သံသရာလည်တဲ့ အခါမှာလည်း ကောင်းတဲ့သုဂတိ ဘဝတွေမှာဖြစ်ဖို့ သီလကုသိုလ်ကို ကောင်းကောင်းထိန်းသိမ်းပြီး ဒါနကုသိုလ်ကိုလည်း စွမ်းနိုင်သမျှ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းများနဲ့ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ ယုံကြည်မှုနဲ့ ကျင့်ကြံမှုကို လက်တွေ့လိုက်နာ ကျင့်ကြံပြီး ကိုယ်လုပ်ရင် ကိုယ်ရမယ်၊ ကိုဖြစ်ရင် ကိုခံရမယ်ဆိုတဲ့ မှန်ကန်ပြီး အကြောင်းအကျိုးသင့်တဲ့ အယူဝါဒကို သဘောပေါက် နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒီထက်နားလည်ချင်ရင်တော့ ဒီထက်ပိုပြီး လေ့လာကျင့်ကြံကြည့်ရမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာလေးတွေကို မိတ်ဆက်သဘောလောက် သိနိုင်မယ်လို့ ထင်ပါတယ်။ အလွန်လေးနက်ပြီး ကျယ်ပြန့်လှတဲ့ ဗုဒ္ဓအဆုံးအမတွေကို စာမျက်နှာ တစ်ခုနှစ်ခုလောက်နဲ့တော့ ပြည့်စုံအောင် တင်ပြဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် အခု တင်ပြခဲ့တာလေးတွေကိုပဲ သေသေချာချာ လေးလေးနက်နက် ဖတ်မှတ်ထားမယ်ဆိုရင် ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာမှမသိတာထက်စာရင် သိသလောက်တော့ ဖြေကြားပေးနိုင်ကြမှာ ဖြစ်ပါတယ်။ သေချာတာကတော့ ဗုဒ္ဓဘာသာအဖြစ် ခံယူထားပြီး ဘာတစ်လုံးမှ မသိဘဲ ဖြစ်နေတဲ့ သူတွေအတွက်တော့ အများကြီး အထောက်အကူဖြစ်တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဖြစ်နေပြီး ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဘာတစ်ခုမှ မသိဘဲ ဖြစ်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကိုယ်ကိုးကွယ်တဲ့ ဘုရား၊ ကိုယ်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ ဗုဒ္ဓဘာသာ ဖြစ်နေတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ ယုံကြည်မှု တရားတွေကို နည်းနည်းလေးပဲ ဖြစ်ဖြစ် အသိတစ်ခု ရရှိစေဖို့ အခုတင်ပြခဲ့တဲ့ ဗုဒ္ဓဘာသာ မိတ်ဆက်လေးကို လေ့လာပြီး သိသင့်သိထိုက်တဲ့ အချက်တွေကို သိအောင်ကြိုးစားရင်း ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို အသိအကျင့် ထပ်တူဖြစ်အောင်သာ လေ့လာကျင့်ကြံ အားထုတ်ကြပါလို့ စေတနာကောင်းနဲ့ တိုက်တွန်းလိုက်ရပါတယ်။

Read more »

ကျေးဇူးတရား ဘယ်လိုဆပ်ရမလဲ ..

Q. ဘုန်းဘုန်း သိချင်တာလေး ရှိလာလို့ ရိုသေစွာ မေးလျှောက်အပ်ပါတယ် ဘုရား။
တစ်နေ့က တပည့်တော် ဘုရားခန်းထဲထိုင်နေရင်း ကျေးဇူးတရားအကြောင်း ပြန်စဉ်းစားမိတယ်ဘုရား။ တပည့်တော် သိတာက
၁။ ကျေးဇူးသိတတ်ရမယ်
၂။ သိတဲ့အတိုင်းလည်း ပြန်ဆပ်ရမယ်
၃။ မဆပ်နိုင်တောင် ကျေးဇူးကို ချေဖျက်တဲ့အရာမျိုး မလုပ်ရဘူး.. စသဖြင့်
မိဘ၊ ဆရာသမား၊ မိတ်ဆွေတွေလိုမျိုး လူပုဂ္ဂိုလ်တွေအပေါ် ကျေးဇူးဆပ်တာတော့ ထိုက်သင့်သလောက် တပည့်တော် နားလည်ပါတယ် ဘုန်းဘုန်း။ အကောင်းဆုံးကျေးဇူးဆပ်နည်းက တရားဓမ္မနဲ့ ကျေးဇူးဆပ်ရမယ် ဆိုတာ..

ဒါပေမယ့် ရဟန်းသံဃာတွေရဲ့ ကျေးဇူးကိုကျတော့ ဘယ်လိုဆပ်ရမလဲ ဘုရား။ ဆိုလိုတာက ဥပမာ ဘုန်းဘုန်းတို့ ရေးတဲ့ဆိုဒ်တွေကို ၀င်ဖတ်တယ်။ တရားအသိတွေရတယ်၊ ဒါဆိုရင်ပဲ ကျေးဇူးကရှိသွားပြီ။ အဲ အဲလိုမကပဲ ဘုန်းဘုန်းတို့ဆီက တိုက်ရိုက်အဆုံးအမစကား တစ်ခွန်း ရရင်ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တရားတစ်ပုဒ်တစ်လေ နာကြားရရင်ပဲဖြစ်ဖြစ် ဒီလိုဆိုရင် ကျေးဇူးက ပိုများသွားပြန်ကော။
အဲလို၊ အဲလို တပည့်တော်အပေါ် ကျေးဇူးရှိဖူးတဲ့ ရဟန်းသံဃာတွေကို ပြန်စဉ်းစားကြည့်တော့ တော်တော်လေးကို အရေအတွက် များနေတာကို တွေ့ရတယ်ဘုရား။

- အဲဒါ တကယ်လို့ တစ်ပါးချင်းစီ ဆပ်နိုင်မယ်ဆို၊ ဒါမှမဟုတ် တစ်ပါးပါးကို အကြောင်းတိုက်ဆိုင်လို့ ဆပ်ခွင့်ကြုံပြီဆို ဘယ်လိုကျေးဇူးဆပ်ရမလဲ ဘုရား၊
- ဘယ်လို ကျေးဇူးဆပ်တာ အကောင်းဆုံး ဖြစ်စေမလဲ ဘုန်းဘုန်း
- အဆုံးအမတွေကို လိုက်နာ ကျင့်သုံးတာ အကောင်းဆုံး ဆိုခဲ့ရင်လည်း.. ဒီ့အပြင် တခြား ဘယ်လိုနည်းတွေနဲ့ ကျေးဇူးဆပ်လို့ ရနိုင်သေးလဲ ဘုရား
- နောက်ပြီး ကျေးဇူးရှိတဲ့ ရဟန်းသံဃာတွေက များလွန်းတော့ အားလုံးကိုခြုံပြီး ကျေးဇူးဆပ်မယ်ဆို ဘယ်လိုနည်းက သင့်လျော်ပါသလဲ ဘုန်းဘုန်း။
- ဘုရားရှင် ဟောကြားခဲ့တဲ့ ကျေးဇူးဆပ်နည်းလေးများ ရှိခဲ့ရင်လည်း ရိုရိုသေသေ ဖတ်ရှု နာကြားချင်ပါတယ်ဘုရား။

ရိုသေစွာ ဦးတင်လျက်
ဖိုးသား

A. ၃၈ဖြာ မင်္ဂလာ တရားတော်တွေထဲမှာ သူ့ကျေးဇူးကို သိတတ်ခြင်းဟာ မင်္ဂလာတစ်ပါးပဲလို့ ဘုရားဟောပါတယ်။ ကျေးဇူးတရားဆိုတာ ကျေးဇူးကို မသိတတ်တဲ့သူတွေ အများကြီးထဲက ကျေးဇူးရှိတယ်လို့ သိတတ်ရင်ကိုပဲ အတော်လေး ဟုတ်နေပါပြီ။ ဒီထက်ပိုပြီး ကျေးဇူးတရား ရှိတယ်ဆိုတာကိုသိကာ ဒီကျေးဇူးကို ပြန်ဆပ်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ အကယ်၍ အခွင့်မသာလို့ ပြန်မဆပ်နိုင်တာတောင်မှ ကျေးဇူးရှင်ကို မစော်ကားမိဖို့ လိုပါတယ်။ ကျေးဇူးမဆပ်နိုင်တာဟာ တာဝန်မကျေရုံလောက်ပဲ ဖြစ်နိုင်ပေမယ့် ကျေးဇူးရှင်ကို စော်ကားမိရင်တော့ ဒါဟာ ကိုယ်ကိုယ်တိုင် ပြန်ခံရတဲ့အထိ ပေးဆပ်ရတတ်ပါတယ်။ ဒါကြောင့် ကျေးဇူးတရားကို သိတတ်ဖို့ လိုသလို သိပြီးရင်လည်း ပြန်ဆပ်တတ်ဖို့လိုကာ ပြန်မဆပ်နိုင်သေးရင်လည်း ကျေးဇူးရှင်ကို ကျေးမစွပ်ဖို့ လိုတယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

ကျေးဇူးတရားကို ပြန်ဆပ်ဖို့ကတော့ ဒကာလေး ပြောသလို တရားနဲ့ဆပ်တာဟာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားနဲ့အညီ၊ ဆရာသမားများရဲ့ ဆုံးမသြဝါဒနဲ့အညီ ကျင့်ကြံနေထိုင်ခြင်းဟာ ကျေးဇူးတရားကို အကောင်းဆုံး ပြန်လည်တုံ့ပြန်ပြခြင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို မဆပ်နိုင်သေးပါက တရားဓမ္မနဲ့ ဆပ်ခြင်း၊ ပစ္စည်းလာဘ်လာဘနဲ့ ဆပ်ခြင်းဆိုတဲ့ ကျေးဇူးဆပ်နည်း နှစ်မျိုးထဲက ပစ္စည်းဝတ္ထုနဲ့ ဆပ်နိုင်ရင်လည်း ကျေးဇူးကို ပြန်လည်တုံ့ပြန်ရာ ရောက်ပါတယ်။ ဆရာဒကာဆိုတဲ့ ကျေးဇူးတင်ထိုက်၊ ကျေးဇူးဆပ်ထိုက်သူတွေရဲ့ ကျေးဇူးဆပ်မှုမှာ ရဟန်းတော်များက ဒကာဒကာမများရဲ့ ကျေးဇူးကို ဓမ္မနဲ့ ကျေးဇူးပြန်ဆပ်နိုင်ပြီး ဒကာဒကာမများကတော့ ရဟန်းသံဃာတော်များကို အာမိသဆိုတဲ့ ပစ္စည်းဝတ္ထုနဲ့ ပြန်လည်ကျေးဇူးဆပ်နိုင်ပါတယ်။ နောက်တစ်ချက် ဆရာဒကာများကြားမှာ လိုက်နာကျင့်ကြံရမယ့် တာဝန်ဝတ္တရားများနဲ့အညီ လိုက်နာကျင့်သုံး နေထိုင်ခြင်းဟာလည်း အချင်းချင်း ကျေးဇူးဆပ်နေခြင်းတွေပဲ ဖြစ်ပါတယ်။

လူ့ကျင့်ဝတ်ဆိုတော့ သိင်္ဂါလသုတ်မှာ ဘုရားဟောထားတဲ့ လူဒကာဒကာမတွေရဲ့ ကျင့်ဝတ်ငါးပါးကိုပဲ ပြောရမှာဖြစ်ပါတယ်။ လူဒကာဒကာမတွေ အနေနဲ့ ရဟန်းသံဃာတော်များ အပေါ်မှာ
၁။ မေတ္တာနဲ့ယှဉ်တဲ့ ကာယကံမှုကိုပြုခြင်း
၂။ မေတ္တာနဲ့ယှဉ်တဲ့ ဝစီကံမှုကို ပြုခြင်း
၃။ မေတ္တာနဲ့ယှဉ်တဲ့ မနောကံမှုကို ပြုခြင်း
၎။ အလောဘတံခါးကို ဖွင့်ထားခြင်း (အလိုရှိသည့်အခါ အလှူခံဖို့ ဖိတ်ကြားခြင်း)
၅။ ဆွမ်းစတဲ့ အာမိသတို့ကို ပေးလှူခြင်း ဆိုတဲ့ အချက်ငါးချက်နဲ့အညီ နေထိုင်ကျင့်သုံးဖို့ ဟောကြားထားပါတယ်။ လူဒကာဒကာမများ အနေနဲ့ ဒီကျင့်ဝတ်နဲ့အညီ ကျင့်ကြံနေထိုင်နိုင်မယ်ဆိုရင်လည်း ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ ဒီငါးပါးမှာ အဓိကကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကျေးဇူးတရား များများရှိလေ အဲဒီရဟန်းသံဃာတော်ကို မေတ္တာများများ ပို့ပေးလေဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ကျေးဇူးဆပ်နေတာပဲ ဖြစ်ပါတယ်။ နောက် တတ်နိုင်သမျှ ကျေဇူးရှင် ရဟန်းသံဃာတော်တို့ လိုအပ်တဲ့ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုင်ရာ ပစ္စည်းအာမိသများကို ပေးလှူပေးနေခြင်းဟာလည်း ကျေးဇူးဆပ်တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓလက်ထပ်တော် အခါက မာတိကာမာတာဆိုတဲ့ ဒကာမကြီးတစ်ယောက်ဟာ ရွာကိုတရားအားထုတ်ဖို့ ကြွလာတဲ့ ရဟန်းတော်များအထံက ကမ္မဋ္ဌာန်းတရားကို အားထုတ်ပြီး အနာဂါမ်ဖြစ်သွားခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ကမ္မဋ္ဌာန်းပေးတဲ့ ရဟန်းတော်များကတော့ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပါတယ်။ ဒီလို သူ့ရဟန်းများ တရားမရတာဟာ ဘာကြောင့်ဆိုတာသိတဲ့ ဒကာမကြီးက ရဟန်းတော်များနဲ့ သင့်တော်မယ့် ဆွမ်းအာဟာရ စတဲ့လိုအပ်ရာရာတွေကို စီမံဖန်တီး လှူဒါန်းပေးခဲ့ပါတယ်။ အဲဒီလို ဒကာမကြီးရဲ့ စီမံဖန်တီးမှုကို ခံယူပြီး ရဟန်းတော်များဟာ တရားကို ကြိုးစားအားထုတ်လိုက်တာ တစ်ပါးပြီးတစ်ပါး တရားရသွားခဲ့ပါတယ်။ မာတိကာမာတာ ဒကာမကြီးဟာ ရဟန်းတော်များရဲ့ ကမ္မဋ္ဌာန်းတရား ပြသမှုကျေးဇူးကို ကိုယ်ကိုယ်တိုင် လက်တွေ့တရားအားထုတ်ခြင်း၊ ရဟန်းတော်များ လိုအပ်တဲ့ ဆွမ်းအစရှိတဲ့ အာမိသကို လှူဒါန်းထောက်ပံ့ပေးခြင်းနဲ့ ပြန်ပြီးကျေးဇူးဆပ်ကာ ရဟန်းတော်များကို တရားရသွားစေခဲ့ပါတယ်။ ဒါကိုကြည့်ရင် လူဒကာဒကာမများ အနေနဲ့ ရဟန်းတော်များအပေါ် လိုအပ်တဲ့ အာမိသဝတ္ထုများ လှူဒါန်းထောက်ပံ့ ပေးနေတာဟာလည်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရာ ရောက်ပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ကျင့်မယ်၊ မေတ္တာလည်းပွားမယ်၊ အာမိသလည်း ထားမယ်ဆိုရင် လူတွေအနေနဲ့ ရဟန်းတော်များရဲ့ ကျေးဇူးတရားကို အထိုက်အလျောက် ဆပ်နေတာ အမှန်ပဲ ဖြစ်ပါတယ်။

ဆိုလိုတာက ဒကာလေးအပေါ် ကျေးဇူးများတဲ့ ရဟန်းသံဃာတော်များအား ကျေးဇူးဆပ်မယ်ဆိုရင် အဲဒီရဟန်းတော်များ သင်ကြားဟောကြားပေးတဲ့အတိုင်း လိုက်နာကျင့်သုံးနေထိုင်ခြင်း၊ ကျေးဇူးရှင် ရဟန်းတော်များကို မေတ္တာများများ ပို့သပေးခြင်း၊ အကြောင်းတိုက်ဆိုင်လို့ လက်တွေ့ကြုံဆုံခွင့်ရရင် မေတ္တာနဲ့ယှဉ်တဲ့ ကိုယ်နှုတ်စိတ် အမူအရာတွေနဲ့ ပြုစုလုပ်ကျွေးခြင်း၊ ကျေးဇူးရှင် ရဟန်းသံဃာတော်များအား လိုအပ်တဲ့ ဆွမ်းစတဲ့ အာမိသများကို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်း စတဲ့နည်းတွေနဲ့ ကျေးဇူးဆပ်နိုင်ပါတယ်။ ကျေးဇူးများရင်များသလို တစ်ပါးချင်းပဲ ဖြစ်ဖြစ် အားလုံးကို ခြုံပြီးပဲ ဖြစ်ဖြစ် အကောင်းဆုံး ကျေးဇူးဆပ်နည်းကတော့ မေတ္တာတရားပဲ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် တရားလည်းကျင့်မယ်၊ မေတ္တာလည်း ပို့သပေးမယ်ဆိုရင် ဒါဟာ အကောင်းဆုံး ကျေးဇူးဆပ်နည်းပဲ ဖြစ်ပါတယ်။ ပစ္စည်းလေးပါးနဲ့ လိုအပ်ရင် လိုအပ်သလို တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းပေးခြင်းဖြင့်လည်း အာမိသနဲ့ ကျေးဇူးဆပ်နိုင်သလို ရဟန်းတော်များ တရားဓမ္မ အားထုတ်နိုင်ဖို့ ထောက်ပံ့ကူညီပေးခြင်း၊ တရားဓမ္မ ဆွေးနွေးပေးခြင်းဖြင့်လည်း ဓမ္မနဲ့အညီ ကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျေးဇူးတွေများလွန်းလို့ ကျေးဇူးဆပ်ဖို့ အခက်အခဲ ဖြစ်နေတဲ့ ဒကာလေးအနေနဲ့ တရားနဲ့အညီ ကျေးဇူးဆပ်နိုင်ဖို့ တရားလည်းကျင့်၊ ကျင့်သိတဲ့အတိုင်းလည်း ဟောပြော၊ ကျင့်ဝတ်များလည်း ဖြည့်ဆည်းကာ မေတ္တာလည်းပွား၊ အာမိသအားနဲ့လည်း လှူဒါန်းပေးမယ်ဆိုရင် တာဝန်အကျေဆုံး ကျေးဇူးဆပ်သူတစ်ယောက် ဖြစ်နေမှာ ဖြစ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

Read more »

မရှိမကောင်း၊ ရှိမကောင်း (သို့) မရှိမကောင်း ရှိမှကောင်း…

စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေဟာ လူတွေအတွက် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရှိထားရင်ကောင်းသလို အသုံးလည်းတည့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအရာတွေကြောင့်ပဲ လူတွေမှာ မကောင်းတာတွေ ဖြစ်ပေါ်နေပြီး ဒုက္ခတွေ ထပ်တိုးနေတာတွေလည်း ရှိနေပြန်ပါတယ်။ ပစ္စည်းဥစ္စာတွေဆိုတာ ရှိထားရင် ဘဝမှာ နေရထိုင်ရာတာ သက်သောင့်သက်သာ ရှိတတ်ပေမယ့် ရှိလာရင်လည်း ရှိတဲ့အလျောက် ပူရပင်ရ၊ စိုးရိမ်ကြောင့်ကြ နေရတတ်ပြန်ပါတယ်။ သိပ္ပံပညာများ တိုးတက်လာတာနဲ့အမျှ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေကလည်း တစ်မျိုးပြီးတစ်မျိုး ဆန်းသစ်ဖြစ်ပေါ်လာနေတဲ့ ဒီနေ့ခေတ်မှာ ဒီအသုံးအဆောင် ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေဟာ လိုအပ်လာတဲ့အပြင် ရှိထားရင်လည်း ကောင်းတဲ့အရာတွေ ဖြစ်ပါတယ်။ သို့သော် အဲဒီရှိလာတာတွေရဲ့ နောက်ကွယ်မှာ မရှိတာက ပိုကောင်းတယ်ဆိုတဲ့ အချက်ကို လက်ခံလာကြတာတွေလည်း အများကြီး ရှိနေပြန်ပါတယ်။ မရှိတာမကောင်းပေမယ့် ရှိရင်လည်း မကောင်းဘူးလို့ ဆိုလာသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

တစ်ခါက သိပ်မရှိရာကနေ အရမ်းရှိလာတဲ့ ဒကာမကြီးတစ်ယောက်နဲ့ ဟိုစပ်ဒီစပ် စကားပြောရင်း ဘုန်းဘုန်းက ဒကာမကြီးကို “ဒကာမကြီး အနေနဲ့ မရှိရာကနေ ရှိလာတော့ ဘာတွေထူးခြားသွားသလဲ၊ ဘာတွေရပြီး ဘာတွေဆုံးရှုံးသွားသလဲ” စသဖြင့် မေးကြည့်တော့ ဒကာမကြီးက “ကောင်းတာတွေလည်း ရှိတယ်၊ မကောင်းတာတွေလည်း ရှိပါတယ်ဘုရား၊ ကောင်းတာက ရှိလာတဲ့အတွက် တပည့်တော် လုပ်ချင်တဲ့ အလုပ်တွေ၊ တပည့်တော် လုပ်ချင်တဲ့ အလှူတွေ လုပ်ခွင့်ရတယ်၊ လူ့ဘဝမှာ သက်သောင့်သက်သာ နေရတယ်ဘုရား၊ မကောင်းတာကတော့ တပည့်တော်မှာ ဒီရှိလာတဲ့အရာတွေ အပေါ်မှာ ပျောက်ပျက်သွားမှာ၊ ကုန်ဆုံးသွားမှာ ပိုပြီးစိုးရိမ်ကြောက်ရွံ့လာတာပဲ ဘုရား၊ ပြီးတော့ ပိုပြီးသိသိသာသာ ဖြစ်လာတာက တပည့်တော် အရင်ကထက် လိုချင်တဲ့လောဘတွေ များလာတဲ့အချက်ပဲ ဖြစ်ပါတယ်၊ အရင်ကဆို အတိုင်းအတာ တစ်ခုလောက် ရလာရင်ကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သိမ့်နိုင်ပေမယ့် အခုတော့ နည်းနည်းလေးဆိုရင် ရတယ်လို့ကို မထင်တော့ဘဲ အချီကြီးတွေမှပဲ လိုချင်နေတော့တာ ဖြစ်ပါတယ်ဘုရား၊ ခပ်ကြွားကြွားလေး ပြောရရင်တော့ လောဘအသေးစားလေးတွေကို ပယ်လာတဲ့ သဘောများလားလို့တောင် ထင်မိပါတယ်၊ အမှန်တော့ လောဘအသေးစားကို ပယ်တာမဟုတ်ဘဲ နည်းရင်မလိုချင်တဲ့ လောဘအကြီးစားကြီးကို ပိုင်ဆိုင်နေတော့တာ ဖြစ်ပါတယ်၊ အဆိုးဆုံးက တပည့်တော် ရရှိလာတဲ့ အရာတွေအပေါ်မှာ သံယောဇဉ်တရားတွေနဲ့ ဘယ်တော့ပျက်ပျက်သွားမလဲဆိုတဲ့ စိုးရိမ်မှုနဲ့ အမြဲတမ်း ကြောင့်ကျပူပန် နေရတာပါပဲဘုရား၊ တပည့်တော် အခုတဖြည်းဖြည်း သဘောပေါက်လာတာက စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတွေဟာ မရှိတာထက်၊ ရှိတာကပိုပြီး ပူပန်ကြောင့်ကျ စိုးရိမ်ရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်ဘုရား” စသဖြင့် လျှောက်ထားသွားပါတယ်။

ဟုတ်ပါတယ်။ ဒကာမကြီး ပြောသွားသလိုပါပဲ။ လူတွေရဲ့ လောဘဆိုတာကလည်း သိတဲ့အတိုင်း ရှိပြီးရင်းရှိချင်၊ ရပြီးရင်း ရချင်နေတော့တာ ဖြစ်ပါတယ်။ အရမ်းချမ်းသာနေတဲ့ သူတွေကို သွားမေးကြည့် နောက်ထပ်ဒီထက်ပိုပြီး ချမ်းသာချင်သေးလား၊ ဒီထက်ပိုပြီး ရချင်ရှိချင်သေးလားဆိုရင် ချမ်းသာချင်တယ်၊ ရချင်ရှိချင်တယ်လို့ပဲဖြေမှာ အသေအချာပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ အတိုင်းအတာကို ရလာတော့လည်း ကျေနပ်သွားလား၊ စိတ်ချမ်းသာသွားလားဆိုတော့ မကျေနပ်ပြန်၊ စိတ်မချမ်းသာပြန်ဘူး ဖြစ်နေတတ်ပါတယ်။ မကျေနပ်တာက လိုချင်မှုတွေက ရပ်မသွားလို့ပဲဖြစ်ပြီး ရလာတဲ့အပေါ်မှာ စိတ်မချမ်းသာတာကတော့ ရှိလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေက ပိုများလာလို့ပဲ ဖြစ်ပါတယ်။ မရှိတော့လည်း ရှိချင်၊ ရှိလာပြန်တော့လည်း ထပ်ရှိချင်၊ ထပ်ရှိလာတာနဲ့အမျှ ထပ်ပူပင်တာတွေပဲ အဖြစ်များနေတဲ့အတွက် သေချာတွေးကြည့်တော့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ အဖြာဖြာတွေဟာ မရှိရင်လည်းမကောင်း၊ ရှိရင်လည်းမကောင်းဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

အမှန်တော့ ပုထုဇဉ်သဘာဝ လိုချင်ရချင် ရှိချင်နေတာတွေကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ လိုချင်တပ်မက်မှု လောဘဆိုတာက ရဟန္တာဖြစ်မှပဲ အကြွင်းမဲ့ ပယ်သတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုချင်တပ်မက်မှုကို ကိုယ်ကအတိုင်းအတိုင် တစ်ခုနဲ့ ကန့်သတ်ထားနိုင်အောင်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လောဘကို အကန့်လေးနဲ့ ထားပေးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရပြီးရင်းရချင်၊ ရှိပြီးရင် ရှိချင်ရာက အဲဒီလောဘရဲ့ သားကောင်ဖြစ်လာပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မတရားလိုချင်တဲ့ ဝိသမလောဘတွေအထိ ဖြစ်လာကာ ဒီဝိသမလောဘက ကိုယ့်ကိုဒီဘဝမှာကော သံသရာမှာပါ ဒုက္ခဖြစ်စေမှာ ဖြစ်ပါတယ်။ မတရားလိုချင်တဲ့ ဝိသမလောဘ ဦးစီးလာရင် အမှားအမှန်ကိုလည်း မခွဲခြားတတ်တော့တဲ့အပြင် ကုသိုလ်တရားတွေနဲ့လည်း လွဲလာတတ်ကာ ရရှိလာတဲ့ အပေါ်မှာလည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ရရှိလာတာတွေ အပေါ်မှာလည်း စိုးရိမ်ပူပန် ကြောင့်ကျမှုတွေအထိ ဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် လူဟာ လူစိတ်ပျောက်ကာ လူ့ကျင့်ဝတ်ပါ မရှိဘဲ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ဖို့ လိုချင်တပ်မက်မှု လောဘကို အကန့်တစ်ခုနဲ့ ထိန်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား လောကမှာ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတွေဆိုတာ မရှိလည်းမကောင်း၊ ရှိလည်းမကောင်းတဲ့ အရာတွေဆိုတာ အမှန်ဖြစ်ပေမယ့် လောကမှာ မရှိရင်မကောင်း ရှိမှကိုကောင်းတဲ့ အရာတွေ ရှိနေတယ်ဆိုတဲ့ အချက်ကလည်း ရှိနေပြန်ပါတယ်။ မရှိရင်မဖြစ် ရှိမှကို ဖြစ်ရမှာဖြစ်သလို ရှိလာတာနဲ့အမျှ ကောင်းကျိုးတွေကို ပိုမိုဖြစ်စေတဲ့ အရာတွေကလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအရာတွေကတော့ ကုသိုလ်တရားတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်ကျင့်သီလပေါ့။ ကိုယ်ကျင့်သီလဟာ သတ္တဝါတွေအတွက် မရှိရင် ကောင်းကိုမကောင်းတဲ့ အရာပဲဖြစ်ပြီး ရှိထားရင်တော့ ရှိထားသလောက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သီလမရှိရင် ပစ္စုပ္ပန်မှာလည်း ကောင်းမှာမဟုတ်သလို သံသရာမှာလည်း ကောင်းမှာမဟုတ်ပါဘူး။ သီလရှိထားလို့ကတော့ ဒီဘဝနောင်ဘဝမှ နောက်ဆုံး နိဗ္ဗာန်အထိကို ကောင်းနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကမှာ မရှိရင် မကောင်း၊ ရှိမှကို ကောင်းတဲ့အရာဟာ ကုသိုလ်တရား၊ အထူးသဖြင့် သီလတရားပဲလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ သီလတရားဟာ ရှိထားရင်အကောင်းဆုံးလို့ ဆိုရတာလဲဆိုတော့ သီလရှိနေတဲ့သူတွေဟာ ဖြစ်ရာဘဝတိုင်းမှာ အရာရာ ကောင်းနေကြလို့ပဲ ဖြစ်ပါတယ်။ သီလရှိထားရင် ရှိထားတာနဲ့အမျှ ဒီဘဝမှာလည်း ကောင်းနေမှာဖြစ်ပြီး နောင်ဘဝ သံသရာမှသည် နိဗ္ဗာန်အထိအောင် ကောင်းနေကြတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဖွင့်တွေအရ သီလရှိထားတဲ့သူတွေဟာ
၁။ ကောင်းသတင်းနဲ့ အသက်ရှင်နေရခြင်း
၂။ မမေ့မလျော့ခြင်းဆိုတဲ့ အကြောင်းကြောင့် စည်းစိမ်ဥစ္စာများ ယုတ်လျော့ပျက်စီးမှု မရှိခြင်း
၃။ ဘယ်လိုပရိတ်သတ်ထဲမဆို ရဲရဲဝံ့ဝံ့ ဝင်ရောက်နေထိုင် သွားလာနိုင်ခြင်း
၎။ သေခါနီးကာလမှာ တွေဝေငြီးငြူခြင်းမရှိဘဲ သေရခြင်း
၅။ သေပြီးနောက်မှာလည်း အပါယ်လေးပါးမှလွတ်ကာ သုဂတိဘုံဝမှာ ဖြစ်ရခြင်း
ဆိုတဲ့ အကျိုးတရား ငါးမျိုးကို ခံစားရမှာဖြစ်ကြောင်း နားလည်မှတ်သား နိုင်ပါတယ်။ ဒါကြောင့် ဒီလို ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေတတ်တဲ့အတွက် ကိုယ်ကျင့်သီလဟာ မရှိရင် မကောင်းဘဲ ရှိထားရင်၊ စောင့်ထိန်းထားရင်တော့ ရှိထားသမျှ၊ စောင့်ထိန်းထားသမျှ ကောင်းနေမှာပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လောကလူသားများ တောင့်တလေ့ရှိ၊ လိုချင်တပ်မက်မှု ရှိလေ့ရှိကြတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဆိုတာ အတိုင်းအတာ တစ်ခုအနေဖြင့် ရှိထားရင် ကောင်းပေမယ့် အတိုင်းအတာကို ကျော်လွန်တဲ့အထိ ဖြစ်လာခဲ့ရင် ရှိတာထက်၊ မရှိတာကမှ ပိုကောင်းနေတဲ့ သဘောရှိတတ်ပြီး မရှိလို့ပူရတာထက် ရှိလို့ပူရတာက ပိုပြီးပင်ပန်းမှုကို ဖြစ်စေတဲ့အတွက် ဒီအရာတွေဟာ မရှိမကောင်း၊ ရှိမကောင်းတဲ့ အရာတွေပဲလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်တရား၊ ဒါန၊ သီလ၊ ဘာဝနာ တရားတွေကတော့ မရှိရင်မကောင်း၊ ရှိထားမှကို ကောင်းတဲ့အရာတွေ ဖြစ်နေပြီး အထူးသဖြင့် သီလတရားကတော့ မရှိမဖြစ် ရှိကိုရှိရမယ့်၊ ရှိထားရင် ရှိထားတာနဲ့အမျှ အကောင်းတွေကို ဖြစ်စေမယ့် အစစ်အမှန် သဘာဝဓမ္မပဲ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေဟာ ရှိထားရင် ကောင်းတယ်ဆိုတာထက် အဲဒီအရာတွေ အပေါ်မှာ သတိမကပ်နိုင်ရင် ရှိထားတာနဲ့အမျှ စိုးရိမ်ကြောင့်ကျ ပူပန်သောကကို ဖြစ်စေပေမယ့် ကိုယ်ကျင့်သီလစတဲ့ ကုသိုလ်တရားတွေကတော့ ရှိထားရင် ရှိထားသလောက် သောကကင်းစေ၊ စိုရိမ်ပူပန်မှုကင်းစေ၊ ယုံကြည်မှု သဒ္ဓါခိုင်မြဲမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ ဘဝအဖြာဖြာမှာ ကောင်းတာတွေပဲ ဖြစ်စေနိုင်တဲ့အတွက် စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေ ရှိပြီးရင်ရှိအောင် ကြိုးစားကြတာထက်စာရင် သီလစတဲ့ ကုသိုလ်တရားများ တိုးပွားသထက် တိုးပွားအောင် ကြိုးစားတာက အကောင်းဆုံးပဲ ဖြစ်တယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကလူသားများ အနေနဲ့ လောကမှာ မရှိမကောင်း ရှိမကောင်းဖြစ်တဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေနောက်ကို တကောက်ကောက်လိုက်ရင်း ရှိလာတာနဲ့အမျှ စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ မကောင်းကျိုးကို ဖြစ်စေကြတာထက်စာရင် ရှိထားရင် ရှိထားတာနဲ့အမျှ ဘဝတိုင်းမှာ အကောင်းဆုံးကို ဖြစ်စေတတ်တဲ့ ကိုယ့်ကျင့်တရား၊ ကုသိုလ်တရားများနောက်ကို လိုက်ပြီး ကိုယ့်ဘဝကို အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးကို ဖြစ်စေကြတာက တဒင်္ဂခဏမှသည် နိဗ္ဗာန်အထိ ကြည့်တတ်တဲ့ အတိုမပြု အရှည်ရှုတဲ့ သဘောဖြစ်တဲ့အတွက် မရှိမကောင်း ရှိမကောင်းဖြစ်တတ်တဲ့ သူအဖြစ်မှ မရှိရင်မကောင်း ရှိမှကိုကောင်းစေတဲ့ သူအဖြစ်သို့ ရောက်အောင် ကုသိုလ်တရားများကိုသာ ရသမျှ ကြိုးစားကြပါလို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး မရှိမကောင်း ရှိမှကောင်းတဲ့ အရာများနဲ့ ပြည့်နေသူများ ဖြစ်ကြပါစေ။

Read more »

လုံအောင်မိုးထား စိတ်၊ အိမ်များ…

“မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့
ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏”
(ဂေါတမမြတ်စွာဘုရား)

တစ်ခါက ရန်ကုန်မှ တိုက်ကြီးသို့ တရားဟောကြွစဉ် လမ်းဘေးကျေးရွာများရှိ ဆောက်လက်စ၊ မိုးလက်စ အိမ်လေးများကိုကြည့်ကာ အတွေးပွားခဲ့ဖူး၏။ တရားဟောစဉ်မှာလည်း ထိုအတွေးစလေးများကို ထည့်သွင်းဟောကြား ပေးခဲ့ဖူး၏။ တွေးမိခဲ့သည့် အတွေးစလေးများမှာ အိမ်များအကြောင်းပင် ဖြစ်၏။ အိမ်အမျိုးမျိုးရှိသည့်အနက် အချို့အိမ်များသည် ဆင်းရဲလွန်းလှသဖြင့် အမိုးပင် လုံခြုံကောင်းမွန်အောင် မတည်ဆောက်နိုင်သည့် အိမ်များရှိသကဲ့သို့ အချို့အိမ်များသည်ကား ကောင်းမွန်ပြည့်စုံ လုံခြုံအောင် တည်ဆောက်ထားသည့် အိမ်များဖြစ်နေသည်ကို တွေ့ရ၏။ ထူးခြားချက်မှာ မလုံမခြုံတည်ဆောက်ထားသည့် အိမ်များသည် မိုးလေစသည့် ရာသီဥတုဒဏ်ကို အလွယ်တကူ ခံရတတ်ပြီး လုံခြုံကောင်းမွန်အောင် တည်ဆောက်ထားသည့် အိမ်များသည်ကား ထိုဒဏ်များကို အကာအကွယ် ပြုထားနိုင်ခြင်းပင် ဖြစ်၏။

ဘုရားဟော တရားတော်များတွင် ခန္ဓာကိုယ်ကို အိမ်နှင့်တင်စား၍ ဖွင့်ဆိုဟောထားချက်များ အများအပြားရှိ၏။ အိမ်၏တည်ဆောက်မှုနှင့် ခန္ဓာကိုယ်၏ တည်ဆောက်မှုကို ခိုင်းနှိုင်းထားချက်များလည်း ရှိ၏။ လူတို့နေရာ အိမ်၏လုံခြုံရေးနှင့် ခန္ဓာကိုယ်၏ လုံခြုံရေးကို တင်စားထားချက်းများလည်း ရှိ၏။ ထိုဥပမာများအရ အိပ်၏လုံခြုံရေးတွင် အမိုးသည်လည်း အဓိကကျသည့် ကဏ္ဍတွင် ပါဝင်သကဲ့သို့ ရုပ်နာမ်များဖြင့် တည်ဆောက်ထားသည့် ခန္ဓာအိမ်တွင်လည်း စိတ်တည်းဟူသော အမိုးသည် အထူးအရေးပါလှသည်ကို သတိပြုမိကြမည် ဖြစ်၏။ အိမ်တွင်အမိုး မလုံသည့်အခါ မိုးရေမိုးပေါက်စသည်များ အလွယ်တကူ ထိုးဖောက်ဝင်ရောက် လာနိုင်သကဲ့သို့ ခန္ဓာအိမ်ကို မိုးကာပေးထားသည့် စိတ်အမိုး မလုံသည့် အခါတွင်လည်း ရာဂစသည့် ကိလေသာ မိုးရေပေါက်များ၏ ထိုးဖောက်ဝင်ရောက်ခြင်းကို ခံရမည် ဖြစ်၏။ ထို့ကြောင့် မိုးရေမိုးပေါက်များ ထိုးဖောက်ဝင်ရောက်မှုမှ ကာကွယ်နိုင်ရန် အိမ်ကိုကောင်းစွာ မိုးထားရန် လိုအပ်သကဲ့သို့ ရာဂစသည့် ကိလေသာများ၏ ဝင်ရောက်နှိပ်စက်မှုများမှ ကာကွယ်ရန် စိတ်ကိုကောင်းစွာ မိုးကာထားရန် လိုအပ်ကြောင်းနှင့် ထိုစိတ်ကို ကိလေသာများမှ ကာကွယ်ထားရန်မှာလည်း သမထ၊ ဝိပဿနာ ဘာဝနာအလုပ်ဖြင့်သာ ကာကွယ်ထားရမှာ ဖြစ်ကြောင်းစသည်ဖြင့် ဆိုခြင်းဖြစ်ပါ၏။

မှန်၏။ ပုထုဇဉ်ပုဂ္ဂိုလ်များ၏စိတ်သည် အချိန်ပြည့် အကုသိုလ်အလုပ်များ၊ မကောင်းသည့် အကြံအစည် အတွေးများတွင် ပျော်မွေ့နေတတ်သည့် သဘောရှိ၏။ အဆင်းအသံအနံ့ စသည့် အာရုံများ၏နောက်သို့ တကောက်ကောက်လိုက်ကာ နှစ်သက်လျှင်လည်း နှစ်သက်သည့်အလျောက်၊ မနှစ်သက်လျှင်လည်း မနှစ်သက်သည့်အလျောက် လောဘ၊ ဒေါသ၊ မောဟစသည့် ကိလေသာ တရားများသာ အဖြစ်များနေတတ်ကြ၏။ စိတ်၏သဘောသည် သတိတရားဖြင့် ထိန်းချုပ်နေစဉ်ကိုပင် ကိလေသာများ၏ ခေါ်ဆောင်မှုနောက်သို့ ထပ်ကြပ်မကွာ လိုက်နေတတ်သည့် သဘောရှိနေပြီး မထိန်းချုပ်ဘဲ သတိလက်လွတ်သာ ထားလိုက်မည်ဆိုပါက ပိုလို့သာ ဆိုးလာနိုင်သည့် သဘောရှိပေ၏။ ထို့ကြောင့် ပညာရှိများက စိတ်ကိုကိလေသာ တရားများ၏ နှိပ်စက်မှုမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်ကြရမည် ဖြစ်ကြောင်း ဆိုခြင်းဖြစ်ပါ၏။ စိတ်ကို ရာဂစသည့် ကိလေသာရန်များ၏ တိုက်ခိုက်မှုမှ ကာကွယ်ရန်မှာ သမထ၊ ဝိပဿနာ ဟုခေါ်သည့် တရားဘာဝနာ အားထုတ်ခြင်း အလုပ်မှတပါး အခြားမရှိသည်မှာ အသေအချာပင် ဖြစ်ပါပေ၏။ သို့ဆိုစေကာမူ ဂုဏ်တော်ပွားရင်း၊ မေတ္တာပို့ရင်း၊ အာနာပါန စီးဖြန်းရင်းကိုပင် ကိလေသာတရားများ၏ နှိပ်စက်မှုက တစ်ခါတရံ ဖြစ်ပေါ်လေ့ ရှိတတ်သေးသဖြင့် မည်သို့ပင်ဖြစ်စေ စိတ်အစဉ်ကို သတိမလွတ်ဘဲ အချိန်ပြည့် ဘာဝနာအလုပ်ကို ကြိုးစားအားထုတ်နေကြရမည့် သဘောရှိ၏။

ကိလေသာ တရားသည် ပုထုဇဉ်မှန်သမျှကို အမြဲနှိပ်စက်နေတတ်သည့် သဘောရှိ၏။ ကိလေသာတရား ထူပြောလှသည့် ဝန်းကျင်အသိုင်းအဝိုင်းဖြစ်သည့် လူ့လောကတွင် ရှိနေကြသည့် လူသာမန်များ မဆိုထားလင့် ငြိမ်းအေးသည့် အသိုင်းအဝိုင်းဟုဆိုသည့် သာသနာ့ဝန်ထမ်း ရဟန်းတော်များသည်ပင် ကိလေသာတရားများ၏ နှိပ်စက်မှုကြောင့် တရားအလုပ် အားမထုတ်နိုင်ဘဲ ဖြစ်လေ့ရှိတတ်၏။ ထိုအချက်ကို ဘုရားရှင်၏ ညီတော်ဖြစ်သည့် နန္ဒရဟန်းက သက်သေပြလျက်ရှိ၏။ ညီတော်မင်းနန်ခေါ် နန္ဒမင်းသားသည် မင်္ဂလာဆောင်မည့် နေ့မှာပင် ဘုရားရှင်၏ ခေါ်ဆောင်သွားမှုဖြင့် ဘုရားနောက်တော်ပါးမှ ကျောင်းတော်အထိ ရောက်ရှိသွားခဲ့ရပြီး အစ်ကိုတော်ဘုရား၏ တောင်းဆိုချက်ဖြင့် မငြင်းသာ မဆန်သာ ရဟန်းဘဝကို ရောက်ရှိလာခဲ့ရသည့် ရဟန်းတော် တစ်ပါးဖြစ်၏။ သာသနာ့ဘောင်တွင် ရဟန်းဝတ်နေခဲ့ရသည့် အရှင်နန္ဒသည် အစ်ကိုတော်ဘုရားကို ကြောက်ချစ်ရိုသေသဖြင့်သာ ရဟန်းဝတ်နေခဲ့ရသော်လည်း ရဟန်းတရား အားထုတ်မှုတွင်ကား စိတ်ဝင်းစားမှု မရှိလှပေ၏။ ထိုအရှင်၏ စိတ်ထဲတွင် အမြဲမပြတ် စွဲကျန်ထပ်နေသည်ကား ဘုရားနောက်ပါးမှ ကျောင်းတော်သို့အသွား အမှာတော်ပါးလိုက်သည့် နှမတော် ဇနပဒကလျာဏီ၏ “အရှင့်သား အမြန်ပြန်ခဲ့နော်” ဟူသည့် စကားတော်ပင် ဖြစ်ပါ၏။ နန္ဒရဟန်း၏စိတ်ကို ကိလေသာ စကား၊ ကိလေသာ အသံများက အမြဲနှိပ်စက်နေသဖြင့် တရားအားထုတ်နေသော်လည်း အရှင်နန္ဒ တရားမရနိုင်ဘဲ ဖြစ်နေခဲ့ပေ၏။

ညီတော်နန္ဒ၏ အဖြစ်ကို သိရှိတော်မူနေသည့် ရှင်တော်ဘုရားသည် တစ်နေ့တွင် နန္ဒရဟန်းကိုခေါ်ကာ တန်ခိုးတော်ဖြင့် နတ်ပြန်သို့ ကြွတော်မူလေ၏။ နတ်ပြည်နတ်နန်းသို့ ကြွရာလမ်းခရီး၌ မီးလောင်ပြင် တောအုပ်တစ်ခုတွင် ထိုင်နေသည့် မျောက်အိုမတစ်ကောင်ကို တွေ့သဖြင့် ဘုရားရှင်က အရှင်နန္ဒအား “ဤမျောက်မနှင့် ဇနပဒကလျာဏီ မည်သူက အလှသာသနည်း” ဟု မေးတော်မူရာ နန္ဒမင်းသားမှာ “နှိုင်းမှနှိုင်းရက်ပေခြင်း” ဟု ယူကြုံးမရ ဖြစ်ခဲ့ရသေး၏။ တစ်ဖန်နတ်ပြည်သို့ ရောက်ပြန်သည့် အခါတွင်လည်း နတ်သမီးများကိုပြကာ ရှင်တော်ဘုရားက နန္ဒရဟန်းအား “ဤနတ်သမီးများနှင့် ဇနပဒ မည်သူက ပိုလှသနည်း” ဟု မေးတော်မူသည့် အခါတွင်ကား နန္ဒရဟန်းမှာ “နတ်သမီးများ၏ အလှနှင့်ယှဉ်လျင် သူ၏နှမ ဇနပဒမှာ လမ်းတွင်တွေ့ခဲ့ရသည့် မျောက်အိုမနှင့်သာ တူပေတော့သည်”ဟု ပြန်လည်ဖြေကြားခဲ့လေ၏။ နောက်ဆုံးတွင် ဘုရားရှင်က အရှင်နန္ဒအား နတ်သမီးများဖြင့် မက်လုံးပေးကာ တရားအလုပ်ကို ကြိုးစားအားထုတ်စေသဖြင့် အရှင်နန္ဒ ရဟန္တာ ဖြစ်သွားခဲ့လေတော့၏။

ဘုရားကျောင်းတော်တွင် ညီတော်ရဟန်း၏ အကြောင်းနှင့်ပတ်သက်၍ သံဃာတော်များ၏ စကားဝိုင်းမှာ အထူးအဆန်း ဖြစ်နေခဲ့၏။ အရှင်နန္ဒ၏စိတ်တွင် ဇနပဒကလျာဏီ မှာကြားလိုက်သည့် စကားကိုသာ ကြားယောင်နေပြီး တရားအားမထုတ်နိုင် ဖြစ်ခဲ့ရခြင်း အကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်အချင်းချင်း ဆွေးနွေးခဲ့ကြ၏။ ထို့အပြင် ယင်းအကြောင်းနှင့် ပတ်သက်၍လည်း ရဟန်းတော်များက ဘုရားရှင်ကို လျှောက်ထားကြ၏။ ထို့ကြောင့် ဘုရားရှင်က “မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေသည် ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ ဘာဝနာဖြင့် ကောင်းစွာထုံလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂသည် ထိုးဖောက်ဝင်ရောက်နိုင်၏” (ဓမ္မပဒ၊ ယမကဝဂ်၊ နန္ဒမထေရ်ဝတ္ထု) စသည့် အထက်ပါ တရားစကားကို ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။

ဤဒေသနာတော်အရ စိတ်၏ဆန်းကြယ်မှုကို ကောင်းစွာတွေ့ကြရမည် ဖြစ်ပါ၏။ စိတ်ကိုကောင်းစွာ မထိန်းသိမ်းနိုင်သဖြင့် ကိလေသာ အပူမီး လောင်မြိုက်ကြရသည့် အဖြစ်ကို သတိပြုမိကြမည် ဖြစ်ပါ၏။ စိတ်၏တွေးတော ကြံစည်မှု မနောကံ၏ အရေးပါမှုကို အလေးဂရု ပြုမိကြမည် ဖြစ်၏။ အမှန်အားဖြင့် စိတ်သာမဟုတ် ပုထုဇဉ် ပုဂ္ဂိုလ်များ ပြုလုပ်လေ့ရှိကြသည့် ကိုယ်အမူအရာ၊ နှုတ်အမူအရာ စသည့် အမူအရာများသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။ မနောကံသည် အရေးပါသည်ဟုဆိုသော်လည်း စင်စစ် အမူအရာတိုင်းသည် အားလုံးအရေးပါသည်သာ ဖြစ်ပါ၏။ ကိုယ်နှုတ်နှလုံး သုံးမျိုးလုံးတွင် သတိမယှဉ်နိုင်ပါက အကုသိုလ် ကိလေသာ ဖြစ်ဖွယ်များ ရှိနေတတ်သဖြင့် ထိုအမူအရာများကို အထူးထိန်းသိမ်း စောင့်ရှောက်ရန်လည်း လိုအပ်လှ၏။ ထိုသို့မဟုတ်ပါက မိမိတို့ ပြုလုပ်ကြသည့် အမူအရာတိုင်းတွင် အကုသိုလ် ကိလေသာများ အဖြစ်များနေကြမည်သာ ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် ထိုကိုယ်နှုတ်စိတ် အမူအရာများကို သီလ၊ သမာဓိ၊ အကျင့်တရားများဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်ကြောင်း ဖွင့်ဆိုရှင်းပြကြ၏။ ကိုယ်အမူအရာ၊ နှုတ်အမူအရာများအား ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ကိုယ်ကျင့်သီလကို အထူးပြု စောင့်ထိန်းကြရမှာ ဖြစ်သကဲ့သို့ စိတ်အမူအရာ အတွေးအကြံများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် ဘာဝနာအကျင့်ကို ကျင့်ကြံအားထုတ်ရမှာ ဖြစ်ပါ၏။ သီလစောင့်ထိန်းခြင်းသည် ကိုယ်နှင့်နှုတ်ကို အကုသိုလ်၊ အဖြစ်နည်းစေရန်၊ ဒုစရိုက်အမှု မကျူးလွန်မိစေရန် ထိန်းသိမ်း စောင့်ရှောက်ခြင်းဖြစ်ပြီး တရားဘာဝနာ ကျင့်ကြံအားထုတ်ခြင်းသည် စိတ်အမူအရာ မနောကံကို ကိလေသာအတွေးများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းမှ ကာကွယ်ရန် ထိန်းသိမ်းစောင့်ရှောက်ခြင်း ဖြစ်၏။ အထူးသဖြင့် စိတ်သည် အလွန်ထိန်းသိမ်း စောင့်ရှောက်ရန် ခက်လှသဖြင့် ထိုစိတ်ကို ကိလေသာရန်များ၏ တိုက်ခိုက်နှိပ်စက်ခြင်းမှ ကာကွယ်နိုင်ရန် ဘာဝနာအလုပ်ကို အားထုတ်စေခြင်း ဖြစ်၏။

သေချာတွေးကြည့်လျှင် စိတ်၏ အကုသိုလ် ကိလေသာများတွင် အဖြစ်များနေသည့် သဘောကို မိမိတို့ နေထိုင်ကျင်လည်နေသည့် ဘဝများတွင် အချိန်မရွေး တွေ့နိုင်ကြမည် ဖြစ်ပါ၏။ တစ်ယောက်တည်း ရှိနေလျှင်လည်း တစ်ယောက်တည်း ရှိနေသည့်အလျောက်၊ အများနှင့် ရှိနေလျှင်လည်း အများနှင့် ရှိနေသည့်အလျောက်၊ အာရုံတစ်ခုခုနောက်ကို စိတ်က လိုက်မိနေလျှင်လည်း လိုက်မိနေသည့်အလျောက် စသဖြင့် အကုသိုလ်များ ကိလေသာ တရားများက အချိန်မရွေး ဖြစ်နေတတ်သည့် သဘောရှိနေသည်ကို တွေ့ရမည် ဖြစ်ပေ၏။ ထိုသို့ အလွယ်တကူ ဖြစ်တတ်သည် အကုသိုလ် ကိလေသာတရားများ အလွယ်တကူ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ဂုဏ်တော်ပွားခြင်း၊ မေတ္တာပွားခြင်း၊ ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စသည့် သမထအကျင့်၊ ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို အရှိအတိုင်း သိမှတ်ပေးခြင်း ဝိပဿနာအကျင့် တို့ကို ကျင့်ကြံအားထုတ်ကာ စိတ်အစဉ်ကို ထိန်းသိမ်းစောင့်ရှောက် ပေးရခြင်း ဖြစ်၏။ သို့ပါလျက် တစ်ခါတရံ ဘုရားရှိခိုးရင်း၊ တရားမှတ်ရင်း၊ ဂုဏ်တော်ပွားရင်းဖြင့်ပင် အကုသိုလ်တရား၊ ကိလေသာ တရားများက ဖြစ်တတ်ကြပေသေး၏။ မည်သို့ဆိုစေ မလုပ်သည်နှင့်စာလျှင် လုပ်နေခြင်းက ကိလေသာရန်များကို ကာကွယ်ပေးနေခြင်း ဖြစ်သဖြင့် ကျင့်နိုင်သမျှ ကျင့်ကြံနေကြရမည်သာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ သမထအကျင့်၊ ဝိပဿနာ အကျင့်များဖြင့် ထိန်းသိမ်းစောင့်ရှောက် ထားခြင်းမရှိသည့် စိတ်သည် ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်ခြင်းကို အလွယ်တကူ ခံရတတ်သည့် သဘောရှိသဖြင့် မိမိတို့၏ စိတ်ကို ဘာဝနာအကျင့် တစ်ခုခုဖြင့် အမြဲမပြတ် ထုံလွှမ်းကာကွယ် ထားသင့်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ မကောင်းသဖြင့် မိုးထားအပ်သည့် အိမ်ကို မိုးရေးပေါက်သည် အလွယ်တကူ ဝင်ရောက်ထိုးဖောက်နိုင်သကဲ့သို့ ဘာဝနာအကျင့် တစ်ခုခုဖြင့် ထုံးလွှမ်းထားခြင်း မရှိသည့် စိတ်ကို ရာဂတရားသည် အလွယ်တကူ ထိုးဖောက်ဝင်ရောက် နှိပ်စက်တတ်သည့် သဘောကို သတိပြု ဆင်ခြင်ကာ ထိုသို့ မဖြစ်စေရန် မိမိတို့၏ စိတ်ကို တရားအလုပ် ကျင့်ကြံအားထုတ်ခြင်းဖြင့် ကိလေသာရန်မှ ကာကွယ်နိုင်ရန် ကြိုးစားသင့်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ကိလေသာ တရားဟူသည် အချိန်မရွေး၊ နေရာမရွေး၊ အရွယ်မရွေး ဝင်ရောက်နှိပ်စက်တတ်သည့် သဘောရှိသဖြင့် သတိမပြုမိပါက အမူအရာတိုင်းတွင် အကုသိုလ် ဖြစ်တတ်သည့် သဘောရှိသည်ကို သတိပြုဆင်ခြင်ကာ အရေးကြီးဆုံးဖြစ်သည့် မိမိတို့၏ စိတ်ကို ရာဂစသည့် ကိလေသာတရားများ၏ ထိုးဖောက်ဝင်ရောက် နှိပ်စက်မှုများမှ ကာကွယ်နိုင်ရန် သမထဘာဝနာ၊ ဝိပဿနာ ဘာဝနာ တစ်ခုခုကို အမြဲမပြတ်ပွားထုံးနိုင်အောင် ကြိုးစားကြပါဟု တိုက်တွန်းရင်း ခန္ဓာအိမ် လုံခြုံရေးအတွက် စိတ်အမိုးကို ကောင်းအောင်မိုးကြဖို့ ဘုရားတရား အငှါးပွား၍ အသိပေးစကား ပါးလိုက်ရပါသည်။

Read more »

နမော တဿနဲ့ ဗုဒ္ဓဘာသာ…

“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ဒီစကားတော်ဟာ ဗုဒ္ဓဘာသာတွေအတွက် လူတိုင်းနီးပါး ရနေတဲ့ စကားတော်လို့ ဆိုခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ပြောရရင် ဒီစကားတော်ဟာ ဘုရားရှိခိုးတဲ့ ဘုရားရှိခိုးပါပဲ။ အဓိပ္ပါယ်က “ပူဇော်အထူးကို ခံတော်မူထိုက်သော၊ အလုံးစုံသော တရားတော်တို့ကို မဖောက်မပြန် ကိုယ်တော်တိုင် ထိုးထွင်း၍ သိတော်မူသော ထိုမြတ်စွာဘုရားရှင်အား ရှိခိုးပါ၏” ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ ခက်တာက တစ်ခါတစ်လေ နှုတ်တက်ရနေ၊ ရွတ်နေပေမယ့် ဒီဘုရားရှိခိုးကို ဘုရားရှိခိုးမှန်းမသိ၊ ဘာအဓိပ္ပါယ်မှန်း မသိဘဲဖြစ်နေကြတဲ့ သူတွေရှိသလို ဘာသာရေး အခမ်းအနားတွေမှာ အခမ်းအနားအဖွင့် အနေနဲ့ ရွတ်ဆိုကြတဲ့ အခမ်းအနားအဖွင့် တစ်ခုလို့ပဲ ထင်နေတတ်တဲ့သူတွေလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အထူးသဖြင့် မြန်မာဗုဒ္ဓဘာသာတွေမှာ ဘာသာရေးနဲ့ ပတ်သက်တဲ့ အရေးအသားတွေ၊ အသုံးအနှုန်းတွေကို တစ်ခါတလေ အလေ့အကျင့်များ၊ ဆောင်ထားတာများနေလို့သာ အလွတ်ရနေ၊ မှတ်မိနေကြပေမယ့် ဘာအဓိပ္ပါယ်လဲလို့ မေးလာရင် မသိတာတွေဘဲ အဖြစ်များနေကြတာကို တွေ့ရတတ်ပါတယ်။ အစဉ်အလာအရ လုပ်နေကြပေမယ့် တစ်ယောက်ယောက်က ဘာအဓိပ္ပါယ်လဲလို့ ဆိုလာရင် ဘာမှန်းမသိဖြစ်ကာ မဖြေနိုင်ဘဲ ဖြစ်နေကြတာ များပါတယ်။ အခု ဒီနမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီးတော့လည်း လူတိုင်းအမြဲတမ်း ရွတ်ဖတ်နေကြပေမယ့် ဘာအဓိပ္ပါယ်လဲဆိုတာ တိတိကျကျ မပြောနိုင်ကြတဲ့သူတွေ အများကြီး ရှိနေတာကို သိနေရပြန်ပါတယ်။ တစ်ချို့ကလည်း ဒီ နမော တဿကို ဘယ်သူတီထွင်ထားတာလဲ၊ ဘယ်တုန်းက ပေါ်လာတာလဲ စသဖြင့် မေးလာသူတွေ ရှိပါတယ်။ တစ်ချို့ကတော့ တကယ့်ကို ဘာအဓိပ္ပါယ်မှန်း မသိသလို အဆောင်ဂါထာ တစ်ခုလိုလည်း ထင်နေတတ်ကြပြန်ပါတယ်။

တစ်လောကတောင် ဒကာလေးတစ်ယောက် ကျောင်းရောက်လာတုန်း ဟိုစကားဒီစကားပြောရင်း သူက “တပည့်တော်ကတော့ ငယ်ငယ်တည်းက အဖေသင်ပေးထားတဲ့အတိုင်း အရဟံဂုဏ်တော်နဲ့ နမော တဿကို အမြဲတမ်း ရွတ်ပွားဖြစ်ပါတယ်ဘုရား၊ ဒါပေမယ့် အဖေသင်ပေးလို့သာ အရဟံဆိုတဲ့ စကားနဲ့ တပည့်တော် ရင်းနှီးနေတာ ဘာအဓိပ္ပါယ်မှန်း မသိဘူး ဖြစ်နေတယ်၊ အဲဒါ အရဟံအကြောင်းကို တပည့်တော်ကို ရှင်းပြပေးပါဘုရား”လို့ လျှောက်လာလို့ အရဟံဂုဏ်တော်ရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးခဲ့ရပါသေးတယ်။ ပြီးတော့သူ့ကို “အရဟံဂုဏ်တော်ကိုတော့ ရှင်းပြလို့ နားလည်သွားလောက်ပြီ ထင်ပါတယ်၊ နမော တဿရဲ့ အဓိပ္ပါယ်ကတော့ သိပြီးသားဆိုတော့ ရှင်းပြဖို့ မလိုတော့ဘူး မဟုတ်လား”လို့ ထပ်မေးတော့ သူက “ဘုန်းဘုန်းဘုရား တပည့်တော် နမော တဿရဲ့ အဓိပ္ပါယ်လည်း ကောင်းကောင်းမသိပါဘူးဘုရား၊ တစ်ဆက်တည်း ရှင်းပြပေးပါ”ဆိုလို့ နမော တဿရဲ့ အဓိပ္ပါယ်ကိုပါ ရှင်းပြလိုက်ရပါသေးတယ်။ သူပြောမှပဲ သူလိုလူတွေ အများကြီး ရှိနေပါလားဆိုတာ ပိုပြီးသတိပြုမိသွားပါတယ်။ ဒါနဲ့ မဖြစ်သေးပါဘူး ဒီ နမောတဿ အကြောင်း စာလေးတစ်ပုဒ်တော့ ရေးဦးမှပဲလို့ အတွေးရပြီး အခုလို ရေးဖြစ်သွားခြင်း ဖြစ်ပါတယ်။

တကယ်တော့ ဒီ“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ဘုရားရှိခိုးဟာ ထေရဝါဒ ပိဋကတ်တော်မှာ တိုက်ရိုက်လာတဲ့ စကားတော်ပဲ ဖြစ်ပါတယ်။ ဒီမှာပါတဲ့ စကားတော်အတိုင်း ဘုရားရှင်ကို ရှိခိုးလေ့ရှိတဲ့သူတွေ ဘုရားလက်ထပ်မှာ အများကြီးရှိတယ်ဆိုတာ ပိဋကတ်တော်တွေမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ထင်းရှားတဲ့သူတွေ အနေနဲ့ ဇာဏုသောဏီ ပုဏ္ဏားကြီး (ပဏ်၊ ၁၊ ပါ၊ ၂၃၅)၊ ကောသလမင်းကြီး (ပဏ်၊ ၂၊ ပါ၊ ၃၁၄)၊ ဗြဟ္မာယု ပုဏ္ဏားကြီး (ပဏ်၊ ၃၊ ပါ၊ ၃၄၁)၊ ဓနဉ္ဇာနီ ပုဏ္ဏေးမကြီး (သံ၊ ပါ၊ ၁၆၂)၊ အာရာမဒဏ္ဍ ပုဏ္ဏား (အံ၊ ၂၊ ပါ၊ ၆၈)၊ ကာရဏပါလီ ပုဏ္ဏား (အံ၊ ၅၊ ပါ၊ ၂၀၆)၊ မဟိန္ဒမင်းကြီး (ဓမ္မ၊ ဋ္ဌ၊ ပ၊ ၆၄)၊ သိကြားမင်း (ဒီဃ၊ ၂၊ ပါ၊ ၂၃၀) စသူတို့ကို တွေ့ရမှာဖြစ်ကြောင်း ပိဋကတ်လမ်းညွှန် စာအုပ်မှာ ဖော်ပြထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါနဲ့စပ်ပြီး ကောသလမင်းကြီးရဲ့ ဘုရားရှင်ကို နမော တဿနဲ့ ရှိခိုးတဲ့အကြောင်းလေးကို အထူးပြုပြီး ဖတ်ဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို ပိဋကတ်တော်မှာတော့ ပိယဇာတိကသုတ် အနေနဲ့ မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ တစ်ခါက ဖြစ်ပါတယ်။ သားတစ်ယောက် သေဆုံးသွားတဲ့အတွက် ပူဆွေးသောက ရောက်နေတဲ့ သူကြွယ်တစ်ယောက်ဟာ မြတ်စွာဘုရားရှိရာ ဇေတဝန်ကျောင်းတော်ကို ရောက်လာခဲ့ပါတယ်။ အဲဒီသူကြွယ်ကိုကြည့်ပြီး ဘုရားရှင်က “သူကြွယ် ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊ ပြင်းစွာပူပန်ခြင်းတွေဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်လေ့ရှိတယ်၊ ချစ်ခြင်းကြောင့်ပဲ အစပျိုးခဲ့ခြင်း ဖြစ်တယ်”လို့ မိန့်တော်မူပါတယ်။ ဒါကို သူကြွယ်က “အရှင်ဂေါတမ မဖြစ်နိုင်ပါဘူး၊ ချစ်ခြင်းကြောင့်ပဲ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတွေ ဖြစ်လေ့ရှိပါတယ်”လို့ ဘုရားအဆိုကို လက်မခံဘဲ ထပြန်သွားပါတယ်။ အဲဒီသူကြွယ်ဟာ အိမ်ပြန်ရောက်တဲ့အခါမှာလည်း ဘုရားပြောတဲ့အကြောင်းကို လက်မခံနိုင်တဲ့အကြောင်း တွေ့တဲ့သူတွေကို လိုက်ပြောပါတော့တယ်။ နောက်ဆုံး ဒီအကြောင်းဟာ ကောသလဘုရင် နားထဲအထိ ရောက်သွားခဲ့ပါတယ်။ ကောသလမင်းကြီးလည်း ဘုရားမိန့်တော်မူတဲ့ အကြောင်းကို လက်မခံနိုင်ဘဲ မလ္လိကာ မိဖုရားကြီးကို ပြောဆိုပါတယ်။ မလ္လိကာက လူလွှတ်ပြီး ဘုရားထံ စုံးစမ်းခိုင်းတော့ ဘုရားရှင်ဟာ သူကြွယ်ကို ဟောလိုက်တဲ့ အတိုင်းပဲ ပြန်ဟောပြဖြစ်ခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သဘောတော်ကိုသိတဲ့ မလ္လိကာဟာ ဒီအကြောင်းနဲ့ စပ်ပြီး ကောသလမင်းကြီးကို ဥပမာပေးကာ ရှင်းပြပါတယ်။

“အရှင်မင်းကြီး ဘုရားစကား မှန်မမှန် စဉ်းစားကြည့်စေချင်ပါတယ်၊ တကယ်လို့များ အရှင်မင်းကြီး သိပ်ချစ်ရတဲ့ ဝဇိရီ သတို့သမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝါသဘခတ္တိယ မင်းသမီးပဲ ဖြစ်ဖြစ်၊ သိပ်ချစ်ရတဲ့ ဝိဋဋူဘ စစ်သူကြီးပဲ ဖြစ်ဖြစ်၊ အရှင်မင်းကြီး သိပ်ချစ်တဲ့ မိဖုရားခေါင်ကြီးဖြစ်တဲ့ ကျွန်တော်မျိုးမပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်က သေဆုံးခြင်း၊ ဖောက်ပြန်ခြင်း ဖြစ်ခဲ့မယ်ဆိုရင် အရှင်မင်းကြီး ဘယ်လိုဖြစ်မလဲ ပူပန်သောက ဖြစ်ခြင်းတွေ ဖြစ်မဖြစ် စဉ်းစားကြည့်ပါ”လို့ မေးလျှောက်တဲ့အခါ ကောသလမင်းကြီးက သိပ်ဖြစ်တဲ့အကြောင်း ဖြေကြားပါတယ်။ “မင်းကြီးအဲဒီလိုဖြစ်ခြင်းဟာ ချစ်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်၊ ဘုရားရှင်ဟာ ဒီအကြောင်းရင်း သေချာစွာ သိရှိပြီးမှာ ဒီတရားကို ဟောတော်မူတာ ဖြစ်ပါတယ်”လို့ မလ္လိကာ မိဖုရားက ကောသလမင်းကြီးကို တရားပြပေးလိုက်ပါတယ်။ မင်းကြီးဟာ မိဖုရားကြီးရဲ့ စကားကို သေချာနားလည် သဘောပေါက်သွားပြီး အလွန်ကျေးဇူးတင် ဝမ်းမြောက်လွန်းလှတဲ့အတွက် ဘုရားရှင် ရှိရာအရပ်ကို လက်အုပ်ချီပြီး “နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ”လို့ သုံးကြိမ်သုံးခါ ရွတ်ဆိုရှိခိုးရင်း ဥဒါန်းကျူးရင့်လိုက်တယ်လို့ ဆိုပါတယ်။ ဒါက ပိယဇာတိကသုတ်မှာလာတဲ့ ကောသလမင်းကြီးနဲ့ နမော တဿ ဘုရားရှိခိုးအကြောင်း တစ်စေ့တစ်စောင်းပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက နမော တဿ ဘုရားရှိခိုးနဲ့ ပတ်သက်ပြီး ပြောချင်တာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတွေ အနေနဲ့ လူတိုင်းရွတ်ဆိုနေကြ၊ ရနေကြတဲ့ ဒီနမော တဿ ဘုရားရှိခိုးဟာ ခုနောက်ပိုင်းမှ တီထွင်ဖန်တီးထားတဲ့ ဘုရားရှိခိုး မဟုတ်ဘဲ ဘုရားလက်ထက်ကတည်းက အသုံးပြုလာခဲ့တဲ့ ပိဋကတ်တော်လာ ဘုရားရှိခိုးဖြစ်တယ် ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။ သူဌေးသူကြွယ်မှစပြီး မင်းပုဏ္ဏား နတ်သိကြားများအထိ ဒီဘုရားရှိခိုးကို ရွတ်ဆိုကာ ဘုရားရှင်အား ရှိခိုးလေ့ရှိတယ်ဆိုတာ ညွန်းဆိုချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို ပိဋကတ်တော်လာ ဘုရားရှိခိုးကို ရနေရုံနဲ့ မလုံလောက်ဘဲ လေးနက်တဲ့ အဓိပ္ပါယ်ကိုပါ သိရှိအောင်လုပ်ပြီး ဘုရားရှင်ရဲ့ ဂုဏ်တော်များအထိ အာရုံပြုကာ ရှိခိုးကြဖို့ အသိပေးလိုတာ ဖြစ်ပါတယ်။

သေချာတွေးကြည့်တော့ လေးနက်တဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို လူတွေက အလွယ်တကူ ရနေပြီး အမြဲတစေ ကြားနေကြတဲ့အတွက် အလေးမမူမိဘဲ ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ ကြားပါများ၊ ရပါများတော့ ရိုးသွားကြသလို ဖြစ်ဟန်ရှိပါတယ်။ ပိုဆိုးတာက ဂုဏ်တော်အစွမ်းအပေါ် သဒ္ဓါမလွှမ်းမိကြတော့ ဘုရားရှိခိုး သက်သက်ဖြစ်နေတဲ့ ဒီ နမော တဿ ဘုရားရှိခိုးကို ဥုံတွေဘာတွေခံပြီး ရွတ်ဆိုလေ့ရှိကြတဲ့ ဂါထာ မန္တယားတွေလောက် အထင်မကြီးကြ၊ မယုံကြည်ကြတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ ဘယ်ဂါထာကို ဘယ်လိုရွတ်ရင် ဘာတွေရမယ်၊ ဘယ်လိုအောင်မြင်မယ်ဆိုတဲ့ အစွယ်အညွန်းလေးတွေ မရှိတဲ့အတွက် ဒီ နမော တဿ ဘုရားရှိခိုးကို ဒီလောက်စိတ်ဝင်းစားမှု မရှိဘဲ ဖြစ်နေကြခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အမှန်တော့ ဒီနမော တဿ ဘုရားရှိခိုးဟာ ပြောရမယ်ဆိုရင် တစ်ခြားဂါထာ အင်းအိုင်တွေထက် အဆအထောင်မက အစွမ်းထက်လှတဲ့ ဘုရားရှိခိုးပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ဘုရားရှင်ရဲ့ ဂုဏ်ကိုလွှမ်းပြီး သေသေချာချာ ကျကျနန ရွတ်ဆိုပူဇော် ရှိခိုးနိုင်မယ်ဆိုရင် ဘုရားရှင်ရဲ့ အားတွေ၊ တန်ခိုးတွေ၊ အစွမ်းတွေက ပူဇော်သူတွေကို သေချာပေါက် အကျိုးသက်ရောက်မှု ရှိစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ အချိန်ရှိတိုင်း၊ အားတိုင်း၊ အိပ်ယာထ၊ အိပ်ယာဝင်တိုင်း ဒီ နမော တဿ ဘုရားရှိခိုးကို နှလုံးသားထဲမှာ စွဲမြဲပြီး ပူဇော်နိုင်မယ်ဆိုရင် ဗုဒ္ဓါနုဿတိ ဘာဝနာဖြစ်ကာ ဗုဒ္ဓအစွမ်းတွေ၊ ဗုဒ္ဓအားတွေနဲ့ ပီတိသုခတွေ ပြည့်ဝစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘုရားရှင်ကို ဘယ်လိုပုဂ္ဂိုလ်မျိုးကမှ အန္တရာယ် အနှောက်အယှက်ဖြစ်အောင် မလုပ်နိုင်သလို အမြဲမပြတ် ဘုရားရှင်ကို ရှိခိုးနေကြတဲ့ ပုဂ္ဂိုလ်တွေကိုလည်း ဘယ်လိုပုဂ္ဂိုလ်မျိုး၊ ဘယ်လိုအန္တရာယ်မျိုးကမှ ဒုက္ခရောက်အောင် မလုပ်နိုင်တာ အမှန်ပဲ ဖြစ်ပါတယ်။ ယုံကြည်မှုနဲ့အတူ ပုံတော်ကိုမှန်းပြီး ဂုဏ်တော်လွှမ်းကာ အမြဲမပြတ် နမော တဿနဲ့ ဘုရားရှိခိုး ရွတ်ဖတ်ပူဇော်နေကြတဲ့ သူတွေအတွက် သူတော်ကောင်းများ၊ နတ်ကောင်းနတ်မြတ်များကလည်း အမြဲမပြတ် စောင့်ရှောက် နေကြမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ထေရဝါဒ ဗုဒ္ဓဘာသာတွေအနေနဲ့ နမော တဿ ဘုရားရှိခိုးဟာ အမြဲတမ်းရင်းနှီး ကျွမ်းဝင်မှု ရှိနေကြပေမယ့် အဓိပ္ပါယ်ကို မသိဘဲ ဖြစ်နေတာရယ်၊ ပိဋကတ်တော်လာ ဘုရားရှိခိုးမှန်း မသိဘဲ ဖြစ်နေတာရယ် ဥုံစတဲ့ အဆောင်ဂါထာတွေလောက် ယုံကြည်မှု မရှိတာတွေရယ်ကြောင့် ရကားရ၏ မသိ၊ ရွတ်ကားရွတ်၏ မမိဆိုသလို ဖြစ်ကာ အထင်ကြီးမှု၊ လေးစားမှု မရှိဘဲ ဖြစ်နေတတ်တာနဲ့ ပတ်သက်လို့ နမော တဿ ဘုရားရှိခိုးဟာ ဂုဏ်တော်နဲ့ အဓိပ္ပါယ်ကို သေချာလွှမ်းပြီး မျှော်လင့်ချက်မပါတဲ့ ယုံကြည်မှုနဲ့ အမြဲမပြတ် ရွတ်ဖတ်ပူဇော် ကုသိုလ်တော် ယူနိုင်မယ်ဆိုရင် အဲဒီလို သူတွေအတွက် အကောင်းဆုံး ဘုရားရှိခိုး တစ်ခုဖြစ်ပါကြောင်း ညွန်းဆိုရင်း နမော တဿနဲ့ ဗုဒ္ဓဘာသာအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါတယ်။

Read more »


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ