မရှိမကောင်း၊ ရှိမကောင်း (သို့) မရှိမကောင်း ရှိမှကောင်း…

စည်းစိမ်ဥစ္စာတွေ၊ ရာထူးဌာနန္တရတွေ၊ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေဟာ လူတွေအတွက် လိုအပ်တဲ့ အရာတွေ ဖြစ်ပါတယ်။ ရှိထားရင်ကောင်းသလို အသုံးလည်းတည့်ပါတယ်။ ဒါပေမယ့် တစ်ခါတလေ ဒီအရာတွေကြောင့်ပဲ လူတွေမှာ မကောင်းတာတွေ ဖြစ်ပေါ်နေပြီး ဒုက္ခတွေ ထပ်တိုးနေတာတွေလည်း ရှိနေပြန်ပါတယ်။ ပစ္စည်းဥစ္စာတွေဆိုတာ ရှိထားရင် ဘဝမှာ နေရထိုင်ရာတာ သက်သောင့်သက်သာ ရှိတတ်ပေမယ့် ရှိလာရင်လည်း ရှိတဲ့အလျောက် ပူရပင်ရ၊ စိုးရိမ်ကြောင့်ကြ နေရတတ်ပြန်ပါတယ်။ သိပ္ပံပညာများ တိုးတက်လာတာနဲ့အမျှ အသုံးအဆောင် ပစ္စည်းဝတ္ထုတွေကလည်း တစ်မျိုးပြီးတစ်မျိုး ဆန်းသစ်ဖြစ်ပေါ်လာနေတဲ့ ဒီနေ့ခေတ်မှာ ဒီအသုံးအဆောင် ပစ္စည်းတွေ၊ စည်းစိမ်ဥစ္စာတွေဟာ လိုအပ်လာတဲ့အပြင် ရှိထားရင်လည်း ကောင်းတဲ့အရာတွေ ဖြစ်ပါတယ်။ သို့သော် အဲဒီရှိလာတာတွေရဲ့ နောက်ကွယ်မှာ မရှိတာက ပိုကောင်းတယ်ဆိုတဲ့ အချက်ကို လက်ခံလာကြတာတွေလည်း အများကြီး ရှိနေပြန်ပါတယ်။ မရှိတာမကောင်းပေမယ့် ရှိရင်လည်း မကောင်းဘူးလို့ ဆိုလာသူတွေလည်း တဖြည်းဖြည်း များလာနေပါတယ်။

တစ်ခါက သိပ်မရှိရာကနေ အရမ်းရှိလာတဲ့ ဒကာမကြီးတစ်ယောက်နဲ့ ဟိုစပ်ဒီစပ် စကားပြောရင်း ဘုန်းဘုန်းက ဒကာမကြီးကို “ဒကာမကြီး အနေနဲ့ မရှိရာကနေ ရှိလာတော့ ဘာတွေထူးခြားသွားသလဲ၊ ဘာတွေရပြီး ဘာတွေဆုံးရှုံးသွားသလဲ” စသဖြင့် မေးကြည့်တော့ ဒကာမကြီးက “ကောင်းတာတွေလည်း ရှိတယ်၊ မကောင်းတာတွေလည်း ရှိပါတယ်ဘုရား၊ ကောင်းတာက ရှိလာတဲ့အတွက် တပည့်တော် လုပ်ချင်တဲ့ အလုပ်တွေ၊ တပည့်တော် လုပ်ချင်တဲ့ အလှူတွေ လုပ်ခွင့်ရတယ်၊ လူ့ဘဝမှာ သက်သောင့်သက်သာ နေရတယ်ဘုရား၊ မကောင်းတာကတော့ တပည့်တော်မှာ ဒီရှိလာတဲ့အရာတွေ အပေါ်မှာ ပျောက်ပျက်သွားမှာ၊ ကုန်ဆုံးသွားမှာ ပိုပြီးစိုးရိမ်ကြောက်ရွံ့လာတာပဲ ဘုရား၊ ပြီးတော့ ပိုပြီးသိသိသာသာ ဖြစ်လာတာက တပည့်တော် အရင်ကထက် လိုချင်တဲ့လောဘတွေ များလာတဲ့အချက်ပဲ ဖြစ်ပါတယ်၊ အရင်ကဆို အတိုင်းအတာ တစ်ခုလောက် ရလာရင်ကိုပဲ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သိမ့်နိုင်ပေမယ့် အခုတော့ နည်းနည်းလေးဆိုရင် ရတယ်လို့ကို မထင်တော့ဘဲ အချီကြီးတွေမှပဲ လိုချင်နေတော့တာ ဖြစ်ပါတယ်ဘုရား၊ ခပ်ကြွားကြွားလေး ပြောရရင်တော့ လောဘအသေးစားလေးတွေကို ပယ်လာတဲ့ သဘောများလားလို့တောင် ထင်မိပါတယ်၊ အမှန်တော့ လောဘအသေးစားကို ပယ်တာမဟုတ်ဘဲ နည်းရင်မလိုချင်တဲ့ လောဘအကြီးစားကြီးကို ပိုင်ဆိုင်နေတော့တာ ဖြစ်ပါတယ်၊ အဆိုးဆုံးက တပည့်တော် ရရှိလာတဲ့ အရာတွေအပေါ်မှာ သံယောဇဉ်တရားတွေနဲ့ ဘယ်တော့ပျက်ပျက်သွားမလဲဆိုတဲ့ စိုးရိမ်မှုနဲ့ အမြဲတမ်း ကြောင့်ကျပူပန် နေရတာပါပဲဘုရား၊ တပည့်တော် အခုတဖြည်းဖြည်း သဘောပေါက်လာတာက စည်းစိမ်ဥစ္စာ၊ ရာထူးဌာနန္တရတွေဟာ မရှိတာထက်၊ ရှိတာကပိုပြီး ပူပန်ကြောင့်ကျ စိုးရိမ်ရတယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်ဘုရား” စသဖြင့် လျှောက်ထားသွားပါတယ်။

ဟုတ်ပါတယ်။ ဒကာမကြီး ပြောသွားသလိုပါပဲ။ လူတွေရဲ့ လောဘဆိုတာကလည်း သိတဲ့အတိုင်း ရှိပြီးရင်းရှိချင်၊ ရပြီးရင်း ရချင်နေတော့တာ ဖြစ်ပါတယ်။ အရမ်းချမ်းသာနေတဲ့ သူတွေကို သွားမေးကြည့် နောက်ထပ်ဒီထက်ပိုပြီး ချမ်းသာချင်သေးလား၊ ဒီထက်ပိုပြီး ရချင်ရှိချင်သေးလားဆိုရင် ချမ်းသာချင်တယ်၊ ရချင်ရှိချင်တယ်လို့ပဲဖြေမှာ အသေအချာပဲ ဖြစ်ပါတယ်။ လိုချင်တဲ့ အတိုင်းအတာကို ရလာတော့လည်း ကျေနပ်သွားလား၊ စိတ်ချမ်းသာသွားလားဆိုတော့ မကျေနပ်ပြန်၊ စိတ်မချမ်းသာပြန်ဘူး ဖြစ်နေတတ်ပါတယ်။ မကျေနပ်တာက လိုချင်မှုတွေက ရပ်မသွားလို့ပဲဖြစ်ပြီး ရလာတဲ့အပေါ်မှာ စိတ်မချမ်းသာတာကတော့ ရှိလာတာနဲ့အမျှ စိုးရိမ်ပူပန်မှုတွေက ပိုများလာလို့ပဲ ဖြစ်ပါတယ်။ မရှိတော့လည်း ရှိချင်၊ ရှိလာပြန်တော့လည်း ထပ်ရှိချင်၊ ထပ်ရှိလာတာနဲ့အမျှ ထပ်ပူပင်တာတွေပဲ အဖြစ်များနေတဲ့အတွက် သေချာတွေးကြည့်တော့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာ အဖြာဖြာတွေဟာ မရှိရင်လည်းမကောင်း၊ ရှိရင်လည်းမကောင်းဘူးဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။

အမှန်တော့ ပုထုဇဉ်သဘာဝ လိုချင်ရချင် ရှိချင်နေတာတွေကတော့ ရှိနေကြမှာပဲ ဖြစ်ပါတယ်။ လိုချင်တပ်မက်မှု လောဘဆိုတာက ရဟန္တာဖြစ်မှပဲ အကြွင်းမဲ့ ပယ်သတ်နိုင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလိုချင်တပ်မက်မှုကို ကိုယ်ကအတိုင်းအတိုင် တစ်ခုနဲ့ ကန့်သတ်ထားနိုင်အောင်တော့ ကြိုးစားရမှာ ဖြစ်ပါတယ်။ လောဘကို အကန့်လေးနဲ့ ထားပေးဖို့တော့ လိုပါတယ်။ မဟုတ်ရင် ရပြီးရင်းရချင်၊ ရှိပြီးရင် ရှိချင်ရာက အဲဒီလောဘရဲ့ သားကောင်ဖြစ်လာပြီး ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ မတရားလိုချင်တဲ့ ဝိသမလောဘတွေအထိ ဖြစ်လာကာ ဒီဝိသမလောဘက ကိုယ့်ကိုဒီဘဝမှာကော သံသရာမှာပါ ဒုက္ခဖြစ်စေမှာ ဖြစ်ပါတယ်။ မတရားလိုချင်တဲ့ ဝိသမလောဘ ဦးစီးလာရင် အမှားအမှန်ကိုလည်း မခွဲခြားတတ်တော့တဲ့အပြင် ကုသိုလ်တရားတွေနဲ့လည်း လွဲလာတတ်ကာ ရရှိလာတဲ့ အပေါ်မှာလည်း ရောင့်ရဲတင်းတိမ်ခြင်းမရှိ၊ ရရှိလာတာတွေ အပေါ်မှာလည်း စိုးရိမ်ပူပန် ကြောင့်ကျမှုတွေအထိ ဖြစ်လာတတ်တဲ့ သဘောရှိပါတယ်။ ဒီလို ဖြစ်လာပြီဆိုရင် လူဟာ လူစိတ်ပျောက်ကာ လူ့ကျင့်ဝတ်ပါ မရှိဘဲ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ဖို့ လိုချင်တပ်မက်မှု လောဘကို အကန့်တစ်ခုနဲ့ ထိန်းကြဖို့ သတိပေးကြခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား လောကမှာ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရတွေဆိုတာ မရှိလည်းမကောင်း၊ ရှိလည်းမကောင်းတဲ့ အရာတွေဆိုတာ အမှန်ဖြစ်ပေမယ့် လောကမှာ မရှိရင်မကောင်း ရှိမှကိုကောင်းတဲ့ အရာတွေ ရှိနေတယ်ဆိုတဲ့ အချက်ကလည်း ရှိနေပြန်ပါတယ်။ မရှိရင်မဖြစ် ရှိမှကို ဖြစ်ရမှာဖြစ်သလို ရှိလာတာနဲ့အမျှ ကောင်းကျိုးတွေကို ပိုမိုဖြစ်စေတဲ့ အရာတွေကလည်း ရှိနေတဲ့အချက်ပဲ ဖြစ်ပါတယ်။ အဲဒီအရာတွေကတော့ ကုသိုလ်တရားတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ကိုယ်ကျင့်သီလပေါ့။ ကိုယ်ကျင့်သီလဟာ သတ္တဝါတွေအတွက် မရှိရင် ကောင်းကိုမကောင်းတဲ့ အရာပဲဖြစ်ပြီး ရှိထားရင်တော့ ရှိထားသလောက် အကောင်းဆုံးပဲ ဖြစ်ပါတယ်။ သီလမရှိရင် ပစ္စုပ္ပန်မှာလည်း ကောင်းမှာမဟုတ်သလို သံသရာမှာလည်း ကောင်းမှာမဟုတ်ပါဘူး။ သီလရှိထားလို့ကတော့ ဒီဘဝနောင်ဘဝမှ နောက်ဆုံး နိဗ္ဗာန်အထိကို ကောင်းနေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် လောကမှာ မရှိရင် မကောင်း၊ ရှိမှကို ကောင်းတဲ့အရာဟာ ကုသိုလ်တရား၊ အထူးသဖြင့် သီလတရားပဲလို့ ဆိုကြခြင်း ဖြစ်ပါတယ်။

ဘာဖြစ်လို့ သီလတရားဟာ ရှိထားရင်အကောင်းဆုံးလို့ ဆိုရတာလဲဆိုတော့ သီလရှိနေတဲ့သူတွေဟာ ဖြစ်ရာဘဝတိုင်းမှာ အရာရာ ကောင်းနေကြလို့ပဲ ဖြစ်ပါတယ်။ သီလရှိထားရင် ရှိထားတာနဲ့အမျှ ဒီဘဝမှာလည်း ကောင်းနေမှာဖြစ်ပြီး နောင်ဘဝ သံသရာမှသည် နိဗ္ဗာန်အထိအောင် ကောင်းနေကြတော့မှာ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဖွင့်တွေအရ သီလရှိထားတဲ့သူတွေဟာ
၁။ ကောင်းသတင်းနဲ့ အသက်ရှင်နေရခြင်း
၂။ မမေ့မလျော့ခြင်းဆိုတဲ့ အကြောင်းကြောင့် စည်းစိမ်ဥစ္စာများ ယုတ်လျော့ပျက်စီးမှု မရှိခြင်း
၃။ ဘယ်လိုပရိတ်သတ်ထဲမဆို ရဲရဲဝံ့ဝံ့ ဝင်ရောက်နေထိုင် သွားလာနိုင်ခြင်း
၎။ သေခါနီးကာလမှာ တွေဝေငြီးငြူခြင်းမရှိဘဲ သေရခြင်း
၅။ သေပြီးနောက်မှာလည်း အပါယ်လေးပါးမှလွတ်ကာ သုဂတိဘုံဝမှာ ဖြစ်ရခြင်း
ဆိုတဲ့ အကျိုးတရား ငါးမျိုးကို ခံစားရမှာဖြစ်ကြောင်း နားလည်မှတ်သား နိုင်ပါတယ်။ ဒါကြောင့် ဒီလို ပစ္စုပ္ပန် သံသရာ ကောင်းကျိုးတွေကို ဖြစ်စေတတ်တဲ့အတွက် ကိုယ်ကျင့်သီလဟာ မရှိရင် မကောင်းဘဲ ရှိထားရင်၊ စောင့်ထိန်းထားရင်တော့ ရှိထားသမျှ၊ စောင့်ထိန်းထားသမျှ ကောင်းနေမှာပဲလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဆိုလိုတာက လောကလူသားများ တောင့်တလေ့ရှိ၊ လိုချင်တပ်မက်မှု ရှိလေ့ရှိကြတဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေဆိုတာ အတိုင်းအတာ တစ်ခုအနေဖြင့် ရှိထားရင် ကောင်းပေမယ့် အတိုင်းအတာကို ကျော်လွန်တဲ့အထိ ဖြစ်လာခဲ့ရင် ရှိတာထက်၊ မရှိတာကမှ ပိုကောင်းနေတဲ့ သဘောရှိတတ်ပြီး မရှိလို့ပူရတာထက် ရှိလို့ပူရတာက ပိုပြီးပင်ပန်းမှုကို ဖြစ်စေတဲ့အတွက် ဒီအရာတွေဟာ မရှိမကောင်း၊ ရှိမကောင်းတဲ့ အရာတွေပဲလို့ ဆိုခြင်းဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ကုသိုလ်တရား၊ ဒါန၊ သီလ၊ ဘာဝနာ တရားတွေကတော့ မရှိရင်မကောင်း၊ ရှိထားမှကို ကောင်းတဲ့အရာတွေ ဖြစ်နေပြီး အထူးသဖြင့် သီလတရားကတော့ မရှိမဖြစ် ရှိကိုရှိရမယ့်၊ ရှိထားရင် ရှိထားတာနဲ့အမျှ အကောင်းတွေကို ဖြစ်စေမယ့် အစစ်အမှန် သဘာဝဓမ္မပဲ ဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။

စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေဟာ ရှိထားရင် ကောင်းတယ်ဆိုတာထက် အဲဒီအရာတွေ အပေါ်မှာ သတိမကပ်နိုင်ရင် ရှိထားတာနဲ့အမျှ စိုးရိမ်ကြောင့်ကျ ပူပန်သောကကို ဖြစ်စေပေမယ့် ကိုယ်ကျင့်သီလစတဲ့ ကုသိုလ်တရားတွေကတော့ ရှိထားရင် ရှိထားသလောက် သောကကင်းစေ၊ စိုရိမ်ပူပန်မှုကင်းစေ၊ ယုံကြည်မှု သဒ္ဓါခိုင်မြဲမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ ဘဝအဖြာဖြာမှာ ကောင်းတာတွေပဲ ဖြစ်စေနိုင်တဲ့အတွက် စည်းစိမ်ဥစ္စာ ရထူးဌာနန္တရတွေ ရှိပြီးရင်ရှိအောင် ကြိုးစားကြတာထက်စာရင် သီလစတဲ့ ကုသိုလ်တရားများ တိုးပွားသထက် တိုးပွားအောင် ကြိုးစားတာက အကောင်းဆုံးပဲ ဖြစ်တယ်ဆိုတာ သိစေလိုရင်း ဖြစ်ပါတယ်။

ဒါကြောင့် လောကလူသားများ အနေနဲ့ လောကမှာ မရှိမကောင်း ရှိမကောင်းဖြစ်တဲ့ ရာထူးဂုဏ်သိန် စည်းစိမ်ဥစ္စာတွေနောက်ကို တကောက်ကောက်လိုက်ရင်း ရှိလာတာနဲ့အမျှ စိုးရိမ်ကြောင့်ကြမှုကို ဖြစ်စေ၊ ပစ္စုပ္ပန် သံသရာ မကောင်းကျိုးကို ဖြစ်စေကြတာထက်စာရင် ရှိထားရင် ရှိထားတာနဲ့အမျှ ဘဝတိုင်းမှာ အကောင်းဆုံးကို ဖြစ်စေတတ်တဲ့ ကိုယ့်ကျင့်တရား၊ ကုသိုလ်တရားများနောက်ကို လိုက်ပြီး ကိုယ့်ဘဝကို အဆင့်အမြင့်ဆုံးနဲ့ အကောင်းဆုံးကို ဖြစ်စေကြတာက တဒင်္ဂခဏမှသည် နိဗ္ဗာန်အထိ ကြည့်တတ်တဲ့ အတိုမပြု အရှည်ရှုတဲ့ သဘောဖြစ်တဲ့အတွက် မရှိမကောင်း ရှိမကောင်းဖြစ်တတ်တဲ့ သူအဖြစ်မှ မရှိရင်မကောင်း ရှိမှကိုကောင်းစေတဲ့ သူအဖြစ်သို့ ရောက်အောင် ကုသိုလ်တရားများကိုသာ ရသမျှ ကြိုးစားကြပါလို့ စေတနာထား မေတ္တာအားဖြင့် အလေးဂရု တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
အားလုံး မရှိမကောင်း ရှိမှကောင်းတဲ့ အရာများနဲ့ ပြည့်နေသူများ ဖြစ်ကြပါစေ။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ