လောဘ..? ဆန္ဒ..?

ကိလေသာ ဆယ်ပါးတွင် လောဘသည် တစ်ပါးအပါအဝင်ဖြစ်၏။ လောဘသည် သတ္တဝါများအား ပူလောင်မှုကို ဖြစ်စေသဖြင့် ထိုလောဘကို ပယ်သတ်နိုင်ရန် ကြိုးစားရမည် ဖြစ်ကြောင်းကိုလည်း ဗုဒ္ဓဘာသာအများ လက်ခံထားကြ၏။ သို့သော် အချို့က ထိုလောဘ၏ သဘောအမှန်ကို မသိကြသဖြင့် သို့လောသို့လော သံသယများ ရှိနေတတ်ကြ၏။ လောဘ၏ သဘောလက္ခဏာနှင့် စပ်လျဉ်း၍ လိုချင်တပ်မက်မှုကို လောဘဟုဆိုကြောင်း ဖွင့်ဆိုသဖြင့် လောဘနှင့် ပတ်သက်သည့် မေးခွန်းများကို အများအပြား အမေးခံရဖူး၏။ အချို့က “ကုသိုလ်လိုချင်ခြင်းသည် လောဘဖြစ်မဖြစ်၊ ဒုက္ခငြိမ်းလိုခြင်းသည် လောဘဖြစ်မဖြစ်” စသည်ဖြင့် မေးလာကြသကဲ့သို့ အချို့လည်း “အဲဒီလိုဆိုရင် နိဗ္ဗာန်လိုချင်တာလည်း လောဘပဲ မဟုတ်ဘူးလား ဘုရား”ဟု မေးလာတတ်ကြ၏။ လောဘကို ပယ်သတ်ရမည်ဆိုသဖြင့် “ကုသိုလ်လိုချင်မှု၊ ဒုက္ခငြိမ်းလိုမှု၊ တရားလိုချင်မှု စသည်များကိုလည်း ပယ်ရမလိုဖြစ်ကာ ထိုအလုပ်များကို မလုပ်ဘဲ နေရမလို ဖြစ်နေကြောင်း” အချို့က ဆိုတတ်ကြ၏။ ဤသို့ဖြင့် စာရေးသူမှာလည်း စာရေးသူထံ ရောက်လာကြသည့် ထိုသို့ သို့လောသို့လော သံသယများဖြင့် မေးလာကြသည့် မေးခွန်းရှင်များအား “ထိုသဘောသည် လောဘမဟုတ်ကြောင်း၊ ဆန္ဒသာ ဖြစ်ကြောင်း” စသည်ဖြင့် ဖြေကြားပေးရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း တင်ပြပေးရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်ပါ၏။

စင်စစ် စာပေအဖွင့်များကို ကြည့်ပါက လောဘနှင့်ဆန္ဒသည် တခြားစီသာ ဖြစ်ပါ၏။ လောဘ၏ သဘောသည် လိုချင်ခြင်း သဘောရှိသကဲ့သို့ ဆန္ဒ၏ သဘောသည်လည်း လိုချင်ခြင်း သဘောရှိသည် မှန်သော်လည်း လောဘ၏ လိုချင်မှုသည်ကား ကာမဂုဏ်ဆိုင်ရာများတွင် လိုချင်မှုဖြစ်ပြီး ဆန္ဒ၏ လိုချင်မှုသည်ကား ကောင်းသည့်အရာများတွင် လိုချင်မှုမျိုး ဖြစ်၏။ ထိုကြောင့် လိုချင်မှု သဘောသဘာဝအားဖြင့် တူသည်ဟုဆိုသော်လည်း ကာမဂုဏ်အာရုံများတွင် လိုချင်မှုများကိုကား လောဘဟုဆို၍ ကုသိုလ်ကောင်းမှုများတွင် လိုချင်သည့် သဘောကိုကား ဆန္ဒဟု ဆိုခြင်းဖြစ်ပါ၏။ လောဘ၏ လိုချင်မှုသည် စွဲလမ်းခြင်း ကပ်ငြိခြင်း သဘောများ လွှမ်းမိုးထားသော်လည်း ဆန္ဒ၏လိုချင်မှုသည် ပြုလိုချင်း ရယူလိုခြင်း သက်သက်သာ ဖြစ်၏။ ထိုကြောင့် ကာမဂုဏ်အာရုံများတွင် မရမကလိုချင်မှု၊ ရပြီးရင်းရလိုရင်း သဘောဖြင့် လိုချင်မှု၊ ရလာသည့် အရာများတွင်လည်း တွယ်တာကပ်ငြိထားလိုမှု သဘောမျိုးကို လောဘဟုဆိုပြီး နိဗ္ဗာန်ကိုလိုချင်မှု၊ တရားကိုလိုချင်မှု၊ စာပေတတ်ချင်မှု၊ ဆင်းရဲသူများအား ပေးကမ်းလို၊ အလှူဒါနပြုလို၍ ပစ္စည်းဥစ္စာကို လိုချင်မှု စသည့် ကောင်းသောအရာများ၌ လိုချင်မှု သဘောမျိုးကိုကား ဆန္ဒဟုသာ ဆိုခြင်း ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောဘကို အခြားဝေါဟာရ အသုံးအနှုန်းများဖြင့်လည်း ဖွင့်ဆိုရှင်းပြကြ၏။ လောဘကို ချစ်ခင်ခြင်း ပေမဟုလည်းကောင်း၊ တပ်မက်ငတ်မွတ်ခြင်း တဏှာဟုလည်းကောင်း၊ တွယ်တာခြင်း သမုဒယဟုလည်းကောင်း၊ ကာမဂုဏ်အာရုံ မေထုန်အမှုများတွင် အလွန်လိုလား စွဲလန်းခြင်း ရာဂဟုလည်းကောင်း စသည်ဖြင့် အမည်အမျိုးမျိုးဖြင့် ဥပမာပေးထား၏။ မိဘသားသမီး၊ ဇနီးမယား၊ သမီးသား၊ ညီအစ်ကို မောင်နှစ်မ၊ ဆွေမျိုးသားချင်းတို့၌ ချစ်ခင်ခြင်းမျိုးကို ပေမဟုဆိုကာ ထိုချစ်ခြင်းကိုပင် သံယောဇဉ်ဟု ဆိုခြင်းဖြစ်၏။ ထိုသံယောဇဉ်သည် ကြိုးဖြင့်ချည်နှောင် ထားသကဲ့သို့ မကွဲမကွာ ဖြစ်နေလိုခြင်း သဘောရှိ၏။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့ဟူသော ဤငါးပါးကို လူအများ လိုလားအပ်သောကြောင့် ကာမဂုဏ်ဟုဆိုကာ ထိုကာမဂုဏ်သည် သာမာန်လိုချင်မှုမျိုး မဟုတ်ဘဲ အငန်းမရ လိုချင်မှုမျိုးဖြစ်သဖြင့် ထိုလိုချင်မှုမျိုးကို တဏှာဟုဆို၏။ ထိုကာမဂုဏ်ငါးပါးတွင် အတွေ့အာရုံ မေထုန်အမှု၌ အလွန်လိုလားခြင်းကို ရာဂဟုဆိုပြီး ထိုရာဂတွင် ငြိကပ်ခြင်း၊ စွဲလမ်းခြင်း သဘောများ ပါဝင်နေပေ၏။ ထိုသို့ တဏှာပေမရာဂစသည့် သဘောများ လွှမ်းမိုးပါဝင်ထားသဖြင့် ကာမဂုဏ်စသည့် အရာများတွင် လိုလားတပ်မက်မှုမျိုး၊ လိုချင်တောင့်တမှုမျိုးကို လောဘဟုဆိုခြင်း ဖြစ်ပါ၏။

ဆန္ဒနှင့်ပတ်သက်၍ကား ဆန္ဒသည် အာရုံတစ်ခုခုကို ပြုလိုခြင်း ရယူလိုခြင်းသဘော သက်သက်မျှသာ ဖြစ်ကြောင်း ဖွင့်ဆိုရှင်းပြ၏။ ထိုဆန္ဒ၏ သဘောသည် သတ္တဝါများတွင် အလွန်ထင်ရှားလှ၏။ ဥပမာအားဖြင့် ကလေးငယ်သည် ဖခင်လက်မှ မိခင်လက်သို့ လိုက်ချင်သဖြင့် လက်လှမ်းမှုသည် အခြားကြီးမားသည့် တပ်မက်တွယ်တာ ကပ်ငြိမှုသဘော မရှိဘဲ လိုက်ချင်မှု သက်သက်သာ ဖြစ်သဖြင့် ထိုသဘောသည် ဆန္ဒသာ ဖြစ်ပါ၏။ တစ်နေရာသို့ သွားချင်လာချင်၊ တစ်စုံတစ်ယောက်ကို တွေ့ချင်မြင်ချင်၊ ကြားချင်နာချင်၊ နမ်းချင်စားချင်၊ ကိုင်ချင်ထိချင်၊ တတ်သိနားလည်ချင် စသည့် သဘောမျိုးသည် ဆန္ဒ၏ သဘောမျိုးသာ ဖြစ်၏။ ထို့အတူ နိဗ္ဗာန်လိုချင်၊ အဂ္ဂသာဝက မဟာသာဝကဖြစ်ချင်၊ ဘုရားဖြစ်ချင်၊ ရှင်ဘုရင်ဖြစ်ချင်၊ သူဌေးဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်၊ ရသေ့ရဟန်းပြုချင်၊ လှူဒါန်းချင်၊ ဥပုသ်စောင့်ချင်၊ ကုသိုလ်ရချင် စသည့် ဖြစ်ချင်မှု မှန်သမျှသည်လည်း အားလုံး ဆန္ဒပင် ဖြစ်ပါ၏။ ဆန္ဒ၏ သဘောသည် ဖြစ်လိုချင်မှု စိတ်ဆန္ဒသက်သက်သာ ဖြစ်၏။ လောဘကဲ့သို့ အငန်းမရ တွယ်တာနေမှုမျိုး မဟုတ်လှပေ။ စင်စစ် ကောင်းသည့်အရာများတွင် ဤသို့သော အာသာဆန္ဒမျိုးကို အရင်းခံထားမှသာ ဝိရီယစိုက်ပြီး အားထုတ်ကာ လိုချင်သည့်ပန်းတိုင်ကို လှမ်းကိုင်နိုင်မည် ဖြစ်သဖြင့် ထိုဆန္ဒသည် သတ္တဝါများတွင် ရှိသင့်သည့် သဘောပင် ဖြစ်၏။ ထိုသို့သော အာသာဆန္ဒမျှ မရှိလျှင် ဘုရားရဟန္တာစသည့် သူတော်ကောင်းများလည်း ပွင့်ထွန်းပေါ်ပေါက်လာရန် အကြောင်းမရှိလှပေ။ ထိုသူတော်ကောင်းများထံတွင် ရှိသည့် အာသာဆန္ဒသည် တပ်မက်တွယ်တာ၊ စွဲလန်းကပ်ငြိတားသည့် လောဘမျိုးမဟုတ်ဘဲ ပြုလိုရုံ ရလိုရုံသက်သက်သာ ဖြစ်သည့် ဆန္ဒမျိုးသာ ဖြစ်ပါ၏။

ဆိုလိုသည်မှာ လူအတော်များများက တစ်စုံတစ်ခုကို ပြုလိုမှု၊ ရလိုမှု စသည့် လိုချင်ရချင်သည့် အရာမှန်သမျှသည် “လိုချင်”ဟူသော ဝေါဟာရသဘောများ ပါဝင်နေသဖြင့် လောဘဟုနားလည်ထားကြသည့် ထိုနားလည်မှုသည် စင်စစ်အားဖြင့် လောဘနှင့်ဆန္ဒသဘောကို ကွဲပြားစွာ နားလည်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ဆိုလိုရင်း ဖြစ်ပါ၏။ ဖြစ်ချင်၊ ရချင်၊ သိချင်တတ်ချင် စာသည့် ‘ချင်’ ဟူသည့် သဘောအဓိပ္ပါယ်များ ပါဝင်တိုင်း လောဘဟု သတ်မှတ်၍ မရဘဲ ကာမဂုဏ်အာရုံများတွင် တွယ်တာကပ်ငြိကာ အငမ်းမရ လိုပြီးရင်းလိုနေကြသည့် သဘောမျိုးသည်သာ လောဘသဘောမျိုး သက်ရောက်ပြီး ကောင်းသည့်စိတ်စေတနာဖြင့် ကောင်းသည့်အရာများတွင် ရယူချင်၊ လုပ်ပေးချင်၊ လွတ်မြောက်ချင်၊ ကယ်တယ်ပေးချင်၊ ထွက်မြောက်ချင် စသည့် “ချင်ခြင်း”များသည်ကား ဖြစ်ချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသဘောမျိုးသာ ဖြစ်ကြောင်း သိစေလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် အပြောအဆိုအသုံးအနှုန်းနှင့် စိတ်စေတနာများတွင် “ချင်၊ လို” စသည့် သဘောများပါနေလျှင် လောဘဟုသာ ထင်နေတတ်ကြသည့် ဗုဒ္ဓဘာသာ မြန်မာများအနေဖြင့် ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ ချင်တိုင်းလိုတိုင်း လောဘမဟုတ်ဘဲ ကောင်းသည့်အရာများတွင် ဖြစ်ပေါ်တတ်သည့် ချင်လိုစသည်များကား တွယ်တာကပ်ငြိထားခြင်း မရှိဘဲ ဖြစ်ချင်လိုချင်ရချင်မှု သက်သက်သာရှိသည့် ဆန္ဒသာ ဖြစ်သည်၏ အဖြစ်ကို သဘောပေါက် နားလည်ကာ ထိုသို့သော ကောင်းသည့်ဆန္ဒများကို အခြေတည်ကာ ဝိရီယ၊ ပညာ၊ သတိတရားများဖြင့် ကောင်းသည့်အရာများမှသည် နိဗ္ဗာန်အထိ ရရှိအောင်သာ ကြိုးစားရမည်သာ ဖြစ်ပါ၏။ လောဘ၏လိုချင်မှုသည် ပူလောင်မှုကို ဖြစ်စေပြီး ဆန္ဒ၏ လိုချင်မှုသဘောသည်ကား ငြိမ်းအေးမှုကို ဖြစ်စေသဖြင့် လောဘကိုပယ်ပြီး ဆန္ဒကို အရင်းတည်ကာ ပစ္စုပ္ပန်သံသရာ ကောင်းစေမည့် အလုပ်များကိုသာ ဝိရိယစိုက်၍ ကြိုးစားလိုက်ကြပါရန် တိုက်တွန်းရင်း လောဘနှင့်ဆန္ဒအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြလိုက်ရပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ