ပြိတ္တာအကြောင်း တစ်စေ့တစ်စောင်း…

ပြိတ္တာနဲ့ ပတ်သက်ပြီးတော့ မေးထားတဲ့ အမေးလေးတွေကို ပြန်ဖြေပေးဖို့ အကြွေးတင်နေတာ အတော်ကြာပြီ ဖြစ်ပါတယ်။ ခုတော့ မဖြစ်တော့ဘူးဆိုပြီး အချိန်ယူကာ ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် မြန်မာများနဲ့ အလွန်ရင်းနှီးနေပြီးဖြစ်တဲ့ ဒီပြိတ္တာများအကြောင်းကို ပိဋကတ်သုံးပုံ ပေတဝတ္ထုပါဠိတော်မှာ သင်္ဂါယနာတင် မထေရ်များက မှတ်တမ်းတင်ထားတာကို တွေ့ရပါတယ်။ ဝိမာနဝတ္ထု၊ ပေတဝတ္ထုအဖြစ် မှတ်တမ်းတင်ထားတဲ့ ဒီပါဠိတော်မှာ ပေတဆိုတဲ့ စကားနဲ့ ပြိတ္တာတွေအကြောင်းကို ဖွင့်ဆိုရှင်းပြထားပါတယ်။ လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတလို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကိုဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။

စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်လို့ခေါ်တဲ့ အပါယ်သတ္တဝါ လေးပါးထဲမှာပါဝင်တဲ့ လူ့ပြည်လောကအတွင်းမှာပဲ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်း ပေးကမ်းလှူဒါန်းခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တာမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့ သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထောင်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိ မကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်း အများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ ဆိုပါတယ်။

ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုအဋ္ဌကထာ ဓနပါလသေဋ္ဌိ ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ ဖောက်ပြန်တဲ့ဆံအမွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုံးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှ မရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း” စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစား များသလောက် ခံစားရပုံချင်းလည်း မတူညီလှပါဘူး။

သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့်များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်း မှတ်သားရပါတယ်။ အဲဒီလေးမျိုးက
၁။ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ
၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ
၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ
၎။ အသုရကာယ်လို့ သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ
တို့ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။

ဒီပြိတ္တာအမျိုးအစား လေးမျိုးအပြင် လောကပညတ္တိကျမ်း၊ ဆဂတိဒီပနီကျမ်းတွေမှာလည်း ပြိတ္တာအမျိုးမျိုး အကြောင်းကို ဖွင့်ပြထားတာကို တွေရပြန်ပါတယ်။ အဲဒီကျမ်းများအရ ပြိတ္တာအမျိုးအစား (၁၂)မျိုးကို မှတ်သားရပါတယ်။ ဟိမဝန္တာတောင်ဘေးရှိ ဂိဇ္ဈကုဋ်တောင်မှာ ပြိတ္တာအမျိုးမျိုး တည်ရှိနေပြီး အရေအတွက်အားဖြင့် (၁၂)မျိုးအထိ ရှိနေကြောင်း ဖွင့်ပြပါတယ်။ အဲဒီ ပြိတ္တာအမျိုးအစားများက
၁။ အစာရေစာ အလွန်ငတ်မွတ်ကာ ဘယ်သောအခါမှ ထမင်းဘောဇဉ် စတဲ့အစားအစာများကို စားသောက်ရခြင်း မရှိဘဲ သူတပါးတို့ စွန့်ပစ်ထားတဲ့ တံတွေးနှပ်အန်ဖတ်တွေကိုသာ စားသောက်ရတဲ့ ဝန္တာသပြိတ္တာမျိုး
၂။ လူကောင်ပုတ်၊ ခွေးကောင်ပုတ်၊ မြွေကောင်ပုတ်စတဲ့ အကောင်ပုတ်များကို ရတဲ့အခါ စားရပြီး မရတဲ့အခါ မစားရဘဲ ငတ်မွတ်နေရတတ်တဲ့ ကုဏပါသပြိတ္တာမျိုး
၃။ မစင်ကိုသာ စားသုံးရတဲ့ ဂူထခါဒကပြိတ္တာမျိုး
၎။ နေ့ညဉ့်ပတ်လုံး ခံတွင်းမှ မီးလျှံများထွက်ကာ အပူလောင်ခံနေရတဲ့ အဂ္ဂိဇာလမုခပြိတ္တာမျိုး
၅။ ခန္ဓာကို အလွန်ကြီးပြီး ပါးစပ်မှာ အပ်နဖားပေါက်လောက်ပဲရှိကာ အစာရေစာကို ပါးစပ်က မသွင်းနိုင်ဘဲ နှာခေါင်းနားရွက်စတဲ့ အပေါက်တွေက သွင်းနေရပေမယ့် အမြဲမပြတ် စာလောင်မွတ်သိပ်နေရတဲ့ သူစိမုခပြိတ္တာမျိုး
၆။ ရေငတ်မွတ်မှု တဏှာဖြင့် နှိပ်စက်ခံရသည့် တဏှာဋ္ဋိတပြိတ္တာမျိုး (ထိုပြိတ္တာမျိုးသည် တစ်ခါတစ်ရံမျှ သောက်ရေကိုမရဘဲ ရေငတ်လွန်းလှသဖြင့် ရေတွင်းရေကန် ထုံးအိုင်မြစ်ချောင်း သမုဒ္ဒရာ ရှိရာအရပ်သို့ ကပ်ရောက်သွားတဲ့အခါ ထိုရေကန်စသည်တို့သည် ပြည်သွေးကျင်ကြီးကျင်ငယ်အသွင် အထင်ရောက်ကုန်တတ်၏)
၇။ အလွန်ပြင်းထန်စွာ လောင်ကျွမ်းခံနေရတဲ့ မီးလောင်ငုတ်နဲ့တူတဲ့ သုနိဇ္ဈာမကပြိတ္တာမျိုး
၈။ ဓားသွား၊ ငါးမျှားချိတ်ကဲ့သို့သော ခြေသည်းလက်သည်းများနဲ့ မိမိကိုယ်အင်္ဂါတို့ကို ကုတ်ဖဲ့ဖြတ်ကော်ကာ အသားအသွေးတို့ကို စားနေရတဲ့ သတ္ထင်္ဂပြိတ္တာမျိုး
၉။ နေ့ညဉ်ပတ်လုံး လောင်မြိုက်ကာ အခိုးပြိုက်ပြိုက်ထွက်နေသော တောင်ပမာဏလောက် ခန္ဓာကိုယ်ရှိသည့် ပဗ္ဗတင်္ဂပြိတ္တာမျိုး
၁၀။ အလျှံတပြောင်ပြောင် တောက်လောင်သော စပါးကြီးမြွေနှင့်တူသော ကိုယ်ဖြင့် ညဥ့်၌ လှည့်လည်သွားလာကာ နေ့၌ ဒုက္ခအမျိုးမျိုးကို ခံစားရသည့် အဇဂရင်္ဂပြိတ္တာမျိုး
၁၁။ ကုသိုလ်၊ အကုသိုလ်ကံ ရောပြွန်းခဲ့သည့် ကံကြောင့် ရံခါကုသိုလ်အကျိုး အဖြစ်နတ်စည်းစိမ်ကို ခံစားရပြီး ရံခါအကုသိုလ်အကျိုးအဖြစ် ဒုက္ခကို ခံစားရသည့် ဝေမာနိကပြိတ္တာမျိုး
၁၂။ ကံ၏အကျိုးကြောင့် တန်ခိုးကြိးမား၍ ပြိတ္တာအားလုံးတို့ရဲ့ အကြီးအမှုးသဖွယ်ဖြစ်ကာ အလွန်အဆင်းလှ၊ အလွန်စည်းစိမ်ကြီးလှသည်ဟု ထင်ရသော်လည်း ဘောဇဉ်ကိုမစားရ၊ ရံခါထမင်းအဖျော် စသည်ကို ရသော်လည်း သုံးဆောင်ခံစားခွင့်မရ၊ အလွန်ဒုက္ခကြီးလှသည့် မဟိဒ္ဓိကပြိတ္တာမျိုး
ဆိုပြီး အမျိုးအစား (၁၂)မျိုးကို ပြဆိုထားတာကို တွေ့ရပြန်ပါတယ်။

ဒါ့အပြင် ပါရာဇိကဏ်ပါဠိတော်၊ သံယုတ်ပါဠိတော်များမှာ ပြိတ္တာအမျိုးမျိုးကို ဖွင့်ဆိုပြထားပြီး အမျိုးအစား (၂၁)မျိုးအထိ ရှိတယ်လို့ ဆိုပါတယ်။ စာပေအဖွင့်တွေအရ ပြိတ္တာအမျိုးအစား အများအပြား ရှိပေမယ့် အကျဉ်းချုပ်ကြည့်တဲ့အခါ အထက်မှာ ဖော်ပြခဲ့တဲ့ ပြိတ္တာအမျိုးအစား (၄)မျိုးထဲမှာပဲ အကျုံးဝင်သွားတယ်လို့ ဆိုပါတယ်။ အဲဒီလေးမျိုးထဲမှာတော့ အဖြစ်အများဆုံးနဲ့ အခွင့်အရေး အရှိဆုံး ပြိတ္တာအမျိုးအစားကတော့ “သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ” ပဲ ဖြစ်ပါတယ်။ ဒီပြိတ္တာမျိုးကတော့ ဘယ်လိုပဲ ဆင်းရဲဒုက္ခကို ခံစားနေရပေမယ့် မိမိအား ရည်စူးလှူဒါန်းပြီး အမျှပေးဝေတဲ့အခါ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်တဲ့အခါ ခံစားနေရတဲ့ ဆင်းရဲဒုက္ခများ ချက်ချင်းကွယ်ပျောက်ပြီး ချမ်းသာအမျိုးမျိုးကို ရရှိခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒီလိုအကျိုးဆက်မျိုးကို မျှော်ကိုးပြီး မျက်မှောက်ခေတ်မှာ မိမိတို့နဲ့ ပတ်သက်တဲ့ သူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ အဲဒီသူကို ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ်ကာ အမျှအတမ်း ပေးဝေကြရခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အဋ္ဌကထာ အဖွင့်များအရ အထူးမှတ်သားသင့်တဲ့ အချက်က သေဆုံးသူဟာ သူတပါးတို့ ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရတဲ့ ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်ခဲ့ပြီး ကျန်ခဲ့တဲ့သူတွေရဲ့ အလှူကို မျှော်လင့်စောင့်စားနေပေမယ့် ကျန်ခဲ့တဲ့ လှူဒါန်းပြီး အမျှပေးဝေပေးမယ့်သူက မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ထံမှာ မြင့်မြတ်တဲ့စိတ်ထားနဲ့ ထက်သန်စွာ ပေးလှူကာ အမျှပေးဝေနိုင်မှသာ မျှော်လင့်စောင့်စားရကျိုးနပ်ကာ မွန်မြတ်တဲ့ စည်းစိမ်မျိုးကို ရရှိခံစားနိုင်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ပေတဝတ္ထု၊ စူဠသေဋ္ဌိပေတဝတ္ထု အဆိုအရ သေသူကို ရည်စူးပြီး လှူဒါန်းပေမယ့် သီလမရှိတဲ့ ဒုဿီတို့ကို လှူဒါန်းခဲ့တဲ့အတွက် အလှူရဲ့ အကျိုးကို သေသူက မခံစားရကြောင်း သာဓကတစ်ခုအဖြစ် တွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ထူးခြားတဲ့အချက်တစ်ခုက သေသူကို ရည်စူးပြီး လှူဒါန်းတဲ့ ကုသိုလ်ဟာ သေသူက ပရဒတ္တူပဇီဝိကပြိတ္တာမျိုးမှာ ဖြစ်နေတဲ့အတွက် အလှူရဲ့ အကျိုးကို ရရှိသည်ဖြစ်စေ၊ အခြားပြိတ္တာမျိုး၊ ငရဲ၊ တိရစ္ဆာန်စတဲ့ ဘဝမျိုးမှာ ရောက်ရှိသွားတဲ့အတွက် အလှူရဲ့ အကျိုးကို မရရှိသည်ဖြစ်စေ အလှူရှင် အနေနဲ့ အကျိုးမဲ့ အချည်းနှီးမဖြစ်ဘဲ ကုသိုလ်အကျိုးကို ရရှိတယ်ဆိုတဲ့ အချက်ကတော့ အသေအချာပဲ ဖြစ်ကြောင်း ဇာဏုေဿာဏိသုတ်မှာ မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် မိန့်တော်မူထားချက် ရှိပါတယ်။

ဒါကြောင့် ပြိတ္တာများနဲ့ ပတ်သက်ပြီး တစ်စေ့တစ်စောင်း တင်ပြခဲ့တဲ့ ဒီစာစုမှာ နောက်ဆုံးကောက်ချက်ချ မှတ်သားသင့်တဲ့အချက်က အစွဲတစ်ခုခု၊ ဝန်တိုမှုတစ်ခုခု၊ သူတပါးရဲ့ ကုသိုလ်ကောင်းမှုကို ဖျက်စီးမှု တစ်ခုခုကို ပြုလုပ်တဲ့သူတွေဟာ ပြိတ္တာဘဝကို ရောက်ရတတ်ပြီး အဲဒီပြိတ္တာဘဝမှာလည်း သာဓုခေါ်နိုင်တဲ့ ပြိတ္တာရှိသလို မခေါ်နိုင်တဲ့ ပြိတ္တာမျိုးလည်း ရှိတတ်တဲ့အတွက် အသေချာဆုံးက ရခဲတဲ့လူ့ဘဝကို ရရှိနေပြီးမှ ပြိတ္တာဘဝ၊ ငရဲတိရိစ္ဆာန်ဘဝ စတဲ့အောက်အောက်ဘဝတွေကို ရောက်မသွားရအောင် ကြိုးစားပြီး သုဂတိဘဝကို ရရှိအောင် အားထုတ်ခြင်းကသာ အသေချာဆုံး ဖြစ်တဲ့အတွက် ပြိတ္တာဘဝရဲ့ ကြောက်စရာကောင်းပုံကို သံဝေဂယူကာ ကုသိုလ်ကောင်းမှုများကို များများလုပ်ကာ သုဂတိဘဝကိုသာ အရောက်သွားကြဖို့ပဲ ဖြစ်ပါကြောင်း စေတနာစကား မေတ္တာအားဖြင့် အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ