ကောင်းမှုအစု ကြိုးစားပြုလော့

ဘယ်အရွယ်မှာ၊ ဘယ်ရောဂါဖြင့်
ဘယ်ရပ်ဒေသ၊ ဘယ်ကာလ၌
သေကြရမည်၊ မသိနိုင်တာ ဓမ္မတာတည်း။
သေပြီးတစ်ဖန်၊ ပြန်ဖြစ်ပြန်လည်း
ဖြစ်ရာဘ၀၊ ဘုံဌာနကို
ကြိုတင်တိကျ၊ မသိရ၍
တိကျသေချာ၊ ခုချိန်ခါ၌
ကောင်းမှုအစု၊ ကြိုးစားပြုလော့။ ။
(မနာပ ဒါယီ ဆရာတော်)

သေခြင်းတရားသည် အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေး ရောက်လာတတ်သည်ဟူသည့် နိယာမကို မကြာသေးမီက စာရေးသူပတ်ဝန်းကျင်တွင် ပေါ်ပေါက်ခဲ့ကြသည့် နာရေးများက သက်သေပြခဲ့ကြ၏။ ပြည်ပနိုင်ငံတွင် အလုပ်လာလုပ်နေသည့် စာရေးသူဝန်းကျင်ရှိ ဒကာလေးနှစ်ယောက်မှာ တစ်ပတ်သာခြားပြီး သေဆုံးသွားခဲ့ကြ၏။ တစ်ယောက်မှာ အသက် (၃၃)နှစ်သာ ရှိသေးပြီး တစ်ယောက်မှာ (၂၉)နှစ်သာ ရှိသေး၏။ နေ့စဉ်နေ့စဉ် သေနေကြသည့် နာရေးများသည် မည်သူမဆို တွေ့ကြုံဖူးကြမည်၊ တွေ့ကြုံနေကြရမည် ဖြစ်သဖြင့် အထူးအဆန်း မဟုတ်သော်လည်း ရုတ်တရက် မထင်မှတ်သည်များ ဖြစ်ပေါ်လာသည့် အခါတွင်ကား တုန်လှုပ်မိတတ်ကြ၏။ အထူးသဖြင့် ထင်မထားသည့်သူများ၊ အကောင်းပတိဖြစ်နေသူများ သေသွားသည့်ဟု ဆိုလာသည့်အခါ ပို၍ပင် အံ့သြမိတတ်ကြ၏။

သေရမည်ကို သိနေကြသော်လည်း မသေသူများကဲ့သို့ ဖြစ်နေကြသည့် သတ္တဝါများ၏ ထုံးစံအတိုင်း သေခြင်းတရားသည် မိမိအလှည့်သို့ ရောက်မလာသေးလျှင် အကြောက်တရားလည်း ရောက်မလာဘဲ ဖြစ်နေတတ်ကြ၏။ မိမိမဖြစ်သေးသည့်အခါ ဖြစ်သွားကြသူများကိုကြည့်ပြီး သံဝေဂမရသည့်အပြင် အပျော်အပျက်ဖြင့် တစ်ဦးနှင့်တစ်ဦး နောက်ကြပြောင်ကြသည်အထိပင် ဖြစ်တတ်ကြပေ၏။ သေသူကိုကြည့်၍ မိမိအလှည့် ရောက်လာမည့်အရေးတွေးကာ ကြောက်ရမည့်အစား ဘယ်ဘဝရောက်နေသည်ကို မသိနိုင်သည့် သေသူကိုသာတွေး၍ ကြောက်နေတတ်ကြပေ၏။ အချိန်မရွေး ရောက်လာတတ်သည့် သေခြင်းတရားကို ကြောက်ရမည့်အစား မမြင်ရသည့် တစ္ဆေသရဲ ပြိတ္တာများကိုသာ ကြောက်နေတတ်ကြပေ၏။

စင်စစ် အမှန်တကယ်ကြောက်ရမည့် အရာကား ထိုတစ္ဆေသရဲ ပြိတ္တာများ မဟုတ်ကြပေ။ မိမိအလှည့်သို့ အချိန်မရွေး၊ အရွယ်မရွေး၊ နေရာမရွေးစသည်ဖြင့် ရောက်လာတတ်သည့် သေခြင်းတရားပင် ဖြစ်ပါ၏။ အဘယ့်ကြောင့်ဆိုသော် ထိုသေခြင်းတရားသည် ဘုရားရဟန္တာများမှလွဲ၍ မည်သူမျှကြိုတင်၍ မသိနိုင်သောကြောင့်ပင် ဖြစ်ပါ၏။

ဗုဒ္ဓစာပေများတွင် လောက၌ သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာငါးမျိုးရှိကြောင်း ဖွင့်ဆိုရှင်းပြထား၏။ ထိုငါးမျိုးမှာ
၁။ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၂။ မည်သို့သော ရောဂါဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၃။ မည်သည့်အရပ်ဒေသ၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၎။ မည်သည့်အချိန်၌ သေကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံဘဝ၌ ဖြစ်ကြရမည်ကို ကြိုတင်၍ မသိနိုင်ခြင်း
တို့ပင် ဖြစ်၏။

မှန်၏။ လောကကြီးတစ်ခုလုံးကို ကြည့်လျှင် နေ့စဉ်နှင့်အမျှ လူတွေသေနေကြ၏။ ထိုသေကြသည့် သူများတွင်လည်း အရွယ်ပေါင်းစုံလင်လှ၏။ အချို့က ငယ်ငယ်ရွယ်ရွယ်နှင့် သေကြရ၏။ အချို့က အလယ်အလတ် အရွယ်တွင် သေကြရ၏။ အချို့က အကြီးပိုင်းတွင် သေကြရ၏။ သေသူအမျိုးမျိုးရှိသကဲ့သို့ အရွယ်အစားလည်း စုံလင်လှ၏။ ထိုသူများသည် မိမိတို့သေချင်သည့် အရွယ်တွင် သေကြရခြင်းမဟုတ်ဘဲ အချိန်မရွေး ရောက်လာသည့် သေခြင်းတရားကြောင့်သာ အရွယ်မရွေး သေကြရခြင်း ဖြစ်၏။ သေချာသည်မှာ မည်သည့်အရွယ်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရားကြောင့်ပင် ဖြစ်၏။

သေသူများကို ကြည့်ပြန်လျှင်လည်း ရောဂါအမျိုးမျိုးနဲ့ သေကြရသည်ကို တွေ့ရတတ်၏။ ရုပ်ခန္ဓာအစုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ ရောဂါအစုကို ပိုင်ဆိုင်ထားသည်သာ ဖြစ်သဖြင့် သေကြသည့်အခါတွင်လည်း ထိုရောဂါတစ်ခုခုဖြင့်ပင် သေကြရမည်သာ ဖြစ်ပါ၏။ သို့သော် မည်သို့သော ရောဂါဖြင့် သေရမည်ကိုကား ကြိုတင်၍ မသိနိုင်သည်မှာ အမှန်ပင်ဖြစ်၏။ အသေအချာ တွေးကြည့်လျှင် ရောဂါဟူသည် အခြားမဟုတ် ဤရုပ်ခန္ဓာစုကြီးကပင် ရောဂါစုကြီး ဖြစ်နေခြင်းပင် ဖြစ်၏။ ထိုသို့သော ရောဂါစုကြီးကို ပိုင်ဆိုင်ထားသမျှ သတ္တဝါများသည် မည်သည့်အချိန်တွင် မည်သည့်ရောဂါဖြင့် သေကြရမည်ကို မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ စင်စစ် ရုပ်ဖောက်ပြန်ခြင်းကပင် ရောဂါရနေခြင်း ဖြစ်သဖြင့် မည်သည့်ရောဂါဟုသာ ကြိုတင်၍ မသိနိုင်သော်လည်း ရောဂါတစ်ခုခုဖြင့် သေကြရမည်ဆိုသည်ကား အသေအချာပင် ဖြစ်ပါ၏။

ထို့အတူ မည့်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း မည်သူမျှ ကြိုတင်၍ သိနိုင်ကြမည် မဟုတ်လှပေ။ အချို့မှာ တောမှာမွေးပြီး မြို့မှာသေကြရသူများ ရှိသကဲ့သို့ အချို့လည်း မြို့မှာမွေးပြီး တောမှာ သွားသေကြရသူများလည်း ရှိနေတတ်၏။ အချို့လည်း မွေးဖွားရာနိုင်ငံတွင် မသေကြရဘဲ တိုင်းတပါးတွင် သေကြရသကဲ့သို့ အချို့ဆိုလျှင် ကားပေါ်၊ ရထားပေါ်၊ သင်္ဘောပေါ်၊ လေယာဉ်ပေါ် စသည်ဖြင့် ခရီးသွားရင်းပင် ရောက်ရာဒေသ တစ်ခုခု၌ သေကြရသည်များလည်း ရှိတတ်ပေ၏။ သေခြင်းတရားသည် တိကျသည့် နေရာဒေသကိုလည်း သတ်မှတ်ထားနိုင်ခြင်း မရှိလှဘဲ နေရာဒေသမရွေး ပေါ်ပေါက်လာတတ်သည့် သဘောရှိနေ၏။ ထို့ကြောင့် သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အရပ်ဒေသ၌ သေကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ကြောင်း ဆိုခြင်း ဖြစ်ပါ၏။

သတ္တဝါများ ကြိုတင်၍ မသိနိုင်သည့် အရာများတွင် မည်သည့်အချိန်တွင် သေကြရမည်ဟူသည့် အချက်လည်း တစ်ခုအပါအဝင် ဖြစ်၏။ သေခြင်းတရားသည် အချိန်ကိုက် ချိန်းချက်ထားခြင်း မရှိဘဲ အချိန်မရွေး ရောက်လာတတ်သည့် သဘောရှိ၏။ မည်သည့်အချိန်တွင် သေကြရမည်ကို မသိနိုင်သဖြင့် မနက်ပိုင်းဖြစ်စေ၊ နေ့လယ်ပိုင်းဖြစ်စေ၊ ညပိုင်းဖြစ်စေ၊ အရုဏ်ပိုင်းဖြစ်စေ အချိန်ပြည့် သတိရှိနေရန် လိုအပ်လှ၏။ အချို့ဆိုလျှင် မနက်အိပ်ရာထ မျက်နှာသစ်၊ ရေချိုးခန်းဝင်နေစဉ် ရုတ်တရက် အသက်ပျောက်သွားသူများ ရှိသကဲ့သို့ အချို့လည်း နေ့လယ်ပိုင်း ပူလွန်းသဖြင့် ရေချိုးမိရာမှ အပူရှပ်ကာ သေကြသူများလည်း ရှိနေတတ်၏။ အချို့ကား ညနေစောင်း၊ အချို့လည်း ညပိုင်း၊ အချို့လည်း အိပ်ပျော်နေစဉ် စသဖြင့် အချိန်အမျိုးမျိုးတွင် ပုံစံတစ်မျိုးမျိုးဖြင့် သေနေကြရ၏။ စာရေးသူပတ်ဝန်းကျင်ရှိ ဒကာလေး တစ်ယောက်ဆိုလျှင် ညပိုင်းအလုပ်လုပ်ပြီးနောက် အိပ်ရာထဲဝင်ကာ အိပ်ပျော်နေစဉ်မှာပင် သေသွားခဲ့ရ၏။ မည်သူမျှ မထင်မှတ်ထားသဖြင့် ထိုဒကာလေး၏ သေခြင်းတရားအပေါ် အလွန်အံ့ကြမိကာ မယုံကြည်နိုင်လောက်အောင်ပင် ဖြစ်ခဲ့၏။ စင်စစ် မယုံကြည်စရာ မရှိလှပေ။ ဤသည်ပင်လျှင် သေခြင်းတရား၏ အချိန်မရွေးဖြစ်ပေါ်တတ်သည့် သဘောဖြစ်နေပြီး မည်သည့်အချိန်တွင် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့် သဘောပင် ဖြစ်ပါ၏။

အရေးကြီးဆုံး အချက်ဖြစ်သည့် သတ္တ၀ါများ ကြိုတင်၍ မသိနိုင်သည့် အချက်တစ်ခုမှာ သေပြီးနောက် မည်သည့်ဘုံဌာနတွင် ပြန်လည်ဖြစ်ကြရမည် ဟူသည့်အချက်ပင်ဖြစ်၏။ နိဗ္ဗာန်မရသေးသမျှ သတ္တ၀ါအားလုံး သေပြီးနောက် ဘ၀သံသရာ ကျင်လည်ကြရမည်ဖြစ်ပြီး ယခုဘ၀ မိမိတို့လုပ်နေကြသည့် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အရှိန်ဖြင့် တစ်နေရာရာ ဘုံဌာနတစ်ခုခုတွင် ပြန်လည်ဖြစ်ကြရမည်သာ ဖြစ်၏။ သို့သော် မည်သည့်ဘုံဌာနတွင် ဖြစ်မည်ကိုကား ကြိုတင်မသိနိုင်ကြပေ။ သေပြီးနောက် နတ်ဘုံနတ်နန်းတွင် စံမြန်းနိုင်ကြသူများ ရှိနိုင်သကဲ့သို့ လူ့ဘ၀တွင် ပြန်လည်မွေးဖွားသူများလည်း ရှိနိုင်၏။ အကုသိုလ်တစ်ခုခုကြောင့် ငရဲပြည်သို့ ရောက်ရှိသွားနိုင်သူများ ရှိသကဲ့သို့၊ အစွဲတစ်ခုခုကြောင့် ပြိတ္တာအဖြစ်၊ တိရစ္ဆာန်အဖြစ် ပြန်လည်ပဋိသန္ဓေ ယူကြရသူများလည်း ရှိနိုင်၏။ မည်သို့ပင်ဖြစ်စေ သေပြီးပြန်လည် ကျင်လည်ရမည့် ဘ၀ကိုကား တိတိကျကျ သိနိုင်ရန် မလွယ်ကူလှပေ။ သောတာပန်စသည့် အရိယာများနှင့် နိဗ္ဗာန်ရသွားသည့် ဘုရား၊ ရဟန္တာများမှလွဲ၍ မည်သူမျှ သေပြီးနောက် မည်သည့်ဘုံဘဝသို့ ရောက်ကြရမည်ကို ကြိုတင်၍ မသိနိုင်ကြသည်မှာ အမှန်ပင် ဖြစ်ပါ၏။

သို့ဆိုလျှင် ထိုသို့ကြိုတင်၍ မသိနိုင်သည့် အရာများ ရှိနေသဖြင့် သတ္တဝါများအတွက် တိကျသေချာသည့် အချိန်သည် ယခုလက်ရှိ အသက်ရှင်နေသည့် အခိုက်အတန့်သည်သာလျှင် တိကျသည့် အချိန်ဟု ဆိုရမည်ဖြစ်ပါ၏။ ယခုလက်ရှိအချိန်သည်လည်း အကြာကြီးမဟုတ်ဘဲ ထိုသေခြင်းတရား မရောက်လာမီ အခိုက်အတန့်ကာလမျှသာ ဖြစ်ပါ၏။ မသေမီအချိန်ကလေးသည်သာ မိမိတို့အတွက် သေချာသည့် အချိန် ဖြစ်နေပါ၏။ ကွေးသောလက် မဆန့်မီ ဆန့်သောလက်မကွေးမီ သေခြင်းတရားသည် ရောက်လာနိုင်မည် ဖြစ်သဖြင့် မိမိတို့အတွက် တိကျသေချာသည့် အချိန်ဟူသည် အမှန်တကယ် မရှိလှပေ။ ရှိသည်ဟုဆိုလျှင်လည်း ယခုအသက်ရှင်နေသည့် အခိုက်အတန့်သာ ဖြစ်သည်ဟု ဆိုရမည်သာ ဖြစ်ပါ၏။ ထို့ကြောင့် ကိုယ်ပိုင်အချိန်၊ တိကျသည့် အချိန်ဟူသည် သီးသန့်မရှိလှသည့် သတ္တဝါများအနေဖြင့် ယခုလက်ရှိအချိန်ကိုသာ အကောင်းဆုံးဖြစ်အောင် ကုသိုလ်တရားများကို အမြန်ဆုံး ကြိုးစားအားထုတ်ကြရန်သာ ဖြစ်ပါ၏။ ကောင်းသည့်အလုပ်ဟူသည် နေ့ရွေ့ညရွေ့ ရွေ့နေရမည့် အရာမဟုတ်သကဲ့သို့ သေခြင်းတရားသည်လည်း ရွေ့ဆိုင်းရပ်တန့်ထား၍ ရသည့်အရာ မဟုတ်သဖြင့် ယခုလက်ရှိအချိန်မှာပင် ကောင်းမှုအစုကို ကြိုးစားပြုကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါ၏။

ဆိုလိုသည်မှာ လောကရှိသတ္တဝါများ အနေဖြင့် သေခြင်းတရားနှင့် ပတ်သက်၍ မည်သည့်အရွယ်၊ မည်သည့်အချိန်၊ မည်သည့်ဒေသတွင် မည်သို့သော ရောဂါမျိုးဖြင့် သေကြရမည်ကို ကြိုတင်၍ မသိနိုင်သည့်အပြင် သေပြီးနောက် မည်သည့်ဘုံဘဝတွင် ရောက်ကြရမည်ကိုလည်း ကြိုတင်၍ မသိနိုင်ပါသဖြင့် ထိုသေခြင်းတရား ရောက်မလာမီ လက်ရှိအချိန်သည်သာ တိကျသေချာသည့် အချိန်အခိုက်အတန့် ဖြစ်သည်ကို သတိပြုဆင်ခြင်ကာ တိကျသည့်အချိန်တွင် ကုသိုလ်ကောင်းမှုများကိုသာ ကြိုးစားပြီး ပြုလုပ်ထား ကြရန်လိုကြောင်း သိစေလိုရင်း ဖြစ်ပါ၏။ ယခုလက်ရှိ အခိုက်အတန့်သည်သာ ကိုယ်ပိုင်အချိန်ဟု ဆိုနိုင်သဖြင့် လက်ရှိအချိန်တွင် ကုသိုလ်တရားများကို ရသမျှ ပြုလုပ်ထားကြရမည်သာ ဖြစ်ပါကြောင်း တိုက်တွန်းလိုရင်း ဖြစ်ပါ၏။

ထို့ကြောင့် ဘဝသံသရာခရီး သွားကြဦးမည့် သံသရာ ခရီးသွားများအနေဖြင့် သံသရာ ခရီးသွားစဉ် ဖြစ်ရာဘဝများ၌ ကောင်းသည့်ရိက္ခာထုတ်များကို ထုတ်ပိုးပြင်ဆင်ကာ သွားနိုင်ကြစေရန်နှင့် ကြိုတင်၍ မသိနိုင်သည့် သေခြင်းတရား ရောက်မလာမီ အချိန်အခိုက်အတန့်လေးသည်သာ မိမိတို့၏ ကိုယ်ပိုင်အချိန်လေး ကြိုးစားပြုလုပ်ရင်း မတိကျသည့် အခြေအနေမှ တိကျသည့် အခြေအနေအဖြစ်သို့ အရောက်လှမ်းနိုင်မည့် အရိယာအဖြစ်သို့ ရောက်ရှိအောင် ဝိပဿနာအလုပ်ကိုသာ ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်ကြပါရန် အလေးအနက် တိုက်တွန်းလိုက်ရပါသည်။

0 မှတ်ချက်များ (...ရေးရန်):


RECENT POSTS

သူတို့သူတို့၏ မှတ်ချက်များ

အမှတ်တရ ပုံရိပ်များ